အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အပိုင်း (၁၃၁)
(အမှားပြင်ဆင်ချက် - စီးပွားရေးဘာသာရပ်/ စီးပွားရေးဌာန ကို ဘောဂဗေဒဘာသာရပ်/ ဘောဂဗေဒဌာန လို့ ပြောင်းလဲသွားပါမယ်)
ယိုယုံဟွာသည် မကျေမချမ်း ဖြစ်သွားတော့၏။ သူ၏ မူလရည်ရွယ်ချက်မှာ မိမိသဘောနှင့် မိမိ လုပ်ဆောင်ခဲ့ကြသော ဤအတန်းကော်မတီများကို သတိပေးဆုံးမရန် ဖြစ်သည်။ သို့သော် အကြောင်းအရာက ဘာကြောင့် လမ်းလွဲသွားပြီး မိမိကိုယ်တိုင် ကြားညပ်သွားရသည့် အခြေအနေသို့ ရောက်ရှိသွားမှန်းကိုပင် မသိလိုက်တော့ချေ။
အတန်းကော်မတီ စာရင်းကို သူကိုယ်တိုင် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ဤအတန်းကော်မတီများက ပထမ စာသင်နှစ်ဝက်အတွက် တာဝန်ယူရမည်ဟု ပြောဆိုထားပြီးမှ ရုတ်တရက်ကြီး ပြန်လည်ရွေးချယ်မည်ဆိုလျှင် မနက်အမိန့်ပေးပြီး ညနေ ပြန်ပြောင်းသလို ဖြစ်နေတော့မည်။
ထို့အပြင် ကျောင်းသားများ၏ အတင်းအကျပ် တောင်းဆိုမှုကြောင့် ပြောင်းလဲရခြင်း ဖြစ်နေသေးသည်။
ယိုယုံဟွာသည် ဒေါသထွက်နေရုံသာမက အရှက်လည်း ကွဲနေရ၏။
သို့သော် အကယ်၍ အတန်းကော်မတီဝင် အားလုံးက ပြန်လည်ရွေးချယ်ရန် တောင်းဆိုလာမည်ဆိုလျှင် သူက လျစ်လျူရှုထားလို့ မရတော့ပေ။ သို့မဟုတ်ပါက သည်လူများက စုပေါင်းသပိတ်မှောက်ခြင်း သို့မဟုတ် ဌာနသို့ သွားရောက်တိုင်ကြားခြင်းများ ပြုလုပ်လာပါက သူသည် အလွန်အမင်း အကြပ်ရိုက်ရမည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
ထိုသို့မဖြစ်နိုင်ဟု မဆိုသာပေ။ ဤကျောင်းသားများသည် သူ့ကို အတင်းအကျပ် ပြန်လည်ရွေးချယ်ခိုင်းခြင်းထက် ပိုမို ရိုင်းစိုင်းပြီး လွန်ကျူးသော ကိစ္စများကိုပင် လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။
လွန်ခဲ့သော နှစ်များစွာက ကိုယ်တိုင်မြင်တွေ့ခဲ့၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ထိုကိစ္စများကို တွေးမိလိုက်တိုင်း ယိုယုံဟွာ၏ မျက်လုံးများမှာ တဖြည်းဖြည်း မှောင်မိုက်သွားပြီး သူ၏မျက်လုံးအောက်ခြေတွင် သတိမထားမိနိုင်လောက်အောင် နက်ရှိုင်းသော မုန်းတီးမှုနှင့် ရွံရှာမှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့၏။
သူသည် မျက်နှာသုန်မှုန်ကာ မျက်စိရှေ့က လူများကို စိုက်ကြည့်နေပြီး သူတို့၏ မျက်နှာအမူအရာများကို အကဲခတ်နေခဲ့သည်။ 'လူတိုင်းက စိတ်ပါလက်ပါနဲ့ လုပ်ကြတာတော့ မဟုတ်လောက်ပါဘူး' ဟု စိတ်ထဲတွင် တွေးလိုက်မိ၏။
နောက်ဆုံး ကျောင်းဖွင့်စမှာပင် အတန်းကော်မတီ ဖြစ်လာခြင်းက အနာဂတ် ၄ နှစ်တာ တက္ကသိုလ်ကျောင်းသားဘဝအတွက် ကောင်းမွန်သော အစပြုမှုတစ်ခုကို ရရှိသွားခြင်းနှင့် အတူတူပင် ဖြစ်သည်။
ယေဘုယျအားဖြင့် အတန်းကော်မတီအဖြစ် နှစ်ဝက်ခန့် လုပ်ကိုင်ပြီးနောက် လုပ်ငန်းရပ် အသီးသီးကို ကျွမ်းကျင်လာပြီး ကျောင်းသားများကြားတွင်လည်း အတိုင်းအတာတစ်ခုအထိ ဩဇာတည်ဆောက်ပြီးဖြစ်ကာ ထိုအချိန်ရောက်မှ ပြန်လည်ရွေးချယ်မည်ဆိုလျှင်တောင် ပြန်လည်အရွေးခံရနိုင်ခြေမှာ ၈၀၊ ၉၀ ရာခိုင်နှုန်းခန့် ရှိသည်။
အတန်းကော်မတီ ဖြစ်လာပြီးနောက် ကျောင်းသားသမဂ္ဂသို့ ဝင်ရောက်ခြင်း၊ ဂုဏ်ထူးဆောင်ဆု အမျိုးမျိုးကို ရယူခြင်းစသည့် အခြားသော အခွင့်အရေးများကို ရရှိရန်မှာလည်း ပိုမို လွယ်ကူလာလိမ့်မည်။
ဤကိုယ်ရေးမှတ်တမ်းများအားလုံးသည် အလုပ်ခန့်အပ်ချိန်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အားသာချက်များ ဖြစ်လာပေလိမ့်မည်။
မြို့တော်တက္ကသိုလ်မှ ဘွဲ့ရသူများအတူတူပင် ဖြစ်သော်လည်း ဘွဲ့ရပြီးနောက် ဝန်ကြီးဌာနများသို့ ဝင်ရောက်ခြင်း သို့မဟုတ် အောက်ခြေအစိုးရရုံးများသို့ ဝင်ရောက်ခြင်း၊ သို့မဟုတ် ဇာတိရပ်ရွာသို့ ပြန်သွားရခြင်း စသည်တို့မှာ နောင်တွင် အလွန်ကွာခြားသော ဘဝခရီးလမ်းများ ဖြစ်သွားပေလိမ့်မည်။
ယိုယုံဟွာသည် သည်လူများက လက်ထဲတွင် ရရှိထားပြီးသား အခွင့်အရေးများကို အလဟဿ လက်လွှတ်ခံကြလိမ့်မည်ဟု မယုံကြည်ပေ။
ယခု ခဏတာ စိတ်လိုက်မာန်ပါ လုပ်လိုက်သော်လည်း နောက်ပိုင်းတွင် အရွေးမခံရပါက အလွန်အမင်း နောင်တရကြပေလိမ့်မည်။ ထိုအချိန်ကျလျှင် သည်လူများက ရှန်မော့အာကို ပြန်လည်အပြစ်တင်လာကြလိမ့်မည်။
ရှန်မော့အာနှင့် ပတ်သက်လို့တော့ ယိုယုံဟွာက မျက်လုံးကို မှေးလိုက်သည်။ ရှန်မော့အာ၏ အခြေအနေကို သူ သေချာပေါက် သိရှိထားသည်။ ကျောင်းတွင် မအိပ်သူ၊ နို့တိုက်မိခင်၊ သူမကို တခြားသူများက ရွေးချယ်လိမ့်မည်ဟု သူမက ဒီလောက်တောင် ယုံကြည်ချက်ရှိနေသည်တဲ့လား။
ဒီ 'ကောင်းကင်ဘုံက သားတော်များ' လို့ ခေါ်တဲ့သူတွေဟာ မြို့တော်တက္ကသိုလ်ကို စာမေးပွဲအောင်ပြီး ရောက်လာရုံနဲ့ တစ်ယောက်ချင်းစီ လေထဲပျံနေကြပြီပဲ။ ဒီအချိန်မှာသာ ကြီးကြီးမားမား လဲကျသွားမယ်ဆိုရင် ဒီမာနကြီးတဲ့ မျက်နှာတွေပေါ်မှာ ဘယ်လို အမူအရာတွေ ပေါ်လာမလဲဆိုတာ မသိဘူး။
