← Chapters

Extra 1 - Extra 2

Vol. 29 Ch. 349-350

Extra 1 - Extra 2

Vol. 29 Ch. 349-350

အချပ်ပို ၁

၁၉၉၄ခုနှစ်...

ညနေခင်းလေ​ဟာ အနည်းငယ်အေးစိမ့်စိမ့်ဖြစ်လာလေပြီ။ ဝမ်နျန်နျန် သူမမိတ်ကပ်ပင် မဖျက်ရသေးဘဲ အကအဖွဲ့မှ ထွက်ခွာလာကာ တည့်တည့်လျှောက်လာခဲ့သည်။ သူမ လှေကားမဆင်းခင် လမ်းမီးတိုင်အောက်မှာ ရပ်နေတဲ့လူတစ်ဦးကို တွေ့လိုက်ရ၏။

ထိုသူ့ပုံသဏ္ဍာန်ဟာ အရပ်ရှည်ပြီး ချောက်ကမ်းပါးအစွန်းရှိ ရှေးဟောင်းထင်းရှူးပင်သဖွယ် ဖြောင့်မတ်စွာ ရပ်နေပေသည်။

ဝမ်နျန်နျန်ရဲ့ သူငယ်အိမ်တွင် လမ်းမီးတိုင်ရဲ့ အလင်းရောင် ရောင်ပြန်ဟပ်နေလျက်။ သူမရဲ့ ခြေလှမ်းတွေ မြန်ဆန်လာကာ လှေကားပေါ်မှ မပြေးဆင်းဘဲမနေနိုင်တော့ချေ။ ခြေလှမ်းအနည်းငယ်ပြေးပြီးနောက် သူမသည် အိ​နြေပိုရှိသင့်တယ်လို့ ခံစားလိုက်ရ၍ အရှိန်လျှော့လိုက်ကာ ထိုလူ့အနားကို လျှောက်သွားလိုက်သည်။

ထိုလူက လိမ္မော်ရောင်ကြောင်လေးတစ်ကောင်ကို သူ့ရင်ခွင်ထဲမှာ ပွေ့ထားလျက်။ လိမ္မော်ရောင်ကြောင်လေးမှာ မျက်လုံးဝိုင်းဝိုင်းကြီးတွေရှိနေပြီး သူလေးက ဝမ်နျန်နျန်ကို မြင်လိုက်သည်နှင့် နူးညံ့ညံ့ကြောင်နားရွက်လေးတွေ နည်းနည်းလှုပ်လာကာ ခေါင်းလေးမော့ကြည့်လာခဲ့သည်။

ဝမ်နျန်နျန် သူ့ရှေ့မှာ ရပ်လိုက်ပြီး ကြောင်တစ်ကောင်လို စိုက်ကြည့်လိုက်၏။ ထို့နောက် သူမ အမူအရာမဲ့စွာဖြင့် "လုဝေကျယ်!" လို့ အော်ခေါ်လိုက်တော့သည်။

ထိုလူက မရယ်မောဘဲမနေနိုင်တော့၊ သူ့နှာခေါင်းကို ကိုင်လိုက်ပြီး "...မရီးနျန်နျန်?"လို့ အော်လိုက်သည်။

ဝမ်နျန်နျန် ပါးပြင်များနီရဲလာကာ သူမခြေထောက်ကို မြှောက်၍ သူ့ကိုတက်နင်းပစ်လိုက်သည်။ သူမ ရှက်ရွံ့နေပြီး အသေဒေါသထွက်နေလျက်

"နင် ဘာတွေလျှောက်အော်နေတာလဲ"

"ဘယ်သူက နင့်မရီးလဲ?!!! လုဝေကျိုး နင် အရှက်ရှိသေးရဲ့လား?"

"နင့်ရဲ့ ဒီပုံစံကို ယောင်ယောင်၊ လောင်တန့်နဲ့ တခြားသူတွေကို တကယ်တွေ့ခွင့်ပေးသင့်တာ။ ရက်သတ္တပတ်အတွင်းမှာ ဟွာချင်းတက္ကသိုလ်ဘွဲ့ရတစ်ဦးက သိက္ခာကြီးတဲ့ပုံစံမျိုးနေနေပေမယ့် သီးသန့်မှာကျ ဒီလိုအရှက်မဲ့နေလိုက်တာ!!"

"နျန်နျန်"

လုဝေကျိုး ညင်သာစွာပြုံးလျက် "ကိုယ့်ကို တက်မနင်းပါနဲ့ကွာ၊ နာတယ်လို့"

ဝမ်နျန်နျန် : "ငါ အားထည့်ထားလို့လား?"

"ခြေရာတွေကို ရေတွက်ကြည့်မလား?"

"..."

"မင်းကလေ မင်းမွေးထားတဲ့ကြောင်နဲ့တူတယ်၊ နေ့တိုင်း ကိုယ့်ကို ကုတ်နေတာပဲ။ ဦးလေးဝမ်က မင်းရဲ့ ဒီလိုပုံစံကို တွေ့သင့်တယ်နော်။ မင်းက များသောအားဖြင့် နူးညံ့ညင်သာပြီး သိမ်သိမ်မွေ့မွေ့စကားပြောတတ်ပေမယ့် ကိုယ့်ရှေ့မှာတော့ အထက်စီးဆန်ပြီး မာနကြီးတယ်လေ"

"ဘာဖြစ်တုန်း? ငါက အထက်စီးဆန်ပြီး မာနကြီးတယ်လေ အဲ့တော့ဘာဖြစ်လဲ?"

