အခန်း (၃၂၈-၃၂၉)
Vol. 27 Ch. 328-329
Ch-328
ချင်းရို့ ထောင့်တစ်နေရာသို့ ကြည့်လိုက်တဲ့အခါ နောက်ထပ်ရွှေဆိုင်နှစ်ဆိုင်ဖွင့်တော့မှာကို တွေ့လိုက်ရသည်။
ယမန်နှစ်ကတည်းက ကျုံးယင်းလမ်းမပေါ်ရှိ ရွှေလုပ်ငန်းမှာ ပိုမိုရေပန်းစားလာခဲ့သည်။ ပြည်တွင်းပေါ်လစီတွေကြောင့် ပုဂ္ဂလိကတစ်ဦးချင်းစီ ရွှေကို လွတ်လွတ်လပ်လပ် ဝယ်ယူရောင်းချ၍ မရပေ။ ဒီနေရာက ရွှေတွေဟာ ကွာလတီကောင်းသလို ဈေးနှုန်းချိုသာသည်ကြောင့် ပြည်တွင်းကလူတွေအဖို့ ရွှေဝယ်ဖို့အတွက် ဦးစားပေးနေရာ ဖြစ်လာခဲ့သည်။
ချင်းရို့က ပုလဲတွေရောင်းဖို့ ရွှေဆိုင်တွေနှင့် ပူးပေါင်းချင်သဖြင့် သူမက ပုလဲမွေးမြူရေးစက်ရုံတာဝန်ခံ ရှောင်ရန်ကိုခေါ်ကာ ရောင်းကောင်းနေတဲ့ရွှေဆိုင်တွေဆီ သွားရောက်မေးမြန်းခဲ့သည်။ ရွှေဆိုင်တွေက ဒီလိုပြောလာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ? "ငါတို့ဆိုင်မှာ ရွှေတွေအကုန်လုံးတောင်မတင်ထားနိုင်တာ၊ ပုလဲရောင်းစရာနေရာမရှိဘူး"
"လူတွေက ရွှေဝယ်ဖို့လာကြတာလေ"
ရွှေရောင်းတာဟာ အခြားအရာတွေကို ရောင်းတာထက် အမြတ်အစွန်းပိုများသည်လေ။
ဒီမှာ ရွှေတွေရောင်းရတာ လုံးဝမခက်ဘူး။ ရက်ပိုင်းအတွင်း ရောင်းကုန်သွားမှာမို့ တခြားလူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုံးဝဆွေးနွေးစရာမလိုဘူးလေ။ လူတွေက ရွှေဆိုင်ကိုလာတဲ့အခါ ရွှေဝယ်ဖို့ပဲလေ မဟုတ်ဘူးလား?
ချင်းရို့လည်း လျှောက်သွားပြီး လိုက်မေးရင်း အဆုံးတွင် သင့်တော်တဲ့လုပ်ငန်းပါတနာကို ရှာတွေ့ခဲ့လေပြီ။ အဲဒါက အသစ်ဖွင့်တဲ့ ရွှေဆိုင်တစ်ဆိုင်ဖြစ်ပြီး အရင်က ကုန်စုံဆိုင်ဖြစ်ခဲ့ဖူးပေမယ့် မကြာသေးခင်ကပဲ ရွှေဆိုင်အဖြစ် ပြောင်းလဲဖွင့်ခဲ့သည်ပင်။
ရွှေဆိုင်အမည်မှာ လုံရှင်းကျီရွှေဆိုင်ဖြစ်ပြီး ရွှေဆိုင်ပိုင်ရှင်မှာ ဟွမ်ရှင်းချန်ဖြစ်သည်။ သူ့အသက်မွေးဝမ်းကြောင်းပြောင်းကာ ရွှေဆိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ရွှေပန်းထိမ်ဆရာတွေလည်း ခေါ်ယူခဲ့လေ၏။
"မင်းရဲ့ ပုလဲတွေက တကယ်လှတာပဲဗျာ" ဟွမ်ရှင်းချန်က သူမတို့ယူလာတဲ့ ရေငံပုလဲတွေကို ပိုကြည့်လေလေ ပိုကြိုက်လေလေပင်။ သူ့ဇနီးကလည်း "ဒါကို ရွှေနဲ့တွဲလိုက်ရင် တအားလှမယ်ထင်မိတယ်" လို့ပြောလာခဲ့သည်။
ချင်းရို့ ခေါင်းညိတ်လျက်၊ "ကျွန်မတို့ ဒီကိုလာတော့ ရွှေနဲ့ ပုလဲ လက်ဝတ်ရတနာဒီဇိုင်းတွေနည်းနည်းဆွဲထားတယ်။ ရှင်တို့ ကြည့်ချင်ကြလား?"
ချင်းရို့က ဒီတစ်ကြိမ်မှာ ရွှေနဲ့ ပုလဲ လက်ဝတ်ရတနာအစုံလိုက်နည်းနည်းဝယ်ချင်လို့ပင်။ ရောင်းရန်မဟုတ်ဘဲ ချုံကျိုးကျွန်းရှိ ပုလဲလက်မှုခြံမှာ ပြသလို၍သာ။
ဟွမ်ရှင်းချန်တို့ဇနီးမောင်နှံက လက်ဝတ်ရတနာဒီဇိုင်းတွေကိုကြည့်ရင်း သူ့အမျိုးသမီးရဲ့ မျက်လုံးတွေက တောက်ပလာပြီး "ဒီပေါင်းစပ်မှုက အရမ်းကြည့်ကောင်းတာပဲနော်"
သူ့အမျိုးသမီးက ရွှေငှက်မွေးတွေနဲ့ပုလဲ ဆွဲကြိုးကို ပြောခြင်းပင်။ ပုံတွေကြည့်ရုံနဲ့ ဘယ်လောက်တောင်လှနေမလဲဆိုတာ စိတ်ကူးယဉ်လို့ရတယ်နော်...
