← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အပိုင်း (၁၄၅)

ဟွာချိုက် အထည်ချုပ်စက်ရုံ၏ တိုးတက်မှု အရှိန်အဟုန်မှာ ရှန်မော့အာမျှော်လင့်ထားသည်ထက် များစွာ လျင်မြန်ခဲ့သည်။

၁၉၇၈ ခုနှစ် ကုန်ဆုံးခါနီးတွင် နိုင်ငံတော်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား၍ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကို ကျင့်သုံးရန် တရားဝင် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်မှစ၍ မူဝါဒများမှာ နေရာအနှံ့တွင် လျော့ပါးသက်သာလာခဲ့ပြီး စက်ရုံမှာလည်း ယခင်ကထက် ပိုမိုထွန်းကားလာခဲ့သည်။

သူမသည် ဒုတိယနှစ်၊ ဒုတိယ ပညာသင်နှစ်သို့ ရောက်ရှိချိန်တွင် စက်ရုံ၏ အမှာစာများမှာ ပိုမိုများပြားလာခဲ့သည်။ ရှန်မော့အာ၏ နေ့စဉ် အလုပ်တာဝန်များမှာလည်း သိသိသာသာ တိုးပွားလာခဲ့သည်။ ထို့ကြောင့်ပင် သူမသည် အတန်းခေါင်းဆောင် တာဝန်မှ နှုတ်ထွက်ခဲ့ပြီး ကျောင်းဝင်းအတွင်း၌လည်း သူမကို မြင်တွေ့ရသည်မှာ ကျဲပါးသွားခဲ့သည်။

ထိုအချိန်တွင် ဌာနအတွင်းရှိ လူတိုင်းနီးပါးမှာ သူမသည် မြို့တော်၌ ရပ်ကွက် အခြေပြု လုပ်ငန်းတစ်ခုကို အခြေခံမှစ၍ တည်ထောင်ခဲ့ကြောင်း သိရှိနေကြပြီ ဖြစ်သည်။ ရပ်ကွက် အခြေပြုဟု ခေါ်ဆိုသော်ငြားလည်း စက်ရုံမှ ထွက်ရှိသမျှ ဒီဇိုင်းတိုင်းမှာ အလွန်ရောင်းကောင်းလှသည်။ စက်ရုံ၏ အရွယ်အစားမှာ နိုင်ငံတော်ပိုင် အထည်ချုပ်စက်ရုံကြီးများနှင့် မယှဉ်နိုင်သော်လည်း လုပ်ငန်း စွမ်းဆောင်ရည်ကတော့ ၎င်းတို့ကို များစွာ ကျော်လွန်နေခဲ့သည်။

သတင်းများအရ စက်ရုံသည် အလုပ်သမားများကို နိုင်ငံတော်ပိုင် စက်ရုံများကဲ့သို့ပင် လစာပေးရုံသာမက ခံစားခွင့်များမှာလည်း ပိုကောင်းမွန်သည်ဟု သိရသည်။ အလုပ်သမားများသည် အားလပ်ရက် ဆုကြေးငွေများနှင့် လက်ဆောင်များကိုလည်း ရရှိကြသည်။

နိုင်ငံတော်ပိုင် စက်ရုံများနှင့် နှိုင်းယှဉ်လျှင် အားနည်းချက်ဟူ၍ စက်ရုံပိုင် ဝန်ထမ်းအိမ်ရာ မရှိခြင်း တစ်ခုသာ ရှိသည်။

သို့သော်လည်း စက်ရုံသည် ဝန်ထမ်းများ နေထိုင်ရန်အတွက် ခြံဝင်း အချို့ကို အဆောင်အဖြစ် ငှားရမ်းပေးထားသည်။ အဆောင်တွင် နေထိုင်သူများသည် အိမ်ရာထောက်ပံ့ကြေး၏ ထက်ဝက်ကို ရရှိကြပြီး အဆောင်တွင် မနေသူများသည် ထောက်ပံ့ကြေး အပြည့်အဝကို ရရှိကြသည်။

တွက်ကြည့်လျှင် သူတို့၏ လစာငွေ ၃ ပုံ ၁ ပုံ နီးပါးပင်။ မြို့တော်တွင် ကိုယ်ပိုင်အိမ် ရှိပြီးသား ဒေသခံများအတွက်တော့ ၎င်းမှာ လစဉ် လစာ၏ ၃ ပုံ ၁ ပုံကို အပိုရရှိနေခြင်းပင်။

သည်လို တွက်ချက်ကြည့်လျှင် လစာငွေမှာ နိုင်ငံတော်ပိုင် စက်ရုံများထက် များစွာ ပိုမိုမြင့်မားနေပေလိမ့်မည်။

အခြားသော ကျောင်းသားများသည် အတွေ့အကြုံ ရရှိရန်အတွက် ကျောင်းတွင်း လုပ်ငန်းများတွင် အချိန်ပိုင်း အလုပ်များ လုပ်ကိုင်နေကြဆဲ ဖြစ်သော်လည်း ရှန်မော့အာကတော့ ကောင်းမွန်သော နာမည်ဂုဏ်သတင်းနှင့် တိုးတက်မှု အလားအလာရှိသော ကုမ္ပဏီတစ်ခုကို ဦးဆောင်နေလေပြီ။

သူမသည် ပထမ ပညာသင်နှစ် အဆုံးတွင် တစ်အတန်းလုံး၌ ပထမ ရရှိခဲ့ပြီး ပထမတန်းစား ပညာသင်ဆုနှင့် အထူးဂုဏ်ပြုချီးမြှောက်မှုများကို ရရှိခဲ့စဉ်က လူအများက သူမကို ကံကောင်းသည်ဟုသာ ထင်မှတ်ခဲ့ကြသည်။

ရထားပေါ်တွင် လူတစ်ဦးကို ကယ်တင်နိုင်ခဲ့ခြင်း၊ သူမ၏အဖေမှာ ပန်းချီဆွဲတတ်ခြင်းနှင့် သူမသည် လျှပ်စစ်ပန်ကာများကို အလှဆင်ရန် စိတ်ကူး ရရှိခဲ့ခြင်းတို့မှာ တိုက်ဆိုင်မှုနှင့် ကံကောင်းမှုများဟုသာ သူတို့ ထင်ခဲ့ကြသည်။

သို့သော် ဟွာချိုက် အထည်ချုပ်စက်ရုံမှာ မြို့တော်တွင် ကျော်ကြားလာသည်နှင့်အမျှ ကြီးမားလှသော ကွာခြားချက်များကြောင့် မနာလို ဝန်တိုမှုများမှာလည်း အစအနပင် မရှိတော့ပေ။

ကွာခြားချက်မှာ အလွန်ကြီးမားလွန်းလှသဖြင့် မနာလို ဖြစ်ရန်ပင် နေရာ မရှိတော့ပေ။

နှစ်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မကြာမီမှာပင် ၁၉၈၀ခုနှစ်၏ ဆောင်းဦးရာသီသို့ ရောက်ရှိလာခဲ့သည်။

"မေမေ၊ သမီး ကျောင်းမသွားချင်ဘူး”

အသက် ၃ နှစ်ကျော်အရွယ် လျန်လျန်လေးသည် သူမ၏အမေကိုယ်တိုင် ချုပ်လုပ်ပေးထားသော လွယ်အိတ်လေးကို ဆွဲကာ ခေါင်းမာစွာဖြင့် ငြင်းဆန်နေ၏။ သူမ၏ဖောင်းအိနေသော ပါးလေးများမှာ မသွားချင်ကြောင်း ဖော်ပြနေပြီး နှုတ်ခမ်းလေးမှာလည်း စူထွက်နေသည်။

ရှန်မော့အာက သူမကို ငုံ့ကြည့်လိုက်ပြီး "ကျောင်းသွားတာက ကလေးတိုင်း လုပ်ရမယ့် အလုပ်ပဲလေ၊ ထမင်းစားတာတို့ အိပ်တာတို့လိုမျိုးပေါ့။ မသွားချင်ရုံနဲ့ မသွားဘဲ နေလို့ မရဘူး"

လျန်လျန်လေးက ကြေညာလိုက်သည်။ "ဒါဆို ဒီနေ့ကစပြီး သမီး ထမင်းလည်း မစားတော့ဘူး၊ အိပ်လည်း မအိပ်တော့ဘူး"

ရှန်မော့အာမှာ ရယ်ချင်စိတ်ကို အောင့်ထားရင်း " ကိုယ့်ဟာကို နတ်သိကြားများ မှတ်နေလား။ ထမင်းမစား၊ အိပ်မပျော်ဘဲ နေမလို့လား။ အဲဒီလို လုပ်ရင် သမီး ကြွက်ကလေးလို သေသွားလိမ့်မယ်"

