အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အပိုင်း (၁၃၅.၁)
ဘောဂဗေဒဌာနတွင် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့သည်။
နိုင်ငံရေးဘောဂဗေဒ တန်းခွဲ(၁)မှ "ရာထူးချခံရသော အတန်းခေါင်းဆောင်" ကော်ချီသည် တခြားသူတစ်ယောက်၏ အမည်ကို အလွဲသုံးစားလုပ်ကာ ကျောင်းလာတက်နေသည့် အယောင်ဆောင်တစ်ယောက် ဖြစ်နေသည်။ သူ့နာမည်ရင်းမှာ ကျင်းယုံယွဲ့ ဖြစ်ပြီး ဘောဂဗေဒဌာန၏ ဒုတိယဌာနမှူး ကျင်းဖန့်ကျွီ၏ တူအရင်းပင် ဖြစ်လေသည်။
ကြားရသည်မှာ အမည်လွဲပြောင်းခံလိုက်ရသော ကော်ချီအစစ်သည် ကျင်းဖန့်ကျွီ၏ ဇနီးအလုပ်လုပ်ရာ မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံမှ ဝန်ထမ်းတစ်ယောက်၏ သားသမီး ဖြစ်ပြီး လွန်ခဲ့သော ၂နှစ်က အထက်တန်းအောင်မြင်ပြီးနောက် အလုပ်ဆက်ခံကာ အမှတ်(၅) အထည်ချုပ်စက်ရုံသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ကျင်းဖန့်ကျွီ၏ ဇနီးသည် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်မသိ။ ကျင်းယုံယွဲ့၏ ကိုယ်ရေးမှတ်တမ်းကို အမှတ်(၅) အထည်ချုပ်စက်ရုံသို့ ထည့်သွင်းကာ ကော်ချီနှင့် လဲလှယ်လိုက်ခြင်း ဖြစ်၏။ ထို့နောက် တနည်းနည်းဖြင့် ကော်ချီ၏ တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာကို ရယူသွားခဲ့ခြင်းပင်။
ထို့နောက်တွင်တော့ အရည်အချင်းမပြည့်မီသည့် ကျင်းယုံယွဲ့သည် တခြားသူ၏ နာမည်ကို ခံယူကာ မြို့တော်တက္ကသိုလ်သို့ ကြွားကြွားဝင့်ဝင့် ကျောင်းလာတက်နေတော့သည်။
ပိုပြီး တရားလွန်သည်ကတော့ ကျင်းဖန့်ကျွီသည် သူ၏ဩဇာလွှမ်းမိုးမှုကို အသုံးပြုကာ နိုင်ငံရေးဘောဂဗေဒ တန်းခွဲ(၁)၏ အတန်းပိုင်ဆရာ ယိုယုံဟွာကို ညွှန်ကြားပြီး ကျင်းယုံယွဲ့ကို အတန်းခေါင်းဆောင်အဖြစ် တိုက်ရိုက် ခန့်အပ်ခိုင်းခဲ့ခြင်းပင်။
အကယ်၍ နိုင်ငံရေးဘောဂဗေဒ တန်းခွဲ(၁)မှ ကျောင်းသားများက ဆူပူအုံကြွကာ ကျင်းယုံယွဲ့ကို ရာထူးမှ မချခဲ့လျှင်၊ အကယ်၍ သည်ကိစ္စကို ကော်ချီအစစ်က တနည်းနည်းဖြင့် သိရှိမသွားခဲ့လျှင်၊ အကယ်၍ အမည်လွဲပြောင်းထားသော ကိစ္စကို ရဲတပ်ဖွဲ့နှင့် ဌာနမှ သေချာစွာ စုံစမ်းစစ်ဆေးမှု မပြုလုပ်ခဲ့လျှင်... ဤကျင်းယုံယွဲ့သည် ကျင်းဖန့်ကျွီ၏ အကာအကွယ်အောက်တွင် မြို့တော်တက္ကသိုလ်၏ ထူးချွန်ကျောင်းဆင်း တစ်ဦးအဖြစ်ဖြင့် လူ့အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်သွားနိုင်ပေလိမ့်မည်။
တကယ်ကို ကြောက်စရာကောင်းလွန်းလှပြီး အောက်တန်းကျလွန်းသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရပ်နားထားခဲ့သည်မှာ ၁၁ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ ၁၉၇၇ခုနှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် စာရင်းပေးသွင်းသူ အရေအတွက်မှာ ၅,၇၀၀,၀၀၀ ယောက် ရှိသော်လည်း တက္ကသိုလ်ဝင်ခွင့် ရရှိသူမှာ ၂၇၀,၀၀၀ ယောက်သာ ရှိပြီး ဝင်ခွင့်ရရှိမှုနှုန်းမှာ ၄.၇ ရာခိုင်နှုန်းသာ ရှိလေသည်။
တက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရရန်ပင် အင်မတန် ခက်ခဲလှပြီဖြစ်ကာ မြို့တော်တက္ကသိုလ်သို့ ဝင်ခွင့်ရရှိခြင်းဆိုလျှင်တော့... ကံကြမ္မာ၏ ပြောင်းလဲမှုသည် မိုးနှင့်မြေလို ကွာခြားသွားသည်ဟု ဆိုနိုင်ပေသည်။
သို့သော် ရလဒ်အနေဖြင့် လူတစ်ယောက်က တခြားသူတစ်ယောက်၏ ဘဝကို ဤကဲ့သို့ လွယ်လွယ်ကူကူပင် ခိုးယူသွားခဲ့လေသည်။
တကယ်ကို ကြက်သီးထစရာပင်။
ဒါက ကော်ချီတစ်ယောက်တည်း၏ ကိစ္စမဟုတ်တော့ချေ။ ကျောင်းသားတိုင်းတွင် ဖြစ်ပေါ်လာနိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ အာဏာပိုင်များက အများပြည်သူပိုင် အာဏာကို အလွဲသုံးစားလုပ်ကာ သာမန်ပြည်သူများ၏ ကြိုးစားအားထုတ်မှုများကို လွယ်လွယ်ကူကူပင် နင်းခြေဖျက်ဆီးပစ်နိုင်လေသည်။
ကိစ္စရပ်များ ပြန့်နှံ့သွားပြီးနောက် ဘောဂဗေဒဌာန၏ ကြော်ငြာသင်ပုန်းတွင် ဒေါသထွက်နေကြသော ကျောင်းသားများ၏ စာလုံးကြီးများဖြင့် ရေးသားထားသော ကြေညာစာရွက်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ကျောင်းအနေဖြင့် သည်ကိစ္စကို အသေအချာ စုံစမ်းစစ်ဆေးပြီး စာမေးပွဲဖြေဆိုသူအား တရားမျှတမှု ပြန်လည်ပေးအပ်ရန် တောင်းဆိုကြလေသည်။
ဒေါသမီးတောက်များသည် မြို့တော်တက္ကသိုလ်၏ အခြားသော ဌာနများသို့လည်း လျင်မြန်စွာ ကူးစက်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောင်းဝင်းတစ်ခုလုံး၌ ကျင်းဖန့်ကျွီအား ဝေဖန်ရှုတ်ချထားသော ကြေညာစာရွက်ကြီးများဖြင့် ပြည့်နှက်သွားခဲ့၏။
ကျောင်းမှလည်း အလွန်လျင်မြန်စွာ အရေးယူဆောင်ရွက်ခဲ့သည်။ ကျင်းဖန့်ကျွီနှင့် ယိုယုံဟွာ အပါအဝင် ပါဝင်ပတ်သက်နေသော ဆရာများနှင့် ဝန်ထမ်းများအားလုံးကို ရာထူးမှ ရပ်ဆိုင်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျောင်းသည် ဆင်တူသော အခြေအနေမျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် ကျောင်းတစ်ကျောင်းလုံးရှိ ပထမနှစ် ကျောင်းသားသစ်များ၏ ကိုယ်ရေးမှတ်တမ်းများကို ပြန်လည် စိစစ်အတည်ပြုခြင်းများကိုပါ လုပ်ဆောင်ခဲ့လေသည်။
အတန်းနားချိန်တွင် ယွမ်လန်က လှည့်လာကာ တီးတိုးပြောဆိုလေသည်။ "ကျောင်းဖွင့်စကတည်းက ကော်ချီက နည်းနည်းထူးဆန်းနေတယ်လို့ ခံစားရတာ အံ့ဩစရာ မဟုတ်တော့ဘူးလေ။ လူကလည်း သုန်သုန်မှုန်မှုန်နဲ့၊ ဒီခေတ် တက္ကသိုလ်ကျောင်းသားတွေလို တက်ကြွလှုပ်ရှားနေတဲ့ အရိပ်အယောင်လေး နည်းနည်းမှ မရှိဘူး။ လက်ရေးကလည်း ခွေးယက်ထားသလိုပဲ၊ အဲဒီတုန်းက ငါတောင် အံ့ဩနေသေးတာ။ နင် စဉ်းစားကြည့်လေ.. သူ့လက်ရေးနဲ့ဆို စာမေးပွဲမှာ အမှတ်တွေ တော်တော်အနှုတ်ခံရမှာပဲ မဟုတ်လား"
ထန်ဝေ့သည် စင်္ကြံလမ်းကို ဖြတ်ကျော်ကာ စကားဝိုင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ "တန်းခွဲ(၂)က ဟိုတစ်ယောက် ပြောတာ ကြားလိုက်တယ်။ သူ့အဒေါ်ရဲ့ သမက်ရဲ့တူက အဲဒီ ကျင်းယုံယွဲ့နဲ့ အရင်က ကျောင်းနေဘက် သူငယ်ချင်းတဲ့လေ။ ကျင်းယုံယွဲ့က အထက်တန်းကျောင်းတုန်းက အမှတ်အမြဲတမ်း အောက်ဆုံးမှာတဲ့။ ဒါပေမဲ့ သူက ကျောင်းနေဘက် သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးက သာမန်ပဲမို့ သိပ်ရင်းနှီးတဲ့သူလည်း မရှိတော့ ကျောင်းပြီးသွားတော့ ဘာလုပ်နေလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ရဲဘော်ရဲတွေ သူတို့ကျောင်းကို လာစုံစမ်းတော့မှ နောက်ကနေ သတင်းတွေ ထွက်လာတာလေ။ သူ့သူငယ်ချင်းတွေက ပြောကြတယ်။ သူ ဘယ်ကနေ ယုံကြည်မှုတွေ ရလာတာလဲ မသိဘူးတဲ့။ သူ့အမှတ်နဲ့ဆို သာမန် သက်မွေးဝမ်းကျောင်း ကျောင်းတစ်ခုကို တက်ဖို့တောင် ခက်ခဲတာကို၊ သူက ကျွန်တော်တို့ကျောင်းကိုတောင် ရဲရဲဝံ့ဝံ့ လာတက်ရဲတယ်"
