အခန်း (၃၃၈-၃၃၉)
Vol. 28 Ch. 338-339
Ch-338
ညီအစ်ကိုနှစ်ယောက်စလုံး သီချင်းဆိုညံ့ကြတာတူညီသော်လည်း အချင်းချင်းမကြိုက်တာမျိုးမဖြစ်ကြချေ။
"ပါး! မား! သားတို့ညီအကိုတွေအကြောင်း ဘာတွေပြောနေတာလဲဟင်?"
လုယန် ပျင်းရိစွာပြောလိုက်၏။ "ပါးနဲ့မားက မင်းတို့အတွက် စိတ်ပူနေတာပါကွာ"
ချင်းရို့ ပြုံးပြီး "ပါးနဲ့မားက သားတို့လည်ချောင်းကို ကောင်းကောင်းဂရုစိုက်နိုင်မယ်လို့ မျှော်လင့်တယ်ကွယ်။ မနက်ဖြန်ခါ သကြားနဲ့ သစ်တော်သီးပြုတ်လုပ်ရင်ရော?"
လုဝေကျိုး : "သကြားနည်းနည်းပဲထည့်နော်"
လုဝေကျယ် : "မား ဘာလို့ ဒီနေ့ သီချင်းဆိုမလေ့ကျင့်တာလဲ?"
"မားရဲ့ သံပြိုင်မှာ ဖက်ထုပ်လေးကို ထည့်လို့ရမလား?"
ချင်းရို့ : "..."
ကလေးတွေရဲ့အဖေကတော့ သူ့အခြေအနေမှန်ကို သူကောင်းစွာသိသော်ငြား ကလေးငယ်ကတော့ အနည်းငယ် ရှုပ်ထွေးနေဆဲ။
လုယန် : "မင်းရဲ့ ဖက်ထုပ်တွေက ပေါက်ထွက်နေပြီမို့လို့ မင်းပါလို့မရတော့ဘူး။ သို့သို့နဲ့ရုန်ရုန်ပဲ သံပြိုင်ဆိုနိုင်မှာ"
လုစစ်ယောင် စပ်စုစွာ မေးမြန်းလိုက်၏။ "ဘာသီချင်းဆိုရမှာလဲဟင်?"
"ကောကော သီချင်းဆိုမလို့လား?"
လုစစ်နင် : "ကောကောက အခု ဘဲလေးတစ်ကောင်ဖြစ်သွားပြီလေ"
"ဂတ် ဂတ် --"
လုဝေကျယ်က ဒေါသတကြီး ဆံပင်ဆွဲကာ "နင်ကမှ ဘဲလေး"
"ကောကောအသံက နားထောင်ရတာ အဆင်မပြေဘူး!"
တစ်ဖက်မှ ချင်းရို့က ရှင်းပြလေ၏။ "သမီးတို့ကောကောတွေက အသံပြောင်းတဲ့ကာလကို ရောက်နေလို့ပါကွယ်"
လုဝေကျိုးနှင့် လုဝေကျယ်တို့က အသံပြောင်းလဲတဲ့ ကာလရောက်နေပြီဖြစ်၍ သူတို့အသံဟာ နားထောင်ကောင်းသလား၊ မကောင်းဘူးလားပြောရခက်ပေသည်။ နည်းနည်းထူးဆန်းနေပြီး သူတို့စကားပြောသံကို နားထောင်ရခက်နေပုံရသည်။ ညီအစ်ကိုနှစ်ယောက်ရဲ့ အက်ကွဲနေတဲ့ ဘဲအော်သံဟာ ညီအစ်မနှစ်ယောက်ရဲ့ ချိုမြိန်ကြည်လင်တဲ့အသံနှင့် ဆန့်ကျင်ဘက်ပင်။
"သို့သို့နဲ့ ရုန်ရုန်မှာလည်း အသံပြောင်းတဲ့ကာလရှိလားဟင်? မဖြစ်ဘူး....." ချိုမြိန်လှတဲ့ သို့ရုန်ညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ လည်ချောင်းလေးတွေကို ဖုံးကာလိုက်သည်။
"သမီးတို့တွေလည်း အသံပြောင်းတဲ့ကာလ ရှိလိမ့်မယ်၊ ဒါပေမယ့် သမီးတို့ကောကောတွေလောက်တော့ သိသာမှာ မဟုတ်ပါဘူးကွယ်"
"သမီးတို့ နျန်နျန်ကျဲရဲ့ အသံကို နားထောင်ကြည့်လေ"
အမျိုးသမီးစစ်သည်တော် ရုန်ရုန်က ရှေ့ထွက်လာကာ "ကောကောနှင့် နျန်နျန်ကျဲတို့ စကားပြောတာကို သမီးကြားတိုင်း ဘဲတစ်ကောင်က အော်ရီယိုနဲ့ စကားပြောနေသလိုပဲ"
ချင်းရို့ : "..."
"လုစစ်နင် နင် အရိုက်ခံချင်နေတာလား?" လုဝေကျယ် ကြမ်းတမ်းစွာ ပြောလိုက်သည်။
"ဖက်ထုပ်ကောကော ကောက တီဗီထဲက လူဆိုးကြီးလိုမျိုး သိပ်ရက်စက်တာပဲ။ အမျိုးသမီးစစ်သည်တော် ရုန်ရုန်က ဒီလူဆိုးကို ရိုက်ပစ်ချင်နေ..."
"နင်... နံစော်တဲ့ရုန်ရုန်... မနေ့ကပြောတော့ နင့်ဖက်ထုပ်ကောကောက နင့်အချစ်ဆုံးကောကောပါဆို"
…
ချင်းရို့သည် အိမ်မှာ သီချင်းနှစ်ပုဒ်ကို လေ့ကျင့်နေလျက်။ သူမက ထပ်ခါထပ်ခါ သီဆိုနေရုံသာမက မိသားစုအတွင်းရှိ တခြားမိသားစုဝင်ငါးယောက်ကလည်း သီဆိုနေကြသည်လေ။
လုယန်တောင်မှ မုန့်ညက်နယ်နေရင်း အကြိမ်အနည်းငယ် သီချင်းညည်းနေလိမ့်မယ်...
အသံပြောင်းကာလရောက်နေတဲ့ ညီအကိုနှစ်ယောက်ကလည်း မကြာခဏဆိုသလို သီချင်းညည်းနေကြလိမ့်မယ်...
