← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အပိုင်း (၁၀၇.၁)

ပန်းထိုးအထည်စက်ရုံ ပြောင်းရွှေ့တော့မည်ဟူသော သတင်းမှာ နှစ်ရက်မပြည့်မီမှာပင် တပ်ဖွဲ့တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး စက်ရုံအတွင်း၌သာမက လျိုချောင်တပ်ဖွဲ့တစ်ခုလုံးမှာလည်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်တော့သည်။

လျိုချောင်တပ်ဖွဲ့တွင် စက်ရုံ ၃ ခု ရှိသော်လည်း အထည်အလိပ်စက်ရုံနှင့် အုတ်ဖိုစက်ရုံတို့၏ အရွယ်အစားမှာ ပန်းထိုးအထည်စက်ရုံနှင့် လုံးဝ မယှဉ်နိုင်ကြောင်း သိထားကြသည်။

ပန်းထိုးအထည်စက်ရုံသည် အစပိုင်းတွင် အလုပ်သမား အနည်းငယ်သာရှိသော အလုပ်ရုံလေးတစ်ခုမျှသာ ဖြစ်ခဲ့သော်လည်း ဤနှစ်များအတွင်း အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အထည်အလိပ်စက်ရုံနှင့် အုတ်ဖိုစက်ရုံတို့၏ အရွယ်အစားကို ကျော်လွန်သွားခဲ့ပြီး ကျန်းပေခရိုင်အတွင်း အကြီးဆုံးသော နိုင်ငံပိုင်စက်ရုံကြီး ဖြစ်လာခဲ့သည်။

ဒေသခံများအတွက် အသိသာဆုံးသော အကျိုးကျေးဇူးမှာ အိမ်မှ ကလေးများ စက်ရုံတွင် အလုပ်ရုံ အခွင့်အရေး ရရှိလာခြင်းပင်။

အခြားစက်ရုံများမှာ နှစ်အတော်ကြာမှသာ အလုပ်သမား ခေါ်ယူလေ့ရှိသော်လည်း ပန်းထိုးအထည်စက်ရုံကတော့ နှစ်စဉ်လိုလို တိုးချဲ့တည်ဆောက်ကာ နှစ်စဉ် အလုပ်သမား ခေါ်ယူလေ့ရှိသည်။

ယခင်က လူတိုင်းက စာသင်ခြင်းမှာ အသုံးမဝင်ဟု ထင်မြင်ခဲ့ကြသော်လည်း ယခုအခါတွင်တော့ အလယ်တန်း အောင်မြင်ပါက စက်ရုံတွင် အလုပ်ရနိုင်မည့် အခွင့်အရေးရှိကြောင်း မျက်မြင်ကိုယ်တွေ့ ဖြစ်လာခဲ့သဖြင့် လျိုချောင်တပ်ဖွဲ့တွင်သာမက အနီးနားရှိ တပ်ဖွဲ့များတွင်ပါ ကျောင်းထွက်နှုန်းမှာ ထိုးကျသွားခဲ့သည်။

ယခင်က သားယောက်ျားလေးများကိုသာ ကျောင်းထားလေ့ရှိသော မိသားစုအချို့မှာ ယခုအခါ သမီးမိန်းကလေးများကိုပါ အနည်းဆုံး အလယ်တန်း အောင်မြင်သည်အထိ ကျောင်းထားပေးလာကြသည်။ အကြောင်းမှာ ပန်းထိုးအထည်စက်ရုံသည် အမျိုးသမီး အလုပ်သမားများကို ပိုမိုခေါ်ယူလေ့ရှိသဖြင့် မိန်းကလေးများအတွက် အခွင့်အရေး ပိုများသောကြောင့်ပင်။ မည်သို့ပင်ဖြစ်စေ၊ သားဖြစ်စေ သမီးဖြစ်စေ ပန်းထိုးအထည်စက်ရုံတွင် အလုပ်ရပါက မိသားစု၏ စားဝတ်နေရေးကို ကူညီထောက်ပံ့ပေးနိုင်မည် မဟုတ်ပါလား။

ပန်းထိုးအထည်စက်ရုံသည် နှစ်စဉ် ၉လပိုင်းတွင် အလုပ်သမား ခေါ်ယူလေ့ရှိပြီး အဓိကအားဖြင့် ထိုနှစ် ကွမ်ကျိုးကုန်စည်ပြပွဲမှ ရရှိသော အော်ဒါပမာဏအပေါ် မူတည်ကာ ခေါ်ယူမည့် အရေအတွက်ကို ဆုံးဖြတ်လေ့ရှိသည်။

ယခုမှ ၇လပိုင်းကုန်သာ ရှိသေးသဖြင့် ယခုနှစ် အလယ်တန်း အောင်မြင်ထားသူများမှာ အလုပ်သမား ခေါ်ယူမည့်အချိန်ကို လည်တဆန့်ဆန့် မျှော်လင့်နေကြချိန်တွင် စက်ရုံ ပြောင်းရွှေ့တော့မည်ဟူသော သတင်းမှာ ထွက်ပေါ်လာခဲ့လေသည်။

ထိုမိသားစုများအတွက်တော့ ၎င်းမှာ ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ဖြစ်တော့သည်။

ထို့ကြောင့် သတင်းကြားသည်နှင့် လူအများစုမှာ တပ်ဖွဲ့ရုံးခန်းရှေ့သို့ သွားရောက်ကာ ဆူပူအုံကြွကြလေတော့သည်။

အိမ်မှ ကလေးများ အလုပ်လျှောက်ရာတွင် ထိခိုက်မည်စိုးသဖြင့် စက်ရုံတံခါးဝသို့တော့ မသွားရဲကြချေ။ ထို့ကြောင့် တပ်ဖွဲ့ရုံးခန်းသို့သာ သွားရောက်ကာ ပန်းထိုးအထည်စက်ရုံကို ဆက်လက်ထားရှိနိုင်ရေးအတွက် တပ်ဖွဲ့ခေါင်းဆောင်များကို နည်းလမ်းရှာပေးရန် တောင်းဆိုကြလေသည်။

တပ်ဖွဲ့ခေါင်းဆောင်များမှာလည်း ခေါင်းကိုက်နေကြရ၏။ သူတို့အနေဖြင့် ပန်းထိုးအထည်စက်ရုံကို ဆက်မထားချင်ဘဲ အဘယ်မှာ နေပါမည်နည်း။ ပန်းထိုးအထည်စက်ရုံ ရှိနေခြင်းကြောင့်သာ လျိုချောင်တပ်ဖွဲ့မှာ သာမန်အဆင့်မှ ကျန်းပေခရိုင်၏ ထိပ်တန်းတပ်ဖွဲ့တစ်ခု ဖြစ်လာခဲ့ရသည် မဟုတ်ပါလား။ တပ်ဖွဲ့၏ စီးပွားရေး ညွှန်းကိန်းများ တက်လာရုံသာမက ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ စသည့် ကဏ္ဍအသီးသီးတွင်ပါ သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။

ပန်းထိုးအထည်စက်ရုံ ပြောင်းရွှေ့သွားပြီးနောက် လျိုချောင်တပ်ဖွဲ့၏ အခြေအနေ မည်သို့ဖြစ်သွားမည်ကို သူတို့ တွေးတောင် မတွေးရဲကြချေ။

သို့သော် ဤကိစ္စကို သူတို့ ဝင်ရောက် စွက်ဖက်လို့ မရနိုင်ချေ။ သူတို့သာမက ခရိုင်အဆင့်မှလည်း ဝင်ပါ၍ မရနိုင်ပေ။

ပြည်နယ်စက်မှုဌာနမှ တိုက်ရိုက် ညွှန်ကြားစာ ချမှတ်ခဲ့ပြီး ကျန်းပေခရိုင်အနေဖြင့် ပြောင်းရွှေ့နေရာချထားရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။ ခရိုင်အဆင့်မှ မကျေမနပ်ဖြစ်ကာ တုံ့ဆိုင်းနေသော်လည်း ပြည်နယ်မှ ထွက်ပေါ်လာသော သတင်းများအရ ပန်းထိုးအထည်စက်ရုံ အတွင်းမှပင် ပြောင်းရွှေ့လိုစိတ် ပြင်းပြနေပြီး သူတို့ကိုယ်တိုင် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အကယ်၍ ထိုအတိုင်းသာ မှန်ကန်ပါက တစ်ဖက်က ပြောင်းရွှေ့လိုပြီး အခြားတစ်ဖက်ကလည်း လက်ခံလိုနေပါက သူတို့အနေဖြင့် မည်သို့ တားဆီးနိုင်မည်နည်း။

တပ်ဖွဲ့အတွင်းရေးမှူး ကျန်းကျန့်ရှန်သည် သတင်းကြားသည်နှင့် ဝန်ထမ်းအိမ်ရာရှိ ရှန်မော့အာထံသို့ ချက်ချင်း သွားရောက်ခဲ့သည်။ ရှန်မော့အာ မီးတွင်းနားနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မျက်နှာပြောင်တိုက်ကာ ဤကိစ္စ၏ အကြောင်းရင်းမှန်ကို လူချင်းတွေ့၍ မေးမြန်းခဲ့၏။

အမှန်တကယ်တွင်တော့ စက်ရုံအတွင်းမှ အမှန်တကယ် ပြောင်းရွှေ့လိုခြင်း ဟုတ်မဟုတ်နှင့် ပြန်လည် ပြင်ဆင်နိုင်မည့် အခွင့်အရေး ရှိမရှိကို သွယ်ဝိုက်၍ စုံစမ်းလိုခြင်း ဖြစ်သည်။

ရှန်မော့အာက သူမအနေဖြင့် ပြောင်းရွှေ့ခြင်းကို သဘောမတူကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သော်လည်း ကျန်းကျန့်ရှန်မှာ တစ်ဝက်သာ ယုံကြည်လေသည်။

ပန်းထိုးအထည်စက်ရုံ(၂)မှာ ရှန်မော့အာ ကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သူမ၏ ကိုယ်ပိုင် ဩဇာတိက္ကမနှင့် စက်ရုံအတွက် အရေးပါမှုမှာ သံသယဖြစ်ဖွယ် မရှိချေ။ သူမသာ ခေါင်းမငြိမ့်ပါက ပြည်နယ်မှ စက်ရုံအတွင်း ပြောင်းရွှေ့လိုစိတ် ပြင်းပြနေသည်ဟု မည်သို့ ပြောဆိုနိုင်မည်နည်း။

သို့သော် ရှန်မော့အာက လသားအရွယ် သမီးငယ်လေးကို ပွေ့ချီကာ ရံဖန်ရံခါ ပြုံးရွှင်စွာ ကစားနေသည်ကို မြင်ရသောအခါ ကျန်းကျန့်ရှန်သည် မဖြစ်နိုင်ဟု ထင်မြင်မိပြန်သည်။

သူမအနေဖြင့် ပြည်နယ်မြို့တော်သို့ အမှန်တကယ် သွားရောက်လိုလျှင်တောင်မှ ယခုကဲ့သို့ အချိန်အခါမျိုးကို ရွေးချယ်မည် မဟုတ်ချေ။ ကလေးငယ်မှာ ငယ်ရွယ်လွန်းလှသဖြင့် သူစိမ်းမြို့တော်သို့ ရုတ်တရက် သွားရောက်ပါက ရေမြေရာသီဥတုနှင့် အဆင်ပြေနိုင်ပါ့မလားဆိုသည်မှာ ပြဿနာတစ်ခု ဖြစ်ပေသည်။

ကျန်းကျန့်ရှန်သည် သံသယများစွာဖြင့် တပ်ဖွဲ့ရုံးခန်းသို့ ပြန်လာခဲ့ပြီး ရုံးခန်းရှေ့တွင် ဝိုင်းအုံနေသော လူအုပ်ကြီးအား တပ်ဖွဲ့အနေဖြင့် ပန်းထိုးအထည်စက်ရုံကို ဆက်လက်ထားရှိနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ရှင်းပြခဲ့ရသည်။ ထို့နောက် နေ့စဉ်ရက်ဆက် ခရိုင်ရုံးသို့ သွားရောက်ကာ အပူတပြင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသဖြင့် ပါးစပ်တွင် အပူနာများပင် ထွက်လာခဲ့လေသည်။

