← Chapters

Extra 9 - Extra 11

Vol. 29 Ch. 357-359

Extra 9 - Extra 11

Vol. 29 Ch. 357-359

အချပ်ပို ၉

လီချင့်ဟွားတို့မိသားစုလည်း ပွတ်လောရိုက်သွားရ၏။

လျိုထျောင့်ထျောင့်က ဖုန်းဖြင့် သူမမှာ ကိုယ်ဝန်ရှိနေကြောင်းပြောပြလိုက်သည်။

"မားနဲ့ပါးရေ မားတို့ အဖိုးအဖွားတွေဖြစ်တော့မယ်"

လျိုခိုင် ဒေါသူပုန်ထသွားကာ "နင့်ကိုယ်နင် ဘယ်သူမှန်း မှတ်မိသေးရဲ့လား? နင် အပြင်မှာ လျှောက်ရှုပ်မနေ..."

"ဝေ့ ဝေ့ ကိုယ့်သမီးကို ဒီလိုလွန်လွန်ကျူးကျူးစကားတွေ မပြောစမ်းနဲ့"

လီချင့်ဟွားကတော့ အရာအားလုံး အဆင်ပြေချောမွေ့အောင် ပြောဆိုတတ်၏။

"ကျွန်မတို့သမီးလေးမှာ သူမကြိုက်တဲ့လူရှိလာပြီပဲ။ ဒါက အဆင်ပြေပါတယ်၊ ပျော်စရာကိစ္စပဲဟာ"

"ဘာပဲဖြစ်ဖြစ် ကျွန်မတို့သမီးကို အတင်းအကြပ်လုပ်ရဲတဲ့ ယောကျ်ားလေးတွေမရှိဘူးလေ"

လျိုခိုင် : "..."

သူ့သမီးက စွမ်းအားကြီးတဲ့ ကင်းကောင်ဆိုပေမယ့် ဖခင်ဖြစ်သူရဲ့ စိတ်ထဲမှာတော့ အမြဲတမ်း နူးညံ့သိမ်မွေ့တဲ့ ဘာဘီရုပ်လေးဖြစ်နေမှာပဲလေ။

"ထျောင့်ထျောင့် နင် ဘယ်​သူ့ကိုကြိုက်​သွားတာလဲ"

လျိုခိုင် : "သူ ဘယ်ကလာသလဲဆိုတာက အရေးကြီးလို့လား? သူက ယုံကြည်အားထားရလား မရဘူးလားပဲ အရေးကြီးတယ်ကွ!"

လျိုထျောင့်ထျောင့် : "စိတ်မပူပါနဲ့၊ သူက ယုံကြည်အားထားရပါတယ်နော်။ သမီးရှာထားတဲ့လူက အားကိုးမရဘဲ ဘယ်နေမှာလဲ"

"ယုံကြည်အားကိုးလို့ရတယ်ဆိုရင် နင့်မိဘတွေဆီ ခေါ်လာခဲ့တော့"

"ဘာမှကြည့်စရာမလိုပါဘူး၊ ပါးတို့ အကြိမ်ကြိမ်တွေ့ဖူးပြီးသားပဲကို။ သူက ကျန်းအာ့ဟန်ပဲ"

"ကျန်းအာ့ဟန်? ကျန်းအာ့ဟန်က ဘယ်သူလဲ"

လီချင့်ဟွား ခဏလောက် မတုံ့ပြန်နိုင်ဖြစ်သွားရ၏။

သူ့ခေါင်းနောက်ဘက်ကို တစ်ခုခုရိုက်မိသွားသလို ခံစားလိုက်ရသော လျိုခိုင် : "..."

"ကျန်းသွင်းသွင်းလား?"

"ဟုတ်တယ် ပါးရေ၊ သမီးက ဒြပ်စင်ငါးခုထဲက မြေဓာတ်ချို့တဲ့နေတယ်လို့ ပါး အမြဲပြောခဲ့တယ်မလား? ကျန်းသွင်းသွင်းကိုကြည့်လေ၊ သူ့မှာက မြေဓာတ်နှစ်ခုတောင်ရှိတာဆိုတော့ သမီးဖြည့်လိုက်ပြီလေ"

လျိုခိုင် : "..."

လီချင့်ဟွား : "..."

လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်နေမိလျက်။

လျိုခိုင်သည် မူလက သူ ဒေါသထွက်သင့်တယ်လို့ ထင်ခဲ့ပေမယ့် အဲဒီလူက ကျန်းသွင်းသွင်းဖြစ်ကြောင်း သိပြီးနောက်မှာ သူ ဘာကိုဒေါသထွက်လို့ထွက်ရမှန်းမသိ ဖြစ်သွားရလေပြီ။

ကျန်းအာ့ဟန်က သူ့သမီးကို တစ်ခုခုအတင်းလုပ်နိုင်မှာတဲ့လား?

သူ့သမီးကပဲ ကျန်းသွင်းသွင်းကို တစ်ခုခုလုပ်ခဲ့တာသာ ဖြစ်နိုင်ခြေများတယ်...

လျိုခိုင် : "..."

နည်းနည်းတော့ ယုတ္တိမတန်ဘူးဟေ့!

လျိုခိုင် မျက်နှာနီရဲသွားရလျက်။ သူ့သမီးကို လပ်ထပ်ပေးရမယ်မှန်း သိသာထင်ရှားနေသော်ငြား ယုံကြည်မှုသိပ်မရှိတော့။ ထိုအစား တခြားလူရဲ့ သားကို သူ့သမီးက ပြန်ပေးဆွဲလာသလို ခံစားနေခဲ့ရသည်။

"အိမ်ထောင်ပြုတာ အနီးနားမှာပဲလေ ဟုတ်တယ်ဟုတ်? ပြီးတော့ သူကလည်း ငယ်ပေါင်းကြီးဖော်တွေမို့ ပါးတို့ စိတ်မပူကြနဲ့တော့"

လီချင့်ဟွားနှင့် လျိုခိုင်လည်း ထုံထိုင်းစွာ ခေါင်းညိတ်ခဲ့ကြသည်။

သူတို့ စိတ်ပူချင်ရင်တောင်မှ စိတ်ပူစရာဘာမှမရှိပုံရသည်လေ။

ဖုန်းချပြီးနောက် လီချင့်ဟွားတို့လင်မယား အနည်းငယ် စိတ်ရှုပ်ထွေးနေကြဆဲ။

လီချင့်ဟွား : "အရင်ကတော့ ကျွန်မတို့ပျိုးထောင်ထားတဲ့သမီးက သူမရဲ့ ယောက္ခမတွေနဲ့ အဆင်မပြေလောက်ဘူးလို့ အမြဲခံစားနေခဲ့ရတာ"

လျိုခိုင် : "တကယ်​လို့ ကျန်းမိသားစုဆိုရင်တော့ ငါ ပိုပြီးစိတ်​​အေး​ရပြီပေါ့။ သူမရဲ့ ခေါင်းကိုင်အဖေက သူမကို အရမ်းချစ်တာပဲလေ"

အနည်းဆုံးတော့ ယောက္ခမနဲ့ ချွေးမကြားက ဆက်ဆံရေးအတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။

လီချင့်ဟွား : "... အမှန်ပဲ"

ယောက္ခမနဲ့ ချွေးမကြားက ဆက်ဆံရေးကို တကယ်ပဲ စိတ်ပူနေစရာမလိုတော့ဘူး။

"သူမက သွင်းသွင်းတို့အိမ်မှာ မကြာမကြာ စားသောက်လေ့ရှိတာပဲ"

"သွင်းသွင်းကလည်း ငါတို့အိမ်မှာ ခဏခဏ ညစာလာစားတတ်တယ်လေ"

"သူတို့အိမ်ထောင်ကျသွားရင်တောင် ဘာမှသိပ်ကွာခြားသွားပုံမပေါ်လောက်ဘူး..."

