← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အပိုင်း (၁၀၁)

ဖုမင်ဇယ်သည် ပန်းကန်ကို သေချာချထားလိုက်ပြီး ခေါင်းလှည့်ကာ ရှန်မော့အာ၏ လက်ကို ဆွဲကိုင်လိုက်၏။ ထို့နောက် ပြုံးလျက် မေးလိုက်သည်။

“မြို့တော်က မင်းကို စက်ရုံပြောင်းရွှေ့ခိုင်းချင်နေပြန်ပြီလား။ တကယ်လို့ မရဘူးဆိုရင်လည်း ကို မြို့တော်က နိုင်ငံပိုင်စက်ရုံမှာ အလုပ်ဝင်ဖြေကြည့်ဖို့ နည်းလမ်းရှာရလိမ့်မည်။ ဒါမှ ဇနီးသည်ရဲ့ နောက်ကို လိုက်နိုင်မှာပေါ့”

လွန်ခဲ့သော ၂ နှစ်ခန့်က နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံ၏ ထွက်စက်ရုံခွဲ(၂)သည် နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံ(၂)အဖြစ် တရားဝင် အမည်ပြောင်းလဲခဲ့သည်။ ခွဲ ဟူသော စကားလုံးတစ်လုံး လျော့နည်းသွားပြီး စာလုံးအစီအစဉ် အနည်းငယ် ပြောင်းလဲသွားခြင်းမျှသာ ဖြစ်သည်ဟု မထင်လိုက်ပါနှင့်။ စက်ရုံ၏ သဘောသဘာဝမှာ အခြေခံအားဖြင့် ပြောင်းလဲသွားခဲ့ပြီး အဆင့်အတန်းမှာလည်း နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံနှင့် တစ်တန်းတည်း ဖြစ်သွားခဲ့၏။

စက်ရုံကို ပိုမိုကြီးမားလာအောင် တည်ဆောက်နိုင်ခဲ့ပြီး အလုပ်သမားများကိုလည်း ပိုမိုခေါ်ယူနိုင်ခဲ့သည်နှင့်အမျှ ယနေ့ခေတ် လျိုချောင်တပ်ဖွဲ့သည် ယခင်ကကဲ့သို့ ဝေးလံခေါင်ဖျားပြီး ဆင်းရဲမွဲတေနေသော အသွင်အပြင်မျိုး မရှိတော့ချေ။ ကျန်းပေခရိုင်၏ အကြီးဆုံးသော တပ်ဖွဲ့အဖြစ်သို့ တစ်ဟုန်ထိုး တက်လှမ်းလာခဲ့သည်။

ယခင် တပ်ဖွဲ့အတွင်းရေးမှူး ကန်းလိမင်သည် ရာထူးတစ်ဆင့်တက်သွားပြီး ခရိုင်တွင် ဒုတိယခရိုင်ဝန်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်နေရ၏။ ယခင် တပ်ဖွဲ့မှူး ကျန်းကျင့်ရှန်သည် အတွင်းရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသည်။ ယခင် ကျန်းပေခရိုင်ဝန် ကုယန်ပေါ်မှာမူ ယခုအခါ လင်ကျန်းမြို့၏ မြို့တော်ဝန် ဖြစ်နေလေပြီ။

မြို့တော်ဝန်ကုသည် ပြီးခဲ့သည့်နှစ်မှစ၍ ရှန်မော့အာကို စက်ရုံကို မြို့တော်သို့ ပြောင်းရွှေ့ရန် မကြာခဏဆိုသလို ကိုယ်တိုင် ဖုန်းဆက်ပြီး ဆွဲဆောင်စည်းရုံးလေ့ရှိသည်။

ဒီတစ်ကြိမ် ကွမ်ကျိုးကုန်စည်ပြပွဲသို့ မြို့တော်ဝန်ကုလည်း သွားရောက်ခဲ့သည်ဟု ကြားသိရသည်။ ထို့ကြောင့် ဖုမင်ဇယ်သည် ကုယန်ပေါ်က သူ၏ဇနီးသည်ကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီး စက်ရုံကို မြို့တော်သို့ ပြောင်းရွှေ့တော့မည်လားဟု သံသယဝင်နေမိ၏။

ရှန်မော့အာသည် ဖုမင်ဇယ်၏ လက်ဖဝါးထဲ၌ သူမ၏ လက်ချောင်းလေးများဖြင့် ကုတ်ခြစ်လိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

“စက်ရုံက မပြောင်းဘူး။ ကျွန်မ ဒီတစ်ခါ မြို့တော်ဝန်ကုကို ငြင်းလိုက်ပြီ။ အစကတည်းက ဒီစက်ရုံကို လျိုချောင်တပ်ဖွဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တည်ဆောက်ခဲ့တာလေ။ မြို့တော်ကို ပြောင်းသွားရင် မူလရည်ရွယ်ချက်နဲ့ သွေဖည်သွားမှာပေါ့။ ပြီးတော့ ကျွန်မတို့ဒီနေရာလေးက နောင်တစ်ချိန်မှာ ပိုပြီး တိုးတက်လာလိမ့်မည်လို့ ကျွန်မ ယုံကြည်တယ်”

စက်ရုံကို အပင်ပန်းခံ ပြောင်းရွှေ့နေမည့်အစား မြို့တော်မှ မူဝါဒများနှင့် ရန်ပုံငွေများ ပိုမိုချထားပေးကာ လျိုချောင်တပ်ဖွဲ့ကို ပိုမိုကောင်းမွန်အောင် ဖွံ့ဖြိုးတိုးတက်စေခြင်းက ပိုသင့်လျော်ပေလိမ့်မည်။

သူမသည် ကုယန်ပေါ်ကို ထိုသို့သာ ပြန်လည်ဖြေကြားခဲ့၏။

ယခုတစ်ကြိမ် ကွမ်ကျိုးကုန်စည်ပြပွဲသို့ သွားရောက်ရာတွင် ရှန်မော့အာသည် ယခင်ကနှင့်မတူဘဲ ပတ်ဝန်းကျင်အခြေအနေမှာ သိသိသာသာ ပြောင်းလဲနေကြောင်းကို ခံစားလိုက်ရသည်။ ကုန်စည်ပြပွဲ ဖွင့်ပွဲနေ့တွင် ကုန်သွယ်ရေးအဖွဲ့ဝင်များနှင့် ပြပွဲဝန်ထမ်း စုစုပေါင်း လူ ၂၀၀၀ ကျော်တို့သည် ဟွာကော်နိုင်ငံကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့သော အဖွဲ့ငယ်လေး ပျက်သုဉ်းသွားခြင်းကို ဂုဏ်ပြုသောအားဖြင့် ရိုးရှင်းသော ချီတက်ပွဲတစ်ခုကို ကျင်းပခဲ့ကြသည်။ ချီတက်ပွဲ ပြီးဆုံးချိန်တွင် လူတိုင်း၏ မျက်နှာထက်ရှိ အပြုံးများမှာ အထူးပင် ပေါ့ပါးလွတ်လပ်နေကြ၏။

ပုံသဏ္ဌာန်မဲ့ သံကြိုးခလောက်များမှ အဆုံးသတ်တွင် ရုန်းထွက်လွတ်မြောက်သွားရသည့်အလားပင်။

၎င်းမှာ ရှန်မော့အာက လျိုယင်းရွှမ်းထံမှ သွယ်ဝိုက်သောနည်းဖြင့် ရယူထားခဲ့သည့် သတင်းအချက်အလက်များနှင့် သိပ်ပြီးကွာခြားမှု မရှိပေ။ ဒီနိုင်ငံသည် လုံးဝအသစ်စက်စက်ဖြစ်သော ဖွံ့ဖြိုးတိုးတက်မှုအသစ်ဆီသို့ လျှောက်လှမ်းတော့မည် ဖြစ်သည်။

တကယ်တမ်း ပြောရမည်ဆိုလျှင်တော့ သွယ်ဝိုက်သောနည်းဟုပင် မဆိုသာချေ။ အကြောင်းမှာ လျိုယင်းရွှမ်းသည် အကြံအစည်ကြီးမားသော သူတစ်ယောက် မဟုတ်သောကြောင့်ပင်။ တစ်ခါတစ်ရံတွင် တခြားသူများက မမေးမြန်းလျှင်တောင်မှ သူမသည် မတော်တဆ နှုတ်ချော်ပြီး ပြောထွက်သွားတတ်သည်။ သူ၏ စရိုက်မှာ အနည်းငယ် ကြမ်းတမ်းပြီး နာမည်ဆိုးဖြင့် ကျော်ကြား နေသောကြောင့် စက်ရုံတွင်းရှိ လူများနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်မှု မရှိချေ။ ရှန်မော့အာနှင့်သာ အနည်းငယ် အဝင်အထွက် ပိုရှိသဖြင့် တစ်စုံတစ်ယောက်၏ အာရုံစိုက်မှုကို မဆွဲဆောင်နိုင်ခဲ့ပေ။

သို့သော်လည်း ရှန်မော့အာကတော့ အမှန်တကယ်ပင် အကြောင်းအရာများစွာကို သိရှိနေခဲ့လေပြီ။

ဥပမာအားဖြင့် နောင်တွင် မူဝါဒများကို တဖြည်းဖြည်း ဖြေလျှော့ပေးလာပြီး တစ်သီးပုဂ္ဂလ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်၊ ကိုယ်ပိုင်ကုမ္ပဏီများ တည်ထောင်ခွင့် ပြုလာမည်မှာ သေချာသည်။ ဥပမာအားဖြင့် လာမည့်နှစ်လောက်တွင် နိုင်ငံတော်မှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပပေးလိမ့်မည်။ လူတိုင်းသည် စာမေးပွဲအောင်မြင်ခြင်းဖြင့် မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အခွင့်အရေး ရရှိလာကြပေလိမ့်မည်။ ထို့အပြင် နောက်ထပ် ၁၀ နှစ်ခန့်အကြာတွင် နိုင်ငံပိုင်စက်ရုံ အမြောက်အမြား ဒေဝါလီခံရပြီး သံပန်းကန်လုံး ဟု တင်စားခေါ်ဝေါ်ကြသော အစိုးရအလုပ်ကို ကိုင်စွဲထားသည့် အလုပ်သမားများမှာ အလုပ်လက်မဲ့ ဖြစ်သွားကြပေလိမ့်မည်...။ မည်သို့ပင်ဆိုစေကာမူ သိသင့်သိထိုက်သမျှကို ရှန်မော့အာသည် ခန့်မှန်းတွက်ဆရင်းဖြင့်ပင် အတော်များများကို နားလည်သဘောပေါက်နေခဲ့၏။

