အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အပိုင်း (၁၃၃)
ဌာနမှ ချီးကျူးဂုဏ်ပြုစာကို အလျင်အမြန် မိတ္တူကူးကာ ကြေညာသင်ပုန်းတွင် ကပ်ထားလိုက်သည်။ အခြားတန်းခွဲများမှ ကျောင်းသားများမှာ ယခုနှစ် ဘောဂဗေဒမေဂျာတွင် သည်လိုထူးချွန်သော ကျောင်းသူတစ်ဦး ဝင်ရောက်လာသည်ကို အံ့သြနေကြသော်လည်း နိုင်ငံရေးဘောဂဗေဒဗေဒ တန်းခွဲ(၁) နှင့် တန်းခွဲ(၂) မှ ကျောင်းသားများမှာမူ အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
အထူးသဖြင့် တန်းခွဲ(၁) မှ ကျောင်းသားများ ဖြစ်သည်။ ယခင်က တန်းခွဲပိုင်အစည်းအဝေးတွင် ယိုယုံဟွာက ရှန်မော့အာ၏ သူရဲကောင်းဆန်သော လုပ်ရပ်အကြောင်းကို ပြောပြခဲ့သော်လည်း ထိုစဉ်က သူပြောခဲ့သည်မှာ ရှန်မော့အာက ရဲများကို အမှုစုံစမ်းရာတွင် ကူညီပေးခဲ့သည်ဟုသာ ဖြစ်သည်။ ယခု ချီးကျူးဂုဏ်ပြုစာကို ဖတ်ကြည့်မှသာ အမှုစုံစမ်းရာတွင် ကူညီပေးခဲ့ခြင်း မဟုတ်ဘဲ လူကုန်ကူးသူများကို ရှန်မော့အာ ကိုယ်တိုင် ဖမ်းဆီးခဲ့သည်ဟု ပြောလျှင်ပင် လွန်မည်မဟုတ်ကြောင်း အားလုံး သိရှိသွားကြတော့၏။
လူကုန်ကူးသူ ၄ ယောက်။
ထိုအထဲမှ မိန်းမ ၂ ယောက်မှာ အပြင်ပန်းတွင် သဘောကောင်းပုံပေါက်ပြီး လှည့်စားနိုင်စွမ်း အလွန်မြင့်မားကာ ယောကျ်ား ၂ ယောက်မှာမူ အရပ်မောင်းကောင်းပြီး ကြမ်းတမ်းခက်ထန်သော လူသန်ကြီးများ ဖြစ်ကြသည်။
လူကုန်ကူးသူများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ ဖော်ပြချက်ကို ကြည့်ရုံဖြင့် ထိုအချိန်က အခြေအနေမှာ မည်မျှ အန္တရာယ်များမည်ကို ခန့်မှန်းနိုင်ပေသည်။
အဓိကအချက်မှာ ရှန်မော့အာက ပိန်ပိန်ပါးပါးလေး ဖြစ်နေခြင်းပင်။
နိုင်ငံရေးဘောဂဗေဒဗေဒ တန်းခွဲ(၁)မှ ကျောင်းသားများသည် ကြေညာသင်ပုန်းရှေ့တွင် ပြည့်ကျပ်နေအောင် စုရုံးနေကြသည်။ လွီကျွင့်ကျဲက အရှေ့ဆုံးမှနေ၍ ချီးကျူးဂုဏ်ပြုစာကို ခံစားချက်အပြည့်ဖြင့် အသံထွက်ဖတ်ပြနေပြီး အခြားသူများကလည်း ရံဖန်ရံခါ အားပေးသံများ၊ ချီးကျူးသံများ ထွက်ပေါ်နေကြ၏။ အချို့သော နောက်ပြောင်တတ်သူများက ရှန်မော့အာ၏ရှေ့သို့ ပြေးသွားကာ လက်အုပ်ချီပြီး ဦးညွှတ်ကာ လေးစားကြောင်း ပြသကြသဖြင့် ရှန်မော့အာမှာ ရယ်ရခက် ငိုရခက် ဖြစ်နေရတော့သည်။
တစ်စုံတစ်ယောက်က ယွီရှန်နုန်ကိုပင် အကြံပေးခဲ့သေးသည်။ နိုင်ငံရေးလေ့လာမှု အကြောင်းအရာများကို ပိုမိုစုံလင်အောင် မလုပ်ချင်ဘူးလား၊ သတင်းစာထဲက စံပြပုဂ္ဂိုလ်တွေကို လေ့လာမယ့်အစား ဘေးနားက စံပြပုဂ္ဂိုလ်ကို လေ့လာတာက ပိုမကောင်းဘူးလား၊ အတော်ပဲ ကြေညာသင်ပုန်းမှာလည်း ချီးကျူးဂုဏ်ပြုစာ ကပ်ထားပြီးပြီဆိုတော့ အားလုံးက ချီးကျူးဂုဏ်ပြုစာကို ကြည့်ပြီး ထူးခြားဆန်းသစ်တဲ့ လက်တွေ့လေ့လာရေးလေး လုပ်ကြတာပေါ့။ ဘေးနားကလူရဲ့ စံပြလုပ်ရပ်တွေကို သုံးပြီး အားလုံးရဲ့ ကြိုးစားအားထုတ်ချင်စိတ်နဲ့ စိတ်ဓာတ်ခွန်အားတွေကို လှုံ့ဆော်ပေးကြတာပေါ့ ဟူ၍။
ထို့နောက် အလွန် ရှေးရိုးစွဲဆန်ပုံပေါက်သော 'ခေါင်းဆောင်ကြီး' ယွီရှန်နုန်က တကယ်ပင် သဘောတူလိုက်လေသည်။
ထို့ကြောင့် ယခုမြင်တွေ့နေရသော မြင်ကွင်း ဖြစ်ပေါ်လာတော့သည်။
အကယ်၍ ကာယကံရှင်မှာ မိမိကိုယ်တိုင် မဟုတ်ပါက ရှန်မော့အာသည်လည်း ဤကဲ့သို့သော လေ့လာရေးပုံစံက အလွန်ဆန်းသစ်ပြီး အသက်ဝင်သည်ဟု ထင်မြင်မိပေလိမ့်မည်။ သို့သော် ကာယကံရှင်မှာ မိမိကိုယ်တိုင် ဖြစ်နေသဖြင့် ရှန်မော့အာသည် ယိုယုံဟွာကို ဖော်ထုတ်ပြီး သူ၏ လက်ထဲမှ ချီးကျူးဂုဏ်ပြုစာကို အတင်းအကျပ် ထုတ်ယူခိုင်းခဲ့မိသည်ကိုပင် အနည်းငယ် နောင်တရလာမိတော့၏။
ရှန်မော့အာသည် လူအုပ်ကြီး၏ အလယ်တွင် ဝိုင်းရံခံထားရပြီး မျက်နှာပေါ်တွင် ဘဝကို စိတ်ပျက်နေသည့် အမူအရာများ ပေါ်လွင်နေခဲ့သည်။
လူအုပ်ကြီး၏ အနောက်ဘက်တွင်တော့ ကျန်းကျောင်းကျောင်းက အနီရောင်စက္ကူဖြင့် ကူးရေးထားသော ချီးကျူးဂုဏ်ပြုစာကို ဖြူလျော့နေသော မျက်နှာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမသည် ဒေါသထွက်ခြင်း၊ ရှက်ရွံ့ခြင်းတို့ဖြင့် တစ်ကိုယ်လုံး မသိမသာ တုန်ယင်နေခဲ့၏။
ရှန်မော့အာအတွက် ဤချီးကျူးဂုဏ်ပြုစာမှာ ဂုဏ်ကျက်သရေ ဖြစ်သော်လည်း သူမအတွက်မူ ထာဝရ မြှုပ်နှံပစ်ချင်သော အရှက်ရဖွယ်ရာ အမည်းစက်တစ်ခုသာ ဖြစ်ပေသည်။
"ကျောင်းကျောင်း၊ နင် ဘာဖြစ်တာလဲ။ မျက်နှာက ဘာလို့ ဒီလောက် ဆိုးရွားနေတာလဲ"
သူမဘေးတွင် ရပ်နေသော အခန်းဖော်က သူမ၏ အခြေအနေ မမှန်သည်ကို သတိထားမိပြီး မနေနိုင်ဘဲ မေးလိုက်သည်။
ကျန်းကျောင်းကျောင်းက လက်သီးကို ဆုပ်လိုက်ပြီး အတင်းလုပ်ယူထားသော အပြုံးဖြင့် ဖြေလိုက်၏။ "မနေ့ညက စောင်ကန်မိလို့ နည်းနည်း အအေးမိသွားတာ"
အခန်းဖော်က ထိုစကားကို ကြားသောအခါ အစည်းအဝေး ပြီးသည်နှင့် အဆောင်သို့ အမြန်ပြန်ပြီး အနားယူရန် ပြောလိုက်သည်။
ဟိုဘက်တွင် လွီကျွင့်ကျဲက ချီးကျူးဂုဏ်ပြုစာကို အဆုံးတိုင် ဖတ်ပြပြီးသွားပြီ ဖြစ်သည်။ ယွီရှန်နုန်က ဦးဆောင်ကာ လက်ခုပ်တီးလိုက်ပြီး သဲသဲမဲမဲ လက်ခုပ်သံများကြားတွင် ဤနိုင်ငံရေးလေ့လာမှု အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာလိုက်ကာ အားလုံးကို အဆောင်သို့ ပြန်ရောက်ပါက တစ်ယောက်လျှင် ခံစားချက်စာစီစာကုံး တစ်စောင်စီ ရေးသား၍ နောက်အပတ် သောကြာနေ့မတိုင်မီ လာရောက်ပေးအပ်ရန် ပြောကြားလိုက်၏။
ရှန်မော့အာ : "......"
သူမသည် ယခုအခါ ပါတီဌာနခွဲ အတွင်းရေးမှူး ယွီရှန်နုန်ကို မဲပေးခဲ့မိသည်ကိုပင် နောင်တရမိတော့သည်။
မျက်စိတစ်မှိတ်အတွင်း ပိတ်ရက်သို့ ရောက်ရှိလာခဲ့သည်။ ရှန်မော့အာနှင့် ဖုမင်ဇယ်တို့မှာ ရှားရှားပါးပါး အားလပ်ချိန် ရရှိကြသဖြင့် မူလက မိသားစုလိုက် ရှောင်လျန်လျန်လေးကို ခေါ်ကာ အပြင်သို့ လမ်းလျှောက်ထွက်ရန် စဉ်းစားထားခဲ့ကြသည်။ သို့သော် ရှန်ရှောက်ယွမ်က စာအုပ်ထုတ်ဝေရေးဌာနဘက်တွင် ကိစ္စရှိသည်ဟု ဆိုလာ၏။
သာမန်အချိန်များတွင် ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ နှစ်ယောက်စလုံး အိမ်တွင် မရှိကြသဖြင့် အရေးမကြီးသော ကိစ္စများကို သူက အမြဲတမ်း ငြင်းပယ်လေ့ရှိသည်။ ယနေ့တော့ သူတို့ လင်မယား နှစ်ယောက်စလုံး အိမ်တွင် ရှိနေပြီး ကလေးကို ကိုယ်တိုင် ထိန်းနိုင်သဖြင့် ရှန်ရှောက်ယွမ်သည် ကျိုးဖျင်အန်းကို ခေါ်ကာ ထွက်သွားတော့၏။
လင်မယားနှစ်ယောက်မှာလည်း ကလေးကို ခေါ်ကာ အပြင်သို့ လမ်းလျှောက်ထွက်ရန်သာ တတ်နိုင်တော့သည်။
ကလေးလေး ပါလာသဖြင့် အဝေးကြီးလည်း သွားမရပေ။ ရှန်မော့အာက ရာသီဥတု တဖြည်းဖြည်း ပူနွေးလာပြီဖြစ်သဖြင့် နွေဦးနှင့် နွေရာသီအတွက် အဝတ်အစားများ ပြင်ဆင်ထားသင့်သည်ဟု တွေးမိသဖြင့် ကလေးကို ခေါ်ကာ ကုန်တိုက်ကြီးများဆီသို့ တိုက်ရိုက် သွားလိုက်ကြ၏။
ရှောင်လျန်လျန်လေးသည် ယခုအခါ မိဘများနှင့် တွေ့ရသည့် အခွင့်အရေး အလွန်နည်းပါးလှသည်။ ရှန်မော့အာနှင့် ဖုမင်ဇယ်တို့မှာ မနက်စောစောထွက်၊ ညမိုးချုပ်မှ ပြန်လာကြသဖြင့် တစ်ခါတစ်ရံ ညဘက် ပြန်ရောက်ချိန်တွင် ကလေးလေးမှာ အိပ်ပျော်နေပြီဖြစ်ပြီး မနက်ဘက် ထွက်သွားချိန်တွင်လည်း ကလေးလေးမှာ မနိုးသေးချေ။
ရှားရှားပါးပါး မိဘများက အပြင်သို့ ခေါ်ဆောင်သွားသဖြင့် အစပိုင်းတွင် ကားလမ်းမများကို လက်ညှိုးထိုးကာ နေ့စဉ် သူမကို ထိန်းကျောင်းပေးနေသော ရှန်ရှောက်ယွမ်ကို နားမလည်နိုင်စွာ လိုက်လံရှာဖွေနေခဲ့သော်လည်း မကြာမီမှာပင် မေ့ပျောက်သွားခဲ့သည်။ လက်သေးသေးလေးများက ဖုမင်ဇယ်၏ အင်္ကျီကို ဆုပ်ကိုင်ကာ တခစ်ခစ် ရယ်မောနေပြီး ရံဖန်ရံခါ ဖုမင်ဇယ်က ချော့မြှူသည့်အခါတိုင်း အလိုအလျောက်ပင် "ဖေဖေ" ဟု ခေါ်တတ်နေပြီ ဖြစ်၏။
ကုန်တိုက်ကြီးသို့ ရောက်သောအခါ ရှန်မော့အာက အထည်အလိပ် ကောင်တာဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ဖုမင်ဇယ်က ကလေးကို ပွေ့ချီကာ လူအုပ်ကို ရှောင်ရှားရင်း အနောက်မှ ဖြည်းဖြည်းချင်း လိုက်လာခဲ့၏။ ရှောင်လျန်လျန်လေးက အမေဖြစ်သူ အဝေးသို့ ရောက်သွားသည်ကို မြင်သောအခါ ချက်ချင်းပင် စိုးရိမ်တကြီးဖြင့် ရှန်မော့အာ၏ ကျောပြင်ကို လက်ညှိုးထိုးကာ အော်ခေါ်လေတော့သည်။ " မေ မေ——"
ဖုမင်ဇယ်က ရင်ခွင်ထဲရှိ ကလေးငယ်ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။ "အင်း.. အမေ့ဆီ သွားကြတာပေါ့"
ခြေနှစ်လှမ်းခန့် လျှောက်သွားပြီးချိန်တွင် ရုတ်တရက် လူတစ်ယောက်က သူ့ကို လှမ်းခေါ်လိုက်သည်။ "ဖုမင်ဇယ်"
ဖုမင်ဇယ်က ခေါင်းလှည့်ကြည့်လိုက်ရာ သူနှင့် မလှမ်းမကမ်းတွင် ဂျုံရောင် သိုးမွေးအင်္ကျီ ဝတ်ဆင်ထားသော ဆံပင်ရှည်ရှည်နှင့် အမျိုးသမီးတစ်ဦးက သူ့ကို အံ့သြစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"တကယ်ပဲ နင်ပဲကိုး၊ ဖုမင်ဇယ်"
အမျိုးသမီးက ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လာပြီး ဖုမင်ဇယ်၏ ရင်ခွင်ထဲတွင် ပွေ့ချီထားသော ကလေးကို မြင်သောအခါ အံ့သြလွန်းသဖြင့် ပါးစပ်ကို ပိတ်လိုက်မိသည်။ "ဒါ... ဒါက နင့်ကလေးလား"
တကယ်တော့ မေးစရာပင် မလိုပေ။ အဖြေက ရှင်းလင်းနေပြီးသား ဖြစ်၏။
အဓိကအချက်မှာ သူ့ရင်ခွင်ထဲက ကလေးမလေးက ဖုမင်ဇယ်နှင့် အရမ်းတူလွန်းနေသည်။ အနည်းငယ် ဝိုင်းစက်နေသော မျက်လုံးတစ်စုံ အနည်းငယ် မတူသည်မှလွဲ၍ မျက်ခုံး၊ နှာခေါင်း၊ ပါးစပ်တို့မှာ ပုံတူကူးထားသကဲ့သို့ တစ်ထပ်တည်း ကျနေလေသည်။
ဖုမင်ဇယ်သည် မျက်စိရှေ့က လူကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ "ကျင်းရှန်းရှန်း"
ကျင်းရှန်းရှန်းက ခေါင်းကို အားရပါးရ ညိတ်ပြလိုက်ပြီး မျက်ဝန်းများတွင် ဝမ်းသာမှုများ ပြည့်နှက်နေခဲ့သည်။ "ငါပဲလေ။ ဖုမင်ဇယ်၊ နင် ငါ့ကို မှတ်မိသေးတယ်ပေါ့။ ဒီလောက်နှစ်တွေ အကြာကြီး မတွေ့ရတာ၊ နင် ပညာတတ်လူငယ် လုပ်ဖို့ သွားတယ်လို့ ကြားတယ်။ နင် ဘယ်တုန်းက ပြန်ရောက်တာလဲ။ ဘယ်လိုလုပ်... ဘယ်လိုလုပ်ပြီး ကလေးတောင် ရနေပြီလဲ"
ကျင်းရှန်းရှန်းနှင့် ဖုမင်ဇယ်တို့မှာ အထက်တန်းကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ကြသည်။ ဖုမင်ဇယ်မှာ ရုပ်ရည်ချောမောပြီး ပညာရေးတွင်လည်း ထူးချွန်ကာ မိသားစု နောက်ခံကလည်း ကောင်းမွန်သဖြင့် အထက်တန်းကျောင်းတွင် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ လက်တွေ့ကျကျ ပြောရလျှင် သူ၏ မိသားစုနောက်ခံဖြင့် အထက်တန်းပြီးပါက အလုပ်သမား၊ တောင်သူလယ်သမား၊ စစ်သည် တက္ကသိုလ်ကျောင်းသား နေရာတစ်ခု ရရှိရန် သို့မဟုတ် အလုပ်တစ်ခု ရရှိရန်မှာ သိပ်မခက်ခဲလှပေ။ သို့သော် မည်သို့ဖြစ်သွားသည်မသိ၊ သူက ကျေးလက်သို့ ဆင်းရန် စာရင်းပေးလိုက်လေသည်။
ဖုမင်ဇယ် ကျေးလက်သို့ ဆင်းသွားကြောင်း ကြားသိရသောအခါ ကျင်းရှန်းရှန်းမှာ အတော်ကြာသည်အထိ ဝမ်းနည်းကြေကွဲနေခဲ့သည်။ သူမသည် ဖုမင်ဇယ်ကို အလွန် လေးစားအားကျခဲ့သူ ဖြစ်သည်။ သို့သော် သူကတော့ ကျောင်းတွင် ရှိစဉ်က ရင်းနှီးသော ယောကျ်ားလေး သူငယ်ချင်း အနည်းငယ်မှလွဲ၍ အခြားသူများကို လုံးဝ ဂရုမစိုက်တတ်ချေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ပြန်လည်ဆုံတွေ့ရချိန်တွင် ကျင်းရှန်းရှန်းမှာ တကယ်တမ်းတော့ သူက "နင် ဘယ်သူလဲ" ဟု မေးလာမည်ကိုပင် စိုးရိမ်နေခဲ့မိသည်။ သူမ၏ နာမည်ကို သူ တိကျစွာ ခေါ်ဆိုလိုက်ချိန်တွင် ကျင်းရှန်းရှန်းမှာ အလွန်အမင်း ဝမ်းသာသွားခဲ့ရ၏။
