← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အပိုင်း (၁၇၇) Extra - ဇာတိမြေသို့ အလည်ပြန်ခြင်း (၅)

ကျိုးဝမ်ဟွာတို့ ညီအစ်မ ၃ ယောက် ရှန်မိသားစု၏ ခြံဝင်းငယ်လေးထဲတွင် နေထိုင်နေကြသည့်ကိစ္စမှာ ရွာထဲတွင် တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။

တကယ်တမ်းတွင် ကျိုးဝမ်ဟွာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ပြီးကတည်းက ကျိုးရှောင်ရွှမ်းတို့ မိသားစုမှာ နောင်တရနေခဲ့ကြသည်။

မိန်းကလေးများမှာ ယောကျ်ားလေးများလောက် အရေးမပါသည်မှာ မှန်သော်လည်း ပြဿနာမှာ သူတို့မိသားစုတွင် ယောကျ်ားလေး တစ်ယောက်မှ မမွေးဖွားနိုင်ခဲ့ခြင်းပင်။ ထိုနှစ်က ယန်တာ့နွီသည် သမီးမိန်းကလေးကို လမစေ့ဘဲ မွေးဖွားခဲ့သဖြင့် ခန္ဓာကိုယ် ထိခိုက်သွားခဲ့သည်။ ထို့နောက် နှစ်အနည်းငယ်ကြာ ပြုစုပျိုးထောင်ပြီးမှ မနည်းပြန်လည် ကိုယ်ဝန်ဆောင်နိုင်ခဲ့သော်လည်း ရလဒ်အနေဖြင့် သမီးမိန်းကလေးပင် ထပ်မံမွေးဖွားလာခဲ့၏။

အရှေ့မှ ၃ ယောက်နှင့်ပါ ပေါင်းလိုက်လျှင် သူတို့မိသားစုတွင် သမီးမိန်းကလေးချည်း ၅ ယောက် ဆက်တိုက် မွေးဖွားခဲ့ပြီးဖြစ်သည်။

ယခုအခါ ယန်တာ့နွီသည် ယောကျ်ားလေး မမွေးနိုင်ခြင်းမှာ ကျိုးရှောင်ရွှမ်းဟူသော အသုံးမကျသည့်လူကြောင့်သာ ဖြစ်သည်ဟု အပြင်တွင် တစ်နေကုန် လိုက်ပြောနေတတ်၏။ မည်သို့ပင်ဆိုစေ သူမက ယောကျ်ားလေး တစ်ယောက် မွေးဖူးထားသည် မဟုတ်ပါလား။

ဤစကားကို အခြားသူများ ယုံမယုံတော့ မသိပေ။ သို့သော် ကျိုးရှောင်ရွှမ်း ကိုယ်တိုင်ကတော့ ယုံကြည်နေခဲ့သည်။ အမှန်တရားက မျက်မှောက်တွင် ရှိနေသည်လေ။

ကျိုးရှောင်ရွှမ်းသည် ယခုအခါ သားယောကျ်ားလေး ရရန် မျှော်လင့်ချက် မထားတော့ချေ။ သူသည် ဘေးရွာမှ နာရေးကိစ္စများ လုပ်ဆောင်ပေးတတ်သော အဘွားလျိုထံသို့ တိတ်တဆိတ် သွားရောက် တွက်ချက်ခိုင်းဖူးသည်။ သူ၏ ကံကြမ္မာတွင် သားယောကျ်ားလေး မရနိုင်ဟု အဘွားလျိုက ဟောကိန်းထုတ်ထားခဲ့၏။

သူတို့ တစ်မိသားစုလုံးက ယန်တာ့နွီ ခေါ်ဆောင်လာခဲ့သော ဝူကျားပေါင်ကို ရတနာတစ်ပါးကဲ့သို့ အလိုလိုက်ထားကြဆဲဖြစ်သည်။ မိမိ၏ သွေးသားရင်း သမီးများကိုတော့ မပြုစု မစောင့်ရှောက်ဘဲ မယားဘက်က ပါလာသော ကလေးကိုသာ အစွမ်းကုန် ပေးဆပ်ပြုစုနေခြင်းကို အခြားသူများအမြင်တွင် အလွန် နားလည်ရခက်လှ၏။ သို့သော် သူတို့ တစ်မိသားစုလုံးကတော့ ထိုသို့လုပ်ရသည်ကိုပင် ပျော်မဆုံး ဖြစ်နေကြလေသည်။

သို့ရာတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်သွားသော သမီးကတော့ မတူညီတော့ချေ။

တစ်ရွာလုံးရှိ ယောကျ်ားလေး အများအပြားထဲတွင်မှ ချန်ယွီ တစ်ယောက်သာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ခဲ့သည်။ အခြားယောကျ်ားလေးများမှာ ကျိုးဝမ်ဟွာလောက်ပင် အဆင့်မမီကြချေ။ ဤကဲ့သို့ အရည်အချင်းရှိသော သမီးမိန်းကလေးမှာ မျိုးဆက်မဖြန့်ကျက်နိုင်သော်လည်း သူတို့နှင့် ဘိုးဘွားများအတွက် မျက်နှာပွင့်စေသည် မဟုတ်ပါလား။ ဆွေစဉ်မျိုးဆက် မှတ်တမ်းစာအုပ်ကို ပြုစုချိန်တွင် သူမ၏ အမည်ကိုပင် ထည့်သွင်းရေးသားခဲ့ကြသည်ကို တွေ့ခဲ့ကြသည် မဟုတ်လား။

ကျိုးရှောင်ရွှမ်းသည် ကျိုးဝမ်ဟွာနှင့် ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်ချင်နေခဲ့သည်။ သို့သော် ပြဿနာမှာ ကျိုးဝမ်ဟွာ ထွက်သွားခဲ့သည်မှာ ၃ ၊ ၄ နှစ်ခန့် ရှိနေပြီဖြစ်ပြီး ထိုအတောအတွင်း ယန်လျိုတပ်ဖွဲ့သို့ တစ်ကြိမ်တစ်ခါမှ ပြန်မလာခဲ့ချေ။

ဤတစ်ကြိမ်တော့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့သော် ပြန်ရောက်ပြီး ဒုတိယနေ့တွင်ပင် ကျိုးဖန်တိကို အပြေးအလွှား သွားကြိုခဲ့သည်ဟု ကြားသိရသည်။ ထို့အပြင် ကျန်းတာ့လင်ကိုပင် ဓားဖြင့် ခုတ်ခဲ့သေးသည်ဟု ကြားရသဖြင့် ကျိုးသားအဖမှာ ပြဿနာ တစ်စုံတစ်ရာတွင် ပါဝင်ပတ်သက်သွားမည်ကို စိုးရိမ်ကာ နောက်သို့ ပြန်ဆုတ်သွားခဲ့ကြသည်။

ကျိုးလိုင်တိကိုပါ ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့ပြီး ညီအစ်မ ၃ ယောက် တပ်ဖွဲ့၏ ဈေးပွဲတော်သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ကျိုးဖန်တိနှင့် ကျိုးလိုင်တိတို့ နှစ်ယောက်စလုံး အဝတ်အစားသစ်များ ဝယ်ယူဝတ်ဆင်နိုင်ခဲ့ကြောင်း သိရသည့်အချိန်အထိပင်။ ထို့နောက် ရွာထဲတွင် ၂ရက်လောက် လျှောက်သွားနေသည်ကို တွေ့ရပြီးနောက် ကျိုးသားအဖနှစ်ဦးမှာ စိတ်ကို သေချာစွာ ပြင်ဆင်ပြီး အိမ်တိုင်ရာရောက် ရှာဖွေလာခဲ့ကြတော့သည်။

တံခါးလာဖွင့်သူမှာ ကျိုးလိုင်တိ ဖြစ်သည်။ သူမသည် ဤရက်ပိုင်းအတွင်း ရွာထဲမှ လူအတော်များများကို မှတ်မိနေပြီ ဖြစ်၏။ အထူးသဖြင့် ရှန်မိသားစု၏ ခြံဝင်းငယ်ထဲသို့ အဝင်အထွက်ရှိသူများကို မည်သို့ခေါ်ဝေါ်ရမည်ကို အကြမ်းဖျင်း သိရှိနေပြီ ဖြစ်သည်။ မျက်မှောက်ရှိ သူစိမ်း အမျိုးသားနှစ်ဦးကို မြင်သောအခါ ကျိုးလိုင်တိက ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ "ရှင်တို့ ဘယ်သူ့ကို ရှာတာလဲ"

ကျိုးရှောင်ရွှမ်းသည် ညီအစ်မ ၃ယောက်ကို ခိုးကြည့်ဖူးသဖြင့် ဤသူမှာ သူ၏ တတိယမြောက် သမီးဖြစ်ကြောင်း မှတ်မိနေသည်။ သို့သော် မူလတန်းပင် မအောင်မြင်ခဲ့သော ဤသမီးအပေါ်တွင် သူက မျက်နှာသာပေးရန် မလိုအပ်ဟု တွေးလိုက်မိ၏။ သူသည် မျက်နှာကို တင်းထားကာ အဖေတစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ "ကျိုးကျောက်တိ အထဲမှာ ရှိလား။ နင် သူ့ကို ထွက်ခဲ့ဖို့ ပြောလိုက်"

သူသည် ရှန်မော့အာတို့ တစ်မိသားစုလုံးကို ရင်မဆိုင်ရဲချေ။ ထို့ကြောင့် ကျိုးကျောက်တိကို အပြင်သို့ခေါ်ထုတ်ကာ သီးသန့်စကားပြောဆိုလိုသည်။

သို့သော် သူ၏ ဟန်လုပ်ကာ အထက်စီးမှ ဆက်ဆံနေသော ပုံစံမှာ ငယ်စဉ်ကတည်းက သူတစ်ပါးအိမ်တွင် မှီခိုနေထိုင်ခဲ့ရသော ကျိုးလိုင်တိ၏ အမြင်တွင်တော့ အကြံအစည်မကောင်းဘဲ ပြဿနာလာရှာသူဟုသာ မြင်လေသည်။

ကျိုးလိုင်တိသည် ဘာမှမပြောတော့ဘဲ အိမ်ထဲသို့ အမြန်ပြေးဝင်သွားခဲ့သည်။ ထို့နောက် အပြင်တွင် တစ်စုံတစ်ယောက်က သူမ၏ နာမည်ကို တပ်ကာ ပြဿနာလာရှာနေကြောင်း ကျိုးဝမ်ဟွာကို ပြောပြလိုက်၏။ ကျိုးဝမ်ဟွာက ခေါင်းပြူပြီး တစ်ချက်ကြည့်လိုက်ရာ အကြောင်းစုံကို နားလည်သွားတော့သည်။