"ကျွန်မ ရှင့်ဆီက ပုလဲဆွဲကြိုးဝယ်လို့ရမလား? အဲဒါက ကျွန်မရဲ့ အနီရောင်ဝတ်စုံနဲ့ ကြည့်ကောင်းလိမ့်မယ်လို့ ထင်တယ်"
"အရင်က ပုလဲတွေတွေ့ဖူးပေမယ့် ဒီလောက်အရောင်အသွေးလှတာမျိုး တစ်ခါမှမတွေ့ဖူးဘူး"
"ရှင့်ပုလဲနားကပ်တွေလည်း အရမ်းလှတာပဲ"
ချင်းရို့က ဟွမ်ရှင်းချန်ရဲ့ အမျိုးသမီးအတွက် ပုလဲနားကွင်းတစ်စုံကို ထုတ်ပေးလိုက်သည်။ ဒီပုလဲနားကွင်းတွေက 9mmမှ 10mmခန့်ရှိတဲ့ ရေငံပုလဲတွေဖြင့် ပြုလုပ်ထားခြင်းပင်။ အရောင်အသွေး တောက်ပြောင်သလို ချောမွတ်နေကာ နားမှာဝတ်လိုက်ပါက လူတွေကို နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိပုံပေါ်သွားစေသည်။
ဟွမ်ရှင်းချန်ရဲ့ အမျိုးသမီးက သူမဝတ်ကြည့်လိုက်သည်နဲ့ သဘောကျသွားလေပြီ။
"ဒီပုလဲကိုဝတ်ပြီးတာနဲ့ လူတွေကို ပိုပြီးနူးညံ့သိမ်မွေ့လာစေသလိုပဲနော်"
အမျိုးသမီးက မှန်ရှေ့မှာ သူမကိုယ်သူမ ချီးကျူးနေရာ ဟွမ်ရှင်းချန်ကလည်း "မှန်တာပေါ့၊ မင်း ဒါကိုဝတ်ပြီးတာနဲ့ နတ်ဆိုးအမျိုးသမီးတောင် နူးညံ့သွားသလိုပါပဲကွာ"
"ရှင်ဘာပြောလိုက်တယ်?"
ဟွမ်ဇနီးမောင်နှံနှင့် ပူးပေါင်းဆွေးနွေးပြီးနောက် ဒီမှာ လူတစ်ဦးနှင့် ပုလဲနည်းနည်းထားခဲ့လိုက်သည်။ ချင်းရို့လည်း သူမလုပ်ချင်တဲ့ လက်ဝတ်ရတနာတချို့ကို အော်ဒါတင်ကာ ချုံကျိုးကျွန်းဆီ လှေနဲ့ပြန်လာပါတော့သည်။
သူမ ကျွန်းကို ပြန်ရောက်သည်နှင့် ရုပ်သံဌာနက တစ်ယောက်ယောက်က သူမကို ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်လာပြီး နောက်နှစ် ချုံကျိုးကျွန်း၌ အလှမယ်ပြိုင်ပွဲကျင်းပဖို့ စီစဉ်ထားတယ်လို့ ပြောပြလာခဲ့သည်။
ဒါရိုက်တာဝူက ချင်းရို့ကို အကဲဖြတ်ဒိုင်အဖြစ် ဖိတ်ကြားခဲ့လေသည်။
"အလှမယ်ပြိုင်ပွဲ?"
ချင်းရို့လည်း အလှမယ်ပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်အဖြစ် ဖိတ်ကြားခံရသဖြင့် အံ့အားသင့်သွားရသည်။
ဒါရိုက်တာဝူ : "ဒါက နှလုံးသားချင်းချိတ်ဆက်ကြမယ် ပရိုဂရမ်အဖွဲ့ရဲ့ စိတ်ကူးပါပဲ။ သူတို့ရဲ့ ပရိုဂရမ်အဖွဲ့ကို စတင်ဖွဲ့စည်းပြီးကတည်းက အတွေ့အကြုံတွေ အများကြီးရခဲ့ကြတယ်လေ... လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော်တို့ ကွမ်တုန်းပြည်နယ်ကိုသွားတော့ သူတို့လည်း နောက်နှစ်မှာ အလှမယ်ပြိုင်ပွဲကို ကျင်းပတော့မယ်ဆိုပဲ။ ဖြစ်ချင်တော့ တရုတ်တောင်ပိုင်းလေကြောင်းလိုင်းတွေက လေယာဥ်အမှုထမ်းအဖွဲ့တွေကို ရွေးချယ်ခန့်အပ်ဖို့ စိတ်ဝင်တစားရှိနေခဲ့လို့ ကျွန်တော်တို့ရုပ်သံဌာနကလည်း အကြံတစ်ခုရသွားတာပါ"
"မင်းရဲ့ တောင်ကျွန်းပုလဲကုန်သည်ကြီးများအသင်းနဲ့အတူ တောင်ကျွန်းအလှမယ်ပြိုင်ပွဲကို ပူးတွဲကျင်းပသွားမလို့"
၁၉၈၀ခုနှစ်များကတည်းက ချုံကျိုးကျွန်းဟာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့၏။ သည့်အပြင် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်စတင်ခဲ့ပြီး ဘွဲ့ရကျောင်းသားထောင်ပေါင်းများစွာကို ချုံကျိုးကျွန်းမှာ နှစ်စဉ်နှစ်တိုင်း တာဝန်ပေးအပ်ခဲ့သည်ဖြစ်ရာ မရေမတွက်နိုင်တဲ့ လူငယ်လေးတွေကို ကျွန်းသို့ ထိုးသိပ်ခဲ့ကြသည်။
