အခန်း (၃၃၄-၃၃၅)
Vol. 28 Ch. 334-335
Ch-334
"ကျွမ်းကျွမ်း ငါ နင်နဲ့အတူ ကျွန်းကိုလိုက်လာခဲ့တာ အရင်က မမြင်ဖူးတာတွေလည်း တကယ်မြင်ခဲ့ရပြီ။ ငါအများကြီးသင်ယူခဲ့ရတယ်ဟာ"
ချန်ကျွမ်းကျွမ်း ခေါင်းညိတ်လိုက်၏။
"ငါရောပဲ ပြန်လာရတာ ကောင်းတယ်လို့ထင်တယ်၊ ဒါပေမယ့် ငါ့မားကတော့ နေ့တိုင်း ငါ့ကိုစိတ်တိုနေရတာပေါ့ဟယ်"
"နင်တွေ့တဲ့အတိုင်းပဲ... သူမက ငါ့အကြောင်း နေ့တိုင်းပြောနေတာ၊ ငါ အလုပ်ကောင်းတစ်ခုကို ပစ်လိုက်လို့ နောင်မှာ သေချာပေါက် နောင်တရလိမ့်မယ်လို့ ပြောနေတာလေ"
"အဲဒါက ငါ့ခေါင်းကို နာကျင်စေတယ်ဟယ်"
"နင်က အရေးအသားကောင်းတော့ နင့်မှာ စိတ်ကူးကောင်းတွေရှိမှာပဲ။ ငါ့ကို နှစ်သိမ့်ပေးဖို့အတွက် စကားနည်းနည်းပြောပေးလေနော်"
ဖုန်းယွီလန် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်မှာ "နင့်အမေက နင့်ကို သေအောင်မရိုက်တာကပဲ ကောင်းနေပါပြီဟယ်"
ချန်ကျွမ်းကျွမ်း : "..."
ဒါက နှစ်သိမ့်စကားလို့ထင်ရပေမယ့် ထူးဆန်းလွန်းနေသလိုပဲနော်...
ဒီညီအစ်မကောင်းတွေကလည်း မကြာမကြာ အံ့သြစရာတွေပြောတတ်ကြတာပဲ...
၁၉၈၅ ခုနှစ် ဧပြီလတွင်ဖြစ်၏။
ပြိုင်ပွဲအတွက် စာရင်းသွင်းကာ ပြိုင်ပွဲအလှည့်ပေါင်းများစွာ ယှဉ်ပြိုင်ပြီးတဲ့နောက် ဖိုင်နယ်မှာ ပြိုင်ပွဲဝင် စုစုပေါင်း ၁၆ဦး ကျန်ရှိခဲ့လေပြီ။
အဆိုပါအလှမယ်ပြိုင်ပွဲကို ကျွန်းပေါ်မှာ စတင်ကြေညာလိုက်ကတည်းက အုတ်အော်သောင်းတင်းဖြစ်သွားခဲ့သည်။
တစ်ကျွန်းလုံးရှိ လူတွေအားလုံး အလှမယ်ပြိုင်ပွဲကို လာရောက်ကြည့်ရှုလိုကြ၏။ လူတိုင်း အလှတရားကို နှစ်သက်ကြသည်ဖြစ်ရာ မိန်းမလှလေးတွေကို မကြည့်ချင်ကြတဲ့သူ ဘယ်ရှိပါ့မလဲနော်? အလှလေးတွေအများကြီးကို မြင်နေရရင် လူတွေကို ပျော်ရွှင်စေတယ်လေ။
"South Island Miss Tourism? ငါတို့ကျွန်းမှာ အလှမယ်ပြိုင်ပွဲ ရှိတော့မှာပေါ့?!"
"ငါတို့ချုံကျိုးကျွန်းဒေသတွင်းရုပ်သံဌာနကနေ အလှမယ်ပြိုင်ပွဲတစ်ပွဲလုံးကို ထုတ်လွှင့်ပြသမှာတဲ့"
"လူကိုယ်တိုင်ရော လာကြည့်လို့ရလား?"
…
"ကျွန်မ စာရင်းသွင်းလို့ရလား?"
"ငယ်ရွယ်ပြီး အိမ်ထောင်မရှိတဲ့ အမျိုးသမီးအားလုံး စာရင်းသွင်းနိုင်ပါတယ်!"
"ဒါဆို ကျွန်မ စာရင်းသွင်းမယ်! ကျွန်မ စာရင်းသွင်းမယ်!"