အခြားတစ်ဖက်တွင်တော့ အလားတူပင် စိုးရိမ်ထိတ်လန့်နေသော ပန်းထိုးအထည်စက်ရုံ အတွင်း၌ ဖုန်းဝေသည် ဆန္ဒသဘောထား ကောက်ယူမှုများကို စတင် ပြုလုပ်နေပြီ ဖြစ်သည်။

စက်ရုံရှိ ခေါင်းဆောင်များ၊ အရာရှိများ၊ အမြဲတမ်းအလုပ်သမားများ၊ ယာယီအလုပ်သမားများနှင့် အလုပ်သင်များ အပါအဝင် ဝန်ထမ်းအားလုံးသည် ဆန္ဒသဘောထား ဖောင်တစ်ရွက်စီ ရရှိကြပြီး 'ဆက်နေမည်' သို့မဟုတ် 'ထွက်ခွာမည်' ဟူသော ရွေးချယ်စရာ နှစ်ခုထဲမှ တစ်ခုကိုသာ ရွေးချယ်ရမည်။

ကျင်းချိုင်ဖေးသည် ဆန္ဒသဘောထား ဖောင်ကို ကိုင်ဆောင်လျက် ဖုန်းဝေ၏ ရုံးခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ဒုတိယစက်ရုံမှူးဖုန်း.. ဒီဖောင်ကို ဖြည့်ဖို့ လုံးဝ မလိုအပ်ဘူးလို့ ထင်ပါတယ်။ ပြည်နယ်က ကျွန်တော်တို့ စက်ရုံတစ်ခုလုံးကို ပြောင်းရွှေ့ဖို့ ညွှန်ကြားထားတာလေ။ ဆက်နေမယ်လို့ ရွေးချယ်တဲ့သူတွေက တကယ်ပဲ ဆက်နေလို့ရမှာ မို့လို့လား”

ဖုန်းဝေက မျက်လုံးပင့်ကာ သူ့ကို ခပ်ဖျော့ဖျော့ တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

“ဒုတိယစက်ရုံမှူးကျင်း.. ကျွန်တော်တို့ စက်ရုံက ဝန်ထမ်းအများစုဟာ ကျန်းပေခရိုင် ဒါမှမဟုတ် လျိုချောင်တပ်ဖွဲ့က ဒေသခံတွေ ဖြစ်ကြပါတယ်။ ကိုယ့်ဇာတိကို ခွဲခွာရမှာ ခက်ခဲကြတာ သဘာဝပါပဲ။ တချို့သူတွေက ပြည်နယ်မြို့တော်မှာ အလုပ်သမားသွားလုပ်မယ့်အစား အလုပ်ထွက်ဖို့ကိုတောင် ရွေးချယ်ချင် ရွေးချယ်ကြမှာပါ။ အဲဒီလိုလူတွေကို ကျွန်တော်တို့က အတင်းအကျပ် ခေါ်သွားရမှာလား။ အဲဒီလိုဆိုရင် သူတို့ ပြည်နယ်မြို့တော်ကို ရောက်သွားရင်တောင် စိတ်အေးချမ်းသာစွာနဲ့ အလုပ်လုပ်နိုင်ပါ့မလား”

“ကျွန်တော်တို့နိုင်ငံက ပြည်သူတွေ အာဏာပိုင်တဲ့ နိုင်ငံပါ။ ပြည်သူတွေက နိုင်ငံရဲ့ အရေးကို ဆုံးဖြတ်နိုင်သလို၊ ကိုယ့်ကြမ္မာကိုလည်း ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်။ တကယ်လို့ ပြည်နယ်မြို့တော်ကို မသွားချင်တဲ့သူတွေ ရှိရင် စက်ရုံအနေနဲ့ အတင်းအကျပ် လုပ်မှာမဟုတ်ဘူးလို့ စက်ရုံမှူးရှန်က ပြောထားပါတယ်”

သူက ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။

“နောက်ပြီးတော့.. ပြည်နယ်က ကျွန်တော်တို့ကို ၃ လအတွင်း ပြောင်းရွှေ့ဖို့ ညွှန်ကြားထားတာဆိုတော့ ဝန်ထမ်းအင်အား အခြေအနေကို ရှင်းရှင်းလင်းလင်း မသိဘဲနဲ့ ဘယ်လိုလုပ်ပြီး ပြောင်းရွှေ့နိုင်မှာလဲ”

လက်ရှိ စက်ရုံ၏ အခြေအနေမှာ မိမိထင်မှတ်ထားသည်ထက် များစွာ ပိုမိုပြေလည်နေပြီး ဖုန်းဝေ၏ အပြောအရ ပြောင်းရွှေ့ရေး လုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင်နေပြီ ဖြစ်သော်လည်း ကျင်းချိုင်ဖေးမှာ တစ်စုံတစ်ခုကို စိုးရိမ်နေမိသည်။ အရာရာမှာ လွယ်ကူချောမွေ့လွန်းနေသည်ဟု ခံစားနေရ၏။

သို့သော်လည်း ဖုန်းဝေ၏ စကားမှာ မှန်ကန်သည်ကိုတော့ သူဝန်ခံရပေမည်။ သည်လောက်ကြီးမားသော စက်ရုံကြီးတွင် ဆက်လက်နေထိုင်လိုသူများ သေချာပေါက် ရှိနေမည်သာ။ ဥပမာအားဖြင့် လျိုယင်းရွှမ်းကဲ့သို့သော ခက်ထန်သော အမျိုးသမီးမျိုးဆိုလျှင် စက်ရုံနှင့် အတူ အသေခံမည့် ပုံစံမျိုး ပေါက်နေသည်။ ထိုသို့သော လူများ ကျန်ရစ်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့် ပိုလို့ပင် ဝမ်းသာလိမ့်ဦးမည်။

ထိုသို့ တွေးတောနေသော်ငြားလည်း ကျင်းချိုင်ဖေးက ပြန်ပြောလိုက်သည်။

“တောင်သူလယ်သမားဘဝကို ပြန်သွားဖို့ ရွေးချယ်ပြီး ပြည်နယ်မြို့တော်ကို မသွားချင်တဲ့သူက ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ အဲဒါက အရူးလုပ်ရပ်ပဲ မဟုတ်ဘူးလား။ ပြည်နယ်မြို့တော်က ဘယ်လောက်ကောင်းလဲ၊. ပညာရေး၊ ကျန်းမာရေး၊ နေထိုင်ရေး အစစအရာရာ ဒီထက် အများကြီး သာလွန်တယ်။ လူတွေရဲ့ အမြင်ကျယ်မှုကလည်း လုံးဝ မတူဘူးလေ”

ဖုန်းဝေ၏ မျက်ဝန်းများ အေးစက်သွားခဲ့သည်။ သူသည် မျက်မှန်ကို ပင့်တင်လိုက်ပြီး ရုံးစားပွဲပေါ်ရှိ စာရွက်စာတမ်းကို ငုံ့ကြည့်ကာ ခပ်ဖျော့ဖျော့ ပြောလိုက်၏။

“ဒါဆိုရင်လည်း ဒုတိယစက်ရုံမှူးကျင်း၊. ဆန္ဒသဘောထား ဖောင် ဖြည့်ဖို့ မမေ့ပါနဲ့”

ကျင်းချိုင်ဖေးသည် တစ်ဖက်လူ၏ အေးတိအေးစက် ဆက်ဆံမှုကို ခံစားမိသော်လည်း ဂရုမစိုက်ချေ။ ပြည်နယ်မြို့တော်သို့ ပြန်ရောက်သွားပါက သူတို့၏ အခြေအနေမှာ ပြောင်းလဲသွားလိမ့်မည်။ ယခုအခါ ဖုန်းဝေသည် လျိုချောင်တပ်ဖွဲ့တွင် အခြေချနေသူ ဖြစ်သောကြောင့်သာ အာဏာပြနေခြင်း ဖြစ်သော်လည်း ပြည်နယ်မြို့တော်သို့ ရောက်သွားပါက သူကသာ ထိုနေရာတွင် ဩဇာတိက္ကမ ရှိသူ ဖြစ်လာမည် မဟုတ်ပါလား။

ရုံးခန်းတံခါးဝသို့ ရောက်ချိန်တွင် ကျင်းချိုင်ဖေးသည် အလောတကြီး လျှောက်လာသော လျိုယင်းရွှမ်းနှင့် မျက်နှာချင်းဆိုင် ဆုံမိလေသည်။

ယခုအချိန်တွင် ကျင်းချိုင်ဖေး အမုန်းဆုံးလူမှာ လျိုယင်းရွှမ်းမှလွဲ၍ အခြားမရှိနိုင်ချေ။

ကျင်းချိုင်ဖေးသည် ရန်ဖြစ်ရာတွင် ကျွမ်းကျင်သူ မဟုတ်ပေ။ သူမှာ အလုပ်သမား မိသားစုမှ ဆင်းသက်လာသူ ဖြစ်ပြီး မိသားစုဝင်များအားလုံးမှာ အလုပ်သမားများ ဖြစ်ကြသဖြင့် မျက်နှာကို အမြဲတမ်း ဂရုစိုက်လေ့ရှိကာ အလွယ်တကူ လက်ပါလေ့မရှိချေ။ အကယ်၍ ရန်ဖြစ်ခဲ့လျှင်တောင်မှ အမျိုးသမီးကြီးများအကြား အသေးအဖွဲ ကိစ္စများသာ ဖြစ်လေ့ရှိသည်။ နောက်ပိုင်းတွင် အရာရှိငယ်တစ်ဦးနှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်း ပိုလို့ပင် မျက်နှာကို ဂရုစိုက်လာခဲ့သည်။ ထို့ပြင် သူကိုယ်တိုင်မှာလည်း ဝယ်ယူအရောင်းပိုင်း လုပ်ငန်းများကို လုပ်ကိုင်ရသူဖြစ်သောကြောင့် အခြားသူများနှင့် ဆက်ဆံရေးကောင်းမွန်ရန် အမြဲတမ်း ဂရုစိုက်ရသဖြင့် ရန်ဖြစ်ခြင်းမဆိုထားနှင့် စကားများခြင်းပင် အလွန်ရှားပါးလှသည်။

ထို့ကြောင့် ကျင်းချိုင်ဖေး၏ ရန်ဖြစ်ခြင်း အတွေ့အကြုံမှာ အလွန်ပင် နည်းပါးလှ၏။

လျိုယင်းရွှမ်းကတော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမသည် ဘဝနှစ်ဆက်လုံး ကျေးလက်ဒေသတွင် ကြီးပြင်းလာခဲ့ရပြီး မိသားစု၏ နေထိုင်မှု အခြေအနေမှာလည်း ခက်ခဲကြမ်းတမ်းလှသဖြင့် ရန်ဖြစ်ခြင်း၊ စကားများခြင်းမှာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော ကိစ္စများ ဖြစ်ခဲ့သည်။ ယခင်ဘဝက အနည်းငယ် သက်သာခဲ့သော်လည်း ယခုဘဝတွင်တော့ "လူကောင်းများ အနိုင်ကျင့်ခံရသည်" ဟူသော အမှန်တရားကို နားလည်သဘောပေါက်သွားခဲ့သဖြင့် သူမအား အနိုင်ကျင့်ရန် သို့မဟုတ် အခွင့်အရေးယူရန် ကြိုးစားသူတိုင်းကို လုံးဝ အလျှော့မပေးတော့ချေ။ ဓားဆွဲထုတ်ရမည့် အခြေအနေမျိုးကိုပင် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်သောကြောင့် ရန်ဖြစ်ခြင်းလောက်ကတော့ ပြောစရာပင် မလိုတော့ချေ။

ထို့ကြောင့် သူတို့နှစ်ဦး ရန်ဖြစ်ကြချိန်တွင် လျိုယင်းရွှမ်းက လုံးဝ အရေးသာခဲ့ပြီး ကျင်းချိုင်ဖေး၏ မျက်နှာမှာ ကုတ်ခြစ်ခံရရုံသာမက ဆံပင်များလည်း အများအပြား အဆွဲခံခဲ့ရသည်။

ကျင်းချိုင်ဖေးမှာ ရုပ်ရည်ချောမောသူ ဖြစ်ပြီး ထိုရုပ်ရည်ကြောင့်ပင် နှစ်ပေါင်းများစွာ ခွဲနေခဲ့ရသော်လည်း ဇနီးဖြစ်သူမှာ သူ့အပေါ် ယခင်အတိုင်းပင် နွေးထွေးကြင်နာနေဆဲ ဖြစ်သည်။

