← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အပိုင်း (၁၂၃)

ဖုမင်ဇယ်၏ရှေ့က မြင်ကွင်းက သူ၏ ရုပ်ဝါဒဆိုင်ရာ လောကအမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်တော့သည်။ သူသည် တဒင်္ဂ မှင်သက်သွားပြီးနောက် ရှန်မော့အာဘက်သို့ ခေါင်းလှည့်ကာ ချီတုံချတုံဖြင့် မေးလိုက်၏။ "ဒါက တံလျှပ်လား။ ဒါမှမဟုတ် မင်း မျက်လှည့်သင်ထားတာလား"

ရှန်မော့အာ : "......"

သူမသည်လည်း အခိုက်တန့် စကားဆွံ့အသွားပြီးနောက် အမြန်ပင် ခေါင်းခါပြလိုက်သည်။ "မဟုတ်ပါဘူး။ ဒါက တကယ့် တံခါးအစစ်ပါ။ ဒီတံခါးရဲ့ အနောက်ဘက်မှာ အခန်းတစ်ခန်း ရှိတယ်။ အဲဒီထဲမှာ ရွှေငွေရတနာတွေ အများကြီး ထည့်ထားတာ"

သူမက ဆက်ပြောလိုက်သည်။ "ကျွန်မဆီမှာ ယွမ်တစ်သောင်းကျော်ရယ်၊ အဲဒီလောက်များတဲ့ ရွှေတွေရယ်၊ ဒါတွေကို ဘယ်က ရလာတာလဲလို့ ရှင် ဒီနေ့တစ်နေ့လုံး တွေးနေခဲ့မှာပေါ့။ အားလုံးက ဒီတံခါးနောက်က အခန်းထဲကနေ ရလာတာချည်းပဲ။ ရွှေငွေရတနာတွေသာမက ရှားပါးတဲ့ အထည်တွေ၊ ဆေးဘက်ဝင်အပင်တွေ၊ အရက်တွေ... ပြောရမယ်ဆိုရင် ရှင် စဉ်းစားလို့ရသမျှ ပစ္စည်းတွေ အားလုံး အထဲမှာ ရှိတယ်"

ဖုမင်ဇယ်သည် ရှန်ရှောက်ယွမ်၏ မည်သည့်အခါမျှ သောက်လို့ မကုန်နိုင်သော အရက်များကို တွေးမိသွားသည်။ ထို့အပြင် အိမ်တွင် တစ်ခါတစ်ရံ အကြောင်းပြချက်မရှိ ပေါ်လာတတ်သော ပစ္စည်းများ၊ ဥပမာ- နှစ်သစ်ကူးချိန်တွင် ပေါ်လာသော ဆားနယ်အသားများ၊ ဆောင်းဦးကောက်ရိတ်သိမ်းချိန်တွင် ချက်ထားသော ကြက်စွပ်ပြုတ်ထဲမှ သင်းသင်းလေး ရနေတတ်သော ဂျင်ဆင်းနံ့၊ မိန်းမဖြစ်သူ ကိုယ်တိုင်ချုပ်ထားသော ပိတ်ထည်၊ အနည်းငယ် ထူးခြားသည့် အိပ်ရာဝင်ဝတ်စုံများ...

မူလက သူ လျစ်လျူရှုထားခဲ့မိသော အသေးစိတ်အချက်အလက်များသည် ယခုအခါ မျက်စိရှေ့က ဤထူးဆန်းအံ့သြဖွယ် မြင်ကွင်း၏ သက်သေအထောက်အထားများ ဖြစ်လာခဲ့လေသည်။

ဖုမင်ဇယ်သည် မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် မေးလိုက်၏။ "အဲဒီတစ်ခေါက် မင်း လယ်ကွင်းထဲမှာ ဆာလောင်ပြီး သတိလစ်သွားပြီးနောက်ပိုင်းမှ ပေါ်လာတာလား"

ယခင်က ယန်လျိုတပ်ဖွဲ့တွင် သူတို့ သားအဖနှစ်ဦးသည် ထိုဖြစ်ရပ်နောက်ပိုင်း၌ အကျင့်စရိုက်များ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်ဟု ထင်ကြေးပေးသူများ အတော်များများ ရှိခဲ့သည်။ အကယ်၍ ထိုအချိန်ကစပြီး သည်လို အိမ်တစ်လုံး ရရှိသွားသောကြောင့်ဟု ဆိုပါက... အကျင့်စရိုက်များ အကြီးအကျယ် ပြောင်းလဲသွားခြင်းကလည်း ယုတ္တိရှိလေသည်။

ရှန်မော့အာသည် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်၏။ "အဲဒီလိုပဲ ပြောရမှာပေါ့။ ရှင် အထဲဝင်ကြည့်ချင်လား"

ဖုမင်ဇယ်က ခေါင်းခါလိုက်သည်။ "ဟင့်အင်း။ မလိုပါဘူး"

သူက ရှန်မော့အာကို ကြည့်လိုက်သည်။ "မော့အာ၊ ဒီတံခါးနောက်မှာ ဘာတွေပဲရှိနေပါစေ၊ အဲဒါက အရေးမကြီးပါဘူး။ ဒီလို ထူးဆန်းတဲ့ ကိစ္စတွေကြောင့် မင်း ကို့ကို ဖုံးကွယ်ထားခဲ့တာကို ကို နားလည်ပေးနိုင်ပါတယ်။ ဒီလို ကိစ္စမျိုးကို တခြားသူတွေကို တကယ် မပြောပြသင့်ပါဘူး။ ကို မသိခဲ့သလိုပဲ နေပါ့မယ်။ မင်းလည်း နောက်ဆိုရင် တခြား ဘယ်သူ့ကိုမှ ထပ်မပြောပြပါနဲ့တော့"

သူက ခဏလောက် တွေးလိုက်ပြီး ထပ်ပြော၏။ "မင်း သိလား။ ၁၈၉၅ ခုနှစ်က Y နိုင်ငံက စာရေးဆရာ ဝဲလ်စ်က အချိန်စက် ဆိုတဲ့ ဝတ္ထုတစ်ပုဒ် ရေးခဲ့ဖူးတယ်။ အဲဒီဝတ္ထုက အချိန်ခရီးသွားတစ်ယောက်က အချိန်စက်တစ်ခုကို တီထွင်ပြီး အချိန်တိုင်းတာမှု အတိုင်းအတာပေါ်မှာ အတိတ်နဲ့ အနာဂတ်ကို ကြိုက်သလို အသွားအပြန် လုပ်နိုင်တယ်ဆိုတဲ့ အကြောင်းပါ။ အဲဒီစာရေးဆရာက အဲဒီလိုမျိုး သိပ္ပံစိတ်ကူးယဉ် ဝတ္ထုတွေ အများကြီး ရေးခဲ့ဖူးတယ်။ ကြယ်တာရာစစ်ပွဲတွေအကြောင်းတောင် ပါသေးတယ်"

"အချိန်ကိုတောင် ကြိုက်သလို ဖြတ်သန်းသွားလာနိုင်တယ်ဆိုရင် နေရာလွတ်ကလည်း ဖြစ်နိုင်ခြေရှိတာပေါ့။ ဒီတံခါးက အဲဒီလိုမျိုး ပစ္စည်းတစ်ခု ဖြစ်လောက်တယ်။ ဒီနေရာလွတ်က တခြား အချိန်အတိုင်းအတာ တစ်ခုခုက၊ ဒါမှမဟုတ် နေရာလွတ် အတိုင်းအတာ တစ်ခုခုကနေ လာတာ ဖြစ်နိုင်တယ်။ ပြီးတော့ တိုက်ဆိုင်သွားပြီး မင်းနဲ့ တစ်စုံတစ်ရာ ဆက်နွှယ်မှု ဖြစ်သွားတာပေါ့"

"မင်း အရင်က အမြဲတမ်း မပြောရဲခဲ့တာ သေချာတာကတော့ ဒီအရာကြီးက နေရာလွတ်ထဲကနေ ရုတ်တရက် ထွက်လာတော့ သရဲတစ္ဆေ နတ်ဒေဝါတွေ၊ အယူသည်းမှုတွေနဲ့ အလွယ်တကူ ဆက်စပ်တွေးမိသွားလို့ ဖြစ်မယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒါက ကိုတို့ရဲ့ လက်ရှိ အသိပညာအဆင့်အတန်းနဲ့ နားမလည်နိုင်သေးတဲ့ သဘာဝလွန် ဖြစ်စဉ်တစ်ခုသာသာပဲ ဖြစ်လောက်ပါတယ်"

ဖုမင်ဇယ်သည် သူ၏ ကြွယ်ဝသော အသိပညာ ဗဟုသုတများကို အသုံးပြုကာ ဤကိစ္စအတွက် သိပ္ပံနည်းကျပြီး ယုတ္တိတန်သော ရှင်းပြချက်ကို အလျင်အမြန် ရှာဖွေပေးခဲ့ပြီး ရှန်မော့အာကို နှစ်သိမ့်ပေးလိုက်သည်။ "ဒီကိစ္စက ယုံကြည်နိုင်စရာ မရှိသလို ဖြစ်နေတယ်။ သေချာတာကတော့ အမှန်တရားကလည်း ယုံကြည်နိုင်စရာ မရှိပါဘူး။ ဒါပေမဲ့ ဒါကို သိပ္ပံနည်းကျ ရှင်းပြလို့ ရပါတယ်။ လောလောဆယ် ကို့ရဲ့ အသိပညာအဆင့်အတန်းက မလုံလောက်သေးလို့ပါ။ အဲဒါကြောင့် မင်း ကြောက်နေစရာ မလိုပါဘူး"

ဖုမင်ဇယ်သည် သည်လို တုံ့ပြန်လိမ့်မည်ဟု ရှန်မော့အာ ထင်မထားခဲ့ပေ။

ဖတ်ခဲ့ဖူးသော ပုံပြင်စာအုပ်များထဲတွင်ဖြစ်စေ၊ သူမ အရင်က နေထိုင်ခဲ့သော ပတ်ဝန်းကျင်တွင်ဖြစ်စေ၊ "ငှက်များသည် အစာအတွက် သေဆုံးရပြီး လူများသည် စည်းစိမ်အတွက် သေဆုံးရသည်" ဆိုသော စကားမှာ ခေတ်အဆက်ဆက် မပြောင်းလဲသော အမှန်တရားတစ်ခု ဖြစ်သည်။

သို့သော် သူမ၏ ပညာတတ်လူငယ်ဖု၏ မျက်လုံးထဲတွင်တော့ ရတနာများအပေါ် တပ်မက်မှု တစ်စက်လေးမှ မရှိခဲ့ပေ။ ယင်းအစား သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ စိုးရိမ်ကြောက်လန့်မှုသာ ဖြစ်နေခဲ့၏။

