← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အပိုင်း (၁၂၁)

အတွင်းရေးမှူးယန်သည် ထိုနေရာ၏ တိတ်ဆိတ်ပြီး တင်းမာနေသော လေထုကို ခံစားလိုက်ရ၏။ သူ့စိတ်ထဲတွင် တော်တော်လေး နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သို့သော် သူ၏ တွေးတောနိုင်စွမ်းသည် မျက်စိရှေ့က သည်လူနှစ်ဦး ရင်းနှီးနေမည်ဟု တွေးမိလောက်အောင်အထိတော့ မဆက်စပ်နိုင်ခဲ့ချေ။ ပိုဆိုးသည်မှာ လင်မယားဖြစ်နေမည်ကိုပင်။ တစ်ဖက်က ဝယ်ချင်ပြီး တစ်ဖက်က မရောင်းချင်ဘူးသည် မတိုးသာမဆုတ်သာ အခြေအနေဖြစ်သွားသည်ဟုသာ ရိုးရိုးလေး စဉ်းစားလိုက်၏။

ထို့ကြောင့် သူက လေထုကို ပြေလျော့စေရန် အလျင်အမြန် စကားစလိုက်သည်။ "ဒီနေရာက ပါမောက္ခကျိန့်ရဲ့အိမ် မဟုတ်လား။ ပါမောက္ခကျိန့် အိမ်မှာ မရှိဘူးလားခင်ဗျာ။ ကျွန်တော်တို့ကို ဝန်ကြီးဝမ်ချင့်ရှန်းက မိတ်ဆက်ပေးလိုက်တာပါ။ သူက ခင်ဗျားတို့အိမ်နဲ့ ချိန်းထားပြီးပြီလို့ ပြောပါတယ်။ ရဲဘော်၊ ဒီကြားထဲမှာ နားလည်မှုလွဲတာများ ရှိနေမလား"

အိမ်ရောင်းမယ်လို့ သဘောတူထားပြီးမှ ဘာလို့ ရုတ်တရက်ကြီး မရောင်းတော့ဘူးလို့ ပြောရတာလဲ။

ဖုမင်ဇယ် မျက်တောင်တစ်ချက် ခတ်လိုက်သည်။ အေးခဲနေသော သူ၏ တွေးတောနိုင်စွမ်းသည် နောက်ဆုံးတွင် တစ်ချက်ချက်နှင့် ခက်ခဲစွာ လည်ပတ်လာခဲ့၏။

ပါမောက္ခကျိန့် ဟုတ်လား။ သူတို့အိမ်မှာ ဘယ်က ပါမောက္ခကျိန့် ရှိလို့လဲ။ တကယ်ပဲ အိမ်မှားဝင်လာတာ ဖြစ်ရမယ်။

ဒါပေမဲ့ အိမ်မှားဝင်လာတာက ကိုယ့်မိန်းမလေ။ အိမ်မှားဝင်တာလို့လည်း မဆိုနိုင်ဘူး မဟုတ်လား။

"ရှောင်ဇယ်၊ ပါမောက္ခကျိန့်ကို လာရှာတဲ့သူ ရှိလို့လား။ အိမ်မှားလာတာလို့ သူတို့ကို ပြောလိုက်ပါ။ လောင်ကျိန့်က အမှတ် (၁၉) ခြံဝင်းထဲမှာလေ" အဘွားကျိုး၏ အသံသည် အိမ်ထဲမှ ထွက်ပေါ်လာသည်။ "အို... မော့အာ ပေးထားတဲ့ လည်စည်းပုဝါလေးက ဘယ်လိုလုပ် ရှာမတွေ့တော့တာလဲ"

ဖုမင်ဇယ်သည် ရှန်မော့အာကို အလိုလို လှမ်းကြည့်လိုက်သည်။ ရှန်မော့အာ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး သူမ၏ ယောက်ျားကို တစ်ဖန် ပြန်လည် အကဲခတ်ကြည့်လိုက်၏။

အင်း၊ အနောက်တိုင်းဝတ်စုံကို သေသပ်နေအောင် ဝတ်ထားတာပဲ။ အပြင်သွားမလို့ပဲ ဖြစ်ရမယ်။

သူမက စကားစလိုက်သည်။ "အတွင်းရေးမှူးယန်၊ ကျွန်မတို့ မှားတာ ဖြစ်မယ်။ ပါမောက္ခကျိန့်က အမှတ် (၁၉) ခြံဝင်းမှာဆိုမှတော့ ကျွန်မတို့ အမှတ် (၁၉) ကိုပဲ သွားကြတာပေါ့"

စကားအဆုံးတွင် သူမ ချက်ချင်းပင် သွက်လက်စွာ လှည့်ထွက်သွားခဲ့သည်။

လက်ရှိအခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ၊ ယောက္ခမဘက်က လူတွေနဲ့ ရင်ဆိုင်ရမယ့် အချိန်ကောင်းတော့ မဟုတ်သေးဘူး။ တကယ်လို့ တွေ့ဆုံလိုက်မယ်ဆိုရင် ကိစ္စတွေက ပိုပြီး ရှုပ်ထွေးသွားဖို့ပဲ ရှိတယ်

"အာ... အို... အမယ်လေး၊ ကျွန်တော့်အမှားပါ။ ကျွန်တော် သေချာမမေးမြန်းခဲ့မိလို့ပါ။ ရဲဘော်၊ အားနာပါတယ်ဗျာ။ ကျွန်တော်တို့ အိမ်မှားဝင်လာမိတာပါ။ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်" အတွင်းရေးမှူးယန်သည်လည်း သတိဝင်လာခဲ့သည်။ သူက ဖုမင်ဇယ်ကို ပြုံးလျက် တောင်းပန်စကားဆိုပြီးနောက် ရှန်မော့အာ၏ နောက်သို့ အလျင်အမြန် လိုက်သွားခဲ့၏။

မိမိ၏ မိန်းမက နှုတ်ဆက်စကား တစ်ခွန်းမှမဆိုဘဲ လှည့်ထွက်သွားသည်ကို မျက်စိသူငယ်ဖြင့် ကြည့်နေရသော ဖုမင်ဇယ် : "......"

သူတို့ ဇနီးမောင်နှံကြားတွင် ကြီးမားသော ယုံကြည်မှု ပျက်ပြားခြင်း ကပ်ဆိုက်နေပြီဖြစ်ကြောင်း ထင်ရှားလှသည်။

သူ့မိန်းမက သူ့ကို ကွယ်ဝှက်ပြီး ကိုယ်ပိုင်ငွေများ စုဆောင်းကာ အိမ်ဝယ်နေသည်။ သူကလည်း မိမိအိမ်မှာ ချမ်းသာသော အရင်းရှင်လူတန်းစား ဖြစ်သည်ဆိုသော အမှန်တရားကို မိန်းမဖြစ်သူအား ဖုံးကွယ်ထားခဲ့သည်။

ကြည့်ရတာ ငါ့ဘက်က အခြေအနေက ပိုပြီး ဆိုးရွားနေပုံရတယ်။

ဖုမင်ဇယ်မှာ ခေါင်းကိုက်သွားပြီး အော်ပြောလိုက်သည်။ "အဘွား၊ မင်ကျိုးကိုပဲ အဘွားချိုးဆီ လိုက်ပို့ခိုင်းလိုက်တော့နော်။ ကျွန်တော် ရုတ်တရက် အရေးကြီးကိစ္စလေး ပေါ်လာလို့"

စကားအဆုံးတွင် အဘွားကျိုး၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ အိမ်အပြင်သို့ ခပ်သွက်သွက် ထွက်သွားခဲ့တော့သည်။

အဘွားကျိုးသည် အိမ်ထဲမှ ခေါင်းပြူထွက်လာသည်။ "ဘာပြောတာလဲ"

ဧည့်ခန်းထဲတွင် စာဖတ်နေသော ဖုမင်ကျိုးက ဖြေလိုက်၏။ "အစ်ကိုကြီးက သူ့မှာ အရေးကြီးကိစ္စရှိလို့ အဘွားချိုးအိမ်ကို မလိုက်ပို့တော့ဘူးတဲ့"

အဘွားကျိုးက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ "မင်းကို လိုက်ပို့ခိုင်းခဲ့တယ်လို့လည်း သူ ပြောသွားသေးတယ်လေ"

ဖုမင်ကျိုး : "......"

သူသည် မတတ်သာဘဲ စာအုပ်ကို ချထားလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။ "အစ်ကိုကြီးကတော့ တကယ်ပါပဲ။ အဘွား၊ စောစောက အိမ်မှားဝင်လာတဲ့ အစ်မလှလှလေး တစ်ယောက်ရှိတယ်။ အစ်ကိုကြီးက အဲဒီလူကို မျက်တောင်မခတ်တမ်း ကြည့်နေတာ။ ဟိုလူလည်း ထွက်သွားရော သူက အဘွားကို ချက်ချင်းပစ်ထားပြီး နောက်ကနေ လိုက်သွားတာပဲ။ ကျွန်တော့် အစ်ကိုကြီးကများ မိန်းမလှလေးမြင်တော့ စိတ်ပြောင်းပြီး မရီးကိုစွန့်ပစ်မယ့် ချန်ရှစ်မေများ ဖြစ်နေမလားပဲ"

အဘွားကျိုးက မျက်မှောင်ကြုတ်လိုက်၏။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းအစ်ကိုကြီးက အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး"

ဖုမင်ကျိုး: "အဘွားက သူ အဲဒီအစ်မကို ကြည့်နေတဲ့ အကြည့်ကို မမြင်လိုက်လို့ပါ။ စိုက်ကြည့်လိုက်နေတာများ"

အဘွားကျိုး : "...... နင်က ကလေးပဲ။ ဘာသိလို့လဲ။ လျှောက်ပြောမနေနဲ့"

ဟိုဘက်တွင် ရှန်မော့အာတို့သည် အမှတ် (၉) ခြံဝင်းထဲမှ ကမန်းကတန်း ထွက်လာခဲ့ကြသည်။ အတွင်းရေးမှူးယန်က လမ်းလျှောက်ရင်း တောင်းပန်နေ၏။ "ရဲဘော်ရှန်၊ တကယ်ကို အားနာပါတယ်။ ကျွန်တော် တစ်ခဏတာ ပေါ့ဆမှုကြောင့် လိပ်စာ မှားသွားတာပါ။ ဒါပေမဲ့ ကံကောင်းလို့ ရှင်းရှင်းလင်းလင်း သိသွားတာပေါ့။ ပြဿနာကြီးကြီးမားမား နားလည်မှုလွဲတာမျိုးလည်း မဖြစ်ခဲ့ပါဘူး။ အမှတ် (၁၉) ခြံဝင်းက သိပ်မဝေးပါဘူး။ ကျွန်တော်တို့ အခု ချက်ချင်း သွားကြတာပေါ့"

