← Chapters

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

Chapter 676: စိတ်ဝိညာဉ်လက်နက်တွေ မပေးရင် သေရမယ်

လက်ရှိတွင် ကျင့်ကြံသူ ငါးဆယ်ကျော်လုံးမှာ စိတ်ပျက်အားငယ်သော မျက်နှာအမူအရာများ ရှိနေကြသည်။ သူတို့ကို ဝန်းရံထားသော နွယ်ပင်များမှာ သာမန်အပင်များ မဟုတ်ကြပေ။ ယင်းတို့မှာ ထူထဲပြီး အလွန်အမင်း မာကျောရုံသာမက တစ်ခါတစ်ရံတွင်လည်း မိုးကြိုးလျှပ်စီးများ တဖျတ်ဖျတ် ပွင့်ထွက်နေတတ်၏။ နွယ်ပင်များပေါ်တွင်လည်း မာကျောသော ဆူးချွန်များဖြင့် ဖုံးလွှမ်းနေသည်။ အန္တရာယ်အရှိဆုံးအချက်မှာ ထိုနွယ်ပင်များသည် အလွန်အစွမ်းထက်သော ပြန်လည်ရှင်သန်နိုင်စွမ်း ရှိနေခြင်းပင်။ ယခုတင် ဖျက်ဆီးလိုက်သော နွယ်ပင်အပိုင်းအစတစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြန်လည်ပေါက်ရောက်လာတတ်သည်။ ယင်းမှာ အကြိမ်ကြိမ် ခုတ်ဖြတ်ခံရသော်လည်း အမြဲတမ်း ပြန်ပေါက်လာသည့် ကြက်သွန်မြိတ်များသဖွယ်ပင်။ သို့သော် ဤနွယ်ပင်များမှာ အကြောက်စရာအကောင်းဆုံးအရာ မဟုတ်ပေ။ အကြောက်စရာအကောင်းဆုံးမှာ နွယ်ပင်တောအုပ်အတွင်း၌ ကူးခတ်သွားလာနေသော ကြီးမားလှသည့် နက်မှောင်သော ပုံရိပ်ကြီးပင် ဖြစ်သည်။

ယင်းမှာ နွယ်ပင်နဂါးကြီး ဖြစ်လေ၏။

လွန်ခဲ့သော နှစ်ရက်က ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးသည် မိမိ၏ တာအိုအမှတ်အသား ခုနစ်ဆယ်ရှိသော ခွန်အားကို ယုံကြည်ကာ တောအုပ်အတွင်းမှ လွတ်မြောက်ရန် နွယ်ပင်များကို ဖောက်ထွက်ခဲ့သော်လည်း နွယ်ပင်နဂါး၏ တစ်ချက်တည်း ဝါးမျိုခြင်းကို ခံလိုက်ရသည်။ သူ၏ အစအနလေးမျှပင် မကျန်ရစ်ခဲ့ဘဲ ချက်ချင်းပင် သေဆုံးသွားခဲ့ရသည်။ ထိုသူမှာ တာအိုအမှတ်အသား ခုနစ်ဆယ်ရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်ရာ အရှေ့ပြည်နယ်၊ အလယ်ပိုင်းပြည်နယ် သို့မဟုတ် တောင်ပိုင်းကျွန်းစုများတွင် ဖြစ်စေ ဂိုဏ်းတစ်ခုကို တည်ထောင်ပြီး ဂိုဏ်းချုပ်လုပ်နိုင်လောက်သည့် အရည်အချင်းရှိသူ ဖြစ်၏။ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်း သို့မဟုတ် မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုတို့နှင့် အဆင့်အတန်း မယှဉ်နိုင်သော်လည်း နဂါးပြာကျွန်း သို့မဟုတ် တောင်ပိုင်းကျွန်းစုရှိ နေလဂိုဏ်းတို့ကဲ့သို့သော အဖွဲ့အစည်းများကြားတွင် အဆင့်မြင့်သူတစ်ဦး ဖြစ်ပေလိမ့်မည်။ သို့သော် ယခုအခါတွင်မူ သူသည် လေလွင့်ခွေးတစ်ကောင်ထက်ပင် ပို၍ သနားစရာကောင်းစွာ သေဆုံးသွားခဲ့ရပြီ။

"စိတ်ဝိညာဉ်လက်နက်တွေ... ငါ့ကို စိတ်ဝိညာဉ်လက်နက်တွေ ပေး... ဒါမှမဟုတ်ရင် မင်းတို့ကို ငါသတ်မယ်"

နွယ်ပင်တောအုပ် အပြင်ဘက်မှ နွယ်ပင်နဂါး၏ ကြမ်းတမ်းပြီး လည်ချောင်းသံပါသော အသံကြီး ထွက်ပေါ်လာသည်။ ခဏအကြာတွင် ၎င်းသည် ထိုတောင်းဆိုချက်ကိုပင် ထပ်မံပြောဆိုပြန်၏။ ပိတ်မိနေသော ကျင့်ကြံသူများ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။ ၎င်းသည် စိတ်ဝိညာဉ်လက်နက်များကို ထပ်မံစားသောက်ချင်နေပြန်ပြီ။ ဤကျိန်စာသင့် နွယ်ပင်နဂါးသည် သူတို့ကို သတ်ဖြတ်ရန် ပိတ်လှောင်ထားသော ကျွဲနွားများကဲ့သို့ သဘောထားနေသည်မှာ ထင်ရှားလှ၏။ ၎င်းသည် သူတို့၏ စိတ်ဝိညာဉ်လက်နက် အားလုံးကို ဝါးမျိုပြီးသည်နှင့် သူတို့ သေရမည့်အလှည့် ရောက်လာပေလိမ့်မည်။

ခဏအကြာတွင် ဖြူစင်သော ရုပ်ရည်ရှိသည့် အရပ်ရှည်ရှည် ချောမောသော လူငယ်တစ်ဦး ထရပ်လိုက်သည်။ သူကား အရှေ့ထွက်ခွာ အင်ပါယာ၏ တစ်ဆယ့်နှစ်ယောက်မြောက် မင်းသား လီယင်ပင်။ နွယ်ပင်တောအုပ်၏ အစွန်းဘက်သို့ ကြည့်ရင်း လီယင်သည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို ထုတ်ယူကာ အဝေးသို့ ပစ်ပေးလိုက်သည်။ နွယ်ပင်နဂါးသည် နွယ်ပင်တောအုပ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး ယင်းကို တစ်ချက်တည်းဖြင့် ဝါးမျိုလိုက်၏။ ခဏအကြာတွင်မူ နားမခံသာသော ဝါးစားသံများ ထွက်ပေါ်လာတော့သည်။

နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးတွင် အလွန်သန်မာသော မေးရိုးများ ရှိနေသည်မှာ ထင်ရှားလှသည်။ စိတ်ဝိညာဉ်လက်နက်မှာ မာကျောသော်လည်း ၎င်းအတွက်မူ အရသာရှိသော မုန့်တစ်ခုသဖွယ် ဖြစ်နေသည်။

"ကောင်းတယ်... ကောင်းတယ်"

နွယ်ပင်နဂါး၏ ထူးဆန်းပြီး ကျေနပ်နေသော ရယ်မောသံ ထွက်ပေါ်လာသည်။

စီခုန်းလျဲ့မှ လီယင်ကို စောင်းငဲ့ကြည့်လိုက်ပြီး

"မင်းက အထူးအဆင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို အလကား ပစ်ပေးလိုက်တာပဲ… တကယ်ပဲ အဲဒီလောက် ရက်ရောတာလား… သူ့ရဲ့ အလိုရမ္မက်တွေ ပိုကြီးလာမှာကို မကြောက်ဘူးလား"

လီယင် အသံလှိုင်းဖြင့် ပြန်လည်ဖြေကြားသည်။

"အဲဒီ စိတ်ဝိညာဉ်လက်နက်က ကျွန်တော့်ရဲ့ အစ်ကိုတော် ပေးထားတဲ့ လက်ဆောင်ပါ… အဲဒီပေါ်မှာ အစ်ကိုတော် ချန်ထားခဲ့တဲ့ အမှတ်အသား ပါဝင်တယ်"

"အကယ်၍ အဲ့ဒါ ပျက်စီးသွားမယ်ဆိုရင် ကျွန်တော့် အစ်ကိုတော် ချက်ချင်း သိပါလိမ့်မယ်"

"အခုလို အခြေအနေမျိုးမှာ လွတ်မြောက်ဖို့ အခွင့်အရေးရအောင် တစ်ခုခုကို စွန့်လွှတ်ဖို့ ဝန်မလေးသင့်ဘူးလေ"