လွန်ခဲ့သော ရက်အနည်းငယ်က ခြံဝင်းထဲတွင် ကြွက်တစ်ကောင် ပေါ်လာခဲ့သည်။ ဖုမင်ဇယ်က ကြွက်သတ်ဆေး တစ်ထုတ် ရှာဖွေနိုင်ခဲ့ပြီး နောက်တစ်နေ့တွင် ထိုကြွက်မှာ နံရံဘေး၌ သေဆုံးနေခဲ့သည်။ အစပိုင်းတွင် ဘယ်သူမှ သတိမပြုမိသော်လည်း လျန်လျန်လေးက သူမ၏အဘိုး လုပ်ပေးထားသော ဝါးမြင်းလေးကို စီးရင်း ခြံထဲတွင် ဆော့ကစားရာမှ တွေ့ရှိသွားခဲ့သည်။

ကလေးမလေးမှာ သဘာဝအတိုင်းပင် သတ္တိရှိလှသည်။ သူမသည် မကြောက်သည့်အပြင် အဲဒီကြွက် ဘာဖြစ်သွားတာလဲဟု သူမ၏အဖေကို မေးခွန်းများ တတွတ်တွတ် မေးမြန်းခဲ့သည်။ ပညာတတ်လူငယ်ဖုသည် ပုံမှန်အားဖြင့် အေးစက်သော အသွင်ရှိပြီး သမီးဖြစ်သူကို ရံဖန်ရံခါ စနောက်ပြီး မှတ်ချက်ပေးတတ်သော်လည်း သမီးနှင့် ပတ်သက်လာလျှင်မူ အလိုလိုက်တတ်သူ ဖြစ်သည်။

သူသည် သမီး၏ စူးစမ်းလိုစိတ်ကို အပြစ်မမြင်ဘဲ ကြွက်သတ်ဆေးနှင့် သေခြင်းတရား အကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်။ ဆေးထဲတွင် ပါဝင်သော ပစ္စည်းများကိုပါ အသေးစိတ် ပြောပြခဲ့သေးသည်။ ယခုအခါ ထိုကလေးငယ်မှာ "သေသည်" ဆိုသော အဓိပ္ပာယ်ကို နားလည်နေပြီ ဖြစ်သည်။ သို့သော် ရှန်မော့အာက ထမင်းမစား၊ အိပ်မပျော်လျှင် ကြွက်လိုပဲ သေသွားလိမ့်မည်ဟု ပြောသောအခါ သူမတွင် အဖြေ ရှိနေခဲ့သည်။

"ကြွက်က ဆေးစားလို့ သေတာပါ၊ ထမင်းမစားလို့၊ အိပ်မပျော်လို့ သေတာ မဟုတ်ဘူး”

ရှန်မော့အာမှာ ဆွံ့အသွားရတော့သည်။

သူမသည် စက်ဘီး၏ ရှေ့ဘားတန်းပေါ်ရှိ ကလေးထိုင်ခုံကို ပြင်ဆင်နေသော ဖုမင်ဇယ်ကို တစ်ချက် စောင်းကြည့်လိုက်ပြီး "ရှင့်သမီးကို ရှင်ပဲ လာရှင်းတော့"

လျန်လျန်လေးက ခြေဆောင့်ကာ ထပ်ပြောလေသည်။ "ပညာတတ်လူငယ်ဖု၊ သမီး ကျောင်းမသွားချင်ဘူး"

ဖုမင်ဇယ်က လှည့်ကြည့်လိုက်ရာ ချည်သားဆွယ်တာအပါးစားနှင့် ဂါဝန်ကို ဆင်တူ ဝတ်ဆင်ထားသော သားအမိ နှစ်ယောက်ကို တွေ့လိုက်ရသည်။ တစ်ပုံစံတည်း တူညီသော မျက်ဝန်းများမှာ သူ့ထံ စိုက်ကြည့်နေကြပြီး သူ့ကို ဖြေရှင်းပေးရန် မျှော်လင့်နေကြသည်။

သူသည် မရယ်ဘဲ မနေနိုင်တော့ချေ။ သမီးကို ပွေ့ချီကာ စက်ဘီးရှေ့မှ ကလေးထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။ ရှုပ်ပွနေသော သမီး၏ ဆံနွယ်များကို သာသာလေး သပ်ပေးရင်း ပြောလိုက်သည်။ "သမီးမေမေ ပြောတာ မှန်တယ်၊ လူတိုင်း ကျောင်းသွားရမှာပဲ။ မသွားချင်ရုံနဲ့ မသွားဘဲ နေလို့ မရဘူး။ ပြီးတော့ သမီး မူကြိုမှာ သူငယ်ချင်းကောင်းတွေ ရနေပြီ မဟုတ်လား။ သူတို့ကို မတွေ့ချင်ဘူးလား"

လျန်လျန်လေးက စိတ်ကောက်ကာ ညည်းတွားလိုက်သည်။ "ဒါပေမဲ့ သမီးက ဘိုးဘိုးကို တွေ့ချင်တာ”

ထိုအခါမှ ရှန်မော့အာသည် သမီးလေး ကျောင်းသွားရန် ဂျီကျနေရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ သူမသည် သူမ၏အဘိုးကို လွမ်းဆနေခြင်းပင်။

မြို့တော်သို့ မလာခင်က ရှန်ရှောက်ယွမ်သည် ငွေကြေး အချို့ ရရှိရန်အတွက် စာတည်း သို့မဟုတ် အလားတူ အလုပ်တစ်ခုခုကို ရှာဖွေရန် စီစဉ်ထားခဲ့သည်။ သို့သော် အစီအစဉ်များ ပြောင်းလဲသွားခဲ့သည်။ မြို့တော်သို့ ရောက်သောအခါ သမီးဖြစ်သူနှင့် သားမက်မှာ စာသင်ကြားမှုများဖြင့် အလွန် အလုပ်များနေသဖြင့် ကလေးကို ကြည့်ရှုရန် အချိန်မရှိသည်ကို သူ သိမြင်ခဲ့သည်။

စာအုပ်တိုက်မှ ရုပ်ပြစာအုပ်များ ထုတ်ဝေရန် ပြင်ဆင်နေချိန်တွင် ရှန်ရှောက်ယွမ်သည် အပြင်အလုပ် မရှာတော့ဘဲ အိမ်တွင်နေကာ ပန်းချီဆွဲရင်း မြေးမလေးကို ကြည့်ရှုရန် ဆုံးဖြတ်ခဲ့သည်။ ဤသို့ဖြင့် ၃ နှစ်တာ ကုန်ဆုံးသွားခဲ့ပြီး ထိုကလေးငယ်မှာ မိဘများနှင့်ထက် အဘိုးဖြစ်သူနှင့်သာ အချိန်ပိုကုန်ဆုံးခဲ့ရသည်။

ယခု ဆောင်းဦးတွင် သူမသည် မူကြိုတက်ရန် အသက်ပြည့်သွားခဲ့ပြီ။ မိဘများက သူမကို ကျောင်းကြို၊ ကျောင်းပို့ လုပ်ရန် အချိန်ညှိနိုင်ခဲ့ကြပြီး လိုအပ်ပါက ဘိုးဘိုးဘွားဘွားများကလည်း ကူညီနိုင်ကြသည်။ ထို့ကြောင့် ရှန်ရှောက်ယွမ်သည် ကျိုးဖျင်အန်းနှင့်အတူ စာအုပ်တိုက်မှ စီစဉ်သော လေ့လာရေး ခရီးစဉ်တစ်ခု ထွက်သွားခဲ့သည်။

သူ ထွက်သွားသည်မှာ လဝက်ခန့် ရှိပြီ ဖြစ်သည်။ နောက်ဆုံး ဖုန်းဆက်ခဲ့စဉ်က သူတို့မှာ ဟဲရှီးပြည်နယ်ရှိ မြို့နယ်တစ်ခုတွင် ရှေးဟောင်း အဆောက်အဦးများကို မှတ်တမ်းတင်နေကြသည်ဟု သိရသည်။ အစပိုင်းတွင် ထိုကလေးမလေးမှာ ဘိုးဘိုး ဘယ်မှာလဲဟု နေ့စဉ် မေးမြန်းလေ့ ရှိသည်။ ဖုန်းဆက်ပြီးနောက်တွင်တော့ သူမက မမေးတော့သဖြင့် ရှန်မော့အာက သူမ၏အဘိုး မရှိခြင်းကို လက်ခံလိုက်ပြီဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်ကတော့ သူမက အဘိုးကို သွားရောက် ရှာဖွေချင်နေခြင်း ဖြစ်သည်။