ပြဿနာကြီးကြီးမားမား နားလည်မှုလွဲတာမျိုး မဖြစ်ခဲ့တာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကြီးမားတဲ့ လိမ်ညာမှုကြီး တစ်ခုကိုတော့ ဖောက်ထွင်းသိမြင်လိုက်ရသလိုပဲ။

ရှန်မော့အာသည် အပြုံးကို ထိန်းသိမ်းထားလိုက်သည်။ "အင်း၊ ကိစ္စမရှိပါဘူး။ အတွင်းရေးမှူးယန်ကို ဒုက္ခပေးသလို ဖြစ်သွားပြီ"

တခြားလူသာဆိုလျှင် ယနေ့ကိစ္စသည် မတော်တဆ ဘတ်စ်ကားမှားစီးမိပြီး နောက်မှတ်တိုင်တွင် ချက်ချင်း ဆင်းလိုက်ရသလောက် ရိုးရှင်းနေလိမ့်မည်။ သို့သော် ယနေ့ အမှားအယွင်းသည် တိုက်ဆိုင်လွန်းနေခဲ့သည်။ ထိုအရာက အတွင်းရေးမှူးယန် လုံးဝစိတ်ကူးမယဉ်နိုင်သော ပြဿနာများကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။

ဤကိစ္စအတွက် တခြားသူကို အပြစ်တင်လို့တော့ မရနိုင်ချေ။

ရှန်မော့အာ၏ ဦးနှောက်ထဲတွင် အမှန်တကယ်ပင် အနည်းငယ် ရှုပ်ထွေးနေသေးသည်။ သို့သော် သူမသည် ပြဿနာများကို ရင်မဆိုင်နိုင်သော မိန်းကလေးငယ်တစ်ဦး မဟုတ်သဖြင့် မြန်မြန်ဆန်ဆန်ပင် တည်ငြိမ်သွားခဲ့၏။

တခြားကိစ္စတွေကို နောက်မှပဲ ရှင်းတော့မယ်။ အရင်ဆုံး အိမ်ကို ဝယ်ဖို့က အရေးကြီးတယ်။

သူတို့နှစ်ဦးသည် အမှတ် (၁၉) ခြံဝင်းဆီသို့ ခပ်သွက်သွက် လျှောက်သွားကြသည်။ မကြာမီမှာပင် နောက်ကျောဘက်မှ ခြေသံများ ထွက်ပေါ်လာပြီး ဖုမင်ဇယ်က ပြေးလိုက်လာခဲ့သည်။ "မော့အာ"

အတွင်းရေးမှူးယန်က ဖုမင်ဇယ်ကို အံ့သြစွာ လှမ်းကြည့်လိုက်သည်။ ထို့နောက် ရှန်မော့အာဘက်သို့ ခေါင်းလှည့်ကြည့်ကာ ခေတ္တတုံ့ဆိုင်းသွားပြီး မေးလိုက်၏။ "ရဲဘော်ရှန်၊ ခင်ဗျားတို့က ရင်းနှီးကြတာလား"

ရှန်မော့အာသည် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်သည်။ "အင်း၊ သိတော့ သိပါတယ်။ အရမ်းကြီး မရင်းနှီးတာပါ"

ဖုမင်ဇယ် : "......"

ရှန်မော့အာက ဖုမင်ဇယ်ကို ကြည့်လိုက်သည်။ "ရဲဘော်ဖု၊ ကျွန်မက ပါမောက္ခကျိန့်နဲ့ ချိန်းထားတာ ရှိတယ်။ ကိစ္စရှိရင် နောက်မှပဲ ပြောကြမလား"

ဖုမင်ဇယ် : "...... မင်းနဲ့အတူ ကို လိုက်ခဲ့မယ်"

ရှန်မော့အာက ခဏလောက် တွေးတောလိုက်သည်။ "ရပါတယ်။ သွားကြတာပေါ့"

အတွင်းရေးမှူးယန်သည် သူတို့နှစ်ဦးကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်သည်။ စိတ်ထဲတွင် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို စပ်စုချင်စိတ်ဖြင့် ခန့်မှန်းနေမိသော်လည်း မျက်နှာသေနှင့် ဖြစ်နေလေ၏။

အမှတ် (၁၉) ခြံဝင်းသို့ ရောက်ရှိသောအခါ ဆံပင်များ ဖြူဖွေးနေပြီဖြစ်သော ပါမောက္ခကျိန့်သည် အိမ်တွင် အမှန်တကယ်ပင် စောင့်ဆိုင်းနေခဲ့သည်။ အဘိုးအို၏ မျက်နှာပေါ်တွင် ဘဝ၏ လောကဓံ အနိမ့်အမြင့် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေ၏။ သူသည် ဆောင်းရာသီ၏ အနည်းငယ် ခြောက်သွေ့နေသော ခြံဝင်းကို ကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။ "ကလေးတွေက ကွမ်ကျိုးမြို့ကို အပို့ခံရပြီး အဲဒီမှာပဲ အိမ်ထောင်ကျပြီး အခြေချနေကြပြီလေ။ မြို့တော်ကိုလည်း ပြန်မလာချင်ကြတော့ဘူး။ ငါလည်း အသက်ကြီးနေပြီ။ ခန္ဓာကိုယ်သာ တောင့်ခံနိုင်သေးရင် တာဝန်ထမ်းဆောင်တဲ့ နေရာကို ပြန်သွားပြီး ကျန်ရှိနေသေးတဲ့ အင်အားတွေကို အသုံးချချင်ပါသေးတယ်။ နှမြောစရာကောင်းတာက ခန္ဓာကိုယ်က ခွင့်မပြုတော့ဘူး။ အဲဒါကြောင့် အိမ်ကို ရောင်းပြီး ကလေးတွေနဲ့ ပြန်နေဖို့ ကွမ်ကျိုးကို သွားမလို့ စဉ်းစားထားတာ"

"ဒီအိမ်က ငါတို့အိမ်ရဲ့ ဘိုးဘွားပိုင် အိမ်ကြီးပါ။ တရားနည်းလမ်းကျကျ ပြောရရင် ဘိုးဘွားတွေ ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်ကို လွယ်လွယ်ကူကူ မရောင်းသင့်ပါဘူး။ ဒါပေမဲ့ ဘိုးဘွားတွေ ချန်ထားခဲ့တဲ့ ဒီပစ္စည်းတွေက ငါတို့ တစ်မိသားစုလုံးကို အတော်လေး ဒုက္ခရောက်စေခဲ့တယ်။ ရောင်းလိုက်တာလည်း ကောင်းပါတယ်။ မိသားစုတွေ အတူတူ စုံစုံလင်လင်နဲ့ ဘေးကင်းကင်း နေရတာထက် ဘယ်အရာကများ ပိုပြီး အရေးကြီးဦးမှာလဲ"

ပါမောက္ခကျိန့်သည် အတွင်းရေးမှူးယန်ကို သိကျွမ်းလေသည်။ သူ၏ အကြည့်များက အတွင်းရေးမှူးယန်ကို ကျော်လွန်သွားပြီး ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ထံသို့ ရောက်ရှိသွား၏။ "မင်းတို့ ဇနီးမောင်နှံက တကယ့်ကို ရုပ်ရည်ချောမောပြီး အရည်အချင်းရှိတဲ့သူတွေပဲ။ လောင်ဝမ်ပြောတာတော့ ဒီတစ်ခေါက် မြို့တော်တက္ကသိုလ်ကိုတောင် ဝင်ခွင့်ရခဲ့တယ်ဆို။ ငါ့ရဲ့ ဒီအိမ်ကို မင်းတို့ကို ရောင်းလိုက်ရတာလည်း မဆိုးပါဘူးလေ"

ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ စကားမပြောရသေးမီမှာပင် အတွင်းရေးမှူးယန်က အလျင်အမြန် ဝင်ရောက် ရှင်းလင်းပေးလိုက်သည်။ "ပါမောက္ခကျိန့်၊ ခင်ဗျား နားလည်မှုလွဲနေပါပြီ။ အိမ်ဝယ်ချင်တာက ဒီက ရဲဘော်ရှန်ပါ။ ဒီက မစ္စတာဖုကတော့ သူ့ရဲ့ မိတ်ဆွေပါ။ အနီးအနားမှာ နေတာဆိုတော့ လာကူကြည့်ပေးတာပါ"

ဖုမင်ဇယ် : "......"

