← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အပိုင်း (၁၂၇)

ကျန်းကျောင်းကျောင်းသည် ရှန်မော့အာ၏ အကြည့်နှင့် ဆုံမိသွားသောအခါ အနည်းငယ် စိတ်မလုံမလဲ ဖြစ်သွားကာ ခေါင်းကို တဖက်သို့ လွှဲထားလိုက်သည်။ သို့သော် မကြာမီမှာပင် သူမ ရင်ဘတ်ကို ကော့လိုက်ပြန်၏။ ငါပြောတာတွေက အမှန်တွေချည်းပဲလေ။ လျှောက်ပြောနေတာမှ မဟုတ်တာ။ ဘာမှားနေလို့လဲ။

ရှန်မော့အာကို ချီးကျူးနေကြတဲ့ စကားတွေကို သူ သေချာပေါက် ကြားနေရတာပဲကို။ သူထွက်လာပြီး မငြင်းဆန်၊ မရှင်းလင်းတာကို ကြည့်ရင် ဒီလူက အချည်းနှီး ဂုဏ်မောက်ချင်နေတာပဲ ဆိုတာ သိသာပါတယ်။

ကျန်းကျောင်းကျောင်းသည် သည်တစ်ခေါက် မြို့တော်သို့ အလာတွင် ရထားပေါ်၌ လူကုန်ကူးသူများ၏ ဖမ်းဆီးခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သဖြင့် ရက်အတော်ကြာသည်အထိ ထိတ်လန့်နေခဲ့သည်။

မြို့တော်တွင် သူမ၏ အဒေါ်တစ်ယောက် ရှိသည်။ အဒေါ်သည် သူမ၏ အမေနှင့် ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာခဲ့ပြီး အလွန်ရင်းနှီးကြသည်။ သည်တစ်ကြိမ် သူမ ကြိုတင်လာရောက်ခဲ့ခြင်းမှာလည်း အဒေါ်အိမ်သို့ အလည်သွားရန် ဖြစ်သည်။

မူလက မိသားစုဝင်များက သူမကို လိုက်ပို့ရန် စဉ်းစားခဲ့ကြသော်လည်း သူမ၏ မိဘနှစ်ပါးစလုံးမှာ ခွင့်ရက်အများကြီး မရခဲ့ကြပေ။ ထို့အပြင် နန်ပြည်နယ်မှ မြို့တော်သို့ ကားခမှာလည်း မသက်သာလှချေ။ ထို့ကြောင့် မိသားစုက တိုင်ပင်ဆွေးနွေးပြီးနောက် သူမကို တစ်ယောက်တည်း လွှတ်လိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ အဒေါ်ဖြစ်သူက ဘူတာရုံတွင် လာကြိုမည်ဖြစ်ပြီး ရွှီချန်ရီလည်း အတူပါလာသေးသည်။

သို့သော် ရထားပေါ်တွင် ပြဿနာတက်လိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

ကျန်းကျောင်းကျောင်း သတိလည်လာပြီးနောက် ရဲများက သူမအား ဖြစ်စဉ်အစအဆုံးကို ရှင်းပြကာ ပညာပေးစကားများ ပြောကြားခဲ့ပြီး ရှန်မော့အာကို ကျေးဇူးတင်သင့်ကြောင်းလည်း ပြောဆိုခဲ့ကြသည်။

ရွှီချန်ရီကလည်း ထိုသို့ပင် ပြောခဲ့သည်။ ရှန်မော့အာသာ မရှိလျှင် သူမသည် လူကုန်ကူးသူများ၏ လက်ထဲပါသွားပြီး တောင်ပေါ်ဒေသတွင် အရူးတစ်ယောက်၏ မယားအဖြစ် ရောင်းစားခံရလိမ့်မည်ဟု ပြောခဲ့၏။

အစပိုင်းတွင်တော့ ကျန်းကျောင်းကျောင်းသည်လည်း တွေးကြောက်ကာ ရှန်မော့အာအပေါ် ကျေးဇူးတင်စိတ် ရှိခဲ့သည်။ သို့သော် သည်စကားများကို ခဏခဏ ကြားရပြီးနောက် သူမသည် ရှန်မော့အာ သည်လိုလုပ်ခြင်းမှာလည်း အကျိုးအမြတ်မရှိဘဲ လုပ်ခဲ့ခြင်းမဟုတ်ဟု တွေးလာမိသည်။ ရှန်မော့အာ၏ ကျောင်းသို့ ချီးကျူးဂုဏ်ပြုစာ ပေးပို့မည်ဟု ရဲများက ပြောခဲ့သည် မဟုတ်ပါလား။

တရားဝင် တံဆိပ်တုံးရိုက်နှိပ်ထားသော ချီးကျူးဂုဏ်ပြုစာကို ကျောင်းသို့ ပို့ပေးခြင်းက ဘာကိုဆိုလိုသနည်း။ တက္ကသိုလ်တက်နေစဉ်အတွင်း ရှန်မော့အာ မည်သည့် ဂုဏ်ထူးဆောင်ဆုကိုမဆို ယှဉ်ပြိုင်ရာတွင် အခြားသူများထက် အသာစီးရလိမ့်မည်ဟူသည့် သဘောပင်။ ရှန်မော့အာ၏ ဘဝသည် သည်နေရာမှစတင်ကာ ပြောင်းလဲသွားနိုင်ပြီး ဂုဏ်ထူးဆောင်ဆုများ အလီလီ ရရှိကာ ကျောင်းပြီးသွားပါကလည်း ပိုမိုကောင်းမွန်သော အလုပ်နေရာ ခွဲဝေချထားမှုများကို ရရှိနိုင်ပေလိမ့်မည်။

ကံကောင်းသွားပြီး တုံးအသော လူကုန်ကူးသူများကို ဉာဏ်နီဉာဏ်နက်လေးများဖြင့် လှည့်စားကာ အောင်မြင်သွားရုံဖြင့် ဘဝ၏ ဖြောင့်ဖြူးသော လမ်းမကြီးပေါ်သို့ ရောက်ရှိသွားခြင်းပင်။

ကျန်းကျောင်းကျောင်းသည် တကယ်တမ်းကျတော့ ရှန်မော့အာကို ဘာမှ အကြွေးမတင်ဘူးဟု ခံစားလာရသည်။

ယင်းအစား ရှန်မော့အာကသာ သူမကို ကျေးဇူးတင်သင့်သည်ဟု ထင်မြင်လာ၏။ သူမ၏ ကံဆိုးမိုးမှောင်ကျမှုက ရှန်မော့အာကို အောင်မြင်မှု ရရှိစေခဲ့ခြင်း မဟုတ်ပါလား။

သို့သော် ကျန်းကျောင်းကျောင်း လုံးဝ ထင်မထားခဲ့သောအရာမှာ ရှန်မော့အာသည်လည်း မြို့တော်တက္ကသိုလ်မှ ဖြစ်နေပြီး သူမ၏ အတန်းဖော်ပင် ဖြစ်နေခြင်းပင်။

လူကုန်ကူးသူ၏ သားဖြစ်သူမှာ မြို့တော်တက္ကသိုလ် စီးပွားရေး မေဂျာမှ ပါမောက္ခဖြစ်သည်ဟု ထင်မှတ်ကာ အကူအညီအနည်းငယ် ရရှိလိုဇောဖြင့် သတိလက်လွတ်ဖြစ်ပြီး အရူးလုပ်ခံလိုက်ရသည်ကို ပြန်တွေးမိတိုင်း၊ ထိုအချိန်တွင် ရှန်မော့အာက သူမ တောင့်တနေသော အရာများကို အလွယ်တကူ ရရှိသွားသည်ကို တွေးမိတိုင်း ကျန်းကျောင်းကျောင်း၏ ရင်ထဲတွင် အလွန်ပင် မသက်မသာ ဖြစ်နေရတော့၏။

ကံကောင်းလို့ ရဲတွေက ချီးကျူးဂုဏ်ပြုစာထဲမှာ ငါ့နာမည်ကို ထည့်မရေးဘူးလို့ ကတိပေးထားလို့ပေါ့။

သည်အကြောင်းကို တွေးမိသွားသောအခါ ကျန်းကျောင်းကျောင်းသည် အနည်းငယ် နောင်တရသွားပြန်သည်။ စောစောက သူမ စိတ်လိုက်မာန်ပါဖြင့် ရှန်မော့အာကို ဖော်ထုတ်ခဲ့ခြင်းက မသင့်တော်ပေ။ အကယ်၍ ရှန်မော့အာက ဒေါသထွက်ပြီး သူမ၏ ကိစ္စများကို ဖွင့်ဟပြောဆိုလိုက်လျှင် ဘယ်လိုလုပ်ပါမည်နည်း။

ကျန်းကျောင်းကျောင်းသည် အနည်းငယ် စိုးရိမ်တကြီးဖြင့် နားစွင့်ကာ အတန်ကြာ နားထောင်နေခဲ့သော်လည်း ရှန်မော့အာ စကားပြောသံကို မကြားရသဖြင့် စိတ်အေးသွားတော့၏။

ရှန်မော့အာကတော့ ကျန်းကျောင်းကျောင်း၏ စိတ်ထဲတွင် ဇာတ်လမ်းများစွာ တွေးတောနေမည်ဟု မသိချေ။ ကျန်းကျောင်းကျောင်းနှင့် ဖုန်းမန်နီတို့ ပြောသောစကားများကို သူမ ကြားလိုက်ရသော်လည်း သည်လို အတင်းအဖျင်းလေးကိုတော့ သူမက လုံးဝ ဂရုမစိုက်ချေ။

