အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
အပိုင်း (၁၃၉.၁)
မြို့တော်တက္ကသိုလ် စက်မှုစက်ရုံက ပြပွဲဝင်မည့် အဖွဲ့အစည်းနှင့် အမြန်ဆုံး ဆက်သွယ်နိုင်ခဲ့သည်။ တစ်ဖက်မှ နေရာတစ်နေရာရရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရပြီးနောက် ဌာနအဆင့်ဆင့်ကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် ကွမ်ကျိုး ကုန်စည်ပြပွဲ ကျင်းပရေး လုပ်ငန်းအဖွဲ့နှင့်လည်း ဆက်သွယ်နိုင်ခဲ့သည်။
အရောင်းပိုင်းကို တာဝန်ယူသော ဒုတိယစက်ရုံမှူး ကိုယ်တိုင် နမူနာပစ္စည်းတစ်လုံးကို ယူဆောင်ကာ ကွမ်ကျိုးမြို့သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး လုပ်ငန်းအဖွဲ့ကို နားချကာ ပြပွဲဝင်ခွင့်ကို ရယူနိုင်ခဲ့သည်။
ထို့ကြောင့် မူလက နမူနာ ၃ခုသာ ရေးဆွဲရန် ပြင်ဆင်ထားသော ရှန်ရှောက်ယွမ်မှာ နောက်ထပ် ရက်အနည်းငယ် ဆက်နေရန် စက်ရုံမှ အကြိမ်ကြိမ် တောင်းဆိုခြင်း ခံရသဖြင့် နောက်ဆုံးတွင် ၁ပတ်ခန့် အလုပ်များသွားခဲ့ပြီး စုစုပေါင်း နမူနာ ၅ခု ရေးဆွဲပေးခဲ့ရသည်။
ဤခေတ်ကာလတွင် မူပိုင်ခွင့်ဟူသော အသိအမြင်များ မရှိသေးဘဲ လူတိုင်းက ဆိုရှယ်လစ်တည်ဆောက်ရေးအတွက်သာ ပံ့ပိုးပေးနေကြခြင်း ဖြစ်သည်။ သို့သော်လည်း မြို့တော် စက်မှုစက်ရုံက ရှန်ရှောက်ယွမ်ကို လုပ်အားခ အမြောက်အမြား ပေးအပ်ခဲ့ပြီး လျှပ်စစ်ပန်ကာ ၂ လုံးကိုလည်း လက်ဆောင်အဖြစ် ပေးခဲ့သည်။
တစ်လုံးမှာ သာမန် လျှပ်စစ်ပန်ကာဖြစ်ပြီး အခြားတစ်လုံးမှာ ရှန်ရှောက်ယွမ် ကိုယ်တိုင် ရွေးချယ်ထားသော ပန်ကာဖြစ်သည်။ ထိုပန်ကာ၏ ပန်ကာဒလက်များပေါ်တွင် ကိုယ်ဟန်အမူအရာ အမျိုးမျိုးရှိသော ကြောင်လေးများကို အသေးစိတ် ရေးဆွဲထားပြီး အောက်ခံခုံကိုမူ စိမ်းလန်းသော မြက်ခင်းပြင်အဖြစ် ရေးဆွဲထားရာ ကလေးများ အလွန်သဘောကျမည့် ပုံစံမျိုး ဖြစ်သည်။ ဒါက ရှန်ရှောက်ယွမ်တစ်ယောက် မြေးမလေးအတွက် အထူးရည်ရွယ်ပြီး ရေးဆွဲပေးထားခြင်း ဖြစ်၏။
စက်မှုစက်ရုံဘက်မှလည်း ရှန်ရှောက်ယွမ်ကို ဤကဲ့သို့သော နမူနာပုံစံမျိုး နောက်တစ်ခု ရေးဆွဲပေးရန် တောင်းဆိုခဲ့သော်လည်း ရှန်ရှောက်ယွမ်က လုံးဝ သဘောမတူခဲ့ချေ။ မြေးမလေးအတွက် တစ်ခုတည်းသော အရာလေး ဖြစ်ရမည်ဟု ဆိုကာ သူတို့ကို ကိုယ့်ဘာသာ ဆွဲရန်သာ ပြောလိုက်သည်။ ထို့ကြောင့် စက်မှုစက်ရုံက ဆေးသုတ်ဆရာကို ပုံစံတူ တစ်ခုကို ရေးဆွဲခိုင်းလိုက်ရသည်။ သို့သော် အသက်ဝင်မှုတော့ သိပ်မရှိလှပေ။ သို့တိုင်အောင် ရှန်ရှောက်ယွမ် ရေးဆွဲထားသည်နှင့် ယှဉ်မကြည့်သရွေ့တော့ အဆင်ပြေသည်ဟု ဆိုရမည်။
တစ်မိသားစုလုံး ၁ပတ်လောက် အလုပ်များနေခဲ့ပြီး စနေနေ့ မွန်းလွဲပိုင်းတွင် ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ နှစ်ဦးစလုံးမှာ အတန်း ၁ချိန်သာ ရှိသဖြင့် သမီးဖြစ်သူကို သွားကြိုရန် ယုံနင်လမ်းကြားသို့ အတူတူ သွားခဲ့ကြသည်။
ကလေးငယ်က ဖေဖေနှင့် မေမေကို မြင်သောအခါ ပထမဆုံး တုံ့ပြန်မှုအနေဖြင့် နှုတ်ခမ်းလေးစူကာ ဟွန့်ခနဲ အသံပြုပြီး ခေါင်းလှည့်သွားလေသည်။ ဝမ်းလည်းနည်း၊ ဒေါသလည်းထွက်နေသော ထိုမျက်နှာအမူအရာလေးကြောင့် ရှန်မော့အာမှာ ရယ်မောရတော့၏။ "ငါတို့ရဲ့ ရှောင်လျန်လျန်လေးက စစ်ကူးလမ်းကြားကို မပြန်ချင်လို့လား။ ဒါဆို ဖေဖေနဲ့ မေမေတို့ပဲ ပြန်လိုက်ရမလား"
ကလေးငယ်မှာ မွေးရာပါ ဉာဏ်ကောင်းသူဖြစ်သဖြင့် စကားအချို့ကို နားလည်နေပြီ ဖြစ်သည်။ ထိုစကားကို ကြားသောအခါ ချက်ချင်း လှည့်လာပြီး လက်လေးများကို ဆန့်တန်းကာ ပွေ့ချီရန် တောင်းဆိုတော့သည်။ "အာ.. မေမေ.. ချီချီ"
၁ပတ်ခန့် သတိမထားမိလိုက်ချိန်တွင် သမီးဖြစ်သူ၏ ဘာသာစကား စွမ်းရည်များက နောက်တစ်ကြိမ် တိုးတက်လာပြန်သည်ကို ရှန်မော့အာ ရုတ်တရက် သတိပြုမိသွားသည်။
သို့သော် ဒါကလည်း သဘာဝကျပေသည်။ စစ်ကူးလမ်းကြားတွင် ရှိစဉ်က အချိန်အများစုတွင် ရှန်ရှောက်ယွမ်ကသာ ကလေးကို တတွတ်တွတ် ပြောဆိုလေ့ရှိသည်။ သည်နေရာကတော့ မတူညီတော့ချေ။ ဘိုးဘိုးကြီးနှင့် ဘွားဘွားကြီးတို့မှာ သူမအနားတွင် တစ်နေကုန် လှည့်ပတ်နေကြပြီး သူမ နိုးနေသရွေ့ တစ်နေကုန် စကားပြောပေးနိုင်ကြသည်။ ထို့အပြင် အဘိုး၊ အဘွားနှင့် ဦးလေးတို့လည်း ရှိသေးသည်။
ဘာသာစကားဆိုသည်မှာ လက်တွေ့တွင် လေ့လာသင်ယူရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ များများကြားပြီး များများပြောရလေ၊ သဘာဝကျကျပင် တိုးတက်မှုက သိသာလာလေပင်။
အဘွားကြီးက သူမ၏ မြစ်လေးကို ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်၏။ "ညစာစားပြီးမှ ပြန်ကြပါလား"
ရှန်မော့အာက သနားစရာကောင်းအောင် ကြည့်နေသော အဘွားကြီးကို တစ်ချက်ကြည့်လိုက်ပြီး ဟန်ဆောင်ကာ ဂရုမစိုက်သလို နေသော်လည်း လက်တွေ့တွင် မြစ်လေးကို အမြဲကြည့်နေသော အဘိုးအိုကိုလည်း တစ်ချက်ကြည့်လိုက်မိ၏။ သူမက ပြုံးကာ ပြောလိုက်သည်။ "ကောင်းပါပြီ။ ရာသီဥတုကလည်း သိပ်မအေးတော့ဘူးဆိုတော့ နည်းနည်း နောက်ကျမှ ပြန်လည်း ကိစ္စမရှိပါဘူး"
ယုံနင်လမ်းကြားတွင် ညစာစားပြီး စစ်ကူးလမ်းကြားသို့ ပြန်ရောက်သောအခါ လမ်းတွင် အိပ်ပျော်သွားပြီဖြစ်သော မြေးမလေးကို ရှန်ရှောက်ယွမ်က ပြေးလာကြည့်ပြီးမှ ရှန်မော့အာကို ပြောပြလေသည်။ "မွန်းလွဲပိုင်းက ရှေ့ခြံက ဝမ်မိသားစုက အဘွားကြီးက သူ့သမီးကို ခေါ်ပြီး လက်ဆောင် ၆ မျိုး လာပို့သွားတယ်။ သမီးကို ကျေးဇူးတင်လို့တဲ့"
ထိုနေ့က ကိစ္စကို ရှန်ရှောက်ယွမ် သိထားသည်။ လမ်းတွင် မတရားမှုကို မြင်သဖြင့် ကူညီပေးခဲ့ခြင်းမျှသာ ဖြစ်ပြီး သူတို့က သိပ်ဂရုမစိုက်ခဲ့ကြချေ။ သို့သော် တစ်ဖက်လူက လဝက်ခန့်ကြာပြီးမှ အိမ်တိုင်ရာရောက် လက်ဆောင်လာပေးမည်ဟု မထင်ထားခဲ့ပေ။ လက်ဆောင်များကလည်း အလွန် ရက်ရောလှသည်။
