အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အပိုင်း (၁၂၉)
ရှန်မော့အာ ကန်တင်းသို့ ရောက်သောအခါ တန်းစီနေသူများမှာ တံခါးဝအထိပင် ရောက်နေသည်။ သူမက လူအုပ်ထဲသို့ တစ်ချက်ကြည့်လိုက်yjD; ထောင့်တစ်နေရာရှိ စားပွဲတစ်လုံးအနီးတွင် ဝူယာနန်က မတ်တတ်ရပ်ကာ သူမကို လက်လှမ်းပြနေသည်ကို တွေ့လိုက်ရ၏။
ဝူယာနန်မှာ အသံထွက် မခေါ်ရဲသဖြင့် မျက်နှာတစ်ခုလုံး နီရဲနေအောင် အားယူကာ လက်တစ်ဖက်ကို ဝှေ့ယမ်းပြနေတော့သည်။ ရှန်မော့အာသည် အလျင်အမြန်ပင် ပြေးသွားလိုက်၏။
အကယ်၍ သူမသာ အနည်းငယ် နှေးသွားပါက ဝူယာနန်တစ်ယောက် အသက်ရှူမဝဘဲ သတိလစ်သွားမှာကိုပင် စိုးရိမ်မိသည်။
"ကျောင်းသားဖုက နင့်အတွက် ထမင်းဟင်း ယူပေးထားတယ်" ရှန်မော့အာ အနားရောက်မှသာ ဝူယာနန်က စကားပြောရဲတော့၏။
ရှန်မော့အာသည် ဘေးပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်သောအခါ စားပွဲအနည်းငယ်အကွာတွင် ဖုမင်ဇယ်က သူ့အဆောင်မှ ကျောင်းသားများနှင့်အတူ ထမင်းစားနေသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် ထိုင်နေသော ရွှီချန်ရီက သူ့ပခုံးကို ပုတ်လိုက်သောအခါ သူက ခေါင်းလှည့်ကာ သူမဘက်သို့ ကြည့်လာပြီး မျက်နှာပေါ်တွင် မသိမသာ အပြုံးလေးတစ်ခု ပေါ်လာခဲ့၏။
ရှန်မော့အာက လက်လှမ်းပြကာ နှုတ်ဆက်လိုက်ပြီးနောက် ထိုင်ပြီး ထမင်းစားလိုက်သည်။
"ကျောင်းသားဖုက ပုံမှန်ဆိုရင် မျက်နှာကြီး တည်ထားတတ်ပေမယ့် သူ့မိန်းမကို မြင်မှပဲ အပြုံးလေး ပေါ်လာတော့တာပဲ။ နင်တို့ လင်မယားနှစ်ယောက်ရဲ့ သံယောဇဉ်က တကယ်ကို နက်ရှိုင်းတာပဲ" ယွမ်လန်က သက်ပြင်းချကာ ပြောလိုက်၏။ "ငါ့အိမ်က တစ်ယောက်ဆိုရင် ငါ့ကို ပြုံးပြဖို့ နေနေသာသာ၊ မျက်မှောင်မကြုတ်ရင်ကို တော်လှပြီ"
စကားကသာ ထိုသို့ပြောနေသော်လည်း တကယ်တမ်းတွင် ယွမ်လန်နှင့် သူမ၏ ခင်ပွန်းတို့၏ သံယောဇဉ်မှာလည်း အလွန်ကောင်းမွန်လှသည်။ သို့မဟုတ်ပါက သူမသည် ခင်ပွန်းဖြစ်သူအကြောင်းကို အမြဲတမ်း ပါးစပ်ဖျားတွင် တသသ ပြောနေမည် မဟုတ်ပေ။
သူမ၏ ယောကျ်ားမှာ ဇာတိမြေရှိ နိုင်ငံပိုင်စက်ရုံတွင် အလုပ်လုပ်နေပြီး ယခုအခါ သူတို့နှစ်ဦးမှာ နေရာနှစ်ခုတွင် ခွဲနေရကာ အိမ်ရှိ ကလေးနှစ်ယောက်ကို ခင်ပွန်းသည်ကသာ အလုံးစုံ ပြုစုစောင့်ရှောက်ပေးနေသည်။
ရှန်မော့အာက ပြုံးကာ ပြောလိုက်၏။ "နောက်ဆိုရင် ခဲအို မြို့တော်ကို ရောက်လာတဲ့အခါ သူ့ရှေ့မှာ အခုလိုပဲ ပြောလိုက်ပါ"
စစ်ရေးလေ့ကျင့်မှု ပြုလုပ်လာသည်မှာ ၁၀ ရက်ကျော် ရှိပြီဖြစ်သည်။ ရှန်မော့အာသည် ညဘက် အဆောင်တွသ် မအိပ်သော်လည်း နေ့ဘက်တွင်တော့ အမြဲရှိနေတတ်သည်။ အားလုံးက အတူတူ သွားလာလှုပ်ရှားကြသဖြင့် အတော်လေး ရင်းနှီးကျွမ်းဝင်လာကြပြီး ယခင်ကလို အစိမ်းသက်သက် မဖြစ်တော့ပေ။ သေချာသည်ကတော့ တစ်ဦးနှင့်တစ်ဦး၏ အခြေအနေများကိုလည်း ပိုမို နားလည်လာကြသည်။
ယွမ်လန်က ခင်ပွန်းဖြစ်သူနှင့် သံယောဇဉ်ကောင်းမွန်ကြောင်း ရှန်မော့အာ သိရှိထားသဖြင့် သူမကို စနောက်နေခြင်းပင်။
ဖုမင်ဇယ်သည် သူ၏ စားနိုင်သည့် ပမာဏအတိုင်း သူမအတွက် ထမင်းဟင်း ယူပေးထားပုံရသည်။ ကြွေပန်းကန်လုံးထဲတွင် အပြည့်အမောက် ဖြစ်နေ၏။ ရှန်မော့အာသည် ထမင်းအနည်းငယ်ကို ဝူယာနန်နှင့် ဝမ်စန်းချွန်းတို့အား ခွဲပေးလိုက်ပြီး ဟင်းအနည်းငယ်ကိုလည်း သူတို့နှစ်ဦးနှင့် ယွမ်လန်တို့ကို ခွဲဝေပေးလိုက်သည်။
ယွမ်လန်က ပွင့်လင်းစွာ ပြောလိုက်၏။ "နင်က ငါတို့ကို အသားဟင်းတွေပါ ခွဲပေးသေးတယ်။ ဒီနေ့တော့ ငါတို့ နင့်ကျေးဇူးကြောင့် အခွင့်အရေး ရသွားပြီ"
ဝူယာနန်နှင့် ဝမ်စန်းချွန်းတို့မှာ အနည်းငယ် အားနာနေကြသော်လည်း မငြင်းဆန်ခဲ့ကြပေ။
ဖုမင်ဇယ်က ရှန်မော့အာအတွက် ထမင်းဟင်း ယူပေးသည့် အကြိမ်တိုင်းတွင် သည်ပမာဏအတိုင်းသာ ဖြစ်နေသဖြင့် ရှန်မော့အာ ကိုယ်တိုင် စားမကုန်နိုင်ဘဲ သူတို့ကိုသာ 'ဝေမျှ' ရန် အကူအညီတောင်းရလေ့ရှိသည်။
ဝေမျှသည်ဟု ဆိုသော်လည်း တကယ်တမ်းတွင်တော့ သူတို့က အခွင့်အရေး ရသွားခြင်းပင် ဖြစ်၏။