ထို့အပြင် "ကျေးဇူးပြု၍ ကမ္ဘာကြီးအဆုံးကိုလာပါ" ဆိုသော သီချင်းမှာ မကြာသေးမီနှစ်များအတွင်း ရေပန်းစားလာခဲ့ပြီး နွေဦးပွဲတော် Galaမှာတောင် ထွက်ပေါ်လာသဖြင့် ချုံကျိုးကျွန်းအကြောင်း လူတွေပိုသိသထက် သိလာပါတော့သည်။
နိုင်ငံတစ်ဝှမ်းမှ ခရီးသွားဧည့်သည်များက ချုံကျိုးကျွန်းသို့ လာရောက်လည်ပတ်ကြပြီး ဟောင်ကောင်၊ မကာအိုနှင့် ပြည်ပနိုင်ငံများမှ ရန်ပုံငွေအများအပြားတိုးဝင်လာကာ စက်ရုံတွေဖွင့်လှစ်ရန်၊ စက်မှုလုပ်ငန်းတွေထူထောင်ကြရန်၊ နာနတ်သီး၊ သရက်သီး၊ ကော်ဖီစေ့နှင့် အခြားစီးပွားဖြစ်အသီးအနှံစိုက်ခင်းတွေလည်း စိုက်ပျိုးကြရန် တွန်းအားပေးလျက်ရှိသည်။ ထို့အပြင် သစ်သီးစည်သွပ်ဗူးစက်ရုံတွေ တစ်ခုပြီးတစ်ခု တည်ဆောက်လာကြ၏... ရဲ့ချန်ဖြစ်စေ လုချန်ဖြစ်စေ နှစ်နေရာလုံး အလျင်အမြန်ပြောင်းလဲတိုးတက်နေလေသည်။
…
ဒါရိုက်တာဝူနှင့် အခြားသူတွေက အလှမယ်ပြိုင်ပွဲကျင်းပရန် အချိန်တန်ပြီလို့ တွေးနေကြ၏။
"ကျွန်မတို့ရဲ့ တောင်ကျွန်းပုလဲကုန်သည်ကြီးများအသင်းအပြင် ကျွန်မရဲ့ ရွှင်ရို့ပုလဲစက်ရုံနှင့် ကျွန်မအစ်မရဲ့ ပုလဲဝတ်စုံဆိုင်ကလည်း ရှင်တို့အလှမယ်ပြိုင်ပွဲအတွက် ပံ့ပိုးပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီအကဲဖြတ်ဒိုင်ဆိုတာကတော့ ကျွန်မနဲ့ မသင့်လျော်မှာကိုပဲ စိုးရိမ်မိတယ်"
ချင်းရို့ ခေါင်းခါလိုက်ပြီး "အလှမယ်ပြိုင်ပွဲအတွက် အကဲဖြတ်ဒိုင်လုပ်ဖို့ ကျွန်မမှာ အတွေ့အကြုံမရှိဘူးလေ"
ရဲဘော်ရှောင်ချင်းသည် သူမကိုယ်သူမ အကဲဖြတ်ဒိုင်ဖြစ်ရလိမ့်မယ်လို့ လုံးဝမတွေးမိခဲ့။
ဒါရိုက်တာဝူ ခါးသက်စွာပြုံးလျက် ပြောလာလေ၏။ "ကျွန်တော်တို့တရုတ်နိုင်ငံမှာ အလှမယ်ပြိုင်ပွဲ တစ်ခါမှမကျင်းပဖူးဘူးလေ။ ကျွန်တော်တို့က ဒီအတိုင်း ကျောက်တုံးတွေကို ခံစားပြီး မြစ်ကို ဖြတ်ကူးနေကြတာပါပဲ။ လူတိုင်းအတွေ့အကြုံမရှိကြပါဘူး! မင်းတစ်ယောက်တည်းပဲမဟုတ်ဘူး၊ လူတိုင်း အကဲဖြတ်ဒိုင်မလုပ်ဖူးကြတော့ အားလုံးက စမ်းတဝါးဝါးပါပဲ"
"ဥက္ကဌချင်းရေ မင်းမှာက အကြံကောင်းဥာဏ်ကောင်းတွေထွက်တတ်တယ်လေ။ ဒီတောင်ကျွန်းအလှမယ်ပြိုင်ပွဲ အောင်မြင်အောင်လို့ အတူတူ ဦးနှောက်သုံးကြရအောင်ပါဗျာ"
"အစိုးရက ဒီအလှမယ်ပြိုင်ပွဲကို အရမ်းအားပေးတယ်။ ဒီအလှမယ်ပြိုင်ပွဲကို ကျွန်တော်တို့ အောင်အောင်မြင်မြင် ကျင်းပနိုင်ရင် ချုံကျိုးကျွန်းလည်း သိသိသာသာနာမည်ကြီးလာမှာ သေချာပါတယ်ဗျာ"
…
အလှမယ်ပြိုင်ပွဲကျင်းမခြင်းမှာ အမှန်တကယ်ပင် ချုံကျိုးကျွန်းအား ကြော်ငြာဖို့ နည်းလမ်းကောင်းတစ်ခုပင်။ ပြည်တွင်းပြည်ပရှိ ချုံကျိုးကျွန်း၏ ဂုဏ်သတင်းနှင့် နာမည်ကို မြှင့်တင်နိုင်သလို တရုတ်လူမျိုးတွေရဲ့ အာရုံကိုပါ ဆွဲဆောင်နိုင်ပေမည်။
ဒါရိုက်တာဝူရဲ့ စကားတွေကို နားထောင်ပြီးနောက် ချင်းရို့လည်း ပါဝင်ကူညီဖို့ ဆုံးဖြတ်လိုက်၏။
"ကျွန်တော်တို့လည်း နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေအကြောင်းကို လေ့လာဖူးတယ်။ အခုချိန်မှာတော့ တရုတ်လူမျိုးတွေက ရေကူးဝတ်စုံလိုမျိုးကိုလက်ခံဖို့ ခဲယဥ်းကြမှာ..."