"ဘာမှမဖြစ်ပါဘူးကွာ၊ ဘယ်သူ ကိုယ့်ကို ကံဆိုးစေတာပါလိမ့်... ကိုယ်က မင်းနဲ့ လက်ထပ်ဖို့စီစဉ်နေပြီလေ"

ဝမ်နျန်နျန် စိတ်ပျက်လက်ပျက်ဖြင့် "နင့်မှာအရည်အချင်းရှိရင် ငါ့ကို လက်မထပ်နဲ့လေ။ ငါတို့ ၂နှစ်၊ ၃နှစ်အရွယ် ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက်သိခဲ့ကြပြီး အတူတူကစားခဲ့ကြတာ။ အနာဂတ်မှာ နင်နဲ့ လက်ထပ်ပြီး နောင်အနှစ် ၇၀၊ ၈၀ လောက် နင့်ကိုပဲ တွေ့နေရမယ်လို့ တွေးကြည့်မိတဲ့အခါ ငြီးငွေ့ပြီး စိတ်ရှုပ်ရမယ်လို့ ငါခံစားနေရတယ်နော်"

"နင် ငါ့ကို အသစ်အဆန်းလေးတွေ မခံစားစေချင်ဘူးလားဟင်? ငါ နင့်ကိုပဲကြည့်ရတာ ငြီးငွေ့နေပြီလို့"

ဝမ်နျန်နျန် တိုးတိုး​လေး နှာခေါင်းရှုံ့လိုက်၏။

လုဝေကျိုး : "ငါကျတော့ ဘာလို့မတူရတာပါလိမ့်?"

ဝမ်နျန်နျန် သူမနှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ပြီး "နင် ဟိုးတုန်းကတည်းက ဒီလိုပြောခဲ့တယ်လေ၊ ငယ်ငယ်တုန်းက ငယ်ကျွမ်းဆွေတွေဟာ တကယ်ချစ်သွားနိုင်ပါ့မလားလို့ဆိုပြီး"

"လူနှစ်ယောက် အချိန်အကြာကြီး အတူတူရှိနေကြရင် အချစ်နဲ့ ဆန္ဒတွေ ဘယ်လိုလုပ်ပြီးရှိလာမှာလဲ"

လုဝေကျိုး ခေါင်းခါလိုက်ကာ "တကယ်လား? ကိုယ်ကတော့ အဲ့လိုမတွေးပါဘူး"

"ဒါဆို သူတို့ ဘာလို့လက်ထပ်ကြတာလဲ"

"ဒါက အကျင့်တစ်ခုလည်းဖြစ်နိုင်တာပဲ။ ကိုယ် ငယ်ငယ်လေးကတည်းက ဘန်းမုန့်ပေါင်းစားရတာကြိုက်သလိုမျိုးပေါ့၊ အခုရော နောင်နှစ်ပေါင်းများစွာထိ ကိုယ်ကတော့ ဘန်းမုန့်ပေါင်းကို ဆက်စားနေဦးမှာလေ"

ဝမ်နျန်နျန် : "ငါ နင့်ကို ထပ်ပြီးတက်နင်းချင်လာပြီနော် လုဝေကျိုး!"

"နင်က ငါ့ကို ဘန်းမုန့်ပေါင်းလို့ ပြောနေတာပေါ့!!!"

လုဝေကျိုး သူမအား ကူကယ်ရာမဲ့စွာ ကြည့်ရင်း "ကိုယ် အဲ့လိုပြောတာမဟုတ်ဘူးလေကွာ"

"ကိုယ် ငယ်ငယ်လေးကတည်းက ဘန်းမုန့်ပေါင်းစားရတာ ကြိုက်တယ်လို့ ရှင်းရှင်းလင်းလင်းပြောခဲ့တာပါနော်။ ဒါပေမယ့် ကိုယ် ငယ်ငယ်ကတည်းက မင်းကို ချစ်ခဲ့တယ်လို့ ပြောမိလို့လား? မဟုတ်ဘူးလေ၊ ကိုယ်က အဲ့လိုသားရဲကောင်ကြီးမဟုတ်ပါဘူးနော်"

ဝမ်နျန်နျန် : "လုဝေကျိုး ငါ အနာဂတ်မှာ လုဝေကျယ်နဲ့ လက်ထပ်မှာ၊ နင်နဲ့လက်မထပ်ဘူး"

"ဝေကျယ်က မင်းကို မကြိုက်ဘူးလေကွာ။ မင်းက သူ့ရဲ့ မရီးပဲ ဖြစ်သင့်တယ်"

ဝမ်နျန်နျန် ခေတ္တတိတ်ဆိတ်သွားပြီး အေးတိအေးစက်ဖြင့် ​

"ငါသွားပြီ"

- ငါ့ရှေ့က ဒီခွေးလိုလူနဲ့ နေရတာထက်စာရင် အကအဖွဲ့က ခွေးတွေနဲ့ နေရတာ ပိုကောင်းဦးမယ်...