…

ကျန်းမိသားစုနှင့် လျိုမိသားစုတို့က ကလေးတွေရဲ့ လက်ထပ်ပွဲအကြောင်း တိုးတိုးတိတ်တိတ် ဆွေးနွေးခဲ့ကြသည်။ မိသားစုနှစ်စုလုံးက အချင်းချင်းအတွက် စိတ်မကောင်းဖြစ်ပေးနေကြသဖြင့် မြင်ကွင်းဟာ အလွန်သဟဇာတရှိနေလေရဲ့။

ကျန်းချန်ပေ့ : "ထျောင့်ထျောင့်က ငါတို့မိသားစုထဲ လက်ထပ်ဝင်လာရင် သူမလေးက ငါ့ရဲ့သမီးအရင်းပါပဲ"

ဟွမ်ရှင်းရင် : "ဟွားဟွားမားရေ အဖွားဖြစ်လာတာကို ဂုဏ်ပြုပါတယ်နော်"

လီချင့်ဟွား : "ကောင်းတာပေါ့၊ အရမ်းကောင်းတာပဲ၊ သွင်းသွင်းက ယောက်ျားကောင်းတစ်ယောက်ပဲ"

လျိုခိုင် : "ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စတင်ခဲ့တဲ့ကံကြမ္မာတစ်ခု ဖြစ်နိုင်တယ်"

ဝက်သားယူဖို့ တန်းစီတဲ့အချိန်တုန်းက ကလေးမလေးက သူမရဲ့ အဖေကို မှားယွင်းသတ်မှတ်မိတဲ့နှစ်ကစလို့ ဖြစ်နိုင်ပါရဲ့လေ...

ကျန်းချန်ပေ့ : "..." ဒါတွေဖြစ်လာမယ်ဆိုတာ ငါသိခဲ့ရင် အရင်ကတည်းက ဘာလို့ဒုက္ခခံခဲ့မှာတုန်း...

ဟွမ်ရှင်းရင် : "..." ဒါကို ဘယ်သူက တွေးမိမှာလဲ...

လီချင့်ဟွား : "..." ဒါဟာ အိပ်မက်တစ်ခုလို မယုံနိုင်စရာပါပဲ...

...

"မင်းတို့ ခြံဝင်းထဲမှာ ငယ်ကျွမ်းဆွေ နှစ်တွဲဆက်တိုက်ထွက်လာတာပဲ။ ဘယ်လောက်ကောင်းလိုက်တဲ့ဖုန်းရွှေလဲ!"

"အရမ်းကိုလိုက်ဖက်ကြတာပဲ!"

အိမ်နီးချင်း လုအိမ်နှင့် ကျန်းအိမ်တို့မှ ဒီငယ်ကျွမ်းဆွေအတွဲနှစ်တွဲ ထွက်ပေါ်လာသည့်အခါ အဆိုပါတိုက်ဆိုင်မှုဟာ လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး အံ့သြဘနန်းဖြစ်စေခဲ့သည်။

"လောင်လုမိသားစုမှာ ပျော်ပွဲရွှင်ပွဲတစ်ပွဲရှိရင် ဘေးအိမ်က လောင်ကျန်းမိသားစုကလည်း ချက်ချင်းဆိုသလို အမှီလိုက်ရောပဲ"

"သူတို့နှစ်ယောက်လုံး အတူတူ အဖိုးတွေဖြစ်ကြတော့မှာ သိပ်မကြာတော့ဘူးပဲ"

"ကျန်းဖိုးဖိုးနဲ့ လုဖိုးဖိုးတို့ အိမ်နီးချင်းတွေ ဖြစ်နေခဲ့ကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီပဲ"

…

ကျောက်ကျန်းဟုန်နှင့် သူ့ဇနီးလည်း ထိုအကြောင်းကို ကြားပြီးနောက် သူတို့စိတ်ရင်းကိုပြရန် ချက်ချင်းဖုန်းဆက်ခဲ့သည်။

"လောင်လုရေ၊ မင်း... မင်းက တအားမြန်လွန်းတယ်ကွာ! တအားမြန်လွန်းတယ်!"

"မင်းရဲ့ ညီအစ်ကို-ငါက မင်းထက် အသက်နည်းနည်းပဲကြီးပေမယ့် ငါ တကယ် မင်းကို အမှီမလိုက်နိုင်ဘူးပဲ"

လုယန် : "လစ်စမ်း"

"ငါ့ကို လုကောလို့ ခေါ်စမ်း"

"ဘာလုကောလဲ လုဖိုးဖိုးပဲ ဟုတ်တယ်မလား ဟား ဟား ဟား..." ဖုန်းတစ်ဖက်မှ ကျောက်ကျန်းဟုန် အားရပါးရ ရယ်မောနေလေ၏။

အိုးမိုင်ဂေါ့၊ ငါတို့နဲ့ အတူတူကြီးပြင်းလာတဲ့ ညီအစ်ကိုက အဖိုးတောင် ဖြစ်တော့မှာပဲ!

ဒါက ကောင်းကင်ထက်မှာ အပြာရောင်နေ ထွက်ပေါ်လာသလိုမျိုး ထူးဆန်းနေလေရဲ့။

လုယန်က ဖိုးဖိုးလုဖြစ်တော့မှာတဲ့!!

ဟား ဟား ဟား ဟား ဟား...

"ငါတို့နောက်ဆုံးတွေ့တုန်းက မင်း အသက်ကြီးနေပြီလို့ ငါ မခံစားခဲ့ရပါဘူးကွာ။ လောင်လုရေ မင်း ဘယ်လိုလုပ်ပြီး ဖိုးဖိုးဖြစ်လာရတာလဲ"

လုယန် သုံးကြိမ်တိုင်တိုင် နှာခေါင်းရှုံ့လျက် "ငါ့ရဲ့ မြေးအလိမ္မာလေး၊ မင်း နောက်ထပ်အကြိမ်နည်းနည်းထပ်ခေါ်ပါဦး"

ကျောက်ကျန်းဟုန် : "..."

"ဖိုးဖိုးလုရေ မင်းမှာ မြေးကောင်းလေးတွေရှိလာတော့မှာပေါ့"

…

လုယန် ဖုန်းချလိုက်ပြီး လှည့်ကြည့်လိုက်ရာ သင်္ဘောသီး၊ ကျောက်ပွင့်နှင့် ကြာစေ့ဟင်းချိုပန်းကန်လုံးကို ကိုင်ထားတဲ့ ချင်းရို့ကို တွေ့လိုက်ရ၏။ ချင်းရို့က မျက်တောင်တဖျတ်ဖျတ်ခတ်၍ ကျီစယ်စကားဆိုလာသည်။

"ဖိုးဖိုးလု?"

"ဖိုးဖိုးလုရယ် စိတ်ဆိုးမနေပါနဲ့"

"လာ ဖိုးဖိုးလု ကျေးဇူးပြုပြီး ထိုင်ပါဦး"

"ကျွန်မတို့အိမ်မှာ မဟော်ဂနီစားပွဲနဲ့ ကုလားထိုင်တွေ ဝယ်သင့်လား? အဲ့တာတွေက အသက်ကြီးသူတွေ ကြိုက်ကြတယ်လို့ ကြားဖူးတယ်"

ချင်းရို့ သူမလက်ထဲက ကျောက်ပွင့်နှင့် ကြာစေ့ဟင်းချိုကို အောက်ချလိုက်ပြီး "ဖိုးဖိုးလု"ကို ဆိုဖာပေါ်ထိုင်ရန် ကူညီပေးလိုက်၏။

လုယန် : "..."

မင်းကမှ အရှက်မရှိဆုံးပါပဲကွာလို့ လုကော တစ်ကိုယ်တည်း တွေးလိုက်မိလေရဲ့။

-- အသက်၃၀အရွယ်သာရှိသေးပေမယ့် ၇၀၊ ၈၀အရွယ်လို ပြူမူနေပြီပဲ...

