← Chapters

အခန်း (၆၈၈-၆၉၀)

Vol. 46 Ch. 688-690

အခန်း (၆၈၈-၆၉၀)

Vol. 46 Ch. 688-690

Chapter 688: ငါ့နားမလာကြနဲ့

ဟွေ့ရှဲ့နှင့် အခြားညစ်ညမ်းမျိုးနွယ်စုမှ နတ်ဆိုးအရှင်သခင်များသည် သူတို့၏ ပုံသဏ္ဌာန်များကို ပြောင်းလဲလိုက်ကြပြီး မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်ဆီသို့ ချဉ်းကပ်လာသည့် မိုးကြိုးနတ်ဆိုးများ၏ အုပ်စုကြားထဲတွင် ရောနှောဝင်ရောက်သွားကြသည်။

ညစ်ညမ်းမျိုးနွယ်စုမှ နတ်ဆိုးများသည် ပျော့အိနေသော ရွှံ့စေးတုံးကြီးများနှင့် တူသော်လည်း ထိုသို့ဖြစ်နေခြင်းကြောင့်ပင် သူတို့၏ ပုံသဏ္ဌာန်ပြောင်းလဲခြင်းမှာ အလွန်လွယ်ကူလှသည်။ သူတို့သည် နတ်ဆိုးမျိုးနွယ်စုအားလုံးထဲတွင် ပုံစံပြောင်းလဲရာ၌ အမြန်ဆုံး ဖြစ်ကြသည်။ လူသား၊ သားရဲလူသား၊ ဝိညာဉ်သားရဲ၊ ကျောက်နဂါး နှင့် စစ်မှန်သော နဂါးများအထိ သူတို့ အတုမယူနိုင်သော မျိုးနွယ်စုဟူ၍ မရှိပေ။

"မိုးကြိုးနတ်ဆိုးတွေ ပိုပြီး သောင်းကျန်းလာပြီ… အားလုံး သတိထားကြ"

ရှေ့တန်းတွင် ဆက်လက်ခုခံနေဆဲဖြစ်သော လဲ့တောက်ဟန်မှ အသံကျယ်ကြီးဖြင့် သတိပေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ တစ်ခုပြီးတစ်ခု ပိုမိုများပြားလာခဲ့သည်။ ထိုသို့ဖြစ်နေသော်လည်း နောက်ဆုတ်မည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြပေ။ လဲ့ကျင်းလုံသည် ထိုဒဏ်ရာများကို ကြည့်ရင်း ရင်ထဲတွင် နာကျင်မှုကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။

"နောက်ထပ် မိုးကြိုးနတ်ဆိုးတွေ လာနေပြီ"

အရပ်ရှည်ပြီး အမြင်အာရုံဝေးဝေးမြင်ရသော ရှန့်ကူသည် အရှေ့တောင်ဘက်မှ ချီတက်လာသည့် ဧရာမ စစ်သည်အင်အားစုကြီးကို ချက်ချင်း မြင်လိုက်ရသည်။ မိုးကြိုးနတ်ဆိုးများ၏ အရေအတွက်မှာ တစ်ဖန် ပြန်လည် မြင့်တက်လာပြန်သည်။ အထွတ်အထိပ်ပညာရှင်များပင်လျှင် ဖိအားများကို စတင်ခံစားလာရတော့သည်။

"အားလုံး နောက်ဆုတ်ကြ… ငါ ငါ့ရဲ့ နတ်ဘုရားစွမ်းအားကို သုံးတော့မယ်"

လဲ့တောက်ဟန်မှ ဟိန်းဟောက်သံဖြင့် ပြောလိုက်သည်။ ထိုအခါ အခြားသူများ ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်ကြသည်။ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ အထွတ်အထိပ်အရိုး တစ်ခုကို တည်ဆောက်ထားကြသည်။ အထွတ်အထိပ်အရိုးကို ဖွဲ့စည်းတည်ဆောက်သည့်အခါ တိုက်ခိုက်ရေးပညာရပ်တစ်ခုကို ၎င်းအတွင်း၌ တံဆိပ်ခတ်နှိပ်ထားနိုင်ပြီး နတ်ဘုရားစွမ်းအား အဆင့်အထိ မြှင့်တင်ထားနိုင်သည်။ နတ်ဘုရားစွမ်းအား၏ အရှိန်အဝါမှာ သူတော်စင်အဆင့် နည်းစနစ်များထက်ပင် များစွာ သာလွန်လှသည်။ ၎င်းမှာ အထွတ်အထိပ်ပညာရှင်တိုင်း၏ နောက်ဆုံးလက်နက်ပင် ဖြစ်၏။ ယခုကဲ့သို့ စိုးရိမ်ရသော အခြေအနေတွင် ၎င်းကို အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

"နတ်ဘုရားစွမ်းအား… နေမင်းကြီး မိုးကြိုးတရားတော်"

လဲ့တောက်ဟန် ဟိန်းဟောက်လိုက်သည်။ သူသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး မရေမတွက်နိုင်သော မိုးကြိုးနတ်ဆိုးများ၏ အထက်တွင် လွင့်မြောနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ လျှပ်စီးပတ်လမ်းများ ပေါက်ကွဲထွက်လာ၏။ ထိုအချိန်တွင် သူ၏ မျက်လုံးများမှာ လုံးဝ ငွေဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။ မိုးကြိုးနတ်ဘုရားကိုယ်တိုင် ဆင်းသက်လာသည့်အလားပင်။

မိုးကြိုးနတ်ဆိုးများသည် သူ့ကို သတ်ဖြတ်ရန် အုပ်စုလိုက် ခုန်တက်လာကြသည်။ နောက်တစ်စက္ကန့်တွင်မူ လဲ့တောက်ဟန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင် လျှပ်စီးများ ပေါက်ကွဲထွက်လာ၏။

ဂျိန်း! ဂျိန်း!

ထိုကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးများသည် နတ်ဆိုးတစ်ကောင်မှ တစ်ကောင်သို့ ကူးစက်သွားကြသည်။ ၎င်းတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ မိုးကြိုးနတ်ဆိုးများသည် ချက်ချင်းပင် သေဆုံးသွားကြ၏။ ပုံမှန်အားဖြင့် မိုးကြိုးနတ်ဆိုးများမှာ လျှပ်စီးဒဏ်ကို ကောင်းစွာ ခံနိုင်ရည်ရှိကြသည်။ သာမန်လျှပ်စီးများက သူတို့ကို မထိခိုက်စေနိုင်ပေ။ သို့သော် ဤခရမ်းရောင်မိုးကြိုးမှာမူ အဆင့်အတန်းချင်း လုံးဝ ကွာခြားလှသည်။ ရေက မီးကို ငြိမ်းသတ်နိုင်သော်လည်း မီးတောက်က အလွန်အမင်း ပြင်းထန်လာသောအခါ ရေသည်လည်း ခဏချင်းမှာပင် အငွေ့ပျံသွားရသည့် သဘောပင် ဖြစ်သည်။

ဆယ်စက္ကန့်အတွင်းမှာပင် မိုးကြိုးမုန်တိုင်း ပြီးဆုံးသွားသည်။ လဲ့တောက်ဟန်၏ အောက်တွင် ပေပေါင်းသောင်းချီ ကျယ်ဝန်းသော မြေကွက်လပ်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုဧရိယာအတွင်းရှိ မိုးကြိုးနတ်ဆိုးများအားလုံး ချေမှုန်းခံလိုက်ရသည်။ သူတို့၏ ရုပ်အလောင်းများပင် ခရမ်းရောင်မိုးကြိုးဒဏ်ကြောင့် ပြာအဖြစ် ပြောင်းလဲသွားခဲ့၏။

အဖြူရောင်အထွတ်အထိပ်ပညာရှင်မှ အံ့သြစွာဖြင့် သက်ပြင်းချလိုက်သည်။ "မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုရဲ့ အထွတ်အထိပ်ပညာရှင်အိုကြီး ဆိုတာ တကယ်ကို ထိုက်တန်ပါပေတယ်… ဒီလိုစွမ်းအားမျိုးက ဒီလောကမှာ တွေ့ရခဲတယ်"

