အခန်း (၆၇၉-၆၈၁)
Vol. 46 Ch. 679-681
Chapter 679: တကယ်ရှင်လား ရှန်မို
အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ဆိုသည်မှာ တာအိုသူတော်စင်လက်နက်တစ်ခု ဖြစ်သည်။ ယင်း၏အတွင်းပိုင်း ဟင်းလင်းပြင်မှာ သီးခြားကမ္ဘာတစ်ခုသဖွယ် ဖြစ်တည်နေခြင်းကြောင့် ရိုးရှင်းလှသည်တော့ မဟုတ်ချေ။ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်းရှိ ခြံစည်းရိုးတိုင်များနှင့် နှိပ်စက်ရာတွင်သုံးသော ကိရိယာများကို တစ်ခုချင်းစီ ခွဲထုတ်ကြည့်မည်ဆိုလျှင်ပင် အနည်းဆုံး အနိမ့်စား သူတော်စင်လက်နက်များ ဖြစ်ကြသည်။ ဤနတ်ဆိုးချည်နှောင်သော သော့ခလောက်မှာလည်း ထိုနှိပ်စက်ရေးကိရိယာ အများအပြားထဲမှ တစ်ခုပင် ဖြစ်သည်။
အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်နှင့် အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာတို့မှာ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသဖြင့် သူတို့၏ ဝိညာဉ်အသိစိတ်များမှာ တဖြည်းဖြည်း တိုက်စားခံခဲ့ရ၏။ နှိပ်စက်ရေးကိရိယာ အများအပြားမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ထိုတိုက်ပွဲအတွင်း အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အပြင်ဘက်သို့ လွင့်စင်ထွက်သွားခဲ့သည့် နှိပ်စက်ရေးကိရိယာမှာမူ အနည်းငယ်မျှသာ ရှိသည်။ ဤနတ်ဆိုးချည်နှောင်သော သော့ခလောက်မှာ ထိုအထဲမှ တစ်ခုပင် ဖြစ်သည်။ ထို့အပြင် ယင်းမှာ သံချေးများ တက်နေသောကြောင့် စားရသည်မှာ အရသာမရှိလှပေ။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးသည်လည်း ဤအရာ၌ ထူးခြားမှု တစ်စုံတစ်ရာ ရှိနေကြောင်း သတိမပြုမိဘဲ သာမန် စိတ်ဝိညာဉ်လက်နက်တစ်ခုအဖြစ်သာ သဘောထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ရှန်မိုအနေဖြင့် ဤအရာကို တန်ဖိုးနည်းနည်းဖြင့် ကံကောင်းထောက်မစွာ ရရှိနိုင်မည့် အခွင့်အရေး ရခဲ့ခြင်းပင်။
ရှန်မိုသည် နတ်ဆိုးချည်နှောင်သော သော့ခလောက်၏ စွမ်းအားကို တန်ဖိုးထားခြင်း မဟုတ်ပေ။ ယင်းအစား နတ်ဆိုးချည်နှောင်သော သော့ခလောက်နှင့် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်တို့အကြား ရှိနေသော ဆက်နွှယ်မှုကိုသာ သဘောကျခြင်း ဖြစ်သည်။
ရှီထျန်းဟောက်၏ လတ်တလော ကံကောင်းမှုများအရ ဤနတ်ဆိုးချည်နှောင်သော သော့ခတ်အတွင်း၌ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ ဝိညာဉ်အသိစိတ် အစအနလေးတစ်ခု ပါရှိနေကြောင်း သိရသည်။ ရှီထျန်းဟောက်၏ ကြိုတင်သတ်မှတ်ထားသော ကံကြမ္မာတွင် သူသည် ဤနတ်ဆိုးချည်နှောင်သော သော့ခလောက်ကို ရရှိခဲ့ပြီး ထိုမှတစ်ဆင့် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ လုပ်ပိုင်ခွင့် အစအနတစ်ခုကို ဆုပ်ကိုင်နိုင်ခဲ့သည်။ တာအိုသူတော်စင်လက်နက် ဆိုသည်မှာ သူတော်စင်နယ်ပယ်သို့ ရောက်ရှိသူများသာ ကိုင်တွယ်နိုင်သည့် အမြင့်မြတ်ဆုံးသော ရတနာ ဖြစ်သည်။ သူတော်စင်နယ်ပယ်အောက်ရှိ ကျင့်ကြံသူများအတွက်မူ တာအိုသူတော်စင်လက်နက်၏ လုပ်ပိုင်ခွင့် အစအနလေးတစ်ခုကို ဆုပ်ကိုင်နိုင်ရုံမျှဖြင့်ပင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပေပြီ။ ဤအထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်း၌ ယင်း၏ လုပ်ပိုင်ခွင့် အစအနကို ပိုင်ဆိုင်ထားခြင်းမှာ မည်သည့်အနှောင့်အယှက်မျှ မရှိဘဲ လွတ်လပ်စွာ သွားလာနိုင်ခြင်းကို ဆိုလိုခြင်းပင်။ အဘယ်ကြောင့်ဆိုသော် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်သည် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်နှင့် အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာတို့ နှစ်ပေါင်း သောင်းချီ၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်၏။ နေရာတိုင်းနှင့် မြေပြင်လက်မတိုင်းတွင် တာအိုသူတော်စင်လက်နက် နှစ်ခု၏ စွမ်းအားများ ကိန်းအောင်းနေကြသည်။ အကယ်၍ ဥပမာပေးရမည်ဆိုလျှင် ဤအရာမှာ ဂိမ်းတစ်ခု၏ လျှို့ဝှက်လမ်းကြောင်းကို သိရှိထားပြီး အုပ်ချုပ်သူအခွင့်အရေး ရရှိထားသကဲ့သို့ပင်။ နတ်ဆိုးချည်နှောင်သော သော့ခလောက်ကို ရရှိသည့် အချိန်မှစ၍ ရှီထျန်းဟောက်သည် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်း၌ လေပင့်ပေးသော ဝက်တစ်ကောင်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သူသည် အရှိန်အဟုန်ဖြင့် တက်လှမ်းနိုင်ကာ မိုင်ပေါင်း ကိုးသောင်းတိုင်အောင် ပျံသန်းနိုင်ပေလိမ့်မည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို အလွတ်မခံနိုင်ပေ။
သို့သော် ရှန်မိုသည် နတ်ဆိုးချည်နှောင်သော သော့ခလောက်ကို ချက်ချင်း မယူခဲ့ပေ။
ယင်းအစား သူ ထိုအနားမှ မတော်တဆ ဖြတ်သွားသကဲ့သို့ ဟန်ဆောင်နေ၏။ နောက်ဆုံးတွင်မူ သူသည် နတ်ဆိုးချည်နှောင်သော သော့ခလောက်၏ ဘေးရှိ တာအိုဝတ်ရုံ နှစ်ထည်ကို ရွေးချယ်လိုက်သည်။ ဤတာအိုဝတ်ရုံ နှစ်ထည်လုံးမှာ အဆင့်မြင့် ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက်များ ဖြစ်ကြသည်။ ရှန်မိုအတွက်မူ ယင်းတို့ကို အသုံးပြုရန် မလိုအပ်တော့ချေ။ ဤစိတ်ဝိညာဉ်လက်နက် နှစ်ခုမှာ နတ်ဆိုးချည်နှောင်သော သော့ခလောက်အတွက် အကာအကွယ်အဖြစ်သာ အသုံးပြုခြင်း ဖြစ်၏။
"ဒါတွေဆို ရပြီ"
ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။
ဝုန်း! ဝုန်း!
နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှ ခေါင်းကို အကြိမ်ကြိမ် ခါယမ်းရင်း တိုးညှင်းစွာ ဟိန်းဟောက်လိုက်သည်။
"မရဘူး... နှစ်ခု... တစ်ခုပဲ... ပေးမယ်"
ရှန်မို လှောင်ပြုံးပြုံးလိုက်ပြီး
"မင်း ခုနက ငါ့ကို တိုက်ခိုက်ခဲ့တာ မမေ့နဲ့လေ… မင်း ကတိမတည်ခဲ့ဘူး"
နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှာ အမြီးနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ ဒေါသများ ထွက်လာတော့သည်။ သို့သော်လည်း သူ ရှန်မိုကို မည်သို့မျှ မနိုင်မှန်း သိထားသည်။ နောက်ဆုံးတွင်မူ ၎င်း၏ နွယ်ပင်အားလုံးမှာ ပြန်လည် ဆုတ်ခွာသွားကြရတော့သည်။
"ရတယ်လေ"
နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါး ဒေါသတကြီး ပြောလိုက်သည်။
"အင်း… ဒီပစ္စည်းကလည်း မဆိုးဘူးပဲ… ဒါကိုလည်း အပိုဆုအနေနဲ့ ယူသွားမယ်"
ရှန်မိုသည် တာအိုဝတ်ရုံ နှစ်ထည်ကို ကောက်ယူလိုက်ပြီး နတ်ဆိုးချည်နှောင်သော သော့ခလောက်ကိုလည်း တစ်ပါတည်း ယူလိုက်သည်။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှာ မတတ်သာသည့် အမူအရာဖြင့် ခေါင်းငြိမ့်ပြရန်သာ ရှိတော့၏။ ဤလူသားကျင့်ကြံသူမှာ အလွန်အမင်း လောဘကြီးလှပေသည်။ ဘာပဲဖြစ်ဖြစ် ထိုသံချေးတက်နေသော သံကြိုးမှာ အသုံးမဝင်ချေ။
သူ ယူချင်လည်း ယူပါစေတော့။
ရှန်မို အသာအယာ ရယ်မောလိုက်ပြီး ထိုပစ္စည်း သုံးခုလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"ဒါက မင်းအတွက်ပဲ"
သူ မိုးကြိုးရိုးသစ်ပင်ဘုရင်၏ နှစ်တစ်သောင်း သစ်ပင်အူတိုင်ကို သာမန်ကာလျှံကာပင် ပစ်ပေးလိုက်သည်။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးမှာ ယင်းကို အလျင်အမြန်ပင် တစ်ချက်တည်းဖြင့် ဝါးမျိုလိုက်ပြီး သူ၏ ကြီးမားလှသော မျက်လုံးကြီးများတွင် ကျေနပ်နေသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာတော့သည်။
ထို့နောက် ရှန်မိုလည်း လှည့်ထွက်သွားခဲ့သည်။
သူသည် ကျောပြင်ကို နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးထံသို့ လှည့်ပေးထားခဲ့၏။ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါး၏ မျက်လုံးများအတွင်းရှိ အရိပ်အယောင်မှာ အကြိမ်ကြိမ် ပြောင်းလဲနေသည်။ တစ်ခါတစ်ရံတွင် ရက်စက်ကြမ်းကြုတ်မှုများ၊ တစ်ခါတစ်ရံတွင် ရုန်းရင်းဆန်ခတ်ဖြစ်မှုများ၊ တစ်ခါတစ်ရံတွင်မူ ဝေခွဲမရမှုများ ရှိနေသည်။ နောက်ဆုံးတွင်မူ သူ လုံးဝ လက်လျှော့လိုက်တော့သည်။
မနိုင်ဘူး၊ ဘယ်လိုမှ မနိုင်ဘူး… သူ့ကိုပဲ ထွက်သွားခွင့် ပေးလိုက်ပါတော့မယ်။
ရှန်မို လမ်းလျှောက်ပြန်လာခဲ့သည်။ သို့သော် သူသည် မထင်မှတ်ဘဲ ရင်းနှီးနေသော အသိဟောင်းတစ်ဦးနှင့် တိုးမိခဲ့သည်။ ဖြူစင်သော ဆံပင်များနှင့် မြေခွေးနားရွက်လေးများ ရှိသည့် ထိုမိန်းကလေးငယ်မှာ ဟူရှင်းယွဲ့ မဟုတ်ပါလား။
"ရှန်မို… တကယ်ပဲ ရှင်လား"
ဟူရှင်းယွဲ့ သူ၏ နှုတ်ခမ်းကို ကိုက်ရင်း မေးလိုက်သည်။ ရှန်မို ခပ်ပါးပါး ပြုံးလိုက်သည်။
"ငါပါပဲ… ဘာဖြစ်လို့လဲ"
ဟူရှင်းယွဲ့မှ လေးနက်စွာဖြင့်
"ရှင် အရှေ့ပြည်နယ်ကို ဘယ်လိုလုပ် ဒီလောက် မြန်မြန် ရောက်လာတာလဲ"
ရှန်မို ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။ ဟူရှင်းယွဲ့ သူ့အနေဖြင့် မမေးသင့်သော အရာကို မေးလိုက်မိမှန်း သိရှိသွားသည်။ ခဏမျှ စဉ်းစားပြီးနောက်
"စိမ်းလန်းသော ဂူဗိမာန်မှာ ဖြစ်ခဲ့တဲ့ ကိစ္စပြီးကတည်းက ရှင့်ရဲ့ နာမည်က တောင်ပိုင်းကောင်းကင်ကျွန်းစု တစ်ခုလုံးမှာ ပြန့်သွားခဲ့တယ်"
"မှောင်မည်းယင် ဂူဗိမာန်၊ ကောင်းကင်အဆောင်လက်ဖွဲ့ဂိုဏ်း၊ တစ်သောင်းသော ပုံသဏ္ဌာန် မြင့်မြတ်တဲ့နယ်မြေ၊ သွေးနတ်ဘုရား နတ်ဆိုးနန်းတော်နဲ့ တောက်လောင်နေသော နဂါးခန်းမ… အဲဒီ ဂိုဏ်းတွေ၊ အဖွဲ့အစည်းတွေ အားလုံးက ရှင့်ကို ရှာချင်နေကြတာ"
သူ စိတ်လှုပ်ရှားစွာဖြင့် ဆက်၍
"ရှင် အရှေ့ပြည်နယ်မှာ ပေါ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ဘူး… ရှင် ဘာလို့ တောင်ပိုင်းကောင်းကင်မှာ ဆက်မနေခဲ့တာလဲ"
ရှန်မို ခပ်ဟဟ ရယ်လိုက်သည်။
"ငါက စိမ်းလန်းသော အထွတ်အထိပ်ဆီက အဆင့်မြင့် သူတော်စင်လက်နက် ကိုးခုထဲမှာ သုံးခုတောင် ယူထားတာလေ… အကယ်၍ ငါသာ စိမ်းလန်းသော ဂူဗိမာန်ထဲကနေ ဒီအတိုင်း ထွက်လာခဲ့မယ်ဆိုရင် အသက်ရှင်လျက်နဲ့ ပြန်သွားနိုင်ပါ့မလား"
ဟူရှင်းယွဲ့၏ အမူအရာမှာ တောင့်ခဲသွားပြီး မျက်နှာလည်း အနည်းငယ် ပျက်ယွင်းသွားသည်။
ရှန်မို ပြောသည်မှာ အမှန်ပင်။
အဆင့်မြင့် သူတော်စင်လက်နက် သုံးခုဆိုသည်မှာ အထွတ်အထိပ် နယ်ပယ်မှ ကျင့်ကြံသူများပင်လျှင် လိုချင်တပ်မက်မည့် အရာမျိုး ဖြစ်သည်။
ရှန်မို သာမန်ကာလျှံကာပင် မေးလိုက်သည်။
"ငါ့ရဲ့ သူငယ်ချင်းတွေ အခု ဘယ်လိုနေကြလဲ"
ဟူရှင်းယွဲ့ ခေါင်းငြိမ့်ပြ၍
"ဝှက်ထားတဲ့ နဂါးကျွန်းက ကျင့်ကြံသူတွေကို ပြောတာလား"
"နေလဂိုဏ်း၊ ဝှက်ထားတဲ့ နဂါးကျွန်းနဲ့ ကြယ်ကြွေပင်လယ်ဒေသရဲ့ ရတနာမဟာမိတ်အဖွဲ့တွေ အားလုံး မရှိတော့ဘူး… ရှုပ်ထွေးမှုတွေ ခဏဖြစ်ပြီးတဲ့နောက်မှာ သူတို့ အားလုံး ပေါင်းစည်းသွားကြပြီး 'ကြယ်ကြွေဂိုဏ်း' ဆိုတဲ့ ဂိုဏ်းအသစ်တစ်ခုကို တည်ထောင်လိုက်ကြပြီ"
"ရှင်နဲ့ ပတ်သက်မှုရှိနေတဲ့အတွက် ရှင့်ရဲ့ သူငယ်ချင်းတွေဟာ အခု ကြယ်ကြွေဂိုဏ်းမှာ အရေးပါတဲ့ ရာထူးနေရာတွေကို ရရှိထားကြတယ်"
ရှန်မို မပြုံးဘဲ မနေနိုင်တော့ချေ။
ယင်းမှာ သတင်းကောင်းပင်။
ဆုန့်ကျန့်ဖေး၊ လျိုယွန့်ထျန်း၊ ကျန်းချန်ဟိန်းနှင့် ဝေကျင်းချန်တို့သည် သူနှင့် သေဖော်သေဖက် သူငယ်ချင်းများ ဖြစ်ကြသည်။ သူနှင့် ပတ်သက်ပြီး သူတို့ ကောင်းမွန်စွာ နေထိုင်နိုင်ကြသည်ဆိုလျှင် သူ သူတို့အတွက် ဝမ်းသာလှသည်။
"ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်"
ရှန်မို ပြုံးလျက် ပြောပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။ သူသည် နတ်ဆိုးချည်နှောင်သော သော့ခလောက်ကို အမြန်ဆုံး သန့်စင်ရန် လိုအပ်သည်။ ဟူရှင်းယွဲ့မှာ နီမြန်းသော နှုတ်ခမ်းကို ကိုက်လိုက်ရင်း
"ခဏနေပါဦး..."
