← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁) - လုကွမ်ကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း

"ဒုက္ခပဲ... ဒုက္ခပဲ... စီနီယာလုရဲ့ စွမ်းအားက အများကြီး တိုးလာတာပဲ... အရင်တုန်းကဆိုရင် ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ရဲ့ ဒီအင်မော်တယ်ဘုရင် နှစ်ယောက်က စီနီယာလုကို ယှဉ်နိုင်ကောင်း ယှဉ်နိုင်ပေမယ့် အခုတော့ သူတို့ကိုယ်သူတို့အတွက်ပဲ ဆုတောင်းရတော့မယ်..."

"နေပါဦး... ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ က အင်မော်တယ်ဘုရင် နှစ်ယောက်ရဲ့ မျက်နှာတွေက အရမ်းကို တည်ငြိမ်လွန်းနေတယ်လို့ မင်းတို့ မထင်ဘူးလား... ငါ ခန့်မှန်းရဲတယ်... သူတို့မှာ နောက်ထပ် အစီအစဉ်တစ်ခု ရှိကိုရှိရမယ်..."

"မဟုတ်မှလွဲရော... ဝူချီလုံက အင်မော်တယ်ဘုရင် မဟုတ်ဘဲ အင်မော်တယ် မဟာဧကရာဇ် များ ဖြစ်နေမလား..."

အလယ်ပိုင်းလွင်ပြင်နယ်မြေ မှ အင်အားတောင့်သူများသည် လုကွမ် ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ကျန်းယဲ့နှင့် ဝူချီလုံတို့မှာ ကျိန်းသေပေါက် သေရတော့မည်ဟု ထင်မှတ်လိုက်ကြသော်လည်း ၊ သို့သော် ကျန်းယဲ့နှင့် ဝူချီလုံတို့၏ မျက်နှာများပေါ်ရှိ တည်ငြိမ်ပြီး လှောင်ပြောင်နေသဟန် ရှိသည့် အမူအရာကိုတော့ သတိမပြုမိခဲ့ကြချေ။

ကျန်းယဲ့: ‘ တော်သေးတယ် ငါ သူဌေးကို ဒီအကြောင်း ပြောပြခဲ့လို့သာပေါ့... မဟုတ်ရင် လက်ရှိအခြေအနေအရဆိုရင် ငါ တကယ်ပဲ လုကွမ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ လောလောဆယ်တော့ လုကွမ် ကံကောင်းဖို့အတွက်ပဲ ဆုတောင်းပေးလိုက်ပါတယ်...'

ဝူချီလုံ: 'ဟား... အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် လေးပဲ ရှိသေးတာလေ... ငါ့ရဲ့ အထွတ်အထိပ်အဆင့် ကာလတုန်းကသာဆိုရင် အတွေးတစ်ချက်တည်းနဲ့တင် ရေတွက်မရနိုင်တဲ့ လူတွေကို အမှုန့်ကြိတ်ပစ်နိုင်တယ်...'

လုကွမ်: 'အလယ်ပိုင်းလွင်ပြင်နယ်မြေ သခင်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ငါ ဒီလူနှစ်ယောက်ကို သေချာပေါက် သတ်ပစ်ရမယ်...'

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ငါတို့က မင်းရဲ့ ရန်သူ မဟုတ်ဘူး... မင်းကသာ ငါတို့ရဲ့ ရန်သူ ဖြစ်ချင်နေတာပါ..."

ကျန်းယဲ့သည် လုကွမ်ကို ကြည့်ကာ အလွန်တည်ငြိမ်သော အမူအရာဖြင့် ပြောဆိုလိုက်၏။

ထိုစကားကို ကြားလိုက်ရသည်နှင့် လုကွမ်သည် ကျန်းယဲ့၏ မောက်မာသော စိတ်နေသဘောထားကြောင့် ရယ်မောလေ၏။

"ငါ အတော်လေး သိချင်တယ်... အင်မော်တယ်ဘုရင် ကနဦးအဆင့်လေးပဲရှိတဲ့ မင်းက ငါ့လို အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ကို ရန်သူအဖြစ် သတ်မှတ်ရဲတယ် ဒီလို သတ္တိမျိုး ဘယ်ကနေ ရလာတာလဲ... ကောင်းပြီလေ... ငါ မင်းနဲ့ စကားပြောပြီး အချိန်မဖြုန်းချင်တော့ဘူး... စကြရအောင်..."

