အခန်း (၃၂၀-၃၂၁)
Vol. 27 Ch. 320-321
Ch-320
အဖိုးကုက သူ့သားကုချန်ကို စိုက်ကြည့်လိုက်သည်။ သူက ကုချန်ကို အထက်အောက်ကြည့်လိုက်တော့ ဒီကောင်စုတ်လေးက all blackဝတ်ထားတာကို တွေ့ရှိလိုက်ရချေပြီ။ ဒီကောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလားလို့ သူသိချင်မိပါရဲ့ကွာ။
ဒီကလေးက ရေတပ်ကဖြစ်တာကြောင့် အမြဲတမ်း အဖြူပဲဝတ်ရတာလေ။ စစ်သင်္ဘောတွေကလည်း အဖြူရောင်၊ ယူနီဖောင်းကလည်း အဖြူရောင်ပဲ။ ဒါပေမယ့် သူ့ဇနီးအသစ်စက်စက်လေးကို မိဘတွေနဲ့တွေ့ဖို့ခေါ်လာတော့ အနက်ရောင် ၀တ်လာတယ်။
သူ ဘာလုပ်ဖို့ကြိုးစားနေတာလဲ?
လောင်ကုက သူ့ကို စက်ဆုပ်စွာ ကြည့်လိုက်ပြီး "မင်း ကွမ်ချန်ကိုရောက်တုန်း အမြင်ကျယ်ရအောင်လို့ ရှောင်ချူနဲ့အတူတူ အဝတ်အထည်ဈေးမှာ ဈေးဝယ်ထွက်လိုက်"
"မင်းတို့က ကြင်စဦးတွေဆိုတော့ လဝက်လောက် အနီရောင်ဝတ်ရမယ်လေ"
ကုချန် : "... ပါးဝတ်ချင်ရင် ကိုယ့်ဘာသာဝတ်လေ"
ကုချန်သည် သူ့ကိုယ်သူ အနီရောင်အဝတ်အစားဝတ်ထားတဲ့ပုံစံကို စိတ်ကူးကြည့်လို့ပင်မရ။
"အနီမဝတ်ရင်လည်း အနီရောင်အတွင်းခံဘောင်းဘီဝတ်ရမယ်ကွာ"
ကုချန် ပျင်းရိစွာဖြင့် "မဝတ်ဘူး"
"မင်း နောက်နှစ် မင်္ဂလာဓာတ်ပုံတွေရိုက်မှာမဟုတ်လား? ရှောင်ချူက အဖြူရောင်မင်္ဂလာဝတ်စုံဝတ်ပြီး မင်း မင်းကတော့ အနီရောင် ၀တ်ရမယ်လေ။ ဇနီးတစ်ယောက်ကို လက်ထပ်ခွင့်ရတာဟာ လွယ်တာမဟုတ်ဘူးကွ၊ ဒါကြောင့် မင်းရဲ့ အတိတ်က ကံဆိုးမှုတွေကို ခဝါချဖို့အတွက် ပျော်ရွှင်မှုအရောင်ကို ဝတ်ပေးရမှာပေါ့"
"ချူကောရေ ပါးပြောတာမှန်တယ်မလား?"
ချူကော သူမပါးစပ်ကို ဖုံးကွယ်ကာ ပြုံးလိုက်ပြီး "ဟုတ်တယ်၊ ဟုတ်တယ်၊ ပါးပြောတာအမှန်ပဲ"
ချင်းရို့က အရင်ဆုံး ရေချိုးလိုက်ပြီး တစ်ရေးတစ်မော အိပ်လိုက်သည်။ ညနေစောင်းတော့ မိသားစုဝင်တော်တော်များများက လက်ဖက်ရည်ဆိုင်ရဲ့ ဒုတိယထပ်ရှိ သီးသန့်ခန်းမှာထိုင်နေကြပြီး တီဗီကြည့်နေကြသည်။ ထိုအချိန်တွင် စားသောက်ဆိုင်ရဲ့ ပထမထပ်မှာလည်း လူစည်ကားနေလေ၏။ ဒုတိယထပ်ကတော့ ပိုပြီးတိတ်ဆိတ်နေတာပေါ့လေ။
"ခဲအိုရဲ့ ဟင်းချက်လက်ရာက ပိုကောင်းလာတာပဲ"
"ဒီကြက်သားက အရသာရှိတယ်"
"ရှောင်ကျို့မား!" ရှမင်ရှီးက ၃နှစ်အရွယ် ဟုန်ဟုန်တိတိနဲ့အတူ ရောက်လာလေ၏။ လွီချင်းနှင့် တတိယအစ်မလုရွှမ်တို့ရဲ့ အငယ်ဆုံးသားလေး လွီကွေးဟုန်ပင်။ ကွေးဟုန် - လော့ရန်ကွေးဟုန် - ကြားရတာ ကြော့ရှင်းပြီး ရိုမန်တစ်ဆန်သလိုလို။
နာမည်ဖြစ်ပေါ်လာပုံကား -
ပထမအချက်ကတော့ လုရွှမ်တို့လင်မယားဟာ အဲဒီတုန်းကရေးခဲ့တဲ့စာတွေကို မှတ်မိဖို့ဖြစ်ပြီး၊ ဒုတိယကတော့ လုရွှမ်ရဲ့ သားကြီး ရှမင်ရှီး, အတန်းဖော်ရှောင်မင်နဲ့ သက်ဆိုင်လေသည်။ အတန်းဖော်ရှောင်မင်ရဲ့ အကောင်းဆုံးသူငယ်ချင်းက ဘယ်သူတဲ့လဲ?
အဲဒါ ရှောင်ဟုန်လေ!
