အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
အပိုင်း (၁၇၁.၁)
ဖက်ရှင်ရှိုး ကျင်းပပြီးနောက် ဟွာချိုက် အထည်ချုပ်စက်ရုံ၏ အော်ဒါများမှာ ထိုးတက်သွားခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပင် ရှန်မော့အာသည် အော်ဒါစာချုပ် အထပ်လိုက်ကို ကိုင်ဆောင်ကာ မြို့တော် စီးပွားရေးဗျူရို ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိလာခဲ့၏။
"စက်ရုံသစ် တည်ဆောက်ရေးကို ကျွန်တော်တို့ အပြည့်အဝ ထောက်ခံပါတယ်။ မြေနေရာ ချထားပေးတာ၊ မူဝါဒတွေနဲ့ စက်ကိရိယာတွေ ညှိနှိုင်းပေးတာတွေကို ကျွန်တော်တို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ရှယ်ယာကိစ္စကျတော့..."
ညွှန်ကြားရေးမှူးကျိန့်၏ မျက်ခုံးမှာ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။ 'ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ' ကျင့်သုံးပြီးကတည်းက နိုင်ငံပိုင်စက်ရုံ အများအပြားသည် ပြင်းထန်လှသော ဈေးကွက်ပြိုင်ဆိုင်မှုနှင့် လိုက်လျောညီထွေဖြစ်အောင် မလုပ်ဆောင်နိုင်ဘဲ စွမ်းဆောင်ရည် ကျဆင်းခြင်း၊ အကျိုးအမြတ် မရှိခြင်းနှင့် ဒေဝါလီခံရခြင်းများအထိ ကြုံတွေ့ခဲ့ရသည်။ နိုင်ငံပိုင်လုပ်ငန်းများ၏ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ရန်နှင့် "ယှဉ်ပြိုင်နိုင်စွမ်း"ကို ခိုင်မာစေရန်အတွက် လွန်ခဲ့သော နှစ်နှစ်အတွင်း အပြောင်းအလဲများ ပြုလုပ်ခဲ့ရသည်— အချို့သော လုပ်ငန်းများကို ရောင်းချခြင်း၊ ပူးပေါင်းခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြ၏။
၎င်းမှာ 'ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ' နောက်ပိုင်းတွင် ရှောင်လွှဲလို့မရသော အဆင့်တစ်ခုပင်။
ယခင်က ဟွာကော်နိုင်ငံရှိ လုပ်ငန်းများမှာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နိုင်ငံပိုင် သို့မဟုတ် စုပေါင်းပိုင်များသာ ဖြစ်ခဲ့ကြသည်။ ယခုအခါ ဈေးကွက်ကို လွတ်လပ်ခွင့်ပေးလိုက်ပြီး ဈေးကွက်ယှဉ်ပြိုင်မှု သဘောတရားများ ဝင်ရောက်လာသောအခါ လိုက်လျောညီထွေ မဖြစ်နိုင်သော လုပ်ငန်းအမြောက်အမြားမှာ သဘာဝကျစွာပင် ပျောက်ကွယ်သွားလိမ့်မည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း မြို့တော်တွင် လုပ်ငန်းအတော်များများကို ရောင်းချခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းများ အမှန်တကယ်ပင် ပြုလုပ်ခဲ့သည်။ သို့သော် မည်သည့်စံနှုန်းဖြင့်မဆို ဟွာချိုက် အထည်ချုပ်စက်ရုံမှာ ထိုစာရင်းထဲတွင် လုံးဝ မပါဝင်ချေ။
၎င်းမှာ မြို့တော်တွင် မရပ်မနား အောင်မြင်နေဆဲဖြစ်သော တစ်ခုတည်းသော အထည်ချုပ်လုပ်ငန်း ဖြစ်သည်။ ဤရွှေဥဥပေးသော ငန်းမကြီးကို သူတို့က အသည်းအသန် ဖက်တွယ်ထားကြသည်ဖြစ်ရာ ရှယ်ယာများကို ရောင်းချရန် မည်သို့ စဉ်းစားကြပါမည်နည်း။
အစည်းအဝေး မတိုင်ခင်ကတည်းက ဤညှိနှိုင်းမှုမှာ လွယ်ကူလိမ့်မည် မဟုတ်ကြောင်း ရှန်မော့အာ သိထားခဲ့သည်။ သူမက သူမ၏ တင်ပြချက်များကို အသေးစိတ် ပြောဆိုခဲ့သည်— မြေနေရာဖြစ်စေ၊ မူဝါဒဖြစ်စေ ညွှန်ကြားရေးမှူးကျိန့်က အလွယ်တကူ သဘောတူခဲ့သည်။ သို့သော် နိုင်ငံတော်ပိုင် ရှယ်ယာများကို ပြန်လည်ဝယ်ယူရန် သူမ အဆိုပြုလိုက်သောအခါတွင်တော့ သူက အလိုအလျောက်ပင် ခေါင်းခါယမ်းလိုက်တော့သည်။
သို့သော် မကြာသေးမီက မြို့တော် စီးပွားရေးဗျူရိုတွင် ကြီးမားသော လူဦးရေ အပြောင်းအလဲများ ရှိတော့မည်ဟူသော သတင်းကို ရှန်မော့အာ ကြားသိခဲ့ရသည်။ ညွှန်ကြားရေးမှူးကျိန့်သည် နှစ်သစ်ကူးအပြီးတွင် ရာထူးတိုးလိမ့်မည်ဟု ကောလာဟလ ထွက်နေသဖြင့် ရှယ်ယာပြန်လည်ဝယ်ယူမှုကိစ္စကို သူ မထွက်ခွာမီ အပြီးသတ်ရလိမ့်မည်။
ညွှန်ကြားရေးမှူးကျိန့်သည် ခေတ်မီပြီး လက်တွေ့ကျသူဖြစ်ကာ ဟွာချိုက် အထည်ချုပ်စက်ရုံ၏ လုပ်ငန်းလည်ပတ်မှုနှင့် ကြီးထွားမှုအပေါ် ထောက်ခံအားပေးသူ ဖြစ်သည်။ သူ၏ ဦးဆောင်မှုအောက်တွင် စက်ရုံမှာ နှောင့်ယှက်မှု အနည်းဆုံးဖြင့် လွတ်လပ်စွာ လုပ်ကိုင်နိုင်ခဲ့သဖြင့် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ ချောမွေ့နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ညွှန်ကြားရေးမှူးအသစ်မှာ ထိုသို့ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ နိုင်ငံရေးအရ ခန့်အပ်ခံရသူများ သို့မဟုတ် အသေးအဖွဲကိစ္စအထိ လိုက်လံစီမံတတ်သူများ ရောက်လာပါက ခေါင်းခဲစရာ ဖြစ်လာနိုင်သည်။
သေသေချာချာ စဉ်းစားပြီးနောက် ရှန်မော့အာသည် အခွင့်အရေးရှိတုန်းတွင် နိုင်ငံတော်ပိုင် ရှယ်ယာပမာဏကို လျှော့ချရန် အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ နိုင်ငံတော်က အများစု ပိုင်ဆိုင်ခြင်းနှင့် အနည်းစုသာ ပိုင်ဆိုင်ခြင်းတို့ကြားတွင် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။
ဟုတ်ပါသည်။ သူမက ညွှန်ကြားရေးမှူးကျိန့်ကို "ရှင် ရာထူးတိုးတော့မှာဆိုတော့ နောက်တက်လာမယ့်သူက ထိန်းချုပ်မှုတွေ ပိုလုပ်လာမှာကို ကျွန်မ စိုးရိမ်တယ်။ ဒါကြောင့် ရှင် ရှိနေတုန်းမှာပဲ ဒီအတားအဆီးကို ဖယ်ရှားချင်တယ်" လို့တော့ ပေါ်တင် ပြောလို့ မရပေ။
ယင်းအစား သူမက ပြောလိုက်သည်။ "ညွှန်ကြားရေးမှူးကျိန့် သိတဲ့အတိုင်းပါပဲ.. စက်ရုံအဆောက်အအုံတွေနဲ့ စက်ကိရိယာတွေက အထည်ချုပ်စက်ရုံတစ်ခုရဲ့ အဓိက မဟုတ်ပါဘူး— လူတွေကသာ အဓိကပါ။ ဒီနှစ်တွေအတွင်းမှာ ဟွာချိုက်က ဒီဇိုင်နာတွေ၊ ပန်းထိုးပညာရှင်တွေနဲ့ ကျွမ်းကျင်ချုပ်လုပ်သူတွေ အများကြီးကို ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ ဒီလူတွေက ကျွန်မတို့ရဲ့ ထိပ်တန်းအမှတ်တံဆိပ်ဖြစ်တဲ့ 'ဟွာရှန်း' ရဲ့ အခြေခံအုတ်မြစ်တွေဖြစ်သလို ဟွာချိုက်ကို အလယ်အလတ်တန်း အမှတ်တံဆိပ်တစ်ခုအဖြစ် ခိုင်မာအောင် တည်ဆောက်ပေးမယ့် သော့ချက်တွေလည်း ဖြစ်ပါတယ်"
သူမက ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။ "ရှန်ဟိုင်းမှာဆိုရင် တကယ့် နည်းပညာ ကျွမ်းကျင်သူတွေကို လစာအမြင့်ကြီးပေးပြီး ငှားကြတယ်၊ တချို့ဆို ကုမ္ပဏီရဲ့ ရှယ်ယာတွေတောင် ပေးကြတယ်လို့ ကြားရတယ်။ ကျွန်မတို့ စက်ရုံက အရည်အချင်းရှိသူတွေကို ဆက်ထိန်းထားနိုင်ဖို့ သူတို့က ရှယ်ယာတွေ ရရှိဖို့ ထိုက်တန်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီရှယ်ယာတွေက ဘယ်ကနေ ရမှာလဲ"
ညွှန်ကြားရေးမှူးကျိန့်၏ နှုတ်ခမ်းမှာ တွန့်သွားခဲ့၏။
'အကြီးဆုံး ရှယ်ယာရှင်ဖြစ်တဲ့ နိုင်ငံတော်ဆီကနေ ရမှာပေါ့၊ ဟုတ်တယ်မလား'
သို့သော် ထပ်မံစဉ်းစားကြည့်သောအခါ ၎င်းမှာ ယုတ္တိရှိလှသည်။ ဤအထည်ချုပ်စက်ရုံသည် မူလက နန်ပြည်နယ်ရှိ စုပေါင်းပိုင် တပ်ဖွဲ့လုပ်ငန်းတစ်ခု ဖြစ်ခဲ့သည်။ မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံနှင့် ပူးပေါင်းစဉ်က သူတို့သည် ရှယ်ယာ အတော်များများကို စွန့်လွှတ်ခဲ့ရသည်။ နောက်ပိုင်းတွင် နိုင်ငံခြားရောက် ဟွာကော်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံသည့်အခါတွင်လည်း နောက်ထပ် ရှယ်ယာတစ်စိတ်တစ်ပိုင်းကို စွန့်လွှတ်ခဲ့ရပြန်သည်။ ယခုအချိန်တွင် သူတို့ကို ထပ်မံပေးရန် တောင်းဆိုဖို့မှာ မဖြစ်နိုင်သလောက်ပင်။
လျိုချောင်တပ်ဖွဲ့အတွက်တော့ ဤစက်ရုံမှာ ရွှေတွင်းကြီးတစ်ခု ဖြစ်ပြီး တပ်ဖွဲ့တစ်ခုလုံး၏ စီးပွားရေး ထုတ်ကုန်ပမာဏ၏ တစ်ဝက်နီးပါးကို ရှာဖွေပေးနေခြင်း ဖြစ်သည်။ ကျန်ရှိနေသော ရှယ်ယာများမှာ အလွန်ပင် တန်ဖိုးရှိလှသဖြင့် နန်ပြည်နယ် စီးပွားရေးဌာနပင်လျှင် ထိုရှယ်ယာများကို ညှိနှိုင်းဖယ်ရှားရန် ခက်ခဲပေလိမ့်မည်။ မြို့တော် စီးပွားရေးဗျူရို ညွှန်ကြားရေးမှူးဖြစ်သော သူ့အဖို့တော့ ပိုလို့ပင် ခက်ခဲမည်သာ။
နိုင်ငံခြားရောက် ဟွာကော်စီးပွားရေးလုပ်ငန်းရှင်များအတွက်တော့ ၎င်းမှာ လုံးဝကို မဖြစ်နိုင်သော ကိစ္စပင်။
ရင်းနှီးမြှုပ်နှံသူများသည် ဟွာကော်နိုင်ငံတွင် တရားဝင် ရင်းနှီးမြှုပ်နှံထားကြခြင်းဖြစ်ကာ လုပ်ငန်းမှာလည်း ကြီးမားသော အမြတ်အစွန်းများနှင့်အတူ အောင်မြင်နေသည်။ သူတို့ကို ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းခိုင်းခြင်းမှာ သံသယဖြစ်ဖွယ် ကောင်းလှပြီး မြို့တော်၏ စီးပွားရေး ဂုဏ်သတင်းကိုလည်း ထိခိုက်စေနိုင်သည်။
ထို့ကြောင့် ရွေးချယ်စရာ တစ်ခုတည်းသာ ကျန်တော့သည်— ၎င်းမှာ နိုင်ငံတော်ပိုင် ရှယ်ယာများပင်။
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ညွှန်ကြားရေးမှူးကျိန့်က နောက်ဆုံးတွင် ပြောလိုက်သည်။ "ဒါကို ကျွန်တော်တို့ ဆွေးနွေးပြီးမှ ပြန်ပြောပါ့မယ်။ ပြန်သွားပြီး ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေလိုက်ပါ"
