← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အပိုင်း (၁၁၉)

ဧည့်ကြိုဝန်ထမ်းမှာ အလုပ်လုပ်ရာတွင် အတော်လေး သွက်လက်လှသည်။ နောက်တစ်နေ့မှာပင် ရှန်မော့အာထံသို့ သတင်းလာပေးလေသည်။ သူမ၏ အဒေါ်ကြီးက အနီးအနားတွင် အိမ်ရောင်းရန် ပြင်ဆင်နေသူ အနည်းငယ်ရှိကြောင်း၊ သို့သော် နှစ်စပိုင်းသာ ရှိသေးသဖြင့် သတင်းမဖြန့်ရသေးကြောင်း ပြောပြခဲ့သည်။

ရှန်မော့အာက အိမ်သွားကြည့်ရန် ပြင်ဆင်လိုက်သည်။ ရှန်ရှောက်ယွမ်ကတော့ ယခင်က နယ်နှင်ဒဏ်ခံရစဉ်က သူတို့အိမ်ဘေးတွင် နေထိုင်ခဲ့ဖူးသော အဘိုးဝမ်ကို သွားရှာရန် ပြင်ဆင်လိုက်သည်။ ထိုအဘိုးကြီးသည် အမည်နာမ ပြန်လည်ရှင်းလင်းခံရပြီးနောက် ရှန်ရှောက်ယွမ်နှင့် စာအဆက်အသွယ် ရှိနေဆဲဖြစ်သည်။ လျိုယင်းရွှမ်းကလည်း ကိစ္စနှင့် အပြင်သွားစရာရှိသည်ဟု ပြောသည်။ ကျန်ရှိနေသော ကျိုးဖျင်အန်းတစ်ယောက်သာ အခန်းထဲတွင်နေပြီး စာဖတ်ချင်သည်ဟု ပြောလေသည်။

ထို့ကြောင့် သူတို့အားလုံး လူခွဲပြီး လှုပ်ရှားလိုက်ကြသည်။

"နင်က မြို့တော်က ဘယ်လိုပုံစံလဲ ဆိုတာကို စိတ်မဝင်စားဘူးလား။ အပြင်ထွက်ပြီး မလည်ချင်ဘူးလား" လျိုယင်းရွှမ်းက အံ့သြစွာ မေးလိုက်သည်။

ကျိုးဖျင်အန်းက တည်ငြိမ်စွာ ခေါင်းရမ်းလိုက်ပြီး "ဒီမှာ အချိန်အကြာကြီး နေရမှာပဲ မဟုတ်လား။ နောက်ပိုင်း အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်"

အစက သူသည် ဆရာ့နောက်သို့ လိုက်သွားရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် ဆရာက ရှောင်လျန်လျန်ကို ခေါ်ကာ မိတ်ဆွေဟောင်းကို သွားရှာမည်ဖြစ်ပြီး တစ်ဖက်လူကလည်း လာကြိုရန် ကားပင် စေလွှတ်လိုက်သေးသည်ဟု ဆိုသည်။ ကလေးထိန်းရန် သူ့အကူအညီ မလိုတော့သည့်အပြင် မျက်နှာပြောင်တိုက်ကာ သူစိမ်းတစ်ယောက်၏ အိမ်သို့ ဧည့်သည်အဖြစ် သွားရောက်ရန်လည်း အားနာမိသည်။

ထို့အပြင် မြို့တော်သို့ ရောက်ပြီးနောက် သူ အမှန်တကယ်ပင် အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။ အရာရာတိုင်းကို ဆရာ့အပေါ်တွင်သာ မှီခိုနေလို့ မဖြစ်နိုင်ချေ။ ဆရာက သူ့ကို ရုပ်ပြစာအုပ်များ ကူညီရေးဆွဲခိုင်းမည်ဟု ပြောထားပြီး သူက အနည်းဆုံးတော့ အနှောင့်အယှက် မဖြစ်စေသင့်ပေ။ ထို့ကြောင့် ဤရက်ပိုင်းအတွင်း သူသည် အလွန်အမင်း ကြိုးစားပမ်းစား လေ့လာနေခဲ့သည်။

သူ့စကားကို ကြားပြီးနောက် လျိုယင်းရွှမ်းသည် လျင်မြန်စွာပင် ထွက်ခွာသွားလေသည်။

သူတို့အဖွဲ့ မြို့တော်သို့ ကြိုတင်ရောက်ရှိလာခြင်းမှာ လူတိုင်းတွင် ကိုယ်ပိုင်အစီအစဉ် အသီးသီး ရှိနေကြသောကြောင့် ဖြစ်သည်။ ဥပမာ - လျိုယင်းရွှမ်းဆိုလျှင် သူမသည် အိမ်မှလူများကို သည်းမခံနိုင်တော့ရုံသာမက မြို့တော်သို့ စောစောရောက်လာပြီး အိမ်ရှာရန်လည်း တွေးထားခဲ့သည်။

သူမလည်း အိမ်တစ်လုံး ဝယ်ချင်နေသည်။

ဤနှစ်များအတွင်း သူမသည် ငွေအတော်များများ စုဆောင်းနိုင်ခဲ့သည်။ တစ်ချက်အနေဖြင့် သူမရော အဘိုးပါ ဝင်ငွေရှိကြပြီး နှစ်ယောက်စလုံး သုံးစွဲမှုနည်းပါးသဖြင့် အနည်းငယ် စုဆောင်းနိုင်ခဲ့သည်။ နောက်တစ်ချက်မှာ သူမသည် ပြန်လည်မွေးလာသူ တစ်ဦးဖြစ်ကာ သည်အားသာချက်ကို အသုံးချကာ ငွေအနည်းငယ် ရှာဖွေနိုင်ခဲ့သည်။

လူစွမ်းကောင်း ဂျင်ဆင်းတူးခြင်း သို့မဟုတ် ရတနာရှာဖွေခြင်းကဲ့သို့သော ကိစ္စများမှာ မကြာခဏဆိုသလို လွဲချော်တတ်သော်လည်း အရာတိုင်းက ယခင်ဘဝနှင့် ကွဲလွဲနေသည်တော့ မဟုတ်ပေ။ ကိစ္စ ၁၀ ခုတွင် ၂ ခု ၃ ခုခန့် တူညီနေလျှင်ပင် သူမအတွက် ငွေအနည်းငယ် ရရှိရန် လုံလောက်နေပြီ။

ထို့အပြင် ပြန်လည်မွေးလာသူ တစ်ဦးအနေဖြင့် သူမ၏ ရဲတင်းမှုမှာ တခြားသူများထက် ပိုမိုကြီးမားသည်။ တစ်ခါတစ်ရံတွင် မှောင်ခိုဈေးကွက်၌ ပစ္စည်းတချို့ကို သွားရောက်ရောင်းဝယ်လေ့ ရှိသည်။ ထို့ကြောင့် အများကြီးမရှိလျှင်တောင် ဤအချိန်၌ မြို့တော်တွင် အိမ်ငယ်လေးတစ်လုံး ဝယ်ယူနိုင်သည့် ငွေကြေးကိုတော့ လျိုယင်းရွှမ်း ထုတ်နိုင်စွမ်း ရှိလေသည်။

ယခုအချိန်တွင် မြို့တော်၏ အိမ်ခြံမြေဈေးကွက်မှာ သိပ်မမြင့်မားသေးချေ။ သို့သော် ယခုနှစ်ကုန်ပိုင်းတွင် ပညာတတ်လူငယ်များ အမြောက်အမြား ဇာတိသို့ ပြန်လာကြတော့မည် ဖြစ်ပြီး ထိုအချိန်ရောက်လျှင် အိမ်ဈေးနှုန်း တက်လာမည့်အပြင် သင့်တော်သော အိမ်တစ်လုံး ရှာဖွေရန်ပင် ပိုမိုခက်ခဲလာပေလိမ့်မည်။

ထို့ကြောင့် အမြန်ဆုံး အိမ်တစ်လုံးဝယ်ယူကာ နွေရာသီကျောင်းပိတ်ရက် ရောက်လျှင် နန်ပြည်နယ်သို့ ပြန်ပြီး အဘိုးကို ခေါ်လာရန် စီစဉ်ထားသည်။

သူမက အဘိုးကို ကျန်းပေခရိုင်တွင် တစ်ယောက်တည်း ထားခဲ့ရန် လုံးဝ စိတ်မချချေ။ သူမ အိမ်တွင်ရှိနေစဉ်ကတော့ ထိုသစ္စာမဲ့သော ဖခင်နှင့် မိထွေးဖြစ်သူတို့က ဘာမှ မလုပ်ရဲကြသော်လည်း သူမ မရှိတော့လျှင် အဘိုး၏ သဘောကောင်းလွန်းသော စရိုက်ဖြင့် အနိုင်ကျင့်ခံရမည်မှာ သေချာသည်။

မည်သို့ပင်ဆိုစေ မကြာမီ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ စတင်တော့မည်။ ထိုအချိန်ရောက်လျှင် မည်သည့် စီးပွားရေးအသေးစားလေးပဲ လုပ်လုပ် သူတို့ မြေးအဘိုးနှစ်ယောက် မြို့တော်တွင် အသက်ဆက်ရှင်သန်နိုင်သည်။

လျိုယင်းရွှမ်း မှတ်မိနေသေးသည်မှာ ယခင်ဘဝက လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူ၏ ဆွေမျိုးတစ်ဦး ဤအချိန်ကာလတွင် မြို့တော်၌ အိမ်တစ်လုံး ဝယ်ယူခဲ့ကြောင်း ပြောပြဖူးသည်။ ဈေးနှုန်းကိုပင် ပြောပြခဲ့ဖူးသေးသည်။ သူမ မှတ်မိနေသည်မှာ ထိုအိမ်၏ နေရာနှင့် ဈေးနှုန်းမှာ အလွန်သင့်တော်သဖြင့် ထိုအိမ်ကို ကြားဖြတ်ဝယ်ယူရန် ပြင်ဆင်ထားခဲ့သည်။

ထိုသို့ ကြားဖြတ်ဝယ်ယူခြင်းမှာ မှားယွင်းသည်ဟု သူမ မထင်မိချေ။ ထိုလုပ်ဖော်ကိုင်ဖက်၏ ဆွေမျိုးမိသားစုမှာ အလွန်ချမ်းသာကြွယ်ဝပြီး ဤအိမ်ကို ဈေးပေါပေါဖြင့် ဝယ်ယူနိုင်ခဲ့ခြင်းသာ ဖြစ်သည်။ နောက်ပိုင်းတွင် အိမ်ဖျက်သိမ်းခံရပြီး လျော်ကြေးငွေ အများအပြား ရရှိခဲ့သဖြင့် မကြာခဏ ကြွားလုံးထုတ်လေ့ ရှိသည်။ သူမ ယခုလို ကြားဖြတ်ဝယ်ယူခြင်းက အနည်းငယ် မတရားသလို ဖြစ်နေသော်လည်း ချမ်းသာသူထံမှယူ၍ ဆင်းရဲသူကို ပေးကမ်းခြင်းပင် မဟုတ်ပါလား။