ယခုအခါ အသက်အရွယ် အနည်းငယ် ကြီးလာပြီး ကျင်းချိုင်ဖေးမှာ သူ့အလှအပကို ပိုလို့ပင် တန်ဖိုးထားလာခဲ့ပြီး ပုံမှန်အားဖြင့် အလှဆီ ဝယ်ယူရာတွင်ပင် အကောင်းဆုံးကိုသာ ဝယ်ယူလေ့ရှိသည်။

လျိုယင်းရွှမ်းက သူ့မျက်နှာကို အမာရွတ်ကျန်လောက်အောင် ကုတ်ခြစ်ခဲ့ပြီး သူမ တန်ဖိုးထားလှသော ဆံပင်များကိုလည်း ဆွဲနှုတ်ခဲ့သဖြင့် ကျင်းချိုင်ဖေးသည် လျိုယင်းရွှမ်းအား အရိုးထဲစွဲအောင် မုန်းတီးနေခဲ့၏။

သို့သော် ထိုအကြောင်းကြောင့်ပင် ကျင်းချိုင်ဖေးသည် လျိုယင်းရွှမ်းနှင့် ထပ်မံ ထိပ်တိုက် မတွေ့ရဲတော့ချေ။ ယခုကဲ့သို့ မျက်နှာချင်းဆိုင် ဆုံမိချိန်တွင်ပင် ကျင်းချိုင်ဖေးသည် မျက်လုံးကို ရှေ့သို့သာ တည့်တည့်ထားကာ မမြင်ဟန်ဆောင်လျက် ရှူးဖိနပ်သံ တောက်တောက်ဖြင့် အမြန်ဆုံး ထွက်ခွာသွားခဲ့သည်။

ထိုရူးသွပ်နေသော အမျိုးသမီးက ထပ်မံ လက်ပါလာမည်ကို ကြောက်ရွံ့နေမိသည်။

သူ့မျက်နှာပေါ်က ဒဏ်ရာများမှာ မပျောက်ကင်းသေးသလို ခေါင်းပေါ်တွင်လည်း ဆံပင်ကျွတ်သွားသော နေရာလေးတစ်ခု ရှိနေသေးသည် မဟုတ်ပါလား။

ဆံပင်တစ်ပင်လေးမျှ ထပ်မံ အဆုံးရှုံး မခံနိုင်တော့ချေ။

လုံးဝ မခံနိုင်တော့ပေ။

ကျင်းချိုင်ဖေးက မျက်နှာသေဖြင့် အမြန်ထွက်ပြေးသွားသည်ကို မြင်သောအခါ လျိုယင်းရွှမ်းသည် အေးစက်စွာ လှောင်ရယ်လိုက်၏။

'ဟွန်း.. သတ္တိကြောင်တဲ့ သစ္စာဖောက်ကောင်'

လျိုယင်းရွှမ်းသည် စစ်တမ်းဖောင် တစ်ရွက်ကို ကိုင်ဆောင်လျက် ဖုန်းဝေ၏ ရုံးခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ဒုတိယစက်ရုံမှူးဖုန်း၊ ဘာလို့ ဒီဆန္ဒသဘောထား ဖောင်ကို ဖြည့်ရမှာလဲ။ ကျန်းမင် ပြောတာတော့ စက်ရုံမှူးရှန်ကလည်း ပြောင်းရွှေ့ဖို့ကို သဘောမတူဘူးလို့ ပြောတယ်မလား။ ကျွန်မတို့ မပြောင်းဘူးဆိုရင် ဒီဖောင်အစုတ်ကြီးကို ဘာလို့ ဖြည့်နေရဦးမှာလဲ”

'ဖောင်အစုတ်ကြီး' ကို ရေးဆွဲခဲ့သူ ဖုန်းဝေ : “……”

သူသည် ခေါင်းကိုက်သလို ခံစားရသဖြင့် နားထင်ကို ပွတ်သပ်လိုက်မိသည်။

'ကြည့်စမ်း.. လျိုယင်းရွှမ်းနဲ့ ကျင်းချိုင်ဖေးတို့ ဘာလို့ ရန်ဖြစ်ကြသလဲဆိုတာ။ သူတို့နှစ်ယောက်ရဲ့ စဉ်းစားပုံတွေက အတော်လေး တူနေကြတာပဲ' တွေးတောလိုက်မိ၏။

ဖုန်းဝေသည် ခဏ စဉ်းစားလိုက်ပြီးနောက် တိုက်ရိုက်ပင် ရှင်းပြလိုက်သည်။

“ဒါက စက်ရုံမှူးရှန် ညွှန်ကြားထားတာပါ။ သူ့သဘောထားက စက်ရုံအနေနဲ့ လူတိုင်းရဲ့ ကိုယ်ပိုင်ဆန္ဒကို လေးစားရမယ်ဆိုတဲ့ သဘောပါ။ တကယ်လို့ ပြည်နယ်မြို့တော်ကို သွားချင်တဲ့သူတွေ ရှိရင် ဒီတစ်ကြိမ်က ရှားပါးတဲ့ အခွင့်အရေးတစ်ခု ဖြစ်မှာမို့လို့ စက်ရုံအနေနဲ့ ဆက်နေဖို့ အတင်းအကျပ် တားဆီးမှာ မဟုတ်ပါဘူး”

သူက ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောသည်။

“ဥပမာ.. ဒုတိယစက်ရုံမှူးကျင်း ဆိုပါစို့။ သူက အစကတည်းက ပြည်နယ်မြို့တော်က လာတဲ့သူလေ။ ကျန်းပေခရိုင်မှာ နေလာတာလည်း ကြာပြီဆိုတော့ ပြန်သွားချင်တာလည်း သဘာဝကျပါတယ်။ သူ့မိန်းမနဲ့ ကလေးကလည်း ပြည်နယ်မြို့တော်မှာ ရှိနေတာဆိုတော့ ကျွန်တော်တို့ကလည်း သူ့အခက်အခဲကို နားလည်ပေးရမှာပေါ့”

လျိုယင်းရွှမ်း၏ မျက်လုံးများ ကစားသွားပြီးနောက် ပြောလိုက်၏။

“သဘောပေါက်ပြီ။ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို မောင်းထုတ်လိုက်တာပေါ့။ စက်ရုံမှူးရှန်က တကယ်ကို ဉာဏ်ကောင်းတာပဲ”

ဖုန်းဝေ : “……”

တိတိကျကျ ပြောရလျှင် အမှန်တရားမှာ ထိုအတိုင်းပင် ဖြစ်သော်လည်း ထိုမျှလောက်အထိ အရိုင်းအစိုင်းဆန်ဆန် ပြောဆိုရန် မလိုအပ်ပါချေ။

လျိုယင်းရွှမ်းသည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားခဲ့တော့သည်။

...

အပိုင်း (၁၀၇.၂)

ဖုန်းဝေက သက်ပြင်းချလိုက်သည်။ စက်ရုံမှူးရှန်၏ ဩဇာနှင့် လွှမ်းမိုးနိုင်မှုမျိုးကို ရရှိရန်အတွက် သူ အတော်လေး ကြိုးစားရဦးမည်။

လျိုယင်းရွှမ်းကဲ့သို့သော ခေါင်းမာသူပင်လျှင် စက်ရုံမှူးရှန်၏ အမည်ကို တပ်ပြောလိုက်သည်နှင့် နှစ်ခွန်းမျှဖြင့် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည် မဟုတ်ပါလား။ ၎င်းမှာ အချိန်ကုန်ခံ၍ ရှင်းပြနေရသည်ထက် များစွာ ထိရောက်မှု ရှိလှသည်။

ပန်းထိုးအထည်စက်ရုံသည် ပြောင်းရွှေ့ရေး လုပ်ငန်းစဉ်များကို စနစ်တကျ စတင်လုပ်ဆောင်နေပုံရသည်။

ဆန္ဒသဘောထား ဖောင်များ မဖြည့်မီတွင် ဌာနတာဝန်ခံများက ဤဖောင်သည် လူတိုင်း၏ ရှေ့ဆက်သွားမည့် လမ်းကြောင်းကို အဆုံးအဖြတ်ပေးနိုင်သဖြင့် သေချာစဉ်းစား၍ ဖြည့်စွက်ကြရန် ထပ်ခါတလဲလဲ သတိပေးခဲ့ကြသည်။ ထို့အပြင် ပြည်နယ်မြို့တော်သို့ မသွားလိုသူများအနေဖြင့်လည်း အတင်းအကျပ် ဖြည့်စွက်ရန် မလိုအပ်ကြောင်း၊ ခရိုင်အဆင့်မှ သင့်လျော်သလို နေရာချထားပေးမည်ဖြစ်ပြီး မြို့တော်သို့ မသွားပါက တောင်သူလယ်သမားဘဝသို့ ပြန်ရောက်သွားမည်ကို စိုးရိမ်ရန် မလိုအပ်ကြောင်းကိုလည်း ရှင်းပြခဲ့ကြ၏။

ဤသတင်းများကို ကျင်းချိုင်ဖေးလည်း သေချာပေါက် ကြားသိခဲ့ရသည်။

သူသည် ပန်းထိုးအထည်စက်ရုံတွင် နှစ်အတော်ကြာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး လုံးဝ အခြေခံမရှိသူတော့ မဟုတ်ချေ။ သူ့နောက်တွင် လိုက်ပါသူ တချို့ ရှိနေသေးသည်။ ဥပမာအားဖြင့် အရောင်းဌာနမှူး၊ ပစ္စည်းထောက်ပံ့ရေးဌာနမှူးနှင့် အခြားသော ဒုတိယတာဝန်ခံများ သို့မဟုတ် အလုပ်သမား တချို့တို့ ဖြစ်ကြသည်။ ထိုသူများမှာ သူ့ထံမှ ပြည်နယ်မြို့တော်ရှိ နေထိုင်မှုဘဝ၏ ကောင်းကျိုးများကို ကြားသိခဲ့ရသဖြင့် စက်ရုံကို ပြည်နယ်မြို့တော်သို့ ပြောင်းရွှေ့မည့်ကိစ္စကို အလွန်ပင် မျှော်လင့်နေကြသူများ ဖြစ်သည်။

အရောင်းဌာနမှူး ဟယ်ရှင်းသည် သတင်းအချက်အလက်များကို လျင်မြန်စွာ သိရှိနိုင်ပြီး ဉာဏ်ရည်ထက်မြက်သူ တစ်ဦး ဖြစ်သည်။ စက်ရုံမှူးများက ကျန်ရှိသူများကို တောင်သူလယ်သမားဘဝသို့ ပြန်မပို့ဘူးဟု အကြောင်းမဲ့ ပြောဆိုလိမ့်မည် မဟုတ်ဟု တွေးတောကာ ကျင်းချိုင်ဖေးထံသို့ လာရောက်မေးမြန်းခဲ့၏။

“စက်ရုံမှာ တခြားအစီအစဉ်တွေများ ရှိနေမလား”

ကျင်းချိုင်ဖေးက မျက်မှောင်ကြုတ်လိုက်သော်လည်း သိပ်ပြီး ဂရုမစိုက်လှချေ။

“စက်ရုံငယ်လေးတစ်ခုလောက် ဖွင့်ပြီး နေရာချပေးတာမျိုး ဖြစ်နိုင်တာပေါ့”

သူသည် ဟယ်ရှင်းကို တစ်ချက်ကြည့်ကာ အရိပ်အမြွက် ပြောလိုက်သည်။

“စက်ရုံမှူးရှန်တို့က ဆက်နေဖို့ ရွေးချယ်မယ်ဆိုရင် ပြည်နယ်အဆင့်က လျိုချောင်တပ်ဖွဲ့မှာ ထုတ်လုပ်မှု ပရောဂျက်တချို့နဲ့ အလုပ်သမား အနည်းငယ်ကို ချန်ထားပေးဖို့ စဉ်းစားလိမ့်မယ်။ အဲဒါက မဆန်းပါဘူး။ ပြီးတော့ စက်ရုံမှူးရှန်က တပ်ဖွဲ့ကို ကူညီပြီး ကြိမ်ထည်ပစ္စည်း ပညာရှင်အသင်းတစ်ခု တည်ထောင်ထားတယ် မဟုတ်လား။ အလုပ်သမားတွေနဲ့ စက်ကိရိယာတွေ အကုန်ပြောင်းသွားရင်တောင် စက်ရုံအဆောက်အအုံကတော့ သူတို့အတွက် အဆင်သင့် ဖြစ်နေတာပေါ့”

