← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အပိုင်း (၁၁၃)

လင်ကျန်းမြို့တော်ခန်းမ အဆောက်အအုံ။

ကုယန်ပေါ်သည် မျက်ခုံးကို ပင့်တင်လိုက်ပြီး အံ့ဩတကြီးဖြင့် မေးလိုက်၏။ "မင်းက ဒီကိုလာပြီး ရာထူးကနေ နုတ်ထွက်ချင်တာလား။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေတွေတောင် မထွက်သေးဘူးလေ။ တကယ်လို့များ စာမေးပွဲကျသွားခဲ့ရင် ဆိုတာကို မကြောက်ဘူးလား"

ရှန်မော့အာသည် တစ်ယောက်ထိုင်ဆိုဖာပေါ်တွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း ပြုံးလျက် ဖြေလိုက်သည်။ "အဖြေတွေ မထွက်သေးပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်။ တက္ကသိုလ်တော့ သေချာပေါက် တက်ရမှာပါ။ နောက်ပြီး ကျွန်မက ရှင့်ဆီမှာ ရာထူးကနေပဲ နုတ်ထွက်တာလေ။ တကယ်လို့ စာမေးပွဲမအောင်ခဲ့ရင်တောင် စက်ရုံမှာ သာမန်ဝန်ထမ်းတစ်ယောက်အနေနဲ့ ဆက်နေလို့ ရသေးတာပဲဟာ"

ကုယန်ပေါ်သည် ခေါင်းရမ်းကာ ရယ်မောလိုက်လေသည်။ သူတို့နှစ်ဦး ရင်းနှီးလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် သူတို့၏ ဆက်ဆံရေးကို အထက်လူကြီးနှင့် လက်အောက်ငယ်သားဟု ဆိုခြင်းထက် မိတ်ဆွေသူငယ်ချင်းများဟု ဆိုလျှင် ပိုမှန်ကန်ပေလိမ့်မည်။

အသက်အရွယ်အားဖြင့် ၁၀ နှစ်ခန့် ကွာသဖြင့် ကုယန်ပေါ်၏ အမြင်တွင်တော့ ရှန်မော့အာသည် တစ်ခါတစ်ရံ အလုပ်လုပ်ရာတွင် ကလေးဆန်ကာ ခေါင်းမာတတ်သူဟု ထင်မြင်မိသည်။ သူမသည် မိမိကိုယ်တိုင် ပျော်ရွှင်ကျေနပ်မှု ရှိရန်ကိုသာ အဓိကထားပြီး တခြားသူများကို ဂရုမစိုက်တတ်သော ဟန်ပန်မျိုး ရှိနေတတ်သည်။

ဥပမာအားဖြင့် ပန်းထိုးစက်ရုံကို ပြည်နယ်အဆင့်မှ ခွဲထုတ်လိုက်ခြင်းမျိုးပင်။ ပြည်နယ်စက်မှုဌာနက မည်သို့သဘောထားမည်ကို သူမ လုံးဝ ဂရုစိုက်ဟန်မတူချေ။ သူတို့က သူမအပေါ် အမြင်မကြည်ဖြစ်မည် သို့မဟုတ် နောင်တွင် အခက်အခဲများ ဖန်တီးလာမည်ကိုလည်း မပူပန်ချေ။ သူမ ဂရုစိုက်သည်မှာ သူမကိုယ်တိုင် ကြိုးပမ်းတည်ထောင်ခဲ့သော ပန်းထိုးစက်ရုံကို ကျန်းပေခရိုင်မှ မထွက်ခွာသွားစေရန်သာ ဖြစ်သည်။

သို့သော် ဤကဲ့သို့သော စရိုက်လက္ခဏာကြောင့်ပင် သူမသည် ပန်းထိုးစက်ရုံကို ဘာမှမရှိသည့် အခြေအနေမှနေ၍ လျင်မြန်စွာ ကြီးပွားတိုးတက်လာအောင် ဦးဆောင်နိုင်ခဲ့သည်။

ဤကမ္ဘာလောကတွင် ပြီးပြည့်စုံသော သို့မဟုတ် လုံးဝမှန်ကန်သော စရိုက်လက္ခဏာဟူ၍ မရှိပေ။ လူတိုင်း၏ စရိုက်လက္ခဏာများတွင် အားသာချက်နှင့် အားနည်းချက်များ ဒွန်တွဲနေတတ်သည်။ ရှန်မော့အာကို ကြည့်လျှင် အပြင်ပန်းအားဖြင့် စည်းကမ်းတကျ နေထိုင်တတ်သူဟု ထင်ရသည်။ သို့သော် သူမ၏ အရိုးထဲတွင်တော့ ဘာကိုမှ ဂရုမစိုက်တတ်သော ရဲတင်းမှုမျိုး ကိန်းအောင်းနေလေသည်။

သူမသည် ဤခေတ်ကာလရှိ လူအများစုနှင့် မတူညီချေ။ လူအများစုမှာ တစ်ဖက်သတ် ယုံကြည်မှုလွန်ကဲကာ ပြည်တွင်းရှိ အရာအားလုံးကို အကောင်းဆုံးဟု ယူဆတတ်ကြသည်။ သို့မဟုတ် တစ်ဖက်သတ် သိမ်ငယ်စိတ်ဝင်ကာ နိုင်ငံခြားမှ စွန့်ပစ်လိုက်သော စက်ပစ္စည်းနည်းပညာများကိုပင် ပြည်တွင်းထက် အဆပေါင်း ထောင်သောင်းမက ပိုကောင်းသည်ဟု မှတ်ယူတတ်ကြသည်။

သူမကတော့ အရာအားလုံးကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်တတ်ပုံရသည်။ ပန်းထိုးပညာရပ်သည် ရတနာတစ်ပါးကဲ့သို့ အဖိုးတန်လှသဖြင့် ရတနာနှင့်ထိုက်တန်သော ဈေးနှုန်းဖြင့် ရောင်းချရမည်။ နိုင်ငံခြားမှ တချို့သောအရာများက ပိုမိုအဆင့်မြင့်နေပါကလည်း ဝန်ခံရမည်။ ထို့အပြင် ခေါင်းငုံ့၍ပင် ကြိုးစားသင်ယူရမည်ဟု ခံယူထားသည်။

ကွမ်ကျိုးကုန်စည်ပြပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ပြီးချိန်မှစ၍ ရှန်မော့အာသည် ပေါလ်ဟုခေါ်သော အမေရိကန်နိုင်ငံသားတစ်ဦးနှင့် အမြဲတမ်း အဆက်အသွယ်ရှိနေခဲ့ကြောင်းကိုပင် ကုယန်ပေါ် သိထားသေးသည်။ သူတို့နှစ်ဦးသည် အခါအားလျော်စွာ "ဖန်တီးမှုအိုင်ဒီယာ" ဆိုသောအရာများကို ဖလှယ်လေ့ရှိကြသည်။

မာနကြီးသော အမေရိကန်နိုင်ငံသားကပင် သူမကို အချစ်ဆုံးသူငယ်ချင်းအဖြစ် သတ်မှတ်ထားသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ တကယ်တမ်းဆိုရလျှင် ကုယန်ပေါ် ကိုယ်တိုင်လည်း ဤမိန်းကလေးကို အလွန်သဘောကျ နှစ်သက်မိသည်။

ပြန်တွေးကြည့်လျှင် တခြားသူတစ်ယောက်သာဆိုပါက ပြည်နယ်စက်မှုဌာနကို ဤကဲ့သို့ အကွက်ချ အကျပ်ရိုက်သွားစေရန် ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရဲမည် မဟုတ်ချေ။

"ကောင်းပါပြီ။ မင်း အခုလို ကြိုတင်ပြီး ရာထူးကနေ နုတ်ထွက်တာက စက်ရုံအတွက် ကြိုတင်ပြင်ဆင်ချိန် ရစေချင်လို့ဆိုတာ ငါ နားလည်ပါတယ်။ မင်းရဲ့ စေတနာကို ငါ အသိအမှတ်ပြုပါတယ်" ကုယန်ပေါ်က ပြုံးကာ ပြောလိုက်သည်။ "တကယ်လို့များ မင်း တက္ကသိုလ်မအောင်ခဲ့ရင်လည်း သာမန်ဝန်ထမ်း သွားလုပ်စရာ မလိုပါဘူး။ မြို့တော်ကို လာခဲ့ပါ။ စက်မှုလုပ်ငန်းကိစ္စတွေကို ငါ့ကို ကူညီပြီး စီမံပေးပါ"

ရှန်မော့အာမှာ ရယ်မောလိုက်ပြီး "ကျွန်မက ပြည်နယ်စက်မှုဌာနက လူတွေအားလုံးကို အခုလေးတင် ပြဿနာရှာထားတာလေ။ ရှင်က ကျွန်မကို စက်မှုလုပ်ငန်းတွေ စီမံခိုင်းတယ်ဆိုတော့ ကျွန်မကို အထင်ကြီးလို့လား၊ ဒါမှမဟုတ် ဒုက္ခပေးချင်လို့လားဆိုတာတောင် မသိတော့ပါဘူး"

ကုယန်ပေါ်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ "ဒါပေါ့၊ မင်းကို အထင်ကြီးလို့ပေါ့"

ရှန်မော့အာကို အပြင်သို့ လိုက်ပို့ချိန်တွင် ကုယန်ပေါ်က စိတ်ရင်းနှင့် ပြောလိုက်သည်။ "ရဲဘော်ရှန်၊ မင်း စာမေးပွဲမှာ အမှတ်ကောင်းကောင်းရပြီး မျှော်မှန်းထားတဲ့ တက္ကသိုလ်ကို တက်နိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်"

ရှန်မော့အာက ပြုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ် မြို့တော်ဝန်ကု။ ရှင်လည်း ရာထူးတွေ တရိပ်ရိပ် တက်လာပါစေလို့ ဆုတောင်းပေးပါတယ်"

