အခန်း (၃၂၂-၃၂၃)
Vol. 27 Ch. 322-323
Ch-322
ညီအကိုနှစ်ယောက် အိပ်ယာခွဲဝေရာတွင် အဆင်ပြေသော်ငြား ညီအစ်မနှစ်ယောက်ကတော့ ရန်ဖြစ်နေချေပြီ။
"သို့သို့ကျဲ မီး အပေါ်ထပ်မှာ အိပ်ချင်တယ်လို့!"
"ရုန်ရုန်မိန့် ကျဲလည်း အပေါ်မှာအိပ်ချင်တာပါဆို!"
"အကြီးက အငယ်ကို အလျှော့ပေးသင့်တာလေနော်"
"ရုန်ရုန်က သစ်တော်သီးတွေကိုလက်လျော့လိုက်တဲ့ ခုန်ရုန်ဆီက သင်ယူလို့မရဘူးလား? နင်ကလည်း ရုန်ရုန်ပဲလေ"
…
"တာ့ကောကို ဆုံးဖြတ်ခိုင်းလိုက်မယ်"
"ကော ရုန်ရုန်က အပေါ်ထပ်မှာအိပ်သင့်လား? ဒါမှမဟုတ် သို့သို့က အပေါ်ထပ်မှာအိပ်သင့်လား?"
လုဝေကျယ် တံခါးဝမှာ လက်ပိုက်ကာ မတ်တပ်ရပ်နေပြီး
"နင်တို့နှစ်ယောက်ရဲ့ကိုယ်လုံးကဖြင့် သေးသေးလေးကို၊ အပေါ်မှာ အတူတူအိပ်လိုက်လို့မရဘူးလား?"
သို့သို့နှင့် ရုန်ရုန်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဒီအကြံမဆိုးကြောင်း သိသွားလေပြီ။
"ဒါဆို အတူတူအိပ်ရအောင်လေ"
"မီးတို့က ဖက်ထုပ်ကောလောက် ရုပ်မဆိုးပါဘူးနော်"
လုဝေကျယ် မျက်ခုံးပင့်လျက် "ဟေး ဟေး ဟေး နင်တို့ဘာပြောလိုက်တယ်? နင်တို့ကမှ ရုပ်ဆိုးတာ!"
ရုန်ရုန် : "သို့သို့ကျဲက မားမားလိုပဲ သွယ်လျပြီး လှပနေရော"
သို့သို့ : "ရုန်ရုန်မိန့်က မားမားလိုမျိုး ကောင်းကင်ပေါ်က နတ်သမီးတွေထက်တောင် ပိုလှသေးတယ်"
လုဝေကျယ် : "... သွားကြတော့၊ နင်တို့နှစ်ယောက် အော်ပရာသီဆိုဖို့ Cantonese Opera House ကိုသွားသင့်တယ်နော်"
အိမ်သစ်ပြောင်းရွှေ့ပြီးနောက် ကွမ်ချန်ရှိ ဆွေမျိုးတွေနှင့် သူငယ်ချင်းတွေကို ထမင်းဖိတ်ကျွေးကာ အိမ်ကို တက်ကြွနွေးထွေးစေခဲ့သည်။ ထို့နောက် နှစ်သစ်ကူးအတွက် စတင်ပြင်ဆင်ကြပါတော့သည်။
ကြက်ကင်၊ ငန်းကင်၊ ဘဲကင်၊ ကြက်သားပြုတ်၊ ပုစွန်ပြုတ်၊ ကမာကြာဇံ... လှလှပပ ပုစွန်ဖက်ထုပ်တွေ၊ ကြက်ဥဖက်ထုပ်တွေအပြင် ငါးဆုပ်လုံးတွေ၊ ကဏန်းလုံးတွေပါလုပ်ထားခဲ့သည်။ နောက်ပြီး သူတို့ ချုံကျိုးကျွန်းကနေ ယူလာခဲ့တဲ့ မက်ကရယ်ငါးချဥ်တွေကိုလည်း ထမင်းပေါ်မှာ ပေါင်းထားရင် အရမ်းအရသာရှိမည်ပင်။
ယခုအချိန်တွင် ကွမ်ချန်၌ မီးရောင်ထိန်လင်းတဲ့ ညဈေးရှိနေပြီဖြစ်သည်။ ညဘက်မှာ မီးရောင်တွေ လင်းထိန်နေပြီး မီးပုံးတွေက နေ့ခင်းအလား လင်းချင်းနေ၏။ မီးရောင်တို့ဖြင့် စည်ကားနေတဲ့ ညဈေးမှာ ဒီရေလှိုင်းလိုမျိုး လမ်းသွားလမ်းလာတို့နှင့် ပြည့်ကျပ်နေလေသည်။
ချင်းရို့လည်း ကလေးလေးယောက်အတွက် မီးပုံးလေးတွေဝယ်ကာ ညဈေးသို့ အတူတူသွားခဲ့ကြသည်။ ညဈေးတန်းတစ်ခုလုံး အဝတ်အစား၊ ဖိနပ်တွေနှင့် အသုံးအဆောင်ပစ္စည်းမျိုးစုံတို့ဖြင့် ပြည့်နှက်လုနီးနီးပင်။ နှစ်သစ်ကူးအတွက် လိုအပ်တဲ့ နွေဦးပွဲတော်စာတန်းတွေ၊ အနီရောင်မီးပုံးတွေစသဖြင့် နှစ်သစ်ကောင်းချီးပစ္စည်းမျိုးစုံလည်းရှိနေပေသည်။
သို့သို့လေးက နွေဦးပွဲတော်စာတန်းရေးဖို့အတွက်စုတ်တံနှင့် မှင်တွေရှိနေသော ဆိုင်ခန်းတွေ ခင်းကျင်းထားတဲ့ လူတွေကိုကြည့်ပြီး လုဝေကျယ်ကို မနေနိုင်မထိုင်နိုင်ပြောမိသွား၏။
"ကော အနာဂတ်မှာ ကောလိပ်မတက်နိုင်ရင်လေ ဒီမှာ နွေဦးပွဲတော်စာတန်းတွေကို လာရောင်းလို့ရတာပဲနော်"
လုဝေကျယ် : "မာမားရေ မာမားရဲ့ သမီးကို လာထိန်းပါဦး"