"ဘာဖြစ်လို့လဲ"
ရှန်မို မျက်မှောင်ကြုတ်လိုက်သည်။
ဟူရှင်းယွဲ့မှ လေးနက်စွာဖြင့်
"ရှင် ကျွန်မကို ကယ်တင်ပေးခဲ့ပြီး ဂူဗိမာန်ထဲကနေ လိုက်ပို့ပေးခဲ့တဲ့ ကျေးဇူးကို မဆပ်ရသေးဘူး… အခုလည်း နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါး လက်ထဲကနေ ကျွန်မရဲ့ အသက်ကို ထပ်ပြီး ကယ်ခဲ့ပြန်ပြီ"
"ကျွန်မ မူလက ရှင့်ကို 'ရှစ်မျက်နှာ စစ်တလင်းဖျက်ဆီးခြင်း အဆောင်လက်ဖွဲ့' တစ်ခု ပေးမလို့ပါ… ကျွန်မရဲ့ အမေက ကောင်းကင်အဆောင်လက်ဖွဲ့ဂိုဏ်းမှာ ငွေအမြောက်အမြား အကုန်အခံပြီး ဝယ်ပေးထားတာ၊ ဒါပေမဲ့ ရှင်က စိမ်းလန်းသော ဂူဗိမာန်ထဲကနေ ထွက်မလာဘဲ ထူးဆန်းစွာ ပျောက်ကွယ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ဒါပေမဲ့ အခု အဲဒီ အဆောင်လက်ဖွဲ့က ကျွန်မနဲ့အတူ ပါမလာဘူး..."
ဟူရှင်းယွဲ့ အားနာစွာ ပြုံးလိုက်သည်။
သူ၏ ယခင် ကျေးဇူးဟောင်းမှာ မဆပ်ရသေးဘဲ ယခု ကျေးဇူးသစ်က ထပ်တိုးလာပြန်ပြီ။ သူ ရှန်မိုအပေါ် တစ်သက်လုံး ကျေးဇူးတင်နေရတော့မှာလား။
ရှန်မို လက်ဝှေ့ယမ်းလိုက်ပြီး
"ငါ အခု အဲဒီ ရှစ်မျက်နှာ စစ်တလင်းဖျက်ဆီးခြင်း အဆောင်လက်ဖွဲ့ကို မလိုတော့ပါဘူး… နောက်မှပဲ ပြောကြတာပေါ့"
ထိုသို့ပြောပြီးနောက် သူ မြေပြင်ကို ခပ်ဖွဖွ နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုကဲ့သို့ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
ဟူရှင်းယွဲ့မှာ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ပြောပြရန် အချိန်မရလိုက်ချေ။
"ကျွန်မ..."
သူ အကူအညီမဲ့သလို ဖြစ်သွားရသည်။ သူသည် ကောင်းကင်မြေခွေးမျိုးနွယ်စု၏ သန့်စင်သော မိန်းကလေးတစ်ဦး ဖြစ်သလို ရုပ်ရည်မှာလည်း မဆိုးလှပေ။
ဘာဖြစ်လို့ ဤရှန်မိုက သူ့ကို အနည်းငယ်မျှ စိတ်မဝင်စားရသနည်း။
ပလပ်...
ကျဲရှင်းသည် သူ့ ရင်ခွင်ထဲမှ ခေါင်းကြီး ပြူထွက်လာပြီး သူမ၏ လက်ဖမိုးကို လျက်ပေးနေသည်။ သူ၏ ကြီးမားပြီး အရည်လဲ့နေသော မျက်လုံးကြီးများဖြင့်လည်း စိုက်ကြည့်နေသည်။
သူ ဘာဖြစ်နေတာလဲဟု မေးနေပုံရသည်။
ဟူရှင်းယွဲ့မှာ မတတ်သာသည့် အပြုံးလေး ပြုံးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ကောင်လေးရဲ့… ငါက... တကယ့်ကို အကျိုးအကြောင်း မသိတဲ့ လူတစ်ယောက်နဲ့ တွေ့လိုက်ရလို့ပါ"
ဂူတစ်ခုအတွင်း၌။
ထိုဂူ၏ မူလပိုင်ရှင်မှာ ဧည့်ဝတ်ကျေပွန်လှသော နတ်ဆိုး မိုးကြိုးမြွေဟောက် တစ်ကောင် ဖြစ်သည်။ ရှန်မိုသည် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်းသို့ တစ်ဦးတည်း ဝင်ရောက်လာသည်ကို သိရှိသဖြင့် ၎င်းသည် ရှန်မို၏ ဝမ်းဗိုက်ကို ဖြည့်တင်းပေးရန် အရသာရှိလှသော မြွေသားများကို ကမ်းလှမ်းခဲ့ရုံသာမက ရှန်မို၏ အနာဂတ် လက်နက်သွန်းလုပ်ရာတွင် အသုံးပြုရန်အတွက်လည်း သူ၏ မြွေရေခွံကို ချန်ထားရစ်ခဲ့သည်။ ယင်းမှာ တကယ့်ကို ကိုယ်ကျိုးစွန့်သော လုပ်ရပ်ပင်။
ရှန်မိုသည် ဂူ၏ ပတ်ပတ်လည်တွင် အမျိုးမျိုးသော အစီအရင်များကို ချမှတ်လိုက်သည်။ အရာအားလုံး အဆင်ပြေကြောင်း အတည်ပြုပြီးနောက် သူ နတ်ဆိုးချည်နှောင်သော သော့ခလောက်ကို ထုတ်ယူလိုက်၏။ သူ ထိုသော့ခလောက်ကိုသာ အသည်းအသန် စိုက်ကြည့်နေကြသည်။ သံကြိုးပေါ်ရှိ သံချေးတက်နေသော မျက်နှာပြင်မှာ ဖုံးကွယ်ထားခြင်း သက်သက်သာ ဖြစ်သည်။ ယင်း၏အတွင်း၌ ဝှက်ထားသော ဝိညာဉ်အသိစိတ်ကို ပြန်လည် နိုးထလာစေရန်အတွက် အချို့သော အခြေအနေများနှင့် ကိုက်ညီရန် လိုအပ်ပေသည်။
Chapter 680: သံချေးများ လောင်ကျွမ်းခြင်း
ရှန်မိုသည် စိတ်ဝိညာဉ်စွမ်းအားများဖြင့် နတ်ဆိုးချည်နှောင်သော သော့ခလောက်ကို ရစ်ပတ်လိုက်ပြီး သူ၏ရှေ့တွင် ဝဲပျံနေစေရန် ပြုလုပ်လိုက်သည်။ နတ်ဆိုးချည်နှောင်သော သော့ခလောက်မှာ လုံးဝ လှုပ်ရှားမှုမရှိဘဲ ရှိနေသည်။ သံချေးများ ကွာကျမည့် အရိပ်အယောင်လည်း အနည်းငယ်မျှ မတွေ့ရချေ။ သံချေးများသည် စိတ်ဝိညာဉ်လက်နက်နှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။ ရှန်မိုမှာ စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် အသက်စွမ်းအားများဖြင့် မည်မျှပင် ဆေးကြောရန် ကြိုးစားသော်လည်း မျက်နှာပြင်ပေါ်မှ သံချေးများကို တုန်ခါအောင်ပင် မလုပ်နိုင်ခဲ့ပေ။ ဤအနိမ့်စား သူတော်စင်လက်နက်မှာ သေဆုံးသွားပြီဟု ထင်ရသည်။
ရှန်မို ခေါင်းခါရုံမှတစ်ပါး အခြားမရှိတော့ပေ။ သူ၏ ကြွယ်ဝလှသော စိတ်ဝိညာဉ်စွမ်းအားနှင့် အသက်စွမ်းအားများဖြင့်ပင် နတ်ဆိုးချည်နှောင်သော သော့ခလောက်ပေါ်မှ သံချေးများကို ဆေးကြော၍ မရနိုင်ခဲ့ချေ။ ယခုမူ နည်းလမ်းတစ်ခုသာ ကျန်တော့သည်ဟု ထင်ရသည်။
ရှန်မို သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးပေါ်တွင် ရွှေရောင်မီးတောက်တစ်ခု ချက်ချင်းပင် တိတ်ဆိတ်စွာ တောက်လောင်လာသည်။ ယင်းမှာ ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်ပင် ဖြစ်၏။
"ဟင်… ဘာလို့ ငါ့ကို ရုတ်တရက် ခေါ်ထုတ်လိုက်တာလဲ"
ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်မှ ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဒီအပေါ်က သံချေးတွေကို လောင်ကျွမ်းပစ်ဖို့ ကူညီပေးပါဦး"
ရှန်မို ပြုံးလျက် ပြောလိုက်သည်။
ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်မှာ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး
"သံချေး နည်းနည်းလား… ငါ့ကိုသာ အပ်ထားလိုက်”