ဖိုင်နယ်ကို ကောင်းကင်ပြာပင်လယ်ရှုမျှော်ခင်းဟိုတယ်၌ ကျင်းပပေမည်။ ဤပင်လယ်ရှုမျှော်ခင်းဟိုတယ်ကို ချင်းရို့ ဆောက်လုပ်ထားခြင်းပင်။ အလှမယ်ပြိုင်ပွဲပြီးတဲ့နောက် ဟိုတယ်ကို စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။
ဤအလှမယ်ပြိုင်ပွဲဟာလည်း ဟိုတယ်အတွက် ပရိုမိုးရှင်းတစ်ခုပင်။ အလှမယ်ပြိုင်ပွဲပြီးသွားတဲ့အခါ သူမဟိုတယ်မှာ လာရောက်တည်းခိုကြမယ့် လူတွေများလိမ့်မယ်လို့ ချင်းရို့ ယုံကြည်ပေသည်။
အဆိုပါအလှမယ်ပြိုင်ပွဲ၏ နောက်ဆုံးအစီအစဉ်ဟာ အရေးကြီးသဖြင့် ဖိုင်နယ်ကျင်းပမည့်နေ့မတိုင်ခင် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရန် ဟိုတယ်သို့ ရက်အနည်းငယ်ကြိုလာခဲ့သည်။
ဖိုင်နယ်နေ့ရောက်လို့လာသည့်အခါ အရာအားလုံး အဆင်သင့်ဖြစ်နေချေပြီ။ ချင်းရို့ အခန်းထဲမှာ ရပ်နေရင်း လိုက်ကာဖွင့်လိုက်ရာ နေရောင်မှာ တောက်ပနေလျက်။
မှန်ပြတင်းပေါက်ကနေတစ်ဆင့် အဝေးက ရှုခင်းလှလှလေးတွေကို တွေ့မြင်နိုင်၏။ အဆုံးမရှိတဲ့ပင်လယ်ပြင်ကြီးနှင့် ကမ်းခြေသို့ ရိုက်ခတ်နေတဲ့ လှိုင်းလုံးတွေရှိနေသလို ရွှေရောင်ဖျော့ဖျော့သဲသောင်ပြင်ဟာ လှပနေပြီး လူတွေကို သက်တောင့်သက်သာဖြစ်စေသည်။ ရှည်မျောမျောအုန်းပင်တွေဟာလည်း စိမ်းလန်းနေလျက်။
ဘယ်လောက်တောင်လှလိုက်သလဲနော်!
ချင်းရို့ စိတ်ထဲမှ သက်ပြင်းရှိုက်မိ၏။ ပင်လယ်ရှုမျှော်ခင်းဟိုတယ်က လှပတယ်ဆိုပေမယ့် ဒီလိုနေရာမျိုးဟာ ဓာတ်ပုံရိုက်ဖို့သာ သင့်တော်ပြီး ရေရှည်နေထိုင်ဖို့ မသင့်တော်ပေ။
တိုင်ဖွန်းမုန်တိုင်းရာသီပြီးသွားတဲ့အခါ ပင်လယ်ရှုမျှော်ခင်းဟိုတယ်ကို ထိန်းသိမ်းဖို့ အချိန်နှင့်လူအင်အားများစွာ အသုံးပြုရပေလိမ့်မည်။
ယခုအချိန်တွင် ပြိုင်ပွဲဝင်တွေ၊ မိတ်ကပ်နှင့်ဝတ်စုံအဖွဲ့ဟာ ဟိုတယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်သည်။
ရုပ်သံဌာနမှ ဝန်ထမ်းတစ်ဦးက ပျင်းရိစွာ အကြောဆန့်လျက် "ပင်လယ်ကမ်းစပ်က ဒီလိုအိမ်လေးမှာ နေရတာ တအားသက်တောင့်သက်သာရှိသလို အရမ်းလည်းလှတယ်!"
"မနက်အစောကြီး ပင်လယ်ကြီးကိုမြင်ရတဲ့အချိန် စိတ်အခြေအနေကောင်းသွားရောပဲ"
"ဒီလိုအိမ်လေးမှာနေရတာ တကယ်ပျော်ဖို့ကောင်းတယ်နော်"
"ငါ့အမေ ဒီကိုလာရင် ဒီဟိုတယ်မှာနေခိုင်းရမယ်..."
ပြိုင်ပွဲဝင်များစွာလည်း ဆွေးနွေးနေကြပေသည် -
"ဒီပြိုင်ပွဲမှာပါဝင်ရတာ တကယ်တန်တာပဲ!"
"နေ့တိုင်း အစားအသောက်ကောင်းကောင်းစားရတယ်၊ အဝတ်အစားလှလှလေးတွေလည်း ဝတ်ရတဲ့အပြင် ဒီလိုလှပတဲ့နေရာမှာပါ နေရတယ်"
"ဒီနေ့ Miss Tourismရဲ့ ပထမဆုနဲ့ ဒုတိယဆုကို ရွေးချယ်တော့မယ်..."
"အားလုံး စိတ်လှုပ်ရှားနေကြပြီလား? ဘယ်သူများ ပုလဲသရဖူဆောင်းနိုင်မလဲနော်?"
…
ချင်းရို့ ဝတ်စားဆင်ယင်ပြီး အပြင်ထွက်လာတဲ့အချိန်တွင် နေရာတိုင်းမှာ ဟိုတယ်အကြောင်းပြောနေကြတာကို သူမကြားနေရ၏။ အပြေးအလွှားဖြစ်နေတဲ့ မိန်းကလေးတစ်ဦးနဲ့လည်း ဆုံလိုက်ရပါသေးသည်။ မိန်းကလေးက သူမကို မြင်တဲ့အခါ အံ့သြတကြီးဖြစ်သွားလျက်။ "ရှင်ကရော ပြိုင်ပွဲဝင်လား? အချိန်မှီသေးလားဟင်?"
ချင်းရို့ ပြုံးကာ ခေါင်းခါပြလိုက်ပြီး အနှီမိန်းကလေး ပြင်ဆင်တဲ့ဧရိယာသို့ သွားနေတာကို ကြည့်နေခဲ့သည်။
အဲဒီမိန်းကလေးကို ရှောင်းယွီလို့ခေါ်ပြီး သူမဟာ အလွန်ထူးခြားတဲ့ အသွင်အပြင်ရှိပေသည်။ ချင်းရို့ သူမအပေါ် ထင်မြင်ချက်တချို့ရှိပြီးသားပင်။ အခုလို အနီးကပ်တွေ့လိုက်ရပြီးနောက် ဒီမိန်းကလေးဟာ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာလေးရှိတာပဲလို့ ခံစားမိသည်။
သူမက အလှဆုံးမဟုတ်သော်လည်း အလွန်ချစ်စဖွယ်ကောင်းလှ၏။
ရှောင်းယွီ ပြင်ဆင်တဲ့ဧရိယာဆီသို့ ပြေးသွားတဲ့အခါ သူမဘေးကလူတွေ စတင်မေးမြန်းကြလေပြီ။ "ရှောင်းယွီရေ နင် မလာနိုင်တော့ဘူးလို့ ငါထင်တော့မလို့"
"အိမ်မှာ တစ်ခုခုဖြစ်သွားလို့၊ ငါပြန်ရောက်ပါပြီဟာ"
"နင့်အဖေက ခုထိသဘောမတူသေးဘူးလား? သူတို့အားလုံး ကျွန်းကိုရောက်နေကြပြီဆိုတော့ ဒီအလှမယ်ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲလို့ရမယ်လို့ နင်ထင်လား?"
