← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အပိုင်း (၁၁၅)

ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ မြို့တော်တက္ကသိုလ်သို့ အောင်မြင်သွားကြောင်း သတင်းပျံ့နှံ့သွားပြီးနောက် ရှန်ဆွေမျိုးအသိုင်းအဝိုင်းထဲတွင် အသက်အကြီးဆုံးဖြစ်သော မျိုးနွယ်စုခေါင်းဆောင်သည် ရှန်လောင်ချီတို့အိမ်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့သည်။

ဒီနှစ်များအတွင်း အခြေအနေများ ပြောင်းလဲလာခဲ့ပြီ ဖြစ်၏။ ယခင်က ချင်းမင်ပွဲတော်နှင့် ကျုံးယွမ်ပွဲတော်များတွင် ဘယ်သူမှ စက္ကူမီးမရှို့ရဲကြသော်လည်း ယမန်နှစ်မှစပြီး တိတ်တဆိတ် မီးရှို့ပူဇော်သူများ ရှိလာခဲ့သည်။ ယခုနှစ် ချင်းမင်ပွဲတော်တွင်တော့ အိမ်တိုင်းလိုလိုပင် တောင်ပေါ်သို့ တက်လာခဲ့ကြသည်။

မျိုးနွယ်စုခေါင်းဆောင်ရှန်၏ စိတ်ထဲတွင် စောစောကတည်းက တွေးတောနေခဲ့၏။ သူတို့ရှန်မိသားစုမှ ထူးချွန်သူများ ပေါ်ထွက်လာခဲ့ပြီ။ ပထမဦးစွာ နိုင်ငံပိုင်စက်ရုံ၏ စက်ရုံမှူး ဖြစ်လာခဲ့သည်။ ယခုအခါ ဇနီးမောင်နှံနှစ်ဦးစလုံး အမြင့်ဆုံးတက္ကသိုလ်ကြီးသို့ ဝင်ခွင့်ရခဲ့ကြပြန်သည်။ ယခင်က တပ်ဖွဲ့အတွင်းမှာပင် ဤမျှလောက် ကြီးကျယ်သော လှုပ်ရှားမှုများ ပြုလုပ်နိုင်ခဲ့လျှင် မြို့တော်သို့ ရောက်သွားပါက ပင်လယ်ကျယ်၌ ငါးများလူးလာကူးခတ်နိုင်ပြီး ကောင်းကင်ကျယ်၌ ငှက်များလွတ်လပ်စွာ ပျံသန်းနိုင်သကဲ့သို့ အခွင့်အရေးများ ပိုရရှိလာမည်။

ဤကဲ့သို့ ကြီးကျယ်သော ကိစ္စရပ်မျိုးအတွက် ဘိုးဘွားများကို ကန်တော့ပြီး စားပွဲသောက်ပွဲကြီးများ ကျင်းပကာ ဂုဏ်ပြုသင့်သည် မဟုတ်ပါလား။

ရှန်မျိုးနွယ်နှင့် ကျိုးမျိုးနွယ်တို့သည် ယန်လျိုတပ်ဖွဲ့တွင် အင်အားအကြီးဆုံး မျိုးနွယ်စုကြီးများ ဖြစ်ကြသည်။ မူလက သူတို့ရှန်မျိုးနွယ်သည် ကျိုးမျိုးနွယ်၏ ဖိနှိပ်မှုကို အမြဲခံခဲ့ရသည်။ တပ်ဖွဲ့ခေါင်းဆောင်များထဲတွင်လည်း ကျိုးမျိုးနွယ်များက ပိုများသည်။ သို့သော် ရှန်လောင်ချီတို့ မိသားစု ကြီးပွားလာချိန်မှစ၍ ရွာထဲရှိ ရှန်မျိုးနွယ်များမှာ ခါးဆန့်ကာ မျက်နှာပွင့်လန်းလာခဲ့ကြသည်။

မျိုးနွယ်စုခေါင်းဆောင်ရှန်သည် တောင်ဝှေးကို ထောက်ထားလျက် ရှန်ရှောက်ယွမ်ကို မျှော်လင့်တကြီး ကြည့်နေလေသည်။ ရှန်ရှောက်ယွမ်သည် ရှောင်လျန်လျန်ကို ချော့သိပ်နေရင်း မျက်လုံးပင် မပင့်ဘဲ ပြောလိုက်၏။ "ဘိုးဘွားတွေကို ကန်တော့တာတော့ ထားလိုက်ပါတော့။ ကျွန်တော်တို့ သားအဖနှစ်ယောက်က ရှန်မိသားစုကြီးမှာ ဘာမှ အရေးပါတဲ့လူတွေမှ မဟုတ်တာ။ အောင်ပွဲခံတဲ့အနေနဲ့ စားပွဲသောက်ပွဲ လုပ်တာလောက်တော့ ရပါတယ်။ ဒီကိစ္စကို ကျွန်တော် နောက်မှ စီစဉ်လိုက်ပါ့မယ်။ အဲဒီအချိန်ကျရင် ခင်ဗျားတို့ အားလုံး လာခဲ့ကြပါ"

မျိုးနွယ်စုခေါင်းဆောင်ရှန်၏ အိုမင်းနေသော မျက်နှာမှာ ပူထူသွားခဲ့သည်။ ယခင်က ရှန်မိသားစုကြီးသည် ရှန်လောင်ချီအပေါ် နှိမ်ခဲ့ကြသည်။ အစ်ကိုကြီးနှစ်ယောက်က ပူးပေါင်းကာ ရှန်လောင်ချီ၏ အိမ်ကို လိမ်လည်ယူငင်ခဲ့ကြစဉ်က ရှန်လောင်ချီ မင်္ဂလာဆောင်ချိန်တွင် ဆွေမျိုးများကို အကူအညီတောင်းခဲ့ဖူးသည်။ သို့သော် ထိုစဉ်က သူတို့က ၎င်းမှာ ညီအစ်ကိုများအကြား ပြဿနာသာဖြစ်၍ ဝင်မစွက်ဖက်လျှင် ပိုကောင်းမည်ဟု တွေးခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ရှန်လောင်ချီမှာလည်း အသက် ဆက်မရှင်နိုင်လောက်အောင်တော့ မဖြစ်ခဲ့ပေ။

ယခုအခါ သူတို့ ကြီးပွားလာသောအခါမှ မျက်နှာပြောင်တိုက်ကာ ကပ်ဖားလာကြသဖြင့် ဟိုဘက်က ခနဲ့တဲ့တဲ့ ပြောဆိုမည်ဆိုလျှင်လည်း အပြစ်တင်လို့ မရနိုင်တော့ချေ။

မျိုးနွယ်စုခေါင်းဆောင်ရှန်သည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ "အဲဒါဆိုလည်း ရပါတယ်။ အချိန်ကျရင် မီးမွှေးဖို့၊ ထမင်းဟင်းချက်ဖို့၊ ဟင်းသီးဟင်းရွက်ဆေးဖို့၊ ဟင်းပွဲချဖို့ လိုရင် မင်း တစ်ခွန်းသာ ပြောလိုက်ပါ။ ငါ သူတို့အားလုံးကို လာကူခိုင်းလိုက်မယ်"

ရှန်ရှောက်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။ "ရပါတယ်"

အခမဲ့ ခိုင်းစေနိုင်သော လုပ်အားများ ရှိနေသဖြင့် သူကတော့ သေချာပေါက် ငြင်းဆန်မည် မဟုတ်ပေ။ ထို့အပြင် ဤလူများသည် ရှန်လောင်ချီကို မကူညီခဲ့ဖူးသော်လည်း အနိုင်ကျင့်ခဲ့ခြင်းလည်း မရှိပေ။ ထို့ကြောင့် ရှန်ရှောက်ယွမ်သည် သူတို့နှင့် အဆက်အသွယ် လုံးဝ ဖြတ်တောက်ပစ်ရန်လည်း အကြောင်းမရှိချေ။

မျိုးနွယ်စုခေါင်းဆောင်ရှန်သည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး တောင်ဝှေးကို ထောက်ကာ အိမ်သို့ ပြန်သွားလေသည်။

"သမီးရဲ့ ဖေဖေနဲ့ မေမေက တောင်ပေါ်မှာ သွားဆော့နေကြတယ်။ ငါတို့ မြေးအဘိုးနှစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့တာလေ။ စဉ်းစားကြည့်စမ်း... အဘိုးသာ သမီးအနားမှာ မရှိရင် သမီးလေး တစ်ယောက်တည်း နေရပြီး ငိုယိုနေရတော့မှာ မဟုတ်ဘူးလား။ အဲဒါကြောင့် သမီးက အဘိုးကို ကျေးဇူးတင်ရမယ်နော်။ အမယ်... သမီးလေးက တော်တော် ဉာဏ်ကောင်းမယ့် ရုပ်လေးပဲ။ သမီးရဲ့ ဘိုးဘိုးကြီး(သူ့အရင်ဘဝက အစ်ကိုတော် ဘုရင်ကို ပြောတာပါ)သာ သမီးကို မြင်ရင် သေချာပေါက် သဘောကျမှာပဲ။ ပြောမရဘူးနော်... သမီးကို ပစ္စည်းကောင်းတွေ အများကြီး ပေးချင်ပေးမှာ။ နှမြောစရာပဲ... ဒါပေမဲ့ ဘာမှမဖြစ်ပါဘူးလေ။ နောင်ကျရင် အဘိုးက သမီးအတွက် ပစ္စည်းကောင်းတွေ ချန်ထားပေးမှာပါ"

ရှန်ရှောက်ယွမ်သည် အားလပ်နေသဖြင့် ပျင်းရိကာ ကလေးငယ်လေးနှင့် မျက်လုံးချင်းဆုံလျက် တတွတ်တွတ် စကားပြောနေလေသည်။ ကလေးငယ်လေးက သူ့ကို ကြည့်ရင်း တစ်ခါတစ်ရံ သွားမရှိသော သွားဖုံးလေးများ ပေါ်အောင် ပြုံးပြတတ်ပြီး တံတွေးများကို ဖူးဖူးမှုတ်ကာ တုံ့ပြန်လေသည်။

