အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အပိုင်း (၁၁၁)
လင်ကျန်းမြို့နယ်တွင် မကြာသေးမီက ကိစ္စများစွာ ဖြစ်ပွားခဲ့သည်။ ပထမဆုံးအနေဖြင့် ပန်းထိုးစက်ရုံ ပြောင်းရွှေ့တော့မည်ဟူသော ကောလာဟလများ ပျံ့နှံ့သွားခဲ့ရာ ရွာပေါင်းစုံမှ တပ်ဖွဲ့ဝင်များအားလုံး စိုးရိမ်ပူပန်ခဲ့ကြသည်။ မြို့နယ်မှ ခေါင်းဆောင်တချို့ပင်လျှင် စိုးရိမ်တကြီးဖြင့် ခရိုင်မြို့သို့ အခေါက်ခေါက်အခါခါ သွားရောက်ခဲ့ရသဖြင့် ခြေထောက်များပင် သေးသွားလုမတတ် ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင် နန်ပြည်နယ် ပန်းထိုးစက်ရုံ(၂)မှာ အမှန်တကယ် ပြောင်းရွှေ့သွားခဲ့သော်လည်း မူလနေရာနှင့် မူလဝန်ထမ်းများဖြင့်ပင် လင်ကျန်းမြို့ ပန်းထိုးစက်ရုံဟူ၍ အမည်ပြောင်းကာ ချောမွေ့စွာ ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။ လူအများ ထင်ကြေးပေးနေသလို အလုပ်သမား အသစ်ထပ်မံခေါ်ယူတော့မည် မဟုတ်ဆိုသည်မှာ မဟုတ်ဘဲ ဝန်ထမ်း ၂၀၀ ကျော် ထွက်ခွာသွားသောကြောင့် ယခုနှစ်တွင် အလုပ်သမား အသစ်များကို ပိုမိုခေါ်ယူတော့မည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ဒါကလည်း မျှော်လင့်မထားသော ဝမ်းသာစရာ သတင်းတစ်ခုပင်။
ကျန်းကျိန့်ရှန်းကဲ့သို့သော မြို့နယ်ခေါင်းဆောင်တစ်ဦးသည် ရှန်မော့အာထံသို့ သီးသန့်သွားရောက်ကာ မကျေမနပ်ဖြစ်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ရှန်မော့အာသည် သဘောထားမကြီးကြောင်းနှင့် ဤသို့သော နောက်ကွယ်မှ အစီအစဉ်များ ရှိနေလျက်နှင့် အနည်းငယ်မျှပင် အရိပ်အမြွက် မပေးခဲ့သဖြင့် သူတို့အားလုံး အချိန်အတော်ကြာ အချည်းနှီး စိုးရိမ်ပူပန်ခဲ့ရကြောင်းကို သူက ညည်းညူခဲ့သည်။
ရှန်မော့အာကလည်း ဤကိစ္စသည် နောက်ဆုံးတွင် အောင်မြင်နိုင်မည် မအောင်မြင်နိုင်မည်ကို သူမကိုယ်တိုင်လည်း မသေချာခဲ့ကြောင်း ရှင်းပြခဲ့သည်။ ထို့ကြောင့် မြို့တော်ဝန်ကုမှလွဲ၍ ခရိုင်နှင့် ဘာစကားမှ မပြောခဲ့ခြင်းပင်။
အမှန်တကယ်တွင် ကျန်းကျိန့်ရှန်းသည်လည်း နားလည်နိုင်သည်။ ပြည်နယ်စက်မှုဌာနကဲ့သို့သော ကျားပါးစပ်မှ အစာကို လုယူရသည့် ကိစ္စမျိုးတွင် သတင်းကြိုတင်ပေါက်ကြားသွားခဲ့ပါက ဤအစာကို မည်သို့လုယူနိုင်မည်နည်း။
ပြည်နယ်စက်မှုဌာနသည် ဤကိစ္စကြောင့် မကြာသေးမီက အလွန် ဆူညံပွက်လောရိုက်နေခဲ့ပြီး ပြည်နယ်၏ အဓိကခေါင်းဆောင်များထံသို့ပင် ရောက်ရှိသွားခဲ့ကြောင်း ကြားသိရသည်။ ရှန်မော့အာသည်လည်း ပြတ်သားစွာ လုပ်ဆောင်နိုင်ခဲ့သည်။ ယခုအခါ ပန်းထိုးစက်ရုံသည် လင်ကျန်းမြို့၏ လက်အောက်ခံ လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သဖြင့် ပြည်နယ်မှ မည်သည့်ပြဿနာများ ပေါ်ပေါက်လာပါစေ မြို့တော်ဝန်ကုကဲ့သို့သော အရပ်ရှည်သူတစ်ဦးက ရှေ့မှရပ်ကာ ကာကွယ်ပေးထားမည်ဖြစ်သောကြောင့် သူမအနေဖြင့် အထိအခိုက် ရှိမည်မဟုတ်ချေ။
ကျန်းကျိန့်ရှန်းက ရှန်မော့အာထံ သွားရောက်ပြီး မကျေမနပ်ဖြစ်မှုကို ပြသခြင်းမှာ ဟန်ပြသက်သက်သာ။ သူ၏ တကယ့်ရည်ရွယ်ချက်မှာ ပန်းထိုးစက်ရုံသည် ထပ်မံပြောင်းရွှေ့ဦးမည်လား ဆိုသည်ကို သွယ်ဝိုက်သောနည်းဖြင့် စုံစမ်းရန်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ မြို့တော်ဝန်ကုသည် ပန်းထိုးစက်ရုံကို မြို့တော်သို့ ပြောင်းရွှေ့စေချင်နေကြောင်းကို သူ သိထားသည်။
ယခုတစ်ကြိမ်တွင်တော့ ရှန်မော့အာက သူ့ကို စိတ်အေးသွားစေခဲ့သည်။ ပန်းထိုးစက်ရုံသည် ထပ်မံပြောင်းရွှေ့တော့မည် မဟုတ်ဘဲ လျိုချောင်တပ်ဖွဲ့တွင် အမြဲတမ်း ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်းနှင့် ဤကိစ္စကို မြို့တော်ဝန်ကုကလည်း သဘောတူထားပြီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြခဲ့သည်။
ကျန်းကျိန့်ရှန်းသည် နောက်ဆုံးတွင်တော့ သက်ပြင်းချနိုင်ခဲ့ပြီး ကျေနပ်စွာ ပြန်လည်ထွက်ခွာသွားခဲ့၏။
မကြာသေးမီက မြို့နယ်အတွင်း၌ ပန်းထိုးစက်ရုံ ပြောင်းရွှေ့ခြင်း၊ အမည်ပြောင်းလဲခြင်းနှင့် အလုပ်သမားခေါ်ယူခြင်းများအပြင် အခြားကိစ္စတစ်ခုမှာ ပန်းထိုးစက်ရုံမှ ညကျောင်းဖွင့်လှစ်ခြင်း ဖြစ်သည်။
ပန်းထိုးစက်ရုံသည် ငွေကြေးချမ်းသာပြီး အရှိန်အဝါကြီးမားသဖြင့် တစ်ပတ်ခန့်အချိန်အတွင်းမှာပင် ညကျောင်းကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။
သင်ကြားပေးမည့် ဆရာများထဲတွင် တပ်ဖွဲ့အသီးသီးမှ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပြီး စာသင်ကြားမှု ကောင်းမွန်ကြောင်း အများက အသိအမှတ်ပြုထားသော ပညာတတ်လူငယ်များ ပါဝင်သလို ခရိုင်အထက်တန်းကျောင်းမှ ဆရာများပင် ပါဝင်သည်။ ပညာတတ်လူငယ်များသည် ပုံမှန်အလုပ်ရက်များ၏ ညပိုင်းတွင် သင်ကြားပေးရန် တာဝန်ယူပြီး ခရိုင်အထက်တန်းကျောင်းမှ ဆရာများကတော့ စနေ၊ တနင်္ဂနွေရက်များတွင် သင်ကြားပေးရန် တာဝန်ယူကြသည်။
၃ လတာ သင်ကြားမည့် သင်ခန်းစာများကို ချန်ထောင်က အပြည့်အဝ စီစဉ်ထားသည်။ ပထမလနှင့် ဒုတိယလများတွင် အထက်တန်း ၂ နှစ်စာ၏ အဓိက ဗဟုသုတများကို ယေဘုယျအားဖြင့် သင်ကြားပေးမည်ဖြစ်ပြီး တတိယလတွင်တော့ အကျဉ်းချုံး ပြန်လည်သုံးသပ်ကာ အရည်အသွေးမြှင့်တင်ပေးမည် ဖြစ်သည်။ သင်တန်းအားလုံး ပြီးဆုံးသွားသောအခါ ညကျောင်းမှ စာမေးပွဲတစ်ခု ကျင်းပမည်ဖြစ်ပြီး အောင်မြင်သူများကို သင်တန်းဆင်းလက်မှတ်တစ်စောင် ပေးအပ်မည် ဖြစ်သည်။
ဤလက်မှတ်သည် တခြားနေရာများတွင် အသုံးမဝင်နိုင်သော်လည်း ပန်းထိုးစက်ရုံကတော့ အသိအမှတ်ပြုထားသည်။ ဆိုလိုသည်မှာ မူလက အလယ်တန်းအဆင့်သာ ရှိသူဖြစ်သော်လည်း ဤသင်တန်းဆင်းလက်မှတ်ကို ရရှိထားပါက အပြင်လူများအနေဖြင့် အထက်တန်းအဆင့် သတ်မှတ်ချက်ရှိသော အလုပ်သမားခေါ်ယူရေး စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် ရှိမည်ဖြစ်ပြီး အတွင်းဝန်ထမ်းများအနေဖြင့်လည်း သက်ဆိုင်ရာ ရာထူးများသို့ ပြောင်းရွှေ့လျှောက်ထားခွင့် ရရှိလိမ့်မည်။