အဓိကကတော့ သူတို့ပြောတာကလည်း အတိုင်းအတာတစ်ခုအထိ အမှန်တရားပဲလေ။ ပြီးတော့ ရှန်မော့အာကလည်း သူမက ခရိုင်မြို့လေး၊ ကျေးလက်ဒေသက လာတာကို ဘာပြဿနာရှိလို့လဲလို့ မထင်ပါဘူး။ ဒီကမ္ဘာပေါ်က ဧကရာဇ်တွေကိုတောင် ဖြုတ်ချပြီးပြီပဲ။ မင်းသမီး ဖြစ်ခဲ့ဖူးတဲ့ သူတောင် ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်တယ်လို့ မထင်ဘူးဆိုရင်၊ မြို့တော်က လူတွေက ခရိုင်မြို့လေး၊ ကျေးလက်ဒေသက လူတွေထက် ပိုပြီး မြင့်မြတ်နေနိုင်လို့လား။

ဒီနှစ်တွေအတွင်း ရှန်မော့အာက စက်ရုံကြီးတစ်ခုကို အုပ်ချုပ်ခဲ့ရသဖြင့် စိတ်ရှည်သည်းခံနိုင်စွမ်းက အစောကြီးကတည်းက လေ့ကျင့်ပြီးသား ဖြစ်နေသည်။ ကျန်းကျောင်းကျောင်း၊ ဖုန်းမန်နီတို့နျင့် အချိန်ကုန်ခံပြီး အငြင်းပွားမနေချင်တော့ချေ။

"မင်းက နန်ပြည်နယ်ကလား။ ငါက ဟိုင်ပြည်နယ်က။ ငါတို့ဆီကနေ မြို့တော်ကို လာတဲ့ ရထားက မင်းတို့ နန်ပြည်နယ်ကို ဖြတ်သွားရတာလေ"

ဘေးခုံမှ အသားမည်းမည်း ကျောင်းသားလေးသည် ရယ်လိုက်လျှင် သွားဖြူဖြူများ ပေါ်လာကာ ရှန်မော့အာကို စူးစမ်းချင်စိတ်ဖြင့် စကားစမြည် ပြောလာခဲ့သည်။

အတန်းထဲတွင် ကျောင်းသား ၄၀ ရှိပြီး ယောကျ်ားလေး ၂၅ ယောက်၊ မိန်းကလေး ၁၅ ယောက် ဖြစ်သည်။ အားလုံးက မဂဏန်းများ ဖြစ်နေ၏။ ရှန်မော့အာ မရောက်လာမီက သူတစ်ယောက်တည်းသာ ထိုင်နေရခြင်း ဖြစ်သည်။

"ဒါနဲ့ ငါ့နာမည်က ကျင်းကွေ့ ပါ။ ချမ်းသာကြွယ်ဝခြင်း(ဖုကွေ့) ဆိုတဲ့ စကားလုံးက ကွေ့ ပါ" ကျောင်းသားလေးက ခေါင်းကို ကုတ်ကာ ကိုယ်တိုင် မိတ်ဆက်လိုက်သည်။

ရှန်မော့အာက ပြုံးလိုက်ပြီး ပြန်ပြော၏။ "ကျွန်မ နာမည်က ရှန်မော့အာပါ။ ရှင့်နာမည်က တော်တော်လေး မင်္ဂလာရှိတာပဲ"

ကျင်းကွေ့က ခေါင်းကို ထပ်ကုတ်လိုက်ပြန်သည်။ "ဟုတ်တယ်နော်"

ထိုအချိန်တွင် ပါးရိုးအနည်းငယ် မြင့်ပြီး မျက်မှန်တပ်ထားသော လူငယ်တစ်ဦး စာသင်ခန်းထဲသို့ ဝင်လာခဲ့သည်။ သူသည် ဆရာ့စင်မြင့်ပေါ်တွင် ရပ်ကာ အောက်ဘက်သို့ ကြည့်လိုက်ပြီး လူစုံနေပြီဖြစ်ကြောင်း တွေ့ရှိသောအခါ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။ "ငါက မင်းတို့ရဲ့ အတန်းပိုင်ဆရာပါ။ နာမည်က ယိုယုံဟွာ လို့ ခေါ်ပါတယ်။ ပထမဆုံးအနေနဲ့ ဒီမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံး မြို့တော်တက္ကသိုလ်ရဲ့ ၇၇ ခုနှစ် ကျောင်းသားသစ်တွေ ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်"

ယိုယုံဟွာမှာ အသက်မကြီးသော်လည်း စကားပြောရာတွင် အနည်းငယ် လေသံဖမ်းထားပြီး စကားကြီးစကားကျယ်များ ပြောဆိုပြီးနောက်မှသာ အဓိက အကြောင်းအရာသို့ ရောက်သွားပြီး အားလုံးကို တစ်လှည့်စီ မတ်တတ်ရပ်ကာ ကိုယ်တိုင်မိတ်ဆက်ခိုင်းလေသည်။

ယခုနှစ် တက္ကသိုလ်ကျောင်းသားများမှာ အလွန်ထူးခြားလှသည်။ စာမေးပွဲဝင်ရောက်ဖြေဆိုသူများ၏ အသက်အရွယ် ကွာဟချက်မှာ အလွန်ကြီးမားလှ၏။ သူတို့ နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁)မှ ကျောင်းသားအများစုမှာ အသက်အနည်းငယ် ကြီးကြပြီး အကြီးဆုံးသူမှာ ၃၂ နှစ်ပင် ရှိနေပြီ ဖြစ်သည်။ သို့သော် အသက်အတော်လေး ငယ်သော ကျောင်းပြီးခါစ ကျောင်းသားများလည်း ရှိပြီး ၁၇ နှစ်သာ ရှိသေးသူလည်း ပါဝင်သည်။

အသက်ကြီးသော ကျောင်းသားများ၏ ကိုယ်ရေးရာဇဝင်များမှာ အတော်လေး ကြွယ်ဝလှသည်။ အစိုးရရုံးဌာနများတွင် အလယ်အလတ်တန်း အရာရှိ လုပ်ခဲ့ဖူးသူများ၊ တပ်ဖွဲ့ခွဲအတွင်းရေးမှူး လုပ်ခဲ့ဖူးသူများ၊ အလုပ်သမား လုပ်ခဲ့ဖူးသူများ၊ ပညာတတ်လူငယ် လုပ်ခဲ့ဖူးသူများ... ရှန်မော့အာလို ဒု-ဌာနမှူးအဆင့် နိုင်ငံပိုင်စက်ရုံမှူး လုပ်ခဲ့ဖူးသူပင်လျှင် ရာထူးအမြင့်ဆုံး မဟုတ်သေးပေ။ ယွီရှန်နုန် အမည်ရှိ အကြီးဆုံး အမျိုးသားရဲဘော်မှာ ယခင်က ပြည်နယ်အဆင့် ရုံးဌာနတစ်ခုတွင် ဌာနမှူးအဆင့် အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးလေသည်။

ယခင်က တီးတိုးရေရွတ်ခဲ့ကြသော လူငယ်ကျောင်းသားများသည် ယခုအခါ မနေနိုင်တော့ဘဲ တိတ်တဆိတ် ထပ်မံ၍ စကားပြောဆိုလာကြပြန်သည်။ "အို.. စောစောက သတိမထားမိဘူး။ ဒီရဲဘော်ယွီက ကျောင်းသူရှန်မော့အာထက်တောင် ဆရာတစ်ယောက်နဲ့ ပိုတူနေတယ်။ အာ.. မဟုတ်ဘူး၊ မဟုတ်ဘူး။ သူက ဆရာမဟုတ်ဘူး၊ ကျောင်းအုပ်ကြီးနဲ့ ပိုတူတယ်"

"ငါတို့အတန်းက တကယ့်ကို ပုန်းကွယ်နေတဲ့ နဂါးတွေ၊ ကျားတွေ စုဝေးနေတဲ့ နေရာပဲ။ ကျောင်းသူရှန်မော့အာက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံပိုင်စက်ရုံမှူး လုပ်ခဲ့ဖူးတာ နှစ်တော်တော်ကြာနေပြီတဲ့"

"စောစောက ဘယ်သူပြောလိုက်တာလဲ။ ခရိုင်မြို့လေးက တောင်ပေါ်ရွာလေးက လာတာဆို။ ဟား.. အဲဒါကလည်း သူ စက်ရုံမှူး ဖြစ်လာဖို့ အနှောင့်အယှက် မဖြစ်စေခဲ့ပါဘူး"

ကျန်းကျောင်းကျောင်းသည် အဝေးကြီးတွင် ရှိမနေသဖြင့် ရှန်မော့အာ၏ ကိုယ်တိုင်မိတ်ဆက်စကားကို ကြားပြီးကတည်းက မျက်နှာမကောင်း ဖြစ်နေခဲ့ပြီး ယခုအခါတွင်တော့ သူမ၏ မျက်နှာမှာ ဖြူတလှည့် စိမ်းတလှည့် ဖြစ်နေတော့၏။

ရှန်မော့အာသည် သူမ မည်သည့်စက်ရုံမှ စက်ရုံမှူးဖြစ်ကြောင်း မပြောခဲ့သလို သူမ၏ ရာထူးအဆင့်ကိုလည်း မပြောခဲ့ပေ။ အလုပ်အတွေ့အကြုံများကို ပြောပြရာတွင် ဖြတ်သန်းသွားရုံမျှသာ ပြောခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်းကျောင်းကျောင်းက လက်သည်းများကို ကုတ်ရင်း ၎င်းမှာ အလုပ်သမား အနည်းငယ်သာရှိသော ရပ်ကွက်ပိုင် လုပ်ငန်းလေးတစ်ခုသာ ဖြစ်မည်ဟု သေချာပေါက် တွေးထင်နေခဲ့၏။