ရှန့်ကူ၊ ဟူချင်းနှင့် အခြားသော အထွတ်အထိပ်ပညာရှင်များအားလုံးကလည်း ဖန်တီးရှင်ကောင်းကင်ဂိုဏ်းမှ အဖြူရောင်အထွတ်အထိပ်ပညာရှင်၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။ သို့သော် သူ၏ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီးနောက်တွင် လဲ့တောက်ဟန်၏ ခန္ဓာကိုယ်မှာ ကောင်းကင်ယံမှ အောက်သို့ ထိုးဆင်းလာခဲ့သည်။ ရှန့်ကူသည် သူ၏ နှာမောင်းရှည်ကြီးကို အလျင်အမြန် ဆန့်ထုတ်ကာ ဖမ်းလိုက်ရ၏။

လဲ့တောက်ဟန်၏ မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့နေသည်။ သူ၏ ဆံပင်များမှာလည်း လုံးဝ ဖြူဖွေးသွားခဲ့၏။ သူသည် အမှန်တကယ်ပင် ကုန်ဆုံးခါနီးဖြစ်သော ဆီမီးကဲ့သို့ အစွမ်းအစများ အားလုံးကို အသုံးချလိုက်ပြီ ဖြစ်သည်။

"ငါ သူ့ကို ကုသပေးမယ်"

ဟူချင်း သူ့ကို ကာကွယ်ပေးရန် ရှေ့သို့ တိုးလာသည်။ သို့သော် လဲ့တောက်ဟန်မှ သူ့ကို ရုတ်တရက် တွန်းထုတ်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။

"ငါ့နား မလာနဲ့… ငါ့ဆီမှာ မမြင်နိုင်တဲ့ ညစ်ညမ်းပန်း ဝတ်မှုန်တွေ ကူးစက်ခံထားရတယ်"

အထွတ်အထိပ်ပညာရှင်များအားလုံး အံ့အားသင့်ကာ မှင်သက်သွားကြသည်။

မမြင်နိုင်သော ညစ်ညမ်းပန်း။

ထိုအရာသည် ညစ်ညမ်းမျိုးနွယ်စု၏ လျှို့ဝှက်နည်းစနစ် မဟုတ်ပါလား။

၎င်းသည် ထောင်သောင်းမကသော မိုးကြိုးအကျဉ်းထောင်အတွင်းသို့ မည်သို့ ရောက်ရှိလာသနည်း။

ဗြိ!

သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ညာဘက်လက်မောင်းမှာ မျက်စိရှေ့တင် စတင် အရည်ပျော်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် ရွှံ့နွံပုံကြီးအဖြစ် ပြောင်းလဲသွားတော့၏။

"နတ်ဆိုးနဲ့ နတ်ဘုရားစစ်ပွဲကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အထွတ်အထိပ်ပညာရှင်အိုကြီးဆိုတော့လည်း ထိုက်တန်ပါတယ်… မမြင်နိုင်တဲ့ ညစ်ညမ်းပန်းကို ဒီလောက်မြန်မြန် ခံစားသိရှိနိုင်တာပဲ"

မိုးကြိုးနတ်ဆိုးအုပ်စုကြားထဲမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ အထွတ်အထိပ်ပညာရှင်များ ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြရာ ကြီးမားလှသော ရွှံ့နွံပုံကြီးတစ်ခု ပေါ်ထွက်လာသည်။

"ညစ်ညမ်းမျိုးနွယ်စုရဲ့ နတ်ဆိုးအရှင်သခင်"

အထွတ်အထိပ်ပညာရှင်အားလုံး၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။

ညစ်ညမ်းမျိုးနွယ်စုမှ နတ်ဆိုးများသည် ထောင်သောင်းမကသော မိုးကြိုးအကျဉ်းထောင်ထဲသို့ မည်သို့ ဝင်ရောက်လာကြသနည်း။ ဤနေရာကို တည်ဆောက်ပြီးခဲ့သည့် နှစ်ပေါင်း တစ်သိန်းနီးပါးအတွင်း တစ်ကြိမ်တစ်ခါမျှ နတ်ဆိုးများ ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ဖူးပေ။ အခု ဘာတွေ ဖြစ်နေတာလဲ။

"ညစ်ညမ်းနတ်ဆိုးတွေ… မင်းတို့က မင်းတို့ရဲ့ အရိုးဖြူယင်ရှာကျမ်းကို ပြန်ယူချင်နေတာလား"

ရှန့်ကူမှ ဟိန်းဟောက်မေးမြန်းလိုက်သည်။

ဟွေ့ရှဲ့က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်သည်။ "ဟုတ်တာပေါ့… နေ့တိုင်း နေ့တိုင်း ငါ အဲဒီအကြောင်းပဲ တွေးနေခဲ့တာ… ငါတို့ ညစ်ညမ်းမျိုးနွယ်စုက ဒီနေ့အတွက် ဘယ်လောက်တောင် အချိန်ယူ ကြံစည်ခဲ့ရသလဲဆိုတာ မင်းတို့ စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး"

လဲ့တောက်ဟန် မနည်း အားယူကာ မတ်တတ်ရပ်လိုက်ပြီး လေးနက်သော အသံဖြင့်

"မင်းတို့ရဲ့ အစီအစဉ် အောင်မြင်မှာ မဟုတ်ဘူး"

အဖြူရောင်အထွတ်အထိပ်ပညာရှင်၊ ဟူချင်းနှင့် အခြားသော အထွတ်အထိပ်ပညာရှင်များသည် လဲ့တောက်ဟန်၏ ဘေးတွင် ရပ်လိုက်ကြသည်။

"အားလုံးပေါင်းပြီး ဒီနတ်ဆိုးကို သတ်ကြစို့"

လဲ့ကျင်းလုံမှ အေးစက်စွာ အမိန့်ပေးလိုက်သည်။

ဟွေ့ရှဲ့ ရူးသွပ်စွာ ရယ်မောလိုက်ပြီး

"လဲ့ကျင်းလုံ… မင်း ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရက်စက်ရတာလဲ… ဒီအနှောင့်အယှက်တွေကို ရှင်းဖို့ ငါ့ကို ကူညီပါ့မယ်လို့ ငါတို့ သဘောတူထားကြတယ် မဟုတ်လား… အလုပ်ပြီးသွားရင် ငါတို့ ညစ်ညမ်းမျိုးနွယ်စုရဲ့ နတ်ဆိုးသူတော်စင်က မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပေးမှာလေ… မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ငါတို့ရဲ့ နတ်ဆိုးအရှင်သခင်တွေထဲမှာ နံပါတ်တစ် ဖြစ်လာဖို့က ဘာမှ မခက်ခဲပါဘူး"

ရှန့်ကူနှင့် ဟူချင်းတို့ လဲ့ကျင်းလုံကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ကြသည်။ လေတောက်ဟန်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသော်လည်း သူ နောက်လှည့်မကြည့်ပေ။ အခြားသော အထွတ်အထိပ်ပညာရှင်များသည်လည်း တစ်ဦးစီတိုင်း ကိုယ်စီ သံသယစိတ်များ ဝင်လာကြသည်။

လဲ့ကျင်းလုံ တည်ငြိမ်စွာပင်

"ငါတို့ရဲ့ လမ်းစဉ်ချင်း မတူဘူး၊ အတူတူ လျှောက်လှမ်းလို့ မရဘူး… မင်းက ငါတို့ကြားမှာ သပ်လျှိုဖို့ ကြိုးစားနေတာလား… စိတ်ကူးယဉ်မနေနဲ့… ငါ လဲ့ကျင်းလုံက လူသားအဖြစ် မွေးဖွားလာတာ… ဒီဘဝမှာ ငါ ဘယ်တော့မှ နတ်ဆိုးဘက်ကို မပါဝင်သလို၊ ညစ်ညမ်းမျိုးနွယ်စုလို ရွံရှာဖွယ်ကောင်းတဲ့ အမှိုက်ကောင်လည်း ဖြစ်လာမှာ မဟုတ်ဘူး"

ဟွေ့ရှဲ့၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားသည်။

"ကောင်းပြီလေ လဲ့ကျင်းလုံ… မင်းက တော်တော်လေး ပြတ်သားတာပဲ… အားလုံးပဲ… ဒီအထွတ်အထိပ်ပညာရှင်တွေကို သတ်ကြ"