လုဝေကျိုး အပြုံးလေးနှင့် သူမလက်ကို ဆွဲထားရင်း "မင်း ဘယ်သွားမလို့လဲ နျန်နျန်"

"ခွေးကို အစာကျွေးဖို့ အကအဖွဲ့ဆီ ပြန်သွားမလို့"

"ငါတို့အဖွဲ့ထဲမှာ ခွေးလေခွေးလွင့်တစ်ကောင်ရှိတယ်လေ။ သူက အရမ်းရုပ်ဆိုးတာ၊ ငါ သူ့ကိုတွေ့တဲ့အချိန်တိုင်း တစ်စုံတစ်ယောက်ကို တွေးမိရော"

လုဝေကျိုး တည်ငြိမ်စွာဖြင့် "အိုး" လို့ အာမေဍိတ်ပြုလိုက်သည်။

"အဲဒီခွေးက နည်းနည်းရုပ်ဆိုးပေမယ့် လူတွေထက်စာရင် ပိုပြီးအသိစိတ်ရှိတယ်လေ။ ငါက သူ့ကို အကြိမ်ပေါင်းများစွာ အစာကျွေးခဲ့ဖူးတော့ သူက အခုဆို ငါ့ကိုမြင်တာနဲ့ ပျော်ပျော်ကြီး အမြီးယမ်းပြနေတတ်တယ်။ ခွေးလောက်တောင် မကောင်းတဲ့ တချို့လူတွေနဲ့ကွာပါ့ဟယ်..."

လုဝေကျိုး သူ့ရင်ခွင်ထဲက လိမ္မော်ရောင်ကြောင်လေးကို ထိလိုက်ရင်း "အဲဒါကဖြစ်တော့ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကိုယ်က ကြောင်ပဲမွေးဖူးပြီး ခွေးမမွေးဖူးတော့လည်း သိပ်မသိဘူးလေ"

"ဒီကြောင်ကိုကြည့်လိုက်၊ မင်း ဘယ်လိုပဲ ကျွေးမွေးထားပါစေ သူ့ပိုင်ရှင်ရှေ့မှာ အမြဲမာနကြီးနေတတ်ပြီး သူ့ရဲ့ သွားစွယ်တွေနဲ့ ခြေသည်းလက်သည်းတွေကိုတောင် ထုတ်ပြနေသေးတာ။ ကြည့်လိုက် ဒီလိုမောက်မာနေတဲ့ပုံစံကို တကယ်ပဲ သင်ခန်းစာပေးဖို့ လိုမယ်ထင်လား?"

"ငါ သုံးအထိပဲ ရေတွက်မယ်၊ နင် ဒီလိုမျိုးထေ့ငေါ့ပြီး ဆက်ပြောနေရင် ငါ နင့်ကို လုံးဝလက်ထပ်မှာမဟုတ်ဘူးနော်"

"ဒါဆို ကိုယ် ထေ့ငေါ့မပြောရင် မင်း ကိုယ့်ကို လက်ထပ်မှာပေါ့နော်"

"နင်မှ ငါ့ကိုမချစ်ဘဲ ငါက နင့်ကို ဘာလို့လက်ထပ်ရမှာလဲ?"

လုဝေကျိုး ရယ်မောကာဖြင့် "မင်းပဲ နည်းနည်းဆန်းသစ်တာလိုချင်တယ်လို့ ပြောလိုက်တယ် မဟုတ်ဘူးလား"

"မင်း ကိုယ့်ကို လက်ထပ်လိုက်တာက ဆန်းသစ်တာပဲလေ"

ဝမ်နျန်နျန် : "..." နင့်အိမ်နီးချင်း ဦးလေးကျန်းရဲ့အိမ်က ကြက်ဟင်းခါးသီးကြောင့် နင့်ဦးနှောက်ပျ​က်သွားတာပဲဖြစ်ရမယ်...

"အနှစ်၂၀ကြာသိကျွမ်းခဲ့တဲ့ နင့်လို နံစော်နေတဲ့လူနဲ့ လက်ထပ်တာက ငါ့အတွက် ဘာများဆန်းသစ်နေလို့လဲဟဲ့"

လုဝေကျိုး သူ့နှာခေါင်းသူထိလျက် အပြုံးလေးနှင့် "အခု ဦးလေးလု၊ ဒေါ်လေးချင်းလို့ မခေါ်နဲ့တော့လေ။ အဲဒီအစား ပါး မားလို့ ခေါ်ကြည့်ပေါ့၊ ဒါလည်း အသစ်အဆန်း ခံစားရတာပဲမဟုတ်လား"

ဝမ်နျန်နျန် : "ငါ့အဖေက နင့်ကို သေအောင်ရိုက်ပစ်မှာပဲ!"

လုဝေကျိုး သူမကို နှစ်သိမ့်ပေးလိုက်၏။

"စိတ်မပူပါနဲ့ ဦးလေးဝမ်က ကိုယ့်ကို မသတ်ခင်မှာ ကိုယ့်ပါးကို အရင်သတ်ချင်နေမှာ သေချာတယ်"

ရဲဘော်လုယန်၏ အမုန်းတရားကို ဆွဲဆောင်နိုင်စွမ်းဟာ ထိပ်တန်းအဆင့်ပင်။

သူ့ပါပါးက သူ့အရှေ့မှာ ရှိနေရင် မီးက သူ့ကို လောင်မှာမဟုတ်ဘူးလေ..

ဝမ်နျန်နျန် : "..."