ချင်းရို့ ပြုံး၍ "သမီးရဲ့ အာ့ကောက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဘယ်လိုလုပ်ပြီးကျရှုံးမှာလဲကွယ်? မားရဲ့ သားနှစ်ယောက်လုံးက တအားထူးချွန်ကြတာလေ၊ ဒီတော့ မားက သူတို့ကျောင်းစာတွေအတွက် စိတ်ပူစရာကိုမလိုဘူး။ အထူးသဖြင့် သမီးရဲ့ အာ့ကောပေါ့၊ သူက ညီမလေးတွေအတွက် စံနမူနာပြဖြစ်ဖို့ ဆောင်းရာသီအားလပ်ရက်အိမ်စာတွေအားလုံးကို ပြီးအောင်လုပ်ပြလိမ့်မှာ သေချာတယ်"
"ဝေကျယ်ရေ မားပြောတာမှန်တယ်မဟုတ်လားဟင်? "
လုယန်က သူ့ဇနီးလေးရဲ့ ခါးကို ဖက်ကာ "သမီးတို့မာမားပြောတာ မှန်တယ်။ သမီးတို့ရဲ့ အာ့ကောက စာကျက်ရတာ ကြိုက်တယ်လေ"
လုဝေကျယ် : "..." ဒီမိသားစုက သူ့ကို ဘယ်လိုချီးမွမ်းရမလဲဆိုတာ အရမ်းသိတာပဲနော်။
လုဝေကျိုးက သူ့ညီလေးရဲ့ ပခုံးကို ဖက်လိုက်ပြီး မရယ်မောဘဲမနေနိုင်တော့။
သူတို့မိသားစုဖြတ်လျှောက်သွားပြီးနောက် အပြာရောင်အဝတ်အစားနဲ့အမျိုးသမီးတစ်ဦးက ညဈေးတန်းဆိုင်ခန်းမှ ထွက်လာခဲ့ပြီး ရှုပ်ထွေးနေတဲ့အမူအရာဖြင့် ချင်းရို့ရဲ့နောက်ကျောကို ကြည့်နေခဲ့သည်။
သူမတို့ မတွေ့ရတာ ဆယ်နှစ်ကျော်သွားပြီပဲ...
(အိုး ဟိုး ဟိုး ပျောက်နေတဲ့ဇာတ်လိုက်မပေါ်လာပါပြီ၊ သူ့ကိုမေ့တောင်မေ့နေမိတယ်)
ချင်းရို့ကတော့ ချောမောလှပနေဆဲ၊ ဆွဲဆောင်မှုရှိနေဆဲ။ သူမရဲ့ အရပ်ရှည်ပြီး ချောမောခန့်ညားတဲ့ အမျိုးသားက အသက် ၃၀ကျော်နေပြီဆိုပေမယ့် ကိုယ်ခန္ဓာကို ကောင်းစွာထိန်းသိမ်းထားနိုင်ဆဲဖြစ်သလို သူမနံဘေးမှ အင်္ကျီမော်ဒယ်ရုပ်လိုမျိုး လမ်းလျှောက်နေလေ၏။
သူတို့ဇနီးမောင်နှံမှာ ကလေးလေးယောက်ရှိကာ သားနှစ်ယောက်က အဖေတူပြီး သမီးနှစ်ယောက်က အမေတူနေလေရဲ့။
ရွှယ်ထင်ထင်က ကွမ်ချန်ရှိ ညဈေးတန်းတွင် အဝတ်အစားများ ရောင်းချပေသည်။ ၇၇ ခုနှစ်တုန်းက သူမ ကောလိပ်ဝင်ခွင့်ရခဲ့သော်လည်း ဝင်ခွင့်စာမှာ အခိုးခံရလုနီးပါးဖြစ်ခဲ့ရသည်။ သို့သော်လည်း သူမရေးခဲ့တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနှင့် ရင်းနှီးနေသည်မို့ သူမရဲ့ ဝင်ခွင့်စာကိုပြန်လည်ရရှိခဲ့၏။ ကောလိပ်တက်ပြီးနောက် တခြားကျောင်းတွေရဲ့ ထိပ်တန်းကျောင်းသားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြသည်။
ရွှယ်ထင်ထင်ကျောင်းတက်နေစဉ် ထိပ်တန်းအတန်းဖော်တွေရဲ့မျက်နှာကို ဖြတ်ရိုက်ရန် စာကြိုးစားခဲ့ရသည်။ ကျောင်းတွင် လက်တွဲဖော်ရှာဖို့ ကြိုးစားခဲ့သော်ငြား သူမကို စိတ်ကျေနပ်စေတဲ့သူတွေကို ရှာမတွေ့ခဲ့။
သူမသည် ချင်းရို့က စစ်တပ်အရာရှိတစ်ဦးနှင့် အိမ်ထောင်ပြုသွားတဲ့အကြောင်းကို အမြဲတွေးနေမိသည်။ ထိုအရာရှိမှာ အရွယ်ငယ်ငယ်လေးနဲ့ တပ်ရင်းမှူးဖြစ်နေပြီမှန်း ကြားသိခဲ့ရသည်။
သည့်အပြင် လင်းချန်ရန်နှင့် လက်ထပ်သွားတဲ့ ထန်ရွေ့ပိုင်အကြောင်းကိုလည်း သူမအမြဲစဥ်းစားနေမိဆဲ။ လင်းချန်ရန်က ယခုအခါ စစ်အနုပညာအကယ်ဒမီမှာ ကျောင်းဆက်တက်ဖို့ စီစဉ်နေသည်။ သူနဲ့ ထန်ရွေ့ပိုင်တို့က သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရှိနေပြီဖြစ်သည်။
နောက်တစ်ယောက် ကုချန်ကတော့... သူက အခုထိ လူပျိုကြီးဖြစ်နေဆဲဆိုပေမယ့် သူက တောင်ပိုင်းကိုသွားလိုက်တယ်လေ...
