အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အပိုင်း (၁၀၃)
ဖုမင်ဇယ်သည် မုန့်လုပ်နည်းကို မတတ်မြောက်သေးသော်လည်း ကိုယ်ဝန်ဆောင်ကို ၆ လကျော် ပြုစုယုယလာခဲ့ပြီးနောက် သူ၏ချက်ပြုတ်မှုအတတ်ပညာမှာ တစ်ဟုန်ထိုးတိုးတက်လာခဲ့ပြီး ယခုအခါတွင် ဟင်းလျာကောင်းများကို ကျွမ်းကျင်စွာ ချက်ပြုတ်နိုင်လာသည်။
ဆယ်စုနှစ်များစွာကြာသည်အထိ ဟင်းချက်စွမ်းရည်မှာ တိုးတက်မှုမရှိသော ယောက္ခထီး ရှန်ရှောက်ယွမ်မှာ သူနှင့်နှိုင်းယှဉ်လိုက်ပါက အလွန်ပင်ညံ့ဖျင်းလှသည်ဟု ဆိုရပေလိမ့်မည်။
ဖုမင်ဇယ်သည် မီးဖိုချောင်အတွင်း အားတက်သရော ချက်ပြုတ်နေစဉ် သားအဖနှစ်ဦးကတော့ ဧည့်ခန်းငယ်လေးအတွင်း ထိုင်ကာ လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။
“ဘယ်အချိန်လောက် မြို့တော်ကို သွားဖို့ ပြင်ထားလဲ” ရှန်ရှောက်ယွမ်က မေးမြန်းလိုက်သည်။
“တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်တဲ့အထိ စောင့်ရမှာပေါ့” ရှန်မော့အာက ချဉ်စူးနေသော မက်မွန်သီးကို စားရင်း ပြောလိုက်သည်။ “လျိုယင်းရွှမ်းရဲ့ အပြောအရဆိုရင် နောက်အကျဆုံး နောက်နှစ်ကျရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေလို့ရတော့မယ်။ ပြီးတော့ အခုလက်ရှိ အခြေအနေတွေအရဆိုရင်လည်း အဲဒီလိုပဲ ဖြစ်လာဖို့ များတယ်”
သားအဖနှစ်ဦးသည် လျိုယင်းရွှမ်း၏ကိစ္စကို သီးသန့်တိုင်ပင်ခဲ့ကြဖူး၏။ သူတို့ကိုယ်တိုင်မှာလည်း တခြားသူများနှင့် "မတူကွဲပြား" နေသူများဖြစ်ကြသဖြင့် လျိုယင်းရွှမ်း၏ အခြေအနေကို လက်ခံနိုင်စွမ်း မြင့်မားကြသည်။
သူတို့မှာ မထင်မှတ်ဘဲ ကမ္ဘာသစ်သို့ ရောက်ရှိလာပြီး ရှန်လောင်ချီနှင့် ရှန်မော့အာတို့၏ ကိုယ်စား ဝင်ရောက်နေထိုင်သူများဖြစ်ကြပါက လျိုယင်းရွှမ်းကတော့ "ဘဝသစ်တစ်ခု ပြန်လည်စတင်သူ" ဟု ဆိုရပေလိမ့်မည်။
ဤကမ္ဘာတွင် အမျိုးသမီးများလည်း "နန်းတွင်းစာမေးပွဲ" ဝင်ရောက်ဖြေဆိုနိုင်သည်မှာ ရှန်ရှောက်ယွမ်အတွက် အမှန်တကယ်ပင် ဆန်းသစ်လှ၏။ သူသည် သညကမ္ဘာတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီး သာ့လျန်မင်းဆက်တွင် အမျိုးသမီးများကို လုံးဝခွင့်မပြုခဲ့သော အရာများစွာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသော်လည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုတော့ တစ်ခါမှ မကြုံဖူးသေးချေ။
ရှန်ရှောက်ယွမ်သည် ရှန်မော့အာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခြင်းကို အလွန်ပင် ထောက်ခံအားပေးသည်။ သာ့လျန်မင်းဆက်တွင် သူ့သမီးမှာ အဆင့်အတန်းမြင့်မားပြီး ထက်မြက်လွန်းလှသော်လည်း နန်းတွင်းစာမေးပွဲဖြေဆိုရန်နှင့် ညီလာခံသို့ တက်ရောက်ရန်မှာ လုံးဝမဖြစ်နိုင်သောအရာများ ဖြစ်ခဲ့၏။
သို့သော် ရှန်ရှောက်ယွမ်၏ စိတ်ထဲတွင်တော့ သူ၏နောင်တော် ဧကရာဇ်မင်း၏ သားတော်များမှာ သူ့သမီးထက် သာလွန်ထူးချွန်ခြင်း မရှိဘဲ အဆင့်အတန်းမြင့်မားမှုအပေါ် အခွင့်ကောင်းယူနေကြခြင်းသာ ဖြစ်သည်ဟု အမြဲခံစားခဲ့ရသည်။
ယခုအခါ ကမ္ဘာသစ်သို့ ရောက်ရှိလာချိန်တွင် သူ့သမီးသည် မည်သည့်အရာကိုမဆို ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်နိုင်သည်မှာ အမှန်ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခြင်း၊ တက္ကသိုလ်ကျောင်းသူဘဝ၊ မြို့တော်သို့ သွားရောက်ခြင်း... နောင်တစ်ချိန်တွင် သူ့သမီးငယ်လေး လျှောက်လှမ်းရမည့် ကမ္ဘာကြီးမှာ ပိုမိုကျယ်ပြောလှပေလိမ့်မည်။
“အတော်ပဲ.. ဒီနေ့ မြို့တော်က ပုံနှိပ်တိုက်ဆီက စာပြန်လာတယ်။ အဖေဆွဲထားတဲ့ ရုပ်ပြစာအုပ်တွေကို ပုံနှိပ်ထုတ်ဝေချင်တယ်တဲ့။ ပြီးတော့ ပန်းချီတည်းဖြတ်သူအဖြစ် လုပ်ဖို့ စိတ်ဝင်စားလားလို့လည်း မေးထားသေးတယ်” ရှန်ရှောက်ယွမ်က ပြုံးရွှင်စွာ ပြောလိုက်၏။
ရှန်မော့အာက အံ့သြဝမ်းသာစွာဖြင့် ပြောလိုက်၏။ “တကယ်လား။. အဲဒါဆိုရင်တော့ တကယ့်ကို ကောင်းတာပေါ့”
ဤနှစ်များအတွင်း သတင်းစာနှင့် မဂ္ဂဇင်းများစွာသည် တစ်စစ ပြန်လည်ထုတ်ဝေလာခဲ့၏။ ယခင်က ပိတ်သိမ်းထားခဲ့သော ပုံနှိပ်တိုက်တချို့သည်လည်း ပြန်လည်စတင်လာကြသည်။ ဆယ်စုနှစ်တစ်ခုနီးပါး တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ယဉ်ကျေးမှုလောကသည် သတိကြီးစွာဖြင့် ပြန်လည်နိုးထလာခဲ့ကာ နှစ်ဦးပိုင်းမှစ၍ နေရာအနှံ့အပြားတွင် တိုးတက်ပြောင်းလဲလာမည့် အလားအလာများ ရှိနေသည်။
ရှန်ရှောက်ယွမ်သည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ရုပ်ပြစာအုပ်များကို စွဲလမ်းလာခဲ့ပြီးနောက် နေရာအနှံ့မှ ရုပ်ပြများကို ရှာဖွေစုဆောင်းခဲ့သည်။ ဈေးကွက်အတွင်းရှိ ရုပ်ပြစာအုပ်များအားလုံးကို စုဆောင်းပြီးစီးချိန်တွင် ဖတ်ရှုစရာ မရှိတော့သဖြင့် ပျင်းရိငြီးငွေ့လာကာ မိမိဘာသာ ရုပ်ပြစာအုပ်များကို စတင်ရေးဆွဲခဲ့၏။
အမှန်တကယ်တွင်တော့ ရှန်ရှောက်ယွမ်သည် သာ့လျန်မင်းဆက်မှ ညီလာခံအတွင်း နန်းတွင်းရေးရာများ၊ နန်းတွင်းမိဖုရားများ၏ အားပြိုင်မှုများ၊ နိုင်ငံအချင်းချင်း စစ်မက်ဖြစ်ပွားမှုများအကြောင်းကိုသာ အရေးဆွဲချင်ခဲ့သည်။ သို့သော်လည်း လက်ရှိပတ်ဝန်းကျင် အခြေအနေများက ခွင့်မပြုသဖြင့် သူသည် ဘေးပတ်ဝန်းကျင်ရှိ အရာများကိုသာ အခြေခံပြီးရေးဆွဲခဲ့ရ၏။
သူသည် အုတ်ဖိုစက်ရုံမှ ဘဝတစ်လျှောက် အခက်အခဲများကို ကြံ့ကြံ့ခံကျော်လွှားလာခဲ့သော အုတ်ဖိုလုပ်သားတစ်ဦး၏ အကြောင်းနှင့် နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံ(၂) တည်ထောင်ချိန်မှစ၍ တိုးတက်ကြီးပွားလာသည့် အကြောင်းအရာများကို အခြေခံ၍ ရေးဆွဲခဲ့သည်။
ရှန်မော့အာ အမြဲပြောလေ့ရှိသကဲ့သို့ပင် သူမ၏အဖေမှာ "အရေးကြီးသောကိစ္စများ" တွင် ပါရမီမရှိလှသော်လည်း တခြားသောအရာများတွင်တော့ ထူးခြားသော ပါရမီကို ပိုင်ဆိုင်ထားသူဖြစ်၏။
ထိုရုပ်ပြစာအုပ်နှစ်အုပ်အကြောင်းကို ပြောရပါက ဇာတ်လမ်းနောက်ခံများမှာ စိတ်ဝင်စားဖွယ် ကောင်းလှသော်လည်း ဖျော်ဖြေမှုအပိုင်းတွင်တော့ *"ကြက်တောင်ပံသတင်းစကား" သို့မဟုတ် *"မြေမြှုပ်မိုင်းစစ်ပွဲ" ကဲ့သို့သော ရုပ်ပြများလောက် ဆွဲဆောင်မှုမရှိနိုင်ချေ။
*နာမည်ကြီး တော်လှန်ရေးဝတ္ထု
သို့သော် ရှန်ရှောက်ယွမ်သည် ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးဆွဲနိုင်ခဲ့ပြီး သူ၏ထူးချွန်သော ပန်းချီပညာကြောင့်လည်း ပိုမိုပြောင်မြောက်လှသည်။ ရှန်မော့အာက သူမ၏အဖေ ဆွဲထားသော ရုပ်ပြစာအုပ်များသည် ဈေးကွက်အတွင်းရှိ နာမည်ကြီး ရုပ်ပြစာအုပ်များနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှ လျော့နည်းခြင်းမရှိဟု ယုံကြည်ချက်အပြည့်ဖြင့် ဆိုနိုင်ပေလိမ့်မည်။
လွန်ခဲ့သောရက်အနည်းငယ်က ရှန်ရှောက်ယွမ်သည် ပုံနှိပ်တိုက်တချို့၏ လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာများကို မည်သို့ရရှိခဲ့သည်မသိဘဲ၊ နမူနာလက်ရာတချို့ကို ပေးပို့ခဲ့သည်။ ရှန်မော့အာက သူပေးပို့ခဲ့သော ပုံနှိပ်တိုက်အားလုံးမှာ မြို့တော်မှဖြစ်ကြောင်း မြင်တွေ့ခဲ့ရ၏။