ဒေါသကို ဖိနှိပ်ထားပြီးနောက် ယိုယုံဟွာ၏ မျက်နှာအမူအရာမှာ ခန့်မှန်းရခက်လာပြီး အတန်ကြာမှ စကားတစ်ခွန်း ပြောလိုက်၏။ "မင်းတို့ သဘောပဲ"
ထို့နောက် မတ်တတ်ရပ်ကာ စာသင်ခန်းထဲမှ ထွက်သွားတော့သည်။
ထားလိုက်ပါတော့။ သူက ကော်ချီဆိုတဲ့ လူအ တယောက်အတွက် အများကြီး ကူညီပေးခဲ့ပြီးပြီပဲ။ အဲဒီလောက်ဆိုရင် အကြောင်းပြချက် ပေးလို့ရပြီ။ အခု သူက ဒီလူတွေ နောက်ဆုံးမှာ ဘယ်လောက်အထိ ပြဿနာရှာကြမလဲဆိုတာကိုပဲ စောင့်ကြည့်ချင်တော့တယ်။
ယိုယုံဟွာ ထွက်သွားသည်ကို မြင်သောအခါ အတန်းကော်မတီ အနည်းငယ်မှာ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်နေကြသည်။ ယွမ်လန်က မနေနိုင်ဘဲ မေးလိုက်၏။ "အတန်းပိုင်ဆရာက ဘာသဘောလဲ၊ ငါတို့ကို ကိုယ့်ဘာသာ ဖြေရှင်းခိုင်းတာလား"
အားကစားတာဝန်ခံ ထန်ဝေ့က ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ "ငါတို့ဘာသာ ပြန်လည်ရွေးချယ်ပွဲ လုပ်ရမှာလား။ ကိုယ့်ကိုယ်ကိုယ် ရာထူးကနေ ပြန်ဖြုတ်ချသလို နည်းနည်း ခံစားရတယ်နော်"
တခြားသူများ ချက်ချင်း ရယ်မောသွားကြ၏။
ရှန်မော့အာက ပြုံးလျက် ပြောလိုက်သည်။ "ငါတို့က အတန်းထဲက ကျောင်းသားတွေအတွက် တစ်ဝက်လောက် အလုပ်အကျွေး ပြုခဲ့ပြီးပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အားသာချက်တော့ ရှိပါတယ်။ ပြီးတော့ အရင်က ငါတို့ ဘာလုပ်ရမယ်ဆိုတာကို ဆရာတွေကပဲ သတ်မှတ်ပေးခဲ့တာလေ။ ဒီတစ်ခါတော့ ကိုယ်ဘာကျွမ်းကျင်လဲဆိုတာကို သေချာစဉ်းစားပြီး ကိုယ့်ရဲ့ အားသာချက်နဲ့ အရည်အချင်းတွေကို ကျောင်းသားတွေရှေ့မှာ ပြသခွင့်ရပြီပေါ့။ ကိုယ်နဲ့ ပိုသင့်တော်တဲ့ နေရာကို ရအောင် ကြိုးစားလို့ရတာပဲ၊ မကောင်းဘူးလား"
သူမ ထိုသို့ ပြောလိုက်သောအခါ လူအတော်များများ၏ မျက်နှာပေါ်တွင် တွေးတောနေဟန်များ ပေါ်လာကြသည်။
ယွမ်လန်က လက်ခုပ်တီးလိုက်ပြီး ယွီရှန်နုန်ကို တိုက်ရိုက်ပင် ပြောလိုက်၏။ "ကျွန်မက တပ်ဖွဲ့ပါတီအတွင်းရေးမှူး လုပ်လာတာ နှစ်တော်တော်ကြာပြီဆိုတော့ အတွင်းရေးမှူး နေရာကိုပဲ ပိုစိတ်ဝင်စားတယ်။ ယွီရှန်နုန်၊ ရှင်နဲ့ ကျွန်မ ပြိုင်ရအောင်"
ယွီရှန်နုန်က ရယ်မောလိုက်ပြီး ပြန်ပြောသည်။ "ရဲဘော်ယွမ်လန်ရဲ့ ယှဉ်ပြိုင်မှုကို ကြိုဆိုပါတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ ကိုယ့်အရည်အချင်းနဲ့ကိုယ် အတန်းထဲက ကျောင်းသားတွေရှေ့မှာ သက်သေပြကြတာပေါ့"
ထန်ဝေ့ကလည်း ချက်ချင်း ပြုံးရွှင်စွာဖြင့် ဝင်ပြောလိုက်၏။ "ကျွန်တော်က တကယ်တော့ အားကစားတာဝန်ခံ မလုပ်ချင်ဘူး။ ခြေလက်တွေပဲ သန်မာပြီး ဦးနှောက်မရှိတဲ့သူနဲ့ တူနေမှာစိုးလို့။ အစ်မယွမ်လန်က ပါတီဌာနခွဲ အတွင်းရေးမှူး လုပ်ချင်တယ်ဆိုရင် ကျွန်တော်က အစ်မရဲ့ စည်းရုံးရေးမှူး နေရာကို ဝင်ပြိုင်ရမလား"
"ကျွန်တော်လည်း စည်းရုံးရေးမှူး နေရာကို စိတ်ဝင်စားတယ်။ ဒီလိုကြည့်ရတာ ယှဉ်ပြိုင်မှုက တော်တော်လေး ပြင်းထန်မှာပဲနော်"
ယွီရှန်နုန်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "နေပါဦး၊ ဒါက ကျွန်တော့်ရဲ့ ပါတီဌာနခွဲ အတွင်းရေးမှူး နေရာကို ယွမ်လန်က လုယူသွားပြီလို့ ထင်နေကြတာလား။ ခင်ဗျားတို့ ကျွန်တော့်ကို အရမ်းအထင်သေးတာပဲ။ ကျွန်တော်က နိုင်ငံရေးအယူအဆ ခိုင်မာပြီး လုပ်ငန်းအတွေ့အကြုံ ကြွယ်ဝတဲ့ တော်လှန်ရေးရဲဘော် တစ်ယောက်ပါဗျ"
အားလုံး ချက်ချင်းပင် ဟားဟားဟား ဟု ရယ်မောလိုက်ကြ၏။
လေထုက ချက်ချင်း တက်ကြွလာခဲ့သည်။ ဖုန်းမန်နီပင်လျှင် လိုက်ပါရယ်မောလာပြီး ဝါဒဖြန့်ချိရေးမှူး နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကျောင်းသားများကို မိမိ၏ အားသာချက်များကို မည်သို့ ရှင်းပြရမည်ကို စိတ်ထဲတွင် တိတ်တဆိတ် စဉ်းစားနေခဲ့၏။
အားလုံး၏ စိတ်ခံစားချက်များမှာ အလျင်အမြန်ပင် နိုးကြားလာခဲ့သည်။
မြို့တော်တက္ကသိုလ်ကို စာမေးပွဲအောင်ပြီး ဝင်လာနိုင်သူများမှာ အခက်အခဲနှင့် ကြုံတွေ့ရုံဖြင့် နောက်ဆုတ်မည့်သူများ မဟုတ်ကြပေ။ အစပိုင်းတွင် အနည်းငယ် မကျေမနပ်ဖြစ်ခဲ့သော်လည်း သေသေချာချာ စဉ်းစားကြည့်သောအခါ အတန်းပိုင်ဆရာက ခန့်အပ်လိုက်သော အတန်းကော်မတီဖြစ်ရသည်က ဘာများ စိတ်ဝင်စားစရာ ကောင်းသနည်း။ မိမိ၏ အရည်အချင်းဖြင့် ကြိုးစားရယူရသည်က ပိုစိတ်ဝင်စားစရာ ကောင်းသည် မဟုတ်ပါလား။
သို့သော် ပြန်လည်ရွေးချယ်ပွဲ မစတင်မီတွင်တော့ သူတို့ လုပ်ရမည့် အလုပ်များကို ဆက်လက်လုပ်ဆောင်ရမည်သာ။
ညနေပိုင်းတွင် အတန်းကော်မတီက ကျောင်းသားအားလုံးကို ဦးဆောင်ကာ နည်းပြဟွမ်ကို နှုတ်ဆက်ပွဲလေး လုပ်ပေးခဲ့သည်။ အတန်းထဲမှ တက်ကြွသော ယောကျ်ားလေး တချို့က နည်းပြဟွမ်၏ ဆက်သွယ်ရန်လိပ်စာကို တောင်းယူခဲ့ပြီး နောက်ပိုင်းတွင် တစ်ခါတစ်ရံ စာပေးစာယူ လုပ်နိုင်ရန် စီစဉ်ခဲ့ကြ၏။
စစ်ရေးလေ့ကျင့်မှု ပြီးဆုံးပြီးနောက် လူတိုင်းသည် အနားယူချိန် လုံးဝမရှိဘဲ တင်းကြပ်သော သင်ယူမှုဘဝသို့ တိုက်ရိုက် ဝင်ရောက်သွားကြတော့သည်။