ယွမ်လန်က ‘နင် နားမလည်ပါဘူး’ ဟူသော မျက်နှာထားဖြင့် တစ်ချက်ကြည့်လိုက်ကာ "ကျင်းဖန့်ကျွီ ရှိနေမှတော့ စာမေးပွဲမတိုင်ခင် မေးခွန်းထုတ်ပေးတာ ဒါမှမဟုတ် စာမေးပွဲပြီးသွားတော့ အဖြေလွှာကို ပြင်ပေးလိုက်တာက ခက်ခဲတဲ့ ကိစ္စမှ မဟုတ်တာ။ နာမည်လွှဲပြီး ကျောင်းလာတက်တာနဲ့ ယှဉ်ရင် ဒါတွေက အသေးအမွှား ကိစ္စလေးတွေပါ"
ကျင်းကွေ့: "ကံကောင်းလို့ သိသွားတာ။ မဟုတ်ရင် နာမည်လွဲခံရတဲ့သူက အရမ်းနစ်နာလွန်းတယ်။ ကြားတာတော့ စေတနာရှင် တစ်ယောက်က ကော်ချီကို သတိပေးလိုက်တာတဲ့လေ။ အဲဒီ စေတနာရှင်က ဘယ်သူများလဲ မသိပါဘူး"
ရှန်မော့အာ၏ မျက်တောင်လေးများ လှုပ်ခတ်သွားပြီး ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။ "တခြားသူကို မသိစေချင်ရင် ကိုယ်တိုင် မလုပ်တာ အကောင်းဆုံးပါပဲလေ။ သူတို့ ဒီလိုလုပ်တာက တကယ်တော့ ဟာကွက် လုံးဝ မရှိတာမှ မဟုတ်တာ"
အထူးသဖြင့် နှစ်ဖက်စလုံးက မြို့တော်တွင် ရှိနေကြသည်။ သူမက မသိခဲ့လျှင်တောင်မှ တစ်နေ့နေ့တွင် ကော်ချီ ကိုယ်တိုင် သိသွားနိုင်သည်။
ထန်ဝေ့: "သတ္တိကောင်းလို့ပါကွာ။ အာဏာမရှိ အင်အားမရှိတဲ့သူတွေကို မျက်လုံးထဲ မထည့်တာလေ။ အဲဒီလိုလူတွေက ကျွန်တော်တို့ ဆိုရှယ်လစ် တည်ဆောက်ရေးရဲ့ အသိုက်အမြုံကို ဖျက်ဆီးမယ့်သူတွေပဲ။ နိုင်ငံတော်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဆောင်းရာသီမှာ ကျင်းပတာက ပညာရှင်တွေကို တတ်နိုင်သလောက် ပျိုးထောင်ပေးချင်လို့၊ ထူးချွန်တဲ့ လူရည်ချွန်တွေကို အမြန်ဆုံး မွေးထုတ်ချင်လို့ မဟုတ်ဘူးလား။ ရလဒ်ကတော့ ဒီလူတွေက ဒီလိုအမှိုက်တွေကို အဆင့်မြင့် ပညာရေးအဖွဲ့အစည်းထဲကို အတင်းထိုးထည့်လိုက်တာပဲ။ ကျင်းယုံယွဲ့က အသိပညာ အဆင့်အတန်း ဘယ်လိုနေနေ၊ ပထမဆုံး သူ့ကိုယ်ကျင့်တရားက မကောင်းဘူးလေ။ ကံကောင်းလို့ သိသွားတာ၊ မဟုတ်ရင် နောက်ပိုင်း အရေးကြီးတဲ့ ဌာနတွေထဲ ရောက်သွားရင်တော့ တစ်ဖက်ကို ဒုက္ခပေးတော့မှာပဲ"
ဝူယာနန်ကလည်း တီးတိုး ပြောလိုက်သည်။ "ကံကောင်းလို့ သိသွားတာပဲ။ ဒီလို ဌာနခေါင်းဆောင်နဲ့ အတန်းပိုင်ဆရာမျိုး ရှိနေတယ်လို့ တွေးကြည့်လိုက်ရင် တကယ်ကို ကြောက်စရာကောင်းတယ်"
ထန်ဝေ့သည် ဘယ်ညာသို့ တစ်ချက် ကြည့်လိုက်ပြီး တီးတိုး ပြောလိုက်ပြန်၏။ "ကြားတာတော့ ကျင်းဖန့်ကျွီက ယိုယုံဟွာကို ရာထူးတိုးပေးမယ်လို့ ကတိပေးထားတာတဲ့။ ယိုယုံဟွာကလည်း ရာထူးတိုးဖို့အတွက် အန္တရာယ်ကို စွန့်စားလိုက်တာပဲ"
......
တကယ်တော့ သူတို့တင် မကချေ။ စာသင်ခန်းထဲတွင် အခြေခံအားဖြင့် ၃ယောက်တစ်စု ၅ယောက်တစ်စုဖြင့် သည်ကိစ္စကို ဆွေးနွေးပြောဆိုနေကြလေသည်။
ယွီရှန်နုန်သည် အပြင်ဘက်မှ စာရွက်စာတမ်း တစ်ထပ်ကို ကိုင်ကာ ဝင်လာပြီး စင်မြင့်ထက်တွင် ရပ်ကာ ပြောလိုက်၏။ "ကျောင်းသားတွေ.. တိတ်တိတ်နေကြပါဦး"
အတန်းထဲမှ ဆွေးနွေးပြောဆိုသံများ တိတ်ဆိတ်သွားခဲ့သည်။ ယွီရှန်နုန်က သူ့လက်ထဲမှ စာရွက်များကို မြှောက်ပြလိုက်သည်။ "ကျောင်းပိုင် စက်ရုံမှာ အချိန်ပိုင်း အလုပ်သင် နေရာတချို့ လစ်လပ်နေတယ်။ စိတ်ဝင်စားတဲ့ ကျောင်းသားတွေ ကျွန်တော့်ဆီလာပြီး လျှောက်လွှာဖောင် လာယူကြပါ။ ဒီတစ်ခေါက်က တော်တော်လေး ရှားပါးတဲ့ အခွင့်အရေးပဲ။ ကြားတာတော့ အရင်နှစ်တွေက တတိယနှစ် ရောက်မှ အခွင့်အရေး ရတာတဲ့။ ဒီနှစ်ကတော့ ကျောင်းက ပထမနှစ် ကျောင်းသားသစ်တွေကို အထူးအနေနဲ့ နေရာတချို့ ပေးထားတယ်။ ဘောဂဗေဒဌာနရဲ့ ထူးခြားချက်ကို ထည့်သွင်းစဉ်းစားပြီး ဌာနရဲ့ သဘောထားက ကျွန်တော်တို့ကို တတ်နိုင်သမျှ တက်တက်ကြွကြွ စာရင်းပေးသွင်းစေချင်တာပဲ"
ဆင်စွယ်ရဲတိုက်ထဲတွင် ပုန်းအောင်းကာ ဘောဂဗေဒကို လေ့လာသုတေသန ပြုနေလို့တော့ အဆင်မပြေနိုင်ချေ။ ဘောဂဗေဒကို လေ့လာမည်ဆိုပါက လူ့အဖွဲ့အစည်း၏ ကဏ္ဍစုံကို နားလည်အောင် လေ့လာရလိမ့်မည်။
ယွမ်လန်သည် မတ်တတ်ရပ်လိုက်ပြီး ရှန်မော့အာတို့ကိုပါ တစ်ပါတည်း မေးလိုက်၏။ "ကျွန်မ သွားပြီး လျှောက်လွှာဖောင် သွားယူလိုက်ဦးမယ်။ ကျွန်မက စက်ရုံထဲမှာ တစ်ခါမှ အလုပ်မလုပ်ဖူးဘူး။ ရှင်တို့ ယူဦးမလား။ ကျွန်မ တစ်ခါတည်း ယူလာပေးမယ်"
ရှန်မော့အာသည် ခဏစဉ်းစားလိုက်ပြီး "ယူမှာပေါ့။ ကျွန်မအတွက် တစ်ရွက် ယူခဲ့ပါ"
တကယ်တော့ သူမတွင် လုပ်ငန်းစီမံခန့်ခွဲမှု အတွေ့အကြုံများစွာ ရှိနေပြီးသား ဖြစ်သည်။ သည်အချိန်ပိုင်း အလုပ်သင် နေရာသည် သူမအတွက် ရှိလည်းဖြစ် မရှိလည်းဖြစ်ပင်။ ထို့အပြင် သူမက အထည်ချုပ်စက်ရုံ တစ်ခု တည်ထောင်ရန် ပြင်ဆင်နေသဖြင့် အချိန်နှင့် ခွန်အား အများစုကို အပြင်ဘက်တွင်သာ အသုံးပြုရပေလိမ့်မည်။
သို့သော် သူမသည် နန်ပြည်နယ်မှ ရောက်ရှိလာခြင်းဖြစ်သောကြောင့် မြို့တော်၏ အခြေအနေ အရပ်ရပ်ကို နားမလည်လှချေ။ ကျောင်းပိုင် လုပ်ငန်းတွင် အချိန်ပိုင်း အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းက မြို့တော်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို နားလည်နိုင်ရန်အတွက် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်လေသည်။
ပထမနှစ် သင်ခန်းစာများက သိပ်မများပြားသေးသည့်အချိန်၊ အထည်ချုပ်စက်ရုံမှာလည်း အလုပ်ရုံငယ် အဆင့်တွင်သာ ရှိနေသေးသည့်အချိန်တွင် ကျောင်းပိုင် လုပ်ငန်းသို့ သွားရောက်လေ့လာခြင်းကလည်း တော်တော်လေး ကောင်းမွန်လှသည်။
တခြားလူများကလည်း လျှောက်ထားမည်ဖြစ်ကြောင်း အသီးသီး ပြောဆိုကြလေသည်။
အားလုံး ယွီရှန်နုန်ကို ဝိုင်းရံကာ လျှောက်လွှာဖောင်များ ယူနေကြစဉ် တံခါးအပြင်ဘက်မှ လူနှစ်ဦး ဝင်ရောက်လာခဲ့ပြီး မူလက ဆူညံနေသော စာသင်ခန်းမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
ထန်ဝေ့က တီးတိုး ပြောလိုက်သည်။ "ကော်ချီအစစ်ဟ.. ကော်ချီအစစ် ရောက်လာပြီ"
ရှန်မော့အာသည် ခေါင်းမော့ကြည့်လိုက်သောအခါ ဘီယာပုလင်းဖင်ထက်ပင် ထူထဲသော မျက်မှန်ကို တပ်ဆင်ထားသည့် ရဲဘော်ရှောင်ကော် အမှန်တကယ်ပင် ဖြစ်နေ၏။
သူ့ဘေးနားတွင် အသက် ၃၀ ကျော်ခန့်ရှိပြီး ဆံပင်အနည်းငယ် ရှုပ်ပွနေသော အမျိုးသားတစ်ဦး ရပ်နေသည်။ ထိုအမျိုးသားက လည်ချောင်းဟန့်လိုက်ပြီး စကားစပြောလေ၏။ "ကျောင်းသားတွေ.. အရင်ဆုံး ကိုယ့်နေရာကိုယ် ပြန်သွားကြပါ။ ဟုတ်ပြီ.. ကိုယ့်နေရာမှာ အရင်ထိုင်ကြပါ။ ငါ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးမယ်။ ငါက မင်းတို့ရဲ့ အတန်းပိုင်ဆရာ အသစ်ပါ။ ငါ့နာမည်က ကျုံးရွှယ်ဝမ် လို့ခေါ်တယ်။ နာရီဆိုတဲ့ 'ကျုံး'၊ သင်ယူခြင်းဆိုတဲ့ 'ရွှယ်'၊ စာစီစာကုံးဆိုတဲ့ 'ဝမ်' ပါ"
"နောက်ပိုင်းမှာ အားလုံးပဲ ပညာရေးမှာဖြစ်ဖြစ်၊ နေထိုင်မှုဘဝမှာဖြစ်ဖြစ်၊ ဘာပြဿနာပဲရှိရှိ ငါ့ဆီ လာရှာလို့ ရပါတယ်။ တတ်နိုင်သလောက် အားလုံးကို ကူညီပေးပါ့မယ်။ အားလုံးရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးပြီး အားလုံး စိတ်အေးချမ်းသာစွာနဲ့ ပညာသင်ကြားနိုင်အောင် လုပ်ဆောင်ပေးပါ့မယ်"