ထိုကဲ့သို့သော လုပ်ငန်းမျိုးမှာ နိုင်ငံပိုင်စက်ရုံ လုံးဝမဟုတ်ဘဲ အလွန်ဆုံး စုပေါင်းစီးပွားရေးလုပ်ငန်းမျှသာ ဖြစ်သည်။ သို့သော် လူအများစုက အပြောကောင်းစေရန်အတွက် အပြင်ထွက်လျှင် နိုင်ငံပိုင်စက်ရုံမှ ဖြစ်ကြောင်း အမြဲပြောဆိုလေ့ရှိကြသည်။

ကိုယ်တိုင်မိတ်ဆက်ခြင်း ပြီးဆုံးပြီးနောက် ယိုယုံဟွာက အတန်းကော်မတီ စာရင်းကို တိုက်ရိုက် ကြေညာလိုက်သည်။ "အခုက အားလုံး အချင်းချင်း မရင်းနှီးကြသေးဘူးဆိုတော့ ဒီကျောင်းသားတွေကပဲ ပထမ စာသင်နှစ်ဝက်မှာ တာဝန်ယူပေးကြပါ။ ဒုတိယ စာသင်နှစ်ဝက်ကျမှ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ ပြန်လုပ်ကြတာပေါ့"

ယွီရှန်နုန်မှာ သံသယဝင်စရာမလိုဘဲ ပါတီဌာနခွဲ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရသည်။ အတန်းခေါင်းဆောင်မှာတော့ ကော်ချီ အမည်ရှိ ကျောင်းသားတစ်ဦး ဖြစ်ပြီး ရှန်မော့အာက ဒု-အတန်းခေါင်းဆောင်အဖြစ် အဆိုပြုခံရသည်။ ၎င်းအပြင် စည်းရုံးရေးမှူး၊ ဝါဒဖြန့်ချိရေးမှူး၊ လူငယ်ကော်မတီဝင် စသည်တို့လည်း ပါဝင်ပြီး ဖုန်းမန်နီက ဝါဒဖြန့်ချိရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရ၏။

နာမည်စာရင်းများ ကြေညာပြီးနောက် ယိုယုံဟွာက ထပ်ပြောသည်။ "ဒါနဲ့ နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်။ အရင်က ကျောင်းကို ပြည်သူ့ရဲတပ်ဖွဲ့က ပို့လိုက်တဲ့ ချီးကျူးဂုဏ်ပြုစာ တစ်စောင် ရောက်လာပါတယ်။ ကျွန်တော်တို့ အတန်းက ရဲဘော်ရှန်မော့အာဟာ ရထားပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ကူညီပြီး လူကုန်ကူးသူ ၄ ယောက်ကို ဖမ်းဆီးပေးခဲ့ပါတယ်။ ကျောင်းသူရှန်မော့အာအတွက် လက်ခုပ်တီးပြီး ဂုဏ်ပြုပေးကြပါ"

အတန်းထဲရှိ ကျောင်းသားအားလုံးက လက်ခုပ်တီးရင်း အံ့သြစွာဖြင့် ရှန်မော့အာကို လှမ်းကြည့်လာကြသည်။ ကျန်းကျောင်းကျောင်း တစ်ယောက်သာ မကြားချင်ယောင်ဆောင်ကာ ခေါင်းငုံ့ထားခဲ့၏။

ကျင်းကွေ့က လက်မထောင်ပြလိုက်သည်။ "ကျောင်းသူရှန်၊ ရထားစီးရင်းနဲ့တောင် ရဲတွေကို ကူညီပြီး ရာဇဝတ်ကောင်တွေကို ဖမ်းဆီးပေးနိုင်တယ်ဆိုတော့ တကယ်တော်တာပဲ"

ရှန်မော့အာက ပြုံးလိုက်သည်။ "တိုက်ဆိုင်သွားတာပါ"

ထို့နောက် ယိုယုံဟွာက မွန်းလွဲပိုင်းတွင် စတင်မည့် စစ်ရေးလေ့ကျင့်မှုအကြောင်း ပြောကြားပြီး စည်းကမ်းချက်များကို အလေးပေးပြောဆိုကာ မနက်ပိုင်းတွင် အားလုံး လွတ်လပ်စွာ အနားယူနိုင်ကြောင်း ကြေညာလိုက်သည်။

ယိုယုံဟွာ ထွက်သွားပြီးနောက် ဝူယာနန်သည် ရှန်မော့အာထံသို့ တက်ကြွစွာ ပြေးလာပြီး နှုတ်ဆက်လေသည်။ "ကျောင်းသူရှန်၊ နင်.. နင် အဆောင်ပြန်မှာလား"

ပထမဆုံး ကျောင်းတက်ရသည့်နေ့တွင် ရှန်မော့အာသည်လည်း အထူးအခွင့်အရေး မယူလိုသဖြင့် နေ့လယ်စာကို ကျောင်းကန်တင်းတွင်သာ စားရန် ပြင်ဆင်ထားခဲ့သည်။

ရှောင်လျန်လျန်လေးသည် ယခုအခါ ဖြည့်စွက်စာများကို စတင်စားသုံးနေပြီ ဖြစ်သည်။ ဖြည့်စွက်စာများအပြင် နို့မှုန့်လည်း တိုက်သဖြင့် ကလေးလေး ဗိုက်ဆာမည်ကိုတော့ မပူရပေ။ သို့သော် သူမကိုယ်တိုင် နို့တင်းလာပါက အနည်းငယ် နေရခက်ပေလိမ့်မည်။

ရှန်မော့အာသည် ပစ္စည်းများကို သိမ်းဆည်းကာ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။ "လာခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အတူတူ သွားကြတာပေါ့"

ဝူယာနန်၏ ပါးပြင်လေးများ ရဲသွားပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။ "ရပါတယ်"

ဆံပင်တိုတို၊ မျက်နှာလေးထောင့်ကျကျနှင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးရဲဘော် တစ်ဦး လျှောက်လာပြီး ပြုံးလျကာ ပြောလိုက်၏။ "ရဲဘော်ရှန်၊ ငါက ယွမ်လန်ပါ။ ငါတို့ အဆောင်တစ်ခုတည်း အတူတူ နေကြတာဆိုတော့ အားလုံး အတူတူ သွားကြတာပေါ့"

သည်အမျိုးသမီးရဲဘော် ကိုယ်တိုင်မိတ်ဆက်စဉ်က သူမသည် ယခင်က တပ်ဖွဲ့တစ်ခုတွင် အမျိုးသမီးပါတီအတွင်းရေးမှူး ဖြစ်ခဲ့ပြီး တပ်ဖွဲ့ဝင်များကို ဦးဆောင်ကာ ဒေသတွင်း စံပြတပ်ဖွဲ့ဆုကို ၃ နှစ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သဖြင့် ရှန်မော့အာက သူမကို အမှတ်ရနေခဲ့သည်။

သူမနှင့်အတူ တခြား အမျိုးသမီးရဲဘော် အနည်းငယ်လည်း ပါလာခဲ့ပြီး အားလုံးမှာ ရှန်မော့အာတို့နှင့် အဆောင်တစ်ခုတည်း နေသူများ ဖြစ်ကြသည်။ ရုပ်ရည်သန့်သန့်နှင့် အေးတိအေးစက်ပုံစံရှိသူမှာ လင်ယီချင်း၊ အလွန်ဖော်ရွေစွာ ပြုံးတတ်သူမှာ ကွမ်ချန်းချန်း ဖြစ်ပြီး၊ အသားအရေ ကြမ်းတမ်းကာ အနည်းငယ် ဆင်းရဲပင်ပန်းပုံပေါက်နေသူမှာ ဝမ်စန်းချွန်း ဖြစ်သည်။

ရှန်မော့အာသည် စောစောက သူတို့၏ ကိုယ်တိုင်မိတ်ဆက်စကားများကို ပြန်လည်စဉ်းစားကြည့်လိုက်သည်။ လင်ယီချင်းမှာ မြို့တော် ဒေသခံဖြစ်ပြီး ယခင်က ခရိုင်အစိုးရရုံးတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။ ကွမ်ချန်းချန်းမှာ မြို့တော်နှင့် နီးစပ်သော ဟယ်ပြည်နယ်မှ ဖြစ်ပြီး ယခင်က နိုင်ငံပိုင်စက်ရုံတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။ ဝမ်စန်းချွန်းမှာ ကျန်းစုပြည်နယ်မှ ဖြစ်သော်လည်း ကျေးလက်သို့ ဆင်းလာသော ပညာတတ်လူငယ် ဖြစ်ပြီး အနောက်မြောက်ဒေသတွင် တာဝန်ကျခဲ့သူ ဖြစ်သည်။

ဝူယာနန်မှာ ကျေးလက်မှ လာသူဖြစ်ပြီး မျိုးဆက်သုံးဆက်လုံး ဆင်းရဲသော လယ်သမားမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။ လက်တွေ့ကျကျ ပြောရလျှင် သည်ခေတ်ကာလတွင် သူမသည် ခေါင်းမော့ရင်ကော့ နေနိုင်သူ ဖြစ်သည်။ သို့သော် တကယ်တမ်းတွင်တော့ သူမကို ပြုစုပျိုးထောင်ပေးခဲ့သော မြေယာများကို စွန့်ခွာကာ မြို့ကြီးပြကြီးသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသူဖြစ်သဖြင့် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေခဲ့၏။

