အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အပိုင်း (၁၃၇.၁)
ရှန်မော့အာသည် လျှပ်စစ်ပန်ကာတစ်လုံးကို အိမ်သို့ သယ်ပြန်လာခဲ့သည်။ ရှန်ရှောက်ယွမ်က ရှောင်လျန်လျန်ကို ပွေ့ချီရင်း တစ်ချက်ကြည့်လိုက်ကာ တီးတိုးရေရွတ်လိုက်၏။ "မင်းတို့ကျောင်းက ကျောင်းသားတွေရဲ့ အရည်အချင်းက သိပ်မကောင်းလှဘူးပဲ။ ရုပ်ဆိုးဆိုးနဲ့ အနာအဆာပါတဲ့ ပစ္စည်းလိုပဲ။ မနည်းစုဆောင်းထားရတဲ့ စက်မှုကူပွန်တွေကို ဒီလိုဟာမျိုး ဝယ်ဖို့ ဘယ်သူကများ သုံးရက်ပါ့မလဲ"
ရှောင်လျန်လျန်ကတော့ ဤသံထည်ပစ္စည်းကို မြင်သောအခါ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ အထူးသဖြင့် ရှန်မော့အာက ပန်ကာကို ပလပ်ထိုးလိုက်ပြီး ပန်ကာဒလက်များ ဖြည်းညင်းစွာ လည်ပတ်လာသောအခါ လက်မောင်းလေးကို လှုပ်ယမ်းကာ ပိုလို့ပင် သဘောကျနေတော့သည်။ သူမ၏ ပါးစပ်လေးကလည်း "အာ... မေ မေ၊ အာ... မေ မေ" ဟု မရပ်မနား အော်ဟစ်နေလေသည်။
ကလေးငယ်မှာ မကြာသေးမီက စကားပြော ပိုပီလာခဲ့ပြီး ဖေဖေ၊ မေမေ ဟု အတိအကျ ခေါ်တတ်နေပြီ ဖြစ်သည်။ သို့သော် ဘာကြောင့်မှန်းမသိ၊ ဖေဖေ၊ မေမေ ဟု ရှင်းရှင်းလင်းလင်း မခေါ်ချင်ဘဲ ရှေ့တွင် "အာ" ဟု ထည့်ခေါ်ရသည်ကို သဘောကျနေ၏။
ရှန်မော့အာက သမီးငယ်၏ နူးညံ့သော ပါးပြင်လေးကို ဖွဖွလေး ပွတ်သပ်ရင်း ပြုံးကာ ပြောလိုက်သည်။ "တကယ်တော့ ဒီလျှပ်စစ်ပန်ကာရဲ့ အရည်အသွေးက တော်တော်လေး ကောင်းပါတယ်"
ကျိုးဖျင်အန်းက မျက်နှာမဲ့ကာ ပြောလိုက်၏။ "အစ်မမော့အာ၊ ဒီလိုပုံစံကိုများ အရည်အသွေး ကောင်းတယ်လို့ ပြောထွက်တယ်နော်"
ရှန်မော့အာက ရှင်းပြလိုက်သည်။ "သေချာကြည့်ကြည့်ပါ။ လည်ပတ်နေတဲ့အချိန်မှာ တစ်ခုလုံးက တော်တော်လေး တည်ငြိမ်တယ်။ လေတိုက်အားကလည်း အတော်လေး ပြင်းပေမယ့် အသံကတော့ တော်တော်လေး ငြိမ်တယ် မဟုတ်ဘူးလား။ ဒီပန်ကာတွေကို လုပ်တဲ့ ကျောင်းသားတွေဆီက ကျွန်မ စုံစမ်းကြည့်တော့ မော်တာကို ကြေးနီကြိုးနဲ့ ရစ်ခွေထားပြီး သံလိုက်တုံးကို ဆီလီကွန်သံမဏိပြားနဲ့ ပြုလုပ်ထားတယ်။ ဝင်ရိုးတန်းတွေရဲ့ အရည်အသွေးကလည်း အရမ်းကောင်းတယ်။ ဆိုလိုတာက ပန်ကာရဲ့ အတွင်းပိုင်းက အရမ်းကောင်းတယ်၊ အပြင်ပန်းသဏ္ဍာန်ကသာ သိပ်မကောင်းတာ။ ငါတို့ကျောင်းက ကျောင်းသားတွေက မော်တာလုပ်တဲ့နေရာမှာတော့ ကျွမ်းကျင်ကြတယ်၊ ဒါပေမယ့် အပိုပစ္စည်းတွေကို ကိုယ်တိုင် ဖန်တီးတဲ့နေရာမှာတော့ လက်မှုပညာက နည်းနည်း အားနည်းနေတယ်"
မည်သို့ပင်ဆိုစေ မိမိကျောင်း၏ ထုတ်ကုန်ဖြစ်သဖြင့် အနည်းငယ်တော့ ကာကွယ်ပြောဆိုပေးရလိမ့်မည်။
သူမ ပြောသည်မှာလည်း အမှန်ပင်။ ကျောင်းသားများ၏ ဦးနှောက်က ကောင်းမွန်ပြီး မော်တာအရည်အသွေးကို သေချာစွာ ထိန်းချုပ်နိုင်သော်လည်း လက်တွေ့လုပ်ဆောင်နိုင်စွမ်းကတော့ အားနည်းနေ၏။
ရှန်ရှောက်ယွမ်က မျက်နှာမဲ့နေဆဲပင်။ "အရည်အသွေး ကောင်းတယ်ဆိုရင်တောင် အရမ်းရုပ်ဆိုးနေရင်လည်း မရဘူးလေ"
သူ၏အရိုးထဲတွင် အရာရာကို ဖြစ်သလိုလုပ်မည်ဟူသော အယူအဆ မရှိပေ။ အထူးသဖြင့် ရုပ်ဆိုးခြင်းကို လုံးဝ လက်မခံနိုင်ချေ။
ရှန်မော့အာက ပြုံးလိုက်သည်။ "ဒါကြောင့်ပြောတာပေါ့။ ဒီလျှပ်စစ်ပန်ကာက အရည်အသွေးကောင်းပေမယ့် အဓိကပြဿနာက ရုပ်ဆိုးနေတာ။ တကယ်လို့ ရုပ်မဆိုးတော့ဘူးဆိုရင် လူတွေက ပိုပြီး အလွယ်တကူ လက်ခံနိုင်သွားမှာ မဟုတ်ဘူးလား"
ရှန်ရှောက်ယွမ်က အတွေးနက်သွားတော့သည်။ "ဘယ်လိုလုပ်ပြီး ရုပ်မဆိုးအောင် လုပ်မှာလဲ"
ထိုအချိန်တွင် ဖုမင်ဇယ်က ပုံးနှစ်ပုံးကို ဆွဲကာ ဝင်လာပြီး သူ့လက်ထဲက သံပုံးကို မြှောက်ပြလိုက်သည်။ "မော့အာက လျှပ်စစ်ပန်ကာကို ရုပ်မဆိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ကိစ္စကို အဖေ့ကို လွှဲပေးလိုက်ပြီလေ။ ဆေးသုတ်ဖို့လည်း ဝယ်လာပြီးပြီ။ အဖေ အရင်ဆုံး နမူနာတစ်ခု လုပ်ကြည့်လိုက်ပါ။ အဆင်ပြေရင် မြို့တော်တက္ကသိုလ် စက်မှုစက်ရုံမှာ သူ့ကို ကူညီပြီး လုပ်အားပေးလုပ်ဖို့ ခေါ်သွားလိမ့်မယ်"
ရှန်ရှောက်ယွမ် : "..."
သူ မကြာသေးမီက ရုပ်ပြစာအုပ် ရေးဆွဲပြီးသွားသဖြင့် အမှန်တကယ်ပင် အားလပ်နေသည်။ သို့သော် အားလပ်နေလျှင်လည်း မြေးမလေးကို ခေါ်ကာ နေရာအနှံ့ လျှောက်လည်နိုင်သည် မဟုတ်ပါလား။ ဘာဖြစ်လို့ မြို့တော်တက္ကသိုလ် စက်မှုစက်ရုံမှာ လုပ်အားပေး သွားလုပ်ရမှာလဲ။
ရှန်မော့အာ : "ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့ အားနေတာပဲလေ။ ဆွဲရင်းနဲ့ လက်ရည်သွေးတာပေါ့"
ကျိုးဖျင်အန်းက ဖြစ်နိုင်သည်ဟု ထင်မြင်လိုက်၏။ "ဆရာ၊ ကျွန်တော်ကြည့်ရတာ အဆင်ပြေတယ်။ ကိစ္စမရှိပါဘူး၊ ဆရာက နမူနာတစ်ခုလုပ်၊ ကျွန်တော် ဆွဲမယ်။ ဒီလျှပ်စစ်ပန်ကာက အခုကြည့်ရတာ ရုပ်ဆိုးနေပေမယ့် ဆေးပြန်သုတ်လိုက်ရင် အပြင်ပန်းသဏ္ဍာန်ကို ပြောင်းလဲသွားစေနိုင်တယ်"
ကျိုးဖျင်အန်းသည် ဆောင့်ကြောင့်ထိုင်ကာ လျှပ်စစ်ပန်ကာကို သေချာကြည့်နေလေသည်။
ရှန်ရှောက်ယွမ်က ဘာပြောနိုင်မည်နည်း။ ချစ်လှစွာသော သမီးလေးက ပေးအပ်သည့် တာဝန်ကို သူ မလုပ်ဘဲ နေလို့ရမည်တဲ့လား။
ဖုမင်ဇယ် ဝယ်လာသော သုတ်ဆေးများမှာ အနီရောင်နှင့် အပြာရောင် နှစ်ရောင် ဖြစ်သည်။ ရှန်ရှောက်ယွမ်သည် လျှပ်စစ်ပန်ကာကို အတန်ကြာ ကြည့်ရှုပြီးနောက် သူ၏ ရင်ခွင်ထဲရှိ ကလေးငယ်ကို မိခင်ဖြစ်သူထံသို့ လွှဲပေးလိုက်သည်။ "ကောင်းပြီလေ၊ ငါ စမ်းကြည့်မယ်"
ဖုမင်ဇယ်က ပလပ်ဖြုတ်လိုက်ပြီး အိမ်ထဲမှ ဝက်အူလှည့်တစ်ချောင်းကို ရှာယူကာ သုံးလေးချက်မျှဖြင့် လျှပ်စစ်ပန်ကာကို ဖြုတ်ချလိုက်သည်။
"ဒီလိုကြည့်ရတာ ဒီပစ္စည်းက တော်တော်လေး ရိုးရှင်းတာပဲလား"
ရှန်ရှောက်ယွမ်သည် မနေနိုင်ဘဲ အနီးကပ် ထပ်မံကြည့်ရှုလိုက်မိသည်။ သူသည် ကောင်းမွန်သောအရာများစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း "နည်းပညာ" နှင့် ပတ်သက်သော မည်သည့်အရာမဆို သူ့မျက်စိထဲတွင် အလွန်ထူးဆန်းနေဆဲပင်။
