အခန်း (၃၃၀-၃၃၁)
Vol. 27 Ch. 330-331
Ch-330
ချင်းရို့ သက်ပြင်းချလျက်: "အလှမယ်ပြိုင်ပွဲတွေမှာ ပါဝင်ကြတဲ့လူတွေက ယေဘုယျအားဖြင့် အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးငယ်လေးတွေပဲ။ ရဲဘော်လုယန်ရေ ကျွန်မတို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကို အတူတူပြန်သွားရင် အိမ်ထောင်မပြုတော့ဘူးလေ။ ဒါဆို ရှင့်ဇနီးက အခုအလှမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်လို့ရပြီပေါ့နော်"
"ဒါတော့မဖြစ်နိုင်ဘူး" လုယန်က သူမမျက်နှာလေးကို ညှစ်လိုက်ပြီး "မင်း အကဲဖြတ်ဒိုင်ထိုင်ခုံမှာ လေးလေးနက်နက်ထိုင်တာကပဲ ပိုကောင်းပါတယ်ကွာ"
"အမှန်ပဲ!" အကဲဖြတ်ဒိုင်ဖြစ်ရတာက ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ရတာထက် ပိုအဆင်ပြေတယ်လေ။
"ရှင့်ရဲဘော်ရှောင်ချင်းက အမျိုးသမီးဘော့စ်ဖြစ်ချင်တာလေ။ တော်လည်းတော်၊ လှလည်းလှတဲ့ တောင်ကျွန်းခရီးသွားအလှမယ်လေးကို ကျွန်မရဲ့ ရွှင်ရို့ပုလဲအကြောင်း ထောက်ခံကြေညာပေးဖို့ ရှာချင်တာပါနော်"
လုစစ်နင် : "တော်လည်းတော်၊ လှလည်းလှရမှာလား? အဲဒါက ရုန်ရုန်ဆိုတဲ့ မီးပဲလေ မဟုတ်ဘူးလားလို့? မီးလည်း အလှမယ်ပြိုင်ပွဲမှာ ပါဝင်ချင်တယ်"
လုစစ်ယောင် : "မီးလည်း သွားချင်တယ်!"
"မား မားက အိမ်ထောင်ပြုပြီးသားဆိုပေမဲ့ မီးတို့က အိမ်ထောင်မပြုရသေးဘူး!"
လုယန် အေးအေးဆေးဆေးပြောလိုက်သည်။ "သမီးတို့က အရမ်းငယ်သေးတယ်။ ပါးရဲ့ ပုခုံးလောက်ထိရောက်မှ ဒီအကြောင်းပြောရအောင်"
လုစစ်ယောင် : "မီးတို့က မားထက် အရပ်ပိုမြင့်ရင် သွားလို့ရပြီပေါ့!"
လုစစ်နင် : "မကြာခင်ပဲ!"
ချင်းရို့ : "ဟေ့ ဟေ့! ဒီအဖေနဲ့ သမီးတွေကို သတိပေးလိုက်မယ်နော်။ မားက မိသားစုထဲမှာ အပုဆုံးဖြစ်မှာလို့ ဘာလို့ဆုံးဖြတ်ရတာတုန်း?"
ဒီသမီးစုတ်လေးတွေက သူတို့မာမားအတွက် အနွေးဂျာကင်လေးတွေ မဟုတ်တော့ဘူးပဲ။ သူတို့မှာ သူတို့မာမားထက် အရပ်ပိုရှည်ချင်တဲ့ ရည်မှန်းချက်ရှိနေကြပြီ။
လုယန် ပြုံးလျက် အခွံခွာထားတဲ့ပုစွန်ကို သူမပန်းကန်ထဲ ထည့်ပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်၏။ သူ့မျက်လုံးတွေကတော့ 'ဒါအမှန်ပဲလေ၊ ငြင်းဆန်မနေပါနဲ့ကွာ'လို့ ပြောနေသယောင်။
လုစစ်နင် : "ဘာလို့လဲဆိုတော့ ဖွားဖွားနဲ့ ဒေါ်လေးက အရပ်ရှည်ကြတယ်လေ!"
လုစစ်ယောင်: "ပါးလည်း အရပ်ရှည်တယ်"
ချင်းရို့ : "..." ဒါပေမယ့် မာမားက အရပ်မပုပါဘူးနော်!
သူတို့မေမေက အရပ်မပုတဲ့အတွက် ဒီကလေးနှစ်ယောက်ကလည်း သူတို့မေမေထက် အရပ်ပိုမြင့်နိုင်ချေရှိသည်ပင်။
အနာဂတ်မှာ မိသားစုဓာတ်ပုံတွေရိုက်တဲ့အခါ သူမဟာ မိသားစုထဲမှာ တကယ်ပဲ အရပ်အပုဆုံးဖြစ်လာလိမ့်မယ်။
"မား စိတ်မပူပါနဲ့"
အကြီးဆုံးသားလိမ္မာလေး လုဝေကျိုးက ချက်ချင်းနှစ်သိမ့်ပေးလာ၏။ "အနာဂတ်မှာ ဖက်ထုပ်လေးကို အရပ်အပုဆုံးချွေးမလေးတစ်ယောက် ရှာခိုင်းလိုက်ကြတာပေါ့၊ မားက မိသားစုထဲမှာ အရပ်အပုဆုံးမဟုတ်တော့ဘူးနော်"
လုဝေကျယ် : "ကောကျမရှာဘဲ သားကဘာလို့ရှာရမှာလဲဟင်?"