ခဏရပ်လိုက်ပြီးနောက် သူက ဆက်ပြောသည်။ "ငါ့ဘေးက ဒီကျောင်းသားကို ဒီမှာရှိတဲ့ ကျောင်းသားတချို့ သိပြီးသား ဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ်။. တချို့ ကျောင်းသားတွေကတော့ မသိသေးတာလည်း ဖြစ်နိုင်ပါတယ်။ မိတ်ဆက်ပေးပါရစေ.. သူကတော့ ကျောင်းသား ကော်ချီ ပါ"
"ကျောင်းသား ကော်ချီဟာ မျှော်လင့်မထားတဲ့ အကြောင်းရင်းတချို့ကြောင့် အချိန်မီ ကျောင်းလာမအပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကံကောင်းတာက အခု ကိစ္စရပ်တွေကို အခြေခံအားဖြင့် စုံစမ်းစစ်ဆေးပြီးသွားပါပြီ။ ကျောင်းက သူ့အတွက် အထူးအနေနဲ့ ကျောင်းဝင်ခွင့် လုပ်ငန်းစဉ်တွေကို ပြန်လည် ဆောင်ရွက်ပေးခဲ့ပြီး ငါတို့ နိုင်ငံရေးဘောဂဗေဒ တန်းခွဲ(၁) မှာပဲ ထားပေးခဲ့ပါတယ်။ အကြံပြုချင်တာက.. အားလုံးပဲ ကျောင်းသား ကော်ချီ ကို လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြရအောင်"
ကျုံးရွှယ်ဝမ်က ဦးဆောင်ကာ လက်ခုပ်တီးလိုက်ပြီး စင်အောက်ရှိ ကျောင်းသားများကို ပြုံးရွှင်စွာ ကြည့်ကာ အားလုံးကို လိုက်လံ လက်ခုပ်တီးရန် အချက်ပြလိုက်၏။ စာသင်ခန်းထဲတွင် မကြာမီမှာပင် လက်ခုပ်သံများ ထွက်ပေါ်လာခဲ့လေသည်။
ယွမ်လန်က ဝေဖန်လိုက်သည်။ "အသစ်ရောက်လာတဲ့ အတန်းပိုင်ဆရာက ကြည့်ရတာ မဆိုးပါဘူး။ စကားပြောတာ နည်းနည်း ရှည်လွန်းတာကလွဲရင်ပေါ့"
ကျုံးရွှယ်ဝမ်က နေရာများကို တစ်ချက်ကြည့်လိုက်သည်။ မူလက ကော်ချီ၏ နေရာမှာ အရှေ့ဘက်တွင် ရှိသော်လည်း သူ မလာတော့သည့်နောက်ပိုင်းတွင် အခြားကျောင်းသားများက ထိုနေရာကို ယူလိုက်ကြသည်။ ယခု စာသင်ခန်းထဲတွင် လွတ်နေသော နေရာဆို၍ ရှန်မော့အာတို့၏ အနောက်ဘက်တွင်သာ ရှိတော့လေသည်။
"ကျောင်းသား ကော်ချီ.. မင်း ဟိုဘက်မှာ သွားထိုင်လိုက်ပါ။ ဌာနခွဲ အတွင်းရေးမှူးနဲ့ အတန်းခေါင်းဆောင် အပြင်ခဏ ထွက်ခဲ့ကြပါ" ကျုံးရွှယ်ဝမ်က ပြောလိုက်၏။
ရှန်မော့အာသည် လက်ထဲမှ စာအုပ်ကို ချထားကာ မတ်တတ်ရပ်လိုက်သည်။ သည်အချိန်တွင် ကော်ချီသည်လည်း အနောက်ဘက်သို့ လျှောက်လာနေလေသည်။
ရှန်မော့အာကို မြင်သောအခါ ကော်ချီသည် မှင်သက်သွားပြီး ပါးစပ်ဟကာ စကားတစ်ခွန်း ပြောရန် ပြင်လိုက်သော်လည်း ရှန်မော့အာက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး သူ့ကို ရှောင်ကာ အပြင်သို့ ထွက်သွားခဲ့၏။
ကော်ချီသည် ခေါင်းလှည့်ကာ သူမ၏ကျောပြင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်လွှာချကာ အနောက်ဘက်ရှိ နေရာသို့ ဆက်လျှောက်သွားခဲ့သည်။
ကျုံးရွှယ်ဝမ်သည် ယွီရှန်နုန်နှင့် ရှန်မော့အာတို့ကို လူရှင်းသည့် စင်္ကြံလမ်းထောင့်သို့ ခေါ်သွားကာ လေးနက်စွာ ပြောလိုက်၏။ "အတန်းထဲမှာ ဒီလို ကိစ္စကြီး ဖြစ်သွားတော့ ကျောင်းသားတွေရဲ့ စိတ်ခံစားချက်တွေက သေချာပေါက် ရှုပ်ထွေးနေကြမှာပဲ။ အတွင်းရေးမှူးယွီနဲ့ အတန်းခေါင်းဆောင်ရှန်တို့က အလုပ်အတွေ့အကြုံ အရမ်းများတဲ့ ရဲဘော်တွေပဲ။ အားလုံးရဲ့ စိတ်ခံစားချက်တွေကို သေချာလေး လမ်းညွှန်ပေးပြီး ကျောင်းသားတွေရဲ့ စိတ်ကို ပညာသင်ကြားရေးမှာ ပြန်လည် အာရုံစိုက်လာအောင် လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
...
အပိုင်း (၁၃၅.၂)
ယွီရှန်နုန်နှင့် ရှန်မော့အာတို့သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြ၏။
ကျုံးရွှယ်ဝမ်: "ကျောင်းသားကော်ချီက သင်ခန်းစာတချို့ လွတ်သွားတယ်။ ဒါကို သူ့ဘာသာသူ အဓိကထား လေ့လာရမှာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေအနေနဲ့ ကူညီပေးနိုင်သလောက် ကူညီပေးကြပါ။ အထူးသဖြင့် ကျောင်းသူရှန်မော့အာပေါ့။ အခု သူ့နေရာက မင်းအနောက်မှာဆိုတော့ သူ့ကို ပိုပြီး ဂရုစိုက်ပေးလိုက်ပါ။ ပြီးတော့ သူ့ရဲ့ စိတ်ခံစားချက်တွေကိုလည်း အကဲခတ်ပေးပါဦး"
"ဒီကိစ္စတစ်ခုလုံးမှာ ကျောင်းသားကော်ချီက အပြစ်အကင်းစင်ဆုံး ဖြစ်သလို နစ်နာမှု အများဆုံးလည်း ဖြစ်ခဲ့ရတယ်။ ငါတို့အနေနဲ့ တခြားဟာတွေ မလုပ်ပေးနိုင်ပေမယ့် သူ့ကို ပိုပြီး ဂရုစိုက် ကူညီပေးလို့တော့ ရပါတယ်။ နွေဦးလေပြေနဲ့ မိုးစက်လေးတွေလို အဖွဲ့အစည်းရဲ့ နွေးထွေးမှုနဲ့အတူ သူ့ရဲ့ အေးစက်နေတဲ့ နှလုံးသားကို နူးညံ့သွားအောင် လုပ်ပေးကြတာပေါ့"
"မင်းတို့တွေ သေချာပေါက် လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ကြိုးစားကြပါ"
ယွီရှန်နုန် : "......"
ရှန်မော့အာ : "......"
ဒီအတန်းပိုင်ဆရာသစ်က စကားပြောရှည်ရုံတင် မကဘူး။ သူက... ယိုယုံဟွာနဲ့ဆိုရင် တကယ်ကို ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ပဲ။
နေရာသို့ ပြန်ရောက်လာသောအခါ ယွမ်လန်နှင့် ထန်ဝေ့တို့သည် နွေဦးလေပြေနှင့် မိုးစက်လေးများပမာ အဖွဲ့အစည်း၏ နွေးထွေးမှုဖြင့် ကော်ချီ၏ အေးစက်နေသော နှလုံးသားကို နူးညံ့သွားစေရန် စတင်လုပ်ဆောင်နေကြပြီဖြစ်ကြောင်း သူမ တွေ့လိုက်ရ၏။
သူတို့နှစ်ယောက်တွင် တစ်ယောက်က စင်္ကြံလမ်းကို ဖြတ်ကျော်လာပြီး နောက်တစ်ယောက်က သူမ၏ စားပွဲပေါ်တွင် မှောက်လျက် ကော်ချီနှင့် စကားပြောနေကြသည်။ ကြည့်ရသည်မှာ တော်တော်လေး စကားလက်ဆုံကျနေပုံရသည်။
"ဘာတွေ ပြောနေကြတာလဲ" ရှန်မော့အာက ပေါ့ပေါ့ပါးပါး မေးလိုက်၏။
"ရှောင်ကော်က အရင်တုန်းက အထည်ချုပ်စက်ရုံမှာ ဂိုဒေါင်မှူး လုပ်ခဲ့တာတဲ့လေ။ အထည်ချုပ်စက်ရုံရဲ့ ထုတ်လုပ်မှုနဲ့ ရောင်းအား အချက်အလက်တွေကို လက်ဖဝါးပေါ် တင်ထားသလို အကုန်သိတယ်တဲ့။ ပါမောက္ခကျန်း ပေးလိုက်တဲ့ သုတေသန ခေါင်းစဉ်ကို ငါတို့တွေ အဖွဲ့ခွဲပြီးတာတောင် ခေါင်းစဉ် မရွေးရသေးဘူး မဟုတ်လား။ အဲဒါ ငါတို့ အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်ကိုပဲ လုပ်ကြမလားလို့ ပြောနေတာ" ယွမ်လန်က ရှင်းပြသည်။
ကော်ချီက ခေါင်းကို ကုတ်လိုက်ပြီး အားနာဟန်ဖြင့် ပြောလိုက်၏။ "နည်းနည်းပါးပါးလောက်ပဲ နားလည်တာပါ။ အကုန်လုံး သိတယ်လို့တော့ ပြောလို့မရပါဘူး"
သူက ရှန်မော့အာကို သတိလေးနှင့် တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှတော့ မပြောခဲ့ချေ။
ရှန်မော့အာမှာ သူတို့ သည်ခေါင်းစဉ်ကို ရွေးချယ်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ပြုံးကာ ပြောလိုက်၏။ "ကောင်းတာပေါ့။ ကျောင်းသားကော်က သက်ဆိုင်ရာ လုပ်ငန်းအချက်အလက်တွေကို စုဆောင်းဖို့ တာဝန်ယူလိုက်လေ။ မြို့တော် အမှတ်(၁) ချည်မျှင်နှင့်အထည်စက်ရုံနဲ့ မြို့တော် အမှတ်(၂) အထည်ချုပ်စက်ရုံတွေမှာ ကျွန်မ သိတဲ့သူတွေ ရှိတယ်။ ကွမ်ကျိုး ကုန်စည်ပြပွဲက အချက်အလက်တွေကိုလည်း ကျွန်မ နည်းလမ်းရှာကြည့်ပေးလို့ ရတယ်"
ယွမ်လန်က လက်ခုပ်တီးလိုက်ပြီး " ကြည့်ပါဦး၊ စက်ရုံမှူးဟောင်းဆိုတဲ့အတိုင်းပဲ။ ကျွန်မတို့တော့ သစ်ပင်ကြီးကို မှီပြီး အရိပ်ခိုရတာ ကောင်းနေတော့မှာပဲ"
