အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အပိုင်း (၁၇၃) Extra - ဇာတိမြေသို့ အလည်ပြန်ခြင်း (၁)
အချိန်ကာလကို ၁၉၈၁ ခုနှစ်သို့ ပြန်လှည့်ကြည့်လိုက်ကြရအောင်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်ကျင်းပပြီးနောက် ပထမဆုံးအသုတ် တက္ကသိုလ်ကျောင်းသားများသည် တော်တော်လေး ထူးခြားလေသည်။ ထိုအသုတ် ကျောင်းသားများသည် ဆောင်းရာသီတွင် စာမေးပွဲဖြေဆိုခဲ့ကြပြီး ဘွဲ့နှင်းသဘင်မှာလည်း ဆောင်းရာသီ၌ပင် ကျရောက်ခဲ့၏။
မြို့တော်တွင် နေထိုင်ခဲ့သော ၄ နှစ်တာကာလအတွင်း ကလေးမှာ ငယ်ရွယ်သေးသဖြင့် ခရီးသွားလာရသည်မှာ အလွန် ပင်ပန်းဆင်းရဲလှပေသည်။ ထို့အပြင် ရှန်မိသားစုမှ တခြားဆွေမျိုးများနှင့်လည်း ဆက်ဆံရေးမှာ သာမန်မျှသာဖြစ်သဖြင့် ရှန်မော့အာတို့ မိသားစုသည် နန်ပြည်နယ်သို့ တစ်ခါမှ မပြန်ဖြစ်ခဲ့ကြချေ။
ဘွဲ့ရသည့် ယခုနှစ်တွင်တော့ မြို့တော် စီးပွားရေးဗျူရိုက ဟွာချိုက် အထည်ချုပ်စက်ရုံကို မြို့တော် အမှတ်(၅) အထည်ချုပ်စက်ရုံနှင့် ပူးပေါင်းရန် ရည်ရွယ်နေသည့် အချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။ ရှန်မော့အာသည် ခဏလောက် စဉ်းစားပြီးနောက် နှစ်သစ်ကူးပွဲတော်ကာလကို အသုံးချကာ ကျန်းပေခရိုင်သို့ တစ်ခေါက် ပြန်ရန် ဆုံးဖြတ်လိုက်လေသည်။
ဘွဲ့ရကျောင်းသားများ၏ အားလပ်ရက်မှာ ပုံမှန်ထက် စောလေ့ရှိသည်။ အလုပ်တာဝန် ခွဲဝေချထားခြင်းခံရသော အတန်းဖော်များမှာ နှစ်သစ်ကူးမတိုင်မီ သက်ဆိုင်ရာ ဌာနများသို့ အလုပ်ဝင်ရန် အလျင်စလို သွားကြရသော်လည်း ရှန်မော့အာတွင်တော့ ထိုသို့သော ပူပန်မှုမျိုး မရှိချေ။ သူမသည် ထုတ်လုပ်မှု တာဝန်များကို စောစောစီးစီး စီမံခန့်ခွဲထားခဲ့ပြီး စက်ရုံတွင် အချိန်ပိုဆင်းကာ အလုပ်များ ပြီးစီးသွားသောအခါ ပွဲတော်မတိုင်မီ လဝက်ခန့်အလို၌ပင် အားလပ်ရက် ပေးလိုက်လေသည်။
စက်ရုံကို အားလပ်ရက်ပိတ်ထားသလို ဖုမင်ဇယ်မှာလည်း မဟာဘွဲ့အတွက် ဆက်လက်ပညာသင်ကြားရန် ကျောင်းမှာပင် ရှိနေသဖြင့် ဆောင်းရာသီ အားလပ်ရက် ရနေခဲ့သည်။ ရှန်ရှောက်ယွမ်မှာလည်း အထူးတလည် အလုပ်မရှိသဖြင့် မိသားစုဝင်များအားလုံး အထုပ်အပိုးများကို ပြင်ဆင်ကာ နေရပ်ပြန်မည့် ရထားကြီးပေါ်သို့ တက်ရောက်ခဲ့ကြလေတော့သည်။
လျန်လျန်လေးမှာ ပထမဆုံးအကြိမ် ခရီးဝေးထွက်ခြင်း ဖြစ်သဖြင့် ရထားပေါ်သို့ ရောက်သည်နှင့် အလွန်အမင်း သိချင်စိတ် ပြင်းပြနေခဲ့သည်။ သူမသည် ရထားပြတင်းပေါက်ကို တွယ်ကပ်ကာ အပြင်ဘက်သို့ အချိန်အတော်ကြာ ငေးကြည့်နေခဲ့ပြီးမှ ပင်ပန်းသွားကာ မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် မှီပြီး အိပ်ပျော်သွားခဲ့၏။
သူတို့ မိသားစု ၄ ဦးနှင့်အတူ ကျိုးဖျင်အန်း၊ ကျိုးဝမ်ဟွာနှင့် ချန်ယွီတို့ ပါဝင်သဖြင့် အိပ်စင်တွဲ တစ်ခုလုံးကို လက်မှတ်ဖြတ်ထားကြသည်။ လမ်းခရီးတစ်လျှောက်တွင် အခြားသူများ၏ နှောက်ယှက်မခံခဲ့ရသလို မရိုးသားသော လူကုန်ကူးသူများနှင့် မကြုံတွေ့ရဘဲ အေးအေးချမ်းချမ်း ရှိလှပေသည်။
နန်ပြည်နယ် မြို့တော်သို့ ရောက်ရှိပြီးနောက် မြို့တော်မှတစ်ဆင့် လင်ကျန်းမြို့သို့ တိုက်ရိုက်သွားမည့် ရထားသို့ ပြောင်းစီးခဲ့ကြသည်။
မကြာသေးမီ နှစ်များအတွင်း လင်ကျန်းမြို့၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ကောင်းမွန်လှပြီး ရထားလမ်းများလည်း ပေါက်ရောက်နေပြီဖြစ်ကာ အသွားအလာမှာ ယခင်ကထက် များစွာ ပိုမို လွယ်ကူလာခဲ့၏။
လင်ကျန်းမြို့သို့ ရောက်သောအခါ လူအုပ်စုကြီးသည် ကားဂိတ်သို့ ထပ်မံ ဦးတည်ကြပြန်သည်။
အားရကျေနပ်စရာ ကောင်းသည်မှာ ယခင်က ကျန်းပေခရိုင်သို့ သွားရန် အခြားတပ်ဖွဲ့များနှင့် ခရီးသည်တင်ကားကို ခွဲဝေစီးနင်းခဲ့ရသော လျိုချောင်တပ်ဖွဲ့သည် ယခုအခါ မြို့သို့ တိုက်ရိုက်သွားမည့် ကားများ ရှိနေလေပြီ။
ကားဂိတ်သို့ ရောက်ပြီးနောက် ၁ နာရီကျော်သာ စောင့်ဆိုင်းလိုက်ရပြီး လျိုချောင်တပ်ဖွဲ့သို့ ပြန်မည့်ကားကို စီးနင်းခွင့် ရရှိခဲ့ကြသည်။
ကားမှာ အသစ်စက်စက် ဘတ်စ်ကားကြီးဖြစ်ကာ အတော်လေး သန့်ရှင်းသေသပ်လှပေသည်။ လက်မှတ်ရောင်းသူမှာ အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး အမူအရာလည်း အလွန်ပြေပြစ်လှ၏။ သူမသည် ကလေးပါလာသော ရှန်မော့အာတို့ အဖွဲ့ကို မြင်သောအခါ ရှေ့တန်းမှ ခရီးသည်တချို့ကို နေရာရွှေ့ခိုင်းကာ သူတို့အားလုံး တစ်ဆက်တည်း ထိုင်နိုင်ရန် စီစဉ်ပေးခဲ့သည်။
ချန်ယွီမှာ ငယ်စဉ်ကတည်းက စကားများသူဖြစ်ပြီး ကြီးလာသော်လည်း ပြောင်းလဲခြင်း မရှိသေးချေ။ သူသည် လက်မှတ်ရောင်းသူနှင့် ရင်းနှီးသကဲ့သို့ စကားစမြည် ပြောဆိုနေတော့သည်။ "အစ်မ.. ဒီလမ်းကြောင်းက အသစ်တိုးလိုက်တာလား။ ကျွန်တော် နွေရာသီတုန်းက ပြန်လာတုန်းက မရှိသေးဘူးနော်"
သူ၏ အသက်အရွယ်နှင့် အားလပ်ရက် ရှိနေခြင်းမှာ တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။
လက်မှတ်ရောင်းသူမှာ တက္ကသိုလ်ကျောင်းသားများအပေါ် အလွန် ဖော်ရွေလှပြီး ပြုံးကာ ပြောလိုက်သည်။ "ဟုတ်ပါတယ်ရှင်၊ ဒီကားက ကျွန်မတို့ လျိုချောင်တပ်ဖွဲ့က အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ခုအဖြစ် အောက်တိုဘာလတုန်းကမှ စတင်ပြေးဆွဲတာပါ။ မောင်လေးက တခြားမြို့မှာ ကျောင်းသွားတက်နေတာဆိုတော့ ကျောင်းတက်နေတုန်း ပြေးဆွဲတာ ဖြစ်လိမ့်မယ်"
ချန်ယွီက ရယ်မောကာ ပြောလိုက်သည်။ "ဒါကြောင့်ကိုး.. ကျွန်တော် ဩဂုတ်လကုန်ကတည်းက မြို့တော်ကို ပြန်သွားတာဆိုတော့ အချိန်မမီလိုက်ဘူးပေါ့။ အခု ဆောင်းရာသီ အားလပ်ရက်မှပဲ ကွက်တိ ကြုံတော့တယ်။ ဒီကားလမ်းကြောင်းက တကယ် ကောင်းတာပဲ၊ ဒါဆိုရင် ခရိုင်မြို့ကို သွားပြီး ကားထပ်ပြောင်းနေစရာ မလိုတော့ဘူးပေါ့။ တကယ့်ကို အဆင်ပြေသွားတာပဲ!"