ချက်ချင်းပင် ညစ်ညမ်းမျိုးနွယ်စုမှ နတ်ဆိုးအရှင်သခင် သုံးဦး ပေါ်ထွက်လာပြီး အထွတ်အထိပ်ပညာရှင်များဆီသို့ တဟုန်ထိုး ခုန်အုပ်လိုက်ကြသည်။ လဲ့တောက်ဟန်မှာ ဒဏ်ရာများဖြင့် နွမ်းလျနေပြီး သူ၏ နတ်ဘုရားစွမ်းအားကိုလည်း အသုံးပြုပြီးပြီဖြစ်၍ ဆက်လက်တိုက်ခိုက်ရန် မစွမ်းသာတော့ပေ။ အခြားသော အထွတ်အထိပ်ပညာရှင်များသည်လည်း မိုးကြိုးနတ်ဆိုးများနှင့် အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရသဖြင့် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားနှင့် သွေးအရှိန်အဝါများ အတော်လေး ကုန်ဆုံးနေပြီ ဖြစ်သည်။

ယခုအခါ အငိုက်မိသွားကြသည့်အပြင် မမြင်နိုင်သော ညစ်ညမ်းပန်း ဝတ်မှုန်များ၏ ဒဏ်ကိုလည်း ခံနေကြရ၏။ ထို့အပြင် ဤနေရာ၏ ပတ်ဝန်းကျင် အခြေအနေကလည်း သူတို့အပေါ် ဆန့်ကျင်နေသည်။ သူတို့၏ ခွန်အားမှာ မူလအစွမ်း၏ ဆယ်ပုံနှစ်ပုံ သို့မဟုတ် သုံးပုံခန့်သာ ရှိတော့သည်။

တစ်ဖက်တွင်မူ ညစ်ညမ်းမျိုးနွယ်စုမှ နတ်ဆိုးအရှင်သခင်များသည် ဤအချိန်ကို စောင့်ဆိုင်းကာ သူတို့၏ အင်အားများကို ထိန်းသိမ်းထားခဲ့ကြသူများ ဖြစ်သည်။ ထို့အပြင် မိုးကြိုးနတ်ဆိုးသခင်၏ အမိန့်အောက်တွင် ရှိနေသော မိုးကြိုးနတ်ဆိုး တစ်သိန်းကျော်၏ အကူအညီလည်း ရှိနေသည်။ တိုက်ပွဲစတင်သည်နှင့် တစ်ပြိုင်နက် လူသားနှင့် သားရဲ အထွတ်အထိပ်ပညာရှင်များသည် ခုခံစစ်ဘက်သို့ ရောက်သွားရတော့သည်။

သူတို့သည် မမြင်နိုင်သော ညစ်ညမ်းပန်း၏ ကူးစက်မှုကို ခုခံရန်၊ မိုးကြိုးနတ်ဆိုးများ၏ အသေခံဗုံးခွဲ တိုက်ခိုက်မှုများကို ကာကွယ်ရန်နှင့် ညစ်ညမ်းနတ်ဆိုးအရှင်သခင်များ၏ အဆိပ်ပြင်းလှသော တိုက်ခိုက်မှုများကို တွန်းလှန်ရန်အတွက် အာရုံများကို ခွဲဝေအသုံးပြုနေကြရ၏။ မည်သူမျှ ခဏလေးပင် အာရုံမလွတ်ရဲကြပေ။

သို့သော် လဲ့ကျင်းလုံသည် သူ၏ အကြည့်ကို နောက်ဘက်သို့ လှည့်လိုက်သည်။

ထိုအခါ စောစောက နတ်ဆိုးအလင်းတိုင်ရှိရာတွင် သူသည် ဟွေ့ရှဲ့အပါအဝင် ညစ်ညမ်းနတ်ဆိုးအရှင်သခင် ငါးဦးနှင့် နတ်ဆိုးကျင့်ကြံသူ အမြောက်အမြားကို တွေ့ခဲ့၏။ ယခုမူ နတ်ဆိုးအရှင်သခင် လေးဦးသာ ပေါ်ထွက်လာသေးသည်။ ဆိုလိုသည်မှာ တစ်ဦးမှ ပုန်းကွယ်နေပြီး တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ကို စောင့်နေခြင်း ဖြစ်သည်။

သူတို့၏ ရည်မှန်းချက်မှာ ရှင်းလင်းလှသည်။ အရိုးဖြူယင်ရှာကျမ်းကို တိုက်ရိုက် သိမ်းပိုက်ရန်ပင် ဖြစ်သည်။ ထို့ကြောင့် လဲ့ကျင်းလုံ ချက်ချင်း နောက်လှည့်လိုက်သည်။ ထင်သည့်အတိုင်းပင်

မထင်မရှားသော ရွှံ့စေးတုံးတစ်ခုသည် မြေပြင်ပေါ်တွင် လျှပ်တပြက် ပြေးထွက်သွားပြီး မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေသည်။ တိုက်ခိုက်မှုများကို ရပ်တန့်ထားသည့် မိုးကြိုးအကျဉ်းထောင်သည် ထိုနတ်ဆိုးအရှင်သခင်ကို တားဆီးခြင်း မရှိပေ။

"နောက်ထပ် နည်းနည်းလေးပဲ… နည်းနည်းလေးပဲ လိုတော့တယ်"

ထိုနတ်ဆိုးအရှင်သခင်သည် လက်ကို ဆန့်ထုတ်လိုက်ရာ အရိုးဖြူယင်ရှာကျမ်းကို ထိလုနီးပါး ဖြစ်သွားသည်။

"မင်းက ငါ့ရဲ့ အစီအစဉ်ကို ဖျက်ဆီးခွင့်ရမယ်လို့ ထင်နေတာလား"

လဲ့ကျင်းလုံ၏ မျက်နှာမှာ အေးစက်နေဆဲပင်။ သူသည် ကြီးမားလှသော အလံတော်တစ်ခုကို ထုတ်ယူကာ မြေပြင်ထဲသို့ ထိုးစိုက်လိုက်သည်။

ဝုန်း!

ချက်ချင်းပင် ထိုနတ်ဆိုးအရှင်သခင်သည် ပြင်းထန်သော အက်ဆစ်ထဲသို့ ပစ်ချခံလိုက်ရသည့်အလား နာကျင်စွာ အော်ဟစ်လိုက်ရတော့၏။ သူ၏ ရွှံ့နွံကဲ့သို့ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာပင် ကျုံ့ဝင်သွားပြီး အဖတ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

Chapter 689: ထိုက်ယင်းစည်

လဲ့ကျင်းလုံသည် လက်အိတ်တစ်စုံနှင့် စည်ပိုင်းကြီးတစ်ခုကို ချက်ချင်း ထုတ်ယူလိုက်သည်။ လက်အိတ်များမှာ ရွှေရောင်အလင်းများ ဖြာထွက်နေပြီး ထူးခြားလှသော အရှိန်အဝါရှိသည်။ ဤလက်အိတ်တစ်စုံကို ရွှေမိုးကြိုးလက်ဝါး ဟု ခေါ်ပြီး ရွှေရောင်မိုးကြိုးမျှင်များဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။ ရွှေမိုးကြိုးလက်ဝါးကို ဝတ်ဆင်မှသာလျှင် တာအိုသူတော်စင်လက်နက်ကြီးတစ်ခုကို ထိတွေ့ကိုင်တွယ်နိုင်မည် ဖြစ်၏။ မဟုတ်ပါက အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်စေကာမူ ထိုလက်နက်၏ ဒဏ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေလိမ့်မည်။

စည်ပိုင်းကြီးမှာမူ ပထမကြည့်လျှင် သာမန်ကာလျှံကာဟု ထင်ရသော်လည်း နက်မှောင်ပြီး နက်နဲလှသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ မကောင်းဆိုးဝါးဆန်သော အမှောင်ထုအားလုံးကို သယ်ဆောင်ထားသည့်အလား ထင်မှတ်ရသည်။ ဤစည်ပိုင်းကို ထိုက်ယင်းစည် ဟု ခေါ်ပြီး အရိုးဖြူယင်ရှာကျမ်း၏ စာမျက်နှာပေါင်း သုံးထောင့်ခြောက်ရာဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။ လဲ့ကျင်းလုံသည် နတ်ဆိုးတိုင်းပြည်ငါးပါးထံမှ ဤထိုက်ယင်းစည်ကို ရရှိရန် အဆုံးမရှိသော ကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်ခဲ့ရသည်။ ၎င်းသည် မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်နှင့် အရိုးဖြူယင်ရှာကျမ်းတို့ကို ပေါင်းစပ်ရန်အတွက် မရှိမဖြစ်လိုအပ်သော အဖိုးတန်ရတနာတစ်ခု ဖြစ်သည်။

မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်နှင့် အရိုးဖြူယင်ရှာကျမ်းတို့မှာ နှစ်ခုစလုံး တာအိုသူတော်စင်လက်နက်များ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် လဲ့ကျင်းလုံကဲ့သို့ ကမ္ဘာလောက၏ အမှန်တရားကို အနည်းငယ်မျှသာ နားလည်ထားသော ကျင့်ကြံသူတစ်ဦးအနေဖြင့် ထိုကဲ့သို့သော လက်နက်ကြီးများကို ပေါင်းစပ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သို့သော်လည်း မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်နှင့် အရိုးဖြူယင်ရှာကျမ်းတို့သည် နှစ်ပေါင်း တစ်သိန်းနီးပါး တိုက်ခိုက်လာခဲ့ကြသူများ ဖြစ်၏။ သူတို့၏ စွမ်းအားများမှာ အချင်းချင်း ရောယှက်ခြင်း၊ ထိပ်တိုက်တွေ့ခြင်းနှင့် အပြန်အလှန် ချေဖျက်ခြင်းများကို အဆက်မပြတ် ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သည် ထူးခြားလှသော ဘေးဒုက္ခမိုးကြိုး စွမ်းအားတစ်ခုကိုပင် မွေးဖွားပေးခဲ့ကြသည်။

ဤသို့ဖြင့် ထောင်သောင်းမကသော မိုးကြိုးအကျဉ်းထောင် ဟုခေါ်သည့် ဤမကောင်းဆိုးဝါးဆန်ပြီး သေမင်းတမျှ ကြောက်စရာကောင်းသော နယ်မြေ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုသူတော်စင်လက်နက်ကြီး နှစ်ခု၏ စွမ်းအားများသည် ပေါင်းစပ်ရန်အတွက် အခြေခံအုတ်မြစ် ရှိနေပြီးသား ဖြစ်သလို အချင်းချင်းလည်း အလွန် လိုက်ဖက်ညီကြသည်။ ယခုအခါ သူတို့၏ ပေါင်းစပ်မှုမှာ ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိပင် ပြီးမြောက်နေပြီ ဖြစ်၏။ ငါ့ထဲမှာ မင်းရှိသလို မင်းထဲမှာလည်း ငါရှိနေသည့် အနေအထားမို့ ခွဲထုတ်ရန် ခက်ခဲလှသည်။ သို့သော်လည်း သူတို့ကို အမှန်တကယ် တစ်သားတည်းဖြစ်အောင် လုပ်ပေးမည့် ပြင်ပအားတစ်ခု မရှိခဲ့ဖူးသလို ဤလက်နက်နှစ်ခုကို ပေါင်းစပ်ရန်လည်း မည်သူမျှ မတွေးရဲခဲ့ကြပေ။

မည်သို့ပင်ဆိုစေ တစ်ခုမှာ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စု၏ အဖိုးတန်အမွေအနှစ်ဖြစ်ပြီး အခြားတစ်ခုမှာ ညစ်ညမ်းမျိုးနွယ်စု၏ နောက်ဆုံးလက်နက် ဖြစ်နေသည်။ မည်သို့ကြည့်ကြည့် ပေါင်းစပ်ရန်မှာ မဖြစ်နိုင်ဟု ထင်ရပြီး အရာအားလုံးကို ပြောင်းပြန်လှန်ပစ်သလို ဖြစ်နေပေလိမ့်မည်။ လဲ့ကျင်းလုံ တစ်ဦးတည်းသာ ဤအရာကို တွေးမိခဲ့ခြင်း ဖြစ်သည်။ သူသည် ဤအကြောင်းကို အကြိမ်ကြိမ် တွေးတောခဲ့ဖူးသည်။ သူ၏ အတွေးမှာ ရိုးရှင်းပြီး စင်ကြယ်လှ၏။

အရိုးဖြူယင်ရှာကျမ်းသည် ညစ်ညမ်းမျိုးနွယ်စု၏ အမာခံလက်နက် ဖြစ်သည်မှာ မှန်သော်လည်း ၎င်းသည် တာအိုသူတော်စင်လက်နက်တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ထို့အပြင် ၎င်း၏ ဝိညာဉ်မှာလည်း နဂိုအတိုင်း ရှိနေသေးသည်။ မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်၏ ဝိညာဉ်မှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ တကယ်လို့သာ ဤသူတော်စင်လက်နက်နှစ်ခုကို ပေါင်းစပ်နိုင်မည်ဆိုလျှင် တစ်ခု၏ အားသာချက်က တစ်ခု၏ အားနည်းချက်ကို ဖြည့်ဆည်းပေးပြီး ပိုမိုကြီးမြတ်သော သူတော်စင်လက်နက်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

လဲ့ကျင်းလုံသာ ၎င်းကို ထိန်းချုပ်နိုင်ခဲ့လျှင် အရိုးဖြူယင်ရှာကျမ်းကို ခိုးယူရန် လာကြသော ညစ်ညမ်းနတ်ဆိုးများကို အလွယ်တကူ ရှင်းလင်းပစ်နိုင်မည် ဖြစ်သည်။ လက်ထဲတွင် ထိုကဲ့သို့သော သူတော်စင်လက်နက်ကြီး ရှိနေလျှင် မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စု၏ အဆင့်အတန်းမှာ အကန့်အသတ်မရှိ မြင့်မားသွားပေလိမ့်မည်။ တုန်းလီမင်းဆက်ပင်လျှင် သူတို့ကို ရိုသေလေးစားမှု ပြသရပေတော့မည်။ လဲ့ကျင်းလုံ၏ အစီအစဉ်အရ ဤသည်မှာ ဝေးကွာလှသော အနာဂတ်မဟုတ်ဘဲ သူ၏ လက်တစ်ကမ်းတွင် ရှိနေသော လက်တွေ့ဘဝပင် ဖြစ်သည်။

သူသည် မည်သည့်အခါကမျှ သစ္စာဖောက်တစ်ဦး မဟုတ်ခဲ့ပေ။ မိမိ၏ ကိုယ်ပိုင်အစွမ်းဖြင့် မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုကို တစ်ကျော့ပြန် ခေါင်းမော့လာအောင် လုပ်ဆောင်ရန်သာ ကြိုးစားနေခြင်း ဖြစ်သည်။ အရာအားလုံးကို လောင်းကြေးထပ်ပြီး အရာအားလုံးကို စတေးရမည် ဆိုလျှင်တောင်မှ သူ နောက်ဆုတ်မည်မဟုတ်ပါ။

"ထိုက်ယင်းစည်လား"

"ဘယ်သစ္စာဖောက်က ဒါကို မင်းဆီ ရောင်းလိုက်တာလဲ"

ဘောလုံးတစ်လုံးကဲ့သို့ ခွေလိပ်နေသော နတ်ဆိုးအရှင်သခင်မှ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

လဲ့ကျင်းလုံ လှောင်ပြုံးပြုံးလိုက်ပြီး

"အဲဒါ မင်းသိဖို့ မလိုပါဘူး"

သူ၏ လက်ထဲတွင် နတ်ဆိုးအရှင်သခင်၏ ပြတ်တောက်နေသော လက်မောင်းတစ်ခု ပေါ်လာသည်။ သူသည် ထိုလက်မောင်းမျက်နှာပြင်ပေါ်သို့ အနှစ်သာရသွေးတစ်လုပ် ထွေးထုတ်လိုက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းလိုက်သည်။ ခဏအကြာတွင် ထိုပြတ်တောက်နေသော လက်မောင်းမှာ အသက်ပြန်ဝင်လာသည့်အလား တဆတ်ဆတ် တုန်ခါလာခဲ့သည်။ ထို့နောက် သူ ရုတ်တရက် ပစ်လွှတ်လိုက်သည်။

ထိုက်ယင်းစည်သည် ရှေ့သို့ တိုးထွက်သွား၏။ ပြတ်တောက်နေသော လက်မောင်းအတွင်းမှ နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ထိုက်ယင်းစည်ကို မောင်းနှင်လိုက်သည်။ သူသည် လူသားကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဝိညာဉ်စွမ်းအားကို အသုံးပြုသူ ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအားသည် ထိုက်ယင်းစည်ကဲ့သို့သော နတ်ဆိုးသူတော်စင်လက်နက်ကို အသက်မသွင်းနိုင်သည်မှာ သဘာဝပင်။ ထို့ကြောင့်ပင် သူသည် နတ်ဆိုးအရှင်သခင်၏ လက်မောင်းကို အသုံးချကာ နတ်ဆိုးစွမ်းအင် ထုတ်ယူ၍ ထိုက်ယင်းစည်ကို မောင်းနှင်သည့် ဤကဲ့သို့သော နည်းလမ်းကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။

