အခန်း (၃၃၂-၃၃၃)
Vol. 27 Ch. 332-333
Ch-332
ချန်ကျွမ်းကျွမ်းက ဖုန်းယွီလန်ကို ကားဖြင့်ခေါ်လာခဲ့သည်။ ဖုန်းယွီလန် ကားပေါ်ကဆင်းလိုက်သည်နှင့် ကမ်းခြေက ရှုခင်းတွေ အရမ်းလှနေလွန်းတာကြောင့် ထွက်မသွားချင်တော့ပေ။
နေရောင်ခြည်တောက်ပနေပြီး ပြာလဲ့လဲ့ ကောင်းကင်ကြီးက တအားလှပနေကာ ဖြူဖြူဖွေးဖွေးတိမ်အစုစုတို့ကလည်း ကောင်းကင်ယံမှာ စုစည်းနေသလို ကမ်းခြေမှာ ပင်လယ်ရေတွေကလည်း ငြိမ်သက်စွာ လှိုင်းထနေလေရဲ့။
ဖုန်းယွီလန်သည် သင်္ဘောပေါ်မှာတုန်းက ငါးသေတစ်ကောင်လို မလှုပ်မယှက်ဖြစ်နေခဲ့ပြီး သင်္ဘောပေါ်မှ ဆင်းလာသည်နှင့် ချက်ချင်းပင် သူမရောက်နေတဲ့ကျွန်းအကြောင်း သိချင်စိတ်တို့ပေါ်လာလေပြီ။
- ဒါက အပူပိုင်းဒေသကျွန်းတစ်ကျွန်းပဲ!
သူမအတွက်တော့ မြင်မြင်သမျှအရာတိုင်းဟာ အသစ်အဆန်းတွေဖြစ်နေလေရဲ့။
သက်တောင့်သက်သာရှိတဲ့ ပင်လယ်လေညင်းလေးဟာ သူမမျက်နှာကို တိုက်ခတ်လာသလို သူမဆံနွယ်တွေလည်း လေညင်းလေးကြောင့် လွင့်နေလျက်။ ဖုန်းယွီလန် သူမလက်ကို နဖူးပေါ်တင်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။
"ဒီက ကမ်းခြေမှာ အုန်းပင်တွေရှိတယ်မလား? ကျွမ်းကျွမ်းရေ တချက်သွားကြည့်ရအောင်လေ!" ဖုန်းယွီလန် ဓာတ်ပုံထဲက ၁၀မိုင်ငွေရောင်ကမ်းခြေကို တွေးမိသွားကာ ချက်ချင်းပင် တက်ကြွလာလေပြီ။
"ဘာဘရီမျောက်တွေလည်းရှိတယ်လို့ နင်ပြောတယ်မလား? မျောက်တွေ ဘယ်မှာလဲဟင်? အနောက်ဘက်သို့ခရီးသွားခြင်းထဲက တုန်းရှန့် ရှန်ကျိုးက ဒါမဟုတ်လား?"
"အိုး ဟိုမှာ ငါးဖမ်းတဲ့လူတွေရှိတာပဲ! ငါးတွေလည်း အများကြီးပဲတော်!"
ချန်ကျွမ်းကျွမ်း : "..."
ချန်ကျွမ်းကျွမ်း ဆွံ့အနေမိလျက်။ ခုနကပဲ သူမသေပါတော့မယ်ဆိုပြီး အော်ငိုနေတာလေ၊ အခုတော့ အားအင်တွေပြည့်သွားပြီး လျှောက်သွားချင်နေပြန်ပြီတဲ့။
"ဒီနေ့ အရမ်းပင်ပန်းနေပြီလေနော်။ ငါ့အိမ်မှာ အရင်ပြန်နားကြရအောင်" ချန်ကျွမ်းကျွမ်းက လုချန်ဒေသခံတစ်ဦးဆီမှ နေကာဦးထုပ်နှစ်လုံးဝယ်လိုက်၏။ သူမအတွက်တစ်လုံး၊ ဖုန်းယွီလန်အတွက်တစ်လုံး။
ချုံကျိုးကျွန်းကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွားတွေ အများကြီးရှိတာကြောင့် သူတို့ရဲ့ နေကာဦးထုပ်တွေဟာလည်း ရေပန်းစားလှသည်။ ဆိပ်ကမ်းအနီးမှာ နေကာဦးထုပ်ရောင်းသူတွေ အများကြီးပင်။ ကျွန်းသူကျွန်းသားတွေဆောင်းလေ့ရှိတဲ့ ရိုးရိုးရှင်းရှင်းကောက်ရိုးဦးထုပ်မျိုးမဟုတ်ဘဲ ခရီးသွားဧည့်သည်တွေအတွက် ထုတ်ထားတဲ့ ဒီဦးထုပ်တွေက ပန်းပွင့်တွေ ဖဲပြားတွေပါ၍ အရမ်းလှပေသည်။
ချန်ကျွမ်းကျွမ်းက ခရုခွံပုံဖော်ထားတဲ့ နေကာဦးထုပ်ကို ရွေးလိုက်သလို ဖုန်းယွီလန်လည်း အရမ်းသဘောကျနေလေရဲ့။
"အဖွား၊ ဒီဦးထုပ်တွေ ရောင်းကောင်းလား?"