သို့ရုန်ညီအစ်မတွေကလည်း ခဏခဏ သီချင်းညည်းနေလိမ့်မယ်...
ဘေးအိမ်က ကျန်းချန်ပေ့တောင် အကြိမ်အနည်းငယ် သီချင်းညည်းနေပါသေးရဲ့...
လုမိသားစုဝင်တွေရဲ့ သီချင်းညည်းသံကို အကြိမ်များစွာ ကြားပြီးတဲ့နောက် ရဲဘော်ချင်းရို့သည် သူမ မြန်မြန် အသံသွင်းဖို့ သွားသင့်ပြီလို့ ခံစားလိုက်ရ၏။
ချင်းရို့ အဖွင့်သီချင်းနှင့် အပိတ်သီချင်းကို အသံသွားသွင်းလိုက်သည်။ သူမက အဓိကအဆိုတော်အဖြစ် သီဆိုခဲ့ပြီး ရေဒီယိုဌာနမှ တခြားဝန်ထမ်းဟောင်းတွေက ဟာမိုနီလိုက်ပေးကြသည်။ သို့ရုန်ညီအစ်မကလည်း အဖွင့်သီချင်းမှာ နှစ်ကြောင်းလောက်သီဆိုခဲ့ကြသည်။
သီချင်းတွေကို အသံသွင်းပြီးနောက် "The Story of a Travel Agency"၏ ပထမအပိုင်း ၂၅ ပိုင်းကို ရိုက်ကူးတည်းဖြတ်လိုက်ကာ နောက်ထပ် အပိုင်း ၂၅ပိုင်း ကျန်ရှိနေပါသေးသည်။ နောက်ဆက်တွဲကို မရိုက်ကူးခင်မှာ ပထမတစ်ဝက်ကို ထုတ်လွှင့်ခဲ့လေပြီ။
ဒါဟာ ဒီခေတ်ရဲ့ လုပ်ရိုးလုပ်စဉ်ပင်။
ဤတီဗီစီးရီးက ကောင်းမွန်စွာရိုက်ကူးထားပြီး ကုန်ကျစရိတ်နည်းသော ဟာသဇာတ်မြူးဖြစ်သော်လည်း ထုတ်လွှင့်ပြီးနောက် ပရိသတ်တွေ ကြိုက်မလား မကြိုက်ဘူးလား မသေချာသဖြင့် လူတိုင်းစိုးရိမ်နေကြလျက်။
ထုတ်လွှင့်ပြီးတဲ့နောက် ပရိသတ်တွေရဲ့ သုံးသပ်ချက်ကို စောင့်နေရုံပင်...
ကျန်းယွမ်ကျွင်း သက်ပြင်းချလျက် "ဇာတ်ညွှန်းရေးပြီးသွားတော့ ငါ့ဆံပင်တစ်ဝက်လောက် ဆုံးရှုံးသွားတာပဲကွာ"
"ဒီခရီးသွားအေဂျင်စီမှာ ဘယ်လိုဖြစ်ပြီးဇာတ်လမ်းတွေ ဒီလောက်များနေရတာတုန်း?"
ဖုန်းယွီလန် : "အရင်က ငါ့ဆံပင်တွေ အရမ်းများတယ်ထင်ခဲ့ပေမယ့် အခုတော့ ပုံမှန်ဖြစ်..."
ညီအစ်ကိုမောင်နှမနှစ်ယောက်သား စကားဖောင်ဖွဲ့နေကြ၏။ ဇာတ်ညွှန်းရေးစဥ်အခါက ကျန်းယွမ်ကျွင်းနှင့် ဖုန်းယွီလန်တို့က ခိုင်မာတဲ့ဆက်ဆံရေး ထူထောင်ခဲ့ကြသည်။
ကျန်းယွမ်ကျွင်း မျက်လုံးတွေ ရွေ့လာကာ "တီဗီဇာတ်လမ်းတွဲထွက်လာရင် မင်းကို ထမင်းလိုက်ကျွေးမယ်"
"ကောင်းပြီ!" ဖုန်းယွီလန် ချက်ချင်း သဘောတူလိုက်သည်။
"မင်း လက်တွဲဖော်ရှာချင်လား? ငါတို့ကျွန်းပေါ်က အောင်သွယ်တော်တွေက အရမ်းတော်တယ်နော်..."
ဖုန်းယွီလန် : "..." အောင်သွယ်တော်ရုပ်ထုက ကျွမ်းကျွမ်းရဲ့ ဒေါ်လေးပုံလို့ ငါကြားဖူးသလိုလို...
သူမဒေါ်လေးကို သွားထိတာက ပိုထိရောက်မှုရှိမှာလား...
"ငါ ကျွန်းမှာ လက်တွဲဖော်မရှာပါဘူး! ငါ့မွေးရပ်မြေကို ပြန်သွားရဦးမှာလေ။ ရုပ်သံဌာနမှာ နှစ်နှစ်သုံးနှစ်လောက် အလုပ်လုပ်ရုံပါပဲ။ ဟင်း ငါ နင့်ကိုပဲပြောပြတာနော်၊ တခြားသူတွေ မသိစေနဲ့..."
ကျန်းယွမ်ကျွင်း ခေါင်းညိတ်လိုက်သည်။
သူတို့ဇာတ်ညွှန်းရေးနေစဉ် ဒေသခံကျွန်းနှင့် ကွမ်တုန်းပြည်နယ်ရှိ ခရီးသွားအေဂျင်စီများထံ သွားရောက်လည်ပတ်ခဲ့ကြပြီး ခရီးသွားဗျူရိုနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေနှင့် ဆက်သွယ်ပြောဆိုကာ ဇာတ်လမ်းတွေရရှိခဲ့သည်။
ချန်ကျွမ်းကျွမ်းသည် မကြာသေးမီက ကျွန်းပေါ်တွင် ဧည့်လမ်းညွှန်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး သူမက နိုင်ငံခြားဘာသာစကားကို ကျွမ်းကျင်တာကြောင့် နိုင်ငံရပ်ခြားခရီးသွားတွေကို မကြာခဏ လမ်းညွှန်ပေးခဲ့ပြီး အတွေ့အကြုံများစွာ ရရှိခဲ့လေသည်။
တီဗီဇာတ်လမ်းတွဲတွင် ချန်ကျွမ်းကျွမ်းလည်း ဧည့်လမ်းညွှန်အဖြစ် ပါဝင်ခဲ့သည်။
ချင်းမျန့်က ပြုံး၍ "တီဗီဇာတ်လမ်းတွဲထုတ်လွှင့်တဲ့အခါ ကျွမ်းကျွမ်းကို TV မှာတွေ့နိုင်ပြီပေါ့ ဟုတ်တယ်မလား?"
