အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အပိုင်း (၁၂၅)
တိုက်မင်ရွှမ်းသည် ဝမ်းသာအားရ ပြေးလာခဲ့သည်။ "အို... မရီး၊ ပြီးခဲ့တဲ့ အခေါက်က တွေ့တုန်းက စကားတောင် မပြောလိုက်ရဘူး။ ကျွန်တော်က ဖုမင်ဇယ်ကို မရီးနဲ့ အတူတူ ထမင်းစားဖို့ ခေါ်ခိုင်းတာ၊ ဒီကောင်က အသံတောင် မထွက်ဘူးလေ။ ကံကောင်းလို့ ဒီနေ့ ပြန်ဆုံတာပဲ"
သူသည် မျက်နှာလေး တစ်ခုသာ ပေါ်နေအောင် အလွှာပေါင်းများစွာ ထုပ်ပိုးထားပြီး သူ့ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်နေသော ရှောင်လျန်လျန်လေးကို တစ်ချက်ကြည့်လိုက်သည်။ "ဒါက ကျွန်တော့်ရဲ့ တူမကြီး မဟုတ်လား။ တူမကြီး၊ ဦးလေးက သမီးရဲ့ သွေးမတော်တဲ့ ဦးလေးအရင်းကြီး တိုက်မင်ရွှမ်း ပါကွယ်။ လာ.. ဟုန်ပေါင်းလေး ယူလိုက်ဦး"
သည်လူသည် ခရီးဆောင်အိတ်ကို ဆွဲလာပြီး ကျောင်းလာအပ်သည့်ပုံ ပေါက်နေသော်လည်း အံ့သြစရာကောင်းသည်မှာ သူက အိတ်ကပ်ထဲမှ အနီရောင်စာအိတ်တစ်အိတ်ကို တကယ်ပင် နှိုက်ထုတ်လာပြီး ကလေးငယ်၏ ဂွမ်းအင်္ကျီထဲသို့ ထိုးထည့်ပေးလိုက်ခြင်းပင်။
ကလေးလေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အနီရောင်စာအိတ်ကို တစ်လှည့်၊ သူ့ကို တစ်လှည့် စူးစမ်းချင်စိတ်ဖြင့် ကြည့်နေခဲ့၏။
တိုက်မင်ရွှမ်းသည် သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် အလျင်အမြန်ပင် ရင်းနှီးသွားကာ ရှန်ရှောက်ယွမ်ကိုပါ ဦးလေးဟု ခေါ်ဆိုလိုက်သည်။ လျိုယင်းရွှမ်းမှာလည်း နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဖြစ်ကြောင်း ကြားသောအခါ သူ့ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်၏။ "ညီမလေး၊ နောက်ဆိုရင် အစ်ကိုက ကာကွယ်စောင့်ရှောက်ပေးမယ်"
လျိုယင်းရွှမ်းက လုံးဝ ကျေးဇူးမတင်ဘဲ သူ့ကို အထက်အောက် တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ "ဘယ်သူက ဘယ်သူ့ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ မသေချာသေးပါဘူး"
တိုက်မင်ရွှမ်းမှာ ဆွံ့အသွားပြီး လျိုယင်းရွှမ်းကို သေချာစွာ တစ်ချက် ကြည့်လိုက်မိသည်။ "ညီမလေး၊ တော်တော်လေး ရဲတင်းတာပဲ။ ငါ မင်းကို မှတ်ထားလိုက်ပြီ"
ဒေသခံတစ်ယောက်အနေဖြင့် တိုက်မင်ရွှမ်းသည် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အလုပ်လုပ်နေသော ဆွေမျိုးတစ်ဦး ရှိသည်ဟု ပြောလာသည်။ သူ ကျောင်းလာမအပ်မီကတည်းက နိုင်ငံခြားဘာသာတက္ကသိုလ်၏ အခြေအနေကို အစအဆုံး စုံစမ်းသိရှိထားပြီး ဖြစ်၏။
ထင်ထားသည့်အတိုင်း။ သူ၏ လမ်းညွှန်မှုဖြင့် ကျောင်းအပ်သည့် လုပ်ငန်းစဉ်များအားလုံး ချောမွေ့စွာ ပြီးစီးသွားခဲ့သည်။ လျိုယင်းရွှမ်း၏ ခရီးဆောင်အိတ်များကို အဆောင်သို့ ကူညီသယ်ဆောင်ပေးပြီးနောက် ရှန်မော့အာတို့သည် နောက်တစ်နေရာသို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
မြို့တော်တက္ကသိုလ်၏ ကျောင်းပေါက်ဝတွင် ကျောင်းသားသစ်များကို ကြိုဆိုသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။ ဝင်ပေါက်နှင့် မလှမ်းမကမ်းရှိ ထောင့်တစ်နေရာတွင် အနီရောင်နောက်ခံဖြင့် "ကျောင်းသားသစ် ကြိုဆိုရေးစခန်း" ဟူသော စာလုံးကြီးသုံးလုံးကို ရေးသားထားသည့် ဆိုင်းဘုတ်တစ်ခု ရှိနေ၏။ ဆိုင်းဘုတ်အောက်တွင် စားပွဲအနည်းငယ် ခင်းကျင်းထားပြီး လူငယ်တစ်စုက ကျောင်းသားသစ်များကို မေးခွန်းများ ဖြေကြားပေးခြင်းနှင့် ကျောင်းအပ်လက်ခံခြင်းများကို ကူညီဆောင်ရွက်ပေးနေကြသည်။
ရှန်မော့အာနှင့် ဖုမင်ဇယ်တို့သည် တန်းစီရန် လျှောက်သွားကြသည်။ အနီးအနားတွင် တန်းစီနေသော ကျောင်းသားများက သူတို့ကို မသိမသာ လှမ်းကြည့်နေကြပြီး တချို့က တီးတိုးရေရွတ်နေကြ၏။ "ရုပ်ရည်တွေက အရမ်းချောတာပဲ၊ အတူတူ လာကြတာထင်တယ်။ ဘယ်မေဂျာကများလဲ"
မကြာမီမှာပင် ရှန်မော့အာ၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။ စာရင်းသွင်းနေသော ကျောင်းသားလေးသည် ခေါင်းမော့ကြည့်လိုက်ရာ ရှန်မော့အာ၏ မျက်နှာကို မြင်သောအခါ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ပြုံးကာ မေးလိုက်သည်။ "ကျောင်းသူ၊ ဘယ်မေဂျာကလဲ"
ရှန်မော့အာက ပြုံးလျက် ဖြေလိုက်၏။ "စီးပွားရေး မေဂျာကပါ"
ဘေးတွင် ကျစ်ဆံမြီးကျစ်ထားသော ကျောင်းသူလေးတစ်ယောက်က ချက်ချင်း ခုန်ထွက်လာခဲ့သည်။ "ငါတို့ မေဂျာကပဲ၊ ငါတို့ မေဂျာကပဲ"
ထိုလေသံမှာ မောင်းမောင်တို့ တောင်ပေါ်တက်ပြီး တောယုန်တွေ့သည့်အချိန်နှင့် အတော်လေး ဆင်တူနေသည်။ အံ့သြဝမ်းသာမှုများ ရောနှောနေပြီး ထိုဝမ်းသာမှုထဲတွင် မရမနေရ ပိုင်ဆိုင်လိုသည့် စိတ်ဆန္ဒများလည်း ပါဝင်နေလေသည်။
ရှန်မော့အာသည် ကျစ်ဆံမြီးနှင့် ကျောင်းသူလေး၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။ စာရင်းသွင်းနေသော ကျောင်းသားလေးသည် တစ်ဖန် ခေါင်းမော့ကြည့်လိုက်သောအခါ လှပချောမောသော မျက်နှာတစ်ခုကို ထပ်မံမြင်တွေ့လိုက်ရပြန်၏။
"ရူပဗေဒ မေဂျာ"
ဖုမင်ဇယ်က တိုတိုတုတ်တုတ် ဖြေလိုက်သည်။
တစ်ဖက်တွင် ဆံပင်တိုတိုနှင့် ကျောင်းသူလေးတစ်ယောက်ကလည်း အလျင်အမြန် ခုန်ထွက်လာခဲ့သည်။ "အား... ငါတို့ မေဂျာက၊ ငါတို့ မေဂျာက။ ဒီဘက်လာ၊ ဒီဘက်ကို လာ"
ထို့ကြောင့် ဖုမင်ဇယ်သည်လည်း ဘေးသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရတော့သည်။
ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ကို စားပွဲတစ်လုံးတွင် နေရာချပေးကာ ဖောင်ဖြည့်ခိုင်းလိုက်သည်။ ထိုကျောင်းသူလေး နှစ်ယောက်က သူတို့ကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။
ကျစ်ဆံမြီးနှင့် ကျောင်းသူလေးက ရှန်မော့အာကို မေးလိုက်သည်။ "ကျောင်းသူ၊ အသက်ဘယ်လောက်ရှိပြီလဲ၊ အသက် ၂၀ ပြည့်ပြီလား။ နန်ပြည်နယ်က မလား။ ကျွတ်.. ကျွတ်.. ကျွတ်.. အလှအပတွေ ပေါများတဲ့ နေရာကနေ လာတာပဲ"
ရှန်မော့အာ : "...... ကျွန်မ အသက် ၂၅ နှစ်ပါ။ ကျေးဇူးတင်ပါတယ်"
ကျစ်ဆံမြီးနှင့် ကျောင်းသူလေးမှာ အံ့သြသွားခဲ့သည်။ "နင် အသက် ၂၅ နှစ်တောင် ရှိနေပြီလား။ ငါ့ကို လိမ်နေတာ မဟုတ်ဘူးမလား။ အဲ.. အဲ.. အဲဒါဆို နင့်မှာ ရည်းစားရှိပြီလား"
ရှန်မော့အာသည် ဖောင်ဖြည့်ရင်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။
ကျစ်ဆံမြီးနှင့် ကျောင်းသူလေး : "...... ကောင်းပါပြီ၊ စီးပွားရေး မေဂျာရဲ့ ကောင်းကင်ယံမှာ နေရောင်ခြည်လေး တစ်ပွင့် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် တိမ်မည်းကြီးကလည်း ချက်ချင်း ရောက်လာတော့တာပဲ"
ရှန်မော့အာသည် သူမကို တစ်ချက် ကြည့်လိုက်ပြီး သည်စီနီယာအစ်မက အတော်လေး ရယ်ရသည်ဟု တွေးလိုက်မိ၏။
ဟိုဘက်တွင် ဆံပင်တိုတိုနှင့် ကျောင်းသူလေးက အေးစက်စက် မျက်နှာထားဖြင့် ဖုမင်ဇယ်ကို ကြည့်ရင်း ပါးစပ်ဖျားရောက်နေသော စကားများကို သတိထားကာ ပြန်မျိုချလိုက်ရသည်။
သို့သော် ဖုမင်ဇယ်သည် ဖောင်ဖြည့်ရင်း စင်္ကြံငယ်လေး ခြားနေသော ရှန်မော့အာဘက်သို့ တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "ကျွန်တော့်မှာ အိမ်ထောင်ရှိတယ်"
ဆံပင်တိုတိုနှင့် ကျောင်းသူလေး : "......"