တကယ်တော့ သူမသည် ယခင်က သူတို့၏ အိမ်ထောင်ရေးအပေါ် အခိုက်တန့်တော့ သံသယဝင်ခဲ့မိသည်။

သူတို့နှစ်ဦးစလုံးသည် အခြေအနေများကြောင့် ဖိအားပေးခံခဲ့ရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သူတို့သည် ကိုယ်စီ ရည်ရွယ်ချက်များအတွက် ဆင်းရဲချင်ယောင်ဆောင်ကာ အချင်းချင်း လိမ်ညာခဲ့ကြသည်။ သို့မဟုတ် အပြန်အလှန် အသုံးချမှုများလည်း ရှိကောင်းရှိနိုင်သည်...။ သူတို့ အတူတူ နေထိုင်ခဲ့သော နှစ်များအတွင်း လိမ်ညာမှုများနှင့် မယုံကြည်မှုများ ပြည့်နှက်နေခဲ့သည်။ ဤကဲ့သို့သော အိမ်ထောင်ရေးသည် ရေထဲမှ လမင်း၊ လေထဲမှ တိုက်အိမ်နှင့်သာ တူနေတော့၏။

ရှန်မော့အာသည် တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ပြီး ရှင့်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခံလိုက်ရပြီ။ ကျွန်မရဲ့ လျှို့ဝှက်ချက်ကိုလည်း ရှင် သွယ်ဝိုက်ပြီး စုံစမ်းနေစရာ မလိုတော့ဘူး။ အရာအားလုံးကို ရှင့်ရှေ့မှာ ချပြလိုက်မယ်။ ပြီးရင် ဒီအိမ်ထောင်ရေးက အပြင်ပန်းကြည့်ရင်သာ လှပနေပြီး တကယ်တမ်းကျတော့ နေရာတိုင်းမှာ ဟာကွက်တွေ ရှိနေတယ်ဆိုတာကို ကျွန်မတို့ အတူတူ ကြည့်ကြတာပေါ့ ဟု တွေးခဲ့မိသည်။

တကယ်တော့ စောစောက ရတနာတိုက်ကို ဖုမင်ဇယ်၏ ရှေ့တွင် ထုတ်ပြရန် ဆုံးဖြတ်လိုက်ချိန်က သူမ တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်နေခဲ့သည်။

ထိုအခိုက်အတန့်က ခံစားချက်ကို ဖော်ပြရန် ခက်ခဲလှသည်။

ဖရိုဖရဲ၊ ရှုပ်ထွေးနေပြီး ဖြစ်ချင်ရာဖြစ်ဟု သဘောထားခဲ့ခြင်းပင်။

သို့သော် တစ်ချိန်တည်းမှာပင် ဖုမင်ဇယ်ကိုလည်း အပြစ်တင်လို့ မရကြောင်း ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ ဤကိစ္စအတွက် သူတို့နှစ်ဦးစလုံးတွင် တာဝန်ရှိသည်။

သူတို့တွင် အမျိုးမျိုးသော ကိုယ်ပိုင်အတွေးများ၊ အမျိုးမျိုးသော တုံ့ဆိုင်းမှုများ၊ အမျိုးမျိုးသော အကြောင်းပြချက်များ ရှိခဲ့သည်... သို့သော် အဆုံးသတ်တွင်တော့ သူတို့သည် အချင်းချင်း လုံးဝ ယုံကြည်မှု မရှိခဲ့ကြခြင်းသာ။

သည်အမှန်တရားကပင် သူမ၏ စိတ်ခံစားချက်များကို ရုတ်တရက် အနည်းငယ် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေခဲ့တာ ဖြစ်လောက်သည်။

သို့သော် ဖုမင်ဇယ်၏ တည်တည်ငြိမ်ငြိမ် အချက်ကျကျ စိစစ်ခွဲခြမ်းစိတ်ဖြာပြသော စကားလုံးများက သူမ၏ စိတ်ခံစားချက်များကို အံ့သြဖွယ်ကောင်းလောက်အောင် ပြေလျော့သွားစေခဲ့သည်။

ရုတ်တရက် တွေ့ဆုံခဲ့ရပြီးနောက်ပိုင်း သူမ၏ ရင်ထဲတွင် အမြဲတမ်း ကိန်းအောင်းနေခဲ့သော ရှုပ်ထွေးသည့်စိတ်ခံစားချက်များ___ မလုံခြုံမှု၊ ကြောက်ရွံ့မှု၊ စိတ်ပျက်အားငယ်မှု... သူမကိုယ်တိုင်ပင် ရှင်းလင်းစွာ မသိနိုင်သော စိတ်ခံစားချက်များသည် ဒီရေကျသွားသကဲ့သို့ အသံတိတ် ဆုတ်ခွာသွားခဲ့တော့၏။

"မင်း ဒါကို အရင် သိမ်းလိုက်ပါ" ဖုမင်ဇယ်သည် နောက်သို့ လှည့်ကာ ပိတ်ထားသော ခြံတံခါးကို တစ်ချက် ကြည့်လိုက်သည်။ သည်ကိစ္စကို သိပ္ပံနည်းကျ ရှင်းပြနိုင်သည်ဟု သူ ထင်မြင်သော်လည်း တကယ်တမ်းတွင်တော့ အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။ တခြားသူများ မြင်သွားပါက ဘယ်လောက်ပြဿနာများသွားမည်ကိုပင် မသိနိုင်ပေ။

"အင်း"

ရှန်မော့အာ၏ စိတ်အာရုံ အနည်းငယ် လှုပ်ရှားသွားသည်နှင့် တံခါးမှာ ပျောက်ကွယ်သွားခဲ့သည်။

ဖုမင်ဇယ်က ထိုရှင်းလင်းသွားသည့် လေဟာပြင်ကို စိုက်ကြည့်ရင်း စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားပြီးနောက် တီးတိုးရေရွတ်လိုက်၏။ "မှတ်ထားနော်၊ တခြား ဘယ်သူ့ကိုမှ ထပ်မပြောပြနဲ့တော့"

သူသည် ရှန်မော့အာအနားသို့ လျှောက်သွားကာ သူမ၏ လက်များကို ဆုပ်ကိုင်လျက် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "မော့အာ၊ ကိုတို့ လက်ထပ်တုန်းက ကို မပြောရဲခဲ့ဘူး။ နောက်ပိုင်း အချိန်ကြာလာတော့ ဘယ်လို စကားစရမှန်း မသိတော့ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာက ကို့အမှားပါ"

သူက စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "ဒါပေမဲ့ ကို့အပြစ်က သေဒဏ်ပေးလောက်တဲ့အထိတော့ မကြီးမားပါဘူးနော်။ ကိုတို့ အတူတူ ဆင်းရဲဒုက္ခတွေကို နှစ်ပေါင်းများစွာ မျှဝေခံစားခဲ့ကြတယ်။ နက်ရှိုင်းတဲ့ သံယောဇဉ် အခြေခံတွေ ရှိပါတယ်။ ပြီးတော့ ကိုတို့မှာ ရှောင်လျန်လျန်လည်း ရှိသေးတယ်လေ။ သူက ဒီလောက်လေးပဲ ရှိသေးတာ၊ မိဘနှစ်ပါးစလုံးရဲ့ အတူတူ စောင့်ရှောက်မှု လိုအပ်တယ်"

"နောက်နောင် မင်းကို ဘယ်ကိစ္စကိုမှ ဖုံးကွယ်မထားတော့ဘူးလို့ ကို ကတိပေးပါတယ်"

..........

ရှန်မော့အာသည် အစ်မအိုက်၏ အကူအညီဖြင့် ပန်းရံလက်သမား အနည်းငယ်ကို မိတ်ဆက်ပေးရန် အကူအညီတောင်းကာ ခြံဝင်းငယ်လေးကို ပြုပြင်ခဲ့သည်။ အိမ်ထဲရှိ အုတ်ကုတင်များကိုလည်း အသစ်ပြန်စီခဲ့၏။ ထို့နောက် တစ်ပတ်ရစ် ပစ္စည်းအရောင်းဆိုင်သို့ သွားရောက်ကာ ပရိဘောဂ တချို့ကို ဝယ်ယူခဲ့ပြီး ကျောင်းမဖွင့်မီ ခြံဝင်းလေးကို သပ်ရပ်အောင် ပြင်ဆင်နိုင်ခဲ့သည်။

လျိုယင်းရွှမ်း၏ အိမ်ကိုလည်း ထိုပန်းရံလက်သမားများကပင် ပြုပြင်ပေးခဲ့ခြင်း ဖြစ်သည်။ ခြံဝင်းနှစ်ခုမှာ လမ်းသွယ်လေး တစ်ခုသာ ခြားပြီး အလွန်နီးကပ်လှသည်။

လျိုယင်းရွှမ်းသည် ရှန်မော့အာ၏ ခြံဝင်းကို လိုက်လံကြည့်ရှုပြီးနောက် သူမ၏ရင်ဘတ်ကို ပုတ်ကာ သည်အိမ်ကို ဝယ်ယူခဲ့ခြင်းအတွက် လုံးဝ နောင်တရမည် မဟုတ်ကြောင်း၊ နောင်တွင် သေချာပေါက် ဈေးတက်လာမည်ဖြစ်ကြောင်း ရှန်မော့အာကို အာမခံခဲ့လေသည်။ ထိုစကားကြောင့် ဘေးတွင်ရှိနေသော ဖုမင်ဇယ်မှာ မနေနိုင်ဘဲ သူမကို အကြိမ်များစွာ ခေါင်းလှည့်ကြည့်မိသွားတော့၏။

ဖုမင်ဇယ်သည် လွန်ခဲ့သော နှစ်များစွာကတည်းက လျိုယင်းရွှမ်း ပြောသော ပြန်လည်မွေးဖွားခြင်းဆိုသည်များကို ကြားဖူးခဲ့သည်။ ခိုင်မာသော ရုပ်ဝါဒဝါဒီ တစ်ဦးအနေဖြင့် သူသည် လျိုယင်းရွှမ်း ပြောသော ရှုပ်ထွေးသည့် သည်စကားများကို တစ်ခါမှ မယုံကြည်ခဲ့ပေ။ တစ်ခါတစ်ရံ သူမ ပြောသည်များ မှန်ကန်နေသည်ကို တွေ့ရလျှင်ပင် တိုက်ဆိုင်မှုဟုသာ ထင်မှတ်ခဲ့သည်။