သာ့လျန်မင်းဆက်တွင်လည်း ပန်ကာများ ရှိသော်လည်း လက်ဖြင့် ယပ်ခတ်ရသော ပန်ကာများသာ ဖြစ်သည်။ နွေရာသီရောက်တိုင်း ယပ်ခတ်ရန် အစေခံမိန်းကလေး အနည်းငယ်ကို သီးသန့်တာဝန်ပေးထားလေ့ရှိသည်။ ဟုတ်ပါသည်။ ထိုကဲ့သို့ သူတစ်ပါး၏ လုပ်အားကို ခေါင်းပုံဖြတ်ခြင်းသည် မကောင်းကြောင်းကို ယခုအခါတွင် သူ သိရှိနေပြီ ဖြစ်သည်။ သို့သော် ယခင်က ပဒေသရာဇ်ခေတ်ဖြစ်ခဲ့သဖြင့် အယူအဆများက မတူညီခဲ့ပေ။
တကယ်တမ်းဆိုရလျှင် ရှန်ရှောက်ယွမ်သည် ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး မီးသီး၊ တယ်လီဖုန်း၊ လျှပ်စစ်ပန်ကာ၊ ရေဒီယိုနှင့် ကားများကိုပင် မြင်တွေ့ခဲ့ဖူးသည်။ သို့သော် သူ၏ စွမ်းရည်များက စားသောက်ပျော်ပါးခြင်း၊ ဂီတ၊ စစ်တုရင်၊ စာပေနှင့် ပန်းချီစသည်တို့တွင်သာ ရှိသဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်သော်လည်း ဤ "နည်းပညာ" ပစ္စည်းများကို မြင်တွေ့ရသည့်အခါတိုင်း ထူးဆန်းနေဆဲဟု ခံစားရသည်။
ဥပမာအားဖြင့် လျှပ်စစ်ပန်ကာဆိုလျှင်လည်း မြင်ဖူးသော်လည်း တစစီ ဖြုတ်ချထားသော လျှပ်စစ်ပန်ကာကိုတော့ ယခင်က မမြင်ဖူးခဲ့ပေ။ ယခု ဖုမင်ဇယ်က လျှပ်စစ်ပန်ကာကို အလွယ်တကူ "ဖြုတ်" လိုက်သည်ကို မြင်သောအခါ ဤအရာ၏ အပိုပစ္စည်းများက အမှန်တကယ်ပင် ရိုးရှင်းကြောင်း ရုတ်တရက် သတိပြုမိသွားသည်။
ဖုမင်ဇယ် : "မော်တာက နည်းနည်း ရှုပ်ထွေးတာ၊ တခြားအရာတွေကတော့ ရိုးရှင်းပါတယ်"
ရှန်ရှောက်ယွမ်က ခေါင်းညိတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ခဏ စဉ်းစားလိုက်သည်။ ထို့နောက် ကျိုးဖျင်အန်းကို သုတ်ဆေးများ လောင်းထည့်ရန် မျက်ရိပ်ပြလိုက်၏။
ဖုမင်ဇယ်သည် သုတ်ဆေးများ ဝယ်ယူစဉ်က ခွဲထည့်ရန် ဗူးငယ်လေးများ၊ ဆေးသုတ်တံများနှင့် ပိုမိုသေးငယ်သော စုတ်တံလေးများကိုပါ တစ်ပါတည်း ဝယ်ယူလာခဲ့သည်။
ပန်ကာဒလက်များမှာ အလူမီနီယံပြားများဖြစ်ပြီး မူလကတည်းက ဆေးသုတ်မထားပေ။ ရှန်ရှောက်ယွမ်က ကျိုးဖျင်အန်းကို ပန်ကာဒလက်များကို သန့်စင်အောင် သုတ်သင်စေပြီးနောက် ဆေးသုတ်တံဖြင့် အပြာရောင်အောက်ခံအရောင်ကို အရင်သုတ်စေသည်။ ထို့နောက်မှ စုတ်တံငယ်လေးဖြင့် ပန်ကာဒလက်အစွန်းများတွင် ပုံစံများကို ရေးဆွဲလေသည်။
ရှောင်လျန်လျန်သည် အဝေးမှနေ၍ သိချင်စိတ်လေးဖြင့် ကြည့်နေ၏။ ရှန်မော့အာက သူမကို ပွေ့ချီကာ အနည်းငယ် ဝေးရာသို့ ခေါ်သွားလိုက်သည်။ "ဒီသုတ်ဆေးက နည်းနည်း အနံ့ရှိတယ်။ လာ၊ မေမေတို့ လမ်းပေါ်ကို သွားလည်ရအောင်"
ဖုမင်ဇယ်က သားအမိနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်သဖြင့် ရှန်ရှောက်ယွမ်က လက်ကာပြလိုက်သည်။ "သွားကြ၊ သွားကြ၊ ကလေးကို အပြင်ထွက်ပြီး လျှောက်လည်ခိုင်းလိုက်"
ကျိုးဖျင်အန်းကလည်း ပြောလိုက်၏။ "ဟုတ်တယ်၊ ဟုတ်တယ်။ ရဲဘော်ဖု၊ အစ်မမော့အာကို လိုက်ပို့ပေးလိုက်ပါ။ ဒီမှာ ကျွန်တော် ရှိပါတယ်"
ဖုမင်ဇယ် : "ကောင်းပြီလေ"
သူသည် သမီးဖြစ်သူအတွက် စောင်လေးတစ်ထည် သွားယူလိုက်သည်။ ယခုအခါ နေထွက်နေသဖြင့် မအေးသော်လည်း နေကွယ်သွားပါက အနည်းငယ်တော့ အေးနိုင်သေးသည်။
မိသားစု ၃ယောက် အပြင်သို့ ထွက်လာခဲ့ကြသည်။ ဖုမင်ဇယ်က ရှန်မော့အာထံမှ သမီးဖြစ်သူကို လှမ်းယူလိုက်သည်။ ရှောင်လျန်လျန်က မျက်လုံးဝိုင်းလေးများဖြင့် ဖုမင်ဇယ်ကို ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်ရာ အပေါ်အောက် ညီညာလှသော သွားလေး ၄ ချောင်း ပေါ်လာလေသည်။
ဖုမင်ဇယ်က အသာအယာ ပြုံးလိုက်ပြီးနောက် ကလေးငယ်၏ လက်ဖဝါးလေးက ဖုမင်ဇယ်၏ မျက်နှာပေါ်သို့ ဖျန်းခနဲ ရိုက်ချလိုက်သည်။ "အာ... ဖေဖေ"
ဖုမင်ဇယ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြင်ဆင်ပေးလိုက်၏။ "ဖေဖေ"
ကလေးငယ်က သူ့မျက်နှာပေါ်သို့ နောက်တစ်ချက် ဖျန်းခနဲ ထပ်ရိုက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်ပြန်သည်။ "အာ... ဖေဖေ"
ရှန်မော့အာကတော့ ကြည့်ရင်း ရယ်မောနေမိတော့သည်။ ရဲဘော်ဖုသည် သမီးဖြစ်သူ၏ ရိုက်နှက်မှုကိုသာ သည်းခံနိုင်ပေလိမ့်မည်။ ထို့အပြင် သူ့မျက်နှာအမူအရာက အေးစက်စက်ဖြစ်နေချိန်တွင် အတော်လေး ကြောက်စရာကောင်းသော်လည်း သမီးဖြစ်သူကတော့ သူ့ကို လုံးဝ မကြောက်ချေ။
ယခု ငယ်ရွယ်စဉ်မှာပင် သည်လောက်ရှိနေပြီဆိုလျှင် နောက်ထပ် ၂နှစ်လောက်နေလျှင် ကလေးငယ်သည် ဖခင်ဖြစ်သူ၏ ခေါင်းပေါ်သို့ပင် တက်လာလိမ့်မည်မှာ သေချာသည်။
ဖုမင်ဇယ်က သူမကို မျက်စောင်းထိုးလိုက်ပြီး သူမကို လက်ညှိုးထိုးပြကာ ကလေးငယ်ကို မေးလိုက်သည်။ "ဒါ ဘယ်သူလဲ"
ရှောင်လျန်လျန်က ချက်ချင်းပင် လက်လေးနှစ်ဖက်ကို ဆန့်တန်းကာ ပွေ့ချီရန် တောင်းဆိုလိုက်သည်။ "အာ... မေမေ"
ရှန်မော့အာက သူမ၏ ဖောင်းမို့နေသော တင်ပါးလေးကို ပုတ်လိုက်သည်။ "သမီးက အရမ်းစားလွန်းလို့ မေမေ မချီနိုင်တော့ဘူး"
ရှောင်လျန်လျန်က သူမ၏ ကိုယ်လုံးလေးကို လှုပ်ယမ်းကာ ရှန်မော့အာထံသို့ လှမ်းတက်လာသည်။ "အာ... မေမေ၊ အာ... မေမေ"
ရှန်မော့အာက ကလေးကို စရင်း ပြုံးကာ ပြောလိုက်သည်။ "မရဘူး၊ သမီးလေးက ဝတုတ်လေးဖြစ်နေပြီ၊ မေမေ မချီနိုင်တော့ဘူး"
ရယ်မောပြောဆိုနေစဉ်မှာပင် အနောက်ဘက်မှ ရုတ်တရက် "လုသွားပြီဟေ့" ဟူသော စူးရှသည့် အော်သံကို ကြားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် လူရိပ်တစ်ခုက သူတို့ဘေးမှနေ၍ လျင်မြန်စွာ ဖြတ်ပြေးသွားလေသည်။
သူတို့ရှိနေသော နေရာမှာ လမ်းကြားလေးတစ်ခုဖြစ်ပြီး လမ်းကြား၏ အဆုံးတွင်မှ လမ်းမကြီး ရှိသည်။ ဤလမ်းကြား၏ တစ်ဖက်တစ်ချက်စီတွင် ခြံဝင်းအိမ်များ ရှိနေပြီး ယခုအခါ ရာသီဥတုက သိပ်မပူသေးသဖြင့် လူတိုင်းက ခြံတံခါးများကို ပိတ်ထားလေ့ရှိသဖြင့် လမ်းကြားထဲတွင် သွားလာသူ အလွန်နည်းပါးလှသည်။