ဤနည်းလမ်းများကို လဲ့ကျင်းလုံ ကြိုတင်ပြင်ဆင်ထားသည်မှာ ကြာလှပြီ။ ယခုမှာ ၎င်းတို့ကို အသုံးပြုရမည့် အချိန်ပင် ဖြစ်သည်။ နတ်ဆိုးအရှင်သခင်၏ ခန္ဓာကိုယ်မှာ ထိုက်ယင်းစည်ထဲသို့ ထိန်းချုပ်မရဘဲ ရုတ်တရက် ဆွဲသွင်းခံလိုက်ရသည်။ သူ၏ မျက်နှာမှာ ကြောက်လန့်တကြား ပျက်သွားခဲ့၏။

"မလုပ်ပါနဲ့... မလုပ်ပါနဲ့"

ညစ်ညမ်းမျိုးနွယ်စုမှ နတ်ဆိုးအရှင်သခင်သည် မြေပြင်ကို အသည်းအသန် ကုပ်တွယ်ထားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ထိုက်ယင်းစည်အတွင်းသို့ မလွဲမသွေ ဆွဲသွင်းခံနေရဆဲ ဖြစ်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် သူ ဆက်လက်၍ မခုခံနိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်မှာ စည်ပိုင်းအတွင်းသို့ လုံးဝ ပါသွားခဲ့သည်။ အရိုးဖြူယင်ရှာကျမ်း၏ အဖိုးတန်ဆုံး စာမျက်နှာများကို လူသားအရေခွံ၊ သားရဲအရေခွံ သို့မဟုတ် နဂါးအရေခွံများဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ ၎င်းတို့ကို နတ်ဆိုးအရေခွံများဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ထိုက်ယင်းစည်သည် နတ်ဆိုးများကို သတ်ဖြတ်နိုင်သည်။ ၎င်းက ကြက်တစ်ကောင်၊ နွားတစ်ကောင်ကို သတ်ရသကဲ့သို့ပင် အလွန်မြန်ဆန်လှ၏။

လဲ့ကျင်းလုံသည် ဤအချက်ကို ကောင်းကောင်းသိထားသည်။ ထို့ကြောင့်ပင် သူ ညစ်ညမ်းမျိုးနွယ်စု၏ နတ်ဆိုးအရှင်သခင်များကို မကြောက်မရွံ့ဘဲ ယုံကြည်ချက်ရှိနေခြင်း ဖြစ်သည်။

"အရေခွံခွာစမ်း… ဒီနတ်ဆိုးကို သတ်ပစ်"

လဲ့ကျင်းလုံ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။ ထိုက်ယင်းစည်အတွင်းမှ နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ အစွမ်းထက်လှသော ညစ်ညမ်းမျိုးနွယ်စုမှ နတ်ဆိုးအရှင်သခင်တစ်ဦးသည် ဝက်၊ ခွေးတစ်ကောင်ထက်ပင် ပိုမိုဆိုးရွားစွာ သေဆုံးသွားခဲ့ရသည်။ ဤအဖြစ်အပျက်မှာ ရုတ်တရက်ဆန်လွန်းလှ၏။ ဟွေ့ရှဲ့ကဲ့သို့သော အခြားနတ်ဆိုးအရှင်သခင်များသာမက လဲ့တောက်ဟန်နှင့် ရှန့်ကူကဲ့သို့သော အထွတ်အထိပ်ပညာရှင်များပင်လျှင် မည်သို့မျှ တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ညစ်ညမ်းနတ်ဆိုးအရှင်သခင်တစ်ဦး ပျောက်ကွယ်သွားပြီး တန်ဖိုးမဲ့စွာ သေဆုံးသွားခဲ့ရသည်။

အဖြူရောင်အထွတ်အထိပ်ပညာရှင်၊ ဟူချင်းနှင့် အခြားသူများသည် လဲ့ကျင်းလုံကို စိုက်ကြည့်ရင်း တစ်စုံတစ်ခု မှားယွင်းနေပြီဟု ဗီဇအရ ခံစားလိုက်ရ၏။ လဲ့ကျင်းလုံ၏ လက်ထဲတွင် ဝှက်ဖဲများမှာ အလွန်များပြားလှသည်။ ထို့အပြင် တစ်ခုချင်းစီတိုင်းမှာလည်း ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လှသည်။

သူ အဘယ်ကြောင့် ဤအရာများကို အစကတည်းက ထုတ်မပြဘဲ ယခုမှ ထုတ်ပြရသနည်း။

လဲ့ကျင်းလုံမှာ တစ်စုံတစ်ရာသော အကြံအစည် ရှိနေသလော။

ဟွေ့ရှဲ့မှာ အံ့သြခြင်းရော ဒေါသပါ ရောယှက်နေသည်။ "လဲ့ကျင်းလုံ… မင်း ဘာတွေ လုပ်နေတာလဲ… ငါတို့ကို အရိုးဖြူယင်ရှာကျမ်း ပေးမယ်လို့ မင်း ကျိန်ဆိုခဲ့တယ် မဟုတ်လား"

လဲ့ကျင်းလုံ ထိုစကားကို မကြားချင်ယောင်ဆောင်ကာ တိတ်ဆိတ်နေခဲ့သည်။ သူသည် ကျမ်းစာအုပ်ရှိရာသို့ တန်းတန်းမတ်မတ် လမ်းလျှောက်သွားကာ ၎င်းကို ကောက်ယူ၍ ထိုက်ယင်းစည်ထဲသို့ ပစ်ထည့်လိုက်သည်။ သို့သော် ကျမ်းစာအုပ် စည်ထဲသို့ ရောက်သွားသည့် ခဏမှာပင် အတွင်းမှ ညည်းတွားသံကဲ့သို့သော အသံကြီး ထွက်ပေါ်လာ၏။ ထိုက်ယင်းစည်မှာ အဆင့်မြင့် သူတော်စင်လက်နက်တစ်ခုသာ ဖြစ်သော်လည်း အရိုးဖြူယင်ရှာကျမ်းမှာမူ တာအိုသူတော်စင်လက်နက်ကြီး ဖြစ်သည်။ သူတို့နှစ်ခုကြားမှ ခြားနားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။

စည်ပိုင်းကြီးသည် တဝီဝီနှင့် အဆက်မပြတ် လည်ပတ်နေခဲ့သည်။ ထိုက်ယင်းစည်သည် ၎င်း၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်နေ၏။ အက်ကွဲပြီး ပေါက်ကွဲသွားသည့် အချိန်အထိပင်။

မကြာမီ ဂျောက်ခနဲ အသံနှင့်အတူ ထိုအဆင့်မြင့် သူတော်စင်လက်နက်သည် ပြင်းထန်စွာ ပျက်စီးသွားပြီး အပိုင်းအစများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားခဲ့သည်။ ၎င်း၏ စာမျက်နှာ သုံးထောင့်ခြောက်ရာအနက် ထက်ဝက်ကျော်မှာ အရည်ပျော်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် အမာဆုံးအပိုင်းဖြစ်သည့် ကျောရိုးမှာမူ ဘယ်တုန်းကမျှ အရည်မပျော်ခဲ့ပေ။ ထိုအရာကပင် စည်ပိုင်းကို ထိုးဖောက်ပြီး ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

"မင်း... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ဟွေ့ရှဲ့၏ အံ့သြဒေါသမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။ လဲ့ကျင်းလုံ ဘာကို ရည်ရွယ်နေသည်ဆိုသည်ကို သူ လုံးဝ နားမလည်နိုင်ပေ။ လဲ့တောက်ဟန်ကမူ တစ်စုံတစ်ခုကို မရေမရာ ခန့်မှန်းမိပုံရပြီး သူ၏ မျက်လုံးများမှာ သံသယနှင့် မရေရာမှုများဖြင့် ပြည့်နှက်နေကာ လဲ့ကျင်းလုံကို စိုက်ကြည့်နေသည်။

"ငါတို့ သူ့ကို တားသင့်လား"

