အခန်း (၃၄၀-၃၄၁)
Vol. 28 Ch. 340-341
Ch-340
"လျိုမိသားစုက လျိုယွဲ့က မင်းထက်အရင် လက်တွဲဖော်ကို သေချာပေါက် ရှာတွေ့လိမ့်မယ်!"
"မယုံပါဘူးနော်။ သားရဲ့ အနုပညာကို စွဲလမ်းကြတဲ့ မိန်းကလေးတွေက ပိုများပါတယ်နော်!"
…
ဒီသားကို မကယ်တင်နိုင်တော့ဘူးပဲဟေ...
ညမအိပ်ခင်တွင် ကျန်းချန်ပေ့ သက်ပြင်းချ၍ ဟွမ်ရှင်းရင်ကို ပြောလိုက်၏။ "မင်းမြေးချီချင်လား?"
ဟွမ်ရှင်းရင် ခေါင်းခါလိုက်ပြီး "အလျင်မလိုသေးပါဘူး"
"အင်း ငါတို့သားအကြီးဆုံးကတော့ မျှော်လင့်ချက်မရှိတော့လို့ သူ့ကို လက်ထပ်ဖို့ ဖိအားလည်းမပေးတော့ဘူးကွာ။ သူ့ကို ဒီတိုင်းလွှတ်ထားပေးလိုက်မယ်"
ကျန်းချန်ပေ့သည် သူ့သားရဲ့ "အနုပညာသမား"ပုံရိပ်ကို ပြန်တွေးနေမိလျက်။ သူ့ကို လက်ထပ်ဖို့ ဘယ်လောက်ပဲ ဖိအားပေးနေပါစေ အသုံးဝင်မှာမဟုတ်ဘူးလို့ ခံစားနေရ၏။ ဒီတော့ အသုံးမဝင်တာတွေမလုပ်တာကပဲ ပိုကောင်းပါတယ်လေ....
ဒီလိုမနာခံတဲ့ကလေးမျိုးကို ဘယ်လိုဖြစ်ပြီး မွေးလိုက်မိတာလဲကွာ...
"အာ့ဟန်နဲ့ စန်းယိုကတော့ သူတို့အစ်ကိုလို မဖြစ်စေရဘူး။ ငါတို့မိသားစုက အနုပညာသမားတွေ ထပ်မလိုတော့ဘူးဟေ့။ ငါတို့မိသားစုက သာမန်လူတွေပဲ ဖြစ်ချင်ရုံလေးပါကွာ"
ကျန်းချန်ပေ့သည် ကီးကြောင်တဲ့ ဘေးအိမ်က လုညီအစ်ကိုနှစ်ယောက်ကို တွေးမိကာ ရုတ်တရက်ကြီး အားကျလာမိသည်။
ကီးကြောင်တာက ကောင်းသားပဲ!
အဲဒီမိသားစုရဲ့ သားနှစ်ယောက်မှာ အနုပညာ အရည်အချင်းလုံးဝမရှိတဲ့အတွက် သူတို့ဘာမှစိတ်ရှုပ်စရာမလိုဘူးပဲ!
ဟွမ်ရှင်းရင် သူ့ကို ရယ်လျက် "စိတ်မပူပါနဲ့။ အခုက အိမ်ထောင်ပြုတာနောက်ကျဖို့၊ ကလေးမွေးတာနောက်ကျဖို့ ကြေညာနေတဲ့အချိန်ပဲလေ မဟုတ်ဘူးလား? သူ့ကို လွှတ်ထားပေးလိုက်ပါ"
ကျန်းချန်ပေ့ အသေအကြေစဉ်းစားပြီးနောက် ဘေးအိမ်သို့ ပြေးသွားပြီး လုယန်အား ပြောလိုက်၏။
"လောင်လုရေ မင်းရဲ့ သားနှစ်ယောက်က လက်ရေးလှရေးတာအပြင် တခြားဘာအနုပညာကိုမှ မသင်ဘူးလား?"
"မင်းရဲ့ ဒုတိယသား လုဝေကျယ်က ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ ပျိုးပင်ကောင်းလေးလို့ ငါထင်တယ်နော်။ သူ့အမေက တခြားသူတွေနဲ့ တီဗီစီးရီးတစ်ခု ပူးပေါင်းထုတ်လုပ်နေတာဆိုတော့ ဘယ်လောက်အဆင်သင့်လိုက်သလဲ!"
ကျန်းချန်ပေ့သည် အမှန်ပင် လုဝေကျယ်အား အနုပညာသမားဖြစ်စေချင်နေမိသည်။ ဒါမှ လောင်လုလည်း သူ့လိုမျိုး ခေါင်းကိုက်စရာတွေကြုံရမှာလေ။
လုဝေကျိုးကတော့... လုမိသားစု သားအကြီးဆုံးကတော့ မျှော်လင့်ချက်မရှိပါဘူးလေ...
လုယန် ပန်းပင်တွေကို ရေလောင်းနေစဥ် ဒီစကားတွေကို ကြားလိုက်တဲ့အခါ မျက်ခုံးပင့်လျက် "ဝေကျယ်ကို ဒါရိုက်တာလုပ်စေချင်တယ်လို့ မင်းပြောလိုက်တာလား?"
"ဒါက မသင့်တော်ဘူးလား?"
"ဒီကလေးရဲ့ ရှဲ့လောင်ရှီးက သူ့ကို လက်ရေးလှပါရမီရှင်လို့ ခေါ်တယ်မဟုတ်ဘူးလား..."
လုယန် ခေါင်းခါလိုက်ပြီး "သူက လေယာဉ်တင်သင်္ဘောရဲ့ ကပ္ပတိန်ဖြစ်ချင်တာတဲ့"
ကျန်းချန်ပေ့ : "..." ဒီကလေးက ဘယ်လိုတောင်မိုက်မဲလိုက်သလဲကွာ။ သူက ပင်လယ်ထဲ မျောချင်နေတာတဲ့...