ငါ တကယ် မေးချင်နေတာ မှန်ပေမယ့် မမေးရသေးဘူးလေ။
သူမ ဘယ်လိုစကားပြန်ပြောရမည်ကို စဉ်းစားမရခင်မှာပင် ဖုမင်ဇယ်က ထပ်ပြောလိုက်ပြန်သည်။ "ကျွန်တော့်အမျိုးသမီးက သူပဲ။ ကျွန်တော်တို့ လက်ထပ်တာ ၆ နှစ် ၇ နှစ်လောက် ရှိပြီ။ အရမ်းလှပြီး ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်လည်း ရှိတယ်"
သူက ရှန်မော့အာ ရှိရာဘက်သို့ မေးဆတ်ပြလိုက်သည်။
ဆံပင်တိုတိုနှင့် ကျောင်းသူလေး : "......"
ငါ ဘာမှတောင် မမေးရသေးဘူးလေ။ ပြီးတော့ နင်က ငါ့ကို ဒီလောက်တောင် အသေးစိတ် ပြောပြနေစရာ မလိုပါဘူး။
သူတို့ဘက်မှ စကားပြောသံများကို ရှန်မော့အာတို့ဘက်မှလည်း ကြားနေရသည်။ ရှန်မော့အာသည် စကားမပြောနိုင်တော့ဘဲ ဖုမင်ဇယ်ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။ သို့သော် သူမ၏ ဖောင်ဖြည့်သည့် အရှိန်ကတော့ ပိုမြန်လာပြီး လက်ရေးများမှာလည်း သွက်လက်မြန်ဆန်နေခဲ့၏။
ဘာကြောင့်မှ မဟုတ်ဘူး။ နည်းနည်း ရှက်စရာကောင်းနေလို့ပါ။
ကျစ်ဆံမြီးနှင့် ကျောင်းသူလေးသည် နှုတ်ခမ်းတွန့်သွားပြီး ဖုမင်ဇယ်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။
ကြည့်ရတာ အရမ်းကို အေးစက်ပြီး မာနကြီးတဲ့ အမျိုးသားတစ်ယောက်လိုပဲ။ ဒါပေမဲ့ ဒီလောက်တောင် ကိုယ့်လူကို ကာကွယ်တတ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး
ဖောင်ဖြည့်ပြီးနောက် ကျစ်ဆံမြီးနှင့် ကျောင်းသူလေးက ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ကို ကျောင်းအပ်သည့် လုပ်ငန်းစဉ်များ သွားရောက်လုပ်ဆောင်ရန် ခေါ်ဆောင်သွားခဲ့သည်။
"ကျောင်းရဲ့ စည်းမျဉ်းအရ ပထမနှစ် ကျောင်းသားတွေက ကျောင်းအဆောင်မှာ မနေမဖြစ် နေရမယ်လို့ သတ်မှတ်ထားတယ်။ ဒါပေမဲ့ ရှင်တို့မှာ ကလေးငယ်လေး ရှိတယ်၊ အိမ်မှာလည်း ပြုစုစောင့်ရှောက်ရမယ့် လူကြီးရှိတယ်ဆိုရင်တော့ ဌာနကို ရှင်းပြလို့ရပါတယ်။ ဆရာတွေက အခြေအနေပေါ် မူတည်ပြီး စဉ်းစားပေးမှာပါ"
ကျစ်ဆံမြီးနှင့် ကျောင်းသူလေး၏ အမည်မှာ ဟယ်ရှောင်မေ ဖြစ်ပြီး ယခင်နှစ်က အလုပ်သမား၊ တောင်သူလယ်သမားနှင့် စစ်သည်တက္ကသိုလ်မှ စီးပွားရေး မေဂျာ ကျောင်းသူတစ်ဦး ဖြစ်သည်။ သူမသည် ရှန်မော့အာ ပြောပြသော မိသားစု အခြေအနေများ - သမီးလေးမှာ ၇ လသာ ရှိသေးပြီး ဖခင်ဖြစ်သူကလည်း အလုပ်ထွက်ကာ မြို့တော်သို့ လိုက်လာခဲ့ကြောင်းကို ကြားသိရသောအခါ ရှန်မော့အာမှာ အထက်တွင် လူကြီး၊ အောက်တွင် ကလေးရှိသဖြင့် အလွန်ခက်ခဲမည်ဟု ခံစားရကာ သူမအတွက် နည်းလမ်းရှာဖွေပေးရန် တက်ကြွစွာ ကူညီပေးခဲ့သည်။
"ကျောင်းအဆောင်ကိုတော့ ပြန်မအပ်ဖို့ အကြံပေးချင်တယ်။ တစ်ခါတလေ ကျောင်းမှာ နေရတဲ့အခါ နားနေဖို့ နေရာလေး တစ်ခုတော့ ရှိတာပေါ့။ အထူးသဖြင့် စာမေးပွဲနီးလာတဲ့ အချိန်မျိုးဆိုရင် အချိန်မလောက်လို့ ကျောင်းမှာ ညအိပ်ရတာမျိုးတွေ ရှိနိုင်တယ်လေ"
ယမန်နှစ်က ဗဟိုအစိုးရမှ အစည်းအဝေးပြုလုပ်ကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်စတင်ရန် ပြင်ဆင်ပြီးကတည်းက ကျောင်း၏ ယေဘုယျ လေထုမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူတို့လို လက်ရှိ ကျောင်းသားများသည် ပထမဆုံး ရိုက်ခတ်မှုများကို ခံစားရသူများ ဖြစ်ပြီး သင်ယူမှု အခက်အခဲများမှာ အဆပေါင်းများစွာ တိုးလာခဲ့သည်။ ပြီးခဲ့သော စာသင်နှစ်ဝက်၏ စာမေးပွဲများက လူအများကို အလွန်အမင်း နာကျင်ခံစားခဲ့ရစေ၏။
ထို့ကြောင့် ဟယ်ရှောင်မေ ပြောသောစကားများမှာ လုံးဝကို သူမ၏ အတွေ့အကြုံများနှင့် ရင်တွင်းဖြစ် စကားများ ဖြစ်လေသည်။
ရှန်မော့အာသည် အတော်လေး ရယ်ရသော စီနီယာအစ်မကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် ရရှိလာသော သော့များကို ကိုင်ကာ ဖုမင်ဇယ်နှင့်အတူ ကျောင်းပေါက်ဝနှင့် မလှမ်းမကမ်းရှိ ပန်းခြံငယ်လေးထဲတွင် ရှန်ရှောက်ယွမ်တို့ကို အရင်သွားရှာခဲ့သည်။ ထို့နောက် တစ်မိသားစုလုံး ကျောင်းအဆောင်သို့ သွားရောက်ခဲ့ကြ၏။
ရှန်မော့အာ ရရှိသော အခန်းမှာ နံပတ်(၂၀၁) ဖြစ်ပြီး သူတို့ ရောက်ရှိချိန်တွင် အခန်းထဲ၌ လူနှစ်ယောက် ရောက်နှင့်နေသည်။
တစ်ယောက်က အပေါ်ထပ်ကုတင်ပေါ်တွင် အိပ်ရာခင်း၊ စောင်ခေါက် လုပ်နေသည်။ ရှန်မော့အာ၏ မျက်လုံးထဲတွင် ပထမဆုံး မြင်လိုက်ရသည်မှာ အသစ်စက်စက် အကွက်ဒီဇိုင်း စောင်နှင့် အိပ်ရာခင်း ဖြစ်သည်။ ထို့နောက်တွင်တော့ သွယ်လျလှပသော ကျောပြင်တစ်ခုကို မြင်တွေ့လိုက်ရပြီး ထိုကျောင်းသူမှာ ကုတင်ပေါ်ရှိ မထင်ရှားလှသော တွန့်ခေါက်ရာများကို ပြေပျောက်သွားအောင် ကြိုးစားပမ်းစား ဖိနှိပ်နေသည်ကို မြင်လိုက်ရ၏။
ကုတင်ဘေးရှိ နံရံကိုလည်း အလွန် ဇိမ်ကျကျဖြင့် အဖြူရောင် စက္ကူချောများ ကပ်ထားကာ ညီညာနေစေရန် သေချာစွာ ပြုလုပ်ထားသည်။ ကြည့်ရသည်မှာ အသစ်ကပ်ထားခြင်း ဖြစ်ပုံရသည်။
တစ်ဖက်ရှိ အောက်ထပ်ကုတင်တွင်တော့ အသားမည်းမည်း ပိန်ပိန်ပါးပါး ကျောင်းသူတစ်ယောက်က ကုတင်ပေါ်တွင် ကျုံ့ကျုံ့လေး ထိုင်နေပြီး အပေါ်ထပ်ကုတင်မှ ကျောင်းသူကို တိတ်တဆိတ် လှမ်းကြည့်နေခဲ့သည်။ သူမ၏ အောက်ရှိ အိပ်ရာခင်းတွင်တော့ ကြီးမားပြီး လျစ်လျူရှုမရသော ဖာရာနှစ်ခု ရှိနေ၏။