သို့သော် ယခုအခါ ပညာတတ်လူငယ်ဖုသည် ယခင်က ပညာတတ်လူငယ်ဖု မဟုတ်တော့ပေ။

ရှန်မော့အာ လေထဲတွင် ဖန်တီးပြလိုက်သော ထိုတံခါးကို မြင်တွေ့ပြီးကတည်းက ဖုမင်ဇယ်သည် ခိုင်မာစွာဖြင့် သိပ္ပံနည်းကျ စိစစ်ခွဲခြမ်းစိတ်ဖြာကာ ရှင်းပြခဲ့သော်လည်း ယခင်က ခိုင်မာလှသော ရုပ်ဝါဒဆိုင်ရာ လောကအမြင်မှာ မလွှဲမရှောင်သာ အက်ကြောင်းငယ်လေးတစ်ခု ဖြစ်ပေါ်သွားခဲ့လေပြီ။

အနည်းဆုံးတော့ သည်လောကတွင် သူ့အသိအမြင်ထက် ကျော်လွန်နေသော အရာတချို့ အမှန်တကယ် တည်ရှိနေကြောင်းကို ဝန်မခံဘဲ မနေနိုင်တော့ပေ။

ထို့ကြောင့် လျိုယင်းရွှမ်း ပြောသောစကားများမှာ အမှန်တကယ် ဖြစ်နေနိုင်ခြေကိုလည်း ဖယ်ထုတ်လို့ မရတော့ပေ။

ပြန်လည်မွေးဖွားခြင်း ဆိုသည်မှာ အခြားပုံစံတစ်မျိုးဖြင့် "အချိန်နှင့် နေရာကို ခရီးသွားခြင်း" ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

ဖုမင်ဇယ်သည် သူကိုယ်တိုင်ပင် သတိမထားမိဘဲ ကမ္ဘာသစ်တစ်ခုဆီသို့ လှမ်းဝင်ခဲ့တော့သည်။

လျိုယင်းရွှမ်းကတော့ ဘာမှ မသိဘဲ သူမ၏ ခြံဝင်းကို ပြုပြင်ပြီးစီးသွားသောကြောင့် ပျော်ရွှင်နေခဲ့သည်။ သာမန်အချိန်များတွင် အိမ်ပေါက်ဝတွင် ဈေးဆိုင်လေးခင်းကာ ပစ္စည်းသေးသေးမွှားမွှားလေးများ ရောင်းချရန်ပင် ရံဖန်ရံခါ စဉ်းစားနေခဲ့၏။

သူမ၏ ပရိဘောဂများကိုလည်း တစ်ပတ်ရစ် ပစ္စည်းအရောင်းဆိုင်မှ ဝယ်ယူခဲ့သည်။ သို့သော် သူမ၏ အိတ်ကပ်ထဲတွင် ငွေမလုံလောက်သဖြင့် စားပွဲတစ်လုံးနှင့် ခွေးခြေခုံ အနည်းငယ်ကိုသာ ဝယ်ယူနိုင်ခဲ့သည်။

တခြားပစ္စည်းများကိုတော့ ဈေးရောင်းပြီး ငွေရလာမှ ဖြည်းဖြည်းချင်း ဖြည့်တင်းသွားရန် စီစဉ်ထားခဲ့သည်။

ခြံဝင်းနှစ်ခုစလုံးကို ပြင်ဆင်ပြီးသွားသောအခါ သူတို့သည် ဧည့်ရိပ်သာမှ ပြောင်းရွှေ့လာခဲ့ကြသည်။

လျိုယင်းရွှမ်း၏ နေရာတွင် ဘာမှ မရှိပေ။ သူမသည် တစ်ခါသေဖူးသောသူ ဖြစ်သဖြင့် အိမ်တက်ပွဲ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဂရုမစိုက်တော့ပေ။ ထို့ကြောင့် ရှန်မော့အာတို့အိမ်၏ အိမ်တက်ပွဲတွင်သာ အတူတူ ဝင်ရောက်စားသောက်ကာ သူမအတွက်လည်း အိမ်တက်ပွဲ လုပ်ပြီးသွားပြီဟု သတ်မှတ်လိုက်တော့၏။

အိမ်တက်ပွဲတွင် သူတို့လူစုအပြင် ဖုမင်ဇယ် တစ်ယောက်လည်း ပါဝင်လေသည်။

ဖုမင်ဇယ်သည် မကြာသေးမီက နေ့စဉ် မနက်စောစော ဧည့်ရိပ်သာသို့ ပြေးလာပြီး ညဘက် နောက်ဆုံး ဘတ်စ်ကားဖြင့် ပြန်သွားလေ့ရှိသည်။ ထို့ကြောင့် လျိုယင်းရွှမ်းလို ပေါ့ပေါ့ပါးပါး နေတတ်သူကပင် အနည်းငယ် အားနာလာခဲ့ပြီး သူမက ရှန်မော့အာနှင့် အခန်းတစ်ခန်းတည်း အတူနေနေသဖြင့် သူတို့ ဇနီးမောင်နှံ အတူနေရမည့် အချိန်ကို နှောင့်ယှက်နေသလို ခံစားလာရသည်။

ထို့အပြင် လျိုယင်းရွှမ်းလို ဘာမှဂရုမစိုက်တတ်သူကပင် သူတို့ ဇနီးမောင်နှံနှစ်ဦး စိတ်ကောက်နေကြသည်ကို မြင်တွေ့နေရသည်။

သူတို့သည် ရန်မဖြစ်ကြသော်လည်း အချင်းချင်း စကား မပြောကြသလောက်ပင်။ ထို့အပြင် ဖုမင်ဇယ်သည် အစကတည်းက "မိန်းမကြောက်" တတ်သူ ဖြစ်ပြီး ယခုအခါ ပိုဆိုးရွားလာခဲ့သည်။ တစ်နေ့လုံး ရှန်မော့အာ၏ ဘေးတွင် တဝဲလည်လည်ဖြစ်နေကာ တော်တော်လေးလည်း သတိအနေအထားဖြစ်နေပြီး အနည်းငယ် စိုးရိမ်နေသည့်ပုံ ပေါက်နေ၏။

လျိုယင်းရွှမ်းသည် ဖုမင်ဇယ်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က သူသည် အထက်စီးဆန်ပြီး အေးစက်စက်နိုင်သော နတ်သားတစ်ပါးဟု ထင်မှတ်ခဲ့မိသည်ကို မှတ်မိနေသေးသည်။ ဇနီးသည်၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ကျရောက်သွားလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

သို့သော်လည်း အံ့သြစရာတော့ မဟုတ်ပေ။ စက်ရုံမှူးရှန်က ဒီလောက် လှပပြီး အရည်အချင်းရှိနေတာကိုး။

ရှန်မော့အာက ကွမ်ကျိုးကုန်စည်ပြပွဲတွင် ကြိမ်ယက်သေတ္တာ အော်ဒါကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လျိုချောင်တပ်ဖွဲ့သို့ ပြန်ရောက်ပြီးနောက် ကြိမ်ယက်သမဝါယမ အသင်းဖွဲ့စည်းရန် အားသွန်ခွန်စိုက် ကူညီပေးခဲ့ကာ အဘိုးလျိုအတွက် တရားဝင် အလုပ်အကိုင်တစ်ခု ရရှိစေခဲ့ပြီးကတည်းက လျိုယင်းရွှမ်းသည် ရှန်မော့အာ၏ "အမာခံ ပရိသတ်" တစ်ဦး ဖြစ်လာခဲ့တော့သည်။

"စက်ရုံမှူး၊ ခရီးဆောင်အိတ် ပို့ခကို ကျွန်မ ပြန်ပေးရမယ်။ ကျွန်မရဲ့ ခရီးဆောင်အိတ်ကို ပို့ပေးတဲ့အပြင် ရှင့်ကိုပါ ပိုက်ဆံစိုက်ထုတ်ခိုင်းလို့ ဘယ်ဖြစ်မလဲ။ ကျွန်မ လျိုယင်းရွှမ်းက မျက်နှာပြောင်တိုက်တတ်ပေမယ့် ဒီလောက်အထိတော့ မျက်နှာမပြောင်ပါဘူး"

လျိုယင်းရွှမ်း၏ ပါးပြင်နှစ်ဖက်မှာ နီရဲနေပြီး စကားပြောရာတွင်လည်း လျှာလေးနေသည်။ သူမ အတော်လေး မူးနေသည်မှာ သိသာသည်။

ရှန်မော့အာသည် စားပွဲပေါ်ရှိ ဟင်းလျာများကို မျက်လုံးဝိုင်းလေးများဖြင့် စိုက်ကြည့်နေသော ကလေးမလေးကို ပွေ့ချီထားရင်း ကျိုးဖျင်အန်းကို ကြည့်ကာ ပြောလိုက်သည်။ "သူ့ကို ရေနဲ့ လဲပေးလိုက်ပါ"

လျိုယင်းရွှမ်းက ချက်ချင်း အသံကျယ်ကျယ်ဖြင့် ပြောလာသည်။ "ဘယ်သူ့ကို လဲပေးမှာလဲ။ ကျွန်မကိုလား။ ကျွန်မ မမူးသေးဘူး။ နောက်ထပ် နှစ်ခွက် ထပ်သောက်ဦးမှာ။ အာ မဟုတ်ဘူး၊ သုံးခွက် ထပ်သောက်ဦးမှာ"

ရှန်မော့အာ : "...... ဖုမင်ဇယ်ကို လဲပေးလိုက်ပါ။ သူ အရက်သိပ်မသောက်နိုင်ဘူး"

လျိုယင်းရွှမ်းက စားပွဲကို ပုတ်ကာ ဖုမင်ဇယ်ကို လက်ညှိုးထိုးလိုက်သည်။ "ပညာတတ်လူငယ်ဖု၊ ရှင် ခံနိုင်ရည်နည်းတာပဲ။ အယ်.. ရှင် ကျွန်မကို ဘာလို့ စိုက်ကြည့်နေတာလဲ။ အို အို အို၊ ကျွန်မ နားလည်ပြီ။ ယောကျ်ားတွေက မစွမ်းဘူးလို့ ပြောခံရတာကို မကြိုက်ဘူးမလား"

ဖုမင်ဇယ် : "......"

ကျန်လူများ : "......"