ယခုနှစ် တက္ကသိုလ်ကျောင်းသားများအတွက် ကျောင်းတက်စဉ်အတွင်း အဓိကတာဝန်မှာ နှစ်ခုသာ ရှိသည်။ တစ်ခုက ခန္ဓာကိုယ်ကျန်းမာရေးကို လေ့ကျင့်ရန်ဖြစ်ပြီး နောက်တစ်ခုက ပညာသင်ကြားရန် ဖြစ်သည်။
ခန္ဓာကိုယ်ကျန်းမာရေးသည် တော်လှန်ရေး၏ အရင်းအနှီးဖြစ်သည်။ ဆိုရှယ်လစ် ခေတ်မီတိုးတက်ရေး တည်ဆောက်မှုတွင် ကိုယ်ရောစိတ်ပါ နှစ်မြှုပ်လိုပါက ကျန်းမာသော ခန္ဓာကိုယ်မရှိဘဲ မဖြစ်နိုင်ပေ။
ကျောင်းမှ စစ်ရေးလေ့ကျင့်မှုများ စီစဉ်ပေးခြင်းမှာ အားလုံးအတွက် အခြေခံအုတ်မြစ်တစ်ခု ချပေးလိုက်ခြင်းပင်။ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးပြီးနောက်တွင်လည်း လူအများကြီးမှာ လျော့ရဲမသွားဘဲ မနက်ခင်း ကျောင်းဝင်းအတွင်း ပြေးလွှားလေ့ကျင့်နေသူများကို မကြာခဏ တွေ့မြင်ရတတ်၏။
ပညာသင်ကြားရေး ကိစ္စကတော့ ပြောစရာပင် မလိုတော့ပေ။
ကိုယ်ပိုင်စာကြည့်ခန်းများမှာ အမြဲတမ်း လူပြည့်ကျပ်နေပြီး အနည်းငယ် နောက်ကျသွားပါက နေရာရှာတွေ့ရန်ပင် ခက်ခဲလှသည်။
ကျောင်းဝင်းအတွင်း လမ်းလျှောက်သွားပါက စာအုပ်ကိုင်ကာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်လေ့လာနေသူများကို နေရာတိုင်းတွင် တွေ့မြင်နိုင်သည်။ ရေသောက်ရန် သွားစဉ် ပခုံးချင်းပွတ်မိသူများပင်လျှင် စကားလုံးများကို ကျက်မှတ်နေကြသည်ကို ကြားရတတ်၏။
နိုင်သံရေးဘောဂဗေဒ တန်းခွဲ(၁)မှ ကျောင်းသားများလည်း ဤလေထုထဲသို့ အလျင်အမြန် ဝင်ရောက်သွားကြသည်။
အခြားသော အတန်းကော်မတီဝင်များက ပြန်လည်ရွေးချယ်ရန် တောင်းဆိုသည်ကို ယိုယုံဟွာ ပြောပြသဖြင့် ကော်ချီ ကြားသိခဲ့ရသည်။ သူ့စိတ်ထဲတွင် အလွန် မကျေမနပ်ဖြစ်ကာ ဒီလူများသည် သူတစ်ပါးကိုလည်း ဒုက္ခပေး၊ မိမိကိုယ်တိုင်လည်း အကျိုးမရှိသော အလုပ်ကို လုပ်နေကြသည်ဟု ထင်မြင်နေခဲ့၏။
သို့သော် ရက်အတော်ကြာသည်အထိ သည်ကိစ္စကို ဘယ်သူကမှ ထပ်မပြောလာသည်ကို တွေ့ရသောအခါ သူတို့အချင်းချင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ကာ ကိစ္စက ပျက်ပြားသွားပြီဟု တိတ်တဆိတ် ခန့်မှန်းလိုက်သည်။
ကော်ချီသည် ရက်ပိုင်းလောက် သိုသိုသိပ်သိပ် နေထိုင်ခဲ့ပြီးနောက် ယိုယုံဟွာ ပြောခဲ့သော ကိစ္စမှာ ထပ်မံဖြစ်ပေါ်လာမည် မဟုတ်ဟု ထင်မြင်ကာ ကိစ္စတစ်ခုခုကို လုပ်ဆောင်ရန် စတင်ကြံစည်လာခဲ့ပြန်၏။
"အခြားအတန်းတွေက နိုင်ငံရေးလေ့လာမှုတွေနဲ့ စုပေါင်းလှုပ်ရှားမှုတွေကို တက်တက်ကြွကြွ စီစဉ်နေကြတယ်လို့ ငါ ကြားတယ်။ ဒီအလုပ်ကို ငါတို့လည်း မြန်မြန် စီစဉ်သင့်တယ်။ ဒု-အတန်းခေါင်းဆောင်၊ နင်နဲ့ စည်းရုံးရေးမှူး တိုင်ပင်ပြီး အစီအစဉ်တစ်ခု ရေးဆွဲပေးပါလား"
အတန်းနားချိန်တွင် ကော်ချီက ရှန်မော့အာ၏ အနီးသို့ လျှောက်သွားကာ သူမ၏ စားပွဲစွန်းကို ခေါက်ရင်း ပြောလိုက်သည်။
စစ်ရေးလေ့ကျင့်မှုအပြီးတွင် အတန်းထဲ၌ နေရာအသစ် ပြန်လည်ချထားခဲ့ပြီး ယွမ်လန်က ရှန်မော့အာ၏ အရှေ့တွင် ထိုင်သည်။
ယွမ်လန်သည် ခေါင်းလှည့်ကာ ကော်ချီကို တစ်ချက် ကြည့်လိုက်ပြီး မေးလိုက်၏။ "ငါတို့က တစ်ပတ်တစ်ခါ သတင်းစာဖတ်ပြီး လေ့လာဖို့ စီစဉ်ထားပြီးသား မဟုတ်လား။ အတန်းတော်များများကလည်း နိုင်ငံရေးလေ့လာဖို့အတွက် ဒီနည်းလမ်းကိုပဲ သုံးနေကြတာလို့ ငါ ကြားတယ်။ ဘာလို့ အစီအစဉ်တွေ ထပ်ဆွဲနေရဦးမှာလဲ"
ယွမ်လန် မပြောလိုက်သောအရာမှာ နိုင်ငံရေးလေ့လာမှုဆိုသည်မှာ ယွီရှန်နုန်၏ တာဝန်သာဖြစ်သည်။ နင်က ယာယီအတန်းခေါင်းဆောင်ပဲ ဖြစ်ပြီး လက်က ဒီလောက် ရှည်နေတာ၊ ယွီရှန်နုန်ရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ရုံသာမက သူ့ကို ဖယ်ထုတ်ဖို့တောင် ကြံစည်နေတာလား ဟူ၍ပင်။
ကော်ချီက ပြောလိုက်သည်။ "အားလုံးက သတင်းစာဖတ်တဲ့ ပုံစံကိုပဲ သုံးနေကြတာဆိုတော့ ဘာဆန်းသစ်မှုမှ မရှိဘူးလေ။ ဒါကြောင့် မင်းတို့ကို ထပ်စဉ်းစားပြီး တခြားသူတွေနဲ့ မတူတာလေး တစ်ခုခု လုပ်ကြည့်ဖို့ ပြောတာ"
ရှန်မော့အာသည် စာအုပ်ထဲမှ ခေါင်းမော့လာခဲ့သည်။ သူမ၏ ကြည်လင်သော မျက်လုံးများတွင် အနှောင့်အယှက်ပေးခံရသဖြင့် သည်းမခံနိုင်သော အရိပ်အယောင် အနည်းငယ် ပါဝင်နေ၏။ "အတန်းခေါင်းဆောင်ကော်မှာ ဘာဖန်တီးမှု အသစ်အဆန်းနဲ့ အကြံဉာဏ်ကောင်းတွေ ရှိလို့လဲ။ အဲဒါဆိုရင် နင် အရင်ဆုံး အစီအစဉ်ကို ရေးချလိုက်ပါ။ နောက်မှ ငါတို့ ပြန်ကြည့်ကြတာပေါ့" စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ပြန်လည်ခေါင်းငုံ့ကာ စာအုပ်ကို ဆက်ဖတ်နေလိုက်သည်။
ယွမ်လန်လည်း နောက်သို့ လှည့်ကာ စာအုပ် ပြန်ဖတ်နေတော့၏။
ကော်ချီသည် တင်းနေအောင် မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "ရှန်မော့အာ၊ နင်က ဒု-အတန်းခေါင်းဆောင် ဖြစ်နေပြီး အတန်းရဲ့ ကိစ္စတွေကို လုံးဝ ဂရုမစိုက်ဘူး။ အတန်းကော်မတီရဲ့ အလုပ်ကိုလည်း မပူးပေါင်းဘူး။ နင် ဒီအတန်းကော်မတီ နေရာမှာ အရမ်းကို တာဝန်ပေါ့လျော့လွန်းတယ်လို့ မထင်ဘူးလား"
ရှန်မော့အာသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