"ခရီးသွားတွေများရင် တစ်နေ့ရောင်းအားတော်တော်ကောင်းပါတယ်ကွယ်"
…
ချန်ကျွမ်းကျွမ်း အုန်းသီးနှစ်လုံးဝယ်လိုက်ပြီး သူမနှင့် ဖုန်းယွီလန် တစ်ယောက်တစ်လုံးယူ၍ ကားဖြင့်အိမ်ပြန်လာခဲ့ကြသည်။ ဖုန်းယွီလန် ကားပေါ်ထိုင်ကာ အုန်းရည်သောက်နေရင်း အပြင်ဘက်က စိမ်းလန်းစိုပြေနေတဲ့သီးနှံပင်တွေ၊ ရှည်မျောမျောအုန်းပင်တွေကို ကားပြတင်းပေါက်မှတစ်ဆင့် တွေ့လိုက်ရသဖြင့် ရံဖန်ရံခါ အာမေဍိတ်သံတွေ ထွက်လာလေရဲ့။
မင်းတို့သိတဲ့အတိုင်းပဲလေ၊ ဒီလိုအချိန်ဆို မြောက်ပိုင်းက သစ်ပင်အများစုမှာ တုံးတိဖြစ်နေပြီကိုး၊ ဒါပေမယ့် ဒီနေရာမှာတော့ သစ်ပင်ပန်းမန်တွေ စိမ်းလန်းနေဆဲ။
"ကျွမ်းကျွမ်းရေ မြောက်ပိုင်းက ပိုကောင်းလား ဒါမှမဟုတ် တောင်ပိုင်းက ပိုကောင်းလား နင်ဘယ်လိုထင်လဲ? ဒီနေရာက ဆောင်းရာသီက တကယ်ပဲ အရမ်းကောင်းတယ်နော်"
"အရာရာတိုင်းမှာ ကိုယ်ပိုင်အားသာချက်ရှိကြပါတယ်။ ဒီနေရာက လေထုကောင်းမွန်ပေမယ့် အရမ်းစိုစွတ်လွန်းတယ်လေ၊ ပြီးတော့ မြွေတွေ၊ အင်းဆက်တွေ၊ ကြွက်တွေ၊ ပုရွက်ဆိတ်တွေပေါတယ်"
…
ချန်ကျွမ်းကျွမ်းနှင့် ဖုန်းယွီလန်တို့ ချန်အိမ်သို့ရောက်လာလေပြီ။ ချင်းမျန့်က သူမသမီးကို တွေ့လိုက်ရတဲ့အခါ အရမ်းပျော်သွားပြီး "ကျွမ်းကျွမ်း ပြန်လာပြီလား? ကျောင်းတွေပိတ်သွားပြီလား? ဘာလို့ သမီးရဲ့ ကောကောတိတိနဲ့အတူတူ ပြန်မလာတာလဲကွယ်?"
"ဒါ သမီးရဲ့ သူငယ်ချင်းလား?"
ချန်ကျွမ်းကျွမ်း သူမရဲ့ သူငယ်ချင်းကောင်း ဖုန်းယွီလန်ကို ချင်းမျန့်နဲ့ မိတ်ဆက်ပေးလိုက်ပြီး သူမဟာ ကျွန်းကို လျှောက်လည်ဖို့လာလည်ကြောင်း ပြောပြလိုက်သည်။
"ယွီလန် နင်ရေမိုးချိုးပြီး ခဏနားလိုက်ဦးလေ"
နှစ်ယောက်သား ဆေးကြောသန့်စင်ပြီးနောက် ပေါ့ပေါ့ပါးပါးပိတ်ကျဲစကတ်တွေကို ဝတ်လိုက်ကြသည်။ ချင်းမျန့် ပြုံးကာ ခြုံထည်ပုဝါတချို့ပြလိုက်ရင်း "သမီး ကမ်းခြေသွားရင် ဒီခြုံထည်ပုဝါလေးတွေ ယူသွားဦး။ လေပြင်းတော့ အအေးမိလိမ့်မယ်နော်"
ချန်ကျွမ်းကျွမ်း ခေါင်းညိတ်ပြလိုက်သည်။ နောက်နေ့တွင် သူမက ဆရာမအလုပ်ကနေ ထွက်လိုက်ပြီဖြစ်ကြောင်း ချင်းမျန့်အား ပြောပြလိုက်တဲ့အခါ ချင်းမျန့် ဒေါသထွက်ချေပြီ။
"ဆရာမအလုပ်က ကောင်းတယ်မဟုတ်ဘူးလား? ကျောင်းကလည်း ဘယ်လောက်ကောင်းလိုက်သလဲ၊ မြို့တော်ကကျောင်းလေ။ နင် တက္ကသိုလ်တက်ပြီး ဒီလိုနေရာကောင်းတစ်ခုမှာ တာဝန်ပေးခံရတာကို နင်က မလိုချင်ဘူးလို့ ပြောလိုက်တယ်ပေါ့?"
"ဒါဆို နင့်ရဲ့ ကောလိပ်ပညာရေးက အချည်းနှီးမဖြစ်သွားဘူးလား?"
တောင်ပေါ်က မိန်းကလေးတစ်ယောက်အနေနဲ့ ချင်းမျန့်သည် သူ့သမီးလေး အင်္ဂလိပ်စာဆရာမဖြစ်လာသည်ကို ဂုဏ်ယူနေရသည်လေ။ ဘယ်လိုတောင်ဂုဏ်ရှိတဲ့အလုပ်လဲ! ဒါပေမယ့် ဒီ နံစော်နေတဲ့ ကျွမ်းကျွမ်းက မလိုချင်ဘူးဆိုပဲ။
သူမက ဆရာမအလုပ်ကနေ နှုတ်ထွက်လိုက်ပြီတဲ့!
ချင်းမျန့် စိတ်ဆိုးနေပေမယ့် နှစ်ပေါင်းများစွာ အတက်အကျများစွာ ကြုံလာခဲ့ရတဲ့ ချန်မျန့်ကတော့ စိတ်ရှင်းပေသည်။
"သမီးက ဆရာမ မလုပ်ချင်ဘူးဆိုရင်လည်း မလုပ်နဲ့ပေါ့။ မကြာသေးခင်က ရာထူးနုတ်ထွက်သွားကြတဲ့ ဝန်ထမ်းတွေ တော်တော်များများတယ်လို့ ကိုယ်ကြားမိသေးတယ်..."