သူမ စက်ဆုပ်စွာပြောလိုက်၏။ "ငါ ဒီလို အသစ်အဆန်းမျိုးကို မလိုချင်ပါဘူးနော်"

"စိတ်​မရှည်မဖြစ်ပါနဲ့ကွာ၊ တခြားဟာတွေလည်းရှိသေးတယ်"

လုဝေကျိုးက သူ့လက်ထဲက ကြောင်လေးကို အောက်ချလိုက်၏။ လိမ္မော်ရောင်ကြောင်လေးက သူ့အမြီးလေးကို လှုပ်ယမ်း၍ သူတို့ခြေထောက်နားမှာ တမြောင်မြောင် အသံပေးနေလေသည်။

သူက ဝမ်နျန်နျန်ရဲ့ လက်ကို ဆွဲယူ၍ သူမနားထဲသို့ တိုးတိုးလေးပြောလိုက်သည်။

"နျန်နျန် ကိုယ်တို့ ဇနီးမောင်နှံဖြစ်ဖို့ ကြိုးစားကြည့်ရအောင်လေ။ ဇနီးမောင်နှံတွေ လုပ်တာမျိုး လိုက်လုပ်ကြည့်ရအောင်နော်။ အဲဒါက နည်းနည်းဆန်းသစ်မှာပဲလေ မှန်တယ်မဟုတ်လား?"

"ကိုယ်တို့ငယ်ငယ်ကတည်းက မိသားစုခြံဝင်းတစ်ခုတည်းမှာ အတူတူနေခဲ့ကြတာပဲ။ ကိုယ်တို့က အိမ်နီးချင်းတွေလည်းဖြစ်သလို သူငယ်ချင်းတွေလည်း ဟုတ်တာပဲ၊ နောက်ပိုင်းမှာ ဇနီးမောင်နှံတွေဖြစ်လာကြတာပဲပေါ့... မနက်အိပ်ရာနိုးလာတိုင်း မင်းဘေးမှာအိပ်တဲ့ ကိုယ့်ကို ပထမဆုံးမြင်ရမယ်လေ"

ဝမ်နျန်နျန် သူမနှုတ်ခမ်းကို ဖွဖွကိုက်လျက် "အိပ်မက်ဆိုးဖြစ်နေမှာပဲ ကြောက်မိပါတယ်နော်"

"မင်းဟာလေ ခေါင်းမာနေတုန်းပဲကွာ"

လုဝေကျိုး : "နောက်ဆုံးတစ်ခေါက်တုန်းက ရထားပေါ်မှာလေ ကိုယ့်ပခုံးပေါ်မှာ သွားရည်တွေယိုပြီး အိပ်ပျော်နေတဲ့သူက ဘယ်သူလဲမသိဘူးနော်"

"အဲဒီလူက ဘာအိပ်မက်ကောင်းလေးတွေ မက်နေခဲ့တာပါလိမ့်?"

ဝမ်နျန်နျန် ပါးပြင်တွေ နီရဲလာကာ "... မေ့လိုက်တော့၊ ငါ နင်နဲ့ မငြင်းနိုင်တော့ဘူး"

သူမ မပျော်မရွှင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လိမ္မော်ရောင်ကြောင်လေးကို သူမရင်ခွင်ထဲ ပွေ့လိုက်ကာ မေးလေးကို ကုတ်ပေးနေလိုက်သည်။

"နျန်နျန် ကိုယ် မင်းကိုလက်ထပ်ချင်တယ်၊ ကိုယ် မင်းနဲ့ ဇနီးမောင်နှံတွေဖြစ်ချင်တယ်၊ ကိုယ် မနက်အိပ်ရာနိုးတိုင်း မင်းကိုအရင်ဆုံးတွေ့ချင်တယ်"

"ပြီးတော့ရော?"

"မင်းကို နမ်းမယ်"

"ငါ့အိပ်မက်ကောင်းလေးတွေကို လိုက်နှောင့်ယှက်နေတာပဲ"

"ဒါဆို နမ်းပြီးသွားရင် ကိုယ် မင်းကိုပွေ့ဖက်ပြီး အတူတူပြန်အိပ်ရမလား?"

xxx

အချပ်ပို ၂

သူတို့နှစ်ဦးဟာ ငယ်ကျွမ်းဆွေတွေဖြစ်ကြပြီး အမြဲလိုလို ရန်ဖြစ်ငြင်းခုံတတ်ကြသော်လည်း နောက်တစ်နေ့တွင် လက်ထပ်မှတ်ပုံတင်သွားယူနေကြဆဲပင်။

ဝမ်နျန်နျန်တစ်ယောက် သူမလက်ထဲက အနီရောင်စာအုပ်ကို ကြည့်လိုက်ရင်း မယုံနိုင်စရာကောင်းသလို ခံစားနေခဲ့ရသည်။ သူမဟာ သူမနဲ့ အရမ်းရင်းနှီးတဲ့ ဒီအမျိုးသားလေးနဲ့ တကယ်လက်ထပ်လိုက်ပြီပဲ။

သူမသည် လုဝေကျိုးအား ဗလာဖြစ်စွာ စိုက်ကြည့်နေမိလျက်။ သူမစိတ်ထဲတွင် ကလေးဘဝမှ အရွယ်ရောက်ပြီးသည်အထိ သူ့ပုံပန်းသွင်ပြင်ဟာ အဆက်မပြတ်ပေါ်ထွက်လာခဲ့သည်။ - ဝေလငါးချည်ထိုးထားတဲ့ လက်တိုရှပ်အင်္ကျီလေးနဲ့ ကျိုးကျိုး၊ ကလေးနန်းတော်မှာ လက်ရေးလှလေ့ကျင့်နေတဲ့ ကောင်ငယ်လေး၊ ဘူတာရုံမှာ သူမအား တာ့တာ့ပြနေခဲ့တဲ့ စီရင်စုချန်ပီယံ၊ နောက်ပြီးတော့... ဘဏ္ဍာရေးလုပ်ငန်းတွင် အလုပ်ကောင်းကောင်းလုပ်နေတဲ့ ယခုလက်ရှိ လုဝေကျိုး...