ရှောင်းယွီမိသားစုဟာ အတော်လေး ရှေးရိုးဆန်ကြ၏။ သူမဟာ မူလက ကျေးလက်တောရွာမှ တက္ကသိုလ်တက်ခွင့်ရတဲ့ ကျောင်းသူလေးတစ်ယောက်သာသာ။ သူမက သာမန်တက္ကသိုလ်ကိုသာ ဝင်ခွင့်ရခဲ့သော်ငြား ရွာမှာတော့ ဂုဏ်သတင်းမွှေးကာ သူမရဲ့ မိဘတွေကို ဝံ့ကြွားစေနိုင်ခဲ့သည်။
ယခုအချိန်တွင် မိန်းကလေးတစ်ယောက် တက္ကသိုလ်ဝင်ခွင့်ရတဲ့အခါ ပတ်ဝန်းကျင်ရှိလူတွေ အားကျမနာလိုဖြစ်ကြ၏။ တချို့က သမီးကို ကျောင်းပို့တဲ့ မိဘတွေကို ရူးနှမ်းတယ်လို့ အတင်းအဖျင်းပြောကြလေသည်။ အကြောင်းကတော့ သမီးမိန်းကလေးတွေဆိုတာဟာ လက်ထပ်လက်ဆောင်သဘောမျိုး လဲလှယ်သင့်တာဖြစ်တဲ့အတွက် သူမကို လက်ထပ်ဖို့ပေးလိုက်ပြီးရင် မိဘတွေက ငွေအများကြီးရှာနိုင်မယ်လေ... ဒါပေမယ့် သူမမိဘတွေက ဒါတွေအားလုံးကို လျစ်လျူရှုပြီး သူမကို ကောလိပ်ပို့နေတုန်းပဲ...
ကောလိပ်ပြီးသည့်နောက် ရှောင်းယွီက ချုံကျိုးကျွန်းမှာ တာဝန်ကျခဲ့သည်။ သူမ ဒီကျွန်းကို တစ်ခါမှမရောက်ဖူးသော်လည်း နောက်ဆုံးတော့ ကျေးလက်ဒေသမှထွက်ခွာပြီး ရွာသူရွာသားတွေ အားကျမနာလိုရတဲ့ အလုပ်တစ်ခုရခဲ့လေပြီ။ သူမ ယူနစ်တစ်ခုမှာ ဝန်ထမ်းဖြစ်လာပြီး တစ်လကို လစာယွမ်တစ်ဒါဇင်လောက်ရပေသည်။
သူမမိဘတွေလည်း အရမ်းပျော်ရွှင်ခဲ့ကြသလို ရှောင်းယွီကလည်း သူမမိဘတွေကို ကျေးဇူးတင်တာကြောင့် ငွေအများစုကို အိမ်သို့ပြန်ပို့ပေးခဲ့သည်။
ယခုနှစ်တွင် ကျွန်းပေါ်မှာ ရုတ်တရက်ကြီး အလှမယ်ပြိုင်ပွဲ စတင်ကျင်းပခဲ့ပေသည်။ ပထမတော့ ရှောင်းယွီလည်း ဂရုမစိုက်မိပေမယ့် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူမကိုပါ သူတို့နဲ့အတူတူ စာရင်းသွင်းရန် ဆွဲခေါ်လာခဲ့ကြပြီး ဆုတစ်နေရာရရင် နောင်တချိန်မှာ လေယာဥ်မယ်ဖြစ်နိုင်သလို လေယာဥ်စီးနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ သူမကြားလိုက်ရသည်လေ!
ဒီစကားတွေက ရှောင်းယွီနှင့် သိပ်မရင်းနှီးသော်ငြား အပျော်သဘောဖြင့်သာ စာရင်းသွင်းလိုက်၏။ သို့သော် သူမ ဖိုင်နယ်ထိရောက်လာလိမ့်မယ်လို့ မထင်မှတ်ထားမိခဲ့ချေ။
သူမမွေးရပ်မြေရှိ လူတွေက သူမကို ကွမ်တုန်းတီဗီမှာ တွေ့လိုက်ကြပြီး သူမမိသားစုဆီ ပြောပြလိုက်ကြ၏။ ဒီအဖြစ်အပျက် သတင်းပျံ့သွားတဲ့အခါ အရာအားလုံးပြောင်းလဲသွားပြီး ရွာကလူတွေဟာ သူမအကြောင်း အလွန်ဆိုးဝါးစွာ သွားပုပ်လေလွင့်ပြောကြပါတော့သည်။
သူမသည် အလှမယ်ပြိုင်ပွဲတစ်ခုမှာ ပါဝင်နေတာ ထင်ရှားနေသော်ငြား သူမဟာ ကောလိပ်ဘွဲ့ရတစ်ဦးဖြစ်ပေမယ့် စာရိတ္တပျက်ပြားသွားပြီး ဟိုးတုန်းက အဆိုတော်၊ အကမယ်တွေလို သူမခန္ဓာကိုယ်ကို ရောင်းစားနေတယ်လို့ ဆိုကြလေသည်... ဒါဟာ အလွန်အရုပ်ဆိုးလွန်းကာ သူမမိဘတွေကို အရှက်ရစေပြီး ပူပန်ရစေသည်။
"နင်က ကောလိပ်ဘွဲ့ရအမျိုးသမီးကောင်းတစ်ယောက်လေ။ နင့်မိသားစုကို အရှက်ရစေမယ့် ဒီလိုဟာမျိုးတွေမလုပ်ပါနဲ့"
"ငါက အရမ်းလိမ္မာတဲ့ သမီးလေး မွေးထားတာပါ၊ သူမ ဘာလို့ပြောင်းလဲသွားရတာလဲ?"