ရှန်မော့အာက ခပ်တိုးတိုး ရယ်မောလိုက်ပြီး "ကောင်းပါပြီ.. သစ်ပင်ကြီးက တခြားအလုပ်တွေကိုတော့ ရှင်တို့ပဲ ပိုပြီး ပင်ပင်ပန်းပန်း လုပ်ပေးကြပါလို့ ပြောပါတယ်ရှင်"
ကျင်းကွေ့က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "ပြဿနာမရှိပါဘူး"
ဝူယာ့နန်ကလည်း ဝင်ပြောလိုက်၏။ "ပြဿနာမရှိပါဘူး။ အသေးအမွှား အလုပ်တွေ၊ ပင်ပန်းတဲ့ အလုပ်တွေ အကုန်လုံး ကျွန်မကိုသာ ပေးလိုက်ပါ"
ထန်ဝေ့က ရယ်မောလိုက်ပြီး "အဲဒါဆို ကျွန်တော်တို့က သစ်ပင်ကြီးကို ဖက်တွယ်ထားဖို့ပဲ တာဝန်ယူလိုက်တော့မယ်"
သူတို့အဖွဲ့သည် တက်ကြွစွာ ဆွေးနွေးနေခဲ့ကြပြီး နောက်တစ်ချိန်အတွက် ဆရာက ပြဋ္ဌာန်းစာအုပ်နှင့် စာရွက်စာတမ်းများကို ပိုက်ကာ ဝင်လာသည့်အချိန်ကျမှသာ မိမိတို့ နေရာအသီးသီးသို့ ကမန်းကတန်း ပြန်ထိုင်လိုက်ကြတော့သည်။
တစ်နေ့တာလုံး အလုပ်များလှသော သင်ကြားမှုများ ပြီးဆုံးသွားသောအခါ ရှန်မော့အာသည် ပစ္စည်းများကို သိမ်းဆည်းကာ အပြင်သို့ အမြန်ထွက်လာခဲ့သည်။ စာသင်ဆောင်နှင့် အတော်လေး ဝေးကွာသွားချိန်တွင် အနောက်ဘက်မှ လူတစ်ယောက်က "ရဲဘော်ရှန်" ဟု လှမ်းခေါ်လိုက်သံကို ရုတ်တရက် ကြားလိုက်ရ၏။
ရှန်မော့အာသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကော်ချီက အပြေးလိုက်လာသည်ကို မြင်တွေ့လိုက်ရသည်။ "ရဲဘော်ရှန်.. ကျွန်တော်.. ကျွန်တော် မင်းနဲ့ စကားနည်းနည်းလောက် ပြောလို့ရမလား"
ရှန်မော့အာက ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ရေကန်ဘေးရှိ မြက်ခင်းပြင်ဆီသို့ လျှောက်သွားလိုက်သည်။
လူအများစုသည် စကားပြောဆိုရာတွင် သစ်ပင်အောက်၊ နံရံထောင့်စသည့် လူသူကင်းမဲ့သော လျှို့ဝှက်နေရာမျိုးကို အလိုအလျောက် ရှာဖွေလေ့ရှိကြသည်။
သို့သော် သူမသည် လွန်ခဲ့သော နှစ်များအတွင်း နန်းတော်ထဲ၌ မြင်တွေ့ခဲ့ရသည်များ များပြားလွန်းလှသဖြင့် လျှို့ဝှက်သည်ဟု ထင်ရသော နေရာများသည် တကယ်တမ်းတွင် ပိုအန္တရာယ်များတတ်ကြောင်း၊ ဘယ်နေရာတွင် နားတစ်ဖက် ပုန်းကွယ်နေမည်ကို ဘယ်သူမှ မသိနိုင်ကြောင်းကို ကောင်းကောင်းပြီး သိထားခဲ့သည်။
ထို့ကြောင့် ကျယ်ဝန်းသော နေရာများက ပိုကောင်းမွန်သည်။ အနီးအနားတွင် လူ ရှိ၊ မရှိကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ သိနိုင်သည်။
ထို့အပြင် ကျယ်ဝန်းသော နေရာတွင် ရပ်ကာ စကားပြောဆိုခြင်းသည် လူများ မြင်သွားလျှင်တောင်မှ တခြားလူများက ပိုပိုသာသာ တွေးကြမည် မဟုတ်ချေ။
"ရဲဘော်ရှန်.. ကျေးဇူးတင်ပါတယ်" ကော်ချီက လေးနက်စွာ ပြောလိုက်၏။
"ကျွန်မမှန်း ရှင်က သေချာလို့လား" ရှန်မော့အာက မျက်ခုံးပင့်လိုက်သည်။
ကော်ချီက ရိုးသားစွာ ပြုံးလိုက်ပြီးနောက် အပြုံးများ ပျောက်ကွယ်သွားကာ မျက်ဝန်းထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တချို့ ပေါ်ထွက်လာခဲ့သည်။ "တကယ်တော့ ကျွန်တော်လည်း အရင်က ဘယ်သူများလဲလို့ အမြဲစဉ်းစားနေခဲ့တာ။ စက်ရုံက လူ့စွမ်းအားအရင်းအမြစ် ဌာနကများလား၊ အိမ်နီးချင်းတွေများလား၊ ပြီးတော့... ပြီးတော့ ကျွန်တော့်အစ်မများလားလို့ပါ ခန့်မှန်းကြည့်ခဲ့ဖူးတယ်။ ဒီနေ့ စာသင်ခန်းထဲမှာ မင်းကို မြင်လိုက်ရတဲ့အချိန်အထိပေါ့"
"ကမ္ဘာကြီးပေါ်မှာ တိုက်ဆိုင်မှုဆိုတာ အဲဒီလောက် မများပါဘူး။ အဲဒီနေ့က မင်း ကျွန်တော်တို့စက်ရုံကို လာခဲ့တာနဲ့ ကွက်တိပဲ၊ အဲဒီနေ့မှာပဲ ကျွန်တော်က စာရွက်လေးကို ရခဲ့တာ" ကော်ချီက အနည်းငယ် တွေဝေသွားပြီးနောက် ဆက်ပြောသည်။ "မင်းရဲ့ အတန်းတွင်း မှတ်စုစာအုပ် စားပွဲပေါ်မှာ တင်ထားတာကို အတန်းနားချိန်မှာ ကျွန်တော် ယူကြည့်လိုက်သေးတယ်။ လက်ရေးကလည်း တစ်ပုံစံတည်းပဲ"
ရှန်မော့အာက ခေါင်းညိတ်လိုက်၏။ "ကျွန်မက သတင်းလေး လာပြောပြရုံပါပဲ။ ကျန်တဲ့ ကိစ္စတွေ အားလုံးက ရှင်ကိုယ်တိုင် လုပ်ခဲ့တာလေ။ ရှင် ကျေးဇူးတင်သင့်တာက ရှင့်ကိုယ်ရှင်ပါပဲ"
ကော်ချီ၏ မျက်ဝန်းများ အနည်းငယ် နီရဲသွားခဲ့သည်။ "ဒီသတင်းကို ပြောပြပေးတာလေးကပဲ အရမ်းကို ကြီးမားလှတဲ့ ကျေးဇူးတရား ဖြစ်နေပါပြီ"
အနည်းဆုံးတော့ သူ့ဘေးနားက ဒီကိစ္စကို သိထားကြသူများထဲတွင် သူ့အား အမှန်တရားကို ပြောပြရန် တွေးတောခဲ့ဖူးသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ချေ။
ရှန်မော့အာ: "အားလုံး ပြီးသွားပါပြီ။ နောက်ပိုင်းကျရင် ရှင့်အတွက် တောက်ပတဲ့ အနာဂတ်လမ်းခရီးနဲ့ ဘဝတစ်ခု ရှိလာမှာပါ"
ကော်ချီက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ အားလုံး ပြီးသွားပါပြီ"
သူက လေးနက်စွာ ကျေးဇူးတင်စကား ထပ်ပြောခဲ့သည်။ ထို့အပြင် ထိုလူများက ခွေးပိန် ချောင်ပိတ်ရိုက်ခံရသလို အသည်းအသန်ဖြစ်ကာ သူမအား လက်စားချေမည်ကို စိုးရိမ်သဖြင့် သူ့ကို သတိပေးခဲ့သူမှာ ရှန်မော့အာ ဖြစ်ကြောင်း တခြားသူများကို လုံးဝ ပြောပြမည် မဟုတ်ဟုလည်း ကတိပေးခဲ့လေသည်။
ရှန်မော့အာကတော့ လက်စားချေခံရမည်ကို မကြောက်ရွံ့လှချေ။ သို့သော် ပြဿနာပိုများလာမည့်အစား ပြဿနာနည်းသွားသည်က ပိုကောင်းပေသည်။ သူမကိုယ်တိုင်ကလည်း သည်ကိစ္စနှင့် နာမည်ကြီးအောင် လုပ်ချင်စိတ် အမှန်တကယ်ပင် မရှိခဲ့ချေ။
ဤအဖြစ်အပျက်ပြီးနောက် ရက်အနည်းငယ် ကြာသောအခါ မြို့တော်တက္ကသိုလ်သည် ကိစ္စရပ်များ အားလုံးကို ရှင်းလင်းစွာ စုံစမ်းစစ်ဆေးပြီးနောက် ပါဝင်ပတ်သက်သူ အားလုံးကို အရေးယူ ဆောင်ရွက်ခဲ့လေသည်။
ကျင်းဖန့်ကျွီသည် ပါတီဝင်အဖြစ်မှရော ရာထူးမှပါ တိုက်ရိုက် ထုတ်ပယ်ခံလိုက်ရပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခြင်း ခံခဲ့ရသည်။ အမည်လွဲပြောင်းရေး လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးခဲ့သော ကျောင်းသားရေးရာဌာန၊ မှတ်တမ်းထိန်းသိမ်းရေးခန်း စသည့် သက်ဆိုင်ရာ ခေါင်းဆောင်များနှင့် ဝန်ထမ်းများသည်လည်း အလုပ်မှ ထုတ်ပယ်ခံရကာ ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခြင်း ခံခဲ့ရသည်။
ယိုယုံဟွာသည် သိလျက်နှင့် သတင်းမပို့ခဲ့သော်လည်း အမည်လွဲပြောင်းသည့် လုပ်ငန်းစဉ်တွင် တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိချေ။ ထို့အပြင် ကျင်းယုံယွဲ့၏ အတန်းခေါင်းဆောင် ရာထူးမှာလည်း စောစောစီးစီးကတည်းက ရုပ်သိမ်းခံထားရပြီး ဖြစ်သဖြင့် သူသည် လူစုထဲတွင် အတော်လေး ပေါ့ပါးစွာ အရေးယူခံရသူဟု ဆိုနိုင်ပေသည်။ ကြီးလေးသော အပြစ်ဒဏ် မှတ်တမ်းတင်ခံရပြီး ရာထူးချကာ ဌာနပြောင်းရွှေ့ခံလိုက်ရလေသည်။
အရေးယူဆောင်ရွက်မှု ကြေညာချက်ကို ဘောဂဗေဒဌာန၏ ကြော်ငြာသင်ပုန်းတွင် ကပ်ထားပြီး ၎င်း၏ဘေးတွင် ပါဝင်ပတ်သက်သူများကို ပြင်းထန်စွာ အပြစ်ပေးရန် တောင်းဆိုထားသော စာလုံးကြီးများဖြင့် ကြေညာစာရွက်ကိုပါ ကပ်ထားလေသည်။ သည်လို နှိုင်းယှဉ်ပြသထားမှုက ကြော်ငြာသင်ပုန်းရှေ့တွင် ရပ်နေသော ကျောင်းသားများကို အလွန်ပင် ကျေနပ်ဝမ်းမြောက်သွားစေခဲ့သည်။