ဤစည်းကမ်းချက်ကြောင့် မူလက လူအများအပြား စာရင်းပေးသွင်းလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့ရသော ညကျောင်းသည် ရုတ်တရက် သင်တန်းသား ၃၀၀ ကျော်အထိ လက်ခံရရှိခဲ့လေသည်။
ထို့ကြောင့် လူတိုင်း ကျောင်းဝင်ပြီးနောက်တွင် အခြေခံအဆင့် စမ်းသပ်စစ်ဆေးမှုတစ်ခုကို ဦးစွာပြုလုပ်ကာ သင်တန်းသားများ၏ အရည်အချင်းအပေါ် မူတည်ပြီး အတန်းများ ခွဲခြားပေးလိုက်သည်။
"ဒါက မြို့နယ်အလယ်တန်းကျောင်းက ကျောင်းသားဦးရေနဲ့တောင် သွားတူနေပြီပဲ"
ရှင်းဖန်းကျဲသည်လည်း ရှန်မော့အာ၏ ရုတ်တရက် တွေးမိသော အကြံဉာဏ်တစ်ခုက နောက်ဆုံးတွင် သည်လောက် ကြီးမားသော အတိုင်းအတာတစ်ခုအထိ ဖြစ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
မြို့နယ်အလယ်တန်းကျောင်းတွင် ယခင်က သည်လောက် များပြားသော ကျောင်းသားဦးရေ လုံးဝမရှိခဲ့ပေ။ ဤနှစ်ပိုင်းများအတွင်း အလုပ်ရရန်အတွက် လူတိုင်းက အလယ်တန်းမပြီးမီ အလွယ်တကူ ကျောင်းမထွက်တော့သောကြောင့်သာ ကျောင်းသားဦးရေ တဖြည်းဖြည်း တိုးလာခဲ့ပြီး ယခင်ကထက် ၂ ဆခန့်ပင် တိုးလာခဲ့ခြင်း ဖြစ်သည်။
"ဒီညကျောင်းကို ကျွန်မတို့ နောက်နှစ်မှာလည်း ဆက်ပြီး ဖွင့်သွားလို့ရတယ်။ ပြီးရင် အဲဒီအပေါ်မှာ အခြေခံပြီး တွဲဖက်အထက်တန်းကျောင်းတစ်ခု ဖွင့်ဖို့ လျှောက်ထားလို့ရတယ်" ရှန်မော့အာက လမ်းလျှောက်ရင်း ပြောလိုက်သည်။ "ကျွန်မတို့ ပြည်နယ်မြို့တော်က ဝါရင့် နိုင်ငံပိုင်စက်ရုံတွေကို သွားလေ့လာခဲ့ဖူးတယ်လေ။ သူတို့ရဲ့ စက်ရုံတွင်းမှာဆိုရင် အရာအားလုံး အပြည့်အစုံ ရှိတယ်။ တွဲဖက်ကျောင်းတွေ၊ တွဲဖက်ဆေးရုံတွေ၊ တွဲဖက်ကုန်စုံဆိုင်တွေ... အကုန်ရှိတယ်။ ကျွန်မတို့ကလည်း သူတို့ထက် ဘာမှမလျော့ပါဘူး။ အရင်ကတော့ ပြည်နယ်က ကျန်းပေလို တောင်ခြေက ချောင်ကျတဲ့နေရာမှာ ပိုက်ဆံမသုံးချင်ခဲ့ဘူး။ အခု ကျွန်မတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရပြီဆိုတော့ ဒီလို လုပ်သင့်လုပ်ထိုက်တဲ့၊ လုပ်နိုင်တဲ့ ကိစ္စတွေကို စတင်လုပ်ဆောင်လို့ ရပါပြီ"
ရှင်းဖန်းကျဲ၏ မျက်လုံးများက တောက်ပသွားသည်။ သူမ၏ ဇာတိမှာ ထျန်းကျင်းမြို့မှ ဖြစ်သည်။ ပြည်နယ်မြို့တော်သို့ သွားရောက်မလေ့လာမီကတည်းက ဝါရင့် နိုင်ငံပိုင်စက်ရုံများစွာတွင် တွဲဖက်ကျောင်းများ၊ တွဲဖက်ဆေးရုံများနှင့် အခြားတွဲဖက်လုပ်ငန်းများ ရှိကြောင်းကို သူမ သိထားခဲ့သည်။ သို့သော် သူတို့၏ ပန်းထိုးစက်ရုံသည်လည်း ဤကဲ့သို့သော အရာများကို ဖွင့်လှစ်နိုင်လိမ့်မည်ဟု သူမ တစ်ခါမှ မစဉ်းစားရဲခဲ့ပေ။
ယခု ရှန်မော့အာ၏ စကားကို ကြားလိုက်ရချိန်တွင် ရှင်းဖန်းကျဲမှာ ရုတ်တရက် အလင်းရသွားသလို ခံစားလိုက်ရ၏။
အမှန်ပဲ။ သူတို့စက်ရုံလည်း အဲဒီနိုင်ငံပိုင်စက်ရုံထက် မနိမ့်ပါဘူး။ ထုတ်လုပ်မှုစွမ်းအားက တချို့ ဝါရင့် နိုင်ငံပိုင်စက်ရုံတွေနဲ့ မယှဉ်နိုင်သေးပေးမဲ့ နိုင်ငံခြားငွေရှာဖွေနိုင်မှု ပမာဏကတော့ အများကြီး သာတယ်လေ။
သူတို့မှာ ငွေရှိတယ်။ အရင်ကတော့ ငွေပမာဏ အများကြီး သုံးစွဲတိုင်း ပြည်နယ် ခွင့်ပြုချက်ကို တောင်းခံခဲ့ရတာ။ အခုတော့ မလိုတော့ဘူး။ မြို့နယ်ခွင့်ပြုချက်ကို တောင်းရုံနဲ့ ရသွားပြီ။
ဒေသတွင်းအတွင်း ငွေသုံးစွဲဖို့ဆိုရင် မြို့နယ်ကလည်း ခွင့်မပြုစရာ အကြောင်းမရှိဘူး။
"ကျွန်မတို့ရဲ့ ပန်းထိုးစက်ရုံ၊ ကျွန်မတို့ရဲ့ လျိုချောင်တပ်ဖွဲ့က သေချာပေါက် ပိုပိုပြီး ကောင်းမွန်လာမှာပါ" ရှင်းဖန်းကျဲသည် ချက်ချင်းပင် အင်အားများ ပိုမိုပြည့်ဝလာသလို ခံစားလိုက်ရသည်။ ဤဘဝကြီးက တကယ့်ကို မျှော်လင့်ချက် ပိူရှိလာလေပြီ။
သူတို့နှစ်ဦးသည် လမ်းလျှောက်ရင်း စကားပြောလာကြရာ မကြာမီမှာပင် စက်ရုံဂိတ်ပေါက်သို့ ရောက်ရှိလာကြသည်။
"အို... ရှင့်အမျိုးသား ပညာတတ်လူငယ်ဖုက ရှင့်ကို နေ့တိုင်း လာကြိုနေတုန်းပဲလား" ရှင်းဖန်းကျဲက ဂိတ်ပေါက်ဝတွင် စက်ဘီးကို ကိုင်ကာ ရပ်နေသော အရိပ်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ အားကျစွာဖြင့် ပြောလိုက်သည်။ "ရှင်င်တို့နှစ်ယောက်ရဲ့ သံယောဇဉ်က တကယ့်ကို ကောင်းတာပဲ"
ရှန်မော့အာက ပြုံးလျက် ပြန်မေးလိုက်သည်။ "ရှင်နဲ့ ကျောင်းအုပ်ကြီးချန်ရဲ့ သံယောဇဉ်ကရော မကောင်းလို့လား"
ရှင်းဖန်းကျဲ: "အိုး... ကျွန်မတို့က လင်အိုမယားအိုတွေပါ။ အခု သူက ညကျောင်းကိစ္စကိုပဲ အာရုံစိုက်နေတာ။ သူ့အတွက်တောင် နာမည်စာရင်း သွားပေးထားသေးတယ်။ အထက်တန်းတုန်းက သင်ခဲ့တဲ့ ဗဟုသုတတွေ အများကြီး မေ့နေပြီဆိုတော့ အခု အခွင့်ကောင်းယူပြီး ပြန်လေ့လာမယ်တဲ့။ တကယ့်ကို အလကားနေရင်း အလုပ်ရှုပ်ခံနေတာပဲ"
ပါးစပ်က ဤသို့ပြောနေသော်လည်း မျက်နှာပေါ်ရှိ အမူအရာကတော့ နူးညံ့နေသည်။ သူတို့ ဇနီးမောင်နှံနှစ်ဦးသည် နှစ်ပေါင်းများစွာ အချင်းချင်း ဖေးမကူညီရင်း ဖြတ်သန်းလာခဲ့ကြပြီး သူတို့၏ သံယောဇဉ်ကလည်း အမှန်တကယ်ပင် ကောင်းမွန်လှသည်။
ရှန်မော့အာက သူမကို တစ်ချက်ကြည့်လိုက်ပြီး မရည်ရွယ်သလို ပြောလိုက်သည်။ "အခု ပညာတတ်လူငယ်တွေလည်း တစ်ယောက်ပြီးတစ်ယောက် မြို့ပေါ်ပြန်နေကြပြီ။ လုပ်ငန်းနယ်ပယ် အသီးသီးမှာလည်း အပြောင်းအလဲ ကြီးကြီးမားမားတွေ ဖြစ်နေပြီလေ။ ကျောင်းအုပ်ကြီးချန် ပိုပြီး လေ့လာသင်ယူတာကလည်း ကောင်းပါတယ်။ နောက်ပိုင်း တက္ကသိုလ်တက်ဖို့ အခွင့်အရေး ရလာနိုင်မလား ဘယ်သူသိနိုင်မလဲ။ တက္ကသိုလ်မတက်ရရင်တောင်မှ ကျွန်မတို့ရဲ့ တွဲဖက်အထက်တန်းကျောင်း ဖွင့်လိုက်တဲ့အခါ သူက အထက်တန်းကျောင်းအုပ် လာလုပ်လို့ ရတာပဲလေ"
ချန်ထောင်၏ အရည်အချင်းနှင့် သင်ကြားမှုစွမ်းရည်အရဆိုလျှင် အလယ်တန်းအဆင့်ကို သင်ကြားရန် လုံးဝ လုံလောက်သည်။ သို့သော် ဤနှစ်ပိုင်းများအတွင်း ယန်လျိုတပ်ဖွဲ့တွင် ကျောင်းတက်သော ကလေးများ ပိုမိုများပြားလာခြင်းနှင့် ကျိုးမန်ခန်း၏ အတင်းအကျပ် တားဆီးမှုများကြောင့် ချန်ထောင်သည် ယခုအချိန်အထိ ယန်လျိုတပ်ဖွဲ့ မူလတန်းကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။