ဘေးမှ ခရီးသည်တစ်ဦးကလည်း ဝင်ပြောလိုက်သည်။ "လျိုချောင်တပ်ဖွဲ့က လူတွေတင် အဆင်ပြေတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ပတ်ဝန်းကျင်က တပ်ဖွဲ့တွေလည်း အကျိုးခံစားရတာပဲ။ အိမ်က မြည်းလှည်းနဲ့ လာကြိုခိုင်းလိုက်ရင် ရပြီလေ၊ ခရိုင်မြို့ကို သွားရတာထက် အများကြီး ပိုလွယ်သွားတာပေါ့"
နောက်ထပ် ခရီးသည်တစ်ဦးကလည်း ထောက်ခံလိုက်သည်။ "ဟုတ်ပဗျာ.. အချိန်တွေ အများကြီး သက်သာသွားတာ။ ကျွန်တော်တို့ရွာက လျိုချောင်တပ်ဖွဲ့ကို သွားတဲ့ လမ်းပေါ်မှာပဲ ရှိတာဆိုတော့ လမ်းမှာ ဆင်းလိုက်ရုံပဲလေ၊ မြည်းလှည်း စီးရတာထက်တောင် ပိုပြီး အဆင်ပြေပါသေးတယ်"
ကားအတွင်းရှိ ခရီးသည်များမှာ အားတက်သရော ဆွေးနွေးလာကြလေသည်။
လွန်ခဲ့သော ၁၀နှစ်ခန့်က လျိုချောင်တပ်ဖွဲ့နှင့် ပတ်ဝန်းကျင်ရှိ တပ်ဖွဲ့များမှာ ဆင်းရဲတွင်းနက်နေသော ညီအစ်ကိုများ ဖြစ်ခဲ့ကြသော်လည်း ၁၀နှစ်အတွင်းမှာပင် လျိုချောင်တပ်ဖွဲ့မှာ ခရိုင်မြို့တစ်ခုနှယ် တိုးတက်လာသည်ကို တချို့က အံ့သြတကြီး ပြောဆိုနေကြ၏။
"သူတို့မှာ ပန်းထိုးစက်ရုံ ရှိတယ်လေ၊ ပြီးတော့ စက်ရုံမှူးရှန်က မြို့တော်မှာ တည်ထောင်ထားတဲ့ အထည်ချုပ်စက်ရုံလည်း ရှိသေးတယ်၊ ငွေတွေ အများကြီး ရှိနေတာပေါ့!"
"အင်း.. စက်ရုံမှူးရှန်လို လူတော်မျိုး ဘာလို့ ကျွန်မတို့ တပ်ဖွဲ့မှာ မရှိရတာပါလိမ့်။ ကျွန်မတို့ တပ်ဖွဲ့မှာသာ အဲဒီလို လူစွမ်းကောင်းတစ်ယောက် ရှိခဲ့ရင် ကျွန်မတို့လည်း ထမင်းကောင်းဟင်းကောင်း စားနိုင်မှာပေါ့။ စက်ရုံထဲမှာ အလုပ်သမား မလုပ်နိုင်ရင်တောင် စက်ရုံတံခါးဝမှာ ဆိုင်လေး တစ်ဆိုင်လောက် ဖွင့်နိုင်ရင်ကိုပဲ ဟန်ကျနေပြီ!"
"အို.. ဆိုင်ဖွင့်တာက မှောင်ခိုရောင်းတာ မဟုတ်ဘူးလား!"
"ဟဲ့... မူဝါဒတွေ ပြောင်းသွားတာ ကြာလှပြီ။ ပြည်နယ်မြို့တော်မှာဆိုရင် နေရာအနှံ့ ဆိုင်တွေ ဖွင့်နေကြတာ။ ပန်းထိုးစက်ရုံ ရှေ့မှာလည်း ဆိုင်တွေ ရှိတယ်၊ ဈေးရောင်းကောင်းပုံပဲ"
...
စကားဝိုင်းမှာ ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်နိုင်ခြင်း ရှိ၊ မရှိ ဆီသို့ တဖြည်းဖြည်း ဦးတည်သွားလေသည်။
ချန်ယွီနှင့် ကျိုးဝမ်ဟွာတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အသံကို နှိမ့်ကာ ပြောလိုက်ကြ၏။ "အစ်မမော့အာက တကယ်ကို တော်တာပဲ။ ကျန်းပေကနေ ထွက်သွားတာ ဒီလောက်ကြာတာတောင် သူ့ကို မှတ်မိနေတဲ့သူတွေ ရှိသေးတယ်"
ကျိုးဝမ်ဟွာက ဒါကို ပြောနေဖို့တောင် လိုသလား ဟူသော အမူအရာဖြင့် ပြန်ပြောလိုက်၏။ "သေချာတာပေါ့.. ပန်းထိုးစက်ရုံကို ငါ့ဆရာမက တည်ထောင်ပေးခဲ့တာလေ။ အခုဆို အထည်ချုပ်စက်ရုံက တပ်ဖွဲ့အတွက် နှစ်တိုင်း ငွေတွေ အများကြီး ရှာပေးနေတာ!"
ကားမှာ ညနေ ၅ နာရီဝန်းကျင်တွင် လျိုချောင်တပ်ဖွဲ့သို့ ရောက်ရှိခဲ့သည်။ ရှန်မော့အာတို့ ကားပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်က အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။ "စက်ရုံမှူးရှန်.. ဒီဘက်မှာ!"
ကားပေါ်မှ ခရီးသည်များနှင့် လမ်းဘေးရှိ လမ်းသွားလမ်းလာများ အားလုံးမှာ ချက်ချင်းပင် လှည့်ကြည့်လိုက်ကြ၏။
ခရီးသည်တချို့ဆိုလျှင် အံ့သြတကြီး အော်ဟစ်ကုန်ကြသည်။ "အာ... စက်ရုံမှူးရှန်လား၊ အဲဒါ စက်ရုံမှူးရှန်လား! ဘုရားရေ.. ကျွန်မတို့က စက်ရုံမှူးရှန်နဲ့ တစ်လမ်းလုံး အတူတူ လာခဲ့တာပေါ့!"
ဘေးမှ လူတစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။ "ဟုတ်တယ်လေ၊ ရှင်တို့တွေ တစ်လမ်းလုံး သူ့အကြောင်းတွေ ပြောလာတာလေ"
ကံကောင်းထောက်မစွာဖြင့် အတင်းအဖျင်း ဆိုးဆိုးရွားရွားများ မပြောမိခဲ့ကြချေ။
အမှန်တကယ်တော့လည်း စက်ရုံမှူးရှန်နှင့် ပတ်သက်ပြီး သူတို့တွင် ပြောစရာ မကောင်းသတင်းမျိုး မရှိခဲ့သည်မှာ အမှန်ပင်။
ရှန်မော့အာ : "..."