"ငါ သွားပြီး သူတို့ကို ရှင်းထုတ်လိုက်မယ်"

ကျိုးဝမ်ဟွာသည် မီးဖိုချောင်ထဲမှ ရေပြည့်နေသော ဇလုံတစ်လုံးကို ယူလာခဲ့သည်။ မူလက ရှန်မော့အာ၏ အနားတွင် ကပ်ကာ အားလုံး ဖက်ထုပ်ထုပ်နေသည်ကို ကြည့်နေသော ရှောင်လျန်လျန်မှာ မျက်လုံးများ ကလယ်ကလယ် ဖြစ်သွားပြီး ကျိုးဝမ်ဟွာနောက်သို့ လိုက်ပါသွားတော့သည်။

ကျိုးဝမ်ဟွာသည် ရေဇလုံကို ကိုင်ကာ တံခါးဝသို့ လျှောက်သွားပြီး တံခါးဝရှိ ကျိုးသားအဖနှစ်ဦးကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ "ဘာလုပ်မလို့လဲ"

ကျိုးရှောင်ရွှမ်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "မင်းက ငါတို့နဲ့ အိမ်ခွဲနေပြီ ဆိုရင်တောင်မှ ရွာကို မနည်း ပြန်လာရတဲ့ဟာကို ကိုယ့်အိမ်ကိုယ် ပြန်နေသင့်တာပေါ့။ သူများအိမ်မှာ နေတယ်ဆိုတာ ဘယ်လိုသဘောလဲ"

ကျိုးဝမ်ဟွာက ရယ်မောချင်စိတ်ကို ထိန်းကာ ပြောလိုက်၏။ "ကျွန်မက အသက် ၁၀ နှစ်ကတည်းက အပြင်မှာ နေလာခဲ့တာ။ ရှင်က အခုမှ သတိရတာလား။ တခြားကိစ္စ မရှိရင် မြန်မြန် ထွက်သွားတော့"

ခဏရပ်သွားပြီးနောက် သူမက ထပ်ပြောသည်။ "ဪ... ဟုတ်သားပဲ။ ကျွန်မ ဖန်တိနဲ့ လိုင်တိကို ပြန်ခေါ်လာခဲ့ပြီ။ ထုံးစံအရဆိုရင် ရှင်က ကျွေးမွေးစရိတ် ပေးရမှာ။ ဒါပေမဲ့ ထားလိုက်ပါတော့၊ ရှင်ပေးတဲ့ ပိုက်ဆံကို ကျွန်မ မလိုချင်ပါဘူး။ နောက်ပိုင်း လစဉ်လတိုင်း ရှင့်ဆီ ပိုက်ဆံပို့ပေးတော့မှာ မဟုတ်ဘူး။ အဲဒီပိုက်ဆံကို သူတို့ကို ကျွေးမွေးဖို့ သုံးမယ်။ စိတ်ချပါ၊ ရှင် အသက် ၅၀ ကျော်သွားတဲ့အခါ ရှင့်ဆီကို ထောက်ပံ့ကြေး ပို့ပေးပါ့မယ်"

ကျိုးရှောင်ရွှမ်းသည် မူလက ကျိုးဝမ်ဟွာနှင့် သေချာစကားပြောကာ ကလေးများကို အိမ်ပြန်လာရန် ဖျောင်းဖျမည်ဟု တွေးထားခဲ့သည်။ သို့သော် လစဉ်ပို့ပေးနေသော ငွေအနည်းငယ်ကိုပင် မပေးတော့ဘူးဟု ကြားလိုက်ရချိန်တွင် ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။

"အဲဒီ ကောင်မလေး နှစ်ယောက်ကို ပြန်ခေါ်လာဖို့ ဘယ်သူက မင်းကို အလုပ်ရှုပ်ခိုင်းလို့လဲ။ သူများတွေက ဒီလောက်နှစ်တွေ အများကြီး ကျွေးမွေးထားပြီးပြီ။ သူတို့မိသားစုရဲ့ ကလေးတွေ ဖြစ်နေပြီလေ။ မင်း အမြန်ဆုံး သူတို့ကို ပြန်ပို့ပြီး ပေးထားတဲ့ ပိုက်ဆံတွေကို ပြန်တောင်းခဲ့။ အဲဒါက ငွေ ၂၀၀၀ တောင်နော်။ မင်းမှာ ငွေ ၂၀၀၀ ရှိတာကို မင်းက ငါ့ကို တစ်လ ၅ယွမ်ပဲ ပို့ပေးတယ်ပေါ့လေ။ မင်းမှာ ငွေ ၂၀၀၀ ရှိတာကို အိမ်အတွက် အုတ်ပြာရောင် အိမ်ကြီး ဆောက်ပေးဖို့၊ စားစရာ သုံးစရာတွေ ဝယ်ပေးဖို့ ဘာလို့ မပြောခဲ့တာလဲ"

ကျိုးဖန်တိနှင့် ကျိုးလိုင်တိတို့သည် ရှောင်လျန်လျန်ကို ခေါ်ကာ ထောင့်တစ်နေရာတွင် ပုန်းပြီး ခိုးနားထောင်နေကြသည်။ အတော်ကြာအောင် နားထောင်ပြီးမှသာ ဤသူမှာ သူတို့၏ အဖေအရင်းဖြစ်ကြောင်း နားလည်သွားကြတော့သည်။

အစကတည်းက သူတို့သည် တစ်ခါမှ မမြင်ဖူးခဲ့သော ဤအဖေအရင်းနှင့် ဘာသံယောဇဉ်မှ မရှိခဲ့ကြချေ။ ယခု သူတို့ကို ပြန်ပို့မည်ဟု ပြောနေသည်ကို ကြားလိုက်ရသောအခါ ချက်ချင်းပင် အလွန်အမင်း ဒေါသထွက်သွားကြသည်။

ယန်လျိုတပ်ဖွဲ့သို့ ရောက်လာပြီးနောက် သူတို့၏ နေ့စဉ်ဘဝမှာ နတ်ပြည်ရောက်နေသကဲ့သို့ပင်။ အသက်ပိုငယ်သော ကျိုးလိုင်တိပင်လျှင် နေ့စဉ် မိုးလင်းမှ မိုးချုပ် အလုပ်များစွာ လုပ်ရပြီး ဝအောင် မစားရသော ထို "အိမ်" သို့ လုံးဝ ပြန်မသွားချင်တော့ချေ။

ညီအစ်မ နှစ်ယောက်စလုံးက ကျိုးဝမ်ဟွာသည် သူတို့အတွက် ငွေများစွာ အကြွေးတင်နေခဲ့ကြောင်း သိထားကြသည်။ သူတို့ ညီအစ်မ ၃ယောက် နောင်တွင် အတူတကွ ငွေရှာပြီး အကြွေးဆပ်ကာ ကောင်းကောင်းမွန်မွန် နေထိုင်ကြမည်ဟု တိုင်ပင်ထားခဲ့ကြပြီး ဖြစ်သည်။

ကျိုးဝမ်ဟွာက သူတို့ကို မြို့တော်သို့ ခေါ်သွားမည်ဟုလည်း ပြောခဲ့သေး၏။ နေ့ရက်များက သေချာပေါက် ပိုမို ကောင်းမွန်လာလိမ့်မည်ဟု သူတို့ကို ကတိပေးထားခဲ့သည်။

ညီအစ်မ နှစ်ဦးစလုံးမှာ အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ရလဒ်အနေဖြင့် ဤအမျိုးသားက သူတို့ကို ပြန်ပို့ပစ်ချင်နေသည်တဲ့လား။ ညီအစ်မ နှစ်ဦးစလုံးမှာ ဒေါသထွက်လွန်းသဖြင့် မျက်ရည်များ ပေါက်ပေါက်ကျလာခဲ့တော့သည်။

ကျိုးဝမ်ဟွာသည်လည်း ဆက်နားမထောင်နိုင်တော့ချေ။ လက်ကို မြှောက်ကာ ကိုင်ထားသော ရေများကို ပက်ထုတ်လိုက်သည်။ "သွား သွား သွား... ဒီနေရာက ရှင်တို့ကို ကြိုဆိုမနေဘူး"

ကျိုးရှောင်ရွှမ်းသည် ကျိုးဝမ်ဟွာ ဘာကြောင့် ရေဇလုံကို ကိုင်လာရသနည်းကို အမြဲတမ်း နားမလည်ခဲ့ချေ။ ဒလဟောလောင်းချလိုက်သော ရေများ ခန္ဓာကိုယ်ပေါ် ကျလာချိန်မှသာ သူ ရုတ်တရက် သဘောပေါက်သွားခဲ့၏။ ဤရေဇလုံမှာ သူ့အတွက် ပြင်ဆင်ထားခြင်း ဖြစ်နေသည်ကိုး။

ကျိုးရှောင်ရွှမ်းမှာ ဘာကြိုတင်ပြင်ဆင်မှုမှ မရှိခဲ့သဖြင့် ခေါင်းမှစ၍ ခြေအဆုံး ရေစိုရွှဲသွားခဲ့သည်။ သူ့အနောက်တွင် ရပ်ကာ ခေါင်းပင် မပြူရဲသော အဘိုးကျိုးပင်လျှင် တူညီသည့်ကံတရားကို ခံစားလိုက်ရပြီး ဘောင်းဘီခြေထောက်တစ်ဖက် ရေစိုသွားခဲ့လေသည်။

သားအဖနှစ်ဦးစလုံးမှာ ဤရုတ်တရက် အဖြစ်အပျက်ကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး စက္ကန့်အတော်ကြာမှသာ သတိပြန်ဝင်လာခဲ့ကြသည်။

ကျိုးရှောင်ရွှမ်း၏ တစ်ကိုယ်လုံး ရေစိုရွှဲနေပြီး လေတစ်ချက် အဝှေ့တွင် အေးစိမ့်သွားကာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ သူက ဒေါသမထိန်းနိုင်ဘဲ အော်ဟစ်လိုက်၏။ "ဒါက မင်း လူကြီးတွေအပေါ် ဆက်ဆံတဲ့ သဘောထားလား။ ဘာပဲပြောပြော ငါက မင်းရဲ့ အဖေအရင်းပဲ။ မင်း အဖေအရင်းကို ရိုသေရမှာက မင်းရဲ့ တာဝန်ပဲ။ မင်းက ငါ့ကိုတောင် ရေနဲ့ ပက်ရဲတယ်ပေါ့လေ။ ငါကြည့်ရတာ မင်း စာသင်ထားတာတွေက ခွေးဗိုက်ထဲ ရောက်သွားပြီ ထင်တယ်။ ဒီနှစ်တွေအတွင်း မင်းကို ကြည့်ရှုစောင့်ရှောက်မယ့်သူ မရှိတော့ မင်းက အခြေခံ သိသင့်သိထိုက်တဲ့ တရားတွေကိုတောင် ဂရုမစိုက်တော့ဘူးပဲ"