ယခုအခါ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတော်တော်များများတွင် ရေကူးဝတ်စုံပြိုင်ပွဲတွေ ရှိလာပြီလေ။
စီးပွားရေးလမ်းကြောင်းတွေပွင့်လာခဲ့ကာ နှစ်တွေကြာလာပြီဖြစ်သော်ငြား လူတွေရဲ့ တွေးခေါ်ပုံမှာ အခုထိ ရှေးရိုးဆန်ဆဲဖြစ်ပြီး မိန်းမငယ်လေးတွေကိုယ်၌ကလည်း သူတို့ရဲ့ ခန္ဓာကိုယ်ကို ပြသရန် ဆန္ဒမရှိကြ။
အနောက်အရပ်သို့ခရီးသွားခြင်းရုပ်ရှင်ရိုက်ကူးစဥ်ကလည်း မိန်းမပျိုလေးတွေတော်တော်များများက သူတို့ရဲ့ဗိုက်ကိုမပြချင်တာကြောင့် စတန့်သမားရဲ့ဗိုက်နှင့် ဖိုတိုရှော့တွေလုပ်ခဲ့ရသည်။
လက်ရှိ ရိုက်ကူးနေဆဲဖြစ်သော အနောက်အရပ်သို့ခရီးသွားခြင်းရုပ်ရှင်အဖွဲ့သားတွေက ချုံကျိုးကျွန်းသို့ လာရောက်လည်ပတ်ခဲ့ကြပြီး မျောက်ဘုရင်မွေးဖွားတဲ့အပိုင်းကို ကျွန်းပေါ်မှာ ရိုက်ကူးခဲ့တာကြောင့် အတင်းအဖျင်းတွေရှိလာလေသည်။ ဟွားဟွားမားက သူမသားလျိုယွဲ့ကို လမ်းပေါ်မြင်းစီးခိုင်းတာဟာ ထန်စန်းမြင်းစီးလာတာကနေ စိတ်ကူးရခဲ့တာလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိနိုင်ပါချေ။
ချင်းရို့ : "ဒါဆို ပြိုင်ပွဲဝင်တွေက ချောင်ဆမ်၊ ညနေခင်းဂါဝန်ရှည်၊ ဟန်ဖူ၊ မင်္ဂလာဝတ်စုံ၊ ကျွန်းလူမျိုးစုဝတ်စုံတွေကို ၀တ်ဆင်နိုင်တယ်... နောက်ပြီးတော့ သူတို့ရဲ့ စိတ်နေစိတ်ထားကို ပြသဖို့အတွက် ကျက်သရေရှိတဲ့ ဖီးနစ်သရဖူတွေ၊ ခြုံထည်တွေကိုတောင် သုံးလို့ရတာပဲ၊ ဒါဆို ကျွန်မတို့ရဲ့ ရိုးရာယဉ်ကျေးမှုကိုပါ မြှင့်တင်ပြီးသားဖြစ်သွားတာပေါ့"
အရာအားလုံးကို တစ်ဆင့်ပြီးတစ်ဆင့်သာလုပ်ဆောင်သင့်ပေသည်။ ရေကူးဝတ်စုံပြိုင်ပွဲက နိုင်ငံရပ်ခြားမှာရေပန်းစားနေပေမယ့် ကျွန်းပေါ်က အလှမယ်ပြိုင်ပွဲအတွက် မလိုအပ်ဘူးလေ။
"နောက်ဆုံးဆန်ခါတင်ပြိုင်ပွဲဝင်တွေရဲ့ အဝတ်အစားတွေကို စိတ်ကြိုက်ပြင်ဆင်ဖို့အတွက် ကျွန်မတို့ဘက်က ဖက်ရှင်ဒီဇိုင်းအဖွဲ့တစ်ဖွဲ့ ရှာထားသင့်တယ်"
"ကျွန်မတို့ တောင်ကျွန်းပုလဲကုန်သည်ကြီးများအသင်းက ပြိုင်ပွဲဝင်တွေအတွက် အဝတ်အစားအသုံးအဆောင်တွေအပြင် ပုလဲသရဖူတွေကိုပါ ပံ့ပိုးပေးနိုင်ပါတယ်"
"ကျွန်းရဲ့အလှမယ်ပြိုင်ပွဲဟာ ပြည်တွင်းအာရုံစိုက်မှုကို ဆွဲဆောင်နိုင်မှာကျိန်းသေတယ်။ ဒီလိုမျိုး အလှမယ်ပြိုင်ပွဲဟာ ကျွန်မတို့ရဲ့ တောင်ကျွန်းပုလဲတွေကို ထုတ်ဖော်ပြသဖို့ အကောင်းဆုံးအချိန်လည်းဖြစ်တယ်နော်"
xxx
Ch-329
ချင်းရို့ ပုလဲလက်မှုခြံကို ရင်းနှီးမြုပ်နှံပြီးနောက် နန်ယွီ၌ ရေပူစမ်းဟိုတယ်တစ်ခုဆောက်ရန်လည်း တစ်စုံတစ်ဦးကို ရှာဖွေခဲ့သည်။ အပူပိုင်းကျွန်းဒေသတစ်ခုအနေဖြင့် ချုံကျိုးကျွန်းဟာ ဘူမိအပူစွမ်းအင်ကြွယ်ဝပြီး မရေမတွက်နိုင်တဲ့ အရွယ်စုံရေပူစမ်းတွေရှိသည်ဖြစ်ရာ ချင်းရို့က ရေပူစမ်းစင်တာများစွာကို ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်အတော်ကြာစီစဉ်ခဲ့ခြင်းပင်။
ရေပူစမ်းတွေတင်မကဘဲ ပင်လယ်ကိုမြင်ရတဲ့ ဟိုတယ်တွေလည်းရှိပါသေးသည်။