"မင်း ကိုယ့်ကို ဘာလို့ကြည့်နေတာလဲ"

လုဝေကျိုးတစ်ယောက် နောက်ဆုံးတွင် လက်ထပ်မှတ်ပုံတင်ရရှိသွားပြီးနောက် စိတ်သက်သာရာရသွားလေပြီ။ သူ့ရှေ့က ကြမ်းတမ်းရက်စက်တဲ့ ဝမ်နျန်နျန်ဟာ နောက်ဆုံးတော့ သူ့ဇနီးလေးဖြစ်သွားခဲ့ပြီ။

"လုကျိုးကျိုး ငါ နင့်ကို လက်ထပ်လိုက်လို့ ဘာအကျိုးရှိလဲ တွေးနေတာလေ"

ဝမ်နျန်နျန် သူမလက်ထဲက လက်ထပ်စာအုပ်ကို ဖွင့်လိုက်ပြီး ဓာတ်ပုံထဲက လူနှစ်ယောက်ကို ကြည့်လိုက်၏။ သူမ ပိုကြည့်မိလေလေ ပိုပြီးခံစားရသည်မှာ...

ဒီလူနဲ့ လက်ထပ်လိုက်တာ ဘာမှထူးထူးခြားခြားရှိပုံမရသလို၊ သူမဘဝဟာလည်း ပုံမှန်အတိုင်းပဲ ဆက်သွားနေဆဲ။

ဒါပေမယ့် ဖက်ထုပ်လေး၊ ထျောင့်ထျောင့်၊ သို့သို့၊ ရုန်ရုန်တို့ ဒီအကြောင်းသိသွားပါက သူတို့ သူမကို ဘယ်လိုထင်သွားကြမလဲ... အိုး မိုင် ဂေါ့!

ဝမ်နျန်နျန် အိမ်ထောင်ပြုလိုက်သည်ကို နောင်တရနေခဲ့သည်။

လုဝေကျိုးနှင့် လက်ထပ်လိုက်တာ ဘာကြောင့်ဒီလောက်စိတ်ရှုပ်စရာကောင်းနေရတာတုန်းလို့... သူတို့နှစ်ယောက်က ဘယ်သူ့ကိုမှလည်း မပြောပြခဲ့ဘူး။

သူတို့နှစ်ယောက်ဟာ ဒီလောက်အရေးကြီးတဲ့ ကိစ္စတွေအများကြီးကို လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့မိသည်။

ယခုတော့ သူတို့နှစ်ဦးကလွဲလို့... ဝမ်နျန်နျန်ဟာ လုဝေကျိုးနှင့် လက်ထပ်ခဲ့ကြောင်း ဘယ်သူမှမသိကြသေး။

"လက်ထပ်လို့ ဘာအကျိုးရှိလဲဆိုတော့... ကိုယ်တို့လက်ထပ်ပြီးသွားတော့ မင်းက ကိုယ့်ဇနီးလေးဖြစ်လာတာပေါ့ကွာ"

လုဝေကျိုး အပြုံးလေးနှင့် သူမရဲ့ ပါးပြင်ကို နမ်းလိုက်ရင်း "မိန်းမရေ မင်းရဲ့ လုကောနဲ့အတူတူ အိမ်ပြန်ကြစို့နော်"

ဝမ်နျန်နျန် သူမရဲ့ မျက်နှာကို ဖုံးကာထားလိုက်၏။ သူမမျက်နှာဟာ ပူလောင်နေပေမယ့် ပြောလိုက်ပါသေးသည်။

"လုကျိုးကျိုး ငါတို့ စိတ်တည်ငြိမ်အောင်လို့ နင့်ဦးလေးရဲ့ အိမ်မှာ လက်ဖက်ရည်သောက်ရအောင်"

အချိန်ကျလာသည့်အခါ သူတို့ အရင်ဆုံး စိတ်အေးအေးထားရမည်ပင်။ သူတို့ရဲ့ လျှို့ဝှက်အိမ်ထောင်ရေးအကြောင်းကို ဒီကမ္ဘာကြီးသိအောင် ဘယ်လိုပြောပြသင့်သလဲ...

လုကျိုးကျိုးနှင့် ချက်ချင်းကြီး ဘာကြောင့် လက်ထပ်လိုက်တာလဲလို့ သူမမိဘတွေ မေးလာရင်ရော? သူမ ဘယ်လိုပြန်ဖြေသင့်သလဲ?

"ဝမ်နျန်နျန် မင်းက ကိုယ့်ကို ဘယ်လောက်ထိစိတ်တည်ငြိမ်စေချင်တာလဲ"

"အခုချိန်မှာ ကိုယ်က ကိုယ့်မိန်းမလေးကိုပဲ ပွေ့ဖက်ချင်နေတာလေ၊ လက်ဖက်ရည်မသောက်ချင်ဘူး။ အပြင်လူမရှိတဲ့နေရာကို ရှာရအောင်..."