"နောက်တစ်နေ့မှာပဲ နယ်ကို အလုပ်ကိစ္စနဲ့ သွားရလို့ မနေ့ကမှ ပြန်ရောက်တာတဲ့"
ရှန်မော့အာက ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်၏။ "အဖေ.. နောက်ရက်နည်းနည်းကြာရင် အဲဒီအဘွားကြီးဆီကို လက်ဆောင်နည်းနည်း ပြန်သွားပေးလိုက်ပါလား"
သူမ ကိုယ်တိုင် မသွားတော့ဘဲ အိမ်နီးချင်းများအကြား လက်ဆောင်ပေးခြင်းအဖြစ်သာ သတ်မှတ်လိုက်မည်။
ရှန်ရှောက်ယွမ်က လက်ကာပြလိုက်သည်။ "သိပါတယ်။ သမီးတို့ စောစော အနားယူကြတော့"
နောက်တစ်နေ့ မနက် ထပြီးနောက် ရှန်မော့အာသည် သမီးကို ပွေ့ချီကာ အထည်ချုပ်စက်ရုံသို့ အရင် သွားခဲ့သည်။
လက်ရှိတွင် ရှန်မော့အာက အထည်ချုပ်စက်ရုံအတွက် သတ်မှတ်ထားသော ထုတ်လုပ်မှုတာဝန်များမှာ မများပြားလှချေ။ အဓိကအကြောင်းရင်းမှာ ကုန်ကြမ်း မလုံလောက်ခြင်းကြောင့် ဖြစ်သည်။
ယခုနှစ်အစောပိုင်းတွင် နိုင်ငံတော်က မူလ အပေါ့စားစက်မှုလုပ်ငန်းဌာနကို အထည်အလိပ်စက်မှုလုပ်ငန်းဌာနနှင့် အပေါ့စားစက်မှုလုပ်ငန်းဌာနဟူ၍ ခွဲခြားခဲ့သည်။ အထည်အလိပ်စက်မှုလုပ်ငန်းက "လမ်းကြောင်းပြောင်းလဲခြင်းနှင့် ပုံစံပြောင်းလဲခြင်း"ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး အထည်အလိပ်လုပ်ငန်းများက အကြီးအကျယ် တိုးချဲ့တည်ဆောက်ကာ အဆင့်မြှင့်တင်ခဲ့ကြသဖြင့် ထုတ်လုပ်နိုင်စွမ်းမှာ သိသာစွာ တိုးတက်လာခဲ့သည်။ သို့သော် အချိန်တိုတောင်းသေးသဖြင့် ပြည်တွင်းရှိ အဝတ်အထည် ရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်တော့ မလုံလောက်သေးချေ။
ရှန်မော့အာသည် မြို့တော် အမှတ်(၁) အထည်အလိပ်စက်ရုံရှိ မိတ်ဆွေမှတစ်ဆင့် ပိတ်ထည် အချို့ကို ခွဲဝေရရှိခဲ့သည်။
မြို့တော် အမှတ်(၁) အထည်အလိပ်စက်ရုံမှာ အလွန်ကြီးမားသော လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းလိုလို ထုတ်လုပ်မှု ရည်မှန်းချက်များကို ကျော်လွန်အောင် ထုတ်လုပ်နိုင်လေ့ရှိသည်။ ထုတ်လုပ်မှု ရည်မှန်းချက်ထက် ပိုလျှံနေသော အပိုင်းများကို လိုအပ်နေသော အခြားထုတ်လုပ်ရေးလုပ်ငန်းများသို့ သင့်တင့်လျောက်ပတ်စွာ ခွဲဝေပေးနိုင်သည်။
ဟုတ်ပါသည်။ အကယ်၍ ရှန်မော့အာသာ ၎င်းတို့၏ အရောင်းဌာနမှ ဌာနမှူးနှင့် မသိကျွမ်းခဲ့ပါက ဟွာချိုက်ကဲ့သို့သော ရပ်ရွာလုပ်ငန်းငယ်လေးတစ်ခုအနေဖြင့် မြို့တော် အမှတ်(၁) အထည်အလိပ်စက်ရုံမှ အဝတ်အထည် ခွဲဝေရရှိရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ခွဲဝေရရှိသော အဝတ်အထည် ပမာဏမှာ များနိုင်မည် မဟုတ်ချေ။ ဒါကလည်း ရှန်မော့အာက အကြီးအကျယ် မလုပ်ဘဲ "အလုပ်ရုံငယ်လေး"သာ ဖွင့်လှစ်ထားခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။
ဆန်မရှိဘဲ ထမင်းမချက်နိုင်ဆိုသကဲ့သို့ အဝတ်အထည်မရှိပါက သူမတွင် မည်မျှပင် အကြံဉာဏ်ကောင်းများ ရှိနေပါစေ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပေ။
အကြောင်းအရာကို ပြန်ဆက်ရလျှင် ထုတ်လုပ်မှုတာဝန်များ မများပြားသဖြင့် ဖြည်းဖြည်းချင်း အသေအချာ လုပ်ဆောင်နိုင်ကြသည်။ ဤကာလအတွင်း အထည်ချုပ်စက်ရုံမှ ထုတ်လုပ်သော ရိုးရာဝမ်းဆက်ဂါဝန်များ၏ အရည်အသွေးမှာ အလွန်ကောင်းမွန်ပြီး အသေးစိတ်နေရာတိုင်းမှာ ပြီးပြည့်စုံနေ၏။
ရှန်မော့အာသည် ဂိုဒေါင်ထဲရှိ အသင့်ချုပ်ပြီးသား အဝတ်အစားများကို ကြည့်ရှုပြီးနောက် သိချင်စိတ်ဖြင့် ဟိုဟိုဒီဒီ လိုက်ကြည့်နေသော ရှောင်လျန်လျန်ကို ပွေ့ချီကာ ဂိုဒေါင်ထဲမှ ထွက်လာပြီး လမ်းလျှောက်ရင်း မေးလိုက်သည်။ "နေထိုင်စားသောက်တဲ့အပိုင်းမှာ အခက်အခဲ ရှိသေးလား"
ပိုင်ကျွင်းဝမ်မှာ အလွန် ယဉ်ကျေးသိမ်မွေ့သော ရုပ်ရည်ရှိပြီး စကားပြောသည့်အခါတိုင်း အကြည့်ကို အနည်းငယ် လွှဲဖယ်ထားလေ့ရှိကာ အသံမှာလည်း သိပ်မကျယ်လှချေ။ "ပြဿနာ ဘာမှ မရှိပါဘူး"
ကျောက်ကျိန့်ဟွေး ချက်သော ထမင်းဟင်းများမှာ အရသာမရှိသည်ကတော့ ပြဿနာတစ်ခု ဖြစ်သည်။ သို့သော် ပိုင်ကျွင်းဝမ်ကတော့ ၎င်းကို ပြဿနာဟု မသတ်မှတ်ထားပေ။ အားလုံးက ဆင်းရဲဒုက္ခများကို ဖြတ်သန်းလာခဲ့ကြသူများဖြစ်သဖြင့် နေ့စဉ် ဝမ်းဝအောင် စားရပါက ကောင်းမွန်နေပြီ ဖြစ်သည်။
သို့သော်လည်း သူ့စိတ်ထဲတွင် ပြဿနာတစ်ခုတော့ ရှိနေသည်။ "ကျွန်တော်တို့က အမြဲတမ်း ဒီပုံစံတစ်မျိုးတည်းကိုပဲ ချုပ်သွားမှာလား"
အနားယူချိန်များတွင် ပိုင်ကျွင်းဝမ်သည် ကုန်တိုက်ကြီးများနှင့် အရောင်းအဝယ်သမဝါယမ အသီးသီးသို့ သွားရောက်လေ့လာခဲ့သည်။ မြို့တော်ရှိ အသင့်ချုပ်ပြီးသား အဝတ်အစား ဒီဇိုင်းပုံစံများမှာ ကျန်းပေခရိုင်ထက် များစွာ ပိုမိုစုံလင်လှသည်။ သူတို့ထုတ်လုပ်သော ဤရိုးရာဝမ်းဆက်ဂါဝန်မှာ အမှန်တကယ် လှပသည်ဆိုသော်လည်း မြို့တော်တွင် စျေးကွက်မဖောက်နိုင်မှာကို ပိုင်ကျွင်းဝမ်က စိုးရိမ်နေမိသည်။
သူတို့သည် အခြားဒေသမှ ရပ်ရွာလုပ်ငန်းတစ်ခုဖြစ်သဖြင့် မြို့တော်ရှိ ကုန်တိုက်ကြီးများနှင့် အရောင်းအဝယ်သမဝါယမများက သူတို့၏ ထုတ်ကုန်များကို ရောင်းချပေးချင်မှ ရောင်းချပေးလိမ့်မည်။ အထူးသဖြင့် သူတို့တွင် ဒီဇိုင်းပုံစံများကလည်း များများစားစား မရှိချေ။
ပိုင်ကျွင်းဝမ်သည် ယခင်က လင်ကျန်းမြို့ ပန်းထိုးစက်ရုံတွင် ရှိစဉ်က ထုတ်လုပ်မှုအပိုင်းကိုသာ အဓိကထားပြီး လုပ်ဆောင်ခဲ့သည်။ အစပိုင်းတွင် ပန်းထိုးအလုပ်သမား၊ ထို့နောက် ပန်းချီဆရာ၊ ထို့နောက် ပန်းချီဆရာများကို ကြီးကြပ်သူအဖြစ် အလုပ်လုပ်ခဲ့ပြီး အခြေခံအားဖြင့် အလုပ်ရုံထဲတွင်သာ လှည့်လည်နေခဲ့သူဖြစ်သည်။ ဝယ်ယူရေးနှင့် အရောင်းပိုင်းဆိုင်ရာ အလုပ်များကိုမူ သူ လုံးဝ နားမလည်ချေ။