သို့ဖြစ်ရာ ရှန်မော့အာသည် ပန်းထိုးအထည်စက်ရုံကို မြို့တော်သို့ ပြောင်းရွှေ့ရန် လုံးဝ မလိုအပ်တော့ဟု ပိုယူဆလိုက်သည်။

လျိုချောင်တပ်ဖွဲ့သည် အနာဂတ်တွင် ပိုမိုလွတ်လပ်သော မူဝါဒပတ်ဝန်းကျင်အောက်၌ ယခုထက် ပိုမိုကောင်းမွန်အောင် ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာလှသည်။

ဖုမင်ဇယ်သည် ခဏ တွေးတောလိုက်ပြီး ထပ်ပြီး လျှောက်ခန့်မှန်းမနေတော့ဘဲ သူမ၏ လက်ချောင်းလေးများကို ညှစ်လိုက်ရင်း မေးလိုက်၏။

“အမှန်တော့ ဘာကိစ္စလဲ”

ရှန်မော့အာက သူ့လက်ကို ဆွဲယူကာ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းလေးဆီသို့ တင်ထားလိုက်ပြီးနောက် ခေါင်းမော့ကာ ဖုမင်ဇယ်ကို ကြည့်ပြီး မျက်ခုံးပင့်ပြလိုက်၏။

ဖုမင်ဇယ်၏ မျက်ခုံးနှစ်ခုကြား တွန့်သွားပြီး ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် အလိုအလျောက် အသံကို နှိမ့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

“မင်း ဒါက”

ရှန်မော့အာက ပြုံးလျက် ဖြေလိုက်၏။

“ဟုတ်တယ်။ ကျွန်မတို့မှာ ကလေးလေး ရတော့မယ်။ ကိုယ်ဝန်ရှိနေတာ ၁ လကျော်တောင် ရှိနေပြီ”

ဖုမင်ဇယ်သည် နောက်ထပ် ခဏလောက် ထပ်မံ တိတ်ဆိတ်သွားပြန်သည်။ ထို့နောက် ရုတ်တရက် ရှန်မော့အာကို ဆွဲခေါ်ကာ ထမင်းစားပွဲနားသို့ သွားပြီး ခွေးခြေခုံပေါ်တွင် ထိုင်ခိုင်းလိုက်၏။ သူကိုယ်တိုင်ကတော့ ဆောင့်ကြောင့်ထိုင်ကာ သူမကို မော့ကြည့်ရင်း မေးလိုက်သည်။

“မင်း နေလို့ထိုင်လို့ မကောင်းတာမျိုးများ ရှိသေးလား”

ရှန်မော့အာက ပြုံးပြီး ခေါင်းခါပြလိုက်သည်။

“ကုန်စည်ပြပွဲတုန်းက တစ်ရက်တော့ ပြပွဲခန်းမထဲမှာ အရမ်းအိုက်နေလို့ ထင်တယ်။ မိနစ်အနည်းငယ်လောက် မူးဝေသွားခဲ့တယ်။ အဲဒီတော့မှ စစ်ဆေးကြည့်တော့ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတာ။ နောက်ပိုင်းကျတော့ သူတို့တွေက ကျွန်မကို ဘာအလုပ်မှ ပေးမလုပ်ကြတော့ဘူး။ တစ်နေ့လုံး ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ရတာမို့ ပေါင်ချိန်တောင် နည်းနည်း တက်လာသေးတယ်။ အဲဒီတစ်ခါကလွဲရင် နောက်ပိုင်း ဘာမှ နေမကောင်းတာမျိုး မရှိတော့ပါဘူး။ ပြန်လာတဲ့ ရထားပေါ်မှာလည်း စားကောင်းသောက်ကောင်းနဲ့ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားတော့တာပဲ။ သူတို့တွေဆို ကျွန်မကို အားကျလွန်းလို့ သေမတတ်ပဲ”

ဖုမင်ဇယ်၏ လက်ဖဝါးသည် သူမ၏ ပြန့်ပြူးနေဆဲဖြစ်သော ဝမ်းဗိုက်လေးထက်တွင် ပွတ်သပ်နေပြီး အနည်းငယ် ထိတ်လန့်သွားဟန်ဖြင့် ဆိုလေသည်။

“လမ်းခရီးမှာတင် ရက်အတော်ကြာ ပင်ပန်းဆင်းရဲ ခံခဲ့ရတာလေ။ သေချာပေါက် နေမကောင်းဖြစ်လို့သာ မူးလဲသွားတာ ဖြစ်လိမ့်မယ်”

သူသည် မျက်နှာထားကို တည်တင်းထားလျက် ပြောလိုက်၏။

“ရဲဘော်ရှန်မော့အာ.. ငါတို့ရဲ့ သမီးလေးက ငယ်ပါသေးတယ်။ မင်း နောက်နောင် ဒီလိုမျိုး ပေါ့ပေါ့ဆဆ နေလို့မဖြစ်ဘူးနော်။ ဒီကာလအတွင်းမှာ စက်ရုံက ကိစ္စတွေကို ကျင်းချိုင်ဖေးတို့ကိုပဲ လွှဲထားလိုက်ပါ။ မင်းက အိမ်မှာပဲ သေချာနေပြီး ကိုယ်ဝန်ကို ဂရုစိုက်ပါ။ ပြီးတော့ ထမင်းဟင်းလည်း မချက်နဲ့တော့။ နောက်မှ အဖေ့ကို တစ်ချက်လောက် ပြောလိုက်ဦးမယ်။ နေ့လယ်စာကို အဖေ့ကို အုတ်ဖိုစက်ရုံက စားသောက်ဆောင် ဒါမှမဟုတ် မင်းတို့ ပန်းထိုးအထည်စက်ရုံက စားသောက်ဆောင်ကနေ အိမ်ကို ဝယ်လာခဲ့ခိုင်းလိုက်မယ်။ ညစာကိုတော့ ကို ပြန်လာမှ ချက်ပေးပါ့မယ်။ စိတ်ချလက်ချသာ နေပါ။ ဆောင်းဦး ကောက်ရိတ်သိမ်းပြီးသွားရင် နောက်ပိုင်း ကို့အလုပ်တွေလည်း နည်းသွားပြီမို့ မင်းကို အိမ်မှာ အချိန်ပိုပေးပြီး အဖော်ပြုပေးနိုင်အောင် ကြိုးစားပါ့မယ်”

“နောက်ပြီး စက်ဘီးလည်း မစီးနဲ့တော့။ လမ်းက ကြမ်းတမ်းတော့ အကြောင်းမလှလို့ ချော်လဲသွားရင် မကောင်းဘူး။ ဪ.. ဒါနဲ့.. ကိုတို့ အဖေ့ဆီ ပြန်သွားပြီး အဖေ့ကိုလည်း အုတ်ဖိုစက်ရုံမှာ အသားဝယ်ခွင့်လက်မှတ် နည်းနည်းလောက် လဲလှယ်ခိုင်းရမယ်။ ပြီးတော့ အစ်မလျိုကိုလည်း ကိုတို့အတွက် နည်းနည်းလောက် လဲပေးဖို့ အကူအညီတောင်းလိုက်မယ်။ မင်းကို အနည်းဆုံး ၃ ရက်တစ်ခါတော့ အသားစားရအောင် သေချာစီစဉ်ပေးရမယ်။ ကြက်ဥကတော့ လွယ်ပါတယ်။ ကို ရွာထဲက အဒေါ်တွေကို တိတ်တိတ်လေး သွားလဲလိုက်လို့ ရတယ်။ မင်း နေ့တိုင်း ကြက်ဥတစ်လုံးတော့ အနည်းဆုံး စားရမယ်။ နောက်ပြီး ကိုတို့ အထည်ဝယ်ခွင့်လက်မှတ်တွေလည်း နည်းနည်းလောက် စုဆောင်းထားဖို့ နည်းလမ်းရှာရဦးမယ်...”

သာမန်အချိန်များတွင် စကားနည်းသူဖြစ်ပါလျက်နှင့် စိတ်လှုပ်ရှားသွားသည်နှင့် ပါးစပ်မှ တတွတ်တွတ်နှင့် မရပ်မနား ပြောဆိုနေတတ်သည်။ ထို့ကြောင့် ရှန်မော့အာမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။ သူမသည် ပညာတတ်လူငယ်ဖု၏ မျက်နှာကို ပွတ်သပ်လိုက်ပြီး နူးညံ့သောအသံဖြင့် ဆိုလိုက်သည်။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ သိပါပြီ။ ပညာတတ်လူငယ်ဖု၊ အရမ်းကြီးလည်း စိုးရိမ်မနေပါနဲ့”

ဖုမင်ဇယ်သည် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ပွတ်သပ်လိုက်ပြီး နမ်းရှိုက်လိုက်၏။ ထိုအခါမှသာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ကာ လေးလေးနက်နက် ပြောလိုက်သည်။

“ရဲဘော်ရှန်မော့အာ၊ ပင်ပန်းသွားပြီ။ ကျေးဇူးတင်ပါတယ်”

ရှန်မော့အာသည် သူမ၏ ပညာတတ်လူငယ်ဖု ရှားရှားပါးပါး ထိတ်လန့်တကြားဖြစ်နေသည့် ပုံစံလေးမှာ အမှန်တကယ်ပင် အနည်းငယ် ချစ်စရာကောင်းနေသည်ဟု ခံစားလိုက်ရသဖြင့် သူ၏ နှုတ်ခမ်းထောင့်စွန်းလေးကို မနေနိုင်ဘဲ နမ်းလိုက်မိသည်။

“ရပါတယ်၊ ရဲဘော်ဖုမင်ဇယ်”

ခြံတံခါးအပြင်ဘက်မှ ရယ်မောဆူညံသံများ ထွက်ပေါ်လာပြီး မကြာမီမှာပင် ချန်ယွီနှင့် ကျိုးကျောက်တိတို့ ဝင်ရောက်လာကြသည်။