ဖုန်းမန်နီမှာ ရှန်ဟိုင်းမြို့မှ ဖြစ်ပြီး ကိုယ်တိုင်မိတ်ဆက်စဉ်က အလုပ်အတွေ့အကြုံကိုရော၊ ကျေးလက်သို့ ဆင်းခဲ့သည့် အတွေ့အကြုံကိုပါ ထည့်သွင်းပြောကြားခြင်း မရှိခဲ့သဖြင့် အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။

ဤသို့ တွက်ကြည့်လိုက်လျှင် စုစုပေါင်း ၇ ယောက်သာ ရှိသေးသည်။ သူတို့အဆောင်တွင် လူတစ်ယောက် လိုနေသေး၏။

ရှန်မော့အာမှာ မနေနိုင်ဘဲ စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် နောက်ပြောင်လိုက်မိသည်။ တိုက်ဆိုင်လွန်းသည် မဟုတ်ပါလား။ ကျန်းကျောင်းကျောင်းနှင့် အတန်းတစ်တန်းတည်း ဖြစ်ရုံသာမက အဆောင်တစ်ခုတည်းပါ အတူတူ ဖြစ်နေဦးမည်လား။

ယွမ်လန်၏ စည်းရုံးနိုင်စွမ်းမှာ အတော်လေး ကောင်းမွန်လှသည်။ ဖုန်းမန်နီပင်လျှင် မကျေမနပ်ဖြစ်နေပုံပေါက်သော်လည်း လူအုပ်ကြီး၏ အနောက်မှ လိုက်ပါလာခဲ့သည်။ ရှန်မော့အာ စဉ်းစားကြည့်ပြီး နောက်ဆုံး ကျန်နေသော အဆောင်သူမှာ ကျန်းကျောင်းကျောင်းသာ ဖြစ်မည်ဆိုလျှင် အတော်လေး ယုတ္တိတန်နေသည်ဟု ထင်မြင်မိ၏။

ကံကောင်းထောက်မစွာဖြင့် ယွမ်လန်က ရှန်မော့အာ၏ သံသယကို အလျင်အမြန် ဖြေရှင်းပေးခဲ့သည်။ "ငါတို့အတန်းမှာ မိန်းကလေး ၁၅ ယောက် ရှိတယ်။ ဘေးခန်းမှာ ၈ ယောက် နေရာချပေးထားပြီး ငါတို့အခန်းမှာ ၇ ယောက် နေရာချပေးထားတယ်။ ကျန်တဲ့ ကုတင်တစ်လုံးကို ဒဿနိကဗေဒ မေဂျာက ကျောင်းသူတစ်ယောက်ကို နေရာချပေးထားတယ်။ ခဏနေ အဆောင်ရောက်ရင် နင် မြင်ရပါလိမ့်မယ်"

ကျန်းကျောင်းကျောင်းနှင့် အဆောင်တစ်ခုတည်း အတူမနေရသည့်အတွက် ရှန်မော့အာ အတော်လေး ဝမ်းသာသွားခဲ့သည်။ သူမက မိုက်မဲသူများကို တကယ်ကို မနှစ်မြို့ပေ။

သူတို့ ရောက်သွားသောအခါ အဆောင်တံခါးမှာ ပွင့်နေသည်။ တံခါးဝအနီး ရှန်မော့အာ၏ အောက်ထပ်ကုတင်တွင် ဆံပင်တိုတိုနှင့် ကျောင်းသူလေးတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။ အသံကြားသောအခါ သူမက ခေါင်းမော့ပြီး တံခါးဝသို့ လှမ်းကြည့်လာ၏။

ဤကျောင်းသူလေး၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ရှန်မော့အာ တစ်ခဏမျှ ကြောင်အမ်းသွားပြီးနောက် ပြုံးလျက် ပြောလိုက်သည်။ "နင်ပဲကိုး"

ထိုကျောင်းသူလေးသည် အနက်ရောင်မျက်မှန်တပ်ထားပြီး မျက်နှာသွယ်သွယ်၊ မျက်လုံးပြူးပြူးလေးများဖြင့် ရှိနေသည်။ သူမသည် ရထားပေါ်တွင် ရှန်မော့အာအတွက် ရဲများကို သွားရောက်ခေါ်ပေးခဲ့သော ထိုမိန်းကလေးပင်။

ထိုအချိန်က အခြေအနေများ ရှုပ်ထွေးနေခဲ့ပြီး သူတို့ကို ရဲများက သီးခြားစီ ခေါ်ယူစစ်ဆေးခဲ့သည်။ စစ်ဆေးပြီးမကြာမီမှာပင် ရထားမှာ ဘူတာသို့ ဆိုက်ရောက်သွားခဲ့သည်။ ရှန်မော့အာမှာ ရှန်ရှောက်ယွမ်တို့နှင့် အမြန်သွားရောက် ပူးပေါင်းရန် လိုအပ်နေသဖြင့် အဝေးမှနေ၍ ကျေးဇူးတင်စကား ဆိုခဲ့ရုံသာ တတ်နိုင်ခဲ့ပြီး သည်မိန်းကလေး၏ အမည်ကိုပင် မမေးမြန်းနိုင်ခဲ့ချေ။

မျက်မှန်အနက်နှင့် ကျောင်းသူလေးသည်လည်း အံ့သြဝမ်းသာဖြစ်သွားပြီး စာအုပ်ကို ပိုက်ကာ ကုတင်ပေါ်မှ ခုန်ဆင်းလာခဲ့၏။ "နင်ပဲကိုး"

ယွမ်လန်က အံ့သြစွာဖြင့် မေးလိုက်သည်။ "နင်တို့ သိကြတာလား"

ရှန်မော့အာက ရထားပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အတိုချုပ် ရှင်းပြလိုက်၏။ "အဲဒီအချိန်တုန်းက ငါတစ်ယောက်တည်း ဖြစ်နေတာ။ ပတ်ဝန်းကျင်မှာ လူကုန်ကူးသူတွေရဲ့ အပေါင်းအပါတွေ ရှိ၊ မရှိဆိုတာကိုလည်း သေချာမခန့်မှန်းနိုင်ခဲ့ဘူး။ နင်သာ ရဲတွေကို သွားမခေါ်ပေးခဲ့ရင် လူကုန်ကူးသူတွေက လူရှုပ်တဲ့ကြားထဲကနေ ထွက်ပြေးလွတ်မြောက်သွားနိုင်တယ်"

မျက်မှန်အနက်နှင့် မိန်းကလေး၏ အမည်မှာ မီယွိ ဖြစ်သည်။ သူမသည် တောက်ပသော မျက်လုံးများဖြင့် ရှန်မော့အာကို ကြည့်ကာ ပါးပြင်များ ရဲတက်လာပြီး ရှက်ရွံ့စွာ ပြောလိုက်၏။ "ရဲဘော်တွေက ငါ့ဆီကိုတောင် ချီးကျူးဂုဏ်ပြုစာ ပို့ပေးလိုက်သေးတယ်။ ငါတို့ အတန်းပိုင်ဆရာက ဒီနေ့ အတန်းထဲမှာ အဲဒီစာကို ဖတ်ပြပြီး အားလုံးကို ငါ့ဆီကနေ စံနမူနာယူကြဖို့ ပြောခဲ့တယ်။ ပြီးတော့ ငါ့ကို ပါတီဌာနခွဲ အတွင်းရေးမှူးအဖြစ်တောင် ခန့်လိုက်သေးတယ်။ တကယ်တော့ ငါ ဘာမှ မလုပ်ခဲ့ပါဘူး။ လူနည်းနည်းပဲ သွားခေါ်ပေးခဲ့တာပါ။ တကယ်တမ်း သတ္တိရှိပြီး ဉာဏ်ပညာရှိတာက ကျောင်းသူရှန်မော့အာပါ။ နင်က တကယ်ကို တော်တာပဲ။ အဲဒီတုန်းက ငါလည်း တခြားသူတွေလိုပဲ နင့်လက်ကောက် တကယ် ပျောက်သွားတယ်လို့ ထင်ခဲ့တာ"

မီယွိက သူမသည် ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းလှပြီ ထင်ကာ ရှေ့တိုးပြီး သတိပေးခဲ့မိသည်ကို ပြန်တွေးမိတိုင်း ရှက်ရွံ့စွာ ချွေးပြန်မိလေသည်။

ထိုအချိန်က ရှန်မော့အာ၏ ယုတ္တိမတန်သော လုပ်ရပ်များ၏ နောက်ကွယ်မှ နက်ရှိုင်းသော ရည်ရွယ်ချက်များကို သူမ ဘာကြောင့် သတိမထားမိခဲ့ရသနည်း။

တခြားသူများသည် သူတို့၏ ရထားပေါ်မှ အတွေ့အကြုံများကို စိတ်ဝင်တစား နားထောင်နေကြသည်။ ပထမဆုံး အဆောင်သို့ ရောက်လာပြီး သူမ၏ အိပ်ရာကို ချက်ချင်း ပြင်ဆင်နေခဲ့သော ဖုန်းမန်နီပင်လျှင် မနေနိုင်ဘဲ ရှန်မော့အာကို ခဏခဏ လှမ်းကြည့်နေခဲ့၏။

