အခန်း (၃၂၆-၃၂၇)
Vol. 27 Ch. 326-327
Ch-326
ချင်းရို့က သူမသားလေးရဲ့ ပုခုံးပေါ် လက်တင်ကာ အပြုံးလေးနှင့် "မင်းတို့ကောလိပ်ဝင်ခွင့်ရတဲ့အခါ ဘယ်လိုခမ်းနားထည်ဝါမှုမျိုးလိုချင်ကြတုန်း?"
လုဝေကျိုးနှင့်လုဝေကျယ် : "…"
ခုနက လျိုယွဲ့ရဲ့ ကူကယ်ရာမဲ့နေတဲ့အကြည့်တွေကို သတိရလိုက်တဲ့အခါ ညီအကိုနှစ်ယောက်လုံး အသက်ရှုကြပ်သွားသလို ခံစားလိုက်ရသည်။
လုဝေကျယ် : "မားရေ မားအလှည့်တုန်းကရော ဘယ်လိုလုပ်ခဲ့လဲ? ကောကောနဲ့ သား အဲ့လိုပဲလုပ်မယ်လေ။ သားတို့က မားဆီကနေ သင်ယူကြမှာပါ"
ထိုနှစ်တုန်းက ချင်းရို့ တက္ကသိုလ်ဝင်ခွင့်ရစဥ်အခါက ဘာအခမ်းအနားမှမကျင်းပခဲ့။
ချင်းရို့ မျက်ခုံးပင့်လိုက်ပြီး "တကယ်လား?"
လုဝေကျယ် အနားရောက်လာပြီး တိတ်တိတ်လေးပြောလိုက်၏။ "မား သားကောကောက ပြည်နယ်ချန်ပီယံဖြစ်နိုင်လောက်တယ်နော်။ အချိန်ကျလာရင် သူ့ကို ဒီလိုမျိုး လမ်းမတွေပေါ်မှာ အောင်ပွဲခံဖို့ မြင်းကြီးစီးခိုင်းလိုက်ကြမယ်လေ"
"သားတို့ညီမလေးတွေကို ရှေ့ကနေ ဓားရှည်နဲ့ ကခိုင်းကြတာပေါ့။ ဒါဆို လူအုပ်ကြီးလည်း ကြည့်ရတာ သဘောကျမှာ သေချာတယ်"
ချင်းရို့သည် အနှီဖက်ထုပ်လေးဟာ စိတ်ကူးစိတ်သန်းနှင့်ပတ်သက်လာရင် ဉာဏ်တအားကောင်းတယ်လို့ တွေးနေမိသည်။
လုဝေကျိုး အေးအေးဆေးဆေးဖြင့် "တိတိရေ ငါတို့နှစ်ယောက်လုံးက ရုပ်တူတာပဲဆိုတော့ အချိန်တန်ရင် မင်းကောကောကိုယ်စား မင်းပဲ ပရိသတ်အာရုံကို ယူလိုက်လို့ရတယ်"
"ကောကောရေ ဒါ ကောလုပ်သင့်တာလေနော်၊ ကောလုပ်သင့်တာ..."
ချင်းရို့ ပြုံးလိုက်ပြီး "အချိန်ကျရင် မင်းတို့မာမားက မင်းတို့ကို ဂုဏ်ပြုပေးဖို့အတွက် အထူးစပယ်ရှယ်လုပ်ပေးမှာပေါ့"
"မား ကျေးဇူးပြုပြီး သားတို့ကို လွှတ်ပေးပါဗျာ"
"စောင့်နေလိုက်တော့!"
ချန်ကျင်းရိလည်း ဟွာချင်းတက္ကသိုလ် ဗိသုကာဌာနမှ ဝင်ခွင့်စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ အစ်မဖြစ်သူချင်းမျန့်က အလွန်စိတ်လှုပ်ရှားနေပြီး ချင်းရို့လည်း အပျော်တွေကြည့်ဖို့ ကလေးတွေကို ခေါ်လာလိုက်သည်။ ချန်ကျင်းရိအတွက်မူ ပိုလို့တောင် ခမ်းနားကြီးကျယ်နေပါသေးသည်။ ဘာလို့လဲဆိုတော့ သူ ဝင်ခွင့်ရတာက ဟွာချင်းတက္ကသိုလ်ဖြစ်နေလို့ပဲ!
ရွာရှိ ရှိရှိသမျှလူတိုင်း သူ့ကို လာရောက်ဂုဏ်ပြုကြ၏။ ချန်မျန့်ကျောင်းသားတွေဆို ပြောမနေပါနဲ့တော့။ ချန်ကျင်းရိက ပန်းပွင့်နီကြီးကို မဝတ်ထားသလို မြင်းလည်းမစီးရသော်လည်း သိပ်မဆိုးလှပေ။
ချုံကျိုးကျွန်းရုပ်သံဌာနကလည်း အင်တာဗျူးလုပ်ရန် လူလွှတ်ခဲ့ပြီး ချန်ကျင်းရိက ချင်းရို့ရဲ့ တူလေးဖြစ်ကြောင်း သိလိုက်ရတဲ့အခါ အံသြသွားကြလေသည်။
"အားလုံးက အသိအကျွမ်းတွေပဲ၊ အသိအကျွမ်းတွေပဲနော်!"