ကျိုးဖျင်အန်းသည် အခွင့်ကောင်းယူကာ သူမ၏ ခွက်ထဲမှ အရက်များကို မိမိ၏ ခွက်ထဲသို့ လောင်းထည့်လိုက်ပြီး ဘေးနားရှိ ရေနွေးကရားကို ယူကာ ရေ ထည့်ပေးလိုက်သည်။

ရှန်ရှောက်ယွမ်က အရက်တစ်ငုံ သောက်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။ "ဒီမိန်းကလေးကတော့ ပါးစပ်ကို မစောင့်စည်းတတ်ဘူးပဲ"

လျိုယင်းရွှမ်းသည် သူမ၏ စာပို့ခကိုသာ စိတ်ထဲစွဲနေပြီး အိတ်ကပ်ထဲမှ ကပြောင်းကပြန် နှိုက်ထုတ်နေသည်။ "ကျွန်မ ရှင့်ကို ပိုက်ဆံ ပြန်ပေးရမယ်။ ကျန်းပေခရိုင်ကနေ မြို့တော်အထိ ဆိုရင် စာပို့ခ အများကြီး ကျမှာပဲ"

ရှန်မော့အာ : "......"

မကျပါဘူး။

ရတနာတိုက်ထဲကို ထည့်ပြီး သယ်လာခဲ့တာပဲလေ။

လျိုယင်းရွှမ်းက အိတ်ကပ်ထဲမှ အကြွေစေ့နှင့် ငွေစက္ကူများကို လက်တစ်ဆုပ်စာ ထုတ်ယူလာသည်ကို မြင်သောအခါ ရှန်မော့အာက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ပို့ခ ပေးစရာ မလိုပါဘူး။ ရှင် အိမ်သစ် ပြောင်းတာဆိုတော့ ကျွန်မက ရှင့်ကို လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ"

လျိုယင်းရွှမ်းက ခဏလောက် စဉ်းစားလိုက်ပြီး ဝါးလုံးကွဲ ရယ်မောလိုက်သည်။ "စက်ရုံမှူးရယ်၊ ဘယ်သူကများ အိမ်သစ်ပြောင်းတာကို ပို့ခ လက်ဆောင်ပေးလို့လဲ။ ရှင်က ကျွန်မကို စောင်စွပ်တစ်ထည် မပေးရင်တောင် အနည်းဆုံး ရေနွေးဘူးတစ်ဘူးတော့ ပေးသင့်တာပေါ့"

ရှန်မော့အာ : "......"

သူမက ရေထည့်ထားသော အရက်ခွက်ကို ကိုင်ကာ အရသာခံ သောက်နေသည်ကို မမြင်ရပါက သူမ တကယ်မမူးသေးဘူးဟုပင် ထင်မှတ်မိလောက်သည်။

စားသောက်ပြီးသွားသောအခါ ကျိုးဖျင်အန်းက လျိုယင်းရွှမ်းကို အိမ်ပြန်ပို့ပေးရန် တာဝန်ယူလိုက်သည်။ ရှန်မော့အာက ရှောင်လျန်လျန်ကို ပွေ့ချီကာ အိပ်ရာသိပ်ရန် အခန်းထဲသို့ ပြန်သွားခဲ့၏။ ရှန်ရှောက်ယွမ်နှင့် ဖုမင်ဇယ်တို့က ထမင်းစားပွဲနှင့် ပန်းကန်များကို ဝိုင်းဝန်းသိမ်းဆည်းပေးခဲ့ကြသည်။

ရှန်ရှောက်ယွမ်သည် သမီးနှင့် သားမက်တို့ စိတ်ကောက်နေကြသည်ကို အစောကြီးကတည်းက ရိပ်မိနေခဲ့သည်။ ထို့အပြင် သည်ရက်များအတွင်း သမီးဖြစ်သူက ယောက္ခမအိမ်သို့ သွားမည်ဟု ပြောသည်ကိုလည်း မကြားခဲ့ရချေ။ သို့သော် သူသည် အမြဲတမ်း ဝင်ရောက်စွက်ဖက်တတ်သူ မဟုတ်သလို လင်မယားနှစ်ယောက်၏ ကိစ္စများကို ဘယ်သောခါမှ ဝင်ရောက်မစွက်ဖက်ခဲ့ပေ။ ထို့ကြောင့် ခြေထောက်ဆေးကြောပြီးနောက် သူ့အခန်းထဲသို့ ပြန်ကာ အိပ်ရာဝင်သွားခဲ့တော့၏။

ဖုမင်ဇယ်က ရေပြန်နွေးနေချိန်တွင် ကျိုးဖျင်အန်း ပြန်ရောက်လာခဲ့သည်။ အခန်းထဲ ဝင်လာပြီး ဦးထုပ်နှင့် လည်စည်းပဝါကို ချွတ်ကာ သက်ပြင်းချလိုက်၏။ "မြို့တော်က တကယ်ကို အေးတာပဲ။ ကျွန်တော်တို့ အိမ်မှာ အခုလို ရာသီဥတုဆိုရင် ဦးထုပ်တွေ လည်စည်းပဝါတွေ လုံးဝ မဝတ်ဘူး"

အခန်းထဲမှ ရှန်မော့အာ၏ အသံ ထွက်လာသည်။ "ဟုတ်ပါ့၊ ရာသီဥတုသာ နည်းနည်း ပိုပူလာရင် နင်က ချောင်းထဲကိုတောင် ခုန်ဆင်းပြီး ခိုးနားထောင်ရဲဦးမယ်လေ"

ကျိုးဖျင်အန်း : "...... အစ်မမော့အာ၊ သူရဲကောင်းဆိုတာ အတိတ်က စွမ်းဆောင်ချက်တွေကို ပြန်မပြောသင့်ပါဘူး"

သူသည် ကမန်းကတန်း မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် သူ့အခန်းထဲသို့ ပြန်သွားခဲ့တော့သည်။

ရှန်မော့အာသည် အိပ်ပျော်နေသော ကလေးလေးကို အုတ်ကုတင်ပေါ်သို့ သတိထားပြီး ချသိပ်လိုက်သည်။ ခေါင်းလှည့်ကြည့်လိုက်သည်တွင် ဖုမင်ဇယ်က ရေဇလုံတစ်လုံး ကိုင်ကာ ဝင်လာသည်ကို တွေ့လိုက်ရ၏။ "ခြေထောက်စိမ်လိုက်ဦး။ အိပ်ရတာ ပိုသက်သာသွားလိမ့်မယ်"

ရှန်မော့အာသည် ကုတင်စွန်းတွင် ထိုင်ကာ ခြေအိတ်များကို ချွတ်လိုက်ပြီး ရေနွေးပူပူထဲသို့ ခြေထောက်ကို နှစ်လိုက်သည်။ ထို့နောက် သူ့ကို မေးလိုက်၏။ "ရှင် ဒီနေ့ အိမ်မပြန်ဘူးလား"

ဖုမင်ဇယ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး စကားမပြောဘဲ အပြင်သို့ ထွက်သွားခဲ့သည်။

ရှန်မော့အာသည် ခြေထောက်စိမ်ပြီးနောက် ဖိနပ်စီးကာ ရေများကို သွားသွန်ပစ်လိုက်သည်။ အခန်းထဲသို့ ပြန်ရောက်သောအခါ အပြင်ဘောင်းဘီကို အမြန်ချွတ်ကာ စောင်ထဲသို့ ဝင်အိပ်လိုက်၏။

ကျိုးဖျင်အန်း ပြောသည်မှာ မှန်သည်။ မြို့တော်သည် ကျန်းပေခရိုင်ထက် အများကြီး ပိုအေးသည်။ သို့သော် မြောက်ပိုင်းရှိ အုတ်ကုတင်များကလည်း အမှန်တကယ်ပင် နွေးထွေးလှသည်။

ရှန်မော့အာသည် ဘေးစောင်းလှည့်ကာ ရှောင်လျန်လျန်၏ လက်သေးသေးလေးများကို စမ်းကြည့်လိုက်သည်။ ကလေးလေးသည် ခန္ဓာကိုယ်အပူရှိန် များသဖြင့် အုတ်ကုတင်ပေါ်တွင် အိပ်နေသော သူမ၏ လက်သေးသေးလေးများမှာ နွေးထွေးနေ၏။

ချက်ကနဲ အသံနှင့်အတူ မီးရုတ်တရက် ပိတ်သွားခဲ့သည်။

အမှောင်ထဲတွင် ရှန်မော့အာသည် အခန်းတံခါး ဂျက်ချလိုက်သော အသံကို ကြားလိုက်ရ၏။ ထို့နောက် တည်ငြိမ်ပြီး ဖွဖွလေးလျှောက်လာသော ခြေသံများကို ကြားလိုက်ရ၏။ ရှန်မော့အာ လှည့်ကြည့်လိုက်သောအခါ မျက်လုံးများက အမှောင်နှင့် ကျင့်သားရသွားပြီးနောက် ဖုမင်ဇယ်၏ အရိပ်ကို ဝိုးတဝါး မြင်လိုက်ရသည်။ သူသည် စောင်ကို လှန်ကာ ဝင်လာခဲ့ပြီး အေးစက်သော လေများကို သယ်ဆောင်လာခဲ့၏။

ရှန်မော့အာသည် အလိုအလျောက် အတွင်းဘက်သို့ တိုးသွားသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အမျိုးသား၏ လက်မောင်းဖြင့် ဆွဲဖက်ခြင်းကို ခံလိုက်ရသည်။

သူ့လက်များက သူမ ထင်ထားသလို အေးစက်မနေဘဲ နွေးထွေးနေခဲ့၏။

ဖုမင်ဇယ်က သူမကို ဖက်ထားရင်း သက်ပြင်းချကာ ပြောလိုက်သည်။ "ဒီနေရာက ကို့ရဲ့ အိမ်ပဲလေ။ ကိုက ဘယ်ကို သွားရမှာလဲ"

ရှန်မော့အာ အံ့သြသွားပြီးနောက် ချက်ချင်း သဘောပေါက်သွားခဲ့သည်။ သူက သူမ စောစောက မေးခဲ့သော မေးခွန်းကို ဖြေနေခြင်းပင်။

သူမ စကားတစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ခါးလေး တင်းကြပ်သွားပြီး တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲသို့ အတင်းအကျပ် ဆွဲသွင်းခံလိုက်ရသည်။ သူသည် အမှောင်ထဲတွင် သူမ၏ နှုတ်ခမ်းဖူးဖူးလေးများကို တိကျစွာ ရှာဖွေတွေ့ရှိသွားပြီး ဖွဖွလေး နမ်းရှုံ့လိုက်၏။

"ဖုမင်.. အွန်း..."