ရှန်မော့အာက သူ့ကို ရှင်းပြလိုက်သည်။ "ကျွန်မတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်။ တကယ်လို့ ဒီဇိုင်းပုံစံတွေ အများကြီး ထုတ်လုပ်လိုက်မယ်ဆိုရင် ဒီဇိုင်းတစ်ခုကို အထည် ရာဂဏန်းလောက်ပဲ ရမှာ။ အဲဒီအခါကျရင် လက်ထဲက ပစ္စည်းတွေ ရောင်းကုန်သွားလို့ အသစ်ထပ်ထုတ်ဖို့ အချိန်မမီဘူးဆိုရင် စျေးကွက်ကို တခြားလုပ်ငန်းတွေက လုယူသွားလိမ့်မယ်"
အခြားစက်ရုံများက သူတို့၏ ရိုးရာဝမ်းဆက်ဂါဝန်ဒီဇိုင်းကို အတုခိုးပြီး ထုတ်လုပ်ရန်မှာ သူတို့ထက် ပိုလွယ်ကူပေလိမ့်မည်။
ပိုင်ကျွင်းဝမ်က ခေါင်းညိတ်ပြလိုက်သည်။ ဤကဏ္ဍများကို သူ အမှန်တကယ် နားမလည်သော်လည်း စက်ရုံမှူးရှန်၏ အကဲဖြတ်မှုကိုတော့ သူ ယုံကြည်သည်။
"အလုပ်သမားတွေကို စည်းကမ်းပိုင်းဆိုင်ရာတွေ ပိုပြီး အလေးထားဖို့ ပြောထားပါ။ ဒီဇိုင်းပုံစံတွေ လုံးဝ ပေါက်ကြားသွားလို့ မဖြစ်ဘူး" ရှန်မော့အာက ပြုံးကာ ပြောလိုက်သည်။ "ဝယ်ယူရေးနဲ့ အရောင်းပိုင်းအတွက်တော့... ဌာနမှူးပိုင် ရှင် စိတ်ပူစရာမလိုပါဘူး။ ရှင့်အတွက် လက်ထောက်တစ်ယောက် ရှာထားပြီးပြီ"
ပြောရင်းဆိုရင်းပင် လျိုယင်းရွှမ်းက ခပ်သုတ်သုတ် လျှောက်လာရင်း ပြောလိုက်သည်။ "ကျွန်မက ပိုင်ကျွင်းဝမ်ရဲ့ လက်ထောက် မဟုတ်ပါဘူးနော်။ နောက်ကျရင် ကျွန်မက ဒုတိယစက်ရုံမှူး လုပ်ရမှာ။ ပိုင်ကျွင်းဝမ်၊ နင် ပြော.. ဟုတ်တယ်မလား"
ပိုင်ကျွင်းဝမ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်၊ ရဲဘော်လျိုက သေချာပေါက် လုပ်နိုင်မှာပါ"
ရှန်မော့အာက သူမကို တစ်ချက်ကြည့်လိုက်ပြီး ရယ်မောကာ ပြောလိုက်၏။ "ကောင်းပြီလေ။ ဒါဆို ရှင်တို့က တစ်ယောက်က ထုတ်လုပ်မှုပိုင်းကို တာဝန်ယူပြီး တစ်ယောက်က ဝယ်ယူရေးနဲ့ အရောင်းပိုင်းကို တာဝန်ယူလိုက်ကြပေါ့"
လျိုယင်းရွှမ်းသည် ရှောင်လျန်လျန်လေးကို ခဏလောက် စကားပြောကာ ကစားပြီးနောက် ပြောလိုက်သည်။ "သွား၊ သွား၊ သွား.. ပိုင်ကျွင်းဝမ်၊ ချုပ်ပြီးသား ရိုးရာဝမ်းဆက်ဂါဝန်တွေကို ငါ့ကို လိုက်ပြပေးပါဦး။ စက်ရုံမှူးရှန်၊ ရာသီဥတုပူလာရင် ကျွန်မတို့ တစ်ယောက်တစ်ထည်လောက် အရင် ဝတ်ကြရအောင်။ ဒါက အခမဲ့ ကြော်ငြာပဲလေ"
"ရပါတယ်။ ရှင်တို့ဘာသာ တိုင်ပင်ပြီး လုပ်ကြပါ။ ကျွန်မ ကိစ္စရှိသေးလို့ အရင် သွားနှင့်မယ်"
ရှန်မော့အာသည် သမီးဖြစ်သူကို ပွေ့ချီကာ အပြင်သို့ ခဏထွက် လျှောက်လည်ပြီးနောက် အိမ်သို့ ပြန်ပို့ပေးခဲ့သည်။ ထို့နောက် ကျောပိုးအိတ်လွယ်ကာ စက်မှုစက်ရုံသို့ ထွက်လာခဲ့သည်။
စက်မှုစက်ရုံသို့ ရောက်သောအခါ ကျင်းကွေ့တို့အဖွဲ့က နမူနာပစ္စည်းများကို ထုတ်ယူထားပြီး ဖြစ်သည်။
နမူနာပစ္စည်းဟု ဆိုသော်လည်း ရှန်ရှောက်ယွမ် ရေးဆွဲထားသော ပန်ကာများ မဟုတ်ဘဲ ဆေးသုတ်ဆရာများက ရှန်ရှောက်ယွမ်၏ ပုံစံများကို တုပကာ ပြန်လည်ရေးဆွဲထားခြင်း ဖြစ်သည်။ ဆေးသုတ်လက်ရာသက်သက်ကို ကြည့်မည်ဆိုပါက ရှန်ရှောက်ယွမ် ရေးဆွဲထားသည်များထက် များစွာ ပိုကောင်းသည်ဟု ဆိုနိုင်သော်လည်း မည်သို့ပင်ကြည့်စေကာမူ ရှန်ရှောက်ယွမ်၏ ပန်းချီကားများက ပိုအသက်ဝင်နေသေးသည်။
စက်မှုစက်ရုံဘက်မှလည်း ရှန်ရှောက်ယွမ် ရေးဆွဲထားသော ပန်ကာများကိုပါ ကွမ်ကျိုးမြို့သို့ တစ်ပါတည်း ပို့ဆောင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ကျင်းကွေ့တို့ ထုတ်ယူထားသော နမူနာပစ္စည်းများမှာ ထုပ်ပိုးမှုများ ပါဝင်ပြီး စက်ရုံက ဆိုက်ကားတစ်စီးကိုလည်း စီစဉ်ပေးထားသည်။ မြို့တော်၏ တစ်ဦးတည်းသော ဒေသခံဖြစ်သည့် လေကျိန့်က ပစ္စည်းများကို စက်ဘီးဖြင့် သယ်ဆောင်ရန် တာဝန်ယူခဲ့ပြီး ကျင်းကွေ့ကလည်း လမ်းတွင် တစ်လှည့်စီ နင်းရန် သူနှင့်အတူ လိုက်ပါသွားခဲ့သည်။
ရှန်မော့အာ၊ ဝူယာနန်နှင့် ကွမ်းချန်ချန်တို့က ဘတ်စ်ကားဖြင့် သွားကြလိမ့်မည်။
ဘတ်စ်ကားပေါ်တွင် ထိုင်ခုံများက ပြန့်ကျဲနေသဖြင့် ဝူယာနန်နှင့် ရှန်မော့အာတို့မှာ ရှေ့နောက် ထိုင်ခဲ့ကြသည်။ ထိုအခါမှသာ ဝူယာနန်က ကွမ်းချန်ချန်၏ ကိစ္စကို ရှန်မော့အာအား တိုးတိုးလေး ပြောပြခဲ့သည်။
ကျန်းကျောင်းကျောင်းသည် သူတို့အဖွဲ့၏ အလုပ်ကို လုံးဝ မယုံကြည်သဖြင့် ပြီးခဲ့သည့်အကြိမ် ပြန်ရောက်ပြီးနောက် အကြောင်းပြချက်ပေးကာ စက်မှုစက်ရုံမှ ခွင့်ယူခဲ့ပြီးနောက် ထပ်မလာတော့ချေ။ ထို့နောက် ယခုတစ်ကြိမ်တွင် သူမနှင့် ကွမ်းချန်ချန်တို့ မည်သို့ တိုင်ပင်လိုက်ကြသည် မသိဘဲ ဌာနသို့ သွားကာ အဖွဲ့ပြောင်းလိုက်ကြသဖြင့် ယခုအခါ ကွမ်းချန်ချန်က သူတို့အဖွဲ့သို့ ရောက်လာခဲ့သည်။
ရှန်မော့အာမှာ ပုံမှန်အားဖြင့် အလုပ်များပြီး ကျောင်းတွင်နေရသည့် အချိန်လည်း နည်းပါးသဖြင့် ဤကိစ္စရပ်များကို ယခင်က တကယ်ပင် မသိခဲ့ချေ။
ဝူယာနန်က တိုးတိုးလေး ပြောပြလေသည်။ "ကွမ်းချန်ချန်က ငါ့ကို အကြိမ်ကြိမ် မေးဖူးတယ်။ ငါက သူ သိချင်လို့ မေးတာလို့ပဲ ထင်ပြီး လျှပ်စစ်ပန်ကာ ပြုပြင်တဲ့ကိစ္စတချို့ကို သူ့ကို ပြောပြလိုက်မိတယ်။ ငါတို့ရဲ့ လျှပ်စစ်ပန်ကာတွေ သေချာပေါက် အရောင်းသွက်မှာပါလို့လည်း ပြောခဲ့မိတယ်"
ဝူယာနန်၏ စရိုက်မှာ အနည်းငယ် ပျော့ပျောင်းပြီး ရှက်တတ်သော်လည်း မြို့တော်တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သူဖြစ်သဖြင့် တုံးအသူတော့ လုံးဝ မဟုတ်ပေ။ ထိုနေ့က ကွမ်းချန်ချန်က သူတို့အဖွဲ့သို့ ပြောင်းလာခဲ့ကြောင်း ပြောသောအခါ သူမ ချက်ချင်း သဘောပေါက်သွားတော့သည်။
.....
