← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 18 Ch. 181-182 (END)

အခန်း (၁၈၁-၁၈၂)

Vol. 18 Ch. 181-182 (END)

အပိုင်း (၁၈၁) Extra- သာ့လျန်စွန့်စားခန်း (၄)

"ဒါက သမီးဖေဖေလား"

ချင့်တယ်ဧကရာဇ်က မျက်နှာတွင် စက်ဆုပ်ရွံရှာသော အမူအရာဖြင့် မျက်စိရှေ့က ဆံပင်ဖရိုဖရဲနှင့် ညစ်ပေနေသော အမျိုးသားကို အကဲခတ်ကြည့်လိုက်သည်။ သူ၏ ဉာဏ်ကောင်းပြီး သွက်လက်သော တူမလေးက ဤကဲ့သို့သော လူမျိုးကို သဘောကျလိမ့်မည်ဟု တကယ်ကို တွေးကြည့်လို့ မရနိုင်ချေ။

လျန်လျန်က သူမ၏ အဖေဖြစ်သူအပေါ်တွင် မှီခိုရင်း ခေါင်းလေးကို ညိတ်ပြလိုက်၏။ "သမီးဖေဖေက အရမ်းတော်တာနော်"

သူမက ခေါင်းလှည့်ကာ ဖုမင်ဇယ်၏မျက်နှာကို ပွတ်သပ်လိုက်ရာ နူးညံ့ဖြူဝင်းသော လက်လေးပေါ်တွင် ချက်ချင်းပင် မည်းညစ်နေသော အညစ်အကြေးများ ပေကျံသွားတော့သည်။ သို့သော် ကိုယ့်သွေးသားအရင်းဖြစ်နေသဖြင့် ကလေးမလေးက အဖေဖြစ်သူ၏ ညစ်ပေနေခြင်းကို စက်ဆုပ်ခြင်းမရှိဘဲ အဖေ၏လည်ပင်းကို သိုင်းဖက်ကာ ပွတ်သီးပွတ်သပ် လုပ်လိုက်ပြီး မေးလိုက်၏။ "ဖေဖေ... ဖေဖေက ဗုံးခွဲလိုက်တာလား။ သမီး ကြားလိုက်တယ်နော်... ဘုန်း ဘုန်း ဘုန်း ဘုန်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဆိုပြီးတော့လေ"

ဖုမင်ဇယ်က ကလေး၏နဖူးကို နမ်းလိုက်ပြီး အသံကို နှိမ့်ကာ မေးလိုက်သည်။ "သမီးက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ။ သမီးမေမေကော"

ကလေးမလေးက နှုတ်ခမ်းကို စူလိုက်၏။ "မေမေရော ဘိုးဘိုးရော မလာကြဘူး။ လျန်လျန် တစ်ယောက်တည်း ဒီမှာ နေနေရတာ အကြာကြီး အကြာကြီး ရှိနေပြီ"

ဖုမင်ဇယ်၏ ရင်ထဲတွင် ချက်ချင်းပင် အလွန်အမင်း နာကျင်သွားရပြီး နူးညံ့စွာ ပြောလိုက်သည်။ "ဘာမှမဖြစ်ဘူး။ ဖေဖေ ရောက်လာပြီ။ ဖေဖေ သမီးကို ကာကွယ်ပေးမယ်"

သို့သော် သူက အမှတ်တမဲ့ မျက်မှောင်ကြုတ်လိုက်မိ၏။ မင်းသား(၇)နှင့် အန်းလဲ့မင်းသမီးလေးတို့၏ အကြောင်းကို ကြားသိပြီးနောက် သူက ဇနီးဖြစ်သူကို အမြန်ဆုံး ရှာတွေ့နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားခဲ့သည်။ သို့သော် ယခု သမီးကို ရှာတွေ့သော်လည်း ဇနီးဖြစ်သူကိုတော့ မတွေ့ရသေးချေ။

သူတို့၏ ကိုယ်ပိုင်ကမ္ဘာသို့ ပြန်သွားရန် နည်းလမ်းရှာရပေမည်။ သို့မဟုတ်ပါက သူတို့ တစ်မိသားစုလုံး အချိန်နှင့် နေရာ မတူညီသော ကမ္ဘာနှစ်ခုတွင် ကွဲကွာနေရပေလိမ့်မည်။

ဟုတ်ပါသည်။ လက်ရှိတွင် အရေးကြီးဆုံးကတော့ မြို့တော်ကို ကာကွယ်ရန်ပင်။ သို့မဟုတ်ပါက သူပုန်တပ်များ မြို့ထဲဝင်လာလျှင် သူတို့အားလုံး ခေါင်းပြတ်ရပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် သူသည် မင်းသား(၇)နှင့် အန်းလဲ့မင်းသမီးလေးတို့၏ အကြောင်းကို ကြားသိပြီးနောက် ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ချကာ သူပုန်တပ်ဖွဲ့များကြားတွင် ဗုံးများ မြှုပ်နှံထားခဲ့ခြင်းပင်။ ယနေ့ သူပုန်တပ်များမှာ အလွန်ကြီးမားသော ထိခိုက်နစ်နာမှုများ ရရှိသွားသဖြင့် ရက်အနည်းငယ်လောက်တော့ ငြိမ်သက်သွားလိမ့်မည်ဟု ခန့်မှန်းရသည်။

ချင့်တယ်ဧကရာဇ်သည် ဖုမင်ဇယ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မြို့တံခါးအပြင်ဘက်ရှိ သုံ့ပန်းတစ်စုကို မြို့တွင်းသို့ ပေးဝင်ရန်နှင့် ထောင်ထဲသို့ တိုက်ရိုက်ပို့ဆောင်ကာ တင်းကျပ်စွာ စောင့်ကြပ်ထားရန် အမိန့်ပေးလိုက်သည်။

မည်သို့ပင်ဆိုစေ ရန်သူ့စခန်းမှ လာသူများဖြစ်‌သောကြောင့် သူပုန်များ၏ သူလျှိုများ ရောနှောပါဝင်လာခြင်း ရှိမရှိက ပြောရန် ခက်သည်။

ထို့အပြင် မြို့စောင့်တပ်များကိုလည်း အသစ်တစ်ဖန် ပြန်လည်ချထားပြီးမှသာ တပ်ဖွဲ့ကို ဦးဆောင်ပြီး နန်းတော်သို့ ပြန်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် ပြည်သူများက ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပြီး လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် ဝိုင်းအုံကာ "သာ့လျန် အဓွန့်ရှည်ပါစေ" "အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" ဟု အော်ဟစ်နေကြ၏။

သူပုန်တပ်များက မြို့တော်ကို ဝိုင်းရံထားကတည်းက ဤကာလအတွင်း မြို့တော်ရှိ ပြည်သူများမှာ နေ့စဉ်နှင့်အမျှ ထိတ်လန့်စိုးရိမ်မှုများကြားတွင် နေထိုင်နေကြရသည်။ ညဘက်အိပ်လျှင်ပင် စိတ်ချလက်ချ မအိပ်ရဲကြချေ။ သူပုန်တပ်များ မြို့ထဲဝင်လာကာ မိမိတို့၏ ခေါင်းများ ပြတ်သွားမည်ကို အိပ်မက်ထဲတွင်ပင် အလွန်အမင်း စိုးရိမ်နေကြသည်။

တကယ်တမ်းတွင် မြို့စောင့်တပ်များနှင့် သူပုန်များ၏ အရေအတွက်မှာ အလွန်ကွာခြားလွန်းလှသည်။ မြို့စောင့်တပ်များက လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားပြီး တစ်ယောက်က ဆယ်ယောက်ကို ရင်ဆိုင်နိုင်သည်ဟု ဆိုလျှင်တောင် သူပုန်များ၏ လူပင်လယ်စစ်ဗျူဟာကို မယှဉ်နိုင်ကြချေ။

ယနေ့ရရှိသော အောင်ပွဲမှာ ဝိုင်းရံခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရရှိသော အောင်ပွဲပင်။

အထူးသဖြင့် တိုက်ပွဲတွင် ပါဝင်ခဲ့သော ပြည်သူအများအပြားက မြို့တံခါးပေါ်မှနေ၍ သူပုန်စစ်စခန်းအတွင်းတွင် မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာပြီး သူပုန်များ မရေမတွက်နိုင်အောင် သေဆုံးဒဏ်ရာရသွားသည်ကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ကြရသည်။ သာ့လျန်ဘက်မှ စစ်သားတစ်ယောက်မှပင် အင်အားမစိုက်ထုတ်လိုက်ရချေ။

ဒါက တကယ့်ကို နတ်ဒေဝါတို့၏ စောင်မမှုပင်။

ပြည်သူများအကြားတွင် သာ့လျန် တော်ဝင်မိသားစု၏ ဘိုးဘွားများက ကိုယ်ထင်ပြကာ ကူညီပေးခဲ့သည် ဟူသော ကောလာဟလများပင် စတင် ပျံ့နှံ့နေလေပြီ။

ဝူမျိုးနွယ် ဘိုးဘွားများက ကိုယ်ထင်ပြကာ ကူညီပေးခဲ့သည်ဆိုမှတော့ ဤတိုက်ပွဲတွင် မိမိတို့ဘက်မှ အောင်ပွဲရရှိရန် သေချာနေပြီ။

မြို့တော်တစ်ခုလုံးတွင် လွှမ်းခြုံနေသော မျှော်လင့်ချက်မဲ့သည့် ခံစားချက်များကို အသစ်တစ်ဖန် ပြန်လည်ရရှိလာသော မျှော်လင့်ချက်များနှင့် ပျော်ရွှင်မှုများက အစားထိုးဝင်ရောက်လာခဲ့သည်။ မရေမတွက်နိုင်သော လူအများက သန့်ရှင်းသော ရေများကို ကိုင်ဆောင်ကာ လမ်းမများပေါ်တွင် ပက်ဖျန်းကြပြီး သာ့လျန်၏ ထူးခြားသော ဓလေ့ထုံးစံများဖြင့် ကံဆိုးမှုများ ကင်းဝေးကာ မျှော်လင့်ချက်များ ရောက်ရှိလာခြင်းကို ဂုဏ်ပြုကြလေသည်။

မြင်းလှည်းပေါ်တွင် လျန်လျန်က အဖေဖြစ်သူ၏ ရင်ခွင်ထဲတွင် ကွေးကွေးလေးနေကာ ခန်းဆီးအပြင်ဘက်ရှိ ပြည်သူများ ဗုံမောင်းတီးကာ ပျော်ရွှင်စွာ အော်ဟစ်နေကြပုံကို ငြိမ်ငြိမ်သက်သက်လေး ကြည့်ရှုနေခဲ့သည်။ သူမက အသံကို နှိမ့်ကာ ပြောလိုက်၏။ "ဖေဖေ... သူတို့တွေ အရမ်းပျော်နေကြတာပဲနော်"

မြင်းလှည်း၏ အခြားတစ်ဖက်တွင် ထိုင်နေသော မင်းသား(၁၂)က ဖုမင်ဇယ်ကို တိတ်တိတ်လေး တစ်ချက်ခိုးကြည့်လိုက်သည်။ လည်ချောင်းကို ရှင်းလိုက်ပြီး လူကြီးတစ်ယောက်လို ဟန်လုပ်ကာ ပြောလိုက်၏။ "ပြည်သူတွေကို အေးချမ်းသာယာစွာ နေထိုင်နိုင်အောင် လုပ်ပေးတာက ငါတို့ တော်ဝင်မိသားစုရဲ့ တာဝန်ပဲလေ"

သူက ဖုမင်ဇယ်ကို တစ်ချက်ကြည့်လိုက်ပြီး မလိုလားမနှစ်မြို့စွာဖြင့် ပြောလိုက်သည်။ "အစ်ကိုတော် မင်းသမီးကြင်ယာတော် ဒီတစ်ကြိမ် လုပ်ခဲ့တာ တော်တော်လေး ကောင်းပါတယ်"

ဖုမင်ဇယ် : "..."