ရှန်မော့အာကလည်း ဒါသည် လျင်မြန်စွာ ပြီးဆုံးမည့်ကိစ္စ မဟုတ်မှန်း သိသဖြင့် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ "နားလည်ပါပြီ"
နောက်ရက်များတွင် သူမသည် စက်ရုံသစ်အတွက် မြေနေရာရရှိရေးကိစ္စတွင် အားစိုက်လုပ်ဆောင်ခဲ့သည်။ မြေနေရာ ခွင့်ပြုချက်ရရှိသည်နှင့် တစ်ပြိုင်နက် အမြန်ဆုံး အုတ်မြစ်ချနိုင်ရန် ဆောက်လုပ်ရေးကုမ္ပဏီများကို ချက်ချင်း ဆက်သွယ်ခဲ့သလို ချွေ့ကျန့်ကျုံးကိုလည်း စက်ကိရိယာများ ဝယ်ယူရေးအတွက် စီစဉ်ပေးရန် အကူအညီတောင်းခဲ့သည်။
ချွေ့ကျန့်ကျုံးသည် လင်းယွိဖေးနှင့်အတူ နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည်။ ရှန်မော့အာ၏ နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ သူက စိတ်မရှည်စွာဖြင့် သက်ပြင်းချလိုက်သည်။ "ငါ အားလပ်ရက် အပန်းဖြေနေတာလေ! နောက်ရက်နည်းနည်းကြာရင် ပြန်လာမှာပါ—အဲဒီအထိ မစောင့်နိုင်ဘူးလား"
ရှန်မော့အာက အရေးမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။ "အလုပ်မလုပ်ဘဲ ဆော့နေရုံနဲ့တင် ရမလား။ ရှင် အပန်းဖြေနေတာ တစ်လကျော်နေပြီ။ အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်သင့်ပြီလေ"
ခဏ တိတ်ဆိတ်သွားပြီးနောက် ချွေ့ကျန့်ကျုံးက တီးတိုးရေရွတ်ကာ ဖုန်းချသွားခဲ့သည်။ "ကောင်းပြီလေ"
မကြာမီမှာပင် သူ၏ ကုမ္ပဏီဝန်ထမ်းများက ရှန်မော့အာထံသို့ ဆက်သွယ်လာခဲ့ကြလေသည်။
ရှန်မော့အာ စက်ရုံသစ်အတွက် အလုပ်များနေစဉ်အတွင်း ညွှန်ကြားရေးမှူးကျိန့်ထံမှ ဘာသတင်းမှ မကြားရဘဲ ရက်အတော်ကြာ စောင့်ဆိုင်းခဲ့ရသည်။ ဤကိစ္စမှာ သူ့အတွက် အမှန်တကယ်ပင် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်နေရမည်ဟု သူမ ခန့်မှန်းမိ၏။
သို့သော် ရှန်မော့အာ သိပ်ပြီး စိုးရိမ်မနေခဲ့ချေ။ ဟွာချိုက် အထည်ချုပ်စက်ရုံကို သူမကိုယ်တိုင် စတင်ခဲ့ခြင်းဖြစ်ပြီး ဤအခွင့်အရေးတွင် ရှယ်ယာအချို့ကို ပြန်လည်ဝယ်ယူချင်သည်မှာ အမှန်ဖြစ်သော်လည်း စက်ရုံကို အသုံးချပြီး သူမကိုယ်ကျိုးအတွက် ငွေရှာရန်တော့ ရည်ရွယ်ချက် မရှိခဲ့ချေ။
ပြုပြင်ပြောင်းလဲရေး မူဝါဒများကြောင့် သူမ၏ မိသားစုမှာ ရွှေအရောင်းအဝယ် လုပ်ရုံဖြင့်ပင် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်သည်ပင်။
ရှယ်ယာများကို ပြန်လည်ဝယ်ယူရန် သူမ၏ အဆိုပြုချက်မှာ ကန့်သတ်ချက်များမှ လွတ်မြောက်ရန်သာမက စက်ရုံရှိ ဝန်ထမ်းများနှင့် အလုပ်သမားများ၏ အကျိုးစီးပွားအတွက်လည်း အမှန်တကယ် ရည်ရွယ်ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်က ပထမဆုံး ပုဂ္ဂလိကလုပ်ငန်းဖြစ်သော 'ဟွာကော် စက်မှုလုပ်ငန်း'ကို ခွင့်ပြုပေးခဲ့ကတည်းက ပုဂ္ဂလိကစက်ရုံများမှာ မှိုပေါက်သလို ပေါ်ပေါက်လာခဲ့သည်။ ရှယ်ယာများ ပေးအပ်ခြင်းဖြင့် အရည်အချင်းရှိသူများကို ဆက်လက်ထိန်းသိမ်းထားရန် ရှန်မော့အာ၏ အကြံပြုချက်မှာ အထက်လူကြီးများကို ဖားရန် ပြောသည့်စကားသက်သက် မဟုတ်ချေ။
အလုပ်များ အနည်းငယ် ပါးသွားချိန်တွင် မြို့တော် စီးပွားရေးဗျူရိုသို့ နောက်ထပ် အကြိမ်အနည်းငယ် သွားရောက်ရန် သူမ စီစဉ်ထားခဲ့သည်။ အကယ်၍ ထိုနည်းလမ်းက အလုပ်မဖြစ်ပါက လစာစနစ်ကို ပြုပြင်ပြောင်းလဲပြီး လစာတိုးပေးရန် လုပ်ဆောင်ရမည်။
မည်သို့ပင်ဆိုစေ ပုဂ္ဂလိကလုပ်ငန်းများ နေရာအနှံ့ ပေါ်ပေါက်လာပြီး လုပ်ငန်းနယ်ပယ်အတွင်း ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ သူတို့၏ ဖက်စပ်လုပ်ငန်းသည် နိုင်ငံပိုင် လစာစနစ်ကိုသာ ဖက်တွယ်ထားရန် မလိုအပ်တော့ချေ။ လစာစနစ်သစ်တစ်ခုကို မိတ်ဆက်ရန် လိုအပ်နေပြီ ဖြစ်သည်။
သို့သော် ရှန်မော့အာ လစာစနစ်သစ်ကို မချမှတ်နိုင်မီမှာပင် မြို့တော် စီးပွားရေးဗျူရိုမှ ဖုန်းခေါ်ဆိုလာခဲ့ပြီး ရှယ်ယာပြန်လည်ဝယ်ယူရေး အဆိုပြုချက်နှင့် စာရွက်စာတမ်းများကို ၃ ရက်အတွင်း ပြင်ဆင်ရန် ညွှန်ကြားလာခဲ့သည်။
ရှန်မော့အာမှာ ဤအချက်ကို ထူးဆန်းသည်ဟု ထင်မှတ်မိသည်။ ထိုညနေပိုင်းတွင် သူမသည် သမီးဖြစ်သူကို ခေါ်ကာ ခြံအမှတ် ၉ သို့ သွားရောက်ပြီး ဖုကျစ်ယွမ်ထံမှ သတင်းအချက်အလက်များ ရယူခဲ့သည်။ အခြေအနေများကို သိပြီးနောက် နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် လိုအပ်သော စာရွက်စာတမ်းများအားလုံးဖြင့် ဗျူရိုသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ညွှန်ကြားရေးမှူးကျိန့်၏ ရုံးခန်းအပြင်ဘက်တွင် ရှန်မော့အာသည် မြို့တော် အမှတ်(၃) အထည်ချုပ်စက်ရုံမှ စက်ရုံမှူးနှင့် မထင်မှတ်ပဲ တွေ့ခဲ့သည်။ စက်ရုံမှူးကျန်းသည် သူမကို မြင်သောအခါ လန့်သွားပြီး အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားနေရဟန်ဖြင့် တောင့်တောင့်ကြီး နှုတ်ဆက်ကာ အလျင်အမြန် ထွက်ခွာသွားခဲ့လေသည်။
သူ ဘာကြောင့် အနေရခက်သည်ကိုတော့ ရှန်မော့အာ အတိအကျ သိနေသည်။
ဟွာချိုက်၏ ဖက်ရှင်ရှိုးကို နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြီးနောက် တစ်နိုင်ငံလုံးရှိ စက်ရုံပေါင်းမြောက်မြားစွာမှာ ထိုဒီဇိုင်းများကို လေ့လာခဲ့ကြသည်— မြို့တော်ရှိ အထည်ချုပ်စက်ရုံများလည်း အပါအဝင်ပင်။ ထိုသူများထဲတွင် အမှတ်(၃) စက်ရုံမှာ ဒီဇိုင်းများကို တစ်ပုံစံတည်း ကူးချခဲ့ခြင်း ဖြစ်၏။
ကြားသိရသမျှအရ သူတို့သည် ဒီဇိုင်းအားလုံးကို အမြန်ဆွဲယူကာ နမူနာများပင် ထုတ်လုပ်ခဲ့ပြီးဖြစ်သလို ပို့ကုန်အော်ဒါများ အပါအဝင် ကြီးမားသော အော်ဒါအတော်များများကိုပါ ရရှိထားခဲ့သည်ဟု ဆိုသည်။
ဖက်ရှင်ရှိုးကို စီစဉ်ပြီး ထုတ်လွှင့်ရန် စီစဉ်ခဲ့ကတည်းက ရှန်မော့အာသည် သည်လို ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားပြီးသားပင်။
ဖက်ရှင်ရှိုးများသည် ဒီဇိုင်းအယူအဆများကို ဖော်ပြခြင်းဖြစ်ရာ ပြသခဲ့သော ဝတ်စုံများမှာ စိတ်ကူးယဉ်ဆန်သော ဒီဇိုင်းများသာ ဖြစ်ကြသည်။ အမှန်တကယ် ရောင်းချမည့် အဝတ်အစားများမှာတော့ ပြုပြင်ပြောင်းလဲမှုများ ရှိမည်သာ။
ထို့အပြင် သူမ၏ အဓိက ရည်ရွယ်ချက်မှာ ကူးချရန် ခက်ခဲသော 'ဟွာရှန်း' အမှတ်တံဆိပ်ကို ကြော်ငြာရန်သာ ဖြစ်သည်။
အတိုချုပ်ပြောရလျှင် ပြိုင်ဘက်များက သူတို့၏ ဒီဇိုင်းများကို ကူးချခြင်းမှာ မျှော်လင့်ထားပြီးသားဖြစ်ကာ ရှန်မော့အာအနေဖြင့်လည်း ထိုသို့ဖြစ်ခြင်းကို ဝမ်းမြောက်နေခဲ့သည်။
အကယ်၍ နောက်နှစ်တွင် ဈေးကွက်အတွင်း၌ "ဟွာချိုက်စတိုင်" အဝတ်အစားများဖြင့် ပြည့်နှက်နေမည်ဆိုပါက ၎င်းမှာ ဟွာချိုက်၏ လုပ်ငန်းနယ်ပယ်အတွင်း ဩဇာလွှမ်းမိုးမှုကို ပိုမိုခိုင်မာစေမည် မဟုတ်ပါလား။
၎င်းမှာ အမှတ်(၅) အထည်ချုပ်စက်ရုံက သူတို့၏ ဒီဇိုင်းများကို လျှို့ဝှက်ကူးချခဲ့စဉ်ကနှင့် လုံးဝ ကွဲပြားခြားနားလှသည်။
ဟုတ်ပါသည်။ စက်ရုံမှူးကျန်း၏ အပြစ်ရှိသလို ခံစားရမှုမှာ ကူးချရုံသက်သက်ကြောင့်တော့ မဟုတ်ချေ—အမှတ်(၃) စက်ရုံသည် ဂျပန်နိုင်ငံမှ အပ်ချုပ်စက်ကိရိယာများကို တင်သွင်းချင်နေသော်လည်း စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် ရန်ပုံငွေ ပြတ်လပ်နေခဲ့သည်။ ထို့ကြောင့် သူတို့က ဟွာချိုက်၏ ရှယ်ယာများကို မျက်စိကျနေခဲ့ကြ၏။
ဟွာချိုက်က ရှယ်ယာတွေ ပြန်ဝယ်ချင်နေတာလား။ အကွက်ပဲ—အဲဒီငွေတွေနဲ့ သူတို့ရဲ့ စက်သစ်တွေကို ဝယ်လို့ရတာပေါ့။
ဒီဇိုင်းများကိုလည်း ကူးချသလို၊ ဟွာချိုက်၏ ရှယ်ယာများ ရောင်းရတဲ ငွေတွေကို သုံးပြီး သူတို့၏ စက်ကိရိယာတွေကို အဆင့်မြှင့်တင်ဖို့ လုပ်ဆောင်ခြင်းမှာတော့ လူပါးဝရာ ရောက်လေသည်။
စက်ရုံမှူးကျန်း အပြစ်ရှိသလို ခံစားနေရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
ညွှန်ကြားရေးမှူးကျိန့်ပင်လျှင် ရှန်မော့အာကို ရင်ဆိုင်ရသည်မှာ အနေရခက်နေပုံ ရသည်။ မိမိဘာသာ ဆန္ဒအလျောက် ရှယ်ယာပြန်လည်ဝယ်ယူခြင်းက တစ်ပိုင်းဖြစ်သော်လည်း အခြားစက်ရုံတစ်ခုကို ထောက်ပံ့ရန်အတွက် ရောင်းချခြင်းကတော့ အကြောင်းအရာတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။
ရှန်မော့အာ၏ ဒေါသကို သိထားသဖြင့် ညွှန်ကြားရေးမှူးကျိန့်သည် သူမ သူ့ကို အော်ဟစ်ဆဲဆိုတော့မည်ဟု တွေးကာ အသင့်ပြင်ထားခဲ့သည်။ သို့သော် သူမက ပြုံးကာ စာရွက်စာတမ်းများကို ကမ်းပေးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "ဗျူရိုမှာ ရန်ပုံငွေ လိုအပ်နေတယ်လို့ ကျွန်မ ကြားပါတယ်။ ဟွာချိုက်ကတော့ အမြဲတမ်း ကူညီပေးဖို့ အဆင်သင့်ပါပဲ။ အစက ကျွန်မတို့ ၁၀ ရာခိုင်နှုန်းပဲ ပြန်ဝယ်ဖို့ စီစဉ်ထားတာ.. အခု ၂၀ ရာခိုင်နှုန်းအထိ တိုးလိုက်ရင် ဘယ်လိုလဲ"
ညွှန်ကြားရေးမှူးကျိန့် : "..."