အပိုင်း (၁၃၉.၂)
ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် ကွမ်းချန်ချန်က သူမထံမှ စက်မှုစက်ရုံ အကြောင်းများကို အမြဲလာမေးနေခြင်းမှာ သတင်းစုံစမ်းရန်သက်သက်သာ ဖြစ်ကြောင်း သိသာပေသည်။
သို့သော် နောက်ပိုင်းတွင် သူတို့အဖွဲ့၏ အလုပ်များက ရလဒ်ကောင်းများ ရရှိလာပါက ကျန်းကျောင်းကျောင်း နောင်တရမည်၊ မရမည်ကိုတော့ မသိနိုင်ချေ။
ရှန်မော့အာ: "သူတို့နှစ်ယောက် ဘယ်လိုပဲ ရှင်းကြရှင်းကြ၊ အဲဒါ သူတို့ကိစ္စပဲ။ နင် ဝင်မပါနဲ့။ နောက်ကျရင် ကျန်းကျောင်းကျောင်းက နင့်ကို မေးလာခဲ့ရင်လည်း နင် ဘာမှမသိဘူးလို့ပဲ ဖြေလိုက်"
ကွမ်းချန်ချန်၏ စရိုက်က အကောင်းပြောရမည်ဆိုလျှင် အခြေအနေကို ကောင်းကောင်း သုံးသပ်တတ်သူဖြစ်ပြီး အဆိုးပြောရမည်ဆိုလျှင် အခွင့်အရေးကို လက်တစ်လုံးခြား အသုံးချတတ်သူ ဖြစ်သည်။
အဆောင်ခန်းထဲရှိ လူ ၈ယောက်တွင် ကွမ်းချန်ချန်နှင့် လင်ယီချင်းတို့က အရင်းနှီးဆုံး ဖြစ်ကြသည်။
လင်ယီချင်းမှာ မြို့တော်မှ ဒေသခံဖြစ်ပြီး မိသားစုအခြေအနေ ကောင်းမွန်ကာ လက်ဖွာသူ ဖြစ်သည်။ သို့သော် စကားပြောဆိုရာတွင်တော့ လူမှုဆက်ဆံရေး အရည်အသွေး သိပ်မရှိဘဲ တစ်ခါတစ်ရံတွင် အနည်းငယ် ပြင်းထန်လွန်းတတ်သည်။
လင်ယီချင်းက မည်သို့ပင် ပြောဆိုစေကာမူ ကွမ်းချန်ချန်ကတော့ အမြဲတမ်း အပြုံးမျက်နှာလေးဖြင့် ကြိုဆိုလေ့ရှိသည်။ လင်ယီချင်းမှာ သူမ၏ မြှောက်ပင့်မှုများကြောင့် အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း မိမိ၏ ကိုယ်ပိုင်ငွေဖြင့် ကွမ်းချန်ချန်ကို မြို့တော်ရှိ နာမည်ကြီး စားသောက်ဆိုင်များသို့ ခေါ်သွားလေ့ရှိသည်။
သို့သော်လည်း ကွမ်းချန်ချန်၏ လုပ်ရပ်များက မှားယွင်းနေသည်ဟု တစ်ထစ်ချ ပြောလို့တော့မရပေ။ ဒါက နှစ်ဦးနှစ်ဖက် သဘောတူညီမှုပင်။ တခြားသူများကို မထိခိုက်သရွေ့ ဘာမျှပြောစရာ မရှိချေ။
သို့သော်လည်း ရှန်မော့အာ သိထားသော ကျန်းကျောင်းကျောင်း၏ အကြောင်းအရဆိုလျှင် သူမသည်လည်း အရှုံးပေးကာ အလွယ်တကူ ငြိမ်ခံနေမည့်သူမျိုး မဟုတ်ပေ။ သူတို့နှစ်ဦး၏ ကိစ္စမှာ နောက်ပိုင်းတွင် အတော်လေး ရှင်းရဦးမည်သာ။
ဝူယာနန်ကဲ့သို့သော ရိုးသားသူမျိုးက သူတို့နှစ်ဦး၏ ကိစ္စထဲသို့ ဝင်ပါမိပါက သေချာပေါက် အရှုံးပေါ်လိမ့်မည်။
ဝူယာနန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။ "ငါ သူတို့ကို လုံးဝ ဂရုမစိုက်ဘူး"
ကုန်တိုက်ကြီးသို့ ရောက်သောအခါ လေကျိန့်နှင့် ကျင်းကွေ့တို့ ရောက်မလာသေးသဖြင့် ရှန်မော့အာတို့က တံခါးဝတွင် ခဏစောင့်နေခဲ့ကြသည်။ ၁၀ မိနစ်ကျော်ခန့် ကြာသောအခါမှ ထိုသူနှစ်ဦးမှာ ဆိုက်ကား နင်းလျက် ရောက်လာကြသည်။
ဆိုက်ကား နင်းလာသော လေကျိန့်မှာ နဖူးတစ်ပြင်လုံး ချွေးများ ရွှဲနစ်နေပြီး စကားမပြောနိုင်လောက်အောင် ဖြစ်နေသည်။ "ဒီကောင်က လမ်းမှာ တစ်လှည့်စီ နင်းမယ်ဆိုပြီး ပြောခဲ့သေးတာ။ တကယ်တမ်းကျတော့ လမ်းမှာ လူနည်းနည်း များတာနဲ့ သူက မရဲတော့ဘူး။ ငါတစ်ယောက်တည်း ခရီးတစ်ဝက်ကျော်လောက် နင်းလာရတာ။ ပြီးတော့ သူ့လို ပေါင် ၁၀၀ကျော်လေးတဲ့ ကောင်ကိုလည်း တင်လာရသေးတယ်"
"ငါ့ဘာသာ တစ်ယောက်တည်း နင်းလာတာကမှ ပိုကောင်းဦးမယ်"
ကျင်းကွေ့မှာ မျက်နှာတစ်ခုလုံး ရှက်သွေးဖြာနေသည်။ "ငါက ဆိုက်ကား မနင်းဖူးတော့ မကျွမ်းလို့ပါ။ ပြီးတော့ မြို့တော်ရဲ့ လမ်းမတွေပေါ်မှာလည်း လူတွေက တကယ်ကို များတာပဲလေ"
သူက အရင်တုန်းက ရွာမှနေ၍ တပ်ဖွဲချုပ် သို့မဟုတ် ခရိုင်မြို့သို့ စက်ဘီးဖြင့် သွားလေ့ရှိသည်။ သူတို့၏ ခရိုင်မြို့မှာ အလွန်သေးငယ်ပြီး အဓိကလမ်းမကြီး တစ်ခုသာ ရှိကာ ခြေတစ်ချက်နင်းလိုက်ရုံဖြင့် လမ်းဆုံးသွားပြီ ဖြစ်သည်။
မြို့တော်ကဲ့သို့ လမ်းပေါင်းစုံသို့ ဆက်သွယ်ထားပြီး လမ်းဆုံရောက်သည်နှင့် မည်သည့်အရပ်မျက်နှာမှ လူ သို့မဟုတ် စက်ဘီးများ ထွက်ပေါ်လာမည်ကို မသိနိုင်ချေ။ တစ်ခါတစ်ရံ ကားများပင် ထွက်ပေါ်လာတတ်သေးသည်။
သည်လောက် ကြီးမားသော လမ်းမကြီးများ၊ လူများနှင့် ကားများကို မြင်သောအခါ သူ အလွန်ပင် ထိတ်လန့်သွားခဲ့ရသည်။
လေကျိန့်က လက်ကာပြလိုက်၏။ "တော်သေးတာပေါ့၊ သိပ်မဝေးလို့။ မဟုတ်ရင် ငါ တကယ် မနိုင်တော့ဘူး"
ရှန်မော့အာက မောဟိုက်နေသော သူ့ပုံစံကို ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်သည်။ "ကဲပါ.. အပြန်ကျရင် ငါနဲ့အတူတူ စီးကြတာပေါ့။ ငါက နင်းမယ်၊ နင်က လမ်းညွှန်ပေး"
လေကျိန့်က ခေါင်းကို ဆက်တိုက် ခါယမ်းပြလိုက်သည်။ "မလုပ်ပါနဲ့.. မလုပ်ပါနဲ့။ အဲဒီလို ဘယ်ဖြစ်မလဲ။ ယောကျ်ားလေးတွေ ရှိနေရက်နဲ့ မိန်းကလေးကို စက်ဘီးပေးနင်းလို့ ဘယ်ဖြစ်မလဲ။ ငါက မိန်းကလေးရဲ့ စက်ဘီးနောက်မှာ ထိုင်စီးလာတာကို သိတဲ့သူတွေ မြင်သွားရင် ငါ့ကို လှောင်လို့ သေသွားမှာပဲ"
ဤသည်မှာလည်း ဒေသခံများ၏ အားနည်းချက်တစ်ခု ဖြစ်သည်။ အပြင်ထွက်ပြီး တစ်ခုခုလုပ်တိုင်း သိသူများနှင့် ဆုံတွေ့မည်ကို ကြောက်ရွံ့နေတတ်ကြသည်။
ရှန်မော့အာကလည်း သူနှင့် မငြင်းခုံတော့ချေ။ အပြန်နင်းကြည့်လိုက်ပါက ယောကျ်ားလေးက နင်းနိုင်သလား၊ မိန်းကလေးက နင်းနိုင်သလားဆိုတာ သိရမည်သာ။
သူတို့သည် ကုန်တိုက်ကြီး၏ ဝယ်ယူရေးဌာနနှင့် ကြိုတင်ဆက်သွယ်ထားခဲ့သည်။ ဆိုက်ကားကို ကုန်တိုက်ကြီး၏ အနောက်ဘက် ခြံဝင်းထဲသို့ မောင်းသွင်းသွားသောအခါ ဝယ်ယူရေးဌာနမှ ဒုတိယဌာနမှူးလီက ခြံဝင်းထဲသို့ ဆင်းလာကာ နမူနာပစ္စည်းများကို ကြည့်ရှုလေသည်။