လက်ရှိတွင် ချင်းရို့ တည်ဆောက်နေတဲ့ နန်းယွီရေပူစမ်းစင်တာမှာ ပြီးစီးသွားပြီဖြစ်ပေမယ့် အသုံးမပြုရသေးပေ။ ပင်လယ်ရှုမျှော်ခင်းအပန်းဖြေဟိုတယ်ကိုတော့ ဆောက်လုပ်နေဆဲ။
ရိုးရိုးသားသားဆိုရသော် ပင်လယ်ရှုမျှော်ခင်းဟိုတယ်က လှပသော်လည်း ထိန်းသိမ်းရသည်မှာ တော်တော်လေးဒုက္ခများပေသည်။
ကျွန်းပေါ်ရှိလူတွေက ပုံမှန်အားဖြင့် ပင်လယ်အနီးမှာ နေထိုင်ရသည်ကို မကြိုက်ကြ။ ဒီလိုမျိုးပင်လယ်ရှုမျှော်ခင်းဟိုတယ်ဟာ ပင်လယ်ကို တစ်ခါမှမမြင်ဖူးကြတဲ့ ခရီးသွားဧည့်သည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ရာ ပိုမိုသင့်လျော်လှ၏။ သူတို့အတွက်တော့ ပင်လယ်ရှုမျှော်ခင်းအခန်းတွေဟာ နေချင့်စဖွယ် အိပ်မက်တစ်ခုနှယ်။
"ကျွန်မရဲ့ ရေပူစမ်းစင်တာနဲ့ ပင်လယ်ရှုမျှော်ခင်းဟိုတယ်ကို အခုထိ အသုံးမပြုရသေးဘူး။ လာမယ့်နှစ် အလှမယ်ပြိုင်ပွဲကျင်းပရာနေရာအဖြစ် အသုံးပြုလို့ရပါတယ်နော်"
ယင်းသည်ကား နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုပင်။ သူမရဲ့ ရေပူစမ်းစင်တာနှင့် ပင်လယ်ရှုမျှော်ခင်းဟိုတယ်ကိုလည်း လူသိရှင်ကြားကြေငြာပြီးသားဖြစ်သွားတာပေါ့။
ဟုတ်ပါတယ်၊ အခု လူမသိသေးရင်တောင်မှ သူမရဲ့ ရေပူစမ်းစင်တာကနေ ငွေမရှာနိုင်မှာကို ချင်းရို့ စိုးရိမ်မနေပါချေ။ ငွေမရှာနိုင်ရင်တောင်မှ သူမကတော့ ရေပူစမ်းစင်တာတစ်ခု ဆောက်ချင်နေဆဲ။ အဆိုးဆုံးကတော့ ဒါကို ပုဂ္ဂလိကရေပူစမ်းကျန်းမာရေးစင်တာအဖြစ် အသုံးပြုလိုက်မှာပေါ့လေ။
- ဘာလို့ဆို ရေပူစမ်းတွေက အရမ်းသက်တောင့်သက်သာရှိလို့ပဲ!!
နန်ယွီရေပူစမ်းစင်တာ၊ ငါးကုထုံးကန်၊ ရေပူစမ်းကြက်ဥ... အထူးသဖြင့် ဆောင်းရာသီ၌ ရာသီဥတု နည်းနည်းအေးလာတဲ့အခါ ရေပူစမ်းကန်ဟာ အဖြူရောင်အခိုးအငွေ့တွေနဲ့ ပြည့်နှက်နေပြီး၊ စိမ်းစိမ်းစိုစိုတောအုပ်၊ ကြည်လင်သောကောင်းကင်၊ တိမ်ဖြူဖြူတို့ဖြင့် ဝန်းရံနေ၍ ကမ္ဘာပေါ်က ကောင်းကင်ဘုံနယ်မြေအလား!
ဆောင်းရာသီအားလပ်ရက်အပန်းဖြေစခန်းလေး...
"ကောင်းလိုက်တာ!! ရှောင်ချင်းရေ မင်းက ကျွန်တော်တို့ကို အများကြီးကူညီပေးခဲ့တာပဲဗျာ!" ချင်းရို့က ပွဲကျင်းပရာနေရာပါပေးနိုင်သေးကြောင်း ဒါရိုက်တာဝူကြားလိုက်ရတဲ့အခါ ပိုလို့တောင် ပျော်ရွှင်သွားလေပြီ။
ပုလဲလက်မှုခြံ၏ အပြင်အဆင်နှင့် ဒီဇိုင်းကို အကဲဖြတ်ရရင် ချင်းရို့ ထပ်ပြီးဖွင့်လှစ်မယ့် ရေပူစမ်းစင်တာနှင့် ပင်လယ်ရှုမျှော်ခင်းဟိုတယ်ဟာ စိတ်ပျက်စရာကောင်းလိမ့်မည်မဟုတ်။
မိန်းမလှလေးတွေ၊ လှပတဲ့ရှုမျှော်ခင်း၊ အရသာရှိတဲ့အစားအသောက်တွေနှင့် လှပတဲ့ကျွန်းတွေကသာ လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ပေမည်။
ထို့နောက် ချင်းရို့က ချုံကျိုးကျွန်းအလှမယ်ပြိုင်ပွဲကို ဘယ်လိုစီစဥ်ကြမလဲဆိုတာကို ဒါရိုက်တာဝူ၊ တခြားသူတွေနဲ့ ဆွေးနွေးရန် ရုပ်သံဌာနသို့သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက "နှလုံးသားချင်းချိတ်ဆက်ကြမယ်" ပရိုဂရမ်အဖွဲ့သားတွေရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ကြော်ငြာစာရေးသူဖြစ်တဲ့ ရှောင်ကျန်း, ကျန်းယွမ့်ကျင်းနှင့် တွေ့ဆုံခဲ့သည်။