ဟယ်ရှင်း၏ မျက်ဝန်းများမှာ လင်းလက်သွားခဲ့သည်။ ကျင်းချိုင်ဖေး၏ စကားအရ ပြည်နယ်အဆင့်က စက်ရုံမှူးရှန် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဂရုမစိုက်ကြောင်း သူ နားလည်လိုက်၏။ ဆိုလိုသည်မှာ စက်ရုံမှူးရှန်သည် ပြည်နယ်မြို့တော်သို့ လိုက်ပါသွားလျှင်တောင်မှ ဖိနှိပ်ခံရနိုင်ခြေ ရှိပေသည်။

ကျင်းချိုင်ဖေး၏ အေးအေးဆေးဆေး ရှိနေပုံကို ကြည့်ရသည်မှာ အောင်မြင်မှုအတွက် ယုံကြည်ချက်ရှိနေပုံ ပေါက်နေသဖြင့် ဟယ်ရှင်းသည် မိမိအနေဖြင့် လူမှန်ကို ရွေးချယ်မိခဲ့ပြီဟု ဝမ်းသာနေမိသည်။

အကယ်၍ စက်ရုံမှူးရှန်၊ ဒုတိယစက်ရုံမှူးဖုန်း၊ ဒုတိယစက်ရုံမှူးရှင်းတို့ အားလုံးက ဆက်နေရန် ရွေးချယ်ခဲ့ပါက သူကဲ့သို့သော အရောင်းဌာနမှူးအတွက် ရာထူးတိုးရန် အခွင့်အလမ်းများစွာ ရှိလာနိုင်သည် မဟုတ်ပါလား။

ဟယ်ရှင်းသည် စိတ်ထဲမှ တိတ်တဆိတ် ပျော်ရွှင်နေကာ ကျင်းချိုင်ဖေးအား အလျင်အမြန်ပင် ချီးမွမ်းစကားများ ပြောဆိုလိုက်တော့သည်။

ဆန္ဒသဘောထား ဖောင်များ ဝေငှပြီးနောက် စက်ရုံမှ ဝန်ထမ်းများကို စဉ်းစားဆုံးဖြတ်ရန် အချိန် လဝက် ပေးထားခဲ့သည်။ ထို့နောက် ရုံးခန်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဌာနတို့က ဖောင်များကို တိုက်ရိုက် ပြန်လည်သိမ်းဆည်းခဲ့ပြီး မည်သူ့လက်ထဲမှ မဖြတ်သန်းစေဘဲ ဖုန်းဝေ၏ ရုံးခန်းရှိ ဗီဒိုထဲတွင် လုံခြုံစွာ သော့ခတ် သိမ်းဆည်းထားခဲ့၏။

ဖုန်းဝေမှလွဲ၍ စက်ရုံအတွင်း ဘယ်သူက ပြည်နယ်မြို့တော်သို့ ပြောင်းရွှေ့လိုပြီး ဘယ်သူက ဆက်နေလိုသည်ကို ဘယ်သူမှ မသိရှိကြချေ။

ထိုနေ့က စက်ရုံ၏ တနင်္လာနေ့ ပုံမှန်အစည်းအဝေးတွင် မကြာသေးမီက လုပ်ငန်းဆောင်တာများကို ဆွေးနွေးပြီးနောက် ဖုန်းဝေက အစည်းအဝေး ရုပ်သိမ်းကြောင်း ကြေညာလိုက်ချိန်၌ ကျင်းချိုင်ဖေးသည် ရုတ်တရက် မတ်တပ်ရပ်ကာ ပြောလိုက်သည်။

“ဒုတိယစက်ရုံမှူးဖုန်း၊ ဆန္ဒသဘောထား ဖောင်တွေလည်း ဖြည့်ပြီးပြီဆိုတော့ စက်ရုံအနေနဲ့ စာရင်းကောက်ယူမှု ရလဒ်ကို ကြေညာပြီး နောက်ထပ် လုပ်ငန်းစဉ်တွေကို အမြန်ဆုံး စတင်သင့်တယ်လို့ ထင်ပါတယ်။ ပြည်နယ်က ၃ လအတွင်း၊ ဆိုလိုတာက ဒီနှစ် ကွမ်ကျိုးကုန်စည်ပြပွဲ မတိုင်ခင်မှာ ပြောင်းရွှေ့ရေးလုပ်ငန်းစဉ် အားလုံးကို အပြီးသတ်ဖို့ ညွှန်ကြားထားတယ်ဆိုပေမဲ့. အဲဒါက အထက်အရာရှိတွေ ပေးထားတဲ့ နောက်ဆုံးအချိန်သတ်မှတ်ချက်ပဲလေ။ ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါ နောက်ဆုံးအချိန်သတ်မှတ်ချက်ရောက်မှ ကပ်လုပ်တာမျိုး မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပြီး ပြည်နယ်က ညွှန်ကြားထားတဲ့ လုပ်ငန်းတာဝန်တွေကို အမြန်ဆုံးနဲ့ စောနိုင်သမျှ စောစော ပြီးစီးအောင် လုပ်ဆောင်သင့်တယ် မဟုတ်လား”

လုပ်ငန်းမှတ်စုစာအုပ်များကို ကိုင်ထားပြီး ထမည့်ဆဲဆဲ ဌာနအသီးသီးမှ တာဝန်ခံများနှင့် ဒုတိယတာဝန်ခံများမှာ တိတ်ဆိတ်စွာပင် ပြန်လည် ထိုင်ချလိုက်ကြသည်။

ဖုန်းဝေက မျက်တောင်ပင့်ကာ ကျင်းချိုင်ဖေးကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။

“ဒုတိယစက်ရုံမှူးကျင်း၊ ခင်ဗျားကို တစ်ချက်လောက် သတိပေးချင်ပါတယ်။ ခင်ဗျားက ဒုတိယစက်ရုံမှူးပါ၊ စက်ရုံမှူး မဟုတ်ပါဘူး။ စက်ရုံပြောင်းရွှေ့ရေးလိုမျိုး အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ စက်ရုံရဲ့ အစီအစဉ်နဲ့ ညွှန်ကြားချက်အတိုင်းပဲ လုပ်ဆောင်ရမှာပါ။ ကိုယ့်လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး ဝင်မစွက်ဖက်ပါနဲ့”

သူ၏ ထိုစကားကြောင့် အစည်းအဝေးခန်းမထဲရှိ လူတိုင်းမှာ အလွန်အမင်း အံ့အားသင့်သွားကြသည်။

ဖုန်းဝေသည် မည်သို့သောသူနည်း။ သူသည် ယခင် တပ်ဖွဲ့အတွင်းရေးမှူး ကန်းလိမင်၏ အတွင်းရေးမှူး ဖြစ်ခဲ့ပြီး ကန်းလိမင် ကိုယ်တိုင် မြေတောင်မြှောက်ပေးခဲ့သူ ဖြစ်သည်။

ခေါင်းဆောင်တစ်ဦး၏ အတွင်းရေးမှူး လုပ်နိုင်သူမှာ လူမှုဆက်ဆံရေးနှင့် စိတ်နေသဘောထားပိုင်းတွင် လုံးဝ အပြစ်ကင်းစင်သူ ဖြစ်ရပေမည်။ ပန်းထိုးအထည်စက်ရုံသို့ ရောက်ရှိလာပြီးနောက်ပိုင်းတွင်လည်း ဖုန်းဝေသည် လူတိုင်း၏ အမြင်တွင် အရည်အချင်းရှိပြီး နူးညံ့သိမ်မွေ့ကာ လူအများနှင့် ဆက်ဆံရာတွင် လေပြေအေးလေးကဲ့သို့ အေးချမ်းသူတစ်ဦးအဖြစ် အမြဲတမ်း ရှိနေခဲ့သည်။

သူက တစ်စုံတစ်ဦးအား ဤမျှအထိ ပြင်းပြင်းထန်ထန် ပြောဆိုသည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရလေသည်။

အစည်းအဝေးခန်းမထဲတွင် ချက်ချင်းပင် ယမ်းငွေ့များ ဖုံးလွှမ်းသွားသကဲ့သို့ တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။

ကျင်းချိုင်ဖေးမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ပြီး အသက်ပြင်းပြင်း နှစ်ချက်ရှူလိုက်ကာ ပြန်ပြောလိုက်သည်။

“ဒုတိယစက်ရုံမှူးဖုန်း.. ဒါဆိုရင်တော့ ခင်များ ကိုလည်း သတိပေးရလိမ့်မယ်။ စက်ရုံမှူးရှန်က သူ ခွင့်ယူထားတဲ့ အချိန်အတွင်း ခင်များကို အလုပ်တွေ ဦးဆောင်ဖို့ တာဝန်ပေးထားပေမဲ့ ခင်များကလည်း ဒုတိယစက်ရုံမှူးတစ်ယောက်ပါပဲ။ ခင်များက ပြောင်းရွှေ့ရေးလုပ်ငန်းစဉ်တွေကို တစ်ဦးတည်း ချုပ်ကိုင်ထားပြီး တခြားသူတွေကို ဝင်ပါခွင့်မပေးတာကရော လုပ်ပိုင်ခွင့်ထက် ကျော်လွန်တာ မဟုတ်ဘူးလား”

တစ်စုံတစ်ယောက်က လေကို အသံမြည်အောင် စုပ်သွင်းလိုက်မိသည်ကို ကြားလိုက်ရ၏။

မည်သူဖြစ်သည်ကိုတော့ ဘယ်သူမှ ဂရုမစိုက်အားချေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ ရင်ထဲတွင်လည်း ထိုသို့ပင် ခံစားနေရသောကြောင့် ဖြစ်သည်။

အမှန်တကယ်ပင် နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံ(၂) တည်ထောင်ကတည်းက စက်ရုံအတွင်း၌ အမြဲတမ်း သဟဇာတဖြစ်မှုများ ရှိနေခဲ့သည်။ အထူးသဖြင့် စက်ရုံခေါင်းဆောင်များအကြားတွင် စက်ရုံမှူးရှန်၏ ဦးဆောင်မှုအောက်၌ ခိုင်မာစွာ စည်းလုံးညီညွတ်ခဲ့ကြပြီး ယခုကဲ့သို့ လူပုံအလယ်တွင် ထိပ်တိုက်ရင်ဆိုင်ကာ မျက်နှာပျက်ရခြင်းမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။

ဤသည်မှာ တစ်ဦးကိုတစ်ဦး အာဏာရှင်ဆန်သည်ဟု အပြန်အလှန် စွပ်စွဲနေကြခြင်း မဟုတ်ပါလား။

စက်ရုံ မပြောင်းရသေးခင်မှာပင် အာဏာလုပွဲ ဇာတ်လမ်းကို စတင်ကပြနေကြပြီလား။

လူတိုင်း၏ စပ်စုလိုသော အကြည့်များက ဖုန်းဝေထံသို့ ရောက်ရှိသွားကြပြီး သူ မည်သို့ တုံ့ပြန်မည်ကို သိချင်နေကြသည်။

ရှင်းဖန်းကျဲက ကြားဝင် ဖျန်ဖြေပေးရန် ကြိုးစားလိုက်၏။

“ဒုတိယစက်ရုံမှူးကျင်း.. ဒုတိယစက်ရုံမှူးဖုန်း.. အားလုံးက အလုပ်အတွက်ပါပဲ...”