သူမသည် လမ်းဘေးတွင် ရပ်ထားသော 212ဂျစ်ကားတစ်စီးဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။ ကားဘေးတွင် ရပ်နေသော လူငယ်က သူမ၏ လက်ထဲမှ အထုပ်အပိုးများကို ကူညီသယ်ယူပေးရင်း ပြောလိုက်သည်။ "စက်ရုံမှူးရှန်... အတွင်းရေးမှူးကျိုးက စက်ရုံမှူးရှန်တို့ကို လိုက်ပို့ဖို့ ကျွန်တော့်ကို လွှတ်လိုက်တာပါ"
ထို့နောက် ကျိုးဖျင်အန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ဖျင်အန်း.. မင်းရဲ့ အထုပ်တွေကို အပြင်ဘက်ဆုံးမှာ ထားလိုက်၊ ခဏနေရင် မင်းအိမ်ကို အရင် လိုက်ပို့ပေးမယ်"
ထိုလူငယ်၏ အမည်မှာ တင်းရှု ဖြစ်သည်။ ယခင်က တပ်ဖွဲ့ရှိ အငယ်တန်း ဝန်ထမ်းတစ်ဦးဖြစ်ခဲ့ပြီး ယခုအခါတွင်တော့ တပ်ဖွဲ့အတွင်းရေးမှူး ကျိုးရှင်းဝမ့်၏ အတွင်းရေးမှူး ဖြစ်နေလေပြီ။
ငွေကြေးကြွယ်ဝမှုကြောင့် လျိုချောင်တပ်ဖွဲ့၏ ဖွံ့ဖြိုးတိုးတက်မှုမှာ သိသာထင်ရှားလှသဖြင့် တပ်ဖွဲ့ခေါင်းဆောင်များ၏ ရာထူးတိုးနှုန်းမှာလည်း မြန်ဆန်လှပေသည်။ ကျိုးရှင်းဝမ့်မှာ တပ်ဖွဲ့မှူးအဖြစ် ခန့်အပ်ခံရပြီး ၂နှစ်မပြည့်ခင်မှာပင် အတွင်းရေးမှူး ဖြစ်လာခဲ့လေသည်။
ကျိုးရှင်းဝမ့်သည် ရှန်မော့အာတို့ ယနေ့ ရောက်ရှိလာမည်ဖြစ်ကြောင်း သူ့သားထံမှတဆင့် သိထားသဖြင့် တင်းရှုကို တပ်ဖွဲ့ပိုင်ကားဖြင့် ကြိုတင်စောင့်ဆိုင်းခိုင်းထားခဲ့ခြင်း ဖြစ်သည်။
လျိုချောင်တပ်ဖွဲ့ မည်သို့ ဖွံ့ဖြိုးလာခဲ့သည်ကို တာဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်တိုင်း သိကြသည်။ ပန်းထိုးစက်ရုံက တပ်ဖွဲ့တစ်ခုလုံးအတွက် အလုပ်အကိုင်များနှင့် ဘဏ္ဍာရေးဝင်ငွေ ဘယ်လောက်အထိ ဆောင်ကြဉ်းပေးခဲ့သည်ကို ဘေးဖယ်ထားလိုက်လျှင်ပင်၊ ဟွာချိုက် အထည်ချုပ်စက်ရုံက နှစ်စဉ် ပေးပို့နေသော လုပ်ငန်းဝင်ငွေများကပင် ဤတပ်ဖွဲ့လေးကို ခရိုင်မြို့ထက်ပင် ပိုမို ကြွယ်ဝစေခဲ့သည်။
ငွေရှိလျှင် အလုပ်လုပ်ရသည်မှာ လွယ်ကူလှပေသည်။ မကြာသေးမီ နှစ်များအတွင်း တပ်ဖွဲ့၏ စိုက်ပျိုးရေး၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများမှာ ချောမွေ့စွာ ပြီးမြောက်ခဲ့ပြီး မြို့တစ်ဝမ်းတွင် ရှေ့တန်းမှ ဦးဆောင်နေခဲ့သည်။
အသေးအဖွဲအားဖြင့် ကြည့်မည်ဆိုလျှင် ရှန်မော့အာသာ မရှိခဲ့ပါက လျိုချောင်တပ်ဖွဲ့မှာ နိုးထလာလိမ့်မည် မဟုတ်ဘဲ ယခင် ခေါင်းဆောင်များလည်း ရာထူးတိုးနိုင်လိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် ကျိုးရှင်းဝမ့်အနေဖြင့် တပ်ဖွဲ့မှူး သို့မဟုတ် အတွင်းရေးမှူး ရာထူးများကို ရရှိရန် အလှည့်ပင် ရောက်လာမည်မဟုတ်ချေ။
ပိုမို ကျယ်ပြန့်စွာ ကြည့်မည်ဆိုလျှင် ရှန်မော့အာသည် လျိုချောင်တပ်ဖွဲ့အတွက် ကြီးမားသော အကျိုးပြုမှုများကို လုပ်ဆောင်ပေးခဲ့သူ ဖြစ်ရုံသာမက နောင်အနာဂတ် အချိန်အတော်ကြာအထိလည်း တပ်ဖွဲ့၏ "ချမ်းသားခြင်းနတ်ဘုရား" အဖြစ် ဆက်လက်တည်ရှိနေဦးမည်သာ။
လူအများအတွက် ဇာတိမြေသို့ ပထမဆုံးအကြိမ်အဖြစ် ပြန်လာရခြင်းက လွယ်ကူသည်မဟုတ်သောကြောင့် တပ်ဖွဲ့အနေဖြင့် သူတို့ကို ကောင်းကောင်း ဧည့်ခံပေးရမည်က သဘာဝပင်။
အတွင်းရေးမှူး ကိုယ်တိုင် မှာကြားထားသော အလုပ်ဖြစ်သဖြင့် တင်းရှုသည် အရာအားလုံးကို သေသပ်ကျနအောင် ဆောင်ရွက်ပေးခဲ့သည်။ ကျိုးဖျင်အန်းကို တပ်ဖွဲ့ဝန်ထမ်းအိမ်ရာတွင် ချထားပေးပြီးနောက် ဂျစ်ကားဖြင့် ယန်လျိုရွာသို့ ဆက်လက် ပို့ဆောင်ပေးခဲ့လေသည်။
ဆောင်းရာသီတွင် နေဝင်စောလေသည်။ သူတို့ ယန်လျိုရွာသို့ ရောက်ရှိချိန်တွင် ကောင်းကင်မှာ လုံးဝ မှောင်အတိ ကျနေပြီ ဖြစ်၏။ ရွာဝင်ပေါက်မှာ မှောင်မည်းနေသော်လည်း ရွာထဲတွင်တော့ မီးရောင်လေးများ လင်းထိန်နေ၏။
ကြွယ်ဝလှသော လျိုချောင်တပ်ဖွဲ့သည် လျှပ်စစ်မီး အပြည့်အဝ ရရှိအောင် ဆောင်ရွက်ထားနိုင်ခဲ့ပြီဖြစ်ကာ ကျေးရွာတိုင်းတွင် လျှပ်စစ်မီးများ ရရှိနေပြီ ဖြစ်သည်။
ရှန်မော့အာက ခြံတံခါးကို ဖွင့်လိုက်၏။ ဖုမင်ဇယ်က အိပ်ပျော်နေသော လျန်လျန်လေးကို ပွေ့ချီကာ အိမ်ထဲသို့ အရင်ဝင်သွားခဲ့သည်။ တင်းရှုကလည်း သွက်လက်စွာဖြင့် အထုပ်အပိုးများကို ခြံထဲသို့ သယ်ပေးခဲ့လေသည်။ တစ်ခေါက်သယ်ပြီး နောက်တစ်ခေါက် ထပ်သယ်ရန် ပြန်လာချိန်တွင် ရှန်မော့အာက အိတ် ၂အိတ်စီကို လက်တစ်ဖက်စီဖြင့် လွယ်လွယ်ကူကူ သယ်ဆောင်လာသည်ကို မြင်လိုက်ရသည်။ "ပစ္စည်းတွေ အကုန်လုံး ချပြီးပါပြီ။ ရဲဘော်တင်း ဒုက္ခများသွားပြီ၊ အမြန် ပြန်နားပါတော့"
တင်းရှု : "..."
ထိုအိတ်များမှာ အတော်လေး လေးလံလှသည်။ သူကတော့ အင်အားအကုန်သုံးပြီးမှ အိတ် ၂ အိတ်ကို သယ်နိုင်ခဲ့သည်။
သူသည် ခေါင်းကို ကုတ်လိုက်ပြီး အားနာဟန်ဖြင့် ပြောလိုက်သည်။ "ဘာမှ မကူညီပေးနိုင်လိုက်ပါဘူး။ ကောင်းပါပြီ၊ ဒါဆို ကျွန်တော် ပြန်ပါဦးမယ်။ သန်ဘက်ခါ မနက်ကျရင် စက်ရုံမှူးရှန်တို့ကို လာကြိုဖို့ ကားမောင်းလာခဲ့ပါ့မယ်"
စောစောက လမ်းမှာ သူ မေးမြန်းထားခဲ့သည်။ ရှန်မော့အာသည် မနက်ဖြန်တွင် တပ်ဖွဲ့သို့ မသွားသေးဘဲ အိမ်မှာပင် တစ်ရက်ခန့် အနားယူဦးမည်။
အပြင်ဘက်တွင်တော့ လူငယ်လေးဖြစ်ပါလျက်နှင့် ဤမျှ အောင်မြင်မှုများ ရရှိနေသော စက်ရုံမှူးရှန်ကို လူစွမ်းကောင်းတစ်ဦးအဖြစ် တင်စားပြောဆိုနေကြလေသည်။ သူမသည် ပညာရေးနှင့် အလုပ်ကို မျှတအောင် လုပ်ဆောင်နိုင်ရန် တစ်နေ့လျှင် ၃၊ ၄ နာရီမျှသာ အိပ်စက်သည်ဟူသော "သံမဏိအမျိုးသမီး" အဖြစ် ကောလာဟလများ ထွက်ပေါ်နေခဲ့သော်လည်း ရက်အတော်ကြာ ခရီးသွားလာခဲ့ရသဖြင့် ထိုသံမဏိအမျိုးသမီးလည်း အနားယူရန် လိုအပ်သေးသည်။
တင်းရှုတစ်ယောက် အမြန် ထွက်ခွာသွားခဲ့သည်။
