← Chapters

Extra 3 - Extra 4

Vol. 29 Ch. 351-352

Extra 3 - Extra 4

Vol. 29 Ch. 351-352

အချပ်ပို ၃

လုဝေကျယ် ဖုန်းခေါ်ပြီး နှစ်ရက်အကြာတွင် မြို့တော်မှာ ရှိနေကြတဲ့ လုစစ်ယောင်တို့ ညီအစ်မနှစ်ယောက်လည်း မကြာခဏ အိမ်ကို အတူတူဖုန်းခေါ်ကြကာ ကျောင်းကအကြောင်းတွေ ပြောပြကြသည်။

"မနေ့ကလေ သမီးနဲ့ ကျဲ တစ်ရက်လောက် လူလဲထားပေမယ့် သူတို့တွေ သမီးတို့ကို သတိမထားမိကြဘူး! ဟီး ဟီး သမီးတို့က အမွှာညီအစ်မတွေဆိုတာ တချို့ဆို သိတောင်မသိကြဘူးရယ်"

"နင်ဟာလေ သူတို့ သတိမထားမိဘူး ထင်နေတယ်ပေါ့? နင့်ရဲ့ ကြောက်စရာကောင်းတဲ့ တယောတီးစကေးကြောင့် နင့်ကျဲရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဟဲ့"

"ဟမ့် မနေ့က ငါက ဝိတ်တက်လာတယ်လို့ ငါ့ကို ဒီနေ့လာပြောကြတယ်နော်။ ကျဲရေ နင်ဝိတ်လေးလျှော့သင့်ပြီ"

"လုစစ်နင် နင် ရန်ဖြစ်ချင်နေတာလား"

…

"ကျောင်းကလူတွေက သမီးမှာ အစ်ကိုနှစ်ယောက်ရှိတယ်လို့ သိကြတော့ သူတို့က သမီးကို မိတ်ဆက်ခိုင်းချင်နေကြတာလေ။ အရမ်းစိတ်တိုဖို့ကောင်းတာပဲ! သမီးကတော့ သူတို့ကို သူငယ်ချင်းလိုဆက်ဆံပေမယ့် သူတို့က သမီးရဲ့ ယောင်းမဖြစ်ချင်နေကြတယ်!"

"ဖက်ထုပ်ကောကောက ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေရုံလေးပဲကို။ သူရဲ့ စစ်ယူနီဖောင်းဝတ်ထားတဲ့ ဓာတ်ပုံတွေက သမီးရဲ့ အိပ်ဆောင်ထဲက မိန်းကလေးတွေကို စွဲလန်းစေတယ်လေ။ သူတို့က အဲဒီပုံတွေမြင်မြင်ချင်း သမီးကို ယောင်းမလေးလို့ ချက်ချင်းခေါ်ကြရော"

"သမီးမှာ အစ်ကိုနှစ်ယောက်ရှိတယ်လို့ သူတို့ကို ပြောပြထားတာ။ ဝေကျိုးကောကောက စမတ်ကျပြီး ရုပ်ချောတယ်ဆိုပေမယ့် သူတို့က ဖက်ထုပ်ကောကောကို ပိုကြိုက်နေကြတာလေ။ သူ့ဝတ်စုံကြောင့် ဖမ်းစားခံလိုက်ရတာပဲဖြစ်ရမယ်"

"သမီးက သူတို့ကို ဖက်ထုပ်ကောကောရဲ့ ဒေါသအကြောင်း ပြောပြထားတာကိုလေ၊ သူတို့အားလုံးက တဝိုးဝိုး တဝါးဝါးနဲ့ အရမ်းမိုက်တာပဲဆိုပြီး သူ့ကို လက်ထပ်ချင်နေကြတာ! အိုး မိုင် ဂေါ့ အခုခေတ် မိန်းကလေးတွေ ဘာဖြစ်နေကြတာလဲနော်"

လုစစ်နင် : "သမီးလည်း သူတို့ကိုပြောလိုက်တာပေါ့... 'နင်တို့က ငယ်ငယ်တုန်းက ငါ့ပါပါးကို မမြင်ဖူးသေးလို့နော်၊ ငါ့ပါပါးကို နင်တို့ မြင်ဖူးရင် လုကျောင်ကျစ်ကို အာရုံတောင်စိုက်မှာမဟုတ်လောက်ဘူး'လို့လေ။ အနာဂတ်မှာ သမီးက လက်တွဲဖော်ရှာမယ်ဆိုရင် သမီးတို့ပါပါးလိုလုမျိုးကိုပဲ ရှာမှာနော်"

ချင်းရို့ : "သမီးရဲ့ ဖက်ထုပ်ကောကောက သမီးတို့ ပါပါးနဲ့ အတူဆုံးပဲ မဟုတ်ဘူးလား"

လုစစ်နင် : "..."

