← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အပိုင်း (၁၄၃)

ယနေ့တွင် လျိုယင်းရွှမ်းသည်လည်း အလားတူ ဝတ်စုံမျိုးကိုပင် ဝတ်ဆင်ထားသော်လည်း သူမ၏ ဂါဝန်မှာ အစိမ်းရင့်ရောင် ဖြစ်သည်။

ဆူပူသောင်းကျန်းမှုများ ရှိခဲ့သော ဆယ်စုနှစ်ကြီးမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကာ လွန်ခဲ့သော နှစ်ကုန်ပိုင်းမှ စတင်ကာ လူအများက အရောင်အသွေး စုံလင်သော အဝတ်အထည်များကို ပြန်လည် ဝတ်ဆင်လာကြသော်ငြား အကျင့်ဟောင်းများမှာ ပျောက်ကွယ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ အပြာရောင်နှင့် အစိမ်းရောင်တို့မှာ အသုံးအများဆုံး အရောင်များအဖြစ် ကျန်ရှိနေဆဲပင်။

ဤအရောင်နှစ်မျိုးမှာ အနီ၊ အဝါ သို့မဟုတ် ပန်းရောင်ကဲ့သို့သော တောက်ပသည့် အရောင်များနှင့် နှိုင်းယှဉ်လျှင် အထည်ရှာဖွေရ ပိုမို လွယ်ကူသောကြောင့်လည်း ဖြစ်သည်။

နှစ်ယောက်သား လမ်းကြားထိပ်တွင် ဆုံတွေ့ကြပြီးနောက် အိတ်အကြီးတစ်လုံးကို သယ်ဆောင်လာသော ကျောက်ကျိန့်ဟွေးနှင့်အတူ နိုင်ငံတော်ပိုင် ကုန်တိုက်ကြီးဆီသို့ ဦးတည် ထွက်ခွာခဲ့ကြသည်။

ကုန်တိုက်မှာ မဝေးလှသဖြင့် သူတို့ ၃ ဦးမှာ ဘတ်စ်ကား မစီးကြတော့ပေ။ အဓိကအားဖြင့် လူကြပ်သော ကားပေါ်တွင် သူတို့၏ ဂါဝန်များ ကျေသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ပါက "လမ်းလျှောက် ကြော်ငြာသင်ပုန်း" များ ဖြစ်မည့်အစား "လမ်းလျှောက် သတိပေးချက်" များသာ ဖြစ်သွားပေလိမ့်မည်။

နွေဦးရာသီ၏ နေရောင်ခြည်သည် လမ်းမများပေါ်သို့ ဖြာကျနေပြီး လောကကြီးတစ်ခုလုံးကို ရွှေရောင် အလင်းတန်းများဖြင့် လွှမ်းခြုံထားသဖြင့် လတ်ဆတ်ကာ တောက်ပလန်းဆန်းနေသည်။

အထူးသဖြင့် လှပသော ဂါဝန်များကို ဝတ်ဆင်ထားသည့် မိန်းမပျိုနှစ်ဦး လမ်းပေါ်တွင် ပေါ်လာချိန်၌ နူးညံ့သော ဆံနွယ်များ လွင့်ဝဲကာ ဂါဝန်အနားသတ်များ တဖျတ်ဖျတ် လှုပ်ခါနေပုံမှာ လူအများကို ကျော်ကြားသော ကဗျာတစ်ပုဒ်ဖြစ်သည့် "ခရမ်းရောင် ပန်းလေးကဲ့သို့သော မိန်းကလေး၊ ခရမ်းရောင် ပန်းလေး၏ အသွေးအရောင်နှင့် ရနံ့များ ပိုင်ဆိုင်သူ" ကို သတိရစေသည်။

ခံစားချက်ချင်း မတူညီနိုင်သော်လည်း အလှတရားမှာမူ တူညီနေသည်။

လှပသော အရာများကို မည်သူက မချစ်ဘဲ နေပါမည်နည်း။

လမ်းသွားလမ်းလာများမှာ သူတို့ကို ကျော်သွားပြီးနောက် ပြန်လည် လှည့်ကြည့်မိကြပြီး အထူးသဖြင့် အမျိုးသမီး ရဲဘော်များမှာ ပိုစိတ်ဝင်စားကြသည်။ မိန်းကလေးများမှာ အမှန်တကယ်ပင် ချောမောကြသော်လည်း သူတို့ ဝတ်ဆင်ထားသော ဂါဝန်များက ပိုလှပနေသည်။ ဂါဝန်၏ လည်ပင်းဟိုက်ပုံမှာ သာမန် ဂါဝန်များထက် အနည်းငယ် ပိုနိမ့်သော်လည်း လွန်ကဲခြင်း မရှိဘဲ ကျနသော V ပုံစံ လည်ပင်းဟိုက်သာ ဖြစ်သည်။ သို့သော် ထိုသေးငယ်သော အသေးစိတ် အချက်အလေးကပင် ဂါဝန်တစ်ခုလုံးကို ပိုခေတ်မီသွားစေသည်။

မိန်းကလေးတစ်ဦးမှာ ဆံပင်ဖြောင့်စင်းပြီး ကျန်တစ်ဦးမှာ ဆံပင်ကောက်သော်လည်း ဂါဝန်နှင့် လိုက်ဖက်ကာ အလွန် လှပနေကြသည်။

ထို့ပြင် အရောင်အသွေးများကလည်း ဆွဲဆောင်မှု ရှိလှသည်။ အပြာနုရောင်မှာ လန်းဆန်းစေပြီး အသားအရည်ကို ဝင်းပစေကာ အစိမ်းရောင်မှာမူ ခန့်ညားပြီး သွက်လက်သော အသွင်ကို ဆောင်သည်။

ခါးအတိုင်းအတာမှာ ဘယ်လိုများ ကွက်တိ ကျနေပြီး ဂါဝန်အောက်နားမှာလည်း သည်လောက်အထိ အိကျနေရသနည်း။ ဤဂါဝန်ကို ဒီဇိုင်းထုတ်သူသည် အမျိုးသမီးများ၏ စိတ်ကို အမှန်တကယ် နားလည်ပြီး လှပသော ဝတ်စုံတစ်ခုနှင့် ပတ်သက်သည့် သူတို့၏ စိတ်ကူးယဉ် အိပ်မက်များကို အသေးစိတ်အထိ ဖြည့်ဆည်းပေးလိုက်ခြင်းပင်။

မည်သူကများ ဤကဲ့သို့ ဝတ်စုံမျိုးကို မလိုချင်ဘဲ နေပါမည်နည်း။

ထို့ကြောင့် ရဲတင်းသည့် အမျိုးသမီးတစ်ဦးက ထိုမိန်းကလေးနှစ်ဦးထံသို့ ချဉ်းကပ်ကာ ဂါဝန်များကို မည်သည့်နေရာတွင် ဝယ်ယူခဲ့သနည်းဟု မေးမြန်းလေသည်။ ရှန်မော့အာနှင့် လျိုယင်းရွှမ်းတို့မှာ တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ လျိုယင်းရွှမ်းက ပြန်ဖြေလိုက်သည်။ "ကျွန်မတို့ သူငယ်ချင်းတစ်ယောက်က ဟွာချိုက်အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တာပါ။ ဒါက သူတို့ရဲ့ နောက်ဆုံးပေါ် ဂါဝန်ဒီဇိုင်းမို့ စက်ရုံကနေ တိုက်ရိုက် ဝယ်ထားတာပါ။ ဝမ်ချွမ်လမ်းက နိုင်ငံတော်ပိုင် ကုန်တိုက်မှာ နောက် ၂ ရက်၊ ၃ ရက်လောက်ဆိုရင် ရောင်းလိမ့်မယ်လို့ ကြားတယ်၊ အဲဒီမှာ သွားကြည့်လို့ ရပါတယ်"

မေးမြန်းသူ အမျိုးသမီးမှာ အားတက်သရော ခေါင်းညိတ်ကာ "ဟွာချိုက် အထည်ချုပ်စက်ရုံ၊ ဝမ်ချွမ်လမ်း ကုန်တိုက်... မှတ်ထားလိုက်ပြီ။ ကျေးဇူးတင်ပါတယ်ရှင်"

စိတ်ထဲမှ မှတ်သားထားသူမှာ သူတစ်ဦးတည်း မဟုတ်ပေ။ အနီးအနားတွင် ခြေလှမ်းများကို လျှော့ချကာ နားစွင့်နေကြသော အမျိုးသမီး ရဲဘော်များကလည်း မှတ်သားထားလိုက်ကြသည်။ သူတို့မှာ ဟွာချိုက် အထည်ချုပ်စက်ရုံ အကြောင်းကို ယခင်က မကြားဖူးကြသော်လည်း ဝမ်ချွမ်လမ်း ကုန်တိုက်ကိုတော့ ကောင်းစွာ သိကြသည်။

