အခန်း (၆၈၂-၆၈၄)
Vol. 46 Ch. 682-684
Chapter 682: သေဘေးမှ လွတ်မြောက်ခြင်း
နတ်ဆိုးမိုးကြိုးသားရဲကြီးများသည် အထက်ကောင်းကင်ယံမှနေ၍ အုပ်မိုးကြည့်ရှုနေကြသည်။ နတ်ဆိုးမိုးကြိုး သားရဲအုပ်မှာမူ သားကောင်ကို ချောင်းနေသည့် ကျားများကဲ့သို့ စိုက်ကြည့်နေ၏။ တောင်ကြားအတွင်း ပိတ်မိနေသော ကျင့်ကြံသူများမှာမူ အချိန်မရွေး အဝါးမျိုခံရတော့မည့် စဉ်းနှီတုံးပေါ်က ငါးများသဖွယ် ဖြစ်နေတော့သည်။ လီယွမ်လုံနှင့် ချောင်ချင်းဝမ်တို့မှာ တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းတို့၏ ပါရမီရှင်များဖြစ်သည့်အားလျော်စွာ အနည်းဆုံးတော့ သူတို့ကိုယ်သူတို့ တောင်ကြားအတွင်းမှ လွတ်အောင် ထွက်ပြေးနိုင်မည့် အသက်ကယ်ဝှက်ဖဲများ ကိုယ်စီ ရှိကြသည်မှာ သဘာဝပင်။
သို့သော် အခြားသူများအတွက်မူ ထိုသို့မဟုတ်ချေ။ သူတို့အတွက်မူ ဤအခြေအနေမှာ သေဖို့သေချာသလောက်ရှိနေသည့် အသည်းအသန် ရုန်းကန်ရမှုတစ်ခု ဖြစ်ပြီး အကယ်၍ ဤလူအားလုံးသာ ဤနေရာ၌ သေဆုံးသွားခဲ့လျှင် တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းနှင့် ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်း နှစ်ခုလုံးအတွက် သေးငယ်သော ဆုံးရှုံးမှုမျိုး မဟုတ်ပေ။ အခြားရွေးချယ်စရာ လုံးဝမရှိတော့မှသာလျှင် လီယွမ်လုံနှင့် ချောင်ချင်းဝမ်တို့သည် သူတို့ကို စွန့်ပစ်ကာ တစ်ကိုယ်တည်း ထွက်ပြေးကြပေလိမ့်မည်။ သို့သော် တတ်နိုင်သမျှ လူအများကြီးကို မည်သို့ အသက်ရှင်လျက် ခေါ်ထုတ်သွားနိုင်မည်နည်း။
ဝုန်း! ဝုန်း! ဝုန်း!
ထိုအခိုက်အတန့်တွင် နာကျည်းသော အကြည့်များဖြင့် စိုက်ကြည့်နေသည့် နတ်ဆိုးမိုးကြိုးသားရဲကြီးက ဟိန်းဟောက်လိုက်သည်။ ၎င်း၏ အော်ဟောက်သံမှာ အချက်ပြတစ်ခုသဖွယ် ဖြစ်နေ၏။ တောင်ကြား၏ နှစ်ဖက်စလုံးမှ သားရဲလှိုင်းကြီးများမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာကြသည်။ အထက်မှ နတ်ဆိုးမိုးကြိုးသားရဲကြီးများမှာမူ ငြိမ်သက်နေဆဲပင်။ သူတို့၏ မလှုပ်မယှက် ရှိနေမှုမှာ ကျင့်ကြံသူများအတွက် ပို၍ပင် ကြီးမားသော ဖိအားကို ဖြစ်စေသည်။ တိုက်ပွဲမှာ စတင်လိုက်သည်နှင့် တစ်ပြိုင်နက် အရှိန်အဟုန် အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားတော့သည်။
"ချောင်ချင်းဝမ်… နင်တို့ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းရဲ့ ကောင်းကင်ထောက်မအဆောင်လက်ဖွဲ့ ဘယ်မှာလဲ… အမြန်ထုတ်လိုက်တော့"
လီယွမ်လုံမှ ဟောက်လိုက်သည်။ "အချိန်အနည်းငယ်လောက် ဆွဲထားနိုင်ရင် ငါ အချက်ပြလွှတ်လိုက်မယ်… တစ်ယောက်ယောက်က မြင်ပြီး လာကူညီလိမ့်မယ်လို့ မျှော်လင့်ရတာပဲ"
ချောင်ချင်းဝမ် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်မောင်းခန့် ရှည်လျားသော ခရမ်းရောင် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဒိုင်း!
ကြီးမားလှသော အကာအကွယ် အလင်းတန်းတစ်ခုမှာ လှိုင်းများသဖွယ် အရပ်မျက်နှာအနှံ့ ပြန့်ကားသွားသည်။ ယင်းမှာ ဘီလူးကြီးတစ်ကောင် ကောင်းကင်ကြီးကို ထောက်မပေးထားသကဲ့သို့ပင်။
ဝုန်း! ဝုန်း! ဝုန်း!
ရေတွက်မရနိုင်သော နတ်ဆိုးမိုးကြိုး သားရဲများသည် ချက်ချင်းပင် လွင့်စင်ထွက်သွားကြပြီး မြေပြင်ပေါ်သို့ မကျခင်မှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ကျန်ရှိနေသော သားရဲများမှာမူ အကာအကွယ် အလင်းတန်း၏ အပြင်ဘက်မှနေ၍ အသည်းအသန် ဆက်လက် တိုက်ခိုက်နေကြသည်။ သို့သော် ကောင်းကင်ထောက်မအဆောင်လက်ဖွဲ့မှာ အလွန်အမင်း အစွမ်းထက်လှသည်။ သူတို့ မည်မျှပင် တိုက်ခိုက်ပါစေ၊ အလင်းတန်းပေါ်တွင် အနည်းငယ်မျှသော ဂယက်ထမှုလေးများသာ ဖြစ်ပေါ်စေသည်။
"ကောင်းပြီ… ကောင်းကင်ထောက်မအဆောင်လက်ဖွဲ့က ခိုင်မာမှု ရှိသေးတယ်"
ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းမှ ကျင့်ကြံသူများမှာ သက်ပြင်းတစ်ချက် ချလိုက်နိုင်ကြသည်။ ကောင်းကင်ထောက်မအဆောင်လက်ဖွဲ့သည် ဂိုဏ်း၏ အကျော်ကြားဆုံး သူတော်စင်အဆောင်လက်ဖွဲ့များထဲမှ တစ်ခု ဖြစ်၏။ ယင်းသည် အနှိုင်းမဲ့သော ကာကွယ်ရေးစွမ်းအားကြောင့် လူသိများသည်။ အထွတ်အထိပ် နယ်ပယ်မှ ကျင့်ကြံသူ အများအပြားပင်လျှင် ယင်းကို အသက်ကယ်ဝှက်ဖဲအဖြစ် ဆောင်ထားကြ၏။ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်း၏ ပါရမီရှင်တစ်ဦးအနေဖြင့် ချောင်ချင်းဝမ်သည် ဤကဲ့သို့သော အဆောင်လက်ဖွဲ့ အများအပြားကို သဘာဝကျစွာ ဆောင်ထားခြင်း ဖြစ်သည်။ ယခင်က လီယွမ်လုံအနေဖြင့် ချောင်ချင်းဝမ်နှင့် မပြတ်မသား မဖြစ်ဘဲ တိုက်ပွဲမစခဲ့ခြင်းမှာလည်း ဤအကြောင်းကြောင့်ပင်။ ဤကဲ့သို့သော အလွန်အမင်း ကာကွယ်နိုင်သည့် အခွံမာကြီးရှိနေသရွေ့ ချောင်ချင်းဝမ်ကို သတ်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။
လီယွမ်လုံသည် ကြက်သွေးရောင် တံဆိပ်ပြားတစ်ခုကို အမြန်ထုတ်ယူလိုက်သည်။
ထို့နောက် စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းပြီး ကြက်သွေးရောင် တံဆိပ်ပြားမှာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ယင်းမှာ လေထုထဲ၌ ပေါက်ကွဲသွားတော့၏။ မီးနီရောင် အလင်းကန့်လန့်ကာကြီးတစ်ခုမှာ ကောင်းကင်ယံထက်တွင် ပြန့်ကားသွားပြီး မပျောက်ကွယ်ဘဲ တည်ရှိနေသည်။ မိုင်ပေါင်း သိန်းနှင့်ချီသော အကွာအဝေးအတွင်းရှိ ကျင့်ကြံသူတိုင်းမှာ ယင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ကြသည်။ ဤတံဆိပ်ပြားကို တောက်လောင်နေသော ကောင်းကင်အမိန့်တော် ဟု လူသိများသည်။
တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်း၏ အရေးပါသော အဖွဲ့ဝင်များကိုသာ ဆောင်ထားရန် ခွင့်ပြုထားခြင်း ဖြစ်၏။ တောက်လောင်နေသော ကောင်းကင်အမိန့်တော်ကို မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် ဂိုဏ်းဝင်အားလုံးမှာ ချက်ချင်း လာရောက်ကယ်ဆယ်ရန် တာဝန်ရှိသည်။ အင်အားပိုရှိသော မဟာမိတ်အဖွဲ့အစည်းများကလည်း ကူညီပေးကြရမည် ဖြစ်၏။
လီယွမ်လုံသည် သူ့မေးစေ့ကို လက်ဖြင့်ထောက်ကာ လှပသော နှာခေါင်းလေးကို ရှုံ့လိုက်သည်။
"အခုတော့ ငါတို့ စောင့်နေရုံပဲ ရှိတော့တယ်"
သူ ချောင်ချင်းဝမ်ကို ကြည့်လိုက်သောအခါ ဒေါသမှာ တစ်ဖန် ပြန်ထွက်လာပြန်သည်။
"ဒါတွေအားလုံးက နင့်ကြောင့်ပဲ… နင်သာ မရှိရင် ငါတို့ ဒီလို ဒုက္ခမျိုး ရောက်မှာ မဟုတ်ဘူး"
ချောင်ချင်းဝမ် အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်ပြီး
"ငါ့ရဲ့ ကောင်းကင်ထောက်မအဆောင်လက်ဖွဲ့သာ မရှိရင် နင်တို့အားလုံး သေနေကြပြီ"
လီယွမ်လုံ ဝုန်းခနဲ ထရပ်လိုက်သည်။
သူ လက်မောင်းများကို လိပ်တင်ကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် ပုံစံမျိုး ရှိနေ၏။ ထိုအခိုက်အတန့်မှာပင် သူတို့ နှစ်ဦးလုံး ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ကြပြီး တောင်ထိပ်၏ နှစ်ဖက်စလုံးသို့ လှမ်းကြည့်လိုက်ကြသည်။ နတ်ဆိုးမိုးကြိုးသားရဲကြီး ငါးဆယ်ကျော်မှာ သူတို့၏ စွမ်းအားများကို အတူတကွ စုစည်းနေကြသည်ကို မြင်လိုက်ရသည်။ နတ်ဆိုးမိုးကြိုး စွမ်းအားများသည် ကြီးမားလှသော လုံးဝန်းသည့် အလင်းလုံးကြီးများအဖြစ် သိပ်သည်းလာကြသည်။ ယင်းတို့မှာ ပို၍ ပို၍ ကြီးမားလာ၏။ မကြာမီမှာပင် ယင်းတို့မှာ တောင်ငယ်လေးများသဖွယ် ကြီးမားသွားတော့သည်။
"တောက်"
လီယွမ်လုံ ဆဲဆိုလိုက်ပြီး
"အမြန်လုပ်… ဒုတိယမြောက် ကောင်းကင်ထောက်မအဆောင်လက်ဖွဲ့ကို သုံးလိုက်တော့"
ချောင်ချင်းဝမ်၏ မျက်နှာမှာ ဖြူလျော့သွားပြီး ဒုတိယမြောက် ကောင်းကင်ထောက်မအဆောင်လက်ဖွဲ့ကို ချက်ချင်း အသက်သွင်းလိုက်သည်။ ထိုအခိုက်အတန့်မှာပင် ကြီးမားလှသော မိုးကြိုးလုံးကြီးများမှာ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့၏။
ဒိုင်း!
နားကွဲမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီးမှာ ကြိုတင်သတိပေးချက် မရှိဘဲ ပေါ်ထွက်လာသည်။ ကောင်းကင်ထောက်မအဆောင်လက်ဖွဲ့၏ အကာအကွယ်အတွင်းရှိ ကျင့်ကြံသူတိုင်းမှာ မိမိတို့၏ နားစည်ဘေးတွင် မိုးကြိုးများ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ အမြင်အာရုံများမှာ ဝေဝါးသွားပြီး မြေပြင်မှာလည်း သူတို့အောက်တွင် ပြင်းထန်စွာ တုန်ခါနေပုံရ၏။ သူတို့မှာ မလဲအောင်ပင် မနည်း ထိန်းရပ်နေကြရသည်။ မော့ကြည့်လိုက်သောအခါ ကောင်းကင်ထောက်မအဆောင်လက်ဖွဲ့၏ အကာအကွယ် အလင်းတန်းမှာ အသက်မဲ့သော အရောင်အဖြစ်သို့ မှေးမှိန်သွားပြီး အချိန်မရွေး ကွဲအက်တော့မည့် ပုံစံမျိုး ဖြစ်နေသည်ကို မြင်လိုက်ရသည်။ လီယွမ်လုံ၏ နားများထဲမှ သွေးများ စီးကျလာပြီး
"နင့်ရဲ့ ကောင်းကင်ထောက်မအဆောင်လက်ဖွဲ့ ဘယ်မှာလဲ”
သူ အော်ဟစ်လိုက်သည်။
ချောင်ချင်းဝမ်သည် သူ့လက်ထဲတွင် နှစ်ပိုင်းတိတိ ပြတ်တောက်သွားသော အဆောင်လက်ဖွဲ့ကို ငုံ့ကြည့်လိုက်ရာ နှလုံးသားမှာ အောက်ခြေသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုကမ္ဘာပျက်မတတ် ပေါက်ကွဲမှုမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပထမဆုံး ကောင်းကင်ထောက်မအဆောင်လက်ဖွဲ့၏ အကာအကွယ်မှာ ခဏချင်းမှာပင် ချေမှုန်းခံလိုက်ရသည်။ ယခုမူ သူတို့ရှေ့တွင် ရှိနေသည်မှာ ဒုတိယမြောက် အဆောင်လက်ဖွဲ့၏ အကာအကွယ် ဖြစ်၏။ သို့သော်လည်း ဤဒုတိယမြောက် အဆောင်လက်ဖွဲ့မှာပင် အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် စွမ်းအားများအားလုံး ကုန်ဆုံးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နတ်ဆိုးမိုးကြိုးသားရဲကြီး ငါးဆယ်ကျော်၏ ပေါင်းစပ်တိုက်ခိုက်မှုမှာ မည်မျှအထိ အစွမ်းထက်မည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။ အထွတ်အထိပ် နယ်ပယ်မှ ကျင့်ကြံသူတစ်ဦးပင်လျှင် ယင်းကို တိုက်ရိုက်ရင်ဆိုင်မည်ဆိုပါက အပြင်းအထန် ဒဏ်ရာရရှိသွားနိုင်ပေသည်။
"ကုန်သွားပြီလား"
လီယွမ်လုံ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး နှလုံးသားမှာလည်း တုန်လှုပ်သွားသည်။ အကယ်၍ ကောင်းကင်ထောက်မအဆောင်လက်ဖွဲ့ပင်လျှင် ဤကဲ့သို့သော တိုက်ခိုက်မှုကို မခုခံနိုင်ပါက သူတို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်နိုင်ပါတော့မည်နည်း။
သေခြင်းတရား တစ်ခုတည်းသာ ကျန်တော့သည်လား။
အမြဲတမ်း တက်ကြွနေလေ့ရှိသော သူ့မျက်နှာလေးမှာပင် ယခုအခါ ခါးသီးမှုများဖြင့် ပြည့်နှက်နေတော့သည်။
ထိုအခိုက်အတန့်မှာပင် လီယွမ်လုံနှင့် ချောင်ချင်းဝမ် နှစ်ဦးလုံး တစ်စုံတစ်ခုကို ခံစားလိုက်ရသကဲ့သို့ အပေါ်သို့ ရုတ်တရက် မော့ကြည့်လိုက်ကြသည်။ အထက်ကောင်းကင်ယံရှိ လိပ်တက်နေသော မည်းနက်သည့် တိမ်တိုက်များ၏ အနက်ရှိုင်းဆုံးနေရာတွင် ခရမ်းရောင်သန်းသော အနက်ရောင် မိုးကြိုးအလင်းတန်းတစ်ခု စုစည်းနေသည်။ ယင်းမှာ ကောင်းကင်ဘုံ၏ အပြစ်ပေးသည့် နတ်ဘုရားလှံတံကြီးတစ်ခုကဲ့သို့ပင် ထူထဲကာ ကြီးမားပြီး ခန့်ညားလှသည်။ ၎င်း၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ချေမှုန်းဖျက်ဆီးနိုင်ကာ ကမ္ဘာလောကကြီးတစ်ခုလုံးကိုပင် ပြာအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိ၏။ သူ၏ သတ်ဖြတ်လိုသော၊ ဖျက်ဆီးလိုသော အရှိန်အဝါကြောင့် တောင်ကြားအတွင်း ရှိနေကြသော်လည်း အားလုံး ဆံပင်များမှာ ထောင်ထလာပြီး ဦးရေပြားများမှာလည်း တဆစ်ဆစ် နာကျင်လာကြသည်။
"မဖြစ်နိုင်တာ..."