"နင်က ဘာတွေ လျှောက်တွေးနေတာလဲ။ အဲဒီ လူယုတ်မာတွေက ငါတို့ရဲ့ ရှောင်လျန်လျန်လေးကို ပစ္စည်းကောင်းတွေ ချန်ထားပေးမယ်လို့ ထင်နေတာလား" ရှန်ယင်းယင်းသည် အပြင်မှ ဝင်လာပြီး ကလေးငယ်လေးကို အရင်ဆုံး ချော့မြှူလိုက်ကာ ဆက်ပြောလိုက်၏။ "နောက်ကျရင် ဘွားဘွားလေးက သမီးအတွက် ပစ္စည်းတွေ စုထားပေးမယ်။ နောင်တစ်ချိန် ငါတို့ရဲ့ ရှောင်လျန်လျန်လေး မင်္ဂလာဆောင်တဲ့အခါကျရင် ဘွားဘွားလေးက လက်ကောက်တစ်ကွင်း စုထားပေးမယ်နော်"

ရှန်ရှောက်ယွမ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိချေ။ သူသည် မျက်လုံးကို ပင့်ကာ ရှန်ယင်းယင်းကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဒီနေ့ ဘယ်လိုလုပ် ရောက်လာတာလဲ"

ရှန်ယင်းယင်းက လက်ထဲရှိ ဂုန်နီအိတ်ကို ဆွဲမပြလိုက်၏။ "ငါတို့ရွာမှာ နှစ်သစ်ကူးအတွက် ဝက်ပေါ်တယ်လေ။ ဒီနှစ် ဝက်တွေ အများကြီး မွေးထားလို့ တပ်ဖွဲ့ကလည်း ဝေပေးတယ်။ ပြီးတော့ တပ်ဖွဲ့ဆီကနေ ဝယ်ခွင့်လည်း ပေးထားတယ်။ နင့်မိသားစုက စားပွဲသောက်ပွဲ လုပ်လောက်မယ်လို့ ငါ တွေးမိလို့ သီးသန့် နည်းနည်းထပ်ဝယ်ပြီး လာပို့ပေးတာပါ"

ရှန်ရှောက်ယွမ် ချက်ချင်းပင် ရယ်မောလိုက်လေသည်။ "ဒါကြောင့်လည်း အစ်မအရင်းလို့ ပြောရတာပေါ့။ အစ်မက အရာရာကို စေ့စေ့စပ်စပ် တွေးပေးနိုင်တယ်။ ကျွန်တော်က အသား နည်းနည်းပါးပါး ဘယ်ကနေ ရနိုင်မလဲလို့ စဉ်းစားနေတာ"

သူက ခဏ စဉ်းစားလိုက်ပြီးနောက် ပြတ်သားစွာ ပြောလိုက်၏။ "ရက်ရွေးနေမယ့်အစား ကြုံတဲ့နေ့မှာပဲ လုပ်လိုက်တာ ပိုကောင်းပါတယ်။ မနက်ဖြန်ပဲ စားပွဲသောက်ပွဲ လုပ်လိုက်ကြမယ်။ စားပွဲ နည်းနည်းပိုခင်းလိုက်မယ်။ အစ်မက ယောက်ဖရယ်၊ ကျိန့်ယန်နဲ့ ကျိန့်ဟွေးတို့ကိုပါ ခေါ်လာခဲ့လိုက်ပါ"

ရှန်ယင်းယင်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။ "နင်က စိတ်ကူးပေါက်ရင် ပေါက်သလို လုပ်တတ်တာပဲ"

သူမက အသံကို နှိမ့်ကာ မေးလိုက်၏။ "လူတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ရက်ကောင်းရက်မြတ်လေး ရွေးခိုင်းရင် မကောင်းဘူးလား"

ရှန်ရှောက်ယွမ်က ပြုံးလျက် ပြန်ဖြေသည်။ "ကျွန်တော် ညဘက် ကောင်းကင်က ကြယ်တွေကို ကြည့်ပြီး တွက်ချက်ကြည့်လိုက်တော့ မနက်ဖြန်က ရက်ကောင်းရက်မြတ်ပဲလို့ ထင်တယ်"

ရှန်ယင်းယင်း : “……”

သူမ မနေနိုင်ဘဲ ညည်းတွားလိုက်မိသည်။ "နင်က တကယ့်ကို တစ်ခုခုပဲ။ ငါက တောင်ပေါ်လမ်းကို အပင်ပန်းခံပြီး နင့်ဆီ အသားလာပို့ပေးရတာ။ အခုချက်ချင်း တောင်ပေါ်လမ်းကို ပြန်ဆင်းပြီး လူသွားခေါ်ရဦးမယ်။ အဲဒါပြီးရင် မနက်ဖြန် မနက်စောစော တောင်ပေါ်လမ်းကို ပြန်ဆင်းလာရဦးမယ်။ နင်က တကယ့်ကို ကျွန်မရဲ့ မောင်အရင်းပါပဲ"

စကားများကို တတွတ်တွတ် ဆက်တိုက်ပြောဆိုပြီးနောက် စပျစ်သီးမည်းလေးများကဲ့သို့ မျက်လုံးဝိုင်းကြီးများဖြင့် ဘာကိုကြည့်နေမှန်း မသိသော ရှောင်လျန်လျန်လေးကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်၏။ "လျန်လျန်လေး လိမ္မာတယ်နော်။ မနက်ဖြန် မနက်စောစော ဘွားဘွားလေးက သမီးဆီ ပြန်လာခဲ့မယ်နော်"

သူမသည် အိတ်ထဲရှိ ပစ္စည်းများကို မီးဖိုချောင်ထဲသို့ ကမန်းကတန်း သွားထားလိုက်ပြီးနောက် သွက်သွက်လက်လက်ပင် ပြန်လည်ထွက်ခွာသွားတော့သည်။

ရှန်ရှောက်ယွမ်သည် သူမ၏ ဝေးကွာသွားသော ကျောပြင်ကို ကြည့်ရင်း ရယ်မောလိုက်လေသည်။

ရှန်မော့အာနှင့် ဖုမင်ဇယ်တို့သည် အားလပ်နေသဖြင့် တောင်ပေါ်သို့ တက်ကာ ဆောင်းမျှစ်နှင့် မှိုများကို တူးဖော်နေကြသည်။ လူရွှင်တော်လေးများဖြစ်သော ဝမ်ချိုးထုန်နှင့် ကျိန့်ကျားမင်တို့ မပါဝင်သော်လည်း ချန်ယွီနှင့် ကျိုးကျောက်တိတို့ နှစ်ယောက် တိုးလာသဖြင့် လမ်းတစ်လျှောက်လုံး စကားသံများ ဆူညံနေလေသည်။

ချန်ယွီက ရှန်မော့အာကို အတင်းဆွဲကာ တောကောင်ရှာရန် ခေါ်ဆောင်သွားလေသည်။ "ဆောင်းမျှစ်တူးတာ၊ မှိုခူးတာတွေက ဆရာ့ရဲ့ စွမ်းရည်ကို ဘယ်လိုလုပ် ပြနိုင်မှာလဲ။ ရတနာသိုက်ထဲကို ရောက်နေမှတော့ လက်ချည်းသက်သက် ဘယ်ပြန်လို့ရမလဲ။ ဒီနေ့ ကျွန်တော်တို့ အသားနည်းနည်းပါးပါးတော့ ရအောင် ယူသွားရမယ်"

ရှန်မော့အာ : “……”

သိသာလိုက်တာ။ ဒီကလေး တကယ့်ကို အသားတောင့်တနေတာပဲ။

သို့သော် သူတို့ ကံမကောင်း၍လား သို့မဟုတ် ရာသီဥတုက အလွန်အေးနေ၍လား မသိပေ။ တောကြက်နှင့် တောယုန်များအားလုံး ပုန်းအောင်းနေကြသည်။ သူတို့ တောင်ပေါ်တွင် တစ်ပတ်ခန့် လှည့်လည်ရှာဖွေခဲ့သော်လည်း ဘာတောကောင်မှ မဖမ်းမိခဲ့ချေ။ သို့သော် တောတည်သီး ခြင်းတောင်းငယ်တစ်လုံးစာတော့ ခူးဆွတ်နိုင်ခဲ့သည်။

ထိုကြားထဲတွင် မျှစ်အနည်းငယ် တူးဖော်ပြီး မှိုအနည်းငယ် ခူးဆွတ်ခဲ့ကြသည်။ ထို့နောက် သူတို့လေးယောက်သား စိတ်ပျက်လက်ပျက်ဖြင့်သာ တောင်အောက်သို့ ဆင်းလာခဲ့ရတော့သည်။

တောင်အောက်သို့ ဆင်းလာပြီး ရှန်မိသားစု ခြံဝင်းငယ်လေးထဲသို့ ပြန်ရောက်သောအခါ ရှန်ရှောက်ယွမ်က ရှန်ယင်းယင်း အသားများ ယူလာပေးကြောင်း ပြောပြလေသည်။ ထို့အပြင် မနက်ဖြန်တွင် ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ တက္ကသိုလ်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စားပွဲသောက်ပွဲ ကျင်းပရန် ပြင်ဆင်ထားကြောင်းကိုပါ ပြောပြလိုက်သည်။

ချန်ယွီမှာ ချက်ချင်းပင် ဝမ်းသာအားရ ခုန်ပေါက်သွားလေသည်။ "အား... အား... အရမ်းကောင်းတာပဲ။ အသားစားရတော့မယ်"

ရှန်မော့အာသည် နှုတ်ခမ်းကို တွန့်လိုက်မိသည်။ လူကြီးသူမများ ပြောလေ့ရှိသော "လူပျိုပေါက်အရွယ် စားလွန်းရင် မိဘတွေ မွဲတတ်တယ်" ဆိုသည့်စကားမှာ အလဟဿ မဟုတ်ချေ။ သူ့မိဘများမှာ ငွေရှာနိုင်ပြီး အလုပ်လုပ်နိုင်သူများ ဖြစ်ကြသည်။ အဒေါ်ကြီးချန်ကလည်း အစားအသောက်များကို ကောင်းစွာ ဖန်တီးနိုင်သူ ဖြစ်သည်။ သည်လောက် ပြည့်စုံနေပါလျက်နှင့် ဤကလေးမှာ တစ်နေကုန် ဗိုက်ဆာလွန်း၍ သေတော့မည့်ဟန် ပေါက်နေသေးသည်။