လုစစ်ယောင် : "ဘာပဲဖြစ်ဖြစ်ပါ မားရော ချွေးမလေး လိုချင်နေပြီလား? မားရဲ့ ချွေးမဖြစ်ချင်တဲ့သူတွေ အများကြီးပဲနော်၊ သမီးတို့ကျောင်းမှာရောပဲ။ ပြီးခဲ့တဲ့တစ်ခေါက်ကလေ ဖက်ထုပ်ကော​ကော သမီးဆီကို ပစ္စည်းတချို့ ယူလာပေးတော့ သမီးရဲ့ ကောင်လေးလို့ အထင်လွဲလုနီးနီးပဲ"

"အဲဒီတော့ သမီးက သူက သမီးရဲ့ အစ်ကို၊ အစ်ကိုအရင်းခေါက်ခေါက်လို့ ပြောလည်းပြောပြီးရော ဘာဖြစ်သွားတယ်ထင်လဲဟင် မှန်းကြည့်ကြဦး။ ကျောင်းက မိန်းကလေးတွေ သမီးအပေါ် အရမ်းကောင်းလာကြတာနော်။ သူတို့က သမီးရဲ့ ယောင်းမ မဟုတ်ကြသေးတာတောင်မှ သမီးကို သူတို့ရဲ့ ယောင်းမလေးလို ဆက်ဆံနေကြတာ...

"သမီးတို့ရဲ့ အာ့ကောက တုံးအနေတော့ လက်တွဲဖော်မရှာချင်သေးလောက်ဘူးရယ်"

လုစစ်ယောင် : "တာ့ကောဆိုလည်း သူ့အလုပ်တွေနဲ့ သူရှုပ်နေတော့ လက်တွဲဖော်မရှာချင်သေးလောက်ဘူး"

လုစစ်နင် : "အစ်ကိုကြီးက မုန့်ဖိုးပေးတဲ့နေရာမှာတော့ အရက်ရောဆုံးပဲ"

ချင်းရို့ ရယ်မောလျက် "သမီးတို့မာမားက မုန့်ဖိုးပေးတာနဲ့ ပတ်သက်လို့ ကပ်စီးနည်းတယ်လို့ သမီးတို့ထင်နေကြတယ်ပေါ့လေ"

"မုန့်ဖိုးဆိုတာက ဘယ်တော့မှမများပါဘူးနော်"

…

သမီးတွေနှင့် စကားစမြည်ပြောချိန်ဟာ လျင်လျင်မြန်မြန်ပင် အချိန်ကုန်သွားတတ်သည်။ ထို့နောက် ဖုန်းခေါ်လာသူမှာ လုဝေကျိုးဖြစ်ပြီး ဤတစ်ကြိမ်ဖုန်းကိုင်သူမှာ လုယန်ဖြစ်နေ၏။

လုယန် : "..."

လုဝေကျိုး : "..."

သားအဖနှစ်ယောက် ဖုန်းထဲမှာ စကားမပြောဘဲ တိတ်ဆိတ်နေကြလျက်။ လုဝေကျိုးက သူ့ခေါင်းထဲမှာ ပြောစရာတွေပြည့်နှက်နေသော်လည်း ဘယ်ကစပြောရမှန်းမသိပေ။

ဒီနေ့ ဖုန်းလာကိုင်တဲ့သူက သူ့မာမားမဟုတ်ဘဲ သူ့ပါပါး ဘာလို့ဖြစ်နေရတာလဲ?

လုယန် : "မင်းပါပါးကိုပြောဖို့ ဘာတွေကြောက်နေတာလဲ?"

လုဝေကျိုး : "... ဒါဆို သား တစ်ခုလောက်ပြောမယ်နော်။ ပါးနဲ့မား စိတ်ပိုင်းဆိုင်ရာ အရင်ပြင်ဆင်ထားသင့်တယ်ဗျ"

လုယန် : "ဒါဆို မင်းမပြောတာ ပိုကောင်းလိမ့်မယ်။ မင်းမားနဲ့ပါးက ကျွန်းကနေ ဘာကိုမှစိတ်မပူချင်ဘူးကွာ"

- မပြောရင်လည်းမပြောနဲ့ ဒါမှမဟုတ် မြန်မြန်သာပြောချလိုက်!

မင်းအဖေ, ငါက မသိချင်ဘူး...

လုဝေကျိုး : "သား မြန်မြန်လက်ထပ်ဖို့ တိုက်တွန်းသင့်ပြီလို့ ပါးမထင်ဘူးလား?"

လုယန် ပျင်းရိစွာနဲ့ "ဟင့်အင်း"

အိမ်ထောင်ပြုဖို့ တိုက်တွန်းလို့ရော ဘာအကျိုးရှိလို့လဲ?

လုဝေကျိုး : "..."

"စိတ်မပူပါနဲ့၊ မင်းအဘိုးက အိမ်ထောင်ပြုဖို့ မတိုက်တွန်းနေဘူး။ အဘိုးဝမ်ရဲ့ မြေးတောင်မှ ခုထိ အိမ်ထောင်မပြုရသေးတာလေ။ ဒီတော့ အိမ်ထောင်ပြုဖို့ တိုက်တွန်းမယ်ဆိုရင်တောင် မင်းအလှည့်မဟုတ်သေးဘူး"

တစ်စုံတစ်ယောက်ကို တိုက်တွန်းဖို့ လိုတယ်ဆိုရင်တော့ အဲဒီလူက ရဲဘော် ဝမ်ရှောင်ဟူပဲဖြစ်သင့်တာလေ...

ဒီဝမ်ဟူဟာ ခုထိ အိမ်ထောင်မပြုရသေးပေ။

လုဝေကျိုးလည်း ဗုံးကို တိုက်ရိုက်ပစ်သွင်းရန် ဆုံးဖြတ်လိုက်တော့သည်။

"သား မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်မှတ်ပုံတင်ပြီးသွားပြီ။ အဲဒါက တခြားစာချုပ်တွေမဟုတ်ဘူးနော်၊ လက်ထပ်စာချုပ်ပဲ"

လုယန် : "မင်းက လုဝေကျိုးမှ ဟုတ်ရဲ့လားကွ? လုဝေကျယ်မဟုတ်ဘူးလား?"