သူတို့သည် ရှန်မော့အာတို့ မိသားစု အခြေအနေ ကောင်းမွန်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် သူမဆီမှ 'အချောင်စား' ရန် ဘယ်သောအခါမျှ မစဉ်းစားခဲ့ကြချေ။ ရှန်မော့အာ၏ အစားအစာများကို အကြိမ်အနည်းငယ် စားပြီးနောက် ရှန်မော့အာအတွက် ရေသယ်ပေးခြင်း၊ အလှည့်ကျ သန့်ရှင်းရေးလုပ်ပေးခြင်းတို့ကို တက်ကြွစွာ ကူညီလုပ်ဆောင်ပေးခဲ့ကြသည်။
ရှန်မော့အာမှာ ကျောင်းနှင့် အိမ် နှစ်ဖက်စလုံးသို့ ပြေးလွှားနေရသဖြင့် တစ်ခါတစ်ရံ သည်ကိစ္စများကို တကယ်ပင် မလုပ်နိုင်ခဲ့ချေ။
ဤအချိန်အတောအတွင်း အတူတူ နေထိုင်လာခဲ့ရာတွင် သူတို့အဆောင်၌ သီးခြား နားလည်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သာမန်အချိန်များတွင် သူတို့ ၄ ယောက် အတူတူ ထမင်းစားလေ့ရှိကြ၏။
ဖုန်းမန်နီကတော့ လူတိုင်းကို ညီတူမျှတူ ခပ်ခွာခွာနေပြီး တစ်ယောက်တည်းသာ သွားလာလှုပ်ရှားလေ့ရှိသည်။
လင်ယီချင်းနှင့် ကွမ်ချန်းချန်းတို့မှာမူ ခွဲမရနိုင်သော အတွဲလေးများ ဖြစ်လာကြသည်။
ကျန်ရှိနေသော မီယွိကတော့ သူတို့နှင့် မေဂျာ မတူသဖြင့် အချိန်မကိုက်ညီဘဲ သာမန်အချိန်များတွင် သူမ၏ အတန်းဖော်များနှင့်သာ အတူရှိနေတတ်သည်။
"အတန်းပိုင်ဆရာက နင့်ကို ဘာကိစ္စ ခေါ်တာလဲ" ယွမ်လန်က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။
"ငါ့ကို ကော်ချီရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းချင်လို့တဲ့" ရှန်မော့အာက ယိုယုံဟွာ ပြောခဲ့သော စကားများကို မပြောပြခဲ့ပေ။ ထိုအချိန်က သူတို့နှစ်ယောက်တည်းသာ ရှိခဲ့သဖြင့် သူမ ပြန်ပြောပြလျှင်ပင် ယိုယုံဟွာက ဝန်ခံမည်မဟုတ်ချေ။
ယွမ်လန်က အံ့သြသွားသည်။ "နင့်ကို ကော်ချီရဲ့ အခြေအနေ လာမေးတယ် ဟုတ်လား။ ဒါ နည်းနည်း အဓိပ္ပာယ်မရှိဘူး မဟုတ်လား။ နင်က တစ်နေ့လုံး ကျောင်းနဲ့အိမ် ပြေးနေရတာ၊ ကျောင်းရဲ့ ကိစ္စတွေကို တခြား အတန်းကော်မတီတွေက နင့်ထက် ပိုသိမှာပေါ့။ ပြီးတော့ နင်က အမျိုးသမီးရဲဘော် တစ်ယောက်လေ၊ ကော်ချီနဲ့လည်း သိပ်မဆက်ဆံဖြစ်ဘူး။ သူက မေးချင်ရင် ယောကျ်ားလေးတွေကို သွားမေးသင့်တာပေါ့"
တကယ်တော့ ယွမ်လန်၏ အမြင်တွင် ကော်ချီသည် သိပ်မရင့်ကျက်သေးပေ။
လူတိုင်းမှာ ကိုယ်ပိုင် အားသာချက်၊ အားနည်းချက်များ ရှိကြတာပဲ။ စစ်ရေးလေ့ကျင့်မှုမှာ မကျွမ်းကျင်တာက ဘာဖြစ်လဲ။ နည်းပြရဲ့ အကြိမ်ကြိမ် ဆွဲထုတ်ခံရတာက ဘာဖြစ်လဲ။ ယောကျ်ားရင့်မကြီးတွေ မျက်နှာပြောင်တိုက်ပြီး တစ်ချက်ရယ်လိုက်ရုံနဲ့ ပြီးသွားမယ့် ကိစ္စကို သူကတော့ စိတ်ထဲမှာ အမြဲ မှတ်ထားတတ်တယ်။
သို့သော်လည်း ယွမ်လန် နားလည်နိုင်သည်။ မြို့ပေါ်က လူတွေရဲ့ တွေးခေါ်ပုံက သူတို့ ကျေးလက်က လူတွေနဲ့ မတူဘူးလေ။ သူတို့က မျက်နှာကို အရေးကြီးတယ်လို့ ထင်ကြတာကိုး။
ဒါပေမဲ့ ဘယ်လိုပဲပြောပြော ဒီကိစ္စက ရှန်မော့အာနဲ့ နည်းနည်းလေးမှ မသက်ဆိုင်ဘူးလေ။ သူက ဒု-အတန်းခေါင်းဆောင် ဖြစ်နေရင်တောင် ကော်ချီက အတန်းခေါင်းဆောင်ပဲ မဟုတ်လား။ ပြီးတော့ ယွီရှန်နုန် ဆိုတဲ့ ပါတီဌာနခွဲ အတွင်းရေးမှူးလည်း ရှိသေးတာပဲ။
ရှန်မော့အာက ထမင်းကို ဖြည်းဖြည်းချင်း စားနေလိုက်သည်။ သူမသည် အစက ထမင်းစားနေချိန်နှင့် အိပ်ရာဝင်ချိန်တွင် စကားမပြောရဟူသော အကျင့်ရှိခဲ့သော်လည်း ဤကမ္ဘာတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးနောက် သည်အကျင့်များ အစောကြီးကတည်းက ပျောက်ကွယ်သွားခဲ့သည်။ သူမက ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်၏။ "အတန်းပိုင်ဆရာက ပြောတယ်၊ အတန်းကော်မတီ ခွဲဝေမှုကို ငါ မကျေနပ်ဘူးလို့ သူ့ကို လာတိုင်တဲ့သူ ရှိတယ်တဲ့။ ပြီးတော့ ငါက ကော်ချီကို အတန်းခေါင်းဆောင် နေရာနဲ့ မထိုက်တန်ဘူးလို့ ထင်ပြီး သူ့ကို ပစ်မှတ်ထားနေတယ်လို့လည်း ပြောတယ်"
သူမ၏ သည်စကားကို ကြားသောအခါ ယွမ်လန်သာမက ဝူယာနန်နှင့် ဝမ်စန်းချွန်းတို့ပါ မနေနိုင်ဘဲ လှမ်းကြည့်လာကြသည်။
ယွမ်လန်မှာ ထိုစကားကြောင့် အတော်လေး အံ့သြသွားပြီး အတန်ကြာမှ စကားတစ်ခွန်း ထွက်လာခဲ့၏။ "တိုင်တဲ့သူက ရူးနေတာလား။ နင်က ဂျင်တစ်ကောင်လို နေ့တိုင်း အလုပ်ရှုပ်နေရတာ၊ ကော်ချီကို ပစ်မှတ်ထားဖို့ ဘယ်မှာ အချိန်ရှိလို့လဲ"
အတန်းကော်မတီ ခွဲဝေမှုကို မကျေနပ်ဘဲ ကော်ချီကို အတန်းခေါင်းဆောင် မလုပ်သင့်ဘူးဟု ထင်မြင်နေသည်ဆိုသည့် ကိစ္စမှာတော့...