"ဖွားဖွားချင်းလည်း လာထိုင်ပြီး အနားယူပါဦး"

ချင်းရို့ သူမရင်ဘတ်ကို နှစ်ကြိမ်ထုပြီး "အဟမ်း၊ ကျွန်မက အသက်ကြီးပြီး အသုံးမဝင်တော့ပါဘူး" လို့ အသံအက်အက်ဖြင့် ပြောလိုက်သည်။

"ဖွားဖွားချင်း ဒီကြာစေ့ဟင်းချိုက အရမ်းပျော့ပြဲနေတာပဲ၊ မင်း ဝါးနိုင်တယ်မလား။ ကိုယ် မင်းကို ကျွေးမယ်"

"ကယ်ကြပါဦး... ကျွန်မကို အဖွားလို့ ခေါ်တာရပ်လိုက်တော့နော်။ ကျွန်မမှာ ရှင့်လောက်အသက်ကြီးနေတဲ့ မြေးမရှိဘူး၊ ဟား ဟား ဟား......"

ချင်းရို့ မရယ်ဘဲမနေနိုင်တော့။

လုယန် သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ အပြုံးလေးနှင့် သူမမျက်နှာလေးကို ဆွဲဆိတ်လိုက်၏။ ထို့နောက် ခေါင်းငုံ့ကာ နဖူးလေးကို နမ်းလိုက်လေသည်။

ချင်းရို့ မျက်နှာကို ပွတ်သပ်ကာ သက်ပြင်းချရင်း "ပြီးသွားပြီပဲ။ အနာဂတ်မှာ မျိုးဆက်တွေ ပိုပိုများလာလိမ့်မယ်။ ကျွန်မတို့သားသမီးတွေရှေ့မှာ ကျွန်မတို့ကို မရိုမသေဖြစ်အောင် မလုပ်သင့်ဘူးနော်"

"အရမ်းအထက်စီးမဆန်ပါနဲ့ကွာ၊ ကိုယ်တို့ပါးဆီက သင်ယူ"

"ဖိုးဖိုးလုရေ ရှင်က ဖိုးဖိုးဖြစ်သွားရင်တောင် အချောဆုံး အခန့်ညားဆုံး ဖိုးဖိုးဖြစ်နေတုန်းပါပဲနော်၊ ဟား ဟား ဟား...."

"ကျွန်မတို့ ဒီလောက်ငယ်ငယ်လေးနဲ့ ဘာလို့ အဖိုးအဖွားတွေ ဖြစ်သွားရတာလဲ"

လုယန် : "... မင်းရဲ့ သားကို မေးကြည့်ပေါ့"

ကုချန်သည် လုယန်ထက်တစ်နှစ်သာငယ်ပြီး သူ့ကလေးကတောင် ၁၀နှစ်မပြည့်သေး။ သို့သော် လုယန်ကတော့ အခုဆို အဖိုးတောင်ဖြစ်နေပြီတဲ့လေ။

သူက တကယ့်အစစ်နော်၊ အလိမ်အညာ အတုတွေမဟုတ်ဘူးပဲ...

သူ့မှာ မြေးတွေရှိလာတော့မယ်တဲ့။

ကုချန် : "..."

လောင်ကု (ကုချန်အဖေ) ဒီအကြောင်းကို သိလိုက်ရသည့်အခါ ချက်ချင်းပဲ သူ့ရင်ဘတ်ကိုအုပ်လျက်

"လုယန်က ဘာလို့ မင်းထက် ငယ်တဲ့ပုံပေါ်နေရတာတုန်း? ပြီးတော့ မင်းက အဖေဖြစ်တာ နှစ်အနည်းငယ်ပဲရှိသေးပေမယ့် သူကတော့ အဖိုးတောင်ဖြစ်လာတော့မယ်"

ကုချန် : "..."

"နောက်ဆို မင်း သူ့ကို ဖိုးဖိုးလုလို့ ခေါ်တော့။ အခုကစပြီး သူလည်း မငယ်တော့ဘူးလေ"

ကုချန်က လုယန်ကို ဂုဏ်ပြုစကားပြောရန် အထူးတလည် ဖုန်းခေါ်ခဲ့သည်။

"ဖိုးဖိုးလုရေ ဂုဏ်ပြုပါတယ်ကွာ"

လုယန် : "ငါက အဖိုးဖြစ်သွားရင်တောင်မှ မင်းရဲ့ လုကောဖြစ်နေဆဲပါပဲကွာ"

ကုချန် : "..."

xxx

အချပ်ပို ၁၀

၁၉၉၅ ခုနှစ်တွင် လုမိသားစုမှ ဝက်ကလေးတစ်ကောင် ဆုံးရှုံးခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ကျန်းမိသားစုမှ ကြွက်ကလေးတစ်ကောင် ဆုံးရှုံးခဲ့သည်။

ဝမ်နျန်နျန်က ယောက်ျားလေးတစ်ဦးကို မွေးဖွားခဲ့ပြီး လျိုယောင်ယောင်က မိန်းကလေးတစ်ဦးကို မွေးဖွားခဲ့သည်။ ဘေဘီလေးနှစ်ယောက်ဟာ တစ်နှစ်လောက်တောင် မကွာခဲ့။

ပထမဆုံးအကြိမ် အဖိုးအဖွားဖြစ်လာသော ချင်းရိုတို့ဇနီးမောင်နှံဟာ မွေးကင်းစဘေဘီလေးအတွက် လက်ဆောင်များစွာ ပြင်ဆင်ထားခဲ့သည်။ မိသားစုနှစ်စုလုံးက ဝမ်နျန်နျန်နှင့် ဘေဘီလေး နံဘေးမှာ ဝန်းရံနေကြကာ လုဝေကျိုးကလည်း သူ့ဇနီးလေး ဝမ်နျန်နျန်ကို ကောင်းစွာဂရုစိုက်ခဲ့သည်။

ရဲဘော်လုကျုံးရီက သူ့ရဲ့ ပထမဆုံး​မြစ်လေးရလို့ အပျော်ကြီးပျော်နေလေ၏။ ကျန်းချန်ပေ့သည်လည်း သူ့ရဲ့ ပထမဆုံးမြေးမလေးကို တွေ့လိုက်ရချိန်တွင် ထပ်တူထပ်မျှ ဝမ်းသာပီတိဖြစ်မိသည်။

သူ့တွင် သမီးမရှိသော်လည်း အခုတော့ အကြီးဆုံးမြေးမလေးတစ်ယောက်ရှိသွားလေပြီ။ ဒါက ကံကြမ္မာလည်းဖြစ်နိုင်တယ်...

လုမိသားစုရော ဝမ်မိသားစုပါ အပျော်တွေပြည့်နေကြလျက်။

တရုတ်နှစ်သစ်ကူးအချိန်အခါသမယတွင် ကလေးတွေအားလုံး ရောက်လာကြသည်။ လုကျုံးရီနှင့် ကျန်းဖျင်တို့က ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမ မိသားစုဝင်တွေအားလုံးကို မိသားစုဓာတ်ပုံရိုက်ရန် ဓာတ်ပုံစတူဒီယိုဆီ ခေါ်သွားခဲ့သည်။ ယခုတစ်ခေါက်ဟာ အရင်ကထက် မိသားစုဝင်ပိုများ ပိုကြီးသွားလေပြီ။

ယခုအခါ သူ့မှာ မြစ်လေးတောင် ရှိနေပြီဖြစ်၍ သူ့တွင် နောင်တရစရာဘာမှမရှိတော့။

လုဝေကျယ်၊ လုစစ်ယောင်နှင့် လုစစ်နင်တို့လည်း ပြန်ရောက်လာကြ၏။ သူတို့တူလေးကို တွေ့လိုက်ရသောအခါ ဝမ်းသာနေကြလျက်။

"ကလေးလေးက အရမ်းချစ်စရာကောင်းတာပဲ!"