ပညာရေးဗျူရိုခေါင်းဆောင်တွေလည်း ထိတ်လန့်တုန်လှုပ်သွားကြရသည့်အပြင် မကြာသေးမီက ဘဏ္ဍာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီး တာ့ကျောင်းရွာ၌ ကျွင်းကျူးမူလတန်းကျောင်းကိုလည်း တည်ဆောက်ခဲ့တာကြောင့် လူသိများစေရန် ဒီအခွင့်အရေးကို ယူလိုက်ကြတော့သည်။
"ဟိုတလောက လုချန်လမ်းပေါ်မှာ ပန်းပွင့်နီဝတ်ထားတဲ့ ကောင်လေးတစ်ယောက် မြင်းကြီးစီးပြီး လှည့်လည်ကြတယ်လို့ ငါကြားမိတယ်။ အဲ့လိုပဲ လမ်းတွေပေါ် လျှောက်သွားရင်ရော?"
ချုံကျိုးကျွန်းရုပ်သံဌာနမှလူတွေက ဖက်ရှင်ပိုကျသူတွေဖြစ်သည့်အလျောက် အကြံတချို့ပေးလေ၏။
"မြင်းစီးတာက အရမ်းခေတ်နောက်ကျနေပြီလေ။ အခုခေတ်အနေအထားအရ ပန်းပွင့်နီဝတ်ပြီး *Santanaမှာထိုင်ကြတာပေါ့!"
(*Santanaက ၁၉၈၀နောက်ပိုင်းမှာထွက်တဲ့ကားပါ)
သည့်ကြောင့် စာမေးပွဲကို ကောင်းစွာအောင်မြင်ကြတဲ့ ကျောင်းသားတွေဟာ အစိုးရကားတွေနဲ့ လမ်းမထက်မှာ လှည့်လည်ချီတက်ခဲ့ကြသည်။
ရုပ်သံဌာနက ဖြစ်စဉ်တစ်ခုလုံးကို ရိုက်ကူးထားပြီး ပြည်တွင်းတီဗီလိုင်းမှာ ထုတ်လွှင့်ပေးခဲ့သည်။
"မား! မား! လာကြည့်၊ ဝမ်းကွဲအကိုကျင်းရိ ထွက်လာတော့မယ်"
"ဝမ်းကွဲအကိုက TVထဲမှာ!"
လုဝေကျယ် : "သူ့ကိုမြန်မြန်ရှာကြဟေ့၊ ငါတို့လည်းလမ်းဘေးမှာရှိနေတာပဲ၊ မားရောဘယ်နားမှာလဲ?"
"ခုထိမတွေ့သေးဘူး၊ သေချာပေါက်ရှိမှာပါ!"
ချင်းရို့တို့မိသားစုလည်း ခေါင်းပေါ်မှာ အနီရောင်မြေပဲဆံကြီးဝတ်ထားပြီး မျက်နှာသေအမူအရာနှင့် ချန်ကျင်းရိက လမ်းတွေမှာ လှည့်လည်သွားလာနေသည်ကို TVထဲမှာ တွေ့လိုက်ရလေ၏။
ချန်ကျင်းရိကား ယခု အသက် ၁၇၊ ၁၈အရွယ် ချောမောခန့်ညားတဲ့ လူငယ်လေးဖြစ်သလို ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ၀တ်ဆင်ထားပြီး သူ့ဆံပင်ကလည်း အမည်းရောင်ဖြစ်ပြီး နားရွက်နောက်မှာ သေသေသပ်သပ်ရှိနေလေရာ အခုခေတ် ရေပန်းစားနေတဲ့ ခြင်္သေ့ခေါင်းကေနှင့် ကွဲပြားနေ၏။ သူ့မျက်လုံးတွေကလည်း နက်မှောင်လွန်းနေ၍ အထူးသဖြင့် ကျောင်းသားအများအပြားကြားတွင် ထင်ရှားနေခဲ့သည်။
ဟုတ်ပါတယ်၊ သူက အထင်ရှားဆုံးတော့ မဟုတ်ဘူးပေါ့လေ။ ဒီကမ္ဘာကြီးပေါ်တွင် ဆိုရှယ်ကောင်းသူတွေအများကြီးရှိနေမြဲပင်။ အဲဒီနေ့က အရမ်းပျော်မြူးနေတဲ့ ခေါင်းရိတ်ထားတဲ့ ကျောင်းသားတစ်ဦးရှိနေခဲ့သည်။
ပြောကြတာတော့ အဲကောင်လေးက ဒီစီတန်းလှည့်လည်ပွဲအတွက် သူ့ဆံပင်တွေကောက်ဖို့ ဆံပင်ညှပ်ဆိုင်ကို သွားခဲ့ပေမယ့် မတော်တဆဖြစ်သွားခဲ့တာကြောင့် ဆံပင်ညှပ်ဆရာကို ရိုးရိုးသာ ခေါင်းရိတ်ပေးလိုက်ဖို့ပဲ တောင်းဆိုလိုက်ရပြီး ဦးထုပ်ဆောင်းထားတာဆိုပဲ။
သူက ကားထဲမှာထိုင်နေရတာ အရမ်းပျော်ရွှင်နေပြီး ခေါင်းနဲ့လက်တွေကို အပြင်ထုတ်ကာ လမ်းတလျှောက် လူတိုင်းကို နှုတ်ဆက်နေခဲ့သည်။
"အားလုံးပဲမင်္ဂလာပါ! အားလုံး မင်္ဂလာပါဗျ!!"