ထိုသူက လမ်းကြားအဆုံးသို့ လျင်မြန်စွာ ပြေးသွားသည်ကို မြင်သောအခါ ရှန်မော့အာက ခေါင်းလှည့်ကာ ချက်ချင်း ပြေးလိုက်သွားခဲ့သည်။ ထိုသူ လမ်းကြားအဆုံးမှ ထွက်ခါနီးတွင် ရှန်မော့အာက ခုန်ကန်လိုက်ရာ ထိုသူမှာ မှောက်ရက်လဲကျသွားတော့သည်။
ထိုသူက ရုန်းကန်ရန် ကြိုးစားသေးသော်လည်း ရှန်မော့အာက သူပခုံးပေါ်ကို ခြေထောက်ဖြင့် ဖိနင်းထားလိုက်သည်။
"လွှတ်ပေးစမ်း၊ ငါ့ကို လွှတ်ပေးစမ်း။ အပိုအလုပ်လုပ်တဲ့ မိန်းမ" မြေကြီးပေါ်တွင် မှောက်ရက်လဲနေသော သူက အော်ဟစ်နေသည်။ သူ့ပခုံးကိုသာ ဖိနင်းထားခြင်းဖြစ်သော်လည်း ဝူထိုက်တောင်အောက်တွင် ဖိထားခံရသကဲ့သို့ မည်မျှပင် ရုန်းကန်နေစေကာမူ လုံးဝ ထမလာနိုင်ချေ။
"ရဲဘော်၊ ကျေးဇူးတင်ပါတယ်၊ အရမ်းကျေးဇူးတင်ပါတယ်"
အသက် ၃၀ ကျော်အရွယ် အမျိုးသမီးရဲဘော်တစ်ဦးက အမောတကောဖြင့် ပြေးလာခဲ့သည်။ ရှန်မော့အာက မြေကြီးပေါ်တွင် ကျနေသော သားရေအိတ်အမည်းကို လက်ညှိုးထိုးပြကာ မေးလိုက်၏။ "အဲဒီအိတ်က ရှင့်ဟာလား၊ ပစ္စည်းတွေ တစ်ခုခု လျော့သွားလားဆိုတာ ကြည့်လိုက်ပါဦး"
ထိုအမျိုးသမီးရဲဘော်သည် ထင်ရှားသော စတုရန်းပုံမျက်နှာရှိပြီး မျက်ခုံးမျက်လုံးများက ရဲရင့်ပြတ်သားသည့်ဟန် ရှိကာ အနည်းငယ် စူးရှသော အကြည့်ရှိသည်။ သို့သော် ထိုရုပ်ရည်သွင်ပြင်က သူမအား သူခိုးများ၏ ပစ်မှတ်ထားခြင်းမှ မကာကွယ်နိုင်ခဲ့ပေ။ အကြောင်းမှာ သူမ ဝတ်ဆင်ထားသော ကတ္တီပါအဝတ်အစားများ၊ သားရေဖိနပ်အမည်းနှင့် သားရေအိတ်အမည်းတို့က အလွန်တန်ဖိုးကြီးပုံ ပေါက်နေသောကြောင့်ပင်။
အမျိုးသမီးရဲဘော်က သားရေအိတ်အမည်းကို ကောက်ယူကာ ဖွင့်ကြည့်ပြီးနောက် ခေါင်းခါပြလိုက်သည်။ "ဘာမှ မပျောက်ပါဘူး"
မြေကြီးပေါ်တွင် မှောက်နေသော သူခိုးက ထပ်အော်ဟစ်ပြန်သည်။ "ဘာမှ မပျောက်ဘူးဆိုမှတော့ ငါ့ကို မြန်မြန် လွှတ်ပေးတော့လေ"
ရှန်မော့အာက သူ့ကို ဆွဲထူလိုက်ပြီး လက်မောင်းကို အနောက်သို့ လိမ်ချိုးကာ ထိန်းချုပ်ထားလိုက်သည်။ "ဘာမှ မပျောက်တာက နင့်ကို ငါ ဖမ်းမိလိုက်လို့လေ။ လာ၊ ရဲစခန်းကို သွားမယ်"
အမျိုးသမီးရဲဘော်က ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး ထောက်ခံပြောဆိုလိုက်သည်။ "ဟုတ်တယ်။ ပြစ်မှုကျူးလွန်ဖို့ ကြိုးစားတာကလည်း ဥပဒေအရ အရေးယူခံရမှာပဲ။ ငါတို့ နင့်ကို လွှတ်ပေးလို့ မရဘူး၊ ရဲစခန်းကို သွားမယ်"
ဖုမင်ဇယ်က ရှောင်လျန်လျန်ကို ပွေ့ချီထားပြီး အနားသို့ ကပ်မလာခဲ့ပေ။ လူကြီးများအတွက် ကိစ္စမရှိသော်လည်း ကလေးအတွက်တော့ ဂရုစိုက်ရမည်။ ဤအခြေအနေမျိုးတွင် ထိုသူခိုးလေးကို ကလေးအား ပေးမတွေ့ခြင်းက အကောင်းဆုံးပင်။ သို့မဟုတ်ပါက ထိုသူ လွတ်လာပြီးနောက် ကလေးအား လာရောက်ရန်ရှာမည်ကို စိုးရိမ်ရသည်။
ဤသို့သော ကိစ္စမျိုးသည် သေချာပေါက် ဖြစ်လာမည်ဟု မဆိုနိုင်သော်လည်း မိဘများအနေဖြင့် ကလေးအတွက် ပိုပြီး သေသေချာချာ စဉ်းစားပေးရမည်သာ။
ရှန်မော့အာက နောက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။ "ကျွန်မ သူ့ကို ရဲစခန်းကို အရင် သွားပို့လိုက်ဦးမယ်"
သူမသည် လူကို ဆွဲခေါ်သွားပြီး တစ်ဖက်လူကို နောက်သို့ လှည့်ကြည့်ခွင့် မပေးခဲ့ပေ။ ဇနီးမောင်နှံနှစ်ဦးအကြားတွင် သည်လောက် နားလည်မှုတော့ ရှိကြသည်။
ရှန်မော့အာက လူကို ဆွဲကာ အနီးနားရှိ ရဲစခန်းသို့ ထွက်သွားခဲ့သည်။ ရှောင်လျန်လျန်က အမေဖြစ်သူ ထွက်သွားသည့် ကျောပြင်ကို ကြည့်ကာ မျက်နှာလေးပေါ်တွင် သံသယဖြစ်ဖွယ် အမူအရာများ ပေါ်လာသည်။ အမေကို တစ်ချက်ကြည့်လိုက်၊ ရပ်နေသော အဖေကို တစ်ချက်ကြည့်လိုက် လုပ်ပြီးနောက် သူမ၏ လက်လေးများဖြင့် ဖုမင်ဇယ်၏ မျက်နှာပေါ်သို့ အကြိမ်အနည်းငယ် ဖျန်းခနဲ ရိုက်ချလိုက်ပြန်သည်။ "အာ... မေမေ၊ အာ... မေမေ"
ဖုမင်ဇယ်က သူမ၏ လက်လေးကို ဖမ်းဆွဲကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ကလေးငယ်က နှုတ်ခမ်းလေးစူကာ ငိုတော့မည့် အချိန်တွင် သူမ၏ လက်လေးကို ပြန်ဆွဲထုတ်ကာ သူမ၏ ပါးပြင်လေးကို ပုတ်လိုက်သည်။ "လူဆိုးလေး၊ ဖေဖေ့ကို ထပ်ရိုက်ရင် နောက်ဆို သကြားလုံး မကျွေးတော့ဘူး။ မေမေက အလုပ်ကောင်း သွားလုပ်တာ။ ဖေဖေတို့ လျှောက်လည်ပြီးရင် အရင်ပြန်ကြမယ်နော်"
ကလေးငယ်က သူ့ကို သနားစရာ မျက်လုံးလေးများဖြင့် ကြည့်လိုက်ပြီးနောက် ခေါင်းလေးကို အဖေဖြစ်သူ၏လည်ပင်းကြားသို့ အမြန်ဝှက်ထားလိုက်တော့သည်။
ရဲစခန်းမှာ သိပ်မဝေးလှချေ။ ၁၀ မိနစ်ခန့်အကြာတွင် ရောက်ရှိသွားသည်။ လမ်းတစ်လျှောက်တွင် သူခိုးက ထွက်ပြေးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သဖြင့် ရှန်မော့အာမှာ သူ့ကို ဆွဲခေါ်ရန် အနည်းငယ် အချိန်ယူခဲ့ရသည်။ သို့မဟုတ်ပါက သည်ထက် ပိုမြန်နိုင်ပေသည်။
ရဲစခန်းခြံဝင်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် ရှန်မော့အာက လက်လွှတ်လိုက်သည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူခိုးက ထွက်ပြေးရန် ကြိုးစားသေးသည်။ သို့သော် ရှန်မော့အာက ခြေထောက်ဖြင့် ကန်လိုက်ရာ မြေကြီးပေါ်တွင် မှောက်ရက်လဲကျသွားပြန်သည်။
ရဲစခန်းမှ ရဲဘော်များက အမျိုးသမီးရဲဘော် ၂ဦးက အမျိုးသားရဲဘော်တစ်ဦးကို ဖမ်းဆီးလာသည်ကို မြင်သောအခါ အစပိုင်းတွင် အနည်းငယ် အံ့သြသွားကြသည်။ သို့သော် ထိုအခြေအနေကို မြင်ပြီးနောက်တွင်တော့ လုံးဝ အံ့သြမနေကြတော့ချေ။ ဤအမျိုးသမီးရဲဘော်က သေချာပေါက် ကိုယ်ခံပညာ သင်ယူထားသူ ဖြစ်ပေမည်။
လူကို ရဲလက်ထဲ အပ်နှံပြီးနောက် ရှန်မော့အာသည်လည်း ထွက်ဆိုချက်ပေးရန် လိုက်ပါသွားခဲ့သည်။ သူမသည် မြို့တော်တက္ကသိုလ်၏ ပထမနှစ် ကျောင်းသူတစ်ဦးဖြစ်ကြောင်း သိရှိသွားသောအခါ ထွက်ဆိုချက်ယူသော ရဲဘော် ၂ ဦးက အလွန်နှမြောတသ ဖြစ်သွားကြသည်။ ရှန်မော့အာ၏ ကိုယ်ခံပညာဖြင့် စစ်တပ် သို့မဟုတ် အထူးရဲတပ်ဖွဲ့သို့ မဝင်ရောက်ခဲ့ခြင်းမှာ အလွန်နှမြောစရာကောင်းသည်ဟု ဆိုကြလေသည်။
...