စီခုန်းလျဲ့ ခပ်ဖွဖွ ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်မူ လီယင်ကို ပို၍ သတိထားမိသွားသည်။ တဟ်လောကလုံးမှ အရှေ့ထွက်ခွာ အင်ပါယာ၏ ဓားမင်းသား လီကျန့်ဖုန်း ကို ပြိုင်ဘက်ကင်းသူအဖြစ် ချီးကျူးကြသည်။ သို့သော် သူ၏ ညီအရင်းဖြစ်သူ လီယင်သည်လည်း သာမန်လူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားလှ၏။ အထူး ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို တုံ့ဆိုင်းမနေဘဲ စွန့်လွှတ်ဝံ့သည်မှာတော့…

မိုင်ပေါင်း သောင်းချီဝေးသော နေရာတစ်ခုတွင် လီကျန့်ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဟင်းလင်းပြင်တွင် ရပ်နေသည်။ ရေတွက်မရနိုင်သော ရွှေရောင် ပျံလွှားဓားများမှာ သူ့ကို ဖြတ်ကျော် ပျံသန်းနေကြ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ရှေ့မှ ကြီးမားလှသော လူဝံကြီး သုံးကောင်မှာ ဓားတစ်သောင်း၏ ထိုးနှက်မှုကို ခံလိုက်ရပြီး ခန္ဓာကိုယ်များမှာ အပေါက်များဖြင့် ပြည့်နှက်သွားတော့သည်။ ခဏအကြာတွင် ပျံလွှားဓား သုံးစင်းမှာ နတ်ဆိုး မိုးကြိုးမျိုးစေ့ သုံးခုကို သယ်ဆောင်လျက် သူ၏ ရှေ့သို့ ပြန်ရောက်လာကြသည်။ လီကျန့်ဖုန်း ယင်းတို့ကို သိမ်းဆည်းလိုက်စဉ်မှာပင် သူ၏ မျက်ခုံးများမှာ တွန့်ချိုးသွား၏။

"အဲဒီ စိတ်ဝိညာဉ်လက်နက် ပျက်စီးသွားပြီလား"

"ရှောင်ယင် အန္တရာယ်ကြုံနေပြီ"

သူ၏ အကြည့်မှာ ချက်ချင်းပင် အေးစက်သွားသည်။ သူ ဟင်းလင်းပြင်ကို နင်းလျှောက်လိုက်ရာ သူ၏ ပုံရိပ်မှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှေ့သို့ တိုးဝင်သွားပြီး အစအနလေးမျှ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် နွယ်ပင်တောအုပ် အပြင်ဘက်တွင် ခုနကမှ ထွက်ခွာသွားသော နွယ်ပင်နဂါးမှာ ရုတ်တရက် ပြန်လည် ရောက်ရှိလာပြန်သည်။ "စိတ်ဝိညာဉ်လက်နက်တွေ"

"နောက်ထပ် စိတ်ဝိညာဉ်လက်နက်တွေ ပေးဦး”

၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ရယ်သံမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

လီယင်၊ စီခုန်းလျဲ့၊ ဟူရှင်းယွဲ့နှင့် ကျန်သူများ အားလုံး မျက်နှာများ ဖြူလျော်သွားကြသည်။ မင်းက အထူး ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို စားပြီးတာ တစ်နာရီရဲ့ လေးပုံတစ်ပုံတောင် မရှိသေးဘူး… အခု နောက်ထပ် လိုချင်ပြန်ပြီလား… မင်းရဲ့ အလိုရမ္မက်က အရမ်းကြီးလွန်းနေပြီ။

စီခုန်းလျဲ့ ရုတ်တရက် ထရပ်လိုက်ပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"အားလုံးပဲ… ငါတို့ အင်အားစုပြီး အသေအကြေ တိုက်မှ ဖြစ်မယ်… ဒါမှမဟုတ်ရင် ငါတို့ အားလုံး ဒီမှာပဲ သေကြရလိမ့်မယ်"

သံသရာ မြင့်မြတ်တဲ့နယ်မြေမှ ကျင့်ကြံသူများသည် သူတို့၏ သူတော်စင် သားတော်၏ တောင်းဆိုမှုကို တုံ့ပြန်ရန် ချက်ချင်း ထရပ်လိုက်ကြသည်။

လီယင် မျက်မှောင်ကြုတ်လျက်

"စီခုန်းညီနောင်… လွန်ခဲ့တဲ့ နှစ်ရက်ကလည်း ကျွန်တော်တို့ ဖောက်ထွက်ဖို့ ကြိုးစားခဲ့ဖူးတယ်… အဲဒီတုန်းက လူ ဆယ့်နှစ်ယောက်တောင် အသက်ဆုံးရှုံးခဲ့ရတာလေ… မင်း အခုရော ဝိုင်းရံမှုကို ဖောက်ထွက်နိုင်မယ်လို့ အာမခံနိုင်လား"

စီခုန်းလျဲ့၏ မျက်ခုံးများ တွန့်သွားသည်။

"ဒါဆို မင်းက ဒီအတိုင်း အချိန်ဆွဲပြီး ဒီနွယ်ပင်နဂါးရဲ့ ကြီးထွားလာနေတဲ့ လောဘကို ဖြည့်ဆည်းပေးဖို့ ငါတို့ရဲ့ အဖိုးတန် စိတ်ဝိညာဉ်လက်နက်တွေကို ဆက်ကျွေးနေချင်တာလား"

"ငါတို့ဆီမှာ စိတ်ဝိညာဉ်လက်နက်တွေ ကုန်တော့မယ်"

လီယင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ အစ်ကိုတော် ရောက်လာတဲ့အခါ ကျွန်တော်တို့ အားလုံး အသက်ရှင်ကြပါလိမ့်မယ်"

စီခုန်းလျဲ့ ခေါင်းခါလိုက်သည်။

"လီကျန့်ဖုန်းရဲ့ ခွန်အားက ငါ့ထက် သာတယ်ဆိုတာ ဝန်ခံပါတယ်… ဒါပေမဲ့ သူက ငါတို့အားလုံး ပေါင်းထားတာထက် ပိုပြီး အစွမ်းထက်လို့လား"

"အကယ်၍ ငါတို့ကိုယ်တိုင်တောင် နွယ်ပင်နဂါးရဲ့ ဝိုင်းရံမှုကို မဖောက်ထွက်နိုင်ဘူးဆိုရင် သူက ဘယ်လိုလုပ်ပြီး နဂါးကို သတ်နိုင်မှာလဲ"

လီယင် ခိုင်ခိုင်မာမာ ပြောလိုက်၏။

"သူက နွယ်ပင်နဂါးကို သတ်ဖို့ မလိုပါဘူး… ကျွန်တော်တို့ကို လွတ်အောင် ကူညီပေးရုံပါပဲ"

ထိုနှစ်ယောက်မှာ အချေအတင် ဖြစ်နေကြသည်။ သံသရာ မြင့်မြတ်တဲ့နယ်မြေနှင့် အရှေ့ထွက်ခွာ အင်ပါယာမှ ကျင့်ကြံသူများသည်ပင် တစ်ဦးကိုတစ်ဦး ရန်လိုသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။ ကျန်ရှိနေသော ဂိုဏ်းဝင်များနှင့် လေလွင့်ကျင့်ကြံသူများမှာမူ တိတ်တဆိတ်သာ နေနေကြသည်။

သံသရာ မြင့်မြတ်တဲ့နယ်မြေ၊ အရှေ့ထွက်ခွာ အင်ပါယာတို့တွင် ခေါင်းဆောင်နှင့် လူအင်အား အလုံအလောက် ရှိနေကြသော်လည်း ကျန်တဲ့လူတွေရော။

အကယ်၍ စီခုန်းလျဲ့၏ အစီအစဉ်အတိုင်း လိုက်နာပြီး အတူတူ အသေအကြေ တိုက်ကြမည်ဆိုလျှင် ရှေ့တန်းကနေ ဘယ်သူတွေ တိုက်ခိုက်ကြမှာလဲ။