သူမက လုယူခြင်းလည်း မဟုတ်ချေ။ ငွေအစစ်အမှန်ပေးပြီး ဝယ်ယူခြင်းဖြစ်သောကြောင့် လုံးဝ ပြဿနာမရှိနိုင်ပေ။

လျိုယင်းရွှမ်းမှာ ရည်မှန်းချက် တိတိကျကျ ရှိနေသော်လည်း သည်လို အတိအကျ သိနေရသည့်အကြောင်းအရင်းကိုတော့ တခြားသူများအား ရှင်းပြလို့ မရနိုင်ချေ။ ထို့ကြောင့် သူမ အပြင်ထွက်ပြီး ဘာလုပ်မည်ကို ရှန်မော့အာတို့အား မပြောပြခဲ့ဘဲ အိမ်ဝယ်ပြီးသွားမှသာ တိုက်ဆိုင်စွာ တွေ့ခဲ့သည်ဟု ပြောရန် ပြင်ဆင်ထားလိုက်သည်။

သူမကိုယ်တိုင် စိတ်ထဲတွင် တစ်ခုခု ဖုံးကွယ်ထားသဖြင့် ရှန်မော့အာ အပြင်ထွက်ပြီး ဘာသွားလုပ်မည်ကိုလည်း မမေးမြန်းခဲ့ချေ။ ရှန်မော့အာ၏ ယောက္ခမမိသားစုမှာ မြို့တော်တွင် ရှိနေသဖြင့် ပညာတတ်လူငယ်ဖုကို သွားရှာခြင်းလည်း ဖြစ်နိုင်သည်ဟု တွေးမိသည်။

ရှန်မော့အာကတော့ လျိုယင်းရွှမ်း ဘာသွားလုပ်မည်ကို အနည်းငယ် ခန့်မှန်းမိလေသည်။ မည်သို့ပင်ဆိုစေ သူမသည် ယခင်က နောင်တစ်ချိန် ငွေရှိလာလျှင် မြို့တော်နှင့် ရှန်ဟိုင်တို့တွင် အိမ်ဝယ်မည့်အကြောင်းကို မကြာခဏ တတွတ်တွတ် ပြောဆိုလေ့ရှိသည်။ အခြားသူများကတော့ သူမကို နောက်ပြောင်နေသည်ဟု ထင်ကြသော်လည်း ရှန်မော့အာကတော့ နောက်ပြောင်နေသည်ဟု မထင်ခဲ့ချေ။ အနာဂတ်တွင် မြို့တော်နှင့် ရှန်ဟိုင်၏ အိမ်ခြံမြေဈေးကွက်မှာ အလွန်တန်ဖိုးကြီးလာမည်ကို သူမ နားလည်ထားသည်။

ဒါကလည်း မဆန်းပါဘူးလေ။ သာ့လျန်မင်းဆက်တုန်းကလည်း မြို့တော်က အိမ်တွေက ဈေးကြီးတာပဲ။ အထူးသဖြင့် တိုင်းပြည်အေးချမ်းသာယာတဲ့ နှစ်တွေမှာဆိုရင် သူမ နာမည်ပေါက် ပိုင်ဆိုင်တဲ့ ဆိုင်ခန်းတွေ၊ အိမ်တွေက နှစ်တိုင်း သူမကို ဝင်ငွေအများကြီး ရှာပေးနိုင်ခဲ့တာပဲ။

သဘောတရားကတော့ အတူတူပါပဲ။ ယခု နိုင်ငံတော်ထူထောင်ပြီးနောက် ဆယ်စုနှစ်အနည်းငယ်သာ ရှိသေးသော်လည်း တဖြည်းဖြည်း အေးချမ်းသာယာကာ ဖွံ့ဖြိုးတိုးတက်လာသည်တွင် မြို့တော်၏ အိမ်ခြံမြေဈေးကွက်လည်း သေချာပေါက် မြင့်တက်လာမည်သာ။

ဧည့်ကြိုဝန်ထမ်းမှာ အိုက်ဟု အမည်ရပြီး ရှန်မော့အာက သူမကို အစ်မအိုက်ဟု ခေါ်သည်။ အစ်မအိုက်က လုပ်ဖော်ကိုင်ဖက်ကို အသိပေးပြီးနောက် ရှန်မော့အာကို ခေါ်ကာ သူမ၏ အဒေါ်ကြီးထံသို့ သွားလေသည်။

သူတို့ ရပ်ကွက်ကော်မတီရုံးရှေ့သို့ ရောက်သောအခါ အစ်မအိုက်၏ အဒေါ်ကြီးက ထိုနေရာတွင် စောင့်နေ၏။ သူမသည် ဆံပင်တိုတိုညှပ်ထားပြီး သွက်လက်ချက်ချာပုံရသော အဒေါ်ကြီးတစ်ဦးဖြစ်ကာ နာမည်မှာ ဝမ်ဖြစ်ကြောင်း မိတ်ဆက်သဖြင့် ရှန်မော့အာက သူမကို အဒေါ်ကြီးဝမ်ဟု ခေါ်လိုက်သည်။

"ကောင်မလေးက တကယ်ကို လှတာပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး ကလေးတောင် ရနေပြီလား။ တကယ်ကို နှမြောစရာပဲ။ မင်းသာ အိမ်ထောင်မကျသေးရင် အဒေါ်ကြီးက မင်းကို လူရွယ်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တာ။ အဲလိုဆို အိမ်ဝယ်စရာတောင် မလိုတော့ဘူးပေါ့၊ ယောက္ခမအိမ်မှာ တန်းပြီး နေလိုက်ရုံပဲလေ"

အဒေါ်ကြီးဝမ်သည် ရှန်မော့အာကို မြင်သည်နှင့် မျက်လုံးများ အရောင်တလက်လက် တောက်သွားခဲ့သည်။ သူမသည် သည်အရွယ်ရောက်သည်အထိ ဤမျှလောက် လှပချောမောသော မိန်းကလေးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သို့သော် တူမဖြစ်သူ ပြောပြချက်အရ ကလေးက ၇ လ ၈ လ အရွယ်ခန့် ရှိနေပြီဟု သိရသောအခါ အလွန် နှမြောမိတော့သည်။

ရှန်မော့အာက သူမ၏ ယောက္ခမအိမ်မှာ မြို့တော်တွင် ရှိနေကြောင်း မပြောပြတော့ဘဲ ပြုံးရုံသာပြုံးပြီး ပြန်ပြောလိုက်၏။ "ကျွန်မ မနေရင်တောင် အဖေက နေဖို့ လိုသေးတယ်လေ။ သူက ကျွန်မနဲ့အတူတူ ယောက္ခမအိမ်မှာ လိုက်နေလို့မှ မရတာ။ မိသားစု ပါလာတော့ ကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ ရှိဖို့လိုတာပေါ့။ ကျွန်မတို့က အလုပ်ကိုရောင်းပြီး ဒီကိုလာကြတာဆိုတော့ လက်ထဲမှာ ငွေလေး နည်းနည်းပါးပါး ရှိနေတယ်။ ပစ္စည်းတစ်ခုခု အဖြစ်မပြောင်းထားရင် နောက်ဆို ကုန်သွားမှာ စိုးလို့ပါ"

အဒေါ်ကြီးဝမ်က ရှန်မော့အာ၏ ရိုးသားပွင့်လင်းသော စကားများကို ကြားသောအခါ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။ "မင်းက တကယ်ကို မိဘကို သိတတ်တဲ့ ကလေးပဲ။ ပြောတာလည်း မှန်ပါတယ်။ ဒီငွေဆိုတာက အရမ်းကို အကုန်မြန်တာလေ။ ပစ္စည်းတစ်ခုခုအဖြစ် ပြောင်းထားလိုက်ရင် အမြဲတမ်း ရှိနေမှာပေါ့"

အစ်မအိုက်က ဝင်ပြောလိုက်သည်။ "သူတို့ လင်မယားနှစ်ယောက်စလုံးက မြို့တော်တက္ကသိုလ်က ထူးချွန်ကျောင်းသားတွေလေ။ နောင်ကျရင် ဘဝက ပိုပိုပြီး ကောင်းလာမှာပါ"

သူတို့ ၃ ဦး လမ်းလျှောက်ရင်း စကားပြောနေစဉ် အဒေါ်ကြီးဝမ်သည် ထိုဇနီးမောင်နှံနှစ်ဦးစလုံးမှာ ယခုနှစ် မြို့တော်တက္ကသိုလ်၏ ကျောင်းသားသစ်များဖြစ်ကြောင်း ကြားသိရသောအခါ ချက်ချင်းပင် ပိုပြီး ရင်းနှီးဖော်ရွေလာတော့သည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တပ်မတော်ကြီးတစ်ခုလုံး သစ်လုံးတံတားလေးတစ်ခုကို ဖြတ်သန်းရသကဲ့သို့ ခက်ခဲလှသည်။ ဇနီးမောင်နှံနှစ်ဦးစလုံး မြို့တော်တက္ကသိုလ်ကို အောင်မြင်ခဲ့သည်ဆိုတော့ တကယ်ကို အရည်အချင်းရှိသူများ ဖြစ်ကြောင်း သိသာလှသည်။

"တိုက်ခန်း ရောင်းတဲ့သူကတော့ နည်းတယ်။ တစ်ခန်းပဲ ရှိတယ်။ ဒုတိယထပ်မှာ၊ ၅၀ စတုရန်းမီတာ ကျော်ကျော်လောက် ရှိတယ်။ အခန်း ၂ ခန်း ပါတာဆိုတော့ မင်းတို့ မိသားစု နည်းတော့ နေလို့လောက်ပါတယ်။ ဒါပေမဲ့ ဈေးတော့ နည်းနည်းကြီးတယ်။ ယွမ် ၁၂၀၀ ခေါ်ထားတယ်"

ဒါက တကယ်ကို ဈေးကြီးလွန်းလှသည်။ သာမန်အားဖြင့် ဤကဲ့သို့သော အိမ်မျိုးမှာ ယွမ် ၆၀၀ မှ ၈၀၀ ကြားသာ ရှိသင့်သည်။ သို့သော် ထိုမိသားစုမှာ စကားပြောဆိုရ ခက်ခဲပြီး တိုက်ခန်းရောင်းသူ နည်းပါးခြင်းကို အခွင့်ကောင်းယူကာ အတင်းအကျပ် ဈေးတင်ထားသည်။