ဖုန်းဝေက လက်ကာပြကာ သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။

“ဒုတိယစက်ရုံမှူးရှင်း၊. ရပါတယ်။ ဝေဖန်ရေးနဲ့ ကိုယ်ပိုင်ဝေဖန်ရေးဆိုတာ ကျွန်တော်တို့ ပါတီရဲ့ ကောင်းမွန်တဲ့ ရိုးရာအစဉ်အလာတစ်ခုပဲလေ”

သူသည် ကျင်းချိုင်ဖေးကို ကြည့်ကာ ယခင်အတိုင်း နူးညံ့ပြုံးရွှင်သော အမူအရာဖြင့် ဆက်ပြောလိုက်၏။

“ဒုတိယစက်ရုံမှူးကျင်း ပြောတာ မှန်ပါတယ်။ ကျွန်တော်ကလည်း ဒုတိယစက်ရုံမှူး တစ်ယောက်ပါပဲ။ ဒါကြောင့် ကျွန်တော် အမြဲတမ်း စက်ရုံမှူးရှန်ရဲ့ ညွှန်ကြားချက်တွေအတိုင်းပဲ အလုပ်လုပ်ခဲ့တာပါ။ ခင်ဗျားပြောတဲ့ စက်ရုံပြောင်းရွှေ့ရေး နောက်ဆက်တွဲ လုပ်ငန်းတွေနဲ့ ပတ်သက်လို့တော့ စက်ရုံမှူးရှန် ဒီနေ့ အလုပ်ပြန်ဆင်းနေပါပြီ။ ကနဦး စာရွက်စာတမ်းတွေ အားလုံးကို ကျွန်တော်ကိုယ်တိုင် စက်ရုံမှူးရှန်ဆီ လွှဲပြောင်းပေးမှာဖြစ်ပြီး နောက်ပိုင်းမှာလည်း စက်ရုံမှူးရှန်ရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါ”

သူက ခေတ္တရပ်လိုက်ပြီးမှ မေးလိုက်သည်။

“ဒီအဖြေကို ဒုတိယစက်ရုံမှူးကျင်း ကျေနပ်ပါရဲ့လား”

ကျင်းချိုင်ဖေး၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း ချက်ချင်းပင် အားတင်း၍ ပြုံးလိုက်ကာ မေးလိုက်၏။

“စက်ရုံမှူးရှန် အလုပ်ပြန်ဆင်းပြီလား.. ကျွန်တော် ဘာလို့ မသိရတာလဲ”

ဖုန်းဝေက သူမကို ကြည့်ကာ ပြောလိုက်သည်။

“စက်ရုံမှူးရှန်က မီးဖွားခွင့် ကုန်သွားပြီဆိုတော့ အလုပ်ပြန်ဆင်းတာ သဘာဝကျတာပေါ့။ ဒုတိယစက်ရုံမှူးကျင်းက ဒီရက်ပိုင်း အလုပ်များလွန်းလို့ ဒီကိစ္စကို မေ့သွားတာ ဖြစ်ပါလိမ့်မယ်”

ဖုန်းဝေက လှောင်ပြုံးပြုံးလျက် ဆက်ပြော၏။

“စက်ရုံမှူးရှန်ရဲ့ အဆိုအရ သူက လက်ရှိ စက်ရုံရဲ့ လုပ်ငန်းဆောင်တာတွေကို အရင်ဆုံး လေ့လာချင်တယ်တဲ့။ ဒါကြောင့် ဒီတစ်ပတ် ပုံမှန်အစည်းအဝေးကိုတော့ တက်ရောက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို ဒုတိယစက်ရုံမှူးကျင်းဆီ အစီရင်ခံဖို့တော့ မလိုအပ်ဘူး ထင်ပါတယ်”

ကျင်းချိုင်ဖေးသည် ပါးစပ်ဟလိုက်ပြီး ယနေ့မနက်က ရှန်မော့အာ အလုပ်လာသည်ကို မတွေ့ရကြောင်း ပြောချင်သော်လည်း ရှန်မော့အာမှာ နို့တိုက်မိခင် ဖြစ်သဖြင့် အလုပ်ချိန် အနည်းငယ် နောက်ကျနိုင်ကြောင်းကို ချက်ချင်း သတိရသွားသည်။

ဟုတ်ပါသည်။ ရက် ၄၀ မီးဖွားခွင့်မှာ ကုန်ဆုံးသွားပြီဖြစ်ရာ ရှန်မော့အာ အလုပ်ပြန်ဆင်းရမည့် အချိန် ရောက်ရှိနေပြီ ဖြစ်သည်။

ကျင်းချိုင်ဖေးမှာ အနည်းငယ် နောင်တရမိသွား၏။ သူသည် ဤကာလအတွင်း ဆန္ဒသဘောထား ဖောင်များနှင့် စက်ရုံပြောင်းရွှေ့ရေး ကိစ္စရပ်များကိုသာ အာရုံစိုက်နေခဲ့သဖြင့် သည်အရေးကြီး ကိစ္စကိုပင် မေ့လျော့နေခဲ့သည်။

ရှန်မော့အာ ပြန်လာပြီဟု ကြားလိုက်ရချိန်တွင် ကျင်းချိုင်ဖေး၏ ရင်ထဲ၌ အကြောင်းမဲ့ ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ရှန်မော့အာ အလုပ်ပြန်ဆင်းလာခြင်းက စက်ရုံပြောင်းရွှေ့ရေး ကိစ္စအတွက် မသေချာမရေရာမှုများ ဖြစ်ပေါ်လာစေနိုင်သည်ဟု ခံစားနေရ၏။

သို့သော် ချက်ချင်းဆိုသလိုပင် ပြည်နယ်စက်မှုဌာန၏ ညွှန်ကြားစာများ ထွက်ပေါ်လာပြီးဖြစ်သောကြောင့် ဤကိစ္စမှာ လုံးဝ အတည်ဖြစ်သွားပြီဖြစ်သဖြင့် သူ့အနေဖြင့် စိုးရိမ်စရာ မလိုတော့ကြောင်း မိမိကိုယ်ကိုယ် ပြန်လည် နှစ်သိမ့်လိုက်သည်။

ရှန်မော့အာ ပြန်လာလျှင်တောင်မှ အခြေအနေကို ပြောင်းလဲနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

ကျင်းချိုင်ဖေးသည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်၏။

“ဒုတိယစက်ရုံမှူးဖုန်းကလည်း ဒီလောက်ထိ လှောင်ပြောင်ပြောဆိုစရာ မလိုပါဘူး။ ကျွန်တော်ကလည်း စက်ရုံရဲ့ အလုပ်တွေအတွက် စိုးရိမ်လို့ပါ။ စက်ရုံမှူးရှန် ပြန်လာပြီဆိုမှတော့ ကျွန်တော်ကလည်း စက်ရုံမှူးရှန်ရဲ့ ညွှန်ကြားချက်ကိုပဲ နာခံရမှာပေါ့”

ရှန်မော့အာသည် အမှန်တကယ်ပင် ရုံးခန်းထဲတွင် ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် ဖုန်းဝေ အစည်းအဝေး ခေတ္တရပ်နားစဉ် ယူလာပေးခဲ့သော ဆန္ဒသဘောထား ဖောင်များ၏ စာရင်းချုပ်ကို ဖတ်ရှုနေ၏။ စက်ရုံရှိ အရာရှိနှင့် ဝန်ထမ်း ထောင်ပေါင်းများစွာ၏ ဆန္ဒများကို ရှင်းလင်းပြတ်သားစွာ စာရင်းပြုစုထားသည်။

အလယ်အလတ်အဆင့် အရာရှိများထဲတွင် ထွက်ခွာလိုကြောင်း ဆန္ဒပြုသူ ၇ ဦးရှိပြီး တာဝန်ခံ ၂ ဦးနှင့် ဒုတိယတာဝန်ခံ ၅ ဦး ဖြစ်ကြသည်။ ဝန်ထမ်းများထဲတွင် ထွက်ခွာလိုကြောင်း ဆန္ဒပြုသူ ၃၄၇ ဦးရှိပြီး အမြဲတမ်းအလုပ်သမား ၂၇၉ ဦးနှင့် အခြားသူများမှာ ယာယီအလုပ်သမားနှင့် အလုပ်သင်များ ဖြစ်ကြသည်။ ထိုအထဲတွင် ပန်းထိုးအလုပ်သမား ၂၀၇ ဦးနှင့် ပန်းချီဆွဲသူ ၁၃ ဦး ပါဝင်သည်။

စက်ရုံခေါင်းဆောင်များထဲတွင် ကျင်းချိုင်ဖေး တစ်ဦးတည်းသာ ထွက်ခွာလိုကြောင်း ဆန္ဒပြုခဲ့ပြီး အခြားသူများကတော့ ဆက်လက်နေထိုင်ရန် ခြွင်းချက်မရှိ ရွေးချယ်ခဲ့ကြသည်။ ထွက်ခွာရန် ရွေးချယ်သူ အရေအတွက်မှာ သူမ မျှော်လင့်ထားသည်ထက် များစွာ နည်းပါးနေ၏။

မည်သို့ပင်ဆိုစေကာမူ ပြည်နယ်မြို့တော်သို့ သွားရမည်ဖြစ်ရာ အနည်းဆုံး လူ ၃ ပုံ ၁ ပုံခန့် ထွက်ခွာရန် ရွေးချယ်ကြလိမ့်မည်ဟု ရှန်မော့အာ တွက်ဆထားခဲ့သည်။

ဖတ်ရှုပြီးနောက် ရှန်မော့အာသည် ထိုစာရွက်စာတမ်းများကို သူမ၏ ဖိုင်ဗီဒိုထဲတွင် သော့ခတ် သိမ်းဆည်းလိုက်သည်။ ထို့နောက် တစ်နေ့လုံး စက်ရုံအတွင်း လှည့်လည်သွားလာကာ ထုတ်လုပ်မှု အခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့၏။

စက်ရုံအတွင်း လူများ စိတ်လှုပ်ရှားနေကြသဖြင့် ထုတ်လုပ်မှု အရှိန်အဟုန်ကို ထိခိုက်မည်စိုးသဖြင့် ရှန်မော့အာ စိုးရိမ်နေခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အလုပ်ရုံ အသီးသီးတွင် အလုပ်များ ပုံမှန် လည်ပတ်နေပြီး ထုတ်လုပ်မှု တာဝန်များကိုလည်း အဆင့်လိုက် ပြီးစီးအောင် ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။

ရှန်မော့အာ ရောက်ရှိသွားသော အလုပ်ရုံတိုင်းတွင် အလုပ်သမားများ၏ လှိုက်လှဲစွာ ကြိုဆိုမှုကို ရရှိခဲ့သည်။ တချို့က သူမအား စက်ရုံပြောင်းရွှေ့ခြင်းအပေါ် အမြင်နှင့် သူမ၏ ကိုယ်ပိုင်ဆန္ဒကို ရဲတင်းစွာ မေးမြန်းခဲ့ကြရာ ရှန်မော့အာက ပြုံးကာ ဖြေကြားခဲ့၏။

“ကျွန်မ ပြည်နယ်မြို့တော်ကို သွားချင်ရင်တောင်မှ ကျွန်မရဲ့ ပညာတတ်လူငယ်ဖုနဲ့ လျန်လျန်လေးက သဘောတူမှာ မဟုတ်ပါဘူး။ ကျွန်မ ဆက်နေမှာပါ”

ထိုစကားကြောင့် ဆက်နေရန် ရွေးချယ်ထားသူများမှာ သက်ပြင်းချနိုင်ခဲ့ကြပြီး ပြောင်းရွှေ့ရန် ရွေးချယ်ထားသူများကတော့ စိတ်ပျက်ဝမ်းနည်းသွားကြသည်။ တချို့က ယခုအချိန်တွင် ဆက်နေရန် ပြန်လည်ပြောင်းလဲ ရွေးချယ်ခွင့် ရှိမရှိကိုပင် မေးမြန်းခဲ့ကြသည်။

ရှန်မော့အာက ရယ်မောလျက် ပြောလိုက်၏။

“ကျွန်မ အားလုံးကို ၃ ရက် အချိန်ထပ်ပေးပါ့မယ်။ ဒီ ၃ ရက်အတွင်းမှာ အရင်က ထွက်ခွာမယ်လို့ ရွေးချယ်ထားသူပဲဖြစ်ဖြစ်၊ ဆက်နေမယ်လို့ ရွေးချယ်ထားသူပဲဖြစ်ဖြစ် တစ်ကြိမ် ပြန်လည်ပြင်ဆင်ခွင့် ရှိပါတယ်။ အားလုံးပဲ ပြင်ဆင်ချင်ရင် ကျွန်မရဲ့ အတွင်းရေးမှူးရှောင်ထန်ဆီမှာ သွားရောက်ပြင်ဆင်နိုင်ပါတယ်။ ၃ ရက် ပြည့်သွားရင်တော့ ဒီကိစ္စကို ပြင်ဆင်ခွင့် မရှိတော့ပါဘူး”

ရှန်မော့အာက ၃ ရက်ပြည့်လျှင် ပြင်ဆင်ခွင့် မရှိတော့ဟု ပြောရသည့် အကြောင်းအရင်းကိုတော့ ဘယ်သူမှ နားမလည်ကြချေ။ ကျင်းချိုင်ဖေးပင်လျှင် ၃ ရက်အတွင်း ဤကိစ္စတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်လာနိုင်မည်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