"ရဲဘော်တွေ မင်းတို့အလုပ်ကြိုးစားကြတာပဲ!"
…
ပျံလွှားလေးတစ်ကောင် လမ်းပေါ်မှာ ချီတက်နေတဲ့ ပွဲတော်ကြီးတစ်ခုနဲ့ ခပ်ဆင်ဆင်တူနေလျက်။
လုဝေကျယ် : "ကော၊ နောက်ကျရင် ကော... သေချာကြည့်ထားသင့်တယ်နော်။ နောင်မှာ ကောလည်း ဒီလိုဆက်ဆံခံရလိမ့်မှာပဲ"
လုဝေကျိုး : "ဒီကောကောက မင်းကို ဒီအခွင့်အရေးပေးမှာပေါ့ကွာ ဖက်ထုပ်ကလေးရဲ့၊ မင်းသွားချင်လား?"
"သား မေ့လိုက်တာပဲ ပိုကောင်းမယ်နော်"
"မား သူတို့ ဒီလိုတောက်တောက်ပြောင်ပြောင်အရာတွေကို အမြဲလုပ်နေကြတာ ဘာကြောင့်လို့ထင်လဲ?"
ချင်းရို့ လက်ဖြန့်ပြလိုက်၏။ လူတွေဘာတွေးနေမှန်း ဘယ်သူသိမလဲနော်?
သူမ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီးစဥ်အခါက ဒီလိုမျိုးဆက်ဆံခံရတာနဲ့ မကြုံခဲ့ရလို့ ကံကောင်းလိုက်တာ...
"ကျင်းရိလား? ဒီကလေးက ပွဲကပြန်လာပြီးနောက်ပိုင်း ဘယ်သူ့ကိုမှမတွေ့ဘဲ သူ့အခန်းထဲမှာ သော့ခတ်ပြီးနေနေတာလေ။ ဟား ဟား သူ့ကို မရယ်ကြနဲ့နော်"
ချင်းမျန့်က သူမသားလေးရဲ့ ကူကယ်ရာမဲ့နေတဲ့အကြည့်တွေကို ပြန်တွေးမိသည့်အခါ "ကြည်နူး"မိသလို ရယ်စရာလည်းကောင်းတယ်လို့ ခံစားလိုက်ရ၏။
"သူ့ကျင်းဟွကောကောနဲ့ ကျွမ်းကျွမ်းကျယ်ကျဲ နှစ်ယောက်စလုံးက ဖုန်းဆက်လာကြပြီးတော့ ဟိုတုန်းက သူတို့မှာ ဒီလိုဆက်ဆံမှုမျိုးမရှိခဲ့ဘူးလို့ ညည်းတွားနေကြတာလေ"
"သူက Santanaစီးနိုင်တာပဲ!"
"သူတို့ကတော့ မော်တော်ဆိုင်ကယ်တောင် မစီးလိုက်ရဘူးတဲ့"
ချင်းရို့ အပြုံးလေးနှင့် ပြောလိုက်၏။ "ငါတို့မိသားစုခြံဝင်းထဲမှာ မြင်းစီးတဲ့သူတောင်ရှိသေးတယ်"
ယခုအခါ လူတိုင်း၏ ဘဏ္ဍာရေးအခြေအနေ ပိုမိုကောင်းမွန်လာသဖြင့် ပွဲကျင်းပရန် ထူးထူးခြားခြားနည်းလမ်းမျိုးစုံကို သဘာဝအတိုင်း တီထွင်လာကြသည်။
"မြင်းစီးတဲ့သူ?!" ချင်းမျန့် အံ့အားသင့်သွားလျက်။ "တီဗီဌာနကလူတွေကို ရိုက်ကူးခွင့်ပေးသင့်တယ်ဟ"
ချင်းရို့နှင့် ချင်းမျန့်တို့ ညီအစ်မနှစ်ယောက်က ခဏလောက်စကားစမြည်ပြောနေစဥ် ဖုန်းမြည်လာလေ၏။ အခုဆို ညီအစ်မနှစ်ယောက်လုံးအိမ်မှာ ဖုန်းတွေရှိနေပြီလေ။
သူမ ဖုန်းဖြေလိုက်သည့်အခါ လုရွှမ်ဆီကဖြစ်နေပြီး ရှမင်ရှီးရဲ့ အသံ ထွက်လာသည်။
"သား ကျင်းရိကို TVမှာတွေ့လိုက်တယ်!!! ဟား ဟား ဟား အရမ်းချောတာပဲဗျာ!!! သားတော့ သူ့ကို အရမ်းအားကျနေပါပြီနော်!"