သို့သော် သူ စတင်လောင်ကျွမ်းပြီးနောက်တွင် နတ်ဆိုးချည်နှောင်သော သော့ခလောက်၏ ထူးခြားမှုကို ချက်ချင်း သတိပြုမိသွားသည်။ ဤသံချေးများမှာ အလွယ်တကူ လောင်ကျွမ်းသွားခြင်း မရှိပေ။ ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်၏ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်အောက်တွင်မှ အလွန်နှေးကွေးစွာ စတင် အရည်ပျော်လာခြင်း ဖြစ်သည်။
"လောင်ကျွမ်းတာ အရမ်းနှေးနေတယ်… ဒီသံချေးတွေက နည်းနည်း ထူးဆန်းနေတယ်… နတ်ဆိုးမိုးကြိုး စွမ်းအားတွေ အများကြီး ပါဝင်နေပုံရတယ်"
ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်မှာ အနည်းငယ် အံ့သြသွားသည်။
ရှန်မိုမှာမူ သက်ပြင်းတစ်ချက် ချလိုက်နိုင်၏။ ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက်မှ သံချေးများကို အရည်ပျော်စေသည့် အရှိန်မှာ အတော်အတန် နှေးကွေးနေသေးသော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် အသက်စွမ်းအားများဖြင့် ဆေးကြောရန် ကြိုးစားခဲ့ခြင်းနှင့် ယှဉ်လျှင်မူ အလွန်အမင်း မြန်ဆန်လှပေသည်။ ဤနှုန်းအတိုင်းဆိုလျှင် နတ်ဆိုးချည်နှောင်သော သော့ခလောက်ပေါ်ရှိ သံချေးအားလုံးကို အထက်မှ အောက်အထိ အရည်ပျော်သွားစေရန် အများဆုံး ငါးရက်ခန့် ကြာပေလိမ့်မည်။
ရက်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ နတ်ဆိုးချည်နှောင်သော သော့ခလောက်မှာ သံချေးများဖြင့် ဖုံးလွှမ်းနေရာမှ တဖြည်းဖြည်း တောက်ပပြောင်လက်လာ၏။ အတိတ်က နတ်ဆိုးအရှိန်အဝါများမှာလည်း တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။ ငါးရက်အကြာတွင် နောက်ဆုံးကျန်ရှိနေသော သံချေးအပိုင်းအစမှာလည်း အရည်ပျော်ကာ စုပ်ယူခြင်း ခံလိုက်ရသည်။ နတ်ဆိုးချည်နှောင်သော သော့ခလောက်၏ အသွင်အပြင်အစစ်မှာ ရှန်မို၏ ရှေ့တွင် လုံးဝ ပေါ်ထွက်လာခဲ့လေပြီ။ နှစ်ပေါင်းများစွာ ကြာမြင့်စွာ အိပ်မောကျနေခဲ့သော ဝိညာဉ်အသိစိတ်မှာလည်း ဤအခိုက်အတန့်တွင် နောက်ဆုံး၌ စတင်နိုးထလာတော့၏။
ရှန်မိုသည် သူ၏ ဝိညာဉ်အသိစိတ်ကို နတ်ဆိုးချည်နှောင်သော သော့ခလောက်၏ အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်စေလိုက်သည်။ ထိုအခါ မုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ ဝိညာဉ်မှာ ချက်ချင်းပင် အလွန်အမင်း နာကျင်သွားတော့သည်။ ယင်းမှာ နတ်ဆိုးချည်နှောင်သော သော့ခလောက်မျှသာ ရှိသေးသည်။ အကယ်၍ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင် တစ်ခုလုံးသာ ဖြစ်နေမည်ဆိုလျှင် ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုမျိုးမှာ သူ့ကို ချက်ချင်းပင် လူအတစ်ယောက် ဖြစ်သွားစေရန် လုံလောက်လှပေသည်။ ဘာပဲဖြစ်ဖြစ် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်မှာ တာအိုသူတော်စင်လက်နက် တစ်ခုဖြစ်၏။ သူတော်စင်နယ်ပယ်သို့ ရောက်ရှိသူများသာ အမှန်တကယ် ထိန်းချုပ်နိုင်သည့် တာအိုသူတော်စင်လက်နက်ပင်။
ခဏအကြာတွင် ရှန်မိုသည် စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် နာကျင်မှုကို တဖြည်းဖြည်း အောင့်ခံနိုင်လာသည်။ ထိုအခါမှ သူ နတ်ဆိုးချည်နှောင်သော သော့ခလောက်အတွင်းရှိ စိတ်ပိုင်းဆိုင်ရာ ဟင်းလင်းပြင်ကို စူးစမ်းနိုင်တော့သည်။ ထိုနေရာမှာ လုံးဝ မှောင်မည်းပြီး ဗလာဖြစ်နေကြောင်း သူ တွေ့ရှိလိုက်ရ၏။ အလွန်ဝေးကွာသော နေရာတစ်ခုတွင်သာ မှေးမှိန်သော အလင်းရောင်လေးတစ်ခု ရှိနေသည်။ သူ ထိုနေရာသို့ အမြန် တိုးဝင်သွားခဲ့သည်။ နောက်ဆုံးတွင် ဟင်းလင်းပြင်တွင် ဝဲပျံနေသော အလင်းလုံးလေး တစ်ခုကို တွေ့ရှိလိုက်ရသည်။ ထိုအလင်းလုံးမှာ တဖျတ်ဖျတ် လှုပ်ခတ်နေပြီး ထိုအတွင်းမှ သက်ရှိသတ္တဝါတစ်ဦး၏ အသက်ရှူသံကဲ့သို့သော အသံများ ထွက်ပေါ်နေပုံရသည်။
ရှန်မို လက်ကို ဆန့်ထုတ်ကာ ထိုအလင်းလုံးကို ခပ်ဖွဖွ ထိတွေ့လိုက်သည်။ ခဏချင်းမှာပင် နှစ်ပေါင်း သိန်းနှင့်ချီသော များပြားလှသည့် သတင်းအချက်အလက်များ သူ၏ စိတ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာတော့သည်။ ဤအခိုက်အတန့်တွင် သူ၏ ဦးခေါင်းမှာ ကွဲအက်သွားလုမတတ် ခံစားလိုက်ရ၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း သန်မာသောကြောင့် ဤကဲ့သို့သော သတင်းအချက်အလက်များ စီးဝင်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက သူ၏ ဦးခေါင်းမှာ ပေါက်ကွဲသွားပြီး သေဆုံးသွားပေလိမ့်မည်။ အချိန်အနည်းငယ် ထပ်မံကုန်ဆုံးပြီးနောက်တွင်မူ ဦးခေါင်းအတွင်းရှိ ပြင်းထန်သော နာကျင်မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ရှန်မို သတိပြန်ဝင်လာသောအခါ မိမိသည် ဂူအတွင်း၌ တင်ပလ္လင်ခွေလျက် ထိုင်နေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ နတ်ဆိုးချည်နှောင်သော သော့ခလောက်ကို ပြန်ကြည့်လိုက်ရာတွင်လည်း သူသည် ယခင်ကကဲ့သို့ သူစိမ်းပြင်ပြင် ခံစားရခြင်း မရှိတော့ပေ။ ဤနတ်ဆိုးချည်နှောင်သော သော့ခလောက်မှာ သူ၏ ကိုယ်ပိုင်လက်မောင်းကဲ့သို့ပင် ခံစားနေရသည်။ သူသည် မိမိ၏ လက်ချောင်းများကဲ့သို့ပင် ယင်းကို လွယ်ကူစွာ အမိန့်ပေးနိုင်လေပြီ။ ထိုမျှသာမက ယခုအခါ လေထုအတွင်းရှိ နတ်ဆိုးမိုးကြိုး စွမ်းအားများနှင့် အလွန် ခိုင်မာသော ဆက်နွှယ်မှု ရှိနေပြီဖြစ်ကြောင်းလည်း တွေ့ရှိလိုက်ရ၏။ သူ၏ ကျင့်စဉ်ကို အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံဖြင့် အရပ်မျက်နှာအနှံ့မှ ထူထပ်လှသော နတ်ဆိုးမိုးကြိုး စွမ်းအားများသည် သူ့ထံသို့ ရူးသွပ်စွာ စီးဝင်လာကြပြီး သူ့ဘေးတွင် စုစည်းလာကြတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ယင်းတို့မှာ သန့်စင်သော ဝိညာဉ်စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး သူ၏ တာအိုအမှတ်အသားများကို တောက်လောင်ရန် အားဖြည့်ပေးကြသည်။