ကျေးလက်ဒေသတွင် စားပွဲသောက်ပွဲ ကျင်းပမည်ဆိုလျှင် အသားနှင့် ဆန်ရှိနေပါက အားလုံးအဆင်ပြေသည်။ မည်သို့ပင်ဆိုစေ ဟင်းသီးဟင်းရွက်များကို ကိုယ်ပိုင်စိုက်ခင်းများမှ ရရှိနိုင်ပြီး အလုပ်လုပ်ပေးမည့်သူများလည်း အများအပြား ရှိနေသည်။

ချန်ယွီက ရှန်မိသားစုနှင့် အဆက်အသွယ်ရှိသော အိမ်များကို သွားရောက် အကြောင်းကြားပေးမည့် တာဝန်ကို အားတက်သရော တောင်းယူလိုက်သည်။ ဖုမင်ဇယ်ကတော့ စက်ဘီးကို တွန်းကာ တပ်ဖွဲ့အတွင်းရှိ တခြားသူများကို အကြောင်းကြားရန် ထွက်သွားလေသည်။

နောက်တစ်နေ့သို့ ရောက်သောအခါ ရှန်မိသားစု ခြံဝင်းငယ်လေးထဲသို့ မနက်စောစောကတည်းက လူတစ်အုပ်ကြီး ရောက်လာကြသည်။ လူတိုင်း၏ လက်ထဲတွင် ပစ္စည်းအမျိုးမျိုး ပါလာကြ၏။ ငါးဆားနယ်၊ အသားခြောက်၊ မုန်လာဥ၊ ဟင်းသီးဟင်းရွက် စသည်ဖြင့် ရှိသမျှအရာအားလုံးကို ယူလာကြသည်။ ရောက်လာပြီးနောက် ဘယ်သူမှ ဧည့်ခံစရာ မလိုဘဲ အားလုံးက လက်မောင်းကို ပင့်တင်ကာ အလုပ်များကို စတင်ကူညီလုပ်ကိုင်ကြတော့သည်။

ရှန်ယင်းယင်းက အသားတစ်တုံးကြီး ယူလာပေးခဲ့ပြီး ဖုမင်ဇယ်က အစ်ကိုပေါင်ကို အကူအညီတောင်းကာ ငါးတစ်တောင်း ရရှိခဲ့သည်။ ထို့အပြင် လျိုကွေ့ကျစ် အလျင်စလို ကူညီရှာဖွေပေးသော ဝက်ကလီစာတစ်အိတ်ကလည်း ပါဝင်သေးသည်။ တခြားအသေးအမွှားများကိုပါ စုပေါင်းလိုက်ပြီး ရွာသူရွာသားများက အားနာပါးနာဖြင့် အတင်းထည့်ပေးသွားသော အသားနှင့် ဟင်းသီးဟင်းရွက်များပါ ပေါင်းထည့်လိုက်သောအခါ နောက်ဆုံးတွင် စားပွဲ၁၀ဝိုင်းကျော် ဟင်းပွဲများကို အလွန်ခမ်းနားစွာ တည်ခင်းနိုင်ခဲ့သည်။

ဤတစ်ကြိမ်တွင် ရှန်မိသားစုမှ ညီအစ်ကို ၃ ယောက်သာမက အဒေါ်ကြီး ရှန်ရှန့်ဟုန်တို့ မိသားစုပင်လျှင် မျက်နှာပြောင်တိုက်ကာ ရောက်လာကြသည်။ အိမ်တိုင်းက အနီရောင်စာအိတ် ၃ အိတ်စီ ယူလာကြ၏။ တစ်အိတ်က ရှန်မော့အာအတွက်၊ တစ်အိတ်က ဖုမင်ဇယ်အတွက်နှင့် ကျန်တစ်အိတ်က ကလေးငယ်လေး လျန်လျန်အတွက် ဖြစ်သည်။

ရှန်ရှောက်ယွမ်လည်း မငြင်းဆန်ခဲ့ချေ။ ဤမိသားစုများသည် ယခင်က ရှန်လောင်ချီ သားအဖကို အချိန်အကြာကြီး ဒုက္ခပေးခဲ့ကြသည်။ ထို့ကြောင့် ဤအနီရောင်စာအိတ်များကို ရှန်လောင်ချီ သားအဖကိုယ်စား လက်ခံယူလိုက်ခြင်း ဖြစ်သည်ဟု မှတ်ယူလိုက်သည်။

ရှန်လင်းလင်းလည်း သူမ၏သား ကျန်းဖန့်ဖန့်ကို ခေါ်လာခဲ့သည်။ စားပွဲ၌ ထိုင်နေစဉ် ကျန်းဖန့်ဖန့်သည် အသားထည့်ထားသော ပန်းကန်ပြားကို အတင်းဆွဲယူထားပြီး မလွှတ်ချေ။ ထိုအခါ စားပွဲဝိုင်းတစ်ခုတည်း ထိုင်နေသော အဒေါ်ကြီးချိုက်၏ မြေးငယ်လေးက သူ့ကို နှစ်ချက်ခန့် ရိုက်လိုက်သဖြင့် ထိုနေရာမှာပင် ငိုယိုသောင်းကျန်းတော့သည်။

ရှန်လင်းလင်းသည် ကလေးကို အနိုင်နိုင် ချော့သိပ်ပြီးနောက် အဒေါ်ကြီးချိုက်၏ ချွေးမငယ်နှင့် ငြင်းခုံချင်ခဲ့သေးသည်။ သို့သော် တစ်ဖက်လူက "ရှင်က ဆရာမလုပ်နေပြီးတော့ ကိုယ့်သားကို ဒီလိုဖြစ်အောင် သင်ထားတာတောင် ပြောရဲသေးတယ်" ဟု တစ်ခွန်းတည်းဖြင့် ပက်ပက်စက်စက် ပြန်လည်ချေပလိုက်သဖြင့် ရှန်လင်းလင်းမှာ ဆွံ့အသွားရတော့သည်။

တချို့ကလည်း တမင်သက်သက် မေးလိုက်ကြ၏။ "ရှင့်ယောက်ျား ကျန်းကျွင့်လျန်လည်း တက္ကသိုလ်အောင်တယ်ဆို။ ဝင်ခွင့်စာ ရပြီလား"

မြို့တော်လို အဝေးကြီးက ဝင်ခွင့်စာတောင် ရောက်လာပြီကို ဘယ်ကျောင်းက ဝင်ခွင့်စာက လမ်းမှာ ကြန့်ကြာနေရတာလဲ။

ထိုမေးခွန်းကြောင့် ရှန်လင်းလင်း၏ မျက်နှာမှာ နီရဲသွားခဲ့သည်။ တကယ်တော့ ကျန်းကျွင့်လျန် စာမေးပွဲ မဖြေနိုင်ခဲ့ကြောင်း သူမ သိထားပြီးသားပင်။ သူ့အမှတ်များဖြင့် တက္ကသိုလ်အောင်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

ရှန်လင်းလင်းသည် အများကြီး မစားဖြစ်ခဲ့ဘဲ ကျန်းဖန့်ဖန့်ကို ခေါ်ကာ ပြန်ထွက်သွားတော့သည်။

မကျေမနပ်ဖြစ်နေသော ကျန်းဖန့်ဖန့်ကို ချီထားလျက် ဝေးဝေးသို့ ရောက်သွားပြီးနောက် ရှန်လင်းလင်းသည် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။ ခင်းကျင်းထားသော စားပွဲအရေအတွက် အလွန်များပြားလှသဖြင့် ခြံဝင်းအတွင်း နေရာမလောက်တော့ဘဲ ခြံဝင်းအပြင်ဘက် ရွာလမ်းပေါ်တွင်ပါ စားပွဲများကို ခင်းကျင်းထားရသည်။ လူအများအပြား ပြည့်နှက်နေပြီး ရယ်မောသံများ လွှမ်းခြုံနေလေသည်။

ရှန်လင်းလင်းသည် တစ်ခဏ တွေဝေသွားခဲ့သည်။ ဘယ်အချိန်က စတင်ခဲ့တာလဲ။ အဲဒီမိသားစုက တဖြည်းဖြည်း ပိုပိုကောင်းမွန်လာပြီး သူမ လုံးဝ မမှီနိုင်တော့တဲ့ အခြေအနေအထိတောင် ရောက်သွားခဲ့ပြီလား။

ရှန်မော့အာတစ်ယောက် အစားအသောက် မဝလင်၍ အရိုးပေါ်အရေတင် ပိန်ချုံးနေခဲ့သော ပုံစံကိုပင် သူမ သေသေချာချာ မမှတ်မိနိုင်တော့ချေ။

ရှန်မော့အာလို လူမျိုးက ယခင်က ထိုကဲ့သို့သော ဘဝမျိုးဖြင့် ဖြတ်သန်းခဲ့ရဖူးသည် ဆိုသည်ကို သူမ ယုံတောင်မယုံရဲတော့ချေ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

စားပွဲသောက်ပွဲ ပြီးဆုံးပြီးနောက် ရက်အနည်းငယ် အကြာတွင် ဖုမင်ဇယ်ထံသို့ ရုတ်တရက် ကြေးနန်းစာတစ်စောင် ရောက်ရှိလာခဲ့သည်။ အကြောင်းအရာမှာ "အဘိုး နေမကောင်းဘူး၊ အမြန်ပြန်လာခဲ့" ဟူ၍။

သူ၏ မိဘများ ပြန်လည်ထူထောင်ပြီး မြို့တော်သို့ ပြန်လည်ရောက်ရှိပြီးနောက် နယ်စပ်ဒေသတွင် အဝေးရောက်နေသော အဘိုးအဘွားများလည်း မြို့တော်သို့ ပြန်လာခဲ့ကြသည်။ ယခင်စာထဲတွင် သူ့အမေက တစ်ခွန်းပြောပြဖူးသည်။ အဘိုးသည် နယ်စပ်ဒေသ၏ ရာသီဥတုနှင့် သိပ်မကိုက်ညီသဖြင့် ဒီနှစ်တွေအတွင်းမှာ ကျန်းမာရေး အတော်လေး ချို့တဲ့လာခဲ့ပြီး မြို့တော်သို့ ပြန်ရောက်ပြီးနောက် ဆက်တိုက် ဆေးကုသမှု ခံယူနေရကြောင်း ပါရှိသည်။