ရှင်းဖန်းကျဲသည် ပါးစပ်က ဘယ်လိုလုပ်ပြီး တက္ကသိုလ်တက်ဖို့ အခွင့်အရေး ရှိနိုင်တော့မှာလဲ ဟု ပြောနေသော်လည်း စိတ်ထဲတွင်တော့ သူမ၏ ခင်ပွန်း ချန်ထောင်အတွက် နှမြောနေမိသည်။ ထိုစဉ်က သူ၏ ကျောင်းစာရမှတ်များမှာ အလွန်ကောင်းမွန်ခဲ့ပြီး မူလက တက္ကသိုလ်တက်ရန် အလွန်မျှော်လင့်ချက် ရှိခဲ့သည်။ သို့သော် အထက်တန်းအောင်မြင်သည့်နှစ်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ရပ်ဆိုင်းသွားမှုနှင့် တိုက်ဆိုင်သွားခဲ့ပြီး နောက်ပိုင်းတွင် သူတို့ဒေသ၏ ပထမဆုံးသော ကျေးလက်သို့ ဆင်းလာရသည့် ပညာတတ်လူငယ်တစ်ဦး ဖြစ်လာခဲ့ရမည်ကို မည်သူက တွေးမိပါမည်နည်း။
အကယ်၍သာ တက္ကသိုလ်တက်ရန် အခွင့်အရေး တကယ်ရလာခဲ့မည်ဆိုလျှင် သူမသည် သူမ၏ ခင်ပွန်းကို မည်သို့ပင်ဖြစ်စေ သွားရောက်ဖြေဆိုရန် ထောက်ခံအားပေးရလိမ့်မည်။
ဂိတ်ပေါက်ဝတွင် ရှင်းဖန်းကျဲနှင့် နှုတ်ဆက်ပြီးနောက် ရှန်မော့အာသည် ဖုမင်ဇယ်၏ စက်ဘီးရှေ့သို့ လျှောက်သွားခဲ့သည်။ ဖုမင်ဇယ်က သူမလက်ထဲက အိတ်ကို ယူလိုက်ပြီး မေးလိုက်၏။ "ဘာတွေ ပြောနေတာလဲ"
ရှန်မော့အာက သက်ပြင်းချလိုက်ပြီး "ကျောင်းအုပ်ကြီးချန် အကြောင်း ပြောနေတာပါ။ သူ အထက်တန်းတုန်းက အမှတ်တွေ အရမ်းကောင်းခဲ့တယ်လို့ ကြားတယ်။ နှမြောစရာကောင်းတာက သူ ကျောင်းပြီးတဲ့အချိန်က ကောလိပ်ဝင်ခွင့်စာမေးပွဲ ရပ်ဆိုင်းသွားတဲ့အချိန်နဲ့ သွားတိုက်ဆိုင်နေတော့ ကျေးလက်ကို ဆင်းလာခဲ့ရတာလေ"
သူမက ဖုမင်ဇယ်ကို ကြည့်ကာ မေးလိုက်သည်။ "ရှင်ရော အထက်တန်းတုန်းက အမှတ်တွေ အရမ်းကောင်းခဲ့တာပဲ မဟုတ်လား။ တကယ်လို့ အခု တက္ကသိုလ်ပြန်ဖြေဖို့ အခွင့်အရေး ရှိလာမယ်ဆိုရင် ရှင် သွားဖြေမှာလား"
သူတို့နှစ်ဦးသည် ဤနှစ်ပိုင်းများအတွင်း ဖတ်စာအုပ်များကို အမြဲတမ်း လက်မှမချခဲ့ကြပေ။ ရှန်မော့အာသည် ဖုမင်ဇယ်၏ သင်ကြားပေးမှုဖြင့် အထက်တန်းအဆင့် သင်ခန်းစာအားလုံးကို သင်ယူပြီးစီးခဲ့သည်။ သို့တိုင်အောင် ရံဖန်ရံခါ ထုတ်ယူကာ ပြန်လည်ကြည့်ရှုလေ့ရှိပြီး အဟောင်းကို ပြန်လည်လေ့လာ၍ အသစ်ကိုသိရှိခြင်း ဟု အမည်တပ်လေ့ရှိသည်။
အထက်တန်းအဆင့် သင်ခန်းစာများသည် ပညာတတ်လူငယ်ဖုအတွက် အလွန်ရိုးရှင်းကြောင်း ရှန်မော့အာ စောစောကတည်းက ရိပ်မိခဲ့သည်။ သင်္ချာ၊ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များကို ဆိုဖွယ်ရာမရှိပေ။ ဝိဇ္ဇာဘာသာရပ်များ၏ အချက်အလက်များကိုပင် သူက တစ်ခါဖတ်ပြီးသည်နှင့် မမေ့တော့ဘဲ ဘယ်အချိန်မေးမေး သူက ချောမွေ့စွာ ဖြေဆိုနိုင်စွမ်း ရှိသည်။
ထို့ကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပပြီးနောက် ပညာတတ်လူငယ်ဖုက တက္ကသိုလ်ဝင်ခွင့် မရမှာကို ရှန်မော့အာကတော့ နည်းနည်းမှ စိုးရိမ်မနေခဲ့ပေ။
သို့သော် သူတို့နှစ်ဦးသည် အမြဲတမ်း တစ်ယောက်က တိတ်တဆိတ် လေ့လာပြီး တစ်ယောက်က တိတ်တဆိတ် သင်ကြားပေးနေခဲ့ကြသည်။ အိမ်တွင် အထက်တန်းအဆင့် သင်ခန်းစာများကို လေ့လာခြင်းမှာ အလွန်ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုလို ဖြစ်နေခဲ့ပြီး လေ့လာပြီးနောက် ဘာဆက်လုပ်မည် သို့မဟုတ် ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပမည်လား စသည့် အကြောင်းအရာများကို တစ်ခါမှ မဆွေးနွေးခဲ့ကြပေ။
ပညာတတ်လူငယ်ဖုသည် ဤနှစ်ပိုင်းများအတွင်း လယ်ယာလုပ်ငန်းကို အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့ပြီး စိုက်ပျိုးရေးနှင့် လယ်ယာနည်းပညာဆိုင်ရာ ဗဟုသုတများကို ဘယ်လောက်အထိ ကိုယ်တိုင်လေ့လာသင်ယူခဲ့သည်ကို မသိနိုင်ပေ။ သူသည် စိုက်ပျိုးရေးပညာရှင်ရာထူးတွင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်မည့် ပုံစံမျိုး ဖြစ်နေသဖြင့် ရှန်မော့အာသည်လည်း အနည်းငယ် မသေမချာ ဖြစ်လာခဲ့သည်။ သူ တက္ကသိုလ်တက်ချင်သေးသလား ဆိုသည်ကိုလည်း သူမ မသိတော့ချေ။
နောက်တစ်ချိန်တွင် သူမက တက္ကသိုလ်သွားတက်ရမည်ဖြစ်ပြီး ပညာတတ်လူငယ်ဖုက လျိုချောင်တပ်ဖွဲ့တွင် လယ်ယာလုပ်ငန်း ဆက်လက်လုပ်ကိုင်နေမည်ဆိုပါက သူတို့နှစ်ဦးမှာ နေရာနှစ်ခုတွင် ခွဲနေရမည် မဟုတ်ပါလား။
ဖုမင်ဇယ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်မဖြေဘဲ မေးခွန်းပြန်ထုတ်လိုက်သည်။ "မင်းရော၊ တကယ်လို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဖို့ အခွင့်အရေး ရှိလာမယ်ဆိုရင် ပန်းထိုးစက်ရုံမှူး ရာထူးကို စွန့်လွှတ်ပြီး သွားဖြေမှာလား"
အိမ်မှ သူ့ထံသို့ စာတစ်စောင် ပေးပို့လာခဲ့သည်။ ဩဂုတ်လဆန်းပိုင်းတွင် ဗဟိုအစိုးရက သိပ္ပံနှင့် ပညာရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ကြောင်းနှင့် ဆွေးနွေးပွဲအကြောင်းအရာများကို လျှို့ဝှက်ထားကြောင်း ပါရှိသည်။ သေချာသည်မှာ သူ၏ မိဘများသည် မြို့တော်သို့ ပြန်ရောက်နေပြီဖြစ်သဖြင့် သတင်းအချက်အလက်များကို စုံစမ်းရန် လမ်းကြောင်းများ ရှိနေမည်သာ။ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်စတင်ဖွင့်လှစ်တော့မည်ဟု ကြားသိရသည်။
အမှန်တကယ်တွင် ဖုမင်ဇယ်သည် ဤသတင်းကို ရှန်မော့အာကို ဘယ်လို အသိပေးရပါ့ဟု အစောပိုင်းကတည်းက စဉ်းစားနေခဲ့သည်။ သို့သော် သူ စကားမစရသေးမီမှာပင် သူမက စက်ရုံတွင် ညကျောင်းဖွင့်မည်ဖြစ်ကြောင်းနှင့် သင်ကြားမည့် ဘာသာရပ်များမှာ အထက်တန်းအဆင့် သင်ခန်းစာများ ဖြစ်ကြောင်းကို ကြားသိလိုက်ရသည်။ ထို့အပြင် အဆင့်အလိုက်နှင့် အဓိကအချက်များအလိုက် ခွဲခြားသင်ကြားမည်ဖြစ်ကြောင်းကိုပါ သိလိုက်ရသဖြင့်... ဤကိစ္စကို ချက်ချင်း ပြောပြရန် မလိုတော့ဟု ခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ လေ့လာသင်ယူခြင်းက သင်တန်းဆင်းလက်မှတ်အတွက်ဖြစ်စေ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက်ဖြစ်စေ အရေးမကြီးပေ။ ရလဒ်တူညီနေသရွေ့ အဆင်ပြေသည်ပင်။