"လေယာဉ်တင်သင်္ဘောတည်ဆောက်ဖို့ ဘယ်နှစ်နှစ်လောက်ကြာဦးမှာလဲ?"
ယခုအခါ လေယာဉ်တင်သင်္ဘောတည်ဆောက်နေပြီဖြစ်သည်။ လေယာဉ်တင်သင်္ဘောဆောက်နေတာ ဘယ်နှနှစ်လောက်ကြာဦးမလဲဆိုတာ မပြောသေးနဲ့ဦး... လေယာဉ်တင်သင်္ဘောရဲ့ ကပ္ပတိန်ဖြစ်လာဖို့ ဘယ်နှစ်နှစ်လောက် အချိန်ယူရမှာလဲ?
"သူ့ကို လွှတ်ထားလိုက်ပါ"
ကျန်းချန်ပေ့ : "..."
ကောင်းပြီလေ... ပင်လယ်ပြင်မှာ ပျောက်ကွယ်သွားတဲ့ သားတစ်ယောက်နှင့် အနုပညာအငွေ့အသက်ပြည့်နေတဲ့ သားတစ်ယောက်ကြားက ကွာခြားချက်ဟာ ကောင်းသလားဆိုးသလား ပြောဖို့တော့ အခက်သား။
စက်တင်ဘာလ၌ ချင်းရို့တို့မိသားစုက Santana(ကား)တစ်စီးဝယ်လိုက်၏။ ကားဝယ်ပြီးနောက် အရင်ကထက် ပိုမိုအဆင်ပြေလာလေသည်။
ချင်းရို့ ယခင်ကတည်းက သယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုမှ သူမကိုယ်တိုင်အတွက် ကားမောင်းလိုင်စင်ရထားနှင့်ပြီးဖြစ်၍ အစ်မဖြစ်သူချင်းမျန့်နှင့် ချန်ကျွမ်းကျွမ်းတို့ အမေနဲ့သမီးအတွဲကလည်း ကားမောင်းသွားသင်ခဲ့ကြသည်။
ချင်းမျန့် : "အနာဂတ်မှာ အိမ်အသစ်ဆောက်တဲ့အခါ ငါတို့မိသားစုလည်း ကားတစ်စီးဝယ်မယ်"
ချင်းရို့ : "မမရေ ဒါဆို ကားမောင်းတတ်အောင် သင်ထားသင့်တယ်နော်။ နောင်ကျ ကားဝယ်ပြီးတာနဲ့ လမ်းပေါ်တက်မောင်းလို့ရပြီပေါ့"
ယခုအခါ လမ်းတွေက လုံခြုံဘေးကင်းပေသည်။ ဟုတ်တာပေါ့၊ အရမ်းကြီးလုံခြုံဘေးကင်းနေတာတော့ မဟုတ်ပါဘူးလေ။
မြို့၏ အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကား အနက်ရောင်စက်ဘီးတွေ ဖြစ်နေဆဲ... ချုံကျိုးကျွန်းမှာပဲဖြစ်ဖြစ် ကွမ်ချန်မှာပဲဖြစ်ဖြစ် အားလုံးအတူတူပင်။
ဟိုးအရင်တုန်းက ကွမ်ချန်၏ ရှေးဟောင်းဓာတ်ပုံတစ်ပုံ ပေါက်ကြားခဲ့ဖူးသည်။ အလုပ်သွားအလုပ်ပြန်ချိန်မှာ အနက်ရောင်စက်ဘီးပင်လယ်ကြီးဖြစ်နေသည်မှာ အလွန်အံ့မခန်းဖွယ်ပင်!
"ငါ တကယ်မမောင်းရဲဘူး၊ တအားရှုပ်ထွေးလွန်းတယ်ဟယ်။ ဟိုနင်းလိုက် ဒီနင်းလိုက်လုပ်နေရတာက ငါ့ကို ပူပန်စေပြီး စိတ်ရှုပ်ထွေးစေတယ်။ ဒါ... ကားမောင်းသင်ရတာ အရမ်းခက်လိုက်တာနော်"
ချင်းမျန့်က ကားတွေလိုမျိုး ခေတ်မီအသုံးအဆောင်တွေကို အမှန်တကယ် သဘောကျသော်လည်း သူမ ဝင်ထိုင်လိုက်သည်နှင့် ဒီကားဟာ မောင်းဖို့ မလွယ်ကူကြောင်း သိရှိနားလည်သွားလေပြီ။ သူမ ခြေနင်းကို နင်းရမယ်၊ ဂီယာပြောင်းရမယ်၊ စတီယာရင်ကို လှည့်ရမယ်။
ဤခေတ်မှာ ကားမောင်းသင်တာဟာ နောက်ပိုင်းမျိုးဆက်တွေနဲ့ အတူတူပါပဲ - ဘက်ခ်ဆုတ်ပါကင်ထိုးခြင်း၊ Sကွေ့ကွေ့ခြင်း၊ ဘေးပါကင်ထိုးခြင်းတို့ပင်။
ချင်းရို့ ရက်အနည်းငယ်ကြာအောင် လမ်းမကျယ်ကြီးမှာ လေ့ကျင့်ခဲ့ပြီး ကားအသစ်နှင့် လိုက်လျောညီထွေဖြစ်အောင်လို့ မောင်းနေလေ၏။ ရိုးရိုးသားသားပြောရရင်တော့ ဒီခေတ်က ကားတွေဟာ မောင်းရတာသိပ်မလွယ်ဘူးလို့ သူမခံစားခဲ့ရသည်။
- သူမအတွက် မောင်းရအလွယ်ဆုံးကားသည်ကား သူမမောင်းဖူးခဲ့တဲ့ ကားမောင်းသင်တန်းက ထရိန်နင်ကားပင်။
သူမ ကားမောင်းစသင်ခါစတုန်းက ပူပူနွေးနွေး ယာဉ်မောင်းလိုင်စင်ရသွားတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့သည်။ ထိုမိန်းကလေးက သူမဆရာကိုသွားရှာပြီး ထရိန်နင်ကားကိုဝယ်ချင်ကြောင်း ပြောခဲ့လေတယ်။ အကြောင်းကတော့ ဒီထရိန်နင်ကားက အန္တရာယ်အကင်းဆုံးလို့ ခံစားရလို့ပါတဲ့ "ကျွန်မ လမ်းပေါ်မှာ တခြားကားတွေ မမောင်းရဲဘူး!" လို့ ပြောခဲ့လေရဲ့။
ကားမောင်းတတ်ဖို့ မလွယ်ပေမယ့် အချိန်အကြာကြီး ကားမောင်းလေ့ကျင့်ပြီးနောက် စွဲလန်းလာပေလိမ့်မည်၊ ဒါ့အပြင် သင် စက်ကို ထိန်းချုပ်ရတဲ့ခံစားချက်ကို သဘောကျလာပါလိမ့်မည်!