နှစ်သစ်ကူးကာလ အလွန်တွင် ဆိုင်းဘုတ်တင်ထားသည်မှာ မကြာသေးသော လင်ကျန်းမြို့ ပန်းထိုးစက်ရုံ၌ နောက်ထပ် အံ့မခန်းသတင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှန်မော့အာသည် စက်ရုံမှူးရာထူးမှ နုတ်ထွက်သွားပြီး ဖုန်းဝေက စက်ရုံမှူးအဖြစ် တာဝန်ယူမည်ဟူသော သတင်းပင်။

"စက်ရုံမှူး၊ အစည်းအဝေးက အခုပဲ စတော့မယ်နော်"

ရှန်မော့အာသည် ရုံးစားပွဲပေါ်ရှိ ပစ္စည်းများကို ရှင်းလင်းနေစဉ် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ "သွားကြတာပေါ့"

ရှောင်ထန်သည် မျက်ဝန်းများ နီမြန်းနေလျက် မနေနိုင်တော့ဘဲ ပြောလိုက်၏။ "စက်ရုံမှူး၊ ရှင် ကျောင်းသွားတက်ရင် လျိုချောင်တပ်ဖွဲ့ကိုရော စက်ရုံကိုရော မကြာခဏ ပြန်လာခဲ့ပါဦးနော်"

ရှန်မော့အာက ရယ်မောလိုက်သည်။ "တကယ်လို့ ကျွန်မ စာမေးပွဲကျသွားရင် ဘယ်လိုလုပ်မလဲလို့ ရှင်က ဘာလို့ မမေးတာလဲ"

ရှောင်ထန်သည် ပြုံးရွှင်သွားပြီး "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ စက်ရုံမှူး၊ ကျွန်မ ရှင့်နောက်ကို လိုက်လာတာ နှစ်အတော်ကြာပါပြီ။ ရှင့်အကြောင်းကို ကျွန်မ နည်းနည်းတော့ သိပါတယ်။ ရှင်က အလုပ်တစ်ခုကို မလုပ်ရင်မလုပ်ဘူး၊ လုပ်ပြီဆိုရင် အကောင်းဆုံးဖြစ်အောင် လုပ်တတ်တဲ့သူလေ။ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဘယ်တိုက်ပွဲကိုမှ မဝင်တတ်တဲ့သူဆိုတော့ ရှင် သေချာပေါက် အမှတ်ကောင်းကောင်းနဲ့ အောင်မှာပါ"

ရှောင်ထန်က သူမအပေါ် သည်လောက် ယုံကြည်မှုရှိနေမည်ဟု ရှန်မော့အာ လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူမက ပြုံးကာ ဆုတောင်းပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုပြီးနောက် သူတို့နှစ်ဦးသည် အစည်းအဝေးခန်းမကြီးဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားကြလေသည်။

ဖုန်းဝေသည် မြို့တော် စည်းရုံးရေးဌာနမှ လူများနှင့် စကားပြောဆိုနေစဉ် ရှန်မော့အာ အစည်းအဝေးခန်းမကြီးထဲသို့ ဝင်လာသည်ကို မြင်သောအခါ အလျင်အမြန် ပြုံးလျက် မိတ်ဆက်ပေးလိုက်၏။ "ဒါက ကျွန်တော်တို့ရဲ့ စက်ရုံမှူးရှန်ပါ"

ရှန်မော့အာသည် စည်းရုံးရေးဌာနမှ လူများနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် သူတို့အားလုံး စင်မြင့်ပေါ်သို့ အတူတက်သွားကြသည်။

စည်းရုံးရေးဌာနမှ တာဝန်ရှိသူက မြို့တော်မှ ထုတ်ပြန်သော ရာထူးခန့်အပ်ခြင်းနှင့် နုတ်ထွက်ခြင်းဆိုင်ရာ စာရွက်စာတမ်းကို ဖတ်ကြားလေသည်။ စင်မြင့်အောက်ရှိ အရာထမ်း အမှုထမ်း ထောင်ပေါင်းများစွာသည် မကြာမီ ရာထူးမှ နုတ်ထွက်တော့မည့် လူငယ်စက်ရုံမှူးကို ကြည့်ရင်း ဝမ်းနည်းခြင်း၊ မခွဲခွာလိုခြင်း၊ ဝေခွဲမရဖြစ်ခြင်း စသည့် ရှုပ်ထွေးသော ခံစားချက်များက လူတိုင်း၏ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေခဲ့သည်။

စာရွက်စာတမ်း ဖတ်ကြားအပြီးတွင် ရှန်မော့အာက မိုက်ကရိုဖုန်းကို လှမ်းယူလိုက်ပြီး အပြုံးဖြင့် စတင်ပြောကြားလေသည်။ "လူတော်တော်များများက ပြောကြတယ်။ ပန်းထိုးစက်ရုံက ကျွန်မ မပါဘဲနဲ့ ဒီနေ့အထိ ရောက်လာမှာ မဟုတ်ဘူးတဲ့။ အဲဒါ အမှန်ပါပဲ"

သူမသည် စကားကို ခေတ္တရပ်လိုက်သည်။ စင်မြင့်အောက်ရှိ လူအများစုမှာ သဘောပေါက်စွာဖြင့် ရယ်မောလိုက်ကြ၏။ ထို့နောက် သူမက ဆက်လက် ပြောကြားသည်။ "ဒါပေမဲ့ ဒီလိုပါပဲ၊ ပန်းထိုးစက်ရုံက ရှင်တို့တွေ မပါဘဲနဲ့လည်း ဒီနေ့အထိ ရောက်လာမှာ မဟုတ်ပါဘူး။ ကျွန်မတို့ အမှတ်(၉) အလုပ်ရုံကို စတင်တည်ထောင်ခဲ့တဲ့ ပထမဆုံးအသုတ်က လူတွေထဲမှာ ပြည်နယ်ကနေ စေလွှတ်လိုက်တဲ့ နှစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေ အားလုံးက ဒီအစည်းအဝေးခန်းမကြီးထဲမှာ ရှိနေဆဲပါ။ ကျွန်မတို့ ပထမဆုံးအကြိမ် ကွမ်ကျိုးကုန်စည်ပြပွဲကို တက်ရောက်ခဲ့တုန်းက ကျွန်မတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေတဲ့ အော်ဒါတွေကို ရရှိခဲ့ပြီးနောက် နေ့ရောညပါ အချိန်ပိုဆင်းပြီး အလုပ်လုပ်ခဲ့ကြတဲ့ သူတွေလည်း ဒီအစည်းအဝေးခန်းမကြီးထဲမှာပဲ ရှိနေတုန်းပါ။ နောက်ပိုင်း အကြိမ်ကြိမ် စက်ရုံကို တိုးချဲ့ခဲ့တာတွေ၊ နိုင်ငံတကာမှာ နန်ပြည်နယ် ပန်းထိုးစက်ရုံဆိုတဲ့ နာမည်ကို ထိုးဖောက်နိုင်ခဲ့တာတွေ၊ နှစ်တိုင်း နိုင်ငံတော်အတွက် နိုင်ငံခြားငွေ အမြောက်အမြား ရှာဖွေပေးနိုင်ခဲ့တာတွေ... ဒီအောင်မြင်မှုတွေ အားလုံးက ကျွန်မ တစ်ယောက်တည်း လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ဒီနေရာမှာ ရှိနေတဲ့ ရှင်တို့ အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပါပဲ"

"ကျွန်မတို့ စက်ရုံက ဒီနှစ်တွေအတွင်းမှာ တကယ်ကို လျင်လျင်မြန်မြန် တိုးတက်လာခဲ့ပါတယ်။ အဓိကကတော့ အော်ဒါတွေ အများကြီး ရခဲ့လို့ ကျွန်မတို့ကို မဖြစ်မနေ တိုးတက်အောင် တွန်းအားပေးနေလို့ပါပဲ။ ကျွန်မတို့ရဲ့ အရာထမ်း အမှုထမ်းတွေရဲ့ တိုးတက်မှုကလည်း အရမ်းကို မြန်ဆန်ပါတယ်။ ကျွန်မ ဒုတိယစက်ရုံမှူးရှင်းကို အရင်က ပြောဖူးပါတယ်။ သက်တမ်းရင့် နိုင်ငံပိုင်စက်ရုံတွေနဲ့ ယှဉ်ရင် ကျွန်မတို့က ဘာမှ မနိမ့်ကျပါဘူးလို့။ ဘာမှ မနိမ့်ကျဘူးဆိုတာက အလုပ်ရလဒ်၊ အကျိုးအမြတ်၊ စက်ရုံအရွယ်အစားတွေကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်မတို့ အရာထမ်း အမှုထမ်းတွေရဲ့ အရည်အချင်းကိုပါ ဆိုလိုတာပါ။ တကယ်တော့ ရှင်တို့က သူတို့ထက်တောင် အများကြီး ပိုပြီး ထူးချွန်ကြပါသေးတယ်။ ဘာလို့လဲဆိုတော့ ရှင်တို့ တစ်ယောက်ချင်းစီတိုင်းက လမ်းစဖော်ပေးတဲ့ ရှေ့ဆောင်တွေ ဖြစ်နေလို့ပါ။ ရှင်တို့က အကြံဉာဏ်ရဲရဲထုတ်ပြီး ရဲရဲဝံ့ဝံ့ ကြိုးစားလုပ်ကိုင်ရဲတဲ့သူတွေပါ"

"ကျွန်မတို့ လင်ကျန်းမြို့ ပန်းထိုးစက်ရုံဟာ အရှေ့ကို အဆက်မပြတ် ပြေးလွှားနေတဲ့ မီးရထားတစ်စင်းပါ။ ဒီနေ့မှာတော့ ကျွန်မဆိုတဲ့ ဒီရထားခေါင်းတွဲက ယာယီ နုတ်ထွက်ရတော့မှာပါ။ ဒါပေမဲ့ စက်ရုံမှူးဖုန်းဆိုတဲ့ ရထားခေါင်းတွဲသစ်ရဲ့ ဦးဆောင်မှုအောက်မှာ ဒီမီးရထားကြီးက ပိုမြန်ပိုကောင်းအောင် ပြေးလွှားနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ရဲဘော်တို့၊ အားလုံးရဲ့ သတင်းကောင်းတွေကို ကျွန်မ မျှော်လင့်နေပါ့မယ်။ ကျေးဇူးတင်ပါတယ်"