အမှန်အတိုင်း ပြောရလျှင် ရှန်မော့အာသာမက တခြားသော အတန်းကော်မတီဝင်များနှင့် တိုးတက်လိုစိတ်ရှိသော ကျောင်းသားအများစုမှာလည်း သည်လိုပင် ထင်မြင်နေကြမည် မဟုတ်ပါလား။
ရှန်မော့အာက ခေါင်းခါလိုက်၏။ "အဲဒါတွေကို အရင် မစဉ်းစားနဲ့ဦး"
လောလောဆယ် စစ်ရေးလေ့ကျင့်မှုကို အရင် ဖြတ်ကျော်ရဦးမည်။ တခြားကိစ္စများကိုတော့ နောက်မှ ဖြည်းဖြည်းချင်း ဖြေရှင်းရမည်။
နောက်ရက်များတွင် ကော်ချီ လုံးဝ ပေါ်မလာခဲ့ချေ။ သို့သော် နောက်ဆုံးနေ့တွင်တော့ သူ ထပ်မံ ပေါ်လာခဲ့ပြန်သည်။
မွန်းလွဲပိုင်းတွင် ကျောင်းမှ သင်တန်းဆင်း အခမ်းအနား ကျင်းပမည်ဖြစ်ပြီး အတန်းအသီးသီးမှ တန်းစီချီတက်ကာ ကျောင်းတာဝန်ရှိသူများအား စစ်ရေးလေ့ကျင့်မှု ရလဒ်များကို ပြသရမည် ဖြစ်သည်။
အားလုံး တန်းစီနေစဉ် ယိုယုံဟွာနှင့် ကော်ချီတို့ အတူရောက်လာခဲ့ကြသည်။ ယိုယုံဟွာက နည်းပြဟွမ်ကို ဆွဲကာ အတန်ကြာ တီးတိုးစကားပြောဆိုပြီးနောက် နည်းပြဟွမ်က လာရောက်ကြေညာခဲ့၏။ အတန်းခေါင်းဆောင် ကော်ချီက နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁) ၏ အလံကို ကိုင်ဆောင်ကာ တပ်ဖွဲ့၏ အရှေ့ဆုံးမှ ချီတက်ရမည်ဟု ဆိုသည်။
ဤနေရာမှာ တပ်ဖွဲ့တစ်ခုလုံးတွင် အထင်ရှားဆုံး နေရာဖြစ်ပြီး အတန်းတစ်ခုလုံး၏ မျက်နှာစာဟုပင် ဆိုနိုင်ပေသည်။ သို့သော် ပြဿနာမှာ ကော်ချီ မရောက်လာမီက ဤနေရာအတွက် လူရွေးချယ်ထားပြီး ဖြစ်သည်။ အတန်းထဲတွင် အသက်အငယ်ဆုံးဖြစ်သော လွီကျွင့်ကျဲကို ရွေးချယ်ထားခဲ့၏။
လွီကျွင့်ကျဲမှာ အရပ်မောင်းကောင်းပြီး မိသားစု အခြေအနေ ကောင်းမွန်ပုံရကာ ခန္ဓာကိုယ် အချိုးအစားလည်း မျှတသည်။ အများစုမှာ ပိန်ပိန်ပါးပါး ဖြစ်နေကြသည့် ယခုခေတ်ကာလတွင် သူက အတော်လေး ထင်ရှားနေ၏။ ထို့အပြင် ရုပ်ရည်လည်း သန့်ပြန့်ပြီး မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးဖြင့် ယခုခေတ် အကြိုက်ဆုံးသော တည်ကြည်သည့် မျက်နှာသွင်ပြင် ရှိသူဖြစ်သည်။
အဓိကကတော့ သူ၏ အသက်အရွယ်ပင်။ သူက အသက် ၁၇ နှစ်သာ ရှိသေးပြီး တက်ကြွလန်းဆန်းမှုများ အပြည့်အဝ ရှိနေ၏။ ယေဘုယျအားဖြင့် အသက်ကြီးသူများပြားသော နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁) တွင် သူက ထူးခြားစွာ ပေါ်လွင်နေလေသည်။
တခြားအတန်းများက သူတို့အတန်းကို 'လူကြီးအတန်း' ဟု နောက်ကွယ်တွင် မခေါ်ဆိုနိုင်စေရန်အတွက် အတန်း၏ 'အငယ်ဆုံးလေး' ကို အလံကိုင်ခိုင်းကာ သူတို့အတန်း၏ လူငယ်ဆန်သော တက်ကြွမှုများကို ပြသရန် အားလုံးက ကြိုတင်တိုင်ပင်ထားခဲ့ပြီး ဖြစ်သည်။
ကော်ချီ ပြန်ရောက်လာပြီးနောက် ချက်ချင်းပင် ဤနေရာကို လုယူသွားလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။
ဟုတ်ပါသည်။ လုယူသွားခြင်းပင်။
သတ်မှတ်ထားပြီးသား နေရာကို ရုတ်တရက် လူစားထိုးလိုက်ခြင်းမှာ လုယူခြင်း မဟုတ်လျှင် ဘာဖြစ်နိုင်ပါမည်နည်း။
လွီကျွင့်ကျဲကတော့ ဘာမှ မပြောခဲ့ပေ။ မည်သည့်နေရာတွင် ဖြစ်စေ အတူတူပင်ဖြစ်ကြောင်း ပွင့်လင်းစွာ ပြောဆိုခဲ့သည်။ သို့သော် အတန်းထဲရှိ တခြားသူများကတော့ ကော်ချီကို ကြည့်သော အကြည့်များမှာ မလွှဲမရှောင်သာ ရှုပ်ထွေးနေခဲ့ကြ၏။
ဤအချိန်အတောအတွင်း ကော်ချီသည် ထူးထူးခြားခြား ဘာစွမ်းဆောင်ရည်မှ မပြသနိုင်ခဲ့ပေ။ ယင်းအစား စစ်ရေးလေ့ကျင့်မှုတွင် အမြဲတမ်း နောက်ကျကျန်နေသူ တစ်ဦးသာ ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် ရုတ်တရက် အကြောင်းပြချက်မရှိ ခွင့်ယူသွားခဲ့သည်။ နေမကောင်းဖြစ်ပြီး ခွင့်ယူသည်ဟု ဆိုသော်လည်း အဆောင်တစ်ခုတည်း နေသူများက သူ၏ ခန္ဓာကိုယ်တွင် မည်သည့် ထူးခြားချက်မှ မတွေ့ခဲ့ရပေ။ ထိုနေ့က သူ မျက်နှာမကောင်းဖြင့် အဆောင်သို့ ပြန်လာကာ ခဏအိပ်ပြီးနောက် အိတ်တစ်လုံးလွယ်ကာ အိမ်သို့ ပြန်သွားခဲ့သည်ကိုသာ သိရှိခဲ့ကြ၏။
ထို့ကြောင့် သူသည် နည်းပြ၏ အမြဲတမ်း ဆွဲထုတ်ခံရခြင်းကြောင့် မျက်နှာပူရသဖြင့် အကြောင်းပြချက်ရှာကာ အိမ်သို့ ထွက်ပြေးပုန်းအောင်းနေသည်ဟု အချို့က သံသယဝင်ကြသည်မှာလည်း မဆန်းတော့ပေ။
ကျောင်းမှ စစ်ရေးလေ့ကျင့်မှုများ စီစဉ်ရခြင်းမှာ ကျောင်းသားများ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရန်နှင့် စိတ်ဓာတ်ခွန်အားကို ပျိုးထောင်ပေးရန် ဖြစ်သည်။ မည်သည့် အကြောင်းပြချက်ဖြင့်မဆို စစ်ရေးလေ့ကျင့်မှုကို တမင်ရှောင်လွှဲခြင်းမှာ အလွန်ရှက်စရာကောင်းသော လုပ်ရပ်ပင်။
အထူးသဖြင့် ဤခေတ်ကာလရှိ လူများမှာ အသိဉာဏ်အတော်လေး မြင့်မားကြသဖြင့် ဤကဲ့သို့သော လုပ်ရပ်မျိုးကို ပိုလို့ပင် မနှစ်မြို့ကြချေ။
မနှစ်မြို့သော်လည်း နည်းပြနှင့် အတန်းပိုင်ဆရာတို့က ခွင့်ပြုထားပြီးဖြစ်သဖြင့် တခြားသူများအနေဖြင့် ဘာမှ ပြောစရာ မရှိတော့ပေ။
ဤကဲ့သို့ အရေးကြီးသော အချိန်ရောက်မှ ဤလူက ရုတ်တရက် ပြန်ရောက်လာလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ ပြန်ရောက်လာရုံသာမက ဤကဲ့သို့သော ရွံစရာကောင်းသည့် ကိစ္စကိုပါ လုပ်ဆောင်လာသေးသည်။
သူတို့အတန်းတွင် အလုပ်လုပ်ဖူးသူ အများအပြား ပါဝင်ပြီး အများစုမှာ အတော်လေး တည်ငြိမ်ပြီး အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်သူများ ဖြစ်ကြသဖြင့် တော်သေးသည်။ သို့မဟုတ်ပါက အမှန်တကယ်ပင် ပြဿနာတက်သွားနိုင်ပေသည်။
ယိုယုံဟွာသည် တပ်ဖွဲ့၏ အရှေ့တွင် ရပ်ကာ လူစားထိုးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ကော်ချီသည် လေ့ကျင့်မှု အများအပြားကို လွတ်သွားခဲ့သဖြင့် အများ၏ သွားနှုန်းကို မမီနိုင်တော့ကြောင်း၊ ထို့ကြောင့် သူ့ကို အလံကိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ သို့မှသာ မူလတပ်ဖွဲ့ပုံစံကို မပျက်စီးစေမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ထို့နောက် စည်းလုံးညီညွတ်မှုကို အားဖြည့်ရန်နှင့် ရှေ့သို့ ရဲဝံ့စွာ ချီတက်ရန် ဟူသော စကားကြီးစကားကျယ်များကို ပြောဆိုခဲ့၏။ စကားပြောပြီး ထွက်မသွားမီ ရှန်မော့အာကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်သွားခဲ့သေးသည်။
ရှန်မော့အာသည် မမြင်ချင်ယောင်ဆောင်နေလိုက်ပြီး ကော်ချီကို စူးစမ်းချင်စိတ်ဖြင့် တစ်ချက် ကြည့်လိုက်၏။
နည်းပြဟွမ်သည်လည်း ကော်ချီကို အကြိမ်အနည်းငယ် စိုက်ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြောလိုက်သည်။ "ဒါဆိုရင် ငါတို့ အချိန်မီအောင် နောက်ထပ် အကြိမ်အနည်းငယ် လေ့ကျင့်ကြည့်ကြတာပေါ့"