လီယွမ်လုံ ဆွံ့အသွားရသည်။
သိပ်သည်းလှသော ခရမ်းရောင် မိုးကြိုးလှံတံကြီး ဟုတ်လား။
သူတို့တွေ ကောင်းကင်ဘုံကို ပြစ်မှားမိတဲ့ အပြစ်တစ်ခုခု လုပ်ခဲ့ကြလို့လား။
ဒါကြီးက တကယ်ပဲ လိုအပ်လို့လား။
ချောင်ချင်းဝမ်၏ လှပသော မျက်လုံးများမှာလည်း ထိုမိုးကြိုးလှံတံကြီးကို မြင်လိုက်ရသောအခါ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားကြသည်။ နတ်ဆိုးမိုးကြိုးသားရဲကြီး ငါးဆယ်နှင့် ထောင်နှင့်ချီသော နတ်ဆိုးမိုးကြိုး သားရဲများမှာပင် သူတို့ကို စိတ်ပျက်အားငယ်စေရန် လုံလောက်နေပြီ ဖြစ်သည်။
ယခုမူ ဤခရမ်းရောင် မိုးကြိုးလှံတံကြီးအထိ…
ဒါက သူတို့ကို သတ်ဖို့တင် မဟုတ်ဘူး… သံသရာဝဲဂယက်ထဲ တိုက်ရိုက် ပို့ပေးမယ့် လှံတံကြီးပဲ။
တောင်ကြားအတွင်း၌ စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းပူဆွေးမှုများ ဖုံးလွှမ်းနေသည်။ တစ်ဖက်တွင်မူ နတ်ဆိုးမိုးကြိုးသားရဲကြီးများမှာ ထူးဆန်းစွာ စိတ်လှုပ်ရှားနေကြသည်။ နတ်ဆိုးမိုးကြိုး စွမ်းအားသည် သူတို့၏ ခွန်အားအရင်းအမြစ် အမြဲဖြစ်ခဲ့၏
ယခုအခါ အထက်ကောင်းကင်တွင် ခရမ်းရောင် မိုးကြိုးလှံတံကြီး ဖြစ်ပေါ်လာခြင်းမှာ သူတို့၏ အကန့်အသတ်ရှိသော အသိဉာဏ်အရ လူသားကျင့်ကြံသူများကို ဦးတည်ထားခြင်းဖြစ်ကြောင်း သိသာလှသည်။ သူတို့ အလွန်ဝမ်းသာနေကြခြင်း ဖြစ်၏။
နောက်တစ်ခဏတွင် လူသားကျင့်ကြံသူများ၏ စိတ်ပျက်အားငယ်နေသော အကြည့်များနှင့် နတ်ဆိုးမိုးကြိုးသားရဲများ၏ စိတ်အားထက်သန်သော အကြည့်များအောက်တွင် ခရမ်းရောင် မိုးကြိုးလှံတံကြီးမှာ ကောင်းကင်ယံမှ ဆင်းသက်လာတော့သည်။ ကောင်းကင်ဘုံ၏ ဒေါသကဲ့သို့ပင်။
ယင်းမှာ ကမ္ဘာဖျက်လှံတံကြီး ဖြစ်ပေသည်။
ဒိုင်း!
တစ်ချက်တည်း။
တစ်ချက်တည်းသာ—
နတ်ဆိုးမိုးကြိုးသားရဲကြီး ငါးဆယ် စုဝေးနေသော တောင်ကုန်းကြီးမှာ ပြားချပ်သွားခဲ့လေပြီ။ ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းကြီးမှာ အရပ်မျက်နှာအနှံ့ ပြန့်ထွက်သွားပြီး စုဝေးနေသော နတ်ဆိုးမိုးကြိုး သားရဲများ၏ ခန္ဓာကိုယ်များကို အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။
လီယွမ်လုံ၊ ချောင်ချင်းဝမ်နှင့် အခြားသူများမှာ တောင်ကြားအတွင်း ရှိနေကြသဖြင့် သူတို့မှာ မည်သည့် ထိခိုက်မှုမျှ မရှိသလောက်ပင်။
သူတို့ ခေါင်းပြန်မော့ကြည့်လိုက်သောအခါ
အရာအားလုံး ပြောင်းလဲသွားပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။ ဤနေရာတွင် တောင်ကြားဆိုသည်မှာ မရှိတော့ချေ။ ကျယ်ပြောပြီး အတားအဆီးမရှိသော လွင်ပြင်ကြီးတစ်ခုသာ ရှိတော့၏။ ဘေးတစ်ဖက်တစ်ချက်ရှိ တောင်တန်းများမှာ ထိုခရမ်းရောင် မိုးကြိုးလှံတံကြောင့် ပြားချပ်သွားခဲ့လေပြီ။ အပြင်ဘက်တွင် ဝိုင်းရံထားသော နတ်ဆိုးမိုးကြိုး သားရဲများမှာလည်း သေဆုံးကုန်ကြသည် သို့မဟုတ် အပြင်းအထန် ဒဏ်ရာရရှိသွားကြကာ မတ်တပ်ပင် မရပ်နိုင်ဘဲ ညည်းတွားနေကြတော့၏။ သူတို့တွင် တိုက်ခိုက်ရန် ခွန်အား မကျန်တော့ချေ။
ချောင်ချင်းဝမ်၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေဆဲပင်။
လီယွမ်လုံ၏ စိတ်ပျက်အားငယ်မှုမှာမူ ချက်ချင်းပင် ဝမ်းသာမှုအဖြစ်သို့ ပြောင်းလဲသွားသည်။
"တောက်… ကောင်းကင်ကြီးက ငါတို့ဘက်မှာ ရှိနေတာပဲ"
ကျင့်ကြံသူများမှာလည်း တစ်ညီတစ်ညွတ်တည်း အော်ဟစ်အောင်ပွဲခံလိုက်ကြပြီး သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ခြင်းအတွက် ဝမ်းမြောက်နေကြတော့သည်။
Chapter 683: လှံတစ်ချက်ဖြင့် တိုက်ခိုက်ခြင်း
"အာ... ဟိုနတ်ဆိုးမိုးကြိုးသားရဲကြီးတွေအတွက်တော့ တကယ်နှမြောဖို့ကောင်းတာပဲ… တစ်ကောင်ကိုတင် မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုရဲ့ အမှတ်တစ်သိန်းတန်တာလေ"
"ဟုတ်ပါ့… နတ်ဆိုးမိုးကြိုးသားရဲကြီး ငါးဆယ်ကျော်ဆိုတော့ အမှတ်ငါးသန်းတောင်ပေါ့… အို... ဘုရားသခင်… အဲဒီလောက်ဆိုရင် အဆင့်မြင့်သူတော်စင်လက်နက်တစ်ခုနဲ့တောင် လဲလို့ရလောက်တယ် မဟုတ်လား"
"ဘယ်သူသိမှာလဲ… မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုက အဆင့်မြင့်သူတော်စင်လက်နက်ကို တကယ်ရော ပေးချင်ပါ့မလား"
"ကောင်းကင်ကြီးကိုပဲ ကျေးဇူးတင်ရမယ်… တကယ်ကို ကျေးဇူးတင်ရမှာ"
"ဒါက အထွတ်အထိပ်နယ်ပယ်က ပညာရှင်တစ်ယောက်ရဲ့ လက်ချက်လို့ ထင်လား"
"လျှောက်မပြောနဲ့ဦး… အထွတ်အထိပ်နယ်ပယ်က ပညာရှင်တစ်ယောက် ရောက်လာရင်တောင် ဒီလောက်များတဲ့ နတ်ဆိုးမိုးကြိုးသားရဲကြီးတွေကို မျက်တောင်တစ်ခတ်အတွင်း သတ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ကျင့်ကြံသူများသည် တစ်ယောက်တစ်ပေါက် လွတ်လပ်စွာ ပြောဆိုနေကြ၏။
ချောင်ချင်းဝမ်သည်လည်း အနည်းငယ် နှမြောတသဖြစ်မိသည်။
အကယ်၍ သူသာ ထိုနတ်ဆိုးမိုးကြိုးသားရဲကြီးများကို သတ်နိုင်ခဲ့လျှင် အမှတ်တစ်သိန်း ရရှိမည်ဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုအခွင့်အရေးကို လက်လွတ်လိုက်ရ၏။
လီယွမ်လုံ လက်ယမ်းပြကာ
"ကဲပါ… ကဲပါ… နတ်ဆိုးမိုးကြိုးသားရဲကြီးတွေလည်း သေကုန်ပြီပဲ… နင်တို့အားလုံး အခု ထွက်သွားကြတော့"
"ငါတို့ ဒီမှာ လုပ်စရာ ကိစ္စအနည်းငယ် ကျန်သေးလို့"
ချောင်ချင်းဝမ်သည် ထိုနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့မှန်း သိသည်။
သူ နောက်သို့ပင် လှည့်မကြည့်ဘဲ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်းမှ ကျင့်ကြံသူများကို ဦးဆောင်ကာ ထွက်ခွါသွားတော့၏။
တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်း တမင်တကာ ကျန်ရစ်ခဲ့သည်မှာ သူတို့ကိုယ်ပိုင် အစီအစဉ်တစ်ခုခု ရှိနေသောကြောင့်ဖြစ်ကြောင်း သူ အနည်းနှင့်အများ ခန့်မှန်းမိသည်။
ယခင်က တစ်ထောင်သော မိုးကြိုးအကျဉ်းထောင်ထဲသို့ ဝင်ရောက်ခဲ့သော ကျင့်ကြံသူများ ချန်ထားရစ်ခဲ့သည့် ရတနာတစ်ခုခုမှာ ဖြစ်နိုင်ခြေ အရှိဆုံးပင်။
သို့သော် ထိုအရာကို တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းမှ လူများသာ ရယူနိုင်လိမ့်မည်ဟု ယူဆသည်။
ချောင်ချင်းဝမ်လည်း ဤနေရာတွင် အချိန်မဖြုန်းလိုသဖြင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက်စလုံးမှာ ကိုယ့်လမ်းကိုယ် လျှောက်သွားကြတော့၏။
အခြားတစ်ဖက်တွင်မူ။
ရှန်မို မျက်ခုံးပင့်လိုက်မိပြီး သူ၏မျက်နှာတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ထို့နောက် နောက်ထပ် အခွင့်အရေးရှိမည့် နေရာသို့ အမြန်သွားရန် ပြင်လိုက်သည်။
ဤတောင်ကြားကို ဖြတ်ကျော်စဉ်
နတ်ဆိုးမိုးကြိုးသားရဲကြီးများနှင့် နတ်ဆိုးမိုးကြိုး သားရဲအမြောက်အမြား စုဝေးနေသည်ကို သူ တွေ့ရှိခဲ့ပြီး ခရမ်းရောင် မိုးကြိုးလှံတံကြီးကို အသုံးပြုကာ တစ်ချက်တည်းဖြင့် အပြတ်ရှင်းပစ်ရန် ချက်ချင်း စဉ်းစားမိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူ၏ ခန္ဓာကိုယ်တွင် နတ်ဆိုးမိုးကြိုး စွမ်းအားများစွာ ရစ်ပတ်နေပြီဖြစ်သည်။
သူသာ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်မှ ထွက်ခွာသွားလျှင် မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုက သူ၏ကိုယ်ပေါ်မှ နတ်ဆိုးမိုးကြိုး စွမ်းအားကို စစ်ဆေးပြီး နောက်ဆုံး ဆုံးဖြတ်ချက် ပေးပေလိမ့်မည်။
"နတ်ဆိုးမိုးကြိုးသားရဲကြီး အရေအတွက် အတိအကျကိုတော့ မသိရဘူး"
"ဒါပေမဲ့ အနည်းဆုံး အကောင်လေးဆယ်တော့ ရှိမှာပဲ… အဲဒါက အနည်းဆုံး အမှတ်လေးသန်းပေါ့"
ရှန်မို အံ့သြစွာဖြင့် လျှာသပ်လိုက်မိသည်။
မျက်တောင်တစ်ခတ်အတွင်းမှာတင် သူ အမှတ်လေးသန်း ရရှိခဲ့သည်။
ဤသည်မှာ တကယ့်ကို ကျေနပ်စရာ ကောင်းလှသည်။
အခြားကျင့်ကြံသူများနှင့် ယှဉ်လျှင် သူသည် ဂိမ်းထဲတွင် လိမ်လည်ကစားနေသကဲ့သို့ပင်။
ဤသန်းနှင့်ချီသော အမှတ်များဖြင့်ဆိုလျှင် မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စု၏ ရွှေရောင်စာရင်းထဲရှိ အရာအားလုံးနှင့် လဲလှယ်နိုင်ပေလိမ့်မည်။
အချိန်ကျလာလျှင် မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုမှ တကယ်ရော ပေးချင်ပါ့မလား မသိချေ။
ရှန်မို ထူးဆန်းစွာ ပြုံးလိုက်သည်။
ထိုအချိန်တွင် မိုးကြိုးအကျဉ်းထောင်မျိုးနွယ်စုဝင်များ၏ မျက်နှာထက်မှ အမူအရာများမှာ တကယ့်ကို ကြည့်ကောင်းနေမည်မှာ သေချာ၏။
"ရှီထျန်းဟောက် အခု ဘယ်မှာလဲ"
ရှန်မိုသည် နတ်ဆိုးချည်နှောင်သော သော့ခလောက်ကို ထုတ်ယူကာ သူ၏စိတ်ကို နှစ်မြှုပ်လိုက်သည်။
ချက်ချင်းပင် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ မြေပုံမှာ သူ၏မျက်စိရှေ့တွင် ပေါ်လာသည်။
မြေပုံပေါ်တွင် တောင်တန်းများနှင့် မြစ်ချောင်းများမှာ မြေပြင်အနှံ့ တည်ရှိနေကြသည်။
ယင်းအတွင်း၌ ရေတွက်မရနိုင်သော အမည်းစက်လေးများ လှုပ်ရှားနေကြ၏။
ဤအမည်းစက်လေးများမှာ နတ်ဆိုးမိုးကြိုးသားရဲကြီးများနှင့် နတ်ဆိုးမိုးကြိုး သားရဲများကို ကိုယ်စားပြုသည်။
နတ်ဆိုးမိုးကြိုးသားရဲကြီးများအတွက် အစက်များမှာ ကြီးမားပြီး နတ်ဆိုးမိုးကြိုး သားရဲများအတွက်မူ သေးငယ်သည်။
အမည်းစက်များ၏ အရွယ်အစားမှာ သူတို့၏ ခွန်အားနှင့် တိုက်ရိုက်ပတ်သက်နေသည်။
ရှန်မိုသည် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ အလယ်ဗဟိုတွင် အမည်းစက်များစွာ စုပြုံနေသည်ကို ရှင်းလင်းစွာ မြင်ရ၏။
ထိုနေရာမှာ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်နှင့် အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာတို့ တိုက်ခိုက်နေကြသော ရှေ့တန်းစစ်မျက်နှာပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် တောက်ပသော အဖြူရောင်အစက် အချို့ ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။
ယင်းတို့မှာ အထွတ်အထိပ် ပညာရှင်အချို့ကို ကိုယ်စားပြုသည်။
ထို့အပြင် အဖြူရောင်အစက်များစွာမှာလည်း အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင် တစ်ခုလုံးတွင် ပျံ့နှံ့နေကြ၏။ ယင်းတို့မှာ ယခုအကြိမ် ဝင်ရောက်လာကြသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။
ရှန်မို မြေပုံကို ဂရုတစိုက် အာရုံခံကြည့်ရာ မကြာမီမှာပင် ရှီထျန်းဟောက်ကို ကိုယ်စားပြုသည့် အဖြူရောင်အစက်ကို တွေ့ရှိလိုက်ရသည်။
"နွယ်ပင်တောအုပ်ကို ခုလေးတင် ဖြတ်လာတာပဲ… သူ့ရဲ့ အဖြူရောင်အစက်က တော်တော်လေး မှေးမှိန်သွားတာပဲ"
"အင်း... ကြည့်ရတာ သူ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးဆီကနေ အတော်လေး အရိုက်ခံလိုက်ရပုံရတယ်"
ရှန်မို တိုးတိုးလေး ရယ်မောလိုက်သည်။
မူလ ကံကြမ္မာအရဆိုလျှင် ရှီထျန်းဟောက်သည် နွယ်ပင်တောအုပ်တွင် ဒဏ်ရာမရရုံသာမက မိုးကြိုးရိုးသစ်ပင်ဘုရင်၏ နှစ်တစ်သောင်း သစ်ပင်အူတိုင်ကို အသုံးပြု၍ နတ်ဆိုး မိုးကြိုးနွယ်ပင်နဂါးကို ခြိမ်းခြောက်ကာ နတ်ဆိုးချည်နှောင်သော သော့ခလောက်ကို ရရှိရမည် ဖြစ်သည်။
ယခုမူ အခွင့်အရေးမှာ အလုခံလိုက်ရသဖြင့် သူ၏ အဆုံးသတ်မှာ သနားစရာ ကောင်းလှပေသည်။