"ငါက အာ့ရှုး(ဒုတိယဦးလေး)လား?"

"ငါက တာ့ကူးကူး(အကြီးဆုံးဒေါ်လေး)ပေါ့!"

"ငါက စစ်လင့်ကူးကူး(အရာရှိဒေါ်လေး)ပါ!"

...

လုဝေကျိုး : "မင်းတို့တွေ ကလေးကိုတွေ့ရင် စာအိတ်နီတွေပေးရမယ်လေ"

"ကော ငါတို့ကို စာအိတ်နီအရင်ပေး!"

"ကောက မင်းတို့ကို စာအိတ်နီတွေ နှစ်ပေါင်းများစွာပေးခဲ့တာလေ။ အခုတော့ မင်းတို့ပြန်ပေးရမယ့် အချိန်ရောက်ပြီ"

"တွန့်တိုလိုက်တာ!"

"လာပါဦး ငါ့တူလေးရေ၊ ဒီစာအိတ်နီပေးမယ်နော်။ မင်းမှာ တွန့်တိုတဲ့အဖေရှိတယ်ဆိုပေမယ့် မင်းရှုးရှုးကတော့ မတွန့်တိုပါဘူးကွာ။ မင်း နောက်ဆို ငါ့ကို တာ့ပေါ်(အကြီးဆုံးဦးလေး)လို့ ခေါ်နိုင်တယ်"

"ဖက်ထုပ်လေးကတော့ ထီးနန်းကို ထပ်ပြီး သိမ်းပိုက်ချင်နေပြန်ပြီ"

...

ချင်းရို့က သူမရှေ့တွင် ဆူညံပွက်လောရိုက်နေသော မောင်နှမတွေကို မြင်တဲ့အခါ မပြုံးမိဘဲမနေနိုင်တော့။ သူမက လုယန်အား "ကျွန်မတို့မိသားစုက အနာဂတ်မှာ ပိုပိုပြီးစည်ကားသိုက်မြိုက်လာမှာပါ" လို့ ပြောခဲ့သည်။

လုယန် : "သူတို့ အရမ်းဆူတယ်လို့ မင်း ထင်တာလား? ကိုယ်တို့နှစ်ယောက်တည်းကမ္ဘာလုပ်တာ ပိုကောင်းတာပေါ့"

"တရုတ်နှစ်ကူးအချိန်အခါဆို အရမ်းပျော်စရာကောင်းတယ်လေ"

"အားလုံးစုပြီး ဖက်ထုပ်လုပ်ရတာကို ကျွန်မ ကြိုက်တယ်၊ ရဲဘော်လောင်လု ရှင်ရော မကြိုက်ဘူးလား"

"ရှင်ဖြေ​​စရာမလိုပါဘူးနော်၊ ရှင် သေချာပေါက် သဘောကျမယ်ဆိုတာ ကျွန်မသိပြီးသားပဲ"

လုယန်သည် သူမကို ချစ်မြတ်နိုးစွာ ကြည့်ကာ ဖက်ထုပ်ရွက်ကို သူမဆီ ကမ်းပေးလိုက်၏။ ချင်းရို့က ဖက်ထုပ်ရွက်ထဲသို့ အဆာပလာတွေ သိပ်ထည့်လိုက်ပြီး ရွှေတုံးပုံသဏ္ဍာန် ခေါက်လိုက်သည်။

ခြံအပြင်ဘက်တွင် အုန်းသီးမီးပုံးတွေကို ထွန်းညှိထား၍ မီးလေးတွေ မှိတ်မှိတ်လင်းလက်နေသည်မှာ ညဘက် ကောင်းကင်ယံက ကြယ်ပွင့်တွေသဖွယ်။ ပြတင်းပေါက်အပြင်ဘက်တွင် အလွန်ဆူညံနေ၏။ မီးရှူးမီးပန်းဖောက်သံတွေ၊ ရံဖန်ရံခါ ကောင်းကင်ဆီသို့ မီးရှူးမီးပန်းပစ်လွှတ်သံတွေကို ကြားနေရလျက်။

ဧည့်ခန်းရှိ ကာလာတီဗီတွင် နွေဦးပွဲတော် Gala Dinnerကို ပြသနေလျက်။

နောက်ထပ်တစ်နှစ်ကုန်သွားပြန်လေပြီ။

...

၁၉၉၇ ခုနှစ်တွင် လုစစ်ယောင်နှင့် လုစစ်နင်တို့ ဘွဲ့ရခဲ့ပြီး လုစစ်ယောင်က ဘွဲ့လွန်ကျောင်းသူအနေနဲ့ တယောကို ဆက်လေ့လာသင်ယူခဲ့၏။ သူမဟာ orchestraအဖွဲ့နှင့် နိုင်ငံခြားတွင်လည်း သွားရောက်ဖျော်ဖြေခဲ့သည်။ လုစစ်နင်ကတော့ ဘွဲ့မယူရသေးခင်မှာရော၊ ဘွဲ့ယူပြီးနောက်ပါ ရုပ်ရှင်နှင့် တီဗီစီးရီးများစွာကို ရိုက်ကူးခဲ့လေသည်။

လုစစ်နင်က သူမကိုယ်သူမ ချင်းရုန်ဆိုတဲ့ စတိတ်စင်နာမည်ပေးခဲ့သဖြင့် ချင်းရုန်ဟာ တီဗီစီးရီးရဲ့ သရုပ်ဆောင်စာရင်းမှာ အမြဲရှိနေတတ်သည်။

သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ တီဗီစီးရီးတွေကို ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသခဲ့ပြီးနောက် ချင်းရုန်ဟာ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်လာခဲ့သည်။

လုစစ်နင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ရုပ်အများစုဟာ ခေတ်သစ်ဒရာမာတွေသာ။ သူမကတော့ ရှေးခေတ်သိုင်းရုပ်ရှင်တွေကို အရမ်းသရုပ်ဆောင်ချင်နေခဲ့သည်။

သူမဟာ သိုင်းရုပ်ရှင်တွေကို တစ်ခါမှမရိုက်ဖူးတာမျိုးမဟုတ်ပေမယ့် ရိုက်ကူးရေးအဖွဲ့သားတော်တော်များများက သူမကို ကမ္ဘာပေါ်မှာ နူးညံ့လှပသော အမျိုးသမီးဇာတ်ကောင်အဖြစ်သာ သရုပ်ဆောင်စေချင်ကြသည်။

လုစစ်နင် : "?!!!!!!"

သူမကို ဘယ်တော့မှ အမျိုးသမီးသူရဲကောင်းအဖြစ် ပေးရိုက်မှာလဲလို့ ! ! ! !

ပြိုင်ဘက်ကင်းသိုင်းပညာနှင့် အမျိုးသမီးသူရဲကောင်းအဖြစ် သရုပ်ဆောင်ရဖို့ ဒီလောက်ခက်ခဲနေရလားလို့ ! ! !

အစ်မဖြစ်သူ လုစစ်ယောင်က သူမဆီ နိုင်ငံခြားမှ ဖုန်းခေါ်လာပြီး

"ညီမလေးရုန်ရုန် နင်ရဲ့ နောက်တီဗီစီးရီး ထပ်လွှင့်နေပြီလား? ငါ့ညီမလေး အခု တော်တော်နာမည်ကြီးနေပြီပဲ"

"ဒီက တချို့လူတွေ ငါ့ကို နင်လို့ ထင်နေကြတာလေ"

"ငါ့ကို မင်းသမီးချင်းရုန်လားလို့ သူတို့ လာလာမေးနေကြတာ။ ငါက မဟုတ်ပါဘူး၊ ငါ့မျိုးရိုးနာမည်က 'လု'ပါလို့ ဖြေနေရတယ်ဟယ်"

လုစစ်နင် : "မင်းသမီးရုန်ရုန်ရဲ့ မျိုးရိုးနာမည်ကလည်း 'လု'ပါပဲနော်"

"ရဲဘော်ချင်းရုန်ရေ နင့်မျိုးရိုးနာမည်က အခု လူသိရှင်ကြား 'ချင်း'ဖြစ်နေပြီလေ"

...

