Extra 5- Extra 6
Vol. 29 Ch. 353-354
အချပ်ပို ၅
ဝမ်ယွမ်ကျန်းလည်း ဒီအိမ်ထောင်ရေးကို မပျက်စီးချင်ပေ။
တခြားမိသားစုရဲ့ သားနဲ့ လက်ထပ်သွားတာထက်စာရင် လုမိသားစုက ဒီကလေးနဲ့ လက်ထပ်တာက ပိုကောင်းတာပဲလေ...
ဝမ်နျန်နျန်သည် မူလက သူမရဲ့အဖေက ဦးလေးလုနှင့် ရန်ဖြစ်မှာကို စိုးရိမ်ကြောင့်ကြနေခဲ့သော်လည်း သူတို့နှစ်ယောက်က သူမတို့ရဲ့ မင်္ဂလာပွဲအကြောင်း အတူတူဆွေးနွေးနေကြပြီး ရယ်မောနေကြသည်ကို တွေ့ရှိလိုက်ရလေ၏။ ဘာပဲဖြစ်ဖြစ်ပါလေ သူတို့တွေက သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေပဲလေ။
ဒေါ်လေးချင်းကတော့ သူမရဲ့အမေနဲ့ အတူတူထိုင်ပြီး မင်္ဂလာဝတ်စုံအကြောင်း ပြောဆိုနေကြသည်။
လုဝေကျိုး အပြုံးလေးနှင့် ပြောလာလေ၏။
"မင်းပါးနဲ့ ကိုယ့်ပါးက ဒီလိုအေးအေးချမ်းချမ်းစကားပြောနေတာမျိုးက တကယ်ရှားတာပဲ"
ဝမ်နျန်နျန် : "... ငါ့ရဲ့စိုးရိမ်မှုတွေက အချည်းနှီးဖြစ်သွားပုံပဲတော်"
သူမကို လက်ထပ်ခွင့်ပေးဖို့ ဝန်လေးနေတယ်လို့ သူမပါပါးက ပြောခဲ့တာမဟုတ်ဘူးလားဟင်?
...
"တာ့ကော အိမ်ထောင်ကျသွားပြီ?!!!"
"သူ ဘယ်သူနဲ့လက်ထပ်ထားတာလဲ? ဝမ်နျန်နျန်လား?!"
ဖုန်းတစ်ဖက်ခြမ်းရှိ လုဝေကျယ်ဟာ ချက်ချင်းပင် နာမည်ကို ခန့်မှန်းနိုင်ခဲ့သည်။
သူ့ကောက တရားဝင်အသက်ပြည့်ပြီးတာနဲ့ လက်ထပ်လိုက်တာဆိုတော့ ဖြစ်နိုင်ခြေတစ်ခုပဲရှိတယ်လေ။
လုယန်လည်း "မင်း အရမ်းဉာဏ်ကောင်းတာပဲ"လို့ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
လုဝေကျယ် ဒေါသတကြီးဖြင့် "သူတို့ ငယ်ငယ်ကတည်းက ကြံရွယ်နေကြမှန်း သားသိတယ်! သားရဲ့ အနာဂတ်မရီးက အရမ်းဘက်လိုက်တာလေ။ တစ်ခုခုမကောင်းတာဖြစ်ရင် သူမက သားလုပ်တာပါဆိုပြီး သားနာမည်တပ်ပစ်တာ"
ညီလေးတစ်ယောက်အနေနဲ့ ဒီအကိုနှင့်မရီးတို့ဆီမှ အချိန်အတော်ကြာ နစ်နာခဲ့ရသည်ကို တွေးရင်းတွေးရင်း ပိုမိုဒေါသဖြစ်လာရ၏!
သူတို့နှစ်ယောက်က ပူးပေါင်းထားကြတာပဲ၊ တစ်ယောက်က သူ့အဖြစ် ဟန်ဆောင်တယ်၊ နောက်တစ်ယောက်က သူဆိုတဲ့ လုဖက်ထုပ်ရဲ့ နာမည်ဂုဏ်သတင်းပျက်အောင်လို့ သူ့ကိုပဲ နာမည်တပ်ခဲ့တယ်။
"ဟီးဟီး... သူတို့လက်ထပ်တဲ့အခါ သူတို့ သားကို စာအိတ်နီအကြီးကြီးပေးကိုပေးရမယ်!"
"လုဝေကျိုးက သားကို နစ်နာကြေးမပေးဘူးဆိုရင် သားက သူမကို မရီးလို့ ခေါ်မှာမဟုတ်ဘူး!"
လုဝေကျိုး ပြုံး၍ "မင်း စာအိတ်နီဘယ်လောက်ကြီးကြီးလိုချင်သလဲ ပြောသာပြောလိုက်"
လုဝေကျယ် : "ကော မင်းအခု အရမ်းရက်ရောနေလိုက်တာ"
"ငါတို့က ကြင်စဦးမို့လို့ ပျော်နေတာပေါ့ကွ"
လုဝေကျယ် : "..."
