အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အပိုင်း (၁၆၁.၁)
ယွမ်လန်သည် တော်တော်နှင့် နားမလည်နိုင်ခဲ့ချေ။ "ရှင့်ကိုယ်ရေးရာဇဝင်ကို အထင်ကြီးစရာဖြစ်အောင် ဟွာချိုက် အထည်ချုပ်စက်ရုံကို တည်ထောင်ခဲ့တယ်လို့ပဲ လူတိုင်းက ထင်နေကြတာ။ ဘာပဲဖြစ်ဖြစ် ရှင့်မှာက အမှတ်ကောင်းတွေ ရှိတယ်၊ အရည်အချင်းတွေလည်း ရှိတယ်၊ အတန်းဖော်တွေရဲ့ ထောက်ခံမှုလည်း အပြည့်အဝရထားတယ်။ ရှင်က ကြီးကျယ်ခမ်းနားတဲ့ အရာတွေဆီ ဦးတည်နေတာ သိသာပါတယ်"
ရှန်မော့အာသည် အတန်းခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် ယွမ်လန်က ထိုနေရာကို ဆက်ခံခဲ့သည့်အပြင် တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင်လည်း ရာထူးတစ်ခုကို ရယူထားခဲ့သော်လည်း ရှန်မော့အာကတော့ ထိုကာလအတွင်း ကျောင်းတွင် မည်သည့် တရားဝင်ရာထူးကိုမှ လက်ခံရယူထားခြင်း မရှိခဲ့ပေ။
သို့သော် ပညာရေးစွမ်းဆောင်ရည်၊ လုပ်ရည်ကိုင်ရည် သို့မဟုတ် ဆရာများနှင့် ကျောင်းအုပ်ချုပ်သူများ၏ အကဲဖြတ်မှုများ စသည့် မည်သည့်အပိုင်းတွင်မဆို သူမသည် ရှန်မော့အာကို လုံးဝယှဉ်နိုင်မည် မဟုတ်ကြောင်း ယွမ်လန် ကောင်းစွာ သိရှိထားလေသည်။
အမှန်တကယ်တွင် ဟွာချိုက် အထည်ချုပ်စက်ရုံမှာ ယုံကြည်နိုင်ဖွယ် မရှိလောက်အောင်ပင် အောင်မြင်ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
ရှန်မော့အာသည် အစကတည်းက ရေရှည်အတွက် ကြိုတင်ပြင်ဆင်နေခဲ့သည်ဟု သူတို့၏ ဌာနအတွင်း၌ ကောလာဟလတစ်ခုပင် ပျံ့နှံ့နေခဲ့၏။ ဟွာချိုက် အထည်ချုပ်စက်ရုံကို တည်ထောင်ခြင်းမှာ သူမ၏ အနာဂတ် အစိုးရဝန်ထမ်းဘဝအတွက် အခြေခံအုတ်မြစ် ချမှတ်နေခြင်းသာဖြစ်သည် ဟူ၍ပင်။
မည်သို့ပင်ဆိုစေ တက္ကသိုလ်မတက်မီက ရှန်မော့အာသည် စက်ရုံမှူးတစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း ၎င်းမှာ တောင်ပိုင်းပြည်နယ်တွင်သာ ဖြစ်ခဲ့သည်။ သူမ၏ အောင်မြင်မှုများက ဘယ်လောက်ပဲ အထင်ကြီးလောက်စရာ ဖြစ်နေပါစေ ကိုယ်ရေးရာဇဝင်ပေါ်ရှိ စာကြောင်းတစ်ကြောင်းမျှသာ ဖြစ်ပေလိမ့်မည်။ အတော်ဆုံးနှင့် အထူးချွန်ဆုံး သူများ စုဝေးရာ မြို့တော်တက္ကသိုလ်တွင်တော့ အရာအားလုံးကို သုညမှ ပြန်လည်စတင်ရမည်သာ။
မြို့တော်တွင် စက်ရုံတစ်ရုံကို ဦးစီးလုပ်ကိုင်ရခြင်းမှာတော့ ကွဲပြားခြားနားလှပေသည်။ အထူးသဖြင့် ဟွာချိုက် အထည်ချုပ်စက်ရုံသည် သာမန် ရပ်ကွက်ပိုင် လုပ်ငန်းငယ်လေးတစ်ခုဟူသော နှိမ့်ချသည့်အစပြုမှုမှသည် တဖြည်းဖြည်း ကြီးထွားလာကာ မြို့တော်ရှိ နိုင်ငံပိုင်စက်ရုံများကိုပင် ကျော်လွန်သွားခဲ့သည် မဟုတ်ပါလား။
အခြားသူများက အတန်း သို့မဟုတ် ကျောင်းသားသမဂ္ဂ ရာထူးများအတွက် ယှဉ်ပြိုင်နေကြဆဲအချိန်တွင် သူမကတော့ ကျောင်းဝင်းအပြင်ဘက်သို့ လွှားကနဲ ခုန်တက်သွားခဲ့ပြီး မြို့တော်ရှိ နိုင်ငံပိုင်စက်ရုံများမှ စက်ရုံမှူးများနှင့်ပင် ရင်ပေါင်တန်း ယှဉ်ပြိုင်နေခဲ့သည်။
ထိုကဲ့သို့သော လုပ်ငန်းအတွေ့အကြုံ မှတ်တမ်းမျိုးက လူအများ၏ အာရုံစိုက်မှုကို တောင်းဆိုနေသကဲ့သို့ပင်။
ဘွဲ့မရခင်ကပင် သက်ဆိုင်ရာ ဌာနများက ကမ်းလှမ်းမှုများဖြင့် ရောက်ရှိလာခဲ့ကြလေသည်။
ရှန်မော့အာသည် ပန်းသီးကို နောက်ဆုံးတစ်ကိုက် ကိုက်စားလိုက်ပြီး ပန်းသီးအူတိုင်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ကာ ပြုံးလိုက်သည်။ "အမြင့်ကြီး မြှောက်ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အတန်းခေါင်းဆောင် ရဲဘော်။ ဟွာချိုက်ကိုတော့ အထင်မသေးပါနဲ့။ ရာထူးနေရာတိုင်းက ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးအတွက် အထောက်အကူ ပြုနေတာချည်းပါပဲ။ ဟွာချိုက်မှာ အလုပ်လုပ်ရတာကလည်း အတူတူပဲ အဓိပ္ပာယ်ရှိပါတယ်"
ယွမ်လန်က မျက်လုံးလှန်ပြလိုက်သည်။ "ရှင် တကယ်ပြောနေတာလား"
ရှန်မော့အာက ခေါင်းညိတ်လိုက်၏။ "အတည်ပေါက် တကယ်ပြောနေတာပါ။ ဟွာချိုက်ကို အကြီးဆုံး၊ အမြတ်အစွန်းအများဆုံးနဲ့ နိုင်ငံခြားငွေ အများဆုံးရှာပေးနိုင်တဲ့ အထည်ချုပ်စက်ရုံ ဖြစ်လာအောင် လုပ်ဖို့ ကျွန်မ စီစဉ်ထားတယ်"
ယွမ်လန် : "..."
အထည်ချုပ်စက်ရုံတစ်ရုံက နိုင်ငံခြားငွေ ရှာပေးနိုင်သည်၊ မရှာပေးနိုင်သည်ကို ဘေးဖယ်ထားလိုက်ဦး။ "အကြီးဆုံးနှင့် အမြတ်အစွန်းအများဆုံး" ဆိုသည့် အပိုင်းကိုပဲ ကြည့်မည်ဆိုလျှင် ဟွာချိုက်သည် မြို့တော်ရှိ အမှတ်(၅) အထည်ချုပ်စက်ရုံကိုသာ ကျော်ဖြတ်နိုင်ခဲ့သေးသည်။ မြို့တော်ရှိ အထည်ချုပ်စက်ရုံတိုင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းတော့ မဟုတ်သေးပေ။
သို့သော် ယွမ်လန်သည် သူမ၏ သံသယများကို စိတ်ထဲတွင်သာ သိမ်းဆည်းထားလိုက်၏။ အတန်းဖော်အဖြစ် ၄နှစ်နီးပါး ဖြတ်သန်းပြီးနောက် ရှန်မော့အာကို လုံလောက်စွာ သိရှိနားလည်နေပြီဟု သူမ ခံစားရသည်။ ရှန်မော့အာသည် စကားအကြီးကြီး ပြောတတ်သည့် လူစားမျိုး မဟုတ်ချေ။ အမှန်တကယ်တွင် သူမသည် ကတိပေးထားသည်ထက်ပင် ပိုမို အောင်မြင်အောင် လုပ်ဆောင်ပြလေ့ရှိ၏။
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ယွမ်လန်က ရုတ်တရက် ကျိန်ဆဲလိုက်သည်။ "အပြင်မှာ ကောလာဟလတွေ လိုက်ဖြန့်နေတဲ့ အရှက်မရှိတဲ့ကောင်က ဘယ်သူများလဲ"
ရှန်မော့အာက မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ "အမှတ်ကောင်းတာ၊ အရည်အချင်းရှိတာ၊ အတန်းဖော်တွေရဲ့ ထောက်ခံမှုရတာတွေအပြင် ကောလာဟလတွေက ကျွန်မကို တခြားအရည်အသွေးတွေပါ ပေးထားသေးတယ် ထင်တယ်"
ယွမ်လန်မှာ ရယ်မောခြင်းကို မထိန်းချုပ်နိုင်တော့ချေ။ "ရှင်က နည်းနည်းလေးတောင် မစိုးရိမ်ဘူးကိုး"
ရှန်မော့အာက ပြုံးလိုက်သည်။ "ကျွန်မက ဘာလို့ စိုးရိမ်ရမှာလဲ"
ယွမ်လန်က ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားခဲ့သည်။ "ဌာနထဲမှာ ကောလာဟလတစ်ခု ထွက်နေတာကလေ..."
သူမက မျက်မှောင်ကြုတ်လိုက်၏။ "ရှင့်ယောက္ခထီးက စီးပွားရေးဝန်ကြီးဌာနက ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ရှင့်အတွက် ကြိုးကိုင်ပေးနေတယ်တဲ့။ ဘွဲ့ရတာနဲ့ ဝန်ကြီးဌာနထဲကို ဝင်သွားလိမ့်မယ်လို့ ပြောနေကြတယ်။ တချို့ဆိုရင် ရှင်က ဝန်ကြီးနေရာကိုတောင် မျက်စိကျနေတာလို့ ပြောကြသေးတယ်"
ရှန်မော့အာ : "..."