ဟူချင်းမှ ရှန့်ကူကို မေးလိုက်သည်။

ရှန့်ကူ ခေါင်းယမ်းပြကာ

"သူ ဘာလုပ်နေလဲဆိုတာ ငါ နားမလည်ဘူး"

ဟူချင်း သက်ပြင်းချလိုက်ပြီး

"ငါလည်း နားမလည်ဘူး… ဒီအရှေ့ပိုင်းပြည်နယ်ရဲ့ အသစ်တက်လာတဲ့ အထွတ်အထိပ်ပညာရှင်က တကယ်ကို နက်နဲလှတယ်"

လဲ့ကျင်းလုံသည် အရိုးဖြူယင်ရှာကျမ်း၏ အရည်ပျော်နေသော စာမျက်နှာများကို တိုက်ရိုက် သိမ်းဆည်းလိုက်ပြီး မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်၏ သံတိုင်များနှင့် တန်ဆာပလာများပေါ်သို့ သုတ်လိမ်းလိုက်သည်။ ရွှေမိုးကြိုးလက်ဝါးမှာ သူတော်စင်လက်နက်တစ်ခုမျှသာ ဖြစ်သဖြင့် တာအိုသူတော်စင်လက်နက်ကြီး၏ တိုက်စားမှုကို ကြာရှည်စွာ မခုခံနိုင်ပေ။ ယခုအခါ အက်ကြောင်းများပင် စတင်ပေါ်ပေါက်နေပြီ ဖြစ်သည်။

ထိုအက်ကြောင်းများမှတစ်ဆင့် အရည်ပျော်နေသော ကျမ်းစာမျက်နှာများသည် လဲ့ကျင်းလုံ၏ လက်ဖဝါးနှင့် အရေပြားတို့ဆီသို့ တိုက်ရိုက် ထိတွေ့သွားခဲ့၏။ ထိတွေ့မိသည့် နေရာတိုင်းတွင် ပြင်းထန်သော အပူလောင်သည့် နာကျင်မှုများ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ သူ ငုံ့ကြည့်လိုက်သည့်အခါ သူ၏ လက်ဖဝါးမှာ တိုက်စားခံလိုက်ရပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖြူဖွေးသော အရိုးများသာ ကျန်တော့၏။

သို့သော်လည်း လဲ့ကျင်းလုံသည် လက်လျှော့ရန် အနည်းငယ်မျှပင် မတွေးပေ။ သူသည် အရည်ပျော်နေသော စာမျက်နှာများကို ကိုင်ဆောင်ကာ မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်ပေါ်တွင် ဆက်လက် သုတ်လိမ်းနေခဲ့သည်။

သံတိုင်တစ်ခု၊ နှစ်ခု၊ သုံးခု...

သုတ်လိမ်းထားသည့် သံတိုင်များနှင့် တန်ဆာပလာများမှာ ပိုမိုများပြားလာခဲ့သည်။

အရည်ပျော်နေသော စာမျက်နှာများသည် မိုးကြိုးအကျဉ်းထောင်နှင့် ထိပ်တိုက်တွေ့မည့်အစား ထူးဆန်းပြီး သဘာဝမကျသော နည်းလမ်းဖြင့် ၎င်းနှင့် ပေါင်းစပ်သွားခဲ့သည်။ အပေါ်ယံတွင် သိမ်မွေ့နေသော်လည်း မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်အတွင်း၌ ကြီးမားလှသော အပြောင်းအလဲများ ဖြစ်ပေါ်နေပြီဆိုသည်ကို လူတိုင်း ခံစားလိုက်ရလေ၏။

Chapter 690: လက်နက်ဝိညာဉ်က ထိန်းချုပ်နေပြီ

ရှန့်ကူ၊ ဟူချင်းနှင့် အခြားသူများမှာ နောက်ဆုံးတွင် သဘောပေါက်သွားကြပြီ ဖြစ်၏။ လဲ့ကျင်းလုံ ဘာလုပ်ရန် ကြံစည်နေသည်ကို သူတို့ ခန့်မှန်းမိသွားကြသည်။ သူသည် တာအိုသူတော်စင်လက်နက်ကြီး နှစ်ခုကို ပေါင်းစပ်ရန် အမှန်တကယ်ပင် ရဲရဲဝံ့ဝံ့ ကြိုးပမ်းနေခြင်း ဖြစ်သည်။ ဤသည်မှာ သာမန်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး စိတ်ကူးပင် မယဉ်ရဲသော အရာမျိုး ဖြစ်၏။

တာအိုသူတော်စင်လက်နက်ကြီးများမှာ သူတော်စင်အဆင့်ရှိသူများသာ အမှန်တကယ် ထိန်းချုပ်ပိုင်ခွင့်ရှိသည့် ရတနာများ ဖြစ်သည်။ လဲ့ကျင်းလုံ၏ လုပ်ရပ်မှာ မိမိကိုယ်ကိုယ် ပျက်စီးခြင်းသို့ ခေါ်ဆောင်သွားနိုင်သည့် လုပ်ရပ်မျိုး ဖြစ်သည်။

လဲ့ကျင်းလုံ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး လဲ့တောက်ဟန်မှ

"ကျင်းလုံ၊ မင်းက ငါ့ရဲ့ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုရဲ့ အထွတ်အထိပ်ပညာရှင်အသစ်ပဲ… ဒီလောက် မိုက်မဲတဲ့အလုပ်မျိုး မလုပ်ပါနဲ့… ငါနဲ့ လောင်ဖုန်းတို့ မရှိတော့ရင် ဒီကြီးမားတဲ့ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုကြီးကို မင်းပဲ ဆက်ခံရမှာ"

လဲ့ကျင်းလုံ ခေါင်းမလှည့်ဘဲ သူ၏ အလုပ်ကိုသာ ဆက်လုပ်နေသည်။ သူ၏ လက်နှစ်ဖက်စလုံးမှာ ဖြူဖွေးသော အရိုးများ ဖြစ်နေပြီ ဖြစ်သော်လည်း၊ ပူလောင်လှသော နာကျင်မှုကြောင့် နဖူးပေါ်မှ အကြောများမှာ ထောင်ထွက်နေပြီ ဖြစ်သော်လည်း ခဏလေးပင် ရပ်တန့်ခြင်း မရှိပေ။

မကြာမီမှာပင် အရည်ပျော်နေသော ကျမ်းစာမျက်နှာအားလုံးမှာ မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်၏ မျက်နှာပြင်ပေါ်သို့ သုတ်လိမ်းပြီးစီးသွားခဲ့သည်။ ထိုအချိန်မှသာ သူ ရပ်တန့်လိုက်ပြီး လဲ့တောက်ဟန်နှင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းနေခဲ့၏။

"အထွတ်အထိပ်ပညာရှင်အိုကြီး… ကျွန်တော် မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုကို တန်ဖိုးထားလို့ပဲ အခုလို ပိုပြီး အင်အားတောင့်တင်းလာအောင် လုပ်ချင်တာပါ… မိုးကြိုးဘေးဒုက္ခအကျဉ်းထောင် မရှိတဲ့ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုဟာ အမြဲတမ်း မပြည့်စုံသလို ဖြစ်နေလိမ့်မယ်… အခု မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်က အရိုးဖြူယင်ရှာကျမ်းရဲ့ စွမ်းအားတချို့နဲ့ ပေါင်းစပ်သွားပြီဆိုရင် သူက ပိုပြီး အားကောင်းလာလိမ့်မယ်… အဲဒီအခါကျမှ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုက တစ်ကျော့ပြန် ခေါင်းမော့လာနိုင်မှာပါ… ဒီရည်မှန်းချက်အတွက် ကျွန်တော့်ကိုယ်ကျွန်တော် စတေးရမယ်ဆိုရင်တောင် ဘာအရေးကြီးသလဲ"

သူ၏ စကားများကြောင့် အထွတ်အထိပ်ပညာရှင်အားလုံး စိတ်နှလုံး ထိခိုက်သွားကြသည်။ အထွတ်အထိပ်ပညာရှင် ဖြစ်လာရန် ဆိုသည်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ဘဝတစ်သက်တာ ရည်မှန်းချက် ဖြစ်သည်။ ဥပမာအားဖြင့် အမှတ်အသားတစ်ရာ နိဗ္ဗာန်အဆင့် ကျင့်ကြံသူများကို ကြည့်ပါ။ သူတို့သည် အထွတ်အထိပ်အဆင့်သို့ ရောက်ရန်အတွက် နှစ်ပေါင်း ထောင်ချီ၍ တရားထိုင် ကျင့်ကြံကြရသည်။ ထိုအဆင့်ကို ရောက်မှသာ လူအများ၏ အထက်တွင် ရှိနေပြီး ဘိုးဘေးများအဖြစ် ရိုသေလေးစားခြင်း ခံရမည် ဖြစ်သည်။