"မင်းက လှေပေါ်မှာ ပျော်နေတာပဲ"
"ငါ အရင်လက်ထပ်သွားတော့ မိဘတွေရော၊ အဖိုးအဖွားတွေကပါ မင်းကိုလက်ထပ်ဖို့၊ လက်တွဲဖော်ရှာဖို့ ဖိအားပေးတော့မှာမဟုတ်ဘူးဆိုတော့ မင်းစိတ်အေးရပြီပေါ့"
"မင်းအသက် ၃၀ကျော်မှ အိမ်ထောင်ပြုလည်းအဆင်ပြေသွားပြီ"
"မင်းကောနဲ့ မရီးက မင်းကို ချစ်ပေးမှာပါကွာ"
"ငါ့လို အကိုတစ်ယောက်ရှိတာ မဆိုးပါဘူး ဟုတ်တယ်မလား? မင်းငယ်ငယ်လေးကတည်းက ငါ့လက်နဲ့ ငါကိုယ်တိုင် မင်းကို ထိန်းခဲ့တာပဲလေ၊ မင်းကို ငါ့သားအဖြစ် မှတ်ယူလုနီးနီးပဲ"
လုဝေကျိုး သက်ပြင်းချရင်း "အစ်ကိုကြီး အဖရာလို့ လူတွေပြောကြတယ်။ မကြာသေးခင်ကမှ ငါ ဒါကို လေးလေးနက်နက်ခံစားမိတာပဲ"
သူငယ်စဉ်ကတည်းက ဆိုးသွမ်းတဲ့ကလေးလေးကို ပြုစုပျိုးထောင်ခဲ့ရတယ်လေ...
လုဝေကျယ် : "..."
"လုဝေကျိုး မင်းက ငါ့ထက် မိနစ်အနည်းငယ်ပဲ အသက်ကြီးတယ်ကွ။ မင်း ပြောနေပုံက မင်းကပဲ ငါ့ထက် ဆယ်နှစ်ကျော်လောက် ပိုကြီးနေသလိုလိုနဲ့"
"မိနစ်အနည်းငယ်ပိုကြီးတာကလည်း ကြီးနေသေးတာပဲလေ"
"လစ်လိုက်တော့၊ ငါ့မရီးကို စကားနည်းနည်းပြောပါရစေဦး"
ဝမ်နျန်နျန် အနည်းငယ်အားလျော့နေသံဖြင့် "လုဝေကျယ်..."
"ဝမ်နျန်နျန် မင်း ငါ့ကောကို အခုကတည်းက တတ်နိုင်သမျှ ပြင်းပြင်းထန်ထန် ကြိမ်းမောင်းထားသင့်တယ်နော်"
ဝမ်နျန်နျန် : "..."
"လိုအပ်ရင် ပိန္နဲသီးပေါ်မှာ ဒူးထောက်ခိုင်းလိုက်!"
လုဝေကျိုး : "မင်းရဲ့ ကောနဲ့ မရီးတို့ကြားက ဆက်ဆံရေးကို မင်း ဖျက်စီးနေရင် မင်းရဲ့ စာအိတ်နီကို တစ်ဝက်လျှော့ပစ်လိုက်မယ်"
"ငါ့ကို စာအိတ်နီအကြီးကြီးမပေးရင် ငါ့စိတ်ကို ပြောင်းလဲဖို့ စဥ်းတောင်မစဉ်းစားနဲ့!"
…
လုစစ်ယောင်နှင့် လုစစ်နင်တို့ညီအစ်မကလာ်း သူတို့မှာ ယောင်းမတစ်ယောက်ရတော့မည်ကို သိလိုက်ရသည့်အခါ "ဝိုး... နျန်နျန်ကျဲ ဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး!"
"ယောင်းမလေးနျန်နျန်!"
ဝမ်နျန်နျန်က သူတို့ရဲ့ ယောင်းမဖြစ်တော့မယ်လို့ သိလိုက်ရသောအခါ ညီအစ်မနှစ်ယောက်ဟာ ကောင်းစွာလက်ခံခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ်လေ သူတို့အားလုံးက အတူတူကြီးပြင်းလာခဲ့ကြလို့ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းစွာသိကြသလို အချင်းချင်းရဲ့ စရိုက်တွေကိုလည်း နက်နက်နဲနဲ နားလည်ထားကြ၏။
"ကော! ကော! ညီမလေး စာအိတ်နီအကြီးကြီးလိုချင်တယ်"
"မင်းတို့အကြွေးတောင်းသူတွေကတော့လေ... အားလုံးက စာအိတ်နီအကြီးကြီးလိုချင်နေကြတာပဲကွာ"
"ကော ပျော်ရွှင်ဖွယ်မင်္ဂလာဆောင်လေးဖြစ်ပါသေနော်၊ ကော ကျေးဇူးတင်ကြောင်း နည်းနည်းပါးပါးပြရမယ်နော်လို့..."