ရှန်မော့အာက သမီး၏ ခေါင်းကို ပွတ်သပ်ပေးရင်း နူးညံ့စွာ ပြောလိုက်သည်။ "ဘိုးဘိုးက အရမ်း ဝေးတဲ့ နေရာကို သွားနေတာ သမီးရဲ့၊ သမီးတို့ အဲဒီကို သွားလို့ မရဘူး"

ကလေးမလေးက သူမ၏အဖေကို လှည့်ကြည့်လိုက်သည်။ ဖုမင်ဇယ်ကလည်း နူးညံ့သော အကြည့်ဖြင့် ပြောလိုက်သည်။ "မေမေ ပြောတာ မှန်တယ်၊ ဘိုးဘိုးရှိတဲ့ နေရာက သမီး သွားဖို့ အရမ်း ဝေးလွန်းသေးတယ်။ သမီး ကြီးလာမှ သွားလို့ ရမယ်။ ဒါပေမဲ့ သမီး ကျောင်းမှာ လိမ္မာရင် ဒီနေ့ ညကျရင် ဘိုးဘိုးဆီ ဖုန်းဆက်ခိုင်းမယ်"

လျန်လျန်လေးက နှုတ်ခမ်းစူလိုက်ပြီး နောက်ဆုံးတွင်တော့ သဘောတူလိုက်သည်။ "ဟုတ်ကဲ့"

မိုင်ပေါင်းများစွာ ဝေးကွာသော နေရာ၊ ဟဲရှီး၏ နေရောင်အောက်၌ ရှေးဟောင်း နေရာများကို လေ့လာနေသော ရှန်ရှောက်ယွမ်မှာ နှစ်ခါလောက် နှာချေလိုက်မိသည်။ တစ်စုံတစ်ဦးက သူ အအေးမိသွားသလားဟု မေးသောအခါ သူက ပြုံးလိုက်ပြီး "ကျွန်တော့် မြေးမလေးက ကျွန်တော့်ကို လွမ်းနေတာ ဖြစ်လိမ့်မယ်”

ရှန်ရှောက်ယွမ်သည် ရှေ့က စေတီဟောင်းကို လေ့လာနေသော်လည်း သူ့စိတ်ကတော့ အိမ်သို့ ပြန်ချင်နေပြီ ဖြစ်သည်ကို သူတို့ မသိကြချေ။ မြေးမလေးကို ၃နှစ်ကျော်တိုင်တိုင် ပြုစုပျိုးထောင်ပေးခဲ့ပြီးနောက် ဤခရီးမှာ သူနှင့် မြေးမလေး အကြာဆုံး ခွဲခွာရခြင်းပင်။ သူသည် သူမကို လွမ်းဆွတ်နေမိသည်။

တစ်ဖက်တွင်မူတော့ သမီးကို မူကြိုသို့ ပို့ဆောင်ပြီးနောက် ရှန်မော့အာနှင့် ဖုမင်ဇယ်တို့မှာ ကျောင်းဝင်းဆီသို့ စက်ဘီးအတူ စီးလာခဲ့ကြသည်။ ရှန်မော့အာတွင် မနက်ပိုင်း အတန်း နှစ်တန်း ရှိပြီး ဖုမင်ဇယ်ကတော့ အတန်း မရှိသော်လည်း ပုံမှန်အားဖြင့် သူ့အားလပ်ချိန်များကို ပါမောက္ခ၏ ဓာတ်ခွဲခန်းတွင် ကူညီပေးရင်း ကုန်ဆုံးလေ့ ရှိသည်။

သင်ကြားမှုများ ပြီးဆုံးပြီးနောက် ရှန်မော့အာသည် ယွမ်လန်နှင့်အတူ ထမင်းစားဆောင်သို့ လျှောက်လာခဲ့သည်။ လမ်းလျှောက်နေရင်း ယွမ်လန် က ဤသို့ ပြောပြလာသည်။

"ဒါနဲ့၊ နောက်လကျရင် ပြည်ပရောက် တရုတ်လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ လာကြည့်ကြမလို့တဲ့။ ဌာနက ကူညီပေးမယ့်သူ နေရာတချို့ ရထားတယ်၊ နိုင်ငံခြားဘာသာစကား ကျောင်းသားတွေနဲ့ တွဲပြီး ပြည်ပရောက် စီးပွားရေးသမားတွေကို ဝန်ဆောင်မှု ပေးရမှာ။ ရှင် စာရင်းပေးချင်လား"

အတန်းခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ပြီးနောက် ယွမ်လန်သည် နိုင်ငံရေးဘောဂဗေဒ တန်းခွဲ(၁)၏ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ရှန်မော့အာက ခဏ စဉ်းစားလိုက်ပြီး "ကျွန်မတော့ မပါတော့ပါဘူး။ ဒါက ရှားပါးတဲ့ အခွင့်အရေးဆိုတော့ တခြားသူတွေကိုပဲ အတွေ့အကြုံ ယူခိုင်းလိုက်ပါ"

သူမတွင် နိုင်ငံခြားသားများနှင့် ပြည်ပရောက် တရုတ်ရင်းနှီးမြှုပ်နှံသူများကို တွေ့ဆုံရန် အခွင့်အရေး များစွာရှိသည်။ ဟွာချိုက် အထည်ချုပ်စက်ရုံမှာ ကွမ်ကျိုး ကုန်စည်ပြပွဲသို့ တက်ရောက်ခွင့် မရသေးသော်လည်း သူမသာ သွားချင်ပါက တခြားကုမ္ပဏီများနှင့်အတူ သွားရောက်နိုင်သည့် အခွင့်အရေးများ ရှိနေသည်။

ယွမ်လန် က ခေါင်းညိတ်ပြလိုက်သည်။ "အဲဒါလည်း ဟုတ်တာပဲ”

သူမသည် ရှန်မော့အာပါဝင်လိမ့်မည် မဟုတ်ကြောင်း ခန့်မှန်းထားသော်လည်း ပြောပြရန် တာဝန်ရှိသည်ဟု ခံစားရသဖြင့် ပြောပြခြင်း ဖြစ်သည်။

သူတို့ မသိလိုက်သည်မှာ ထိုအချိန်တွင် ဌာနအတွင်း၌လည်း ဤကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေး ကျင်းပနေခြင်းပင်။ ဆွေးနွေးပြီးနောက် သူတို့သည် နေရာ ၁၀နေရာ သတ်မှတ်လိုက်ကြရာ ၆နေရာကို ပွင့်လင်းမြင်သာစွာ ရွေးချယ်မည် ဖြစ်ပြီး ၄နေရာကိုတော့ ဌာနမှ တိုက်ရိုက် ခန့်အပ်မည် ဖြစ်သည်။

ပြည်ပရောက် တရုတ်စီးပွားရေးသမားများကို ဝန်ဆောင်မှု ပေးရမည့် အလုပ်ဖြစ်သဖြင့် သူတို့၏ အကောင်းဆုံးပုံရိပ်ကို ပြသရန် လိုအပ်သည်။ အနည်းဆုံးတော့ အတော်ဆုံး ကျောင်းသားများ ပါဝင်ရမည် ဖြစ်ပြီး ဟွာကော်၏ ခေတ်သစ် တက္ကသိုလ်ကျောင်းသားများ၏ အရည်အချင်းကို ပြသရပေလိမ့်မည်။

"၇၇ခုနှစ် နိုင်ငံရေးဘောဂဗေဒ အတန်းက ရှန်မော့အာကို လွှတ်လိုက်ပါ။ သူက အဲဒီ အထည်ချုပ်စက်ရုံကို ဦးဆောင်နေတာ မဟုတ်လား။ ပြည်ပရောက် စီးပွားရေးသမားတွေက သူ့စက်ရုံမှာ ရင်းနှီးမြှုပ်နှံချင်ရင်လည်း ရတာပေါ့" ဆံပင်ဖြူဖြူနှင့် နောက်ပြောင်တတ်သော ဌာနမှူးက ရွှင်လန်းစွာဖြင့် အကြံပြုလိုက်တော့သည်။

...