အပိုင်း (၁၃၇.၂)
ရဲစခန်းမှ ထွက်လာပြီးနောက် ရှန်မော့အာက မော့ကြည့်လိုက်သောအခါ ကြည်ပြာရောင် ကောင်းကင်ယံတွင် ဖြူလွှလွှခိုငှက်များ ပေါ့ပါးစွာ ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူမသည် မနေနိုင်ဘဲ ပြုံးလိုက်မိ၏။
သာ့လျန်မင်းဆက်တွင် ရှိစဉ်က သူမ၏ မြင်းစီးလေးပစ်စွမ်းရည်မှာ မင်းမျိုးမင်းနွယ် သခင်လေးများထက်ပင် သာလွန်ကောင်းမွန်ခဲ့သည်။ သို့သော် ဆောင်းဦးရာသီ သားကောင်ပစ်ထွက်ခြင်းတွင် ချွင်းချက်အနေဖြင့် ပါဝင်ခွင့်ရခြင်းမှလွဲ၍ အခြားမည်သည့်နေရာတွင်မှ အသုံးဝင်ပုံမရခဲ့ပေ။
နန်းတွင်းညီလာခံတွင် အမျိုးသမီးများ အမတ်လုပ်ရိုး ထုံးစံမရှိခဲ့ချေ။ စစ်တလင်းတွင် အမျိုးသမီးများ စစ်သူကြီးလုပ်ရိုး ထုံးစံဆိုလျှင် ပို၍ပင် မရှိခဲ့ပေ။
စစ်သူကြီး မလုပ်နိုင်ရုံသာမက သာ့လျန်မင်းဆက်၏ ဓလေ့ထုံးစံအရ စစ်တပ်စခန်းအတွင်း အမျိုးသမီးများ မဝင်ရပေ။ ဝင်ရောက်ပါက နိမိတ်မကောင်းဟု သတ်မှတ်ကြသည်။ အတိတ်ကာလကသာဆိုလျှင် သူမအနေဖြင့် စစ်သား သို့မဟုတ် ရဲ မလုပ်ခဲ့ရသည်မှာ နှမြောစရာကောင်းသည်ဟု တစ်စုံတစ်ယောက်က ပြောလာလိမ့်မည်ကို လုံးဝ ထင်မှတ်ထားခဲ့မိမည် မဟုတ်ချေ။
ဤကမ္ဘာလောကကြီးတွင် ယခင်က ရင်းနှီးကျွမ်းဝင်ခဲ့သော သူများ မရှိတော့ခြင်းမှလွဲ၍ ကျန်သည့်အရာများ အားလုံးမှာ အမှန်တကယ်ပင် အလွန်ကောင်းမွန်နေသည်။
"ကျောင်းသူရှန်—"
ကျောဘက်မှ ဒေါက်မြင့်ဖိနပ်သံများ ဒေါက်ဒေါက်ဒေါက် မြည်ကာ ထွက်ပေါ်လာခဲ့သည်။ ခုနက အမျိုးသမီးရဲဘော်က အမှီလိုက်လာခဲ့သည်။ "ကျောင်းသူရှန်၊ ဒီနေ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်"
ရှန်မော့အာက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြုံးပြလိုက်သည်။ "ကျွန်မလည်း အချိန်ကိုက် ကြုံသွားလို့ပါ။ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုး ကြုံလာရင် ကူညီပေးကြမှာပါပဲ။ အားနာစရာ မလိုပါဘူး"
"ဒါပေမဲ့ ဘယ်သူကမှ ရှင့်လို ကိုယ်ခံပညာမျိုး ရှိနေမှာ မဟုတ်ဘူးလေ" အမျိုးသမီးရဲဘော်က ရယ်မောကာ ပြောလိုက်သည်။ "ကျွန်မကိုယ်ကျွန်မ အရင် မိတ်ဆက်ပေးပါရစေ။ ကျွန်မနာမည် ဝမ်လီယာပါ။ ကျွန်မရဲ့ မိဘအိမ်က စောစောက လမ်းကြားထဲမှာ ရှိတာ။ ရှင်တို့နဲ့ အိမ်နီးချင်းတွေပေါ့။ ခုနက ရဲစခန်းက ရဲဘော်တွေ ပြောပြလို့ ရှင်က ဒီနှစ် မြို့တော်တက္ကသိုလ်က ကျောင်းသူသစ်ဆိုတာ သိရတယ်။ ကျွန်မအမေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောပြသေးတယ်။ ကျွန်မတို့ လမ်းကြားထဲက အိမ်တစ်လုံး ရောင်းလိုက်ရတယ်တဲ့။ အသစ်ပြောင်းလာတဲ့ အိမ်နီးချင်းက မြို့တော်တက္ကသိုလ်မှာ ကျောင်းတက်နေတယ်တဲ့။ ကျွန်မထင်တာကတော့ အဲဒါ ရှင်ပဲ ဖြစ်ရမယ်"
ရှန်မော့အာမှာ နေ့စဉ် မိုးလင်းသည်နှင့် အပြင်ထွက်ကာ မိုးချုပ်မှသာ ပြန်လာတတ်ပြီး အချိန်အများစုကို ကျောင်းတွင်သာ ကုန်ဆုံးလေ့ရှိသည်။ သို့သော် ရှန်ရှောက်ယွမ်ကတော့ မြေးမလေးကို ပွေ့ချီကာ နေရာအနှံ့ လျှောက်သွားလေ့ရှိ၏။ အနီးအနားရှိ အိမ်နီးချင်းများနှင့်ပင် ရင်းနှီးကျွမ်းဝင်နေပုံရသည်။
ထိုစကားကို ကြားသောအခါ ရှန်မော့အာက ပြုံးကာ ပြောလိုက်သည်။ "အိမ်နီးချင်းတွေဆိုတော့ ပိုပြီးတောင် အပြန်အလှန် ကူညီသင့်တာပေါ့"
ဝမ်လီယာက ကံကောင်းသွားသည့်ဟန်ဖြင့် ပြောလိုက်၏။ "ရှင်နဲ့ တွေ့လိုက်ရလို့ တော်သေးတာပေါ့။ ကျွန်မက ဒီနေ့ အလုပ်ကနေ ပြန်လာတာ။ ပိုက်ဆံ အလုခံရတာက ဘာမှ မဖြစ်ပေမယ့် အဓိကက အိတ်ထဲမှာ စာရွက်စာတမ်းတွေနဲ့ ဘောက်ချာတွေ ပါလာတာ။ အိမ်ပြန်ရောက်မှ အားတဲ့အချိန် သေချာပြန်ကြည့်မလို့ ပြင်ထားတာလေ။ တကယ်လို့ ဒီအတိုင်းသာ ပျောက်သွားခဲ့ရင် တကယ်ကို ပြဿနာပဲ"
သူတို့နှစ်ဦးမှာ လမ်းလျှောက်ရင်း စကားပြောလာခဲ့ကြသည်။ လမ်းကြားထဲသို့ ပြန်ရောက်သောအခါ ဝမ်မိသားစု၏ ခြံဝင်းမှာ သူတို့အိမ်နှင့် သိပ်မဝေးကြောင်း ရှန်မော့အာ တွေ့ရှိလိုက်ရသည်။ ကြားတွင် ခြံဝင်း ၂ ခုသာ ခြားသည်။ သေချာစဉ်းစားကြည့်လျှင်လည်း အိမ်းက ဝေးကွာနေပါက သူတို့ ဆုံတွေ့နိုင်မည် မဟုတ်ပေ။
သူခိုးတစ်ယောက်ကို ဖမ်းမိပြီးနောက် အိမ်သို့ ပြန်ရောက်သောအခါ အဖေဖြစ်သူမှာ လျှပ်စစ်ပန်ကာကို ဆေးသုတ်ပြီးလုနီးပါး ဖြစ်နေပြီကို ရှန်မော့အာ တွေ့လိုက်ရသည်။ ပန်ကာဒလက်များကို ဆေးသုတ်ပြီးသွားပြီ။ ရှန်ရှောက်ယွမ်က အောက်ခံခုံနှင့် ပန်ကာဒလက်များ မလိုက်ဖက်ဟု ထင်မြင်နေသဖြင့် အောက်ခံခုံကို ပြုပြင်နေလေသည်။
လျှပ်စစ်ပန်ကာကို ပြန်မဆင်ရသေးသော်လည်း ပန်ကာဒလက်များနှင့် ဆေးတစ်ဝက်သုတ်ထားသော အောက်ခံခုံကို ကြည့်ရုံမျှဖြင့်ပင် အတော်လေး လှပနေသည်။
အကယ်၍ လျိုယင်းရွှမ်းသာ ဤနေရာတွင် ရှိနေမည်ဆိုပါက ဤလျှပ်စစ်ပန်ကာကို အနီနှင့် အပြာ ရောစပ်ထားသည့် ရှေးဟောင်း ဟောင်ကောင်စတိုင်ဖြင့် ရေးဆွဲထားသည်ဟု သေချာပေါက် ပြောဆိုပေလိမ့်မည်။
ရှန်မော့အာကတော့ ရှေးဟောင်း ဟောင်ကောင်စတိုင်ဆိုသည်ကို မသိချေ။ ဤကဲ့သို့ အရောင်ရင့်ရင့် အရောင်အသွေးများ ပေါင်းစပ်မှုမှာ လက်တွေ့တွင် သူမ၏ မူလဘဝနေထိုင်မှုတွင် အလွန်ပင် တွေ့ရခဲလှသည်။
ထိုစဉ်က ဖုမင်ဇယ်ကို အနီရောင်နှင့် အပြာရောင် သုတ်ဆေးများ ဝယ်ခိုင်းခဲ့ခြင်းမှာ ဤကမ္ဘာက လူများက အနီရောင်ကို ပိုမိုနှစ်သက်ကြပြီး အပြာရောင်မှာလည်း လူတိုင်း၏ နေ့စဉ်ဘဝတွင် အတွေ့ရအများဆုံးအရောင် ဖြစ်နေသောကြောင့် သက်သက်သာပင်။
ဆေးသုတ်ရာတွင် အလွန်အမင်း ချောမွေ့နေရန် မလိုကြောင်း ရှန်မော့အာ ယခင်ကတည်းက ပြောထားခဲ့ဖူးသည်။ သူတို့သည်လည်း ကျွမ်းကျင်သော ဆေးသုတ်သမားများ မဟုတ်ကြသဖြင့် ထိုမျှလောက် လက်ရာမြောက်မည် မဟုတ်ချေ။ ထို့ကြောင့် ရှန်ရှောက်ယွမ်ကလည်း မိမိကိုယ်ကို အခက်မတွေ့စေဘဲ အခြေခံအားဖြင့် မိမိ၏ စိတ်ကူးအတိုင်းသာ ဖြစ်သလို သုတ်ထားခဲ့သည်။ မျက်နှာပြင် အနည်းငယ် ကြမ်းတမ်းနေပါကလည်း ကိစ္စမရှိပေ။ ကြည့်ကောင်းလျှင် ရပြီ။
မျက်နှာပြင် ကြမ်းတမ်းမှုက လက်တွေ့တွင် အနည်းငယ် ပိုပြီး... အင်း၊ လျိုယင်းရွှမ်း ပြောဖူးသည့်အတိုင်းဆိုရလျှင် ယင်းကို အနုပညာရသ ဟု ခေါ်သည်။
အားလုံး ပြီးစီးသွားသောအခါ ခြံဝင်းထောင့်တွင် အခြောက်ခံထားလိုက်သည်။
ပြီးစီးသွားပြီးနောက် ရှန်ရှောက်ယွမ်သည် ဆပ်ပြာဖြင့် လက်ကို သေချာစွာ ဆေးကြောလိုက်၏။ ထို့နောက် ရေနွေးတစ်ပုံးဆွဲကာ ရေချိုးပြီး သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက်မှသာ လိမ္မာရေးခြားရှိသော မြေးမလေးရှေ့သို့ ပြေးသွားကာ ကလေးကို စလေတော့သည်။ "အဘိုး ဆွဲထားတာ လှလား"
ရှောင်လျန်လျန်က သူမ၏ ဝိုင်းစက်နေသော မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ "အာ... ဘိုးဘိုး"
ရှန်ရှောက်ယွမ်က သဘောမကျစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း ကလေးငယ်ကိုတော့ လှမ်းယူပွေ့ချီလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။ "အဘိုးက ဘိုးဘိုး မဟုတ်ပါဘူးကွာ"
ဆေးများ ခြောက်သွေ့ရန် ရက်အနည်းငယ် ကြာမြင့်မည် ဖြစ်သော်လည်း ရှန်မော့အာက မလောချေ။ ဘာပဲဖြစ်ဖြစ် သူတို့မှာ အချိန်ပိုင်း အလုပ်သင်များသာ ဖြစ်ပြီး အဓိကတာဝန်နှင့် အလုပ်မှာ အတန်းတက် ပညာသင်ကြားရန်သာ ဖြစ်သည်။ ထို့ကြောင့် စနေ၊ တနင်္ဂနွေ ပိတ်ရက်အထိ စောင့်ဆိုင်းပြီးမှသာ ပြန်လည်တပ်ဆင်ထားသော လျှပ်စစ်ပန်ကာကို မြို့တော်တက္ကသိုလ် စက်မှုစက်ရုံသို့ ရှန်မော့အာ ယူဆောင်သွားခဲ့သည်။
ယူဆောင်သွားချိန်တွင် ရှန်မော့အာက လျှပ်စစ်ပန်ကာကို ဂုန်နီအိတ်တစ်လုံးဖြင့် ဖြစ်သလို စွပ်သွားခဲ့သည်။ ဌာနမှူးချန်မှာ သူမ ဂုန်နီအိတ်တစ်လုံး ဆွဲကာ စက်ရုံသို့ ရောက်လာသည်ကို မြင်သောအခါ အံ့သြနေခဲ့သေး၏။ သို့သော် ရလဒ်အနေဖြင့် ရှန်မော့အာက ဂုန်နီအိတ်ထဲမှ သူ ယခင်က တစ်ခါမှ မမြင်ဖူးသော လျှပ်စစ်ပန်ကာတစ်လုံးကို ထုတ်ယူလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ဘယ်လိုပြောရမည်နည်း။ စျေးကွက်ထဲရှိ လျှပ်စစ်ပန်ကာများမှာ လက်တွေ့တွင် အားလုံး ခပ်ဆင်ဆင်သာ ဖြစ်ကြပြီး အခြေခံအားဖြင့် ပုံစံအနည်းငယ်သာ ရှိသည်။ အကာကွင်းတစ်ခု၊ ပန်ကာဒလက်အနည်းငယ်နှင့် သံဘူးတစ်ဘူးတို့ကို တပ်ဆင်လိုက်ပါက လျှပ်စစ်ပန်ကာတစ်လုံး ဖြစ်သွားပြီ မဟုတ်ပါလား။ ဤသည်ထက် ပို၍ ဆန်းသစ်အောင် လုပ်နိုင်စရာ ရှိသေးသည်လား။
သို့သော်လည်း...