"ကောင်းပြီ"

ဝမ်နျန်နျန်က သူ့အား သနားကြင်နာစွာ ကြည့်လိုက်ရင်း "အရင်ဆုံး နင် ရက်နည်းနည်းလောက် ကောင်းကောင်းနေရလည်းနေပေါ့ဟာ"

"ငါ့ပါပါး သိသွားရင်တော့ နင့်ရဲ့ နေ့ရက်ကောင်းလေးတွေ ကုန်ဆုံးသွားလိမ့်မယ်လေ"

လုဝေကျိုး : "..."

"ဒီလောက်အဆိုးမြင်မနေပါနဲ့ကွာ"

...

လုစစ်ယောင်နှင့် လုစစ်နင်တို့က ၁၉၇၇ခုနှစ်တွင် မွေးဖွားခဲ့ကြသည်။ ၁၉၉၄ခုနှစ်၌ သူတို့လေးတွေဟာ ၁၇ နှစ်ရှိနေပြီဖြစ်၏။

သူတို့နှစ်ယောက်ဟာ Central Conservatory of Music နှင့် Central Academy of Drama ဌာနအသီးသီးသို့ ဝင်ခွင့်ရခဲ့ကြသဖြင့် မိဘတွေနှင့် ချုံကျိုးကျွန်းကို ထားခဲ့ပြီး မြောက်ပိုင်းမှာ ပညာသွားသင်ခဲ့ကြသည်။

အကြီးဆုံးသားလုဝေကျိုး ဘွဲ့ရပြီးနောက် ကွမ်ချန်နှင့် ရှန်ကျန်းမှာ နေထိုင်ပြီး သူ့ရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ခဲ့သည်။ သူ့ဝမ်းကွဲနှစ်ယောက်နဲ့လည်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ဖို့ ပူးပေါင်းခဲ့သည်မို့ ပုံမှန်အားဖြင့် မိဘတွေက သူ့ကိုစိတ်ပူစရာမလိုအပ်ပေ။

ဒုတိယသားလုဝေကျယ် ဘွဲ့ရပြီးနောက် မြောက်ပိုင်းရေတပ်သင်္ဘောစုတွင် တာဝန်ပေးအပ်ခံရသောကြောင့် မိဘတွေက သူ့ကိုလည်း စိတ်ပူစရာမလိုခဲ့ပါချေ။

ယခု တပ်စခန်းမှူးဖြစ်လာသော ရဲဘော်လုယန်ဟာ နောက်ဆုံးမှာတော့ သူဆန္ဒရှိသော နှစ်ယောက်တည်းကမ္ဘာမှာ နေထိုင်နိုင်သွားလေပြီ။

လုယန်သည် အခြေစိုက်စခန်းတွင် အချိန်များစွာ ကုန်ဆုံးခဲ့ကာ နေ့တိုင်း ရုံးတက်ရုံးဆင်းလုပ်ခဲ့သည်။ လုယန်နှင့် ချင်းရို့တို့ ဇနီးမောင်နှံဟာ အားလပ်ချိန်များစွာရှိလာပြီး မနက်ခင်းနှင့် ညနေခင်းတွေမှာ သူတို့ခြံဝင်းလေးကို အတူတူ ရေလောင်း၊ ပြုစုယုယကြသည်။ သူတို့ အားလပ်သည့်အခါ ခြံထဲမှာ လက်ဖက်ရည်ထိုင်သောက်ရင်း ပန်းတွေကြည့်ပြီး စကားစမြည်ပြောတတ်ကြသလို ရံဖန်ရံခါ ခြံထဲမှာ အသားကင်လုပ်စားတတ်ကြသည်။ သူတို့မှာ ခွေးတစ်ကောင်လည်းရှိသည်ပင်။

ချင်းရို့ဟာ ယခုထက်တိုင် ဆံပင်ရှည်ရှည်ရှိနေသေးသဖြင့် လုယန်က သူမဆံပင်အား ကူဖြီးပေးရတာ သဘောကျ၍ သူမရဲ့ ဆံပင်အတွက် ဆံပင်စတိုင်များစွာကိုပါ လေ့လာသင်ယူထားသေးတာကြောင့် ချင်းရို့က သူ့အား "တိုနီလု"ဟု စိတိထဲကနေ ခေါ်လေ့ရှိသည်။

ယခုအချိန်၌ လက်သည်းအလှပြင်ခြင်း ခေတ်မစားသေးတဲ့အတွက် ဝမ်းနည်းစရာပင်။

သူ့ဇနီးလေးရဲ့ ဆံပင်ကို ဖြီးပေးပြီးနောက် လုယန်က အပြုံးလေးနှင့် ကြည့်မှန်တစ်ချပ် ပေးလိုက်ရင်း "ကြည့်ပါဦး၊ မိနစ်အနည်းငယ်အတွင်းမှာ မင်းက အရမ်းလှသွားတာပဲ"

ချင်းရို့ အပြုံးလေးနှင့် နှာခေါင်းရှုံ့လိုက်၏။ "ရှင့်ရဲ့ စဉ်းစားတွေးခေါ်မှုအတွက် ကျေးဇူးပါပဲနော်"

လုယန် ကတ်ကြေးတစ်လက်ကိုယူ၍ ငွားငွားစွင့်စွင့် ပန်းပွင့်နည်းနည်း ဖြတ်လိုက်ပြီး ပန်းအိုးတစ်လုံးထဲထည့်ကာ သစ်သားစားပွဲပေါ် တင်လိုက်ရာ ပန်းရနံ့တွေ မွှေးပျံ့ထုံသင်းနေလျက်ရှိသည်။