"ပါး စိတ်အေးအေးထားနော်"

လုဝေကျိုး : "ပါး အရင်တုန်းကလိုမျိုးပေါ့ဗျာ"

"ဘယ်မိသားစုကသမီးလဲ? မြင်မြင်ချင်းချစ်မိသွားတာလား? မင်းမားကို အသေးစိတ်ပြောပြရင် ပိုကောင်းမယ်"

"မဟုတ်ဘူး ပါး၊ သားပြောတာ နားထောင်ပါဦး"

"သားအတွက် ဦးလေးဝမ်ကို ကူ​ရှင်းပေးရမယ်နော်"

လုယန် ချက်ခြင်း သဘောပေါက်သွားလေပြီ။

"မင်းရဲ့ ဦးလေးဝမ်က မင်းကိုရိုက်ရင် မင်းမားနဲ့ငါက ဂရုမစိုက်ဘူးနော်၊ မင်းနဲ့ထိုက်တန်တာကြောင့်ပဲလေ"

လုဝေကျိုးနှင့် ဝမ်နျန်နျန်တို့ တိတ်တဆိတ် လက်ထပ်ခဲ့ကြတယ်တဲ့....

ဒီကလေးနှစ်ယောက်ဟာ အရမ်းကို သတ္တိကောင်းကြတာပဲ!

ချင်းရို့ ဤသတင်းကို သိလိုက်ရတဲ့အခါ ထိတ်လန့်တုန်လှုပ်သွားရပြီး အနည်းငယ်မယုံနိုင်ဖြစ်ခဲ့ရသလို လောင်ဝမ်အတွက်လည်း စိတ်မကောင်းဖြစ်ခဲ့ရသည်။

ဒါက ဒီကလေးရဲ့ ပထမဆုံးပုန်ကန်တဲ့ကာလများ ဖြစ်နေမလားနော်?

လုဝေကျိုးဟာ အကြီးဆုံးသားဖြစ်သည့်အလျောက် စိတ်သဘောမနောကောင်းသူဖြစ်သည်။ သူသည် ငယ်ငယ်လေးကတည်းက သားကောင်းတစ်ယောက်ဖြစ်သလို အစ်ကိုကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ဘာသူ လွန်စွာအသိစိတ်ရှိသူမို့ မိဘတွေက သူ့အား ဆုံးမသွန်သင်ဖို့လည်း မလိုအပ်ခဲ့။ သူ့ညီလေး ညီမလေးတွေကိုလည်းထိန်းပေးပြီး မိဘတွေကို ကူညီခဲ့ပါသေးသည်။

ထိုကဲ့သို့သော "တခြားမိသားစုရဲ့ ကလေး"ဟာ အမှန်တကယ်ပင် စိတ်လက်မာန်ပါလုပ်ခဲ့လေပြီ။ သူ့မိဘတွေကို မိတ်ပင်မဆက်ပေးဘဲ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်... နောက်ပြီးတော့ အဲဒီမိန်းကလေးကလည်း တခြားသူမဟုတ်ဘဲ သူ့ငယ်ကျွမ်းဆွေ ဝမ်နျန်နျန်ပင်။

"မြန်မြန်ပြန်လာပြီး သားရဲ့ ဦးလေးဝမ်နဲ့ ဒေါ်လေးရွှယ်ကို ဒီကိစ္စအကြောင်း သေချာလာရှင်းပြစမ်း..."

ချင်းရို့ ဖုန်းထဲမှတစ်ဆင့် ပြစ်တင်ဝေဖန်ခဲ့သည်။ လုယန်က နံဘေးမှာထိုင်၍ ပိန္နဲသီးကို အခွံနွှာရင်း စားနေလျက်။ ချင်းရို့ ဖုန်းချလိုက်ပြီးနောက် သူ့အား စူးစိုက်ကြည့်ကာ

"ဒီလောက်ကိစ္စကြီးဖြစ်သွားတာတောင် ရှင် စားနိုင်သေးတယ်လား?"

လုယန် တည်ငြိမ်စွာဖြင့် "လောင်ဝမ်ကို ဘယ်လိုရင်ဆိုင်ရမလဲ ကိုယ်စဉ်းစားနေတာပါကွာ"

လုယန်တစ်ယောက် ရဲဘော်လောင်ဝမ်ကို ဘယ်လိုရင်ဆိုင်ရမလဲ မသိတော့။ ရဲဘော်လောင်ဝမ်က သူ့ကို ဖက်ပြီး ငိုမယ်ဆိုရင် သူ ဘယ်လိုနှစ်သိမ့်ပေးသင့်လဲ?

ငါ သူ့ကိုပြောလိုက်ရင်... စိတ်မပူပါနဲ့ ငါတို့က နောင်မှာ ခမည်းခမက်တွေဖြစ်လာတော့မှာပဲ...

လောင်ဝမ်က သူ့နောက်လိုက်ပြီး ရိုက်မှာလား?

"လောင်ဝမ်ရေ အနာဂတ်မှာ မင်းရဲ့ သမီး အိမ်ထောင်ကျရင် ငါက ဦးလေးတစ်ယောက်အနေနဲ့ တွန့်တိုနေမှာမဟုတ်ဘူး။ ငါတို့လင်မယားက ကာလာတီဗီတစ်လုံး လက်ဖွဲ့မှာပါ..."