နောက်တစ်နေ့တွင် အမြဲတမ်း အလုပ်များနေလေ့ရှိသော ဟွာချိုက် အထည်ချုပ်စက်ရုံသည် ထုတ်လုပ်ရေးကို ခဏရပ်နားကာ ဝန်ထမ်းအားလုံး အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ ထိုနေရာတွင် ရှန်မော့အာက ကြီးမားသော ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့၏—၎င်းမှာ ဝန်ထမ်းတိုင်းသည် စက်ရုံ၏ ရှယ်ယာများကို ဝယ်ယူခွင့် ရရှိမည် ဖြစ်ကြောင်းပင်။ ဝယ်ယူခွင့်မှာ လုပ်သက်နှင့် ရာထူးအလိုက် ကန့်သတ်ထားမည်ဖြစ်ကာ ပါဝင်ခြင်းမှာလည်း မိမိဆန္ဒအလျောက်သာ ဖြစ်သည်။
ပွဲခင်းတစ်ခုလုံးမှာ ရူးသွပ်မတတ် ဆူညံသွားခဲ့လေတော့သည်!
မဝယ်တဲ့သူကတော့ အရူးတွေပဲ ဖြစ်မှာပြ။ ဒါက အခွင့်အရေးကြီးတစ်ခု မဟုတ်လား။
ဟွာချိုက် အထည်ချုပ်စက်ရုံ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် သူတို့သည် စက်ရုံ၏ စွမ်းဆောင်ရည် ဘယ်လောက်အထိ ကောင်းမွန်နေသည်ကို အပြင်လူများထက် ပိုမို သိထားကြသည် မဟုတ်ပါလား။
အထူးသဖြင့် ဖက်ရှင်ရှိုး ကျင်းပပြီးနောက်တွင် အရောင်းရုံးခန်းရှိ ဖုန်းများမှာ နေ့စဉ်မပြတ် ဆူညံနေခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေခဲ့လေသည်။
...
အပိုင်း (၁၇၁.၂)
သူတို့၏ စက်ရုံမှာ နောင်တွင် ပိုမိုကောင်းမွန်လာရန်သာ ရှိတော့ပြီး အစုရှယ်ယာ အနည်းငယ်မျှ ပိုင်ဆိုင်ထားရုံဖြင့်ပင် အနာဂတ်တွင် ငွေအမြောက်အမြား ရရှိလာမည်မှာ သေချာသည်။
ထိုနေ့မှာပင် စက်ရုံရုံးခန်းသို့ ရှယ်ယာဝယ်ယူခွင့် လျှောက်လွှာများ အထပ်လိုက် ရောက်ရှိလာခဲ့လေသည်။
ကုရှောင်ကျွမ်းသည် ဟွာချိုက် အထည်ချုပ်စက်ရုံ စတင်တည်ထောင်စဉ်ကတည်းက ရပ်ကွက်ကော်မတီ၏ မိတ်ဆက်ပေးမှုဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့သော ဝါရင့်ဝန်ထမ်းတစ်ဦး ဖြစ်သည်။ သူမသည် အလုပ်ဆင်းခါနီးအချိန်တွင် သူမ၏ လျှောက်လွှာကို အပြေးအလွှား ဖြည့်စွက်ကာ တင်သွင်းခဲ့၏။ ဖောင်တင်ပြီးနောက် သူမသည် အိမ်နီးချင်းဖြစ်သူ ကျန်းရှားနှင့်အတူ စက်ဘီးကိုယ်စီဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။
သူတို့နှစ်ဦးစလုံးမှာ စက်ရုံသို့ တစ်ချိန်ထဲ ဝင်ရောက်ခဲ့ကြသူများဖြစ်ပြီး လုပ်သက်မှာလည်း အတော်လေး ကြာမြင့်နေပြီဖြစ်ရာ သူတို့ရရှိသော ရှယ်ယာပမာဏမှာ အချို့သော ဌာနမှူးများထက်ပင် ပိုမိုများပြားနေလေသည်။
ကျန်းရှားမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ဗလုံးဗထွေးရေရွတ်နေခဲ့၏။ "စက်ရုံမှူးရှန် ပြောတာတော့ ရှယ်ယာတွေ ရှိလာရင် ကျွန်မတို့က စက်ရုံရဲ့ စစ်မှန်တဲ့ ပိုင်ရှင်တွေ ဖြစ်လာမယ်တဲ့။ အဲဒါကို ကြားလိုက်ရတော့ ကျွန်မ ရင်တွေ တဒိန်းဒိန်း ခုန်သွားတာပဲ။ အရင်တုန်းက ဟွာချိုက် အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ဖို့ မိတ်ဆက်ခံခဲ့ရတာ ဘယ်လိုတောင် ကံကောင်းလိုက်သလဲနော်"
ကုရှောင်ကျွမ်းက သိမ်မွေ့စွာ ပြုံးလိုက်သည်။ အမှန်တကယ်တွင် သူမလည်း ထိုသို့ပင် ခံစားနေရခြင်းပင်— သူတို့မှာ အလွန်တရာ ကံကောင်းခဲ့ကြသည်ဟု သူမလည်း ထင်မှတ်မိသည်။
သူမသည် ပညာတတ်လူငယ် အစီအစဉ်ဖြင့် ကျေးလက်သို့ အပို့ခံရပြီးနောက် မြို့သို့ ပြန်လာခဲ့သူ ဖြစ်သည်။ ထိုစဉ်က သူမမှာ အသက် ၁၆ နှစ်သာ ရှိသေးပြီး အလယ်တန်း အောင်မြင်ခါစ ဖြစ်သဖြင့် အဆင့်မြင့်ပညာရပ်များ၊ ကျွမ်းကျင်မှုများ သို့မဟုတ် ထူးခြားသော ပါရမီများ မရှိခဲ့ချေ။ ပြန်ရောက်လာပြီးနောက် အလုပ်ရှာဖွေရန် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသည်။
ရပ်ကွက်ကော်မတီက သူမကို ဟွာချိုက် အထည်ချုပ်စက်ရုံနှင့် မိတ်ဆက်ပေးစဉ်က သူတို့မှာ ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့ကြသည်။ ၎င်းမှာ နယ်ရွာလေးတစ်ခုမှ လာသော စုပေါင်းပိုင်စက်ရုံလေးသာ ဖြစ်သဖြင့် အောင်မြင်မည်လား သို့မဟုတ် ဘယ်အချိန်အထိ ကြာရှည်ခံမည် ဆိုသည်ကို ဘယ်သူမှ မသိနိုင်ကြောင်း၊ မည်သို့ပင်ဖြစ်စေ သူမမှာ အလုပ်မရှိသေးသဖြင့် ယာယီအလုပ်တစ်ခုအနေဖြင့်သာ လုပ်ကိုင်ရန် ပြောဆိုခဲ့ကြခြင်း ဖြစ်၏။
ထိုသို့ "ယာယီ" အလုပ်လုပ်ခဲ့ရာမှ ယခုကဲ့သို့ နှစ်ပေါင်းများစွာအထိ ကြာရှည်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
တစ်ချိန်က လျစ်လျူရှုခံထားရသော စုပေါင်းပိုင် လုပ်ငန်းငယ်လေးသည် ယခုအခါ မြို့တော်၏ နာမည်ကျော်ကြားလှသော အဓိက အထည်ချုပ်စက်ရုံကြီးတစ်ခု ဖြစ်လာခဲ့လေပြီ။
ယခုတော့ သူတို့သည် စက်ရုံ၏ ရှယ်ယာများကိုပင် ဝယ်ယူခွင့် ရရှိနေခဲ့ကြပြီ။
"ရှယ်ယာဝယ်ဖို့ နင့်မှာ ပိုက်ဆံအလုံအလောက် ရှိရဲ့လား" ကျန်းရှားက မေးလိုက်သည်။
ကျန်းရှားသည် ကုရှောင်ကျွမ်းထက် အသက်အနည်းငယ် ပိုကြီးပြီး စက်ရုံသို့ ဝင်ရောက်ချိန်ကတည်းက အိမ်ထောင်ကျပြီးသား ဖြစ်သည်။ သူမ၏ မိသားစုက သူမ၏ အလုပ်အပေါ် အပြည့်အဝ ထောက်ခံကြသဖြင့် သူမထံတွင် ငွေအလုံအလောက် မရှိလျှင်တောင် သူမ၏ မိသားစုက သေချာပေါက် ကူညီကြလိမ့်မည်။
ကုရှောင်ကျွမ်းကတော့ မတူညီချေ။ သူမတွင် အစ်ကို ၂ ယောက် ရှိပြီး သူမ၏ မိသားစုမှာ သားကိုသမီးထက် ပိုမိုဦးစားပေးသည့် အလေ့အထ ရှိနေဆဲ ဖြစ်သည်။ အကယ်၍ သူမ၏ မိသားစုက ကူညီမည်ဆိုလျှင်တောင်မှ နောင်တစ်ချိန်တွင် ထိုရှယ်ယာများက မည်သူ့ထံသို့ ရောက်ရှိသွားမည်ကတော့ စဉ်းစားစရာပင်။
ကုရှောင်ကျွမ်းက စက်ဘီးဘဲလ်ကို မြည်လိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ "ကျွန်မ လူတစ်ယောက်နဲ့ တွဲနေတာ ၂ လလောက် ရှိပြီလေ၊ သူက သူ့ရဲ့ စုငွေတွေကို သုံးဖို့ ကျွန်မကို ခွင့်ပြုထားတယ်"
သူမ ရရှိသော ရှယ်ယာပမာဏမှာ အတော်လေး များပြားလှသဖြင့် သူမ၏ ကိုယ်ပိုင်စုငွေများမှာ လုံလောက်ခြင်း မရှိခဲ့ချေ။ သို့သော် သူမနှင့် သူမ၏ ချစ်သူမှာ လက်ထပ်ရန် စီစဉ်ထားကြပြီးဖြစ်ရာ သူ့ထံမှ အနည်းငယ် ချေးယူခြင်းက ကြီးကျယ်သော ကိစ္စမဟုတ်တော့ချေ။
ကျန်းရှားမှာ အံ့အားသင့်သွားခဲ့၏။ "ဟယ်.. ဘယ်တုန်းကတည်းကလဲ။ ဘာလို့ ဘာမှ မပြောရတာလဲ"
ကုရှောင်ကျွမ်းက ရှက်သွေးဖြာကာ ပြုံးလိုက်သည်။ "မကြာသေးခင်ကမှပါ"
ခဏလောက် စကားပြောဆိုပြီးနောက် လမ်းဆုံသို့ ရောက်သောအခါ သူတို့ လမ်းခွဲလိုက်ကြလေသည်။
ကုရှောင်ကျွမ်းသည် အိမ်သို့ ပြန်ရောက်သောအခါ သူမ၏ ညီမဝမ်းကွဲဖြစ်သူ ယန်ထျန်း ရောက်နေသည်ကို တွေ့လိုက်ရသည်။ ယန်ထျန်းသည် သူမ၏ အငယ်ဆုံး ဦးလေး၏ သမီးဖြစ်ပြီး သူမ၏ မိခင်မှာ အငယ်ဆုံးဦးလေးကို သူမ၏ သားကြီးသဖွယ် ချစ်ခင်သူ ဖြစ်သည်။ ထိုမှတစ်ဆင့် ဦးလေး၏ တစ်ဦးတည်းသော သမီးဖြစ်သူ ယန်ထျန်းကိုလည်း အလွန်အမင်း အလိုလိုက်ထားလေသည်။
ကုရှောင်ကျွမ်းအပေါ် ထားရှိသော မေတ္တာထက် များစွာ သာလွန်နေခဲ့၏။
ထို့အပြင် ယန်ထျန်းသည် စကားချိုသော်လည်း လူရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တတ်သူ ဖြစ်သည်။ လူကြီးများရှေ့တွင် ဟန်ဆောင်ကောင်းသော်လည်း သူတို့နောက်ကွယ်တွင်တော့ မရိုးသားသော လှည့်ကွက်များကို မကြာခဏ သုံးလေ့ရှိ၏။ ကုရှောင်ကျွမ်းသည် ငယ်စဉ်ကတည်းကပင် ဤလည်လွန်းသော ညီမဝမ်းကွဲကို မနှစ်သက်ခဲ့ချေ။
"အိုး.. ကြည့်စမ်းပါဦး၊ စံပြအလုပ်သမားကြီး ပြန်လာပြီပဲ" ယန်ထျန်းက ပြုံးစိစိဖြင့် ပြောလိုက်သည်။ "အစ်မ... ဒီတလော အစ်မတို့ စက်ရုံက စီးပွားရေး တအားကောင်းနေပြီး နေ့တိုင်း အချိန်ပိုဆင်းနေရတယ်လို့ ကြားတယ်။ ဒါနဲ့ အပိုဝင်ငွေ ဘယ်လောက်တောင် ရလိုက်သလဲ"