သို့သော် သူ့ရှေ့တွင် ချထားသော လျှပ်စစ်ပန်ကာမှာ အမှန်တကယ်ပင် အလွန်ဆန်းသစ် လှပနေခဲ့လေပြီ။
အပြင်ရင့် ပန်ကာဒလက်များပေါ်တွင် အနီရောင် ပန်းပွင့်ပုံစံများကို ရေးဆွဲထားပြီး တူညီသော အရောင်အသွေးရှိသည့် အောက်ခံခုံနှင့် တွဲဖက်ထားသဖြင့် လျှပ်စစ်ပန်ကာ တစ်လုံးလုံးမှာ ကြည့်ရသည်မှာ လှပနေရုံသာမက ခေတ်မီဆန်းသစ်နေ၏။
ဌာနမှူးချန်က တအံ့တဩ ရေရွတ်လိုက်သည်။ "ဒါက ဟွာရှန်းတံဆိပ်လား၊ ပင်းဟွာတံဆိပ်လား။ ဘယ်စက်ရုံက ထုတ်တဲ့ ကုန်ပစ္စည်းသစ်လဲ။ ဒီဆေးသား မျက်နှာပြင်က နည်းနည်း ကြမ်းတမ်းနေပေမယ့် ဒီလောက်လှနေတာဆိုတော့ ဆေးသား နည်းနည်း ကြမ်းတာက လုံးဝ မထိခိုက်ပါဘူး။ လှတော့ လှပါရဲ့၊ ဒါပေမဲ့ ကုန်ကျစရိတ်က နည်းနည်း မြင့်မယ်ထင်တယ်။ ဒီလိုတစ်လုံးကို ဘယ်လောက် ပေးရလဲ။ သာမန် လျှပ်စစ်ပန်ကာဆိုရင် ယွမ် ၁၂၀ ကနေ ၁၅၀ ဝန်းကျင်လောက် ရှိတာ။ ဒီတစ်ခုကတော့ အနည်းဆုံး ယွမ် ၁၅၀ လောက်တော့ ရှိမယ်ထင်တယ်"
ရှန်မော့အာက ရယ်မောလိုက်သည်။ "ဌာနမှူးချန်၊ ရှင် သေချာ ထပ်ကြည့်ကြည့်ပါဦး"
ဌာနမှူးချန်က သံသယဖြစ်စွာဖြင့် မေးလိုက်၏။ "သေချာကြည့်ရမယ်... ဘာကို ကြည့်ရမှာလဲ။ မင်းက ငါတို့ကိုလည်း ဒီလိုမျိုး ထုတ်လုပ်ဖို့ အကြံပြုချင်လို့လား။ မလုပ်ပါနဲ့၊ ငါတို့က သာမန် လျှပ်စစ်ပန်ကာတွေ ထုတ်ဖို့တောင် အနိုင်နိုင်ရယ်။ ဒီလောက် ခက်ခဲတဲ့အရာကို မစိန်ခေါ်ပါရစေနဲ့"
ရှန်မော့အာက လျှပ်စစ်ပန်ကာ၏ ပန်ကာဒလက်များကို လက်ညှိုးထိုးပြလိုက်သည်။ "ဒီပန်ကာဒလက်တွေမှာ တစ်ခုခု မှားယွင်းနေတာကို ရှင် သတိမထားမိဘူးလား"
ဌာနမှူးချန်က ကြောင်တောင်တောင်ဖြင့် "အာ" ဟု အသံပြုလိုက်ပြီး ခါးညွှတ်ကာ သေချာ ငုံ့ကြည့်ရှုလိုက်သည်။ အတန်ကြာမှ မရေမရာ လေသံဖြင့် ပြောလာ၏။ "ဒီပန်ကာဒလက်က တကယ်ပဲ ပြဿနာရှိနေတာပဲ။ တစ်ချပ်က နည်းနည်း သေးနေသလိုပဲ..."
သူက ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ စားပွဲပေါ်ရှိ လျှပ်စစ်ပန်ကာကို လက်ညှိုးထိုးလျက် အော်လိုက်သည်။ "ဒါ... ဒါ... ဒါက..."
ရှန်မော့အာ : "ဟုတ်ပါတယ်။ ဒါက အရင်က ကျွန်မ ယူသွားခဲ့တဲ့ အဲဒီတစ်လုံးပါပဲ"
ဌာနမှူးချန် : "..."
လျှပ်စစ်ပန်ကာကို စိုက်ကြည့်ကာ အတန်ကြာ တိတ်ဆိတ်နေပြီးမှ တီးတိုးရေရွတ်လိုက်သည်။ " အသစ်စက်စက် ဖြစ်သွားတာပဲ။ အသွင်အပြင်တွေ အကုန်ပြောင်းသွားပြီး လုံးဝကို ပြောင်းလဲသွားတာပဲ"
နာရီဝက်ခန့်အကြာ၊ စက်မှုစက်ရုံ အရောင်းဌာန အစည်းအဝေးခန်းမ။
"ဒါ... ဒါ... ဒါက အရမ်းကို လှနေတာပဲ"
ဝူယာနန်က ပါးစပ်ကို အုပ်ကာ တိုးတိုးလေး အော်ဟစ်လိုက်သည်။ သူမ အော်ဟစ်လိုက်မိကြောင်း သတိပြုမိသွားသောအခါ မျက်နှာမှာ ချက်ချင်း နီမြန်းသွားပြီး ရှက်ရွံ့စွာဖြင့် ဘယ်ညာသို့ လိုက်ကြည့်လိုက်မိသည်။
အစည်းအဝေးခန်းမထဲရှိ လူတိုင်းမှာ စားပွဲပေါ်မှ လျှပ်စစ်ပန်ကာကိုသာ စိုက်ကြည့်နေကြသဖြင့် ဘယ်သူမှ သူမကို သတိမထားမိကြချေ။ မည်သို့ပင်ဖြစ်စေ သူတို့၏ စိတ်ကူးယဉ်မှုကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သော ဤလျှပ်စစ်ပန်ကာကို မြင်လိုက်ရသဖြင့် လူတိုင်းမှာ အံ့သြနေကြလေသည်။ အော်ဟစ်အံ့သြသူမှာလည်း ဝူယာနန် တစ်ယောက်တည်း မဟုတ်ပေ။ အရောင်းဌာနမှ အရောင်းဝန်ထမ်းအချို့မှာ အံ့သြအော်ဟစ်ပြီးနောက် ဤလျှပ်စစ်ပန်ကာမျိုးကို ထုတ်လုပ်နိုင်ခြေရှိမရှိ ဆွေးနွေးကြတော့သည်။
ကျင်းကွေ့က ဝူယာနန်ကို တိုးတိုးလေး ကပ်ပြောလိုက်၏။ "ငါတို့ အတန်းခေါင်းဆောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တော်နေရတာလဲ။ ဒီလောက်လှပြီး ထူးခြားတဲ့ လျှပ်စစ်ပန်ကာမျိုးကို စက်မှုကူပွန် ပေးရမယ်ဆိုရင်တောင် ဝယ်မယ့်သူ ရှိမယ်လို့ ငါ ခံစားရတယ်"
ဝူယာနန်က ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်သည်။ "အရေးအကြီးဆုံးက ဒီလိုလေး ဆွဲလိုက်တော့ အရင်က ပန်ကာဒလက်တွေရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန် ပြဿနာက သိပ်မသိသာတော့ဘူး။ အရမ်းသေချာ မကြည့်ရင် သိတောင် သိမှာ မဟုတ်ဘူး။ ပြီးတော့ သိသွားရင်တောင်မှ ဘာမှမဖြစ်သလိုပဲ။ အချိုးမကျတာကလည်း လှသလိုမျိုး ဖြစ်နေတယ်"
အရောင်းဌာနမှ ကိုယ်လုံးကိုယ်ပေါက် အနည်းငယ် တောင့်တင်းသော အရောင်းဝန်ထမ်းတစ်ဦးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ဌာနမှူး၊ ဒီအလုပ်ကို ကျွန်တော့်ကို လွှဲပေးလိုက်ပါ။ ကျွန်တော် ကုန်တိုက်ကြီးနဲ့ သွားဆွေးနွေးပါ့မယ်။ ဟိုဘက်က မန်နေဂျာဝမ်က ဒီလို လှပတဲ့ ပစ္စည်းလေးတွေကို အရမ်းသဘောကျတာ"
သူ့ဘေးနားမှ အရပ်အနည်းငယ် ပုသော အမျိုးသားရဲဘော်က သဘောမကျဖြစ်သွား၏။ "မဟုတ်ဘူးလေ။ ဒါက ပြောနေစရာတောင် လိုသေးလို့လား။ သေချာပေါက် ရောင်းကောင်းမှာပေါ့။ ပန်ကာသုံးရမယ့် ရာသီရောက်ဖို့ အချိန်နည်းနည်း လိုသေးတယ်။ ဌာနမှူး၊ ကျွန်တော်တို့ အလုပ်ရုံကို အကြံပြုပြီး အများကြီး ထုတ်လုပ်ခိုင်းလိုက်ရအောင်"
ဌာနမှူးချန်က မျက်မှောင်ကြုတ်ထားပြီး စကားမပြောပေ။
ရှန်မော့အာက စကားစလိုက်သည်။ "ဒီလျှပ်စစ်ပန်ကာတွေက ဌာနမှူးချန် ကျွန်မတို့ကို ပေးထားတဲ့ 'အိမ်စာ' ပါ။ အရောင်းပိုင်းကို ကျွန်မတို့ ကျောင်းသားတွေ အရင် စမ်းကြည့်ပါရစေ။ တကယ်လို့ မအောင်မြင်ဘူးဆိုရင်တော့ အစ်ကိုလုနဲ့ အစ်ကိုလျန်တို့ကို အကူအညီ တောင်းပါ့မယ်။ ရှင်တို့က အတွေ့အကြုံလည်း များတယ်၊ အဆက်အသွယ်လည်း များတယ်၊ လူသိလည်း များတယ်ဆိုတော့ ရှင်တို့ရဲ့ လမ်းညွှန်မှုနဲ့ အကူအညီ လိုအပ်မယ့် နေရာတွေ သေချာပေါက် အများကြီး ရှိဦးမှာပါ"
မိမိကိုယ်တိုင် စဉ်းစားထားသော အကြံဉာဏ်ကို ရှန်မော့အာအနေဖြင့် တခြားသူများအား အလွယ်တကူ အသီးခူးစားခွင့် ပြုမည်မဟုတ်သည်မှာ သဘာဝကျပေသည်။ သူမက ယဉ်ကျေးစွာ ငြင်းဆိုလိုက်ခြင်း ဖြစ်သော်လည်း စကားပြောဆိုမှုမှာ လှပလွန်းသဖြင့် အရောင်းဝန်ထမ်းနှစ်ဦးမှာ နားထောင်ရသည်မှာ အဆင်ပြေသွားခဲ့သည်။
ခဏရပ်ပြီးနောက် ရှန်မော့အာက ဆက်ပြောလေ၏။ "အများကြီး ထုတ်လုပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အကြံပြုချက်ကတော့ စက်ရုံက ဆေးသုတ်ဆရာတွေကို အမြန်ဆုံး စုစည်းပြီး သက်ဆိုင်ရာ နည်းပညာတွေကို လေ့လာခိုင်းပါ။ ပြီးရင် နမူနာ တစ်သုတ်လောက် အရင်ထုတ်လုပ်ကြည့်ပါ"
စကားလမ်းကြောင်းလွှဲကာ သူမက ဌာနမှူးချန်ကို မေးလိုက်သည်။ "ကျွန်မတို့ စက်ရုံက ကွမ်ကျိုး ကုန်စည်ပြပွဲမှာ ပြခန်းနေရာ ရထားပါသလား"
ဌာနမှူးချန်မှာ စကားလမ်းကြောင်းက ဘာကြောင့် ရုတ်တရက် ကွမ်ကျိုး ကုန်စည်ပြပွဲသို့ ရောက်သွားမှန်း မသိသဖြင့် ခေါင်းခါကာ ပြောလိုက်သည်။ "ငါတို့လို ကျောင်းပိုင် စီးပွားရေးလုပ်ငန်းမျိုးက အဓိကအားဖြင့်တော့ ကျောင်းသားတွေအတွက် လက်တွေ့လုပ်ဆောင်နိုင်မယ့် နေရာတစ်ခု ဖန်တီးပေးဖို့ပါပဲ"
ရှန်မော့အာက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။ "နွေဦး ကုန်စည်ပြပွဲက ၄ လပိုင်း ၁၅ ရက်နေ့ကနေ ၅ လပိုင်း ၅ ရက်နေ့အထိလေ။ ကျွန်မ အကြံပြုချင်တာက စက်ရုံအနေနဲ့ ကွမ်ကျိုး ကုန်စည်ပြပွဲမှာ ပြခန်းနေရာရထားတဲ့ လုပ်ငန်းတစ်ခုခုနဲ့ အမြန်ဆုံး သွားရောက်ဆွေးနွေးပါ။ နမူနာ တစ်သုတ်လောက် လုပ်ပြီး သူတို့ကို ပြသပေးဖို့ အကူအညီ တောင်းကြည့်ပါ။ ကွမ်ကျိုး ကုန်စည်ပြပွဲရဲ့ ပြသစရာ ကုန်ပစ္စည်းစာရင်းကို ပြည်နယ်အသီးသီးက ကြိုတင်ရေးဆွဲထားကြတာ မှန်ပေမယ့် ဒါက လုံးဝ ပြောင်းလဲလို့ မရတာမျိုးတော့ မဟုတ်ပါဘူး။ သေချာသွားပြီဆိုရင် ပြပွဲကျင်းပရေး လုပ်ငန်းအဖွဲ့နဲ့ သွားရောက်ဆွေးနွေးလို့ ရပါတယ်"
ဌာနမှူးချန် : "..."