သာ့လျန်မင်းဆက်တွင် ထိုစာပေပညာရှင်များသည် နိုင်ငံတော်စာမေးပွဲကို အောင်မြင်ပြီးသည်နှင့် အစိုးရအရာရှိ အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ကြသည်။ သို့သော် ဤကမ္ဘာရှိ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကတော့ အထက်တန်းပြီးနောက် ဆက်လက်ပညာသင်ကြားရမည် ဖြစ်ပြီး ပိုလို့ပင် ကြိုးစားပမ်းစား သင်ယူရဦးမည်။
လူတိုင်းသည် တင်းမာနေသော လေးကြိုးတစ်ချောင်းကဲ့သို့ အသိပညာများကို စုပ်ယူနိုင်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။ နေ့ဘက်ကို မပြောနှင့်တော့၊ ညဘက်တွင် မီးခွက်ထွန်းကာ စာဖတ်နေသူများ အများအပြား ရှိကြောင်း ကြားသိရသည်။
ရှန်မော့အာသည် ကျောင်းအဆောင်တွင် မနေသော်လည်း ဤတင်းကျပ်သော လေထုကို ရှင်းလင်းစွာ ခံစားသိရှိနေရ၏။
သူမ သင်ယူရန် အသုံးပြုနိုင်သော အချိန်မှာ တခြားသူများထက် နည်းပါးနေပြီးသား ဖြစ်သည်။ ထို့ကြောင့် နေ့ဘက်တွင် အချိန်တိုင်း၊ စက္ကန့်တိုင်းကို အတတ်နိုင်ဆုံး အကျိုးရှိရှိ အသုံးပြုနေရသည်။
သို့သော်လည်း တစ်စုံတစ်ယောက်က သူမ၏ အချိန်များကို လာရောက်ဖြုန်းတီးနေပြီး သူမ၏ အချိန်များကိုလည်း ဖြုန်းတီးပစ်နေသည်။
ရှန်မော့အာသည် လက်ထဲရှိ ဘောပင်ကို ချထားလိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်၏။ "ငါက ဒီဒု-အတန်းခေါင်းဆောင် နေရာမှာ တာဝန်ပေါ့လျော့တယ်လို့ ထင်နေတာလား။ အတန်းရဲ့ ကိစ္စတွေကို ဂရုမစိုက်ဘူး၊ ဒု-အတန်းခေါင်းဆောင် ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ထင်နေတာလား။ ကောင်းပြီလေ၊ ဒါဆိုရင် ပြန်ရွေးကြတာပေါ့။ အတန်းကော်မတီကို ပြန်ရွေးကြမယ်"
ကော်ချီမှာ ကြောင်အမ်းသွားခဲ့သည်။ သူက အလုပ်အစီအစဉ် တစ်ခု ရေးဆွဲခိုင်းရုံသက်သက်လာပြောရာမှ ကိစ္စက အတန်းကော်မတီ ပြန်လည်ရွေးချယ်ခြင်းဘက်သို့ ဘယ်လိုလုပ်ပြီး ရုတ်တရက် ရောက်သွားမှန်း သူ နားမလည်နိုင်အောင် ဖြစ်သွားခဲ့၏။
သူက အတန်းကော်မတီ ပြန်လည်ရွေးချယ်ချင်တာ မဟုတ်ဘူးလေ။
ကော်ချီသည် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရပြီး အလျင်အမြန် လေသံလျှော့ကာ ပြန်လည်ဖုံးကွယ် ပြောဆိုလိုက်သည်။ "ငါက အဲဒီလို သဘောမျိုး ပြောတာ မဟုတ်ပါဘူး။ ငါက နင့်ကို သတိပေးချင်ရုံလေးပါ။ အတန်းကော်မတီ တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ တာဝန်ကို တက်တက်ကြွကြွနဲ့ တာဝန်ယူသင့်ပြီး အတန်းရဲ့ ဂုဏ်သိက္ခာအတွက် ကိုယ့်ရဲ့ အင်အားတစ်စိတ်တစ်ပိုင်းကို ပါဝင်ဖြည့်ဆည်းပေးသင့်တယ်..."
ကော်ချီသည် ခေါင်းကုတ်ဖင်ကုတ်စဉ်းစားကာ စကားလမ်းကြောင်းကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ဆွဲခေါ်ရန် ကြိုးစားနေခဲ့သည်။ သို့သော် ရှန်မော့အာသည် အခြားသူများ၏ အတွေးအခေါ် လမ်းကြောင်းအတိုင်း လိုက်လံတွေးတောမည့်သူမျိုး လုံးဝ မဟုတ်ချေ။ သူမက ပြုံးလိုက်ပြီး ပြောလိုက်၏။ "အဲဒါကလည်း ငါ့ကို တာဝန်မကျေဘူးလို့ စွပ်စွဲနေတာပဲလေ။ ကဲပါ၊ အတန်းကော်မတီကို ပြန်ရွေးကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တခြား အတန်းကော်မတီတွေကလည်း သဘောတူထားပြီးသားပဲ။ အတန်းခေါင်းဆောင်၊ နင်လည်း သေချာပေါက် ထောက်ခံမှာပါနော်"
ရှန်မော့အာသည် ကော်ချီကို ကြည့်ကာ ရိုးသားစွာ ပြောလိုက်သည်။ "အတန်းခေါင်းဆောင်၊ နင်က အတန်းကို အရမ်းဂုဏ်ယူတတ်ပြီး တာဝန်သိစိတ်လည်း ရှိတဲ့သူပဲဆိုတာ ငါ သိပါတယ်။ ပြန်လည်ရွေးချယ်ခြင်းကတစ်ဆင့် ပိုသင့်တော်တဲ့သူတွေကို အတန်းကော်မတီထဲ ဝင်ရောက်လာစေချင်တာကို နင် အရမ်းမျှော်လင့်နေမှာပဲနော်"
ကော်ချီ၏ မျက်နှာမှာ ပိုလို့ပင် ဆိုးရွားသွားတော့သည်။ ဤမိန်းကလေးက သူ့မှာ အရည်အချင်းမရှိသလို အတန်းခေါင်းဆောင် လုပ်ရန် အရည်အချင်းမပြည့်မီဘူးဟု ယိုယုံဟွာကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြောင်း သူ ယိုယုံဟွာထံမှ ကြားသိထားပြီး ဖြစ်၏။
'ပိုသင့်တော်တဲ့သူတွေကို အတန်းကော်မတီထဲ ဝင်ရောက်လာစေချင်တယ်' ဟုတ်လား။ ဒါက သူ အရည်အချင်းမပြည့်မီဘူးဆိုတာကို သွယ်ဝိုက်ပြီး လှောင်ပြောင်နေတာ မဟုတ်ဘူးလား။
သူ ပါးစပ်ဟကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရှန်မော့အာက သူ့ကို လုံးဝ ဂရုမစိုက်တော့ဘဲ တိုက်ရိုက်ပင် ဆရာ့စင်မြင့်ပေါ်သို့ လျှောက်သွားကာ လက်ခုပ်တီးလိုက်ပြီး အားလုံးကို တိတ်တိတ်နေရန် သတိပေးလိုက်သည်။
"ကျောင်းသားတို့၊ အရင်က ငါတို့ အတန်းကော်မတီတွေ အားလုံးကို အတန်းပိုင်ဆရာက တိုက်ရိုက် ခန့်အပ်ခဲ့တာပါ။ ငါတို့က ယာယီ အတန်းကော်မတီတွေ၊ ဒါမှမဟုတ် အကူးအပြောင်းကာလ အတန်းကော်မတီတွေလို့ ပြောလို့ရပါတယ်။ စစ်ရေးလေ့ကျင့်မှု ကာလအတွင်းမှာ ငါတို့ အတန်းကော်မတီ တစ်သုတ်က အလုပ်တာဝန် အသီးသီးကို အတော်လေး အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ခဲ့ပါတယ်။ တာဝန်မပျက်ကွက်ဘဲ ပြီးပြည့်စုံအောင် အဆုံးသတ်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အခု စစ်ရေးလေ့ကျင့်မှု ပြီးသွားပြီဆိုတော့ အားလုံးလည်း အတိုင်းအတာတစ်ခုအထိ နားလည်မှု ရှိနေကြပြီမို့ အတန်းကော်မတီကို ပြန်လည်ရွေးချယ်ဖို့ အချိန်ကောင်းပါပဲ"