မြင်းလှည်းက သူတို့ကို တင်ဆောင်ကာ နန်းတော်ထဲသို့ တစ်လျှောက်လုံး ဝင်ရောက်လာခဲ့သည်။ မြင်းလှည်းပေါ်မှ ဆင်းချိန်တွင် မင်းသား(၁၂)က ဖုမင်ဇယ်ကို တိတ်တိတ်လေး လှမ်းကြည့်လိုက်ပြီး တစ်ဖက်လူက ပတ်ဝန်းကျင်ကို ပေါ့ပေါ့ပါးပါးသာ တစ်ချက်ကြည့်လိုက်ပြီး နန်းတော်၏ ခမ်းနားကြီးကျယ်သော အဆောက်အအုံများကြောင့် အံ့သြမှင်သက်သွားခြင်း မရှိသည်ကို တွေ့လိုက်ရသဖြင့် မသိမသာ နှုတ်ခမ်းစူလိုက်မိ၏။

ကောင်းကင်အောက် မြေပြင်အထက်တွင် အခမ်းနားဆုံး၊ အကြီးကျယ်ဆုံးနှင့် အလှပဆုံးသော အရာမှာ တော်ဝင်နန်းတော်ပင်ဖြစ်ကြောင်း မယ်တော်က အမြဲတမ်း ပြောလေ့ရှိသည်။ သို့သော် မင်းသမီးကြင်ယာတော်က နန်းတော်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်သော်လည်း အရာအားလုံးကို ရိုးရိုးသာမန်ဟု သဘောထားနေပုံရသည်။

မယ်တော်က သူ့ကို လှည့်စားထားခြင်းဖြစ်နိုင်သည်ဟု မင်းသား(၁၂)က သံသယဝင်သွားခဲ့သည်။

အင်း... လူကြီးတွေက အမြဲတမ်း ဒီလိုပါပဲ။ ပြီးခဲ့တဲ့အကြိမ်က သူ့ကို ဆေးတိုက်တုန်းကဆိုရင်လည်း အဲဒီဆေးထဲမှာ မြန်မြန်ကြီးထွားစေမယ့် အရာတွေ ထည့်ကျိုထားတယ်လို့ ပြောခဲ့သေးတယ်။ ရလဒ်အနေနဲ့ ဒီလောက်ရက်တွေ အများကြီး ကြာသွားတာတောင်မှ သူက သိပ်ပြီး ကြီးမလာသေးပါဘူး။

မင်းသား(၁၂) မသိခဲ့သည်မှာ ဖုမင်ဇယ်သည် ငယ်စဉ်ကတည်းက မြို့တော်၏ နန်းတော်အနီးတွင် ကြီးပြင်းလာခဲ့သူ ဖြစ်ကြောင်းကိုပင်။ နန်းတော်ဟောင်းကို သူ၏ ကိုယ်ပိုင် ဥယျာဉ်လေးလို လမ်းလျှောက်နေကျ ဖြစ်သည်။ တော်ဝင်နန်းတော်များကို အများအပြား မြင်ဖူးခဲ့ပြီဖြစ်သည်တွင် ဤသာ့လျန်၏ နန်းတော်ကို သူကတော့ ဆန်းကျယ်သည်ဟု နည်းနည်းမှ မထင်မိချေ။

နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် ဧကရာဇ်သည် အစကတော့ ဖုမင်ဇယ်ကို စာကြည့်ဆောင်သို့ တိုက်ရိုက် ခေါ်ဆောင်သွားရန် ရည်ရွယ်ခဲ့သည်။ သို့သော် ဖုမင်ဇယ်က သူ့အပေါ်တွင် တစ်ချိန်လုံး ပွတ်သီးပွတ်သပ် လုပ်နေသဖြင့် ပန်းနုရောင် ပါးပြင်လေးမှာ မည်းညစ်သွားပြီဖြစ်သော သမီးလေးကို ကြည့်ကာ ဧကရာဇ်ထံမှ ရေအရင်ချိုးခွင့် တောင်းခံလိုက်သည်။

ဧကရာဇ်က သူ၏ စုတ်ပြတ်သပ်နေသော အဝတ်အစားများကို တစ်ချက်ကြည့်လိုက်ပြီး လက်ကာပြကာ သဘောတူလိုက်၏။

ဧကရာဇ်၏ အနားရှိ ရှောင်အန်းဇီ ဟုခေါ်သော နောက်ထပ်မိန်းမစိုးတစ်ဦးက သူတို့ကို အနီးဆုံး အဆောင်ငယ်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ဖုမင်ဇယ်က အရင်ဆုံး နန်းတွင်းသူများကို သူ၏ ကြောင်မည်းလေးအား ရေချိုးပေးခိုင်းလိုက်သည်။ ထို့နောက်မှ သူကိုယ်တိုင် ဇိမ်ကျကျ ရေချိုးလိုက်တော့သည်။

ဖုမင်ဇယ်သည် လူများ၏ ပြုစုယုယမှုကို မလိုလားချေ။ ထို့ကြောင့် နန်းတွင်းသူများနှင့် မိန်းမစိုးများမှာ တံခါးဝတွင်သာ စောင့်ဆိုင်းနေကြရသည်။ အခန်းတံခါး ကျွီကနဲ ပွင့်လာသံကို ကြားသောအခါ နန်းတွင်းလူအားလုံးက သိလိုလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ကြ၏။

ဤသူမှာ အန်းလဲ့မင်းသမီးလေး၏ ခင်ပွန်းဖြစ်သည်ဟု ကြားသိရသည်။

အန်းလဲ့မင်းသမီးလေးမှာ မင်းသမီးလေးဟု ခေါ်သော်လည်း တကယ်တမ်းတွင် မင်းသမီးများနှင့် ဘာမှ မကွာခြားလှချေ။ လက်ရှိ ဧကရာဇ်တွင် သားသမီးများစွာ ရှိသော်လည်း သာမန် မင်းသားမင်းသမီးများမှာ အန်းလဲ့မင်းသမီးလေးလောက် ဧကရာဇ်နှင့် တွေ့ဆုံခွင့် မရကြပေ။

မည်သူက ဧကရာဇ်ကို မင်းသား(၇)အား ၃ ရက် ၁ ခါ၊ ၅ ရက် ၁ ခါ နန်းတော်တွင်းသို့ ခေါ်ယူစေခဲ့သနည်း။ မင်းသား(၇)ကလည်း အမြဲတမ်း မင်းသမီးလေးကို ခေါ်ဆောင်လာတတ်သည် မဟုတ်ပါလား။

ဧကရာဇ်က အန်းလဲ့မင်းသမီးလေးအပေါ် အလွန် ချစ်ခင်မြတ်နိုးသည်။ ယခင်က နန်းတွင်းရုံးတော်မှ လူငယ်ပညာတတ်များ၏ ပန်းချီကားများကို ရှာဖွေစုဆောင်းကာ အန်းလဲ့မင်းသမီးလေး ရွေးချယ်နိုင်ရန်အတွက် မင်းသား(၇)အိမ်တော်သို့ ပို့ဆောင်ပေးခဲ့ဖူးသေး၏။ ယခုနှစ်၏ ပထမဆုရှင်နှင့် တတိယဆုရှင်များကိုပင် ဧကရာဇ်နှင့် မင်းသား(၇)တို့က အန်းလဲ့မင်းသမီးလေးနှင့် မလိုက်ဖက်ဟု ထင်မြင်ကြကြောင်း ကောလာဟလများပင် ရှိနေသေးသည်။

အချုပ်အားဖြင့်ဆိုရသော် သာ့လျန်မြို့တော် တစ်ခုလုံးရှိ လူများက သိထားကြသည်မှာ အန်းလဲ့မင်းသမီးလေး၏ ခင်ပွန်းရွေးချယ်မှုမှာ သေချာပေါက် လူအများထက် ထူးချွန်ပြောင်မြောက်သူတစ်ဦး ဖြစ်ရမည် ဟူ၍ပင်။

ယခုတော့ သည်လို တိုတောင်းလှသည့် အချိန်လေးအတွင်းတွင် မင်းသမီးလေးက ခင်ပွန်းတစ်ဦးကို ရွေးချယ်ပြီးပြီဟု ဘယ်သူက ထင်ထားပါမည်နည်း။

ဤကိစ္စမှာ အတော်လေး ထူးဆန်းသည်ဟု လူတိုင်းက ထင်မြင်ကြသော်လည်း သာ့လျန် တော်ဝင်မိသားစုမှာ မဟာဝူမျိုးနွယ်၏ အဆက်အနွယ်များ ဖြစ်ကြသည်တွင် အချို့သော နက်နဲဆန်းကြယ်မှုများ ရှိနေခြင်းကလည်း မဆန်းကျယ်လှပေ။

အကြောင်းအမျိုးမျိုးကြောင့် နန်းတွင်းလူများမှာ ဤမင်းသမီးကြင်ယာတော်အပေါ် အလွန်အမင်း သိလိုစိတ်များ ပြည့်နှက်နေကြ၏။

စောစောက သူ့တစ်ကိုယ်လုံး ဖရိုဖရဲဖြစ်ကာ ဆံပင်နှင့် မုတ်ဆိတ်များ ရှုပ်ပွနေသဖြင့် မျက်နှာကို သေချာ မမြင်ရပေ။ ယခု ရေချိုးသန့်စင်ပြီးပြီဖြစ်သဖြင့် မည်သို့သော ရုပ်ရည်ပိုင်ဆိုင်ထားကြောင်း သေချာပေါက် မြင်တွေ့ရတော့မည်။

တံခါးက ဖြည်းညင်းစွာ ပွင့်လာပြီးနောက် လူတိုင်း၏ မျက်စိရှေ့တွင် ရုတ်တရက် လင်းထိန်သွားသကဲ့သို့ ခံစားလိုက်ရ၏။

နန်းတွင်းလူများက သူ့အတွက် ပြင်ဆင်ပေးထားသည်မှာ မိုးပြာရောင် ဝတ်ရုံတစ်ထည် ဖြစ်သည်။ ဤအရောင်မှာ ယခင်က မင်းသား(၇) အလွန်နှစ်သက်သော အရောင်ဖြစ်၏။ ဤအရောင်ကို အသားမည်းသော သူများ ဝတ်ဆင်လို့ မရပေ။ သို့သော် နန်းတွင်းလူများက ရေများ ကူညီသယ်ဆောင်ပေးချိန်တွင် မင်းသမီးကြင်ယာတော်၏ လက်ချောင်းများမှာ ရှည်လျားပြီး ဖြူဝင်းနေသည်ကို မြင်တွေ့ခဲ့ရသဖြင့် သူသည် အသားမည်းသူ မဟုတ်နိုင်ဟု ခန့်မှန်းကာ ဤဝတ်ရုံကို ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။

ယခု ကြည့်လိုက်သောအခါ မင်းသမီးကြင်ယာတော်မှာ အသားမမည်းရုံသာမက အသားအရေမှာ ဖြူဝင်းနုဖတ်နေပြီး မျက်ခုံးနှင့် မျက်လုံးများက ပန်းချီကားတစ်ချပ်လို ကြည်လင်လှပနေသည်။ ရှည်လျားသော ဆံပင်များကို ထည့်မတွက်လျှင်ပင် အလွန်ချောမောလှပပြီး ထူးခြားသော အရှိန်အဝါရှိသည့် မင်းသားတစ်ပါး၏ အသွင်အပြင်မျိုး ရှိနေလေသည်။

သူနှင့် ယှဉ်လိုက်ပါက ယခုနှစ်၏ ပထမဆုရှင်မှာ ရုပ်ရည်သာမန်မျှသာ ဖြစ်သွားပြီး တတိယဆုရှင်မှာလည်း တကယ်ကို အားနည်းချက်များ ရှိနေသည်ဟု ဆိုရပေမည်။

အန်းလဲ့မင်းသမီးလေး ရွေးချယ်ထားသော ခင်ပွန်းသည် ဆိုသည့်အတိုင်းပင်။

နန်းတွင်းက လူများက ဤသို့ တွေးနေကြရုံသာမက ဖုမင်ဇယ်က သမီးဖြစ်သူကို ပွေ့ချီကာ စာကြည့်ဆောင်သို့ ဝင်ရောက်လာချိန်တွင် သူ၏ ရုပ်ရည်သွင်ပြင်ကို သေချာစွာ မြင်တွေ့ရသော ချင့်တယ်ဧကရာဇ်ကလည်း ဤသို့ပင် တွေးမိလေသည်။

မော့အာက တကယ်ပဲ သူမအတွက် ချောမောတဲ့ ခင်ပွန်းတစ်ယောက်ကို ရွေးချယ်နိုင်ခဲ့တာပဲ။

ဝန်ကြီးချုပ်လီနှင့် စစ်သူကြီးကျောက်တို့သည်လည်း စာကြည့်ဆောင်အတွင်း၌ ရှိနေကြသည်။ ဖုမင်ဇယ်ကို မြင်သောအခါ ဝန်ကြီးချုပ်လီ၏ မှုန်ဝါးနေသော မျက်လုံးအိုများထဲတွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့၏။ "ဒီပုဂ္ဂိုလ်က သူရဲကောင်းကြီးဖု မဟုတ်လား။ သူရဲကောင်းကြီးဖုရဲ့ မွန်မြတ်တဲ့ စိတ်ထားပါပဲ။ တိုင်းပြည် ဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ အချိန်၊ အသက်အန္တရာယ်ရှိနေတဲ့ အချိန်မှာ ကိုယ်ကျိုးစွန့်ပြီး မြို့တော်က ပြည်သူတွေကို ဒုက္ခတွင်းထဲကနေ ကယ်တင်ပေးခဲ့တာက တကယ်ကို ပြည်သူတွေရဲ့ ကံကောင်းမှု၊ သာ့လျန်ရဲ့ ကောင်းချီးမင်္ဂလာပါပဲ"

ဖုမင်ဇယ် : "..."