ဖုမင်ဇယ်သည် မကြာသေးမီကပင် အစ်ကိုပေါင်ကို အကူအညီတောင်းကာ နှစ်သစ်ကူးပြီးနောက် မြို့တော်သို့ ပြန်ချိန်တွင် အဘိုးအတွက် ယူသွားပေးရန် သစ်ခွမြစ်အနည်းငယ်ကို ဝယ်ယူစုဆောင်းထားခဲ့သေးသည်။ နှစ်သစ်ကူးပင် မရောက်သေးခင်မှာ အိမ်မှ ကြေးနန်းစာက အရင်ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။

"တကယ်တော့ ကျွန်မလည်း ရှင်နဲ့အတူတူ လိုက်သွားသင့်တာပါ။ အဘိုးရဲ့ ရောဂါအခြေအနေက ဘယ်လိုရှိနေမှန်းလည်း မသိရသေးဘူးလေ။ ဒါပေမဲ့ လောလောဆယ် ရှင်က ကျွန်မတို့ကို စောင့်ပြီး အတူတူသွားမယ်ဆိုရင် ကျွန်မတို့က ချက်ချင်း ထွက်ဖို့ မလွယ်ဘူး။ စောင့်နေရင်းနဲ့ အချိန်တွေ နှောင့်နှေးကုန်လိမ့်မယ်။ အဲဒါကြောင့် ရှင်တစ်ယောက်တည်း အရင်သွားတာ ပိုကောင်းမယ်လို့ ထင်တယ်။ မနက်ဖြန်မနက်ပဲ ထွက်သွားလိုက်တော့။ လမ်းမှာ နှစ်ရက်လောက် ကြာမယ်ဆိုတော့ တတိယနေ့မှပဲ ရောက်တော့မှာ"

ရှန်မော့အာသည် ကုတင်ခေါင်းရင်းကို မှီကာ ကလေးငယ်လေးကို ညင်သာစွာ ပုတ်သိပ်နေရင်း မျက်လုံးတစ်ဝက်ပွင့်တစ်ဝက်ပိတ် ဖြစ်နေသည်ကို ကြည့်ကာ "အိပ်တော့လေ" ဟု တိုးတိုးလေး သိပ်နေလေသည်။ ထို့နောက် သူမက ဆက်ပြော၏။ "ကျွန်မတို့က မူလအစီအစဉ်အတိုင်း နှစ်သစ်ကူးပြီးမှ ပြန်ကြတာပေါ့။ အဲဒီအချိန်ကျရင် လျိုယင်းရွှမ်းနဲ့ ကျိုးဖျင်အန်းတို့လည်း အတူတူပါမယ်ဆိုတော့ သေချာပေါက် ပြဿနာမရှိနိုင်ပါဘူး"

ကျိုးဖျင်အန်းသည် ဤနှစ်များအတွင်း ရှန်ရှောက်ယွမ်ထံတွင် ပန်းချီပညာကို ဆက်တိုက်သင်ယူနေခဲ့သည်။ ပထမဆုံး အုတ်ဖိုစက်ရုံတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ထို့နောက် နေ့စားဝန်ထမ်း ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် အုတ်ဖိုစက်ရုံက သူ့ကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ရန် ပြင်ဆင်နေစဉ် သူက ချက်ချင်းပင် တပ်ဖွဲ့အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ကာ ပန်းချီဆရာ သွားလုပ်နေလေသည်။

ထို့နောက် မကြာသေးမီက ရှန်ရှောက်ယွမ် မြို့တော်သို့ သွားမည်ဟု ကြားသိရသောအခါ ဤကောင်လေးသည် တပ်ဖွဲ့အလယ်တန်းကျောင်းသို့ နုတ်ထွက်စာ တင်လိုက်ပြန်သည်။ ဤစာသင်နှစ်ကုန်လျှင် ဆက်မသင်တော့ဘဲ သူ၏ဆရာနှင့်အတူ မြို့တော်သို့ လိုက်သွားမည်ဟု ဆိုလေသည်။

ကျိုးရှင်းဝမ့်နှင့် လျိုကွေ့ကျစ်တို့ နှစ်ဦးစလုံးမှာ ရိုးသားဖြောင့်မတ်သော စရိုက်ရှိကြသော်လည်း မည်သို့ဖြစ်၍ ဤမျှလောက် လွတ်လပ်ပေါ့ပါးလွန်းသော သားတစ်ယောက်ကို မွေးဖွားလာရသနည်း။ လျိုကွေ့ကျစ်မှာ ဒေါသထွက်လွန်း၍ မေ့လဲလုမတတ် ဖြစ်သွားခဲ့သည်။ သို့သော် ဤကောင်လေးက သူ့မိဘများ အလုပ်မှ အငြိမ်းစားယူပြီးလျှင် မြို့တော်သို့ လာနေရန်ပင် ပြောဆိုလိုက်သေးသည်။

လျိုကွေ့ကျစ်က ဒေါသတကြီးဖြင့် အော်ပြောလိုက်မိသည်။ "မြို့တော်မှာ သွားပြီး ဘာလုပ်ရမှာလဲ၊ တောင်းစားရမှာလား"

ထိုအခါ ဤကောင်လေးက မေးစေ့ကို ပင့်တင်ကာ ပြန်ဖြေလိုက်၏။ "ကျွန်တော် အမေတို့ကို ကျွေးမွေးစောင့်ရှောက်မှာပေါ့"

လျိုကွေ့ကျစ်မှာ ဒေါသလည်းထွက် ရယ်လည်းရယ်ချင်သွားခဲ့သည်။ သူကပဲ သူတို့ကို ကျွေးမွေးစောင့်ရှောက်မည်တဲ့လား။ သူ့ကိုယ်သူရော ကျွေးမွေးနိုင်ပါ့မလား ဆိုတာကတောင် ပြဿနာတစ်ခု ဖြစ်နေသေးသည်။

သို့သော် တစ်ဦးတည်းသောသား ဖြစ်နေသဖြင့် ဘာမှမတတ်နိုင်တော့ဘဲ နောက်ဆုံးတွင် ဗဟုသုတရစေရန်ဟူသော အကြောင်းပြချက်ဖြင့် မြို့တော်သို့ သွားခွင့်ပြုလိုက်ရတော့သည်။

လျိုကွေ့ကျစ်သည် ကွယ်ရာတွင် ရှန်မော့အာကို မှာကြားခဲ့သေးသည်။ တကယ်လို့ သူမ၏ လူနုံအလေး မြို့တော်မှာ အဆင်မပြေဖြစ်ခဲ့ရင် ရှန်မော့အာကို ကူညီပြီး လက်မှတ်ဝယ်ကာ ပြန်ပို့ပေးရန် အကူအညီတောင်းခဲ့သည်။

ဒီနှစ်တွေထဲမှာ မြို့ပေါ်ပြန်သွားတဲ့ ပညာတတ်လူငယ်တွေ ဘယ်လောက်တောင် များနေပြီလဲ။ ကြားရသလောက်တော့ ပညာတတ်လူငယ်တွေ ပြန်ရောက်သွားရင်တောင် အလုပ်မရှာနိုင်ဘဲ အလုပ်လက်မဲ့တွေပဲ ဖြစ်ကုန်ကြတာ။ ပန်းချီလေး နည်းနည်းပါးပါး ဆွဲတတ်ရုံလောက်နဲ့ သူက ဘာသွားလုပ်နိုင်မှာလဲ။

ရှန်မော့အာက သူ့ကို မြို့တော်သို့ တစ်ယောက်တည်း အရင်ပြန်သွားရန် ပြောသည်ကို ကြားသောအခါ ဖုမင်ဇယ်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ "မြို့တော်က ခရီးအဝေးကြီးလေ။ မင်းတို့က ကလေးလည်း ပါသေးတယ်။ ကို အတူတူ မလိုက်ရရင် စိတ်မချဘူး"

ရှန်မော့အာက ပြန်ပြောလိုက်သည်။ "ကျွန်မ အရင်ကတည်းက ဖုန်းဝေနဲ့ စကားပြောထားပြီးသားပါ။ အဲဒီအချိန်ကျရင် ကျွန်မတို့က ဆီဖိုးကိုယ်တိုင်ထုတ်ပြီး စက်ရုံကကားကို ငှားပြီး ပြည်နယ်မြို့တော်ကို သွားလိုက်မယ်။ ပြည်နယ်မြို့တော်ကို ရောက်တာနဲ့ ရထားပေါ်တက်လိုက်ရုံပဲလေ။ ရထားပေါ်က ဆင်းရင် မြို့တော်ရောက်ပြီဆိုတော့ သိပ်ပြီး ပင်ပန်းစရာမရှိပါဘူး"

"တကယ်လို့ ရှင်နဲ့အတူတူ နှစ်သစ်ကူးမတိုင်ခင် ပြန်မယ်ဆိုရင် ဒီရက်ပိုင်း စက်ရုံမှာ အလုပ်များနေတော့ ကားငှားရခက်လိမ့်မယ်။ ပြီးတော့ ကျွန်မတို့ ဘာမှလည်း ပြင်ဆင်မထားရသေးဘူး။ အိပ်စင်လက်မှတ်လည်း ဝယ်လို့ရမှာ မဟုတ်ဘူး။ ကျွန်မကတော့ ကိစ္စမရှိပေမဲ့ ရှောင်လျန်လျန်လေးကတော့ ဒီလောက်ပင်ပန်းတာကို ခံနိုင်မှာ မဟုတ်ဘူး"

ရှန်မော့အာ ပြောသည်မှာ အမှန်တရားဖြစ်ကြောင်း ဖုမင်ဇယ် သိထားသော်လည်း နှစ်သစ်ကူးပြီးနောက် ဇနီးဖြစ်သူက သမီးလေးကို ခေါ်ကာ ခရီးဝေးနှင်ရမည်ကို တွေးမိတိုင်း စိတ်ထဲတွင် ရတက်မအေးနိုင် ဖြစ်နေမိသည်။