အစ်ကိုကြီးဟာ သူများတွေအပေါ် စေတနာထားတတ်သူပင်။
လုဝေကျိုး တည်ငြိမ်စွာပြောလိုက်သည်။ "မင်းက ပါပါးလိုပဲ သေးသွယ်ကျစ်လစ်တဲ့သူမျိုးကို သဘောကျလိမ့်မယ်လို့ ကောထင်လို့ပါ"
လုဝေကျယ် : "ဖြစ်နိုင်တယ်၊ အရပ်ပိုပုရင် ချစ်ဖို့ကောင်းတယ်လို့ သားထင်တာ"
လုယန် ရယ်မောကာဖြင့် "ဟုတ်တာပေါ့၊ ချစ်စရာကောင်းတယ်--"
ခဏရပ်တန့်လိုက်ပြီးနောက် လုယန် ထပ်ပေါင်းပြောလိုက်၏။ "ချစ်စရာကောင်းပြီး လှပတယ်"
ချင်းရို့ အံကြိတ်ကာ "မင်းတို့ အရပ်ရှည်လာမယ်လို့ ကြိုပြောမနေကြနဲ့!"
အချင်းချင်း ကြွားလုံးထုတ်တတ်တဲ့ အလေ့အကျင့်ကို ဘယ်ကသင်ယူခဲ့ကြတာတုန်း? မင်းတို့ကိုယ်၌ကဖြင့် အရပ်တောင်ရှည်မလာသေးပဲနဲ့များ...
"မင်းတို့မာမား, ငါက အရပ်မပုဘူး!"
သူမက ၁.၆၅မီတာလောက်ရှိတာကို၊ ဒါက လုံးဝကိုအရပ်မပုပါဘူးနော်။
(၁.၆၅မီတာ = ၅ပေ၅လက်မနီးပါး)
ဒီကလေးနှစ်ယောက်က အသက်ဘယ်လောက်ရှိပြီမို့လဲ? သူတို့က ခုမှ ၁၂နှစ်ပဲရှိသေးတာ၊ အခုတော့ အနာဂတ်အိမ်ထောင်ရေးအကြောင်းပါ စဥ်းစားနေကြပြီပဲ။ သူတို့က သူတို့မာမားလိုမျိုး ချစ်စရာကောင်းတဲ့ဇနီးလေးလိုချင်နေကြပြီတဲ့။
အခုပဲ အလံထူလိုက်ကြတာပေါ့။ ညီအစ်ကိုနှစ်ယောက်ထဲက တစ်ယောက်ဟာ အရပ် ၁.၈မီတာရှည်တဲ့လူတစ်ယောက်ရှာမယ်၊ နောက်တစ်ယောက်က အရပ် ၁.၅မီတာရှိတဲ့သူတစ်ယောက်ရှာမယ်။ ပြင်းထန်တဲ့ ခြားနားချက်တစ်ခု ဖြစ်တော့မယ်။
လင်းနန်တက္ကသိုလ်မှ ဘွဲ့ရကျောင်းသူတစ်ဦးအနေဖြင့် ချင်းရို့သည် ယခု လင်းနန်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သူမက ပုလဲအလှကုန်ပစ္စည်းတွေ၊ အသားအရေထိန်းပစ္စည်းတွေနှင့် ပုလဲကျန်းမာရေးထုတ်ကုန်တွေကို သုတေသနပြုဖို့အတွက် ရည်ရွယ်ကာ ကွမ်ချန်နှင့် ချုံကျိုးကျွန်းအသီးသီး၌ ဇီဝဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းတစ်ခု တည်ထောင်ရန် စီစဉ်နေသည်။
ဓာတ်ခွဲခန်းတစ်ခုကို ပုလဲရဲ့ ပါဝင်ပစ္စည်းအရောအနှောတွေကို လေ့လာရန် အသုံးပြုနေသလို အခြားဓာတ်ခွဲခန်းကိုလည်း အလှကုန်တွေ လေ့လာရန် အသုံးပြုနေ၏။
လာမည့်နှစ်အနည်းငယ်အတွင်းမှာ ရွှင်ရို့ပုလဲအလှကုန်ထုတ်လုပ်ရေးလိုင်းကို တည်ထောင်နိုင်ဖို့ မျှော်လင့်ပေသည်။
လက်ရှိ အဓိကရောင်းချနေတဲ့ ကုန်ပစ္စည်းတွေကတော့ ပုလဲလက်မှုပစ္စည်းတွေနှင့် ပုလဲမှုန့်တွေဖြစ်ပြီး ပုလဲMaskတွေကိုလည်း မကြာခင် ထုတ်လုပ်တော့မည်ဖြစ်သည်။
ပုလဲရိတ်သိမ်းရာသီ ရောက်လို့လာပြန်လေပြီ။ ဒီနှစ် ပုလဲရောင်းအား အရမ်းကောင်းသလို နှစ်ကုန်ခါနီးအချိန်ကာလဟာ ချုံကျိုးကျွန်းအတွက် အမြင့်ဆုံးခရီးသွားရာသီဖြစ်လာလေ၏။ ခရီးသွားဧည့်သည်တွေ တစ်သုတ်ပြီးတစ်သုတ်ရောက်လာနေကြပြီး ပုလဲလက်မှုခြံ၏ ရောင်းအားမှာလည်း တအားလူကြိုက်များနေခဲ့သည်။