စကားသံ အဆုံးတွင် စင်မြင့်အောက်မှ သြဘာလက်ခုပ်သံများ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာလေသည်။

ပန်းထိုးစက်ရုံ၏ ဤမျှတိုတောင်းလှသော နှစ်အနည်းငယ်အတွင်း ဖွံ့ဖြိုးတိုးတက်လာသည့် အတွေ့အကြုံများကို ပြန်လည် တွေးတောကြည့်လိုက်သောအခါ လူအတော်များများမှာ အိပ်မက် မက်နေသကဲ့သို့ပင် ခံစားလိုက်ကြရသည်။

မှန်ပေသည်။ တကယ်တမ်းဆိုရလျှင် သက်တမ်းရင့် နိုင်ငံပိုင်စက်ရုံများစွာနှင့် နှိုင်းယှဉ်ပါက ပန်းထိုးစက်ရုံမှာ အလွန်ပင် နုနယ်လွန်းလှပြီး ဖွံ့ဖြိုးတိုးတက်ရန် အချိန်အလွန်တိုတောင်းခဲ့သည်။ သို့သော် ထိုတိုတောင်းလှသော အချိန်ကာလလေးအတွင်းမှာပင် ယခုကဲ့သို့သော အရွယ်အစားအထိ ရောက်ရှိလာခဲ့ခြင်းမှာ ရှန်မော့အာ ပြောခဲ့သကဲ့သို့ပင် သူမဟူသော "ရထားခေါင်းတွဲ" ရှိနေခြင်းကြောင့်သာ မဟုတ်ဘဲ သူတို့ တစ်ယောက်ချင်းစီတိုင်းကလည်း ကြိုးကြိုးစားစား ပါဝင်အားဖြည့်ခဲ့ကြသောကြောင့်ပင်။

ပန်းထိုးစက်ရုံသည် စက်ရုံမှူးရှန် တစ်ဦးတည်း၏ ပန်းထိုးစက်ရုံ မဟုတ်ဘဲ သူတို့ တစ်ယောက်ချင်းစီတိုင်း၏ ပန်းထိုးစက်ရုံလည်း ဖြစ်ပေသည်။

ဖုန်းဝေသည် ရှန်မော့အာကို ဘေးတိုက် တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက် စကားဆက်လိုက်သည်။ "ကျွန်တော် စကားအများကြီး မပြောတော့ပါဘူး။ စက်ရုံမှူးရှန်နဲ့တကွ အားလုံးကို ကတိတစ်ခု ပေးချင်ပါတယ်။ ကျွန်တော် ဒီရထားခေါင်းတွဲတာဝန်ကို အစွမ်းကုန် ကြိုးစားပြီး ထမ်းဆောင်သွားပါ့မယ်။ စက်ရုံမှူးရှန်နဲ့ အားလုံး အတူတူ တည်ဆောက်ခဲ့တဲ့ ဒီအခြေခံအုတ်မြစ်ကြီးကို သေချာစောင့်ရှောက်သွားပါ့မယ်။ ကျွန်တော်တို့ အတူတူ ကြိုးစားကြတာပေါ့"

အစည်းအဝေး ပြီးဆုံးသွားသောအခါ ဖုန်းဝေသည် စည်းရုံးရေးဌာနမှ လူများကို ကားပေါ်အထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့သည်။ စည်းရုံးရေးဌာနမှ ခေါင်းဆောင်က သက်ပြင်းချကာ မှတ်ချက်ချလိုက်၏။ "ပန်းထိုးစက်ရုံက ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာတာ မဆန်းပါဘူး။ စက်ရုံက အရာထမ်း အမှုထမ်းတွေရဲ့ စိတ်ဓာတ်ခွန်အားတွေက တကယ်ကို ကောင်းမွန်လွန်းလှတယ်"

စည်းလုံးညီညွတ်မှု အလွန်အားကောင်းလှသည်။

ထိုလူငယ်စက်ရုံမှူးရှန်သည် သတင်းထွက်နေသည့်အတိုင်း အမှန်တကယ်ပင် လုပ်ရည်ကိုင်ရည်ရှိပြီး စက်ရုံအတွင်း၌ အလွန်သြဇာညောင်းသည်ဟုသာ ဆိုရပေမည်။

သို့သော် အံ့ဩစရာအကောင်းဆုံးမှာ သူမသည် ဤကဲ့သို့သော အောင်မြင်မှုနှင့် ရာထူးအဆင့်အတန်းမျိုးကို ရရှိထားပြီးဖြစ်လျက်နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုကာ ကျောင်းသူဘဝသို့ ပြန်လည်ကူးပြောင်းရန် ရွေးချယ်ခဲ့ခြင်းပင်။

..........

သည်ဘက်တွင် ရှန်မော့အာသည် စက်ရုံမှူးရာထူးမှ ကြိုတင်နုတ်ထွက်လိုက်ချိန်တွင် ဟိုဘက်ရှိ ရှန်ရှောက်ယွမ်သည်လည်း အုတ်ဖိုစက်ရုံ၏ ဝါဒဖြန့်ချိရေးဌာနမှူး ရာထူးမှ နုတ်ထွက်ရန် ပြင်ဆင်နေလေပြီ။

အုတ်ဖိုစက်ရုံ၏ ဝါဒဖြန့်ချိရေးလုပ်ငန်းများကို တာဝန်ယူရသော ဒုတိယစက်ရုံမှူးယောင်မှာ ခေါင်းမီးတောက်တော့မတတ် ဖြစ်နေသည်။ သူသည် ရှန်ရှောက်ယွမ်ကို ပြူးပြဲကြည့်ရင်း အတော်ကြာမှ စကားတစ်ခွန်း ထွက်လာခဲ့သည်။ "နေပါဦး၊ ခင်ဗျား သမီးက တက္ကသိုလ်တက်ရမယ်လို့ ခင်ဗျားက ဒီလောက်တောင် သေချာနေတာလား။ တကယ်လို့ တက္ကသိုလ်အောင်သွားရင်တောင်မှ သူကျောင်းတက်ရမယ့်နေရာက ကျန်းပေခရိုင်နဲ့ သိပ်မဝေးတဲ့နေရာ ဖြစ်နေနိုင်တာပဲ။ ခင်ဗျားက တစ်ခါတလေ သွားကြည့်ရုံနဲ့ မရဘူးလား။ ခင်ဗျားသမီးက အရွယ်လည်းရောက်နေပြီ၊ အိမ်ထောင်ကျပြီး ကလေးတောင် ရနေပြီလေ။ သူက ကိုယ့်ကိုယ်ကိုယ် သေချာပေါက် ဂရုစိုက်နိုင်မှာပါ။ ခင်ဗျားက အဖေတစ်ယောက်အနေနဲ့ အလုပ်ကနေ နုတ်ထွက်ပြီး လိုက်သွားစရာမှ မလိုတာ"

ဒါကြီးက မကြားဖူးပါဘူး။

ဤခေတ်ကာလတွင် အလုပ်တစ်ခုရရန်က လွယ်သည့်ကိစ္စ မဟုတ်ချေ။ အလုပ်တစ်ခုအတွက် သားအဖချင်း စိတ်ဝမ်းကွဲကာ ညီအစ်ကိုချင်း ရန်သူဖြစ်သွားကြသည်ကိုတော့ မြင်ဖူးခဲ့သော်လည်း သမီးဖြစ်သူ ကျောင်းသွားတက်သည်ကို လိုက်သွားရန်အတွက် မိမိ၏အလုပ်ကို နုတ်ထွက်ပစ်လိုက်သည်ကိုတော့ တကယ်ကို မမြင်ဖူးခဲ့ပေ။

"ဒုတိယစက်ရုံမှူးယောင်... ခင်ဗျားပြောတာတော့ မဟုတ်သေးဘူး။ ကျွန်တော့်သမီးက သေချာပေါက် တက္ကသိုလ်အောင်မှာပါ။ ပြီးတော့ သူတက်ရမယ့် တက္ကသိုလ်ကလည်း ကျန်းပေခရိုင်နဲ့ နီးမှာ မဟုတ်ပါဘူး။ သူက မြို့တော်က တက္ကသိုလ်ကို ဖြေဖို့ ပြင်ဆင်ထားတာလေ။ ကျွန်တော့်မှာ ဒီသမီးလေး တစ်ယောက်တည်း ရှိတာ။ သူက မြို့တော်လို အဝေးကြီးကို သွားရမှာဆိုတော့ ကျွန်တော်က သေချာပေါက် လိုက်သွားရမှာပေါ့။ ကျွန်တော်တို့ သားအဖနှစ်ယောက်က နေရာတစ်ခုတည်းမှာ အတူတူရှိနေရမှာ။ နောက်ပြီး ကျွန်တော့်သမီးက အပြင်မှာ ဘယ်လောက်ပဲ တော်နေပါစေ၊ အိမ်မှာဆိုရင် ကျွန်တော့်အမြင်မှာတော့ ယုယကြင်နာဖို့ လိုအပ်တဲ့ ကလေးလေး တစ်ယောက်ပါပဲ။ သူက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို ပစ်ထားလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျွတ် ကျွတ် ကျွတ်... အဖေလုပ်တဲ့သူက ဒီလိုမျိုးတော့ မဖြစ်သင့်ဘူးလေ"

သူ့မျက်နှာပေါ်တွင် "ခင်ဗျားက အဖေတစ်ယောက်အနေနဲ့ တာဝန်မကျေဘူး ထင်တယ်" ဟူသော အမူအရာက အထင်းသား ပေါ်လွင်နေလေသည်။

ဒုတိယစက်ရုံမှူးယောင်: "..."