ရှန်မော့အာသည် သူမ၏အဖေ၏ လက်ရာကို ယုံကြည်မှုအပြည့်ရှိသော်လည်း ဤနေရာမှာ သာ့လျန်မင်းဆက် မဟုတ်တော့သလို သူမ၏အဖေမှာလည်း နာမည်ကျော် ရွေ့ဝမ် မဟုတ်တော့ချေ။ အကယ်၍ ပုံနှိပ်တိုက်က အဖိုးတန်ရတနာကို တန်ဖိုးမထားတတ်ပါက သူမအဖေ၏ လက်ရာကို ပယ်ချခံရနိုင်သည့် အခွင့်အရေးလည်း ရှိပေသည်။
သည်ကိစ္စမှာ ၁ လ၊ ၂ လခန့် ကြာမြင့်သွားခဲ့ပြီဖြစ်သောကြောင့် ရှန်မော့အာက သူမ၏အဖေမှာ ပယ်ချခံရနိုင်သည်ဟု စိတ်ထဲတွင် တွက်ဆထားသော်လည်း သူမက ထိုအကြောင်းကို ထုတ်မပြောခဲ့ချေ။ ဘာဖြစ်ဖြစ် သူမ၏ရင်သွေးလေး လူ့လောကသို့ ရောက်ရှိလာပါက သူမအဖေမှာ ပျော်ရွှင်နေပေလိမ့်မည်။ ထိုအချိန်တွင် မြေးလေးကို ထိန်းကျောင်းရသဖြင့် အလုပ်များနေပါက ရုပ်ပြစာအုပ်များအကြောင်း စဉ်းစားရန် အချိန်ရှိတော့မည် မဟုတ်ချေ။
သို့သော် မထင်မှတ်ဘဲ လက်ခံခြင်း ခံလိုက်ရလေပြီ။
“ဒါဆို ချက်ချင်းပဲ ပုံနှိပ်တော့မှာလား”
ရှန်မော့အာမှာ စိတ်အားထက်သန်နေပြီး သူမ၏ရင်သွေးလေး ရုပ်ပြစာအုပ်များကို ဖတ်တတ်သည့်အချိန်တွင် သူမ၏အဘိုးဖြစ်သူ ဆွဲထားသော ရုပ်ပြများကို မြင်တွေ့ရမည့်အချိန်ကို မျှော်လင့်နေမိတော့သည်။
ထို့အပြင် ရုပ်ပြစာအုပ်များမှတစ်ဆင့် အမေဖြစ်သူ၏ "စီးပွားရေးအောင်မြင်မှုသမိုင်း" ကိုလည်း လေ့လာနိုင်ပေလိမ့်မည်။
လျိုယင်းရွှမ်း၏ အပြင်းအထန် တိုက်တွန်းမှုကြောင့် ပန်းထိုးအထည်စက်ရုံတွင် "စက်ရုံသမိုင်းပြခန်း" တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ထိုနေရာတွင် စက်ရုံစတင်တည်ထောင်ချိန်မှစ၍ ဓာတ်ပုံမှတ်တမ်းများ၊ စာရွက်စာတမ်းများ၊ ဂုဏ်ပြုမှတ်တမ်းများနှင့် အထိမ်းအမှတ်ပစ္စည်းများကို ခင်းကျင်းပြသထား၏။ လျိုယင်းရွှမ်းက ၎င်းမှာ နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံ(၂)၏ "အောင်မြင်မှုသမိုင်း" ဖြစ်သည်ဟု ဆိုသည်။
ရှန်မော့အာသည် သူမ၏အဖေ၏ ရုပ်ပြစာအုပ် ထွက်ရှိလာပါက စက်ရုံနှင့်ပတ်သက်သော စာအုပ်ကို ဝယ်ယူ၍ "စက်ရုံသမိုင်းပြခန်း" သို့ ပို့ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
“ဒီလောက်တော့ မြန်ဦးမှာ မဟုတ်ဘူး။ အယ်ဒီတာရဲ့စာထဲမှာတော့ သူတို့လည်း မြို့တော်ကို ပြန်ရောက်တာ မကြာသေးဘူးတဲ့။ အလုပ်တွေအားလုံးကို အစကနေ ပြန်စရဦးမှာမို့ အနည်းဆုံး နောက်နှစ်လောက်မှ ဖြစ်မှာ။ မင်းတို့ မြို့တော်ကို သွားရင်တော့ အဖေလည်း လိုက်ခဲ့မှာပေါ့။ စိတ်မပူပါနဲ့.. အဖေ့အတွက် အလုပ်ရှိပါတယ်” ရှန်ရှောက်ယွမ်က ဂုဏ်ယူစွာ ပြောလိုက်သည်။
ရှန်မော့အာက ပြုံးလိုက်ပြီး “ဒါပေါ့.. အဖေက အတော်ဆုံးပဲ”
ဖုမင်ဇယ်သည် ဟင်းပန်းကန်များကို ကိုင်ပြီး ထွက်လာချိန်တွင် သူ့ဇနီးသည်က ယောက္ခထီးကို မြှောက်ပင့်ပြောဆိုနေသည်ကို ကြားလိုက်ရသဖြင့် မေးမြန်းလိုက်သည်။ “အဖေ ဘာထူးခြားတဲ့သတင်းရှိလို့လဲ”
ယောက္ခထီးသည် အုတ်ဖိုစက်ရုံ၏ ဝါဒဖြန့်ချိရေးဌာနတွင် ၅ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ခံခဲ့ရ၏။ သူသည် ယာယီအလုပ်သမားဘဝမှ အမြဲတမ်းအလုပ်သမား၊ ထို့နောက် ဒုတိယဌာနမှူးဖြစ်လာခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။
သူတို့၏ယခင်ဌာနမှူး ရွှီဝေကော်မှာ လုံခြုံရေးဌာနသို့ ပြောင်းရွှေ့ခံခဲ့ရ၏။ ထိုသူသည် ဝါဒဖြန့်ချိရေးဌာနမှ လွတ်မြောက်သွားသဖြင့် အလွန်ဝမ်းမြောက်နေလေသည်။
ဖုမင်ဇယ်သည် ယောက္ခထီးဖြစ်သူအတွက် ရှန်မော့အာက ချီးကျူးရလောက်သည့် ထူးခြားသောအချက်ကို စဉ်းစား မရနိုင်သေးချေ။
ရှန်မော့အာသည်လည်း သူ့သိချင်စိတ်ကို ဆွဲဆန့်မထားတော့ဘဲ ပြောလိုက်၏။ “အဖေက လွန်ခဲ့တဲ့ ၂ လလောက်က မြို့တော်က ပုံနှိပ်တိုက်ဆီကို နမူနာလက်ရာတွေ ပို့ထားတာလေ။ အဲဒီအချိန်တုန်းက ရှင် ပြည်နယ်မှာ အစည်းအဝေးသွားနေလို့ ကျွန်မလည်း မပြောဖြစ်လိုက်တာ”
သူမက ပြုံးလိုက်ပြီး “အဖေက ဒီနေ့ ပုံနှိပ်တိုက်က အကြောင်းပြန်စာ ရတယ်တဲ့။ နမူနာလက်ရာ ၂ ခုလုံးက အတည်ပြုချက် ရသွားပြီ။ နောက်နှစ် ဒါမှမဟုတ် အဲဒီနောက်ပိုင်းကျရင် တရားဝင် ထွက်လာတော့မှာ”
ဖုမင်ဇယ်သည် ယောက္ခထီးဖြစ်သူ ရုပ်ပြစာအုပ်များ ဆွဲနေသည်ကို သိထား၏။ သူသာမက သူ၏တပည့် ကျိုးဖျင်အန်းသည်လည်း ရေးဆွဲနေလေသည်။ ဆရာတပည့်နှစ်ဦးမှာလည်း အလွန်စိတ်ဝင်စားဖွယ်ကောင်း၏။ တစ်ခါတစ်ရံတွင် အချင်းချင်း၏လက်ရာကို ချီးကျူးကြသော်လည်း တစ်ခါတစ်ရံတွင်တော့ ဇာတ်လမ်းဆင်ကွက်များ မပြေပြစ်ကြောင်း ငြင်းခုံကြပြီးနောက် ကိုယ့်အခန်းထဲကိုယ်ဝင်၍ ဆက်လက်ပြင်ဆင်ကြသည်။ ပြင်ဆင်ပြီးပါကလည်း တစ်ဦးကိုတစ်ဦး ပြန်လည်ပြသပြီး ချီးကျူးတတ်ကြပြန်သည်။
ဖုမင်ဇယ်သည် ယောက္ခထီးနှင့် သူ့တပည့်ဖြစ်သူတို့၏ ဆက်ဆံရေးကို ကြည့်ရင်း စက်ရုံမှူးရှန်၏ စရိုက်မှာ မည်သို့ဖြစ်ပေါ်လာခဲ့သည်ကို နားလည်သွားခဲ့၏။ ဖုမင်ဇယ်သည် ယောက္ခထီး၏လက်ရာများကို ကြည့်ရှုဖူးသဖြင့် သူ၏လက်ရာမှာ ပုံနှိပ်ထုတ်ဝေရန်အတွက် အမှန်တကယ် ပြည့်စုံလွန်းလှသည်ဟု ယူဆထားသော်လည်း ဤမျှမြန်ဆန်စွာ ဆက်သွယ်လာလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ချေ။
“အဲဒါဆိုရင်တော့ တကယ့်ကို ဝမ်းသာစရာ သတင်းပဲ”
ဖုမင်ဇယ်သည်လည်း ဝင်ရောက်ချီးကျူးလိုက်သည်။ “အဖေ ဆွဲထားတဲ့ ရုပ်ပြတွေက ဈေးကွက်ထဲက ရုပ်ပြတွေထက် ပိုပြီးတော့ ကြည့်ကောင်းပြီး ဖတ်လို့လည်း ကောင်းတယ်။ ပုံနှိပ်ထုတ်ဝေသင့်တာ အမှန်ပဲ”
ရှန်မော့အာသည် ပညာတတ်လူငယ်ဖုကို ကြည့်ကာ ပြုံးလိုက်မိ၏။ ပညာတတ်လူငယ်ဖုကဲ့သို့ ထူးချွန်သောသူသည် တခြားသူများကိုလည်း မိမိ၏စံနှုန်းဖြင့်သာ တိုင်းတာလေ့ရှိသဖြင့် သူ့ချီးကျူးစကားကို ကြားရရန်မှာ မလွယ်ကူလှချေ။
သို့သော် ယောက္ခထီးနှင့် ဆက်ဆံရာတွင်တော့ ပညာတတ်လူငယ်ဖုမှာ အစပိုင်း၌ အနည်းငယ် စိမ်းသက်နေခဲ့သော်လည်း ယခုအခါတွင်တော့ ကျွမ်းကျင်နေပြီဖြစ်သည်။ သူ၏ချီးကျူးစကားများမှာ ရိုးရှင်းသော်လည်း မတောင့်တင်းဘဲ အလွန်ပင် ပြေပြစ်လေသည်။
အတော်ပင် ဖြစ်သွားတော့သည်။ ယနေ့တွင် ဟင်းကောင်းများ ချက်ပြုတ်ထားသဖြင့် ရှန်ရှောက်ယွမ်သည် သူ၏အခန်းထဲမှ အရက်ကို ယူဆောင်လာခဲ့သည်။ ယောက္ခထီးနှင့် သားမက် နှစ်ယောက်သား ဟင်းများကို စားရင်းဖြင့် အရက်ကို မြိန်ယှက်စွာ သောက်ကြပြီး ထိုဝမ်းသာစရာသတင်းကို ဂုဏ်ပြုလိုက်ကြ၏။
ရှန်မော့အာသည် အရက်မသောက်နိုင်သဖြင့် maltmilk ၁ ခွက်ကိုသာ သောက်ရင်း အဖော်ပြုပေးလိုက်သည်။
ဖုမင်ဇယ်သည် အစပိုင်းတွင် ယောက္ခထီး၏အရက်မှာ နှစ်ပေါင်းများစွာ သောက်နေခဲ့သော်လည်း မကုန်နိုင်သေးပါလားဟု တွေးတောနေမိသော်လည်း အရက်အနည်းငယ် ဝင်သွားပြီးနောက်တွင်တော့ အရက်အကြောင်းကို မစဉ်းစားတော့ဘဲ သူ၏ဇနီးသည်ကို မည်သို့ ဝန်ခံရမည်ကိုသာ တိတ်တဆိတ် စဉ်းစားနေမိတော့သည်။
ခက်မယ်ထင်တာပဲ။
အကယ်၍ သူတို့မှာ အသစ်စက်စက် လက်ထပ်ထားသူများ ဖြစ်ကြပါက၊ သူ၏စိတ်ထဲတွင် စိုးရိမ်မှုများရှိနေသဖြင့် ထုတ်မပြောခဲ့ခြင်းမှာ အကြောင်းပြချက်ရှိနိုင်၏။