သို့သော် သူက ကလေးတစ်ယောက် ပွေ့ချီထားလိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။
ဖုမင်ဇယ်၏ စိတ်နေစိတ်ထားမှာ သိပ်မကောင်းလှပေ။ ကျောင်းတွင် ရှိစဉ်က မာနကြီးပြီး သာမန်လူများကို မျက်စိထဲ မထည့်တတ်သော စရိုက်မျိုး ရှိခဲ့ပြီး ဘယ်မိန်းကလေးနှင့်မှ မပတ်သက်ခဲ့ချေ။ ဤကဲ့သို့သော လူမျိုးက ကျေးလက်သို့ ရောက်သွားလျှင်လည်း ဘယ်အမျိုးသမီးရဲဘော်နှင့်မှ ပတ်သက်မှု ရှိလိမ့်မည် မဟုတ်ဟု ကျင်းရှန်းရှန်း ထင်မြင်ခဲ့မိသည်။
ဖုမင်ဇယ် ကလေးပွေ့ချီထားသည်ဆိုသော ကိစ္စက လုံးဝ ဖြစ်နိုင်ခြေမရှိဘူးဟုပင် သူမ ထင်မြင်မိ၏။
ကျင်းရှန်းရှန်းက မေးခွန်းများ ဆက်တိုက် မေးလာသော်လည်း ဖုမင်ဇယ်ကမူ "အင်း.. ဒါက ငါ့ကလေးပဲ။ ငါ ကိစ္စလေး ရှိသေးလို့ အရင်သွားနှင့်မယ်" ဟုသာ အေးစက်စက် ပြန်ဖြေလိုက်သည်။
သူနှင့် ကျင်းရှန်းရှန်းတို့မှာ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ကြသော်လည်း တကယ်တမ်းတော့ သိပ်မရင်းနှီးကြပေ။ သူက တစ်ဖက်လူကို မှတ်မိနေခြင်းမှာ သူမအပေါ် အမှတ်ရစရာ တစ်ခုခု ရှိနေ၍ မဟုတ်ဘဲ သူ၏ မှတ်ဉာဏ်ကောင်းမွန်မှုကြောင့် လူကို မြင်သည်နှင့် ဦးနှောက်က ချက်ချင်း တုံ့ပြန်နိုင်ခဲ့ခြင်းသာ။
ထို့ကြောင့် နှစ်ပေါင်းများစွာ မတွေ့ရဘဲ ရုတ်တရက် ပြန်ဆုံတွေ့ရချိန်တွင် နှုတ်ဆက်ရုံဖြင့် လုံလောက်ပြီဟု ဖုမင်ဇယ် ထင်မြင်မိ၏။
ကျင်းရှန်းရှန်းမှာ ဖုမင်ဇယ်၏ အေးစက်သော ဆက်ဆံမှုကြောင့် အနည်းငယ် စိတ်ထိခိုက်သွားရသည်။
သူ အရင်ကလည်း ဤသို့ပင် ဖြစ်ခဲ့သော်လည်း သည်လောက် နှစ်များစွာ မတွေ့ရသည့်တိုင်အောင် မှတ်ဉာဏ်က အရာအချို့ကို အလှဆင်ပေးတတ်စမြဲ ဖြစ်ရာ ကျင်းရှန်းရှန်းသည် တစ်ခါတစ်ရံ ယခင်က ဖုမင်ဇယ် သူမအပေါ် အတော်လေး ကောင်းမွန်ခဲ့သည်ဟူသော အမြင်မှားမှုမျိုးပင် ရှိခဲ့ဖူးသည်။
ဤအမြင်မှားမှုမှာ ပြန်လည်ဆုံတွေ့ရသည့် ပထမဆုံး အချိန်မှာပင် တစ်ဖက်လူ၏ လက်ဖြင့် ကိုယ်တိုင် ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရတော့၏။
ကျင်းရှန်းရှန်းက မသိစိတ်က အလိုလို ပြန်ပြောလိုက်သည်။ "ငါ.. ငါလည်း ကိစ္စရှိတယ်။ ငါ့အဖေနဲ့ မောင်လေးက ရှေ့မှာ ရောက်နေပြီ။ ငါ သူတို့ကို သွားရှာလိုက်ဦးမယ်"
သူမက ဖုမင်ဇယ်ထက်ပင် ပိုမိုမြန်ဆန်စွာ လျှောက်သွားပြီး လမ်းလျှောက်ရင်း ပြောလိုက်၏။ "ဖုမင်ဇယ်၊ ပြန်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။ သွားတော့မယ်နော်"
စကားပြောပြီးနောက် အခြားတစ်ဖက်သို့ ထွက်ပြေးသကဲ့သို့ ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားတော့သည်။
ဖုမင်ဇယ်သည် အထည်အလိပ် ကောင်တာဆီသို့ လျှောက်သွားလိုက်သည်။ ရင်ခွင်ထဲရှိ ကလေးငယ်လေးက ဝေးကွာသွားသော ကျင်းရှန်းရှန်းကို စူးစမ်းချင်စိတ်ဖြင့် ကြည့်နေပြီး သူမ၏ လက်သေးသေးလေးများက ဖုမင်ဇယ်၏ ပါးပြင်ကို တစ်ချက်ပြီး တစ်ချက် ပုတ်နေကာ ပါးစပ်မှလည်း ဘာတွေပြောနေမှန်း မသိအောင် ပြောနေခဲ့၏။ "အာအာအီအီ ဖေ ဖေ"
ဖုမင်ဇယ်က ရင်ခွင်ထဲရှိ ကလေးငယ်ကို စွေကြည့်လိုက်သောအခါ ဤကလေးလေးက သူ့ကို အပြစ်တင်နေသလိုပင် ထင်ယောင်ထင်မှား ဖြစ်သွားမိသည်။
ကလေးလေး၏ လက်များက သူ့ပါးပြင်ကို အဆက်မပြတ် ပုတ်နေဆဲပင်။ အားသိပ်မပါသဖြင့် မနာကျင်သလို ယားယံခြင်းလည်း မရှိပေ။ အသံပင် မထွက်ခဲ့ချေ။
ဖုမင်ဇယ်က ရုတ်တရက် ပါးစပ်ကို ဟကာ ထို "ပုန်ကန်" နေသော လက်လေးကို ဖွဖွလေး ကိုက်လိုက်သည်။
ကလေးလေး၏ မျက်နှာအမူအရာမှာ ကြောင်အမ်းသွားပြီး လက်က ဘာလို့ လှုပ်မရတော့တာလဲ ဆိုတာကို နားမလည်သည့်ပုံ ပေါက်နေ၏။ ဝိုင်းစက်နက်မှောင်နေသော မျက်လုံးလေးများက ဖခင်ဖြစ်သူကို ကြည့်ကာ ပါးစပ်လေးကို စူပြီး ငိုချင်သလိုလို ဖြစ်လာခဲ့သည်။
ဖုမင်ဇယ်မှာ ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်သွားပြီး သူမကို လွှတ်ပေးလိုက်ကာ ပြောလိုက်၏။ "ဒီလူဆိုးမလေး၊ မင်းအမေလိုပဲ ပါးနပ်တာပဲ"
ရှန်မော့အာကတော့ ဖုမင်ဇယ် နောက်ကွယ်တွင် သူမကို ပါးနပ်သည်ဟု သမီးဖြစ်သူနှင့် အတင်းတုပ်နေသည်ကို မသိခဲ့ပေ။ သူမသည် အထည်အလိပ် ကောင်တာသို့ ရောက်ရှိပြီးနောက် အရောင်းစာရေးကို သက်တောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းသော ချည်ထည်အချို့ ထုတ်ပေးရန် တိုက်ရိုက် ပြောဆိုလိုက်ပြီး အရောင်ရိုးရှင်းသော ပန်းပွင့်ဒီဇိုင်းများကို ရွေးချယ်ကာ ကိုက်အနည်းငယ်စီ ဖြတ်ယူခဲ့သည်။
မြို့တော်၏ ကုန်တိုက်ကြီး ဖြစ်သဖြင့် အထည်အလိပ် အမျိုးအစားများစွာ ရှိလေသည်။ ရှန်မော့အာသည် ထိုအထဲတွင် ဘဲခေါင်းစိမ်းရောင် ပိုးထည်တစ်လိပ်ကို မြင်တွေ့လိုက်ရသဖြင့် မျက်လုံးများ အရောင်လဲ့သွားကာ အရောင်းစာရေးကို အဝတ်အစား နှစ်စုံစာ ချုပ်ရန် ထပ်မံဖြတ်ယူခိုင်းလိုက်ပြန်၏။
ဖုမင်ဇယ်က ရှောင်လျန်လျန်ကို ပွေ့ချီကာ ထိုနေရာသို့ ရောက်လာသောအခါ ရှန်မော့အာသည် အထည်အလိပ် အပုံလိုက်ကို ရွေးချယ်ပြီးနေပြီ ဖြစ်သည်။ ဖုမင်ဇယ်က အလျင်အမြန် ဝင်ပြောလိုက်၏။ "ကို ပိုက်ဆံနဲ့ ကူပွန်တွေ ယူလာတယ်။ ဘောင်းဘီအိတ်ကပ်ထဲမှာ ရှိတယ်"
ရှန်မော့အာက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြန်ပြောသည်။ "ကျွန်မဘာသာ ပိုက်ဆံနဲ့ ကူပွန်တွေ ယူလာပါတယ်"
ဖုမင်ဇယ်မှာ စကားဆွံ့အသွားခဲ့သည်။ ထင်သည့်အတိုင်းပင်။ သူမက အိတ်ကပ်ထဲမှ ငွေနှင့် ကူပွန် အမြောက်အမြားကို ထုတ်ယူလိုက်သည်ကို မြင်တွေ့လိုက်ရ၏။ ဤငွေနှင့် ကူပွန်များက ဘယ်ကလာသည်ကို တွေးမိသောအခါ ဖုမင်ဇယ်၏ မျက်နှာအမူအရာမှာ အတော်လေး ရှုပ်ထွေးသွားတော့သည်။
ကျောင်းဖွင့်ပြီးနောက် တင်းကျပ်သော စစ်ရေးလေ့ကျင့်မှုနှင့် သင်ယူမှုဘဝကြောင့် ဤကိစ္စကို သူ မေ့လုနီးပါးပင် ဖြစ်နေခဲ့သည်။ တစ်ခါတစ်ရံ ပြန်လည်တွေးတောမိသောအခါ ထိုနေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စများမှာ အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့ခြင်း သို့မဟုတ် ထင်ယောင်ထင်မှား ဖြစ်နေခြင်းများလားဟုပင် သံသယဝင်မိတတ်၏။
သို့သော် သူ၏ ဇနီးသည်က ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးနောက်ပိုင်း သူ့ရှေ့တွင် ထပ်မံဖုံးကွယ်ခြင်း မရှိတော့ပေ။ ဤကဲ့သို့သော အသေးစိတ် အချက်အလက်များက ထိုနေ့က သူ မြင်တွေ့ခဲ့၊ ကြားသိခဲ့ရသမျှ အရာအားလုံးမှာ အမှန်တကယ် ဖြစ်ကြောင်းကို သူ့ကို အချိန်တိုင်း နေရာတိုင်းတွင် သတိပေးနေသကဲ့သို့ ရှိနေလေသည်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ဤရက်ပိုင်းအတွင်း ပြေလည်လာခဲ့သော်လည်း ငွေကြေးပြဿနာနှင့် ပတ်သက်၍ ပြောဆိုရတိုင်း အနည်းငယ် အနေရခက်နေဆဲပင်။
အထည်များ ဝယ်ယူပြီးနောက် မိသားစု သုံးယောက်သား အဝတ်အထည် ကောင်တာသို့ ဆက်လက်သွားရောက် ကြည့်ရှုကြသည်။ ရှန်မော့အာက အဝတ်အစား ဝယ်ချင်သောကြောင့် မဟုတ်ဘဲ မြို့တော်၏ ကုန်တိုက်ကြီးထဲတွင် မည်သို့သော ဒီဇိုင်းမျိုးများ ရောင်းချနေသည်ကို ကြည့်ရှုလိုသောကြောင့် ဖြစ်သည်။
သို့သော် အဝတ်အထည် ကောင်တာသို့ ရောက်ရောက်ချင်းမှာပင် အနီးရှိ သားရေဖိနပ် ကောင်တာရှေ့တွင် ရပ်နေသော ကော်ချီကို ရှန်မော့အာ ချက်ချင်း မြင်တွေ့လိုက်ရသည်။ သူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် အတူရပ်နေပြီး သားရေဖိနပ် ဝယ်ယူရန် ပြင်ဆင်နေပုံရ၏။
ရှန်မော့အာသည် ကော်ချီ၏ ဘေးရှိ အမျိုးသားကို မနေနိုင်ဘဲ အကြိမ်အနည်းငယ် လှမ်းကြည့်မိလိုက်သည်။ ထိုသူမှာ ကော်ချီ၏ လူကြီးဖြစ်လောက်သော်လည်း ရှန်မော့အာက ထိုသူကို အနည်းငယ် ရင်းနှီးနေသလို ခံစားရပြီး တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရှိနေ၏။
"ဘာဖြစ်လို့လဲ"
ဖုမင်ဇယ်က သူမ၏ အကြည့်ကို သတိထားမိပြီး ထိုဘက်သို့ လှမ်းကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်သွားပြီး အလျင်အမြန် မှတ်မိသွားခဲ့သည်။ "အဲဒီလူက မင်းတို့တန်းခွဲက ကော်ချီ မဟုတ်လား"
ဖုမင်ဇယ်သည် နိုင်ငံရေးဘောဂဗေဒဗေဒ တန်းခွဲ(၁)မှ လူတိုင်း၏ နာမည်များကို ကောင်းစွာ သိရှိထားပြီး လူအများစု၏ နာမည်ကိုပင် လူနှင့် တွဲဖက်မှတ်မိနေသူ ဖြစ်သည်။
သူက တမင်တကာ မှတ်သားထားခဲ့ခြင်း ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှု ကာလအတွင်းတွင်လည်း သတိထား၍ လေ့လာခဲ့ဖူးသည်။ ထို့ကြောင့် သာမန်အချိန်များတွင် ရှန်မော့အာက သူ့ကို တန်းခွဲထဲမှ မည်သည့်အကြောင်းအရာကို ပြောပြသည်ဖြစ်စေ သူက လူကို အလွယ်တကူ မှတ်မိနိုင်လေသည်။
ရှန်မော့အာက ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။ "သူနဲ့ တွေ့ရတာ သိပ်မထူးဆန်းပါဘူး။ ထူးဆန်းတာက သူ့ဘေးက လူကို ကျွန်မ နည်းနည်း ရင်းနှီးနေသလိုပဲ၊ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"
ဖုမင်ဇယ်က တစ်ချက် လှမ်းကြည့်လိုက်သော်လည်း မည်သည့် ထူးခြားမှုမျှ မတွေ့ရချေ။
ရှန်မော့အာသည်လည်း အကြိမ်အနည်းငယ် ကြည့်ပြီးနောက် ဆက်ဂရုမစိုက်တော့ပေ။ ဘာဖြစ်ဖြစ် ထိုလူက မည်သူပင်ဖြစ်ပါစေ သူမနှင့် ဘာမှမဆိုင်ပေ။
သူမက ကောင်တာအနောက်တွင် ချိတ်ဆွဲထားသော အဝတ်အစားများကို သေချာကြည့်ရှုလိုက်ပြီး အဝတ်အစားများ၏ ယေဘုယျစတိုင်လ်မှာ ပိုမို တောက်ပလာပြီး ဒီဇိုင်းများမှာလည်း လွန်ခဲ့သော နှစ်အနည်းငယ်ကထက် ပိုမို သေသပ်လှပလာကြောင်း တွေ့ရသည်။ သို့သော် ပေါလ် သူမထံသို့ ပို့ပေးလေ့ရှိသော နိုင်ငံခြား ဖက်ရှင်မဂ္ဂဇင်းများထဲမှ အဝတ်အစားများနှင့် နှိုင်းယှဉ်ကြည့်ပါက ကွာဟချက်မှာ အလွန် သိသာထင်ရှားလှ၏။
ပေါလ်က ဟွာကော်သည် ဖက်ရှင်ကန္တာရဖြစ်သည်ဟု မကြာခဏ နောက်ပြောင်လေ့ရှိပြီး လူတိုင်း ဝတ်ဆင်သော အဝတ်အစားများမှာ ဒီဇိုင်းတစ်ခုတည်းဖြစ်ကာ ဘာဖန်တီးမှုမှ မရှိဘူးဟု ဆိုလေ့ရှိသည်။
ရှန်မော့အာကတော့ သူက တရားလွန် ဝေဖန်လွန်းသည်ဟုသာ ထင်မြင်မိသည်။ ဟွာကော်တွင် လူဦးရေ များပြားပြီး ကုန်ထုတ်လုပ်နိုင်စွမ်းကလည်း မမီနိုင်သဖြင့် လူတိုင်းက အဝတ်အစားတစ်စုံ ချုပ်ရန် အထည်အလိပ် အနည်းငယ် ရရှိလျှင်ပင် တော်လှပြီ ဖြစ်ရာ မည်သူက ဖက်ရှင်ကျမကျကို ဂရုစိုက်နေမည်နည်း။
သူမက ပေါလ်ထံသို့ စာပြန်ရာတွင် ဟွာကော်၏ သမိုင်းကြောင်းကို သေသေချာချာ လေ့လာရန်နှင့် ထိုနေရာတွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေရန် ပြောဆိုခဲ့၏။
အဝတ်အစားများကို ကြည့်ရှုပြီးနောက် ရှန်မော့အာက မုန့်ကောင်တာသို့ သွားရန် အကြံပြုလိုက်ပြီး ကြက်ဥကိတ်မုန့် အထုပ်ကြီးတစ်ထုပ်နှင့် ထုပ်ပိုးထားသော ဘီစကွတ်မုန့် အချို့ကို ဝယ်ယူခဲ့သည်။
ဝယ်ယူပြီးနောက် အပြင်သို့ ထွက်လာစဉ် ဖုမင်ဇယ်က ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး "မော့အာ" ဟု ခေါ်လိုက်သည်။ ရှန်မော့အာက ခေါင်းလှည့်ကြည့်လိုက်ရာ သူက မလှမ်းမကမ်းရှိ လူအချို့ကို စဉ်းစားဟန်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ထိုဘက်သို့ ကြည့်လိုက်ရာ စောစောက အဝတ်အထည် ကောင်တာဘက်တွင် မြင်တွေ့ခဲ့ရသော ကော်ချီ ဖြစ်နေသည်။