…
လုကျုံးရီနှင့် လောင်ဝမ်တို့မိသားစုက အငြိမ်းစားယူပြီးနောက် အေးအေးဆေးဆေးနေထိုင်ရန် ကျွန်းပေါ်မှာ မျက်နှာချင်းဆိုင် အိမ်တစ်လုံးစီကို ဝယ်ထားခဲ့ကြသည်။
လောင်ဝမ်သည် မူလက သူ့မြေးလေးဝမ်ဟူအိမ်ထောင်ပြုချိန်အထိ ကျွန်းမှာနေပြီး စောင့်ဆိုင်းနေခဲ့သော်လည်း ဝမ်ဟူက တစ်ခါမှမချိန်းတွေ့တာကြောင့် လောင်ဝမ်လည်း ကျွန်းမှာ ဆက်လက်နေထိုင်ခဲ့သည်။
ချုံကျိုးကျွန်းသည် အနားယူဖို့ရာ နေရာကောင်းတစ်ခုဖြစ်ပြီး မိတ်ဆွေဟောင်းတွေလည်း ဒီကိုလာနေကြသည်။ ကျွန်းရှိ ရာသီဥတုဟာ သင့်တင့်မျှတသလို လေထုကလည်း သက်တောင့်သက်သာရှိ၏။
လောင်ဝမ်နှင့် လောင်လုတို့က ပိုပြီးကျန်းမာသန်စွမ်းလာကာ တစ်ရက်လုံး တီးဝိုင်းမှာ လျှောက်ဆော့ရန် ခွန်အားတွေရှိနေပါသေးရဲ့။
တစ်ယောက်က တယောတီးပြီး နောက်တစ်ယောက်ကတော့ အကော်ဒီယံတီးကြသည်။ သူတို့ဟာ အသက်ကြီးကြီး အမျိုးသား၊ အမျိုးသမီးတချို့နဲ့ စီနီယာတီးဝိုင်းတစ်ခုဖွဲ့ရန် ကြံရွယ်နေကြ၏။ သူတို့က တီးဝိုင်းဖွဲ့ဖို့ အာရုံစိုက်ထားတာကြောင့် သူတို့သားသမီးတွေတုန်းကလိုမျိုး မြေးလေးတွေရဲ့ အိမ်ထောင်ရေးကိုတော့ ဂရုမစိုက်ကြတော့။
လုကျုံးရီ : "လောင်ဝမ်ရေ မင်း အတွေးအခေါ်သစ်တွေကို ပိုပြီးလက်ခံသင့်နေပြီကွာ။ နောက်ကျမှ အိမ်ထောင်ပြုတာတွေက အခု ခေတ်စားနေပြီကွ။ အသက် ၃၀ကျော်မှ လက်တွဲဖော်ရှာတဲ့သူတွေ အများကြီးပဲ"
"ငါ့မြေးတွေဆိုလည်း ခုထိ လက်တွဲဖော်မရှိသေးဘူးလေ"
လောင်ဝမ် : "..."
လောင်ဝမ်ရဲ့ မြေးရော မြေးမလေးပါ ခုထိ လက်တွဲဖော်မရှိကြသေး။ လောင်ဝမ်တို့မိသားစုရဲ့ စောစောစီးစီးအိမ်ထောင်ကျခြင်းအစဥ်အလာဟာ ဒီမျိုးဆက်ကျမှ ဘာဖြစ်သွားမှန်း သူတို့လည်းမသိကြပေ။
"ငါတို့လူအိုကြီးတွေက ကိုယ့်ဘာသာပျော်ဖို့ပဲလိုတယ်!"
လောင်ဝမ် စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး "ဟုတ်တယ်၊ မင်းပြောသလိုပဲ"
အနည်းဆုံးတော့ လောင်လုရဲ့ မြေးလေးတွေရော၊ မြေးမလေးတွေရော ခုထိ တစ်ယောက်မှ လက်တွဲဖော်မရှိကြသေးဘူးလေ။
လောင်ဝမ်ရဲ့ ပျော်ရွှင်မှုဟာ သိပ်မကြာမှန်း ဘယ်သူသိမှာလဲလေ။ လောင်လုရဲ့ မြေးလေး လုဝေကျိုးက လက်ထပ်ဖို့အသက်ပြည့်ပြီးတာနဲ့ တကယ်ကြီး လက်ထပ်မှတ်ပုံတင်ရသွားပြီး မိသားစုခြံဝင်းတစ်ခုတည်းက ဝမ်ယွမ်ကျန်းရဲ့ သမီးနဲ့ လက်ထပ်လိုက်တာကြောင့်ပါပဲ။
သူတို့နှစ်ယောက်ဟာ ငယ်ကျွမ်းဆွေတွေဖြစ်ကြပြီး၊ တစ်ယောက်က ချောမောခန့်ညားကာ နောက်တစ်ယောက်ကလည်း ချောမောလှပသဖြင့် တကယ့်ကို လိုက်ဖက်လှ၏။
လုကျုံးရီ ဤသတင်းကိုကြားသောအခါ အနည်းငယ်စိတ်ရှုပ်သွားရလျက်။
"ဘာဖြစ်တယ်၊ ကျိုးကျိုးက လက်ထပ်ပြီးသွားပြီလား"
လုမိသားစုထဲက တစ်စုံတစ်ယောက်က ဒီလောက်အစောကြီး လက်ထပ်ခဲ့တာတဲ့လား?