ဝန်ကြီးချုပ်ဖြစ်လာနိုင်သူပီပီ မြှောက်ပင့်စကားတွေကို တကယ့်ကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပါပေတယ်။

လျိုယင်းရွှမ်းထံမှ ဆန်းသစ်သော ဝေါဟာရအတော်များများကို သင်ယူခဲ့ရသဖြင့်သာ တော်သေးသည်။ သို့မဟုတ်ပါက ဤကဲ့သို့သော အခြေအနေမျိုးတွင် ဖုမင်ဇယ်အနေဖြင့် ဝန်ကြီးချုပ်လီအား နည်းလမ်းမျိုးစုံဖြင့် မြှောက်ပင့်စကားများ ပြောဆိုနိုင်သူဟု တိုက်ရိုက်ပြောဆိုရန်မှာ အနည်းငယ် ရိုင်းစိုင်းလွန်းရာကျပေလိမ့်မည်။

စစ်သူကြီးကျောက်ကတော့ ဝန်ကြီးချုပ်လီထက် ပိုမို တိုက်ရိုက်ဆန်လေသည်။ "သခင်လေးဖု... အဲဒီ ဗုံးတွေကို ထပ်လုပ်နိုင်ဦးမလား။ သူပုန်တွေ ထပ်ပြီး မြို့ကို လာတိုက်မှာကို ကာကွယ်ဖို့အတွက် မြို့ပြင်မှာ ဗုံးတချို့ မြှုပ်ထားလို့ ရမလား"

ဖုမင်ဇယ်မှာ စစ်သူကြီးကျောက်ကို အတော်လေး လေးစားမိသွားသည်။ ကြွယ်ဝသော စစ်ရေးအတွေ့အကြုံရှိသည့် အဆင့်မြင့် စစ်စစ်သူကြီးတစ်ဦးပီပီ ဗုံးဆိုသည်မှာ မည်သည့်အရာမှန်း လုံးဝ မသိသော်လည်း ပေါက်ကွဲချိန် မြင်ကွင်းကို မျက်မြင်တွေ့ရရုံဖြင့် ဗုံး၏ အသုံးပြုပုံကို ခန့်မှန်းနိုင်ခဲ့သည် မဟုတ်ပါလား။

အတိအကျ မဟုတ်သော်လည်း အနည်းဆုံးတော့ အနီးစပ်ဆုံး ဖြစ်နေလေသည်။

ဖုမင်ဇယ်က ခဏစဉ်းစားပြီးနောက် ဖြေလိုက်၏။ "အဆင့်မြှင့်တင်လို့ ရပါတယ်"

ယခင်က ဗုံးများက သည်လောက် ကောင်းမွန်သော ရလဒ်များ ရရှိခဲ့ခြင်းမှာ အဓိကအားဖြင့် ပေါက်ကွဲမှုက သူပုန်များ၏ လူအုပ်ထူထပ်သော နေရာတွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်။ သူပုန်များက တစ်ကြိမ် ခံရပြီးပြီဖြစ်သောကြောင့် နောက်ပိုင်းတွင် သေချာပေါက် ပိုသတိထားလာကြလိမ့်မည်။ သူတို့အနေဖြင့် သည်လို အချိန်တိုလေးအတွင်း ဗုံးအမြောက်အများကို ဖန်တီးနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် မြေပြင်အနေအထားအရ အသင့်တော်ဆုံး စီစဉ်ဆောင်ရွက်ကာ မြို့စောင့်တပ်များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ဘက်စုံ မြှင့်တင်ရပေမည်။

ဖုမင်ဇယ်က သူ့အကြံဉာဏ်ကို အနည်းငယ် ရှင်းပြလိုက်၏။ ထို့နောက် လက်နက်များ ပြုပြင်မွမ်းမံခြင်းနှင့် ဗုံးများ ဖန်တီးခြင်းအကြောင်းကို စတင် ပြောဆိုတော့သည်။

ဝန်ကြီးချုပ်လီက အကြိမ်ကြိမ် သည်းခံခဲ့သော်လည်း ဖုမင်ဇယ်က ဗုံးလုပ်နည်းများကိုပါ စတင်ပြောဆိုလာသည်ကို မြင်သောအခါ မနေနိုင်တော့ဘဲ သတိပေးလိုက်၏။ "ဒီလိုကိစ္စမျိုးကို ကလေးတွေနဲ့ ဝေးဝေးမှာ ပြောတာ ပိုကောင်းမလား"

လျန်လျန်က သူမ၏ အဖေအပေါ်တွင် မှီခိုရင်း အိပ်ငိုက်နေလေပြီ။ ဝန်ကြီးချုပ်လီက သူမကို အပြင်ထွက်စေချင်သည်ဟု ကြားလိုက်ရသောအခါ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားပြီး အဖေဖြစ်သူ၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ "လျန်လျန်က ဖေဖေနဲ့ အတူတူ နေမှာ"

ဖုမင်ဇယ်က သူမ၏ ထောင်နေသော ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်သည်။ "မကြောက်နဲ့နော်... ဖေဖေ ဘယ်သွားသွား သမီးကို ခေါ်သွားမှာပါ"

သည်နေရာက လုံးဝ စိမ်းသက်နေသော အခြားကမ္ဘာတစ်ခု ဖြစ်သည်။ ယခင်က သမီးဖြစ်သူနှင့် မတွေ့ဆုံရသေးသဖြင့် ရှိပါစေတော့။ ယခု တွေ့ဆုံပြီးပြီဖြစ်သည်တွင် ဖုမင်ဇယ်သည် သမီးဖြစ်သူကို သူ၏ မျက်စိရှေ့မှ တစ်စက္ကန့်မျှပင် အကွာခံမည် မဟုတ်ပေ။

သူက ဝန်ကြီးချုပ်လီကို အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။ ဝန်ကြီးချုပ်လီက အကင်းပါးစွာဖြင့် ပြုံးပြလိုက်၏။ "ကျွန်တော်မျိုးကလည်း မင်းသမီးလေး ဒီလို သတ်ဖြတ်မှုတွေအကြောင်း ကြားရရင် ကြောက်သွားမှာ စိုးလို့ပါ။ မင်းသမီးလေးက နားထောင်ရတာ ကြိုက်တယ်ဆိုရင်လည်း ဘာမှမဖြစ်ပါဘူး"

ထိုသို့ပြောရင်း သူက လျန်လျန်ကို မျက်နှာချိုသွေးကာ ပြုံးပြလိုက်သေးသည်။

လျန်လျန်က သဘောထားကြီးသော ကလေးတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဤအဘိုးကြီးကို ချက်ချင်းပင် ခွင့်လွှတ်ပေးလိုက်လေ၏။

သို့သော် လူကြီးများ ဆွေးနွေးတိုင်ပင်နေကြသည်မှာ တကယ်ကို အဆုံးမရှိနိုင်ချေ။ လျန်လျန်က နားထောင်ရင်း နားထောင်ရင်းဖြင့် မကြာမီမှာပင် ခေါင်းလေးစောင်းကာ အိပ်ပျော်သွားတော့သည်။

ဖုမင်ဇယ်က စကားပြောနေသည်ကို ခဏ ရပ်တန့်လိုက်ပြီး ဘေးတွင် အသင့်စောင့်နေသော နန်းတွင်းသူကို စောင်ငယ်တစ်ထည် ယူလာရန် အကူအညီတောင်းလိုက်သည်။ စောင်ငယ်လေးကို သမီးဖြစ်သူ၏ ကိုယ်ပေါ်တွင် ဖွဖွလေး လွှမ်းခြုံပေးလိုက်ပြီး အချက်အနည်းငယ် ညင်သာစွာ ပုတ်ပေးလိုက်၏။ ကလေးမလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီဖြစ်ကြောင်း သေချာမှသာ အသံကို နှိမ့်ကာ ဆက်လက် ပြောဆိုတော့သည်။

ဝန်ကြီးချုပ်လီနှင့် စစ်သူကြီးကျောက်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တိုင်းရေးပြည်ရာများကို ဆွေးနွေးနေရင်း တစ်ဝက်တစ်ပျက်တွင် သမီးဖြစ်သူကို စောင်ခြုံပေးခြင်းမျိုးကို သူတို့ နှစ်ဦးစလုံး ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ဤမျှလောက် သမီးအပေါ် အလိုလိုက်အကြိုက်ဆောင်သော ပုံစံမျိုးမှာ... မင်းသား(၇) တစ်ပါးတည်းသာ ယှဉ်နိုင်ပေလိမ့်မည်။

စာကြည့်ဆောင်အတွင်းရှိ မီးရောင်များက ညနက်သည်အထိ လင်းထိန်နေခဲ့သည်။

ဝန်ကြီးချုပ်လီနှင့် စစ်သူကြီးကျောက်တို့သည် အနားယူဆောင်တွင် အနားယူခဲ့ကြသည်။ ဖုမင်ဇယ်က သမီးဖြစ်သူကို ခေါ်ဆောင်ကာ စာကြည့်ဆောင်အပြင်ဘက်ရှိ အဆောင်ငယ်လေးတွင် အိပ်စက်ခဲ့၏။ ထိုနေရာမှာ မိဖုရားများ နေထိုင်သော အိပ်ဆောင်များနှင့် အတော်လေး ဝေးကွာပြီး နန်းတွင်းက လူများက တစ်ညလုံး အလှည့်ကျ စောင့်ကြပ်နေကြသဖြင့် ပြဿနာတစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်စရာမလိုချေ။

ချင့်တယ်ဧကရာဇ်က အိပ်ဆောင်သို့ ပြန်သွားခဲ့သည်။

ထုံးစံအရဆိုလျှင် အခြေအနေများ ပြောင်းလဲသွားပြီဖြစ်ပြီး မင်းသမီးကြင်ယာတော်၏ အစီအစဉ်အရဆိုပါက သူတို့သည် တော်ဝင်အကြံပေးအမတ် စစ်ကူလာသည်အထိ သေချာပေါက် တောင့်ခံထားနိုင်ပြီ ဖြစ်ရာ သူ ကောင်းကောင်း အိပ်ပျော်နေသင့်သည်။

သို့သော် တကယ်တမ်းတွင် ချင့်တယ်ဧကရာဇ်မှာ ဟိုဘက်ဒီဘက် လူးလှိမ့်နေပြီး အချိန်အတော်ကြာသည်အထိ အိပ်မပျော်နိုင်ခဲ့ချေ။

နဂါးကုတင်ကြီးက ဟာလာဟင်းကြီး ဖြစ်နေပြီး ဘေးဘက်တွင် စောင်ကို လိပ်ခြုံကာ ကွေးကွေးလေး အိပ်နေတတ်သော ကလေးမလေး မရှိတော့သကဲ့သို့ ခံစားနေရသည်။

ချင့်တယ်ဧကရာဇ်က မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ အဘိုးတော်အဖြစ် ရက်အနည်းငယ်လောက် ကလေးထိန်းခဲ့ရပြီးနောက် ယခုတော့ သူ့မှာ အနည်းငယ်ပင် မနေတတ်မထိုင်တတ် ဖြစ်နေပြီကိုး။

...

အပိုင်း (၁၈၂.၁) Extra- သာ့လျန်စွန့်စားခန်း (၅)

ရက်အနည်းငယ်အကြာတွင် သာ့လျန်မြို့တော်နှင့် မိုင် ၇၀အကွာရှိ တောင်ကြားတစ်ခု၌ တော်ဝင်အကြံပေးအမတ် စုမုပိုင်က မျက်မှောင်ကြုတ်ကာ မြို့တော်ဘက်သို့ လှမ်းကြည့်နေခဲ့သည်။

စစ်ကူလာရန် သတင်းရရှိပြီးကတည်းက တပ်မကြီးသည် တစ်လနီးပါးခန့် ဆက်တိုက်ချီတက်ခဲ့ရသည်။ ထိုကာလအတွင်း ရှီးမင်နိုင်ငံ၏ ချုံခိုတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာကို တွန်းလှန်ခဲ့ရသဖြင့် လူရောမြင်းပါ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့သည်။

သို့သော် ရပ်တန့်လို့ မရနိုင်ချေ။

သူတို့ တစ်ခဏလေးကြာအောင် ရပ်တန့်လိုက်လေလေ မြို့တော် ပြိုလဲသွားနိုင်မည့် အန္တရာယ်က တစ်စစ ပိုမိုများပြားလာလေလေ ဖြစ်သည်။

ထို့အပြင်။

ထိုနေ့က သတင်းရရှိချိန်တွင် သူ တွက်ချက်ကြည့်ခဲ့သော နိမိတ်လက္ခဏာမှာ... အလွန်အမင်း ဆိုးရွားသော နိမိတ်ဖြစ်နေသည်ကို စုမုပိုင် ပြန်လည်အမှတ်ရမိသည်။

သာ့လျန်၏ ကံကြမ္မာမှာ သည်လောက်နှင့် အဆုံးသတ်သွားမည် မဟုတ်သော်လည်း လက်ရှိဧကရာဇ်၊ မှူးမတ်အားလုံးနှင့် မြို့တော်ရှိ ပြည်သူများမှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ကြီးမားသည့် ဘေးဒုက္ခကြီးတစ်ခုနှင့် ရင်ဆိုင်ရလိမ့်မည်။

ထိုအချိန်မှစ၍ လမ်းတစ်လျှောက်လုံးတွင် စုမုပိုင်က ဘာနိမိတ်ကိုမှ ထပ်မံ မတွက်ချက်ခဲ့တော့ချေ။ ယခု မြို့တော်၏ အခြေအနေ မည်သို့ပင် ရှိနေပါစေ၊ အရာအားလုံးကို တားဆီးနိုင်ရန်အတွက် သူက တပ်များကို ဦးဆောင်ကာ မြို့တော်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရန်သာ လိုအပ်သည်။ အနာဂတ်ကို တွက်ချက်နေမည့်အစား အခြားအရာများကို အာရုံမစိုက်ဘဲ အရှေ့သို့သာ ဆက်လက် ချီတက်တိုက်ခိုက်ခြင်းက ပိုကောင်းမွန်ပေသည်။

မြို့တော်အနီးသို့ ရောက်ရှိလာချိန်တွင်တော့ လမ်းတစ်လျှောက်လုံး ဖိနှိပ်ထားခဲ့ရသော စိုးရိမ်ပူပန်မှုများနှင့် ဝမ်းနည်းကြေကွဲမှုများက ထိုအခိုက်အတန့်၌ တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်။ မြင်းဇက်ကြိုးကို ကိုင်ထားသော စုမုပိုင်၏ လက်များမှာ အနည်းငယ် တုန်ယင်နေပြီး ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုဟူသော ခံစားချက်ကို ဖြစ်ပေါ်လာစေခဲ့၏။