သူသည် စကားပြောရင်း ပိုမို စိတ်လှုပ်ရှားလာကာ လက်ကို မြှောက်ပြီး ကျိုးဝမ်ဟွာကို ရိုက်ရန် ပြင်လိုက်သည်။

ကျိုးဝမ်ဟွာက အလျင်အမြန် နောက်သို့ ဆုတ်လိုက်သည်။ ထိုစဉ် ဘေးဘက်မှ ကလေးငယ်လေး တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး နူးညံ့အိစက်နေသော လက်သီးဆုပ်လေးဖြင့် ကျိုးရှောင်ရွှမ်း၏ ခြေထောက်ကို ဘန်းကနဲ ထုရိုက်လိုက်သည်။ ကျိုးရှောင်ရွှမ်းက "အား" ဟု စူးရှစွာ အော်ဟစ်လိုက်ပြီး အမှတ်တမဲ့ ခြေထောက်ကို မြှောက်ကာ ကန်ရန် ပြင်လိုက်၏။ ဘေးမှ ကျိုးဖန်တိက သတိဝင်လာပြီး အလျင်အမြန် ပြေးလာကာ ကလေးမလေးကို ပွေ့ချီသွားခဲ့သည်။

ကျိုးရှောင်ရွှမ်းမှာ တစ်ကိုယ်လုံး ရေစိုရွှဲနေပြီး ခြေသလုံးကို ဖက်ကာ အော်ဟစ်နေတော့သည်။

အဘိုးကျိုးပင်လျှင် ကြည့်ရင်း မှင်သက်သွားခဲ့သည်။

သားဖြစ်သူက ကျိုးကျောက်တိကို ကောင်းကောင်း ဆုံးမသည် သူက ထောက်ခံလေသည်။ ဤကောင်မလေးမှာ အပြင်တွင် စာသင်ရင်း စိတ်ရိုင်းဝင်သွားသည်မှာ သိသာလှ၏။ သူ့အမြင်အရ ဆိုရလျှင် ကလေး ဘယ်လောက်ပဲ ကြီးလာပါစေ စကားနားမထောင်လျှင် ရိုက်ရမည်သာ။

မည်သူက ထင်မှတ်ထားမည်နည်း။ ကျိုးရှောင်ရွှမ်းသည် ကျိုးကျောက်တိကို မရိုက်လိုက်ရသည့်အပြင် သူကိုယ်တိုင်ပင် အထုအထောင်း ခံလိုက်ရသေးသည်။ သို့သော်လည်း...

အဘိုးကျိုးသည် ကျိုးဖန်တိ မြဲမြံစွာ ပွေ့ချီထားသော ကလေးမလေးကို တစ်ချက်ကြည့်လိုက်ပြီး သားဖြစ်သူ၏ ဤဟန်ဆောင်မှုမှာ လွန်စွာ ညံ့ဖျင်းလှသည်ဟု တိတ်တဆိတ် တွေးလိုက်မိသည်။

သည်လောက် သေးငယ်လှသော ကလေးငယ်လေး တစ်ယောက်၏ လက်သီးက ဘယ်လောက်များ အားပါနိုင်မည်နည်း။ တစ်ချက် ထုလိုက်ရုံဖြင့် အလွန်ဆုံး ယားကျိကျိ ဖြစ်သွားရုံသာ ရှိမည်။ ကျိုးရှောင်ရွှမ်းက ဝက်သတ်ခံရသကဲ့သို့ အော်ဟစ်နေခြင်းမှာ လွန်လွန်းသည်။

ကလေးငယ်လေး လက်နာသွားမည်ကိုပင် သူ စိုးရိမ်နေမိသည်။ နောက်ပိုင်း ရှန်မိသားစုမှ ရှင်းရခက်သော သူများက သူတို့ကို ပြဿနာလာရှာမည်ကို ပူပန်နေရ၏။

အဘိုးကျိုးသည် ကျိုးရှောင်ရွှမ်းကို တိတ်တိတ်လေး ဆွဲကာ အတိုင်းအတာတစ်ခုအထိသာ လုပ်ရန် သတိပေးလိုခဲ့သည်။ သို့သော် ကျိုးရှောင်ရွှမ်းက လုံးဝ ပြန်မဖြေဘဲ သူ့ခြေသလုံးကိုသာ ဖက်ကာ အော်ဟစ်နေလေသည်။

ရှန်မော့အာသည် အစကတော့ သူတို့ သားအဖ ပြဿနာကို ကိုယ်တိုင် ဖြေရှင်းစေချင်ခဲ့သည်။ သို့သော် အပြင်တွင် အလွန်ဆူညံနေသည်ကို ကြားလိုက်ရသဖြင့် ကျိုးဝမ်ဟွာတို့ ညီအစ်မ ၃ ယောက် ပေါင်းကာ ကျိုးသားအဖကို ဝိုင်းရိုက်နေပြီဟုပင် ထင်မှတ်သွားခဲ့၏။ ထို့ကြောင့် အခြေအနေ ကြည့်ရန် အမြန် ပြေးထွက်လာခဲ့သည်။

ရလဒ်အနေဖြင့် သားအဖနှစ်ဦးကို မြင်လိုက်ရသည်။ တစ်ဦးမှာ တစ်ကိုယ်လုံး ရေစိုရွှဲနေပြီး အော်ဟစ်နေကာ နောက်တစ်ဦးမှာ ဘောင်းဘီခြေထောက်တစ်ဖက်နှင့် အင်္ကျီလက်တစ်ဖက် ရေစိုနေပြီး သူမကို ကြောင်တောင်တောင်နှင့် သတိထားကာ လှမ်းကြည့်နေကြ၏။

ရှန်မော့အာ : "... ဘယ်လိုဖြစ်ရတာလဲ"

သူမ စကားမပြောလျှင် တော်သေးသည်။ သူမ စကားပြောလိုက်သည်နှင့် ကျိုးဖန်တိ၏ ရင်ခွင်ထဲတွင် ပုန်းကွယ်နေသော ရှောင်လျန်လျန်၏ အဖြူအမည်း သဲကွဲနေသော မျက်လုံးကြီးများက ဝိုင်းစက်သွားပြီး 'ဝါး' ဟု အော်ငိုလိုက်တော့သည်။ "သူတို့ သမီးကို အနိုင်ကျင့်တယ်။ လူဆိုးတွေက သမီးကို အနိုင်ကျင့်တယ်"

ယခုတော့ ဒုက္ခပင်။ မူလက အိမ်ထဲမှ ခေါင်းပြူကြည့်နေကြသော ရှန်ရှောက်ယွမ်နှင့် ဖုမင်ဇယ်တို့မှာ ချက်ချင်း ပြေးထွက်လာကြတော့သည်။

ရှန်ရှောက်ယွမ်က ပြေးလာရင်း အင်္ကျီလက်ကို ပင့်တင်လိုက်သည်။ "ကျိုးရှောင်ရွှမ်း... မင်းက ငါတို့အိမ်က ကလေးကို အိမ်ပေါက်ဝအထိ လာအနိုင်ကျင့်တာပေါ့လေ။ ဒီနေ့ မင်းကို သေအောင် မရိုက်နိုင်ဘူးလို့ ထင်နေလား"

နံရံဘေးရှိ တံမြက်စည်းကို ကောက်ကိုင်ကာ ကျိုးရှောင်ရွှမ်းအား ရမ်းသမ်း ရိုက်နှက်တော့သည်။ ကျိုးရှောင်ရွှမ်းမှာ ခြေသလုံး နာကျင်မှု သက်သာသွားပြီဟု ထင်မှတ်ကာ ထလိုက်ချိန်တွင်ပင် တံမြက်စည်းဖြင့် ရိုက်ချက်များက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

သိကြသည့်အတိုင်းပင်။ လူတို့သည် ချမ်းအေးနေချိန်တွင် နာကျင်မှုကို ပိုမို သိသိသာသာ ခံစားရလေ့ရှိသည်။ ကျိုးရှောင်ရွှမ်းမှာ အစကတည်းက အေးခဲကာ တုန်ယင်နေခဲ့ပြီး တံမြက်စည်းဖြင့် ရိုက်ခံလိုက်ရချိန်တွင် ထိုခံစားချက်က အလွန်ပင် စူးရှသွားခဲ့သည်။ သူသည် ချက်ချင်းပင် အော်ဟစ်လိုက်ပြန်၏။

အဘိုးကျိုးမှာ လိမ္မာပါးနပ်သူ ဖြစ်သည်။ အခြေအနေ မကောင်းသည်ကို မြင်သောအခါ ကျိုးရှောင်ရွှမ်းအနားသို့ အမြန်ကပ်သွားပြီး ပါးစပ်မှလည်း အော်ဟစ်လိုက်သည်။ "ရှန်လောင်ချီ... ငါ့ရဲ့ ဒီအိုမင်းနေတဲ့ အရိုးအဆစ်တွေက အရိုက်မခံနိုင်ဘူးနော်"

ရှန်ရှောက်ယွမ် အနည်းငယ် ရပ်တန့်သွားချိန်ကို အခွင့်ကောင်းယူကာ ကျိုးရှောင်ရွှမ်းကို အမြန်ဆွဲပြီး ပြေးတော့သည်။ "ငါတို့က ကလေးကို အနိုင်မကျင့်ပါဘူး။ အဲဒီကလေးက ကိုယ့်ဘာသာ လူကို လာရိုက်ပြီး သူ့လက်သူ နာသွားတာလေ။ ဒါက ငါတို့ကို အပြစ်တင်လို့ မရဘူး"

"သွား သွား သွား... မြန်မြန်သွား။ မင်း အိမ်ပြန်ပြီး အဝတ်အစား မလဲရင် အအေးမိသွားလိမ့်မယ်။ နေမကောင်းဖြစ်ရင် ပိုက်ဆံကုန်ရဦးမယ်လေ။ ငါကြည့်ရတာ ကျိုးကျောက်တိက အခု ကျောထောက်နောက်ခံ ရှိသွားပြီဆိုတော့ မင်းဆီ ပိုက်ဆံမပို့ချင်တော့ဘူး ထင်တယ်။ ငါတို့ နောက်ပိုင်း ပိုက်ဆံနည်းသွားရင် ပိုပြီး ချွေတာသုံးရတော့မယ်"

သားအဖနှစ်ဦးမှာ ဘာမှ မရလိုက်သည့်အပြင် ရေတစ်ဇလုံ အပက်ခံရကာ လက်သီးတစ်ချက် အထိုးခံရပြီးနောက် ဟုတ်တိပတ်တိဖြင့် ပြေးထွက်သွားကြတော့သည်။