"နျန်နျန်နဲ့ လက်ထပ်လိုက်တယ်? ဘယ်လို?!! ငါ့မြေးလေးက လက်ထပ်ပြီးသွားပြီ?!! အခု သူ့အသက်က ဘယ်လောက်တုန်း? သူက လက်ထပ်ပြီးသွားပြီတဲ့လား? သူ့အဖေတောင် သူ့လောက် အစောကြီးအိမ်ထောင်မပြုခဲ့ဘူးလေ ဟုတ်တယ်မလားဟေ?!!"
"လောင်ဝမ်ရေ လောင်ဝမ် လောင်ဝမ်!!!"
လောင်ဝမ်ရဲ့ မျက်နှာမှာ မည်းမှောင်နေလျက် "..."
"လောင်ဝမ် ငါ မကြာခင် မြစ်ရတော့မယ်လို့ မင်းထင်လား"
"ငါ မသိဘူး။ အခုခေတ်လူငယ်တွေက အိမ်ထောင်ပြုနောက်ကျသလို ကလေးမွေးတာလည်း နောက်ကျကြတယ်လေ"
"ဒါအမှန်ပဲ"
လောင်လုက သူ့လက်ကို ဝှေ့ယမ်း၍ ဝမ်းသာအားရပြောလိုက်သည်။
"ငါက သူတို့လေးတွေကို အိမ်ထောင်ပြုဖို့ မတိုက်တွန်းသလို ကလေးမြန်မြန်ယူဖို့လည်း ဖိအားမပေးပါဘူးကွာ။ သူတို့လိုချင်ရင် ကလေးယူနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ဒီဘဝကိုတော့ ငါကျေနပ်ပြီးသားပဲ"
"ကျိုးကျိုးက အရည်အချင်းရှိတဲ့ ကလေးတစ်ယောက်ပဲ။ သူ အိမ်ထောင်စောစောကျတော့လည်း စိတ်ပူစရာမရှိပါဘူး"
"ငယ်ကျွမ်းဆွေတွေ... အရမ်းကောင်းတာပဲ!"
လောင်ဝမ် : "..."
လောင်ဝမ်လည်း ဝမ်ဟူကို ဆူပူကြိမ်းမောင်းရန် လှည့်ထွက်သွားတော့သည်။
ဘယ်နှနှစ်ကြာသွားပြီလဲကွာ? သူ့ရဲ့ ဝမ်ရှောင်ဟူက အခုထိအိမ်ထောင်မပြုရသေးဘူးလေ။ မင်းရဲ့ အဖိုး ငါက ဒီကျွန်းမှာ ဘယ်လောက်ကြာကြာနေရဦးမှာလဲ?!
xxx
အချပ်ပို ၆
ဝမ်ယွမ်ကျန်းသည် သူ့သမီးလေးကို လက်ထပ်ပေးရတော့မည်ဖြစ်သည်။ အစတုန်းက သူတို့လင်မယား အံ့အားသင့်ခဲ့ရပြီးနောက် သူတို့ရဲ့ သားမက်အသစ်စက်စက်လေး လုဝေကျိုးကို ပိုကြည့်လေလေ ပိုသဘောကျလာကြ၏။ သားမက်ဖြစ်သူရဲ့ အဖေကိုတောင်မှ ကြည့်ရတာ မျက်စိပဒေသာရှိလာလေသည်။
သူ့ရဲ့ တစ်ဦးတည်းသောရတနာလေးဟာ တခြားယောကျ်ားတွေနှင့် မချစ်ကြိုက်သွားဘဲ လုမိသားစုရဲ့ သားအကြီးဆုံးကို ရွေးချယ်ခဲ့သည်။ သူမဟာ ရပ်ဝေးမှာ အိမ်ထောင်မကျသွားခဲ့။ မိသားစုနှစ်စုကလည်း အရမ်းရင်းနှီးကြတာကြောင့် ယောက္ခမတွေဆီက အနိုင်ကျင့်ခံရမှာကိုလည်း စိတ်ပူစရာမလိုပေ။
လုဝေကျိုးအကြောင်းကို ရိုးရိုးရှင်းရှင်းပြောရပါလျှင် ဒီကလေးဟာ ငယ်ငယ်လေးထဲက အလားအလာရှိတဲ့ ထိပ်တန်းကျောင်းသားတစ်ဦးပင်။ သူ့ရဲ့ အကျင့်စရိုက်၊ ရုပ်ရည်၊ မိသားစုနောက်ခံ သို့မဟုတ် ကိုယ်ရည်ကိုယ်သွေးပိုင်းဟာလည်း ဘာပြဿနာမှမရှိပေ။
ပိုအရေးကြီးသည်မှာ ဒီကောင်လေးဟာ ငယ်စဉ်ကတည်းက သူ့သမီးအပေါ် ကြင်နာခဲ့သလို သူ့သမီးကလည်း ဒီကောင်လေးကို သဘောကျ၏။ သူတို့နှစ်ယောက်ဟာ အပြန်အလှန် ချစ်ကြိုက်နေကြသည်လေ။ ဒါဆိုရင် ဒီ့ထက်ပိုပြီး ပြီးပြည့်စုံတာမျိုး ဒီလောကကြီးမှာ ရှိသေးလို့လားနော်...