သူမက မပီမသနှင့် စိတ်ဆိုးမာန်ဆိုး အော်လိုက်သော်လည်း သူက သူမ၏ နှုတ်ခမ်းများကို တင်းကြပ်စွာ ပိတ်ဆို့လိုက်ပြီး အနမ်းများက ပိုမို နက်ရှိုင်းလာတော့သည်။

အမှောင်ထဲတွင် တဖြည်းဖြည်းနှင့် ခပ်တိုးတိုး ညည်းသံများ ထွက်ပေါ်လာခဲ့၏။

အချိန်အတော်ကြာပြီးနောက် ဖုမင်ဇယ်သည် ရှန်မော့အာကို လွှတ်ပေးလိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် ဖွဖွလေး နမ်းလိုက်သည်။ အက်ကွဲနေသော အသံဖြင့် သူ၏ လှိုင်းထန်နေသော စိတ်ခံစားချက်များကို ဖိနှိပ်ကာ ပြောလိုက်၏။ "မိန်းမ၊ ကို မင်းကို လွမ်းနေတာ"

ရှန်မော့အာက စကားမပြောဘဲ လက်သီးဆုပ်ကာ သူ့ကို တစ်ချက် ထုလိုက်သည်။

ဖုမင်ဇယ်က သူမ၏ လက်ကို ဖမ်းဆုပ်ထားလိုက်ပြီး တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။ "ဒီလောက်ရက်တွေ ကြာနေပြီကို စိတ်ဆိုးတုန်းပဲလား။ လိမ္မာပါတယ်၊ အိပ်တော့နော်။ စိတ်ဆိုးချင်ရင်လည်း မနက်ဖြန်မှ ဆက်ပြီး စိတ်ဆိုးတော့"

သူမကို ဖက်ထားသော လက်များမှာတော့ လွှတ်ပေးမည့် အရိပ်အယောင် နည်းနည်းလေးမှ မရှိပေ။

ရှန်မော့အာသည် ဒေါသလည်းထွက် ရယ်လည်းရယ်ချင် ဖြစ်သွားခဲ့သည်။ မနက်ဖြန် စောစောထရမည်ကို တွေးမိကာ ဘေးနားက လူ၏ ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်များနှင့်အတူ တဖြည်းဖြည်း အိပ်မောကျသွားတော့၏။

ဒုတိယနေ့ ရှန်မော့အာ နိုးလာသောအခါ ဘေးတွင် ဘယ်သူမှ မရှိတော့ပေ။ ဖုမင်ဇယ် မရှိတော့ရုံသာမက သူမ၏ ရှောင်လျန်လျန်လေးလည်း ပျောက်နေခဲ့သည်။

မျက်လုံးကို တဖျတ်ဖျတ်ခတ်ကာ နာရီကို ကြည့်လိုက်၏။ နာရီလက်တံ၏ နေရာကို သေချာမြင်လိုက်ရသောအခါ ရှန်မော့အာ၏ ရှုပ်ထွေးနေသော ဦးနှောက်မှာ ချက်ချင်း ကြည်လင်သွားတော့၏။

၁၀ နာရီတောင် ထိုးတော့မယ်။

ဒီရက်ပိုင်းအတွင်း သူမ ဒီလောက် နောက်ကျတဲ့အထိ တစ်ခါမှ မအိပ်ခဲ့ဖူးဘူး။

ရှန်မော့အာသည် အလျင်အမြန် အဝတ်အစားလဲကာ အိပ်ရာမှ ထပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ ဖုမင်ဇယ်က သစ်လွင်မှုမရှိတော့သော ဂွမ်းအင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး ဧည့်ခန်းထဲတွင် သမီးဖြစ်သူကို ပွေ့ချီကာ ကစားနေသည်ကို တွေ့လိုက်ရ၏။ အသံကြားသောအခါ လူကြီးရော ကလေးပါ ခေါင်းလှည့်ကြည့်လာကြပြီး သူမကို မြင်သောအခါ အလွန်တူညီသော မျက်နှာနှစ်ခုပေါ်တွင် အလွန်တူညီသော အံ့သြဝမ်းသာ အမူအရာများ ပေါ်လာကြသည်။

" နိုးပြီလား။ မနက်စာ မီးဖိုထဲမှာ နွေးထားတယ်။ မြန်မြန် မျက်နှာသစ်ပြီး သွားစားလိုက်တော့"

ရှန်မော့အာတစ်ယောက် ခေါင်းကိုက်သွားသလို ခံစားလိုက်ရပြီး မျက်နှာသစ်ရန် သွားတိုက်တံနှင့် ရေဇလုံကို ယူရင်း ညည်းတွားလိုက်၏။ "ရှင် ဘာလို့ ကျွန်မကို မနှိုးတာလဲ"

"ဘာကိစ္စမှ မရှိတာပဲလေ။ အိပ်ရေးဝဝ အိပ်ပေါ့"

ရှန်မော့အာက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ "ကျွန်မတို့ သန်ဘက်ခါ သတင်းသွားပို့ရတော့မယ် မဟုတ်လား"

ဖုမင်ဇယ်က သမီးဖြစ်သူကို ချော့မြှူရင်း ပေါ့ပေါ့ပါးပါး ဖြေလိုက်၏။ "ဟုတ်တယ်လေ၊ အဲဒါကြောင့် အိပ်ရာထနောက်ကျလို့ ရတုန်းလေး အိပ်ရေးဝဝ အိပ်သင့်တာပေါ့"

ရှန်မော့အာက သူ့ကို မျက်စောင်း ထပ်ထိုးလိုက်သည်။ "အဲဒါဆိုရင် သတင်းမပို့ခင် ရှင်တို့အိမ်ကို တစ်ခေါက်လောက် သွားသင့်တယ် မဟုတ်လား"

ဖုမင်ဇယ်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ခေါင်းလှည့်ကာ မေးလိုက်သည်။ "ဒီနေ့လား"

ရှန်မော့အာသည် သူ့ကို ဂရုမစိုက်တော့ဘဲ မြန်မြန်ဆန်ဆန်ပင် ကိုယ်လက်သန့်စင်လိုက်တော့သည်။

ဖုမင်ဇယ်သည် သမီးဖြစ်သူကို ပွေ့ချီကာ သူမအနားသို့ သတိထားပြီး တိုးသွားလိုက်၏။ "ခဏနေ သွားမှာလား။ ဒါဆိုရင် ကို အိမ်ကို အရင်ပြန်ပြီး အသိပေးထားရမလား"

ခဏရပ်သွားပြီးနောက် သူက အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "အဖေ့ဆီမှာရော အရင်သွားပြီး အပြစ်ဝန်ခံကာ အသိပေးထားရမလား"

ယောက္ခထီးက သူတို့အိမ်ရဲ့ အခြေအနေကို မသိသေးဘူးလေ။

...

အပိုင်း (၁၂၄)

ရှန်မော့အာသည် ဖခင်ဖြစ်သူက နောက်ပိုင်း အခွင့်အရေးရလျှင် သားမက်၏ မိသားစုကို ကူညီထောက်ပံ့ပေးနိုင်သည်ဟု ပြောခဲ့ဖူးသည်ကို တွေးမိကာ အနည်းငယ် ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။ သူမက ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်၏။ "ရှင် သမီးလေးကို ချီပြီး အဖေ့ဆီကို အရင်သွားပြောလိုက်"

ဖုမင်ဇယ်သည် ရင်ခွင်ထဲက ဝိုင်းစက်နေသော မျက်လုံးများဖြင့် ကြည့်နေသည့် သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။ ယခုအခါ သည်ကလေးလေးက ယောက္ခထီးရှေ့တွင် သူ၏ သေဒဏ်ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြား ဖြစ်လာပြီဖြစ်ကြောင်း သူ ကောင်းကောင်းသိနေ၏။ သည်အနွေးထည်လေးက အချိန်မီ ရောက်လာပေးသည့်အတွက် အတော်လေး ကံကောင်းသည်ဟု မနေနိုင်ဘဲ ခံစားလိုက်ရသည်။

ရှန်မော့အာသည် သူက သမီးလေးကို တန်ဖိုးကြီး ဓားတစ်လက်လို ကိုင်ဆောင်ထားသည့်ပုံစံကို မြင်သောအခါ ရယ်ချင်စိတ်ကို မနည်းထိန်းထားရလေသည်။

သူတို့ ယောက္ခထီးနှင့် သားမက်ကြားက ကိစ္စကို သူမ ဂရုမစိုက်တော့ဘဲ အလျင်အမြန် မျက်နှာသစ်ကိုယ်လက်သန့်စင်ကာ မနက်စာ နည်းနည်းပါးပါး စားပြီးနောက် အခန်းထဲဝင်ပြီး တံခါးပိတ်ကာ ရတနာတိုက်ကို ဖွင့်လိုက်၏။

သူမနှင့် ဖုမင်ဇယ်ကြားတွင် ဘယ်လိုပဲ အငြင်းပွာစရာ ဖြစ်နေပါစေ မြို့တော်သို့ ရောက်နေသည်မှာ အတော်ကြာပြီဖြစ်သော်လည်း လူကြီးများကို သွားရောက်မတွေ့ဆုံခြင်းမှာ သူမဘက်က ရိုင်းရာကျနေသည်။

အရင်တုန်းကတော့ အိမ်ဝယ်ဖို့၊ အိမ်ပြင်ဖို့နဲ့ အခြေချဖို့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့ရလို့ အချိန်တကယ် မရခဲ့တာပါ။ အခုကျောင်းဖွင့်တော့မယ့် အချိန်ရောက်နေပြီဆိုတော့ ကျောင်းဖွင့်ပြီးမှ ဖုမင်ဇယ်ရဲ့ အိမ်ကို သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူးလေ။

လူကြီးများကို သွားရောက်တွေ့ဆုံမည်ဆိုမှတော့ လက်ဗလာဖြင့် သွားလို့တော့ မဖြစ်ချေ။

ယခုတော့ သူမနှင့် ဖုမင်ဇယ်တို့ အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးသွားပြီ ဖြစ်သဖြင့် လက်ဆောင်ပစ္စည်းများ၏ ဈေးနှုန်းကို ဂရုစိုက်စရာ မလိုတော့ဘဲ အတော်လေး အဆင်ပြေသွားခဲ့သည်။ ကုန်တိုက်ကြီးများ သို့မဟုတ် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမများသို့ သီးသန့်သွားရောက် ဝယ်ယူရန် မလိုတော့ဘဲ ရတနာတိုက်ထဲမှ တိုက်ရိုက် ရွေးချယ်လိုက်ရုံသာလိုသည်။