အရေးယူဆောင်ရွက်မှု ရလဒ်များ ထွက်ပေါ်လာပြီးနောက် ကိစ္စသည်လည်း ပြီးဆုံးသွားခဲ့သည်ဟု မှတ်ယူနိုင်ပေသည်။ တဖြည်းဖြည်းနှင့် လူတိုင်းကလည်း သိပ်ပြီး ဂရုမစိုက်ကြတော့ချေ။ နှစ်ဝက်ကျော် ကြာပြီးနောက် ကျင်းဖန့်ကျွီအပြင် ကျောင်းသားရေးရာဌာနနှင့် မှတ်တမ်းထိန်းသိမ်းရေးခန်းမှ လူများပါ ထောင်ဒဏ် ချမှတ်ခံလိုက်ရကြောင်း ကြားသိရသောအခါမှသာ အားလုံးမှာ တစ်ခဏ သက်ပြင်းချကာ စိတ်မကောင်း ဖြစ်သွားကြရပြန်သည်။
ကြားရသည်မှာ အတူတူ ထောင်ဒဏ်ချမှတ်ခံရသူများထဲတွင် ကျင်းဖန့်ကျွီ၏ ဇနီးဖြစ်သူ ဒုတိယစက်ရုံမှူးနျိုနှင့် မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံမှ လူ့စွမ်းအားအရင်းအမြစ် ဌာနမှ လူများလည်း ပါဝင်သည်ဟု ဆိုသည်။
ကျင်းဖန့်ကျွီသည် တရားခံခုံတွင် ရပ်နေစဉ် လွန်စွာ နောင်တရကာ မျက်ရည်ပေါက်ကြီးငယ်ကျလျက် ငိုကြွေးနေခဲ့သည်ဟု ဆိုသည်။ သူ၏ ဇနီးဖြစ်သူ ဒုတိယစက်ရုံမှူးနျိုကမူ ကျင်းမိသားစုဝင်များအားလုံးသည် လူကို ဒုက္ခပေးသော မိစ္ဆာများဖြစ်သည်ဟု အော်ဟစ်ကျိန်ဆဲနေခဲ့သည်တဲ့။
အကြောင်းမှာ သူတို့ ဇနီးမောင်နှံနှစ်ဦး ကျင်းယုံယွဲ့ကို အန္တရာယ်စွန့်ကာ ကူညီခဲ့ရခြင်းမှာ တကယ်တမ်းတွင် ကျင်းဖန့်ကျွီ၏ မိခင်အိုကြီးက သွေးထိုးလှုံ့ဆော်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ သူတို့မိသားစုတွင် ကျင်းရှန်းရှန်းဟူသော တစ်ဦးတည်းသော သမီးလေးသာ ရှိပြီး မိသားစုကို ဦးဆောင်ဦးရွက်ပြုနိုင်မည့် သားယောကျ်ားလေး မရှိသဖြင့် တူဖြစ်သူကို ပျိုးထောင်ပေးသင့်သည်ဟု ပြောဆိုခဲ့ခြင်းကြောင့်ပင်။
ထို့ကြောင့် အဆင့်မြင့်ပညာတတ်လူများကပင် ခေတ်နောက်ကျသည့် ယောက်ျားကြီးစိုးရေးဝါဒီကို တွယ်ကပ်နေဆဲပင်။
ဟုတ်ပါသည်။ ဒါကလည်း နောက်ပိုင်းမှ ဖြစ်လာမည့် ကိစ္စရပ်များသာ။
ကျောင်းက အရေးယူဆောင်ရွက်မှု ကြေညာချက်ကို ကပ်ထားပြီးနောက် ဤကိစ္စအပေါ် စိတ်ဝင်စားမှုမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့လေသည်။
လူငယ်ဘဝ၏ အလှပဆုံး အချိန်ကာလလေးတွင် ပညာသင်ကြားပြီး ကြိုးစားရုန်းကန်ရမည့် အချိန်အခါသမယပင်။
အထူးသဖြင့် မတ်လနှောင်းပိုင်းတွင် တစ်နိုင်ငံလုံးဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ညီလာခံကြီးကို ကျင်းပခဲ့သည်။ ထိုညီလာခံတွင် သိပ္ပံနှင့် နည်းပညာသည် ကုန်ထုတ်စွမ်းအားဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်အတွက် အလုပ်အကျွေးပြုနေသော ဉာဏလုပ်သားများသည်လည်း အလုပ်သမားလူတန်းစား၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း အလေးအနက်ထားကာ ထပ်မံပြောကြားခဲ့သည်။ ဘောဂဗေဒ "သိပ္ပံ" ကို သုတေသနပြုနေသော "ဉာဏလုပ်သားများ" အနေဖြင့် နိုင်ငံရေးဘောဂဗေဒမှ ကျောင်းသားများသည် မိမိတို့၏ တာဝန်ဝတ္တရားမှာ ဂုဏ်ယူဖွယ်ကောင်းပြီး တာဝန်ကြီးမားကြောင်းကို ပိုလို့ပင် ခံစားလာရလေသည်။
သည်အချိန်တွင်ပင် ဟွာချိုက် အထည်ချုပ်စက်ရုံသည်လည်း နောက်ဆုံးတော့ တရားဝင် ဆိုင်းဘုတ်တင်ကာ လုပ်ငန်း စတင်လည်ပတ်ခဲ့လေပြီ။
အထည်ချုပ်စက်ရုံ၏ အလုပ်သမား ၄ဦးကို ရပ်ကွက်ကော်မတီက ထောက်ခံပေးထားခြင်း ဖြစ်ပြီး ကျန်၈ဦးကို လျိုချောင်တပ်ဖွဲ့မှ အလုပ်ခေါ်ယူထားခြင်း ဖြစ်သည်။
အထည်ချုပ်စက်ရုံကို မြို့တော်တွင် တည်ထောင်ထားသော်လည်း မည်သို့ပင်ဖြစ်စေ ဤအထည်ချုပ်စက်ရုံသည် လျိုချောင်တပ်ဖွဲ့၏ တပ်ဖွဲ့ပိုင် လုပ်ငန်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် စက်ရုံဝန်ထမ်း အများစုမှာ လျိုချောင်တပ်ဖွဲ့မှ အဖွဲ့ဝင်များသာ ဖြစ်ကြ၏။
၈ဦးထဲတွင် အမျိုးသမီးဝန်ထမ်း ၆ဦး ပါဝင်ပြီး အားလုံးမှာ ဉာဏ်ရည်ထက်မြက်ကာ လက်ရာသေသပ်ပြီး အပ်ချုပ်လုပ်ငန်းနှင့်ပတ်သက်၍ အခြေခံရှိသူများ ဖြစ်ကြသည်။ အမျိုးသားဝန်ထမ်း ၂ ဦးမှာ အဓိကအားဖြင့် ဝယ်ယူရေး၊ ရောင်းချရေးနှင့် အကြမ်းစား အလုပ်တချို့ကို တာဝန်ယူရလေသည်။
အမျိုးသမီးဝန်ထမ်းများထဲတွင် တချို့မှာ လင်ကျန်းမြို့ ပန်းထိုးအထည်စက်ရုံမှ အလုပ်ပြောင်းလာသူများ ဖြစ်ကြပြီး အမျိုးသားဝန်ထမ်းများထဲမှ တစ်ဦးမှာ ရှန်မော့အာ၏ ဝမ်းကွဲအစ်ကို ကျောက်ကျိန့်ဟွေး ဖြစ်သည်။
ကျောက်ကျိန့်ယန်မှာ လွန်ခဲ့သော နှစ်နှစ်ကပင် အိမ်ထောင်ကျကာ အတည်တကျ ဖြစ်နေပြီ ဖြစ်သော်လည်း ကျောက်ကျိန့်ဟွေးကတော့ အခုထိ လူပျိုကြီး ဖြစ်နေဆဲပင်။ ရှန်ယင်းယင်းက သူ့အတွက် ချစ်သူရှာပေးရန် စီစဉ်ပေးသော်လည်း သူက မလိုလားသည့် ပုံစံမျိုးသာ ပြသနေခဲ့သည်။ သည်တစ်ခေါက် ရှန်မော့အာ မြို့တော်တွင် စက်ရုံတည်ထောင်မည်ဟု ကြားသိရသောအခါ သူသည် အထုပ်အပိုးများကို သိမ်းဆည်းကာ ရွာတွင် မိတ်ဆက်စာ သွားရေးပြီးနောက် သူ့ဘာသာသူ ပြေးလာခဲ့ခြင်း ဖြစ်လေသည်။
"ကျွန်မတို့ စက်ရုံက အခုလောလောဆယ် ဝန်ထမ်း ၁၀ ယောက်ကျော်ပဲ ရှိသေးတယ်ဆိုပြီး အထင်တော့ မသေးနဲ့နော်။ ကျွန်မတို့က ဟွာချိုက် အထည်ချုပ်စက်ရုံရဲ့ မီးပွားလေးတွေပဲ။ ခေါင်းဆောင်ကြီး ပြောဖူးသလို မီးပွားလေးကနေ မီးတောက်ကြီး ဖြစ်လာနိုင်ပါတယ်။ မကြာခင် အနာဂတ်မှာ ဟွာချိုက် အထည်ချုပ်စက်ရုံဟာ လူတိုင်း အံ့သြသွားလောက်အောင် သေချာပေါက် အောင်မြင်ကြီးထွားလာမယ်လို့ ယုံကြည်ပါတယ်"
ရိုးရှင်းသော ဆိုင်းဘုတ်တင် အခမ်းအနားလေး ပြုလုပ်ပြီးနောက် ရှန်မော့အာသည် ခြံဝင်းထဲတွင် ရပ်ကာ ဝန်ထမ်းများကို စည်းရုံးလှုံ့ဆော်ရေး စကားများ ပြောကြားလိုက်၏။ "လျိုချောင်တပ်ဖွဲ့ကနေ လာတဲ့ ရဲဘော်တွေ အားလုံးသိကြတဲ့အတိုင်းပဲ၊ ကျွန်မတို့ လင်ကျန်းမြို့ ပန်းထိုးအထည်စက်ရုံက အစတုန်းက လူ ၂၀၊ ၃၀ လောက်ပဲရှိတဲ့ အလုပ်ရုံလေးကနေ စတင်ခဲ့တာပါ။ နှစ်အနည်းငယ်အတွင်းမှာ နန်ပြည်နယ်ရဲ့ နိုင်ငံခြားငွေရှာဖွေပေးတဲ့ ထိပ်တန်းလုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့တယ်။ ဒါကြောင့် ကိစ္စရပ်တိုင်းက လူ့အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မတို့ ဟွာချိုက် အထည်ချုပ်စက်ရုံကလည်း တစ်နေ့နေ့ကြရင် အထည်ချုပ်လုပ်ငန်းမှာ ထိပ်တန်းလုပ်ငန်းကြီးတစ်ခု ဖြစ်လာမှာပါ။ အားလုံးပဲ ယုံကြည်မှု ရှိကြရဲ့လား"
လျိုချောင်တပ်ဖွဲ့မှ လာသော လူအနည်းငယ်က ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်ကြသည်။ "ယုံကြည်မှု ရှိပါတယ်"
လင်ကျန်းမြို့ ပန်းထိုးအထည်စက်ရုံမှ ပြောင်းရွှေ့လာသူများ : "ယုံကြည်မှု ရှိပါတယ်။ စက်ရုံမှူးရှန် ဦးဆောင်နေသရွေ့ ကျွန်မတို့ ဟွာချိုက် အထည်ချုပ်စက်ရုံက သေချာပေါက် လုပ်ငန်းခွင်ရဲ့ ထိပ်တန်းလုပ်ငန်းကြီး၊ နိုင်ငံတကာက သိတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လာမှာပါ"
မြို့တော်မှ ဒေသခံ အမျိုးသမီး အလုပ်သမား ၄ ဦး : "......"