ချန်မျန့် : "မင်း ကိုယ့်အကြောင်းကိုယ် ပြောချင်နေတာမလား? မင်းတို့ အမေရောသမီးပါ နှစ်ယောက်လုံး တီဗီမှာ အတူတူရှိနေကြပြီပဲ"
ချင်းမျန့်ကလည်း တီဗီဇာတ်လမ်းတွဲ၌ မင်္ဂလာဓာတ်ပုံဆိုင်ရဲ့ မန်နေဂျာအဖြစ် ပါဝင်သရုပ်ဆောင်ထားလေသည်။
ကျွန်းပေါ်မှာ တီဗီစီးရီးတွေ ရိုက်ကူးထားသောကြောင့် ရှုခင်းမျိုးစုံမှာ အပြောင်းအလဲသိပ်မရှိသလောက်ပင်။ လူတွေက တီဗီဇာတ်လမ်းတွဲတွေ ကြည့်ရှုပြီး ကျွန်း၏ အထင်ကရနေရာတွေကို လာရောက်လည်ပတ်ပါက သူတို့မြင်ခဲ့ရသမျှဟာ တူညီတဲ့ရှုမျှော်ခင်းတွေဖြစ်ကြောင်း၊ လူတွေကလည်း တီဗီဇာတ်လမ်းတွဲမှ လူတွေဖြစ်ကြောင်း သိရှိပါလိမ့်မည်။
"ကျောင်းအုပ်ချန်ရေ ရှင့်ကို တံငါသည်တစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူးဖို့ ကျွန်မပြောခဲ့ပေမယ့် ရှင်ငြင်းခဲ့တယ်လေ။ အခု ရှင် မနာလိုဖြစ်နေပြီလား?"
ချန်မျန့် နှာမှုတ်ကာ "ကိုယ် မနာလိုမဖြစ်ပါဘူး"
သြဂုတ်လ၌ ချုံကျိုးကျွန်းရုပ်သံလိုင်းတွင် "The Story of a Travel Agency"ကို လူကြည့်များတဲ့အချိန်အတွင်း ထုတ်လွှင့်ပြသခဲ့ပြီး ratingမြင့်မြင့်ရခဲ့လေ၏။ ၄င်းမှာ ကိုယ်တိုင်ရိုက်ကူးထားတဲ့ တီဗီစီးရီးဖြစ်တာကြောင့် အလိုရှိသလောက် ထပ်ခါထပ်ခါပြသနိုင်ပေသည်။ ရယ်မောပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့ ဒီရုပ်ရှင်ဟာ ကျွန်းပေါ်က လူတွေရဲ့ဘဝကို မွမ်းမံစပြုလာလေပြီ။
ratingတွေ ဆက်လက်မြင့်တက်နေပြီး ရုပ်သံဌာနကလည်း ကွမ်တုန်းပြည်နယ်၊ လျောင်ပြည်နယ်ရှိ ရုပ်သံဌာနတော်တော်များများကို သင့်လျော်တဲ့ဈေးနှုန်းနဲ့ ရောင်းချထားသဖြင့် တီဗီလိုင်းတော်တော်များများမှာလည်း ထုတ်လွှင့်ပြသခဲ့လေသည်။
ပြည်ပမှ တင်သွင်းတဲ့တီဗီစီးရီးတွေနှင့် ယှဉ်ပါလျှင် ချုံကျိုးကျွန်းက ထုတ်လုပ်တဲ့ တီဗီစီးရီးဟာ အတော်လေးဈေးနည်းတာကြောင့် ရုပ်သံလိုင်းတော်တော်များများက ထုတ်လွှင့်ခွင့် ဝယ်ယူဖို့ ဆန္ဒရှိနေခြင်းပင်။
"နင်တို့ရုပ်သံဌာနက တီဗီစီးရီးတစ်ခုဖန်တီးဖို့ တခြားရုပ်သံဌာနနှင့် ပူးပေါင်းထားတာလား?"
"ဘယ်လောက်ကုန်လဲ?"
"နင်တို့ကျွန်းက ရှေ့ကဦးဆောင်နေတာပဲနော်! အလှမယ်ပြိုင်ပွဲကို အရင်ဆုံးကျင်းပခဲ့တာ နင်တို့ကျွန်းကပဲ၊ အခု တီဗီစီးရီးကို ပထမဆုံးရိုက်ကူးတာလည်း နင်တို့ကျွန်းပဲနော်!"
"ကျွန်းရဲ့ ရှုခင်းတွေက အရမ်းလှလိုက်တာ! အရောင်တွေကို ကြည့်စမ်းပါဦးဟယ်... အိုး နှမြောစရာပဲ... နှမြောစရာကောင်းတာက အခု လူတိုင်းမှာက အဖြူအမည်းတီဗီတွေပဲ ရှိကြတာဆိုတော့ တောက်ပြောင်လှပတဲ့အရောင်တွေကို မတွေ့နိုင်ဘူးပဲ...."
…
"The Story of a Travel Agency" ကို အခြားတီဗီရုပ်သံလိုင်းတော်တော်များများမှာ ပြသခဲ့သည်။ ထုတ်လွှင့်ပြသပြီးသည်နှင့် လူအများစုက သဘောကျခဲ့ကြ၏။
Spring Festival Gala အစီအစဉ်လိုမျိုး ရယ်ရွှင်ဖွယ်ကောင်းပြီး ပေါ့ပေါ့ပါးပါးဇာတ်လမ်းမျိုးဟာ လူတွေကို ပျော်ရွှင်စေသလို တောင်ကျွန်းရဲ့ လှပသောရှုမျှော်ခင်းတွေကို သိရှိနားလည်စေသည်။
အဲဒါဟာ ခရီးသွားဧည့်သည်တွေ ကျွန်းဆီ ပိုမိုလာလည်စေလိမ့်မယ်...