လွီကွေးဟုန်လို့ ခေါ်တွင်ပြီးနောက် သူတို့မိသားစုမှာ အတန်းဖော် ရှောင်မင်နှင့် ရှောင်ဟုန်တို့ရှိလေသည်။ ရှောင်မင်နှင့် ရှောင်ဟုန်က အတော်လေး ရင်းနှီးကြသလို ဖော်ရွေကြသည်ပင်။
ရှောင်ဟုန်က ရှောင်မင်နောက်လိုက်ကာ အော်ခေါ်လိုက်သည်။ "ရှောင်ကျို့ကျို့ ရှောင်ကျို့မား!"
(ရှောင်ကျို့ကျို့ - ဦးလေးငယ်၊ ရှောင်ကျို့မား - ဒေါ်လေးငယ်)
အပူအပင်ကင်းပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဆိုရှယ်ဆရာကြီး ရှမင်ရှီးနှင့် နှိုင်းယှဉ်ပါက ရှောင်ဟုန်ဟာ နှုတ်ခမ်းရဲရဲလေးနဲ့ သွားဖြူဖြူလေးတွေရှိသော ရှက်ရွံ့တတ်တဲ့ကလေးငယ်ပင်။
"ဒါက သားရဲ့ ညီလေးပါ!"
"ဟုန်ဟုန်တိတိ!!"
သို့သို့နှင့် ရုန်ရုန်တို့က တစ်ဦးတည်းသော ဟုန်ဟုန်တိတိကို ဝိုင်းရံထားကြလျက်။ သူတို့မှာ အကိုတွေအများကြီးရှိပေမယ့် ဝမ်းကွဲမောင်လေးကတော့ တစ်ယောက်ပဲရှိတာလေ။
"တိတိလေး ကျယ်ကျဲတို့နဲ့အတူတူ ကစားကြမယ်နော်!"
"မြန်မြန် မြန်မြန်၊ ကျယ်ကျဲလို့ခေါ်၊ ရုန်ရုန်ကျယ်ကျဲလို့ခေါ်နော်!"
"ရုန်ရုန်ကျယ်ကျဲ..."
"သို့သို့ကျယ်ကျဲလို့ခေါ်ကြည့်..."
"သို့သို့ကျယ်ကျဲ..."
…
လုကျုံးရီက သူ့ရှေ့မှ မိသားစုဝင်တွေကို ကြည့်ရင်း စိတ်သက်သာရာရစွာပြုံး၍ "နောက်နှစ်ကျ ဒုတိယလေးနဲ့ တတိယလေးကိုပါ အတူတူ နှစ်သစ်ကူးဖို့ လာခိုင်းရမယ်"
- သူ့မိသားစုမှာ လူတွေအများကြီးရှိနေပြီ!
မိသားစုဝင်တွေ အတူတူ ညစာစားကြပြီးနောက် ပန်းကန်တွေကိုရှင်းလင်းကာ လက်ဖက်ရည်နှင့် အဆာပြေတွေ တည်ခင်းလိုက်ပြီး အတူတူတီဗီထိုင်ကြည့်ကြလေပြီ။ ချင်းရို့က သမ်းဝေနေရင်း အချိန်ကုန်ဆုံးဖို့ရာ ရုပ်ရှင်နှစ်ပိုင်းလောက်ကြည့်ချင်ပေမယ့် ရဲဘော်လောင်လုက ချုံကျိုးကျွန်းချန်နယ်ကို ပြောင်းလိုက်တာကို တွေ့ရှိလိုက်ရ၏။
ချင်းရို့ : ".......?" ကွမ်ချန်မှာပါ ချုံကျိုးကျွန်းချန်နယ်ကို ကြည့်နေကြပြီလားဟ?
လောင်လုက ရယ်ရယ်မောမောဖြင့် "ငါ မကြာသေးခင်က အသစ်တစ်ခုရှာတွေ့ထားလို့လေ။ မင်းတို့ကြည့်ကြည့်လိုက်၊ ဒါ ဘလိုင်းဒိတ်ရှိုးတစ်ခုပဲ"
လုရွှမ်နှင့် လွီချင်းတို့ကတော့ ဒီလိုစိတ်ခံစားချက်နဲ့ပတ်သက်တာတွေကို သိပ်အာရုံမရှိပေ။
လောင်ကု : "ဘာဘလိုင်းဒိတ်ရှိုးလဲ?"
"TVက ဘလိုင်းဒိတ်ရှိုးလေ!"
"TV မှာ ဘလိုင်းဒိတ် ဘယ်လိုလုပ်တာတုန်းဟ?"
"မင်းကြည့်ပြီးရင် သိမှာပေါ့ကွာ"
…
အဘိုးအိုနှစ်ယောက်က ဘလိုင်းဒိတ်ရှိုးအကြောင်း အလွန်သိချင်နေကြလျက်။ ချင်းရို့ကတော့ "နှလုံးသားချင်းချိတ်ဆက်ကြမယ်" အစီအစဥ်ဟာ ကွမ်ချန်ထိပါ နာမည်ကြီးနေမယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။
လုယန် ရယ်ချင်တာကိုအောင့်ထားလိုက်ပြီး သူ့မိန်းမအတွက် နှစ်သိမ့်လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ "မိန်းမ ရို့မိန်ရေ လာ လက်ဖက်ရည်သောက်ပြီး အဆာပြေမုန့်တွေစားလိုက်"
"မင်းရဲ့လုကောကို မင်းအတွက် ဖရဲစေ့နဲ့ မြေပဲတွေ အခွံခွာပေးစေချင်သလား?"