ရှန်မော့အာက ခေါင်းလှည့်ကြည့်လိုက်သည်တွင် သူ့မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများကို မြင်တွေ့ရသောအခါ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ "ကျွန်မ ကွမ်ကျိုးကို ဘယ်နှခေါက်တောင် သွားဖူးနေပြီလဲ။ ရထားပေါ်မှာ ကျွန်မအတွက် ရှင် လုံးဝ စိတ်ပူစရာ မလိုပါဘူး။ နောက်ပြီး အဖေလည်း ပါသေးတယ်လေ။ သာမန်လူတွေက ကျွန်မတို့အဖေကို အနိုင်ကျင့်နိုင်ပါ့မလား။ လျိုယင်းရွှမ်းလည်း ပါသေးတယ်။ သူက သူများကို အနိုင်မကျင့်ရင်တောင် ကံကောင်းနေပြီ။ ပြီးတော့ ကျိုးဖျင်အန်းလို လူပျိုပေါက်ကြီးလည်း ပါသေးတာပဲ။ ကျွန်မတို့ လူကြီးတစ်အုပ်လုံးက ရှောင်လျန်လျန်လေး တစ်ယောက်တည်းကိုတောင် ဂရုမစိုက်နိုင်မှာကို ရှင်က စိုးရိမ်နေတာလား"

သူမက တမင်သက်သက် သူ့ကို မျက်စောင်းထိုးလိုက်ကာ "ရှင်ကလေ... ရင်ထဲမှာ ရှင့်သမီးပဲ ရှိတာ"

ဖုမင်ဇယ်က မျက်လွှာချကာ သူမကို ကြည့်လိုက်ပြီး "စေတနာကို နားမလည်ဘူး"

ရှန်မော့အာမှာ ရယ်မောလိုက်ပြီး သူ့ရှေ့သို့ တိုးသွားကာ နက်ရှိုင်း မည်းနက်နေသော မျက်ဝန်းများကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်ပြီးနောက် သူ့ကို အရင်နမ်းလိုက်လေသည်။ "ဒါဆို... ပညာတတ်လူငယ်ဖုရဲ့ ရင်ထဲမှာ ကျွန်မပဲ ရှိတာပေါ့"

ဖုမင်ဇယ်က သူမ၏ ခေါင်းကို ဆွဲပင့်ကာ အနမ်းကို ပိုမိုနက်ရှိုင်းသွားစေသည်။ အတော်ကြာပြီးနောက် အသံဩဩဖြင့် ပြောလိုက်၏။ "အင်း... မင်းပဲ ရှိတာ"

စကားသံ အဆုံးမှာပင် ဘေးသို့ ဖယ်ထားခံရသော ကလေးငယ်လေးက ရုတ်တရက် ဝါးကနဲ အော်ငိုလိုက်လေသည်။ အလွန် ဝမ်းနည်းပက်လက်ဖြစ်ကာ မတရားခံရသည့်ပုံစံပေါက်နေသည်။

ရှန်မော့အာက ရယ်မောလိုက်ပြီး "ရှင့်သမီးကတော့ သဘောမတူဘူးထင်တယ်"

ဖုမင်ဇယ်သည် သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်ပြီး ရယ်မောလိုက်လေသည်။

နောက်တစ်နေ့ မနက်စောစောတွင် ဖုမင်ဇယ်သည် ခရီးထွက်ခဲ့သည်။ နှစ်ရက်အကြာတွင် အထုပ်ကြီးအထုပ်ငယ်များ ဆွဲကာ ဖုမင်ဇယ်သည် ၇ နှစ်ကျော်အကြာတွင် မြို့တော်၏ မြေပေါ်သို့ တစ်ဖန် ပြန်လည်ခြေချနိုင်ခဲ့သည်။

ရထားဘူတာရုံမှ ထွက်လာပြီးနောက် ဖုမင်ဇယ်သည် ဆေးရုံသို့သွားမည့် ဘတ်စ်ကားပေါ်သို့ တိုက်ရိုက်တက်လိုက်၏။

ဆောင်းလယ်ဖြစ်သဖြင့် ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ယံမှာ အနည်းငယ် မှိုင်းညို့နေပြီး ဖုမင်ဇယ်၏ လက်ရှိခံစားချက်ကဲ့သို့ပင် မှောင်မည်းနေလေသည်။

မြို့တော်၏ လမ်းများနှင့် ရှုခင်းများမှာ များစွာ ပြောင်းလဲသွားဟန် မပေါ်သော်လည်း နေရာတိုင်းတွင် နှစ်ပေါင်းများစွာ မမြင်တွေ့ခဲ့ရသော သူစိမ်းဆန်မှုများက ပေါ်လွင်နေလေသည်။

ဖုမင်ဇယ်မှာ ရှားရှားပါးပါး စိတ်နှင့်ကိုယ်မကပ်အောင် ဖြစ်နေမိသည်။ အဘိုးမှာ အသက်ကြီးနေပြီဖြစ်ပြီး နယ်စပ်ဒေသတွင် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံခဲ့ရသဖြင့် ယခုတစ်ကြိမ် ရောဂါအခြေအနေ မည်သို့ရှိမည်ကို တွေးမိကာ စိုးရိမ်မိပြန်သည်။ ပြီးနောက် အိမ်ရှိ...

သူ့ဇနီးဖြစ်သူ ဘာတွေလုပ်နေမလဲ၊ ရှောင်လျန်လျန်လေးက ဖေဖေ အိမ်မှာမရှိတာကို သတိထားမိပါ့မလား... ထားပါတော့၊ သမီးလေးကတော့ သေချာပေါက် သတိထားမိမှာ မဟုတ်ပါဘူးလေ...

သတိမထားမိလိုက်ဘဲ ဆေးရုံမှတ်တိုင်သို့ ရောက်ရှိသွားသည်။ ဖုမင်ဇယ်သည် ကားပေါ်မှဆင်းကာ အထုပ်များကိုဆွဲလျက် ဆေးရုံဆီသို့ လျှောက်သွားခဲ့သည်။

နှစ်သစ်ကူး နီးကပ်နေပြီဖြစ်သဖြင့် ဆေးရုံတွင် လူများများစားစား မရှိချေ။ ဖုမင်ဇယ်သည် လူနာဆောင်သို့ တိုက်ရိုက်လျှောက်သွားခဲ့ပြီး တံခါးဝသို့ ရောက်သည်နှင့် ဘေးဘက်မှ မသေချာသောအသံဖြင့် ခေါ်သံကို ကြားလိုက်ရသည်။ "မင်ဇယ်လား"

ဖုမင်ဇယ်သည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ရပ်နေသော ယင်းရှို့ဝမ်က သူ့ကို အံ့သြတကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။

နှစ်ပေါင်းများစွာ မတွေ့ရသော်လည်း သူ့အမေမှာ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားဆဲ ဖြစ်သည်။ သို့သော် နားထင်ဘေးတွင်တော့ လျစ်လျူရှု၍မရနိုင်သော ဆံပင်ဖြူများစွာ တိုးလာခဲ့ပြီး အသားအရေမှာလည်း အနည်းငယ် မည်းသွားဟန်ရှိကာ မျက်လုံးထောင့်များတွင် အရေးအကြောင်းငယ်များ ရှိနေလေပြီ။

ဖုမင်ဇယ်သည် သူ့အမေကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ "အမေ၊ ကျွန်တော် ပြန်ရောက်ပြီ"

ယင်းရှို့ဝမ်၏ မျက်ဝန်းများမှာ ချက်ချင်းပင် နီရဲသွားခဲ့သည်။ သူမသည် ခေါင်းကို လှည့်ကာ မျက်လုံးထောင့်များကို သုတ်လိုက်ပြီး ဖုမင်ဇယ်၏ ရှေ့သို့ ကမန်းကတန်း လျှောက်သွားကာ သူ့လက်ထဲရှိ အထုပ်များကို ယူရန် လက်လှမ်းလိုက်လေသည်။ "ဘာလို့ ကြိုပြီး ကြေးနန်း မရိုက်လိုက်တာလဲ။ အဲဒါဆို သားအဖေ သွားကြိုလို့ရတာပေါ့။ ဒီလို အထုပ်ကြီးအထုပ်ငယ်တွေနဲ့"

ဖုမင်ဇယ်က အနည်းငယ် ရှောင်ဖယ်လိုက်ပြီး "ကျွန်တော့်ဘာသာ သယ်ပါ့မယ်"

ထို့နောက် ချက်ချင်းပင် မေးလိုက်လေသည်။ "အဘိုး ဘယ်လိုနေသေးလဲ"

...

အပိုင်း (၁၁၆)

"အစတုန်းကတော့ ချောင်းဆိုးရုံလေးပဲ။ သူ့ကို ဆေးရုံ အကြိမ်ကြိမ် ခေါ်သွားပြီး ပြတယ်။ ဆေးပေးလိုက်လို့ သောက်ကြည့်တော့ နည်းနည်း သက်သာလာသလိုပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အပြင်ထွက်ရင်း အအေးမိသွားတော့ ပြန်လာတဲ့အခါ ချောင်းပိုဆိုးလာတယ်။ ဆေးရုံကို ပို့လိုက်တော့ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါနဲ့ တခြားရောဂါတချို့ ရှိနေတယ်လို့ ပြောတယ်။ အဲဒီအချိန်ကတည်းက ဆေးရုံတင်ထားလိုက်ရတာပဲ"

ယင်းဝမ်ရှို့သည် သက်ပြင်းချလိုက်၏။ "ရက်အနည်းငယ်လောက် နေရင် ဘာမှမဖြစ်တော့ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ ရက်လောက်က ရုတ်တရက် အခြေအနေ ပိုဆိုးလာတယ်။ လူကလည်း သတိမလည်တော့ဘူး။ တစ်ခဏလောက် သတိရလိုက်၊ ပြန်မေ့သွားလိုက် ဖြစ်နေတာ။ အဲဒါနဲ့ အမေလည်း သားဆီကို အမြန် ကြေးနန်းရိုက်လိုက်တာ"

ဖုမင်ဇယ်သည် ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော်တို့ လမ်းလျှောက်ရင်း ပြောကြတာပေါ့"

ယင်းဝမ်ရှို့သည် မျက်လုံးထောင့်များကို ထပ်မံသုတ်လိုက်ပြီး သားဖြစ်သူ၏ ခြေလှမ်းများနှင့်အညီ လိုက်ပါလျှောက်လှမ်းရင်း မေးလိုက်၏။ "မော့အာတို့က ဘယ်တော့လာကြမှာလဲ။ လျန်လျန်... နာမည်က လျန်လျန်လို့ ခေါ်တယ်မလား။ လျန်လျန်လေးကော ဘယ်လိုနေလဲ"