အပိုင်း (၁၄၆)

ရှန်ရှောက်ယွမ်သည် ဟဲရှီးပြည်နယ်မှ ဒေသထွက်ကုန်များကို အိတ်ကြီးတစ်လုံးဖြင့် သယ်ဆောင်ကာ မြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုအခါ လျန်လျန်av;ကတော့ အလွန်တရာ ဝမ်းသာပျော်ရွှင်သွားခဲ့လေ၏။ ကလေးမလေးသည် သူမ အဘိုး၏ ပေါင်ပေါ်တွင် ကွေးကွေးလေး ထိုင်နေသည်။ ထို့နောက် သူမ၏ မူလအစီအစဉ်ကို စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ပြောပြနေလေသည်။

"သမီးနဲ့ ရှောင်လဲ့က မူကြိုကျောင်းပိတ်ရင် အဘိုးဆီကို အတူတူသွားရှာမယ်လို့ ကတိပေးထားတာ။ ရှောင်လဲ့ရဲ့ ဦးလေးက ဟဲရှီးမှာ ရှိတယ်လေ"

ရှန်ရှောက်ယွမ်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။

"အဘိုး အိမ်ပြန်ရောက်လာတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ငါတို့ လျန်လျန်လေး လမ်းပျောက်တော့မှာပဲ။ ဟဲရှီးက အရမ်းဝေးတာ၊ သမီးတို့ ကလေးပေါက်စနှစ်ယောက် ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ဘူး"

ကလေးမလေးက သူမ၏ တောက်ပနေသော မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်သည်။

"ရှောင်လဲ့ အိမ်မှာ ကားရှိတယ်လေ။ သူက သမီးတို့ကို အဲဒီအထိ ကားမောင်းပို့ပေးနိုင်တယ်လို့ ပြောတယ်"

ကျိုးဖျင်အန်းမှာ အံ့အားသင့်သွားခဲ့၏။ "သမီး အတန်းဖော်အိမ်မှာ ကားရှိတယ် ဟုတ်လား"

ရှန်ရှောက်ယွမ်က လက်ကို ဝှေ့ယမ်းပြလိုက်သည်။ "ဒီရှောင်လဲ့ကို ငါ သိပါတယ်။ သူ့အဖေက မြို့တော် အမှတ်(၁) စက်ကိရိယာစက်ရုံကို အုပ်ချုပ်နေတာလေ။ ကားက စက်ရုံပိုင်ကားပါ။ သူက အိမ်မှာ အငယ်ဆုံးဆိုတော့ အတော်လေး အလိုလိုက်ခံရတာ၊ အဲဒီကားကို အကြိမ်နည်းနည်းလောက် စီးဖူးတာ နေမှာပါ"

ခဏ စဉ်းစားပြီးနောက် ရှန်ရှောက်ယွမ်က ထပ်မံပြောဆိုလိုက်၏။

"သာမန်ပြည်သူတွေကို ကားဝယ်ခွင့်ပြုတဲ့ အချိန်ကျရင် ငါတို့လည်း တစ်စီးဝယ်ကြမယ်။ စက်ရုံကားထက် ပိုကောင်းတာကို ဝယ်မယ်"

လျန်လျန်က ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြလိုက်သည်။

"ကားဝယ်မယ်"

ကျိုးဖျင်အန်း : "..."

တစ်ယောက်က စကားကြီးစကားကျယ်တွေ ပြောနေပြီး အခြားတစ်ယောက်ကလည်း ယုံကြည်နေလေသည်။

သူတို့ ပြောနေသည့်အရာက ကားတစ်စီးအကြောင်း ဖြစ်သည်။ ကားတစ်စီးလျှင် ယွမ်သောင်းနှင့်ချီ၍ တန်ဖိုးရှိပေသည်။

သူ၏ ဆရာဖြစ်သူက ရုပ်ပြစာအုပ်များ ရေးဆွဲခြင်းမှ စာမူခ ကောင်းကောင်း ရရှိခဲ့သည်မှာ မှန်ပါသည်။ ပန်းချီဆရာအများစုမှာ တစ်ကွက်လျှင် ၁၀ ယွမ်သာ ရရှိကြသော်လည်း သူကတော့ ၁၅ ယွမ် ရရှိလေသည်။ သို့သော် စာအုပ်တစ်အုပ်တွင် ပုံကွက်ပေါင်း ၁၀၀ ခန့်သာ ပါဝင်သည်။ ထို့ကြောင့် စာအုပ်တစ်အုပ်အတွက် စုစုပေါင်းရငွေမှာ ယွမ် ၂၀၀၀ ပင် မပြည့်ချေ။

သူ၏ ဆရာသည် စာအုပ် ၃ အုပ်ကို ပြီးစီးခဲ့ပြီး စုစုပေါင်း ယွမ် ၆၀၀၀ နီးပါး ရရှိခဲ့သည်။ ထိုအထဲမှ ယွမ် ၁၀၀၀ ကိုပင် ကျိုးဖျင်အန်းကို ပေးခဲ့သေး၏။ ထို့ကြောင့် ရှန်ရှောက်ယွမ်တွင် စာမူခ ယွမ် ၅၀၀၀ ခန့်သာ ကျန်ရှိလိမ့်မည်။ ယခင်အလုပ်မှ စုဆောင်းထားသော ငွေများကို ပေါင်းထည့်လျှင်ပင် သူ၏ စုဆောင်းငွေမှာ ယွမ် ၇၀၀၀ သို့မဟုတ် ၈၀၀၀ ခန့်သာ ရှိနိုင်ပေသည်။

ရှန်မော့အာနှင့် ဖုမင်ဇယ်တို့က ငွေကြေးထောက်ပံ့ပေးမည် ဆိုခြင်းမှာလည်း မဖြစ်နိုင်ပေ။ သူတို့နှစ်ဦးစလုံးမှာ ကျောင်းသားများသာ ဖြစ်ကြဆဲဖြစ်သည်။ သူတို့၏ လစဉ်ထောက်ပံ့ကြေးများမှာလည်း နေ့စဉ်စားဝတ်နေရေးအတွက်ပင် အနိုင်နိုင် လည်ပတ်နေရလေသည်။

ထို့ပြင် ရှန်မော့အာသည် ဟွာချိုက်အထည်ချုပ်စက်ရုံထဲသို့ ငွေကြေးအမြောက်အမြား မြှုပ်နှံထားပုံရသည်။

အဆိုပါစက်ရုံသည် အမည်ခံအားဖြင့် တပ်ဖွဲ့၏ လုပ်ငန်းတစ်ခုဖြစ်နေဆဲပင်။ သို့သော် လက်တွေ့တွင်တော့ တပ်ဖွဲ့က ကနဦး ရန်ပုံငွေ အနည်းငယ်ကိုသာ ထောက်ပံ့ပေးခဲ့သည်။ လိုအပ်နေသော ငွေကြေးများကို ရှန်မော့အာက သူမကိုယ်တိုင် စိုက်ထုတ်ပြီး ဖြည့်ခဲ့ရ၏။

သတင်းများအရ ၇ လပိုင်းက အတွင်းမွန်ဂိုးလီးယားတွင် ကျင်းပခဲ့သော စီးပွားရေးမူဝါဒများ ဆွေးနွေးသည့် ညီလာခံတစ်ခု၌ အဆိုပြုချက်အချို့ ထွက်ပေါ်လာခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လှအစည်းအဝေးအတွင်း အတွင်းမွန်ဂိုလီးယာ စီးပွားရေး မူဝါဒများကို ဆွေးနွေးရာတွင် အဆိုပြုချက်များမှာ "မတူကွဲပြားတဲ့ ပိုင်ဆိုင်မှုပုံစံတွေနဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ယှဉ်တွဲတည်ရှိခွင့်ပြုမယ်၊ ယှဉ်ပြိုင်မှုကို ကာကွယ်ပေးပြီး အပြန်အလှန် ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးမယ်" ဟူ၍လည်းကောင်း၊ "အစိုးရဖြစ်စေ၊ သမဝါယမဖြစ်စေ၊ သာမန်ပြည်သူတွေပဲဖြစ်စေ အလုပ်ကို အကောင်းဆုံး လုပ်နိုင်တဲ့သူကို လုပ်ခွင့်ပေးမယ်"ဟူ၍။

ထမင်းစားချိန်များတွင် ရှန်ရှောက်ယွမ်၊ ရှန်မော့အာနှင့် ဖုမင်ဇယ်တို့၏ ဆွေးနွေးပြောဆိုမှုများကို တစ်ခါတစ်ရံ ကြားသိရသဖြင့် ပုဂ္ဂလိကလုပ်ငန်းများကို မကြာမီ ခွင့်ပြုတော့မည်ဟု သူတို့ ခန့်မှန်းနေကြကြောင်း ကျိုးဖျင်အန်း သိရှိထားသည်။ သို့သော် လောလောဆယ်တွင်တော့ ၎င်းကို ခွင့်မပြုသေးချေ။

ဟွာချိုက်အထည်ချုပ်စက်ရုံ၏ နှစ်စဉ်အမြတ်အစွန်း အများစုမှာ စက်ရုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များမှလွဲ၍ လျိုချောင်တပ်ဖွဲ့ထံသို့ ပေးသွင်းနေရဆဲ ဖြစ်သည်။