"ဒေါ်လေးလည်း ဒီမှာရှိနေတာပဲ၊ သူ့ရှောင်မင်ကောကောက သူ့ကိုအရမ်းအားကျနေတဲ့အကြောင်း ကျင်းရိကိုပြောပေးရမယ်နော်!"
"သား ဆေးတက္ကသိုလ်ကို ဝင်ခွင့်ရတာကို၊ ဒီကရုပ်သံဌာနက သားကို အင်တာဗျူးလာမလုပ်ကြဘူး..."
…
ရှမင်ရှီးလို ဆိုရှယ်ကောင်းသူကသာ တီဗီထဲမှာပါရမယ့် အခွင့်အရေးကိုယူလိုကြောင်း ချင်းရို့ တွေးနေမိသည်။
"နောက်ပြီးတော့ မင်း လျိုယွဲ့ကို သိတယ်ဟုတ်? သူ့ရဲ့ ဝင်ခွင့်အကြောင်းကြားစာလည်း ရောက်လာပြီလေ၊ သူလည်း အနီရောင်ပန်းပွင့်ကြီးဝတ်ထားပြီးတော့ မြင်းစီးလှည့်လည်နေခဲ့တာ"
"ဝါး!!!" ရှမင်ရှီး အံ့သြတကြီးဖြင့် "အရမ်းမိုက်တာပဲဗျာ!"
"အနာဂတ်မှာ သားညီလေးဟုန်ဟုန် ကောလိပ်တက်ရရင် သူ့အတွက် ဒါမျိုးလုပ်ပေးရမယ်!"
…
ဖုန်းချလိုက်ပြီးနောက် ချင်းမျန့်က နူးညံ့စွာပြုံးလိုက်၏။ သူမက ချင်းရို့အား ဝန်လေးစွာဖြင့် "အခုတော့ အငယ်ဆုံးလေးကပါ သူ့မိဘတွေကို ထားခဲ့ပြီး ကောလိပ်သွားတက်ရတော့မှာပဲ။ နောက်ဆို အိမ်မှာ ငါနဲ့ ကျောင်းအုပ်ချန်ပဲ ကျန်တော့မှာ..."
လောင်ချန်(ချန်မျန့်အဖေ) ကွယ်လွန်သွားခဲ့ပြီဖြစ်၏။ အကြီးဆုံးသမီးနှင့် သားလေးက စောစောစီးစီး ကောလိပ်တက်ခဲ့ပြီး ယခု သားအငယ်ဆုံးလေးလည်း ကောလိပ်တက်ရတော့မည်ဖြစ်၍ အိမ်မှာ လင်မယားနှစ်ယောက်ပဲ ကျန်ရစ်တော့မည်ပင်။
"ကလေးတွေ အိမ်မှာရှိတုန်းကတော့ ဆူညံတယ်လို့ ထင်ခဲ့မိတယ်။ အခု သူတို့သွားကြတော့လည်း အရမ်းတိတ်ဆိတ်သွားတယ်လို့ထင်မိတယ်ဟယ်"
ချင်းရို့ ခေါင်းညိတ်ကာ "ကလေးတွေ ကြီးပြင်းလာတဲ့အခါ သူတို့မိဘတွေကိုထားရစ်ပြီး သူတို့ရဲ့ ကောင်းကင်ပြာပြာဆီကို ပျံသန်းကြစမြဲပဲလေဟာ"
"အားမိန့် နင့်အတွက်က စောပါသေးတယ်နော်။ သို့ရုန်လေးဆို အခုမှ ၇နှစ်ပဲရှိသေးတာ၊ အနာဂတ်မှာ နင့်ကိုအဖော်ပြုပေးဖို့ အချိန်တွေအများကြီးရှိသေးတယ်"
"ငယ်ငယ်ရွယ်ရွယ်စုံတွဲတွေက အတူတူအိုမင်းလာကြတယ်။ အဆုံးမှာ နင့်ကို အဖော်ပြုပေးမှာက နင့်ရဲ့လက်တွဲဖော်ပဲလေ"
"ကျဲရယ် ဒီလိုစိတ်ခံစားချက်ကိုထုတ်ဖော်ပြောဖို့ နင့်အသက်ဘယ်လောက်ရှိပြီမို့လဲနော်?"
ချင်းရို့ ပြုံးလျက် "ကျောင်းအုပ်ကြီးချန်ရဲ့ ကျောင်းမှာ နင့်ကိုစောင့်နေကြတဲ့ ကလေးတွေအများကြီးရှိတယ်ဆိုတာ နင်မေ့သွားပြီလား?"