စီးပွားရေးလမ်းကြောင်းဖွင့်ပြီးတဲ့နောက် အစိုးရအရာရှိဝန်ထမ်းတော်တော်များများက စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်ခဲ့ကြသဖြင့် လူတွေကို မကျေနပ်မှုများစွာ ဖြစ်ပွားစေခဲ့သည်။ ၁၉၈၄ ခုနှစ်မှစ၍ အစိုးရရာထူးကို ဆက်လက်ထိန်းသိမ်းမည်လား သို့တည်းမဟုတ် ရာထူးမှနုတ်ထွက်ပြီး စီးပွားရေးစတင်မည်လား၊ နှစ်မျိုးကို ရောထွေးခွင့်မပြုကြောင်း မူဝါဒအမျိုးမျိုးချမှတ်ခဲ့လေသည်။
ထို့ကြောင့် ယခုနှစ်ကုန်ပိုင်း၌ အစိုးရဝန်ထမ်းတွေကြားမှာ ရာထူးမှနုတ်ထွက်သည့် လှိုင်းလုံးကြီးဖြစ်ခဲ့ရလေသည်။ တချို့က အစိုးရအလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်ကြသလို တချို့ကလည်း တည်ငြိမ်တဲ့အလုပ်မှ နုတ်ထွက်ကာ စီးပွားရေးလုပ်ဖို့ ရွေးချယ်ခဲ့ကြသည်။
ချန်ကျွမ်းကျွမ်းလိုမျိုး ရာထူးမှ နှုတ်ထွက်သူတွေ အများကြီးရှိလေသည်။
ဒီရွေးချယ်မှု မှန်ကန်သလား မှားသလားဆိုသည်ကိုတော့ အချိန်ခဏတည်းနဲ့ မပြောနိုင်သေးပေ။ ချန်မျန့်ကိုယ်၌က ဆရာလုပ်လာတာ နှစ်အတော်ကြာပြီဆိုသော်လည်း သူ့သားသမီးတွေကို အဖေ့ခြေရာအတိုင်း လိုက်နင်းပြီး ဆရာဖြစ်လာရမယ်လို့ မပြောခဲ့။
အမှန်တကယ်တော့ ဆရာအလုပ်ဟာ တာဝန်ယူမှု ကြီးကြီးမားမားရှိသလို စိတ်ရှည်ဖို့လည်း လိုအပ်သော အလုပ်တစ်ခုဖြစ်၏။ ဒီအလုပ်ကို စိတ်မဝင်စားရင်၊ မနှစ်သက်ဘူးဆိုရင်၊ မိမိကိုယ်ကို ဆရာဖြစ်လာဖို့ အတင်းတွန်းအားမပေးသင့်ပေ။ ဒါဟာ ကိုယ့်ကိုယ်ကို တာဝန်မဲ့ရုံတင်မက ကျောင်းသားတွေအပေါ်ကိုလည်း တာဝန်မဲ့ခြင်းပင်။
ချင်းမျန့်က ချန်ကျွမ်းကျွမ်းကို မေးလိုက်၏။ "သမီးက ဆရာမ မလုပ်ချင်ဘူးဆိုတော့ ဘာလုပ်ချင်တာလဲ?"
ချန်ကျွမ်းကျွမ်း : "အဆိုးဆုံးကတော့ မား၊ ဒေါ်လေးနဲ့အတူ ပုလဲတွေရောင်းမယ်လေ"
"ပုလဲရောင်းမလို့? ငါရိုက်မိတော့မယ်နော်"
ချင်းမျန့် အော်ရယ်မိတော့မလို ဖြစ်သွားပြီး ပေါ့ပေါ့ပါးပါးလေသံနဲ့ ပြောလိုက်၏။ "သမီးဒေါ်လေးက စီးပွားရေးစီမံခန့်ခွဲမှုနဲ့ ဘွဲ့ရထားတာ။ သူမက စက်ရုံဖွင့်လိုက်ပြီး ကောင်းကောင်းစီမံခန့်ခွဲနိုင်တဲ့အပြင် ကုန်သည်ကြီးများအသင်းပါ ဖွဲ့ထားတယ်နော်။ သမီးကရော? အင်္ဂလိပ်စာလေ့လာထားတော့ သမီး ဘာလုပ်ချင်လဲ?"
"လေးနှစ်စာ စာကျက်ရုံနဲ့ ဘာမှမကျွမ်းကျင်သေးဘူးနော်။ တာဝန်ကျတဲ့အလုပ်ကို လက်မခံလိုက်တော့ နှစ်ပေါင်းများစွာ သင်ယူခဲ့သမျှ အသိပညာတွေက အလကားဖြစ်သွားမှာ မဟုတ်ဘူးလား?"
"ပုလဲတွေရောင်းချင်တယ်လို့ သမီးပြောပေမယ့် ပုလဲတွေကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ၊ နည်းပညာတွေသုံးသလဲဆိုတာကို သိလို့လား?"
"သမီး ဘာမှမသိဘဲနဲ့ ပုလဲရောင်းမယ်လို့ ပြောနေတုန်းပဲ။ ပုလဲရောင်းရတာ အရမ်းလွယ်တယ်ထင်နေလားကွယ်?"
