← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အပိုင်း (၁၆၃)

စက်ရုံသစ်တွင် အလုပ်များနေရင်းက ရှန်မော့အာသည် အိမ်ပြောင်းရန်လည်း စတင်စီစဉ်နေခဲ့သည်။

သူတို့သည် ကျောင်းနှင့်နီးကာ သွားလာရလွယ်ကူစေရန် ဤခြံဝင်းကို ရွေးချယ်နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ရှန်မော့အာမှာ ကျောင်းပြီးသွားခဲ့ပြီ ဖြစ်သည်။ ယုံနင်လမ်းကြားရှိ အိမ်ကိုလည်း အပြီးသတ် ပြင်ဆင်ပြီးဖြစ်သဖြင့် ထိုနေရာသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ကြ၏။

အမှန်တကယ်တွင် ဖုမင်ဇယ်က ကျောင်းတက်နေဆဲပင်။ ထိုတက္ကသိုလ်၌ပင် မဟာဘွဲ့အတွက် ဆက်လက် ပညာသင်ကြားနေသည်။

သို့သော် ရှန်မော့အာ အိမ်ပြောင်းချင်နေသည်ကို ဖုမိသားစုမှ လူကြီးများ ကြားသိရသောအခါ တစ်သဘောတည်း သဘောတူခဲ့ကြသည်။ ဖုမင်ဇယ်သည် ယောက်ျားကြီးတစ်ယောက်ဖြစ်သဖြင့် အသွားအလာ ခက်ခဲသည်ကို ခံနိုင်ရည်ရှိရမည်။ အရေးအကြီးဆုံးမှာ သူ၏ ဇနီးနှင့် ကလေး သက်သောင့်သက်သာ နေထိုင်နိုင်ရေးသာ ဖြစ်သည် ဟူ၍ပင်။

ဖုမင်ဇယ်ကိုယ်တိုင်ကလည်း မကန့်ကွက်ခဲ့ချေ။ ထို့အပြင် ယုံနင်လမ်းကြားရှိ သူငယ်တန်းကျောင်းမှာ ပိုမိုကောင်းမွန်သော အထောက်အကူပြုပစ္စည်းများ ရှိသည်။ ၎င်းက လျန်လျန်လေး ထိုကျောင်းတွင် စတင်ကျောင်းတက်ရန် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်နေခဲ့သည်။

ထို့ကြောင့် တစ်မိသားစုလုံးက ပျော်ရွှင်စွာဖြင့် အိမ်ပြောင်းရန် ဆုံးဖြတ်လိုက်ကြလေသည်။

မြို့တော်တွင် နေထိုင်ခဲ့သော နှစ်များအတွင်း ရှန်ရှောက်ယွမ်သည် ထူးခြားသော မိတ်ဆွေသူငယ်ချင်း တော်တော်များများကို ရရှိခဲ့သည်။ ထို့နောက် အိမ်ပြောင်းရန် ကောင်းမွန်သော နေ့ရက်တစ်ခုကို ရွေးချယ်ပေးရန် ထိုသူငယ်ချင်းများထဲမှ တစ်ဦးကို အကူအညီ တောင်းလိုက်၏။

ရှန်မော့အာသည် ပစ္စည်းများကို သိမ်းဆည်းပြီးဖြစ်ကာ ပိတ်ရက်တွင် တစ်ခါတည်း ပြောင်းရွှေ့နိုင်ရန် အကူအညီရယူဖို့ စီစဉ်ထားခဲ့သည်။ သို့သော် ရှန်ရှောက်ယွမ်၏ သူငယ်ချင်း ရွေးချယ်ပေးလိုက်သော နေ့ရက်မှာ ရက်အနည်းငယ် လိုနေသေးသည်။ ထို့ကြောင့် မိသားစုမှာ ဤခြံဝင်းငယ်လေးထဲတွင် ခဏလောက်တော့ ဆက်လက်နေထိုင်ရဦးမည်။

ထိုအချိန်မှာပင် စူးကျင်းနျန်သည် သူ၏ မိသားစုနှင့်အတူ မြို့တော်သို့ ရောက်ရှိလာခဲ့လေသည်။

ယခုတစ်ကြိမ်တွင် စူးကျင်းနျန်သည် ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေဖြင့် ဟွာကော်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ သူ့ကို လေဆိပ်တွင် စီးပွားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လာရောက်ကြိုဆိုခဲ့ကြသည်။ ရှန်မော့အာသည်လည်း ဟွာချိုက် အထည်ချုပ်စက်ရုံ၏ စက်ရုံမှူးအနေဖြင့် ထိုနေရာတွင် ရှိနေခဲ့၏။

စူးကျင်းနျန်၏ ဇနီးဖြစ်သူ ယန်ထုန်သည် နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိလှသည်။ သေသပ်ကျနသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှန်မော့အာကို မြင်သောအခါ နွေးထွေးစွာ ပြုံးပြလိုက်သည်။ "မော့အာ.. နောက်ဆုံးတော့ တွေ့ရပြီ။ တွေ့ရတာ အရမ်းဝမ်းသာတာပဲကွယ်"

ဤသူမှာ သူမ၏ ခင်ပွန်းဖြစ်သူ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားရှာဖွေနေခဲ့သော ဆွေမျိုးတစ်ဦး ဖြစ်သည်။ သားသမီးများမှလွဲ၍ သူ၏ တစ်ဦးတည်းသော မိသားစုဝင်လည်း ဖြစ်ပေသည်။ ယန်ထုန်သည် သူမ၏ ခင်ပွန်းဖြစ်သူက ဤတူမလေးကို ဘယ်လောက်အထိ တန်ဖိုးထားကြောင်း ကောင်းစွာ နားလည်ထားလေသည်။

သူမက သူတို့နှင့်အတူ လိုက်ပါလာသော လူငယ်များကို မိတ်ဆက်ပေးလိုက်သည်။ "ဒါက မင်းရဲ့အစ်ကို စူးဟောက်၊ ဒါက မင်းရဲ့ညီမ စူးထင်။ ပြီးတော့ ဒါက အဒေါ်တို့ဘက်က တူ ယန်လဲ့နဲ့ တူမ ယန်ချန်တို့လေ"

ရှန်မော့အာက ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။ "မင်္ဂလာပါ"

စူးထင်က သူမကို သိချင်စိတ်ပြင်းပြစွာ ကြည့်ကာ ပြောလိုက်သည်။ "အစ်မမော့အာ... အစ်မက တအားကို တော်တယ်လို့ ဖေဖေက ပြောတယ်။ ဒါပေမဲ့ ကျွန်မကတော့ အစ်မက ပိုပြီးလှတယ်လို့ ထင်တယ်"

နိုင်ငံရပ်ခြားတွင် ကြီးပြင်းလာခဲ့ရသောကြောင့် ဖြစ်နိုင်သည်။ စူးထင်၏ ဟွာကော်စကားပြောပုံမှာ အနည်းငယ် တောင့်တင်းနေလေသည်။

သူမသည် အသက် ၂၀ ကျော်အစပိုင်း အရွယ်ခန့်သာ ရှိသေးပုံပေါ်သည်။ သူမမှာ တက်ကြွလန်းဆန်းနေပြီး ရှန်မော့အာအပေါ်တွင် သိချင်စိတ်နှင့် နွေးထွေးမှုများ အပြည့်အဝ ရှိနေခဲ့၏။

ရှန်မော့အာကလည်း ဤညီမဝမ်းကွဲလေးကို အတော်လေး ချစ်စရာကောင်းသည်ဟု မြင်ကာ ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ညီမလေးကလည်း တအားကို လှတာပဲ"

စူးထင်က ချက်ချင်းပင် ပြုံးရွှင်သွားခဲ့သည်။ "ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်"

စူးဟောက်က ရှန်မော့အာကို ခဏအကဲခတ်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ "ညီမလေး မော့အာ"

ယန်လဲ့နှင့် ယန်ချန်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် သတိထားစောင့်ကြည့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း အပြင်ပန်းတွင်တော့ ဘာမှ မပြသခဲ့ကြချေ။ သူတို့ကလည်း သူမကို နှုတ်ဆက်လိုက်ကြ၏။ "မော့အာ"

စီးပွားရေးဝန်ကြီးဌာနက ကျန်းကော်ဟိုတယ်တွင် ကြိုဆိုရေး ညစာစားပွဲတစ်ခုကို စီစဉ်ထားခဲ့သည်။ စူးကျင်းနျန်မှာ အနည်းငယ် သောက်လွန်သွားခဲ့၏။ ညစာစားပြီးနောက် မိသားစုဝင်များမှာ အနားယူရန် သူတို့၏ အခန်းများဆီသို့ ပြန်သွားကြပြီး ရှန်မော့အာကတော့ အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့လေသည်။

နောက်တစ်နေ့တွင် ဟွာချိုက် အထည်ချုပ်စက်ရုံသည် အစီအစဉ်အတိုင်း ကျန်းကော်ဟိုတယ်မှ စူးကျင်းနျန်နှင့် သူ့မိသားစုကို စက်ရုံသို့ လေ့လာရေးလာရောက်ရန် ကားတစ်စီး စေလွှတ်ကြိုဆိုခဲ့သည်။