ထုပ်ပိုးမှုများကို ဖွင့်လိုက်သောအခါ ဒုတိယဌာနမှူးလီ၏ မျက်နှာအမူအရာမှာ မှင်သက်သွားပြီး မရေရာသော လေသံဖြင့် မေးလိုက်သည်။ "ဒါ လျှပ်စစ်ပန်ကာလား။ အိမ်မှာသုံးတဲ့ လျှပ်စစ်ပန်ကာလား"
ရှန်မော့အာက စကားမပြောဘဲ တခြားသူများကို ရှင်းပြရန် မျက်ရိပ်ပြလိုက်သည်။
ဝူယာနန်နှင့် ကျင်းကွေ့တို့မှာ မျက်နှာများ နီမြန်းနေပြီး စကားပြောချင်သော်လည်း ရှက်ရွံ့နေသည့်ပုံစံ ပေါက်နေကြသည်။
ကွမ်းချန်ချန်ကတော့ ဝင်ပြောချင်သော်လည်း ပြဿနာမှာ သူမသည် ယနေ့မှသာ သည်အဖွဲ့၏ အလုပ်တွင် ပထမဆုံးအကြိမ် ပါဝင်ခြင်းဖြစ်ပြီး ဝူယာနန် ပြောပြသလောက်သာ အကြမ်းဖျင်း သိထားကာ အသေးစိတ်ကို လုံးဝ နားမလည်ချေ။
နောက်ဆုံးတွင် ဒေသခံဖြစ်သော လေကျိန့်ကသာ အရင် စကားစရတော့သည်။ "ဟုတ်ပါတယ်။ ဒါက လျှပ်စစ်ပန်ကာပါ။ ဒီထုတ်ကုန်တွေက ကျွန်တော်တို့ ကျောင်းက စီနီယာတွေ လုပ်ထားတာပါ။ မော်တာ အရည်အသွေးက အရမ်းကောင်းတယ်၊ တည်ငြိမ်မှု ရှိတယ်၊ လေအားပြင်းတယ်၊ အသံလည်း တိတ်တယ်။ စွမ်းဆောင်ရည်ပိုင်းမှာတော့ လုံးဝ ပြဿနာ မရှိပါဘူး။ အပြင်ပန်းကိုလည်း မြင်တဲ့အတိုင်းပါပဲ။ ဈေးကွက်ထဲမှာ ရောင်းနေတဲ့ လျှပ်စစ်ပန်ကာတွေနဲ့ လုံးဝ မတူပါဘူး။ ကျွန်တော်တို့ရဲ့ ဒီလျှပ်စစ်ပန်ကာက ဘာခေါ်မလဲ.. အသုံးဝင်မှုနဲ့ အနုပညာရသ ပေါင်းစပ်ထားတာပါ"
ဤပြောဆိုပုံများအားလုံးကို ရှန်မော့အာထံမှ သင်ယူထားခြင်း ဖြစ်သည်။ ထိုစဉ်က သူမသည် စက်မှုစက်ရုံအား လျှပ်စစ်ပန်ကာများကို ကွမ်ကျိုး ကုန်စည်ပြပွဲသို့ ပို့ဆောင်ပေးရန် နားချစဉ်က ဤသို့ပင် ပြောဆိုခဲ့သည်။
လေကျိန့်၏ မှတ်ဉာဏ်က ကောင်းမွန်သဖြင့် ၈၀၊ ၉၀ ရာခိုင်နှုန်းခန့်ကို တူညီအောင် ပြောဆိုနိုင်ခဲ့သည်။
ဒုတိယဌာနမှူးလီ : "...အရင်က မင်းတို့ပြောတာ ဒါတွေက အနာအဆာပါတဲ့ ပစ္စည်းတွေဆို၊ စက်မှုကူပွန် မလိုဘူးဆို"
ကျင်းကွေ့က နောက်ဆုံးတွင်တော့ သတ္တိမွေးကာ ဝင်ပြောလိုက်သည်။ "ဟုတ်ပါတယ်။ အပြင်ပန်းမှာ အနာအဆာ နည်းနည်းလေး ရှိပေမယ့် အသုံးပြုလို့တော့ ရပါတယ်။ ကျွန်တော်တို့ရဲ့ ဒီလျှပ်စစ်ပန်ကာတွေရဲ့ အရည်အသွေးက အရမ်းကောင်းတာပါ"
ဒုတိယဌာနမှူးလီက လျှပ်စစ်ပန်ကာ အနည်းငယ်ကို ကြည့်လိုက်ပြီးနောက် "...အပြင်ပန်းမှာ အနာအဆာ နည်းနည်းလေး ရှိတယ်"
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ မမြင်ပါချေ။
သူ မြင်သည်မှာ ဤလျှပ်စစ်ပန်ကာများက အရောင်အသွေး စုံလင်လှပြီး အမှန်တကယ်ပင် အတော်လေး လှပနေသည်ကိုသာ ဖြစ်သည်။
ဝူယာနန်သည်လည်း နောက်ဆုံးတွင် ဝင်ပြောရန် အခွင့်အရေး ရသွားခဲ့သည်။ "အနာအဆာ ရှိပါတယ်။ ရှင် သေချာကြည့်ကြည့်ပါ။ ဒီပန်ကာဒလက်က တခြားပန်ကာဒလက်တွေနဲ့ သိပ်မတူဘူး မဟုတ်လား။ ပြီးတော့ ဒီတစ်ခုက ဒီနေရာလေးက စောင်းနေတာ၊ အရင်က ပိုစောင်းသေးတယ်။ အလုပ်ရုံက ဆရာတွေက ပြန်ပြင်ပေးထားတာ"
ဒုတိယဌာနမှူးလီ : "..."
အဆင့်မြင့်တက္ကသိုလ်မှ ထွက်လာသူများပီပီ စီးပွားရေးလုပ်ရာတွင် အလွန်ရိုးသားကြသည်ဟု ဆိုရမည်။
ကွမ်းချန်ချန်မှာ မနေနိုင်ဘဲ မျက်စောင်းထိုးလုနီးပါး ဖြစ်သွားပြီး ကမန်းကတန်း ဝင်ပြောလိုက်၏။ "အရေးမပါတဲ့ အနာအဆာလေးတွေပါ။ ဒါပေမဲ့ ဒီလို အပြင်ပန်းက အနာအဆာတွေ အကုန်လုံးကို အပေါ်က ဆေးရောင်ခြယ်ထားတာတွေက ဖုံးကွယ်ပေးလိုက်ပါပြီ။ ရှင် ခုနကတောင် သတိမထားမိဘူး မဟုတ်လား။ ကျွန်မ ထင်တာတော့ ရှင် သတိမထားမိတဲ့အပြင် ဒီလျှပ်စစ်ပန်ကာက တော်တော်လှတယ်လို့တောင် ထင်နေလိမ့်မယ်။ ရှင်တောင် အဲဒီလို ထင်နေရင် ပစ္စည်းလာဝယ်မယ့် မြို့သူမြို့သားတွေကလည်း သေချာပေါက် အဲဒီလိုပဲ ထင်မှာပဲ။ ကျွန်မတို့ရဲ့ ဒီလျှပ်စစ်ပန်ကာက အရည်အသွေးလည်း ကောင်းတယ်၊ အပြင်ပန်းလည်း အရမ်းထူးခြားတယ်၊ ပြီးတော့ စက်မှုကူပွန်လည်း မလိုဘူးဆိုတော့ တွေးကြည့်စရာတောင် မလိုဘဲ လူတိုင်းရဲ့ နှစ်သက်မှုကို သေချာပေါက် ရရှိမှာပါ"
ရှန်မော့အာက ကွမ်းချန်ချန်ကို တစ်ချက် ကြည့်လိုက်သည်။
ထို့ကြောင့် လူတိုင်းတွင် ကိုယ်ပိုင် အားသာချက်များ ရှိကြသည်ဟု ဆိုရမည်။ ကွမ်းချန်ချန်၏ စရိုက်က အနည်းငယ် အကျိုးအမြတ်ကို ကြည့်တတ်သော်လည်း ထိုစရိုက်၏ တခြားတစ်ဖက်တွင်မူ လူမှုဆက်ဆံရေးစွမ်းရည် မြင့်မားခြင်း၊ မျက်နှာရိပ်မျက်နှာကဲ ကြည့်တတ်ခြင်း၊ စကားပြောကောင်းခြင်းနှင့် ဆက်သွယ်ရေးစွမ်းရည် ကောင်းမွန်ခြင်းတို့ ရှိနေသည်။
တူညီသော စကားတစ်ခွန်းပင်လျှင် သူမ၏ ပါးစပ်မှ ထွက်လာသောအခါ သူတို့၏ လျှပ်စစ်ပန်ကာမှာ အားသာချက်များသာ ကျန်ရှိတော့လေသည်။
ဒုတိယဌာနမှူးလီမှာလည်း သေချာပေါက် စိတ်ဝင်စားသွားပုံရပြီး ခေါင်းညိတ်လိုက်သည်။ "ပစ္စည်းကတော့ မဆိုးပါဘူး"
သေချာပေါက် နောက်ထပ် စကားတစ်ခွန်း ရှိသေးသည်။
မျှော်လင့်ထားသည့်အတိုင်း စက္ကန့်ပိုင်းလောက် ရပ်တန့်ပြီးနောက် သူက အခက်တွေ့နေသည့်ဟန်ဖြင့် ပြောလာ၏။ "မင်းတို့ ရောင်းတာသာ သာမန် လျှပ်စစ်ပန်ကာတွေဆိုရင် ငါက ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချပေးလို့ ရတယ်။ ဒါပေမဲ့ မင်းတို့က အနာအဆာပါတဲ့ ပစ္စည်းတွေ ဖြစ်နေတယ်၊ အပြင်ပန်းပုံစံကလည်း ဒီလောက် ထူးခြားနေတော့ ငါ တကယ်ပဲ ဆုံးဖြတ်ချက်ချပေးဖို့ ခက်တယ်"
သူက စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "ဒါမှမဟုတ် မင်းတို့ ဒီမှာ ခဏစောင့်နေကြ။ ငါ အပေါ်တက်ပြီး ဌာနမှူးကို ဆင်းလာခဲ့ဖို့ သွားခေါ်လိုက်မယ်"
စကားဆုံးသည်နှင့် အဆောက်အအုံထဲမှ လူအချို့ ထွက်လာကြပြီး ထိုအထဲမှ တစ်ဦးက သူတို့ကို မြင်သောအခါ "ကျောင်းသူရှန်" ဟု လှမ်းခေါ်လိုက်သည်။