ရှန်မော့အာ၏ရှေ့တွင် ဖုမင်ဇယ် ဒူးတစ်ဖက်ထောက်လျက် ရှိနေသည်ကို မြင်သောအခါ ချန်ယွီက အလွန်အမင်း အံ့သြဟန်ပြုလျက် ပြောလိုက်၏။

“ပညာတတ်လူငယ်ဖု၊ ခင်ဗျား ကျွန်တော့်အစ်မမော့အာကို ဒေါသထွက်အောင် လုပ်လိုက်တာတော့ မဟုတ်ပါဘူးနော်။ ကျွန်တော် ခင်ဗျားအတွက် အဝတ်လျှော်ပျဉ်ပြား သွားယူပေးရမလား”

ဖုမင်ဇယ်က မတ်တပ်ရပ်လိုက်ပြီး အင်္ကျီစွန်းများကို ခါထုတ်လိုက်ကာ ပြောလိုက်သည်။

“နောက်မှ မင်းအဖေကို အဝတ်လျှော်ပျဉ်ပြား လို မလို ငါ သွားမေးကြည့်လိုက်ဦးမယ်”

ချန်ယွီက ချက်ချင်းပင် တောင်းပန်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်၏။

“မလိုပါဘူး၊ မလိုပါဘူး။ ကျွန်တော်တို့အားလုံး မလိုအပ်ပါဘူး။ ကျွန်တော့်အဖေက ပိုပြီး လိုအပ်လောက်တယ်”

ကျိုးကျောက်တိက ဗိုက်ကိုနှိပ်ကာ ရယ်မောလိုက်သည်။

“နောက်မှ ဦးလေးချန်ကို သူကပိုပြီး အဝတ်လျှော်ပျဉ်ပြား လိုအပ်တယ်လို့ နင်က ပြောတဲ့အကြောင်း သွားတိုင်လိုက်ဦးမယ်”

ချန်ကျွမ်းကျွမ်းနှင့် လီရှင်းမေတို့သည် ဤနှစ်များအတွင်း အလုပ်ထဲတွင်သာ စိတ်နှစ်ထားခဲ့ကြသည်။ အထူးသဖြင့် လီရှင်းမေဆိုလျှင် နှစ်အတန်ကြာ ကြိုးစားအားထုတ်မှုများကြောင့် ယခုအခါ သံမဏိအမျိုးသမီးတစ်ဦး၏ အသွင်အပြင်မျိုး အနည်းငယ် ရှိနေလေပြီ။ သူတို့နှစ်ဦးစလုံးသည် နောက်ထပ် ကလေးယူရန် စိတ်ကူးမရှိကြတော့ပေ။ ချန်ယွီသည် မိသားစုတစ်စုလုံး၏ အချစ်တော်လေး ဖြစ်နေပြီး ကောင်းကင်ကိုလည်း မကြောက်၊ မြေကြီးကိုလည်း မကြောက်သူဟု ဆိုနိုင်သော်လည်း သူ၏ အဖေကတော့ တစ်ဦးတည်းသော ကြောက်ရသူ ဖြစ်လေသည်။

ချန်ကျွမ်းကျွမ်းက လူကို ရိုက်နှက်ဆုံးမပြီဆိုလျှင် နည်းနည်းမှ လက်ဆ မလျော့တတ်သလို ဘယ်သူက ဝင်ရောက်ဖျန်ဖြေပေးစေကာမူ အသုံးမဝင်ချေ။

အထက်တွင် ထိုကဲ့သို့သော လက်ဝါးတောင်ကြီးတစ်လုံး ဖိနှိပ်ထားခြင်းကြောင့်သာ ချန်ယွီတစ်ယောက် ဆိုးသွမ်းချင်တိုင်း ဆိုးနေသော်လည်း လမ်းမှားသို့ မရောက်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကျိုးကျောက်တိသည် အိမ်နှင့် အဆက်အသွယ် ဖြတ်တောက်ထားခဲ့ပြီး သာမန်အချိန်များတွင် ကြွေထည်စက်ရုံနှင့် ပန်းထိုးအထည်စက်ရုံတို့၌ အချိန်ပိုင်းအလုပ်များ လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုနေရသည်။ ရှန်မော့အာက သူမ၏ စားသောက်မှုအခြေအနေကို ကောင်းမွန်စေရန်အတွက် တပ်ဖွဲ့သို့ တိုက်ရိုက် ခေါ်ယူကျွေးမွေးခြင်း၊ သို့မဟုတ်ပါက ပစ္စည်းများ ဝယ်ယူပြီး ယန်လျိုတပ်ဖွဲ့သို့ ပြန်လာခြင်းများကို ပြုလုပ်လေ့ရှိ၏။ သို့သော် အခြေခံအားဖြင့်တော့ ယန်လျိုတပ်ဖွဲ့သို့ ပြန်လာခြင်းက ပိုများသည်။ အကြောင်းမှာ ဖုမင်ဇယ်သည် စနေ၊ တနင်္ဂနွေနေ့များတွင် အလုပ်များလေ့ရှိပြီး ကျိုးကျောက်တိကလည်း စနေ၊ တနင်္ဂနွေနေ့များ၌ ပြင်ပအလုပ်ရုံ မှ လူများနှင့်အတူ ပန်းထိုးအလုပ်များကို လုပ်ကိုင်လေ့ရှိသောကြောင့်ပင်။

ကျိုးကျောက်တိစားရန် တစ်လုတ်ရှိလျှင် သဘာဝကျစွာပင် ချန်ယွီအတွက်လည်း လျော့နည်းသွားမည် မဟုတ်ချေ။ ထို့ကြောင့် ကလေးနှစ်ယောက်သည် ရှန်မော့အာထံတွင် အလကားလာရောက်စားသောက်ရန် အလွန်ပင် ကျွမ်းကျင်နေကြပြီး အားနာမနေတော့ဘဲ ကိုယ့်ဘာသာ ပန်းကန်နှင့် တူများကို ယူကာ တဝကြီး စတင်စားသောက်ကြတော့သည်။

“အစ်မမော့အာ ချက်တဲ့ ဟင်းတွေက တကယ် စားလို့ကောင်းတာပဲ။ ကျွန်တော့်အဘွား ချက်တာထက်တောင် ပိုစားကောင်းသေးတယ်”

ချန်ယွီက ထမင်းကို ခပ်သွင်းရင်း ပြောလိုက်၏။

“ဒါမှမဟုတ် နောက်အပတ် စနေ၊ တနင်္ဂနွေကျရင်လည်း ကျွန်တော်တို့ ပြန်လာလို့ရမလား။ အစ်မမော့အာ၊ နောက်အပတ်ကျရင်လည်း အစ်မအိမ်မှာ ထမင်းလာစားလို့ ရမလား”

ဖုမင်ဇယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရှန်မော့အာ၏ ပန်းကန်ထဲသို့ ဟင်းတစ်ဖတ် ခပ်ထည့်ပေးရင်း ပြောလိုက်သည်။

“မရဘူး။ မင်းရဲ့ အစ်မမော့အာက နောက်ဆို ထမင်းဟင်းတွေ မချက်တော့ဘူး”

ချန်ယွီက ချက်ချင်းပင် မျက်နှာရှုံ့မဲ့သွား၏။

“ဟာ.. ဘာလို့လဲ”

ကျိုးကျောက်တိသည်လည်း ထမင်းစားနေရင်းမှ ရှန်မော့အာကို တစ်ချက်ကြည့်ကာ ဝင်ပြောလိုက်သည်။

“ဆရာမ၊ နောက်ဆိုရင် သမီး ချက်ပေးပါ့မယ်။ သမီး ထမင်းဟင်း ချက်တတ်ပါတယ်”

ဖုမင်ဇယ်က သူမကို ချီးကျူးထောက်ခံသော အကြည့်ဖြင့် ကြည့်လိုက်ပြီး နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလျက် ပြောလိုက်၏။

“မလိုပါဘူး။ ငါ ချက်ပေးပါ့မယ်။ မင်းရဲ့ ဆရာမက ကလေးလေး ကိုယ်ဝန်ဆောင်ထားရပြီမို့ အာဟာရပြည့်ဝဖို့ ပိုပြီး ဂရုစိုက်ရလိမ့်မယ်”

ကျိုးကျောက်တိမှာ မှင်သက်သွားပြီး အလိုအလျောက် ရှန်မော့အာကို ကြည့်လိုက်မိ၏။ ချန်ယွီ၏ တူများမှာမူ မြေကြီးပေါ်သို့ တောက်ခနဲ ကျသွားလေတော့သည်။ ကလေးနှစ်ယောက်သည် အချင်းချင်း ကြောင်တောင်တောင် ကြည့်လိုက်ကြပြီးနောက် တစ်ချိန်တည်းမှာပင် အံ့သြဝမ်းသာစွာဖြင့် အော်ဟစ်လိုက်ကြသည်။

“ဟား... အစ်မမော့အာ ကိုယ်ဝန်ရသွားပြီ။ အာ အာ... ကျွန်တော် တူမလေး ရတော့မယ်”

“ဟား... ဆရာမ.. ဆရာမမှာ ကလေးလေး ရပြီပေါ့။ အား... သမီး ညီမလေး ရတော့မယ်”

ချန်ယွီဟူသော ကလေးမှာ မည်သို့ဖြစ်သည်မသိ။ ငယ်စဉ်ကတည်းက အရွယ်ရောက်သည်အထိ မိသားစုဝင်များက ရှန်မော့အာနှင့် မည်သို့ပင် ဆွေမျိုးစပ်ကြပါစေ၊ သူကတော့ ရှန်မော့အာကို အစ်မဟုသာ ပြတ်ပြတ်သားသား ခေါ်ဆိုလေ့ရှိပြီး အခြားသူများနှင့်အတူ ဆွေမျိုးအဆင့်အတန်း ခွဲခြားသတ်မှတ်ခြင်းကို လုံးဝ မပြုလုပ်ခဲ့ချေ။

ရှန်မော့အာသည် သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က တူမလေးဟု ခေါ်ပြီး နောက်တစ်ယောက်က ညီမလေးဟု ခေါ်နေကြသည်ကို ကြားလိုက်ရသောအခါ ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။ သူမသည် အလိုအလျောက် ဗိုက်လေးကို ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။

“ကလေးလေး ရနေပြီဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာ မသိရသေးဘူးလေ။ ဘာဖြစ်လို့ မင်းတို့အားလုံးက မိန်းကလေးလို့ ထင်နေကြတာလဲ”