အောက်ထပ်ကုတင်မှ ကျောင်းသူသည် အခန်းထဲသို့ လူဝင်လာသည်ကို မြင်သောအခါ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။ "မင်္ဂလာပါ"
အဆောင်ခန်းထဲတွင် ကုတင် ၈ လုံး ရှိပြီး နံရံကို မှီထားသည့် နှစ်ထပ်သံကုတင် နှစ်လုံးစီ ချထားသည်။ ကုတင်နှစ်လုံးတွင် လူရှိနေပြီး အသားမည်းမည်း ကျောင်းသူ၏ အပေါ်ထပ်ကုတင်တွင်လည်း ပစ္စည်းများ တင်ထားသည်ကို တွေ့ရသည်။
ရှန်မော့အာက ဖုမင်ဇယ်ကို ဘေးရှိ အပေါ်ထပ်ကုတင်တွင် ပစ္စည်းများ သွားထားခိုင်းလိုက်ပြီး ပြုံးကာ နှုတ်ဆက်လိုက်၏။ "မင်္ဂလာပါ"
သူမက ကိုယ်တိုင် မိတ်ဆက်လိုက်သည်။ "ကျွန်မနာမည်က ရှန်မော့အာပါ။ နန်ပြည်နယ်ကနေ စာမေးပွဲအောင်ပြီး လာတာပါ။ ဒါက ကျွန်မရဲ့ အဖေ၊ ကျွန်မရဲ့ အမျိုးသား၊ ကျွန်မရဲ့ မောင်လေး၊ ပြီးတော့ ကျွန်မရဲ့ သမီးလေးပါ"
ပိန်ပိန်ပါးပါး ကျောင်းသူ : "မင်္ဂလာပါ။ ကျွန်မနာမည်က ဝူယာနန်ပါ"
သူမက အားကျစွာဖြင့် ပြောလိုက်သည်။ "နင့်ကို ကျောင်းလာပို့တဲ့သူတွေ အများကြီးပဲနော်"
ရှန်မော့အာက ပြုံးလိုက်၏။ "ကလေးက ငယ်သေးတော့ လူမပါလို့ မဖြစ်ဘူးလေ"
အပေါ်ထပ်ကုတင်မှ ကျောင်းသူသည်လည်း လှည့်ကြည့်လာခဲ့သည်။ ဤကျောင်းသူလေးမှာ အတော်လေး လှပပြီး ဘဲဥပုံ မျက်နှာသွယ်သွယ်၊ အသားအရေ ဖြူဖွေးကာ မျက်နှာသွင်ပြင်ကလည်း ကြည်လင်သန့်စင်နေသည်။
သို့သော် အထင်ရှားဆုံးမှာ သူမ၏ ဆံပင်များဖြစ်သည်။ သိပ်မသိသာသော်လည်း မြင်နိုင်လောက်သည့် အတိုင်းအတာအထိ ကောက်ထားသော ဆံပင်များ ဖြစ်နေ၏။
ယခုနှစ်များအတွင်း မူဝါဒများက တဖြည်းဖြည်း လျော့ရဲလာသော်လည်း လူတို့၏ အယူအဆများမှာ ရုတ်တရက် ချက်ချင်း ပြောင်းလဲသွားခြင်း မဟုတ်ပေ။ အဓိက အတွေးအခေါ်များမှာ ရှေးရိုးစွဲဆန်ပြီး သတိထားနေကြဆဲ ဖြစ်သည်။ ဝတ်စားဆင်ယင်မှုများမှာ ယခင်ကထက် အနည်းငယ် ပိုမို ပွင့်လင်းလာပြီး အနက်၊ မီးခိုး၊ အပြာ စသည့် ရိုးရှင်းသော အရောင်များကိုသာ အပြည့်အဝ မှီခိုမနေတော့သော်လည်း ယေဘုယျအားဖြင့် အလွန်အမင်း ထူးခြားကွဲပြားနေခြင်းမျိုး မရှိသေးချေ။
ဆံပင်ကောက်ခြင်းဆိုသည်မှာ ပုံမှန်ပင် မဟုတ်သေးချေ။
ရှန်မော့အာသည် ကွမ်ကျိုးကုန်စည်ပြပွဲတွင် သဘာဝအတိုင်း ကောက်နေခြင်း ဟုတ်မဟုတ် မသေချာသော နိုင်ငံခြားသားများ၏ ဆံပင်ကောက်များကိုသာ မြင်ဖူးခဲ့ပြီး ပြည်တွင်းတွင် ဆံပင်ကောက်ထားသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ဆံပင်ကောက်နှင့် ကျောင်းသူက အေးတိအေးစက်ဖြင့် ပြောလိုက်၏။ "မင်္ဂလာပါ၊ ငါ့နာမည်က ဖုန်းမန်နီပါ"
ထို့နောက်တွင်တော့ သူမသည် ပြန်လှည့်သွားကာ ပြန့်ကျနေပြီဖြစ်သော သူမ၏ အိပ်ရာကို ဆက်ပြီး နေရာချနေတော့သည်။
ရှန်မော့အာကတော့ ဘာမှ မထူးဆန်းသလို ခံစားရသော်လည်း ဝူယာနန်မှာမူ အနည်းငယ် အနေရခက်သွားပုံရသည်။ ခြေမကိုင်မိ လက်မကိုင်မိ ရပ်နေခဲ့၏။ ရှန်မော့အာက သူမကို ပြုံးပြလိုက်မှ ရှန်မော့အာ၏ ခင်မင်ရင်းနှီးမှုကို ခံစားရသဖြင့် သူမ အနည်းငယ် သက်သာသွားပုံရပြီး ကုတင်ပေါ်သို့ ရှက်ရွံ့စွာ ပြန်ထိုင်လိုက်သည်။
ရှန်မော့အာ ကိုယ်တိုင် ဘာမှ မလုပ်ရသေးခင်မှာပင် ဖုမင်ဇယ်က အိပ်ရာခင်းနှင့် စောင်များကို လျင်မြန်စွာ ခင်းကျင်းစီစဉ်ပြီးသွားခဲ့သည်။ အချိန် ၁ မိနစ် ၂ မိနစ်ခန့်သာ ကြာမြင့်ခဲ့၏။ ထို့နောက် အခြားသော အသုံးအဆောင်ပစ္စည်းများကို နံရံဘေးရှိ ဗီရိုထဲသို့ ထည့်လိုက်ပြီးနောက် ပစ္စည်းများအားလုံး စီစဉ်ပြီးစီးသွားတော့သည်။
ရှန်မော့အာက ယနေ့ည အဆောင်တွင် မအိပ်ကြောင်း ပြောဆိုပြီးနောက် တစ်မိသားစုလုံး အဆောင်မှ ထွက်လာခဲ့ကြပြီး ယောကျ်ားလေးအဆောင်သို့ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
ယောကျ်ားလေးအဆောင်တွင်တော့ လူများ အကုန်နီးပါး ရောက်ရှိနေကြပြီ။ ကျဉ်းမြောင်းသော အဆောင်ခန်းလေးထဲတွင် ယောကျ်ားလေး တစ်အုပ်ကြီး ပြည့်နှက်နေပြီး အိပ်ရာခင်းများ ခင်းကျင်းကာ ပစ္စည်းများ သိမ်းဆည်းရင်း အလုပ်ရှုပ်နေကြသည်။ အံ့သြစရာကောင်းသည်မှာ ထိုအထဲတွင် ရင်းနှီးနေသော မျက်နှာတစ်ခု ပါဝင်နေခြင်းပင်။
ရွှီချန်ရီသည် အဆောင်ခန်းအထဲမှနေ၍ တံခါးဝသို့ တိုးထွက်လာခဲ့သည်။ "ရဲဘော်ရှန်၊ ကျွန်တော်တို့ ဒီနေရာမှာ ပြန်ဆုံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ တကယ်ကို တိုက်ဆိုင်လွန်းတယ်"
သူက ဖုမင်ဇယ်ကို ကြည့်လိုက်၏။ "ဒါက"
ရှန်မော့အာသည်လည်း ရွှီချန်ရီနှင့် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထူးဆန်းသည်မှာ သူက ဖုမင်ဇယ်နှင့် အဆောင်ခန်း တစ်ခန်းတည်း ကျနေခြင်း ဖြစ်သည်။ ဤကိစ္စက တကယ်ကို တိုက်ဆိုင်လွန်းလှသည်။
သူမက ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။ "ဒါက လျန်လျန်ရဲ့ အဖေ၊ ဖုမင်ဇယ်ပါ။ ဒီက ကျောင်းသား ရွှီချန်ရီကတော့ ကျွန်မတို့ မြို့တော်ကို လာတုန်းက အိပ်စင်တွဲ တစ်တွဲတည်း အတူတူ စီးလာခဲ့တာလေ"
ဖုမင်ဇယ်သည် ရထားပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ရှန်မော့အာတို့ ပြောပြထားသဖြင့် ကြားသိထားပြီး ဖြစ်သည်။ သူတို့နှင့် တစ်တွဲတည်း စီးလာသူမှာ လူ နှစ်ယောက်သာ ရှိသည်။ တစ်ယောက်က လူကုန်ကူးသူများ၏ လှည့်စားခြင်းကို ခံရသော တုံးအအ အမျိုးသမီးရဲဘော် တစ်ဦးဖြစ်ပြီး နောက်တစ်ယောက်ကတော့ ထိုအမျိုးသမီးရဲဘော်နှင့် သိကျွမ်းသော အမျိုးသားလူငယ် တစ်ဦး ဖြစ်သည်။
