← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အပိုင်း (၁၅၇)

မွန်းလွဲပိုင်း မြို့တော်တက္ကသိုလ်၏ အစည်းအဝေးခန်းမ၌ ဖြစ်သည်။

သူတို့တစ်စု အစည်းအဝေးခန်းမအဝင်ဝသို့ ရောက်ရှိသည်နှင့် အပေါ်တွင် ချိတ်ဆွဲထားသော "မစ္စတာစူးကျင်းနျန်၏ လှူဒါန်းပွဲ အခမ်းအနားနှင့် ဟောပြောပွဲ" ဟူသည့် စာတန်းကို ချက်ချင်းပင် မြင်တွေ့လိုက်ရလေသည်။

"မစ္စတာစူးကျင်းနျန် ကိုယ်တိုင် လာမှာလား။ ကိုယ်စားလှယ်အဖွဲ့က ရှန်းကျန့်မြို့ကို ထွက်သွားပြီလို့ ကြားထားတာလေ" ယွမ်လန်က အံ့သြတကြီး မေးမြန်းလိုက်၏။

"ကျောင်းက မကြာသေးခင်က ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ငြိမ်သက်သွားအောင် သူ့ကို အထူးတလည် ပြန်ခေါ်လိုက်တာများလား" ဝူယာနန်က မျက်နှာသေဖြစ်နေသော ဖုန်းမန်နီကို တစ်ချက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကျောင်းထဲမှာ ပျံ့နေတဲ့ သတင်းတွေက တော်တော်လေး ဆိုးနေတာပဲလေ"

အမှန်တကယ်တွင်တော့ စူးကျင်းနျန်သည် လင်ယီချင်းကို သဘောကျနေသည်ဟူသော ယွမ်လန်၏ နောက်ပြောင်စကားမှာ အခြေအမြစ် မရှိသည်တော့ မဟုတ်ပေ။ ထိုကဲ့သို့သော ကောလာဟလမျိုးများ ကျောင်းထဲတွင် အမှန်တကယ်ပင် ပျံ့နှံ့နေခဲ့သည်။

"ဘာကြောင့် မိခင်နိုင်ငံကို ပြန်လာတဲ့ ချမ်းသာတဲ့ နိုင်ငံခြားသားက ဒီလောက် အကုန်အကျခံရတာလဲ။ သေချာပေါက် မိန်းမလှလေးတစ်ယောက်ရဲ့ အပြုံးကို ရဖို့အတွက် ဖြစ်မှာပေါ့" စသည့် ပုံပြင်များ ထွက်ပေါ်နေခြင်းပင်။

လင်ယီချင်းသည်လည်း မကြာသေးမီက တော်တော်လေး ကြွားဝါနေခဲ့သည်။ စူးကျင်းနျန်၏ စာကြည့်တိုက်လှူဒါန်းမှုသည် သူမနှင့် ပတ်သက်နေသည်ဟု လူပုံအလယ်တွင် ဗြောင်မပြောသော်လည်း ထိုသို့ဖြစ်စေမည့် အရိပ်အယောင်များကိုတော့ အမြဲတမ်း ပေးနေခဲ့သည်။

အစပိုင်းတွင်တော့ ကြိုဆိုရေးကော်မတီက အလုပ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့သဖြင့် မြို့တော်တက္ကသိုလ် ကျောင်းသားများ၏ အရည်အချင်းကို လာရောက်လည်ပတ်သည့် ပြည်ပရောက် ဟွာကော်စီးပွားရေးသမားများက အသိအမှတ်ပြုသွားခြင်းဖြစ်သည်ဟု လူများက ပြောဆိုခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင်တော့ ရှေးခေတ်ဘုရင်များက မိမိတို့ ချစ်မြတ်နိုးသူကို ပျော်ရွှင်စေရန်အတွက် မီးပုံများရှို့ကာ စစ်တပ်ကို လှည့်စားခဲ့သကဲ့သို့ ဖြစ်နေပြီဟု နှိုင်းယှဉ်ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

ဤကိစ္စကြောင့် လင်ယီချင်းနှင့် ဖုန်းမန်နီတို့အကြား အကြီးအကျယ် ပြဿနာတက်ခဲ့ပြီး လင်ယီချင်းက ဖုန်းမန်နီအား ကောလာဟလများ ဖြန့်ဝေသည်ဟု စွပ်စွဲခဲ့လေသည်။

တစ်ခါက အခြားအဆောင်မှ လူတစ်ယောက်က ဖုန်းမန်နီအား ထိုသတင်းများက အမှန်လားဟု လာရောက်မေးမြန်းသည်ကို ဝူယာနန် မြင်တွေ့ခဲ့ဖူးသည်။ ဖုန်းမန်နီကတော့ "ကျွန်မ မသိဘူး" ဟုသာ ရိုးရိုးလေး ပြန်ဖြေခဲ့၏။

သူတို့မှာ အခန်းဖော်များ ဖြစ်ကြသော်လည်း လင်ယီချင်းသည် သူမနှင့် အနည်းငယ် ရင်းနှီးသော ကွမ်းချန်ချန်မှလွဲ၍ တခြားသူများကို စကားပြောလေ့မရှိချေ။ သူမသည် မိမိဘာသာသာ နေလေ့ရှိသဖြင့် တခြားသူများမှာ သူမ၏ ကိစ္စများကို အမှန်တကယ်ပင် မသိရှိကြပေ။

အကယ်၍ အဆောင်ထဲမှ တခြားသူများကို မေးမြန်းခဲ့လျှင် အခန်းဖော်ချင်းဖြစ်သဖြင့် လင်ယီချင်းဘက်မှ ကာကွယ်ပြောဆိုပေးကြပေလိမ့်မည်။ သို့သော် လင်ယီချင်းနှင့် အဆင်မပြေဆုံးဖြစ်သော ဖုန်းမန်နီဖြစ်နေသဖြင့် သူမ၏ "ကျွန်မ မသိဘူး" ဆိုသော အဖြေမှာ အံ့သြစရာ မဟုတ်တော့ချေ။

ဖုန်းမန်နီက လင်ယီချင်းဘက်မှ ရပ်တည်ပေးလိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားကြပေ။

သို့သော် သတင်းဖြန့်သူများက ထိုစကားကို မလှိမ့်တပတ်နှင့် လင်ယီချင်း၏ အခန်းဖော်ကိုယ်တိုင်ပင် မငြင်းဆိုခဲ့ဟု ဆိုကာ သတင်းများကို ပိုမိုပျံ့နှံ့အောင် လုပ်ဆောင်ခဲ့ကြသည်။

ဝူယာနန်က ဖုန်းမန်နီဘက်မှ ကာကွယ်ပြောဆိုပေးရန် ကြိုးစားခဲ့သော်လည်း လင်ယီချင်းက "နင်တို့အားလုံး တစ်ဖွဲ့တည်းပဲ" ဟု ပြန်လည်ချေပခဲ့သဖြင့် အဆောင်တစ်ခုလုံးမှာ အေးစက်သွားခဲ့ရသည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း လင်ယီချင်းသည် ကွမ်းချန်ချန်မှလွဲ၍ အဆောင်ထဲက ဘယ်သူ့ကိုမှ စကားမပြောတော့ပေ။

ရှန်မော့အာသည် အခြေအနေများ ဘယ်လောက်အထိ ဆိုးရွားနေသည်ကို မွန်းလွဲပိုင်းမှသာ သိရှိခဲ့ရသည်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်၏။ "ဒီနေ့ မွန်းလွဲပိုင်း အစည်းအဝေးပြီးရင်တော့ အရာအားလုံး ရှင်းလင်းသွားလိမ့်မယ်"

ယွမ်လန်ကလည်း ထောက်ခံလိုက်သည်။ "မှန်တယ်။ ကျောင်းက အရာရာကို ရှင်းပြဖို့ သူ့ကို ပြန်ခေါ်လိုက်တာ ရှင်းနေတာပဲ။ မစ္စတာစူးက ဟောပြောပွဲတောင် လုပ်ဦးမှာဆိုတော့ အမေရိကန်က လမင်းက ငါတို့ဆီကထက် ပိုဝိုင်းသလားဆိုတာ နားထောင်ကြည့်ရဦးမယ်"