သူ၏ ဘေးတွင် စောစောက သူမ မြင်တွေ့ခဲ့ရသော လူလတ်ပိုင်းအရွယ် အမျိုးသားအပြင် အုန်းခွံရောင် သိုးမွေးအင်္ကျီ ဝတ်ဆင်ထားသော အမျိုးသမီးငယ် တစ်ဦးလည်း တိုးလာခဲ့သည်။ သုံးယောက်သား လမ်းလျှောက်ရင်း စကားပြောကာ ရယ်မောပျော်ရွှင်နေကြ၏။
ရှန်မော့အာက ဖုမင်ဇယ်ကို အံ့သြစွာ ကြည့်လိုက်သည်။ ကော်ချီ အရှေ့တွင် ရှိနေလျှင်ပင် သူတို့က ရှောင်ကွင်းသွားရန် မလိုဘူးဟု ပြောချင်နေခဲ့သည်။ မည်သို့ပင်ဆိုစေ သူမက ဘာကိစ္စကိုမဆို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သူ ဖြစ်သည် မဟုတ်ပါလား။
သို့သော် ဖုမင်ဇယ်သည် ဝေးကွာသွားသော သူတို့ ၃ ဦး၏ ကျောပြင်ကို စိုက်ကြည့်ကာ မျက်နှာအမူအရာ လေးနက်စွာဖြင့် အတန်ကြာ စဉ်းစားပြီးနောက် ပြောလိုက်၏။ "အဲဒီ မိန်းမက ကို့ရဲ့ အထက်တန်းကျောင်းနေဖက် ကျင်းရှန်းရှန်းပဲ။ ကို ခုနက သူနဲ့ ဆုံခဲ့တယ်"
ရှန်မော့အာက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး သူ ဆက်ပြောမည်ကို စောင့်နေခဲ့သည်။
'ငယ်ကျွမ်းဆွေတွေ ဘာတွေတော့ မဟုတ်လောက်ပါဘူးနော်' ဟု စိတ်ထဲတွင် တွေးလိုက်မိ၏။
ဖုမင်ဇယ်က သူမ၏ စိတ်ထဲမှ ညည်းတွားမှုကို မသိရှိဘဲ ဆက်ပြောသည်။ "ခုနက ဆုံတုန်းက သူက သူ့အဖေ၊ မောင်လေးတို့နဲ့ အတူလာတာလို့ ပြောတယ်"
ဖုမင်ဇယ်သည် ရှန်မော့အာကို ကြည့်ကာ ထပ်မံ ပြောလိုက်၏။ "ကို့သူငယ်ချင်းနာမည်က ကျင်းရှန်းရှန်း။ သူက ကျင်း မျိုးရိုးပဲ"
သူက မျက်မှောင်ကြုတ်လိုက်သည်။ "သူတို့အိမ်က မြို့တော်တက္ကသိုလ်မှာ အလုပ်လုပ်တယ်လို့ မှတ်မိနေတယ်"
ရှန်မော့အာက မျက်မှောင်ကြုတ်လိုက်ပြီး ဖုမင်ဇယ်၏ ဆိုလိုရင်းကို အလျင်အမြန် သဘောပေါက်သွားခဲ့သည်။
သူ၏ သူငယ်ချင်း အမည်မှာ ကျင်းရှန်းရှန်း ဖြစ်ပြီး ကြည့်ရသည်မှာ ကော်ချီက သူမ၏ မောင် ဖြစ်ပုံရသည်။ သို့သော် ပြဿနာမှာ ကော်ချီက ကော် မျိုးရိုး ဖြစ်နေခြင်းပင်။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ဖက်လူ ဘာတွေးနေသည်ကို ချက်ချင်း သိရှိသွားကြ၏။
လျိုယင်းရွှမ်း.. ဟုတ်ပါသည်။ လျိုယင်းရွှမ်းပင်။ သူတို့ စာမေးပွဲအတွက် ပြင်ဆင်နေချိန်နှင့် စာမေးပွဲပြီး၍ ဝင်ခွင့်စာကို စောင့်နေချိန်များတွင် လျိုယင်းရွှမ်းက စာတိုက်သို့ မကြာခဏ သွားကြည့်ရန်၊ မိမိ၏ စာရောက်မရောက် ခဏခဏ သွားမေးရန်၊ စာမရလျှင်ပင် စာပို့သမားကို မိမိ၏ မျက်နှာနှင့် နာမည်ကို ရင်းနှီးအောင် လုပ်ထားရန်၊ သို့မှသာ ဝင်ခွင့်စာ ရောက်လာချိန်တွင် အခြားသူတစ်ယောက်က လိမ်လည်ထုတ်ယူသွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း အကြိမ်ကြိမ်အခါခါ တတွတ်တွတ် ပြောဆိုလေ့ရှိသည်။
ရှန်မော့အာက ထိုအချိန်ကတည်းက သဘောပေါက်ခဲ့သည်။ အနာဂတ်တွင် ဤကဲ့သို့သော ကိစ္စမျိုး အမှန်တကယ် ဖြစ်ပေါ်လာနိုင်သည်။ သို့မဟုတ် ယခုအချိန်တွင်လည်း ဤကဲ့သို့သော ကိစ္စများ ရှိနေပြီး နောက်ပိုင်းမှ ဖော်ထုတ်သိရှိရခြင်း ဖြစ်နိုင်သည်ဟု တွေးမိခဲ့၏။
ဖုမင်ဇယ်လည်း ကြားဖူးခဲ့သည်။ သို့သော် ယခင်က သူသည် လျိုယင်းရွှမ်း ပြောသော စကားများကို သိပ်မယုံကြည်ခဲ့ပေ။
ထိုအချိန်က သူတို့ ဇနီးမောင်နှံနှစ်ဦးလည်း ဤကိစ္စကို ဆွေးနွေးခဲ့ကြဖူးသည်။ ဖုမင်ဇယ်သည် လျိုယင်းရွှမ်း၏ အယူသည့်သော စကားများကို မယုံကြည်သော်လည်း ဤကဲ့သို့သော အခြေအနေမျိုး အမှန်တကယ် ရှိနေနိုင်ကြောင်းကိုမူ ဝန်ခံခဲ့ရသည်။
သူတို့ ဆွေးနွေးခဲ့ကြပြီး ရှန်မော့အာက ခရိုင်သို့ ဝင်ခွင့်စာများ ပို့ဆောင်ရာတွင် တင်းကျပ်သော လုပ်ငန်းစဉ်များ ထားရှိရန် အထူးအကြံပြုခဲ့ဖူးသဖြင့် ဤကိစ္စကို သေချာမှတ်မိနေခဲ့ခြင်း ဖြစ်၏။
ကော်ချီနှင့် ပတ်သက်၍လည်း ရှန်မော့အာက အိမ်တွင် ပြောပြဖူးသည်။ သူ၏ လုပ်သက်မပြည့်မီဘဲ အတန်းပိုင်ဆရာ၏ အတန်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရခြင်း၊ အရည်အချင်း ညံ့ဖျင်းသော်လည်း နေရာတကာတွင် ဆရာလုပ်ချင်ခြင်း၊ အမှတ်ကောင်းကောင်းဖြင့် မြို့တော်တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သော်လည်း တစ်ခါတစ်ရံ စကားပြောရာတွင် ရှေ့နောက်မညီခြင်း အစရှိသည်တို့ ပါဝင်သည်။ အမှန်အတိုင်း ပြောရလျှင် အတန်းကော်မတီကို ပြန်လည်ရွေးချယ်ရန် အတင်းအကျပ် တောင်းဆိုကြခြင်းမှာ အားလုံးက ယိုယုံဟွာကို ဆန့်ကျင်ချင်သောကြောင့် မဟုတ်ဘဲ ကော်ချီက တကယ်ကို မလုပ်နိုင်ကြောင်း အားလုံးက မြင်တွေ့နေရသောကြောင့်သာ။
သူတို့ ထမင်းစားဝိုင်းတွင် စကားစမြည်ပြောဆိုကြစဉ် ရှန်ရှောက်ယွမ်ကပင် "ဒီလူက အတုများလား" ဟု နောက်ပြောင်ပြောဆိုခဲ့ဖူးသေးသည်။
ရှန်ရှောက်ယွမ်သည် သာ့လျန်မင်းဆက်တွင် အလုပ်မလုပ်သော မင်းသားတစ်ပါးမျှသာ ဖြစ်သော်လည်း ရာထူးအမည်ခံတစ်ခု ရှိထားသဖြင့် နန်းတွင်းရေးရာ အချို့ကိုတော့ သိရှိထားသည်။
ကိုယ်စားဝင်ရောက်ဖြေဆိုခြင်း၊ နာမည်ပြောင်းလဲခြင်း ကဲ့သို့သော ကိစ္စများမှာ သာ့လျန်မင်းဆက်ကဲ့သို့သော "ရှေးခေတ်" တွင် ပိုများသေးသည်။ မှတ်ပုံတင် လိမ်လည်ခြင်း၊ စာမေးပွဲ လိမ်လည်ဖြေဆိုခြင်း၊ အမွေဆက်ခံခွင့် လိမ်လည်ခြင်း၊ စစ်တပ်သို့ လိမ်လည်ဝင်ရောက်ခြင်း၊ ကျဆုံးစစ်သည်များ၏ လျော်ကြေးငွေကိုပင် လိမ်လည်ထုတ်ယူခြင်းများ ရှိခဲ့သည်။
အစိုးရက ဤကိစ္စများကို တားဆီးရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း အကျိုးအမြတ်အတွက် လူအချို့က နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြဆဲပင်။
မြို့တော်တက္ကသိုလ်သို့ ဝင်ခွင့်ရသူများမှာ အကောင်းတကာ့ အကောင်းဆုံးသူများ ဖြစ်ကြသည်။ သို့သော် ဤကော်ချီကမူ လုံးဝကို လူအတစ်ယောက်နှင့် တူနေသဖြင့် ရှန်ရှောက်ယွမ်က ဤသို့ ပြောလိုက်ခြင်း ဖြစ်သည်။
ထိုအချိန်က အားလုံးက စကားစမြည်ပြောရုံသက်သက်သာ ဖြစ်ပြီး သိပ်ဂရုမစိုက်ခဲ့ကြပေ။ သို့သော် ယနေ့ ရုတ်တရက် တွေ့ဆုံလိုက်ရသောအခါ ဖုမင်ဇယ်သည် ထူးဆန်းသည်ဟု ခံစားရသည့်အပြင် ယောက္ခထီး ပြောခဲ့သော ထိုစကားကိုပါ ချက်ချင်း သတိရသွားခဲ့၏။
မောင်နှမ နှစ်ယောက် မျိုးရိုးမတူသည်ကို မြင်ရုံဖြင့် မမှန်ဘူးဟု ထင်မြင်မိခြင်း မဟုတ်ပေ။ မသိသာလှသည့် သဲလွန်စများက ဤသံသယနှင့် အတိအကျ ကိုက်ညီနေသကဲ့သို့ ရှိနေပြီး လူကို အလိုအလျောက် ဆက်စပ်တွေးမိသွားစေခြင်းသာ။
ရှန်မော့အာလည်း သံသယဖြစ်မိသည်။ သို့သော် သေချာစဉ်းစားကြည့်လိုက်တော့ သဲလွန်စများ ရှိနေသယောင် ထင်ရသော်လည်း တကယ်တမ်း ခိုင်လုံသော သက်သေအထောက်အထားတော့ မရှိသေးချေ။ ထို့အပြင် "တခြားဖြစ်နိုင်ခြေတွေလည်း ရှိနေတာပဲလေ။ ဥပမာ - သူတို့နှစ်ယောက်ထဲက တစ်ယောက်က အမေ့မျိုးရိုးကို ယူထားတာမျိုးပေါ့"
ဒါဆိုရင်တော့ သူတို့ရဲ့ ကိုယ်ပိုင်ကိစ္စ ဖြစ်သွားပြီလေ။
ဒီကိစ္စက သူတို့ စဉ်းစားနေရုံနဲ့ အဖြေထွက်လာမှာ မဟုတ်ဘူး။
သူတို့နှစ်ယောက်လုံး အများကြီး မတွေးတော့ဘဲ ဒီကိစ္စကို အရင်ဆုံး ဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်ကြ၏။
"ထားလိုက်ပါတော့၊ သကြားလုံး သွားဝယ်ကြရအောင်"
ရှားရှားပါးပါး အားလုံး အလုပ်များမနေသည့် ပိတ်ရက်လေးတစ်ခုတွင် ပစ္စည်းများ ဝယ်ယူပြီး အိမ်ပြန်ကာ နေ့လယ်စာစားမည်။ မွန်းလွဲပိုင်းတွင် ရှန်မော့အာက ရှောင်လျန်လျန်လေးကို ခေါ်ကာ သူမ၏ အဘိုးအဘွားများထံသို့ သွားရောက်လည်ပတ်ရန် ပြင်ဆင်ထားခဲ့သည်။
အရင်ကတော့ ခရီးဝေးလွန်းသဖြင့် မတတ်နိုင်ခဲ့ပေ။ ယခုအခါ အားလုံးက မြို့တော်တွင် ရောက်ရှိနေကြပြီး သာမန်အချိန်များတွင် သူတို့က ခြံဝင်းငယ်လေးတွင် နေထိုင်ကြသည်မှာ ကျောင်းသွားကျောင်းပြန် အဆင်ပြေစေရန်အတွက် ဖြစ်သည်။ ပိတ်ရက်များတွင် အချိန်ရပါလျက်နှင့် လူကြီးများကို သွားရောက်မတွေ့ဆုံပါက တကယ်ကို မသင့်တော်လှပေ။
ယုံနင်လမ်းသွယ်ဘက်မှလည်း သူတို့ကို အမြဲတမ်း သတိရနေခဲ့သည်။ ဖုကျစ်ယွမ်ပင်လျှင် ဤရက်ပိုင်းအတွင်း အလုပ်မှ ပြန်ရောက်တိုင်း မြေးမလေး ဘယ်တော့လာမလဲဟု ရေရွတ်နေတတ်၏။
သားဖြစ်သူက အရွယ်ရောက်နေပြီမလို့ ကြိုက်တဲ့နေရာသွား၊ မမွေးခဲ့ဖူးဘူးလို့ သတ်မှတ်ထားလိုက်လို့ ရပေမယ့် မြေးမလေးကတော့ မရပါဘူး။ မြေးမလေးက လိမ္မာပြီး နူးညံ့တယ်။ ဟိုဘက်က လူကြီးတွေအားလုံး အလုပ်ရှုပ်နေကြတော့ ပုံမှန်အချိန်တွေမှာ သေချာ ဂရုစိုက်နိုင်ရဲ့လား၊ ကောင်းကောင်း စားရရဲ့လား၊ နွေးနွေးထွေးထွေး ဝတ်ရရဲ့လားဆိုတာ မသိရဘူးလေ။
အရင်က မမြင်ဖူးတော့ တော်သေးသည်။ ကလေးကို မြင်ဖူးသွားပြီးနောက်ပိုင်းတွင်တော့ ထိုသေးငယ်သော ကလေးငယ်လေးက ဖုမိသားစု တစ်ခုလုံးကို အမြဲတမ်း စိုးရိမ်ပူပန်နေစေခဲ့သည်။
ထို့ကြောင့် သည်နေ့ မွန်းလွဲပိုင်းတွင် ရှောင်လျန်လျန်လေး အမှတ် (၉) ခြံဝင်းသို့ ရောက်ရှိသွားသောအခါ လမ်းလျှောက်နိုင်လာပြီဖြစ်သော ဘိုးဘိုးကြီး၊ တိတ်တိတ်လေး အတွင်းခံလေး နှစ်စုံ ချုပ်ပေးထားသော ဘွားဘွားကြီး၊ ကုန်တိုက်ကြီးထဲမှ အဝတ်အစားများစွာ ဝယ်ပေးထားသော အဘွား၊ သူမ စားနိုင်မစားနိုင် မသိသော်လည်း မုန့်များစွာ ဝယ်ထားသော အဘိုးနှင့် သူမ လာမည်ဟု ကြားသည်နှင့် ချက်ချင်း အိမ်စာများကို ဘေးဖယ်ထားလိုက်သော ဦးလေးတို့၏ အလွန် နွေးထွေးသော ကြိုဆိုမှုကို ခံရလေတော့၏။
ပိတ်ရက်က တစ်ရက်သာရှိသဖြင့် အလျင်အမြန်ပင် ကုန်ဆုံးသွားခဲ့သည်။
တနင်္လာနေ့တွင် ရှန်မော့အာ ကျောင်းသို့ ပြန်ရောက်သောအခါ အတန်းတက်နေစဉ် တတိယတန်းတွင် ထိုင်နေသော အနည်းငယ် ညှိုးနွမ်းနေသည့် ကော်ချီကို မနေနိုင်ဘဲ သေချာစွာ အကဲခတ်ကြည့်လိုက်မိသည်။
သူသည် အတန်းတက်ချိန်တွင်တော့ အတော်လေး ဂရုစိုက်ပြီး မှတ်စုများကို အမြဲတမ်း ရေးမှတ်နေခဲ့သည်။ သို့သော် ပညာရေးပိုင်းတွင် မည်သို့ရှိသည်ကိုတော့ မသိရပေ။
ရှန်မော့အာက နှစ်ခါလောက် ကြည့်ပြီးနောက် အကြည့်ကို ရုတ်သိမ်းလိုက်သည်။ ဤကဲ့သို့ အခြေအမြစ်မရှိသော ခန့်မှန်းမှုမျိုးကို မိသားစုဝင်များအကြားသာ ပြောဆိုမည်ဖြစ်ပြီး ကျောင်းတွင်တော့ သူမ ထုတ်ပြောမည် မဟုတ်ပေ။
ကော်ချီက စည်းရုံးရေးစွမ်းရည် မရှိလျှင်ပင်၊ အလွန်အမင်း အထင်ကြီးလွန်းနေလျှင်ပင် သည်အကြောင်းအရာများက အကြောင်းမဲ့ ခန့်မှန်းရမည့် အကြောင်းရင်းများ မဟုတ်ပေ။
ဤသို့တွေးရင်း ရှန်မော့အာသည် ထိုကိစ္စကို ချက်ချင်း ဘေးဖယ်ထားလိုက်ပြီး သင်ယူမှုတွင် အာရုံစိုက်ကာ အစွမ်းကုန် ကြိုးစားတော့၏။
၁၁ နှစ်တိုင်တိုင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လစ်လပ်သွားမှုက သည်ကျောင်းသားတစ်သုတ်ကို ခက်ခဲစွာ ရရှိလာသော သင်ယူမှုအခွင့်အရေးကို အလွန်အမင်း တန်ဖိုးထားစေခဲ့သည်။ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးပြီးနောက် လူတိုင်းနီးပါးက အစွမ်းကုန် ကြိုးစားသင်ယူနေကြသဖြင့် ရှန်မော့အာသည်လည်း ဤလေထု၏ လွှမ်းမိုးမှုကြောင့် ပိုပြီး အာရုံစူးစိုက်လာခဲ့သည်။
ကျောင်းဖွင့်စက ဖြစ်ပျက်ခဲ့သော ထိုကိစ္စများမှာ ရေပြင်ပေါ်သို့ ကျသွားသော ရေပေါက်လေး တစ်ပေါက်ကဲ့သို့ လှိုင်းဂယက်လေးများ ထသွားပြီးနောက် အလျင်အမြန်ပင် ပျောက်ကွယ်သွားလေတော့သည်။
...