ထို့ကြောင့် ကျိုးရှောင်ရွှမ်း၏ သတ္တိကြောင်မှုမှာ တကယ်တမ်းတွင် မျိုးရိုးလိုက်ခြင်း ဖြစ်တော့သည်။ အဘိုးကျိုးသည် အမြဲတမ်း ပျော့ပျောင်းသူကို အနိုင်ကျင့်ပြီး မာကြောသူကို ကြောက်ရွံ့တတ်သူဖြစ်သည်။ မိသားစုတွင်း၌သာ ဗိုလ်ကျတတ်ပြီး ကျိုးရှောင်ရွှမ်းကလည်း ထိုနည်းတူပင်။

ကျိုးဝမ်ဟွာတို့အပေါ်တွင်တော့ မာနတခွဲသားနှင့် နေနိုင်သော်လည်း ရှန်မိသားစုကို မြင်သည်နှင့် တောဝက်များကဲ့သို့ ထွက်ပြေးရန်သာ တတ်နိုင်တော့သည်။

ရှောင်လျန်လျန်ကိုတော့ အလွန်အမင်း စိတ်ပူနေသော အဘိုးဖြစ်သူက ရင်ခွင်ထဲတွင် ပွေ့ချီထားလေပြီ။ သို့သော် ကလေးငယ်လေးသည် ကျိုးသားအဖ ပြေးသွားသည်ကို မြင်ပြီးနောက် ချက်ချင်းပင် အော်ငိုနေသည်ကို ရပ်တန့်လိုက်၏။ ထို့နောက် အဘိုးဖြစ်သူထံသို့ နှုတ်ခမ်းလေး စူကာ တိုင်တောလိုက်၏။ "လူဆိုးကြီးက ဟွာဟွာကို ရိုက်မလို့ လုပ်တာ။ လျန်လျန်က ပြန်ရိုက်လိုက်တာ။ ဟွန့်..."

ရှန်ရှောက်ယွမ်က ဘာစည်းမျဉ်းဥပဒေမှ မထားဘဲ မြှောက်ပင့်စကားများ စတင်ပြောဆိုတော့သည်။ "ငါတို့ရဲ့ ရှောင်လျန်လျန်က တကယ့်ကို သူရဲကောင်းစိတ်ဓာတ်လေးပဲ။ ဒါက အစ်မဝမ်ဟွာကို ကာကွယ်ပေးတတ်နေပြီပေါ့လေ ဟုတ်လား။ ရိုက်တာ ကောင်းတယ်။ ဒီလို လူဆိုးတွေကို အိမ်ပေါက်ဝအထိ မလာရဲအောင် ရိုက်ပစ်ရမယ်။ ဒါပေမဲ့ လျန်လျန်က ငယ်သေးတယ်။ တစ်ဖက်လူက လူကြီးလေ။ တကယ်လို့ သူက ပြန်ရိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲဒါကြောင့် နောက်တစ်ခါဆိုရင် ကိုယ်တိုင် ပြေးမဝင်ရဘူး။ သမီးရဲ့ ဖေဖေနဲ့ မေမေကို ခေါ်ပြီး ရိုက်ခိုင်းလိုက်ရုံပဲ"

ရှန်မော့အာ : "..."

ဖုမင်ဇယ် : "..."

တစ်မိသားစုလုံးကလည်း ဤအဖြစ်အပျက်ငယ်လေးကို စိတ်ထဲမထားကြချေ။ သို့သော် ဒုတိယနေ့သို့ ရောက်သောအခါ အဒေါ်ကြီးချန် အလည်လာချိန်တွင် ကျိုးရှောင်ရွှမ်းအကြောင်းကို ပြောပြလာခဲ့သည်။

"ဒီနေ့ သူက ရှင်တို့အိမ်က လျန်လျန်လေး ရိုက်တာကို ခံရတယ်ဆိုပြီး နေရာတကာ လျှောက်ပြောနေတယ်လေ။ ဪ... ပြီးတော့ သူ့သမီးအရင်းရဲ့ ရေပက်တာကိုလည်း ခံရတယ်တဲ့။ ဒါပေမဲ့ ရွာထဲက လူတွေအကုန်လုံးက သူ့ကို ဂရုမစိုက်ကြပါဘူး။ သမီးအရင်းရဲ့ ရေပက်တာကို ခံရတာ ခံရသင့်တာပဲလေ။ ရွာထဲမှာ ယောကျ်ားလေးကို ဦးစားပေးတဲ့ မိသားစုတွေ မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်မိသားစုကများ သူတို့မိသားစုလို သမီးမွေးတာနဲ့ သူများအိမ်ကို ကလေးသတို့သမီးအဖြစ် ပို့ပစ်ကြလို့လဲ"

"ရယ်စရာ အကောင်းဆုံးကတော့ သူက လျန်လျန်လေး ရိုက်တာကို ခံရတယ်လို့ ပြောတာပဲ။ ငါတို့ရဲ့ ရှောင်လျန်လျန်က ဘယ်လောက်တောင် ကြီးနေလို့လဲ။ တကယ်လို့ သူ့ကို ရိုက်တယ်ဆိုရင်တောင် ကုတ်တာလောက်ပဲ ရှိမှာပေါ့။ သူက အသက် ဆယ်ဂဏန်းရှိတဲ့ ယောကျ်ားကြီး ဖြစ်ပြီးတော့ ဒီကိစ္စကို ပြောထွက်သေးတယ်နော်။ အားလုံးရဲ့ လှောင်ပြောင်တာကို ခံနေရပြီ။ ဒီလောက်နဲ့တောင် သူက မရပ်သေးဘူး။ ဘောင်းဘီကို ပင့်တင်ပြီး ငါတို့ကို ပြသေးတယ်။ သူ့ခြေသလုံးတွေတောင် ညိုမည်းသွားပြီတဲ့လေ"

"ခြေသလုံးကတော့ တကယ်ပဲ ညိုမည်းနေတာပါ။ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ညိုမည်းသွားတာလဲဆိုတာ သရဲပဲ သိမှာပေါ့။ သူက လိမ်ဆင်လုပ်တာတောင်မှ ခိုင်လုံတဲ့ အကြောင်းပြချက်လေး ရှာမရဘူးလေ။ တကယ်ကို ရယ်ရလွန်းလို့ သေတော့မှာပဲ"

အဒေါ်ကြီးချန်က ကျိုးဝမ်ဟွာတို့ ညီအစ်မ ၃ယောက်ကို လေးလေးနက်နက် သတိပေးလိုက်သည်။ "အဲဒီ တစ်မိသားစုလုံးက အားကိုးလို့ မရဘူး။ ဦးနှောက်တွေကလည်း ရှင်းရှင်းလင်းလင်း မရှိကြဘူး။ ညည်းတို့ကတော့လေ မိဘအရင်းတွေနဲ့ ရေစက်မပါဘူးလို့ပဲ သဘောထားလိုက်တော့။ ညည်းတို့ ညီအစ်မ ၃ ယောက် ကိုယ့်ဘာသာ ကောင်းကောင်းမွန်မွန် နေကြပါ"

ကျိုးဝမ်ဟွာက ညီမနှစ်ယောက်ကို ခေါ်ဆောင်ထားသဖြင့် နေ့စဉ်ဘဝမှာ သေချာပေါက် မလွယ်ကူလှချေ။ သို့သော် အဒေါ်ကြီးချန်လည်း သိထားသည်။ ရှန်မော့အာမှာ စိတ်သဘောထားကောင်းသူဖြစ်ပြီး သူတို့ တစ်မိသားစုလုံးက ကူညီထောက်ပံ့ပေးမည်ဆိုပါက ဤညီအစ်မ ၃ယောက်မှာ မြို့တော်တွင် သေချာပေါက် ကောင်းမွန်စွာ ရှင်သန်နိုင်လိမ့်မည်။

ကျိုးဖန်တိနှင့် ကျိုးလိုင်တိတို့သည် ကျိုးရှောင်ရွှမ်းက သူတို့ကို ပြန်ပို့မည်ဟု ပြောကတည်းက ဤအဖေအရင်း မရှိတော့ဟု သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။

ကျိုးဝမ်ဟွာသည် အဖေအရင်းနှင့် အဘိုးအပေါ်တွင် သံယောဇဉ် အနည်းငယ်တော့ ရှိနေသေး၏။ သို့သော် အသက် ၁၀နှစ်နောက်ပိုင်း ကြုံတွေ့ခဲ့ရမှုများက ထိုသံယောဇဉ် အနည်းငယ်ကိုပင် ပွတ်တိုက်ဖျက်ဆီးပစ်သလောက် ဖြစ်သွားခဲ့ပြီ။

ထို့အပြင် သူမလည်း ရှင်းရှင်းလင်းလင်း သိထားသည်။ ဤလူနှစ်ဦးမှာ သူမအပေါ်တွင် ဘာသံယောဇဉ်မှ မရှိကြချေ။ သူတို့၏ စိတ်ထဲတွင် သွေးသားတော်စပ်ခြင်း မရှိသော ဝူကျားပေါင်ကပင် သူမထက် ပိုမို အရေးပါနေသေးသည်။

ထို့ကြောင့် ကျိုးဝမ်ဟွာသည် အဖေဖြစ်သူ အသက်ကြီးလာချိန်တွင် ထောက်ပံ့ကြေး အနည်းငယ် ပို့ပေးကာ ဥပဒေအရ သတ်မှတ်ထားသော ထောက်ပံ့ပြုစုရမည့် တာဝန်ကိုသာ ကျေပွန်အောင် ထမ်းဆောင်ရန် ဆုံးဖြတ်လိုက်တော့သည်။

အဒေါ်ကြီးချန် ထွက်သွားပြီးနောက် ရှန်မော့အာသည် သမီးဖြစ်သူကို ပွေ့ချီကာ အိပ်ခန်းထဲသို့ ဝင်သွားခဲ့သည်။

ရှန်မော့အာသည် လိမ်မာရေးခြားရှိပြီး နူးညံ့နေသော ကလေးလေးကို ကြည့်ကာ မနေနိုင်ဘဲ သူမ၏ ဖောင်းမို့နေသော ပါးပြင်လေးကို ဆွဲညှစ်လိုက်သည်။ ခဏစဉ်းစားပြီးနောက် မေးလိုက်၏။ "မနေ့က လူဆိုးကြီးကို ရိုက်တုန်းက အားကုန်သုံးပြီး ရိုက်လိုက်တာလား"