ဖုမင်ဇယ်သည် အနည်းငယ် မသေမချာ ဖြစ်နေမိ၏။ ရှန်မော့အာသည် လေ့လာရန်သက်သက်သာ သင်ယူနေခြင်းလား၊ သို့မဟုတ် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရရှိပါက သူမလည်း ဝင်ရောက်ဖြေဆိုမည်လား ဆိုသည်ကို မသေချာခဲ့ပေ။
နောက်ဆုံး သူမသည် မကြာသေးမီက ပန်းထိုးစက်ရုံကို မြို့တော်အဆင့်သို့ ရောက်ရှိစေရန် အားထုတ်ကြိုးပမ်းခဲ့ရသည်။ ထို့အပြင် သူမ၏ အစီအစဉ်များအရ နောက်ပိုင်းတွင် တွဲဖက်ကျောင်းများနှင့် တွဲဖက်ကုန်စုံဆိုင်များ တည်ဆောက်ရန် စီစဉ်နေပုံရသည်... ကြီးကျယ်ခမ်းနားစွာ လုပ်ဆောင်မည့် အသွင်အပြင်မျိုး ဖြစ်နေသည်။
အကယ်၍ ထိုအချိန်ရောက်လာပြီး သူက ကောလိပ်ဝင်ခွင့်စာမေးပွဲ သွားရောက်ဖြေဆိုပြီး တက္ကသိုလ်တက်ရမည်ဖြစ်ကာ သူမက လျိုချောင်တပ်ဖွဲ့တွင် စက်ရုံမှူးအဖြစ် ဆက်လက်နေထိုင်မည်ဆိုပါက သူတို့နှစ်ဦးမှာ နေရာနှစ်ခုတွင် ခွဲနေရတော့မည်။
ထို့အပြင် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုမှာ ရှန်မော့အာတွင် အလယ်တန်းအဆင့် ပညာအရည်အချင်းသာ ရှိသဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုခွင့် မရနိုင်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။
အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်လာခဲ့လျှင် ဖုမင်ဇယ်သည် နန်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင်သာ စာမေးပွဲဖြေဆိုရန် စဉ်းစားထားသည်။ အကောင်းဆုံးမှာ လင်ကျန်းမြို့နှင့် အနည်းငယ် နီးစပ်သောနေရာမျိုး ဖြစ်ပြီး အချိန်ရတိုင်း ဇနီးနှင့် ကလေးများထံ ပြန်လာပြီး အဖော်ပြုပေးနိုင်မည့် နေရာမျိုး ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် စိတ်ထဲတွင် ကိုယ်စီ စဉ်းစားနေကြပြီးနောက် တစ်ပြိုင်နက်တည်း အသံထွက်ကာ ပြောလိုက်ကြသည်။
"တကယ်လို့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ကျင်းပရင် ကိုတို့ အတူတူ သွားစမ်းကြည့်ကြမလား"
"တကယ်လို့ အခွင့်အရေးရှိရင် ကျွန်မတို့ အတူတူ သွားစမ်းကြည့်ကြမလား"
ပန်းထိုးစက်ရုံ၏ ညကျောင်းသည် အရှိန်အဟုန်ဖြင့် လည်ပတ်နေခဲ့သည်။ တစ်လကျော်ကြာပြီးနောက် အောက်တိုဘာလ ၂၁ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ အဓိကမီဒီယာများက ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပမည့် သတင်းကို တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာခဲ့ကြသည်။
"ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ကျင်းပပြီဟေ့၊ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ကျင်းပပြီ။ ဒီနေ့ သတင်းစာရဲ့ မျက်နှာဖုံး သတင်းခေါင်းစဉ်က 《အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ ဝင်ခွင့်ခေါ်ယူမှုအတွက် ကြီးမားသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း》 တဲ့။ အလုပ်သမား၊ လယ်သမား၊ ကျေးလက်သို့ဆင်းလာသော ပညာတတ်လူငယ်များ၊ ဇာတိမြေသို့ ပြန်လည်ရောက်ရှိလာသော ပညာတတ်လူငယ်များ၊ တပ်မတော်မှ အငြိမ်းစားယူလာသူများ၊ အရာထမ်းများနှင့် ယခုနှစ် အထက်တန်းကျောင်းဆင်းများ အားလုံး စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ပြီတဲ့"
ကျောက်တန့်ချိုးသည် ယခုလေးတင် ရရှိထားသော သတင်းစာကို ပိုက်ကာ ပန်းထိုးစက်ရုံ အုပ်ချုပ်ရေးအဆောက်အအုံထဲသို့ ပြေးဝင်လာခဲ့သည်။ သူမက ပြေးရင်း အော်ဟစ်နေခဲ့ရာ အားစိုက်လွန်းသဖြင့် အသံများပင် အက်ကွဲလာခဲ့သည်။ သို့သော် သူမသည် အစွမ်းကုန် အော်ဟစ်နေဆဲဖြစ်ပြီး တဖြည်းဖြည်းနှင့် ထိုအက်ကွဲနေသော အသံထဲတွင် ရှိုက်သံတချို့ ရောနှောလာခဲ့သည်။
မကြာမီမှာပင် အုပ်ချုပ်ရေးအဆောက်အအုံထဲမှ အော်ဟစ်သံများနှင့် ငိုယိုသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
လျိုယင်းရွှမ်းသည် ရုံးခန်းထဲမှ ယိမ်းယိုင်စွာ ပြေးထွက်လာပြီး ကျောက်တန့်ချိုး၏ လက်ထဲမှ သတင်းစာကို လုယူလိုက်သည်။ သတင်းကို သေချာပင် မဖတ်ရသေးမီမှာ သူမသည် "ဝါး" ခနဲ အော်ငိုချလိုက်တော့သည်။ "ငါ သိသားပဲ။ ငါ အစောကြီးကတည်းက သိနေခဲ့တာ..."
ဤနေ့မျိုး ရောက်လာမည်ကို အစောကြီးကတည်းက သိထားခဲ့သော်လည်း ဤဘဝတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့သဖြင့် သူမကိုယ်တိုင်လည်း မသေချာတော့ပေ။ သို့မဟုတ် ထိုသတင်းကို ကိုယ်တိုင်နားဖြင့် ကြားလိုက်ရမှသာ အရာအားလုံးသည် မိမိ၏ စိတ်ကူးယဉ်မှု မဟုတ်ကြောင်း ယုံကြည်နိုင်တော့သည်။
အပေါ်ထပ်တွင် ရှင်းဖန်းကျဲသည် ရုံးခန်းတံခါးဝတွင် ရပ်ကာ စင်္ကြံလမ်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေခဲ့သည်။ " တစ်ယောက်ယောက်က ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ကျင်းပပြီလို့ အော်နေတာကို ကြားလိုက်ရသလိုပဲ"
ရှန်မော့အာသည်လည်း သူမ၏ ရုံးခန်းတံခါးဝတွင် ရပ်ကာ အောက်ထပ်မှ ထွက်ပေါ်လာသော အော်ဟစ်သံများနှင့် ငိုယိုသံများကို နားထောင်ရင်း ပြုံးလိုက်၏။ "ဟုတ်ပါတယ်။ သူတို့တွေက ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ကျင်းပပြီလို့ အော်နေကြတာပါ"
ရှင်းဖန်းကျဲက သူမ၏ မျက်လုံးများကို ချက်ချင်း ဖုံးအုပ်လိုက်သည်။ "တကယ်ပဲ... တကယ်ကို ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ကျင်းပပြီပဲ..."
ယန်လျိုတပ်ဖွဲ့တွင် မုတ်ဆိတ်မွေးစုတ်ဖွားနှင့် အမျိုးသား ပညာတတ်လူငယ်တစ်ဦးသည် ကျိုးမန်ခန်း၏ လက်ထဲမှ လုယူလာသော သတင်းစာကို မြှောက်ကိုင်ထားလျက် ပြေးလာခဲ့ရာ ဖိနပ်တစ်ဖက်ပင် ကျွတ်ကျန်ရစ်ခဲ့သည်။ သူက ယန်လျိုတပ်ဖွဲ့ မူလတန်းကျောင်းဆီသို့ တောက်လျှောက် ပြေးလာခဲ့ပြီး ပြေးရင်း အော်ဟစ်လာခဲ့သည်။ "ချန်ထောင်၊ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ကျင်းပပြီ။ ချန်ထောင်..."