ကုရှောင်ကျွမ်းက ဘာမှ မပြောရသေးခင်မှာပင် သူမ၏ မိခင်က ကြားဖြတ်ပြောလိုက်သည်။ "အလုပ်တွေ ဘယ်လောက်ပဲ ကောင်းကောင်း ဘာထူးမှာလဲ။ ကိုယ့်ဘာသာ သူဌေးလုပ်ပြီး ရှာသလောက် ဘယ်မီပါ့မလဲ။ နင့်အစ်မကတော့ အသုံးမကျပါဘူး.. လစာပုံမှန်လေးပဲ ရတဲ့ အလုပ်မှာ ပိတ်မိနေတာ။ နင် တစ်လရှာသလောက်တောင် သူ မရနိုင်ပါဘူး"
ယန်ထျန်းသည် ကိုယ်ပိုင် အဝတ်အထည်ဆိုင်လေးတစ်ခုကို ဖွင့်လှစ်ထားသော စီးပွားရေးလုပ်ငန်းရှင်လေး တစ်ဦးဖြစ်ကာ ယခုအခါ "ယွမ်တစ်သောင်းချမ်းသာသူ" စာရင်းဝင်ပင် ဖြစ်နေပြီ ဖြစ်သည်။ ကုရှောင်ကျွမ်း၏ မိခင်သည် ဤတူမဖြစ်သူကို မြင်တွေ့ရတိုင်း ကုရှောင်ကျွမ်းကို အမြဲလိုလို နှိမ်ချ ပြောဆိုတတ်လေသည်။
ပုံမှန်ဆိုလျှင် ကုရှောင်ကျွမ်းမှာ အကြီးအကျယ် ဒေါသထွက်နေမည်ဖြစ်သော်လည်း ယနေ့တွင်တော့ သူမက တည်ငြိမ်နေခဲ့ပြီး ခပ်ပေါ့ပေါ့ပင် ထောက်ခံလိုက်၏။ "မှန်ပါတယ်အမေ။ စကားပုံ ရှိတယ်လေ.. အဏုမြူဗုံး လုပ်တာက ကြက်ဥလက်ဖက် ရောင်းတာလောက် အမြတ်မရဘူးတဲ့၊ အလုပ်သမား လုပ်တာကတော့ ပြောမနေနဲ့တော့ပေါ့"
သို့သော် သူမ၏ ရင်ထဲတွင်တော့ ကွဲပြားစွာ တွေးတောနေခဲ့သည်—ရှယ်ယာတွေ ရရှိသွားပြီဆိုလျှင် သူမသည် ဘာမှ မလုပ်ရဘဲ ယန်ထျန်း ရှာသလောက်ကို နှစ်စဉ် ဝင်ငွေရရှိတော့မည် မဟုတ်ပါလား။ ထို့ပြင် အလုပ်ရုံ မန်နေဂျာ ရှင်းပြခဲ့သလို သူတို့စက်ရုံ၏ ကြီးထွားမှုနှုန်းအရဆိုလျှင် ထိုရှယ်ယာများမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုမို တန်ဖိုးရှိလာလိမ့်မည်။
ကိုယ်ပိုင်လုပ်ငန်းရှင်လေး တစ်ဦးအဖြစ် ရုန်းကန်နေရတာလား။ စက်ရုံမှူးရှန်ရဲ့ ဦးဆောင်မှုအောက်မှာ ငွေရှာရတာနဲ့ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ပါဘူးလေ။
သို့သော် သူမ ထိုသတင်းကောင်းကို ထုတ်မပြောခဲ့ချေ— ၎င်းမှာ သူမ၏ ချစ်သူနှင့်သာ လျှို့ဝှက်စွာ ဝေမျှမည့် သတင်းကောင်းတစ်ခုပင်။
တစ်ချိန်တည်းမှာပင် ကျန်းရှားသည် အိမ်သို့ ပြန်ရောက်၍ ဤကိစ္စကို ပြောပြလိုက်သည်နှင့် သူမ၏ ခင်ပွန်းဖြစ်သူ လင်ချွမ်းက စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို မြှောက်လိုက်သည်။ "ရှားဇီ... မင်းတို့စက်ရုံက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ။ မင်းတို့ကို ရှယ်ယာတွေပါ ဝယ်ခွင့်ပေးတယ်ပေါ့! အဲဒါက ဘာကို ဆိုလိုသလဲဆိုတာ မင်း သိလား။ အဲဒီရှယ်ယာတွေသာ ရှိရင် ငါတို့တွေ အနာဂတ်မှာ အစားအသောက်နဲ့ အဝတ်အစားအတွက် ဘယ်တော့မှ ပူစရာ မလိုတော့ဘူးလို့ အဓိပ္ပာယ်ရတယ်!"
အနီးတွင် ရပ်နေသော လင်ချွမ်း၏ မိဘများမှာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူ၏ မိခင်က မနေနိုင်တော့ဘဲ ပြောလိုက်၏။ "ဒါက နည်းနည်းတော့ ချဲ့ကားလွန်းမနေဘူးလား။ အဲဒါက ဘယ်လို ရှယ်ယာမျိုးလဲ— အစိုးရရဲ့ ငွေတိုက်စာချုပ်တွေလိုမျိုး နောက်ပိုင်းကျရင် အတိုးလေး နည်းနည်းပါးပါး ပြန်ရတာမျိုးလား"
"မဟုတ်ဘူး၊ မဟုတ်ဘူးအမေ၊ ဒါက လုံးဝကို ကွဲပြားတယ်!"
လင်ချွမ်းက ရှယ်ယာ၏အဓိပ္ပါယ်ကို သူ့မိသားစုအား စိတ်အားထက်သန်စွာ ရှင်းပြလိုက်သည်။ ထို့နောက် ထပ်ဖြည့်ပြောလိုက်၏။ "ရှားဇီတို့ စက်ရုံက စက်ရုံမှူးရှန်ဆိုတာ တကယ့်ကို အစွမ်းထက်တဲ့သူ။ သူတို့စက်ရုံရဲ့ အမြတ်အစွန်းတွေက ဆက်ပြီး တိုးတက်နေဦးမှာ၊ အဲဒီတော့ ဒီရှယ်ယာတွေကလည်း ပိုပိုပြီး တန်ဖိုးရှိလာမှာလေ! ဝါး... ကျွန်တော့်လို ကောင်မျိုးက ကိုယ့်မိန်းမရဲ့ ကျေးဇူးနဲ့ ထိုင်စားရတော့မယ်လို့ တစ်ခါမှ မတွေးဖူးဘူးဗျာ!"
ကျန်းရှားက သူ့ကို စိတ်မရှည်သလို ကြည့်လိုက်သော်လည်း ထပ်ပြောလိုက်သည်။ "ကျွန်မတို့ အလုပ်ရုံ မန်နေဂျာကလည်း အဲဒီလိုပဲ ပြောတယ်—ဒီရှယ်ယာတွေက ပိုပြီး တန်ဖိုးတက်လာလိမ့်မယ်တဲ့"
လင်ချွမ်း၏ မိခင်က အာမေဍိတ်သံ ထွက်သွားခဲ့သည်။ "အို... ဒါက တကယ့်ကို ဝမ်းသာစရာ သတင်းကောင်းပဲ!"
လင်ချွမ်းက အောင်ပွဲခံလိုက်၏။ "အမေ.. မြန်မြန်လုပ်၊ ဟင်း ၂ ပွဲလောက် ထပ်ချက်လိုက်ပါဦး— အာ.. မဟုတ်တော့ဘူး၊ လမ်းထိပ်က စားသောက်ဆိုင်ကနေ ဟင်းကောင်းလေးတွေ သွားဝယ်လိုက်ဦးမယ်။ ကျွန်တော်တို့ သေသေချာချာ အောင်ပွဲခံကြရအောင်လေ!"
……
အလားတူ မြင်ကွင်းမျိုးများမှာ မြို့တော်၏ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေခဲ့လေသည်။
ဟုတ်ပါသည်။ စက်ရုံမှူးရှန်းမော့အာလည်း လျှောက်လွှာကို တင်သွင်းခဲ့ပါသည်။
သူမ ဝယ်ယူခွင့်ရသည့် ရှယ်ယာပမာဏမှာ အတော်လေး များပြားလှပြီး အိမ်ရှိ စုငွေများကို ပြန်လည်စစ်ဆေးကြည့်သောအခါ လုံလောက်ခြင်း မရှိသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမသည် သူမ၏ ရတနာတိုက်ထဲမှ ရွှေတုံးများ ထည့်ထားသော သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
သို့ဖြစ်၍ ဖုမင်ဇယ် အချိန်ပိုဆင်းရာမှ အိမ်သို့ ပြန်ရောက်ပြီး သူတို့၏ အခန်းထဲသို့ ဝင်လာသောအခါ ကုတင်ပေါ်တွင် ထိုင်ကာ သစ်သားသေတ္တာတစ်လုံးကို ကိုင်ထားသော ဇနီးဖြစ်သူကို မြင်တွေ့လိုက်ရသည်။ သူ လျှောက်လာပြီး ကြည့်လိုက်သောအခါ မျက်ခုံးပင် လှုပ်သွားခဲ့ရ၏။ "ဒါကို ဘာလို့ ထုတ်ထားတာလဲ"
သူ့ဇနီးတွင် ရတနာတိုက် တစ်ခုရှိမှန်း သိသော်လည်း ဖုမင်ဇယ်သည် ထိုအရာ မရှိသကဲ့သို့ပင် နှစ်ပေါင်းများစွာအတွင်း ဟန်ဆောင်နေခဲ့သည်။ သူသည် ထိုနေရာသို့ တစ်ခါမှ မဝင်ခဲ့ဖူးသလို အထဲတွင် ဘာတွေ ရှိသည်ကိုလည်း လုံးဝ မသိရှိချေ။
ဟုတ်ပါသည်။. ရှန်မော့အာ တစ်ခါတစ်ရံ ထုတ်ယူလေ့ရှိသော ရွှေတုံးများ၊ ပုလဲများ၊ ကျောက်မျက်ရတနာ ဆွဲကြိုးများနှင့် အလားတူ ပစ္စည်းများကို ကြည့်ပြီး ထိုတိုက်ထဲတွင် တန်ဖိုးကြီး ပစ္စည်းများစွာ ရှိမည်ဟု သူ ယေဘုယျအားဖြင့် ခန့်မှန်းထားခဲ့သည်။
သူမသည် ထိုရတနာတိုက်ထဲမှ ပစ္စည်းများကို ထိခဲလှသည်ဖြစ်ရာ ယနေ့ ရွှေတုံးသေတ္တာတစ်လုံး ထုတ်ထားခြင်းမှာ တစ်ခုခု ထူးခြားနေသည်မှာ သေချာသည်။
ရှန်မော့အာက ရှယ်ယာဝယ်ယူမည့် ကိစ္စကို ရှင်းပြလိုက်သည်။ ဖုမင်ဇယ်က ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူမ၏ လက်ထဲရှိ သစ်သားသေတ္တာကို ပိတ်ကာ မှန်တင်ခုံ အံဆွဲထဲသို့ ထည့်လိုက်သည်။ ထို့နောက် ကိုယ်ကိုညွတ်ကာ သူမကို အရင်နမ်းလိုက်ပြီးမှ ပြောလိုက်၏။ "ပိုက်ဆံကိစ္စကို ကိုယ့်ကို ကိုင်တွယ်ခွင့် ပေးပါ"
ရှန်မော့အာက သူ့ကို စနောက်ချင်သော အပြုံးဖြင့် ကြည့်လိုက်သည်။ "ဘယ်လိုနည်းနဲ့လဲ။ ရှင့်ရဲ့ မိဘတွေကို သွားတောင်းမှာလား"
ဖုမင်ဇယ်ကတော့ အသာလေး ထိုင်လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ထပ်မံ နမ်းရှိုက်လိုက်သည်။ ထို့နောက် ခပ်ရွဲ့ရွဲ့ အပြုံးဖြင့် ပြောလိုက်၏။ "ဟုတ်တယ်.. ကိုယ့်မိဘတွေကို သွားတောင်းမှာ။ ဘာပဲဖြစ်ဖြစ် မင်းက အသုံးမကျတဲ့ မိဘအမွေကို ထိုင်စားနေတဲ့ သူဌေးသား တစ်ယောက်နဲ့ လက်ထပ်ထားတာပဲလေ— အမှန်တရားကို လက်ခံလိုက်တာ အကောင်းဆုံးပါပဲ"
ထိုအချိန်တွင် အိပ်ခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး လျန်လျန်လေးက အော်ပြောလိုက်သည်။ "ဖေဖေ... ညစာ နောက်ကျစာ အဆင်သင့် ဖြစ်ပြီနော်!"