စက်ရုံဝင်ပေါက်တွင် "လှိုက်လှဲစွာ ကြိုဆိုပါ၏" ဟူသော စာတန်းတစ်ခုကို ချိတ်ဆွဲထားပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် ပန်းခြင်း ၂ခြင်းကို ထားရှိထားသည်။ ရှန်မော့အာသည် စက်ရုံမှ ခေါင်းဆောင်များကို ဦးဆောင်ကာ သူတို့ကို လာရောက်နှုတ်ဆက်ခဲ့၏။

စူးကျင်းနျန်သည် ကားပေါ်မှ ဆင်းလာချိန်တွင် သေသပ်ကျနသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သူ၏တူမလေးကို မြင်တွေ့လိုက်ရသည်။ သူမသည် လူအုပ်ကြားထဲတွင် တည်ငြိမ်အေးဆေးစွာ ရပ်နေပြီး မျက်နှာအမူအရာမှာလည်း တည်ငြိမ်ရင့်ကျက်နေလေသည်။ သူ၏ ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်လျှံသွားခဲ့၏။ သူက တကယ်ကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်နေပြီပဲ။

မနေ့က လေဆိပ်တွင် လူများပြားလှသဖြင့် သူမနှင့် သေချာစကားပြောခွင့် မရခဲ့ချေ။

သို့သော် ယနေ့မှာလည်း အချိန်အခါကောင်း မဟုတ်သေးပေ။ ဤအရာများအားလုံးမှာ စီးပွားရေးလုပ်ငန်း ကိစ္စများသာ ဖြစ်နေသည် မဟုတ်ပါလား။

ရှန်မော့အာက သူ့ကို ကြိုဆိုရန် ရှေ့သို့ တိုးလာပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ "မစ္စတာစူး၊ ကြိုဆိုပါတယ်"

စူးကျင်းနျန်က မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "စက်ရုံမှူးရှန်... အားနာနေစရာ မလိုပါဘူး"

တူဝရီးနှစ်ယောက်သည် ရှေ့မှ လျှောက်သွားကြပြီး ရှန်မော့အာက လမ်းလျှောက်ရင်း စက်ရုံ၏ အခြေအနေများကို မိတ်ဆက်ရှင်းပြနေခဲ့သည်။ စူးကျင်းနျန်က တစ်ခါတစ်ရံတွင် သဘောတူထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြပြီး သူ့ရင်ထဲတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

စူးထင်သည် ပတ်ဝန်းကျင်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်ရှုနေခဲ့သည်။ မော့အာသည် ဤစက်ရုံကို အလုပ်ရုံငယ်လေးတစ်ခုမှ တိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်း သူမ၏ အဖေက ပြောပြထားခဲ့သည်။ သူမ၏ အဖေက ငွေအနည်းငယ် ရင်းနှီးမြှုပ်နှံပေးခဲ့သော်လည်း ဘာမှမရှိသောအခြေအနေမှ စတင်ကာ ဤအဆင့်အထိ ရောက်ရှိလာခြင်းမှာ အမှန်တကယ်ပင် အထင်ကြီးလေးစားဖွယ် ကောင်းလှပေသည်။

"စက်ရုံမှူးရှန်က တအားကို တော်တာပဲ။ ဟုတ်တယ်မလား ကိုကို" စူးထင်က စူးဟောက်ကို နောက်ပြောင်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ယနေ့သည် တရားဝင် အခမ်းအနားဖြစ်သဖြင့် လူပုံအလယ်တွင် မော့အာကို စက်ရုံမှူးရှန်ဟု ခေါ်ဆိုရန် အဖေဖြစ်သူက ထွက်မလာခင်က သူမကို သတိပေးထားခဲ့သည်။

စူးဟောက်က တိတ်ဆိတ်စွာပင် ခေါင်းညိတ်ပြလိုက်၏။

ယန်ချန်က မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ "ဦးလေးက ရင်းနှီးမြှုပ်နှံပေးလို့သာ သူ ဒီရာထူးကို ဆက်ရထားတာ မဟုတ်ဘူးလား။ အခု ရှန်းကျန်းမှာ ရင်းနှီးမြှုပ်နှံတာက အလားအလာအကောင်းဆုံးလို့ ငါ ကြားထားတယ်။ အဲဒီမှာ နိုင်ငံခြားအရင်းအနှီးတွေအတွက် အထောက်အကူပြုတဲ့ မူဝါဒတွေ အများကြီးရှိတယ်လေ။ ရှန်းကျန်းကို မရွေးဘဲ ဒီမှာ လာရင်းနှီးမြှုပ်နှံတာက အလဟဿ ဖြစ်တာပဲ"

ယန်လဲ့က ပြုံးကာ ပြောလိုက်သည်။ "ချန်ချန် ပြောတဲ့စကားက ပွင့်လင်းလွန်းပေမယ့် သူပြောတာက အမှန်တရားပဲလေ။ ဒါပေမဲ့ ထင်ထင်.. ဒါကို ဦးလေးကို မပြောပြနဲ့နော်။ ငါတို့က မြင်တဲ့အတိုင်း ပြောပြရုံသက်သက်ပါ။ မင်းရဲ့ အစ်မဝမ်းကွဲကို စော်ကားလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး"

စူးဟောက်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

စူးထင်ကတော့ ဂရုမစိုက်ခဲ့ချေ။ "ဖေဖေက ရင်းနှီးမြှုပ်နှံမှုကနေရမယ့် အကျိုးအမြတ်တွေကို ဂရုမစိုက်ပါဘူး။ သူက အစ်မမော့အာကို ပေးချင်ရုံသက်သက်ပါပဲ။ ဒါပေမဲ့ အစ်မက လက်မခံခဲ့ဘူးလေ"

ယန်လဲ့မှာ တောင့်တင်းသွားပြီး သူ့အပြုံးကိုပင် မနည်းထိန်းထားလိုက်ရသည်။

ယန်မိသားစုသည် ဤနှစ်များအတွင်း စူးမိသားစု၏ လမ်းညွှန်မှုနောက်သို့ လိုက်ကာ ငွေကြေးနည်းနည်းပါးပါး ရှာဖွေနိုင်ခဲ့သည်။ သို့သော် စူးမိသားစုနှင့် ယှဉ်လိုက်ပါက နေ့နှင့် ညလို ကွာခြားလှပေသည်။

သို့သော် စူးကျင်းနျန်၏ မိဘများ ကွယ်လွန်သွားခဲ့ပြီး အခြားဆွေမျိုးများ မရှိတော့သဖြင့် သူသည် ယန်မိသားစုနှင့် ရင်းနှီးလာခဲ့သည်။ ဇနီးဖြစ်သူ၏ တူ၊ တူမများကိုလည်း သူ၏ ကိုယ်ပိုင်သားသမီးများကဲ့သို့ သဘောထားခဲ့၏။

ယန်လဲ့နှင့် ယန်ချန်တို့မှာ စူးမိသားစုအိမ်တွင် ကြီးပြင်းလာခဲ့ရသည်ဟု ဆိုလျှင်ပင် ရသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် စူးကျင်းနျန် ကွယ်လွန်ပြီးနောက် အမွေတစ်စိတ်တစ်ပိုင်းကို သူတို့ ရရှိလိမ့်မည်ဟု မှတ်ယူထားခဲ့ကြသည်။

သို့သော် ရုတ်တရက်ဆိုသလို စူးကျင်းနျန်သည် သူ့ညီမဖြစ်သူ၏ ပျောက်ဆုံးနေသော သမီးကို ရှာတွေ့သွားခဲ့သည်။ အမေရိကသို့ ပြန်ရောက်ပြီးနောက် သူ ကိုယ်တိုင် ပစ္စည်းများစွာကို ဝယ်ယူကာ ဟွာကော်နိုင်ငံသို့ ပစ္စည်းအထုပ်အပိုးများကို အဆက်မပြတ် ပို့ဆောင်ပေးခဲ့သည်။ နောက်ပိုင်းတွင် သူမ၏ စက်ရုံ၌ ငွေကြေးအမြောက်အမြားကိုပင် ရင်းနှီးမြှုပ်နှံပေးခဲ့လေသည်။

သူသည် စူးဟောက်နှင့် စူးထင်အပေါ်တွင်ပင် သည်လောက်အထိ ဂရုတစိုက် မရှိခဲ့ဖူးချေ။

ဤကိစ္စနှင့် ပတ်သက်၍ စူးမောင်နှမများက မည်သို့ခံစားရမည်ကို ယန်လဲ့နှင့် ယန်ချန်တို့ မသိရှိကြသော်လည်း တဖြည်းဖြည်း ဝင်ရောက်လာသော အကျပ်အတည်း ခံစားချက်ကိုတော့ သူတို့သည် လျစ်လျူမရှုနိုင်ခဲ့ကြချေ။