သင်ခန်းစာမှတ်စုများကို ပိုက်ကာ အတန်းဝင်ရန် ပြင်ဆင်နေသော ချန်ထောင်သည် မှင်သက်သွားပြီး ထိုနေရာတွင်ပင် ကြောင်အမ်းအမ်းဖြင့် အချိန်အတော်ကြာ ရပ်နေခဲ့သည်။ ထိုလူက သူ့ရှေ့သို့ ရောက်လာချိန်မှသာ သူက တိုးတိုးလေးနှင့် တုန်ယင်သောအသံဖြင့် မေးလိုက်သည်။ "မင်း... ဘာပြောလိုက်တာလဲ"
ထိုလူက မျက်နှာကို တစ်ချက် ပွတ်သပ်လိုက်ပြီး လက်ထဲရှိ သတင်းစာကို ကမ်းပေးလိုက်သည်။ "လောင်ချန်၊ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ကျင်းပပြီတဲ့။ ပညာတတ်လူငယ်တွေလည်း ဖြေလို့ရပြီ။ ပညာတတ်လူငယ်တွေ အားလုံး ဖြေလို့ရပြီတဲ့"
ချန်ထောင်က သတင်းစာကို ယူလိုက်ပြီး မျက်နှာဖုံးသတင်းခေါင်းစဉ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူသည် မျက်မှန်ကို အသာအယာ ချွတ်လိုက်ပြီး မျက်နှာကို ပွတ်သပ်လိုက်လေတော့သည်။
...
အပိုင်း (၁၁၂)
ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပမည့် သတင်းကို ထုတ်ပြန်ပြီးနောက် အထည်ချုပ်စက်ရုံ၏ ညကျောင်းတွင် သင်တန်းသားများ ရုတ်တရက် အများအပြား တိုးလာခဲ့သည်။ ပညာတတ်လူငယ်များသည် သူတို့ကိုယ်တိုင်လည်း လေ့လာသင်ယူရန် လိုအပ်ကြောင်းကို ထည့်သွင်းစဉ်းစားကာ အထည်ချုပ်စက်ရုံက ခရိုင်အထက်တန်းကျောင်းမှ အငြိမ်းစားဆရာအချို့ကို ထပ်မံခန့်အပ်လိုက်၏။ ထို့အပြင် မူလက ညပိုင်းနှင့် စနေ၊ တနင်္ဂနွေများတွင်သာ သင်ကြားပေးသော အချိန်ကို တစ်နေကုန် သင်ကြားသည့် အချိန်အဖြစ် ပြောင်းလဲလိုက်သည်။
သင်တန်းသားများ၏ အချိန်ပေးနိုင်မှုအပေါ် မူတည်ပြီး သူတို့သည် မနက်မှ ညအထိ ယာယီစာသင်ခန်းထဲတွင် နေထိုင်ကာ လေ့လာသင်ယူနိုင်ကြသည်။ ထို့အပြင် သတ်မှတ်ထားသော ငွေနှင့် ကူပွန်များကို ပေးသွင်းရုံဖြင့် စက်ရုံက သူတို့အတွက် သီးသန့်ခွဲဝေပေးထားသော စားသောက်ဆောင်တွင် စားသောက်နိုင်ကြသည်။
စက်ရုံထဲတွင် ရုတ်တရက် လူ အလွန်များလာသဖြင့် ကနဦးပြင်ဆင်မှုများကို အသေးစိတ် လုပ်ဆောင်ထားခဲ့သော်လည်း___ ဥပမာအားဖြင့် ယာယီစာသင်ခန်းများကို အလုပ်ရုံများနှင့် ဝေးကွာသော အုပ်ချုပ်ရေးအဆောက်အအုံအနီးတွင် ထားရှိပြီး အပိတ်နယ်မြေအဖြစ် ခြံစည်းရိုးများ ကာရံထားခြင်း၊ ဆရာများနှင့် သင်တန်းသားများအတွက် သီးသန့်စားသောက်ဆောင်နှင့် အိပ်ဆောင်များကို ခွဲဝေပေးထားခြင်း စသည်ဖြင့် သင်တန်းသားများက စက်ရုံ၏ ပုံမှန်လုပ်ငန်းစဉ်များကို မထိခိုက်စေရန် အတတ်နိုင်ဆုံး လုပ်ဆောင်ထားခဲ့သော်လည်း____ လုံခြုံရေးအရ ဖိအားများကတော့ ကြီးမားနေဆဲပင်။
သို့သော် လုံခြုံရေးဌာနမှ လူများကလည်း မညည်းညူကြပေ။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဆိုတာ ဆယ်စုနှစ်တစ်ခု ကျော်လာတဲ့အထိ မရှိခဲ့တဲ့အရာမဟုတ်လား။ သင်တန်းသားတွေက ဒီလောက် ကြိုးစားနေကြတာ။ သူတို့က နောက်တန်းလုံခြုံရေးလုပ်ငန်းကို နည်းနည်းပါးပါး ကူညီပေးလိုက်တာ ဘာဖြစ်မှာမလို့လဲ။
ပြောမရဘူး။ သူတို့စက်ရုံက ဖွင့်ထားတဲ့ ဒီညကျောင်းကနေ တက္ကသိုလ်ကျောင်းသားတစ်သိုက်တောင် ပေါ်ထွက်လာနိုင်သေးတယ်။
ဒီ့အပြင် ဒီလူတွေက နေ့တိုင်း အစားမေ့ အအိပ်မေ့နဲ့ ကြိုးစားနေကြတာ၊ လမ်းလျှောက်ရင်တောင် မျက်လုံးအပြူးသားနဲ့ စာကျက်နေကြတာလေ။ သူတို့မှာ တခြား အသုံးမကျတဲ့ ကိစ္စတွေကို လုပ်ဖို့ စိတ်ကူးရှိပါဦးမလား။
သူတို့ကို လမ်းမှားမသွားဖို့ ဒါမှမဟုတ် လမ်းလျှောက်ရင်း သစ်ပင်ကို မဝင်တိုက်မိဖို့လောက်ပဲ သတိထားကြည့်ပေးရုံနဲ့ အဆင်ပြေလောက်ပါပြီ။ သူတို့ ပြဿနာတစ်ခုခု ရှာလာမှာကို သိပ်ပြီး စိုးရိမ်စရာ မလိုပါဘူး။
ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပမည့် သတင်းကို ထုတ်ပြန်ပြီး မကြာမီမှာပင် နန်ပြည်နယ်၏ စာမေးပွဲရက်ကိုလည်း လျင်မြန်စွာ သတ်မှတ်နိုင်ခဲ့သည်။ ဒီဇင်ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်နေ့ သုံးရက်ဖြစ်ပြီး ကျန်ရှိနေသော အချိန်မှာ တစ်လခန့်သာ ရှိတော့သည်။
သင်တန်းသားများသည် စာမေးပွဲရက် နီးကပ်လာပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ပိုလို့ပင် အစားမေ့ အအိပ်မေ့ ကြိုးစားလာကြသည်။ တချို့ဆိုလျှင် ဖျာနှင့် စောင်များကို ပိုက်ကာ စာသင်ခန်းထဲသို့ သွားအိပ်ကြသည်။ အိပ်ချင်လာလျှင် စောင်ခြုံ၍ ခဏအိပ်ပြီး နိုးလာလျှင် စာဆက်ကြည့်ကြသည်။
နန်ပြည်နယ်၏ ဆောင်းရာသီသည် သိပ်မအေးလှသော်လည်း နိုဝင်ဘာ၊ ဒီဇင်ဘာလများ၏ ညအချိန်တွင် ဟာလာဟင်းလင်းဖြစ်နေသော စာသင်ခန်းထဲ၌ အိပ်စက်ခြင်းက လူကို အေးခဲသေဆုံးစေလောက်သည်အထိ မဟုတ်လျှင်တောင် အအေးမိဖျားနာစေရန် လုံလောက်လေသည်။
ရှန်မော့အာသည် ထိုအကြောင်းကို ကြားသိပြီးနောက် စက်ရုံရှိ အိပ်ဆောင်ဧရိယာတွင် အခန်းလွတ်အချို့ကို ထပ်မံဖယ်ထုတ်ပေးလိုက်ပြီး ၂၄ နာရီ မီးလင်းစေကာ ရေနွေးများ ထောက်ပံ့ပေးထားလိုက်သည်။ ထိုအခါမှသာ အသက်ကိုပင် ပဓာနမထားသော ထိုသူများကို အိပ်ဆောင်သို့ ပြန်လည်မောင်းနှင်နိုင်ခဲ့တော့သည်။
အထည်ချုပ်စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများ၏ ယေဘုယျ ပညာအရည်အချင်းမှာ အတော်လေး မြင့်မားကြသဖြင့် ယခုအကြိမ်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလိုသူများလည်း အလွန်များပြားလှသည်။
အစပိုင်းတွင် တချို့သူများက တွေဝေတုံ့ဆိုင်းနေကြသေးသည်။ သို့သော် စာရင်းပေးသွင်းခွင့် ဖွင့်လှစ်ပြီးနောက် စက်ရုံရုံးခန်းဘက်မှနေ၍ သူတို့၏ စက်ရုံမှူးရှန် ကိုယ်တိုင် သွားရောက်စာရင်းပေးသွင်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သဖြင့် စက်ရုံတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။ မယုံနိုင်ဖြစ်ရသည့်အပြင် ယခင်က တွေဝေနေခဲ့ကြသူ အများအပြားသည်လည်း အံကြိတ်ကာ ငွေ၅ဖန်ကို ကိုင်ဆောင်၍ စာရင်းသွားသွင်းခဲ့ကြတော့သည်။
စာရင်းသွင်းခမှာ ငွေ၅ဖန်သာ ကျသင့်သဖြင့် မိမိကိုယ်ကို အခွင့်အရေးတစ်ကြိမ် ပေးလိုက်သည်ဟုသာ သဘောထားလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ ငွေ၅ဖန် ဆုံးရှုံးသွားရုံဖြင့် နှမြောစရာ မရှိပေ။ အကယ်၍ စာမေးပွဲအောင်သွားခဲ့လျှင်တော့ အခြေအနေက တစ်မျိုးတစ်မည် ဖြစ်သွားလိမ့်မည်။
အတိအကျ ဘာတွေကွာခြားသွားမည်ဆိုသည်ကိုတော့ အားလုံးကလည်း မသိကြပေ။
အိမ်က ချွေးမ သို့မဟုတ် သမက်များကို စာရင်းမသွင်းစေချင်သော သူများက သရော်လှောင်ပြောင်ကာ ပြောဆိုကြသည်။ တက္ကသိုလ်တက်ပြီး ပြန်ထွက်လာရင်လည်း နိုင်ငံပိုင်စက်ရုံထဲ ဝင်ပြီး အလုပ်လုပ်ရမှာပဲ မဟုတ်လား။ အခု သူတို့က အလုပ်ရနေပြီပဲကို ဘာလို့ အလကားနေရင်း အလုပ်ရှုပ်ခံနေကြတာလဲ ဟူ၍။