ချန်ယွီနှင့် ကျိုးကျောက်တိတို့က တစ်ပြိုင်နက်တည်း ဖုမင်ဇယ်ကို ကြည့်လိုက်ကြပြီး ပြိုင်တူ ပြောလိုက်ကြသည်။

“ပညာတတ်လူငယ်ဖု ပြောထားတာလေ”

ရှန်မော့အာမှာ ကလေးမရသေးသော်ငြားလည်း ယန်လျိုတပ်ဖွဲ့မှ လူတိုင်းက ပညာတတ်လူငယ်ဖု မိန်းကလေးများကိုသာ သဘောကျကြောင်း သိထားကြ၏။

အကြောင်းမှာ တစ်ကြိမ်တွင် ကျန်းကျွန့်လျန်က သူ့ရှေ့၌ သူ၏သားကို ကြွားလုံးထုတ်ခဲ့ရာ သူက ချက်ချင်းပင် ဤသို့ ပြန်လည်တုံ့ပြန်ခဲ့သောကြောင့် ဖြစ်သည်။

“ငါက မိန်းကလေးတွေကိုပဲ သဘောကျတယ်။ ပြီးတော့ မင်းတို့သားလို ကလေးမျိုးဆိုရင် အမှိုက်ပုံထဲ ပစ်ထားရင်တောင် ဘယ်သူမှ ကောက်မှာ မဟုတ်ဘူး”

ထိုစကားကြောင့် ကျန်းကျွန့်လျန်မှာ ဒေါသထွက်လွန်းသဖြင့် သူ့ကို လက်ပါတော့မည့်အထိပင် ဖြစ်သွားခဲ့ရ၏။

အကယ်၍ ထိုနေရာတွင် အခြားသော တပ်ဖွဲ့ဝင်များက ဝင်ရောက်ဆွဲမထားခဲ့ပါက သူတို့နှစ်ယောက် သေချာပေါက် ရန်ပွဲကြီးတစ်ခု ဆင်နွှဲမိကြပေလိမ့်မည်။

ရှန်မော့အာက ဖုမင်ဇယ်ကို အသာအယာ မျက်စောင်းထိုးလိုက်သည်။

“သားလေး ဖြစ်နေခဲ့ရင်ရော”

ဖုမင်ဇယ်က နှာခေါင်းကို ပွတ်သပ်လိုက်ပြီး မတတ်သာသည့်ဟန်ဖြင့် ဖြေလိုက်၏။

“တကယ်လို့ သားလေး ဖြစ်နေရင်လည်း ဘာတတ်နိုင်မှာလဲလေ”

ဘာလဲ.. တကယ် သားလေးဖြစ်နေရင် ရှင်ကပဲ နစ်နာသွားသလို ဖြစ်နေရတာလား။

ရှန်မော့အာသည် မနေနိုင်တော့ဘဲ သူ၏ ခါးကို အားကုန်လိမ်ဆွဲလိုက်ရာ ဖုမင်ဇယ်မှာ လေကို အသံမြည်အောင် စုပ်သွင်းလိုက်ရ၏။ သူက ရှန်မော့အာ၏ လက်ကို ဆတ်ကနဲ ဆုပ်ကိုင်ကာ ညှစ်လိုက်သည်။

“တကယ် သားလေးဖြစ်နေရင်လည်း ကို သူ့ကို သေချာ သင်ဆုံးမပေးပါ့မယ်”

ရှန်မော့အာ: “ဒါဆိုရင်တော့ တော်သေးတာပေါ့”

ကျိုးကျောက်တိနှင့် ချန်ယွီတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ပါးစပ်ကိုအုပ်ကာ ခိုးရယ်လိုက်ကြသည်။

ရှန်မော့အာ ကိုယ်ဝန်ရှိသွားသည့် သတင်း ပျံ့နှံ့သွားကတည်းက ရွာထဲရှိ အတင်းအဖျင်းများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ အဒေါ်ချန်သည် ရွာထဲတွင် အတင်းပြောဆိုမှုများ ရှိနေကြောင်း သိထားသဖြင့် တစ်ခါတစ်ရံ တခြားအဘွားကြီးများနှင့် စကားစမြည်ပြောဆိုသည့်အခါတွင် မနေနိုင်ဘဲ ဝင်ရောက်ပြောဆိုတတ်လေသည်။

“မော့အာတို့ လင်မယားက စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်များနေလို့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကလေးမယူချင်ခဲ့ကြတာလေ။ အဲလိုမှ မဟုတ်ရင် စက်ရုံကို ဒီလောက်အထိ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်နိုင်ပါ့မလား။ လယ်မြေတွေကိုရော ဒီလောက်ကောင်းအောင် လုပ်နိုင်ပါ့မလား။ အခုတော့ နေ့ရက်တွေက ပိုပိုပြီး ကောင်းမွန်လာတာကို မြင်နေရပြီမို့ နှစ်ဖက်စလုံးက လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီလေ။ အဲဒီတော့မှပဲ သူတို့က ကလေးယူဖို့ ပြင်ဆင်ကြတာပေါ့”

အဒေါ်ချန်က “နင်တို့တွေက တကယ် ဗဟုသုတ မရှိကြဘူး” ဟူသော အမူအရာမျိုးဖြင့် ဆက်ပြော၏။

“မြို့ကလူတွေက ဒီလိုပဲလေ။ မွေးချင်တဲ့အချိန်မှ မွေးကြတာ။ ငါတို့ တောသူတောင်သားတွေလို အိမ်မှာ အလုပ်မရှိ အကိုင်မရှိနဲ့ ၃ နှစ်ကို ၂ ယောက်လောက် မွေးနေကြတာမှ မဟုတ်တာ”

အဒေါ်ချိုက်က ရဲရဲတင်းတင်း ဝင်ပြောလိုက်သည်။

“ဘာပြောတယ်။ မြို့က ယောက်ျားတွေက ညဘက်ကျရင် မိန်းမတွေနဲ့ အတူမအိပ်ကြဘူးလား။ ကလေးမရအောင် လုပ်ဖို့ဆိုတာက အရမ်းလွန်လွန်းမနေဘူးလား”

အဘွားကြီးတစ်သိုက်မှာ ဟားတိုက်ရယ်မောလိုက်ကြပြီး အဒေါ်ချန်ကလည်း ရယ်လျက် ပြန်ပြော၏။

“ဟဲ့.. နင့်ကို ကြည့်ရတာ တပ်ဖွဲ့က ဝါဒဖြန့်ချိရေးမှူးတွေ လာဟောပြောတုန်းက သေချာ နားမထောင်ခဲ့ဘူးနဲ့ တူတယ်။ သူတို့က ဒါကို သားဆက်ခြားစီမံကိန်းလို့ ခေါ်ကြတာလေ။ သန္ဓေတားတဲ့ နည်းလမ်းတွေ ရှိတယ်ဟဲ့။ နင် ကြည့်ကြည့်လေ။ ငါ့အိမ်က ရှင်းမေလည်း ဒီနှစ်တွေထဲ ကိုယ်ဝန်မရှိသေးဘူးမလား။ အားလုံးက ဆေးရုံကနေ အဲဒီပစ္စည်းတွေ သွားယူထားကြတာချည်းပဲ”

တစ်စုံတစ်ယောက်က ရှန်လင်းလင်းနှင့် ပတ်သက်၍ သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

“သူ့ရဲ့ ပထမကလေးကလည်း မငယ်တော့ဘူးလေ။ ဒုတိယကလေး ကိုယ်ဝန်ရှိလာတာကို ဘာလို့ မတွေ့ရတာလဲ”

အဒေါ်ချိုက်က နှုတ်ခမ်းကို ရွဲ့လိုက်၏။

“အဲဒီ ကျန်းကျွန့်လျန် ရွာကို ဘယ်လောက်ကြာမှ တစ်ခါ ပြန်လာသလဲဆိုတာ ကြည့်လိုက်ရင် နင် သိသွားမှာပေါ့”

သူမသည် အသံကို နှိမ့်ကာ ဆက်ပြောသည်။

“ငါ့သမီးအငယ်မလေးက ပန်းထိုးအထည်စက်ရုံရဲ့ ဝယ်ယူရေးဌာနကို ဝင်သွားတာလေ။ အထည်အလိပ်စက်ရုံနဲ့ အဆက်အသွယ် တော်တော်များတယ်။ သူတို့စက်ရုံက လူတွေအားလုံး သိကြတယ်။ ကျန်းကျွန့်လျန်က အခုဆိုရင် သူ့ရဲ့ ဝမ်းကွဲအစ်မနဲ့ အတူတူ နေနေကြပြီလို့ ပြောလို့ရတယ်တဲ့။ နိုင်ငံတော်ရဲ့ မူဝါဒ သတ်မှတ်ချက်အရသာ မဟုတ်ရင် သူတို့လိုလူမျိုးတွေက လက်ထပ်ခွင့် မရှိဘူးလေ။ အဲလိုမှ မဟုတ်ရင် သူက ရှန်လင်းလင်းနဲ့ သေချာပေါက် ကွာရှင်းပြီး သူ့ဝမ်းကွဲအစ်မကို ယူမှာပဲ”

တခြားအဘွားကြီးတစ်ဦးမှာ စုပ်သပ်လိုက်ကာ “ဟယ်။ မဟုတ်တာ၊ သူတို့က ဘယ်လိုလုပ်ပြီး ရဲတင်းနေရတာလဲ”

အဒေါ်ချိုက်: “ဘာကို မရဲစရာ ရှိလို့လဲ။ အခု တော်လှန်ရေးကော်မတီက လူတွေလည်း ဘာမှ ဝင်မစွက်ဖက်ကြတော့ဘူး။ နောက်မှ သူတို့ကို ပြန်ပြီး အပြစ်ရှာမှာကိုပဲ ကြောက်နေကြတာ။ သူတို့တွေ ဖောက်ပြန်နေကြတာကို ဘယ်သူမှ ဂရုမစိုက်တော့ သူတို့လည်း ရဲတင်းလာကြတာပေါ့”