ရှန်မော့အာက နောက်သို့ လှည့်ကြည့်လိုက်ရာ လူများကြားတွင် ရပ်နေသော ဝမ်လီယာကို မြင်လိုက်ရသဖြင့် ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။ "ရဲဘော်ဝမ်"
ဝမ်လီယာက လျှောက်လာပြီး ဆိုက်ကားပေါ်ရှိ လျှပ်စစ်ပန်ကာများကို မြင်သောအခါ ပြောလိုက်၏။ "ဒါက မြို့တော်တက္ကသိုလ် စက်မှုစက်ရုံက အနာအဆာပါတဲ့ လျှပ်စစ်ပန်ကာတွေလား။ ရှင့်အဖေကတော့ နှိမ့်ချလိုက်တာ"
ရှန်မော့အာ၏ မျက်နှာပေါ်တွင် သံသယဖြစ်ဖွယ် အမူအရာ အနည်းငယ် ပေါ်လာသည်ကို မြင်သောအခါ သူမက ရှင်းပြလိုက်သည်။ "ဟိုနေ့က ရှင့်အိမ်ကို သွားတုန်းက ရှင့်အိမ်က လျှပ်စစ်ပန်ကာကို မြင်ခဲ့တယ်။ ကလေးတွေ သဘောကျမယ့် ပုံစံလေးတွေနဲ့၊ ကြောင်လေးတွေက အသက်ဝင်နေသလိုပဲ။ ရှင့်အဖေက ရှင့်ရဲ့ ကျောင်းအိမ်စာကို ကူညီလုပ်ပေးရင်း ဖြစ်သလို ဆွဲထားတာလို့ ပြောတယ်လေ"
"ဒီအလုံးတွေကလည်း အရမ်းလှတာပဲ။ ဒါတောင် ဖြစ်သလို ဆွဲထားတယ်ဆိုရင် သေချာဆွဲရင် ဘယ်လောက်တောင် လှမလဲ မသိဘူး"
ယဉ်ကျေးမှုအရဖြစ်စေ၊ စေတနာအရဖြစ်စေ ဝမ်လီယာက ဤလျှပ်စစ်ပန်ကာများအပေါ် သည်လောက် မြင့်မားစွာ အကဲဖြတ်ပေးသည်ကို ကြားရသဖြင့် ရှန်မော့အာမှာ အလွန်ဝမ်းသာသွားခဲ့သည်။ "ကျွန်မအဖေကိုယ်စား ရှင့်ကို ကျေးဇူးတင်ပါတယ်။ သူက ပါးစပ်ကသာ နှိမ့်ချနေပေမယ့် တစ်ယောက်ယောက်က ဒီလို ချီးကျူးတာကို ကြားရင် သေချာပေါက် အရမ်းဝမ်းသာမှာပါ"
ဝမ်လီယာက ရယ်မောလိုက်ပြီး ဒုတိယဌာနမှူးလီဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ဒီပစ္စည်းတွေ ယူဖို့ ဆုံးဖြတ်ပြီးပြီလား"
ဝယ်ယူရေးနှင့် အရောင်းပိုင်း လုပ်ဆောင်နိုင်သူများမှာ အလွန်ပါးနပ်သူများ ဖြစ်ကြသည်။ ဒုတိယဌာနမှူးလီသည် မန်နေဂျာနှင့် မြို့တော်တက္ကသိုလ်မှ ကျောင်းသူတို့မှာ အလွန်ရင်းနှီးကျွမ်းဝင်ပုံရပြီး ဤလျှပ်စစ်ပန်ကာများအပေါ်တွင်လည်း များစွာ အကဲဖြတ်ထားသည်ကို မြင်သောအခါ ချက်ချင်းပင် ပြောလိုက်၏။ "ကျွန်တော်တို့ အခုပဲ ဆွေးနွေးနေတာပါ။ ချက်ချင်း ဆုံးဖြတ်မှာပါ။ မေဒေးပွဲတော် မတိုင်ခင်လေး ခင်းကျင်းပြသဖို့ အချိန်ကိုက်ပါပဲ"
ဝမ်လီယာက ခေါင်းညိတ်ပြလိုက်သည်။ "သူတို့ရဲ့ ဒီအနာအဆာပါတဲ့ ပစ္စည်းတွေက စက်မှုကူပွန် မလိုဘူး၊ အရေအတွက်လည်း မများဘူးဆိုတော့ မြန်မြန် ရောင်းကုန်သွားမှာပါ။ သူတို့စက်ရုံက နမူနာပစ္စည်းတွေကို ကွမ်ကျိုးမြို့မှာရှိတဲ့ ကွမ်ကျိုး ကုန်စည်ပြပွဲကို ပို့ဖို့ ပြင်ဆင်နေတယ်လို့ ကျွန်မ ကြားတယ်။ နောက်ပိုင်း စျေးကွက်ထဲ ရောက်လာမယ့် ထုတ်ကုန်တွေက သိပ်များများစားစား ရှိမှာ မဟုတ်ဘူး။ ရှင်တို့ နောက်မှ သူတို့ရဲ့ အရောင်းဌာနနဲ့ ဆက်သွယ်ပြီး နည်းနည်းလောက် ကြိုတင်မှာထားလိုက်"
ထိုအခါမှသာ ဒုတိယဌာနမှူးလီမှာ သူတို့၏ မန်နေဂျာသည် ဤထုတ်ကုန်ကို အမှတ်မထင် တွေ့ရှိသွားခြင်းဖြစ်သော်လည်း လက်တွေ့တွင် အခြေအနေအားလုံးကို အစကတည်းက သေချာစွာ စုံစမ်းသိရှိထားပြီးဖြစ်ကြောင်း သိလိုက်ရတော့သည်။
ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးရဲဘော်တစ်ဦးအနေဖြင့် မြို့တော်၏ အကြီးဆုံး ကုန်တိုက်ကြီးတစ်ခုတွင် မန်နေဂျာ ဖြစ်လာနိုင်သည်ကလည်း မဆန်းတော့ချေ။
ဝမ်လီယာနှင့် တခြားသူများ ထွက်သွားပြီးနောက် ဒုတိယဌာနမှူးလီက ရှန်မော့အာကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်သည်။ "ကျောင်းသူ.. မန်နေဂျာဝမ်လိုမျိုး အဆက်အသွယ် ရှိနေရက်နဲ့ ကျွန်တော်နဲ့ ဒီလောက်ကြာအောင် ဘာလို့ အချိန်ကုန်ခံပြီး စကားပြောနေရတာလဲ"
ရှန်မော့အာ : "..."
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူမကိုယ်တိုင်လည်း ကုန်တိုက်ကြီးတွင် အဆက်အသွယ်ရှိမှန်း ယခုလေးတင်မှ သိလိုက်ရခြင်းသာ။
...
အပိုင်း (၁၄၀)
မေဒေး အလုပ်သမားနေ့တွင် ရုံးပိတ်ရက် တစ်ရက်ရရှိပြီး အရှေ့မှ တနင်္ဂနွေနေ့နှင့်ပါ ဆက်လိုက်သဖြင့် ရှားရှားပါးပါး နှစ်ရက်ဆက်တိုက် အနားရလေသည်။
တရုတ်နိုင်ငံ၏ ရိုးရာအစဉ်အလာအရ ပွဲတော်ရက်များ၊ အားလပ်ရက်များဆိုလျှင် ဈေးဝယ်ခြင်းနှင့် စားသောက်ခြင်းသာ ဖြစ်သည်။ မနက်စောစောတွင် ရှန်မော့အာသည် ယခုလေးတင် အိပ်ရာမှ နိုးလာသော သမီးလေးကို အဘိုးဖြစ်သူထံသို့ လွှဲပေးလိုက်ပြီး ဖုမင်ဇယ်နှင့်အတူ လယ်ယာထွက်ကုန်စျေးသို့ သွားကာ ပစ္စည်းများစွာ ဝယ်ယူခဲ့သည်။ ကြက်တစ်ကောင်၊ အသားအနည်းငယ်၊ ငါးအနည်းငယ်နှင့် အခြားပစ္စည်း အနည်းငယ်တို့ကို ဝယ်ယူခဲ့သည်။
အိမ်သို့ ပြန်ရောက်သောအခါ ယုံနင်လမ်းကြားဖက်မှ ဖုမင်ကျိုးကို ပစ္စည်းများစွာ လာပို့ခိုင်းထားသည်ကို တွေ့လိုက်ရသည်။ ထိုအထဲတွင်လည်း ကြက်၊ အသား စသည်တို့ ပါဝင်လေသည်။
ရှန်မော့အာက မတ်ဖြစ်သူကို အိမ်တွင် ထမင်းစားရန် ချန်ထားခဲ့ပြီးနောက် လင်မယားနှစ်ယောက်က သမီးလေးကို ခေါ်ကာ ဖုမင်စယ်နှင့်အတူ ယုံနင်လမ်းကြားသို့ ပြန်သွားခဲ့ကြသည်။
လက်ချည်းသက်သက် မသွားဘဲ ငါးနှစ်ကောင်၊ တပ်ဖွဲ့ဝင်များ ကိုယ်တိုင် ခူးဆွတ်ထားသော မှိုတစ်ခြင်းနှင့် ဂျင်ဆင်းတစ်မြစ်တို့ကို ယူဆောင်သွားခဲ့ကြသည်။
အိမ်ထဲသို့ ဝင်ဝင်ချင်းပင် အဘွားကြီးက ပြောလေ၏။ "ဘာပစ္စည်းတွေ ယူလာပြန်တာလဲ။ နင်တို့နှစ်ယောက်လုံးက အခု ကျောင်းသားတွေပဲ ရှိသေးတာ။ တစ်လကို ထောက်ပံ့ကြေး နည်းနည်းလေးရတာကို ရှောင်လျန်လျန်ကိုတောင် ကျွေးမွေးရဦးမယ်လေ။ နောက်တစ်ခါ ဘာပစ္စည်းမှ မယူလာနဲ့တော့။ လူလာရင်ကို ငါတို့က ဝမ်းသာနေပြီ။ ဒါက ဂျင်ဆင်းတောင် ယူလာသေးတယ်။ ဒါဆိုရင် ဘယ်လောက်တောင် ပိုက်ဆံပေးရမလဲ"