လူကြီးတွေအတွက်ဆိုရင် အားဆေးတချို့ ပေးမယ်။ အဘိုးက မနှစ်က နှစ်ကုန်ပိုင်းလောက်ကမှ ဆေးရုံတက်ထားရတာ။ အဘွားကလည်း ဒီနှစ်တွေထဲ နယ်စပ်မှာ အရမ်းကြီး အဆင်ပြေမှာ မဟုတ်ဘူးဆိုတော့ နှစ်ယောက်စလုံး ခန္ဓာကိုယ်ကို အားဖြည့်ပေးမယ့် အရာတွေ စားဖို့လိုတယ်။

ပြီးတော့ ယောက္ခထီးနဲ့ ယောက္ခမကလည်း အပို့ခံရတဲ့ နေရာကနေ ပြန်ရောက်လာတာဆိုတော့ သူတို့လည်း အားဖြည့်ဖို့ လိုလောက်တယ်။

ပြီးရင် သက်ကြီးရွယ်အို နှစ်ယောက်အတွက် သားမွေးလည်စည်းပုဝါ နှစ်ခုပေးမယ်။ ယောက္ခမအတွက် အထည်ကောင်းကောင်း တစ်စ ပေးမယ်။ ယောက္ခထီးက အလုပ်သမားမဟုတ်ဘဲ ပညာတတ်ဆိုတော့ စုတ်တံနဲ့ မင်တုံး ပေးတာပေါ့။

ပြီးတော့ မတ်လေး... လူငယ်တွေအတွက် လက်ဆောင်ရွေးရတာတော့ အတော်ခက်သား။

ရှန်မော့အာသည် ရတနာတိုက်ထဲတွင် ခဏလောက် လှည့်ပတ်ကြည့်ရှုပြီးနောက် နောက်ဆုံးတော့ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ကွင်း ၉ ကွင်းဆက် ကစားစရာ တစ်ခုကို ရွေးချယ်လိုက်သည်။

ဦးလေးနှင့် အဒေါ်တို့လို့ တခြားသူများကတော့ တနယ်တကျေးများတွင် ရှိနေဆဲဖြစ်သည်ဟု ကြားသိရသဖြင့် လောလောဆယ် လက်ဆောင်ပြင်ဆင်ရန် မလိုသေးပေ။

ရှန်မော့အာ လက်ဆောင်များ ရွေးချယ်ပြီး ထွက်လာသောအခါ ဖုမင်ဇယ်နှင့် ရှန်ရှောက်ယွမ်တို့ စကားပြောဆိုပြီးသွားပုံရသည်။ သူတို့နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အမူအရာ ပြောင်းလဲခြင်းမရှိသဖြင့် ရှန်မော့အာသည် သူမအဖေ ဒေါသထွက်နေခြင်း ရှိ၊ မရှိကို မခန့်မှန်းနိုင်ခဲ့ချေ။

"တကယ်တော့ ရုတ်တရက် အိမ်လည်သွားတာ၊ အထူးသဖြင့် နေ့လယ်စာစားချိန် နီးကပ်နေမှ အိမ်လည်သွားတာက သိပ်ပြီး အလိုက်မသိရာကတယ်"

ရှန်ရှောက်ယွမ်က ပြောလိုက်သည်။ "ဒါပေမဲ့ အားလုံးက မိသားစုဝင်တွေပဲဆိုတော့ ဒီလောက်ကြီး စည်းကမ်းမကြီးပါဘူး။ ငါတို့ သက်တောင့်သက်သာပဲ သွားကြတာပေါ့။ မင်းလည်း မင်းရဲ့ မိဘတွေ၊ အဘိုးအဘွားတွေကို ပြောလိုက်ပါ။ ငါးတွေ၊ အသားတွေ အများကြီး ချက်ပြုတ်ဖို့ မလိုပါဘူးလို့။ အားလုံး အတူတူ ထိုင်ပြီး မိသားစု ထမင်းဝိုင်းလေးစားရင်း မိသားစုအချင်းချင်း သိအောင် သွားကြည့်ရုံပါပဲ"

ရှန်ရှောက်ယွမ်သည် ရှောင်လျန်လျန်ကို ပွေ့ချီကာ ဖုမင်ဇယ်ကို ညွှန်ကြားလိုက်၏။ "ငါ့အခန်းထဲကနေ အရက်ပုလင်း နှစ်ပုလင်း သွားယူလိုက်။ ဖန်ပုလင်းတွေ မယူနဲ့၊ ကြွေပုလင်းဖြူတွေကို ယူ"

ဖုမင်ဇယ်သည် ရှန်ရှောက်ယွမ်၏ အခန်းထဲသို့ ဝင်ကာ အရက်သွားယူခဲ့သည်။ ဖန်ပုလင်းများ အစီအရီကြားတွင် ကြွေပုလင်းဖြူ နှစ်လုံးသာ ရှိနေ၏။ ကြွေပုလင်းမှာ ကိုင်ကြည့်လိုက်လျှင် အေးစက်ပြီး ချောမွေ့နေကာ ကြွေသားမှာ အလွန်ပါးလွှာပြီး နူးညံ့လှသည်။ သည်အရက်ပုလင်းမှာ အလွန်ကောင်းမွန်သော ကြွေထည်တစ်ခု ဖြစ်ကြောင်း သိသာထင်ရှားလှ၏။

ဖုမင်ဇယ်သည် ယခင်က ဤကဲ့သို့သော ကြွေပုလင်းမျိုးကို မြင်ဖူးခြင်း ရှိ၊ မရှိ မမှတ်မိတော့ပေ။ သို့သော် ယခင်က မြင်ဖူးခဲ့လျှင်ပင် သူသည် လက်လှမ်းပြီး ထိတွေ့မည်မဟုတ်သလို ကြွေပုလင်း၏ လက်ရာမှာ ကောင်းမွန်ခြင်း ရှိ၊ မရှိကိုလည်း တွေးတောနေမည် မဟုတ်ပေ။

ယခု သေချာဂရုပြုကြည့်မှသာ သည်ပုလင်းမှာ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမများတွင် တစ်ယွမ်ဖြင့် အလုံးပေါင်းများစွာ ဝယ်ယူနိုင်သော ကြွေပုလင်းမျိုး မဟုတ်ကြောင်း သူ သတိထားမိသွားသည်။

ဖုမင်ဇယ်၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်သွားသော်လည်း မျက်နှာပေါ်တွင်တော့ ထူးထူးခြားခြား မပြခဲ့ချေ။ သူသည် ပစ္စည်းများကို သိမ်းဆည်းကာ အဝတ်အစားလဲပြီးနောက် အားလုံးကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်လာခဲ့သည်။

အစက ကျိုးဖျင်အန်းကိုပါ ဖိတ်ခေါ်ခဲ့သော်လည်း ကျိုးဖျင်အန်းသည် ပညာတတ်လူငယ်ဖု၏ မိသားစုမှာ အတော်လေး ဆင်းရဲကျပ်တည်းသည်ဟု ကြားသိထားခဲ့ဖူးသည်။ သူလို လူပျိုပေါက်လေး တစ်ယောက်က ဘယ်လိုလုပ်ပြီး သူများအိမ်ကို မျက်နှာပြောင်တိုက်ပြီး အချောင်သွားစားနိုင်မှာလဲဟု တွေးမိခဲ့သည်။ ထို့အပြင် မြို့တော်မှာ အမှန်တကယ်ပင် အေးလှသဖြင့် သူကိုယ်တိုင်ကလည်း အပြင်မထွက်ချင်ပေ။ ထို့ကြောင့် သူက အိမ်မှာပဲနေပြီး ဆက်လက်လေ့လာသင်ယူမည်ဟု ပြောဆိုခဲ့၏။

ရှန်ရှောက်ယွမ်ကလည်း သူ့ကို အတင်းအကျပ် မတိုက်တွန်းတော့ပေ။ သူသည် တပည့်သင်ကြားရာတွင် အမြဲတမ်း လွတ်လပ်စွာ ထားလေ့ရှိပြီး တပည့်ဖြစ်သူ၏ ဆန္ဒအတိုင်းသာ ထားလေ့ရှိကာ ဆရာတစ်ယောက်၏ မာနကို ဘယ်သောခါမှ မပြသသလို အတင်းအကျပ်လည်း မလုပ်ခိုင်းတတ်ချေ။

တစ်မိသားစုလုံး ဘတ်စ်ကားမှတ်တိုင်ဆီသို့ လျှောက်သွားကြသည်။ ရှောင်လျန်လျန်လေးမှာ အလွှာပေါင်းများစွာ ထုပ်ပိုးထားသဖြင့် အလွန်လုံခြုံနွေးထွေးနေပြီး စပျစ်သီးမည်းမည်းလေးများကဲ့သို့ မျက်လုံးတစ်စုံသာ အပြင်ဘက်သို့ ပေါ်နေခဲ့သည်။ သူမ၏ မျက်စိရှေ့တွင် ပေါ်လာသမျှ အရာအားလုံးကို စူးစမ်းချင်စိတ်ဖြင့် ကြည့်ရှုနေကာ ပါးစပ်လေးကလည်း "အီအီ အာအာ" ဖြင့် လမ်းတစ်လျှောက်လုံး မရပ်မနား ပြောဆိုနေလေသည်။

သူတို့သည် ယုံနင်လမ်းသွယ်သို့ ရောက်ရှိလာခဲ့ကြ၏။ ထင်ထားသည့်အတိုင်း အိမ်တိုင်းလိုလို ထမင်းဟင်း ချက်ပြုတ်ရန် ပြင်ဆင်နေကြချိန် ဖြစ်ပြီး လမ်းသွယ်လေးထဲတွင် ရံဖန်ရံခါ မွှေးကြိုင်သော ရနံ့များ လွင့်ပျံလာတတ်၏။

ရှန်ရှောက်ယွမ်မှာ မနေနိုင်ဘဲ သက်ပြင်းချကာ ညည်းတွားမိသည်။ ဒီလမ်းသွယ်လေးထဲက လူတွေရဲ့ အခြေအနေက တော်တော်ကောင်းတာပဲ။

ဒီခေတ်ဒီအခါမှာ ပစ္စည်းတွေက ရှားပါးပြီး မြို့ပေါ်က လူတွေတောင် အသားစားဖို့ဆိုရင် တွက်ချက်စားသောက်နေရတာကို။ ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးဆိုတာကလည်း သဘာဝကျကျပဲ "ဇိမ်ခံပစ္စည်း" တွေ ဖြစ်နေတာလေ။ ဒါကြောင့် သာမန်အချိန်တွေမှာ လူတွေ ဟင်းချက်ရင် ဒီလောက် မမွှေးကြဘူး။

ရှန်ရှောက်ယွမ်က တစ်ယောက်ထဲ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ရင်ခွင်ထဲရှိ ကလေးငယ်လေးက ပါးစပ်ကို သပ်လိုက်ပြီး ပါးစပ်ထောင့်မှ သွားရည်များ ရှည်လျားစွာ စီးကျလာခဲ့သည်။