စူးကျင်းနျန်သည် ဘယ်တော့မှ ကပ်စေးမနှဲတတ်သော်လည်း ဤမျှလောက်အထိ ရက်ရောမှုမျိုးမှာ ယခင်က တစ်ခါမှ မရှိခဲ့ဖူးပေ။

အထူးသဖြင့် ယနေ့တွင် အမြဲတမ်း တည်ကြည်ခက်ထန်တတ်သော စူးကျင်းနျန်က ရှန်မော့အာ၏ အရှေ့တွင် အလွန်နွေးထွေးပြီး စကားများနေသည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံများက ယခင်ကထက် ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တော့သည်။

ယန်ချန်က ဘာမှမသိနားမလည်သော စူးထင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့အဒေါ်နဲ့ ဦးလေးက အလိုလိုက်ပြီး အရိပ်တကြည့်ကြည့်နဲ့ မွေးထားလို့ ဒီညီမဝမ်းကွဲလေးက တအားကို အလိုလိုက်ခံထားရတာပဲ။ သူတို့အမွေတွေအတွက် ခြိမ်းခြောက်မှုအသစ်တစ်ခု ပေါ်လာတာတောင်မှ သူက ဘာတုံ့ပြန်မှုမှ မပြဘူး။

စက်ရုံကို လေ့လာပြီးနောက် နေ့လယ်စာကို စားသောက်ခန်းမတွင် တည်ခင်းကျွေးမွေးခဲ့သည်။ ထို့နောက် မွန်းလွဲပိုင်းတွင် မျက်နှာစုံညီ ဆွေးနွေးပွဲတစ်ခုကို ဆက်လက်ကျင်းပခဲ့သည်။

တစ်နေ့တာ အစီအစဉ်မှာ ညနေ ၄ နာရီတွင် ပြီးဆုံးသွားခဲ့သည်။ ရှန်မော့အာက သူတို့ကို တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ စူးကျင်းနျန်နှင့် အခြားသူများ ကားပေါ်တက်ရန် ပြင်နေစဉ် လူအနည်းငယ်က ရုတ်တရက် ပြေးထွက်လာပြီး သူ၏ အရှေ့တွင် ဒူးထောက်ချလိုက်ကြသည်။ "သူဌေးကြီး... ခင်ဗျားက ဒီစက်ရုံရဲ့ ရင်းနှီးမြှုပ်နှံသူမလား။ ခင်ဗျားက ကျွန်တော်တို့ စက်ရုံကို သိမ်းပိုက်လိုက်ပေမယ့် ဆယ်စုနှစ်ချီပြီး အလုပ်လုပ်လာခဲ့တဲ့ ကျွန်တော်တို့ အလုပ်သမားတွေကိုကျတော့ အလုပ်ထုတ်ပစ်ခဲ့တယ်။ ဒါက မတရားဘူးဗျ"

သူတို့က ကျယ်လောင်စွာ အော်ဟစ်ငိုယိုလာကြ၏။

စူးကျင်းနျန်မှာ တောင့်တင်းသွားပြီး မျက်မှောင်ကြုတ်လျက် ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်ကာ သူတို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

မြေပြင်ပေါ်ရှိ မျက်လုံးမှေးမှေးနှင့် အမျိုးသမီးက မျက်လုံးများကို ကလည်ကလည်လုပ်ကာ ပိုမိုကျယ်လောင်စွာ ငိုယိုလိုက်သည်။ "သူဌေးကြီး... ရှင်က ကုသိုလ်ရဖို့ ဟွာကော်ပြည်ကို ပြန်လာပြီး ရင်းနှီးမြှုပ်နှံတာ။ ဒါပေမဲ့ ဒီရှန်မော့အာက ဘယ်လောက်တောင် အရှက်မရှိဘူးလဲဆိုတာ ရှင် မသိဘူး။ စက်ရုံရဲ့ အမြတ်အစွန်းတွေ တိုးလာအောင်ဆိုပြီး သူက ကျွန်မတို့လို ဝါရင့်အလုပ်သမားတွေကို မောင်းထုတ်ခဲ့တာ။ ကျွန်မတို့မှာ လုပ်ခလစာ နည်းနည်းလေးနဲ့ ကျွေးမွေးစောင့်ရှောက်ရမယ့် အသက်ကြီးနေတဲ့ မိဘတွေ၊ ကလေးတွေ ရှိသေးတယ်လေ။ သူက တကယ့်ကို အရှက်မရှိတဲ့ မိန်းမပဲ"

သူမက စကားပြောနေစဉ် ရှန်မော့အာကို ခိုးကြည့်လိုက်သည်။ သို့သော် ရှန်မော့အာမှာ သူမ မျှော်လင့်ထားသလို ထိတ်လန့်နေခြင်း မရှိသည်ကို တွေ့လိုက်ရ၏။ ယင်းအစား ရှန်မော့အာက သူတို့ကို ဖျော်ဖြေပွဲတစ်ခု ကြည့်နေသကဲ့သို့ စောင့်ကြည့်နေပြီး လုံခြုံရေးခေါ်ရန် လက်ဟန်ပြလိုက်လေသည်။

သူတို့၏ အကြံအစည်မှာ ပျက်စီးလုနီးပါး ဖြစ်သွားတော့သည်။ အမျိုးသမီး၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားပြီး စူးကျင်းနျန်အနီးသို့ တိုးသွားကာ ပိုမိုကျယ်လောင်စွာ အော်ငိုလိုက်သည်။ "သူဌေးကြီး... မျက်လုံးဖွင့်ကြည့်ပါဦး။ ဒီစက်ရုံကို ရှန်မော့အာဆီ ယုံယုံကြည်ကြည် အပ်ထားလို့ မရဘူး။ သူက လူကောင်း မဟုတ်ဘူး"

စူးကျင်းနျန်မှာ ဆက်သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "စက်ရုံတစ်ရုံမှာ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ အမြတ်အစွန်းရဖို့ မဟုတ်ဘဲ ဘာအတွက်လဲ။ မင်းတို့လို အသုံးမကျတဲ့ကောင်တွေကို ကျွေးမွေးထားဖို့လား။ ငါ့တူမကို ငါ့မျက်နှာရှေ့မှာ လာစော်ကားပြီး ငါက သဘောတူမယ်လို့ မင်းတို့ ထင်နေတာလား။ ရယ်စရာပဲ။ သူ့ရဲ့ဦးလေးတစ်ယောက်အနေနဲ့ သူ ဘယ်လိုလူမျိုးလဲဆိုတာကို ငါ ကောင်းကောင်းသိတယ်။ မင်းတို့ကို သူ အလုပ်ထုတ်ခဲ့တယ်ဆိုရင် သူ့မှာ အကြောင်းပြချက်တွေ ရှိလို့ပဲ။ မင်းတို့က သူ့ကို အသရေဖျက်နေတာပဲ"

ထိုအချိန်မှာပင် လုံခြုံရေးများ ရောက်ရှိလာခဲ့သည်။ စူးကျင်းနျန်က ဒေါသတကြီးဖြင့် ညွှန်ကြားလိုက်၏။ "သူတို့ကို ဖမ်းချုပ်ပြီး ရဲလက်ကို အပ်လိုက်စမ်း"

လုံခြုံရေးအဖွဲ့မှာ တွေဝေသွားပြီး ရှန်မော့အာကို ကြည့်လိုက်ကြသည်။ သူမက ဒေါသထွက်နေသော စူးကျင်းနျန်ကို ကြည့်ကာ ရယ်မောလိုက်သည်။ "ကောင်းပြီလေ.. မစ္စတာစူးရဲ့ အမိန့်အတိုင်း လုပ်လိုက်ကြပါ။ သူတို့ကို ရဲစခန်းဆီ ခေါ်သွားလိုက်"

မြေပြင်ပေါ်ရှိ လူများမှာ ယခုအခါ ပြာယာခတ်သွားကြတော့သည်။

"ကျွန်တော်တို့က တရားမျှတမှု တောင်းဆိုဖို့ လာရုံသက်သက်ပါ။ ဘာအမှားမှ မလုပ်ထားဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ကို ဖမ်းလို့မရဘူး"

"ဟုတ်တယ်။ ကျွန်တော်တို့ ဘာမှ မပြောရသေးဘူး။ ဒူးထောက်တာက ဥပဒေနဲ့ ငြိစွန်းနေလို့လား"

"ခင်ဗျားတို့ တစ်ယောက်ယောက်ကို ဖမ်းမယ်ဆိုရင် ဒီမျက်လုံးမှေးမှေးနဲ့ မိန်းမကိုပဲ ဖမ်းသွားပါ။ သူက လိမ်ညာပြီး သတင်းဖြန့်နေတာ။ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး"

ထိုအုပ်စုမှာ ချက်ချင်းပင် တစ်ဦးကိုတစ်ဦး အပြစ်ပုံချလာကြလေသည်။

စက်ရုံလုံခြုံရေးများက သူတို့၏ ဆင်ခြေများကို ဂရုမစိုက်ခဲ့ကြချေ။ ဘာမှ မမေးတော့ဘဲ သူတို့အားလုံးကို တစ်ယောက်မကျန် ဆွဲခေါ်သွားကြလေသည်။