"ချက်ချင်းနုတ်ထွက်လိုက်! နင့်ယူနစ်ကိုပြန်သွားပြီး အလုပ်ကြိုးစားတော့!"
…
ရှောင်းယွီက သူမရဲ့ မိဘတွေကို ဖုန်းထဲကနေ အတတ်နိုင်ဆုံးရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် သူမမိဘတွေကတော့ သမီးဖြစ်သူရဲ့ စကားတွေကို မယုံကြည်ဘဲ တခြားသူတွေရဲ့ စကားကိုသာ ယုံကြည်နေခဲ့သည်။
အခုအချိန်မှာ ဘယ်လိုပဲပြောပြော နားဝင်ကြမှာမဟုတ်ဘူး။
ရှောင်းယွီမိဘတွေက သူမအား ပြိုင်ပွဲမှနှုတ်ထွက်ဖို့ ပြောခဲ့ကြသော်လည်း ရှောင်းယွီကတော့ သဘောမတူခဲ့ပေ။ အလှမယ်ပြိုင်ပွဲမှာ ပါဝင်ပြီးနောက် ကမ္ဘာကြီးအသစ်ကို တွေ့လိုက်ရသလိုပင်။ သူမ ဆန်းသစ်တဲ့ အတွေ့အကြုံများစွာရခဲ့သလို ပိုမိုကြီးမားကျယ်ပြောလှတဲ့ ကောင်းကင်ကြီးကိုလည်း မြင်တွေ့ခဲ့ရသည်။ သူမလည်း ငွေရှာချင်တယ်! သူမလည်း ပိုမိုကောင်းမွန်တဲ့ဘဝမှာ နေထိုင်ချင်တယ်! ဒီရှားပါးလှတဲ့ အခွင့်အရေးကို ဆုပ်ကိုင်ထားချင်တယ်!
ဖိုင်နယ်မရောက်ခင် ကျေးလက်မှာရှိနေတဲ့ သူမရဲ့မိဘတွေက သည်းမခံနိုင်တော့ဘဲ သူမကိုရှာဖို့အတွက် တစ်ညအိပ်နေကာ ကျွန်းကို ခရီးထွက်လာလေ၏။ သူတို့ မနေ့ကပဲ ကျွန်းကို ရောက်လာကြ၍ ရှောင်းယွီက သူမရဲ့မိဘတွေအတွက် အားလုံးစီစဉ်ပေးခဲ့ပေမယ့် ဖိုင်နယ်ကိုတော့ လက်လျှော့ရန် ငြင်းဆန်နေဆဲ။
"ပါး! မား! အခု ဖိုင်နယ်ရောက်နေပြီ။ ပွဲပြီးသွားမှ အသေးစိတ်ပြောပြတော့မယ်နော်"
သူမ ဆုမရရင်တောင် ပါဝင်ယှဥ်ပြိုင်ချင်ပါသေးသည်!
ဆန်ကာတင်တွေအားလုံး ကြော့ရှင်းလှပတဲ့ ဝတ်စုံတွေကို ပြောင်းလဲဝတ်ဆင်ပြီးဖြစ်၏။ ရှောင်းယွီက စကတ်အဖျားကို ကိုင်ထားရင်း ကိုယ်လုံးပေါ်မှန်ထဲမှာ သူမကိုယ်သူမ တိတ်တဆိတ်ကြည့်ရှုနေခဲ့သည်။ ပုလဲနားဆွဲလှလှလေးတစ်ရံကလည်း တလက်လက်ဖြာနေလျက်။
ရွံ့တောထဲက ကျေးလက်တောသူမိန်းကလေးအဖြစ်မှ ကလေးတွေပုံပြင်ထဲက မင်းသမီးလေးလို တစ်ဆင့်ချင်းပြောင်းလဲသွားတယ်လို့ ခံစားနေခဲ့ရသည်။
အဆုံးသတ်ဟာ ဘာပဲဖြစ်နေပါစေ သူမလည်း ဒီလိုအဝတ်အစားလှလှလေးတွေ ၀တ်ဆင်လိုပြီး တစ်ခါလောက် မင်းသမီးလေးဖြစ်ချင်ပါသည်။
ရှောင်းယွီ ဒေါက်မြင့်ဖိနပ်နှင့် စင်မြင့်ပေါ်သို့ လျှောက်သွားလိုက်၏။
သူမ စင်ပေါ်မှာ လျှောက်နေရင်း လှမ်းကြည့်လိုက်တဲ့အခါ အကဲဖြတ်ဒိုင်ထိုင်ခုံမှာ ထိုင်နေတဲ့ ချင်းရို့ကို တွေ့လိုက်ရလေ၏။ သူမဝင်လာတုန်းက တွေ့ခဲ့ရတဲ့ လှပချောမောတဲ့ အမျိုးသမီးပဲ။ သူမကို ရင်းနှီးနေပုံရပေမယ့် သူမဟာ အကဲဖြတ်ဒိုင်ဖြစ်နေမယ်လို့ မမျှော်လင့်ထားမိခဲ့။
ရှောင်းယွီ ခဏလောက်အံ့အားသင့်သွားသော်လည်း ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။
ချင်းရို့ အကဲဖြတ်ဒိုင်တွေရဲ့ ထိုင်ခုံမှာ ထိုင်ကာ အလှလေးတွေကို ရှုစားနေခဲ့သည်။ အလှလေးတွေအများကြီး catwalkလျှောက်နေကြတာကို ကြည့်ရတာ တကယ့်ကို မျက်စိအစာကျွေးလို့ကောင်းလိုက်တာနော်။ ဒီနေ့ ပြိုင်ပွဲကိုလာကြည့်ကြတဲ့ ပရိသတ်တွေလည်း အတော်လေးစိတ်အားထက်သန်နေကြလျက်...