"အကယ်၍ မင်းရဲ့သားမက်က မင်းရဲ့ သမီးကို ဆိုးဆိုးရွားရွား ဆက်ဆံရင်...

"မင်းရဲ့ သမီးလေး အိမ်ထောင်ကျတဲ့နေ့မှာ ငါ့ကို ဖက်ပြီးငိုပေါ့ကွာ"

လုယန်သည် နှစ်ပေါင်းများစွာ လောင်ဝမ်ရှေ့တွင် သူ ဘယ်လိုဟန်ပြခဲ့ကြောင်း အေးအေးဆေးဆေးပြန်တွေးနေလျက်။

ချင်းရို့ : "..."

"ရှင့်သားကိုယ်စား ရှင်သွားတောင်းပန်သင့်တယ်နော်"

လုယန် : "..."

"ကိုယ်သွားလိုက်ရင် ခွင့်လွှတ်မှာမဟုတ်ဘဲ မီးထဲလောင်စာထပ်ထည့်မိမှာပဲ စိုးရိမ်မိတယ်ကွာ"

"ရှင်ပြောတာလည်းဟုတ်သား"

ချင်းရို့ ခေါင်းညိတ်လိုက်ပြီး ရဲဘော်လုယန်အား ရှေ့ထွက်ဖြေရှင်းခိုင်းလို့မရနိုင်မှန်း ရုတ်တရက် သိလိုက်ရသည်။

လုကောဟာ အမုန်းတရားတွေကို ဆွဲဆောင်နိုင်လွန်းသူပင်...

"ရှင့်သားပြန်လာတာကိုပဲစောင့်လိုက်တော့။ ပြီးရင် ရှင်နဲ့ ရှင့်သားအတူတူ သူတို့အိမ်တံခါးဝဆီ အတူတူသွားကြပေါ့"

လုယန် သုံးစက္ကန့်လောက် နှုတ်ဆိတ်နေပြီးနောက် "... ကလေးတွေလက်ထပ်တဲ့အခါ ကိုယ်တို့ သူ့ကို ရေဒီယိုအသစ်တစ်လုံးပေးရင်ရော?"

တစ်ချိန်တုန်းက လုယူခံခဲ့ရတဲ့ ရေဒီယိုကို ပြန်ပေးရမယ်လေ...

(ပြောချင်တာကလေ သူတို့အဆောင်မှာတုန်းက ဝမ်နဲ့လု နှစ်ယောက်ပဲ လူပျိုအဖြစ်ကျန်တော့ အဲဒီမှာ လုပ်ဖော်ကိုင်ဖက်တွေက အရင်အိမ်ထောင်ပြုမယ့်သူကို ရေဒီယိုလက်ဖွဲ့မယ်ပြောထားတာ၊ လောင်ဝမ်က ရည်းစားရှိတော့ သူရမယ် အပိုင်တွက်ထားတာလေ၊ နောက်တော့ လုယန်က အရင်ယူသွားတော့ ရေဒီယိုရသွားတာ)

ချင်းရို့ : "... ရဲဘော်လုယန်ရေ ရှင့်ပါးစပ်ပိတ်ထားရင် ပိုကောင်းမယ်နော်။ ရှင်က တကယ်ပဲ မီးထဲကို လောင်စာထပ်ထည့်နေတာပဲ"

လုယန် သူမပုခုံးကို ဖက်၍ ပြောလိုက်သည်။ "ကလေးတွေရဲ့ ကိစ္စတွေကို သူ့ဘာသာသူ အိမ်​ပြန်လာပြီး ဖြေရှင်းပါလေ့စေကွာ"

လုဝေကျိုးနှင့် ဝမ်နျန်နျန် သင်္ဘောဖြင့် ကျွန်းသို့ ပြန်လာခဲ့ကြသည်။

ဝမ်နျန်နျန်ကတော့ အလွန်တရာစိုးရိမ်ကြောင့်ကြနေပြီး သူမဘေးနားမှာရှိနေတဲ့ လုဝေကျိုးကို ရံဖန်ရံခါ ကြည့်ကြည့်နေတတ်သည်။ လုဝေကျိုးကတော့ အရမ်းတည်ငြိမ်နေကာ သူမအား နှစ်သိမ့်အပြုံးလေး ပြုံးပြနေတတ်သည်။

"နင်က ပြုံးနိုင်သေးတယ်ပေါ့လေ၊ သတိထားနေစမ်းပါ၊ ငါ့အဖေ နင့်ကို ရိုက်လိမ့်မယ်နော်"

"ရိုက်ပါစေကွာ၊ ကိုယ် ဒဏ်ရာတွေအတွက် ဆေးဝယ်ပြီးပြီ"

"ကိုယ် ခံရထိုက်ပါတယ်လေ။ ဝမ်မိသားစုရဲ့ အသည်းလေးကို ပြန်ပေးဆွဲခဲ့တာကိုး"

xxx

အချပ်ပို ၄

"နင်က ပြုံးနိုင်သေးတယ်ပေါ့လေ၊ သတိထားနေစမ်းပါ၊ ငါ့အဖေ နင့်ကို ရိုက်လိမ့်မယ်နော်"

"ရိုက်ပါစေကွာ၊ ကိုယ် ဒဏ်ရာတွေအတွက် ဆေးဝယ်ပြီးပြီ"