ထိုအဖွဲ့ကို ပို့ဆောင်ရန် ရောက်ရှိလာသော ယခင် အမှတ်(၅) အထည်ချုပ်စက်ရုံမှ ဒုတိယစက်ရုံမှူးများသည် ခိုးကြောင်ခိုးဝှက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူ၏ အရှေ့တွင် ရှန်မော့အာ မျက်နှာပျက်ရလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ရင်းနှီးမြှုပ်နှံသူမှာ တကယ်တမ်းတွင် သူမ၏ ဦးလေးအရင်း ဖြစ်နေကြောင်းကိုသာ တွေ့ရှိလိုက်ရ၏။

တစ်နေ့တာလုံး ကုန်ဆုံးသွားခဲ့၏။ ဤကိစ္စသာ ပေါက်ကွဲမထွက်လာခဲ့ပါက သူတို့မှာ အရိပ်အယောင် နည်းနည်းလေးပင် သိရှိရမည် မဟုတ်ချေ။

မျက်လုံးမှေးမှေးနှင့် အမျိုးသမီးက ပြဿနာရှာမည့် အစီအစဉ်ကို ကြိုတင်သိရှိထားသူများအတွက်တော့ ရင်းနှီးမြှုပ်နှံသူ ဒေါသထွက်လိမ့်မည်ဟု တွေးထင်ထားခဲ့ကြသည်။ သူ အမှန်တကယ်ပင် ဒေါသထွက်ခဲ့ပါသည်။ သို့သော် သူတို့ မျှော်လင့်ထားသော အကြောင်းပြချက်များကြောင့်တော့ မဟုတ်ခဲ့ချေ။

ဒါက သူတို့၏မျက်နှာကို ဖြတ်ရိုက်ရုံမက လွှင့်စင်သွားစေနိုင်တော့သည်။

စက်ရုံလုံခြုံရေးများက မျက်လုံးမှေးမှေးနှင့် အမျိုးသမီးနှင့် သူမ၏ အဖွဲ့ကို ဆွဲခေါ်သွားပြီးနောက် ရှန်မော့အာက အမြန်ရှင်းပြလိုက်သည်။ "ပူးပေါင်းပြီးတဲ့နောက်မှာ စီမံခန့်ခွဲမှုစနစ်ကို ကျွန်မတို့ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ အထည်စတွေ ခိုးယူတာ၊ အလုပ်ပျက်တာ များတာတွေကြောင့် ဒီလူတွေကို အလုပ်ထုတ်ပစ်ခဲ့တာပါ"

စူးကျင်းနျန်က နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "မင်းက ဒီလောက်ကြီးတဲ့ စက်ရုံကို အုပ်ချုပ်နေတဲ့ လူငယ်အမျိုးသမီးတစ်ယောက်ဆိုတော့ တချို့လူတွေက မင်းကို မနာလိုဖြစ်တာ သဘာဝပါပဲ။ သူတို့ကို သက်ညှာမနေနဲ့။ လိုအပ်ရင် ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းလိုက်"

သူ့စကားများက အနီးအနားရှိ အကြံအစည်ရှိနေသော ဒုတိယစက်ရုံမှူးများကို သွေးအေးသွားစေခဲ့သည်။

သူတို့သည် မနေနိုင်တော့ဘဲ ရှန်မော့အာကို စိတ်ထဲက ကျိန်ဆဲလေတော့၏။ ရင်းနှီးမြှုပ်နှံသူက သူ့ဦးလေးဆိုတာကို ဘာလို့ စောစောကတည်းက မပြောခဲ့ရတာလဲ။

သူတို့သာ သိခဲ့မည်ဆိုပါက သူမ စက်ရုံမှူးဖြစ်လာခြင်းအပေါ် မည်သည့် ကန့်ကွက်မှုမှ ရှိခဲ့မည် မဟုတ်ချေ။ ဟွာချိုက် အထည်ချုပ်စက်ရုံနှင့် ရင်းနှီးမြှုပ်နှံသူ၏ စုပေါင်းပိုင်ဆိုင်မှုများမှာ ယခင် အမှတ်(၅) အထည်ချုပ်စက်ရုံ၏ ပိုင်ဆိုင်မှုများထက် များစွာ သာလွန်နေသဖြင့် သူမ၏ ရာထူးမှာ လုံးဝကို သင့်လျော်မှန်ကန်လှပေသည်။

ဒုတိယစက်ရုံမှူးများမှာ တိတ်ဆိတ်စွာပင် နောက်သို့ ဆုတ်သွားကြလေတော့သည်။

နောက် ၂ ရက်အကြာတွင် ဟွာချိုက် အထည်ချုပ်စက်ရုံ၏ စီမံခန့်ခွဲမှုအဖွဲ့မှ ရေးဆွဲထားသော ခရီးစဉ်အတိုင်း ရှန်မော့အာသည် စူးကျင်းနျန်နှင့်အတူ ကုန်ကြမ်းထောက်ပံ့ရေး စက်ရုံများသို့ သွားရောက်လေ့လာခဲ့ပြီးနောက် သူတို့ အားလပ်ချိန် အနည်းငယ် ရရှိခဲ့ကြသည်။

ထိုနေ့ နံနက်စောစောတွင် ရှန်မော့အာ အိပ်ရာမှ ထလာသောအခါ စူးကျင်းနျန်သည် ခြံဝင်းထဲတွင် လျန်လျန်လေး၏ အရုပ်ကားလေးဖြင့် အတူတကွ ဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။

ရှန်မော့အာ ထွက်လာသည်ကို မြင်သောအခါ ကလေးငယ်၏ မျက်လုံးလေးများ အရောင်လက်သွားပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "မေမေ.. ဘိုးဘိုးက သမီးကို အရုပ်ကားလေး ဝယ်လာပေးတယ်။ တံခါးတွေလည်း ဖွင့်လို့ရတယ်၊ သွားလို့လည်း ရတယ်"

ရှန်မော့အာက ခြံဝင်းထဲတွင် ထိုင်နေသော ယန်ထုန်နှင့် အခြားသူများကို ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမ၏ သမီးဖြစ်သူကို ပြုံးကာ စနောက်လိုက်သည်။ "ဘိုးဘိုးကို ကျေးဇူးတင်ပါတယ်လို့ ပြောပြီးပြီလား"

လျန်လျန်လေးက ခေါင်းတစ်ညိတ်ညိတ် လုပ်ပြလိုက်ရာ ဖုမင်ဇယ်က ဖရိုဖရဲ ကျစ်ပေးထားသော ဆံပင်ကျစ်ဆံမြီးလေးများမှာ ယိမ်းခါသွားလေသည်။ "အင်း... ဘိုးဘိုးကို ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောပြီးပြီ။ ပြီးတော့ ဘွားဘွားနဲ့ ဒေါ်လေူထင်ထင်ကိုလည်း ပြောပြီးပြီ"

စူးထင်မှာ ဝမ်းသာသွားခဲ့သည်။ "ဝါး... သမီးလေးက တအားချစ်စရာကောင်းတာပဲ"

နာမည်တပ် မပြောခံရသော စူးဟောက်၊ ယန်လဲ့နှင့် ယန်ချန်တို့မှာ : "..."

စူးကျင်းနျန်က ရယ်မောလိုက်ပြီး သူမ၏ ဆံပင်ဖွာဖွာလေးကို ပုတ်ပေးလိုက်သည်။ "ငါတို့ရဲ့ လျန်လျန်လေးက အလိမ္မာဆုံးပဲ"

အမှန်တကယ်တွင် စူးဟောက်သည် ရှန်မော့အာထက် အသက်အနည်းငယ် ပိုကြီးသည်။ သို့သော် လွတ်လပ်မှုကို တန်ဖိုးထားသော အမေရိကတွင် လူငယ်များမှာ အိမ်ထောင်ပြုနောက်ကျလေ့ရှိကြသည်။ စူးဟောက်တွင် ရည်းစားရှိသော်လည်း အိမ်ထောင်မကျသေးချေ။ ထို့ကြောင့် သဘာဝကျစွာပင် သူ့ထံတွင် ကလေးမရှိသေးပေ။

စူးထင်မှာ ရည်းစားပင် မရှိသေးချေ။

သူ့တွင် မြေးအရင်းများလည်း မရှိသလို သူ ရင်းနှီးသော ယန်မိသားစုထဲတွင်လည်း ကလေးများ မရှိချေ။ ထို့ကြောင့် စူးကျင်းနျန်သည် သူ၏ တစ်ဦးတည်းသော တူမလေး၏သမီး လျန်လျန်လေးကို အထူးပင် ချစ်ခင်မြတ်နိုးနေတော့သည်။

ယခုအခါ သူမလေးမှာ အနည်းငယ် ပိုမိုကြီးပြင်းလာပြီး လိမ္မာရေးခြားရှိလှသဖြင့် စူးကျင်းနျန်မှာ သူမကို ပိုလို့ပင် အသည်းယား ချစ်ခင်နေမိတော့သည်။