"ဒီကျွန်းက ရှုခင်းတွေအရမ်းလှတာပဲဟယ်။ ဒါ ငါတို့နိုင်ငံကပေါ့လေ?"
"တောင်ဘက်အစွန်းဆုံးမှာရှိတာတဲ့၊ နင်ဘယ်လိုထင်လဲ?"
"ဘယ်လိုတောင်လှပလွန်းတဲ့ ပင်လယ်ကြီးနဲ့ အုန်းပင်တွေလဲနော်... ပုလဲတွေလည်း ထွက်သေးတယ်ဆို..."
"ပုလဲလည်ဆွဲတွေ ဘယ်လောက်လှလိုက်သလဲ ကြည့်စမ်းပါဦးဟယ်"
"ဒီနေကာဦးထုပ်ကို ငါကြိုက်နေပြီဟေ့"
…
အဓိကရုပ်သံလိုင်းတွေမှာ တီဗီစီးရီးကို ထုတ်လွှင့်နေပြသခဲ့တာကြောင့် ချင်းရို့ရဲ့ သီချင်းဟာလည်း ကမ္ဘာတစ်ဝှမ်းလုံး ပျံနှံ့သွားလေပြီ။
"ဒါ ချင်းရို့ရဲ့ အသံမလား? ချင်းရို့ သီချင်းဆိုနေတာလား?"
လျောင်ပြည်နယ် ရုပ်သံလိုင်းက တီဗီစီးရီးကို ထုတ်လွှင့်ပြသခဲ့၍ အရင်တုန်းက ချင်းရို့နဲ့ အတူတူအလုပ်တွဲလုပ်ဖူးခဲ့ကြတဲ့ အနုပညာအဖွဲ့ဝင်တော်တော်များများကလည်း သူမနာမည်ကို မှတ်မိနေကြဆဲ။
"ချင်းရို့က တီဗီစီးရီးအတွက် သီချင်းဆိုထားတာပဲဟဲ့! သူမ တကယ်ပဲ တီဗီစီးရီးအတွက် သီချင်းဆိုထားတာ!"
"ဒီလောက်နှစ်တွေကြာသွားပေမယ့် သူမအသံက အရမ်းကောင်းနေတုန်းပဲနော်"
"သူမက လက်ထပ်ပြီး တပ်မတော်နဲ့အတူ ချုံကျိုးကျွန်းကို သွားခဲ့တာမဟုတ်လား?"
"ဟုတ်ပါ့ ကြည့်စမ်းပါဦး၊ ဒီဇာတ်ကားက အဲဒီကျွန်းအကြောင်းပဲ မဟုတ်ဘူးလား?"
"ဘုရားရေ အဲဒီကျွန်းမှာ အသီးအနှံတွေ အများကြီးရှိတာပဲ!!! အုန်းပင်တွေလည်း အများကြီးပဲ!!!"
"ဒီနှစ်တွေထဲမှာ သူမ ကျွန်းပေါ်မှာ ဘယ်လိုနေထိုင်လဲမသိဘူးနော်"
…
ကျိုးယွမ်ဖန်းသည် ကောလိပ်ဘွဲ့ရပြီးနောက် စက်ရုံတစ်ခုတွင် အလုပ်လုပ်ရန် တာဝန်ကျခဲ့သည်။ သူက တီဗီမှတစ်ဆင့် အကျွမ်းတဝင်ရှိလှတဲ့မြင်ကွင်းကို တွေ့လိုက်ရ၏။ ယင်းကား ချုံကျိုးကျွန်း၏ ရှုခင်းပင်။
ကျိုးယွမ်ဖန်းလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေ တီဗီစီးရီးအကြောင်း ဆွေးနွေးနေကြတာကို နားထောင်ရင်း သိချင်စိတ်ဖြစ်ပေါ်လာလေ၏။
"ကျိုးယွမ်ဖန်း မင်းက ချုံကျိုးကျွန်းကို သွားခဲ့ဖူးတဲ့ ပညာတတ်လူငယ်မဟုတ်လား? ကျွန်းက အရမ်းလှတာလား?"
"လှတော့လှပေမယ့် အဲဒီအချိန်တုန်းက ဘဝတွေက အရမ်းခက်ခဲနေတာဆိုတော့--"
ကျိုးယွမ်ဖန်း တီဗီစီးရီးကို ပြန်ကြည့်လိုက်တဲ့အခါ ပုလဲရောင်းနေတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရ၏။ သူမက မုန့်လန်နဲ့တူနေသလားလို့ ? ! !
"အဲဒီကျွန်းက ပုလဲလှလှလေးတွေလည်း ထုတ်တယ်တဲ့"
"ငါ့ကောင်မလေး တွေ့သွားတော့ သူလည်းပုလဲနားကပ်တစ်ရံဝယ်ချင်တယ်တဲ့လေ"
"ပုလဲရောင်းနေတဲ့ မိန်းကလေးက အရမ်းလှတာပဲဟ!"
…
ကျိုးယွမ်ဖန်း တီဗီထဲမှာ ပုလဲရောင်းနေတဲ့မိန်းမလှလေးကို ဗလာအကြည့်တို့ဖြင့် စိုက်ကြည့်နေမိသည်။ နှစ်တွေကြာသွားပြီးနောက် သူမဟာ နုပျိုလှပနေဆဲဖြစ်ပြီး တီဗီဇာတ်လမ်းတွဲတောင် ရိုက်ကူးလိုက်သေးသည်။ တီဗီပေါ်မှာ ပုလဲတွေ ရောင်းချနေဆဲ။
သူမက ချောမောလှပပြီး သူမရဲ့ လည်ပင်းနှင့် လက်မှာလည်း ပုလဲလည်ဆွဲလှလှလေးတွေ ၀တ်ဆင်ထားသည်ပင်။ သူမရဲ့ အသားအရေမှာ အနည်းငယ်မည်းနေသော်လည်း ချစ်စရာကောင်းတဲ့အပြုံးလေးက နွေရာသီမှာ လက်ဖက်ရည်တစ်ခွက် သောက်လိုက်ရသလိုမျိုး လန်းဆန်းစေလေသည်...