"အနားမလာနဲ့" ချင်းရို့က သူ့ကို ပြုံးပြကာ တွန်းထုတ်လိုက်သည်။ ဒီအချိန်မှာ သူမကတော့ စိုးရိမ်မနေပါဘူးနော်။ နောက်ဆုံးအပိုင်းပြသပြီးတဲ့နောက် ချင်းရို့က ရုပ်သံဌာနဆီ ဖုန်းခေါ်ကာ ရှိုးမှာ သူမနာမည်ကို ပြောစရာမလိုကြောင်း၊ သူမရဲ့ ပုလဲလက်မှုခြံနှင့် ပုလဲထုတ်ကုန်တွေကိုသာ အဓိကထားကြော်ငြာပေးဖို့ ပြောကြားခဲ့ပြီးပြီလေ။
သူမ, ချင်းရို့က အောင်သွယ်တော်မဟုတ်ဘူး!
ကံကောင်းထောက်မစွာဖြင့် အခုက မိုဘိုင်းလ်ဖုန်းတွေ၊ ကွန်ပျူတာတွေ မရှိသေးလို့ပေါ့။ အရင်က TVမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ပရိုဂရမ်တွေ ပျောက်ကွယ်သွားမှာဖြစ်ပြီး အွန်လိုင်းမှာလည်း ကြည့်လို့မရနိုင်ဘူးလေ။
ချုံကျိုးကျွန်းချန်နယ်ကို ကြည့်ရှုသူတွေ များသထက်များလာသလို စီးပွားဖြစ်ကြော်ငြာတွေလည်း ပိုများလာပါသည်။
"နှလုံးသားချင်းချိတ်ဆက်ကြမယ်" အစီအစဉ် မစတင်မီ တီဗီမှ အသံတစ်ခု ထွက်ပေါ်လာလေ၏။ -
"... ပုစွန်မုန့်ကြော်တွေစားပြီး တောင်ကျွန်းပုလဲတွေကို ရှုစားကြပါ"
(ပုစွန်မုန့်ကြော်ဆိုတာကလေ oishiကထုတ်တဲ့ မုန့်တွေပုံစံမျိုးပါနော်)
ဒီခေတ်ရဲ့ ကြော်ငြာတွေက အရမ်းရိုးရှင်းလွန်းပြီး ထူးထူးခြားခြားဘာမှမရှိပေ။ ရေခဲသေတ္တာ ကြော်ငြာဆိုရင် လူတွေကြည့်ဖို့အတွက် ရေခဲသေတ္တာတွေအများကြီး ရိုက်ပြထားလိမ့်မယ်။ အဝတ်လျှော်စက်ကြော်ငြာဆိုရင် အဝတ်လျှော်စက်တွေအများကြီးကို ပြလိမ့်မယ်။ အခု ထုတ်လွှင့်တဲ့ ပုစွန်မုန့်ကြော်ကြော်ငြာကတော့ စခရင်ပေါ်မှာ ပုစွန်မုန့်ကြော်တွေအများကြီးပေါ့...
နံဘေးမှာလည်း အရင်တုန်းကဖောင့်ဖြင့် - ပုစွန်မုန့်ကြော် လို့ရေးထားပါသေးသည်။
လုကျုံးရီ ပဟေဠိဖြစ်နေလျက် : "ပုစွန်မုန့်ကြော်နဲ့ ပုလဲတွေကြားမှာ ဘာဆက်စပ်မှုရှိလို့လဲ?"
လောင်ကု : "မင်းရဲ့ချွေးမကို မေးကြည့်လေ။ သူမက ပုလဲတွေမွေးတယ်မဟုတ်လား?"
"ရှောင်ချင်း ဒီပုစွန်မုန့်..."
"အဲဒီပုစွန်မုန့်ကြော်စက်ရုံပိုင်ရှင်ဟာ အရင်ကတည်းက ပုလဲမွေးမြူရေးစက်ရုံ ဖွင့်ထားတာပါပဲ။ သူ့ရဲ့ ရှားရို့ပုလဲမွေးမြူရေးစက်ရုံက ကျွန်မတို့ကျွန်းမှာ အစိုးရပိုင်မဟုတ်တဲ့ ဒုတိယအကြီးဆုံးပုလဲမွေးမြူရေးခြံလေ"
လောင်လုနှင့် လောင်ကုတို့က ကြောင်အနေသလို ရှုပ်ထွေးနေကြဆဲ။ "ရှားရို့ပုလဲမွေးမြူရေးစက်ရုံ?"
ချင်းရို့: "…"
ဒီလိုပြည်တွင်းတီဗီချန်နယ်တွေက အရမ်းကြောက်စရာကောင်းတယ်လို့ သူမ ရုတ်ချည်း ခံစားလိုက်ရ၏။ ရင်းနှီးသူတွေနှင့် ရင်းနှီးတဲ့အရာတွေဟာ TVထဲမှာ ပေါ်လာမယ်လို့ ခံစားရလေသည်။
ရှားရို့ပုစွန်မုန့်ကြော်စက်ရုံပိုင်ရှင် ကျန်းရှဲ့ရှန်က စတင်ကြော်ငြာနေပြီဖြစ်သည်။
ပိုကြောက်စရာကောင်းသည်မှာ စဟယ်နောက်ဟယ်ဖြင့် ဒီပုစွန်မုန့်ကြော်စက်ရုံကို ဖွင့်ဖို့ အကြံပြုထားတဲ့သူက သူမဖြစ်နေတာလေ။
၁၉၈၀ ပြည့်လွန်နှစ်များက လူတွေဟာ လက်တွေ့ကျသူများပင်။ သူတို့က ပုစွန်မုန့်ကြော်စက်ရုံဖွင့်ချင်ရင် တစ်ခုဖွင့်ချလိုက်ရော။ နည်းနည်းလေးမှတုံ့ဆိုင်းမနေဘဲ မဆိုင်းမတွလုပ်ပစ်ကြလိမ့်မယ်။
ဒီခေတ်ဟာ မြေပြင်ပေါ်ကနေ ရုန်းထွက်နိုင်တဲ့ ခေတ်ဖြစ်ပြီး အိပ်မက်တွေ ဖန်တီးနိုင်တဲ့ခေတ်လည်း ဖြစ်ပေသည်။ မင်း လုပ်ချင်တာ ဘာမဆို တကယ်လုပ်နိုင်တယ်...