လမ်းခရီးတစ်လျှောက်တွင် ရှန်မော့အာတို့တစ်ဖွဲ့မှာ ဂါဝန်အကြောင်း ရပ်တန့်မေးမြန်းကြသည့် ရဲတင်းသည့် အမျိုးသမီး ရဲဘော် ၇ ဦး၊ ၈ ဦးခန့်နှင့် တွေ့ဆုံခဲ့ရသည်။ လျိုယင်းရွှမ်းကလည်း အကြိမ်တိုင်းတွင် ထိုအဖြေကိုပင် ထပ်ခါတလဲလဲ ပြောပြခဲ့သည်။ ကုန်တိုက်ကြီးအနီးသို့ ရောက်ရှိချိန်တွင် သူမက အအောင်မြင်ဆုံး ပုံစံဖြင့် ပြောလိုက်၏။ "ကျွန်မတို့ရဲ့ လမ်းလျှောက် ကြော်ငြာသင်ပုန်း အစွမ်းကို ကြည့်လိုက်စမ်း"

လျိုယင်းရွှမ်းသည် စိတ်ထဲမှနေ၍ တွေးတောနေမိသည်။ ရှန်မော့အာရဲ့ ရုပ်ရည်နဲ့ဆိုရင် ငါတို့ အထည်ချုပ်စက်ရုံက မော်ဒယ်လ် ငှားစရာတောင် မလိုဘူး၊ စက်ရုံမှူးကပဲ မော်ဒယ်လ် လုပ်လိုက်ရုံပဲ။ အစပိုင်းမှာတော့ ဓာတ်ပုံရိုက်ပြီး ကြော်ငြာမယ်၊ နောက်ပိုင်း စက်ရုံကြီးလာရင် စက်ရုံမှူးကို တီဗီကြော်ငြာတွေမှာ ထည့်ရိုက်မယ်။ အင်တာနက်တွေ ပျံ့နှံ့လာတဲ့အခါကျရင်လည်း စက်ရုံက အကောင့်ဖွင့်ပြီး စက်ရုံမှူးကိုယ်တိုင် လိုက်ဖ်လွှင့် ရောင်းခိုင်းမယ်... ဒါဆိုရင် ငါတို့ စက်ရုံက နိုင်ငံရဲ့ ထိပ်တန်း အဝတ်အထည် အမှတ်တံဆိပ် ဖြစ်မလာဘဲ မနေနိုင်တော့ဘူး။

ကျောက်ကျိန့်ဟွေးသည်လည်း အလွန် အံ့အားသင့်နေပြီး သူ၏ မျက်နှာအမူအရာမှာ "ဒီလိုနည်းနဲ့လည်း လုပ်လို့ရတာပဲလား" ဟု ဆိုနေသကဲ့သို့ ရှိသည်။

ဤတစ်ကြိမ်တွင် ရှန်မော့အာသည် ဒုတိယဌာနခွဲမှူးလီကို ထပ်မံ ရှာဖွေခဲ့သည်။

ရှန်မော့အာကို မြင်သည်နှင့် ဒုတိယဌာနခွဲမှူးလီမှာ ပါးစပ်နားရွက် ချိတ်မတတ် ပြုံးသွားပြီး "ရဲဘော်ရှန်၊ ချို့ယွင်းချက်ပါတဲ့ လျှပ်စစ်ပန်ကာတွေ အကုန် ရောင်းကုန်ပြီဗျ။ မင်း ယုံမှာ မဟုတ်ဘူး၊ အခုတလော လူတွေက ငါတို့ရဲ့ လျှပ်စစ်ပစ္စည်း အရောင်းဌာနကို လာပြီး ပန်ကာတွေအကြောင်းပဲ လာမေးနေကြတာ။ စက်မှုစက်ရုံက ထုတ်လုပ်မှု မမှီတာကတော့ နှမြောစရာပဲ။ နောက်လမှ ပစ္စည်းအသစ်တွေ ရောက်မှာဆိုတော့၊ မဟုတ်ရင် ဒီရက်ပိုင်းအတွင်းမှာတင် အနည်းဆုံး အလုံး ၁,၀၀၀ လောက် ရောင်းလိုက်ရမှာ"

သူက မနေနိုင်ဘဲ သက်ပြင်းချကာ "လူတွေက ဘာလို့ ဒီလောက်တောင် ဝယ်ချင်နေကြတာလဲ မသိဘူး။ စက်မှုထုတ်ကုန် ကူပွန်တွေကို စုဆောင်းရတာက ဒီလောက်တောင် လွယ်လို့လား"

မြို့တော်က လူတွေမှာ ပိုက်ဆံ တကယ် ပေါတာပဲ။ ပုံမှန်ဆိုရင်တော့ မသိသာပေမဲ့ ကိစ္စရှိလာတဲ့အခါကျရင်တော့ စက်မှုထုတ်ကုန် ကူပွန်ပဲဖြစ်ဖြစ်၊ ငွေသားပဲဖြစ်ဖြစ် ဘာမှမဟုတ်သလိုမျိုး ထုတ်သုံးလိုက်ကြတာပဲ။

သူသည် တစ်ကိုယ်တည်း ခဏ‌လောက် မြည်တွန်တောက်တီးနေပြီးမှ ရှန်မော့အာကို မေးဖို့ သတိရသွားသည်။ "ဒီနေ့ ဘာကိစ္စရှိလို့ ရောက်လာတာလဲ ရဲဘော်ရှန်"

သူသည် လျိုယင်းရွှမ်းနှင့် ကျောက်ကျိန့်ဟွေးတို့ကို ခိုးကြည့်လိုက်ပြီး ယခင်တစ်ခေါက်က လူစုနှင့် မတူသည်ကို သတိပြုမိလိုက်သည်။ ဤတစ်ကြိမ်တွင် ပါလာသော အမျိုးသမီးမှာ ထူးခြားမှု မရှိသော်လည်း အမျိုးသားကတော့ ကျောင်းသား မဟုတ်သည်မှာ ထင်ရှားလှသည်။

ရှန်မော့အာက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မတို့ ဒီနေ့ ဒုတိယဌာနခွဲမှူးလီကို ကျွန်မတို့ ဝတ်ထားတဲ့ပုလားကျီ(ရုရှားစတိုင် ဂါဝန်) ကို လာပြီး အကြံပြုမလို့ပါ"

သူက လက်လှမ်းလိုက်သဖြင့် ကျောက်ကျိန့်ဟွေးက အိတ်ထဲမှ အပြာနုရောင်ပုလားကျီတစ်ထည်ကို အမြန်ထုတ်ကာ သူ့ထံ ကမ်းပေးလိုက်သည်။

ဒုတိယဌာနခွဲမှူးလီသည် ရှန်မော့အာဝတ်ဆင်ထားသော ပုလားကျီမှာ သာမန် ဂါဝန်များထက် ပိုခေတ်ဆန်သော ဒီဇိုင်းရှိသည်ကို သတိပြုမိထားပြီး ဖြစ်သည်။ ကုန်တိုက်ကြီး၏ ဝယ်ယူရေးဌာနမှ ဒုတိယဌာနခွဲမှူး တစ်ဦးအနေဖြင့် သူသည် သဘာဝအတိုင်းပင် စူးစမ်းလိုစိတ် ရှိနေကာ အနီးကပ် ကြည့်ရှုလိုသော်လည်း အမျိုးသား ရဲဘော်တစ်ဦး ဖြစ်သဖြင့် စိုက်ကြည့်နေရန်မှာ မသင့်လျော်ပေ။ ယခုအခါ ရှန်မော့အာက ပစ္စည်းအသစ် တစ်ထည် ထုတ်ပြလိုက်သဖြင့် သူက စိတ်အားထက်သန်စွာဖြင့် လှမ်းယူလိုက်သည်။

ပိတ်စမှာ ထူးခြားမှု မရှိပေ။ ဒုတိယဌာနခွဲမှူးလီမှာ ပစ္စည်းပေါင်းစုံကို ကိုင်တွယ်ခဲ့ဖူးသဖြင့် ချက်ချင်းပင် ခွဲခြားသိမြင်နိုင်သည်။ ၎င်းမှာ မြို့တော်ရှိ အထည်အလိပ် စက်ရုံတချို့မှ ထုတ်လုပ်သော ပိတ်စမျိုး ဖြစ်ပြီး သူတို့ ကုန်တိုက်တွင် ရောင်းချနေသော ပုလားကျီများတွင် အသုံးပြုလေ့ရှိသည့် အမျိုးအစားပင် ဖြစ်သည်။ သူသည် ဂါဝန်ကို ဖြန့်လိုက်ပြီး အနီးကပ် စစ်ဆေးကြည့်ရှုသောအခါ ဒီဇိုင်းမှာ သာမန် ပုလားကျီများနှင့် အမှန်တကယ်ပင် ကွဲပြားနေသည်ကို တွေ့လိုက်ရသည်။