ဒီရှောင်ကျန်းက မျက်မှန်တစ်လက်၊ ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ၀တ်ဆင်ထားပြီး သူက အပြင်ပန်းမှာ သာမာန်ပုံပေါက်ပေမယ့် သူ့အတွေးအခေါ်ကတော့ လုံးဝကိုသာမန်မဟုတ်ဘဲ စိတ်ကူးစိတ်သန်း အများကြီးရှိလေသည်။
ယခင်က ပရိုဂရမ်အများစုကို ကြော်ငြာစာတွေရေးပေးခဲ့သူမှာ သူပဲလို့ ချင်းရို့ကြားဖူးခဲ့သည်။ ထိုသူက စကားပြောကောင်းသလို အရေးအသားလည်းကောင်းသူပင်။
ရှဲ့ရူအန်းနှင့် အနှီရှောင်ကျန်းတို့ အတူတူရှိပါက "ပုန်းကွယ်နေတဲ့ နဂါးနှင့်ဖီးနစ်"ကဲ့သို့ ရိုးရိုးရှင်းရှင်းပေါင်းစပ်မှုပင်။
ဒီလူနှစ်ယောက်အတူတူရှိနေပါက ကြက်တူရွေး ၇ကောင်၊ ၈ကောင် အတူတူရှိနေသလိုမျိုး အပြန်အလှန် စကားပြောဆိုနိုင်ပေသည်။
ရှဲ့ရူအန်းက ချင်းရို့ဟာ သူ့ရဲ့ နည်းပြဖြစ်တယ်လို့ ပြောခဲ့ပြီး ကျန်းယွမ့်ကျင်းကလည်း ချင်းရို့ဟာ သူ့ရဲ့ ကျေးဇူးရှင်ဖြစ်တယ်လို့ ပြောခဲ့သည်။
ရှဲ့ရူအန်း : "ကျွန်တော် ဥက္ကဌချင်းနဲ့ မဆုံခဲ့ဘူးဆိုရင် ခုထိ ဆရာဖြစ်နေဦးမှာပဲ!"
ကျန်းယွမ့်ကျင်း :"ဥက္ကဌချင်းရဲ့ အကြံတွေကြောင့်မဟုတ်ရင် ကျွန်တော် နေ့တိုင်း ဘာမှလုပ်စရာမရှိဘဲ၊ ကျွန်တော့်ရဲ့ ငယ်ရွယ်မှုကို ဖြုန်းတီးလိုက်ရပြီး ဘဝရဲ့အဓိပ္ပါယ်ကို ရှာတွေ့မှာမဟုတ်ဘူး!"
"ဥက္ကဌချင်းဟာ တကယ့်ကို ရှေ့ဆောင်လမ်းပြပါပဲဗျာ!"
…
ကျန်းယွမ့်ချင်းက ဘွဲ့ရပြီးပြီးချင်းမှာပင် ချုံကျိုးကျွန်းသို့ တာဝန်ချခံလိုက်ရ၏။ သူသည် အသစ်စက်စက်ဖြစ်တဲ့ ချုံကျိုးကျွန်းရုပ်သံဌာနကို မတော်တဆဝင်ရောက်ခဲ့ပြီး အနှီရုပ်သံလိုင်းမှာ အသစ်တည်ထောင်ခါစဖြစ်၍ ကြည့်ရှုသူလည်းမရှိ၊ ratingsလည်းမရှိသလို သူလည်း တစ်နေ့တစ်နေ့ ဘာမှလုပ်စရာမရှိခဲ့။
ကျန်းယွမ့်ကျင်းက သူ့လစာကို ဆက်လက်ရရှိနေမြဲဖြစ်သော်လည်း ကောလိပ်ဘွဲ့ရတစ်ဦးအနေဖြင့် သူ့ရဲ့ ကျွမ်းကျင်မှုတွေကို သုံးစရာနေရာမရှိတာကြောင့် သူ့ကိုယ်သူ သနားနေမိကာ ဝမ်းမနည်းပဲမနေနိုင်တော့ချေ။
"နှလုံးသားချင်းချိတ်ဆက်ကြမယ်" ပရိုဂရမ်ကို စတင်စီစဉ်ပြီးနောက် နောက်ဆုံးတွင် ကျန်းယွမ့်ကျင်းတစ်ယောက် သူ့ဘဝရဲ့ ဇာတ်ခုံကို ရှာဖွေတွေ့ရှိခဲ့လေပြီ!
အနှီစင်မြင့်ပေါ်မှာ သူ့ကိုယ်သူ အပြည့်အ၀ လွှတ်ပေးထားခဲ့ပြီး နောက်ဆုံးတွင်မူ ရုပ်သံဌာန၌ တောက်ပလာကာ ဒါရိုက်တာထံမှ တန်ဖိုးထားခံရပါတော့သည်။
ဒါတွေအားလုံးအတွက် ဥက္ကဌချင်းကို ကျေးဇူးတင်ရမှာပါပဲ...
ကျန်းယွမ့်ကျင်းက ချင်းရို့ကို တွေ့တိုင်းတွေ့တိုင်း အဆုံးမရှိ ချီးကျူးစကားတွေ ပြောဆိုတတ်သည်။ "ဥက္ကဌချင်း မင်းဟာ ခေတ်သစ်က အမျိုးသမီးတွေအတွက် စံနမူနာပြတစ်ယောက်ပါပဲဗျာ၊ မင်းက ငါတွေ့ဖူးသမျှ အမျိုးသမီးတွေထဲမှာ ပညာအရှိဆုံးပဲ..."