သို့သော် ထိုသို့ပြောဆိုလာတိုင်း မူလက ဆုံးဖြတ်ချက် မချနိုင်ခဲ့သူများက ဤသို့ ပြန်ပြောလေ့ရှိကြသည်။ "အဲဒီလိုဆိုရင် တက္ကသိုလ်တက်ပြီးရင်တောင် စက်ရုံမှူး ဖြစ်လာဖို့ မသေချာဘူးလေ။ ဒါပေမဲ့ စက်ရုံမှူးရှန်က ဘာလို့ စာရင်းသွားသွင်းရတာလဲ။ ဒါကိုကြည့်ရင် စာများများဖတ်တာက ကောင်းတယ်ဆိုတာ သေချာတယ်။ ဒါမှမဟုတ်ရင်လည်း စက်ရုံက ဒီလောက် အားစိုက်ထုတ်ပြီး ညကျောင်းဖွင့်ပေးနေမှာ မဟုတ်ဘူး"
လှောင်ပြောင်သရော်နေသူများမှာ ချက်ချင်း စကားဆွံ့အသွားကြသည်။ သူတို့က စက်ရုံမှူးရဲ့ ဦးနှောက်မှာ ပြဿနာရှိတယ်လို့တော့ ပြောလို့မရဘူးလေ။
သူတို့က ထိုသို့ တွေးမိလျှင်တောင်မှ အပြင်ထုတ်ပြောဖို့တော့ မဝံ့ရဲကြပေ။
ရှန်မော့အာသည် စာရင်းပေးသွင်းထားသော်လည်း အကျဉ်းချုပ် အရည်အသွေးမြှင့်တင်ရေး အတန်းတချို့ကို ရံဖန်ရံခါ တက်ရောက်ခြင်းမှလွဲ၍ ပုံမှန်အားဖြင့် လုပ်ရိုးလုပ်စဉ်အတိုင်းသာ နေထိုင်ကာ ညဘက် နှောင်းပိုင်းအထိ စာကြည့်လေ့ မရှိပေ။
သူမသည် အခြားသူများထက် အချိန်နှစ်အနည်းငယ် ပိုမိုအသုံးပြုကာ ကြိုတင်လေ့လာထားခဲ့ပြီး ဖြစ်သည်။ ဤမျှလောက်နှင့်ပင် စာမေးပွဲ မအောင်မြင်နိုင်သေးဘူးဆိုလျှင် မိမိကိုယ်ကို တုံးအလွန်းနေသလားဟုသာ ပြန်လည်ဆင်ခြင်ရတော့မည်။
ဖုမင်ဇယ်ကတော့ ပိုဆိုးသေးသည်။ သူ၏ ဦးနှောက်ကောင်းမွန်မှုကို အားကိုးကာ ညတိုင်း နှစ်နာရီခန့်သာ အချိန်ယူပြီး သင်ခန်းစာများကို အနည်းငယ် ပြန်လည်လေ့လာပြီး ကျန်အချိန်များတွင် ကလေးထိန်းသည့် အလုပ်ကိုသာ အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေလေသည်။
ကလေးပေါက်စလေး လျန်လျန်ကတော့ သူမ၏ မိဘများက သမိုင်းဝင် အခိုက်အတန့်ကို ဘယ်လို ဖြတ်သန်းနေကြသည်ကို လုံးဝ မသိရှိချေ။ နေ့တိုင်း စားလိုက်အိပ်လိုက်၊ အိပ်လိုက်စားလိုက်ဖြင့် သူမ၏ ပါးမို့မို့လေးများမှာ ပိုပြီး ဝိုင်းစက်လာပြီး နက်မှောင်ကာ ဝိုင်းစက်နေသော မျက်လုံးကြီးများနှင့် ပေါင်းစပ်လိုက်သောအခါ တရုတ်နှစ်သစ်ကူး ပန်းချီကားထဲမှ ကလေးငယ်လေးတစ်ဦးနှင့် အတိအကျ တူညီနေတော့သည်။
အလွန်ဝလွန်းသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ လတ်တလောတွင် ထိုကလေးက မည်သူနှင့်တူသည်ကို တကယ်ပင် ကြည့်မရနိုင်ချေ။
သို့သော် ဖုမင်ဇယ်ကတော့ သမီးဖြစ်သူသည် သူ၏ ဇနီးနှင့်တူကြောင်း အခိုင်အမာ ယုံကြည်ထားသည်။ ယခုအခါ နို့နံ့မစင်သေးသော ကလေးဝဝကစ်ကစ်လေး ဖြစ်နေသော်လည်း ကြီးလာလျှင် သူမ၏ မိခင်ကဲ့သို့ ကြည်လင်လှပသော မိန်းကလေးတစ်ဦး ဖြစ်လာလိမ့်မည် ဟု ဆိုသည်။
မြေးမလေး မွေးဖွားလာပြီးကတည်းက ရှန်ရှောက်ယွမ်သည် ရက်အနည်းငယ်ခြားတိုင်း ကလေးအတွက် ပန်းချီကားတစ်ချပ် ဆွဲပေးလေ့ရှိသည်။ အခြားကလေးများသည် တစ်လပြည့် သို့မဟုတ် တစ်နှစ်ပြည့်မှသာ ဓာတ်ပုံဆိုင်သို့ သွားရောက် ဓာတ်ပုံရိုက်ကြသော်လည်း ရှောင်လျန်လျန်အတွက်တော့ လစဉ်လတိုင်း ဓာတ်ပုံများနှင့် ယှဉ်နိုင်သော ပန်းချီကားများ ရှိနေလေသည်။
ရှန်ရှောက်ယွမ်သည် ပန်းချီဆွဲရင်း ကျေနပ်အားရလာသောအခါ ပန်းချီကားကို ရှောင်လျန်လျန်၏ ရှေ့သို့ ယူဆောင်သွားကာ မြေးမလေးကို အတူတကွ ခံစားဝေဖန်ခိုင်းတတ်သေးသည်။
ထိုသို့လုပ်တိုင်း လျန်လျန်ကလေးသည် သူမ၏ စပျစ်သီး မည်းမည်းလေးများကဲ့သို့ မျက်လုံးများကို ပြူးကာ ပန်းချီကားထဲမှ ဝဝကစ်ကစ် ကလေးငယ်ကို စိုက်ကြည့်ပြီးနောက် "ဖူး... ဖူး... ဖူး..." ဟု တံတွေးများ ထွေးထုတ်လေ့ရှိသည်။
ဒီဇင်ဘာလအစပိုင်းသို့ ရောက်သောအခါ ရှန်မော့အာနှင့် ဖုမင်ဇယ်တို့သည် အနည်းငယ် အနားယူသင့်ပြီဟု တွေးမိကြသဖြင့် စာမကြည့်ကြတော့ပေ။ စနေ၊ တနင်္ဂနွေသို့ ရောက်သောအခါ မိသားစု လေးယောက်သား ယန်လျိုတပ်ဖွဲ့သို့ ပြန်လာခဲ့ကြသည်။
လင်ကျန်းမြို့ အထည်ချုပ်စက်ရုံ ဆိုင်းဘုတ်တင်ပြီးနောက် ရှန်မော့အာသည် လုတုန်းယွင်တို့ကို စက်ရုံသို့ အလုပ်ဆင်းခိုင်းလိုက်သည်။ တရားဝင် အလုပ်သမားများအဖြစ် မသတ်မှတ်ဘဲ 'အလုပ်ကြမ်းလုပ်၍ ပြုပြင်ပြောင်းလဲခြင်း' ဟူသော ခေါင်းစဉ်ကို ဆက်လက်တပ်ထားသော်လည်း သူတို့အတွက် သီးသန့် အလုပ်ရုံတစ်ခုနှင့် သီးသန့် အိပ်ဆောင်တစ်ထပ်ကို ပေးထားခဲ့သည်။
ယခုအခါ တပ်ဖွဲ့ရုံးခန်းသည် ပြန်လည်လွတ်သွားပြီး ယခင်ကကဲ့သို့ အလုပ်များနေသော မြင်ကွင်းများ မရှိတော့ချေ။ ရွာထဲမှ အဒေါ်ကြီးများသည် ဤနေရာသို့ လာရောက်ကာ စကားစမြည်ပြောဆိုရန် အကျင့်ပါနေကြသဖြင့် နေထွက်လာသည်နှင့် တပ်ဖွဲ့ရုံးခန်းရှေ့ရှိ ခြံဝင်းထဲတွင် လူများ ပြည့်နှက်နေတတ်သည်။
သည်နှစ်ပိုင်းများအတွင်း ရွာ၏ စိုက်ပျိုးရေးအထွက်နှုန်းမှာ ပိုပိုပြီး ကောင်းမွန်လာခဲ့သည်။ ထို့အပြင် မိသားစုများစွာတွင် အလုပ်သမား တစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့် ရှိနေကြသဖြင့် အားလုံး၏ ဘဝများ ကောင်းမွန်လာကာ ရန်ဖြစ်စကားများခြင်းများပင် အများကြီး လျော့နည်းသွားခဲ့သည်။
အဒေါ်ကြီးများ အတူတကွ ထိုင်ကာ စကားစမြည် ပြောဆိုကြရာတွင်လည်း ဆောင်းဦးရာသီ ရိတ်သိမ်းပြီးနောက် မိသားစုဝင်များကို အားဖြည့်ပေးရန် မည်သည့် ဟင်းလျာကောင်းများကို ချက်ပြုတ်ကျွေးမွေးရမည်ဟူသော အကြောင်းအရာများ၊ သို့မဟုတ် စာကလေးဈေးကွက် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကြားသိရသဖြင့် နှစ်သစ်ကူးနေ့ရောက်လျှင် သွားရောက်ကြည့်ရှုပြီး နှစ်သစ်ကူး ပစ္စည်းများကို တဖြည်းဖြည်း စတင်စုဆောင်းနိုင်ပြီဟူသော အကြောင်းအရာများကိုသာ ပြောဆိုကြသည်။
ရှန်မော့အာတို့ ရွာသို့ ပြန်လာသည်ကို မြင်သောအခါ အားလုံးက ဝမ်းသာသွားကြပြီး ကလေးချီထားသော ဖုမင်ဇယ်ကို ချက်ချင်းပင် ဝိုင်းရံလိုက်ကြသည်။
စောင်လေးထဲတွင် ပုန်းနေသော ရှောင်လျန်လျန်သည် ဤသို့ဖြင့် အဒေါ်ကြီးများ၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။
ကလေးပေါက်စလေးသည် အစပိုင်းတွင် မျက်လုံးများကို မှေးထားကာ တစ်ဝက်ပွင့်တစ်ဝက်ပိတ် လုပ်နေခဲ့သည်။ တဖြည်းဖြည်း အိပ်ရာနိုးလာပြီးနောက် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ မျက်လုံးများကို ရုတ်တရက် ဝိုင်းစက်သွားအောင် ပြူးလိုက်ပြီး စောင်လေးထဲတွင် ထုပ်ထားသော လက်လေးများကို လှုပ်ယမ်းကာ ခြေထောက်လေးများကိုပါ ကန်ကျောက်ရင်း သွားမရှိသော အပြုံးလေးတစ်ခုကို ပြသလိုက်လေသည်။
"အို... ဒီကလေးလေးက အရမ်းချစ်စရာကောင်းတာပဲ။ မျက်လုံးလေးတွေကလည်း အကြီးကြီးပဲ။ ဉာဏ်ကောင်းမယ့် ရုပ်လေး။ ကြည့်ရတာ ကံကောင်းမယ့်ကလေးပဲ"
"မိဘတွေက ရုပ်ချောတော့ ကလေးကလည်း ချောမှာပေါ့။ ကြည့်စမ်းပါဦး၊ သူစိမ်းတွေကို နည်းနည်းလေးတောင် မကြောက်ဘူးနော်"
...