"ကိုယ် ခံရထိုက်ပါတယ်လေ။ ဝမ်မိသားစုရဲ့ အသည်းလေးကို ပြန်ပေးဆွဲခဲ့တာကိုး"

ဝမ်နျန်နျန် အော်ငိုမိလုမတတ်ပင်။

"နင် ဘာတွေပြောနေတာလဲ၊ ငါ့အဖေက နင့်ကို ရိုက်ရင် ငါလည်း နင့်ကို ဖက်ပြီး ငိုမှာနော်... နင့်ကိုလက်ထပ်ချင်နေခဲ့တဲ့သူက ငါပဲဆိုတာ ရှင်းနေတာကြီးကိုဟာ"

ဝမ်နျန်နျန်က လုဝေကျိုး၏ ရင်ခွင်ထဲတိုးဝင်ကာ သူမခေါင်းလေးကို မြှုပ်ထားလိုက်၏။ သူမသည် ဒီလူကို နှစ်သက်ခဲ့တာ ကြာညောင်းလှပြီဖြစ်သလို သူနှင့် အတူတူရှိချင်ခဲ့ပေမယ့် သူမတို့မိသားစုနှစ်စုဟာ အချင်းချင်း အရမ်းရင်းနှီးလွန်းတာကြောင့် သူမရဲ့ မိဘတွေ၊ သူငယ်ချင်းတွေကို မပြောပြဝံ့ခဲ့။

သူတို့ဟာ ငယ်ကျွမ်းဆွေတွေဖြစ်ကြသလို လေးနက်တဲ့ဆက်ဆံရေးရှိကြ၏။ သူတို့ ရန်ဖြစ်ခဲ့ရင်တောင်မှ ချက်ချင်း ပြန်လည်သင့်မြတ်သွားတတ်ကြသည်။ နောက်ဆုံးတစ်ခေါက် သူတို့ရန်ဖြစ်ခဲ့ကြတာ ခုနစ်ရက်တိုင်တိုင်ကြာခဲ့ပြီး ယင်းဟာ အရှည်ကြာဆုံးပင်။ သူမ သည်းမခံနိုင်ဖြစ်ခဲ့ရပြီး သူမတွေးသမျှတိုင်းဟာ သူ့အကြောင်းချည်းဖြစ်နေခဲ့လေသည်။

ဝမ်နျန်နျန်သည် သူ့အပြင် တခြားလူကို မကြိုက်နိုင်တော့...

သူမ ပိုပြီးဂရုစိုက်မိလေလေ အဆုံးတွင် သူမတို့နှစ်ဦး အတူတူမရှိနိုင်တော့မှာကို ပိုမိုကြောက်ရွံ့လာခဲ့သည်။ ကောလိပ်တွင် ကွဲကွာသွားကြတဲ့ အတွဲတွေ၊ ပြန်လက်တွဲကြတဲ့ အတွဲတွေ အများကြီးကို သူမ တွေ့ခဲ့ဖူးသလို ဝတ္ထုတွေထဲမှာလည်း ငယ်ကျွမ်းဆွေဇာတ်လမ်းများစွာ ဖတ်ဖူးပေသည်။

ငယ်ငယ်တုန်းက ငယ်ကျွမ်းဆွေတွေဟာ တကယ်ပဲ ချစ်ကြိုက်နိုင်ကြပါသလော...

အဲဒီအချစ်ဆိုတဲ့အရာဟာ ဘယ်လောက်ကြာကြာခံနိုင်ပါသလဲ...

လူနှစ်ယောက် အချိန်အကြာကြီး အတူတူရှိလာပြီးနောက်ပိုင်း အစပိုင်းက ကိလေသာနဲ့ အချစ်တို့ဟာ သာမန်မိသားစုဆက်ဆံရေးအဖြစ် ပြောင်းလဲသွားကြလိမ့်မယ်လို့ လူတော်တော်များများက ပြောခဲ့ကြသည်။

(ယူခါစလင်မယားတွေပဲ ချစ်ကြတယ်၊ အချိန်ကြာလာတာနဲ့ လင်မယားဆက်ဆံရေးက အေးဆေးသွားတယ်လို့ပြောချင်တာပါ)

လူနှစ်ယောက်ကြား ခံစားချက်တွေဟာ ပြောင်းလဲသွားတတ်တယ်တဲ့။

သူမနှင့် လုဝေကျိုးတို့က ငယ်ကျွမ်းဆွေတွေဆိုရင် ဒါဆို သူတို့ရဲ့ အချစ်ကရော ဘယ်အချိန် စတင်ခဲ့တာလဲ? သူတို့အချစ်က ဘယ်လောက်သက်တမ်းကြာနိုင်မလဲ? သူတို့က လွန်ခဲ့တဲ့၁၀နှစ်ကို ဖြတ်သန်းခဲ့ပြီးပြီလေ၊ နောင်အနာဂတ်မှာ နောက်ထပ်ဆယ်စုနှစ်တွေ ဘယ်လောက်ရှိလာဦးမလဲ?