ရှောင်လျန်လျန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ ကျစ်ဆံမြီးလေးမှာ အပေါ်သို့ ထောင်တက်သွား၏။ "သူက ဟွာဟွာကို ရိုက်မလို့ လုပ်တာလေ။ လျန်လျန်က ဟွာဟွာကို ကာကွယ်ပေးတာ"

ရှန်မော့အာက သမီးဖြစ်သူ၏ ဆံပင်အိအိလေးများနှင့် ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ "ပုံမှန် သူငယ်ချင်းလေးတွေနဲ့ ရန်ဖြစ်ရင် ဒီလောက် အားမသုံးရဘူးနော်"

ရှောင်လျန်လျန်က မျက်တောင်လေး ပုတ်ခတ် ထပ်လုပ်လိုက်ကာ အနည်းငယ် စိုးရိမ်သော အသံလေးဖြင့် ပြောလိုက်သည်။ "သူငယ်ချင်းလေးတွေနဲ့ ရန်မဖြစ်ပါဘူး။ တုတုကိုဆိုရင် ဖြည်းဖြည်းလေးပဲ တွန်းလိုက်တာပါ"

'တုတုက သူမရဲ့ဘီစကစ်တွေကို လုပြီး သူမကို ရိုက်ခဲ့ပေမဲ့ သူမကတော့ တုတုကို တစ်ချက်လေးပဲ တွန်းလိုက်တာလေ။

ရှန်မော့အာသည် သမီးဖြစ်သူ၏ အပြစ်ကင်းစင်နေသော မျက်နှာလေးကို ကြည့်ရင်း ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။

တကယ်တမ်းတွင် ကလေးမလေးမှာ ခွန်အားကြီးမားကြောင်း သူမ စောစောကတည်းက သတိပြုမိခဲ့သည်။ ထို့အပြင် ဤသို့ ခွန်အားကြီးမားခြင်းမှာ ပုံမှန် မြင်းစီးဟန်လေ့ကျင့်ခြင်း၊ လက်ဝှေ့ကျင့်ခြင်းတို့နှင့် မသက်ဆိုင်ဘဲ သဘာဝအတိုင်း မွေးရာပါ ခွန်အားကြီးမားနေခြင်းသာ ဖြစ်ပုံရသည်။

ဤသည်မှာလည်း မဆန်းကျယ်လှပေ။ မည်သို့ပင်ဆိုစေ သူမကိုယ်တိုင်လည်း ခွန်အားအတော်လေး ကြီးမားသူဖြစ်သည် မဟုတ်ပါလား။

ရှန်မော့အာသည် ပုံမှန်အားဖြင့် ကလေးကို သတိထား၍ လမ်းညွှန်ပြသပေးလေ့ရှိသည်။ ဤကလေးကလည်း အမြဲတမ်း လိမ်မာသူဖြစ်၏။ သူငယ်ချင်းများနှင့် ပြဿနာတက်လျှင်ပင် အလွန်ဆုံး တွန်းလိုက်ရုံ၊ တစ်ချက်ရိုက်လိုက်ရုံသာရှိပြီး လက်သီးဖြင့် မထိုးတတ်သလို အားအများကြီးလည်း မသုံးတတ်ချေ။

ထို့ကြောင့် မိခင်ဖြစ်သူ ရှန်မော့အာ ကိုယ်တိုင်ကပင် သမီးဖြစ်သူ ခွန်အားကြီးမားကြောင်းကို သိရှိထားသော်လည်း မည်သည့် အတိုင်းအတာအထိ ကြီးမားနေသည်ကိုတော့ သေချာ မသိခဲ့ချေ။

ယခု ကြည့်ရသည်မှာ လက်သီးတစ်ချက်ဖြင့် ကျိုးရှောင်ရွှမ်းကို အော်ဟစ်သွားစေနိုင်ပြီး ခြေသလုံးကိုပင် ညိုမည်းသွားစေနိုင်သည့် အတိုင်းအတာအထိ ရှိနေပုံရသည်။

ရှန်မော့အာမှာ မနေ့က ကျိုးရှောင်ရွှမ်း ဟန်ဆောင်နေသည်ဟုပင် ထင်မှတ်ထားခဲ့သေး၏။

သူ့ကို အထင်လွဲမိသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ရှန်မော့အာက သမီးဖြစ်သူ၏ ပါးပြင်လေးကို နမ်းလိုက်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။ "ငါတို့ရဲ့ လျန်လျန်လေးက တကယ်ကို လိမ်မာတာပဲ။ နောက်ပိုင်းလည်း ဒီအတိုင်းပဲ နေရမယ်နော်။ သူငယ်ချင်းလေးတွေနဲ့ လုံးဝ ရန်မဖြစ်ရဘူးနော်"

ကလေးလေးက မျက်နှာတစ်ပြင်လုံး ပြုံးရွှင်သွားကာ ဖြေလေတော့သည်။ "လျန်လျန်က အလိမ္မာဆုံးလေးပါနော်"

...

အပိုင်း (၁၇၈) Extra - သာ့လျန်စွန့်စားခန်း (၁)

လျန်လျန်တစ်ယောက် အိပ်မက်ထဲမှ နိုးလာ၏။ နှာခေါင်းကို ရှုံ့လိုက်ပြီး အနည်းငယ် ချမ်းအေးနေသည်ဟု ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်က မှောင်မည်းနေသည်။ ပိုမိုဝေးကွာသော ထောင့်တစ်နေရာမှသာ မှိန်ဖျော့ဖျော့ အလင်းရောင်လေးတစ်ခု ထွက်ပေါ်နေ၏။ ကလေးမလေးက ထထိုင်လိုက်သည်။ မျက်မှောင်ကြုတ်ကာ စဉ်းစားကြည့်ပြီးနောက်မှ သူမ ရောက်နေသည့်နေရာကို သတိရသွားတော့သည်။

ယခုနှစ် မွေးနေ့ခေါက်ဆွဲစားပြီး ၂ရက်မြောက်နေ့တွင် ဖေဖေက သူမ အနှစ်သက်ဆုံးဖြစ်သော အဝတ်ကျားရုပ်၊ အဝတ်ယုန်ရုပ်၊ အဝတ်လိပ်ရုပ်များနှင့် ပန်းသီးပုံပါသော စောင်လေးကို ကလေးအခန်းထဲသို့ ထည့်ပေးခဲ့သည်။ ထို့နောက် သူမကို တစ်ယောက်တည်း ခွဲအိပ်ခိုင်းခဲ့သည်။

သူက ကလေးကြီး ဖြစ်နေပြီဆိုပေမယ့် တစ်ယောက်တည်း အိပ်ရတာ နည်းနည်းတော့ ကြောက်ဖို့ကောင်းသားပဲ ဟု လျန်လျန်က တွေးလိုက်သည်။

ဖေဖေက သူမကို အိပ်ရာဝင်ပုံပြင် ပြောပြပြီးနောက် ထွက်သွားခဲ့သည်။ တကယ်တမ်းတွင် လျန်လျန်က အိပ်မပျော်သေးပေ။ သို့သော် သူမက မျက်လုံးကို မှိတ်ကာ အိပ်ပျော်ချင်ယောင်ဆောင်နေလိုက်သည်။

ဖေဖေ ထွက်သွားပြီးနောက် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ထိုအခါ သူမက အိပ်ရာပေါ်မှ ပြန်ထလာခဲ့၏။ ဖေဖေနှင့် မေမေ၏ အခန်းတံခါးမှာ ပိတ်ထားသည်။ အဘိုးက အိမ်သာတက်ရန် ထသွားချိန်နှင့် အံကိုက်ဖြစ်နေသဖြင့် လျန်လျန်က အဘိုး၏ အခန်းထဲသို့ တိတ်တဆိတ် ဝင်သွားခဲ့သည်။

သူမက အဘိုး၏ ကုတင်အောက်တွင် ပုန်းနေခဲ့ပြီး သတိမထားမိလိုက်ခင်မှာပင် အိပ်ငိုက်သွားခဲ့၏။ ရုတ်တရက် လန့်နိုးလာချိန်တွင် အဘိုး၏ အခန်းနံရံပေါ်၌ တံခါးတစ်ချပ် ပိုလာသည်ကို မြင်လိုက်ရ၏။

လျန်လျန်က အမှောင်ထဲတွင် မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ကုတင်အောက်မှ လေးဖက်ထောက် ထွက်လာပြီးနောက် ခေါ်လိုက်၏။ "အဘိုး"

မည်သည့်အသံမှ မကြားရပေ။ အဘိုးက အခန်းထဲတွင် မရှိချေ။

လျန်လျန်က ခေါင်းလှည့်ကာ ရှေးဟောင်းဟန်ဖြစ်နေသော ထိုတံခါးကို ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ခန့် တုံ့ဆိုင်းနေပြီးနောက် အနားသို့ လျှောက်သွားခဲ့၏။

တံခါး၏ အတွင်းဘက်တွင် အလွန်ကြီးမားသော အခန်းကြီးတစ်ခု ရှိနေသည်။ မြင့်မားသော သစ်သားစင်များနှင့် သေတ္တာများစွာ ရှိနေ၏။ ရှောင်လျန်လျန်က အထဲသို့ ဝင်သွားရင်း စပ်စုလိုစိတ်ဖြင့် ဟိုဟိုဒီဒီ ငေးကြည့်နေခဲ့သည်။

တစ်စုံတစ်ယောက် ငိုနေသံကို သူမ ကြားလိုက်ရသည်။ အသံလာရာဆီသို့ တိတ်တိတ်လေး ရှာဖွေသွားလိုက်၏။ ထိုအခါ အဘိုးဖြစ်သူ ရှန်ရှောက်ယွမ်က သစ်သားစင်တစ်ခုဘေးတွင် မှီထိုင်နေသည်ကို မြင်လိုက်ရသည်။ သူက ကျောက်မျက်ရတနာများ စီခြယ်ထားသော ဓားမြှောင်တစ်လက်ကို ကိုင်ထားပြီး ကြည့်ရင်း ငိုကြွေးနေခဲ့သည်။ "အစ်ကိုတော်... မင်း အခု ဘယ်လိုနေလဲဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော် ဒီကမ္ဘာကို ရောက်လာကတည်းက သာ့လျန်ရဲ့ အကြောင်းတွေကို မလွမ်းဆွတ်တဲ့နေ့ရက်ဆိုတာ တစ်ရက်မှ မရှိပါဘူး။ စစ်ကူတွေ မြန်မြန်ရောက်လာပြီး သာ့လျန်မြို့တော်ကြီးကို ဘေးအန္တရာယ်ကနေ ကယ်တင်နိုင်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ အစ်ကိုတော် သက်တော်ရာကျော် ရှည်ပါစေလို့ပဲ ကျွန်တော် ဆုတောင်းပါတယ်..."