ကြည့်ရသည်မှာ မျက်စိရှေ့က ဒီလူက ထိုအမျိုးသားလူငယ် ဖြစ်ပုံရသည်။
ဖုမင်ဇယ်က ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်၏။ "မင်္ဂလာပါ၊ ဖုမင်ဇယ်ပါ"
ရွှီချန်ရီက ပြုံးရွှင်စွာဖြင့် ပြန်ပြောသည်။ "မင်္ဂလာပါ၊ မင်္ဂလာပါ။ အစ်ကို၊ ကျွန်တော်တို့ တော်တော်လေး ရေစက်ပါတာပဲနော်။ ကျွန်တော် ရထားပေါ်မှာတည်းက စဉ်းစားနေခဲ့တာ။ ဘယ်သူကများ ဒီလောက် ကံကောင်းပြီး ဒီလောက်လှတဲ့ မိန်းမနဲ့ ဒီလောက် ချစ်စရာကောင်းတဲ့ သမီးလေး ရထားတာလဲလို့။ ပြီတော့ ခင်ဗျားဖြစ်နေတာကိုး"
ရွှီချန်ရီသည် ရှန်ရှောက်ယွမ်၊ ကျိုးဖျင်အန်းတို့နှင့်လည်း နှုတ်ဆက်စကား ပြောဆိုလိုက်ပြီးနောက် ရှောင်လျန်လျန်လေး၏ မျက်နှာနားသို့ ရုတ်တရက် တိုးကပ်သွားကာ ပြောလိုက်၏။ "ဟေး.. ရှောင်လျန်လျန်လေး၊ ထင်မထားဘူးမလား၊ ဦးလေးတို့ ထပ်တွေ့ကြပြန်ပြီ"
ရှောင်လျန်လျန်မှာ လန့်သွားပြီး မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့သည်။ သို့သော် သူ့ကို အနည်းငယ် မှတ်မိနေသေးသလား မသိ။ မကြာမီမှာပင် ပြုံးရယ်လာခဲ့ပြီး မထင်မရှား ကလေးသွားလေး နှစ်ချောင်းကို ဖော်ပြလာခဲ့၏။
"မှန်တယ်၊ ဦးလေးက သမီးကို နောက်နေတာပါ။ သတ္တိလေးကလည်း ကောင်းလိုက်တာ" ရွှီချန်ရီက ရယ်မောကာ ပြောလိုက်သည်။ "ဒါပေမဲ့ သမီးအဖေက ဦးလေးကို မျက်စောင်းထိုးပြီး သတ်တော့မလို ကြည့်နေပြီဆိုတော့ ဦးလေး နည်းနည်း ဆင်ခြင်မှဖြစ်မယ် ထင်တယ်။ ဟားဟားဟား"
ဖုမင်ဇယ်က ရွှီချန်ရီကို တကယ်ပင် မျက်စောင်းထိုးနေခဲ့ခြင်း ဖြစ်သည်။ ဒီလူက အတိမ်အနက် မသိတတ်ဘဲ ကလေးကို လန့်သွားအောင် လုပ်လိုက်မည်ကို စိုးရိမ်နေမိ၏။
ဖုမင်ဇယ်က အနောက်အကျဆုံး ရောက်လာသဖြင့် ကုတင်ရွေးချယ်စရာ မလိုတော့ဘဲ တံခါးဝနှင့် အနီးဆုံး အောက်ထပ်ကုတင်သာ ကျန်တော့သည်။
သူသည် ဖျာတစ်ချပ်ကို ခင်းလိုက်ပြီး အိပ်ရာခင်းနှင့် စောင်များကိုပင် မခင်းတော့ဘဲ ပစ္စည်းများကို ဖျာပေါ်တွင် စုပုံထားလိုက်ကာ ပြီးစီးသွားပြီဟု သတ်မှတ်လိုက်၏။
ထို့နောက် အဆောင်ခန်းထဲရှိ တခြားသူများနှင့် အလျင်အမြန် ကိုယ်တိုင်မိတ်ဆက်ကာ သူတို့၏ မိတ်ဆက်စကားများကို နားထောင်ပြီး အပြန်အလှန် နှုတ်ဆက်စကား အနည်းငယ် ပြောဆိုပြီးနောက် ဖုမင်ဇယ်သည် ဇနီးနှင့် သမီးဖြစ်သူကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့တော့သည်။
ရှန်မော့အာက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။ "ရှင် သူတို့နာမည်တွေကို မှတ်မိလိုက်ရဲ့လား"
ဖုမင်ဇယ် : "မှတ်မိလိုက်ပါတယ်။ ပြီးတော့ အဲဒါက အရေးမှ မကြီးတာ။ နောက်ဆိုရင် မှတ်ဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်"
အင်း... ဟုတ်တာပေါ့၊ ဒီလူက မှတ်ဉာဏ် အရမ်းကောင်းတာကိုး။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတုန်းကလည်း အရမ်းလွယ်ကူလွန်းလို့ ရှန်မော့အာတောင် အနည်းငယ် မနာလို ဖြစ်ခဲ့ရသေးသည်။
အဆောင်မှ ဆင်းလာပြီးနောက် တစ်မိသားစုလုံး ထမင်းစားရန် ကျောင်းကန်တင်းသို့ တိုက်ရိုက် သွားခဲ့ကြသည်။ မြို့တော်တက္ကသိုလ်၏ အစားအသောက်များကို မြည်းစမ်းပြီးနောက် ကျောင်းဝင်းအတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြ၏။
မြို့တော်တက္ကသိုလ်၏ ကျောင်းဝင်းမှာ အမှန်ပင် လှပလွန်းလှသည်။ တလက်လက် တောက်ပနေသော ရေကန်၊ သစ်ပင်အရိပ်များနှင့် ပြည့်နှက်နေပြီး ဤကဲ့သို့သော ကျောင်းဝင်းမျိုးတွင် စာသင်ကြားရခြင်းက အလွန် သာယာဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီးနောက် ရှန်မော့အာသည် အနာဂတ် ကျောင်းတွင်းဘဝအတွက် ပိုမို မျှော်လင့်ချက် ကြီးမားလာခဲ့တော့သည်။
အိမ်ပြန်ရောက်သောအခါ နေ့လယ် ၃ နာရီကျော်နေလေပြီ။
ကျောင်းဝင်းအတွင်း လှည့်လည်နေစဉ်က ရှောင်လျန်လျန်မှာ အတော်လေး စိတ်လှုပ်ရှားနေခဲ့ပြီး ဘတ်စ်ကားပေါ်ရောက်သည်နှင့် ချက်ချင်းပင် အိပ်ပျော်သွားခဲ့၏။
သူတို့လူစုသည် အိပ်မောကျနေသော ကလေးကို ပွေ့ချီကာ ဘတ်စ်ကားပေါ်မှ ဆင်းပြီး အိမ်တံခါးဝသို့ လျှောက်လာခဲ့ကြသည်။ သို့သော် ခြံဝင်းငယ်လေး၏ တံခါးဝတွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရ၏။ ထိုလူသည် ဟိုဟိုဒီဒီ လျှောက်သွားကာ ဟိုကြည့်ဒီကြည့် လုပ်နေပြီး တစ်ခါတစ်ရံ တံခါးကို ခေါက်လိုက်၊ ခြံစည်းရိုးဘေးသို့ ပြေးသွားကာ ခြေဖျားထောက်ပြီး အထဲသို့ ဝင်ကြည့်ရန် ကြိုးစားလိုက်ဖြင့် အတော်လေး စိုးရိမ်တကြီး ဖြစ်နေပုံရသည်။
သို့သော် ပြဿနာမှာ ဤအရပ်ပုပု၊ ဆံပင်ကျဲကျဲနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားကို သူတို့ လုံးဝ မသိကြခြင်းပင်။
ရှန်မော့အာက ဖုမင်ဇယ်ကို ကြည့်လိုက်သည်တွင် ဖုမင်ဇယ်ကလည်း နားမလည်နိုင်သည့် အမူအရာဖြင့် ပြန်ပြော၏။ "ကို့ကို လာရှာတာ မဟုတ်ဘူး၊ ကိုလည်း မသိဘူး"
ကျိုးဖျင်အန်းကလည်း ကိုယ်တိုင် ဝင်ပြောလိုက်သည်။ "ကျွန်တော်ဆို ပိုတောင် မသိသေးတယ်"
ရှန်ရှောက်ယွမ်က ခဏလောက် တုံ့ဆိုင်းသွားပြီး ပြောလိုက်၏။ "အဖေလည်း ဘယ်သိပါ့မလဲ။ အဖေ့မှာ မြို့တော်က လောင်ဝမ်ကလွဲရင် တခြား သိတဲ့လူမှ မရှိတာ။ ဒါပေမဲ့..."