ဝမ်နျန်နျန်သည် သူမရဲ့ ခံစားချက်တွေကို အချစ်ဟု သတ်မှတ်နိုင်သလားလို့ သူမ မသိသော်လည်း လုဝေကျိုးလို့ခေါ်တဲ့ အနှီအမျိုးသားဟာ သူမအတွက် အချစ်ထက်ပိုတဲ့ ခံစားချက်ရှိနေသည်မှာ ကြာလှချေပြီ။ အနာဂတ်တွင် ခွဲခွာရနိုင်ခြေကို တွေးလိုက်မိတိုင်း သူမရဲ့ နှလုံးသားလေး ပြင်းပြင်းထန်ထန် နာကျင်နေခဲ့ရသည်။

သူမကောလိပ်တက်တုန်းက ကြောက်စရာအကောင်းဆုံး အိပ်မက်ဆိုးတစ်ခုရှိခဲ့ဖူးပါသည်။ ယင်းမှာ လုဝေကျိုးဟာ တခြားမိန်းကလေးတစ်ယောက်ရဲ့လက်ကို ကိုင်၍ ဒါက သူ့ချစ်သူဖြစ်ကြောင်း၊ သူမကိုတော့ အရင်ကတည်းက ညီမလေးတစ်ယောက်လိုသာ ဆက်ဆံခဲ့ကြောင်း ပြောပြခဲ့တာပါပဲ...

သူမနှင့် လုဝေကျိုးတို့အကြား ဆက်ဆံရေးပိုကောင်းလေလေ၊ အမြတ်အရှုံးအတွက် ပိုပြီးစိုးရိမ်ပူပန်ရလေလေပင်။

ဒီလောက်ကောင်းတဲ့ အမျိုးသားလေးကို တစ်နေ့မှာ သူမ မပိုင်ဆိုင်ရမှာကို ကြောက်မိသည်။ ငယ်ကျွမ်းဆွေဖြစ်ကြတဲ့ သူမတို့ဟာ အဆုံးတွင် ဖြတ်သွားဖြတ်လာတွေဖြစ်သွားကြပြီး ကိုယ့်ဘဝနဲ့ကိုယ်ဖြတ်သန်းသွားရမည်ကို ကြောက်မိသည်။

သူတို့နှစ်ဦးဟာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ချစ်ကြိုက်ခဲ့ကြပြီး လက်ထပ်မှတ်ပုံတင်တောင် မရှိသေးဘူးလေ။

ဝမ်နျန်နျန် ၁၀နှစ်ပြည့်ပြီးနောက် သူမသည် လုဝေကျိုး အသက်ပြည့်နေ့အထိ၊ ဒီလက်ထပ်စာချုပ်နှစ်စောင်ကို သူမလက်ထဲမှာ ကိုင်ထားသည်အထိ နေ့ရက်တိုင်းကို စတင်ရေတွက်နေခဲ့ရသည်။ နောက်ဆုံးတွင် သူမနှလုံးသားထဲမှာ အေးချမ်းမှုနှင့် တည်ငြိမ်မှုကို ခံစားခဲ့ရတော့သည်။

"နျန်နျန် မငိုပါနဲ့"

လုဝေကျိုးက သူမကို ပွေ့ဖက်လိုက်ပြီး သူ့ရှေ့က အဆုံးမရှိတဲ့ ပင်လယ်ကြီးကို ငေးကြည့်နေမိ၏။ သူ့စိတ်ထဲမှာလည်း ထပ်တူထပ်မျှအေးချမ်းနေလေသည်။

သူ့ဇနီးလေးဟာ ငယ်ငယ်လေးကတည်းက ဒီလိုမျိုးပါပဲ။ သူမလေးဟာ အပေါ်ယံမှာ တိတ်ဆိတ်ငြိမ်သက်ပေမယ့် စိတ်ထဲမှာတော့ အရိုင်းဆန်တဲ့ အတွေးအကြံတွေ အပြည့်ရှိနေတတ်သလို ကြောင်တစ်ကောင်နှယ် လွယ်လင့်တကူ စိတ်လှုပ်ရှားတတ်သည်။ သူမသည် ရင်းနှီးသူတွေရှေ့မှာ မာနကြီးကာ တဇွတ်ထိုးနိုင်သော်လည်း သူစိမ်းတွေရှေ့မှာ အလွန်စိုးရိမ်ထိတ်လန့်တတ်ပြီး လုံခြုံမှုကင်းမဲ့သလို ခံစားရတတ်သည်။

အခြားကတိသစ္စာတွေနှင့် နှိုင်းယှဉ်ပါက သူမသည် လက်ထပ်စာချုပ်နှင့် တရားဝင်အသိအမှတ်ပြုလက်မှတ်ကိုသာ ပို၍ယုံကြည်ခဲ့သည်ပင်။

"မိဘတွေက ငါတို့ကို လမ်းခွဲခိုင်းချင်ကြရင် ဘယ်လိုလုပ်ကြမလဲဟင်"

"ဒါဆို ကိုယ်က ဦးလေးဝမ်ကို နေ့တိုင်း အပူကပ်ပြီးတော့ သူ့သမီးကို လက်ထပ်ချင်ကြောင်း တောင်းဆိုလိုက်မယ်"

"ဦးလေးလုနဲ့ ဒေါ်လေးချင်းက ငါ့ကို သူတို့ရဲ့ချွေးမလေးအဖြစ် မကြိုက်ကြရင်ရော..."

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွာ"

"ဖက်ထုပ်လေး၊ သို့သို့၊ ရုန်ရုန်နဲ့ တခြားသူတွေက ငါ့ကို သူတို့ယောင်းမ/မရီးအဖြစ် မလိုချင်ရင်ရော..."