ရှန်မော့အာက ရယ်မောလိုက်ပြီး "သိပ္ပံနည်းကျ စဉ်းစားကြည့်ရအောင်လေ။ ဒါက လမင်းတစ်ခုတည်းပါပဲ၊ ငါတို့က မတူညီတဲ့ နေရာကနေ ကြည့်နေကြတာပါ"

သူတို့အဖွဲ့သည် ခန်းမအတွင်းသို့ ဝင်ရောက်ကာ နိုင်ငံရေးဘောဂဗေဒ တန်းခွဲ (၁) အပိုင်းတွင် နေရာယူလိုက်ကြသည်။

လင်ယီချင်းနှင့် ကွမ်းချန်ချန်တို့မှာ စောစောရောက်နှင့်နေကြသည်။ ထူးဆန်းသည်မှာ လင်ယီချင်းသည် အနီးနားရှိ အတန်းဖော်များနှင့် ပြုံးရယ်ကာ တက်ကြွစွာ စကားပြောဆိုနေခြင်းပင်။ သူမသည် ရှန်မော့အာတို့ ရောက်လာသည်ကို မြင်သောအခါ အေးစက်သော အကြည့်တစ်ချက် ပေးလိုက်ပြီးမှ မျက်နှာလွှဲသွားခဲ့သည်။

ရှန်မော့အာက တခြားသူများကို အလယ်တန်းနေရာများသို့ သွားရန် အချက်ပြလိုက်စဉ်မှာပင် အတန်းပိုင်ဆရာ ကျုံးရွှယ်ဝမ်က အပြေးအလွှား ရောက်လာခဲ့သည်။ "ရှန်မော့အာ၊ မင်းနေရာက အရှေ့တန်းမှာလေ"

ကျုံးရွှယ်ဝမ်က ရှန်မော့အာကို ကြည့်သော အကြည့်မှာ အလွန်ရှုပ်ထွေးနေခဲ့သည်။

ကျောင်းထဲတွင် ဖြစ်ပျက်နေသော ဒရာမာအားလုံး၏ အကြောင်းရင်းခံမှာ ရှန်မော့အာဖြစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။

ဘယ်လိုဖြစ်ပြီး လူတစ်ယောက်က သည်လောက်အထိ တည်ငြိမ်နေနိုင်ရတာလဲ။

သူနှင့် လုံးဝ မသက်ဆိုင်သလိုမျိုးပင်။

တကယ်တမ်း ပြောရလျှင် ယနေ့ လှူဒါန်းပွဲ အခမ်းအနားသာ မရှိလျှင် ဤကိစ္စများက သူမထံသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။

တကယ်ကို ထူးဆန်းတာပဲ၊ ဘယ်လိုလုပ်ပြီး ဒီကိစ္စကို လုံးဝ လျှို့ဝှက်ထားနိုင်ကြတာလဲ။ ငါက သူတို့ရဲ့ အတန်းပိုင်ဆရာ ဖြစ်နေတာတောင် ဘာမှမသိရဘူး။

လင်ယီချင်းကို ကြည့်ဦး။ ပုံမှန်ဆိုရင် အေးအေးဆေးဆေးနဲ့ မာနကြီးတဲ့ ကျောင်းသူက အခုတလော ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ။

ကိစ္စများမှာ ထိုသို့မဟုတ်ကြောင်းကိုတော့ ဘယ်သူမှ မသိရှိခဲ့ကြချေ။

ကျုံးရွှယ်ဝမ်သည် လင်ယီချင်းကို သနားစရာကောင်းသလို တစ်ချက်ကြည့်ရင်း မိမိဘာသာ ရေရွတ်လိုက်မိသည်။ ဒီကလေးမလေးကတော့ မိမိကိုယ်ကိုယ် လမ်းပိတ်အောင် လုပ်နေတာပဲ။

"ကဲ၊ မြန်မြန် လာခဲ့ပါဦး"

ကျုံးရွှယ်ဝမ်က အကြည့်ကို ရုပ်သိမ်းလိုက်ပြီး တိုက်တွန်းလိုက်၏။

ရှန်မော့အာက တည်ငြိမ်စွာပင် ထူးလိုက်ပြီး နောက်မှ လိုက်သွားခဲ့သည်။

ကျန်ရစ်ခဲ့သူများမှာတော့ ကြောင်အမ်းအမ်းဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြလေသည်။

"ဘာဖြစ်တာလဲ။ အတန်းပိုင်ဆရာက ရှန်မော့အာကို ဘယ်ခေါ်သွားတာလဲ။ ဟာ... သူက အရှေ့ဆုံးတန်းကို သွားနေတာပဲ!"

"ဒါက အတန်းခေါင်းဆောင် ဖြစ်ရကျိုးနပ်တာပေါ့"

ယွမ်လန်က ချက်ချင်းပင် ဟန့်တားလိုက်သည်။ "နင် ဘာတွေ လျှောက်ပြောနေတာလဲ။ နိုင်ငံရေးဘောဂဗေဒ တန်းခွဲ (၁) ရဲ့ အတန်းခေါင်းဆောင်က ငါလေ၊ ငါ!"

ထိုသူက သတိရသွားကာ ရယ်မောလိုက်ပြီး "ဆောရီး၊ ဆောရီး! ရှန်မော့အာက အတန်းခေါင်းဆောင်နဲ့ အရမ်းတူနေလို့ သူက အတန်းခေါင်းဆောင်လို့ပဲ ခဏခဏ ထင်နေမိတာ"

ယွမ်လန်က ပိုစိတ်တိုသွားကာ လက်သီးကို မြှောက်ပြလိုက်သည်။ "နင် ဘာပြောချင်တာလဲ။ ငါက ဒီနေရာနဲ့ မထိုက်တန်ဘူးလို့ ပြောတာလား!"

ထိုသူက ချက်ချင်းပင် ရှောင်တိမ်းလိုက်ပြီး "မဟုတ်ပါဘူး၊ အဲဒီလို မဆိုလိုပါဘူး! နင်က အသင့်တော်ဆုံးပါ၊ ဘယ်သူမှ နင်နဲ့ မယှဉ်နိုင်ပါဘူး!"

တခြားသူများမှာလည်း တသောသော ရယ်မောကုန်ကြသည်။

လေကျန့်က ရယ်မောရင်း ပြောလိုက်၏။ "အင်း... ဒါက စက်ရုံမှူးရှန်ရဲ့ အဆင့်အတန်းက တခြားသူတွေနဲ့ မတူလို့ ဖြစ်မှာပါ။ မြို့တော်တက္ကသိုလ် စက်မှုစက်ရုံက လူတွေ ပြောတာတော့ စက်ရုံမှူးရှန်က သူ့ရဲ့ အထည်ချုပ်စက်ရုံအတွက် စက်ပစ္စည်းတွေ ရအောင် လုပ်နိုင်ခဲ့တယ်တဲ့။ အဲဒီစက်ပစ္စည်းတွေက မြို့တော်က အမှတ် (၅) အထည်ချုပ်စက်ရုံတောင် မရနိုင်တဲ့ အရာတွေလေ"

ရှန်မော့အာသည် အချိန်ဇယား မအားသဖြင့် အချိန်ပိုင်း အလုပ်သင်ဆင်းခြင်းကို စောစီးစွာ ရပ်နားခဲ့သော်လည်း တခြားသူများမှာတော့ မြို့တော်တက္ကသိုလ် စက်မှုစက်ရုံတွင် အမည်စာရင်း ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် လေကျန့်နှင့် ကျင်းကွေ့တို့မှာ ထိုနေရာက ကျွမ်းကျင်လုပ်သားကြီးများနှင့် ရင်းနှီးကျွမ်းဝင်နေပြီး စက်ပစ္စည်း အစိတ်အပိုင်းများကိုပင် ပြင်ဆင်တတ်နေပြီ ဖြစ်သည်။