ထိုအရာမှာ ရယ်စရာကောင်းလှသည်ဟု တွေးလိုက်မိပြီး သူမက ပြောလိုက်သည်။ "ကျွန်မယောက္ခထီးက စီးပွားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်တာ မှန်ပေမယ့် ဝန်ကြီးဌာနက သူ့မိသားစုပိုင် စီးပွားရေးလုပ်ငန်းမှ မဟုတ်တာ"
ယွမ်လန်က လက်ကာပြလိုက်၏။ "အဓိကကတော့ ရှင်က အဆက်အသွယ်တွေကို အားကိုးပြီး ဝန်ကြီးဌာနထဲကို အလွယ်တကူ ဝင်သွားမယ်၊ ပြီးရင် ဩဇာအာဏာတွေ စသုံးမယ်ဆိုတဲ့ သဘောပေါ့"
၎င်းမှာ ယုတ္တိမရှိလှကြောင်း ရှန်မော့အာ ခံစားရသော်လည်း သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။
လုပ်ရပ်များက စကားလုံးများထက် ပိုမိုကျယ်လောင်စွာ စကားပြောတတ်လေသည်။ သူမက ဆုံးဖြတ်ချက်ချပြီးဖြစ်၏။ အလုပ်အကိုင် ခွဲဝေချထားမှုများကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ကောလာဟလများမှာ သူ့အလိုလို ပျောက်ကွယ်သွားပေလိမ့်မည်။
သို့သော် ရက်အနည်းငယ်အတွင်းမှာပင် ဘွဲ့ရပြီးနောက် အလုပ်တာဝန်ချထားရေးကိစ္စနှင့် ပတ်သက်ပြီး ဌာနအတွင်း ကသောင်းကနင်းအခြေအနေများ ပေါက်ကွဲထွက်လာလိမ့်မည်ကို သူမ မသိရှိခဲ့ချေ။
ထိုနေ့ နံနက်စောစောတွင် ဘောဂဗေဒဌာန အဆောက်အအုံ၏ အောက်ထပ်ရှိ ကြော်ငြာသင်ပုန်းပေါ်တွင် စာလုံးကြီး ပိုစတာ တစ်တန်းကို ကပ်ထားခဲ့ကြသည်။ ပိုစတာများမှာ နောက်ခံအဖြူရောင်ပေါ်တွင် ရှုပ်ပွနေသော အနီရောင် လက်ရေးစာလုံးများဖြင့် ရေးသားထားခြင်း ဖြစ်သည်။ မင်ရည်များမှာ ဖရိုဖရဲ စင်ကျနေပြီး သွေးထွက်သံယိုဖြစ်နေသည့် အသွင်အပြင်မျိုး ပေးစွမ်းနေသဖြင့် စာမေးပွဲအတွက် စာလာကျက်ကြသော ကျောင်းသားအချို့ကိုပင် ထိတ်လန့်သွားစေခဲ့သည်။
ရုံးချိန်စတင်သည်နှင့် တစ်ပြိုင်နက် ထိုပိုစတာများကို ဖြုတ်ချကာ ဌာန၏ အစည်းအဝေးခန်းမသို့ ပို့ဆောင်လိုက်ကြသည်။ ပိုစတာများတွင် နာမည်ပါရှိသူ အချို့ကိုလည်း အစည်းအဝေးသို့ ခေါ်ယူခဲ့ကြရာ ရှန်မော့အာလည်း အပါအဝင် ဖြစ်လေသည်။
ကျောင်းသို့ ရောက်ရောက်ချင်းမှာပင် ရှန်မော့အာ အခေါ်ခံလိုက်ရသည်။ ကျောင်းဝင်းအတွင်း နေထိုင်ကြပြီး နံနက်ပိုင်းကတည်းက ကောလာဟလအချို့ကို ကြားသိခဲ့ရသော အခြားသူများနှင့်မတူဘဲ သူမသည် ကျောင်းပြင်ပမှ လာခြင်းဖြစ်သဖြင့် ဘာတွေဖြစ်ပျက်နေမှန်း လုံးဝ မသိရှိခဲ့ချေ။
အစည်းအဝေးစားပွဲဘေးတွင် ရပ်နေသော ရှန်မော့အာသည် သိချင်စိတ်ပြင်းပြစွာဖြင့် ပိုစတာများကို လေ့လာကြည့်ရှုနေစဉ် ဌာနမှူးက ဝင်လာခဲ့သည်။
ဌာနမှူးမှာ ဆံပင်များ ဖြူနေပြီဖြစ်ပြီး သဘောကောင်းမည့် ရုပ်ရည်သွင်ပြင်မျိုး ရှိသည်။ သူ ဝင်လာသည်နှင့် တစ်ပြိုင်နက် စားပွဲဘေးတွင် လုံးဝ သက်သောင့်သက်သာရှိစွာ ရပ်နေသော ရှန်မော့အာကို မြင်လိုက်ရသဖြင့် ပြုံးလိုက်မိလေသည်။
ပိုစတာများတွင် ဆရာများနှင့် ကျောင်းသားများ အပါအဝင် လူအတော်များများ ပါဝင်ပတ်သက်နေခဲ့သည်။ အခြားသူများမှာ ဘေးဘက်တွင် မျက်နှာကြောတင်းတင်းဖြင့် ထိုင်နေကြပြီး လေးနက်တည်ကြည်နေကြသည်။ သို့မဟုတ် ဒေါသထွက်နေကြသဖြင့် ရှန်မော့အာနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေတော့၏။
ဌာနမှူးက ရှေ့ဆုံးတွင် နေရာယူလိုက်ပြီး ပြောလိုက်သည်။ "တစ်ယောက်ချင်းစီကို ခေါ်ပြီး စကားပြောမနေတော့ပါဘူး။ ပိုစတာထဲမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေအားလုံးလည်း ဒီမှာ ရှိနေကြပြီဆိုတော့ မျက်နှာချင်းဆိုင်ပဲ ဆွေးနွေးကြတာပေါ့"
အစည်းအဝေးခန်းမထဲရှိ လူများသည် စိုးရိမ်တကြီးဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ နိုင်ငံရေးဘောဂဗေဒ တန်းခွဲ(၂)မှ ကျောင်းသားတစ်ဦးက ပထမဆုံး မတ်တတ်ရပ်လာခဲ့သည်။ "ပိုစတာထဲမှာ ကျွန်တော်က ဒေသခံတစ်ယောက်ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ အလုပ်တာဝန်နေရာ ရရှိဖို့ ဒီနှစ်အစကတည်းက ကြိုးကိုင်လှုပ်ရှားနေတယ်လို့ ရေးထားပါတယ်။ ကျွန်တော် ဝန်ခံပါတယ်။ အဆက်အသွယ်ရဖို့ လိုက်မေးခဲ့ဖူးပေမယ့် ဘာမှ အကူအညီ မဖြစ်ခဲ့ပါဘူး။ ကျွန်တော့်မိသားစုက သာမန် အလုပ်သမားမိသားစုပါပဲ။ ကျွန်တော်တို့မှာ အဲဒီလို အဆက်အသွယ်မျိုးတွေ မရှိပါဘူး။ သူတို့က ကျွန်တော့်ကို မိတ်ဆက်ပေးနိုင်တဲ့ နေရာတွေဆိုတာ ပုံမှန် အလုပ်ခွဲဝေချထားမှုကနေတစ်ဆင့်လည်း ကျွန်တော် ရနိုင်တဲ့ နေရာတွေချည်းပါပဲ။ ဒါကြောင့် နောက်ပိုင်းကျတော့ ကျွန်တော် လက်လျှော့လိုက်ပါတယ်"
သူ၏ ပွင့်လင်းမြင်သာမှုက လူတိုင်းကို မှင်သက်သွားစေခဲ့သည်။ ဌာနမှူးက ပြုံးနေဆဲဖြစ်သည်ကို မြင်သောအခါ အခြားသူများလည်း တဖြည်းဖြည်း စတင်ပြောဆိုလာကြလေသည်။
ဒေသခံကျောင်းသားများက ပိုမိုကောင်းမွန်သော နေရာများကို လိုချင်ကြပြီး အခြားပြည်နယ်များမှ ကျောင်းသားများက မြို့တော်တွင်သာ ဆက်နေချင်ကြသည်။ အပြင်ဘက်မှ အဆက်အသွယ်များကို ရှာဖွေသည်ဖြစ်စေ၊ ဆရာများကို အကူအညီတောင်းသည်ဖြစ်စေ နောက်ကွယ်မှ ကြိုးပမ်းအားထုတ်မှုများ ရှိခဲ့သော်လည်း စည်းမျဉ်းများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ထားခြင်းမျိုးတော့ မရှိခဲ့ချေ။
အချို့မှာမူ အပြစ်ကင်းစင်ကြပြီး လုံးဝ မဟုတ်မမှန် စွပ်စွဲခံထားရခြင်းသာ ဖြစ်သည်။
တစ်ယောက်ပြီးတစ်ယောက် စကားပြောဆိုကြပြီးနောက် ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေသော ဝမ်စန်းချွန်း၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။
သူမ စကားပြောရမည့်အလှည့်သာ မရောက်လာခဲ့ပါက ရှန်မော့အာသည် သူမကို သတိပြုမိမည်ပင် မဟုတ်ချေ။ သူမသည် စာရွက်စာတမ်းများ ပုံထားသော စားပွဲဘေးရှိ ထောင့်တစ်နေရာတွင် ပုန်းကွယ်နေသကဲ့သို့ ရှိနေပြီး သေချာဂရုတစိုက် မကြည့်ပါက မြင်တွေ့ရန် ခက်ခဲလှပေသည်။
ဝမ်စန်းချွန်းသည် ခေါင်းငုံ့ထားပြီး သူမ၏ အသံများမှာ တုန်ယင်နေခဲ့သည်။ "ကျွန်မ... ကျွန်မ ဆရာတစ်ယောက်ကို လက်ဆောင်တွေ ပေးခဲ့ဖူးပါတယ်။ ပန်းသီးတစ်အိတ်ရယ်၊ အဝတ်အစား တစ်ထည်ရယ်... ဒါပေမဲ့ ဆရာက လက်မခံခဲ့ပါဘူး။ ဆရာက ဘာကိုမှ လက်မခံခဲ့ပါဘူးရှင်။ ကျွန်မ လုပ်ရပ် မှားမှန်း သိပေမယ့် ကျွန်မမှာ ရွေးချယ်စရာ မရှိလို့ပါ။ ကျွန်မမှာ တခြား ရွေးချယ်စရာ မရှိခဲ့လို့ပါ..."