နေပါဦး.. ဒီလူတွေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် လေလုံးကြီးရတာလဲ။
...
အပိုင်း (၁၃၆)
အထည်ချုပ်စက်ရုံဟု ဆိုသော်လည်း လက်တွေ့တွင်တော့ အလုပ်ရုံငယ်လေးတစ်ခုမျှသာ ဖြစ်သည်။ မြို့တော်မှ ဒေသခံ ၄ဦး၏ စိတ်ထဲတွင်တော့ တထိတ်ထိတ် ဖြစ်နေကြ၏။ ဤအလုပ်ရုံငယ်လေးမှာ အချိန်မရွေး ပြိုလဲသွားနိုင်ပြီး အလုပ်လုပ်ပြီးနောက် လုပ်အားခ ရနိုင်ပါမည်လားဟု အမြဲတမ်း ခံစားနေကြရသည်။
စက်ရုံမှူးရှန်က သူတို့သည် ပထမဆုံး အသုတ်ဖြစ်သော အမြဲတမ်းဝန်ထမ်းများဖြစ်ပြီး နိုင်ငံပိုင်စက်ရုံ အလုပ်သမားများနှင့် တန်းတူအခွင့်အရေး ရရှိမည်ဟု ဆိုခဲ့သည်။
သို့သော်လည်း သူတို့ကတော့ အလုပ်ရုံငယ်လေးတွင် လာရောက်ကာ အချိန်ပိုင်းအလုပ် လုပ်နေရသည်ဟုသာ အမြဲတမ်း ခံစားနေမိကြသည်။
ဉာဏ်ပြေးသူ ၂ဦးကတော့ တိတ်တဆိတ် စုဝေးတိုင်ပင်နေကြပြီ ဖြစ်သည်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် အလုပ်ခေါ်သည့်နေရာ ရှိ၊ မရှိ ထပ်မံရှာဖွေကြည့်ကြမည်ဟု တိုင်ပင်နေကြ၏။
"ကဲ၊ အားလုံးပဲ အလုပ်ရုံထဲကို ပြန်ပြီး အပ်ချုပ်စက်တွေကို စစ်ဆေးကြည့်ကြပါ။ အလုပ်မစခင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြပါ" ရှန်မော့အာက ပြောလိုက်သည်။ "ပိုင်ကျွင်းဝမ်နဲ့ ကျောက်ကျိန့်ဟွေး ကျွန်မနောက်ကို လိုက်ခဲ့ကြ"
စက်ရုံရှိ တစ်ဦးတည်းသော အမျိုးသားဝန်ထမ်း ၂ဦးအနက် ကျောက်ကျိန့်ဟွေးမှာ မိမိဘာသာ လာရောက်ခဲ့သူ ဖြစ်သည်။ ပိုင်ကျွင်းဝမ်ကတော့ ရှန်မော့အာ ကိုယ်တိုင် ဖိတ်ခေါ်ထားသူ ဖြစ်သည်။
ပိုင်ကျွင်းဝမ်သည် အစပိုင်းတွင် ပန်းထိုးအလုပ်သမားအဖြစ် စာမေးပွဲဖြေဆိုကာ ပန်းထိုးစက်ရုံသို့ ဝင်ရောက်လာခဲ့သူ ဖြစ်သည်။ သူသည် ပန်းထိုးအလုပ်သမားအဖြစ် စာမေးပွဲအောင်မြင်ခဲ့သော တစ်ဦးတည်းသော အမျိုးသားရဲဘော် ဖြစ်၏။ ပန်းထိုးစက်ရုံသို့ ဝင်ရောက်လာပြီးနောက် သူသည် အားလပ်ချိန်များတွင် ပန်းထိုးဒီဇိုင်းများ ဆွဲရန် သိုသိုသိပ်သိပ် လေ့လာနေကြောင်း ရှန်မော့အာ တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူမ၏ သင်ခန်းစာမှတ်စုတချို့ကို သူ့အား ပေးခဲ့သည်။ ဤကဏ္ဍတွင် အမှန်တကယ်ပင် ပါရမီပါသောကြောင့် ပိုင်ကျွင်းဝမ်သည် အလွန်မြန်ဆန်စွာ တတ်မြောက်ခဲ့သည်။ ယခုအခါ လင်ကျန်းမြို့ ပန်းထိုးစက်ရုံ၏ ထိပ်တန်း ပန်းချီဆရာတစ်ဦး ဖြစ်နေလေပြီ။
လက်တွေ့တွင် ပန်းထိုးစက်ရုံတွင် နေခဲ့သော နှစ်အနည်းငယ်အတွင်း ရှန်မော့အာသည် ပန်းထိုးဒီဇိုင်းများအပြင် တခြားအရာများကိုပါ သူ့နှင့် မကြာခဏ ဆွေးနွေးလေ့ရှိသည်။ ဥပမာအားဖြင့် အဝတ်အစားများအကြောင်းပင်။
ပိုင်ကျွင်းဝမ်သည် ပေါလ်က ရှန်မော့အာထံသို့ ပေးပို့သော ဖက်ရှင်မဂ္ဂဇင်းများကို အလွန်စိတ်ဝင်စားသည်။ သူကိုယ်တိုင်ပင် အဝတ်အစား ဒီဇိုင်းအချို့ကို တိတ်တဆိတ် ဖန်တီးခဲ့ဖူးသေး၏။
ရှန်မော့အာသည် သူ ဆွဲထားသော အဝတ်အစား ဒီဇိုင်းပုံစံများကို မြင်ခဲ့ဖူးသည်။ သူသည် စက်ရုံရှိ အထည်ချုပ်အလုပ်ရုံမှ ဆရာကြီးများထံတွင် သီးသန့်သွားရောက် သင်ယူထားပုံရသည်။ ဒီဇိုင်းပုံစံများကို အလွန်သေချာစွာ ရေးဆွဲထားပြီး အထည်ချုပ်အလုပ်ရုံ၏ လိုအပ်ချက်များနှင့် အပြည့်အဝ ကိုက်ညီနေ၏။ သို့သော် သူ ဖန်တီးထားသော အဝတ်အစားများမှာ ယခင်က ပြည်တွင်း၌ စျေးကွက် မရှိခဲ့ပေ။
သို့သော် ယခုနှစ်မှစတင်၍ ပြည်တွင်းအခြေအနေများမှာ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်။ ထိုနည်းတူစွာပင် အဝတ်အစားများ ပြောင်းလဲမှုသည်လည်း သေချာပေါက် ပိုမိုကြီးမားလာပေလိမ့်မည်။
ဟုတ်ပါသည်။ ပိုင်ကျွင်းဝမ်သည် လင်ကျန်းမြို့ ပန်းထိုးစက်ရုံတွင် ဌာနမှူးတစ်ယောက် ဖြစ်ပြီးသား ဖြစ်သည်။ သူသည် ကျန်းပေရှိ အရာအားလုံးကို စွန့်လွှတ်ကာ မြို့တော်သို့ လာရောက်နိုင်ခြင်းမှာ သူ၏ ဒီဇိုင်းပုံစံများကို လက်တွေ့ အကောင်အထည်ဖော်ရန်သက်သက်သာ မဟုတ်သည်မှာ သဘာဝကျပေသည်။
ထိုအကြောင်းအရာများကို ရှန်မော့အာ သိထားသော်လည်း ပိုင်ကျွင်းဝမ်က သူမ မသိလောက်ပါဟု ထင်နေခဲ့သည်။
"ကျွန်မတို့ရဲ့ အဓိကဖောက်သည်တွေက ငယ်ရွယ် ခေတ်မီပြီး စီးပွားရေးအခြေအနေ မဆိုးတဲ့ အမျိုးသမီးရဲဘော်တွေပါ။ သူတို့က အလှအပကို မြတ်နိုးကြပြီး အသစ်အဆန်းတွေကို လက်ခံဖို့ လွယ်ကူကြတယ်။ နောက်ပြီး ကျွန်မတို့ရဲ့ စျေးနှုန်းသတ်မှတ်ချက်ကိုလည်း အလွယ်တကူ လက်ခံနိုင်ကြတယ်"
ရှန်မော့အာသည် အထူးမှာယူထားသော ကြီးမားသည့် လုပ်ငန်းခွင်စားပွဲကြီးရှေ့တွင် ရပ်ကာ ပြုံးလျက် ပြောလိုက်သည်။ "ဒါကြောင့် ပထမဆုံး ထုတ်ကုန်အနေနဲ့ ဝမ်းဆက်ဒူးဖုံးဂါဝန်ကို ရွေးချယ်လိုက်တယ်။ အစဉ်အလာ အယူအဆတွေအရ ဂါဝန်က အမြဲတမ်း နည်းနည်းပိုပြီး ခေတ်မီဆန်းသစ်နေတတ်တယ်။ ကျွန်မတို့ရဲ့ ဒီဂါဝန်ကတော့ ခေတ်မီဆန်းသစ်မှု အခြေခံပေါ်မှာ နောက်ထပ် နည်းနည်းလေး ပိုပြီး ဆန်းသစ်နေအောင် လုပ်ရလိမ့်မယ်"
ရှန်မော့အာသည် စကားပြောရင်း အပ်ချုပ်ကတ်ကြေးကို ယူကာ လုပ်ငန်းခွင်စားပွဲပေါ်ရှိ အဝတ်စများကို ရွှပ်ရွှပ်မြည်အောင် ညှပ်ချလိုက်သည်။ လှုပ်ရှားမှုများမှာ ချောမွေ့ပြီး ကျွမ်းကျင်လှ၏။ မြေဖြူခဲဖြင့် မျဉ်းတားကာ ပေတံဖြင့် တိုင်းတာပြီးနောက် အဝတ်စများကို ပြန့်ပြူးသပ်ရပ်စွာ ညှပ်ချလိုက်သည်။