ထို့နောက် သူမက ခေါင်းလေး စောင်းကာ မေးလိုက်သည်။ "ဖေဖေ... မိဘအမွေကို ထိုင်စားတဲ့သူဆိုတာ ဘာလဲဟင်။ ဖေဖေက အသုံးမကျတဲ့သူ ဆိုရင် သမီးကကော ဘာဖြစ်မှာလဲ"
ဖုမင်ဇယ် : "..."
ရှန်မော့အာမှာတော့ ချက်ချင်းပင် အူလှိုက်သည်းလှိုက် ရယ်မောလိုက်လေတော့သည်။
...
အပိုင်း (၁၇၂. ၁) ဇာတ်သိမ်းပိုင်း
ဟွာချိုက် အထည်ချုပ်စက်ရုံ၏ ဝန်ထမ်းများအား အစုရှယ်ယာရှင်များအဖြစ် သတ်မှတ်ပေးသည့် အစီအစဉ်သည် လုပ်ငန်းနယ်ပယ်တစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
၎င်းသည် ကွင်းဆက်တုံ့ပြန်မှုတစ်ခုကိုလည်း ဖြစ်ပေါ်စေခဲ့၏။ စွမ်းဆောင်ရည် ညံ့ဖျင်းသော လုပ်ငန်းငယ်အချို့သည် ဟွာချိုက်၏ လုပ်ရပ်ကို အတုယူကာ အလားတူ ရှယ်ယာဝယ်ယူခွင့်များကို မိတ်ဆက်ပြီး သူတို့၏ ဘဏ္ဍာရေး အန္တရာယ်များကို အလုပ်သမားများအပေါ် ပုံချရန် ကြိုးပမ်းခဲ့ကြသည်။
သို့သော်လည်း အလုပ်သမား အနည်းငယ်မျှသာ ပါဝင်ခဲ့ကြလေသည်။
ဟွာကော်နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှာ အတော်ပင် ကြာမြင့်ခဲ့ပြီဖြစ်ရာ သည်နှစ်များအတွင်း ကိုယ်ပိုင်လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များမှာ နေ့စဉ်မြင်တွေ့နေရသော အရာများ ဖြစ်လာခဲ့သည်။ ကိုယ်တိုင် အတွေ့အကြုံ မရှိလျှင်တောင်မှ အနည်းဆုံးတော့ ကြားဖူးနားဝ ရှိကြသည်ပင်။ သာမန်လူများသည် ငွေကြေးနှင့် ပတ်သက်ပြီး ပါးနပ်လာကြကာ စွမ်းဆောင်ရည် ညံ့ဖျင်းသော စက်ရုံတစ်ရုံတွင် မည်သူကများ ရင်းနှီးမြှုပ်နှံရဲပါမည်နည်း။ အစိုးရက အလုပ်အကိုင် အာမခံချက်ပေးပြီး စုပေါင်းသက်သာချောင်ချိရေး ပေးအပ်သော ခေတ်ကာလမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင် ထိုအတုအယောင် ကုမ္ပဏီများသည် သူတို့၏ အန္တရာယ်များကို လွှဲပြောင်းနိုင်ခြင်း မရှိခဲ့ရုံသာမက လုပ်ငန်းနယ်ပယ်တစ်ခုလုံး၏ လှောင်ပြောင်စရာများပင် ဖြစ်လာခဲ့ကြတော့၏။
ယင်းနှင့် နှိုင်းယှဉ်ပါက လူတိုင်းသည် ဟွာချိုက် အထည်ချုပ်စက်ရုံ၏ အောင်မြင်မှုကိုသာ အံ့ဩဘနန်း ငေးမောကြည့်နေကြရလေသည်။
မည်သူကများ ထင်မှတ်ထားပါမည်နည်း။ တစ်ပတ်ရစ် စက်ပစ္စည်း အနည်းငယ်နှင့် ငှားရမ်းထားသော ခြံဝင်းလေးတစ်ခုမှ စတင်ခဲ့သည့် စက်ရုံသည် ယခုကဲ့သို့ ထွန်းကားသော လုပ်ငန်းကြီးတစ်ခု ဖြစ်လာလိမ့်မည် ဟူ၍။ ၎င်း၏ လစာနှင့် ခံစားခွင့်များမှာ ယခုအခါ လျှပ်စစ်နှင့် ရေနံကဲ့သို့သော နိုင်ငံတော် တစ်ဦးတည်းထိန်းချုပ် လုပ်ငန်းကြီးများထက်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ထိုလုပ်ငန်းကြီးများတွင် ခံစားခွင့်များ မည်မျှပင် ရက်ရောပါစေ ဝန်ထမ်းများကို ရှယ်ယာဝယ်ယူခွင့် သို့မဟုတ် အမြတ်ဝေစု ခွဲဝေပေးခြင်းမျိုးတော့ ဘယ်သောအခါမှ လုပ်ဆောင်ပေးလိမ့်မည် မဟုတ်ပေ။
မနာလိုဝန်တိုစိတ်ဖြင့် ပြောဆိုနေကြသော အတင်းအဖျင်းစကားများ အထွတ်အထိပ်သို့ ရောက်နေစဉ်မှာပင် ဟွာချိုက် အထည်ချုပ်စက်ရုံက နောက်ထပ် ဗုံးတစ်လုံးကို ပစ်ချလိုက်ပြန်သည်— ၎င်းမှာ စက်ရုံသစ်အတွက် မြေနေရာ ခွင့်ပြုချက် ရရှိသွားပြီဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်တော့မည် ဟူသော သတင်းပင်။
အုတ်မြစ်ချ အခမ်းအနား ကျင်းပသည့်နေ့တွင် ရှန်မော့အာသည် တောက်ပသော အနီရောင် ပုဝါတစ်ထည်ကို တမင်သက်သက် ဝတ်ဆင်ထားခဲ့သည်။ အခမ်းအနားအပြီးတွင် သတင်းထောက်များသည် တက်ရောက်လာကြသော ခေါင်းဆောင်များကို အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြ၏။ သက်ကြီးပိုင်း အမျိုးသား အုပ်စုကြီးကြားတွင် အနီရောင် ပုဝါနှင့် ရှန်မော့အာမှာ မီးရှူးမီးပန်းတစ်ခုနှယ် ပေါ်လွင်ထင်ရှားနေခဲ့သည်။
ဓာတ်ပုံများ ရိုက်ကူးပြီးနောက် ရှန်မော့အာသည် ခေါင်းဆောင်များကို သူတို့၏ ကားများဆီသို့ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး သူမ၏ ကိုယ်ပိုင်ကားဆီသို့ ဦးတည်လာခဲ့သည်။
သူမ၏ ယာဉ်အနီးသို့ ရောက်ရှိလာချိန်တွင် သူမထံသို့ ဦးတည်ကာ အရှိန်ဖြင့် မောင်းနှင်လာသော ဗန်ကားတစ်စီးကို သတိပြုမိလိုက်၏။ ဘရိတ်အုပ်သံ စူးစူးရှရှနှင့်အတူ ထိုကားမှာ သူမနှင့် မလှမ်းမကမ်း လမ်းဘေးတွင် ရပ်တန့်သွားခဲ့သည်။
ရှန်မော့အာသည် ထိုကားမှာ စက်ရုံ၏ ထောက်ပံ့ပို့ဆောင်ရေး ယာဉ်တစ်စီးဖြစ်ကြောင်း မှတ်မိသွားသဖြင့် အံ့အားသင့်ကာ ကြည့်နေမိသည်။
ဗန်ကားတံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး လျိုယင်းရွှမ်း ခုန်ထွက်လာကာ အော်ဟစ်လိုက်တော့သည်။ "အား... စက်ရုံမှူးရှန်! ဟွာချိုက်ကတော့ ပေါက်သွားပြီ.. တကယ်ကို ပေါက်သွားပြီ!"
ရှန်မော့အာ : "..."
သူမက မနေနိုင်တော့ဘဲ ပြန်ပြောလိုက်သည်။ "ငါတို့ နိုင်ငံရပ်ခြားမှာ ပေါက်နေတာ ကြာပြီပဲလေ"
ဖက်ရှင်ရှိုး ကျင်းပပြီးကတည်းက သတင်းမီဒီယာများမှာ သူတို့ကို အင်တာဗျူးရန် အလုအယက် ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။ သူတို့သည် နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ကြိုတင်ရိုက်ကူးထားသော ကြော်ငြာများကို ထုတ်လွှင့်ရန် အခွင့်အရေးကို အရယူခဲ့ကြသဖြင့် ဟွာချိုက်ကို နာမည်ကျော်ကြားစေခဲ့သည်။ ယခုအခါတွင်တော့ သူတို့မှာ လူတိုင်းသိသော အမည်တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လျိုယင်းရွှမ်းက သူမအနားသို့ ခုန်ဆွခုန်ဆွဖြင့် ရောက်လာခဲ့သည်။ "အဲဒီလို နာမည်ကြီးတာမျိုး မဟုတ်ဘူး... နိုင်ငံရပ်ခြားမှာလေ! နိုင်ငံရပ်ခြားမှာ!"