သူမသည် ခပ်တိုးတိုးလေး ရှိုက်ငိုလာခဲ့သည်။
ဌာနခေါင်းဆောင်များမှာ မျက်မှောင်ကြုတ်သွားကြ၏။
အခြားသူများမှာ အလုပ်တာဝန်ချထားရေးနှင့် ပတ်သက်ပြီး ဆရာများကို မေးမြန်းခြင်း သို့မဟုတ် အကူအညီတောင်းခံခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း လက်ဆောင်ပေးသည့်အထိတော့ ဘယ်သူမှ မလုပ်ဆောင်ခဲ့ကြချေ။ ပြောရမည်ဆိုလျှင် ၎င်းမှာ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းပင် ဖြစ်လေသည်။
ဆရာဖြစ်သူက လက်မခံဘဲ ငြင်းဆန်လိုက်ခြင်းမှာ ဖြောင့်မတ်တည်ကြည်မှုကို ပြသလိုက်ခြင်းပင်။ သို့သော် ကျောင်းသားတစ်ဦးက ဘွဲ့မရမီ လာဘ်ပေးလာဘ်ယူပြုလုပ်ရန် ကြိုးစားခြင်းမှာတော့ ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်းပင်။
အလုပ်တာဝန်ချထားရေး တာဝန်ခံဆရာမက သက်ပြင်းချလိုက်သည်။ "ဝမ်စန်းချွန်းရဲ့ လုပ်ရပ်က အမှန်တကယ် မှားယွင်းခဲ့ပါတယ်။ ကျွန်မလည်း သူ့ကို ဆူပူကြိမ်းမောင်းပြီးပါပြီ။ ဒါပေမဲ့ သူက မြို့တော်မှာ ဆက်နေဖို့ ဒါမှမဟုတ် ပိုကောင်းတဲ့ နေရာရဖို့အတွက် လက်ဆောင်ပေးခဲ့တာတော့ မဟုတ်ပါဘူး"
သူမသည် ဝမ်စန်းချွန်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါပြကာ ဆက်ပြောလိုက်သည်။ "ဝမ်စန်းချွန်းက ကျန်းစုပြည်နယ်ကပါ။ အရင်က အနောက်မြောက်ဘက် ကျေးလက်ဒေသကို အပို့ခံခဲ့ရပေမယ့် မူဝါဒအရ ပညာတတ်လူငယ်တွေ အားလုံး သူတို့ရဲ့ ဇာတိကို ပြန်သွားကြပါပြီ။ ဘွဲ့ရပြီးရင် သူ့ကို ကျန်းစုပြည်နယ်ကိုပဲ ပြန်ပြီး တာဝန်ချထားပေးဖို့ ရှိပါတယ်"
"ဒါပေမဲ့ သူသာ ပြန်သွားမယ်ဆိုရင် သူ့မိသားစုက သူ့အလုပ်ကို သူ့မောင်လေးအတွက် စွန့်လွှတ်ခိုင်းဖို့ အတင်းအကျပ် လုပ်လာနိုင်တယ်လို့ သူက ကျွန်မကို ပြောပြတယ်။ စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကို လက်ခံဖို့လည်း ဖိအားပေးလာနိုင်တယ်တဲ့။ ဒါကြောင့် သူ့ကို တခြားတစ်နေရာရာကို တာဝန်ချထားပေးဖို့ ကျွန်မကို တောင်းဆိုခဲ့တာပါ"
"သူက အခြေအနေကောင်းတဲ့ ပြည်နယ်ကိုတောင် မတောင်းဆိုခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျန်းစုပြည်နယ်က နေရာကောင်းတစ်ခုပါ။ သူတို့က ကျွန်မတို့ရဲ့ ကျောင်းသားရေးရာရုံးနဲ့ အဆက်အသွယ်ရှိပြီး ကျွန်မတို့ဆီက ဘွဲ့ရတွေကို ပြည်နယ်အဆင့် ဌာနအသီးသီးမှာ တာဝန်ချထားပေးဖို့ စီစဉ်ထားတာပါ။ အဲဒီက အလုပ်တာဝန်တွေက အတော်လေး ခိုင်မာပါတယ်"
"ဒါပေမဲ့ ဝမ်စန်းချွန်းက ကျန်းစုပြည်နယ်ကို မပြန်ချင်ခဲ့ဘူး။ တခြားပြည်နယ်အတွက် သတ်မှတ်ထားတဲ့ နေရာကိုလည်း သူ မယူချင်ပါဘူးတဲ့။ အနောက်မြောက်ဘက်ကိုပဲ ပြန်သွားချင်တယ်လို့ ပြောတယ်။ အဲဒီကို တာဝန်ကျတဲ့ အတန်းဖော်တစ်ယောက်နဲ့ သူက လဲလှယ်ဖို့တောင် ဆန္ဒရှိပါတယ်တဲ့လေ"
ဝမ်စန်းချွန်းသည် အနောက်မြောက်ဘက်ရှိ ချင်းဟိုင်သို့ အပို့ခံခဲ့ရခြင်း ဖြစ်သည်။ မည်သည့်ဘက်မှ တွက်ကြည့်စေကာမူ ကျန်းစုပြည်နယ်၏ အခြေအနေများမှာ ချင်းဟိုင်ထက် ပိုမိုကောင်းမွန်လှသည်။ ထို့ကြောင့် ဤလဲလှယ်မှုက သူမကို နစ်နာစေလိမ့်မည်။
ပုံမှန်အားဖြင့် ဤအရာမှာ ဝမ်စန်းချွန်း၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး လူသိရှင်ကြား ဆွေးနွေးသင့်သောအရာ မဟုတ်ချေ။ သို့သော် အခြေအနေအရ အမှန်တရားကိုသာ မရှင်းပြပါက ဌာနအနေဖြင့် သူမကို အပြစ်ပေးရဖွယ် ရှိနေသည်။
သူမ၏ လုပ်ရပ်များမှာ မှားယွင်းခဲ့သော်လည်း အခြေအနေအရ နားလည်ပေးနိုင်စရာတော့ ရှိပေသည်။ တာဝန်ခံဆရာမမှာ သူမနှင့် အကြိမ်အနည်းငယ် ဆက်ဆံဖူးသဖြင့် ကိုယ်ချင်းစာနာမိသည်။။
ရှင်းပြချက်ကို ကြားလိုက်ရသောအခါ အခြားသူများမှာ မှင်သက်သွားကြသည်။ ပထမဆုံး စကားပြောခဲ့သော နိုင်ငံရေးဘောဂဗေဒ တန်းခွဲ(၂) မှ ကျောင်းသားမှာ မထိန်းချုပ်နိုင်တော့ချေ။ "ဒါက ဘယ်လို ခေတ်နောက်ကျနေတဲ့ အတွေးအခေါ်မျိုးလဲ။ မင်းက မြို့တော်တက္ကသိုလ် ဘွဲ့ရတစ်ယောက်လေ။ မင်းကို ချပေးမယ့် အလုပ်အတွက် မင်းရဲ့မောင်လေးက အရည်အချင်းတောင် ပြည့်မီမှာ မဟုတ်ဘူး။ သူက မင်း ဆီကနေ ဘယ်လိုလုပ် ယူနိုင်မှာလဲ။ ဒါက စက်ရုံအလုပ်လိုမျိုး မဟုတ်ဘူးလေ။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရာထူးတွေအတွက် သူက အရည်အချင်း ပြည့်မီမှာ မဟုတ်ဘူး။ ပြီးတော့ မင်းက ပညာတတ်အမျိုးသမီးတစ်ယောက်ပဲ။ မင်းမိသားစုက မကောင်းတဲ့ အိမ်ထောင်ရေးထဲကို အတင်းအကျပ် တွန်းပို့ဖို့ ကြိုးစားလာရင် မင်း ငြင်းဆန်လို့ ရတာပဲ"
မြို့တော်တွင် လိင်ခွဲခြားဆက်ဆံမှုများ ရှိနေသေးသော်လည်း အမျိုးသမီးရဲဘော် အများစုမှာ ထိုသို့ လွယ်လွယ်ကူကူ အနိုင်ကျင့်မခံကြချေ။ အများစုမှာ ပြန်လည်ခုခံတိုက်ခိုက်ကြမည်သာ။
ကျောင်းသားမှာ ဤအခြေအနေမျိုးကို တွေ့မြင်နေကျဖြစ်သဖြင့် ဝမ်စန်းချွန်း၏ အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေခဲ့ရ၏။
ဝမ်စန်းချွန်းမှာ ခေါင်းကို ငုံ့ထားကာ တိတ်ဆိတ်စွာ ရှိုက်ငိုနေခဲ့သည်။
တာဝန်ခံဆရာမက ဝမ်စန်းချွန်းကို တစ်ချက်ကြည့်လိုက်ပြီး တိုးညှင်းစွာ သက်ပြင်းချလိုက်လေတော့သည်။
...
အပိုင်း (၁၆၁.၂)
"မြက်ပင်လေးတစ်ပင်က နွေဦးရဲ့ နွေးထွေးတဲ့ အလင်းရောင်ကို ကျေးဇူးဆပ်နိုင်လိမ့်မယ်လို့ ဘယ်သူပြောလဲ" ဝမ်စန်းချွန်း၏ မိဘများက မုန့်ကျောက်၏ ကဗျာထဲမှ ဤစာသားကို အစွဲပြုကာ သူမကို နာမည်ပေးခဲ့ကြသည်။ မိဘကျေးဇူးကို အမြဲသတိရပြီး စွမ်းနိုင်သမျှ ကျေးဇူးဆပ်ရန် သမီးဖြစ်သူကို အစဉ်အမြဲ သတိပေးနေသည့်အလားပင်။
အမှန်တကယ်တွင်လည်း ဝမ်စန်းချွန်းသည် ဤကျင့်ဝတ်ဆိုင်ရာ အကျဉ်းထောင်ထဲတွင် ပိတ်လှောင်ခံထားရပြီး ရုန်းထွက်နိုင်စွမ်း မရှိသည့်အလား ထင်မှတ်ရ၏။
ထွက်ပြေးခြင်းကသာ သူမ စဉ်းစားနိုင်သော တစ်ခုတည်းသော ဖြေရှင်းနည်း ဖြစ်နေခဲ့သည်။
အခန်းထဲရှိ လူများ၏ မျက်နှာအမူအရာများမှာ ရှုပ်ထွေးသွားကြသည်။ အခြားသူများအားလုံးက ပိုမိုကောင်းမွန်သော အလုပ်တာဝန်နေရာများ ရရှိရန် အလုအယက် ကြိုးစားနေကြချိန်တွင် သည်နေရာတွင်တော့ ပိုဆိုးရွားသော နေရာတစ်ခုကို ရရှိရန် လာဘ်ပေးလာဘ်ယူ ပြုလုပ်လိုသူ တစ်ယောက် ရှိနေခဲ့သည် မဟုတ်ပါလား။
အနေရခက်သော တိတ်ဆိတ်မှုတစ်ခုက အခန်းထဲတွင် ဖုံးလွှမ်းသွားခဲ့၏။
ထို့နောက် လူတိုင်း၏ အကြည့်များက အရှေ့ဘက်တွင် ထိုင်နေသော ရှန်မော့အာဆီသို့ ကျရောက်သွားကြသည်။
ရှန်မော့အာက ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ "ကျွန်မ အလှည့် ရောက်ပြီလား" သူမက မေးလိုက်၏။
စာလုံးကြီး ပိုစတာ (ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ဝေဖန်ရေးအတွက် အသုံးပြုသော လူထုကြော်ငြာသင်ပုန်း) တစ်ခုကို ကောက်ကိုင်လိုက်ပြီး သူမက သီးခြားစာပိုဒ်တစ်ခုကို လက်ဖြင့် ခေါက်ပြလိုက်သည်။ "'မြို့တော်တက္ကသိုလ် ကျောင်းသားတစ်ယောက်အနေနဲ့ သင့်လျော်တဲ့ ပညာသင်ကြားမှုကို လျစ်လျူရှုပြီး မရိုးသားတဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတာ...' ဆိုတာကို ကျွန်မ သဘောမတူဘူး။ ကျွန်မ ဘယ်ဘာသာရပ်ကိုမှ မကျခဲ့ဖူးဘူး။ ကျွန်မရဲ့ အမှတ်တွေက အများအားဖြင့် ထိပ်တန်းအဆင့်တွေချည်းပဲ။ ဒါကြောင့် ကျွန်မရဲ့ 'သင့်လျော်တဲ့ ပညာသင်ကြားမှု' က အတော်လေး လုံလောက်မှုရှိပါတယ်။ 'မရိုးသားတဲ့ လုပ်ရပ်တွေ' ဆိုတဲ့ အပိုင်းမှာကျတော့ ဟွာချိုက် အထည်ချုပ်စက်ရုံက စုပေါင်းပိုင်စက်ရုံတစ်ခု ဖြစ်နေရုံနဲ့ အထင်သေးစရာ မလိုပါဘူး။ ကျွန်မတို့က တရားဝင် ထုတ်လုပ်မှုနဲ့ လုပ်ငန်းလည်ပတ်မှုတွေကို လုပ်ဆောင်နေတာပါ။ နိုင်ငံပိုင်စက်ရုံတွေလိုပဲ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနေပါတယ်။ မြို့တော်က အမျိုးသမီးတွေရဲ့ အဝတ်ဗီရိုတွေကို ပြည့်စုံဖို့အတွက် မမောမပန်း အလုပ်လုပ်နေကြတာလေ။ ဒါက ဘယ်လိုလုပ်ပြီး မရိုးသားတဲ့ လုပ်ရပ် ဖြစ်ရမှာလဲ"
အခြားသူများမှာ ဆွံ့အသွားကြသည်။