သူက ရှန်မော့အာကို တစ်ချက် ကြည့်လိုက်သည်။ ရှန်မော့အာကလည်း မငြင်းချေ။

ပါမောက္ခကျိန့်သည် ဖုမင်ဇယ်ကို သေသေချာချာ အကဲခတ်ကြည့်လိုက်၏။ "ဖု မျိုးရိုးလား။ မင်းက အမှတ် (၉) ခြံဝင်းက ဖုမိသားစုရဲ့ ကလေး မဟုတ်လား။ မင်းတို့အိမ်က လူကြီးတွေကိုတော့ ငါ သိပါတယ်။ ကလေးတွေကိုတော့ နည်းနည်းလေးမှ မမှတ်မိတော့ဘူး။ မင်းက ကျစ်ယွမ်အိမ်ကလား၊ ဒါမှမဟုတ် ပေါ်ယွမ်အိမ်ကလား"

ဖုမင်ဇယ်က ပြန်ဖြေလိုက်သည်။ "ကျွန်တော့်အဖေက ဖုကျစ်ယွမ်ပါ"

ပါမောက္ခကျိန့်က သက်ပြင်းချလိုက်သည်။ "မင်းရဲ့ မိဘတွေ အပို့ခံရတဲ့ ဒီနှစ်တွေအတွင်း ဒုက္ခအများကြီး ခံခဲ့ရမှာပေါ့။ တစ်မိသားစုလုံး ကောင်းကောင်းမွန်မွန် အသက်ရှင်နေနိုင်တာကလည်း လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ကြားရတာတော့ ဒီနှစ်တွေအတွင်း မင်းတို့ရဲ့ အဘိုးနဲ့ အဘွားက နယ်စပ်က မင်းရဲ့ ဦးလေးဆီမှာ နေကြတယ်ဆို။ မင်းဦးလေးက နိုင်ငံတော်က အလေးထားစောင့်ရှောက်ရတဲ့ ရေနံပညာရှင်ဆိုတော့ နယ်စပ်က ပြည်တွင်းလောက်တော့ မရှုပ်ထွေးလှဘူးပေါ့။ နေထိုင်ရတဲ့ ပတ်ဝန်းကျင်က ခက်ခဲကြမ်းတမ်းတာလေးပဲ ရှိတာ။ အေးလေ၊ ကျော်ဖြတ်နိုင်ခဲ့တာပဲ ကောင်းပါတယ်"

လူတန်းစား နောက်ခံကို ပြောရမည်ဆိုလျှင် ဖုမိသားစုက ဤအနီးအနားတွင် အနိမ့်ကျဆုံး ဖြစ်လောက်သည်။ သို့သော် သူတို့အိမ်မှ ဖုပေါ်ယွမ်က နိုင်ငံတော်က အလေးထားစောင့်ရှောက်ရသော ရေနံပညာရှင် ဖြစ်နေ၏။ ထို့အပြင် သူတို့ မိသားစု၏ လုပ်ရပ်များကလည်း အမှန်တကယ်ပင် ပြတ်သားလှသည်။ လူအများ သတိမပြုမိခင်မှာပင် သူတို့ မိသားစုက ထွက်ခွာမည့်သူက ထွက်ခွာပြီး လူစုခွဲသွားခဲ့ကြသည်။ နောက်ဆုံးတွင်တော့ တစ်မိသားစုလုံး အသက်အန္တရာယ်မှ ကင်းလွတ်သွားခဲ့ကြသည်။

တချို့သော မိသားစုများလို အရှုပ်ထွေးဆုံး အချိန်ကာလတွင် မြို့တော်၌ ကျန်ရစ်နေခဲ့ပြီး နောက်ဆုံး၌... ထိုကဲ့သို့ မဖြစ်ခဲ့ချေ။

ရှန်မော့အာသည် ဖုမင်ဇယ်ကို ခပ်ဖျော့ဖျော့ တစ်ချက် ကြည့်လိုက်သည်။

သာမန် အလုပ်သမား မိသားစု၊ တစ်မိသားစုလုံး မြို့တော်မှာ နေတယ်ဆိုတာကရော။ အမေအရင်းက ကျန်းမာရေးမကောင်းဘူး၊ ညီလေးကလည်း အသက်မကြီးသေးဘူး၊ အပေါ်မှာလည်း ခဏခဏ ဖျားနာတတ်တဲ့ အဘိုးအဘွားတွေ ရှိသေးတယ်၊ တစ်မိသားစုလုံး နည်းပါးလှတဲ့ လစာလေးနဲ့ ခက်ခဲစွာ ရပ်တည်နေရတယ်ဆိုတာကရော။ ဦးလေး တစ်မိသားစုတည်းသာ နယ်စပ်မှာ ရေနံအလုပ်သမား လုပ်နေတယ်ဆိုတာကရော။

ဖုမင်ဇယ်မှာ ဇောချွေးများ ပြန်လာခဲ့သည်။ သူသည် မျက်နှာပူပူဖြင့် ပါမောက္ခကျိန့်ကို ဖြေလိုက်၏။ "အားလုံးက ကံကောင်းသွားလို့ပါ"

ရှန်မော့အာက တစ်ချက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ကံကောင်းရုံတင် ဘယ်ကမလဲ။ အခြေအနေကို သုံးသပ်နိုင်တဲ့ ဉာဏ်ပညာ တွေလည်း ရှိဦးမှာပါ"

ဉာဏ်ပညာ ဆိုသော စကားလုံး နှစ်လုံးကို ဖိသံဖြင့် ပြောလိုက်ခြင်းပင်။

ဖုမင်ဇယ် : "......"

ပါမောက္ခကျိန့်က ပြုံးလိုက်သည်။ "ရဲဘော်ရှန် ပြောတာ မှန်ပါတယ်။ အခြေအနေကို သုံးသပ်နိုင်တယ် ဆိုတဲ့ ဒီစကားစုက သာမန်လူတွေ လုပ်နိုင်တဲ့အရာမှ မဟုတ်တာ"

ဖုမင်ဇယ်မှာ လုံးဝကို စိတ်မတိုနိုင်တော့ပေ။ ရှန်မော့အာကို ကြည့်သော သူ၏ အကြည့်များတွင် တောင်းပန်တိုးလျှိုးနေသော အရိပ်အယောင်များ ပါဝင်နေလေတော့သည်။

ပါမောက္ခကျိန့်သည် ဖုမင်ဇယ်၏ မိသားစုအကြောင်းကို ဆက်လက် မပြောဆိုတော့ချေ။ မည်သို့ပင်ဆိုစေ ယနေ့ အဓိကတာဝန်မှာ အိမ်ရောင်းရန်သာ ဖြစ်သည်။ သူသည် စကားလမ်းကြောင်းပြောင်းကာ ရှန်မော့အာအား သူ၏ အိမ်အကြောင်းကို စတင် မိတ်ဆက်ပေးလေသည်။

ရှန်မော့အာကို ခေါ်ဆောင်ကာ နေရာအနှံ့ လိုက်လံပြသပြီးနောက် ပါမောက္ခကျိန့်က ပြောလိုက်၏။ "အိမ်ကတော့ ဒီအတိုင်းပါပဲ။ မင်းတို့ ဝယ်ပြီးရင် ထပ်ပြီး ပြုပြင်ရမယ့် အပိုင်းတွေလည်း ရှိဦးမှာပါ။ ဒါပေမဲ့ ဒီလို ရှေးဟောင်းအိမ်ကြီးတွေက အရင်တုန်းက အသုံးပြုခဲ့တဲ့ ပစ္စည်းတွေက အရမ်းကောင်းပါတယ်။ သေသေချာချာ ထိန်းသိမ်းထားမယ်ဆိုရင် မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းနိုင်ပါတယ်။ ငါက ယွမ်နှစ်သောင်း ဈေးခေါ်ထားတာပါ။ လွန်ခဲ့တဲ့ နှစ်ရက်က တစ်ယောက်က ယွမ်တစ်သောင်းရှစ်ထောင် ပေးပေမယ့် ငါ သဘောမတူခဲ့ဘူး။ ရဲဘော်ရှန်ကို ကြည့်ရတာ လူကောင်းတစ်ယောက်ပဲ။ ဒီအိမ်ကို မင်းကို ရောင်းရတာ ငါ စိတ်ချပါတယ်။ အဲဒါကြောင့် ငါလည်း စကားအများကြီး မပြောတော့ဘူး။ ယွမ်တစ်သောင်းရှစ်ထောင်နဲ့ မင်းကို ရောင်းမယ်"

ဤဈေးနှုန်းသည် မိုးပျံနေသော ဈေးနှုန်းဟု ထင်ရသည်။ မည်သို့ဆိုစေ ရှန်မော့အာ ယခင်က ဝယ်ယူခဲ့သော ခြံဝင်းငယ်လေးမှာ ယွမ်ရှစ်ရာခန့်သာ ပေးခဲ့ရသည်။

သို့သော် အိမ်၏ အရွယ်အစားမှာ များစွာ ကွာခြားလှသည်။ ဟိုဘက်ရှိ ခြံဝင်းငယ်လေးမှာ သာမန် ခြံဝင်းငယ်လေးတစ်ခုသာ ဖြစ်သော်လည်း သည်နေရာကတော့ အတွင်းအပြင် ခြံဝင်းသုံးခု ပါဝင်သော အိမ်ကြီးတစ်လုံး ဖြစ်သည်။ အိမ်အကျယ်အဝန်းမှာ မည်မျှကွာခြားသည်ကိုပင် မသိနိုင်ချေ။ တည်နေရာ အနေအထားက ဘယ်လောက်တောင် ပိုမိုကောင်းမွန်သည်ကို ပြောနေစရာပင် မလိုတော့ပေ။ သည်နေရာသည် ယခင်ခေတ်က နန်းတော်နှင့်လည်း သိပ်မဝေးလှကြောင်း ကြားသိရသည်။

တည်နေရာသည် ရှန်မော့အာ သာ့လျန်မင်းဆက်တွင် နေထိုင်ခဲ့စဉ်က မင်းသားစံအိမ်နှင့်ပင် အတော်လေး ဆင်တူနေသည်။ ဤကဲ့သို့သော တည်နေရာမျိုးမှာ ရှေးယခင်မှစ၍ ယနေ့တိုင်အောင် အလွန်တန်ဖိုးကြီးမားလှသဖြင့် ရှန်မော့အာအနေဖြင့် သဘာဝကျကျပင် နားလည်သဘောပေါက်နိုင်၏။

လောင်ဝမ်ကလည်း သူတို့အတွက် ကြိုတင် ဈေးနှုန်းခန့်မှန်းပေးထားခဲ့ပြီး ယွမ်နှစ်သောင်းဝန်းကျင်ခန့် ရှိမည်ဟု ပြောထားခဲ့သည်။ ယခုအခါ တစ်ဖက်လူကိုယ်တိုင်က ယွမ်တစ်သောင်းရှစ်ထောင်ဖြင့် ရောင်းမည်ဟု ပြောလာခြင်းမှာ တကယ်ကို ဈေးသင့်နေသည်။

တိတိကျကျ ပြောရလျှင် ဤဈေးနှုန်းမှာ သူတို့က အမြတ်ထွက်နေခြင်းပင်။

ထို့ကြောင့် ရှန်မော့အာသည်လည်း ဈေးမဆစ်တော့ဘဲ ငွေပေးချေမည့် ကိစ္စကိုသာ စတင်ပြောဆိုလိုက်သည်။ "ကျွန်မတို့ လက်ငင်းငွေ ယွမ်တစ်သောင်းလောက် ထုတ်ပေးနိုင်ပါတယ်။ နောက်ထပ် ရှစ်ထောင်ကတော့..."