ခေတ္တရပ်သွားပြီးနောက် ရှန်မော့အာသည် ကျောင်းသားများ၏ အံ့သြနေသော အကြည့်များကြားတွင် ဖြည်းညင်းစွာ ပြောလိုက်၏။ "ရက်ရွေးနေတာထက် ကြုံတဲ့ရက်က ပိုကောင်းပါတယ်။ ဒီနေ့ပဲ ငါတို့ အတန်းကော်မတီကို ပြန်လည်ရွေးချယ်ကြတာပေါ့"
သူမက နာရီကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒီနေ့ ပါမောက္ခချန်က ကိစ္စရှိလို့ ငါတို့ကို အတန်းဝက်လောက် ကိုယ်ပိုင်စာကြည့်ချိန် ပေးထားတယ်ဆိုတော့ အချိန်မီအောင် မြန်မြန်လုပ်လိုက်ရင် ရလောက်ပါတယ်"
အတန်းထဲတွင် ချက်ချင်းပင် ဆူညံသွားတော့၏။
"ဘာဖြစ်တာလဲ။ ရုတ်တရက်ကြီး ဘာလို့ အတန်းကော်မတီ ပြန်ရွေးတာလဲ" အခြေအနေကို မသိသူများက မေးကြတော့၏။
"အို... အစောကြီးကတည်းက ကြားပြီးသားပါ။ အတန်းကော်မတီတွေ စုပေါင်းတိုင်ပင်ပြီး ဆုံးဖြတ်ထားတာတဲ့။ ဒီမိုကရေစီနည်းကျ ပြန်လည်ရွေးချယ်မယ်လို့ ပြောတယ်" သတင်းကြားထားသူများကတော့ ပြန်ပြောကြသည်။
"မသင့်တော်တဲ့ ဥပမာတစ်ခု ပေးရရင် ဒီအသုတ် အတန်းကော်မတီက သက်တမ်း အရမ်းတိုလွန်းတယ်နော်"
"နင် ပြောတာ တကယ်ကို မသင့်တော်ပါဘူး။ မပြောတာပဲ ကောင်းပါတယ်"
ယွီရှန်နုန်သည် မတ်တတ်ရပ်ကာ ဆရာ့စင်မြင့်အနီးသို့ လျှောက်သွားပြီး ပြောလိုက်၏။ "အတန်းကော်မတီကို ဒီမိုကရေစီနည်းကျ ပြန်လည်ရွေးချယ်ဖို့က ငါတို့ တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာပါ။ ရည်ရွယ်ချက်ကလည်း ရွေးချယ်ခံရတဲ့ အတန်းကော်မတီတွေက တာဝန်ပိုယူနိုင်ပြီး အားလုံးအတွက် ပိုကောင်းကောင်း ဝန်ဆောင်မှု ပေးနိုင်ဖို့ပါပဲ။ အချိန်မရတော့လို့ ငါလည်း အများကြီး မပြောတော့ဘူး။ တိုက်ရိုက်ပဲ စလိုက်ကြတာပေါ့"
သူတို့သည် ရွေးချယ်မည့် လုပ်ငန်းစဉ်များနှင့် အလုပ်တာဝန်ခွဲဝေမှုများကို ကြိုတင်တိုင်ပင်ထားပြီး ဖြစ်သဖြင့် ယွမ်လန်၊ ထန်ဝေ့နှင့် အခြားသူများလည်း အလျင်အမြန်ပင် လှုပ်ရှားလာကြသည်။
ရှန်မော့အာက ရုတ်တရက် ကြေညာလိုက်ခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင်တော့ ဤကိစ္စကို သူတို့ ကြိုတင်ပြင်ဆင်နေခဲ့ကြပြီး ဖြစ်သည်။ သို့သော် မကြာသေးမီက အားလုံးမှာ သင်ယူမှုတွင် အာရုံစိုက်ရန် အခြေအနေကို ချိန်ညှိနေကြရသဖြင့် လောလောဆယ် ခေတ္တဆိုင်းငံ့ထားခဲ့ခြင်းသာ ဖြစ်၏။
သို့သော် ရှန်မော့အာ ပြောသည်မှာ မှန်ပါသည်။ ရက်ရွေးနေတာထက် ကြုံတဲ့ရက်က ပိုကောင်းသည်။
အကြောင်းမှာ ထပ်မရွေးချယ်ပါက ကော်ချီတစ်ယောက် ဘာပြဿနာတွေ ထပ်ရှာလာဦးမလဲဆိုတာ မသိနိုင်တော့သောကြောင့်ပင်။
...
အပိုင်း (၁၃၂)
ကော်ချီသည် ကိစ္စများက သည်လို ဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ သူသည် ထိုနေရာတွင် ရပ်ကာ မိမိကိုယ်တိုင်သာ အတန်းခေါင်းဆောင်ဖြစ်ကြောင်း၊ အတန်းကော်မတီ တိုင်ပင်ဆွေးနွေး ဆုံးဖြတ်သော ကိစ္စများကို သူ၏ သဘောတူညီချက် ရယူသင့်ကြောင်း ပြောဆိုချင်နေခဲ့၏။
သို့သော် ဆရာ့စင်မြင့်ပေါ်တွင် လူတိုင်းကို ကိုယ်တိုင်အမည်စာရင်း တင်သွင်းရန် စတင်ခေါ်ယူနေပြီ ဖြစ်သည်။ ကော်ချီသည် ရှန်မော့အာက အတန်းခေါင်းဆောင် ရာထူးအောက်တွင် သူမ၏ အမည်ကို ရေးထည့်လိုက်သည်ကိုပင် မြင်တွေ့လိုက်ရ၏။
ထင်တဲ့အတိုင်းပဲ၊ ဒီမိန်းမက ငါ အတန်းခေါင်းဆောင် ဖြစ်တာကို မကျေနပ်ဘူး။ အတန်းခေါင်းဆောင် နေရာကို လိုချင်နေတာပဲ။
ကော်ချီသည် တခြားသူများလည်း တက်ကြွစွာ အမည်စာရင်း တင်သွင်းနေကြသည်ကို မြင်တွေ့လိုက်ရသည်။ ယခင်က အတန်းကော်မတီ မဟုတ်သူ အတော်များများလည်း တက်သွားပြီး နာမည်ရေးကြကာ ထိုအထဲမှ နှစ်ယောက်က အတန်းခေါင်းဆောင် နေရာကိုပင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့ကြ၏။
လူအတော်များများက စင်ပေါ်သို့ တက်သွားပြီးနောက် နာမည်အရင် မရေးကြဘဲ မိမိတို့၏ အားသာချက်များကို အရင်ပြောပြကာ မဲဆွယ်ကြသည်။ ဥပမာ - ဝါဒဖြန့်ချိရေးမှူး နေရာကို ဝင်ရောက်ယှဉ်ပြိုင်သော ဖုန်းမန်နီက သူမ ဓာတ်ပုံရိုက်တတ်သည့် အားသာချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အတန်း၏ စုပေါင်းလှုပ်ရှားမှုများ ရှိသည့်အခါတိုင်း အားလုံးအတွက် ဓာတ်ပုံရိုက်ပေးရန် ကင်မရာတစ်လုံး ငှားရမ်းပေးမည်ဟုပင် ပြောဆိုခဲ့ရာ လက်ခုပ်သံများ တသောသော ထွက်ပေါ်လာခဲ့၏။
ကော်ချီသည် ဤသို့လုပ်ခြင်းက အလွန်တန်ဖိုးကျသည်ဟု ထင်မြင်ကာ အမည်စာရင်း မတင်သွင်းချင်တော့ပေ။ သူက အတန်းခေါင်းဆောင် ဖြစ်နေပြီပဲ၊ ဘာကြောင့်များ ပြန်လည်ရွေးချယ်ခံဖို့ နာမည်သွားစာရင်းပေးနေရဦးမှာလဲ... သို့သော် သူ နာမည်စာရင်း မပေးပါက အတန်းခေါင်းဆောင် ဆက်ဖြစ်ရန် အခွင့်အရေး မရှိတော့ဘူး မဟုတ်လား... ဒါပေမဲ့ သူ နာမည်စာရင်း ပေးရင်ရော သူ့ကို မဲပေးမယ့်သူ ရှိပါ့မလား။