သူ့သမီးလေး ကြီးပြင်းလာတဲ့အခါ အိမ်ထောင်ပြုရမည်ဖြစ်သည်။ သူမလေးက လက်တွဲဖော်ကောင်းတစ်ဦးကို မရှာနိုင်မှာကို သူစိုးရိမ်နေမိခြင်းပင်။ အခုတော့ ပြီးပြည့်စုံတဲ့လက်တွဲဖော်တစ်ဦးကို ရှာတွေ့ခဲ့တာကြောင့် ဝမ်ယွမ်ကျန်း အတော်လေးဝမ်းသာကြည်နူးမိလေရဲ့။
"ဒါက ငါတို့ကောင်းချီးပေးခံရတုန်းက ဖြစ်တည်လာခဲ့တဲ့ကံကြမ္မာများလား"
လူတွေ ပျော်ရွှင်နေတဲ့အခါ စိတ်ဓာတ်တက်ကြွနေတတ်ကြ၏။ မကြာသေးမီက ဝမ်ယွမ်ကျန်းက သမီးလေးတစ်ယောက်ရှိသည့် လျိုခိုင်နှင့် အလုပ်အတူတူတွဲလုပ်နေခဲ့သည်။ သူတို့နှစ်ယောက်ဟာ သူတို့သမီးလေးတွေအကြောင်း စကားဖောင်ဖွဲ့ရတာကို နှစ်ခြိုက်ကြပြီး ယခုအခါ ဝမ်ယွမ်ကျန်းက သူ့ရဲ့ပျော်ရွှင်မှုတွေကို လျိုခိုင်ထံ အဆက်မပြတ်ပြောပြနေလေ၏။
"သမီးလေးက သူမနဲ့ အရမ်းရင်းနှီးတဲ့လူနဲ့ လက်ထပ်တာ အရမ်းကောင်းတယ်ကွ။ ငါတို့မှာက ဒီအဖိုးတန်သမီးလေးတစ်ယောက်တည်းရှိတာကိုး"
"ငါ့သားမက်လေးက အရမ်းတော်တယ်။ သူက ဟွာချင်းတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တာလေ... သူတို့ဆီမှာ ကလေးတွေရှိလာရင် ကလေးလေးကလည်း ဥာဏ်ကောင်းမှာ သေချာတယ်..."
…
လျိုခိုင် ဒါကိုကြားတဲ့အခါ အလွန်ဝမ်းနည်းသွားရသည်။ ရဲဘော်လျိုက သူဘာကိုစိတ်ပူနေမှန်းမသိပေ။ မိသားစုခြံဝင်းထဲက အခြားသောသမီးရှင်မိသားစုတွေလို ခံစားနေရတာ ဖြစ်နိုင်ပါရဲ့လေ။ သူတို့မိသားစုခြံဝင်းရှိ ချမ်းသာတဲ့လူငယ်လေးတစ်ဦးကို တခြားမိသားစုက မိန်းကလေးတစ်ဦးက တူးထုတ်သွားသလိုလို။
အလားတူပင် ဝမ်နျန်နျန်လို မိန်းမလှလေးလည်း အိမ်ထောင်ပြုသွားခဲ့ပြီ။
သူတို့မိသားစုခြံဝင်းထဲမှာ အရမ်းထူးချွန်တဲ့ အမျိုးသားလေးနှင့် အမျိုးသမီးလေး နှစ်ယောက်စလုံးကို တစ်ပြိုင်နက် ဆုံးရှုံးခဲ့ကြပြီပဲ!