လျန်လျန်သည် အစကတော့ အဘိုးကို ခေါ်ချင်ခဲ့သည်။

လူကြီးတွေ ငိုနေတာကို ကလေးတွေ မြင်သွားရင် သေချာပေါက် ရှက်သွားမှာပဲ ဟု အဘိုး၏ ဤပုံစံကို မြင်သောအခါ သူမက တွေးလိုက်မိ၏။

ထို့ကြောင့် သစ်သားသေတ္တာတစ်လုံးနောက်တွင် ပုန်းကာ အဘိုးကို တိတ်တိတ်လေး အဖော်ပြုပေးနေခဲ့သည်။

အဘိုးက တတွတ်တွတ်နှင့် စကားတွေ အများကြီး ပြောနေခဲ့သည်။ လျန်လျန်က နားလည်သလိုလို နားမလည်သလိုလို ဖြစ်နေ၏။ နောက်ပိုင်းတွင် ကိုယ်တိုင်ပင်မသိလိုက်ဘဲ အိပ်ပျော်သွားတော့သည်။

နိုးလာပြီးနောက် လျန်လျန်က သစ်သားသေတ္တာနောက်မှ လေးဖက်ထောက်ကာ ထွက်လာခဲ့သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အဘိုးက မရှိတော့ပေ။

သူမက အလျင်မလိုဘဲ ခြေတံတိုလေးများကို အားပြုကာ ပြေးသွားပြီး ထောင့်တစ်နေရာမှ လင်းလက်နေသော အရာကို ဆွဲထုတ်လိုက်သည်။

၎င်းမှာ သူမ၏ လက်သီးဆုပ်ထက်ပင် ကြီးမားသော ပုလဲလုံးကြီး ၁ လုံး ဖြစ်သည်။ ထိုပုလဲလုံးကြီးက ဖြူဖွေးနူးညံ့သော အလင်းရောင်များကို ထုတ်လွှတ်နေ၏။ မီးသီးတစ်လုံးကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံးကို လင်းထိန်နေစေသည်။

လျန်လျန်က အလင်းရောင်ထွက်နေသော ဤပုလဲလုံးကြီးကို အလွန်သဘောကျသွားပြီး လက်မှ မချချင်တော့ပေ။ လက်ထဲတွင် ဆုပ်ကိုင်ကာ ခဏလောက် ကစားနေလိုက်သည်။ ထို့နောက် သစ်သားစင်အောက်မှ သေတ္တာငယ်တစ်လုံးကို ဆွဲထုတ်လာခဲ့၏။ ခလောက် ကနဲ မြည်သံနှင့်အတူ သေတ္တာငယ်လေး ပွင့်သွားခဲ့သည်။ အထဲတွင် ထည့်ထားသည်မှာ ကျောက်မျက်ရတနာများ စီခြယ်ထားသော ထိုဓားမြှောင်ပင်။

လျန်လျန်က ဓားမြှောင်ကို ဆုပ်ကိုင်ကာ ကြည့်လိုက်သည်။ သတိကြီးစွာဖြင့် ဓားကို ဆွဲထုတ်လိုက်၏။ နှင်းလို ဖြူဖွေးတောက်ပနေသော ဓားသွားကို မြင်လိုက်ရသောအခါ လန့်သွားပြီး ချက်ချင်း ပြန်သွင်းထားလိုက်သည်။

သို့သော် ဓားအိမ်နှင့် ဓားရိုးပေါ်ရှိ ကျောက်မျက်ရတနာများက တကယ်ကို လှပလွန်းနေသည်။ လျန်လျန်က ဟိုကြည့်ဒီကြည့်ဖြင့် အကြိမ်ကြိမ် ကြည့်နေမိပြီး အောက်သို့ မချထားရက်ဖြစ်နေခဲ့၏။

သူမက ဤဓားကိုလည်း သဘောကျသလို လင်းလက်နေသော ပုလဲလုံးကြီးကိုလည်း သဘောကျနေသည်။ ထို့ကြောင့် အရာဝတ္ထု ၂ ခုစလုံးကို ယူထားချင်မိ၏။ သို့သော် သူမ၏ လက်လေးများက သေးငယ်လွန်းနေသည်။ ဒါကို ယူလျှင် ဟိုဟာကို မယူနိုင်တော့ပေ။ ကလေးမလေးက သစ်သားသေတ္တာဘေးတွင် ထိုင်လျက် မျက်ခုံးလေးများကို ကျုံ့ထားလိုက်သည်။

ထို့နောက် သူမက သစ်သားသေတ္တာအောက်ခြေရှိ ပိုးသားအိတ်လေးကို မြင်သွားခဲ့သည်။ ကောက်ကိုင်ကာ ကြည့်လိုက်၏။ ပိုးသားအိတ်လေးပေါ်တွင် ကျားတစ်ကောင်ကို ရွဲ့စောင်းစောင်း ပန်းထိုးထားသည်။ လျန်လျန်၏ မျက်လုံးများ အရောင်လဲ့သွားခဲ့သည်။ ပိုးသားအိတ်လေးကို ယူထုတ်လိုက်ပြီး ဓားမြှောင်ကို အရင်ထည့်လိုက်၏။ ထို့နောက် ပုလဲလုံးကိုပါ ထည့်လိုက်သည်။ ဘယ်ညာ ဟိုဟိုဒီဒီ ကြည့်လိုက်ရာ ဘေးနားတွင် ရွှေတုံးများ ထည့်ထားသော သေတ္တာတစ်လုံးကို တွေ့လိုက်ရပြန်သည်။ ရွှေတုံး အချို့ကို ယူကာ အထဲသို့ ထည့်လိုက်တော့သည်။

အိတ်လေးက အတော်လေး လေးလံနေသည်။ အခြား အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက်သာဆိုလျှင် သေချာပေါက် သယ်နိုင်မည် မဟုတ်ပေ။ သို့သော် လျန်လျန်က မွေးရာပါ ခွန်အားကြီးမားသူဖြစ်သည်။ အိတ်လေးကို ဆွဲကာ အေးအေးလူလူပင် လျှောက်သွားနေ၏။

ကလေးမလေးက တံခါးဝသို့ ပြေးသွားလိုက်သောအခါ တံခါးကြီး ပိတ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

သူမက တံခါးဝတွင် ရပ်ကာ တစ်ချက်ကြည့်လိုက်သည်။ တံခါးကြီး၏ အောက်ဘက်ရှိ လက်ကိုင်ကို ဆွဲကိုင်ကာ အားကုန်ဆွဲလိုက်တော့ တံခါးကြီးက ပွင့်သွားတော့သည်။

ကလေးမလေး မသိခဲ့သည်မှာ ဤလက်ကိုင်ကို သူမ အသက် ၃နှစ်ပြည့်ပြီးနောက် ရှန်ရှောက်ယွမ်က တမင်သက်သက် တပ်ဆင်ပေးခဲ့ခြင်း ဖြစ်ကြောင်းကိုပင်။ သူမ မတော်တဆ ရတနာတိုက်ထဲ ဝင်သွားပြီး အထဲတွင် ပိတ်မိနေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

တံခါးပွင့်သွားပြီးနောက် ကလေးမလေးက ခေါင်းလေးပြူကာ အပြင်သို့ ထွက်ကြည့်လိုက်သည်။ အစကတော့က အဘိုး ဘာလုပ်နေသလဲဆိုတာကို ကြည့်ချင်ခဲ့ခြင်း ဖြစ်၏။ အပြင်ဘက်ရှိ မြင်ကွင်းကို သေသေချာချာ မြင်လိုက်ရသောအခါ မျက်လုံးဝိုင်းများက ပိုလို့ပင် ဝိုင်းစက်သွားတော့သည်။

အပြင်ဘက်က ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ။

ကလေးမလေးက ပိုးသားအိတ်လေးကို ဆွဲကာ အပြင်သို့ လျှောက်သွားလိုက်သည်။ သူမ၏ အနောက်က တံခါးကြီးက ကျွီကနဲ မြည်သံနှင့်အတူ ပိတ်သွား၏။ သူမ ခေါင်းလှည့်ကြည့်လိုက်ရာ နံရံပေါ်တွင် ဖွင့်ထားသော ထိုတံခါးကြီးက တဖြည်းဖြည်း မှေးမှိန်လာနေသည်ကို မြင်လိုက်ရသည်။ တစ်စုံတစ်ယောက်က ခဲဖျက်ဖြင့် နံရံပေါ်တွင် အားကုန်ပွတ်ဖျက်နေသည့်အလားပင်။ တံခါးကြီးကို မျက်စိဖြင့် မမြင်နိုင်သော ခဲဖျက်က တဖြည်းဖြည်း ဖျက်ပစ်လိုက်ရာ မကြာမီမှာပင် ပျောက်ကွယ်သွားတော့သည်။

လျန်လျန်က အပြေးလေးသွားလိုက်ပြီး တံခါးကို သွားတွန်းရန် ကြိုးစားလိုက်သော်လည်း ဒုတ်ခနဲ အသံနှင့်အတူ မာကျောသော နံရံကြီးကိုသာ ရိုက်မိသွားခဲ့၏။

ကလေးမလေးက ချက်ချင်းပင် ထိုနေရာ၌ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

မသိစိတ်မှနေ၍ ပြည့်ဖောင်းဖောင်း လက်လေးများကို မြှောက်ကာ အချက်အနည်းငယ် ထပ်ရိုက်ကြည့်လိုက်သည်။ သို့သော် မာကျောသော နံရံကြီးသာ ဖြစ်နေဆဲဖြစ်ပြီး သူမ၏ လက်လေးများပင် နာကျင်သွားရ၏။

ထိုအချိန်မှသာ ထိုတံခါးကြီး တကယ်ပင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ကလေးမလေး သတိပြုမိသွားတော့သည်။ တံခါးပြင်ပရှိ ကမ္ဘာကြီးမှာ အလွန်ကျယ်ဝန်းပြီး ဟာလာဟင်းဖြစ်နေသော အိမ်ကြီးတစ်လုံး ဖြစ်နေ၏။ နေရာအနှံ့ အမှောင်ကျနေသော်လည်း ဤနေရာမှာ သူမ၏ အိမ်မဟုတ်ကြောင်းကိုတော့ သိသာစွာ မြင်တွေ့နိုင်လေသည်။

ကလေးမလေးက စက္ကန့်အနည်းငယ်ခန့် မှင်သက်သွားသည်။ နှုတ်ခမ်းလေးကို တွန့်ကာ ဝါးကနဲ အော်ငိုလိုက်တော့သည်။

သူပုန်တပ်များက မြို့တော်ကို ဝိုင်းရံထားသော ဤရက်ပိုင်းအတွင်း ချင့်တယ်ဧကရာဇ်မှာ ကောင်းစွာ အိပ်မပျော်နိုင်ခဲ့ချေ။