ကျောင်းတက်နေစဉ်အခါက ရွှယ်ထင်ထင်လည်း မြောက်ပိုင်းမှာ ကိုယ်ပိုင်စီးပွားရေးကို စတင်ခဲ့သည်။ စက်ဘီးလိုက်ပတ်စီးပြီး လမ်းဘေးဈေးဆိုင်တွေကိုပြေးလွှားရင်း ဆိုင်ဖွင့်ဖို့၊ စက်ရုံဖွင့်ဖို့အတွက် ပိုက်ဆံစုဆောင်းခဲ့ရ၏။ သူမ ငွေများစွာရှာခဲ့သော်လည်း ပြဿနာရှာတဲ့ကောင်တွေ အမြဲတမ်းရှိနေဆဲပင်။ တချို့ဆို ညသန်းခေါင်ကြီး သူမရဲ့စက်ရုံကို ဖျက်စီးဖို့ ကြိုးစားကြသေးသည်။ အဆုံးတွင် သူတို့ကို ဖမ်းမိခဲ့သော်လည်း ရွှယ်ထင်ထင် လက်စားချေခြင်းရဲ့ ပျော်ရွှင်မှုကို မခံစားရဘဲ မောပန်းနွမ်းနယ်နေခြင်းသာကျန်ရှိနေခဲ့သည်။
အနှီအရည်အသွေးမြင့်ထိပ်တန်းလူတစ်စုကို ရှောင်ရှားရန်အတွက် ရွှယ်ထင်ထင်က တောင်ပိုင်းရှိ ကွမ်ချန်သို့ရောက်လာခဲ့သော်ငြား ကွမ်ချန်မှာ စက်ရုံတစ်ရုံဖွင့်ရတာ မြောက်ပိုင်းထက် ပို၍ခက်ခဲလှသည်။ ဒီနေရာမှာ ဟောင်ကောင်သူဌေးတွေနှင့် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံတဲ့သူဌေးတွေအပြင် ပြည်တွင်းမိသားစုစီးပွားရေးတွေ မရေမတွက်နိုင်အောင်ရှိတာကြောင့် ယှဉ်ပြိုင်မှုမှာ အလွန်ပြင်းထန်လှသည်။
…
ရွှယ်ထင်ထင် နောင်တရဆုံးအရာတွေကို ပြောရမယ်ဆိုပါက သူမ လင်းချန်ရန်နှင့်အတူတူမရှိခဲ့ခြင်းကိုပင်။ သူမက ဝတ္ထုရဲ့ အမျိုးသမီးဇာတ်လိုက်ဖြစ်ပြီး လင်းချန်ရန်က အမျိုးသားဇာတ်လိုက်ဖြစ်၍ သူမတို့သာ အတူတူရှိနေခဲ့ရင် ချောမွေ့တဲ့လမ်းခရီးကို လျှောက်လှမ်းနိုင်ခဲ့မှာပဲ...
ယခု ချင်းရို့က ပုလဲမွေးမြူရေးစက်ရုံတစ်ရုံ ဖွင့်ထားကာ တောင်ကျွန်းပုလဲကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်လာခဲ့သည်။ သူမက သူမယောက်ျားအပေါ် မှီခိုအားကိုးတာကြောင့်ပဲဖြစ်ရမယ်။
ယနေ့ ရွှယ်ထင်ထင်သည် ချင်းရို့တို့ဇနီးမောင်နှံကို တွေ့လိုက်ရတဲ့အခါ လွန်ခဲ့တဲ့ဆယ်နှစ်လောက်က အသိမိတ်ဆွေဟောင်းကို တွေ့လိုက်ရ၍ ရှက်ရွံ့နေမိသည်။ သူမ ချင်းရို့ကို ပိုကြည့်မိလေလေ ကောလိပ်တုန်းက အဖြစ်အပျက်တော်တော်များများကို ပြန်သတိရမိလေလေပင်။ သူမစိတ်ထဲမှာ လင်းမင်ကွေ့ရဲ့ မျက်နှာ ပေါ်လာလေ၏။
ဟိုဟိုဒီဒီလျှောက်သွားပြီးနောက် သူမဟာ သစ္စာရှိချစ်သူတစ်ယောက်ဖြစ်နေဆဲ။ ယခုအခါ သူမလည်း ပိုက်ဆံတွေအများကြီးစုဆောင်းမိပြီဖြစ်၍ အထုပ်ပိုက်ကာ ကွမ်ချန်မှ ထွက်ခွာရန် စီစဥ်လိုက်သည်။ သူမ လင်းချန်ရန်ကို ရှာချင်တယ်၊ သူနဲ့ဆက်ဆံရေးအသစ်ပြန်တည်ဆောက်ဖို့ မျှော်လင့်မိရင်းပေါ့...