ရှန်မော့အာက အခြားအရာများထက် ဤအချက်ကိုသာ အာရုံစိုက်နေလိမ့်မည်ဟု ဘယ်သူကမှ ထင်မှတ်မထားခဲ့ကြချေ။
ထို့နောက် သူမက အောက်ဘက်ရှိ အခြားအပိုင်းတစ်ခုကို ညွှန်ပြလိုက်သည်။ "'ယောက္ခမတွေရဲ့ ဩဇာလွှမ်းမိုးမှုကို အားကိုးပြီး ကျောင်းဝင်းထဲမှာ ဂိုဏ်းဂဏတွေ ဖွဲ့နေတယ်' ဆိုတာကလည်း လုံးဝ ယုတ္တိမရှိပါဘူး။ သူငယ်ချင်း အများကြီး ရှိတာက ခိုင်မာတဲ့ အောက်ခြေအဆက်အသွယ်တွေ ရှိတာကို ပြသနေတာလေ"
"နောက်ပြီး ဒါက 'ဘွဲ့မရခင် နောက်ပေါက်ကနေတစ်ဆင့် စီးပွားရေးဝန်ကြီးဌာနမှာ နေရာတစ်ခု ရအောင် လုပ်ထားတယ်' တဲ့... တကယ်တော့ ဒီအတန်းဖော်ကို ကျွန်မ ပြောပြသင့်တာက စီးပွားရေးဝန်ကြီးဌာန တစ်ခုတည်း မဟုတ်ဘူးဆိုတာပဲ။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်ကောင်စီနဲ့ အပေါ့စားစက်မှုဝန်ကြီးဌာနတို့ကပါ ကျွန်မကို ကမ်းလှမ်းထားကြတာပါ။ ဒီလို တွေးကြည့်ရင် ဒီဌာနတွေအားလုံးကို ကျွန်မကပဲ ခြယ်လှယ်ထားတာလား။ ဒါ့အပြင် ကျွန်မရဲ့ ယောက္ခထီးက ဥပဒေနဲ့ စည်းမျဉ်းတွေကို အမြဲတမ်း စိတ်ရောကိုယ်ပါ လိုက်နာစောင့်ထိန်းတဲ့ ဖြောင့်မတ်တည်ကြည်သူ တစ်ယောက်ပါ။ ဒီကောလာဟလတွေက သူ့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်"
ထိုစကားများကို နားထောင်ပြီးနောက် ရှန်မော့အာသည် အချက်တစ်ချက်တည်းကိုသာ ကန့်ကွက်နေခြင်း မဟုတ်ဘဲ စွပ်စွဲချက်တိုင်းကို ပြန်လည်ချေပရန် ရည်ရွယ်ထားကြောင်း လူတိုင်းက နောက်ဆုံးတွင် နားလည်သွားကြလေသည်။
အဓိကအချက်မှာ သူတို့သည် ပိုမိုကောင်းမွန်သော အလုပ်တာဝန်များ ရရှိရန် မရပ်မနား အကြံအစည်များ ထုတ်နေကြချိန်တွင် သူမသည် ထိပ်တန်း အလုပ်ရှင်များစွာထံမှ ကမ်းလှမ်းမှုများကိုပင် ရရှိထားပြီး ဖြစ်နေခြင်းပင်။
ဤအရာမှာ ယောက္ခမများ၏ ဩဇာလွှမ်းမိုးမှုကြောင့်သာ ရရှိနိုင်မည့် အရာမျိုး မဟုတ်ချေ။ သူမသည် အမှန်တကယ်ပင် ထူးချွန်ထက်မြက်သူဖြစ်ပြီး လူအများ၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သောကြောင့်သာ ဖြစ်သည်။
ထိုခဏတွင် စိတ်အခြေအနေမှာ ရှုပ်ထွေးသွားတော့သည်။
သူတို့ မထင်မှတ်ထားသောအရာမှာ ရှန်မော့အာက နောက်ထပ် ဗုံးတစ်လုံးကို ပစ်ချလိုက်ခြင်းပင်။ "အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေက ကိုယ်ရေးကိုယ်တာကိစ္စတွေပါ။ အဲဒါတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ လိုအပ်မယ်လို့ ကျွန်မ မယုံကြည်ပါဘူး။ ဒါပေမဲ့ ဒီကျောင်းဝင်းထဲက ကောလာဟလတွေက ကျွန်မရဲ့ ဂုဏ်သိက္ခာကိုသာမက ကျွန်မ ယောက္ခထီးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေခဲ့ပါတယ်။ ဒါကြောင့်မလို့ ကျွန်မ အချက်တစ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ဘွဲ့ရပြီးရင် အထက်မှာ ပြောခဲ့တဲ့ ဘယ်အဖွဲ့အစည်းကိုမှ ဝင်ရောက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အဲဒီအစား ဟွာချိုက် အထည်ချုပ်စက်ရုံရဲ့ စက်ရုံမှူးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားပါလိမ့်မယ်"
"ဪ... စကားမစပ် ဟွာချိုက် အထည်ချုပ်စက်ရုံက နောက်နှစ် ပထမနှစ်ဝက်မှာ ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်ဆောင်မယ်ဆိုတာကိုလည်း ကြေညာပါရစေ။ မြို့တော်က အမှတ်(၅) အထည်ချုပ်စက်ရုံနဲ့ ပူးပေါင်းပြီး အစုရှယ်ယာရှင် အများအပြား ပါဝင်တဲ့ ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်လာပါလိမ့်မယ်"
သူမ စကားပြောလို့ မဆုံးသေးခင်မှာ အခန်းထဲတွင် ဆူညံသော စကားသံများဖြင့် ပေါက်ကွဲထွက်သွားလေသည်။
တက်ရောက်လာကြသော ဆရာ၊ဆရာမများနှင့် ကျောင်းသားများ နှစ်ဖက်စလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အထင်းသား ပေါ်လွင်နေကြ၏။
လူတိုင်း အလုအယက် ယှဉ်ပြိုင်ကြရသော အိပ်မက်ထဲမှ အလုပ်အကိုင်များကို စွန့်လွှတ်ကာ ဟွာချိုက် အထည်ချုပ်စက်ရုံသို့ ပြန်သွားမည့် ရှန်မော့အာ၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားကြခြင်း ဖြစ်သည်။
ထို့အပြင် ဟွာချိုက် အထည်ချုပ်စက်ရုံသည် မြို့တော်ရှိ အမှတ်(၅) အထည်ချုပ်စက်ရုံနှင့် ပူးပေါင်းမည်ဆိုသော သတင်းကြောင့်လည်း အံ့သြမှင်တက်သွားကြသည်။
အရေးကြီးဆုံးမှာ ရှန်မော့အာသည် ဘွဲ့ရပြီးနောက်တွင် ဟွာချိုက် အထည်ချုပ်စက်ရုံ၏ စက်ရုံမှူးအဖြစ် ဆက်လက်ရှိနေမည်ဟု ရှင်းလင်းစွာ ပြောကြားခဲ့ခြင်းပင်။ ၎င်းမှာ ပူးပေါင်းပြီးနောက်တွင်လည်း သူမကသာ တာဝန်ခံအဖြစ် ဆက်လက်ရှိနေမည်ဟု အဓိပ္ပာယ်သက်ရောက်နေသည် မဟုတ်ပါလား။
အမှတ်(၅) အထည်ချုပ်စက်ရုံမှာ လုပ်ငန်းကြီးတစ်ခု ဖြစ်သည်။ ထိပ်တန်းအဆင့် မဟုတ်လျှင်တောင်မှ ခိုင်မာစွာ ရပ်တည်နေသော နိုင်ငံပိုင်လုပ်ငန်းတစ်ခု ဖြစ်ပေသည်။ ဟွာချိုက် အထည်ချုပ်စက်ရုံနှင့် ပူးပေါင်းပြီးနောက်တွင်မူ ၎င်းသည် ပိုမိုကြီးမားသော လုပ်ငန်းကြီးတစ်ခုအဖြစ်သို့ ကြီးထွားလာမည်ဖြစ်ပြီး ထိပ်တန်း အထည်ချုပ်စက်ရုံများနှင့် ရင်ပေါင်တန်းလာနိုင်လိမ့်မည်။
ထိုကဲ့သို့သော စက်ရုံတစ်ရုံ၏ စက်ရုံမှူးဖြစ်ရခြင်းမှာ အချို့သော အမြင်များအရ စီးပွားရေးဝန်ကြီးဌာနတွင် အလုပ်ရရှိခြင်းနှင့် မခြားနားလှချေ။
မည်သို့ပင်ဆိုစေ သူမသည် စီးပွားရေးဝန်ကြီးဌာနသို့ ဝင်ရောက်သွားခဲ့လျှင်တောင်မှ စာရွက်စာတမ်းလုပ်ငန်းများဖြင့်သာ အလုပ်ရှုပ်နေရမည်သာ။
ဤပူးပေါင်းထားသော စက်ရုံ၏ သဘောသဘာဝ အတိအကျကို ဘယ်သူကမှ မသိရှိကြချေ။ အကယ်၍ နိုင်ငံပိုင်အဖြစ် ဆက်လက်တည်ရှိနေမည်ဆိုပါက သူမသည် ကြီးမားသော ရာထူးတိုးတက်မှုကြီးတစ်ခုကို ရရှိလာမည်သာ ဖြစ်ပေသည်။
"ရပ်ကွက်ပိုင် လုပ်ငန်းငယ်လေးတစ်ခုက မြို့တော်က အမှတ်(၅) အထည်ချုပ်စက်ရုံလို အင်အားကြီးတဲ့ စက်ရုံကို ဘယ်လိုလုပ်ပြီး လက်လွှဲယူနိုင်မှာလဲ။ ဒီနေရာမှာ မရိုးသားတဲ့ လုပ်ရပ်လေး နည်းနည်းတောင် မရှိဘူးလား။ ဒါက စီးပွားရေးဝန်ကြီးဌာန ခေါင်းဆောင်ပိုင်းနဲ့ သူနဲ့ ဆက်သွယ်ထားတဲ့ အဆက်အသွယ်တွေနဲ့ တကယ်ပဲ မပတ်သက်ဘူးလို့ ပြောနိုင်မလား"
စူးရှသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုအခါမှသာ ဝမ်စန်းချွန်း၏ ထောင့်ဖြတ်တွင် စာရွက်စာတမ်းများ အမြင့်ကြီး ပုံထားသော စားပွဲတစ်လုံးရှိနေသည်ကို တက်ရောက်လာသူများ သတိပြုမိသွားကြသည်။ အမြင့်ကြီး ပုံထားသော စာရွက်စာတမ်းများ၏ နောက်ကွယ်တွင် ပုန်းကွယ်လျက် ထိုစားပွဲဘေးရှိ ခုံတန်းရှည်ပေါ်တွင် လူတစ်ယောက် ထိုင်နေခဲ့သည်။ သူသာ ခေါင်းပြူမထွက်လာပါက ဘယ်သူကမှ သူ့ကို သတိပြုမိကြမည် မဟုတ်ချေ။
သူသည် ဝက်ခြံများ ပြည့်နှက်နေသော မျက်နှာရှိသည့် ပိန်ပိန်ပါးပါး လူငယ်တစ်ဦး ဖြစ်သည်။ သူက စားပွဲကို ရိုက်ကာ မတ်တတ်ရပ်လိုက်ပြီး ပုံထားသော စာရွက်စာတမ်းများ အနောက်မှ သူ၏ ကိုယ်တစ်ဝက်ကို ဖော်ပြလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ စူးရှပြင်းထန်ပြီး ဒေါသထွက်နေလေသည်။
ရှန်မော့အာသည် သူ့ကို တည့်တည့်ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "မြို့တော်က အမှတ်(၅) အထည်ချုပ်စက်ရုံကို အမှန်တကယ်ပဲ အင်အားကြီးတဲ့ လုပ်ငန်းတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ မကြာသေးခင် နှစ်တွေအတွင်းမှာ သူတို့က ငွေကြေးတွေ အကြီးအကျယ် ဆုံးရှုံးနေခဲ့တယ်။ စက်ရုံခေါင်းဆောင်ပိုင်းရဲ့ အမှားအယွင်း အတော်များများကြောင့် သူတို့ အရှုံးပေါ်နေခဲ့ရတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေကို လွတ်လပ်ခွင့် ပိုပေးလာတာနဲ့အမျှ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကလည်း ပိုကြီးမားလာပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်၊ ၁၀ နှစ်လောက်ကဆိုရင် အမှတ်(၅) အထည်ချုပ်စက်ရုံက ရှုပ်ထားတဲ့ ပြဿနာတွေကို အစိုးရက ကယ်တင်ပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ အခုတော့ အဲဒီလောက် မလွယ်ကူတော့ပါဘူး"