လေပြေတိုက်သံ ကြိုးကြာအော်သံလေးကြားရုံဖြင့် ရန်သူလာပြီဟု ထင်မှတ်မှားနေရသည်။ ဧကရာဇ်ဖြစ်သော သူ့ခေါင်းပေါ်တွင် အချိန်တိုင်း ဓားတစ်လက် ဆွဲချိတ်ထားသကဲ့သို့ ဖြစ်နေရာ မည်သို့များ ကောင်းစွာ အိပ်ပျော်နိုင်ပါမည်နည်း။

ယနေ့ညတွင်လည်း ထိုနည်းတူပင်။ ညနက်သည်အထိ လူးလှိမ့်နေပြီးမှ ခက်ခက်ခဲခဲ မှေးခနဲ ပျော်သွားခဲ့သည်။ သို့သော် ရုတ်တရက် ကလေးငယ်တစ်ဦး၏ ငိုသံကြောင့် လန့်နိုးသွားခဲ့ရပြန်၏။

ကလေးငိုသံကို အိပ်မက်မက်တာက ဘာနိမိတ်လဲတော့ မသိဘူး။ ငါကိုယ်တော်ရဲ့အသက် သိပ်မရှည်တော့ဘူးဆိုတာကို ကြိုပြနေတာများလား ဟု ချင့်တယ်ဧကရာဇ်က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။

သို့သော် မကြာမီမှာပင် ဤငိုသံက အိပ်မက်ထဲမှ မဟုတ်ကြောင်း ချင့်တယ်ဧကရာဇ် သိရှိသွားခဲ့သည်။ သူ၏ အိပ်ဆောင်အတွင်းမှ ပေါ်ထွက်နေခြင်း ဖြစ်၏။

ချင့်တယ်ဧကရာဇ်မှာ ထိတ်လန့်သွားပြီး ချက်ချင်းပင် ချွေးအေးများ ပျံလာခဲ့သည်။

သူပုန်တပ်များက မြို့တော်ကို ဝိုင်းရံထားသည်မှာ ရက်အတော်ကြာပြီ ဖြစ်သော်လည်း သူ၏ နန်းတော်အတွင်းတွင်တော့ လုံခြုံရေး အလွန်တင်းကျပ်ကာ စည်းကမ်းတကျ ရှိနေဆဲပင်။ သူက လက်အောက်ငယ်သားများအပေါ် အမြဲတမ်း သဘောထားကြီးပြီး တော်ဝင်သက်တော်စောင့်တပ်ကလည်း သစ္စာရှိကြ၏။ သို့မဟုတ်ပါက သူသည် အိပ်ဆောင်အတွင်းတွင် မည်သို့များ ရဲဝံ့စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရဲမည်နည်း။

သို့သော် ယခု နန်းတော်ထဲတွင် မည်သည့် ကလေးငယ်မှ မရှိချေ။ အငယ်ဆုံး မင်းသားပင်လျှင် အသက် ၈နှစ် ရှိနေပြီဖြစ်သည်။ သည်နှစ်များအတွင်း နန်းတွင်းရှိ ကိုယ်လုပ်တော်များမှာလည်း ကလေးတစ်ယောက်မှ ထပ်မံ မွေးဖွားနိုင်ခြင်း မရှိကြပေ။

ဤအသံကို နားထောင်ကြည့်ရသည်မှာ မိန်းကလေးငယ်တစ်ဦး၏ အသံဖြစ်သည်က သိသာသည်။ သည်လိုဆိုလျှင်တော့ ပိုလို့ပင် မဖြစ်နိုင်တော့ချေ။

ချင့်တယ်ဧကရာဇ်မှာ ရှားရှားပါးပါး ကြောက်ရွံ့စိတ် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။ လုံခြုံရေး တင်းကျပ်ထားသော အိပ်ဆောင်အတွင်းတွင် မိန်းကလေးငယ်တစ်ဦး အကြောင်းရင်းမရှိဘဲ ပေါ်လာခဲ့သည်။ ထူးဆန်းသည့်အစွမ်း မဟုတ်လျှင် တော်ဝင်သက်တော်စောင့်တပ်အတွင်း၌ သစ္စာဖောက်များ ပေါ်လာခြင်းသာ ဖြစ်လိမ့်မည်။ အချုပ်ဆိုရသော် မည်သည့်အရာပင်ဖြစ်စေ သူ့အသက်ကို လာနှုတ်ယူမည့်အရာနှင့်သာ တူနေလေသည်။

သူ ဤနေရာတွင် ဘာတွေဖြစ်နေသလဲဆိုတာကို သွားကြည့်သင့်မကြည့်သင့် တွေဝေနေဆဲမှာပင် ညစောင့် မိန်းမစိုးလေးက တော်ဝင်သက်တော်စောင့်တပ်ကို ခေါ်ဆောင်ကာ ဝင်ရောက်လာခဲ့သည်။

"အရှင်မင်းကြီး" မိန်းမစိုးလေးက ထိတ်လန့်တကြား အော်ခေါ်လိုက်၏။ သူ့လေသံကို နားထောင်ရသည်မှာ ဧကရာဇ်ကြီး ဘေးအန္တရာယ် ကြုံတွေ့သွားပြီဟု ထင်မှတ်နေပုံရ၏။

ချင့်တယ်ဧကရာဇ်က သူ့ကိုယ်သူ လှောင်ပြောင်သည့်အလား ပြုံးလိုက်သည်။ လည်ချောင်းကို ရှင်းလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ကိုယ်တော် ဒီမှာ ရှိတယ်။ မင်းတို့ သွားကြည့်ကြစမ်း၊ ဒီငိုသံက ဘာဖြစ်တာလဲဆိုတာကို"

မိန်းမစိုးလေးက သက်ပြင်းချလိုက်သည်။ "မှန်လှပါ"

သူက တော်ဝင်သက်တော်စောင့် အချို့ကို ခေါ်ဆောင်ကာ အိပ်ဆောင်၏ ဘေးဘက်သို့ သွားလိုက်လေသည်။

တစ်ချိန်တည်းမှာပင် နန်းတွင်းအစေခံမလေး တစ်အုပ်က တန်းစီကာ ဝင်ရောက်လာကြ၏။ အိပ်ဆောင်အတွင်း၌ ချက်ချင်းပင် မီးရောင်များ လင်းထိန်သွားတော့သည်။

၎င်းတို့အနက်မှ နန်းတွင်းအစေခံမလေး ၂ ဦးက နဂါးကုတင်ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာကြသည်။ ညင်သာစွာ ဒူးထောက်ခစားလိုက်ပြီး လျှောက်တင်ကြ၏။ "အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး အဝတ်အစားလဲပြီး ထတော်မူမလား ဘုရား"

ချင့်တယ်ဧကရာဇ်က အင်း ဟု အသံပြုလိုက်သည်။ အစေခံမလေးများကို အဝါရောင်တောက်တောက် ဝတ်ရုံကို ဝတ်ဆင်ပေးစေပြီး ဆံပင်များကို အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်စေခဲ့သည်။

ချင့်တယ်ဧကရာဇ်က လက်ကာပြလိုက်သောအခါ အစေခံမလေးများက နောက်သို့ တစ်လှမ်းဆုတ်လိုက်ကြသည်။ အရိုအသေပေးပြီးနောက် ဘေးတစ်ဖက်တစ်ချက်စီသို့ ဆုတ်ခွာသွားကြ၏။

မကြာခင်မှာပင် စောစောက မိန်းမစိုးလေးက ပန်းနုရောင်အဆင်းနှင့် ကလေးမလေးကို ပွေ့ချီကာ ဧကရာဇ်ရှေ့မှောက်သို့ ရောက်လာခဲ့သည်။ ကလေးမလေး၏ ပါးပြင်နှစ်ဖက်တွင် မျက်ရည်များ တွဲခိုနေဆဲဖြစ်သော်လည်း မျက်လုံးဝိုင်းကြီးများကတော့ ပတ်ဝန်းကျင်ကို စပ်စုလိုစိတ်ဖြင့် ကြည့်ရှုနေလေသည်။

မိန်းမစိုးလေးက ကလေးကို ကြမ်းပြင်ပေါ် ချပေးလိုက်ပြီး အရိုအသေပေးလျက် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... စောစောက ငိုနေတာ ဒီကလေးမလေးပါပဲ။ ကျွန်တော်မျိုး သေသေချာချာ စစ်ဆေးကြည့်ပြီးပါပြီ။ သူ့ရဲ့ ကိုယ်ပေါ်မှာ ယမ်းမှုန့်တွေ လက်နက်တွေ ဘာမှ မပါပါဘူး။ ဒီပိုးသားအိတ်လေးထဲမှာ ဓားတစ်လက် ဝှက်ထားတာပဲ ရှိပါတယ် ဘုရား"

ကလေးမလေး၏ အကျင့်စရိုက်က အတော်လေး ကြမ်းတမ်းလှသည်။ သူတို့ တစ်အုပ်စုလုံးကို မြင်သော်လည်း မကြောက်ရွံ့ပေ။ သူက လက်ဆန့်ကာ သူမ၏ အင်္ကျီအိတ်ကပ်ကို နှိုက်ရန် ပြင်လိုက်ချိန်တွင် လက်သီးဖြင့် တစ်ချက် ထိုးခံလိုက်ရသေး၏။ သူ့လက်မောင်းမှာ အလွန်အမင်း နာကျင်သွားရသည်အထိပင်။

နောက်ပိုင်းတွင် အမျိုးမျိုး ဖျောင်းဖျပြောဆိုပြီးမှသာ သူမကိုယ်တိုင် အင်္ကျီအိတ်ကပ်ကို နှိုက်ပြလာအောင် ချော့မော့နိုင်ခဲ့သည်။ ထို့နောက် မလိုလားမနှစ်မြို့စွာဖြင့်ပင် သူ့ကို "ခဏငှား" ကာ ကြည့်ခွင့်ပေးခဲ့၏။

ချင့်တယ်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ "ဓား"

ဓားတစ်လက် ဝှက်ထားသည်ဆိုမှတော့ ဘယ်လိုလုပ်ပြီး ယမ်းမှုန့်တွေ လက်နက်တွေ မပါဘူးလို့ ပြောနိုင်မှာလဲ။