"ကျွန်မတို့ စက်ရုံက လောလောဆယ် လူအင်အား မလုံလောက်သေးဘူး။ အဝတ်ညှပ်တဲ့ အလုပ်ကို ကျွင်းဝမ်က အရင် ပူးတွဲလုပ်ထားလိုက်ပါ။ တခြားအလုပ်တွေကိုတော့ ကျောက်ကျိန့်ဟွေးကို လွှဲပေးလိုက်ပါ" ပထမဆုံး အဝတ်စကို ညှပ်ပြီးနောက် ရှန်မော့အာက ပြောလိုက်သည်။
စုစုပေါင်းမှ အမျိုးသမီးအလုပ်သမား ၁၀ ဦးနှင့် အပ်ချုပ်စက် ၁၀ လုံးသာ ရှိသည်။ သူတို့အတွက် အဝတ်စများ ညှပ်ပေးရခြင်းမှာ အလုပ်ပမာဏ သိပ်များလှသည် မဟုတ်ပေ။
ပိုင်ကျွင်းဝမ်က ခေါင်းညိတ်ပြလိုက်ပြီး အပ်ချုပ်ကတ်ကြေးကို လှမ်းယူလိုက်သည်။ "စက်ရုံမှူးရှန် စိတ်ချပါ။ အားလုံးကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ"
ရှန်မော့အာ : "ပထမဆုံး ကုန်ပစ္စည်းအသုတ် ထွက်သွားတာနဲ့ ကျွန်မတို့ ချက်ချင်း လူခေါ်မယ်"
ပိုင်ကျွင်းဝမ်သည် စကားများများ ပြောလေ့ရှိသူ မဟုတ်ပေ။ အပ်ချုပ်ကတ်ကြေးကို ယူပြီးသည်နှင့် အလုပ်ကို ဆက်လက် လုပ်ကိုင်လေတော့သည်။
ရှန်မော့အာက ကျောက်ကျိန့်ဟွေးကို မျက်ရိပ်ပြလိုက်ရာ သူတို့နှစ်ဦး ဘေးသို့ လျှောက်သွားကြသည်။ ရှန်မော့အာက မှာကြားလိုက်၏။ "ရှင်က ဌာနမှူးပိုင်ကို သေချာ ကူညီပေးလိုက်ပါ။ ထောက်ပံ့ရေးနဲ့ လုံခြုံရေးကိုလည်း တွဲလုပ်ပေးပါ။ ကိစ္စရှိရင် ကျွန်မကို အချိန်မီ ဆက်သွယ်ပါ"
ကျောက်ကျိန့်ဟွေး : "ရပါတယ်"
ကျောက်ကျိန့်ဟွေးက ညှပ်ပြီးသား အဝတ်စများကို အခန်းပိုင်းထားသော "အလုပ်ရုံ" သို့ ပို့ဆောင်ပေးလိုက်သည်။ မကြာမီမှာပင် အလုပ်ရုံထဲမှ အပ်ချုပ်စက်များ၏ ဒေါက်ဒေါက်ဒေါက် မြည်သံများ ထွက်ပေါ်လာတော့သည်။
ကိစ္စအဝဝကို စီစဉ်ပြီးနောက် ရှန်မော့အာ ထွက်ခွာလာခဲ့သည်။
ခြံဝင်းအပြင်ဘက်တွင် ရပ်ကာ နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ ရှန်မော့အာသည် မနေနိုင်ဘဲ ခေါင်းခါကာ ရယ်မောမိသွားသည်။ အနည်းငယ်တော့ အကြမ်းထည် ဖြစ်နေသည်မှာ အမှန်ပင်။ ကြည့်ရသည်မှာ ယာယီဖွဲ့စည်းထားသော အဖွဲ့လေးတစ်ခုနှင့် တူနေ၏။
သို့သော်လည်း မတတ်နိုင်ပေ။ သူမတွင် မြေဝယ်ပြီး စက်ရုံဆောက်ရန် ငွေရှိသော်လည်း ပြဿနာမှာ မူဝါဒက ခွင့်မပြုခြင်း ဖြစ်သည်။
ယာယီအဖွဲ့လေးနဲ့ပဲ အရင် လုပ်နေရမှာပေါ့။ ဘယ်အချိန်ကျမှ ငှက်ပစ်သေနတ်ကနေ အမြောက်ပြောင်းနိုင်မလဲ မသိနိုင်ဘူးလေ။
သည်ဘက်တွင် အထည်ချုပ်စက်ရုံက လမ်းကြောင်းမှန်ပေါ်သို့ စတင်ရောက်ရှိလာပြီဟု ဆိုရမည်။ ဟိုဘက်တွင်လည်း ကျောင်း၏ ကျောင်းပိုင်စီးပွားရေးလုပ်ငန်းတွင် အချိန်ပိုင်း အလုပ်သင်ဆင်းရန် လျှောက်လွှာများကို ခွင့်ပြုပေးလိုက်သည်။
လက်ရှိတွင် ကျောင်း၌ ကျောင်းပိုင်စီးပွားရေးလုပ်ငန်း ၃ခု ရှိသည်။ နိုင်ငံရေးဘောဂဗေဒ တန်းခွဲ(၁)မှ စာရင်းပေးသွင်းထားသူ အားလုံးကို ခွဲခြမ်းကာ လုပ်ငန်း ၃ခုသို့ ခွဲဝေချထားပေးခဲ့သည်။ ရှန်မော့အာသည် မြို့တော်တက္ကသိုလ် စက်မှုစက်ရုံသို့ ခွဲဝေချထားခြင်း ခံရသည်။
သူတို့က ဘောဂဗေဒ သင်ယူနေသူများဖြစ်သဖြင့် အလုပ်ရုံသို့ ခွဲဝေချထားခံရမည် မဟုတ်သည်မှာ သဘာဝကျပေသည်။ စုစုပေါင်း လူ ၅ဦးစလုံး အရောင်းဌာနသို့ အထည့်ခံခဲ့ရ၏။
သတင်းပို့ရသောနေ့တွင် မြို့တော်တက္ကသိုလ် စက်မှုလုပ်ငန်းစက်ရုံ အရောင်းဌာနမှ ဌာနမှူးချန် ကိုယ်တိုင် သူတို့ကို ကြိုဆိုခဲ့သည်။ သူတို့ကို ခေါ်ဆောင်ကာ အလုပ်ရုံထဲတွင် တစ်ပတ်လှည့်လည်ပြသခဲ့သည်။ ရုံးခန်းသို့ ပြန်ရောက်သောအခါ သူတို့ကို စိတ်ဓာတ်ခွန်အားပေးစကားများ ပြောကြားခဲ့ပြန်သည်။
"မင်းတို့အားလုံးက အဆင့်မြင့်ပညာရေးတက္ကသိုလ်က ထူးချွန်တဲ့ ကျောင်းသားတွေပါ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်စတင်ပြီးနောက် မြို့တော်တက္ကသိုလ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ဝင်ရောက်လာကြသူတွေ၊ လူ ၅-၆ သန်းထဲကနေ ထူးချွန်ထက်မြက်သူတွေ ဖြစ်ကြပြီး အရမ်းကို ထူးချွန်တဲ့ လူရည်ချွန်တွေပါပဲ။ မင်းတို့ရဲ့ လျှောက်လွှာတွေကို ငါ ကြည့်ပြီးပြီ။ တော်တော်များများရဲ့ ကိုယ်ရေးရာဇဝင်တွေက အရမ်းကို ကောင်းမွန်တယ်။ မင်းတို့ ပါဝင်လာတာက ငါတို့ မြို့တော်တက္ကသိုလ် စက်မှုလုပ်ငန်းစက်ရုံ အရောင်းဌာနရဲ့ ကဏ္ဍအသီးသီးက အလုပ်တွေကို ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီကို သေချာပေါက် ရောက်ရှိသွားစေမယ်လို့ ယုံကြည်ပါတယ်"
မကြာမီကမှ အထည်ချုပ်စက်ရုံမှ အလုပ်သမားများကို မက်လုံးပေးခဲ့ရသည်။ ယခုတော့ အခြားသူများက မိမိကို ပြန်လည်မက်လုံးပေးနေသည်ကို နားထောင်နေရသည်။
ရှန်မော့အာသည် အတော်လေး ရှုပ်ထွေးနေသော စိတ်ခံစားချက်ဖြင့် ဦးဆောင်ကာ လက်ခုပ်တီးပေးလိုက်သည်။
"စက်ရုံက မကြာသေးခင်က စားပွဲတင် ပန်ကာတစ်သုတ်ကို ထုတ်လုပ်ခဲ့တယ်။ အခုက ၄ လပိုင်း အစပဲ ရှိသေးတယ်။ နောက်ထပ် ၁လ၊ ၂လလောက်ဆိုရင် လျှပ်စစ်ပန်ကာတွေရဲ့ အရောင်းသွက်တဲ့ရာသီ ရောက်လာတော့မယ်။ ဒီကုန်ပစ္စည်းသုတ်က ထုတ်လုပ်မှုအစီအစဉ်ပြင်ပက ဖြစ်တယ်။ ပြီးတော့... အင်း..."