အပိုင်း (၁၃၄.၁)
သည်နှစ်တွင် ဟွာကော်သည် ခေတ်သစ်တစ်ခုကို ဖန်တီးမည့် ပြုပြင်ပြောင်းလဲမှုများနှင့် အပြောင်းအလဲများကို ဖြတ်သန်းနေသည်။ ဟုတ်ပါသည်။ ၎င်းအထဲတွင် ရှိနေသူများသည် သည်နှစ်၏ အနာဂတ်အပေါ် သက်ရောက်မည့် အဓိပ္ပာယ်ကို မသိရှိကြချေ။ သတင်းစာ၊ မဂ္ဂဇင်းများနှင့် လမ်းမများပေါ်ရှိ အပြောင်းအလဲများမှတစ်ဆင့် မျက်ကွယ်ပြု၍ မရနိုင်သော ပြောင်းလဲမှုအချို့ကိုသာ အရိပ်အမြွက် မြင်တွေ့နေရ၏။
ယခုအချိန်တွင် တက္ကသိုလ်များ၌ ရေပန်းအစားဆုံး ဘာသာရပ်များမှာ စာပေ၊ သမိုင်းနှင့် ဒဿနိကဗေဒတို့ ဖြစ်ကြသည်။ လူတို့သည် လွန်ခဲ့သော ၁၀ နှစ်တာ ကာလကို ပြန်လည်သုံးသပ်ကြချိန်တွင် ရင်တွင်း၌ ဖြစ်ပေါ်နေသော တွေဝေမှုများနှင့် ရှုပ်ထွေးမှုများအတွက် အဖြေကို သမိုင်းနှင့် ဒဿနိကဗေဒတို့မှသာ ရှာဖွေနိုင်ပုံရလေသည်။
ဘောဂဗေဒဌာနသည် "ဘေးဖယ်ခံထားရသော ဘာသာရပ်" အဖြစ် ရှိနေဆဲပင်။
သို့သော် ဘောဂဗေဒဌာနအတွင်း၌ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့် ပတ်သက်သော ဆွေးနွေးမှုများ သို့မဟုတ် ငြင်းခုံမှုများသည် တစ်ကြိမ်တစ်ခါမှ ရပ်တန့်မသွားခဲ့ချေ။
ပထမနှစ် ကျောင်းသားသစ်များသာ ဖြစ်သော်လည်း နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်မှ ကျောင်းသားများသည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပရှိ ဆက်စပ်ဆွေးနွေးမှုများကို အမြဲတစေ အနီးကပ် စောင့်ကြည့်နေကြသည်။ တန်းခွဲ ၂ ခုသည် ဆွေးနွေးရေးအဖွဲ့ ၇ ဖွဲ့ ၈ ဖွဲ့ခန့်ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ အားလုံးက ကျောင်းချိန်ပြင်ပ အားလပ်ချိန်များကို အသုံးပြုကာ နိုင်ငံတော် ရင်ဆိုင်နေရသော စီးပွားရေး ပြဿနာများကို မိမိတို့ဆန္ဒအလျောက် ဆွေးနွေးနေကြ၏။
သို့သော် ရှန်မော့အာကတော့ ဤဆွေးနွေးရေးအဖွဲ့များတွင် မပါဝင်ခဲ့ချေ။ သူမသည် တကယ်ကို အလုပ်များလွန်းလှသည်။ ဆွေးနွေးရေးအဖွဲ့များသည် တစ်ခါတစ်ရံ ညဘက်များတွင်ပင် အစည်းအဝေး လုပ်ရတတ်သည်။ သူမကတော့ ညဘက်ဆိုလျှင် အိမ်ပြန်ရမည်သာ။
ထို့ပြင် သူမလည်း ကြိုတင်သိရှိထားပြီး ဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံတော်သည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကို ကျင့်သုံးသွားလိမ့်မည်။ ကြားထဲတွင် အတက်အကျများနှင့် ငြင်းခုံမှုများ ရှိခဲ့သည်ဆိုသော်လည်း အဓိက လမ်းစဉ်ကတော့ ပြောင်းလဲသွားမည် မဟုတ်ချေ။
၎င်းသည် လူတစ်စုက ပဟေဠိ ဝိုင်းဝှက်နေကြသည်နှင့် တူသည်။ သူမက အဖြေကို သိထားပြီးဖြစ်သဖြင့် သူတို့နှင့်အတူ လိုက်လံခန့်မှန်းနေရခြင်းမှာ အဓိပ္ပာယ်မရှိလှချေ။
ဆွေးနွေးမှုများတွင် ပါဝင်နေမည့်အစား လက်တွေ့ကျသော အလုပ်တစ်ခုခုကို လုပ်ခြင်းက ပိုကောင်းပေလိမ့်မည်။
သည်နေ့ မွန်းလွဲပိုင်းတွင် အတန်း ၁ တန်းသာ ရှိသည်။ အတန်းပြီးဆုံးသွားပြီးနောက် ရှန်မော့အာသည် မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံသို့ ကမန်းကတန်း သွားရောက်ခဲ့၏။
"ကျွန်တော်တို့ဆီမှာ ရှင်းထုတ်ပစ်ရမယ့် အဟောင်းဖြစ်နေတဲ့ အပ်ချုပ်စက် တစ်သုတ် ရှိနေတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါတွေက နိုင်ငံတော်ပိုင် ပစ္စည်းတွေဆိုတော့ ပုဂ္ဂလိက တစ်ဦးတစ်ယောက်ချင်းစီကို တိုက်ရိုက် ရောင်းချပေးလို့ မရဘူးလေ။ မဟုတ်ရင် ကျွန်တော်တို့ စက်ရုံတွင်းက ဝန်ထမ်းတွေကို တိုက်ရိုက် ရောင်းချပေးလိုက်ရင် ပြီးသွားပြီပေါ့။ အဲဒီလိုလုပ်တာက စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီလို့ပါ"
မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံ၏ ထောက်ပံ့ရေး ဌာနမှူးမှာ အရပ်မမြင့်သော ထိပ်ပြောင်ပြောင်နှင့် လူတစ်ဦး ဖြစ်သည်။ စကားပြောဆိုသည့်အခါတိုင်း သူသည် ပဲငံပြာရည်ဖြင့် ပြုတ်ထားသော ဘဲဥကဲ့သို့ ဝိုင်းစက်ပြောင်လက်နေသော သူ၏ခေါင်းကို မသိမသာ ပွတ်သပ်လေ့ရှိသည်။ ရယ်မောလိုက်သည့်အခါ မျက်နှာတွင် ဖော်ရွေမှုများ အပြည့်ရှိနေတတ်သော်လည်း သူပြောဆိုသော စကားများကတော့ အလွန်ပင် ပွင့်လင်းလွန်းလှ၏။
ရှန်မော့အာသည် ကွမ်ကျိုးကုန်စည်ပြပွဲတွင် သိကျွမ်းခဲ့သော မြို့တော် အမှတ်(၁) ချည်မျှင်နှင့်အထည်စက်ရုံမှ မိတ်ဆွေတစ်ဦး၏ အချိတ်အဆက်ဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူမသည် ယခင်က နိုင်ငံပိုင်စက်ရုံ၏ စက်ရုံမှူး ဖြစ်ခဲ့သည်။ ညီနောင်အဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် တခြားသူများက သူမကို အတိုင်းအတာတစ်ခုအထိ လေးစားမှု ပေးခဲ့ကြသည်။ ယခုအခါတွင်တော့ သူမသည် သာမန် တက္ကသိုလ်ကျောင်းသူလေး တစ်ဦးသာ ဖြစ်နေလေပြီ။ မြို့တော်တက္ကသိုလ်မှ ကျောင်းသူတစ်ဦး ဖြစ်နေလျှင်တောင်မှ ဤအတွေ့အကြုံရင့် ကျွမ်းကျင်သူများ၏ မျက်လုံးထဲတွင်တော့ "ကျောင်းသူပေါက်စလေး" တစ်ဦးသာ ဖြစ်နေဆဲပင်။
အကယ်၍သာ အချိတ်အဆက် ပြုလုပ်ပေးမည့်သူ မရှိခဲ့ပါက ဌာနမှူးချန်၏ မျက်နှာကိုပင် မြင်တွေ့ခွင့်ရမည် မဟုတ်ချေ။
ရှန်မော့အာက ပြုံးလျက် ပြောလိုက်သည်။ "ကျွန်မက တစ်ကိုယ်ရည် သုံးဖို့ ဝယ်တာ မဟုတ်ပါဘူး။ ကျွန်မတို့က နန်ပြည်နယ် ကျန်းပေခရိုင် လျိုချောင်တပ်ဖွဲ့က တပ်ဖွဲ့ပိုင် လုပ်ငန်းတစ်ခုပါ။ အစိုးရအချင်းချင်း ဆက်သွယ်တာဖြစ်လို့ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အပြည့်အဝ ကိုက်ညီမှု ရှိပါတယ်။ ဒါ့အပြင် အမှတ်(၅) အထည်ချုပ်စက်ရုံက ဖယ်ရှားလိုက်တဲ့ အပ်ချုပ်စက်တွေကို ကျွန်မတို့ဆီ ရောင်းချပေးတာက အောက်ခြေအဆင့် ဝင်ငွေရှာဖွေရေးကို ကူညီထောက်ပံ့ပေးတာလို့လည်း မှတ်ယူလို့ ရပါတယ်။ ကျွန်မတို့ ပြန်ရောက်သွားရင် ရှင့်စက်ရုံကို ကျေးဇူးတင်လွှာ တစ်စောင် ရေးပေးပါ့မယ်။ ရှင့်စက်ရုံက သက်ဆိုင်ရာ လုပ်ငန်းအကျဉ်းချုပ် ရေးဆွဲတဲ့အခါမှာ ဒီကိစ္စကို အပြည့်အဝ ထည့်သွင်းဖော်ပြလို့ ရပါတယ်"
ရှန်မော့အာသည် စကားပြောရင်း မိတ်ဆက်စာနှင့် ဆက်စပ် စာရွက်စာတမ်းများကို ကမ်းပေးလိုက်၏။
၎င်းတို့ကို ကျန်းပေခရိုင်မှ မထွက်ခွာမီက ကျန်းကျိန့်ရှန်ထံ သွားရောက်ကာ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်၏ မူဝါဒသည် တပ်ဖွဲ့ပိုင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲတစေ အားပေးအားမြှောက် ပြုလျက်ရှိသည်။ ဤအချိန်အခါတွင် တပ်ဖွဲ့ပိုင် လုပ်ငန်းတစ်ခု တည်ထောင်ရန် လုပ်ငန်းစဉ်များမှာလည်း မရှုပ်ထွေးလှချေ။ ဘာတစ်ခုမှ မရှိဘဲနှင့် တပ်ဖွဲ့ပိုင် လုပ်ငန်းတစ်ခု တည်ထောင်မည်ဆိုခြင်းမှာ ကြားရသည်မှာ အနည်းငယ် ယုတ္တိမတန်သလို ဖြစ်နေသည်။ သို့သော် ကျန်းကျိန့်ရှန်သည် ရှန်မော့အာအပေါ် ဘာကြောင့်မှန်းမသိဘဲ ယုံကြည်မှု အပြည့်ရှိနေခဲ့သည်။ ဖိအားများကို ရင်ဆိုင်ကာ သူမအတွက် လုပ်ဆောင်ပေးခဲ့ခြင်းပင်။
ထောက်ပံ့ရေး ဌာနမှူးသည် စာရွက်စာတမ်းများကို ယူကြည့်လိုက်ရာ တပ်ဖွဲ့ပိုင် လုပ်ငန်း၏ စာရွက်စာတမ်းများ အမှန်တကယ်ပင် ဖြစ်နေသည်။ အမည်မှာ ဟွာချိုက် အထည်ချုပ် ဟု ဖြစ်၏။
လူကိုလည်း စက်ရုံခေါင်းဆောင်များက မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။ လုပ်ငန်းစဉ်များကလည်း ပြည့်စုံနေ၏။ ထို့ကြောင့် ဤမျက်နှာကိုတော့ မထောက်ထား၍ မရနိုင်တော့ချေ။
တောင်းဆိုသော အပ်ချုပ်စက် အရေအတွက်မှာလည်း မများပြားလှချေ။ ထောက်ပံ့ရေး ဌာနမှူးက ခဏစဉ်းစားလိုက်ပြီး ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ဒီလိုဆိုမှတော့လည်း ရပါတယ်လေ။ မင်းတို့တွေ တော်တော် သတင်းစုံတာပဲ။ ပစ္စည်းဝယ်တာတောင် မြို့တော်အထိ ရောက်လာကြတယ်"
ရှန်မော့အာ ပြောလိုက်သော စကားတစ်ခွန်းက မမှားယွင်းချေ။ သူတို့ ထောက်ပံ့ရေးဌာန၏ အလုပ်သည် ထင်ပေါ်ကျော်ကြားရန် အလွန်ခက်ခဲလှသည်။ ဖယ်ရှားလိုက်သော အပ်ချုပ်စက်များကို ရှင်းလင်းရခြင်းမှာ အလုပ်သဘောအရ ပြောပလောက်စရာ ဘာတစ်ခုမှ မရှိပေ။ သို့သော် အောက်ခြေအဆင့်ကို ကူညီထောက်ပံ့ပေးခြင်းဟု ဆိုမည်ဆိုပါက လုပ်ငန်းအကျဉ်းချုပ် ရေးဆွဲသည့်အခါတွင် အမှန်တကယ်ပင် ထည့်သွင်းရေးသားနိုင်ပေလိမ့်မည်။
ပြည်နယ်ပြင်ပရှိ တပ်ဖွဲ့ပိုင် လုပ်ငန်းများကို ကူညီထောက်ပံ့ပေးခြင်းက မြို့တော်နှင့် မသက်ဆိုင်ဘူးဟု မပြောသင့်ပေ။ ထိုသို့ပြောမည်ဆိုပါက အမြင်ကျဉ်းလွန်းရာ ကျပေလိမ့်မည်။ မြို့တော်သူ မြို့တော်သားများ၏ အမြင်တွင် နိုင်ငံပိုင်နက်အတွင်းရှိ ကိစ္စရပ်တိုင်းသည် သူတို့နှင့် မသက်ဆိုင်ဘူးဟု ပြောလို့ မရနိုင်ချေ။
"ဒါပေမဲ့ မင်းတို့ ဒီအပ်ချုပ်စက်တွေကို ဘယ်လို ပြန်သယ်သွားမှာလဲ" ထောက်ပံ့ရေး ဌာနမှူးက မေးလိုက်၏။
သူတို့က အပ်ချုပ်စက်များကို ရောင်းချပေးနိုင်သော်လည်း ခရီးလမ်းက ဝေးကွာလွန်းလှသဖြင့် သယ်ယူပို့ဆောင်ရေးကိုတော့ သေချာပေါက် တာဝန်ယူပေးနိုင်မည် မဟုတ်ချေ။ သို့မဟုတ်ပါက အဟောင်းရောင်းရသော ငွေများအားလုံးမှာ သယ်ယူပို့ဆောင်ရေးစရိတ်ထဲသို့ ပါသွားပေလိမ့်မည်။
နန်ပြည်နယ်သည် နီးနီးလေး မဟုတ်ပေ။
ရှန်မော့အာက ပြုံးလိုက်သည်။ "စက်ရုံက ဒီလိပ်စာကို ကူညီပြီး ပို့ပေးလိုက်ရင် ရပါပြီရှင်"
သူမသည် ဖောင်တိန်ကို ထုတ်ယူကာ လိပ်စာတစ်ခုကို သွက်လက်စွာ ရေးပေးလိုက်၏။
ထောက်ပံ့ရေး ဌာနမှူးက လိပ်စာသည် မြို့တော်အတွင်း၌သာ ဖြစ်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ခေါင်းညိတ် လက်ခံလိုက်သည်။ မည်သို့ပင်ဖြစ်စေ စက်ရုံတွင် ကုန်တင်ကားများ ရှိနေသည်။ မြို့တော်အတွင်း၌သာ ပို့ဆောင်ပေးရမည်ဆိုပါက ဘာပြဿနာမှ မရှိလှချေ။
နှစ်ဖက် သဘောတူညီမှု ရရှိပြီးနောက် ရှန်မော့အာသည် ဘဏ္ဍာရေးဌာနသို့ တိုက်ရိုက်သွားရောက်ကာ ငွေပေးချေလိုက်သည်။ ထောက်ပံ့ရေး ဌာနမှူးက လူတစ်ယောက်ကို ခေါ်ကာ ဂိုဒေါင်သို့ သွားရောက် ရွေးချယ်နိုင်ရန် လိုက်ပါပို့ဆောင်ပေးစေ၏။
"ဖယ်ရှားလိုက်တဲ့ ဒီအပ်ချုပ်စက်အသုတ်က တကယ်တော့ ပြဿနာကြီးကြီးမားမား မရှိပါဘူး။ အားလုံးက အသေးအမွှား ပြဿနာလေးတွေချည်းပါပဲ။ နည်းနည်းပါးပါး ပြုပြင်လိုက်ရင် ဆက်သုံးလို့ ရပါသေးတယ်" ရှန်မော့အာကို ခေါ်ဆောင်သွားသော သူ၏ မျိုးရိုးအမည်မှာ ယွီ ဖြစ်သည်။ ရှောင်ယွီသည်လည်း ပြုံးရွှင်နေကာ စကားပြောဆိုရ လွယ်ကူသည့်ပုံစံ ရှိနေ၏။ သူသည် လမ်းလျှောက်ရင်း ရှန်မော့အာနှင့် ကိုယ်တိုင်ကိုယ်ကျ စကားစမြည် စတင်ပြောဆိုလာခဲ့သည်။
"ကျွန်တော်တို့ စက်ရုံက မြို့တော်က အထည်ချုပ်စက်ရုံတွေထဲမှာ နောက်ဆုံးအဆင့် ဖြစ်နေပေမယ့် နောက်ဆုံးအဆင့်ဖြစ်ခြင်းရဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။ မကြာသေးခင်က အထက်ကနေ စက်ပစ္စည်းတွေ အဆင့်မြှင့်တင်ဖို့ဆိုပြီး ရန်ပုံငွေတစ်ရပ်ကို သီးသန့် ချပေးခဲ့တယ်။ အဲဒါကြောင့် ပစ္စည်းတော်တော်များများက အခုလို ဖယ်ရှားခံလိုက်ရတာပေါ့။ လူတစ်ဦးချင်းစီကို ရောင်းချခွင့်မပြုတာသာ မဟုတ်ရင် တကယ်တော့ အားလုံးက တစ်လုံးလောက် ဝယ်ချင်နေကြတာပါ။ အိမ်ပြန်ယူသွားပြီး နည်းနည်းပါးပါး ပြုပြင်၊ ဆေးသစ်လေး ပြန်သုတ်လိုက်ရင် အသစ်နဲ့ ဘာမှမကွာတော့ဘူးလေ။ မင်္ဂလာဆောင်ရင်တောင်မှ ဂုဏ်ယူစရာ တင်တောင်းပစ္စည်းတစ်ခုအဖြစ် အသုံးပြုလို့ ရသေးတယ်။ အဓိက ပစ္စည်းကြီး ၃ ခုထဲမှာ ပါတာဆိုတော့ ကျွတ် ကျွတ် ဘယ်လောက်တောင် ဂုဏ်ရှိလိုက်သလဲ"
ရှန်မော့အာ : "......"