“ထျန်းဖန်တစ်ယောက် မော့အာကို ကွယ်ရာမှာ လှောင်ပြောင်ရယ်သွမ်းသွေးဖို့တောင် မျက်နှာပြောင်တိုက်ရဲသေးတယ်။ သူတို့မိသားစုရဲ့ အရှုပ်တော်ပုံတွေက ဘာတွေလဲဆိုတာ မသိတော့ဘူး။ ဒီနားတစ်ဝိုက်က ရွာတွေမှာတောင် ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး”

အဒေါ်ချန်က စကားမပြောနိုင်တော့သည့်ဟန်ဖြင့် ဆိုလိုက်သည်။

“အရင်တုန်းက ရှန်လင်းလင်းကို ကြည့်ပြီး သူက ဉာဏ်ကောင်းတဲ့သူလို့ ငါ ထင်ခဲ့တာ။ အခု ကြည့်ရတာ သူကလည်း ဦးနှောက် မရှင်းတဲ့သူပဲ”

ရှန်မိသားစုနှင့် အတော်လေး နီးကပ်စွာ နေထိုင်သော အဘွားကြီးတစ်ဦးက ဝင်ပြောလိုက်၏။

“ဒါဆိုရင်တော့ နင် သူ့ကို အထင်လွဲသွားပြီ။ သူ့ဦးနှောက်က ရှင်းလင်းနေပါတယ်။ ကြားရသလောက်ဆိုရင် ကျန်းကျွန့်လျန်ရဲ့ လစာတော်တော်များများကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတာတဲ့။ ဘာပဲဖြစ်ဖြစ် ကျန်းကျွန့်လျန်နဲ့ သူ့ဝမ်းကွဲအစ်မက လက်ထပ်လို့မှ မရတာ။ သူက ကျန်းကျွန့်လျန်ရဲ့ လစာအတွက်နဲ့ပဲ ဒီလို ဆက်နေသွားဖို့ တွက်ထားပုံရတယ်။ ပြီးတော့ ကွာရှင်းတယ်ဆိုတာကလည်း နားထောင်လို့ မကောင်းဘူးလေ”

“နင်တို့စဉ်းစားကြည့်လေ၊ ဒီကျန်းကျွန့်လျန်က အဆုံးမှာ ဘယ်လိုဖြစ်ရတာလဲ။ ဝမ်းကွဲအစ်မကို သဘောကျနေမှတော့ ဘာလို့များ လက်ထပ်ခဲ့ရတာလဲ”

“အဟင်း.. ဒီကိစ္စကို ငါ သိတယ်။ ပြောကြတာကတော့ ငယ်ငယ်ကတည်းက သံယောဇဉ် ရှိခဲ့ကြပေမဲ့ တခြား ရည်ရွယ်ချက်တော့ မရှိခဲ့ဘူးတဲ့။ နောက်ပိုင်းမှ သူ့ဝမ်းကွဲအစ်မက ကွာရှင်းပြီး သူ့ဆီကို ပြန်လာရှာတာ။ အဲဒီလိုနဲ့ အသွားအလာများလာပြီး အဆင်ပြေသွားကြတာတဲ့”

အဒေါ်ချိုက်က သတင်းအချက်အလက်များကို ဝေမျှပေးလိုက်သည်။ “အဲဒီ ဖန့်ယွိဟွာကို ကြည့်ရတာကလည်း လူကောင်းတစ်ယောက်တော့ မဟုတ်ဘူး။ သူ ရှန်လင်းလင်းကို မီးတွင်းထဲမှာ ပြုစုပေးနေတုန်းက ကျိုးကန်းချိုင်ကိုတောင် မြူဆွယ်ခဲ့သေးတယ်မလား။ ငါ ကြားတာတော့ အဲဒီအချိန်တုန်းက သူက ကျိုးကန်းချိုင်ဆီကနေ ဂျုံမှုန့် ပေါင် ၃၀ ကျော်တောင် လိမ်ယူသွားသေးတယ်တဲ့။ ကျိုးကန်းချိုင်ဆိုရင် သူ့အမေရဲ့ ရိုက်နှက်တာကို ခံရလွန်းလို့ သေတော့မလို့”

“ကျိုးကန်းချိုင်ကလည်း နည်းနည်း ရူးနေတာပဲ။ သူ့မိသားစုနဲ့ ကျိုးချွန်းထောင် မိသားစုက ဆွေမျိုး ၅ ဆက် ကွာသွားပြီဆိုပေမဲ့ အထက်ကို ဆက်ပြီး ရေတွက်ကြည့်ရင် သွေးသားဆွေမျိုးတွေ ဖြစ်နေတုန်းပဲလေ။ ဘိုးဘေးတွေက တစ်ဆွေတည်း တစ်မျိုးတည်းဆိုရင် လက်မထပ်ရဘူးလို့ ပြောထားကြတယ်။ သူကတော့ အကောင်းသား။ နောက်ဆုံးတော့ ကျိုးချွန်းထောင်ကိုတောင် အိမ်ထဲ ခေါ်သွင်းပြီး လက်ထပ်လိုက်သေးတယ်။ ဒီနှစ်တွေအတွင်းမှာ ကျိုးချွန်းထောင်က သူ့အတွက် သားသမီး တစ်ယောက်မှ မမွေးပေးနိုင်ခဲ့ပေမဲ့ သူကတော့ သူများသားကို အားတက်သရော မွေးစားပေးနေရတယ်”

“ကျိုးချွန်းထောင်က တော်တော်လေး စွမ်းပါတယ်။ အရင်တုန်းက သူက ရှန်လောင်ချီကိုတောင် မျက်စိကျခဲ့သေးတာ။ သူ့သမီးကလည်း အတူတူပဲ။ ရွေးချယ်စရာတွေ အများကြီးထဲကမှ ယောက္ခမအိမ်ကောင်းကောင်းကို ရွေးပြီး လက်ထပ်သွားတာ။ တစ်နေ့လုံး ယောက္ခမအိမ်ကနေ ပစ္စည်းတွေ ခိုးယူပြီး မောင်ဖြစ်သူကို လာထောက်ပံ့နေတာ”

“……”

ဆောင်းဦး ကောက်ရိတ်သိမ်းပြီးခါစဖြစ်ပြီး ယခုနှစ်သည်လည်း အထွက်နှုန်းကောင်းသော နှစ်တစ်နှစ် ဖြစ်ပေသည်။ အဘွားကြီးများသည် တစ်နေ့လုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားစမြည် ပြောဆိုနေကြရင်း ယခုအချိန်အခါများတွင် နေ့ရက်များမှာ အမှန်တကယ်ပင် ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်ကြောင်း သက်ပြင်းချကာ ရေရွတ်လိုက်ကြလေသည်။

ရှန်မော့အာ ကိုယ်ဝန်ရှိသွားသည်ကို ကြားသိရသော လူတချို့က သူမအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသော်ငြားလည်း ရှန်မော့အာ ကိုယ်ဝန်ရှိသည်ကို ကြားသိရသော လူတချို့ကတော့ ကာလအတန်ကြာ ငြိမ်သက်နေခဲ့သော မကောင်းသည့် စိတ်ကူးအကြံအစည်လေးများမှာ မနေနိုင်ဘဲ တစ်ဖန် ပြန်လည် နိုးကြားလာကြလေတော့သည်။

...

အပိုင်း (၁၀၂)

“ကိုယ်ဝန်ရှိနေတာက ဘာဖြစ်လဲ၊ ကိုယ်ဝန်ရှိနေရင်တောင် သူက ပုံမှန်အတိုင်း အလုပ်ဆင်းနေတာပဲ၊ စက်ရုံရဲ့ ထုတ်လုပ်မှု တာဝန်တွေကို သူနဲ့ ရှင်းဖန်းကျဲတို့ နှစ်ယောက်ပဲ တိုင်ပင်ပြီး စီစဉ်နေကြတာ၊ ကျွန်တော့်မှာ ဝင်ပါစရာ နေရာတောင် မရှိဘူး”

ကျင်းချိုင်ဖေးသည် နားထင်ကို ပွတ်သပ်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “စက်ရုံမှူးရှန်က စကားပြောရတာ လွယ်ကူပုံပေါက်ပေမဲ့ တကယ်တမ်းကျတော့ ဒေါသမရှိတဲ့သူ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့အားလုံး သိကြတာပဲ”

ဖုန်းထဲမှ မောက်ကျန့်ရှင်းက နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်သည်။ “ဟုတ်တာပေါ့၊ ကျွန်တော်တို့အားလုံး သိကြတာပဲ၊ ဒါပေမဲ့ မင်းကတော့ ဒုတိယစက်ရုံမှူးအဖြစ် အေးအေးဆေးဆေး ရှိနေနိုင်ပြီး ကျွန်တော်ကတော့ ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့ ထောက်ပံ့ရေးဌာနက ဌာနခွဲမှူးအဖြစ် တစ်သက်လုံး နစ်မွန်းနေရတော့မှာလား”

ကျင်းချိုင်ဖေးမှာ အနည်းငယ် အနေရခက်သွားကာ “ဌာနခွဲမှူးမောက်... မင်း ဒီလိုပြောတော့လည်း ကျွန်တော်က...”