ထို့အပြင် အကယ်၍ ဖောက်ထွက်နိုင်ခဲ့မယ်ဆိုရင်ရော နောက်တန်းကနေ မည်သူက အကာအကွယ် ပေးမှာလဲ။ ယင်းမှာ ဤအင်အားမရှိသော လေလွင့်ကျင့်ကြံသူများသာ ဖြစ်လာပေလိမ့်မည်။ အကယ်၍ အခြားသူများ လွတ်မြောက်သွားပြီး သူတို့ကို စွန့်ပစ်ခဲ့မည်ဆိုလျှင် သူတို့၏ စတေးမှုမှာ အဓိပ္ပာယ်မရှိ ဖြစ်သွားပေလိမ့်မည်။ လူတိုင်းမှာ ကိုယ်ပိုင် အတွေးကိုယ်စီ ရှိနေကြရာ၊ ဤကဲ့သို့သော အချိန်မျိုးတွင် စည်းလုံးရန်မှာ မဖြစ်နိုင်သလောက် ရှိနေသည်။

စီခုန်းလျဲ့နှင့် လီယင်တို့ နှစ်ယောက်လုံး ဟူရှင်းယွဲ့ ထံသို့ လှမ်းကြည့်လိုက်ကြသည်။ ရောက်ရှိနေသူ အားလုံးထဲတွင် သူတို့ သုံးယောက်မှာ အစွမ်းထက်ဆုံး ဖြစ်ကြသည်။ သဘာဝကျစွာပင် ဆုံးဖြတ်ချက်ကို သူတို့ကသာ ချမှတ်သင့်သည်။

"ဟူရှင်းယွဲ့၊ မိတ်ဆွေဟူ၊ မင်းက အထွတ်အထိပ် အကြီးအကဲ ဟူချင်း ရဲ့ မျိုးဆက်ပဲ… မင်းပဲ ဆုံးဖြတ်ပေးပါ"

စီခုန်းလျဲ့ တင်းမာစွာ ပြောလိုက်သည်။

"မင်း ငါတို့နဲ့အတူ ဖောက်ထွက်မလား

ဒါမှမဟုတ် လီယင်တို့ လူစုနဲ့အတူ ဒီမှာပဲ ထိုင်ပြီး အသေခံမလား"

လီယင် အေးစက်စွာ နှာတစ်ချက် မှုတ်လိုက်သည်။ "ဖောက်ထွက်ဖို့ ကြိုးစားတာက သေတွင်းရှာတာပဲ… မိတ်ဆွေဟူ၊ စီခုန်းလျဲ့နောက် လိုက်ပြီး အသေမခံပါနဲ့"

ဟူရှင်းယွဲ့ သက်ပြင်း ခပ်ဖွဖွ ချလိုက်သည်။

သူသည် ဆုံးဖြတ်ချက်များ ချမှတ်ရခြင်းကို မနှစ်သက်သလို အခြားသူများအတွက် ဆုံးဖြတ်ပေးရခြင်းကိုလည်း ပို၍ပင် မနှစ်သက်ပေ။ စီခုန်းလျဲ့နှင့် လီယင်တို့ နှစ်ယောက်လုံးတွင် ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေကြရာ မည်သူက မှန်သည်ဟု ပြောရန်မှာ သူမအတွက် မလွယ်ကူလှချေ။

သူ စဉ်းစားတွေးတောနေပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် နွယ်ပင်နဂါးကြီးမှ ထူးဆန်းစွာ အော်ဟစ်လိုက်သည်။

"စိတ်ဝိညာဉ်လက်နက်တွေ… ငါ စိတ်ဝိညာဉ်လက်နက်တွေ လိုချင်တယ်"

"စိတ်ဝိညာဉ်လက်နက် မရှိဘူးဆိုရင်... ငါ သတ်မယ်"

၎င်း၏ အသံမှာ ပို၍ပင် တက်ကြွလှုပ်ရှားလာသည်။ နောက်တစ်ခဏတွင် ကြီးမားလှသော အမည်းရောင် ပုံရိပ်ကြီးမှာ နွယ်ပင်တောအုပ်အတွင်းမှ ရုတ်တရက် ပျံထွက်လာ၏။ သတိမထားမိလိုက်သော အရှေ့ထွက်ခွာ အင်ပါယာမှ ကျင့်ကြံသူတစ်ဦးမှာ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ခေါင်းမှ ခြေအထိ တစ်ချက်တည်းဖြင့် ဝါးမျိုခြင်း ခံလိုက်ရသည်။

သူ ပျောက်ကွယ်မသွားမီမှာပင် တိုတောင်းလှသော အော်ဟစ်သံလေးတစ်ခုသာ ကြားလိုက်ရတော့၏။ မှောင်မည်းနေသော နွယ်ပင်တောအုပ်၏ အနက်ရှိုင်းဆုံးနေရာမှ စက်ဆုပ်ဖွယ်ကောင်းသော ဝါးစားသံများ ထွက်ပေါ်လာသည်။ ဝါးစားသံ တစ်ချက်ချင်းစီတိုင်းမှာ ကျန်ရှိနေသော ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေသကဲ့သို့ပင်။ လူတိုင်း၏ မျက်နှာကြွက်သားများမှာ မသိစိတ်မှ တုန်ခါနေကြပြီး ဦးရေပြားများပင် စိမ့်တက်သွားကြတော့သည်။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးသည် နောက်ထပ် မအောင့်ထားနိုင်တော့ပေ။ စိတ်ဝိညာဉ်လက်နက်များ မရှိတော့လျှင် ၎င်းသည် လူများကို တိုက်ရိုက် စတင် စားသောက်တော့မည် ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူတို့မှာ လမ်းဆုံးသို့ ရောက်နေကြပြီ။ စိတ်ဝိညာဉ်လက်နက် အစအနလေးမျှပင် မရှိတော့ဘဲ နောက်ပိုင်းတွင် သူတို့ကိုယ်သူတို့ မည်သို့ ကာကွယ်နိုင်ပါမည်နည်း။

"သတ်ကြစို့”

နွယ်ပင်နဂါးမှ ထူးဆန်းပြီး အေးစက်စွာ ရယ်မောလိုက်သည်။ နောက်တစ်ခဏတွင် ၎င်းသည် နွယ်ပင်တောအုပ်အတွင်းသို့ ပြန်လည် တိုးဝင်သွားပြီး ပါးစပ်ကြီးကို ဟကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် လူ သုံးယောက်ကို ဖမ်းဆီးလိုက်ပြီး ဝါးစားရန်အတွက် ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်လေ၏။ စီခုန်းလျဲ့ဟိန်းဟောက်လိုက်ပြီး သူ၏ တောက်လောင်နေသော နေမင်းကြီး ပုံရိပ်ယောင်ကို ခေါ်ယူကာ အပြင်းအထန် တိုက်ခိုက်လိုက်သည်။

ထိုအခါ မီးတောက်များ ထွက်ပေါ်လာပြီး နွယ်ပင်နဂါး၏ ဦးခေါင်းကို ချက်ချင်းပင် လွှမ်းခြုံသွားတော့၏။ သတိမထားမိလိုက်သော နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်ရတော့သည်။

Chapter 677: သူက ဘယ်လိုလုပ် ဒီကို ရောက်မှာလဲ

နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှ နာကျင်စွာဖြင့် ပါးစပ်ကို ဟလိုက်ရာ ကျင့်ကြံသူနှစ်ဦးမှာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားကြသည်။ တတိယမြောက်လူမှာမူ အလွန်ကံဆိုးလှပေ၏။ သူသည် ထိုနေရာမှာပင် နွယ်ပင်နဂါး၏ ကိုက်ဖြတ်ခြင်းကို ခံလိုက်ရပြီး ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားတော့သည်။ ဒဏ်ရာအတွင်းသို့ နတ်ဆိုးမိုးကြိုးများ စိမ့်ဝင်သွားသောကြောင့် ကုသရန် မဖြစ်နိုင်တော့ဘဲ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ အသက်လက္ခဏာများအားလုံး ချုပ်ငြိမ်းသွားခဲ့ရသည်။ "သေကြစမ်း… မင်းတို့အားလုံး... သေသင့်တယ်”

နာကျင်မှုကြောင့် နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါး၏ ရက်စက်ကြမ်းကြုတ်မှုများမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာသည်။

သူ ရူးသွပ်စွာ ဟိန်းဟောက်နေတော့၏။

ဘုန်း! ဘုန်း! ဘုန်း!