ဖုမင်ဇယ်က အလျင်အမြန် ဝင်ပြောလိုက်သည်။ "ကျွန်တော် စိုက်ပေးမယ်။ အိမ်ပြန်ပြီး သွားယူလိုက်မယ်"

ရှန်မော့အာက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး စကားမဆက်တော့ဘဲ ပါမောက္ခကျိန့်ကိုသာ မေးလိုက်၏။ "ကျန်တဲ့ ရှစ်ထောင်အတွက် တန်ဖိုးတူ ရွှေနဲ့ ပေးလို့ရမလားရှင်။ ကျွန်မက အမေရိကန်နိုင်ငံက သူငယ်ချင်းတစ်ယောက်နဲ့ စာပေးစာယူ ရှိပါတယ်။ သူက အခု ရွှေဈေးက အမေရိကန်ငွေကြေးနဲ့ ချိတ်ဆက်ထားတော့ နိုင်ငံတကာ ရွှေဈေးက အတော်လေး တည်ငြိမ်တယ်လို့ ပြောတယ်။ နောက်ပြီး ကျွန်မ သိထားသလောက်ဆိုရင် ကွမ်ကျိုးမြို့က ဟောင်ကောင်မြို့နဲ့ နီးတော့ အဲဒီဘက်က လူတွေက ငွေကြေးထက် ရွှေကို ပိုပြီး သဘောကျကြတယ်လေ"

"ကျွန်မ ပစ္စည်းအတုနဲ့ လိမ်ပေးမှာကို ရှင် စိတ်ပူစရာ မလိုပါဘူး။ ကျွန်မတို့ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ပြီး စစ်ဆေးခိုင်းလို့ ရပါတယ်။ ပြီးတော့ ကျွန်မက ရှင့်အိမ်ကို ဝယ်ထားတာဆိုတော့ လူက ပြေးလို့ရရင်တောင် အိမ်ကတော့ ပြေးလို့မရပါဘူး"

ဖုမင်ဇယ်သည် ရှန်မော့အာကို ကြည့်လိုက်မိသည်။ ဤအခိုက်အတန့်တွင် သူ၏ ဦးနှောက်ထဲ၌ အနည်းငယ် ကြောင်အမ်းသွားရပြန်သည်။ သူ့မိန်းမက လက်ငင်းငွေ ယွမ်တစ်သောင်း ထုတ်ပေးနိုင်ရုံသာမက သူမ၏ လက်ထဲတွင် ရွှေများလည်း အများအပြား ရှိနေပုံရလေသည်။

သူ့ဆီမှာ ဒီလောက် ပိုက်ဆံအများကြီး ဘယ်က ရလာတာလဲ။ ရွှေတွေကရော ဘယ်က ရလာတာလဲ။

သူ့အိမ်က မျိုးဆက်သုံးဆက်လုံး ဆင်းရဲတဲ့ လယ်သမားတွေ မဟုတ်ဘူးလား။ ငတ်သေလုမတတ် ဆင်းရဲတာ မဟုတ်ဘူးလား။

ဒီနှစ်တွေအတွင်း ရှာဖွေထားတာလည်း မဖြစ်နိုင်ဘူး။ မှောင်ခိုဈေးကွက်မှာ အရောင်းအဝယ် လုပ်ရင်တောင်မှ ဒီလောက် ပိုက်ဆံအများကြီး မရှာနိုင်ပါဘူး။ ပန်းထိုးစက်ရုံကနေ ရဖို့ဆိုတာက ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ သူက အမြဲတမ်း ကိုယ်တိုင် စံပြအနေနဲ့ နေထိုင်တတ်ပြီး ခရီးစရိတ် တောင်းခံတဲ့အခါမှာတောင် တစ်ပြားတစ်ချပ်လေးမှ ပိုမတောင်းတတ်တဲ့သူလေ။

ဖုမင်ဇယ်သည် ရှန်မော့အာကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် ဖြစ်ခဲလှသည့် ကြောင်အမ်းအမ်း အမူအရာများ ပေါ်လွင်နေ၏။

မျက်စိရှေ့က ဒီလူက ငါ့မိန်းမဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး၊ နည်းနည်း စိမ်းသက်နေသလိုပဲ။

ပါမောက္ခကျိန့်သည် ရှန်မော့အာက ရွှေဖြင့် အစားထိုးပေးချေမည်ဟု ပြောသည်ကို ကြားသောအခါ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့သော် သူက အမြန်ပင် ခေါင်းညိတ်လိုက်၏။ "ရပါတယ်။ ငါ မင်းကို ယုံပါတယ်"

အမှန်တကယ်တွင် ရွှေဖြင့် ဈေးဖြတ်မည်ဆိုလျှင် သူက ပိုပြီး အကျိုးအမြတ် ရရှိလေသည်။ ရှန်မော့အာ ပြောသကဲ့သို့ပင် ကွမ်ကျိုးမြို့သူမြို့သားများသည် ငွေကြေးထက် ရွှေကို ပိုမို နှစ်သက်ကြသည်။ သားဖြစ်သူက စာရေးရာတွင် သွယ်ဝိုက်ပြီး ပြောပြဖူးသည်။ ထိုဘက်တွင် သည်နှစ်များအတွင်း တစ်ဖက်ကမ်းရှိ ဟောင်ကောင်မြို့သို့ တရားမဝင် ခိုးဝင်ထွက်ပြေးသူများ အမြဲတမ်း ရှိနေခဲ့သည်။ ယမန်နှစ် နှစ်ကုန်ပိုင်းမှစ၍ ဟောင်ကောင်သို့ ထွက်ပြေးသူများ ရုတ်တရက် အလွန်များပြားလာခဲ့သဖြင့် မှောင်ခိုဈေးကွက်ရှိ ရွှေဈေးများလည်း အတော်လေး တက်လာခဲ့သည်။

ရွှေများ သယ်ဆောင်ကာ ကွမ်ကျိုးမြို့သို့ သွားရောက်ပါက ယွမ်ရှစ်ထောင်ထက်ပင် ပိုသွားနိုင်ခြေရှိသည်။

နှစ်ဖက်စလုံးသည် မြန်မြန်ဆန်ဆန်ပင် သဘောတူညီမှု ရရှိသွားကြပြီး မွန်းလွဲပိုင်းတွင် ငွေပေးချေကာ အမည်ပေါက်ပြောင်းရန် ချိန်းဆိုလိုက်ကြ၏။ ရှန်မော့အာတို့ နှုတ်ဆက်ထွက်ခွာလာခဲ့ကြပြီး ပါမောက္ခကျိန့်ကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် သားဖြစ်သူအား ဖုန်းဆက်ကာ သူ့ကို လာကြိုခိုင်းမည်ဟု ပြောဆိုခဲ့၏။

လမ်းသွယ်လေးထဲမှ ထွက်လာသောအခါ အတွင်းရေးမှူးယန်သည် သူ၏ တည်ရှိနေမှုက လူပိုတစ်ယောက်လို ဖြစ်နေသည်ကို အကင်းပါးစွာ ခံစားလိုက်မိ၏။ သူက အလိုက်တသိဖြင့် အလုပ်ရုံးသို့ အရင်ပြန်မည်ဟု ပြောဆိုလိုက်ပြီး မွန်းလွဲပိုင်းတွင် စာရွက်စာတမ်းကိစ္စများ လုပ်ဆောင်ရန် ရှန်မော့အာကို လာရောက်အဖော်ပြုပေးမည်ဟု ပြောခဲ့သည်။ ဖုမင်ဇယ်က တိုက်ရိုက်ပင် ငြင်းပယ်လိုက်ပြီး မွန်းလွဲပိုင်းတွင် လာရန်မလိုတော့ကြောင်း၊ သူကိုယ်တိုင် အဖော်ပြုပေးလိမ့်မည်ဖြစ်ကြောင်း သူ့ကို ပြောလိုက်လေသည်။

အတွင်းရေးမှူးယန်သည် မျက်စိရှေ့က ရုပ်ရည်ချောမောပြီး ထူးခြားသော အရှိန်အဝါရှိသည့် အမျိုးသားကို ကြည့်လိုက်၏။ တစ်ဖက်မှလည်း စိတ်ထဲတွင် အရင်တုန်းကတော့ ဘယ်သူ့အိမ်ကများ ပိုက်ဆံရှားနေလို့လဲ၊ ကျေးဇူးပြုပြီး ပြန်ပါတော့ဆိုပြီး မာနကြီးနေတာ မဟုတ်ဘူးလား၊ အခုကျမှ ဘာလို့ ကပ်စေးနှဲနေရတာလဲ ဟု စိတ်ထဲတွင် ကြိတ်ပြီး ကဲ့ရဲ့လိုက်မိသည်။ အခြားတစ်ဖက်မှလည်း ပြုံးရွှင်စွာဖြင့် ရှန်မော့အာကို ကြည့်ကာ ရှန်မော့အာ၏ အဖြေကို စောင့်ဆိုင်းနေခဲ့၏။

ဝန်ကြီးဝမ် သူ့ကို ပေးအပ်ထားသော တာဝန်မှာ ဤရဲဘော်ရှန်၏ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရန် ဖြစ်သည်။ ထို့ကြောင့် သူက ရဲဘော်ရှန်၏ စကားကို သေချာပေါက် နားထောင်ရလိမ့်မည်။

ရှန်မော့အာက ပြုံးကာ ပြောလိုက်၏။ "အတွင်းရေးမှူးယန်၊ ဒီနေ့ တကယ်ပဲ အနှောင့်အယှက် ပေးမိသွားပါပြီ။ မွန်းလွဲပိုင်းတော့ ရှင့်ရဲ့ အချိန်တွေကို ထပ်ပြီး မနှောင့်နှေးစေချင်တော့ပါဘူး။ အမည်ပေါက်ပြောင်းရတဲ့ လုပ်ငန်းစဉ်တွေက မခက်ခဲပါဘူး။ ကျွန်မဘာသာ သွားလုပ်လိုက်ပါ့မယ်"

စကား၏ ဆိုလိုရင်းကို နားထောင်ခြင်းအားဖြင့် ဤရဲဘော်ရှန်သည် သူမဘာသာ ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်မြင်နေပြီး တခြားသူများ၏ အဖော်ပြုပေးမှုကို လုံးဝမလိုအပ်ကြောင်း အတွင်းရေးမှူးယန် ရိပ်မိသွားခဲ့သည်။