ဖုမင်ဇယ်က ပြန်ဖြေလိုက်သည်။ "နှစ်သစ်ကူးပြီးတဲ့အထိ စောင့်လိုက်ဦးမယ်။ ကလေးကလည်း ငယ်သေးတော့ ချက်ချင်းကြီး ခေါ်လာဖို့က အဆင်မပြေဘူးလေ။ ပြီးတော့ အိမ်ပြောင်းလာရမှာဆိုတော့ ချက်ချင်းကြီး ပြင်ဆင်လို့ မမီနိုင်ဘူး"

"အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။ ကလေးက ဒီလောက် ငယ်သေးတာ၊ နေရာတိုင်းမှာ သတိထားရမယ့် အချိန်လေ" ယင်းဝမ်ရှို့သည် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်မှ ဆက်ပြောလေ၏။ "ဒါပေမဲ့ သားရဲ့အဘိုးသာ တစ်ခုခုဖြစ်သွားရင်... မော့အာနဲ့ ကလေးကို မတွေ့လိုက်ရဘဲ ဖြစ်သွားမှာစိုးလို့"

ဖုမင်ဇယ်က ခေါင်းရမ်းလိုက်သည်။ "အဲဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး"

လူနာခန်းထဲတွင် ဖုကျစ်ယွမ် တစ်ယောက်တည်းသာ ရှိနေလေသည်။ လွန်ခဲ့သော ၂ ရက်က အဘွားကြီးလည်း ရှိနေခဲ့သော်လည်း သူမမှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်ရာ ၂ ရက်ခန့် အဖော်ပြုပေးပြီးနောက် မျက်နှာမှာ အလွန်ပင် ချို့တဲ့နွမ်းနယ်လာခဲ့သည်။ ထို့ကြောင့် ဖုကျစ်ယွမ်သည် သားအငယ်ကို အမြန်ခေါ်ကာ အဘွားကြီးကို အိမ်သို့ ပြန်ပို့ခိုင်းလိုက်ရသည်။

ဖုကျစ်ယွမ်သည် နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော သားအကြီးကို မြင်သောအခါ ချက်ချင်းပင် မျက်ဝန်းများ နီရဲသွားခဲ့သည်။ ခဏကြာပြီးနောက်မှ သားဖြစ်သူ၏ ပခုံးကို ပုတ်ကာ သက်ပြင်းချလျက် ပြောလိုက်၏။ "ပြန်ရောက်လာတာပဲ ကောင်းပါတယ်"

သူ့အကြည့်များက အပြင်ဘက်သို့ မနေနိုင်ဘဲ လှမ်းကြည့်နေမိသည်။ ယင်းဝမ်ရှို့သည် သူ ဘာကိုကြည့်နေသည်ကို သိသဖြင့် ပြောလိုက်သည်။ "ရှင် မကြည့်ပါနဲ့တော့။ သူ တစ်ယောက်တည်း ပြန်လာတာ။ ကမန်းကတန်းဆိုတော့ တစ်မိသားစုလုံးကို ခေါ်လာဖို့က တကယ်လည်း အဆင်မပြေဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်ကူးပြီးရင်တော့ သူတို့ ပြန်လာကြမှာပါ"

ဖုကျစ်ယွမ်သည် ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်၏။ "ဟုတ်တယ်၊ ဟုတ်တယ်။ လောစရာ မလိုပါဘူး။ မင်းမိန်းမကို ဖြည်းဖြည်းချင်းမှ လာခိုင်းလိုက်ပါ"

ဖုမင်ဇယ်သည် လူနာကုတင်ဘေးသို့ လျှောက်သွားလိုက်သည်။ ယခင်က ကျန်းမာတက်ကြွခဲ့သော အဘိုးကြီးသည် ယခုအခါ မျက်လုံးများမှိတ်ကာ လဲလျောင်းနေပြီး တစ်ကိုယ်လုံး ပိန်ချုံးကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေပြီ။

သူသည် လက်ထဲရှိ ပစ္စည်းများကို ချထားလိုက်ပြီး အဘိုးကြီး၏ အနီးသို့ တိုးသွားကာ ပြောလိုက်၏။ "အဘိုး၊ မင်ဇယ် ပြန်ရောက်ပါပြီ"

အဘိုးကြီး၏ မျက်ခွံများမှာ အနည်းငယ် လှုပ်ခတ်သွားသလို ရှိသော်လည်း လူကတော့ သတိရမလာခဲ့ချေ။ ဖုကျစ်ယွမ်မှာ စိတ်ထဲတွင် အလွန်ဝမ်းနည်းသွားပြီး အတင်းအကြပ် အောင့်အီးထားသော မျက်ရည်များမှာ နောက်ဆုံးတွင် ကျဆင်းလာခဲ့တော့သည်။

အဘိုးကြီးသည် နှုတ်မှ ထုတ်မပြောသော်လည်း တကယ်တမ်း စိတ်ထဲတွင်တော့ မြေးအကြီးဆုံးဖြစ်သော ဖုမင်ဇယ်ကို အချစ်ဆုံးဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် အစပိုင်းတွင် သတင်းအနည်းငယ် ကြားရုံနှင့် ဖုမင်ဇယ်ကို စောစီးစွာ အဝေးသို့ ပို့ဆောင်ပေးခဲ့သည်။

ဤတစ်ကြိမ် မြို့တော်သို့ ပြန်ရောက်လာသောအခါတွင်လည်း မြေးအကြီးဆုံး၏ မိသားစု ပြန်လာမည့်အချိန်ကို နေ့စဉ်နှင့်အမျှ မျှော်လင့်နေခဲ့သည်။ သို့သော် ဖုမင်ဇယ် ပြန်မရောက်လာသေးမီမှာပင် သူကိုယ်တိုင် အရင်ဆုံး လဲကျသွားလိမ့်မည်ဟု ဘယ်သူက သိနိုင်မည်နည်း။

ဖုကျစ်ယွမ်သည် မျက်လုံးထောင့်များကို သုတ်လိုက်ပြီး ပြောလိုက်သည်။ "မင်း ခုလေးတင်မှ ပြန်ရောက်တာဆိုတော့ အိမ်ကို အရင်ပြန်ပြီး ရေမိုးချိုး၊ ခဏနားလိုက်ဦး။ မနက်ဖြန်မှ ပြန်လာခဲ့ပေါ့။ မင်းအဘွားကိုလည်း အိမ်ပြန်ပြီး အဖော်သွားလုပ်ပေးလိုက်ဦး"

ဖုမင်ဇယ်သည် အဘိုးကြီး၏ နားနားသို့ ကပ်ကာ စကားအနည်းငယ် ထပ်ပြောလိုက်ပြီးနောက် အိတ်ကိုဆွဲကာ အိမ်သို့ ပြန်လာခဲ့သည်။ သူသည် ရထားပေါ်တွင် ၂ ရက်လုံးလုံး မွန်းကြပ်စွာ လိုက်ပါလာခဲ့ရသဖြင့် ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် နံစော်ကာ ညစ်ပတ်နေပြီး ဆေးရုံတွင် ဆက်နေရန်မှာလည်း မသင့်တော်လှချေ။

သူ့မိဘများ ပြန်လည်ဖြေလျော့ခွင့်ရပြီးနောက် မူလအိမ်ဟောင်းကိုလည်း ပြန်လည်ရရှိခဲ့သည်။ ဖခင်ဖြစ်သူက စာထဲတွင် ပြောဖူးသည်။ သူတို့၏ အိမ်ကို ယခင်က တော်လှန်ရေးကော်မတီ၏ ခေါင်းဆောင်တစ်ဦးက သိမ်းထားခဲ့သည်။ အပြင်ပန်းအားဖြင့် ဂိုဒေါင်အဖြစ် အသုံးပြုသည်ဟု ဆိုသော်လည်း တကယ်တမ်းတွင်တော့ အထဲ၌ မိန်းမတစ်ယောက်ကို မွေးထားသည်။ ထိုအကြောင်းကြောင့်ပင် အိမ်မှာ သိပ်ပြီး ပျက်စီးသွားခြင်း မရှိခဲ့ပေ။ လမ်းသွယ်လေးထဲရှိ တချို့အိမ်များကဲ့သို့ ခြံဝင်းတစ်ခုထဲတွင် မိသားစု ဆယ်ဂဏန်းခန့် နေထိုင်ကာ အိမ်ကို ကစဉ့်ကလျား အခန်းကန့်ထားခြင်းမျိုး မရှိခဲ့ချေ။ ထိုသို့ဖြစ်ခဲ့ပါက ပြန်လည်ရရှိပြီးနောက်တွင် ပြုပြင်မွမ်းမံရန်အတွက် အချိန်နှင့် အင်အား များစွာ စိုက်ထုတ်ရလိမ့်ဦးမည်။

ဖုမင်ဇယ် ခြံတံခါးကို ခေါက်ကာ ဖွင့်လိုက်သောအခါ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ဦးကို မြင်လိုက်ရသည်။ ထိုလူငယ်ကို ကြည့်ရသည်မှာ စိမ်းသက်နေသော်လည်း မျက်နှာသွင်ပြင်မှာတော့ အနည်းငယ် ရင်းနှီးနေသလို ရှိလေသည်။

လူငယ်လေးသည် သူ့ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် မျက်လုံးများ အရောင်လက်သွားပြီး ဝမ်းသာအားရ အော်ခေါ်လိုက်၏။ "အစ်ကိုကြီး... အစ်ကိုကြီး ပြန်ရောက်လာပြီလား"

ခြံဝင်းထဲတွင် နေဆာလှုံနေသော အဘွားကြီးသည်လည်း ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ခြေလှမ်းသေးသေးလေးများဖြင့် ထွက်လာလေသည်။ "ဘယ်သူ ပြန်ရောက်လာတာလဲ။ မင်ဇယ် ပြန်ရောက်လာတာလား"

........