သူမက ဆက်ပြောသည်။ "စကားပုံတစ်ခု ရှိတယ်လေ။ 'ရေကျသွားတဲ့အချိန်မှ ဘယ်သူက အဝတ်မပါဘဲ ရေကူးနေလဲဆိုတာကို သိရလိမ့်မယ်' တဲ့။ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒ ကျင့်သုံးပြီးနောက်မှာ နိုင်ငံပိုင်လုပ်ငန်းတွေဟာ ပိုမိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ မကြာခင်မှာ သူတို့က ပြည်တွင်းလုပ်ငန်းတွေနဲ့သာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ပါ ယှဉ်ပြိုင်ရပါလိမ့်မယ်။ ဈေးကွက်နဲ့ လိုက်လျောညီထွေ မဖြစ်နိုင်တဲ့ ကုမ္ပဏီတွေက ဒီပြိုင်ဆိုင်မှုထဲမှာ ပေါ်လွင်လာပါလိမ့်မယ်"
"ရှင်က အမှတ်(၅) အထည်ချုပ်စက်ရုံကို အင်အားကြီးမားတဲ့ လုပ်ငန်းကြီးတစ်ခုအနေနဲ့ပဲ မြင်နေတာ။ ဒါပေမဲ့ အဲဒါက သက်မဲ့ရုပ်အလောင်းတစ်ခုလို ဖြစ်နေပြီဆိုတာကို ရှင် သတိမထားမိဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဟွာချိုက် အထည်ချုပ်စက်ရုံကတော့ တက်လာတဲ့ နေလုံးလေးလိုပါပဲ။ ပိုမိုတက်ကြွတဲ့ အဖွဲ့အစည်းသစ်တစ်ခုက ကျရှုံးနေတဲ့ လုပ်ငန်းတွေကို လက်လွှဲယူလိုက်တာ ဘာတွေများ ထူးဆန်းနေလို့လဲ"
"ဒီအရာက ရှင့်ကို အံ့သြစေတယ်ဆိုရင် နောက် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာ ဒီလိုအလားတူဖြစ်ရပ်တွေ အများကြီး ထပ်ရှိလာလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ ရှင်က အမြဲတမ်း အံ့သြနေရတဲ့ အခြေအနေမှာပဲ ဆက်ရှိနေပါလိမ့်မယ်"
"သေချာတာပေါ့။ ဘောဂဗေဒ ကျောင်းသားတစ်ယောက်အနေနဲ့ ရှင် တကယ်လုပ်သင့်တာက ဒီအပြောင်းအလဲတွေကို ရင်ဆိုင်ပြီး ရှင့်သင်ယူထားတာတွေကို အသုံးချပြီး သူတို့ကို ထိန်းချုပ်ဖို့ပါပဲလို့ ကျွန်မ ယုံကြည်ပါတယ်"
"ကမ္ဘာကြီးက လျင်မြန်စွာ ပြောင်းလဲနေတာပါ။ နိုင်ငံရေးပိုစတာတွေက သမိုင်းစင်မြင့်ထက်ကနေ ထွက်သွားသင့်တာ ကြာပါပြီ။ ရှင့်မျက်လုံးတွေကို ဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ ဒီလို ဆူပူလှုပ်ရှားနေတဲ့ ခေတ်ကြီးထဲမှာ ပိုမိုကောင်းမွန်တဲ့ အလုပ်တာဝန်နေရာ ရရှိရေးထက် ကျွန်မတို့ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်"
ထိုသို့ပြောပြီးနောက် ရှန်မော့အာသည် နိုင်ငံရေးပိုစတာကို စားပွဲပေါ်သို့ ညင်သာစွာ ပြန်လည်ချထားလိုက်သည်။
တိတ်ဆိတ်မှုက လွှမ်းမိုးသွား၏။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် စားပွဲထိပ်တွင် ထိုင်နေသော ဌာနမှူးက ပထမဆုံး လက်ခုပ်တီးလိုက်သည်။ "ကောင်းလိုက်တဲ့ စကားပဲ ရှန်မော့အာ။ ဒီလို ဆူပူလှုပ်ရှားနေတဲ့ ခေတ်ကြီးထဲမှာ မင်းတို့အားလုံး လုပ်နိုင်တာတွေ အများကြီး ရှိသေးတာပေါ့"
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် ဆရာ၊ဆရာမများကလည်း လက်ခုပ်စတင်တီးလာကြသည်။
ကျောင်းသားများက တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သို့သော် နိုင်ငံရေးဘောဂဗေဒ တန်းခွဲ(၂)မှ ကျောင်းသားက လက်ခုပ်တီးကာ တိတ်ဆိတ်မှုကို ပထမဆုံး ချိုးဖျက်လိုက်၏။ "သူ ပြောတာ မှန်တယ်"
ဝက်ခြံများ ပြည့်နှက်နေသော ကျောင်းသား၏ မျက်နှာမှာ နီရဲသွားခဲ့သည်။ သူသည် ရှန်မော့အာကို စိုက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် အရှုံးပေးကာ သူ၏ခုံတွင် အားလျော့စွာ ပြန်လည်ထိုင်ချလိုက်လေတော့သည်။
ဌာနမှူးက နိဂုံးချုပ်စကား အနည်းငယ် ပြောကြားခဲ့သည်။ ယနေ့ ဆွေးနွေးခဲ့သော ကိစ္စရပ်များကို ဌာနမှ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဟု ပြောဆိုကာ လူတိုင်းကို ထွက်ခွာခွင့် ပြုလိုက်သည်။
ရှန်မော့အာက ထွက်ခွာရန် လှည့်လိုက်စဉ် ဌာနမှူးက လှမ်းခေါ်လိုက်သည်။ "ရှန်မော့အာ... ခဏလောက် နေပါဦး"
အစည်းအဝေးခန်းမထဲမှ လူအုပ်ကြီးနောက်သို့ ဖြည်းညင်းစွာ လိုက်ပါထွက်ခွာသွားသော ဝမ်စန်းချွန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်မော့အာက ပြောလိုက်သည်။ "ဌာနမှူးရှင့်... ကျွန်မကို အချိန်နည်းနည်းလောက် ပေးပါ။ ဝမ်စန်းချွန်းနဲ့ စကားခဏလောက် ပြောပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့ပါ့မယ်"
ထိုသို့ပြောပြီးနောက် သူမသည် ဝမ်စန်းချွန်းနောက်သို့ လိုက်သွားခဲ့သည်။
လှေကားထစ် နေရာတွင် ဝမ်စန်းချွန်းကို ရှန်မော့အာ အမီလိုက်နိုင်သွားသည်။ "ရှင် ချင်းပြည်နယ်ကို မသွားနိုင်ရင်၊ ဒါမှမဟုတ် မြို့တော်မှာပဲ ဆက်နေချင်တယ်ဆိုရင် ဟွာချိုက် အထည်ချုပ်စက်ရုံကို စဉ်းစားကြည့်ပါလား"
ဝမ်စန်းချွန်းသည် ချက်ချင်းပင် ပါးစပ်ကို အုပ်လိုက်ပြီး မျက်ရည်များ ဝဲတက်လာခဲ့သည်။ "ကျေးဇူးတင်ပါတယ် မော့အာရယ်... ကျေးဇူးတင်ပါတယ်"
အပြန်လမ်းတွင် ရှန်မော့အာသည် အစည်းအဝေးခန်းမထဲမှ ခိုးကြောင်ခိုးဝှက် ထွက်လာသော ဝက်ခြံများနှင့် ကျောင်းသားကို ဝင်တိုက်မိမလို ဖြစ်သွားခဲ့သည်။ သူက သူမကို မြင်သောအခါ ရပ်တန့်သွားပြီး အလွန်တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "ကျွန်တော် တောင်းပန်ပါတယ်"
ရှန်မော့အာက သူ့ကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။ "မေးခွန်းထုတ်ရဲတဲ့ သတ္တိက တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ မျက်ကန်းသံသယက အန္တရာယ်များတယ်။ နောင်တစ်ချိန်မှာ ရှင့်ရဲ့ သံသယတွေကို တကယ်အရေးကြီးတဲ့ အရာတွေဆီ ဦးတည်နိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်"
လူငယ်မှာ အံ့အားသင့်သွားပုံပေါ်ပြီးနောက် ရုတ်တရက် နားလည်သွားဟန် ရှိလေသည်။
နိုင်ငံရေးပိုစတာများမှာ သမိုင်းစင်မြင့်ထက်မှ ထွက်သွားသင့်သည်မှာ ကြာပြီဖြစ်ကြောင်း စောစောကတည်းက သူမ ပြောခဲ့ပြီး ဖြစ်သည်။
သူမက သူ ရေးခဲ့တယ်ဆိုတာကို အစောကြီးကတည်းက ရိပ်မိနေခဲ့တာပဲ။
သူ၏ ပိုစတာများတွင် ပစ်မှတ်ထားခံရသော ကျောင်းသားများက မည်သို့ တုံ့ပြန်ကြမည်ကို ကိုယ်တိုင်ကိုယ်ကျ ကြားသိသင့်သည်ဟု ဆိုကာ ဌာနက သူ့ကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ထိတ်လန့်တကြားဖြစ်ကာ အပြစ်ရှိသလို ခံစားနေရသော လူတစ်စုကို မြင်တွေ့ရလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။ အချို့မှာ ထိုဖော်ပြချက်နှင့် အမှန်တကယ် ကိုက်ညီနေခဲ့သော်လည်း ယေဘုယျအားဖြင့် အမှန်တရားမှာ သူ ထင်မှတ်ထားသလို လုံးဝ ဖြစ်မလာခဲ့ချေ။
သူသည် မိမိကိုယ်ကို သူရဲကောင်းတစ်ဦးအဖြစ် တွေးထင်ထားခဲ့သော်လည်း ယခုအခါတွင်တော့ လူပြက်တစ်ယောက်လို ခံစားနေရတော့သည်။
တကယ်တမ်းတွင် သူသည် မမျှတသော အလုပ်တာဝန် ခွဲဝေချထားမှုများဟု သူ ယူဆထားသောအရာများအပေါ် သူ၏ စိတ်ပျက်မှုများနှင့် မကျေနပ်မှုများကို ဖွင့်ထုတ်ရန်အတွက် ကောလာဟလများနှင့် တစ်ဆင့်စကားများကို အသုံးချခဲ့ခြင်းသာ မဟုတ်ပါလား။
ဝက်ခြံများနှင့် ကျောင်းသားမှာ အကြီးအကျယ် တုန်လှုပ်သွားပြီး ငေးငိုင်စွာ ထွက်ခွာသွားလေသည်။ ရှန်မော့အာသည် အစည်းအဝေးခန်းမထဲသို့ ပြန်ရောက်လာသောအခါ ဌာနမှူးနှင့် ဆရာဆရာမ အချို့မှာ ထိုနေရာတွင် ရှိနေကြဆဲ ဖြစ်သည်။
ဌာနမှူးမှာ ပြုံးရွှင်နေလေသည်။ ရှန်မော့အာနှင့် စကားအနည်းငယ် ဖလှယ်ပြီးနောက် သူ့ရည်ရွယ်ချက်ကို လျင်မြန်စွာ ထုတ်ဖော်ပြသလာခဲ့သည်။ "ဟွာချိုက် အထည်ချုပ်စက်ရုံနဲ့ အမှတ်(၅) အထည်ချုပ်စက်ရုံ ပူးပေါင်းတဲ့ကိစ္စမှာလေ... နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေတောင် ပါဝင်လာနိုင်တယ်လို့ ငါ ကြားထားတယ်။ ဒီလိုမျိုး အစုရှယ်ယာရှင် အများအပြား ပါဝင်တဲ့ ဖက်စပ်လုပ်ငန်းဆိုတာက ဟွာကော်နိုင်ငံမှာ အသစ်အဆန်းဖြစ်ပြီး သုတေသနလုပ်ဖို့အတွက် ရွှေတွင်းကြီးတစ်ခုပဲ။ ပြီးတော့ ငါတို့ကိုယ်တိုင်ကလည်း ဘောဂဗေဒဌာနက ဆိုတော့ ဌာနက ဆရာဆရာမတွေနဲ့ ကျောင်းသားတွေ ပါဝင်ဖို့ကို မင်း ကန့်ကွက်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်ပါတယ်"
ရှန်မော့အာ : "..."