ချင်းမျန့်နှင့် ချန်ကျွမ်းကျွမ်းတို့လည်း သင်ယူခြင်းကို စွဲလမ်းနေချေပြီ။ သူတို့က ကားမောင်းသင်ဖို့ ဖုန်းယွီလန်ကိုပါ ခေါ်လာခဲ့ကြသလို လီချင့်ဟွားကလည်း သူတို့ကို သင်ပေးရန် ရောက်လာလေ၏။
ဟွားဟွားမားက ယခုအခါ အတွေ့အကြုံရှိယာဥ်မောင်းတစ်ဦးဖြစ်နေချေပြီ။ ကားအတက်အဆင်းမှာ သူမရဲ့ ကျွမ်းကျင်လှတဲ့ ကိုယ်ဟန်အနေအထားကို ချင်းမျန့် တွေ့လိုက်ရသည့်အခါ အရမ်းမိမိုက်တယ်လို့ ခံစားနေရလျက်။
သူများတွေက ဘီးနှစ်ဘီးကိုစီးကြတာ၊ သူမကတော့ ဘီးလေးဘီးကိုစီးတာလေ! နောက်ပြီးတော့လည်း ကျွမ်းကျွမ်းကျင်ကျင်မောင်းနိုင်တယ်!
"နင်ကားမောင်းတာ အရမ်းကောင်းလိုက်တာဟယ်။ ငါ့ညီမထက် အများကြီးသာတယ်ရော"
ချင်းရို့ : "..." ဝေဖန်တာတွေ ငြင်းဆန်ပါတယ်နော်...
ဟွားဟွားမား ပြုံးလျက် "ကိုယ်ပိုင်ကားရှိတာ အရမ်းကောင်းတာပေါ့။ ငါ့သားလည်း သူ့အမေအတွက် ကားတစ်စီး ဘယ်တော့ဝယ်ပေးမလဲမသိပါဘူး"
ချန်ကျွမ်းကျွမ်း : "ဒေါ်လေးလီ သမီးလည်း ဒေါ်လေးဆီက ကားမောင်းသင်ချင်တယ်!"
အမျိုးသမီးရဲဘော်တွေ အတူတကွ ကားမောင်းသင်နေကြကာ အလှည့်ကျမောင်းနေကြ၏။ ချင်းရို့၏ ကားမောင်းစွမ်းရည်မှာ များစွာတိုးတက်လာခဲ့သည်။
လုယန် ရှားရှားပါးပါး အားလပ်ရက်နှစ်ရက်ရတဲ့အခါ ချင်းရို့က မိသားစုတစ်စုလုံးကို ပင်လယ်ရှုမျှော်ခင်းဟိုတယ်မှာ သွားကစားကြဖို့ ကားမောင်းပို့ပေးခဲ့သည်။
မိသားစုထဲက ကလေးလေးယောက်လုံး လွန်စွာစိတ်လှုပ်ရှားနေကြလျက် "မာမား ကားမောင်းကြစို့!"
"မာမား ကားမောင်းနေပြီ!"
လုဝေကျိုး : "မား သားရော ဘယ်တော့ကားမောင်းသင်လို့ရလဲဟင်?"
"သားလည်း မောင်းချင်တယ်!" လုဝေကျယ်က စတီယာရင်ဘီးကို ကိုင်ချင်နေသည်မှာ ကြာလှချေပြီ။ ကားမောင်းရတဲ့ ပျော်ရွှင်မှုကို ဘယ်ယောကျာ်းလေးမှ မခုခံနိုင်ကြဘူးလေ...
သူတို့ အကြိမ်များစွာ ကားတွေစီးခဲ့ကြပြီး ဘယ်လိုမောင်းရမလဲဆိုတာ သင်ယူပြီးပြီဖြစ်ပေမယ့် မောင်းလို့မရခဲ့ပေ။
အရင်တုန်းက ကုမ္ပဏီကားဖြစ်လို့ဆိုပေမယ့် အခုက ကိုယ်ပိုင်ကားပဲလေနော်၊ မောင်းလို့မရဘူးလား?!!!
"သားတို့ ၁၈နှစ်ပြည့်ရင် ကားပေးမောင်းမှာပါနော်"
"မား သားနဲ့ ကောကော အခုမောင်းလို့မရဘူးလားဟင်? မောင်းလို့ရမလား?"
"မရဘူး" အရွယ်မရောက်သေးတဲ့သူတွေ ကားမောင်းလို့မရဘူးလေ...