ဟိုတုန်းကတော့ လျိုခိုင်ဟာ လုယန်တို့နှင့် အမျိုးတော်မယ်လို့ တွေးထားခဲ့သည်ပင်။ သို့သော်လည်း သူတို့မိသားစုနှစ်စုထဲက ကလေးတွေဟာ အချင်းချင်း မဆွဲဆောင်နိုင်ကြတာကြောင့် သူလက်လျှော့လိုက်ရသည်။
ဝမ်မိသားစုရဲ့ သမီးက ဒီလောက်နီးနီးနားနားမှာ အိမ်ထောင်ကျသွားတာကို တကယ့်ကို အားကျမိသည်!!!
သူတို့မိသားစုဝင် ထျောင့်ထျောင့်လေးက နည်းနည်းကြမ်းတမ်းပေမယ့် သူ့သမီးလေးလည်း သူ့မိဘတွေနဲ့ အတူနေနိုင်မယ်လို့ သူမျှော်လင့်မိပါရဲ့။
အဝေးကြီးမှာ အိမ်ထောင်မပြုပါစေနဲ့။
လျိုခိုင်လည်း သူ စိတ်မသက်မသာဖြစ်နေရတဲ့အကြောင်းကို ကျန်းချန်ပေ့အား ပြောပြခဲ့သည်။
"ငါတို့ထျောင့်ထျောင့်လေးက အခု ကြီးပြင်းလာပြီ။ အနာဂတ်မှာ သူမက ငါတို့အတွက် ဘယ်လိုသားမက်မျိုးကို ရှာလာမလဲဆိုတာ မသိတော့ဘူးကွာ"
ကျန်းချန်ပေ့က သူ့ကို နှစ်သိမ့်ပေးလိုက်၏။
"စိတ်မပူပါနဲ့ကွာ။ မင်းသိတဲ့အတိုင်းပဲ ငါ့သားသုံးယောက်လည်း ခုထိ အိမ်ထောင်မကျသေးဘူးလေ။ အခုက နောက်ကျမှအိမ်ထောင်ပြုကြပြီး နောက်ကျမှကလေးယူကြတာ ခေတ်စားနေပြီလေ"
"ထျောင့်ထျောင့်အဖို့ လက်ထပ်ဖို့ဆိုတာ စောလွန်းပါသေးတယ်"
"သူတို့မှာက ငယ်ကျွမ်းဆွေတွေမရှိကြဘူး။ လုဝေကျိုးနဲ့ ဝမ်နျန်နျန်တို့ဟာ ထူးခြားတဲ့စုံတွဲလေးပဲလေ။ အဲဒါက သူတို့ရဲ့ ကံကြမ္မာပါပဲကွာ"
လျိုခိုင် သက်ပြင်းချလျက် "လောင်ကျန်းရေ မင်းလည်း ထျောင့်ထျောင့်ရဲ့ ခေါင်းကိုင်အဖေလို့ သတ်မှတ်လို့ရတယ်လေ"
ကျန်းချန်ပေ့ သူ့ပုခုံးပေါ် ပုတ်လိုက်ပြီး "မင်းက 'သတ်မှတ်လို့ရတယ်'ဆိုတာ ဘာကိုဆိုလိုတာလဲကွာ? ငါက ဟိုးကတည်းက ထျောင့်ထျောင့်ရဲ့ ခေါင်းကိုင်အဖေပဲ"
"ခေါင်းကိုင်အဖေဖြစ်တဲ့ ငါက ထျောင့်ထျောင့် ငယ်ငယ်လေးကတည်းက သူမအပေါ် ဆိုးဆိုးရွားရွားဆက်ဆံခဲ့ဖူးလို့လား?"
လျိုခိုင် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"နောင်မှာ ထျောင့်ထျောင့်က သူ့လက်တွဲဖော်ကို အိမ်ပြန်ခေါ်လာတဲ့အခါ မင်းတို့လင်မယားလည်း ဝိုင်းအကဲခတ်ပေးကြပေါ့ကွာ"
"ဒါပေါ့!"
"လောင်လျို အနာဂတ်မှာ တစ်ယောက်ယောက်က ထျောင့်ထျောင့်လေးကို လက်ထပ်ချင်ရင် သူ့ကို ငါတို့ရဲ့ ပါဝါပြဖို့ စည်းလုံးကြမယ်!"
လျိုခိုင် : "... အဲလောက်မလိုပါဘူး"
အဲဒီလူကဖြင့် ဒီကိုရောက်တောင်လာပြီပဲလေ၊ ငါတို့ပါဝါတွေပြဖို့ လိုအပ်သေးလို့လား...
