အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အပိုင်း (၁၇၉) Extra - သာ့လျန်စွန့်စားခန်း (၂)
လျန်လျန်က မျက်စိရှေ့က ချင့်တယ်ဧကရာဇ်ကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်၏။ သူမ၏ ပိုးသားအိတ်လေးကို ဆွဲကာ နဂါးကုတင်အတွင်းဘက်သို့ ရွှေ့လိုက်ပြီး ဟန်လုပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "သမီးက သိုင်းတတ်တယ်နော်"
ထိုသို့ပြောဆိုခြင်းက လူကို ခြောက်လှန့်ရန် မလုံလောက်သေးဟု ထင်ဟန်ရှိကာ ထပ်မံပြောဆိုလိုက်၏။ "သမီးရဲ့ အဘိုးက ရပ်ကွက်ကင်းလှည့်အဖွဲ့ကနော်၊ သမီးမေမေက စက်ရုံမှူးနော်၊ ဖေဖေက ဘွဲ့လွန်ကျောင်းသားနော်၊ ဘိုးဘိုးက ဝန်ကြီးနော်၊ ဘွားဘွားက ဒုတိယညွှန်ကြားရေးမှူးနော်၊ ဖုန်းဆက်လိုက်တာနဲ့ သူတို့ ရောက်လာမှာနော်"
ချင့်တယ်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ ဤကလေးမလေး ပြောသောစကားများကို သူ အဘယ်ကြောင့် နားမလည်နိုင်ရသနည်း။
သူက အသံကို တတ်နိုင်သမျှ နူးညံ့အောင်လုပ်ပြီး မေးလိုက်၏။ "သမီးရဲ့ အဘိုးက ပုံမှန်ဆိုရင် ဘာလုပ်ရတာ အကြိုက်ဆုံးလဲ"
လျန်လျန်က မျက်ခုံးလေးများကို ကျုံ့လိုက်သည်။ 'ပုံမှန်ဆိုရင်' ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို သူမ နားမလည်ချေ။ သို့သော် 'အဘိုး' နှင့် 'ဘာလုပ်ရတာ အကြိုက်ဆုံးလဲ' ကိုတော့ နားလည်လေသည်။ သူမက ခေါင်းလေးစောင်းကာ ချင့်တယ်ဧကရာဇ်ကို သေသေချာချာ တစ်ချက်ကြည့်ပြီးနောက် ဖြေလိုက်၏။ "လက်ဖက်ရည်သောက်တယ်၊ လမ်းလျှောက်ထွက်တယ်၊ ပန်းချီဆွဲတယ်လေ"
သူမက အနည်းငယ် ချမ်းအေးနေသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ဘေးနားရှိ အဝါရောင်တောက်တောက် ပိုးသားစောင်ကို တိတ်တဆိတ် ဆွဲယူလိုက်ပြီး မိမိကိုယ်ကိုယ် လုံခြုံလှပြီဟု ထင်မှတ်ကာ ခြေဖဝါးလေးများကို အထဲသို့ ထိုးသွင်းလိုက်၏။ မျက်စိရှေ့ကလူက ဘာမှ ပြန်မပြောသည်ကို မြင်သောအခါ မိမိကိုယ်ကိုယ် လုံခြုံလှပြီဟု ထင်မှတ်ကာ စောင်ကို အပေါ်သို့ ထပ်ဆွဲတင်လိုက်ပြန်သည်။ ဆွဲတင်ရင်း ဆွဲတင်ရင်းဖြင့် နောက်ဆုံးတွင် ခေါင်းလေးတစ်လုံးသာ အပြင်ဘက်သို့ ထွက်နေတော့သည်။
ချင့်တယ်ဧကရာဇ်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့သည်။
သေသေချာချာ ကြည့်မည်ဆိုပါက ဤကလေးငယ်လေး၏ မျက်နှာသွင်ပြင်မှာ ရှန်မော့အာနှင့် ၃ ပုံခန့် တူညီနေသည်မှာ အမှန်ပင်။ အကယ်၍ သူမ၏ အမူအရာနှင့် လှုပ်ရှားမှုများကိုပါ ပေါင်းစပ်ကြည့်မည်ဆိုပါက အနည်းဆုံး ၆ ပုံ၊ ၇ ပုံခန့် တူညီနေလေပြီ။
နန်းတော်တစ်ခွင်ရှိ ကလေးများထဲတွင် ရှန်မော့အာ ငယ်စဉ်ကသာ သည်လောက် ရဲတင်းခဲ့သည်။ သူ့ရင်ခွင်ထဲတွင် ထိုင်ကာ မုန့်စားရင်း သူ့မုတ်ဆိတ်မွေးကိုပင် ဆွဲရဲခဲ့သည် မဟုတ်ပါလား။
"သမီးရဲ့ မေမေကရော... သမီးမေမေက ဘာလုပ်ရတာ ကြိုက်လဲ"
လျန်လျန်က စောင်လေးကို ဆွဲခြုံထားသဖြင့် မချမ်းတော့ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ပိုးသားအိတ်လေးထဲမှ ဓားမြှောင်နှင့် ပုလဲလုံးကြီးကို ပြန်ထုတ်ယူကာ ကိုယ်တိုင် ဆော့ကစားနေရင်း ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်၏။ "စာဖတ်ရတာ ကြိုက်တယ်လေ။ မေမေရော ဖေဖေရော စာဖတ်ရတာ ကြိုက်ကြတယ်။ တက္ကသိုလ်ကျောင်းသားတွေလေ။ လျန်လျန်လည်း ကြီးလာရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေမှာနော်"
စက်ရုံမှူး၊ ဘွဲ့လွန်ကျောင်းသား၊ ဒုတိယညွှန်ကြားရေးမှူး၊ ဖုန်းဆက်သည်၊ တက္ကသိုလ်ကျောင်းသား... အားလုံးက နားမလည်နိုင်သော အရာများသာ ဖြစ်နေလေသည်။
ချင့်တယ်ဧကရာဇ်က ထပ်မေးလိုက်သည်။ "ဒီဓားက သမီးရဲ့ အဘိုး ပေးထားတာလား"
ကလေးမလေး၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။ စိတ်ထဲတွင် လိပ်ပြာမလုံစွာဖြင့် ဓားကို ရင်ခွင်ထဲသို့ ပိုက်ထားလိုက်ပြီး ချင့်တယ်ဧကရာဇ်ကို ခိုးပြီး တစ်ချက်ကြည့်ကာ နှုတ်ခမ်းလေးစူြီး ပြောလိုက်၏။ "အဘိုးမှာ အိမ်ကြီး အကြီးကြီး တစ်လုံး ရှိတယ်။ အထဲမှာ သေတ္တာတွေ အများကြီးပဲ။ အဘိုးက တစ်ချိန်လုံး ငိုနေတာ"
သူမက ခေါင်းလေးစောင်းကာ စဉ်းစားလိုက်ပြီးနောက် ရှန်ရှောက်ယွမ်၏ ပုံစံကို တုပကာ ဓားမြှောင်ကို ပိုက်ထားလိုက်သည်။ ထို့နောက် ငိုသံပါပါဖြင့် ပြောလိုက်၏။ "အစ်ကိုတော်... ဘယ်လိုနေလဲ မသိဘူး။ ညီတော် ဒီကမ္ဘာကို ရောက်လာကတည်းက သာ့လျန်ကို လွမ်းနေတာပဲ။ စစ်ကူတွေ မြန်မြန်ရောက်လာပြီး ဘေးအန္တရာယ်ကနေ ကယ်တင်နိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ အစ်ကိုတော် သက်တော်ရာကျော် ရှည်ပါစေ..."
"ဒီဘဝတော့ အစ်ကိုတော်ကို မမြင်ရတော့ဘူးလေ။ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲက မှင်သွေးကျောက်ပြားတွေကိုလည်း လွမ်းတယ်..."