ကြီးမားလှသော နဂါးခေါင်းကြီးမှာ ပြင်းထန်စွာ ဝေ့ယမ်းနေသည်။ ကြီးမားလှသော တူကြီးတစ်ခုဖြင့် ထုရိုက်နေသကဲ့သို့ပင်။ တစ်ချက်ချင်းစီတိုင်းတွင် ကျင့်ကြံသူအချို့မှာ တိုက်ရိုက် လွင့်စင်သွားကြရ၏။ နွယ်ပင်များနှင့် ရိုက်မိပါက ဒဏ်ရာများ ပို၍ပင် များပြားလာသည်။ သွေးများနှင့် အသားစများမှာ ထိုကွင်းပြင်အတွင်း ချက်ချင်းပင် ပြည့်နှက်သွားတော့သည်။

စီခုန်းလျဲ့၊ လီယင်၊ ဟူရှင်းယွဲ့နှင့် ကျန်သူများ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားကြပြီး သူတို့ တတ်နိုင်သမျှ ရှောင်တိမ်းရန်သာ ကြိုးစားနေကြရသည်။ ဤအချိန်တွင် သူတို့ အခြားသူများကို မကာကွယ်နိုင်တော့ဘဲ ကိုယ့်အသက်ကိုယ်သာ ဖက်နဲ့ထုတ်ထားရသည့် အခြေအနေ ဖြစ်နေသည်။ အော်ဟစ်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ခွန်အားမပြည့်စုံသော ကျင့်ကြံသူများမှာ ထိုနေရာမှာပင် သေဆုံးကုန်ကြသည်။ ယင်းမှာ ကံကောင်းသည်ဟုပင် ဆိုရပေလိမ့်မည်။ အားနည်းသလို ကံလည်းဆိုးသူများမှာမူ ချက်ချင်းပင် အသားစိုင်များအဖြစ် ကြေမွသွားကြရ၏။ သူတို့၏ နတ်ဘုရားဝိညာဉ်များမှာလည်း နတ်ဆိုးမိုးကြိုးများ၏ ဒဏ်ကြောင့် တိုက်ရိုက် ပျက်စီးသွားရသည်။ လူသားပုံသဏ္ဌာန်ပင် မကျန်တော့ချေ။ ရှင်သန်ကျန်ရစ်သည့် ကျင့်ကြံသူအရေအတွက်မှာ သိသိသာသာ လျော့နည်းသွားသည်။

လီယင်မှာ သတိမထားမိလိုက်ဘဲ နွယ်ပင်နဂါး၏ ကြီးမားလှသော အမြီးဖြင့် ရိုက်ပုတ်ခြင်းကို ခံလိုက်ရကာ လွင့်ထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ နွယ်ပင်များနှင့် ရိုက်မိသွားသဖြင့် ဒဏ်ရာဟောင်းပေါ်တွင် ဒဏ်ရာသစ်များ ထပ်ဆင့်သွားတော့၏။

လီယင်၏ အခြေအနေမှာလည်း မဟန်တော့ပေ။ သူ၏ ရှေ့ဘက်နှင့် နောက်ဘက်တို့တွင် နဂါးပါးစပ်မှ မှုတ်ထုတ်လိုက်သော နတ်ဆိုးမိုးကြိုးများ ထိမှန်ထားရာ ဒဏ်ရာများ ယခုထက်ထိ ပြန်မကျက်သေးပေ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများမှာလည်း ကုန်ခန်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ဟူရှင်းယွဲ့မှာမူ ကံကောင်းသဖြင့် ဒဏ်ရာအပြင်းအထန် မရရှိခဲ့ပေ။ သို့သော် သူ၏ အသက်စွမ်းအားမှာလည်း ကုန်ဆုံးတော့မည့် အခြေအနေသို့ ရောက်နေသည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် လူတိုင်း သေကြရပေလိမ့်မည်။

ထိုသုံးယောက်လုံး စိတ်ပျက်အားငယ်မှုထဲသို့ ကျရောက်တော့မည့် အချိန်မှာပင် နွယ်ပင်တောအုပ် အပြင်ဘက်မှ ဓားသံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်တစ်ခဏ၌ ရှေးဟောင်းပြီး ကျယ်ပြောလှသော စွမ်းအားများ ပါရှိသည့် ပျံလွှားဓားတစ်စင်းမှာ ခုတ်ဖြတ်လျက် ရောက်ရှိလာသည်။

ရွှတ်!

ဤပျံလွှားဓားမှာ စိတ်ဝိညာဉ်စွမ်းအားဖြင့်သာ ဖန်တီးထားခြင်း ဖြစ်သော်လည်း လောကရှိ အထက်မြက်ဆုံးသော နတ်ဘုရားလက်နက်ကဲ့သို့ပင်။ ယင်းသည် မာကျောလှသော နွယ်ပင်များကို ဖရဲသီးတစ်လုံးအား လှီးဖြတ်သကဲ့သို့ အလွယ်တကူ ဖြတ်တောက်သွားသည်။ ကျင့်ကြံသူများကို ပို၍ပင် အံ့သြသွားစေသည့် အချက်မှာ အလွန်အမင်း သန်မာလှသော နွယ်ပင်များပေါ်ရှိ ဒဏ်ရာများမှာ ကြီးမားသော စွမ်းအားတစ်ခုဖြင့် နှိမ်နင်းခြင်း ခံထားရသကဲ့သို့ ရှိနေပြီး သူတို့၏ ပြန်လည်ရှင်သန်နှုန်းမှာ ပုံမှန်မဟုတ်ဘဲ အလွန်အမင်း နှေးကွေးသွားခြင်းပင်။ ကျင့်ကြံသူများ အလွန်အမင်း ဝမ်းသာသွားကြသည်။

ဘယ်သူများပါလိမ့်။

ထိုသူသည် ဓားကို အသုံးပြုနေသည်ဆိုတော့ ဓားမင်းသား လီကျန့်ဖုန်း များလား။

လီယင်နှင့် စီခုန်းလျဲ့တို့မှာမူ ပို၍ပင် ဇဝေဇဝါ ဖြစ်နေကြသည်။

ညီအရင်း ဖြစ်သည့်အတွက် လီယင်သည် သူ၏ အစ်ကိုတော်အကြောင်းကို အလွန် ကောင်းမွန်စွာ သိရှိသည်။

စီခုန်းလျဲ့မှာလည်း ထပ်တူ ပါရမီရှင် တစ်ဦးဖြစ်သည့်အတွက် လီကျန့်ဖုန်း အကြောင်းကို အချို့အဝက် နားလည်ထားသည်။ လီကျန့်ဖုန်းသည် ဓားကို အသုံးပြုသော်လည်း သူ၏ ဓားပညာမှာ အရှိန်အဟုန် အမြင့်ဆုံးသို့ ရောက်ရှိနေသည့် လမ်းစဉ်ဖြစ်ကြောင်း သူတို့နှစ်ဦးလုံး သိထားကြသည်။ ယခုကဲ့သို့ အရာအားလုံးကို အပိုင်းပိုင်းဖြတ်တောက်ကာ၊ နတ်ဆိုးများကို နှိမ်နင်းပြီး မကောင်းမှုများကို သုတ်သင်သည့် လမ်းစဉ်မျိုး မဟုတ်ပေ။

ယခု ရောက်ရှိလာသော စစ်ကူမှာ မည်သူပါလိမ့်။

ဟူရှင်းယွဲ့၏ အကြည့်မှာ ထိုရှေးဟောင်းပြီး ကျယ်ပြောလှသော စွမ်းအားရှိသည့် ဓားဆီသို့ ရောက်သွားရာ တစ်နေရာရာမှာ ရင်းနှီးနေသကဲ့သို့ ခံစားနေရသည်။

ဘယ်သူပါလိမ့်။

သူနှင့် အရင်က တွေ့ဖူးတာများလား။

မဖြစ်နိုင်တာ။

အကယ်၍ သူ၏ ဘိုးဘေးက အရှေ့ပြည်နယ်သို့ ခရီးထွက်ရာတွင် ခေါ်မလာခဲ့ဘူးဆိုလျှင် ဒါဟာ သူ အရှေ့ပြည်နယ်ကို ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။ သူ အထွတ်အထိပ် နယ်ပယ်သို့ မရောက်မချင်း အရှေ့ပြည်နယ်သို့ လာရောက်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။

"မင်းတို့ ဒီမှာ ရှိနေတာကိုး… ချိုင့်ဝှမ်းကို သွားတုန်းက မတွေ့လို့ အံ့သြနေတာ"

တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ဟူရှင်းယွဲ့ ဆွံ့အသွား၏။

ဤအသံကိုလည်း သူ မှတ်မိနေသလို ရှိသည်။

ဘယ်သူလဲ။

သူများလား... လျှပ်စီးတစ်စင်းကဲ့သို့ ပုံရိပ်တစ်ခုမှာ သူမ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။

မဖြစ်နိုင်ဘူး။

သူ မဖြစ်နိုင်ဘူး။

ဒါက အရှေ့ပြည်နယ်လေ။

တောင်ပိုင်းကျွန်းစု မဟုတ်ဘူး။

သူက အထွတ်အထိပ် နယ်ပယ်ကို မရောက်သေးဘဲ အရှေ့ပြည်နယ်ကို ဘယ်လိုလုပ်ပြီး လာနိုင်မှာလဲ။ ဟူရှင်းယွဲ့မှာ လှပသော မျက်လုံးများကို ပြူးကျယ်လျက် အသံလာရာဘက်သို့ အသည်းအသန် စိုက်ကြည့်နေမိသည်။ အရပ်ရှည်ရှည်နှင့် တည်ကြည်သော ပုံရိပ်တစ်ခုမှာ အေးအေးလူလူ လျှောက်လှမ်းလာသည်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ခရမ်းရောင် အရည်များ မြေပြင်ပေါ်သို့ လွင့်စင်သွားသည်။ နွယ်ပင်များမှာလည်း နှစ်ပိုင်း ပြတ်တောက်ကုန်ကြ၏။ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် သံမဏိကဲ့သို့ မာကျောလှသော နွယ်ပင်များသည် သူ၏ ရှေ့မှောက်၌မူ စက္ကူကဲ့သို့ နုနယ်လှပေသည်။

ဂျိန်း!