စက်ပစ္စည်းများအတွက် စာချုပ်မှာ နောက်မှ အတည်ပြုခဲ့ခြင်း ဖြစ်သဖြင့် အစပိုင်းတွင် တခြားဌာနများနှင့် စက်ရုံများက မသိရှိခဲ့ကြပေ။ သို့သော် နောက်ပိုင်းတွင် သတင်းများက တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ပြီး မြို့တော်ရှိ နိုင်ငံပိုင်စက်ရုံ တော်တော်များများကပါ ကြားသိသွားခဲ့ကြသည်။

အပြစ်တင်လို့တော့ မရပေ။ မြို့တော် အမှတ် (၅) အထည်ချုပ်စက်ရုံက မရရှိခဲ့သော စက်ပစ္စည်းများကို ပြင်ပမှ စုပေါင်းပိုင်လုပ်ငန်းဖြစ်သည့် ဟွာချိုက်အထည်ချုပ်စက်ရုံက ရရှိသွားသည်မှာ တကယ်ပင် မယုံကြည်နိုင်စရာ ဖြစ်နေသောကြောင့်ပင်။ ထိုသတင်းကို ကြားသူတိုင်းက မပြောဘဲ မနေနိုင်ကြချေ။

လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

"ငါတို့ရဲ့ စက်ရုံမှူးရှန်က တကယ်ကို တော်တာပဲ!"

"ဒါပေါ့! သူက တော်ရုံတင်မကဘူး၊ အရမ်းလည်း နှိမ့်ချတတ်တယ်။ ကြွားတာမျိုး တစ်ခွန်းမှ မကြားရဘူး။ စက်မှုစက်ရုံက လူတွေ ပြောမှသာ ငါတို့လည်း သိရတာလေ!"

"ငါတို့ရဲ့ စက်ရုံမှူးရှန်က တကယ့် လူတော်စစ်စစ်ပဲ!"

ချီးကျူးသံများအကြားတွင် လင်ယီချင်း၏ မျက်နှာ ပျက်သွားသည်ကိုတော့ ဘယ်သူမှ သတိမထားမိခဲ့ကြချေ။

ရှန်မော့အာသည် ကျုံးရွှယ်ဝမ်၏ နောက်မှ အရှေ့ဆုံးတန်းအထိ လိုက်သွားခဲ့သည်။ လမ်းတွင် ကျုံးရွှယ်ဝမ်က ညည်းတွားလိုက်၏။ "ရှန်မော့အာ၊ နောက်ဆိုရင် အရေးကြီးတဲ့ ကိစ္စတွေရှိရင် ငါ့ကို အသိပေးလို့ မရဘူးလား။ ငါက မင်းရဲ့ အတန်းပိုင်ဆရာ ဖြစ်နေပြီးတော့ ဘာမှမသိရတာက အလုပ်လုပ်ရတာ တကယ်ကို ခက်ခဲတာပဲ!"

ရှန်မော့အာက အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ ဤကိစ္စသည် သူမနှင့် တိုက်ရိုက် မသက်ဆိုင်ဟု ထင်မှတ်ခဲ့သဖြင့် အစီရင်ခံရန် မလိုအပ်ဟု ယူဆခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံလိုက်သည်။ နောက်ဆိုလျှင်တော့ ဤအမှားကို ပြင်ဆင်ပြီး အတန်းပိုင်ဆရာအား အချိန်မီ အသိပေးပါ့မည်ဟု ကတိပေးလိုက်၏။

ကျုံးရွှယ်ဝမ် : "... အာ၊ ထားလိုက်ပါတော့"

မင်းက အမှားကိုသာ ဝန်ခံတတ်ပြီး ဘယ်တော့မှ မပြင်တဲ့ အမျိုးအစားဆိုတာ ငါ သိနေတာပဲ

ကျုံးရွှယ်ဝမ်က ရှန်မော့အာကို ပထမတန်းရှိ လမ်းကြားဘက်မှ ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်ပြီး သူကိုယ်တိုင်ကတော့ အနောက်ဘက်တွင် နေရာယူလိုက်သည်။

စူးကျင်းနျန်က သူ့ရဲ့ ဦးလေးဆိုတာ သေချာနေပြီပဲ။

ရှန်မော့အာက ပြုံးလိုက်ပြီး ဘေးမှ ဆရာကို နှုတ်ဆက်လိုက်သည်။ သူမ၏ ဘယ်ဘက်တွင် ထိုင်နေသူမှာ ဆံပင်ဖြူ အနည်းငယ်ရောနေသော ယဉ်ကျေးသိမ်မွေ့သည့် အမူအရာရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ ရှန်မော့အာက သူ့ကို မြင်ဖူးသလို ခံစားနေရ၏။

ထိုလူလတ်ပိုင်း အမျိုးသားက နွေးထွေးစွာ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ "မိန်းကလေးရှန်၊ မင်းအကြောင်း ကြားဖူးနေတာ ကြာပါပြီ!"

ရှန်မော့အာက အံ့သြသွားကာ ပြန်ဖြေလိုက်၏။ "ရှင်က ချီးကျူးလွန်းနေပါပြီ။ ကျွန်မက စီးပွားရေးဌာနမှာ နာမည်နည်းနည်းရှိချင် ရှိနေပေမယ့် တခြားဌာနတွေမှာတော့ လူသိများမှာ မဟုတ်ပါဘူး"

ထိုအမျိုးသားက ရယ်မောလိုက်သည်။ "ငါက ရူပဗေဒဌာနမှူး ရွှီပေါ်ဝန်ပါ။ မင်းရဲ့ခင်ပွန်း ဖုမင်ဇယ်က ငါ့ရဲ့ တပည့်လေ။ သူက ငါတို့ ဌာနမှာတော့ စံပြခင်ပွန်းဆိုပြီး နာမည်ကြီးတယ်။ တခြားဌာနတွေကိုတော့ မပြောတတ်ပေမယ့် ငါတို့ ဌာနမှာတော့ မင်းက တော်တော်လေး နာမည်ကြီးပါတယ်"

ရှန်မော့အာသည် ထိုအခါမှ သူ့ကို ဘာကြောင့် ရင်းနှီးနေရသည်ကို သတိရသွားသည်။ ရူပဗေဒဌာနသို့ သူမ တစ်ခါတစ်ရံ သွားရောက်ချိန်တွင် ဌာနမှူးရွှီကို အဝေးမှ မြင်တွေ့ခဲ့ဖူးခြင်း ဖြစ်ရပေမည်။

"ဌာနမှူးရွှီ၊ စောစောက မမှတ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်ရှင်"

ရွှီပေါ်ဝန်က ပြုံးလျက် ခေါင်းခါပြလိုက်၏။ "ကိစ္စမရှိပါဘူး။ မင်းက ငါတို့ဌာနက မဟုတ်တော့ ငါ့ကို မသိတာက ပုံမှန်ပါပဲ"

ထို့နောက် သူက စကားလမ်းကြောင်းပြောင်းကာ ရုတ်တရက် မေးလိုက်သည်။ "ဒီနေ့ လာမယ့် မစ္စတာစူးက မင်းရဲ့ ဦးကြီးလို့ ကြားတယ်၊ ဟုတ်လား"

ရှန်မော့အာက သူ ဘာကြောင့် မေးသည်ကို မသိသော်လည်း ခေါင်းညိတ်ပြလိုက်၏။ "ဟုတ်ပါတယ်၊ သူက ကျွန်မရဲ့ အမေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ပြီး အခုမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်ဆုံကြတာပါ"

ရွှီပေါ်ဝန်က ခေါင်းညိတ်လိုက်သည်။ "ဒါက တကယ်ကို တိုက်ဆိုင်တာပဲ။ လူသန်းပေါင်းများစွာရှိတဲ့ နိုင်ငံကြီးမှာ အချင်းချင်း ပြန်ရှာတွေ့ဖို့ဆိုတာ တကယ်ကို ထူးခြားပါတယ်။ သူက အစက မင်းရဲ့ စက်ရုံမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားပေမယ့် နောက်ပိုင်းမှာ ငါတို့ တက္ကသိုလ်အတွက် စာကြည့်တိုက် လှူဒါန်းဖို့ ရွေးချယ်လိုက်တယ်လို့လည်း ကြားမိတယ်။ ဒါက မိသားစုဝင်တစ်ယောက်ရဲ့ ရက်ရောတဲ့ လုပ်ရပ်ပဲ!"