တစ်ချိန်တည်းမှာပင် မိုင်ထောင်ချီ ကွာဝေးသော ယန်လျိုတပ်ဖွဲ့တွင်။

ရှန်ရှောက်ယွမ်သည် ကလေးငယ်လေးကို ချီထားလျက် ခြံဝင်းထဲတွင် နေဆာလှုံနေသည်။ ရှန်မော့အာက ဘေးဘက်တွင် ခရီးဆောင်အိတ်များကို ထုပ်ပိုးနေပြီး ဘေးတွင် အသင့်ထုပ်ပိုးထားပြီးသော သေတ္တာများနှင့် အထုပ်အပိုးများကို ကြည့်ကာ စိတ်ညစ်စွာဖြင့် ပြောလိုက်၏။ "ပစ္စည်းတွေက အရမ်းများလွန်းတယ်။ သမီးတို့ ဒီလောက်များတဲ့ ခရီးဆောင်အိတ်တွေကို ထမ်းပြီး အပြင်ထွက်ဖို့ကတော့ သေချာပေါက် မဖြစ်နိုင်ဘူး"

သူမသည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် ဆက်ပြောသည်။ "မဖြစ်ဘူးဆိုရင် သမီးတို့ ခရီးဆောင်အိတ်တွေကို အရင်ပို့ထားလိုက်ကြရအောင်။ ဒီနေ့ပဲ သွားပို့လိုက်မယ်။ နှစ်သစ်ကူးပြီးတာနဲ့ ရောက်လောက်မှာပါ"

ရှန်ရှောက်ယွမ်ကတော့ ထိုမျှလောက် ဒုက္ခခံစရာ မလိုဟု ထင်မြင်လေသည်။ "ပစ္စည်းတွေကို ရတနာတိုက်ထဲ ထည့်ကြည့်ရအောင်။ တကယ်လို့ ထည့်လို့ရရင် မြို့တော်ရောက်တဲ့အခါ အချိန်အခါကြည့်ပြီး ပြန်ထုတ်လိုက်ရုံပဲလေ။ စာတိုက်ကနေ ပို့ရင် ပိုက်ဆံကုန်တာက တစ်ပိုင်း၊ နောက်ကျရင် ငါတို့သာ ရောက်သွားပြီး အထုပ်တွေ မရောက်သေးရင် ဘယ်လိုလုပ်မလဲ"

ရှန်မော့အာ ယခင်က ဤနည်းလမ်းကို မတွေးမိခဲ့ခြင်းမှာ သည်နှစ်များအတွင်း သူတို့သည် ရတနာတိုက်ထဲမှ ပစ္စည်းများကို အပြင်သို့ ထုတ်ယူဖူးရုံသာ ရှိခဲ့ပြီး ရတနာတိုက်ထဲသို့ ပစ္စည်းများ ပြန်လည်ထည့်သွင်းခြင်းမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးသောကြောင့်ပင်။

မဤကမ္ဘာလောကတွင် သူတို့၏ ဆင်းရဲမွဲတေမှု အခြေအနေအရ ရတနာတိုက်ထဲသို့ သိမ်းဆည်းရန် တန်ဖိုးရှိသော ပစ္စည်းဟူ၍ အမှန်တကယ်ပင် ဘာမှမရှိခဲ့ချေ။

ရှန်မော့အာသည် အိတ်တစ်လုံးကို ဆွဲကာ အခန်းထဲသို့ ဝင်သွားလေသည်။

တကယ်တမ်းတွင် ရတနာတိုက်၏ တံခါးမှာ မည်သည့်နေရာတွင်မဆို လွယ်လင့်တကူ ဖွင့်လို့ရနိုင်သည်။ ဤအချက်ကို ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့ စမ်းသပ်ကြည့်ပြီး ဖြစ်သည်။ သူတို့ မည်သည့်နေရာတွင် ရောက်နေပါစေ စိတ်ထဲမှ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ရတနာတိုက်၏ တံခါးက ပေါ်လာသည်။ ရှန်မော့အာသည် ယခင်က ကွမ်ကျိုးတွင် စမ်းသပ်ခဲ့ဖူးပြီး ရတနာတိုက်တံခါးကို ဖွင့်လို့ရခဲ့သည်။ ထို့ကြောင့် မြို့တော်တွင်လည်း အတူတူပင် ဖြစ်လိမ့်မည်ဟု တွေးမိသည်။

ခြံဝင်းထဲတွင်လည်း အမှန်ပင် ဖွင့်လို့ရနိုင်သည်။ သို့သော် တခြားသူများ မြင်သွားမည်ကို ကာကွယ်ရန်အတွက် ရှန်မော့အာနှင့် ရှန်ရှောက်ယွမ်တို့သည် များသောအားဖြင့် လူမရှိသော ပိတ်လှောင်ထားသည့် နေရာမျိုးကို ရှာဖွေပြီးမှသာ ရတနာတိုက်ထဲသို့ ဝင်လေ့ရှိကြသည်။ ထို့အပြင် သည်နှစ်များအတွင်း အနားတွင် ဖုမင်ဇယ် ရှိနေသောကြောင့် ရှန်မော့အာ ရတနာတိုက်ထဲသို့ ဝင်ရောက်သည့် အကြိမ်အရေအတွက်မှာ အလွန်နည်းပါးလှသည်။ ပစ္စည်းတစ်ခုခု လိုအပ်ပါက ရှန်ရှောက်ယွမ်ကိုသာ သူ့အခန်းထဲမှ ယူလာဟန်ဆောင်ကာ ထုတ်ယူခိုင်းလေ့ရှိသည်။

အကယ်၍ အပြင်ဘက်မှ ပစ္စည်းများကို ရတနာတိုက်ထဲသို့ ထည့်နိုင်မည်ဆိုပါက သူတို့သည် ခရီးဆောင်အိတ်များကို ရတနာတိုက်ထဲသို့ အရင်ထည့်ထားလိုက်ပြီး မြို့တော်သို့ ရောက်သောအခါ အခွင့်အရေးရှာပြီး ပြန်ထုတ်ယူလိုက်ရုံပင်။

မိနစ်အနည်းငယ်ပင် မကြာလိုက်ချေ။ ရှန်မော့အာသည် လက်ချည်းသက်သက်ဖြင့် အခန်းထဲမှ ထွက်လာခဲ့သည်။ သူမက မျက်ခုံးကို ပင့်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်၏။ "ရတယ်"

မကြာမီမှာပင် ထုပ်ပိုးပြင်ဆင်ထားသော ခရီးဆောင်အိတ်များ အားလုံးကို ရှန်မော့အာက ရတနာတိုက်ထဲသို့ ပစ်ထည့်လိုက်တော့သည်။

ရှန်ရှောက်ယွမ်လည်း ရှောင်လျန်လျန်ကို ချီထားလျက် ရတနာတိုက်ထဲသို့ ဝင်သွားလေသည်။ ရတနာတိုက်ထဲရှိ ပစ္စည်းများမှာ အနည်းငယ် ပြန့်ကျဲနေ၏။ ရှန်ရှောက်ယွမ်သည် မြေပြင်ပေါ်ရှိ သေတ္တာများနှင့် အသုံးအဆောင်ပစ္စည်းများကို သတိထားကာ ရှောင်ရှားသွားပြီး ရှောင်လျန်လျန်ကို ချီလျက် စင်တစ်ခုရှေ့သို့ လျှောက်သွားလိုက်သည်။ စင်ပေါ်ရှိ သစ်သားသေတ္တာငယ်ကို လက်တစ်ဖက်ဖြင့် ဖွင့်လိုက်ပြီး အထဲမှ ရွေးချယ်ကာ တောက်ပလင်းလက်နေသော လည်ဆွဲတစ်ခုကို ထုတ်ယူလိုက်ပြီး ကလေးငယ်လေး၏ ရှေ့သို့ မြှောက်ပြလိုက်သည်။

"လှလား။ ဒါက သမီးရဲ့ မေမေ ငယ်ငယ်တုန်းက အကြိုက်ဆုံး လည်ဆွဲလေးလေ။ ဒီအပေါ်က ကျောက်မျက်တစ်ပွင့်ရဲ့ အရောင်က နည်းနည်းလေး ကွဲနေတာ သမီးတွေ့လား။ အဲဒါက ဒီကျောက်မျက်ကို သမီးမေမေက ကလော်ထုတ်ပြီး ဖျောက်လိုက်လို့ပေါ့။ ဘိုးဘိုးက အရောင်တူတဲ့ဟာကို အချိန်အကြာကြီး ရှာပေမဲ့ မတွေ့တော့တာနဲ့ သမီးရဲ့ ဘိုးဘိုးကြီးဆီကနေ ပိုကောင်းတဲ့ တစ်ပွင့်ကို သွားယူပြီး တပ်ထားလိုက်တာ"

ကလေးငယ်လေးသည် မျက်စိရှေ့က အရောင်အသွေး စုံလင်လှသော ကျောက်မျက်ရတနာများကို စိုက်ကြည့်နေသည်။ တကယ်ပင် လှပသည်ဟု ထင်မှတ်၍လား မသိပေ။ ပါးစပ်သေးသေးလေးက မြန်ဆန်စွာ လှုပ်ရှားနေပြီး လက်သေးသေးလေးများကလည်း အပြင်သို့ ဆန့်ထုတ်နေလေသည်။ လေထဲတွင် ခေတ္တမျှ ဝှေ့ယမ်းပြီးနောက် လက်ကို ပါးစပ်ထဲသို့ ပြန်လည်ထိုးသွင်းသွားလေသည်။

ရှန်ရှောက်ယွမ်က သူမ၏ လက်ကို ဆွဲထုတ်လိုက်ပြီး ကလေး၏ အဝတ်အစားနှင့် အနှီးများကို ငုံ့ကြည့်ကာ ပြောလိုက်၏။ "ဒီအဝတ်အစားတွေက လက်ဝတ်ရတနာတွေနဲ့ မလိုက်ဖက်ဘူး။ သမီးလေး နည်းနည်းကြီးလာမှ ဘိုးဘိုးက အပြင်ထုတ်ပြီး ပေးဆော့မယ်နော်"

ထိုသို့ပြောရင်း ထိုလည်ဆွဲကို သစ်သားသေတ္တာထဲသို့ ပြန်ထည့်လိုက်လေသည်။

ကလေးငယ်လေး၏ စပျစ်သီးမည်းများကဲ့သို့ မျက်လုံးအိမ်လေးများမှာ လည်နေပြီး ခေါင်းသေးသေးလေးကိုလည်း ဘယ်ညာ ခပ်ဖွဖွ လှည့်ကြည့်နေလေသည်။ ခုနက လှပသော ကစားစရာလေး ဘယ်ရောက်သွားသလဲ ဆိုတာကို သိချင်နေသည့်အလားပင်။