သို့သော် သူတို့ လက်ထပ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူ၏မိသားစုအခြေအနေအမှန်ကို ရှန်မော့အာအား တစ်ခါမှ မပြောပြခဲ့ဖူးချေ။ ဖုမင်ဇယ်သည် သူ၏လျှို့ဝှက်ချက်ကို ဖွင့်ပြောလိုက်ပါက သူ့ဇနီးသည် ဒေါသထွက်သွားမည်ကို အမှန်ပင် စိုးရိမ်နေမိသည်။ သို့သော် အမှန်တကယ်တွင်တော့ ဤကဲ့သို့သော ဖုံးကွယ်ထားသည့် ကိစ္စရပ်များသည် အချိန်ကြာလာသည်နှင့်အမျှ ထုတ်ပြောရန် ပိုခက်ခဲလာတတ်သည်သာ။
ဖုမင်ဇယ်သည် အရက် ၁ ခွက်ကို ထပ်မံသောက်လိုက်ပြီး အနည်းဆုံးတော့ ကလေးမမွေးမီအထိ ထုတ်မပြောသင့်ဟု ဆုံးဖြတ်လိုက်သည်။ အကယ်၍ စက်ရုံမှူးရှန်မှာ စိတ်လှုပ်ရှားသွားပါက ကလေးစောမွေးခြင်း သို့မဟုတ် ကျန်းမာရေးထိခိုက်ခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ဘယ်လိုမှ မဖြစ်သေးချေ။ သူမ ကလေးမွေးဖွားပြီးနောက် စိတ်ပျော်ရွှင်နေမည့် အချိန်ကို စောင့်ဆိုင်းပြီးမှ ပြောပြရပေတော့မည်။
ရှန်ရှောက်ယွမ်က သားမက်ဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး သူ့အရက်သောက်ပုံက သူ့ကို ဂုဏ်ပြုပေးခြင်းထက် ဝမ်းနည်းစရာ တစ်ခုခုကို ဖြေဖျောက်နေသည့်ပုံစံ ပေါက်နေသည်ဟု ခံစားလိုက်ရသည်။ သူသည် စားပွဲပေါ်သို့ လက်ချောင်းလေးများဖြင့် ခေါက်လိုက်ပြီး မေးမြန်းလိုက်သည်။ “ဘာဖြစ်လို့လဲ.. စိတ်ညစ်စရာရှိလို့လား”
ဖုမင်ဇယ်သည် အရက်ခွက်ကို ကိုင်ဆောင်လျက် အလိုအလျောက် ခေါင်းခါပြလိုက်ပြီး၊ ရှန်ရှောက်ယွမ်ကို တစ်ချက်ကြည့်ကာ ခဏမျှ ငေးမှိုင်နေပြီးမှ တခြားအကြောင်းအရာတစ်ခုကို ပြောပြလိုက်၏။ “ကျိန့်ကျားမင်တို့ မြို့ကို ပြန်သွားရင် အလုပ်ရပါ့မလားလို့ စဉ်းစားမိလို့ပါ”
လွန်ခဲ့သော ၂ ရက်ခန့်က သတင်းများအရ ကျန်းပေခရိုင်သည် အထက်ဌာနများ၏ ညွှန်ကြားချက်အရ ကျေးလက်သို့ ရောက်ရှိနေသည်မှာ ၅ နှစ်ထက်မနည်းသော ပညာတတ်လူငယ်များကို မြို့သို့ ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်။ သူတို့အုပ်စုမှာလည်း ထိုသတ်မှတ်ချက်နှင့် ကိုက်ညီသဖြင့် မကြာသေးမီက ကျိန့်ကျားမင်နှင့် ဝမ်ချိုးထုန်တို့မှာ မြို့သို့ ပြန်ရန် ပြင်ဆင်နေကြသည်။
သို့သော်လည်း မူဝါဒအရ ၅ နှစ်ကျော် ကြာမြင့်ခဲ့လျှင်တောင်မှ ဒေသခံနှင့် လက်ထပ်ထားသော ပညာတတ်လူငယ်များမှာ မြို့သို့ ပြန်ခွင့်မရှိချေ။ ထို့ကြောင့် ချန်ထောင်နှင့် ရှင်းဖန်းကျဲတို့ကဲ့သို့ ပညာတတ်လူငယ်အချင်းချင်း လက်ထပ်ထားသူများ သို့မဟုတ် သူ့လို ဒေသခံနှင့် လက်ထပ်ထားသူများမှာ မြို့သို့ပြန်ရန် မဖြစ်နိုင်ချေ။
ချန်ထောင်နှင့် ရှင်းဖန်းကျဲတို့ကတော့ စိတ်ပျက်အားငယ်ခြင်း မရှိကြချေ။ ယခုအခါတွင် သူတို့မှာ ဆရာအဖြစ်လည်းကောင်း၊ စက်ရုံ၏ ဒုတိယစက်ရုံမှူးအဖြစ်လည်းကောင်း အလုပ်အကိုင် ကိုယ်စီရှိနေကြပြီး ကလေးများမှာလည်း ဤနေရာတွင် နေသားကျနေကြပြီဖြစ်ကာ မြို့သို့ပြန်ပါက ယခုကဲ့သို့ သက်တောင့်သက်သာ ရှိပါ့မလားဆိုသည်မှာ မသေချာလှချေ။ မူဝါဒက ခွင့်မပြုသဖြင့် သူတို့မှာလည်း ဆုံးဖြတ်ရခက်ခဲခြင်း မရှိတော့ချေ။
သို့သော် ပညာတတ်လူငယ်တချို့ကတော့ ထိုသို့ မဟုတ်ချေ။ အထူးသဖြင့် နေထိုင်မှုအခြေအနေ ကောင်းမွန်စေရန်အတွက် ဒေသခံနှင့် လက်ထပ်ခဲ့သူတချို့မှာ ယခုအခါတွင် ကွာရှင်းရန် ပြဿနာရှာနေကြလေသည်။
ဖုမင်ဇယ်ကတော့ သည်လို အစုလိုက်အပြုံလိုက် မြို့သို့ ပြန်သွားကြပါက မြို့ပေါ်တွင် အလုပ်အကိုင် လုံလောက်စွာ ရှိပါ့မလားဟု တွေးတောမိ၏။ ကျိန့်ကျားမင်နှင့် ဝမ်ချိုးထုန်တို့ကဲ့သို့ မိသားစုအခြေအနေ ကောင်းမွန်သူများမှာ အဆင်ပြေနိုင်သော်လည်း အခြေအနေမကောင်းသူများမှာ ကျေးလက်တွင် နေထိုင်ခြင်းထက် ပိုမိုကောင်းမွန်ပါ့မလားဆိုသည်မှာ မသေချာလှချေ။
အမှန်တကယ်တွင်တော့ သူရရှိထားသော သတင်းအချက်အလက်များအရ ဤ ၁ နှစ်၊ ၂ နှစ်အတွင်း နိုင်ငံတော်မှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပပေးလိမ့်မည်ဟု ခံစားနေရသည်။ သို့သော် သူ့လိုလူများက စာမေးပွဲဖြေဆိုခွင့် ရှိပါ့မလားဆိုသည်ကိုတော့ မသိရသေးချေ။
ဖုမင်ဇယ်သည်လည်း မြို့တော်သို့ ပြန်ချင်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သူ၏ဇနီးသည်ပါ လိုက်ပါနိုင်ရန်မှာ အဓိကဖြစ်၏။ အကယ်၍ မြို့တော်သို့ ပြန်ရန် အခွင့်အရေးရှိခဲ့ပါက သူ့ဇနီးသည်က ပန်းထိုးအထည်စက်ရုံကို စွန့်လွှတ်ပြီး သူနှင့်အတူ လိုက်ပါလာပါ့မလား။
မဟုတ်သေးဘူး.. အဲဒီမတိုင်ခင် သူ့’အမှား’ကို အရင်ဆုံး ဝန်ခံထားမှရမယ်။
ဖုမင်ဇယ်သည် တွေးတောရင်းဖြင့် ခေါင်းမှာ ပိုမိုမူးဝေလာခဲ့ပြီး သူ၏ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ဤကိစ္စကြီးကို စဉ်းစားရင်းဖြင့် မျက်မှောင်ကြုတ်ကာ ဟင်းပန်းကန်ကိုသာ စိုက်ကြည့်နေမိတော့သည်။
“သူ အရက်မူးသွားတာလား” ရှန်ရှောက်ယွမ်က ဖုမင်ဇယ်ကို ကြည့်ကာ မေးလိုက်သည်။
ရှန်မော့အာကလည်း ဖုမင်ဇယ်ကို သေချာကြည့်လိုက်ပြီး ဖြေလိုက်၏။ “ကြည့်ရတာတော့ အဲဒီလိုပဲ”
ပုံမှန်အားဖြင့် ပညာတတ်လူငယ်ဖု၏ မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိတတ်သဖြင့် ယခုအခါတွင်လည်း နားရွက်များ နီမြန်းနေသည်မှလွဲ၍ မျက်နှာမှာ ပြောင်းလဲခြင်း မရှိသလို၊ မျက်ဝန်းများမှာလည်း နက်မှောင်မြဲ ဖြစ်နေဆဲပင်။ အနည်းငယ် ငေးမှိုင်နေသည်ကလွဲ၍ တခြားမရှိချေ။
“ဖုမင်ဇယ်”
ရှန်မော့အာက သူ့ကို ခေါ်ကြည့်လိုက်၏။
ဖုမင်ဇယ်က သူမဘက်သို့ လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမ၏လက်ကို ဆုပ်ကိုင်ကာ ရေရွတ်လိုက်သည်။ “မိန်းမ... ကို တမင်လုပ်တာ မဟုတ်ပါဘူး။ ကို့ကို ခွင့်လွှတ်ပေးပါနော်။ ဒေါသမထွက်ပါနဲ့.. ကျန်းမာရေး ထိခိုက်ကုန်လိမ့်မယ်။ အဲလိုဆိုရင် ဗိုက်ထဲက သမီးလေးလည်း နေရခက်လိမ့်မယ်” ဟ
ရှန်မော့အာက “တကယ်ပဲ မူးနေတာပဲ” ဟု စိတ်ထဲမှ တွေးတောမိ၏။ ပညာတတ်လူငယ်ဖု အရက်မူးနေသည့် ပုံစံမှာ အလွန်ပင် ချစ်စရာကောင်းလှသဖြင့် သူမက ပြန်မေးလိုက်သည်။ “ရှင်က ကျွန်မကို ပိုပြီး စိတ်ပူတာလား.. ဒါမှမဟုတ် ရှင့်သမီးကို ပိုပြီး စိတ်ပူနေတာလား”
ဖုမင်ဇယ်က သူမကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး သူ၏နဖူးဖြင့် သူမ၏လက်ဖမိုးကို ပွတ်သပ်ကာ ဖြေလိုက်၏။ “ဒါပေါ့.. မင်းကို အစိုးရိမ်ဆုံးပေါ့။ သမီးလေးကိုလည်း စိုးရိမ်ပါတယ်”
စကားပြော တတ်လှချည်လား။
ရှန်မော့အာက မျက်ခုံးပင့်လိုက်ပြီး မေးလိုက်ပြန်သည်။ “ဒါဆို ရှင် ဘာတွေ အမှားလုပ်ထားလို့ ကျွန်မ ဒေါသထွက်မှာကို အဲဒီလောက် ကြောက်နေရတာလဲ”
ဖုမင်ဇယ်သည် သူမကို ထပ်မံကြည့်လိုက်ပြီး ခဏမျှ ဝေခွဲမရဖြစ်နေကာ သက်ပြင်းချလိုက်ပြီးနောက် “ကို...”
စကားလုံး တစ်လုံးမျှသာ ပြောရသေးသော်လည်း စားပွဲပေါ်သို့ ခေါင်းမှောက်ကျသွားကာ မျက်လုံးများ မှိတ်သွားပြီး အိပ်ပျော်သွားလေတော့သည်။
ရှန်မော့အာ : “……”
...