လုစစ်နင် ဖုန်းချလိုက်ပြီးနောက် နေကာမျက်မှန်တပ်ကာ ကားထဲမှ ထွက်လာသည်နှင့် လမ်းမပေါ်ရှိ TVပေါ်တွင် သူမကိုယ်သူမ ချက်ချင်းတွေ့လိုက်ရ၏။ သူမက အပြစ်ကင်းစင်၊ ကြင်နာတတ်ကာ ချစ်စဖွယ်ကောင်းပြီး တခြားသူတွေကိုသာ တွေးပေးတတ်သော ဖြူစင်ပြီး လှပသော ဇာတ်လိုက်မအဖြစ် သရုပ်ဆောင်ထားသည်။

ယနေ့ခေတ် မင်းသမီးအများစုဟာ အပြစ်ကင်းစင်၊ ကြင်နာတတ်ပြီး ချစ်စဖွယ်ကောင်းလှသည်လေ။

သို့သော်လည်း လုစစ်နင်တွင် သူမဇာတ်ရုပ်ကို ပြောင်းလဲရန် အခွင့်အရေးတစ်ခုရှိလာလေပြီ။ ယခု သူမလက်ထဲမှာ တီဗီစီးရီးဇာတ်ညွှန်းအသစ်တစ်ခုရှိနေ၏။

ဇာတ်ညွှန်းထဲက ဇာတ်လိုက်မင်းသမီးဟာ အားကောင်းတဲ့ ကိုယ်ခံပညာရှိပြီး ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးမလေးဖြစ်သည်။ ဇာတ်လိုက်မင်းသားကတော့ နေ့ချင်းညချင်းကျော်ကြားလာတဲ့ သူရဲကောင်းတစ်ဦးပင်။

နတ်ဆိုးမလေးရဲ့ ပုံရိပ်ဟာ သူမ သရုပ်ဆောင်ချင်နေတဲ့ အမျိုးသမီးသူရဲကောင်းရဲ့ ပုံရိပ်နဲ့ လုံးလုံးဆန့်ကျင်ဘက်ဖြစ်နေသော်ငြား ဒီဇာတ်ညွှန်းက ချက်ချင်းဆိုသလို သူမနှလုံးသားကို ထိမိသွားဆဲ။

ဖြစ်ကောင်းဖြစ်နိုင်တာက...

သူမ အမြဲသရုပ်ဆောင်ချင်ခဲ့တဲ့ ဇာတ်ရုပ်ဟာ အမျိုးသမီးသူရဲကောင်းမဟုတ်ဘဲ အတုမရှိတဲ့ သိုင်းပညာရှင်မာစတာဖြစ်နေခဲ့သည်ပဲ။

"နတ်ဆိုးမလေးက သူရဲကောင်းမဖြစ်နိုင်ဘူးလို့ ဒီလောကမှာ စည်းမျဥ်းမရှိဘူးလေ"

လုစစ်နင် ဒီတီဗီစီးရီးတွင် ပါဝင်ရန် ဆုံးဖြတ်လိုက်သည်။ သူမ ဒီနတ်ဆိုးမလေးဇာတ်ရုပ်ကို သရုပ်ဆောင်ကြည့်ချင်လေရဲ့။

အဖွဲ့သားတွေက လုစစ်နင်ဆီ ဇာတ်လိုက်မင်းသားရဲ့ ရိုက်ကူးပြီးသား မိတ်ကပ်ဓာတ်ပုံတချို့ကို ပေးပို့လာ၏။ လုစစ်နင် အခုထိမကြည့်ရသေးပေ။

သူမ စာအိတ်ကို ဆုတ်ဖြဲကာ အထဲမှ ဓာတ်ပုံအချို့ကို ထုတ်ကြည့်လိုက်ရာ သူရဲကောင်းဝတ်စုံအဖြူနှင့် ခေါင်းဆောင်းကို ဝတ်ထားကာ ဓားရှည်တစ်လက်ကို ကိုင်ထားတဲ့ သူရဲကောင်းဆန်ဆန် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ တကယ့်ကို သူရဲကောင်းကြီးပဲ ! ! !

သူမ စိတ်ထဲကနေ ချီးကျူးမိပါသည်။ ဒီအဖွဲ့သားတွေက သရုပ်ဆောင်ကို ကောင်းကောင်းရွေးခဲ့ကြတာပဲ!

ဒီအမျိုးသားဇာတ်ဆောင်ဟာ သူမ အလုပ်တွဲလုပ်ဖူးသမျှထဲမှာ အချောဆုံးဖြစ်ပြီး သူ့အရည်အချင်းတွေကလည်း သူမအကိုတွေနှင့် ယှဥ်နိုင်လေရဲ့။

လုစစ်နင် အသေးစိတ်အချက်အလက်တွေကို သေသေချာချာကြည့်လိုက်ပြီး ဝတ်စုံ၊ မိတ်ကပ်နှင့် ပတ်သက်ပြီး ဘာမှအမှားအယွင်းမရှိသည်ကို တွေ့လိုက်ရပေမယ့်... ဓာတ်ပုံထဲကလူကို အနည်းငယ်ရင်းနှီးနေပုံရသည်။

ဒါပေမယ့် သူမ ဘယ်မှာတွေ့ခဲ့ဖူးသလဲဆိုတာတော့ မမှတ်မိတော့။

လုစစ်နင် ထိုအကြောင်းကို သိပ်မတွေးခဲ့ပေ။ ရုန်ရုန်လေးဟာ တခါတလေ မျက်နှာမမှတ်မိတတ်သူဖြစ်သည်။ ဒီလိုကိုယ်လူချောလေးတစ်ယောက်ကို သူမမြင်ဖူးတယ်ဆိုရင်တော့ သူ့အပေါ် ထင်မြင်ချက်တစ်ခုခု ကျန်ခဲ့မှာလေ၊ ကြည့်ရတာ သူမ သူ့ကို အရင်က မမြင်ဖူးတာလည်း ဖြစ်နိုင်တာပဲ။

လုစစ်နင် ဓာတ်ပုံတွေကို အဝေးဖယ်လိုက်ပြီး တခြားကိစ္စတွေကို ကိုင်တွယ်ပြီးသည်နှင့် ကားပေါ်တက်ကာ ယာဉ်မောင်းကို ရပ်ကွက်တစ်ခုဆီသို့ မောင်းခိုင်းလိုက်၏။

လုစစ်နင် ကွမ်ချန်မှာ နေထိုင်ပါက ဟိုးတုန်းက သူမတို့မိသားစု နေလေ့ရှိခဲ့တဲ့ ရပ်ကွက်ဆီ ပြန်လာတတ်မြဲ။ ကွမ်ချန်၌ ပထမဆုံးစီးပွားရေးအိမ်ရာဖြစ်သည့်အလျောက် စီမံခန့်ခွဲမှုလည်း အမြဲကောင်းမွန်လှသည်။

သူမ ငါးလွှာသို့ တက်လာသည့်အခါ မမျှော်လင့်စွာပင် တံခါးဖွင့်ပြီး ထွက်လာတဲ့ အိမ်နီးချင်းနှင့် ဝင်တိုးမိသွားရ၏။ သူက... ဘေးအိမ်က အိမ်နီးချင်းကောကောပဲ...