ဤစက္ကန့် အနည်းငယ်အတွင်းမှာပင် ရှန်မိုသည် သူ၏ ရှေးဦးဆင်ရိုင်း ပုံရိပ်ယောင်တွင် နောက်ထပ် တာအိုအမှတ်အသား တစ်ခု တိုးလာကြောင်း တွေ့ရှိလိုက်ရသည်။ ယခုအခါ သူသည် တာအိုအမှတ်အသား ကိုးဆယ့်ကိုးခုသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ရှေးဦးဆင်ရိုင်း ဓမ္မခန္ဓာမှာ အမှတ်အသား တစ်ရာပြည့်ရန် ခြေတစ်လှမ်းသာ လိုတော့၏။ သို့သော်လည်း ရှန်မိုကိုယ်တိုင် ရှင်းလင်းစွာ သိထားသည်။ ကိုးဆယ့်ကိုးခုမှ တစ်ရာသို့ ရောက်ရန်မှာ နောက်ဆုံး အမှတ်အသားတစ်ခုသာ လိုအပ်သော်လည်း အမှန်တကယ်တွင်မူ ယင်းမှာ ကောင်းကင်ဘုံ ကမ္ဘာဦးချောက်ကြီးကဲ့သို့ ဝေးကွာလှပေသည်။ နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူ အများအပြားမှာ တစ်သက်လုံး ကိုးဆယ့်ကိုးခုတွင်သာ ပိတ်မိနေကြပြီး အမှတ်အသား တစ်ရာသို့ မည်သည့်အခါမျှ မရောက်ရှိနိုင်ကြပေ။ နောက်ဆုံးတွင်မူ သူတို့သည် ကိုးဆယ့်ကိုးခုသော အမှတ်အသားများဖြင့်သာ အထွတ်အထိပ် နယ်ပယ်သို့ တက်လှမ်းရန် ကြိုးစားကြရသည်။ တာအိုအမှတ်အသား များလေလေ၊ အထွတ်အထိပ် နယ်ပယ်သို့ တက်လှမ်းရာတွင် အောင်မြင်မှုနှုန်းမှာ ပို၍ မြင့်မားလေလေ ဖြစ်သည်။ သဘာဝကျစွာပင် ကိုးဆယ့်ကိုးခုနှင့် တစ်ရာဆိုသည်မှာ နှိုင်းယှဉ်၍ မရနိုင်ပေ။
ရှန်မိုသည် နတ်ဆိုးချည်နှောင်သော သော့ခလောက်ကို တင်းတင်းဆုပ်ကိုင်ကာ ဂရုတစိုက် ခံစားကြည့်လိုက်သည်။ တစ်ထောင်သော မိုးကြိုးအကျဉ်းထောင်၏ နတ်ဆိုးမိုးကြိုး စွမ်းအားများနှင့် ရင်းနှီးကျွမ်းဝင်မှု ရရှိလာခြင်းမှာ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ ဝိညာဉ်အသိစိတ်နှင့် ဆက်သွယ်နိုင်ပြီးနောက် ရရှိလာသည့် အကျိုးကျေးဇူးများထဲမှ တစ်ခုသာ ဖြစ်ကြောင်း သူ ရုတ်တရက် တွေ့ရှိလိုက်ရသည်။ ဒုတိယမြောက် အကျိုးကျေးဇူးမှာ သူသည် ကောင်းကင်ဘုံ၏ မျက်လုံးကို ရရှိထားသကဲ့သို့ပင် ဖြစ်သည်။ ရှန်မို မျက်လုံးများကို မှိတ်လိုက်ရာ သူ၏ရှေ့တွင် မြေပုံတစ်ခု ပွင့်လာသကဲ့သို့ ခံစားရပြီး ယင်းမှာ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ နေရာတိုင်းနှင့် အတိအကျ ကိုက်ညီနေသည်။ မည်သည့်နေရာမှ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်ကို အလွယ်တကူ မြင်နိုင်သည်။ နတ်ဆိုး မိုးကြိုးမျိုးစေ့များ ဘယ်မှာ ရှိနေသည်၊ လေလွင့်နေသော နတ်ဆိုးမိုးကြိုး သားရဲများ ဘယ်မှာ ရှိသည်၊ တစ်ထောင်သော မိုးကြိုးအကျဉ်းထောင်နှင့် အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာတို့ တိုက်ခိုက်နေကြသော ရှေ့တန်းစစ်မျက်နှာ ဘယ်မှာ ရှိသည်ကိုလည်း သူ မြင်နိုင်သည်။ ယင်းမှာ ဓာတ်မှန်ရိုက်၍ မြင်နေရသကဲ့သို့ပင်။
"ဒီလို နည်းလမ်းမျိုးနဲ့ဆိုရင် တခြားသူတွေထက် အရင်ဦးအောင် အခွင့်အရေးတွေကို ငါ ရှာနိုင်မှာပဲ"
ရှန်မို စိတ်ထဲတွင် ဝမ်းသာနေမိသည်။ သူသည် ရှီထျန်းဟောက်၏ အခွင့်အရေးများကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေခဲ့ခြင်း ဖြစ်၏။ ယခုအခါ သူ၏လက်ထဲတွင် မြေပုံတစ်ခု ရှိနေပြီဖြစ်သည်။ ရှီထျန်းဟောက်၏ အရှေ့မှ ခြေတစ်လှမ်းဦးအောင် လှမ်းနိုင်ကာ သူ၏ အခွင့်အရေးများကို ကြားဖြတ် ရယူနိုင်လေပြီ။ ထိုသနားစရာကောင်းသော သိုးကလေးမှာမူ သူ ဝန်ထုပ်ဝန်ပိုးများစွာဖြင့် ရှေ့သို့ ဆက်လှမ်းနိုင်နေခြင်းမှာ ရှန်မိုမှ သူ၏ ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်မှုကို အာမခံပေးထားသောကြောင့် ဖြစ်ကြောင်း ယခုထက်ထိ သိလိမ့်ဦးမည် မဟုတ်ပေ။
ဤဒုတိယမြောက် အကျိုးကျေးဇူးမှာ အကောင်းဆုံးအရာပင် မဟုတ်သေးချေ။ အကြီးမားဆုံးနှင့် အကောင်းဆုံး အကျိုးကျေးဇူးမှာ ရှန်မိုသည် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ စွမ်းအား အစိတ်အပိုင်းတစ်ခုကို အသုံးချနိုင်ခြင်းပင် ဖြစ်သည်။ ရှန်မိုသည် ဂူအတွင်းမှ ထွက်လာပြီး ဝေးကွာသော နေရာမှ မြင့်မားလှသော တောင်ထိပ်ကြီးတစ်ခုကို လှမ်းကြည့်လိုက်၏။ သူသည် နတ်ဆိုးချည်နှောင်သော သော့ခလောက်အတွင်းရှိ ဝိညာဉ်အသိစိတ်နှင့် ဆက်သွယ်လိုက်ရာ ဝိညာဉ်အသိစိတ်မှာ လှုပ်ရှားလာပုံရသည်။ မကြာမီမှာပင် ကောင်းကင်ယံ၌ စူးရှလှသော လျှပ်စီးတန်းတစ်ခု စုစည်းလာ၏။ ထိုလျှပ်စီးမှာ လုံးဝ ခရမ်းရောင်သန်းသော အနက်ရောင်ဖြစ်ပြီး၊ သိပ်သည်းကာ စုစည်းနေမှုမှာ ကောင်းကင်ဘုံ၏ အပြစ်ပေးသည့် လှံတံတစ်ခုကဲ့သို့ပင်။ နောက်တစ်ခဏတွင် ခရမ်းရောင် လျှပ်စီးမှာ ကောင်းကင်ယံမှ ဆင်းသက်လာပြီး ထိုတောင်ထိပ်ကြီးပေါ်သို့ ရုတ်တရက် ပေါက်ကွဲကျဆင်းသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ရေတွက်မရနိုင်သော ကျောက်တုံးနှင့် မြေစာ အပိုင်းအစများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။
မြင့်မားလှသော တောင်ထိပ်ကြီးမှာ တိုက်ရိုက်ပင် မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့၏။ ထိုတောင်ပေါ်ရှိ နတ်ဆိုးမိုးကြိုး သားရဲများမှာလည်း အတိုင်းအဆမဲ့သော ခရမ်းရောင် လျှပ်စီး၏ ဒဏ်ကြောင့် လွတ်မြောက်ရန်ပင် အချိန်မရလိုက်ဘဲ အပိုင်းပိုင်းအစစ ဖြစ်သွားကြရသည်။
ရှန်မို ဆွံ့အသွားရ၏။ ဤတစ်ထောင်သော မိုးကြိုးအကျဉ်းထောင်အတွင်းရှိ မြေပြင်လက်မတိုင်းမှာ နှစ်ပေါင်း တစ်သိန်းနီးပါးတိုင်အောင် နတ်ဆိုးမိုးကြိုး စွမ်းအားများ၏ ကောင်းချီးပေးခံထားရသဖြင့် အလွန်အမင်း မာကျောလှပေသည်။ အကယ်၍ အထွတ်အထိပ် နယ်ပယ်မှ ပညာရှင်တစ်ဦးမှ လက်မလှုပ်ပါက မြေပြင်ကို ဖျက်ဆီးရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ရှန်မို မည်မျှပင် သန်မာပါစေ၊ အလွန်ဆုံး မြေပြင်ပေါ်တွင် အဖြူရောင် အစင်းကြောင်းလေးများသာ ချန်ထားနိုင်ပေလိမ့်မည်။ သို့သော် ထိုမြင့်မားလှသော တောင်ထိပ်ကြီးမှာမူ နတ်ဆိုးချည်နှောင်သော သော့ခလောက်မှတစ်ဆင့် အသုံးချလိုက်သော ခရမ်းရောင် လျှပ်စီးကြောင့် မျက်တောင်တစ်ခတ်အတွင်း ပြားချပ်သွားခဲ့လေပြီ။