အပိုင်း (၁၀၄.၁)
နောက်တစ်နေ့တွင် ရှန်မော့အာက ထပ်မေးမြန်းသည့်အခါ၌ ဖုမင်ဇယ်သည် မိမိအပေါ် အမှားတစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိကြောင်း ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။ သူက ရှန်မော့အာ ကိုယ်ဝန်ဆောင်ထားရသည်မှာ အလွန်ပင် ပင်ပန်းလှသဖြင့် အရက်မူးနေချိန်တွင်ပင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ကာ ထိုသို့ ရေရွတ်မိခြင်းဖြစ်ကြောင်းသာ ရိုးရှင်းစွာ ဖြေကြားလိုက်၏။
ဖုမင်ဇယ်သည် ရင်သွေးငယ် လူ့လောကသို့ မရောက်ရှိမီ အချိန်အထိ ရှန်မော့အာအား အကြောင်းအရာ တစ်စုံတစ်ရာ တစ်လုံးတစ်ပါဒမျှပင် ထုတ်ဖော်ပြောကြားမည်မဟုတ်ဟု ဆုံးဖြတ်ထားလိုက်၏။
သူ၏ ဖြေရှင်းချက်မှာ အနည်းငယ် ယုတ္တိမတန်သလို ရှန်မော့အာ ခံစားရသော်လည်း ပညာတတ်လူငယ်ဖုသည် သူမအပေါ် သစ္စာဖောက်ဖျက်မည့်သူ မဟုတ်ကြောင်း ယုံကြည်ထားသဖြင့် ထိုဖြေရှင်းချက်ကိုသာ လက်ခံလိုက်လေသည်။ ဘာဖြစ်ဖြစ် အမှန်တကယ် အရေးကြီးသော ကိစ္စရပ်တစ်ခုခု ရှိနေပါက ပညာတတ်လူငယ်ဖုသည် သူမအား ထာဝရ ဖုံးကွယ်ထားလိမ့်မည် မဟုတ်ဘဲ တစ်နေ့တွင် ပြောပြလာလိမ့်မည်သာ။
ထို့ပြင် လင်မယားအကြားတွင်လည်း အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိသင့်သည်ဟု သူမလည်း ထင်သည်။
သူမကိုယ်တိုင်ပင်လျှင် ပညာတတ်လူငယ်ဖုအား မပြောပြရသေးသော အကြောင်းအရာတချို့ ရှိနေသည် မဟုတ်ပါလား။ ၎င်းမှာ တမင်တကာ ဖုံးကွယ်ထားခြင်းမျိုး မဟုတ်ဘဲ ဖွင့်ဟပြောဆိုရန် ခက်ခဲလှသဖြင့် စေတနာဖြင့် ဖုံးကွယ်ထားခြင်းသာ ဖြစ်ပေသည်။
စက်ရုံမှူးရှန်သည် မိမိ၏ အခြေအနေမှ နှိုင်းယှဉ်တွေးတောကာ ထိုကိစ္စကို စိတ်ထဲ အလေးမထားတော့ဘဲ ဘေး ဖယ်ထားလိုက်တော့သည်။
မနက်စာ စားပြီးနောက် ဖုမင်ဇယ်သည် ရှန်မော့အာကို ပန်းထိုးအထည်စက်ရုံသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ရှန်မော့အာ၏ ဝမ်းဗိုက်မှာ တစ်စတစ်စ ကြီးထွားလာခဲ့သဖြင့် ဖုမင်ဇယ်သည် သူမကို စက်ဘီးနောက်တွင် မတင်ရဲတော့ဘဲ မနက်နှင့် ညနေခင်းများ၌ ခြေကျင်လျှောက်၍သာ အကြိုအပို့ ပြုလုပ်ပေးလေတော့သည်။
ပညာတတ်လူငယ်ဖုသည် တပ်ဖွဲ့ကျန်းမာရေးဌာနရှိ ရဲဘော်များထံမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် ရင်သွေးငယ်များ ပြုစုစောင့်ရှောက်ရေး ဗဟုသုတများကို များစွာ လေ့လာထားခဲ့၏။ မကြာသေးမီက သူသည် ရှန်မော့အာနှင့်အတူ လမ်းလျှောက်ပြီး အကြိုအပို့ ပြုလုပ်ရုံသာမက ညစာစားပြီးနောက်တွင်လည်း လမ်းလျှောက်ထွက်ရန် တိုက်တွန်းလေ့ရှိသည်။ ထို့အပြင် နောက်ပိုင်းတွင် ရှန်မော့အာနှင့်အတူ လှေကားတက်သည့် လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ရန် အစီအစဉ် ရှိနေသေး၏။ ၎င်းမှာ မီးဖွားသည့်အခါတွင် လွယ်ကူချောမွေ့စေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထမှာ သာ့လျန်မင်းဆက်၏ ထုံးတမ်းစဉ်လာများနှင့် အလွန်ပင် ကွဲပြားခြားနားလှ၏။
ရှန်မော့အာသည် သာ့လျန်မင်းဆက်တွင် ရှိစဉ်က မြင်တွေ့ခဲ့ရသော ကိုယ်ဝန်ဆောင်များမှာ မင်းသမီးများ၊ မြို့စားကတော်များ သို့မဟုတ် မျိုးရိုးမြင့် အမျိုးသမီးများသာ ဖြစ်ကြသည်။ သူတို့မှာ မြင့်မြတ်သောအဆင့်အတန်းရှိကြပြီး ရင်သွေးငယ်မှာလည်း အထူးပင် အရေးကြီးလှသဖြင့် မီးဖွားခါနီးအချိန်တွင် အခြွေအရံများက အလွန်အမင်း သတိထားကာ ပြုစုကြရသည်။ ထိုအချိန်မျိုးတွင် ကိုယ်ဝန်ဆောင်အား နေရာအနှံ့ လမ်းလျှောက်ခိုင်းခြင်း သို့မဟုတ် လှေကားတက်ခိုင်းခြင်းမျိုးကို ဘယ်သူမှ မပြုလုပ်ရဲကြချေ။
တကယ်လို့ ချော်လဲပြီး ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။
သို့သော်လည်း ရှန်မော့အာသည် ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဤကမ္ဘာ၏ ဆေးပညာနှင့် သိပ္ပံပညာမှာ သာ့လျန်မင်းဆက်ထက် များစွာ သာလွန်ကြောင်း သိရှိထားသည်။ ထို့အပြင် ပညာတတ်လူငယ်ဖုသည် ဤဗဟုသုတများကို နားလည်သဘောပေါက်ရန်အတွက် ကျန်းမာရေးဌာနရှိ ရဲဘော်များကို ဟင်းသီးဟင်းရွက်များစွာ ပေးကမ်းခဲ့ရုံသာမက ဝန်ထမ်းအိမ်ရာရှိ လူများ၏ နောက်ပြောင်ခြင်းကိုလည်း ခံခဲ့ရသေးသည်။ ရင်သွေးငယ်လေးကို ကြိုဆိုရန် အလေးအနက် ပြင်ဆင်နေသော ပညာတတ်လူငယ်ဖုအတွက် သူမအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရမည် မဟုတ်ပါလား။
လင်မယားနှစ်ယောက်သည် စက်ရုံတံခါးဝတွင် လမ်းခွဲလိုက်ကြ၏။ ဖုမင်ဇယ်သည် ရှန်မော့အာ၏ ကျောပြင်လေး အဝေးသို့ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ စက်ဘီးကို လှည့်ကာ ထွက်ခွာသွားခဲ့၏။
“ကျွန်မတို့ စက်ရုံမှူးရှန်နဲ့ သူ့ယောက်ျားက တကယ့်ကို သံယောဇဉ်ကြီးမားကြတာပဲ”
လုံခြုံရေးဌာနတွင် နေ့စဉ် ဤမြင်ကွင်းကို မြင်တွေ့နေရသူများက မနေနိုင်ဘဲ မြည်တမ်းလိုက်ကြသည်။ သူတို့လို ရုပ်ရည်ချောမောပြီး ထူးချွန်ထက်မြက်သည့် လူငယ်နှစ်ဦး၏ သံယောဇဉ်ကြီးမားပုံမှာ အမှန်တကယ်ပင် ကောင်းကင်က စုံမက်ပေးသည့် စုံတွဲဟု ဆိုရပေလိမ့်မည်။
ရှန်မော့အာ ရုံးခန်းသို့ ရောက်ရှိချိန်တွင် အတွင်းရေးမှူးရှောင်ထန်မှာ ရောက်နှင့်နေပြီဖြစ်ပြီး ရေနွေးကြိုကာ ပျားရည်စုပ်ပန်းလက်ဖက်ရည် တစ်ခွက်ကိုလည်း ပြင်ဆင်ထားပေး၏။
“စက်ရုံမှူး.. ဒီပျားရည်စုပ်ပန်းက အခုလေးတင် ခူးပြီး အခြောက်လှန်းထားတာပါ။ ကိုယ်ဝန်ဆောင်တွေ နည်းနည်းပါးပါး သောက်ပေးရင် ကိုယ်တွင်းအပူကိစ္စတွေကို သက်သာစေတယ်လို့ ကြားပါတယ်”
ရှန်မော့အာက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွားကာ မေးလိုက်သည်။
“ရှင်တို့တပ်ဖွဲ့ရဲ့ ပျားရည်စုပ်ပန်းက အတော်လေး နာမည်ကြီးတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဒီပျားရည်စုပ်ပန်းကို ပညာတတ်လူငယ်ဖုက လာတောင်းတာ မဟုတ်လား”
အတွင်းရေးမှူးရှောင်ထန်က ပြုံးလျက် ဖြေလိုက်၏။
“စက်ရုံမှူး.. ပညာတတ်လူငယ်ဖုက လာတောင်းတာပါ။ ဒါပေမဲ့ သူက ကျွန်မကို ပစ္စည်းတစ်ခုနဲ့ လဲလှယ်ပေးခဲ့တာပါ”
ရှန်မော့အာမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။ ပညာတတ်လူငယ်ဖု၏ လူထုအခြေခံမှာ အတော်ပင် ခိုင်မာလှသည်ဟု ဆိုရမည်။ သူမ၏ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ သူ၏ လူယုံတော်များ ဖြစ်နေကြပြီ မဟုတ်ပါလား။
သူမသည် ရုံးစားပွဲတွင် ထိုင်လိုက်သည်နှင့် ဖုန်းသံမြည်လာသဖြင့် ကိုင်လိုက်ရာ ဖုန်းတစ်ဖက်မှ ချန်ကျားဟွာက သူမ၏ ကျန်းမာရေးအခြေအနေကို ရှေးဦးစွာ မေးမြန်းလာသည်။ ခဏမျှ စကားစမြည် ပြောဆိုပြီးနောက်တွင်မှ အဓိက အကြောင်းအရာကို စတင်ပြောကြားလာ၏။
“မော့အာ.. အစ်မ သတင်းတစ်ခု ကြားထားတယ်။ ပြည်နယ်အစိုးရက ပန်းထိုးအထည်စက်ရုံ(၂)ကို ပြည်နယ်မြို့တော်ကို ပြောင်းရွှေ့ဖို့ ရည်ရွယ်ချက် ရှိနေတယ်တဲ့။ ဒီကိစ္စကို အဓိက ဦးဆောင်နေတာက အရင်က ကျွန်မတို့ စက်ရုံမှူး ဖြစ်ခဲ့ဖူးတဲ့၊ အခု စက်မှုဌာနရဲ့ ဒုတိယဌာနမှူးကျောင်းပဲ”
လွန်ခဲ့သော ၂ နှစ်ခန့်က နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံမှ စက်ရုံမှူးကျောင်းသည် စက်မှုဌာနသို့ ပြောင်းရွှေ့သွားခဲ့ပြီး စက်ရုံမှူးရာထူးကို ထူးချွန်သော အောင်မြင်မှုများ ရရှိခဲ့သည့် ကျိန့်ဟွေရူက ဆက်ခံခဲ့သည်။ ချန်ကျားဟွာသည်လည်း နောက်ဆုံးတွင် ရာထူးတိုးမြှင့်ခံရကာ နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံ၏ ဒုတိယစက်ရုံမှူး ဖြစ်လာခဲ့၏။
စက်မှုဌာနသည် ပြည်နယ်တစ်ခုလုံးရှိ စက်မှုလုပ်ငန်းများကို အုပ်ချုပ်ရသဖြင့် ပန်းထိုးအထည်စက်ရုံ၏ အထက်အရာရှိဌာန ဖြစ်သည်။ စက်ရုံတစ်ခုအား ပြောင်းရွှေ့ရန်အတွက် သူတို့တွင် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်မှာ အမှန်ပင်။ ထိုသို့ ပြုလုပ်ရာတွင် သက်ဆိုင်ရာ ဌာနများနှင့် မြို့နယ်၊ ခရိုင်များ၏ ဆက်ဆံရေးကို ညှိနှိုင်းရမည် ဖြစ်သော်လည်း အကယ်၍ လင်ကျန်းမြို့ သို့မဟုတ် ကျန်းပေခရိုင်က ပြောင်းရွှေ့ရန် သဘောမတူစေကာမူ စက်မှုဌာနကသာ အတင်းအကျပ် ပြုလုပ်လာပါက အောက်ခြေဌာနများအနေဖြင့် ခုခံရန် ခက်ခဲပေလိမ့်မည်။