အမှန်တကယ်တော့ တိုက်ခန်း ဝယ်ချင်သူ အများအပြား ရှိသည်။ ထိုမိသားစုက ဈေးကို အလွန်အမင်း မြှင့်ခေါ်ထားသောကြောင့်သာ နှစ်မကူးမီကတည်းက ယခုအထိ မရောင်းရသေးသည်။

ဝယ်ချင်သူ အများအပြား ရှိသော်လည်း ဘယ်သူကမှ အရူးမဟုတ်ချေ။

"ကျန်တာတွေကတော့ မြေညီထပ်အိမ်တွေချည်းပဲ။ လူပေါင်းစုံနေတဲ့ ခြံဝင်းကြီးတွေထဲက အခန်းကျဉ်းလေးတွေလည်း ရှိတယ်။ အဲဒါမျိုးကတော့ မင်းမှာ ငွေလုံလောက်တယ်ဆိုရင် မစဉ်းစားတာ ပိုကောင်းမယ်။ လူစုံတော့ အမြဲတမ်း ဆူညံနေတတ်တယ်။ မင်းတို့လို ပညာတတ်တွေကတော့ သေချာပေါက် သည်းခံနိုင်မှာ မဟုတ်ဘူး။ အဒေါ်ကြီး အမြင်မှာ သင့်တော်တာက ၃ လုံး ရှိတယ်။ တစ်လုံးက တခြားတစ်ယောက်နဲ့ ခြံဝင်းတစ်ဝက်စီ ခွဲနေရမှာ။ ကျန်တဲ့ ၂ လုံးကတော့ သီးသန့် ခြံဝင်းငယ်လေးတွေပဲ"

အဒေါ်ကြီးဝမ်က ရှန်မော့အာကို အသေးစိတ် ရှင်းပြလေသည်။

ရှန်မော့အာ စဉ်းစားကြည့်လိုက်သည်။ လူပေါင်းစုံနေသည့် ခြံဝင်းကြီးများကိုတော့ သူမ သေချာပေါက် စဉ်းစားမည် မဟုတ်ချေ။ လူများပြီး မျက်စိရှုပ်သဖြင့် နေထိုင်ရ အဆင်မပြေပေ။ အခြားတစ်ယောက်နှင့် ခြံဝင်းတစ်ဝက်စီ ခွဲနေရမည်ဆိုသည်မှာလည်း သိပ်မသင့်တော်လှချေ။ သူမက သီးသန့် ခြံဝင်းငယ်လေး ၂ လုံးကို ပိုမိုစိတ်ဝင်စားသည်။ ဟုတ်ပါသည်။ တိုက်ခန်းကိုလည်း သွားကြည့်နိုင်သည်။

လျိုယင်းရွှမ်းက မြို့တော်၏ ရိုးရာခြံဝင်းလေးများက တန်ဖိုးကြီးသည်ဟု မကြာခဏ ပြောလေ့ရှိသော်လည်း ငြင်းမရသည့်အချက်မှာ ဤခေတ်ကာလတွင် တိုက်ခန်း၌ နေထိုင်ရသည်က ပိုပြီး သက်တောင့်သက်သာ ရှိခြင်းပင်။ တခြားအရာများကို မဆိုထားနှင့်၊ သီးသန့် အိမ်သာတစ်ခု ပါဝင်ခြင်းကပင် အများကြီး ပိုအဆင်ပြေစေသည်။ ထို့အပြင် မြောက်ပိုင်းဒေသဖြစ်သဖြင့် အပူပေးစနစ်ကိုလည်း ထည့်သွင်းစဉ်းစားရမည်။ တိုက်ခန်းက မြေညီထပ်အိမ်များထက် နေထိုင်ရ ပိုမိုနွေးထွေးမည်မှာ သေချာသည်။

လူကြီးများအတွက်တော့ သိပ်ကိစ္စမရှိသော်လည်း သူမအိမ်တွင် ကလေးငယ်လေးတစ်ယောက် ရှိနေသဖြင့် တတ်နိုင်သမျှ နွေးထွေးစွာ နေထိုင်နိုင်ရန် စီစဉ်ပေးရမည်။

အဒေါ်ကြီးဝမ်သည် သူမက တိုက်ခန်းကိုလည်း သွားကြည့်ချင်ကြောင်း ကြားသောအခါ နှုတ်မှ ဘာမှမပြောသော်လည်း စိတ်ထဲတွင်တော့ ယွမ် ၁၂၀၀ ဆိုသည့် ဈေးနှုန်းကို ကြားလျက်နှင့် မျက်တောင်တစ်ချက်ပင် မခတ်သည်ကို ကြည့်ရလျှင် အနည်းငယ် ချမ်းသာကြွယ်ဝသူ ဖြစ်မည်ဟု တွက်ဆလိုက်လေသည်။

ပထမဆုံး တိုက်ခန်းကို သွားကြည့်ကြသည်။ အိမ်က မဆိုးလှပေ။ လှေကားမှတက်သွားလျှင် စင်္ကြံလမ်းတစ်လျှောက် မိသားစု ၆ စု နေထိုင်ပြီး ရောင်းမည့်အိမ်မှာ ဒုတိယထပ် လှေကားထိပ်တွင် ရှိနေသည်။

ထိုမိသားစုမှာ လက်ရှိ နေထိုင်ဆဲဖြစ်သည်။ တံခါးလာဖွင့်သူမှာ မျက်လုံးစွေစွေနှင့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး ရှန်မော့အာကို အပေါ်အောက် တစ်ချက် အကဲခတ်ကြည့်လိုက်ကာ စကားစပြောလိုက်၏။ "ယွမ် ၁၂၀၀၊ တစ်ပြားမှ မလျှော့ဘူး။ ဈေးနှုန်းကို လက်ခံနိုင်ရင် ဝင်ကြည့်။ လက်မခံနိုင်ရင် မဝင်လာနဲ့တော့။ အချိန်ကုန်တယ်"

ရှန်မော့အာသည် တံခါးဝမှနေ၍ အတွင်းသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ဝင်ဝင်ချင်းတွင် ထမင်းစားခန်းနှင့် ဆက်လျက် ဧည့်ခန်းငယ်လေးတစ်ခု ရှိပြီး ထမင်းစားစားပွဲကို နံရံတွင် ကပ်ထားသည်။ အခြားတစ်ဖက် နံရံတွင်တော့ ခုတင်ခုံတစ်ခုကို မှီထားကာ ညဘက်တွင် ချ၍ အိပ်ရန် ဖြစ်ဟန်တူသည်။

မျက်စိတစ်ဆုံး မြင်ရသလောက် ဤနေရာလေးသာ အနည်းငယ် လွတ်လပ်နေပြီး ကျန်နေရာများတွင် ပစ္စည်းဟောင်းများ အပြည့်အမောက် စုပုံထားသဖြင့် ခြေချစရာပင် မရှိသလောက် ဖြစ်နေသည်။ အတွင်းဘက်ရှိ အခန်းတံခါးများ ပွင့်နေပြီး အခန်းတစ်ခန်းတွင် နှစ်ထပ်ခုတင်တစ်လုံး ရှိနေသည်ကို ဝိုးတဝါး မြင်တွေ့ရသည်။ အခြားအခန်းတွင်တော့ ခုတင်တစ်လုံးတည်းသာ ရှိသော်လည်း ပစ္စည်းများဖြင့် ပြည့်နှက်နေလေသည်။

ဒါက တကယ်ကို ကျပ်ကျပ်တည်းတည်း နေထိုင်ရခြင်းပင်။

သို့သော်လည်း မထူးဆန်းပေ။ ဤခေတ်ကာလတွင် လူတိုင်း၏ နေထိုင်မှုအခြေအနေမှာ မကောင်းလှချေ။ အချို့သော ခြံဝင်းကြီးများတွင် အခန်းတစ်ခန်းတည်း၌ မိသားစုတစ်စုလုံး ပြွတ်သိပ် နေထိုင်ရသည်မှာလည်း အများအပြား ရှိသည်။ ဤအိမ်ကဲ့သို့ အခန်းလေးများ ခွဲခြားထားခြင်းမှာ တကယ်တမ်းတွင် နေထိုင်မှုအခြေအနေ ကောင်းမွန်သည်ဟုပင် ဆိုရမည်။

ရှန်မော့အာက တစ်ချက်ကြည့်လိုက်ပြီး စကားမပြောရသေးမီမှာပင် ဘေးခန်းမှ ရုတ်တရက် အသည်းအသန် ချောင်းဆိုးသံကြီး ထွက်ပေါ်လာသည်။ ထို့နောက် အသံဩဩဖြင့် ဆဲဆိုသံများကို ကြားလိုက်ရသည်။ မကြာမီမှာပင် အခြားတစ်ဖက်မှ အိမ်နီးချင်းတစ်ဦးက ခြင်းတောင်းဆွဲကာ အပြင်ထွက်လာပြီး လမ်းလျှောက်ရင်း မကျေမနပ် ညည်းတွားနေလေသည်။ "ဒီရောဂါသည် အဘိုးကြီးကတော့ နေ့ရောညပါ ဆဲဆိုနေတာပဲ။ ဒီလိုဆို လူတွေကို ဘယ်လိုလုပ် အေးအေးဆေးဆေး နေခွင့်ရတော့မှာလဲ"

မျက်လုံးစွေစွေနှင့် အမျိုးသမီး၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ရှန်မော့အာကို အလျင်အမြန် မေးလိုက်၏။ "အဆင်ပြေလား။ မြန်မြန် အဖြေတစ်ခု ပေးပါ"

ရှန်မော့အာက ပြုံးလိုက်ပြီး "အိမ်က နည်းနည်း ကျဉ်းနေသလိုပဲ၊ မလောက်လောက်ဘူး။ ထားလိုက်ပါတော့"

မျက်လုံးစွေစွေနှင့် အမျိုးသမီး၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး တံတွေးထွေးကာ ပြောလိုက်၏။ "တကယ်ကို နမိတ်မကောင်းဘူး။ ပိုက်ဆံမရှိဘဲနဲ့ ဘာလို့ လာကြည့်နေသေးလဲ။ အဒေါ်ကြီးဝမ်.. နောက်ဆို ဒီလိုလူမျိုးတွေကို မခေါ်လာနဲ့တော့"

ထို့နောက် သူမသည် အခန်းထဲသို့ လှည့်ဝင်သွားပြီး တံခါးကို ဝုန်းကနဲ ပိတ်ချလိုက်တော့သည်။