ပြီးပြည့်စုံသော အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ စွမ်းအားမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
အံ့သြသွားပြီးနောက်တွင် ရှန်မို၏ မျက်နှာ၌ ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
ဒါက ဘာကို ဆိုလိုတာလဲ။
ဤသည်မှာ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်း၌ သူသည် အထွတ်အထိပ် နယ်ပယ်မှ ပညာရှင်တစ်ဦး၏ အပြည့်အဝ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်သော နည်းလမ်းတစ်ခုကို ပိုင်ဆိုင်ထားခြင်းကို ဆိုလိုခြင်းပင်။ ဤအရာမှာ အလွန်အမင်း အစွမ်းထက်သော ဝှက်ဖဲတစ်ခုပင် ဖြစ်၏။ အကယ်၍ အထွတ်အထိပ် နယ်ပယ်မှ ပညာရှင်တစ်ဦး သူ့ကို တိုက်ခိုက်လာလျှင်ပင် ယခုအခါ သူ့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သို့သော်လည်း ဤခရမ်းရောင် လျှပ်စီးမှာ စုစည်းရန်အတွက် အချိန်အတော်အတန် ကြာမြင့်ကြောင်း ရှန်မို တွေ့ရသည်။ စက္ကန့် သုံးဆယ်ခန့်အထိ ကြာမြင့်ပေလိမ့်မည်။ သာမန် အထွတ်အထိပ် နယ်ပယ် ကျင့်ကြံသူတစ်ဦးမှာမူ ခရမ်းရောင် လျှပ်စီး မကျဆင်းမီမှာပင် လွတ်အောင် ရှောင်တိမ်းနိုင်သည်မှာ သေချာ၏။ သို့သော် အကယ်၍ ချုံခိုတိုက်ခိုက်ရာတွင် အသုံးပြုမည်ဆိုလျှင်မူ အထွတ်အထိပ် နယ်ပယ် ကျင့်ကြံသူတစ်ဦးကို အပြင်းအထန် ဒဏ်ရာရစေရန် သို့မဟုတ် သတ်ဖြတ်ပစ်ရန်ပင် သေချာပေါက် ဖြစ်နိုင်ပေသည်။ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်းသို့ ဝင်ရောက်လာသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူ အားလုံးထဲတွင် ရှန်မို ထိန်းချုပ်ထားသော ဝှက်ဖဲမှာ တကယ့်ကို အစွမ်းထက်ဆုံးပင် ဖြစ်သည်။ သူသည် လုံးဝ အနိုင်မရနိုင်သော အခြေအနေတွင် ရှိနေသည်ဟု ဆိုနိုင်ပေ၏။
Chapter 681: တိုက်ခိုက်ရမည့်အချိန်
ထူထပ်လှသော တောအုပ်အတွင်း၌ ပုံရိပ်ခြောက်ခုမှာ လျင်မြန်စွာ လှုပ်ရှားနေကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အမျိုးသမီးတစ်ဦး ဖြစ်၏။ သူသည် အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် အချိုးအစား ပြေပြစ်လှကာ အေးစက်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာကို ပိုင်ဆိုင်ထားသည်။ ထိုအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်း၏ ကောင်းကင်မိန်းကလေး ချောင်ချင်းဝမ် ပင် ဖြစ်သည်။ သူ့နောက်မှ လိုက်ပါလာသော ငါးဦးမှာလည်း ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ ခွန်အားမှာ အထင်ကြီးစရာ ကောင်းလှပေ၏။ တစ်ယောက်ချင်းစီတိုင်းမှာ အနည်းဆုံး တာအိုအမှတ်အသား ခြောက်ဆယ်၏ စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
"လိုက်ကြ… လွတ်မသွားစေနဲ့"
ချောင်ချင်းဝမ်မှ တိုးညှင်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့”
ထိုငါးဦး လေးနက်စွာ ပြန်လည်ဖြေကြားသည်။ သို့သော်လည်း သူတို့၏ ပစ်မှတ်နောက်သို့ တောင်ကြားတစ်ခုအထိ တောက်လျှောက် လိုက်လာခဲ့ပြီးနောက်တွင် ပစ်မှတ်မှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ မြေပြင်ပေါ်တွင် ခရမ်းရောင်ရင့်ရင့် သွေးကွက်တစ်ခုသာ ကျန်ရစ်ခဲ့၏။ ချောင်ချင်းဝမ် သူ့လက်ချောင်းများကို ခါထုတ်လိုက်ရာ သွေးကွက်အတွင်းသို့ ရေခဲဝိညာဉ်စွမ်းအား တစ်ခု စီးဝင်သွားသည်။ ဆီးနှင်းနှင့် မိုးကြိုးတို့ ထိတွေ့လိုက်သောအခါ စူးရှလှသော တဖြတ်ဖြတ်အသံများ ထွက်ပေါ်လာသည်။
"ဒါက အဲဒီ နတ်ဆိုးမိုးကြိုးသားရဲ ချန်ထားခဲ့တဲ့ သွေးပဲ… သူ ဒီအနီးအနားမှာပဲ ပုန်းနေတာ ဖြစ်ရမယ်"
ချောင်ချင်းဝမ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။
"လူခွဲပြီး နတ်ဆိုးမိုးကြိုးသားရဲရဲ့ ခြေရာကို ရှာကြ" "တွေ့တာနဲ့ ချက်ချင်း အချက်ပြလွှတ်" ကျင့်ကြံသူငါးဦးမှ
"ဟုတ်ကဲ့"
နတ်ဆိုးမိုးကြိုးသားရဲ တစ်ကောင်မှာ အနည်းဆုံးအားဖြင့် တာအိုအမှတ်အသား တစ်ရာရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်ပြီး အထွတ်အထိပ် ပညာရှင်တစ်ဦးကိုပင် ဒဏ်ရာရစေနိုင်သည်။ သူတို့မှာ အုပ်စုလိုက် သွားလာလေ့ရှိကြ၏။ တစ်ကောင်တည်းကို သတ်ရန်ပင် အလွန်ခက်ခဲလှပေသည်။ သို့သော် ချောင်ချင်းဝမ်၏ ကံမှာ ကောင်းမွန်လှသည်။ လွန်ခဲ့သော ခြောက်ရက်ခန့်က သူတို့ နတ်ဆိုးမိုးကြိုးမျိုးစေ့ တစ်ဒါဇင်ကျော်ကို ထုတ်ယူပြီးချိန်တွင် အနီးအနား၌ လေလွင့်နေသော နတ်ဆိုးမိုးကြိုးသားရဲ တစ်ကောင်ကို တွေ့ရှိခဲ့ကြခြင်း ဖြစ်ပြီး ခြောက်ရက်တိုင်တိုင် လိုက်လံတိုက်ခိုက်ခဲ့ကြသည်။ ယခုအခါ ၎င်း၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအမြောက်အမြား ရှိနေပြီဖြစ်၏။ ခြောက်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ခြင်းဖြစ်သဖြင့် သူတို့ အနိုင်ရရန်မှာ သေချာသလောက် ရှိသည်။ မထင်မှတ်ထားဘဲ နတ်ဆိုးမိုးကြိုးသားရဲ၏ အသက်စွမ်းအားမှာ အလွန်တောင့်ခံနိုင်လှ၏။ မိုင်ပေါင်း တစ်သိန်းနီးပါး ထွက်ပြေးခဲ့ပြီးသည့်တိုင် ယခုထက်ထိ သေဆုံးခြင်း မရှိသေးပေ။ အကယ်၍ ၎င်းသာ တောင်ဘက်သို့ ဆက်လက်သွားရောက်မည်ဆိုလျှင် နတ်ဆိုးမိုးကြိုးသားရဲ အုပ်စုနှင့် ပြန်လည် ပူးပေါင်းသွားပေလိမ့်မည်။ သူ့ အုပ်စုထံသို့ မရောက်ရှိမီ ဤအထီးကျန်နေသော တစ်ကောင်ကို သူတို့ သတ်ဖြတ်ရမည် ဖြစ်၏။ နတ်ဆိုးမိုးကြိုးသားရဲ တစ်ကောင်မှာ ဂိုဏ်း၏ အမှတ် တစ်သိန်းနှင့် ညီမျှသည်။ ဤအကြိမ်တွင် မိုးကြိုးအကျဉ်းထောင် မျိုးနွယ်စုမှ ကမ်းလှမ်းထားသော ရတနာလဲလှယ်မှု စာရင်းမှာ ချောင်ချင်းဝမ်ကဲ့သို့ လူမျိုးကိုပင် ဆွဲဆောင်နိုင်လောက်အောင် ရှိလှ၏။