"လျန်လျန်လေး.. ဘိုးဘိုးနဲ့ အမေရိကကို လိုက်ခဲ့မလား။ ဘိုးဘိုးက သမီးအတွက် ခြံကြီးတစ်ခြံ ဝယ်ထားတယ်။ ပြီးခဲ့တဲ့တစ်ခေါက် ဖုန်းပြောတုန်းက သမီးက မြင်းပုလေးတွေကို သဘောကျတယ်လို့ ပြောတယ်လေ။ အဲဒါကြောင့် သမီးအတွက် အဲဒီမှာ မြင်းပုလေးတွေ ဝယ်ထားတယ်"

စူးကျင်းနျန်သည် ကလေးငယ်ကို အမေရိကသို့ အချိန်အတိုင်းအတာတစ်ခုအထိ ခေါ်ဆောင်သွားရမည်ဆိုလျှင်တောင်မှ သူမကို မြှူဆွယ်ချင်စိတ်ကို မတားဆီးနိုင်ခဲ့ချေ။

လျန်လျန်လေးသည် စူးကျင်းနျန်နှင့် ရှန်မော့အာတို့ကြားတွင် အကြည့်များ ကူးလူးသွားပြီးနောက် ရုတ်တရက် ရှန်မော့အာထံသို့ ပြေးသွားကာ သူမ၏ ခြေထောက်ကို ဖက်ထားလိုက်သည်။ သူမက ခေါင်းလေးမော့ကာ မေးလိုက်သည်။ "မေမေရော လိုက်မှာလား"

ရှန်မော့အာက ရယ်မောလိုက်သည်။ "မေမေက အလုပ် တအားများနေလို့လေ။ သမီး တစ်ယောက်တည်း သွားလို့ရမလား"

ကလေးငယ်က အရုပ်ခေါင်းလေးတစ်ခုလို ခေါင်းကို ခါယမ်းပြလိုက်သည်။ "မေမေ့ကိုပဲ လိုချင်တယ်။ မြင်းပုလေး မလိုချင်ဘူး"

ရှန်မော့အာက အနည်းငယ် စိတ်ပျက်သွားသော စူးကျင်းနျန်ကို ကြည့်ကာ ပြောလိုက်သည်။ "မြင်းပုလေးကို သေချာဂရုစိုက်ပေးဖို့ ဘိုးဘိုးကို အကူအညီတောင်းလိုက်ရအောင်လေ။ ပြီးတော့ သမီး နည်းနည်းထပ်ကြီးလာမှ သွားလည်ကြမယ်လေ၊ ဘယ်လိုလဲ"

ကလေးငယ်က ခဏလောက် စဉ်းစားလိုက်ပြီးနောက် ခိုင်မာပြတ်သားစွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လှည့်ကာ စူးကျင်းနျန်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားခဲ့၏။ "ဘိုးဘိုး... သမီး ကြီးလာရင် ဘိုးဘိုးဆီ လာလည်မယ်နော်"

စူးကျင်းနျန်က အသံထွက်ကာ ရယ်မောလိုက်တော့သည်။ "ကောင်းပါပြီ.. ငါတို့ရဲ့ လျန်လျန်လေး ကြီးလာမယ့်အချိန်ကို ဘိုးဘိုးက စောင့်နေပါ့မယ်"

ယန်လဲ့နှင့် ယန်ချန်တို့မှာ ခွေးခြေခုံများပေါ်တွင် ထိုင်နေကြပြီး စူးကျင်းနျန်၏ ပျော်ရွှင်သော ရယ်မောသံများကို ရှုပ်ထွေးသော ခံစားချက်များဖြင့် စောင့်ကြည့်နေခဲ့ကြ၏။

စူးကျင်းနျန်သည် မကြာသေးမီက စံအိမ်ကြီးတစ်ခုကို ငွေအမြောက်အမြား အကုန်အကျခံ ဝယ်ယူခဲ့ကြောင်းကို သဘာဝကျစွာပင် သူတို့လည်း ကြားသိထားခဲ့ကြသည်။ ၎င်းမှာ မိသားစု အားလပ်ရက် အပန်းဖြေခရီးများအတွက်ဟု သူတို့ တွေးထင်ထားခဲ့ကြသော်လည်း ယခုအခါ ဤကလေးငယ်လေးအတွက် ဝယ်ယူထားခြင်း ဖြစ်နေကြောင်း ပေါ်လွင်သွားခဲ့လေပြီ။

ယန်ချန်က စုတ်ချာလှသော ခြံဝင်းငယ်ကို တစ်ချက်ကြည့်လိုက်ပြီး သူမဘာသာ လှောင်ပြုံး ပြုံးလိုက်မိသည်။

စူးကျင်းနျန်ကို သူတို့ရဲ့ ဦးလေးအဖြစ် အသိအမှတ်မပြုခဲ့ဘူးဆိုရင် ဒီမိသားစုက ဒီစုတ်ချာလှတဲ့ ခြံဝင်းငယ်လေးထဲမှာ ထာဝရ ပိတ်လှောင်နေရမှာပဲ။

သူမ ထိုသို့တွေးတောနေစဉ်မှာပင် ရှန်မော့အာ၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ "ဦးလေး.. အချိန်ကိုက် ရောက်လာတာပဲ။ ဒီနေ့က ကျွန်မတို့ အိမ်ပြောင်းတဲ့နေ့လေ။ ပစ္စည်းကြီး အများစုကို ပြောင်းရွှေ့ပြီးသွားပြီဆိုတော့ အပြင်က အကူအညီ ခေါ်စရာ မလိုတော့ဘူး။ ကျွန်မတို့ကို ပစ္စည်းတချို့ သယ်ပေးဖို့ ကူညီပေးနိုင်မလား"

သူမက ရှန်ရှောက်ယွမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "အဖေ.. အချိန်ကျပြီလား"

ရှန်ရှောက်ယွမ်က သူ၏ လက်ပတ်နာရီကို ကြည့်လိုက်သည်။ "အင်း... အချိန်ကိုက်ပဲ"

ရှန်မော့အာက လက်ခုပ်တီးလိုက်ပြီး အိမ်ထဲသို့ ဝင်သွားသည်။ ထို့နောက် အထုပ်ကြီး အတော်များများကို သယ်ဆောင်လာကာ စူးဟောက်နှင့် အခြားသူများကို အလွယ်တကူပင် ကမ်းပေးလိုက်လေသည်။

ရုတ်တရက်ဆိုသလို ပစ္စည်းသယ်သမားများ ဖြစ်သွားကြသော စူးဟောက်နှင့် အခြားသူများမှာ : "..."

သူတို့ လှမ်းယူလိုက်သည်နှင့် တစ်ပြိုင်နက် ထိုအထုပ်များမှာ သူတို့၏ လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ်သွားခဲ့ရ၏။

ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ။

သူ သယ်လာတုန်းကတော့ အရမ်းကို ပေါ့ပါးလွယ်ကူနေတဲ့ပုံ ပေါက်နေတာပဲ။

...

အပိုင်း (၁၆၄)

ရှန်မော့အာက အထုပ်ကြီး အတော်များများကို လွယ်လွယ်ကူကူ သယ်မကာ သုံးဘီးဆိုင်ကယ်ထဲသို့ ပစ်ထည့်လိုက်သည်ကို ကြည့်ပြီး စူးမိသားစုဝင်များမှာ အံ့အားသင့်ကာ မှင်သက်သွားကြသည်။

စူးကျင်းနျန်က မနေနိုင်တော့ဘဲ မှတ်ချက်ချလိုက်သည်။ "မော့အာက တော်တော် သန်မာတာပဲ"

ရှန်ရှောက်ယွမ်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။ "ဒါ သန်မာတာလား။ သူက လူကြီး ၃၊ ၄ ယောက်လောက်ကို အေးဆေး မှောက်သွားအောင် လုပ်နိုင်တာ မင်း မမြင်ဖူးသေးလို့ပါ" သူ့အကြည့်များက ယန်လဲ့နှင့် ယန်ချန်တို့အပေါ်သို့ ဖွဖွလေး ဖြတ်ပြေးသွားခဲ့သည်။

ထိုမောင်နှမနှစ်ဦးမှာ တွန့်ခနဲ ဖြစ်သွားကြ၏။ ရှန်မော့အာကို သူတို့ ရန်စမိဖူးသလားဟု ဂရုတစိုက် ပြန်လည်စဉ်းစားကြည့်လိုက်ကြ၏။ မနှစ်မြို့ဖွယ် အကြည့်များဖြင့် ကြည့်ခဲ့သည်မှလွဲ၍ သူတို့ ဘာမှ မလုပ်ခဲ့ဖူးချေ။

စူးကျင်းနျန်က ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းရှည်ကြီး ချလိုက်သည်။ "လယ်ထဲမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရလို့ ဖြစ်မယ် မဟုတ်လား။ အင်း... မင်း တကယ်ကို ဒုက္ခရောက်ခဲ့ရတာပဲ" သူ စကားပြောနေစဉ် မျက်လုံးများပင် မျက်ရည်လည်လာခဲ့သည်။

ရှန်ရှောက်ယွမ် : "..."