ရှန်မော့အာသည် ခြံတံခါးကို ပိတ်လိုက်ပြီး ယခင်ကထက် တစ်ဆခန့် ပိုမို ကျယ်ဝန်းလာသော ခြံဝင်းကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ယခင်နှစ်က သူမသည် ကြီးတော်ဖြစ်သူ ရှန်ယင်းယင်းထံသို့ ငွေတစ်သုတ် ပေးပို့ကာ ခြံဝင်းကို တိုးချဲ့ပေးရန်နှင့် အခန်း ၂ခန်း ထပ်မံ ဆောက်လုပ်ပေးရန် အကူအညီ တောင်းခဲ့သည်။ သို့မှသာ လျန်လျန်လေးတွင်လည်း ကိုယ်ပိုင်အခန်း ရှိလာမည်ဖြစ်ပြီး ကျိုးဝမ်ဟွာသည်လည်း သူတို့နှင့်အတူ နေထိုင်နိုင်လိမ့်မည်။
ရှန်ယင်းယင်းသည် အလုပ်ကို သေသပ်စွာ လုပ်ကိုင်တတ်သူဖြစ်ပြီး ရှန်မော့အာက တစ်ချက်ကြည့်လိုက်ရုံဖြင့် ခြံဝင်းကို ကောင်းမွန်စွာ ပြင်ဆင်ထားကြောင်း သိမြင်နိုင်သည်။ အိမ်ထဲသို့ ဝင်လိုက်သောအခါတွင်လည်း နေရာတိုင်းမှာ ပြောင်လက်သန့်ရှင်းနေပြီး အိပ်ရာများကိုပင် ခင်းကျင်းထားပြီး ဖြစ်လေသည်။
စောင်များမှာလည်း မကြာသေးမီကမှ နေလှန်းထားပုံရပြီး နေရောင်ခြည်နံ့လေးများ သင်းပျံ့နေ၏။
ကျိုးဝမ်ဟွာမှာ ငယ်စဉ်ကတည်းက အလုပ်လုပ်ရသည်ကို ကျင့်သားရနေသူဖြစ်သောကြောင့် ခြံထဲရောက်ပြီး အိတ်များချပြီးသည်နှင့် မီးဖိုချောင်သို့ ပြေးကာ ရေနွေးတည်လေတော့သည်။ သို့သော် မကြာမီမှာပင် သူမသည် ရေနွေးအိုး ၂ လုံးကို သယ်ကာ ထွက်လာခဲ့သည်။ "ဆရာမ... ရေနွေးတွေက အဆင်သင့် ဖြစ်နေပြီ။ အမြန်ပဲ ကိုယ်လက်သန့်စင်လိုက်ကြပါ"
ရှန်မော့အာက ကျေနပ်စွာဖြင့် ရေရွတ်လိုက်သည်။ "အဒေါ်ယင်းယင်းက တကယ်ကို အားကိုးရတာပဲ"
သူမက ရှန်ယင်းယင်းကို စောင်လေးတွေ နေလှန်းပေးဖို့နဲ့ အိမ်ကို အနည်းငယ် ရှင်းလင်းပေးဖို့သာ ပြောခဲ့သော်လည်း သူမကတော့ အဘက်ဘက်ကနေ ပြည့်စုံအောင် စီစဉ်ပေးထားခဲ့သည်။
သို့ဖြင့် ခရီးပန်းလာကြသော လူအားလုံးသည် အလျင်အမြန် ကိုယ်လက်သန့်စင်ကာ ကိုယ်စီအခန်းများသို့ ဝင်ပြီး အိပ်စက်လိုက်ကြလေတော့သည်။
နောက်တစ်နေ့ ရှန်မော့အာ နိုးလာချိန်တွင် နေအတော်မြင့်နေပြီ။ အချိန်ကို ကြည့်လိုက်သောအခါ ၉ နာရီခွဲ ကျော်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူမသည် ကုတင်ပေါ်တွင် ခဏလောက် စိတ်ကို ကြည်လင်အောင် လုပ်လိုက်ပြီးနောက် အမြန်ထကာ အပြင်သို့ ထွက်လာခဲ့သည်။
လျန်လျန်လေးသည် ဒေသနှင့် လိုက်ဖက်သော ပန်းပွင့်ဒီဇိုင်းပါသည့် အနွေးထည်လေးကို ဝတ်ဆင်ထားပြီး ခြံဝင်းထဲတွင် သူမ၏ အဖေဖြစ်သူကို မေးခွန်းပေါင်း တစ်သောင်းလောက် မေးနေခဲ့သည်။ "ဘာလို့ ရေသွားခပ်ရတာလဲ။ ရေက သူ့ဘာသာသူ တဗွက်ဗွက်နဲ့ ထွက်မလာဘူးလား။ ဘာလို့ သမီးကို ပေးမသွားတာလဲ။ ရေတွင်းဆိုတာ ဘာကြီးလဲ။ ရေတွင်းက လူစားတဲ့ မိစ္ဆာကောင်ကြီးလား"
ရှန်မော့အာ : "..."
တံခါးဖွင့်သံ ကြားလိုက်ရသဖြင့် လျန်လျန်လေးက လှည့်ကြည့်လိုက်ရာ သူမ၏ အမေဖြစ်သူ ထွက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် တဗောက်ဗောက် ပြေးလာပြီး သူမ၏ ခြေထောက်ကို ဖက်ထားလိုက်သည်။ "မေမေ.. လျန်လျန် မေမေ့ကို တအားလွမ်းနေတာ!"
ရှန်မော့အာက သူမ၏ ဆံပင်ပွယောင်းယောင်းလေးကို ပုတ်ပေးရင်း ဂရုမစိုက်သလို ပြန်ပြောလိုက်သည်။ "အင်း... မေမေလည်း လွမ်းပါတယ်"
ဤကလေးသည် အိပ်ရာနိုးတိုင်း မေမေ့ကို မတွေ့ရသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် တအားလွမ်းကြောင်း ပြောလေ့ရှိသည်။ ရှန်မော့အာမှာ အစပိုင်းတွင် စိတ်လှုပ်ရှားမိသော်လည်း ကြာလာသောအခါ ကျင့်သားရသွားခဲ့လေပြီ။
ရှန်မော့အာ ကိုယ်လက်သန့်စင်နေစဉ် အဒေါ်ကြီးချန်က ခြင်းတောင်းတစ်လုံးကို ကိုင်ကာ ဝင်လာခဲ့သည်။ "နင်တို့အိမ်ရဲ့ မြေကွက်ကို ဒုတိယအိမ်က သိမ်းထားတယ်လေ။ နင်တို့က ရက်အနည်းငယ်ပဲ နေမှာဆိုတော့ အဲဒီလူတွေနဲ့ သွားပြီး စကားများမနေပါနဲ့တော့။ ငါတို့ခြံက ဟင်းသီးဟင်းရွက်တွေက ကောင်းကောင်း ပေါက်နေတာ။ အမျိုးအစားတွေလည်း အများကြီးပဲ။ စားချင်တာရှိရင် လာယူ၊ အဝစားရစေရမယ်!"
နှစ်အနည်းငယ်အတွင်း အဒေါ်ကြီးချန်၏ မျက်နှာပေါ်တွင် အရေးအကြောင်းများ အနည်းငယ် တိုးလာသော်လည်း မျက်နှာမှာ နီမြန်းကာ စိတ်ဓာတ်တက်ကြွနေပြီး ကျန်းမာရေး ကောင်းမွန်သည့်ပုံ ပေါ်နေသည်။
ရှန်မော့အာက ပလုတ်ကျင်းလိုက်ပြီးမှ ပြောလိုက်သည်။ "ကောင်းပါပြီ၊ ကျွန်မတို့ အားနာမနေတော့ဘူးနော်"
အဒေါ်ကြီးချန် : "အို.. ဟင်းသီးဟင်းရွက်လေးတွေပဲကို ဘာအားနာစရာ လိုလို့လဲ!"
သူမက ကိုယ်ကို ကိုင်းကာ လျန်လျန်လေးကို ကြည့်လိုက်၏။ "ကလေးလေးက ဒီလောက်တောင် ကြီးသွားပြီလား။ အို... ကြည့်စမ်း၊ တကယ့်ကို လှလှပပလေး ကြီးလာတာပဲ"
လျန်လျန်လေးသည် ရှန်ရှောက်ယွမ်နှင့်အတူ ယုံနဉ်လမ်းကြားပေါ်တွင် အမြဲ လျှောက်သွားနေသူဖြစ်သဖြင့် လူစိမ်းများကို နည်းနည်းလေးမှ မကြောက်တတ်ချေ။ သူမက ခေါင်းလေးကို တစ်ညိတ်ညိတ် လုပ်ကာ နှုတ်ဆက်လိုက်သည်။ "ဘွားဘွား မင်္ဂလာပါရှင်။ သမီးက ချစ်စရာအကောင်းဆုံးနဲ့ အလှဆုံး လျန်လျန်လေးပါရှင်!"
စကားပြောနေစဉ်မှာပင် ချန်ယွီ ပြေးဝင်လာခဲ့သည်။ "လျန်လျန်.. ကိုကိုနဲ့အတူ ပဲပြားလုပ်တာ သွားကြည့်ရအောင်။ ကိုကို့ရဲ့ အဘိုးလေးအိမ်မှာ ပဲပြားလုပ်နေတယ်!"
မကြာသေးမီ နှစ်များအတွင်း အခြေအနေများ ကောင်းမွန်လာသဖြင့် လူတိုင်းက နှစ်သစ်ကူးပွဲတော်ကို ပိုမို အလေးထားလာကြသည်။ ပွဲတော်မတိုင်မီ ရွာထဲတွင် ဝက်ပေါ်ခြင်း၊ ပဲပြားလုပ်ခြင်း၊ ကောက်ညှင်းမုန့် ထောင်းခြင်း စသည်တို့ဖြင့် အလွန် စည်ကားလှပေသည်။ စားစရာနှင့် ကစားစရာများမှာ နေ့စဉ်မပြတ် ရှိနေလေသည်။
လျန်လျန်လေးသည် ပဲပြားကို စားသာစားဖူးသော်လည်း ပဲပြားလုပ်သည်ကိုတော့ တစ်ခါမှ မမြင်ဖူးချေ။ ထို့အပြင် ချန်ယွီသည် မြို့တော်တွင် ရှိစဉ်က အားလပ်ရက်တိုင်း သူတို့အိမ်သို့ လာရောက် စားသောက်လေ့ရှိသဖြင့် လူငယ်များထဲတွင် လျန်လျန်လေး အနှစ်သက်ဆုံးသူ ဖြစ်နေခဲ့သည်။ ထိုစကားကို ကြားလိုက်ရသည်နှင့် သူမက ချက်ချင်းပင် တဗောက်ဗောက် ပြေးထွက်သွားလေတော့သည်။
သူမက လက်ယမ်းပြရန်ပင် မမေ့ခဲ့ချေ။ "ဖေဖေ... လျန်လျန် ပဲပြားသွားစားတော့မယ်နော်!"