ပုလဲမွေးမြူရေးစက်ရုံတော်တော်များများက သူတို့ရဲ့ လုပ်ငန်းခွင်ကို ချဲ့ထွင်လာကြပြီး ပုလဲမွေးမြူရေးစက်ရုံအသစ်များစွာ ဖွင့်လှစ်ခဲ့ကြသည်။ အများစုမှာ အလုပ်ရုံငယ်လေးတွေပင်။
ချင်းရို့က ကုန်သည်ကြီးများအသင်းအဖွဲ့ဝင်များနှင့် အစည်းအဝေးလုပ်ကာ ဆွေးနွေးခဲ့ကြ၏။
"လင်းရွှေမှာ ထုတ်လုပ်မှုပမာဏကို အလွန်အကျွံ ဆက်လက်ချဲ့ထွင်လို့မရတော့ဘူး"
လင်းရွှေ၌ ပုလဲမွေးမြူရေးလုပ်ငန်းကို ဆက်လက်ချဲ့ထွင်နေမည်ဆိုပါက ဒီက ပင်လယ်လည်း အနှေးနဲ့အမြန်ဆိုသလို ခံနိုင်မှာမဟုတ်တော့ဘူး။ ပင်လယ်ရေထုညစ်ညမ်းမှုမှာ ဆိုးရွားလာမည်ဖြစ်ပြီး ဒီမှာ ထုတ်လုပ်နေတဲ့ ပုလဲတွေရဲ့ အရည်အသွေးလည်း ကျဆင်းလာတော့မည်ပင်။
"မကြာသေးမီနှစ်များအတွင်း အဖတ်တင်တဲ့ မုတ်ကောင်ပုလဲတွေ နည်းသထက်နည်းလာလေပြီ"
…
"ဟိုက စမ်းသပ်စခန်းမှ သုတေသီတွေလည်း နိဂုံးချုပ်လိုက်ကြပြီ... မိခင်ပုလဲ ပေါက်ပွားနှုန်း အရမ်းများလွန်းရင် နောင်မှာ မျိုးစိတ်တွေ ယိုယွင်းပျက်စီးလာလိမ့်မယ်..."
အစည်းအဝေး၌ ချင်းရို့က တချို့နေရာများတွင် ပုလဲမုတ်ကောင်တွေဖမ်းဆီးခြင်းကို လျှော့ချရန်နှင့် ပင်လယ်ရေနက်ပိုင်းအတွင်းသို့ လူလုပ်ပုလဲမုတ်ကောင်မျိုးစေ့တွေ သိုလှောင်ရန် အကြံပြုခဲ့သည်။
"ဒါ့အပြင် နေရာတစ်ခုကို ရွေးချယ်ပြီးရင် ကျွန်မတို့ရဲ့ ရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံက မင်ရှားကျွန်းမှာ ပုလဲမွေးမြူရေးအခြေစိုက်နေရာအသစ်ကို တည်ထောင်ဖို့ ဦးဆောင်ပါမယ်"
တွန့်ဆုတ်နေကြတဲ့ ကုန်သည်ကြီးများအသင်းရဲ့ အဖွဲ့ဝင်တချို့ : "ရှင်းကျေးရွာမှာ ပုလဲဘုရင်မွေးဖွားလာလို့ လူတွေအများကြီးက ဒီမှာ ပုလဲလာကြည့်ကြတာလေ။ တခြားနေရာမှာ သွားမွေးရင် အဲဒီကပုလဲတွေက လင်းရွှေကပုလဲတွေနဲ့ ယှဥ်နိုင်ပါ့မလား?"
"သုတေသီတွေက ရွေးချယ်ထားတဲ့ ပင်လယ်ကွေ့အသစ်ကို သွားစစ်ဆေးကြည့်ပြီးပြီပြောတယ်။ ပုလဲမွေးမြူဖို့ ပိုသင့်တော်တယ်တဲ့။ ပြီးတော့ အဲဒီနေရာက နှစ်စဉ်တိုင်ဖွန်းမုန်တိုင်းဒဏ်ကို ခံရခဲတယ်လေ..."
ကုန်သည်ကြီးများအသင်းဝင်တွေ ဘယ်လိုပဲရွေးချယ်ကြပါစေ၊ ချင်းရို့၏ ရွှင်ရို့ပုလဲမွေးမြူရေးစက်ရုံကတော့ နေရာအသစ်၌ ပုလဲမွေးမြူရေးအခြေစိုက်စခန်းတစ်ခုကို တည်ထောင်မည်ဖြစ်သည်။
ထိုနေရာက အတော်လေးဝေးလံခေါင်သီတာကြောင့် မွေးမြူရေးသမားတွေအတွက် ချင်းရို့၏ ဆက်ဆံပုံမှာ အလွန်မြင့်မားလှသည်။ ပိုအရေးကြီးတာက မင်ရှားကျွန်းက ဒေသခံတွေကို ပုလဲမွေးမြူရေးမှာပါဝင်ရန် စည်းရုံးဖို့ပင်။
ယခုအချိန်တွင် ကျုံးယင်းလမ်းမရှိ ဘော့စ်ဟွမ်နှင့် သူ့အမျိုးသမီးက "နင့်ပုလဲတွေ အရမ်းရောင်းကောင်းနေပြီ!"
"အထူးသဖြင့် ဒီရွှေငှက်မွေးဆွဲကြိုးပဲ၊ ဒီဆွဲကြိုးဝယ်တဲ့သူတိုင်း ပုလဲတစ်လုံးလက်ဆောင်ရတယ်လေ"
"နင့်မှာ ပုလဲလည်ဆွဲတွေများများရှိရင် ငါတို့ဆိုင်မှာတင်ရောင်းလို့ရတယ်..."