ကလေးအဖေမှာ မျက်နှာသေဖြင့် ရပ်နေသဖြင့် အဒေါ်ကြီးများကလည်း အလွန်နီးကပ်စွာ မကပ်ရဲကြပေ။ လက်တစ်ကမ်းအကွာမှနေ၍ မြတ်နိုးစွာ ကြည့်ရှုရင်း ကလေးကို နည်းမျိုးစုံဖြင့် ချီးမွမ်းခန်းဖွင့်နေကြတော့သည်။
ဤကလေးမှာ တကယ်ကို ချစ်စရာကောင်းလှသည်။ သည်နှစ်ပိုင်းများအတွင်း ဘဝအခြေအနေများ ကောင်းမွန်လာခဲ့သော်လည်း သူတို့၏ ကျေးလက်ဒေသတွင် သည်လို ဝဝကစ်ကစ်၊ ဖြူဖြူဖွေးဖွေး ကလေးမျိုး မတွေ့ဖူးကြပေ။
ဒါက သမီးမိန်းကလေးဖြစ်ပြီး သားယောက်ျားလေး မဟုတ်ဘူးလို့ ပြောမလို့လား။
ယခုအခါ သူတို့ ယန်လျိုတပ်ဖွဲ့တွင် ယောက်ျားလေးကို ဦးစားပေးပြီး မိန်းကလေးကို နှိမ့်ချသည့် စကားမျိုးကို မည်သူကမျှ မပြောရဲကြတော့ချေ။ သူတို့၏ တပ်ဖွဲ့မှ အမျိုးသမီး စက်ရုံမှူးများစွာ ပေါ်ထွက်ခဲ့ပြီ မဟုတ်ပါလား။ ရှန်မော့အာဖြစ်စေ၊ ရှင်းမေ ဖြစ်စေ၊ ကျောင်းအုပ်ကြီးချန်၏ ဇနီး ရှင်းဖန်းကျဲဖြစ်စေ မည်သူကများ ယောက်ျားများထက် မသာလွန်ဘဲ နေသနည်း။
ဖုမင်ဇယ်သည် သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ချီးမွမ်းခန်းဖွင့်ပြီးသည်ကို စောင့်ဆိုင်းပြီးနောက်မှ သမီးဖြစ်သူကို ပွေ့ချီကာ ခြံဝင်းထဲသို့ ဝင်သွားလေသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က ခြံဝင်းထဲတွင် စိုက်ပျိုးထားသော လိမ္မော်ပင်သည် ယခုနှစ်တွင် အသီးဆယ်လုံးခန့် သီးနေခဲ့သည်။ ဤအချိန်၌ သစ်ပင်ပေါ်တွင် တွဲလွဲခိုနေသော လိမ္မော်သီးများမှာ နီရဲနေလေပြီ။ ရှောင်လျန်လျန်သည် အဖေ၏ ပွေ့ချီမှုဖြင့် လိမ္မော်ပင်ရှေ့တွင် ရပ်ကာ ခေါင်းလေးစောင်း၍ သိလိုစိတ်လေးဖြင့် ကြည့်နေ၏။ ဖုမင်ဇယ်က လိမ္မော်သီးတစ်လုံးကို ခူးယူကာ သမီးဖြစ်သူ၏ မျက်စိရှေ့တွင် ပြသလိုက်ပြီး "ဒါက လိမ္မော်သီးလို့ ခေါ်တယ်။ နောက်နှစ်ကျရင် သမီး စားလို့ရပြီ"
ရှောင်လျန်လျန်က "ဖူး... ဖူး... ဖူး..." ဟု တံတွေးများ တစ်သီတစ်တန်းကြီး ထပ်မံထွေးထုတ်လိုက်ပြန်သည်။
ရှန်မော့အာကတော့ အပြင်ဘက်တွင် အဒေါ်ကြီးများနှင့် စကားစမြည် ပြောဆိုနေဆဲပင်။
အဒေါ်ချန်၏ ဆံပင်များမှာ အတော်လေး ဖြူနေပြီဖြစ်သော်လည်း သူမ၏ စိတ်အားထက်သန်မှုမှာ ကောင်းမွန်နေဆဲပင်။ သူမက ရှန်မော့အာကို ဆွဲကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "သမီးက ငါတို့ ချန်မိသားစုရဲ့ ကျေးဇူးရှင်ပဲ။ ရှင်းမေက ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လာပြီး ငါ့ကို ပြောပြတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကဆိုရင် သူ့ကို သတ္တိဆယ်ဆလောက် ပေးရင်တောင် နိုင်ငံပိုင်စက်ရုံရဲ့ ဒုတိယစက်ရုံမှူး ဖြစ်လာမယ်လို့ သူ တွေးရဲမှာမဟုတ်ဘူးတဲ့။ ပြီးတော့ ငါတို့အိမ်က မောင်းမောင်လေ... သမီးနဲ့ ကျိုးကျောက်တိတို့ကသာ အမြဲတမ်း တွန်းအားမပေးခဲ့ရင် သူက ဘယ်လိုလုပ်ပြီး စာကြိုးစားပါ့မလဲ။ အခုတော့ အဆင်ပြေသွားပြီ၊ သူက နောက်နှစ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေပြီး တက္ကသိုလ်ကျောင်းသား သွားလုပ်မယ်တဲ့"
"သမီးနဲ့ ပညာတတ်လူငယ်ဖုက ထွက်သွားတော့မှာလား။ သမီးတို့နှစ်ယောက်စလုံး ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဖို့ စာရင်းပေးထားတယ်လို့ အဒေါ် ကြားတယ်။ သမီးတို့နှစ်ယောက် သေချာပေါက် အောင်မယ်ဆိုတာ အဒေါ် သိပါတယ်။ အို... အဒေါ်က သမီးတို့နှစ်ယောက်ကို တကယ်ကို မခွဲနိုင်ဘူးကွယ်"
အဒေါ်ကြီးချိုက်က ဝင်ပြောလိုက်သည်။ "နင်ကလေ အိုလာလေလေ ပိုပြီး သတိမေ့လာလေလေပဲ။ စာမေးပွဲတောင် မစရသေးဘူး၊ နင်က ဒါတွေကို ဘာလို့ ပြောနေတာလဲ။ ငါပြောမယ်... မော့အာနဲ့ ပညာတတ်လူငယ်ဖုတို့ တက္ကသိုလ်ဝင်ခွင့်ရသွားတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား။ သူတို့ လူငယ်တွေ အားလုံးက တက္ကသိုလ်တက်ချင်ကြတာပဲ။ မြို့တော်ကိုဖြစ်ဖြစ်၊ ရှန်ဟိုင်းကိုဖြစ်ဖြစ် ပိုဝေးတဲ့နေရာတွေကို သွားပြီး လေ့လာချင်ကြတာချည်းပဲ။ သိပ်ကောင်းတာပေါ့။ ငါတို့မှာ ဒီလိုအခွင့်အရေး မရှိပေမယ့် သူတို့မှာ ရှိတယ်လေ။ အို... ငါတော့ အားကျလိုက်တာ"
အဒေါ်ကြီး နောက်တစ်ယောက်က ဝင်ပြောသည်။ "ဒီကောလိပ်ဝင်ခွင့်စာမေးပွဲ ကိစ္စ ပြောရရင်လေ... ပြီးခဲ့တဲ့ နှစ်ရက်လောက်က ရှန်လင်းလင်းနဲ့ ဆုံတော့ သူ့ကို မေးကြည့်သေးတယ်။ သူက အထက်တန်းအောင်ထားတာဆိုတော့ စာရင်းမသွင်းဘူးလားလို့လေ။ အခု ငါတို့ တပ်ဖွဲ့မူလတန်းကျောင်းမှာ ဆရာလေးယောက် ရှိတယ်။ တခြားလူတွေ အားလုံး စာရင်းသွင်းကြတယ်၊ သူ တစ်ယောက်ပဲ စာရင်းမသွင်းတာတဲ့"
"ဟူး... အရင်တုန်းကတော့ ရှန်လင်းလင်းကို ယဉ်ကျေးမှုရှိပြီး အသိပညာရှိတဲ့ လည်ဝယ်တဲ့သူလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အိမ်ထောင်ကျပြီးကတည်းက ကြည့်ရတာ သူက ပိုပိုပြီး မိုက်မဲလာသလိုပဲ။ သူ့ယောက်ျား ကျန်းကျွင့်လျန်က မြို့နယ်မှာ သူ့ဝမ်းကွဲအစ်မနဲ့ အမြဲတမ်း တွဲသွားတွဲလာ လုပ်နေတာကိုတောင် သူက ဂရုမစိုက်ဘူး။ နေ့တိုင်း သူ့သား ကျန်းဖန့်ဖန့်ကိုပဲ အလိုလိုက်နေတာ။ အို... ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးကို အလိုလိုက်ထားတာ ဆိုးသွမ်းလွန်းလို့ ဘောင်မဝင်တော့ဘူး"