လူတစ်ဦးချင်းစီအား ရောင်းချ၍မရကြောင်း ထောက်ပံ့ရေး ဌာနမှူးက အထူးတလည် ပြောဆိုနေရခြင်းမှာ အံ့သြစရာ မဟုတ်တော့ချေ။
မကြာမီမှာပင် ဂိုဒေါင်သို့ ရောက်ရှိသွားသည်။ ရှောင်ယွီက ဂိုဒေါင်တံခါးဝတွင် ရပ်ကာ အော်ခေါ်လိုက်၏။ "ရှောင်ကော်... ရှောင်ကော်"
အချိန်အတော်ကြာ အော်ခေါ်ပြီးနောက်မှ အထဲမှ လူတစ်ယောက် ပြေးထွက်လာခဲ့သည်။ ဆံပင်များ ရှုပ်ပွနေပြီး ပုလင်းဖင်ကဲ့သို့ ထူထဲသော အနက်ရောင် မျက်မှန်ကို တပ်ဆင်ထားကာ မျက်နှာမသစ်ထားသကဲ့သို့ မှုန်ဝါးဝါးပုံစံပေါက်နေလေသည်။
ရှောင်ယွီသည် သူ့ပုံစံကို မြင်သောအခါ မနေနိုင်ဘဲ ကျွတ်စုပ်လိုက်မိသည်။ "ဒီဂိုဒေါင်ထဲမှာ စုတ်ပြတ်နေတဲ့ သံတိုသံစတွေပဲ ရှိတယ်ဆိုဦးတော့ မင်း နည်းနည်းလောက်တော့ ဂရုစိုက်ပါဦး။ အကြာကြီး အော်ခေါ်တာတောင် ပြန်မထူးဘူး။ တကယ်လို့များ တစ်ယောက်ယောက်က တစ်ခုခု ခိုးသွားခဲ့ရင် မင်း စက်ရုံကို ဘယ်လို ရှင်းပြမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
ရှောင်ကော်၏ ရုပ်ရည်မှာ တော်တော်လေး ကြည့်ကောင်းသည်။ ထိုစကားကို ကြားသောအခါ ရိုးသားစွာ ပြုံးလိုက်ပြီး "အမှတ်တမဲ့ အာရုံလွင့်သွားလို့ မကြားလိုက်တာပါ"
ရှောင်ယွီက သူ့စကားကို မယုံကြည်သည်မှာ ထင်ရှားလှသည်။ သို့သော် ဘာမှ ထပ်မပြောတော့ဘဲ ရှန်မော့အာကို မိတ်ဆက်ပေးလိုက်၏။ "ရဲဘော်ရှန်၊ ဒါဆိုရင် ရှောင်ကော်ကိုပဲ လိုက်ပို့ခိုင်းလိုက်တော့မယ်။ ရှောင်ကော်၊ ဒီက ရဲဘော်ရှန်က အပ်ချုပ်စက်အဟောင်း ၁၀ လုံး ဝယ်ချင်လို့တဲ့။ ပိုက်ဆံလည်း ပေးပြီးသွားပြီ။ ဒါက ခွင့်ပြုချက် စာရွက်ပဲ။ မင်း သူ့ကို သွားရွေးခိုင်းလိုက်ပါဦး"
ရှန်မော့အာသည် ရှောင်ယွီအား ကျေးဇူးတင်စကား ပြောကြားလိုက်ပြီးနောက် ရှောင်ကော် နောက်မှလိုက်ကာ ဂိုဒေါင်ထဲသို့ ဝင်သွားခဲ့သည်။
ဤဂိုဒေါင်မှာ တော်တော်လေး ကြီးမားသည်။ အထဲတွင် ပစ္စည်းအမျိုးမျိုးကို ရှုပ်ပွစွာ စုပုံထားပြီး အားလုံးမှာ စက်ရုံမှ ဖယ်ရှားလိုက်သော ပစ္စည်းများ ဖြစ်ဟန်တူသည်။ ဂိုဒေါင်အတွင်း၌ အလွန်မှောင်မိုက်နေပြီး မီးဖွင့်ထားသော်လည်း အလင်းရောင်က အဝေးကြီးအထိ မရောက်နိုင်ချေ။
နံရံထောင့်တွင် ကုတင်တစ်လုံး ချထားသည်ကို ရှန်မော့အာ သတိပြုမိလိုက်သည်။ ပြတင်းပေါက်ရှေ့တွင် စားပွဲငယ်တစ်လုံးနှင့် ခွေးခြေငယ်တစ်ခု ရှိနေ၏။ စားပွဲပေါ်တွင် စာအုပ်များစွာကို တင်ထားပြီး စာအုပ်တစ်အုပ်မှာ ပွင့်လျက်သား ရှိနေကာ ၎င်းအပေါ်တွင် ဖောင်တိန်တစ်ချောင်း ဖိထားလေသည်။
ရှောင်ကော်က သူ့ခေါင်းကို ကုတ်လိုက်ပြီး အားနာစွာဖြင့် ပြောလိုက်သည်။ "ကျွန်တော် ခုနက ပုစ္ဆာတွက်နေတာ၊ အရမ်းအာရုံစူးစိုက်သွားလို့ အသံကို မကြားလိုက်တာပါ"
ရှန်မော့အာက ပြုံးလျက် ခေါင်းရမ်းပြလိုက်သည်။ "ရပါတယ်။ ရှင်က စာမေးပွဲ ဖြေဖို့လား"
ရှောင်ကော်မှာ ပိုအားနာသွားပုံရသည်။ "ကျွန်တော် အရင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဖို့ စာရင်းသွင်းထားခဲ့တာ။ ထွက်လာတော့ အမှတ်ကို ခန့်မှန်းကြည့်တာ တော်တော်လေး ကောင်းမယ်ထင်လို့ တက္ကသိုလ် ရွေးချယ်တာ နည်းနည်း မြင့်သွားတယ်။ ရလဒ်ထွက်လာတော့ အရွေးမခံရလို့ ဒီနှစ် ထပ်ဖြေဖို့ စဉ်းစားထားတာပါ"
ရှန်မော့အာသည် မူးမေ့သွားလောက်အောင် ထူထဲလှသော သူ့မျက်မှန်ကို ကြည့်လိုက်ပြီးနောက် အနည်းငယ် မှုန်ဝါးနေသော မီးရောင်ကိုပါ တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "အဲဒါဆိုလည်း မျက်စိကို ဂရုစိုက်ဖို့ လိုတယ်နော်။ မရရင် စက်ရုံကို ဝပ်အား နည်းနည်းပိုများတဲ့ မီးသီး လဲပေးဖို့ လျှောက်တင်လိုက်ပါ။ အပ်ချုပ်စက်အဟောင်း လာရွေးတဲ့ ရဲဘော်တွေက မီးရောင်အရမ်းမှောင်နေလို့ သေချာမမြင်ရဘူးလို့ ပြောတယ်ဆိုပြီး အကြောင်းပြလိုက်ပေါ့။ ရှင့်စက်ရုံက ဒီတစ်ခေါက် အပ်ချုပ်စက်တွေ တော်တော်များများ ဖယ်ရှားလိုက်တာဆိုတော့ စက်ရုံကြီးတွေက သေချာပေါက် ယူမှာမဟုတ်ဘူးလေ။ စက်ရုံငယ်လေးတွေ၊ အလုပ်ရုံလေးတွေက လာဝယ်ရင်လည်း တစ်ခါဝယ်ရင် အများကြီး ဝယ်မှာမဟုတ်ဘူး။ အဲဒီတော့ ရှေ့နောက် လူတွေ တော်တော်များများ လာကြဦးမှာ သေချာတယ်"
ရှောင်ကော်က ရိုးသားစွာ ပြုံးလိုက်သည်။ "ကျွန်တော် နောက်မှ ဌာနမှူးကို သွားပြောကြည့်ပါ့မယ်"
သူသည် ရှန်မော့အာကို အပ်ချုပ်စက်များ ထားရှိရာဘက်သို့ ခေါ်ဆောင်သွားပြီး မိမိဆန္ဒအလျောက် ပြောပြလာခဲ့သည်။ "စက်ရုံက အလုပ်ရုံတွေမှာ ထုတ်လုပ်တဲ့ ပစ္စည်းတွေက မတူကြဘူး။ အလုပ်ရုံ ၃ ရဲ့ အထည်စတွေက တော်တော်လေး နူးညံ့ပျော့ပျောင်းတော့ စက်ပစ္စည်း ပွန်းပဲ့မှု အနည်းဆုံးပဲ။ မင်း အလုပ်ရုံ ၃ က စက်တွေထဲကနေပဲ ရွေးလိုက်ပါ။ ဒီဘက်မှာ ရှိတယ်"
ဖယ်ရှားလိုက်သော အပ်ချုပ်စက်များမှာ အမှန်တကယ်ပင် များပြားလှပြီး အားလုံးကို တစ်ပုံတည်း ပုံထားကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှန်မော့အာကို ရွေးချယ်ခိုင်းမည်ဆိုလျှင်တောင်မှ သူမသည် ချက်ချင်းဆိုသလို ဘယ်ကနေ စရွေးရမှန်း သိမည်မဟုတ်ချေ။ ရှောင်ကော်က လမ်းညွှန်ကူညီပေးလိုက်သဖြင့် ကွာခြားသွားခဲ့သည်။ သူမသည် ရှောင်ကော် ပြောသော အလုပ်ရုံ ၃ ၏ စက်ပစ္စည်းများရှိရာသို့ တိုက်ရိုက် လျှောက်သွားခဲ့၏။
"အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ။ ရှင်က အထည်ချုပ်စက်ရုံရဲ့ အခြေအနေကို တော်တော်လေး ရင်းနှီးနေပုံရတယ်နော်" ရှန်မော့အာက အပ်ချုပ်စက်များကို ကြည့်ရင်း ရှောင်ကော်နှင့် စကားစမြည် ပြောဆိုလိုက်သည်။
"သိပ်မကြာသေးပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်က အထက်တန်း အောင်ပြီးတာနဲ့ ကျွန်တော့်အမေရဲ့ နေရာကို ဆက်ခံပြီး ဝင်လာခဲ့တာပါ။ ကျွန်တော့်အမေက အထည်ချုပ်စက်ရုံရဲ့ ဝန်ထမ်းဟောင်းလေ။ ကျွန်တော်က ငယ်ငယ်ကတည်းက စက်ရုံဝင်းထဲမှာ ကြီးပြင်းလာခဲ့တာဆိုတော့ မြင်ဖူးကြားဖူးနေလို့ စက်ရုံရဲ့ အခြေအနေတွေကို တော်တော်လေး ရင်းနှီးနေတာပါ"
"အပ်ချုပ်စက် နင်းတတ်လား"
"နင်းတတ်တာပေါ့။ အပ်ချုပ်စက်နင်းရတာ တကယ်တော့ မခက်ပါဘူး။ ကျွန်တော်တို့ ဝန်ထမ်းအိမ်ရာမှာ ကြီးပြင်းလာတဲ့ ကလေးတွေက အနည်းနဲ့အများတော့ နင်းတတ်ကြပါတယ်"
"ရှင့်စက်ရုံက ဝန်ထမ်းတွေရဲ့ သားသမီးတွေ ကျေးလက်ဆင်းရတာ များလား။ အားလုံး ပြန်ရောက်လာကြပြီလား"
"တော်တော်များပါတယ်။ ဒီခေတ်ဒီအခါမှာ အားလုံးရဲ့ အိမ်မှာ ကလေးက တစ်ယောက်တည်းမှ မဟုတ်တာ။ နည်းရင် ၂ ယောက် ၃ ယောက်၊ များရင် ၅ ယောက် ၆ ယောက်လောက် ရှိကြတာပဲ။ အားလုံးကလည်း အလုပ်ဆက်ခံဖို့ အခွင့်အရေး ရနိုင်မှာမှ မဟုတ်တာ။ ကျွန်တော်တို့အိမ်ကတော့ ကလေး သိပ်မများပါဘူး။ ကလေး ၃ ယောက်ရှိတာ၊ ကျွန်တော့်အစ်ကိုက သူ့ဘာသာသူ စာမေးပွဲဖြေပြီး စက်ရုံကို ဝင်လာခဲ့တာဆိုတော့ အိမ်ရဲ့ အလုပ်ဆက်ခံခွင့်ကို မယူခဲ့ဘူးလေ။ အဲဒါကြောင့် ကျွန်တော်က အလုပ်ဆက်ခံဖို့ အခွင့်အရေး ရသွားတာပါ။ ကျွန်တော့်အစ်ကိုက အရမ်းတော်တာ။ လွန်ခဲ့တဲ့ရက်ပိုင်းကတင် သူ အလုပ်ရုံမှူးအဖြစ် ရာထူးတိုးသွားတယ်။ သူက အသက် ၃၀ ကျော်ပဲ ရှိသေးတာ။ အခုဆို စက်ရုံထဲမှာ အသက်အငယ်ဆုံး အလုပ်ရုံမှူးပဲ"
ရှောင်ကော်မှာ စကားပြောကောင်းသည့် စရိုက်မျိုး မရှိသော်လည်း အိမ်ကိစ္စများကို ပြောဆိုလာချိန်တွင်တော့ တော်တော်လေး စိတ်လှုပ်ရှားနေကာ တတွတ်တွတ်နှင့် မရပ်မနား ပြောဆိုနေတော့သည်။
ရှန်မော့အာသည် စကားပြောရင်း လိုက်လံကြည့်ရှုခဲ့ပြီး မကြာမီမှာပင် အပ်ချုပ်စက် ၁၀ လုံးကို ရွေးချယ်ပြီးသွားခဲ့၏။
"ဒါတွေပါပဲ။ ကျွန်မက တစ်ပတ်လောက် နေမှ ပစ္စည်းလာပို့စေချင်တယ်။ ဌာနမှူးက ရှင်တို့ ဂိုဒေါင်ဘက်ကနေ ကုန်တင်ကားအဖွဲ့နဲ့ ဆက်သွယ်ချိတ်ဆက်ပေးရမယ်လို့ ပြောတယ်နော်"
ရှောင်ကော်: "ဟုတ်ပါတယ်။ မင်း လိပ်စာတစ်ခု ချန်ထားပေးခဲ့ပါ။ ကျွန်တော် ကုန်တင်ကားအဖွဲ့နဲ့ ဆက်သွယ်ပြီး သူတို့ ဘယ်တော့ အားမလဲဆိုတာ မေးကြည့်လိုက်မယ်"
ရှောင်ကော်သည် သူ့စားပွဲဆီသို့ ပြေးသွားကာ ပြဋ္ဌာန်းစာအုပ် အပုံလိုက်အောက်မှ မှတ်တမ်းစာအုပ် တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ "မင်း ပြောပါ။ ကျွန်တော် မှတ်တမ်းစာအုပ်ထဲမှာ ရေးမှတ်ထားလိုက်မယ်"
ရှန်မော့အာသည် လိပ်စာကို ပြောပြလိုက်စဉ် မှတ်တမ်းစာအုပ်ပေါ်ရှိ လက်ရေးများမှာ အလွန်ပင် ခန့်ညားထည်ဝါစွာ ရေးသားထားသည်ကို တစ်ချက် မြင်တွေ့လိုက်ရသည်။ လက်ရေးသည် လူ့စရိုက်ကို ဖော်ပြသည်ဟု ဆိုကြသော်လည်း ရဲဘော်ရှောင်ကော်၏ ဤလက်ရေးကတော့ သူ၏ ပုံစံနှင့် သိပ်မတူညီလှချေ။
ကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးသွားပြီးနောက် ရှန်မော့အာသည် ရှောင်ကော်ကို နှုတ်ဆက်ကာ ဂိုဒေါင်ထဲမှ ထွက်လာခဲ့သည်။ မျက်နှာချင်းဆိုင်တွင် မျက်မှန်တပ်ထားကာ အရာရှိဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးနှင့် ဆုံမိလေသည်။ ထိုအမျိုးသားက သူမကို တစ်ချက် အကဲခတ်လိုက်ပြီး ခေါင်းညိတ်ပြကာ ဂိုဒေါင်ထဲသို့ ဝင်သွားခဲ့၏။
ရှန်မော့အာသည် ယဉ်ကျေးစွာဖြင့် ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်စဉ် ဂိုဒေါင်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ "ဘာစာအုပ်တွေ ဖတ်နေသေးတာလဲ။ ကော်ချီ.. မင်း မြန်မြန် ချစ်သူတစ်ယောက် ရှာပြီး လက်ထပ်လိုက်တာကမှ မှန်တာ..."