မောက်ကျန့်ရှင်းက သူ့စကားကို ဖြတ်ပြောလိုက်၏။ “မင်း ပြည်နယ်မြို့တော်ကို မပြန်ချင်ဘူးဆိုတာ ကျွန်တော် မယုံဘူး၊ မင်းရဲ့ သားလေးက မကြာခင် မူလတန်းပြီးတော့မယ် မဟုတ်လား၊ မင်း ပြန်သွားတိုင်း သူက မင်းနဲ့ ရင်းရင်းနှီးနှီး ရှိရဲ့လား၊ ပြီးတော့ မင်းရဲ့ မိန်းမ ရဲဘော်ချန်နဲ့ရော... ဒီလိုမျိုး ခွဲနေကြတာ ကြာလာရင် ဘယ်လောက်ပဲ သံယောဇဉ်ကြီးပါစေ အဆင်မပြေဖြစ်လာနိုင်တယ် မဟုတ်လား”

ကျင်းချိုင်ဖေးမှာ တိတ်ဆိတ်သွားရလေသည်။ မောက်ကျန့်ရှင်း၏ စကားများသည် သူ့ရင်ထဲမှ အနာဟောင်းကို ဆွလိုက်သကဲ့သို့ပင်။ သားဖြစ်သူ ကြီးပြင်းလာချိန်တွင် အနားမှာ မရှိနိုင်ခဲ့သဖြင့် ကလေးမှာ သူ့အပေါ် တဖြည်းဖြည်း အေးစက်လာခဲ့သလို၊ ဇနီးဖြစ်သူမှာလည်း အစပိုင်းတွင် ထောက်ခံခဲ့သော်လည်း ယခုအခါတွင်တော့ မကြာခဏဆိုသလို မကျေမနပ် ညည်းညူလာတတ်သည်။

အပေါ်ယံကြည့်လျှင် သူသည် ပြည်နယ်မြို့တော်တွင် မရရှိနိုင်သော အဆင့်အတန်းတစ်ခုကို ဖြတ်လမ်းနည်းဖြင့် ရောက်ရှိနေသကဲ့သို့ ထင်ရသော်လည်း သူ ဘယ်လောက်အထိ ရင်းနှီးပေးဆပ်ခဲ့ရသည်ကို မည်သူက သိနိုင်ပါမည်နည်း။

“မင်းအနေနဲ့ တခြားဘာမှ လုပ်စရာမလိုပါဘူး၊ စာရွက်စာတမ်း တချို့မှာ လက်မှတ်ထိုးပြီး တံဆိပ်တုံးထုပေးရုံပါပဲ၊ သူက စက်ရုံမှာ တစ်သက်လုံး ရှိနေနိုင်မှာ မဟုတ်ဘူးလေ၊ ကလေးမွေးတဲ့အချိန်၊ မီးဖွားပြီး နားတဲ့အချိန်ကျရင် လုပ်ပိုင်ခွင့်တွေကို မင်းတို့ဆီ လွှဲပေးရမှာပဲ”

မောက်ကျန့်ရှင်း၏ အသံမှာ မြူဆွယ်ဖြားယောင်းမှုများဖြင့် ပြည့်နှက်နေ၏။ “အဲဒီအချိန်ကျရင် မင်းက စက်ရုံမှူးလုပ်၊ ကျွန်တော်က ဒုတိယစက်ရုံမှူးလုပ်ပြီး မင်းကို ကူညီပေးမယ်၊ ကျွန်တော်တို့ ပန်းထိုးအထည်စက်ရုံ(၂)ကို အဆင့်အသစ်တစ်ခုဆီ ခေါ်ဆောင်သွားကြတာပေါ့၊ အခုက အမှတ်(၉) အလုပ်ရုံ တည်ထောင်စကာလ မဟုတ်တော့ဘူး၊ စက်ရုံရဲ့ အခြေခံ အုတ်မြစ်တွေက ခိုင်မာနေပြီ၊ အလုပ်သမားတွေ၊ စက်ကိရိယာတွေ၊ အော်ဒါတွေ အားလုံးက ပြည့်စုံနေတာပဲ၊ ရှန်မော့အာ တစ်ယောက် ရှိရှိ မရှိရှိ ဘယ်သူမှ ဂရုစိုက်နေမှာ မဟုတ်ဘူး”

“သူက စက်ရုံကို လျိုချောင်တပ်ဖွဲ့ရဲ့ အစွန်အဖျားဒေသမှာပဲ ဆက်ထားချင်နေတာကို ပြည်နယ်အဆင့် ခေါင်းဆောင်တွေကလည်း မကျေနပ်ကြဘူး၊ ဒါကို မင်း နားလည်တယ် မဟုတ်လား”

ကျင်းချိုင်ဖေးက “ကျွန်တော့ကို ထပ်ပြီး စဉ်းစားခွင့်ပေးပါဦး” ဟု ဆိုကာ ဖုန်းကို ချလိုက်တော့သည်။

ပြင်ပမှ တံခါးခေါက်သံ ကြားလိုက်ရသဖြင့် ကျင်းချိုင်ဖေးသည် စိတ်ကို ပြန်လည်စုစည်းကာ “ဝင်ခဲ့ပါ” ဟု အသံမြှင့်၍ ပြောလိုက်၏။

လျိုယင်းရွှမ်းသည် ဝယ်ယူရေးစာရင်းတစ်ခုကို ကိုင်ဆောင်လျက် ဝင်လာခဲ့သည်။ “ဒုတိယစက်ရုံမှူးကျင်း... ဒီပစ္စည်းတွေရဲ့ ပမာဏက ကျွန်မရဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေလို့ ရှင့်ရဲ့ လက်မှတ် လိုအပ်ပါတယ်”

လျိုယင်းရွှမ်းသည် မူလက အလုပ်ရုံ ဒုတိယကြီးကြပ်ရေးမှူး ဖြစ်သော်လည်း ကာလအတန်ကြာ လုပ်ကိုင်ပြီးနောက် သူမကိုယ်တိုင် ရှန်မော့အာထံတွင် ရာထူးပြောင်းလဲပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ သူမ၏ အနိုင်နိုင် သင်ယူထားသော နည်းပညာများမှာ တိုးတက်လာသော ပန်းထိုးကျွမ်းကျင်သူများ၏ ရှေ့တွင် မပြောပလောက်တော့ပေ။

ကွမ်ကျိုးကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ဖူးသော အတွေ့အကြုံများကြောင့် လျိုယင်းရွှမ်းသည် ဝယ်ယူရေးနှင့် အရောင်းကဏ္ဍကဲ့သို့သော အလုပ်များကို ပိုမိုနှစ်သက်ကြောင်း သိရှိခဲ့ရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဝယ်ယူအရောင်းဌာနသို့ ရောက်ရှိသွားပြီးနောက် လျိုယင်းရွှမ်းသည် ရေတွင်းထဲမှ ငါးကဲ့သို့ပင် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ခဲ့၏။ နောက်ပိုင်းတွင် စက်ရုံအဆင့်အတန်း ပိုမိုကြီးမားလာသည်နှင့်အမျှ ဝယ်ယူရေးနှင့် အရောင်းဌာနကို သီးခြားစီ ခွဲထုတ်လိုက်ပြီး လျိုယင်းရွှမ်းသည် ဝယ်ယူရေးဌာန၏ ဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

ကျင်းချိုင်ဖေးသည် စာရင်းကို သေချာကြည့်ရှုပြီးနောက် လျင်မြန်စွာပင် လက်မှတ်ထိုးပေးလိုက်သည်။ လျိုယင်းရွှမ်းသည် ကျင်းချိုင်ဖေးကို တစ်ချက်ကြည့်ကာ ရုံးခန်းမှ ထွက်ခွာသွားခဲ့၏။ ရုံးခန်းသို့ ပြန်ရောက်သောအခါ လျိုယင်းရွှမ်းသည် လက်ထဲမှ အလုပ်တချို့ကို အမြန်ဆုံး ရှင်းလင်းလိုက်ပြီးနောက် လက်ဗလာဖြင့်ပင် စက်ရုံမှူးရုံးခန်းသို့ သွားရောက်ခဲ့သည်။

သူမ ဝင်သွားချိန်တွင် ရှန်မော့အာသည် စာရွက်စာတမ်းများကို ဖတ်ရှုနေ၏။ လျိုယင်းရွှမ်းသည် မိမိဘာသာ ရေတစ်ခွက် ငှဲ့သောက်လိုက်ပြီး ဘေးရှိ ဗီဒိုထဲမှ ပန်းသီးတစ်လုံးကို ထုတ်ယူကာ အခွံနွှာလိုက်ပြီး ရှန်မော့အာထံ ကမ်းပေးလိုက်သည်။ “ဗီတာမင် ဖြည့်စွက်ရမယ့် အချိန်ရောက်ပြီ”

ရှန်မော့အာသည် စာရွက်စာတမ်းများကို ချလိုက်ပြီး ပန်းသီးကို တစ်ကိုက် ကိုက်ကာ မေးလိုက်၏။ “ဘာလဲ။ ပညာတတ်လူငယ်ဖုက ရှင့်ကိုပါ တာဝန်တွေ ခွဲပေးလိုက်ပြန်ပြီလား”

လျိုယင်းရွှမ်းက ‘ရှင့်ရဲ့ ယောက်ျားကို ကြည့်ပါဦး၊ သူ ရူးတော့မှာပဲ’ ဟူသော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ဒါတင်မကသေးဘူး၊ သူက ကျွန်မတို့အားလုံးကို တာဝန်တွေ ခွဲပေးထားတာ၊ သစ်သီးအဖွဲ့၊ မုန့်ပဲသရေစာအဖွဲ့၊ အချိန်မှန် အလုပ်ဆင်းရေးအဖွဲ့၊ ရေနွေးကြိုအဖွဲ့... ဆိုပြီးတော့လေ၊ ကျွန်မနဲ့ ကျောက်ထင်ထင်က သစ်သီးအဖွဲ့ကပဲ၊ အဖွဲ့ နှစ်ဖွဲ့ခွဲထားပြီး အားတဲ့သူက ရှင် ပန်းသီးစားဖို့ လာပြီး စောင့်ကြည့်ရတာ”

ရှန်မော့အာမှာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားကာ နားထင်ကို နှိပ်လိုက်မိ၏။ “ရှင့်တို့ သူ့ကို ဂရုမစိုက်ဘဲ နေလိုက်လို့ ရတာပဲကို”

ကိုယ်ဝန်ရှိလာကတည်းက ဖုမင်ဇယ်မှာ တစ်ခြားလူတစ်ယောက်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည်။ မူလက သတ္တိရှိသောသူ ဖြစ်ပါလျက် ယခုအခါတွင်တော့ နေရာတိုင်းတွင် အလွန်အမင်း သတိထားနေတတ်ပြီး သူမကို ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ပင် တန်ဖိုးထား ဂရုစိုက်နေလေသည်။ ပိုဆိုးသည်မှာ သူမ၏ အဖေဖြစ်သူသည်လည်း ရှားရှားပါးပါးပင် သားမက်ဖြစ်သူနှင့် တစ်ဖက်တည်း ရပ်တည်နေခြင်းပင်။ အိမ်တွင် လူသုံးယောက် ရှိသည့်အထဲ၌ ဒီမိုကရေစီနည်းကျ မဲခွဲဆုံးဖြတ်လျှင် သူမသည် အမြဲတမ်း လူနည်းစုအဖြစ်သာ ရှုံးနိမ့်နေရတော့သည်။