သူသည်လည်း အတင်းအကျပ် မလုပ်တော့ဘဲ ပြောလိုက်၏။ "ဒါဆိုရင် ခင်ဗျားမှာ အခက်အခဲ တစ်ခုခုရှိရင် ကျွန်တော်တို့ ရုံးဖုန်းကို အချိန်မရွေး ဆက်လိုက်ပါ။ ကျွန်တော် ဒီရက်ပိုင်း အလုပ်မများပါဘူး။ အချိန်မရွေး ကူညီဖြေရှင်းပေးနိုင်ပါတယ်"

ရှန်မော့အာက သူ့ကို ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။ လမ်းသွယ်လေး၏ အဝတွင် လူချင်းခွဲခွာပြီးနောက် သူမသည် တစ်ဖက်ရှိ ဘတ်စ်ကားမှတ်တိုင်ဆီသို့ လျှောက်သွားခဲ့၏။

ဖုမင်ဇယ်ကတော့ တိတ်ဆိတ်စွာဖြင့် လိုက်ပါလာခဲ့ပြီး လမ်းလျှောက်ရင်း မေးလိုက်သည်။ "မင်း မြို့တော်ကို ဘယ်တုန်းက ရောက်တာလဲ။ အဖေနဲ့ သမီးလေးကော ပါလာလား။ မြို့တော်ကို ရောက်တာကို ဘာလို့ ကို့ဆီ ဖုန်းမဆက်တာလဲ။ ကို လာကြိုလို့ ရတာပေါ့"

ရှန်မော့အာသည် ခြေလှမ်းများကို ခဏရပ်လိုက်ပြီး ပြောလိုက်သည်။ "ဖုန်းက ရှင့်အဖေ အလုပ်လုပ်တဲ့ အလုပ်ရုံကလို့ ပြောထားတာ မဟုတ်ဘူးလား။ ဖုန်းဆက်လိုက်ရင် သူ အလုပ်လုပ်တာကို နှောင့်နှေးသွားစေမှာ စိုးလို့ပါ"

ဖုမင်ဇယ် : "...... အဲဒါက အိမ်ဖုန်းပါ။ မင်း ဖုန်းဆက်လာတာကို စောင့်ပြီးမှ ကိုက မင်းကို သွားကြိုရင်း လူချင်းတွေ့တဲ့အခါကျမှ ရှင်းပြမလို့ စဉ်းစားထားတာ"

ရှန်မော့အာသည် သူ့ကို ခေါင်းလှည့်ကြည့်လိုက်ပြီး ပြုံးသယောင်ယောင်ဖြင့် မေးလိုက်၏။ "ဘာကို ပြောမလို့လဲ။ ရှင့်အဖေက တကယ်တော့ အလုပ်သမား မဟုတ်ဘူး၊ အိမ်ကလည်း ဆင်းရဲမွဲတေ မနေဘူးဆိုတာကိုလား။ ဒါမှမဟုတ် အစတုန်းက ယန်လျိုတပ်ဖွဲ့မှာ ရှင်ဝတ်ထားတဲ့ စုတ်ပြတ်နေတဲ့ အင်္ကျီက လမ်းမှာ သူတောင်းစားဆီကနေ ဝယ်လာတာလို့ ပြောမလို့လား"

ဖုမင်ဇယ် : "...... အဲဒါက ကိုယ့်အင်္ကျီပါ။ ဖာရာလေးတွေ နည်းနည်း ပိုများသွားတာ၊ ပိုများသွားတာပါ"

ရှန်မော့အာ : "ဪ"

ဒီတော့ အထူးတလည် ချုပ်လုပ်ထားတဲ့ ‘ဝတ်စုံပေါ့လေ။ ဟွန်း။

သူတို့နှစ်ဦးသည် ဘတ်စ်ကားမှတ်တိုင် အနီးသို့ ရောက်ရှိလာကြသည်။ ရုတ်တရက် လူတစ်ယောက်က လှမ်းအော်လိုက်၏။ "ဖုမင်ဇယ်၊ မင်း ဘာလုပ်နေတာလဲ"

ဖုမင်ဇယ်သည် အသံလာရာသို့ ကြည့်လိုက်သောအခါ တိုက်မင်ရွှမ်းက စက်ဘီးတစ်စီးနှင့် ရောက်လာသည်ကို တွေ့လိုက်ရသည်။ "ဘာလုပ်နေတာလဲ။ ဒီလို ပုံစံဝတ်ပြီးတော့ ဘတ်စ်ကား သွားတိုးစီးမလို့လား။ မင်း ဦးနှောက်များ ချို့ယွင်းနေတာလား"

ဖုမင်ဇယ်: "မင်း ဝင်မပါနဲ့"

တိုက်မင်ရွှမ်း : "ဘာကို ဝင်မပါရမှာလဲ။ မင်း မိန်းမချောလေး တစ်ယောက်နောက်ကို လိုက်နေတာ အဝေးကတည်းက ငါ မြင်တယ်။ မင်း ဒီလိုလုပ်လို့ မရဘူးနော်။ ငါ့မရီးက မကြာခင် မြို့တော်ကို လာတော့မှာ မဟုတ်လား။ မင်းက မိန်းမလှလေးမြင်တော့ စိတ်ပြောင်းပြီး ချန်ရှစ်မေ လုပ်ချင်နေတာလား"

တိုက်မင်ရွှမ်းသည် စက်ဘီးကို နင်းကာ ဖုမင်ဇယ်၏ ရှေ့တွင် ပိတ်ရပ်လိုက်ပြီး တည်ကြည်ပြတ်သားစွာ ပြောလိုက်၏။ "ဖုမင်ဇယ်၊ ငါ့မရီးက ကျေးလက်က မိန်းကလေးဆိုရင်တောင်မှ လူက မြို့တော်တက္ကသိုလ်ကို အောင်မြင်စွာ ဝင်ခွင့်ရထားတယ်ဆိုတော့ သေချာပေါက် ပညာတတ်ပြီး ဉာဏ်ပညာရှိတဲ့ မိန်းကလေးပဲ။ သူကလည်း တကယ်ကို ထူးချွန်တဲ့သူပါ။ မင်းက အသိတရားမဲ့တဲ့ ဖောက်ပြန်တဲ့ ယောက်ျား မလုပ်ရဘူးနော်။ ငါ့မရီးကိုယ်စား မင်းကို ငါ သေချာစောင့်ကြည့်ထားရမယ်"

ထိုအချိန်မှာပင် ဘတ်စ်ကား ရောက်လာသည်။ ရှန်မော့အာသည် အလျင်အမြန် ကားပေါ်သို့ တိုးတက်သွားခဲ့ပြီး နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဖုမင်ဇယ်မှာ တိုက်မင်ရွှမ်း၏ နှောင့်ယှက်ခြင်းကို ခံနေရပြီး လာချင်သော်လည်း လာလို့မရသော ပုံစံဖြစ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ ခစ်ခနဲ ရယ်မောလိုက်မိသည်။

မကြာမီမှာပင် ကားစက်နှိုးကာ ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့သည်။ ရှန်မော့အာသည် ပြတင်းပေါက်ကို ကိုင်ကာ ခေါင်းပြူထွက်ကာ အော်ပြောလိုက်၏။ "ရဲဘော်၊ ရှင့်မရီး ကိုယ်စား ရှင့်ကို ကျေးဇူးတင်ပါတယ်ရှင်"

တိုက်မင်ရွှမ်းသည် နောက်သို့ လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် သဘောကျသွားတော့သည်။ "ကြည့်စမ်း၊ ဟိုက မိန်းကလေးရဲ့ အသိတရားကို ကြည့်လိုက်စမ်းပါဦး"

စက်ဘီးနှင့် လူအုပ်၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး မိမိ၏ မိန်းမ ဘတ်စ်ကားပေါ် ပါသွားသည်ကို မျက်စိသူငယ်ဖြင့် ကြည့်နေရသော ဖုမင်ဇယ် : "......"

သူသည် မျက်စိရှေ့က လူကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်တော့သည်။ "အဲ ဒါ မင်း ရဲ့ မ ရီး ပဲ"

တိုက်မင်ရွှမ်း : "ဟင်"

နောက်သို့ လှည့်ကာ ပိုမို ဝေးကွာသွားပြီဖြစ်သော ဘတ်စ်ကားကို တစ်ချက် ထပ်ကြည့်လိုက်မိ၏။ "......"

စက်ဘီးလက်ကိုင်ကို အလျင်အမြန် လှည့်လိုက်ပြီး ရှိသမျှ ခွန်အားကို အသုံးချကာ စက်ဘီးခြေနင်းကို မီးဘီးကဲ့သို့ နင်းလျက် အခင်းဖြစ်ပွားရာ နေရာမှ အမြန်ဆုံး ထွက်ပြေးသွားလေတော့သည်။

ထိုတစ်ခဏတွင် ဖုမင်ဇယ်၏ မျက်လုံးများက သူ့ကို ပြောနေလေ၏။ အကယ်၍ ထိုနေရာတွင် ဆက်နေပါက ဖုမင်ဇယ်က သူ့ကို ခြေထောက်ဖြင့် ကန်ကာ ဘတ်စ်ကားဘီးအောက်သို့ ထိုးသွင်းပစ်လိမ့်မည်ဟူ၍ပင်။

မဟုတ်သေးဘူးလေ။ မင်းမိန်းမက မင်းကို ထားခဲ့တာ။ မင်းမိန်းမကို သွားရှာပေါ့ကွ။

...