လည်ပင်းဒီဇိုင်းကို ကြည့်လျှင်ပင် သိသာလှသည်။ စျေးကွက်အတွင်းရှိပုလားကျီအများစုမှာ လည်ဝိုင်း သို့မဟုတ် ခေါက်ကော်လာ အသေးစားများ ဖြစ်ကြပြီး လည်ပင်းဟိုက်ပုံမှာ မြင့်ကာ လုံခြုံမှုရှိသည်။ ဤပုလားကျီမှာမူ ရှပ်ကော်လာ ပုံစံရှိပြီး လည်ပင်းမှာ အနည်းငယ် ဟိုက်သော်လည်း V ပုံစံ ဖြစ်သောကြောင့် အမြင်မရိုင်းပေ။ ထို့ပြင် ခါးနှင့် ဂါဝန်အောက်နား အကျယ်တို့မှာလည်း ထင်ရှားလှသည်။ ခါးကို ကွက်တိ ဖြစ်စေပြီး အောက်အနားကားသည့် ပုံစံမှာ သာမန်ပုလားကျီများနှင့် လုံးဝ ကွဲပြားသော်လည်း လက်ခံနိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိနေသေးသည်။

ဤဝတ်စုံကို ဒီဇိုင်းထုတ်သူမှာ အမျိုးသမီးများ၏ စိတ်ကို အမှန်တကယ် နားလည်ပြီး လှပသော ဝတ်စုံတစ်ခုအပေါ် ထားရှိသည့် သူတို့၏ စိတ်ကူးယဉ်မှုများကို အသေးစိတ်အထိ ဖြည့်ဆည်းပေးနိုင်သည်ဟု ဒုတိယဌာနခွဲမှူးလီက တွေးတောလိုက်သည်။

"ဒါကလည်း မင်းတို့ ကျောင်းက ထုတ်လုပ်တဲ့ ပစ္စည်းပဲလား" သူက မြို့တော်တက္ကသိုလ်၏ လုပ်ငန်းများကို ပြန်လည် စဉ်းစားရင်း မေးမြန်းလိုက်သည်။ စက်မှုစက်ရုံအပြင် ဇီဝနည်းပညာဆိုင်ရာ လုပ်ငန်းအချို့ ရှိသော်လည်း လူသုံးကုန်စက်မှု လုပ်ငန်းအကြောင်းကိုတော့ သူ မကြားဖူးချေ။

ရှန်မော့အာက ခေါင်းခါပြလိုက်ပြီး ဟွာချိုက် အထည်ချုပ်စက်ရုံ အကြောင်းကို အကျဉ်းချုပ် မိတ်ဆက်ပေးလိုက်သည်။ "လောလောဆယ်တော့ ကျွန်မက စက်ရုံမှူးအဖြစ် တာဝန်ယူထားပါတယ်။ ရဲဘော်လျိုနဲ့ ရဲဘော်ကျောက်တို့ကတော့ ကျွန်မတို့ရဲ့ အရောင်းဌာနကို တာဝန်ယူထားကြသူတွေပါ"

သူသည် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ရှန်မော့အာက အများပိုင် စက်ရုံတစ်ခုတွင် စက်ရုံမှူးအဖြစ် တာဝန်ယူထားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ထိုကဲ့သို့သော စက်ရုံများမှာ ပုံမှန်အားဖြင့် သေးငယ်သော်လည်း သူက မြို့တော်တက္ကသိုလ်၏ ပထမနှစ် ကျောင်းသူတစ်ဦးသာ ရှိသေးသည် မဟုတ်ပါလား။ သို့သော် သူက စက်ရုံမှူး ဖြစ်နေပြီ ဖြစ်သည်။

တောင်ပိုင်းမှ စုပေါင်းပိုင် အထည်ချုပ်စက်ရုံ တစ်ခုက အဘယ်ကြောင့် မြို့တော်တွင် ပစ္စည်းလာရောက် ရောင်းချနေသနည်း။ ထို့ပြင် သူတို့၏ အဝတ်အထည်များက မြို့တော်ရှိ စက်ရုံများထက် အဘယ်ကြောင့် ပိုခေတ်မီကာ ဆွဲဆောင်မှု ရှိနေရသနည်း။ သူ သိချင်နေမိသည်။ သို့သော် သူသည် မလိုအပ်ဘဲ စုံစမ်းခြင်း မပြုရန် မိမိကိုယ်ကို ထိန်းချုပ်လိုက်သည်။

ထိုအစား ဟွာချိုက် အထည်ချုပ်စက်ရုံမှ ပုလားကျီများကို မှာယူရန် သူက အလွယ်တကူပင် သဘောတူလိုက်သည်။ ပထမအသုတ်အနေဖြင့် အထည် ၅၀၀ မှာယူလိုက်၏။

ထိုဂါဝန်မှာ အမှန်တကယ် လှပပြီး နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ဤပစ္စည်းမှာ သေချာပေါက် ရောင်းကောင်းလိမ့်မည်ဟု ဒုတိယဌာနခွဲမှူးလီက ယုံကြည်နေသည်။

အလွယ်တကူ ရနိုင်သော အကျိုးအမြတ်ကို အဘယ်ကြောင့် ငြင်းပယ်ရပါမည်နည်း။

ထို့ပြင် ရှန်မော့အာက သူတို့၏ မန်နေဂျာ ဝမ်လီယာနှင့် သိကျွမ်းသူ ဖြစ်သည်။ သူကသာ ငြင်းဆန်ခဲ့လျှင် ရှန်မော့အာက အထက်လူကြီးထံ တိုက်ရိုက် သွားရောက် တင်ပြလိမ့်မည်သာ။

သူ့ကို ဖျောင်းဖျရန် စကားလုံးများစွာ ပြင်ဆင်လာခဲ့သော လျိုယင်းရွှမ်းမှာမူ ဘာမှ လုပ်စရာ မရှိတော့ပေ။ ဒုတိယဌာနခွဲမှူးလီမှာ ဖျောင်းဖျရန် မလိုအပ်ဘဲ အော်ဒါ ချက်ချင်း တင်လိုက်သည်။ ကျောက်ကျိန့်ဟွေးသယ်ဆောင်လာသော နမူနာ ပစ္စည်းများကို ဒုတိယဌာနခွဲမှူးလီက ချက်ချင်း ယူထားလိုက်၏။ မီးပူ အနည်းငယ် တိုက်လိုက်ရုံဖြင့် နမူနာ ဝတ်စုံအဖြစ် ပြသထားနိုင်ပေလိမ့်မည်။

ကုန်တိုက်ကြီးထဲမှ ထွက်လာချိန်တွင် ကျောက်ကျိန့်ဟွေးမှာ ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။ "နေဦး၊ ဒါပဲလား။ ငါတို့ရဲ့ပုလားကျီက မြို့တော်က ကုန်တိုက်ကြီးမှာ ရောင်းရတော့မှာလား"

လျိုယင်းရွှမ်းက မျက်စောင်းထိုးလိုက်ပြီး "ဒါက သူတို့က စက်ရုံမှူးကို သိနေလို့လေ။ နောက်တစ်ခါကျရင် ရှင် တစ်ယောက်တည်း လာလုပ်ကြည့်လိုက်လေ။ ကဲ... ပစ္စည်းတွေ ပို့ဖို့ ပြင်ကြရအောင်"

တစ်ဖက်တွင်တော့ ဒုတိယဌာနခွဲမှူးလီသည် အဝတ်အိတ်ကို သယ်ဆောင်ကာ ဝယ်ယူရေးဌာနသို့ ပြန်လာခဲ့သည်။ သူသည် မီးပူတိုက်ရန်အတွက် အဝတ်များကို ထုတ်နေစဉ် ဝမ်လီယာက စင်္ကြံလမ်းမှ ဖြတ်သွားရင်း ဝယ်ယူရေး ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ ဂါဝန်ဒီဇိုင်းကို မြင်လိုက်ရချိန်တွင် ဝမ်လီယာ၏ မျက်လုံးများ ဝင်းလက်သွားပြီး "ဒါက မြို့တော်က အထည်ချုပ်စက်ရုံက ထွက်တဲ့ ပစ္စည်းအသစ်လား။ ကျွန်မအတွက် တစ်ထည်လောက် ဖယ်ထားပေးပါဦး"

ဒုတိယဌာနခွဲမှူးလီက ရှန်မော့အာ ရောက်လာကာ ဂါဝန်များကို အကြံပြုသွားသည့်အကြောင်းကို အမြန် ရှင်းပြလိုက်သည်။ နားထောင်ပြီးနောက် ဝမ်လီယာ က အံ့သြသဖြင့် မျက်ခုံးပင့်လိုက်ပြီး ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ "၅၀၀ က မလုံလောက်ဘူး။ သူတို့နဲ့ ဆက်သွယ်ပြီး အထည် ၂,၀၀၀ လောက် မှာလိုက်"

ဒုတိယဌာနခွဲမှူးလီ: "ဗျာ... ဘာပြောလိုက်တာလဲ"

အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် သူက ချက်ချင်း ပြန်ဖြေလိုက်လေတော့သည်။ "ဟုတ်ကဲ့ပါ၊ သူတို့ ပစ္စည်းလာပို့တဲ့အခါ ကျွန်တော် ပြောလိုက်ပါ့မယ်"

...