ထို့အပြင် ပန်းထိုးအထည်စက်ရုံ(၂)သည် ကျန်းပေကဲ့သို့သော ဝေးလံခေါင်ဖျားသည့် ခရိုင်ငယ်လေးတွင် တည်ရှိနေသော်လည်း နှစ်စဉ် နိုင်ငံခြားငွေ ရှာဖွေပေးနိုင်မှုမှာ မြို့တော်ရှိ အခြားသော စက်ရုံများထက် များစွာ သာလွန်နေသည်။ သို့ဖြစ်ရာ ပြည်နယ်ခေါင်းဆောင်များအနေဖြင့်လည်း စက်ရုံကို မြို့တော်သို့ ပြောင်းရွှေ့ခြင်းက ပိုမိုဖွံ့ဖြိုးတိုးတက်စေမည်ဟု ယူဆနေကြခြင်းလည်း ဖြစ်နိုင်၏။
ချန်ကျားဟွာသည် ရှန်မော့အာက မြို့တော်သို့ မလာချင်ကြောင်း သိရှိထားသည်။ သို့သော် အကယ်၍ စက်ရုံကို အတင်းအကျပ် ပြောင်းရွှေ့ခဲ့ပါက ရှန်မော့အာမှာ ရှောင်လွှဲရ ခက်ခဲပေလိမ့်မည်။
“ပြောနေကြတာကတော့ စက်ရုံကို ပြောင်းရွှေ့တဲ့အခါမှာ အဓိက ထုတ်လုပ်မှု အပိုင်းတွေကို မြို့တော်ကို ယူသွားမယ်တဲ့။ ကျန်းပေခရိုင်မှာတော့ ထုတ်ကုန် ပရောဂျက် ၁ ခု၊ ၂ ခုလောက်ပဲ ချန်ထားခဲ့ပြီး စက်ပစ္စည်းတွေနဲ့ အလုပ်သမားတွေကို လျှော့ချပစ်မယ်လို့ ကြားတယ်။ အရင်က အမှတ်(၉) အလုပ်ရုံလိုမျိုး ပန်းထိုးအထည်စက်ရုံ(၂)ရဲ့ လက်အောက်ခံအဖြစ်ပဲ ထားတော့မှာတဲ့”
ပြောင်းရွှေ့ခြင်းဟူရာတွင် အဓိကအကျဆုံးမှာ အလုပ်သမားများနှင့် စက်ကိရိယာများ ဖြစ်သည်။ အထူးသဖြင့် အတွေ့အကြုံ ရင့်ကျက်ပြီး နည်းပညာ ကျွမ်းကျင်သော ပန်းထိုးအလုပ်သမားများမှာ အရေးအကြီးဆုံး ဖြစ်ပေသည်။
ပြည်နယ်ခေါင်းဆောင်များ၏ အယူအဆမှာ ကျန်းပေခရိုင် ကျေးလက်ဒေသမှ ပန်းထိုးအလုပ်သမားများအား မြို့တော်သို့ ခေါ်ဆောင်ရန်မှာ လွယ်ကူလိမ့်မည်ဟု ထင်မြင်နေကြခြင်း ဖြစ်သည်။ အိမ်ရာကိစ္စ၊ သားသမီး ပညာရေးကိစ္စ စသည့် မူဝါဒပိုင်းဆိုင်ရာ အထူးအခွင့်အရေးများ ပေးအပ်မည်ဆိုပါက ထိုအလုပ်သမားများမှာ လိုလားစွာ လိုက်ပါလာကြလိမ့်မည်ဟု ယူဆထားကြ၏။
အလုပ်သမားများနှင့် စက်ကိရိယာများ အားလုံး ပြောင်းရွှေ့သွားပြီးပါက ရှန်မော့အာ လိုက်ပါခြင်း ရှိ၊ မရှိမှာ အရေးမကြီးတော့ချေ။
အကယ်၍ သူမက မလိုက်ပါလိုပါက ကျန်းပေခရိုင်တွင် ကျန်ရှိနေသော ထုတ်လုပ်မှု အပိုင်းများကိုသာ ဆက်လက် စီမံခန့်ခွဲရပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက သူမ၏ ရာထူးမှာ လျော့နည်းသွားမည်ဖြစ်သော်လည်း အဆင့်အတန်းကိုတော့ ထိန်းသိမ်းပေးထားမည်ဟု ဆိုကြ၏။ သူမကသာ လိုက်ပါလိုပါက မြို့တော်သို့ ရောက်ရှိချိန်တွင် အရာအားလုံးမှာ စီစဉ်ရ လွယ်ကူသွားပေလိမ့်မည်။
ချန်ကျားဟွာ၏ အသံတွင် စိုးရိမ်မှုများ ပါဝင်နေသည်။
“ဒီသတင်းတွေ ထွက်ပေါ်နေပြီဆိုကတည်းက ၁၀ ပုံ ၈ ပုံ၊ ၉ ပုံလောက်က သေချာနေပြီလို့ ဆိုရမယ်။ မော့အာ.. စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါဦး”
ရှန်မော့အာသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။ သစ်ပင်ကြီးလျှင် လေတိုက်ခံရသည်မှာ ဓမ္မတာပင်။ ဤနှစ်များအတွင်း ပန်းထိုးအထည်စက်ရုံ(၂)၏ အောင်မြင်မှုများမှာ အလွန်ပင် သိသာထင်ရှားလှသဖြင့် တစ်စုံတစ်ယောက်က မျက်စိကျနေခြင်းမှာ အံ့သြစရာ မဟုတ်ချေ။ လျိုယင်းရွှမ်း ပြောကြားခဲ့သလိုပင် ပြည်နယ်အဆင့်တွင်သာမက စက်ရုံအတွင်း၌ပင် လူတချို့၏ စိတ်ဓာတ်များမှာ လှုပ်ခတ်နေကြပြီ ဖြစ်ပေလိမ့်မည်။
“အစ်မကျားဟွာ.. ဒါတွေကို ပြောပြပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခေါက် မြို့တော်ကို လာဖြစ်တဲ့အခါကျရင် ကျွန်မ ထမင်းကျွေးပါ့မယ်” ရှန်မော့အာက လေးလေးနက်နက် ပြောလိုက်သည်။ ချန်ကျားဟွာနှင့် သိကျွမ်းခဲ့သည့် အချိန်မှစ၍ ချန်ကျားဟွာသည် သူမအား များစွာ ကူညီပေးခဲ့သည်။
“ဟယ်.. ဘာတွေ အားနာနေတာလဲ။ ညီမကလည်း အစ်မကို အများကြီး ကူညီပေးခဲ့တာပဲကို”
ပန်းထိုးနည်းပညာပိုင်းတွင် ဖြစ်စေ၊ နှစ်စဉ် ကွမ်ကျိုးကုန်စည်ပြပွဲတွင် ဖြစ်စေ ရှန်မော့အာသည် သူမအား များစွာ ကူညီပေးခဲ့သည်မှာ အမှန်ပင်။ နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံအတွင်းရှိ ရှုပ်ထွေးလှသော လူမှုဆက်ဆံရေးများနှင့် နှိုင်းယှဉ်ပါက ချန်ကျားဟွာသည် ပန်းထိုးအထည်စက်ရုံ(၂)ကို အမှန်ပင် အားကျနေမိ၏။
ပန်းထိုးအထည်စက်ရုံ(၂)မှ လူများသည် ကွမ်ကျိုးကုန်စည်ပြပွဲတွင် အစဉ်အမြဲ ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်ခဲ့ကြသည်။ သူတို့မှာ ရဲရဲဝံ့ဝံ့ တွေးခေါ်လုပ်ကိုင်ရဲကြပြီး ဆန်းသစ်သော စိတ်ကူးစိတ်သန်းများဖြင့် တက်ကြွလန်းဆန်းနေကြသူများ ဖြစ်သည်။ ချန်ကျားဟွာသည် ထိုစက်ရုံလေးအား ဤအခြေအနေအတိုင်း ထာဝရ တည်ရှိနေစေရန် စိတ်ရင်းဖြင့် မျှော်လင့်နေမိသည်။
ဖုန်းချပြီးနောက် ရှန်မော့အာသည် ရုံးစားပွဲ၌ ထိုင်ကာ ခဏလောက်စဉ်းစားလိုက်ပြီးမှ အတွင်းရေးမှူးရှောင်ထန်ကို ခေါ်လိုက်သည်။
“အတွင်းရေးမှူးရှောင်ထန်.. စီစဉ်လိုက်ပါ။ ကျွန်မတို့ မြို့တော်ကို တစ်ခေါက် သွားကြမယ်”
အတွင်းရေးမှူးရှောင်ထန်မှာ အနည်းငယ် အံ့သြသွားရ၏။ မကြာသေးမီက စက်ရုံမှူးရှန်သည် အပြင်သို့ ထွက်ခွာခြင်း မရှိသလောက်ပင် ဖြစ်နေခဲ့သည်။ မဖြစ်မနေ တက်ရောက်ရမည့် အစည်းအဝေးများနှင့် ခရီးစဉ်များကိုပင် တခြားသော ဒုတိယစက်ရုံမှူးများကို လွှဲပြောင်းပေးကာ အနားယူရန် ပြင်ဆင်နေသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အမှန်တကယ်တွင်တော့ ပန်းထိုးအထည်စက်ရုံ(၂)သည် ဤနှစ်များအတွင်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ဌာနအသီးသီးမှ တာဝန်ခံများမှာလည်း လေ့ကျင့်မှုများစွာ ရရှိထားကြပြီး ဖြစ်သည်။ ရှန်မော့အာမှာလည်း လက်အောက်ငယ်သားများကို လုပ်ပိုင်ခွင့် လွှဲအပ်ပေးရန် နှစ်သက်သူဖြစ်သည်တွင် သူမ အနားယူနေသည့် အချိန်တွင်ပင် စက်ရုံ၏ လည်ပတ်မှုကို ထိခိုက်စေမည် မဟုတ်ချေ။
စက်ရုံရှိ ဝန်ထမ်းများအတွက်မူ စက်ရုံမှူးရှန်သည် စက်ရုံတစ်ခုလုံး၏ အုပ်ချုပ်သူထက် စက်ရုံရှိ လူအားလုံး၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ မဏ္ဍိုင်ကြီးဟု ဆိုရပေလိမ့်မည်။ သူမ ဘာလုပ်သည်ဆိုသည်မှာ အရေးမကြီးဘဲ သူမကို စက်ရုံတွင် မြင်တွေ့နေရရုံမျှဖြင့် လူတိုင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကိုးရာ ရရှိကာ စိတ်အေးချမ်းကြရသည်။
အတွင်းရေးမှူးရှောင်ထန်သည် အံ့သြသွားသော်လည်း ဘာမှ ထပ်မမေးမြန်းတော့ဘဲ ကားစီစဉ်ရန်အတွက် မော်တော်ယာဉ်အဖွဲ့ကို ချက်ချင်း ဆက်သွယ်လိုက်၏။
သူတို့စက်ရုံသည် ကျန်းပေခရိုင်ကဲ့သို့ မထင်မရှားသော နေရာတွင် ရှိနေသော်လည်း နှစ်စဉ် ပို့ကုန်ရရှိမှုမှာ နန်ပြည်နယ် တစ်ခုလုံးတွင် ထိပ်တန်းစာရင်းဝင် ဖြစ်သည်။ စက်ရုံမှာလည်း ပြည်နယ်အဆင့် တိုက်ရိုက်စီမံခန့်ခွဲမှုအောက်တွင် ရှိသဖြင့် လိုအပ်သော ပစ္စည်းကိရိယာများမှာ အစုံအလင် ရှိနေ၏။ လက်ရှိတွင် စက်ရုံ၌ ကုန်တင်ကားကြီးငယ် ၅ စီးနှင့် စက်ရုံခေါင်းဆောင်များအတွက် ရုံးသုံးယာဉ် ၁ စီး ပါဝင်သော မော်တော်ယာဉ်အဖွဲ့တစ်ခု ရှိနေပြီ ဖြစ်သည်။
ကားစီစဉ်ပြီးနောက် အတွင်းရေးမှူးရှောင်ထန်သည် ရှန်မော့အာ၏ အသုံးအဆောင်ပစ္စည်းများကို အမြန်ဆုံး သိမ်းဆည်းလိုက်ပြီး ရုံးစားပွဲအောက်ရှိ အံဆွဲထဲမှ အထုပ်ငယ်လေးတစ်ခုကိုလည်း ထုတ်ယူလိုက်သည်။
ရှန်မော့အာက မျက်ခုံးပင့်ကာ မေးလိုက်၏။
“ဒီလောက်တောင် အထုပ်အပိုးတွေ အများကြီးလား”
အတွင်းရေးမှူးရှောင်ထန်က အထုပ်ငယ်လေးကို အိတ်ထဲသို့ ထည့်လိုက်ရင်း လေးလေးနက်နက် ပြောလိုက်သည်။
“ဒါက ပညာတတ်လူငယ်ဖုက အထူးတလည် ပြင်ဆင်ပေးထားတာပါ။ စက်ရုံမှူး အစည်းအဝေး သွားတာဖြစ်ဖြစ်၊ ခရီးသွားတာဖြစ်ဖြစ် ဒါလေးကို ယူသွားပါတဲ့။ အထဲမှာ ဘီစကစ်မုန့်တွေ၊ အသားခြောက်တွေလိုမျိုး အဆာပြေမုန့်လေးတွေ ပါသလို.. ဝီစီ၊ မီးခြစ် စတဲ့ အရေးပေါ် အသုံးအဆောင် ပစ္စည်းတွေလည်း ပါပါတယ်”
ရှန်မော့အာ : “……”
အတွင်းရေးမှူးရှောင်ထန်က အားကျသည့်လေသံဖြင့် ပြောလိုက်၏။