ဌာနမှူး၏ ပါးနပ်မှုနှင့် အခွင့်အရေးကို အနံ့ခံနိုင်စွမ်းရှိသည်ဆိုသော ကောလာဟလများမှာ အမှန်တကယ်ပင် တိကျမှန်ကန်လှပေသည်။
...
အပိုင်း (၁၆၂)
၁၉၈၂ ခုနှစ်၊ မေလတွင် လပေါင်းများစွာ ကြိုးစားပမ်းစား ညှိနှိုင်းခဲ့ပြီးနောက် ဟွာချိုက် အထည်ချုပ်စက်ရုံသည် မြို့တော်ရှိ အမှတ်(၅) အထည်ချုပ်စက်ရုံနှင့် တရားဝင် ပူးပေါင်းသွားခဲ့သည်။
မေလ ၁၈ ရက်နေ့တွင် အမှတ်(၅) အထည်ချုပ်စက်ရုံ၏ မူလစက်ရုံအဆောက်အအုံကို ပြန်လည်မွမ်းမံပြင်ဆင်ခဲ့သည်။ ဝင်ပေါက်တွင် ပွဲတော်အလှဆင်မီးအိမ်များနှင့် စာတန်းများ ချိတ်ဆွဲထားပြီး ဗုံမောင်းသံများက လေထုထဲတွင် လွှမ်းခြုံနေ၏။ ကုန်တင်ကားတန်းကြီးက ဟွာချိုက် အထည်ချုပ်စက်ရုံ၏ စက်ပစ္စည်းများနှင့် အလုပ်သမားများကို ခြံဝင်းအတွင်းသို့ သယ်ဆောင်လာခဲ့သည်။
နံနက် ၁၀ နာရီတွင် မြို့တော်ရှိ သက်ဆိုင်ရာ ဌာနများမှ ခေါင်းဆောင်များနှင့် ဟွာချိုက် အထည်ချုပ်စက်ရုံ၏ ခေါင်းဆောင်အဖွဲ့သစ်သည် အသစ်ပူးပေါင်းထားသော စက်ရုံ၏ ဖဲကြိုးဖြတ်အခမ်းအနားအတွက် စက်ရုံတံခါးဝရှေ့တွင် စုဝေးခဲ့ကြသည်။
နားကွဲမတတ် ဆူညံနေသော ဗြောက်အိုးသံများကြားတွင် ဟွာချိုက် အထည်ချုပ်စက်ရုံ၏ ဆိုင်းဘုတ်ကို ဝင်ပေါက်တွင် ချိတ်ဆွဲလိုက်သည်။
"ငါတို့တွေ တစ်နေ့ကျရင် ဒီလောက်ကြီးမားတဲ့ စက်ရုံအဆောက်အအုံကြီးထဲကို ပြောင်းရွှေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး" လူတစ်ယောက်က မှတ်ချက်ချလိုက်သည်။
အခမ်းအနားအပြီးတွင် ရှန်မော့အာက ဂုဏ်သရေရှိ ဧည့်သည်တော်များကို သွားရောက်ပို့ဆောင်ပေးခဲ့သည်။ ကျောက်ကျိန့်ဟွေးနှင့် အခြားသူအချို့ကတော့ တံခါးဝတွင် ရပ်ကာ ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြ၏။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဟွာချိုက် အထည်ချုပ်စက်ရုံသည် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ စက်ရုံကို တည်ထောင်ရာတွင် ရှန်မော့အာနောက်သို့ အစောပိုင်းကတည်းက လိုက်ပါခဲ့သူများမှာလည်း ထိုနည်းတူ လျင်မြန်စွာ တိုးတက်လာစေရန် တွန်းအားပေးခံခဲ့ရသည်။
ဥပမာအနေဖြင့် ကျောက်ကျိန့်ဟွေးပင်။ ရှန်မော့အာနှင့်အတူ မြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာချိန်က သူသည် အမြင်ကျယ်စေရန်နှင့် အခွင့်အလမ်းများကို ရှာဖွေရန်သာ လိုလားခဲ့သည်။ သူ၏ စိတ်ကူးထဲတွင် 'မြို့တော်မှာ ခက်ခက်ခဲခဲ ရပ်တည်ပြီး သင့်တင့်တဲ့ ဝင်ငွေတစ်ခု ရရင်ပဲ လုံလောက်နေပြီ' ဟု တွေးထားခဲ့သည်။
သို့သော် တစ်လှမ်းချင်းစီဖြင့် သူသည် သည်အထိ ခရီးရောက်လာခဲ့သည်။
ဟွာချိုက် အထည်ချုပ်စက်ရုံရှိ အထွေထွေရေးရာဌာန၏ ဌာနမှူးဖြစ်စဉ်က ကျောက်ကျိန့်ဟွေးသည် သူ၏ အသက်မွေးဝမ်းကျောင်းဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ထင်မှတ်ထားခဲ့သည်။ တစ်နေ့တွင် အလုပ်သမား ၁ သောင်းနီးပါးရှိသော နိုင်ငံပိုင်စက်ရုံတစ်ခု၏ အငယ်ဆုံး ဒုတိယစက်ရုံမှူး ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါကမျှ တွေးမထားခဲ့ချေ။
ဒုတိယစက်ရုံမှူးများထဲတွင် အငယ်ဆုံးဖြစ်နေလျှင်တောင်မှ ကျောက်ကျိန့်ဟွေးသည် သူ၏ ဘိုးဘေးများအတွက် ကြီးမားလှသော ဂုဏ်ကျက်သရေကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီဟု ခံစားနေရသည်။ သူတို့၏ သင်္ချိုင်းဂူများတွင် ဂါရဝပြုသည့်အနေဖြင့် ငွေစက္ကူများကို ၃ ရက် ၃ ညတိုင်တိုင် မီးရှို့ပူဇော်သင့်သည်ဟုပင် သူ ထင်မှတ်နေခဲ့၏။
ပိုင်ကျွင့်ဝမ်က ပါးနပ်စွာဖြင့် မှတ်ချက်ချလိုက်သည်။ "ဒါတွေအားလုံးက စက်ရုံမှူးရှန်ရဲ့ ဦးဆောင်မှုကြောင့်ပါပဲ"
လျိုယင်းရွှမ်းက သူ့ကို မျက်စောင်းထိုးလိုက်၏။ "အဲဒါက မှန်ပေမယ့် ဖားနေတဲ့ အသံနဲ့တော့ တူနေတုန်းပဲ"
ပိုင်ကျွင့်ဝမ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးနောက် နောက်ဆုံးတွင် ထုတ်ပြောလိုက်သည်။ "စက်ရုံမှူးကို ဖားတာ ဘာများ မှားနေလို့လဲ"
လျိုယင်းရွှမ်းက သူ့ကို အံ့သြစွာ ကြည့်လိုက်သည်။ "အို၊ အခု ဘယ်သူကများ အကြောမာနေတာလဲ ကြည့်ပါဦး"
သူမက ဘာမှ ဆက်မပြောတော့ချေ။
ဝမ်စန်းချွန်းက အနီးတွင် ရပ်နေသည်။ သူမက သူတို့ စကားပြောနေသည်ကို မျက်ဝန်းထဲတွင် အားကျသည့် အရိပ်အယောင်လေးများဖြင့် ကြည့်နေခဲ့၏။
လျိုယင်းရွှမ်းက သူမဘက်သို့ လှည့်လိုက်သည်။ "ဌာနမှူးခွဲဝမ်၊ ရှင့်မိသားစုက ဒီတလော စာတွေ ရေးသေးလား။ ကျွန်မ ရှင့်ကို ပြောပြမယ်၊ ပျော့ညံ့တဲ့သူဆို အနင်းခံရတတ်တယ်။ ရှင် သိပ်ပြီး ပျော့ညံ့နေလို့ မရဘူး။ ရှင်က လစဉ် အိမ်ကို ပိုက်ဆံတွေ ပို့ပေးနေတာ။ ရှင့်မိဘတွေက အဲဒါကို ဘာလုပ်ကြသလဲ။ သူတို့က အဲဒီပိုက်ဆံ အကုန်လုံးကို ရှင့်မောင်လေးဆီပဲ ပုံအောပေးလိုက်တာလေ။ ရှင် ပေးခဲ့တာ လုံလောက်နေပါပြီ။ သူတို့ ရှင့်ကို အခွင့်အရေး ယူတာမျိုး အဖြစ်မခံနဲ့။ တစ်ခုခုဖြစ်ရင် ကျွန်မကိုသာ ခေါ်လိုက်ပါ။ ကျွန်မမှာ ကိုယ်တိုင် ကြုံခဲ့ရတဲ့ တိုက်ပွဲဝင် ဇာတ်လမ်းတွေ အများကြီး ရှိတယ်။ ကျွန်မ သူတို့ကို ဖြောင့်တန်းသွားအောင် လုပ်ပေးမယ်"
ဝမ်စန်းချွန်းသည် ဟွာချိုက် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသည်မှာ လပေါင်းအတော်ကြာခဲ့ပြီ။ သူမသည် နှစ်သစ်ကူးကတည်းက အိမ်သို့ မပြန်တော့ဘဲ စက်ရုံအဆောင်သို့ ပြောင်းရွှေ့နေထိုင်ရန် ရွေးချယ်ခဲ့သည်။ သူမ၏ မိသားစုက သူမထံသို့ လစဉ်နီးပါး စာရေးကြပြီး သူတို့၏ လေသံများမှာ တဖြည်းဖြည်း ပိုမို ခက်ထန်လာခဲ့၏။
ဟွာချိုက် အထည်ချုပ်စက်ရုံ၏ လစာမှာ ရက်ရောလှပေသည်။ သူမက လစဉ် လစာ၏ တစ်ဝက်ကို အိမ်သို့ ပို့ပေးနေသော်လည်း သူမ၏ မိသားစုမှာ ကျေနပ်ရောင့်ရဲမှု မရှိခဲ့ချေ။ ကျန်းစုပြည်နယ်သို့ ပြန်လာပြီး သူမ၏ အလုပ်ကို မောင်ဖြစ်သူအား လွှဲပြောင်းမပေးသည့်အတွက် သူမ၏ ပညာရေးမှာ အလဟဿဖြစ်သွားခဲ့ပြီဟု ဆဲဆိုကြသည်။ ထို့အပြင် ကျေးဇူးကန်းပြီး နှလုံးသားမရှိသူဟူ၍လည်း စွပ်စွဲကြလေသည်။
လွန်ခဲ့သောလက ရေးသားခဲ့သော စာထဲတွင် သူမကို ရှာဖွေရန် မြို့တော်သို့ လာရောက်ရန် စီစဉ်ထားကြောင်းပင် ပါရှိသေးသည်။ သူမကို အလုပ်တာဝန် ကျန်းစုသို့ ပြန်လည်ပြောင်းရွှေ့ရန် အတင်းအကျပ် ဖိအားပေးမည်။ သို့မဟုတ် မြို့တော်ရှိ သူမ၏ ရာထူးနေရာကို မောင်ဖြစ်သူက အတင်းအဓမ္မ လုယူမည်ဟူ၍ပင်။