xxx
Ch-339
ကျိုးယွမ်ဖန်း တီဗီထဲမှာ ပုလဲရောင်းနေတဲ့မိန်းမလှလေးကို ဗလာအကြည့်တို့ဖြင့် စိုက်ကြည့်နေမိသည်။ နှစ်တွေကြာသွားပြီးနောက် သူမဟာ နုပျိုလှပနေဆဲဖြစ်သလို တီဗီဇာတ်လမ်းတွဲတောင် ရိုက်ကူးလိုက်သေးသည်။ တီဗီပေါ်မှာ ပုလဲတွေရောင်းချနေဆဲ။
သူမက ချောမောလှပပြီး သူမရဲ့ လည်ပင်းနှင့် လက်မှာလည်း ပုလဲလည်ဆွဲလှလှလေးတွေ ၀တ်ဆင်ထားသည်ပင်။ သူမရဲ့ အသားအရေမှာ အနည်းငယ်ညိုနေသော်လည်း ချစ်စရာကောင်းတဲ့အပြုံးလေးက နွေရာသီမှာ လက်ဖက်ရည်တစ်ခွက် သောက်လိုက်ရသလိုမျိုး လန်းဆန်းစေလေ၏။
သေသေချာချာတွက်ချက်ကြည့်သော် ၁၉၇၇၊ ၁၉၇၈မှာ သူ ကောလိပ်စတက်ခဲ့ပြီး ၇နှစ်ကြာညောင်းသွားချေပြီ။ ဒီ၇နှစ်အတွင်းမှာ သူ ဘွဲ့ရပြီးနောက် အိမ်ထောင်ကျကာ ကလေးတွေရှိလာခဲ့သည်။ ကလေးရှိလာပြီးနောက်ပိုင်း သူ့ဇနီးနှင့် သူ့ရဲ့ ဆက်ဆံရေးဟာ ပိုမိုဆိုးရွားလာခဲ့သည်လေ။
တစ်ချိန်က အသိပညာနည်းပါးခဲ့တဲ့ ကျေးလက်တောသူ မုန့်လန်က အလွန်တရာ တောက်ပလာသည်ပဲ...
ကျိုးယွမ်ဖန်း ဆေးလိပ်သောက်နေမိလျက်။ သူ ဒီတီဗီစီးရီးကို မကြည့်ဝံ့ပေမယ့် ဒီတီဗီစီးရီးဟာ အရမ်းနာမည်ကြီးနေတာကြောင့် သူ့ပတ်ဝန်းကျင်ရှိ လူတွေအားလုံး ချုံကျိုးကျွန်းအကြောင်းကို ပြောနေကြသည်ပင်။ သူဟာ တစ်ချိန်တုန်းက ပညာတတ်လူငယ်တစ်ဦးအဖြစ် ချုံကျိုးကျွန်းကို သွားခဲ့ဖူးမှန်း သူတို့သိသွားကြတဲ့အခါ အခြေအနေတွေကို လာရောက်မေးမြန်းကြလေသည်။
သူ့မှာ ရှောင်လွှဲလို့မရနိုင်တဲ့ အတိတ်က အမှတ်တရတွေ အများကြီးရှိခဲ့တာပဲ.....
"ပုလဲရောင်းတဲ့ မိန်းကလေးက အိမ်ထောင်ကျပြီးသားလို့ ကြားတယ်ကွ!"
ကျိုးယွမ်ဖန်း တုန်လှုပ်သွားရ၏။ ခဏမျှ ထိတ်လန့်သွားပြီးနောက် သူ တွန့်ဆုတ်နေပေမယ့် မျှော်လင့်ချက်တချို့ရှိနေဆဲ။
တစ်ချိန်တုန်းက သူတို့နှစ်ဦးမှာ သမီးလေးတစ်ယောက်ရှိခဲ့တယ်လေ။ ဟုတ်ပါတယ်၊ သူတို့လက်ထပ်ခဲ့ကြပေမယ့် လက်ထပ်လက်မှတ်တော့မရခဲ့ဘူးပေါ့...
သူ့မှာရှိတာကတော့ တခြားအမျိုးသမီးတစ်ဦးနဲ့ လက်ထပ်လက်မှတ်ပါပဲ...
"သူမကို သိတဲ့သူတစ်ယောက်က ပြောပြတာပဲ၊ သူမက ကျွန်းရဲ့ စမ်းသပ်စခန်းက သုတေသီတစ်ဦးနဲ့ လက်ထပ်ထားတာတဲ့။ အဲဒီစမ်းသပ်စခန်းက ပုလဲဘုရင်ကို ပျိုးထောင်ပေးတဲ့နေရာလေ။ ဒီသတင်းကို မင်းတို့ အရင်ကကြားဖူးတယ်မလား?"
"ပုလဲမွေးမြူတဲ့ သုတေသနပညာရှင်နဲ့ လက်ထပ်ထားတာလား? ဒါ့ကြောင့် သူမ ပုလဲတွေရောင်းတာ အံ့သြစရာတော့မရှိပါဘူးကွာ။ လင်မယားနှစ်ယောက်မှာ တစ်ယောက်က ပုလဲတွေကို သုတေသနလုပ်တယ်၊ တစ်ယောက်က ပုလဲတွေရောင်းတယ်။ သူတို့နှစ်ယောက်တွေ့ဆုံကြတာလည်း ပုလဲကြောင့်ပဲဖြစ်ရမယ်"
"ကြည့်ရတာ တီဗီစီးရီးထဲမှာပါတဲ့ ရှောင်ချွေးဖြစ်မယ်ထင်တယ်၊ တစ်ခါပဲပေါ်လာတယ်ဆိုပေမယ့် ရုပ်ရည်လည်းမဆိုးရှာဘူး"
မုန့်လန်က ကျွန်းပေါ်က သုတေသီတစ်ဦးနှင့် လက်ထပ်ခဲ့တာလား?
ကျိုးယွမ်ဖန်း ရေခဲလှိုဏ်ဂူထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။ တီဗီပေါ်မှ ပြုံးရယ်နေတဲ့ မုန့်လန်ရဲ့ မျက်နှာလေးကို ပြန်တွေးမိရင်း သူ့တစ်ကိုယ်လုံးကို တောင်ကြီးတစ်လုံးဖိချထားသည့်နှယ် ခံစားလိုက်ရပြီး အသက်ပင်မရှုနိုင်တော့သလိုလို။
...