မှောင်မည်းနေသော ကောင်းကင်ယံကို လျှပ်စီးတန်းတစ်ခု ဖြတ်သန်းသွားသည်။ ယင်းက ထိုလူ၏ မျက်နှာကို လင်းထိန်သွားစေ၏။

စီခုန်းလျဲ့၊ လီယင်နှင့် ကျန်သူများမှာမူ ဤမျက်နှာကို မရင်းနှီးကြပေ။

သို့သော် ဟူရှင်းယွဲ့မှာမူ အလွန်အမင်း ရင်းနှီးနေသည်။

စိမ်းလန်းသော ဂူဗိမာန်၏ ချောက်နက်ကြီး အောက်ခြေမှ ခေါ်ထုတ်လာပေးခဲ့ပြီး ဘေးကင်းရာသို့ ပို့ဆောင်ပေးကာ အန္တရာယ်မှ လွတ်မြောက်အောင် ကူညီပေးခဲ့သူမှာ ဤလူပင် ဖြစ်ကြောင်း သူ ရှင်းလင်းစွာ မှတ်မိနေသည်။ သူတို့၏ ဆက်ဆံရေးမှာ အပေးအယူတစ်ခုပေါ်တွင် အခြေခံထားသော်လည်း ဟူရှင်းယွဲ့သည် ဤအသက်ကယ်သခင်ကို တစ်ခါမျှ မေ့ပျောက်ခဲ့ခြင်း မရှိပေ။

ဝှက်ထားတဲ့ နဂါးကျွန်း ရဲ့ ကျွန်းသခင်ငယ် ရှန်မို။

ဟူရှင်းယွဲ့မှာ သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး ရှန်မိုကို မယုံကြည်နိုင်သည့် အကြည့်များဖြင့် စိုက်ကြည့်နေမိတော့သည်။

စီခုန်းလျဲ့နှင့် လီယင်တို့မှာမူ ရှန်မိုကို သံသယများ၊ ဝေခွဲမရမှုများဖြင့် ကြည့်နေကြသည်။

ဤလူက မည်သူဖြစ်ကြောင်း သူတို့ ယခုထက်ထိ နားမလည်နိုင်သေးပေ။ သူက ဘယ်လိုလုပ်ပြီး နွယ်ပင်တွေရဲ့ တိုက်ခိုက်မှုကို အနည်းငယ်မျှ မကြောက်ဘဲ ဒီလောက် အေးအေးဆေးဆေး လျှောက်ဝင်လာနိုင်တာလဲ။

ဝုန်း! ဝုန်း! ဝုန်း!

နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ဤတောအုပ်ရှိ နွယ်ပင်များမှာ ၎င်း၏ ခန္ဓာကိုယ်၏ အစိတ်အပိုင်းများပင် ဖြစ်သည်။ ယခုအခါ ဤလူသားကျင့်ကြံသူက ယင်းတို့ကို အလွယ်တကူ ဖြတ်တောက်ခဲ့လေပြီ။

သူ လုံးဝ ဒေါသထွက်နေတော့သည်။

ဘုန်း!

နွယ်ပင်များဖြင့် ဖွဲ့စည်းထားသော ကြီးမားလှသော အမြီးကြီးမှာ ရုတ်တရက် ဝှေ့ယမ်းလာသည်။ ယင်းမှာ ကောင်းကင်ယံမှ ဖြတ်ပြေးသွားသော ကြယ်တံခွန်တစ်ခုကဲ့သို့ပင်။ ရှန်မို၏ ဦးခေါင်းတည့်တည့်သို့ ဦးတည်နေသည်။

ရှန်မို ရုတ်တရက် လက်သီးတစ်ချက် ထိုးလိုက်၏။ ထိုခဏ၌ အရာအားလုံးမှာ နှေးကွေးသွားသကဲ့သို့ ခံစားရသည်။ စီခုန်းလျဲ့နှင့် လီယင်တို့မှာ သူတို့၏ အသက်ရှူနှုန်းနှင့် မျက်တောင်ခတ်နှုန်းများပင် ပုံမှန်မဟုတ်ဘဲ နှေးကွေးသွားသည်ဟု ခံစားလိုက်ရသည်။ ဤလောကတွင် အစွမ်းကုန် မြန်ဆန်လှသော ထိုလက်သီးတစ်ချက်သာ ရှိတော့သည်။ နောက်တစ်ခဏတွင် လက်သီးမှာ ကြီးမားလှသော အမြီးကြီးနှင့် ရိုက်မိသွားသည်။ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ အလွန်အမင်း သန်မာလှသော အမြီးကြီးမှာ အမှန်တကယ်ပင် ကောင်းကင်အနှံ့ နွယ်ပင်စများအဖြစ် လွင့်စင်သွားတော့သည်။ အရည်များမှာ နေရာအနှံ့ ပန်းထွက်သွားပြီး နွယ်ပင်များမှာ တရှဲရှဲနှင့် ပြိုကျလာသည်။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှာ အဆက်မပြတ် အော်ဟစ်နေရတော့သည်။ ၎င်းသည် ဤလူသားကျင့်ကြံသူထံမှ ပြင်းထန်သော ဖိအားကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ရွှတ်! ရွှတ်! ရွှတ်!

အရပ်မျက်နှာအနှံ့မှ နွယ်ပင်များ စုစည်းလာကြ၏။ စက္ကန့် နှစ်ဆယ် မပြည့်မီမှာပင် နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါး၏ ကြီးမားသော အမြီးကြီးမှာ မူလအတိုင်း ပြန်လည် ဖြစ်ပေါ်လာသည်။ ကျင့်ကြံသူများသည် ဤအရာကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။ သူတို့ ဘယ်လိုလုပ်ပြီး တိုက်နိုင်ပါမည်နည်း။ ပြန်လည်ရှင်သန်နှုန်းက မြန်လွန်းလှသည်။

"ငါ မင်းကို မသတ်နိုင်ဘူး… ဒါပေမဲ့ မင်းလည်း ငါ့ကို မထိခိုက်နိုင်ဘူး"

ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးသည် ဤနေရာတွင် နှစ်ပေါင်း တစ်သောင်းတိုင်တိုင် အခြေစိုက်လာခဲ့ခြင်းဖြစ်ပြီး နေရာတိုင်းတွင် နွယ်ပင်များ ရှိနေကြောင်း သူ ကောင်းကောင်း သိထားသည်။ ဤနေရာတွင် ရှိနေသရွေ့ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှာ မသေနိုင်သော အခြေအနေမျိုးတွင် ရှိနေသည်ဟု ဆိုရပေလိမ့်မည်။ ဒဏ်ရာ မည်မျှပင် ပြင်းထန်ပါစေ မူလအခြေအနေသို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိနိုင်သည်။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးနှင့် ပတ်ဝန်းကျင်ရှိ နွယ်ပင်အားလုံးကို တစ်ပြိုင်နက်တည်း အကုန်အစင် ဖျက်ဆီးပစ်နိုင်မည့် အလွန်အစွမ်းထက်သော စွမ်းအားမျိုး ရှိမှသာလျှင် ဖြစ်နိုင်သည်။ ထိုသို့ဖြစ်မှသာ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်ပေလိမ့်မည်။ ရှန်မိုသည် မိမိ၌ ထိုကဲ့သို့သော စွမ်းအားမျိုး ရှိသည်ဟု မထင်ပေ။ ထို့ကြောင့် သူ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးနှင့် အသေအလဲ တိုက်ခိုက်ရန် အစီအစဉ်မရှိပေ။ ယင်းမှာ အချိန်ကုန်ခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။

ရှန်မို တည်ငြိမ်စွာဖြင့်

"ငါ အခု ဒီကို လာတာက မင်းနဲ့ အပေးအယူ တစ်ခု လုပ်ဖို့ပါ"

ဝုန်း! ဝုန်း!

နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ဘာအပေးအယူလဲ။ ငါ မင်းနဲ့ ဘာအပေးအယူမှ မလုပ်ဘူး" ဟု ပြောနေပုံရသည်။ ရှန်မိုသည် ထိုနှစ်တစ်သောင်း သစ်ပင်အူတိုင်ကို ထုတ်လိုက်သည်။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှာ ချက်ချင်းပင် ဟိန်းဟောက်သံများ ရပ်တန့်သွားပြီး၊ ၎င်း၏ ကြီးမားလှသော နဂါးမျက်လုံးကြီးများဖြင့် မယုံကြည်နိုင်အောင် စိုက်ကြည့်နေတော့သည်။

"အပေးအယူ လုပ်မလား မလုပ်ဘူးလားဆိုတာကတော့ မင်းရဲ့ ဆုံးဖြတ်ချက်ပဲ"

ရှန်မိုသည် နှစ်တစ်သောင်း သစ်ပင်အူတိုင်ကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှ တိုးညှင်းသော အသံဖြင့်

"အပေးအယူ... လုပ်မယ်... ငါ့နောက်ကို လိုက်ခဲ့..."

၎င်းသည် ဦးခေါင်းကို ရုတ်တရက် လွှဲလိုက်ပြီး နွယ်ပင်တောအုပ်၏ အနက်ရှိုင်းဆုံးနေရာသို့ ပျံသန်းသွားတော့သည်။

ရှန်မို မြေပြင်ကို ခပ်ဖွဖွ နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော လေပြင်းတစ်ခုကဲ့သို့ ဖြစ်သွားပြီး စီခုန်းလျဲ့၊ လီယင်၊ ဟူရှင်းယွဲ့နှင့် ကျန်သူများကို ဖြတ်ကျော်ကာ လျင်မြန်စွာ နောက်မှ လိုက်သွားခဲ့သည်။

ဟူရှင်းယွဲ့သည် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ပါးစပ်ကိုသာ ပြန်ပိတ်လိုက်ရ၏။

ယခုအချိန်တွင် သူ ရှန်မိုကို သိကြောင်း ထုတ်ဖော်ပြောဆိုခြင်းမှာ သူ့အတွက်ရော ရှန်မိုအတွက်ပါ ကောင်းကျိုးရှိမည် မဟုတ်ကြောင်း သိထားသည်။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါး ထွက်ခွာသွားပြီးနောက် ကျင့်ကြံသူများကို ပိတ်လှောင်ထားသည့် နွယ်ပင်များသည်လည်း တဖြည်းဖြည်း ညှိုးနွမ်းသွားကြတော့၏။ မကြာမီမှာပင် ၎င်းတို့သည် ဆောင်းဦးပေါက်မှ ခြောက်သွေ့နေသော အပင်များကဲ့သို့ ဖြစ်သွားသည်။ စိတ်ဝိညာဉ်စွမ်းအား အနည်းငယ် ထုတ်လွှတ်လိုက်ရုံဖြင့်ပင် ယင်းတို့ကို အများအပြား ချိုးဖဲ့ဖျက်ဆီးပစ်နိုင်လေ၏။

စီခုန်းလျဲ့နှင့် လီယင်တို့ အပါအဝင် ကျင့်ကြံသူ အားလုံးမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

အရာအားလုံး ဒီအတိုင်းပဲ ပြီးဆုံးသွားတာလား။

Chapter 678: မင်း ငါ့ကို သတ်မယ်ဆိုရင် အခုသတ်တော့

"မင်းလည်း အဲဒီလူကို မသိဘူးထင်တယ်"

စီခုန်းလျဲ့မှ လီယင်ကို တစ်ချက်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

လီယင် ဆိတ်ဆိတ်သာ နေနေ၏။

ခဏအကြာမှ သူက

"ဘာပဲဖြစ်ဖြစ် ငါတို့ လွတ်မြောက်သွားတာက အရေးအကြီးဆုံးပဲ"

သူသည် ရှန်မို သွားရာဘက်သို့ လှမ်းကြည့်လိုက်ပြီး "အဲဒီလူရဲ့ ခွန်အားက ကြီးမားလွန်းတယ်… ငါတို့ထက် မနည်းဘူး"

စီခုန်းလျဲ့ ခေါင်းညိတ်လိုက်ပြီး

"တကယ့်ကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ပဲ"

ဝှူး!

ကောင်းကင်ယံထက်မှ ဟိန်းဟောက်သံနှင့်အတူ ထိုးတက်လာသော ဓားအရှိန်အဝါတစ်ခု ရောက်ရှိလာသည်။ ကျင့်ကြံသူများသည် ချက်ချင်းပင် အေးစိမ့်မှုကို ခံစားလိုက်ရပြီး မသိစိတ်မှ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။ ဓားအရှိန်အဝါနှင့်အတူ ပုံရိပ်တစ်ခုမှာ လူတိုင်း၏ရှေ့တွင် ပေါ်လာတော့သည်။

လီယင် အလွန်ဝမ်းသာသွားပြီး အော်ဟစ်လိုက်သည်။

"အစ်ကိုတော်”

ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ လီကျန့်ဖုန်း ပင် ဖြစ်သည်။

လီကျန့်ဖုန်းမှ လီယင်၏ ဦးခေါင်းကို ခပ်ဖွဖွပုတ်ပေးရင်း

"မင်း ဘာမှမဖြစ်လို့ တော်သေးတာပေါ့"

သူ စိတ်သက်သာရာရစွာ ပြောလိုက်သည်။ "ဘာတွေဖြစ်ခဲ့တာလဲ"

ထိုအခါမှ လီယင် အခြေအနေအရပ်ရပ်ကို ပြန်လည်ပြောပြလိုက်သည်။

လီကျန့်ဖုန်း အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး

"မင်းတို့က အဲဒီ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးနဲ့ တကယ်ကြီး တိုးခဲ့တာလား… ဘာမှမဖြစ်တာ ကံကောင်းတယ်လို့ပဲ ပြောရမယ်"

နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကတည်းက ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုမှ ကျင့်ကြံသူများသည် ၎င်းရှိနေကြောင်းကို ကြာမြင့်စွာကတည်းက သိရှိထားကြသည်။ အရှေ့ထွက်ခွာ အင်ပါယာ၊ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းနှင့် အခြားအင်အားစုများမှာလည်း အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးအကြောင်းကို သိရှိလာကြခြင်း ဖြစ်သည်။ ကျင့်ကြံသူ အများစုမှာမူ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးကို ရှောင်ရှားလေ့ရှိကြ၏။ လုံးဝ မဖြစ်မနေ လိုအပ်မှသာလျှင် ဤမသေနိုင်သော သားရဲကြီးနှင့် ဆက်ဆံကြပေလိမ့်မည်။

နားထောင်ပြီးနောက် လီကျန့်ဖုန်းသည် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။

"အဲဒီလူက နွယ်ပင်တောအုပ်ကို ဖောက်ထွက်ပြီး နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးနဲ့ အပေးအယူလုပ်ဖို့ သွားတယ် ဟုတ်လား"

"ပြီးတော့ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးက သူ့စကားကို တကယ်ပဲ နားထောင်တယ်ပေါ့"

"စိတ်ဝင်စားဖို့ကောင်းတာပဲ… ဒီလူက သာမန်တော့ မဟုတ်ဘူး… အရှေ့ပြည်နယ်ရဲ့ နယ်မြေငါးခုမှာ ဒီလိုလူမျိုး ဘယ်တုန်းက ပေါ်လာတာလဲ… အလယ်ပိုင်းပြည်နယ် ဒါမှမဟုတ် တောင်ပိုင်းကောင်းကင်ဘက်ကနေ အလည်လာတာများလား"