"အဲဒါတွေ အများကြီးမတွေးနဲ့တော့"

"နျန်နျန် ကိုယ် မင်းရဲ့လက်ကို အမြဲတမ်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမှာပါကွာ"

…

ကျွန်းသို့ရောက်သည့်နောက် ဝမ်နျန်နျန်ဟာ သင်္ဘောပေါ်မှဆင်းရန် ဝန်လေးနေလျက်။ သူမရဲ့ မျက်လုံးလေးတွေက နီရဲနေဆဲ။

သူမရဲ့ အဖေက အစောပိုင်းနှစ်တွေတုန်းက သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ငြင်းပယ်ခဲ့ခြင်းဟာ ယခု သူမရဲ့ အိမ်ထောင်ရေးကို သူမမိဘတွေထောက်ခံမပေးမှာကို အလွန်စိုးရိမ်နေခဲ့သည်။

ထို့ကြောင့် သူမရဲ့ မိဘတွေကို ဒီအကြောင်း လုံးဝမပြောပြရဲခဲ့ပေ။

သူမရဲ့ အဖေက သူမကို နောက်ကျမှ အိမ်ထောင်ပြုစေချင်ခဲ့ပေမယ့် သူမကိုယ်တိုင်ကတော့ သူမချစ်တဲ့သူနဲ့ စောစောအိမ်ထောင်ပြုလိုခဲ့တာကြောင့် အပြစ်ရှိသလိုရော စိတ်ဆင်းရဲသလိုပါ ခံစားခဲ့ရ၏။

"ငါ့မိဘတွေ သိသင့်တယ် ဟုတ်တယ်မလား"

"ငါ့ပါးက ဘယ်လိုဖြစ်သွားမလဲတော့ ငါမသိဘူး၊ သူ ငါ့ကို ဆူလိမ့်မယ်လို့ နင်ထင်လားဟင်"

"မင်းပါးက မင်းကို ဘယ်လိုလုပ်ပြီး ဆူရက်မှာလဲ? မင်း ငယ်ငယ်ကတည်းက မင်းပါးဆီက အဆူခံရဖူးလို့လား?"

"ငါ့ပါးက ငါ့ကို တစ်ခါမှ မဆူဖူးပေမယ့် သူက အရမ်းကြမ်းတမ်းတယ်ဆိုတာ ငါသိတယ်။ သူက နင့်ပါးကြောင့် ခဏဏ စိတ်ဆိုးရပြီး စကားမပြောနိုင်ဖြစ်သွားရပေမယ့် သူ့ရုံးခန်းမှာဆို လူတွေကို အမြဲလက်ချာပေးနေတတ်တာနော် ဟောဒီလောက် အရပ်မြင့်ပြီး သန်မာတဲ့လူကြီးကိုတောင် ငိုအောင်ပြောနိုင်တာလေ..."

"လုဝေကျိုး ဦးလေးလုကို ဘာလို့ ဒီလိုလုပ်..."

လုဝေကျိုး ပြုံးလိုက်ပြီး "မင်းပြောတာကိုကြည့်ပါဦးကွာ၊ မင်းလေးက သမီးအရင်းမှဟုတ်ရဲ့လား"

"ကိုယ့်ပါးက မီးထဲကို လောင်စာထပ်ထည့်ဖို့ပဲတတ်တာလေ"

"နင်ကမှ သားအရင်းနဲ့ မတူတာ မဟုတ်ဘူးလား"

…

"သွားပြီ သွားပြီ လုဝေကျိုး ငါ အိမ်မပြန်ချင်တော့ဘူး!"

ဝမ်နျန်နျန်တစ်ယောက် လုဝေကျိုးအနားမှာ ယင်ကောင်လို လှည့်ပတ်နေလျက်။

ငယ်ကျွမ်းဆွေတွေရဲ့ အချစ်ရေးဟာ စိတ်သောကရောက်ရလွန်းလေရဲ့။

သူတို့ဟာ ရင်းနှီးတဲ့ ဦးဦးဒေါ်ဒေါ်တွေတသိုက်ရဲ့ မျက်စိအောက်မှာ မိသားစုခြံဝင်းတစ်ခုတည်းတွင် သူငယ်ချင်းအုပ်စုကြီးနဲ့ အတူတူကြီးပြင်းလာခဲ့ကြသည်ဖြစ်ရာ သူတို့နှစ်ယောက် လက်ထပ်ပြီးကြောင်း သူတို့သိသွားပါက ဂေါ်ဇီလာလို ဝိုင်းကြည့်ကြပေတော့မည်။

လုမိသားစုရဲ့ ကလေးက ဝမ်မိသားစုရဲ့ ကလေးနဲ့ အတူတူရှိနေကြပြီတဲ့လား...

…

"မင်းဘာတွေစိတ်ပူနေတာလဲကွာ"

လုဝေကျိုးက သူမရဲ့ လက်လေးကို ကိုင်ထားရင်း "မင်းက တခြားသူတွေရဲ့ အမြင်ကို ဂရုစိုက်နေတာလား"

"သူတို့က ငါ့ကို ရယ်ကြမှာကိုကြောက်လို့"

"သူတို့က မင်းကို ဘာလို့ရယ်ကြမှာလဲကွာ။ လုဝေကျိုးကို မင်းကြိုက်လို့ ရယ်ကြမှာလား"

"သူတို့က နင့်ကို ရယ်ကြရင်ရော? ဒီက ဦးလေးတွေ အဒေါ်တွေက နင့်ကို သားမက်အဖြစ်တော်ချင်နေကြတာလေ၊ နင် ငါ့ကိုကြိုက်တော့ နင်မျက်စိကန်းနေလို့ဆိုပြီး သူတို့ပြောနေကြမှာပဲနော်"