…
အခြားပုလဲအရောင်းလမ်းကြောင်းတစ်ခုလည်း ရှိသေးသဖြင့် ကျွန်းပေါ်ရှိ ပုလဲစီးပွားရေးဟာ နေ့စဉ်နှင့်အမျှ တိုးတက်ဖွံ့ဖြိုးလျက်ရှိသည်။ အလုပ်ရုံငယ်လေးဖွင့်ထားတဲ့လူတွေတောင် ငွေအများကြီးရှာနိုင်ကြကာ တချို့ဆို ၂နှစ်အတွင်း အနောက်တိုင်းပုံစံအိမ်ငယ်လေးတစ်လုံးဆောက်နိုင်သည်အထိ ငွေလုံလုံလောက်လောက်စုနိုင်သွားလေသည်။
အစ်မဖြစ်သူ ချင်းမျန့်တို့မိသားစုလည်း ဒီနှစ်တွေအတွင်းမှာ ငွေများစွာ စုဆောင်းခဲ့သည်။ မူလက သူတို့ အိမ်အသစ်ဆောက်ရန် ဆုံးဖြတ်ခဲ့ပေမယ့် အခု ချန်ကျင်းရိ ဟွာချင်းတက္ကသိုလ်မှာ ဗိသုကာပညာကို လေ့လာသင်ယူနေတာကြောင့် ချင်းမျန့်က ဒီလိုတွေးခဲ့သည်။
"ကျင်းရိဘွဲ့ရတဲ့အခါ သူ့မိဘတွေအတွက် အိမ်တစ်လုံး ဒီဇိုင်းဆွဲခွင့်ပြုလိုက်မယ်"
"ငါ့သားလေး ဒီဇိုင်းဆွဲပေးထားတဲ့ အိမ်မှာနေမယ်၊ ဒါ ငါဖြစ်ချင်တဲ့အရာပဲ"
ချန်ကျင်းရိက သူ့အမေကို မပြောဘဲမနေနိုင်တော့ပေ။ "သား အခု အိမ်ဒီဇိုင်းဆွဲရင်တောင် အဆင်ပြေတယ်"
ချင်းမျန့် : "သား ကောလိပ်တောင်မပြီးသေးဘူးလေ၊ သား ဒီဇိုင်းဆွဲထားတဲ့အိမ်က ပြိုကျရင် ဘယ်နှယ့်လုပ်မတုန်း?"
"သားမာမားကို လန့်အောင်မလုပ်စမ်းပါနဲ့ကွယ်"
ချင်းမျန့်က သူမသားဖြစ်သူကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့အိမ်လေးမှာ နေချင်ပေမယ့် သားဖြစ်သူ ဒီဇိုင်းဆွဲထားတဲ့အိမ်က စိတ်မချရမှာ စိုးရိမ်သည်ကြောင့် သူမ အရမ်းစိတ်ရှုပ်ထွေးနေရသည်ပင်။
ဒါဟာ အတန်းထဲမှာ ဆေးပညာလေ့လာနေတဲ့ အတန်းဖော်တစ်ယောက်လိုပါပဲ။ လူတွေက သူ့ဆေးပညာအရည်အချင်းကို မယုံနိုင်ကြဘူးလေ၊ နောက်ဆုံးတော့ သင်က အတန်းထဲမှာ ပေါ့ပေါ့ဆဆနေတဲ့ သူ့ကို မြင်ဖူးလို့ စိတ်မချရသလိုမျိုးပေါ့။
ချန်ကျင်းရိ : "…"
"သား အတန်းတွေသေချာတက်ပြီး ဆရာပြောတာတွေ ဂရုတစိုက်နားထောင်သင့်တယ်နော်။ ဒါမှ အနာဂတ်မှာ အန္တရာယ်များတဲ့အဆောက်အဦးတွေကို မဆောက်မှာ"
ချန်ကျင်းရိ ကူကယ်ရာမဲ့စွာဖြင့် "မား သားက ပြိုကျမယ့်အိမ်တွေကို မဆောက်ပါဘူးဗျာ"
ဗိသုကာပညာရှင်တွေက မိမိအိမ်ကို ထိခိုက်စေမည်မဟုတ်ပေ။ ရိုးရိုးအိမ်တစ်လုံးကိုတောင် ပြိုကျမယ့်အိမ်အဖြစ် ဆောက်မိရင် သူတို့က အဆောက်အဦးတွေကို ဘယ်လိုဒီဇိုင်းထုတ်နိုင်မှာလဲနော်?
"ဒါက ရိုးရိုးအနောက်တိုင်းပုံစံအိမ်လေးပဲလေဗျာ။ ဒီဇိုင်နာမရှာရင်တောင် ပေါ့ပေါ့ပါးပါး ဆောက်လို့ရတယ်၊ ပြိုကျမှာမဟုတ်ဘူး"
ချင်းမျန့် : "ဒါတော့ ပြောရခက်တယ်လေ။ ဘာပဲဖြစ်ဖြစ် မားတို့ကျွန်းမှာက တိုင်ဖွန်းမုန်တိုင်းတိုက်တတ်တာကို"
…
ချင်းရို့လည်း ဒီသားအမိတွေ ဖုန်းပြောနေတာကို နားထောင်ရင်း ရယ်မောနေရ၏။
xxx
Ch-331
ချင်းရို့လည်း ဒီသားအမိတွေ ဖုန်းပြောနေတာကို နားထောင်ရင်း ရယ်မောနေရ၏။
ချင်းမျန့်ဟာ တည်ငြိမ်သူဖြစ်သလို ရံဖန်ရံခါ စိတ်ကူးများစွာရှိတတ်သည်။ "ကွမ်ချန်က အဆောက်အဦးမှာ လှည့်နေတဲ့စားသောက်ဆိုင်တစ်ခုရှိတယ်လေ! မားတို့အိမ်မှာရော တစ်ခုလောက်ထည့်လို့ရလား?"