"ဟုတ်ပါ့၊ ဟုတ်ပါ့ဟယ်၊ ကျောင်းက ကလေးတွေက ဖြတ်လို့မကုန်တဲ့ကြက်သွန်မြိတ်တွေလိုပဲ။ သူတို့ကြီးထွားလာလို့ ဖြတ်လိုက်ပြီးရင် ပြန်ထွက်လာရော။ ကျောင်းသားတစ်သုတ်ဘွဲ့ယူပြီးရင် နောက်တစ်သုတ်ထပ်ရောက်လာကြပြန်တယ်"
xxx
Ch-327
ချန်ကျင်းရိ၊ ရှမင်ရှီးနှင့် လျိုယွဲ့တို့က တခြားနေရာမှာ ကျောင်းသွားတက်ခဲ့ကြသည်။ လုဝေကျိုးတို့ညီအစ်ကိုလည်း ဂျူနီယာအလယ်တန်းကျောင်းတက်ခဲ့ကြပြီး နှစ်အနည်းငယ်ကြာရင် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုရတော့မည်ဖြစ်သည်။ လုစစ်ယောင်နှင့် လုစစ်နင်တို့က မူလတန်းကျောင်း တက်ခဲ့ကြသည်။
လုစစ်ယောင်က ဆရာတစ်ယောက်နဲ့ တယောတီးသင်နေစဥ် လုစစ်နင်ကတော့ ကန်တုံအော်ပရာဇာတ်အဖွဲ့မှ ဆွဲဆောင်ခံလိုက်ရပြီး နေ့တိုင်း အော်ပရာဇာတ်အဖွဲ့နှင့် အခြေခံစကေးတွေကို လေ့ကျင့်နေခဲ့သည်။ သူမလေးက ဓားရှည်အကကို နှစ်ခြိုက်သူဖြစ်၍ အိမ်မှာဘာမှလုပ်စရာမရှိရင် လေ့ကျင့်နေတတ်သည်။
ဓားကိုပစ်မယ်၊ တိမ်ပုံသဏ္ဍာန်ဓားသွား၊ ပန်းပွင့်ပုံဓားဟန်... သိုင်းပညာရှင်တစ်ဦးနှယ် လှုပ်ရှားမှုတစ်ခုလုံးချောမွေ့နေလေ၏။ ဟုတ်တာပေါ့၊ သူမ အမှားလုပ်မိတာမျိုးလည်းရှိတာပေါ့လေ၊ အဲဒီအခါကျ မြင်ကွင်းက အတော်လေးရယ်စရာကောင်းနေလေရဲ့။
ချင်းရို့ ရယ်ကာမောကာဖြင့် ဓားကိုပစ်တဲ့နည်းသင်ပေးဖို့ ရုန်ရုန်လေးကို မေးလိုက်သည်။ "ဒါကို ဘယ်လိုပစ်ရတာလဲ?"
ချင်းရို့က ဓားကိုပစ်တဲ့လှုပ်ရှားမှုဟာ အရမ်းမိမိုက်တာကြောင့် သူမလက်ထဲက ဓားကို အပေါ်ပစ်ပြီးသည်နဲ့ ပေါ့ပေါ့ပါးပါးဖမ်းလို့ရနိုင်တယ်လို့ ထင်ခဲ့သည်။ ချင်းရို့ ပစ်ဖို့ကြိုးစားခဲ့သော်လည်း မသိစိတ်မှ ရှောင်ထွက်လိုက်မိသည်။
"မား မရှောင်ရဘူးလေ၊ ဒီအတိုင်း အပေါ်ကိုပစ်လိုက်၊ မီးဆို မျက်လုံးမှိတ်ပြီးတော့ ဖမ်းလို့ရတယ်!"
လုစစ်နင်က သူမကိုယ်တိုင် သရုပ်ပြဖို့အတွက် သူ့အမေရှေ့မှာ ဓားတစ်ချောင်းကို ပစ်လိုက်ပေမယ့်... သူမ ဖမ်းမမိခဲ့။
အမိုက်စားကျရှုံးမှုတစ်ခုပဲ...