မဟုတ်သေးဘူးလေ။ သူတို့ အရင်က ဆွေးနွေးနေကြတာက ဒီရုပ်ဆိုးဆိုး လျှပ်စစ်ပန်ကာတွေကို အသွင်ပြောင်းပြီး ကုန်တိုက်ကြီးကို သွားရောင်းဖို့ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး စကားလမ်းကြောင်းက ရုတ်တရက်ကြီး နမူနာယူပြီး ကွမ်ကျိုး ကုန်စည်ပြပွဲမှာ သွားရောက်ပြသဖို့ဆီ ရောက်သွားရတာလဲ။
သူတို့သည် သာမန် ကျောင်းပိုင် စီးပွားရေးလုပ်ငန်းတစ်ခုမျှသာ ဖြစ်သည်။ လုပ်ငန်းအကျိုးအမြတ်ကလည်း သာမန်မျှသာ၊ ထုတ်ကုန်များကလည်း သာမန်မျှသာ။ တစ်ခုတည်းသော ချီးကျူးထိုက်သည့်အရာမှာ ကျောင်းသားများ၏ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းသာ ဖြစ်သည်။ သို့သော် ကျောင်းသားများဖြစ်သဖြင့် စွမ်းရည်မှာ အကန့်အသတ်ရှိသေးသည် မဟုတ်ပါလား။ တစ်နှစ်လျှင် ဖန်တီးနိုင်စွမ်းရှိပြီး လက်တွေ့အသုံးကျသော အရာ ၁ ခု သို့မဟုတ် ၂ ခု ထွက်ပေါ်လာလျှင်ပင် မဆိုးလှဟု ဆိုရမည်။
အချုပ်အားဖြင့် ဆိုရသော် သူတို့လို လုပ်ငန်းမျိုးနှင့် ကွမ်ကျိုး ကုန်စည်ပြပွဲဆိုသည်မှာ အပ်နှင့်ထစ် လုံးဝ မသက်ဆိုင်လှပေ။
ရှန်မော့အာကလည်း တကယ်တော့ ရုတ်တရက် စိတ်ကူးရသွားခြင်းသာ။ သို့သော် သူမ၏ အတွေးများကို စီစဉ်ကြည့်ပြီးနောက် ဤအကြံဉာဏ်မှာ ဖြစ်နိုင်ခြေရှိသည်ဟု ယူဆလိုက်သည်။ ထို့ကြောင့် ရှင်းပြလိုက်၏။ "ခုနက အစ်ကိုလျန်က စက်ရုံကို အများကြီး ထုတ်လုပ်ဖို့ အကြံပြုခဲ့တာဆိုတော့ ဒီထုတ်ကုန်ကို အတော်လေး မျှော်လင့်ထားလို့ ဖြစ်မယ်။ ဒါပေမဲ့ ပြည်တွင်းအခြေအနေကိုလည်း ကျွန်မတို့ သိကြတဲ့အတိုင်းပါပဲ။ လူတိုင်းက ယေဘုယျအားဖြင့် သိပ်မချမ်းသာကြဘူး။ လျှပ်စစ်ပန်ကာ ဝယ်နိုင်တဲ့သူက အစကတည်းက သိပ်မများလှဘူး။ ဒီလို ထူးခြားတဲ့ပုံစံမျိုး လျှပ်စစ်ပန်ကာကို ဝယ်မယ့်သူဆိုရင် ပိုပြီးတောင် နည်းပါးလိမ့်မယ်လို့ ခန့်မှန်းရတယ်"
သည်လို လျှပ်စစ်ပန်ကာမျိုးတွင် စားသုံးသူအုပ်စု သေချာပေါက် ရှိပါလိမ့်မည်။ သို့သော် လူအရေအတွက်မှာ သိပ်များမည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ အလှအပထက် လက်တွေ့အသုံးကျမှုကို လူတိုင်းက ပိုမိုအလေးထားကြသည် မဟုတ်ပါလား။ သို့သော် ဤကဲ့သို့သော လျှပ်စစ်ပန်ကာမျိုးကို ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်မှာ သေချာပေါက် မြင့်တက်လာမည်သာ။
"ပြည်တွင်းနဲ့ နှိုင်းယှဉ်ရင် ပြည်ပစျေးကွက်ကိုတော့ ကျွန်မ ပိုပြီး မျှော်လင့်ထားပါတယ်။ ကျွန်မရဲ့ အမျိုးသားက မြို့တော်တက္ကသိုလ် ရူပဗေဒဌာနက ကျောင်းသားပါ။ သူက ကျွန်မကို ပြောပြတယ်။ ကျွန်မတို့ နိုင်ငံရဲ့ လျှပ်စစ်ပန်ကာ ထုတ်လုပ်မှု အဆင့်အတန်းက ပြည်ပနဲ့ ကွာဟချက် သိပ်မကြီးမားဘူးတဲ့။ အရည်အသွေး ကွာဟချက် သိပ်မကြီးမားဘဲ ကျွန်မတို့ရဲ့ ရောင်းစျေးက ပြည်ပထက် ပိုသက်သာတဲ့ အခြေအနေမျိုးမှာ ဒီလို အပြင်ပန်းသဏ္ဍာန် ထူးခြားတဲ့ လျှပ်စစ်ပန်ကာက နိုင်ငံခြားကုန်သည်တွေရဲ့ စိတ်ဝင်စားမှုကို သေချာပေါက် ရရှိလာမှာပါ"
ရှန်မော့အာသည် ကွမ်ကျိုး ကုန်စည်ပြပွဲ အကြိမ်ပေါင်းများစွာ တက်ရောက်ခဲ့ဖူးပြီး ပြည်ပမှ ဖက်ရှင်များကိုလည်း အမြဲတစေ စောင့်ကြည့်နေခဲ့သူ ဖြစ်သည်။ နှိမ့်ချမှုမရှိဘဲ ပြောရမည်ဆိုလျှင် ပြည်ပစျေးကွက်အပေါ်၌ အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်ထားသည်။
လှပပြီး လက်တွေ့အသုံးကျသော အရာများသည် နိုင်ငံခြားကုန်သည်များကို အမြဲတမ်း ဆွဲဆောင်နိုင်ခဲ့သည်။
...