“စက်ရုံမှူးရှန်.. ပညာတတ်လူငယ်ဖုက ရှင့်အပေါ် တကယ်ပဲ ကောင်းတာပဲနော်။ ကျွန်မလည်း နောက်ကျရင် ပညာတတ်လူငယ်ဖုလိုမျိုး ကြင်နာဂရုစိုက်တတ်တဲ့ လက်တွဲဖော်မျိုးကိုပဲ ရှာရမယ်”
ရှန်မော့အာမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။
“ဒါဆိုရင်တော့ ရှင့်အနေနဲ့ သေချာ စိစစ်ရလိမ့်မယ်”
ရုံးသုံးယာဉ်သည် ပန်းထိုးအထည်စက်ရုံ(၂)၏ တံခါးဝမှ ထွက်ခွာသွားချိန်တွင် ရုံးခန်းပြတင်းပေါက်မှ စောင့်ကြည့်နေသော ကျင်းချိုင်ဖေးသည် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်မိ၏။ ယခုကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် ရှန်မော့အာသည် အဘယ်ကြောင့် ရုတ်တရက် မြို့တော်သို့ သွားရသနည်း။
မကြာသေးမီက သူမသည် မည်သည့် အစည်းအဝေးနှင့် ခရီးစဉ်ကိုမှ မသွားဘဲ နေခဲ့သည် မဟုတ်ပါလား။ ယနေ့ ရုတ်တရက် ပြုမူလိုက်ခြင်းကြောင့် ကျင်းချိုင်ဖေး၏ ရင်ထဲတွင် တဒိန်းဒိန်း ခုန်လာကာ တစ်စုံတစ်ခုသော မကောင်းသည့် ကိစ္စများ ဖြစ်ပေါ်တော့မည်ဟု ခံစားနေရသည်။
ကျင်းချိုင်ဖေးသည် ပြတင်းပေါက်တွင် ခဏလောက် ရပ်နေပြီးနောက် မနေနိုင်တော့ဘဲ ရုံးစားပွဲ၌ ပြန်ထိုင်ကာ မြို့တော်သို့ ဖုန်းတစ်ခါ ဆက်လိုက်သည်။
“မြို့တော်ကို သွားတော့ ဘာဖြစ်လဲ။ သူက စက်ရုံမှူးပဲလေ.. ငြင်းလို့မရတဲ့ အစည်းအဝေးတွေ ရှိနိုင်တာပဲ၊ ဒါမှမဟုတ် မြို့တော်ခေါင်းဆောင်တွေကို အလုပ်ကိစ္စ တိုင်ပင်တာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။ ဒါက သာမန်ကိစ္စပါပဲ။ ပြီးတော့ သူက ဟို ကုယန်ပေါ်နဲ့လည်း အမြဲတမ်း ရင်းနှီးနေတာပဲ။ ကုယန်ပေါ်ကလည်း အတော်လေး ငယ်သေးတယ်ဆိုတော့ သူတို့နှစ်ယောက်က.. ဟဲဟဲဟဲ”
ဖုန်းထဲမှ မောက်ကျန့်ရှင်း၏ အသံမှာ အနည်းငယ် တုန်ခါနေသလို ဖြစ်နေပြီး နောက်ဆုံးတွင် ထွက်ပေါ်လာသော ရွံရှာဖွယ် ရယ်မောသံမှာ ကျင်းချိုင်ဖေး၏ နားထဲတွင် အလွန်ပင် စူးရှနေတော့သည်။
ထိုစဉ်က သူတို့နှစ်ဦးစလုံး မြို့တော်မှ လာရောက်၍ စက်ရုံကို တည်ဆောက်ခဲ့စဉ်က မောက်ကျန့်ရှင်းသည် တက်ကြွလှုပ်ရှားပြီး ရည်မှန်းချက်ကြီးမားသော လူငယ်တစ်ဦး ဖြစ်ခဲ့သည်။ ကျင်းချိုင်ဖေးသည် တစ်ချိန်က သူ့ကို အတော်ပင် အားကျခဲ့ဖူးပြီး သူတို့နှစ်ဦးမှာ ကျန်းပေခရိုင်တွင် တစ်ဦးကိုတစ်ဦး အပြန်အလှန် အမှီသဟဲပြုနေကြသူများဟု ခံစားခဲ့ရသည်။
သို့သော်လည်း နှစ်ပေါင်းများစွာကြာအောင် ကံမကောင်း အကြောင်းမလှသော ဘဝအခြေအနေများက ထိုအမျိုးသား၏ ရည်မှန်းချက်နှင့် ယုံကြည်ချက်အားလုံးကို ဖျက်ဆီးပစ်ခဲ့ပုံရ၏။ ယခုအခါတွင် သူသည် ကျင်းချိုင်ဖေး စိတ်ထဲမှ အလွန်ပင် ရွံရှာမိသော၊ အတွေးအခေါ် ညစ်ထေးသည့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
ကျင်းချိုင်ဖေးသည် အလွန်ပင် နေရခက်သွားကာ မနေနိုင်ဘဲ ပြောလိုက်သည်။
“မင်း လျှောက်ပြီး ကောလာဟလတွေ မလွှင့်ပါနဲ့။ ရှန်မော့အာက ဘယ်လိုလူစားလဲဆိုတာ ကျွန်တော်တို့အားလုံး သိကြတာပဲ။ သူက ဒီလိုမျိုး ကိစ္စတွေကို လုပ်မယ့်သူ မဟုတ်ဘူး”
အမှန်အတိုင်း ပြောရလျှင် ကျင်းချိုင်ဖေးသည် ယခုအခါ၌ ရှန်မော့အာသည် မောက်ကျန့်ရှင်းထက် ပန်းထိုးအထည်စက်ရုံ(၂)၏ စက်ရုံမှူးနေရာနှင့် ပိုမို သင့်တော်သည်ဟု ခံစားနေရသည်။ အကယ်၍ ထိုစဉ်က မောက်ကျန့်ရှင်းသာ မထွက်ခွာသွားခဲ့ပါက စက်ရုံသည် ယခုကဲ့သို့ အဆင့်အတန်းမျိုးသို့ ရောက်ရှိလာမည် မဟုတ်ချေ။ ရှန်မော့အာသည် နည်းပညာပိုင်းတွင် ဖြစ်စေ၊ လူမှုဆက်ဆံရေးပိုင်းတွင် ဖြစ်စေ မောက်ကျန့်ရှင်းထက် များစွာ၊ များစွာ သာလွန်ထူးချွန်လှသည်။
တစ်ခုတည်းသော အားနည်းချက်မှာ ရှန်မော့အာသည် စက်ရုံကို မြို့တော်သို့ မပြောင်းရွှေ့လိုပေ။ ကျင်းချိုင်ဖေး ကိုယ်တိုင်ကလည်း ကျန်းပေခရိုင်တွင် ဆက်မနေထိုင်နိုင်တော့ချေ။
ဖုန်းတစ်ဖက်မှ မောက်ကျန့်ရှင်းက အေးစက်စွာ ရယ်မောလိုက်သည်။
“မထင်မှတ်ထားဘူးပဲ။ ဒုတိယစက်ရုံမှူးကျင်းက သူ့အတွက်တောင် ကာကွယ်ပြီး ပြောပေးနေပါလား”
ကျင်းချိုင်ဖေးက မျက်စောင်းထိုးလိုက်ပြီး စိတ်မရှည်စွာဖြင့် ဆိုလိုက်၏။
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေပါနဲ့တော့။ ကျွန်တော့်ကို ကတိပေးထားတဲ့ ကိစ္စကိုတော့ သေချာ မှတ်ထားပေးပါ”
“ဒါပေါ့.. ကျွန်တော်တို့ရဲ့ အစီအစဉ် အောင်မြင်ဖို့က အဓိကပဲလေ။ သေချာလေး စောင့်ကြည့်ထားပါဦး.. ဒုတိယစက်ရုံမှူးကျင်း”
မောက်ကျန့်ရှင်းက ဖုန်းချလိုက်သည်။ ကျင်းချိုင်ဖေးသည် ဖုန်းခွက်ကို ကိုင်ဆောင်လျက် ခဏလောက် တိတ်ဆိတ်နေပြီးမှ ညင်သာစွာ ပြန်တင်လိုက်ကာ သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်တော့သည်။
ထိုနေ့မှစ၍ ရှန်မော့အာသည် နေ့စဉ် ပုံမှန်အတိုင်း အလုပ်ဆင်းခြင်း၊ အချိန်မှန် အလုပ်ဆင်းခြင်းများကိုသာ ပြန်လည်လုပ်ဆောင်ခဲ့ပြီး ခရီးထွက်ခြင်း သို့မဟုတ် အစည်းအဝေး တက်ရောက်ခြင်းမျိုး မရှိတော့ချေ။ စက်ရုံအတွင်း၌ပင် ခဏတာမျှသာ ကြာမြင့်သော ပုံမှန်အစည်းအဝေးတစ်ခုကိုသာ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ရှန်မော့အာသည် နောက်ပိုင်း လအနည်းငယ်အတွက် လုပ်ငန်းဆောင်တာများကို ပြန်လည် စနစ်တကျ စီစဉ်ခဲ့ပြီး ၎င်းမှာ အချိန်မရွေး အလုပ်မှ နုတ်ထွက်တော့မည့် အသွင်အပြင်မျိုးပင် ဖြစ်ပေသည်။
ထိုအခါမှသာ ကျင်းချိုင်ဖေး၏ စိုးရိမ်ပူပန်နေသော စိတ်နှလုံးမှာ ပြန်လည် ငြိမ်သက်သွားခဲ့လေတော့သည်။
...
အပိုင်း (၁၀၄.၂)
ရှန်မော့အာသည် မီးဖွားရန် ရက်နီးကပ်လာသည့်အခါ ဖုမင်ဇယ်သည် ရွာသို့ပင် မသွားတော့ဘဲ အိမ်၌သာ နေထိုင်ပြီး ကိုယ်ဝန်ဆောင်အား ပြုစုယုယလေတော့သည်။ ရှန်မော့အာသည်လည်း စက်ရုံရှိ အလုပ်ကိစ္စများကို စနစ်တကျ စီစဉ်ညွှန်ကြားခဲ့ပြီးနောက် အိမ်၌ အေးချမ်းစွာ အနားယူပြီး မီးဖွားရန် ပြင်ဆင်နေ၏။ ဇနီးမောင်နှံနှစ်ဦး၏ နေ့စဉ်ဘဝမှာ စားသောက်ခြင်း၊ အိပ်စက်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် လှေကားတက်ခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေခဲ့သည်။
မီးဖွားရန် ခန့်မှန်းခြေရက်ထက် နေ့ရက်အနည်းငယ် ကျော်လွန်သွားသော်လည်း ရှန်မော့အာထံတွင် မီးဖွားမည့် လက္ခဏာ တစ်စုံတစ်ရာ မပြသေးချေ။ ထိုအခါ မိဘအသစ်စက်စက် နှစ်ဦးစလုံးမှာ စပြီး စိုးရိမ်ပူပန်လာကြတော့သည်။
“ဘယ်က မီးဖွားမယ့် ရက်လဲ၊ ကျွန်မတုန်းက ကလေးမွေးတော့ ဒီလိုတွေ အများကြီး မစဉ်းစားခဲ့ရပါဘူး။ ဗိုက်နာလာရင် ကျန်းမာရေးဌာနကို သွားလိုက်တာပဲ၊ မကြာခင်မှာပဲ ကလေးမွေးလာတာပေါ့။ ကျွန်မကမှ တော်သေးတယ်၊ အနည်းဆုံးတော့ ကျန်းမာရေးဌာနက ဆရာဝန်က မွေးပေးတာလေ။ ကျွန်မတို့ ရွာဘက်မှာဆိုရင် ကိုယ့်ဘာသာကိုယ် မွေးကြတာ၊ ဒါမှမဟုတ်လည်း လက်သည်တွေက ဝိုင်းကူပေးကြတာပဲ။ ဘာမှမဖြစ်ပါဘူး၊ ကလေးက ထွက်လာချင်တဲ့ အချိန်ကျရင် ထွက်လာမှာပါ”
လျိုကွေ့ကျစ်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က သူမ၏ တစ်ခုတည်းသော အတွေ့အကြုံဖြင့် ရှန်မော့အာအား နှစ်သိမ့်ပေးနေလေသည်။
“ဟုတ်ပါပေ့၊ အချိန်တန်ရင် အသီးက အပင်က ကြွေမှာပဲလေ။ စိတ်မလောပါနဲ့၊ ဘယ်အချိန်မှာ ဗိုက်နာလာမလဲဆိုတာ မသိနိုင်ဘူး”
မီးဖွားပြီးနောက် တစ်လတာ ပြုစုစောင့်ရှောက်ပေးရန်အတွက် အထူးတလည် ရောက်ရှိနေသော ရှန်ယင်းယင်းသည်လည်း လူငယ်များမှာ အရာရာတွင် ထူးချွန်ထက်မြက်ကြသော်လည်း ကလေးမွေးဖွား ပြုစုပျိုးထောင်ခြင်း ကိစ္စများတွင်တော့ အတွေ့အကြုံ အလွန်ပင် နည်းပါးလှသည်ဟု တွေးတောနေမိ၏။
သူတို့၏ စကားများကို ကြားပြီးနောက် ရှန်မော့အာသည် စိတ်လက်ပေါ့ပါးသွားခဲ့သည်။ စိတ်အေးသွားသည်နှင့် တစ်ပြိုင်နက် ရှန်မော့အာသည် ဗိုက်ဆာလာသကဲ့သို့ ခံစားရပြီး အစားအသောက်တစ်ခုကို တောင့်တမိတော့သည်။ သူမသည် ခဏ စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။
“ကျွန်မ ပြည်သူ့စားသောက်ဆိုင်က အသားပေါက်စီ စားချင်တယ်”