ချင်းရို့က မိသားစုနှင့်အတူ ကားမောင်းထွက်လာခဲ့သည်။ သူမက ယာဉ်မောင်းနေရာမှာ ထိုင်၍ လုယန်က ခရီးသည်ခုံမှာ ထိုင်ခဲ့ပြီး ကလေးလေးယောက်က အနောက်မှာတန်းစီထိုင်နေကြ၏။
ချင်းရို့ လမ်းမကျွမ်းသည်မို့ မြန်မြန်မမောင်းခဲ့ပေ။
လုယန် သူ့လက်ပေါ် မေးတင်ကာ "... မင်း ဘယ်လောက်ကြာကြာ ကားမောင်းချင်လဲ?"
"ကျွန်မ ရှင်တို့တွေကို လမ်းတလျှောက်ရှုခင်းတွေပြနေတာလေ!"
"မာမားရေ မား စတီယာရင်ကို ဘယ်လိုလှည့်တာလဲဟင်?"
"မြန်မြန်သွားလို့မရဘူးလား?"
"မား……"
ချင်းရို့ ကားမောင်းနေစဉ် ကလေးတစ်စုက သူမကို ဝိုင်းကြည့်နေကြပေမယ့် ရဲဘော်ချင်းရို့ကတော့ တည်ငြိမ်နေဆဲ။ ကားမောင်းတဲ့အခါ စိတ်ရှည်ပြီး တည်ငြိမ်ဖို့ လိုအပ်ပေသည်။ သူမက မိသားစုတစ်စုလုံးကို ပင်လယ်ရှုမျှော်ခင်းဟိုတယ်ဆီ ခေါ်သွားခဲ့ခြင်းပင်။ သူမ ကားပါကင်ထိုးလိုက်သည်။
ဘေးခုံမှာထိုင်နေတဲ့ လုယန်က နေကာမျက်မှန်ချွတ်လိုက်ကာ အပြင်ကို စစ်ဆေးကြည့်လိုက်ပြီး "ရောက်ပြီလား?"
သူ တစ်ရေးတစ်မောအိပ်ချင်နေပြီး အကြောအချင်တွေ ဆန့်ချင်နေပုံရသည်။
ချင်းရို့ : "ပြန်တဲ့အခါ ရှင်မောင်းလိုက်!"
ရှင့်မိန်းမ ကားမောင်းနေတဲ့အချိန်မှာ ရှင်ကဘယ်လိုလုပ်ပြီး အေးအေးဆေးဆေးနေနိုင်ရတာလဲ?
အေးအေးဆေးဆေးဖြစ်နေတယ်ဆိုတာက အရိုက်ခံဖို့ တောင်းဆိုနေတာပဲနော် ရဲဘော်လုယန်ရေ...
နောက်တစ်ခါကျ သူမလည်း အေးအေးဆေးဆေးနေပစ်မယ်!
လုယန် ရယ်မောလျက် "ကိုယ်မောင်းရမယ်ဆိုလည်း မောင်းပါ့မယ်ကွာ။ ကိုယ်တို့လင်မယားနှစ်ယောက် အလှည့်ကျမောင်းကြတာပေါ့"
"ရှင့်လို ဝါရင့်ယာဉ်မောင်းရှိနေတော့ ကျွန်မ မမောင်းတော့ပါဘူးနော်"
"မင်းရဲ့လုကောက ရဲဘော်ရှောင်ချင်းမောင်းတဲ့ကားကိုလည်း စီးချင်လို့ပါကွာ"
…
ယခုအချိန်တွင် ခရီးသွားဧည့်သည်အများအပြား ကျွန်းသို့ လာရောက်လည်ပတ်ကြပြီး အသစ်ဖွင့်လှစ်ထားသည့် ပင်လယ်ရှုမျှော်ခင်းဟိုတယ်မှာ တည်းခိုနေထိုင်ကြ၏။
ဟိုတယ်၌ ရေကူးကန်ကြီးတစ်ခုရှိသော်လည်း လူနည်းစုလောက်သာ ရေကူးကန်မှာ ရေကူးကြပြီး အများစုကတော့ ကမ်းခြေကို လာကြတာဖြစ်လို့ ပင်လယ်ထဲမှာ ရေဆော့ကစားကြသည်ပင်။
ဟိုတယ်အနီးတွင် ပင်လယ်အော်ကမ်းခြေတစ်ခုရှိပြီး ခရီးသွားဧည့်သည်တွေ ရေကူးဖို့အတွက် အထူးစီစဥ်ထားတဲ့ ဘေးကင်းဧရိယာရှိသလို အနီးအနားမှာလည်း လုံခြုံရေးအစောင့်တွေ အလှည့်ကျစောင့်ကြပ်ပေးလေသည်။
xxx
Ch-341
"နောက်တစ်ခါလာပြန်ပြီ လာပြန်ပြီ!"
"အား အား အား ! ဖူး--"
"ဖေး ဖေး !"
…
နေ့လည် ၄နာရီမှ ၅နာရီဝန်းကျင်ဆို ပင်လယ်အော်ဘက်မှာ နေရောင်မရှိတော့သဖြင့် အရွယ်စုံ အမျိုးသားအမျိုးသမီးအုပ်စုက ရေကူးဝတ်စုံဝတ်ကာ ပင်လယ်နက်ပိုင်းဆီသို့ လျှောက်သွားကြသည်။ ထို့နောက် ရေလှိုင်းကြီးလာတဲ့အခါ လူတွေ အသက်ကယ်ဘောဖြင့် ကမ်းခြေသို့ အမြန်ပြေးကာ ရေထဲမှာ ရုန်းကန်ကြလေ၏။ သူတို့ မတ်တပ်ရပ်လိုက်တဲ့အခါ ရေပြန်ကျသွားပြီး သူတို့အောက်ရှိ ရေအနက်မှာ ဒူးဆစ်လောက်သာသာရှိတော့သည်။
"နောက်တစ်ခေါက်! နောက်တစ်ခေါက်! ဒီတစ်ကြိမ်တော့ နည်းနည်းပိုဝေးဝေးသွားမယ်ဟေ့!"