ဖုမင်ဇယ် : "..."
သူတို့က ပဲပြားလုပ်တာကို သွားကြည့်မယ်လို့ ပြောတာလေ၊ ကြည့်ရုံတင်!
ဒီကလေးစုတ်ကတော့ တကယ်ကို အစားသရဲလေးပဲ။
ဖုမင်ဇယ်က မီးဖိုချောင်သို့သွားကာ မနက်စာကို ပြန်နွှေလိုက်သည်။ ရှန်မော့အာမှာတော့ အဒေါ်ကြီးချန်နှင့် စကားပြောနေခဲ့၏။ ဖုမင်ဇယ်က မနက်စာကို သယ်ဆောင်လာသောအခါ သူမက မေးလိုက်သည်။ "အဖေကော"
ဖုမင်ဇယ် : "မနက်စောစောကတည်းက ထွက်သွားတာ"
အဒေါ်ကြီးချန် : "ဪ.. ငါ သိတယ်။ မနက်က ငါ နင့်အဖေနဲ့ တွေ့လိုက်သေးတယ်။ သူက ပစ္စည်းတွေ သယ်ပြီး နင့်ရဲ့ ဝမ်းကွဲတို့အိမ်ကို သွားကြည့်မလို့တဲ့"
စကားပြောနေစဉ်မှာပင် အဒေါ်ကြီးချိုင်နှင့် အဒေါ်ကြီးဝမ် စသည့် အခြားသူများလည်း ရောက်ရှိလာကြသည်။ သူတို့၏ လက်ထဲတွင်လည်း ခြင်းတောင်းများကိုယ်စီ ပါလာကြ၏။ အဒေါ်ကြီးချန် ရောက်နှင့်နေသည်ကို မြင်သောအခါ အဒေါ်ကြီးချိုင်က မနေနိုင်ဘဲ ပြောလိုက်သည်။ "အမယ်လေး.. ခြေမြန်လှချည်လား။ ကျွန်မတောင် ရှင့်အိမ်ကို သွားခေါ်မလို့ လုပ်နေတာ"
အဒေါ်ကြီးချန်က တဟားဟား ရယ်မောလိုက်ကာ "ငါက ကိုယ်ပိုင်စိုက်ခင်းထဲကနေ ဒီကို တန်းလာခဲ့တာလေ"
ရှန်မော့အာသည် သူတို့၏ ခြင်းတောင်းထဲတွင် ဟင်းသီးဟင်းရွက်များ ပြည့်နှက်နေသည်ကို မြင်သောအခါ အောက်ဘက်တွင် အခြားအရာများ ပါဝင်နေမည်ကို ခန့်မှန်းမိသဖြင့် အနည်းငယ် ခေါင်းခဲသွားခဲ့ရသည်။ သူမက ပြုံးကာ ပြောလိုက်၏။ "ကျွန်မတို့ မိသားစုက လူနည်းနည်းလေးကို ဒီလောက်အများကြီး ဘယ်လိုလုပ် ကုန်မှာလဲရှင်"
အဒေါ်ကြီးများကတော့ ရင်းနှီးပြီးသားဖြစ်သဖြင့် သူတို့ဘာသာ ကုလားထိုင်များရှာကာ ထိုင်လိုက်ကြသည်။ "အို... ဟင်းသီးဟင်းရွက် နည်းနည်းပါးပါးပါပဲအေ။ ကြော်လိုက်ရင် နည်းနည်းလေး ဖြစ်သွားမှာပါ။ အများကြီး မဟုတ်ပါဘူး"
မကြာမီမှာပင် အခြားသော အမျိုးသမီးငယ်များလည်း လက်ဆောင်များ ကိုယ်စီကိုင်ကာ ရောက်ရှိလာကြပြန်သည်။
အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်ကာ မရယ်ဘဲ မနေနိုင်ကြတော့ချေ။
ခြံဝင်းထဲတွင် လူများဖြင့် ပြည့်နှက်နေသည်မှာ ယခင်က ပန်းထိုးသင်တန်းပေးစဉ်ကာလကအတိုင်း ဖြစ်နေတော့၏။
ထိုစဉ်က အကြောင်းအရာများကို ပြန်ပြောမိကြသောအခါ နှစ်အနည်းငယ်သာ ကုန်လွန်ခဲ့သော်လည်း ယခင်ဘဝက ကိစ္စများနှယ် ခံစားနေရကြောင်း အားလုံးက ရင်ဖွင့်ကြလေသည်။ ထိုစဉ်က ဘဝများမှာ အလွန် ခက်ခဲခဲ့သည်။ အသားစားရန် မဆိုထားနှင့်၊ ဟင်းသီးဟင်းရွက်တစ်ပင်ကိုပင် တွက်ချက်စားသောက်ခဲ့ရသည်။
အမျိုးသမီးများဖြင့် ပြည့်နှက်နေသော အိမ်ထဲတွင် ဖုမင်ဇယ်ကတော့ လက်ဖက်ရည်နှင့် ရေများကိုသာ လိုက်လံ ဧည့်ခံပေးနေရလေသည်။
တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။ "အရင်တုန်းက ပညာတတ်လူငယ်ဖုက မော့အာကို ပစ်ထားခဲ့ပြီး မြို့တော်ကို ပြန်သွားလိမ့်မယ်လို့ ပြောတဲ့သူတွေကို ဒီကို လာကြည့်ခိုင်းလိုက်ချင်တယ်။ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်က ဘယ်လောက်တောင် ကောင်းလိုက်သလဲဆိုတာကို!"
"ဘယ်သူရှိမှာလဲ၊ သူတို့ ဘဝကောင်းစားနေတာကို မနာလိုတဲ့သူတွေပေါ့!"
"ရှန်မိသားစုက လူတွေ ဖြစ်မှာပါ။ တကယ်ပါအေ.. အဲဒီလို ဆွေမျိုးကတော့ တကယ့်ကို ရှားရှားပါးပါးပဲ"
သည်ဘက်တွင် ပျော်ရွှင်စွာ စကားပြောနေကြစဉ်မှာပင် ရုတ်တရက် အိမ်ပြင်ဘက်မှ လူပျိုပေါက်လေး ၂ ဦး အပြေးအလွှား ဝင်လာကြသည်။ "လျန်လျန်မေမေ.. လျန်လျန်မေမေ! အစ်ကိုချန်ယွီက အမြန်လာခဲ့ပါဦးတဲ့၊ လျန်လျန်က လူတစ်ယောက်နဲ့ ရန်ဖြစ်နေလို့!"
ရှန်မော့အာမှာ နားကြားမှားသည်ဟုပင် ထင်လိုက်မိသည်။ " ကျွန်မသမီး လျန်လျန်က လူတစ်ယောက်နဲ့ ရန်ဖြစ်နေတယ်လို့ ပြောတာလား"
မဟုတ်သေးပါဘူး.. အဲဒီကလေးလေးက ဘယ်လောက်ရှိသေးလို့လဲ!
သတင်းလာပို့သော ကောင်လေးမှာ ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်သည်။ "သူက တုတုကို ရိုက်လိုက်တာ၊ အဲဒါကြောင့် တုတုမေမေက သူ့ကို ပြန်ရိုက်မလို့ လုပ်နေတာဗျ!"
ရှန်မော့အာ : "..."
...
အပိုင်း (၁၇၄) Extra - ဇာတိမြေသို့ အလည်ပြန်ခြင်း (၂)
ရှန်မော့အာနှင့် ဖုမင်ဇယ်တို့ အပြေးအလွှား ရောက်ရှိလာချိန်တွင် သူတို့အိမ်မှ လျန်လျန်လေးသည် သူမထက် ခေါင်းတစ်ဝက်ခန့် ပိုမြင့်သော ဝတုတ်တုတ် ကောင်လေးတစ်ဦးကို လက်သီးလေးများ ဝှေ့ယမ်းကာ စိန်ခေါ်နေဆဲ ဖြစ်သည်။ ချန်ယွီကသာ သူမကို ပွေ့ချီမထားပါက ထိုကောင်လေးကို နောက်ထပ် လက်သီးချက် အနည်းငယ် ကျွေးလိုက်ဦးမည်မှာ သေချာလှပေသည်။
ထိုဝတုတ်လေးမှာ လျန်လျန်လေးထက် အရပ်ရှည်ပြီး သန်မာထွားကြိုင်းပုံ ပေါ်သော်လည်း အသုံးမကျလှချေ။ လျန်လျန်လေးက လက်သီးဝှေ့ယမ်းလိုက်သည်ကို မြင်သည်နှင့် ကြောက်လန့်တကြား လူကြီးများနောက်သို့ ပြေးဝင်ပုန်းအောင်းကာ တရှုံ့ရှုံ့နှင့် ငိုနေတော့သည်။ ကျယ်ကျယ်ပင် မငိုရဲရှာချေ။
ယင်းအစား သူ့ကို ကာကွယ်ပေးနေသော ဆံပင်ကောက်ကောက်နှင့် အမျိုးသမီးကတော့ အတော်လေး ရဲတင်းလှသည်။ သူမက လျန်လျန်လေးကို လက်ညှိုးထိုးကာ ဆဲဆိုနေ၏။ "နင့်မိဘတွေ တက္ကသိုလ်ဝင်ခွင့်ရတာနဲ့ပဲ ကြီးကြီးကျယ်ကျယ် အောက်မေ့မနဲ့။ ငါ ပြောပြမယ်... ဝေးတဲ့ မင်း(ဘုရင်)ထက် နီးတဲ့ မင်းက ပိုအရေးပါတယ်ဟဲ့။ တို့ လျိုချောင်တပ်ဖွဲ့မှာ လာပြီး ဆရာကြီးလုပ်ဖို့ မစဉ်းစားနဲ့! ဒီလောက် ကလေးပေါက်စက လူရိုက်ရဲနေပြီဆိုတော့ နင်ကတော့ နောင်ကျရင် လူကောင်းဖြစ်မှာ မဟုတ်ဘူး!"