ယွမ်လန်မှာ ပွင့်လင်းရိုးသားသူ တစ်ဦးဖြစ်ပြီး အလျင်အမြန်ပင် အနည်းငယ် မသင်္ကာစရာကောင်းသော အချက်ကို သတိထားမိသွားသည်။ "ဒါဆိုရင် တကယ်တမ်း လူကုန်ကူးသူတွေကို ရှာတွေ့ခဲ့တာ၊ ဒါမှမဟုတ် ဖမ်းမိခဲ့တာက ကျောင်းသူရှန်မော့အာပေါ့။ ဒါဆိုရင် အတန်းပိုင်ဆရာ ယိုယုံဟွာက နင်က ရဲတွေကို ကူညီပြီး လူကုန်ကူးသူတွေကို ဖမ်းမိခဲ့တယ်လို့ ပြောတာက မတိကျဘူးပေါ့"

မီယွိက လူသွားခေါ်ပေးရုံမျှဖြင့် ရဲစခန်းမှ ချီးကျူးဂုဏ်ပြုစာ ပေးပို့ကာ အကြီးအကျယ် ချီးမွမ်းခဲ့သေးသည်။ ပံ့ပိုးမှုအကြီးမားဆုံးဖြစ်တဲ့ ရှန်မော့အာကိုကျတော့ ရဲတွေကို ကူညီပြီး လူကုန်ကူးသူတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပေါ့ပေါ့ဆဆ ပြောသွားတာက အဓိပ္ပာယ်မရှိဘူးလေ။

ရဲတွေက ဒီလိုလုပ်မှာ မဟုတ်ဘူးဆိုရင် ဒါက ယိုယုံဟွာရဲ့ အပြောအဆို ပြဿနာပဲ ဖြစ်ရမယ်။

တကယ်တော့ ယွမ်လန်လို အောက်ခြေလုပ်ငန်းအတွေ့အကြုံ များပြားသူတစ်ဦးအနေဖြင့် စောစောက အတန်းကော်မတီ ခွဲဝေမှုကတည်းက အနည်းငယ် မသင်္ကာစရာကောင်းသည်ဟု ခံစားခဲ့ရပြီး ဖြစ်သည်။

ယွီရှန်နုန် ပါတီဌာနခွဲ အတွင်းရေးမှူး ဖြစ်လာခြင်းမှာ အကြောင်းပြချက် ခိုင်လုံသည်။ သို့သော် အသက်မကြီးသလို ထူးခြားသော ကိုယ်ရေးရာဇဝင်လည်း မရှိသည့် ကော်ချီ အတန်းခေါင်းဆောင် ဖြစ်လာခြင်းကတော့ အနည်းငယ် နားလည်ရခက်နေ၏။

ရှန်မော့အာက မည်သည့်အရွယ်အစားရှိသော နိုင်ငံပိုင်စက်ရုံတွင် စက်ရုံမှူးလုပ်ခဲ့သည်ကို မပြောခဲ့သော်လည်း ယွမ်လန်ကမူ ခရိုင်မြို့လေးမှ နိုင်ငံပိုင်စက်ရုံဆိုလျှင်ပင် စက်ရုံမှူးသည် ဌာနမှူးအဆင့် အရာရှိဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိထားသည်။ ရှန်မော့အာနှင့် ကော်ချီတို့ကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ရှန်မော့အာက အတန်းခေါင်းဆောင်အဖြစ် ပိုသင့်တော်သည်မှာ သေချာလှသည်။

ထို့အပြင် ရဲတပ်ဖွဲ့က သူမကို ချီးကျူးဂုဏ်ပြုစာ ပေးပို့ထားခြင်းကလည်း ရှိသေးသည်။

မီယွိက တိုက်ရိုက်ပင် ပါတီဌာနခွဲ အတွင်းရေးမှူး ဖြစ်လာသည် မဟုတ်ပါလား။

တစ်ဆင့်လျှော့ပြီး တွေးကြည့်မည်ဆိုလျှင်တောင် တကယ်တမ်းတွင် ကော်ချီသည် အခြားသော အတန်းကော်မတီဝင်များနှင့် နှိုင်းယှဉ်ပါက ဘာအားသာချက်မှ မရှိပေ။

စက်ရုံမှူး လုပ်ဖူးသော ရှန်မော့အာပင်လျှင် ဒု-အတန်းခေါင်းဆောင်အဖြစ်သာ နေရသဖြင့် အခြားသူများက မိမိတို့ကိုယ်ကို သူမထက် ပိုတော်သည်ဟု မခံစားရသောကြောင့်သာ များများစားစား မတွေးမိခဲ့ကြခြင်းသာ။

သို့သော် ယခုအခါ ယွမ်လန်သည် မနေနိုင်ဘဲ အတွေးများလာခဲ့၏။

အရာရာတိုင်းက နှိုင်းယှဉ်မှုအပေါ်မှာ မူတည်တယ်။ မီယွိရဲ့ အတန်းပိုင်ဆရာက ချီးကျူးဂုဏ်ပြုစာကို ဘယ်လောက် အလေးထားသလဲဆိုတာနဲ့ ယိုယုံဟွာက ဘယ်လောက် ပေါ့ပေါ့ဆဆ သဘောထားသလဲဆိုတာကို နှိုင်းယှဉ်ကြည့်လိုက်ရုံနဲ့ သိသာတယ်။

ယွမ်လန်သည် သူမ၏ စိတ်ထဲရှိ အတွေးအားလုံးကို ဖွင့်ဟမပြောခဲ့သော်လည်း "ပြောပုံဆိုပုံက မတိကျဘူး" ဆိုသော စကားတစ်ခွန်းတည်းကပင် လူအများကို တွေးတောစရာ ဖြစ်စေခဲ့သည်။

ဝူယာနန်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်သားပဲ။ ကျောင်းသူရှန်က အဓိက အကျိုးဆောင်ပဲ။ ဟုတ်တယ်မလား" သူမက အခြားသူများကို မယုံရဲယုံရဲ မျက်လုံးများဖြင့် ကြည့်လိုက်၏။

ကွမ်ချန်းချန်းက မျက်လုံးများ အရောင်လဲ့သွားပြီး ပြုံးကာ ပြောလိုက်သည်။ "အတန်းပိုင်ဆရာက သေချာ သတိမထားမိလို့လည်း ဖြစ်နိုင်ပါတယ်"

လင်ယီချင်းက သူမနှင့် မသက်ဆိုင်သလို စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ ဝမ်စန်းချွန်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ပေ။

ဖုန်းမန်နီက နှာခေါင်းရှုံ့လိုက်ပြီး ရည်ရွယ်ချက်ရှိရှိ ပြောလိုက်၏။ "ဒီလောကကြီးမှာ လုံးဝ တရားမျှတတယ် ဆိုတာက မရှိပါဘူး"

ရှန်မော့အာက ပြုံးလိုက်သည်။ "ဒါတွေက ကိစ္စသေးသေးလေးတွေပါ။ အတန်းပိုင်ဆရာကသာ အတန်းထဲက ကျောင်းသားတွေအားလုံးရှေ့မှာ ချီးကျူးဂုဏ်ပြုစာကို ဖတ်ပြနေမယ်ဆိုရင် ကျွန်မ အနေရခက်မိမှာပါ။ ပြီးတော့ ကျွန်မ လူကယ်တာကလည်း ချီးကျူးခံရဖို့အတွက်မှ မဟုတ်တာ"

"ကျွန်မကိုယ်တိုင်လည်း သမီးလေး ရှိတယ်လေ။ လူကုန်ကူးသူတွေက လူတွေကို ခေါ်သွားတာကို မျက်မြင်ကိုယ်တွေ့ ကြုံနေရတာကို ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။ တကယ်လို့ အဲဒီလို ဖြစ်သွားရင် မိသားစုတွေ ဘယ်လောက်တောင် ရင်ကွဲနာကျဖြစ်ရမလဲ"

အတန်းကော်မတီ ကိစ္စနှင့် ပတ်သက်လို့လည်း ရှန်မော့အာ၏ စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိထားသည်။

သူမ ကိုယ်တိုင်မိတ်ဆက်စဉ်က ရာထူးအဆင့်ကို မပြောခဲ့သော်လည်း သူမ၏ ကိုယ်ရေးမှတ်တမ်းတွင် သေချာပေါက် ပါဝင်လိမ့်မည်။ အတန်းပိုင်ဆရာက မမြင်ဘဲ နေမည်မဟုတ်ပေ။

သူမကို ဒု-အတန်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းဖြစ်စေ၊ ချီးကျူးဂုဏ်ပြုစာကို ပေါ့ပေါ့ဆဆ ဖြတ်ကျော်သွားခြင်းဖြစ်စေ၊ ယိုယုံဟွာ၏ ရည်ရွယ်ချက်မှာ ကော်ချီ အတန်းခေါင်းဆောင်အဖြစ်ကို ပိုမို ခိုင်မာစွာ ရရှိစေရန်အတွက် ဖြစ်ကြောင်း အလွန် သိသာထင်ရှားလှသည်။

ကော်ချီက ယိုယုံဟွာနှင့် ဘယ်လို ပတ်သက်နေသည်။ သို့မဟုတ် ကော်ချီက ဘယ်လို နောက်ခံရှိလဲသည်ကိုတော့ မရှင်းသေးချေ။

သို့သော် ရှန်မော့အာကလည်း လတ်တလောတွ် ထိုကိစ္စကို မဖြေရှင်းချင်ပေ။

သူမကို အတန်းခေါင်းဆောင်အဖြစ် မခန့်သည်ကိုပင် သူမက ဝမ်းသာမိသေးသည်။ ဒု-အတန်းခေါင်းဆောင်ဟူသည့် နာမည်ခံလေးကတော့ သူမသည် နို့တိုက်မိခင် ဖြစ်နေသေးသဖြင့် အတန်းခေါင်းဆောင်ကိုသာ ကိုယ်တိုင်ကိုယ်ကျ ပိုလုပ်ခိုင်းလိုက်လျှင် ကွက်တိပင်။

ရှင်းအောင်ပြောရလျှင် သူမကတော့ ပေါ့ပေါ့ပါးပါးနှင့်နေပြီး ကော်မတီတာဝန်များနှင့် ဝေးဝေးသာ နေလိုသည်။ သူမအနေဖြင့် အတန်းဆောင် ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ ယိုယုံဟွာ ဆန္ဒရှိသလို လုပ်ခွင့်ပေးလိုက်ရုံသာ။

...