အချို့သောပေါ့ပေါ့ပါးပါးစိတ်ကူးတွေဟာ အမှန်တကယ် လက်တွေ့ဖြစ်လာနိုင်သည်လေ။
...
"နှလုံးသားချင်းချိတ်ဆက်ကြမယ်" ဘလိုင်းဒိတ်ရှိုးကို စတင်ထုတ်လွှင့်နေချေပြီ။
ချင်းရို့ သေချာကြည့်ကြည့်လိုက်တော့ ရှိုးအဖွဲ့က လူတွေဟာ အရမ်းအရည်အချင်းရှိကြကြောင်း တွေ့ရှိခဲ့သည်။ ယခုဆိုရင်ဖြင့် အနှီဘလိုင်းဒိတ်ရှိုးဟာ လှည့်ကွက်အမျိုးမျိုးပြည့်နေတတ်ပြီး ချင်းရို့ကိုတောင် စွဲလန်းစေလေရဲ့။
ပြီးတော့…
၁၉၈၀ ခုနှစ်များတွင် ပညာတတ်လူငယ် အမျိုးသား၊ အမျိုးသမီးများစွာ ရှိခဲ့သည်လေ!!!
ပညာတတ်လူငယ်တော်တော်များများက သူတို့အရည်အချင်းကို ပြသဖို့ ဘလိုင်းဒိတ်ရှိုးကို သွားချင်နေကြပြီး တချို့က သီချင်းဆိုပြကြသလို တချို့က ကဗျာရွတ်ပြကြတယ်... တချို့ကတော့ စင်ပေါ်မှာ စကားပြောဆိုကြတယ်...။
ကျွမ်းဘားခုန်ပြတာ၊ မျက်လှည့်ပြတာ၊ *ချိကုန်းကစားပြသူတွေလည်း ရှိကြသည်။
(*ချိကုန်းဆိုတာက ကျန်းမာရေးအတွက် အသက်ရှုလေ့ကျင့်ခန်းနဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခန်းပုံစံမျိုးပါနော်။ ထိုင်ပြီး၊ မတ်တပ်ရပ်ပြီးလုပ်တာမျိုးမဟုတ်ဘဲ တရုတ်သိုင်းကားတွေထဲက ထိုက်ကျိပုံစံ ကိုယ်နေဟန်ထားမျိုးနဲ့ သိုင်းချတဲ့ပုံစံမျိုးနဲ့ပါ)
ချင်းရို့ : "... အားလုံးက အရည်အချင်းရှိကြတာပဲ!"
"အရည်အချင်းရှိကြတာ အသေအချာပါပဲ" လောင်ကုက သူ့ပေါင်သူရိုက်ကာ "ငါ့သားတုန်းကလိုပဲ၊ အခုထိ ပါတနာရှာမတွေ့သေးရှာဘူးကွာ"
"အဲဒီတုန်းက တီဗီရှိုးတွေသာရှိခဲ့ရင်..." လောင်ကုသည် ကုချန်ကို ရိုက်ပစ်ဖို့ လက်လှမ်းလိုက်သော်လည်း ကုချန်က ရှောင်ထွက်သွားလေ၏။
"ကောင်စုတ်လေး မင်းက ရှောင်ရဲသေးတယ်ပေါ့လေ?"
"သေချာကြည့်ထားစမ်း၊ ဒီလူတွေဆီကနေ သင်ယူထား!"
ကုချန် အေးတိအေးစက်ဖြင့် "ပျင်းစရာကောင်းလိုက်တာ"
"ပျင်းစရာကြီး"
"မင်းအတွက် အဓိပ္ပါယ်မရှိဘူးပေါ့လေ၊ ခေတ်မမီတဲ့အဘိုးကြီးကျနေရော" လောင်ကုသည် သူ့ကိုယ်သူ ခေတ်မီတဲ့အဘိုးအိုဖြစ်တယ်လို့ တွေးပြီး သူ့သားကတော့ ဘာလို့ ဒီလောက်ခေတ်နောက်ကျနေရသလဲလို့ စဥ်းစားနေမိသည်။
"ငါနဲ့ မင်းအမေဆို အကခန်းမမှာ သွားကလေ့ရှိတယ်ကွ၊ မင်းကရော? ဘယ်လိုတောင်ခေတ်နောက်ကျနေရတာလဲ"
"မြို့တော်မှာ ရှေးဟောင်းပစ္စည်းလိုက်ရှာတဲ့အခါ မင်းကိုပဲရှာတွေ့ကြမှာ ငါစိုးရိမ်မိပါရဲ့။ ရှေးဟောင်းလူသားရာ"
"အမြင်ထူးခြားတဲ့ ရှောင်ချူကိုပဲ ကျေးဇူးတင်ရမယ်"
ချူကော : "…"
လောင်ကုက သူ့ရှေ့ကတီဗီကို ကြည့်ပြီး သက်ပြင်းချလျက် "ဒီလိုဘလိုင်းဒိတ်ရှိုးကိုရိုက်ဖို့ အကြံဥာဏ်က ဘယ်လိုလူမျိုးဆီက ထွက်လာတာပါလိမ့်?"
xxx
Ch-321
လောင်ကုက သူ့ရှေ့ကတီဗီကို ကြည့်ပြီး သက်ပြင်းချလျက် "ဒီလိုဘလိုင်းဒိတ်ရှိုးကိုရိုက်ဖို့ အကြံဥာဏ်က ဘယ်လိုလူမျိုးဆီက ထွက်လာတာပါလိမ့်?"