ပြန်ထလာကြတဲ့ ကလေးတွေဟာ ရေနက်ပိုင်းသို့ ပျော်ပျော်ကြီး ထပ်မံခုန်ဝင်သွားပြန်သည်။ အနီးအနားတွင် ငါးမန်းကာကွယ်သည့်ပိုက်ကွန်တစ်ခုရှိသလို လုံခြုံရေးအစောင့်တွေကလည်း လျှော်ကြိုးတို့ဖြင့် နေရာကို ကာကွယ်ထားကြသည်။ လူတစ်စုက နောက်ဆုံးတော့ လျှော်ကြိုးတွေဆီ ရောက်သွားကြပေမယ့် လှိုင်းလုံးကြီးကြောင့် ပြုတ်ကျသွားပြန်သည်။
လုဝေကျိုးတို့ညီအစ်ကိုက သို့ရုန်ညီအစ်မနှစ်ယောက်ကို ပင်လယ်ရေကစားဖို့ ခေါ်သွားပေးခဲ့သည်။ သို့သို့နှင့် ရုန်ရုန်လေးမှာ ဘောကွင်းတစ်ခုစီ ရှိနေကြပြီး အကြိမ်အနည်းငယ် ရေလှိုင်းပုတ်ခံရပြီးနောက် ငြီးငွေ့လာသလို ခံစားရ၍ သူတို့ကောကောတွေနှင့်အတူတူ သဲထဲမှာ ဆော့ကစားခဲ့ကြသည်။
ချင်းရို့နဲ့ လုယန်တို့ကတော့ သက်ကယ်ထီးအောက်ရှိ ပက်လက်ကုလားထိုင်ပေါ်မှာ သက်တောင့်သက်သာ လဲလျောင်းနေလျက်။ ဘေးက စားပွဲပေါ်မှာလည်း ပိုက်တပ်ပြီးသား အုန်းစိမ်းနှစ်လုံးရှိနေလေ၏။
ချင်းရို့က ပင်လယ်လေညင်းကို ရှုရှိုက်လျက် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး မနီးမဝေးရှိ ကလေးတွေကို လှမ်းကြည့်လိုက်ရင်း ဒီအားလပ်ရက်ဟာ တကယ့်ကို သက်တောင့်သက်သာရှိတာပဲလို့ တွေးတောနေမိလျက်။
ယခုအချိန်မှာ ဖျော်ဖြေရေးနှင့်ပတ်သက်တာတွေ နည်းပါးနေဆဲဖြစ်၍ အနာဂတ်တွင် Water Parkတစ်ခု တည်ဆောက်ကာ ဖျော်ဖြေရေးပရောဂျက်တွေကို ထပ်မံထည့်သွင်းသွားမည်ဖြစ်သည်။
ပင်လယ်အော်အနီးတွင် သစ်သားအိမ်ငယ်လေးတော်တော်များများ စီတန်းလျက်ရှိပြီး အားလုံးဟာ "ပင်လယ်စာBBQ သစ်သားအိမ်လေး"လို့ ချိတ်ဆွဲထားကြ၏။ ဒါတွေဟာ ချင်းရို့ ဆောက်ထားတဲ့ အိမ်တွေဖြစ်ပြီး အသားကင်လုပ်ငန်းကို လုပ်ကိုင်ရန် လူတချို့ကို ငှားရမ်းထားသည်။
အသားကင်သစ်သားအိမ်လေးတွင် ကမာကင်၊ ငါးကင်၊ ပုစွန်ကင်စသဖြင့် အကင်တွေရရှိရုံတင်မက နာနတ်သီးထမင်းနှင့် လန်းဆန်းအေးမြစေတဲ့ အုန်းနို့အချိုပွဲတို့လို အရသာရှိတဲ့အဆာပြေစာတွေလည်းရှိပေသည်။
လုဝေကျယ်နှင့် တခြားသူတွေက ရေသေနတ်တွေကိုင်ဆောင်ကာ မောင်နှမလေးယောက်သား အနီးကပ်ရန်ပွဲတိုက်ကြလေပြီ။ ရုန်ရုန်တစ်ယောက် အများကြီးအနိုင်ကျင့်ခံလိုက်ရပြီးနောက် ကျယ်လောင်စွာအော်၍ ချင်းရို့ဆီပြေးသွားခဲ့သည်။
"မာမားရေ မားလာပြီး ဖက်ထုပ်ကောကောကို ဂရုစိုက်ပါဦး!"
ဖက်ထုပ်ကောကောဟာ လုံးဝမစာနာပါချေ။ သူ့အမေကိုတောင်မှ အတူတူပဲဆက်ဆံသဖြင့် ချင်းရို့ခမျာ သူ့ကြောင့် စိုရွှဲသွားရလေ၏။
"ကလေးတွေရဲ့ပါပါးရေ ရှင် ကျွန်မအတွက် ကူပြီးလက်စားချေပေးဦး!"
လုယန် သူမဆီ ရေသေနတ်တစ်လက်ကို ပစ်ပေးလိုက်ပြီး "ကိုယ်တို့လင်မယားနှစ်ယောက်အတူတူလုပ်ကြတာပေါ့"
ရုန်ရုန် : "မီးလည်း ကျယ်ကျဲ၊ ပါပါး၊ မာမားနဲ့အတူတူ နတ်ဆိုးကောကောကို အနိုင်ယူချင်တယ်!"