ဤတစ်ကြိမ်တွင်တော့ ချင့်တယ်ဧကရာဇ်၏ မျက်နှာအမူအရာ ထူးဆန်းသွားရုံသာမက ဘေးတွင် ရိုသေစွာ ရပ်နေသော ရှောင်ရွှင့်ဇီပင်လျှင် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်ကို မထိန်းချုပ်နိုင်ခဲ့ချေ။ ရှောင်ရွှင့်ဇီက ဧကရာဇ်၏ မျက်နှာအမူအရာကို အကဲခတ်ကာ အသံတိုးတိုးဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး ကြည့်ရတာ ဒီကလေးမလေးက မင်းသား(၇)နဲ့ တကယ်ကို တူနေပါတယ် ဘုရား"
တစ်နေ့လုံး ဧကရာဇ်၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှ ရွှေချိန်ထောင်ချီပေး၍ပင် ဝယ်ယူရန် ခက်ခဲသော ထိုမှင်သွေးကျောက်ပြားများကိုသာ မျက်စိကျနေသူမှာ ကောင်းကင်အောက် မြေပြင်အထက်တွင် မင်းသား(၇)ရှန်ရှောက်ယွမ် တစ်ဦးတည်းသာ ရှိလေသည်။
ချင့်တယ်ဧကရာဇ်သည်လည်း ဤသို့ မတွေးဘဲ နေနိုင်ပါမည်လား။
ဤကဲ့သို့ ငိုယိုဟန်ဆောင်နေသော ပုံစံမှာ အငယ်ဆုံးမင်းသား(၇)နှင့် အလွန်ပင် တူညီနေသည်။
ချင့်တယ်ဧကရာဇ်မှာ ဤကလေးငယ်လေးသည် မင်းသား(၇)အပြင်တွင် မွေးထားသော ကလေးဖြစ်သည်ဟု တကယ်ပင် သံသယဝင်သွားခဲ့သည်။ သို့သော် ဤကလေးက သူ့အိပ်ဆောင်အတွင်းသို့ အကြောင်းရင်းမရှိဘဲ ပေါ်လာခြင်းကတော့ နေရာတိုင်းတွင် ထူးဆန်းမှုများ ပြည့်နှက်နေဆဲပင်။
သူက လျန်လျန်ကို သည်နေရာသို့ မည်သို့ရောက်လာသနည်းကို သွယ်ဝိုက်သော နည်းလမ်းများဖြင့် မေးမြန်းခဲ့သည်။ ကြားထဲတွင် ကလေးမလေးမှာ အမေးခံရလွန်းသဖြင့် ငိုသွားခဲ့ပြီး ရှောင်ရွှင့်ဇီမှာ အတော်ကြာအောင် ကပျာကယာ ချော့မော့လိုက်ရမှသာ တိတ်သွားတော့သည်။ ငိုရလွန်းသောကြောင့် ပင်ပန်းသွားသည် ထင်၏။ ကလေးမလေးက နဂါးစောင်ကို လိပ်ခြုံကာ အိပ်ပျော်သွားတော့သည်။
ချင့်တယ်ဧကရာဇ်က နဂါးကုတင်ပေါ်တွင် ထိုင်လျက် အတော်ကြာအောင် မှင်သက်နေပြီးနောက် အက်ကွဲသောအသံဖြင့် မေးလိုက်သည်။ "ရှောင်ရွှင့်ဇီ... ဒီကလေး ပြောတာကို မင်း ယုံလား"
ရှောင်ရွှင့်ဇီသည်လည်း အလွန်အမင်း တုန်လှုပ်နေခဲ့သည်။ နံရံပေါ်တွင် တံခါးပေါက် ပွင့်လာသည်၊ ထွက်လာသည်နှင့် အိပ်ဆောင်ဖြစ်နေသည်၊ ထွက်လာပြီးနောက် တံခါးပေါက်က ပျောက်ကွယ်သွားသည်... ဤအကြောင်းအရာများကို နားထောင်ရသည်မှာ လုံးဝ ယုံကြည်နိုင်ဖွယ် မရှိပေ။
ထုံးစံအရဆိုလျှင် မဖြစ်နိုင်ခြေ။ သို့သော် အကယ်၍ သည်လို မဟုတ်ပါက လုံခြုံရေး အလွန်တင်းကျပ်လှသော နန်းတော်အတွင်း၌ ဤအသက်အရွယ်သာရှိသေးသော ကလေးငယ်လေးတစ်ယောက် ဧကရာဇ်၏ အိပ်ဆောင်အတွင်းသို့ ရုတ်တရက် ရောက်လာရသည့် အကြောင်းအရင်းကို မည်သို့ ရှင်းပြမည်နည်း။
"အရှင်မင်းကြီး... ကျွန်တော်မျိုး နားထောင်ကြည့်ရသလောက်တော့ အဲဒီ အိမ်အကြီးကြီးဆိုတာ မင်းသား(၇)အိမ်တော်က လျှို့ဝှက်ဘဏ္ဍာတိုက်နဲ့ တော်တော်လေး တူနေပါတယ်။ မနှစ်က မင်းသား(၁၂) မင်းသား(၇)အိမ်တော်ကို အလည်သွားတုန်းက အဲဒီ လျှို့ဝှက်ဘဏ္ဍာတိုက်ထဲကို မတော်တဆ ဝင်သွားခဲ့ဖူးပါတယ်။ ကျွန်တော်မျိုးလည်း မင်းသားနဲ့အတူ ဝင်ကြည့်ခဲ့ဖူးပါတယ် ဘုရား"
ချင့်တယ်ဧကရာဇ်က ခဏတာ စဉ်းစားလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။ "လူလွှတ်ပြီး သွားစုံစမ်းခိုင်းလိုက်"
ရှောင်ရွှင့်ဇီက "မှန်လှပါ" ဟု ဖြေကြားလိုက်ပြီးနောက် မေးလိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုး သခင်လေးကို ဘေးဘက်အဆောင်က ကုတင်ပေါ်ကို အရင်ရွှေ့ပေးရမလား ဘုရား"
ချင့်တယ်ဧကရာဇ်က နဂါးကုတင်ပေါ်တွင် ဘောလုံးလေးလို လိပ်ခွေနေသော ကလေးမလေးကို တစ်ချက်ကြည့်လိုက်ပြီး လက်ကာပြလိုက်သည်။ "ထားလိုက်ပါတော့။ မင်း အဲဒီအိတ်ကိုပဲ အပြင်ထုတ်သွားလိုက်ပါ"
အကယ်၍ ဤကလေးမလေး ပြောသည်များက အမှန်သာဆိုလျှင် သူမ နိုးလာချိန်တွင် လူကို မတွေ့ပါက ပိုထိတ်လန့်စိုးရိမ်သွားမည်ကို ပူပန်ရပေသည်။
သန်းခေါင်ယံအချိန်တွင် သည်လို ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက် ချင့်တယ်ဧကရာဇ်သည်လည်း ပင်ပန်းသွားသည်ဟု ခံစားလိုက်ရသည်။ နန်းတွင်းသူများကို စောင်နောက်တစ်ထည် ယူခိုင်းလိုက်ပြီး နဂါးကုတင်၏ အပြင်ဘက်ခြမ်းတွင်ပင် အိပ်စက်လိုက်တော့သည်။
တစ်ညလုံး အိပ်မက်မမက်ခဲ့ချေ။
ဒုတိယနေ့တွင် ချင့်တယ်ဧကရာဇ် နိုးလာသောအခါ ရှားရှားပါးပါးပင် စိတ်ကြည်လင်လန်းဆန်းနေသည်ဟု ခံစားလိုက်ရသည်။
ဤရက်ပိုင်းအတွင်း မြို့တော်ရှိ ပြည်သူများနှင့် သာ့လျန်၏ အနာဂတ်အတွက် စိုးရိမ်ပူပန်နေရသဖြင့် သူသည် လဝက်ကျော်တိုင်အောင် ကောင်းစွာ အိပ်မပျော်ခဲ့ရချေ။ အိပ်ပျော်သွားလျှင်ပင် မကြာခဏ အိပ်မက်ဆိုးများ မက်လေ့ရှိသည်။ မနေ့ညကမှသာ ဘာအိပ်မက်မှ မမက်ဘဲ မိုးလင်းသည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
ကုတင်ထောင့်တွင် တင်ပျဉ်ခွေထိုင်ကာ ရွှေတုံးလေးများဖြင့် ကစားနေသော ကလေးမလေးကို မြင်သောအခါမှ ချင့်တယ်ဧကရာဇ်မှာ မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သတိရသွားတော့သည်။
"ရှောင်ရွှင့်ဇီ"
ချင့်တယ်ဧကရာဇ်က လှမ်းခေါ်လိုက်သောအခါ ရှောင်ရွှင့်ဇီသည် နန်းတွင်းသူများကို ခေါ်ဆောင်ကာ ဧကရာဇ် မျက်နှာသစ်ရန်အတွက် အလျင်အမြန် ဝင်ရောက်လာခဲ့သည်။ လျန်လျန်က ရွှေတုံးလေးများကို ခလောက် ခလောက် မြည်အောင် ကစားနေရင်း ချင့်တယ်ဧကရာဇ်ကို စပ်စုလိုစိတ်ဖြင့် အကြိမ်အနည်းငယ် ကြည့်လိုက်၏။
ချင့်တယ်ဧကရာဇ် မျက်နှာသစ်ပြီးစီးသွားသောအခါ ရှောင်ရွှင့်ဇီက အခြားနန်းတွင်းသူများကို ထွက်သွားစေလိုက်ပြီး ချင့်တယ်ဧကရာဇ်၏ အနားသို့ ကပ်ကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... မင်းသား(၇)အိမ်တော်က လျှို့ဝှက်ဘဏ္ဍာတိုက်က... အတောင်ပံမပါဘဲ ပျောက်ကွယ်သွားပါတယ် ဘုရား"
ချင့်တယ်ဧကရာဇ်မှာ အံ့သြတကြီးဖြင့် မတ်တတ်ရပ်လိုက်မိသည်။ "ဘာ"
ရှောင်ရွှင့်ဇီက လျှောက်တင်လေသည်။ "မင်းသား(၇)အိမ်တော်က လျှို့ဝှက်ဘဏ္ဍာတိုက်က အစကတည်းက ကျောက်ဆောင်တုတွေကြားမှာ တည်ဆောက်ထားတာပါ။ ဒါကြောင့်လည်း မင်းသား(၁၂) ဆော့ကစားရင်း မတော်တဆ ဝင်သွားခဲ့တာပါ။ ဒါပေမဲ့ ဒီမနက် တော်ဝင်သက်တော်စောင့်တွေ အိမ်တော်ထဲ ဝင်သွားတော့ ကျောက်ဆောင်တုတွေ ကြားမှာ ဟာလာဟင်းကြီး ဖြစ်နေတာကိုပဲ တွေ့ခဲ့ရပါတယ်။ သစ်သားတစ်ချောင်းတောင် မကျန်ခဲ့ပါဘူး ဘုရား"
ဤသည်မှာ တကယ်ကို ယုံကြည်နိုင်ဖွယ် မရှိလောက်အောင်ပင်။
သွားရောက်စုံစမ်းသော တော်ဝင်သက်တော်စောင့်များမှာ ထိုနေရာသည် မူလက မင်းသား(၇)အိမ်တော်၏ လျှို့ဝှက်ဘဏ္ဍာတိုက်ဖြစ်ကြောင်း မသိရှိကြချေ။ ပြန်လည်လျှောက်တင်ချိန်တွင် ကျောက်ဆောင်တုများကြား၌ ဟာလာဟင်းကြီး ဖြစ်နေပြီး အလွန်ထူးဆန်းနေကြောင်းကိုသာ လျှောက်တင်ခဲ့ကြသည်။
အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ရှောင်ရွှင့်ဇီက ထပ်ပြောသည်။ "တော်ဝင်သက်တော်စောင့်တွေက နေရာအနှံ့ ရှာဖွေခဲ့ပေမယ့် မင်းသား(၇)နဲ့ မင်းသမီးလေးတို့ကို မတွေ့ခဲ့ပါဘူး ဘုရား"
ချင့်တယ်ဧကရာဇ်သည် အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
ဒီ... ဒီကိစ္စက တကယ်ကို မယုံနိုင်စရာပင်။
သို့သော် နတ်ဒေဝါတို့၏ တန်ခိုးစွမ်းအား မဟုတ်ပါက သည်လောက်ကြီးမားလှသော ဘဏ္ဍာတိုက်ကြီး ရုတ်တရက် အတောင်ပံမပါဘဲ ပျံသန်းပျောက်ကွယ်သွားခြင်းကို မည်သို့ ရှင်းပြရပါမည်နည်း။
သာ့လျန် တော်ဝင်မိသားစုမှာ ဝူမျိုးနွယ်စု၏ သွေးဆက်များ ဖြစ်ကြသည်။ မူလကတည်းက မှော်ပညာ၊ နတ်ဆိုးများနှင့် ပတ်သက်၍ ထူးခြားသော ကြောက်ရွံ့ရိုသေစိတ် ရှိကြသည်။ ယခု သက်သေအထောက်အထားက မျက်စိရှေ့တွင် ရှိနေပြီဖြစ်ရာ ချင့်တယ်ဧကရာဇ်အနေဖြင့် မဖြစ်နိုင်ဟု ဘယ်လိုပဲ တွေးနေပါစေ လက်တွေ့ကို ရင်ဆိုင်ရပေတော့မည်။
သူ၏ အားကိုးမရသော ညီတော်သည် တစ်စုံတစ်ရာသော ထူးခြားဆန်းကြယ်သည့် ကိစ္စရပ်များနှင့် ကြုံတွေ့ခဲ့ရပုံပေါ်သည်။
ချင့်တယ်ဧကရာဇ်က ခေါင်းလှည့်ကာ နဂါးကုတင်ပေါ်ရှိ ကလေးမလေးကို ကြည့်လိုက်၏။ နဖူးကို ပွတ်သပ်လိုက်ပြီး အမိန့်ပေးလိုက်၏။ "ပွဲတော် အရင် တည်ခိုင်းလိုက်"