နေပါဦး... ခင်ဗျားပြောတဲ့စကားတွေက ဘယ်လောက်တောင် ယုတ္တိမရှိဘူးလဲဆိုတာ ခင်ဗျားကိုယ်တိုင် ပြန်နားထောင်ကြည့်ပါဦး။

စာမေးပွဲပြီးသွားတဲ့နောက် လူတိုင်းက ကိုယ့်အမှတ်ကို အကြမ်းဖျင်း တွက်ချက်ထားပြီးသားဆိုရင်တောင် ခင်ဗျားသမီးရဲ့ ခန့်မှန်းရလဒ်က မဆိုးဆိုရင်တောင် ဒီလိုကိစ္စမျိုးက ရာနှုန်းပြည့် သေချာနိုင်တာ မဟုတ်ဘူးလေ။ နောကဆုံး စာမေးပွဲအမှတ်ကောင်းပေမဲ့ တက္ကသိုလ်မှားရွေးမိလို့ တက္ကသိုလ်မဝင်ရတဲ့ အဖြစ်အပျက်မျိုးကလဲ မရှိတာမှ မဟုတ်။

အဆိုးဆုံး အခြေအနေကို တွေးကြည့်ရင်တောင်မှ အတကယ်တမ်း အောင်သွားပြီး မြို့တော်ကို သေချာပေါက် တက်ရောက်ခွင့်ရမယ်လို့ ဘယ်လိုများ တပ်အပ်ပြောနိုင်ပါ့မလဲ။

နောက်ပြီး စက်ရုံမှူးရှန်___ သူက သူမအကြောင်း မသိလို့လား။ ငယ်ရွယ်၊ ရဲရင့် ပြတ်သားပြီး လုပ်ရဲကိုင်ရဲရှိတာ။ ပြည်နယ်စက်မှုဌာနကိုတောင် လှည့်စားရဲတဲ့သူ။ သူမက ယုယကြင်နာဖို့ လိုအပ်တဲ့ ကလေးတစ်ယောက် ဘယ်နေရာမှာ တူနေလို့လဲ။

ဒုတိယစက်ရုံမှူးယောင်၏ စိတ်ထဲတွင် ရှန်ရှောက်ယွမ်၏ စကားများက နေရာတိုင်း၌ အဓိပ္ပာယ်မရှိဟု ခံစားနေရသည်။ သို့သော် ရှန်ရှောက်ယွမ်ကို သည်အတိုင်း ပြောဆိုနေလို့လဲ အကျိုးမရှိကြောင်း သိထားသဖြင့် ခဏ စဉ်းစားလိုက်ပြီးနောက် ရှန်ရှောက်ယွမ်၏ စဉ်းစားပုံကို အသုံးပြုကာ ဖျောင်းဖျရန် ကြိုးစားကြည့်လိုက်သည်။

"ဌာနခွဲမှူးရှန်... ကြည့်ပါဦး၊ ခင်ဗျားရဲ့ သမီးက မကြာခင် ကျောင်းသွားတက်တော့မှာ။ ခင်ဗျားရဲ့ သမက်ကလည်း ကျောင်းသွားတက်မယ်လို့ ကြားတယ် မဟုတ်လား။ အိမ်က လူ ၄ ယောက်မှာ ၂ ယောက်က ကျောင်းသွားတက်မယ်၊ တစ်ယောက်က နို့စို့အရွယ်လေးပဲ ရှိသေးတယ်။ ခင်ဗျားတစ်ယောက်တည်းပဲ လစာရှာနိုင်တာကို ခင်ဗျားက အလုပ်ကိုပါ နုတ်ထွက်လိုက်ဦးမယ်ဆိုရင် ခင်ဗျားတို့ မိသားစုက နောင်ကျရင် သမီးနဲ့ သမက်ရဲ့ ကျောင်းကရမယ့် ထောက်ပံ့ကြေးလေးကိုပဲ အားကိုးပြီး အသက်ဆက်ကြတော့မလို့လား"

ဒုတိယစက်ရုံမှူးယောင်သည် သနားစရာကောင်းသော လေသံဖြင့် ဆက်ပြော၏။ "ကျွန်တော်တို့ ဘဝကို ဖြတ်သန်းတဲ့အခါ လက်တွေ့အခြေအနေကို ထည့်သွင်းစဉ်းစားရမှာပေါ့။ ခင်ဗျားက အလုပ်ကို သေချာလုပ်ပြီး သူတို့အတွက် စီးပွားရေးထောက်တိုင်ကြီး ဖြစ်ပေးလိုက်ရင် သူတို့လည်း စိတ်အေးချမ်းသာစွာနဲ့ ကျောင်းတက်နိုင်မှာလေ။ အဲဒါက ပိုမကောင်းဘူးလား"

ရှန်ရှောက်ယွမ်ကတော့ တည်တည်ငြိမ်ငြိမ်ပင်။ "ကျွန်တော်က ခင်ဗျားဆီမှာ ရာထူးကနေပဲ နုတ်ထွက်တာလေ။ အလုပ်ထွက်တာမှ မဟုတ်တာ။ ဒီအလုပ်ကို ကျွန်တော် ရောင်းလိုက်မှာပါ။ ရာဂဏန်းလောက်တော့ ရမယ်လို့ မှန်းထားတယ်"

သူက ဆက်ပြောသည်။ "ခင်ဗျားလည်း သိတဲ့အတိုင်းပဲ၊ ကျွန်တော်တို့ မိသားစုက အရမ်းဆင်းရဲတာပါ။ ဒီနှစ်တွေအတွင်းမှာ အားလုံး အလုပ်ရလာလို့သာ ဘဝက နည်းနည်းလေး သက်သာလာခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့ မိသားစုမှာ ပိုင်ဆိုင်မှုက ဘာမှမရှိပါဘူး။ ဒီအလုပ်ကို ရောင်းရတဲ့ပိုက်ဆံက လမ်းစရိတ်အတွက် အဆင်ပြေသွားတာပေါ့။ ပိုတဲ့ပိုက်ဆံနဲ့လည်း မြို့တော်မှာ အိမ်လေးတစ်လုံး ငှားလို့ရတယ်။ ကျွန်တော့် သမီးနဲ့ သမက်က ကျောင်းသွားတက်ရင် မြေးမလေးက ကျောင်းကို လိုက်သွားလို့မှ မရတာ။ ကျွန်တော်တို့က သေချာပေါက် အိမ်ငှားရမှာလေ။ ကျွန်တော် လိုက်သွားရင် ကလေးထိန်းပေးလို့ ရတာပေါ့"

"ဒါပေါ့၊ ကျွန်တော်လည်း ဒီအတိုင်း ထိုင်စားနေမှာတော့ မဟုတ်ပါဘူး။ ကျောင်းက ထောက်ပံ့ကြေးလေးကိုပဲ အားကိုးနေလို့တော့ လုံးဝ မရဘူးလေ။ အခု မူဝါဒတွေလည်း ပြောင်းလဲလာပြီဆိုတော့ တပ်ဖွဲ့ထဲမှာတောင် ဈေးဆိုင်လေးတွေ ဖွင့်ရောင်းနေကြပြီ။ မြို့တော်ကို ရောက်ရင် ကျွန်တော်လည်း စီးပွားရေးတစ်ခုခု လုပ်ဖို့ စဉ်းစားထားပါတယ်။ ခင်ဗျား ကျွန်တော့်အတွက် စိတ်ပူပေးနေတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ သိပ်ပြီး စိတ်ပူနေစရာ မလိုပါဘူး။ ကျွန်တော်က နေရာသစ်နဲ့ အလွယ်တကူ အသားကျနိုင်တဲ့သူမို့လို့ မြို့တော်ကို ရောက်ရင်လည်း ရေငတ်နေတဲ့ငါး ရေကျသလို လွတ်လွတ်လပ်လပ် ဖြစ်နေမှာပါ"

ဒုတိယစက်ရုံမှူးယောင်: "..."

သူက နည်းနည်းလေးမှ စိတ်မပူတတ်ပါလား။

သို့သော် ရှန်ရှောက်ယွမ် ပြောသည့်စကားတစ်ခွန်းကတော့ မှန်ကန်ပေသည်။ သူလိုလူမျိုးက မည်သည့်နေရာသို့ ရောက်ရောက် အလွယ်တကူ အသားကျသွားနိုင်မည်မှာ သေချာလှသည်။

သို့ရာတွင် သည်လောက် အရည်အချင်းရှိပြီး စိတ်အေးရသော လက်အောက်ငယ်သားတစ်ဦးကို ဆုံးရှုံးလိုက်ရသဖြင့် ဒုတိယစက်ရုံမှူးယောင်မှာ အမှန်တကယ်ပင် ရင်ကွဲမတတ် ခံစားနေရလေသည်။

ဒုတိယစက်ရုံမှူးယောင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်တွေ့အခြေအနေကို လက်ခံနိုင်ရန် မိမိကိုယ်ကိုယ် ဖျောင်းဖျလိုက်ရတော့သည်။

ဤရှန်ရှောက်ယွမ်သည် သာမန်အချိန်များတွင် သဘောကောင်းကာ စကားပြောဆိုရ လွယ်ကူဟန်ပေါ်သော်လည်း တကယ်တမ်း သူ့အရိုးထဲတွင်တော့ အလွယ်တကူ အလျှော့ပေးတတ်သူ မဟုတ်ချေ။ သူတို့ အတူအလုပ်လုပ်လာခဲ့သည်မှာ နှစ်အနည်းငယ် ကြာမြင့်နေပြီဖြစ်ရာ ဤအချက်ကို ကောင်းစွာ ရိပ်မိနိုင်သည်။ သူက တစ်ခုခုကို ဆုံးဖြတ်ပြီးသွားပြီဆိုလျှင် ပြောင်းလဲရန်မှာ အလွန်ခဲယဉ်းလှသည်။