အပိုင်း (၁၂၈)

ပထမနှစ်ကျောင်းသားအများစုအတွက် ၁၅ရက်ကြာ စစ်ရေးလေ့ကျင့်မှုသည် သိပ်မခက်ခဲလှပေ။ သူတို့အထဲတွင် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ၌ ပါဝင်လုပ်ကိုင်ခဲ့ဖူးသူ အများအပြား ပါဝင်သောကြောင့်ပင်။

ရှန်မော့အာတို့ အဆောင်မှ အမျိုးသမီးရဲဘော်များကိုသာ ကြည့်ပါလေ။ ဖုန်းမန်နီကဲ့သို့ အနည်းငယ် 'အရင်းရှင်ပေါက်စ' ဟန်ရှိပြီး ပျော့ညံ့ပုံရသော သူပင်လျှင် လေ့ကျင့်မှု တစ်လျှောက်လုံး ညည်းတွားသံ တစ်ချက်မထွက်ခဲ့ပေ။

လင်ယီချင်းမှာ အနည်းငယ် ပင်ပန်းနေပုံရသော်လည်း အားတင်းကာ ပြီးဆုံးသည်အထိ လုပ်ဆောင်နိုင်ခဲ့သည်။

တခြားသူများအတွက်ဆိုလျှင် ပိုလို့ပင် ပြဿနာမရှိတော့ချေ။

"တကယ်တော့ အစတုန်းက နင် အဆုံးထိ လုပ်နိုင်ပါ့မလားလို့ ငါ စဉ်းစားခဲ့တာ" နားနေချိန်တွင် ယွမ်လန်က ရှန်မော့အာနှင့် စကားစမြည်ပြောလေသည်။ "နင့်ကိုကြည့်ရတာ အိမ်က အလိုလိုက်ထားတဲ့ပုံ ပေါက်နေလို့လေ။ ပြီးတော့ နို့တိုက်မိခင်လည်း ဖြစ်နေသေးတယ်မလား"

ရှန်မော့အာက ရေတစ်ငုံသောက်လိုက်ပြီး ပြုံးလျက် ဖြေလိုက်၏။ "ငါ့ကိုယ်ခန္ဓာ အင်အားကတော့ အဆင်ပြေပါတယ်။ ပြီးတော့ နို့တိုက်မိခင်မို့လို့ နည်းပြက မနက်ခင်း ပြေးတာကို ကင်းလွတ်ခွင့် ပေးထားတယ်လေ"

သူမသည် နို့တိုက်မိခင် ဖြစ်သည့်အပြင် ကျောင်းအဆောင်တွင်လည်း မနေသဖြင့် မနက်ခင်း ပြေးရန်အတွက် အခြေအနေ မပေးပေ။ ထို့ကြောင့် နည်းပြက အထူးသက်ညှာခွင့်ပေးကာ အိမ်တွင် ကလေးကို နို့တိုက်ပြီးမှသာ ကျောင်းသို့ လာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

တိုင်းပြည်၏ အနာဂတ်ပန်းပွင့်လေးများက စစ်ရေးလေ့ကျင့်မှုထက် ပိုအရေးကြီးသည်ပင်။

တကယ်တမ်းတွင် မြို့တော်တက္ကသိုလ်၏ ယခင်နှစ်များက စစ်ရေးလေ့ကျင့်မှုများမှာ ကျောင်းသားများကို ပြည်သူ့စစ်တပ်ဖွဲ့အတွင်းသို့ သွတ်သွင်းခြင်း၊ သို့မဟုတ် တပ်မတော်သို့ တိုက်ရိုက်ခေါ်ဆောင်သွားကာ စစ်ပညာသင်ကြားစေခြင်းမျိုး ဖြစ်သည်။ ယခုနှစ်မှသာ စစ်ဘက်အရာရှိများကို ကျောင်းသို့ ဖိတ်ခေါ်ကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့သည်။

ရှန်မော့အာသည် သူမကိုယ်သူမ အတော်လေး ကံကောင်းသည်ဟု ခံစားမိသည်။ ယခုနှစ်တွင် စနစ်ပြောင်းလဲသွားသဖြင့် တော်သေးသည်။ သို့မဟုတ်ပါက သူမသည် တပ်မတော်သို့ ခေါ်ဆောင်သွားခံရပြီး ၁၅ ရက်ခန့် ပိတ်လှောင်ခံရမည်ဆိုလျှင် ပြန်ထွက်လာချိန်၌ ရှောင်လျန်လျန်လေးမှာ အတင်းအကျပ် နို့ဖြတ်ခံလိုက်ရလောက်သည်။

ယခုအခါတွင်တော့ နှစ်ဖက်စလုံးကို မျှတအောင် လုပ်ဆောင်နိုင်လေသည်။

တိတိကျကျ ပြောရလျှင် သူမသည် သမီးဖြစ်သူ၏ ကျေးဇူးကို ခံစားနေရခြင်းပင်။ သို့မဟုတ်ပါက နေ့စဉ် မိုးမလင်းခင်ထပြီး အနည်းဆုံး ၃ ကီလိုမီတာခန့် ပြေးရမည်ဆိုလျှင် သူမ၏ ခန္ဓာကိုယ်အင်အားက ခံနိုင်ရည်ရှိဦးတော့ တွေးကြည့်ရုံနှင့်ပင် မခံနိုင်ဟု ခံစားရပေလိမ့်မည်။

တစ်ခါတစ်ရံ ရှန်မော့အာသည် လျိုယင်းရွှမ်း ပြောလေ့ရှိသော 'အလကားနေရင်း ဒုက္ခရှာပြီး ခံသည်' ဆိုသည့် စကားကို တွေးမိတတ်သည်။ စစ်ရေးလေ့ကျင့်မှုဆိုသည်မှာ အမည်နှင့်လိုက်အောင် 'အလကားနေရင်း ဒုက္ခရှာပြီး ခံခြင်း' ပင် ဖြစ်လောက်သည်။

သေချာသည်ကတော့ ဤစကားများကို စိတ်ထဲတွင်သာ ကျိတ်ပြီး ညည်းတွားနိုင်ပေသည်။ တက္ကသိုလ်ကျောင်းသားများ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းက ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးရန် အမှန်တကယ်ပင် အထောက်အကူ ပြုသည် မဟုတ်ပါလား။

ရှန်မော့အာသည် မနက်ခင်း ပြေးခြင်းမှ ရှောင်လွှဲနိုင်သော်လည်း ဖုမင်ဇယ်ကတော့ ရှောင်လွှဲလို့မရပေ။ ဤရက်ပိုင်းအတွင်း ဖုမင်ဇယ်သည် နေ့စဉ် မိုးမလင်းခင်ကတည်းက အိပ်ရာမှ ထရပြီး သူထွက်သွားချိန်တွင် ရှန်မော့အာကအိပ်ရာမှပင် မနိုးသေးချေ။

သို့သော် ဖုမင်ဇယ်သည်လည်း သမီးဖြစ်သူ၏ ကျေးဇူးကို ခံစားရသည်ဟု ဆိုနိုင်သည်။ အနည်းဆုံးတော့ နေ့စဉ် ကျောင်းအဆောင်တွင် နေစရာ မလိုတော့ပေ။

တိုင်းပြည်၏ အနာဂတ်ပန်းပွင့်လေးများမှာ မိခင်၏ စောင့်ရှောက်မှု လိုအပ်သလို ဖခင်၏ အဖော်ပြုမှုလည်း လိုအပ်သည်ပင်။

ဆယ်ရက်ကျော်ခန့် မနက်ခင်း ပြေးခြင်းကို ဇွဲနပဲဖြင့် လုပ်ဆောင်ပြီးနောက် ဖုမင်ဇယ်၏ ခန္ဓာကိုယ်ပေါ်ရှိ ပါးလွှာသော ကြွက်သားများမှာ သိသိသာသာ ထင်းလာသလိုရှိသည်ဟု ရှန်မော့အာ ခံစားလိုက်ရသည်။ အမြင်မှားခြင်း ဟုတ်မဟုတ်ကိုတော့ သူမလည်း မသေချာပေ။

နားနေချိန် ပြီးဆုံးသွားပြီး နည်းပြ၏ ဝီစီမှုတ်သံနှင့်အတူ နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁)မှ ကျောင်းသား ၄၀ သည် ချက်ချင်းပင် စနစ်တကျ တန်းစီလိုက်ကြသည်။

နည်းပြ၏ မျိုးရိုးအမည်မှာ ဟွမ် ဖြစ်သည်။ တန်းစီပြီးသည်နှင့် တစ်ပြိုင်နက် နည်းပြဟွမ်က ပထမတန်း၊ ပထမနေရာရှိ ကော်ချီကို လက်ညှိုးထိုးကာ ရှေ့သို့ ထွက်ခိုင်းလိုက်၏။ "လှုပ်ရှားမှုက စံမမီသေးဘူး။ ဒီနေရာမှာ ရပ်ပြီး တခြားသူတွေ ဘယ်လိုလုပ်လဲဆိုတာ သေချာကြည့်ထား"