သူပုန်တပ်များ မြို့တော်ကို ဝိုင်းရံပြီးနောက် ဧကရာဇ်၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် နံနက်ခင်း ညီလာခံကို ရပ်နားထားခဲ့သည်။ အရေးပါသော မှူးမတ်အချို့မှလွဲ၍ နန်းတော်အတွင်းသို့ အခြားသူများ ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင်ထားခဲ့သည်။
နန်းတော်အတွင်း၌ ရိက္ခာများ လုံလောက်စွာ ရှိနေသေးသော်လည်း စစ်ကူများက အချိန်မီ ရောက်မလာသေးပေ။ မည်မျှကြာအောင် ဝိုင်းရံခံထားရမည်ကိုလည်း မသိရသဖြင့် နန်းတွင်းစားသောက်မှု ပုံစံများတွင်လည်း တတ်နိုင်သမျှ ခြိုးခြံချွေတာနေကြရသည်။
သို့သော် ဘယ်လောက်ပဲ ခြိုးခြံချွေတာပါစေ ဧကရာဇ်၏ နံနက်ပွဲတော်စာမှာ ဆိုးရွားလိမ့်မည် မဟုတ်ပေ။
လျန်လျန်လေးမှာ ဗိုက်ဆာလွန်းသဖြင့် ဗိုက်ထဲမှ အသံများပင် ထွက်နေလေပြီ။ သို့သော် ဤနေရာမှာ အလွန်စိမ်းသက်နေပြီး လူတိုင်း၏ ဝတ်စားဆင်ယင်မှု၊ စကားပြောဆိုမှုနှင့် ပြုမူပုံများက ထူးဆန်းနေသဖြင့် ကလေးမလေးက ဗိုက်ဆာသည်ဟု အသံထွက်မအော်ရဲဘဲ အမြဲတမ်း သည်းခံကာ တိတ်တဆိတ် အကဲခတ်နေခဲ့သည်။
နံနက်ပွဲတော် တည်ခင်းပြီးသည်နှင့် သူမက ပန်းကန်လုံးငယ်လေး တည်ခင်းထားသော ဘက်တွင် ချက်ချင်း ဝင်ထိုင်လိုက်သည်။ တူကို ကိုင်ကာ လူကြီးတစ်ယောက်လိုပင် စတင်စားသောက်တော့သည်။
ဘေးမှ နန်းတွင်းသူက အစက သူမကို ခွံ့ကျွေးရန် ရည်ရွယ်ထားခဲ့သော်လည်း ချင့်တယ်ဧကရာဇ်က သူမ ဟင်းနှိုက်သောလက်မှာ အလွန်တည်ငြိမ်နေပြီး သူမကိုယ်တိုင် စားသောက်နေကျဖြစ်ကြောင်း သိသာနေသဖြင့် လက်ကာပြကာ နန်းတွင်းသူကို ထွက်သွားခိုင်းလိုက်သည်။
ကလေးမလေးက အလွန်မြိန်ယှက်စွာ စားသောက်နေသဖြင့် ဤရက်ပိုင်းအတွင်း အစားအသောက်ပျက်နေသော ချင့်တယ်ဧကရာဇ်မှာလည်း မသိမသာဖြင့် အတော်လေး စားမိသွားတော့သည်။
စားသောက်ပြီးစီးသွားသောအခါ လျန်လျန်က ချင့်တယ်ဧကရာဇ်ကို တိတ်တိတ်လေး တစ်ချက်ကြည့်လိုက်လေသည်။ ဤအဘိုးက သဘောကောင်းပုံရပြီး သူမကို အရသာရှိသော မုန့်များ ကျွေးမည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ကလေးမလေးက အခွင့်အရေးယူကာ ပြောလိုက်၏။ "အဘိုး... သမီးကို တံခါးကြီး ရှာပေးလို့ရမလား။ လျန်လျန် အိမ်ပြန်ချင်လို့"
ချင့်တယ်ဧကရာဇ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "သမီးက ကိုယ်တော်ကို ဘကြီး... အဘိုးတော်လို့ ခေါ်ရမယ်"
တကယ်တမ်းတွင် ဤကလေးငယ်လေးမှာ မင်းသား(၇)၏ ကလေးဖြစ်မည်ဟု သူ အနည်းငယ် သံသယရှိနေဆဲဖြစ်သည်။ သို့သော် မင်းသား(၇)၏ လျှို့ဝှက်ဘဏ္ဍာတိုက်ကြီးက အတောင်ပံမပါဘဲ ပျံသန်းပျောက်ကွယ်သွားပြီဖြစ်ရာ ဤကလေး ပြောသည်များက အမှန်ပင် ဖြစ်နိုင်ခြေရှိသည်။ မင်းသား(၇)နှင့် ရှန်မော့အာတို့ အခြားတစ်နေရာသို့ ထွက်သွားပြီး ရှန်မော့အာက အိမ်ထောင်ကျကာ ကလေးမွေးဖွားပြီး ဤကဲ့သို့ ချစ်စရာကောင်းသော ကလေးမလေးကို ရရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လျန်လျန်က ချင့်တယ်ဧကရာဇ်ကို စပ်စုလိုစိတ်ဖြင့် ကြည့်လိုက်၏။ "အဘိုးဝမ်က ဝမ် မျိုးရိုး၊ အဘိုးကျန်းက ကျန်း မျိုးရိုး၊ အဘိုးကျောက်က ကျောက် မျိုးရိုးလေ။ အဘိုးက အဘိုးတော် မျိုးရိုးလား"
လမ်းထဲတွင် အဒေါ်အိုးယန် တစ်ယောက် ရှိသည်။ မေမေက အိုးယန်ဆိုသည်မှာ အမည်နှစ်လုံးတွဲ မျိုးရိုးဖြစ်သည်ဟု ပြောဖူးသည်။ အဘိုးတော်ဆိုသည်မှာလည်း အမည်နှစ်လုံးတွဲ မျိုးရိုးများ ဖြစ်နေမလား။
ချင့်တယ်ဧကရာဇ်က နဖူးကို ပွတ်သပ်လိုက်သည်။ "သမီးရဲ့ မယ်တော်က ကိုယ်တော့်ကို ဘကြီးတော်လို့ ခေါ်တော့ သမီးက ကိုယ်တော့်ကို အဘိုးတော်လို့ ခေါ်ရမှာပေါ့"
လျန်လျန်က နားလည်သလိုလို နားမလည်သလိုလိုဖြင့် ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်သည်။ "အဘိုးတော်က လျန်လျန်ကို တံခါးကြီး ရှာပေးလို့ရမလား"
ချင့်တယ်ဧကရာဇ်က ခဏတာ စဉ်းစားလိုက်ပြီး ပြောလိုက်၏။ "နောက်ရက်နည်းနည်း ကြာလို့ရှိရင် တော်ဝင်အကြံပေးအမတ် ပြန်ရောက်လာရင်တော့ ရနိုင်ကောင်းပါတယ်"
တော်ဝင်အကြံပေးအမတ်မှာ တောင်ဘက်အရပ်ရှိ လူရိုင်းများကို နှိမ်နင်းရန် ထွက်သွားခဲ့သည်။ သို့မဟုတ်ပါက သူတို့မှာ လူမျိုးခြားများ၏ အခွင့်ကောင်းယူ ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံရကာ မြို့တော်အထိပင် တိုက်ခိုက်ခံရမည် မဟုတ်ချေ။
ယခု မြို့တော် ဝိုင်းရံခံထားရသဖြင့် တော်ဝင်အကြံပေးအမတ် သတင်းရရှိပါက သေချာပေါက် တပ်ခေါက်ကာ စစ်ကူလာလိမ့်မည်။ မြို့တော်က တော်ဝင်အကြံပေးအမတ် ပြန်ရောက်လာသည်အထိ တောင့်ခံနိုင်မည်လား ဆိုတာကိုတော့ မသိနိုင်ချေ။
လျန်လျန်က သက်ပြင်းချလိုက်သည်။ "အင်း... အဘိုးက သမီးကို ရှာမတွေ့ရင် ပုန်းပြီး ငိုနေမလား မသိဘူး"
ချင့်တယ်ဧကရာဇ် : "..."
ဤကလေးက မိဘအပေါ် သိတတ်သည့် စိတ်ထားလေး အနည်းငယ်တော့ ရှိပါသည်။ သို့သော် အများကြီးတော့ မဟုတ်ပေ။
လျန်လျန်လေးသည် ထိုသို့ဖြင့် ချင့်တယ်ဧကရာဇ်၏ အိပ်ဆောင်အတွင်း၌ နေထိုင်သွားတော့သည်။ နေ့ခင်းဘက်တွင် ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ရပြီး ညဘက်တွင် နဂါးကုတင်ပေါ်၌ အိပ်ရသည်။ ချင့်တယ်ဧကရာဇ်က ကလေးမငိုအောင် ချော့မော့ရန်အတွက် ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းကောင်း အတော်များများကို ယူဆောင်လာကာ သူမကို ဆော့ကစားခွင့်ပေးခဲ့သည်။
ချင့်တယ်ဧကရာဇ်သည် ဤကလေးမလေး၏ ပါးစပ်မှတစ်ဆင့် အကြောင်းအရာများစွာကို သိရှိလာခဲ့ရသည်။
ဥပမာအားဖြင့် သူတို့ တစ်မိသားစုလုံး နေထိုင်သော နေရာကို ယုံနင်လမ်းသွယ်ဟု ခေါ်သည်။ ပုံမှန်ဆိုလျှင် မင်းသား(၇)က သူမကို ခေါ်ဆောင်ကာ အိမ်နီးချင်းများနှင့် လက်ဖက်ရည်သောက်ခြင်း၊ ပြဇာတ်ရုံသို့ လည်ပတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ တစ်ခါတစ်ရံတွင် ရုပ်ပြစာအုပ်ဟုခေါ်သော အရာတစ်ခုကိုလည်း ဆွဲလေ့ရှိပြီး ထိုရုပ်ပြစာအုပ်မှတစ်ဆင့် မင်းသား(၇)သည် စာမူခ အနည်းငယ် ရရှိနိုင်သည်။ စာမူခရရှိသောအခါ မင်းသား(၇)က ဤကလေးကို ကုန်တိုက်ကြီးဟုခေါ်သော နေရာတစ်ခုသို့ ခေါ်သွားကာ သကြားလုံး၊ ဘီစကစ်နှင့် ကိတ်မုန့်များကို ဝယ်ကျွေးလေ့ရှိသည်။
ကလေး၏ ဖခင်နှင့် မိခင်မှာ မြို့တော်တက္ကသိုလ်ဟုခေါ်သော နေရာတစ်ခုတွင် အတူတူ စာသင်ကြားနေကြပြီး စက်ဘီးဟုခေါ်သော အရာတစ်မျိုးကို စီးနင်းကာ ကျောင်းသို့ သွားလေ့ရှိကြသည်။ ကလေး၏ မိခင်မှာ လူများအတွက် အဝတ်အထည်များ ချုပ်လုပ်ပေးသော စက်ရုံတစ်ခုကို ဖွင့်လှစ်ထားပြီး နေ့စဉ် အလွန်အလုပ်များကြသည်။
ကလေး၏ အဘိုးနှင့် အဘွားမှာ လမ်းသွယ်တစ်ခုအတွင်း၌ နေထိုင်ကြသည်။ သူတို့နှစ်ဦးစလုံး အပြင်တွင် "အလုပ်ဆင်း" ကြသည်။ အဘိုးဖြစ်သူတွင် "အိမ်စီးကား" ဟုခေါ်သော ယာဉ်တစ်မျိုး ရှိပြီး ဤကားမျိုးမှာ မြင်းလည်း မလို၊ မြည်းလည်း မလိုပေ။ လူက အထဲတွင် ထိုင်ကာ "စတီယာရင်" ဟုခေါ်သော အရာကို လှည့်ပေးရုံဖြင့် လူကို တင်ဆောင်ကာ ရွေ့လျားသွားနိုင်လေသည်။
ကလေးမှာ "သူငယ်တန်း" ဟုခေါ်သော နေရာတစ်ခုတွင် ကျောင်းတက်ရသည်။ အတူတူ ကျောင်းတက်သူများထဲတွင် ယောကျ်ားလေးများရော မိန်းကလေးများပါ ရှိကြသည်။ ကလေးပြောပုံအရ ထိုနေရာတွင် အိမ်တိုင်းအိမ်တိုင်း ယောကျ်ားလေး မိန်းကလေး မရွေး အသက်အရွယ် ရောက်လာသည်နှင့် "သူငယ်တန်း" သို့ ကျောင်းတက်ရသည်ဟု ဆိုသည်။
"အိမ်စီးကား" အပြင် ကလေးက "ရထား" ဟုခေါ်သော အရာတစ်ခုအကြောင်းကိုလည်း ပြောပြခဲ့သေးသည်။ အိမ်ငယ်လေးများစွာကို ဆက်တိုက်ချိတ်ဆက်ထားသော "ရထား" မှာ နွားနှင့် မြင်းများကို အသုံးမပြုဘဲ သူ့အလိုလို ရွေ့လျားနိုင်ကာ မြို့တော်မှ အလွန်ဝေးကွာသော နေရာများအထိ လူများကို တင်ဆောင်သွားနိုင်သည်။
"လေယာဉ်ပျံ" ဟုခေါ်သော အရာတစ်မျိုးပင် ရှိသေးပြီး လူများကို တင်ဆောင်ကာ ကောင်းကင်ယံတွင် ပျံသန်းနိုင်သည်ဟု ဆိုသည်။
...