ဖုမင်ဇယ်သည် လူအုပ်ကို တိုးဝှေ့ကာ အလျင်အမြန် လျှောက်လာပြီး သူ၏ သမီးငယ်ကို ပွေ့ချီလိုက်သည်။ ထို့နောက် ထိုအမျိုးသမီးကို အေးစက်သော အကြည့်များဖြင့် ကြည့်ကာ ခက်ထန်စွာ ပြောလိုက်၏။ "ကလေးတစ်ယောက်ကို ဒီလို စကားလုံးတွေနဲ့ ပြောနေတဲ့ ခင်ဗျားကော ဘယ်လို လူကောင်းမျိုးမို့လို့လဲ!"
လျန်လျန်လေးမှာ ချစ်ခင်မြတ်နိုးမှုနှင့် ချီးမွမ်းမှုများကြားတွင်သာ ကြီးပြင်းလာရသော ကလေးဖြစ်ရာ လူကြီးတစ်ယောက်က သူမ၏ နှာခေါင်းနားအထိ လက်ညှိုးထိုးကာ ဆဲဆိုသည်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။ သူမ၏ မျက်လုံးကြီးများထဲတွင် မကျေနပ်မှုနှင့်အတူ မျက်ရည်များ ဝဲနေသော်လည်း ခေါင်းမာသော ဗီဇကြောင့် အလျှော့မပေးဘဲ စိုက်ကြည့်နေခဲ့၏။ ယခု အဖေဖြစ်သူ ရောက်လာမှသာ ဝမ်းနည်းပူဆွေးစွာဖြင့် ငိုချလိုက်တော့သည်။ "ဖေဖေ... သူက သမီးရဲ့ မုန့်တွေကို အရင်လုတာ!"
ဖုမင်ဇယ်မှာ ရင်ထဲတွင် နာကျင်သွားရကာ ကလေး၏ နဖူးလေးကို နမ်းရှိုက်ရင်း ညင်သာစွာ ချော့မော့လိုက်သည်။ "ဖေဖေ သိပါတယ်.. တို့သမီးလေးက အလိမ္မာဆုံးပါ"
ဆံပင်ကောက်ကောက်နှင့် အမျိုးသမီးမှာ ဒေါသထွက်လွန်းသဖြင့် အော်ဟစ်တော့သည်။ "မုန့်တစ်ချပ် ယူမိတာနဲ့ လူကို ရိုက်ရသလား။ ငိုရဲသေးတယ်နော်... ငါ့သားမှာ လက်တွေ ပွန်းပဲ့ကုန်ပြီ!"
လျန်လျန်လေးမှာ ငိုနေရင်းပင် မိမိကိုယ်ကိုယ် ကာကွယ်ရန် မမေ့ခဲ့ချေ။ "သမီးက မုန့်ကို ပြန်လုတာပါ၊ သူ.. သူက သမီးကို အရင်ရိုက်လို့ သမီးက ပြန်တွန်းလိုက်တာ!"
သူမက နှာခေါင်းတစ်ချက်ရှုံ့ကာ အသံကျယ်ကျယ်ဖြင့် ထပ်ပြောလိုက်သည်။ "ခုနကလည်း ဒေါ်ဒေါ်က သမီးကို ရိုက်မလို့ လုပ်နေတာပဲ!"
ဆံပင်ကောက်ကောက်နှင့် အမျိုးသမီး: "ဒီလောက် ငယ်ငယ်လေးနဲ့ စကားနာထိုးတတ်လှချည်လား.. နင်..."
ရှန်မော့အာသည် ဘေးရှိ လူအချို့အား အဖြစ်အပျက်ကို အသေးစိတ် မေးမြန်းပြီးနောက် ထိုအမျိုးသမီးက ဆိုးဆိုးရွားရွား ထပ်မံပြောဆိုတော့မည့် အခြေအနေတွင် ချက်ချင်းပင် စကားဖြတ်လိုက်သည်။ "လုရှောင်ချင်.. ပါးစပ်ပိတ်ထားစမ်း!"
အစပိုင်းတွင် ရှန်မော့အာသည် ဤသူမှာ မည်သူမှန်း မမှတ်မိခဲ့ချေ။ ဘေးမှလူများ ပြောပြမှသာ သေသေချာချာ ကြည့်မိပြီး ၎င်းမှာ သူမ၏ အဒေါ် ၄ ရှန်ရှန့်ဟုန်၏ သမီး လုရှောင်ချင် ဖြစ်နေမှန်း သိလိုက်ရတော့သည်။
ယခင်က ရှန်ရှန့်ဟုန်သည် သူမ၏ သမီးကို ပန်းထိုးစက်ရုံထဲသို့ ထည့်သွင်းပေးရန် ရှန်မော့အာတို့ထံ လာရောက် အကူအညီတောင်းဖူးလေသည်။
လုရှောင်ချင်သည် ပန်းထိုးစက်ရုံသို့ မဝင်ရောက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပန်းထိုးစက်ရုံ အောင်မြင်လာမှုကြောင့် အထည်အလိပ်စက်ရုံ၏ အကျိုးအမြတ်များ တိုးတက်လာကာ အလုပ်သမား အသစ်များ ထပ်မံခေါ်ယူခဲ့သည်။
သူမ၏ မိသားစုမှာ အထည်အလိပ်စက်ရုံမှ ဝန်ထမ်းဟောင်းများ ဖြစ်ကြသဖြင့် ထိုအခွင့်အရေးကို အသုံးချကာ သူမကို အမြဲတမ်း ဝန်ထမ်းအဖြစ် သွတ်သွင်းနိုင်ခဲ့ကြသည်။ သူမ လက်ထပ်သည့်အချိန်တွင် ရှန်မော့အာမှာ ကွမ်ကျိုး ကုန်စည်ပြပွဲသို့ ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေခဲ့သော်လည်း သူမသည် ထောက်ပံ့ရေး သမဝါယမအသင်းမှ အရာရှိတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ကြောင်း ကြားသိခဲ့ရသည်။
သူမသည် ရှန်မော့အာ ကလေးမရခင် ၂ နှစ်ခန့်စော၍ ကလေးရခဲ့သဖြင့် အရှေ့တွင် မြင်တွေ့နေရသော ဝတုတ်လေးမှာ သူမ၏ သားဖြစ်ပေလိမ့်မည်။
မကြာသေးမီ နှစ်များအတွင်း ရိက္ခာများ အတော်လေး ပေါများလာပြီ ဖြစ်သော်လည်း ကလေးတစ်ယောက်ကို ဤမျှအထိ ဝဖြိုးအောင် ကျွေးမွေးထားနိုင်သူမှာ အမှန်တကယ်ပင် ရှားပါးလှပေသည်။
လုရှောင်ချင်မှာ ရှန်မော့အာ၏ အော်သံကြောင့် လန့်သွားခဲ့ပြီး ပြောမည့်စကားများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားရသည်။ သူမ၏ ပါးစပ်မှာ ဟစိဟစိ ဖြစ်နေပြီး နောက်ဆုံးတွင်မှ မာန်တင်းကာ ပြောလိုက်၏။ "နင်က ပိတ်ခိုင်းတိုင်း ငါက ပိတ်ရမှာလား.. နင်က ဘာမလို့လဲ!"
ရှန်မော့အာသည် စက်ရုံမှူးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သောကြောင့် မျက်နှာတည်လိုက်သည့် အခါတွင် အလွန်ပင် ခန့်ညားထည်ဝါသော အရှိန်အဝါမျိုး ရှိနေလေသည်။ ထို့အပြင် ယခင်က သူမသည် ပန်းထိုးစက်ရုံမှူးအဖြစ် လျိုချောင်တပ်ဖွဲ့နှင့် ယန်လျိုရွာတွင် များစွာသော ဩဇာတိက္ကမ ရှိခဲ့သူ မဟုတ်ပါလား။
လုရှောင်ချင်မှာ အကြောင်းမဲ့ပင် ရင်ထဲ၌ ထိတ်လန့်သွားရပြီး သူမကို တည့်တည့်မကြည့်ရဲတော့ချေ။
ဝတုတ်လေးသည်လည်း ပတ်ဝန်းကျင်၏ ထူးခြားသော အငွေ့အသက်ကို ခံစားမိသွားသဖြင့် လုရှောင်ချင်ကို အလိုအလျောက် တင်းတင်းဖက်ထားလိုက်သည်။ လုရှောင်ချင်သည် မိမိသားကို ကြည့်ရင်း တစ်ခုခုကို သတိရသွားပုံရကာ ချက်ချင်းပင် ပြန်လည် မာန်တင်းလာခဲ့ပြန်သည်။
သူမက ရှန်မော့အာကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ "တော်စမ်းပါအေ။ နင်က ပန်းထိုးစက်ရုံမှူး မဟုတ်တော့တာ ကြာလှပြီ၊ ဒီမှာ ဘာတွေ လာပြီး ဆရာကြီးလုပ်နေတာလဲ! ဘာပဲဖြစ်ဖြစ် တို့တွေက ဆွေမျိုးတွေပဲလေ၊ ငါလည်း နင်နဲ့ အရှည်ကြီး စကားများမနေချင်ဘူး။ ငါ့သား တုတုမှာ ဒဏ်ရာရသွားပြီ၊ နင့်ရဲ့ အရိုင်းစိုင်းကလေးမလေးကို ငါ့သားကို ချက်ချင်း တောင်းပန်ခိုင်းလိုက်! နောက်ပြီး... နင်တို့ ငါတို့ကို ဆေးဖိုးပေးရမယ်!"