သူ့မွေးရပ်မြေကို ပြန်သွားသော လင်ကွေ့ရှန်းသည်လည်း ချုံကျိုးကျွန်းအကြောင်း ထုတ်လွှင့်ပြသတဲ့ တီဗီစီးရီးကို တွေ့ခဲ့ရပေသည်။ တီဗီထဲမှာ ရင်းနှီးကျွမ်းဝင်တဲ့ မျက်နှာတွေကို တွေ့လိုက်ရ၏ - ရွှင်ရို့ပုလဲစက်ရုံပိုင်ရှင် ချင်းရို့၊ မုန့်လန်၊ ရှားရို့ပုလဲစက်ရုံပိုင်ရှင် ကျန်းရှဲ့ရှန်၊ ပုလဲမွေးမြူရေးစမ်းသပ်စခန်းမှ သူ့မိတ်ဆွေဟောင်း ချွေ့မင်ကျန်း....
ဒါတွေဟာ အတိတ်နှင့်ဝေးကွာသွားပုံရပြီလေ...
လင်ကွေ့ရှန်းက သူ့ရဲ့ ကွေ့ရို့ပုလဲမွေးမြူရေးစက်ရုံကို ရောင်းချခဲ့ပြီး စီးပွားရေးတစ်ခု စတင်ရန် ကွမ်ချန်သို့ သွားခဲ့သည်။ လုပ်ငန်းစတင်ရုံသာရှိသေး လမ်းပေါ်မှာ အနိုင်ကျင့်မှုတွေနှင့် ကြုံတွေ့ခဲ့ရပြီးနောက် သူ့လုပ်ဖော်ကိုင်ဖက်ကလည်း ငွေလိမ်ပြေးသွားခဲ့သည်။
အရင်တုန်းက သူ သုတေသနဌာနမှာ အလုပ်လုပ်ခဲ့စဥ်အခါက သူနဲ့တွေ့ဆုံခဲ့တဲ့ သုတေသီတွေအားလုံးဟာ လက်တွေ့ကျသူများဖြစ်ကြသလို အနည်းငယ် "မိုက်မဲ"တတ်ကြ၍ လင်ကွေ့ရှန်းက သူဟာ တခြားသူတွေထက် ပိုတော်ပြီး ပိုထက်မြက်တယ်လို့ အမြဲခံစားခဲ့ရသည်ပင်။
သို့သော် သူ အပြင်လောကကြီးကို ထွက်လိုက်သည်နှင့် အပြင်မှာ ယုတ်မာကောက်ကျစ်ပြီး သစ္စာမဲ့သူတွေများစွာရှိနေသည်ကို တွေ့လိုက်ရပေသည်။ သူ့ကို စကားချိုချိုလေးတွေပြောပြီး လုံးလုံးလှည့်စားသွားတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရလေ၏။
လင်ကွေ့ရှန်းသည် သူရှာဖွေခဲ့တဲ့ငွေတွေနှင့် မွေးရပ်မြေကို ပြန်လာခဲ့ပြီး အဲဒီမှာပဲ စီးပွားရေးအသေးစားစတင်ရန် ကြံရွယ်ထားခြင်းပင်။ တီဗီထဲမှာ ချုံကျိုးကျွန်းရဲ့ ပြောင်းလဲလာတဲ့ အခြေအနေတွေကို သူတွေ့ရလိမ့်မယ်လို့ ဘယ်သူသိမှာလဲ...
မူလပုလဲမွေးမြူရေးစက်ရုံတွေကို ပြန်လည်မွမ်းမံလိုက်ပြီး ပုလဲလက်မှုခြံကို တည်ဆောက်ထားတယ်... ကျွန်းပေါ်မှာ အလှမယ်ပြိုင်ပွဲတောင် ကျင်းပလိုက်သေးတဲ့အပြင် တီဗီဇာတ်လမ်းတွဲကိုပါ ရိုက်ကူးထားသေးတယ်...
လင်ကွေ့ရှန်း အလွန်တရာ နောင်တရနေမိလျက်။ သူ့ကွေ့ရို့ပုလဲစက်ရုံ နည်းနည်းတောင့်ခံနေခဲ့ရင် သူရော တီဗီမှာပေါ်လာနိုင်မလား...
-ပြန်သွားပြီး ပုလဲမွေးမြူရေးစက်ရုံဖွင့်ချင်နေသလား?
ရှောင်းယွီက ခေါင်းဆောင်မင်းသမီးအဖြစ် တီဗီစီးရီး၏ အပိုင်း ၂၅ပိုင်းကို ရိုက်ကူးပြီးစီးခဲ့သလို ရှားရို့ပုစွန်မုန့်စက်ရုံအတွက် ကြော်ငြာတစ်ခုလည်း ရိုက်ကူးခဲ့ရသဖြင့် ဝင်ငွေများစွာ ရရှိခဲ့လေသည်။
ရှောင်းယီ အရမ်းစိတ်လှုပ်ရှားနေသဖြင့် သူမအတွက် အဖြူအမည်းတီဗီတစ်လုံး၊ သူမမိသားစုအတွက် ကာလာတီဗီတစ်လုံးဝယ်ကာ အိမ်သို့ ပို့ပေးခဲ့သည်။
"သမီးလေး အမေတို့ သမီးကို TVမှာ တွေ့လိုက်တယ်!"
"သမီး သရုပ်ဆောင်တာ အရမ်းကောင်းတာပဲ! ကျွန်းကလည်း အရမ်းလှလိုက်တာ၊ ကောင်းကင်ပြာပြာနဲ့ တိမ်ဖြူဖြူတွေက အရမ်းလှနေရောပဲ!"
"အမေတို့အိမ်မှာ ကာလာတီဗီတစ်လုံးရှိတော့ လူတော်တော်များများက အိမ်မှာ တီဗီလာကြည့်ကြတယ်ကွယ်။ သူတို့အားလုံးက အမေ့သမီးလေးမှာ အနာဂတ်ရှိတယ်လို့လည်း ပြောနေကြတယ်!! သမီးက အခု တီဗီစီးရီးတွေ ရိုက်ကူးနေပြီဆိုတော့ နောက်ကျရင်လည်း ရုပ်ရှင်တွေပါ ရိုက်ဖြစ်လောက်မယ်နော်တဲ့!"