သူသည် ငယ်စဉ်ကတည်းက ကျိုဟွာတောင်ပေါ်တွင် ကြီးပြင်းလာခဲ့ပြီး အသက် ၁၈နှစ်အရွယ်တွင် တောင်ပေါ်မှ ဆင်းကာ လောကီနယ်ပယ်သို့ ဝင်ရောက်လာခဲ့သည်မှာ ယခုဆိုလျှင် ဆယ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ အစပိုင်း ၃နှစ်တွင် ဓားတစ်လက်ဖြင့် လောကကို လှည့်လည်သွားလာခဲ့သည်မှလွဲ၍ ကျန်၇နှစ်လုံးကို မြို့တော်၌သာ ဖြတ်သန်းခဲ့ရသည်။ သူသည် မြို့တော်၏ အစည်ကားဆုံးသော လမ်းသွယ်လေးထဲတွင် နေထိုင်သည်။ နံနက်ခင်းတွင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော ဈေးသည်များ၏ အသံများကို သူ ကြားဖူးသည်။ မီးပုံးပွဲတော်တွင် နေရာအနှံ့ မီးရောင်များ လင်းထိန်နေပြီး လူစည်ကားနေသော ချန်အန်းလမ်းမကြီးကို သူ မြင်ဖူးသည်။ လမ်းဘေးဈေးသည်များ ပေးကမ်းသော ကြာပန်းသကြားကိတ်မုန့်ကို သူ စားဖူးသည်။ ထိုသာမန်ဟု ထင်ရသော်လည်း အလွန်အဖိုးတန်လှသော အေးချမ်းမှုနှင့် ပျော်ရွှင်မှုများက ယခုအချိန်တွင် ရှိနေပါသေးရဲ့လား။

"အကြံပေးလူကြီးမင်း"

လက်ထောက်တပ်မှူးက အသံကို နှိမ့်ကာ ခေါ်လိုက်သည်။

စုမုပိုင်က မျက်လုံးများကို မှိတ်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။ "မြို့တော်ကို အမြန်ဆုံး စစ်ကူသွားမယ်"

စုမုပိုင်၏ ခန့်မှန်းချက်အရဆိုလျှင် လူမျိုးခြားများက သူတို့ ချီတက်လာမည့် လမ်းကြောင်းတစ်လျှောက်တွင် အတားအဆီးများစွာကို သေချာပေါက် ချထားပေလိမ့်မည်။ ထုံးစံအရဆိုလျှင် သူတို့သည် အလွန်သတိထားသင့်ပြီး ကင်းထောက်များက ရှင်းလင်းစွာ စုံစမ်းပြီးမှသာ တပ်မကြီးက အမြန်ဆုံး ဆက်လက်ချီတက်သင့်သည်။ သို့သော် မြို့တော်မှာ အလွန်အမင်း အန္တရာယ်ရှိနေပြီဖြစ်ရာ သူ မစောင့်နိုင်တော့ချေ။ တပ်မကြီး တစ်ခုလုံးရှိ စစ်သည်များကလည်း မစောင့်နိုင်တော့ပေ။ ထို့ကြောင့် ချီတက်မှု အမြန်နှုန်းကို လျှော့ချရန် ဘယ်သူမှ မပြောခဲ့ကြချေ။

သူတို့သည် စစ်ကူပြန်လာမည့် လမ်းကြောင်းကို အသက်နှင့်ရင်း၍ ခင်းကျင်းရန် စောစောကတည်းက ပြင်ဆင်ထားပြီး ဖြစ်သည်။

သို့သော် မထင်မှတ်ထားသည်မှာ သူတို့သည် လမ်းတစ်လျှောက်လုံး မည်သည့် ထောင်ချောက်၊ အတားအဆီးနှင့်မှ မကြုံတွေ့ခဲ့ရဘဲ အလွန်ချောမွေ့စွာဖြင့် မြို့တော်အနီးသို့ ရောက်ရှိလာခဲ့ခြင်းပင်။

သို့သော် စုမုပိုင်၏ မျက်နှာကတော့ ပိုမို ဆိုးရွားလာခဲ့သည်။

တပ်မကြီးက မည်သည့် အတားအဆီးမျှ မကြုံတွေ့ရခြင်းမှာ ဖြစ်နိုင်ခြေ ၂ ခုသာ ရှိသည်။ တစ်ခုမှာ လူမျိုးခြား တပ်မကြီးက စစ်ရှုံးကာ ဆုတ်ခွာသွားခြင်းဖြစ်ပြီး၊ နောက်တစ်ခုမှာ... နောက်တစ်ခုမှာ သာ့လျန်မြို့တော် ပြိုလဲသွားပြီး လူမျိုးခြား တပ်မကြီးက ထိုးစစ်မှ ခံစစ်သို့ ပြောင်းလဲသွားခြင်းပင်။

လက်ရှိအခြေအနေအရ လူမျိုးခြား တပ်မကြီး စစ်ရှုံးရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။ သို့ဆိုလျှင် အဖြစ်နိုင်ဆုံးမှာ... စုမုပိုင်မှာ နှလုံးသားတစ်စုံလုံး ပြင်းထန်စွာ နာကျင်သွားရပြီး ပါးစပ်ကို မနည်းဖွင့်ကာ အတော်ကြာမှ အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ "တပ်မကြီး တစ်ခုလုံး၊ တိုက်ခိုက်ဖို့ ပြင်ဆင်"

လက်ထောက်တပ်မှူးမှာ နှာခေါင်းတစ်လျှောက် ကျိန်းစပ်သွားပြီး ရှိုက်သံပါပါဖြင့် ဖြေကြားလိုက်၏။ "ဟုတ်ကဲ့ပါ"

တပ်မကြီး တစ်ခုလုံးတွင် ဝမ်းနည်းကြေကွဲဖွယ် လေထုက ဖုံးလွှမ်းသွားခဲ့သည်။ အထူးသဖြင့် မြို့တော်တွင် နေထိုင်ကြသော စစ်သည်များ၏ မျက်လုံးများတွင် မျက်ရည်များပင် ဝဲနေကြလေပြီ။

သို့သော်...

ရှေ့ပြေးတပ်ဖွဲ့က မြို့တော်အပြင်ဘက်သို့ ရောက်ရှိလာချိန်တွင် သူတို့၏ မျက်စိရှေ့ရှိ ထူးဆန်းသော မြင်ကွင်းကြောင့် မှင်သက်သွားကြရတော့သည်။

ထိုလူမျိုးခြား တပ်များမှာ မြို့ကို တိုက်ခိုက်နေပုံရသည်။ သို့သော် သူတို့က မြို့တော်၏ ကျုံးအပြင်ဘက်သို့ ချဉ်းကပ်လာသည်နှင့် မြေကြီးက ငလျင်လှုပ်သကဲ့သို့ မိုးကြိုးသံများ ထွက်ပေါ်လာခဲ့၏။ ထို့နောက် မီးတောက်များ ထွက်ပေါ်လာပြီး လူများ လဲကျကုန်ကြသည်။

လူမျိုးခြား တပ်မကြီးတွင် လူအများအပြား ရှိနေသော်လည်း မြို့တံခါးအနီးသို့ လုံးဝ ချဉ်းကပ် မရနိုင်ခဲ့ချေ။

ဒါက...

သူတို့ စိတ်ကူးထဲမှ မြို့တော်ပြိုလဲကာ ဖျက်ဆီးခံထားရပြီး အလောင်းများ ပြန့်ကျဲနေသည့် ပုံစံနှင့် အဘယ်ကြောင့် လုံးဝ မတူညီနေရသနည်း။

စစ်သည်များမှာ အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။

စုမုပိုင်သည်လည်း အနည်းငယ် မှင်သက်သွားခဲ့သည်။ သို့သော် သူက ချက်ချင်းပင် အာရုံစူးစိုက်ကာ နိမိတ်တစ်ခုကို တွက်ချက်လိုက်၏။

နိမိတ်လက္ခဏာက...အရမ်းကောင်းတဲ့ နိမိတ်တဲ့လား။

စုမုပိုင်မှာ အနည်းငယ် မှင်သက်သွားပြီးနောက် အဝေးရှိ ခမ်းနားကြီးကျယ်သော မြို့တော်ကို မော့ကြည့်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ "လူမျိုးခြား တပ်တွေကို ဝိုင်းပြီးတိုက်ကြ"

တစ်ချိန်တည်းမှာပင် မြို့တံခါးမျှော်စင်ပေါ်တွင် ကိုယ်တိုင်ဖန်တီးထားသော အဝေးကြည့်မှန်ပြောင်းကို ကိုင်ဆောင်ထားသည့် ဖုမင်ဇယ်က မျက်လုံးများကို မှေးစင်းလိုက်ပြီး အဝေးကြည့်မှန်ပြောင်းကို ဘေးနားရှိ ဝန်ကြီးချုပ်လီ၏ လက်ထဲသို့ ကမ်းပေးလိုက်၏။ "အဝေးမှာ တခြားတပ်မတစ်ခု ချဉ်းကပ်လာနေသလိုပဲ။ ဝန်ကြီးချုပ်လီ... အဲဒါက ရန်သူ့တပ်လား၊ စစ်ကူလာတဲ့တပ်လားဆိုတာ ကြည့်ကြည့်ပါဦး"

ဝန်ကြီးချုပ်လီက "မိုင်တစ်ထောင်မြင် မျက်လုံး"ကို သတိကြီးစွာဖြင့် လက်ခံယူလိုက်ပြီး မျက်လုံးကို မှေးကာ ခဏလောက် ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ "စစ်ကူတွေပဲ။ တော်ဝင်အကြံပေးအမတ်ရဲ့ စစ်ကူတပ်တွေပဲ။ ငါတို့ သာ့လျန်တော့ အသက်ရှင်ပြီ။ မြို့တော်က ပြည်သူတွေတော့ အသက်ရှင်ပြီ"

အဘိုးကြီးက ပြောရင်းပြောရင်းဖြင့် တဝူး ဝူးနှင့် အော်ငိုတော့သည်။

မြေပြင်ပေါ်တွင် ထိုင်ကာ မုန့်စားနေသော လျန်လျန်က ခေါင်းမော့ကာ ဝန်ကြီးချုပ်လီကို တစ်ချက်ကြည့်လိုက်၏။ ဒီဝန်ကြီးချုပ်အဘိုးက ငိုရတာ တော်တော်ဝါသနာပါတာပဲ။ မြေမြှုပ်မိုင်း ပေါက်ကွဲတာ မြင်တော့လည်း ငိုတယ်။ ရန်သူတွေ ဆုတ်ခွာသွားတာ မြင်တော့လည်း ငိုတယ်။ လမ်းပေါ်က ကလေးတွေကို မြင်တော့လည်း ငိုတယ်။ အင်း... တကယ်ကို စိတ်ညစ်စရာပဲ။

ဖုမင်ဇယ်သည်လည်း နဖူးကို ပွတ်သပ်လိုက်သည်။ သူတို့အိမ်က လျန်လျန်လေးက ငယ်စဉ်ကတည်းက လိမ်မာပြီး ငိုခဲလှသည်။ တစ်ခါတစ်ရံ ငိုလျှင်လည်း ချော့လိုက်ရုံဖြင့် အဆင်ပြေသွားလေ့ရှိသည်။ သည်လောက် အငိုသန်သူကို သူလည်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ဖုမင်ဇယ်က ထိုအဘိုးကြီးကို ဂရုမစိုက်တော့ဘဲ ဘေးနားရှိ ကိုယ်ရံတော်တစ်ဦးကို လက်ညှိုးထိုးပြလိုက်၏။ "အမြန်သွားပြီး စစ်သူကြီးကျောက်ကို အကြောင်းကြားလိုက်။ စစ်ကူတပ်တွေနဲ့ ပူးပေါင်းပြီး အိုးထဲက လိပ်ကို ဖမ်းသလို သူပုန်တွေကို ဖမ်းဖို့"

ကိုယ်ရံတော်မှာ အလွန်ဝမ်းသာသွားပြီး အရိုအသေပေးလိုက်သည်။ "ဟုတ်ကဲ့ပါ"

သူက အမြန်ပြေး၍ အကြောင်းကြားတော့သည်။

မကြာခင်မှာပင် မြို့တော်တံခါး ပွင့်သွားပြီး စစ်သူကြီးကျောက်က မြို့စောင့်တပ်များကို ဦးဆောင်ကာ ထွက်လာခဲ့သည်။

လျန်လျန်က မုန့်စားရင်း သူမကို စောင့်ကြပ်နေသော ကိုယ်ရံတော်နှင့် စကားပြောနေလေ၏။ "ကိုကိုရှောင်ကျိန့်... သမီးပြောပြမယ်။ စစ်သူကြီးကျောက်က သမီးဖေဖေ လုပ်ထားတဲ့ လက်ပစ်ဗုံးကို သုံးတော့မှာ သေချာတယ်။ ဘုန်း... ဆိုပြီး တစ်ချက်တည်းနဲ့ ရန်သူတွေ အကုန်လုံး သေကုန်မှာ"

ကိုယ်ရံတော်ရှောင်ကျိန့်က ခေါင်းကုတ်လိုက်သည်။ မင်းသမီးလေးက အသက်အနည်းငယ် ကြီးသူများကို ကိုကိုဟု ခေါ်ပြီး ပိုကြီးသူများကို ဦးဦး၊ ဘကြီးဟု ခေါ်သည်။ ဝန်ကြီးချုပ်လီကဲ့သို့ လူမျိုးများကိုတော့ အဘိုးဟု ခေါ်သဖြင့် ထိုသို့ အခေါ်ခံရသော သူတို့လို လူများမှာ လွန်စွာ တုန်လှုပ်ရိုသေမိကြသည်။

သို့သော် ဤသည်မှာ ကလေးများ ရှိသင့်သော ယဉ်ကျေးမှုဖြစ်သည်ဟု မင်းသမီးကြင်ယာတော်က ပြောခဲ့သေး၏။

သူတို့မှာ သေချာ နားမလည်သော်လည်း တုန်လှုပ်ရိုသေစွာဖြင့်သာ လက်ခံနေကြရသည်။

"မင်းသမီးကြင်ယာတော်နဲ့ မင်းသမီးလေးရဲ့ ကျေးဇူးကြောင့်သာ မြို့တော်က ပြည်သူတွေ အသက်ရှင်ခွင့်ရခဲ့တာပါ"

လျန်လျန်က လက်သီးဆုပ်လေးကို မြှောက်လိုက်သည်။ "ရှေ့သို့ချီ... ရှေ့သို့ချီ... ရှေ့သို့ချီနေတဲ့... ငါတို့ရဲ့ တပ်ဖွဲ့ကြီးက နေမင်းကြီးလိုပဲ..."