သို့သော် ထို ၃ ရက်အတွင်းတွင် ဆန္ဒသဘောထား ပြောင်းလဲရွေးချယ်သူ တချို့ ရှိလာခဲ့သည်။ ဆက်နေရန်မှ ထွက်ခွာရန်သို့ ပြောင်းလဲသူ တစ်ဦးမှ မရှိဘဲ၊ ထွက်ခွာရန်မှ ဆက်နေရန်သို့ ပြောင်းလဲသူများသာ ဖြစ်ကြပြီး ပြောင်းလဲသူများမှာ အောက်ခြေအလုပ်သမားများသာ ဖြစ်ကာ စုစုပေါင်း ၇၃ ဦး ရှိခဲ့သည်။

ယခုအခါ စက်ရုံတစ်ခုလုံးတွင် ထွက်ခွာလိုကြောင်း ဆန္ဒပြုသူ စုစုပေါင်း ၂၈၂ ဦးသာ ရှိတော့သည်။ ထိုအထဲတွင် ဒုတိယစက်ရုံမှူး ၁ ဦး၊ အလယ်အလတ်အဆင့် အရာရှိ ၇ ဦး၊ ပန်းထိုးအလုပ်သမား ၁၄၂ ဦး၊ ပန်းချီဆွဲသူ ၈ ဦး၊ အခြားရာထူးများမှ အလုပ်သမားများ၊ ယာယီအလုပ်သမားများနှင့် အလုပ်သင်များ ၁၂၄ ဦး ပါဝင်သည်။

ရှန်မော့အာသည် ထိုစာရင်းကို ကိုင်ဆောင်လျက် သောကြာနေ့ မနက်စောစောတွင် ဖုန်းဝေနှင့်အတူ ပြည်နယ်မြို့တော်သို့ ခရီးထွက်ခဲ့သည်။

ခရီးစဉ်တွင် မိခင်နို့တိုက်ကျွေးရန် လိုအပ်သော လျန်လျန်လေးနှင့် ကလေးကို ထိန်းကျောင်းပေးရန်အတွက် ရှန်ယင်းယင်းတို့လည်း လိုက်ပါသွားခဲ့ကြလေသည်။

...

အပိုင်း (၁၀၈)

သောကြာနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်စက်မှုဌာန ဒုတိယဌာနမှူး ကျောင်းယန်သည် အစည်းအဝေး မရှိသဖြင့် ရုံးခန်းအတွင်း၌ အတွင်းရေးမှူး ပြင်ဆင်ပေးထားသော စာရွက်စာတမ်းများကို ဖတ်ရှုနေစဉ် ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို ရုတ်တရက် လက်ခံရရှိခဲ့သည်။

ဖုန်းချပြီးနောက် ကျောင်းယန်သည် အတွင်းရေးမှူးကို ခေါ်ဆောင်ကာ ပြည်နယ်အစိုးရအဖွဲ့ အဆောက်အဦးသို့ အပြေးအလွှား သွားရောက်ခဲ့သည်။ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်၏ အတွင်းရေးမှူးလော်သည် လှေကားထိပ်တွင် သူတို့ကို စောင့်ကြိုနေပြီး ပြုံးကာ ပြောလိုက်၏။

“ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်တို့က အစည်းအဝေးခန်းမမှာ ရောက်နေပါပြီ။ ဌာနမှူးကျောင်း တိုက်ရိုက် သွားလိုက်လို့ ရပါတယ်”

ကျောင်းယန်၏ ခြေလှမ်းများ အနည်းငယ် တုံ့ဆိုင်းသွားသည်။ “သူတို့?”

သူက ပြုံးလိုက်ပြီး မသိမသာ မေးမြန်းလိုက်၏။

“အတွင်းရေးမှူးလော်.. ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်က ကျွန်တော့်ကို ဘာကိစ္စနဲ့ ခေါ်တာလဲဆိုတာများ သိပါသလား”

အတွင်းရေးမှူးလော်က ပြုံးကာ ဖြေလိုက်သည်။

“လက်အောက်ခံ လုပ်ငန်းတစ်ခုက အလုပ်အစီရင်ခံဖို့ လာတာပါ။ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်က ရှင့်ကိုပါ အတူတူ နားထောင်စေချင်လို့ ခေါ်လိုက်တာ ဖြစ်မှာပါ။ အသေးစိတ်ကိုတော့ ကျွန်မလည်း မသိပါဘူး။ အထဲရောက်ရင် သိသွားမှာပါ”

ခေါင်းဆောင်များ၏ အတွင်းရေးမှူး လုပ်သူတိုင်းမှာ လူရည်လည်သူများသာ ဖြစ်ကြသည်။ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန် ကိုယ်တိုင် ကျောင်းယန်ထံ ဖုန်းဆက်ခဲ့ပြီး ဖုန်းထဲတွင် မည်သည့်ကိစ္စအတွက် ခေါ်သည်ကို မပြောခဲ့ခြင်းမှာ သူ၏ ကိုယ်ပိုင် အစီအစဉ် ရှိနေသောကြောင့် ဖြစ်ပေမည်။ ထို့ကြောင့် အတွင်းရေးမှူးလော် အနေဖြင့် ဝင်ရောက် စွက်ဖက်ပြောဆိုမည် မဟုတ်ချေ။

သို့သော် ဘာမှ မပြောပြန်လျှင်လည်း သဘောထားသေးသိမ်သည်ဟု နာမည်ကြီးသော ဤဒုတိယဌာနမှူးကျောင်းကို အလွယ်တကူ ပြစ်မှားမိနိုင်သဖြင့် အတွင်းရေးမှူးလော်သည် ဝေဝေဝါးဝါး ဖြေကြားလိုက်ခြင်း ဖြစ်၏။

ကျောင်းယန်သည် စိတ်ထဲမှ မျက်မှောင်ကြုတ်လိုက်ပြီး ပြည်နယ်ခေါင်းဆောင်တွေရဲ့ ဘေးကလူတွေက တစ်ယောက်မှ သာမန်လူတွေ မဟုတ်ကြပါလား ဟု တွေးတောလိုက်မိသည်။

အတွင်းရေးမှူးလော်၏ စကားမှာ သတင်းအချက်အလက် ပေးလိုက်သကဲ့သို့ ရှိသော်လည်း သေချာစဉ်းစားကြည့်ပါက ဘာမှ ပြောမသွားခဲ့သည်နှင့် အတူတူပင်။

လက်အောက်ခံလုပ်ငန်း? ဘယ်က လက်အောက်ခံလုပ်ငန်းလဲ။ လုပ်ငန်းတစ်ခုက ဘာကြောင့်များ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးဆီ တိုက်ရိုက်လာပြီး အလုပ်အစီရင်ခံရတာလဲ။

အထဲရောက်ရင် သိသွားမှာပါ ဆိုတော့.. သူ သိကျွမ်းတဲ့သူ ဖြစ်ရမယ်။ ဒါပေမဲ့ စက်မှုဌာနက ပြည်နယ်တစ်ခုလုံးက လုပ်ငန်းတွေကို အုပ်ချုပ်ရတာဆိုတော့ သူက ဒုတိယဌာနမှူးတစ်ယောက်အနေနဲ့ လုပ်ငန်းခေါင်းဆောင် အတော်များများကို သိနေတာပဲလေ။

ကျောင်းယန်၏ ပထမဆုံး အတွေးမှာ ပြည်နယ်မြို့တော်ရှိ နိုင်ငံပိုင်စက်ရုံကြီးတစ်ခုခုမှ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်ထံ လာရောက် တိုင်တောနေခြင်း ဖြစ်မည်ဟု ထင်မြင်လိုက်ခြင်းပင်။

ထုတ်လုပ်မှု ရည်မှန်းချက်၊ ကုန်ကြမ်း၊ အထူးရန်ပုံငွေ... စက်မှုဌာနနှင့် လုပ်ငန်းများအကြား အငြင်းပွားစရာ ကိစ္စများစွာ ရှိပေသည်။ ဘယ်လို မျက်နှာပြောင်တိုက်တဲ့ လုပ်ငန်းကများ ပြည်နယ်ခေါင်းဆောင်တွေဆီအထိ လာပြီး ပြဿနာရှာနေတာလဲ မသိဘူး။

ကျောင်းယန်သည် ထိုသို့ တွေးတောရင်း အစည်းအဝေးခန်းမထဲသို့ အမြန်ဝင်သွားခဲ့သည်။ သို့သော် အစည်းအဝေးခန်းမထဲတွင် ထိုင်နေသူများကို သေချာကြည့်လိုက်သောအခါ သူ အံ့အားသင့်သွားရ၏။ ထိပ်ဆုံးတွင် ထိုင်နေသော ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်မှလွဲ၍ အခြားသူများကို သူ တစ်ယောက်မှ မသိချေ။

သို့သော် ထိုအထဲတွင် အလွန်ငယ်ရွယ်ပြီး လှပသော အမျိုးသမီးရဲဘော် တစ်ဦးကို မြင်လိုက်ရချိန်တွင် ကျောင်းယန်၏ ရင်ထဲတွင် ဒိန်းကနဲ ဖြစ်သွားရသည်။

နန်ပြည်နယ်ရှိ လုပ်ငန်းကြီးများတွင် အမျိုးသမီး ခေါင်းဆောင်များမှာ အလွန်ပင် ရှားပါးလှပြီး သည်လောက် ငယ်ရွယ်သော အမျိုးသမီး ခေါင်းဆောင်ဆိုလျှင် ပို၍ပင် ရှားပါးလှသည်။

လုပ်ငန်းခေါင်းဆောင် မဟုတ်ဘဲ မနေနိုင်ချေ။ ခေါင်းဆောင် မဟုတ်ပါက ဤနေရာတွင် လာထိုင်ခွင့် မည်သို့ ရနိုင်မည်နည်း။

ကျောင်းယန်၏ စိတ်ထဲတွင် လူတစ်ယောက်ကို ချက်ချင်း သတိရသွားပြီးနောက် မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ လာတာပဲ ဟူသော စကားစုလေး ပေါ်လာခဲ့၏။

“လောင်ကျောင်း.. စက်ရုံမှူးရှန်က မင်းကို တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောတော့ ငါတောင် အံ့သြသွားတယ်။ သူက နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံကနေ ထွက်လာတာလေ။ အဲဒီအချိန်တုန်းက မင်းက နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံရဲ့ စက်ရုံမှူး ဖြစ်နေပြီ မဟုတ်လား” ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်က ပြုံးရွှင်စွာ ပြောလိုက်သည်။

ရှန်မော့အာသည် မတ်တပ်ရပ်၍ ကျောင်းယန်ကို ဦးစွာ နှုတ်ဆက်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

“ကျွန်မ အဲဒီအချိန်တုန်းက သာမန် ဝန်ထမ်းငယ်လေး တစ်ယောက်ဆိုတော့ စက်ရုံခေါင်းဆောင်တွေကို တွေ့ခွင့်မရခဲ့ပါဘူး။ ဒီနေ့တော့ ဒုတိယဌာနမှူးကျောင်းကို တွေ့ခွင့်ရလို့ ဆန္ဒပြည့်ဝသွားပါပြီ”

သူမက ဘေးရှိသူများကို မိတ်ဆက်ပေးလိုက်၏။

“ဒါက ကျွန်မတို့ လင်ကျန်းမြို့ရဲ့ မြို့တော်ဝန် ကုယန်ပေါ်ပါ။ ဒါကတော့ ကျွန်မတို့ ပန်းထိုးအထည်စက်ရုံ(၂)ရဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့ ထောက်ပံ့ရေးပိုင်းကို တာဝန်ယူထားတဲ့ ဒုတိယစက်ရုံမှူး ဖုန်းဝေ ဖြစ်ပါတယ်”

ကုယန်ပေါ်နှင့် ဖုန်းဝေတို့ကလည်း ကျောင်းယန်ကို အလိုက်သင့် နှုတ်ဆက်လိုက်ကြသည်။

ကျောင်းယန်သည် ကုယန်ပေါ်ကို တစ်ချက်ကြည့်လိုက်ပြီး ရင်ထဲတွင် ပို၍ပင် လေးလံသွားခဲ့၏။