"ကျွန်တော် ချုံကျိုးကျွန်းမှာ တာဝန်ကျတုန်းက ကျွန်တော့်မိဘတွေက ကျွန်တော် ဝေးလံခေါင်သီတဲ့နေရာမှာ တာဝန်ကျတယ်လို့ ထင်ပြီး အော်ဟစ်ငိုယိုနေခဲ့ကြသေးတယ်၊ ကျွန်းမှာ လက်တွဲဖော်ရှာမတွေ့မှာကို သူတို့ စိုးရိမ်နေကြတာလေ။ အခုများတော့ သူတို့စိုးရိမ်စရာမလိုတော့ဘူးဗျာ၊ ကျွန်တော် အိမ်ပြန်လမ်းရှာမတွေ့ရင်တောင် လက်တွဲဖော်တစ်ယောက်တော့ သေချာပေါက်ရှာတွေ့နိုင်တယ်လေ!"
ကျန်းယွမ့်ကျင်းတစ်ယောက် အရမ်းပျော်ရွှင်နေတာကြောင့် ရောက်တတ်ရာရာလျှောက်ပြောနေခြင်းပင်။ သူ ပါဝင်ထားတဲ့ "နှလုံးသားချင်းချိတ်ဆက်ကြမယ်" ပရိုဂရမ်ဟာ အရမ်းအောင်မြင်နေသလို သူလည်း ဒီရေအလားမြင့်တက်နေပြီး အားအင်အပြည့်ဖြင့် လျှောက်လှမ်းနေလေသည်။
ချင်းရို့ကတော့ အပြုံးလေးနှင့် သူပြောသမျှကို နားထောင်နေရင်း... ရှင် စကားတွေအများကြီးမပြောသင့်ဘူး၊ တခါတလေ အလံတွေက ကြုံရာကျပန်းပေါ်လာတတ်တယ်လို့ တွေးနေမိသည်။
သင်ဟာ တခြားသူတွေအတွက် အောင်သွယ်လုပ်ပေးနေပေမယ့် အကယ်၍များ "အောင်သွယ်"ဖြစ်တဲ့ သင်ဟာ လက်တွဲဖော်မရှာနိုင်ဘူးဆိုရင် ဘာဖြစ်သွားမလဲ!
— သူမရှေ့က ဤလူငယ်ဟာ သူမအကြောင်း ကြော်ငြာပေးရာတွင် ထူးထူးဆန်းဆန်းကြော်ငြာတွေအများကြီးရေးခဲ့တာကြောင့် ဒီလူငယ်ကို မှတ်မိနေခဲ့တာ ကြာလှချေပြီ!
"ရှောင်ကျန်းရေ ရှင်က အရမ်းအတွေးအခေါ်ကောင်းတဲ့သူဆိုတော့ ဇာတ်ညွှန်းရေးဖို့ရော တွေးဖူးလား?"
ချင်းရို့က ကျန်းယွမ့်ကျင်းကို ပြောလိုက်၏။ သူမရှေ့ကလူဟာ ဇာတ်ညွှန်းတွေမရေးဘူးဆိုရင် သူ့အစွမ်းအစတွေကို ဖြုန်းတီးနေရာရောက်တယ်လို့ ချင်းရို့ ခံစားမိပေသည်။
ချင်းရို့က သူ့အတွက် လုပ်စရာတစ်ခုခုရှာပေးဖို့ ကြံရွယ်ထားခြင်းပင်။
ကျန်းယွမ့်ကျင်း ကြောင်အသွားကာ "ဇာတ်ညွှန်းရေးဖို့လား? ဘာဇာတ်ညွှန်းလဲ?"
"အလှမယ်ပြိုင်ပွဲပြီးသွားတဲ့အခါ သင့်လျော်တဲ့ ကိုယ်စားလှယ်လောင်းတချို့ကို ရွေးချယ်ပြီးတော့ ရိုးရိုးတီဗီစီးရီး ဒါမှမဟုတ် ...sitcomလုပ်ကြရအောင်လေ"
"Sitcom?"
(Sitcomဆိုတာက situtation comedyပါ၊ မူလက ရေဒီယိုမှာ ပေါ်ခဲ့တဲ့ ဟာသဇာတ်လမ်းမျိုးပါ)
"ဟုတ်တယ်၊ ကျွန်မ နာမည်ပါ စဉ်းစားထားပြီးပြီ။ အဲဒါကို 'ခရီးသွားအေဂျင်စီရဲ့ ဇာတ်လမ်း' လို့ခေါ်မယ်၊ ဇာတ်လိုက်က ချုံကျိုးကျွန်းရဲ့ ဧည့်လမ်းညွှန်အသစ်တစ်ယောက်ပေါ့။ သူက ခရီးသွားအေဂျင်စီမှာ ခရီးသွားမျိုးစုံနှင့် တွေ့ဆုံကြမယ်ပေါ့။ နွေးထွေးပြီး ရယ်စရာကောင်းတဲ့ဇာတ်လမ်းတွေလည်းပါမယ်"
ချင်းရို့ အလှမယ်ပြိုင်ပွဲကို ကျင်းပတော့မယ်လို့တွေးထားမိတာကြောင့် ကုန်ကျစရိတ်သက်သာသော Sitcomတစ်ကား၌ ရင်းနှီးမြုပ်နှံဖို့ ကြံရွယ်ထားခြင်းပင်။
"နတ်ဘုရားတို့ရဲ့အခမ်းအနား" နှင့် "လောင်ကျိုင်း" လိုမျိုး IP ကြီးတွေကို ရိုက်ကူး၍မရနိုင်ပေမယ့် Sitcomတစ်ကားရိုက်ဖို့တော့ ကုန်ကျစရိတ်သိပ်မများပေ။
ဘာပဲဖြစ်ဖြစ် ဒါက ကျွန်းပေါ်က ခရီးသွားအေဂျင်စီတစ်ခုရဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဇာတ်လမ်းတစ်ပုဒ်လုံးမှာ ဧည့်လမ်းညွှန်နှင့် ခရီးသွားဧည့်သည်တွေ ပါဝင်မည်ဖြစ်ပြီး ကျွန်းရဲ့ ရေမြေတောတောင်သဘာဝနှင့် ယဥ်ကျေးမှုတို့ကို ကြော်ငြာမည်ဖြစ်သည်။ ဒီလိုsitcomမျိုးဟာ တီဗီစီးရီးဖြစ်ရုံတင်မက၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးရုပ်ရှင်ဖြစ်သလို ပြောင်မြောက်တဲ့ ကြော်ငြာတွေလည်းပါဝင်လေ၏။
ဒီလိုSitcomတစ်ကားမှာ ရင်းနှီးမြုပ်နှံတာက ကုန်ကျစရိတ်သိပ်များဘူးလေ။
"ရှောင်ကျန်းရေ ရှင်က ဖန်တီးနိုင်စွမ်းရှိသလို ဒီကျွန်းရဲ့ ယဉ်ကျေးမှု သဘာဝတွေကို နားလည်တယ်လေ။ ဒီတော့ ရှင် ဒီလိုဇာတ်ညွှန်းမျိုး ရေးနိုင်လိမ့်မယ်လို့ ကျွန်မထင်တယ်"
ကျန်းယွမ့်ကျင်း အံ့အားသင့်သွားရလျက်။ "???!!!"