ပိုမိုသိရှိလာရလေလေ၊ ချင့်တယ်ဧကရာဇ်မှာ ဤကလေးငယ်လေးသည် သူ၏ ညီတော် ၇ ၏ မြေးမလေးဖြစ်ကြောင်းကို ပိုမိုလက်ခံနိုင်လာလေလေ ဖြစ်လာသည်။
နောက်ဆုံး ဤလောကတွင် သည်လောက် စိတ်ကူးယဉ်ဆန်သော အရာများကို ဘယ်သူမှ လုပ်ကြံဖန်တီးနိုင်မည် မဟုတ်ဟု ချင့်တယ်ဧကရာဇ် ယုံကြည်ထားသည်။ အထူးသဖြင့် အသက် ၅နှစ်အရွယ် ကလေးငယ်လေးတစ်ယောက်က ပိုလို့ပင် မဖြစ်နိုင်ချေ။
ထို့ကြောင့် များသောအားဖြင့် သူမ ပြောသည့်များအားလုံးမှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။
မင်းသား(၇)လည်း ပျောက်ဆုံးနေပြီဖြစ်ကာ ဤကလေးမှာလည်း မင်းသား(၇)မိသားစုမှ ဖြစ်နေသဖြင့် ချင့်တယ်ဧကရာဇ်သည် ဤကလေးကို မိမိ၏ ကလေးအရင်းကဲ့သို့ သဘောထားကာ နန်းတော်အတွင်း၌ ကောင်းစွာ ကျွေးမွေးပြုစုထားလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် မြို့တော်မှ ၁၀မိုင်ကျော်ဝေးသော သူပုန်တပ်စခန်းအတွင်း၌ လူမျိုးခြား သူပုန်တပ်များ၏ သိမ်းသွင်းခြင်းကို ခံထားရသော သာ့လျန် စစ်သည်တစ်စုမှာ စုဝေးကာ အရက်သောက်နေကြသည်။
"အင်း... ငါတို့က ဘယ်လိုပဲဖြစ်ဖြစ် သေရမယ့်လူတွေပဲ။ တစ်နေ့ အရက်သောက်နိုင်၊ အသားစားနိုင်ရင် တစ်နေ့ အမြတ်ထွက်တယ်လို့ပဲ သဘောထားလိုက်တော့"
"အဲဒီ လူမျိုးခြားတွေက ငါတို့ကို အသက်ရှင်ခွင့်ပေးထားတာက ရှေ့တန်းကနေ သေမင်းဆီကို ပို့ဖို့ပဲလေ။ ဟားဟား... ငါပြောရရင်တော့ သေမထူး နေမထူး နေနေရမယ့်အစား အသက်စွန့်ပြီး တစ်ခါလောက် တိုက်ခိုက်လိုက်တာက ပိုကောင်းမယ်"
ဤစကားထွက်ပေါ်လာသည်နှင့် တဲအတွင်း၌ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
သူတို့သာ အသက်စွန့်ပြီး တိုက်ခိုက်ရဲပါက ယခုအချိန်တွင် ဤနေရာ၌ ရှိနေပါမည်တဲ့လား။ အကယ်၍ သူတို့သာ အသက်ကို နှမြောပြီး သေရမည်ကို မကြောက်ပါက လူမျိုးခြားများထံသို့ လက်နက်ချကာ သူပုန်တပ်များ၏ သိမ်းသွင်းခြင်းကို မည်သို့များ ခံရပါမည်နည်း။
"ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။ ဒါတွေ ပြောနေပြီး ဘာလုပ်ရမှာလဲ၊ အရက်သာ သောက်ကြ" မျက်နှာဖြူဖြူနှင့် မုတ်ဆိတ်မွေးမရှိသော ယောကျ်ားတစ်ယောက်က သူ့ဘေးတွင် ထိုင်နေသော ဆံပင်ဖရိုဖရဲနှင့် ညစ်ပတ်ပေရေနေသည့် ယောကျ်ားကို ပုတ်ကာ ပြောလိုက်သည်။ "လာ... လောင်ဖု... ငါတို့ သောက်ကြရအောင်"
"လောင်ဖု"က ကြည်လင်တောက်ပနေသော မျက်ဝန်းများဖြင့် ရှိနေသူအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အရက်ဘူးကို မြှောက်ကာ အချက်ပြလိုက်လေတော့သည်။
...
အပိုင်း (၁၈၀) Extra- သာ့လျန်စွန့်စားခန်း (၃)
ဖုမင်ဇယ် ဤကမ္ဘာသို့ ရောက်ရှိနေသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။
လွန်ခဲ့သောရက်ပိုင်းက သူသည် စမ်းသပ်ခန်းထဲတွင် နေ့ရောညပါ အလုပ်များနေခဲ့သည်။ ထို့နောက် တစ်နေ့တွင် တကယ်ပင် တောင့်မခံနိုင်တော့သဖြင့် စမ်းသပ်ခန်းအပြင်ဘက်ရှိ ကုတင်ငယ်လေးပေါ်တွင် ခဏအိပ်လိုက်၏။ ရလဒ်အနေဖြင့် နိုးလာသောအခါ သာ့လျန်ဟုခေါ်သော ဤနေရာသို့ ရောက်ရှိနေခဲ့သည်။
ဤကာလအတွင်း သူ အလွန်အလုပ်များနေခဲ့သဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုပင် ရှင်းလင်းရန် အချိန်မရှိခဲ့ချေ။ သူ၏ တစ်ကိုယ်လုံးမှာ စုတ်ပြတ်သပ်ကာ ဖရိုဖရဲ ဖြစ်နေသည်။ ထို့ကြောင့် ဤစစ်သည်များကြားတွင် ရောနှောနေသော်လည်း နည်းနည်းလေးမှ ထူးခြားမနေခဲ့ပေ။
ရှေ့မလှမ်းမကမ်းတွင် သာ့လျန်၏ မြို့တော် ရှိသည်။ သူပုန်တပ်များ ဝိုင်းရံထားသည်မှာ အတော်ကြာပြီဖြစ်သော်လည်း ယခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။ မကြာသေးမီက စစ်စခန်းအတွင်းရှိ လေထုမှာ အလွန်ပင် ဂနာမငြိမ် ဖြစ်နေကြ၏။ ဖုမင်ဇယ်က သာ့လျန်၏ စစ်ကူများ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
တကယ်တမ်းတွင် သူ့အတွက်တော့ သာ့လျန်လူမျိုးများဖြစ်စေ၊ လူမျိုးခြားများဟု ခေါ်ဆိုသူများဖြစ်စေ သူ့နှင့် ဘာမှ မသက်ဆိုင်ချေ။ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိချင်ရုံသာဖြစ်သည်။ နောက်တစ်ချက်မှာ သူ့ကမ္ဘာသို့ ပြန်သွားနိုင်မည့် နည်းလမ်းဖြစ်သည်။
သို့သော် လွန်ခဲ့သောရက်အနည်းငယ်က ဝါရင့်စစ်သားဟောင်းတစ်ဦး၏ ပါးစပ်မှတစ်ဆင့် သူ ရုတ်တရက် သိရှိခဲ့ရသည်။ ဤသာ့လျန်၏ တော်ဝင်မျိုးနွယ်မှာ ရှန် မျိုးရိုးဖြစ်သည်။ ဧကရာဇ်နှင့် အရင်းနှီးဆုံးဖြစ်သော မင်းသား(၇)၏ အမည်မှာ ရှန်ရှောက်ယွမ် ဖြစ်ပြီး ထိုမင်းသား(၇)သည် စာပေနှင့် ပန်းချီကို ကျွမ်းကျင်သည်။ ငယ်ရွယ်စဉ်ကတည်းက ဇနီးသည် ဆုံးပါးသွားခဲ့ပြီး သမီးတစ်ဦးတည်းသာ ရှိကြောင်းကိုပင်။
ထိုဝါရင့်စစ်သားဟောင်းက တော်ဝင်ဆွေမျိုးများအကြောင်း ပြောဆိုနေခြင်းမှာ တကယ်တမ်းတော့ အကြံအစည် ရှိနေသောကြောင့်ပင်။ အကယ်၍ သူပုန်တပ်များက မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပါက သူတို့ကဲ့သို့ လူများမှာ နန်းတော်ထဲသို့ ဝင်ရောက်ကာ လုယက်သတ်ဖြတ်ရန် အခွင့်အရေး မရနိုင်ပေ။ ထို့ကြောင့် မင်းသား(၇)အိမ်တော်မှာ အလွန်ကောင်းမွန်သော ပစ်မှတ်တစ်ခု ဖြစ်နေလေသည်။
"ဧကရာဇ်အိုကြီးက တော်တော်လေး မျက်နှာလိုက်တယ်။ ဒီသွေးတစ်ဝက်နှောတဲ့ ညီတော်အပေါ်မှာ အထူးကို ကောင်းတာ။ မင်းသား(၇)အိမ်တော်မှာ ပစ္စည်းကောင်းတွေ အများကြီး ရှိမှာ သေချာတယ်"
ဖုမင်ဇယ်၏ ရင်တွင်း၌ မုန်တိုင်းထန်နေသကဲ့သို့ တုန်လှုပ်သွားခဲ့သည်။ သို့သော် မျက်နှာပေါ်တွင်တော့ နည်းနည်းလေးမှ အရိပ်အယောင် မပြခဲ့ချေ။ တစ်ဖက်လူအား မင်းသား(၇)နှင့် မင်းသမီးလေးတို့၏ အကြောင်းကို ပိုမိုပြောဆိုလာစေရန် စကားဖြင့်သာ မြှောက်ပေးနေခဲ့၏။
စစ်သားဟောင်းမှာလည်း ကြားဖူးနားဝများကိုသာ ပြောဆိုနေခြင်း ဖြစ်သည်။ သို့သော် ရှန်ရှောက်ယွမ်တို့ သားအဖနှစ်ဦးမှာ အခြားတော်ဝင်ဆွေမျိုးများကဲ့သို့ အပြင်ထွက်ခဲသူများ မဟုတ်ကြချေ။ ဤသားအဖနှစ်ဦးမှာ မိမိတို့စိတ်ကြိုက် ပျော်ရွှင်စွာ နေထိုင်တတ်ကြသူများ ဖြစ်သဖြင့် ပြည်သူများအကြားတွင် ကောလာဟလ အများအပြား ကျန်ရစ်နေခဲ့လေသည်။