လင်ကျန်းမြို့သည် ပြည်နယ်တစ်ခုလုံး အနေအထားအရ အလွန်ထူးချွန်သော ဒေသတစ်ခု မဟုတ်သလို၊ အလွန်ဆိုးရွားသော ဒေသလည်း မဟုတ်ဘဲ အလယ်အလတ်အဆင့်တွင်သာ ရှိသည်။ သို့သော် ဤကုယန်ပေါ် မြို့တော်ဝန် ဖြစ်လာပြီးနောက်ပိုင်းတွင် ဆန်းသစ်သော မူဝါဒများကို ဆက်တိုက်ဆိုသလို အကောင်အထည်ဖော်ခဲ့ရာ စီးပွားရေးပိုင်းတွင်ရော၊ စိုက်ပျိုးရေးပိုင်းတွင်ပါ လင်ကျန်းမြို့သည် ဤနှစ်များအတွင်း အတော်လေး တိုးတက်လာခဲ့သည်ကို တွေ့ရသည်။

လက်ရှိ နိုင်ငံ၏ အခြေအနေအရ လူတန်းစားခွဲခြင်း တိုက်ပွဲများနှင့် အတွေးအခေါ် လှုပ်ရှားမှုများ လုပ်ဆောင်သူများမှာ ခေတ်၏ နောက်ချန်ထားရစ်ခြင်းကို ခံရတော့မည်ဖြစ်ပြီး ကုယန်ပေါ်ကဲ့သို့ လက်တွေ့လုပ်ဆောင်သူများမှာမူ တိုးတက်ကြီးပွားရန် အခွင့်အလမ်း အများဆုံး အချိန်အခါ ဖြစ်ပေသည်။

ဤငယ်ရွယ်ပြီး စွမ်းဆောင်ရည်မြင့်မားသော မြို့တော်ဝန်သည် နောင်တစ်ချိန်တွင် သူတို့ပင် မှန်းဆ၍မရနိုင်သော အဆင့်အတန်းတစ်ခုအထိ တက်လှမ်းသွားမည်မဟုတ်ဟု ဘယ်သူမှ အာမမခံရဲကြချေ။

အမှန်အတိုင်း ပြောရလျှင် ကျောင်းယန်သည် ဤကဲ့သို့သော သူနှင့် မလိုအပ်ဘဲနှင့် ထိပ်တိုက် မတွေ့ချင်ပါချေ။

သို့သော် ကံဆိုးစွာဖြင့် ပထမဆုံး စတင်တိုက်ခိုက်သူမှာ ကုယန်ပေါ်ပင် ဖြစ်နေသည်။ ကျောင်းယန် ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် ကုယန်ပေါ်က ပြုံးကာ စတင်ပြောကြားလေတော့သည်။

“ဒုတိယဌာနမှူးကျောင်း.. ပြည်နယ်စက်မှုဌာနကနေ နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံ(၂)ကို ပြောင်းရွှေ့ဖို့ ညွှန်ကြားစာ ထုတ်လိုက်တယ်လို့ ကြားပါတယ်။ အဲဒီစာကို ဘာကြောင့်များ လင်ကျန်းမြို့ကို မိတ္တူ မပို့ခဲ့တာလဲဆိုတာ သိချင်ပါတယ်။ ကျန်းပေခရိုင်က လူတွေ အဲဒီစာကို ကိုင်ပြီး ကျွန်တော့်ဆီ ရောက်လာတဲ့အချိန်တုန်းက ကျွန်တော်က စာတုများလားလို့တောင် ထင်မိသွားတယ်”

ကျောင်းယန်ကလည်း ပြုံးကာ ပြန်ဖြေလိုက်၏။

“နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံ(၂)က ပြည်နယ်စက်မှုဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ပြည်နယ်မြို့တော်ကို ပြန်လည်ပြောင်းရွှေ့ဖို့ဆိုတာကလည်း စက်မှုဌာန အတွင်းမှာတင် ဆုံးဖြတ်လို့ရတဲ့ ကိစ္စပါ။ ကျန်းပေခရိုင်ကို စာပို့ရတာကလည်း စက်ရုံက ကျန်းပေမှာ ရှိနေတဲ့အတွက် ဒေသခံအာဏာပိုင်တွေကို အသိပေးသင့်တယ်လို့ ယူဆလို့ပါ”

ကုယန်ပေါ်၏ အပြုံးမှာ ပြောင်းလဲသွားခြင်း မရှိချေ။

“အဲဒီလိုပြောရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ပန်းထိုးအထည်စက်ရုံ(၂)ရဲ့ အခြေအနေက နည်းနည်း ထူးခြားနေပါတယ်။ စက်ရုံက အလုပ်သမားတွေအားလုံးက ကျန်းပေခရိုင်က လူတွေချည်းပါပဲ။ စက်ရုံကို ပြောင်းရွှေ့မယ်ဆိုရင် စက်ကိရိယာတွေ ပြောင်းရွှေ့ရုံသာမက အလုပ်သမားတွေကိုပါ ပြောင်းရွှေ့ရမှာပါ။ ဒီလိုမျိုး လူဦးရေ အမြောက်အမြား ပြောင်းရွှေ့ရတဲ့ ကိစ္စက အလွန်ရှုပ်ထွေးပြီး ပြဿနာတွေ အများကြီး ပါဝင်နေပါတယ်။ ကျန်းပေခရိုင်က သက်ဆိုင်ရာ ခေါင်းဆောင်တွေက ကျွန်တော့်ဆီ လာပြီး ညည်းညူကြတယ်။ အလုပ်သမား အတော်များများက ကိုယ့်ဇာတိကို မခွဲခွာချင်ကြလို့ ပြည်နယ်မြို့တော်ကို မပြောင်းချင်ကြဘူးတဲ့။ ဒီလိုလူတွေအတွက် စက်မှုဌာနက ဘယ်လို စဉ်းစားထားပါသလဲ”

ကျောင်းယန်က အပြုံးကို ဆက်လက်ထိန်းထားလျက် ဖြေလိုက်သည်။

“ဒီကိစ္စကို ကျွန်တော်တို့လည်း နားလည်ပါတယ်။ ဒါကြောင့် ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားစာထဲမှာလည်း ဒီလူတွေကို နေရာချထားပေးဖို့အတွက် စက်ကိရိယာနဲ့ ပရောဂျက်တချို့ကို ချန်ထားပေးမယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်”

သူသည် ရှန်မော့အာနှင့် ဖုန်းဝေတို့ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြော၏။

“ဝန်ထမ်းတွေအတွက်ကတော့ သိပ်ကိစ္စမရှိပါဘူး။ ဒါပေမဲ့ စက်ရုံခေါင်းဆောင်တွေက ဆက်နေချင်တယ်ဆိုရင်တော့ အနည်းငယ် နစ်နာသွားနိုင်ပါတယ်။ ရာထူးအဆင့်အတန်းကို ဆက်လက်ထိန်းထားပေးရင်တောင်မှ တာဝန်တွေကတော့ ပြောင်းလဲသွားမှာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ စက်ရုံမှူးရှန် အနေနဲ့ ခေါင်းဆောင်အဖွဲ့ တစ်ခုလုံးကို ပြည်နယ်မြို့တော်ကို ခေါ်လာစေချင်ပါတယ်”

ရှန်မော့အာက ပြုံးကာ ဖြေလိုက်သည်။

“ဒုတိယဌာနမှူးကျောင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မယောက်ျားက တပ်ဖွဲ့မှာ ရှိနေသလို ကလေးကလည်း ငယ်ပါသေးတယ်။ အခြေအနေတွေက ခွင့်မပြုတဲ့အတွက် ပြည်နယ်မြို့တော်ကို လာဖို့က တကယ်ပဲ မဖြစ်နိုင်ပါဘူး”

ကျောင်းယန်က စိတ်ပါလက်ပါ မရှိဘဲ ပြောလိုက်၏။ “အဲဒါဆိုရင်တော့ တကယ်ပဲ နှမြောစရာကောင်းတာပေါ့”

ကုယန်ပေါ်က ရယ်မောလိုက်သည်။

“မှန်ပါတယ်။ ပြည်နယ်စက်မှုဌာနအတွက်တော့ နှမြောစရာ ကောင်းပေမဲ့ ကျွန်တော်တို့ လင်ကျန်းမြို့အတွက်တော့ သတင်းကောင်းပါပဲ။ ဒုတိယဌာနမှူးကျောင်း.. ဒီနေ့ ကျွန်တော်တို့ ဒီကို ရောက်လာတာက ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်ကို ကြားဝင်ဆောင်ရွက်ပေးဖို့ အကူအညီတောင်းချင်လို့ပါ။ တိုက်ဆိုင်စွာနဲ့ပဲ စက်မှုဌာနက ပန်းထိုးအထည်စက်ရုံ(၂)ကို ပြည်နယ်မြို့တော်ကို ပြောင်းရွှေ့ချင်နေတယ်။ တိုက်ဆိုင်စွာနဲ့ပဲ ကျွန်တော်တို့ လင်ကျန်းမြို့ကလည်း ကိုယ်ပိုင် ပန်းထိုးအထည်စက်ရုံ တစ်ခု တည်ထောင်ချင်နေတယ်။ ပြီးတော့ တိုက်ဆိုင်စွာနဲ့ပဲ ပန်းထိုးအထည်စက်ရုံ(၂)မှာ မပြောင်းရွှေ့ချင်တဲ့ ခေါင်းဆောင်နဲ့ ဝန်ထမ်း တစ်စု ရှိနေပြန်တယ်။ ဒါကြောင့် ကျွန်တော်တို့ မြို့တော်အဆင့်မှာ ဆွေးနွေးပြီးပါပြီ။ ပန်းထိုးအထည်စက်ရုံ(၂) ပြည်နယ်မြို့တော်ကို ပြောင်းရွှေ့တာ ကိစ္စမရှိပါဘူး။ ကျန်ခဲ့တဲ့သူတွေအတွက်လည်း စက်မှုဌာနအနေနဲ့ နေရာချထားဖို့ စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော်တို့ လင်ကျန်းမြို့ ပန်းထိုးအထည်စက်ရုံက တိုက်ရိုက် နေရာချထားပေးပါ့မယ်”

ကျောင်းယန်က မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကုယန်ပေါ်က အပြုံးမပျက်ဘဲ ဆက်ပြောသည်။

“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဒီလူတွေက မပြောင်းချင်လို့ ပန်းထိုးအထည်စက်ရုံ(၂)က အလုပ်ကို ထွက်ဖို့ ပြင်ဆင်နေကြတာလေ။ ဒီနည်းပညာကျွမ်းကျင် အလုပ်သမားတွေကို ဒီအတိုင်း လယ်ပြန်စိုက်ခိုင်းမယ်ဆိုရင် အရမ်းနှမြောစရာ ကောင်းလွန်းပါတယ်။ သူတို့ကို အလုပ်ရုံထဲကို ပြန်ရောက်လာအောင် လုပ်ပေးတာက ပိုမကောင်းဘူးလား”

“အမှန်အတိုင်း ပြောရရင် လူတွေရဲ့ ဆန္ဒကို ဘယ်သူမှ အတင်းအကျပ် လုပ်လို့မရပါဘူး။ ကျွန်တော် ဒီနေ့ ရောက်လာတာက ဒုတိယဌာနမှူးကျောင်းနဲ့ စက်ကိရိယာပိုင်းဆိုင်ရာ ကိစ္စကို ဆွေးနွေးချင်လို့ပါ”

ကုယန်ပေါ်က စကားပြော အလွန်မြန်သည်။

“အမှတ်(၉) အလုပ်ရုံ စတင်တည်ထောင်ချိန်ကစပြီး ပန်းထိုးအထည်စက်ရုံ(၂) နှစ်စဉ် တိုးချဲ့တည်ဆောက်လာတဲ့အထိ ကျွန်တော်တို့ ဒေသခံအစိုးရအနေနဲ့ ရန်ပုံငွေ၊ မြေနေရာနဲ့ အခွန်ကင်းလွတ်ခွင့် စတဲ့ အထောက်အပံ့တွေ အများကြီး ပေးခဲ့ပါတယ်။ တိတိကျကျ ပြောရရင် ဒီစက်ရုံမှာ ပြည်နယ်ကလည်း ပိုင်ဆိုင်မှု ရှိသလို ကျန်းပေခရိုင်ကလည်း ပိုင်ဆိုင်မှု ရှိပါတယ်။ အခု စက်ရုံကို ပြောင်းရွှေ့တော့မယ်ဆိုတော့.. စက်မှုဌာနက ငွေကြေး ကြွယ်ဝတဲ့အတွက် စက်တစ်လုံး အပိုအလိုကို ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းပေခရိုင်ကတော့ အလွန်ဆင်းရဲပါတယ်။ စက်ကိရိယာတွေကို အသစ်ပြန်လည် ဝယ်ယူဖို့ဆိုတာ အလွန်ပဲ ခက်ခဲပါတယ်”