ချန်မျန့် ပြုံးလျက် "ကြည့်စမ်း မင်းအမေလည်း အခု အမှန်တရားတွေပြောနေပြီ"
"မားရယ် အခု ကျွန်းပေါ်မှာ နိုင်ငံခြား ခရီးသွားတွေ အရမ်းများနေပြီလေ၊ သမီးက အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်တယ်၊ ပြီးတော့ ကောလိပ်မှာ တခြားနိုင်ငံခြားဘာသာစကားတွေကိုလည်း လေ့လာခဲ့တာ။ သမီး တအားကျွမ်းကျင်နေတာတော့ မဟုတ်ပေမယ့် အခြေခံပြောဆိုဆက်ဆံတာလောက်တော့ အေးဆေးပဲ။ သမီး ဆရာမလုပ်တာထက် ကျွန်းပေါ်မှာ သမီးရဲ့ ကျွမ်းကျင်မှုတွေ ပိုအသုံးဝင်မယ်လို့ထင်တယ်"
ချန်ကျွမ်းကျွမ်း ချုံကျိုးကျွန်းသို့ ပြန်လာတဲ့ ရွေးချယ်မှုဟာ ကတိုက်ကရိုက်မဟုတ်ချေ။ သူမ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ နိုင်ငံခြားဘာသာစကားတွေကို ကောင်းမွန်စွာ သင်ယူခဲ့ပြီး၊ သူမရဲ့ အင်္ဂလိပ်စကားပြောမှာ အဆင့်မှီလေ၏။ သူမက နိုင်ငံခြားသားများနှင့် ပုံမှန်စကားပြောနိုင်ခဲ့သည်။ အင်္ဂလိပ်တစ်မျိုးတည်းမဟုတ်ဘဲ နိုင်ငံခြားဘာသာစကားများစွာသင်ယူခဲ့ပေသည်။
အနာဂတ်တွင် သင်ယူခဲ့သော အသိပညာနှင့် အတတ်ပညာတွေကို အသုံးမပြုပါက အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်လာပေလိမ့်မည်။ ချန်ကျွမ်းကျွမ်းသည် လွယ်ကူရိုးရှင်းတဲ့ အင်္ဂလိပ်စာဆရာမဖြစ်ရန် ရွေးချယ်ပါက လူတွေကို အသိပညာပေးရာတွင် အောင်မြင်မှုသဘောရှိသော်ငြား အင်္ဂလိပ်ဖတ်စာအုပ်ရှိ အသိပညာမှလွဲ၍ တစ်ချိန်က သူမ သင်ယူခဲ့တာတွေအားလုံး တဖြည်းဖြည်း အသုံးမ၀င်တော့မည်မဟုတ်ချေ...
Semesterတစ်ခုပြီးဆုံးသွားသည့်အခါ ချန်ကျွမ်းကျွမ်းသည် သူမရဲ့ နိုင်ငံခြားဘာသာစကားအဆင့်မှာ နောက်ကျကျန်နေတုန်းပဲလို့ ခံစားလိုက်ရတာကြာင့် သူမက ကလေးတွေအတွက်၊ သင်ကြားရေးအတွက် နေ့တိုင်း စိုးရိမ်ပူပန်နေခဲ့ရသည်။
အကယ်၍ သူမက စွင်းမိသားစုအတွက် ကလေးမွေးပေးပြီး ကလေးတွေကို ပျိုးထောင်ကာ ဇနီးကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက်လုပ်မယ်ဆိုရင် သူမဟာ မိသားစုအရေးကိစ္စတွေကိုပဲ ဂရုစိုက်နေပြီး ယောက္ခမအကြောင်း၊ ယောကျ်ားအကြောင်း၊ ကလေးတွေအကြောင်းကို မိတ်ဆွေသူငယ်ချင်းတွေဆီမှာ နေ့တိုင်းလိုလို ညည်းညူပြောဆိုတတ်သူ ဖြစ်လာပေလိမ့်မည်။
သူမ ယောက်ျားလေးမွေးဖွားလို့ ယောက္ခမတွေက အရမ်းကျေနပ်ကြတဲ့အတွက် သူမကို အလိုလိုက်ထားကောင်းထားနိုင်တယ်။ ဒီလိုငြီးငွေ့စရာကောင်းတဲ့ဘဝကို လုပ်ဖော်ကိုင်ဖက်တွေဆီ နေ့တိုင်းကြွားဝါလိုက်၊ ဒါမှမဟုတ် အကြောင်းပြချက်ရေရေရာရာမရှိဘဲ ညည်းညူနေလိုက် လုပ်မိလိမ့်မယ်... ဒါဟာ သူမလိုချင်တဲ့ဘဝမျိုးမဟုတ်ဘူး!
"သမီး နိုင်ငံခြားကုန်သွယ်ရေးလုပ်နိုင်တယ်၊ ခရီးသွားအေဂျင်စီမှာလည်း လုပ်လို့ရတယ်... ဧည့်လမ်းညွှန်လည်း လုပ်လို့ရတယ်!"
ချန်ကျွမ်းကျွမ်းသည် သူမ သင်ယူထားတဲ့ အရည်အချင်းတွေကို အသုံးချလို့ရမယ့်နေရာတွေ အများကြီးရှိတယ်လို့ ခံစားလိုက်ရ၏။
တူမလေး ပြန်လာပြီဖြစ်၍ ချင်းရို့လည်း ချန်ကျွမ်းကျွမ်းကိုတွေ့ဖို့ အစ်မဖြစ်သူအိမ် ရောက်လာခဲ့သည်။ ချန်ကျွမ်းကျွမ်းက သူမဒေါ်လေးကို တွေ့လိုက်ရတဲ့အခါ ချက်ချင်းပင် ပြေးသွားပြီး ချင်းရို့လက်မောင်းအား ဆွဲလျက် "ဒေါ်လေးရေ လာပြီး မာမားကိုဖျောင်းဖျပေးပါဦးနော်"
"သမီး ဆရာမအလုပ်ကနေ နှုတ်ထွက်ခဲ့တာ။ အခု မားက သမီးကို နေ့တိုင်း စူးစိုက်ကြည့်နေရောပဲ"
xxx
Ch-333
"ဒေါ်လေးရေ လာပြီး မာမားကိုဖျောင်းဖျပေးပါဦးနော်"
"သမီး ဆရာမအလုပ်ကနေ နှုတ်ထွက်ခဲ့တာ။ အခု မားက သမီးကို နေ့တိုင်းစိုက်ကြည့်နေရောပဲ"
ချင်းမျန့် သူမအား စိုက်ကြည့်လိုက်ကာ "နင် အလုပ်ထွက်ခဲ့တဲ့အကြောင်းပြောပြတာ မနေ့ကလေ၊ နင့်ကို နေ့တိုင်းစိုက်ကြည့်နေတယ်ပြောရအောင် အခုမှ နှစ်ရက်တောင်မပြည့်သေးဘူးဟဲ့။ နင် သင်္ချာကောင်းကောင်းမတတ်ဘူးလား?"