မူလရည်ရွယ်ချက်က ကောင်းပါသည်။ ထွက်သွားသော တပ်မတော်အတွက် အားပေးချင်ခြင်း ဖြစ်၏။ သို့သော် ပါးစပ်ထဲတွင် မုန့်များ ငုံထားသဖြင့် ဗလုံးဗထွေး အသံများနှင့်အတူ မုန့်အစအနများက အပြင်သို့ လွင့်စင်ထွက်လာတော့သည်။

ကိုယ်ရံတော်ရှောင်ကျိန့် : "..."

မင်းသမီးလေးက စေတနာတော့ ရှိရှာပါတယ်။

လူမျိုးခြား တပ်မကြီးကို ဝိုင်းရံချေမှုန်းသည့် တိုက်ပွဲမှာ ၃ ရက်နှင့် ၃ ည တိတိ ကြာမြင့်ခဲ့သည်။ တော်ဝင်အကြံပေးအမတ်က တပ်မကို ဦးဆောင်ကာ လမ်းတစ်လျှောက်လုံး လိုက်လံတိုက်ခိုက်ခဲ့ရာ လူမျိုးခြားများကို နိုင်ငံနယ်နိမိတ်အပြင်ဘက်သို့ မောင်းထုတ်နိုင်ခဲ့ရုံသာမက အပြင်ဘက်သို့ မိုင် ၁၀၀ ကျော်အထိ ဆက်လက် လိုက်လံတိုက်ခိုက်ခဲ့သေး၏။

စုမုပိုင် မြို့တော်သို့ ပြန်လည်ရောက်ရှိချိန်တွင် လဝက်ကျော်ခန့် ကြာမြင့်နေပြီ ဖြစ်သည်။ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရသော မြို့တော်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်နေပြီ။

သို့သော် နန်းတော်အတွင်းရှိ စည်းမျဉ်းစည်းကမ်းများကတော့ အနည်းငယ် ရှုပ်ထွေးနေပုံရသည်။

စုမုပိုင်သည် လက်ထောက်တပ်မှူးတချို့ကို ခေါ်ဆောင်ကာ ဖုန်များပေကျံနေသည့် အသွင်ဖြင့် ကျုံးဟယ်ဆောင် အပြင်ဘက်သို့ ရောက်ရှိလာချိန်တွင်တော့ အရှေ့မှ ပြေးလာသော မုန်လာဥလေးတစ်ဥက သူ့ထောက်ကို ဝင်တိုက်မိသွားသည်။

စုမုပိုင်က မျက်လွှာချကာ ကြည့်လိုက်သောအခါ ကလေးငယ်လေးမှာ အသားဖြူဖြူဖွေးဖွေး၊ ပါးဖောင်းဖောင်းလေးနှင့် ဖြစ်နေသည်။ အဖြူအမည်း သဲကွဲသော မျက်လုံးကြီးများက ဉာဏ်ကောင်းပြီး သွက်လက်ပုံရကာ အလွန်ချစ်စရာကောင်းနေ၏။ လူကို ဝင်တိုက်မိသော်လည်း မကြောက်သလို မငိုဘဲ အမြန်ပြန်ထကာ စကတ်ကို ခါလိုက်ပြီး ကလေးအသံလေးဖြင့် ပြောလိုက်သည်။ "ဘကြီး... တောင်းပန်ပါတယ်နော်။ လျန်လျန် တမင်တကာ လုပ်တာ မဟုတ်ပါဘူး"

လက်ထောက်တပ်မှူးများမှာ အံ့သြသွားကြပြီး တီးတိုးပြောဆိုနေကြ၏။ "ဘယ်တုန်းက နန်းတော်ထဲမှာ ဒီလောက်ကြီးတဲ့ ကလေးတစ်ယောက် ရောက်လာတာလဲ"

"မင်းသား(၁၂) နောက်မှာ ဘယ်မင်းသမီးလေး မွေးလာသေးတယ်လို့ မကြားမိပါဘူး"

စုမုပိုင်က အေးစက်စက် တစ်ချက် ကြည့်လိုက်မှသာ လက်ထောက်တပ်မှူးများက ချက်ချင်း ပါးစပ်ပိတ်သွားကြတော့သည်။

သို့သော် ကလေးလေးကတော့ သူ့ကို နည်းနည်းလေးမှ မကြောက်ချေ။ ခေါင်းမော့ကာ သူ့ကို သေသေချာချာ တစ်ချက်ကြည့်ပြီးနောက် ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "ဘကြီးက ရုပ်ချောတယ်နော်"

လက်ထောက်တပ်မှူးများမှာ အံ့သြလွန်းသဖြင့် မျက်လုံးများပင် ပြူးကျယ်သွားကြ၏။

စုမုပိုင်မှာ ပုံမှန်အားဖြင့် တင်းမာခက်ထန်သူဖြစ်ပြီး မင်းသားများ၏ ပညာသင်ကြားရေးကိုလည်း တာဝန်ယူထားသူဖြစ်ရာ နန်းတော်အတွင်းရှိ တန်ဖိုးကြီးလှသော မင်းသားမင်းသမီးများပင်လျှင် သူ့ကိုတွေ့ပါက ကြောင်ကိုတွေ့သော ကြွက်ကဲ့သို့ ကြောက်ရွံ့ကြသည်။ မင်းသား(၇)အိမ်တော်မှ အန်းလဲ့မင်းသမီးလေးမှလွဲ၍ သူ့ကို နည်းနည်းမှ မကြောက်သော ကလေးတစ်ယောက်ကို စုမုပိုင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

အန်းလဲ့မင်းသမီးလေးကို တွေးမိသောအခါ စုမုပိုင်၏ အကြည့်များက အနည်းငယ် စူးရှသွားခဲ့သည်။

သေသေချာချာ ကြည့်မည်ဆိုပါက မျက်စိရှေ့က ဤကလေးမှာ အန်းလဲ့မင်းသမီးလေးနှင့် ၃၊ ၄ ပုံခန့် တူညီနေလေသည်။

ထို့အပြင်... စုမုပိုင်က အမှတ်တမဲ့ လက်ချောင်းများကို လှုပ်ရှားလိုက်ပြီးနောက် သူ့မျက်နှာတွင် ရှားရှားပါးပါး အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။

ဒီကလေးက တကယ်ပဲ...!

စုမုပိုင်သည် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ကလေးငယ်လေး၏ ဆံပင်အိအိလေးများကို ပွတ်သပ်ပေးကာ ညင်သာစွာ ပြောလိုက်သည်။ "လိမ္မာလိုက်တာ... နောက်မှ ဘကြီးက သမီးကို လက်ဆောင်ပေးမယ်နော်"

လျန်လျန်က မျက်လုံးပြူးကြီးများကို ပုတ်ခတ်ကာ ပြုံးရွှင်စွာဖြင့် ဖြေလိုက်၏။ "ကျေးဇူးတင်ပါတယ် ဘကြီး"

လက်ထောက်တပ်မှူးများက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် အံ့သြမှုအချို့ ပေါ်လွင်နေကြသည်။ တော်ဝင်အကြံပေးအမတ်မှာ အမြဲတမ်း တင်းကျပ်တည်ကြည်သူဖြစ်ပြီး မင်းသားမင်းသမီးများအပေါ်တွင်ပင် သည်လို နူးညံ့စွာ မဆက်ဆံခဲ့ဖူးချေ။

ဒီကလေးက ဘယ်အိမ်တော်ကလဲ မသိဘူး။

အကြံပေးအမတ်၏ ပုံစံကို ကြည့်ရသည်မှာ သူ သိပြီးဖြစ်ကြောင်း သေချာနေသည်။

တော်ဝင်အကြံပေးအမတ်မှာ အမြဲတမ်း ထူးခြားဆန်းကြယ်သူဖြစ်ပြီး လက်ထောက်တပ်မှူးများကလည်း မထူးဆန်းပါဘူး မှတ်လိုက်ကြကာ ဤချစ်စရာကောင်းသော ကလေးငယ်ကို အထင်မသေးရဲဘဲ အသီးသီး အရိုအသေပေးလိုက်ကြ၏။

အကြံပေးအမတ်နှင့် အခြားသူများ ကျုံးဟယ်ဆောင်အတွင်းသို့ ဝင်သွားပြီးနောက် လျန်လျန်က ခြေတံတိုလေးများကို အားပြုကာ အပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။ ဘေးတွင် အသင့်စောင့်နေသော ရှောင်အန်းဇီက အမြန်လိုက်သွားပြီး ပြောလိုက်၏။ "အို... မင်းသမီးလေးရယ်၊ ဖြည်းဖြည်းသွားပါဗျာ။ မင်းသမီးကြင်ယာတော်က မင်းသမီးလေးကို အဆောင်ထဲမှာပဲ ဆော့ခိုင်းထားတာလေ။ အခု ဘယ်ကို သွားမလို့လဲ"

လျန်လျန်က ကျစ်ဆံမြီးလေးကို ခါရမ်းရင်း ပြောလိုက်သည်။ "သမီးက ဦးလေး(၁၂)နဲ့ ချိန်းထားတယ်။ ပန်းခြံကြီးထဲမှာ ငါးသွားကြည့်မလို့"

ရှောင်အန်းဇီမှာ လန့်သွားပြီး ခြေလှမ်းအနည်းငယ် ထပ်ပြေးလိုက်ကာ ပြေးရင်းပြေးရင်းဖြင့် သက်တော်စောင့်များကို နောက်ကလိုက်ရန် လက်ဝှေ့ယမ်းပြလိုက်၏။ "ဒါဆိုလည်း ဖြည်းဖြည်းသွားပါဗျာ။ ဥယျာဉ်တော်က ဝေးသေးတယ်လေ။ ကျွန်တော်မျိုး မင်းသမီးလေးကို ထမ်းစင်နဲ့ ပို့ပေးရမလား"

လျန်လျန်က နောက်ဆုံးတွင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ "သမီးရဲ့ စက်ဘီးကော"

ဤရက်ပိုင်းအတွင်း သူမ၏ဖခင်မှာ အလွန်အလုပ်များနေခဲ့သည်။ အဘိုးတော်အတွက် ပုံစံကြမ်းများစွာကို ရေးဆွဲပေးနေရ၏။ သို့သော် သူမဟူသော ကိုယ့်သွေးသားအရင်း သမီးလေးကိုတော့ မမေ့ခဲ့ချေ။ သူမက တစ်နေကုန် နန်းတော်ထဲတွင် ခြေတံတိုလေးများဖြင့် ပြေးလွှားနေရပြီး ညဘက်ရောက်တိုင်း ခြေထောက်ညောင်းသည်ဟု ညည်းတွားနေသည်ကို မြင်သောအခါ သူမအတွက် စက်ဘီး သေးသေးလေး တစ်စီးကို ပြုလုပ်ခိုင်းခဲ့သည်။

၎င်းမှာ ကလေးစီး စက်ဘီးငယ်လေးဖြစ်ပြီး နောက်ဘီး ၃ ဘီးပါရှိကာ ထိုင်ခုံကို ကုလားထိုင်ငယ်လေး ပုံစံ ပြုလုပ်ထားသည်။ သာ့လျန်မြို့တော်တွင် ကျွမ်းကျင်သော လက်မှုပညာရှင်များစွာ ရှိကြပြီး တော်ဝင်မိသားစုက ပြုလုပ်ခိုင်းခြင်းဖြစ်သောကြောင့် အလွန်ပင် သေသပ်လှပပြီး ခမ်းနားစွာ ပြုလုပ်ထားလေသည်။

အစိတ်အပိုင်းတစ်ခုစီတိုင်းကို သေသပ်စွာ ပြုလုပ်ထားရုံသာမက အရေးကြီးဆုံးမှာ စက်ဘီးပေါ်တွင် ကျောက်မျက်ရတနာ အများအပြားကို စီခြယ်ထားခြင်းပင်။

ဖုမင်ဇယ် : "..."