ရှန်မော့အာသည် မြို့တော်တွင်လည်း အထည်ချုပ်စက်ရုံတစ်ခု ထောင်ထားကြောင်း သူမ ကြားသိထားသည်။ ဤရှန်မော့အာမှာ အခြားအရည်အချင်း မရှိသော်လည်း စက်ရုံထောင်ပြီး ငွေရှာသည့်နေရာတွင်တော့ တော်သည်ဟု လုရှောင်ချင်နှင့် သူမ၏ အမေ ရှန်ရှန့်ဟုန်တို့က နောက်ကွယ်တွင် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြဖူးသည်။ ရှန်မော့အာမှာ မြို့တော်တွင် ငွေများစွာ ရှာနိုင်လိမ့်မည်ဟုလည်း သူတို့က တစ်ထစ်ချ ယူဆထားကြ၏။
ရှန်မော့အာ၏ မိသားစုတွင် အမွေဆက်ခံမည့် သားယောကျ်ား မရှိသဖြင့် ထိုငွေများမှာ အပြင်လူများဆီသို့ ရောက်သွားမည့်အစား သူတို့ကို ပေးကမ်းသင့်သည်ဟု လုရှောင်ချင်က တွေးနေခဲ့လေသည်။
လုရှောင်ချင်သည် တွေးလေလေ၊ သူမ၏ လုပ်ရပ်မှာ မှန်ကန်သည်ဟု ယူဆလေလေ ဖြစ်ကာ ပါးစပ်မှလည်း အကြီးအကျယ် တောင်းဆိုလိုက်တော့သည်။ "ယွမ် ၅၀၀ လျော်ပေးရမယ်။ ငါ့သားက ငယ်ငယ်ကတည်းက တစ်ခါမှ ဒဏ်ရာမရဖူးဘူး။ အခု နင်တို့ကြောင့် ထိခိုက်သွားတာဆိုတော့ ယွမ် ၅၀၀ ပေး၊ ငါတို့ သူ့ကို အားရှိအောင် ပြန်ကျွေးရမယ်"
ဘေးမှ ဝိုင်းကြည့်နေသူများမှာ ပင့်သက်တစ်ချက် ရှိုက်လိုက်ကြ၏။
ကလေးနှစ်ယောက် တစ်ဦးကိုတစ်ဦး ရိုက်နှက် တွန်းထိုးကြခြင်းမှာ ကြီးကြီးမားမား ဒဏ်ရာရစရာ အကြောင်းမရှိချေ။ မြေပြင်ပေါ်သို့ လဲကျပြီး လက်ပွန်းပဲ့သွားခြင်းမှာ ကျေးလက်နေ လူထုအတွက်ဆိုလျှင် ဒဏ်ရာဟုပင် သတ်မှတ်၍ မရချေ။
တကယ်တမ်း ရန်ဖြစ်ပြီး ဒဏ်ရာရခဲ့လျှင်ပင် မည်မျှအထိ ပြင်းထန်သော ဒဏ်ရာမို့လို့ ယွမ် ၅၀၀အထိ တောင်းရဲသနည်း။
လက်ကျိုး၊ ခြေကျိုးလျှင်ပင် ထိုမျှလောက် ငွေမကုန်နိုင်ချေ။
လူတိုင်းက လုရှောင်ချင်ကို ကြည့်ကာ ဤအမျိုးသမီးမှာ စိတ်များ ဖောက်ပြန်နေသလားဟု စိတ်ထဲမှ တွေးတောနေကြတော့သည်။
ရှန်မော့အာသည် လုရှောင်ချင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေလိုက်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် လုရှောင်ချင်မှာ ပါးနပ်သော်လည်း သတ္တိမရှိသူတစ်ဦးအဖြစ်သာ ရှိခဲ့ရာ ယခုနှစ်များအတွင်း သူမ ဘယ်လိုများ သည်ပုံစံ ပြောင်းလဲသွားခဲ့ပါသနည်းဟု အံ့သြမိ၏။
ထိုစဉ် ပါးနပ်သော လူတစ်ဦးက ရှန်မော့အာ၏ နားအနီးသို့ကပ်ကာ တိုးတိုးလေး သတိပေးလိုက်သည်။ "သူ့ယောကျ်ားက အခု တပ်ဖွဲ့ရဲ့ ဒုတိယတပ်ဖွဲ့မှူး ဖြစ်နေပြီလေ"
ထို့ကြောင့်ပင် သူမက ဤမျှ ရဲတင်းနေခြင်း ဖြစ်၏။
ရှန်မော့အာက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ပြောလိုက်သည်။ "ဒီလိုဆိုရင်တော့ ရဲစခန်းကိုပဲ သွားကြတာပေါ့။ ရှင့်သားရဲ့ ဒဏ်ရာကို ရဲအရာရှိတွေဆီမှာ စစ်ဆေးခိုင်းလိုက်မယ်၊ တကယ်လို့ လျော်ကြေးပေးဖို့ လိုအပ်တယ်ဆိုရင် ကျွန်မတို့ သေချာပေါက် ပေးပါ့မယ်"
လုရှောင်ချင်သည် သူမ၏ ယောကျ်ားမှာ ဒုတိယတပ်ဖွဲ့မှူးဖြစ်ကြောင်း လူတစ်ယောက်က ပြောလိုက်သဖြင့် ဂုဏ်ယူနေခဲ့သည်။ ရှန်မော့အာ၏ စကားကို ကြားသောအခါ သူမက ကြောက်သွားသည်ဟု ထင်မှတ်လိုက်၏။
သို့သော် သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရှန်မော့အာက ခေတ္တရပ်ကာ ထပ်ပြောလိုက်ပြန်သည်။ "ဒါ့အပြင် ကျွန်မဘက်ကလည်း ရဲကို တိုင်ကြားရမှာပေါ့။ ဒီလောက် ဒဏ်ရာအနည်းငယ်လေးကို ယွမ် ၅၀၀ တောင်းတာဟာ ငွေညှစ်တာ၊ ခြောက်လှန့်တောင်းယူတာနဲ့ အကျုံးဝင်သလား ဆိုတာကိုပေါ့"
ရှန်မော့အာက ရဲစခန်းသို့ သွားမည်ဟု ဆိုကာ ငွေညှစ်မှုဖြင့် တိုင်တောမည်ဟု ပြောလိုက်သောအခါ လုရှောင်ချင်မှာ ရင်ထဲတွင် ထိတ်လန့်သွားခဲ့သည်။ သို့သော် သူမက ဟန်မပျက်ဘဲ မာန်တင်းလိုက်၏။ "လာပြီး ခြောက်မနေနဲ့"
ရှန်မော့အာက တည်ငြိမ်အေးဆေးစွာဖြင့် ပြန်ပြောလိုက်သည်။ "ကျွန်မ ခြောက်နေတာ မဟုတ်ပါဘူး။ ရှင် ပြောခဲ့သလိုပဲ ကျွန်မတို့ ဇနီးမောင်နှံက တက္ကသိုလ်ကျောင်းသားတွေပါ။ ကျွန်မတို့ ကျောင်းသားတွေက ရဲတပ်ဖွဲ့ကိုပဲ ယုံကြည်ပါတယ်"
လုရှောင်ချင် : "..."
ကျောင်းသားတွေက ဘာကျောင်းသားလဲ၊ ဘွဲ့တောင် ရနေပြီကို။
"နင်က ယွမ် ၅၀၀လို့ တောင်းလိုက်တာကို တို့တွေအားလုံး ကြားလိုက်တယ်နော်"
"နင်က လုမျိုးရိုးဖြစ်ပြီးတော့ ငါတို့ ယန်လျိုရွာကို လာပြီး ရှန်မျိုးရိုးကလေးကို အနိုင်ကျင့်ရုံတင်မကဘဲ ရွာထဲမှာ လာပြီး ဆရာကြီးလုပ်နေတာလား"
"ဟုတ်ပ... ဒုတိယတပ်ဖွဲ့မှူးက ဘာအရေးပါလို့လဲ။ မကျေနပ်ရင် တပ်ဖွဲ့အတွင်းရေးမှူးကို သွားမေးမယ်၊ အရာရှိဖြစ်တာနဲ့ပဲ ရွာထဲမှာ အနိုင်ကျင့်လို့ ရသလားလို့လေ"
"ကလေးချင်း စကားများတာပဲကိုး။ ရှင့်ကလေးက သူများဆီက မုန့်ကို အရင်လုတာလေ၊ ပြီးတော့ ကလေးကို အရင်လည်း ရိုက်သေးတယ်။ ကလေးက ပြန်တွန်းတာ ဘာမှားလို့လဲ။ ရှင်က ကလေးကိုတောင် ပြန်ရိုက်မလို့ လုပ်နေသေးတာ။ အားလုံးက ဆွေမျိုးတွေပဲကို ဒီလိုမျိုး အလျှော့မပေးဘဲ လုပ်နေတာက ကြည့်ရတာ အရမ်း ရုပ်ဆိုးလွန်းပါတယ်"
"ရှင့်ကလေးက သူများထက် တစ်ကိုယ်လုံးစာလောက် ပိုကြီးနေတာလေ။ ကိုယ်က ကြီးတာကို အားကိုးပြီး အနိုင်ကျင့်မလို့ လုပ်တာ၊ အခုတော့ ကျောက်တုံးကို လက်သီးနဲ့ သွားထိုးမိသလို ဖြစ်သွားတာပေါ့။ အဲဒါကို အမေက ကလေးဘက်က ပါပြီး ရန်လုပ်နေတာ ရှက်ဖို့ကောင်းလိုက်တာ"
...