"ရှောင်ကုကောကော"

လုစစ်နင်က သူ့ကို နှုတ်ဆက်လိုက်သည်။ ဒီနှစ်တွေတောက်လျှောက် ဤအိမ်နီးချင်းကောကောကို အကြိမ်ပေါင်းများစွာ ဆုံခဲ့ရသည်။ သူမတို့ဆက်ဆံရေးက သိပ်မနီးကပ်ပေမယ့် ရင်းနှီးတယ်လို့ ဆိုနိုင်ပေသည်။

အိမ်နီးချင်းကောကောက ဒီဇိုင်နာချုပ်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ထူးချွန်ထက်မြက်သော စိတ်နေစိတ်ထားရှိ၏။ သူက ဟောင်ကောင်ရှိ မိသားစုတစ်စုရဲ့ သခင်ငယ်လေးလို့ ပြောကြသည်။ သူ့မိသားစုရဲ့ စီးပွားရေးဟာ ဒီနှစ်တွေထဲမှာ ပိုမိုတိုးတက်ကောင်းမွန်လာတယ်တဲ့။

... သူ့မှာ ရှားရို့ပုဇွန်မုန့်စက်ရုံကို လည်ပတ်နေတဲ့ ကျန်းရှဲ့ရှန်းအမည်ရှိ ဝမ်းကွဲတစ်ယောက်ရှိတယ်ဆိုပဲ။ လုစစ်နင် ဒါတွေကိုတော့ သိထားလေရဲ့။

ဟုတ်ပါတယ်၊ ဒါက လုစစ်နင်နဲ့တော့ ဘာမှ မဆိုင်ပါဘူးလေ။

နှုတ်ဆက်ပြီးတာနဲ့ အိမ်ထဲဝင်တော့မယ့် လုစစ်နင်က တစ်ခုခုကို ချက်ချင်းတွေ့ရှိသွားခဲ့သည်။ လုစစ်နင်ဟာ မျက်နှာတွေကို မမှတ်မိတဲ့သူဖြစ်ရင်တောင်မှ ဒီအိမ်နီးချင်းကောကောဟာ ခုနကဓာတ်ပုံထဲက အမျိုးသားဇာတ်လိုက်နှင့် အတော်လေးတူနေပုံရကြောင်း သူမတွေ့ရှိသွားခဲ့၏။

ဒါမှမဟုတ်... သူတို့က တစ်ယောက်တည်းပဲလား...

"နင်နင်?"

"ခဏစောင့်ဦး၊ ကိုယ် မင်းကို တစ်ခုခုပေးစရာရှိတယ်"

လုစစ်နင် စိတ်ရှုပ်ထွေးသွားရလျက်။

သူတို့တွေ့ပြီးတဲ့နောက် သူမကို သူ တစ်ခုခုပေးချင်တယ်လို့ ပြောလိုက်တာလား ? ?

ထိုလူ အိမ်ထဲသို့ပြန်ဝင်သွားပြီး တစ်ခုခုယူထုတ်လာတာကို သူမ ကြည့်နေမိသည်။

ဒီထူးဆန်းတဲ့အိမ်နီးချင်းက သူမကို ရှေးဟောင်းကြေးဝါဓားတစ်လက် တကယ်ပေးချင်နေတယ်!

လုစစ်နင် : "??? ??? !!! !!! !!!"

xxx

အချပ်ပို ၁၁

လက်ခံဖို့ ဘာအကြောင်းပြချက်မှမရှိတဲ့အတွက် လုစစ်နင်က သူ့ရဲ့ ရှေးဟောင်းကြေးဓားကို လက်မခံခဲ့။

ကုရှုးကလည်း အတင်းမတိုက်တွန်းခဲ့ပေ။

သူနောက်နေတယ်လို့ လုစစ်နင်တွေးမိသွားကာ "ရှင့်ရဲ့ ကြေးဓားက အစစ်လား အတုလား?"

ဓားကိုထုတ်လာတော့ အရမ်းကြောက်စရာကောင်းနေပုံပဲ...

ကုရှုး ခေါင်းယမ်းကာ ဘာမှပြန်မဖြေခဲ့။

"မင်း မကြိုက်ဘူးလား?"

"ကြိုက်ပါတယ် ဒါပေမယ့်..." အကြောင်းပြချက်မရှိဘဲ သူမပစ္စည်းကို လက်ခံတာ မကောင်းဘူးလေ။

"မင်းကြိုက်ရင် ကိုယ်ပေးလိုက်မယ်။ ဒါက အတုပဲလေ"

လုစစ်နင် : "..."

"ရှင်က ကျွန်မကို ငတုံးလို့ထင်နေတာလား? ဒါက ဘယ်လိုလုပ်ပြီးအတုဖြစ်နိုင်မှာလဲ"

သူမသည် ကမ္ဘာကြီးကို တစ်ခါမှမမြင်ဖူးတဲ့ အရူးတစ်ယောက် မဟုတ်ဘူးလေ၊ ဒီကြေးဓားက တကယ့်ကို အဖိုးထိုက်အဖိုးတန်မှန်း သိသာနေတာကို။

ကုရှုး : "..."

"ကျွန်မ အိမ်ထဲဝင်တော့မယ်နော်၊ နောက်မှတွေ့မယ်"

လုစစ်နင် သူ့ကို လျစ်လျူရှုလိုက်တော့သည်။ သူမ ဒီကြေးဓားကို အကြိမ်နည်းနည်းပိုကြည့်မိလေလေ သူမရဲ့လောဘကို မထိန်းချုပ်နိုင်တော့ဘဲ တကယ်လက်ခံမိမှာကို စိုးရိမ်မိပါရဲ့။

သူမ အမြန်ပြန်ဆုတ်ရမယ်...

-- ရုပ်ရှင်ရိုက်မယ့်အချိန်ရောက်တဲ့အခါ မျက်နှာသိပ်မမှတ်မိသူ လုစစ်နင်ဟာ နောက်ဆုံးတွင်မူ ဒရာမာအသစ်၏ ဇာတ်လိုက်မင်းသားက ကုရှုးဖြစ်ကြောင်း အတည်ပြုနိုင်သွားခဲ့သည်။ သူက သူရဲကောင်းဓားသမားဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့ပြီး သူမကတော့ ဗီလိန်နတ်ဆိုးဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့သည်။

လုစစ်နင် : "..."

တကယ့်ကို ကုရှုးပဲ...

သူမ ကြီးပြင်းလာတဲ့အခါ ယောက်ျားလေးတွေရဲ့ မျက်နှာမမှတ်မိရခြင်း အကြောင်းရင်းမှာ သူမရဲ့ အကိုနှစ်ယောက်ကြောင့်ပဲလို့ လုစစ်နင် ယုံကြည်မိသည်။ အကြောင်းကတော့ သူတို့က တအားရုပ်တူလွန်းတော့ သူတို့နှစ်ယောက်ကို လူမမှားအောင်လို့ အကြိမ်ကြိမ်အခါခါ သေချာကြည့်ခဲ့ရပြီးနောက် ရှုပ်ထွေးသွားရတယ်လေ၊ နောက်ပိုင်း သူမ တခြားသူတွေရဲ့ မျက်နှာကိုပါ မမှတ်မိတော့တာပဲ။

"တိုက်ဆိုင်လိုက်တာနော် ဇာတ်လိုက်မင်းသားက ရှင်ပဲ!"

ကုရှုး ခေါင်းညိတ်ပြလာပြီး သူမကို ပြုံးရုံပြုံးပြကာ ဘာမှမပြောဘဲ ကြည့်နေခဲ့သည်။

လုစစ်နင်လည်း ဘာမှသိပ်မပြောခဲ့။ ဘာလို့လဲဆိုတော့ သူ့ကိုမြင်တာနဲ့ ဓားအကြောင်း တွေးမိနေတာကြောင့်ပင်။

အရမ်းလှတယ်၊ အရမ်းလိုချင်မိတယ်။

သူမကို ဆွဲဆောင်ဖို့ သူရောက်လာပြန်လေပြီ။

တစ်ချိန်က သူမရှေ့မှာ ဓားကောင်းတစ်လက်ရှိနေခဲ့ပေမယ့် သူမ မယူချင်ခဲ့!