စဉ်းစားလို့ နားလည်သွားပြီးနောက် ဒုတိယစက်ရုံမှူးယောင်သည် ရှန်ရှောက်ယွမ် ပြောခဲ့သော အလုပ်ရောင်းမည့် ကိစ္စကို အမြန်ပင် သတိပြုမိသွားခဲ့သည်။

တကယ်တမ်းတွင် အလုပ်ကို ရောင်းစားလို့ မရနိုင်ဘဲ မိသားစုဝင်များ သို့မဟုတ် ဆွေမျိုးသူငယ်ချင်းများကိုသာ "လွှဲပြောင်း" ပေးနိုင်သည်။ သို့သော် လက်တွေ့တွင်တော့ ဤကဲ့သို့ "လွှဲပြောင်း" ခြင်းတွင် အခွင့်အရေး ယူစရာများစွာ ရှိနေလေသည်။ မိဘညီအစ်ကိုမောင်နှမကဲ့သို့ အရင်းအချာ ဆွေမျိုးများ မဟုတ်ပါက လက်တွေ့တွင် အလုပ်လွှဲပြောင်းပေးသူ အများစုမှာ ငွေကြေးတောင်းခံလေ့ ရှိကြသည်။

သို့သော် ရှန်ရှောက်ယွမ်လို သူ၏ရှေ့တွင်ပင် အလုပ်ရောင်းမည်ဟု ဘယ်သူမှ ရဲရဲဝံ့ဝံ့ မပြောရဲကြချေ။

ဒုတိယစက်ရုံမှူးယောင်သည် နှုတ်ခမ်းကို တွန့်လိုက်ပြီး မေးလိုက်သည်။ "ခင်ဗျားက ဒီအလုပ်ကို ဘယ်လောက်နဲ့ ရောင်းဖို့ စဉ်းစားထားတာလဲ"

ရှန်ရှောက်ယွမ်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရင်း "ခင်ဗျားမိသားစုထဲမှာ တစ်ယောက်ယောက် လိုချင်နေလို့လား"

ဒုတိယစက်ရုံမှူးယောင်သည် မျက်မှောင်ကို တွန့်လိုက်ပြီး မတတ်သာသည့်အဆုံး ပြောလိုက်၏။ "ခင်ဗျား ဘယ်လောက် လိုချင်လဲဆိုတာသာ ပြောစမ်းပါ"

သူသည် ကျောက်တုံးထဲမှ ခုန်ထွက်လာသော စွန်းဝူခုန်း မဟုတ်သဖြင့် လူသားတစ်ယောက်အနေဖြင့် ဆွေမျိုးအသိုင်းအဝိုင်းများ ရှိနေပြီး အလုပ်ရှာဖွေလိုသော ဆွေမျိုးများလည်း ရှိနေသည်သာ။

သူသည် ဒုတိယစက်ရုံမှူးတစ်ဦး ဖြစ်သော်လည်း အလုပ်အကိုင်ဆိုသည်မှာ အစဉ်အမြဲ ရှားပါးလှသဖြင့် တခြားသူများကို အလုပ်စီစဉ်ပေးရန်မှာလည်း အလွန်ခက်ခဲလှသည်။ ပိုအရေးကြီးသည်မှာ ရှန်ရှောက်ယွမ်၏ အလုပ်သည် အရာရှိအဆင့် ဖြစ်နေခြင်းပင်။ သူက ကြားမှနေ၍ အနည်းငယ် ဝင်ရောက်စွက်ဖက်လိုက်ပါက သူ၏ တူဖြစ်သူအတွက် နေရာကောင်းတစ်ခု ရနိုင်ရုံသာမက တခြားတစ်ယောက်အတွက်ပါ နေရာလွတ်တစ်ခု ဖန်တီးပေးနိုင်ကောင်း ဖန်တီးပေးနိုင်ပေလိမ့်မည်။

မူလက ရှန်ရှောက်ယွမ်သည် ယွမ် ၅၀၀ ဖြင့် ရောင်းချရန် စဉ်းစားထားခဲ့သည်။ အုတ်ဖိုစက်ရုံမှာ တပ်ဖွဲ့အတွင်းရှိ စက်ရုံများထဲတွင် အကျိုးအမြတ် အနည်းဆုံးဟု မဆိုနိုင်သဖြင့် ယေဘုယျအားဖြင့် ထိုဈေးနှုန်းခန့် ရှိလေသည်။ သို့သော် ဒုတိယစက်ရုံမှူးယောင်၏ အကြံအစည်ကြီးမားသော မျက်နှာကို ကြည့်ကာ ရှန်ရှောက်ယွမ်သည် အပြုံးလေးဖြင့် ဈေးနှုန်းကို ယွမ် ၁၀၀ ခန့် ထပ်မံမြှင့်တင်လိုက်သည်။ "ယွမ် ၆၀၀ ပါ"

ဒုတိယစက်ရုံမှူးယောင်သည် ဈေးနှုန်းကို မသိသူ မဟုတ်သဖြင့် ပြန်ပြောလိုက်၏။ "ခင်ဗျားဈေးက နည်းနည်း များနေတယ်နော်"

ရှန်ရှောက်ယွမ်သည် မတတ်သာသည့် အမူအရာဖြင့် ပြန်ပြောလေသည်။ "ကျွန်တော်က ဒီပိုက်ဆံလေးကိုပဲ အားကိုးပြီး လမ်းစရိတ်လုပ်ရမှာ၊ အိမ်ငှားရမှာ၊ ကလေးအတွက် နို့မှုန့်ဝယ်ရမှာဆိုတော့ ဈေးနည်းနည်းတော့ ပိုတောင်းရမှာပေါ့။ နည်းနည်းလေး ပိုသွားပေမဲ့ ဒီဈေးနှုန်းကို လက်ခံနိုင်တဲ့သူတွေ သေချာပေါက် ရှိမှာပါ။ ကျွန်တော်လည်း မလောပါဘူး။ နှစ်သစ်ကူးဖို့လည်း နီးနေပြီဆိုတော့ အဲဒီအချိန်ကျရင် အလုပ်ဝယ်ချင်တဲ့သူတွေ ပိုများလာမှာ အသေအချာပါပဲ။ ဒီခေတ် လူငယ်တွေအတွက်က အလုပ်ရှိတာနဲ့ အလုပ်မရှိတာ၊ အလုပ်ကောင်းတာနဲ့ အလုပ်မကောင်းတာတွေက လုံးဝကို ကွာခြားသွားတာလေ။ အိမ်ထောင်ဘက် ရှာတဲ့အခါမှာတောင် အခြေအနေပိုကောင်းတဲ့သူတွေကို ရွေးချယ်နိုင်ခွင့် ရှိလာတာပေါ့..."

သူက တတွတ်တွတ် ဆက်တိုက်ပြောဆိုနေသဖြင့် ဒုတိယစက်ရုံမှူးယောင်မှာ ခေါင်းပိုကိုက်လာရကာ လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်တော့သည်။ "ရပြီ၊ ၆၀၀ ဆိုလည်း ၆၀၀ ပဲ။ ခင်ဗျား အပြင်ကို လျှောက်မပြောနဲ့နော်။ တစ်ယောက်ယောက်က မေးလာရင် မိသားစုဆွေမျိုးကို လွှဲပေးလိုက်တယ်လို့ပဲ ပြောပါ။ နောက်မှ ကျွန်တော့်လူကို ခင်ဗျားဆီ ဆက်သွယ်ခိုင်းလိုက်မယ်။ ခင်ဗျားက သူ့ကိုခေါ်ပြီး တာဝန်လွှဲပြောင်းတဲ့ လုပ်ငန်းစဉ်တွေ သွားလုပ်လိုက်ပါ။ မှတ်ထားနော်၊ မိသားစုဆွေမျိုးလို့ပဲ ပြောရမယ်"

ရှန်ရှောက်ယွမ်က ခပ်တိုးတိုး ရယ်မောလိုက်၏။ "ကောင်းပါပြီ၊ ကတိအတိုင်းပါပဲ"

ရှန်ရှောက်ယွမ် အေးဆေးတည်ငြိမ်စွာ ခြေလှမ်းများဖြင့် ရုံးခန်းထဲမှ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဒုတိယစက်ရုံမှူးယောင်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။ အမှန်တကယ်တွင် သူသည် ရှန်ရှောက်ယွမ်ကို ရာထူးမှ မနုတ်ထွက်ဘဲ ဆက်လက်အလုပ်လုပ်ရန် ဖျောင်းဖျချင်ရုံသာ ဖြစ်သော်လည်း နောက်ဆုံးတွင် ဘာကြောင့် သူက ရှန်ရှောက်ယွမ်ထံမှ အလုပ်ကို ဝယ်ယူလိုက်မိပါသနည်း။

ထိုမျှမက ယွမ် ၆၀၀ ဟူသော ဈေးကြီးပေးကာ ဝယ်ယူလိုက်မိခြင်းပင်။

နေပါဦး... ရှန်ရှောက်ယွမ်က အစကတည်းက အလုပ်ကိုရောင်းဖို့ ရည်ရွယ်ပြီး လာခဲ့တာများလား။

...