လဲ့ကျင်းလုံသည် အသက်နှစ်ထောင်ပင် မပြည့်သေးဘဲ အထွတ်အထိပ်ပညာရှင် ဖြစ်လာခဲ့သူ ဖြစ်၏။ သူ၏ အနာဂတ်မှာ အကန့်အသတ်မရှိဟု ပြောလျှင် လွန်မည်မဟုတ်ပေ။ သို့သော်လည်း ထိုကဲ့သို့ အနာဂတ် တောက်ပနေသော လူတစ်ဦးသည် မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စု၏ ကံကြမ္မာအတွက် သူ၏ အသက်နှင့် အနာဂတ် အရာအားလုံးကို လောင်းကြေးထပ်ရန် ဝန်မလေးခဲ့ပေ။ သူတို့ကိုယ်သူတို့ ရိုးရိုးသားသား ပြန်မေးကြည့်လျှင် သူတို့ထဲမှ မည်သူမျှ ဤသို့ လုပ်နိုင်မည်မဟုတ်ပါ။

ဟွေ့ရှဲ့မှာမူ ယခုအခါ ဒေါသထွက်နေသည့် အဆင့်ကို ကျော်လွန်သွားပြီ ဖြစ်၏။ သူတို့၏ ရည်မှန်းချက် ပျက်ပြားသွားရုံသာမက အရိုးဖြူယင်ရှာကျမ်းပင် ဆုံးရှုံးသွားရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ယခုအခါ ကျမ်းစာအုပ်မှာ ထက်ဝက်ခန့်သာ ကျန်တော့သည်။ အခြားထက်ဝက်မှာ ထိုက်ယင်းစည်ကြောင့် အရည်ပျော်သွားပြီး မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်နှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။

"ဆုတ်ခွာမယ်"

ဟွေ့ရှဲ့ အံကြိတ်ပြီး အမိန့်ပေးလိုက်သည်။ သူ၏ နောက်ကွယ်မှ ညစ်ညမ်းနတ်ဆိုးအရှင်သခင်များမှာလည်း ထွက်ခွာရန် ပြင်လိုက်ကြသည်။ သို့သော် ရုတ်တရက် ဟွေ့ရှဲ့ တစ်စုံတစ်ခုကို မြင်လိုက်ရသဖြင့် သူ၏ အကြည့်များမှာ စူးရှသွားခဲ့သည်။

"ကြည့်စမ်း"

အခြားသူများလည်း သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြသည်။ လဲ့ကျင်းလုံသည် ဖော်ပြ၍မရနိုင်သော နာကျင်မှုကြောင့် လူးလွန့်နေသည်ကို သူတို့ မြင်လိုက်ရ၏။ သူသည် ပုစွန်ထုပ်တစ်ကောင်ကဲ့သို့ ကွေးကောက်လျက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ထူးဆန်းသော စွမ်းအားတစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေသည့်အလားပင်။ အနီးကပ်ကြည့်လိုက်လျှင် သူ၏ လက်ဖဝါးပေါ်မှ ဖြူဖွေးသော အရိုးများသည် ထူးဆန်းစွာ ပြောင်းလဲနေကြောင်း တွေ့ရမည် ဖြစ်သည်။

"မင်း... ငါ အိပ်ပျော်နေတုန်း... ငါ့ကို အရည်ဖျော်ပစ်ရဲတယ်ပေါ့"

အရိုးဖြူယင်ရှာကျမ်း၏ ကျောရိုးအတွင်းမှ စူးရှပြီး ဒေါသထွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ အရိုးဖြူယင်ရှာကျမ်း၏ လက်နက်ဝိညာဉ်ပင် ဖြစ်သည်။

"မင်းရဲ့ အသားတွေကို ငါ လွှာပစ်မယ်"

"မဟုတ်ဘူး၊ မင်းကို ငါ့ရဲ့ ရုပ်သေးရုပ်အဖြစ် ငါ ပြောင်းပစ်မယ်"

လက်နက်ဝိညာဉ်၏ ဒေါသတကြီး ဟိန်းဟောက်သံမှာ ကျောရိုးအတွင်းမှ ထွက်ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် ထိုကျောရိုးမှာ လဲ့ကျင်းလုံ၏ နှလုံးသားဆီသို့ တန်းတန်းမတ်မတ် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

"အား"

လဲ့ကျင်းလုံ နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ဦးခေါင်းကို ရုတ်တရက် မြှောက်လိုက်သည်။ သူ၏ ကြည်လင်နေသော မျက်လုံးများမှာ ယခုအခါ သွေးရောင်လွှမ်းနေခဲ့ပြီ ဖြစ်၏။ ရူးသွပ်မှုနှင့် ဒေါသတရားတို့မှာ ဆင်ခြင်တုံတရားကို လုံးဝ အစားထိုးတော့မည့် အနေအထားတွင် ရှိနေသည်။

ဝု... ဝု... ဝု...

မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်သည် ပြင်းထန်စွာ တုန်ခါနေခဲ့သည်။ ၎င်းသည် လဲ့ကျင်းလုံ၏ အရိုးလက်ဖဝါးများနှင့် ဟန်ချက်ညီညီ တုန်ခါနေခြင်း ဖြစ်၏။ အထွတ်အထိပ်ပညာရှင်များသည် ကြောက်လန့်တကြားဖြင့် နောက်ဆုတ်သွားကြသည်။

"ငါ့ကို သတ်လိုက်ကြစမ်း... ငါ့ကို မြန်မြန် သတ်လိုက်ကြပါ"

"အရိုးဖြူယင်ရှာကျမ်းရဲ့ လက်နက်ဝိညာဉ် ငါ့ကို ထိန်းချုပ်နေပြီ... ငါ နတ်ဆိုးအဖြစ် ပြောင်းလဲတော့မယ်"

လဲ့ကျင်းလုံသည် အထွတ်အထိပ်ပညာရှင်များကို အသည်းအသန် ဟစ်အော်ပြောဆိုနေသည်။ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးမှာ နတ်ဆိုးအဖြစ် ပြောင်းလဲရန် လွယ်ကူလှသည်မဟုတ်ပေ။ အထွတ်အထိပ်အရိုးမှာ သူတို့ကို တည်ငြိမ်အောင် ထိန်းထားပေးသည့် အရာပင် ဖြစ်သည်။ အထွတ်အထိပ်အရိုး နဂိုအတိုင်း ရှိနေသရွေ့ သူတို့ အကျင့်ပျက်ခြစားရန် အလွန်ခက်ခဲလှသည်။ မမြင်နိုင်သော ညစ်ညမ်းပန်း ဝတ်မှုန်များပင်လျှင် သူတို့ကို သေလောက်အောင် မထိခိုက်စေနိုင်ပေ။ အလွန်ဆုံးအနေဖြင့် သူတို့၏ အင်အားအချို့ကို ၎င်းကို နှိမ်နင်းရန် ခွဲဝေအသုံးပြုရရုံသာ ဖြစ်သည်။ တိုက်ပွဲပြီးဆုံးသွားလျှင် ထိုဝတ်မှုန်များကို လုံးဝ သန့်စင်ပစ်နိုင်မည် ဖြစ်သည်။

သို့သော် လဲ့ကျင်းလုံ၏ အခြေအနေမှာမူ မတူညီပေ။ သူသည် ညစ်ညမ်းပန်း ဝတ်မှုန်ကြောင့် ထိခိုက်ခြင်း မဟုတ်ဘဲ အရိုးဖြူယင်ရှာကျမ်း၏ တိုက်စားမှုကို ခံနေရခြင်း ဖြစ်သည်။ မမြင်နိုင်သော ညစ်ညမ်းပန်းမှာ တာအိုသူတော်စင်လက်နက်ကြီးတစ်ခုနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။