ဖုမင်ဇယ်၏ လက်ထဲတွင် အမှန်တကယ် ငွေအတော်များများ စုဆောင်းထားသည်ဟူသော အချက်ကိုတော့ သူမ လုံးဝ ဂရုမစိုက်ချေ။
သူမ၏ စကားများက ထိုလင်မယားနှစ်ယောက်မှာ ကလေးကို ထောက်ပံ့ကြေးဖြင့်သာ ကျွေးမွေးနေရသော သနားစရာကောင်းသူများ ဖြစ်နေသည့်အလားပင်။
ဂျင်ဆင်းကို ရှန်မော့အာက ရတနာသိုက်ထဲမှ ယူလာခဲ့ခြင်း ဖြစ်သည်။
ဖုကျစ်ယွမ်တို့ လင်မယားနှစ်ယောက်၏ လစာမှာ မနည်းလှချေ။ အဘိုးကြီးနှင့် အဘွားကြီးမှာလည်း ပင်စင်လစာ ရှိကြသည်။ ထို့အပြင် ဖုမိသားစု၏ ပိုင်ဆိုင်မှုများမှာ အလွန်များပြားကြောင်း သိသာလှသည်။ ယခင်က မည်သည့်နည်းလမ်းဖြင့် ပိုင်ဆိုင်မှုများကို ဖုံးကွယ်ထားခဲ့သည်မသိ၊ ယခုအခါ အိမ်တွင် ဘာတစ်ခုမှမလိုချေ။
သူတို့သည် ယခင်က နယ်နှင်ဒဏ်ခံရသူများဖြစ်ပြီး နယ်စပ်သို့ သွားခဲ့ရသူများလည်း ရှိခဲ့သည်။ ခန္ဓာကိုယ်များကလည်း အတော်လေး အားနည်းနေကြပြီဖြစ်သဖြင့် အားဆေးများ အမှန်တကယ် လိုအပ်နေလိမ့်မည်ဟု ရှန်မော့အာက တွေးခဲ့သည်။
မည်သို့ပင်ဖြစ်စေ ရတနာသိုက်ထဲတွင်လည်း ရှိနေသည် မဟုတ်ပါလား။
ထို့အပြင် ဖုမင်ဇယ်ကလည်း သူမ ဘယ်ကရလာသည်ကို သိနေသည်။
မည်သို့ ရှင်းပြမည်ဆိုသည်ကိုတော့ ဖုမင်ဇယ်ကိုသာ ကိုယ့်ဘာသာ စဉ်းစားခိုင်းလိုက်တော့မည်။
ဖုမင်ဇယ်က လုံးဝ ရှင်းမပြဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။ "အဒေါ်ဟူကို နေ့တိုင်း ဂျင်ဆင်းပြုတ်ရည် ပြုတ်ခိုင်းလိုက်။ အားလုံး သေချာ အားဖြည့်ကြတာပေါ့"
အဘွားကြီးက သူ တစ်နေရာရာက ရလာသည်ဟု ထင်ကာ ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ အားလုံးပဲ အားဖြည့်ကြတာပေါ့"
မြေးနှင့် မြေးချွေးမက သိတတ်လိမ်မာသောကြောင့် သူမ၏ စိတ်ထဲတွင် အမှန်ပင် ဝမ်းသာနေမိသည်။
ရှားရှားပါးပါး တစ်မိသားစုလုံး စုံညီနေသဖြင့် ဖုမင်ဇယ်က ရှောင်လျန်လျန်လေး၏ လက်ကို ဆွဲကာ ဘေးအဘိုး၊ ဘေးအဘွား၊ အဘိုး၊ အဘွားနှင့် ဦးလေးတို့ရှေ့တွင် လမ်းလျှောက်ပြခိုင်းလိုက်သည်။
ကလေးငယ်မှာ ဖောင်းမို့နေအောင် စားထားပြီး ရာသီဥတု ပူလာသဖြင့် အဝတ်အစားများ နည်းနည်းသာ ဝတ်ထားရသောကြောင့် ဖောင်းကားနေသော ဗိုက်ကလေးမှာ အဝတ်အစားကို တင်းကြပ်နေစေသည်။ သူမ၏ လက်သေးသေး ခြေသေးသေးလေးများကို ဝှေ့ယမ်းကာ ခြံဝင်းထဲတွင် ပျော်ရွှင်စွာ လမ်းလျှောက်နေတော့သည်။
"အမလေး.. ငါတို့ရဲ့ ရှောင်လျန်လျန်လေးက အရမ်းချစ်စရာကောင်းတာပဲ"
"ဟုတ်ပါ့။ လမ်းမပေါ် ထွက်ကြည့်လိုက်စမ်းပါ၊ ငါတို့ လျန်လျန်လေးလောက် ချစ်စရာကောင်းတာ လုံးဝ မရှိဘူး။ နံပါတ် ၁၅ ခြံထဲက ငါတို့ လျန်လျန်လေးထက် နည်းနည်းကြီးတဲ့ ကောင်လေးတစ်ယောက်ကို ငါ မြင်ဖူးတယ်။ ပိန်ပိန်ပါးပါးလေးနဲ့၊ ငါတို့ လျန်လျန်လေးလောက်တောင် အရပ်မရှည်ဘူး"
"ရှောက်မိသားစုက မြေးလေး မဟုတ်လား။ မိဘတွေရဲ့ ရုပ်ရည်အတိုင်း ပိန်ပိန်ပါးပါးနဲ့ မျောက်လေးလိုပဲ"
လူကြီးအချို့သည် မိမိတို့အိမ်မှ ကလေးကို အကြောင်းပြချက်မရှိ ချီးကျူးနေရင်း တစ်ဖက်တွင် အိမ်နီးချင်းများ၏ ကလေးများကို နှိမ့်ချပြောဆိုနေကြလေသည်။
နံပါတ်၁၅ ခြံထဲမှ ရှောက်မိသားစု၏ ကလေးငယ်ကို ရှန်မော့အာ အနည်းငယ် သနားသွားမိသည်။ နောင်လာမည့် အချိန်အတော်ကြာသည်အထိ သူသည် ဖုမိသားစုဝင်များ၏ နှိမ့်ချနှိုင်းယှဉ်စရာ ပစ်မှတ်တစ်ခု ဖြစ်နေဦးမည်ဟု ခန့်မှန်းရသည်။
ယုံနင်လမ်းကြားထဲတွင် ရှောင်လျန်လျန်လေးနှင့် အရွယ်တူ ကလေးဆို၍ ရှောက်မိသားစု၏ "မျောက်ပိန်လေး" သာ ရှိသည် မဟုတ်ပါလား။
ရှောင်လျန်လျန်လေးမှာ သူမ ကိုယ်တိုင်ပင် မသိလိုက်ဘဲ လူကြီးများ ပျော်ရွှင်စေရန် ဖျော်ဖြေပေးရသည့် တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီး လူကြီးအချို့ကို လှိုက်လှိုက်လှဲလှဲ ရယ်မောအောင် လုပ်နိုင်ခဲ့သည်။
ညနေပိုင်းတွင် အဒေါ်ဟူက ဟင်းပွဲများ အပြည့်အမောက် ချက်ပြုတ်ပေးခဲ့သည်။
ရှောင်လျန်လျန်လေးအတွက် သီးသန့် ပန်းကန်နှင့် တူများ ရှိပြီး အဘိုးကြီးကလည်း သူမအတွက် ရှေ့၊ နောက်၊ ဘယ်၊ ညာ လေးဖက်လေးလည်တွင် သစ်သားတန်းများ ကာရံထားသော လူကြီးထိုင်ခုံထက် အနည်းငယ်မြင့်သည့် ထိုင်ခုံတစ်ခုကို အထူးပြုလုပ်ခိုင်းထားသည်။ ထို့ကြောင့် ကလေးငယ်မှာ လူကြီးများနှင့် တစ်ဝိုင်းတည်း အတူတူ ထမင်းစားခွင့်ရကာ ပျော်ရွှင်နေလေသည်။
ဖုမင်ဇယ်က ငါးဟင်းရည်ထဲမှ ပဲပြားတစ်တုံးကို ညှပ်၍ သူမ၏ ပန်းကန်လုံးလေးထဲသို့ ထည့်ပေးလိုက်ပြီး ငါးအသားကိုလည်း အရိုးနွှာကာ ထည့်ပေးလိုက်သည်။ ရှောင်လျန်လျန်လေးက ဇွန်းသေးသေးလေးကို ကိုင်ကာ ခက်ခက်ခဲခဲပင် ကိုယ့်ဘာသာ ခပ်စားနေ၏။
ဤမြင်ကွင်းကို ကြည့်ကာ လူကြီးအချို့မှာ အလွန်အသည်းယားသွားကြပြီး မိမိတို့၏ မြစ်လေး/မြေးလေးမှာ အလွန်ဉာဏ်ကောင်းပြီး တတ်ကျွမ်းလှသည်ဟု ဆက်တိုက် ချီးကျူးပြောဆိုနေကြသည်။
ထမင်းစားပြီးနောက် ရှောင်လျန်လျန်လေးမှာ အဘိုးဖြစ်သူနှင့်အတူ လူကြီးများ ပျော်ရွှင်စေရန် ခဏလောက် ကစားပေးပြီးနောက် ဖေဖေနှင့် မေမေတို့နှင့်အတူ စစ်ကူးလမ်းကြားသို့ ပြန်လာခဲ့ကြသည်။
နောက်တစ်နေ့ မနက်စောစောတွင် ရှန်မော့အာသည် ကုန်တိုက်ကြီးသို့ သွားခဲ့သည်။
ကုန်တိုက်ကြီးများမှာ ပွဲတော်ရက်များနှင့် အားလပ်ရက်များတိုင်းတွင် အလွန်စည်ကားလေ့ရှိပြီး လူများမှာ ပခုံးချင်းတိုက်လုနီးပါးပင်။ ရှန်မော့အာသည် လျှပ်စစ်ပစ္စည်းများ ရောင်းချသည့် နေရာသို့ တိုးဝင်သွားချိန်တွင် ကျောင်းမှ အတူတူ လာကြသော ဝူယာနန်နှင့် ကွမ်းချန်ချန်တို့ကို တွေ့လိုက်ရသည်။