ဖုမင်ဇယ်တစ်ယောက် နားထောင်လေလေ၊ ဤသားအဖနှစ်ဦးမှာ သူ၏ ယောက္ခထီးနှင့် ဇနီးဖြစ်သူတို့နှင့် အလွန်တူညီနေသည်ဟု ခံစားရလေလေ ဖြစ်နေသည်။
ဘယ်လိုပဲဖြစ်ဖြစ် အချိန်ခဏလေးအတွင်းမှာတော့ ပြန်သွားဖို့ နည်းလမ်း ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ အရင်ဆုံး မင်းသား(၇)ကို တွေ့ရအောင် နည်းလမ်းစဉ်းစားတာ ပိုကောင်းမယ်။
ဆုံးဖြတ်ချက်ချပြီးနောက် ဖုမင်ဇယ်သည် သူပုန်တပ်များအကြားတွင် စတင်လှုပ်ရှားတော့သည်။
နန်းတော်အတွင်း၌ ချင့်တယ်ဧကရာဇ်သည် အပြေးအလွှား ရောက်ရှိလာသော ဝန်ကြီးချုပ်လီနှင့် မြို့စောင့်တပ်မှူး စစ်သူကြီးကျောက်တို့နှင့်အတူ ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်နေ၏။
ဝန်ကြီးချုပ်လီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "မြို့စောင့်တပ်သားတွေ သေဆုံးဒဏ်ရာရတာက ၅၀ ရာခိုင်နှုန်းကိုတောင် ကျော်လွန်သွားပါပြီ။ ဒီအတိုင်း ဆက်သွားရင် နောက်ထပ် ရက်အနည်းငယ်တောင် တောင့်ခံနိုင်မှာ မဟုတ်တော့ပါဘူး"
စစ်သူကြီးကျောက်က မျက်နှာကို တင်းထားလိုက်သည်။ "တော်ဝင်အကြံပေးအမတ် စစ်ကူလာဖို့က အနည်းဆုံး ၁၀ရက်လောက် လိုပါသေးတယ်"
လူမျိုးခြားများက ရှီးမင်နိုင်ငံနှင့် ပူးပေါင်းကာ အနောက်ဘက်တပ်မတော်မှ မြို့တော်သို့ စစ်ကူလာနိုင်မည့် လမ်းကြောင်းကို ဖြတ်တောက်ထားခဲ့သည်။ ယခုအချိန်တွင် တစ်ခုတည်းသော မျှော်လင့်ချက်မှာ တော်ဝင်အကြံပေးအမတ်က တပ်များကို ဦးဆောင်ကာ စစ်ကူလာရန်သာ ဖြစ်သည်။ သို့သော် မြို့တော်က ထိုအချိန်အထိ တောင့်ခံနိုင်မည် မဟုတ်ချေ။
စာကြည့်ဆောင်အတွင်း၌ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော တိတ်ဆိတ်မှုတစ်ခု ကြီးစိုးသွားခဲ့သည်။
အတော်ကြာမှသာ ချင့်တယ်ဧကရာဇ်က သက်ပြင်းရှည်ကြီး ချလိုက်၏။ "ကိုယ်တော်ရဲ့ မိန်းမဆန်တဲ့ သနားညှာတာမှုကြောင့် ကျားကို တောထဲ ပြန်လွှတ်လိုက်သလို ဖြစ်သွားခဲ့ရတာပါ။ မြို့တော်က ပြည်သူတွေကို ဒုက္ခပေးမိသွားပြီ"
ဝန်ကြီးချုပ်လီနှင့် စစ်သူကြီးကျောက်တို့သည် အလျင်အမြန် ဝတ်ရုံကို မ,ကာ ဒူးထောက်ချလိုက်ကြသည်။
"ဒါက နန်းတော်တွင်းက မှူးမတ်အားလုံးရဲ့ ပူးပေါင်းဆုံးဖြတ်ချက်ပါ။ အရှင်မင်းကြီး တစ်ပါးတည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်မျိုးတို့ကသာ မြို့တော်က ပြည်သူတွေအပေါ်မှာ အကြွေးတင်သွားတာပါ"
"အရှင်မင်းကြီး... တော်ဝင်သက်တော်စောင့်တပ်က မြို့တော်က ပြည်သူတွေကို အသေခံပြီး ကာကွယ်သွားပါ့မယ်"
ချင့်တယ်ဧကရာဇ်က လက်ကာပြလိုက်ပြီး စားပွဲပေါ်မှ ကြိုတင်ရေးသားထားသော အမိန့်တော်တစ်ခုကို ယူကာ ဝန်ကြီးချုပ်လီထံ ကမ်းပေးလိုက်သည်။ "တကယ်လို့ သူပုန်တပ်တွေက မြို့တော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရင် ကိုယ်တော်က မြို့တော်က ပြည်သူတွေနဲ့ အတူတူ အသေခံမယ်။ အမတ်မင်းတို့ကတော့ အခွင့်အရေးရှာပြီး ထွက်သွားကြပါ။ တုန်းဟယ်ကို သွားပြီး မင်းသား(၆)ကို ရှာပါ။ ဒါက ကိုယ်တော်ရဲ့ နောက်ဆုံးအမိန့်တော်ပဲ။ ဧကရာဇ်အသစ် နန်းတက်ပြီးတာနဲ့ အမတ်မင်းတို့တွေ ဧကရာဇ်အသစ်ကို ကူညီပြီး သာ့လျန်ရဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ပေးရမယ်။ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ပေးကြပါ"
ဝန်ကြီးချုပ်လီသည် ချက်ချင်းပင် မျက်ရည်များ ကျဆင်းလာခဲ့တော့သည်။ "အရှင်မင်းကြီး"
စစ်သူကြီးကျောက်၏ မျက်လုံးများတွင်လည်း မျက်ရည်များ ဝဲတက်လာခဲ့၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို မြို့ပြင်ကို တိတ်တဆိတ် ပို့ပေးပါရစေ"
ချင့်တယ်ဧကရာဇ်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ကိုယ်တော်က အသက်ကို နှမြောပြီး သေရမှာကို ကြောက်တဲ့လူမျိုးများ မှတ်နေလား"
လျန်လျန်က စာကြည့်ဆောင်တံခါးအပြင်ဘက်တွင် မှီရပ်နေပြီး စပ်စုလိုစိတ်ဖြင့် ခေါင်းပြူကာ ကြည့်နေလေသည်။ တံခါးဝတွင် စောင့်ကြပ်နေသော ရှောင်ရွှင့်ဇီက တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့သည်။ ထို့နောက် ခေါင်းလှည့်ကာ အခြားတစ်ဖက်သို့ ကြည့်လိုက်ပြီး မမြင်ချင်ယောင်ဆောင်နေလိုက်တော့သည်။
အရှင်မင်းကြီးက သူမကို အိပ်ဆောင်အတွင်း၌သာ ထားရစ်ခဲ့ချင်ခဲ့သည်။ သို့သော် ဤကလေးက အရှင်မင်းကြီး၏ လက်မောင်းကို ဖက်ထားပြီး အဘိုးဖြစ်သူက ဘယ်သွားသွား သူမကို ခေါ်သွားလေ့ရှိကြောင်း တင်းမာစွာ ပြောဆိုနေခဲ့၏။ အရှင်မင်းကြီးမှာလည်း သူမ၏ ပူဆာမှုကြောင့် မတတ်သာဘဲ စာကြည့်ဆောင်သို့ ခေါ်ဆောင်လာခဲ့ရတော့သည်။
အစက သူမကို အနီးအနားရှိ အနွေးဆောင်တွင် ဆော့ကစားရန် ထားခဲ့ခြင်း ဖြစ်သည်။ သူမက ပါးစပ်ကတော့ အမြန် သဘောတူလိုက်သော်လည်း ခဏကြာသည်နှင့် စာကြည့်ဆောင်တံခါးဝသို့ သူမဘာသာ ရောက်လာတော့သည်။
ဘာပဲဖြစ်ဖြစ် နန်းတော်အတွင်း၌လည်း ဖရိုဖရဲ ဖြစ်နေပြီဖြစ်ရာ ရှောင်ရွှင့်ဇီကလည်း မျက်စိတစ်ဖက်မှိတ်ထားလိုက်တော့သည်။
အကယ်၍ သူပုန်တပ်များက မြို့တော်ထဲသို့ တကယ်ပင် တိုက်ခိုက်ဝင်ရောက်လာပါက ဤနန်းတော်ကြီး တစ်ခုလုံးရှိ ကြီးကြီးငယ်ငယ် အားလုံး တစ်ယောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ဤသို့ဖြစ်နေမှတော့ ဤနောက်ဆုံးနေ့ရက်များတွင် ကလေးငယ်တစ်ယောက်အပေါ် အဘယ်ကြောင့် အလွန်အမင်း တင်းကျပ်နေမည်နည်း။
လျန်လျန်က ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး လူကြီးတစ်ယောက်လို သက်ပြင်းချလိုက်၏။ "အင်း... လူကြီးတွေကလည်း ငိုရတာ ကြိုက်ကြတာပဲ။ ထားလိုက်ပါတော့၊ သမီး နည်းနည်း ဝေးဝေးကို သွားနေလိုက်မယ်။ မဟုတ်ရင် သူတို့တွေ ရှက်သွားလိမ့်မယ်"
ရှောင်ရွှင့်ဇီ : "..."