"လူသတ်သမားပဲ! ငါတို့မားက လူသတ်သမားပဲ!"
ချန်ကျွမ်းကျွမ်း သက်ပြင်းချကာ ချင်းရို့ကို မျက်စိတစ်ဖက်မှိတ်ပြ၍ ပြောလိုက်၏။ "ဒေါ်လေးရေ ဒေါ်လေးအစ်မက လူသတ်သမားပဲ!"
ချင်းရို့ ပြုံးပြီး "ကျွမ်းကျွမ်း သမီး တကယ်ပဲ ဆရာမ မလုပ်ချင်ဘူးလား?"
ချင်းရို့သည် သူမရဲ့ တူမအကြီးဆုံးဖြစ်သူမှာ ကိုယ်ပိုင်အတွေးအမြင်ရှိပြီး ခေါင်းမာသူဖြစ်ကြောင်း သိထားပေသည်။ သူမစိတ်ပိုင်းဖြတ်ပြီးသည်နှင့် ဘယ်သူမှပြောင်းလဲ၍မရနိုင်တော့။ ငယ်ငယ်တုန်းကလိုပေါ့ သူမနာမည်ကို ချန်ကျင်းရှီးကနေ ချန်ကျွမ်းကျွမ်းအဖြစ် ပြောင်းတုန်းကလိုမျိုးပဲ။
ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့်နှစ်တွင် ချန်မျန့်တို့က သူမအား နာမည်ပြန်ပြောင်းချင်သလားလို့ မေးခဲ့ပါသေးသည်။ ချန်ကျွမ်းကျွမ်းက ဒီနာမည်ကို အသားကျနေပြီမို့လို့ နာမည်မပြောင်းတော့ဘူးလို့ ပြန်ဖြေခဲ့လေရဲ့။
ဒါ့အပြင် အိမ်မှာ ချန်ကျင်းဟွနှင့် ချန်ကျင်းရိရှိတာကြောင့် သူမနာမည် ချန်ကျွမ်းကျွမ်းဆို အဆင်ပြေသည်တဲ့လေ။
- သူမဟာ ထူးခြားတဲ့ကျယ်ကျဲဖြစ်ချင်တာလေ။
"ဒေါ်လေး သမီး ဆရာမ မလုပ်ချင်ဘူး၊ စီးပွားရေးလုပ်ချင်တာ!"
ချင်းမျန့် ကူကယ်ရာမဲ့စွာဖြင့် "အားမိန့်ရေ ဒီကလေးကိုကြည့်ပါဦးဟယ်၊ ငါ သူ့ကို ဘာမှကိုပြောမနိုင်တော့ဘူး"
…
"ကျွမ်းကျွမ်းရေ ဒါ နင့်ဒေါ်လေးလား?"
ဖုန်းယွီလန် အပေါ်ထပ်ကနေ ဆင်းလာလေပြီ။ သူမမှာ ponytailဆံပင်ပုံစံ၊ မျက်လုံးကြီးကြီးတို့ရှိပြီး ဖြောင့်စင်းနေတဲ့နှာတံတို့ဖြင့် နှစ်လိုဖွယ်ကောင်းတဲ့ အဆင်းသဏ္ဍာန်ရှိ၏။ ချန်ကျွမ်းကျွမ်းတို့သားအမိနှစ်ယောက် အလုပ်ထွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အချေအတင်ဖြစ်နေကတည်းက ဖုန်းယွီလန်တစ်ယောက် အပ်တွေပေါ်မှာ ထိုင်နေရသလို ခံစားနေခဲ့ရသည်။
ဖုန်းယွီလန်သည် ချုံကျိုးကျွန်းသို့ မလာခင်ကတည်းက ဤအခြေအနေကို ကြိုတွေးထားပြီးဖြစ်သည်။ ချန်ကျွမ်းကျွမ်းမိဘတွေက သူမအလုပ်ထွက်တာကို မကျေမနပ်ဖြစ်မှာ အသေအချာပဲ၊ ပြီးတော့ တစ်ဖက်ကလည်း သူမ ကူညီပေးနေမိတယ်လေ။
ဖုန်းယွီလန် ခံစားရတာကတော့... ဒီမှာ အပြင်လူဖြစ်တဲ့ သူမရှိနေတာမို့ အနည်းဆုံးတော့ ကျွမ်းကျွမ်းမိသားစုတွေက သူမအပေါ် ကြမ်းကြမ်းတမ်းတမ်း မလုပ်နိုင်ဘူးပေါ့။
ချုံကျိုးကျွန်းသို့ မလာခင်တွင် ဖုန်းယွီလန် သူမစိတ်ထဲမှာ ရေရွတ်နေခဲ့သည်ကား - ငါမှ ငရဲမသွားရင် ဘယ်သူသွားပေးမှာလဲနော်? ညီအစ်မရဲ့ ကောင်းကျိုးအတွက် ဘယ်လောက်ပဲ ရှက်စရာကောင်းနေပါစေ၊ ဘယ်တော့မှ လက်မလျှော့ဘူး။
သို့သော်လည်း…
ချန်မိသားစုဟာ အတော်လေး အကျိုးသင့်အကြောင်းသင့်ရှိကြမယ်လို့ ဖုန်းယွီလန် မထင်ထားမိခဲ့။ ချန်ပါပါးက သူ့သမီးရဲ့ ရွေးချယ်မှုကို ထောက်ခံခြင်းလည်းမရှိသလို ကန့်ကွက်ခြင်းလည်းမရှိပေမယ့် မိမိရွေးချယ်မှုအတွက် မိမိဘာသာတာဝန်ယူရမယ်လို့သာ ပြောခဲ့သည်။ ချန်မာမားကတော့ အရမ်းစိတ်ဆိုးနေတယ်ဆိုပေမယ့် တကယ်ကြီးစိတ်ဆိုးနေပုံမရသလိုလို။