ဆရာ့စင်မြင့်ပေါ်တွင် ရှန်မော့အာက အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ "ကိုယ့်ဘာသာ အမည်စာရင်း တင်သွင်းချင်တဲ့သူ ဒါမှမဟုတ် တခြားသူကို အမည်စာရင်း တင်သွင်းပေးချင်တဲ့သူ ရှိသေးလား။ မရှိရင် ကျွန်မတို့ မဲပေးတာ စတော့မယ်"
ကော်ချီသည် ရုတ်တရက် လန့်နိုးသွားသကဲ့သို့ ခြေလှမ်းကျဲကြီးများဖြင့် စင်ပေါ်သို့ ပြေးတက်သွားပြီး အတန်းခေါင်းဆောင် ရာထူးအောက်တွင် သူ့နာမည်ကို ရေးထည့်လိုက်သည်။ ရေးပြီးသည်နှင့် တစ်ပြိုင်နက် မျက်နှာဆိုးကြီးဖြင့် သူ့နေရာသို့ ပြန်အသွား မထိုင်ရသေးခင် ခုံခြေထောက်နှင့် ခလုတ်တိုက်မိပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့၏။
သူ့အခြေအနေမှာ အနည်းငယ် ထူးဆန်းနေသဖြင့် အတန်းထဲရှိ တခြားသူများက သူ့ကို ထူးဆန်းသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။ တချို့ကလည်း ကျောက်သင်ပုန်းကို ကြည့်ကာ တီးတိုးရေရွတ်လိုက်ကြ၏။ "အတန်းခေါင်းဆောင်၊ ကျွတ်... ကော်ချီရဲ့ လက်ရေးက တကယ်ကို အရုပ်ဆိုးတာပဲ။ သူက သာမန်အချိန်တွေမှာ လက်ရေးမကျင့်ဘူးလား မသိဘူး"
ကျောက်သင်ပုန်းပေါ်ရှိ နာမည်များကို အမည်စာရင်း တင်သွင်းသူ ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်သည်။ နာမည်အတော်များများမှာ အလွန်လှပစွာ ရေးသားထားပြီး အထူးသဖြင့် ရှန်မော့အာ၏ လက်ရေးမှာ သီးသန့် လေ့ကျင့်ထားမှန်း သိသာလှသည်။ သာမန်လောက်သာ ရေးထားသူများ ရှိသော်လည်း ယေဘုယျအားဖြင့်တော့ တည့်မတ်ပြီး ရှင်းလင်းပြတ်သားကြသည်။
ကော်ချီ တစ်ယောက်တည်း၏ လက်ရေးသာ အရမ်း စိတ်လှုပ်ရှားနေသောကြောင့်လား သို့မဟုတ် အရမ်းဒေါသထွက်နေသောကြောင့်လား မသိ။ မိမိ၏ နာမည်ကိုပင် ကောက်ကွေ့နေအောင် ရေးထားပြီး တီကောင်များ တွားသွားနေသကဲ့သို့ အလွန်အရုပ်ဆိုးလှ၏။
သို့သော် အားလုံး၏ အာရုံစိုက်မှုမှာ မဲပေးခြင်းဆီသို့ အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။
အတန်းကော်မတီက မဲစာရွက်များကို ဖြတ်ကာ တစ်ယောက်တစ်ရွက်စီ ဝေငှပေးလိုက်ပြီး အားလုံးက နာမည်များကို တစ်ခုချင်းစီ လိုက်လံရေးသားကြသည်။ မိနစ်အနည်းငယ်အတွင်း ဝေငှထားသော မဲစာရွက်များကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ယွီရှန်နုန်က ယခင်က အတန်းကော်မတီလည်း မဟုတ်သလို ဤတစ်ကြိမ် အတန်းကော်မတီ ရွေးချယ်ပွဲတွင်လည်း မပါဝင်သော ကျောင်းသားနှစ်ဦးကို တမင်ရွေးချယ်ကာ မဲရေတွက်ရန် စင်ပေါ်သို့ ခေါ်လိုက်၏။
မဲအရေအတွက်များ အလျင်အမြန် ထွက်ပေါ်လာခဲ့သည်။ ယခင်က အတန်းကော်မတီများဖြစ်သော ယွီရှန်နုန်၊ ဖုန်းမန်နီ၊ ထန်ဝေ့ စသူတို့မှာ မဲအများအပြားဖြင့် ရွေးချယ်ခံရသည်။ ယွမ်လန်က ပါတီဌာနခွဲ အတွင်းရေးမှူး နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အရွေးမခံခဲ့ရပေ။ ၎င်းအပြင် တခြား အတန်းကော်မတီ တစ်ဦးမှာလည်း မဲတစ်မဲအကွာဖြင့် ရှုံးနိမ့်သွားကာ အရွေးမခံခဲ့ရချေ။ ယခင်က အတန်းကော်မတီ မဟုတ်သူ ၃ ဦးကတော့ သည်တစ်ကြိမ်တွင် ရွေးချယ်ခံခဲ့ရ၏။
အားလုံး တိတ်တဆိတ် အစိတ်ဝင်စားဆုံးဖြစ်သော အတန်းခေါင်းဆောင် နေရာတွင်တော့ ရှန်မော့အာက အပြတ်အသတ် မဲအများစုဖြင့် ရွေးချယ်ခံလိုက်ရသည်။
ရှန်မော့အာသည် ကျောင်းတွင် တခြားသူများထက် အချိန်ပိုနည်းသော်လည်း သူမ၏ လုပ်သက်၊ ကိုယ်ရေးမှတ်တမ်းနှင့် အရည်အချင်းကို လူတိုင်းက ရှင်းလင်းစွာ မြင်တွေ့နေရသည်။
အတန်းထဲတွင် ရှန်မော့အာ စက်ရုံမှူးလုပ်ခဲ့သော စက်ရုံမှာ သာမန် ရပ်ကွက်ပိုင်စက်ရုံလေးမျှသာ ဖြစ်သည်ဆိုသော ကောလာဟလများ အမြဲတမ်း ရှိနေခဲ့သော်လည်း အားလုံးက ဉာဏ်ကောင်းသူများ ဖြစ်ကြသည်။ ထိုစက်ရုံ၏ အရွယ်အစားမှာ မည်မျှပင် ဖြစ်ပါစေ၊ အနည်းဆုံးတော့ တကိုယ်ရည် အရည်အချင်းကို ဆက်ဆံပြောဆိုခြင်းဖြင့် သိနိုင်သည် မဟုတ်ပါလား။
ရပ်ကွက်ပိုင်စက်ရုံလေး ဖြစ်နေရင်တောင် အောင်မြင်တဲ့ ရပ်ကွက်ပိုင်စက်ရုံလေး ဖြစ်မှာ သေချာပါတယ်။
လူအတော်များများက စိတ်ထဲတွင် ထိုသို့ပင် တွေးနေကြ၏။
ရှန်မော့အာ၏ မဲအရေအတွက်မှာ အလွန်များပြားလွန်းသဖြင့် သူမနှင့် ယှဉ်ပြိုင်သူ ကျောင်းသားအနည်းငယ်၏ မဲအရေအတွက်မှာ အလွန်သနားစရာကောင်းလောက်အောင် နည်းပါးနေခဲ့သည်။
ကျောင်းသားတစ်ဦးမှာ ၃ မဲ ရရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ အခန်းဖော်များက သူ့ကို ပေးသော မိတ်ဆွေမဲများ ဖြစ်သည်ဟု ဆိုကြ၏။
ကျန်ရှိနေသော ယှဉ်ပြိုင်သူ နှစ်ဦးဖြစ်သည့် ကျန်းကျောင်းကျောင်းနှင့် ကော်ချီတို့မှာမူ တစ်ယောက်လျှင် ၁ မဲစီသာ ရရှိခဲ့ကြသည်။
ဒါက ကိုယ့်ဟာကို မဲပြန်ပေးခဲ့သည်မှာ သိသာနေသည်။
မဲရလဒ် ထွက်လာသည်နှင့် တစ်ပြိုင်နက် ကော်ချီသည် ချက်ချင်း မတ်တတ်ရပ်ကာ ထွက်သွားတော့၏။ သို့သော် ကျန်းကျောင်းကျောင်းကမူ မျက်နှာအနည်းငယ် ပျက်ယွင်းသွားပြီး မျက်လုံးများ မှောင်မိုက်သွားသည်မှလွဲပြီး တခြား ထူးခြားသော တုံ့ပြန်မှု မရှိခဲ့ချေ။