ချန်ကျင်းရိ: "... အဲဒါမလိုပါဘူး" အထပ်မြင့် အဆောက်အဦးက လှည့်နေတဲ့စားသောက်ဆိုင်ဆိုတာဟာ ရှုခင်းကြည့်ဖို့သုံးတာလေ။
"ကျင်းရိ ဒီနှစ်သစ် အိမ်ပြန်လာမှာလား?"
"ဟုတ်ကဲ့ ဒေါ်လေး၊ အချိန်ရောက်ရင် ရထားလက်မှတ်ဖြတ်ဖို့ တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်မယ်"
"သားကောနဲ့အတူ ပြန်လာလေ"
ချန်ကျင်းရိ ခဏတုံ့ဆိုင်းသွားပြီးမှ "ကောက အခု ချိန်းတွေ့နေတာ"
ဖုန်း၏တစ်ဖက်ခြမ်းမှ ချင်းမျန့်က ပေါက်ကွဲသွားတော့မလိုပင်။ ချင်းရို့လည်း ထိတ်လန့်သွားပေမယ့် ချန်ကျင်းဟွရဲ့ အသက်ကို ပြန်တွေးကြည့်မိတဲ့အခါ... တကယ်ပဲ ချိန်းတွေ့ဖို့ အချိန်ရောက်နေပြီပဲလေ။
ဖုန်းချလိုက်ပြီးနောက် ချင်းမျန့်က ညီမဖြစ်သူ ချင်းရို့အား စိတ်လှုပ်ရှားစွာဖြင့် "ငါ ငါ ငါ... အားမိန့်ရေ ငါ အဖွားဖြစ်တော့မယ်လို့ နင်ထင်လား?"
ချင်းရို့ ရယ်ရမလား ငိုရမလားပင် မသိတော့။ "ကျင်းဟွက နောက်နှစ်မှာ အိမ်ထောင်ကျရင်တောင် နင် အဖွားဖြစ်လာဖို့ နောက်ထပ်တစ်နှစ်၊ နှစ်နှစ်လောက် စောင့်ရဦးမှာပါနော်"
"အားမိန့်ရေ နင်က အရမ်းလှနေသေးတယ်ဆိုတော့ အလှမယ်ပြိုင်ပွဲမှာ သွားပြိုင်လို့ရသေးတယ်။ ဒါပေမဲ့ နင့်အစ်မ, ငါကတော့ အဖွားတောင်ဖြစ်လာတော့မယ်တဲ့"
"ဒါဆို နင်-- နင်က ဖွားလေးပေါ့နော်?"
"အိုး ဘယ်လိုတောင်လှပလွန်းတဲ့ဖွားလေးလဲဟယ်!"
ချင်းရို့ : "..." သူမက အခု အသက်၃၀ကျော်လေးပဲရှိသေးတာလေ၊ အတိအကျဆို ၃၂နှစ်ပေါ့၊ နောက်နှစ် အသက်၃၃နှစ်အရွယ်မှာ ဖွားလေးတစ်ယောက်အဖြစ် ရာထူးတိုးသွားတော့မှာလား?
"မမရယ် အများကြီးမတွေးပါနဲ့၊ သူတို့က အခု အိမ်ထောင်မပြုရသေးဘဲ ချိန်းတွေ့တုန်းရှိသေးတာကို။ အနာဂတ်မှာ ကျင်းဟွ သူမကို ပြန်ခေါ်လာတဲ့အခါမှ နင် ဒါတွေ ပူပန်နေလိုက်တော့"
ချင်းမျန့်က သက်ပြင်းချပြီး "သူက ကောင်မလေးကို အိမ်ခေါ်လာတဲ့အခါ ငါက ဘာလို့ပူပန်နေသင့်တာတုန်း? သူကြိုက်တာသူလုပ်လို့ရပါတယ်။ ငါ့မတ်လေးတောင် နင့်လို ငရုတ်သီးလေးကို တွေ့တဲ့အခါ နည်းနည်းလေးတောင် မစဉ်းစားဘဲ တန်းလက်ထပ်ပစ်လိုက်တာကို"
ချင်းရို့မျက်နှာပေါ်မှာ ဘာအမူအရာမှမရှိဘဲ ပြောလိုက်၏။ "ဟိုတုန်းက ငါ့ခဲအိုလည်း နင့်လို ငရုတ်သီးကို တွေ့တာနဲ့ တွေးတောင်မတွေးဘဲ တန်းလက်ထပ်ခဲ့တာပဲလေ"
"လုယန်က အစပ်စားရတာကို မကြိုက်တဲ့အတွက် ငါလည်း သူ့အတွက် အစပ်တွေမချက်ကျွေးဘူးလေ။ မမရေ နင်ကတော့ ခဲအိုအတွက် မာပိုတို့ဟူး၊ ပုဇွန်အစပ်ကို မကြာမကြာ ချက်---"
ချင်းမျန့် : "…"
အခုပဲ အိမ်ပြန်ရောက်လာတဲ့ ချန်မျန့်က ညီအစ်မနှစ်ယောက်ရဲ့ စကားဝိုင်းကို ကြားလိုက်ရ၍ ကူကယ်ရာမဲ့စွာ ပြောလိုက်လေ၏။ "ဘာပဲပြောပြော မင်းရဲ့ခဲအို, ငါ့အတွက် ပိုခက်ခဲပါတယ်ကွာ"
သူတို့နှစ်ယောက်လုံးက ငရုတ်သီးမလေးတွေနဲ့ အိမ်ထောင်ကျခဲ့ပေမယ့် ငါ့ယောက်ဖ လုယန်က ဘာကြောင့်များ အိမ်ထောင်ပြုပြီးနောက် ပျော်ပျော်ကြီး စားနိုင်သောက်နိုင်နေရတာလဲ?