လုဝေကျယ်: "ဖိုးဖိုးကု သားမာမားက ဒီရှိုးအတွက် အကြံပေးခဲ့တာပါ"
ချင်းရို့ : "???!!"
ဒီဖက်ထုပ်လေးက အဘယ်ကြောင့်များ လျှို့ဝှက်ချက်တွေကို လိုက်ဖော်ရတာ ကြိုက်နေရသလဲလို့ ချင်းရို့ သူမဘာသာတွေးနေမိသည်။
လောင်လုနှင့် လောင်ကု နှစ်ယောက်လုံး အံ့အားသင့်သွားကာ "မင်းအမေက အဲဒါကိုအကြံပေးခဲ့တာလား? ရှောင်ချင်းကလား?"
ချင်းရို့ ကူကယ်ရာမဲ့စွာဖြင့် "ဒီလိုပဲတွေးလိုက်မိတာပါ။ ကျွန်မ အရင်က ရေဒီယိုအသံလွှင့်ဌာနမှာ ကြေညာသူဖြစ်ခဲ့ဖူးတယ်လေ။ နောက်ပိုင်း ချုံကျိုးကျွန်းမှာ ဒေသဆိုင်ရာရုပ်သံဌာနတစ်ခု တည်ထောင်လိုက်ရော၊ အဲဒီနေ့က အသိမိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့ပြီး အကြံပေးဖြစ်ခဲ့တာပါ"
သို့သို့ : "မာမားက ပါပါးနဲ့ ဘလိုင်းဒိတ်လုပ်ခဲ့တဲ့နေ့ကို အမှတ်တရရှိစေဖို့တဲ့"
ရုန်ရုန် : "ပါပါးပြောတာက အဲဒါက မာမားအတွက် အကောင်းဆုံးအမှတ်တရပဲတဲ့"
ချင်းရို့ : "..." နင်တို့အားလုံးက ဒီမာမားရဲ့ ပေါက်ပြဲနေတဲ့ အနွေးဂျာကတ်လေးတွေပဲ ဟုတ်တယ်မလား ? ! !
"တကယ်?"
လောင်လုက သူ့ဇနီးကျန်းဖျင်ရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့သားလုယန်ကို လှည့်ကြည့်လိုက်ပြန်သည်။
ထိုအချိန်တွင် လုယန်က ကလေးတွေပြောနေတာကို မကြားသယောင် သရုပ်ဆောင်နေပြီး သူ့မျက်နှာထားမှာ တည်ငြိမ်နေလေ၏။ သူ့ရဲ့မျက်နှာချောချောလေးက ငယ်ရွယ်နုပျိုခြင်းရဲ့ စူးရှထက်မြက်မှုထပ်မရှိတော့ဘဲ သေချာချက်ထားတဲ့ဝိုင်ကောင်းလိုမျိုး ပိုမိုရင့်ကျက်ပြီး ချောမောလာပေသည်။
သူ့ဘေးမှာ ထိုင်နေတဲ့ ချင်းရို့ကတော့ အနည်းငယ် ရှက်ရွံ့နေလေ၏။ သူမက သူ့ယောက်ျားဘက်ကို ခေါင်းလှည့်လိုက်ကာ 'ရှင့်ကလေးတွေကို သေချာထိန်းသင့်တယ်နော်'လို့ အကြည့်တို့ဖြင့် တိုက်တွန်းနေသလိုပင်။
လုယန် အပြုံးဖျော့ဖျော့လေးပြုံးကာ သူ့ဇနီးလေးလက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
"သူတို့ပြောတာ တကယ်ဆိုတော့လဲ တကယ်ပဲပေါ့" ချင်းရို့ စိတ်ပျက်လက်ပျက်ဖြင့် လုယန်ရဲ့ လက်ဖဝါးကို သူမရဲ့လက်မနဲ့ လက်ညှိုးတို့နဲ့ သာသာလေးဆွဲဆိတ်နေလိုက်သည်။
"တကယ်ပဲလေ၊ မင်းတို့ပါပါးက မင်းတို့မာမားနဲ့ ပထမဆုံး ဘလိုင်းဒိတ်လုပ်ခဲ့တုန်းကအချိန်ကို အမြဲအိပ်မက်မက်နေတုန်းပဲ"
လုယန်က ချင်းရို့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာပေါ်က အပြုံးဟာလည်း ပိုလို့တောင် နူးညံ့လာလေ၏။
"ဝိုး!"
"ပါး အဲဒီနှစ်ကိုပြန်သွားရမယ်ဆိုရင် ပါးဘာလုပ်မှာလဲ?"
"ဘာလုပ်မလဲ? မေးစရာလိုသေးလို့လား? မင်းတို့မားကို ချက်ချင်းလက်ထပ်ပစ်လိုက်မှာပေါ့"
လုဝေကျယ် : "ဒါဆို ကောနဲ့ သားတို့ စောစောမွေးလာနိုင်တယ်ပေါ့နော်?"
အဲလိုထပ်ဖြစ်လာခဲ့ရင် သူရအောင်လှည့်ပစ်ပြီး ကောကောဖြစ်အောင်လုပ်ပစ်မှာ...