အဒေါ်ကြီးဝမ်၏ မျက်နှာမှာလည်း မသာမယာ ဖြစ်သွားပြီး ရှန်မော့အာကို အလျင်အမြန် တောင်းပန်လေသည်။ ရှန်မော့အာကတော့ စိတ်ထဲမထားပေ။ အဒေါ်ကြီးဝမ်က ဤမိသားစုမှာ စကားပြောဆိုရ ခက်ခဲကြောင်း ကြိုတင်ပြောပြထားသည်။ သူမကိုယ်တိုင်ကသာ လာကြည့်ချင်ခဲ့ခြင်းဖြစ်ရာ တစ်ဖက်လူကို အပြစ်တင်၍ မရနိုင်ချေ။

သူတို့ ၃ ဦး အောက်ထပ်သို့ ဆင်းလာပြီး အခြားအိမ်တစ်လုံးဆီသို့ လျှောက်သွားကြသည်။

"ဒီမိသားစုက ကလေးတွေ ကြီးလာတော့ နေရာမလောက်လို့၊ သမီးကလည်း ဒီနှစ်မှ တက္ကသိုလ်အောင်ထားတာ၊ သားကလည်း မင်္ဂလာဆောင်တော့မှာဆိုတော့ ဒီအိမ်ကိုရောင်းပြီး ပိုကြီးတဲ့အိမ် ပြောင်းချင်နေတာလို့ ကြားတယ်။ သူက အပြင်မှာ လျှောက်ပြောနေသေးတယ်.. သူတို့အိမ်က ဖုန်းရွှေကောင်းလို့ သမီးက တက္ကသိုလ်ကောင်းကောင်း အောင်တယ်၊ သားကလည်း မိန်းမကောင်းရတယ်ပေါ့။ သူတို့အိမ်ကို ဝယ်တာက သူတို့ဆီက ကံကောင်းခြင်းတွေကို ကူးစက်ခံရတာပဲတဲ့"

အဒေါ်ကြီးဝမ်က သက်ပြင်းချကာ ဆက်ပြောသည်။ "ကျွန်မ အရင်နှစ်ခေါက် လာတုန်းက ဒီနေ့လိုမျိုး မကြုံခဲ့ရဘူး။ အခုကြည့်ရတာ တကယ်တမ်းတော့ ဘေးအိမ်က အရမ်းဆူညံနေလို့ သူတို့ သည်းမခံနိုင်တော့ဘဲ ပြောင်းချင်နေတာပဲ ဖြစ်ရမယ်"

နေရာမလောက်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ သို့သော် သမီးဖြစ်သူက ကျောင်းသွားတက်တော့မည်ဖြစ်သောကြောင့် အိမ်မှာ အနည်းငယ် ကျပ်ကျပ်တည်းတည်း နေမည်ဆိုလျှင်လည်း ရနိုင်သေးသည်။ ရာခိုင်နှုန်းများများကတော့ ဘေးအိမ်ကို သည်းမခံနိုင်ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

ဖုန်းရွှေကောင်းသည်ဟု ပြောရဲသေးသည်။ ဝယ်သူများကသာ ဤအခြေအနေကို သိသွားပါက ယွမ် ၁၂၀၀ အထိ ဈေးတင်ပေးရန် မဆိုထားနှင့်၊ ပေါက်ဈေးဖြင့်ပင် ဝယ်ရန် ဝေခွဲမရ ဖြစ်နေပေလိမ့်မည်။

ဒုတိယအိမ်မှာ အခန်း ၅ ခန်းပါသော ခြံဝင်းငယ်လေးတစ်ခု ဖြစ်သည်။ ယခင်က မိသားစု ၃ စု နေထိုင်ခဲ့ဖူးသဖြင့် ခြံဝင်းအတွင်း အနည်းငယ် ရှုပ်ပွနေသော်လည်း အိမ်ကတော့ သိပ်ပြီး ပျက်စီးနေခြင်း မရှိပေ။ ကောင်းမွန်သောအချက်မှာ အခန်းအရေအတွက် သိပ်မများသော်လည်း ခြံဝင်းဧရိယာက အတော်လေး ကျယ်ဝန်းသည်။ ထို့အပြင် တည်သီးပင်တစ်ပင်လည်း စိုက်ပျိုးထားပြီး အမြင့်ဆုံးကိုင်းဖျားတွင် အနီရောင် တည်သီးတစ်လုံး တွဲလွဲခိုနေလေသည်။

"ဒီခြံဝင်းက နည်းနည်းပိုကျယ်တယ်၊ အခန်းလည်း ပိုများတယ်။ ဒါပေမဲ့ အရင်က လူအများကြီး နေခဲ့ဖူးတော့ နည်းနည်း ရှုပ်ပွနေတယ်။ ဝယ်ပြီးရင် အချိန်ပေးပြီး ပြန်ရှင်းလင်းရဦးမယ်" အဒေါ်ကြီးဝမ်က သေသေချာချာ ရှင်းပြလေသည်။ "ဒါပေမဲ့ ဒီအိမ်ဈေးက မကြီးပါဘူး။ ယွမ် ၈၀၀ ပဲ ခေါ်ထားတာ။ ဒီဈေးနှုန်းက တကယ်ကို တန်ပါတယ်"

"နောက်ထပ် အိမ်သေးသေးလေးတစ်လုံး ရှိသေးတယ်။ ဒါပေမဲ့ အရင်က မိသားစု တစ်စုတည်း နေခဲ့တာဆိုတော့ သေသေချာချာ ထိန်းသိမ်းထားတယ်။ အခန်း ၄ ခန်း ပါပြီး ခြံဝင်းကတော့ ဒီခြံဝင်းရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရှိမယ်။ အဲဒီအိမ်လည်း ယွမ် ၈၀၀ ပဲ ခေါ်ထားတယ်"

ရှန်မော့အာ၏ စိတ်ထဲတွင်တော့ ဤအိမ်ကို အတော်လေး သဘောကျနေသည်။ အထူးသဖြင့် ခြံဝင်းကျယ်ဝန်းသဖြင့် ရှောင်လျန်လျန်လေး အနည်းငယ် ကြီးလာပါက ဆော့ကစားရန် နေရာပိုကျယ်မည်။ ထို့အပြင် ယွမ် ၈၀၀ ဆိုသော ဈေးနှုန်းမှာ သူတို့မိသားစု၏ လက်ရှိငွေကြေးဖြင့် လုံလောက်နေသဖြင့် နောက်ပိုင်းတွင် ငွေကြေးကိစ္စအတွက် ဖုမင်ဇယ်ကို မည်သို့ ရှင်းပြရမည်ကို ခေါင်းရှုပ်ခံနေစရာ မလိုတော့ချေ။

သို့သော် သူမသည် အခြားအိမ်ငယ်လေးတစ်လုံးကိုလည်း သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သင့်တော်ပြီး ရှင်းလင်းရန် မလိုအပ်ပါက အခက်အခဲများစွာ သက်သာသွားမည် ။

အစ်မအိုက်မှာ အလုပ်ပြန်သွားရမည်ဖြစ်သဖြင့် အရင်ထွက်သွားလေသည်။ အဒေါ်ကြီးဝမ်က ရှန်မော့အာကို အခြားအိမ်တစ်လုံးဆီသို့ ခေါ်သွားခဲ့သည်။ "အဲဒီအိမ်က လမ်းဆုံမှာ ရှိတာ။ အရင်တုန်းကတော့ သူတို့အိမ်ရှေ့မှာ ဈေးရောင်းတဲ့သူတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာတော့ ခွင့်မပြုတော့ဘူး"

သူတို့နှစ်ဦး လမ်းလျှောက်ရင်း စကားပြောလာကြရာ လမ်းဆုံသို့ ရောက်သည်နှင့် ရှန်မော့အာက ရင်းနှီးနေသော ကျောပြင်တစ်ခုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို အဒေါ်ကြီးဝမ် ပြောသော ခြံဝင်းငယ်လေး၏ တံခါးဝတွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

"အို... ကြည့်ရတာ တခြားလူတွေလည်း အိမ်လာကြည့်နေပုံပဲ" အဒေါ်ကြီးဝမ်က တတွတ်တွတ် ပြောလိုက်သည်။ "ထူးဆန်းလိုက်တာ။ ဒီမိသားစုက လွန်ခဲ့တဲ့ နှစ်ရက်ကမှ ကျွန်မကို အိမ်ရောင်းမယ်လို့ ပြောထားတာ။ သတင်းတောင် မဖြန့်ရသေးဘူး ထင်ပါတယ်။ ဘယ်လိုလုပ်ပြီး အိမ်လာကြည့်တဲ့ သူစိမ်းတွေ ရောက်နေရတာလဲ"

ရှန်မော့အာသည် လျိုယင်းရွှမ်းကို ကြည့်ရင်း စိတ်ထဲမှ 'ဒါက ထူးဆန်းစရာလား.. သူက လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက ဒီမိသားစု အိမ်ရောင်းမယ်ဆိုတာကို သိနေလောက်ပြီ' ဟု တွေးလိုက်မိသည်။

လျိုယင်းရွှမ်းက ဤခြံဝင်းလေးကို သဘောကျနေမှတော့ ဤနေရာ၏ အနေအထားက ကောင်းမွန်နေမည်မှာ သေချာလှသည်။ ရှန်မော့အာက ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ထားလိုက်ပါတော့၊ တခြားလူတွေ ကြည့်နေမှတော့ ကျွန်မတို့ မသွားတော့ပါဘူး။ ခုနက အိမ်လေးက မဆိုးပါဘူး။ အဲဒီအိမ်ကိုပဲ ဝယ်လိုက်တော့မယ်"

ထိုအိမ်မှာလည်း ဤနေရာမှ သိပ်မဝေးသဖြင့် အနေအထားချင်း သိပ်ကွာခြားမည် မဟုတ်ဟု ထင်သည်။

ရှန်မော့အာ ခန့်မှန်းကြည့်သည်မှာ လျိုယင်းရွှမ်း အိမ်ဝယ်ခြင်းက အိမ်ရှိ အဘိုးကို ခေါ်လာရန် ဖြစ်ပေလိမ့်မည်။ ဤအိမ်ရှေ့တွင် ဈေးရောင်းလို့ရသည်ဆိုတော့ သူမအတွက် အတော်လေး သင့်တော်ပေသည်။

အဒေါ်ကြီးဝမ်က ဤအိမ်နှစ်လုံးစလုံး မဆိုးလှဟု ထင်မြင်ထားသော်လည်း တခြားမကောင်းသောအိမ်များကို သူမ မပြောပြခဲ့ပေ။ သို့သော် ဤအမျိုးသမီးရဲဘော်မှာ သည်လောက် ပြတ်သားသွက်လက်ကာ အိမ်ကြည့်ပြီးသည်နှင့် ချက်ချင်း ဝယ်ရန် ဆုံးဖြတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