လုဝေကျိုး : "ကောကောလည်း မင်းတို့နဲ့အတူတူ မင်းတို့ရဲ့ နတ်ဆိုးအာ့ကောကို အနိုင်ယူပစ်မယ်"
လုဝေကျယ် : "... သစ္စာဖောက်ကြီး! သားက ဘာလို့ နတ်ဆိုးကောကောဖြစ်ရမှာလဲ? ကောကောရေ ကောက သားဘက်မှာ ရပ်တည်ပေးရမှာလေလို့!"
လုယန် : "မင်းတို့ညီအကိုနှစ်ယောက် အတူတူနေသင့်တယ်၊ ဝေကျယ်ကို တအားအနိုင်ကျင့်မကျင့်ရဘူးလေ"
လုဝေကျယ်က သူ့ကောကောရဲ့ ပုခုံးပေါ် လက်တင်လိုက်ပြီး "တို့ညီအစ်ကိုတတွေ စည်းလုံးညီညွတ်တဲ့ရှေ့တန်းကို ထူထောင်ကြမယ်ဗျို့!"
"အခုတော့ ရုန်ရုန့်ကို တိုက်ခိုက်ဖို့ အာရုံစိုက်လိုက်ကြစို့!"
လုစစ်နင် ဒီစကားကိုကြားလိုက်သည်နှင့် သူ့ကျယ်ကျဲလုစစ်ယောင်အနောက်မှာ အမြန်ပုန်းလိုက်ပြီး "အား! ကျဲရေ ကယ်ပါဦးလို့!"
လုဝေကျယ်က ရုန်ရုန်ကို တိုက်မယ်လို့ ပြောလိုက်သော်ငြား တကယ်တမ်းတော့ သူ့မာမားကို တိုက်ခိုက်လိုက်လေ၏။
"ဒါကို အရှေ့မှာအယောင်ပြပြီး အနောက်ကနေ တိုက်ခိုက်တယ်လို့ ခေါ်တယ်!"
ချင်းရို့ ဒေါသတကြီးဖြင့် "နံစော်တဲ့ကောင်စုတ်ကလေး! အားလုံးပဲ သူ့ကို ဝိုင်းထားလိုက်တော့!"
မိသားစုတစ်စုလုံး ကမ်းခြေမှာ ရေသေနတ်တိုက်ပွဲ စကြလေပြီ။ ချင်းရို့က ရဲဘော်လုယန်ကို သူမအတွက် လက်စားချေပေးရန် တိုက်တွန်းနေလေ၏။ လုယန်က ပထမတော့ ဒီကစားပွဲကို စိတ်မဝင်စားသော်လည်း နောက်ပိုင်း စိတ်ပါလာကာ လုညီအစ်ကိုတွေကို ဝိုင်းထားဖို့ သူ့သမီးနှစ်ယောက်ကို ဦးဆောင်ခဲ့သည်။ ချင်းရို့လည်း ရေသေနတ်ကိုင်ထားလျက် လှုပ်ရှားရန် ရံဖန်ရံခါ အခွင့်အရေးကို အရယူပါတော့သည်။
နောက်ဆုံးတွင် လေးပွဲ နှစ်ပွဲဖြင့် အနိုင်ရရှိသွားလေ၏။
လုဝေကျယ် လက်မခံနိုင်စွာဖြင့် "မားတို့မှာ လူပိုများတယ်လေ။ ဒီတော့ ဒါက မမျှတတဲ့အနိုင်ပဲ"
လုဝေကျိုး : "မင်းရှုံးရင် ရှုံးတာပဲ"
"သွားသွား အဝတ်သွားလဲကြတော့"
ချင်းရို့က သူ့သမီးလေးနှစ်ယောက်ကို ရေချိုးပေးဖို့ ရေချိုးခန်းထဲခေါ်သွားလိုက်၏။ သူတို့ခန္ဓာကိုယ်ပေါ်က ပင်လယ်ရေတွေကို အချိန်မီ မဆေးကြောရင် ဆားစေ့တွေ ထွက်လာလိမ့်မည်ဖြစ်သည်။
အဝတ်အစားလဲပြီးနောက် မိသားစုတစ်စုလုံး BBQသစ်သားအိမ်လေးသို့ သွားကာ အစားအသောက်တချို့မှာလိုက်ပြီး ကိုယ်တိုင်အသားကင်ရန် ထီးအရိပ်အောက်သို့သွားထိုင်လိုက်ကြ၏။ ဤနေရာတွင် ဆိုင်ရှင်ကို အသားကူကင်ခိုင်းလို့လည်းရသလို ကိုယ်တိုင်အသားကင်၍လည်းရပေသည်။
အစ်ကိုအကြီးဆုံးအနေနဲ့ လုဝေကျိုးက အသားကင်ရသည်ကို အလွန်နှစ်သက်သောကြောင့် အသားကင်ဆရာရာထူးကို ယူလိုက်ပြီး အသားတွေပေါ်မှာ ဆီနှင့် ဆော့စ်တွေစမ်းနေခဲ့သည်။
နံဘေးမှ လုစစ်ယောင် ပြောလိုက်၏။ "မီးရဲ့ အနာဂတ်ယောင်းမလေးက အရမ်းပျော်ရွှင်ရမှာ အသေအချာပဲ"
လုဝေကျယ် : "မင်းရဲ့ ဒုတိယယောင်းမလေးကရော မပျော်ရဘူးလား?"
"အာ့ကော ကောလည်းစမ်းကြည့်လေ၊ မီးတို့ ကောရဲ့လက်ရာကို မြည်းစမ်းကြည့်မယ်"
"မင်းအတွက် ကြယ်ငါးကင်ပေးမယ်"
"ဟင့်အင်း!"
"မီးက ကမာကင်စားချင်တာ!!"