အပိုင်း (၁၁၄)

ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့သည် အလုပ်မှ နုတ်ထွက်လိုက်ကြသည်။ သားအဖနှစ်ဦးသည် နှစ်အတော်ကြာ အလုပ်များနေခဲ့ကြပြီး ယခုအခါတွင်တော့ ရှားပါးလှသော အေးချမ်းသည့် အနားယူချိန်လေးကို ရရှိသွားကြတော့သည်။

ဖုမင်ဇယ်လည်း ထိုနည်းတူပင်။ သူသည် စာမေးပွဲ ပြီးဆုံးပြီးကတည်းက လက်ရှိလုပ်နေသော အလုပ်တချို့ကို လွှဲပြောင်းပေးခဲ့သည်။ ဆောင်းရာသီသည်လည်း လယ်ယာအလုပ်များ နားချိန်ဖြစ်နေသဖြင့် သူ့အတွက် လုပ်စရာကိစ္စ သိပ်မရှိတော့ပေ။

သို့သော် သူသည် ထိုအလိုလိုက်ခံထားရသော သားအဖနှစ်ဦးကဲ့သို့ စောစီးစွာ အလုပ်ထွက်ခွင့် မရှိချေ။ သူသည် ကျေးလက်သို့ ဆင်းလာသော ပညာတတ်လူငယ် ဖြစ်ပြီး အလုပ်ထွက်လိုက်လျှင်ပင် တပ်ဖွဲ့သို့ ပြန်ကာ အလုပ်ဆင်းရဦးမည်။

တပ်ဖွဲ့မိသားစုဝင်းအတွင်းရှိ အိမ်ကို ရှန်မော့အာက နောက်ပိုင်းတွင် ငွေပေးချေကာ အပိုင်ဝယ်ယူထားခဲ့သည်။ ထို့ကြောင့် အိမ်ကို အသိမ်းခံရမည် မဟုတ်ပေ။ မိသားစုတစ်စုလုံးသည် မိသားစုဝင်းအတွင်း အေးအေးချမ်းချမ်း အချိန်အတန်ကြာ နေထိုင်ခဲ့ကြသည်။ ဖုမင်ဇယ်က နေ့စဉ် ယန်လျိုတပ်ဖွဲ့သို့ ပြန်ကာ စမ်းသပ်လယ်ကွင်းကို သွားကြည့်ရမည်ကို ထည့်သွင်းစဉ်းစားပြီးနောက် တစ်မိသားစုလုံး ယန်လျိုတပ်ဖွဲ့သို့ ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

ရှန်မော့အာသည် တက္ကသိုလ်ဝင်ခွင့်စာ မရသေးခင်မှာပင် သားအဖနှစ်ဦးလုံး အလုပ်ထွက်လိုက်ကြသည့် လုပ်ရပ်ကို ရွာသူရွာသားများက လုံးဝ နားမလည်နိုင်အောင် ဖြစ်နေကြ၏။

အထူးသဖြင့် တစ်မိသားစုလုံး အထုပ်ကြီးအထုပ်ငယ်များဖြင့် ယန်လျိုတပ်ဖွဲ့သို့ ပြောင်းရွှေ့လာသည်ကို မြင်သောအခါ ယခင်က ကွယ်ရာတွင် မနာလိုဖြစ်ရုံသာဖြစ်ပြီး ဘာမှ မလှုပ်ရှားရဲသူများပင် ယခုအခါ ရဲတင်းလာကြသည်။ သူတို့သည် ကွယ်ရာတွင် အမျိုးမျိုး အတင်းအဖျင်း ပြောဆိုလာကြလေသည်။

သူတို့က ဒီနှစ်တွေအတွင်းမှာ အရမ်းအဆင်ပြေနေလို့ ဘဝင်မြင့်သွားကြတာ။ အခုတော့ အလုပ်လည်း ပြုတ်သွားပြီ။ တပ်ဖွဲ့မိသားစုဝင်းကနေတောင် နှင်ထုတ်ခံလိုက်ရပြီဟု တချို့က ပြောဆိုကြသည်။

တချို့ကလည်း ရှန်မော့အာက ဝင်ခွင့်စာမရသေးဘဲ အလုပ်ထွက်ရဲတယ်။ တကယ်လို့ တက္ကသိုလ်မအောင်ဘဲ အလုပ်ပါပြုတ်သွားရင်တော့ အချည်းနှီး ဖြစ်သွားတော့မှာပဲဟု ဆိုကြသည်။

ဟုတ်ပါသည်။ အများစုကတော့ ဤစကားများကို အဓိပ္ပာယ်မရှိဟု ထင်မြင်ကြသည်။ ရှန်မော့အာ တက္ကသိုလ်မအောင်လျှင်တောင် စက်ရုံမှူး လုပ်ခဲ့ဖူးသူတစ်ယောက် ဖြစ်သည်။ လယ်လုပ်နေသူ တစ်ယောက်ထက်တော့ ပိုမဆိုးနိုင်ချေ။

အထူးသဖြင့် အဒေါ်ကြီးချန်၊ အဒေါ်ကြီးချိုက်တို့ဆိုလျှင် ရှန်မော့အာကို အကန်းယုံ ယုံကြည်ကြသည်။ ရှန်မော့အာကိုယ်တိုင် သေချာပေါက် အောင်မည်ဟု ယုံကြည်နေမှတော့ သေချာပေါက် အောင်မည်ဟု သူတို့က ထင်မြင်ကြသည်။

ခဏနားရသည်က ဘယ်လောက်ကောင်းသနည်း။ အားလုံး ရွာထဲတွင် နေရင်း နေဆာလှုံကာ စကားစမြည်ပြောကြသည်။ အလုပ်မရှိလျှင် တောင်နောက်ဘက်သို့ သွားကာ ဆောင်းမျှစ်နှင့် မှိုများကို တူးဖော်နိုင်သည်။

ဤသို့ အေးချမ်းသော နေ့ရက်များတွင် ယန်လျိုတပ်ဖွဲ့၏ ပထမဆုံးသော တက္ကသိုလ်ဝင်ခွင့်စာ ရောက်ရှိလာခဲ့သည်။

စာပို့သမားက ဝင်ခွင့်စာ လာပို့ချိန်တွင် တပ်ဖွဲ့ရုံးခန်းတံခါးဝ၌ နေဆာလှုံရင်း စကားပြောနေသူများသာမက သတင်းကြားသော ရွာသူရွာသားများပါ ပြေးလာကြပြီး တပ်ဖွဲ့ရုံးခန်းတံခါးဝတွင် လူများဖြင့် အထပ်ထပ် ပြည့်နှက်နေတော့၏။

ဒါက သူတို့ ယန်လျိုတပ်ဖွဲ့က လက်ခံရရှိသော ပထမဆုံး တက္ကသိုလ်ဝင်ခွင့်စာ ဖြစ်သည်။

"ချန်ထောင်... ချန်ထောင် ကိုယ်တိုင် လာပြီး လက်မှတ်ထိုးပါဗျို့" စာပို့သမားက ပြုံးရွှင်စွာ အော်ပြောလိုက်သည်။

ချန်ထောင်သည် လူအုပ်ထဲမှ တိုးထွက်လာသည်။ အပြေးအလွှား လာခဲ့ရသဖြင့် အသက်ရှူပင် မမှန်သေးဘဲ ပြောလိုက်၏။ "ကျွန်တော်... ကျွန်တော်ပါ"

"ဂုဏ်ယူပါတယ်ဗျာ။ ကျွန်တော်တို့ ပြည်နယ်မြို့တော်က ဆရာအတတ်သင်တက္ကသိုလ်ကို အောင်သွားပြီ" စာပို့သမားက သူ့ကို ဖောင်တိန်လှမ်းပေးလိုက်သည်။

ချန်ထောင်၏ ဖောင်တိန်ကိုင်ထားသော လက်များမှာ အနည်းငယ် တုန်ယင်နေ၏။ သူသည် စိတ်ကို တည်ငြိမ်အောင်ထားကာ နာမည်ကို ကြိုးစားပြီး လက်မှတ်ထိုးလိုက်သည်။ ထို့နောက် စာအိတ်ကို ဖောက်ကာ ဝင်ခွင့်စာကို သေချာစွာ ကြည့်ရှုလိုက်သည်။

"အို... ဒါက တက္ကသိုလ်ဝင်ခွင့်စာဆိုတာလား"

ဘေးမှ လူတချို့က တိုးဝှေ့လာပြီး စပ်စုချင်စိတ်ဖြင့် လက်လှမ်းကာ ယူကြည့်ချင်ကြသည်။ ဘေးတွင်ရှိနေသော ကျိုးမန်ခန်းက ချက်ချင်း တားဆီးလိုက်၏။ "ကြည့်ရင်လည်း အဝေးကပဲ ကြည့်ကြ။ လက်နဲ့ သွားမကိုင်နဲ့။ တကယ်လို့ စုတ်ပြဲသွားရင် ဘယ်လိုလုပ်မလဲ။ ကျောင်းအုပ်ကြီးချန်၊ ခင်ဗျားဘာသာ သေချာသိမ်းထားလိုက်ပါ။ သူတို့ကို ပေးမကိုင်နဲ့"

"ဘယ်ကသာ ဒီလောက်တောင် အဖိုးတန်နေရတာလဲ။ ကြည့်ရုံလေးနဲ့ ပျက်စီးသွားမှာတဲ့လား"

တိုးဝင်လာသူမှာ ထျန်းဖန် ဖြစ်သည်။ သူမ၏ နောက်တွင်တော့ ကလေးချီထားသော ရှန်လင်းလင်းက ကပ်ပါလာ၏။ အသက် ၅ နှစ် ၆ နှစ်အရွယ် ကလေးငယ်သည် မိခင်၏ ရင်ခွင်ထဲတွင် မှီတွယ်နေပြီး လက်က ရှန်လင်းလင်း၏ ဆံပင်ကို တင်းကြပ်စွာ ဆွဲထားသည်။ ရှန်လင်းလင်းသည် နာကျင်သဖြင့် မျက်မှောင်ကြုတ်လိုက်သော်လည်း ကလေးကို လွှတ်ခိုင်းခြင်း မရှိပေ။ ဤအခြေအနေကို သူမ ကျင့်သားရနေပြီ ဖြစ်ကြောင်း သိသာလှသည်။

"စာတစ်စောင်တည်းပဲလား။ တခြားစာတွေကော မရှိဘူးလား" ရှန်လင်းလင်းက မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်ရှုပ်နေသည့် အမူအရာဖြင့် မေးလိုက်သည်။ "ကျန်းကျွင့်လျန်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာ မပါဘူးလား"

စာပို့သမားက ဝင်ခွင့်စာ တစ်စောင်သာ ပါကြောင်း၊ ထိုစာမှာ ချန်ထောင်၏ စာဖြစ်ကြောင်း ပြောပြလိုက်သည်။