မွန်းလွဲပိုင်းတွင် ရှန်မော့အာသည် အသစ်စက်စက် အတန်းကော်မတီ စာရင်းကို ကိုင်ဆောင်ကာ ရုံးခန်းသို့သွားပြီး ယိုယုံဟွာကို သွားရှာခဲ့သည်။
ယိုယုံဟွာ၏ ရုံးခန်းမှာ ဒုတိယထပ်တွင် ရှိပြီး အလွန်ကျယ်ဝန်းသော အခန်းကြီးတစ်ခု ဖြစ်သည်။ အတွင်းတွင် ဆရာ၊ ဆရာမ ဆယ်ယောက်ကျော်ခန့် ထိုင်နေကြပြီး ရုံးစားပွဲ နှစ်တန်းကို ပူးကပ်ထားကာ လူတစ်ယောက်စီ၏ စားပွဲပေါ်တွင် မှတ်တမ်းဖိုင်များ အထပ်လိုက် ပုံထားကြသည်။ အခန်းပတ်လည်ရှိ နံရံဘေးများတွင်လည်း မှတ်တမ်းများနှင့် တခြားပစ္စည်းများ ပြည့်နှက်နေသဖြင့် အခန်းတစ်ခုလုံးမှာ ကျဉ်းကျပ်ပြီး ရှုပ်ပွနေပုံပေါက်၏။
ရှန်မော့အာ အခန်းထဲသို့ ဝင်သွားသောအခါ နိုင်ငံရေးဘောဂဗေဒဗေဒ တန်းခွဲ(၂)၏ အတန်းပိုင်ဆရာက ယိုယုံဟွာကို အတန်းကော်မတီ ပြန်လည်ရွေးချယ်သည့် ကိစ္စအကြောင်း မေးမြန်းနေသည်ကို တွေ့လိုက်ရသည်။ ယိုယုံဟွာက ပြုံးလျက် ဖြေနေ၏။ "ပါမောက္ခတွေ အားလုံးက ဒီနှစ် ကျောင်းသားတွေက သမိုင်းမှာ မကြုံစဖူး အရမ်းထူးချွန်တဲ့ အသုတ်လို့ ပြောကြတယ် မဟုတ်လား။ အဲဒါဆိုရင် ကိစ္စတော်တော်များများကို သူတို့ဘာသာသူတို့ လုပ်ခိုင်းလိုက်ရင် ရပါတယ်လေ၊ တစ်ခါတလေကျရင် ပိုတောင် အကျိုးရှိနိုင်ပါသေးတယ်"
တန်းခွဲ(၂)အတန်းပိုင်ဆရာက ရယ်မောလိုက်သည်။ "ခင်ဗျား ပြောတာလည်း ဟုတ်တာပဲ။ ကျွန်တော်လည်း နောက်ဆိုရင် ကျွန်တော်တို့အတန်းက ကျောင်းသားတွေကို အတန်းကော်မတီ ပြန်ရွေးချင်သေးလားလို့ သွားမေးကြည့်ရမယ်"
ယိုယုံဟွာက သူ့ကို တစ်ချက် ကြည့်လိုက်သည်။ ဤသူက ရိုးရိုးသားသား ပြောနေခြင်းလား သို့မဟုတ် သတင်းတစ်ခုခု ကြားထားပြီး သူ့ကို တမင်တကာ အနှောင့်အသွားမလွှတ် ပြောနေခြင်းလား ကိုပင် သေချာမသိတော့ပေ။
သို့သော် သူ ဘယ်လိုပြန်တုံ့ပြန်ရမည်ကို မစဉ်းစားရသေးမီမှာပင် ရှန်မော့အာ တံခါးခေါက်ကာ ဝင်လာခဲ့၏။
ယိုယုံဟွာသည် အတန်းကော်မတီ စာရင်းအသစ်ကို မြင်သောအခါ မျက်လုံးများ ပိုမို အေးစက်သွားခဲ့သည်။ သို့သော် မျက်နှာပေါ်တွင်တော့ ဘာအမူအရာမှ မပြသခဲ့ဘဲ ရှန်မော့အာကို နူးညံ့စွာပင် ပြုံးပြလိုက်သေး၏။ "ငါ သိပါပြီ။ အတန်းကော်မတီ အသစ်တွေ အတန်းရဲ့ အလုပ်တွေကို ဆက်ပြီး သေသေချာချာ လုပ်ဆောင်သွားကြပါ။ ဖြေရှင်းလို့ မရတဲ့ ကိစ္စတွေရှိရင် ငါ့ကို အချိန်မီ လာပြောပါ"
ဆရာများ အပြည့်ရှိသော အခန်းထဲတွင် ယိုယုံဟွာသည် အလွန် ဖော်ရွေကာ ပြောဆိုလွယ်သူ တစ်ယောက်ကဲ့သို့ ပြုမူနေခဲ့သည်။
သူသည် စကားပြောပြီးနောက် ပါးလွှာသော စာရွက်လေးကို သိမ်းဆည်းလိုက်ပြီး ခေါင်းလှည့်သွားချိန်တွင် နှုတ်ခမ်းထောင့်များ အလိုအလျောက် အောက်သို့ ကွေးကျသွားခဲ့၏။
သို့သော် ရှန်မော့အာက ထွက်မသွားဘဲ ထိုနေရာတွင် ရပ်ကာ သူ့ကို ကြည့်လျက် မေးလိုက်သည်။ "အတန်းပိုင်ဆရာ၊ ကျွန်မကို ပြည်သူ့လုံခြုံရေးဌာနက ပို့လိုက်တဲ့ ချီးကျူးဂုဏ်ပြုစာလေး ကြည့်ချင်လို့ပါ"
ယိုယုံဟွာမှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သူ သတိမဝင်လာမီမှာပင် တန်းခွဲ(၂)အတန်းပိုင်ဆရာက စူးစမ်းချင်စိတ်ဖြင့် လှမ်းကြည့်လာခဲ့၏။ "အို... မင်းတို့အတန်းက ကျောင်းသားက ချီးကျူးဂုဏ်ပြုစာတောင် ရထားတာလား"
ရှန်မော့အာကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ "ပြည်သူ့လုံခြုံရေးဌာနက ပို့လိုက်တဲ့ ချီးကျူးဂုဏ်ပြုစာဆိုတော့ ဘာတွေလုပ်ခဲ့လို့လဲ။ ကြည့်ရတာ ပိန်ပိန်ပါးပါးလေးနဲ့ အားနွဲ့တဲ့ပုံလေးပဲ။ သူခိုးဖမ်းတာ ကူညီပေးခဲ့တာလား၊ ဒါမှမဟုတ် တခြားအမှုတွေကို စုံစမ်းဖို့ ကူညီပေးခဲ့တာလား။ မဆိုးဘူးပဲ၊ တက္ကသိုလ်ကျောင်းကို ဝင်ဝင်ချင်းမှာပဲ ချီးကျူးဂုဏ်ပြုစာ ရတယ်ဆိုတော့ နောက်ဆိုရင် ထူးချွန်ဆုတွေ ရွေးချယ်တဲ့အခါမှာ မင်းကို သေချာပေါက် ဦးစားပေး စဉ်းစားကြမှာပါ။ ဒါပေမဲ့ ဦးစားပေးရုံသက်သက်ပါပဲ။ မေဂျာဘာသာရပ် ရမှတ်တွေကောင်းအောင်လည်း ကြိုးစားရဦးမယ်နော်"
ရှန်မော့အာသည် စစ်ရေးလေ့ကျင့်မှု ကာလအတွင်း တန်းခွဲ(၂)အတန်းပိုင်ဆရာကို အကြိမ်အနည်းငယ် မြင်ဖူးသဖြင့် သူ့ကို မှတ်မိနေသည်။ သို့သော် မိမိအတန်းမှ ကျောင်းသားများအပေါ် အလွန် တင်းကျပ်သူတစ်ဦးက တကယ်တမ်းတွင် သည်လောက် စပ်စုတတ်သူ ဖြစ်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။
သူ မမြင်ရသော်လည်း ရှန်မော့အာ၏ နေရာမှတော့ ယိုယုံဟွာ၏ မျက်နှာမှာ မည်းမှောင်နေလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း တွေ့မြင်နေရ၏။
ရှန်မော့အာက နှုတ်ခမ်းထောင့်များကို တွန့်ကာ အပြုံးကို ထိန်းထားရင်း ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အတန်းပိုင်ဆရာ၊ သတိပေးတဲ့အတွက်ပါ"
တန်းခွဲ(၂)အတန်းပိုင်ဆရာ : "အို.. ကျေးဇူးတင်စရာ မလိုပါဘူး"