ထို့နောက် ရှန်မော့အာကို လက်ညှိုးထိုးလိုက်သည်။ "ရှေ့ထွက်ပြီး စံပြလုပ်ပြ"

ယခင်က သိုင်းပညာ သင်ယူဖူးသောကြောင့် ဖြစ်နိုင်သည်။ စစ်ရေးလေ့ကျင့်မှုများမှာ ရှန်မော့အာအတွက် လက်ဖမိုးလှန်သကဲ့သို့ လွယ်ကူလှသည်။ တန်းစီရာတွင် လှုပ်ရှားမှုအမှန်ကန်ဆုံးဖြစ်ပြီး စစ်သားဟန် ရပ်တည်မှုမှာလည်း အစံမီဆုံး ဖြစ်၏။

ထို့ကြောင့် နည်းပြဟွမ်က နေ့စဉ်လိုလို အော်ဟစ်လေ့ရှိသည်။ "မင်းတို့ ယောကျ်ားရင့်မကြီးတွေက မိန်းကလေးတစ်ယောက်လောက်တောင် မလုပ်နိုင်ဘူးလား။ ပြီးတော့ မင်းတို့ အမျိုးသမီးရဲဘော်တွေ၊ နို့တိုက်နေရတဲ့ အမျိုးသမီးရဲဘော်လောက်တောင် မလုပ်နိုင်ကြဘူးလား။ မင်းတို့ ကြည့်စမ်း၊ သူ ဘယ်လိုလုပ်လဲဆိုတာကို၊ မင်းတို့ကရော ဘယ်လိုလုပ်နေကြတာလဲ"

ရှန်မော့အာအတွက် မုန်းတီးမှုများကို အပြည့်အဝ ဆွဲဆောင်ပေးနေခြင်းပင်။

အထူးသဖြင့် အတန်းခေါင်းဆောင်ဖြစ်သော ကော်ချီမှာ ခြေလက်လှုပ်ရှားမှု လိုက်လျောညီထွေဖြစ်မှု အလွန်ညံ့ဖျင်းသဖြင့် နည်းပြဟွမ်က သူ့ကို 'ဆန့်ကျင်ဘက် စံပြ' အဖြစ် မကြာခဏ ဆွဲထုတ်လေ့ရှိသည်။ ကော်ချီသည် မျက်နှာပူရသည့်အပြင် 'စံပြကောင်း' ဖြစ်သော ရှန်မော့အာကို ကြည့်သော သူ့အကြည့်များမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမှောင်မိုက်လာခဲ့၏။

ကော်ချီသည် နာမည်ဂုဏ်သတင်းကို အလွန်အလေးထားသူဖြစ်ကြောင်း သိသာလှသည်။ သို့သော် သူက ဟန်ဆောင်မှုကင်းသော နည်းပြနှင့် သွားတွေ့နေခြင်းပင်။ နည်းပြက သူ၏ အတန်းခေါင်းဆောင် မျက်နှာကို လုံးဝ မထောက်ထားဘဲ သူ့ကိုဆွဲထုတ်ကာ အမြဲတမ်း ဥပမာပေးတတ်သည်။ အကယ်၍ အကြည့်များဖြင့် လူသတ်နိုင်မည်ဆိုလျှင် ကော်ချီ၏ အကြည့်များက နည်းပြကို အပေါက်ပေါင်းများစွာ ဖြစ်အောင် 'သတ်' ပြီးလောက်ပြီဟု ရှန်မော့အာ သံသယဝင်မိ၏။

ယနေ့လည်း ထိုနည်းတူပင်။ ကော်ချီသည် လှုပ်ရှားမှုများကို သီးသန့် စံပြလုပ်ပြရန် နည်းပြ၏ တောင်းဆိုခြင်းကို နောက်တစ်ကြိမ် ခံရပြန်သည်။ နည်းပြက သူ့ကို ရှန်မော့အာ၏ လှုပ်ရှားမှုများအတိုင်း လိုက်လံသင်ယူခိုင်းရာ ကော်ချီ၏ မျက်နှာမှာ ရဲတက်သွားတော့၏။

နည်းပြဟွမ်က တီးတိုးပင် ညည်းတွားလိုက်သေးသည်။ "မင်းဒီလိုပုံစံနဲ့ ဘယ်လိုလုပ် အတန်းခေါင်းဆောင် ဖြစ်လာတာလဲ"

ပြောသူက ရိုးရိုးလေး ပြောလိုက်သော်လည်း ကြားသူကတော့ တမင်တကာ မှတ်သားထားလိုက်သည်။ မနက်ပိုင်း လေ့ကျင့်မှု ပြီးဆုံးပြီးနောက် ကော်ချီသည် ဘယ်သွားပြီး ဆေးလက်မှတ် သွားလုပ်လာသည်မသိ၊ ကျန်ရှိနေသေးသော စစ်ရေးလေ့ကျင့်မှု ရက်များအားလုံးအတွက် တိုက်ရိုက် ခွင့်ယူလိုက်တော့၏။

မွန်းလွဲပိုင်း လေ့ကျင့်မှု အချိန်ရောက်သောအခါ နည်းပြဟွမ်မှာ ခေါင်းကုတ်ကာ နားမလည်နိုင်ဖြစ်နေခဲ့သည်။ မနက်ပိုင်းက ကောင်းကောင်းမွန်မွန် ရှိနေသေးသော ကော်ချီက ရုတ်တရက် ခွင့်ယူသွားရသည့် အကြောင်းအရင်းကို တခြားသူများကို မေးမြန်းနေခဲ့၏။

ပြီးတော့ မနက်ပိုင်းက နေမကောင်းဖြစ်နေရင် ဘာလို့ မပြောတာလဲတဲ့။

နောက်ပြီး တခြားသူများလည်း ဘာကိစ္စရှိရှိ သူ့ကို အချိန်မီ ပြောပြနိုင်ကြောင်း ထပ်လောင်းပြောဆိုခဲ့သေးသည်။

ကော်ချီ မရှိသော နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁) မှ ကျန်ရှိသူအားလုံး : "......"

နည်းပြဟွမ်က တကယ့်ကို ဘာမှမသိတာပဲ။

သူသည် ကော်ချီကို တိုးတက်စေချင်သော စိတ်ကူးသက်သက်ဖြင့်သာ သူ့ကို အကြိမ်ကြိမ်အဖန်ဖန် ဆွဲထုတ်နေခြင်း ဖြစ်လောက်ပေသည်။

ထိုသို့လုပ်ခြင်းဖြင့် တစ်ဖက်လူက အလွန်မျက်နှာပူရမည်ကို သူ လုံးဝ တွေးမိခဲ့ပုံမရချေ။

ရှန်မော့အာသည်လည်း စကားမပြောနိုင်တော့ပေ။ နည်းပြဟွမ်ကို ကြည့်ရင်း လျိုယင်းရွှမ်း ပြောဖူးသော 'EQ နိမ့်တာက အမာရွတ်ပဲ' ဆိုသည့် စကားကို တွေးမိသွားသည်။ ဤကဲ့သို့သော အခြေအနေမျိုးကို ဆိုလိုခြင်း ဖြစ်လောက်၏။

ဟုတ်ပါသည်။ ရှန်မော့အာ လုံးဝ ထင်မထားခဲ့သောအရာမှာ ဤကိစ္စက သူမကိုပါ ဂယက်ရိုက်လာစေမည်ကိုပင်။

ထိုနေ့ မွန်းလွဲပိုင်း လေ့ကျင့်မှု ပြီးဆုံးပြီးနောက် ယိုယုံဟွာက ကွင်းဘေးတွင် ရှန်မော့အာကို လှမ်းခေါ်ကာ သူမနှင့် စကားပြောစရာရှိသည်ဟု ဆိုသည်။ ရှန်မော့အာသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ဆွဲကာ သူ့နောက်မှလိုက်ရင်း လူရှင့်သည့် ထောင့်တစ်နေရာသို့ သွားခဲ့ရ၏။

ယိုယုံဟွာက စကားပလ္လင်မခံတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။ "ကျောင်းသူရှန်၊ မင်းက အတန်းကော်မတီ ခွဲဝေမှုကို မကျေနပ်ဘူးဆို"

ရှန်မော့အာမှာ အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။ "ဘယ်လို"

ယိုယုံဟွာက သူမကို အထက်အောက် တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြောလိုက်၏။ "မင်းက အတန်းကော်မတီ ခွဲဝေမှုကို လုံးဝ မကျေနပ်ဘူးလို့ လူတစ်ယောက်က ငါ့ကို တိုင်ကြားလာတယ်။ ကော်ချီက အတန်းခေါင်းဆောင် ရာထူးနဲ့ မထိုက်တန်ဘူးလို့ မင်း ထင်နေတယ်တဲ့။ ပြီးတော့ ငါက ကော်ချီကို မျက်နှာလိုက်တယ်ဆိုတဲ့ စကားတွေကို အဆောင်မှာ ဖြန့်နေတယ်လို့လည်း ပြောတယ်။ အဲဒီအပြင် စစ်ရေးလေ့ကျင့်မှု လုပ်နေတုန်းမှာလည်း နေရာတိုင်းမှာ အနိုင်လိုချင်ပြီး ကော်ချီကို တမင်နှိမ့်ချနေတယ်။ နည်းပြဟွမ်ရှေ့မှာလည်း မသင့်တော်တဲ့ စကားတွေပြောပြီး နည်းပြဟွမ်က ကော်ချီကို သံသယဝင်လာအောင် လမ်းကြောင်းပေးနေတယ်တဲ့"

ရှန်မော့အာ : "......"