သို့သော်လည်း အမှန်တကယ်ပင် လွန်ကဲလွန်းလှသည်ဟု သူမ ခံစားရသည်။

ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ နေ့စဉ်ဘဝတွင် အဆင်မပြေမှုတချို့ ရှိလာသည်မှာ မှန်သော်လည်း သည်လောက်အထိတော့ မလိုအပ်ဟု သူမက ယူဆလေသည်။

“ရပါတယ်၊ ပန်းသီးတစ်လုံး အခွံနွှာပေးရတာ ဘာခက်တာမှတ်လို့” လျိုယင်းရွှမ်းက လက်ဖက်ရည် သောက်ရင်း ပြောလိုက်၏။ “ကျွန်မလည်း ဒီအကြောင်းပြချက်နဲ့ ခဏလောက် အနားယူလို့ ရတာပေါ့”

ရှန်မော့အာက သူမကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ “တစ်ခုခု ဖြစ်လို့လား၊ ရှင့်ကို ပိုးပန်းနေတဲ့သူက အိမ်ကို ပစ္စည်းတွေ ထပ်ပို့နေပြန်ပြီလား၊ ဒါမှမဟုတ် ကြိမ်ထည်ပစ္စည်း ပညာရှင်အသင်းမှာ ပြဿနာ တစ်ခုခု တက်နေလို့လား”

ကွမ်ကျိုးကုန်စည်ပြပွဲမှ ပြန်လာပြီး အမှတ်(၉) အလုပ်ရုံမှ စက်ရုံခွဲ(၂)အဖြစ် ပြောင်းလဲကာ လျိုယင်းရွှမ်းမှာ အလုပ်ရုံ ဒုတိယကြီးကြပ်ရေးမှူးအဖြစ် ခန့်အပ်ခံရပြီးနောက်တွင် သူမကို ပိုးပန်းသူများမှာ မိုးရွာအပြီး မှိုများထွက်လာသည့်အလား များပြားလာခဲ့သည်။ တချို့က သူမ အိမ်ပြန်လမ်းတွင် စားစရာ၊ သုံးစရာများ ပေးကမ်းကာ တော်လှန်ရေး သံယောဇဉ် တည်ဆောက်လိုကြောင်း ပြောဆိုကြပြီး၊ တချို့ကတော့ အလွန်အကျွံ ပြုမူကာ သူမ၏ အဖေအိမ်သို့ပင် သွားရောက်၍ မျက်နှာချိုသွေးကာ ပစ္စည်းများ ပေးပို့ကြသည်။

လျိုယင်းရွှမ်းနှင့် သူမ၏ အဘိုးဖြစ်သူမှာ အိမ်မှ ခွဲထွက်နေထိုင်သည်မှာ ကြာပြီဖြစ်သော်လည်း အပြင်လူများကတော့ အဖေဖြစ်သူကသာ သမီး၏ အိမ်ထောင်ရေးကို ဆုံးဖြတ်နိုင်သည်ဟု ထင်မြင်နေကြဆဲပင်။ ဤကိစ္စကြောင့် လျိုယင်းရွှမ်းသည် စုန်းရှုတပ်ဖွဲ့သို့ ပြန်တိုင်း သူမ၏ အဖေ၊ မိထွေးတို့နှင့် အမြဲတမ်း ရန်ဖြစ်ရလေ့ရှိသည်။

ကြိမ်ထည်ပစ္စည်း ပညာရှင်အသင်းမှာမူ ပထမအကြိမ် ကွမ်ကျိုးကုန်စည်ပြပွဲမှ ပြန်လာပြီးနောက် တဖြည်းဖြည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ရှန်မော့အာက ကြိမ်ထည် လက်ဆောင်သေတ္တာ အလုံးရေ ငါးသောင်းကို ရောင်းချပေးခဲ့သည် မဟုတ်ပါလား။ အစပိုင်းတွင် တပ်ဖွဲ့မှ လက်မှုပညာရှင်များကို စုစည်းပြီး သေတ္တာများ ရက်လုပ်စေကာ စနစ်တကျ ပြန်လည်ဝယ်ယူသည့် စနစ်ကို ကျင့်သုံးခဲ့သည်။ ထိုသေတ္တာများကို တပ်ဖွဲ့က စက်ရုံသို့ ပြန်လည်ရောင်းချပေးခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် အော်ဒါအရေအတွက် များပြားလာသဖြင့် တပ်ဖွဲ့က ကြိမ်ထည်ပစ္စည်း ပညာရှင်အသင်းကို သီးခြား တည်ထောင်ခဲ့သည်။

မူလနမူနာ ပစ္စည်းမှာ အဘိုးလျို ရက်လုပ်ထားခြင်း ဖြစ်သဖြင့် အသင်းတည်ထောင်ပြီးနောက် အဘိုးလျိုသည် ဒုတိယအသင်းဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ အသင်းဥက္ကဋ္ဌမှာ တပ်ဖွဲ့မှ တိုက်ရိုက်ခန့်အပ်ထားသူ ဖြစ်လေသည်။ ထိုရာထူးကြောင့် အဘိုးလျိုမှာ မကြာခဏဆိုသလို အခက်တွေ့ရတတ်သည်။ ဆွေမျိုးသားချင်းများထဲမှ လူတချို့က နည်းလမ်းမျိုးစုံဖြင့် အကူအညီတောင်းခံခြင်းများ ပြုလုပ်ကြရာ စိတ်သဘောထား နူးညံ့လှသော အဘိုးလျိုပင်လျှင် ဒေါသထွက်ရသည့် အကြိမ်ပေါင်း မနည်းတော့ချေ။

လျိုယင်းရွှမ်းက အဘိုးဖြစ်သူကို အပင်ပန်းမခံဘဲ အိမ်မှာပဲ အေးအေးဆေးဆေး နားနေစေချင်သော်လည်း အဘိုးကြီးကတော့ မကျေနပ်နိုင်ဘဲ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးတွင် ပါဝင်ခွင့်ရခြင်းမှာ ခဲယဉ်းလှသဖြင့် အဖွဲ့အစည်းက သူ့ကို မလိုအပ်တော့သည့် နေ့အထိ ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆိုလေသည်။ လျိုယင်းရွှမ်းမှာ မတတ်သာသဖြင့် အဘိုးဖြစ်သူ၏ ဆန္ဒအတိုင်း လွှတ်ထားလိုက်ရသော်လည်း ကွယ်ရာတွင်တော့ ဆွေမျိုးမတော်ဘဲ ဆွေမျိုးစပ်လိုသော သူများကို သူမဘာသာ သွားရောက် သတိပေး ဆုံးမလေ့ရှိသည်။

ဤကိစ္စများမှာ စိတ်ညစ်စရာ ကောင်းသည်မှာ မှန်သော်လည်း အလုပ်ချိန်အတွင်း စက်ရုံမှူးကို လာရောက် တိုင်တောရမည့်အထိတော့ မဟုတ်ပေ။

လျိုယင်းရွှမ်းက ခေါင်းခါပြလိုက်၏။ “မဟုတ်ပါဘူး... အဲဒါက...”

သူမသည် မတ်တပ်ရပ်ကာ ရုံးခန်းတံခါးကို ပိတ်လိုက်ပြီး အပြင်ခန်းရှိ အတွင်းရေးမှူးပင် မကြားနိုင်တော့ကြောင်း သေချာမှသာ ပြောလိုက်သည်။ “စောစောက ဒုတိယစက်ရုံမှူးကျင်းဆီ လက်မှတ်သွားတောင်းတုန်းက သူ ဖုန်းပြောနေတာကို မတော်တဆ ကြားလိုက်မိလို့၊ ကိုယ်ဝန်အကြောင်းတွေ၊ ဝင်ပါလို့ မရတဲ့အကြောင်းတွေ ပြောနေကြတာ”

ရှန်မော့အာက ပြုံးစစဖြင့် မေးလိုက်၏။ “မတော်တဆ ကြားခဲ့တာလား”

လျိုယင်းရွှမ်းက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။ “အစပိုင်းမှာတော့ မတော်တဆပါပဲ၊ ဒါပေမဲ့ ကိုယ်ဝန်အကြောင်းတွေ ကြားလိုက်ရတော့ ကျွန်မ ရည်ရွယ်ချက်ရှိရှိနဲ့ ခဏလောက် ရပ်နားထောင်လိုက်တာ၊ ဒါပေမဲ့ သူက သိပ်မပြောဘူး၊ ဟိုဘက်ကပဲ ပြောနေတာ ထင်တယ်၊ နောက်ဆုံးတော့ ‘ထပ်ပြီး စဉ်းစားဦးမယ်’ လို့ပဲ ပြောလိုက်တယ်”

“သေချာပေါက် ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး” သူမက နောက်ဆုံးတွင် ထိုသို့ မှတ်ချက်ပေးလိုက်၏။

ရှန်မော့အာသည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။ “ရပါတယ်၊ ဘာမှ ကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်ဘူး”

အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်ခဲ့သည်။ ၁၉၇၇ ခုနှစ် ဇူလိုင်လအထိ ရောက်ရှိလာသော်လည်း စက်ရုံအတွင်း၌ အေးချမ်းသာယာလျက်ပင် ရှိနေ၏။ ရှန်မော့အာ၏ ဝမ်းဗိုက်မှာ အတော်ပင် ကြီးထွားနေပြီဖြစ်သော်လည်း ပညာတတ်လူငယ်ဖု၏ စေ့စပ်သေချာသော ဂရုစိုက်မှုများကြောင့် သူမ၏ ကျန်းမာရေးမှာ အထူးကောင်းမွန်နေပြီး နေ့စဉ် စားကောင်းအိပ်ပျော်လျက် ရှိသည်။

မွန်းလွဲပိုင်းတွင် မိုးရွာသွန်းခဲ့သော်လည်း ညနေစောင်းချိန်တွင် မိုးတိတ်သွားခဲ့သည်။ လေထုထဲ၌ နေ့ဘက်က အပူရှိန်များ လျော့ပါးသွားကာ လေပြေအေးလေးများက ရံဖန်ရံခါ တိုက်ခတ်လာ၏။ ရှန်မော့အာသည် ခါးကို ထောက်လျက် စက်ရုံတံခါးဝသို့ လျှောက်လာခဲ့ပြီး လုံခြုံရေးဝန်ထမ်းများက သူမကို နှုတ်ဆက်ကြသည်။ “ပညာတတ်လူငယ်ဖု ရောက်နေပါပြီ၊ တံခါးဝမှာ စောင့်နေတယ်”