...
နှစ်သစ်ကူးအကြိုနေ့ည၌ ချင်းရို့တို့မိသားစုဟာ ဟော့ပေါ့စားပြီး တီဗီရှေ့ထိုင်ကာ နွေဦးပွဲတော် Gala dinnerကို ကြည့်ခဲ့ကြသည်။
ယခုနှစ် နွေဦးပွဲတော် Gala dinnerမှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလေ၏။ ပေါ့ပေါ့ပါးပါးဇာတ်လမ်းတိုတွေ၊ စကားရည်လုပွဲတွေ၊ ချီကုန်းဖျော်ဖြေပွဲ၊ ကျွမ်းဘားတင်ဆက်မှုတွေ စသဖြင့် ပရိုဂရမ်အမျိုးမျိုးဖြင့် စုံလင်လှသည်။ ကွမ်ချန်၌ ယခုအချိန်မှာ ချီကုန်းဟာ အလွန်ရေပန်းစားနေတယ်လို့ ပြောလို့ရပေသည်။ မနက်ခင်းစောစောတွင် ကွမ်ချန်ရှိ လူတွေက စောစောစီးစီးထကာ ချီကုန်းလေ့ကျင့်ကြသလို ဓားရေးအကကိုပါ လေ့ကျင့်ကြပါသေးသည်။
မိသားစုထဲက ကလေးလေး ၄ယောက်ကလည်း လေ့ကျင့်ဖို့အတွက် သစ်သားဓားရှည်တချို့ သွားဝယ်ချင်တယ်လို့ ဆူညံနေကြလေ၏။
ချင်းရို့လည်း သစ်သားဓားရှည်နည်းနည်းဝယ်ပြီး ကလေးတွေကို တစ်ချောင်းစီပေးလိုက်သည်။ လုဝေကျိုးနှင့် လုဝေကျယ်တို့ရဲ့ သစ်သားဓားရှည်မှာ သိပ်မကြာခင်မှာပဲ "ဖက်ထုပ်ဝက်ဝံ"ကြောင့် ကျိုးသွားခဲ့ရသည်။
သို့သို့နှင့် ရုန်ရုန်တို့က သစ်သားဓားတွေနဲ့ ကစားနေကြပြီး သူတို့ခါးမှာ ကြိုးတစ်ချောင်းချည်ကာ သိုင်းရုပ်ရှင်ထဲက ဓားတစ်ချောင်းနဲ့ လောကကြီးကို လှည့်လည်သွားလာတတ်တဲ့ အမျိုးသမီးဓားသူရဲကောင်းလို ဟန်ဆောင်နေကြလေသည်။
သို့သို့နှင့် ရုန်ရုန်က လင်းယုန်တွေကို မမွေးမြူခဲ့သော်လည်း ခိုအထီးသုံးကောင်ကို မွေးမြူခဲ့သည်လေ။ သူတို့ ကျွန်းမှထွက်ခွာလာတဲ့အခါ ခိုတွေကို လျိုထျောင့်ထျောင့်ကျဲဆီမှာ စောင့်ရှောက်ပေးဖို့ အပ်ထားခဲ့သည်။
ကျွန်းမှ မထွက်ခွာမီ သူမတို့သုံးယောက်က လက်မောင်းပေါ်မှာ ခိုတစ်ကောင်စီကိုတင်၍ အုပ်စုဓာတ်ပုံရိုက်ခဲ့ကြပါသေးသည်။
ချင်းရို့ ဒီမြင်ကွင်းကိုမြင်လိုက်တဲ့အခါ အားပါးတရ ရယ်ချလုနီးနီးပင်။ သို့သော် သူမ ဘာအမူအရာမှမပြဘဲ ကလေးတွေကို ဓာတ်ပုံရိုက်ပေးခဲ့ပါသည်။
ဒီလိုမြင်ကွင်းမျိုးနဲ့ ကြုံရတိုင်း သူမဟာ ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်၍ ရယ်မောမနေတော့။
"မား တီဗီထဲမှာပါချင်လားဟင်?"
သို့သို့နှင့် ရုန်ရုန်တို့က ညနေခင်းပါတီရှိ လူငယ်အနုပညာရှင်များစွာကို တွေ့ရတဲ့အခါ အားမကျမိဘဲမနေနိုင်ချေ။
"မားက TVမှာမပါချင်ဘူး"
ပြီးခဲ့တဲ့အခေါက်တုန်းက သူမနာမည် TVမှာပေါ်လာခဲ့လို့ ရှက်ရွံ့နေခဲ့ရတာကို ပြန်တွေးမိသွားရင်း ချင်းရို့ ငြင်းဆန်လိုက်၏။
"သမီးတို့နှစ်ယောက် ကြိုးစားရင် အနာဂတ်နွေဦးပွဲတော် Gala dinnerမှာ ကနိုင်လိမ့်မယ်"
"နျန်နျန်ကျဲက အနုပညာအဖွဲ့မှာ ဝင်ခွင့်ရသွားလို့ နွေဦးပွဲတော် Gala dinnerမှာ သွားကနိုင်ပြီလေ"
လုဝေကျိုး : "ညီမလေးတို့ နွေဦးပွဲတော် Gala dinnerဆီ ခေါ်သွားပေးဖို့ ညီမလေးတို့ရဲ့ နျန်နျန်ကျဲကို သွားတောင်းဆိုလိုက်လေ"
လုဝေကျယ် : "ညီမလေးတွေက မျက်လှည့်ပြဖို့ နွေဦးပွဲတော် Gala dinnerကို သွားကြလေ၊ ဥပမာ ခိုအစိမ်းစားပြတာမျိုးပေါ့"
"နံစော်နေတဲ့ ဖက်ထုပ်ကော!"