"ဝမ်နျန်နျန် မင်းက ကိုယ့်ကိုကိုယ် အရမ်းနှိမ့်ချလွန်းတာပဲကွာ။ မင်းကိုရော ချွေးမအဖြစ်တော်ချင်ကြတဲ့သူတွေ အများကြီးမရှိဘူးလို့ မင်းထင်နေတာလား"

"သူတို့က နင့်ပါးကို မပြောရဲနေရုံပဲ"

"လိမ္မာပါတယ်ကွာ၊ ပြန်ကြရအောင်လေ"

မိသားစုခြံဝင်းသို့ ပြန်ရောက်ပြီးနောက် လုဝေကျိုးနှင့် ဝမ်နျန်နျန်တို့က လုမိသားစုအိမ်မှာ စကားအနည်းငယ်ပြောခဲ့ကြပြီးနောက် ဝမ်မိသားစုအိမ်သို့ သွားခဲ့ကြသည်။

ဝမ်နျန်နျန်လေးဟာ သူမရဲ့ မာမား ရွှယ်ရှောင်ဟွေ့ကို အရင်အကျိုးအကြောင်းပြောပြထားခဲ့သည်။ မကြာမီတွင် ဝမ်ယွမ်ကျန်း ပြန်ရောက်လာလေပြီ။

လက်ထပ်မှတ်ပုံတင်ရယူပြီးကြောင်း ဝမ်ယွမ်ကျန်းအား သူတို့ပြောပြခဲ့ကြသည်။

ဝမ်ယွမ်ကျန်း ထိုစကားကိုကြားပြီးနောက် တုန်လှုပ်ခြောက်ခြားသွားရကာ ဒေါသူပုန်ထသွားလေပြီ။ သည့်နောက်...

သူ စိတ်ဆိုးလွန်းသဖြင့် လုအိမ်သို့သွားကာ လုယန်ကို ကြိမ်းမောင်းပါလေရော...

"လူယုတ်မာကောင် မင်းက စံပြကောင်းလေးပဲပေါ့လေ၊ မင်းရဲ့သားက မင်းနဲ့တကယ်တူတာပဲကွ!"

လုယန် : "..."

သားဖြစ်သူကြောင့် အဖေဖြစ်သူ အရာရှိကြီးလုဟာ အဆူဆဲခံလိုက်ရလေပြီ။ လုယန် ကျစ်ခနဲ စုတ်သပ်လိုက်ရင်း "ကလေးတွေ လျှောက်ကစားနေကြတာပဲလေ၊ ဒီအိမ်ထောင်ရေးက အကျုံးမဝင်ပါဘူးကွာ"လို့ ပြောလိုက်လေ၏။

"ဘာ? မင်းတို့လုမိသားစုက ဒီအိမ်ထောင်ရေးကို ဖျက်သိမ်းချင်နေသေးတယ်ပေါ့လေ။ ငါ မင်းကို ပြောလိုက်မယ် မဖြစ်နိုင်ဘူးကွ!"

"အခု မင်းရဲ့ သားက ငါ့သားမက်ဖြစ်သွားပြီပဲ"

လုယန် : "..."

"လောင်ဝမ်၊ မင်းက ငါ့ကို ဆူပူကြိမ်းမောင်းဖို့ အခွင့်အရေးယူချင်နေတာပဲ!"

"ဟုတ်​တယ်​လေ ငါ မင်းကို ​ဆူဆဲ​ချင်​ရုံပဲ!"

လုယန်၏ သားအကြီးဆုံးဟာ သူ့သမီးလေးနှင့် လျှို့ဝှက်လက်ထပ်ခဲ့သည်။ သူ့နေရာမှာ တခြားတစ်ယောက်ဆိုပါက ဝမ်ယွမ်ကျန်းတစ်ယောက် ဒေါသထွက်လွန်းလို့ သွေးတက်သွားမှာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အနှီလူဟာ လုဝေကျိုးဖြစ်နေ၍ သူ တကယ်ဒေါသမထွက်ခဲ့။

မျှမျှတတပြောရပါလျှင် သူတို့ဇနီးမောင်နှံရဲ့ မျက်စိအောက်မှာပင် လုဝေကျိုး ကြီးပြင်းလာခဲ့ပြီး ငယ်စဉ်ကတည်းက ဒီကလေးဟာ မိသားစုခြံဝင်းရှိ လူတိုင်းဆီမှ ချီးမွမ်းခံခဲ့ရသည်။ သူဟာ ရုပ်ရည်ချောမောခန့်ညားပြီး စီရင်စုချန်ပီယံတစ်ဦးပင်။ သူ့သမီးလေး ဒီကလေးကို ကြိုက်နှစ်သက်သွားသည်မှာ မမှားပါချေ။

- ဒီလောက်ကောင်းတဲ့ သားမက်လေးကို မီးထွန်းရှာတာတောင် ရှာတွေ့နိုင်မှာမဟုတ်လောက်ဘူး...

ဝမ်ယွမ်ကျန်းလည်း ဒီအိမ်ထောင်ရေးကို မပျက်စီးချင်ပေ။

တခြားမိသားစုရဲ့ သားနဲ့ လက်ထပ်သွားတာထက်စာရင် လုမိသားစုက ဒီကလေးနဲ့ လက်ထပ်တာက ပိုကောင်းတာပဲလေ...

xxx

All Chapters