သူမက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ပြန်မေးလိုက်၏။ "အတန်းပိုင်ဆရာ၊ ဘယ်သူက ရှင့်ကို တိုင်တာလဲ။ သူ့မှာ ဘာသက်သေ ရှိလို့လဲ"

ယိုယုံဟွာ၏ မျက်မှောင်မှာ ပိုမို တင်းကျပ်သွားခဲ့သည်။ "ဘယ်သူတိုင်တယ်ဆိုတာကိုတော့ ငါ မင်းကို ပြောပြလို့ မရဘူး။ လေမတိုက်ဘဲ လှိုင်းမထဘူး၊ အကြောင်းမရှိဘဲ အကျိုးမဖြစ်ဘူးတဲ့။ သူများတွေက ဒီလိုပြောတယ်ဆိုမှတော့ မင်းဘက်က မသင့်တော်တာတွေ လုပ်ခဲ့မိလို့ ဖြစ်မှာပေါ့။ ပထမ စာသင်နှစ်ဝက်ရဲ့ အတန်းကော်မတီကို အတန်းပိုင်ဆရာက သတ်မှတ်ပေးတာက အစဉ်အလာပဲ။ မင်းလို အမျိုးသမီးရဲဘော် တစ်ယောက်ကို ဒု-အတန်းခေါင်းဆောင် ခန့်တာက မင်းရဲ့ ကိုယ်ရေးရာဇဝင်နဲ့ ရာထူးကို အပြည့်အဝ ထည့်သွင်းစဉ်းစားပေးထားပြီးသားပါ။ မြို့တော်တက္ကသိုလ်ဆိုတာ နိုင်ငံတစ်ဝန်းမှာ ထိပ်တန်းစာရင်းဝင် အဆင့်မြင့် ပညာရေးတက္ကသိုလ်တစ်ခုပါ။ ခရိုင်မြို့လေးက စက်ရုံတွေနဲ့ မတူဘူး။ မင်းက စက်ရုံမှူး လုပ်နိုင်လို့ အတန်းခေါင်းဆောင်လည်း လုပ်နိုင်မယ်လို့ မထင်လိုက်နဲ့"

ယိုယုံဟွာသည် ရှန်မော့အာ၏ ကိုယ်ရေးမှတ်တမ်းကို ကြည့်ရှုခဲ့ဖူးပြီး သူမက ဒု-ဌာနမှူးအဆင့် အရာရှိတစ်ဦး ဖြစ်ကြောင်းကိုလည်း သိရှိထားသည်။

သို့သော် သူက ဒါကို သိပ်အရေးမကြီးဘူးဟု ထင်နေခဲ့သည်။ ငယ်ရွယ်လှပသော အမျိုးသမီးရဲဘော်များသည် အမျိုးသားရဲဘော်များထက် အမြဲတမ်း အခွင့်အရေးပိုရတတ်သည် မဟုတ်ပါလား။ သူဆိုလျှင် သည်လောက်နှစ်များစွာ လုပ်ကိုင်လာခဲ့သော်လည်း ကျောင်းသားသစ်များအတွက် ကြီးကြပ်ရေးမှူးသာ လုပ်နေရဆဲဖြစ်သည်။ သို့သော် သူ့ထက် လုပ်သက်ပိုနုသော လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးမှာမူ နည်းလမ်းအမျိုးမျိုးကို အသုံးပြုကာ ကျောင်း၏ ထောက်ပံ့ရေးဌာနသို့ ဝင်ရောက်သွားပြီး ခေါင်းဆောင်ငယ်လေးတစ်ဦးပင် ဖြစ်လို့နေပြီ။

ခရိုင်မြို့လေးများတွင်လည်း အများစုမှာ သည်လိုပဲ ဖြစ်လောက်သည်။ နိုင်ငံပိုင်စက်ရုံမှူးဆိုသော အမည်ခံတစ်ခုကို ရရှိရန်မှာ လူအချို့အတွက် သိပ်မခက်ခဲလှပေ။

ဒါက ဩဇာအာဏာက ယူဆောင်လာပေးတဲ့ အကျိုးကျေးဇူးတွေပဲ။

ယိုယုံဟွာက မျက်လွှာချလိုက်ပြီး သူ့မျက်ဝန်းအောက်ခြေရှိ ရွံရှာမုန်းတီးမှု အရိပ်အယောင်များကို ဖုံးကွယ်ထားလိုက်၏။

ရှန်မော့အာသည် တစ်နေ့လုံး စစ်ရေးလေ့ကျင့်မှု လုပ်ထားရသဖြင့် ယခုအခါ သူမ တစ်ကိုယ်လုံး ဆာလောင်ပြီး ပင်ပန်းနွမ်းနယ်နေ၏။ အစကတော့ အတန်းပိုင်ဆရာက သူမကို အရေးကြီးကိစ္စ တစ်ခုခု ပြောရန် ခေါ်သည်ဟု ထင်ခဲ့မိသည်။ နောက်ဆုံးတွင် ဟိုပြောဒီပြောဖြင့် သူမကို သတိပေးဆုံးမရန် လာရောက်ခြင်းဖြစ်ကြောင်း သိလိုက်ရ၏။

ရှန်မော့အာမှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားတော့သည်။ စက်ရုံမှူးဖြစ်လာပြီးနောက်ပိုင်း သူမ သည်လို ယုတ္တိမဲ့သော စကားများကို မကြားခဲ့ရသည်မှာဘယ်လောက်တောင် ကြာသွားပါသနည်း။

"ပထမအချက်၊ နည်းပြဟွမ်က လွတ်လပ်တဲ့ တွေးခေါ်နိုင်စွမ်းရှိတဲ့ အရွယ်ရောက်ပြီးသူ တစ်ယောက်ပါ။ ဘယ်သူကမှ သူ့ကို ကော်ချီအပေါ် သံသယဝင်လာအောင် လမ်းကြောင်းပေးလို့ မရပါဘူး။ ဒါက သူတို့နှစ်ယောက်ကြားက ကိစ္စဖြစ်ပြီး ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး။ အတန်းပိုင်ဆရာယိုက ကော်ချီကို ထောက်ခံချင်တယ်ဆိုရင် နည်းပြဟွမ်ဆီ တိုက်ရိုက်သွားပြောလို့ ရပါတယ်"

"ဒုတိယအချက်၊ ကျွန်မ မလုပ်ခဲ့ဖူးတဲ့ ကိစ္စတွေကို တခြားသူတွေ ဘယ်လိုပဲပြောပြော ကျွန်မ မလုပ်ခဲ့ပါဘူး။ အဲဒါကို လေမတိုက်ဘဲ လှိုင်းမထဘူးလို့ မခေါ်ပါဘူး၊ ကောလာဟလ ဖြန့်တယ်လို့ ခေါ်ပါတယ်"

"တတိယအချက်၊ ကျွန်မက စက်ရုံမှူးလုပ်လုပ်၊ အတန်းခေါင်းဆောင်လုပ်လုပ်၊ ဒါတွေက ကျွန်မက အမျိုးသမီးရဲဘော် ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ ဘာမှမဆိုင်ပါဘူး။ အမျိုးသမီးတွေက ကောင်းကင်တစ်ဝက်ကို မနိုင်တယ်ဆိုတာက စကားသက်သက် မဟုတ်ပါဘူး။ နိုင်ငံတည်ထောင်ပြီးကတည်းက အမျိုးသမီးရဲဘော် ဘယ်လောက်များများက သာမန်လုပ်ငန်းခွင်တွေမှာ သာမန်မဟုတ်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ကြသလဲ။ ဒါကို ရှင့်ရဲ့ 'အမျိုးသမီးရဲဘော်တစ်ယောက် အနေနဲ့' ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ဖျောက်ပစ်လို့ မရပါဘူး"

"နောက်ဆုံးအနေနဲ့" ရှန်မော့အာက နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်သည်။ "အတန်းပိုင်ဆရာယိုက ကျွန်မရဲ့ မှတ်တမ်းကို သေချာမကြည့်ရသေးဘူး ထင်တယ်။ ကျွန်မက နိုင်ငံခြားငွေရှာဖွေပေးနေတဲ့ ထိပ်တန်းလုပ်ငန်းတစ်ခုရဲ့ စက်ရုံမှူးအဖြစ် ကောင်းကောင်း လုပ်နိုင်ခဲ့မှတော့ အတန်းတစ်တန်းရဲ့ အတန်းခေါင်းဆောင်ကိုလည်း သေချာပေါက် ကောင်းကောင်း လုပ်နိုင်မှာပေါ့"

သူမက ခေတ္တရပ်လိုက်ပြီး ဆက်ပြော၏။ "အမှန်အတိုင်း ပြောရရင် ကျွန်မက အစတုန်းက ဘာလုပ်ရမယ်၊ မလုပ်ရဘူးဆိုတာနဲ့ ပတ်သက်ပြီး ဘာအကြံအစည်မှ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ကျွန်မမှာ ဒီအတန်းခေါင်းဆောင် နေရာကို ကောင်းကောင်းလုပ်နိုင်စွမ်းရော၊ အရည်အချင်းပါ ရှိတယ်လို့ ခံစားလာရပြီ။ အတန်းပိုင်ဆရာယိုက ကျွန်မကို ကန့်ကွက်စရာရှိတယ်လို့ ထင်နေမှတော့ ကျွန်မကလည်း ကန့်ကွက်စရာရှိတယ်လို့ပဲ သဘောထားလိုက်တော့မယ်။ ဒီကိစ္စကို ဌာနကို ကျွန်မကိုယ်တိုင် တင်ပြလိုက်ပါ့မယ်"

...

All Chapters