လုယန်က သူ့မိန်းမ လောင်းထည့်ပေးတဲ့ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း သက်ပြင်းချလိုက်သည်။

"ကိုယ်တို့နှစ်ယောက်ထဲကျန်တာ အကောင်းဆုံးပဲကွာ"

"ရှင့်ရဲ့ သားတွေသမီးတွေကြားရင် စိတ်မကောင်းဖြစ်လိမ့်မယ်နော်"

ကလေးတွေ ထွက်သွားကြပြီးနောက် သူတို့နှစ်ယောက်မှာ တရင်းတနှီးအခိုက်အတန့်များစွာ ရှိခဲ့ကြသည်။ သူတို့နှစ်ယောက်တည်းပဲကျန်တော့သဖြင့် ပို၍စေးကပ်သထက် စေးကပ်လာလျက်။

နေ့တိုင်းလိုလို အတူတူ လက်ဖက်ရည်သောက်ကြ၊ စကားစမြည်ပြောကြ၊ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ရင်း စာအုပ်တွေဖတ်ကြ၊ ဟင်းသီးဟင်းရွက် အတူတူခူးကြ၊ မီးဖိုချောင်မှာ အတူတူချက်ပြုတ်ကြသည်... နေ့ရက်တိုင်းဟာ အေးအေးချမ်းချမ်းနှင့် နွေးထွေးသာယာလှပေသည်။

နှစ်ယောက်သား အတူတူပြုစုစောင့်ရှောက်ပေးနေသဖြင့် ခြံဝင်းဟာ ယခင်ကထက် ပိုမိုလှပလာပြီး ပန်းပင်တွေကလည်း အရောင်အသွေး အမျိုးအစား စုံလင်လှသည်။ သူတို့နေထိုင်ခဲ့တဲ့ အဆောက်အဦးငယ်လေးကို ယခုနှစ် ပြန်လည်ပြုပြင်ခဲ့ရာ အသစ်အတိုင်းပြန်ဖြစ်သွားချေပြီ။ ပရိဘောဂအဟောင်းတွေနှင့် အသုံးအဆောင်ပစ္စည်းအဟောင်းတွေကိုလည်း အသစ်တွေနဲ့ ပြန်လည်အစားထိုးခဲ့သည်။ နံရံမှာချိတ်ထားတဲ့ ဓါတ်ပုံတွေကသာ မပြောင်းမလဲ ကျန်ရှိနေဆဲ။

"လောင်ဝမ်၊ လောင်လျို့၊ လောင်ကျန်းတို့ ဇနီးမောင်နှံတွေကို မနက်ဖြန် ကျွန်မတို့အိမ်မှာ ညစာလာစားဖို့ ဖိတ်လိုက်ရအောင်လေ။ မိသားစုလိုက် ပျော်ပျော်ပါးပါး အတူတူစားကြတာပေါ့"

"ကောင်းပြီ"

အိမ်ရှိ ကလေးတွေအားလုံး ထွက်ခွာသွားကြပြီး မိသားစုထဲက လူကြီးတွေတော်တော်များများ တခါတရံ ညစာအတူတူစားခဲ့ကြလေသည်။

ဟိုဘက်အိမ်က ကျန်းချန်ပေ့တို့ လင်မယားလည်း ယခုတော့ အိမ်မှာ အပန်းဖြေအနားယူနေချေပြီ။ သူ့မိသားစုရဲ့ ဒုတိယသားနဲ့ တတိယသားက ထွက်သွားကြပေမယ့် ဒါရိုက်တာဖြစ်သည့် အကြီးဆုံးသား ကျန်းရိချောင် တစ်ယောက်သာလျှင် တီဗီစီးရီးရိုက်ကူးရန် ကျွန်းပေါ်မှာ ဆက်နေခဲ့ပြီး မကြာမကြာ အိမ်ပြန်လာလေ့ရှိသည်။

ကျန်းချန်ပေ့က သူ့ရဲ့ "သားအကြီးဆုံး"ကို မြင်တိုင်း ကူကယ်ရာမဲ့သလို ခံစားနေရလျက်။ အကြောင်းကတော့ သူ့သားကျန်းရိချောင်ဟာ တကယ်ပဲ မုတ်ဆိတ်မွေးတွေထားလိုက်လို့ပါပဲ...

"ငါ့သားအကြီးဆုံးက ငါ့အဖေလို့တောင် ထင်ရ..."

နံဘေးမှ ဟွမ်ရှင်းရင် : "ရှင်က ပိုငယ်ရတော့ မပျော်ဘူးလား?"

"အနာဂတ်မှာ ငါတို့သားကို ဘယ်သူလက်ထပ်မှာလဲ"

"ရှင် ဘာလို့စိတ်​ပူ​နေတာလဲ? အရှင်မင်းကြီးက စိတ်​မပူဘဲနဲ့ မိန်းမစိုးက​ စိတ်ပူနေတာမျိုးဖြစ်နေပြီ"

"ငါတို့မိသားစုမှာ ဒုတိယသားနဲ့ တတိယသားက သားကြီးထက် အရင်အိမ်ထောင်ကျလိမ့်မယ်လို့ ခန့်မှန်းမိတယ်ကွာ"

ကျန်းချန်ပေ့သည် အနုပညာနောက်လိုက်နေတဲ့ သူ့သားအကြီးဆုံးကို တွေ့တိုင်း သူဟာ သူ့သားအရင်းမဟုတ်ဘူးလို့ သံသယဖြစ်နေမိလျက်။

တစ်ချိန်က ချောမောပြေပြစ်သော လူငယ်လေးဟာ ယခုအခါ မုတ်ဆိတ်မွေးတွေနဲ့ ယောက်ျားကြီးအဖြစ် ဘယ်လိုကြောင့်များ ပြောင်းလဲသွားရတာလဲ?