လုစစ်နင် : "အာ့ကောရေ မီးက ဘန်းမုန့်ကင်စားချင်တယ်လို့!"
…
လုယန်က ချင်းရို့အတွက် အုန်းနို့တစ်ပန်းကန် ယူလာပေးခဲ့သည်။ ချင်းရို့က သူမတစ်ဇွန်းစားပြီး နောက်တစ်ဇွန်းကို သူ့အားကျွေးလိုက်ကာ ပြုံးပြုံးလေးပြောလိုက်သည်။ "အခု ကလေးတွေက ကြီးလာကြပြီဆိုတော့ ကလေးတွေ အသားကင်ကျွေးမှာကို ကျွန်မတို့စောင့်နေရုံပဲ"
"ကိုယ့်ကို မင်းအတွက် ပုဇွန်ကင်ပေးစေချင်သလား?"
ချင်းရို့ : "... ဟုတ်တယ်!"
လုယန် ပြုံးကာ အကင်စက်ဆီ သွားလိုက်သည်။ ချင်းရို့က သစ်သားကုလားထိုင်ပေါ်မှာ ထိုင်နေပြီး သူမရဲ့ မြေခွေးမျက်လုံးလှလှလေးတွေကို တစ်ဝက်ဖွင့် တစ်ဝက်ပိတ်ထားလျက် တြိဂံပုံရပ်နေပြီး အသားကင်နေကြတဲ့ သားအဖသုံးယောက်ကို ကြည်နူးစွာ ကြည့်နေလေသည်။
သူတို့ဘာတွေကင်နေသလဲလို့ သင် သေချာမကြည့်ပါက...
— ဇီရာစေ့အရသာသိုးသားကင်နေကြတဲ့ လူသုံးယောက်နဲ့ တူနေလေရဲ့....
"နင် နင်က ချင်းရို့ပဲ ဟုတ်တယ်မလား၊ နင် ငါ့ကိုမှတ်မိလား?"
ချင်းရို့ လှည့်ကြည့်လိုက်တဲ့အခါ သူမနံဘေးတွင် အစိမ်းရောင်ငါးမြီးစကတ်နဲ့ လိမ္မော်ရောင်ပုဝါကို ပတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူမ စကားပြောနေရင်း နေကာမျက်မှန်ကို ချွတ်လိုက်ရာ မျက်နှာလှလှလေး ပေါ်ထွက်လာလေသည်။
ချင်းရို့က ထိုအမျိုးသမီးရဲ့ မျက်နှာကို စိုက်ကြည့်ကာ ယောင်ဝါးဝါးရင်းနှီးသလို ခံစားနေရပေမယ့် သူမနာမည်ကိုတော့ မမှတ်မိချေ။
"လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကျောင်းသောင်မိသားစုအိမ်မှာ ငါတို့တွေ့ခဲ့ကြတယ်လေ။ ငါ့နာမည်က ယန်ယွဲ့ပါ"
ချင်းရို့ ခဏလောက် ကြောင်အသွားရသော်လည်း သူမရှေ့က အမျိုးသမီးကို ရုတ်တရက် မှတ်မိသွားခဲ့သည်။
တစ်ချိန်တုန်းက သူမရဲ့ ယောက္ခမဘေးမှာ ရိုကျိုးစွာရပ်နေခဲ့တဲ့ ချွေးမပဲ။ အဲဒီချိန်တုန်းက သူမရဲ့ သားက ကျိုးကျိုး ဖက်ထုပ်လေးရဲ့ ရင်ဘတ်ရှိ ဝေလငါးပုံစံလေးကို သဘောကျနေခဲ့တာလေ။ ယန်ယွဲ့က ချည်ထိုးနည်းကို လာသင်ခဲ့ပေမယ့် သူမရဲ့ ယောက္ခမက ချင်းရို့ကို လုပ်ခိုင်းစေချင်ခဲ့တာ။ ချင်းရို့ ငြင်းလိုက်တော့ သူမဟာ ဇနီးပျင်းတစ်ယောက်ဆိုပြီး ထေ့ငေါ့ပြောသွားသေးတယ်။
... နောက်ပိုင်းမှာ ယောက္ခမနဲ့ ချွေးမ အိမ်ပြန်သွားပြီးတဲ့နောက် ရန်ဖြစ်ခဲ့ကြပြီး ယန်ယွဲ့က အိမ်ကနေ ထွက်သွားခဲ့သည်။
"ငါ ကွာရှင်းလိုက်တာကြာပြီ။ အခု ငါ့မှာ နောက်ခင်ပွန်းနဲ့ ၅နှစ်အရွယ်သမီးလေးတစ်ယောက်ရှိတယ်။ ငါတို့မိသားစုလည်း ကျွန်းမှာ လာဆော့ကြတာ" ယန်ယွဲ့ ပြုံးပြုံးလေး ပြောပြခဲ့သည်။
"နင်နဲ့တွေ့ရတာ ငါ အရမ်းပျော်တာပဲ။ အရင်က ငါ နင့်ကို တီဗီမှာတွေ့လိုက်သေးတယ်။ ဒါပေမဲ့ ကျွန်းကိုရောက်တော့ နင်နဲ့ ဆုံရမယ်လို့ မမျှော်လင့်ထားမိဘူးဟယ်"