အပိုင်း (၁၄၄)

ရာသီဥတုမှာ တဖြည်းဖြည်း ပူပြင်းလာပြီး ယခုနှစ်တွင် နိုင်ငံတော်ပိုင် ကုန်တိုက်ကြီးတွင် အသင့်ဝတ် အဝတ်အထည်များကို ဝယ်ယူသူ ပိုမို များပြားလာသည်။ ဆံပင်ကို လှိုင်းကောက်ထားသော ခေတ်မီ အမျိုးသမီး အများမှာ ပိုခေတ်ဆန်သော ဒီဇိုင်းများ ရှိမရှိ မေးမြန်းလေ့ ရှိကြသည်။

ဝမ်ချွမ်လမ်း နိုင်ငံတော်ပိုင် ကုန်တိုက်မှ အရောင်းဝန်ထမ်းတစ်ဦးက တကယ့်ကို အချိန်ကိုက်ပါပဲ ဟု တွေးတောလိုက်မိသည်။

တကယ်တော့ သူတို့တွင်လည်း ထိုသို့သော ပစ္စည်းမျိုး အဆင်သင့် ရှိနေသည်။

ယခင်က ဖောက်သည်များက ခေတ်ဆန်သော ဒီဇိုင်းများကို မေးမြန်းလျှင် ဝန်ထမ်းများက အထည်ချုပ်စက်ရုံ အသီးသီးမှ ပစ္စည်းများကို ရှာဖွေကာ အချိန်အတော်ကြာ နှိုင်းယှဉ်ပြီးမှ တစ်ထည် သို့မဟုတ် နှစ်ထည်ခန့်သာ ရှားရှားပါးပါး တွေ့ရှိရလေ့ရှိသည်။ သို့သော် ယခုနှစ်တွင်တော့ ထိုသို့ လုပ်ရန် မလိုအပ်တော့ချေ။

လူတစ်ဦးချင်းစီ၏ အကြိုက် မည်သို့ပင် ရှိစေကာမူ လူ ၁၀ဦးတွင် ၁၀ဦးစလုံး—မဟုတ်သေး၊ ၁၁ဦးစလုံးကပင် ဝယ်ယူရေးဌာနမှ အသစ် တင်သွင်းထားသော “ပုလားကျီ”(ဆိုဗီယက်စတိုင် ဂါဝန်) ကိုသာ ရွေးချယ်ကြလိမ့်မည်။

ထို V ပုံစံ လည်ပင်း၊ ခါးသိမ်သိမ်နှင့် အောက်နား ကားကား ဂါဝန်ကို သားရေဖိနပ် အသေးလေးများနှင့် တွဲဖက် ဝတ်ဆင်လိုက်ပါက မြို့တော်တွင် စတိုင်အရှိဆုံးနှင့် ခေတ်အမီဆုံးပုံစံ ဖြစ်လာပေလိမ့်မည်။

ဟုတ်ပါသည်။ ထိုဂါဝန်ကို မြင်ဖူးသည့် အမျိုးသမီးတိုင်းမှာ စွဲလန်းသွားကြရသည်။

သို့သော် အရောင်း ဝန်ထမ်းများက ထူးခြားသော အချက်တစ်ခုကို သတိပြုမိကြသည်။ ခေတ်ဆန်သော အဝတ်အစားများကို တောင်းဆိုသော အမျိုးသမီးများအပြင် အချို့မှာ ကောင်တာသို့ တိုက်ရိုက် လာရောက်ကာ "ဟွာချိုက် အထည်ချုပ်စက်ရုံ"မှ ထုတ်လုပ်သော V လည်ပင်း၊ ခါးသိမ်၊ အောက်ကား “ပုလားကျီ”ရှိမရှိ မေးမြန်းကြခြင်းပင်။

စူးစမ်းလိုစိတ်ဖြင့် အရောင်းဝန်ထမ်းများက မေးမြန်းကြည့်သောအခါ ထိုအမျိုးသမီးများမှာ လမ်းပေါ်တွင် "ဟွာချိုက် အထည်ချုပ်စက်ရုံ"မှ လူတစ်ဦး ဝတ်ဆင်ထားသည်ကို မြင်တွေ့ခဲ့ရပြီး ချက်ချင်းပင် စွဲလန်းသွားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ သူတို့သည် "ပုလားကျီ"ကိုသာမက ထိုသူ ဝတ်ဆင်ထားသော ဆွယ်တာအကျီနှင့် သားရေဖိနပ်မျိုးကိုပါ လိုချင်နေကြသည်။

သူတို့သည် ထိုသူနှင့် တစ်ပုံစံတည်း တူညီသော ဝတ်စုံကို ဝတ်ဆင်လိုကြသည်။ ရလဒ်အနေဖြင့် ကုန်တိုက်ရှိ ဆွယ်တာအကျီများနှင့် သားရေဖိနပ်များမှာလည်း ရောင်းမလောက်အောင် ဖြစ်ခဲ့ရသည်။

ထိုပစ္စည်းများကို ထုတ်လုပ်သော စက်ရုံများမှာလည်း ဝမ်ချွမ်လမ်း ကုန်တိုက်တွင် သူတို့၏ပစ္စည်းများက ရုတ်တရက် ရောင်းအား မြင့်တက်သွားရသည့် အကြောင်းအရင်းကို နားမလည်နိုင် ဖြစ်နေကြ၏။ သူတို့က ကုန်တိုက်သို့ ဖုန်းဆက် မေးမြန်းသောအခါ မထင်မရှား အထည်ချုပ်စက်ရုံ တစ်ခုမှ "ပုလားကျီ"၏ ကျေးဇူးကြောင့် ဖြစ်ကြောင်း သိရသဖြင့် မယုံနိုင်အောင် ဖြစ်ခဲ့ကြရသည်။

အဲဒီ “ပုလားကျီ”က တကယ်ပဲ အဲဒီလောက် လှလို့လား။

သူတို့သည် အနီးနားရှိ အခြားကုန်တိုက်များသို့ သွားရောက်ကာ သည်“ပုလားကျီ”ရှိမရှိ မေးမြန်းခဲ့ကြသော်လည်း ဘယ်ဆိုင်မှာမှ မရှိချေ။ ထိုဆိုင်များမှ ဝန်ထမ်းများကလည်း “ဟွာချိုက် အထည်ချုပ်စက်ရုံ”အကြောင်းကို တစ်ခါမှ မကြားဖူးကြောင်း ပြောကြသဖြင့် အားလုံးမှာ ဇဝေဇဝါ ဖြစ်နေကြသည်။ ထို့ကြောင့် လူအားလုံးမှာ ဝမ်ချွမ်လမ်း ကုန်တိုက်သို့သာ စုပြုံ ရောက်ရှိလာကြတော့သည်။

ဝမ်ချွမ်လမ်း ကုန်တိုက်မှာ မကြာသေးမီကပင် အရောင်းအဝယ် အလွန် ကောင်းမွန်နေခဲ့သည်။ "ပုလားကျီ"၊ ဆွယ်တာအကျီနှင့် သားရေဖိနပ်များသာမက အခြားသော ပစ္စည်းများပါ ရောင်းအား တက်ခဲ့သည်။ ၎င်းမှာလည်း မထူးဆန်းလှပေ။ လူများက ထိုနေရာသို့ ရောက်ရှိလာပြီးနောက် သဘာဝအတိုင်းပင် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုကြရာမှ မုန့်ပဲသရေစာ သို့မဟုတ် နေ့စဉ်သုံး ပစ္စည်းများကိုပါ ဝယ်ယူသွားကြသောကြောင့် ဖြစ်သည်။

မကြာမီမှာပင် ဒုတိယဌာနခွဲမှူးလီထံသို့ အခြားကုန်တိုက်တစ်ခုမှ လုပ်ဖော်ကိုင်ဖက်တစ်ဦး ရောက်လာပြန်သည်။ ထိုသူမှာ ယခင်က အရောင်အသွေးစုံသော လျှပ်စစ်ပန်ကာများ အကြောင်းကို လာရောက် စုံစမ်းခဲ့သူပင်။

ထိုလူမှာ တကယ်ကို မျက်နှာပြောင်လှသည်။ တစ်ခါ ငြင်းပယ်ခံရသော်လည်း ထပ်မံ ရောက်ရှိလာပြန်သည်။

"လောင်လီ၊ ငါတို့ အိမ်နီးချင်း ဖြစ်လာတာလည်း နှစ်တွေ မနည်းတော့ဘူး..."