အပိုင်း (၁၂၂)

"အဘွား၊ ဒီကောင်က သူ့မိန်းမကို သူကိုယ်တိုင် စိတ်ဆိုးအောင် လုပ်ထားပြီးတော့ ကျွန်တော့်ကို လာအပြစ်တင်နေတယ်။ သူ့မိန်းမက ယွမ်ရှောင်ပွဲတော်ပြီးမှ လာမယ်လို့ သူကိုယ်တိုင် ပြောခဲ့တာလေ။ လမ်းမကြီးပေါ်မှာ သူက မိန်းကလေးချောချောတစ်ယောက်နောက် လိုက်နေတာကို ကျွန်တော် မြင်တော့ သူ လမ်းမှားလိုက်မိမှာစိုးလို့ ဖမ်းဆွဲထားရမှာ မဟုတ်ဘူးလား"

တိုက်မင်ရွှမ်းက လက်ကိုင်ကွေးကောက်နေပြီဖြစ်သော မိမိ၏ စက်ဘီးကို လက်ညှိုးထိုးကာ ညည်းတွားလိုက်သည်။ "အဘွား ကြည့်ပါဦး။ သူ ကျွန်တော့်စက်ဘီးကို ဒီလိုဖြစ်အောင် လုပ်ပစ်ခဲ့တာ။ ဒီနှစ်တွေထဲ သူက လယ်သွားစိုက်တာမှ မဟုတ်တာ။ ဓားပြသွားလုပ်နေတာ ပိုဖြစ်နိုင်တယ်"

အဘွားကြီးက အေးစက်စက် မျက်နှာထားဖြစ်နေသည့် မြေးအကြီးဆုံးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် တိုက်မင်ရွှမ်း၏ လက်မောင်းကို ပုတ်ကာ ပြောလိုက်၏။ "ကဲပါ၊ မနက်ဖြန်ကျရင် မင်းဦးလေးကို အသစ်တစ်စီး လုပ်ပေးခိုင်းလိုက်မယ်။ ဒီနေ့တော့ အိမ်အရင်ပြန်လိုက်တော့"

တိုက်မင်ရွှမ်းသည် မျက်လုံးများကို ဝေ့ဝဲကြည့်ကာ အကြောင်းစုံကို နားထောင်ရန် နေခဲ့ချင်သည်။

ဖုမင်ဇယ်၏ ပြဿနာများကို အမြဲတမ်း မြင်တွေ့ရလေ့မရှိချေ။ လမ်းမကြီးပေါ်တွင် မိန်းမဖြစ်သူ၏ ပစ်ထားခဲ့ခြင်းကို ခံရသည်ဆိုသော ကိစ္စမျိုးမှာ ဖုမင်ဇယ်ကဲ့သို့ လူမျိုးအတွက် ပိုလို့ပင် ထူးဆန်းသေးသည်။ ယခုအခါ သူသည် သိချင်စိတ်ကြောင့် ရင်ထဲတွင် တဆစ်ဆစ် ယားယံနေတော့၏။

သို့မဟုတ်လျှင် သူသည် "သူ့လည်ပင်းကို စွန့်ပြီး" ပြန်ပြေးလာမည် မဟုတ်ပေ။

"ကဲ၊ အိမ်ကို မြန်မြန်ပြန်တော့။ ခဏနေ သူ စိတ်တိုလာပြီး မင်းအိမ်က အဖိုးတန်ပစ္စည်းတွေကို သွားရိုက်ခွဲပစ်ရင် အဘွားက ကယ်နိုင်မှာ မဟုတ်ဘူးနော်"

အဘွားကြီးက ဖျောင်းဖျလိုက်သည်။ တိုက်မင်ရွှမ်းက ထိုစကားကို ကြားသောအခါ ကျွတ်... ဟုတ်သားပဲ ဟု တွေးလိုက်မိ၏။

ဖုမင်ဇယ် ဒီကောင်က ငယ်ငယ်ကတည်းက စိတ်သဘောထား ကောင်းတဲ့သူ မဟုတ်ဘူး။ သူက ပုံမှန်ဆိုရင်တော့ စိတ်မဆိုးတတ်ပါဘူး။ အလွန်ဆုံး မျက်နှာသုန်မှုန်နေပြီး လူကို စကားမပြောဘဲ နေတတ်တာ။ ဒါပေမဲ့ တကယ်စိတ်ဆိုးလာပြီဆိုရင်လည်း တစ်ဖက်လူရဲ့ အားနည်းချက်ကိုပဲ တည့်တည့်မတ်မတ် ထိုးနှက်တတ်တာ။ မင်း ဘာကို အမြတ်နိုးဆုံးလဲ၊ အဲဒါကိုပဲ သူ ဖျက်ဆီးပစ်လိမ့်မယ်။ တစ်ကြိမ်တည်းနဲ့ မှတ်လောက်သားလောက် ဖြစ်သွားအောင်လုပ်ပြီး နောက်တစ်ခါ သူ့ကို လွယ်လွယ်နဲ့ ရန်မစရဲအောင် လုပ်ပစ်လိုက်တာ။

တိုက်မင်ရွှမ်းသည် မိမိအိမ်ရှိ "အသည်းနှလုံးတမျှ တန်ဖိုးထားရသော ပစ္စည်း" များကို ပြန်လည်တွေးတောမိလိုက်သည်။ သူသည် လက်ကိုင် ကောက်သွားသည့် စက်ဘီးကို တွန်းကာ သုတ်ခြေတင် ထွက်ပြေးသွားတော့၏။

"တကတည်း ဘာတွေဖြစ်နေတာလဲ။ စောစောက မိန်းကလေးချောချောလေးက မင်းမိန်းမလား" အဘွားကြီးက မေးလိုက်သည်။

အဘွားကြီးသည် မူလက ယနေ့ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ရန် ချိန်းဆိုထားခဲ့သည်။ တစ်ဆက်တည်းမှာပင် မိသားစုနှစ်စုမှ လူငယ်များကို အချင်းချင်း ရင်းနှီးကျွမ်းဝင်စေရန် ခေါ်ဆောင်သွားလိုခဲ့၏။ ဖုမင်ဇယ်က ရုတ်တရက် ထွက်ပြေးသွားခဲ့သည်။ ၎င်းအပြင် ဖုမင်ကျိုး ပြောခဲ့သော စကားများကြောင့် အဘွားကြီးမှာ လက်ဖက်ရည်ဆိုင်သို့ ရောက်သောအခါ တွေးလေ ပိုပြီး မဟုတ်သေးလေဟု ခံစားလာရသည်။ ထိုင်ပြီး မကြာမီမှာပင် ပြန်လာခဲ့တော့သည်။

မိမိ၏ မြေးအကြီးဆုံးက မင်ကျိုး ပြောသလို ချန်ရှစ်မေ အမှန်တကယ် လုပ်တော့မည်ဟု ထင်မှတ်ထားခဲ့မိသည်။ သို့သော် စောစောက အိမ်မှားဝင်လာသူမှာ မြေးချွေးမ ဖြစ်နေခဲ့သည်တဲ့လား။

အဘွားကြီးသည် လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ "အိမ်ကို ရောက်နေပြီဆိုမှတော့ ဘာလို့ ပြန်ထွက်သွားရတာလဲ"

ဖုမင်ဇယ်သည် ကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့၏။ မျက်နှာကို တည်ထားပြီး ဖြေလိုက်သည်။ "သူက ကျွန်တော်တို့အိမ် ဒီမှာရှိမှန်း မသိဘူးလေ"

အဘွားကြီးမှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ "ဟင်"

ဖုမင်ဇယ်က နားထင်ကို ပွတ်သပ်လိုက်ပြီး "ကျွန်တော်တို့အိမ်ရဲ့ အခြေအနေက ကျေးလက်ဆင်းတဲ့ မှတ်တမ်းထဲကလို မဟုတ်ဘူးဆိုတာကို ကျွန်တော် သူ့ကို မပြောရသေးဘူး"

တစ်ဖက်တွင်တော့ ရှန်မော့အာသည် ဧည့်ရိပ်သာသို့ ပြန်ရောက်လာခဲ့သည်။

ကျိုးဖျင်အန်းသည် အစားမေ့ အအိပ်မေ့ စာဖတ်ပြီး ပန်းချီဆွဲနေဆဲပင်။ ရှန်ရှောက်ယွမ်က ရှောင်လျန်လျန်ကို ပွေ့ချီကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့သည်။ စင်္ကြံလမ်းပေါ်တွင် လူတစ်ယောက် ပေါ်လာတိုင်း ကလေးမလေးက ခေါင်းကို ဆတ်ကနဲ လှည့်ကြည့်တတ်၏။ ထို့နောက် လာသူကို သေချာမြင်ရသောအခါ သေးငယ်သော ပါးစပ်လေးမှ အဓိပ္ပာယ်မရှိသော အသံလေးတစ်သံ ထွက်လာသည်။ ချက်ချင်းပင် သူမက အေးစက်စက်ဖြင့် ခေါင်းကို ပြန်လှည့်သွားတတ်၏။

ရှန်ရှောက်ယွမ်သည် သဘောကျကာ ရယ်မောနေခဲ့သည်။ "အို... အမေ မဟုတ်ပြန်ဘူးလား။ ဘယ်လိုလုပ်ပြီး တက်လာတဲ့သူက အမေ မဟုတ်ရတာလဲ၊ နောက်တစ်ယောက် တက်လာတာကလည်း အမေ မဟုတ်ပြန်ဘူး"

ရှောင်လျန်လျန်က ဝိုင်းစက်နေသော မျက်လုံးများကို ပြူးကျယ်ကာ ကြည့်လိုက်သည်။ လက်သေးသေးလေးကို မြှောက်ကာ ရှန်ရှောက်ယွမ်၏ မျက်နှာကို ဖတ်ကနဲ ရိုက်ချလိုက်ပြီး အလိုမကျစွာဖြင့် အသံတစ်ချက် ထွက်လိုက်၏။

ရှန်ရှောက်ယွမ်က စုပ်သပ်လိုက်ပြီး "ဒီကလေး စိတ်တိုတတ်တာက ဘယ်သူနဲ့ တူမှန်းကို မသိဘူး"

ရှောင်လျန်လျန်သည် ရုတ်တရက် ခေါင်းကို ဝှစ်ခနဲ လှည့်လိုက်သည်။ သေးငယ်သော ပါးစပ်လေးက ပျော်ရွှင်စွာဖြင့် အား အား အား ဟု အော်ဟစ်လိုက်၏။ ရှန်ရှောက်ယွမ်က မော့ကြည့်လိုက်သောအခါ ရှန်မော့အာ တကယ်ပင် ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။

"နင်သာ ထပ်မလာသေးရင် နင့်သမီးက သူ့အဘိုးကို ရိုက်သတ်တော့မယ်" ရှန်ရှောက်ယွမ်က ပြုံးရွှင်စွာ မေးလိုက်သည်။ "ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား"

ရှန်မော့အာ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေခဲ့သည်။ "အတော်လေး အဆင်ပြေပါတယ်"

လက်သေးသေးလေးများကို ဆန့်တန်းကာ ချီခိုင်းနေသော သမီးဖြစ်သူကို မြင်သောအခါ သူမ၏ စိတ်အခြေအနေက ပိုလို့ပင် ရှုပ်ထွေးသွားတော့၏။

ကလေးမလေး ကြီးပြင်းလာသောအခါ ပိုပြီး ထင်ရှားလာခဲ့သည်။ အနည်းငယ် ဝဖြိုးလာသည်မှလွဲ၍ မျက်နှာသွင်ပြင်နှင့် အမူအရာများမှာ ဖုမင်ဇယ်နှင့် ပုံတူကူးထားသကဲ့သို့ တူညီနေ၏။

လူလိမ်ကြီး တစ်ယောက်ကို ဖြတ်ချခဲ့ပြီးနောက် ပြန်ရောက်ရောက်ချင်း လူလိမ်လေး တစ်ယောက်ကို ထပ်မံမြင်တွေ့လိုက်ရသည်။ ဤခံစားချက်သည် လူကို တကယ်ပင် ရသစုံ ခံစားသွားရစေ၏။

ရှောင်လျန်လျန်...