"ဖက်ထုပ်စားပြိုင်ပွဲမှာ သွားပြိုင်မယ်"
xxx
Ch-323
ညနေခင်းရှိုးတွင် "ကျေးဇူးပြု၍ ကမ္ဘာကြီးအဆုံးသတ်ကိုလာပါ"ဆိုတဲ့ သီချင်းကိုသီဆိုခဲ့ကြသည်။ ချင်းရို့က ငါးဆုပ်လုံးတစ်လုံးကို လုယန်ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး မျက်တောင်တဖျတ်ဖျတ်ခတ်၍ ပြောလိုက်လေ၏။
"လာ ရဲဘော်လုရေ ဒီလိုပွဲတော်ရက်မျိုးမှာ ရှင့်ဇနီးအတွက် သီချင်းတစ်ပုဒ်လောက်ဆိုပြလေနော်"
ကလေးလေးယောက်က သူတို့နားတွေကို အတူတူ ဖုံးအုပ်ထားလိုက်ကြ၏။ ပါပါးရဲ့ သီချင်းဆိုစကေးက အရမ်းဆိုးရွားတယ်လေ...
လုယန် ပျင်းရိစွာဖြင့် "မဆိုဘူး"
"ရှင်သီချင်းမဆိုရင် ကျွန်မ ရှင်နဲ့အတူတူ ကမ္ဘာကြီးအဆုံးထိ မသွားတော့ဘူးနော်"
"မင်း ဟိုးကတည်းက ကိုယ်နဲ့အတူတူ သွားပြီးပါပြီကွာ၊ နှစ်ကိုယ့်တစ်စိတ်လေ"
…
မိသားစုတတွေ ဆူညံပွတ်လောရိုက်နေစဥ် နှစ်သစ်ခေါင်းလောင်းမြည်လာပြီး အပြင်ဘက်၌ မီးရှူးမီးပန်းသံတွေ ကြားနေရချေပြီ။ ပြတင်းပေါက်ကနေ မတ်တပ်ရပ်ပြီး ကောင်းကင်ပေါ်မှ မီးရှူးမီးပန်းတွေကို ရှုစားနိုင်သည်။ ညနက်နေပြီဆိုသော်ငြား TVမှ 'မမေ့နိုင်သောညလေး'ဆိုတဲ့ သီချင်းလာနေလေရဲ့။
နှစ်သစ်ကူးပြီးနောက် သူတို့ ကွမ်ချန်မှာ ရက်အနည်းငယ်နေထိုင်ခဲ့သဖြင့် သို့သို့ရုန်ရုန်လေးက ရပ်ကွက်ထဲက သက်တူရွယ်တူကစားဖော်များစွာနှင့် တွေ့ဆုံခဲ့ပြီး ဗြောက်အိုးတွေအတူတူကစားခဲ့ကြသည်။ အထူးသဖြင့် ဒီအသေးလေးတွေဟာ ဆေးလိပ်ဘူးတွေကို မှုတ်ရန်အတွက် ဗြောက်အိုးတွေသုံးရတာ သဘောကျကြသည်။
သို့သို့နှင့် ရုန်ရုန်တို့က ဗြောက်အိုးတွေနှင့် မကစားရဲကြသဖြင့် သူမတို့ကောကောနှစ်ယောက်ကို ကစားစေပြီး သူတို့နှစ်ဦးကတော့ ဘေးကနေ နားရွက်ဖုံးပြီး ပျော်ပျော်ကြီးကြည့်တတ်သည်။
ဗြောက်အိုးတွေနှင့် ကစားရတာကို နှိုင်းယှဥ်ရပါက သူတို့က ဓားရေးအကကို ပိုကြိုက်ကြလေ၏။ မိသားစုက နွေဦးပွဲတော်လှုပ်ရှားမှုတွေကို ကြည့်ရှုရန်အတွက် Cantonese Opera Houseသို့ သွားခဲ့ကြသည်။
စင်မြင့်ပေါ်ရှိ သရုပ်ဆောင်တွေဟာ ဓားရှည်တွေနဲ့ အလွန်လှပစွာ ကပြနေကြပြီး၊ အထူးသဖြင့် ဓားနှစ်လက်ဖြင့် သူတို့လက်ကောက်ဝတ်တွေကို ထပ်ခါထပ်ခါလှည့်ရင်း ကနေတဲ့အခါ လေရဟတ်လိုမျိုး လှည့်ပတ်နေသော ဓားအရိပ်တွေ ထွက်ပေါ်လာလေ၏။
ပြီးခဲ့သည့်နှစ်က ဟောင်ကောင်ကျွန်းရုပ်သံဌာနသည် ကိုယ်ခံပညာရုပ်ရှင်စီးရီးများစွာ ထုတ်လွှင့်ပြသခဲ့ပြီး ကလေးတွေကြားမှာ အလွန်ရေပန်းစားနေဆဲပင်။
ရုန်ရုန်က သူမမေမေအား ဤသို့ပြောပါသေးသည်။ "မားရေ မီးမီးနာမည်ကိုလေ ဟွမ်ရုန်လို့ပြောင်းလို့ရမလားဟင်?"