လျန်လျန်က သွားမည်ဆိုသည်နှင့် ချက်ချင်း ထွက်သွားလေ၏။ သူမ၏ ပိုးသားအိတ်လေးကို ဆွဲကာ ဘေးနားရှိ ပန်းခြံငယ်လေးဆီသို့ လျှောက်သွားခဲ့သည်။ လမ်းတစ်ဝက်သို့ ရောက်သောအခါ တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသော အသက် ၈ နှစ်၊ ၉ နှစ်အရွယ် ကောင်လေးတစ်ယောက်က သူမကို တားဆီးလိုက်သည်။
ကောင်လေးက မေးစေ့ကို မော့ကာ မေးလိုက်သည်။ "မင်းက ဘယ်သူလဲ"
လျန်လျန်က မျက်စောင်းထိုးလိုက်၏။ "နင်က ယဉ်ကျေးမှု မရှိလိုက်တာ။ သူများနာမည်ကို မမေးခင် ကိုယ့်ကိုယ်ကိုယ် အရင် မိတ်ဆက်ရမယ်လို့ ဆရာမက နင့်ကို မသင်ပေးဖူးဘူးလား"
မင်းသား(၁၂) : "..."
သည်လောက် ရဲတင်းသော ကလေးငယ်မျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
သို့သော် မင်းသားတစ်ပါး ဖြစ်လာလျှင် ပြည်သူများအတွက် စံပြဖြစ်ရမည်ဟု ခမည်းတော်က အမြဲတမ်း ပြောလေ့ရှိသည်။ မင်းသား(၁၂)က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီး ယဉ်ကျေးမှုမရှိသူ မဖြစ်စေရန်အတွက် ပြောလိုက်၏။ "ငါက မင်းသား(၁၂) ရှန်ကျားယန် ပါ"
လျန်လျန်က မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်လိုက်သည်။ "ငါ့နာမည်က ရှန်ကျင်းရော့။ ဒါပေမဲ့ အိမ်နာမည်က လျန်လျန် လို့ ခေါ်တယ်။ နင်က ငါ့ကို လျန်လျန် လို့ ခေါ်လို့ရပါတယ်နော်"
မင်းသား(၁၂)က စဉ်းစားလိုက်ပြီး မေးလိုက်၏။ "မင်းကလည်း ရှန် မျိုးရိုးပဲဆိုတော့ ဘယ်ဦးရီးတော်အိမ်က ကလေးလဲ"
လျန်လျန်က မတ်တတ်ရပ်ပြီး စကားပြောရသည်မှာ အနည်းငယ် ပင်ပန်းသည်ဟု ခံစားရသဖြင့် ဘေးနားရှိ လှေကားထစ်ပေါ်တွင် ဖုတ်ခနဲ ထိုင်ချလိုက်သည်။ "ငါ့မေမေက ရှန်မော့အာလေ"
သူမက ပုလဲလုံးကြီးနှင့် ဓားမြှောင်ကို ပြန်ထုတ်ကာ ဆော့ကစားနေပြန်သည်။
မင်းသား(၁၂)မှာ အံ့သြတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ "မင်းက အစ်မမော့အာရဲ့ ကလေးလား"
"ဒါပေမဲ့ အစ်မမော့အာက အိမ်ထောင်မှ မကျသေးတာ"
လျန်လျန်က ခေါင်းလေးစောင်းကာ သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "ငါ့ဖေဖေနဲ့ မေမေက မင်္ဂလာဆောင်ပြီးပြီလေ။ ငါက မင်္ဂလာမှတ်ပုံတင်ကိုတောင် ခိုးကြည့်ဖူးသေးတယ်"
မင်းသား(၁၂)မှာ ဘယ်လောက်ပဲ စဉ်းစားပါစေ နားမလည်နိုင်ဖြစ်နေခဲ့သည်။ အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် သူသည်လည်း လှေကားထစ်ပေါ်တွင် ဖုတ်ခနဲ ဝင်ထိုင်လိုက်၏။ "အင်း... ထားလိုက်ပါတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ အကုန်လုံး သေရတော့မှာပဲ"
လျန်လျန်က အံ့သြသွားသော မျက်နှာဖြင့် ပြောလိုက်သည်။ "နင် လျှောက်ပြောနေတာပဲ။ ငါတို့က ကလေးတွေလေ။ ကလေးတွေက မသေနိုင်ပါဘူး"
မင်းသား(၁၂)က သက်ပြင်းရှည်ကြီး ချလိုက်၏။ "ဒါပေမဲ့ သူပုန်တပ်တွေက တိုက်ခိုက်ဝင်ရောက်လာတော့မှာလေ။ မယ်တော်က နေ့တိုင်း ငိုနေတယ်။ ငါ့ကို ဖက်ပြီးတော့ ငါတို့ အကုန်လုံး သေရတော့မယ်လို့ ပြောတယ်။ မာမားတွေနဲ့ အပျိုတော်အစ်မတွေ အားလုံးကလည်း အထုပ်အပိုးတွေကို ခိုးပြီး ပြင်ဆင်ထားကြပြီ။ ပြီးတော့ အပျိုတော်အစ်မ တချို့ဆိုရင် ပျောက်တောင် ပျောက်သွားကြပြီ"
နန်းတော်အတွင်း၌ လူတိုင်း ထိတ်လန့်တကြားဖြစ်ကာ ဖရိုဖရဲ ဖြစ်မနေပါက သူလည်း အပြင်သို့ ထွက်လာနိုင်မည် မဟုတ်ပေ။
လျန်လျန်က မျက်ခုံးလေးများကို ကျုံ့လိုက်သည်။ "ဒါပေမဲ့ အဘိုးတော်က ငါ့ကို မေမေဆီ ပြန်ပို့ပေးမယ်လို့ ပြောထားတာပဲ"
မင်းသား(၁၂)က သူမကို တစ်ချက်ကြည့်လိုက်ပြီး စကားပြောရန် ပြင်လိုက်သော်လည်း ပြန်မျိုချလိုက်၏။ "ခမည်းတော်က..."
မယ်တော်က ပြောတယ်။ ခမည်းတော်ကိုယ်တိုင်တောင် မကာကွယ်နိုင်တော့ဘူးတဲ့။ သူပုန်တပ်တွေ မြို့ထဲဝင်လာရင် ပထမဆုံး အသတ်ခံရမှာက ခမည်းတော်ပဲလို့ ပြောတာပဲ။
သို့သော် မင်းသား(၁၂)က မျက်စိရှေ့က ကလေးမလေးကို ကြည့်လိုက်ပြီး မည်သို့ပင်ဖြစ်စေ သူက ဦးလေးတော်စပ်သူဖြစ်ရာ သည်လောက် သေးငယ်သော ကလေးငယ်ကို အဘယ်ကြောင့် ခြောက်လှန့်နေရမည်နည်း ဟု တွေးလိုက်မိသည်။
သူက သက်ပြင်းချလိုက်ပြီး ပါးစပ်ဖျားသို့ ရောက်နေသော စကားများကို ပြန်မျိုချလိုက်၏။ "စိတ်ချပါ၊ ခမည်းတော်က မင်းကို အစ်ကိုတော်(၇) အိမ်တော်ဆီ ပြန်ပို့ပေးလိမ့်မယ်"
ဤကလေးငယ်လေးမှာ တစ်စုံတစ်ယောက်က မင်းသား(၇)အိမ်တော်မှ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု သူ ထင်မှတ်ထားခဲ့သည်။ ယခုအခါ နန်းတော်တံခါးများကို ပိတ်ထားပြီဟု ဆိုသော်လည်း တကယ်တမ်းတွင် မှူးမတ်တချို့ အဝင်အထွက် ပြုလုပ်ရန် တံခါးငယ်တစ်ခုကို ချန်ထားသေးသောကြောင့် ကလေးတစ်ယောက်ကို နန်းတော်ပြင်ပသို့ ပို့ဆောင်ရန်မှာ မခက်ခဲလှပေ။
နန်းတော်အတွင်းရှိ လူအများအပြားလည်း ထိုတံခါးငယ်မှတစ်ဆင့် တိတ်တဆိတ် ထွက်ပြေးသွားကြသည်ဟု ကြားရသည်။ ခမည်းတော်ကလည်း ထိုအကြောင်းကို သိရှိသော်လည်း ခမည်းတော်မှာ အမြဲတမ်း သနားကြင်နာတတ်သူဖြစ်သဖြင့် တမင်သက်သက် မျက်စိတစ်ဖက်မှိတ်ကာ ထိုလူများကို ထွက်သွားခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း မယ်တော်က ပြောပြခဲ့သည်။
ထိုလူများ ထွက်ပြေးသွားခြင်းက တကယ်တမ်းတွင် သူတို့အတွက် အန္တရာယ်တစ်ခု ဖြစ်နေကြောင်းကိုလည်း မယ်တော်က ပြောခဲ့သေးသည်။ အကယ်၍ သူတို့သာ သူပုန်တပ်များ၏ လက်ထဲသို့ ကျရောက်သွားပါက နန်းတော်တွင်းရှိ သတင်းများကို သူပုန်တပ်များထံ ပေါက်ကြားသွားစေလိမ့်မည်။ သို့သော် ခမည်းတော်က စောစောကတည်းက သေရန် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့် ဂရုမစိုက်ခြင်းသာ ဖြစ်ပေသည်။
မင်းသားများစွာရှိသည့်အနက် သူတစ်ပါးတည်းသာ နန်းတော်ထဲတွင် ကျန်ရစ်နေခဲ့ကြောင်းနှင့် ချမ်းသာသုခကို ရက်အနည်းငယ်ပင်မခံစားလိုက်ရဘဲ ဤကဲ့သို့သော ဘေးဒုက္ခနှင့် ကြုံတွေ့ရသည်မှာ တကယ်ကို မကျေနပ်စရာပင် ဖြစ်ကြောင်း မယ်တော်က ပြောခဲ့သည်။ ထို့ကြောင့် မယ်တော်ကလည်း လူလွှတ်ကာ အဘိုးဖြစ်သူအား သူ့ကို တိတ်တဆိတ် လာရောက်ခေါ်ဆောင်သွားရန် အကူအညီတောင်းထားခဲ့သည်။
မင်းသား(၁၂)က ကောင်းကင်ယံရှိ ငှက်များကို မော့ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်၏။
လျန်လျန်ကလည်း ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
၂ရက်သာ ရှိသေးသော်လည်း မြို့တော်၏ အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။ လူမျိုးခြားတပ်များက ဆက်တိုက်ဆိုသလို ပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သဖြင့် မြို့စောင့်တပ်များ၏ သေဆုံးဒဏ်ရာရမှုမှာ ပိုမိုများပြားလာခဲ့သည်။ နန်းတော်က မြို့တွင်းရှိ လူငယ်လူရွယ်များကို မြို့စောင့်တပ်အတွင်းသို့ ဝင်ရောက်ရန် စတင် စုဆောင်းတော့သည်။ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကိုလည်း ဒဏ်ရာရသူများအား ပြုစုရန်နှင့် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူရန်အတွက် ခေါ်ယူအသုံးပြုခဲ့ကြသည်။
အရေးပါသော မှူးမတ်တချို့မှာ နန်းတော်အတွင်းသို့ မကြာခဏ အဝင်အထွက် ပြုလုပ်လာကြသည်။ ဆံပင်ဖြူနေသော သက်ကြီးရွယ်အိုများက စာကြည့်ဆောင်အပြင်ဘက်တွင် ဒူးထောက်ကာ ဧကရာဇ်အား ဖောက်ထွက်ပြီး ရှောင်တိမ်းရန် တောင်းဆိုကြလေသည်။