"လိုအပ်တာပေါ့! ငါတို့ပေါင်ပေ့လေး ထျောင့်ထျောင့်ကို ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ လက်ထပ်ပေးနိုင်မှာလဲ"
"သူ့အပေါ် ငါတို့ရဲ့ပါဝါ ပြကိုပြရမယ်။ ငါကိုယ်တိုင် ပါဝါပြဦးမှာ။ အစမှာကတည်းက အဲ့ကောင်လေးကို ဖိနှိပ်ထားမှ အနာဂတ်မှာ သူ ထျောင့်ထျောင့်လေးကို ဆိုးဆိုးရွားရွား မဆက်ဆံမှာပေါ့"
လျိုခိုင် ခေါင်းညိတ်လိုက်ပြီး လီချင့်ဟွားကို ပြောပြဖို့ ပြန်သွားခဲ့သည်။ လီချင့်ဟွားလည်း ခေါင်းတညိတ်ညိတ်ဖြင့် "အခုခေတ်မှာ လွတ်လပ်တဲ့အချစ်ကို ထောက်ခံအားပေးလာကြပြီ။ လက်တွဲဖော်ရှာဖို့က လူငယ်တွေအတွက် မလွယ်ပါဘူး"
"ချိန်းတွေ့ရုံ ချိန်းတွေ့ကြပြီး အိမ်ထောင်ပြုဖို့အထိ တာဝန်မယူကြတဲ့သူတွေလည်းရှိတယ်"
"အခုခေတ်က အရမ်းပွင့်လင်းလာတော့လည်း သိပ်မကောင်းဘူး။ မိန်းကလေးတွေ အလွယ်တကူလှည့်စားခံရနိုင်တယ်... ကျွန်မကတော့ သမီးအတွက် ယုံကြည်အားကိုးရတဲ့ လက်တွဲဖော်ကိုပဲ ရှာစေချင်တယ်"
လျိုခိုင်က သူမအား "အရမ်းစိတ်မပူပါနဲ့။ ငါတို့သမီးလေးက ရဲအရာရှိတစ်ယောက်ဖြစ်လာမှာပဲ။ ယောက်ျားတစ်ယောက်က သူမကိုလိမ်ဝံ့ရင် သူအရိုက်ခံရမှာပဲ"
လီချင့်ဟွား : "..."
"ငါတို့သမီးလေးက ကျွမ်းဘားအဖွဲ့ထဲ ၀င်လိမ့်မယ်လို့ နဂိုက ထင်ခဲ့တာလေ။ ဒါပေမဲ့ သူမက ရဲသင်တန်းကျောင်းကို ၀င်ခွင့်ရမယ်လို့ မမျှော်လင့်ထားမိဘူး"
"ငါတို့မိသားစုထျောင့်ထျောင့်လေးက အက အရမ်းတော်တယ်!"
...
လျိုထျောင့်ထျောင့် ဘွဲ့ရပြီးနောက် ရဲမေဖြစ်လာပြီး ကျန်းသွင်းသွင်းက သွားဆရာဝန်ဖြစ်လာ၏။ သူတို့နှစ်ဦးကြား ဆက်ဆံရေးဟာ ငယ်ငယ်တုန်းကလိုပင် ကောင်းမွန်နေဆဲဖြစ်ကာ မကြာခဏဆိုသလို အတူတူညစာစားလေ့ရှိကြသည်။
သူတို့နှစ်ယောက်ဟာ အတူတူကြီးပြင်းလာကြပြီး အရာရာတိုင်းပြောဆိုတတ်ကြသည်။ ဒီကလေးနှစ်ယောက်ဟာ ကျားမမခွဲခြားတဲ့ ညီအစ်ကိုကောင်းတွေသဖွယ်။
"မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေ သွားပြင်ဖို့လာတဲ့အခါ ငါဈေးလျှော့ပေးမယ်"
"နင့်လို တောသားလူနုံလေးက ဆရာဝန်လုပ်ဖို့ ရွေးချယ်လိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားမိဘူး"
"မဟုတ်ရင် ငါ့အကိုလိုမျိုး အနုပညာစိတ်ဓာတ်အပြည့်နဲ့ အနုပညာအလုပ်တွေကို လုပ်နေရမှာလား"
ရဲဘော်ကျန်းအာ့ဟန်က အနုပညာအရသာအပြည့်အဝခံစားတတ်သော သူ့အကိုကြီးကို တွေးလိုက်မိတဲ့အခါ တံတွေးမမျိုချမိဘဲမနေနိုင်တော့။
သူသည် သူ့အဖေရဲ့ အနုပညာစွမ်းရည်ကို အမွေမဆက်ခံခဲ့၊ အနုပညာအသိုက်အဝန်းထဲ မဝင်ခဲ့ဘဲ ဆေးပညာကို သင်ယူခဲ့သည်။
ကျန်းအာ့ဟန်နှင့် လျိုယောင်ယောင်တို့ လသာဆောင်တွင် ညစာစားရင်း သောက်နေကြသည်။ လျိုယောင်ယောင်က အသားစားရင်းနဲ့ ဝိုင်သောက်ရတဲ့ ခံစားချက်ကို အလွန်သဘောကျလေ၏။
"မင်း ပေါ့ပေါ့ပါးပါးလေးတွေ စားသင့်တယ်နော်။ အသားကြီး ငါးကြီးတွေကြောင့် မင်းရဲ့ သွားတွေမပျက်စီးအောင် သတိထားဦး"
"ငါ့သွားတွေကို နင်က နေ့တိုင်းဂရုစိုက်ပေးနေတာလား"
လျိုယောင်ယောင် ဝိုင်ဖြူတစ်ငုံသောက်လိုက်ပြီး "စိတ်မပူပါနဲ့၊ ငါတာဝန်ကျချိန်မှာ အလုပ်ကောင်းကောင်းလုပ်တယ်၊ ရံဖန်ရံခါ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ သောက်တာပါ။ ကျန်းသွင်းသွင်း နင်ယုံလား... နင့်ရဲ့ ထျောင့်ထျောင့်ကျဲကလေ အရက်မူးနေရင်တောင် လူနှစ်ယောက်ကို အသာလေးဆော်နိုင်တယ်"
ကျန်းသွင်းသွင်း : "ကြွားလုံးထုတ်နေတာပဲ"
"ငါ ကြွားလား မကြွားလားဆိုတာ နင်ကိုယ်တိုင်စမ်းကြည့်ချင်လား။ နင်က ပညာတတ်ငပျော့လေးဆိုတော့ ငါ့လက်တစ်ချောင်းတည်းနဲ့ ချေမွပစ်နိုင်တယ်"
ကျန်းအာ့ဟန် : "..."