အပိုင်း (၁၃၈)
ရှန်မော့အာသည် ဆေးရောင်ခြယ် လျှပ်စစ်ပန်ကာအပေါ်၌ ယုံကြည်မှု အပြည့်ရှိနေသည်။ ဌာနမှူးချန်က တွေဝေနေသည်ကို မြင်သောအခါ အကယ်၍ မြို့တော်တက္ကသိုလ် စက်မှုစက်ရုံအနေဖြင့် စိတ်မဝင်စားပါက နန်ပြည်နယ်ရှိ စက်မှုစက်ရုံနှင့် ဆက်သွယ်လိုကြောင်း သူမက ပြောလိုက်သည်။
နန်ပြည်နယ်မှ ပြပွဲဝင်လုပ်ငန်းများကို သူမ အခြေခံအားဖြင့် သိရှိထားပြီး အနည်းနှင့်အများ ရင်းနှီးကျွမ်းဝင်မှု ရှိထားလေသည်။ မှတ်မိသလောက်ဆိုရလျှင် နန်ပြည်နယ် စက်မှုစက်ရုံ၏ ပြပွဲဝင်ကုန်ပစ္စည်းများထဲတွင် လျှပ်စစ်ပန်ကာ ပါဝင်မည် ထင်သည်။ ပြပွဲဝင်ခွင့် မရှိသော မြို့တော်တက္ကသိုလ် စက်မှုစက်ရုံနှင့် နှိုင်းယှဉ်ပါက နန်ပြည်နယ် စက်မှုစက်ရုံ၏ ကဏ္ဍစုံအခြေအနေများက လက်တွေ့တွင် ပိုမိုပြည့်စုံနေသည်။
တစ်ခုတည်းသော ပြဿနာမှာ ပြည်နယ်နှစ်ခုကြား အကွာအဝေးက အဆက်အသွယ်လုပ်ရန် အဆင်မပြေဖြစ်နေခြင်းပင်။
သူမက နန်ပြည်နယ် စက်မှုစက်ရုံနှင့် ဆက်သွယ်ချင်သည်ဟု ပြောသည်ကို ဌာနမှူးချန် ကြားသောအခါ ချက်ချင်းပင် ပြောလာ၏။ "မလိုပါဘူး၊ မလိုပါဘူး။ ရဲဘော်ရှန်၊ မင်း အရင် မလောပါနဲ့။ ဒီလျှပ်စစ်ပန်ကာကို ငါ့ဆီမှာ အရင်ထားခဲ့ပါ။ ငါ မနက်ဖြန် မနက်စောစော စက်ရုံမှူးကို တင်ပြလိုက်မယ်။ အဆင်ပြေ၊ မပြေ မနက်ဖြန် မင်းကို အကြောင်းပြန်ပေးမယ်။ ဘယ်လိုလဲ"
အချိန်ပိုင်း အလုပ်သင် ကျောင်းသား ၅ ဦး၏ အခြေအနေများကို ဌာနမှူးချန် အကြမ်းဖျင်း သိရှိထားသည်။
ရှန်မော့အာမှာ နန်ပြည်နယ်တွင် ရှိစဉ်က နိုင်ငံပိုင်စက်ရုံ၏ စက်ရုံမှူး လုပ်ခဲ့ဖူးကြောင်းကို သူ သိထားသည်။ သို့သော် သူ့အတွေးထဲတွင်တော့ ငယ်ရွယ်လှပသော အမျိုးသမီးရဲဘော်တစ်ဦးအနေဖြင့် အဓိကလုပ်ငန်းကြီးတစ်ခု၏ စက်ရုံမှူး ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးလှသည်။ ဒေသငယ်လေးတစ်ခုမှ စက်ရုံငယ်လေးတစ်ခုသာ ဖြစ်နိုင်ခြေများသည်။
သို့သော် ယခုလေးတင် ရှန်မော့အာ ပြောသွားသော စကားများအရ သူမမှာ ဒေသငယ်လေးမှ စက်ရုံငယ်လေး၏ စက်ရုံမှူး လုံးဝ မဟုတ်ကြောင်း ဌာနမှူးချန် နားလည်သွားခဲ့သည်။ သူမသည် အနည်းဆုံးတော့ နိုင်ငံခြားဝင်ငွေရှာပေးသော ပြည်ပပို့ကုန်လုပ်ငန်းတစ်ခု၏ စက်ရုံမှူး ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ကွမ်ကျိုး ကုန်စည်ပြပွဲ၏ အခြေအနေများကို သည်လောက် နားလည်သဘောပေါက်နေမည် မဟုတ်ချေ။
မြို့တော်တက္ကသိုလ်ကတော့ မြို့တော်တက္ကသိုလ်ပါပေ။ အမှန်တကယ်ပင် ပညာရှင်များ၊ လူရည်ချွန်များ ပုန်းကွယ်နေသော နေရာတစ်ခု ဖြစ်သည်။
"ဒီအနာအဆာပါတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ မင်းရဲ့အဖေကို အကူအညီ တောင်းရလိမ့်မယ် ထင်တယ်။ သေချာတာကတော့ ငါလည်း အလုပ်ရုံဘက်ကို ဆက်သွယ်ပြီး မင်းအဖေကို ကူညီဖို့ ဆေးသုတ်ဆရာ နည်းနည်းလောက် အမြန်ဆုံး ရှာခိုင်းလိုက်မယ်။ တကယ်လို့ မင်းအဖေက သင်ပေးချင်တယ်ဆိုရင် နောက်ပိုင်း အလုပ်တွေကို တခြားဆရာတွေကိုပဲ လုပ်ခိုင်းလိုက်မယ်လေ"
ဌာနမှူးချန်၏ စိတ်ထဲတွင် လျင်မြန်စွာ တွေးတောလိုက်သည်။ သူ့တွင် သက်ဆိုင်ရာ အခွင့်အာဏာ မရှိသော်လည်း ကတိပေးလိုက်၏။ "မင်းအဖေကို ငါတို့ အခမဲ့ လုပ်အားပေး ခိုင်းမှာ မဟုတ်ပါဘူး။ ငါ စက်ရုံမှူးဆီကို တတ်နိုင်သမျှ တောင်းဆိုပေးပါ့မယ်။ လုပ်အားခ ဘယ်လောက်ရမလဲဆိုတာကိုတော့ ငါ အာမမခံနိုင်ပေမယ့် သေချာပေါက် ပေးရမှာပါ"
ကိစ္စများကို အခြေခံအားဖြင့် ဆွေးနွေးသဘောတူညီပြီးနောက် ရှန်မော့အာက နောက်ဆုံးအနေဖြင့် တစ်ခွန်း ထပ်ပြောလိုက်သည်။ "တကယ်တော့ ပြည်တွင်းမှာ အများအပြား ထုတ်လုပ်တဲ့ လျှပ်စစ်ပန်ကာတွေရဲ့ အပြင်ပန်းသဏ္ဍာန်နဲ့ အရောင်အသွေးတွေကိုလည်း ပြောင်းလဲဖို့ စဉ်းစားလို့ရပါတယ်။ ခေတ်သစ်မှာ အသွင်သစ်တော့ ဖြစ်ရမယ်လေ"
ဌာနမှူးချန်က အတွေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
လောလောဆယ် လုပ်စရာကိစ္စ မရှိတော့သဖြင့် ရှန်မော့အာနှင့် အခြား ၃ ဦးတို့သည် စက်မှုစက်ရုံမှ ထွက်ခွာလာခဲ့ကြသည်။
"ကျန်းကျောင်းကျောင်း ဘာလို့ မလာတာလဲ" ရှန်မော့အာက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ဝူယာနန်က ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။ "သူ ဒီနေ့ ကိစ္စရှိလို့တဲ့"
ရှန်မော့အာက စဉ်းစားကြည့်လိုက်ပြီးနောက် ရယ်မောလိုက်သည်။ "ဒီလျှပ်စစ်ပန်ကာတွေ သေချာပေါက် ရောင်းထွက်မှာ မဟုတ်ဘူးလို့ ထင်ပြီး ငါတို့နဲ့အတူ အချိန်မဖြုန်းချင်လို့ နေမှာပေါ့"
ဝူယာနန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "သေချာပေါက် ရောင်းထွက်မှာပါ"
ယခင်က နာမည်မပြောခဲ့ရဘဲ အမှန်တကယ်တွင် လေကျိန့် ဟု အမည်ရသော တိတ်ဆိတ်နေသည့် အမျိုးသားကျောင်းသားက ရုတ်တရက် မေးလိုက်သည်။ "ဒီလျှပ်စစ်ပန်ကာကို တခြားပန်းချီပုံစံတွေရော ဆွဲလို့ရမလား"
ရှန်မော့အာ : "ရတာပေါ့။ ကျွန်မအဖေက ပုံစံ ၃ မျိုးလောက် ဆွဲဖို့ ပြင်ထားတာ"
လေကျိန့်က ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထပ်မေးလိုက်၏။ "ကျွန်တော် ဘတ်စကက်ဘောပုံစံလေး လိုချင်လို့ ရမလား"
ရှန်မော့အာ : "...ရှင် ကိုယ်တိုင် ဝယ်ချင်လို့လား"
လေကျိန့်က ခေါင်းကို အားပါးတရ ညိတ်လိုက်သည်။ "ဒီလျှပ်စစ်ပန်ကာက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်က ဘတ်စကက်ဘောကစားရတာ ဝါသနာပါတော့ ဘတ်စကက်ဘောပုံလေး ဆွဲထားရင် ကောင်းမယ်လို့ တွေးမိလို့ပါ"
သူက ရှင်းပြလေ၏။ "ကျွန်တော့်အိမ်က မြို့တော်မှာပဲ။ ဒီလျှပ်စစ်ပန်ကာက စက်မှုကူပွန်လည်း မလိုဘူး။ ပန်းချီဆွဲပြီးသွားရင် အနာအဆာကလည်း သိပ်မသိသာတော့ဘူး၊ ပိုပြီးတောင် ထူးခြားသွားသေးတယ်။ တစ်လုံးလောက် ဝယ်ရင် တော်တော်လေး တွက်ခြေကိုက်မယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ဘတ်စကက်ဘောပုံ မဆွဲလို့လည်း ကိစ္စမရှိပါဘူး။ ဒီနေ့ပုံစံလေးကလည်း တကယ်တော့ တော်တော်လှပါတယ်"
ရှန်မော့အာ : "ကျွန်မအဖေကို ပြန်မေးကြည့်လိုက်ပါ့မယ်။ သူ ဘယ်လိုပြောမလဲ ကြည့်ရတာပေါ့"
လေကျိန့်က ဝမ်းသာအားရဖြင့် ပြောလိုက်၏။ "ဒါဆိုရင် ကျွန်တော့်အတွက် မေးပေးပါ။ မဆွဲလို့လည်း ကိစ္စမရှိပါဘူး။ အဲဒီကျရင် ဆွဲပြီးသား ပုံစံ ၃ မျိုးထဲကနေ တစ်ခုကို ရွေးလိုက်ပါ့မယ်"
ကျင်းကွေ့မှာ အနည်းငယ် အားကျနေမိသည်။ "မင်းတို့ မိသားစုတွေ ဒီမြို့မှာ ရှိတာ ကောင်းလိုက်တာ။ တကယ်လို့ ငါ့မိသားစုသာ ဒီမှာရှိရင် ငါလည်း အိမ်ပြန်ပြီး တစ်လုံးဝယ်ဖို့ ငါ့အဖေနဲ့ အမေကို သွားပြောမှာပဲ။ ဒီလို လက်နဲ့ဆွဲထားတာဆိုတော့ တော်တော်လေး အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်"
ဝူယာနန်ကလည်း အားပါးတရ ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ အိမ်တွင်တော့ လျှပ်စစ်ပန်ကာ ဝယ်ရန် ငွေမရှိချေ။ သို့သော် သည်လိုလှပသော လျှပ်စစ်ပန်ကာမျိုးကို သူမ ကျောင်းပြီး၍ အလုပ်ရကာ ငွေရှိလာသောအခါ တစ်လုံးဝယ်ချင်မိသည်။
၄ယောက်သား ရယ်မောပြောဆိုရင်း ဘတ်စ်ကားဂိတ်သို့ ရောက်ရှိလာကြသည်။ ကားတစ်စီး ရောက်လာသဖြင့် အားလုံး ကမန်းကတန်း တက်လိုက်ကြသည်။
ကားပေါ်တွင် လူအတော်များသော်လည်း နောက်ဆုံးတွင် ခုံအနည်းငယ် ကျန်သေးသည်။ ၄ယောက်သား ထိုင်ပြီးနောက် စိတ်လှုပ်ရှားနေဆဲဖြစ်သော လေကျိန့်က မနေနိုင်ဘဲ ပြောလိုက်၏။ "အတန်းခေါင်းဆောင်ရဲ့ အဖေက ပန်းချီဆွဲတာ အရမ်းတော်မှာပဲနော်"