စကားပြောနေစဉ်မှာပင် ထိုလူက သူတို့ကို မြင်သွားခဲ့ပြီး အလျင်အမြန် လျှောက်လာခဲ့သည်။ သူ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေသော အမူအရာများမှာ ချက်ချင်းပင် ဝန်ကျသွားသည့် ဝမ်းသာအားရမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ "အို... ဆရာရှန်၊ နောက်ဆုံးတော့ ခင်ဗျား ပြန်လာပြီပဲ။ ကျွန်တော်က နေရာမှားလာပြီလို့တောင် ထင်နေတာ"
အားလုံး၏ ပထမဆုံး တုံ့ပြန်မှုမှာ ရှန်မော့အာကို ကြည့်လိုက်ခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့အထဲတွင် ရှန်မော့အာ တစ်ယောက်သာ ဆရာမ လုပ်ဖူးသည် မဟုတ်ပါလား။
(*လောင်ရှီး လို့ခေါ်လိုက်တာပါ။ တရုတ်ဘာသာမှာ ကျား/မခွဲထားတာ မရှိလို့ ရှန်မော့အာကို ကြည့်လိုက်ကြတာ။)
သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလျင်အမြန်ပင် ရှန်ရှောက်ယွမ်၏ လက်ကို ဆုပ်ကိုင်လိုက်၏။ "ဆရာရှန်၊ မင်္ဂလာပါ၊ မင်္ဂလာပါ။ ကျွန်တော်က အရင်က ခင်ဗျားနဲ့ ဆက်သွယ်ဖူးတဲ့ လီချင်းကော် ပါ။ ကျွန်တော်က အကြောင်းမကြားဘဲ ရုတ်တရက် ရောက်လာတာ တကယ်ကို အားနာပါတယ်။ အနှောင့်အယှက်ပေးမိပြီ၊ အနှောင့်အယှက်ပေးမိပြီ"
ရှန်ရှောက်ယွမ်က ချက်ချင်း သဘောပေါက်သွားခဲ့သည်။ "ဪ.. ခင်ဗျားကိုး၊ အယ်ဒီတာလီ"
...
အပိုင်း (၁၂၆)
ရှန်ရှောက်ယွမ်၏ ရုပ်ပြဇာတ်လမ်းအကြမ်းကို စစ်ဆေးအတည်ပြုပြီးနောက် စာအုပ်ထုတ်ဝေရေးဌာနက သူ့ကို ထုတ်ဝေရေးကိစ္စများနှင့် ပတ်သက်ပြီး မဆက်သွယ်လာခဲ့ချေ။ သို့သော် အံ့သြစရာတော့ မဟုတ်ပေ။ စာအုပ်ထုတ်ဝေရေးဌာနမှာ ယခင်က လုံးဝ ရပ်ဆိုင်းလုနီးပါး အခြေအနေတွင် ရှိခဲ့ပြီး ယခုမှ ပြန်လည်လည်ပတ်ခြင်း ဖြစ်သဖြင့် လုပ်ငန်းစဉ်တစ်ခုတော့ လိုအပ်ပေလိမ့်မည်။
လွန်ခဲ့သော ရက်အနည်းငယ်က ရှန်ရှောက်ယွမ်သည် စာအုပ်ထုတ်ဝေရေးဌာနသို့ ဖုန်းဆက်ကာ သူ၏ ဆက်သွယ်ရန်လိပ်စာကို ခြံဝင်းငယ်လေးရှိရာသို့ ပြောင်းလဲပေးခဲ့သည်။
ထိုစဉ်က ဖုန်းလက်ခံဖြေကြားသူမှာ လူငယ်လေးတစ်ဦး ဖြစ်သည်။ တစ်ဖက်လူက မည်သူဖြစ်ကြောင်း ရှန်ရှောက်ယွမ် မသိခဲ့သော်လည်း တာဝန်ခံအယ်ဒီတာကို ပြောပေးမည်ဟု ပြောသဖြင့် သည်ကိစ္စကို ဆက်လက်ဂရုမစိုက်တော့ပေ။
သို့သော် အယ်ဒီတာလီက တိုက်ရိုက် လာရှာလာလိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။
"ကျွန်တော် ခင်ဗျားရဲ့ လိပ်စာဟောင်းဆီကို စာရေးခဲ့ပါတယ်။ ခင်ဗျားရဲ့ ယခင်လုပ်ငန်းခွင်ကိုလည်း ဖုန်းဆက်ခဲ့ပါတယ်။ သူတို့က ခင်ဗျား မြို့တော်ကို လာတယ်လို့ ပြောပါတယ်။ ခင်ဗျား မြို့တော်ကို ရောက်ရင် ကျွန်တော့်ကို ဆက်သွယ်လာလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် နှစ်သစ်ကူးပြီး အချိန်အတော်ကြာတဲ့အထိ ခင်ဗျားဆီက သတင်းဘာမှ မရခဲ့ပါဘူး။ ဒီရက်ပိုင်းအတွင်း ကျွန်တော် တကယ်ကို စိတ်ပူနေခဲ့တာပါ"
လီချင်းကော်သည် လည်ချောင်းကို ရှင်းရန် လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ "ဒါကလည်း တိုက်ဆိုင်သွားတာပါ။ ခင်ဗျား ဖုန်းဆက်လာတဲ့နေ့က ကျွန်တော်တို့ အစည်းအဝေး တက်နေခဲ့တာ။ ဖုန်းကို လက်ခံဖြေကြားတဲ့သူက နှစ်ဆန်းပိုင်းမှာ အသစ်ခေါ်ထားတဲ့ နေ့စားဝန်ထမ်းပါ။ အဲဒီလူငယ်လေးက ခင်ဗျားရဲ့ လိပ်စာကို စာရွက်လေးပေါ်မှာ ရေးပြီး ကျွန်တော့် စားပွဲပေါ်မှာ ဖိထားခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို ပြောဖို့ မေ့သွားခဲ့တယ်လေ"
"ကျွန်တော့် စားပွဲပေါ်က ပစ္စည်းတွေက ရှုပ်ပွနေတော့ လုံးဝ သတိမထားမိခဲ့ဘူး။ ဒီနေ့ မနက် စာမူတွေ ရှင်းလင်းရင်းနဲ့မှ တွေ့သွားတာ။ အဲဒါနဲ့ ချက်ချင်း ပြေးလာခဲ့တာပါ"
ရှန်ရှောက်ယွမ်က သူ့ကို လက်ဖက်ရည် ထပ်ငှဲ့ပေးရင်း မေးလိုက်၏။ "တရားဝင် ထုတ်ဝေဖို့အတွက် လုပ်ထုံးလုပ်နည်းတွေ အများကြီး ရှိသေးတယ်လို့ ပြောတယ် မဟုတ်လား"
လီချင်းကော်က အလျင်အမြန် လက်ဖက်ရည်ကို ထပ်သောက်လိုက်သည်။ "လုပ်ထုံးလုပ်နည်းတွေ အများကြီးတော့ ရှိပါတယ်။ ဒါပေမဲ့ အရင်က ခန့်မှန်းထားတာထက်တော့ ပိုမြန်နိုင်ပါတယ်။ အခု သက်ဆိုင်ရာ မူဝါဒတွေ ဖြေလျှော့ပေးလိုက်တော့ လုပ်ငန်းစဉ် အတော်များများကလည်း ရိုးရှင်းသွားပြီလေ"
သူက ခဏရပ်လိုက်ပြီး ဆက်ပြောသည်။ "အဓိကကတော့ ဆရာရှန်၊ ရုပ်ပြဇာတ်လမ်းရဲ့ ဒုတိယပိုင်း ပန်းချီကားတွေကို ခင်ဗျား ကျွန်တော်တို့ဆီ မပို့ပေးရသေးဘူးလေ"
ရှန်ရှောက်ယွမ်က မျက်ခုံးပင့်လိုက်၏။ "တောင်းပန်ပါတယ်။ ကျွန်တော်လည်း ရုပ်ပြဇာတ်လမ်း ထုတ်ဝေတာ ပထမဆုံးအကြိမ်ဆိုတော့ တရားဝင် မထုတ်ဝေခင် ခင်ဗျားတို့ဆီ အပ်လိုက်ရင် ရပြီလို့ ထင်နေတာ"
သူက မြို့တော်သို့ လာရမည်ဖြစ်သဖြင့် စာအုပ်ထုတ်ဝေရေးဌာနဘက်တွင် အဆင်သင့်ဖြစ်လုနီးပါး အချိန်ရောက်မှ စက်ဘီးတစ်စီးဖြင့် ပန်းချီကားများကို သွားပို့ပေးလိုက်မည်ဟု စဉ်းစားထားခဲ့သည်။ ထို့ကြောင့် ရုပ်ပြဇာတ်လမ်း၏ ဒုတိယပိုင်း ပန်းချီကားများကို စာအုပ်ထုတ်ဝေရေးဌာနသို့ ပို့ပေးရန် လုံးဝ မတွေးမိခဲ့ချေ။