သမီးဖြစ်သူ ဤစက်ဘီးကို စီးပြီး အပြင်ထွက်ပါက အန္တရာယ်ကင်းမည် မဟုတ်ဟု ထင်မြင်သဖြင့် သူက လုံးဝ မစီးခိုင်းတော့ချေ။

သို့သော် ယနေ့တွင် ဖုမင်ဇယ် အလုပ်များနေသဖြင့် လျန်လျန်က မျက်လုံးဝိုင်းကြီးများကို လှည့်ကာ စဉ်းစားလိုက်ပြီး သူမ၏ အထာကျသော စက်ဘီးလေးကို စီးကာ လောကကြီးထဲသို့ ခြေဆန့်ရန် အချိန်ရောက်ပြီဟု တွေးလိုက်မိ၏။

ရှောင်အန်းဇီက အနည်းငယ် တုံ့ဆိုင်းသွားခဲ့သော်လည်း နောက်ဆုံးတွင်တော့ လျန်လျန်၏ ချိုသာသော စကားများကြောင့် မခံနိုင်တော့ဘဲ ခေါင်းပြတ်မည့် အန္တရာယ်ကို စွန့်ကာ ထိုစက်ဘီးကို ထုတ်ယူလာခဲ့ရတော့သည်။

ရှောင်အန်းဇီက စက်ဘီးကို နန်းတွင်းလမ်းမပေါ်တွင် ချပေးလိုက်သည်နှင့် ကလေးမလေးက ကျွမ်းကျင်စွာပင် စက်ဘီးပေါ်သို့ တက်သွားခဲ့သည်။

အိမ်တွင်လည်း စက်ဘီးတစ်စီး ရှိပြီး သူမ လမ်းသွယ်ထဲတွင် မကြာခဏ စီးနေကျ ဖြစ်သည်လေ။

ရှောင်အန်းဇီမှာ အလျင်အမြန်ပင် ပြေးလိုက်ရပြန်၏။ "မင်းသမီးလေး... ဖြည်းဖြည်းစီးပါဗျာ။ မင်းသမီးလေး ချော်လဲပြီး ထိခိုက်မိရင် ကျွန်တော်မျိုးရဲ့ ခေါင်းလည်း ပြုတ်ပါလိမ့်မယ်ဗျာ"

"အို... ဒီစက်ဘီးက တကယ်ကို လက်ရာမြောက်လွန်းပါတယ်။ ကြည့်ပါဦး... ကျွန်တော်တို့ မင်းသမီးလေးက ဘယ်လောက်တောင် မြန်မြန်စီးနေလဲဆိုတာ"

လူများက မြန်မြန်စီးမှာကိုလည်း ကြောက်သလို သည်စက်ဘီးက သည်လောက် မြန်မြန်စီးနိုင်သည်ကိုလည်း ဝမ်းသာနေပြန်၏။ တကယ့်ကို ရှေ့နောက်မညီ ဖြစ်နေတော့သည်။

...

အပိုင်း (၁၈၂.၂) Extra- သာ့လျန်စွန့်စားခန်း ၄ (ဇာတ်သိမ်း)

လမ်းတစ်လျှောက်လုံးတွင် တကယ်ကို အထာကျလွန်းလှသည်။ ဤမြင်ကွင်းကို မြင်တွေ့ရသူတိုင်း မိဖုရားများဖြစ်စေ၊ မိန်းမစိုးများနှင့် နန်းတွင်းသူများဖြစ်စေ လူတိုင်းလိုလိုပင် အံ့သြတကြီးဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ဤကလေးမလေး၏ ဇာစ်မြစ်နှင့်ပတ်သက်၍ နန်းတော်အတွင်း၌ မရေမတွက်နိုင်သော ကောလာဟလအမျိုးမျိုး ပျံ့နှံ့နေခဲ့သည်။ အန်းလဲ့မင်းသမီးလေး မွေးထားသည်ဟု ဆိုသူများရှိသလို၊ မင်းသား(၇) မွေးထားသည်ဟု ဆိုသူများ၊ ဧကရာဇ် မွေးထားသည်ဟု ဆိုသူများပင် ရှိသေးသည်။ တော်ဝင်အကြံပေးအမတ်၏ ညီငယ် မွေးထားသည်ဟု ဆိုသူများလည်း ရှိကြ၏။

ထိုအထဲတွင် အန်းလဲ့မင်းသမီးလေး မွေးထားသည်ဟူသော အချက်က အရင်ဆုံး ပယ်ချခံရသည်။ အန်းလဲ့မင်းသမီးလေးမှာ အသက်မည်မျှသာ ရှိသေးသနည်း။ ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးတဲ့ ကလေးကို မွေးနိုင်မည်နည်း။ ထိုဆရာဖုက မင်းသမီးကြင်ယာတော် ဖြစ်သည်ဆိုခြင်းကတော့ ပိုလို့ပင် အဓိပ္ပာယ်မရှိသော စကားသာ ဖြစ်တော့သည်။ မင်းသမီးလေးမှာ လက်မထပ်ရသေးဘဲ ဘယ်က မင်းသမီးကြင်ယာတော် ရောက်လာမည်နည်း။ တော်ဝင်မိသားစု၏ ကိစ္စများဆိုသည်ကို လူတိုင်း နားလည်ထားကြသည်။ အပေါ်ယံ ပြောစကားများမှာ တစ်ခါတစ်ရံ လူအများ၏ မျက်စိကို လှည့်စားရန်အတွက်သာ ဖြစ်ပေသည်။

ထိုဆရာဖုမှာ ထူးခြားသော စွမ်းရည်များ ရှိနေသဖြင့် လူအတော်များများက သူသည် တော်ဝင်အကြံပေးအမတ်၏ ညီငယ်ဖြစ်မည်ဟု ပိုမို ယုံကြည်နေကြသည်။

မည်သို့ပင်ဆိုစေ ဘယ်သူမွေးထားသည်ဖြစ်စေ ဤကလေးမလေးမှာ ဤသာ့လျန်နန်းတော်ကြီးအတွင်း၌ လေလိုချင်ရင် လေရ၊ မိုးလိုချင်ရင် မိုးရလောက်အောင်ပင် အလိုလိုက်ခံရသော တည်ရှိမှုတစ်ခု ဖြစ်နေလေပြီ။

ဤစက်ဘီးကို မြင်တွေ့ရသောအခါ ဆရာဖုမှာ တော်ဝင်အကြံပေးအမတ်၏ ညီငယ်ဖြစ်သည်ဟူသော ကောလာဟလကို လူအများက ပိုမို ယုံကြည်လာကြတော့သည်။

မိဖုရားများသည် မိမိတို့၏ အဆောင်များသို့ ပြန်ရောက်သောအခါ ယခင်ကတည်းက ထုပ်ပိုးထားပြီးဖြစ်သော အထုပ်များထဲမှ ရွှေပုလဲလုံးများ၊ ရွှေတုံးငယ်များ၊ ကျောက်စိမ်းပြားများနှင့် ကျောက်မျက်ရတနာ ဆွဲကြိုးများကို ထုတ်ယူကာ နန်းတော်တွင်းရှိ ဤဧည့်သည်လေးထံသို့ လူလွှတ်ပြီး ပို့ဆောင်ပေးကြသည်။

အရှင်မင်းကြီးက ယခု ဤကလေးမလေးကို အလွန်အလိုလိုက်နေသည် မဟုတ်ပါလား။ သူတို့အနေဖြင့်လည်း တစ်ခုခုတော့ ဖော်ပြသင့်သည်လေ။

ဤအကြောင်းများကို နည်းနည်းလေးမှ မသိရှိသော လျန်လျန်ကတော့ အထာကျစွာဖြင့် စက်ဘီးစီးရင်း တော်ဝင်ဥယျာဉ်တော်အထိ ရောက်ရှိသွားခဲ့ပြီ။ လောကအကြောင်း သိပ်မသိသေးသော မင်းသား(၁၂)မှာမူ အလွန်အမင်း အားကျသွားခဲ့ရပြီး ပစ္စည်းကောင်း အများအပြားကို ပေးမည်ဟု ကတိပေးမှသာ စက်ဘီးတစ်ခါ စီးခွင့်ကို နောက်ဆုံးတွင် ရရှိသွားခဲ့တော့သည်။

ကလေးငယ်နှစ်ဦးမှာ ငါးများကိုလည်း မကြည့်ကြတော့ချေ။ တစ်ယောက်တစ်လှည့် စက်ဘီးစီးရင်း ဆော့ကစားနေကြရာ မကြာမီမှာပင် ချွေးသံတရွှဲရွှဲ ဖြစ်သွားကြတော့သည်။

မင်းသား(၁၂)က ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။ "ငါ မင်းသမီးကြင်ယာတော်ကို ငါ့အတွက်လည်း စက်ဘီးတစ်စီး လုပ်ပေးဖို့ သေချာပေါက် တောင်းဆိုရမယ်"

လျန်လျန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အကြံပေးလိုက်၏။ "နင် အကြီးကြီး တစ်စီး လုပ်ခိုင်းလို့ရတယ်နော်"

သူမက လက်နှစ်ဖက်ဖြင့် အဝိုင်းကြီးကြီးတစ်ခု ပုံစံလုပ်ပြလိုက်သည်။ "စက်ဘီးလုပ်ခိုင်းလေ။ ကြီးလာရင်လည်း စီးလို့ရတာပေါ့"

တကယ်တမ်းတွင် ဤကလေးစီး စက်ဘီးလေးမှာ မင်းသား(၁၂) စီးရန် အနည်းငယ် သေးနေလေသည်။ သူက ခဏတာ စဉ်းစားလိုက်ပြီး တူမလေး ပြောသည်မှာ မှန်ကန်သည်ဟု ထင်မြင်ကာ လေးနက်စွာ ခေါင်းညိတ်လိုက်၏။ "အဓိပ္ပာယ်ရှိတယ်"

အခြားတစ်ဖက်တွင် တိုင်းရေးပြည်ရာများကို ဆွေးနွေးပြီးစီးသွားသော စုမုပိုင်ကို ဧကရာဇ်က ခေါ်ထားလိုက်သည်။ ဖုမင်ဇယ်က သူနှင့် လျန်လျန်တို့ ဤကမ္ဘာသို့ မည်သို့ရောက်ရှိလာခဲ့ကြောင်းကို ပြောပြလိုက်ပြီး မေးလိုက်၏။ "တော်ဝင်အကြံပေးအမတ်မှာ ကျွန်တော်တို့ ပြန်သွားဖို့ နည်းလမ်းများ ရှိမလားလို့ပါ"

စုမုပိုင်က တိတ်ဆိတ်စွာ နားထောင်ပြီးနောက် ခေါင်းလှည့်ကာ ဧကရာဇ်ကို မေးလိုက်သည်။ "အရှင်မင်းကြီးက မင်းသမီးလေးဟာ မင်းသား(၇)အိမ်တော်က လျှို့ဝှက်ဘဏ္ဍာတိုက်ကနေတစ်ဆင့် သာ့လျန်ကို ရောက်လာတာလို့ ထင်နေတာလား "

ချင့်တယ်ဧကရာဇ်က ခေါင်းညိတ်ပြလိုက်သည်။ "မင်းသား(၇)အိမ်တော်က လျှို့ဝှက်ဘဏ္ဍာတိုက်က အတောင်ပံမပါဘဲ ပျံသန်းပျောက်ကွယ်သွားပြီလေ။ ကျင်းရော့မင်းသမီးလေးရဲ့ ပြောစကားအရဆိုရင် သူမြင်ခဲ့ရတဲ့ သစ်သားစင်တွေ အပြည့်ရှိနေတဲ့ အိမ်က လျှို့ဝှက်ဘဏ္ဍာတိုက်ပဲ ဖြစ်ရမယ်။ သူ လျှို့ဝှက်ဘဏ္ဍာတိုက်ထဲက ထွက်လာတော့ ကိုယ်တော့်ရဲ့ အိပ်ဆောင်ကို ရောက်လာတာပဲ"

စုမုပိုင်က မျက်မှောင်အနည်းငယ် ကျုံ့လိုက်သည်။ "မင်းသား(၇)နဲ့ အန်းလဲ့မင်းသမီးလေးတို့က အခုထက်ထိ သတင်းအစအန ရှာမရသေးတာလား"

ချင့်တယ်ဧကရာဇ်က လက်ကာပြလိုက်၏။ "သူတို့ သားအဖနှစ်ယောက်က သာ့လျန်မှာ မရှိတော့တာ ကြာပြီ"

ဖုမင်ဇယ်က ကိုယ်ပေါ်မှ ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်ပြီး ပိုက်ဆံအိတ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်သည်။ ၎င်းမှာ နှစ်သစ်ကူးအချိန်က သူတို့ တစ်မိသားစုလုံး ရိုက်ကူးထားသော မိသားစုပုံ ဖြစ်သည်။

စုမုပိုင်က ဓာတ်ပုံကို လှမ်းယူလိုက်ပြီး ထိုပုံပေါ်တွင် ရင်းနှီးနေသော လူရိပ်နှစ်ခုကို မြင်တွေ့လိုက်ရသည်။

အန်းလဲ့မင်းသမီးလေး၏ မျက်နှာသွင်ပြင်က ပိုမို ပီပြင်လာပြီး မျက်ဝန်းများကလည်း ပိုမို တည်ကြည်ပြတ်သားနေသည်။ မင်းသား(၇)မှာလည်း အသက်အနည်းငယ် ပိုကြီးသွားသကဲ့သို့ ရှိသော်လည်း မျက်နှာအမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိပေ။