ဒုတိယဌာနခွဲမှူးလီက ချက်ချင်း ဖြတ်ပြောလိုက်သည်။ "နေဦး၊ မင်းက လမ်းကြားရဲ့ တစ်ဖက်ထိပ်မှာ နေတာ၊ ငါက အခြားတစ်ဖက်ထိပ်မှာ နေတာ၊ ဘယ်လိုလုပ် အိမ်နီးချင်း ဖြစ်မှာလဲ။ တစ်နှစ်လုံးမှာ တစ်ခါတောင် ဆုံဖို့ ခဲယဉ်းတာကို"

"ဒါပေမဲ့ ငါတို့ ဝယ်ယူရေးမှာ လုပ်လာတာ နှစ်တွေ အများကြီး ရှိပြီ မဟုတ်လား။ ပညာရှင် သင်တန်းတိုင်းမှာလည်း အတူတူ ဆုံခဲ့ကြတာပဲ။ ဒီလောက် ရင်းနှီးနေတာကို ငါ့ကို ဒီအတိုင်း ပစ်မထားပါနဲ့။ ငါက မိတ်ဆက်ပေးဖို့တောင် မတောင်းဆိုပါဘူး၊ လိပ်စာလေးပဲ ပေးပါ၊ ငါ့ဘာသာငါ သွားပါ့မယ်"

ဒုတိယဌာနခွဲမှူးလီ: မင်းကို မိတ်ဆက်ပေးရမယ် ဟုတ်လား၊ အိပ်မက်မက်နေလိုက်ဦး။

သူတို့ ဝယ်ယူရေးတွင် အတူတကွ လုပ်ကိုင်ခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ရန်ငြိုးဟောင်းများလည်း ရှိခဲ့သည်။ ပစ္စည်းကောင်းတစ်ခုခု ရတိုင်း ဤလူကသာ အကောင်းဆုံး အရောင်းအဝယ်များကို လက်ဝါးကြီးအုပ်ခဲ့သည် မဟုတ်ပါလား။ ထိုစဉ်က သူသည် အခြားဝယ်ယူရေး လုပ်ဖော်ကိုင်ဖက်များကို ငဲ့ညှာခဲ့ဖူးပါသလား။

မည်သို့ပင်ဖြစ်စေ ဒုတိယဌာနခွဲမှူးလီကတော့ ကျေနပ်မှုကို ခံစားနေရသည်။

ဝဋ်ဆိုတာ လည်တတ်တာပဲ။ အခုတော့ မင်း ငါ့ကို လာပြီး တောင်းပန်ရပြီ မဟုတ်လား။

သူသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။ "မရဘူးဗျ၊ တစ်ဖက်လူရဲ့ သဘောတူညီချက် မပါဘဲ သူတို့ရဲ့ လိပ်စာကို ပေးလို့ မရပါဘူး။ ဒါက မိတ်ဖက်တွေကို မလေးစားရာ ရောက်ပါတယ်။ ဒီလိုမျိုးတော့ ကျွန်တော်တို့ လုံးဝ မလုပ်နိုင်ဘူး"

“...”

ဒုတိယဌာနခွဲမှူးလီက လုံးဝ အလျှော့မပေးသဖြင့် ထိုလူမှာ တိုးတိုးလေး ကျိန်ဆဲကာ ထွက်သွားတော့သည်။ သူသည် ချက်ချင်းပင် လုံခြုံရေး ရုံးခန်းသို့ သွားရောက် စုံစမ်းပြန်သည်။ လုံခြုံရေး ဝန်ထမ်းကလည်း အလွန် သတိရှိလှသည်။ "ခင်ဗျားက လုံချောင်လမ်း ကုန်တိုက်ကလို့ မှတ်ပုံတင်ထားတာ မဟုတ်လား။ အဲဒါက ကျွန်တော်တို့ဌာန မဟုတ်ဘူး။ ခင်ဗျားမှာ မေးစရာ ရှိရင် သက်ဆိုင်ရာဌာနကိုပဲ ဆက်သွယ်ပါ"

သူက သံသယဖြင့် ကြည့်ကာ ပြောလိုက်သည်။

“...”

ထိုလူမှာ နောက်တစ်ကြိမ် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားရပြန်သည်။

လုံချောင်လမ်း ကုန်တိုက်သာမက အခြားသောဌာနများကလည်း ကုန်ပစ္စည်း၏ အရင်းအမြစ်ကို ရှာဖွေခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြချေ။ အချို့ဆိုလျှင် မြို့တော်ရှိ အဓိက အထည်ချုပ်စက်ရုံကြီးများသို့ပင် သွားရောက် စုံစမ်းခဲ့ကြသည်။ "ပြိုင်ဘက်က မင်းကို အသိဆုံး" ဟူသော စကားအတိုင်း ထိုစက်ရုံကြီးများက “ဟွာချိုက် အထည်ချုပ်စက်ရုံ”အကြောင်းကို တစ်ခုခု သိနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် အံ့ဩစရာကောင်းသည်က ထိုစက်ရုံများမှ လူများကလည်း ဘာမှ မသိကြချေ။

"ဟွာချိုက် အထည်ချုပ်စက်ရုံ ဟုတ်လား။ မြို့တော်မှာ တကယ်ပဲ အဲဒီလို စက်ရုံ ရှိလို့လား။ တစ်ခါမှ မကြားဖူးဘူး”

"မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး။ မြို့တော်မှာ အထည်ချုပ်စက်ရုံ ဆိုလို့ ဒီလောက်ပဲ ရှိတာ၊ ငါတို့ အချင်းချင်း အကုန် သိတယ်။ ဘယ်သူက ဒီလို ဒီဇိုင်းမျိုးကို သဘောကျမှာလဲ”

"ဟွာချိုက် အထည်ချုပ်စက်ရုံ? တစ်ခါမှ မကြားဖူးဘူး။ အိမ်နီးချင်း ပြည်နယ်က စက်ရုံကြီး တစ်ခုများလား။ ဝမ်ချွမ်လမ်း ကုန်တိုက်က မန်နေဂျာဝမ်ရဲ့ အဆက်အသွယ်က အရမ်း ကျယ်ပြန့်တာပဲ။ ကျန်းစု ဒါမှမဟုတ် ရှန်ဟိုင်း က စက်ရုံတွေဆီကနေ ရတာများလား”

"ဪ... မင်းပြောတဲ့ ပုလားကျီလား။ ငါ မြင်ဖူးတယ်။ ငါတို့ စက်ရုံက လူတစ်ယောက်တောင် ဝယ်ထားသေးတယ်။ ယုံနိုင်စရာတောင် မရှိဘူးနော်။ ငါတို့က အထည်ချုပ်စက်ရုံ ဖြစ်ပြီးတော့ တခြားစက်ရုံက အကျီကို ဝယ်ဝတ်နေရတယ်တဲ့။ ဒါပေမဲ့ ဟွာချိုက် အထည်ချုပ်စက်ရုံက ရှန်ဟိုင်းက ဖြစ်ရမယ်လို့ ထင်တာပဲ။ မင်း သိတဲ့အတိုင်း လွတ်မြောက်ရေး မတိုင်ခင်က ရှန်ဟိုင်းဟာ ဇိမ်ခံပစ္စည်းတွေရဲ့ ဗဟိုချက်ပဲလေ။ အဲဒီက လူတွေကတော့ ဆယ်စုနှစ်ချီတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေတောင် သူတို့ရဲ့ အရင်းရှင် အနံ့အသက်တွေကို ပျောက်သွားအောင် မလုပ်နိုင်ဘူး”

...