ယိုယုံဟွာဘက်သို့ လှည့်ကာ ပြောလိုက်၏။ "ဒီမှာ... ဒီကျောင်းသူက ချီးကျူးဂုဏ်ပြုစာကို မမြင်ရသေးဘူး မဟုတ်လား။ မြန်မြန် ရှာပေးလိုက်လေ။ ဒီကိစ္စကို ဌာနက သိပြီးပြီလား။ ဌာနမှူးက ဘာလို့ မိတ္တူကူးပြီး ကြေညာသင်ပုန်းမှာ မကပ်ခိုင်းသေးတာလဲ။ ဒီလိုမျိုး ဖြစ်လေ့မရှိပါဘူး။ အဲဒီ အဘိုးကြီးက သူ့ကျောင်းသားတွေ အကျိုးဆောင်မှု လုပ်တာကို မြင်ရတာ အရမ်းသဘောကျတာ။ ကျောင်းသားတွေ အမှတ်ကောင်းတာထက်တောင် ကျောင်းသားတွေ သူရဲကောင်းဆန်တဲ့ အလုပ်တွေ လုပ်တာကို မြင်ရရင် ပိုပျော်နေတတ်တာ"
ယိုယုံဟွာသည် ရှန်မော့အာ၏ ပြုံးရွှင်နေသော မျက်လုံးများနှင့် ဆုံမိသောအခါ တိတ်တဆိတ် လက်သီးများကို ဆုပ်လိုက်မိသည်။ ဆုပ်လိုက်၊ ဖြည်လိုက်နှင့် အကြိမ်အနည်းငယ် လုပ်ပြီးနောက်မှသာ သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်သွားခဲ့၏။ သူ ဘာမှမပြောဘဲ အံဆွဲကို ဆွဲဖွင့်ကာ အထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။
စာကို ကျောင်းအုပ်ချုပ်ရေးရုံးသို့ တိုက်ရိုက် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ကျောင်းအုပ်ချုပ်ရေးရုံးက ဖောက်ကြည့်ပြီး နိုင်ငံရေးဘောဂဗေဒဗေဒ တန်းခွဲ(၁)မှ ကျောင်းသူဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ့ထံသို့ တိုက်ရိုက် လွှဲပြောင်းပေးခဲ့သဖြင့် ဌာနမှ မသိရှိခဲ့ချေ။
အစကတော့ စာကို အံဆွဲထဲမှာပဲ ဖိထားလိုက်ရင် အချိန်ကြာလာတာနဲ့အမျှ ဒီကိစ္စက အလိုလို ပျောက်ကွယ်သွားမှာပဲလေ။
သူက အတန်းထဲမှာ မထင်မရှား ချီးကျူးပေးခဲ့ပြီးပြီဆိုတော့ နောက်ပိုင်း ပြဿနာဖြစ်လာရင်တောင် ရှောင်ထွက်ဖို့ အကြောင်းပြချက် ရှိနေတာပဲ။
ဒီလူက ရုတ်တရက် တောင်းလာလိမ့်မယ်လို့ ဘယ်လိုမှ တွက်မထားမိခဲ့ဘူး။
ဒီစာက ဖုံးကွယ်ထားလို့ မရတော့ဘူး။
စာကို ထုတ်ယူပြီးနောက် တန်းခွဲ(၂)အတန်းပိုင်ဆရာက စူးစမ်းချင်စိတ်ဖြင့် တိုးလာကြည့်သည်။ ရှန်မော့အာကလည်း ဂရုမစိုက်ဘဲ စာအိတ်ကို ဖောက်ကာ မျက်စိတစ်မှိတ်အတွင်း ဖတ်လိုက်၏။
ထင်ထားသည့်အတိုင်း ဤချီးကျူးဂုဏ်ပြုစာထဲတွင် ရဲများက အကြောင်းအရာများကို အလွန်ရှင်းလင်းစွာ ရေးသားထားသည်။ အကြောင်းရင်း၊ အကျိုးဆက်နှင့် လူကုန်ကူးသူများ၏ လက်ထဲတွင် ဖမ်းဆီးခံထားရသော မိန်းကလေးကို ကယ်တင်ရန်အတွက် ရှန်မော့အာ၏ ကြိုးပမ်းအားထုတ်မှုများအားလုံးကို ရှင်းလင်းစွာ ရေးသားထားပြီး ရှန်မော့အာ၏ လုပ်ရပ်များကိုလည်း အမြင့်မားဆုံး ချီးကျူးဂုဏ်ပြုထားလေသည်။
"ကျောင်းသူ.. မင်း ဒီလောက်တောင် တော်တာလား။ ရထားစီးရင်းနဲ့တောင် လူကုန်ကူးသူ ၄ ယောက်ကို ဖမ်းနိုင်ခဲ့တယ်။ မင်း ကယ်လိုက်တဲ့ မိန်းကလေးက မင်းကို တကယ် ကျေးဇူးတင်သင့်တာပဲ။ မဟုတ်ရင် သူရဲ့ ဘဝကြီး တစ်ခုလုံး ပျက်စီးသွားတော့မှာ"
တန်းခွဲ(၂)အတန်းပိုင်ဆရာက ချီးမွမ်းပြောဆိုပြီးနောက် ထပ်ပြောလိုက်၏။ "ဟေ့... ဒီစာက အခုမှ ရတာမလား။ ဌာနမှူးကို ပြလိုက်ပါဦး။ ဌာနမှူးက ဒီစာကို သေချာပေါက် ကူးပြီး ကြေညာသင်ပုန်းမှာ ကပ်ခိုင်းမှာပဲဆိုတာ ငါ့ကို ယုံလိုက်"
ယိုယုံဟွာက မပီမသဖြင့် ပြန်ဖြေလိုက်သည်။ "အင်း၊ ကောင်းပါပြီ"
ရှန်မော့အာသည် စာကို ဖတ်ပြီးနောက် စာအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ စာအိတ်ကို ကိုင်ကာ မရည်ရွယ်ဘဲ ကြည့်သကဲ့သို့ လုပ်ဆောင်ပြီး ပြောလိုက်၏။ "ဒီစာက နှစ်မကူးခင်ကတည်းက ပို့ထားတာပါလား။ အတန်းပိုင်ဆရာ၊ အရင်တုန်းက ဘာလို့ တစ်ခွန်းမှ မပြောခဲ့တာလဲ"
အဖြူအမည်း သဲကွဲသော မျက်လုံးများဖြင့် ယိုယုံဟွာကို တည့်တည့် စိုက်ကြည့်နေခဲ့၏။
တန်းခွဲ(၂)အတန်းပိုင်ဆရာက တစ်ဖန် တိုးကပ်လာပြန်ပြီး သေချာကြည့်လိုက်ရာ အံ့သြစွာဖြင့် ပြောလိုက်သည်။ "တကယ်ပဲနော်၊ ဟေး.... ခင်ဗျားက ဘယ်လိုလုပ်ပြီး..." သူ ဆက်မပြောတော့ပေ။ EQ ဘယ်လောက်နိမ့်နိမ့် ဤအချိန်တွင် စကားကို နမော်နမဲ့ မပြောသင့်ကြောင်း သိနေ၏။
ယိုယုံဟွာ၏ မျက်လုံးများ အနည်းငယ် မှောင်မိုက်သွားပြီး ရှန်မော့အာကို စိုက်ကြည့်နေခဲ့သည်။ အတန်ကြာမှ အတင်းလုပ်ယူထားသော အပြုံးဖြင့် ရှင်းပြလိုက်၏။ "ပစ္စည်းတွေ များနေတော့ မေ့သွားတာပါ"
ရှန်မော့အာက နှုတ်ခမ်းကို တွန့်ကာ စာကို ယိုယုံဟွာထံသို့ ပြန်ပေးလိုက်သည်။ "ကျေးဇူးတင်ပါတယ် အတန်းပိုင်ဆရာ၊ ဒါဆိုရင် ကျွန်မ အရင် ပြန်တော့မယ်"
စာကို ပြန်ယူသွားရန် မလိုအပ်ပေ။ ဤစာသည် ယခု ယိုယုံဟွာ၏ လက်ထဲတွင် ရှိနေသဖြင့် ၎င်းနှင့်ထိုက်တန်သော ဆက်ဆံမှုကို ရရှိပေလိမ့်မည်။
ရှန်မော့အာက ဤချီးကျူးဂုဏ်ပြုစာ ယူဆောင်လာပေးမည့် အကျိုးကျေးဇူးများကို မက်မောနေခြင်းတော့ မဟုတ်ပေ။ သို့သော် ယိုယုံဟွာက ဤစာကို တမင်တကာ ဖိနှိပ်ထားမှန်း သိလျက်နှင့်တော့ သူမက အမြဲတမ်း မျိုသိပ်နေမည် မဟုတ်ချေ။
ဤလောကတွင် တချို့သောသူများ၏ ဆိုးယုတ်မှုမှာ သင့်အပေါ် ရေဆိုးများ လောင်းချခြင်းဖြစ်ပြီး တချို့သောသူများ၏ ဆိုးယုတ်မှုကတော့ သင်က ကြီးမားသော ကြိုးပမ်းအားထုတ်မှုများဖြင့် အောင်မြင်မှုများ ရရှိချိန်တွင် ထိုအောင်မြင်မှုများကို တိတ်တဆိတ် ပျောက်ကွယ်သွားအောင် လုပ်ဆောင်ခြင်း၊ သင့်၏ ကြိုးစားအားထုတ်မှုများကို တခြားသူများ မသိအောင်၊ မမြင်အောင် လုပ်ဆောင်ခြင်းပင် ဖြစ်လေသည်။
...