ကျောင်းအုပ်ချန် ဒီအကြောင်းတွေးမိတိုင်း မနာလိုဖြစ်ရသည်။
ချင်းမျန့် မကျေမနပ်ပြောလိုက်သည်။ "ဒီလောက်နှစ်တွေကြာလှပြီကို ရှင်က အစပ်စားရတာ အသားမကျနိုင်သေးဘူး။ ရှင်က တကယ့်ကို မျှော်လင့်ချက်မရှိတော့ဘူးပဲ"
ချင်းရို့ နံဘေးမှ ဝင်ပြောလိုက်၏။ "ငါတို့ကျွန်းမှာ စိုက်ထားတဲ့ ငရုတ်ကောင်းတွေက အရသာရှိတယ်နော်။ မမရေ နင် ဟင်းချက်တဲ့အခါ၊ ခေါက်ဆွဲပြုတ်တဲ့အခါ ငရုတ်ကောင်းတွေ များများဖြူးလေ"
ချန်မျန့်က လျှာတောက်လိုက်ပြီး "မင်းတို့ညီအစ်မနှစ်ယောက်လုံးက ပြဿနာအိုးတွေပဲကွာ"
"ကျွန်းပေါ်က လူတွေက တကယ်တော်ကြတာပဲ။ မင်းတို့ကြည့်လေ၊ အပူဆုံးအစပ်ဆုံး အဝါရောင် ငရုတ်သီးတွေကိုတောင် မင်းတို့အတွက် ချိုမြိန်အောင်လုပ်ပေးနိုင်တယ်"
နှစ်ကုန်၌ ချန်ကျွမ်းကျွမ်းက အရင်ပြန်ရောက်လာကာ သူမနှင့်အတူ သူငယ်ချင်းမလေးတစ်ဦးကိုပါ ခေါ်လာခဲ့သည်။ ချန်ကျွမ်းကျွမ်းက သူမပြန်လာမည့်အကြောင်း ဒီတစ်ကြိမ်တော့ ကြိုမပြောထားဘဲ အင်္ဂလိပ်စာဆရာမအလုပ်ကနေပါ တစ်ခါတည်းထွက်လာခဲ့ပြီး ချုံကျိုးကျွန်းမှာ အလုပ်လုပ်ဖို့ ပြန်လာခဲ့ခြင်းပင်။
သူမဘေးက သူငယ်ချင်း ဖုန်းယွီလန်က သူမအား ဆက်လက်ဖြောင်းဖြနေဆဲ။ "နင် တကယ်ပဲ အင်္ဂလိပ်စာဆရာမ မလုပ်တော့ဘူးလား? ဒါက ကျောင်းကောင်းတစ်ခုက အစိုးရဆရာမအလုပ်လေဟာ။ လူတိုင်း မနာလိုဖြစ်ရတဲ့ လေးစားဖွယ်အလုပ်တစ်ခုလေဟယ်"
လူအများစုသည် အမျိုးသမီးတွေအတွက် ဆရာအလုပ်ဟာ အသင့်တော်ဆုံးလို့ ထင်မြင်ကြသည်။ ဆရာအလုပ်ဟာ အတည်ငြိမ်ဆုံးနှင့် သက်တောင့်သက်သာအရှိဆုံး အလုပ်ဖြစ်သလို ယောက္ခမအများစုကလည်း ဆရာမလုပ်တဲ့ ချွေးမတွေကို သဘောကျကြသည်ပင်။
သူမဟာ ဆောင်းရာသီနှင့် နွေရာသီအားလပ်ရက်ရှိရုံတင်မက ကလေးတွေကိုလည်း ပြုစုစောင့်ရှောက်တတ်သလို ပညာသင်ပေးနိုင်ပြီး မိသားစုကို အလေးပေးတတ်ကြသည်။
ချန်ကျွမ်းကျွမ်းက ခေါင်းယမ်းလိုက်ပြီး "အရင်က ငါလည်း ငါ့အဖေလိုမျိုး ဆရာတစ်ယောက်ဖြစ်ဖို့ သင့်တော်တယ်လို့ ထင်ခဲ့ပေမယ့် မကြာသေးခင်ကမှ အလေးအနက်ထားစဉ်းစားကြည့်တော့ ငါက ဆရာအလုပ်နဲ့ မသင့်တော်မှန်း သိလိုက်ရတယ်"
"စွင်းမင်ကြောင့်လား?" ချန်ကျွမ်းကျွမ်းက ကျောင်းမှာ စွင်းမင်နှင့် ချိန်းတွေ့ခဲ့ပြီး နောက်ပိုင်းတွင် သူ့အတွက်နဲ့ မြောက်ပိုင်းမှာ နေထိုင်ခဲ့သည်။