"သူ့ရဲ့ နောက်ထပ် ဦးတည်ချက်က ဒီတောင်ကြားပဲ"
"ငါက သူ့ထက် အမြဲ ဦးနေပုံရတယ်"
ရှန်မို ခပ်ပါးပါး ပြုံးလိုက်သည်။
ဤတောင်ကြားထဲတွင် သူတော်စင်လက်နက်တစ်ခု ရှိနေသည်။
ယင်းကို လွန်ခဲ့သော အကြိမ်က အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင် ပွင့်စဉ်တွင် တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။
ဤအကြိမ်တွင် လီယွမ်လုံ ရှာဖွေပြီး ယူဆောင်သွားရန် ရည်ရွယ်ထား၏။
သို့သော်လည်း တောင်တန်းများ ရွေ့လျားမှုကြောင့် ထိုသူတော်စင်လက်နက်မှာ တောင်ထိပ်တစ်ခု၏ အောက်တွင် ကြာမြင့်စွာ မြှုပ်နှံခံထားရသဖြင့် ရှာဖွေရန် ခက်ခဲနေခဲ့ခြင်း ဖြစ်သည်။
လီယွမ်လုံနှင့် အခြားကျင့်ကြံသူများသည် ဆယ်ရက်တိုင်တိုင် ပင်ပင်ပန်းပန်း ရှာဖွေခဲ့ကြသော်လည်း မတွေ့ရှိခဲ့သဖြင့် နောက်ဆုံးတွင် နောင်တများစွာဖြင့် ထွက်ခွာသွားခဲ့ကြရသည်။
သူတို့ ထွက်ခွာသွားပြီးနောက်တွင် ရှီထျန်းဟောက် မတော်တဆ ထိုနေရာသို့ ရောက်ရှိလာခဲ့ကာ တောင်၏ အတွင်းပိုင်းသို့ ဦးတည်သည့် အက်ကြောင်းတစ်ခုကို တွေ့ရှိခဲ့ပြီး နောက်ဆုံးတွင် ထိုသူတော်စင်လက်နက်ကို ရရှိခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုမူ ထိုတောင်ထိပ်မှာ ရှန်မို၏ ခရမ်းရောင် မိုးကြိုးလှံတံကြီးကြောင့် ပြားချပ်သွားခဲ့လေပြီ။
လီယွမ်လုံ ဦးဆောင်သော တောက်လောင်နေသည့် ကောင်းကင် နတ်ဘုရားဂိုဏ်း ကျင့်ကြံသူများသည် ထိုသူတော်စင်လက်နက်ကို သဘာဝကျစွာပင် ရှာတွေ့နိုင်ကြတော့မည်။
ရလဒ်အနေဖြင့် ရှီထျန်းဟောက် ရက်အနည်းငယ်အကြာတွင် ရောက်လာသောအခါ သူသည် နောက်တစ်ကြိမ် လက်ဗလာဖြင့်သာ ပြန်သွားရပေလိမ့်မည်။
ဤသည်မှာ ရှီထျန်းဟောက်အနေဖြင့် သူရသင့်ရထိုက်သော နောက်ထပ် သူတော်စင်လက်နက်တစ်ခုကို ထပ်မံ ဆုံးရှုံးရဦးမည်ဟု ဆိုလိုခြင်းပင်။
"ညီအစ်ကိုရှီ… ဝန်ထုပ်ဝန်ပိုးတွေကို ဆက်ထမ်းပြီး ရှေ့ဆက်သွားပါဦး… အစွမ်းကုန် ကြိုးစားပါဦး"
ရှန်မိုသည် သူ၏ နောက်ထပ်နေရာသို့ သွားရန် ပြင်လိုက်စဉ် မြေပုံ၏ ထောင့်တစ်နေရာတွင် အမည်းစက်နှင့် အဖြူစက် အစုအဝေးကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်ကို သတိပြုမိလိုက်သည်။
အမည်းစက်နှင့် အဖြူစက်များမှာ ရောနှောနေပြီး အာရုံစိုက်စရာ ဖြစ်နေ၏။
ဤအလင်းစက်များသည် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင် အတွင်းမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။
ယင်းတို့မှာ ပြင်ပမှနေ၍ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်းသို့ ဝင်ရောက်လာသကဲ့သို့ မည်သည့်နေရာမှန်းမသိ ပေါ်လာခြင်း ဖြစ်သည်။
၎င်းတို့အထဲတွင် အမည်းစက်အချို့မှာ အလွန်နက်မှောင်သဖြင့် တောက်ပနေပြီး အထွတ်အထိပ် ပညာရှင်များကို ကိုယ်စားပြုသည့် အဖြူစက်အချို့၏ တောက်ပမှုနှင့်ပင် နီးပါး တူနေသည်။
"ညစ်ညမ်းဌာနက နတ်ဆိုးတွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေ ဒီလောက်မြန်မြန် ရောက်လာကြတာလား"
ရှန်မို မျက်ခုံးပင့်လိုက်သည်။
သူ၏ ကိုယ်ပိုင် ကံကြမ္မာစနစ် သို့မဟုတ် အခြားသူများ၏ ကံကြမ္မာစနစ်များမှတစ်ဆင့် ရှေ့တွင် ဖြစ်လာမည့် ကံကြမ္မာလမ်းကြောင်းကို အတော်ကြာမြင့်စွာကတည်းက သိရှိထားခဲ့ပြီး ဖြစ်သည်။
အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာ၏ သောင်းကျန်းမှုမှာ အမှန်တကယ်တွင် တမင်တကာ စီစဉ်ထားခြင်း ဖြစ်သည်။
ပြင်ဆင်မှုများကို လွန်ခဲ့သော အကြိမ် တစ်ထောင်သော မိုးကြိုးအကျဉ်းထောင် ပွင့်စဉ်ကတည်းက စတင်ခဲ့ခြင်းပင်။
ဤအကြိမ်တွင်မူ အရှိန်အဟုန်အပြည့်ဖြင့် ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။
ယင်း၏ နောက်ကွယ်တွင် ညစ်ညမ်းဌာန နတ်ဆိုးများ၏ ကြိုးကိုင်မှုနှင့် သူတို့၏ လက်အောက်ခံ လျှို့ဝှက်အေးဂျင့်များ ရှိနေကြသည်။
အလောင်းကောင်ဌာနကလည်း ဤကိစ္စတွင် ပါဝင်ပတ်သက်နေ၏။
ယခုအခါ အချိန်အခါ ကောင်းပြီဖြစ်သဖြင့် ဤနတ်ဆိုးများသည် ပြင်ပမှနေ၍ တစ်ထောင်သော မိုးကြိုးအကျဉ်းထောင်အတွင်းသို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။
သူတို့၏ ရည်ရွယ်ချက်မှာ အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာကို သိမ်းပိုက်ရန် ဖြစ်သည်။
ဒါက နတ်ဆိုးတွေရဲ့ အစီအစဉ်တစ်ခုလုံး မဟုတ်သေးချေ။
အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်းသို့ ဝင်ရောက်လာသူများသည် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုသာ ရှိသေးသည်။
အခြားသော နတ်ဆိုးများနှင့် နတ်ဆိုးကျင့်ကြံသူ အများအပြားမှာ အရှေ့တောင်ပိုင်း လီ အင်ပါယာ၊ ကောင်းကင်ဖန်ဆင်းရှင်ဂိုဏ်း၊ တောက်လောင်နေသော ကောင်းကင် နတ်ဘုရားဂိုဏ်းနှင့် သံသရာ မြင့်မြတ်တဲ့နယ်မြေတို့၏ အတွင်းပိုင်း အင်အားနည်းနေချိန်ကို အခွင့်ကောင်းယူကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြ၏။
သူတို့၏ ရည်ရွယ်ချက်မှာ ဤအင်အားကြီး အဖွဲ့အစည်း လေးခုက နှိမ်နင်းထားသော တာအိုသူတော်စင်လက်နက်များကို လုယူရန် ဖြစ်သည်။
ဤတာအိုသူတော်စင်လက်နက်များသည် ညစ်ညမ်းဌာနက အရာအားလုံးထက် ပို၍ တန်ဖိုးထားသော ရတနာများ ဖြစ်ကြသည်။
သို့သော် ယင်းတို့ကို အရှေ့ပြည်နယ်၏ အင်အားကြီး အဖွဲ့အစည်း ငါးခုက နှစ်ပေါင်း သောင်းချီ၍ နှိမ်နင်းထားခဲ့ခြင်း ဖြစ်သည်။
သူတို့အနေဖြင့် နာကျည်းမှု မရှိဘဲ နေပါ့မည်လား။