ဪ။ ထို့နောက် ၅ လပိုင်းက သတင်းတစ်ခုလည်း ရှိသေးသည်။ စီချွမ်ပြည်နယ်ရှိ ရှန်းယန်ဟုခေါ်သော အဖွဲ့တစ်ခုသည် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူ့တပ်ဖွဲ့စနစ်ကို ဖျက်သိမ်းကာ မြို့နယ်ပါတီကော်မတီများနှင့် အစိုးရများကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ မကြာမီအချိန်အတွင်း လျိုချောင်တပ်ဖွဲ့သည်လည်း သာမန် လျိုချောင်မြို့နယ်လေးအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် ရှန်မော့အာသည် အကျိုးအမြတ်ရရှိနေသော အထည်ချုပ်စက်ရုံတစ်ခုကို စီမံခန့်ခွဲနေသော်လည်း သူမကိုယ်တိုင်မှာ ထိုစက်ရုံမှ ငွေကြေးများများစားစား မရရှိခဲ့ချေ။ အမှန်တကယ်တွင် သူမ၏ ကိုယ်ပိုင်ငွေများကိုပင် အများအပြား ရင်းနှီးမြှုပ်နှံထားပုံရသည်။

ထို့ကြောင့် ပုဂ္ဂလိက ကားပိုင်ဆိုင်ခွင့်ကို တရားဝင် ခွင့်ပြုခဲ့လျှင်တောင်မှ သူ၏ ဆရာဖြစ်သူတွင် ကားဝယ်ရန် ရန်ပုံငွေ ရှိလိမ့်မည်မဟုတ်ဟု ကျိုးဖျင်အန်းက တွက်ဆထားခဲ့သည်။

သူက ဘာပြောပြော ယုံတတ်သည့် အသက် ၃ နှစ်အရွယ် လျန်လျန်လေးကို အလိုလိုက်ကာ ချော့မြူနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျိုးဖျင်အန်း မသိခဲ့သောအရာမှာ ရှန်ရှောက်ယွမ်သည် နောက်ပြောင်နေခြင်း မဟုတ်သည်ကိုပင်။ လျိုယင်းရွှမ်း၏ စကားသံအချို့မှတစ်ဆင့် အနာဂတ်တွင် ပုဂ္ဂလိက ကားပိုင်ဆိုင်ခွင့်မှာ သာမန်ကိစ္စတစ်ခု ဖြစ်လာနိုင်ခြေရှိကြောင်း ရှန်မော့အာက ကောက်ချက်ချခဲ့သည်။ ရှန်ရှောက်ယွမ်ကလည်း သူ၏ မြေးမလေးသည် ထိုကဲ့သို့သော "ကားစီးခွင့်" မျိုးကို အမြန်ဆုံး ရထိုက်သည်ဟု အကြွင်းမဲ့ ယုံကြည်ထားလေသည်။

မည်သို့ဆိုစေ သူတို့အတွက် ငွေကြေးက အလွန်အမင်း ကျပ်တည်းနေသည်မှ မဟုတ်ဘဲလေ။

ထိုနေ့ ညနေခင်းတွင် တစ်မိသားစုလုံးနှင့် ကျိုးဖျင်အန်းတို့သည် ဆူဆူညံညံ ပျော်ရွှင်စွာဖြင့် မိသားစု ညစာကို အတူတူ သုံးဆောင်ခဲ့ကြသည်။

နောက်တစ်နေ့တွင် ရှန်မော့အာ ကျောင်းသို့ ရောက်ရှိချိန်၌ သူမ စာရင်းမသွင်းခဲ့သော်လည်း ဌာနက သူမကို နိုင်ငံရပ်ခြားရောက် တရုတ်စီးပွားရေးလုပ်ငန်းရှင်များအား ကူညီပေးရန် တာဝန်ချထားကြောင်း သိလိုက်ရသည်။ သို့သော် သူမသည် သူမတို့ အတန်းထဲမှ နေရာတစ်ခုကိုတော့ မယူခဲ့ပေ။ အင်္ဂလိပ်စကားကို အလွန်ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီး အလွန်လှပချောမောသည့် လင်ယီချင်းသည်သာ နောက်ဆုံးတွင် ရွေးချယ်ခံခဲ့ရသည်။

ဖုန်းမန်နီနှင့် ကွမ်းချန်ချန်တို့လည်း လျှောက်လွှာတင်ခဲ့ကြသော်လည်း ရွေးချယ်မခံခဲ့ရကြောင်း ယွမ်လန်က သူမကို တိတ်တဆိတ် ပြောပြခဲ့သည်။ ကွမ်းချန်ချန်ကတော့ ပျော်ပျော်ရွှင်ရွှင်ပင် ရှိနေပြီး လင်ယီချင်းနှင့်လည်း ခွဲမရအောင် ရင်းနှီးနေဆဲဖြစ်သည်။ သို့သော် ဖုန်းမန်နီကတော့ ရက်အတော်ကြာ စိတ်ကောက်နေပြီး လင်ယီချင်းနှင့် စကားမပြောဘဲ နေလေသည်။

လင်ယီချင်းသည် ချမ်းသာသည့် မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ပညာရေးတွင်လည်း ထူးချွန်ကာ မြို့တော်မှ ဒေသခံတစ်ဦးလည်း ဖြစ်သည်။ အကယ်၍ ရှန်မော့အာသာ မရှိခဲ့ပါက သူမသည် အတန်းထဲတွင် သေချာပေါက် အတောက်ပဆုံးသော မိန်းကလေးတစ်ဦး ဖြစ်နေမည်မှာ အသေအချာပင်။

ဖုန်းမန်နီသည်လည်း မဆိုးလှပေ။ သူမသည် ရှန်ဟိုင်းမြို့မှ ဖြစ်ပြီး တင့်တောင်းတင့်တယ်ရှိသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ တစ်ခုတည်းသော ပြဿနာမှာ သူမ၏ မိသားစုက သမီးမိန်းကလေးများထက် သားယောက်ျားလေးများကို ပိုဦးစားပေးခြင်းပင်။ ထိုအချိန်က သူမ ဖခင်၏ အလုပ်အကိုင် တိုးတက်စေရန်အတွက် မိသားစုအနေဖြင့် ကလေးတစ်ယောက်ကို ကျေးလက်ဒေသသို့ ပညာရေးပြုပြင်ပြောင်းလဲမှု ခံယူရန် စေလွှတ်ခဲ့ရသည်။ နောက်ဆုံးတွင် သူတို့က သူမကို စေလွှတ်ခဲ့ပြီး သူမထက် တစ်နှစ်ငယ်သော မောင်ဖြစ်သူကတော့ အိမ်တွင် ကျန်ရစ်ခဲ့သည်။

ဖုန်းမန်နီ၏ ရင်ထဲတွင် မကျေနပ်ချက်များ အနည်ထိုင်နေခဲ့သည်။ တက္ကသိုလ်စတင်တက်ရောက်ချိန်မှစ၍ သူမသည် အိမ်သို့ တစ်ခါမှ မပြန်ခဲ့ချေ။ သူမကိုယ်သူမ သက်သေပြနိုင်ရန်အတွက် အမြဲတမ်း ထူးချွန်အောင် ကြိုးစားအားထုတ်နေခဲ့သည်။

ဤကိုယ်စားလှယ်အဖွဲ့အား ဝန်ဆောင်မှုပေးရမည့် အခွင့်အရေးသည် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်။ ၎င်းသည် သူမ၏ အတွေ့အကြုံများကို ကျယ်ပြန့်စေနိုင်ပြီး အဆက်အသွယ်များကိုလည်း တိုးပွားလာစေနိုင်သည်။ အကယ်၍ ကောင်းစွာ လုပ်ဆောင်နိုင်ပါက သက်ဆိုင်ရာ ဌာနများ သို့မဟုတ် အထက်လူကြီးများထံတွင် ကောင်းမွန်သော အထင်အမြင်များကို ချန်ထားနိုင်လိမ့်မည်။ ယင်းသည် ဘွဲ့ရပြီးနောက် သူမ၏ အနာဂတ် အလုပ်အကိုင် နေရာချထားရေးအတွက် အားသာချက်တစ်ခု ဖြစ်လာနိုင်ပေသည်။

သူတို့သည် တတိယနှစ် ဒုတိယနှစ်ဝက်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ နောက်နှစ် သည်အချိန်ဆိုလျှင် ဘွဲ့ရပြီးနောက် အလုပ်အကိုင် နေရာချထားရေးအတွက် အလုပ်များနေကြပေလိမ့်မည်။