"သိတဲ့သူတွေကတော့ မင်း သွားပေါက်တော့မယ်ဆိုတာ သိကြမှာပါ။ မသိတဲ့သူတွေကတော့ မင်းအမေက မင်းကို တစ်ချိန်လုံး အစာငတ်ထားလို့ ဒီလောက်တောင် ဖြစ်နေရတယ်လို့ ထင်ကုန်ကြမှာပဲ"

ရှန်ရှောက်ယွမ်က သွားရည်ခံပဝါဖြင့် ကလေးငယ်၏ ပါးစပ်ထောင့်ကို သုတ်ပေးရင်း ပြုံးရွှင်စွာ နောက်ပြောင်လိုက်သည်။

ရှောင်လျန်လျန်က ရှန်ရှောက်ယွမ်ကို စိုက်ကြည့်ရင်း ကလေးဘာသာစကားဖြင့် ဆက်တိုက် ပြောဆိုနေခဲ့၏။ "အာ မာ အာ ပါ အာ ဖူးဖူး အာအာအာ"

ရှန်ရှောက်ယွမ်က ပိုသဘောကျကာ ရယ်မောလိုက်သည်။ "အို... စကားတောင် မပြောတတ်သေးဘူး။ သနားစရာလေး"

ထိုအချိန်တွင် သူတို့သည် ဖုမိသားစုအိမ်၏ ခြံဝင်းတံခါးဝသို့ ရောက်ရှိလာခဲ့သည်။ ခြံတံခါးပွင့်လာပြီး ဖုကျစ်ယွမ်က အပြင်သို့ ထွက်လာခဲ့၏။ သူတို့အိမ်ရှေ့တွင် လူအနည်းငယ် ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။

တစ်ယောက်ကတော့ မကြာသေးမီက အိမ်ကို လုံးဝ မကပ်သော သူ၏ သားအကြီးဆုံး ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ငယ်ရွယ်လှပပြီး အနည်းငယ် ရင်းနှီးနေပုံရသော အမျိုးသမီးရဲဘော် တစ်ဦး ဖြစ်သည်။ နောက်ထပ် တစ်ယောက်ကတော့ အသက် ၃၀ ကျော်အရွယ် အမျိုးသားရဲဘော် တစ်ဦးဖြစ်ပြီး သူ၏ ရင်ခွင်ထဲတွင် ဝိုင်းစက်နေသော မျက်လုံးများ၊ မျက်ခုံး၊ နှာခေါင်း၊ ပါးစပ်တို့မှာ သူ၏ သားအကြီးဆုံးနှင့် အလွန်တူညီနေသော ကလေးငယ်လေး တစ်ယောက်ကို ပွေ့ချီထားလေသည်။

ဖုကျစ်ယွမ်သည် ချက်ချင်းပင် သဘောပေါက်သွားခဲ့ပြီး အမြဲတမ်း တည်ကြည်နေတတ်သော သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ဒါက ခမည်းခမက်နဲ့ မော့အာ မဟုတ်လား"

ခမည်းခမက်က သူ့ထက် ၁၀ နှစ်ခန့်သာ ငယ်သော်လည်း အပြင်ပန်းကြည့်လျှင် သူ့အသက်ထက် အနှစ် ၂၀ ခန့် ငယ်ရွယ်ပုံပေါက်နေသည်။ သို့သော် ခမည်းခမက်နှင့် ချွေးမလေး၏ မျက်နှာသွင်ပြင်မှာ အတော်လေး ဆင်တူနေသဖြင့် တစ်ချက်ကြည့်ရုံဖြင့် သားအဖဖြစ်ကြောင်း သိနိုင်သည်။

ရှန်ရှောက်ယွမ်ကလည်း ပြုံးလျက် ပြောလိုက်သည်။ "မင်ဇယ်ရဲ့ အဖေ မဟုတ်လား။ အကြောင်းမကြားဘဲ ရုတ်တရက် ရောက်လာတာ ယဉ်ကျေးမှု မရှိရာကျသွားပြီ"

ဖုကျစ်ယွမ်က ခေါင်းကို အဆက်မပြတ် ခါယမ်းပြလိုက်သည်။ "ဘယ်ကသာ။ ကျွန်တော်တို့က ခင်ဗျားတို့ လာမယ့်အချိန်ကို မျှော်နေကြတာပါ။ လာ လာ လာ၊ မြန်မြန် အထဲဝင်ကြပါ"

သူက နှုတ်ဆက်ရင်းဖြင့် အကြည့်များကတော့ ရှန်ရှောက်ယွမ်၏ ရင်ခွင်ထဲရှိ ကလေးငယ်လေးထံသို့ အလိုအလျောက် ရောက်ရှိသွားခဲ့၏။ "ဒါက ရှောင်လျန်လျန်လေး မဟုတ်လား။ ကလေးကို တကယ်ကို ကောင်းကောင်း ပြုစုပျိုးထောင်ထားတာပဲ။ ခမည်းခမက်နဲ့ မော့အာတို့ တော်တော်လေး ပင်ပန်းသွားကြပြီ"

ရှန်မော့အာက ပြုံးကာ နှုတ်ဆက်လိုက်ပြီး လမ်းလျှောက်ရင်း ပြောလိုက်သည်။ "အဖေ ခုနက အပြင်သွားမလို့ ပြင်နေတာ မလား။ ကျွန်မတို့ဘာသာ ဝင်သွားလိုက်ပါ့မယ်"

"ကိစ္စမရှိပါဘူး၊ ကိစ္စမရှိပါဘူး။ အစက အလုပ်ကို ခဏပြန်သွားမလို့ပါ။ အရေးကြီး ကိစ္စတော့ မဟုတ်ပါဘူး။ နောက်မှပဲ ဖုန်းဆက်လိုက်ပါ့မယ်"

သူတို့သည် ရယ်မောစကားပြောရင်း ခြံဝင်းထဲသို့ ဝင်လာခဲ့ကြသည်။ အဘွားကြီးက အသံကြားသဖြင့် အိမ်ထဲမှ ထွက်လာခဲ့ပြီး ရှန်မော့အာတို့ကို မြင်သောအခါ ပြောလိုက်၏။ "အို... မော့အာ၊ အဘွားက မြေးလေးကို မျှော်နေတာ ကြာလှပြီ။ နောက်ဆုံးတော့ ရောက်လာပြီပေါ့။ လာ လာ လာ၊ အပြင်မှာ အေးတယ်။ အိမ်ထဲဝင်ထိုင်ကြ"

သူမက ဖုမင်ကျိုးကို လှမ်းခေါ်လိုက်သည်။ "မင်ကျိုး၊ နင့်အမေရဲ့ အလုပ်ကို ဖုန်းဆက်လိုက်ဦး။ နေ့လယ်ကျရင် ထမင်းပြန်စားဖို့ ပြောလိုက်။ ပြီးတော့ အဒေါ်ဟူကိုလည်း ဟင်းနည်းနည်း ထပ်ချက်ခိုင်းလိုက်ဦးလို့ ပြောလိုက်"

အဘွားကြီးသည် ဆက်တိုက် ညွှန်ကြားချက်များ ပေးပြီးနောက် ရှန်မော့အာ၏ လက်ကို ဆွဲကာ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး ရှင်းပြလေသည်။ "အဘိုး ဆေးရုံက ဆင်းပြီးကတည်းက အိမ်မှာ အိမ်မှုကိစ္စလေးတွေ ကူလုပ်ပေးဖို့ လူတစ်ယောက် ခေါ်ထားတယ်။ သူက မင်းတို့အဖေရဲ့ လက်အောက်ငယ်သားဟောင်းရဲ့ ဆွေမျိုးပါ။ သူ့အိမ်က ကလေးနှစ်ယောက် ကျေးလက်ကနေ ပြန်လာတော့ အလုပ်မရဘူးလေ။ ဝင်ငွေမရှိတော့ စားဝတ်နေရေး ခက်ခဲနေကြတာ"

ထို့နောက် အခြားဆိုဖာတစ်လုံးပေါ်တွင် ထိုင်နေသော ရှန်ရှောက်ယွမ်ဘက်သို့ လှည့်ကာ ဆက်ပြော၏။ "မင်ဇယ် ဒီကလေးက ဉာဏ်ကောင်းတဲ့ရုပ်လေး ပေါက်နေပေမယ့် ခဏခဏ မိုက်မဲတဲ့ ကိစ္စတွေ လုပ်တတ်တယ်။ အစတုန်းက သူ ကျေးလက်ဆင်းသွားတုန်းကဆိုရင် သူ တစ်ယောက်တည်း သူစိမ်းနယ်မြေမှာ တစ်ခုခုဖြစ်မှာစိုးလို့ အထပ်ထပ်အခါခါ မှာလိုက်ရတယ်။ သူ့ကို ပိုက်ဆံရှိတာ မပြဖို့၊ ပိုင်ဆိုင်မှု ဘာမှမရှိတဲ့ ဆင်းရဲသားလေးလိုပဲ နေဖို့ သေချာမှာလိုက်တယ်။ သူကတော့ စကားနားထောင်ပါတယ်။ ဒီနှစ်တွေအတွင်း ဘယ်သူ့ကိုမှ တစ်ခွန်းမှ အသိမပေးရဲဘူး ထင်တယ်"

"ဒီအရူးလေး၊ တခြားသူတွေကို မပြောရပေမယ့် ကိုယ့်မိန်းမကိုတောင် ပြောလို့မရဘူးလားလို့ မစဉ်းစားမိဘူး။ တကယ့်ကို ခေါင်းမာလွန်းတယ်"

အဘွားကြီးသည် မြေးအကြီးဆုံးကို အပြစ်တင်နေသော်လည်း တကယ်တမ်းတွင်တော့ မြေးအကြီးဆုံးအတွက် ကာကွယ်ပြောဆိုပေးနေခြင်းသာ။

ရှန်ရှောက်ယွမ်က ပြုံးလိုက်သည်။ "ဒါတွေက ကိစ္စသေးသေးလေးတွေပါ"

အဘွားကြီးကလည်း ရယ်မောလိုက်၏။ "အို... ခမည်းခမက်က စိတ်သဘောထား ကြီးမြတ်လို့ သူ့ကို အပြစ်မယူတာပါ။ ကျွန်မပြောရရင်တော့ သူ့ကို အပြစ်ပေးသင့်တယ်"