ထို့ကြောင့် ထိုလူမှာ အဆက်အသွယ် အမျိုးမျိုးကို အသုံးပြုကာ အိမ်နီးချင်း ပြည်နယ်များ၊ ရှန်ဟိုင်း အထိပါ ရှာဖွေခဲ့သော်လည်း ဘာမှ မတွေ့ခဲ့ချေ။ တစ်စုံတစ်ယောက်က “ဟွာချိုက် အထည်ချုပ်စက်ရုံ”ကို အပူတပြင်း ရှာဖွေနေသည်ကို မသိရှိဘဲ ရှန်မော့အာကတော့ အသုံးပြုပြီးသား အပ်ချုပ်စက် ၁၀လုံးကို ဝယ်ယူနိုင်ခဲ့သဖြင့် စက်ရုံ၏ အရွယ်အစားကို အနည်းငယ် တိုးချဲ့လိုက်သည်။

ယခုတစ်ကြိမ်တွင် သူမသည် အမျိုးသမီး အလုပ်သမား၁၀ဦးကို ထပ်မံ ငှားရမ်းခဲ့ရုံသာမက အထည်ညှပ်ရန်အတွက် အတွေ့အကြုံရှိသော အမျိုးသမီးနှစ်ဦးကိုပါ ခန့်အပ်လိုက်သဖြင့် အထည်ညှပ်သည့် အလုပ်မှ လွတ်ကင်းသွားသော ပိုင်ကျွင့်ဝမ်ကိုပါ အားလပ်သွားစေသည်။

ပိုင်ကျွင့်ဝမ်မှာ စိတ်ရှုပ်သွားသည့်ရုပ် ဖြစ်သွားတော့သည်။

ရှန်မော့အာက ခပ်တိုးတိုး ရယ်မောကာ "ရှင်က အထည်ညှပ်တဲ့ဌာနမှာ တစ်သက်လုံး နေဖို့ စဉ်းစားထားတာလား။ ကျွန်မ ရှင့်အတွက် ပန်းချီ အနုပညာကျောင်းမှာ လေ့လာခွင့် လက်မှတ်တစ်ခု ရထားတယ်။ အဲဒီမှာ သွားပြီး သင်တန်းနည်းနည်းပါးပါး တက်ကြည့်ပါ၊ ပြီးရင် ကျွန်မတို့ရဲ့ နောက်ထပ် ထွက်မယ့် ပစ္စည်းက ဘာဖြစ်သင့်သလဲ ဆိုတာကို စဉ်းစားပေးပါ"

အချိန်ပိုင်း စာရင်းကိုင် လျိုယင်းရွှမ်းက ပေသီးကို ခေါက်နေရင်း ဝင်ပြောလိုက်သည်။ "ဒါ အရမ်း ကောင်းတာပဲ။ အခုလောလောဆယ် ကျောင်းတွေမှာ အဝတ်အထည် ဒီဇိုင်းပညာဆိုတဲ့ အထူးပြု ဘာသာရပ် မရှိသေးပေမဲ့ ဒီဇိုင်းနဲ့ ပတ်သက်တဲ့ အယူအဆတွေတော့ ရှိမှာပဲ။ ရှင်က ပန်းထိုး ပုံစံတွေ ဆွဲတတ်တယ် မဟုတ်လား။ တတ်နိုင်သမျှ များများ သင်ယူပါ၊ မကြာခင်မှာ ရှင်က ကျွန်မတို့စက်ရုံရဲ့ ထိပ်တန်း ဒီဇိုင်းနာ ဖြစ်လာလိမ့်မယ်"

ရှန်မော့အာက သူမကို တစ်ချက် ကြည့်လိုက်ပြီး အစ်မရေ... အစ်မကတော့ ကိုယ့်အကြောင်းကို ကိုယ် ပြန်ဖော်နေပြီ ဟု တွေးတောလိုက်မိသည်။

အခုလောလောဆယ် ဖက်ရှင် ဒီဇိုင်း ပညာရပ် မရှိသေးဘူး ဆိုတော့... နောက် နှစ်အနည်းငယ် ကြာရင် ရှိလာလိမ့်မယ် ဆိုတဲ့ သဘောလား။

ပြီးတော့ "ထိပ်တန်း ဒီဇိုင်းနာ" ဆိုတဲ့ စကားလုံးက အခုအချိန် ဟွာကော် အတွက် အရမ်းကြီး ခေတ်မီလွန်းမနေဘူးလား။

သို့သော် အခန်းထဲရှိ တခြားသူမှာ ထူးဆန်းသည်ဟု မထင်ဘဲ အလေးအနက် စဉ်းစားကာ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး "ကောင်းပါပြီ၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"

ရှန်မော့အာ: "ထားလိုက်ပါတော့"

စက်ရုံ အရွယ်အစားမှာ နှစ်ဆ တိုးလာခဲ့သော်လည်း ရှန်မော့အာတွင် စက်ရုံကို ထပ်မံ အရောင်းမြှင့်တင်ရန် သို့မဟုတ် တိုးချဲ့ရန် ရည်ရွယ်ချက် မရှိသေးချေ။ အလုပ်သမားအသစ် ၁၀ဦးမှာလည်း ယခင် “ပုလားကျီ”များကိုသာ ဆက်လက် ချုပ်လုပ်နေကြရသည်။ ထူးခြားချက်မှာ ရှန်မော့အာက မကြာသေးမီက အထည်စက်ရုံမှ အကွက်အပြောက်များနှင့် ပန်းပုံနှိပ် ပိတ်စတချို့ကို ဝယ်ယူနိုင်ခဲ့သဖြင့် ဂါဝန်အောက်နားရှိ ပုံစံများကို အနည်းငယ် ပြောင်းလဲပေးနိုင်ခဲ့ခြင်းပင်။ ထုတ်လုပ်မှုစွမ်းအား အကန့်အသတ် ရှိနေသဖြင့် စက်ရုံအနေဖြင့် ဝမ်ချွမ်လမ်း ကုန်တိုက်ကိုသာ ပစ္စည်းပေးသွင်းရန် အနိုင်နိုင် ဖြစ်နေရပြီး အခြားနေရာများအတွင် ပိုမို ထုတ်လုပ်ပေးနိုင်ခြင်း မရှိသေးချေ။

ထို့ကြောင့် ရှန်မော့အာက ပိုင်ကျွင့်ဝမ်နှင့် ကျောက်ကျိန့်ဟွေးတို့ကို အလှည့်ကျ စက်ရုံစီမံခန့်ခွဲခိုင်းပြီး အားလပ်ချိန်တွင် သင်တန်းများ သွားရောက် တက်ခိုင်းလိုက်သည်။

ပိုင်ကျွင့်ဝမ်အတွက် သင်တန်းတက်ခွင့်ကို သူမ၏ ယောက္ခထီးက စီစဉ်ပေးခဲ့ပြီး ကျောက်ကျိန့်ဟွေးအတွက်တော့ သူမက ဌာနမှ တိုက်ရိုက် ရယူပေးခဲ့သည်။

နောက်ဆုံး ကျောက်ကျိန့်ဟွေးမှာ အခြားသော ကျွမ်းကျင်မှုများ မရှိသဖြင့် ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများကို နားထောင်ခြင်းက လုံလောက်ပေလိမ့်မည်။

ကျောက်ကျိန့်ဟွေးမှာ အလယ်တန်းသာ အောင်မြင်ခဲ့ပြီး အထက်တန်းပင် မတက်ခဲ့ရသူတစ်ဦး ဖြစ်သည့်အလျောက် မြို့တော်သို့ ရောက်ရှိလာပြီးနောက် မြို့တော်တက္ကသိုလ်တွင် ဟောပြောပွဲများ တက်ရောက်ခွင့် ရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။

အကယ်၍ သူ့ဘိုးဘွားများ သို့မဟုတ် မိဘများက သည်လို လုပ်ခိုင်းလျှင် သူသည် စိတ်တိုကာ ထွက်သွားပေလိမ့်မည်။ သို့သော် ၎င်းမှာ ရှန်မော့အာ၏ တောင်းဆိုချက် ဖြစ်နေသဖြင့် သူသည် သည်းခံကာ သွားရောက်ခဲ့ရသည်။

ဟောပြောပွဲများကို နားမလည်သော်လည်း သူ သွားရောက် နားထောင်ရမည်။ သူ့ညီမလေးက ၎င်းမှာ အလုပ်၏ အစိတ်အပိုင်း တစ်ခုဟု ပြောထားသည် မဟုတ်ပါလား။

စက်ရုံတွင် စားစရိတ်နှင့် နေစရိတ် ငြိမ်းဖြစ်ကာ အပ်ချုပ်စက်လည်း ကိုင်ဖို့မလိုဘဲ တစ်လလျှင် လစာ ယွမ်ဆယ်ဂဏန်းခန့် ရရှိနေသဖြင့် ဟောပြောပွဲ အနည်းငယ် နားထောင်ရခြင်းမှာ ဘာမှ မဟုတ်ပေ။ သူ့ကို စင်ပေါ်တက်ကာ ဟောပြောခိုင်းလျှင်ပင် သူ လုပ်ရလိမ့်မည်။

ထို့အပြင် ကျောက်ကျိန့်ဟွေးသည် အချို့သော ဟောပြောချက်များကို နားလည်နိုင်ပြီး ဗဟုသုတများပင် ရရှိလာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် အတန်းပြီးနောက် ဆရာများကို မေးခွန်းများပင် မေးရဲလာခဲ့သည်။