သူ့ကောကောက သူ့ထက် မိနစ်နည်းနည်းလေးပဲ စောပြီးထွက်လာရုံလေးပဲဟာ၊ နောက်တခါဆိုရင် ကောကောဖြစ်ဖို့အတွက် သူ့ကောကောနဲ့ ယှဥ်ပြိုင်ဖို့ အခွင့်အရေးရပြီပဲ။
လုယန် : "မင်းမွေးလာတာက…" တကယ်တော့ ဒါက မတော်တဆပဲလေ၊ လုကောက ကလေးအစောကြီးမလိုချင်ခဲ့ဘူးလေ။
ချင်းရို့က သူ့ပါးစပ်ကို လက်ဖြင့်လှမ်းကာလိုက်ပြီး ဆက်ပြောဖို့ ခွင့်မပြုခဲ့။ "သားတို့မိဘတွေက လက်ထပ်ပြီး လအနည်းငယ်အကြာမှာပဲ သားတို့ကို ကိုယ်ဝန်ရှိလာတာလေ၊ သားတို့နှစ်ယောက်က ဘယ်လောက်မြန်မြန်စောချင်သေးတာတုန်း?"
လုယန် သူမလက်ကို အပြုံးလေးနဲ့ ဖယ်လိုက်ပြီး "မင်းတို့မိဘတွေက လအနည်းငယ်ကြာဒိတ်လုပ်နေခဲ့မယ်ဆိုရင် မင်းတို့ နောက်ကျမှမွေးလာလိမ့်မှာ"
လုဝေကျယ် : "ပါးတို့စောစောလက်ထပ်သင့်တယ်နော်၊ ဒိတ်လုပ်ရင်း အချိန်မဖြုန်းပါနဲ့ဗျာ"
သို့သို့နှင့် ရုန်ရုန်လည်း လိုက်ပြောလေ၏။ "ဟုတ်တယ်၊ ပါပါးနဲ့ မာမားက စောစောလက်ထပ်သင့်တယ်!"
လုယန် ပြုံးလျက် "မင်းတို့က တကယ့်ကို ပါပါးရဲ့ သားကောင်းသမီးကောင်းလေးတွေပါပဲကွာ"
သို့သို့ : "မီးမီးက ပါးပါးနဲ့မားမားကို ချစ်တယ်နော်"
ရုန်ရုန်လည်း နောက်ကောက်ကျမခံဘဲ ချက်ချင်းလိုက်ပြောလေ၏။ "ရုန်ရုန်လည်း ပါးပါးနဲ့မားမားကို ချစ်တယ်လို့!"
…
နေ့တိုင်း ချစ်ကြောင်းမချစ်ကြောင်းကြားနေရတာဟာ တကယ့်ကို စိတ်တိုစရာကောင်းလှသည်။
ဘေးမှာရပ်နေတဲ့ လုကျုံးရီက မနာလိုဖြစ်သလို ခံစားနေရသည်လေ။
ငယ်ငယ်လေးကတည်းက သူ့ကို အမြဲဆန့်ကျင်နေခဲ့တဲ့ ဒီကံဆိုးတဲ့ ကောင်စုတ်ကလေးက အခုအချိန်မှာတော့ သူ့အဖေက သူ့အပေါ် ပြန်ပြီးမနာလိုဖြစ်ရလောက်သည်အထိ ပျော်ရွှင်နေလေပြီ။
သူနှင့် ကျန်းဖျင်တို့မှာလည်း သားသမီးငါးယောက်ထွန်းကားခဲ့သည်။ အကြီးဆုံးသားက ဆုံးပါးသွားခဲ့ပြီး ကံမကောင်းကြတဲ့ ဒုတိယကလေး၊ တတိယကလေး၊ စတုတ္ထကလေးနှင့် ပဉ္စမကလေးတို့သာ ကျန်ခဲ့လေ၏။ ဒုတိယသားကိုတော့ သိပ်စိတ်ပူစရာမလိုခဲ့ပေမယ့် သူ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး...
သူလည်း စိတ်မပူရတဲ့ကလေးမဟုတ်ပြန်ပါဘူးလေ...
အင်း... တတိယကလေးအလှည့်ရောက်တော့ မိသားစုထဲက ကလေးတွေအားလုံး စတင်လမ်းမှားရောက်ခဲ့ရသည်။ တတိယကလေး၊ စတုတ္ထကလေး၊ ပဉ္စမကလေးတွေအားလုံး ကိုယ်ပေါ်က သန်းတွေဖြစ်လာကြတယ်လေ။ တစ်ယောက်ထက် တစ်ယောက်ပိုဆိုးလာကြတာ... သူတို့က သူ့ကို နာကျင်မုန်းတီးစေရုံသာမက နေ့တိုင်း ဒေါသထွက်ရလွန်းလို့ ခုန်ပေါက်အောင်လည်း လုပ်နိုင်ခဲ့ကြတာလေ။
လက်ရှိတွင် လုယန်မှာလည်း သူ့အဖေလိုမျိုး ကလေး၄ယောက်ရှိသည်ပင်၊ ဒါပေမဲ့ သူကတော့ သားနှစ်ယောက် သမီးနှစ်ယောက်ပေါ့လေ။
- ဒီသားနှစ်ယောက်နှင့် သမီးနှစ်ယောက်က ပြဿနာလည်းသိပ်မရှာတတ်ကြဘူး!