ဤကဲ့သို့သော ဆုလာဘ်မျိုးကို မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။
အခြားတစ်ဖက်တွင်မူ။
အခြား အုပ်စုတစ်စုမှာလည်း ထိုတောင်ကြားသို့ ရောက်ရှိလာခဲ့သည်။ သူတို့မှာ တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ ဦးဆောင်လာသူမှာ ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ်နှင့် ချိုသာလှပသော မျက်နှာလေး ရှိသူ ဖြစ်၏။ သူသည် အေးအေးလူလူနှင့် ပေါင်းသင်းရလွယ်ကူသည့် အငွေ့အသက်မျိုးလည်း ရှိသည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်း၏ သူတော်စင် မိန်းကလေး လီယွမ်လုံပင်။
"သူတော်စင် မိန်းကလေး… ဘိုးဘေးကြီး အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ထဲမှာ ရခဲ့တဲ့ အနိမ့်စား သူတော်စင်လက်နက်ကို ဒီတောင်ကြားထဲမှာ မြှုပ်ထားခဲ့တာ ဖြစ်ရမယ်"
"ရှင်က ဘိုးဘေးကြီးရဲ့ တိုက်ရိုက်မျိုးဆက်ပဲ… ရှင့်ရဲ့ သွေးကပဲ အစီရင်ခံ အလုံပိတ်ကို ဖွင့်နိုင်မှာပါ" တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းမှ အကြီးအကဲတစ်ဦးမှ ပြုံးလျက် ပြောလိုက်သည်။ သူသည် ရင့်ကျက်တည်ငြိမ်ပြီး လီယွမ်လုံ ပြီးလျှင် ဂိုဏ်းတွင် ဒုတိယမြောက် အဆင့်အတန်း အမြင့်ဆုံးသူ ဖြစ်ကြောင်း သိသာလှ၏။
လီယွမ်လုံ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ရပါတယ်… ရပါတယ်… သူတော်စင်လက်နက် မြှုပ်ထားတဲ့ နေရာကို ရှာတွေ့ဖို့ပဲ လိုတယ်… ငါက သွေးအနည်းငယ်ပဲ ပေးရမှာပဲလေ"
"ရှင်တို့ ရှာကြ… ငါ ဒီမှာပဲ နေခဲ့မယ်"
"ဟုတ်ကဲ့"
တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများသည် မြှုပ်နှံထားသော သူတော်စင်လက်နက်ကို ရှာဖွေရန် ချက်ချင်းပင် လူခွဲလိုက်ကြ၏။ နောက်ဆုံးအကြိမ် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင် ပွင့်ခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်နီးပါးက ဖြစ်သည်။ ဤမျှ ကြာမြင့်လှသော အချိန်အတွင်း၌ အတွင်းပိုင်းတွင် အပြောင်းအလဲများစွာ ရှိနိုင်ပေသည်။ ထိုဘိုးဘေးကြီး ချန်ထားရစ်ခဲ့သော မြေပုံရှိနေသော်လည်း ထိုနေရာကို ရှာတွေ့ရန်မှာ အချိန်အတော်အတန် ယူရဦးမည် ဖြစ်၏။ လီယွမ်လုံသည် ခြောက်သွေ့နေသော သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်နေပြီး သူ၏ ဖြူစင်သော ခြေထောက်လေးများကို လွှဲယမ်းနေသည်။ ပါးစပ်လေးမှာလည်း အသံမမှန်သော သီချင်းတစ်ပုဒ်ကို ညည်းဆိုနေ၏။ သူ ပျင်းနေသည်မှာ သိသာလှသည်။ တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူ နှစ်ဦးမှာ သူ့ဘေးတစ်ဖက်တစ်ချက်တွင် စောင့်ကြပ်နေကြပြီး ယင်းမှာ မင်းသားတစ်ပါး စာဖတ်နေစဉ် ဘေးမှ လိုက်ပါရသော အစေခံများကဲ့သို့ပင် ဖြစ်နေတော့သည်။
ထိုအခိုက်အတန့်တွင် တောင်ကြားအတွင်းမှ တိုက်ပွဲဖြစ်ပွားသံများကို ရုတ်တရက် ကြားလိုက်ရသည်။
"ဒါက ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းရဲ့ ကောင်းကင်လုဖန်ဆင်းခြင်း အနုပညာ မဟုတ်လား"
လီယွမ်လုံ၏ မျက်လုံးများမှာ တောက်ပသွားသည်။ "ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းက လူတွေနဲ့ တိုးတာပဲ"
"ကောင်းတယ်… ကောင်းတယ်… တိုက်ခိုက်ဖို့ အချိန်ရောက်ပြီ"
တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူ နှစ်ဦးမှာ အနည်းငယ် အနေရခက်သွားကြသည်။ သူတို့ဂိုဏ်းနှင့် ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းမှာ အရှေ့ပြည်နယ်၏ အင်အားကြီး အဖွဲ့အစည်း ငါးခုထဲတွင် ပါဝင်ကြသည်။ သူတို့နှင့် ထိပ်တိုက်တွေ့ခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။
ဘာဖြစ်လို့ သူ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။
"သွားမယ်… သွားမယ်… သွားမယ်… သွားတိုက်ကြရအောင်"
လီယွမ်လုံ၏ မျက်လုံးများမှာ တောက်ပနေပြီး လက်နှစ်ဖက်ဖြင့် တွန်းကာ သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူ၏ ခပ်တိုတို ခြေထောက်လေးများဖြင့် တိုက်ပွဲဖြစ်ပွားရာဆီသို့ လျင်မြန်စွာ ပြေးသွားတော့သည်။ တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူ နှစ်ဦးမှာလည်း သူ့နောက်သို့ အပြေးလိုက်ကြရသည်။ ဤသခင်မလေး အန္တရာယ်တစ်ခုခု ဖြစ်သွားမည်ကို သူတို့ စိုးရိမ်နေကြသည်။
ခဏအကြာတွင် လီယွမ်လုံ ကွင်းပြင်တစ်ခုသို့ ရောက်ရှိလာသည်။ ကျင့်ကြံသူ ရှစ်ဦး သို့မဟုတ် ကိုးဦးခန့်မှာ ဤနေရာတွင် စုဝေးနေကြပြီး ဖြစ်၏။ သူတို့မှာ တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းမှ လူများ ဖြစ်ကြသည်။ နှစ်ဖက်စလုံးမှာ တင်းမာသော အခြေအနေဖြင့် ရင်ဆိုင်နေကြပြီး လေထုမှာ လေးလံနေသည်။ လီယွမ်လုံသည် ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်း အုပ်စု၏ ရှေ့ဆုံးမှ အရပ်ရှည်ပြီး အချိုးအစား ပြေပြစ်သော အမျိုးသမီးကို ချက်ချင်း မြင်လိုက်ရသည်။
"အိုး… နင်ပါလား ချောင်ချင်းဝမ်"
"ဘာလဲ… ငါတို့ တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းက လူတွေကို အနိုင်ကျင့်နေတာလား"
သူ လက်နှစ်ဖက်ကို ခါးထောက်လိုက်ပြီး ချောင်ချင်းဝမ်၏ နှာခေါင်းကို ညွှန်ပြကာ ငေါက်ငမ်းလိုက်သည်။
ချောင်ချင်းဝမ် မျက်မှောင်ကြုတ်လျက်
"လီယွမ်လုံ… နင်က ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး… ကိုယ့်ကိုယ်ကိုယ် ပြဿနာ မရှာပါနဲ့"