သူမသည် ရေနွေးငှဲ့ပေးနေသော ဖုမင်ဇယ်ကို မျှော်လင့်တကြီး ကြည့်လိုက်၏။ ဖုမင်ဇယ်သည် ရှန်မော့အာ၏ အခြေအနေကို ချက်ချင်းပင် နားလည်လိုက်၏။ သူသည် ရှန်မော့အာ၏ ကြွေခွက်ထဲသို့ ရေနွေးငှဲ့ပေးလိုက်ပြီးနောက် မကြာသေးမီက သူမ အလွန်နှစ်သက်နေသော မက်မွန်သီး အနည်းငယ်ကို သူမ၏ လက်နားတွင် ချထားပေးလိုက်သည်။ ထို့နောက်မှ ငွေစက္ကူ၊ ဝယ်ယူခွင့်လက်မှတ်နှင့် စက်ဘီးသော့တို့ကို ယူဆောင်ကာ အသားပေါက်စီ ဝယ်ယူရန်အတွက် ပြည်သူ့စားသောက်ဆိုင်သို့ ထွက်ခွာသွားခဲ့တော့သည်။
မနက်စာ စားချိန် ပြီးဆုံးသွားသည်မှာ မကြာသေးသဖြင့် ကံကောင်းထောက်မစွာဖြင့် ပြည်သူ့စားသောက်ဆိုင်တွင် အသားပေါက်စီ အနည်းငယ် ကျန်ရှိနေသေးပြီး ဖုမင်ဇယ်သည် ကျန်ရှိသမျှကို အကုန်ဝယ်ယူလိုက်သည်။ ပြည်သူ့စားသောက်ဆိုင်ရှိ ဝန်ထမ်းများသည်လည်း သူ့ကို သိကြ၏။ ဤခရိုင်ရှိ အကြီးဆုံးသော နိုင်ငံပိုင်စက်ရုံ၊ စက်ရုံမှူး၏ ခင်ပွန်းဖြစ်သူ ပညာတတ်လူငယ်အား လျိုချောင်တပ်ဖွဲ့မှ လူတိုင်းလိုလို ကြားဖူးနားဝ ရှိကြသည် မဟုတ်ပါလား။
ထို့ပြင် ဤပညာတတ်လူငယ်ဖုသည် သူ၏ ဇနီးသည် ကိုယ်ဝန်ရှိလာကတည်းက ဟင်းလျာများကို မကြာခဏဆိုသလို လာရောက်ဝယ်ယူလေ့ ရှိသည်။
“စက်ရုံမှူးရှန် မမွေးသေးဘူးလား” စားပွဲထိုးဝန်ထမ်းက ဖုမင်ဇယ် ယူဆောင်လာသော ထမင်းချိုင့်ထဲသို့ ပေါက်စီများ ထည့်ပေးရင်း သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
ဖုမင်ဇယ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် ခေါင်းငြိမ့်ပြကာ ဖြေလိုက်၏။ “မမွေးသေးပါဘူး”
ဝန်ထမ်းအမျိုးသမီးသည်လည်း လူရည်လည်သူ ဖြစ်သဖြင့် ချက်ချင်းပင် ပြောလိုက်သည်။
“ဒီရက်ပိုင်းအတွင်းမှာပဲ မွေးတော့မှာ ဖြစ်မှာပါ။ စက်ရုံမှူးရှန်က ကံကောင်းတဲ့သူပဲ၊ သေချာပေါက် အဆင်ပြေချောမွေ့စွာ မွေးဖွားနိုင်မှာပါ”
ဖုမင်ဇယ်သည် အနည်းငယ် ပြုံးလိုက်ပြီး “ကျေးဇူးတင်ပါတယ်”
သူသည် စက်ဘီးကို စီးနင်းကာ ဝန်ထမ်းအိမ်ရာဝင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ အိမ်ရှိရာ အဆောက်အဦးအောက်သို့ ရောက်ရှိချိန်တွင် အပေါ်ထပ်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ဖုမင်ဇယ်၏ ရင်ထဲတွင် တဒိန်းဒိန်း ခုန်လာတော့သည်။ သူသည် စက်ဘီးကို ပစ်ချထားခဲ့ကာ အပေါ်ထပ်သို့ အပြေးအလွှား တက်သွားခဲ့၏။
ရှန်မော့အာကို ရှန်ယင်းယင်းနှင့် လျိုကွေ့ကျစ်တို့က တစ်ဖက်တစ်ချက်စီမှ တွဲဖက်ကာ အပြင်သို့ ထွက်လာကြသည်။ ဖုမင်ဇယ်ကို မြင်သောအခါ ရှန်ယင်းယင်းက အော်ဟစ်ပြောဆိုလိုက်၏။
“ရှောင်ဖု၊ မော့အာ မွေးတော့မယ်၊ မြန်မြန်၊ သူ့ကို တွဲထားပေးဦး၊ ငါ ပြင်ဆင်ထားတဲ့ ပစ္စည်းတွေ သွားယူလိုက်ဦးမယ်”
ဖုမင်ဇယ်သည် အလျင်စလို သွားကာ တွဲထားလိုက်သည်။ ရှန်မော့အာသည် အစပိုင်းတွင် အောင့်ထားခဲ့သော်လည်း ဖုမင်ဇယ်၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားချိန်၌ သူ၏ သန်မာသော လက်မောင်းကို ဆုပ်ကိုင်ကာ ညင်သာသောအသံဖြင့် ပြောလိုက်၏။
“ဖုမင်ဇယ်၊ ကျွန်မ နာတယ်”
ဖုမင်ဇယ်၏ရင်ထဲတွင် ဆိုးဆိုးရွားရွား နာကျင်သွားတော့သည်။ သူသည် တုန်ရီနေသော လက်များဖြင့် မိန်မးဖြစ်သူကို မြဲမြံစွာ ဖက်တွဲထားလိုက်ပြီး သူမတစ်ကိုယ်လုံးကို သူ၏ ရင်ခွင်ထဲတွင် ထည့်ထားကာ နူးညံ့သောအသံဖြင့် ပြောလိုက်၏။
“ကို သိပါတယ်၊ မင်း အနည်းငယ်လောက် အောင့်ထားပေးပါနော်။ ကိုတို့ အခုပဲ ကျန်းမာရေးဌာနကို သွားကြမယ်၊ ကိူ မင်းကို ဖြည်းဖြည်းချင်း တွဲပြီး အောက်ကို ဆင်းသွားပေးမယ်နော်”
ရှန်မော့အာက ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏ နဖူးပေါ်တွင် ချွေးစက်လေးများ စိမ့်ထွက်နေ၏။
“ကျွန်မတို့ မြန်မြန်သွားရအောင်”
ဖုမင်ဇယ်သည်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ သူသည် သူမကို အောက်သို့ တွဲချလာခဲ့ပြီးနောက် ကြိုတင်ငှားရမ်းထားသော သုံးဘီးဆိုင်ကယ်ဆီသို့ သွားခဲ့သည်။ သူသည် အဝတ်ဟောင်းများကို အောက်တွင် ခင်းကျင်းလိုက်ပြီးနောက် သူမကို အပေါ်သို့ တွဲတင်လိုက်၏။
သုံးဘီးဆိုင်ကယ်ပေါ်တွင် ရှန်မော့အာ၊ လျိုကွေ့ကျစ်နှင့် ရှန်ယင်းယင်းတို့ သုံးဦးစလုံး ပါဝင်သဖြင့် အမှန်တကယ်တွင်တော့ အလွန်ပင် လေးလံလှသည်။ သို့သော် ဖုမင်ဇယ်သည် မည်သို့သော အားအင်များ ရရှိလာသည်မသိဘဲ နွေရာသီ၏ မနက်ခင်း နေရောင်ခြည်အောက်၌ အားကုန်နင်းလိုက်ရာ ကျန်းမာရေးဌာန တံခါးဝသို့ ခဏချင်းအတွင်း ရောက်ရှိသွားခဲ့တော့သည်။
“အို၊ ပညာတတ်လူငယ်ဖုရဲ့ အင်္ကျီတွေလည်း စိုရွှဲနေပြီပဲ” လျိုကွေ့ကျစ်က သုံးဘီးဆိုင်ကယ်ပေါ်မှ ဆင်းလိုက်စဉ် ဖုမင်ဇယ်၏ ကျောပြင်တစ်ခုလုံး စိုရွှဲနေသည်ကို မြင်လိုက်ရလေသည်။
ဖုမင်ဇယ်သည် ချွေးများကို အမြန်သုတ်လိုက်ပြီး ပြောလိုက်၏။ “ရပါတယ်၊ ကျွန်တော်တို့ အမြန်ထဲကို ဝင်ကြရအောင်”
သူတို့ သုံးဦးသား ဝိုင်းဝန်းတွဲကာ ရှန်မော့အာကို သုံးဘီးဆိုင်ကယ်ပေါ်မှ ဆင်းခိုင်းလိုက်သည်။ ကျန်းမာရေးဌာနအတွင်းမှ ဝန်ထမ်းများကလည်း လာရောက် ကြိုဆိုကြ၏။
“စက်ရုံမှူးရှန် မမွေးတော့မှာလား”
ရှန်မော့အာကို တွန်းလှည်းပေါ်တွင် တင်လိုက်ပြီးနောက် မီးဖွားခန်းအတွင်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားကြတော့သည်။
သည်နှစ်များအတွင်း ပန်းထိုးအထည်စက်ရုံ(၂)၏ စက်ရုံဝင်းမှာ ပိုမိုကျယ်ပြန့်လာခဲ့ပြီး အလုပ်သမားများလည်း ပိုမိုများပြားလာခဲ့သည်။ ထို့ကြောင့် တပ်ဖွဲ့အတွင်းရှိ အခြေခံအဆောက်အအုံများကိုလည်း များစွာ ပြုပြင်မွမ်းမံခဲ့ကြ၏။
ဥပမာအားဖြင့် တပ်ဖွဲ့ကျန်းမာရေးဌာနတွင် ယခင်က ဆရာဝန်အနည်းငယ်သာ ရှိခဲ့ပြီး သာမန် ခေါင်းကိုက်ဗိုက်နာခြင်းမျိုးကိုသာ ကုသပေးနိုင်ခဲ့သော်လည်း ယခုအခါတွင်တော့ အဆောက်အဦးများကို တိုးချဲ့ဆောက်လုပ်ခဲ့ရုံသာမက ဆေးကျောင်းဆင်း ဆေးဘက်ဆိုင်ရာဝန်ထမ်း အသစ်များကိုလည်း ခန့်အပ်ထားခဲ့သည်။ ယခုအခါ၌ မီးဖွားခန်း၊ ခွဲစိတ်ခန်းနှင့် လူနာတင်ဆောင်ရန် အခန်း ၁၀ ခန်းကျော်ပင် ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ ခရိုင်ဆေးရုံကြီးကို မမီသော်လည်း သာမန်ကျန်းမာရေးဌာနများထက် များစွာ သာလွန်ကောင်းမွန်လှသည်။
အကြောင်းကလည်း ယခုအခါ လျိုချောင်တပ်ဖွဲ့တွင် အမြဲတမ်း နေထိုင်သူဦးရေမှာ များပြားလှသဖြင့် ကျန်းမာရေးဌာနကိုလည်း ပိုမိုကျွမ်းကျင်သော အဆင့်သို့ တိုးမြှင့်ရန် လိုအပ်လာခဲ့သောကြောင့်ပင်။ သို့ဖြစ်ရာ ပန်းထိုးအထည်စက်ရုံ(၂)ကို လျိုချောင်တပ်ဖွဲ့တွင် တည်ထောင်ခြင်းမှာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရုံသာမက တပ်ဖွဲ့အတွင်းရှိ ကျောင်းများ၊ ကျန်းမာရေးဌာန၊ သမဝါယမဆိုင်၊ ပြည်သူ့စားသောက်ဆိုင် စသည်တို့အားလုံးကိုလည်း ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ ယခင်က တစ်ပတ်လျှင် သုံးရက်သာ ခရိုင်မြို့သို့ ပြေးဆွဲခဲ့သော ဘတ်စ်ကားမှာလည်း ယခုအခါ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ပုံမှန်ပြေးဆွဲနေပြီ ဖြစ်သည်။
ရှန်မော့အာကို မီးဖွားခန်းအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် ဖုမင်ဇယ်ကိုတော့ သူနာပြုက အပြင်တွင် တားဆီးထားလိုက်သည်။
“မိသားစုဝင်တွေ အပြင်မှာ စောင့်ပေးပါရှင်”
ဖုမင်ဇယ်သည် မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်၏။ “ကျွန်တော် အထဲကို လိုက်ပြီး အဖော်မပြုပေးလို့ မရဘူးလား”
သူနာပြုသည် သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“မီးဖွားတဲ့နေရာမှာ သန့်ရှင်းပြီး ပိုးမွှားကင်းစင်တဲ့ ပတ်ဝန်းကျင် လိုအပ်ပါတယ်ရှင်။ ရှင်က အခု တစ်ကိုယ်လုံး ချွေးတွေနဲ့ဖြစ်နေသလို လမ်းမှာလည်း ဖုန်တွေ စိုနေမှာပါ။ အဲဒါက မီးဖွားမယ့်သူကို ပိုးဝင်စေနိုင်ပါတယ်”
ဖုမင်ဇယ်မှာ ရှားရှားပါးပါးပင် ဘာမှ ပြန်မပြောနိုင်ဘဲ ဖြစ်သွားရသည်။ ခဏအကြာတွင် သူသည် ခေါင်းညိတ်ပြလိုက်၏။ “ကျွန်တော် အပြင်မှာ စောင့်ပါ့မယ်”