မကြာမီမှာပင် ၈လပိုင်းသို့ ရောက်ရှိလာခဲ့သည်။

နွေရာသီ ကျောင်းပိတ်ရက် ဖြစ်သော်လည်း ရှန်မော့အာနှင့် ဖုမင်ဇယ်တို့မှာ ယခင်ကထက် ပိုအလုပ်များနေကြသည်။ ဖုမင်ဇယ်က ဓာတ်ခွဲခန်းတွင် သူ့ပါမောက္ခကို ကူညီပေးနေပြီး ရှန်မော့အာကတော့ အထည်ချုပ်စက်ရုံ ပြောင်းရွှေ့ရန် နေရာသစ်တစ်ခုကို ရှာဖွေနေသည်။

သူတို့၏ အစက်အပြောက်ဒီဇိုင်း “ပုလားကျီ”ဂါဝန်မှာ အလွန် လူကြိုက်များသွားခဲ့သည်။ ဝမ်ချွမ်လမ်း ကုန်တိုက်က ထုတ်လုပ်မှု တိုးမြှင့်ရန် တောင်းဆိုနေရုံသာမက ကျောက်ကျိန့်ဟွေးမှာ ပစ္စည်းပို့သွားသည့် လမ်းတွင်ပင် အခြားသော ကုန်တိုက်များနှင့် သမဝါယမဆိုင်များမှ ဝယ်ယူရေး အရာရှိများ၏ တားဆီးခြင်းကို ခံခဲ့ရသည်။ သူတို့သည် “ဟွာချိုက် အထည်ချုပ်စက်ရုံ”ရှိရာ ခြံဝင်းအထိ ကျောက်ကျိန့်ဟွေးနောက်က တကောက်ကောက် လိုက်လာကြပြီး ရှန်မော့အာကိုယ်တိုင် ပေါ်လာပြီး ပစ္စည်းပေးသွင်းရန် သဘောတူမှသာ ပြန်သွားကြတော့သည်။

ယခုအချိန်တွင် နိုင်ငံတော်ပိုင် စက်ရုံများမှာ စည်းကမ်း ရှိနေဆဲ ဖြစ်သဖြင့် အခြားစက်ရုံမှ ဒီဇိုင်းကို ဗြောင်ကျကျ ကူးယူခြင်း မပြုကြသေးချေ။ သို့သော် နောက်နှစ်အနည်းငယ် ကြာပြီးနောက် ဤကဲ့သို့ ရောင်းကောင်းသော ဂါဝန်မျိုး ရှိလာပါက အတုအပများမှာ နေရာအနှံ့ ဖြစ်ပေါ်လာပေလိမ့်မည်။

ဝယ်ယူရေး အရာရှိများမှာ မြို့တစ်ခုလုံးကို လွှမ်းမိုးထားသော “ဟွာချိုက် အထည်ချုပ်စက်ရုံ”သည် အလုပ်သမားဆယ်ဂဏန်းခန့်သာ ရှိသည့် အလုပ်ရုံလေးတစ်ခု ဖြစ်နေသည်ကို သိလိုက်ရသောအခါ အံ့အားသင့်သွားကြ၏။ သူတို့သည် အမှာစာများ တင်နေရင်း ရှန်မော့အာကို အမြန်ဆုံး နေရာပြောင်းကာ စက်ရုံ တိုးချဲ့ရန် တိုက်တွန်းကြလေသည်။

ရှန်မော့အာက မူလက ထိုအလုပ်ရုံလေးကို နှစ်အနည်းငယ်ခန့် ဆက်လက် လည်ပတ်ကာ တစ်ရာသီလျှင် ဒီဇိုင်းတစ်မျိုး သို့မဟုတ် နှစ်မျိုးခန့်သာ ထုတ်လုပ်ရန် စီစဉ်ထားခဲ့သော်လည်း ပထမဆုံး ထွက်ရှိသော ဂါဝန်ကပင် သည်လောက်အထိ အောင်မြင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထို့အပြင် ကုန်တိုက်များနှင့် သမဝါယမဆိုင်များမှ ဝယ်ယူရေး အရာရှိများမှာလည်း အလွန် ကူညီလိုစိတ် ရှိကြသည်။ စက်ရုံတွင် ကုန်ကြမ်းများ လိုအပ်နေသည်ကို ကြားသိရသောအခါ သူတို့က ပစ္စည်းများကို သူတို့ဆိုင်သို့သာ သီးသန့် ပေးသွင်းမည်ဆိုပါက ပိတ်စကူပွန်များ ရရှိနိုင်ရန် အဆက်အသွယ်များနှင့် လမ်းကြောင်းများကို ကူညီပေးမည်ဟု ကမ်းလှမ်းလာကြသည်။

ရှန်မော့အာက ၎င်းမှာ အကျိုးရှိသော အရောင်းအဝယ်တစ်ခုဟု တွေးမိသဖြင့် နွေရာသီ ကျောင်းပိတ်ရက်တွင် စက်ရုံ ပြောင်းရွှေ့ တိုးချဲ့ရန် စတင် စီစဉ်တော့သည်။

သို့သော် သင့်တော်သော နေရာတစ်ခု ရှာဖွေရန်မှာ ခက်ခဲလှသည်။ ၉၀ ခုနှစ်များကဲ့သို့ နိုင်ငံတော်ပိုင် စက်ရုံများ အများအပြား ပိတ်သိမ်းကာ အလုပ်ရုံဟောင်းများနှင့် စက်ပစ္စည်းများကို အလွယ်တကူ ရနိုင်သော အချိန်မျိုး မဟုတ်ဘဲ၊ ယခုအချိန်တွင် နိုင်ငံတော်ပိုင် လုပ်ငန်းများမှာ အောင်မြင်နေကြဆဲ ဖြစ်သဖြင့် ဘယ်သူမှ သူတို့၏ နေရာကို ဖယ်ပေးကြမည် မဟုတ်ချေ။

ရှန်မော့အာသည် နေရာအနှံ့ အကူအညီ တောင်းခံခဲ့ရသည်။ နောက်ဆုံးတွင် စီးပွားရေးဌာနမှ ပါမောက္ခတစ်ဦးက သူမအတွက် နေရာတစ်ခု ရှာပေးခဲ့သည်။

၎င်းမှာ ယခင်က ဒေသတွင်း လည်ပတ်နေသည့် ဦးထုပ်စက်ရုံဟောင်းတစ်ခု ဖြစ်ပြီး ခေတ်နောက်ကျသော ဒီဇိုင်းများနှင့် အရည်အသွေး ညံ့ဖျင်းမှုကြောင့် လွန်ခဲ့သော နှစ်နှစ်အတွင်း အရောင်းအဝယ် ကျဆင်းနေခဲ့သည်။

ယခုနှစ် အစောပိုင်းတွင် ထိုစက်ရုံမှာ နောက်ဆုံးတွင် ပြိုလဲသွားခဲ့သည်။ အလုပ်သမားများကို ကျန်ရှိနေသော ပစ္စည်းများဖြင့်သာ လုပ်ခပေးကာ စက်ရုံကို ပိတ်သိမ်းလိုက်ကြသည်။

ဤခေတ်ကာလတွင် နိုင်ငံတော်ပိုင် စက်ရုံများမှာ ဒေဝါလီခံ၍ မရသော်လည်း ဒေသန္တရ သို့မဟုတ် ရပ်ကွက် အခြေပြု သမဝါယမလုပ်ငန်းများမှာတော့ အလွယ်တကူ ပျက်စီးသွားတတ်ကြသည်။ ထိုဦးထုပ်စက်ရုံဟောင်း၏ အလုပ်ရုံထဲတွင် အပ်ချုပ်စက် ဆယ်ဂဏန်းခန့် ကျန်ရှိနေသေးသဖြင့် “ဟွာချိုက် အထည်ချုပ်စက်ရုံ”အနေဖြင့် စက်အသစ်များပင် ဝယ်ယူရန် မလိုအပ်တော့ချေ။

၎င်းမှာ အနီးနားတွင် ရှိနေသဖြင့် ပိုအဆင်ပြေသွားသည်။ ကားမှတ်တိုင် တစ်ခု နှစ်ခုစာသာ ကွာဝေးလေသည်။

ရှန်မော့အာက ယခင်က မြို့ပြင်ရှိ ရပ်ကွက် စက်ရုံနေရာများ သို့မဟုတ် ကျေးရွာ ဂိုဒေါင်များကို လိုက်လံ ကြည့်ရှုခဲ့သော်လည်း ၎င်းတို့မှာ အလွန် ဝေးလံလှသဖြင့် ဘတ်စ်ကားကို အနည်းဆုံး တစ်နာရီခန့် စီးရပေလိမ့်မည်။ အချိန်ကုန် လူပင်ပန်း ဖြစ်မည့် အရေးကို သူမ မလိုလားချေ။