"ငါတို့ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းမှာ လုပ်စရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိတယ်… နင် သိတတ်ရင် အမြန် ထွက်သွားစမ်းပါ"
လီယွမ်လုံ လှောင်ပြုံးပြုံးလိုက်သည်။
"လုပ်စမ်းပါ ချောင်ချင်းဝမ်ရယ်… ငါတို့ နောက်ဆုံး လက်ရည်ယှဉ်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ပြီ… နင် ငါ့ကို နိုင်ဦးမယ်လို့ တကယ်ပဲ ထင်နေတာလား"
"ဒါ့အပြင် ငါတို့ တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းက ဒီတောင်ကြားကို ပိုင်ဆိုင်ထားပြီးသား… ထွက်သွားရမှာက နင်တို့ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းက လူတွေပဲ”
လီယွမ်လုံရော ချောင်ချင်းဝမ်ပါ အလျှော့မပေးကြပေ။
တစ်ဖက်က ဘိုးဘေးကြီး မြှုပ်နှံထားသော သူတော်စင်လက်နက်ကို ရှာဖွေနေခြင်း ဖြစ်ပြီး အခြားတစ်ဖက်ကမူ အပြင်းအထန် ဒဏ်ရာရထားသော နတ်ဆိုးမိုးကြိုးသားရဲကို အမဲလိုက်နေခြင်း ဖြစ်သည်။ ဘယ်သူကမှ သူတို့၏ ရည်ရွယ်ချက်ကို အခြားတစ်ဖက်အား မပြောပြနိုင်ကြပေ။ တင်းမာမှုများမှာ မြင့်တက်လာ၏။ နှစ်ဖက်စလုံးမှ ကျင့်ကြံသူများသည် သူတို့၏ စိတ်ဝိညာဉ်လက်နက်များကို ထုတ်ယူထားကြပြီ ဖြစ်ကာ အကယ်၍ လီယွမ်လုံ သို့မဟုတ် ချောင်ချင်းဝမ်က အမိန့်ပေးလိုက်လျှင် တိုက်ပွဲမှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာပေလိမ့်မည်။ တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းသည် အရှေ့ပြည်နယ်၏ အင်အားကြီး အဖွဲ့အစည်း ငါးခုထဲတွင် ပဋိပက္ခဖြစ်ရန် အကြောက်ဆုံး အဖွဲ့အစည်း မဟုတ်ခဲ့ဖူးပေ။ သူတို့ကို အရှေ့ပြည်နယ်၏ ခေါင်းမာသော ညီအစ်ကိုဟုပင် ခေါ်ဆိုနိုင်သည်။ အရှေ့တောင်ပိုင်း လီ အင်ပါယာပင်လျှင် သူတို့ထံမှ လေးစားမှုကို အမြဲတမ်း ရရှိခဲ့ခြင်း မရှိပေ။ သူတို့ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းကို ဘာဖြစ်လို့ ကြောက်ရမည်နည်း။
လေထုမှာ တင်းမာနေပြီး နှစ်ဖက်စလုံး တိုက်ခိုက်တော့မည့် အချိန်မှာပင် လီယွမ်လုံနှင့် ချောင်ချင်းဝမ်တို့ တစ်ပြိုင်နက်တည်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။ သူတို့သည် အန္တရာယ်၏ အငွေ့အသက်ကို ခံစားလိုက်ရခြင်း ဖြစ်၏။ ဂိုဏ်းနှစ်ခုလုံးမှ ကျင့်ကြံသူများသည် မသိစိတ်မှ သူတို့၏ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ကြသည်။ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ချဉ်းကပ်လာပုံရ၏။
"ဟိုမှာ"
လီယွမ်လုံ မျက်ခုံးပင့်လိုက်ပြီး တစ်ဖက်တစ်ချက်စီရှိ တောင်ထိပ်များဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မည်းနက်သော ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်း၏ ပုံသဏ္ဌာန်မှာ ရက်စက်ကြမ်းကြုတ်ပုံရသော်လည်း အသွင်အပြင်မှာမူ ရှင်းလင်းစွာ မမြင်ရချေ။ ယင်းမှာ နတ်ဆိုးမိုးကြိုးသားရဲ ပင် ဖြစ်သည်။ အကယ်၍ နတ်ဆိုးမိုးကြိုးသားရဲ တစ်ကောင်တည်းသာ ဖြစ်မည်ဆိုလျှင်မူ ရင်ဆိုင်နိုင်ကောင်း ရင်ဆိုင်နိုင်ပေလိမ့်မည်။ သို့သော်လည်း ၎င်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် အခြားသော နတ်ဆိုးမိုးကြိုးသားရဲများလည်း စတင် ပေါ်ထွက်လာကြတော့သည်။ ယင်းမှာ ၎င်း၏ ရောက်ရှိလာမှုက အချက်ပြတစ်ခု ဖြစ်နေသကဲ့သို့ပင်။
ဂျိန်း!
မျက်တောင်တစ်ခတ်အတွင်းမှာပင် တောင်စောင်းနှစ်ဖက်စလုံးမှ နတ်ဆိုးမိုးကြိုးသားရဲ ငါးဆယ်နီးပါး ပေါ်ထွက်လာတော့သည်။ သူတို့၏ အရေအတွက်မှာ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းနှင့် တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းတို့၏ စုပေါင်းအင်အားကိုပင် လွှမ်းမိုးသွားခဲ့သည်။
လီယွမ်လုံနှင့် ချောင်ချင်းဝမ်တို့၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ဂိုဏ်းနှစ်ခုလုံးမှ ကျင့်ကြံသူများသည် သူတို့၏ ဦးရေပြားများ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရ၏။
တောက်!
ဒီလောက်တောင် အများကြီးလား။
လီယွမ်လုံသည် နတ်ဆိုးမိုးကြိုးသားရဲ တစ်ကောင်က ချောင်ချင်းဝမ်ကို နာကျည်းစွာ စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။
သူသည် အမြဲတမ်း ဉာဏ်ပြေးသူဖြစ်သည့်အတွက် အခြေအနေအရပ်ရပ်ကို ချက်ချင်းပင် ခန့်မှန်းမိသွားသည်။
သူ စတင် ဆဲဆိုလိုက်၏။
“တောက်… ချောင်ချင်းဝမ်… နင် နတ်ဆိုးမိုးကြိုးသားရဲတွေကို ရန်စခဲ့တာ ဖြစ်ရမယ်”
"မကောင်းတော့ဘူး… ပြေးကြ”
သူ့နောက်ပိုင်းတွင် မီးလောင်နေသကဲ့သို့ ခြေကုန်တင်ကာ ထွက်ပြေးတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ တောင်ကြားဝသို့ ရောက်ရှိသွား၏။ တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း သူ့နောက်သို့ အပြေးလိုက်ကြသည်။ သို့သော်လည်း တောင်ကြားဝတွင် အရိပ်အယောင် အလွှာလိုက် ပေါ်လာတော့၏။ ယင်းတို့မှာ နတ်ဆိုးမိုးကြိုးသားရဲများ မဟုတ်ကြပေ။ နတ်ဆိုးမိုးကြိုး ဝံပုလွေအုပ်ကြီး ဖြစ်သည်။ တစ်ကောင်ချင်းစီတိုင်း၏ ပါးစပ်မှ သွားရည်များ ကျနေပြီး၊ မျက်လုံးများမှာ ကျင့်ကြံသူများထံသို့ လောဘတကြီး စိုက်ကြည့်နေကြသည်။
ချောင်ချင်းဝမ်သည် အနောက်ဘက်ကို လှည့်ကြည့်လိုက်သည်။ တောင်ကြား၏ ဆန့်ကျင်ဘက် အခြမ်းတွင်လည်း နတ်ဆိုးမိုးကြိုး သားရဲ အမြောက်အမြား ပေါ်လာပြန်၏။ ယခုအခါ ကျင့်ကြံသူများသည် တောင်ကြားအတွင်း၌ လုံးဝ ဝိုင်းရံခြင်း ခံလိုက်ရလေပြီ။
"တောက်"
"နတ်ဆိုးမိုးကြိုးသားရဲတွေက နတ်ဆိုးမိုးကြိုး သားရဲအုပ်ကြီး တစ်ခုလုံးကိုတောင် ဆွဲခေါ်လာတာပဲ"
လီယွမ်လုံ ဆဲဆိုလိုက်တော့၏။