ချင်းမျန့်သည် သူမနှလုံးသားအောက်ခြေထဲကစကားတွေအများကြီးပြောခဲ့ပြီး သူမအလုပ်ထွက်တာဟာ အလောတကြီးဖြစ်လွန်းတယ်လို့ ဆိုနေ၏။ ဖုန်းယွီလန်က သူမရဲ့ညီအစ်မကောင်းကို ထောက်ခံသော်ငြား ချင်းမျန့်ရဲ့ စကားတွေက မှန်တယ်လို့ သူမလည်း ထင်တဲ့အတွက် နှစ်ယောက်ကြားဗျာများနေရပြီး ဘယ်သူ့ဘက်ကူပြောပေးရမလဲ မသိတော့ပါပေ။
သူမပြောတာလည်းမှန်တာပဲ၊ သူမပြောတာလည်းမှန်နေရော။
အခုတော့ ချန်ကျွမ်းကျွမ်းရဲ့ ဒေါ်လေး ရောက်လာလေပြီ။
ဖုန်းယွီလန် အောက်ထပ်သို့ ဆင်းလာပြီး ချင်းရို့ကို တွေ့လိုက်ရသောအခါ အံ့သြသွားရ၏။ ချန်ကျွမ်းကျွမ်းနဲ့ ချန်မာမားဟာ အရမ်းလှပကြပေမယ့် သူမအရှေ့မှာရပ်နေတဲ့ အမျိုးသမီးဟာ ပိုလို့တောင် မျက်စိဖမ်းစားဖွယ်ကောင်းနေပါသေးသည်။
သူမမှာ ထူးခြားတဲ့စိတ်နေသဘောထားရှိသလို သူမအလှဟာ အထင်ကြီးစရာကောင်းတဲ့ရန်လိုမှုမျိုး ရှိနေလျက်... အကယ်၍ အလှလေးတွေ အတူတူရပ်နေရင်တောင် သူမဟာ လူအုပ်ထဲမှာ အလှပဆုံးနဲ့ မျက်စိဖမ်းစားဖွယ်အကောင်းဆုံးဖြစ်နေမှာ အသေအချာပဲ။
"ကျွမ်းကျွမ်းရေ နင့်ဒေါ်လေးက အရမ်းလှတာပဲဟယ်! ဒီလောက်လှတဲ့ အလှလေးကို ငါ တစ်ခါမှ မတွေ့ဖူးဘူး!"
"ဒီကလေးကတော့ အရမ်းအပြောကောင်းတာပဲ။ သမီးက ပိုလှပါတယ်နော်! ကျွမ်းကျွမ်းရေ သမီးရဲ့ကောကောက သူ့ကောင်မလေးကို ပြန်ခေါ်မလာရသေးပေမယ့် သမီးကတော့ အလှလေးတစ်ယောက်ကို ပြန်ခေါ်လာတာပဲ"
ဖုန်းယွီလန် ရှက်ရွံ့သွားရလျက် "သမီးက အလှလေးမဟုတ်ပါဘူး၊ သာမန်ပါပဲနော်"
"ကျွမ်းကျွမ်းကမှ လှတာ၊ ကျောင်းမှာ လူတော်တော်များများ သူမကို လိုက်နေကြတာလေ"
ချန်ကျွမ်းကျွမ်း : "ငါက နင့်လောက်မလှပါဘူးနော်"
…
ချင်းမျန့် အပြုံးလေးနှင့် "အားလုံးလှကြပါတယ်တော်။ ငါတို့မိသားစုက အလှလေးတွေချည်းပဲဆိုတော့ နောက်နှစ် ကျွန်းမှာ ကျင်းပမယ့် အလှမယ်ပြိုင်ပွဲမှာသွားပြိုင်ကြလေ"
ချန်ကျွမ်းကျွမ်းနှင့် ဖုန်းယွီလန် အံ့အားသင့်သွားကြလျက် "အလှမယ်ပြိုင်ပွဲ!"
"ဟုတ်တယ် ကျွမ်းကျွမ်း၊ သမီး ကျွန်းမှာနေပြီး ဘာမှလုပ်စရာမရှိရင် အလှမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်လို့ရတယ်နော်။ သမီးရဲ့ အသွင်အပြင်က နည်းနည်းအားနည်းနေပေမယ့် အလှမယ်ပြိုင်ပွဲတွေမှာလည်း ယဉ်ကျေးမှုစတိုင်မျိုးလိုတယ်လေ၊ ယဉ်ကျေးမှုစတိုင်နဲ့ဆို လိုက်မီနိုင်တယ်..." ချင်းမျန့် အရွှန်းဖောက်လိုက်လေသည်။
ချန်ကျွမ်းကျွမ်း : "..."
ဖုန်းယွီလန် အခု ပိုလို့တောင်သိချင်သွားရသည်။ တရုတ်ပြည်မှာ အလှမယ်ပြိုင်ပွဲကို တခါမှမကြားဖူးသေးဘူးလေ။
"ကျွန်းမှာ တကယ်ပဲ အလှမယ်ပြိုင်ပွဲကျင်းပမှာလား?"