ပိုကောင်းသည့်နေရာ မတွေ့ပါက ထိုနေရာများကိုသာ ရွေးချယ်ရတော့မည်ဟု ဆုံးဖြတ်ထားခဲ့သော်လည်း နောက်ဆုံးတွင် သူမ၏ လိုအပ်ချက်အားလုံးနှင့် ကိုက်ညီသော နေရာကို ရှာတွေ့ခဲ့သည်။

တစ်ဖက်တွင် ဒေသန္တရ စက်ရုံ ရှိပြီး အခြားတစ်ဖက်တွင် ရပ်ကွက် အခြေပြု လုပ်ငန်း ရှိရာ ၎င်းတို့မှာ သမဝါယမလုပ်ငန်းငယ်များ ဖြစ်ကြသဖြင့် နိုင်ငံတော်ပိုင် စက်ရုံများနှင့် ညှိနှိုင်းရသည်ထက် များစွာ ပိုလွယ်ကူလှသည်။

ဒေသန္တရ ရုံးခန်းအနေဖြင့် စုပေါင်းပိုင် ပစ္စည်းများကို ဗြောင်ကျကျ ရောင်းချ၍ မရသဖြင့် “ဟွာချိုက် အထည်ချုပ်စက်ရုံ”နှင့် ငှားရမ်းမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ လျိုယင်းရွှမ်း၏ တိုက်တွန်းမှုကြောင့် စာချုပ်သက်တမ်းကို နှစ် ၂၀ ဟု သတ်မှတ်လိုက်ကြသည်။

ဒေသန္တရ ရုံးခန်းမှ လူများကတော့ ကိစ္စမရှိကြချေ။ ရေရှည် စာချုပ် ချုပ်ဆိုထားခြင်းက နောက်ပိုင်းတွင် သူတို့အတွက် အခက်အခဲ နည်းပါးသွားစေမည် မဟုတ်ပါလား။

သူတို့သည် “ဟွာချိုက် အထည်ချုပ်စက်ရုံ”က စိတ်ပြောင်းသွားမှာကိုပင် စိုးရိမ်နေကြသည်။ အကြောင်းမှာ သူတို့သည် ယခင်က ထိုကဲ့သို့သော "စုပေါင်းပိုင် လုပ်ငန်းငယ်လေးများ"နှင့် အကြိမ်ကြိမ် ကြုံတွေ့ဖူးခဲ့ပြီး အများစုမှာ နှစ်အနည်းငယ် အတွင်းမှာပင် ပျက်စီးသွားလေ့ ရှိသောကြောင့် ဖြစ်သည်။ “ဟွာချိုက် အထည်ချုပ်စက်ရုံ”သည် နှစ် ၂၀ တိုင်တိုင် တည်တံ့နိုင်ပါ့မလား ဆိုသည်မှာ အမှန်တကယ်ပင် ပြောရန် ခက်ခဲလှသည်။ မတည်တံ့နိုင်လောက်ဟု သူတို့ တွေးနေကြသည်။

ရပ်ကွက်ရုံးမှ ရဲဘော်များမှာမူ သူတို့အတွက် အကျိုးအမြတ် တစ်ခု ရရှိလိုက်ပြီဟု တိတ်တဆိတ် တွေးတောနေကြတော့သည်။

စက်ရုံ အဆောက်အဦးကို ငှားရမ်းပြီးနောက် “ဟွာချိုက် အထည်ချုပ်စက်ရုံ”တစ်ခုလုံး ထိုကျဉ်းမြောင်းသော ခြံဝင်းထဲမှ ပြောင်းရွှေ့ရန် ရက်အနည်းငယ် ကြာမြင့်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှန်မော့အာ၏ အလုပ်သမားခေါ်ယူရေး လုပ်ငန်းမှာလည်း အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ အချို့သော အလုပ်သမားများကို လျိုချောင်တပ်ဖွဲ့မှ ငှားရမ်းခဲ့ပြီး ဤအလုပ်ကို သူမက လင်ကျန်း ပန်းထိုးစက်ရုံသို့ လွှဲပြောင်းပေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ ပန်းထိုးစက်ရုံတွင် ယာယီ အလုပ်သမားခေါ်ယူခြင်းဆိုင်ရာ အတွေ့အကြုံ အမြောက်အမြား ရှိခဲ့သည်ပင်။ အထူးသဖြင့် ကွမ်ကျိုး ကုန်စည်ပြပွဲ နီးကပ်လာတိုင်း ထုတ်လုပ်မှု တိုးမြှင့်ရန်အတွက် အလုပ်သမားများ ပိုမို ခေါ်ယူလေ့ ရှိကြသည်။

မြို့တော်တွင်တော့ လျိုယင်းရွှမ်း၊ ပိုင်ကျွင့်ဝမ်နှင့် ကျောက်ကျိန့်ဟွေးတို့အပြင် ရှန်မော့အာက လူတွေ့စစ်ဆေးသူများအဖြစ် ကူညီပေးရန် ကျောင်းဆရာ နှစ်ဦးနှင့် အတန်းဖော် နှစ်ဦးတို့ကိုပါ ခေါ်ဆောင်လာခဲ့သည်။ စီးပွားရေးဌာနမှ သူငယ်ချင်းများက စီမံခန့်ခွဲမှု ဝန်ထမ်းများကို ခေါ်ယူရန် အဓိက တာဝန်ယူပေးကြပြီး ရှန်မော့အာ၊ လျိုယင်းရွှမ်းနှင့် ပိုင်ကျွင့်ဝမ်တို့ကတော့ အမျိုးသမီး အလုပ်သမားများကို ခေါ်ယူရာတွင် အတွေ့အကြုံရှိသော လက်ဟောင်းကြီးများ ဖြစ်ကြသည်။

အလုပ်သမားခေါ်ယူရေး လုပ်ငန်း တစ်ဝက်ခန့် ရောက်ရှိချိန်တွင် သူတို့ထံသို့ နောက်ထပ် ကူညီပေးမည့်သူ နှစ်ဦး ထပ်မံ ရောက်ရှိလာခဲ့သည်။ ၎င်းတို့မှာ ကျိုးဝမ်ဟွာနှင့် ချန်ယွီ တို့ ဖြစ်ကြသည်။

ဟုတ်ပါသည်။ ... ကျိုးကျောက်တိသည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မဖြေဆိုမီကပင် သူမ၏နာမည်ကို ပြောင်းလဲခဲ့ပြီး ယခုအခါ သူမကို ကျိုးဝမ်ဟွာ ဟု ခေါ်ဆိုကြလေပြီ။

သူမ၏ ဘဝသည် သူမ၏ မောင်လေးကို ထောက်ပံ့ရန်အတွက် မဟုတ်ဘဲ၊ သူမ၏ ဘဝကို ကြိုးစား သင်ယူရင်း ဟွာကော် နိုင်ငံတော်ကြီး တိုးတက် ထွန်းကားလာစေရန်အတွက်သာ မြှုပ်နှံသွားရမည်။ ၎င်းမှာ သူမ၏ နာမည်အသစ်အပေါ် သူမ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ပင်။

ကျိုးဝမ်ဟွာ ဆိုသည်မှာ ကောင်းမွန်သော နာမည်တစ်ခု ဖြစ်သော်လည်း ရှန်မော့အာက ထိုနာမည်ကို ပထမဆုံးအကြိမ် ကြားလိုက်ရချိန်တွင် သူတို့ နှစ်ဦး၏ နာမည်ကို ယှဉ်ကြည့်ပါက ကျိုးဝမ်ဟွာက ကျောင်းဆရာနှင့် ပိုတူနေပြီး သူမ ကိုယ်တိုင်ကတော့ ကျောင်းသူနှင့် ပိုတူနေသည်ဟု ခံစားခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ကျိုးဝမ်ဟွာနှင့် ချန်ယွီတို့သည် အိမ်တွင် တက္ကသိုလ် ဝင်ခွင့် လက်ခံစာများကို ရရှိပြီးနောက် သူတို့၏ အထုတ်အပိုးများကို ပြင်ဆင်ကာ မြို့တော်သို့ အတူတကွ ထွက်ခွာလာခဲ့ကြသည်။

သူတို့နှစ်ဦးစလုံးမှာ မြို့တော် ပန်းချီ အနုပညာကျောင်းသို့ တက်ရောက်ခွင့် ရရှိခဲ့ကြ၏။

ထို့ကြောင့် သူတို့နှစ်ဦးမှာ အခမဲ့ လုပ်အားပေးသူများ ဖြစ်လာခဲ့ကြလေတော့သည်။

...

All Chapters