ယန်ယွဲ့အတွက်မူ ထိုအဖြစ်အပျက်က ကုလားအုတ်နောက်ကျောကျိုးသွားခဲ့တဲ့ နောက်ဆုံးကောက်ရိုးမျှင်ဖြစ်ခဲ့သလို သူမဘဝရဲ့ အလှည့်အပြောင်းတစ်ခုပင်။ သည့်နောက် ယန်ယွဲ့လည်း riskယူကာ ကွာရှင်းပစ်လိုက်ပြီး အိမ်ပြန်၍ နှိမ့်ချအောက်ကျို့ရတဲ့ဇနီးသည်အဖြစ်မှ ရုန်းထွက်ခဲ့ကာ အလုပ်ပြန်လုပ်ခဲ့သည်။
၁၉၇၇၊ ၁၉၈၀ ခုနှစ်များတွင် စီးပွားရေးအခွင့်အလမ်းပွင့်လာပြီးနောက် ယန်ယွဲ့လည်း ခေတ်ရေစီးကြောင်းကို အမီလိုက်၍ စက်ရုံတစ်ခုဖွင့်လှစ်ကာ အမျိုးသမီးဘော့စ်ဖြစ်လာလေ၏။ ယခုအခါ သူမဘဝလေးဟာ အေးချမ်းသာယာပြီး ချောမွေ့လာချေပြီ။
သူမရဲ့ အတိတ်နေ့ရက်တွေကို ပြန်တွေးကြည့်ပါက အသိအမှတ်မပြုနိုင်လောက်အောင် သူရဲဘောကြောင်တတ်တဲ့ ဇနီးသည်ဟာ သူမပါလို့ စိတ်ကူးကြည့်ဖို့တောင်ခက်လေရဲ့။
"The Story of the Travel Agency"ကို ပြည်နယ်ရုပ်သံလိုင်းတွင် ထုတ်လွှင့်သည့်အခါ ယန်ယွဲ့က ဒီဇာတ်ကားကို ကြည့်ရတာ အလွန်နှစ်ခြိုက်လေ၏။ တီဗီစီးရီးရဲ့ "တောင်ကျွန်း"ဆိုသော ဇာတ်ဝင်တေးသီချင်းနှင့် "နောက်မှပြန်တွေ့ကြမယ်"ဆိုသော အပိတ်သီချင်းကို ချင်းရို့ သီဆိုထားကြောင်း တွေ့ရှိသွားခဲ့သည်။
လွန်ခဲ့တဲ့ ၁၀နှစ်ခန့်က ကိစ္စတွေကို ရုတ်တရတ် ပြန်လည်သတိရမိသွားရလျက်။ အဲဒီတုန်းက ၁၉၇၅ခုနှစ်... အခုတော့ ၁၉၈၅ခုနှစ်ရောက်နေပြီပဲ...
၁၀နှစ်ကျော်ကြာပြီးနောက် သူမသည်လည်း ရိုကျိုးသိမ်မွေ့သော ဇနီးလေးမှ လုပ်နိုင်စွမ်းရှိတဲ့ အမျိုးသမီးဘော့စ်အဖြစ် ပြောင်းလဲခဲ့ပြီလေ။
သူမရဲ့ နှလုံးသားထဲမှာ နားမလည်နိုင်တဲ့ တွန်းအားတစ်ခုရှိနေ၍ သူမခင်ပွန်းသည်နှင့် သမီးလေးကို ခေါ်ကာ ချုံကျိုးကျွန်းကို လာလည်ခဲ့ပြီး ပင်လယ်ရှုမျှော်ခင်းဟိုတယ်မှာ တည်းခိုနေထိုင်ခဲ့သည်။ မထင်မှတ်စွာပင် သူမ တကယ်ပဲ ချင်းရို့နှင့် တွေ့လိုက်ရပြီ။
ယန်ယွဲ့က ချင်းရို့ကိုတွေ့လိုက်ရတော့ သူမနှလုံးသားအောက်ခြေထဲမှ ဝမ်းသာနေခဲ့၏။ သူမ ဟိုးအရင်ကတည်းက ချင်းရို့နှင့် သူငယ်ချင်းဖြစ်ချင်နေခဲ့ခြင်းပင်။
ယန်ယွဲ့က ချင်းရို့နှင့် စကားနည်းနည်းပြောပြီးနောက် သူမခင်ပွန်းနှင့် သမီးလေးပါ ရောက်လာကြသဖြင့် ချင်းရို့လည်း အသားကင်အတူတူစားရန် ဖိတ်လိုက်သည်။
"အခု နင့်သားနှစ်ယောက်က ဒီလောက်တောင်ကြီးနေပြီလား? ဟုတ်သားပဲ နှစ်တွေတော်တော်ကြာခဲ့ပြီပဲနော်"
"နင့်မှာ အမြွှာသမီးတွေလည်းရှိနေတယ်! သမီးတွေက အရမ်းကောင်းတယ်! ငါတော့ အမြွှာသမီးလေးရဖို့ ကံမကောင်းပါဘူးဟယ်"
"ငါတို့ နင့်ရဲ့တီဗီစီးရီးကို ရှန်းတုန်းတီဗီမှာ ကြည့်ခဲ့ရတယ်။ နင် သီချင်းဆိုတာ အရမ်းကောင်းတာပဲနော်။ ငါ အပိတ်သီချင်းကို အရမ်းကြိုက်တယ်..."
…
ချင်းရို့မိသားစုနှင့် ယန်ယွဲ့မိသားစု အသားကင်လုပ်စားခဲ့ကြပြီးနောက် ပင်လယ်ရှုမျှော်ခင်းဟိုတယ်သို့ အတူတူပြန်လာခဲ့ကြသည်။ အပြန်လမ်း၌ ယန်ယွဲ့က တောင်ကျွန်းပုလဲအများအပြားဝယ်ယူဖို့အတွက် ချင်းရို့အား တောင်းဆိုခဲ့သည်။
"နင့်ရဲ့ တောင်ကျွန်းပုလဲတွေကို ဟိုမှာဝယ်ချင်တဲ့သူတွေ အများကြီးပဲနော်"
"ပုလဲလက်ဝတ်ရတနာသေတ္တာနည်းနည်း ငါပြန်သယ်သွားချင်လို့"
xxx