ရှန်မော့အာက ပြုံးလိုက်၏။ "ကျွန်မရဲ့ ဦးကြီးကလည်း ဟွာကော်နိုင်ငံအတွက် တစ်ခုခု ကူညီပေးချင်လို့ပါ"

ရွှီပေါ်ဝန်က လက်ခုပ်တီးလိုက်သည်။ "မှန်တာပေါ့။ မကြာသေးမီ နှစ်တွေအတွင်းမှာ ပြည်ပရောက် ဟွာကော်စီးပွားရေးသမားတွေနဲ့ ဟောင်ကောင်စီးပွားရေးသမားတွေ နိုင်ငံကို ပြန်လာကြတာ အားလုံးမှာ ဒီလို မျိုးချစ်စိတ်ဓာတ်တွေ ရှိကြတာပဲ"

ခဏလောက် ရပ်နားပြီးနောက် သူက ထပ်ပြောလိုက်သည်။ "ဒါနဲ့... မင်းရဲ့ ဦးကြီးက ဒီက သုတေသန ဓာတ်ခွဲခန်းတွေကို ထောက်ပံ့ကူညီပေးဖို့ စိတ်ဝင်စားမှု ရှိမလားလို့ သိချင်မိလို့ပါ"

ရှန်မော့အာ : "..."

ဌာနမှူးရွှီက သူမကို သည်လောက်အထိ စကားပြောနေရသည့် အကြောင်းအရင်းကို ယခုမှ နားလည်သွားတော့သည်။ သူက ရူပဗေဒဌာန၏ ဓာတ်ခွဲခန်းများအတွက် ရန်ပုံငွေ ရှာဖွေနေခြင်းပင်။

ဖုမင်ဇယ် ပြောပြချက်အရ နိုင်ငံတော်က မြို့တော်တက္ကသိုလ်ကို တခြားကျောင်းများထက် ပိုမိုထောက်ပံ့ပေးသော်လည်း ဟွာကော်နိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေက ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်သည်။ တက္ကသိုလ်အနေဖြင့် အနိုင်နိုင် ရုန်းကန်နေရပြီး အထူးသဖြင့် စမ်းသပ်စရိတ်များ အမြဲတမ်း မလုံလောက်သော အင်ဂျင်နီယာဘာသာရပ်များအတွက် ပိုဆိုးလှသည်။ ယဉ်ကျေးသိမ်မွေ့သော ရွှီပေါ်ဝန်ကဲ့သို့သော သူပင်လျှင် နေရာအနှံ့ ရန်ပုံငွေ လိုက်လံတောင်းခံနေရလေသည်။

ရွှီပေါ်ဝန်သည် ရန်ပုံငွေ ရှာဖွေရာတွင် နာမည်ကြီးသူ ဖြစ်ကြောင်း ရှန်မော့အာ ကြားဖူးသော်လည်း ယခုမှ သတိပြုမိတော့သည်။

သူမမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသော်လည်း ရွှီပေါ်ဝန်ကိုတော့ မလေးစားဘဲ မနေနိုင်ချေ။ ဟွာကော်လူမျိုးများ၊ အထူးသဖြင့် ပညာတတ်များမှာ ပုံမှန်အားဖြင့် သိက္ခာကို အလွန်တန်ဖိုးထားကြသူများ ဖြစ်သည်။ ရွှီပေါ်ဝန်သည် ဌာန၏ ရန်ပုံငွေအတွက် သည်လောက်အထိ ကြိုးစားနေခြင်းမှာ တကယ်ကို ချီးကျူးစရာပင်။

သူမက ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်၏။ "ကျွန်မ ဦးကြီးကို နောက်မှ မေးကြည့်ပေးပါ့မယ်။ တကယ်လို့ သူက မဖြစ်နိုင်ရင်တောင် တခြား ပြည်ပရောက် စီးပွားရေးသမားတွေကို မေးကြည့်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ရန်ပုံငွေ ရ၊ မရကိုတော့ ကျွန်မ အာမမခံနိုင်ပါဘူးရှင်"

နောက်ဆုံးတော့ ချွေ့ကျန့်ကျုံး ရှိနေတာပဲလေ။ သူက သူမကို စက်ပစ္စည်းတွေ ရောင်းပြီး အမြတ်ရထားတာဆိုတော့ ဟွာကော်နိုင်ငံရဲ့ ပညာရေးကဏ္ဍအတွက် အစိတ်အပိုင်းတစ်ခုကို ပြန်လည်လှူဒါန်းဖို့ သူ့ကို တောင်းဆိုလို့ ရနိုင်‌လောက်တယ်မလား။

ရှန်မော့အာက ငွေပေးချေမှုထဲမှ အစိတ်အပိုင်းတစ်ခုကို မည်သို့ ခွဲထုတ်ရမည်ကို စတင်တွက်ချက်နေတော့သည်။

စူးကျင်းနျန်က သူမကို ပုဂ္ဂိုလ်ရေးအရ ပြောပြဖူးသည်မှာ သူအတွက် ငွေကြေးက ပြဿနာမဟုတ်ဘဲ သူက အနည်းငယ် ထူးဆန်းသောသူ ဖြစ်ခြင်းသာ ဖြစ်သည်။ သူ့အိတ်ကပ်ထဲမှ ငွေထွက်လာစေရန်အတွက် သူ စိတ်ဝင်စားသော အရာများကို လုပ်ဆောင်ပေးရပေလိမ့်မည်။

ရွှီပေါ်ဝန်၏ မျက်နှာမှာ ဝင်းလက်သွားသည်။ "မင်းက မေးကြည့်ပေးမယ်ဆိုတာနဲ့တင် တော်တော်လေး ကျေးဇူးတင်စရာ ကောင်းနေပါပြီ။ အမှန်အတိုင်း ပြောရရင် ဖုမင်ဇယ်သာ စကားပြောပေးရင် သူ့ရဲ့ ဦးလေးဆီက အကူအညီတောင်းရတာ အဆင်မပြေစရာ ရှိမှာ မဟုတ်ပါဘူး"

ရှန်မော့အာ : "..."

ဌာနမှူးရွှီက ဖုမင်ဇယ်ကိုလည်း အစောကတည်းက စည်းရုံးခဲ့ဖူးကြောင်း သူမ ရိပ်မိလိုက်တော့သည်။

...