ကော်ချီသည် မူလကတည်းက လေ့ကျင့်ရာတွင် အားနည်းသူဖြစ်သည်။ ရက်အနည်းငယ် ပျက်ကွက်သွားပြီးနောက် ပိုလို့ပင် ဟန်ချက်ကို ရှာမတွေ့နိုင်တော့ချေ။ နည်းပြဟွမ်သည်လည်း သူ့ကို တပ်ဖွဲ့ထဲသို့ ရုတ်တရက် ထည့်သွင်းလိုက်ပါက တခြားသူများကို အနှောင့်အယှက်ဖြစ်စေမည်ဟု ထင်မြင်သဖြင့် ယိုယုံဟွာ၏ အကြံပြုချက်ကို သဘောတူလိုက်ရတော့သည်။
အလံကိုင်ရုံမျှသာ ဖြစ်ပြီး သည်လောက် လွယ်ကူသော ကိစ္စကိုတော့ သူ သေချာပေါက် ကောင်းကောင်း လုပ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
ကော်ချီသည် ထိုအလုပ်လေးကို မှန်ကန်အောင် မလုပ်နိုင်ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
သူသည် မူလကတည်းက လမ်းလျှောက်ရာတွင် ကြည့်ရဆိုးသူ ဖြစ်သည်။ ယခင်က တပ်ဖွဲ့ထဲတွင် ပုန်းကွယ်နေသဖြင့် မသိမသာသော်လည်း ယခုအခါ တစ်ယောက်တည်း အလံကိုင်ကာ အရှေ့ဆုံးတွင် လျှောက်နေရသဖြင့် အလွန်အမင်း ထင်ရှားနေတော့၏။
နည်းပြဟွမ်မှာ တော်တော်လေး ခေါင်းကိုက်နေရသည်။ အချိန်ကလည်း ကျပ်နေပြီဖြစ်ကာ ကော်ချီကို သီးသန့် လေ့ကျင့်ပေးရန်ပင် အချိန်မရတော့ချေ။
ဤကဲ့သို့သော တပ်ဖွဲ့ကို ခေါ်ဆောင်ကာ စစ်ရေးပြပွဲသို့ သွားရောက်ရမည်ဆိုလျှင် ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်များက သူ့ကို ဘယ်လိုမြင်ကြမည်နည်း။ သူကိုယ်တိုင်ပင် အရှက်ရနေသလို ခံစားရတော့သည်။
နည်းပြဟွမ်သာမက အတန်းထဲရှိ တခြားသူများလည်း ခေါင်းကိုက်နေကြသည်။
လေ့ကျင့်ချိန် နားနေစဉ် ပါတီဌာနခွဲ အတွင်းရေးမှူး ယွီရှန်နုန်က တခြား အတန်းကော်မတီများကို ခေါ်ယူကာ မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ "အခု ဘယ်လိုလုပ်ကြမလဲ။ အားလုံးမှာ ဘာအကြံဉာဏ် ရှိကြလဲ"
နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁) အရှက်ကွဲပါက ဤပါတီဌာနခွဲ အတွင်းရေးမှူးဖြစ်သည့် သူက ပထမဆုံး အထိနာတော့မည်။
မူလက ယွီရှန်နုန်သည်လည်း အလံကိုင်ရုံမျှမှာ သိပ်မခက်ခဲလှဘူးဟု ထင်မြင်ခဲ့သည်။ ကော်ချီက ပြန်လာပြီး ဤနေရာကို လုယူသွားခြင်း ဖြစ်ရာ သူသည် ဤကိစ္စကို သေချာပေါက် ကောင်းကောင်း လုပ်နိုင်မည်ဟူသော ယုံကြည်ချက်ရှိလိမ့်မည်ဟု တွေးထင်ခဲ့မိ၏။
ယခင်ကလိုပင် အားနည်းချက်များ ရှိနေသေးမည်ဟု ဘယ်သူက ထင်ထားမည်နည်း။
ယွီရှန်နုန်သည် သဘောထားသေးသည့် လူငယ်လေး တစ်ယောက် မဟုတ်ပေ။ သူသည် အနည်းငယ် ပါးနပ်သူဖြစ်ရာ ကျောင်းဖွင့်စမှာပင် အတန်းပိုင်ဆရာနှင့် မသင့်မမြတ် ဖြစ်ချင်စိတ် မရှိခဲ့ချေ။ ထို့ကြောင့် ယိုယုံဟွာ၏ ဤအစီအစဉ်က မသင့်တော်ဟု စိတ်ထဲတွင် ထင်မြင်နေသော်လည်း အစောပိုင်းက ဝင်ရောက်ကန့်ကွက်ခြင်း မပြုခဲ့ပေ။
သို့သော် ယခုအခါ သူ ဒါကို နောင်တရမိတော့သည်။ ယိုယုံဟွာ၏ ဤယုတ္တိမဲ့သော အစီအစဉ်ကို သူ ရှေ့ထွက်ပြီး ကန့်ကွက်ခဲ့သင့်သည်။
အတန်းကော်မတီ အနည်းငယ်မှာ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်နေကြသည်။ ယွမ်လန်က နှုတ်ခမ်းကို တွန့်ကာ ပြောလိုက်၏။ "ဘယ်လိုလုပ်ရမှာလဲ။ သူ့ရဲ့ ခြေထောက်ကို ဖြုတ်ပြီး တခြားသူရဲ့ ခြေထောက်နဲ့ လဲတပ်ပေးလိုက်လို့မှ မရတာ။ ပြီးတော့ သူက အတန်းခေါင်းဆောင်လေ။ ပြဿနာဖြစ်လာရင် ဖြေရှင်းမယ့် နည်းလမ်းကို ပထမဆုံး ထွက်စဉ်းစားရမယ့်သူက သူပဲ ဖြစ်သင့်တာပေါ့။ အခုတော့ ကြည့်စမ်း၊ သူ ဖန်တီးထားတဲ့ ပြဿနာကို ငါတို့က လိုက်ရှင်းပေးနေရတယ်"
ယွမ်လန်သည် ယခင်က ကုန်ထုတ်လုပ်ရေးတပ်ဖွဲ့တွင် ပါတီအတွင်းရေးမှူး လုပ်ခဲ့စဉ်က ကိုယ်တိုင် ရှေ့တန်းမှ ဦးဆောင်ခဲ့သူ ဖြစ်သည်။ တပ်ဖွဲ့၏ အတော်ဆုံး အလုပ်သမား လုပ်သလောက် သူမလည်း လုပ်ခဲ့သည်။ တခြားသူများ အလုပ်ပြီး၍ ပြန်သွားကြသော်လည်း သူမကတော့ ကြယ်ရောင်အောက်တွင် ဆက်လက်လုပ်ကိုင်နေတတ်၏။
အကျိုးအမြတ်ကိုသာ လိုချင်ပြီး သူတစ်ပါးကို ဒုက္ခပေးသူမျိုးကို သူမ တကယ် တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဒါက ဘယ်လိုလုပ် အတန်းခေါင်းဆောင် ဖြစ်နိုင်မှာလဲ။ ဒါက သခင်လေးဆိုတာ ရှင်းနေတာပဲ။
ယွမ်လန်က သည်လို ပွင့်လင်းစွာ ပြောလိုက်သဖြင့် တခြားသူများလည်း ဖုံးကွယ်မထားတော့ချေ။
"နည်းပြဟွမ်ကို သွားပြောပြီး သူ့ကို ပြန်အနားယူခိုင်းလိုက်ရင်ရော" လူတစ်ယောက်က အကြံပြုလိုက်သည်။
"အတန်းပိုင်ဆရာက ပြောထားပြီးသားလေ။ အတူတူ လုပ်ဆောင်ရမယ့် လှုပ်ရှားမှုတွေမှာ ဘယ်ကျောင်းသားကိုမှ ချန်မထားချင်ဘူးတဲ့။ ဖျားနာနေတဲ့ကြားကနေ စုပေါင်းလှုပ်ရှားမှုမှာ ပါဝင်ဖို့ ပြန်လာတဲ့သူကို ဘယ်လိုလုပ်ပြီး မောင်းထုတ်လို့ ရမှာလဲ" လူတစ်ယောက်က သရော်လိုက်၏။
"ဒါမှမဟုတ် အတွင်းရေးမှူးယွီကပဲ သူ့ကို သွားဖျောင်းဖျပြီး လွီကျွင့်ကျဲနဲ့ ပြန်လဲခိုင်းလိုက်ရင်ရော" လူတစ်ယောက်က အကြံပြုပြန်သည်။
"ဒါပေမဲ့ အတန်းပိုင်ဆရာ ပြောတာကလည်း မှန်ပါတယ်။ သူက အများကြီး နောက်ကျနေတာဆိုတော့ တပ်ဖွဲ့ထဲ ပြန်ဝင်လာရင်လည်း အားလုံးရဲ့ သွားနှုန်းကို အနှောင့်အယှက် ဖြစ်စေမှာပဲ" လူတစ်ယောက်က ထောက်ပြလိုက်သည်။
ဟိုဟာလည်း မရ၊ ဒီဟာလည်း မရသဖြင့် တစ်ခဏတာမျှ အားလုံးမှာ အကြံအိုက်သွားကြတော့၏။
"ဒု-အတန်းခေါင်းဆောင်ရှန်၊ မင်း ဘယ်လိုထင်လဲ" ယွီရှန်နုန်က တစ်ချိန်လုံး နှုတ်ဆိတ်နေသော ရှန်မော့အာကို ကြည့်ကာ မေးလိုက်သည်။
ရှန်မော့အာက ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်၏။ "ကော်ချီရဲ့ အတန်းခေါင်းဆောင်ဆိုတဲ့ ရာထူးကို ထည့်မတွက်ဘဲ၊ အတန်းထဲမှာ လှုပ်ရှားမှု မညီညာတဲ့သူ၊ စစ်ရေးပြပွဲကို ကောင်းကောင်း မလုပ်နိုင်တဲ့ ကျောင်းသားရှိရင် ကျွန်မတို့က ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာရမှာပဲလေ။ ဒါကြောင့် ကျောင်းသားကော်ရဲ့ ရာထူးကို ခဏမေ့ထားပြီး အတန်းကော်မတီအနေနဲ့ ပြဿနာပေါ်လာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို တည်ငြိမ်စွာ စဉ်းစားဖို့ အကြံပြုချင်ပါတယ်"
တခြားသူများ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ရှန်မော့အာ ပြောသည်မှာ ယုတ္တိရှိကြောင်း သဘောပေါက်သွားကြသည်။
ရှန်မော့အာက ဆက်ပြော၏။ "ကျွန်မ ကိုယ်ပိုင်အမြင်အရတော့ သူ့ကို တပ်ဖွဲ့ထဲ ပြန်ဝင်ခိုင်းတာက တကယ်ကို မသင့်တော်ပါဘူး။ အားလုံးက ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ကြတာ ကြာပြီပဲ။ ကျောင်းသူကျောင်းသား အားလုံးနဲ့ ဆရာတွေရှေ့မှာ အကောင်းဆုံး စိတ်ဓာတ်ရေးရာနဲ့ လေ့ကျင့်မှု ရလဒ်တွေကို ပြသချင်ကြတာချည်းပါပဲ။ သူ့တစ်ယောက်တည်းကြောင့် တခြားသူတွေရဲ့ ကြိုးစားအားထုတ်မှု ရလဒ်တွေကို မထိခိုက်စေသင့်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ဒီလိုလုပ်ဖို့ အကြံပြုပါတယ်..."