မျှော်လင့်ထားသည့်အတိုင်းပင် စက်ရုံတံခါးဝရှိ သစ်ပင်အောက်၌ ဖုမင်ဇယ်သည် စက်ဘီးကို ကိုင်လျက် စောင့်ဆိုင်းနေလေသည်။

“ဘာလို့ အထဲမဝင်တာလဲ၊ အပြင်မှာ အရမ်းပူနေတာကို” ရှန်မော့အာသည် လက်ထဲမှ အိတ်ကို ဖုမင်ဇယ်ထံ ကမ်းပေးလိုက်၏။

ဖုမင်ဇယ်က စက်ဘီးခြင်းထဲမှ စက္ကူထုပ်တစ်ခုကို ထုတ်ပေးလိုက်သည်။ “အရင်ဆုံး ဒါလေး နည်းနည်းလောက် စားထားလိုက်ဦး”

ရှန်မော့အာက ယူလိုက်ပြီးမှ သူ၏ မေးခွန်းကို ပြန်လည်ဖြေကြားလိုက်သည်။ “မိုးရွာပြီးသွားတော့ အပြင်မှာ မပူတော့ပါဘူး”

စက္ကူထုပ်ထဲတွင်တော့ ပူပူနွေးနွေး ကြက်ဥကြက်သွန်မြိတ်မုန့် နှစ်ခု ရှိနေ၏။ ဆီအများကြီး မပါဘဲ ကြက်ဥနှင့် ကြက်သွန်မြိတ် အနည်းငယ်သာ ပါဝင်သော မုန့်ဖြစ်သည်။ ဗိုက်ပိုကြီးလာသည်နှင့်အမျှ ရှန်မော့အာမှာ ဗိုက်ဆာလွယ်လာသဖြင့် လမ်းလျှောက်ရင်း ထိုမုန့်နှစ်ခုကို စားပစ်လိုက်သည်။ သူမက နှုတ်ခမ်းကို သုတ်လိုက်ရင်း ဗိုက်ထဲတွင် အနည်းငယ် နေသာသွားတော့သည်။

ဖုမင်ဇယ်က သူမ၏ အမူအရာကို မြင်သည်နှင့် သိလိုက်သဖြင့် ရယ်မောကာ ပြောလိုက်သည်။ “ဒါက အဒေါ်ချိုက်က သူ့မြေးလေးအတွက် လုပ်ပေးတဲ့ မုန့်လေ၊ ကိုလည်း အများကြီး ယူဖို့ အားနာလို့ပါ”

ရှန်မော့အာမှာ ၎င်းမှာ သူ 'တောင်းယူ' လာခြင်းဖြစ်ကြောင်း စောစောကတည်းက ခန့်မှန်းမိပြီးသားပင်။ ပညာတတ်လူငယ်ဖုမှာ သည်လိုမုန့်လုပ်နည်း မသိတာ သေချာသည်။

သို့သော် ကိုယ်ဝန်ရှိလာကတည်းက ဖုမင်ဇယ်မှာ မျက်နှာပြောင်လာပုံရပြီး သူမအတွက် စားစရာများကို မကြာခဏဆိုသလို လိုက်လံတောင်းယူလေ့ရှိသည်။ ရွာထဲရှိ အဒေါ်ချန်၊ အဒေါ်ချိုက်၊ အဒေါ်ဝမ်၊ တပ်ဖွဲ့ခေါင်းဆောင်၏ ဇနီး၊ ကျိုးတာ့ရွှမ်း၏ ဇနီးနှင့် လုတုန်းယွမ် တို့ကိုပင် သူက အကူအညီတောင်းခဲ့ဖူးသည်။

အစောပိုင်း လူအချို့မှာမူ အဆင်ပြေလှသော်လည်း၊ ကျိုးတာ့ရွှမ်း၏ မိသားစုမှာမူ သူတို့နှင့် အိမ်နီးချင်း ဖြစ်သော်ငြားလည်း အလယ်တွင် တပ်ဖွဲ့ရုံးခန်း ခံနေသဖြင့် ပုံမှန်အားဖြင့် အဆက်ဆံ သိပ်မရှိလှချေ။ ရှန်မော့အာသည် ကျိုးတာ့ရွှမ်း၏ ဇနီးနှင့်ပင်လျှင် သိပ်ရင်းနှီးသူ မဟုတ်ပေ။

လုတုန်းယွမ်ကတော့ ပန်းထိုးအထည်စက်ရုံအတွက် အလုပ်လုပ်ပေးနေသော်လည်း၊ သူမ၏ မိသားစု၌ 'မြေရှင်' ဟူသော အမည်ဆိုးမှာ ပယ်ဖျက်ခြင်း မခံရသေးသဖြင့် တခြားသူများနှင့် သိပ်ပြီး အဆက်အသွယ် မပြုလုပ်လှချေ။ ဖုမင်ဇယ်သည် သူမက ပဲစိမ်းမုန့် ပြုလုပ်ရာတွင် ကျွမ်းကျင်ကြောင်းကို မည်သို့ မည်ပုံ သိရှိသွားခဲ့သည် မသိသော်လည်း၊ ပစ္စည်းများ အစုံအလင် ပြင်ဆင်ယူဆောင်သွားကာ သူမအား မုန့်တစ်ပေါင်းအိုးစာ လုပ်ပေးရန် တောင်းဆိုခဲ့လေသည်။

လိုရင်းကို ပြောရမည်ဆိုလျှင် ရှန်မော့အာသည် ကိုယ်ဝန်ရှိပြီးနောက် ထူးထူးဆန်းဆန်း တစ်ခုခုကို အသည်းအသန် စားချင်စိတ် ဖြစ်ပေါ်ခြင်းမျိုး မရှိသော်လည်း သူမ စားသောက်ရသော အရာများမှာမူ အစားချေးများသည့် ကိုယ်ဝန်ဆောင်များထက် နည်းပါးခြင်း မရှိခဲ့ချေ။

ရှန်မော့အာက စနောက်လိုက်၏။ "ပညာတတ်လူငယ်ဖုကလည်း အားနာတတ်သေးတာပဲလား"

ဖုမင်ဇယ်က သူမကို တစ်ချက်ကြည့်ကာ ပြန်မေးလိုက်သည်။ "ကို လုပ်နေတာတွေ အားလုံးက ဘယ်သူ့အတွက်လဲ"

ရှန်မော့အာသည် ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်သည့် အမူအရာ ပြုလုပ်လိုက်လေသည်။

ခဏအကြာတွင် သူမက စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။ "ရှင် ရှင့်အဖေဆီ စာပြန်ပြီးပြီလား။ အဘိုးကြီးက ရှင့်ကို တွေ့ချင်နေတာကလည်း သဘာဝကျပါတယ်၊ နှစ်ပေါင်းများစွာ မတွေ့ရတာဆိုတော့လေ။ ကျွန်မ ကလေးမွေးပြီးရင် ရှင် အချိန်တစ်ခုရှာပြီး မိဘထံ သွားရောက်လည်ပတ်သင့်တယ် မဟုတ်လား"

လွန်ခဲ့သည့် ၂ နှစ်အတွင်း ပညာတတ်လူငယ် အမြောက်အမြားမှာ မြို့တော်သို့ ပြန်သွားခဲ့ကြပြီ ဖြစ်သည်။ လျိုယင်းရွှမ်း၏ ပြောပြချက်အရဆိုလျှင် ၁ နှစ်၊ ၂ နှစ်အတွင်း ပညာတတ်လူငယ် အများစုမှာ မြို့တော်သို့ ပြန်နိုင်ကြလိမ့်မည်။

ပြီးခဲ့သည့် ဆောင်းရာသီမှစပြီး ဖုမင်ဇယ်၏ မိသားစုထံမှ စာများ မကြာခဏ ရောက်ရှိလာခဲ့ပြီး ရှန်မော့အာက သူ့အိမ်မှလည်း သူ့ကို မည်သည့်အချိန်တွင် ပြန်လာမည့်အကြောင်း မေးမြန်းနေကြသည်ဟု တွက်ဆထားသည်။

သည်နှစ်များအတွင်း ဖုမင်ဇယ်သည် မိဘထံ သွားရောက်လည်ပတ်ရန် ခွင့်မယူခဲ့ဖူးချေ။ တစ်ကြိမ်တွင် ရှန်မော့အာက သူနှင့်အတူ မြို့တော်သို့ သွားရောက်လည်ပတ်ရန် အကြံပြုခဲ့သော်လည်း သူက ထိုခရီးစရိတ်များကို အိမ်သို့ ပို့ပေးခြင်းက ပိုအသုံးဝင်လိမ့်မည်ဟု ဆိုကာ ငြင်းဆိုခဲ့သည်။ မြို့တော်မှာ အလွန်ဝေးလံလှပြီး သူတို့နှစ်ဦးစလုံးမှာလည်း အလုပ်များလွန်းသဖြင့် နောက်ဆုံးတွင် ရှန်မော့အာက သူ့ကို အိမ်သို့ ငွေ ၃၀၀ ယွမ် ပေးပို့ရန် သဘောတူခဲ့သည်။

ဖုမင်ဇယ်သည် မသိမသာ မျက်လွှာချလိုက်ပြီး "နောက်မှ စဉ်းစားကြတာပေါ့။ ကလေးမွေးပြီးရင် ပိုပြီး အလုပ်များလာဦးမှာ"

အမှန်တွင်တော့ သူ့အဖေမှာ သားဖြစ်သူကို သွားရောက်လည်ပတ်စေလိုခြင်း မဟုတ်ချေ။ သူ့မိဘများမှာ နာမည်ကောင်း ပြန်လည်ရရှိကာ မြို့တော်သို့ ပြန်ရောက်နေကြပြီဖြစ်သောကြောင့် သားဖြစ်သူအား ချွေးမကိုပါ ခေါ်ဆောင်ပြီး လာရောက်စေလိုကြခြင်း ဖြစ်သည်။ သို့သော် ဖုမင်ဇယ်မှာ သူ၏ မိသားစုသည် မျိုးရိုးစဉ်ဆက် ဆင်းရဲသား အလုပ်သမားမျိုးနွယ် မဟုတ်ကြောင်းကို သူ့မိန်းမအား မည်သို့ ရှင်းပြရမည်ကို မစဉ်းစားရသေးချေ။

...

All Chapters