ရှန်မော့အာ၏ ခြေလှမ်းများ တန့်သွားခဲ့သည်။ သူမသည် သေသေချာချာ ထပ်မံနားထောင်လိုသော်လည်း အထဲမှ အသံများမှာ တိုးသွားခဲ့လေပြီ။
ဘေးနားမှ စက်ရုံဝန်ထမ်းများ ရောက်လာပြီး သူမ ထိုနေရာတွင် ရပ်နေသည်ကို မြင်သောအခါ သူမ မည်သူဖြစ်ကြောင်း သိချင်စိတ်ဖြင့် မေးမြန်းကြသည်။ ရှန်မော့အာက အနည်းငယ် ရှင်းပြလိုက်ပြီးနောက် လှည့်ကာ ဝင်ပေါက်ကြီးရှိရာဘက်သို့ လျှောက်သွားခဲ့တော့သည်။
သူမသည် အတန်းတက်ပြီးမှ လာခဲ့ခြင်း ဖြစ်သည်။ စက်ရုံထဲတွင် ယခုအချိန်အထိ အလုပ်ရှုပ်နေခဲ့ရာ စက်ရုံဆင်းချိန်နှင့် ကွက်တိဆုံသွားခဲ့၏။
ရှန်မော့အာသည် လူအုပ်ကြီးနှင့်အတူ အပြင်ဘက်သို့ လိုက်ပါလျှောက်သွားခဲ့သည်။ သူမ၏ စိတ်ထဲတွင်တော့ စောစောက ရှောင်ကော်၏ အမည်ကို မေးမြန်းရန် မေ့သွားခဲ့သည်ကို တွေးတောနေမိဆဲပင်။ ထိုသို့ တွေးတောနေစဉ် ခေါင်းမော့ကြည့်လိုက်သောအခါ လမ်းတစ်ဖက်ခြမ်းရှိ ဘတ်စ်ကားပေါ်မှ လူတစ်ယောက် ဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ရှန်မော့အာ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့လေသည်။
လမ်းတစ်ဖက်ခြမ်းမှ လူသည် ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် လမ်းကို ဖြတ်ကူးကာ သည်ဘက်သို့ တိုက်ရိုက် လျှောက်လာခဲ့သည်။ ရှန်မော့အာသည် သူက လူအုပ်ကြီးနှင့် ဆန့်ကျင်ဘက်သို့ လျှောက်လှမ်းကာ မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်နေမိ၏။ တစ်ခါတစ်ရံ သိကျွမ်းသူများနှင့် ဆုံမိပါက သူ့ကို ဒုတိယဌာနမှူးကျင်း ဟု ခေါ်ဆိုနှုတ်ဆက်ကြလေသည်။
ထိုနေ့က ကုန်တိုက်ကြီးတွင် ကော်ချီနှင့် ဆုံတွေ့စဉ်က ကော်ချီနှင့် အတူရှိနေခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်သတ္တပတ် အတော်များများ ကုန်လွန်သွားခဲ့လေပြီ။ ရှန်မော့အာက ကော်ချီမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသော်လည်း သူကိုယ်တိုင်မှာ အမြဲတမ်း အလုပ်များနေတတ်သည်။ ထို့ပြင် မည်သည့် သက်သေအထောက်အထားမှလည်း မတွေ့ရှိရသဖြင့် တဖြည်းဖြည်းနှင့် ကော်ချီ၏ ကိစ္စကို မေ့ပျောက်သွားခဲ့ခြင်းပင်။
ယနေ့ ဤလူနှင့် ရုတ်တရက် ထပ်မံဆုံတွေ့ရချိန်တွင် ရှန်မော့အာ၏ စိတ်ထဲ၌ ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားချက်မျိုး ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ သူသည် ဘယ်ညာသို့ ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် အနီးနားတွင် ခေါင်းလှည့်ကာ စိတ်ဝင်တစား ကြည့်ရှုနေသော အမျိုးသမီး အလုပ်သမားတစ်ဦးကို ဆွဲဖမ်းကာ မေးလိုက်၏။ "ရဲဘော်၊ အဲဒါ ဘယ်သူလဲဟင်။ ဘယ်လိုဖြစ်လို့ ကျွန်မတို့ စက်ရုံထဲကို ဝင်သွားတာလဲ"
အမျိုးသမီး အလုပ်သမားက သူ့ကို မျက်လုံးပြူးကြည့်ကာ "နေပါဦး.. ရှင်ကရော ဘယ်သူလဲ"
ရှန်မော့အာက အံ့သြသွားသည့် မျက်နှာဖြင့် "ဟင်" ဟု ရေရွတ်လိုက်သည်။
ရှန်မော့အာက ဘာတစ်ခုမှ မပြောဆိုခဲ့သော်လည်း မျက်နှာပေါ်ရှိ အမူအရာကတော့ "ငါက ဘယ်သူလဲလို့ မေးမယ့်သူ ရှိနေသေးတာလား" ဟူသော ပုံစံမျိုး ပေါက်နေသည်။ အမျိုးသမီး အလုပ်သမားမှာ ချက်ချင်းပင် တွေဝေသွားတော့၏။ 'စက်ရုံထဲမှာ လူတွေအများကြီး ရှိတာပဲ။ ငါကိုယ်တိုင်လည်း အားလုံးကို သိတာမှ မဟုတ်တာ။ ဒီအချိန်မှာ စက်ရုံထဲကနေ အပြင်ကို ထွက်လာတဲ့သူက ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ သေချာပေါက် ငါတို့စက်ရုံက ဝန်ထမ်းပဲ ဖြစ်ရမှာပေါ့' ဟု စိတ်ထဲမှ တွေးတောလိုက်မိသည်။
အမျိုးသမီး အလုပ်သမားသည် မနေနိုင်ဘဲ ရှန်မော့အာကို နောက်ထပ် အကြိမ်အနည်းငယ် ကြည့်လိုက်ပြီး ကိုယ့်ဟာကို စဉ်းစားမိပြန်သည်။ 'စက်ရုံထဲကို ဒီလောက်လှတဲ့ ဝန်ထမ်း ဘယ်တုန်းက ရောက်လာတာလဲ။ ကြည့်ရတာ ပညာတတ်ပုံပါပဲ။ အုပ်ချုပ်ရေး အဆောက်အအုံဘက်က ဖြစ်လောက်တယ်။ ဒါကြောင့်လည်း ငါ မြင်ရတာ စိမ်းနေတာကိုး'။
ထိုသို့ တွေးတောလိုက်မိသောအခါ အမျိုးသမီး အလုပ်သမား၏ စိတ်ပိုင်းဆိုင်ရာ ခုခံမှုမှာ အလိုအလျောက် ပြိုကျသွားခဲ့သည်။ သူမသည် ရှန်မော့အာကို "ကိုယ့်လူ" အဖြစ် အလိုအလျောက် သတ်မှတ်လိုက်ပြီး တီးတိုးပြောလိုက်သည်။ "ရှင် သူ့ကို မသိဘူးလား။ သူက ကျွန်မတို့ရဲ့ ဒုတိယစက်ရုံမှူးနျိုရဲ့ အမျိုးသားလေ။ မြို့တော်တက္ကသိုလ်က ဘာဌာနမှန်းတော့ မသိဘူး၊ အဲဒီမှာ ဒုတိယဌာနမှူး လုပ်နေတာ။ ဒုတိယစက်ရုံမှူးနျို အလှည့်ကျ တာဝန်ကျတဲ့အခါတိုင်း သူက ခရီးအဝေးကြီးကို ဖြတ်ပြီး ဒုတိယစက်ရုံမှူးနျိုနဲ့ စားသောက်ဆောင်မှာ ညစာ အတူစားပေးဖို့ ရောက်လာတတ်တယ်။ သူတို့နှစ်ယောက်က သက်ကြီးစုံတွဲ ဖြစ်နေပေမယ့် အရမ်းကို ချစ်ခင်ကြတာ"
ရှန်မော့အာက သဘောပေါက်သွားသည့် အမူအရာကို ဖော်ပြလိုက်၏။ "ဪ.. သူက ဒုတိယစက်ရုံမှူးနျိုရဲ့ အမျိုးသားကိုး။ ရဲဘော်.. ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ မဟုတ်ရင် နောက်မှ ဆုံမိတဲ့အခါ ဘယ်သူမှန်းသိမှာ မဟုတ်ဘူး"
ထိုအခါမှ အမျိုးသမီး အလုပ်သမားမှာ သူမက အုပ်ချုပ်ရေး အဆောက်အအုံဘက်မှ အရာထမ်းဖြစ်ကြောင်း ပိုသေချာသွားတော့သည်။ သူမက မျက်စိမှိတ်ပြကာ ပြောလိုက်၏။ "ဒါပေါ့.. ဒုတိယဌာနမှူးကျင်းလို စက်ရုံကို မကြာခဏ လာတတ်တဲ့ ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေကို ရှင်တို့ အုပ်ချုပ်ရေး အဆောက်အအုံက လူတွေအနေနဲ့ တကယ်ကို မသိလို့ မဖြစ်ဘူးလေ"
ရှန်မော့အာက ပြုံးကာ ပြောလိုက်လေသည်။ "ဒါကြောင့်လည်း ရှင့်ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်"
...
အပိုင်း (၁၃၄.၂)
အမျိုးသမီး အလုပ်သမားကလည်း ဘာမှ ထပ်မမေးတော့ချေ။ မည်သို့ပင်ဆိုစေ ဤတစ်ကြိမ်တွင် မျက်မှန်းတမ်းမိသွားပြီဖြစ်သဖြင့် နောက်တစ်ကြိမ် ထပ်ဆုံလျှင် စကားပြောဆိုရင်း ရင်းနှီးသွားနိုင်သည် မဟုတ်ပါလား။ "ကျေးဇူးတင်စရာ မလိုပါဘူး။ ကျွန်မ အရင်သွားတော့မယ်နော်"
အမျိုးသမီး အလုပ်သမား တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ရင်း ရှန်မော့အာ၏ မျက်နှာပေါ်ရှိ အပြုံးများ မှေးမှိန်သွားခဲ့သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် မည်သူမည်ဝါဖြစ်ကြောင်းကို သူမ ရုတ်တရက် သတိရသွားခဲ့သည်။ သူသည် ဘောဂဗေဒဌာန၏ ဒုတိယဌာနမှူး ကျင်းဖန့်ကျွီ ဖြစ်၏။ ကျောင်းဖွင့်စ ဌာနအစည်းအဝေး ကြီးကျင်းပစဉ်က စင်မြင့်ထက်တွင် သူမက အဝေးမှနေပြီး မြင်တွေ့ခဲ့ဖူးသည်။
ထိုစဉ်က သူသည် စင်မြင့်ထက်ရှိ ဌာနခေါင်းဆောင်များစွာထဲမှ တစ်ဦးသာဖြစ်ပြီး စကားလည်း မပြောဆိုခဲ့ချေ။ ထို့ကြောင့် ရှန်မော့အာသည် သူ့ကို သိပ်ပြီး မှတ်မှတ်ရရ မရှိခဲ့ခြင်းပင်။
ကျင်းဖန့်ကျွီ။
ကော်ချီ။
ကျင်းရှန်းရှန်း။
ဒုတိယစက်ရုံမှူးနျို။
ဂိုဒေါင်မှ ရှောင်ကော်။
တက္ကသိုလ်ဝင်တန်း လျှောက်လွှာ။
အသက်အငယ်ဆုံး အလုပ်ရုံမှူး။
လက်ထပ်ဖို့ လက်တွဲဖော်ရှာတာ။
ရှန်မော့အာ၏ စိတ်အာရုံထဲတွင် အဓိကကျသော စကားလုံးများ တစ်လုံးပြီးတစ်လုံး အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။ ဤစကားလုံးများသည် ပိုက်ကွန်တစ်ခုပမာ မူလက လုံးဝ မသက်ဆိုင်လှသော လူများနှင့် ကိစ္စရပ်များကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပေးလိုက်လေသည်။
သူမသည် လှည့်ကာ အမှတ်(၅) အထည်ချုပ်စက်ရုံ၏ ဝင်ပေါက်ကြီးဆီသို့ ပြန်လည် လျှောက်သွားခဲ့၏။
လုံခြုံရေးအခန်းမှ လူက သူမကို တားဆီးလိုက်သည်။ "မင်းက ဘယ်ကလဲ"
အဆိုင်းပြောင်းသည့် အချိန်နှင့် ကွက်တိဆုံသွားပုံရသည်။ လုံခြုံရေးအခန်းတွင်လည်း လူပြောင်းသွားခဲ့ပြီ။ ရှန်မော့အာသည် ခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ရဲဘော်.. ကျွန်မက ဂိုဒေါင်မှူး ရှောင်ကော် ခေါ် ကော်ချီရဲ့ သူငယ်ချင်းပါ။ ဒီနေ့ ရှင်တို့စက်ရုံရှေ့က ဖြတ်သွားရင်း သူ့အတွက် တော်တော်လေး သင့်တော်မယ့် စာမေးပွဲ အထောက်အကူပြု စာရွက်စာတမ်း တစ်စုံရှိတာကို ရုတ်တရက် သတိရသွားလို့ပါ။ နှမြောစရာကောင်းတာက ပစ္စည်းကို ကိုယ်တိုင် ယူမလာခဲ့မိဘူး။ သူ အားတဲ့အခါ ကျွန်မအိမ်ကို လာယူဖို့ စာလေးတစ်စောင်လောက် ချန်ထားခဲ့လို့ ရမလားရှင်"
လုံခြုံရေးအခန်းမှ လူက သူမကို တစ်ချက် အကဲခတ်လိုက်သည်။ "ဂိုဒေါင်က စာကြမ်းပိုးကို ပြောတာလား။ မျက်မှန်မှန်ဘီလူးက ဘီယာပုလင်းဖင်ထက်တောင် ထူနေပြီလေ။ မင်းသူငယ်ချင်းက စာမေးပွဲကျသွားပြီ မဟုတ်ဘူးလား။ ထပ်ဖြေဦးမလို့တဲ့လား"
ရှန်မော့အာက ပြုံးလိုက်၏။ "လူ ၅ သန်းကျော်တောင် ယှဉ်ပြိုင်ရတာလေ။ မအောင်တာလည်း ပုံမှန်ပါပဲ။ နောက်တစ်နှစ် ထပ်ဖြေလိုက်ရင် ရပြီ မဟုတ်ဘူးလား"
လုံခြုံရေးအခန်းမှ လူက အံဆွဲထဲမှ စက္ကူပိုင်း တစ်ရွက်နှင့် လက်တစ်ဆစ်ခန့်သာ ရှိတော့သော ခဲတံတစ်ချောင်းကို ထုတ်ပေးလိုက်သည်။ "မင်း ရေးလိုက်လေ"
ဤလူသည်လည်း စကားများတတ်သူ တစ်ဦးဖြစ်ရာ ပါးစပ်မှ တတွတ်တွတ် ပြောဆိုနေသေး၏။ "ကျွန်တော် ကြားတာတော့ သူ့အိမ်က သူ့အတွက် ချစ်သူရှာပေးနေတယ်တဲ့။ အသက်လည်း မငယ်တော့ဘူးလေ။ အမြန်ဆုံး အိမ်ထောင်ပြုပြီး အလုပ်အကိုင် အတည်တကျ လုပ်တာကမှ အမှန်ပဲ။ တက္ကသိုလ်ကျောင်းသားဆိုတာ ကောင်းပေမယ့် စာမေးပွဲအောင်မှ ဖြစ်မှာလေ။ တကယ်တော့ စာမေးပွဲဖြေဖြေ မဖြေဖြေ သိပ်အရေးမကြီးပါဘူး။ သူ့မှာ အတည်တကျ အလုပ်တစ်ခု ရှိနေပြီပဲ မဟုတ်လား။ အတည်တကျ အလုပ်ရှိတဲ့ မိန်းကလေး တစ်ယောက်ကို ရှာ၊ အိမ်ထောင်လေးပြုပြီး အိမ်ခန်းလေး တစ်ခန်းရဖို့ စောစောစီးစီး တန်းစီလိုက်ရင် ဒီဘဝလေးက အဆင်ပြေသွားပြီပေါ့။ တက္ကသိုလ်တက်ရတာ ၄ နှစ်တောင် ကြာတယ်လို့ ကြားတယ်။ ကျောင်းမှာ လက်ထပ်လို့လည်း မရဘူး။ ကျောင်းပြီးတဲ့အချိန်ဆို အသက်လည်း ကြီးနေပြီ။ အဲဒါက အချိန်ဆွဲနေသလိုပဲ မဟုတ်ဘူးလား"
ရှန်မော့အာသည် ကော်ချီ ၏ အမည်ကို ရေးချလိုက်ပြီး အနည်းငယ် တွေဝေစွာဖြင့် မေးလိုက်သည်။ "ရဲဘော်.. ကော်ချီရဲ့ ချီ စာလုံးက ထူးဆန်းတယ်ဆိုတဲ့ ချီ လား၊ ဒါမှမဟုတ် တခြားဆိုတဲ့ ချီ လားဟင်။ ကျွန်မ ရုတ်တရက်ကြီး စဉ်းစားလို့ မရတော့ဘူး"
လုံခြုံရေးအခန်းမှ လူသည် ဘာပြောရမှန်းမသိသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ "မင်းက သူ့သူငယ်ချင်း မဟုတ်ဘူးလား။ နာမည်လေး တစ်လုံးတောင် စဉ်းစားလို့ မရဘူးလား။ မင်းက စာလေးတစ်စောင် ချန်ထားခဲ့ရုံပဲလေ။ ဖြစ်သလို တစ်လုံး ရေးလိုက်ရင် ရပြီပေါ့။ ကဲပါ ကဲပါ.. ကျွန်တော်လည်း သေချာ မသိဘူး။ ခဏစောင့်၊ မှတ်တမ်းစာအုပ် ထုတ်ပြီး ကြည့်ပေးမယ်"