ထိုနေ့တုန်းက သူတို့ခွဲခွာခဲ့ပြီးနောက် လုစစ်နင်က ​​ဓားရဲ့ဇာစ်မြစ်ကို စုံစမ်းမေးမြန်းခဲ့သည်။ နောက်တော့ တစ်စုံတစ်ယောက်က ရှေးဟောင်းပစ္စည်းရောင်းသူဆီကနေ ဓားတစ်လက်ဝယ်ဖို့ ဟောင်ကောင်ဒေါ်လာနှစ်သန်းသုံးစွဲခဲ့တယ်လို့ သိခဲ့ရသည်... ဓားကိုဝယ်တဲ့သူက ကုရှုးဖြစ်မယ်ဆိုတာ ပြောနေစရာမလိုဘူး။

အဲဒါက သူမ မတတ်နိုင်တဲ့ဈေးတစ်ခုပဲ၊ ဒါပေမဲ့ သူမ တတ်နိုင်ရင်တောင်မှ ဝယ်မှာမဟုတ်ပါဘူးနော်။

သိုင်းရုပ်ရှင်ကို ရိုက်ကူးရခြင်းဟာ အလွန်တရာ ပင်ပန်းပြီး ခက်ခဲလှ၏။ တကယ့်အစစ်ရိုက်ကူးဖို့အတွက် အဖွဲ့သားတွေနှင့်အတူတူ နေရာများစွာ သွားခဲ့ရသည်။ ၁၀နှစ်ကျော် အိမ်နီးချင်းဖြစ်ခဲ့ကြတဲ့ လုစစ်နင်နှင့် ကုရှုးတို့လည်း တဖြည်းဖြည်းရင်းနှီးလာခဲ့ကြလေပြီ။

ကုရှုးက သရုပ်ဆောင်ခြင်းအပြင် အလုပ်ကိစ္စများစွာ ကိုင်တွယ်ရပါသေးသည်။

လုစစ်နင်သည် ကုရှုးလို အရမ်းချမ်းသာတဲ့သူက ဘာလို့တီဗီစီးရီးတစ်ခုရိုက်ကူးနေရသလဲဆိုတာ နားမလည်နိုင်ခဲ့။ သူမနှလုံးသားထဲမှာ ဖြစ်နိုင်ခြေတစ်ခုခုကို တွေးမိသော်ငြား သူမ မသိဟန်ဆောင်ခဲ့သည်။

မနှေးမမြန် တီဗီစီးရီးကို ရိုက်ကူးခဲ့ကြသည်။ ရိုက်ကူးပြီးသည့်နောက် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတချို့​ဟာ ဝမ်းနည်းစရာကောင်းလွန်းလို့ လုစစ်နင် ငိုခဲ့ရလေ၏။

ဇာတ်သိမ်းမှာ ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသမီးတို့က အတူတူမရှိသွားခဲ့သဖြင့် happy endingမဟုတ်ပါချေ။ သူမရော ဇာတ်လိုက်မင်းသမီးရော သေသွားတယ်၊ ဇာတ်လိုက်မင်းသား တစ်ယောက်တည်း ကျန်နေခဲ့တာတဲ့။

လုစစ်နင် နောက်ဆက်တွဲဇာတ်လမ်းကို ဆက်ကြည့်နိုင်တော့ပေ။

သူမလည်း ရိုက်ကူးရေးအဖွဲ့ဆီမှ စောစောစီးစီး ထွက်လာခဲ့ပြီးနောက် ဇာတ်ညွှန်းရေးသူကို စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သူက ဘာလို့ ဝမ်းနည်းစရာအဆုံးသတ်မျိုး ရေးရတာလဲ? ပျော်စရာအဆုံးသတ်ဆိုရင် ပိုမကောင်းဘူးလား?

သူမ မထွက်သွားခင်တွင် ကုရှုးက သူမအား ကြေးဓားကို ထပ်မံပေးလာပြန်သည်။

ကုရှုးက မရှင်းမလင်းမြူတစ်လွှာဖုံးနေတဲ့ နက်မှောင်တဲ့မျက်လုံးအစုံတို့ဖြင့် သူမကို ကြည့်နေခဲ့ပြီး အက်ရှရှအသံဖြင့် "ဒီဓားက မင်းအတွက်ပဲ"လို့ ပြောလာခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ လုစစ်နင် မငြင်းတော့ဘဲ ဓားကို လက်ခံလိုက်သည်။

အိမ်ပြန်ရောက်သည့်အခါ လုစစ်နင်ဟာ ကြေးဓားကို ငေးတိငေးကြောင် စိုက်ကြည့်နေမိလျက်။ အကြောင်းကတော့ သူမမှာလည်း ကုရှုးနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့အတွေးတွေ ရှိနေတာကို သိလိုက်ရလို့ပါပဲ။

"ငါ သူ့ကိုကြိုက်နေမိတာလား"

လုစစ်နင် အနည်းငယ် စိတ်ရှုပ်နေမိသည်။

သူမသည် ဘယ်သူ့ကိုကြိုက်နေမိမှန်း သေချာမသိပေ။ အပြင်က ကုရှုးအစစ်ကိုလား ဒါမှမဟုတ် တီဗီစီးရီးထဲက သူရဲကောင်းကုရှုးကိုလား...

ဒီဒရာမာကို ရိုက်ကူးပြီးနောက်မှာတော့ လုစစ်နင်လည်း ​​နောက်ထပ်ဇာတ်ကောင်တွေထပ်လက်မခံတော့ဘဲ သူမမိဘတွေနဲ့ အတူတူနေဖို့ သူမရဲ့ဓားကိုယူ၍ ချုံကျိုးကျွန်းကို ပြန်သွားခဲ့သည်။

"ပင်ပန်းနေပြီ၊ လအနည်းငယ်လောက် အနားယူချင်တယ်"

အားလပ်ရက်တွေမှာ သူမ နေ့တိုင်း အပျင်းတစ်နေခဲ့သည်။ ရံဖန်ရံခါ အခြေခံစကေးတွေကို လေ့ကျင့်နေခဲ့ပေမယ့် အချိန်အများစုကိုတော့ ငေးတိငေးကြောင်ဖြစ်နေလေရဲ့။

သူမ ကုရှုးကို အလွန်အမင်း လွမ်းဆွတ်နေမိကြောင်း သိရှိသွားခဲ့ရသည်။

လုစစ်နင် သူ့အကြောင်းကိုတွေးမနေဖို့ သူမကိုယ်သူမ ပြောခဲ့ပေမယ့် သူမစိတ်ထဲမှာ တစ်ခုခုကို အမြဲတမ်းလွဲချော်သွားသလို ခံစားနေခဲ့ရကာ တခြားဘာကိုမှလည်း စိတ်မဝင်စားတော့ပေ။

နေ့တိုင်း အိပ်ပြီး စားလိုက်၊ စားပြီး ပြန်အိပ်လိုက်လုပ်နေခဲ့သည်။ မိဘတွေနဲ့ အချိန်ဖြုန်းရတာ သက်တောင့်သက်သာရှိလှ၏။

သူမရဲ့ မာမားချင်းရို့က သူမအား ငါးဆားနယ်လေးလို့ စနောက်နေလေရဲ့။

လုစစ်နင် အရှက်မဲ့စွာဖြင့် "ဟုတ်တယ်၊ သမီးက မားရဲ့ အချစ်ဆုံးငါးဆားနယ်လေးပဲ!"

ဒီလိုနဲ့ အချိန်ကုန်ဆုံးသွားခဲ့ပြီး လုစစ်နင်နှင့် ကုရှုးတို့ အဆက်အသွယ်ရှိခဲ့ကြပေမယ့် တီဗီစီးရီးမထုတ်လွှင့်ခင်အထိ နှစ်ယောက်သား မတွေ့ခဲ့ကြ။

လုစစ်နင်နှင့် ချင်းရို့က တီဗီရှေ့တွင် ထိုင်ကာ ရုပ်ရှင်အတူတူကြည့်ခဲ့ကြသည်။

"ရှင့်သမီးလေးရဲ့ ရုပ်ရှင်ကို လာကြည့်! ဒါက သိုင်းဇာတ်လမ်းပဲ"

ချင်းရို့က သူမသမီးလေးရဲ့ ရုပ်ရှင်ကို အတူတူကြည့်ကြရန် လုယန်အား ဖိတ်ခေါ်လိုက်သည်။

- ဒါက တကယ့်ကို မှော်ဆန်တဲ့ အတွေ့အကြုံပဲ...