ပြိုင်ပွဲ၌ catwalkလျှောက်ခြင်းနှင့် အမေးအဖြေကဏ္ဍတွေ ပါရှိသည်...
xxx
Ch-335
အခြေအနေတင်းမာပြီး စိတ်အားထက်သန်လှသော လေထုအငွေ့အသက်တို့ဖြင့် ဖိုင်နယ်ပြီးဆုံးသွားချေပြီ။ များမကြာမီ ပြိုင်ပွဲရလဒ်တွေ ကြေညာပေးလာ၏။
ချန်ပီယံ - ရှဲ့ကျစ်ယီ ဒုတိယဆု - ချန်ရှီးရှီး တတိယဆု - ကျန်းဖန်း ...
ရှောင်းယွီကတော့ အဆင့်လေးချိတ်ခဲ့ပြီး Rankingထဲမဝင်ခဲ့ပေ။
ရှောင်းယွီ စင်မြင့်နောက်တွင် မတ်တပ်ရပ်နေရင်း ရွှေ၊ ငွေပုလဲသရဖူတွေ ဆောင်းထားကြသည့် လူသုံးယောက်ကို ကြည့်နေခဲ့သည်။
ပြိုင်ပွဲရလဒ်တွေ ထွက်လာသည့်အခါ သူမ စိတ်မကောင်းဖြစ်မိပေမယ့် ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့အတွက် နောင်တမရခဲ့။
အလှမယ်ပြိုင်ပွဲ ဖိုင်နယ်ပြီးဆုံးသွားသော်လည်း မပြီးဆုံးသေးပေ။ တောင်ကျွန်းပုလဲကုန်သည်ကြီးများအသင်း ဥက္ကဌချင်းရို့က တောင်ကျွန်းပုလဲလက်မှုခြံမှာ ကျင်းပမယ့် "နိုင်ငံပုလဲရတနာပြပွဲ"တွင် ပါဝင်ရန် ဆန်ကာတင် ၁၆ဦးကို ဖိတ်ကြားခဲ့သည်။
အဲဒီအချိန်မှာ သူတို့က ပုလဲလက်မှုခြံမှ ပုလဲလက်ဝတ်ရတနာပြပွဲအတွက် ချောင်ဆမ်၊ မင်္ဂလာဝတ်စုံ၊ တရုတ်စတိုင်မင်္ဂလာဝတ်စုံတို့ကို ဝတ်ဆင်ရမည်ပင်။
သူတို့အားလုံး တစ်လလစာနှင့်ညီမျှတဲ့ ၅၁ရက်လစာကို ရနိုင်တယ်!
ရှောင်းယွီကတော့ သဘာဝကျကျပင် စာရင်းပေးသွင်းခဲ့ပြီး အခြား၁၅ယောက်လည်း ပုလဲရတနာပြပွဲတွင် ပါဝင်ရန် သဘောတူခဲ့သည်။
ဖိုင်နယ်ပြီးသွားတဲ့အခါ ချင်းရို့လည်း မိသားစုခြံဝင်းဆီ ကားဖြင့်ပြန်လာခဲ့သည်။ အလှမယ်ပြိုင်ပွဲစတင်ချိန်မှစ၍ ချင်းရို့ဟာ မိသားစုခြံဝင်းမှာ ဆယ်လီဖြစ်လာပြီး မိသားစုခြံဝင်းရှိ ညီအစ်မတစ်သိုက်တို့ရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
"ရှောင်ချင်း ပြန်လာပါပြီ၊ ငါတို့ နင့်ကို တီဗီမှာ တွေ့လိုက်တယ်နော်!"
"အဲဒီကောင်မလေးတွေက ၀တ်စုံလှလှလေးတွေ ဝတ်ထားကြတာပဲ!"
"အကဲဖြတ်ဒိုင်တစ်ယောက်အနေနဲ့ နင်က တခြားပြိုင်ပွဲဝင်တွေထက် ပိုလှနေလိုက်တာဟယ်!"
"ညီအစ်မချင်းရေ နင် လက်ထပ်တာ စောသွားလိုက်တာကွယ်! နင် ဒီလိုအချိန်ကောင်းတွေကို မမီတော့ဘူးပေါ့!"
…
ချင်းရို့ သူတို့နဲ့ ရယ်ရယ်မောမော စကားပြီးနောက် အိမ်ပြန်သွားခဲ့သည်။ အိမ်ပြန်ရောက်တဲ့အခါ သို့ရုန်လေးက သူမကို မြင်လိုက်ရတော့ စိတ်လှုပ်ရှားနေကြလျက်။
"မာမားရေ မီးလည်း ၀တ်စုံလှလှလေးဝတ်ချင်တယ်!"
"မီးလည်း သရဖူလေးဆောင်းချင်တယ်လို့!"