ပြပွဲကို သတင်းယူရန် ဖိတ်ကြားခံခဲ့ရသော နိုင်ငံခြားမီဒီယာများသည် ဟွာချိုက်၏ ဖက်ရှင်ရှိုးအကြောင်း သတင်းများကို ထုတ်ဝေခဲ့ကြသည်။ ထိုဆောင်းပါးများက နိုင်ငံရပ်ခြားတွင် သိသာထင်ရှားသော လှုပ်ခတ်မှုမျိုး မရှိခဲ့သော်လည်း ဟွာချိုက်၏ နိုင်ငံတကာ အသိအမှတ်ပြုမှုကိုတော့ အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်ခဲ့သည်။
နိုင်ငံခြားသားများသည် ဟွာကော်နိုင်ငံမှ ရိုးရာဝတ်စုံများကို သိချင်စိတ် ပြင်းပြရုံသာ ရှိကြသည်။ ဟွာချိုက်၏ အမှတ်တံဆိပ် အဝတ်အစားများကို အမှန်တကယ် ဝယ်ယူရန် သူတို့ကို ဆွဲဆောင်နိုင်ဖို့ကတော့ ဖြစ်နိုင်ခြေ နည်းပါးနေဆဲပင်။
ထို့အပြင် သတင်းသစ်များ အစဉ်အမြဲ ပေါ်ထွက်နေသည်ဖြစ်ရာ ဤကဲ့သို့သော သတင်းလေးတစ်ခုမှာ လူတို့၏ မှတ်ဉာဏ်ထဲမှ မကြာမီ ပျောက်ကွယ်သွားပေလိမ့်မည်။
သို့သော် မကြာသေးမီကမှ နာမည်ကျော် အမေရိကန် အဆိုတော်တစ်ဦးက အင်တာဗျူးတစ်ခုတွင် ဟွာကော်ဖက်ရှင်ရှိုးမှ ဝတ်စုံတစ်ခုကို သူမ အလွန်သဘောကျမိကြောင်းနှင့် ထိုဝတ်စုံကို ထုတ်လုပ်သည့်သူကိုသာ ရှာတွေ့မည်ဆိုပါက သူမ၏ ဖျော်ဖြေပွဲအတွက် ဝယ်ယူချင်ကြောင်း ပြောကြားခဲ့သည်။
သူမသည် ထိုဝတ်စုံ၏ ဓာတ်ပုံကိုပင် ထုတ်ပြခဲ့ပြီး အထူးသဖြင့် ဝတ်စုံပေါ်ရှိ လက်ရာမြောက်လှသော ပုလဲများကို ချီးကျူးကာ မိနစ်အတော်ကြာအောင် ပြောဆိုနေခဲ့၏။
အဆိုပါ အင်တာဗျူးကို ထုတ်လွှင့်ပြီးသည်နှင့် ပရိသတ်များနှင့် ကြည့်ရှုသူများသည် မူရင်းသတင်းများကို လိုက်လံရှာဖွေခဲ့ကြတော့သည်။ အချို့ဆိုလျှင် သူတို့၏ အသည်းကျော် အဆိုတော်၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန် ထိုဟွာကော်ထုတ်လုပ်သူကို လိုက်လံစုံစမ်းပေးဖို့ သတင်းစာတိုက်များနှင့် ရုပ်သံဌာနများသို့ပင် ဖုန်းဆက် တောင်းဆိုခဲ့ကြလေသည်။
မကြာမီမှာပင် အမေရိက၊ ပါကစ္စတန်၊ အင်္ဂလန်နှင့် အခြားနိုင်ငံများရှိ သတင်းစာများတွင် ထိုဟွာကော်ဝတ်စုံအကြောင်းကို အထည်သား အရည်အသွေးနှင့် လက်မှုပညာမှသည် ပုလဲများ၏ တန်ဖိုးနှင့် ပန်းထိုးလက်ရာများ၏ ယဉ်ကျေးမှုဆိုင်ရာ အဓိပ္ပာယ်များအထိ အသေးစိတ် ခွဲခြမ်းစိတ်ဖြာ ရေးသားဖော်ပြလာကြတော့သည်။
ရယ်စရာကောင်းသည်မှာ နိုင်ငံခြားသားများက ထိုဝတ်စုံအကြောင်းကို ဟွာကော်ပြည်တွင်းရှိ လူများထက် ပိုမို သိရှိနေကြခြင်းပင်။
သူတို့ ပိုမို သိရှိလာလေလေ၊ ပရိသတ်များမှာ ဤခန့်ညားပြီး သေသပ်လှပသော ဒီဇိုင်းသည် သူတို့၏ ချစ်လှစွာသော စူပါစတားနှင့် အသင့်တော်ဆုံးဖြစ်ကြောင်း ပိုမို ယုံကြည်လာကြလေလေ ဖြစ်သည်။
အထူးသဖြင့် ဟွာကော်နိုင်ငံ၏ အကောင်းဆုံး ပုလဲများထဲမှ တစ်ခုဖြစ်သည်ဟု သတင်းထွက်နေသော ထိုပုလဲမှာ သူတို့ စံပြပုဂ္ဂိုလ်၏ လည်ပင်းတွင်သာ ရှိနေသင့်သည်ဟူ၍။
အချို့သော ပရိသတ်များမှာ ဆက်သွယ်နိုင်ရန် ကူညီပေးဖို့ သံတမန်ရုံးများနှင့် ဟွာကော်သံရုံးသို့ပင် ဖုန်းဆက် တောင်းဆိုလာကြတော့သည်။
သူတို့သည် ဤဝတ်စုံကို ရရှိလိုကြသည်ဖြစ်ရာ မည်သည့်စက်ရုံက ထုတ်လုပ်သည်ကို မသိဘဲ အဘယ်မှာ ရှိပါမည်နည်း။ ဟွာချိုက် အထည်ချုပ်စက်ရုံ ဟူသော အမည်မှာ နိုင်ငံအများအပြားတွင် သံသယဖြစ်ဖွယ်မရှိဘဲ ကျော်ကြားလာခဲ့လေတော့သည်။
လွန်ခဲ့သော နာရီဝက်ခန့်က လျိုယင်းရွှမ်းသည် ထိုကြယ်ပွင့်၏ အေးဂျင့်ထံမှ ဖုန်းလက်ခံရရှိခဲ့ပြီး ဝတ်စုံကို ဝယ်ယူရန် တရားဝင် ညှိနှိုင်းခဲ့သည်။ ထို့နောက် ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် ပဲရစ်နိုင်ငံတကာ ဖက်ရှင်ပွဲတော်မှ ဖိတ်ကြားစာကိုလည်း ချက်ချင်း လက်ခံရရှိခဲ့ပြန်သည်။
မည်သို့ပင်ဖြစ်စေ ပဲရစ်သည် ဖက်ရှင်မြို့တော်ဖြစ်ပြီး ကမ္ဘာ့ခေတ်ရေစီးကြောင်းကို လမ်းပြပေးနေသည့် နေရာ ဖြစ်သည်။ ပဲရစ်နိုင်ငံတကာ ဖက်ရှင်ပွဲတော်သည်လည်း ဖက်ရှင်လောကတွင် အထွတ်အထိပ် အခမ်းအနားတစ်ခုပင်။ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ ကျင့်သုံးပြီးကတည်းက ဟွာကော်အထည်ချုပ် ကုမ္ပဏီတစ်ခုအနေဖြင့် ပဲရစ်နိုင်ငံတကာ ဖက်ရှင်ပွဲတော်သို့ ပထမဆုံးအကြိမ် ဖိတ်ကြားခံရခြင်း ဖြစ်သည်။
"ကျွန်မတို့ ပဲရစ်ကို သွားလို့ရပြီ စက်ရုံမှူး။ ကျွန်မကို သေချာပေါက် ခေါ်သွားရမယ်နော်။ ပဲရစ်ဖက်ရှင်ပွဲတော်မှာ ဓာတ်ပုံရိုက်ဖို့ဆိုတာ ကျွန်မရဲ့ တစ်သက်တာ အိပ်မက်ပဲ!"
လျိုယင်းရွှမ်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် စကားများပင် မှားကုန်တော့သည်။
သူမ၏ ယခင်ဘဝတွင် သူမ အသက်ကြီးလာသောအခါ ပဲရစ်ဖက်ရှင်ပွဲတော် အပါအဝင် အခမ်းအနား အမျိုးမျိုးအတွက် နိုင်ငံရပ်ခြားသို့ မကြာခဏ သွားရောက်လေ့ရှိသော ရုပ်ရှင်မင်းသမီးတစ်ဦး၏ ကလေးထိန်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။
ထိုမင်းသမီးက ပွဲတော်၏ ခမ်းနားထည်ဝါမှုများအကြောင်း ပြောပြတိုင်း သူမသည် အမြဲတမ်း တောင့်တနေခဲ့ရသည်။
ထိုစဉ်က သူမသည် အသက်ကြီးနေပြီ ဖြစ်သော်လည်း မည်သည့်အမျိုးသမီးကများ အလှအပကို မချစ်ဘဲ နေပါမည်နည်း။ အထူးသဖြင့် ခက်ခဲသော အခြေအနေများတွင် ကြီးပြင်းခဲ့ရပြီး ငယ်စဉ်က သေသေချာချာ အလှပြင်ခွင့် မရခဲ့သော သူမကဲ့သို့သော လူမျိုးအတွက် အမြဲတမ်း လှလှပပ ဝတ်ဆင်ထားသော ထိုအမျိုးသမီးငယ်များကို သူမ အမြဲတမ်း တိတ်တဆိတ် မနာလိုဖြစ်ခဲ့ရသည်။
ပဲရစ်ဖက်ရှင်ပွဲတော်—ကမ္ဘာပေါ်တွင် စတိုင်အကျဆုံး အမျိုးသမီးများဖြင့် ပြည့်နှက်နေသည့် နေရာ။
စဉ်းစားကြည့်လိုက်တော့ သည်ဘဝတွင် သူမသည် ဤကြီးကျယ်ခန်းနားလှသည့် အိပ်မက်ကို ဖြည့်ဆည်းရန် အခွင့်ရှိလာခဲ့ပြီ။
ရှန်မော့အာက ရယ်မောလိုက်သည်။ "အချိန်တွေ အများကြီး ကျန်ပါသေးတယ်"
နောက်နှစ် စက်တင်ဘာလတွင် ပဲရစ်ရှိ အီဖယ်မျှော်စင်ရှေ့မှ ရေပန်းအနီး၌ အလျား မီတာ၂၀ဝ စင်မြင့်တစ်ခုကို တည်ဆောက်ခဲ့သည်။ ကမ္ဘာတစ်ဝန်းမှ မော်ဒယ်များသည် သူတို့၏ ဝတ်စုံများကို အလှည့်ကျ ပြသခဲ့ကြပြီး ဟွာချိုက် အထည်ချုပ်စက်ရုံသည်လည်း ၎င်း၏ ကိုယ်ပိုင်ဒီဇိုင်းဖြစ်သော “ဟွာရှန်း”အမှတ်တံဆိပ် ဝတ်စုံများဖြင့် လူပြောများခဲ့လေသည်။
အောက်တိုဘာလ အစောပိုင်းတွင် ဟွာချိုက်အဖွဲ့သည် ဟွာကော်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး နိုင်ငံတော်ကောင်စီနှင့် အပေါ့စားစက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ သူတို့က နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းအတွက် ဆက်လက် ကြိုးပမ်းသွားရန် တိုက်တွန်းခဲ့ကြ၏။
ထိုလမှာပင် ကျင်းပသော ကွမ်ကျိုး ကုန်စည်ပြပွဲတွင် ဟွာချိုက် အထည်ချုပ်စက်ရုံသည် ဒေါ်လာ သန်း ၈၀ တန်ဖိုးရှိ အော်ဒါများကို ရရှိခဲ့ပြီး မြို့တော် အထည်ချုပ်လုပ်ငန်း၏ ပို့ကုန်ဝင်ငွေ အများဆုံး ရှာဖွေပေးသူ ဖြစ်လာခဲ့သည်။
နိုဝင်ဘာလတွင် ဟွာချိုက် အထည်ချုပ်စက်ရုံသည် မြို့တော်၌ "ဟွာရှန်းည" ကော့တေးပွဲကို ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပမှ အနုပညာရှင်များနှင့် သူဌေးကြီးများကို ဖိတ်ကြားကာ ဖက်ရှင်ရှိုးတစ်ခု တင်ဆက်ခဲ့သည်။ “ဟွာရှန်း”သည် ဟွာကော်နိုင်ငံ၏ ပထမဆုံးသော ဇိမ်ခံဖက်ရှင် အမှတ်တံဆိပ်အဖြစ် တရားဝင် ဖြစ်လာခဲ့လေသည်။
...
နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့၏။ ၁၉၉၀ ပြည့်နှစ်များသို့ ရောက်ရှိပြီးနောက် ဟွာချိုက် အထည်ချုပ်စက်ရုံကို ဟွာချိုက်အုပ်စုဟု တရားဝင် အမည်ပြောင်းလဲခဲ့ပြီး ရှန်ဟိုင်နှင့် ရှန်းကျန်းတို့တွင် ဌာနခွဲများ တည်ထောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဟွာရှန်း အမှတ်တံဆိပ်ကိုလည်း သီးခြားကုမ္ပဏီတစ်ခုအနေဖြင့် တည်ထောင်ခဲ့လေသည်။
ထောင်စုနှစ်သစ်သို့ ရောက်ရှိချိန်တွင် ဟွာရှန်းသည် နိုင်ငံတကာတွင် ကျော်ကြားသော ဇိမ်ခံဖက်ရှင် အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပြီး ကမ္ဘာ့နိုင်ငံရေးသမားများ၊ သူဌေးကြီးများနှင့် အနုပညာရှင်များ၏ အဝတ်ဗီရိုများတွင် မရှိမဖြစ် ပါဝင်နေခဲ့လေပြီ။
နှစ်သစ်ကူးအကြိုနေ့။
မကြာသေးမီ နှစ်များအတွင်း ရှန်မော့အာသည် သူမ၏ အလုပ်ဝန်ထုပ်ဝန်ပိုးများကို လျှော့ချခဲ့သည်။ လုငန်းစုသည် ယခုအခါ ချောမွေ့စွာ လည်ပတ်နေပြီဖြစ်ကာ ဟွာရှန်းနှင့် ဟွာချိုက် နှစ်ခုစလုံးသည် သူမ မျှော်လင့်ထားသကဲ့သို့ပင် လူတိုင်း သိရှိသော အမှတ်တံဆိပ်များ ဖြစ်လာခဲ့ကြသည်။ သူမ၏ အစီအစဉ်များ အောင်မြင်သွားပြီဟု ခံစားရသဖြင့် ကုမ္ပဏီ၏ ကိစ္စရပ်အချို့ကို တဖြည်းဖြည်း လွှဲပြောင်းပေးခဲ့လေသည်။
သူမတွင် အားလပ်ချိန် ပိုမိုရရှိလာသောကြောင့် ဖြစ်နိုင်သည်။ ရှန်မော့အာတွင် ဝါသနာသစ်တစ်ခု ပေါ်ပေါက်လာခဲ့၏—ဟင်းချက်ခြင်းပင်။
လုပ်ငန်းစုပိုင် ဟိုတယ်တစ်ခုမှ စားဖိုမှူးကြီးထံတွင် လပေါင်းအတော်ကြာ သင်ယူပြီးနောက် ရှန်မော့အာသည် သူမ၏ ဟင်းချက်စွမ်းရည်မှာ သိသိသာသာ တိုးတက်လာသည်ဟု ခံစားရသည်။ သို့ဖြစ်၍ သူမသည် ယခုနှစ်၏ နှစ်သစ်ကူးအကြို ညစာကို တက်ကြွစွာ တာဝန်ယူလိုက်လေသည်။
သူမသည် မွန်းလွဲပိုင်း တစ်ခုလုံးကို မီးဖိုချောင်ထဲတွင် ကုန်ဆုံးစေခဲ့သည်။ ကလေးထိန်း အဒေါ်ထျန်းကတော့ အမြဲတမ်း စာချုပ်များ လက်မှတ်ထိုးကာ ငွေအမြောက်အမြား ရှာဖွေနေတတ်သော သူမ၏ သခင်မဖြစ်သူ တစ်ခုခု ထိခိုက်ဒဏ်ရာ ရသွားမည်ကို စိုးရိမ်ကာ ရင်တမမ ဖြစ်နေခဲ့ရ၏။
ကံကောင်းထောက်မစွာဖြင့် အရာအားလုံး အဆင်ပြေခဲ့သည်။ သခင်မသည် ဟင်းချက်ရာတွင် အနည်းငယ် နှေးကွေးသော်လည်း သူမ၏ ကျွမ်းကျင်မှုမှာ အတော်လေး အထင်ကြီးစရာ ကောင်းလှသည်။ အထူးသဖြင့် ရှုပ်ထွေးလှသော ဟင်းပွဲအချို့မှာ အမြင်လှပရုံသာမက အနံ့အရသာနှင့်လည်း ပြည့်စုံလှပေသည်။
"မပြီးသေးဘူးလား။ ကျန်တဲ့ ဟင်းတချို့ကိုတော့ အဒေါ်ထျန်းကိုပဲ အဆုံးသတ်ခိုင်းလိုက်ပါလား" ဖုမင်ဇယ်သည် မီးဖိုချောင် တံခါးဝတွင် ရပ်ကာ သူ့နားထင်ကို ပွတ်ရင်း ပြောလိုက်၏။
ရှန်မော့အာသည် ဟင်းတစ်ပွဲကို ကြော်လှော်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ထိုစကားကို ကြားသောအခါ သူမက မီးဖိုကို ပိတ်လိုက်ပြီး ဆိုလိုက်၏။ "ကောင်းပြီလေ၊ နောက်ဆုံး ဟင်းနှစ်ပွဲကိုတော့ အဒေါ်ထျန်းပဲ ကူပြီး လုပ်ပေးပါတော့"
စိုးရိမ်တကြီး စောင့်ကြည့်နေရခြင်းထက် တာဝန်ယူလုပ်ဆောင်ရသည်ကို ပိုမိုနှစ်သက်သော အဒေါ်ထျန်းသည် ဝမ်းသာအားရဖြင့် ချက်ချင်း သဘောတူလိုက်လေသည်။
ရှန်မော့အာသည် လက်ကို ဆေးကြောပြီး မီးဖိုချောင်ထဲမှ ထွက်လာရင်း မေးလိုက်သည်။ "အလုပ်တွေ ပြီးပြီလား"
နှစ်ပေါင်းများစွာအတွင်း ဖုမင်ဇယ်၏ ရာထူးမှာ မြင့်တက်လာခဲ့ပြီး သူ၏ အလုပ်တာဝန်များမှာလည်း ပိုမို လေးလံလာခဲ့သည်။ သူ၏ သုတေသနလုပ်ငန်းများမှာ လျှို့ဝှက်ချက်များ ပါဝင်သဖြင့် ရှန်မော့အာက အိမ်တွင် ဘယ်သောအခါမှ မမေးမြန်းခဲ့ချေ။ သို့သော် နှစ်သစ်ကူးအကြိုနေ့တွင်ပင် အလုပ်ဖုန်းများ လက်ခံနေရသဖြင့် သူမက မေးလိုက်ခြင်း ဖြစ်၏။
ဖုမင်ဇယ်က မီးဖိုချောင်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ ပါးပြင်ကို ငုံ့နမ်းလိုက်သည်။ "အခုတော့ အားလုံး အဆင်ပြေသွားပါပြီ"
ရှန်မော့အာက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး စနောက်လိုက်သည်။ "ကျွန်မတို့က အိမ်ထောင်သက်ကြာပြီးတဲ့ လင်မယားတွေလေ။ တစ်ယောက်ယောက် မြင်သွားရင် ဘယ်လိုလုပ်မလဲ။ ရှက်စရာကြီး"
...