အင်း... အတိအကျတော့ မဟုတ်ဘူးပေါ့။ နန်းတွင်းကိုယ်ရံတော်တွေနဲ့ တိုက်ခိုက်ခဲ့ရတာပဲ အများဆုံး ဖြစ်မှာပါ။

ရှန်မော့အာက အထုပ်များကို သုံးဘီးဆိုင်ကယ်ပေါ်သို့ ပစ်တင်ပြီးနောက် လျန်လျန်လေးသည် သူမ၏ ခြေထောက်တိုတိုလေးများဖြင့် လျှောက်လာပြီး ဆိုင်ကယ်ပေါ်သို့ တက်ရန် ကြိုးစားနေလေသည်။ ထိုမြင်ကွင်းကို ကြည့်ကာ စူးကျင်းနျန်မှာ ရင်ထဲမှ နာကျင်သွားရ၏။ ဤကလေးငယ်လေးမှာ ဘယ်သောအခါကမျှ သက်သောင့်သက်သာ မရှိခဲ့ဘဲ သည်လောက် ငယ်ရွယ်သော အရွယ်တွင်ပင် လွတ်လပ်စွာ ရပ်တည်နေနိုင်ပြီ ဖြစ်သည်။

သူက ကလေးငယ်ကို ပွေ့ချီရန် ကမန်းကတန်း ပြေးသွားလိုက်သည်။ "ဘိုးဘိုးရဲ့ ကားနဲ့ လိုက်ခဲ့လေ"

သူမ တွန့်ဆုတ်နေသည်ကို မြင်သောအခါ သူက အမြန် ထပ်ဖြည့်ပြောလိုက်သည်။ "ဘိုးဘိုးကားထဲမှာ အရသာရှိတဲ့ သကြားလုံးတွေ ရှိတယ်နော်"

ကလေးငယ်လေးက သုံးဘီးဆိုင်ကယ်ကို တစ်ချက်ကြည့်လိုက်သည်။ မေမေ မောင်းမည့် မြန်ဆန်သော သုံးဘီးဆိုင်ကယ်စီးရမလား၊ ဘိုးဘိုး၏ သကြားလုံးကိုပဲ ရွေးရမလား ဝေခွဲမရ ဖြစ်နေခဲ့၏။ ခက်ခဲလှသော အတွင်းစိတ် လွန်ဆွဲမှုအပြီးတွင် သူမက ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး သကြားလုံးကိုသာ ရွေးချယ်လိုက်လေသည်။

မည်သို့ပင်ဆိုစေ မေမေနှင့်အတူ သုံးဘီးဆိုင်ကယ်စီးရခြင်းက မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။ သို့သော် ဘိုးဘိုး လာရောက်လည်ပတ်ခြင်းကတော့ ရှားပါးလှသည် မဟုတ်ပါလား။

စူးကျင်းနျန်၏ ရင်ထဲတွင် နွေးထွေးသွားခဲ့ပြီး ကလေးငယ်ကို ကားဆီသို့ ချစ်ခင်မြတ်နိုးစွာ ပွေ့ချီသွားလေသည်။

"ငါတို့က ဘယ်ကို ပြောင်းကြမှာလဲ။ ကားတောင် အဲဒီကို ရောက်ပါ့မလား မသိဘူး" ယန်ချန်က လှောင်ပြုံးပြုံးလိုက်သည်။ စူးကျင်းနျန်၏ ရင်ခွင်ထဲတွင် မှီခိုရင်း သကြားလုံး စားနေသော ကလေးငယ်ကို ကြည့်ကာ ခနဲ့တဲ့တဲ့ မှတ်ချက်မပေးဘဲ မနေနိုင်တော့ချေ။

စူးကျင်းနျန်က သူမကို မျက်မှောင်ကြုတ်ကြည့်ကာ ခက်ထန်စွာ ပြောလိုက်သည်။ "မင်း မသွားချင်ရင် ဟိုတယ်ကို ပြန်သွားလို့ ရတယ်"

လူငယ်များကြားရှိ တင်းမာမှုများကို သူ မမြင်ဘဲနေသည်တော့ မဟုတ်ချေ။ မော့အာသည် ရှန်မိသားစုမှ ဆွေမျိုးများနှင့် အဆင်မပြေသောကြောင့် သူ၏ ကိုယ်ပိုင် ဆွေမျိုးပေါက်ဖော်များနှင့် ပိုမို ရင်းနှီးလာလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။

ယန်ချန်မှာ တောင့်တင်းသွားပြီးနောက် နာကျင်ရသည့် မျက်နှာအမူအရာကို ဖန်တီးလိုက်သည်။ "ဦးလေးရယ်... ကျွန်မက ဒီတိုင်း ပြောလိုက်ရုံပါ..."

သူမက ယန်ထုန်ကို အသနားခံသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ယန်ထုန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "ချန်ချန်... နင့်ရဲ့ အမူအကျင့်ကို ဆင်ခြင်စမ်းပါ"

ယန်လဲ့က အခြေအနေကို အမြန် ဝင်ထိန်းလိုက်သည်။ "ဦးလေး၊ အဒေါ်... ချန်ချန်က ပါးစပ်သွက်လို့ပါ။ သူက ဘာရည်ရွယ်ချက်နဲ့မှ ပြောတာ မဟုတ်ပါဘူး"

စူးကျင်းနျန်၏ ရင်ခွင်ထဲမှ လျန်လျန်လေးက ခေါင်းမော့လာပြီး ကြေညာလိုက်သည်။ "ဟွန့်... သမီးအိမ်က ကြီးတယ်၊ အကြီးကြီးပဲ" သူမက သူမ၏ လက်မောင်းသေးသေးလေးများကို အကျယ်ဆုံး ဆန့်တန်းလိုက်၏။ "ဘိုးဘိုးကားလည်း ဝင်လို့ရတယ်။ ဘိုးဘိုးဝမ်ရဲ့ ကားလည်း ဝင်လို့ရတယ်။ မေမေ့ကားလည်း ဝင်လို့ရတယ်။ အကုန်လုံး ဝင်လို့ရတယ်"

သူမက ယန်ချန်ကို စူးရဲစွာ ကြည့်ကာ မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်လေသည်။

စူးကျင်းနျန်မှာ သူမ၏ ချစ်စရာကောင်းသော အမူအရာလေးကြောင့် ချက်ချင်းပင် သဘောကျသွားပြီး ရယ်မောလိုက်သည်။ "ငါတို့ရဲ့ လျန်လျန်လေး ပြောတာ မှန်တယ်။ ငါတို့ရဲ့ လျန်လျန်လေး အိမ်က အကောင်းဆုံးနဲ့ အကြီးဆုံးပဲ။ ကားတွေ အကုန်လုံးလည်း ဝင်လို့ရတယ်"

ယန်ချန်က ဒီကလေးစုတ်က လေလုံးထွားနေတာပဲ ဟု စိတ်ထဲမှ တွေးကာ နှုတ်ခမ်းမဲ့လိုက်သည်။ သို့သော် မျက်နှာပေါ်တွင်တော့ မည်သည့် မကျေနပ်မှုမျိုးကိုမှ မပြရဲခဲ့ချေ။

ရှန်မော့အာနှင့် အခြားသူများက သုံးဘီးဆိုင်ကယ် ၂ စီးဖြင့် နောက်မှ လိုက်လာခဲ့ကြသည်။ စူးကျင်းနျန်၏ ကားက ယုံနင်လမ်းကြားသို့ ပထမဆုံး ရောက်ရှိလာခဲ့၏။ ခဏလောက် ကားမောင်းပတ်ပြီးနောက် လျန်လျန်လေး၏ လမ်းညွှန်မှုအတိုင်း နောက်ဆုံးတွင် နေရာကို ရှာတွေ့သွားခဲ့သည်။

စူးကျင်းနျန်မှာ ထပ်ပြီး အံ့အားသင့်သွားရပြန်သည်။ "ငါတို့ရဲ့ လျန်လျန်လေးက ဉာဏ်ကောင်းလိုက်တာ"

ယန်ချန်က ယန်လဲ့ကို တီးတိုးပြောလိုက်သည်။ "လမ်းပြရုံလေးကိုများ..."