သို့သော် ဧကရာဇ်မှာ နည်းနည်းလေးမှ တုန်လှုပ်ခြင်း မရှိဘဲ မြို့တော်နှင့် အတူတူ အသေခံမည်ဟု ပြတ်သားစွာ ဆုံးဖြတ်ထားခဲ့သည်။
နန်းတော်ကြီး တစ်ခုလုံးမှာ မျှော်လင့်ချက်မဲ့ကာ ဝမ်းနည်းကြေကွဲဖွယ် လေထုအတွင်းတွင် နစ်မြုပ်နေတော့သည်။ ဧကရာဇ်၏ အနောက်တွင် အမြီးလေးတစ်ချောင်းလို တစ်နေကုန် လိုက်ပါနေသော လျန်လျန် တစ်ယောက်သာ မသိနားမလည်စွာဖြင့် ‘ဒီအဘိုးကြီးတွေက ဘာဖြစ်လို့ ခဏခဏ အချိန်အကြာကြီး ဒူးထောက်နေကြတာလဲ။ ဘာလို့ ငိုနေကြတာလဲ’ဟု နားမလည်နိုင်ဖြစ်နေခဲ့၏။
သာမန်အချိန်တွင်သာဆိုလျှင် နန်းတော်အတွင်း၌ ကလေးမလေးတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး ဧကရာဇ်၏ အနောက်တွင် တစ်နေကုန် လိုက်ပါနေသည့်အပြင် ညဘက်တွင် ဧကရာဇ်၏ အိပ်ဆောင်အတွင်း၌ပင် အိပ်စက်နေခြင်းက အဖွဲ့အစည်းအသီးသီး၏ အာရုံစိုက်မှုကို သေချာပေါက် ရရှိစေလိမ့်မည်။
ယခုတော့ မတူညီတော့ချေ။ ယခုအချိန်တွင် ခေါင်းပေါ်၌ ဓားတစ်လက် ဆွဲချိတ်ထားသကဲ့သို့ အသက်အန္တရာယ်မှာ မည်သည့်အချိန်တွင် ပြုတ်ကျလာမည်ကို မသိရသဖြင့် နန်းတော်အတွင်း၌ ကလေးတစ်ယောက် ပိုလာခြင်းကို ဘယ်သူကမှ ဂရုစိုက်ရန် စိတ်ကူးမရှိကြတော့ပေ။
သည်နေ့တွင် သူပုန်တပ်များက ပြင်းထန်သော တိုက်ခိုက်မှုကို ထပ်မံပြုလုပ်ခဲ့ကြသည်။ မြို့တံခါးဘက်မှ မီးခိုးလုံးကြီးများ လိမ့်တက်လာပြီး မီးတောက်များက ကောင်းကင်ယံအထိ ထိုးတက်နေခဲ့၏။ သတ်ဖြတ်နေကြသော အသံများမှာ ထူထပ်သော မြို့တံခါးများကိုပင် ထိုးဖောက်ကာ နန်းတော်အတွင်းပိုင်းအထိ တိုက်ရိုက် ပျံ့နှံ့လာသယောင်။
ဧကရာဇ်သည် ရွှေရောင်စစ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ ကိုယ်ရံတော်တပ်တစ်စုကို ကိုယ်တိုင်ဦးဆောင်၍ ရှေ့တန်းစစ်မျက်နှာသို့ အပြေးအလွှား သွားရောက်ခဲ့သည်။ သူနှင့်အတူ စစ်ဝတ်တန်ဆာငယ်များကို ဝတ်ဆင်ထားသော မင်းသား(၁၂)နှင့် လျန်လျန်တို့လည်း လိုက်ပါလာခဲ့ကြသည်။
မြို့တံခါးပေါ်တွင် ရန်သူနှင့် အသေအလဲ တိုက်ခိုက်နေကြသော စစ်သည်များနှင့် ပြည်သူများမှာ ဧကရာဇ် ကိုယ်တိုင် ကြွရောက်လာသည်ကို မြင်တွေ့ရသောအခါ၊ အထူးသဖြင့် ငယ်ရွယ်သော မင်းသားနှင့် မင်းသမီးလေးတို့ပင် လာရောက်ကြသည်ကို မြင်တွေ့ရသောအခါ ချက်ချင်းပင် စိတ်ဓာတ်များ အလွန်တက်ကြွသွားကြတော့သည်။
သို့သော် မြို့တွင်းနှင့် မြို့ပြင်၏ အင်အားမှာ အလွန်ကွာခြားလွန်းလှသဖြင့် မကြာခင်မှာပင် မြို့စောင့်တပ်များမှာ ထပ်ပြီး အရေးနိမ့်လာခဲ့သည်။
မင်းသား(၁၂)နှင့် လျန်လျန်တို့သည် ကိုယ်ရံတော်တချို့၏ အကာအကွယ်ဖြင့် ထောင့်တစ်နေရာတွင် ရှိနေကြသည်။ သူတို့နှစ်ဦးမှာ အပြင်ဘက်တွင် ဘာတွေဖြစ်ပျက်နေသည်ကို မမြင်ရဘဲ သတ်ဖြတ်သံများ၊ လက်နက်ချင်း ရိုက်ခတ်သံများနှင့် ငိုကြွေးသံများကိုသာ ကြားနေရ၏။ စစ်ဝတ်တန်ဆာ ဝတ်ဆင်ရသည့် ဆန်းသစ်မှု ပျောက်ကွယ်သွားပြီးနောက် ကလေးငယ် နှစ်ဦးစလုံးမှာ အနည်းငယ် ကြောက်ရွံ့လာကြပြီး မသိမသာပင် တစ်ဦးကိုတစ်ဦး တင်းကျပ်စွာ မှီခိုထားကြလေသည်။
ကိုယ်ရံတော်တချို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများမှာ အနည်းငယ် နီရဲနေကြသည်။
မလာခင်က အရှင်မင်းကြီးသည် သူတို့အား လျှို့ဝှက်အမိန့်တော်တစ်ခုကို ပေးအပ်ခဲ့သည်။ အကယ်၍ မြို့ပေါက်သွားပါက မင်းသား(၁၂)နှင့် မင်းသမီးလေးတို့ကို သူပုန်များ၏ လက်ထဲသို့ ကျရောက်ကာ စော်ကားခံရခြင်းမှ ကင်းဝေးစေရန်အတွက် ချက်ချင်း သတ်ပစ်ရန် ဖြစ်သည်။
အရှင်မင်းကြီးက မင်းသား(၁၂)နှင့် မင်းသမီးလေးတို့ကို အနားတွင် ခေါ်ဆောင်လာခဲ့ခြင်းမှာ တကယ်တမ်းတွင် သေရန် ပြတ်သားစွာ ဆုံးဖြတ်ထားပြီးဖြစ်ခြင်းကြောင့်ပင်။
မြို့တံခါးပေါ်သို့ တက်လာသော သူပုန်များမှာ ပိုပိုပြီး များပြားလာသည်ကို မြင်သောအခါ ကိုယ်ရံတော်တချို့က မိမိတို့၏ ဓားများကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ကြသည်။ မင်းသား(၁၂)နှင့် မင်းသမီးလေးတို့ကို သတ်ဖြတ်ပြီးနောက် သူတို့သည်လည်း သူပုန်တချို့ကို သေချာပေါက် ထပ်မံသတ်ဖြတ်ပြီးမှသာ အရှင်မင်းကြီး၏ နောက်သို့ လိုက်ပါသွားနိုင်မည်။
ကိုယ်ရံတော်တစ်ဦးက ဓားကို တိတ်တဆိတ် ဆွဲထုတ်လိုက်ချိန်တွင် မြို့တံခါးအပြင်ဘက်မှ တဝုန်းဝုန်း ကျယ်လောင်သည့် အသံကြီးများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူပုန်တပ်ဖွဲ့များကြားတွင် မရေမတွက်နိုင်သော ဖြူဖွေးသည့် မီးတောက်များ လင်းလက်သွားပြီးနောက် မီးခိုးလုံးကြီးများ ထွက်ပေါ်လာခဲ့၏။
"ဗုံး... အဲဒါ ဗုံးတွေပဲ"
ထောင့်တွင် ကွေးကွေးလေးနေသော လျန်လျန်က ရုတ်တရက် မတ်တတ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
သူမက မြေမြှုပ်မိုင်းစစ်ပွဲများ၊ ဥမင်လှိုဏ်ခေါင်းစစ်ပွဲများ စသည့် ရုပ်ရှင်များကို ကြည့်ဖူးသည်။ စစ်တိုက်သည်ဆိုသည်မှာ မည်သို့သောအရာဖြစ်ကြောင်းကို သူမ သိထား၏။ စက်သေနတ်များ၊ အမြောက်များ၊ မြေမြှုပ်မိုင်းများနှင့် ဗုံးများကို အသုံးပြုရသည် မဟုတ်ပါလား။
စောစောကတည်းက ကလေးမလေးက အဘိုးတော်တို့သည် စက်သေနတ်များနှင့် ဗုံးများကို အဘယ်ကြောင့် အသုံးမပြုကြသနည်းဟု ထူးဆန်းနေခဲ့သည်။ ယခုမှသာ ဗုံးများအားလုံးကို အပြင်ဘက်သို့ ပစ်ပေါက်လိုက်ခြင်းဖြစ်ကြောင်း သိသွားတော့သည်။
မြို့တံခါးပေါ်သို့ တက်လာသော သူပုန်များမှာ စစ်ကူမရှိတော့သဖြင့် မကြာမီမှာပင် မြို့စောင့်တပ်များ၏ သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရသည်။ မြို့စောင့်တပ်များက မီးပင်လယ်ထဲသို့ ကျရောက်သွားသော သူပုန်များကို လှမ်းကြည့်လိုက်ကြပြီး တဒင်္ဂ မယုံနိုင်စရာကောင်းသော ခံစားချက်မျိုး ဖြစ်ပေါ်သွားကြ၏။
"စစ်ကူတွေ ရောက်လာတာလား"
"တော်ဝင်အကြံပေးအမတ် ပြန်ရောက်လာတာများလား"
မြို့တံခါးပေါ်တွင် အလျင်အမြန်ပင် ဆက်တိုက်ဆိုသလို အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့တော့သည်။
စစ်သူကြီးကျောက်က ချင့်တယ်ဧကရာဇ်၏ အနားတွင် အမြဲတမ်း စောင့်ကြပ်နေခဲ့သည်။ ဧကရာဇ်နှင့် အမတ် နှစ်ဦးစလုံးမှာ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြသော်လည်း ကံကောင်းစွာဖြင့် မစိုးရိမ်ရပေ။
စစ်သူကြီးကျောက်က မြို့တံခါးအပြင်ဘက်ရှိ သူပုန်များကို စိုက်ကြည့်နေခဲ့သည်။ သူတို့က ဟိုဟိုဒီဒီ ထွက်ပြေးနေကြပြီး တပ်ဖွဲ့ပုံစံများလည်း စောစောကတည်းက ဖရိုဖရဲ ဖြစ်နေပြီဖြစ်သည်ကို မြင်သောအခါ သူက အံကြိတ်လိုက်ပြီး ဒူးတစ်ဖက် ထောက်ချလိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုး တပ်တွေကို ဦးဆောင်ပြီး ထွက်တိုက်ခွင့်ပြုပါ"
မြို့စောင့်တပ်များကလည်း အသီးသီး ဒူးထောက်လိုက်ကြသည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးတို့က သာ့လျန်မြို့တော်ကို အသေခံပြီး ကာကွယ်သွားပါ့မယ်"
ချင့်တယ်ဧကရာဇ်က ခေါင်းကို အနည်းငယ် မော့ကာ မျက်ထောင့်မှ စိုစွတ်မှုကို ဖုံးကွယ်လိုက်သည်။ ထို့နောက် ဟားတိုက်ကာ ရယ်မောလိုက်၏။ "ကောင်းပြီ၊ ငါတို့ သာ့လျန်က သားကောင်းရတနာတွေက ဘယ်တော့မှ အရှုံးမပေးဘူး။ ငါကိုယ်တော်က မင်းတို့ အောင်ပွဲခံပြီး ပြန်လာတာကို စောင့်နေမယ်။ တိုက်ကြ..."