ယခုမူ ကြာမြင့်စွာ တွက်ချက်ပြီးနောက်တွင် သူတို့၏ ရည်မှန်းချက်မှာ တာအိုသူတော်စင်လက်နက် လေးခုလုံးကို ပြန်လည်ရယူရန်နှင့် သူတို့၏ အရှက်ရမှုကို တစ်ချက်တည်းဖြင့် ဆေးကြောရန် ဖြစ်သည်။
"ဒီနတ်ဆိုးတွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေက အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ရဲ့ အလယ်ဗဟိုကို တည့်တည့်သွားကြလိမ့်မယ်"
"ငါသာ သူတို့ကို ရှောင်နေသရွေ့ ငါ့အတွက် ဘာမှဖြစ်မှာ မဟုတ်ဘူး"
ရှန်မို စိုးရိမ်ပူပန်မှု မရှိချေ။
သူ၏ အဓိက ရည်မှန်းချက်မှာ နတ်ဆိုးချည်နှောင်သော သော့ခလောက်ကဲ့သို့သော သူတော်စင်လက်နက်များကို ပိုမိုရှာဖွေရန် ဖြစ်၏။
ထိုအခါမှသာ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အပေါ် သူ၏ လုပ်ပိုင်ခွင့်ကို ပိုမိုရရှိနိုင်မည် ဖြစ်သည်။
အမှန်စင်စစ် သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ဦးသာလျှင် တစ်ထောင်သော မိုးကြိုးအကျဉ်းထောင်ကဲ့သို့သော တာအိုသူတော်စင်လက်နက်ကို အမှန်တကယ် ထိန်းချုပ်နိုင်သည်။
သို့သော် ယခုမူ ယင်း၏ ဝိညာဉ်အသိစိတ်မှာ လုံးဝ တိုက်စားခံထားရပြီ ဖြစ်သည်။
ယင်း၏ လုပ်ပိုင်ခွင့်ကို ရယူရန် ကံပါသူတစ်ဦးသာ လိုအပ်သည်။
သို့သော်လည်း အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ ပင်မခန္ဓာမှာ အစွမ်းထက်မြဲပင်။ ၎င်း၏ ဝိညာဉ်အသိစိတ် မရှိဘဲနှင့်ပင် ယင်းကို ထိန်းချုပ်ရန်မှာ အလွန်အမင်း သန်မာသော အထွတ်အထိပ် ပညာရှင်တစ်ဦး လိုအပ်ပေဦးမည်။
ရှန်မိုသည် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် မမျှော်လင့်ပေ။
သူ့အတွက် ယင်း၏ လုပ်ပိုင်ခွင့်ကို ပိုမိုရရှိရန်သာ လိုအပ်သည်။
ထိုအခါမှသာ သူသည် နတ်ဆိုးများနှင့် နတ်ဆိုးကျင့်ကြံသူများကို ထိပ်တိုက်ရင်ဆိုင်နိုင်မည့် ခွန်အား ရှိပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဤအကြိမ်တွင် နတ်ဆိုးအထွတ်အထိပ် ပညာရှင် ငါးဦးထက်မနည်း ပေါ်လာမည် ဖြစ်၏။
ယခု သူပိုင်ဆိုင်ထားသော အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ လုပ်ပိုင်ခွင့်ဖြင့် အထွတ်အထိပ် နယ်ပယ် ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်ပြီ ဖြစ်သော်လည်း
နတ်ဆိုးအထွတ်အထိပ် ပညာရှင်တစ်ဦးမှာမူ အသတ်ခံရမည့် ကြက်ကလေးတစ်ကောင်ကဲ့သို့ ငြိမ်ခံနေလိမ့်မည် မဟုတ်ပေ။
နတ်ဆိုးအထွတ်အထိပ် ပညာရှင် ငါးဦးအထိ ရှိနေမည်ဆိုလျှင်မူ ပို၍ပင် ပြောစရာ မလိုတော့ချေ။
"ငါ အရှိန်မြှင့်ရမယ်"
ရှန်မို ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး သူ၏ ပုံရိပ်မှာ လျှပ်စီးတစ်ခုကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
Chapter 684 အဖြူရောင်အရိုးကန်
လေးရက်အကြာတွင်။
ရှန်မို မိုးကြိုးချော်ရည်မြစ်သို့ ရောက်ရှိလာခဲ့သည်။ ဤမြစ်သည် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်၏ အောက်ခြေမှ စီးဆင်းလာပြီး အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ကို ဖြတ်သန်းသွားခြင်း ဖြစ်သည်။ ယင်းသည် အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်းရှိ အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး မြစ်လည်း ဖြစ်သည်။ သို့သော် မြစ်အတွင်း စီးဆင်းနေသည်မှာ ရေမဟုတ်ဘဲ ဖျက်ဆီးခြင်းစွမ်းအားများ အလွန်အမင်း သိပ်သည်းလွန်း၍ အရည်အသွင်သို့ ပြောင်းလဲနေသော နတ်ဆိုးမိုးကြိုး စွမ်းအားများသာ ဖြစ်သည်။ မိုးကြိုးချော်ရည်မြစ်အတွင်းရှိ ကျောက်တုံးများသည် နှစ်ပေါင်းသောင်းချီ၍ နတ်ဆိုးမိုးကြိုး စွမ်းအားများ၏ လေ့ကျင့်ပေးမှုကို ခံထားရသဖြင့် အလွန်အမင်း မာကျောလှသလို နတ်ဆိုးမိုးကြိုး စွမ်းအားများကိုလည်း အတော်အတန် သိမ်းဆည်းထားကြသည်။ ထိုကဲ့သို့သော ကျောက်တုံးများကို စုပေါင်း၍ "နတ်ဆိုးမိုးကြိုးကျောက်" ဟု ခေါ်ဆိုကြသည်။ ယင်းတို့ကို အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်ပြင်ပသို့ ယူဆောင်သွားပါက စိတ်ဝိညာဉ်လက်နက်များ သွန်းလုပ်ရာတွင် အသုံးပြုနိုင်ပေသည်။ ယင်းမှာ ကျင့်ကြံသူများ အလွန်အမင်း လိုချင်တပ်မက်ကြသည့် ရတနာတစ်ခု ဖြစ်၏။
သို့သော် ဤအချိန်တွင် မြစ်ကမ်းပါးဘေး၌ သားရဲများ သိပ်မရှိချေ။ ဤနေရာတွင် အသန်မာဆုံးနှင့် အကြောက်စရာအကောင်းဆုံး သားရဲများသည် မိုးကြိုးချော်ရည်မြစ်အတွင်း၌သာ နေထိုင်ကြ၏။ ရှန်မို ရောက်ရှိလာသောအခါ မြစ်ကမ်းဘေးတစ်လျှောက်တွင် ကျင့်ကြံသူ အများအပြား၏ အလောင်းများကို တွေ့ရှိခဲ့ရသည်။ သူတို့အားလုံးမှာ ခြွင်းချက်မရှိဘဲ ပေါ့ဆခဲ့ကြသူများ ဖြစ်ပြီး နတ်ဆိုးမိုးကြိုးကျောက်များကိုသာ မျက်စိကျနေမိကာ မြစ်ရေမျက်နှာပြင်အောက်၌ ပုန်းအောင်းနေသော ငါးပုံသဏ္ဌာန် သားရဲများကို သတိမမူခဲ့ကြပေ။ ရလဒ်အနေဖြင့် အများစုမှာ ထိုငါးသားရဲများ၏ ဝမ်းဗိုက်ထဲ၌သာ အဆုံးသတ်ခဲ့ကြရသည်။
ရှန်မိုသည် ထိုကဲ့သို့သော သတ္တဝါများနှင့် အချိန်ဖြုန်းရန် စိတ်မဝင်စားပေ။ သူ မြစ်ကမ်းပါးအတိုင်း လျှောက်သွားရင်း ပစ်မှတ်ကို တိုက်ရိုက် ရှာဖွေခဲ့သည်။ တစ်ရက်အတွင်းမှာပင် သူ ရှာတွေ့ခဲ့သည်မှာ မြစ်လယ်တွင် စိုက်ထူထားသော သံချေးတက်နေသည့် သံချောင်းတစ်ခုပင်။