ဖုန်းမန်နီက သူမကိုယ်သူမ လင်ယီချင်းထက် ညံ့သည်ဟု မထင်မှတ်ထားချေ။ ထို့အပြင် လင်ယီချင်းသည် သူမ၏ ဝမ်းကွဲအစ်ကိုဖြစ်သူက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် အလုပ်လုပ်နေပြီး ကျောင်းနှင့် ကိုယ်စားလှယ်အဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်နေစဉ်အတွင်း သူမအတွက် ထိုနေရာကို အလွယ်တကူ ရယူပေးခဲ့ခြင်းကြောင့် ဤအခွင့်အရေးကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သူမ ကြားသိထားသည်။

အကယ်၍ တရားမျှတစွာ ယှဉ်ပြိုင်ခဲ့ရမည်ဆိုလျှင် ရှုံးနိမ့်သွားခြင်းကို လက်ခံနိုင်စရာ ရှိပေသည်။

သို့သော် ဤကဲ့သို့သော လုပ်ရပ်မျိုးကို ဖုန်းမန်နီက လုံးဝ သည်းမခံနိုင်ပေ။

အဆောင်တွင်းရှိ လေထုမှာ အနည်းငယ် တင်းမာလာခဲ့သည်။

တခြားသူများမှာ အနေရခက်နေကြသော်လည်း ကာယကံရှင်ဖြစ်သူ လင်ယီချင်းကတော့ ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ ပုံမှန်အတိုင်းပင် ဆက်လက်နေထိုင်နေပြီး လုံးဝ သက်ရောက်မှု မရှိနေချေ။

လူတချို့က အရေးကြီးသော အချိန်များရောက်မှသာ သူတို့၏ အစစ်အမှန် စရိုက်လက္ခဏာများကို ပြသတတ်ကြကြောင်း ယွမ်လန်က ရှန်မော့အာကို ကွယ်ရာတွင် တီးတိုးပြောပြခဲ့သည်။ အဆောင်တစ်ခုတည်းတွင် ၂ နှစ် သို့မဟုတ် ၃ နှစ်ခန့် အတူတူ နေထိုင်ခဲ့ပြီးနောက် လင်ယီချင်းသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း မကြာသေးမီကမှ နားလည်လာခဲ့သည်။

နိုင်ငံရပ်ခြားရောက် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့ ရောက်မလာခင် ရှန်မော့အာသည် အစည်းအဝေး ဖိတ်စာတစ်စောင်ကို အရင်ဆုံး လက်ခံရရှိခဲ့သည်။ ၎င်းမှာ နိုင်ငံပိုင်စက်ရုံများနှင့် စုပေါင်းလုပ်ငန်းများအတွက် မြို့တော်ရှိ သက်ဆိုင်ရာ ဌာနများက ပူးပေါင်းကျင်းပသော ဆွေးနွေးပွဲတစ်ခု ဖြစ်သည်။

ဟွာချိုက်အထည်ချုပ်စက်ရုံ၏ အခြေအနေမှာ အနည်းငယ် အနေရခက်လှသည်။ တိတိကျကျ ပြောရလျှင် ၎င်းသည် မြို့တော်ရှိ ဒေသခံလုပ်ငန်းတစ်ခု မဟုတ်ပေ။ သို့သော် စက်ရုံမှာ ထိုနေရာတွင် တည်ရှိနေပြီး အလုပ်သမားခေါ်ယူခြင်း၊ အခွန်ပေးဆောင်ခြင်းနှင့် အခြားသော လုပ်ငန်းလည်ပတ်မှုများကိုလည်း မြို့တော်တွင်သာ ပြုလုပ်နေသည်။ ထို့အပြင် လွန်ခဲ့သော ၂ နှစ်အတွင်း ဟွာချိုက်အထည်ချုပ်စက်ရုံသည် အလွန်ထူးချွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်း၏ အရွယ်အစားမှာ မြို့တော်ရှိ နာမည်ကြီး အထည်ချုပ်စက်ရုံများနှင့် မယှဉ်နိုင်သော်လည်း နာမည်ဂုဏ်သတင်းမှာတော့ ထင်ရှားလှသည်။ သူတို့ ထုတ်လုပ်သော အဝတ်အစားများမှာ "ဖက်ရှင်ကျခြင်း" နှင့် "ရေပန်းစားခြင်း" ဟူသော စကားလုံးများနှင့် တစ်ထပ်တည်း ကျနေသကဲ့သို့ပင်။

အသေအချာ စဉ်းစားတိုင်ပင်ပြီးနောက် ပွဲစီစဉ်သူများက သူတို့ထံ ဖိတ်စာတစ်စောင် ပေးပို့ခဲ့သည်။

ရှန်မော့အာသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် တက်ရောက်ခဲ့ပြီး ပိုင်ကျွင့်ဝမ်နှင့် ကျောက်ကျိန့်ဟွေးတို့ကိုလည်း အတွေ့အကြုံရရှိစေရန် ခေါ်ဆောင်သွားခဲ့သည်။

သူမ မျှော်လင့်ထားသည့်အတိုင်းပင် အစည်းအဝေးကို မြို့နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဗျူရိုတွင် ကျင်းပခဲ့သည်။ ဖိတ်စာတွင် ရှန်မော့အာ၏ အမည်သာ ပါရှိသော်လည်း ကျင်းပမည့် နေရာတွင် အပိုထိုင်ခုံများကိုပါ စီစဉ်ပေးထားလေသည်။

စာရင်းသွင်းပြီးနောက် ရှန်မော့အာက ပိုင်ကျွင့်ဝမ်နှင့် ကျောက်ကျိန့်ဟွေးတို့ကို ဝန်ထမ်းများနှင့် မိတ်ဆက်ပေးခဲ့သည်။ အဆိုပါစက်ရုံမှ ဤဆွေးနွေးပွဲကို သည်လောက် အလေးထားပြီး လူ ၃ ယောက် တစ်ပြိုင်နက်တည်း စေလွှတ်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။ သို့သော် သူတို့က ယဉ်ကျေးပျူငှာစွာဖြင့်ပင် သတ်မှတ်ထားသော ထိုင်ခုံများဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားခဲ့ကြသည်။

ခန်းမ၏ အလယ်ဗဟိုရှိ အဝိုင်းပုံစံ အစည်းအဝေး စားပွဲပေါ်တွင် တက်ရောက်လာသူများအတွက် အမည်ကတ်ပြားများကို ခင်းကျင်းပြသထားသည်။ ရှန်မော့အာက သူမ၏ အမည်ကတ်ပြားကို ရှာဖွေတွေ့ရှိပြီးနောက် နေရာယူလိုက်၏။

အနီးအနားရှိ လူများက သူမဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုမျှလောက် ငယ်ရွယ်ပြီး လှပချောမောသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသောအခါ လူတိုင်းနီးပါး အံ့သြသွားကြလေသည်။

ယနေ့ ဖိတ်ကြားခံရသူများမှာ မြို့တော်ရှိ အဓိကစက်ရုံကြီးများမှ စက်ရုံမှူးများသာ ဖြစ်ကြသည်။ လမ်းဘေးရှိ စက်ရုံငယ်လေးများမှ စက်ရုံမှူးများပင်လျှင် အများအားဖြင့် အသက် ၄၀ ကျော် သို့မဟုတ် ၅၀ အရွယ် အမျိုးသားကြီးများသာ ဖြစ်ကြသည်။ တက်ရောက်လာသော အမျိုးသမီး စက်ရုံမှူး အနည်းငယ်မှာလည်း အသက်အရွယ် ကြီးရင့်သူများသာ ဖြစ်ကြသည်။ ရှန်မော့အာကဲ့သို့ အမျိုးသမီးတစ်ဦးလည်းဖြစ်သလို သည်လောက် ငယ်ရွယ်သူမျိုးမှာ တကယ့်ကို ကြားပင်မကြားဖူးခဲ့ချေ။

ခုံအနည်းငယ် ကွာဝေးသော နေရာမှ စက်ရုံမှူးတစ်ဦးက သိချင်စိတ်ဖြင့် မေးမြန်းလာသည်။

"ရဲဘော်ရှန်၊ ရှင့်ကို သိပ်မမြင်ဖူးပါလား။ ဘယ်စက်ရုံကလဲဟင်။ ကျွန်မကိုယ်ကျွန်မ အရင် မိတ်ဆက်ပေးပါရစေ။ ကျွန်မက ချန်ကျိုးစားသောက်ကုန်စက်ရုံရဲ့ စက်ရုံမှူး လျိုဟုန်ဟွာ ပါ"