ချင်းရို့ တွေးနေမိသည်မှာ - နင့်နာမည်အရင်းကိုကြည့်ဖို့ အိမ်စာစာအုပ်ကို ဖွင့်ချင်သလား ရှောင်လုစစ်နင်ရဲ့?
"သမီးပါပါးကို မေးကြည့်လေ"
လုယန် ပြုံးပြီး "သမီးနာမည်ကို လုရုန်လို့ ပြောင်းရင် ပါးက ကန့်ကွက်စရာမရှိပါဘူး။ ချင်းရုန်ဆိုလည်း အိုကေတယ်"
လုရုန်ဆိုတာကြီးက ထူးဆန်းလွန်းတယ်လေနော်၊ ချင်းရုန်ကတော့ နားထောင်လို့ကောင်းသားပဲ။
လုစစ်နင်သည် သူမခေါင်းပေါ်က ကျစ်ဆံမြီးလှလှလေးတွေကို ကိုင်လျက် သူမကောကောတွေနဲ့ ကျယ်ကျဲကို ခေါ်လိုက်ပြီး ခေါင်းပေါ်မှာ အနီရောင်ကြယ်ဦးထုပ်ကို ဆောင်း၍ "လုဝေကျိုး၊ လုဝေကျယ်၊ လုစစ်ယောင် အားလုံးရောက်နေကြပြီပဲ!"
"မီးကို ကွန်မန်ဒါလုလို့ခေါ်ကြ!"
ရှောင်လုစစ်နင်က သူမနာမည်ကို လေဒီဟွမ်ရုန်အဖြစ် ပြောင်းလို့မရမှန်း သိရှိသွားပြီဖြစ်၍ သူမကို ကွန်မန်ဒါလုလို့ခေါ်ရင်တော့ ပိုခန့်ညားသွားမှာပဲ!
မောင်နှမသုံးယောက်စလုံးက သူမအား အကြည့်ပင်မပေးချင်ကြပေ။ ကွန်မန်ဒါလုလား ဘာလား အဲဒါက ထူးဆန်းလွန်းတယ်လေ...
"ရုန်ရုန်ရေ နင် အနာဂတ်မှာ ပါပါးကို ကွန်မန်ဒါလုလို့ခေါ်ဖို့ စောင့်သင့်တယ်၊ အဲဒါက ပိုသေချာတယ်နော်"
"မီးက ပါပါးကို ကျောင်းအုပ်ကြီးလု ဖြစ်စေချင်တာ!"
"ပါပါး မီးက ကျွမ်ကျွမ်ကျဲလိုမျိုး ကျောင်းအုပ်ကြီးရဲ့သမီး ဖြစ်ချင်တယ်လို့"
"သမီးက အခု စစ်အရာရှိကြီးလုရဲ့ သမီးပဲလေ"
…
သို့သို့နှင့် ရုန်ရုန်တို့က သူတို့နာမည်တွေကို မပြောင်းလဲနိုင်သော်လည်း နေ့တိုင်း သစ်သားဓားတွေနဲ့ လေ့ကျင့်ရန် အောက်ထပ်သို့ ပြေးဆင်းနေဆဲ။ သူတို့က အမျိုးသမီးဓားသူရဲကောင်းတွေအဖြစ် သရုပ်ဆောင်နေကြလေ၏။
ဟုတ်ပါတယ်၊ သူတို့လေးတွေက ရေပေါ်မှာမျောနေတာ၊ ခြေကန်ချက်တစ်ချက်တည်းနဲ့ တခြားသူတွေရဲ့လှေပေါ်သို့ ခုန်ကူးတာမျိုး အစရှိတဲ့ ပေါ့ပေါ့ပါးပါးစကေးတွေကိုလည်း သင်ယူနိုင်ဖို့ မျှော်လင့်နေခဲ့ကြသည်ပင်။
အဲဒါကို တွေးကြည့်လိုက်ရင် ကြီးကျယ်ခမ်းနားပြီး ခန့်ညားသလို ခံစားရတယ်လေ!
ထိုနေရာတွင် ကန်တုံအော်ပရာကို သီဆိုလေ့ရှိသော အဘိုးအိုတစ်ဦး နေထိုင်လေသည်။ သူတို့နှစ်ယောက်ကိုကြည့်ရတာ ပျော်စရာကောင်းနေတာကြောင့် သူက ဓားရှည်အကကို အခြေခံသင်ပေးလိုက်၏။ သို့သို့ရုန်ရုန်နှစ်ဦးစလုံးက အကကရာတွင် အခြေခံရှိပြီးသားဖြစ်၍ ဓားတွေနဲ့အတူတူ တိုက်ခိုက်နိုင်နေဆဲ။
'တာ တာ တာ ဘန်း…"
"ဓားကိုကြည့်! ဓားကိုကြည့်! ဓားကိုကြည့်! ဓားကိုကြည့်!"