အပိုင်း (၁၅၈)

မကြာမီမှာပင် စူးကျင်းနျန်သည် ကျောင်းခေါင်းဆောင် အတော်များများနှင့်အတူ အစည်းအဝေးခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ကျောင်းအုပ်ကြီးက စင်ပေါ်သို့ တက်ရောက်ကာ စူးကျင်းနျန်နှင့် သူ အမေရိကတွင် တည်ထောင်ခဲ့သော စူးစီးပွားရေးအုပ်စုအကြောင်းကို မိတ်ဆက်ပေးပြီးနောက် မြို့တော်တက္ကသိုလ်ကိုယ်စား လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စူးကျင်းနျန်ကို ဟောပြောပေးရန် ဖိတ်ကြားလိုက်လေသည်။

စင်ပေါ်သို့ တက်လာပြီးနောက် စူးကျင်းနျန်သည် ခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ပထမတန်း၏ ညာဘက်အခြမ်းတွင် သူ၏အကြည့်က ခဏလောက် ရပ်တန့်သွားပြီးနောက် အနည်းငယ် ပြုံးပြလိုက်သည်။

သူက ဤသို့ စတင်ပြောကြားခဲ့သည်။ "တစ်ခါက လူတစ်ယောက်က ကျွန်တော့်ကို အမေရိကက လမင်းက ပိုပြီးဝိုင်းသလားလို့ မေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော် မဖြေရသေးခင်မှာပဲ သူတို့ဘာသာ ပြန်ဖြေသွားကြတယ်— ကမ္ဘာကြီးက ဒြပ်ဝတ္ထုတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး လမင်းဆိုတာကလည်း တကယ်ရှိနေတဲ့ အရာတစ်ခုပဲလေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ကပဲဖြစ်ဖြစ်၊ နောက်ထပ် နှစ်ပေါင်း ၁,၀၀၀ ကြာရင်ပဲဖြစ်ဖြစ်၊ မိုင်ပေါင်း ထောင်ချီဝေးတဲ့နေရာမှာပဲဖြစ်ဖြစ်၊ ဒီနေရာမှာပဲဖြစ်ဖြစ် လမင်းကတော့ အတူတူပါပဲ။ ကွဲပြားခြားနားမှုဆိုတာက လူတွေရဲ့ စိတ်နှလုံးထဲမှာပဲ ရှိတာပါ”

"မှန်ပါတယ်၊ ကွဲပြားခြားနားမှုဆိုတာ လူတွေရဲ့ စိတ်နှလုံးထဲမှာပဲ ရှိတာပါ။ အမေရိကန်ဟာ စီးပွားရေး၊ နည်းပညာနဲ့ အခြေခံအဆောက်အအုံပိုင်းမှာ ကျွန်တော်တို့နိုင်ငံထက် ပိုပြီးတိုးတက်နေတာကိုတော့ ဝန်ခံရပါမယ်။ ဒါပေမဲ့ အဲဒီနေရာဟာ တချို့သူတွေ စိတ်ကူးယဉ်နေကြသလို နိဗ္ဗာန်ဘုံတော့ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အဲဒါက တော်ရုံလူတွေ စိတ်ကူးထားတာထက် ပိုပြီးရက်စက်တဲ့၊ အတော်ဆုံးသူတွေသာ ရှင်သန်နိုင်တဲ့ ကမ္ဘာမျိုးပါ...”

စူးကျင်းနျန်သည် အမေရိကရှိ လူနေမှုဘဝကို အမွမ်းတင်ခြင်း သို့မဟုတ် ဝေဖန်ခြင်းမျိုး မပြုဘဲ တည်ငြိမ်စွာပင် ဖော်ပြသွားခဲ့သည်။

စောစောက တိုးတိုးတိုးတိုး ပြောဆိုနေကြသော အစည်းအဝေးခန်းမကြီးမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး လူငယ်ကျောင်းသားများ၏ မျက်နှာတွင် စဉ်းစားတွေးတောနေသည့် အမူအရာများ ပေါ်လွင်လာခဲ့သည်။

အမေရိကနှင့် ပတ်သက်ပြီး ကောလာဟလများစွာ ရှိနေခဲ့သည်— အချို့က ထိုနေရာသည် ရွှေပြည်တော်ဖြစ်ပြီး သွားရောက်သူတိုင်း ချမ်းသာကြွယ်ဝသော ဘဝကို ပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်ကြသည်။

သို့သော် စူးကျင်းနျန်က အမေရိကတွင် ပြင်းထန်သော ရှင်သန်မှု စည်းမျဉ်းများ ရှိကြောင်း သူတို့ကို ပြောပြခဲ့သည်။ ယနေ့ သူ ရရှိထားသော အောင်မြင်မှုမှာ မရေတွက်နိုင်သော အခက်အခဲများကို ကျော်ဖြတ်ပြီးမှ ရရှိခဲ့ခြင်းဖြစ်ကာ အချို့သော အခြေအနေများမှာ သူ့ကို အသက်ပင် ဆုံးရှုံးစေလုနီးပါး ဖြစ်ခဲ့သည်။

အချို့ကလည်း ထိုနေရာသည် လွတ်လပ်မှုနှင့် ဒီမိုကရေစီ ထွန်းကားရာ မြေဖြစ်ပြီး လူတိုင်း မိမိစိတ်ကြိုက် နေထိုင်နိုင်သည်ဟု ယုံကြည်ကြသည်။

သို့သော် စူးကျင်းနျန်က လွတ်လပ်မှုနှင့် ဒီမိုကရေစီ ဆိုသည်မှာ အကြွင်းမဲ့မဟုတ်ကြောင်း သူတို့ကို ပြောပြခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများက ထိန်းချုပ်ထားသော နိုင်ငံတွင် သာမန်လူတန်းစားများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲပင်။

"...ကျွန်တော် အမေရိကမှာ နေထိုင်ပေမဲ့ ကျွန်တော့်ရဲ့ အမြစ်ကတော့ ဟွာကော်မှာပဲ ရှိပါသေးတယ်။ ဒီနေရာမှာ ကျွန်တော့်ရဲ့ ကလေးဘဝ၊ အမှတ်တရတွေနဲ့ မိသားစုတွေ ရှိနေတာပါ”

"ဒီက ကျောင်းသားတချို့က ကျွန်တော် ဘာကြောင့် မြို့တော်တက္ကသိုလ်မှာ စာကြည့်တိုက် တစ်ခု လှူဒါန်းရသလဲဆိုတာကို နားမလည်ကြဘူးလို့ ကြားသိရပါတယ်" စူးကျင်းနျန်က ခဏရပ်ကာ ပြုံးလိုက်ပြီး "အဲဒါကတော့ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ညီမလေးရဲ့ တစ်ဦးတည်းသော သမီးက ဒီတက္ကသိုလ်မှာ တက်ရောက်နေလို့ပါပဲ။ သူ့အရည်အချင်းတွေကို ဖော်ထုတ်နိုင်ဖို့ နေရာတစ်ခု ဖန်တီးပေးခဲ့ပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျွန်တော်တို့ကို ပြန်လည်ဆုံစည်းပေးခဲ့တဲ့ မြို့တော်တက္ကသိုလ်ကို ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ကျွန်တော့်တူမလေးနဲ့ ဒီက ကျောင်းသားအားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ သင်ယူမှုဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ ကျွန်တော်က အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်လိုတာလည်း ပါဝင်ပါတယ်”

သူ့စကားအဆုံးတွင် တိတ်ဆိတ်နေသော အစည်းအဝေးခန်းမကြီးမှာ ရုတ်တရက် ဆူညံသွားတော့သည်။

"နေပါဦး၊ မစ္စတာစူးရဲ့ တူမက ငါတို့ကျောင်းက ကျောင်းသူလား! သူက ကြိုဆိုရေးအဖွဲ့ရဲ့ အလုပ်ကို သဘောကျလို့ ပိုက်ဆံလှူတာလို့ ငါထင်နေတာ”

"သူက အဲဒီလူကို စိတ်ဝင်စားလို့ လှူတာ မဟုတ်ဘူးလား...”

"တော်စမ်း၊ တော်စမ်း— နင်က အဲဒါကို ပြောနေတုန်းလား။ သူက ကိစ္စတွေကို ရှင်းအောင်လာပြောတာပဲ! သူ့တူမအတွက် လှူတာတဲ့! တကယ်ပဲ၊ ကြိုဆိုရေးအဖွဲ့က လူတစ်ယောက်က ရက်ပိုင်းလောက်ပဲ သိရသေးတာကို သူတို့ကြောင့် လှူတာလို့ ဘယ်လိုများ တွေးဝံ့ကြတာလဲ!”

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ နင်တို့ အဓိကအချက်ကို လွဲနေပြီ— ငါတို့ကျောင်းက မစ္စတာစူးရဲ့ တူမက ဘယ်သူလဲ!”

......