"နင့်ဒေါ်လေးက အရမ်းလှတာပဲ၊ သူမသာ ဝင်ပြိုင်ရင် ပထမနေရာရမှာ သေချာတယ်နော်"
"ဟုတ်ပါ့၊ ငါလည်း ငါ့ဒေါ်လေး ငယ်ငယ်ကတည်းက အလှဆုံးပဲလို့ထင်တယ်!"
ချင်းရို့ : "ဒီဒေါ်လေးကို မစကြပါနဲ့ကွယ်။ ဒီပွဲက သမီးတို့လိုလူငယ်လေးတွေအတွက်ရည်ရွယ်ထားတာ။ သမီးဒေါ်လေးက အကဲဖြတ်ဒိုင်လေ"
ချန်ကျွမ်းကျွမ်း : "ဝိုး!!!!!"
ဖုန်းယွီလန် : "အား!!!!"
"ငါ ဒီတစ်ခါက် အချိန်မှန်ပြန်လာခဲ့တာပဲဟေ့!" ချန်ကျွမ်းကျွမ်း မျက်လုံးတွေ တောက်ပသွားလျက်။ အလှမယ်ပြိုင်ပွဲတဲ့! နားထောင်ရတာတောင် အရမ်းစိတ်ဝင်စားစရာကောင်းပြီး တက်ကြွစရာကောင်းပုံပေါ်တယ်ရော။ သူမ ကျွန်းကိုပြန်ရောက်တာနဲ့ ဒီပျော်စရာပွဲနဲ့ ဆုံလိုက်ရလေပြီ။
သူတို့နှစ်ယောက်လုံး အလှမယ်ပြိုင်ပွဲအကြောင်း စိတ်ဝင်စားနေကြတာကို ချင်းရို့ မြင်လိုက်တာကြောင့် South Island Miss Tourism Beauty Contest အကြောင်းကို အသေးစိတ်ပြောပြခဲ့သည်။
ချင်းမျန့်က သူမပါးကို ကိုင်လိုက်ပြီး "ကျွမ်းကျွမ်းရေ သမီး ဆရာမ မဖြစ်ချင်ဘူးဆိုရင် လေယာဥ်မယ်လုပ်လို့ရတယ်နော်။ သမီးမိဘတွေက ခုထိလေယာဉ်မစီးဖူးသေးဘူးကွယ်"
ချန်ကျွမ်းကျွမ်း ခေါင်းခါလိုက်ပြီး "သမီးလည်း လေယာဉ်မစီးဖူးဘူးလေ"
ဖုန်းယွီလန် : "သမီးရောပဲ"
"သမီးတို့ စဉ်းစားကြည့်ဦးနော်။ အလှမယ်ပြိုင်ပွဲမှာဝင်ပြိုင်ဖို့ နှစ်ယောက်စလုံးက သင့်တော်တယ်"
ချန်ကျွမ်းကျွမ်း ခေါင်းခါလိုက်ပြီး "သမီး အလှမယ်ပြိုင်ပွဲမှာ မပြိုင်ချင်ပါဘူးနော်။ ဒေါ်လေးရေ Miss Tourismပွဲပြီးရင် ဘယ်လိုတီဗီစီး ရီးလုပ်မှာလဲဟင်? ခရီးသွားအေဂျင်စီဇာတ်လမ်းမျိုးလား?"
"သမီး ခရီးသွားအေဂျင်စီတစ်ခုဖွင့်သင့်တယ်လို့ ဒေါ်လေးထင်လား? သမီးက ပြည်တွင်းဧည့်လမ်းညွှန်တွေကိုလည်း လေ့ကျင့်ပေးနိုင်တယ်။ နိုင်ငံခြားဘာသာစကားကျွမ်းကျင်တော့ ဒေသခံဧည့်လမ်းညွှန်တွေကို လေ့ကျင့်ပေးနိုင်တယ်!"
ချင်းရို့လည်း ဤသည်မှာ ဖြစ်နိုင်တယ်လို့ ထင်မိသည်။
"ကောင်းပါတယ်။ ကျွမ်းကျွမ်းရေ ရှုခင်းနေရာတွေအကြောင်းကို အင်္ဂလိပ်စာနဲ့ မိတ်ဆက်စာလေးတွေ ရေးထားလို့ရတယ်နော်"
"အခုလောလောဆယ် သမီးမှာ ဘာမှလုပ်စရာမရှိဘူးဆိုရင် နိုင်ငံခြားခရီးသွားတွေကို ပုလဲလည်ဆွဲတွေအကြောင်း ကြော်ငြာပေးဖို့ ဒေါ်လေးရဲ့ ပုလဲလက်မှုခြံကို လာခဲ့ရင်ရော?"
"ဟုတ်ကဲ့!"
ဖုန်းယွီလန် အချိန်အတော်ကြာစိတ်ထိန်းထားရ၏။ သူမကတော့ ချင်းရို့ပြောလိုက်တဲ့ တီဗီစီးရီးကို စိတ်ဝင်စားနေခဲ့ခြင်းပင်။ အဲဒါက "တီဗီစီးရီး"တဲ့လေ !!!
တရုတ်ပြည်၌ တီဗီတွေဟာ အသစ်အဆန်းဖြစ်ပြီး လူကြိုက်များလှပေသည်။ ထို့အတူ တီဗီစီးရီးတွေဆိုတာလည်း လူတိုင်း အလုအယက်ကြည့်ရှုချင်နေကြတဲ့ ခေတ်ရေစီးကြောင်းတစ်ခုပင်။
"ဒေါ်လေးချင်းရေ သမီး ဒေါ်လေးကို ချင်းကျယ်ကျဲလို့ တကယ်ခေါ်ချင်လိုက်တာနော်"
ချန်ကျွမ်းကျွမ်း : "နင် သူမကို ချင်းကျယ်ကျဲလို့ ခေါ်လို့မရဘူးနော်၊ မဟုတ်ရင် မျိုးဆက်တွေမှားကုန်လိမ့်မယ်။ နင် ငါ့ကို အခွင့်ကောင်းယူချင်နေတာလား?"