ဆံပင်နှင့် ဝတ်စားဆင်ယင်မှု အနည်းငယ် ကွာခြားသွားသည်မှလွဲ၍ ဤသူများမှာ မည်သူများဖြစ်ကြောင်းကို အလွန်လွယ်ကူစွာ မှတ်မိနိုင်လေသည်။

စုမုပိုင်က သက်ပြင်းရှည်ကြီး ချလိုက်၏။ "ကျွန်တော်မျိုး ငယ်စဉ်က ကျိုဟွာတောင်ပေါ်မှာ ဆရာ့နောက်လိုက်ပြီး တရားအားထုတ်ခဲ့တုန်းက ဆရာက ပြောဖူးပါတယ်။ မုန်ညင်းစေ့လေးထဲမှာ ရွှေတောင်ကြီး ဝင်ဆံ့နိုင်တယ်၊ ဖုန်မှုန့်လေးထဲမှာလည်း ကမ္ဘာသုံးထောင် ရှိနိုင်တယ်တဲ့။ ပြီးတော့ တောင်ပေါ်က တစ်ရက်ဟာ လူ့လောကက အနှစ်တစ်ထောင်နဲ့ ညီမျှတယ်လို့လည်း ပြောဖူးတယ်။ ဒီလောကကြီးက အရာခပ်သိမ်းမှာ ကျွန်တော်တို့ လုံးဝ ထိုးထွင်းမသိမြင်နိုင်တဲ့ ဆန်းကြယ်မှုတွေ အများကြီး ရှိနေတာ အမှန်ပါပဲ"

သူက မျက်လွှာချကာ လက်ချောင်းများဖြင့် တွက်ချက်လိုက်ပြီးနောက် အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... မင်းသား(၇)နဲ့ အန်းလဲ့မင်းသမီးလေး ထွက်ခွာသွားတာက ကျွန်တော်တို့ သာ့လျန်ရဲ့ အသက်ရှင်သန်နိုင်မယ့် မျှော်လင့်ချက်လေး တစ်ခုကို ဖြစ်မြောက်သွားစေခဲ့တာပါ။ အခုတော့ အရှင်မင်းကြီးနဲ့ မင်းသား(၇)၊ မင်းသမီးလေးတို့ကြားက ဆွေမျိုးရေစက် ပြတ်တောက်သွားပါပြီ။ ဒီဘဝမှာ ထပ်မံဆုံတွေ့ရမယ့် နေ့ရက်မျိုး မရှိတော့ပါဘူး "

ချင့်တယ်ဧကရာဇ်၏ မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲမှုများ ပေါ်လွင်သွားခဲ့သည်။

"မင်းသမီးလေးနဲ့ မင်းသမီးကြင်ယာတော်တို့ကတော့ အစကတည်းက ဒီလောကက လူတွေ မဟုတ်ကြတဲ့အတွက် မကြာခင်မှာပဲ ပြန်သွားနိုင်ပါလိမ့်မယ် "

ဖုမင်ဇယ်က ဤလူငယ်တော်ဝင်အကြံပေးအမတ်မှာ အနည်းငယ် နက်နဲဆန်းကြယ်လွန်းသည်ဟု ခံစားရသော်လည်း သူကိုယ်တိုင်ပင် အချိန်နှင့် နေရာကို ဖြတ်ကျော်လာရခြင်းကဲ့သို့သော အလွန်အမင်း ယုံကြည်နိုင်ဖွယ်မရှိသည့် ကိစ္စရပ်နှင့် ကြုံတွေ့ခဲ့ရပြီးဖြစ်သဖြင့် တစ်ဖက်လူကို မှော်ပညာ၊ နတ်ဆိုးများအကြောင်း ပြောဆိုနေသည်ဟု ဝေဖန်ရန် အခွင့်အရေး မရှိတော့ချေ။ ထို့အပြင် တစ်ဖက်လူမှာ အမှန်တကယ် အရည်အချင်းရှိပုံရသည် မဟုတ်ပါလား။

သူနှင့် ကလေးမလေး ပြန်သွားနိုင်မည်ဟု ကြားသိရသောအခါ ဖုမင်ဇယ်မှာ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားတော့သည်။

ပြန်သွားနိုင်မည့် နည်းလမ်းနှင့် ပတ်သက်ပြီး စုမုပိုင်က ခဏတာ စဉ်းစားလိုက်ပြီး ပြောလိုက်၏။ "ဒီကိစ္စက မင်းသမီးလေးအပေါ်မှာပဲ မူတည်နေပါတယ်"

အပြင်ဘက်တွင် နာရီအတော်ကြာအောင် ရူးသွပ်စွာ ဆော့ကစားခဲ့သော လျန်လျန်က သူမနေထိုင်သည့် အိပ်ဆောင်သို့ ပြန်ရောက်သောအခါ စားပွဲပေါ်တွင် ပစ္စည်းများစွာ တင်ထားသည်ကို မြင်တွေ့လိုက်ရသည်။

အလုပ်အကျွေးပြုသော နန်းတွင်းသူက ရှေ့သို့တိုးလာကာ လျှောက်တင်လေသည်။ "အဆောင်အသီးသီးက မိဖုရားကြီးတွေ ပို့လိုက်တာပါ "

လျန်လျန်က မျက်လုံးပြူးကြီးများကို ပုတ်ခတ်လိုက်၏။ "ဒါဆို သမီးက မိဖုရားကြီးတွေကို သွားကျေးဇူးတင်ရမှာလား"

နန်းတွင်းသူက အလျင်အမြန် ပြောလိုက်သည်။ "မလိုပါဘူး ။ ကျွန်တော်မျိုးမက မင်းသမီးလေး ကိုယ်စား ကျေးဇူးတင်စကား ပြောလိုက်ပြီးပါပြီ"

လျန်လျန်က ခေါင်းညိတ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် အနားသို့ တိုးသွားကာ ကြည့်လိုက်သည်။ သူမမှာ ငယ်စဉ်ကတည်းက ရှန်ရှောက်ယွမ်၏ အနားတွင် နေထိုင်လာခဲ့ရပြီး ရွှေသည်သာ ငွေကြေးအဖြစ် လဲလှယ်ရန် အလွယ်ကူဆုံးဖြစ်ကြောင်း ရှန်ရှောက်ယွမ် ပြောသည်ကို မကြာခဏ ကြားခဲ့ရသဖြင့် ရွှေဖြင့်ပြုလုပ်ထားသော ကစားစရာလေးများကို အနှစ်သက်ဆုံး ဖြစ်သည်။

သို့သော် သူမ ဤနေရာသို့ ရောက်နေသည်မှာ လအတော်ကြာပြီဖြစ်ကာ ပစ္စည်းကောင်းများ ရရှိပါက သူမကို ပြုစုစောင့်ရှောက်ပေးသော ကိုကို၊ မမ များကို မျှဝေပေးရမည်ကို သိရှိထားသည်။ ထို့ကြောင့် ရွှေတုံးငယ်လေး အနည်းငယ်ကို ဆုပ်ယူကာ နန်းတွင်းသူ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ "ဒါက မမရှောင်ယွီအတွက် လက်ဆောင်နော်"

နန်းတွင်းသူရှောင်ယွီက အလျင်အမြန် အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ "ချီးမြှင့်တဲ့အတွက် မင်းသမီးလေးကို ကျေးဇူးတင်ပါတယ် "

လွန်ခဲ့သောရက်ပိုင်းကလည်း အရှင်မင်းကြီးက မင်းသမီးလေးကို ပစ္စည်းကောင်း အများအပြား ချီးမြှင့်ခဲ့ပြီး မင်းသမီးလေးက သူတို့ကို ပြန်လည် ချီးမြှင့်ခဲ့သေးသည်။

မင်းသမီးလေးက တကယ်ကို ဉာဏ်ကောင်းပြီး သဘောထားကြီးကာ ချစ်စရာကောင်းလှပေသည်။

ရွှေပုလဲလုံးငယ်လေးများ၊ ရွှေတုံးငယ်များ၊ ရွှေငါးငယ်များကို ဆုပ်ယူကာ အလုပ်အကျွေးပြုသော နန်းတွင်းသူ၊ မိန်းမစိုးများကို တစ်ပတ်လှည့်ကာ ဝေငှပေးလိုက်သည်။ ထို့နောက်မှ နန်းတွင်းသူရှောင်ယွီ၏ အကူအညီဖြင့် ကျန်ရှိနေသည်များကို ပိုးသားအိတ်ကြီးတစ်လုံးထဲသို့ ထည့်သိမ်းလိုက်တော့သည်။

မကြာသေးမီက ရရှိခဲ့သော ပစ္စည်းကောင်းများမှာ အလွန်များပြားလှသဖြင့် မူလအိတ်ငယ်လေးထဲတွင် မဆံ့တော့ချေ။ နန်းတွင်းသူရှောင်ယွီက သူမအတွက် အထူးကြီးမားသော အိတ်ကြီးတစ်လုံးကို ချုပ်လုပ်ပေးထားခဲ့ရသည်။

ညဘက်တွင် ဖုမင်ဇယ်က သိသိသာသာ ပိုမိုပြည့်နှက်နေသော အိတ်ကြီးကို မြင်သောအခါ နဖူးကို ပွတ်သပ်လိုက်မိသည်။ ယခင်က သူ တကယ် မသိခဲ့ချေ။ သူ၏ သမီးလေးမှာ တကယ်တမ်းတွင် ငွေမက်သူလေး ဖြစ်နေသည်ကိုး။

"ဖေဖေ... ဦးလေး(၁၂)က ဖေဖေ့ကို စက်ဘီးအကြီးကြီး တစ်စီး လုပ်ပေးစေချင်နေတယ်။ သူက ရွှေတုံးတွေ အများကြီး အများကြီးနဲ့ လဲလို့ရတယ်လို့ ပြောတယ်နော်" ငွေမက်သူလေးက ကြည်လင်တောက်ပနေသော မျက်လုံးပြူးကြီးများကို ပုတ်ခတ်ကာ ပြောလိုက်သည်။

ဖုမင်ဇယ်က သူမ၏ နှာခေါင်းလုံးလုံးလေးကို ဖွဖွလေး ဆွဲညှစ်လိုက်၏။ "ဒီငွေခင်လေး... သမီးရဲ့ ဦးလေး(၁၂)က လွန်ခဲ့တဲ့ရက်ပိုင်းကမှ သမီးကို ရွှေငါးငယ်လေးတွေ တစ်သေတ္တာအပြည့် ပေးထားတာ မဟုတ်ဘူးလား။ စက်ဘီးတစ်စီးလေးအတွက် သမီးက သူ့ဆီက ရွှေတုံးတွေ အများကြီးကို ထပ်တောင်းရက်သေးတယ်ပေါ့လေ"

လျန်လျန်က ခဏစဉ်းစားလိုက်ပြီး သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။ "ဒါဆို ဖေဖေ သူ့ကို အလကား တစ်စီး လုပ်ပေးလိုက်လေနော်"

ဖုမင်ဇယ်က ပေါ့ပေါ့ပါးပါးပင် သဘောတူလိုက်ပြီး ထပ်ပြောလိုက်၏။ "သမီးလေး... ဘိုးဘိုးရဲ့ အိမ်ကြီးမှာ တံခါးတစ်ပေါက် ရှိတယ်မလား။ သမီး ကြိုးစားပြီး စဉ်းစားကြည့်ပါဦး။ အဲဒီတံခါးကို ပြန်ပေါ်လာအောင် လုပ်လို့ရမလားလို့"

သူ၏ ဇနီးဖြစ်သူမှာ ယခင်က ဘာမှ မလုပ်ဘဲနှင့်ပင် ထိုတံခါးက ရုတ်တရက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဖုမင်ဇယ်က ထိုတံခါးကို စိတ်အာရုံဖြင့်သာ ထိန်းချုပ်နိုင်လိမ့်မည်ဟု ခန့်မှန်းမိသည်။

စုမုပိုင်ကလည်း သူ၏ ခန့်မှန်းချက်ကို သဘောတူလေသည်။

မုန်ညင်းစေ့ထဲတွင် ရွှေတောင်ကြီး ဝင်ဆံ့နိုင်သည်ဟူသော စကားအတိုင်း စုမုပိုင် ထင်မြင်သည်မှာ ထိုလျှို့ဝှက်ဘဏ္ဍာတိုက်ကို ကောင်းကင်ဘုံ၏ နိယာမက မုန်ညင်းစေ့ထက်ပင် သေးငယ်သော နေရာတစ်ခုတွင် ဖျောက်ကွယ်ထားခြင်း ဖြစ်နိုင်ကြောင်းပင်။ ရှန်ရှောက်ယွမ်နှင့် ရှန်မော့အာတို့ကတော့ ဤမုန်ညင်းစေ့ထက် သေးငယ်သော အရာကို ဖွင့်လှစ်နိုင်မည့် နည်းလမ်းကို သိရှိထားကြခြင်း ဖြစ်သည်။

လျန်လျန်က လျှို့ဝှက်ဘဏ္ဍာတိုက်မှတစ်ဆင့် သာ့လျန်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ရှန်ရှောက်ယွမ်၊ ရှန်မော့အာတို့နှင့် သွေးသားတော်စပ်သော လျန်လျန်သည်လည်း ထို "မုန်ညင်းစေ့" ကို ဖွင့်လှစ်နိုင်မည့် စွမ်းရည်ရှိနိုင်သည်ဟု ဆိုလိုခြင်းပင်။ သို့သော် ကလေးမှာ ငယ်ရွယ်လွန်းသေးသဖြင့် နည်းလမ်းမသိသေးခြင်းသာ။