သူမက သူမ၏ စိတ်ကူးကို ရှင်းပြလိုက်ရာ တခြားသူများ ကြားပြီးနောက် အစပိုင်းတွင် မျက်မှောင်အနည်းငယ် ကြုတ်သွားကြသော်လည်း သေချာပြန်စဉ်းစားကြည့်သောအခါ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာခဲ့ကြ၏။ "ဒီနည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်လောက်တယ်။ စစ်ဆေးမယ့် ခေါင်းဆောင်တွေနဲ့ ဆရာတွေကိုတောင် ငါတို့က လေးနက်တဲ့အထင်အမြင်တွေ ချန်ထားနိုင်လောက်တယ်"
...
အပိုင်း (၁၃၀)
အတန်းကော်မတီ အနည်းငယ်သည် တိုင်ပင်ဆွေးနွေးပြီးနောက် နည်းပြဟွမ်နှင့် ကော်ချီတို့ကို တိုက်ရိုက် မပြောပြသေးဘဲ ဘာမှမဖြစ်သလို ဆက်လက်လေ့ကျင့်နေခဲ့ကြသည်။
ကော်ချီမှာ အသက် ၂၀ ကျော်သာ ရှိသေးပြီး အသားအရေ ဖြူဖွေးကာ စာဂျပိုးရုပ်ဖြစ်သည်။ သူ၏ အသွင်အပြင်တစ်ခုလုံးတွင် မိန်းမဆန်သော အရိပ်အယောင် အနည်းငယ် ပါဝင်နေပြီး အထူးသဖြင့် လူကို ကြည့်သည့်အခါ သူ၏ မည်းနက်သော မျက်ဝန်းအောက်ခြေတွင် အမြဲတမ်း တစ်စုံတစ်ရာ ဖုံးကွယ်ထားသကဲ့သို့ ထင်ရ၏။
အစပိုင်းတွင် သူသည်လည်း အလံကိုင်ရခြင်းမှာ မခက်ခဲလှဟု ထင်မြင်ခဲ့သည်။ ထို့အပြင် သူက အရှေ့ဆုံးမှ လျှောက်ရမည်ဖြစ်ရာ အခြားသူများနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်စရာမလိုဘဲ အနောက်မှ တစ်တန်းလုံးကသာ သူ၏ ခြေလှမ်းအတိုင်း လိုက်ပါရမည်ဖြစ်သဖြင့် သူက သူ့ဘာသာ ရှေ့သို့ လျှောက်သွားရုံသာဟု တွေးထင်ခဲ့သည်။
သို့သော် တကယ်တမ်းတွင်တော့ အရှေ့ဆုံးမှ ဦးဆောင်ရသည်ဆိုလျှင်ပင် ပေါ့ပေါ့ဆဆ လျှောက်သွားလို့ မရပေ။
နည်းပြဟွမ်သည် အလုပ်ကို သေသေချာချာ လုပ်တတ်သူဖြစ်ပြီး တောင်းဆိုချက်လည်း မြင့်မားသည်။ သူ၏ အဆိုအရ အလံကိုင်ပြီး ဦးဆောင်သူသည် မိမိ၏ ခြေလှမ်းအကျယ်နှင့် ခြေလှမ်းကို တိကျစွာ ထိန်းချုပ်နိုင်ရမည့်အပြင် တက်ကြွလန်းဆန်းသော စိတ်ဓာတ်ခွန်အားကိုလည်း ပြသနိုင်ရမည်။
ကော်ချီကတော့ ထိုစံနှုန်းများနှင့် လုံးဝ မနီးစပ်ချေ။
မနက်ပိုင်း လေ့ကျင့်မှု ပြီးဆုံးချိန်အထိ ကော်ချီသည် နည်းပြဟွမ်၏ တောင်းဆိုချက်ကို မပြည့်မီခဲ့သဖြင့် အလံကို ဘေးနားရှိ သစ်ပင်အောက်တွင် ချထားခဲ့ပြီး မျက်နှာသုန်မှုန်ကာ ထွက်သွားခဲ့တော့သည်။
အနီးအနားရှိ အခြားအတန်းများမှ ကျောင်းသားများ ဖြတ်သွားသောအခါ တချို့သော လျှာစောင်းထက်သူများက နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁)မှ ယောကျ်ားလေးများကို လှောင်ပြောင်ကြလေသည်။ "အို... မင်းတို့အတန်းက အောက်ဆုံးနေရာကို ကြိုတင်မှာထားတာလား။ မင်းတို့အတန်းရဲ့ ပုံစံကို ကြည့်ရတာ ငါတို့ ဖိအားတွေ အများကြီး လျော့သွားပြီ"
အထူးသဖြင့် နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၂)မှ လူတချို့ကမူ ပွင့်ပွင့်လင်းလင်းပင် စီးပွားရေးမေဂျာ၏ အားထားရာ ထောက်တိုင်မှာ သူတို့ တန်းခွဲ(၂)သာ ဖြစ်ရမည်ဟု ကြေညာလိုက်ကြသည်။ မည်သို့ပင်ဆိုစေ တန်းခွဲ(၁) က တကယ်ကို မစွမ်းဆောင်နိုင်တာလည်း အမှန်ပင်။
တန်းခွဲ(၁) မှ လူတိုင်းမှာ အလွန်အမင်း အောင့်သက်သက် ဖြစ်နေကြရသည်။ သို့သော် သူတို့ ပြောသည်မှာလည်း အမှန်တရား ဖြစ်နေသဖြင့် ပြန်လည်ချေပရန် စကားမရှိခဲ့ချေ။
ကန်တင်းသို့ ရောက်သောအခါ ရူပဗေဒ မေဂျာမှ လူများပင်လျှင် ကြားသိသွားကြသည်။ ရွှီချန်ရီသည် ရှန်မော့အာတို့ ထမင်းစားနေသော စားပွဲအနီးသို့ အထူးတလည် ပြေးလာပြီး သူတို့အတန်းက ဘာကြောင့်များ အညံ့ဆုံးလူကို အလံကိုင်ခိုင်းရလောက်အောင် အမြင်ကျဉ်းမြောင်းနေရသနည်းဟု မေးမြန်းလေတော့သည်။
"ငါတို့က နာမည်ဂုဏ်ပုဒ်တွေကို မက်မောမှုမရှိလို့ ဖြစ်မှာပါ။ နင်ကသာ ပွဲကြည့်ချင်လို့ တောင်တွေရေတွေကို ဖြတ်ပြီး ပြေးလာတာလေ" ရှန်မော့အာက နောက်ပြောင်လိုက်၏။
ရွှီချန်ရီက မလှမ်းမကမ်းတွင် အာရုံစိုက်ပြီး ထမင်းစားနေသော ဖုမင်ဇယ်ကို လက်ညှိုးထိုးပြကာ သွေးထိုးလိုက်သည်။ "နင်ကြည့်၊ ငါက ပွဲကြည့်ချင်ရုံလေးနဲ့ တောင်တွေရေတွေကို ဖြတ်ပြီး ပြေးလာတာ။ ဖုမင်ဇယ်ကို ကြည့်လိုက်ဦး၊ မိန်းမက ဒီမှာရှိနေတာတောင် နင့်ကို လာရှာရမှန်း မသိဘူး"
ရှန်မော့အာက ပြုံးရွှင်စွာဖြင့် ပြန်ပြောလိုက်၏။ "အဲဒါဆိုရင် ကျောင်းသားရွှီက ငါ့ကို အကူအညီလေး ပေးပြီး ဒီစကားကို ဖုမင်ဇယ်ကို သွားပြောပေးပါလား"
ရွှီချန်ရီမှာ စကားဆွံ့အသွားပြီး "ထားလိုက်ပါတော့" ဟု အလျင်အမြန် ပြောကာ ခြေလှမ်းသွက်သွက်ဖြင့် ထွက်ပြေးသွားတော့၏။
ဖုမင်ဇယ်လို မိန်းမကြောက်တတ်သူက သူ ရှန်မော့အာရှေ့တွင် ဇနီးမောင်နှံကြား သွေးထိုးစကားပြောသည်ကို သိသွားပါက သူ့ကို နောက်ကွယ်မှ ဒုက္ခပေးမည်ကို ရွှီချန်ရီ စိုးရိမ်မိလေသည်။
အခြားသူများက အထင်မကြီးရုံသာမက နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁) မှ ကျောင်းသားများ ကိုယ်တိုင်လည်း သူတို့ကိုယ်သူတို့ အထင်မကြီးကြချေ။ မွန်းလွဲပိုင်းတွင် တစ်ကျောင်းလုံးရှိ ဆရာ၊ ကျောင်းသားများရှေ့တွင် အရှက်ကွဲရတော့မည်ကို တွေးမိကာ ထမင်းစားတိုင်း အလွန်ခံတွင်းတွေ့လေ့ရှိသော ဝူယာနန်ပင်လျှင် ထမင်းစားချင်စိတ် မရှိသည့်ရုပ်လေး ဖြစ်နေခဲ့၏။