အပိုင်း (၁၇၂.၂)
ဖုမင်ဇယ်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ "ကိုယ်တို့က ဘယ်ရာစုနှစ်ထဲ ရောက်နေပြီလဲ။ ဘာလို့ အဲဒီလိုမျိုး တွေးနေသေးတာလဲ။ နောက်ပြီး ကိုယ်တို့က အဘိုးကြီး အဘွားကြီးတွေ ဖြစ်ဖို့ အဝေးကြီး လိုပါသေးတယ်။ ခုနတင် လျန်လျန်ကတောင် ကိုယ်တို့ကို ဒုတိယကလေး ယူဖို့ အကြံပေးနေသေးတာ မဟုတ်လား"
ရှန်မော့အာ : "..."
သူမက မနေနိုင်တော့ဘဲ သူ့ကို သတိပေးလိုက်မိသည်။ "ညွှန်ကြားရေးမှူးဖု... ဒုတိယကလေးယူတာက မူဝါဒကို ချိုးဖောက်ရာ ရောက်လိမ့်မယ်။ အဲဒါကြောင့် ရှင့်ရဲ့ ရာထူးတောင် ပြုတ်သွားနိုင်တယ်နော်။ ပြီးတော့ သမီးလေးက မောင်နှမရှိတဲ့ သူ့အတန်းဖော်တွေကို အားကျလို့ ပြောတာပါ၊ သူ ခဏတာ စိတ်ကူးပေါက်နေရုံသက်သက်ပါ"
ဖုမင်ဇယ် : "ကိုယ်တို့မှာ လျန်လျန် ရှိတာနဲ့တင် လုံလောက်ပါပြီ။ ကိုယ်က ကိုယ်တို့တွေ မအိုသေးဘူး၊ ငယ်သေးတယ်လို့ ပြောချင်ရုံပါ"
ရှန်မော့အာက မတတ်သာဘဲ ရယ်မောလိုက်ရ၏။ "ဟုတ်ပါပြီ၊ ဟုတ်ပါပြီ.. ညွှန်ကြားရေးမှူးဖုက အများကြီး ငယ်ပါသေးတယ်ရှင်"
သူမ၏ ခင်ပွန်းဖြစ်သူ၏ နားထင်စပ်တွင် ဖြူနေသော ဆံပင်အချို့ကို သတိပြုမိသွားသဖြင့် ခြေဖျားလေးထောက်ကာ သူ၏ မေးရိုးကို နမ်းလိုက်မိသည်။
ဒီနှစ်တွေအတွင်း အဖေဖြစ်သူ၏ အလုပ်များမှာ အလွန်ပင် ဖိအားများလှသည်။ အမေဖြစ်သူမှာ သူ ဘာတွေ သုတေသနလုပ်နေမှန်း အတိအကျ မသိသော်လည်း သူ၏ စာကြည့်ခန်းအတွင်း စီတန်းထားသော လက်မှတ်များ၊ ဆုတံဆိပ်များနှင့် ဂုဏ်ပြုလွှာများက သူ၏ အလုပ်မှာ မည်မျှအထိ အရေးကြီးပြီး ထူးချွန်ကြောင်း သက်သေပြနေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ယခင်က လူပျိုပေါက် ပညာတတ်လူငယ်ဖု၏ နားထင်စပ်တွင် ဆံပင်ဖြူများ စွဲထင်နေခဲ့လေပြီ။
အဒေါ်ထျန်းက ဟင်းချက်ခြင်းကို လျင်မြန်စွာ အဆုံးသတ်လိုက်ပြီး ဟင်းပွဲများကို ပြင်ဆင်လိုက်ချိန်တွင် မိသားစုဝင်များမှာ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်ကြသည်။ "လျန်လျန် ဘယ်ရောက်သွားတာလဲ"
ဖုကျစ်ယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ "နေ့လယ်စာ စားပြီးတော့ သူ စာကြည့်ခန်းထဲမှာ စာဖတ်နေတာ ငါ မြင်လိုက်သေးတယ်။ အဲဒီနောက်ပိုင်း ဘယ်သွားလိုက်မှန်း မသိတော့ဘူး"
ရှန်ရှောက်ယွမ်က ခဏ စဉ်းစားလိုက်သည်။ "ခင်များ ပြောမှပဲ သတိရတော့တယ်။ တနေ့လယ်ခင်းလုံး သူ့ကို မမြင်မိဘူး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဆော့နေတယ် ထင်တာ၊ ဒါပေမဲ့ အခုထိ ပြန်မလာသေးတာတော့ ထူးဆန်းနေပြီ"
သက်ကြီးပိုင်း လူကြီးများမှာ စိုးရိမ်တကြီးဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
ဖုမင်ကျိုးနှင့် သူ့ဇနီးတို့မှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် မတ်တတ်ရပ်လိုက်ကြသည်။ "ကျွန်တော်တို့ သွားရှာလိုက်ပါ့မယ်"
သူတို့၏ ၆ နှစ်အရွယ် သားဖြစ်သူ လိန်လိန်းက ခုန်ထွက်လာခဲ့သည်။ "သားလည်း လိုက်မယ်! မမက တူတူပုန်းတမ်း ကစားနေတာလား"
လူကြီးများ : "..."
ရှန်မော့အာက လူကြီးများကို အရင်ဆုံး စိတ်အေးအောင် ချော့မော့လိုက်သည်။ "သူက အမြဲတမ်း ပါးနပ်တဲ့သူပဲ၊ နောက်ပြီး အခုက အားလပ်ရက် ပွဲတော်ကာလဆိုတော့ ဆိုးဆိုးရွားရွား ဘာမှ မဖြစ်နိုင်ပါဘူး။ လူကြီးတွေ အရင်စားနှင့်ကြပါ၊ သမီးတို့ အိမ်နီးချင်းတွေဆီ သွားမေးကြည့်လိုက်ဦးမယ်"
ဖုမင်ဇယ်ကလည်း ထရပ်လိုက်သည်။ "ဟုတ်ပါတယ်၊ ကျွန်တော်တို့ပဲ လိုက်ရှာလိုက်ပါ့မယ်။ လူကြီးတွေ စားနှင့်ကြပါ"
မိဘ နှစ်တွဲလုံးမှာ အပြင်သို့ အပြေးအလွှား ထွက်သွားကြပြီး ရပ်ကွက်အတွင်း လိုက်လံရှာဖွေကာ လျန်လျန် သွားတတ်သော အိမ်တိုင်းကို လိုက်လံခေါက်ပြီး မေးမြန်းခဲ့ကြသော်လည်း သူမ၏ အရိပ်အယောင်မျှပင် မတွေ့ရချေ။
ပိုဆိုးသည်မှာ အိမ်နီးချင်းတစ်ဦးတစ်ယောက်ကမှ ထိုနေ့တွင် သူတို့မြေးမလေးကို မြင်တွေ့ခဲ့ခြင်း မရှိကြချေ။
သူတို့ လက်ဗလာဖြင့် ပြန်လာခဲ့ကြပြီး အိမ်ကို နောက်တစ်ကြိမ် ထပ်မံရှာဖွေခဲ့ကြသော်လည်း ဘယ်နေရာမှာမှ သူမကို ရှာမတွေ့ခဲ့ပါချေ။
ဘယ်သူမှ ထမင်းစားချင်စိတ် မရှိတော့ချေ။ အသက် ၉၀ အရွယ် မိသားစု၏ အကြီးအကဲဖြစ်သူမှာ တောင်ဝှေးကို အားပြုကာ ထရပ်လိုက်၏။ "ဒါကို ချက်ချင်း ရဲစခန်းဆီ အကြောင်းကြားရမယ်!"
အဘွားကြီးက သူ့ကို ကမန်းကတန်း ပြန်ထိုင်ခိုင်းလိုက်သည်။ "အို.. ရှင်ကလည်း၊ ထိုင်ပါဦး။ ကလေးတွေကို ထပ်ပြီး စိတ်မပူအောင် မလုပ်ပါနဲ့"
ရှန်မော့အာက ထပ်ဖြည့်ပြောလိုက်သည်။ "ဘိုးဘိုး.. စိတ်မပူပါနဲ့။ စဉ်းစားကြည့်လေ.. လျန်လျန်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်တဲ့သူပဲ။ ဒီမနက်ကတောင် သူက ပျင်းစရာကောင်းတယ်လို့ ညည်းနေသေးတာ။ သမီးထင်တာတော့ သူ အပြင်ကို ခိုးထွက်ပြီး သွားဆော့တာ ဖြစ်လိမ့်မယ်။ သမီး သူ့သူငယ်ချင်းတွေဆီ အရင် ဖုန်းဆက်ကြည့်လိုက်ဦးမယ်"
ဖုကျစ်ယွမ်က အဘိုးကြီးကို ပြန်ထိုင်ရန် ကူညီပေးလိုက်သည်။ "မော့အာ ပြောတာ မှန်ပါတယ်။ လျန်လျန်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ်"
အကြီးအကဲကတော့ ဂဏာမငြိမ် ဖြစ်နေဆဲပင်။ "ဒါဆိုရင်လည်း မြန်မြန် ဖုန်းဆက်ကြည့်ကြစမ်းပါ!"