လုံခြုံရေးအခန်းတွင် စက်ရုံတစ်ရုံလုံး၏ အမည်စာရင်း မှတ်တမ်းစာအုပ် ရှိသည်။ သူက အံဆွဲထဲမှ ထုတ်ယူကာ တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်၏။ "ထူးဆန်းတယ်ဆိုတဲ့ ချီ ပါ။ ကျွတ်... သူတို့အိမ်က နာမည်ပေးတာ တော်တော်လေး စနစ်ကျတာပဲ။ ကျွန်တော်တို့ အိမ်လို ဝမ်တာ့ဟူ၊ ဝမ်အာ့ဟူ ဆိုပြီး ဖြစ်သလို ပေးထားတာမျိုး မဟုတ်ဘူး"
ရှန်မော့အာက ပြုံးလိုက်သည်။ "ကျားလို ဟန်ဝင့်ကြွားတယ်ဆိုတော့လည်း ကောင်းတာပဲလေ"
သူမသည် အချိန်နှင့် နေရာကို သွက်လက်စွာ ရေးချလိုက်ပြီး တာ့ဟူ လား အာ့ဟူ လား မသိရသော ဤရဲဘော်ထံသို့ ကမ်းပေးလိုက်၏။ "ရဲဘော်ဝမ်၊ အဲဒါဆို ရှင့်ကိုပဲ အကူအညီတောင်းပြီး ပေးခိုင်းလိုက်ပါရစေ။ စာရွက်စာတမ်းက အရမ်းအရေးကြီးတယ်၊ အချိန်ပေးပြီး မဖြစ်မနေ လာယူပါလို့ ပြောပေးပါရှင်"
ဝမ်တာ့ဟူက စာရွက်ကို လှမ်းယူလိုက်သည်။ ဤခေတ်ကာလရှိ လူများသည် သိပ်ပြီး စည်းကမ်းကြီးလေ့မရှိကြချေ။ သူတစ်ပါး ရေးထားသောစာကို မိမိ ဖတ်ခွင့်မရှိဘူးဟူသော အတွေးမျိုး မရှိကြဘဲ ပေါ်ပေါ်ထင်ထင်ပင် တစ်ချက်ဖတ်ကြည့်လိုက်သေး၏။ ထို့နောက် ချီးကျူးစကားပင် ဆိုလိုက်သေးသည်။ "မင်းရဲ့ လက်ရေးက တော်တော်လှတာပဲ"
ရှောင်ကော်ဘက်တွင်တော့ အချိန်တန်သည်နှင့် ကြွေရည်သုတ် ခွက်ကို ကိုင်ကာ စားသောက်ဆောင်သို့ ထမင်းသွားဝယ်လေသည်။ ထမင်းဝယ်ပြီးနောက် စားသောက်ဆောင် တံခါးဝတွင် ဒီဘက်သို့ လျှောက်လာကြသော ဒုတိယစက်ရုံမှူးနျိုနှင့် ဒုတိယဌာနမှူးကျင်း တို့ကို ဆုံတွေ့လိုက်ပြီး သူက ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်၏။ "ဒုတိယစက်ရုံမှူးနျို၊ ဒုတိယဌာနမှူးကျင်း"
ဒုတိယစက်ရုံမှူးနျို၏ မျက်လုံးများမှာ တစ်ချက် လက်ကနဲ ဖြစ်သွားပြီးနောက် ပြုံးလျက် ပြောလိုက်သည်။ "ရှောင်ကော်၊ ပြန်သွားစားမလို့လား။ ဘာလို့ စားသောက်ဆောင်မှာ မစားတာလဲ"
ရှောင်ကော်က အားနာဟန်ဖြင့် ခေါင်းကို ကုတ်လိုက်သည်။ "ပြန်သွားပြီး စာဖတ်ရင်း စားမလို့ပါ။ အချိန်မဖြုန်းချင်လို့ပါ"
ဒုတိယစက်ရုံမှူးနျိုက ကျင်းဖန့်ကျွီကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးလျက်ပင် ဆက်ပြောလေသည်။ "ရှောင်ကော်.. မင်းရဲ့ စာသင်ချင်စိတ်က တော်တော်ကောင်းတာပဲ။ ဆက်ပြီး ကြိုးစားပါ"
ရှောင်ကော်က ဝမ်းသာအားရ ပြုံးရယ်လိုက်၏။ "ကျေးဇူးတင်ပါတယ် ဒုတိယစက်ရုံမှူးနျို"
သူသည် ကြွေရည်သုတ်ခွက်ကို ပိုက်ကာ အမြန်ထွက်ခွာသွားခဲ့၏။ စာသင်ယူခြင်းဆိုသည်မှာ အချိန်နှင့်အမျှ အလုအယက် ကြိုးစားရမည်ဖြစ်ပြီး အချိန်နည်းနည်းလေးကိုပင် အလဟဿ အဖြစ်မခံနိုင်ပေ။
ရှောင်ကော် မသိလိုက်သည်မှာ သူ ထွက်သွားပြီးနောက်တွင် ဒုတိယစက်ရုံမှူးနျို၏ မျက်နှာပေါ်ရှိ အပြုံးများ မှေးမှိန်သွားခဲ့ခြင်းပင်။ ကျင်းဖန့်ကျွီဆိုလျှင် သူ့ကျောပြင်ကို ကြည့်ကာ မျက်မှောင်ကို အပြင်းအထန် ကြုတ်ထားခဲ့လေသည်။
သူ လမ်းတစ်ဝက်သို့ ရောက်သောအခါ လုံခြုံရေးအခန်းမှ လူက သူ့ကို လှမ်းခေါ်လိုက်သည်။ "စောစောက မင်းရဲ့ ကျောင်းနေဘက် သူငယ်ချင်းလား ရိုးရိုးသူငယ်ချင်းလားတော့ မသိဘူး၊ မင်းအတွက် စာတစ်စောင် ချန်ထားခဲ့တယ်။ မင်းကို ပေးစရာ အရေးကြီးတဲ့ စာမေးပွဲ အထောက်အကူပြု စာရွက်စာတမ်းတွေ ရှိတယ်တဲ့။ သူက ဒီနေ့ လမ်းကြုံလို့ ဝင်လာတာ၊ စာရွက်စာတမ်းတွေကို ယူလာဖို့ မေ့သွားလို့ မင်းဘာသာမင်း လာယူလှည့်ပါတဲ့။ ပညာတတ်ဆိုတဲ့အတိုင်းပဲနော်၊ ပစ္စည်းသွားယူတာတောင်မှ စာအုပ်ဆိုင်ကို သွားယူခိုင်းတယ်"
ရှောင်ကော်က စာရွက်ကို လှမ်းယူကာ တစ်ချက် ကြည့်လိုက်သည်။ အချိန်မှာ တနင်္ဂနွေနေ့ မနက် ၁၀ နာရီဖြစ်ပြီး နေရာမှာ ပြည်သူ့လမ်းရှိ စာအုပ်ဆိုင် ဖြစ်သည်။ စာရွက်ပေါ်တွင် ခေါင်းစဉ်သာ ပါရှိပြီး လက်မှတ်ရေးထိုးထားခြင်း မရှိချေ။
သူသည် မနေနိုင်ဘဲ မေးလိုက်မိ၏။ "ဘယ်သူလဲ"
လုံခြုံရေးအခန်းမှ လူက အံ့သြစွာဖြင့် ပြောလိုက်သည်။ "မင်းက ဘယ်သူမှန်း မသိဘူးလား။ ကျွန်တော်က မင်းတို့ ကြိုတင်တိုင်ပင်ထားကြတယ်လို့ ထင်နေတာ။ တော်တော်လှတဲ့ အမျိုးသမီး ရဲဘော်တစ်ယောက်ပဲ"
ရှောင်ကော်က ခေါင်းကို ကုတ်လိုက်သည်။ "ကျွန်တော်နဲ့ ရင်းနှီးတဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေထဲမှာ တော်တော်လှတဲ့ အမျိုးသမီး ရဲဘော် မရှိသလောက်ပါပဲ"
လုံခြုံရေးအခန်းမှ လူက ပြောလိုက်၏။ "...... မင်း ဒီစကားကို မင်းရဲ့ အမျိုးသမီး ကျောင်းနေဘက် သူငယ်ချင်းတွေ ရှေ့မှာ သွားမပြောမိစေနဲ့နော်၊ လူတွေက မင်းကို ပါးချသွားမှာ စိုးရတယ်။ ကဲပါ.. မင်းဘာသာမင်း အဆင်ပြေသလိုသာ ကြည့်လုပ်လိုက်တော့။ သူက အရမ်းအရေးကြီးတဲ့ စာရွက်စာတမ်းတွေလို့ ပြောသွားတယ်။ မင်းကို အချိန်ပေးပြီး မဖြစ်မနေ လာခဲ့ဖို့ မှာသွားတယ်။ မင်း သွားလိုက်ရင် ဘယ်သူလဲဆိုတာ သိရမှာပဲ မဟုတ်ဘူးလား"
ရှောင်ကော်: "အဲဒါလည်း ဟုတ်တာပဲ"
သူသည် မျက်နှာတွင် သံသယများ ပြည့်နှက်လျက် ပြန်လှည့်လာခဲ့သည်။ လှပသော အမျိုးသမီး ရဲဘော်ဆိုလျှင် ယနေ့ သူ တစ်ယောက်ကို မြင်တွေ့ခဲ့ဖူးသည်။ သို့သော် သူမကလည်း သူ့ကျောင်းနေဘက် သူငယ်ချင်းမှ မဟုတ်ဘဲလေ။ တကယ်တော့ ဘယ်သူများလဲ။
မျက်စိတစ်မှိတ်အတွင်းမှာပင် တနင်္ဂနွေနေ့သို့ ရောက်ရှိလာခဲ့သည်။ ရှောင်ကော်သည် မနက်စာ စားပြီးနောက် ဂိုဒေါင်ထဲတွင် စာခဏဖတ်နေလိုက်သည်။ အချိန်နီးကပ်လာသောအခါ ဂိုဒေါင်တံခါးကို ပိတ်ကာ ထွက်လာခဲ့လေသည်။
အခြားဂိုဒေါင်များတွင် လူ ၂ ယောက် အလှည့်ကျ တာဝန်ကျလေ့ရှိသော်လည်း သူ့ဂိုဒေါင်ထဲတွင်တော့ ပစ္စည်းဟောင်းများသာ ရှိပြီး သိပ်အရေးမကြီးလှချေ။ ပုံမှန်အားဖြင့်လည်း ပစ္စည်းအသွင်းအထုတ် သိပ်မရှိသဖြင့် လူတစ်ယောက်ကိုသာ တာဝန်ပေးထားတတ်သည်။
သူသည်လည်း တစ်ယောက်တည်း နေရခြင်းကို သဘောကျနေမိသည်။ အိမ်ရှိ တူ၊ တူမလေးများ တဖြည်းဖြည်း ကြီးပြင်းလာသည်နှင့်အမျှ နေထိုင်ရသည်မှာ ပိုကျပ်တည်းလာပြီး ဆူညံလာသည်။ ထို့ကြောင့် ဂိုဒေါင်ထဲတွင် နေရသည်ကမှ ပိုတိတ်ဆိတ်အေးချမ်းပြီး သက်တောင့်သက်သာ ရှိသေး၏။
အနည်းငယ် အေးစိမ့်နေသည်မှလွဲလျှင် စက်ရုံက မီးဖိုတစ်လုံး စီစဉ်ပေးထားပြီး တစ်နေ့လုံး မီးမွှေးထားခွင့် ပြုထားသည်။ ထို့အပြင် ရေနွေးအိတ်ပါ ရှိနေသဖြင့် အခြေအနေက သိပ်မဆိုးလှချေ။
ရှောင်ကော်၏ ယခု လက်ရှိ မျှော်လင့်ချက်မှာ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တက္ကသိုလ်ကောင်းကောင်းတစ်ခုသို့ ဝင်ခွင့်ရရန်ပင်။ နောင်တွင် ကျောင်းအဆောင်၌သာ နေထိုင်မည်ဆိုပါက အိမ်ပြန်ပြီး တူဖြစ်သူနှင့် အခန်းတစ်ခန်းတည်း အတူတိုးဝေ့နေစရာ မလိုတော့ချေ။
ရှောင်ကော်သည် ဘတ်စ်ကားစီးကာ ပြည်သူ့လမ်းသို့ သွားခဲ့သည်။ သူ့ကို ချိန်းဆိုထားသော ဤကျောင်းနေဘက် သူငယ်ချင်းမှာ တော်တော်လေး အကင်းပါသည်ဟု သူ ထင်မြင်မိသည်။ စာအုပ်ဆိုင်တွင် ချိန်းဆိုထားသဖြင့် သူလည်း စာအုပ်ဆိုင်ကို လျှောက်ကြည့်ကာ အထောက်အကူပြု စာအုပ်အသစ်အချို့ကို ဝယ်ယူပြန်သွားနိုင်သည် မဟုတ်ပါလား။ ဖေဖော်ဝါရီလတွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ရည်ရွယ်ကာ စာအုပ်တိုက်များက လေ့ကျင့်ခန်းများနှင့် စာရွက်စာတမ်းအချို့ကို ပြုစုထုတ်ဝေထားသည်ဟု ကြားသိထားရသည်။
စာအုပ်ဆိုင်သို့ ရောက်သောအခါ ရှောင်ကော်သည် ငွေရှင်းကောင်တာ အနောက်ဘက်တွင် ချိတ်ဆွဲထားသော နာရီကို တစ်ချက် ကြည့်လိုက်သည်။ ၃ မိနစ်ခန့် လိုသေး၏။ သူသည် တံခါးဝရှိ ပထမဆုံး စာအုပ်စင်ဘေးတွင် ရပ်ကာ ခဏစောင့်နေလိုက်သည်။ ဤနေရာမှာ တစ်ဖက်လူက သူနှင့် ချိန်းဆိုထားသော နေရာပင်။
မကြာမီမှာပင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ဆံပင်ရှေ့ချထားသော လူငယ်လေးတစ်ဦး သူ၏ရှေ့သို့ လျှောက်လာခဲ့သည်။ ထိုလူငယ်က သူ့ကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး မေးလိုက်၏။ "မင်းက ကော်ချီ လား"
ရှောင်ကော်က သူ၏ရှေ့မှ သူစိမ်းလူကို ကြည့်ကာ အနည်းငယ် တွေဝေသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
လူငယ်လေးက လက်ညှိုးကို ကွေးပြလိုက်သည်။ "လာ.. အပြင်ထွက်ပြီးမှ ပြောကြတာပေါ့"
ရှောင်ကော်မှာ ကြောင်အမ်းအမ်းဖြင့် မှင်သက်သွားခဲ့သည်။ ထိုလူငယ်က စကားပြောပြီးသည်နှင့် လှည့်ထွက်သွားသည်ကို မြင်သောအခါ ကမန်းကတန်း နောက်မှ လိုက်သွားခဲ့၏။ "မင်းက ဘယ်သူလဲ။ ကျွန်တော့်ဆီ စာချန်ထားခဲ့တာက တော်တော်လှတဲ့ အမျိုးသမီး ကျောင်းနေဘက် သူငယ်ချင်း တစ်ယောက် မဟုတ်ဘူးလား"
လူငယ်လေးက နောက်သို့လှည့်ကာ သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "သူ အလုပ်များနေလို့ လာဖို့ မအားလို့ပါ"
ရှောင်ကော်သည် ထိုလူငယ်၏ နောက်မှလိုက်ကာ အပြင်သို့ ထွက်လာခဲ့သည်။ အအေးဆုံးအချိန်ကို ကျော်လွန်သွားပြီ ဖြစ်သော်လည်း အပြင်ဘက်တွင် အတော်လေး အေးစိမ့်နေဆဲပင်။ အထူးသဖြင့် အခန်းတွင်းမှ အပြင်ဘက်သို့ ထွက်လာချိန်တွင် လေတိုက်ခတ်လာပါက နှလုံးသားထဲအထိ ထိုးဖောက်သွားလောက်အောင် အေးစိမ့်လှသည်။
ရှောင်ကော်သည် မနေနိုင်ဘဲ တုန်ယင်သွားကာ မေးလိုက်၏။ "ကျွန်တော်တို့ စာအုပ်ဆိုင်ထဲမှာ ပြောလို့မရဘူးလား။ အပြင်ဘက်က... အပြင်ဘက်က တော်တော်အေးတယ်"
လူငယ်လေးက သူ့ကို ဂရုမစိုက်ဘဲ ဘယ်ညာသို့ ဝေ့ဝဲကြည့်ရှုလိုက်ပြီး ဘေးနားရှိ လမ်းကြားငယ်လေးတစ်ခုထဲသို့ ဝင်သွားခဲ့သည်။
ရှောင်ကော်သည် ဟိုဟိုဒီဒီ ကြည့်ရှုရင်း လမ်းကြားထဲသို့ ဝင်သွားခဲ့သည်။ ဤလမ်းကြားမှာ တစ်ဖက်တစ်ချက်စီရှိ အိမ်များ၏ ခြံစည်းရိုးအပြင်ဘက်မှ လွတ်နေသော နေရာလေးသာ ဖြစ်သည်။ လမ်းကြားတစ်လျှောက်လုံးတွင် ပိတ်ထားသော တံခါးအနည်းငယ်သာ ရှိပြီး လူသူအရိပ်အယောင် မရှိချေ။ ရှောင်ကော်သည် သတိထားကာ တစ်ဖက်လူနှင့် ၂ မီတာခန့် အကွာတွင် ရပ်လိုက်သည်။
လူငယ်လေးက နှုတ်ခမ်းကို တွန့်ကွေးလိုက်၏။ "မင်းရဲ့ သတိထားတတ်တဲ့ စိတ်က တော်တော်လေး ပြင်းထန်တာပဲ၊ အပြင်ပန်းက ကြည့်ရင်တော့ မသိသာဘူး"