ရှန်မော့အာက စားပွဲကို ခေါက်လိုက်သည်။ "မွန်းလွဲပိုင်း စစ်ရေးပြပွဲ ရှိသေးတယ်နော်။ ဗိုက်ဝအောင် မစားဘူးလား"
ဝူယာနန်က အလျင်အမြန် ထမင်းတစ်လုပ် ကြီးကြီးခွံ့လိုက်ပြီး မပီမသဖြင့် ပြန်ပြော၏။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ ထမင်းစားချင်စိတ် မရှိရင်တောင် ထမင်းကိုတော့ ကုန်အောင်စားမှာပါ။ ပန်းကန်ထဲက ထမင်းတစ်စေ့ချင်းစီတိုင်းက ပင်ပန်းခက်ခဲစွာ ရလာတယ်ဆိုတာ ဘယ်သူမသိလို့လဲ တဲ့၊ ဗိုက်ဝအောင် စားရဖို့ဆိုတာ ဘယ်လောက်ခက်ခဲလဲ။ ငါ့ကို ရိုက်သတ်ရင်တောင် ထမင်းကိုတော့ ကုန်အောင် စားမှာပဲ"
ခဏအကြာတွင် ဝူယာနန်သည် ထမင်းနှင့် ဟင်းများကို မျိုချလိုက်ပြီး မနေနိုင်ဘဲ ပြောလိုက်သည်။ "ကျောင်းသူမော့အာ၊ ခုနက နင် စားပွဲခေါက်လိုက်တဲ့ပုံက ခေါင်းဆောင်တစ်ယောက်နဲ့ အရမ်းတူတာပဲ"
ဝမ်စန်းချွန်းက သတိပေးလိုက်၏။ "သူက စက်ရုံမှူး လုပ်ခဲ့တာ နှစ်တော်တော်ကြာနေပြီလေ။ အစကတည်းက ခေါင်းဆောင်ပဲဟာကို"
မွန်းလွဲပိုင်းရောက်သောအခါ ကျောင်းသားသစ်များ တဖြည်းဖြည်းနှင့် အားကစားကွင်းသို့ ရောက်ရှိလာကြသည်။ အားကစားကွင်းရှိ အသံချဲ့စက်ကြီးများမှ စိတ်အားတက်ကြွဖွယ်ရာ ဂီတသံများ ထွက်ပေါ်နေပြီး စင်မြင့်ပေါ်တွင် ကျောင်းနှင့် မေဂျာအသီးသီးမှ ခေါင်းဆောင်များ နေရာယူပြီးနောက် အခမ်းအနားမှူးက စစ်ရေးပြပွဲ စတင်ကြောင်း ကြေညာလိုက်သည်။
ဂီတသံစဉ်နှင့်အတူ မေဂျာအသီးသီးမှ ကျောင်းသားသစ်များသည် အတန်းအလိုက် တက်ကြွရဲရင့်စွာဖြင့် စည်းစနစ်ကျနပြီး ခိုင်မာသော ခြေလှမ်းများဖြင့် အားကစားကွင်း ထောင့်တစ်နေရာမှနေ၍ စင်မြင့်ရှေ့သို့ လျှောက်လှမ်းလာကြ၏။
ထိုအချိန်တွင် နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁) ၏ တပ်ဖွဲ့အတွင်း၌ ကော်ချီနှင့် ရှန်မော့အာတို့ အချင်းများနေကြသည်။
"ဘာလို့ ရုတ်တရက် အစီအစဉ်ပြောင်းရတာလဲ။ ပြီးတော့ ဒီကိစ္စကို ဘာလို့ ကြိုတင်ပြီး ငါ့ကို အသိမပေးရတာလဲ" ကော်ချီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ငါ သဘောမတူဘူး။ ငါက အတန်းခေါင်းဆောင်ပဲ။ ပြီးတော့ အလံကိုင်သူလည်း ဖြစ်တယ်။ နင့်ရဲ့ ဒီတာဝန်မဲ့တဲ့ အစီအစဉ်ကို ငါ ငြင်းပယ်တယ်"
ဘာလို့ ကြိုတင် အသိမပေးရတာလဲ ဟုတ်လား။
နင် ထပ်ပြီး ပြဿနာရှာမှာ စိုးလို့ပေါ့။ ရုတ်တရက် အသိပေးမှပဲ ပြဿနာမတက်မှာလေ။
ထို့အပြင် ဤအစီအစဉ်ကို ယွီရှန်နုန်က ကော်ချီကို ပြောပြခဲ့ခြင်း ဖြစ်သော်လည်း သူက သူမကိုသာ တမင် လာမေးနေခြင်း ဖြစ်သည်။
အချိန်ကလည်း ကပ်နေပြီဖြစ်သောကြောင့် ရှန်မော့အာက သူနှင့် အချိန်ကုန်ခံပြီး စကားများမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။ "အစီအစဉ်က အားလုံး တိုင်ပင်ထားတာ။ နည်းပြဟွမ်လည်း သဘောတူပြီးသား။ လူနည်းစုက လူများစုကို နာခံရမယ်။ နင် သဘောမတူလည်း အလကားပဲ။ နင် မလုပ်ချင်ရင် အလံကို လွီကျွင့်ကျဲကို ပေးလိုက်။ ငါတို့ အရင်တပ်ဖွဲ့ပုံစံအတိုင်း လျှောက်မယ်။ နင် ဆက်ပါဝင်ချင်သေးတယ်ဆိုရင်တော့ ငါပြောတဲ့အတိုင်း လုပ်ရမယ်"
"ပြီးတော့ နင်က လူလုံးထွက်ပြချင်တာ မဟုတ်လား။ ဒီအစီအစဉ်က နင့်အတွက် လူလုံးထွက်ပြဖို့ အချိန်အလုံအလောက် ပေးထားပါတယ်"
ကော်ချီကတော့ ထိုသို့ မထင်ပေ။ အဓိကကတော့ ရှန်မော့အာ ဒီလောက် သဘောကောင်းမည်မဟုတ်ဟု သူ ထင်နေခြင်း ဖြစ်သည်။ မည်သို့ဆိုစေ သူသာ ရှန်မော့အာ နေရာတွင်ဆိုလျှင် တစ်ဖက်လူ၏ အကြိမ်ကြိမ် ဒုက္ခပေးခြင်းကို ခံရပြီးနောက် ပြိုင်ဘက်အတွက် လူလုံးထွက်ပြရန် အခွင့်အရေး ဖန်တီးပေးမည် မဟုတ်ချေ။
သို့သော် သူက ပူးပေါင်းမပါဝင်ဘဲ နေချင်သော်လည်း သူသာ မပူးပေါင်းပါက ရှန်မော့အာက အတန်းထဲမှ လူငယ်များကို ခိုင်းပြီး သူ့လက်ထဲမှ အလံကို အတင်းအကျပ် လုယူခိုင်းပေလိမ့်မည်။
ကော်ချီသည် အစကတည်းက ကိုယ်ထိလက်ရောက် ကျူးလွန်ရာတွင် မကျွမ်းကျင်ပေ။ ထို့အပြင် တစ်ယောက်တည်းက လူအများကို ရင်ဆိုင်ရမည် ဖြစ်သည်။ အဓိကကတော့ ရှန်မော့အာက အတင်းအကျပ် လုပ်ရဲလိမ့်မည်ဟု သူ ထင်မထားခဲ့သဖြင့် အနည်းငယ် ရုန်းကန်ကြည့်ပြီးနောက် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရတော့၏။
ထို့ကြောင့် ရှေ့မှ အတန်းများ ထွက်သွားပြီးနောက် နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁) မှ လူများသည် အလျင်အမြန် တန်းစီလိုက်ကြသည်။
အားကစားကွင်းတွင် ရုတ်တရက် သေနတ်သံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။
စင်မြင့်ပေါ်ရှိ ကျောင်းတာဝန်ရှိသူများနှင့် ဆရာများသာမက အားကစားကွင်းအတွင်းရှိ မေဂျာအသီးသီးမှ ကျောင်းသားများအားလုံးပါ ကြောင်အမ်းသွားခဲ့ကြသည်။ ထို့နောက် သူတို့ သတိမဝင်လာမီမှာပင် အားကစားကွင်း ထောင့်တစ်နေရာမှ လူတစ်ယောက်က အလံတစ်လပ်ကို ကိုင်ဆောင်ကာ ပြေးထွက်လာခဲ့၏။