"မား! သမီး ဒီတစ်ခေါက် သိုင်းပညာရှင်မာစတာအဖြစ် သရုပ်ဆောင်ရတာလေ"

"တကယ်လား.. အရမ်းအံ့သြဖို့ကောင်းတာပဲ"

"ဒါပေါ့! ရုန်ရုန်လေးက လူတိုင်းကိုသတ်ပစ်တာကို လာကြည့်ကြ!"

…

ဇာတ်အိမ်ဖွံ့ဖြိုးလာသည်နှင့်အမျှ ရင်နာစရာကောင်းသထက် ကောင်းလာလေ၏။ လုစစ်နင် ဘန်းမုန့်ပေါင်းတွေကို စားနေရင်း တီဗီဖန်သားပြင်ပေါ်က မေ့မရနိုင်တဲ့အချစ်ဇာတ်လမ်းကို သရုပ်ဖော်နေတဲ့ သူမကိုယ်သူမ ကြည့်နေခဲ့သည်။ မသိလိုက်ခင်မှာပင် သူမ မျက်ရည်တွေစီးကျလာ၏။

ကံကောင်းထောက်မစွာဖြင့် သူမဟာ အခု အိမ်မှာရှိနေပြီး သူမရဲ့ မာမားချင်းရို့က အငိုလွယ်သူမို့ သည်းထန်စွာငိုကြွေးနှင့်ပြီးဖြစ်တာကြောင့် သူမလည်း သူမရဲ့ မာမားနားကပ်၍ အမေနဲ့ သမီးနှစ်ယောက် အတူတူ အကျယ်ကြီးအော်ငိုနေကြတော့သည်။

သူမရဲ့ ပါပါး လုယန်က သူမတို့နှစ်ဦးကို နံဘေးမှ တိတ်တဆိတ်ထိုင်ကြည့်နေခဲ့သည်။

လုယန် : "..."

ချင်းရို့ : "အရမ်းရက်စက်တာပဲ ရုန်ရုန်ရယ်။ ဇာတ်လမ်းက နောက်ဘာဆက်ဖြစ်မှာလဲ? မင်းသားနဲ့ မင်းသမီး ညားသွားကြလား?"

လုစစ်နင် ပြောပြခါနီးတွင် ချင်းရို့ ချက်ချင်း ခေါင်းခါလိုက်ပြီး

"ဟင့်အင်း! spoilerတွေမပြောနဲ့။ နားမထောင်တော့ဘူး! ကိုယ်တိုင်ပဲကြည့်ချင်တယ်"

လုစစ်နင် : "..."

"ဇာတ်လိုက်မင်းသားကကွယ် အရမ်းမျက်စိပဒေသာရှိလိုက်တာ။ အရမ်းချောတာပဲ၊ ကြည့်ရတာ ရင်းနှီးနေသလိုလို"

"မား မှတ်မိလား... သူကလေ ကွမ်ချန်က သမီးတို့ရဲ့ အိမ်နီးချင်းပဲ"

"သူကလေ? ဒါကြောင့် သူ့ကို ရင်းနှီးနေပုံရတာ မထူးဆန်းတော့ပါဘူးလေ"

"ရှောင်ကုက တော်တော်ကြည့်ကောင်းတာပဲ!"

ရဲဘော်လု အနည်းငယ်မနာလိုဖြစ်သွားရပြီး

"သူက ပိုချောလား ဒါမှမဟုတ် ကိုယ်က ပိုချောလား?"

"ရှင်ပေါ့၊ ရှင်အချောဆုံး၊ ကျွန်မရဲ့ လုကောက အခန့်ညားဆုံးပဲ"

…

ဇာတ်သိမ်းခန်းထွက်လာတဲ့အခါ အမေနှင့် သမီးနှစ်ယောက် အတူတူငို​ကြပြန်လေရဲ့။ လီချင့်ဟွားနှင့် ဆရာမဟွမ်တို့က သူတို့ကိုကြည့်ပြီး အရယ်မရပ်တော့။

လီချင့်ဟွား : "အစတုန်းကတော့ ငါ ဝမ်းနည်းသလိုလိုဖြစ်ပေမယ့် ရုန်ရုန်က ဒီမှာငုတ်တုပ်ကြီးထိုင်နေတာကို မြင်တော့ အဆင်မပြေမဖြစ်တော့ဘူးဟယ်"

"ဒါက ရုပ်ရှင်ပဲလေ"

"ဇာတ်လိုက်မင်းသားကို နင်သိလား။ ငါတို့ ဘယ်တော့ အတူတူ ညစာစားနိုင်မလဲ"

…

အမေနှင့်သမီးအတွဲဟာ ဇာတ်အိမ်ထဲမှာ နစ်မျောနေပြီး အချိန်အတော်ကြာအောင် ငိုကြွေးနေခဲ့ကြ၏။

သူမမာမားရဲ့ မျက်ရည်တွေကို သူမပါပါးက သုတ်ပေးနေခဲ့ပေမယ့် လုစစ်နင်လေးကတော့ သူမဘာသာ မျက်ရည်သုတ်နေရသည်။ ဒါ့အပြင် ဝမ်းနည်းကြောင်းဖော်ပြတဲ့ ဖုန်းကောများစွာကိုလည်း လက်ခံရရှိခဲ့သည်။

အစ်မဖြစ်သူ လုစစ်ယောင်၊ အာ့ကော၊ တာ့ကောနှင့် ယောင်းမတို့က တီဗီဇာတ်လမ်းတွဲတစ်ခုမှာ ပထမဆုံးအကြိမ်အဖြစ် သူမရဲ့ ဇာတ်ကောင်သေဆုံးသွားတာကို တွေ့လိုက်ရ၍ အားလုံးက သူမကို စာအိတ်နီအကြီးကြီးပေးမယ်လို့ ပြောခဲ့ကြသည်။

ညဘက်တွင် လုစစ်နင်က တစ်စုံတစ်ယောက်ရဲ့ ဖုန်းကို ခေါ်လိုက်ပြီး

"ရှင် ဓားတစ်ချောင်းဆုံးရှုံးသွားပြီ၊ ရှင် ပြန်လိုချင်လား"

နောက်တစ်နေ့တွင် လုစစ်နင်က ကြေးဓားကိုထုတ်ကာ ဓားကို ဂရုတစိုက်သုတ်နေခဲ့သည်။

သူမက ဓားကိုကြည့်ရင်း ရူးနှမ်းစွာပြုံးနေပြီး ဓားကိုလာရှာမယ့်သူကို ဝမ်းသာအားရ စောင့်ဆိုင်းနေလျက်။

ဒါပေမယ့်...

လုစစ်နင် စောင့်နေတဲ့သူက ပေါ်မလာဘဲ မမျှော်နေတဲ့သူတွေ ပေါ်လာခဲ့သည်။

ယဥ်ကျေးမှုအမွေအနှစ်ဗျူရို၊ ပြတိုက်အမျိုးမျိုးမှ ဝန်ထမ်းတွေနှင့် ပရော်ဖက်ဆာများစွာက ဓားအကြောင်း လာရောက်မေးမြန်းခဲ့ကြသည်။

"ဒါက ရှားပါးရတနာပဲ!"

လုစစ်နင် : "..."

တစ်နှစ်အကြာတွင် လုစစ်နင် လက်ထပ်ပြီးနောက် ကြေးဓားကို ပြတိုက်သို့ လှူဒါန်းခဲ့လေသတည်း……

ပြီးပါပြီ။

All Chapters