သူနာပြု ဝင်သွားပြီးနောက် ဖုမင်ဇယ်သည် မီးဖွားခန်းတံခါးကြီးကိုသာ ငေးကြည့်နေမိတော့သည်။ ထိုတံခါးမှာ အသံလုံလှသဖြင့် အတွင်းမှ အသံများကို မကြားနိုင်သော်လည်း ဖုမင်ဇယ်သည် ရှန်မော့အာ နာကျင်စွာ အော်ဟစ်နေသည်ဟု စိတ်ထဲမှ ထင်ယောင်ထင်မှား ဖြစ်နေမိ၏။
စောစောက သူမသည် သူ့လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့ပုံ၊ အမြဲတမ်း တည်ငြိမ်နေတတ်သော သူမသည် ယခုအခါ နာကျင်လွန်းသဖြင့် ဝေဝေဝါးဝါး ဖြစ်နေကာ သူ့ကို အားကိုးတကြီးနှင့် နာကျင်စွာ ကြည့်နေသည့် အကြည့်များကို ပြန်လည် မြင်ယောင်လာမိသည်။ ထိုအခါ ဖုမင်ဇယ်သည် သူ၏ ရင်ထဲတွင် တစ်စုံတစ်ယောက်က ဆွဲညှစ်ထားသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရ၏။
“ဘယ်လိုလဲ၊ အထဲဝင်သွားတာ ဘယ်လောက်ကြာပြီလဲ” ရှန်ရှောက်ယွမ်က အပြေးအလွှား ရောက်ရှိလာကာ မေးမြန်းလိုက်သည်။
သူသည် ပုံမှန်အတိုင်း အလုပ်သွားခဲ့သည်။ စောစောက ဖုမင်ဇယ်တို့ ထွက်ခွာသွားချိန်တွင် ဝန်ထမ်းအိမ်ရာမှ လူတစ်ဦးကို ရှန်ရှောက်ယွမ်ထံ သွားရောက် အကြောင်းကြားခိုင်းလိုက်သည်။ သူသည် သတင်းကြားသည်နှင့် စက်ရုံမှ ခွင့်တောင်းကာ အပြေးအလွှား ရောက်လာတော့သည်။
ရှန်ယင်းယင်းမှာ ကြက်စွပ်ပြုတ်သွားချက်နေပြီး လျိုကွေ့ကျစ်ကတော့ အပြင်တွင် စောင့်ဆိုင်းပေးနေသည်။ သူမက ဖြေကြားလိုက်၏။
“ဝင်သွားတာ မကြာသေးပါဘူး၊ မိနစ် ၂၀ လောက်ပဲ ရှိပါဦးမယ်။ အချိန်အတော်လိုပါသေးတယ်၊ ပထမဦးဆုံး ကလေးဆိုတော့ ဒီလောက်နဲ့ မပြီးသေးပါဘူး။ မိုးမချုပ်ခင် မွေးနိုင်ရင်တောင် တော်တော်မြန်တယ်လို့ ဆိုရမှာပါ”
သူမသည် ခဏ စဉ်းစားလိုက်ပြီးမှ ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ စက်ရုံမှူးရှန်က ဗိုက်နာတာ တော်တော်မြန်တယ်ရှင်။ မက်မွန်သီး စားနေတုန်းမှာပဲ ရုတ်တရက်ကြီး နာလာတာပဲ”
ရှန်ရှောက်ယွမ်က ခေါင်းငြိမ့်ပြကာ မီးဖွားခန်းတံခါးဝသို့ သွားပြီး ဖုမင်ဇယ်နှင့်အတူ မီးဖွားခန်းကို စိုက်ကြည့်နေမိတော့သည်။ ဖုမင်ဇယ်က သူ့ဘက်သို့ လှည့်ကြည့်ကာ “အဖေ” ဟု ခေါ်လိုက်၏။
ရှန်ရှောက်ယွမ်သည် ဖုမင်ဇယ်၏ ပုံစံကို မြင်တွေ့လိုက်ရသောအခါ ထိတ်လန့်သွားရသည်။ ဤလူငယ်မှာ ပုံမှန်ဆိုလျှင် ဘာအမူအရာမှ မရှိဘဲ တည်ငြိမ်လွန်းလှသူ ဖြစ်သော်လည်း ယခုအခါတွင်တော့ မျက်ဝန်းများ နီမြန်းနေကာ ငိုတော့မည့် ပုံစံမျိုး ပေါက်နေလေသည်။ အကယ်၍ လျိုကွေ့ကျစ်က ရှန်မော့အာ ဝင်သွားသည်မှာ မိနစ် ၂၀ သာ ရှိသေးသည်ဟု မပြောခဲ့ပါက ရှန်ရှောက်ယွမ်သည် သူ၏ သမီးမှာ မီးဖွားရခက်ခဲနေသဖြင့် သားမက်ဖြစ်သူမှာ ဤကဲ့သို့သော ပုံစံ ဖြစ်နေခြင်းဖြစ်သည်ဟုပင် ထင်မှတ်မိပေလိမ့်မည်။
သူသည် ဖုမင်ဇယ်၏ ပုခုံးကို ပုတ်ကာ ရှားရှားပါးပါးပင် နူးညံ့ပျော့ပြောင်းစွာဖြင့် နှစ်သိမ့်လိုက်၏။
“စိတ်ချပါ၊ မော့အာက ငယ်ငယ်ကတည်းက ကျန်းမာရေး ကောင်းတဲ့သူပဲ၊ သေချာပေါက် အဆင်ပြေချောမွေ့စွာ မွေးဖွားနိုင်မှာပါ”
ဖုမင်ဇယ်သည် ဘာမှ ပြန်မပြောဘဲ ခေါင်းငြိမ့်ပြလိုက်သည်။ စောင့်ဆိုင်းရသော အချိန်မှာ အလွန်ပင် ရှည်လျားလှသည်ဟု ခံစားရ၏။ အချိန်မည်မျှ ကုန်လွန်သွားသည်ကို သူ မသိသော်လည်း အမှန်တကယ်တွင်တော့ မကြာသေးကြောင်း စိတ်ထဲမှ သိနေသည်။ သို့သော်လည်း အချိန်အတော်ကြာသွားပြီဟု ခံစားနေရ၏။ ထိုစဉ် လူနာတင်ကုတင်တစ်ခု ဖြတ်သန်းသွားသော အသံကို ကြားလိုက်ရသဖြင့် ဖုမင်ဇယ်သည် ရုတ်တရက် လန့်နိုးသွားသကဲ့သို့ ခေါင်းလှည့်ကြည့်လိုက်မိသည်။
“စိတ်မလှုပ်ရှားပါနဲ့၊ စိတ်မလှုပ်ရှားပါနဲ့၊ အဲဒါက ကုတင်အလွတ်ကြီးပါရှင်။ ကျွန်မတို့ ကျန်းမာရေးဌာနမှာ မီးဖွားမယ့်သူနဲ့ လူနာတွေ အဲဒီလောက် အများကြီး မရှိပါဘူး”
လျိုကွေ့ကျစ်သည် ဖုမင်ဇယ်၏ ပုံစံကို မြင်တွေ့ရသောအခါ မရယ်ဘဲ မနေနိုင်တော့ချေ။ ပုံမှန်ဆိုလျှင် တည်ငြိမ်လွန်းလှသူမှာ ယခုကဲ့သို့ စိတ်လှုပ်ရှားနေသည်ကို မြင်တွေ့ရသည်မှာ အမှန်တကယ်ပင် ရယ်စရာကောင်းလှသည် မဟုတ်ပါလား။ သူမက ရယ်မောလျက် ပြောလိုက်၏။
“ကျွန်မ ကြည့်ရတာတော့ ရှင်တို့ သားအဖနှစ်ယောက် မီးဖွားခန်းတံခါးဝမှာ ပိတ်မရပ်နေကြပါနဲ့တော့။ အခု ဝင်သွားတာ တစ်နာရီကျော်ပဲ ရှိသေးတာ၊ ဒီလောက် မြန်မြန် မမွေးနိုင်သေးပါဘူး။ ရှင်တို့ ဒီလိုကြီး ရပ်နေကြရင် လူနာထွက်လာတဲ့အခါ ပြုစုဖို့အတွက် အင်အားမရှိဘဲ နေပါဦးမယ်။ ဘေးမှာ ခဏ ထိုင်စောင့်နေကြပါလား”
သူမ၏ စကားပင် မဆုံးသေးမီမှာပင် မီးဖွားခန်းတံခါးကြီး ရုတ်တရက် ပွင့်လာခဲ့သည်။ သူနာပြုတစ်ဦးသည် အပြာရောင် စောင်လေးဖြင့် ထုပ်ပိုးထားသော ကလေးလေးအား ပွေ့ချီလျက် ထွက်လာခဲ့၏။ တံခါးဝတွင် မတ်တပ်ရပ်နေသော ဖုမင်ဇယ်နှင့် ရှန်ရှောက်ယွမ်တို့ကို မြင်တွေ့လိုက်ရသောအခါ သူနာပြုမှာ အံ့သြသွားရသည်။ သူမသည် ခဏ ကြောင်ကြည့်နေပြီးမှ ပြောလိုက်၏။
“စက်ရုံမှူးရှန်ရဲ့ မိသားစုဝင်တွေ ရှိပါသလားရှင်၊ ရှင်တို့လား”
ရှန်ရှောက်ယွမ်က ချက်ချင်းပင် ဖြေလိုက်၏။ “ဟုတ်ပါတယ်၊ ကျွန်တော်တို့ပါပဲ”
သူနာပြုသည် သူမ၏ လက်ထဲမှ ကလေးလေးကို ရှန်ရှောက်ယွမ်၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်သည်။
“ကလေးကို သေချာ ပွေ့ထားပါရှင်။ မီးဖွားတဲ့သူကလည်း အခုပဲ ထွက်လာတော့မှာပါ။ သူနာပြုခန်းကို ခေါ်သွားဖို့အတွက် ပြင်ဆင်ထားကြပါဦး”
လျိုကွေ့ကျစ်မှာ ပါးစပ်ထဲသို့ ကြက်ဥတစ်လုံး ထည့်ထားနိုင်လောက်အောင် အံ့သြသွားရသည်။
“မဟုတ်သေးဘူးလေ၊ ဘာလို့ ဒီလောက် မြန်ရတာလဲ၊ မွေးပြီးသွားပြီလား”
သူနာပြုက ပြုံးလျက် ဖြေလိုက်၏။
“ဟုတ်ပါတယ်ရှင်။ စက်ရုံမှူးရှန်က ဒီကို မလာခင်ကတည်းက သားအိမ် တော်တော်လေး ပွင့်နေပုံရပါတယ်၊ ဒါကြောင့်လည်း ဗိုက်က အရမ်းနာနေတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် အခြေအနေချင်း မတူကြပေမဲ့ စက်ရုံမှူးရှန်က ကျန်းမာရေး ကောင်းမွန်လွန်းလို့ မွေးဖွားရတာ အလွန်ပဲ ချောမွေ့ပါတယ်ရှင်။ ပထမဦးဆုံး ကလေးဆိုပေမဲ့ တခြားသူတွေရဲ့ ဒုတိယမြောက် ဒါမှမဟုတ် တတိယမြောက် ကလေးတွေ မွေးသလိုမျိုး အရမ်း မြန်ပါတယ်”
ထိုသို့ ပြောဆိုပြီးနောက် သူမသည် မီးဖွားခန်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ရာ ထိတ်လန့်နေသော လူသုံးဦးသာ ကျန်ရှိခဲ့တော့သည်။ ရှန်ရှောက်ယွမ်သည် ကလေးလေးကို ပွေ့ချီထားရင်း တစ်ကိုယ်လုံး တောင့်တင်းနေတော့သည်။
သူသည် ခေါင်းငုံ့ကြည့်လိုက်သောအခါ ဖြူဖွေးနုနယ်သော မျက်နှာလေးကို မြင်တွေ့လိုက်ရ၏။ ကလေးငယ်လေးမှာ မျက်လုံးလေးများကို မှိတ်ထားသော်လည်း မျက်တောင်လေးများမှာ ရှည်လျားလှပြီး နှုတ်ခမ်းလေးမှာလည်း ပန်းရောင်သန်းနေသည်။ အဝတ်အစားလေးများအောက်မှ လက်ကလေးများမှာ လှုပ်ရှားနေပြီးနောက် မျက်လုံးလေးများကို ဖွင့်ကြည့်ကာ တဝါးဝါးအော်ငိုနေ၏။
ရှန်ရှောက်ယွမ် : “……”
သူသည် ခေါင်းလှည့်လိုက်ပြီး ကလေးလေးအား ဖုမင်ဇယ်၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်၏။
“မင်းရဲ့ ကလေးပဲ၊ အဖေဖြစ်တဲ့သူကပဲ အမြန် ချော့လိုက်တော့”
ဖုမင်ဇယ်သည် သူ၏ ရင်ခွင်ထဲရှိ ကလေးလေးအား ကြည့်လိုက်သည်။ ကလေးငယ်လေးသည် ဖန်ဂေါ်လီလုံးလေးများကဲ့သို့ နက်မှောင်လှပသော မျက်ဝန်းလေးများဖြင့် သူ့အား စိုက်ကြည့်နေပြီး ငိုသံမှာလည်း တဖြည်းဖြည်း တိတ်သွားခဲ့၏။ သူမ၏ နှုတ်ခမ်းလေးမှာ တစ်ခုခုကို စို့ချင်သည့်ဟန်ဖြင့် လှုပ်ရှားနေကာ ဗိုက်ဆာနေသည့် ပုံစံမျိုး ပေါက်နေသော်လည်း ထပ်မငိုတော့ချေ။ ဤအချိန်တွင် ကလေးငယ်၏ အမြင်အာရုံမှာ သူ့အား မမြင်နိုင်သေးကြောင်း သိထားသော်လည်း ဖုမင်ဇယ်သည် ကလေးငယ်လေးနှင့် အကြည့်ချင်း ဆုံနေသည်ဟု ထူးဆန်းစွာ ခံစားလိုက်ရသည်။
၎င်းမှာ သူနှင့် ရှန်မော့အာတို့၏ ရင်သွေးလေး ဖြစ်ပေသည်။
လျိုကွေ့ကျစ်သည် အနားသို့ တိုးကပ်လာပြီး သေချာစွာ ကြည့်လိုက်၏။
“ဒီကလေးလေးက တကယ်ပဲ ချောတာပဲ။ ဆံပင်တွေကလည်း နက်မှောင်နေတာပဲ၊ တကယ့်ကို လှပတဲ့ မိန်းကလေးလေး ဖြစ်လာမှာ သေချာတယ်”
သူမက ပြောရင်းနှင့် ရုတ်တရက် ရပ်လိုက်ကာ “ဒါနဲ့၊ ခုနက သူနာပြုက ပြောသွားလား၊ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာ”
...