ထိုသူသည် အနောက်မှ ခွေးလိုက်ကိုက်ခံရသကဲ့သို့ အသားကုန် ပြေးလာခဲ့ပြီး စင်မြင့်အောက်သို့ ရောက်သောအခါ ရုတ်တရက် ခြေနှစ်ဖက်ကို စုလိုက်ကာ နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁) ၏ အလံကို ဆုပ်ကိုင်လျက် ခေါင်းမော့ရင်ကော့ကာ ရပ်တန့်သွားခဲ့သည်။
နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁)မှ လူများမှလွဲ၍ အားကစားကွင်းအတွင်းရှိ လူအားလုံး၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာများ ပေါ်လာကြ၏။
စစ်ရေးလေ့ကျင့်မှု စစ်ရေးပြပွဲ မဟုတ်ဘူးလား။ ဒါ... ဒါက ဘာလုပ်နေတာလဲ
သူတို့ သေသေချာချာ မစဉ်းစားရသေးမီမှာပင် အလံကိုင် ပြေးထွက်လာသော နေရာမှ လူတစ်ယောက် ထပ်မံ ပြေးထွက်လာခဲ့သည်။ ထိုသူ၏ လက်ထဲတွင် စစ်ခရာတစ်ခု ကိုင်ဆောင်ထားပြီး ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် စစ်ခရာကို မြှောက်ကာ တူးတူးတူးတူး ဟု မှုတ်လေတော့သည်။ ထို့နောက် အသံကုန်ဟစ်ကာ အော်လိုက်၏။ "ရဲဘော်တို့၊ ရှေ့ကို ချီတက်ကြ——"
သူသည် အော်ဟစ်ရင်း ပြေးလာကာ ယခင်က အလံကိုင်သူ၏ အနီးသို့ ရောက်ရှိလာပြီး ခြေနှစ်ဖက်ကို စုကာ အလံကိုင်သူနှင့်အတူ ယှဉ်ရပ်လိုက်သည်။
ထို့နောက် သူတို့ ပြေးထွက်လာသော လမ်းကြောင်းမှ လူဒါဇင်ပေါင်းများစွာသည် စည်းစနစ်ကျနစွာဖြင့် စစ်သည်ဟန် ခြေလှမ်းများဖြင့် စင်မြင့်ရှိရာသို့ ရဲဝံ့စွာ ချီတက်လာကြတော့၏။
စင်ပေါ်စင်အောက်ရှိ လူအားလုံးသည် ရင်ထဲတွင် အလိုအလျောက် သက်ပြင်းချလိုက်မိပြီး တိတ်တဆိတ် ညည်းတွားလိုက်ကြသည်။ ဪ... စစ်ရေးနေတာကိုး။
ထို့နောက် အလိုအလျောက် တွေးမိလိုက်ကြသည်။ ဒီစစ်ရေးပြပွဲက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ
ထို့နောက် သေသေချာချာ ကြည့်လိုက်သောအခါ... အို... ဒီအတန်းက ကျောင်းသားတွေ လေ့ကျင့်ထားတာ မဆိုးပါဘူး။ လှုပ်ရှားမှုတွေက စံမီတယ်၊ တန်းစီတာကလည်း စည်းစနစ်ကျတယ်။ ရလဒ်တွေက သိသာထင်ရှားတယ်။ မဆိုးဘူး၊ မဆိုးဘူး
နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁)သည် ဤသို့ဖြင့် လူအများ၏ အာရုံစိုက်မှုအောက်တွင် စစ်ရေးပြပွဲကို ပြီးပြည့်စုံစွာ ပြီးဆုံးသွားခဲ့တော့သည်။
ပွဲပြီး၍ လူစုခွဲချိန်တွင် ကျောင်းသားအများအပြားသည် လမ်းလျှောက်ရင်း နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁)၏ ထူးခြားဆန်းသစ်သော တင်ဆက်မှုပုံစံအကြောင်းကို ဆွေးနွေးနေခဲ့ကြသေး၏။
နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၂)မှ လူများသည် ပွဲပြီးသည်နှင့် တစ်ပြိုင်နက် အလျင်အမြန် ထွက်ပြေးရန် ပြင်ကြသည်။ သို့သော် အတန်းနှစ်တန်း၏ တပ်ဖွဲ့များမှာ နီးကပ်လွန်းနေသဖြင့် တန်းခွဲ(၂)မှ လူများ ထွက်ပြေးချင်သော်လည်း မပြေးနိုင်ခဲ့ချေ။ အထူးသဖြင့် ယခင်က ပါးစပ်သရမ်းခဲ့သူများမှာ တန်းခွဲ(၁)မှ ကျောင်းသားများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရပြီး စီးပွားရေးမေဂျာ၏ အားထားရာ ထောက်တိုင်မှာ တကယ်တမ်း ဘယ်သူဖြစ်သည်ကို အတင်းအကျပ် မေးမြန်း ခံရတော့သည်။ အခြားသော ပါးစပ်သရမ်းခဲ့သည့် အတန်းများလည်း တန်းခွဲ(၁)မှ လူများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရပြီး တကယ်တမ်း ဘယ်သူက အောက်ဆုံးနေရာကို ကြိုမှာထားတာလဲဟု အမေးခံလိုက်ရ၏။
အဓိကအချက်မှာ အတိုးချပြီး လက်စားချေခြင်းပင်။
အတန်းကော်မတီ အနည်းငယ်မှာ အားကစားကွင်း ဘေးတွင် ယိုယုံဟွာ၏ တားဆီးခြင်းကို ခံလိုက်ရပြီး အချိန်တို အစည်းအဝေးတစ်ခု လုပ်ရမည်ဟု ဆိုသည်။
လူတစ်စု စာသင်ခန်းထဲသို့ ပြန်ရောက်လာသောအခါ ကျောင်းသားအများစုမှာ ကန်တင်းသို့ ရောက်နေကြပြီဖြစ်ပြီး စာသင်ခန်းထဲတွင် အခြားသူများ မရှိတော့ပေ။
ယိုယုံဟွာသည် မျက်နှာသုန်မှုန်ကာ ရှိနေသူတိုင်းကို စူးရှအေးစက်သော အကြည့်များဖြင့် တစ်ချက်စီ ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ရှန်မော့အာထံတွင် ရပ်တန့်သွားခဲ့၏။ သူက မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ကာ မေးလိုက်သည်။ "ဘယ်သူပေးတဲ့ အကြံလဲ"
ယွီရှန်နုန်က အရင်ဆုံး စကားစလိုက်၏။ "အားလုံး တိုင်ပင်ပြီး ဆုံးဖြတ်လိုက်တာပါ"
ယိုယုံဟွာက သေချာပေါက် မယုံကြည်ပေ။ သူက ပြောလိုက်သည်။ "တိုင်ပင်ပြီး ဆုံးဖြတ်တယ်ဆိုရင်တောင် ဘာလို့ ငါ့ကို ကြိုပြီး တစ်ခွန်းမှ မပြောရတာလဲ။ တစ်ကျောင်းလုံးက ဆရာတွေ၊ ကျောင်းသားတွေရှေ့မှာ ဒီလို လှည့်ကွက်လေးတွေ လုပ်ပြတာ၊ ဒီနေ့က ခေါင်းဆောင်တွေ အပြစ်မယူလို့ပေါ့။ တကယ်လို့များ အပြစ်ယူခဲ့ရင် ဒီတာဝန်ကို ဘယ်သူယူမှာလဲ"