မိန်းမစိုးလေးက လျှောက်တင်လေသည်။ "လွန်ခဲ့တဲ့ ၂နှစ်က ဟဲ့လျန်စစ်သူကြီး မြို့တော်ကို ဝင်လာတုန်းက အနောက်မြောက်ဘက်က ကစားစရာလေးတွေ ယူလာခဲ့ဖူးပါတယ် ဘုရား။ အဲဒီအထဲမှာ အနီရောင်နဲ့ အပြာရောင် ကျောက်မျက်ရတနာတွေ စီခြယ်ထားတဲ့ ဓားမြှောင်တစ်လက် ပါလာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းသားတချို့က အဲဒါကို တွေ့သွားခဲ့ကြတယ်။ အဲဒီအချိန်က မင်းသား(၇)က အရှင်မင်းကြီးဆီကနေ အဲဒီဓားကို တောင်းခံခဲ့ပါတယ်။ မင်းသား(၉)က တွေ့တော့လည်း သူပါ လိုချင်လာတယ်။ နောက်ပိုင်းကျတော့ အန်းလဲ့မင်းသမီးလေးက မင်းသား(၉)နဲ့ အလောင်းအစားလုပ်ပြီး အဲဒီဓားကို အနိုင်ရသွားခဲ့တာပါ။ ကျွန်တော်မျိုး ကြည့်တာ မမှားဘူးဆိုရင် ဒီကလေးမလေးရဲ့ ပိုးသားအိတ်ထဲက ဟာက အဲဒီဓားပါပဲ ဘုရား"

ချင့်တယ်ဧကရာဇ်က အံ့သြတကြီးဖြင့် မတ်တတ်ရပ်လိုက်သည်။

မိန်းမစိုးလေးက ဆက်လက် လျှောက်တင်လေ၏။ "ကျွန်တော်မျိုး ခုလေးတင် မေးကြည့်တာပါ။ ဒီကလေးမလေးက သူ့ရဲ့အိမ်နာမည်က လျန်လျန် ဖြစ်ပြီး နာမည်ရင်းက ရှန်ကျင်းရော့ လို့ ပြောပါတယ် ဘုရား"

သူက ခေတ္တရပ်သွားပြီးနောက် အသံကို နှိမ့်ကာ လျှောက်တင်လိုက်သည်။ "သူမက သူ့အမေ နာမည်က ရှန်မော့အာ၊ အဖေ နာမည်က ဖုမင်ဇယ် လို့ ပြောပါတယ် ဘုရား"

ချင့်တယ်ဧကရာဇ်မှာ တုန်လှုပ်သွားပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားခဲ့သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ "အဓိပ္ပာယ်မရှိတာတွေ။ အန်းလဲ့မင်းသမီးလေးက ဒီနှစ်မှ အသက် ၁၈ နှစ်တောင် မပြည့်သေးဘူး။ ဒီကလေးက ကြည့်ရတာ ၅ နှစ်၊ ၆ နှစ်လောက် ရှိနေပြီ။ အန်းလဲ့မင်းသမီးလေးက ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးတဲ့ ကလေးကို မွေးနိုင်မှာလဲ။ ဒါ့အပြင် မြို့တော်တစ်ခုလုံးက လူငယ်ပညာတတ်တွေထဲမှာ ဖုမင်ဇယ် ဆိုတဲ့လူကို ဘယ်တုန်းကများ ကြားဖူးခဲ့လို့လဲ"

သူသည် မျက်မှောက်ရှိ အပြစ်ကင်းစင်ကာ ချစ်စရာကောင်းသော ကလေးမလေးကို စိုက်ကြည့်ရင်း စိတ်ကို မာမာထားကာ ပြောလိုက်သည်။ "မြို့တော်ထဲမှာ ဆူပူအုံကြွနေတာကို အခွင့်ကောင်းယူပြီး တစ်စုံတစ်ယောက်က နန်းတော်ထဲကို လူပို့လိုက်တာ သေချာတယ်။ အန်းလဲ့မင်းသမီးလေးရဲ့ နာမည်ကို ဖျက်ဆီးဖို့ပဲ။ မင်း မြန်မြန် အမိန့်ချပြီး ဒီကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းခိုင်းလိုက်"

မိန်းမစိုးလေးက ကမန်းကတန်း ဒူးထောက်လိုက်၏။ "မှန်လှပါ"

ဘေးမှ အစေခံမလေးက လာရောက်ကူညီပြီး ကလေးကို ပွေ့ချီသွားရန် ပြင်လိုက်သည်။ လျန်လျန်က ခေါင်းလှည့်ကာ ထွက်ပြေးလေ၏။ ၂ ချက် ၃ ချက်လောက် လှုပ်ရှားလိုက်ရုံဖြင့် နဂါးကုတင်ပေါ်သို့ ရောက်သွားတော့သည်။ ပိုးသားအိတ်ထဲရှိ ပစ္စည်းများကို ဆွဲယူသွားသဖြင့် ခလောက် ခလောက် ဟူသော အသံများ ထွက်ပေါ်နေခဲ့သည်။

လက်လေးများကို ခါးထောက်ကာ ဟွန့် ကနဲ အသံပြုလိုက်သည်။ ထို့နောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ဓားလေးက ငါ့အဘိုးရဲ့ ဥစ္စာ။ အဘိုးက ပြောတယ်။ ညီတော်(၉)ဆိုတဲ့ အရူးက ဓားကို လုတယ်။ ဒါပေမဲ့ အစ်ကိုတော် သက်တော်ရာကျော် ရှည်ပါစေ။ လျန်လျန် နေ့တိုင်း ပျော်ရွှင်ပါစေ။ နောက်ပိုင်း အကုန်လုံးက လျန်လျန့်ဥစ္စာပဲ တဲ့"

အခြားသူများက သူမ နဂါးကုတင်ပေါ်သို့ ပြေးတက်သွားသည်ကို မြင်သောအခါ ချက်ချင်းပင် ထိတ်လန့်ကာ မျက်နှာများ ဖြူလျော်သွားကြသည်။ "ရဲတင်းလှချည်လား။ မင်း ဒီကလေးမလေး... နဂါးကုတင်ကို ဘယ်လိုလုပ်ပြီး ညစ်ညမ်းစေရဲတာလဲ။ အမြန်ဆင်းခဲ့စမ်း"

သို့သော် ချင့်တယ်ဧကရာဇ်ကတော့ လျန်လျန်၏ ရှေ့နောက်မညီသော စကားအချို့မှ ရင်းနှီးနေသည့် အရိပ်အယောင်တစ်ခုကို အနံ့ခံမိလိုက်သည်။

ညီတော်(၉) အရူးက ဓားလုတယ်၊ အစ်ကိုတော် သက်တော်ရာကျော် ရှည်ပါစေ ဘာညာဆိုတာတွေက တကယ်ပဲ သူတို့မိသားစုက ရှန်လောင်ချီရဲ့ ပြောနေကျ လေသံပဲလေ။

သူပုန်တပ်များက မြို့တော်ကို ဝိုင်းရံပြီး မကြာခင်းမှာပင် ရှန်လောင်ချီက အိမ်တော်ထဲရှိ လူများအားလုံးကို ပြန်လွှတ်လိုက်သည်။ နန်းတော်ထဲသို့ စာတစ်စောင် ပို့လာခဲ့ပြီး သူတို့ သားအဖနှစ်ဦး လုံခြုံစိတ်ချရသော နေရာတစ်ခုတွင် ပုန်းအောင်းနေမည်ဖြစ်ကြောင်းနှင့် သူ့ကို စိတ်မပူရန် ပြောကြားခဲ့၏။

နောက်ပိုင်းတွင်တော့ မည်သည့်သတင်းမှ ထပ်မရတော့ချေ။

ဒါပေမဲ့ မျက်စိရှေ့က ဒီကလေးမလေးက ရှန်လောင်ချီနဲ့ ဘာပတ်သက်မှု ရှိလဲဆိုရင်... ရှန်မော့အာက ဒီလောက်ကြီးတဲ့ ကလေးကို မမွေးနိုင်ဘူး။ ဒါဆို ရှန်လောင်ချီက အပြင်မှာ တိတ်တိတ်လေး ကလေးတစ်ယောက် သွားမွေးထားတာပဲ ဖြစ်ရမယ်။

ဟုတ်တာပေါ့... ဒါက သူပုန်တွေရဲ့ အကြံအစည် ဖြစ်နိုင်ခြေကိုလည်း ဖယ်ချထားလို့ မရဘူးလေ။

သို့သော် ချင့်တယ်ဧကရာဇ်က မျက်စိရှေ့က နို့နံ့မစင်သေးသော ကလေးမလေးကို ကြည့်ရင်း ဤကလေး၏ ဉာဏ်များပြီး သွက်လက်သော ပုံစံမှာ ရှန်မော့အာနှင့် အတော်လေး တူညီနေသည်ဟု အမြဲတမ်း ခံစားနေရသည်။

ငါက အခု သူပုန်တပ်တွေရဲ့ ဝိုင်းရံထားခြင်းကို ခံနေရပြီး အိမ်ခြေယာမဲ့ခွေးတစ်ကောင် ဖြစ်လုနီးပါး ဖြစ်နေပြီဆိုပေမယ့် ငါက ခမ်းနားကြီးကျယ်တဲ့ သာ့လျန်ဧကရာဇ်ပဲလေ။ ဒီလို နို့စို့အရွယ် ကလေးလေးတစ်ယောက်ကိုတောင် ကြောက်နေရမှာလား ဟု သူက စိတ်ထဲမှ တွေးလိုက်၏။

ချင့်တယ်ဧကရာဇ်က သူ့ကိုယ်သူ အချိန်အတန်ကြာ နှစ်သိမ့်ဆင်ခြေပေးလိုက်သည်။ လက်ကာပြကာ နန်းတွင်းသူများကို ထွက်သွားရန် အချက်ပြလိုက်၏။ "ရှောင်ရွှင့်ဇီ နေခဲ့။ ကျန်တဲ့လူတွေ အကုန်ထွက်သွားကြ"

မိန်းမစိုးလေးက တုံ့ဆိုင်းသွားခဲ့သည်။ "အရှင်မင်းကြီး... တကယ်လို့များ..."

ချင့်တယ်ဧကရာဇ်က ခေါင်းခါပြလိုက်သည်။ "တကယ်လို့များဆိုတာ မရှိဘူး။ ငါကိုယ်တော်တို့ ယောကျ်ားကြီး နှစ်ယောက်က ဒီလောက်ကလေးမလေးကို ကြောက်နေရဦးမှာလား။ ကိုယ်တော် သူ့ကို မေးစရာစကားတွေ ရှိသေးတယ်"

မိန်းမစိုးလေးက ကျွန်တော်မျိုးက ယောကျ်ားကြီး မဟုတ်တော့ပါဘူးဟု စိတ်ထဲမှ တွေးလိုက်သည်။ သို့သော်လည်း အရိုအသေပေးလိုက်၏။ "မှန်လှပါ"

သူက လက်ကာပြကာ တခြားသူများကို ထွက်သွားခိုင်းလိုက်တော့သည်။

...

All Chapters