ရှောင်လျန်လျန်သည် လက်ဆန့်ကာ အတော်ကြာ စောင့်နေခဲ့၏။ သို့သော် မွှေးပျံ့နူးညံ့သော မိခင်ဖြစ်သူ၏ ပွေ့ဖက်ခြင်းကို မရရှိခဲ့ပေ။ ချက်ချင်းပင် ပါးစပ်လေးကို စူကာ ဝမ်းနည်းပက်လက် ငိုကြွေးတော့၏။

ရှန်မော့အာသည် ကလေးငယ်ကို ပွေ့ချီလိုက်သည်။ သူမ၏ တင်ပါးလေးကို ဖွဖွလေး ပုတ်ကာ ပြောလိုက်၏။ "လူလိမ်လေး"

ရှန်ရှောက်ယွမ်က မျက်ခုံးပင့်လိုက်သည်။ "ဘာဖြစ်လို့လဲ"

ရှန်မော့အာက ခဏလောက် စဉ်းစားလိုက်ပြီး ဖုမင်ဇယ်၏ ကိစ္စကို မပြောပြတော့ဘဲ အိမ်အခြေအနေကိုသာ ပြောပြလိုက်၏။ "အတွင်းအပြင် ခြံဝင်း သုံးခုပါတယ်။ ထိန်းသိမ်းထားတာကတော့ သာမန်လောက်ပဲလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အဓိက အဆောက်အအုံပုံစံကတော့ အကောင်းအတိုင်း ရှိသေးတယ်။ သမီးတို့လည်း လောလောဆယ် မနေသေးဘူးဆိုတော့ ထားပြီး ဖြည်းဖြည်းချင်း ပြင်ကြတာပေါ့"

ဈေးနှုန်းကိုလည်း ဆက်ပြောပြလိုက်သည်။ ယွမ်တစ်သောင်းရှစ်ထောင်ဆိုသော ဈေးနှုန်းမှာ အမှန်တကယ်ပင် အလွန်ဈေးသင့်လေသည်။

ယွမ်တစ်သောင်း လက်ငင်းငွေကို သူတို့က ဘဏ်တွင် မအပ်နှံထားခဲ့ဘဲ ရတနာတိုက်ထဲတွင် တိုက်ရိုက် ထည့်ထားခဲ့သည်။ နောက်ထပ် ယွမ်ရှစ်ထောင်တန်ဖိုးရှိသော ရွှေများကိုလည်း ရတနာတိုက်ထဲသို့ ဝင်ယူလိုက်လျှင် ရသည်။

ရှန်ရှောက်ယွမ် : "လျိုယင်းရွှမ်း အပြင်ထွက်သွားပြန်ပြီ။ သမီးတို့ အခန်းထဲ သွားရအောင်"

ဤတစ်ကြိမ်တွင်တော့ ရှန်ရှောက်ယွမ်က ရှောင်လျန်လျန်ကို ပွေ့ချီကာ အပြင်ဘက်မှ စောင့်နေပေးခဲ့သည်။ ရှန်မော့အာက ရတနာတိုက်ထဲ ဝင်ပြီး ငွေနှင့် ရွှေများကို သွားယူခဲ့၏။

ရှောင်လျန်လျန်သည် ရုတ်တရက် ပေါ်လာသော တံခါးတစ်ဝက်ကို ကြည့်ကာ ခေါင်းလေးကို စောင်းလိုက်သည်။ "အင်း"

လက်သေးသေးလေးက တံခါးတစ်ဝက်ရှိရာဘက်သို့ လှမ်းညွှန်လိုက်၏။ "မေ~ မေ~."

ရှန်ရှောက်ယွမ်က ကလေးငယ်ကို တစ်ချက် ကြည့်လိုက်သည်။ "အမေ၊ ဟုတ်တယ်၊ အမေ။ အဘိုးတို့ မသွားဘူး။ သမီးအမေ ပစ္စည်းယူပြီးရင် ထွက်လာလိမ့်မယ်"

ဟုတ်ပါသည်။ မကြာခင်မှာပင် ရှန်မော့အာသည် အဝတ်အိတ်တစ်လုံးကို ဆွဲကာ ထွက်လာခဲ့၏။

အမေဖြစ်သူ ထွက်လာသည်ကို မြင်ပြီးနောက် ထိုတံခါးတစ်ဝက်မှာ လေထဲတွင် ပျောက်ကွယ်သွားပြန်သည်။ ရှောင်လျန်လျန်မှာ လန့်သွားခဲ့ပြီး ဝိုင်းစက်နေသော မျက်လုံးများကို အားရပါးရ မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်၏။ တံခါးပျောက်ကွယ်သွားရာဘက်သို့ လက်ညှိုးထိုးကာ "အီအီအီ အားအားအား" ဟု အော်လိုက်သည်။

ရှန်ရှောက်ယွမ် : "ဒီထက် နည်းနည်း ပိုကြီးလာရင်တော့ သူ့ကို ရှောင်ပြီး လုပ်ရတော့မယ်"

ရှန်မော့အာက သမီးဖြစ်သူ၏ နူးညံ့သော ဆံပင်လေးများကို ပွတ်သပ်လိုက်သည်။ "လိမ္မာပါတယ်၊ သမီး ကြီးလာရင် အထဲကို ကိုယ်တိုင်ဝင်ပြီး ကစားစရာ သွားရှာလို့ ရပြီလေ"

ထိုနေ့ နေ့လယ်ပိုင်းတွင် ရှန်မော့အာသည် အိတ်တစ်လုံး လွယ်ကာ အပြင် ထပ်ထွက်လာခဲ့သည်။ ဘတ်စ်ကားပေါ်မှ ဆင်းဆင်းချင်းမှာပင် ဘတ်စ်ကားမှတ်တိုင်အနီးတွင် ရပ်နေသော ဖုမင်ဇယ်ကို မြင်တွေ့လိုက်ရ၏။

ဒီလူ ဘယ်အချိန်တည်းက ဒီနေရာမှာ လာရပ်စောင့်နေမှန်းကို မသိပေ။ ပါးပြင်နှင့် နှာခေါင်းတို့မှာ အအေးဒဏ်ကြောင့် အနည်းငယ် နီရဲနေခဲ့သည်။

အဝတ်အစားမှာ မနက်ပိုင်းကလို ကြည့်ကောင်းရုံသက်သက် အသုံးမဝင်သော အနောက်တိုင်းဝတ်စုံ မဟုတ်တော့ပေ။ အနက်ရောင် ဂွမ်းအင်္ကျီရှည် တစ်ထည် ဖြစ်နေ၏။ ဒီဇိုင်းမှာ ရိုးရှင်းသေသပ်ပြီး အပြင်မှ ဝယ်လာသော အထည်နှင့် မတူဘဲ ကိုယ်တိုင်းယူပြီး သီးသန့်ချုပ်လုပ်ထားသည့်ပုံ ပေါက်နေသည်။

ရှန်မော့အာက သူ့ကို ဂရုမစိုက်တော့ဘဲ အိတ်ကိုလွယ်ကာ လမ်းသွယ်လေးထဲသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

ဖုမင်ဇယ်က ခြေတံရှည်ပြီး ခြေလှမ်းကျယ်သဖြင့် နှစ်လှမ်းသုံးလှမ်းဖြင့်ပင် အမီလိုက်လာပြီး အသံကို နှိမ့်ကာ ချော့မော့ပြောဆိုလိုက်၏။ "မိန်းမ၊ ကို မင်းကို တမင်သက်သက် ဖုံးကွယ်ထားတာ တကယ် မဟုတ်ရပါဘူး။ အဓိကက မင်းတို့မိသားစုက မျိုးဆက်သုံးဆက်လုံး ဆင်းရဲတဲ့ လယ်သမားတွေ၊ နောက်ခံက အရမ်းသန့်စင်နေတာဆိုတော့ မင်းက ကို့ရဲ့ လူတန်းစားနောက်ခံကို လက်မခံနိုင်မှာ စိုးရိမ်လို့ပါ"

မျိုးဆက်သုံးဆက်လုံး ဆင်းရဲသည့် လယ်သမား ဆိုသည့်စကားကို ပြောသောအခါ ဖုမင်ဇယ်မှာ မရည်ရွယ်ဘဲ တစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားခဲ့သည်။

ရှန်မော့အာ၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားပြီး မျက်လုံးအောက်ခြေတွင် အပြုံးရိပ်လေးတစ်ခု ပေါ်လာခဲ့၏။

အမှန်အတိုင်း ပြောရလျှင် ဖုမင်ဇယ်၏ အတွေးကို သူမ အတော်လေး နားလည်ပေးနိုင်သည်။ နောက်ဆုံး သူမကိုယ်တိုင်လည်း အလားတူ အတွေးမျိုး ရှိနေခဲ့သည်ပင်။

ဒါပေမဲ့ သူမ သူ့ကို ဖုံးကွယ်ထားတာက တကယ်တော့ သဘာဝလွန် အင်အားတွေနဲ့ ရှင်းပြလို့မရတဲ့ ကိစ္စတွေလေ။ သူကရော ဘာတဲ့လဲ၊ လူတန်းစားနောက်ခံ မကောင်းတာနဲ့ အိမ်မှာ ပိုက်ဆံရှိတာကို တောမှာ ဆင်းရဲချင်ယောင် ဆောင်နေတာ မဟုတ်ဘူးလား။ ဒီလောက်ကိစ္စလေးကိုများ ဘာလို့ ဝန်မခံနိုင်ရတာလဲ။

ရှန်မော့အာက သူ့ကို မျက်စောင်းဖြင့် လှမ်းကြည့်လိုက်ပြီး "ရှင်က အစတည်းက မြို့ပြန်ရောက်ရင် မိသားစု အသစ်ထူထောင်မယ်လို့ စိတ်ကူးထားတာများလား။ အတော်ပဲပေါ့၊ မှတ်တမ်းထဲက အခြေအနေတွေကလည်း ကိုက်ညီမှုမရှိဘူး။ လိပ်စာကလည်း အတုပဲဖြစ်မှာ။ ကျွန်မက ရှင့်ကို လိုက်ရှာချင်ရင်တောင် ရှာတွေ့မှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား"

ဖုမင်ဇယ် : "......"