ဌာနမှူးချန်သည် မသိမသာ ခေတ္တရပ်တန့်လိုက်ပြီးမှ ဆက်လက်ပြောဆိုလာသည်။ "ပြီးတော့ ဒီကုန်ပစ္စည်းသုတ်က နည်းနည်းပါးပါးတော့ အနာအဆာလေးတွေ ရှိနေတယ်။ အရင်က ငါတို့ ကုန်တိုက်ကြီးတွေ၊ အရောင်းအဝယ်သမဝါယမတွေနဲ့ ဆက်သွယ်ခဲ့ဖူးတယ်။ အနာအဆာပါတဲ့ ပစ္စည်းတွေကို စံမီပစ္စည်းတွေနဲ့ အတူတူရောင်းချရင် သူတို့ရဲ့ အရောင်းအစီအစဉ်ကို ကမောက်ကမ ဖြစ်သွားစေမယ်လို့ ဆိုပြီး တစ်ဖက်က ယဉ်ကျေးစွာပဲ ငြင်းဆိုခဲ့ကြတယ်။ အခု ဒီကုန်ပစ္စည်းတွေက ဂိုဒေါင်ထဲမှာ ပုံနေတုန်းပဲ။ အားလုံးပဲ စဉ်းစားကြည့်ကြပါဦး။ ဒါတွေကို ဖြေရှင်းဖို့ ကောင်းတဲ့ နည်းလမ်းများ ရှိကြမလား"
ရှန်မော့အာသည် ဌာနမှူးချန်၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားခဲ့သည်။
ဤအနာအဆာပါသော ကုန်ပစ္စည်းများ အများစုမှာ မြို့တော်တက္ကသိုလ် ကျောင်းသားများက ပြုလုပ်ထားခြင်း ဖြစ်လောက်မည်။ အနာအဆာပါသော နေရာများမှာ ပိုသိသာနေခြင်း ဖြစ်နိုင်၏။ သို့မဟုတ် အသုံးပြုသည့်အခါတွင် သိသာထင်ရှားသော အားနည်းချက်များ ရှိနေခြင်း ဖြစ်နိုင်သည်။
ဤကဲ့သို့သော ထုတ်ကုန်မျိုးကို ကုန်တိုက်ကြီးများနှင့် အရောင်းအဝယ်သမဝါယမများက ရောင်းချလိုမည်မဟုတ်သည်မှာ သဘာဝကျပေသည်။ နာမည်ပျက်သွားနိုင်သည်။
ထို့အပြင် အစီအစဉ်ပြင်ပမှ ကုန်ပစ္စည်းများဖြစ်သဖြင့် သူတို့တွင် အစကတည်းက ရောင်းအားသတ်မှတ်ချက် မရှိပေ။ ထို့ကြောင့် ယုံကြည်ချက်အပြည့်ဖြင့် ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်။
မြို့တော်တက္ကသိုလ် စက်မှုလုပ်ငန်းစက်ရုံအတွက်ကတော့ ဤအရာများသည် လက်တွေ့တွင် ကျောင်းသားများ၏ ကျောင်းဆင်းချိန် အိမ်စာများသာ ဖြစ်သည်။ သိပ်ကောင်းကောင်း လုပ်ထားနိုင်မည် မဟုတ်သော်လည်း ငွေအစစ်အမှန်ဖြင့် ဝယ်ယူထားရသော ကုန်ကြမ်းများကို အသုံးပြုထားရသဖြင့် သည်အတိုင်း လွှင့်ပစ်လိုက်လို့တော့ မရနိုင်ပေ။
ရသလောက်လေး ရောင်းနိုင်ပါက အရင်းအနှီး အနည်းငယ် ပြန်ရသည်ဟု မှတ်ယူရမည်။
ရှန်မော့အာ ခန့်မှန်းမိသည့်အတိုင်းပင်။ ဌာနမှူးချန်က အမှန်တကယ်ပင် ထိုသို့ တွေးတောထားခြင်း ဖြစ်သည်။
တစ်ဖက်တွင် ကျောင်းသားများ ပြုလုပ်ထားသော အနာအဆာပါသည့် အိမ်စာများ ရှိသည်။ အခြားတစ်ဖက်တွင်တော့ အချိန်ပိုင်း အလုပ်သင်လာဆင်းသော ဘောဂဗေဒ အထူးပြု ကျောင်းသားများ ရှိနေသည်။ အတော်ပင်။ ကျောင်းသားများကို ကျောင်းသားများ၏ ပစ္စည်းများကို သွားရောက်ရောင်းချခိုင်းလိုက်မည်။ ရောင်းထွက်သွားပါက အမြတ်ပင်။ မရောင်းရလျှင်တောင်မှ ဘောဂဗေဒ ကျောင်းသားများကို တန်ဖိုးရှိသော အလုပ်အတွေ့အကြုံများ ရရှိစေလိမ့်မည်။ ဤသည်မှာ တစ်ချက်တည်းဖြင့် ငှက်နှစ်ကောင် ပစ်ချနိုင်ခြင်း မဟုတ်ပါလား။
ဌာနမှူးချန်သည် မိမိကိုယ်ကို အမှန်တကယ်ပင် ပါးနပ်လည်ဝယ်သူလေး တစ်ဦးဖြစ်သည်ဟု တွေးထင်နေမိ၏။
နိုင်ငံရေးဘောဂဗေဒ တန်းခွဲ(၁)မှ လူအချို့မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်လိုက်ကြသည်။
"ဌာနမှူးချန်၊ ဒီလျှပ်စစ်ပန်ကာက ဘယ်လိုအခြေအနေ ရှိသလဲဆိုတာ ကျွန်မတို့ကို ပြပေးလို့ ရမလား" ရှန်မော့အာက မေးလိုက်သည်။
"ရတာပေါ့၊ ရတာပေါ့။ ငါ့ဆီမှာ ၂ လုံး ထားထားတယ်။ မင်းတို့ ကြည့်ကြည့်ကြပါ"
ဌာနမှူးချန်သည် ပွင့်လင်းစွာဖြင့် ဗီရိုထဲသွားကာ လျှပ်စစ်ပန်ကာ ၂ လုံးကို ထုတ်ယူလာခဲ့သည်။
ရှန်မော့အာသည် ထိုလျှပ်စစ်ပန်ကာ ၂ လုံးကို မြင်လိုက်ရသောအခါ နှုတ်ခမ်းများ မသိမသာ တွန့်ကွေးသွားတော့သည်။
တကယ်တမ်းဆိုရလျှင် အပြင်ပန်းကို ကြည့်ရုံဖြင့်ပင် သည်လျှပ်စစ်ပန်ကာ ၂ လုံး၏ ပြဿနာကို မြင်တွေ့နိုင်ပေသည်။
ပန်ကာတစ်လုံးမှာ အပြင်ဘက်မှ အုပ်ထားသော ကွန်ရက်ကွင်းက စောင်းနေသည်။ အခြားပန်ကာတစ်လုံးမှာ ပန်ကာဒလက် ပုံသဏ္ဌာန်က သိပ်မမှန်ကန်ပေ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကုန်တိုက်ကြီးများနှင့် အရောင်းအဝယ် သမဝါယမများက ရောင်းချလိုခြင်း မရှိသည်မှာ လုံးဝ နားလည်ပေးလို့ ရနိုင်ပေသည်။
ကုန်တိုက်ကြီးများနှင့် အရောင်းအဝယ်သမဝါယမများက ရောင်းချလိုခြင်း မရှိသည်ကို မဆိုထားနှင့်။ သာမန် သုံးစွဲသူများပင်လျှင် ဤကဲ့သို့သော အနာအဆာပါသည့် လျှပ်စစ်ပန်ကာများကို ငွေကုန်ခံကာ ဝယ်ယူသွားလိုသူမှာ အလွန်နည်းပါးလိမ့်မည်ဟု ရှန်မော့အာ ထင်မြင်မိသည်။
မည်သို့ပင်ဖြစ်စေ လျှပ်စစ်ပန်ကာ ဝယ်ယူရန်မှာ ငွေကြေးသာမက စက်မှုကူပွန်များပါ လိုအပ်သည် မဟုတ်ပါလား။
ဘယ်မိသားစုကများ မနည်းစုဆောင်းထားရတဲ့ စက်မှုကူပွန်တွေကို ဒီလို အနာအဆာပါတဲ့ ပစ္စည်းတွေ ဝယ်ဖို့ သုံးရက်ပါ့မလဲ။
ရှန်မော့အာက မနေနိုင်ဘဲ မေးလိုက်သည်။ "ဌာနမှူးချန်၊ ဒီလျှပ်စစ်ပန်ကာတွေ ဝယ်ဖို့ စက်မှုကူပွန် လိုအပ်ပါသလား"
ဌာနမှူးချန်က အလျင်အမြန် ပြန်ပြောလိုက်သည်။ "မလိုပါဘူး၊ မလိုပါဘူး။ ငါတို့ရဲ့ ဒီပစ္စည်းတွေက အစီအစဉ်ပြင်ပက ကုန်ပစ္စည်းတွေဆိုတော့ စက်မှုကူပွန် မလိုပါဘူး" သူ့သဘောအတိုင်း ပြောရမည်ဆိုလျှင်တောင်မှ ဤကုန်ပစ္စည်းသုတ်အတွက် စက်မှုကူပွန် လိုအပ်သည်ဟူသော စကားကို သူ ပြောထွက်မည် မဟုတ်ပေ။
ဒါဆိုရင်တော့ နည်းနည်း အဆင်ပြေသေးတာပေါ့
ရှန်မော့အာက ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ "ဒါဆို ကျွန်မတို့ စမ်းကြည့်ကြတာပေါ့"
ဌာနမှူးချန်သည် ချက်ချင်းပင် မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွားတော့သည်။ "ဘောဂဗေဒဌာနက ထူးချွန်တဲ့ ကျောင်းသားတွေ ဆိုတဲ့အတိုင်းပဲ။ ဒီလို အခက်အခဲကို ရင်ဆိုင်ရဲတဲ့၊ တာဝန်ကြီးကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်ရဲတဲ့ စိတ်ဓာတ်က ငါတို့ အရောင်းဌာနက ရဲဘော်တိုင်း သေချာ လေ့လာသင်ယူသင့်တဲ့ အရာပဲ။ ကိစ္စမရှိပါဘူး။ မင်းတို့တွေ စိတ်ချလက်ချနဲ့ ရဲရဲဝံ့ဝံ့သာ သွားလုပ်ကြပါ။ ရောင်းထွက်၊ မထွက်က အဓိက မဟုတ်ဘူး။ အဓိကက လက်တွေ့အတွေ့အကြုံတွေကို စုဆောင်းပြီး နောင်တစ်ချိန် အရေးကြီးတဲ့ ရာထူးနေရာတွေဆီ ရောက်လာတဲ့အခါ အခြေခံကောင်းတွေ ရရှိထားဖို့ပဲ။ ဒါပေမဲ့ မင်းတို့ကို ငါ အရမ်းအထင်ကြီးပါတယ်။ မင်းတို့က နောင်တစ်ချိန်ကျရင် နိုင်ငံတော်ရဲ့ စီးပွားရေး သွေးကြောကို ကိုင်တွယ်ရမယ့် ထောက်တိုင်တွေပဲလေ။ ဒီလောက် အခက်အခဲလေးကတော့ မင်းတို့ကို သေချာပေါက် ဒုက္ခပေးနိုင်မှာ မဟုတ်ပါဘူး။ ကြိုးစားကြပါ ကျောင်းသားတို့"
ရှန်မော့အာ : "......"
ဒီဌာနမှူးချန်က ငါ့ထက်တောင် မက်လုံးပေးတာ၊ စကားကြီးစကားကျယ် ပြောတာတွေ ပိုကျွမ်းကျင်နေပါလား။
အရောင်းဌာန ဌာနမှူးရုံးခန်းမှ ထွက်လာသည်နှင့် ကျန်းကျောင်းကျောင်းက မျက်စောင်းထိုးကာ ပြောလိုက်သည်။ "ရှန်မော့အာ၊ နင် နာမည်ကြီးချင်တာက နင့်ကိစ္စလေ။ တခြားသူတွေကို ဒုက္ခမပေးဘဲ နေလို့မရဘူးလား။ အဲဒီ လျှပ်စစ်ပန်ကာတွေက ဘယ်နေရာမှာ အနာအဆာပါတဲ့ ပစ္စည်းဖြစ်နေလို့လဲ။ လုံးဝကို စံမမီတဲ့ ပစ္စည်းတွေလေ။ ဒီလိုအရာမျိုးကို ဘယ်လောက်ပဲ ဈေးပေါပေါ ဘယ်သူမှ လိုချင်ကြမှာ မဟုတ်ဘူး"
ရှန်မော့အာက သူမကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။ "ကိုယ်တိုင် မလုပ်နိုင်တဲ့ ကိစ္စကို တခြားသူတွေလည်း မလုပ်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့"
ဝူယာနန်က အသံသိပ်မကျယ်သော်လည်း ခိုင်မာသော လေသံဖြင့် အကြောင်းပြချက်မရှိဘဲ ဝင်ရောက် ထောက်ခံပေးလိုက်သည်။ "ဟုတ်တယ်လေ၊ နင်ကိုယ်တိုင် မလုပ်နိုင်တိုင်း အတန်းခေါင်းဆောင်ကလည်း မလုပ်နိုင်ဘူးလို့ ထင်နေတာလား။ ငါကတော့ အတန်းခေါင်းဆောင်ကို ယုံကြည်တယ်"
ကျင်းကွေ့ကလည်း ဝင်ပြောလိုက်၏။ "ဟုတ်ပါတယ်။ ကျွန်တော်လည်း အတန်းခေါင်းဆောင်ကို ယုံကြည်တယ်"
ကျန်ရှိနေသော အမျိုးသားကျောင်းသားတစ်ဦးက ဒီလူကို ကြည့်လိုက်၊ ဟိုလူကို ကြည့်လိုက် လုပ်ပြီးနောက် လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။ "ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က အစကတည်းက အချိန်ပိုင်း အလုပ်သင်ဆင်းဖို့ လာကြတာပဲလေ။ စမ်းကြည့်ကြတာပေါ့"
ကျန်းကျောင်းကျောင်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။ "နင်တို့ သဘောပဲ"
...