ဝမ်စန်းချွန်း၏ အဆောင်အခန်းသည် လျိုယင်းရွှမ်း၏ အခန်းနှင့် ကပ်လျက်တွင် ရှိသည်။ လျိုယင်းရွှမ်းသည် အများအားဖြင့် အိမ်တွင်သာ နေထိုင်လေ့ရှိသော်လည်း အလုပ်နောက်ကျသည့် အချိန်များတွင်တော့ အဆောင်၌ တစ်ခါတစ်ရံ နေထိုင်တတ်သည်။
တစ်ကြိမ်တွင် လျိုယင်းရွှမ်းသည် ဝမ်စန်းချွန်း တံခါးသော့ဖွင့်နေစဉ် မျက်ရည်များ သုတ်နေသည်ကို မြင်တွေ့ခဲ့ရသည်။ မေးမြန်းကြည့်ပြီးနောက် အမှန်တရားကို သိရှိသွားခဲ့သည်။ သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရသော အတိတ်က တိုက်ပွဲဝင် ဇာတ်လမ်းများကို မျှဝေပေးခဲ့ပြီး ပြန်လည်ခုခံရန် ဝမ်စန်းချွန်းကို အားပေးခဲ့၏။
ကျောက်ကျိန့်ဟွေးက ဝင်ပြောလိုက်သည်။ "ဒုတိယစက်ရုံမှူးလျို ပြောတာ မှန်တယ်။ ရဲဘော်စန်းချွန်း၊ မင်း တစ်ခုခု လိုအပ်ရင် ကျွန်တော်တို့နဲ့ အားနာမနေပါနဲ့"
ပိုင်ကျွင့်ဝမ်က ထပ်ဖြည့်ပြောသည်။ "ဟုတ်တယ်။ ကျွန်တော်တို့နဲ့ အားနာမနေပါနဲ့။ မင်းအတွက် ကျွန်တော်တို့ ရှေ့ထွက် တိုက်ခိုက်ပေးပါ့မယ်"
လျိုယင်းရွှမ်းက သူ့ကို မနောက်ဘဲ မနေနိုင်တော့ချေ။ "ရှင်က ဘယ်လို ကစားကွက်မျိုး သုံးမှာလဲ။ သူတို့ကို သေတဲ့အထိ စကားနိုင်လုမှာလား"
ပိုင်ကျွင့်ဝမ်က မတုန်မလှုပ်ဘဲ လေးနက်စွာ ပြန်ဖြေလိုက်သည်။ "ကျွန်တော်တို့က အငြင်းပွားတာ ဒါမှမဟုတ် ရန်ဖြစ်တာမျိုး လုပ်ဖို့ မလိုပါဘူး။ ယဉ်ယဉ်ကျေးကျေးနဲ့ သူတို့ကို သတ်ပစ်လို့ ရတယ်လေ"
လျိုယင်းရွှမ်းက လှောင်ရယ်လိုက်၏။ "... ရှင့်ရဲ့ ပန်းထိုးအလုပ်ကိုပဲ ဆက်လုပ်နေစမ်းပါ"
ပိုင်ကျွင့်ဝမ်မှာ ထိုတုံ့ပြန်မှုကြောင့် ပြောစရာစကား မဲ့သွားရသည်။ သူ၏ မျက်နှာမှာ နီရဲသွားပြီးနောက် တိတ်ဆိတ်သွားလေတော့သည်။
သက်ဆိုင်ရာ ဌာနများမှ ခေါင်းဆောင်များကို ပို့ဆောင်ပြီးနောက် ရှန်မော့အာ ပြန်ရောက်လာခဲ့သည်။ သူတို့ တံခါးဝတွင် ရပ်နေကြဆဲဖြစ်သည်ကို တွေ့လိုက်ရ၏။ "ရှင်တို့ ဘာလို့ အထဲမဝင်ကြသေးတာလဲ" သူမက မေးလိုက်သည်။
လျိုယင်းရွှမ်းက ပြန်ဖြေလိုက်သည်။ "ကျွန်မတို့ တံခါးတွေကို ဝင်စီးဖို့ ရှင့်ရဲ့ ဦးဆောင်မှုကို စောင့်နေကြတာပါ"
ရှန်မော့အာက ရယ်မောလိုက်၏။ "ကောင်းပြီလေ၊ ဒါဆိုလည်း သွားကြတာပေါ့"
ထိုအဖွဲ့သည် အထဲသို့ လမ်းလျှောက်ဝင်သွားရင်း စကားပြောကာ ရယ်မောနေကြသည်။ လမ်းတစ်ဖက်ရှိ ဘတ်စ်ကားမှတ်တိုင် ဆိုင်းဘုတ်အနောက်မှ လူတစ်ယောက်က သူတို့ကို စူးရဲစွာ စိုက်ကြည့်နေသည်ကို သူတို့ သတိမပြုမိခဲ့ကြချေ။
ဟွာချိုက် အထည်ချုပ်စက်ရုံနှင့် ပူးပေါင်းပြီးနောက် မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံ၏ မူလခေါင်းဆောင်မှုအဖွဲ့ အများစုမှာ ထွက်ခွာသွားခဲ့ကြသည်။
ဥပမာအားဖြင့် ယခင် စက်ရုံမှူးဖြစ်သူ ကောင်းယုံသည် စက်ရုံ၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုအတွက် တာဝန်ယူခဲ့ရပြီး ဒေသတွင်း အလုပ်ရုံတစ်ခု၏ အလုပ်ရုံမှူးအဖြစ်သို့ "ရာထူးချ" ခံခဲ့ရသည်။ ဩဇာအာဏာရှိသော အခြားဒုတိယစက်ရုံမှူးများမှာလည်း အခြားနေရာများသို့ ပြောင်းရွှေ့သွားနိုင်ခဲ့ကြသည်။ ကျန်ရစ်ခဲ့သူများကတော့ အဆက်အသွယ် မရှိသူများ သို့မဟုတ် ဟွာချိုက်မှ လူများနှင့် ပြဿနာမရှိဟု ယုံကြည်ကာ ထွက်ခွာရန် မလိုအပ်ဟု ယူဆသူများသာ ဖြစ်ကြ၏။
ရှန်မော့အာသည် ရုံးခန်းအဆောက်အအုံထဲသို့ ဝင်ဝင်ချင်းမှာပင် ဒုတိယစက်ရုံမှူးများနှင့် ဌာနမှူးများကို အစည်းအဝေးခန်းမတွင် စုဝေးရန် လူတစ်ယောက်ကို အကြောင်းကြားခိုင်းလိုက်သည်။
သူမ၏ ရုံးခန်းသို့ ခဏဝင်ကာ လက်ဖက်ရည်တစ်ငုံသောက်ပြီး မှတ်စုစာအုပ်နှင့် ဘောပင်ကို ယူဆောင်လာခဲ့သည်။ ထို့နောက် အစည်းအဝေးခန်းမသို့ ရောက်သောအခါ လူများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။
တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် ထင်ရှားသော ကွဲပြားမှုကို မြင်တွေ့နိုင်ပေသည်။ ဟွာချိုက် အထည်ချုပ်စက်ရုံနှင့် မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံမှ ခေါင်းဆောင်များနှင့် အလယ်အလတ်တန်း အုပ်ချုပ်သူများမှာ တစ်ဖက်စီတွင် ထိုင်နေကြပြီး ရှင်းလင်းသော အုပ်စုနှစ်စုအဖြစ် ကွဲပြားနေကြလေသည်။
ရှန်မော့အာ၏ မျက်နှာအမူအရာမှာ ပြောင်းလဲမသွားချေ။ သူမက စားပွဲထိပ်တွင် နေရာယူလိုက်ပြီး မည်သည့် အစပျိုးစကားမှ မပါဘဲ စတင်လိုက်သည်။ "ဒီအစည်းအဝေးကို တိုတိုတုတ်တုတ်ပဲ လုပ်ကြရအောင်"
ဟွာချိုက်၏ ဝန်ထမ်းများမှာ သူမ၏ လိုတိုရှင်း ဟန်ပန်ကို ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သဖြင့် မည်သည့်တုံ့ပြန်မှုမျှ မပြသခဲ့ကြချေ။ သို့သော် အမှတ်(၅)မှ လူများကတော့ ဇဝေဇဝါဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
ပူးပေါင်းပြီးနောက် ပထမဆုံးနေ့မှာပင် တာဝန်ရှိသူများကို ပို့ဆောင်ပြီးသည်နှင့် တစ်ပြိုင်နက် သူမက ဌာနမှူးများ အစည်းအဝေးကို ခေါ်ယူခဲ့သည်။ ၎င်းမှာ အာဏာပြခြင်းတစ်ခုလား၊ သူတို့ကို သတိပေးခြင်းတစ်ခုလား။
သူတို့ ထိုသို့ တွေးတောနေကြခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ စက်ရုံနှစ်ရုံမှာ တစ်ချိန်က ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည်။ စွမ်းဆောင်ရည် တိုးတက်စေရန် ကြိုးပမ်းရာတွင် အမှတ်(၅)သည် ဟွာချိုက်အပေါ် မကြာခဏဆိုသလို ညစ်ပတ်သော ကစားကွက်များ သုံးခဲ့ဖူးသည် မဟုတ်ပါလား။
ယခုအခါ ယခင် ပြိုင်ဘက်များက အတူတူ ထိုင်နေကြပြီး ယခင်က ရန်သူတော်ကြီး၏ ခေါင်းဆောင်ဖြစ်သူမှာ ယခု သူတို့၏ အကြီးအကဲ ဖြစ်နေလေပြီ။ သူတို့ ဘာတွေ ရင်ဆိုင်ရမည်ကို စိတ်ကူးကြည့်ရန် မခက်ခဲလှချေ။
အမှတ်(၅) ဝန်ထမ်းများ၏ အတွင်းစိတ်လှုပ်ရှားမှုများကို သိလည်း မသိသလို ဂရုလည်းမစိုက်သော ရှန်မော့အာသည် အဓိကအချက်ကိုသာ တိုက်ရိုက် ပြောဆိုလိုက်၏။ "ပထမအချက်၊ ကျွန်မတို့က ပထမနှစ်ဝက်အတွက် မူလထုတ်လုပ်မှု အစီအစဉ်အတိုင်းပဲ ဆက်သွားပါမယ်။ ဒါပေမဲ့ စက်ရုံရဲ့ အတိုင်းအတာက ကျယ်ပြန့်လာတဲ့အတွက် ဒီဇိုင်းအဖွဲ့က တစ်ပတ်အတွင်း အနည်းဆုံး ဒီဇိုင်းအသစ် ၃ မျိုးကို ထုတ်ပေးဖို့ လိုအပ်တယ်။ လဝက်အတွင်းမှာ ထုတ်လုပ်မှု စတင်နိုင်ဖို့ ကျွန်မတို့ ရည်ရွယ်ထားပါတယ်..."