ချန်ကျွမ်းကျွမ်းဟာ ကျောင်းကလူတစ်ယောက်နဲ့ လျှို့ဝှက်စွာချိန်းတွေ့နေခဲ့ပေမယ့် သူမမိသားစုကို မပြောပြခဲ့ပေ။ ဘွဲ့ရပြီးနောက် မြို့တော်ရှိ ကျောင်းတစ်ကျောင်းတွင် ဆရာမအဖြစ် တာဝန်ပေးအပ်ခံရလေသည်။ စွင်းမင်ရဲ့ မိသားစုကလည်း မြို့တော်မှာ ရှိနေပြီး သူ့မိဘတွေက ချန်ကျွမ်းကျွမ်းရဲ့ အလုပ်ကို အရမ်းကျေနပ်ကြသော်လည်း အရမ်းဝေးလွန်းသည့် တောင်ကျွန်းဖြစ်တဲ့ သူမရဲ့နောက်ခံကိုတော့ သိပ်မကြိုက်ကြချေ။
"တကယ်မဟုတ်ဘူး၊ ငါ့ဘာသာ အိမ်ပြန်ချင်လို့ပါဟယ်။ ငါ့ကိုယ်ငါ ဘယ်လောက်ပဲဖြောင်းဖြနေပါစေ၊ ငါ ဒီလိုဘဝမျိုးကို လက်မခံနိုင်သေးလို့" အင်္ဂလိပ်စာဆရာတစ်ယောက်အနေနဲ့ ဆရာအလုပ်ဟာ တကယ်မခက်ခဲပါချေ။ အရာအားလုံးကို တစ်ချက်ကြည့်ရုံနဲ့တင် အဆုံးထိမြင်နိုင်တဲ့ ဒီလိုဘဝမျိုးကို ကြောက်မိတယ်။
စွင်းမင်ရဲ့ မိဘတွေက ကျောင်းဆရာလုပ်တာဟာ ကောင်းကြောင်း၊ လက်ထပ်ပြီးနောက် ခင်ပွန်းသည်နဲ့ ကလေးတွေကို အိမ်မှာ ပြုစုစောင့်ရှောက်ပေးသင့်ကြောင်း ပြောခဲ့သည်။ ဆိုလိုတာက မင်းရဲ့ အနာဂတ်ဘဝတစ်ခုလုံး အာရုံစိုက်ရမှာက ကလေးမွေးပေးဖို့၊ ကလေးတွေကို ပျိုးထောင်ပေးဖို့ပဲ။
မင်း ကလေးမွေးပေးသရွေ့ အထူးသဖြင့် ယောကျ်ားလေးမွေးပေးရင် မင်းဟာ စွင်းမိသားစုရဲ့ ကြီးကျယ်တဲ့ပံ့ပိုးသူဖြစ်မယ်၊ အနာဂတ်မှာ ကလေးတွေကို ပြုစုပျိုးထောင်ရမယ်။ မင်း အလုပ်မလုပ်ဘဲ အိမ်မှာပဲနေ့တိုင်းနေရင်တောင်မှ မင်းရဲ့ခင်ပွန်းဘက်က မင်းကို ထောက်ပံ့ပေးမယ်။
မင်း အလုပ်ကြိုးစားနေစရာမလိုတော့ဘူး၊ ငါတို့မိသားစုမှာ ပိုက်ဆံရှာဖို့အတွက် မင်းကို မလိုဘူး၊ မင်းက ဂုဏ်ကျက်သရေရှိတဲ့ ဆရာတစ်ယောက်ဖြစ်နေရုံပဲ...
"ဒီလိုဘဝမျိုးကို အားကျနေမယ့် မိန်းကလေး ဘယ်နှစ်ယောက်လောက်ရှိမလဲကွယ်"
"ရောင့်ရဲတတ်စမ်းပါ၊ မင်း ငါတို့စွင်းမင်ကို ရှာတွေ့ခဲ့တာပဲ"
…
စွင်းမိသားစုရဲ့ စကားတွေက သူမအား "အနာဂတ်မှာ ပျော်ရွှင်လွယ်ကူတဲ့ဘဝလေးတစ်ခု"ရနိုင်ကြောင်း ပြသနေသော်ငြား ချန်ကျွမ်းကျွမ်း ကြားလိုက်ရသည့်အခါ စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။
တည်ငြိမ်တဲ့ဆရာတစ်ယောက်ဖြစ်ဖို့? စွင်းမိသားစုမှာ နာနာခံခံနှင့် စဥ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့ ဇနီးမယားဖြစ်ဖို့? ဒါမှမဟုတ် လူတိုင်းအားကျရတဲ့ ချွေးမမျိုး...