"သမီးရုပ်ရှင်ရိုက်ရင် အမေတို့တစ်ရွာလုံး ခရိုင်ရုပ်ရှင်ရုံမှာ သွားကြည့်ကြမှာ။ လေဟာပြင်မှာ မကြည့်တော့ဘူး! လက်မှတ်ဝယ်ပြီး ရုပ်ရှင်ရုံမှာကြည့်မယ်!"
"The Story of a Travel Agency"ကို ထုတ်လွှင့်ပြီးနောက် မိသားစုခြံဝင်းမှ မိသားစုဝင်တွေဟာ တီဗီစီးရီးရဲ့ သစ္စာအရှိဆုံး အမာခံပရိသတ်တွေဖြစ်လာကြ၏။ အကြောင်းကတော့ အလုပ်လက်မဲ့မိသားစုဝင်အများစုက ရိုက်ကူးရေးမှာ ပါဝင်ခဲ့လို့ပါပဲ။
ရုပ်ရှင်ထဲမှာ တစ်ရက်လောက် ဝင်သရုပ်ဆောင်လိုက်ရုံနဲ့ ဝင်ငွေနည်းနည်းရနိုင်တယ်လေ၊ အချိန်လည်းမကုန်သလို ကိုယ့်ရုပ်ကိုယ်လည်း တီဗီမှာတွေ့နိုင်သေးတယ်!!! ဘာလို့မပါရမှာလဲနော်?
ဇာတ်ကွက်အနည်းငယ်သာရှိသော်လည်း တချို့တွေက ဖြတ်လျှောက်ဇာတ်ကောင်ကို နောက်ခံထည့်သွင်းချင်နေတုန်းပင်။ "ငါ့ကို ယောင်းမဆိုးနေရာမှာ ထည့်ပေးလို့မရဘူးလား? ငါ့ယောင်းမနဲ့ ရန်ဖြစ်ဖို့ကြိုးစားပါ့မယ်!"
"ယောက္ခမနဲ့ ရန်ဖြစ်တတ်တဲ့ ချွေးမနေရာလိုချင်လို့! ငါ့စကားကို နားထောင်မယ့် ခင်ပွန်းတစ်ယောက်လောက်ပေးပါ။ ကျွန်းကို ခရီးသွားတဲ့အခါ ငါ့ကို တစ်ချိန်လုံး သူပြုစုပေးရမယ်!"
…
ကျန်းချန်ပေ့ : "ငါ ကမ်းခြေမှာ ပုစွန်ဖမ်းချင်ရုံလေးပါကွာ"
ကျန်းချန်ပေ့ သက်ပြင်းချမိသည်။ မူလက သူ့သားဘွဲ့ရသွားပြီး ဒါရိုက်တာဖြစ်လာတဲ့အခါ ရုပ်ရှင်စရိုက်ရင် သူ့ရဲ့ သူငယ်ချင်းကောင်းတွေက တီဗီမှာပါချင်လို့ သူ့ကို တောင်းဆိုကြလိမ့်မယ်လို့ သူထင်ခဲ့သည်။
ဒါပေမယ့် အခုတော့... တီဗီမှာ ပါချင်ကြတဲ့ ဖြတ်သွားဖြတ်လာအားလုံးဟာ အုန်းတောကမ်းခြေနောက်ခံအဖြစ် သွားလုပ်နေကြပြီပဲ။
အိုက်ယား……
ဘေးအိမ်က လုမိသားစုက သူတို့ကို နောက်တစ်ခါ ထပ်ကျောသွားပြန်ပြီဟ။ သူတို့က ပုလဲနှင့်ပတ်သက်တာတွေပဲလုပ်တာမဟုတ်ဘူးလား? ဘာလို့ ရုတ်တရက်ကြီး အလှမယ်ပြိုင်ပွဲနဲ့ တီဗီစီးရီးတွေ ရိုက်ကူးနေရတာလဲလို့? သူတို့သားကဖြင့် ဒါရိုက်တာဖြစ်လာဖို့ ကျောင်းကနေဘွဲ့တောင်မရသေးဘူးလေ၊ ဒါပေမဲ့ လုမိသားစုကတော့ တီဗီစီးရီးတွေ ရိုက်ကူးပြီးနေပြီတဲ့။
ကျန်းချန်ပေ့သည် လုမိသားစုရဲ့ တီဗီစီးရီးမှာ ဖြတ်လျှောက်အဖြစ် မပါဝင်ဘူးလို့ စိတ်ပိုင်းဖြတ်ထားသော်လည်း ဆရာမဟွမ်ကတော့ မိသားစုကို သစ္စာဖောက်ကာ ဖြတ်လျှောက်အဖြစ် ပါဝင်ခဲ့ပြီး ဇာတ်ဝင်ခန်း နှစ်ခန်း၊ သုံခန်းလောက် သရုပ်ဆောင်ခဲ့သည်။
"လောင်ကျန်းရေ ကြည့်စမ်းပါဦး၊ ကျွန်မ TV မှာ ကြည့်လို့မဆိုးဘူးပဲနော် ဟုတ်တယ်မလား"
ကျန်းချန်ပေ့ : "... မင်းရဲ့သား ဒါရိုက်တာတစ်ယောက်ဖြစ်လာရင် မင်းကို ပိုကြည့်ကောင်းအောင် သူလုပ်ပေးလိမ့်မယ်"
"ရိချောင် ဘွဲ့ရဖို့ ဘယ်လောက်ကြာဦးမလဲ?"
"တီဗီဇာတ်လမ်းတွဲရိုက်ကူးနေချိန်မှာ ရိချောင်လည်း အဖွဲ့သားတွေကို ကူညီပေးခဲ့တာပဲ..."
ကျန်းရိချောင်သည် နွေရာသီအားလပ်ရက်အတွင်း ကျွန်းသို့ ပြန်လာခဲ့ပြီး ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ဆီ သွားလည်လေ့ရှိကာ အတွေ့အကြုံများစွာ သင်ယူခဲ့သည်။
ထို့နောက်……
သူ အရင်ကထက်တောင် ပိုပြီးမည်းမှောင်သွားလေရဲ့...