"မင်း အိမ်ကလူတွေနဲ့ ပြန်တိုင်ပင်ကြည့်ဦးမလား။ အဲဒီအိမ်ကလည်း ဈေးသိပ်မလျှော့လောက်ဘူး။ ယွမ် ၇၀၀၊ ၈၀၀ ဆိုတာ နည်းတဲ့ငွေမှ မဟုတ်တာ" အဒေါ်ကြီးဝမ်က အကြံပေးလိုက်သည်။

ရှန်မော့အာက တစ်ဖက်လူ၏ စေတနာကို နားလည်သဖြင့် ပြုံးကာ ပြောလိုက်၏။ "မလိုပါဘူး၊ အိမ်ကလူတွေအားလုံး ကျွန်မစကားကိုပဲ နားထောင်ကြတာပါ"

အဒေါ်ကြီးဝမ် : "...အဲဒါဆိုလည်း ရပါတယ်။ သူ့အိမ်ကလည်း သိပ်မဝေးဘူး။ တစ်လမ်းကျော်က တိုက်ခန်းမှာပဲ နေတာ။ မင်းတို့ တိုင်ပင်လို့ အဆင်ပြေရင် နေ့လယ်ကျရင် စာရွက်စာတမ်းတွေ လုပ်လို့ရပြီ"

ရှန်မော့အာမှာ အမြဲတမ်း ပြတ်သားသော စရိုက်ရှိသူပီပီ ချက်ချင်းပင် အဒေါ်ကြီးဝမ်နောက်သို့ လိုက်ကာ အိမ်ရှင်ကို သွားရောက်တွေ့ဆုံလေသည်။ အိမ်ရှင်မှာ အသက် ၆၀ ကျော်အရွယ် အဘိုးကြီးတစ်ဦး ဖြစ်သည်။ ဇနီးဖြစ်သူမှာ နယ်နှင်ဒဏ်ခံရစဉ်က ကွယ်လွန်သွားခဲ့ပြီး သူကိုယ်တိုင်လည်း ကျန်းမာရေး မကောင်းသဖြင့် သားဖြစ်သူထံသို့ သွားရောက်နေထိုင်နေသည်။ သူ ပြောသည်မှာ ထိုဘက်ရှိ အိမ်က အလွတ်ဖြစ်နေသောကြောင့် ရောင်းလိုက်ခြင်းက ပိုကောင်းသည်ဟု ဆိုသော်လည်း တကယ်တမ်းတွင်တော့ သည်ဘက်က အိမ်နီးချင်းတစ်ဦးက အိမ်ရောင်းမည်ကို သိသဖြင့် ထိုအိမ်ကိုရောင်းကာ သည်ဘက်ကအိမ်ကို ဝယ်ယူပြီး တစ်မိသားစုလုံး ပိုမိုကျယ်ဝန်းစွာ နေထိုင်နိုင်ရန် စီစဉ်နေသည်။

သူက အိမ်နီးချင်းနှင့် တိတ်တဆိတ် သဘောတူညီချက် ယူထားပြီးဖြစ်သောကြောင့် ရပ်ကွက်ကော်မတီက သူ့အိမ်နီးချင်း အိမ်ရောင်းမည့်ကိစ္စကို မသိရှိခဲ့သည်။

နှစ်ဦးစလုံးမှာ သွက်လက်သူများ ဖြစ်ကြသဖြင့် ယွမ် ၇၅၀ ဖြင့် လျင်မြန်စွာ သဘောတူညီမှု ရရှိသွားခဲ့သည်။ ရှန်မော့အာက စရန်ငွေ ယွမ် ၁၀၀ ပေးချေလိုက်ပြီး နေ့လယ်ပိုင်း စာရွက်စာတမ်းများ လုပ်ဆောင်ချိန်တွင် ကျန်ငွေများ အားလုံးကို အပြီးသတ် ပေးချေမည်ဟု ကတိပြုခဲ့သည်။

ကိစ္စများ ပြီးစီး၍ ဧည့်ရိပ်သာသို့ ပြန်ရောက်သောအခါ ရှန်ရှောက်ယွမ် ပြန်မရောက်သေးပေ။ ဒါကလည်း သဘာဝကျပါသည်။ အဘိုးဝမ်က သူ့ကို သေချာပေါက် ထမင်းစားရန် ဖိတ်ခေါ်ထားမည်မှာ အသေအချာပင်။ လျိုယင်းရွှမ်းလည်း ပြန်မရောက်သေးချေ။ ရှန်မော့အာလည်း သူတို့ကို ဂရုမစိုက်တော့ဘဲ ကျိုးဖျင်အန်းကို ခေါ်ကာ အပြင်ထွက် ထမင်းစားလိုက်သည်။

ထမင်းစားပြီးနောက် ခဏလောက် အနားယူလိုက်၏။ နိုးလာပြီးနောက် ရှန်မော့အာသည် ဘဏ်သို့ အရင်သွားကာ ငွေထုတ်ယူပြီးနောက် အမည်ပြောင်းလဲခြင်း လုပ်ငန်းစဉ်များကို သွားရောက်လုပ်ဆောင်လေသည်။ အိမ်ရှင် အဘိုးကြီးမှာလည်း ပြတ်သားသူတစ်ဦး ဖြစ်သည်။ သူ့အိမ်တွင် ဘာပစ္စည်းမှ မရှိသဖြင့် အိမ်ပြောင်းရန် အချိန်မယူတော့ဘဲ ထိုနေရာမှာပင် သော့များကို ရှန်မော့အာထံသို့ လွှဲပြောင်းပေးအပ်လိုက်တော့သည်။

ကိစ္စများ အားလုံး ပြီးစီးသွားပြီးနောက် ရှန်မော့အာ ဧည့်ရိပ်သာသို့ ပြန်ရောက်လာသောအခါ တံခါးဝသို့ ဝင်ဝင်ချင်း စင်္ကြံလမ်းပေါ်တွင် ရှောင်လျန်လျန်ကို ချီထားလျက် ပြတင်းပေါက်အပြင်ဘက် သစ်ကိုင်းပေါ်ရှိ ခိုများကို ကြည့်နေသော ရှန်ရှောက်ယွမ်ကို တွေ့လိုက်ရ၏။

ရှန်မော့အာကို မြင်သောအခါ လူကြီးရော ကလေးပါ မျက်လုံးများ အရောင်တောက်သွားကြသည်။ ရှန်ရှောက်ယွမ်က ပြောလိုက်သည်။ "လာ၊ သမီးအခန်းထဲ သွားပြီး စကားပြောကြရအောင်"

အခန်းထဲတွင် ဘယ်သူမှ မရှိချေ။ လျိုယင်းရွှမ်း ပြန်မရောက်သေးပေ။

ရှန်ရှောက်ယွမ်က ကလေးငယ်လေးကို ချော့မြှူရင်း ပြောလိုက်လေသည်။ "အဘိုးဝမ်က အဖေ့ကို အိမ်တစ်လုံး မိတ်ဆက်ပေးတယ်။ သူ့အိမ်နားမှာတင်ပဲ။ ခြံဝင်း ၃ ခုပါတဲ့ ရိုးရာအိမ်ကြီးတစ်လုံးတဲ့"

...

အပိုင်း (၁၂၀)

ယခင်က ကျန်းပေခရိုင် ယန်လျိုတပ်ဖွဲ့သို့ နယ်နှင်ဒဏ်ပေးခံရပြီး လေတဖြူးဖြူးဝင်နေသော နွားတင်းကုပ်တွင် နေထိုင်ခဲ့ရသည့် အဘိုးဝမ်သည် အမည်နာမ ပြန်လည်ရှင်းလင်းခံရပြီး မြို့တော်သို့ ပြန်ရောက်လာသောအခါ ဝန်ကြီးဌာနတစ်ခု၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ မိသားစုပိုင် အိမ်ကိုလည်း ပြန်လည်ရရှိခဲ့ပြီး ခြံဝင်း ၃ ခုပါသော ရိုးရာအိမ်ကြီးကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထားလေသည်။

တကယ်တမ်းတွင် ထိုအိမ်မှာ သူ၏ ယောက္ခမမိသားစုပိုင် ဖြစ်သည်။ သို့သော် ယောက္ခထီးတွင် သမီးတစ်ယောက်တည်းသာ ရှိသဖြင့် သူတို့တစ်မိသားစုလုံး ယောက္ခထီးနှင့် အတူနေထိုင်ခဲ့ကြသည်။ ယခုအခါ ယောက္ခထီးနှင့် ယောက္ခမတို့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး သူ၏ ဇနီးဖြစ်သူမှာလည်း နိုင်ငံရေးလှုပ်ရှားမှု စတင်ချိန်မှာပင် ကွယ်လွန်သွားခဲ့လေပြီ။ သူ့နည်းတူ နယ်နှင်ဒဏ်ခံခဲ့ရသော သားသမီးများကတော့ ပြန်လည်ရောက်ရှိလာကြသည်။ သားဖြစ်သူက မူလအလုပ်ခွင်သို့ ပြန်ဝင်သွားပြီး မြေးဖြစ်သူမှာလည်း အလယ်တန်းကျောင်း တက်နေပြီဖြစ်သည်။ သမီးဖြစ်သူမှာမူ ကွာရှင်းထားပြီး အသက် ၆ နှစ်အရွယ် မြေးမလေးကို ခေါ်ကာ အိမ်တွင် အတူနေထိုင်လျက် ရှိသည်။

ရှန်ရှောက်ယွမ်သည် ရှောင်လျန်လျန်လေးကို ခေါ်ကာ သူ့အိမ်သို့ သွားလည်လေသည်။ အဘိုးဝမ်၏ မြေးမလေးသည် ပါးဖောင်းဖောင်း၊ မျက်လုံးဝိုင်းဝိုင်းနှင့် ဤညီမလေးကို အလွန်သဘောကျသွားပြီး ညီမလေးကိုပါ အိမ်တွင် အတူနေခိုင်းရန် အတင်းပူဆာနေတော့သည်။ အဘိုးဝမ်က ရယ်စရာ ပြောလိုက်၏။ "ဒါဆို ညီမလေးကို ငါတို့အိမ်နားမှာ အိမ်တစ်လုံး ဝယ်ခိုင်းလိုက်လေ။ ဒါဆို နင် နေ့တိုင်း ညီမလေးကို တွေ့ရမှာပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ... လမ်းသွယ်ဟိုဘက်ထိပ်က နံပါတ် ၁၉ အိမ်က အဘိုးကြီးကျိန့်က အိမ်ရောင်းချင်နေတာ"