"ငါတို့လည်း အခုလေးတင် ရောက်တာ။ ဒါပေမဲ့ အတန်းခေါင်းဆောင်၊ ခုနက လျှပ်စစ်ပန်ကာ ပွေ့ပြီး ထွက်သွားတဲ့သူတွေကို ငါတို့ မြင်လိုက်ရတယ်။ ပြီးတော့ ကုန်တိုက်ကြီးမှာ စက်မှုကူပွန် မလိုတဲ့ လျှပ်စစ်ပန်ကာ လှလှလေးတွေ ရောင်းနေတယ်လို့ အများကြီး ပြောနေကြတယ်။ ခုနက လူတွေ အများကြီးပဲ လျှပ်စစ်ပန်ကာအကြောင်း အချင်းချင်း မေးနေကြတာ"
"တကယ်ပါ။ အရောင်စုံ လျှပ်စစ်ပန်ကာတွေကို ဘယ်မှာ ရောင်းနေလဲဆိုပြီး လူအများကြီး မေးနေကြတာ"
ရှန်မော့အာက ရှေ့သို့ လှမ်းကြည့်လိုက်ရာ အဝေးမှနေ၍ လျှပ်စစ်ပန်ကာ အရောင်းကောင်တာရှေ့တွင် လူအတော်များများ တိုးဝှေ့နေသည်ကို မြင်လိုက်ရသည်။
"ကျွန်မတို့ ဖြည်းဖြည်းချင်း တိုးဝင်ပြီး သွားကြည့်ကြတာပေါ့"
သူတို့ လျှပ်စစ်ပန်ကာ အရောင်းကောင်တာရှေ့သို့ တိုးဝင်သွားသောအခါ တန်းစီနေသူများက သူတို့ကို ကြားဖြတ်ဝင်လာသူများဟု ထင်မှတ်ကာ အသံကို မြှင့်ကာ ပြောကြလေသည်။ "တန်းစီတဲ့သူတွေ အနောက်ကို သွားပါ။ ကြားဖြတ် မဝင်ပါနဲ့"
ဝူယာနန်က အလျင်အမြန် ပြောလိုက်၏။ "ကျွန်မတို့ လျှပ်စစ်ပန်ကာ လာဝယ်တာ မဟုတ်ပါဘူး။ ကျွန်မတို့က လျှပ်စစ်ပန်ကာ ထုတ်လုပ်တဲ့ လုပ်ငန်းကပါ။ အရောင်းအခြေအနေကို လာကြည့်တာပါ"
တန်းစီနေသော အဒေါ်ကြီးတစ်ဦးက ပြောလာသည်။ "မင်းတို့ ကြည့်နေစရာတောင် မလိုပါဘူး။ ဒီလောက် လူအများကြီး တန်းစီစောင့်နေတာ အရောင်းအခြေအနေ မကောင်းဘဲ နေမလား။ ငါကြားတာတော့ ဒီထုတ်ကုန်အသုတ်က သိပ်မများဘူးတဲ့။ ဝယ်ချင်ရင် အမြန်ဝယ်ရမယ်တဲ့။ မင်းတို့ကတော့လေ၊ အခြေအနေ လာကြည့်ဖို့ အားနေမယ့်အစား စက်ရုံပြန်ပြီး လျှပ်စစ်ပန်ကာ နောက်ထပ် ၂ လုံးလောက် ထပ်လုပ်လိုက်ရင် ပိုကောင်းဦးမယ်"
အချို့ကလည်း ပြောကြသည်။ "ဒီ စက်မှုကူပွန် မလိုတဲ့ လျှပ်စစ်ပန်ကာက အပြင်ပန်းလည်း လှတယ်၊ ဝယ်ရရင်ကို မြတ်နေပြီ။ ဒါကို သေချာပေါက် လူဝယ်မှာပဲလေ။ လာကြည့်နေစရာတောင် မလိုပါဘူး"
အရောင်းကောင်တာထဲမှ ဒုတိယဌာနမှူးလီက ရှန်မော့အာတို့ကို မြင်သောအခါ အမြန်လက်ယပ်ခေါ်ကာ သူ့နောက်သို့ လိုက်လာရန် မျက်ရိပ်ပြလိုက်သည်။
ရှန်မော့အာတို့ကို လူအနည်းငယ် ရှင်းလင်းသော နေရာသို့ ခေါ်သွားပြီးနောက် ဒုတိယဌာနမှူးလီက စိတ်လှုပ်ရှားစွာဖြင့် ပြောလေ၏။ "ဒီလျှပ်စစ်ပန်ကာက အရမ်း အရမ်းကို လူကြိုက်များတယ်။ အားလုံးက ဒီလောက်လှတဲ့ လျှပ်စစ်ပန်ကာမျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောကြတယ်။ အရောင်းဝန်ထမ်းက အနာအဆာလေးတွေ ရှိတယ်လို့ ပြောပြပေမယ့် တချို့က အစပိုင်းမှာ မယုံကြဘူး။ ကိုယ့်ဘာသာကိုယ်တောင် ဘယ်နားမှာ အနာအဆာရှိမှန်း မသိဘူးလို့ ပြောကြတယ်။ နောက်ပိုင်း သိသွားတော့လည်း အဲဒါက လုံးဝ မထိခိုက်ပါဘူးလို့ ပြောကြတယ်။ အချုပ်ပြောရရင်တော့ အရောင်းက အရမ်းကို သွက်နေတယ်။ စုစုပေါင်း အလုံး ၂၀၀ ကျော် ရှိတာ၊ ဒီနေ့ပဲ တစ်ဝက်လောက် ရောင်းကုန်သွားနိုင်တယ်"
ဒုတိယဌာနမှူးလီ ထုတ်မပြောခဲ့သည့် အရာတစ်ခု ရှိသေးသည်။ အစောပိုင်းက အခြားကုန်တိုက်ကြီးတစ်ခုမှ လူတစ်ယောက် ရောက်လာပြီး သူတို့၏ ထုတ်ကုန်များကို ဘယ်ကရလာသလဲဟု ဇွတ်မေးနေခဲ့ခြင်း ဖြစ်သည်။
သူတို့ ကုန်တိုက်ကြီး၏ ဝန်ထမ်းများမှာ နိုင်ငံတော်က လစာပေးထားသော ဝန်ထမ်းများ ဖြစ်ကြပြီး ရောင်းအားက ကိုယ်ကျိုးစီးပွားနှင့် မသက်ဆိုင်သော်လည်း အားလုံးက အဖွဲ့အစည်းဂုဏ်သိက္ခာကို အလွန်အလေးထားကြသည်။ ကုန်တိုက်ကြီးများအကြားတွင်လည်း မည်သူက ရောင်းအားပိုကောင်းသည်၊ မည်သူ၏ ထုတ်ကုန်များက ပိုရောင်းရသည်ဆိုသည်ကို မကြာခဏ နှိုင်းယှဉ်လေ့ရှိကြသည်။
ထိုသူသည်လည်း အားလပ်ရက်တွင် အားနေသဖြင့် မိသားစုနှင့်အတူ နေရာအနှံ့ လျှောက်လည်ရင်း ဤကုန်တိုက်ကြီးတွင် လူအလွန်များနေပြီး လျှပ်စစ်ပစ္စည်း အရောင်းကောင်တာရှေ့တွင် လူအုပ်ကြီး တန်းစီနေသည်ကို အမှတ်မထင် တွေ့သွားခဲ့ခြင်း ဖြစ်သည်။
တိုးဝင်ကြည့်လိုက်သောအခါ ပိုအံ့သြသွားခဲ့ရသည်။ ဝမ်ချွမ်လမ်း ကုန်တိုက်ကြီးတွင် ရောင်းချနေသော လျှပ်စစ်ပန်ကာများမှာ ဈေးကွက်ထဲရှိ ဘယ်ပုံစံနှင့်မှ မတူညီသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ဝမ်ချွမ်လမ်း ကုန်တိုက်ကြီးက စည်းကမ်းမစောင့်ထိန်းပါလား။
ထို့ကြောင့် သူက မျက်နှာပြောင်တိုက်ကာ ဒုတိယဌာနမှူးလီထံသို့ ကုန်ပစ္စည်းရင်းမြစ်ကို လာရောက်စုံစမ်းတော့သည်။
ဒုတိယဌာနမှူးလီက သူ့ကို ပြောပြပါမည်တဲ့လား။
လုံးဝ ပြောပြမည် မဟုတ်ပေ။
ဤကိစ္စကို ဖုံးကွယ်ထားလို့ မရနိုင်သည်မှာ သေချာသည်။ သေချာစုံစမ်းကြည့်ပါက သိနိုင်မှာပင်။ သူတို့ဘာသာ စုံစမ်းသိရှိသွားခြင်းက သူတို့၏ စွမ်းရည်သာ ဖြစ်သည်။ သို့သော် ဒုတိယဌာနမှူးလီအနေဖြင့်တော့ ဖုံးကွယ်ထားနိုင်သရွေ့ ဖုံးကွယ်ထားမည်သာ။
မြို့တော်တက္ကသိုလ် စက်မှုစက်ရုံမှာ မူလကတည်းက ထုတ်ကုန်ပမာဏ အများကြီး မရှိချေ။ သူတို့၏ ကုန်တိုက်ကြီးတစ်ခုတည်းကိုပင် ဖြည့်ဆည်းပေးရန် မလုံလောက်လုနီးပါး ဖြစ်နေသည်။ အကယ်၍ အခြားသူများ လာခွဲယူမည်ဆိုပါက သူတို့အတွက် ဘယ်လောက်များ ကျန်ပါဦးမည်နည်း။
ထိုအချိန်တွင် ဒုတိယဌာနမှူးလီသည် ဝမ်လီယာကို အလွန်လေးစားသွားမိသည်။ သူမက မန်နေဂျာ ဖြစ်နေသည်မှာ အံ့ဩစရာ မဟုတ်ချေ။ သည်လိုအမြင်၊ သည်လိုကြိုတင်မြော်မြင်နိုင်စွမ်းမှာ လူတိုင်း လေးစားရလောက်ပေသည်။
...