ယန်လဲ့က ကလေးငယ်လေး တစ်ယောက်ကို ဘာလို့ သွားအပြစ်ရှာနေရတာလဲ ဟု ပြောချင်ခဲ့သည်။ သို့သော် စူးကျင်းနျန်က ကလေးငယ်လေးအပေါ် သည်လောက်အထိ အလိုလိုက်အချစ်ပိုနေသည်ကို မြင်သောအခါ သူ၏ ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။

သို့သော် မကြာမီမှာပင် သူတို့ ပူပန်ရမည့် ပိုကြီးမားသော ကိစ္စရပ်များ ရှိလာခဲ့လေသည်။

လျန်လျန်လေးသည် ကျောက်ခြင်္သေ့များ စောင့်ကြပ်နေသော ခြံတံခါးတစ်ခုဆီသို့ ပြေးသွားပြီး ကြေးနီမှိုရိုက်ထားသော တံခါးကို ပုတ်လိုက်သည်။ ချက်ချင်းပင် သာယာနာပျော်ဖွယ်ကောင်းသော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ခေါင်းလောင်းသံများအကြားတွင် သူမက အော်ဟစ်လိုက်သည်။ "တံခါးဖွင့်ပေးပါဦး။ သမီးပါ၊ လျန်လျန်လေး ရောက်နေပြီ"

ထို့နောက် သူမက ဘိုးဘိုးဖြစ်သူကို ဂုဏ်ယူဝင့်ကြွားစွာ မော့ကြည့်ပြီး ကြွားလုံးထုတ်လိုက်သည်။ "ဒီတံခါးခေါင်းလောင်းကို ဖေဖေ လုပ်ပေးထားတာ"

စူးကျင်းနျန်က တံခါးပေါ်ရှိ ကလေးတစ်ယောက်၏ အရပ်အမြင့်နှင့် ကိုက်ညီသော ခလုတ်ကို သတိပြုမိပြီးသား ဖြစ်သည်။ သူက ပြုံးကာ ပြောလိုက်သည်။ "သမီးရဲ့ ဖေဖေက တော်တော် ဉာဏ်ကောင်းတာပဲ" သို့သော် သူ့ကို အမှန်တကယ် ဆွဲဆောင်သွားသည်မှာ ၎င်းက ကလေးငယ်များအတွက် အလွန်အဆင်ပြေနေသည်ကိုပင်။

မကြာမီ အထဲမှ အသံတစ်ခု ပြန်ထွက်လာခဲ့သည်။ "အို... ငါတို့ရဲ့ လျန်လျန်လေး ပြန်လာပြီပဲ။ ဘွားဘွား လာပြီ"

ယင်းရှို့ဝမ်က တံခါးကို ဖွင့်လိုက်ပြီး အပြင်ဘက်တွင် သူစိမ်းတစ်စု ရပ်နေသည်ကို မြင်သောအခါ လန့်သွားခဲ့သည်။ အလိုအလျောက် တုံ့ပြန်မှုဖြင့် တံခါးခုံကို တွယ်ဖက်ထားသော မြေးဖြစ်သူကို ဆွဲယူလိုက်ပြီး ဧည့်သည်များကို သတိထားကာ အကဲခတ်ကြည့်လိုက်၏။

လျန်လျန်လေးက ရုန်းကန်ရင်း ပြောလိုက်သည်။ "ဘွားဘွား... အဲဒါ ဘိုးဘိုး၊ ဘွားဘွားနဲ့ အန်တီထင်ထင်လေ"

လျစ်လျူရှုခံထားရဆဲဖြစ်သော စူးဟောက်၊ ယန်လဲ့နှင့် ယန်ချန်တို့မှာ အနေရခက်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ "..."

ယင်းရှို့ဝမ်က အမြန် နားလည်သွားခဲ့သည်။ "အို... ရှင်တို့က မော့အာရဲ့ ဦးကြီးနဲ့ ဒေါ်ကြီး မဟုတ်လား။ ကျေးဇူးပြုပြီး အထဲဝင်ကြပါရှင်"

သူမက ဘေးသို့ဖယ်ပေးလိုက်ပြီး ထပ်ပြောလိုက်သည်။ "အရာအားလုံး အဆင်သင့်ဖြစ်သွားရင် ရှင်တို့ကို ဖိတ်မယ်လို့ မော့အာက ပြောထားတယ်။ ညနေပိုင်းလောက်မှ ရှင်တို့ လာကြမယ်လို့ ကျွန်မ ထင်နေတာ။ ဒါပေမဲ့ ဒီလိုဆိုလည်း ကောင်းပါတယ်။ အိမ်ကလည်း တော်တော်လေး အဆင်သင့်ဖြစ်နေပြီဆိုတော့ မိသားစုတွေ အတူတူ ရိုးရိုးရှင်းရှင်း နေ့လယ်စာ စားကြတာပေါ့"

စူးကျင်းနျန်နှင့် အခြားသူများသည် သူမ၏ နောက်မှ လိုက်ဝင်သွားကြသည်။ ခြံဝင်းမှာ ကျယ်ဝန်းလှပြီး မကြာသေးမီကမှ ပြန်လည်မွမ်းမံထားကြောင်း သိသာထင်ရှားနေကာ အရာအားလုံးက သေသပ်လတ်ဆတ်နေလေသည်။ လမ်းတစ်လျှောက်တွင် စိမ်းလန်းစိုပြည်သော အပင်များကို စိုက်ပျိုးထားသည်။ ပန်းပုထွင်းထားသော ပြတင်းပေါက်များနှင့် လက်ရန်းများက အချိန်ကာလကို ကျော်လွန်သော ခန့်ညားလှပသည့် အငွေ့အသက်များကို ပေးစွမ်းနေ၏။

"အိမ်ကို မော့အာရဲ့ အဖေက ကြီးကြပ်ပြီး ပြင်ဆင်ထားတာ။ သူ တကယ် ကောင်းကောင်း လုပ်ပေးထားတာပါ။ ကျွန်မတို့ လူကြီးတွေကတော့ သိပ်သဘောကျနေကြပြီ။ သူတို့အိမ်ကိုလည်း ဒီအတိုင်းပဲ ပြန်ပြင်ချင်တယ်လို့ ပြောနေကြတယ်"

လျန်လျန်လေးကို ပွေ့ချီထားရင်း ယင်းရှို့ဝမ်က လမ်းလျှောက်ရင်း စကားပြောလာသည်။ "ကျွန်မတို့ မိသားစုရဲ့ ခြံဝင်းက လမ်းကြားရဲ့ တစ်ဖက်အစွန်းမှာ ရှိတယ်။ အပြင်အဆင်ကလည်း ဆင်တူပါပဲ။ သူတို့က ကျောင်းနဲ့ နီးအောင်လို့ အရင်က နေရာသေးသေးလေးမှာ နေခဲ့ကြတာ။ ဒါပေမဲ့ အခုတော့ အားလုံးက လမ်းကြား တစ်ခုတည်းမှာပဲ ရှိနေပြီဆိုတော့ လူကြီးတွေ လျန်လျန်လေးကို တွေ့ရတာ ပိုလွယ်သွားတာပေါ့"

လျန်လျန်လေးသည် ဘွားဘွားဖြစ်သူကို တိုင်တောထားပြီး ဖြစ်သည်။ ယင်းရှို့ဝမ်က ယန်မောင်နှမများကို သိမ်မွေ့စွာ တစ်ချက်ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် ပြောချလိုက်၏။ "ကျွန်မတို့ ဖုမိသားစုရဲ့ ဘိုးဘေးတွေထဲမှာ နန်းရင်းဝန်တစ်ယောက် ပေါ်ထွက်ခဲ့ဖူးပြီး နန်းတွင်းကုန်သည်တွေအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးတယ်။ ဟွာကော်ပြည်သစ်ကို တည်ထောင်ပြီးနောက်မှာ မိသားစုရဲ့ ပိုင်ဆိုင်မှု အများစုကို လှူဒါန်းခဲ့ပေမယ့် ကျန်နေခဲ့တဲ့အရာတွေက လျန်လျန်လေးရဲ့ ဘဝတစ်လျှောက်လုံး ဘာမှ ပူပန်စရာမလိုအောင် ထားထားပေးဖို့ လုံလောက်တာထက်ကို ပိုနေပါသေးတယ်"

သူမက လွမ်းဆွေးတမ်းတစွာဖြင့် သက်ပြင်းချလိုက်သည်။ "ဒါပေမဲ့ မော့အာ ဘယ်လောက် တော်သလဲဆိုတာ ကြည့်ရရင် သူကိုယ်တိုင် အများကြီး ရှာနိုင်လိမ့်မယ်။ လျန်လျန်လေးအတွက် ကျွန်မတို့ လူကြီးတွေ ချန်ထားခဲ့မယ့်အရာတွေက သူ့အတွက် အရေးပါချင်မှတောင် ပါတော့မှာပါ"

စူးကျင်းနျန် : "...ကလေးက အရည်အချင်းရှိတာ ကောင်းပါတယ်လေ"

အဓိပ္ပာယ်ကို သူ ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားခဲ့သည်။ ဖုမိသားစုက ချမ်းသာကြွယ်ဝသည်။ မော့အာက ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်စွမ်းရှိသည်။ ထို့အပြင် လျန်လျန်လေးတွင်လည်း အမွေဆက်ခံရန် အများအပြား ရှိနေသည်။ သူတို့က စူးမိသားစု၏ ပေးကမ်းမှုများကို လိုအပ်နေခြင်း မရှိချေ။

ဤခဏလောက် တွေ့ဆုံမှုလေးအတွင်းမှာပင် ယင်းရှို့ဝမ်သည် သူ၏ အထင်ကြီးစရာမကောင်းသော ဆွေမျိုးများကို အကဲခတ်မိသွားခဲ့လေပြီ။ စူးကျင်းနျန်၏ မျက်နှာမှာ ပူထူသွားတော့၏။