ရုန်ရုန်က သို့သို့ကျဲထက် ဓားရှည်အကကို ပိုနှစ်သက်သည်။ လုစစ်ယောင်ကျဲကတော့ နေ့တိုင်း အချိန်တစ်ချိန်ယူကာ တယောတီးသင်နေဆဲ။ ရုန်ရုန်က တယောတီးရတာကိုမကြိုက်၊ ဘာလို့လဲဆိုတော့ ပါပါးတီးတာရော၊ သူ့ကျယ်ကျဲတီးတာရောက အရမ်းဆိုးရွားလို့ပဲ!!!
သစ်သားဖြတ်တဲ့အသံထက်တောင် ပိုဆိုးသေးတယ်!
ရုန်ရုန်ရဲ့ နားတွေ မတရားအနိုင့်ကျင့်ခံရသလိုပဲလို့!
ပိုကြောက်စရာကောင်းတာက တယောဆရာက သူမရဲ့ ကျယ်ကျဲဟာ တယောတီးရာမှာ ထူးချွန်တယ်လို့ ထင်နေတာပဲ၊ ဒါပေမယ့် ... လုစစ်နင်ကတော့ ပါပါးလုယန်ရဲ့ တယောစကေးကို တွေးနေမိသည်။ ကျယ်ကျဲက တယောတီးတာကို ဆက်လေ့လာနေမယ်ဆိုရင် သူမက ဒီကြောက်စရာကောင်းတဲ့ ဆူညံသံကို ဘယ်လောက်ကြာကြာ နားထောင်နေရမှာလဲလို့?
နှစ်ပေါင်းများစွာ ဆူညံသံတွေနဲ့ ညှဥ်းပမ်းတော့မယ်ပေါ့လေ...
"မီးမီး တယောမသင်ချင်ဘူး!"
လုစစ်နင်က သူမကိုယ်သူမ အမျိုးသမီးဓားသူရဲကောင်းလို့ စိတ်ကူးယှဥ်ကာ နေရာကျယ်ကြီးထဲမှာ သစ်သားဓားရှည်နှင့် ဆော့ကစားနေတတ်သလို ပို့စ်အမျိုးမျိုးပေးနေတတ်ပြီး သူမရဲ့လက်ထဲမှာလည်း ကျယ်ကျဲရဲ့ သစ်သားဓားကို ကိုင်ထားရင်း ထပ်ခါထပ်ခါ ပေါ့ပေါ့ပါးပါးလှည့်နေလေ၏။သူမရဲ့ လှုပ်ရှားမှုတွေက မကျွမ်းကျင်ဘဲ မကြာခဏ အမှားတွေလုပ်တတ်ပါသေးသည်။
ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက်က သူမဘေးကဖြတ်သွားရင်း သူမအား စပ်စပ်စုစု စိုက်ကြည့်နေခဲ့သည်။ ကောင်လေးက ရှပ်အင်္ကျီနှင့် ဆွယ်တာအင်္ကျီ ဝတ်ဆင်ထားပြီး သူမရဲ့ ဓားအကကို စူးစိုက်ကြည့်နေလေသည်။
လုစစ်နင် : "…"
သူမက လူတွေဆီက တစ်ခါမှအကြည့်မခံဖူးတာ မဟုတ်ပေမယ့် ဒီလိုမျိုးတော့ တစ်ခါမှအကြည့်မခံဖူးခဲ့ပါဘူးနော်။ ဒီကောင်က ဘာလို့ဒီလိုကြည့်နေရတာလဲ? သူက သူမကို ငေးကြည့်နေပေမယ့် လူကြီးတွေလို မချီးမွမ်းဘူးပဲ။
လုစစ်နင်သည် မူလက သူ့ရှေ့မှာ ဓားနှစ်လက်အကကို ကြွားဝါပြချင်သော်လည်း... သူမ လေ့ကျင့်တာ အချိန်ကြာသွားတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့၊ အခု သူမရဲ့လက်ကောက်ဝတ်တွေ အရမ်းပင်ပန်းလွန်းနေပြီလေ။ သူမပိုပြီးလုပ်ပြချင်လေလေ ပိုပြီးအမှားတွေလုပ်မိလေလေပဲ။
အကဟာ သိပ်မကောင်းတာကြောင့် အမျိုးသမီးဓားသူရဲကောင်းရဲ့ ဂုဏ်သရေ ညှိုးနွမ်းရချေပြီ။ သူမကျယ်ကျဲနဲ့အတူတူ တယောသွားတီးတာမှပိုကောင်းဦးမယ်...
ကောင်လေးက သူမကို ဘာမှမပြောဘဲ စိုက်ကြည့်နေဆဲ။
လုစစ်နင် ရှက်စရာကောင်းလွန်းတယ်လို့ တွေးကာ အနည်းငယ်ရှက်ရွံ့သွားကာ အမြန်ထွက်ပြေးသွားတော့သည်။
သူမ အပေါ်ထပ်ကို မော့ကြည့်လိုက်တော့ ကောကောလုဝေကျိုးက ပြတင်းပေါက်ကနေ သူမအား လက်ဝှေ့ယမ်းပြနေသည်။ လုစစ်နင် အိမ်ပြန်ရတော့မှာပဲလို့ တွေးလိုက်ကာ သူမလက်ထဲက ဓားတွေကိုဖယ်လိုက်ပြီး အိမ်ပြန်ပြေးသွားခဲ့သည်။
အဲဒီကောင်လေးက သူမနောက်ကနေ လိုက်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?
စင်္ကြံဆီဝင်လာပြီးနောက် အပေါ်ထပ်သို့ အတူတူတက်ခဲ့ကြပြီး ပဉ္စမထပ်ဆီရောက်တဲ့အခါ လုစစ်နင်က မမေးဘဲမနေနိုင်တော့ချေ။ "နင် ငါ့နောက်ကို ဘာလို့လိုက်နေတာလဲ?"