ယွမ်လန်က မနေနိုင်ဘဲ ပြောလိုက်၏။ "အတန်းပိုင်ဆရာ၊ ကျွန်မတို့က လှည့်ကွက်လေးတွေ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မတို့က ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို ခက်ခက်ခဲခဲ စဉ်းစားထုတ်ခဲ့တာပါ။ ပြီးတော့ ဒီနည်းလမ်းကလည်း တုံ့ပြန်မှု မဆိုးပါဘူး။ ဘယ်လိုပဲပြောပြော ကော်ချီက လက်ခြေမညီဘဲ စင်မြင့်ရှေ့မှာ ပေါ်လာတာထက်တော့ ပိုကောင်းတယ် မဟုတ်လား။ နောက်ပြီး ဒီနည်းလမ်းက ကျွန်မတို့ အတန်းကော်မတီတွေ အားလုံး အတူတူ စဉ်းစားထုတ်ခဲ့တာဆိုတော့ ပြဿနာရှိရင်လည်း ကျွန်မတို့အားလုံး အတူတူ တာဝန်ယူမှာပါ"
ယိုယုံဟွာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "မင်း ပြောတာကတော့ လွယ်လိုက်တာ။ အားလုံး အတူတူ တာဝန်ယူမယ်တဲ့။ တကယ်တမ်း တာဝန်ယူရပြီဆိုရင် မင်းတို့ တာဝန်ယူနိုင်မှာ မို့လို့လား။ ပြီးတော့ တုံ့ပြန်မှု မဆိုးဘူးဆိုတာကို မင်း ဘယ်ကနေ မြင်လိုက်တာလဲ။ ဆရာအတော်များများက စစ်ရေးလေ့ကျင့်မှုဆိုတာ အရမ်းလေးနက်တဲ့ ကိစ္စဖြစ်တယ်။ အရင်က လုပ်ခဲ့တဲ့ နည်းလမ်းတွေအတိုင်းပဲ လုပ်သင့်တယ်။ မင်းတို့ ဒီလိုလုပ်တာက လုံးဝကို မလေးမစား နိုင်လွန်းတယ်လို့ ပြောတာကို ကိုယ်တိုင် ကြားခဲ့ရတယ်"
ခေတ္တရပ်သွားပြီးနောက် သူက ထပ်ပြောပြန်၏။ "ကျောင်းသူယွမ်လန်၊ အတန်းဖော် တစ်ယောက်အနေနဲ့ မင်းက ကော်ချီကို လက်ခြေမညီဘဲ စင်မြင့်ရှေ့မှာ ပေါ်လာတယ်လို့ သုံးနှုန်းတာက အရမ်းကို ရိုင်းပျလွန်းတယ်။ ကော်ချီက ငါ့ကို ပြောပြတယ်။ သူက မင်းတို့ရဲ့ အကြံအစည်ကို မတတ်သာလို့ ပူးပေါင်းပါဝင်ခဲ့ရတာတဲ့။ မင်းတို့ ဒီလိုမျိုး ကော်ချီကို ဖယ်ကြဉ်တာ၊ အနိုင်ကျင့်တာတွေက လုံးဝ မသင့်တော်ပါဘူး"
ရှန်မော့အာက ရုတ်တရက် စကားထပြောလိုက်သည်။ "အတန်းပိုင်ဆရာ၊ ကျွန်မ ထင်တာကတော့ ကော်ချီရဲ့ အရည်အချင်းက အတန်းခေါင်းဆောင် ရာထူးအတွက် မလုံလောက်ပါဘူး။ အတန်းကော်မတီကို ပြန်လည်ရွေးချယ်ဖို့ တောင်းဆိုပါတယ်"
ယိုယုံဟွာမှာ သူ ကြားလိုက်ရသည်ကိုပင် မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ ရှန်မော့အာကို ကြည့်လျက် မေးလိုက်၏။ "မင်း ဘာပြောလိုက်တယ်"
ရှန်မော့အာက လုံးဝ နောက်မဆုတ်ဘဲ သူ့ကို စိုက်ကြည့်ကာ ဖြေလိုက်သည်။ "ဒီအတောအတွင်းမှာ ကော်ချီရဲ့ စွမ်းဆောင်ရည်ကို အားလုံး မြင်တွေ့ပြီးပါပြီ။ သူ့မှာ ဘာထူးခြားတဲ့ ကိုယ်ရေးရာဇဝင်မှ မရှိသလို ထူးချွန်တဲ့ ခေါင်းဆောင်မှုနဲ့ စည်းရုံးရေးစွမ်းရည်တွေကိုလည်း မပြသနိုင်ခဲ့ပါဘူး။ သူက နိုင်ငံရေးစီးပွားရေးဗေဒ တန်းခွဲ(၁) ရဲ့ အတန်းခေါင်းဆောင် လုပ်ဖို့ မသင့်တော်ပါဘူး"
"ပြီးတော့ ဒီအချိန်အတောအတွင်း အတူတူ နေထိုင်လာကြတဲ့အတွက် ကျောင်းသားတွေ အချင်းချင်းလည်း ပိုမို နားလည်လာကြပါပြီ။ အတန်းကော်မတီကို ဒီမိုကရေစီနည်းကျ ရွေးချယ်ဖို့ အခြေအနေတွေလည်း ပြည့်စုံနေပြီမို့ အတန်းကော်မတီ ပြန်လည်ရွေးချယ်ဖို့ အတန်းပိုင် အစည်းအဝေး ခေါ်ယူသင့်ပါတယ်"
ယိုယုံဟွာက ခပ်ပြတ်ပြတ် ရယ်မောလိုက်၏။ "မင်းက အတန်းကော်မတီကို ဒီမိုကရေစီနည်းကျ ရွေးချယ်မယ်လို့ ပြောတယ်။ ဒါဆိုရင် အတန်းခေါင်းဆောင် တစ်ယောက်တည်းကိုပဲ ပြန်ရွေးလို့ မရဘူးလေ။ အတန်းကော်မတီ အားလုံးကို ပြန်ရွေးရမှာပေါ့။ မင်း သူတို့ကို မေးကြည့်လိုက်။ သူတို့ သဘောတူပါ့မလား"
တကယ်တမ်း ဒီမိုကရေစီ မဲပေးစနစ်ဖြင့် ရွေးချယ်မည်ဆိုလျှင် ယခုရှိနေသော အတန်းကော်မတီဝင် အားလုံး ပြန်လည်ရွေးချယ်ခံရမည်ဟု မသေချာပေ။
လူဆိုသည်မှာ ကိုယ်ကျိုးကြည့်တတ်ကြသည်ချည်းသာ ဖြစ်သည်။ ယိုယုံဟွာကတော့ တခြားသူများ ရှန်မော့အာ၏ အဆိုပြုချက်ကို ထောက်ခံမည်ဟု မယုံကြည်ပေ။
သူက တခြားသူများကို ခပ်ဖျော့ဖျော့ ကြည့်ကာ ဆန့်ကျင်သူများ ပေါ်လာမည်ကို စောင့်ဆိုင်းနေခဲ့၏။
ယွမ်လန်က ပထမဆုံး သဘောထား ဖော်ပြလာလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ "ကျွန်မ သဘောတူပါတယ်။ အတန်းကော်မတီဆိုတာ ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ နည်းလမ်းနဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်သင့်တာပေါ့"
ယွီရှန်နုန်က ခဏတော့ တုံ့ဆိုင်းသွားပြီးနောက် ထောက်ခံလိုက်၏။ "ကျွန်တော်လည်း သဘောတူပါတယ်"
တခြားသူများလည်း ခဏလောက် တွန့်ဆုတ်နေပြီးနောက် တဖြည်းဖြည်းချင်း ထောက်ခံကြောင်း ဖော်ပြလာကြသည်။
ဖုန်းမန်နီမှာ နောက်ဆုံးမှ သဘောထား ဖော်ပြသူ ဖြစ်သည်။ အကယ်၍ ပြန်လည်ရွေးချယ်မည်ဆိုလျှင် သူမအနေဖြင့် အရွေးခံရဖို့ များများစားစား မရှိကြောင်း သူမ သိနေခဲ့၏။
သို့သော် ကော်ချီ၏ ကိစ္စကလည်း သူမကို သတိပေးချက်တစ်ခု ဖြစ်စေခဲ့သည်။ မိမိ၏ အရည်အချင်းနှင့် မကိုက်ညီသော နေရာကို ယူထားခြင်းက အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု မသေချာပေ။ တစ်ခါတစ်ရံတွင် မိမိ၏ အားနည်းချက်များကို ပိုမိုမြန်ဆန်စွာ ပေါ်လွင်စေပြီး လူအများအပြားကို မိမိ၏ ဆန့်ကျင်ဘက်၌ ရပ်တည်လာစေနိုင်သည် မဟုတ်ပါလား။
နောက်ဆုံးတွင် သူမလည်း ဖွင့်ပြောလိုက်၏။ "ကျွန်မလည်း သဘောတူတယ်"
ယိုယုံဟွာ၏ အမူအရာမှာ ရှုံ့မဲ့သွားလေတော့သည်။
...