"ဟား ဟား" ဖုန်းယွီလန် ရယ်မောလိုက်ပြီး "ဒေါ်လေးချင်းရေ သမီးက ဒီတိုင်း- တီဗီစီးရီးဖန်တီးတဲ့အကြောင်းကို တအားသိချင်လို့ပါ။ တီဗီစီးရီးတွေကို ဘယ်လိုရိုက်ကူးကြတာလဲဟင်? ဇာတ်ညွှန်းရေးဖို့ ဒါမှမဟုတ် တစ်ခုခု လိုလားဟင်?"
ချင်းရို့ စပ်စပ်စုစု ပြန်မေးလိုက်၏။ "ဟုတ်တယ်လေ၊ ဘာလို့လဲ? သမီးလည်း ရေးတတ်တာလား?"
ချန်ကျွမ်းကျွမ်း : "သူမက စာရေးရတာကြိုက်တော့ မဂ္ဂဇင်းတွေမှာလည်း ဆောင်းပါးတွေ ထုတ်ဝေခဲ့ဖူးတယ်။ သူမက စာရေးဆရာမကြီးပဲ"
"ငါက စာရေးဆရာမကြီးမဟုတ်ပါဘူးဟယ်။ ကြက်ကန်းဆန်အိုးတိုးသွားရုံလေးပါ"
ချန်ကျွမ်းကျွမ်းရဲ့ သူငယ်ချင်းကောင်းဟာ ပညာရေးတွင် မဆိုးကြောင်း၊ တီထွင်ဖန်တီးမှုဥာဏ်ရွှင်ကြောင်း ချင်းရို့ သိထားပြီးဖြစ်သည်။ သူတို့ရဲ့ ခရီးသွားအေဂျင်စီဇာတ်လမ်းကို ဖန်တီးနေဆဲဖြစ်တာကြောင့် စိတ်ကူးစိတ်သန်းအသစ်လေးတွေလည်း ထပ်ထည့်နိုင်တာပေါ့လေ။
"ဒေါ်လေးတို့ကျွန်းက မကြီးပါဘူး။ သမီး တီဗီဌာနကို သွားလည်ပြီး ကျွန်းကရိုက်ကူးတဲ့ Dating showကို ကြည့်လို့ရတယ်နော်"
"ယွီလန် သမီး စိတ်ဝင်စားရင် ဧည့်လမ်းညွှန်တွေနဲ့ ခရီးသွားတွေအကြောင်း ဇာတ်လမ်းနည်းနည်းရေးပြီး တီဗီဌာနကနေ ရှောင်ကျန်းကိုပြကြည့်လို့ရတယ်"
"ဒါက ချုံကျိုးကျွန်းကိုလာလည်တာ သမီးရဲ့ ပထမဆုံးအကြိမ်ဆိုတော့ ခရီးသွားတစ်ယောက်ရဲ့ အမြင်ကနေ ရေးလို့ရမှာပဲ..."
…
ချင်းရို့ ချန်မိသားစုအိမ်မှာ ထမင်းစားသွားပြီးမှ အိမ်ပြန်သွားခဲ့သည်။ ချင်းမျန့်က စိတ်တိုစရာကောင်းတဲ့ သမီးဖြစ်သူကို လစ်လျူရှုကာ အဝတ်အစားချုပ်ရန် အခန်းထဲပြန်ဝင်သွားခဲ့သည်။
ဖုန်းယွီလန်နှင့် ချန်ကျွမ်းကျွမ်းတို့ ညီအစ်မကောင်းနှစ်ယောက်ကတော့ လွန်စွာစိတ်လှုပ်ရှားနေကြလျက်။ ကျွန်းမှာ ရုပ်သံဌာနတစ်ခုရှိတယ်၊ ကျွန်းမှာ အလှမယ်ပြိုင်ပွဲတစ်ခုကျင်းပမယ်။ ချန်ကျွမ်းကျွမ်းရဲ့ ဒေါ်လေးက အလှမယ်ပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်ပဲ...
တစ်ချိန်က သူတို့နေ့စဉ်ဘဝနှင့် အလွန်ဝေးကွာခဲ့တဲ့အရာတွေဟာ သူတို့ဘဝရဲ့ အနီးမှာ ပေါ်လာတာကြောင့် မိန်းမငယ်လေးတွေအနေနဲ့ စိတ်မလှုပ်ရှားဘဲဘယ်နေမှာလဲ?
ချန်ကျွမ်းကျွမ်းရဲ့ ဒေါ်လေးက တီဗီမှာ အကြိမ်ပေါင်းများစွာ ပါဖူးတယ်လေ!
အဲဒါက တီဗီလေလို့!
"ကျွမ်းကျွမ်း ငါ နင်နဲ့အတူ ကျွန်းကိုလိုက်လာခဲ့တာ အရင်က မမြင်ဖူးတာတွေလည်း တကယ်မြင်ခဲ့ရပြီ။ ငါအများကြီးသင်ယူခဲ့ရတယ်ဟာ"
ချန်ကျွမ်းကျွမ်း ခေါင်းညိတ်လိုက်၏။ "ငါရောပဲ ပြန်လာရတာ ကောင်းတယ်လို့ထင်တယ်၊ ဒါပေမယ့် ငါ့မားကတော့ နေ့တိုင်း ငါ့ကိုစိတ်တိုနေရတာပေါ့ဟယ်"
xxx