"တိုက်ကြ..."
တိုက်ပွဲဝင်နိုင်စွမ်းရှိသေးသော မြို့စောင့်တပ်များမှာ အလျင်အမြန် စုရုံးသွားကြပြီး မြို့တံခါးကို ဖွင့်ကာ ဖရိုဖရဲ ဖြစ်နေပြီဖြစ်သော သူပုန်များဆီသို့ ဝင်ရောက်တိုက်ခိုက်ကြတော့သည်။
မြို့တံခါးပေါ်တွင် ကိုယ်ရံတော်တချို့ကလည်း သိလိုစိတ်ဖြင့် မြို့တံခါးအပြင်ဘက်သို့ လှမ်းကြည့်နေချိန်ကို အခွင့်ကောင်းယူကာ လျန်လျန်က မြို့ရိုးပေါ်သို့ အမြန်ပြေးတက်သွားပြီး မြို့ပြင်သို့ ခေါင်းပြူကြည့်လိုက်သည်။ "ဝါး... တကယ်ပဲ ဗုံးတွေနော်"
"ဖေဖေ... ဖေဖေ ငါ့ကို လာကြိုတာ သေချာတယ်။ ငါ့ဖေဖေက ဗုံးတွေလည်း လုပ်တတ်တယ်၊ လေယာဉ်ပျံကြီးတွေလည်း လုပ်တတ်တယ်လေ"
ကိုယ်ရံတော်တချို့မှာ လန့်သွားကြပြီး ကပျာကယာဖြင့် သူမကို ပြန်ဆွဲခေါ်လိုက်ရတော့သည်။
တစ်ချိန်တည်းမှာပင် မြို့တံခါးအပြင်ဘက်ရှိ ဗုံးဒဏ်မခံရသော ထောင့်တစ်နေရာတွင် အဝတ်အစား စုတ်ပြတ်သပ်နေသော လူတစ်စုက မီးတောက်များနှင့် မီးခိုးလုံးများကြားတွင် ပျောက်ကွယ်သွားသော သူပုန်များကို အဝေးမှ အံ့သြတကြီး ကြည့်နေကြသည်။ အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ "လောင်ဖု... မင်း၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ။ ဒါက တကယ်ကို အံ့မခန်းပဲ"
သူတို့ခေါ်နေသော လောင်ဖုမှာ လက်ထဲတွင် ပုံစံထူးဆန်းသော ဆလင်ဒါပြွန်တစ်ခုကို ကိုင်ဆောင်ထားပြီး မြို့တံခါးမျှော်စင်ဘက်သို့ လှမ်းကြည့်နေလေသည်။
ရုတ်တရက် အမြဲတမ်း တည်ငြိမ်နေတတ်သောသူက ခေါင်းလှည့်ကာ မြင်းပေါ်သို့ တက်လိုက်သည်။
တခြားသူများက မြင်သောအခါ အလျင်အမြန် လိုက်ပါသွားကြ၏။
ဤလူတစ်စုက သူပုန်များကို ကွေ့ပတ်သွားကာ မြို့တံခါးအနီးသို့ အလျင်အမြန် ချဉ်းကပ်သွားကြသည်။ မြို့တံခါးဘေးတွင် စောင့်ကြပ်နေသော သာ့လျန်တပ်ဖွဲ့များက ချက်ချင်းပင် လေးများကို မြှောက်ကာ သူတို့ကို ချိန်ရွယ်လိုက်ကြသည်။
သို့သော် ထိုသူများက သာ့လျန်၏ စစ်တပ်အလံတစ်ခုကို အလျင်အမြန် မြှောက်တင်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြ၏။ "ကျွန်တော်တို့က သာ့လျန်လူမျိုးတွေပါ။ သူပုန်တွေကို ကျွန်တော်တို့ ဗုံးခွဲခဲ့တာပါ____"
လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာပြီးနောက်။
"သူပုန်တပ်ထဲက သာ့လျန် သုံ့ပန်းတွေ ဟုတ်လား"
ချင့်တယ်ဧကရာဇ်က မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။ စစ်သူကြီးကျောက်က လူများကို ခေါ်ဆောင်ကာ ရှုပ်ထွေးနေချိန်တွင် သူပုန်များကြား၌ အကြိမ်အနည်းငယ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယခုအခါ မြင်းစီးကာ မြို့ထဲသို့ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်သည်။ သူပုန်တပ်များ ကစဉ့်ကလျားဖြစ်အောင် ဖန်တီးခဲ့သူများဟု ဆိုသော ထိုသုံ့ပန်းတစ်စုကိုတော့ မြို့စောင့်တပ်များက တံခါးဝတွင် တားဆီးထားခဲ့ကြသည်။
အကယ်၍ သူတို့ကို သတ်ချင်ပါက မြို့ထဲသို့ ပြန်ဝင်လာသော စစ်သူကြီးကျောက်အား အလံဖြင့် အချက်ပြရုံသာ ဖြစ်သည်။
သို့သော် ယနေ့ သူပုန်တပ်များ ကစဉ့်ကလျားဖြစ်မှုက တကယ်ကို ထူးဆန်းနေသည်။ အကယ်၍ ဤလူတစ်စုက တကယ် လုပ်ဆောင်ခဲ့ခြင်းသာဆိုလျှင် ဤလူများထဲတွင် အရည်အချင်းရှိသော ထူးခြားသူများ ပါဝင်နေမည်မှာ သေချာပေသည်။
ချင့်တယ်ဧကရာဇ်က အကြိမ်ကြိမ် စဉ်းစားပြီးနောက် နောက်ဆုံးတွင် လက်ကာပြလိုက်၏။ "သူတို့ထဲက ခေါင်းဆောင်လုပ်နိုင်တဲ့သူကို မြို့ထဲ ပေးဝင်လိုက်"
မကြာခင်မှာပင် ဆံပင်မုတ်ဆိတ်များ ဖရိုဖရဲဖြစ်ကာ မျက်နှာတွင် ညစ်ပေနေသော်လည်း တောင့်တင်းသော ခန္ဓာကိုယ်ရှိသည့် အမျိုးသားတစ်ဦးက မြို့တံခါးပေါ်သို့ ခြေလှမ်းသွက်သွက်ဖြင့် တက်လာခဲ့သည်။ သူက ရှေ့သို့ ထပ်မံတိုးရန် ပြင်လိုက်ချိန်တွင်ပင် ဖြူဖွေးတောက်ပနေသော ဓားတချို့က သူ့ကို ပြိုင်တူ ချိန်ရွယ်ထားလိုက်ကြသည်။
ချင့်တယ်ဧကရာဇ်က ထိုအမျိုးသားကို အကဲခတ်ကာ ကြည့်လိုက်ပြီး အသံကို နှိမ့်ကာ မေးလိုက်သည်။ "သူပုန်တပ်တွေ ကစဉ့်ကလျားဖြစ်သွားတာ မင်း လုပ်ခဲ့တာလား"
ဖုမင်ဇယ်က "ဟုတ်တယ်" ဟု ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။ သို့သော် သူ၏ အကြည့်များက မျက်စိရှေ့က ဧကရာဇ်အပေါ်သို့ ကျရောက်မနေဘဲ မြို့တံခါးမျှော်စင်နှင့် အနီးအနားရှိ ကိုယ်ရံတော်များဆီသို့သာ ကြည့်နေခဲ့၏။
ခေါင်းဆောင်ဖြစ်သူ ကိုယ်ရံတော်က အသံမာမာဖြင့် ဆူပူလိုက်သည်။ "အရှင်မင်းကြီးရှေ့မှောက်မှာ မင်း ဘယ်လိုလုပ်ပြီး ဒီလောက် ရိုင်းစိုင်းရဲတာလဲ။ ဒူးထောက်စမ်း"
ဖုမင်ဇယ်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ ဘယ်အချိန်ရောက်နေပြီလဲ၊ အရှင်မင်းကြီး လုပ်နေတုန်းပဲလား။ မင်းတို့ရဲ့ အရှင်မင်းကြီးက ဒီနေ့ သေတော့မလို့ ဖြစ်နေတာကို ဟု သူက လှောင်ပြောင်ပြောဆိုရန် ပြင်လိုက်သည်။
ရုတ်တရက် ကြည်လင်ပြတ်သားသော "ဖေဖေ" ဟူသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ ပြည့်ဖောင်းဖောင်းနှင့် နို့နံ့မစင်သေးသော သံချပ်ကာအင်္ကျီငယ်လေးကို ဝတ်ဆင်ထားသည့် လူရိပ်လေးတစ်ခုက သူ့ဆီသို့ အလွန်မြန်ဆန်စွာ ပြေးဝင်လာခဲ့၏။ သူက အမှတ်တမဲ့ ခါးကို အနည်းငယ် ကိုင်းကာ လက်များကို ဆန့်လိုက်သောအခါ ကလေးငယ်လေးက သူ၏ ရင်ခွင်ထဲသို့ ကျွမ်းကျင်စွာ ခုန်ဝင်လာခဲ့တော့သည်။
"ဖေဖေ... လျန်လျန် ဖေဖေ့ကို အရမ်းလွမ်းနေတာ"
ဖုမင်ဇယ်က ရင်ခွင်ထဲရှိ နူးညံ့အိစက်နေသော ကလေးငယ်လေးကို ပွေ့ဖက်လိုက်ချိန်တွင် သူ၏စိတ်နှလုံးမှာလည်း ချက်ချင်းပင် အေးချမ်းသွားတော့သည်။
...