သူတော့ တကယ်ပဲ မြစ်ဝါမြစ်ထဲ ခုန်ချပြီး ဆေးကြောရင်တောင် သူ့နာမည်ကို ရှင်းလို့ရတော့မှာ မဟုတ်ဘူး။

ရှန်မော့အာသည် စကားပြောပြီးနောက် သူ့ကို ဂရုမစိုက်တော့ဘဲ အမှတ် (၁၉) ခြံဝင်းဆီသို့သာ တိုက်ရိုက် လျှောက်သွားတော့၏။

ပါမောက္ခကျိန့်သည် သူမက သာမန် အဝတ်အိတ်လေးတစ်လုံးဖြင့် ငွေနှင့် ရွှေများကို ထည့်လာသည်ကို မြင်သောအခါ၊ အထူးသဖြင့် သူမက ဘတ်စ်ကားစီးပြီး လာခဲ့ကြောင်း သိလိုက်ရသောအခါ အတော်လေး ဆွံ့အသွားတော့သည်။

"မင်း___ ဒီကလေးက တကယ်ကို သတိလက်လွတ် နိုင်လွန်းတယ်"

ရှန်မော့အာက ရယ်မောလိုက်၏။ "ကျွန်မဆီကနေ ခိုးဖို့ဖြစ်ဖြစ် လုဖို့ဖြစ်ဖြစ်၊ အဲဒါတွေက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး"

ပါမောက္ခကျိန့်က အံ့သြသွားသည်။ "ကြည့်ရတာ ရဲဘော်ရှန်က သာမန် အမျိုးသမီးရဲဘော်တော့ မဟုတ်ဘူးပဲ"

ပါမောက္ခကျိန့်သည် အကင်းပါးသူ တစ်ဦးဖြစ်သည်။ ဖုမင်ဇယ် ထပ်ပါလာရသည့် အကြောင်းအရင်းကိုလည်း သူ မမေးမြန်းခဲ့ပေ။ ငွေလက်ခံပြီး ပြေစာဖြတ်ပေးပြီးနောက် သူတို့နှင့်အတူ စာရွက်စာတမ်းကိစ္စများ သွားရောက်လုပ်ဆောင်ပေးခဲ့သည်။

ရှန်မော့အာက အလျင်စလို နေထိုင်မည် မဟုတ်သဖြင့် ပါမောက္ခကျိန့်ကို အေးအေးဆေးဆေး နေထိုင်ခိုင်းထားလိုက်သည်။ သားဖြစ်သူက မြောက်ပိုင်းတွင် လာကြိုသည့်အချိန်အထိ နေထိုင်ရန် ပြောဆိုခဲ့၏။

နှစ်ဖက်စလုံးသည် စာရွက်စာတမ်းကိစ္စများကို ပျော်ရွှင်စွာဖြင့် ဆောင်ရွက်ပြီးစီးသွားကြသည်။

သည်တစ်ကြိမ်တွင်တော့ ဖုမင်ဇယ်သည် ရှန်မော့အာကို အပျောက်မခံတော့ပေ။ လမ်းတစ်လျှောက်လုံး သူမနောက်သို့ လိုက်ကာ ဘတ်စ်ကားပေါ်သို့ တက်ခဲ့သည်။ ရှန်မော့အာသည် သူမ ဝယ်ထားသော ခြံဝင်းငယ်လေးအနီးတွင် ကားပေါ်မှ ဆင်းခဲ့ပြီး ဖုမင်ဇယ်ကလည်း သူမနောက်သို့ လမ်းတစ်လျှောက်လုံး လိုက်ပါလာပြီး ခြံဝင်းငယ်လေး၏ တံခါးဝအထိ ရောက်ရှိလာခဲ့၏။

ရှန်မော့အာသည် သော့ကို ထုတ်ကာ သော့ဖွင့်လိုက်ပြီးနောက် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွား၏။

ဖုမင်ဇယ်က အခိုက်တန့် တုံ့ဆိုင်းသွားပြီးနောက် အထဲသို့ လိုက်ဝင်သွားခဲ့သည်။

"ဒါက မနေ့ကမှ ကျွန်မ ဝယ်ထားတဲ့ ခြံဝင်းလေးပဲ။ ယွမ် ခုနစ်ရာ့ငါးဆယ် ပေးရတယ်။ ကျွန်မအဖေ အလုပ်ရောင်းလိုက်ရတဲ့ ပိုက်ဆံရယ်၊ ပြီးတော့ ကျွန်မတို့အိမ်က ဒီနှစ်တွေအတွင်း စုဆောင်းထားတဲ့ ငွေတွေနဲ့ဆိုရင် ပိုတောင် ပိုနေပါသေးတယ်"

ရှန်မော့အာက ဆက်ပြောသည်။ "ဒီခြံဝင်းက ကျောင်းနဲ့ သိပ်မဝေးဘူး။ ကျွန်မတို့ ကျောင်းသွားကျောင်းပြန် စက်ဘီးစီးသွားရင် ရပြီလေ။ ဘတ်စ်ကားတောင် စီးစရာမလိုဘူး။ တစ်ခါတလေ စက်ဘီးစီးရတာ အဆင်မပြေရင် လမ်းဖြတ်ပြီး လျှောက်လာရင်တောင် မိနစ်နှစ်ဆယ်လောက်ပဲ ကြာတာပါ"

"ဒီခြံဝင်းက သိပ်မကြီးပေမယ့် အခန်း ၅ ခန်းဆိုတော့ လုံလောက်ပါတယ်။ ရှင့်ရဲ့ အဘိုးနဲ့ အဘွားကို ခေါ်ပြီး အတူတူနေမယ်ဆိုရင်တောင် အတော်လေး အဆင်ပြေတယ်။ ကျွန်မ အရင်က တွေးထားတာက ရှင်တို့မိသားစုက စီးပွားရေး ခက်ခဲတော့ အိမ်နေရာထိုင်ခင်းလည်း ကျပ်တည်းမယ်လေ။ အဲဒါကြောင့် လူကြီးတွေကို ခေါ်ထားရင် ပိုကောင်းမယ်လို့ ထင်ခဲ့တာ။ ပြီးတော့ ခြံဝင်းက အတော်လေး ကျယ်တော့ လျန်လျန် နည်းနည်းကြီးလာရင် ခြံထဲမှာ ဆော့ကစားဖို့လည်း လုံလောက်အောင် ကျယ်ဝန်းတယ်လေ"

ခေတ္တရပ်သွားပြီးနောက် ရှန်မော့အာက ထပ်ပြောသည်။ "ကျွန်မရဲ့ နဂိုအစီအစဉ်က အမှတ် (၁၉) ခြံဝင်းက အိမ်ကို ဝယ်ပြီး အရင်ထားထားမလို့။ နောက်နှစ်နှစ်လောက်နေလို့ အခြေအနေတွေ ပိုကောင်းလာပြီး ကျွန်မတို့မှာ အပြင်ပန်းကြည့်ရင် ငွေလုံလောက်ပြီဆိုတဲ့ အခြေအနေရောက်မှ ရှင့်ကို ပြောပြမလို့ပါ"

"ကျွန်မက တကယ်တော့ သာမန် ကျေးလက်တပ်ဖွဲ့ဝင် တစ်ယောက် မဟုတ်ပါဘူး။ ကျွန်မမှာ လျှို့ဝှက်ချက် ရှိတယ်___ ကျွန်မက တော်တော်လေး ချမ်းသာတာ___ ကျွန်မက ယုံနင်လမ်းသွယ်က အိမ်ကို အလွယ်တကူ ဝယ်နိုင်တယ်။ တကယ်လို့ ကျွန်မသာ လိုချင်ရင် နောက်ထပ် အိမ်တွေ အများကြီး ထပ်ဝယ်နိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီအရာတွေကို ရှင်က တိုက်တိုက်ဆိုင်ဆိုင် သိမသွားခဲ့ဘူးဆိုရင် ကျွန်မကလည်း ရှင့်ကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ စဉ်းစားထားခဲ့တာ မဟုတ်ဘူး"

ဖုမင်ဇယ်က ရှန်မော့အာကို ကြည့်လိုက်သည်။ သူ့ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရ၏။ "မော့အာ၊ ကို့အတွက် ကိစ္စမရှိပါဘူး..."

ရှန်မော့အာက တစ်ချက် ရယ်မောလိုက်သည်။ "ကြည့်စမ်း၊ တကယ်တော့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးက အပြန်အလှန် လိမ်ညာမှုတွေအပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာပဲ။ ရှင်က ကျွန်မကို လိမ်ခဲ့တာ မှန်ပေမယ့် တကယ်တော့ ကျွန်မလည်း ရှင့်ကို အမြဲတမ်း လိမ်နေခဲ့တာပဲ"

သူမက ဖုမင်ဇယ်ကို ကြည့်လိုက်၏။ "ဖုမင်ဇယ်၊ ကျွန်မတို့ ဒီဆက်ဆံရေးကို အသစ်ပြန်ပြီး စဉ်းစားသင့်သလား"

ဖုမင်ဇယ်မှာ မျက်နှာပျက်သွားပြီး "မော့အာ၊ ကို သဘောမတူဘူး"

ရှန်မော့အာက ထပ်မံ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ရှင် ကျွန်မရဲ့ လျှို့ဝှက်ချက်ကို ကြည့်ပြီးမှပဲ ဆက်ပြောကြတာပေါ့"

စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဖုမင်ဇယ်သည် သူ့မျက်စိရှေ့တွင် ရုတ်တရက် မှောင်ကျသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူ့မျက်စိရှေ့ တည့်တည့်က လေထဲတွင် ရိုးရှင်းရှေးကျသော သစ်သားတံခါးတစ်ချပ် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသောအခါ မှင်သက်သွားလေတော့သည်။

...

All Chapters