"ဒုတိယအချက်၊ ဌာနအားလုံးက ဒုတိယနှစ်ဝက်အတွက် သူတို့ရဲ့ ထုတ်လုပ်မှု အစီအစဉ်တွေကို ပြုပြင်ပြောင်းလဲရပါမယ်။ လကုန်ရင် ပဏာမ ရလဒ်တွေကို ကျွန်မတို့ လိုအပ်ပါတယ်၊"
"တတိယအချက်၊ ကွမ်ကျိုး ကုန်စည်ပြပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ အရောင်းဌာနက လူ ၂ ယောက်ကို တာဝန်ပေးသင့်တယ်။ အဝတ်အထည် ကဏ္ဍအတွက် နေရာရဖို့က ခက်ခဲပါတယ်။ ဒီနှစ် ဆောင်းဦးရာသီ ပြပွဲအတွက် ကျွန်မတို့ အမီလိုက်နိုင်ဖို့ မဖြစ်နိုင်တာမို့လို့ နောက်နှစ် နွေဦး ဒါမှမဟုတ် ဆောင်းဦးရာသီအတွက်ကိုပဲ ရည်ရွယ်ထားပါမယ်..."
သူမ၏ ညွှန်ကြားချက်များမှာ တိုတုတ်ပြီး ရှင်းလင်းပြတ်သားလှသည်။ ဟွာချိုက်၏ ဝန်ထမ်းများက ချောမွေ့စွာ မှတ်စုယူကြပြီး တစ်ခါတစ်ရံ မေးခွန်းများဖြင့် ကြားဖြတ်မေးမြန်းကြသည်။ ထိုအခါ ရှန်မော့အာက မေးမြန်းသူနှင့် အမြန်ဆွေးနွေး အဖြေရှာပေးပြီး အလုပ်ပြီးမြောက်အောင် သေချာဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးမှာ လျင်မြန်သော နှုန်းထားဖြင့် ရှေ့ဆက်နေပြီး အချက်အလက်များစွာ ပါဝင်နေခဲ့သည်။ မကြာမီမှာပင် အမှတ်(၅) ဝန်ထမ်းများ၏ ခေါင်းထဲတွင် တခြားအတွေးအတွက် နေရာမရှိတော့ဘဲ သူတို့လည်း အလုအယက် မှတ်စုများ လိုက်ရေးကြရတော့သည်။
အစည်းအဝေး ပြီးဆုံးသွားသောအခါ ယခင် အမှတ်(၅) ဒုတိယစက်ရုံမှူးများသည် မှတ်စုများဖြင့် ပြည့်ကျပ်နေသော သူတို့၏ စာမျက်နှာများကို ရှုပ်ထွေးသော မျက်နှာအမူအရာများဖြင့် စိုက်ကြည့်နေခဲ့ကြ၏။
ဟွာချိုက် အောင်မြင်လာခြင်းမှာ အံ့သြစရာတော့ မဟုတ်ချေ။ သူတို့၏ ချဉ်းကပ်ပုံနှင့် အလုပ်လုပ်ကိုင်ပုံ ကျင့်ဝတ်များမှာ ကောင်းယုံနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည် မဟုတ်ပါလား။
ရှန်မော့အာသည် သူမ၏ ရုံးခန်းတံခါးဝသို့ ရောက်သောအခါ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူမ၏ အတွင်းရေးမှူး ရှောင်ကျိုးကို ညွှန်ကြားလိုက်သည်။ "နောက်အပတ်မှာ စူးမိသားစု ဖက်စပ်လုပ်ငန်းက လုပ်ဖော်ကိုင်ဖက်တွေ စစ်ဆေးရေးအတွက် လာကြလိမ့်မယ်။ ဧည့်ကြိုရုံးခန်းကို ဧည့်ခံရေး အစီအစဉ်တစ်ခု ပြင်ဆင်ခိုင်းထားလိုက်။ ရိုးရိုးရှင်းရှင်းပဲ လုပ်ပါ။ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့် ၂ ရက် ပါဝင်တဲ့ ရှင်းလင်းတဲ့ အစီအစဉ်တစ်ခုပဲ လိုတယ်"
ရှောင်ကျိုးက ခေါင်းညိတ်လိုက်ပြီး ဧည့်ကြိုရုံးခန်းသို့ ထွက်သွားခဲ့သည်။
ယခင် ဟွာချိုက် ဝန်ထမ်းတစ်ဦးဖြစ်သော ရှောင်ကျိုးသည် ရှန်မော့အာ၏ အတွင်းရေးမှူးအဖြစ် ၂နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး သူမ၏ ယုံကြည်စိတ်ချရသော အတွင်းအသိုင်းအဝိုင်းထဲမှ တစ်ဦး ဖြစ်လေသည်။
ရုံးခန်းအနီးသို့ ရောက်ရှိလာချိန်တွင် ပျံ့လွင့်နေသော အတင်းအဖျင်းစကားများကို သူမ ကြားလိုက်ရသည်။ "...သူက တကယ့်ကို ပြတ်သားလွန်းတယ်။ ဒီလောက် စိတ်ဆန္ဒပြင်းပြတဲ့ အမျိုးသမီးရဲဘော်ကို သူ့ယောကျ်ားက ဘယ်လိုများ သည်းခံနေလဲ မသိပါဘူး"
ရှောင်ကျိုးက တမင်တကာ ချောင်းဟန့်လိုက်ပြီး အခန်းထဲတွင် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ အထဲသို့ မဝင်ခင် သူမက စက္ကန့်ပိုင်းလောက် စောင့်ဆိုင်းလိုက်၏။
ဧည့်ကြိုရုံးခန်းတွင် စားပွဲ ၄ လုံးပါရှိသော အပြင်ဘက် ဧရိယာတစ်ခုနှင့် ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့အတွက် အတွင်းခန်းများ ပါရှိသည်။
ဟွာချိုက်သည် အုပ်ချုပ်ရေးနှင့် အထောက်အကူပြု ဝန်ထမ်းများကို အနည်းဆုံးသာ ထားရှိခဲ့သည်။ ထို့ကြောင့် ပူးပေါင်းပြီးနောက်တွင် ရှန်မော့အာက ဟွာချိုက်၏ ရုံးဝန်ထမ်းဟောင်းများကို အခြားဌာနများသို့ ပြောင်းရွှေ့ပေးခဲ့သည်။ ရလဒ်အနေဖြင့် လက်ရှိရုံးခန်းတွင် ယခင် အမှတ်(၅) ဝန်ထမ်းများကသာ အများစု နေရာယူထားကြ၏။
သူတို့က စက်ရုံမှူး၏ နောက်ကွယ်တွင် အတင်းပြောရဲလောက်အောင် ရဲတင်းနေကြသည်မှာ အံ့သြစရာတော့ မဟုတ်ချေ။ ရှောင်ကျိုး ဝင်လာသောအခါ ဝန်ထမ်းများက အတင်းလုပ်ယူထားသော အပြုံးများဖြင့် သူမကို နှုတ်ဆက်ကြလေသည်။
ရှောင်ကျိုးက စက်ရုံရုံးခန်း ညွှန်ကြားရေးမှူးထံသို့ တန်းတန်းမတ်မတ် သွားရောက်ကာ ရှန်မော့အာ၏ မှာကြားချက်ကို လက်ဆင့်ကမ်း ပြောပြလိုက်သည်။
ရုံးခန်းညွှန်ကြားရေးမှူးမှာ အံ့အားသင့်သွားဟန် ရှိသည်။ "စူးမိသားစုရဲ့ ဖက်စပ်လုပ်ငန်းက လုပ်ဖော်ကိုင်ဖက်တွေလား"
ရှောင်ကျိုးက သူ့ကို သတိပေးလိုက်၏။ "နိုင်ငံခြားရောက် ဟွာကော်စီးပွားရေးလုပ်ငန်းရှင် ရင်းနှီးမြှုပ်နှံသူတွေလေ"
ထိုအခါမှ ညွှန်ကြားရေးမှူးက ရုတ်တရက် နားလည်သွားသည်။ "သဘောပေါက်ပါပြီ။ အခုလို ကြိုပြောပေးတာ ကျေးဇူးတင်ပါတယ် အတွင်းရေးမှူးကျိုး"
ရှောင်ကျိုးက ပြုံးကာ ကိစ္စမရှိကြောင်း ပြောပြီးနောက် ထွက်ခွာရန် လှည့်လိုက်သည်။ တံခါးဝသို့ ရောက်သည်နှင့် သူမ ရုတ်တရက် ရပ်တန့်လိုက်ပြီး စားပွဲဘေးကလူကို ပြောလိုက်သည်။ "စက်ရုံမှူးရှန်မှာ ပြတ်သားတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူ့ယောကျ်ားက သူ့ကို အရမ်းလေးစားတာပါ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်ကောင်းမွန်ပါတယ်။ တစ်ယောက်ယောက်ကများ တခြားစကားတွေ ပြောနေမယ်ဆိုရင် သူ့ယောကျ်ားဖြစ်တဲ့ ရဲဘော်ဖုက သဘောကျမှာ မဟုတ်ဘူး"
ခဏရပ်သွားပြီးနောက် သူမက ထပ်ဖြည့်ပြောလိုက်သည်။ "တစ်ယောက်ယောက်မှာ အမြင်တွေ၊ အကြံပြုချက်တွေ ရှိရင် အကြံပြုစာတိုက်ပုံးထဲကို ထည့်ထားနိုင်ပါတယ်။ ကျွန်မ အဲဒါတွေကို အပတ်စဉ် လိုက်သိမ်းပြီး စက်ရုံမှူးကလည်း ဖတ်ပါတယ်"
ထိုသို့ပြောပြီးနောက် ရှောင်ကျိုးသည် စက်ရုံရုံးခန်းထဲမှ ထွက်ခွာသွားလေသည်။
ရုံးခန်းထဲတွင် ခဏ တိတ်ဆိတ်သွားပြီးနောက် လူတစ်ယောက်က "လူကြီးလုပ်ချင်နေတာ" ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သို့သော် ထိုထက်ပိုပြီး မပြောရဲတော့ချေ။
...