စူးဟောက်နှင့် ယန်မောင်နှမများမှာ အနေရခက်သွားဟန် ရှိသည်။ ထိုစဉ် စူးထင်က တက်ကြွစွာ ဝင်ပြောလိုက်သည်။ "ဖေဖေက လျန်လျန်လေးအတွက် အမေရိကမှာ မြင်းပုလေးတွေ အများကြီးပါတဲ့ စံအိမ်ကြီးတစ်ခု ဝယ်ထားပေးတယ်။ လျန်လျန်လေး သေချာပေါက် သဘောကျမှာပါ"

ယင်းရှို့ဝမ်က သူမကို ခဏလောက် အကဲခတ်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ "ချစ်စရာကောင်းလိုက်တာ။ လျန်လျန်လေးက အဲဒါတွေကို အရမ်းသဘောကျမှာပါ"

ရှန်မော့အာက သူမ၏ သုံးဘီးဆိုင်ကယ်ဖြင့် ပြန်လည်ရောက်ရှိလာသောအခါ စူးဟောက်၊ ယန်လဲ့နှင့် ယန်ချန်တို့က သူမကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေခဲ့ကြသည်။

သူက "ဇိမ်ခံအိမ်ကြီး"ဆီ ပြောင်းရွှေ့နေတာဖြစ်ပေမယ့် သူ စီးလာတဲ့ယာဉ်က တအားကို... သာမန်ဆန်လွန်းနေတယ်။ သူတို့တွေ သူ့ကို အိမ်စုတ်လေးဆီ ပြောင်းနေတယ်လို့ ထင်သွားတာလည်း အံ့သြစရာတော့ မဟုတ်ပါဘူးလေ။

ထိုညနေပိုင်းတွင် ရှန်မော့အာသည် မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် အိမ်နီးချင်းများအတွက် ညစာစားပွဲကြီးတစ်ခုကို ကျင်းပပေးခဲ့သည်။ စူးကျင်းနျန်သည် အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးများနှင့်အတူ စားပွဲတစ်ဝိုင်းတည်းတွင် ထိုင်ကာ သူတို့၏ အတိတ်က ဇာတ်လမ်းများကို နားထောင်နေခဲ့၏။ စူးကျင်းနျန်က သူ၏ ဇာတ်လမ်းကို ဝေမျှလိုက်သောအခါ သက်ကြီးရွယ်အိုများမှာ ခေါင်းခါယမ်းသွားကြသည်။ သူ အသက်ရှင်ကျန်ရစ်ခဲ့ပြီး နောက်ဆုံးတွင် ရှန်မော့အာနှင့် ပြန်လည်ဆုံတွေ့ရသည့် သူ၏ ကံကောင်းမှုအတွက် အံ့သြမဆုံး ဖြစ်နေကြတော့သည်။

ဆံပင်ဖြူဖြူ အဘွားကြီးတစ်ဦးက ဝင်ပြောလိုက်သည်။ "ဒီမှာ ထိုင်နေတဲ့သူတွေထဲမှာ သေဘေးကနေ မလွတ်လာတဲ့သူ ဘယ်သူရှိလို့လဲ။ ကျွန်မကိုပဲ ကြည့်လေ... တစ်ခါက ကျွန်မ မိသားစုနေတဲ့ ရပ်ကွက်ဟောင်းမှာ မီးလောင်လို့ လမ်းကြားတစ်ခုလုံး နီးပါး ပြာကျသွားခဲ့တာ။ ပြဿနာရှာတတ်တဲ့ ကျွန်မမောင်လေးက အဲဒီညက အပြင်မှာ လျှောက်သွားနေတော့ သူ့ကို လိုက်ရှာရတာနဲ့ပဲ နာရီပေါင်းများစွာ အချိန်ကုန်သွားခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်မတို့တွေ လွတ်မြောက်လာခဲ့တာပေါ့"

သူမဘေးရှိ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးက ခေါင်းညိတ်လိုက်သည်။ "အဲဒီ မီးလောင်မှုကို ကျုပ် မှတ်မိသေးတယ်။ တချို့ဆို ဆိုးဆိုးရွားရွားကို လောင်သွားလို့ ဘယ်သူဘယ်ဝါမှန်းတောင် မခွဲခြားနိုင်တော့ဘူး။ အဘွားလင်း... ခင်ဗျားတို့ မိသားစုက တကယ်ကို ကံကောင်းခဲ့တာပဲ"

အဘွားလင်းက အသံကို နှိမ့်ကာ ပြောလိုက်သည်။ "အရင်တုန်းက ကျွန်မ အမေက ဗေဒင်ဆရာဆီ သွားမေးတော့ သူက ပြောတယ်။ ကျွန်မတို့တွေက သေစာရင်းထဲမှာ ပါပြီးသားကို လွတ်လာတာတဲ့။ ဒါကြောင့် ကျွန်မတို့ တစ်မိသားစုလုံး နာမည်တွေ ပြောင်းပစ်ခဲ့တယ်။ ငရဲက ငရဲထိန်းတွေကို လှည့်စားဖို့ပေါ့"

သူမက ခြောက်ကပ်ကပ် ရယ်မောလိုက်၏။

မကြာသေးမီက မူဝါဒများ ဖြေလျှော့ပေးလိုက်သဖြင့် အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရသော "အယူသည်းမှုများ" မှာ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ယနေ့ခေတ်တွင် ထိုကဲ့သို့သော အကြောင်းအရာများကို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ပြီ ဖြစ်လေသည်။

မစ္စတာဖုနှင့် စကားပြောနေသော စူးကျင်းနျန်သည် အလွန် ရင်းနှီးနေသော ဇာတ်လမ်းတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ထင်မှတ်သွားခဲ့သည်။ သူက ခွင့်တောင်းလိုက်ပြီး စကားပြောနေသော အဘွားလင်းဘက်သို့ လှည့်ကြည့်လိုက်၏။

စကားဝိုင်းကို ပြန်လည်တွေးတောကြည့်လိုက်သောအခါ မီးလောင်မှုကြီးတစ်ခုနှင့် မိသားစု နာမည်ပြောင်းသည့် ကိစ္စများအကြောင်း ဖြစ်နေပုံရသည်။ သူက မနေနိုင်တော့ဘဲ အဘွားလင်ကို မေးလိုက်သည်။ "ခွင့်လွှတ်ပါ ခင်ဗျာ။ ခင်ဗျား ပြောနေတာက... အဲဒီ မီးလောင်မှုအကြောင်းလား"

သူက တိကျသော အချိန်နှင့် နေရာတစ်ခုကို ဖော်ပြလိုက်သည်။

အဘွားလင်းမှာ အံ့အားသင့်သွားပုံရသည်။ "နိုင်ငံခြားရောက်နေတဲ့သူတွေတောင် ဒီမီးလောင်မှုအကြောင်း သိနေတာလား"

စူးကျင်းနျန်က မျက်နှာအနည်းငယ် ရှုံ့မဲ့သွားပြီးနောက် အမြန် ရှင်းပြလိုက်သည်။ "သိပ်တော့ မဟုတ်ပါဘူး။ ကျွန်တော့် မိတ်ဆွေတစ်ယောက်က လူတစ်ယောက်ကို လိုက်ရှာနေလို့ပါ။ အဲဒီနေရာမှာ အရင်က နေခဲ့ဖူးတဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပေါ့။ ခင်ဗျားများ သူတို့ကို သိမလားလို့ပါ"

အဘွားလင်းမှာ သိချင်စိတ် ပြင်းပြသွားခဲ့သည်။ "အို... သူတို့ နာမည်က ဘယ်သူလဲ။ အဲဒီရပ်ကွက်ထဲမှာ လူတွေ အတော်များများ ရှိပေမယ့် အိမ်နီးချင်း တော်တော်များများကိုတော့ ကျွန်မ သိပါတယ်"

ထိုအခါ စူးကျင်းနျန်က ပြောလိုက်သည်။ "လင်းယွိဖေး ဆိုတဲ့ အမျိုးသမီး တစ်ယောက်ပါ။ ယွိ က ကျောက်စိမ်း၊ ဖေး က မြလို့ အဓိပ္ပာယ်ရတာပါ"

အဘွားလင်းမှာ တောင့်တင်းသွားခဲ့သည်။ "လင်းယွိဖေး... ရှင့်မိတ်ဆွေက လင်းယွိဖေးကို လိုက်ရှာနေတယ်လို့ ရှင် ပြောလိုက်တာလား"

စူးကျင်းနျန်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်"

သူမ၏ ထူးဆန်းသော မျက်နှာအမူအရာကို သတိထားမိသွားသဖြင့် သူက မနေနိုင်တော့ဘဲ မေးလိုက်သည်။ "ခင်ဗျား လင်းယွိဖေးကို သိလို့လား"

အဘွားလင်းမှာ တွန့်ဆုတ်သွားပြီးနောက် သူမ၏ မျက်နှာအမူအရာ မည်းမှောင်သွားကာ ပြောလိုက်လေသည်။ "အဲဒါ ကျွန်မရဲ့ နာမည်လေ"

...

All Chapters