သူက ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အရင်က ကျွန်တော့် အိမ်နီးချင်း တစ်ယောက်လည်း ပန်းချီဆွဲတာ အရမ်းတော်တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စားနပ်ရိက္ခာကူပွန်နဲ့ အသားကူပွန်တွေ ရှားပါးတုန်းက သူက ကိုယ်တိုင် ဆွဲပြီး သုံးခဲ့တာ။ တစ်ခါမှ အဖမ်းမခံခဲ့ရဘူး။ ဘတ်စ်ကား လစဉ်လက်မှတ်ကိုလည်း ကိုယ်တိုင် ဆွဲတာပဲ"
ဝူယာနန်နှင့် ကျင်းကွေ့တို့မှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး မချိန်းဆိုထားဘဲ တစ်ပြိုင်နက်တည်း မေးလိုက်ကြ၏။ "ဒီလိုကိစ္စမျိုးလည်း ရှိသေးတာလား"
ရှန်မော့အာကတော့ အံ့သြသည်ဟု မထင်မိပေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက သူမအဖေကလည်း ကူပွန်အမျိုးမျိုးကို ကိုယ်တိုင် ရေးဆွဲနိုင်ကြောင်း ပြောဖူးသည်။
လေကျိန့်က အသံကို ပိုမိုနှိမ့်ချလိုက်သည်။ "ရှိတာပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ ရုတ်တရက် ပျောက်သွားတယ်။ အိမ်ကလူတွေလည်း ဘယ်လိုရှာရှာ မတွေ့တော့ဘူး။ ကျွန်တော်တို့ဘက်မှာတော့ သူက တောင်ဘက်ကို ဆင်းပြီး ဟောင်ကောင်ကို ထွက်ပြေးသွားတယ်လို့ ကောလာဟလ ထွက်နေတာပဲ"
လေကျိန့်မှာ စကားပြောအတော်ကောင်းသည်။ လမ်းတစ်လျှောက်တွင် သူတို့ လမ်းကြားလေးထဲမှ ထူးဆန်းအံ့သြဖွယ် ကိစ္စရပ်များကို ပြောပြခဲ့ရာ အတွေ့အကြုံမရှိသော ဝူယာနန်နှင့် ကျင်းကွေ့တို့ နှစ်ဦးမှာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြရသည်။
သို့သော် သူက လမ်းတစ်ဝက်တွင် ဆင်းသွားခဲ့သည်။ အိမ်ပြန်ရမည်ဟု ဆို၏။
ရှန်မော့အာ၊ ဝူယာနန်နှင့် ကျင်းကွေ့တို့သည် ဘတ်စ်ကားမှတ်တိုင် တစ်ခုတည်းတွင် ဆင်းခဲ့ကြသည်။ ရှန်မော့အာက အိမ်ပြန်ပြီး ဝူယာနန်တို့က ကျောင်းသို့ ပြန်ကြသည်။
ဝူယာနန်သည် အဆောင်တံခါးဝသို့ ရောက်သောအခါ ဘေးခန်းမှ ထွက်လာသော ကျန်းကျောင်းကျောင်းနှင့် အံကိုက်ဆုံလေသည်။ ကျန်းကျောင်းကျောင်းက သူမကို တစ်ချက် ကြည့်လိုက်၏။ "ဒီလောက်မြန်မြန် ပြန်ရောက်လာပြီလား"
ဝူယာနန် ဘာမှမပြောရသေးမီ သူမက ကိုယ့်ဘာသာ မေးကာ ကိုယ့်ဘာသာ ဖြေလိုက်သည်။ "ဒါလည်း ဟုတ်တာပဲလေ။ အဲဒီ ရုပ်ဆိုးဆိုး ပစ္စည်းတွေက ဘယ်လိုလုပ် ရောင်းထွက်မှာလဲ။ အလကား အပင်ပန်းခံပြီး ပြန်လာရတာပဲ မဟုတ်လား။ ကျွတ်.. နင်တို့နဲ့ တစ်ဖွဲ့တည်း ဖြစ်ရတာ ငါကတော့ တကယ်ကို ကံဆိုးတာပဲ"
ဝူယာနန်က ပါးစပ်ဟလိုက်သော်လည်း အတန်ကြာသည်အထိ စကားတစ်ခွန်းမှ မထွက်လာခဲ့ချေ။ ကျန်းကျောင်းကျောင်းက သူမကို မျက်စောင်းထိုးလိုက်ပြီး တဒေါက်ဒေါက် မြည်အောင် လျှောက်သွားလေတော့သည်။
အဆောင်တံခါးမှာ ပွင့်နေသည်။ တံခါးဘေးရှိ ခုတင်ပေါ်တွင် ထိုင်နေသော ကွမ်းချန်ချန်က ဝူယာနန်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေသော်လည်း အတန်ကြာသည်အထိ စကားတစ်ခွန်းမှ မပြောနိုင်သည်ကို မြင်သောအခါ မနေနိုင်ဘဲ ဖျပ်ခနဲ ရယ်မောလိုက်မိသည်။
"ကျန်းကျောင်းကျောင်းကို ဂရုမစိုက်နဲ့။ သူက အရမ်းကို မျက်နှာလိုမျက်နှာရ လုပ်တတ်တာ။ တစ်နေကုန် အဆက်အသွယ်ရှာဖို့ပဲ ခေါင်းထဲမှာ ရှိနေတာ။ တတိယနှစ်နဲ့ စတုတ္ထနှစ်က အစ်မကြီးတွေရဲ့ ခြေသလုံးကို ဖက်ထားလိုက်တာများ ခိုင်နေတာပဲ။ အရင်ကလည်း ကျောင်းပိုင်စီးပွားရေးလုပ်ငန်းမှာ တစ်ခုခုလုပ်ဖို့ ရည်မှန်းချက် ကြီးခဲ့သေးတာ။ အခြေအနေမကောင်းတာမြင်တော့ ချက်ချင်း ပြန်ဆုတ်သွားတာ မဟုတ်ဘူးလား"
ကွမ်းချန်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ကျန်းကျောင်းကျောင်းက သူတို့အဆောင်မှာ အကြိမ်ကြိမ် ပြောနေတာ။ အတန်းခေါင်းဆောင်က ကိုယ့်အခြေအနေကိုယ် မသိဘဲ အနာအဆာပါတဲ့ လျှပ်စစ်ပန်ကာတွေကို သွားရောင်းမယ်ဆိုပြီးတော့လေ။ တကယ်တော့ ဘယ်လိုဖြစ်တာလဲ"
ဝူယာနန်က ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည်။ အဆောင်ထဲသို့ ဝင်လာပြီး သူမ၏ ခုတင်ပေါ်တွင် ထိုင်ကာ ဒီနေ့ကိစ္စကို ပြန်တွေးလိုက်သောအခါ ထိုစိတ်လှုပ်ရှားမှုများက သူမ၏ ရင်ဘတ်ထဲသို့ ပြန်လည်ရောက်ရှိလာပြန်သည်။
သူမက အသံတစ်ချက်ပြုလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အတန်းခေါင်းဆောင်က အရမ်းတော်တာ။ အဲဒီလျှပ်စစ်ပန်ကာတွေက သေချာပေါက် ရောင်းမလောက် ဖြစ်မှာပဲ။ ကျန်းကျောင်းကျောင်းသာ နောင်တရဖို့ စောင့်နေလိုက်တော့"
ကွမ်းချန်ချန်၏ မျက်လုံးများက အရောင်လက်သွားသည်။ "အတန်းခေါင်းဆောင်က ဒီလောက်တောင် တော်တာလား"
ဝူယာနန် : "ဒါပေါ့"
ထိုမျှကောင်းမွန်သော အကြံဉာဏ်ကို စဉ်းစားမိခြင်းအပြင် ကွမ်ကျိုး ကုန်စည်ပြပွဲတွင် ပါဝင်ပြသရန် အကြံပြုချက်ကိုပါ ထည့်သွင်းစဉ်းစားကြည့်လျှင် သူမက ကွမ်ကျိုး ကုန်စည်ပြပွဲ၏ လုပ်ငန်းစဉ်များကို ကောင်းကောင်း နားလည်သဘောပေါက်နေကြောင်း သိသာနိုင်သည်။ နိုင်ငံခြားကုန်သည်များ၏ အကြိုက်ကို ပြောဆိုရာတွင်လည်း လက်ဆုပ်လက်ကိုင်ပြနိုင်လောက်အောင် တိကျသေချာလှသည်။
အတန်းခေါင်းဆောင်သည် လက်တွေ့တွင် အချိန်ပိုင်း အလုပ်သင်ဆင်းရန် လုံးဝမလိုအပ်ဟု ဝူယာနန် ထင်မြင်မိသည်။ သူမ၏ လုပ်ငန်းများနှင့် စျေးကွက်အပေါ် နားလည်သဘောပေါက်မှုက ဌာနမှူးချန်ထက်ပင် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းလှသည်။
မိမိနှင့် ရှန်မော့အာအကြား ကွာဟချက်ကို စဉ်းစားမိသောအခါ ဝူယာနန်သည် ဗီရိုထဲမှ အထူးပြုစာအုပ် နှစ်အုပ်ကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။ ဉာဏ်နည်းသော ငှက်က စောစော ပျံသန်းရမည်။ သူမကဲ့သို့ အပျံသင်နောက်ကျသည့် ငှက်လေးအနေဖြင့် နှေးကွေးနေပြီဖြစ်သဖြင့် ပုံမှန်ထက် ပိုမိုကြိုးစား ပျံသန်းရမည်သာ။
ဝူယာနန်က ရုတ်တရက် မျက်လုံးများ အရောင်တောက်ပလာကာ အထူးပြုစာအုပ်များကို ထုတ်ယူလိုက်သည်ကို မျက်စိရှေ့တွင် မြင်လိုက်ရသော ကွမ်းချန်ချန် တစ်ယောက် ဇဝေဇဝါ ဖြစ်သွားတော့သည်။
မြို့တော်တက္ကသိုလ် စက်မှုစက်ရုံမှာ အလွန်လျင်မြန်လှသည်။ ဌာနမှူးချန်က စက်ရုံမှူးကို မည်သို့ တင်ပြလိုက်သည်ကိုတော့ မသိချေ။ မည်သို့ပင်ဖြစ်စေ စက်ရုံက မြို့တော်ရှိ ကွမ်ကျိုး ကုန်စည်ပြပွဲ ဝင်ရောက်ပြသခွင့်ရှိသော လုပ်ငန်းအချို့နှင့် ချက်ချင်း ဆက်သွယ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ရှန်ရှောက်ယွမ်ကိုလည်း နမူနာပုံစံများ ဆွဲပေးရန် စက်ရုံသို့ ချက်ချင်း ဖိတ်ခေါ်လိုက်တော့သည်။
ရှန်ရှောက်ယွမ်က ကျိုးဖျင်အန်းကို ခေါ်ကာ မြို့တော်တက္ကသိုလ် စက်မှုစက်ရုံသို့ သွားခဲ့သည်။ ရှန်မော့အာနှင့် ဖုမင်ဇယ်တို့မှာ အတန်းတက်ရမည်ဖြစ်သဖြင့် ရှောင်လျန်လျန်လေးမှာ အဘိုးအဘွားအိမ်သို့ အရင်သွားရတော့သည်။
ဖုမိသားစုရှိ လူကြီးများမှာ အလွန်စိတ်လှုပ်ရှားနေကြသည်။ နေ့စဉ်နေ့တိုင်း မနက်စောစောတွင် ဖုမင်ဇယ်က ကလေးလာပို့မည်ကို တံခါးဝမှ စောင့်မျှော်နေကြ၏။ ညနေပိုင်း ဖုမင်ဇယ်က လူလာကြိုသောအခါတွင်တော့ အားလုံးမှာ မခွဲခွာချင်သော မျက်နှာများဖြင့် ဖုမင်ဇယ်ကို တံခါးအပြင်ဘက်တွင် ပိတ်လှောင်ထားကာ အိမ်ထဲပေးမဝင်ချင်တော့လောက်အောင်ပင် ဖြစ်နေကြသည်။
ချစ်လှစွာသော မြေးမလေးကို သေချာဂရုစိုက်နိုင်ရန်နှင့် လူကြီးနှစ်ဦး ပင်ပန်းမည်ကို စိုးရိမ်သောကြောင့် ယင်းရှို့ဝမ်သည် ရက်အနည်းငယ် ခွင့်ယူလိုက်သည်။
ထို့ကြောင့် အဘိုးအဘွားအိမ်တွင် ရက်အနည်းငယ်နေပြီးနောက် ရှောင်လျန်လျန်လေးသည် "အာ.. ဘိုးဘိုး" ၊ "အာ.. ဘွားဘွား" ၊ "အာ.. ဘွားဘွားကြီး" နှင့် "အာ.. ဦးဦး" ဟု ခေါ်တတ်နေလေပြီ။
...