ရှန်မော့အာနှင့် ဖုမင်ဇယ်တို့မှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် စာကြည့်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။
ကံမကောင်းစွာဖြင့် ဖုန်းဆက်သမျှ အရာအားလုံးက အချည်းနှီးသာ ဖြစ်ခဲ့သည်။
ရှန်မော့အာက စောစောက ယုံကြည်မှုရှိရှိ ပြောဆိုခဲ့သော်လည်း ယခုအခါ စတင်စိုးရိမ်လာခဲ့သည်။ သူမ ရဲစခန်းသို့ အကြောင်းကြားရန် အကြံပြုတော့မည့်အချိန်မှာပင် ဖုမင်ဇယ်က ရုတ်တရက် မေးလိုက်သည်။ "မင်း ထင်တာ... သူ 'အဲဒီအထဲ' မှာ ရှိနေနိုင်မလား"
ဖုမင်ဇယ် 'အဲဒီအထဲ' ဟု ပြောလိုက်သော အဓိပ္ပာယ်ကို ရှန်မော့အာ နားလည်ရန် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရသည်။ ထို့နောက် စဉ်းစားကြည့်သောအခါ ၎င်းမှာ အမှန်တကယ်ပင် ဖြစ်နိုင်ကြောင်း သူမ သိလိုက်ရ၏။
သူမက ဖုမင်ဇယ်ကို တံခါးသော့ခတ်ရန် ခေါင်းညိတ်ပြလိုက်သည်။ သူ တံခါးသော့ခတ်ပြီး ပြန်လှည့်လာသောအခါ စာကြည့်ခန်း နံရံပေါ်တွင် ရင်းနှီးနေသော တံခါးတစ်ချပ် ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ရှန်မော့အာသည် ထိုတံခါးဝတွင် ခဏလောက် ချီတုံချတုံ ပြောလိုက်လေသည်။ "သူ့ကို အတူတူ သွားရှာရအောင်"
ဖုမင်ဇယ်သည်လည်း ခဏလောက် ချီတုံချတုံဖြစ်သွားသော်ငြား သူမ၏နောက်မှ လိုက်ပါလာခဲ့၏။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရှန်မော့အာသည် အားလပ်သည့် အချိန်တိုင်းတွင် ပစ္စည်းများကို စီစဉ်ရန် ရတနာတိုက်ထဲသို့ မကြာခဏ ဝင်ရောက်ခဲ့သည်။ ယခုအခါ ရတနာတိုက်မှာ စနစ်တကျ ရှိနေပြီဖြစ်ကာ စင်ပေါ်ရှိ သစ်သားသေတ္တာများမှာလည်း အစီအရီ တည်ရှိနေလေသည်။
သူတို့နှစ်ဦးစလုံး စကားတစ်ခွန်းမှ မဆိုဘဲ စင်တစ်ခုပြီးတစ်ခု တိတ်ဆိတ်စွာ ရှာဖွေခဲ့ကြသည်။ နောက်ဆုံးတွင်တော့ ထောင့်တစ်နေရာရှိ ရွှေနံ့သာသလွန် ပေါ်တွင် သမီးဖြစ်သူကို ရှာတွေ့သွားခဲ့ကြလေသည်။
ထိုအိပ်ရာမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက စစ်အတွင်းတွင် သူတို့ ပုန်းခိုနေစဉ် ရတနာတိုက်ထဲသို့ ရွှေ့ပြောင်းထားခဲ့ခြင်း ဖြစ်သည်။ ဤကမ္ဘာသို့ မကူးပြောင်းမီနှင့် ကူးပြောင်းပြီးနောက်တွင်လည်း သားအဖနှစ်ယောက်မှာ ဤတိုက်ထဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြဖူးသည်။ ကူးပြောင်းလာပြီးနောက်တွင် ထိုအိပ်ရာမှာ အသုံးပြုရန် မလိုအပ်တော့သဖြင့် ဤထောင့်သို့ ရွှေ့ထားခဲ့ခြင်း ဖြစ်၏။
ရှန်မော့အာသည် အထဲသို့ မဝင်သည်မှာ ကြာမြင့်နေပြီဖြစ်ရာ ရွှေနံ့သာသလွန်ပေါ်တွင် နူးညံ့သော အခင်းများနှင့် ခေါင်းအုံးကြီးများ ခင်းကျင်းထားသည်ကို ယခုမှ သတိပြုမိလိုက်တော့သည်။ အိပ်ရာပေါ်တွင် စားပွဲငယ်လေးတစ်ခု တင်ထားပြီး မုန့်ပဲသရေစာများဖြင့် ပြည့်နှက်နေလေသည်။
"ပျောက်ဆုံးနေသော" လျန်လျန်သည် ခေါင်းအုံးများကို မှီကာ အိပ်ပျော်နေပြီး သူမ၏ လက်ထဲတွင် သာ့လျန်မင်းဆက်မှ ပုံပြင်စာအုပ်တစ်အုပ်ကို ဆုပ်ကိုင်ထားလေသည်။
ရှန်မော့အာ : "..."
ဖုမင်ဇယ်က အနားသို့ လျှောက်သွားကာ သူမလက်ထဲမှ ဝါကြန့်ကြန့် ဖြစ်နေသော ပုံပြင်စာအုပ်ကို ယူလိုက်ပြီး သမီးဖြစ်သူ၏ နာမည်ကို အကြိမ်အနည်းငယ် တီးတိုးခေါ်လိုက်သည်။ မကြာမီမှာပင် အိပ်ပျော်နေသော ကောင်မလေးမှာ လှုပ်ရှားလာခဲ့ပြီး သူမ၏ မျက်တောင်ရှည်လေးများ ခတ်သွားကာ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်၏။
"ဖေဖေ...?"
ဖုမင်ဇယ်က သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "ဘာလို့ ဒီမှာ အိပ်ပျော်နေတာလဲ။ အားလုံးက သမီးကို စောင့်နေကြတယ်၊ နှစ်သစ်ကူးအကြို ညစာ စားရအောင်လေ"
လျန်လျန်လေးက မျက်လုံးများကို ပွတ်လိုက်ပြီး သူမ၏ လက်ပတ်နာရီကို ကြည့်ကာ အော်လိုက်သည်။ "အို... သွားပါပြီ၊ တအားနောက်ကျသွားပြီ!"
ရှန်မော့အာ : "အားလုံးက သမီးကို စောင့်နေကြတာလေ။ သမီးရဲ့ ဦးလေးတို့၊ အဒေါ်တို့ရော၊ မေမေတို့ပါ လမ်းကြားတစ်ခုလုံး ပတ်ရှာနေကြတာ။ ဘိုးဘိုးဘွားဘွားတွေဆိုရင် စိတ်ပူလို့ သေတော့မယ့်အတိုင်းပဲ။ အမြန်ထပြီး အပြင်ထွက်ရအောင်!"
လျန်လျန်လေးက အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သည်။ "ဟုတ်ကဲ့၊ သွားကြမယ်၊ မြန်မြန်သွားကြမယ်!"
သူမက မိဘနှစ်ပါး၏ လက်များကို ဆွဲကာ အပြင်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့လေသည်။
ရှန်မော့အာက မတတ်သာဘဲ ရယ်မောလိုက်ရ၏။ "ဒီကလေးကတော့လေ.. အမြဲတမ်း စိတ်လိုက်မာပါပဲ"
မိသားစု ၃ယောက်မှာ ရတနာတိုက်ထဲမှ ထွက်လာခဲ့ကြသည်။
ရတနာတိုက်တံခါး ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် လျန်လျန်လေးက နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် သူမမိဘများ၏ လက်မောင်းများကို တွယ်ဖက်လိုက်သည်။ "မေမေ.. ဖေဖေ.. သမီး ခုနက အိပ်မက် အရှည်ကြီး မက်ခဲ့တယ်"
ဖုမင်ဇယ်က သူမကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ လျန်လျန်လေးက အဖေဖြစ်သူကို မျက်တောင်ခတ်ပြလိုက်ပြီး ပြောလိုက်သည်။ "သမီးတို့ မိသားစုတွေ နှစ်ပေါင်းများစွာ အကြာကြီး အတူတူ ဖြတ်သန်းနေကြတာကို အိပ်မက်မက်တာ"
ရှန်မော့အာ : "အဲဒါက အိပ်မက်သက်သက် မဟုတ်ပါဘူး သမီးရဲ့.. အဲဒါက တို့ရဲ့ အနာဂတ်ပဲလေ"
လျန်လျန်လေးက လျှာလေးထုတ်ပြလိုက်သည်။ "အင်း... မေမေက အကောင်းဆုံးပဲ"
သုံးယောက်သား ထမင်းစားခန်းထဲသို့ ပြန်ရောက်လာသောအခါမှ လူကြီးများမှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်ကြတော့သည်။
"ဘယ်တွေ လျှောက်သွားနေတာလဲ ကလေးရယ်"
လျန်လျန်လေးက ဘိုးဘွားများဆီသို့ ကမန်းကတန်း ပြေးသွားလိုက်သည်။ "သမီး ပစ္စည်းသိုလှောင်ခန်းထဲမှာ တစ်ခုခု သွားရှာရင်းနဲ့ မတော်တဆ အိပ်ပျော်သွားလို့ပါ"
အဘွားကြီးက သူမ၏ လက်များကို ဆုပ်ကိုင်ကာ အေးမအေး စမ်းကြည့်လိုက်သည်။ "အထဲမှာ အေးမနေဘူးလား။ ဘယ်လိုလုပ်ပြီး အိပ်ပျော်သွားရတာလဲ"
လျန်လျန်လေးက သူမ၏ ဘွားဘွားကြီး၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ "သမီး မှားသွားပါတယ်။ နောက်တစ်ခါ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်!"
သူမက စားပွဲပေါ်မှ ဖန်ခွက်တစ်ခုကို ကောက်ကိုင်လိုက်သည်။ "အားလုံးကို ဂါရဝပြုပါတယ်.. ပျော်ရွှင်စရာ နှစ်သစ်ကူးအကြိုနေ့ ဖြစ်ပါစေ!"
သူမကို အမြဲတမ်း ထောက်ခံပေးတတ်သော လိန်လိန်းကလည်း ချက်ချင်းပင် သူ့ဖန်ခွက်ကို ဆွဲယူကာ အော်ဟစ်လိုက်သည်။ "ပျော်ရွှင်စရာ နှစ်သစ်ကူးအကြိုနေ့ ဖြစ်ပါစေ!"
လူကြီးများအားလုံး တဟားဟား ရယ်မောကုန်ကြလေသည်။ ရှန်မော့အာက ချစ်ခင်ကြင်နာစွာ ပြုံးလိုက်၏။ "ကဲ... ဟင်းတွေ မအေးခင် စားကြရအောင်လေ"
ဟင်းပွဲများကို နောက်တစ်ကြိမ် ပြန်နွှေထားရသဖြင့် ပထမဆုံး ချက်ပြုတ်စဉ်ကလောက်တော့ အရသာ မကောင်းတော့ချေ။ သို့သော် လူတိုင်း ဗိုက်ဆာနေကြခြင်းကြောင့်လား သို့မဟုတ် ရှန်မော့အာ၏ လက်ရာက တကယ်ကို ကောင်းမွန်နေခြင်းကြောင့်လား မသိချေ။ ထမင်းစားပြီးချိန်တွင် လုံးဝ မထိရသေးသော ငါးဟင်းတစ်ပွဲမှလွဲ၍ ကျန်ရှိသော ဟင်းပွဲများမှာ ကုန်စင်လုနီးပါး ဖြစ်သွားခဲ့သည်။
တစ်နေ့တာလုံး စိတ်လှုပ်ရှားစရာများ ဖြစ်ပျက်ခဲ့ပြီးနောက် မိသားစုသည် ညစာကို ထူးထူးခြားခြား နောက်ကျမှ စားခဲ့ကြရသည်။ သူတို့ ထမင်းစားနေစဉ်မှာပင် အပြင်ဘက်တွင် ဗြောက်အိုးဖောက်သံများ စတင်ထွက်ပေါ်နေခဲ့လေပြီ။ ထိုညတွင် ထမင်းစားပြီးချိန်၌ လိန်လိန်းမှာ သူမ၏ မမကို အပြင်သို့ခေါ်ကာ ဗြောက်အိုးဖောက်ရန် အလွန်ပင် စိတ်အားထက်သန်နေခဲ့၏။
ရှန်မော့အာနှင့် ဖုမင်ဇယ်တို့မှာ လျန်လျန်ကို ရှာတွေ့ပြီဖြစ်ကြောင်း အသိပေးရန် စောစောက ဆက်သွယ်ခဲ့သော အိမ်တိုင်းသို့ ပထမဆုံး ဖုန်းပြန်ဆက်ခဲ့ကြသည်။ ထို့နောက် လက်ဆောင်ပစ္စည်းများ ယူဆောင်ကာ လမ်းကြားအတွင်းရှိ အိမ်နီးချင်းများထံသို့ သွားရောက်လည်ပတ်ခဲ့ကြ၏။ ထိုဇနီးမောင်နှံ အိမ်ပြန်ရောက်ချိန်တွင် အတော်လေး ညဉ့်နက်နေလေပြီ။
လိန်လိန်းမှာတော့ ဖုမင်ကျိုး၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေခဲ့ပြီ ဖြစ်ကာ လျန်လျန်လေးကတော့ နောက်ဆုံး မီးရှူးမီးပန်းကို ပစ်ဖောက်လိုက်လေသည်။ လှပလှသော မီးရှူးမီးပန်းတစ်ခုသည် ညကောင်းကင်ယံတွင် ပေါက်ကွဲထွက်သွားခဲ့၏။
"မေမေ.. ဒီကို ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လျန်လျန်လေးက တိုးတိုးလေး ပြောလိုက်သည်။
ရှန်မော့အာက သမီးဖြစ်သူကို ကြည့်ကာ ပြုံးလိုက်ပြီး သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ "သမီးလေး.. မေမေ့ရဲ့ ဘဝထဲကို ရောက်လာပေးတဲ့အတွက် မေမေကလည်း ကျေးဇူးတင်ပါတယ်ကွယ်"
ဖုမင်ဇယ်က ထိုသားအမိနှစ်ယောက်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု စွဲထင်နေခဲ့သည်။
သူတို့၏ နောက်ကွယ်တွင်တော့ မီးရှူးမီးပန်းများမှာ အဆက်မပြတ် ပေါက်ကွဲထွက်နေခဲ့ပြီး ညကောင်းကင်ယံကို ကြယ်ပေါင်း မြောက်မြားစွာနှယ် လင်းထိန်သွားစေခဲ့လေတော့သည်။
...
-ပြီးပါပြီ-
...