ဇာတ်ညွှန်းရေးရမယ် !!!
ကျန်းယွမ့်ကျင်း တီဗီရှိုးတွေလုပ်ရုံအပြင် သူ့ဘဝမှာ ဒီလိုမျိုးဖြစ်နိုင်ချေတွေရှိလာလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးခဲ့ပေ။
"ဥက္ကဌချင်း... ကျွန်တော် ကြိုးစားကြည့်မယ်ဗျာ"
ကျန်းယွမ့်ကျင်းက အာမမခံရဲပါချေ။ ဘုရားရေ ဇာတ်ညွှန်းရေးရမှာတဲ့!
"ရှဲ့လောင်ရှီးမှာ အကြံဥာဏ်တွေရှိသေးလားလို့ မေးဖို့ ကျွန်တော် သွားရှာလိုက်ဦးမယ်ဗျာ"
ချင်းရို့ စိတ်ထဲတွင် - မြန်မြန်သွားတော့၊ ရှင်တို့အလုပ်ရှုပ်နေရင် ကျွန်မစိတ်သက်သာရာရလိမ့်မယ်။ ကျွန်မအပေါ်မှာပဲ အာရုံစိုက်ပြီး ထူးထူးဆန်းဆန်းတွေရေးမနေနဲ့တော့။
အလှမယ်ပြိုင်ပွဲကို လာမည့်နှစ် မတ်လမှ ဧပြီလအတွင်း ကျင်းပရန် စီစဉ်ထားသဖြင့် ပြင်ဆင်ဖို့ အချိန်အနည်းငယ်ကျန်ပါသေးသည်။
"အလှမယ်ပြိုင်ပွဲ?" ညစာစားနေစဉ် လုယန် အလှမယ်ပြိုင်ပွဲအကြောင်း ကြားလိုက်ရသည်။
"ဟုတ်တယ်၊ ချုံကျိုးကျွန်းအလှမယ်ပြိုင်ပွဲကို တောင်ကျွန်းခရီးသွားအလှမယ်ပြိုင်ပွဲလို့လည်းခေါ်မယ်လို့ ကျွန်မတို့ဆွေးနွေးပြီးပြီ"
လုယန် မျက်ခုံးပင့်လိုက်ပြီး "အလှမယ်ပြိုင်ပွဲမှာ မင်း ဝင်ပြိုင်တော့မလို့လား?"
ချင်းရို့ သူမရဲ့ တူချောင်းတွေကို ချလိုက်ကာ "ရှင့်မိန်းမက အကဲဖြတ်ဒိုင်ဖြစ်တော့မှာလေ!"
သူမက အလှမယ်ပြိုင်ပွဲမှာ ပြိုင်စရာလားလို့? သူမရဲ့ ကိုယ်ပိုင်ပုလဲတွေကို ထောက်ခံပြီးတော့ ကိုယ်ပိုင်ရိုက်ကူးရေးမှာ ရင်းနှီးမြှုပ်နှံရမှာလားတော်?
လုယန် အပြုံးလေးနှင့် စနောက်လိုက်၏။ "ကိုယ့်ဇနီးလေးရေ မင်းပါဝင်မယ်ဆိုရင် မင်းဆုရမှာပဲကွာ။ အဲဒီအခါကျ သို့သို့ရုန်ရုန်လေးတို့ရဲ့ မာမားက တောင်ကျွန်းခရီးသွားအလှမယ်ဖြစ်လာလိမ့်မယ်လေ"
ချင်းရို့ သက်ပြင်းချလျက်: "အလှမယ်ပြိုင်ပွဲတွေမှာ ပါဝင်ကြတဲ့လူတွေက ယေဘုယျအားဖြင့် အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးငယ်လေးတွေပဲ။ ရဲဘော်လုယန်ရေ ကျွန်မတို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကို အတူတူပြန်သွားရင် အိမ်ထောင်မပြုတော့ဘူးလေ။ ဒါဆို ရှင့်ဇနီးက အခုအလှမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်လို့ရပြီပေါ့နော်"
"ဒါတော့မဖြစ်နိုင်ဘူး" လုယန်က သူမမျက်နှာလေးကို ညှစ်လိုက်ပြီး "မင်း အကဲဖြတ်ဒိုင်ထိုင်ခုံမှာ လေးလေးနက်နက်ထိုင်တာကပဲ ပိုကောင်းပါတယ်ကွာ"
xxx