"ရှေးရိုးစွဲ အယူသီးတဲ့ စကားနဲ့ ပြောရရင်တော့ သူက အဲဒီ ကျန်းကျွင့်လျန်ရဲ့ ပြုစားတာကို ခံထားရသလိုပဲ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတောင်မှ သူက သူ့ယောက်ျား ကျန်းကျွင့်လျန် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေမှာမို့လို့ နောက်ပိုင်းကျရင် တက္ကသိုလ်ကျောင်းသား ဖြစ်လာတော့မှာပါလို့ ပြောနေတာ ငါ ကြားလိုက်သေးတယ်။ ကျန်းကျွင့်လျန်က စာမေးပွဲ အောင်ပြီးသွားပြီ ကျနေတာပဲ"
လူတစ်ယောက်က ပြောလိုက်သည်။ "သူကလေ တကယ်တော့ သူ့အမေနဲ့ အတူတူပဲ။ အပြင်ပန်းကြည့်ရင်တော့ လည်ဝယ်သလိုလိုနဲ့ တကယ်တမ်းကျတော့ တုံးအလွန်းတယ်"
စကားလမ်းကြောင်းက အခြားနေရာများဆီသို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ရှန်မော့အာသည် ဘေးတွင်ထိုင်ကာ သူတို့၏ အိမ်တွင်းရေး၊ ရပ်ကွက်ရေး စကားများကို နားထောင်နေလိုက်သည်။ ယခုနှစ်၏ စိုက်ပျိုးရေးအထွက်နှုန်းများအကြောင်း၊ မည်သည့် မျိုးစေ့အမျိုးအစားက အထွက်နှုန်း ပိုကောင်းကြောင်း၊ ဆောင်းဦးရာသီ ရိတ်သိမ်းပြီးနောက် လူဘယ်နှစ်ယောက်က အိမ်ထောင်ဖက် ရှာဖွေနေကြကြောင်း၊ ယခုအခါ သူတို့၏ ယန်လျိုတပ်ဖွဲ့မှ လူပျို၊ အပျိုများကို အခြားသူများက ဘယ်လောက် သဘောကျ နှစ်သက်ကြကြောင်း၊ ယခုနှစ် နှစ်သစ်ကူး ဝက်သားပေါ်ချိန်တွင် အသားဘယ်လောက် ရနိုင်မည်ကို မသိရသေးကြောင်း စသည်တို့ကို ပြောဆိုနေကြသည်။ ထိုစကားများကို နားထောင်ရင်း စာမေးပွဲ နီးကပ်လာသောကြောင့် အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သော သူမ၏စိတ်များမှာ မသိမသာပင် တည်ငြိမ်အေးချမ်းသွားခဲ့ရသည်။
မိသားစုတစ်စုလုံးသည် ယန်လျိုတပ်ဖွဲ့တွင် 'ကျေးလက်ဘဝ' တစ်ရက်တာကို ဖြတ်သန်းခဲ့ကြသည်။ ပြန်ခါနီးတွင် ရှန်ရှောက်ယွမ်သည် သူ့အခန်းထဲမှ အရက်အိုးငယ်တစ်အိုးကို ထုတ်ယူလာခဲ့သည်။
ဖုမင်ဇယ်အတွက်တော့ ဤသည်မှာ အဆန်းတကြယ် မဟုတ်တော့ပေ။ ယောက္ခထီး၏ အခန်းမှာ ရတနာအိတ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး သူကိုယ်တိုင် ချက်ထားသည်ဆိုသော အရက်များမှာလည်း သောက်လို့ကုန်နိုင်မည် မဟုတ်သကဲ့သို့ပင်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် စာမေးပွဲရက်သို့ ရောက်ရှိလာခဲ့လေသည်။
လျိုချောင်တပ်ဖွဲ့မှ စာမေးပွဲဝင်ရောက်ဖြေဆိုသူ အရေအတွက် အလွန်များပြားသောကြောင့် ခရိုင်က လျိုချောင်တပ်ဖွဲ့တွင် စာမေးပွဲဌာနတစ်ခုကို တိုက်ရိုက် ဖွင့်လှစ်ပေးလိုက်သည်။ ထို့ကြောင့် အားလုံးအနေဖြင့် ချမ်းအေးသော ရာသီဥတုတွင် ခရိုင်မြို့သို့ ခရီးနှင်ရန် မလိုတော့ချေ။
တတိယနေ့ စာမေးပွဲ ပြီးဆုံးချိန်တွင် ရှန်မော့အာသည် စာမေးပွဲခန်းမှ ထွက်လာခဲ့ပြီး တံခါးဝတွင် စောင့်နေသော ဖုမင်ဇယ်ကို မြင်လိုက်ရသည်။ သူမက အမြန်လျှောက်သွားပြီး မေးလိုက်၏။ "ပညာတတ်လူငယ်ဖု၊ ဘယ်လိုလဲ၊ ရှင် စာမေးပွဲ ကောင်းကောင်း ဖြေနိုင်ခဲ့တယ် မဟုတ်လား"
"ဝါး... ဘယ်က ကောင်းရမှာလဲ။ ကျွန်တော်တော့ ကျပြီ၊ ကျွန်တော် စာမေးပွဲ ကျပြီဗျာ"
ဘေးနားမှ ရုတ်တရက် အသံကုန်ဟစ်အော် ငိုယိုသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှန်မော့အာမှာ လန့်ဖျပ်သွားပြီး မသိစိတ်ကအလိုလို ခေါင်းလှည့်ကြည့်လိုက်ရာ အရပ်ရှည်ရှည်နှင့် ယောက်ျားကြီးတစ်ယောက်က မျက်ရည်များ နှာရည်များဖြင့် အသံကုန် ဟစ်အော်ငိုယိုနေသည်ကို တွေ့လိုက်ရသည်။
ရှန်မော့အာ: "..."
တော်တော်လေးကို ဆန့်ကျင်ဘက် ဖြစ်နေတာပဲ။
ထို့နောက် မကြာမီမှာပင် ပတ်ဝန်းကျင်မှ ငိုယိုသံများနှင့် ရှိုက်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ တချို့က စာမေးပွဲ မဖြေနိုင်သောကြောင့် ငိုယိုကြခြင်းဖြစ်ပြီး တချို့ကမူ တစ်လကျော်ကြာ တင်းကျပ်နေခဲ့သော စိတ်ဖိစီးမှုများကို သက်သက် ရင်ဖွင့်ထုတ်လွှတ်ခြင်းမျှသာ ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် မြို့နယ်အလယ်တန်းကျောင်း၏ ပရဝဏ်အတွင်း၌ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေတော့သည်။
ရှန်မော့အာသည် ချက်ချင်းပင် အနည်းငယ် စိတ်မလုံမလဲ ဖြစ်သွားရသည်။ စာမေးပွဲ ကောင်းကောင်း ဖြေနိုင်ခဲ့ခြင်း ရှိ မရှိ ဆိုသည့်အကြောင်းကို ထပ်မဟရဲတော့ဘဲ ဖုမင်ဇယ်၏ လက်ကို ဆွဲကာ ထွက်လာခဲ့လေသည်။
သို့သော် တိုက်တိုက်ဆိုင်ဆိုင် ဤအချိန်၌ပင် ဖုမင်ဇယ်က သူမ၏ မေးခွန်းကို ဖြေရန် မမေ့ခဲ့ချေ။ "အဆင်ပြေပါတယ်။ နားမလည်တဲ့ ပုစ္ဆာ တစ်ပုဒ်မှ မပါဘူး။ မင်းရော"
ရှန်မော့အာ: "..."
အမှန်တော့ ကျွန်မလည်း အကုန် တွက်တတ်ပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စကို အိမ်ပြန်ရောက်မှ ပြောတာ ပိုကောင်းမယ် ထင်တယ်နော်။
ရှင် ပတ်ဝန်းကျင်က လူတွေရဲ့ အကြည့်တွေကို တစ်ချက်လောက် ကြည့်လိုက်ပါဦးလား။
...