သူမက ရှန်မော့အာ၏ လက်ကို ပုတ်ကာ ပြောလိုက်သည်။ "မော့အာရေ၊ သမီး သူ့ကို အပြစ်ပေးလိုက်။ သူ့ကို နေ့တိုင်း ထမင်းဟင်းချက်ခိုင်း၊ အဝတ်လျှော်ခိုင်း၊ ခြေဆေးရေ ခပ်ခိုင်းလိုက်။ ယောကျ်ားတွေဆိုတာ ဘယ်အရွယ်ရောက်ရောက် ကလေးလေးတွေလိုပါပဲ။ သမီးက အမြဲတမ်း အလျှော့ပေးနေလို့ မရဘူးနော်"

ရှန်မော့အာသည် ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်သဘောတူလိုက်သည်။ အဘွားက ဒီလောက် အလိုက်သိပြီး ပါးနပ်နေတာကို မြေးဖြစ်သူက ဘာလို့ ဒီလောက် အ န နေရတာလဲ ဟု စိတ်ထဲတွင် တွေးလိုက်မိ၏။

အဘွားကြီးသည် ရှန်မော့အာနှင့် စကားအနည်းငယ် ပြောပြီးနောက် သူမ၏ အကြည့်များကို မြစ်မလေးထံသို့ ပြောင်းရွှေ့သွားခဲ့သည်။ မျက်ဝန်းထဲတွင် ချစ်ခင်ယုယမှုများ အပြည့်အဝ ဖော်ပြနေ၏။ "ဒါက ငါတို့ရဲ့ ရှောင်လျန်လျန်လေး မဟုတ်လား။ အို... တကယ်ကို ချစ်စရာလေးပဲ။ စိတ်နေစိတ်ထားကလည်း ကောင်းတယ်။ မဆူပူ မငိုယိုတတ်ဘူး"

ရှန်ရှောက်ယွမ်၏ လက်ထဲမှ ကလေးကို လွှဲပြောင်းယူလိုက်စဉ် အဘွားကြီး၏ စကားပြောသံများပင် ပိုမို နူးညံ့သွားခဲ့သည်။ "အို... လျန်လျန်၊ ဘွားဘွားက ဘွားဘွားကြီးပါကွယ်"

ဖုန်းဆက်ပြီးနောက် ထွက်လာသော ဖုမင်ကျိုးသည် အားလုံးကို တစ်ယောက်ချင်းစီ နှုတ်ဆက်ပြီးနောက် အဘွားဖြစ်သူ၏ အနီးသို့ တိုးကပ်သွားကာ အစ်ကိုကြီးနှင့် အလွန်တူညီသော ကလေးငယ်လေးကို စူးစမ်းချင်စိတ်ဖြင့် ကြည့်ရှုလိုက်၏။ "ဒါက ကျွန်တော့်ရဲ့ တူမလေးလား"

ရှောင်လျန်လျန် : "အီအီ ဝူးဝူး အာအာအာအာ"

လက်လေးခြေလေးများ လှုပ်ရှားကာ အော်ဟစ်လိုက်သည်။

ချက်ချင်းပင် လူကြီးလူငယ် နှစ်ယောက်စလုံး၏ အသည်းများ အရည်ပျော်သွားတော့၏။

ဖုမင်ကျိုး : "လျန်လျန်၊ ဦးလေးလေ၊ သမီးရဲ့ဦးလေး၊ ဦးလေး..."

ရှောင်လျန်လျန် : "အာ ပါးပါးပါးပါး ချူးချူးချူး ပါးပါးပါး"

မူလက အခန်းထဲတွင် အနားယူနေသော အဘိုးဖုသည်လည်း အသံကြားသဖြင့် ထွက်လာခဲ့သည်။ ရှန်ရှောက်ယွမ်နှင့် အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက် မကြာမီမှာပင် ကလေးချော့မည့် အဖွဲ့ထဲသို့ ဝင်ရောက်သွားခဲ့တော့၏။

ဖုကျစ်ယွမ်မှာမူ မြေးအရင်းလေး၏ အနားသို့ပင် မကပ်နိုင်တော့ချေ။ အဘွားကြီး၏ အနောက်တွင်သာ ရပ်ကာ ဝိုင်းအုံခံနေရသော ကလေးငယ်လေးကို နူးညံ့သော အကြည့်များဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ထမင်းစားချိန် နီးကပ်လာသောအခါ ယင်းရှို့ဝမ် ပြန်ရောက်လာခဲ့သည်။ ထို့ကြောင့် ကလေးချော့မည့် အဖွဲ့ငယ်လေးထဲသို့ အင်အားကြီးမားသော အဖွဲ့ဝင်တစ်ဦး ထပ်မံတိုးလာခဲ့ပြန်သည်။

ထမင်းစားချိန်တွင်တော့ ရှောင်လျန်လျန်လေးသည် အဘွားဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့သည်။ အဘွားကြီးမှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သဖြင့် အချိန်ကြာမြင့်စွာ မပွေ့ချီနိုင်တော့ပေ။

သို့သော် အဘွားကြီးသည် ကလေးကို ကြက်ဥပေါင်း ခွံ့ကျွေးရသည်ကို အလွန်စိတ်ဝင်စားနေခဲ့သည်။

အဘိုးဖြစ်သူသည်လည်း မြစ်ကလေး ထမင်းစားသည်ကို ချော့မြှူရင်း မသိမသာဖြင့် ထမင်းတစ်ပန်းကန် ပိုစားမိသွားခဲ့၏။

ထမင်းစားပြီးနောက် ဖုမင်ဇယ်သည် ရှန်ရှောက်ယွမ်နှင့် ရှန်မော့အာတို့ကို နေရာအနှံ့ လိုက်လံပြသခဲ့သည်။ အိမ်တွင် ရှန်ရှောက်ယွမ်အတွက် အခန်းတစ်ခန်းကို အစောကြီးကတည်းက ပြင်ဆင်ထားပေးခဲ့သည်။ ရှန်ရှောက်ယွမ်သည် ရှောင်လျန်လျန်လေးကို လောလောဆယ် ပြန်မရနိုင်သေးသည်ကို မြင်သောအခါ နေ့လယ်စာစားပြီး အိပ်ရာဝင်ရန် ဆုံးဖြတ်လိုက်တော့၏။

ညစာစားပြီးသည့် အချိန်ရောက်မှသာ ဖုမိသားစုက ရှန်မော့အာတို့ကို ပြန်ခွင့်ပြုတော့သည်။

အဘွားကြီး ကိုယ်တိုင် အိမ်ပေါက်ဝအထိ လိုက်ပို့ပေးခဲ့ပြီး ရှန်မော့အာ၏ လက်ကို ဆွဲကာ ပြောလိုက်၏။ "သမီးတို့ နေတဲ့ ခြံဝင်းလေးက ကျောင်းနဲ့နီးတော့ ပုံမှန်သွားလာရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ ပိတ်ရက်တွေ၊ ကျောင်းပိတ်ရက်တွေဆိုရင်တော့ ကလေးကို ခေါ်ပြီး ခဏခဏ ပြန်လာခဲ့ကြနော်။ အဘွားက အဒေါ်ဟူကို သမီးတို့အတွက် အရသာရှိတာတွေ ချက်ခိုင်းထားမယ်"

သူတို့ကို ယုံနင်လမ်းသွယ်သို့ ပြန်လာနေရန် အတင်းအကျပ် တိုက်တွန်းသည့် အရိပ်အယောင် လုံးဝ မပြခဲ့ပေ။

ရှန်မော့အာသည် အလိုက်သိပြီး နားလည်မှုရှိသော အဘွားကြီး၏ လက်ကို ဆုပ်ကိုင်ကာ လေးနက်စွာ ပြောလိုက်သည်။ "အဘွား၊ ကျေးဇူးတင်ပါတယ်"

အဘွားကြီးက ပြုံးကာ ပြန်ပြော၏။ "အဘွားကသာ သမီးကို ကျေးဇူးတင်ရမှာပါ။ သမီး မသိပါဘူး၊ ဖုမင်ဇယ် ဒီကောင်လေးက ငယ်ငယ်လေးကတည်းက သူ့အဖေလိုပဲ တစ်ချိန်လုံး မျက်နှာကြီး တည်ထားတာ။ လမ်းသွယ်လေးထဲက မိန်းကလေးတွေ သူ့ကို မြင်ရင်တောင် ငိုကြတယ်။ သမီးနဲ့သာ မတွေ့ခဲ့ရင် သူ တစ်သက်လုံး လူပျိုကြီး လုပ်သွားရမယ့် ကံကြမ္မာပဲ"

အမှတ် (၉) ခြံဝင်းမှ ပြန်ရောက်လာသောအခါ လူများသဖြင့် စိတ်လှုပ်ရှားကာ အိပ်မပျော်ဖြစ်နေခဲ့သော ရှောင်လျန်လျန်လေးသည် ချက်ချင်းပင် အိပ်မောကျသွားခဲ့သည်။ ရှန်မော့အာသည်လည်း မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် ချက်ချင်း အိပ်ရာဝင်ခဲ့တော့၏။

ဒုတိယနေ့ မနက်နိုးလာသောအခါ သူတို့လူစုသည် လျိုယင်းရွှမ်းကို ကျောင်းအပ်ရန် အရင် လိုက်ပို့ပေးခဲ့ကြသည်။ လျိုယင်းရွှမ်းက ပါးစပ်မှ "ကျွန်မက ဘယ်လောက်တောင် ကြီးနေပြီလဲ၊ ကျောင်းအပ်ရုံလေးကို လူလိုက်ပို့စရာ လိုလို့လား" ဟု ပြောနေသော်လည်း တကယ်တမ်းတွင်တော့ ရှောင်လျန်လျန်လေးကို ဝမ်းသာအားရ ပွေ့ချီသွားခဲ့လေသည်။

အင်း... သူ့ကို လိုက်မပို့လို့လည်း မရတော့ဘူး။

နိုင်ငံခြားဘာသာတက္ကသိုလ်က သိပ်မဝေးချေ။ ဘတ်စ်ကားနှင့် မှတ်တိုင်အနည်းငယ်သာ စီးရသည်။ သူတို့သည် ရုံးဆင်းရုံးတက် လူစည်ကားသော အချိန်ကို ရှောင်ရှားခဲ့သဖြင့် ကားပေါ်တွင် လူသိပ်မများချေ။

မှတ်တိုင်သို့ ရောက်ပြီး ကားပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်ကို ကြားလိုက်ရ၏။ "ဖုမင်ဇယ်——"

ရှန်မော့အာက အသံလာရာသို့ လှမ်းအကြည့်တွင်... ဪ... ရင်းနှီးနေတဲ့ လူပဲ။

....

All Chapters