အကြီးဆုံးသား လုဝေကျိုးကိုတော့ ပြောစရာကိုမလိုဘူး။ အငယ်လေး လုဝေကျယ်က နည်းနည်းဆိုးသွမ်းပေမယ့် သူ့အဖေကိုတော့ မဆန့်ကျင်ရှာဘူးလေ။ ပြီးတော့ သူ့ကောကော လုဝေကျိုးကလည်း သူ့တိတိလေးကိုချော့တာ တော်နေရောပဲ။
လုကျုံးရီ : "…"
ရဲဘော်လောင်လုသည် သူ့မှာကျတော့ ကျိုးကျိုးလို သားတစ်ယောက် ဘာလို့မရှိရတာလဲလို့ တစ်ကိုယ်တည်း တွေးနေမိသည်။
ဒီသားနှစ်ယောက်အကြောင်းထားလိုက်ပါဦး၊ သူ့သားငယ်မှာ အနွေးဂျာကတ်လေးဖြစ်တဲ့ သမီးနှစ်ယောက်လည်းရှိသေးတာပဲကွာ။
သို့သို့နှင့် ရုန်ရုန်တို့ညီအစ်မဟာ ပဲအစာသွပ်လေးတွေဖြစ်ကြသော်လည်း လောင်ဝမ်မိသားစုက ကလေးမလေးထက် ပိုချိုမြိန်သည်ပင်။ သူမလေးတို့က ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိသလို စကတ်လှလှလေးတွေဝတ်ရတာကို သဘောကျကာ အသံလည်းကောင်းကြသည်။ သူတို့မေမေဆီမှ အသံကောင်းကောင်း အမွေဆက်ခံရရှိထားခြင်းပင်။ ကလေးမလေးတွေက သီချင်းဆိုကောင်းရုံတင်မက စကားချိုချိုလေးတွေပြောရတာကိုလည်း ကြိုက်ကြလေသည်။
ရဲဘော်လောင်လုက သူ့သမီးလုရွှမ်ဆီ လှည့်ကြည့်လိုက်တဲ့အခါ သူ့နှလုံးသားကို ဓားတစ်ချောင်းနဲ့ ထိုးသွားသည့်အလား ခံစားလိုက်ရ၏။
လုရွှမ် မျက်ခုံးပင့်လိုက်ပြီး "ပါး ကျွန်မကို ဘာလို့ကြည့်နေတာလဲ?
"မင်းကို ဘယ်သူကြည့်လို့လဲကွ?" လုကျုံးရီ အသက်ပြင်းပြင်းရှူကာ သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ သူ ခေါင်းကို မြင့်မြင့်မော့ထားလျက် လုံးဝခေါင်းမငုံပေ။
ဒီကံဆိုးတဲ့သမီးကတော့...
လုယန် ကြားဝင်ဖြတ်၍ ပြောလာခဲ့သည်။
"ပါးရေ ဦးလေးကျန်းဆီ ဖုန်းတစ်ကောခေါ်ပြီး ကျွန်တော့်အတွက် ကျေးဇူးတင်စကားပြောပေးပါဦး"
ဦးလေးကျန်းက အဲဒီအချိန်တုန်းက ပင်းချန်မှာ ဘလိုင်းဒိတ်စီစဥ်ပေးဖို့ ကူညီခဲ့သူပင်။
(မေ့နေကြမှာစိုးလို့၊ လုပါပါးက သူ့သားအတွက် ဦးလေးကျန်းကို ပူစပ်စပ်ဇနီးရှာခိုင်းလိုက်တာနော်။ ဦးလေးကျန်းက အနုပညာအဖွဲ့က ဒါရိုက်တာစွန်းဆီ ဆက်သွယ်ပေးခဲ့တာပါ။ ဒီတော့ ချင်းရို့ဘက်ကကြည့်ရင်တော့ အောင်သွယ်တော်က ဒါရိုက်တာစွန်း၊ လုယန်ဘက်ကဆိုရင်တော့ ဦးလေးကျန်းပါ)
"ဦးလေးဝမ်ကိုလည်း ကျွန်တော့်အတွက် ကျေးဇူးတင်စကားပြောပေးပါဦး။ ကျွန်တော် စောစောအိမ်ထောင်ပြုနိုင်တာ ဦးလေးဝမ်ကျေးဇူးလည်းပါတယ်လေ"
"ဟုတ်သားပဲ ပါးကိုတော့ ကျေးဇူးအတင်သင့်ဆုံးပေါ့ဗျာ။ ရှဲ့ရှဲ့နီ ပါး!"
"လာပါ ပါးရဲ့ သားက ပါးကို ဂုဏ်ပြုဖို့ သစ်ကြားသီးတစ်လုံးပေးမယ်"
လောင်လု အံကြိတ်လျက်: "…"
ဒီကလေးက အရမ်းဂုဏ်ဆာနေတာပဲ၊ အဘိုးကြီးဖြစ်တဲ့သူကရော ဘာလို့ မကျေမနပ်ဖြစ်နေရတာလဲကွာ...
သူက ဘာလို့ ကောင်းတာတွေချည်းပဲရနေတာလဲ?
"ငါနောင်တရမိတယ်" လုကျုံးရီ ကျန်းဖျင်ကိုပြောလိုက်သည်။
"ငါ သူ့ကို လက်ထပ်ဖို့ မတိုက်တွန်းသင့်ဘူးကွာ၊သူ့ကို တစ်ကိုယ်တည်း နေခိုင်းလိုက်သင့်တာ!!!" ဒီကောင်က အရိုက်ခံရဖို့ပဲတန်တယ်ကွ!