ရှန်မော့အာက ပြုံးပြလိုက်သည်။ "စက်ရုံမှူးလျို၊ မင်္ဂလာပါ။ ကျွန်မက ဟွာချိုက်အထည်ချုပ်စက်ရုံက ရှန်မော့အာ ပါ"

လျိုဟုန်ဟွာ၏ မျက်လုံးများ ဝင်းလက်သွားခဲ့၏။ "ဒါဆို ရှင်က ဟွာချိုက်အထည်ချုပ်စက်ရုံရဲ့ စက်ရုံမှူးရှန်ပေါ့။ ဟွာချိုက်ရဲ့ အဝတ်အစားတွေက အရမ်းဖက်ရှင်ကျနေတာ မဆန်းပါဘူး။ စက်ရုံမှူးက လှပပြီး ငယ်ရွယ်တဲ့အပြင် ဖက်ရှင်လည်း ကျနေတာကိုး။ ဟွာချိုက်က ရာသီတိုင်းမှာ ဖက်ရှင်ကျပြီး လူကြိုက်များတဲ့ ဒီဇိုင်းတွေကို ထုတ်လုပ်နိုင်တာက စက်ရုံထဲမှာ အတွေ့အကြုံရှိတဲ့ အပ်ချုပ်သမားတစ်ယောက် သေချာပေါက် ရှိနေလို့ဖြစ်ရမယ်လို့ လူတော်တော်များများက ပြောကြတယ်။ ဒါပေမဲ့ ဒီနေ့ စက်ရုံမှူးရှန်ကို မြင်လိုက်ရတော့ ကျွန်မ နားလည်သွားပြီ။ ရှင့်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်လိုက်တာနဲ့ ရှင်တို့စက်ရုံရဲ့ ဒီဇိုင်းတွေက လုံးဝ အမှားအယွင်း မရှိနိုင်ဘူးဆိုတာ ရှင်းနေတာပဲ"

ဤကဲ့သို့သော အခမ်းအနားမျိုးတွင် တက်ရောက်လာသူ အများစုမှာ အရာရှိပုံစံ သို့မဟုတ် လွတ်မြောက်ရေးပုံစံ ဝတ်စုံများကို ဝတ်ဆင်လေ့ရှိကြသည်။ အမျိုးသမီးများက အနည်းငယ် ပိုပြင်ဆင်ဝတ်ဆင်ကောင်း ဝတ်ဆင်ကြသော်လည်း ကွာခြားချက်မှာ သိပ်မကြီးမားလှချေ။

ရှန်မော့အာသည် မီးခိုးရောင်နှင့် အပြာရောင်စပ်ထားသော တူညီသည့် အထည်သားဖြင့် ချုပ်လုပ်ထားသော အရာရှိပုံစံ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် ချုပ်ပုံမှာ အလွန်အချိုးကျလှသဖြင့် သူမကို သွက်လက်စေရုံသာမက လှပတင့်တယ်စေလေသည်။

လူတော်တော်များများက စောစောကတည်းက သတိထားမိခဲ့ကြသော်လည်း လျိုဟုန်ဟွာ၏ မှတ်ချက်စကားအပြီးတွင် သူတို့အားလုံး စိတ်ထဲမှ ခေါင်းညိတ်ထောက်ခံကာ တူညီသော အတွေးကို တွေးမိကြသည်။ အချိန်တိုလေးအတွင်း အလုပ်ရုံငယ်လေးတစ်ခုကို ဝန်ထမ်း ၈၀၀ နီးပါးရှိသော အထည်ချုပ်စက်ရုံတစ်ခု ဖြစ်လာအောင် ပြောင်းလဲနိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ချေ။ သူမ၏ ဝတ်စားဆင်ယင်မှုကို ကြည့်လိုက်ရုံဖြင့် သူမသည် ဤအလုပ်အတွက် အမှန်တကယ်ပင် မွေးဖွားလာသူဖြစ်ကြောင်း ထင်ရှားလှပေသည်။

သို့သော် လူတိုင်းကတော့ သဘောမတူကြပေ။

ဆံပင်ပါးနေသဖြင့် ဘေးဘက်သို့ ဖြီးချထားရသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောဆိုလာသည်။

"စက်ရုံမှူးလျို၊ အဲဒါက တော်တော်လေး ကျဉ်းမြောင်းတဲ့ အတွေးပဲ။ အဝတ်အစား လုပ်တိုင်း ကိုယ်တိုင် အဝတ်အစားကောင်းကောင်း ဝတ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်လား။ အဲဒီယုတ္တိအရဆိုရင် စားသောက်ကုန်လုပ်ငန်းမှာ လုပ်တဲ့သူတိုင်းက အစားအသောက် ကောင်းကောင်း စားတတ်ရမှာလား"

ရှန်မော့အာကို ရိုးရိုးလေး ချီးကျူးလိုက်ခြင်းက တစ်စုံတစ်ယောက်ကို ထိခိုက်သွားစေမည်ဟု လျိုဟုန်ဟွာက လုံးဝ မထင်မှတ်ထားခဲ့သဖြင့် အံ့ဩသွားခဲ့သည်။

သို့သော် စကားပြောသူမှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူမ အံ့သြမနေတော့ချေ။ သူမက ခပ်ဟဟ ရယ်မောလိုက်ပြီး ပြောလိုက်၏။

"စက်ရုံမှူးကောင်း၊ ရှင်က အရမ်းတွေးလွန်းနေပြီ။ ကျွန်မက စက်ရုံမှူးရှန်ရဲ့ ဖက်ရှင်ကျတဲ့ ဝတ်စားဆင်ယင်မှုနဲ့ သူတို့စက်ရုံရဲ့ ခေတ်မီတဲ့ အဝတ်အစားတွေကို စေတနာအမှန်နဲ့ ချီးကျူးလိုက်ရုံပါ။ ရှင်က ကိုယ့်ရုပ်ရည်ကို ဂရုမစိုက်ဘူးလို့ ဆိုလိုတာ မဟုတ်သလို၊ အမှတ်(၅) အထည်ချုပ်စက်ရုံရဲ့ အဝတ်အစားတွေက မလှဘူးလို့ ပြောချင်တာလည်း မဟုတ်ပါဘူး။ အမျိုးသားရဲဘော်တွေက အများအားဖြင့် အပြင်ပန်းရုပ်ရည်ကို သိပ်ဂရုမစိုက်တတ်ကြပါဘူး။ ဒါကို ဘာလို့ သူလို မိန်းကလေးမလေးလေးအပေါ်မှာ ကပ်တွက်နေရမှာလဲ"

ရှန်မော့အာ မရောက်ရှိမီက လျိုဟုန်ဟွာသည် တက်ရောက်လာသူများထဲတွင် အငယ်ဆုံး စက်ရုံမှူး ဖြစ်ခဲ့သည်။

သူမ၏ အသက်အရွယ်ဖြင့် စက်ရုံမှူးတစ်ဦး ဖြစ်လာခဲ့သော အမျိုးသမီး လျိုဟုန်ဟွာသည် သေချာပေါက် သွားရှုပ်လို့ရသည့်သူမျိုး မဟုတ်ချေ။

မူလက အရှေ့မြောက်ဒေသမှ ဖြစ်ပြီး မြို့တော်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သဖြင့် သူမသည် မြောက်ပိုင်းသူများ၏ ပွင့်လင်းရိုးသားမှုနှင့် ရဲရင့်ပြတ်သားမှုတို့ကို ပေါင်းစပ်ထားသူ ဖြစ်သည်။

သူမ စကားပြောလိုက်သည်နှင့် အခန်းထဲရှိ လူတော်တော်များများက ကောင်းယုံအတွက် စိတ်ထဲမှပင် ထိတ်လန့်သွားကြလေသည်။

"ပြဿနာကိုသာ ဖြေရှင်းပါ၊ လူကို မပုတ်ခတ်ပါနှင့်" ဟူသော စကားပုံရှိသော်လည်း လျိုဟုန်ဟွာ၏ စကားများမှာ ကောင်းယုံ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင် ဖြစ်နေသည်။

မည်သည့်အကြောင်းကြောင့်များ သူ့ကို သွားရောက်ရန်စခဲ့ရသနည်း။

ထို့ပြင် လျိုဟုန်ဟွာ ပြောသည်မှာလည်း မမှားပေ။ လူကြီးလူကောင်းတစ်ယောက် ဖြစ်ပါလျက်နှင့် မိမိစက်ရုံ၏ အဝတ်အစားများက ဟွာချိုက်အထည်ချုပ်စက်ရုံထက် ရောင်းအား မကောင်းသည်ကို အကြောင်းပြု၍ စက်ရုံမှူးရှန်ကို ခနဲ့တဲ့တဲ့ စကားများ မပြောဆိုသင့်ချေ။ ၎င်းမှာ အရှက်ရစရာပင်။