ချင်းရို့ : "ငါတို့မိသားစုရဲ့ အမျိုးသမီးဓားသူရဲကောင်း ရုန်ရုန်က ပိုလေ့ကျင့်သင့်တယ်နော်"
လုစစ်နင် ဒေါသအရမ်းထွက်သွားကာ သစ်သားဓားရှည်ကို မြေကြီးပေါ် အကြိမ်ကြိမ်နင်းပစ်လိုက်တော့သည်။
ချင်းရို့ပြုံးလျက် "သမီး ဒါကို ချိုးလိုက်ရင်လည်း မားက အသစ်ဝယ်ပေးမှာပါကွယ်"
"မား အနာဂတ်မှာ မီးက ကိုယ်ခံပညာရုပ်ရှင်တွေမှာ သရုပ်ဆောင်ချင်တယ်၊ မီးက ကိုယ်ခံပညာရှင်ဆရာကြီးဖြစ်ချင်လို့"
"ဒါဆို သမီး အခြေခံတွေကို မြန်မြန်လေ့ကျင့်သင့်တယ်လေ"
ယခုခေတ်တွင် ရုပ်ရှင်ပဲဖြစ်ဖြစ်၊ တီဗီဇာတ်လမ်းတွဲပဲဖြစ်ဖြစ် အတိုက်အခိုက်ခန်းတွေနဲ့ပတ်သက်ပြီး တောင်းဆိုမှုတွေ အရမ်းမြင့်နေခဲ့သည်။ သရုပ်ဆောင်အားလုံး ကိုယ်ခံပညာစွမ်းရည်ရှိကြပြီး အများစုမှာ အတိုက်အခိုက်ကျွမ်းကြတဲ့ အော်ပရာသရုပ်ဆောင်တွေပင်။
"အိမ်မှာ မလေ့ကျင့်နဲ့၊ သမီးကျယ်ကျဲလိုမျိုး အပြင်မှာ သွားလေ့ကျင့်နော်"
သမီးနှစ်ယောက်ဖြစ်တဲ့ သို့သို့ရုန်ရုန်လေးတို့မှာ တစ်ဦးက တယောတီးသင်နေပြီး ကျန်တစ်ဦးက ကန်တုံအော်ပရာကို သင်ယူနေသည်။ အကသင်နေကြတဲ့သူတွေနဲ့မတူဘဲ သူတို့နှစ်ယောက်လုံးက ဆူညံသံတွေ အများကြီးထွက်လာနိုင်တဲ့ လှုပ်ရှားမှုတွေလုပ်ကြသည်လေ။
လုယန် အိမ်ပြန်တဲ့အခါ ရေငုပ်သင်္ဘောတပ်ခွဲမှ လီယိုထျဲအား ပြောပြခဲ့သည်။ "ငါ့သမီးနှစ်ယောက်က အနာဂတ်မှာ အနုပညာကျောင်းတက်လိမ့်မယ်လို့ထင်တယ်"
လီယိုထျဲက ကျိုးကျိုးနှင့် ဖက်ထုပ်လေးတို့ရဲ့ သီချင်းဆိုသံကို ကြားချင်နေခဲ့ပြီး ဒီညီအစ်ကိုနှစ်ယောက်ဟာ အနုပညာသင်ယူကြလိမ့်မယ်လို့ တွေးခဲ့ပေမယ့် ဘယ်သူသိမှာလဲလေ... ဒီနှစ်ယောက်မှာ... အနုပညာအဖွဲ့ကလာတဲ့ သူတို့အမေနှင့်လုံးလုံးမတူဘဲ ဘာဂီတစွမ်းရည်မှမရှိကြဘူးတဲ့။
လီယိုထျဲက လုယန်နောက်ကွယ်မှာ အကြိမ်ပေါင်းများစွာ ရယ်မောနေခဲ့သော်လည်း ဒီကောင့်ဆီမှာ လှလည်းလှ၊ ချစ်စရာလည်းကောင်းပြီးတော့ အသံကောင်းကောင်းရှိတဲ့ ကလေးမလေးနှစ်ယောက်ထပ်ရှိလာလိမ့်မယ်လို့ မထင်ထားမိခဲ့။ တစ်ဦးချင်းစီက တော်ကြသလို ကလည်းကနိုင် သီချင်းလည်းဆိုနိုင်လေရဲ့။
"မင်း သူတို့ကို ကောင်းကောင်းသင်ပေးထားတာဖြစ်ရမယ်၊ မင်းရဲ့သမီးတွေက အရမ်းလှတာပဲ၊ အနာဂတ်မှာ သူတို့ ရုပ်ရှင်ရိုက်နိုင်လောက်တယ်ကွာ" လီယိုထျဲရဲ့ လေသံမှာ အတော်လေးချဉ်စူးနေလျက်။ ဒီကောင်လောင်လုက မိသားစုခြံဝင်းထဲမှာ အားအကျရဆုံးအမျိုးသားပဲလေ။ သူ့ဇနီးက ချောမောလှပသလို အမြွှာသားရော သမီးတွေပါရှိတယ်။
"လောင်လု မင်းကတော့ တီဗီမှာ မင်းရဲ့သမီးတွေကို ကြည့်လို့ရတော့မှာပဲ"
လုယန် မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး "ဘာလဲ? မင်းအားကျနေလား?"
"ဟမ့်" လီယိုထျဲက တိုးတိုးလေး နှာမှုတ်လိုက်ကာ "ငါ့မှာ သမီးမရှိတာမှမဟုတ်ဘဲ၊ ဘာလို့ မင်းကိုအားကျရမှာတုန်းကွ?"
"မင်းဘေးအိမ်က လောင်ကျန်းကမှ မင်းကို အရမ်းအားကျနေတာ မဟုတ်ဘူးလား?" နှစ်ယောက်သား လုယန် အိမ်တံခါးဆီ လျှောက်လာခဲ့သည်။ လီယိုထျဲက ပြောနေရင်းနဲ့ ဘေးခြံကို လှမ်းကြည့်လိုက်သေးသည်။
ကျန်းချန်ပေ့ တကယ်ပဲ သူတို့စကားတွေကို ကြားသွားပြီး "ငါက ဘာလို့ လောင်လုကို အားကျနေရမှာတုန်းကွ? ငါ့မှာ သားသုံးယောက်ရှိတယ်၊ ပြီးတော့ လျိုထျောင့်ထျောင့်လေးကလည်း ငါ့မွေးစားသမီးပဲ!"