ရှန်ရှောက်ယွမ် ထိုစကားကို ကြားသည်နှင့် တစ်ပြိုင်နက် စိတ်ဝင်စားသွားခဲ့သည်။

ဤလမ်းသွယ်လေးအတွင်းရှိ အိမ်များအားလုံးမှာ ခြံဝင်းကြီးများ ဖြစ်ကြသည်။ နေထိုင်သူ နည်းပါးသောကြောင့် ဖြစ်မည်။ တခြားနေရာများထက် အများကြီး ပိုမိုသန့်ရှင်းသပ်ရပ်နေသည်ကို တွေ့ရသည်။ အရေးကြီးဆုံးမှာ အလွန်တိတ်ဆိတ်ငြိမ်သက်ခြင်းပင်။

ရှန်ရှောက်ယွမ်သည် ငယ်စဉ်ကတည်းက နန်းတော်တွင်း သို့မဟုတ် အိမ်ကြီးအိမ်ကောင်းများတွင် နေထိုင်လာခဲ့သူဖြစ်သောကြောင့် အရိုးထဲတွင် ဤကဲ့သို့သော တိတ်ဆိတ်ငြိမ်သက်သည့် ပတ်ဝန်းကျင်မျိုးကိုသာ နှစ်သက်လေသည်။ ထို့အပြင် လျိုယင်းရွှမ်းကလည်း မြို့တော်၏ ရိုးရာခြံဝင်းအိမ်ကြီးများမှာ နောင်တွင် တန်ဖိုးအလွန်ကြီးမားလာမည်ဟု မကြာခဏ ပြောလေ့ရှိသည်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရှိသည်ဆိုသဖြင့် ယခုဝယ်ထားခြင်းက အမှန်တကယ်ပင် အလွန်သင့်တော်လှပေသည်။

ထို့ကြောင့် ရှန်ရှောက်ယွမ်သည် အိမ်ရှင်၏ အခြေအနေနှင့် ဈေးနှုန်းကို သေသေချာချာ မေးမြန်းလိုက်လေသည်။

အဘိုးဝမ်မှာ သူက တကယ်ဝယ်ချင်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဤကဲ့သို့ ခြံဝင်း ၃ ခုပါသော အိမ်ကြီးမျိုးက ဈေးမပေါလှပေ။ သို့သော် သူက ရှန်ရှောက်ယွမ်တွင် ငွေရှိမရှိ သို့မဟုတ် ငွေဘယ်ကရမည်ဆိုသည်ကို မမေးမြန်းခဲ့ဘဲ ထိုမိသားစု၏ အခြေအနေကိုသာ ပြောပြလိုက်ပြီး အိမ်သွားကြည့်ရန် လိုက်ပို့ပေးနိုင်ကြောင်း ပြောလိုက်သည်။

အမှန်တကယ်တော့ အဘိုးဝမ်သည် ယန်လျိုတပ်ဖွဲ့တွင် ရှိနေစဉ်ကတည်းက ရှန်ရှောက်ယွမ်တို့ မိသားစုမှာ အပြင်တွင် ကောလာဟလ ထွက်နေသလောက် မဆင်းရဲနိုင်ကြောင်း ရိပ်မိခဲ့သည်။

ရှန်မိသားစုမှာ ရွာထိပ်တွင် နေထိုင်ပြီး ရွာသူရွာသားများနှင့် ထိတွေ့ဆက်ဆံမှု သိပ်မရှိချေ။ သို့သော် အဘိုးဝမ် နေထိုင်ခဲ့သော နွားတင်းကုပ်မှာ ရှန်မိသားစု၏ ဘေးတွင် ကပ်လျက်ရှိရာ ရှန်မိသားစု အရသာရှိသော အစားအစာများ ချက်ပြုတ်တိုင်း သူ အမြဲတမ်း အနံ့ရလေ့ရှိသည်။

ဤမိသားစု၏ စားသောက်မှုမှာ အတော်လေး ကောင်းမွန်ပြီး ရွာထဲရှိ အခြားမိသားစု အများစုထက် ပိုမိုကောင်းမွန်လှသည်။

ဟုတ်ပါသည်။ ရှန်ရှောက်ယွမ်ကလည်း သူ့ကို တစ်ခါတစ်ရံ စားစရာအနည်းငယ် လာပို့ပေးတတ်သည်။ ရှန်ရှောက်ယွမ် မကြာခဏ လာပို့ပေးသော အစားအစာများကြောင့်သာ သူ၏ အရိုးဆွေးကြီးမှာ ယခုအထိ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရှန်ရှောက်ယွမ်၏ စကားပြောဆိုမှုနှင့် ဗဟုသုတမှာလည်း သာမန်ရွာသားများနှင့် မတူညီချေ။ ရွာသားများက မခံစားမိခြင်းမှာ ရှန်ရှောက်ယွမ်က သူတို့နှင့် လယ်ယာအလုပ်မှလွဲ၍ အခြားကိစ္စများကို မပြောဆိုသောကြောင့်ပင်။ သို့သော် သူတို့နှစ်ဦးမှာ အတော်လေး သဘောထားတိုက်ဆိုင်ကြသဖြင့် ကောင်းကင်အကြောင်း၊ မြေကြီးအကြောင်း စသည်ဖြင့် အတူတကွ မကြာခဏ ပြောဆိုလေ့ရှိကြသည်။ ရှန်ရှောက်ယွမ်၏ ဗဟုသုတနှင့် စိတ်သဘောထား ကြီးမြတ်မှုမှာ ရွာသားများကို မဆိုထားနှင့်၊ သာမန် မြို့ကြီးပြကြီးမှ လူများပင် ယှဉ်နိုင်မည် မဟုတ်ချေ။

သူ၏ လက်ရေးလှပမှု၊ ပန်းချီဆွဲကောင်းမှုနှင့် စစ်တုရင်ကစား ကျွမ်းကျင်မှုတို့ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

အဘိုးဝမ်သည် သူ၏ ပန်းချီပညာကို ဇနီးဖြစ်သူက သင်ပေးခဲ့သည်ဆိုသော စကားကို ကြားဖူးသည်။ အဘိုးဝမ်မှာ ရှန်ရှောက်ယွမ်၏ ဇနီးဖြစ်သူကို မမြင်ဖူးခဲ့သဖြင့် အကဲဖြတ်ရန် ခက်ခဲသော်လည်း ရှန်ရှောက်ယွမ်တွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေသည်မှာတော့ သံသယဖြစ်ဖွယ် မရှိသော အမှန်တရားပင်။

နာမည်ဝှက်ဖြင့် နေထိုင်နေသော ထူးချွန်သူတစ်ဦးဦးကို သိကျွမ်းနေခြင်းလည်း ဖြစ်နိုင်သလို ဇနီးဖြစ်သူ၏ မိသားစုနောက်ခံက ကြီးကျယ်ခမ်းနားနေခြင်းလည်း ဖြစ်နိုင်သည်။

ဤအချက်များကို ပေါင်းစပ်စဉ်းစားကြည့်လိုက်လျှင် ရှန်ရှောက်ယွမ်၌ ခြံဝင်းအိမ်ကြီးဝယ်ရန် ငွေရှိနေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။

သို့သော် အိမ်သွားကြည့်မည်ဟု ပြောသောအခါ ရှန်ရှောက်ယွမ်က တိုက်ရိုက်ပင် ခေါင်းရမ်းလိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ "မလိုပါဘူး... ကျွန်တော် သွားကြည့်လည်း အလကားပါပဲ။ ကျွန်တော့်သမီး လာကြည့်မှ ရမှာ။ သူ ကြည့်ပြီး သဘောကျရင် ကျွန်တော်က ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်"

အဘိုးဝမ်၏ မျက်နှာမှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။

သူ ယန်လျိုတပ်ဖွဲ့တွင် ရှိနေစဉ်ကတည်းက ကြားဖူးခဲ့သည်။ ဤလူသည် သမီးဖြစ်သူကို အလွန်အမင်း အလိုလိုက်ပြီး အရာရာတိုင်းကို သမီးသဘောအတိုင်းသာ လုပ်လေ့ရှိသည်ဟု ဆိုသည်။ ယခုအချိန်ထိ ဤအတိုင်းပင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

"အဲဒါဆို မနက်ဖြန်ကျရင် ငါ့အတွင်းရေးမှူးကို ရှောင်ရှန်ကို ခေါ်ပြီး သွားကြည့်ခိုင်းလိုက်မယ်"

အဘိုးဝမ်မှာ ယနေ့ တစ်ရက်သာ ဧည့်သည်များကို ဧည့်ခံရန် အားလပ်ချိန် ရရှိခြင်းဖြစ်ပြီး မနက်ဖြန်တွင်တော့ အချိန်မရတော့ချေ။

ရှန်ရှောက်ယွမ်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ " လမ်းပြပေးပြီး အချိတ်အဆက် လုပ်ပေးမယ့်သူ တစ်ယောက်ယောက် ရှာပေးလိုက်ရင် ရပါပြီ"

ဧည့်ရိပ်သာသို့ ပြန်ရောက်ပြီး ရှန်မော့အာနှင့် တွေ့သောအခါ ရှန်ရှောက်ယွမ်က ဤကိစ္စကို ပြောပြလိုက်လေသည်။

ရှန်မော့အာမှာ ရှောင်လျန်လျန်လေးကို ချီထားသည်။ ကလေးငယ်လေးမှာ တစ်နေကုန် နို့မှုန့်သောက်နေရသဖြင့် မိခင်၏ ရင်ခွင်ထဲသို့ ပြန်ရောက်သည်နှင့် ဝမ်းနည်းပက်လက်ဖြင့် အသံလေးပေးကာ ခေါင်းကို မိခင်၏ ရင်ဘတ်ထဲသို့ အတင်းတိုးဝှေ့နေတော့သည်။

"သူ ဗိုက်ဆာနေပြန်ပြီလား" ရှန်မော့အာက မေးလိုက်သည်။

ရှန်ရှောက်ယွမ်က အလိုကျ ချွဲနွဲ့နေသော ကလေးငယ်လေးကို တစ်ချက် ကြည့်လိုက်ပြီး "ခုလေးတင်ပဲ နို့သောက်ထားတာ.. ဗိုက်မဆာလောက်သေးပါဘူး"