သားရဲအနည်းငယ်သာ ယင်းအနီးသို့ ချဉ်းကပ်ရန် ရဲကြပြီး အလွန်အမင်း ကြောက်ရွံ့နေကြပုံရသည်။ ပထမတစ်ချက်ကြည့်လျှင် ထိုအရာကို တုတ်ပုံစံ စိတ်ဝိညာဉ်လက်နက်တစ်ခုဟု မှားယွင်းထင်မှတ်နိုင်သည်။ အမှန်စင်စစ် ဤသည်မှာ အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်မှ လက်ရန်းအမြောက်အမြားထဲမှ တစ်ခုဖြစ်ပြီး မိုးကြိုးအကျဉ်းထောင်တုတ်ဟု ခေါ်ဆိုသည်။ နှစ်ပေါင်းတစ်သောင်းနီးပါးအတွင်း အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်နှင့် အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာတို့အကြား တိုက်ပွဲမှာ ပို၍ ပြင်းထန်လာခဲ့သည်။ နှစ်ဖက်စလုံးမှ အစိတ်အပိုင်းများစွာ လွင့်စင်ထွက်လာခဲ့ကြ၏။ ဤမိုးကြိုးအကျဉ်းထောင်တုတ်မှာ မတော်တဆ လွင့်စင်ထွက်လာခဲ့ခြင်းဖြစ်ပြီး မိုးကြိုးချော်ရည်မြစ်အတိုင်း စီးမျောလာကာ မြစ်အလယ်ပိုင်းတွင် လာရောက်စိုက်မိနေခြင်း ဖြစ်သည်။
ရှန်မို၏ ရည်မှန်းချက်မှာ ဤမိုးကြိုးအကျဉ်းထောင်တုတ်ကို ရယူရန် ဖြစ်ပြီး ထိုအခိုက်အတန့်တွင် မြစ်ရေမျက်နှာပြင်အောက်၌ မည်းနက်သော ပုံရိပ်တစ်ခုမှာ အခွင့်အရေးကို စောင့်ဆိုင်းရင်း ချုံခိုနေသည်။
ရှန်မို ချဉ်းကပ်သွားသောအခါ ထိုပစ္စည်းလည်း ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ပေတစ်ထောင်ခန့် ရှည်လျားပြီး ကြီးမားလှသော ပါးစပ်ကြီးမှာ အရာအားလုံးကို ဝါးမျိုနိုင်သည့် တွင်းနက်ကြီးတစ်ခုနှင့် တူလှသည်။ ဤသားရဲကို လောဘကြီးသော မိကျောင်းဟု ခေါ်သည်။ ၎င်း၏ ကျင့်စဉ်မှာ နဝမအဆင့် ပြည့်စုံခြင်းဖြစ်ပြီး တာအိုအမှတ်အသား တစ်ရာရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသည်။ ၎င်းသည် အသွေးအသားများကို စားသုံးကာ ရှင်သန်သော သတ္တဝါဖြစ်၏။ ယခု အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင်အတွင်း နေထိုင်ရာတွင် ၎င်း၏ ခန္ဓာကိုယ်မှာ နတ်ဆိုးမိုးကြိုး စွမ်းအားများကြောင့် ပိုမိုသန်မာလာခဲ့သည်။ တာအိုအမှတ်အသား တစ်ရာရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူ အများအပြားပင်လျှင် ၎င်း၏ ပြိုင်ဘက် မဟုတ်နိုင်ချေ။ ဘာပဲဖြစ်ဖြစ် လောဘကြီးသော မိကျောင်းသည် ကုန်းပေါ်သို့ တက်လာခဲပြီး အချိန်အများစုကို မိုးကြိုးချော်ရည်မြစ်အတွင်း၌သာ ကုန်ဆုံးစေသည်။ ကျင့်ကြံသူတစ်ဦး မိုးကြိုးချော်ရည်မြစ်အတွင်းသို့ ဝင်ရောက်ခြင်းမှာ မိမိနယ်မြေမှ မိကျောင်း၏ နယ်မြေအတွင်းသို့ ခြေလှမ်းလိုက်ခြင်း ဖြစ်သည်။ သဘာဝကျစွာပင် သူတို့၏ ခွန်အားမှာ အလွန်အမင်း လျော့ကျသွားသဖြင့် လောဘကြီးသော မိကျောင်းကို ရင်ဆိုင်ရန် ပို၍ပင် ခက်ခဲသွားစေသည်။
ယခုမူ ထိုသားရဲ၏ မေးရိုးကြီးများမှာ ပြဲအာနေပြီး ရှန်မိုကို သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ဟပ်လိုက်သည်။ ထူထပ်လှသော သွားတန်းများမှာလည်း အချင်းချင်း ကြိတ်ခြေနေကြပြီး သူ့ကို နှစ်ပိုင်းတိတိ ကိုက်ဖြတ်ရန် အသင့်ဖြစ်နေသည်။ သို့သော်လည်း ၎င်း၏ မေးရိုးများ မပိတ်မီမှာပင် လျှပ်စီးတန်း နှစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်။ စူးရှသော အလင်းတန်းက ၎င်းကို သပ်ရပ်စွာ နှစ်ပိုင်းပိုင်းပစ်လိုက်၏။ ၎င်း၏ အလောင်းမှာ မိုးကြိုးချော်ရည်မြစ်အတွင်းသို့ ကျသွားပြီး ကြီးမားလှသော မိုးကြိုးချော်ရည် လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။ ထိုအခါ ငြိမ်သက်နေသော မြစ်ရေမျက်နှာပြင်မှာ ချက်ချင်းပင် ဆူပွက်လာတော့သည်။ ငါးပုံသဏ္ဌာန် သားရဲအမြောက်အမြားမှာ အရပ်မျက်နှာအနှံ့မှ ရောက်ရှိလာကြပြီး လောဘကြီးသော မိကျောင်း၏ အသားများကို လုယက်စားသုံးရန် အသည်းအသန် တိုက်ခိုက်ကြတော့သည်။ သို့သော် သူတို့သည် မိုးကြိုးအကျဉ်းထောင်တုတ် အနီးရှိ နေရာကိုမူ မသိစိတ်မှ ရှောင်ရှားနေကြ၏။ လောဘကြီးသော မိကျောင်း၏ သေဆုံးမှုမှတစ်ဆင့် ရှန်မို၏ ခွန်အားကို သူတို့ သိမြင်သွားကြပြီး ကိုယ့်အသက်ကို လာရောက် မစတေးရဲကြတော့သည်မှာ ရှင်းလင်းလှပေသည်။ ဤသို့ဖြင့် ရှန်မိုသည် မိုးကြိုးအကျဉ်းထောင်တုတ်ကို ချောမွေ့စွာ ရယူနိုင်ခဲ့သည်။
နောက်ထပ် လေးရက် ကုန်ဆုံးသွား၏။
ရှန်မိုသည် ကျယ်ပြောပြီး ခြောက်သွေ့နေသော ကန်ကြီးတစ်ခု၏ ကမ်းပါးတွင် ပေါ်လာသည်။ ဤကန်ကို အဖြူရောင်အရိုးကန်ဟု ခေါ်သည်။ လွန်ခဲ့သော အထပ်တစ်ထောင် မိုးကြိုးအကျဉ်းထောင် ပွင့်စဉ်ကမူ ယင်း၌ အက်စစ်ရေများ ပြည့်နှက်နေပြီး အလောင်းများစွာ ပျံ့နှံ့နေခဲ့သည်။ ယခုမူ လုံးဝ ပျောက်ကွယ်သွားပြီး ကန်အောက်ခြေရှိ ရွှံ့နွံများထဲ၌ မြှုပ်နှံထားသော ကြောက်မက်ဖွယ်ကောင်းသည့် အဖြူရောင်အရိုး အလွှာများသာ ကျန်ရစ်တော့သည်။ ပထမတစ်ချက်ကြည့်လျှင် လုံးဝ ဘေးကင်းပုံရသည်။ သို့သော် ရှန်မိုသည် မြေပုံပေါ်တွင် အဖြူရောင်အရိုးကန်၌ အမည်းစက်များ စုပြုံနေသည်ကို မြင်ထားပြီးသား ဖြစ်၏။ ဤသည်မှာ မြေအောက်တွင် နတ်ဆိုးမိုးကြိုး သားရဲအမြောက်အမြား ပုန်းအောင်းနေသည်ကို ဆိုလိုခြင်း ဖြစ်သည်။ ဤနေရာရှိ သားရဲများကို အဖြူရောင်အရိုးနတ်ဆိုးဟု ခေါ်သည်။ အမှန်စင်စစ် သူတို့သည် အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာအတွင်းမှ သက်ရှိသတ္တဝါများ ဖြစ်ကြ၏။ အချို့မှာ တိုက်ပွဲအတွင်း ကျမ်းစာထဲမှ ကွာကျလာကာ ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဤနေရာ၌ပင် နေထိုင်ကာ မျိုးပွားရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
သေချာပေါက်ပင်။