လီယိုထျဲ ရယ်မောကာ "နောင်မှာ မင်းရဲ့မွေးစားသမီးလေးက မင်းရဲ့သားကို လက်ထပ်ရင် မင်းတို့မိသားစုက နှစ်ဆပျော်ရွှင်ရတော့မှာပေါ့ကွာ လောင်ကျန်းရေ ဒါကောင်းတဲ့ကိစ္စပဲ! ကောင်းတယ်!"
"မိသားစုဝင်တွေပဲ သူတို့အိမ်ထဲဝင်ကြမှာ"
ကျန်းချန်ပေ့ ဒေါသတကြီးနဲ့ "ထျောင့်ထျောင့်ရဲ့ ဂုဏ်သိက္ခာကို မဖျက်စီးနဲ့ကွ၊ မင်းဘယ်လိုဖြစ်ပြီး ဒီလိုဟာသမျိုးလုပ်နိုင်ရတာလဲ?"
"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ငါမှားတာပါ" လီယိုထျဲ ပြောပြီးသည်နှင့် အပြုံးလေးနှင့် ထွက်သွားတော့သည်။
လုယန် ကျန်းချန်ပေ့ကို ကြည့်ကာ ပြုံးလျက် "လောင်ကျန်း၊ အဲဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား? ဘာလို့ ဒီလောက်ဒေါသထွက်နေရတာလဲ?"
"နောင်ကျ မင်းရဲ့ သမီးတွေလက်ထပ်တဲ့အခါ မင်းစိတ်မတိုဘူးလား?"
လုယန် နှစ်ကြိမ် "ကျစ် ကျစ်"လို့ စုတ်သပ်လိုက်ပြီး "မင်းကတော့လေ၊ လောင်ဝမ်နဲ့ စကားပိုပြောလို့ရပြီပဲ"
"လူတိုင်းက ကိုယ့်သမီးလေးတွေ အိမ်ထောင်ပြုမှာကို စိုးရိမ်ပူပန်ကြတာပဲလေ"
လုယန် ခေါင်းယမ်းကာ သူ့ခြံဝင်းထဲဝင်သွားတော့သည်။ ထိုအချိန်တွင် ချင်းရို့က ခြင်းတောင်းတစ်ခုနှင့် အပြင်ထွက်လာကာ လုယန်ကို တားဆီးလိုက်ပြီး လင်မယားနှစ်ယောက် ခရမ်းချဉ်သီးနှင့် သခွားသီးတွေကို အတူတူခူးဆွတ်ခဲ့ကြသည်။
လုယန် အနောက်ကနေ သူမခါးလေးကို ပွေ့ဖက်လိုက်ပြီး ပခုံးပေါ် မေးတင်လိုက်ကာ လင်မယားနှစ်ယောက် တီးတိုးပြောနေကြ၏။ "ကလေးတွေ ထွက်သွားရင် ကိုယ်တို့နှစ်ယောက်ပဲကျန်ခဲ့တော့မှာ…"
"ဘာလဲ? ရှင်မခွဲနိုင်ဘူးလား?"
လုယန် ရယ်မောလျက် "ကိုယ်ဆိုလိုတာက - ကိုယ်တို့နှစ်ယောက်ပဲ ပျော်လို့ရပြီလို့"
"ရှင်ကတော့လေ အရမ်းကိုရက်စက်လိုက်တဲ့အဖေပဲ၊ ကလေးစုတ်လေးတွေကို အိမ်ကနေ ကန်ထုတ်ဖို့တောင် မစောင့်နိုင်တော့ဘူးပေါ့လေ ဟုတ်တယ်ဟုတ်?" သူတို့က အသက်၄၀နီးပါးရှိနေပြီလေ၊ နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ချင်နေတုန်းပဲ။
ချင်းရို့လည်း နှစ်ယောက်တည်းကမ္ဘာနေချင်မိသည်မှာ အမှန်ပင်။
"ကိုယ်တို့ အိမ်ထောင်ကျပြီးပြီးချင်း ကလေးနှစ်ယောက်မွေးလာတော့ နှစ်ယောက်အတူတူ သိပ်အချိန်မဖြုန်းလိုက်ရဘူးလေ။ ကျိုးကျိုးနဲ့ဖက်ထုပ်လေးကို လွှတ်ပေးပြီးရင် သို့သို့ရုန်ရုန်လေးကို လွှတ်ပေးရမှာပဲ။ အချိန်တန်ရင် ကိုယ်တို့နှစ်ယောက်ပဲ ကျန်တော့မှာ။ အဲဒီခါကျ မင်းရဲ့ လုကောက မင်းကိုအဖော်ပြုပေးဖို့ နေ့တိုင်းအိမ်ပြန်လာမယ်။ ပင်စင်ယူပြီးတဲ့အခါ မင်းကို နေ့တိုင်းအဖော်ပြုပေးမှာပါကွာ"
ချင်းရို့ ခေါင်းလှည့်လာကာ သူ့မျက်နှာကို ကိုင်ထားရင်း တခစ်ခစ်ရယ်လျက် "ဒီလိုမျိုး တစ်ယောက်ကိုတစ်ယောက် နေ့တိုင်းကြည့်နေရင် ငြီးငွေ့လာနိုင်လား? ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် သဘောမကျကြတော့ရင်ရော?"