"က​လေး​တွေအကြောင်းမ​ပြောနဲ့တော့။ သူတို့လေးတွေ ​ကြီး​ပြင်းလာပြီပဲ၊ ဘာလို့ သူတို့ကို ဂရုစိုက်​​နေရဦးမှာတုန်း"

"ဘေးအိမ်က လင်မယားနှစ်ယောက်ကတော့ တကယ်ကို စိတ်အေးလက်အေး နေနေကြတာနော်။ ဒီနေ့ ခြံထဲမှာ လက်ဖက်ရည်သောက်နေတာတောင် ငါတွေ့လိုက်သေးတယ်"

"ဒါတင်မကဘူး၊ လောင်လုက သူ့မိန်းမရဲ့ ဆံပင်ကိုလည်း ဖြီးပေးနေသေးတာ"

ကျန်းချန်ပေ့ မျက်ခုံးပင့်လိုက်ပြီး "မင်းအတွက် ငါ့ကို ဖြီးပေးစေချင်တာလား? ရတာပေါ့ကွာ"

"မေ့လိုက်တော့ ရှင် ကျွန်မဆံပင်တွေကိုဆွဲရင် နာလို့"

"ဒါဆို မင်းရဲ့ ဆံပင်ဖြူကို ငါကူရွေးပေးမယ်"

"ဘာကူမှာလဲ၊ ကျွန်မနဲ့ဝေးဝေးနေ၊ ကျွန်မမှာ ဘယ်နားဆံပင်ဖြူရှိလို့တုန်း"

...

မိသားစုထဲက ကလေးလေးယောက်ဟာ အိမ်က ထွက်သွားပေမယ့် မကြာမကြာ အိမ်ကိုဖုန်းခေါ်တတ်ကြသည်။ တခါတရံ လုယန်တို့ဇနီးမောင်နှံက ဖက်ထုပ်တွေလုပ်နေရင်း ကလေးတွေနဲ့ ဖုန်းပြောဖြစ်ကြသည်။

လုဝေကျယ်ဆီမှ ဖုန်းခေါ်ဆိုမှုဟာ ပုံသေရှိတတ်သည်။ သူ့မှာ အားလပ်ရက်အနည်းငယ်သာရှိတာကြောင့်ပင်။

သူသည် တပ်မတော်မှာ နှစ်အတော်ကြာနေခဲ့ပြီးဖြစ်သော်လည်း လေအိုးလေးဖြစ်နေဆဲ၊ ဘယ်သူနဲ့မဆို အကြာကြီးစကားပြောနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ သင်္ဘောပေါ်မှာ သူတစ်ယောက်တည်း အထီးကျန်နေမှာ မဟုတ်ချေ။ ထို့နောက် သူက စိတ်ကူးစိတ်သန်းလေ့ကျင့်ပျိုးထောင်ဖို့ရာ လက်ရေးလှလေ့ကျင့်နေတယ်လို့ ပြောနေပါသေးရဲ့။

"မားတို့ရဲ့သား ကျွန်တော်က တကယ့်ကို လက်ရေးလှပါရမီရှင်တစ်ယောက်ပဲ"

"အကြီးအကဲက ကျွန်တော့်ရဲ့ လက်ရေးလှလှလေးတွေကို မြင်လိုက်တာနဲ့ သူ့သမီးကို ကျွန်တော်နဲ့ လက်ထပ်စေချင်နေတာဗျာ"

ချင်းရို့က သူ့ကို ရယ်မောလျက် "ငကြွားလေး"

"ကျွန်တော် ကြွားလုံးထုတ်တာ မဟုတ်ပါဘူးနော်၊ ကျွန်တော့်လက်ရေးလှကို ငွေအများကြီးနဲ့ ရောင်းစားလို့ရတယ်လို့၊ အနည်းဆုံး ယွမ်တစ်သိန်းတန်တာပါဆို။ မား မယုံဘူးလား ဒါဆို ကျွန်တော်တို့ လောင်းကြေးထပ်ကြရင်ရော?"

"ယွမ်တစ်သိန်းလား? မင်းကောကောဆီ ရောင်းမလို့ ပြောနေတာမလား? မင်းကောကောက မင်းကို မုန့်ဖိုးပေးနေတာပဲ"

လုဝေကျယ် : "ဒီစကားတွေပြောရတာ အဓိပ္ပါယ်မရှိတော့ဘူးဗျာ"

"ဒါပေါ့ ကျွန်တော့်ကောကောကို ရောင်းလိုက်မှာ!"

တခြားသူတွေကို လှည့်စားတာထက်စာရင် ကိုယ့်ကောကောကို လှည့်စားတာက ပိုကောင်းတယ်လေနော် ဟုတ်တယ်မလား?

"ကောကောကို ကျွန်တော့်အတွက် စတော့တွေ ကူဝယ်ပေးဖို့ ငွေအများကြီးပေးထားတာပါနော်"

xxx

All Chapters