ရှန်မို၏ ခြေတစ်ဖက်ကို အဖြူရောင်အရိုးကန်အတွင်းသို့ ချလိုက်သည်နှင့် တစ်ပြိုင်နက် ရွှံ့နွံထဲ၌ မြှုပ်နှံထားသော အရိုးများ လျှို့ဝှက်စွာ လှုပ်ရှားလာကြသည်။ သူ ကန်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေလေ အရိုးများသည် အရပ်မျက်နှာအနှံ့မှ သူ့ထံသို့ ပို၍ ပို၍ ချဉ်းကပ်လာကြလေ ဖြစ်သည်။ တစ်ခါတစ်ရံ သူ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သောအခါ အရိုးများမှာ ပေတစ်ထောင်ကျော် အကွာတွင် ရှိနေဆဲ ဖြစ်သော်လည်း နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သောအခါတွင်မူ ပေငါးရာပင် မကွာတော့ချေ။
ရှန်မိုသည် ကိုယ်တိုင် ကိုယ်ကျ တိုက်ခိုက်ရန် အချိန်မဖြုန်းလိုတော့ပေ။ ဘာပဲဖြစ်ဖြစ် ဤအဖြူရောင်အရိုးနတ်ဆိုးများသည် အလွန်အမင်း သန်မာကြသူများ မဟုတ်ပေ။ တစ်ကောင်ချင်းစီမှာ နဝမအဆင့် အငယ်စား ပြည့်စုံခြင်းသာ ရှိပြီး တာအိုအမှတ်အသား သုံးဆယ်ရှိသော နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် ညီမျှသည်။ သူသည် နဂါးနက်ကတ်ကြေးအတွင်းသို့ ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက် အနည်းငယ် ထည့်သွင်းလိုက်ပြီး ထိုက်အာကို တိုက်ခိုက်ခိုင်းလိုက်သည်။ ထိုက်အာမှာ ယခုအခါ ပုံမှန်ထက် ပို၍ ကြိုးစားနေ၏။ အနက်ရောင် အလင်းတန်း ဖြတ်သန်းသွားရာ နေရာတိုင်း၌ အဖြူရောင်အရိုးနတ်ဆိုး အမြောက်အမြား ပေါက်ကွဲထွက်သွားကြပြီး ပြန့်ကျဲနေသော အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
အခြားကျင့်ကြံသူများအတွက်မူ ဤအဖြူရောင်အရိုးနတ်ဆိုးများကို ရင်ဆိုင်ရသည်မှာ အလွန်အမင်း လက်ဝင်လှပေသည်။ ၎င်းတို့ကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်လိုက်လျှင်ပင် ချက်ချင်း ပြန်လည် နိုးထလာနိုင်ပြီး ပြန်လည် စုစည်းနိုင်ကြ၏။ သို့သော် ရှန်မိုတွင် ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက် ရှိနေသည်။ နဂါးနက်ကတ်ကြေးပေါ်ရှိ မီးတောက် အစအနလေးမှာပင် သူတို့ကို အလွယ်တကူ သတ်ဖြတ်ရန် လုံလောက်လှသည်။ တစ်နာရီမပြည့်မီမှာပင် အဖြူရောင်အရိုးနတ်ဆိုးများသည် တဖြည်းဖြည်း လူစုခွဲသွားကြပြီး သူတို့၏ နေရာများသို့ ပြန်သွားကြသည်။
မှောက်နေရမည့်သူက မှောက်၊ လှဲနေရမည့်သူက လှဲနေကြကာ သေချင်ယောင် ဆောင်နေကြတော့သည်။ ရှန်မို မည်သို့ပင် လျှောက်သွားပါစေ သူတို့၏ ဦးခေါင်းခွံများကို နင်းမိလျှင်ပင် မပေါ်ထွက်ရဲကြတော့ချေ။
တောက်… ဒီလူ့ဆီမှာ နတ်ဆိုးစွမ်းအားတွေကို နှိမ်နင်းနိုင်တဲ့ ကိုးမိုးကောင်းကင် နတ်ဘုရား မိုးကြိုးမီးတောက် ရှိနေတာပဲ။
ဘာလို့ ဆက်တိုက်နေဦးမှာလဲ။
ရှန်မိုသည် အဖြူရောင်အရိုးကန်ကို အေးအေးလူလူ ဖြတ်သန်းသွားသည်။
အဖြူရောင်အရိုးနတ်ဆိုး အချို့မှာ သူ သတိမထားမိခင် ချုံခိုတိုက်ခိုက်ရန် လှုပ်ရှားလာကြသော်လည်း သူတို့ဘေးရှိ အခြားသူများက ပြန်လည် ဆွဲထားကြသည်။ အရိုးများ ထိခိုက်သံမှာ အကြောင်းကြားချက်တစ်ခု ပေးနေသကဲ့သို့ပင်။
"ဘာလုပ်တာလဲ… ကိုယ့်ကိုယ်ကိုယ် သေအောင် လုပ်နေတာလား"
"ဒီလူက အရမ်းသန်မာတယ်… အလကားနေရင်း အသက်မစတေးနဲ့"
"နင် သေချင်ရင်လည်း ငါတို့ကိုပါ ဆွဲမထည့်နဲ့လေ"
မဆင်မခြင် ပြုမူလိုသော အဖြူရောင်အရိုးနတ်ဆိုးမှာ ရှေ့သို့ ဆက်သွားလိုသေးသည်ကို မြင်သောအခါ အဖြူရောင်အရိုးနတ်ဆိုး အုပ်စုမှ ၎င်းကို ဝိုင်းအုံလိုက်ကြပြီး ၎င်း၏ ခန္ဓာကိုယ်ရှိ အရိုးအားလုံးကို ဖြုတ်ပစ်ကာ အရပ်မျက်နှာအနှံ့ ပစ်လိုက်ကြတော့သည်။ ထိုအခါမှသာ သူတို့ ကျေနပ်စွာ ထွက်ခွါသွားကြ၏။
ရှန်မို ထိုအသံအားလုံးကို ကြားလိုက်ရသဖြင့် ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ ဤအဖြူရောင်အရိုးနတ်ဆိုးများသည် မည်သူ့ကို ရန်စသင့်သည်၊ မည်သူ့ကို မရစသင့်သည်ကို သိကြသဖြင့် အတော်လေး အသိဉာဏ်ရှိကြသည်ဟု သူ တွေးမိလိုက်သည်။
"ဟင်"
ထိုအခိုက်အတန့်မှာပင် ရှန်မိုသည် ရှေ့တွင် အရိုးများ စုပုံနေသည်ကို သတိပြုမိလိုက်သည်။ ဤအဖြူရောင်အရိုးနတ်ဆိုးများသည် တစ်စုံတစ်ခုကို ဖုံးကွယ်ရန် ကြိုးစားနေပုံရ၏။
သူ မျက်ခုံးပင့်လိုက်ပြီး ရှေ့သို့ လှမ်းသွားခဲ့သည်။
"ဖယ်ကြစမ်း" ရှန်မိုသည် သူ၏ ခြေထောက်ဖြင့် အဖြူရောင်အရိုးများကို ဘေးသို့ ဖယ်လိုက်သည်။ သူ ဖယ်လိုက်သော အရိုးများသည် လိမ့်ထွက်သွားကြသော်လည်း ဇွတ်တရွတ်ပင် သူတို့၏ နေရာများသို့ ပြန်လာကြပြန်သည်။
ရှန်မို အလွန်အမင်း ကျေနပ်သွား၏။ ဒါက သူ ရှာနေတဲ့ အရာဖြစ်မှာ သေချာသည်။
"မဖယ်ဘူးပေါ့ ဟုတ်လား"
သူ လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ဖဝါးပေါ်တွင် အေးစက်သော အဖြူရောင် တစ္ဆေမီးတောက်တစ်ခု တောက်လောင်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အဖြူရောင်အရိုးနတ်ဆိုးများသည် လန့်ဖျပ်သွားသော ယုန်များကဲ့သို့ လူစုကွဲသွားကြပြီး မိုင်ဝက်ခန့်အကွာသို့ ချက်ချင်း ထွက်ပြေးသွားကြတော့သည်။ ထိုအခါမှသာ သူ၏ရှေ့တွင် ရှိနေသော မြင်ကွင်းမှာ လုံးဝ ပေါ်ထွက်လာသည်။ ထိုနေရာတွင် လေထဲ၌ ဝဲပျံနေသော ဝါကျင်ကျင် စက္ကူတစ်ရွက် ရှိနေ၏။ ယင်းသည် မြေပြင်နှင့် မထိဘဲ ထိုနေရာတွင်ပင် ဝဲနေခြင်း ဖြစ်သည်။ ဂရုတစိုက် ကြည့်လိုက်သောအခါ ထိုအရာသည် သစ်ခေါက် သို့မဟုတ် အပင်မျှင်များဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ သားရဲအရေခွံဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး သွေးကြောများနှင့် အမွှေးအမျှင်လေးများကိုပါ ရှင်းလင်းစွာ မြင်တွေ့နေရဆဲ ဖြစ်သည်။ ယင်းမှာ သေချာပေါက်ပင် အဖြူရောင်အရိုး နတ်ဆိုးကျမ်းစာမှ ဆွဲဖြတ်ခံထားရသော စာမျက်နှာတစ်ခု ဖြစ်ပေသည်။