အတန်းဖော်ကျန်းသွင်းသွင်း မျက်လုံးမှိတ်ကာ သူ့စိတ်ထဲတွင် သူ့ကိုယ်သူ တိတ်တဆိတ် ညှို့ယူနေလေ၏။ 'နွေရာသီ အင်းဆက်တွေကို ရေခဲအကြောင်း ပြောပြလို့မရဘူး'
သူမနှင့် ငြင်းခုံမနေနဲ့။
"နင် ကြားပြီးလား? လုဝေကျိုးနဲ့ နျန်နျန် လက်ထပ်တော့မယ်တဲ့"
ကျန်းအာ့ဟန် မြေပဲတစ်တောင့်ကိုယူ၍ "သူတို့ လက်ထပ်ကြလိမ့်မယ်လို့ ငါ ဟိုးကတည်းက ခန့်မှန်းထားပြီးသားပဲ"
"မှန်တယ်။ အရည်အချင်းရှိတဲ့အမျိုးသားနှင့် လှပချောမောတဲ့အမျိုးသမီး... ပြီးပြည့်စုံတဲ့စုံတွဲပဲ။ ပြီးတော့ သူတို့က ငယ်ကျွမ်းဆွေတွေ"
အရာရှိလျိုလည်း မြေပဲစားရင်း သူမ ငယ်ဘဝအကြောင်း ပြန်မတွေးမိဘဲမနေနိုင်တော့။
"ငါ ငယ်ငယ်တုန်းကလေ အနာဂတ်မှာ ကျိုးကျိုး ဒါမှမဟုတ် ဖက်ထုပ်လေးကို လက်ထပ်ရင်ကောင်းမလား တကယ်စဉ်းစားခဲ့တာ"
ကျန်းအာ့ဟန် တံတွေးနင်သွားရလျက် "အဟွတ် အဟွတ် အဟွတ်--"
သူက လျိုယောင်ယောင်ကို လွန်စွာအံ့အားသင့်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
"နင် ဘာလို့အံ့သြနေရတာတုန်း? နင် ငယ်ငယ်က တကယ်မသိနားမလည်ခဲ့တာပဲ။ ဦးလေးလုက အရမ်းချောတယ်လေ။ ငါက လူချောလေးတွေ ကြိုက်တာဆိုတော့ အနာဂတ်မှာ ကောင်ချောလေးတစ်ယောက်ကို သေချာပေါက် လက်ထပ်မှာ"
"နျန်နျန်က အရမ်းလှတယ်နော်။ နင် အနာဂတ်မှာ နျန်နျန်ကို လက်ထပ်ဖို့ဆိုပြီး ဘယ်တုန်းကမှ မတွေးဖူးဘူးလား"
လျိုထျောင့်ထျောင့်က အမြဲတမ်းဗြောင်ကျကျစကားပြောတတ်သည်။ သူမ စိတ်ထဲမှာ ဘာတွေးတွေး အဓိပ္ပါယ်ရှိရှိမရှိရှိ ထုတ်ပြောတတ်သူပင်။
ကျန်းအာ့ဟန် ခေါင်းခါပြလိုက်၏။ "ငါ ဝမ်နျန်နျန်ကို မကြိုက်ပါဘူး"
"ငါ ခုထိ ဘယ်သူ့ကိုမှမကြိုက်သေးဘူး"
"ငါလည်း နင်နဲ့အတူတူပဲ။ ငယ်ငယ်ကတည်းက ဘယ်သူ့ကိုမှ မကြိုက်ဖူးဘူး။ အရမ်းသနားစရာကောင်းတာပဲနော်"
xxx