အကယ်၍ သူမက အိမ်ရောက်ခါနီးပြီမဟုတ်ရင်၊ ဒီအိမ်ရာဝင်းက စည်းကမ်းတင်းကျပ်တာမဟုတ်ခဲ့ရင်၊ သူမလေးက လူဆိုးတွေကို ဖမ်းဆီးဖို့ ရဲခေါ်လိုက်မှာလေ။
ကောင်လေးက သူ့ဘေးက တံခါးကို ညွှန်ပြလျက် "ငါ ဒီမှာနေတာ"
သူက လုမိသားစုရဲ့ ဆန့်ကျင်ဘက်တံခါးကို ညွှန်ပြလိုက်၏။
ကောင်လေးကလည်း သူတို့တစ်ထပ်တည်းအတူတူဖြစ်နေမှန်း တွေ့လိုက်ရတော့ အံ့အားသင့်သွားခဲ့သည်။
လုစစ်နင် : "နင်က ငါတို့ရဲ့အိမ်နီးချင်းပေါ့?"
"အသစ်ပြောင်းလာတာလား?"
ဘေးအိမ်မှာ ဘယ်သူမှနေထိုင်ပုံမပေါ်ကြောင်း လုစစ်နင် သတိရသွားခဲ့သည်။
ကောင်လေးက ခေါင်းညိတ်ပြလာပြီး "ငါတို့ အနာဂတ်မှာ အတူတူကစားလို့ရပြီ"
နင့်လို ထူးဆန်းတဲ့လူနဲ့ ဘယ်သူက ဆော့ချင်မှာတုန်း? နောက်ပြီးတော့ သူက သူမရဲ့အကျည်းတန်တဲ့ပုံရိပ်ကို မြင်ဖူးသွားပြီလေ...
လုစစ်နင် စိတ်ထဲကနေ တွေးလိုက်သော်ငြား မငြင်းလိုက်ပေ။ ဘာပဲဖြစ်ဖြစ်လေ ဒါက တခြားသူဘက်က ယဉ်ကျေးတဲ့ဖိတ်ခေါ်မှုပဲဟာ။ ပြီးတော့ သူမက မနက်ဖြန်ဆို မိဘတွေနဲ့အတူတူ ချုံကျိုးကျွန်းကို ပြန်တော့မှာဆိုတော့ အတူတူကစားဖို့ အခွင့်အရေးမရှိလောက်တော့ဘူး။ ထို့ကြောင့် သူမလည်း ကြင်နာစွာဖြင့် "ဒီမှာ၊ ငါ နင့်ကို သစ်သားဓားတစ်ချောင်းပေးမယ်နော်"
သူမက ထွက်သွားတော့မှာမို့ ဒီရုပ်ဆိုးဆိုးဓားကို ပေးပစ်လိုက်တော့မယ်။ ကျွန်းကိုရောက်မှ အသစ်တစ်ချောင်းထပ်ဝယ်လိုက်မယ်လေ။
ကောင်လေးက သူမလက်ထဲက ဓားကိုယူလိုက်ရင်း ယဥ်ကျေးစွာ ပြောလာလေ၏။ "ကျေးဇူးပဲ"
"ရပါတယ်ဟာ"
ရုန်ရုန်က အိမ်တံခါးခေါက်လိုက်ပြီး အိမ်ထဲဝင်သွားခဲ့သည်။
နောက်တစ်နေ့တွင် ကောင်လေးက တံခါးဝမှာ ရပ်ကာ အကြာကြီးတုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် တံခါးကို ခေါက်လိုက်လေ၏။
အချိန်အတော်ကြာအောင် ပြန်ဖြေသူမရှိခဲ့။
လူမရှိသည်မှာ ဒီတစ်ရက်ပဲမဟုတ်၊ ဘေးအိမ်ဟာ အချိန်အတော်ကြာထိ ဘယ်သူမှမရှိခဲ့ချေ။
ချင်းရို့တို့မိသားစု လှေဖြင့် ကျွန်းသို့ ပြန်ခဲ့ကြသည်။ အိမ်ပြန်ရောက်သည်နှင့် သို့သို့ရုန်ရုန်တို့က သူတို့ရဲ့ခိုလေးတွေကို သွားခေါ်ကြသည်။
ခိုတွေကလည်း လူတွေကို မှတ်မိနေပြီး ကလေးမလေးတွေအနားမှာ လှည့်ပတ်ပျံသန်းနေကြလျက်။
လျိုထျောင့်ထျောင့်က ညီမလေးနှစ်ယောက် ပြန်လာတာကို တွေ့ရတော့ အရမ်းပျော်ရွှင်နေကာ "သို့သို့ရုန်ရုန် နင်တို့ပြန်လာပြီပဲ!"
"ထျောင့်ထျောင့်ကျဲရေ နွေဦးပွဲတော်Galaကို ကြည့်လိုက်ရလား? ကျဲ ကျွမ်းဘားအကဖျော်ဖြေနိုင်လားဟင်?"
"ငါက ကျွမ်းထိုးတာ၊ ကင်းမြီးကောက်ထောင်တာလောက်ပဲ လုပ်တတ်တာ" လျိုထျောင့်ထျောင့်က သူမမှာ အရမ်းကြီးအရည်အချင်းမရှိကြောင်း ပြောပြခဲ့သည်။
xxx