သူက အပိုစကားများ မပြောတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။ "သူက မင်းကို အပြင်ခေါ်ထုတ်လာတာကလည်း နံရံမှာ နားရှိနေမှာကို စိုးရိမ်လို့တဲ့။ ဒီကိစ္စကို သူက သံသယရှိရုံသက်သက်ပဲ၊ သေချာပေါက်တော့ မသိဘူး။ ဒါကြောင့် ကျွန်တော့်ကို မင်းနဲ့ မျက်နှာချင်းဆိုင် စကားနည်းနည်း ပြောခိုင်းလိုက်တာ။ မင်း ကြားပြီးရင် စိတ်ထဲမှာပဲ မှတ်ထားလိုက်ပါ။ သူက ဘယ်သူလဲဆိုတာကိုလည်း ဂရုစိုက်နေစရာ မလိုဘူး။ ကိစ္စတစ်ခုခုရှိရင်လည်း သူ့ကို ရှာတွေ့ဖို့ မကြိုးစားနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဝန်ခံမှာ မဟုတ်ဘူး"
ဤထူးဆန်းလှသော အစပျိုးစကားများကြောင့် ရှောင်ကော်မှာ ကြောင်တောင်တောင် ဖြစ်သွားခဲ့ရသည်။ သူသည် မနေနိုင်ဘဲ မေးလိုက်၏။ "တကယ်ပဲ ဘာကိစ္စလဲ"
လူငယ်လေးက သူ့ကို ကြည့်ကာ ပြောလိုက်သည်။ "သူက ကျွန်တော့်ကို ပြောခိုင်းလိုက်တယ်.. မြို့တော်တက္ကသိုလ် ဘောဂဗေဒဌာန နိုင်ငံရေးဘောဂဗေဒ တန်းခွဲ (၁)က ကျောင်းသားတွေထဲမှာ ကော်ချီ လို့ခေါ်တဲ့ သူတစ်ယောက် ရှိတယ်တဲ့။ သူများတွေ ပြောတာကြားရသလောက်တော့ ဒီကော်ချီက ဘောဂဗေဒဌာန ဒုတိယဌာနမှူး ကျင်းဖန့်ကျွီ ရဲ့ တူဆိုပဲ။ ကျင်းဖန့်ကျွီကိုယ်တိုင်က ကျင်း မျိုးရိုးဖြစ်နေပြီး သူ့တူက ဘာလို့ ကော် မျိုးရိုးဖြစ်နေရတာလဲဆိုတာတော့ မသိဘူး။ ပြီးတော့ ကျင်းဖန့်ကျွီရဲ့ အမျိုးသမီးက မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံရဲ့ ဒုတိယစက်ရုံမှူး ဖြစ်တယ်လို့လည်း သူ ကြားထားသေးတယ်။ သူတို့ ဇနီးမောင်နှံက သံယောဇဉ် တော်တော်ကြီးပြီး သမီးလေး တစ်ယောက်တည်းပဲ ရှိတာတဲ့။ မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံမှာလည်း ကော်ချီ လို့ခေါ်တဲ့ လူတစ်ယောက် ရှိနေတယ်လို့ သူ ကြားထားပြန်တယ်။ နာမည်က ကျင်းဖန့်ကျွီရဲ့ တူနဲ့ တစ်ပုံစံတည်း ဖြစ်နေတာ အံ့သြစရာပဲ။ ပြီးတော့ မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံက ဒီကော်ချီရဲ့ အစ်ကိုအရင်းက တကယ်တော့ အလုပ်ရုံ ဒုတိယအလုပ်ရုံမှူးတွေထဲမှာ လုပ်သက် အတော်လေး နုသေးတဲ့သူပါ။ ဒါပေမဲ့ မကြာသေးခင်က လုပ်သက်ပိုရင့်တဲ့ တခြား ဒုတိယအလုပ်ရုံမှူးတွေကို ကျော်ပြီး ရာထူးတိုးသွားခဲ့တယ်။ အဲဒီ အလုပ်ရုံတွေကို အဓိက တာဝန်ယူ အုပ်ချုပ်နေတာကလည်း ဒုတိယစက်ရုံမှူးနျို ဖြစ်နေတာ ကွက်တိပဲတဲ့။ သူ ပြောတာတော့ မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံက ကော်ချီက ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဖို့ စာပြန်နွှေးပြီး ပြင်ဆင်နေတုန်းပဲတဲ့။ ဒါပေမဲ့ အိမ်ကတော့ သိပ်ပြီး အားပေးပုံမရဘူး။ သူ့အတွက် ချစ်သူရှာပေးဖို့ အမြဲတမ်း စီစဉ်နေပြီး အမြန်ဆုံး လက်ထပ်ပြီး ကိုယ်ပိုင်အိမ်ထောင်လေး ထူထောင်စေချင်နေတယ်လို့ ပြောတယ်"
လူငယ်လေးက စကားတစ်ခွန်း ပြောလိုက်တိုင်း ရှောင်ကော်၏ မျက်နှာမှာ တစ်ဖြည်းဖြည်းနှင့် ဖြူရော်သွားခဲ့သည်။ ကော်ချီ၏ အစ်ကိုအရင်းသည် လုပ်သက်ပိုရင့်သော အခြား ဒုတိယအလုပ်ရုံမှူးများကို ကျော်လွန်ကာ ရာထူးတိုးသွားခဲ့ကြောင်း ပြောဆိုသည့်အချိန်တွင် သူ၏ တစ်ကိုယ်လုံးမှာ ပြင်းထန်စွာ တုန်ရီလာတော့သည်။
လူငယ်လေးသည် စကားပြောပြီးနောက် သူက ထိုနေရာတွင် ကြက်သေ သေလျက် ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးမှာ လေထဲမှ သစ်ရွက်လေးပမာ တုန်ယင်နေပြီး မျက်နှာမှာလည်း လူသေတစ်လောင်းကဲ့သို့ ဖြူရော်နေသဖြင့် မျက်နှာပေါ်တွင် သနားကြင်နာမှု အရိပ်အယောင်လေး ပေါ်ထွက်လာခဲ့မိသည်။ သူသည် လက်လှမ်းကာ ရှောင်ကော်၏ ပခုံးကို ပုတ်ပေးလိုက်ပြီး လမ်းကြားထဲမှ ထွက်ခွာသွားခဲ့လေသည်။
သူသည် လမ်းကြားအဝတွင် ရပ်ကာ နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်၏။ ရှောင်ကော်သည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မိမိကိုယ်ကိုယ် တင်းကြပ်စွာ ဖက်ထားလေသည်။ မျက်နှာကို ဒူးခေါင်းကြားတွင် အပ်ထားပြီး ခန္ဓာကိုယ်မှာ တုန်ယင်နေကာ ပခုံးများမှာလည်း တစ်ဆတ်ဆတ် တုန်ခါနေ၏။
နွေဦးအစပိုင်း၏ အေးစိမ့်သော လေပြေထဲတွင် ကြိတ်ငိုနေသော ရှိုက်သံတစ်ခု လွင့်ပျံလာသကဲ့သို့ တိုးတိတ်စွာ ကြားလိုက်ရသည်။
လူငယ်လေးသည် အသံတိတ် သက်ပြင်းချလိုက်မိသည်။
ဤကဲ့သို့သော မကောင်းမှုမျိုးကို သူ့ကို မဖြစ်မနေ လုပ်ခိုင်းရုံသာမက သူက ယောက်ျားကြီးတန်မဲ့ ကျွန်မလို အမျိုးသမီး ရဲဘော်ရှေ့မှာ အသံထွက်ပြီး ငိုကြွေးလိုက်ရင် ဘယ်လောက်တောင် အနေခက်လိုက်မလဲ ဟု အမည်တပ်ကာ လှလှပပလေး ပြောဆိုတတ်သေးသည်။
ကျွတ်... ဗိုလ်ကျတတ်တဲ့ မိန်းမကတော့ ဗိုလ်ကျတတ်တဲ့ မိန်းမပါပဲလေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက အတိတ်ကိစ္စများကို အသုံးချကာ လူတစ်ယောက်က သူမကို တိတ်တိတ်လေး အမည်ဖျက်နေသည်ကို ရှန်မော့အာတစ်ယောက် မသိရှိခဲ့ချေ။ ရှောင်ကော်နှင့် တိုက်ရိုက် မျက်နှာချင်း မဆိုင်လိုသည်မှာ တစ်ကြောင်းဖြစ်သော်လည်း သူမသည် တကယ်ကို အလုပ်များနေခြင်းလည်း ဖြစ်သည်။
နှစ်သစ်ကူးပြီးနောက် သူမသည် နှစ်သစ်ကူး လက်ဆောင်အချို့ကို ဆွဲကာ အစ်မအိုက် ထံသို့ သွားရောက် ဂါရဝပြုခဲ့သည်။ သူမ၏ အဒေါ်ကြီးကို အကူအညီတောင်းကာ ခြံဝင်းတစ်ခုကို ထပ်မံ ငှားရမ်းခဲ့၏။ သည်တစ်ကြိမ်တွင်တော့ တပ်ဖွဲ့ပိုင် စက်ရုံအမည်ဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ ယခုမှ ပြန်လည်ရုပ်သိမ်းထားသော အိမ်ခန်းပေါင်းစုံ ပါဝင်သည့် ခြံဝင်းကြီးတစ်ခု ဖြစ်ပြီး အိမ်ရှင်က ဇာတိရွာတွင်သာ နေထိုင်ကာ ပြန်မလာတော့သဖြင့် ရပ်ကွက်ကော်မတီကို ကူညီငှားရမ်းပေးရန် အပ်နှံထားခြင်း ဖြစ်သည်။ ရပ်ကွက်ကော်မတီဘက်မှ စတင် မစီစဉ်ရသေးမီမှာပင် ရှန်မော့အာက ရောက်ရှိလာခဲ့သဖြင့် အဆင်သင့် ဖြစ်သွားခဲ့သည်။
မူလက အိမ်ငှားရန် နေရာရရှိဖို့ အလွန်ခဲယဉ်းလှသဖြင့် ရပ်ကွက်နေပြည်သူများကိုသာ သေချာပေါက် ဦးစားပေးရမည်။ သို့သော် အချိန်တန်ပါက ရှန်မော့အာဘက်မှ ရပ်ကွက်ကော်မတီကို အလုပ်သမားခေါ်ယူမည့် နေရာ ၄ နေရာ ပေးမည်ဟု ကတိပြုခဲ့သည်။ ရပ်ကွက်ကော်မတီဘက်မှ တွက်ချက်ကြည့်လိုက်ရာ အိမ်ငှားရမ်းမှု ပြဿနာမှာ ဖြေရှင်းရ လွယ်ကူသည်။ တကယ်လို့ အဆင်မပြေပါက အများသုံး အိမ်ရာများကို ပိုမိုကျဉ်းမြောင်းအောင် ထပ်မံ ခွဲခြမ်းလိုက်ပါက ရနိုင်သည်။ အလုပ်အကိုင် ပြဿနာကမှ အကြီးမားဆုံး အခက်အခဲ ဖြစ်နေသည်။ အထူးသဖြင့် မြို့သို့ ပြန်လည်ရောက်ရှိလာသော ပညာတတ်လူငယ်များ တစ်နေ့တခြား များပြားလာသည်နှင့်အမျှ အလုပ်အကိုင် နေရာတိုင်းမှာ အထူးပင် တန်ဖိုးရှိလှသည်။ ထို့ကြောင့် သူတို့လည်း သဘောတူလိုက်ကြတော့သည်။
ခြံဝင်းကို ငှားရမ်းပြီးနောက် ရှန်မော့အာသည်လည်း ရှင်းလင်းရေးများ လုပ်ဆောင်ခဲ့သည်။ စက်ပစ္စည်းများနှင့် လူများကို အရင်ရှာဖွေရမည်ဟု တွေးတောနေစဉ် မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံတွင် ဖယ်ရှားလိုက်သော အပ်ချုပ်စက် တစ်သုတ် ရှိနေသည်ကို ကွက်တိပင် ကြားသိလိုက်ရသည်။ ထို့ကြောင့် သူမ သွားရောက်ကာ ၁၀ လုံးခန့် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အပ်ချုပ်စက်များ ရရှိသွားပြီးနောက် ရပ်ကွက်ကော်မတီဘက်မှလည်း ကပျာကယာဖြင့် အလုပ်သမား ၄ ဦးကို စီစဉ်ပေးလိုက်ကြသည်။ ထို့ကြောင့် စက်များကို အမြန်ပြင်ဆင်ကာ နေရာထိုင်ခင်းများ ရှင်းလင်းပြီး အလုပ်စတင်ရန် ပြင်ဆင်ရတော့သည်။
ထို့ကြောင့် ဤတနင်္ဂနွေနေ့တွင် ရှန်မော့အာသည် အလုပ်သမားများကို ဦးဆောင်ကာ "စက်ရုံအဆောက်အအုံ" ကို သန့်ရှင်းရေးနှင့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေခဲ့ရသည်။
စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် တစ်နေ့လုံး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ရသဖြင့် တနင်္လာနေ့ ကျောင်းသို့ ပြန်ရောက်ချိန်တွင် ရှန်မော့အာမှာ ခါးနာကျောအောင့် ဖြစ်နေဆဲပင်။ အတန်းနားချိန်တွင် သူမသည် မနေနိုင်ဘဲ ခါးနှင့် ကျောကို ထုနှက်နေမိသည်။
ယွမ်လန်က မျက်စိမှိတ်ပြကာ "မနေ့ညက ပင်ပန်းသွားတာလား။ ကျွတ် ကျွတ် ကျွတ်... ကျောင်းသားဖု က တော်တော်စွမ်းတာပဲ"
ရှန်မော့အာ : "......"
သူမက ရှင်းပြရန် ကြိုးစားလိုက်သည်။ "ပိတ်ရက်က အလုပ်လုပ်ရလို့ ပင်ပန်းသွားတာပါ။ တိုက်ပွဲဝင်ရတဲ့ တနင်္ဂနွေနေ့လို့ အားလုံးက ပြောကြတယ် မဟုတ်လား။ အလုပ်တွေက အရမ်းများလွန်းလို့ပါ"
ယွမ်လန်၏ မျက်နှာပေါ်တွင် ငါ နင့်ကို ယုံရင်တော့ သရဲတောင်ဖြစ်သွားဦးမယ် ဟူသော အမူအရာ ရှိနေသော်လည်း ပါးစပ်မှတော့ ဤသို့ ပြောလိုက်၏။ "ကောင်းပါပြီ ကောင်းပါပြီ.. ရှင်က အလုပ်လုပ်လို့ ပင်ပန်းတယ်ဆိုရင်လည်း ပင်ပန်းတာပေါ့။ ရှင်တို့ လက်ထပ်တာလည်း တော်တော်လေး ကြာနေပြီကို ရှက်နေတုန်းပဲလား"
ရှန်မော့အာ : "......"
ရပါတယ်လေ.. ဖြစ်သလိုသာ သဘောထားလိုက်တော့မယ်။ ကျောင်းသားဖု စွမ်းတယ်ဆိုရင်လည်း စွမ်းတာပေါ့။
မနက်ပိုင်း နောက်ဆုံးအချိန်မှာ ပါမောက္ခကြီး တစ်ဦး၏ အတန်း ဖြစ်သည်။ အတန်းတစ်ဝက်လောက် ရောက်ချိန်တွင် ဌာနရုံးခန်းဘက်မှ လူတစ်ယောက် ရုတ်တရက် ရောက်လာကာ ကော်ချီကို ဌာနမှူးရုံးခန်းသို့ လာရန် ခေါ်ဆောင်သွားခဲ့သည်။ ပါမောက္ခကြီးက မျက်မှောင်ကြုတ်လိုက်သော်လည်း လက်ဝှေ့ယမ်းကာ ကော်ချီကို ထိုလူနှင့်အတူ ထွက်သွားခွင့် ပြုလိုက်၏။
ယွမ်လန်က ခေါင်းလှည့်ကာ ရှန်မော့အာကို တီးတိုး ပြောလိုက်သည်။ "နေပါဦး.. အတန်းတက်နေတာကို ဘာလို့ ရုတ်တရက်ကြီး ခေါ်သွားရတာလဲ။ ပြီးတော့ ဌာနမှူးရုံးခန်းကို သွားခိုင်းတယ်ဆိုတော့ တစ်ခုခုတော့ ဖြစ်ပြီ ထင်တယ်နော်"
ကျင်းကွေ့က မနေနိုင်ဘဲ ဝင်ပြောလိုက်၏။ "ဆွေးနွေးရေးအဖွဲ့မှာ သူပြောခဲ့တဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဌာနမှူးက ကြားသွားလို့များလား"
တကယ်ကို အဓိပ္ပာယ်မရှိတာပင်။ သူတို့ စတင်သင်ယူနေပြီဖြစ်သော ဘောဂဗေဒ အခြေခံသီအိုရီ အသိပညာများကို လုံးဝ လျစ်လျူရှုထားသည်ဆိုသည်ကိုပင် မပြောလိုတော့ချေ။ အမှန်တကယ်တွင် အလယ်တန်းပင် မတက်ဖူးသော လူတစ်ယောက်ကဲ့သို့ လျှောက်ပြောနေပြီး လုံးဝ ယုတ္တိ မရှိချေ။
အတန်းခေါင်းဆောင် ရာထူးမှ ဖယ်ရှားခံလိုက်ရသည်မှာ ကံကောင်းသွားခြင်းပင်။ မဟုတ်ပါက တန်းခွဲ(၁)၏ မျက်နှာကို အရှက်ရစေတော့မည်။
ရှန်မော့အာက ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက် ကြည့်လိုက်ပြီး ဘာမှမဖြစ်သလို ဖြေလိုက်၏။ "ဖြစ်နိုင်တာပါပဲ"
...