ဤသို့ပြောရင်း သူဟူရှင်းယွဲ့ထံသို့ သိသိသာသာမဟုတ်သော အကြည့်တစ်ချက် ကြည့်လိုက်သည်။

ဟူရှင်းယွဲ့၏ မျက်နှာပြင်တွင်မူ မည်သည့်အရိပ်အယောင်မျှ မပြပေ။

သူ့ မျက်လုံးကြီးများမှာ စီခုန်းလျဲ့နှင့် အခြားသူများကဲ့သို့ပင် ဇဝေဇဝါဖြစ်နေသည့် အမူအရာကိုသာ ထင်ဟပ်နေ၏။ ထိုအခါမှ လီကျန့်ဖုန်း အကြည့်ကို လွှဲလိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူက မင်းတို့ကို ကယ်ခဲ့တာဆိုတော့ ကောင်းတဲ့အချက်ပါပဲ… နောက်တစ်ခါ သူ့ကို တွေ့ခွင့်ရရင် ငါကိုယ်တိုင် ကျေးဇူးတင်စကား ပြောပါ့မယ်"

လီကျန့်ဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။

ဤနွယ်ပင်တောအုပ်မှာ ကျယ်ပြောလှပြီး အဆုံးမရှိပေ။ ရှန်မိုနှင့် နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးတို့ မည်သည့်နေရာသို့ သွားကြသည်ကို မည်သူမျှ မသိနိုင်ချေ။ သူသည်လည်း သူတို့နောက်သို့ လိုက်ရန် စိတ်မရှိပေ။

"လီကျန့်ဖုန်း… ငါနဲ့ ဘယ်တော့ ပြန်တိုက်မှာလဲ"

စီခုန်းလျဲ့သည် လီကျန့်ဖုန်းကို စိုက်ကြည့်ရင်း သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ပေါ်ထွက်လာပုံရ၏။

လီကျန့်ဖုန်း သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။

"မင်းရဲ့ အစ်ကို ရောက်လာတဲ့အခါ မင်းတို့နှစ်ယောက်လုံး ငါ့ကို အတူတူ လာတိုက်လို့ ရပါတယ်… မင်းတစ်ယောက်တည်းနဲ့တော့ မလုံလောက်သေးဘူး"

အခြားသော ကျင့်ကြံသူများမှာမူ ဆွံ့အသွားကြတော့သည်။

ဓားမင်းသား၊ ပါရမီရှင်တို့၏ ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။ သူ၏ စကားများမှာ တကယ့်ကို မောက်မာလွန်းလှ၏။ သူ၏ ပြိုင်ဘက်မှာ သံသရာ မြင့်မြတ်တဲ့နယ်မြေ၏ သူတော်စင် သားတော် နှစ်ပါးအနက် တစ်ပါး ဖြစ်သော်လည်း သူနှင့် ရင်ဆိုင်ရန် မလုံလောက်သေးဟု ဆိုခဲ့လေပြီ။

စီခုန်းလျဲ့ အနည်းငယ် ဒေါသထွက်သွားသည်။

သူ အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်ပြီး

"ငါ့အစ်ကို ရောက်လာတဲ့အခါကျရင်တော့ မင်း ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး"

ထိုသို့ပြောပြီးနောက် သူလည်း လှည့်ထွက်သွားတော့သည်။

"ငါတို့လည်း သွားကြစို့"

လီကျန့်ဖုန်းမှ လီယင်၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။

ကျင့်ကြံသူများမှာ အရပ်မျက်နှာအနှံ့သို့ ထွက်ခွာသွားကြသည်။ မကြာမီမှာပင် နတ်ဆိုးသားရဲမျိုးနွယ်စုဝင် ဟူရှင်းယွဲ့ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။

သူ သေချာစဉ်းစားလိုက်ပြီးနောက် ထွက်မသွားခဲ့ပေ။ ယင်းအစား နွယ်ပင်တောအုပ်၏ အနက်ရှိုင်းဆုံးနေရာသို့ လျှောက်လှမ်းသွားခဲ့သည်။ မူလက သူ နွယ်ပင်တောအုပ်၏ အနက်ပိုင်းသို့ သွားရန် အစီအစဉ်မရှိခဲ့ပေ။ သို့သော်လည်း ရှန်မို၏ ပေါ်ပေါက်လာမှုက သွားကြည့်ရန် စိတ်ကူးပေးလိုက်ခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ။

နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးသည် ရှန်မိုကို နွယ်ပင်တောအုပ်၏ အနက်ပိုင်းသို့ ခေါ်ဆောင်သွား၏။ ဤနေရာရှိ နွယ်ပင်များမှာ ပို၍ပင် မာကျောပြီး ထူထဲလှသည်။ ယင်းတို့မှာ ကိုးထောင်သက်တမ်းရှိသော မိုးကြိုးရိုးသစ်ပင်နှင့် များစွာ ကွာခြားပုံမရပေ။ နွယ်ပင်များမှာ ရှုပ်ထွေးပွေလီကာ တွန့်လိမ်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံစံမျိုး ရှိနေကြသည်။ ယင်းတို့မှာ မြေအောက်ထဲမှ ဆန့်ထွက်လာသော တွန့်လိမ်နေသည့် လက်ချောင်းကြီးများနှင့် တူလှ၏။

ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။

"အကယ်၍ မင်း ငါ့ကို ဒီမှာ ပိတ်လှောင်ပြီး သတ်ဖို့ ကြံစည်နေတာဆိုရင် အခုကတည်းက လုပ်လိုက်တာ အကောင်းဆုံးပဲ"

နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါး၏ ရွေ့လျားနေသော ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်ခဲသွားသည်။ ယင်းမှာ ၎င်း၏ မကောင်းသော ကြံစည်မှု လူသိရှင်ကြား ပေါ်သွားသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။

ရွှတ်! ရွှတ်! ရွှတ်!

ဘေးပတ်ပတ်လည်ရှိ တွန့်လိမ်နေသော နွယ်ပင်များသည် ချက်ချင်းပင် သက်ရှိများကဲ့သို့ လှုပ်ရှားလာပြီး သူ့ကို အရပ်မျက်နှာအနှံ့မှ ဝိုင်းရံလိုက်ကြသည်။

မြွေများကဲ့သို့ များပြားလှသော နွယ်ပင်များနှင့် ရင်ဆိုင်ရသော်လည်း ရှန်မို မကြောက်မရွံ့ဘဲ ရှိနေသည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ထိုနေရာမှာပင် ငြိမ်သက်စွာ ဆက်လက် ရပ်နေ၏။

ထိုစဉ် ထိုက်အာမှာ ချက်ချင်း ပေါ်လာတော့သည်။ သူ၏ ပုံသဏ္ဌာန်မှာ မည်းနက်နေပြီး အပြုအမူများမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသော်လည်း အလွန် သစ္စာရှိလှပေသည်။

ဤနွယ်ပင်များမှာ စိုးရိမ်စရာ မရှိကြောင်း သိထား၏။ ယခုအချိန်မှာ သူ၏ အမြီးကို နန့်ပြကာ သူ၏ မယိမ်းယိုင်သော သစ္စာရှိမှုကို သက်သေပြရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။

"အားလုံးပဲ လစ်ကြစမ်း… ငါ့သခင်ကြီးနားကို ကပ်ဝံ့တဲ့ကောင် ရှိလား”

ထိုက်အာသည် ရူးသွပ်နေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ နဂါးနက်ကပ်ကြေးမှာ အမည်းရောင် အလင်းတန်း နှစ်စင်းအဖြစ် ပြောင်းလဲသွား၏။ ၎င်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မာကျောပြီး ထူထဲလှသော နွယ်ပင်များမှာ နှစ်ပိုင်း ပြတ်တောက်သွားကြရသည်။ နဂါးနက်ကပ်ကြေး၏ အလွန်အမင်း ထက်မြက်မှုကြောင့် ဤအချိန်တွင် ၎င်းတို့မှာ ကောက်ရိုးများကို ရိတ်သိမ်းနေသော တံစဉ်တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။

နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှာ ထိတ်လန့်သလို ဒေါသလည်း ထွက်နေ၏။ ဤနွယ်ပင်များသည် သူ နှစ်ပေါင်း တစ်သောင်းကျော်တိုင်တိုင် စုဆောင်းလာခဲ့သော သက်တမ်းအရင့်ဆုံးနှင့် အမာကျောဆုံး နွယ်ပင်များ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူ ၎င်းတို့ကို အသုံးပြုရန်ပင် စဉ်းစားမည် မဟုတ်ပေ။ မိုးကြိုးရိုးသစ်ပင်ဘုရင်နှင့် တိုက်ခိုက်စဉ်ကပင် ငါးပုံတစ်ပုံခန့်သာ အသုံးပြုခဲ့ရသည်။ သို့သော် ယခုမူ စက္ကန့် တစ်ရာပင် မပြည့်မီမှာပင် သုံးပုံတစ်ပုံမှာ ကုန်ဆုံးသွားခဲ့လေပြီ။

ဒါကို သူ ဘယ်လိုလုပ်ပြီး ဆက်တိုက်နိုင်တော့မည်နည်း။

ဝုန်း! ဝုန်း! ဝုန်း!

နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှ စိတ်ပျက်အားငယ်စွာဖြင့် အသံတစ်ချက် ထုတ်ဖော်လိုက်သည်။ နွယ်ပင်များအားလုံးမှာ ၎င်း၏ အမိန့်ကို ရရှိပြီးနောက်တွင် ပြန်လည် ဆုတ်ခွာသွားကြတော့သည်။

ထိုက်အာမှာမူ ဆက်လက် သတ်ဖြတ်ချင်နေသေးသော်လည်း ရှန်မိုမှ တားဆီးလိုက်သည်။

"တော်တော့"

"ဟုတ်ကဲ့ပါ သခင်ကြီး"

ထိုက်အာ ရိုသေစွာဖြင့် ရပ်လိုက်သည်။

သူသည် နဂါးနက်ကပ်ကြေးကို ရှန်မို၏ ဘေးတွင် ကာကွယ်စောင့်ရှောက်သူ နှစ်ဦးကဲ့သို့ ဝဲပျံနေအောင် ထိန်းချုပ်ထားလိုက်သည်။

"မင်း အပေးအယူ ဆက်လုပ်ချင်သေးရဲ့လား"

"အကယ်၍ မင်းက မိုးကြိုးရိုးသစ်ပင်ဘုရင်ရဲ့ ဒီနှစ်တစ်သောင်း သစ်ပင်အူတိုင်ကို မလိုချင်ဘူးဆိုရင်လည်း ဒါကို လိုချင်တဲ့ တခြား နတ်ဆိုးသားရဲတွေ အများကြီး ရှိသေးတယ်"

ရှန်မို လှောင်ပြုံးပြုံးရင်း ကောင်းကင်ယံရှိ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးကို ကြည့်ကာ ပြောလိုက်သည်။

ဤတစ်ထောင်သော မိုးကြိုးအကျဉ်းထောင်အတွင်း၌ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးနှင့် မိုးကြိုးရိုးသစ်ပင်ဘုရင်တို့ကဲ့သို့ နယ်မြေတစ်ခုစီကို စိုးမိုးထားသော အခြား အစွမ်းထက်သည့် နတ်ဆိုးသားရဲ အများအပြား ရှိနေသေးသည်။ ထိုနတ်ဆိုးသားရဲများသည်လည်း မိုးကြိုးရိုးသစ်ပင်ဘုရင်၏ နှစ်တစ်သောင်း သစ်ပင်အူတိုင်ကို တပ်မက်နေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။ သူတို့၏ ဉာဏ်ရည်မှာလည်း မနိမ့်လှသဖြင့် အပေးအယူ လုပ်နိုင်သည်မှာ သေချာသည်။ သို့သော်လည်း သူတို့ ကမ်းလှမ်းနိုင်သည့် အရာများမှာ ရှန်မို အလိုချင်ဆုံးအရာများ မဟုတ်ကြပေ။ ထို့ကြောင့် ရှန်မိုသည် နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးထံသို့ အရင် ရောက်ရှိလာခြင်း ဖြစ်သည်။ ဤကောင်က အပေးအယူ လုပ်မည်ဟု ဟန်ဆောင်ကာ သူ့ကို ချုံခိုတိုက်ခိုက်ရန် ကြိုးစားနေဦးမည်ဟု သူ မထင်ထားခဲ့ပေ။

နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှ တိုးညှင်းသော ဟိန်းဟောက်သံတစ်ချက် ထုတ်ဖော်ကာ ၎င်း၏ ခန္ဓာကိုယ်အပြည့်ကို ထုတ်ဖော်ပြသလိုက်သည်။ ပေတစ်ထောင်နီးပါး ရှည်လျားသော ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ သို့သော်လည်း ဖုန်မှုန့် ၊ မြူခိုး အနည်းငယ်မျှပင် ထွက်ပေါ်မလာခဲ့ပေ။ ယင်းအစား မြေပြင်ပေါ်ရှိ နွယ်ပင်များက ၎င်းကို ရိုသေစွာဖြင့် ကြိုဆိုနေကြသည်။ သူ၏ ကြီးမားပြီး အနှစ်သာရမရှိလှသော နဂါးမျက်လုံးကြီးများဖြင့် ရှန်မိုကို အသည်းအသန် စိုက်ကြည့်နေသည်။ သို့သော် ကြာမြင့်စွာ ကြည့်နေပြီးနောက်တွင် သူ လေသံကို လျှော့ချရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

"အပေးအယူ... ငါ... သဘောတူတယ်..." "မင်း... ဘာကို... လိုချင်တာလဲ"

ရှန်မို ခပ်ပါးပါး ပြုံးလိုက်သည်။

ဒါမှလည်း ဟန်ကျတာပေါ့။

"မင်း သိမ်းထားတဲ့ ပစ္စည်းတွေကို ထုတ်လိုက်… ငါ အေးအေးဆေးဆေး ရွေးကြည့်မယ်"

"မင်းမှာ ရတနာတွေ အများကြီး ဝှက်ထားတာ ငါ သိတယ်"

ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။

နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှ ဒေါသတကြီး တစ်ချက် ဟိန်းဟောက်ကာ ၎င်း၏ ပါးစပ်ကို ဟလိုက်သည်။

ဝှူး! ဝှူး! ဝှူး!

ထိုအခါ များပြားလှသော ရတနာများသည် ပါးစပ်အတွင်းမှ လျှောကျလာပြီး ရှန်မို၏ ရှေ့တွင် ကျရောက်လာသည်။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးသည် စိတ်ဝိညာဉ်လက်နက်များကို စားရခြင်းကို နှစ်သက်ပြီး အထူးသဖြင့် သတ္တုပါဝင်သော လက်နက်များကို ပို၍ ကြိုက်နှစ်သက်သည်။ ယင်းမှာ သူ၏ သဘာဝ ဖြစ်ပေလိမ့်မည်။ အခြားသော ရတနာများမှာမူ အများအားဖြင့် ပျက်စီးခြင်း မရှိဘဲ ကျန်ရှိနေကြ၏။ ရှန်မို ယင်းတို့ကို တစ်ချက် ကြည့်လိုက်ရာ ပိုးချည်နှင့် ပင့်ကူချည်များဖြင့် ပြုလုပ်ထားသော တာအိုဝတ်ရုံ အများအပြားကို တွေ့လိုက်ရသည်။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှာ ထိုအရာ စားရခြင်းကို မနှစ်သက်သဖြင့် ၎င်း၏ ဝမ်းဗိုက်အတွင်းသို့သာ ပစ်ထည့်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤသည်မှာ ရှန်မို အလိုရှိသည့် အရာများ မဟုတ်ကြပေ။ သူ၏ ပစ်မှတ်ကို ရှာဖွေရင်း ဆက်လက် ကြည့်ရှုနေခဲ့သည်။

ဝုန်း! ဝုန်း!

ရှန်မို အချိန်အကြာကြီး ယူနေသောကြောင့် ဖြစ်နိုင်သည်။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးက မကျေမနပ်နှင့် အကြိမ်အနည်းငယ် ဟိန်းဟောက်လိုက်၏။

ရှန်မိုကမူ သူ့ကို လျစ်လျူရှုထားလိုက်သည်။

ဘာလို့ ဟိန်းဟောက်နေတာလဲ။

မင်း ငါ့ကို နိုင်လို့လား။

နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှာ အကြိမ်အနည်းငယ် ဟိန်းဟောက်ပြီးနောက်တွင် ခေါင်းကို ငုံ့လိုက်ကာ ဝမ်းနည်းသွားပုံရ၏။

သူ မနိုင်မှတော့ အခြား ဘာလုပ်နိုင်ပါဦးမည်နည်း။

ရိုရိုသေသေဖြင့်သာ စောင့်ဆိုင်းနေရတော့သည်။

ခဏအကြာတွင် ရှန်မို၏ မျက်လုံးများ တောက်ပသွားသည်။ စုတ်ပြဲနေသော တာအိုဝတ်ရုံ အချို့ကြားတွင် သံချေးတက်နေသော သံကြိုးတစ်ခုကို သူ တွေ့ရှိလိုက်၏။ ဤအရာမှာ သူ ရှာဖွေနေသည့် ပစ္စည်းပင် ဖြစ်သည်။ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ နတ်ဆိုးချည်နှောင်သော သော့။

All Chapters