"မာမားက သမီးတို့အတွက် နောက်တစ်ခါကျ ကမာခွံသရဖူလေး ပေးမယ်နော်"
ချင်းရို့ ညီအစ်မနှစ်ယောက်ကို ပြုံးကာ စနောက်လိုက်၏။ ကလေးမလေးတွေက မူလတန်းကျောင်းသူလေးတွေဖြစ်၍ အဖိုးတန်ပုလဲတွေအများကြီး ဝတ်ခွင့်မပြုဝံ့ပေ။ ပုလဲတွေ ပျောက်သွားရင် အဆင်ပြေပေမယ့် အန္တရာယ်ကြုံရမှာ စိုးရိမ်၍ပင်။
၁၉၈၀ ခုနှစ်များဝန်းကျင်တွင် လူ့အဖွဲ့အစည်းအတွင်း မငြိမ်မသက်မှုအချို့ရှိခဲ့ပြီး ခိုးကြောင်ခိုးဝှက်တိုက်ခိုက်တာတွေ၊ ရန်ပွဲတွေရှိခဲ့သည်။ ပြီးခဲ့တဲ့နှစ်မတိုင်မီက ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုအပြီး နှစ်နှစ်အတွင်းမှာ လေထုဟာ အနည်းငယ်တိုးတက်လာချေပြီ။
ဒါပေါ့၊ သို့ရုန်ညီအစ်မဟာ ယခုအခါ စစ်တပ်နှင့်ဆက်စပ်နေတဲ့ မူလတန်းကျောင်းမှာ ပညာသင်ကြားနေ၍ ကျောင်းကနေ မိသားစုခြံဝင်းသို့ ပြန်လာရာတွင် အလွန်လုံခြုံပေသည်။
ချင်းရို့ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ လုယန်နှင့် လုဝေကျိုးတို့ညီအစ်ကိုနှစ်ယောက်လည်း ပြန်ရောက်လာခဲ့၏။ ညီအကိုနှစ်ယောက်က ကျောင်းမှာ ဘောလုံးကစားခဲ့ကြသဖြင့် အိမ်ပြန်ရောက်တဲ့အခါ ချွေးတွေရွှဲနေ၍ ချင်းရို့လည်း သူတို့ရေမချိုးခင် ချွေးတွေသုတ်ရန် မျက်နှာသုတ်ပုဝါတွေ ပေးလိုက်သည်။
လုယန်က နောက်ကျောမှာရှိနေတာကြောင့် သူ့ဇနီးလေးကို ပွေ့ဖက်လိုက်သည်။ မတိုင်ခင်က ချင်းရို့သည် ပွဲအတွက် အဆင်သင့်ပြင်ဆင်ရန် ဟိုတယ်ကို သွားခဲ့၍ မတွေ့ရတာ ရက်အတော်ကြာသွားခဲ့ပြီ။
ချင်းရို့ သူ့ကို ပြုံးပြကာ အလှမယ်ပြိုင်ပွဲ ဖိုင်နယ်အကြောင်း ပြောပြခဲ့သည်။
"ရှင့်မိန်းမဆောက်ထားတဲ့ ပင်လယ်ရှုမျှော်ခင်းအခန်းမှာ ရှင်နေချင်လား? မနက်စောစောအိပ်ရာထတာနဲ့ ပင်လယ်ကိုမြင်ရင် စိတ်အခြေအနေကောင်းသွားစေတယ်လို့ သူတို့ပြောနေကြတယ်!"
ချင်းရို့ဟာ လုယန်ရဲ့ ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ်ဖက်ခံထားရ၍ ပြုံးရယ်နေပြီး စနောက်ကျီစယ်ဟန် သူ့ရင်ဘတ်ကို တွန်းထိုးနေလေသည်။
ရဲဘော်လုယန်ကတော့ သူနိုးလာတဲ့အချိန်အများစုဟာ ပင်လယ်ပြင်ကို မြင်နေရတာဖြစ်၍ သူ့အတွက်တော့ တကယ့်ကို လှပသည့်အရာမဟုတ်ခဲ့။ မစ်ရှင်ကြောင့် ပင်လယ်ပြင်ကို ရွက်လွှင့်ရပြီး တစ်လကြာမျှောနေရပါက ပင်လယ်ကလွဲလို့ ဘာမှမရှိ...
"ကိုယ် ပင်လယ်ကို မမြင်ချင်ပေမယ့် မင်းကိုတော့ တွေ့ချင်တယ်"
လုယန် ပြုံးလျက် "နောက်တခါ ပင်လယ်ကြီးကို ကြည့်ဖို့ မင်းကိုခေါ်သွားပေးမယ်"
"ကျွန်မကို ခေါ်သွားမလို့? စစ်သင်္ဘောပေါ်မှာ ကျွန်မအတွက် နေရာရှိလို့လား?"
"ကိုယ်တို့ရဲဘော်ရှောင်ချင်းကို လှေရဲ့ ပဲ့မှာ ဆွဲထားပြီးတော့ ညစ်ပတ်နေရင် ပင်လယ်ရေနဲ့ဆေးလိုက်မယ်"
ချင်းရို့ : "ရှင့်မှာ ဘာမှလုပ်စရာမရှိရင် ငါးမန်းဖမ်းလို့ရလား?"
"ကိုယ်တို့ ငါးမန်းတွေတော့ ဖမ်းလို့မရဘူးထင်တယ်။ မင်းရဲ့ အရာရှိလုက မင်းအတွက် စိတ်မကောင်းဖြစ်သွားရပြီ။ အဲဒီ့အဝတ်တွေကို ကူလျှော်ပေးရုံပါကွာ၊ အဖြူရောင်အဝတ်အစားတွေက လျှော်ရခက်တယ်လေ..."