လီချင်းကော်သည်လည်း သည်လိုကိစ္စမျိုးကို တစ်ခါမှ မကြုံဖူးပေ။
လှုပ်ရှားမှုများ မစတင်မီကတည်းက သူသည် အယ်ဒီတာအလုပ်ကို လုပ်ကိုင်ခဲ့သည်။ နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့ရာတွင် မူကြမ်းအောင်မြင်ပြီးနောက် စာအုပ်ထုတ်ဝေရေးဌာနသို့ မကြာခဏ ဖုန်းဆက်ကာ အခြေအနေကို မေးမြန်းလေ့ရှိသူများကို သူ အများအပြား တွေ့မြင်ခဲ့ဖူးသည်။ သို့သော် ရှန်ရှောက်ယွမ်ကဲ့သို့ လုံးဝ ဂရုမစိုက်သူမျိုးကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးလိုက်ခြင်းပင်။
ရှန်ရှောက်ယွမ်၏ လက်ထဲတွင် ငွေကြေး မချို့တဲ့ကြောင်း လီချင်းကော် ဘယ်လိုလုပ် သိပါမည်နည်း။ အထူးသဖြင့် မြို့တော်သို့ ရောက်ရှိလာပြီးနောက် ရွှေနှင့် ငွေများကို ကျန်းပေခရိုင်ထက်ပိုပြီး လွယ်ကူစွာ ရောင်းချနိုင်ကြောင်း တွေ့ရှိရပြီး သားမက်၏ မိသားစုမှာလည်း ဆင်းရဲကျပ်တည်းမှု မရှိကြောင်း သိရှိလိုက်ရသောအခါ ရှန်ရှောက်ယွမ် မြို့တော်သို့ မလာမီက တွေးထားခဲ့သော "ကြိုးစားအလုပ်လုပ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးမည်" ဆိုသော အတွေးများမှာ လုံးဝ လွင့်ပျောက်သွားတော့သည်။
သူသည် ငယ်စဉ်ကတည်းက စားသောက်ပျော်ပါးရင်း ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး ယန်လျိုတပ်ဖွဲ့တွင် ရှိစဉ်က အခြေအနေများကြောင့် ဖိအားပေးခံရသဖြင့် အတင်းအကျပ် ကြိုးစားလုပ်ကိုင်ခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ ကြိုးစားအလုပ်မလုပ်ဘဲနှင့်လည်း ကောင်းမွန်စွာ နေထိုင်နိုင်ကြောင်း ရုတ်တရက် တွေ့ရှိသွားသောအခါ သဘာဝကျကျပင် ကြိုးစားချင်စိတ် ကုန်ခန်းသွားတော့၏။
လျိုယင်းရွှမ်း ပြောသကဲ့သို့ပင် အလုပ်လုပ်တာ ကြာလာရင် တစ်ကိုယ်လုံး အလုပ်ခွင်က အနံ့တွေ နံနေတော့တာပါပဲ။
ရှန်ရှောက်ယွမ်က သိပ်နားမလည်သော်လည်း ယေဘုယျ အဓိပ္ပာယ်ကိုတော့ သဘောပေါက်ပါသည်။
အလုပ်လုပ်တာက သူ့အတွက် တကယ်ကို မသင့်တော်ပါဘူး။ ကြိုးစားအလုပ်လုပ်တာကလည်း သူ့အတွက် မသင့်တော်ဘူးလေ။ အားထုတ်မှုတွေ မလုပ်ဘဲ အချောင်ခိုစားနေရတာကိုပဲ သူက ပိုကြိုက်တာ။
ဒါကြောင့် ရုပ်ပြဇာတ်လမ်းက ဘယ်တော့ ထုတ်ဝေမလဲဆိုတာ သိပ်အရေးမကြီးပါဘူး။ စာမူခကိုလည်း မစောင့်မျှော်နေတော့ပါဘူး။ သူတို့ အဆင်ပြေတဲ့အချိန်မှ ထုတ်ဝေပါစေပေါ့။
လီချင်းကော်က ပြောလာသည်။ "ဆရာရှန်၊ ကျွန်တော်တို့ အစည်းအဝေးမှာ ဆွေးနွေးပြီးပါပြီ။ ခင်ဗျားရဲ့ ရုပ်ပြဇာတ်လမ်းက ကျွန်တော်တို့ စာအုပ်ထုတ်ဝေရေးဌာနရဲ့ ပထမဆုံး ထုတ်ဝေမယ့် စာအုပ်တွေထဲမှာ ပါဝင်မှာပါ။ ဒါကြောင့် အချိန်က နည်းနည်း ကျပ်နေပါပြီ။ မဟုတ်ရင် ကျွန်တော်လည်း လူကိုယ်တိုင် လာဖို့ အားနာနေမှာပါ"
သူ့စကားကို ကြားသောအခါ ရှန်ရှောက်ယွမ် အတော်လေး ဝမ်းသာသွားသည်။ သူ၏ ရုပ်ပြဇာတ်လမ်းကို ရေးဆွဲပြီးစီးနေပြီဖြစ်သောကြောင့် စောစောစီးစီး ပုံနှိပ်ထုတ်ဝေနိုင်လျှင်တော့ ကောင်းသည်ပေါ့။
"ဖျင်အန်း၊ ငါ့ရဲ့ ပန်းချီကားတွေကို သွားယူလိုက်ပါဦး။ အခန်းထဲက စာရေးစားပွဲပေါ်မှာ ရှိတယ်"
ကျိုးဖျင်အန်းက ခေါင်းညိတ်ကာ ရှန်ရှောက်ယွမ်၏ အခန်းထဲမှ ပန်းချီကားများကို သွားယူလာခဲ့သည်။
လီချင်းကော်က ပန်းချီကားများကို ကိုင်ကာ သတိထားပြီး လှန်လှောကြည့်ရှုရင်း ချီးကျူးစကား ဆိုလေသည်။ "ပန်းချီလက်ရာက ပြောင်မြောက်တယ်၊ ဇာတ်ကွက်ကလည်း ဆန်းသစ်တယ်။ ဆရာရှန်၊ ကျွန်တော် ကြိုပြောရဲတယ်။ ဒီရုပ်ပြဇာတ်လမ်းက သေချာပေါက် လူကြိုက်များမှာပဲ"
ရှန်ရှောက်ယွမ်က ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်"
အင်း... ဧကရာဇ်တွေတောင် မြှောက်ပင့်တတ်တဲ့ မှူးမတ်တွေကို သဘောကျတာပဲ။ နားဝင်ချိုတဲ့ စကားကို ဘယ်သူမဆို သဘောကျကြတာပါပဲ။
"ဒါနဲ့ ဆရာရှန်၊ အရင်က ကျွန်တော်တို့ စာပေးစာယူလုပ်တုန်းက စာအုပ်ထုတ်ဝေရေးဌာနမှာ အနုပညာအယ်ဒီတာ လာလုပ်ဖို့ မေးဖူးတယ်လေ။ ခင်ဗျားက စဉ်းစားဦးမယ်လို့ ပြောခဲ့တယ်။ အခု ဘယ်လို ဆုံးဖြတ်ထားလဲ"
ဒီလိုကောင်းမွန်တဲ့ ပန်းချီကားများကို မြင်လိုက်ရသောအခါ လီချင်းကော်သည် ယခင်က ဖိတ်ခေါ်ခဲ့သည်ကို ရုတ်တရက် သတိရသွားပြန်သည်။
ရှန်ရှောက်ယွမ်သည် မူလက အနုပညာအယ်ဒီတာ အလုပ်ကို စဉ်းစားခဲ့ဖူးသည်။ သို့သော် အရင်က ပြောခဲ့သလိုပင် သားမက်၏ မိသားစုမှာ ဆင်းရဲကျပ်တည်းမှု မရှိသလို သူ့လက်ထဲတွင်လည်း ငွေကြေးပြည့်စုံနေသဖြင့် ရုန်းကန်ကြိုးစားလိုစိတ် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အလုပ်လုပ်ရသည်မှာ ပင်ပန်းပြီး လွတ်လပ်မှုလည်း မရှိသဖြင့် သူ မသွားချင်တော့ပေ။
ရှန်ရှောက်ယွမ်က ငြင်းဆိုလိုက်သည်။ "ထားလိုက်ပါတော့။ ကျွန်တော့် မြေးမလေးက ငယ်သေးတယ်။ သူ့အဖေနဲ့ အမေက ကျောင်းတက်ရမှာဆိုတော့ သူ့ကို ဂရုစိုက်ဖို့ အချိန်မရှိဘူး။ ကျွန်တော်က သူ့ကို ကြည့်ပေးရဦးမယ်"
လီချင်းကော် : "......"