ဒီကလေးလေးကတော့.. သူကပဲ မတရားလုပ်ထားသလို လုပ်ပြနေတော့တာပဲ။

ရှန်မော့အာသည် ကလေးငယ်လေးကို မတ်မတ်လေး ပြန်ချီလိုက်ပြီး ချော့မြှူရင်း သူမ ကိုယ်တိုင် အိမ်ငယ်လေးတစ်လုံး ဝယ်ထားပြီးဖြစ်ကြောင်း ပြောပြလိုက်သည်။

ရှန်ရှောက်ယွမ်က ခဏ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ "ဒီအိမ်က သမီးကျောင်းနဲ့လည်း မဝေးဘူး။ ဈေးကလည်း သင့်တော်တယ်ဆိုတော့ သမက်ကို အမှန်အတိုင်း ပြောပြလို့ ရပါတယ်။ အဲဒီအခါကျရင် ငါတို့ ဒီအိမ်မှာ အရင် နေကြတာပေါ့"

"ဟိုအိမ်ကိုတော့ သမီး အရင်သွားကြည့်လိုက်ပါ။ အဆင်ပြေရင် ငါတို့ ဝယ်ပြီး ဒီအတိုင်း ထားထားလိုက်မယ်။ နောက်ကျမှ အိမ်မှာ ဝင်ငွေအကြီးစား တစ်ခုနှစ်ခုလောက် ရလာတဲ့အချိန်ကျရင် သမက်ကို ပြန်ပြောပြလိုက်ရုံပဲလေ"

သူ၏ ရုပ်ပြစာအုပ်များသာ ရောင်းရလျှင် စာမူခ အမြောက်အမြား ရရှိနိုင်ပေလိမ့်မည်။ ထို့အပြင် ယခုနောက်ပိုင်း စီးပွားရေး လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိပြီဟု ဆိုထားရာ တရားဝင်ငွေကြေး အနည်းငယ် ရှာဖွေရန်မှာလည်း သိပ်မခက်ခဲလောက်ဟု ထင်သည်။

ဖြည်းဖြည်းချင်း လုပ်ဆောင်ကာ မိသားစု ချမ်းသာလာသည်ဆိုသည့် အချက်ကို သမက်ဖြစ်သူအား တဖြည်းဖြည်းချင်း လက်ခံလာအောင် လုပ်ဆောင်သွားရုံပင်။

ထိုအချိန်ကျလျှင် ခမည်းခမက်ဘက်ကိုလည်း ပွင့်ပွင့်လင်းလင်း ကူညီထောက်ပံ့ပေးနိုင်မည်။

ရှန်ရှောက်ယွမ်သည် မမြင်ဖူးသေးသော ခမည်းခမက်များအပေါ်တွင် အမြင်ကောင်း အတော်လေး ရှိနေသည်။ မိသားစုမှာ ဆင်းရဲကျပ်တည်းနေသည်ဟု ကြားသိရသော်လည်း ဇနီးမောင်နှံနှစ်ဦး လက်ထပ်ပြီးနောက်တွင် အိမ်မှ ပို့ပေးသော ပစ္စည်းများကို မကြာခဏ ရရှိတတ်ပြီး အချို့မှာ နယ်စပ်ကဲ့သို့ အဝေးကြီးမှပင် ပို့ပေးလာခြင်း ဖြစ်သည်။

မော့အာ သမီးလေးမွေးသည်ကို ကြားသောအခါတွင်လည်း မကျေမနပ်ဖြစ်ခြင်း မရှိဘဲ ကိုယ်တိုင်ချုပ်လုပ်ထားသော အဝတ်အစားများ၊ ဘောင်းဘီများ၊ ဖိနပ်များ၊ ခြေအိတ်များကို အများအပြား ပို့ပေးခဲ့သည်။ ၎င်းမှာ အလွန်ပင် စေတနာပါကြောင်း သိသာလှပြီး သားယောက်ျားလေးမှ မြတ်နိုးသည်ဆိုသော သဘောထားမျိုး လုံးဝ မရှိခဲ့ချေ။

ယခုတစ်ကြိမ် အိမ်က အဘိုးကြီးမှာလည်း အပြင်းအထန် ဖျားနာနေပြန်ရာ ပိုလို့ပင် အခက်အခဲများ ထပ်မံကြုံတွေ့နေရလောက်သည်။

ရှန်ရှောက်ယွမ်ကိုယ်တိုင်လည်း အနည်းငယ် ပိုပြီး ကူညီထောက်ပံ့ပေးလိုစိတ် ရှိလေသည်။

သားအဖနှစ်ဦးသည် အလျင်အမြန်ပင် တိုင်ပင်ဆွေးနွေးပြီးသွားကြ၏။ သည်နှစ်များအတွင်း သူတို့သည် ရွှေအချို့ကို တဖြည်းဖြည်းချင်း ရောင်းချထားခဲ့သဖြင့် ငွေကြေးမှာလည်း လုံလောက်လုနီးပါး ရှိနေပေလိမ့်မည်။ အကယ်၍ မလုံလောက်ပါကလည်း အိမ်ရှင်ကို တိတ်တဆိတ် မေးမြန်းကာ အိမ်ဖိုးတစ်စိတ်တစ်ပိုင်းကို ရွှေဖြင့် အစားထိုးပေးချေလို့ ရမရ စုံစမ်းကြည့်နိုင်သေးသည်။

နောက်တစ်နေ့တွင် ရှန်မော့အာ တစ်ယောက်တည်း ယုံနဉ်လမ်းသွယ်သို့ သွားရောက်ခဲ့သည်။

ဘတ်စ်ကားပေါ်မှ ဆင်းပြီး လမ်းသွယ်ထိပ်သို့ လျှောက်သွားသောအခါ မျက်မှန်တပ်ထားသော ပခုံးကျယ်ကျယ်နှင့် လူငယ်တစ်ဦး လမ်းသွယ်ထိပ်တွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုလူငယ်က သူမကို အဝေးမှ မြင်သည်နှင့် တစ်ပြိုင်နက် ပြုံးရွှင်စွာဖြင့် ခပ်သုတ်သုတ် လျှောက်လာကာ "အစ်မရှန် မဟုတ်လား။ ကျွန်တော်က ဝန်ကြီးဝမ်ရဲ့ အတွင်းရေးမှူးပါ။ ကျွန်တော့်နာမည်က ယန်ပါ။ ရှောင်ယန်လို့ပဲ ခေါ်ပါ"

ရှန်မော့အာက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ "ရဲဘော်ယန်... မင်္ဂလာပါရှင်။ ဒီနေ့ ရှင့်ကို ဒုက္ခပေးရတော့မယ်"

အတွင်းရေးမှူးယန်က ပြုံးကာ ပြန်ပြောလိုက်သည်။ "လမ်းပြပေးရုံလေးပါ။ ဘာမှ ဒုက္ခမများပါဘူး။ ဝန်ကြီးဝမ်က တစ်ဖက်လူနဲ့ ချိန်းထားပြီးသားမို့လို့ ကျွန်တော်တို့ သွားလိုက်ရုံပါပဲ"

ရှန်မော့အာက ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ပါ"

"အိမ်က လမ်းသွယ်ဟိုဘက်ထိပ်က နံပါတ် ၉ ခြံဝင်းပါ။ ဝန်ကြီးဝမ်အိမ်နဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမဲ့ သိပ်အဝေးကြီးတော့ မဟုတ်ပါဘူး" အတွင်းရေးမှူးယန်က ပြောလိုက်သည်။ "ဝန်ကြီးဝမ်ရဲ့ မြေးမလေးက ခင်ဗျားတို့ အိမ်လာကြည့်မယ်ဆိုတာ သိတော့ လမ်းလာပြပေးမယ်လို့ ဇွတ်အတင်း ပူဆာနေတာ။ အတော်လေး ချော့လိုက်ရတယ်"

လိပ်စာကိုလည်း ဝန်ကြီးဝမ်၏ မြေးမလေးက သူ့ကို ပြောပြခဲ့ခြင်း ဖြစ်သည်။ လူကြီးများက သူမကို လမ်းပြရန် ခွင့်မပြုသဖြင့် သူမမှာ မျက်ရည်ပေါက်ကြီးများပင် ကျခဲ့သေးသည်။ ဝန်ကြီးဝမ်၏ သမီးမှာ သမီးဖြစ်သူကို ချော့မြှူနေရသဖြင့် သူ့ကို စကားပင် သေချာမပြောနိုင်ခဲ့ချေ။

သို့သော် ပြဿနာတော့ မရှိပေ။ အတွင်းရေးမှူးယန်သည် ရှန်မော့အာ မရောက်လာမီကတည်းက လမ်းသွယ်တစ်ခုလုံးကို တစ်ပတ် ပတ်ကြည့်ပြီးဖြစ်ကာ နံပါတ် ၉ ခြံဝင်း မည်သည့်နေရာတွင် ရှိသည်ကို သေချာသိထားလေသည်။

"ဒီပတ်ဝန်းကျင်က အိမ်တွေ အားလုံးက ထိန်းသိမ်းထားတာ အတော်လေး ကောင်းတယ်။ တချို့နေရာတွေလို အိမ်ထောင်စုတွေအများကို ငှားထားလို့ အိမ်တွေ ပျက်စီးနေတာမျိုး မရှိဘူး။ ဒီပတ်ဝန်းကျင်က အိမ်တွေက ယာယီဂိုဒေါင်လုပ်ဖို့ သိမ်းခံရတာ ဒါမှမဟုတ် ရုံးခန်းလုပ်ဖို့ သိမ်းခံရတာမျိုးတွေဆိုတော့ တခြားနေရာတွေထက် အများကြီး ပိုကောင်းတယ်"

အတွင်းရေးမှူးယန်က လမ်းလျှောက်ရင်း ရှင်းပြနေလေသည်။ "ကျွန်တော်တို့ သွားကြည့်မယ့်အိမ်ကို အပြင်ကနေ ကြည့်လိုက်ရုံနဲ့ အိမ်ကို ပြုပြင်မွမ်းမံထားတာ သိသာတယ်။ ခြံတံခါးတောင် အသစ်လဲထားတာ။ ခြံဝင်းထဲမှာ သစ်ပင်တွေ အများကြီး စိုက်ထားပုံရတယ်။ တည်သီးတွေတောင် ခြံဝင်းအပြင်ဘက်ကို ထွက်နေတာပဲ"

ရှန်မော့အာသည် လမ်းသွယ်လေးထဲသို့ ဝင်ဝင်ချင်းမှာပင် ဤနေရာကို သဘောကျသွားခဲ့သည်။ သူမ၏ အဖေပြောသကဲ့သို့ပင် ဤလမ်းသွယ်မှာ သန့်ရှင်းသပ်ရပ်နေသည်။ အိမ်တိုင်း၏ ခြံဝင်းများမှာ ကျယ်ဝန်းသဖြင့် လမ်းသွယ်တစ်ခုလုံးတွင် နေထိုင်သူ နည်းပါးကာ တစ်လမ်းလုံး အလွန်တိတ်ဆိတ်ငြိမ်သက်နေလေသည်။