ဒီလိုဘဝမျိုးက အရမ်းလွယ်ကူပေမယ့် ချန်ကျွမ်းကျွမ်း နေချင်တဲ့ဘဝမျိုးမဟုတ်ခဲ့ပေ။ သူမ လပေါင်းများစွာ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးတွင် ဆရာမအဖြစ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအကြောင်းကြောင့် စွင်းမင်ကလည်း သူမနှင့် လမ်းခွဲရန် ရွေးချယ်ခဲ့သည်။
ချန်ကျွမ်းကျွမ်းကတော့ နောင်တမရပါပေ။ စွင်းမင်နှင့် လမ်းခွဲပြီးနောက် သူမ ပိုပြီးတော့ စိတ်အေးလက်အေးဖြစ်သွားသလို ခံစားခဲ့ရသည်။ သူမရဲ့ နှလုံးသားအောက်ခြေထဲက ဇနီးကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက် ဘဝမျိုးကို မနေချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။
သူမ တက္ကသိုလ်စတက်တုန်းကတော့ စီးပွားရေးလမ်းကြောင်းတွေ ဖွင့်ခါစဖြစ်ပြီး ပြင်ပကမ္ဘာကြီးနှင့် အဆက်အသွယ်နည်းပါးတဲ့ ကျောင်းသူဖြစ်သည့်အလျောက် သူမရဲ့ အတွေးအမြင်ထဲမှာ ဆရာတစ်ယောက်ဖြစ်ရတာ ဘဝအတွက် ရွေးချယ်မှုကောင်းတစ်ခုလို့ တွေးတောခဲ့သည်။ အကြောင်းကတော့ အဖိုးရော အဖေပါ ကျောင်းဆရာတွေဖြစ်လို့ပါပဲ။
ကောလိပ်ကျောင်းသားဘဝအတွေ့အကြုံနှင့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ လူ့အဖွဲ့အစည်းအတွင်း အပြောင်းအလဲတွေကို မြင်တွေ့ခဲ့ရပြီးနောက် ချန်ကျွမ်းကျွမ်းက ကမ္ဘာကြီးကို ကောင်းကောင်းပိုသိနားလည်လာကာ ဆရာအလုပ်ဟာ သူမ အလုပ်ချင်ဆုံးအလုပ်မဟုတ်ကြောင်း စတင်ခံစားလာရသည်။
အရမ်းငြီးငွေ့စရာကောင်းလွန်းတယ်၊ တစ်ချက်ကြည့်ရုံနဲ့ ဒီလိုဘဝရဲ့ အဆုံးသတ်အထိ မြင်နိုင်တာမျိုးကို ကြောက်မိသည်။
လူအများစုက သူမကို ဖြောင်းဖြကြသော်လည်း ချန်ကျွမ်းကျွမ်းကတော့ သူမရဲ့ အင်္ဂလိပ်စာဆရာမအဖြစ်မှ နှုတ်ထွက်ခဲ့လေသည်။
"ကျွမ်းကျွမ်းရေ နင် ချုံကျိုးကျွန်းကို ပြန်တော့မှာပေါ့၊ ချုံကျိးကျွန်းမှာ ဆောင်းရာသီနဲ့ နှင်းတွေ မရှိဘူးလို့ ငါကြားတယ်ရော"
"ဟုတ်တယ်၊ ငါ ကျွန်းပေါ်မှာ နှင်းတွေ တစ်ခါမှမမြင်ဖူးဘူး"
ဖုန်းယွီလန်ဟာ ချန်ကျွမ်းကျွမ်းရဲ့ သူငယ်ချင်းကောင်းတစ်ဦးပင်။ သူမ အလုပ်ကထွက်ပြီး ချုံကျိုးကျွန်းကို ပြန်သွားမယ်လို့ ကြားသည့်အခါ သူမ(FYL)က ချုံကျိုးကျွန်းအကြောင်းသိချင်၍ တောင်ပိုင်းဆောင်းရာသီကို တွေ့ကြုံခံစားလိုတဲ့အတွက် တောင်ပိုင်းအစွန်ဆုံး ချုံကျိုးကျွန်းသို့ လိုက်ပါလာခဲ့လေသည်။
နှစ်ယောက်သား တောင်ပိုင်းသို့ ခရီးထွက်လာကြသည်နှင့် သူတို့ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားတွေ လျော့ပါးလာလေပြီ။ သူတို့ ရထားပေါ်တက်ချိန်တုန်းက မြို့တော်မှာ နှင်းတွေကျနေတာကြောင့် ထူထူထဲထဲအဝတ်တွေနဲ့ သူတို့ကိုယ်သူတို့ ထုပ်ပိုးထားခဲ့ကာ တောင်ပိုင်းသွားသည့်လမ်းတစ်လျှောက် အဝတ်တွေကို ချွတ်ပစ်ခဲ့ရပြီး ကွမ်ချန်ကိုရောက်တဲ့အခါ ကိုယ်ပေါ်မှာ အဝတ်နှစ်ထည်လောက်ပဲကျန်ပါတော့သည်။ ထို့နောက် ချုံကျိုးကျွန်းသို့ သင်္ဘောနဲ့ ခရီးဆက်ခဲ့ကြလေ၏။
ချန်ကျွမ်းကျွမ်း လှိုင်းမမူးတော့ပေမယ့် ဖုန်းယွီလန်ကတော့ သင်္ဘောပေါ်မှာ တစ်လမ်းလုံး အော့အန်လာရကာ သူမတစ်ကိုယ်တည်း ရေရွတ်နေလေရဲ့။ "ငါ ပင်လယ်ဓားပြသင်္ဘောပေါ် ရောက်နေပြီ..."
ဒါက ပင်လယ်ဓားပြသင်္ဘောပဲမဟုတ်လား? ချုံကျိုးကျွန်းက အရမ်းဝေးတယ်ဆိုတာ သူမသိပေမယ့် ဒီလောက်ကြီးဝေးလိမ့်မယ်လို့တော့ မထင်မိဘူးလေ။ သူမ ရထားစီးရပြီးတော့ သင်္ဘောထပ်စီးရလို့ လှိုင်းမူးနေပြီလို့... သူမ အကြိမ်ပေါင်းများစွာ လှည့်ပြန်ချင်သော်ငြား ဒီလို တွေးမိပြန်သည်၊ ဒီအထိရောက်နေပြီးမှတော့ ကမ္ဘာကြီးအစွန်းပိုင်းထိ မသွားသင့်ဘူးလားနော်?
သူမ ပင်လယ်ဓားပြသင်္ဘောပေါ်မှာ ရောက်နေပြီပဲလေ။
သင်္ဘောပေါ်မှဆင်းပြီးနောက် နေရောင်ခြည် ပြင်းလွန်းလှ၍ ဖုန်းယွီလန် သူမရဲ့ အပေါ်ဝတ်ကို ချွတ်လိုက်ပြီး အံ့သြတကြီးဖြင့် "ဒါ... ဒါက တကယ်ကြီး နွေရာသီမဟုတ်ဘူးလားဟယ်?"
xxx