သူသည် စာရွက်များကို လှန်လှောကြည့်ရှုနေစဉ် ရုတ်တရက် ကလေးငယ်တစ်ဦး၏ ပုံတူပန်းချီကားတစ်ချပ် ထွက်လာခဲ့သည်။
ရှန်ရှောက်ယွမ်၏ ရုပ်ပြဇာတ်လမ်းမှာ အဖြူအမည်း ဖြစ်သည်။ အနက်ရောင် စုတ်ချက်များဖြင့် ဇာတ်ကောင်များ၏ ပုံစံကို ရိုးရှင်းစွာ ရေးဆွဲထားပြီး ယေဘုယျအားဖြင့် ရေဆေးပန်းချီနှင့် အနည်းငယ် ဆင်တူသည်။ သို့သော် ဤကလေးငယ်၏ ပုံတူမှာမူ ရောင်စုံဖြစ်နေပြီး အသက်ဝင်နေရုံသာမက ပန်းချီကားတစ်ချပ်လုံးမှာ တက်ကြွသော သက်ဝင်လှုပ်ရှားမှု တစ်ခုကိုပါ ဖော်ပြနေ၏။
"ဒီပန်းချီကားက..."
ရှန်ရှောက်ယွမ်က တစ်ချက် ကြည့်လိုက်သည်။ "ဪ၊ ဒါက ကျွန်တော့် မြေးမလေးရဲ့ ပုံကို ဆွဲထားတာပါ။ မတော်တဆ အတူတူ ညပ်ပါသွားတာ ဖြစ်မယ်"
ရှန်ရှောက်ယွမ်က ပန်းချီကားကို ပြန်ယူရန် လက်လှမ်းလိုက်သော်လည်း လီချင်းကော်သည် ခန္ဓာကိုယ်ကို သွက်လက်စွာ ရှောင်ရှားလိုက်ရာ လုံးဝ ရှောင်တိမ်းသွားနိုင်ခဲ့၏။
"ဆရာရှန်၊ ဒီပန်းချီကားက အရမ်းကောင်းပါတယ်။ ခင်ဗျား ကြည့်ပါဦး၊ ဒီပန်းချီကားကို ကျွန်တော်တို့ရဲ့ ကလေးစာအုပ်တစ်အုပ်မှာ သရုပ်ဖော်ပုံအဖြစ် သုံးလို့ရမလား" လီချင်းကော်သည် ထိုပန်းချီကားကို ရွှေတုံးကြီးတစ်တုံးလို ဖက်ထားပြီး လုံးဝ လွှတ်မပေးတော့ချေ။
ရှန်ရှောက်ယွမ်က ချက်ချင်းပင် ငြင်းပယ်လိုက်သည်။ "မရဘူး"
သူသည် စောစောက စာအုပ်ထုတ်ဝေရေးဌာနတွင် အနုပညာအယ်ဒီတာ လုပ်ရန် သဘောမတူခဲ့ခြင်းကိုပင် ဝမ်းသာသွားမိသည်။ သို့မဟုတ်ပါက နောက်ပိုင်းတွင် စာအုပ်ထုတ်ဝေရေးဌာနက ရှောင်လျန်လျန်ကို သရုပ်ဖော်ပုံအဖြစ် ရေးဆွဲရန် တောင်းဆိုလာပါက ငြင်းပယ်ရန် ခက်ခဲပေလိမ့်မည်။
လီချင်းကော်က စိုးရိမ်တကြီး မေးလိုက်၏။ "ဘာလို့လဲ"
သူက ရှန်ရှောက်ယွမ်ကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်။ "ဆရာရှန်၊ ခင်ဗျား စိတ်ချပါ။ စာမူခကို ဌာနမှာ ကျွန်တော် တင်ပြပြီး အမြင့်ဆုံး နှုန်းထားနဲ့ ပေးပါ့မယ်"
ရှန်ရှောက်ယွမ်က ခေါင်းခါလိုက်သည်။ "စာမူခ ပြဿနာ မဟုတ်ပါဘူး။ ကျွန်တော်တို့အိမ်က ရှောင်လျန်လျန်လေးက ဘယ်လိုလုပ်ပြီး စာအုပ်ပေါ်မှာ ပုံနှိပ်ပြီး လူလုံးထွက်ပြလို့ ရမှာလဲ။ မရဘူး၊ မရဘူး။ မသင့်တော်ဘူး"
လီချင်းကော် : "......"
ဘာတွေပြောနေတာလဲ။ သေးသေးလေးပဲ ရှိသေးတဲ့ ကလေးလေးတစ်ယောက်ကို ကလေးစာအုပ်ပေါ်မှာ ပုံနှိပ်တာ ဘာဖြစ်လို့လဲ။ ဘယ်လိုလုပ် မသင့်တော်တာ ဖြစ်ရမှာလဲ။ ပြီးတော့ ကလေးလေးမှာ ဘာ အချိုးအစားက ရှိနေလို့လဲ။
သို့သော် သူ ဘယ်လိုပဲ ချော့မော့ပြောဆိုနေပါစေ ရှန်ရှောက်ယွမ်က လုံးဝ သဘောမတူခဲ့ပေ။ နောက်ဆုံးတွင် ရှန်ရှောက်ယွမ်မှာ စိတ်အနှောင့်အယှက် ဖြစ်လာပြီး ရုပ်ပြဇာတ်လမ်းကို လောလောဆယ် မထုတ်ဝေတော့ဘူး၊ ဒါမှမဟုတ် တခြားနေရာမှာ သွားထုတ်ဝေမယ်ဟု ခြိမ်းခြောက်လိုက်တော့မှသာ လီချင်းကော်၏ အကြံအစည်များကို စွန့်လွှတ်သွားစေခဲ့တော့၏။
သူတို့နှစ်ဦး သဘောတူညီမှု ရရှိပြီးနောက် နောက်တစ်ကြိမ် တွေ့ဆုံမည့်အချိန်ကို ချိန်းဆိုလိုက်ကြသည်။ လီချင်းကော် ထရန် ပြင်နေစဉ်မှာပင် ရှောင်လျန်လျန်လေး အိပ်ရာမှ နိုးလာပြီး ဖုမင်ဇယ်က ပွေ့ချီကာ ထွက်လာခဲ့သည်။
လီချင်းကော်က ကလေးကို ချော့မြှူရန် ရှေ့သို့ တိုးသွားမည် ပြုစဉ်မှာပင် ရှန်ရှောက်ယွမ်က ဖုမင်ဇယ်ကို ကလေးကို အခန်းထဲသို့ ချက်ချင်း ပြန်ခေါ်သွားရန် ပြောလိုက်သည်။ လီချင်းကော်ကို ကြည့်သော သူ၏ အကြည့်များတွင် အကဲခတ်မှုနှင့် သတိထားမှုများ အပြည့်အဝ ပါဝင်နေ၏။
လီချင်းကော်ခမျာ အခိုက်တန့် ကြောင်အမ်းသွားပြီးနောက် သဘောပေါက်သွားသောအခါ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။ သူက အလျင်အမြန် ရှင်းပြလိုက်၏။ "ဆရာရှန်၊ ခင်ဗျား စိတ်ချပါ။ သရုပ်ဖော်ပုံ ကိစ္စကို ကျွန်တော် ထပ်မပြောတော့ပါဘူး။ ပြီးတော့ ခင်ဗျားရဲ့ မြေးမလေးကိုလည်း အန္တရာယ်ပြုမှာ မဟုတ်ပါဘူး။ ကလေးလေးက ချစ်စရာကောင်းလို့ ကျွန်တော်က နည်းနည်းလေး ချော့ချင်ရုံပါ"
ရှန်ရှောက်ယွမ်က အေးစက်စက်ဖြင့် ဧည့်သည်ကို နှုတ်ဆက်လိုက်သည်။ "ကိစ္စမရှိပါဘူး။ သူ့ကို ချော့မယ့်သူ မရှားပါဘူး"
လီချင်းကော် : "......"