အရိုးဖြူယင်ရှာကျမ်းအတွင်း၌ ရှိနေသောအရာမှာ ညစ်ညမ်းမျိုးနွယ်စု၏ အခြေခံအကျဆုံးဖြစ်သော 'ညစ်ညမ်းနတ်ဆိုးတာအို' ပင် ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော တာအိုစွမ်းအား ဖြစ်သဖြင့် အနည်းငယ်မျှသော အစွမ်းမှာပင် အထွတ်အထိပ်ပညာရှင်တစ်ဦးကို ရူးသွပ်သွားစေရန် လုံလောက်လှသည်။ လဲ့ကျင်းလုံအနေဖြင့် ၎င်းကို မခုခံနိုင်သည်မှာ သဘာဝပင်။

သူ လုံးဝ မမျှော်လင့်ထားခဲ့သော အချက်မှာ အရိုးဖြူယင်ရှာကျမ်း၏ လက်နက်ဝိညာဉ် အချိန်မတိုင်မီ နိုးထလာခြင်း ဖြစ်သည်။ ထိုသို့သာ မဟုတ်ခဲ့လျှင် သူသည် မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်၏ စွမ်းအားအချို့ကို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် အရိုးဖြူယင်ရှာကျမ်းကို ဖျက်ဆီးပစ်ရန်မှာ အလွန်လွယ်ကူလိမ့်မည် ဖြစ်သည်။ သို့သော် ယခုမူ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။

လဲ့ကျင်းလုံသည် အဝေးရှိ ဟွေ့ရှဲ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ဟွေ့ရှဲ့၏ မျက်နှာပေါ်တွင် ထူးဆန်းပြီး မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပေါ်နေသည်။ သူသည် ဘယ်တုန်းကမျှ စေတနာကောင်းခဲ့သူ မဟုတ်ပေ။ ကျမ်းစာ၏ ကျောရိုးအပြည့်အစုံကို တမင်တကာ ချန်ထားခဲ့ခြင်းမှာ ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်လာရန် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။

"ကျင်းလုံ..."

လဲ့တောက်ဟန်၏ မျက်လုံးများမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ တာအိုသူတော်စင်လက်နက်ကြီးတစ်ခု၏ တိုက်စားမှုကို ခံရခြင်းမှာ ညစ်ညမ်းပန်း ဝတ်မှုန်နှင့် ထိတွေ့ခြင်းနှင့် လုံးဝ ကွာခြားလှသည်။ လဲ့ကျင်းလုံမှာ အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့ပုံရသည်။

ရှန့်ကူ၊ ဟူချင်းနှင့် အဖြူရောင်အထွတ်အထိပ်ပညာရှင်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သူမျှ အရင် စမတိုက်ခိုက်ရဲကြပေ။ ပထမဦးဆုံး တိုက်ခိုက်သူမှာ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စု၏ ရာသက်ပန် ရန်သူအဖြစ် သတ်မှတ်ခံရမည့် အန္တရာယ် ရှိနေသည်။ ထိုကဲ့သို့သော မျိုးနွယ်စုကြီးတစ်ခုနှင့် ရန်သူမဖြစ်လိုကြပေ။

"ဒီအဖိုးကြီးပဲ... အရင် စလုပ်မယ်"

လဲ့တောက်ဟန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မနည်း အားယူကာ မတ်တတ်ရပ်လိုက်သည်။ သူသည် ဟိန်းဟောက်လိုက်ပြီး သူ၏ ဝိညာဉ်ပုံရိပ်ကို ထုတ်ဖော်ကာ လျှပ်စီးတစ်ခု ပစ်လွှတ်လိုက်သည်။ ထိုအချိန်မှသာ ရှန့်ကူ၊ ဟူချင်းနှင့် အဖြူရောင်အထွတ်အထိပ်ပညာရှင်တို့က နောက်မှ လိုက်ကာ တိုက်ခိုက်ကြတော့သည်။ ကျန်ရှိနေသော အထွတ်အထိပ်ပညာရှင် သုံးဦးမှာမူ ဟွေ့ရှဲ့နှင့် အခြားညစ်ညမ်းနတ်ဆိုးအရှင်သခင်များကို စောင့်ကြည့်ကာကွယ်နေကြသည်။

ဝုန်း!

အထွတ်အထိပ်ပညာရှင်များ၏ တိုက်ခိုက်မှုများမှာ လဲ့ကျင်းလုံဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။ သို့သော် လမ်းတစ်ဝက်မှာပင် ထိုတိုက်ခိုက်မှုများမှာ တားဆီးခြင်း ခံလိုက်ရသည်။ ၎င်းမှာ မိုးကြိုးဘေးဒုက္ခအကျဉ်းထောင် ဖြစ်သည်။ ထိုသူတော်စင်လက်နက်ကြီးအတွက်မူ အထွတ်အထိပ်ပညာရှင်များ၏ တိုက်ခိုက်မှုမှာ ကလေးကစားစရာကဲ့သို့ပင် ဖြစ်နေသည်။ ၎င်းတို့မှာ အလွယ်တကူပင် ပျောက်ကွယ်သွားခဲ့ရသည်။

"ဒါက..."

ရှန့်ကူနှင့် အခြားသူများ အချင်းချင်း စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။ မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်က လဲ့ကျင်းလုံကို ကာကွယ်ပေးနေလျှင် သူတို့ မည်သို့ တိုက်ခိုက်နိုင်မည်နည်း။

"ဟားဟားဟားဟား"

"မင်းတို့ မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုရဲ့ တာအိုသူတော်စင်လက်နက်ကြီးက အခု လူသားတွေကို ပြန်တိုက်နေပြီပဲ"

"ဒါကိုမှ လဲ့ကျင်းလုံက မျိုးနွယ်စု အကျိုးအတွက် လုပ်တာလို့ ပြောတာလား"

"တကယ်ကို ရယ်စရာကောင်းလှပါပေတယ်"

ဟွေ့ရှဲ့က အားရပါးရ ရယ်မောလိုက်ပြီး သူ၏ အသံတွင် လှောင်ပြောင်မှုနှင့် ကဲ့ရဲ့မှုများ ပြည့်နှက်နေသည်။ အထွတ်အထိပ်ပညာရှင်များ၏ မျက်နှာတွင်လည်း စိတ်မသက်မသာ ဖြစ်နေကြသည်။

"မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်က အရိုးဖြူယင်ရှာကျမ်းရဲ့ အစိတ်အပိုင်းတချို့နဲ့ ပေါင်းစပ်သွားပြီ… လဲ့ကျင်းလုံက အဲဒီပေါင်းစပ်မှုကို လုပ်ပေးခဲ့တဲ့သူဆိုတော့ လက်နက်ရဲ့ အမြင်မှာ သူ့ကို ကာကွယ်ပေးရမယ့်သူလို့ သတ်မှတ်သွားပုံရတယ်"

ဟူချင်းက ခေတ္တစဉ်းစားပြီးနောက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။

အခြားအထွတ်အထိပ်ပညာရှင်များလည်း စဉ်းစားကြည့်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ကြသည်။ ဤရှင်းပြချက်မှာ ယုတ္တိတန်လှသည်။ သို့သော် လဲ့ကျင်းလုံ အကျင့်ပျက်ခြစားမှု မပြီးခင်မှာပင် မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်၏ အကာအကွယ်ကို ကျော်ဖြတ်ပြီး သူ့ကို မည်သို့ သတ်ရမည်နည်း။

သူသာ နတ်ဆိုးအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့လျှင် အကျိုးဆက်မှာ စိတ်ကူးကြည့်၍မရနိုင်လောက်အောင် ဆိုးရွားပေလိမ့်မည်။ ထိုအချိန်တွင် လဲ့ကျင်းလုံသည် အရိုးဖြူယင်ရှာကျမ်းရော မိုးကြိုးဘေးဒုက္ခအကျဉ်းထောင်၏ စွမ်းအားတချို့ကိုပါ အသုံးပြုနိုင်မည် ဖြစ်၏။ အထွတ်အထိပ်ပညာရှင်များ အားလုံးပေါင်းလျှင်တောင် သူ့ကို ယှဉ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။ တာအိုသူတော်စင်လက်နက်ကြီးတစ်ခု၏ ဖိအားမှာ အလွန်တရာ ကြီးမားလှသည်။

"ညီအစ်ကို ကျင်းလုံ… ငါတို့ ညစ်ညမ်းမျိုးနွယ်စုရဲ့ ရင်ခွင်ထဲကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်"

ဟွေ့ရှဲ့မှ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။

All Chapters