နံပါတ် ၉ ခြံဝင်းအပြင်ဘက်သို့ ရောက်သောအခါ အမှန်တကယ်ပင် တည်သီးပင် ကိုင်းအချို့က ခြံရိုးပေါ်မှ ကျော်ထွက်နေပြီး အနီရောင် တည်သီးခြောက် အချို့ တွဲလွဲခိုနေသည်ကို မြင်တွေ့ရသည်။

အပြင်မှကြည့်ရုံဖြင့် ခြံဝင်းကို ပြုပြင်မွမ်းမံထားကြောင်း သိသာလှပြီး ခြံတံခါးမှာလည်း အသစ်စက်စက် ဖြစ်နေသည်။ ခြံဝင်းအတွင်းသို့ မဝင်ရသေးသော်လည်း ရှန်မော့အာ၏ စိတ်ထဲတွင် ၇ ပုံ ၈ ပုံခန့် ကျေနပ်နေလေပြီ

"တော်တော်ကောင်းပါတယ်။ ကျွန်မ ဒီခြံဝင်းကို ဝယ်ချင်တယ်"

အတွင်းရေးမှူးယန်သည် အနည်းငယ် ပွင့်နေသော ခြံတံခါးကို ပြုံးရွှင်စွာ တွန်းဖွင့်လိုက်လေသည်။ ဝန်ကြီးဝမ်က သူ့ကို ပြောထားဖူးသည်။ သူ၏ အိမ်နီးချင်းဟောင်းမှာ နားအနည်းငယ်လေးသဖြင့် တစ်ခါတစ်ရံ တံခါးခေါက်သံကို မကြားရတတ်ကြောင်း၊ ထို့ကြောင့် ယနေ့တွင် တံခါးကို စေ့ရုံသာ စေ့ထားပေးမည်ဖြစ်သောကြောင့် ရောက်လျှင် တိုက်ရိုက် ဝင်သွားရုံသာ ဖြစ်ကြောင်း ပြောထားခဲ့သည်။

သူက တံခါးကို တွန်းဖွင့်ရင်း ပြောလိုက်၏။ "အိမ်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဝယ်မယ်ဆိုရင် ဈေးကတော့ တော်တော်ကြီးမယ်နော်။ သာမန်လူတွေကတော့ တကယ်ကို မဝယ်နိုင်ပါဘူး"

ရှန်မော့အာက ဂရုမစိုက်ပေ။ "ငွေက ကိစ္စမရှိပါဘူး။ အိမ်ကောင်းဖို့က အဓိကပဲ"

အတွင်းရေးမှူးယန်က တံခါးကို ဖွင့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။ "ငွေက ကိစ္စမရှိဘူးဆိုရင်တော့ ဒီနေ့ ဒီအိမ်ကို သေချာပေါက် ဝယ်ဖြစ်မှာပါ"

ခြံဝင်းအတွင်းရှိ ကွေ့ဟွားပင်အောက်တွင် ရပ်နေသူတစ်ဦးက တံခါးတွန်းဖွင့်ဝင်လာသော သူစိမ်းများကို အံ့သြတကြီး ကြည့်လိုက်သည်။ ခုနက ထိုလူ တံခါးတွန်းဖွင့်ရင်း ပြောခဲ့သော စကားကို ပြန်စဉ်းစားမိပြီးနောက် သူ၏ ချောမောသော မျက်နှာပေါ်တွင် မနှစ်မြို့သောအမူအရာများ ချက်ချင်း ပေါ်လာပြီး "ဘယ်သူက ငွေလိုနေလို့လဲ... မရောင်းဘူး။ ပြန်ကြပါ"

ဒီလမ်းသွယ်ထဲက ဘယ်အိမ်က အိမ်ရောင်းမလို့လဲ မသိဘူး။ မနေ့ကလည်း မိသားစုတစ်စု အိမ်မှားဝင်လာပြီး အိမ်ရောင်းမလားလို့ လာမေးသေးတယ်။

အတွင်းရေးမှူးယန်၏ အနောက်တွင် ရပ်နေသော ရှန်မော့အာက ခြံဝင်းအတွင်းမှ လူ၏ အသံမှာ အလွန်ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သူမ၏ ပညာတတ်လူငယ်ဖုနှင့် အလွန်တူနေသည်။ သို့သော် လူချင်းဆင်တူသကဲ့သို့ အသံချင်းလည်း ဆင်တူနိုင်သဖြင့် သိပ်တော့ မထူးဆန်းလှချေ။

ထူးဆန်းသည်မှာ ထိုလူက အိမ်မရောင်းဘူးဟု ဘာကြောင့် ပြောနေရသနည်းဆိုသည်ပင်။

သူမက ဘာဖြစ်တာလဲဆိုတာ သေချာသိချင်သောကြောင့် မော့ကြည့်လိုက်သောအခါ ကွေ့ဟွားပင်အောက်ရှိ လူငယ်လေးမှာ အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားကာ ကျန်လက်တစ်ဖက်တွင် သိုးမွေးအင်္ကျီအရှည်တစ်ထည်ကို ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ မျက်နှာတွင် အနည်းငယ် စိတ်မရှည်ဟန်ဖြင့် လှမ်းကြည့်နေ၏... ဤအနောက်တိုင်းဝတ်စုံနှင့် ဤစိတ်မရှည်သောအမူအရာမှာ အလွန်စိမ်းသက်နေသော်လည်း ထိုချောမောသော မျက်နှာမှာတော့ အမှန်တကယ်ပင် သူမ၏ ပညာတတ်လူငယ်ဖု ဖြစ်နေလေသည်။

ထိုအချိန်တွင် ဖုမင်ဇယ်သည်လည်း အတွင်းရေးမှူးယန်၏ အနောက်တွင် ရပ်နေသော ရှန်မော့အာကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့သွားလေပြီ။ သူ၏ ချောမောသော မျက်နှာပေါ်ရှိ အမူအရာများမှာ စက္ကန့်အနည်းငယ် တောင့်တင်းသွားပြီး မျက်လုံးများမှာ အလွန်နှေးကွေးစွာ တစ်ချက် ပုတ်ခတ်သွားခဲ့သည်။ အလွန်အမင်း စိုးရိမ်ပူပန်မှုကြောင့် စိတ်ကယောင်ချောက်ချား ဖြစ်နေတာများလားဟုပင် မိမိကိုယ်ကိုယ် သံသယဝင်သွားမိသည်။

မဟုတ်ရင် ဘယ်လိုလုပ်ပြီး အိမ်တံခါးဝမှာ ငါ့မိန်းမကို တွေ့ရမှာလဲ။

ဖုမင်ဇယ်က မျက်လုံးကို နှေးကွေးစွာ တစ်ချက် ပုတ်ခတ်လိုက်ပြန်ပြီး ခုနက သူ ဘာပြောခဲ့သလဲဆိုတာကို ပြန်လည်စဉ်းစားကြည့်လိုက်သည်။

"ဘယ်သူက ငွေလိုနေလို့လဲ"

"မရောင်းဘူး"

"ပြန်ကြပါ"

တိုးတောင်းလှသည့် စကား၃ခွန်း။ ပြောခဲ့တုန်းက ဘယ်လောက်တောင် ပြတ်သားခဲ့သလဲဆိုတာ အခုတော့ ဘယ်လောက်တောင် နောင်တရစရာ ကောင်းနေပြီလဲ။

စကားလုံးတစ်လုံးချင်းစီက တူတစ်လက်လို သူ့ခေါင်းထဲကို ပြင်းပြင်းထန်ထန် ထုနှက်နေသလိုပင်။ ဖုမင်ဇယ်မှာ ဒီရက်ပိုင်းအတွင်း နဂိုကတည်းက နာကျင်နေသည့် ခေါင်းက အခု ပိုပြီးတောင် နာကျင်လာသလို ခံစားလိုက်ရတော့သည်။

လိမ်ညာမှုတစ်ခုကို ဖာထေးဖို့ သူ့မှာ အခွင့်အရေးတောင် မကျန်တော့ဘူး။

သို့သော် မကြာမီမှာပင် ဖုမင်ဇယ် ထပ်မံစဉ်းစားမိသွားသည်။ စောစောက သူ ဇနီးဖြစ်သူ၏ အသံကို ကြားလိုက်ရသလို ခံစားခဲ့ရသည်။ သို့သော် မဖြစ်နိုင်ဘူးဟု ထင်ကာ ဂရုမစိုက်ခဲ့ချေ။ ယခု သေချာပြန်စဉ်းစားကြည့်ရာ ဇနီးဖြစ်သူက ခုနက "ငွေက ကိစ္စမရှိပါဘူး။ အိမ်ကောင်းဖို့က အဓိကပဲ" ဟု ပြောခဲ့ပြီးနောက် ဤအမျိုးသားက "ဒါဆို ဒီအိမ်ကို သေချာပေါက် ဝယ်ဖြစ်မှာပါ" ဟု ပြန်ပြောခဲ့သည် မဟုတ်လား...

ကြည့်ရတာ.. အိမ်လာဝယ်တာက သူ့မိန်းမများလား။

အံ့အားသင့်မှုနှင့် လိပ်ပြာမလုံမှုများအပြင် ဖုမင်ဇယ်၏ မျက်ဝန်းများတွင် သံသယအချို့လည်း ပေါ်လွင်နေလေသည်။

တစ်ဖက်မှ ရှန်မော့အာ၏ စိတ်ခံစားချက်မှာလည်း အတူတူပင်။ ရွှေငွေများ အလျှံပယ်သုံးကာ အိမ်ဝယ်မည်လုပ်နေချိန်တွင် ပညာတတ်လူငယ်ဖုနှင့် ပက်ပင်းတိုးသွားသဖြင့် လိပ်ပြာမလုံဖြစ်နေရသည့်အပြင် ပညာတတ်လူငယ်ဖုက ဤနေရာတွင် ဘာကြောင့် ရောက်နေရသနည်းဆိုသည်ကိုလည်း သံသယဖြစ်နေမိလေသည်။

ထို့အပြင် သူ၏ လေသံကို နားထောင်ကြည့်ရသည်မှာ... ဒီအိမ်က သူတို့မိသားစုပိုင်များလား။

“……”

“……”

ဇနီးမောင်နှံနှစ်ဦးမှာ မျက်နှာချင်းဆိုင်လျက် စကားမပြောနိုင်ဘဲ ဆွံ့အလျက် ရှိနေကြလေတော့သည်။

...

All Chapters