တက်ရောက်လာသူ အားလုံးမှာ အတွေ့အကြုံရင့်ကျက်သူများသာ ဖြစ်ကြသည်။ သူတို့အားလုံးသည် မြို့တော်တွင် လုပ်ငန်းလည်ပတ်နေကြသူများ ဖြစ်ပြီး တစ်နှစ်ပတ်လုံး ကြီးငယ်မဟူ အစည်းအဝေးပေါင်း မြောက်မြားစွာကို တက်ရောက်ခဲ့ကြသဖြင့် တစ်ဦးကိုတစ်ဦး အတော်အသင့် သိကျွမ်းနေကြသည်။

ကောင်းယုံက တမင်သက်သက် ပြဿနာရှာနေခြင်းဖြစ်ကြောင်း လူတော်တော်များများက ရိပ်မိနိုင်ကြသည်။

မျှမျှတတ ပြောရလျှင် ကောင်းယုံသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကံဆိုးမှုများ ဆက်တိုက် ကြုံတွေ့နေခဲ့ရသည်။

သူသည် မြို့တော်ရှိ အမှတ်(၅) အထည်ချုပ်စက်ရုံ၏ စက်ရုံမှူးအဖြစ် အချိန်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရာထူးတိုးသင့်နေပြီ ဖြစ်သည်။

သို့သော် ထိုနှစ်တွင်ပင် သူတို့စက်ရုံသည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် လူစားထိုး ဖြေဆိုမှုနှင့် ပတ်သက်သည့် အရှုပ်တော်ပုံတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့လေသည်။

တာဝန်ရှိသူမှာ ဒုတိယစက်ရုံမှူး ဖြစ်သော်လည်း ဝန်ထမ်းရေးရာနှင့် မှတ်တမ်းစီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာများကြောင့် ကောင်းယုံသည် ခေါင်းဆောင်မှုဆိုင်ရာ တာဝန်ခံမှုမှ ရှောင်လွှဲ မရနိုင်ခဲ့ချေ။ နောက်ဆုံးတွင် သူသည် တရားဝင် သတိပေးခံခဲ့ရပြီး ရာထူးတိုးမည့် မျှော်လင့်ချက်များအားလုံးလည်း ပျောက်ကွယ်သွားခဲ့ရသည်။

ထို့နောက် မကြာသေးမီ နှစ်များအတွင်း အမှတ်(၅) အထည်ချုပ်စက်ရုံသည် ၎င်း၏ စက်ပစ္စည်းများကို အဆင့်မြှင့်တင်ပြီး ရှေ့သို့ ဆက်လက်ချီတက်ရန် အဆင်သင့်ဖြစ်နေချိန်မှာပင် ဟွာချိုက်အထည်ချုပ်စက်ရုံက ရုတ်တရက် ပေါ်ထွက်လာပြီး သူတို့၏ ဈေးကွက်ဝေစု ထက်ဝက်ကျော်ကို လုယူသွားခဲ့လေသည်။

မြို့တော်ရှိ အထည်ချုပ်စက်ရုံများအနက် အမှတ်(၁)နှင့် အမှတ်(၂) တို့မှာ အစိုးရ၏ ခိုင်မာသော ကျောထောက်နောက်ခံရှိသည့် နိုင်ငံပိုင် စက်ရုံကြီးများ ဖြစ်ကြသည်။ အမှတ်(၃)နှင့် အမှတ်(၄) တို့မှာလည်း ယူနီဖောင်းနှင့် လုပ်ငန်းခွင်ဝတ်စုံများအတွက် စာချုပ်များ ရရှိထားသဖြင့် ဈေးကွက်အခြေအနေ မည်သို့ပင်ရှိစေကာမူ လုပ်ငန်းအာမခံချက် ရှိနေကြသည်။

သက်တမ်းအနုဆုံးနှင့် အခြေခံအုတ်မြစ် အားအနည်းဆုံးဖြစ်သော အမှတ်(၅) အထည်ချုပ်စက်ရုံ တစ်ခုတည်းသာလျှင် မိမိကိုယ်ကို အလုံးစုံ အားကိုးရပ်တည်နေရ၏။

မူလက အမှတ်(၅) အထည်ချုပ်စက်ရုံသည် အဓိကစက်ရုံကြီးများအနက် ခေတ်အမီဆုံးနှင့် အစုံလင်ဆုံးသော အဝတ်အစားဒီဇိုင်းများ ရှိသဖြင့် ကုန်တိုက်များတွင် အကြိုက်တွေ့ဆုံး ဖြစ်ခဲ့ပြီး အကျိုးအမြတ်များလည်း ခိုင်ခိုင်မာမာ ရရှိခဲ့သည်။

သို့သော် ဟွာချိုက်အထည်ချုပ်စက်ရုံ ပေါ်ထွက်လာပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

တစ်နှစ်တွင် နွေရာသီ ဂါဝန်တစ်ထည်မှ စတင်ကာ ဟွာချိုက်အထည်ချုပ်စက်ရုံသည် အမှတ်(၅)၏ ခဲယဉ်းစွာ တည်ဆောက်ထားသော နာမည်ဂုဏ်သတင်းနှင့် ကုန်စည်ထောက်ပံ့ရေးကွင်းဆက်ကို ဖြိုခွဲပစ်လိုက်သည်။

နောက်ပိုင်းနှစ်များတွင် သူတို့သည် အမှတ်(၅)၏ ဈေးကွက်ဝေစုကို တဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး အနည်းဆုံး ၄၀ ရာခိုင်နှုန်းခန့်ကို ဝါးမျိုသွားခဲ့သည်။

ထိုအချိန်မှစ၍ ကောင်းယုံသည် ရာသီအကူးအပြောင်း ကာလများတွင် ကောင်းကောင်း အိပ်မပျော်တော့ချေ။

ဟွာချိုက်၏ နောက်ထပ် အကြီးစား ထုတ်ကုန်သစ်အတွက် စိုးရိမ်ပူပန်နေရခြင်းမှအစ သူတို့၏ ဒီဇိုင်းသစ်များ ချက်ချင်း ရေပန်းစားလာသည်ကို ကြည့်နေရခြင်းနှင့် အမှတ်(၅)၏ ရောင်းအားများ ထပ်မံကျဆင်းသွားသည်ကို မြင်တွေ့ရသည့်အဆုံး___ အဆုံးမရှိသော သံသရာပင် ဖြစ်တော့သည်။

အခြားသူများက ဤအသေးစိတ် အချက်အလက်များအားလုံးကို မသိကြသည်မှာ သေချာသည်။ သို့သော် လုပ်ဖော်ကိုင်ဖက် စက်ရုံမှူးများ သိရှိထားသည်မှာ အထက်လူကြီးများထံမှ စက်ပစ္စည်းအသစ်များ ရရှိထားသော်လည်း အမှတ်(၅)၏ စွမ်းဆောင်ရည်များ ကျဆင်းနေပြီး ကောင်းယုံ၏ စိတ်ဖိစီးမှုမှာ သိသာထင်ရှားနေကြောင်းပင်။

ဤအခြေအနေတွင် ရာထူးတိုးရန်ဆိုသည်ကို မေ့ထားလိုက်ပါတော့။ အကယ်၍ အရာရာက သည်အတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူသည် တာဝန်ခံမှုများနှင့်ပင် ရင်ဆိုင်ရနိုင်ပေသည်။

ကောင်းယုံက လူကြီးလူကောင်းဆန်မှုကို စွန့်လွှတ်ကာ ဟွာချိုက်၏ ငယ်ရွယ်သော အမျိုးသမီး စက်ရုံမှူးအား တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

ရန်ငြိုးဟောင်းများကတော့ ဖျောက်ဖျက်ရ ခက်ခဲလှပေသည်။

ထပ်ပြောရလျှင် ဟွာချိုက်အထည်ချုပ်စက်ရုံ အလုပ်ရုံငယ်လေးတစ်ခုအဖြစ် ရှိနေစဉ်က အစောဆုံး အသုံးပြုခဲ့သော စက်များမှာ အမှတ်(၅) အထည်ချုပ်စက်ရုံမှ ဝယ်ယူခဲ့သည့် အသုံးမပြုတော့သော တစ်ပတ်ရစ်စက်များ ဖြစ်သည်ဟု ဆိုကြသည်။ ကံကြမ္မာဆိုသည်မှာ ဘယ်လောက် ခန့်မှန်းရခက်ကြောင်း တွေးမိတိုင်း သက်ပြင်းမချဘဲ မနေနိုင်အောင်ပင်။

...

All Chapters