ကျန်းချန်ပေ့သည် ငါ့သားကတော့ ဘယ်တော့မှ အချည်းနှီး ပြန်လာမှာမဟုတ်ဘူးပဲလို့ တစ်ကိုယ်တည်း တွေးနေမိလျက်။
"ရိချောင် မင်းရဲ့ အသွင်အပြင်ကို အာရုံထားသင့်တယ်လေ"
"ပါး! အခု သားက ဒါရိုက်တာလုပ်နေတာလေ။ ဒါရိုက်တာဆိုတာ ဘာလဲ? ဒါရိုက်တာဆိုတာက အနုပညာသမားပဲ။ ကမ္ဘာပေါ်က အနုပညာသမားတွေအားလုံးက လူမသိသူမသိနဲ့ ထူးခြားတယ်လေဗျ!"
"အဲဒါကို ထူးခြားတဲ့ ပင်ကိုယ်အရည်အသွေးလို့ခေါ်တယ်!"
"ထူးခြားတဲ့ ပင်ကိုယ်အရည်အသွေးရှိတဲ့ အနုပညာသမားတွေကသာ ခမ်းနားတဲ့ အနုပညာသမိုင်းကြောင်းကို ဖန်တီးနိုင်မှာ!"
"ပါး အဲဒီအနုပညာရှင်မာစတာကြီးတွေကို မြင်ဖူးတယ်မလား? သူတို့အားလုံးက နှိမ့်ချကြပြီး အနုပညာအငွေ့အသက်တွေအပြည့်ရှိကြတယ်လေ"
ကျန်းချန်ပေ့ : "..." သူ့သားက တက္ကသိုလ်တက်ပြီး ရူးသွားမှာကို သူကြောက်နေမိပြီနော်...
"သား ဆံပင်အရှည်ထားချင်တယ်၊ မုတ်ဆိတ်မွေးလည်း ထားချင်တယ်ဗျာ"
အသားမည်းမည်း၊ ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်မွေးရှိတဲ့ ပညာတတ်တစ်ယောက်ဟာ... ဘယ်လိုပုံစံမျိုးဖြစ်နေမလဲ?
"မင်း ကောင်စုတ်ကလေး၊ မင်း ဒီလိုလုပ်နေရင် နောက်ပိုင်း လက်တွဲဖော်ရှာမတွေ့တော့မှာကို မကြောက်ဘူးလားကွ"
ကျန်းချန်ပေ့သည် သူကပဲ ရူးနေတာလား၊ သူ့သားကပဲ တစ်ခန်းလွတ်သွားတာလားဆိုသည်ကို မသိတော့ချေ။ သူ အရင်တုန်းက ဓာတ်ပုံအယ်လ်ဘမ်ကို လှန်လှောကြည့်လိုက်ရာ သူ့သားအကြီးဆုံးဟာ ဖြူဖြူဖွေးဖွေးနှင့် မျက်မှန်တပ်ထားတဲ့ လူငယ်လေးတစ်ယောက်ဖြစ်နေတာကို တွေ့ရှိခဲ့ရသည်လေ ! !
ယခုတော့ သူ့သားက အသားမည်းမည်း၊ ပိန်ပိန်ပါးပါးဖြစ်လာစဥ် လျိုမိသားစုရဲ့ မျောက်မည်းလေးလျိုယွဲ့က ဖြူဖွေးနူးညံ့လာကာ နွေရာသီအားလပ်ရက်မှ ပြန်လာတဲ့အခါ မျက်မှန်သေးသေးလေးပင် ၀တ်ထားပါသေးသည်။
ဒီကလေးနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် တဖြည်းဖြည်း ပိုတူလာသလားလို့?
(T/N: ဒီကလေးနှစ်ယောက်က ငယ်ငယ်တုန်းကနဲ့ ပြောင်းပြန်စီဖြစ်သွားတာကိုပြောတာပါနော်)
ကျန်းချန်ပေ့သည် လျိုမိသားစုနှင့် သူတို့မိသားစုရဲ့ ကလေးတွေ လဲသွားသလားလို့တောင် သံသယဝင်နေမိလျက်။
"မရှုပ်စမ်းနဲ့၊ မင်း လက်တွဲဖော်မရှာနိုင်ရင် ဘယ်လိုလုပ်မလဲ? မင်းရဲ့သရဲရုပ်ကြောင့် ငါတို့မိသားစုခြံဝင်းက စစ်သားတွေတောင် မင်းကို အထဲဝင်ခွင့်ပေးမှာမဟုတ်ဘူးကွ၊ မင်းကို အန္တရာယ်ရှိသူလို့ ထင်နေကြမှာ"
"ပါး, ပါးက ခွဲခြားဆက်ဆံနေတာပဲ! အခု ဘယ်ခေတ်ရောက်နေပြီလဲဗျာ၊ ပါး အနုပညာကို နားမလည်သေးဘူးနော်။ သားမှာက အနုပညာအငွေ့အသက်တွေ ပြည့်နေတာဗျ။ အနုပညာဆန်တယ်ဆိုတာကို ပါးနားလည်ရဲ့လား"
"သားလို အနုပညာသမားတစ်ယောက်က ဘယ်လိုလုပ်ပြီး လက်တွဲဖော်တစ်ယောက် မရှာနိုင်ရမှာလဲ"
ကျန်းချန်ပေ့ ဟားတိုက်ရယ်လိုက်ပြီး "မင်း သေချာပေါက် လက်တွဲဖော်ရှာနိုင်မှာမဟုတ်ဘူးပဲ"
"သားတို့ကျွန်းမှာ အောင်သွယ်တော်ရုပ်တုမရှိဘူးလား? ဒေါ်လေးရှောင်ချင်းက ဘေးအိမ်မှာနေတာလေဗျာ၊ သား ဘယ်လိုလုပ်ပြီး လက်တွဲဖော်မရှာနိုင်ဘဲနေမှာတုန်း"
"သားမှာက အနုပညာအငွေ့အသက်တွေပြည့်နေတာလေ။ အနုပညာကို နှစ်သက်တဲ့ မိန်းကလေးတွေကို ဆွဲဆောင်နိုင်မှာဗျ"
"လျိုမိသားစုက လျိုယွဲ့က မင်းထက်အရင် လက်တွဲဖော်ကို သေချာပေါက် ရှာတွေ့လိမ့်မယ်!"
"မယုံပါဘူးနော်။ သားရဲ့ အနုပညာကို စွဲလမ်းကြတဲ့ မိန်းကလေးတွေက ပိုများပါတယ်နော်!"
xxx