လျန်လျန်အား ထို "မုန်ညင်းစေ့" ကို ဖွင့်လှစ်မည့်နည်းလမ်းကို ရှာတွေ့အောင် လမ်းညွှန်ပြသပေးရုံဖြင့် သူတို့ သားအဖနှစ်ဦးသည် လျှို့ဝှက်ဘဏ္ဍာတိုက်မှတစ်ဆင့် သူတို့၏ ကမ္ဘာသို့ ပြန်သွားနိုင်လောက်သည်။

လျန်လျန်က မျက်ခုံးလေးများကို ကျုံ့လိုက်၏။ "အဲဒီတံခါးက အကြီးကြီးပဲ။ အဲဒါက ဝုန်းဆိုပြီး ပိတ်သွားတာလေ"

ဖုမင်ဇယ်က ဖြည်းဖြည်းချင်း လမ်းညွှန်ပေးလိုက်သည်။ "ဒါဆို အဲဒါကို ပြန်တွန်းဖွင့်ကြည့်ဖို့ စဉ်းစားကြည့်ပါလား"

လျန်လျန်က မျက်တောင်လေး ပုတ်ခတ်လိုက်ပြီး ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ချွဲလိုက်၏။ "ဒါပေမဲ့ ဖေဖေ သမီး ဒီနေ့ အရမ်းပင်ပန်းနေပြီ။ အိပ်ချင်နေပြီ၊ အိပ်တော့မယ်နော်"

ဖုမင်ဇယ်က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ကလေးငယ်လေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "ကောင်းပြီ။ ဒါဆို မနက်ဖြန်မှပဲ ထပ်စဉ်းစားကြတာပေါ့"

ဒုတိယနေ့တွင် ကလေးငယ်လေးက တကယ်ပင် အာရုံစိုက်ကာ စဉ်းစားခဲ့သော်လည်း မည်သည့် အကျိုးသက်ရောက်မှုမှ မရှိခဲ့ချေ။

တတိယနေ့၊ စတုတ္ထနေ့၊ ပဉ္စမနေ့... မင်းသား(၁၂)၏ စက်ဘီး လုပ်ပြီးသွားသည်အထိ လျန်လျန်က တံခါးကို "စဉ်းစား"လို့ မရခဲ့ပေ။

တကယ်တမ်းတွင် ဖုမင်ဇယ်၏ ရင်ထဲ၌ အတော်လေး စိုးရိမ်ပူပန်နေပြီ ဖြစ်သည်။ သို့သော် စုမုပိုင်က တစ်ကြိမ်တိုင်း နိမိတ်တွက်ချက်လေ့ရှိပြီး နိမိတ်လက္ခဏာက အလွန်ကောင်းမွန်ကြောင်းနှင့် မကြာမီ ရက်ပိုင်းအတွင်း သူတို့ ပြန်သွားရမည်ဖြစ်ကြောင်း အမြဲတမ်း ပြောဆိုနေခဲ့သည်။

သည်ရက်ပိုင်းအတွင်းဆိုသည်မှာ ချက်ချင်းပင် လအတော်ကြာသွားခဲ့ပြီ။ ရာသီဥတုက တဖြည်းဖြည်း အေးလာပြီး နန်းတွင်းချုပ်လုပ်ရေးမှ အပ်ချုပ်သမလေးများက လျန်လျန်အတွက် အလွန်လှပသော ဂွမ်းအင်္ကျီများကို ချုပ်လုပ်ပေးထားပြီး ကလေးငယ်လေးမှာ နှစ်သစ်ကူးပန်းချီကားထဲမှ ကလေးလေးတစ်ယောက်နှင့် ပိုမိုတူညီနေစေတော့သည်။

ထို့နောက် ဆောင်းဦးရာသီ၏ ညတစ်ညတွင် ဖုမင်ဇယ်က အိပ်မက်ထဲ၌ တစ်စုံတစ်ယောက် ငိုကြွေးနေသံကို ကြားလိုက်ရသဖြင့် မနည်းရုန်းကန်ကာ နိုးလာခဲ့သည်။ အပြင်ဘက်တွင် ညစောင့်နေသော ရှောင်အန်းဇီသည်လည်း အိပ်ဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။ "မင်းသမီးကြင်ယာတော်... ကျွန်တော်မျိုး ကြားရတာ မင်းသမီးလေး ငိုနေသလိုပဲ။ အဲဒါကြောင့် ဝင်လာပြီး ကြည့်တာပါ။ ကျွန်တော်မျိုး ရေနွေးနည်းနည်း သွားယူလာပေးရမလား "

ဖုမင်ဇယ် : "မိန်းမစိုးကြီး... ရေနွေးတစ်ဇလုံနဲ့ လက်ကိုင်ပဝါတစ်ထည်လောက် အကူအညီတောင်းပါရစေ"

ရှောင်အန်းဇီက ဟုတ်ကဲ့ ဟု ဖြေကြားလိုက်ပြီး မကြာမီမှာပင် ရေနွေးများ ယူဆောင်လာခဲ့သည်။ မင်းသမီးကြင်ယာတော်က အနှောင့်အယှက်ပေးသည်ကို မနှစ်သက်မှန်း သိထားသဖြင့် ရေကို ချထားပြီးနောက် သူကိုယ်တိုင် အပြင်သို့ ထွက်သွားခဲ့တော့သည်။

လျန်လျန်က ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ကွေးကွေးလေးနေကာ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။ "ဖေဖေ... သမီး မေမေ့ကို လွမ်းတယ်။ အဘိုးကို လွမ်းတယ်။ ဘိုးဘိုးနဲ့ ဘွားဘွားကို လွမ်းတယ်။ လူတွေ အများကြီး အများကြီးကို လွမ်းတယ်..."

ဖုမင်ဇယ်က သူမ၏ ကျောပြင်လေးကို ညင်သာစွာ ပုတ်ပေးလိုက်၏။ "ကောင်းပါပြီ... ဖေဖေတို့ မကြာခင် ပြန်သွားကြရမှာပါ"

လျန်လျန်က သူမ၏ မျက်ရည်များနှင့် နှာရည်များကို ဖုမင်ဇယ်၏ ကိုယ်ပေါ်တွင် သုတ်လိုက်ပြီး တရှုံ့ရှုံ့ဖြင့် အတော်ကြာအောင် တတွတ်တွတ် ပြောဆိုနေခဲ့သည်။ "သမီးက တံခါးကြီးကို ရှာချင်တယ်။ ဘဏ္ဍာတိုက်ရဲ့ တံခါးကြီးလေ။ ဘဏ္ဍာတိုက်ထဲ ပြန်သွားမယ်၊ အိမ်ပြန်မယ်..."

တိတ်ဆိတ်ငြိမ်သက်နေသော ဆောင်းညတွင် လေထုထဲ၌ ခပ်တိုးတိုး မြည်သံတစ်ခု ပေါ်ထွက်လာသကဲ့သို့ ရှိသည်။ ထို့နောက် ဖုမင်ဇယ်က လေဟာနယ်ထဲတွင် ရင်းနှီးနေသော တံခါးတစ်ပေါက် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရတော့သည်။

အကြိမ်ပေါင်းများစွာ စိတ်ပျက်ခဲ့ရသောကြောင့်ဖြစ်နိုင်သည်။ ရုတ်တရက် အောင်မြင်သွားသဖြင့် ဖုမင်ဇယ်မှာ အခိုက်တန့် မှင်သက်သွားခဲ့သည်။ အတော်ကြာမှသာ သမီးဖြစ်သူ၏ ခန္ဓာကိုယ်လေးကို ပုတ်ကာ ခေါ်လိုက်၏။ "သမီးလေး..."

မျက်လွှာချကာ ကြည့်လိုက်ချိန်မှသာ ကလေးငယ်လေးမှာ မည်သည့်အချိန်က ပြန်အိပ်ပျော်သွားမှန်း မသိလိုက်ချေ။

တစ်ချိန်တည်းမှာပင် လေဟာနယ်ထဲရှိ ထိုတံခါးကြီးမှာလည်း ပျောက်ကွယ်သွားတော့သည်။

၃ ရက်အကြာ ဧကရာဇ်၏ အိပ်ဆောင်အတွင်း။

အလွန်ကျယ်ဝန်းသော အိပ်ဆောင်ကြီးထဲတွင် ဧကရာဇ်၊ စုမုပိုင်၊ ဖုမင်ဇယ်နှင့် လျန်လျန်တို့သာ ရှိနေကြသည်။

နံရံပေါ်တွင် လျန်လျန် မူလက ပေါ်လာခဲ့သော နေရာ၌ ရှေးဟောင်းတံခါးကြီးတစ်ခု ပွင့်ဟနေလေသည်။

လျန်လျန်က အလွန်လေးလံနေသော ပိုးသားအိတ်ကြီးကို ဆွဲကာ အားနာနာဖြင့် မေးလိုက်သည်။ "အဘိုးတော်... သမီးက ဒါတွေအကုန်လုံးကို အိမ်ပြန်သယ်သွားလို့ တကယ် ရတာလား"

ချင့်တယ်ဧကရာဇ်က မျက်လုံးများ နီရဲလျက် အသံအနည်းငယ် တုန်ယင်စွာဖြင့် ဖြေလိုက်၏။ "သေချာပေါက် ရတာပေါ့။ ဒါတွေအကုန်လုံးက လျန်လျန့်ဥစ္စာတွေချည်းပဲ"

လျန်လျန်က အားနာနာဖြင့် ကျေးဇူးတင်စကား ထပ်မံပြောကြားလိုက်သည်။

ဤရက်ပိုင်းအတွင်း အဘိုးတော်နှင့် ဘကြီးစု တို့က သူမကို ပစ္စည်းတွေ အများကြီး ထပ်ပေးထားသည်လေ။ မမရှောင်ယွီ လုပ်ပေးထားသော အိတ်ကြီးပင်လျှင် မဆံ့တော့လောက်အောင် ဖြစ်နေပြီ။

ချင့်တယ်ဧကရာဇ်က ခါးကိုင်းကာ ကလေးကို ဖက်လိုက်ပြီး သူမ၏ ကျောပြင်လေးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ "ကလေး... ကိုယ်တော်က သမီးလေး ဘေးကင်းချမ်းသာပြီး တစ်သက်လုံး ချောမွေ့အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်"

လျန်လျန်ကလည်း လိုက်လုပ်ကာ ဧကရာဇ်ကို ပုတ်ပေးလိုက်၏။ "အဘိုးတော်လည်း ကျန်းမာရေး ဂရုစိုက်နော်။ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒ ပြည့်ဝပါစေ။ လျန်လျန် အိမ်ရောက်ရင် အဘိုးတော်ဆီ စာရေးလိုက်မယ်နော်။ လျန်လျန်က အဘိုးတော်ကို လွမ်းနေမှာပါ"

ချင့်တယ်ဧကရာဇ်က မျက်နှာကို ဝှက်ကာ မျက်ရည်ကျမည့်အရေးကို ဖုံးကွယ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "အင်း... အဘိုးတော် စောင့်နေပါ့မယ်"

လျန်လျန်က ခေါင်းမော့ကာ စုမုပိုင်ကို ကြည့်လိုက်၏။ "လျန်လျန်က ဘကြီးစု ကိုလည်း လွမ်းနေမယ်နော်"

ဘကြီးစု ကလည်း သူမကို ရွှေငါးငယ်လေးတွေ အများကြီး ပေးထားတယ်လေ။

စုမုပိုင်က ပြုံးလိုက်သည်။ "မင်းသမီးလေး... ကျွန်တော်မျိုးလည်း မင်းသမီးလေးကို လွမ်းနေမှာပါ"

လျန်လျန်က ခေါင်းညိတ်လိုက်ပြီး ပိုးသားအိတ်ကြီးကို တွန်းကာ တံခါးရှိရာသို့ ထွက်သွားခဲ့သည်။

ဖုမင်ဇယ်က ချင့်တယ်ဧကရာဇ်နှင့် စုမုပိုင်တို့ကို ကြည့်လိုက်၏။ "ဘကြီးတော်၊ တော်ဝင်အကြံပေးအမတ်စု... ဂရုစိုက်ကြပါ"

ချင့်တယ်ဧကရာဇ်က အသံတိတ် ခေါင်းညိတ်ပြလိုက်ပြီး စုမုပိုင်က သတိပေးစကား ဆိုလိုက်သည်။ "မင်းသား(၇)နဲ့ မင်းသမီးလေးကို သေချာ ဂရုစိုက်ပေးပါ"

ဖုမင်ဇယ်က ခေါင်းညိတ်လိုက်၏။ "စိတ်ချပါ"

ထို့နောက် လျန်လျန်နောက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လိုက်သွားခဲ့သည်။ သားအဖနှစ်ဦး တံခါးထဲသို့ ဝင်ရောက်သွားသည်နှင့် ထိုတံခါးကြီးမှာ ရေပြင်ပေါ်မှ အလင်းတန်းတစ်ခုလို မကြာမီမှာပင် ပျောက်ကွယ်သွားတော့သည်။ ဖြူဖွေးသော နံရံကြီးမှာ မူလအတိုင်း ပြန်ဖြစ်သွားပြီး မည်သည့်အရာမှ ကျန်ရစ်ခဲ့ခြင်း မရှိတော့ချေ။

အရာအားလုံးက အိပ်မက်တစ်ခုလိုပင် ဖြစ်သွားလေတော့သည်။

....

-Extra ပြီးပါပြီ-

…

All Chapters