တခြားသူကို အမြတ်ထုတ်ပြီး ကလေးကောင်းတစ်ယောက်လို ဟန်ဆောင်နေသေးတာ။
ကျန်းဖျင်က သူ့ကို မကျေမနပ်စိုက်ကြည့်ပြီး "ရှင်က ဒီလိုပြောနေသေးတယ်၊ ရှင့်သား အိမ်ထောင်မပြုဘူးဆိုရင် ရှင် ဘယ်လိုလုပ်ပြီး တခြားသူတွေထက် မြင့်မြင့်ခုန်နိုင်မှာလဲ"
တစ်ဖက်မှ လောင်ကုက ဝင်ပြောလာသည်။ "လောင်လု ငါလည်း မင်းနဲ့အတူ မြင့်မြင့်ခုန်တတ်အောင် သင်ယူသင့်ပြီပဲ"
လုကျုံးရီ : "... " မင်းဖင်ကြီးကိုခုန်နေလိုက်၊ သူဆီကနေ မြင့်မြင့်ခုန်ဖို့ သင်ယူမယ်ဆိုပဲ...
နေ့ကောင်းရက်သာတစ်ရက်၌ အိမ်ပြောင်းရွှေ့ဖို့ သင့်တော်လေ၏။
မီးစွဲနေသော ထင်းမီးတစ်အိုးဖြင့် အိမ်အသစ်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။ အိမ်သည်ကား စတုရန်းပုံစံရှိပြီး မြောက်မှတောင်သို့ လေဝင်လေထွက်ကောင်းလှသည်။ နေ့ခင်းဖြစ်၍ နေရောင်မှာ တည့်တည့်ရှိနေပြီး နီရဲရဲထင်းမီးဆီကနေ မီးပွားလေးတွေ လွင့်စင်နေလျက်။
ချင်းရို့တို့မိသားစုက ကွမ်ချန်ရှိ သူတို့ရဲ့ အိမ်သစ်ဆီသို့ တရားဝင်ပြောင်းရွှေ့ခဲ့လေပြီ။
လင်မယားနှစ်ဦးအတွက် တစ်ခန်း၊ ညီအကိုနှစ်ယောင်အတွက် အိပ်စင်ပါတဲ့တစ်ခန်း၊ ညီအစ်မနှစ်ဦးအတွက် အိပ်စင်ပါတဲ့တစ်ခန်းဆိုပြီး အခန်းသုံးခန်းရှိပေသည်။
ကလေးတွေက အိမ်ပြောင်းပြီးပြီးချင်း ဘယ်သူက အပေါ်မှာအိပ်မလဲ၊ ဘယ်သူက အောက်မှာအိပ်မလဲ ငြင်းခုန်နေကြလေပြီ။
"မီးမီး အပေါ်မှာ အိပ်ချင်တယ်!"
"သားလည်း အပေါ်မှာအိပ်ချင်တယ်!"
လုဝေကျိုး : "ဒါဆို မင်း အပေါ်မှာအိပ်လိုက်လေ"
လုဝေကျိုးကတော့ အပေါ်မှာပဲအိပ်ရအိပ်ရ အောက်မှာပဲအိပ်ရအိပ်ရ ပြဿနာမရှိပေ။ သူက ညဘက်မှာ အေးအေးချမ်းချမ်းအိပ်စက်ချင်ရုံသာ၊ ဘယ်နေရာဖြစ်ဖြစ် ကိစ္စမရှိဘူး။
"ကျေးဇူးနော် ကောကော!" လုဝေကျယ် အိပ်ရာပေါ် သူ့ခေါင်းအုံးကို ပစ်တင်လိုက်ပြီး ကုတင်ပေါ် ခုန်တက်လိုက်၏။
ကုတင်အောက်မှာ ထိုင်နေတဲ့ လုဝေကျိုးခမျာ ငလျင်လှုပ်သွားသလို ခံစားလိုက်ရလေသည် "…"
"ဖက်ထုပ်လေးရေ မင်း ဝမ်နျန်နျန်အိမ်က ကြောင်လေးဆီက သင်ယူနိုင်မလား? မင်း သိမ်မွေ့လာပြီး ဝက်ဝံတစ်ကောင်လိုမလုပ်ဖို့ ကောကော မျှော်လင့်ပါတယ်နော်"
ဝမ်နျန်နျန်မိသားစုသည် မကြာသေးခင်ကပဲ လိမ္မော်ရောင်ကြောင်လေးတစ်ကောင်မွေးထားသဖြင့် လုဝေကျိုးက ကြောင်လေးကို အစာကျွေးဖို့ ရံဖန်ရံခါသွားလေ့ရှိသည်။
လုဝေကျယ်က အပေါ်ကနေ အောက်ကို ငုံ့ကြည့်လိုက်ပြီး "ကောကောရာ ဖက်ထုပ်လေးက အရမ်းချောတာလေဗျာ၊ သားက ဘယ်လိုလုပ်ပြီး ဝက်ဝံဖြစ်ရမှာလဲ?"
"သားက ဝက်ဝံဆို ကောကောလည်း ဝက်ဝံပဲဖြစ်မှာနော်"
ညီအကိုနှစ်ယောက် အိပ်ယာခွဲဝေရာတွင် အဆင်ပြေသော်ငြား ညီအစ်မနှစ်ယောက်ကတော့ ရန်ဖြစ်နေချေပြီ။
"သို့သို့ကျဲ မီး အပေါ်ထပ်မှာ အိပ်ချင်တယ်လို့!"
"ရုန်ရုန်မိန့် ကျဲလည်း အပေါ်မှာအိပ်ချင်တာပါဆို!"
"အကြီးက အငယ်ကို အလျှော့ပေးသင့်တာလေနော်"
"ရုန်ရုန်က သစ်တော်သီးတွေကိုလက်လျော့လိုက်တဲ့ ခုန်ရုန်ဆီက သင်ယူလို့မရဘူးလား? နင်ကလည်း ရုန်ရုန်ပဲလေ"
xxx