ခုံတန်းတိုင်းတွင် တိုးတိုးတိုးတိုးဖြင့် ဆွေးနွေးနေကြသော်လည်း နိုင်ငံရေးဘောဂဗေဒ တန်းခွဲ (၁)၊ ၇၇ ခုနှစ် အတန်းသားများ၏ နေရာတွင်တော့ အထူးသဖြင့် လင်ယီချင်း၏ အနီးနားတွင် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းသွားခဲ့သည်။

သူမ၏ ပတ်ဝန်းကျင်ရှိ လူများ၏ အမူအရာမှာ ထူးဆန်းနေပြီး သူတို့၏ အကြည့်များက ဝေ့ဝဲနေကြသော်လည်း ဘယ်သူမှ စကားမပြောဝံ့ကြချေ။

၎င်းမှာ နားလည်ပေးနိုင်စရာပင်— လင်ယီချင်း၏ မျက်နှာမှာ အလွန်ပင် ပျက်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် ကျောင်းတစ်ခုလုံးမှာ မစ္စတာစူးက သူမကို သဘောကျလို့ ဒါမှမဟုတ် သူ့လွှမ်းမိုးမှုကြောင့် စာကြည့်တိုက်လှူဒါန်းခဲ့တာဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေခဲ့တာလေ။ တချို့က ပိုပြီးဆိုးတဲ့ ကောလာဟလတွေတောင် ဖြန့်ခဲ့ကြသေးတယ်။ အခုတော့ အဲဒီလူကိုယ်တိုင်က လူပုံအလယ်မှာ သတင်းတွေကို ငြင်းဆိုလိုက်ပြီး သူ့တူမအတွက် လှူဒါန်းတာလို့ ပြောလိုက်ပြီလေ။

ဒါက လင်ယီချင်းအတွက်တော့ တကယ့်ကို အရှက်ရစရာပင်!

လင်ယီချင်းသာ ထိုတူမဖြစ်ခဲ့လျှင်တော့ တစ်မျိုးပေါ့။

ဒါပေမဲ့ ဒါက မဖြစ်နိုင်တာ ရှင်းနေတာပဲ— မဟုတ်ရင် သူ့မျက်နှာက ဒီလောက်အထိ ညိုမဲနေမှာ မဟုတ်ဘူး။

သို့သော် ယွမ်လန်က ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ရေရွတ်လိုက်သည်။ "မစ္စတာစူး ပြောတဲ့ တူမဆိုတာက..."

ကျင်းကွေ့က သူမ၏စကားကို ဆက်လိုက်၏။ "စက်ရုံမှူးရှန် ဖြစ်မှာပေါ့”

လေကျန့်ကလည်း ဝင်ပြောလိုက်သည်။ "အရည်အချင်းတွေကို ဖော်ထုတ်ခွင့်ရတဲ့ ပလက်ဖောင်း၊ အဲဒီကနေတစ်ဆင့် သူတို့ ပြန်ဆုံပြီး မှတ်မိသွားကြတာ— ဆိုလိုတာက ကြိုဆိုရေးလုပ်နေတုန်း သူတို့ အချင်းချင်း မှတ်မိသွားကြတာလား၊ ငါတို့ကျောင်းက ကျောင်းသား ဒါဇင်ပေါင်းများစွာ ကြိုဆိုရေးမှာ ကူညီခဲ့ကြတာကို ဘာလို့ စက်ရုံမှူးရှန် ဖြစ်နေရတာလဲ”

ဝူယာနန်က ပြန်ပြောလိုက်၏။ "ဘာလို့လဲဆိုတော့ သူ တစ်ယောက်တည်းကိုပဲ အတန်းပိုင်ဆရာက အရှေ့တန်းမှာ ထိုင်ဖို့ ခေါ်သွားတာလေ”

ပြန်စဉ်းစားကြည့်လျှင် သံသယဖြစ်စရာ အချက်အတော်များများ ရှိနေခဲ့သည်။

ရှန်မော့အာက မစ္စတာစူးအပေါ် နားလည်ပေးပြီး ကာကွယ်ပြောဆိုပေးခဲ့တာက တစ်ချက်ဖြစ်သလို၊ ဒီနေ့ မွန်းလွဲပိုင်း အစည်းအဝေးအတွက် သူမက အံ့သြမနေခဲ့တာကလည်း နောက်ထပ်တစ်ချက်ပင်။

စင်ပေါ်တွင် စူးကျင်းနျန်က ပြုံးကာ ပြောလိုက်သည်။ "အခု ကျွန်တော့်ရဲ့ တူမဖြစ်သူ ရှန်မော့အာကို မြို့တော်တက္ကသိုလ်နဲ့အတူ လှူဒါန်းမှု သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီစာကြည့်တိုက်ကို ကျွန်တော်နဲ့ သူ့ မိခင် အမည်နဲ့ မြို့တော်တက္ကသိုလ်ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်”

အမှန်တရား ပေါ်ပေါက်လာသည်နှင့်အမျှ လူအုပ်ကြီးမှာ ထပ်မံ ဆူညံသွားပြန်သည်။

တခြားသူများက တိုးတိုးတိုးတိုး ပြောနေကြစဉ်မှာပင် ရူပဗေဒဌာန ကျောင်းသားများထံမှ အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "ဖုမင်ဇယ်၊ မင်းမိန်းမရဲ့ မိသားစုက ဒီလောက်တောင် ချမ်းသာတာဆိုတော့ ငါတို့ ဓာတ်ခွဲခန်းတော့ ကယ်တင်ရှင် ရပြီပေါ့!”

ထို့နောက်တွင်တော့ ရယ်မောသံများ ပွက်လောရိုက်သွားတော့သည်။

စင်ပေါ်သို့ တက်ရန် ပြင်နေသော ရှန်မော့အာ: "...”

ရွှီပေါ်ဝန်က ရယ်မောရင်း ပြောလိုက်၏။ "ငါတို့ ရူပဗေဒဌာန ကျောင်းသားတွေက တကယ့်ကို ပွင့်လင်းပြီး တက်ကြွကြတာပဲ”

ရှန်မော့အာမှာ နှုတ်ခမ်းကို တွန့်ရုံသာ တတ်နိုင်တော့သည်။

ဌာနမှူးရွှီကတော့ အမြဲတမ်း စကားပြောကောင်းသူပင်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ တရားဝင်သော်လည်း ရိုးရှင်းလှသည်။ စာချုပ်လက်မှတ်ရေးထိုးပြီးနောက် မြို့တော်တက္ကသိုလ်က စူးကျင်းနျန်နှင့် ရှန်မော့အာတို့ကို လှူဒါန်းမှု ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ရှန်မော့အာ၏ မှတ်တမ်းလွှာကိုတော့ စူးကျင်းရှို့ အမည်ဖြင့် ထုတ်ပေးခဲ့သည်။

ထို့နောက် ကျောင်းအုပ်ကြီးက အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာလိုက်ပြီး ကျောင်းသားများအနေဖြင့် ကောလာဟလများကို ဝေဖန်ပိုင်းခြားတတ်ရန်၊ သတင်းအမှားများကို မယုံကြည်ကြရန်နှင့် ဟွာကော်နှင့် ပြည်ပနိုင်ငံများကြားမှ ကွာဟချက်များကို ကျိုးကြောင်းဆီလျော်စွာ သုံးသပ်ရင်း ကျော်တက်နိုင်မည့် သတ္တိနှင့် ယုံကြည်မှုကို ထိန်းသိမ်းကြရန် မှာကြားခဲ့သည်။

နောက်ပိုင်းတွင် ကျောင်းမှ စူးကျင်းနျန်၊ ရှန်မော့အာတို့နှင့်အတူ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဓာတ်ပုံရိုက်ပြီးနောက် ရှန်မော့အာသည် ရွှီပေါ်ဝန်ကို စူးကျင်းနျန်နှင့် မိတ်ဆက်ပေးရန် အခွင့်အရေး ယူလိုက်သည်။ ရွှီပေါ်ဝန်သည် သူ့တူမလေး၏ ခင်ပွန်းဖြစ်သူ၏ ဌာနမှူးနှင့် အတန်းပိုင်ဆရာ ဖြစ်ကြောင်း သိလိုက်ရသောအခါ စူးကျင်းနျန်က အထူးပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့သည်။