သူသည် ခေါင်းခါကာ ရယ်မောလိုက်မိသည်။ မြေးကို အလိုလိုက်သူများကို အများကြီး တွေ့ဖူးသော်လည်း မြေးမလေးကို ဒီလောက်အထိ အလိုလိုက်သူမျိုးကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
ကဲလေ.. လောဘကြီးလွန်းလို့တော့ မရဘူး။ အရာရာကို လိုချင်နေလို့ ပိုဆိုးသွားမယ်။ ရုပ်ပြဇာတ်လမ်းကို အရင် အကောင်းဆုံး ဖြစ်အောင် လုပ်လိုက်တာပဲ ကောင်းပါတယ်။
ဒုတိယနေ့တွင် ရှန်မော့အာသည် မနက်စောစော ထလာခဲ့သည်။ မနက်စာ စားပြီးနောက် ဖုမင်ဇယ်က စက်ဘီးဖြင့် သူမကို ကျောင်းသို့ လိုက်ပို့ပေးခဲ့၏။
စက်ဘီးမှာ ဖုမင်ဇယ် အိမ်မှ စီးလာခဲ့ခြင်း ဖြစ်ပြီး အသစ်စက်စက် ဖီးနစ်တံဆိပ် စက်ဘီးဖြစ်သည်။ မူလက သူ့အဖေ ရုံးဆင်းရုံးတက် အသုံးပြုသည့်စက်ဘီးဟု ဆိုသည်။ သူ စီးသွားပြီးနောက် သူ့အဖေတစ်ယောက် ဘယ်လို ရုံးသွားမည်ကိုတော့ မသိပေ။
မနေ့က သူတို့ ကျောင်းဝင်းထဲတွင် လှည့်လည်ကြည့်ရှုခဲ့ခြင်းက အချည်းနှီး မဟုတ်ခဲ့ပေ။ အနည်းဆုံးတော့ မေဂျာအသီးသီး၏ သင်ကြားရေး အဆောက်အအုံများနှင့် ကန်တင်းများအားလုံးကို ရှင်းလင်းစွာ သိရှိထားခဲ့သည်။ ယနေ့တွင်တော့ သူတို့သည် အဆောင်သို့ မသွားတော့ဘဲ ဖုမင်ဇယ်က ရှန်မော့အာကို စီးပွားရေး မေဂျာ၏ သင်ကြားရေး အဆောက်အအုံအောက်သို့ တိုက်ရိုက် လိုက်ပို့ပေးခဲ့သည်။ ထို့နောက် စက်ဘီးခေါင်းကို လှည့်ကာ သူကိုယ်တိုင် ရူပဗေဒ မေဂျာသို့ ဆက်လက်ထွက်ခွာသွားခဲ့၏။
ရှန်မော့အာသည် တတိယထပ် အနောက်ဘက်ရှိ စာသင်ခန်းထဲသို့ ဝင်သွားလိုက်သည်။ စာသင်ခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားပြီး စာသင်ခန်း အပြည့်ရှိ ယောကျ်ားလေး မိန်းကလေးများအားလုံးက သူမကို လှမ်းကြည့်လာကြ၏။
လူတိုင်းလိုလို အဆောင်တွင် နေထိုင်ကြသူများ ဖြစ်သဖြင့် ယနေ့ မနက်စောစောကတည်းက စာသင်ခန်းသို့ ရောက်ရှိနေကြပြီး သုံးငါးယောက် စုဖွဲ့ကာ စကားစမြည် ပြောဆိုနေကြသည်။ ရှန်မော့အာသည် နောက်အကျဆုံး ရောက်လာသူ ဖြစ်သည်။ ထို့အပြင် သူမက ရုပ်ရည်ချောမောပြီး ထူးခြားသော အရှိန်အဝါလည်း ရှိသဖြင့် သဘာဝကျကျပင် လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရလေသည်။
စက်ရုံမှူး လုပ်ဖူးသူ တစ်ယောက်အနေဖြင့် တခြားသူများ၏ အကြည့်များကို အမှန်ပင် ကြောက်ရွံ့မည် မဟုတ်ပေ။ ရှန်မော့အာသည် စာသင်ခန်းထဲသို့ တည်ငြိမ်စွာ ဝင်ရောက်လာပြီး အကြည့်များကို ဝေ့ဝဲကြည့်လိုက်သောအခါ ညာဘက် နောက်ဆုံးတန်းတွင် နေရာလွတ် တစ်နေရာသာ ကျန်တော့သည်ကို တွေ့လိုက်ရသဖြင့် ထိုနေရာသို့ သွားရောက်ထိုင်လိုက်၏။
စာသင်ခန်းထဲတွင် စကားပြောသံများ အမြန်ပြန်လည် ထွက်ပေါ်လာသည်။ သို့သော် အားလုံးက သူမကို တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ လှမ်းကြည့်နေကြပြီး တချို့က အချင်းချင်း မေးမြန်းနေကြ၏။ "အဲဒီ ကျောင်းသူက ဘယ်သူလဲ။ မင်းတို့ထဲက သိတဲ့သူ ရှိလား"
"ဒီကျောင်းသူက ဘယ်လိုပြောရမလဲ၊ နည်းနည်း သြဇာညောင်းတဲ့ပုံ ပေါက်နေတယ်လို့ မထင်ဘူးလား။ အမှန်အတိုင်း ပြောရရင် ငါ ခုနက သူ့ကို ဆရာမလို့ ထင်ပြီး ဆရာမ မင်္ဂလာပါလို့တောင် နှုတ်ဆက်မလို့ လုပ်လိုက်မိသေးတယ်"
"သူက မြို့တော် ဒေသခံ ဖြစ်မယ် ထင်တယ်။ သူ့အဝတ်အစားကို ကြည့်လိုက်ဦး၊ ဒီဇိုင်းက တော်တော် ခေတ်မီတာပဲ။ မြို့တော်က မိန်းကလေးတွေက မတူဘူးနော်။ ကြည့်ရတာကိုက အရှိန်အဝါက ပိုထူးခြားနေတယ်"
ထိုအချိန်တွင် ရုတ်တရက် အသံနှစ်သံ ပြိုင်တူ ထွက်ပေါ်လာခဲ့သည်။
"မြို့တော် ဒေသခံ မဟုတ်ပါဘူး။ သူကိုယ်တိုင် ပြောတာ။ နန်ပြည်နယ်ကနေ စာမေးပွဲအောင်ပြီး လာတာတဲ့"
"မြို့တော် ဒေသခံ မဟုတ်ရုံ ဘယ်ကမလဲ။ သူက ကျွန်မတို့ နန်ပြည်နယ် လက်အောက်က ထောင့်ကျကျ ခရိုင်မြို့လေးထဲက..."
"...တောင်ပေါ်ရွာလေးကနေ လာတာပါ"
ရှန်မော့အာသည် သည်အသံနှစ်သံကို အနည်းငယ် ရင်းနှီးနေသလို ခံစားရသဖြင့် မျက်လုံးပင့်ကြည့်လိုက်သောအခါ ပထမဆုံး စကားပြောသူမှာ ဖုန်းမန်နီ ဖြစ်ပုံရသည်။ သူမသည် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဘယ်သူ့ကိုမှ မကြည့်တော့ဘဲ ခေါင်းငုံ့ကာ စာအုပ်ဆက်ဖတ်နေခဲ့သည်။ အမှန်တရားကို ရှင်းလင်းပြောပြချင်စိတ်ကို မထိန်းနိုင်ခဲ့သည့်ပုံ ပေါက်နေ၏။
ဒုတိယလူကတော့ ရှန်မော့အာကို အနည်းငယ် အံ့သြသွားစေခဲ့သည်။
ကျန်းကျောင်းကျောင်း ဖြစ်နေ၏။
သူမသည် မြို့တော်တက္ကသိုလ် စီးပွားရေး မေဂျာတွင် တက်ရောက်နေကြောင်း ရှန်မော့အာ အရင်ကတည်းက သိထားခဲ့ပြီး သူမနှင့် မေဂျာတူ ကျောင်းသူတစ်ဦး ဖြစ်သည်ဟု ယူဆထားခဲ့သည်။ ကျောင်းဝင်းထဲတွင် ကျန်းကျောင်းကျောင်းနှင့် တွေ့ဆုံနိုင်ခြေရှိသည်ဟု ခန့်မှန်းထားခဲ့သော်လည်း ကျန်းကျောင်းကျောင်းက သူမနှင့် အတန်းတစ်တန်းတည်း ဖြစ်နေလိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။
သူမက ကျန်းကျောင်းကျောင်းကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး လူက တက်ကြွလန်းဆန်းနေသည်ကို တွေ့လိုက်ရသည်။ လူကုန်ကူးသူများ၏ မေ့ဆေးက သူမအပေါ် ကြီးမားသော ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်စေတာ သိသာသည်။
...