ထျန်းဖန်က သံသယဝင်စွာဖြင့် ပြောလိုက်၏။ "ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်မသမက်က အထည်အလိပ်စက်ရုံက နည်းပညာလုပ်သားလေ။ အစကတည်းက စာတော်တဲ့သူဆိုတော့ စာမေးပွဲဆိုတာ သူ့အတွက် လွယ်လွယ်လေးပဲ။ ချန်ထောင်တောင် ပြည်နယ်မြို့တော်က တက္ကသိုလ်ကို အောင်သေးတာ။ ကျွန်မသမက်ဆိုရင် အနည်းဆုံး မြို့တော်က တက္ကသိုလ်လောက်တော့ ရမှာပေါ့။ ရှင်တို့က ပေါ့ပေါ့ဆဆ လုပ်ပြီး ကျွန်မသမက်ရဲ့ ဝင်ခွင့်စာကိုများ ပျောက်အောင် လုပ်လိုက်တာတော့ မဟုတ်ပါဘူးနော်"

စာပို့သမား: “……”

ဒါက လုံးဝ မရှိတဲ့ ပြစ်မှုကို စွပ်စွဲတာပဲ။

"မရှိပါဘူး။ ဝင်ခွင့်စာက ချန်ထောင် တစ်ယောက်တည်းအတွက်ပဲ ပါတာပါ။ နောက်ပြီး ကျွန်တော်တို့က ဘယ်သူ့ရဲ့ ဝင်ခွင့်စာကိုမှ ပျောက်အောင် လုပ်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ စာပို့တဲ့အခါတိုင်း စာရင်းမှတ်ရပါတယ်။ လက်ခံတဲ့သူ ကိုယ်တိုင်ကလည်း လက်မှတ်ထိုးရတာဆိုတော့ ပျောက်သွားနိုင်စရာ အကြောင်း လုံးဝ မရှိပါဘူး"

ထျန်းဖန်က နှုတ်ခမ်းတွန့်လိုက်ပြီး "အဲဒါကို ဘယ်သူက သေချာပြောနိုင်မှာလဲ"

စာပို့သမားက သည်လူသည် လုံးဝ အကြောင်းမဲ့ ပြဿနာရှာနေသည်ဟု ထင်လိုက်သည်။ သူကလည်း အလွယ်တကူ အလျှော့ပေးတတ်သူ မဟုတ်သဖြင့် မနေနိုင်ဘဲ ပြန်ပက်လိုက်၏။ "ဝင်ခွင့်စာ မရသေးတာက ကျောင်းက ဝေးနေလို့ မရောက်သေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေါ့... တက္ကသိုလ်မအောင်တာလည်း ဖြစ်နိုင်တာပဲလေ"

ထျန်းဖန်သည် ချက်ချင်းပင် ဒေါသထွက်သွားကာ "နေပါဦး... ရှင်က ဘယ်လို စကားပြောလိုက်တာလဲ။ တက္ကသိုလ်မအောင်တာလည်း ဖြစ်နိုင်တယ်ဆိုတာ ဘာသဘောလဲ။ ရှင်က ကျွန်မသမက်ကို ကျိန်ဆဲနေတာလား။ ကျွန်မသမက်က ဘယ်လိုလုပ် မအောင်ဘဲ နေမှာလဲ။ ရှင် အခုလို လျှောက်ပြောနေတာ... နောက်ဆိုရင် ကျွန်မသမက် ဝင်ခွင့်စာ မရတာက ရှင်တို့ကိစ္စလုပ်လိုက်တာ သေချာနေပြီ"

စာပို့သမား: “……”

မနိုင်လျှင် ရှောင်ရမည် မဟုတ်လား။ ဤအဒေါ်ကြီးမှာ အလွယ်တကူ ကိုင်တွယ်လို့ရသူ မဟုတ်တာ သိသာသည်။ စာပို့သမားသည် သူမနှင့် စကားများများ မပြောရန် ချက်ချင်း ဆုံးဖြတ်လိုက်ပြီး စက်ဘီးကို တွန်းကာ အပြင်သို့ ထွက်သွားတော့၏။ ရွာလမ်းပေါ်သို့ ရောက်သောအခါ စက်ဘီးကို အမြန်နင်းပြီး ထွက်ခွာသွားတော့သည်။

"ဖွီး။ သူ့ကို ကြည့်ပါဦး၊ သူ လိပ်ပြာမလုံတာကို"

ထျန်းဖန်က တံတွေးထွေးကာ ပြောလိုက်သည်။

ဘေးနားရှိ လူများအားလုံးက သူမကို စကားမပြောနိုင်တော့သည့် အကြည့်များဖြင့် ကြည့်နေကြသည်။

ဒီနှစ်တွေအတွင်းမှာ ထျန်းဖန်သည် တကယ်ကို အရမ်းပြောင်းလဲသွားခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူမ ဘယ်လောက်တောင် နူးညံ့သိမ်မွေ့ပြီး အိမ်ထောင်ရှင်မကောင်း တစ်ယောက်လို ဟန်ဆောင်ခဲ့သလဲဆိုတာကို ပြန်တွေးကြည့်လိုက်ပါ။ ဒီနှစ်တွေထဲမှာတော့ သူမ၏ မူလစရိုက်မှန်က တဖြည်းဖြည်း ပေါ်လာခဲ့ပြီ။ သူမသည် ရိုင်းစိုင်းကာ တစ်ကိုယ်ကောင်းဆန်ပြီး အလွန်အကြင်နာကင်းမဲ့လှသည်။

ယခင်က ရွာထဲရှိ ယောက်ျားကြီး အတော်များများက သူမလို အိမ်ထောင်ရှင်မကောင်းကို သဘောကျခဲ့ကြသည်။ ရှန်ယုံကျွင်းက သူမကို လက်ထပ်နိုင်ခဲ့တာ တကယ်ကို ကံကောင်းတယ်လို့ ထင်ခဲ့ကြသည်။ ဒီနှစ်တွေအတွင်းမှာတော့ ဒီလိုပြောမည့်သူ တစ်ယောက်မှ မရှိတော့ပေ။

သားအမိနှစ်ယောက်သည် ကမန်းကတန်း လာခဲ့ကြပြီး ကမန်းကတန်းပင် ပြန်ထွက်သွားကြသည်။

၂ ရက်အကြာတွင် အလားတူ ဇာတ်လမ်းမျိုး ထပ်မံဖြစ်ပွားခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင် အောင်မြင်သူမှာ ရွာမှ ယခုနှစ် အထက်တန်းကျောင်းဆင်းဖြစ်သော အဒေါ်ကြီးဝမ်အိမ်မှ မြေးမကြီး ဖြစ်သည်။

ထျန်းဖန်နှင့် ရှန်လင်းလင်းတို့ ထပ်မံရောက်လာကြပြီး စာပို့သမားက ကျန်းကျွင့်လျန်၏ ဝင်ခွင့်စာကို ပျောက်အောင်လုပ်လိုက်သည်ဟု ဇွတ်အတင်း ပြောဆိုကြပြန်သည်။ စာပို့သမားမှာ အတော်လေး လန့်သွားခဲ့ပြီး ကျန်းကျွင့်လျန် ကိုယ်တိုင် စာတိုက်သို့ သွားရောက်စစ်ဆေးရန် တိုက်ရိုက်ပြောဆိုလိုက်ရသည်။ ထို့အပြင် မေးခွန်းတစ်ခုပါ ထပ်မေးလိုက်သေး၏။ "ကျန်းကျွင့်လျန် ကျန်းကျွင့်လျန်နဲ့ ပြောနေတာ... အဲဒီ ကျန်းကျွင့်လျန်ကော ဘယ်မှာလဲ"

ထိုအခါမှသာ ထျန်းဖန်နှင့် ရှန်လင်းလင်းတို့ ငြိမ်ကျသွားတော့သည်။

အကြောင်းမှာ ကျန်းကျွင့်လျန်သည် ယန်လျိုတပ်ဖွဲ့သို့ မလာသည်မှာ ရက်သတ္တပတ် အတော်ကြာနေပြီ ဖြစ်သောကြောင့်ပင်။

တက္ကသိုလ်ဝင်ခွင့်စာ ရရှိသည့် သည်လို ကောင်းမွန်သော မင်္ဂလာနေ့ရက်လေးကို သားအမိနှစ်ယောက် လာရောက်နှောင့်ယှက်လိုက်သဖြင့် ပျော်ရွှင်စရာကောင်းသော အငွေ့အသက်များပင် ပျောက်ကွယ်သွားရတော့သည်။

အဒေါ်ကြီးဝမ်ကတော့ ချန်ထောင်ကဲ့သို့ သဘောကောင်းသူ မဟုတ်ပေ။ သူမသည် ထိုနေရာမှာပင် ဒေါသပေါက်ကွဲသွားတော့သည်။ "နင်တို့ ဦးနှောက်များ မကောင်းတာလား။ ရောဂါရှိရင်လည်း စောစောစီးစီး သွားကုကြ။ ဒီနေရာမှာ လာပြီး အရူးဟန်ဆောင်မနေနဲ့။ ကျန်းကျွင့်လျန်က တက္ကသိုလ်အောင်ဖို့ မသေချာဘူးဆိုတာ ထားပါတော့။ တကယ်လို့ အောင်ခဲ့ရင်တောင် နင်တို့နဲ့ ဘာဆိုင်လို့လဲ။ သူများက နင်တို့ကို လှည့်တောင်ကြည့်မှာ မဟုတ်ဘူး။ သူများ ကြီးပွားလာရင် နင်တို့ကို မှတ်မိနေဦးမယ်လို့ မျှော်လင့်နေတာလား။ ရှက်စရာကောင်းလောက်အောင် ညစ်ပတ်နေတဲ့ အမှိုက်ကောင်ကိုမှ နင်တို့လို အမြင်ကျဉ်းတဲ့သူတွေကပဲ အဖိုးတန်တယ်လို့ ထင်နေကြတာ။ ဖွီး..."