ချင်းရို့ အောက်ထပ်က ဆူညံသံတွေကြားလိုက်ရပြီး ကလေးနှစ်ယောက် ထွက်လာတာကြောင့် လုယန်နှင့် ကျီစယ်ငြင်းခုံနေတာကို ရပ်လိုက်ပြီး "သွား ရေသွားချိုးတော့!"
မေလ၌ ပုလဲလက်မှုခြံတွင် ဆန်ကာတင် ၁၆ ဦးတို့ဖြင့် တရုတ်စတိုင်ပုလဲရတနာပြပွဲကို ကျင်းပခဲ့ပြီး ရုပ်သံဌာနကလည်း လုပ်ငန်းစဉ်တစ်ခုလုံးကို မှတ်တမ်းတင်ကာ တည်းဖြတ်၍ တီဗီမှာ ထုတ်လွှင့်ပြသပေးခဲ့သည်။
ဤချုံကျိုးကျွန်းအလှမယ်ပြိုင်ပွဲဟာ ချုံကျိုးကျွန်းမှာ အုတ်အော်သောင်းတင်းဖြစ်စေရုံသာမက ပြည်တွင်းထုတ် သတင်းစာတွေမှာပါ ခဏခဏပေါ်လာခဲ့သည်။ တောင်ပိုင်းသတင်းစာတွေတောင် ခေါင်းစဥ်မျိုးစုံဖြင့် အကြိမ်ပေါင်းများစွာ ထုတ်ဝေခဲ့တာကြောင့် အာရုံစိုက်မှုများစွာရရှိခဲ့ပြီး နောက်ပိုင်းတွင် ကွမ်ချန်နှင့် ဟောင်ကောင်ကျွန်းတို့မှာလည်း အလှမယ်ပြိုင်ပွဲတွေ ကျင်းပခဲ့ကြသည်။
ယခုအချိန်တွင် ကျန်းယွမ်ကျင်းနှင့် တခြားသူတွေ ပြင်ဆင်ထားတဲ့ "ခရီးသွားအေဂျင်စီတစ်ခုရဲ့ ဇာတ်လမ်းလေး"၏ ပထမဆုံး၁၀ပိုင်းအတွက် ဇာတ်ညွှန်းတွေ ရလာပြီဖြစ်သည်။ ဒါဟာ သူတို့ခေါင်းချင်းရိုက်ကာ အဖြေရှာခဲ့ခြင်းရဲ့ ရလဒ်ဖြစ်သလို ဖုန်းယွီလန်လည်း ဇာတ်ညွှန်းရေးသားသောအဖွဲ့တွင် ပါဝင်ခဲ့လေ၏။
ဒီမိန်းကလေးဟာ အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ရယ်စရာကောင်းသော ဒိုင်ယာလော့များစွာကို ရေးသားခဲ့သည်။ ဒါရိုက်တာဝူက ခြွင်းချက်တစ်ခုအနေနဲ့ သူမအား ချုံကျိုးကျွန်းရုပ်သံဌာနသို့ ပါဝင်ရန် ဖိတ်ကြားခဲ့သည်။
"ရဲဘော်ရှောင်ဖုန်းရေ ငါတို့ရုပ်သံဌာန ဖွံ့ဖြိုးတိုးတက်ရေးမှာ မင်းလို အရည်အချင်းရှိတဲ့သူတွေ လိုအပ်တယ်!"
ဖုန်းယွီလန်သည် မူလက ချုံကျိုးကျွန်းသို့ ခရီးတစ်ခေါက်ထွက်ရုံ စီစဉ်ခဲ့သော်ငြား မထင်မှတ်ဘဲ ဒီနေရာမှာ အလုပ်တစ်ခုရလိုက်သည်မှာ သူမ စိတ်ကူးပင်မယဥ်ထားမိတဲ့ကိစ္စပင်။
"ငါ ဒီကိုရောက်တုန်းက တောင်ပိုင်းကဆောင်းရာသီကို ကြည့်ချင်ရုံသက်သက်ပဲဆိုပေမယ့် အလှမယ်ပြိုင်ပွဲနှင့် ဆုံလိုက်ရပြီးတော့ ထွက်မသွားနိုင်တော့ဘူး။ သူတို့က တီဗီဇာတ်လမ်းတွဲ ဇာတ်ညွှန်းတွေရေးနေ... ဒီဇာတ်ညွှန်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ..."
"ငါ့မိဘတွေက ငါ့ကို ပြန်လာခိုင်းနေကြတယ်"
ချန်ကျွမ်းကျွမ်း : "ဒါဆို နင်ဘာလုပ်မှာလဲ?"
ဖုန်းယွီလန် တွန့်ဆုတ်နေလျက် "အရင်ဆုံး ငါ ဒီမှာ သုံးနှစ်လောက် အလုပ်လုပ်မယ်လို့ ငါ့မိဘတွေကို ပြောလိုက်ပြီ။ ဇာတ်ညွှန်းပြီးဆုံးပြီး တီဗီဇာတ်လမ်းတွဲ အောင်အောင်မြင်မြင် ပြသပြီးတဲ့အထိ စောင့်ချင်သေးတယ်။ အဲ့လိုမှ ငါစိတ်အေးရမှာ"
"ဒါဆို နင့်မိဘတွေကရော ဘယ်လိုပြောကြလဲ?"
"သူတို့ ငါ့ကို မတားနိုင်ဘူးလေ၊ ဒီတော့ ကျွန်းမှာ လက်တွဲဖော်မရှာဖို့ပဲ တောင်းဆိုကြတယ်။ ငါလည်း ကျွန်းမှာ လက်တွဲဖော်မရှာပါဘူးလို့ ကတိပေးလိုက်ပြီ"
"အခု ဇာတ်ညွှန်းရေးတာနဲ့ တီဗီဇာတ်လမ်းတွဲတွေ ရိုက်ကူးရတာကို ငါ အရမ်းစိတ်ဝင်စားနေမိတာ။ ချုံကျိုးကျွန်းရုပ်သံဌာနက ငါ့ကို ဒီအခွင့်အရေး ပေးလာတဲ့အတွက် ငါ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရမယ်!"