သူက ခေတ္တရပ်လိုက်ပြီးနောက် အဓိက ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားလိုက်၏။

“ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျန်ရှိမယ့် ဝန်ထမ်းအရေအတွက်နဲ့ အချိုးကျတဲ့ စက်ကိရိယာတွေကို ချန်ထားပေးဖို့ တောင်းဆိုပါတယ်”

ကျောင်းယန်က ငြင်းဆိုလိုက်သည်။ “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ဒီစက်ကိရိယာတွေ အားလုံးက ပြည်နယ်က ငွေထုတ်ပြီး ဝယ်ထားတာတွေလေ”

ကုယန်ပေါ်က သတိပေးလိုက်၏။

“အစပိုင်းက စက်ကိရိယာ အနည်းငယ်ကိုသာ ပြည်နယ်က ရန်ပုံငွေ တစ်စိတ်တစ်ပိုင်း စိုက်ထုတ်ပေးခဲ့တာပါ။ နောက်ပိုင်း စက်ကိရိယာတွေ အားလုံးကို ပန်းထိုးအထည်စက်ရုံ(၂)ရဲ့ အမြတ်ငွေထဲကနေ အဆင့်လိုက် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်က ထုတ်ပေးခဲ့တဲ့ ငွေ မဟုတ်ပါဘူး”

ကျောင်းယန်သည် ၎င်းမှာ ယုတ်မာစွာ အတင်းလုယူခြင်း ဖြစ်သည်ဟု ပြောချင်သော်လည်း ဘေးတွင် မျက်နှာသေဖြင့် ထိုင်နေကာ တစ်ခွန်းမျှ ဝင်မပြောသေးသော ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပါးစပ်ဖျားရောက်နေသော စကားကို မျိုချလိုက်ကာ “ဒါ ကျွန်တော် ဆုံးဖြတ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး” ဟုသာ ပြောလိုက်၏။

ကုယန်ပေါ်သည် စားပွဲကို လက်ချောင်းဖြင့် ခပ်ဖွဖွ ခေါက်လိုက်သည်။ သူ၏ရှေ့ရှိ စားပွဲပေါ်တွင် စာရွက်စာတမ်း အနည်းငယ် တင်ထား၏။ သူက သွယ်ဝိုက်သောနည်းဖြင့် ပြောလိုက်သည်။

“ကျွန်တော် သိရသလောက်တော့ ပန်းထိုးအထည်စက်ရုံ(၂) ပြောင်းရွှေ့ရေး ကိစ္စအဝဝကို ဒုတိယဌာနမှူးကျောင်း ကိုယ်တိုင် ဦးဆောင်နေတာပါ။ ညွှန်ကြားစာတွေကိုလည်း ဒုတိယဌာနမှူးကျောင်းကပဲ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာလေ။ ဒီကိစ္စကို ဒုတိယဌာနမှူးကျောင်း ဆုံးဖြတ်လို့မရရင် ဘယ်သူကများ ဆုံးဖြတ်ပေးနိုင်မှာလဲ။ ကျွန်တော်တို့က စက်ကိရိယာ အားလုံးကို ချန်ထားဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ လူဘယ်လောက် ကျန်မလဲဆိုတာအပေါ် မူတည်ပြီး စက်ကိရိယာ ဘယ်လောက် ချန်ထားပေးဖို့ပဲ တောင်းဆိုတာပါ။ ဒီတောင်းဆိုမှုက မလွန်ပါဘူးနော်။ အဲလိုမှ မဟုတ်ရင် ကျန်းပေခရိုင်က လူတွေကို ပေးမထွက်ဘဲ တားထားရင် စက်မှုဌာနက စက်ကိရိယာတွေကိုပဲ ပြန်သယ်သွားလို့ ဘာအသုံးကျမှာလဲ”

ကျောင်းယန် : “……”

ဒီကုယန်ပေါ်က လုံးဝကို စည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်တဲ့သူပဲ။

ပုံမှန်လူဆိုရင် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ရှေ့မှာ မိမိတို့အနေနဲ့ စက်ကိရိယာတွေ ရရှိဖို့အတွက် လူတွေကို တမင်သက်သက် တားဆီးထားနိုင်တယ်ဆိုတာမျိုးကို ဘယ်သူကများ အရိပ်အမြွက် ပြောရဲမှာလဲ။

ဒါပေမဲ့ ဒီခြိမ်းခြောက်မှုက တကယ်ကို ထိရောက်တယ်။

ကုယန်ပေါ် ပြောသလိုပဲ၊ တကယ်လို့ သူတို့က အိမ်ထောင်စုစာရင်းတွေကို ကိုင်ထားပြီး လူတွေကို ပေးမထွက်ဘူးဆိုရင် စက်ကိရိယာတွေကိုပဲ သယ်သွားလို့ ဘာလုပ်ရမှာလဲ။

ကျောင်းယန်၏ မျက်နှာထား တင်းမာသွားခဲ့သည်။

ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်က ပြုံးကာ ပြောလိုက်၏။

“လောင်ကျောင်း.. သူတို့ လင်ကျန်းမြို့က ကိုယ်ပိုင် ပန်းထိုးအထည်စက်ရုံ တစ်ခု တည်ထောင်ချင်နေတယ်။ ကျွန်တော်တို့ရဲ့ စက်ရုံမှူးငယ်လေး ရှန်မော့အာကလည်း ပန်းထိုးအထည်စက်ရုံ(၂)ရဲ့ စက်ရုံမှူးရာထူးကနေ နုတ်ထွက်ပြီး ကျန်းပေမှာပဲ ဆက်နေချင်တယ်တဲ့။ ဒီလိုအခြေအနေမျိုးမှာ ပြည်နယ်အနေနဲ့ စက်ကိရိယာနဲ့ ရန်ပုံငွေ အထောက်အပံ့ အနည်းငယ် ပေးတာကလည်း မလွန်ပါဘူး”

ကျောင်းယန်သည် ဤကိစ္စကို သဘောတူ၍ မဖြစ်နိုင်ကြောင်း အလိုအလျောက် သိမြင်နေသည်။ ဤအထဲတွင် သေချာပေါက် ထောင်ချောက်တစ်ခု ရှိနေရမည်။ ဥပမာ- လူဘယ်လောက် ကျန်မလဲဆိုတာအပေါ် မူတည်ပြီး စက်ကိရိယာ ဘယ်လောက် ချန်ထားပေးမလဲ ဆိုသည့်အချက်... တကယ်လို့ ကျန်ခဲ့မယ့်လူက အများကြီး ဖြစ်နေရင်ကော ဘယ်လိုလုပ်မလဲ။

သို့သော်လည်း ၎င်းမှာ မဖြစ်နိုင်ဟု သူ ထင်မြင်မိပြန်သည်။

ကိုယ်ချင်းစာကြည့်မည်ဆိုလျှင် သူကိုယ်တိုင်သာ ခေါင်ဖျားသော အရပ်တွင် အလုပ်သမားလေးတစ်ယောက် ဖြစ်နေပြီး ရုတ်တရက် ခရိုင်မြို့ငယ်လေးမှ ထွက်ခွာကာ စည်ကားလှသော ပြည်နယ်မြို့တော်သို့ သွားရောက်ရန် အခွင့်အရေး ရလာပါက သည်လောက် ရှားပါးလှသော အခွင့်အရေးကို လက်လွတ်ခံပါမည်တဲ့လား။

ကျောင်းယန်သည် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားလျက် အခိုက်တန့် တုံ့ဆိုင်းနေမိ၏။

ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန် ကိုယ်တိုင် နှုတ်ဖွင့်ပြောဆိုလာပြီဖြစ်သောကြောင့် ထိုမျက်နှာကို သူ ထောက်ထားရမည်မှာ အမှန်ပင်။ သို့သော် ကုယန်ပေါ်၊ ရှန်မော့အာတို့သည် အဝေးကြီးမှ ပြည်နယ်မြို့တော်အထိ အပင်ပန်းခံ လာရောက်ကာ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်ကိုပါ အကူအညီတောင်း၍ သူ့ထံမှ သည်လို အနည်းအကျဉ်းလေးကိုသာ တောင်းဆိုရန် ဖြစ်နိုင်ပါမည်လား။

သို့တည်းမဟုတ် ရသလောက်လေး ယူသွားမည်ဟု သူတို့ တွေးတောနေကြခြင်းများလား။

အစည်းအဝေးခန်းမထဲတွင် အချိန်အတန်ကြာ တိတ်ဆိတ်သွားခဲ့သည်။

ကျောင်းယန်သည် တစ်ဖက်လူ၏ အကြံအစည်ကို အကဲခတ်၍ မရနိုင်သဖြင့် အတန်ကြာသည်အထိ ဘာမှ ဆက်မပြောဘဲ နေခဲ့သည်။ စဉ်းစားခန်းဝင်ပြီးနောက် နောက်ဆုံးတွင် သူက ပြောလိုက်၏။

“ဒီကိစ္စကို ကျွန်တော် ဆုံးဖြတ်လို့ မရပါဘူး။ ဌာနမှူးချိုးကို ကျွန်တော် တင်ပြပါရစေဦး”

ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဟုန်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။

“မလိုပါဘူး။ ဌာနမှူးချိုးက ငါ့ကို ပြောထားပြီးပါပြီ။ ဒီကိစ္စကို မင်းက ဦးဆောင်နေတာဆိုတော့ အသေးစိတ်ကို မင်းပဲ ဆုံးဖြတ်လို့ ရပါတယ်တဲ့”

ကျောင်းယန်မှာ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်သွားရ၏။ ခဏအကြာတွင် သူက ထပ်မံ၍ အတည်ပြုမေးမြန်းလိုက်သည်။

“လူဘယ်နှရာခိုင်နှုန်း ကျန်ရင် စက်ကိရိယာ ဘယ်လောက် ချန်ထားရမယ်ဆိုတာ သေချာတယ်နော်”

ကုယန်ပေါ်က ခေါင်းငြိမ့်ပြလိုက်သည်။

“ဒါပေါ့.. လူမလုံလောက်ရင် စက်ကိရိယာတွေ အများကြီး ချန်ထားပေးလည်း အသုံးမဝင်ပါဘူး။ ပြည်နယ်အတွက်လည်း ဒီသဘောတရားပါပဲ.. စက်ကိရိယာတွေ အကုန်သယ်သွားလည်း အသုံးမဝင်ဘူးလေ။ လူဘယ်လောက် လာမလဲဆိုတာအပေါ် မူတည်ပြီး စက်ကိရိယာ ဘယ်လောက် ယူသွားမလဲဆိုတာ လုပ်လိုက်ရင် မရဘူးလား”

စက်ကိရိယာများ ရှိနေပါက လူများကို အချိန်မရွေး ထပ်မံခေါ်ယူနိုင်သည်သာ ဖြစ်သည်။

မှန်ပါသည်။ ယခုအချိန်တွင် ကုယန်ပေါ်နှင့် အငြင်းပွားနေခြင်းက အကျိုးမရှိကြောင်း ကျောင်းယန် သိရှိထားသည်။ သူသည် ကျားစီးမိသကဲ့သို့ ဖြစ်နေပြီဖြစ်ရာ နောက်ဆုံးတွင် စိတ်ဒုံးဒုံးချလိုက်ပြီး တစ်ဝက်လောက်တောင် ပြည်နယ်မြို့တော်ကို မလာချင်တဲ့သူ မရှိနိုင်ပါဘူးလေ ဟု တွေးတောလိုက်သည်။

အလုပ်သမားနဲ့ စက်ကိရိယာ အများစုကို ပြည်နယ်မြို့တော်ကို သယ်လာနိုင်ရင် စက်ရုံက နောက်ပိုင်း ဖွံ့ဖြိုးမလာမှာကို ပူစရာလိုသေးလို့လား။

ထိုသို့တွေးတောပြီးနောက် ကျောင်းယန်သည် အံကြိတ်ကာ နောက်ဆုံးတွင် သဘောတူလိုက်လေတော့သည်။

“ကောင်းပါပြီ”

...

All Chapters