မူလက မိသားစုနှစ်စုမှာ ဆွေမျိုးတော်စပ်နေသဖြင့် ရွာသားများမှာ ပြဿနာထဲသို့ ဝင်မပါချင်ကြချေ။ သို့သော် လုရှောင်ချင်၏ စကားများမှာ တရားလွန်လာခဲ့သည်။
ဟုတ်ပါသည်။ သူတို့က သည်လို ပြောဆိုခြင်းမှာ ရှန်မော့အာ၏ ဒေါသကို လျှော့ချပေးရန်နှင့် သည်လို အသေးအဖွဲ ကိစ္စလေးကို ရဲစခန်းအထိ မရောက်စေချင်သောကြောင့်ပင်။
နောက်ဆုံးတွင် လုရှောင်ချင်မှာ လူအများ၏ ဝိုင်းဝန်းပြောဆိုမှုများကြောင့် ရှက်ရွံ့စွာဖြင့် ထွက်ခွာသွားခဲ့လေသည်။
လျန်လျန်လေးသည် အဖေဖြစ်သူ၏ ရင်ခွင်ထဲတွင် မှီရင်း သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ရှန်မော့အာကို အကဲခတ်ကြည့်လိုက်သည်။ ရှန်မော့အာက သမီးဖြစ်သူကို လှမ်းချလိုက်ပြီး သူမ၏ ကျောပြင်ကို ဖွဖွလေး ပုတ်ပေးလိုက်၏။ "မကြောက်နဲ့နော်.. ဖေဖေနဲ့ မေမေ ရှိတယ်"
ကလေးငယ်က အမေဖြစ်သူ၏ လည်ပင်းကို ဖက်တွယ်ကာ မကြာမီမှာပင် ခေါင်းမော့ကာ ပြောလိုက်သည်။ "မေမေ.. သမီး ပဲပြား စားချင်တယ်"
ရှန်မော့အာမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့ရ၏။ "အစားသရဲလေး"
လူအုပ်ကြီး လူစုကွဲသွားချိန်တွင် ချန်ယွီက အသစ်ထွက်လာသော ပဲပြား ပူပူလေး တစ်တုံးကို အမြန်သွားတောင်းလာခဲ့သည်။ ပဲပြားလေးမှာ ပူနွေးနေပြီး ပဲနံ့လေးများ သင်းပျံ့နေလေ၏။
ပဲပြားထည့်ထားသော ပန်းကန်လုံးလေးထဲသို့ ပဲငပိရည် အနည်းငယ် ထည့်လိုက်ပြီးနောက် ရှန်မော့အာက ပဲပြားလေး တစ်ဖဲ့ကို သမီးဖြစ်သူ၏ ပါးစပ်ထဲသို့ ခွံလိုက်သည်။ ကလေးငယ်မှာ နှစ်လုပ်၊ သုံးလုပ်ဖြင့် အမြန်စားလိုက်ပြီးနောက် ကျေနပ်စွာ ရေရွတ်လိုက်၏။ "မေမေ.. ဒီပဲပြားက တအားစားလို့ ကောင်းတာပဲ!"
ကလေးငယ်လေး ပဲပြားကုန်သွားမှသာ ရှန်မော့အာက သူမ၏ ဗိုက်ကလေးကို ပုတ်ရင်း မေးလိုက်သည်။ "ဟိုကိုကိုက သမီးထက် အများကြီး ပိုကြီးတာကို သမီးက ဘယ်လိုလုပ်ပြီး ရန်ဖြစ်ရဲတာလဲ"
ကလေးငယ်လေးက သူမ၏ လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ပြောလိုက်သည်။ "သမီးမှာ ကွန်ဖူး ရှိတယ်လေ!"
ရှန်မော့အာက ရယ်မောလိုက်သည်။ "ကောင်းပါပြီ.. သမီးမှာ ကွန်ဖူးရှိတယ်ဆိုတော့ တို့သမီးလေးက တကယ့်ကို တော်တာပေါ့"
ဤကလေးလေးမှာ မနှစ်ကတည်းက စတင်ကာ မြင်းထိုင် ကျင့်စဉ်နှင့် ကွန်ဖူးအခြေခံများကို လေ့ကျင့်လာခဲ့သည်။
ရှန်မော့အာက သူမ၏ ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ပြီး မှာလိုက်၏။ "ဒါပေမဲ့ တို့တွေ ကွန်ဖူးသင်တာက ရန်ဖြစ်ဖို့ မဟုတ်ဘူးနော်။ သူငယ်ချင်းလေးတွေနဲ့ ရန်မဖြစ်ရဘူး၊ ဟုတ်ပြီလား"
ဤကလေးလေးမှာ အလွန်ပင် သတ္တိရှိလှသည်။ သူမကို သေသေချာချာ မမှာထားပါက ပွဲတော်ကာလအတွင်း ရွာထဲမှ ကလေးများနှင့် ခဏခဏ ရန်ဖြစ်နေမည်မှာ သေချာသည်။
ကလေးချင်း ရန်ဖြစ်ခြင်းက ကြီးကျယ်လှသော ကိစ္စမဟုတ်သော်လည်း တစ်ဦးကိုတစ်ဦး ပြင်းထန်စွာ ထိခိုက်မိသွားမည်ကိုသာ ရှန်မော့အာက စိုးရိမ်နေရသည်။
ရှန်မော့အာသည် သမီးဖြစ်သူကို ပွေ့ချီကာ ပဲပြားလုပ်နေသည်ကို ခဏလောက် ထပ်မံကြည့်ရှုခဲ့သည်။ ထို့နောက် ပဲပြားတစ်တုံးကို ငွေပေးကာ ဝယ်ယူပြီးမှ မိသားစုဝင်များ အိမ်သို့ ပြန်လာခဲ့ကြလေသည်။
အိမ်ရှေ့သို့ ရောက်သောအခါ ခြံဝင်းအပြင်ဘက်တွင် လူတစ်ယောက်က ခြံထဲသို့ လည်ပင်းရှည်ကာ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူသည် အပြာရောင်နှင့် ခိုးရောင် ရောစပ်ထားသော အရာရှိ ဝတ်စုံကို ဝတ်ဆင်ထားပြီး ဘေးတွင် စက်ဘီးအဟောင်း တစ်စီးကို တွန်းထားလေသည်။ ကြည့်ရသည်မှာ အတော်လေး ရိုးသားဖြောင့်မတ်ပုံ ပေါ်ပေသည်။
ရှန်မော့အာက အနားသို့ လျှောက်သွားကာ မေးလိုက်သည်။ "ရဲဘော်.. တစ်ခုခု ကိစ္စရှိလို့လားရှင်"
ထိုလူက လှည့်ကြည့်လိုက်သောအခါ သူမကို မြင်သည်နှင့် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ "အို... မင်းက စက်ရုံမှူးရှန် မဟုတ်လား!"
ရှန်မော့အာက ဇဝေဇဝါဖြင့် "ရှင်က ဘယ်သူလဲရှင်"
ထိုလူက ပြုံးရွှင်စွာဖြင့် မိတ်ဆက်လိုက်သည်။ "စက်ရုံမှူးရှန်.. မင်းရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ ကျွန်တော်က လျိုချောင်တပ်ဖွဲ့ရဲ့ ဒုတိယတပ်ဖွဲ့မှူး ယန်ရှောက်ဝေ ပါ"
သူက စက်ဘီးလက်ကိုင်တွင် ချိတ်ထားသော အိတ်တစ်အိတ်ကို ဖြုတ်ယူလိုက်သည်။ "ဒါက အသား ၅ကျင်းပါ။ အတွင်းရေးမှူးကျိုးက မင်း ပြန်လာပြီဆိုတာ သိလို့၊ ရောက်ရောက်ချင်း ဈေးဝယ်ဖို့ အချိန်မရမှာ စိုးလို့ ကျွန်တော့်ကို လိုက်ပို့ခိုင်းလိုက်တာပါ"
ရှန်မော့အာမှာ အံ့အားသင့်သွားသော်လည်း မငြင်းလိုက်တော့ချေ။ "ဒါဆိုရင်တော့ ဒုတိယတပ်ဖွဲ့မှူးယန်ကို ဒုက္ခပေးသလို ဖြစ်သွားပြီ"
ယန်ရှောက်ဝေက လက်ကာပြလိုက်၏။ "မဟုတ်တာဗျာ.. လမ်းကြုံလို့ပါ။ ကျွန်တော့် ဇနီးနဲ့ ကလေးက ဒီရွာထဲမှာ ရှိနေတာဆိုတော့ သူတို့ကို လာရှာရင်းနဲ့ လာပို့ပေးတာပါ"
သူက ပြုံးကာ ဆက်ပြောလိုက်သည်။ "ပြောရမယ်ဆိုရင် ကျွန်တော်နဲ့ စက်ရုံမှူးရှန်က ဆွေမျိုးတွေတောင် တော်သေးတယ်နော်။ ကျွန်တော့်ဇနီး လုရှောင်ချင်က မင်းနဲ့ မောင်နှမဝမ်းကွဲလေ.. တို့တွေအားလုံးက မိသားစုဝင်တွေပါပဲ"
ရှန်မော့အာ : "..."
...