ရှန်ရှောက်ယွမ်သည် သူမကို ချီထားလျက်ပင် ရှေ့သို့ ခြေလှမ်း ၂ လှမ်း ထပ်လျှောက်သွားပြီး သစ်သားသေတ္တာတစ်လုံးကို အလွယ်တကူ ဖွင့်ပြလိုက်သည်။ "ဒီခေါင်းအလှဆင် လက်ဝတ်ရတနာတွေ အားလုံးကို နောင်တစ်ချိန် သမီးလေး အိမ်ထောင်ကျတဲ့အခါ သမီးအတွက် မင်္ဂလာလက်ဖွဲ့အဖြစ် ပေးမယ်နော်"

ကလေးငယ်လေးသည် ပိုများပြားလှသော တလက်လက် တောက်ပနေသည့် အရောင်စုံပစ္စည်းများကို မြင်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားကာ ရှန်ရှောက်ယွမ်၏ ရင်ခွင်ထဲတွင် ခုန်ပေါက်နေတော့သည်။ လက်သေးသေးလေးများကို ရှေ့သို့ ဆန့်ထုတ်ထားပြီး ပါးစပ်ထဲမှလည်း အဓိပ္ပာယ်မသိရသော အသံများကို တတွတ်တွတ် မြည်တွန်နေလေသည်။ ရှန်ရှောက်ယွမ်အား သူမကို ထိုကျောက်မျက်ရတနာများကြားသို့ ခေါ်သွားပေးရန် တောင်းဆိုနေသည်မှာ သိသာသည်။

ရှန်ရှောက်ယွမ်သည် ကလေးငယ်လေး၏ နှာခေါင်းကို ညှစ်လိုက်ပြီး ရယ်မောကာ "ငွေမက်တဲ့ ကလေးလေး"

ဟိုဘက်တွင် ရှန်မော့အာသည် ခရီးဆောင်အိတ်များ အားလုံးကို သေသပ်စွာ နေရာချပြီးသွားခဲ့သည်။

ခရီးဆောင်အိတ် ပြဿနာ ဖြေရှင်းပြီးသွားခြင်းသည် ခရီးစဉ်တစ်လျှောက်လုံးရှိ အကြီးမားဆုံးသော အခက်အခဲကို ဖြေရှင်းလိုက်နိုင်ခြင်းပင် ဖြစ်သဖြင့် ရှန်မော့အာသည် ယခုအခါ တစ်ကိုယ်လုံး ပေါ့ပါးလွတ်လပ်သွားသလို ခံစားလိုက်ရသည်။

အချိန်က လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ ယခုနှစ်၏ နှစ်သစ်ကူးအကြိုညတွင် ယန်လျိုတပ်ဖွဲ့၏ ဗြောက်အိုးသံများမှာ ယခင်နှစ်များထက် ပိုများပြားပြီး ပိုကျယ်လောင်နေသလို ထင်ရသည်။ ရှန်မော့အာသည် ဖုမင်ဇယ်နှင့် သိကျွမ်းခဲ့ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် သူ မပါဝင်သော နှစ်သစ်ကူးပွဲတော်ကို ဖြတ်သန်းခဲ့ရသည်။

မြို့တော်တွင် ကျောင်းဖွင့်ချိန် နောက်ကျသဖြင့် အစက သူတို့သည် မီးပုံးပြည့်ပွဲတော် ပြီးမှသာ ခရီးထွက်ရန် စီစဉ်ထားခဲ့ကြသည်။ သို့သော် နှစ်သစ်ကူး တတိယနေ့မှာပင် လျိုယင်းရွှမ်းသည် သည်းမခံနိုင်တော့ဘဲ ယန်လျိုတပ်ဖွဲ့သို့ ပြေးလာကာ မြို့တော်သို့ စောစောသွားလို့ ရနိုင်မလားဟု လာရောက်မေးမြန်းလေသည်။ သူမသည် အိမ်တွင် နေရစဉ်အတွင်း ထိုအကျင့်ပျက်ကာ မျက်နှာပြောင်တိုက်တတ်သော ဆွေမျိုးများ၏ အနှောင့်အယှက်ပေးမှုကို အမှန်တကယ်ပင် သည်းမခံနိုင်တော့ချေ။

ထိုလူများသည် သူမ တက္ကသိုလ်အောင်မြင်သွားပြီဖြစ်သဖြင့် အလွယ်တကူ ဓားပြ၊ တုတ်ပြပြီး ကြမ်းတမ်းမည် မဟုတ်တော့ဟု တွေးထင်နေကြသည်။ အကြောက်တရား လျော့နည်းသွားသဖြင့် စကားပြောဆို လုပ်ကိုင်ရာတွင် ချက်ချင်းပင် တရားလွန် ဖြစ်လာကြသည်။ တချို့က ပေါ်တင်တစ်မျိုး၊ နောက်ကွယ်တွင်တစ်ဖုံ သူမအတွက် အိမ်ထောင်ဘက် မိတ်ဆက်ပေးကြပြီး တချို့ကတော့ သူမကို ထောင်ချောက်ဆင်ကာ ဒုက္ခပေးရန် နည်းလမ်းပေါင်းစုံဖြင့် ကြံစည်နေကြသည်။

တိုက်ဆိုင်စွာပင် လျိုယင်းရွှမ်းသည်လည်း သူတို့ကို ဘာမှ ပြန်မလုပ်နိုင်တော့ချေ။

သူမသည် သည်လောက် ကြိုးစားပမ်းစား တက္ကသိုလ်အောင်မြင်ခဲ့သဖြင့် ဤကဲ့သို့သော လူယုတ်မာများကြောင့် အရှုံးပေးလိုက်ရမည်ကို သေချာပေါက် မလိုလားခဲ့ပေ။

ထို့ကြောင့် သူမသည် ယခုအခါ မြို့တော်သို့ စောစောစီးစီး အလွန်အမင်း သွားချင်နေတော့သည်။

ဒါက အိပ်ချင်နေချိန် ခေါင်းအုံးလာပေးသည် ဆိုသကဲ့သို့ပင်။။

ရှန်မော့အာသည် တကယ်တမ်းတွင် နှစ်သစ်ကူးမတိုင်မီကတည်းက မြို့တော်သို့ စောစောသွားမည့်ကိစ္စကို တွက်ဆနေခဲ့သည်။ တစ်ချက်အနေဖြင့် ဖုမင်ဇယ်၏ အဘိုး အခြေအနေ မည်သို့ရှိနေသည်ကို မသိရသဖြင့် သူမသည် မြေးချွေးမတစ်ယောက်အနေဖြင့် အဘိုးကြီးကို စောစောသွားရောက်ကြည့်ရှုသင့်သည်။ ဒုတိယအချက်အနေဖြင့် သူမနှင့် ဖခင်ဖြစ်သူတို့ တိုင်ပင်ဆွေးနွေးပြီးနောက် မြို့တော်သို့ စောစောသွားကာ အိမ်ရောင်းမည့်သူ ရှိမရှိ လေ့လာကြည့်ရှုရန် ဆုံးဖြတ်ခဲ့ကြသည်။ တကယ်လို့ သင့်တော်သည့်အိမ်ကို တွေ့ပါက တစ်လုံးဝယ်လိုက်လျှင် အိမ်ငှားရမည့် ဒုက္ခမှ ကင်းဝေးသွားလိမ့်မည်။

ဖုမင်ဇယ် ထွက်သွားစဉ်က အိမ်လိပ်စာတစ်ခု ချန်ထားခဲ့ပြီး သူ့အိမ်တွင် နေစရာရှိကြောင်း ပြောပြခဲ့ဖူးသည်။ သို့သော် သူ၏ မိသားစု အခြေအနေအရ ရှန်မော့အာ ခန့်မှန်းကြည့်သည်မှာ နေစရာရှိသည်ဆိုသော်လည်း အလွန်ပင် ကျပ်တည်းစွာ နေထိုင်ရနိုင်ခြေ ရှိလေသည်။

ထိုသို့ဆိုလျှင် သူတို့ဘာသာ တစ်လုံးဝယ်လိုက်သည်က ပိုကောင်းပေလိမ့်မည်။

သည်နှစ်များအတွင်း စုဆောင်းထားသော ငွေကြေးများနှင့် ရှန်ရှောက်ယွမ် အလုပ်ရောင်းပြီးရသော ငွေများကို ပေါင်းလိုက်လျှင် အိမ်ငယ်လေးတစ်လုံး ဝယ်ရန် လုံလောက်သင့်သည်။ အိမ်ကြီးကြီးတစ်လုံး ဝယ်နိုင်လျှင်တော့ အကောင်းဆုံးပင်။ အကယ်၍ စုဆောင်းငွေ မလုံလောက်ပါကလည်း ဤနှစ်များအတွင်း သူတို့သည် ရွှေတချို့ကို ရောင်းချထားခဲ့သဖြင့် ထိုငွေများနှင့် ပေါင်းလိုက်ပါက မည်သို့ပင်ဖြစ်စေ လုံလောက်ပေလိမ့်မည်။ တစ်ခုတည်းသော ပြဿနာမှာ အချိန်ကျလျှင် ဖုမင်ဇယ်ကို မည်သို့ ရှင်းပြရမည်ဆိုခြင်းပင်။

လျိုယင်းရွှမ်း၏ အဆိုအရ အိမ်ဆိုသည်မှာ နောင်တွင် ပိုပိုပြီး ဈေးကြီးလာမည်သာ့အရာဖြစ်ပြီး သေချာပေါက် စောစောဝယ်နိုင်လေ ပိုကောင်းလေပင်။

ဤအခွင့်အရေးကို အသုံးချကာ အိမ်သွားဝယ်လိုသဖြင့် ရှန်မော့အာသည် ဖုမင်ဇယ်ထံသို့ ကြေးနန်းမရိုက်တော့ဘဲ မြို့တော်သို့ ရောက်သောအခါ အခြေအနေကို အရင်ဆုံး လေ့လာကြည့်ပြီးမှသာ သူ့ထံသို့ ဆက်သွယ်ရန် ပြင်ဆင်ထားလိုက်သည်။

တကယ်လို့ သင့်တော်မည့်အိမ်ကို မတွေ့ပါက သူ့ကို ပြောပြနေစရာ မလိုတော့ချေ။ သင့်တော်သည့်အိမ်ကို တွေ့ခဲ့ပါက ထိုအချိန်ကျမှသာ သူ့ကို မည်သို့ပြောရမည်ကို စဉ်းစားလိုက်တော့မည်။

...

All Chapters