ချန်ကျွမ်းကျွမ်း အပြုံးလေးနဲ့ ပြောလိုက်၏။ "နင့်ကို လက်တွဲဖော်ရှာဖို့ ငါလည်း ခွင့်မပြုပါဘူးနော်၊ ကျွန်းမှာ လက်ထပ်ပြီးရင် နင်ပြန်မရနိုင်တော့မှာကို ငါစိုးရိမ်ပါတယ်နော်"
"ဒီမှာ အရင်ဆုံး သုံးနှစ်အလုပ်လုပ်မယ်လို့ ငါ့မိဘတွေကို ပြောပြီးပြီ!"
ဖုန်းယွီလန် ပြုံးလျက် "ငါ ၂နှစ်၊ ၃နှစ်လောက်ကြာရင် ထွက်သွားဖြစ်မယ်လို့ ခန့်မှန်းထားတယ်။ ဒီသုံးနှစ်အတွင်း ငါတို့တတွေ ကျွန်းပေါ်မှာ အတူတူအချိန်ဖြုန်းလို့ရပြီဟေ့၊ လျှောက်လည်ကြမယ်၊ အတူတူကစားကြမယ်နော်"
"မဆိုးပါဘူး"
ချန်ကျွမ်းကျွမ်း ခေါင်းညိတ်လိုက်ပြီး "ဒီရုပ်သံဌာနမှာ သုံးနှစ်လောက် အလုပ်လုပ်ပြီးရင် နင် ပြည်တွင်းရုပ်သံဌာနကို ပြန်သွားလို့ရပြီ"
"အမှန်ပဲ၊ ငါ တီဗီဇာတ်လမ်းတွဲကို စကြည့်ချင်နေပြီ!"
ဇာတ်ညွှန်း ထွက်လာလေပြီ။ ကုန်ကျစရိတ်နည်းတဲ့ ဟာသဇာတ်လမ်းဖြစ်တဲ့အတွက် များများစားစားပြင်ဆင်ရန်မလိုခဲ့။ ခရီးသွားအေဂျင်စီတွေ၊ ခရီးသွားဧည့်သည်တွေနဲ့ ခရီးသွားနေရာတွေလို နေရာတွေအားလုံး အဆင်သင့်ဖြစ်ပြီးသားပင်။ နေ့ချင်းပြန်ခရီးစဥ်ဖြစ်တာကြောင့် ဝတ်စုံတွေလည်း အဆင်သင့်ဖြစ်နေလေပြီ။ ယခုအခါ သင့်လျော်တဲ့ သရုပ်ဆောင်တွေကို ရှာဖွေဖို့ပဲ လိုအပ်တော့သည်။
ချင်းရို့လည်း အလှမယ်ပြိုင်ပွဲက ထိပ်ဆုံး ၈ဦးနှင့် စကားပြောခဲ့ပြီး တီဗီဇာတ်လမ်းတွဲရိုက်ကူးရန် ဆန္ဒရှိမရှိ မေးမြန်းခဲ့သည်။
"တီဗီဇာတ်လမ်းတွဲရိုက်မလို့?!"
"ကျွန်မတို့ တီဗီဇာတ်လမ်းတွဲရိုက်လို့ရတယ်ပေါ့!!!"
...
တီဗီဇာတ်လမ်းတွဲတွေရိုက်နိုင်တယ်ဆိုတာ သိလိုက်ရသည့်အခါ မိန်းမငယ်လေးတွေအားလုံး အလွန်စိတ်လှုပ်ရှားသွားကြသည်။ ဒီခေတ်မှာ သာမာန်လူတွေက တီဗွီဇာတ်လမ်းတွဲတွေ မရိုက်နိုင်ကြဘူးလေ။ ဥပမာဆိုရသော် တီဗီဇာတ်လမ်းတွဲတွေအတွက် အနုပညာရှင်တွေဟာ ပြည်တွင်းရှိ အနုပညာအဖွဲ့တွေနဲ့ ဒရာမာအဖွဲ့တွေကပဲဖြစ်ကြသည်။ သာမာန်လူတွေ ရွေးချယ်ခံရဖို့ဆိုတာ လုံးဝအခွင့်အရေးမရှိပေ။
အလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒီပြိုင်ပွဲဝင်တွေဟာ တီဗီကြည့်ရှုသူအများအပြားရှေ့မှာ သူတို့မျက်နှာတွေကို ပြနိုင်ပြီး လူတွေဆီမှာ အမြင်ကောင်းတွေ ချန်ထားလို့ရတာကြောင့် ချင်းရို့နှင့် တီဗီဌာနက သူတို့အားလုံးကို ပထမဆုံး South Island Miss Tourism ပြိုင်ပွဲ၏ အမှတ်တရအဖြစ် ကင်မရာမှာ ပေါ်လာစေချင်ကြခြင်းပင်။
"ကျွန်မ တီဗီဇာတ်လမ်းတွဲမှာ ပါဝင်ချင်ပါတယ်!"
"ခရီးသွားအေဂျင်စီတစ်ခုရဲ့ ဇာတ်လမ်းမှာ ဧည့်လမ်းညွှန်လုပ်ရမှာလား? ဇာတ်လိုက်မင်းသမီးကို ကျွန်မတို့ထဲကပဲ ရွေးမှာလား?"
xxx