"မင်းရဲ့လုကောက သေချာပေါက် မင်းကို သဘောမကျဘဲနေမှာမဟုတ်ဘူး"
လုယန် ပြုံးကာ သူမမျက်နှာလေးကို နမ်းလိုက်ပြီး နှင်းဖြူရောင်ဦးထုပ်ကို သူမခေါင်းပေါ်ဆောင်းပေးလိုက်သည်။
"တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်းဒီလိုမျိုးကြည့်နေရင် စိတ်အနှောက်အယှက်ဖြစ်လာမှာ သေချာတယ်။ ရံဖန်ရံခါ ခဏတာခွဲခွာတာကလည်း ကြင်စဦးအချိန်တုန်းကထက် ပိုကောင်းမှာပါနော်"
လုယန် သူမမျက်နှာလေးကို ပွတ်သပ်နေရင်း နူးညံ့စွာကြည့်၍ "ကိုယ်ကတော့ မင်းနဲ့မခွဲနိုင်ပါဘူးကွာ"
"ရှင် အရင်တုန်းကထက် အခု စကားတွေပိုတတ်လာတာပဲ" အရင်တုန်းကဆို သူက ချစ်ကြောင်းကြိုက်ကြောင်းစကားတစ်ခွန်းတစ်လေပြောဖို့ အချိန်အကြာကြီးယူရသေးတာ၊ ဒါပေမဲ့ အခုများတော့ စကားချိုချိုလေးတွေ ပြောတတ်နေပြီ။
"ဒါကတော့ ကိုယ်အရင်ကပြောခဲ့သလိုပဲလေ၊ သုံးရက်လောက်ခွဲခွာပြီးရင် တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံသင့်တယ်၊ ရဲဘော်ရှောင်ချင်းရေ"
အောက်တိုဘာလရောက်လို့လာချေပြီ။ ချင်းရို့နှင့် ပုလဲမွေးမြူရေးစက်ရုံမှ လူတော်တော်များများ ရှန်းချန်ရှိ ကျုံးယင်းလမ်းမဆီ သွားကြပြီး ဟိုဟိုဒီဒီလျှောက်ကြည့်ခဲ့ကြသည်။ တင်သွင်းလာတဲ့ ကုန်ပစ္စည်းမျိုးစုံကို ရောင်းချနေကြသည့်အပြင် ရွှေဆိုင်တွေလည်း ပိုများလာ၏။ လမ်းသွားလမ်းလာတွေတောင်မှ "ရွှေတွေ လာဝယ်ကြသူတွေ ပိုများသထက်များလာတယ်"လို့ ပြောနေကြလေ၏။
ယခုအချိန်တွင် ရွှေအလေးချိန် တစ်ဂရမ်လျှင် ၄၅မှ ၇၀ခန့်ရှိပြီး ရွှေလက်ကောက်တွေက ပိုအလေးချိန်များ၏။ ရွှေဆွဲကြိုး၊ ရွှေနားကပ်၊ ရွှေလက်စွပ်စသည်တို့ဖြင့် နှိုင်းယှဉ်ပါက အနည်းဆုံး၁၂ဂရမ်အလေးချိန်ရှိတဲ့ ရွှေလက်ကောက်တွေက အတော်လေးဈေးကြီးလှသည်။
သာမန်ရွှေလက်စွပ်တွေနှင့် ရွှေနားကပ်တွေကတော့ အတော်လေးဈေးသက်သာသလို ၃ဂရမ်၊ ၄ဂရမ်လောက်ရှိတဲ့ ရွှေလက်စွပ်တစ်ကွင်းကို လက်ပေါ်မှာဝတ်ထားရင် အရမ်းလှပနေပေမည်။
ရွှေလက်ဝတ်ရတနာလို အရောင်မျိုးကို လူအများစုက အပေါစားဆန်တယ်လို့ ထင်ကောင်းထင်ကြသော်လည်း ရွှေဟာ တကယ်ပဲ လှပကာ အခြားသတ္တုတွေမယှဉ်နိုင်လောက်အောင် တောက်ပြောင်သည်ပင်။
ရွှေလက်ဝတ်ရတနာတွေဟာ အသားဖြူသူများနှင့် ပိုမိုကြည့်ကောင်းလေသည်။
"ကြည့် ဟိုမှာကြည့်လိုက်၊ ရွှေဆိုင်နှစ်ဆိုင် ထပ်ဖွင့်တော့မယ်"
ချင်းရို့ ထောင့်တစ်နေရာသို့ ကြည့်လိုက်တဲ့အခါ နောက်ထပ်ရွှေဆိုင်နှစ်ဆိုင်ဖွင့်တော့မှာကို တွေ့လိုက်ရသည်။
xxx