မြို့တော်တက္ကသိုလ်၏ နာမည်ကြီး "ရန်ပုံငွေရှာဖွေသူ" ဖြစ်သည့်အတိုင်း ရွှီပေါ်ဝန်သည် ရူပဗေဒဌာန၏ ဘဏ္ဍာရေး အခက်အခဲများကို ပြောပြခဲ့သည်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် စူးကျင်းနျန်က ဒေါ်လာ ၂၀၀,၀၀၀ ကို "အနည်းငယ်" လှူဒါန်းရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုနှစ်တွင် မြို့တော်တက္ကသိုလ် တစ်ကျောင်းလုံးအတွက် ပညာရေး ရန်ပုံငွေ စုစုပေါင်းမှာ ၄.၉ သန်း ယွမ်သာ ရှိခဲ့သည်။

၁ ဒေါ်လာလျှင် ၁.၅ ယွမ်ခန့်ရှိသော ငွေလဲနှုန်းဖြင့် တွက်ချက်လျှင် ရူပဗေဒဌာနသည် ဓာတ်ခွဲခန်း ရန်ပုံငွေအဖြစ် ယွမ်၃၀၀,၀၀၀ခန့် ရရှိမည်ဖြစ်ကာ ၎င်းမှာ သူတို့၏ တစ်နှစ်စာ အသုံးစရိတ်နီးပါးနှင့် ညီမျှနေသည်။

ဤငွေပမာဏသည် သူတို့ကို အချိန်အတော်ကြာ ထောက်ပံ့ပေးနိုင်လိမ့်မည်။

ရွှီပေါ်ဝန်မှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားတော့သည်။

အခြားသော ဌာနမှူးများမှာတော့ အခွင့်အရေးကို လက်လွတ်လိုက်ရသဖြင့် မိမိကိုယ်ကို အပြစ်တင်နေကြရသည်— သတ္တိရှိသူကသာ အကျိုးခံစားရခြင်းဖြစ်ပြီး ရွှီပေါ်ဝန်ကတော့ နောက်တစ်ကြိမ် ကံထူးသွားပြန်ပြီ!

ကျောင်းခေါင်းဆောင်များနှင့် စကားစမြည် ပြောဆိုပြီးနောက် စူးကျင်းနျန်က အရင်ထွက်ခွာသွားခဲ့သည်။ ရှန်မော့အာ၏ မွန်းလွဲပိုင်း အတန်းများကို ဖျက်သိမ်းထားသဖြင့် သူမသည် သူနှင့်အတူ လိုက်သွားခဲ့သည်။

စီးပွားရေးဝန်ကြီးဌာနက စူးကျင်းနျန် အသုံးပြုရန်အတွက် ကားတစ်စီးနှင့် ဒရိုင်ဘာတစ်ဦး စီစဉ်ပေးထားခဲ့သည်။

ရှန်မော့အာသည် ကားကြုံစီးပြီး မိနစ်အနည်းငယ်အတွင်းမှာပင် အိမ်သို့ ရောက်ရှိခဲ့သည်။

ညစာအတွက် စူးကျင်းနျန်သည် ကျန်းကော်ဟိုတယ်တွင် VIP ခန်းတစ်ခု ကြိုတင်မှာယူထားခဲ့သည်။ မိသားစုဝင်များ အိမ်တွင် ခဏ စကားပြောပြီးနောက် ကားဖြင့် အတူတူ ထွက်ခွာခဲ့ကြသည်။

ဖော်ရွေသွက်လက်သည့် လူမှုရေးဝင်ဆံ့သော လျန်လျန်လေးသည် သူမ၏ အဘိုးဖြစ်သူနှင့် လျင်မြန်စွာ ရင်းနှီးသွားခဲ့သည်။ သူ့လည်ပင်းကို ဖက်တွယ်ထားရင်း တတွတ်တွတ် ပြောနေလေသည်။ "ဘိုးဘိုးက အကောင်းဆုံးပဲ! အရမ်းမိုက်တယ်!"

ထိုစကားကြောင့် စူးကျင်းနျန်မှာ ချက်ချင်းပင် စိတ်ပျော်ရွှင်သွားပြီး သူမကို အလိုလိုက်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

ညစာစားချိန် ရောက်သောအခါ ဖုကျစ်ယွမ်၏ မိသားစုမှာ သီးသန့်ခန်းအတွင်း ကြိုတင်စောင့်ဆိုင်းနေကြသည်။

စူးကျင်းနျန်သည် ဖုကျစ်ယွမ်ကို မြင်သောအခါ အံ့သြသွားခဲ့သည်။ သူတို့ ကိုယ်စားလှယ်အဖွဲ့ နိုင်ငံသို့ စတင်ရောက်ရှိချိန် ကြိုဆိုပွဲ အခမ်းအနားတွင် သူ့ကို တွေ့ဖူးသော်လည်း ရှန်မော့အာ၏ ယောက္ခမများမှာ သည်လောက်အထိ အဆက်အသွယ်ကောင်းသူများ ဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

အစပိုင်းတွင် သူတို့ မိသားစုနောက်ခံချင်း မမျှတသဖြင့် ရှန်မော့အာ၏ အိမ်ထောင်ရေးတွင် အခက်အခဲ ကြုံတွေ့ရမည်ကို သူ စိုးရိမ်ခဲ့သည်။ သို့သော် မိနစ်အနည်းငယ်အတွင်းမှာပင် အပို တွေးပူမိခဲ့ကြောင်း စူးကျင်းနျန် သဘောပေါက်လိုက်သည်။

ဖုမိသားစုသည် ရှန်မော့အာကို အမှန်တကယ်ပင် တန်ဖိုးထားကြပြီး လျန်လျန်လေးကိုလည်း စိတ်ရင်းနှင့် ချစ်ခင်ကြသည်မှာ ရှင်းလင်းလှသည်။

ထိုအခါမှသာ စူးကျင်းနျန် စိတ်အေးသွားရတော့သည်။

အားလုံး ပျော်ပျော်ရွှင်ရွှင် စားသောက်ကြပြီး စူးကျင်းနျန်သည် ဖုကျစ်ယွမ်နှင့်ပင် သီးသန့် စကားပြောဆိုခဲ့သေးသည်။

စားသောက်ပြီးနောက် မိသားစုဝင်များက စူးကျင်းနျန်ကို သူတည်းခိုရာ အခန်းအထိ ပြန်လိုက်ပို့ကာ နှုတ်ဆက်ခဲ့ကြသည်။

စူးကျင်းနျန်သည် နိုင်ငံအတွင်း နေထိုင်သည်မှာ ကြာပြီဖြစ်သဖြင့် နောက်တစ်နေ့တွင် အမေရိကသို့ ပြန်ရန် စီစဉ်ထားပြီး ဖြစ်သည်။

"အမြဲ အဆက်အသွယ်လုပ်နော်၊ တစ်ခုခု ဖြစ်ရင်လည်း ဦးကြီးကို ဖုန်းဆက်လိုက်ပါ။ ဘာကိစ္စပဲဖြစ်ဖြစ် ဦးကြီးက မင်းဘက်မှာ ရှိနေမှာပါ" စူးကျင်းနျန်က လေးနက်စွာ ပြောကြားခဲ့သည်။ သူ့မျက်လုံးများက အနည်းငယ် နီမြန်းနေသဖြင့် ရှန်မော့အာမှာ အမှန်တကယ်ပင် စိတ်ထိခိုက်သွားရသည်။ စူးကျင်းနျန်၏ သူမအပေါ် ဂရုစိုက်မှုကို သူမ အမှန်တကယ် ခံစားရသဖြင့် ပြုံးကာ ပြန်ဖြေခဲ့သည်။ "ဒါပေါ့၊ ဦးကြီး”

စူးကျင်းနျန်ကို ပို့ဆောင်ပြီးနောက် ရှန်မော့အာသည် ဤကိစ္စမှာ နောက်ဆုံးတွင် ပြီးဆုံးသွားပြီဟု ထင်မှတ်ခဲ့သည်။ သို့သော် နောက်တစ်နေ့ စာသင်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သူမသည် ယွမ်လန်တို့တစ်စု၏ ဝိုင်းအုံခြင်းကို ခံလိုက်ရ၏။ "စက်ရုံမှူးရှန်၊ နင်ကတော့ တကယ့်ကို တော်တာပဲ၊ ငါတို့ကို လျှို့ဝှက်ချက်တွေ ဖုံးထားတာ! ဒီလို ကိစ္စကြီးကို ဘယ်လိုများ ဖုံးထားနိုင်ရတာလဲ”

"မှန်တယ်! အစောကြီးကတည်းက ပြောပြရင် ငါတို့လည်း ဦးကြီးနဲ့အတူ ရဲရဲဝံ့ဝံ့ ဓာတ်ပုံရိုက်လို့ ရတာပေါ့!”