ရှန်လင်းလင်းနှင့် ထျန်းဖန်တို့မှာ ရန်ဖြစ်ရာတွင် ကျွမ်းကျင်သူများ မဟုတ်ကြချေ။ သူတို့သည် အဒေါ်ကြီးဝမ်၏ အရှိန်အဝါကို မခံနိုင်ဘဲ အရှက်တကွဲဖြင့် ပြေးထွက်သွားကြရသည်။

ထို့နောက်တွင်တော့ အသစ်ထပ်ရောက်လာသော ဝင်ခွင့်စာများ မရှိတော့ပေ။

ရှန်မော့အာကို အကန်းယုံ ယုံကြည်နေကြသော အဒေါ်ကြီးချန်တို့ပင်လျှင် စိတ်ထဲတွင် စိုးရိမ်လာကြသည်။ တကယ်ပဲ စာမေးပွဲ မအောင်တာများလား။

ရှန်မိသားစုကတော့ နည်းနည်းလေးမှ စိုးရိမ်ပူပန်မနေကြပေ။ ရာသီဥတုက ပိုပိုပြီး အေးလာသဖြင့် သူတို့လည်း အပြင်သို့ သိပ်မထွက်ကြတော့ဘဲ တစ်နေကုန် ခြံဝင်းလေးထဲတွင်သာ အောင်းနေကြသည်။ ပန်းချီဆွဲသူကဆွဲ၊ အင်္ကျီချုပ်သူကချုပ်၊ ကလေးချော့သူကချော့ဖြင့် ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်များနေကြသည်။

ကျောင်းသားများ ဆောင်းရာသီ ကျောင်းပိတ်ရက် ရောက်သည်အထိပင်။ ကျိုးကျောက်တိနှင့် ချန်ယွီတို့လည်း ယန်လျိုတပ်ဖွဲ့သို့ ပြန်ရောက်လာကြသည်။ ရှောင်လျန်လျန်မှာ နေ့စဉ် တွေ့ရသူများ ပိုများလာသော်လည်း ဝင်ခွင့်စာနှင့် ပတ်သက်၍ ဘာသတင်းမှ မကြားရသေးပေ။

"ဆရာမ... တကယ်လို့များ တက္ကသိုလ်မအောင်ခဲ့ရင် ဘယ်လိုလုပ်မလဲ" ကျိုးကျောက်တိပင် စပြီး စိုးရိမ်လာတော့သည်။

သူမ၏ စိတ်ထဲတွင် သူမ၏ဆရာမမှာ အရာရာစွမ်းဆောင်နိုင်သူ ဖြစ်သည်။ သို့သော် ဤစာမေးပွဲမှာ လူသန်းပေါင်းများစွာ ဝင်ရောက်ဖြေဆိုကြသည့် စာမေးပွဲကြီး ဖြစ်သည်။ ထို့အပြင် သူတို့၏ ဆရာကလည်း ပြောဖူးသည်။ အမှတ်ကောင်းတိုင်း တက္ကသိုလ်တက်ရမည်ဟု မဆိုလိုကြောင်း၊ အမှတ်ကောင်းသော်လည်း တက္ကသိုလ်ရွေးချယ်မှု မှားယွင်းပါက ကျရှုံးနိုင်ကြောင်း ပြောဖူးသည်။

ရှန်မော့အာသည် တလေးတနက် စဉ်းစားလိုက်ပြီး ပြောလိုက်၏။ "တကယ်လို့များ မအောင်ခဲ့ရင်တောင် ငါ မြို့တော်ကို သွားဖို့ ပြင်ဆင်ထားပါတယ်။ အခု အပြင်က မူဝါဒတွေလည်း ပြောင်းလဲနေပြီဆိုတော့ ငါ မြို့တော်ကို သွားပြီး လေ့လာကြည့်လိုက်မယ်။ တခြားလုပ်စရာ တစ်ခုခုများ တွေ့လာနိုင်တယ်လေ"

သူမက ကျိုးကျောက်တိ၏ ခေါင်းကို ပွတ်သပ်ကာ ပြုံးလိုက်ပြီး "နင်လည်း မြို့တော်ကို ရောက်အောင် ဖြေဖို့ မှတ်ထားနော်။ အဲဒီအချိန်ကျရင် ဆရာမအိမ်မှာ လာနေပေါ့"

မူဝါဒများက တဖြည်းဖြည်း ဖြေလျှော့လာပြီဖြစ်ရာ သူမအိမ်ရှိ ရတနာသိုက်ကိုလည်း အသုံးပြုရန် နေရာရလာပြီ ဖြစ်သည်။ ထိုအချိန်ကျလျှင် သူမသည် လျိုယင်းရွှမ်း ပြောသကဲ့သို့ အိမ်များများဝယ်ကာ အိမ်ပိုင်ရှင်ကြီး လုပ်မည်ဟု 'တွေး' လိုက်သည်။

ထို့နောက် သူမကိုယ်တိုင် ဘာထပ်လုပ်နိုင်သေးသလဲ ဆိုတာကို ဆက်လက် လေ့လာကြည့်ဦးမည်။

လူဆိုသည်မှာ အမှန်တကယ်ပင် အပြောမခံနိုင်သူ ဖြစ်ဟန်တူသည်။ ရှန်မော့အာသည် လျိုယင်းရွှမ်းအကြောင်း တွေးမိသည်နှင့် တစ်ပြိုင်နက် လျိုယင်းရွှမ်း၏ အသံကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။ အာရုံစိုက်ကာ သေချာနားထောင်ကြည့်လိုက်သောအခါ တကယ်ပင် ဖြစ်နေ၏။

လျိုယင်းရွှမ်းသည် ဘရိတ်ကိုညှစ်ကာ စက်ဘီးကို ခြံတံခါးအပြင်ဘက်တွင် ပစ်ချထားခဲ့ပြီး အထဲသို့ ပြေးဝင်လာရင်း အော်ဟစ်လိုက်သည်။ "စက်ရုံမှူးရှန်... ဝင်ခွင့်စာ ရောက်လာပြီ။ ရှင်နဲ့ ပညာတတ်လူငယ်ဖုတို့ နှစ်ယောက်လုံးရဲ့ စာတွေ ရောက်လာပြီ။ တပ်ဖွဲ့မိသားစုဝင်းကို ပို့လိုက်တာမို့လို့ ရှင်တို့ကိုယ်တိုင် ပြန်သွားပြီး လက်မှတ်ထိုးမှ ယူလို့ရမှာ"

"အား... အား... အား... ကျွန်မဆရာမ အောင်သွားပြီလား။ ကျွန်မဆရာမ တက္ကသိုလ်အောင်သွားပြီလား" ကျိုးကျောက်တိသည် ခုန်ပေါက်ကာ ရယ်မောပျော်ရွှင်နေတော့သည်။

ရှန်မော့အာလည်း မတ်တတ်ရပ်လိုက်ပြီး ပြုံးလျက် မေးလိုက်သည်။ "ရှင်ကော... လျိုယင်းရွှမ်း ရှင်ကော အောင်လား"

လျိုယင်းရွှမ်း၏ ပါးပြင်နှစ်ဖက်မှာ နီရဲနေ၏။ လမ်းတစ်လျှောက် လေတိုက်ခံလာရ၍လား သို့မဟုတ် စိတ်လှုပ်ရှားနေ၍လား မသိပေ။ သူမက ခေါင်းကို အားပါးတရ ညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။ "အောင်တယ်... ကျွန်မ အောင်တယ်။ မြို့တော် နိုင်ငံခြားဘာသာတက္ကသိုလ်ကို အောင်တယ်"

ကျိုးကျောက်တိသည် အပြည့်အဝ ပံ့ပိုးပေးသူတစ်ဦးကဲ့သို့ ဖြစ်နေ၏။ "အား... ယင်းရွှမ်းအစ်မက အရမ်းတော်တာပဲ။ အစ်မလည်း မြို့တော်က ကျောင်းကို အောင်တာလား"

လျိုယင်းရွှမ်းသည် ခါးကိုထောက်ကာ မေးစေ့ကို ပင့်တင်လိုက်ပြီး မာန်ပါပါဖြင့် "ဒါပေါ့" ဟု ပြန်ပြောလိုက်သည်။

မကြာမီမှာပင် သူမက ထပ်ပြောပြန်သည်။ "ဒါပေမဲ့ နင့်ဆရာမတို့က ပိုတော်တာပေါ့။ သူတို့က မြို့တော်တက္ကသိုလ်လေ။ သူတို့နှစ်ယောက်လုံး မြို့တော်တက္ကသိုလ်ကို အောင်တာ"

"နင့်ဟာနင် သူတို့နှစ်ယောက်ကိုသာ ကြည့်ကြည့်ပါဦး။ နည်းနည်းလေးမှတောင် မအံ့ဩကြဘူး။ နည်းနည်းလေးမှလည်း စိတ်မလှုပ်ရှားကြဘူး။ သူတို့က လူတွေရော ဟုတ်ရဲ့လား အားးး..."

တကယ်တမ်းတွင် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ထိုနှစ်ယောက်၏ စူးရှသောအော်သံများကို ဆက်တိုက်ကြားနေရသဖြင့် စိတ်လှုပ်ရှားမှု လျော့ကျသွားသော ရှန်မော့အာ : “……”

အိပ်ချင်မူးတူးဖြစ်ကာ အနည်းငယ် ငိုချင်နေသော ကလေးငယ်လေးကို ချီထားရင်း ကလေးအိပ်ပျော်အောင် ကြိုးစားချော့သိပ်နေရသော ဖုမင်ဇယ် : “……”

သမီးလေး အေးအေးချမ်းချမ်း မအိပ်ဘဲ ဂျီကျနေခြင်းနှင့် ယှဉ်လိုက်လျှင် တက္ကသိုလ်အောင်ခြင်းက အမှန်တကယ်ပင် စိတ်လှုပ်ရှားစရာ မကောင်းလှတော့ချေ။

...

All Chapters