ရှန်မော့အာက သူတို့ နောက်ပြောင်နေခြင်းဖြစ်ကြောင်း သိသဖြင့် ရယ်မောကာ ကတိပေးလိုက်ရသည်။ "ကောင်းပါပြီ၊ ကောင်းပါပြီ၊ နောက်တစ်ခါ အခွင့်အရေးရရင် သေချာပေါက် လုပ်ပေးပါ့မယ်"

သူတို့တစ်စု နောက်ပြောင်နေကြစဉ်မှာပင် လင်ယီချင်းသည် အခြားတစ်ဖက်မှ ရုတ်တရက် မတ်တတ်ရပ်ကာ ရှန်မော့အာထံသို့ လျှောက်လာခဲ့သည်။

"ရှန်မော့အာ၊ နင်က ဒီလောက်အထိ လှည့်ဖြားတတ်တဲ့သူ ဖြစ်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး!"

ရှန်မော့အာက မျက်ခုံးကို ပင့်လိုက်ပြီး ပြန်လည်ချေပလိုက်သည်။ "လင်ယီချင်း၊ နင်က ငါ့ကို ဘယ်လိုအခွင့်အရေးနဲ့ လာပြီး စွပ်စွဲနေတာလဲ”

လင်ယီချင်းက အတင်းတောင်းဆိုလိုက်၏။ "နင်က မစ္စတာစူးနဲ့ ပတ်သက်မှုကို ဘာလို့ စောစောကတည်းက ရှင်းအောင် မပြောခဲ့တာလဲ နင်ကြောင့် ငါ အနာကျင်ရဆုံး ကောလာဟလတွေကို ခံခဲ့ရတာ!”

ရှန်မော့အာသည် ကုလားထိုင်ကို မှီလိုက်ပြီး မတ်တတ်ရပ်နေသော လင်ယီချင်းကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။ "လင်ယီချင်း၊ ငါနဲ့ မစ္စတာစူးရဲ့ ပတ်သက်မှုက ငါတို့ မိသားစုချင်း ကိစ္စပဲ။ တစ်ယောက်ယောက်က မိမိရဲ့ မိသားစုကို အသိအမှတ် မပြုခင်မှာ နင့်ကို အရင်လာပြီး သတင်းပို့ရမယ်လို့ နင်က ကိုယ့်ဟာကို ဘာထင်နေတာလဲ”

"ဒါ့အပြင် ကျောင်းက ကောလာဟလတွေ ဘယ်ကစသလဲဆိုတာ ငါတို့နှစ်ယောက်လုံး သိတာပဲ။ အမှန်တရားကို တမင်တကာ ပုံဖျက်ပြီး လူထုကို လမ်းမှားအောင် လုပ်ခဲ့တဲ့အတွက် ဦးကြီးက နင့်ကို အပြစ်မယူခဲ့တာက သူ့ရဲ့ ကြင်နာမှုပဲ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် သူက ရက်ရက်ရောရော လှူဒါန်းခဲ့တာကို လူတွေက သူ့အပေါ်မှာ ဒီလောက် ယုတ်ညံ့တဲ့ ကောလာဟလတွေ ဖြန့်ခဲ့ကြတာလေ။ နင်ကတော့ မီးနဲ့ကစားရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လောင်သွားတာပဲ။ အခုတော့ နင် အဲဒီအပူဒဏ်ကို ခံစားနေရပြီပေါ့။ ကိုယ်စိုက်တာ ကိုယ်ရိတ်ရတဲ့အတွက် တခြားသူတွေကို လိုက်ပြီး အပြစ်တင်မနေနဲ့”

လင်ယီချင်း : "နင်—!"

သူမသည် ရှန်မော့အာကို အခုမှ စတွေ့ဖူးသကဲ့သို့ စိုက်ကြည့်နေခဲ့သည်။

ရှန်မော့အာသည် အမြဲတမ်း နူးညံ့ပျူငှာပြီး လူတိုင်းကို ပြုံးပြတတ်သူ ဖြစ်သည်။ သူမကို ရင်ဆိုင်လိုက်လျှင် ရှန်မော့အာက ကိစ္စတွေကို ရှင်းပြလိမ့်မည် သို့မဟုတ် တောင်းပန်လိမ့်မည်ဟု လင်ယီချင်း ထင်မှတ်ထားခဲ့သည်— ဘာပဲဖြစ်ဖြစ် သူမက ကိစ္စတွေကို ဖုံးကွယ်ထားခဲ့တာ မဟုတ်လား။

သို့သော် ရှန်မော့အာက သူမ၏ ဟန်ဆောင်မှုကို လူပုံအလယ်တွင် ဗြောင်ကျကျ ဖော်ထုတ်လိုက်လိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ။

မီးနဲ့ကစားရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လောင်သွားတာ။ ကိုယ်စိုက်တာ ကိုယ်ရိတ်ရတာ။

ထိုစကားလုံးများက လင်ယီချင်းကို လက်သီးဖြင့် အထိုးခံလိုက်ရသကဲ့သို့ ခံစားရစေပြီး သူမမှာ အရှက်တကွဲ ဖြစ်သွားရတော့သည်။

သူမ၏ စိတ်နှလုံးထဲမှ အနက်ရှိုင်းဆုံး၊ အညစ်ပတ်ဆုံး အစိတ်အပိုင်းများကို နေ့ခင်းကြောင်တောင်မှာ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မြေကြီးထဲသို့သာ ငုပ်လျှိုးသွားချင်စိတ် ပေါက်သွားခဲ့သည်။

နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း လင်ယီချင်းသည် စာသင်ခန်းထဲမှ လှည့်ထွက်သွားခဲ့တော့သည်။

ရှန်မော့အာသည် လင်ယီချင်းက သည်လောက်အထိ အားနည်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမက စရုံပဲ ရှိသေးသော်လည်း ပြိုင်ဘက်က ရှုံးနိမ့်ပြီး ထွက်ပြေးသွားခဲ့သည်။

သို့သော် ရှန်မော့အာကို ပိုအံ့သြရစေသည်မှာ လင်ယီချင်းသည် ထွက်သွားပြီးနောက် ပြန်မလာတော့ခြင်းပင်။ မကြာမီမှာပင် သူမသည် ကျောင်းခွင့်ယူလိုက်ပြီး အမေရိကသို့ ထွက်သွားခဲ့သည်ဟု ကြားသိရသည်။

အဲဒီနေရာက မြက်ခင်းတွေက တကယ်ပဲ ပိုပြီး စိမ်းသလားဆိုတာ လင်ယီချင်းတစ်ယောက် သွားကြည့်တာ ဖြစ်နိုင်တယ်ဟု ရှန်မော့အာ တွေးနေမိသည်။

မည်သို့ပင်ဖြစ်စေ ထိုကိစ္စက ရှန်မော့အာအတွက် အရေးမကြီးလှပေ။ တကယ်အရေးကြီးသည်မှာ ဟွာချိုက်အထည်ချုပ်စက်ရုံတွင် "အတွင်းသူခိုး" တစ်ယောက်ကို ဖမ်းမိလိုက်ခြင်းပင် ဖြစ်တော့သည်။

...

All Chapters