ချိုက်ကျိုယွမ်သည် ဓားကို အသုံးပြုသကဲ့သို့ ချိုက်ကျိုယွမ်၏ နောက်ကွယ်မှ သခင်ဖြစ်သော လုကွမ်ကလည်း သဘာဝကျကျပင် ဓားကို အသုံးပြုပေသည်။

လုကွမ်ဘက်မှ တိုက်ခိုက်လာသည်ကို မြင်သည်နှင့် ဘေးမှစောင့်ကြည့်နေသော သူများသည် ကျန်းယဲ့နှင့် ဝူချီလုံတို့ နှစ်ဦးစလုံး ကျိန်းသေပေါက် သေရတော့မည်ဟု ထင်မှတ်လိုက်ကြသည်။ သို့သော် နောက်တစ်စက္ကန့်တွင် လူတိုင်း မှင်တက်သွားကြလေ၏။

လုကွမ်သည် ကျန်းယဲ့၏ ရှေ့သို့ ပြေးဝင်လာစဉ် ဝူချီလုံသည် ကျန်းယဲ့၏ ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ လက်ဝါးဖြင့် ပေါ့ပေါ့ပါးပါး တစ်ချက် ရိုက်ချလိုက်ရာ ၊ လုကွမ်၏ ဝိညာဉ်မှာ ချက်ချင်း ချေမှုန်းခံလိုက်ရသည်။ အဆုံးတွင် လုကွမ်၏ ဝိညာဉ်များ လွင့်စင် ပျောက်ကွယ်သွားလေတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။ မည်သို့ပင်ဆိုစေကာမူ ၊ လုကွမ်သည် အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ဖြစ်ပေသည်။ သူသည် ဤမျှလွယ်လွယ်ကူကူနှင့် မြန်မြန်ဆန်ဆန် အသတ်ခံလိုက်ရလေသလော။

ဝူချီလုံသည် အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့် ရှိ ချိုက်ကျိုယွမ်ကို သတ်ဖြတ်ခဲ့ခြင်းမှာ အနည်းငယ် နားလည်နိုင်သော်လည်း ယခုအခါ ဝူချီလုံ၏ စွမ်းအားသည် သူတို့၏ စိတ်ကူးထားသည်ထက် များစွာ သာလွန်နေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူသည် အမှန်တကယ်ပင် အင်မော်တယ် မဟာဧကရာဇ်တစ်ပါး ဖြစ်နေနိုင်သည်။

"သူဌေးက မင်းကို သိုသိုသိပ်သိပ်နေဖို့ ပြောထားတယ် မဟုတ်ဘူးလား... မင်းက လူတစ်ယောက်ကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တော့ ငါတို့က ဘယ်လိုဆက်လုပ်ရမလဲ..."

ကျန်းယဲ့သည် တည်ငြိမ်သွားပြီဖြစ်သော ဝူချီလုံကို မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။

အခြားတစ်ဖက်တွင် ဝူချီလုံသည် မည်သို့ ပြန်ပြောရမည်ကိုပင် မသိတော့ချေ။

"သူက ဒီလောက် အားနည်းမှန်း ငါ ဘယ်လိုလုပ် သိမှာလဲ... ငါ အားတောင် သေချာ မသုံးရသေးဘူး... သူက ပေါက်ကွဲသွားတာပဲ..."

"ကောင်းပြီ... ကောင်းပြီ... ဖြစ်ပြီးမှတော့ ဒီအတိုင်းပဲ ထားလိုက်တော့... နောက်တစ်ခါကျရင် ပိုသတိထားပါ..."

ကျန်းယဲ့ သက်ပြင်းချကာ ပြန်ပြောလိုက်၏။

ဘယ်တတ်နိုင်မလဲ သူမှ ဝူချီလုံကို မနိုင်တာ… တကယ်လို့ သူသာ ညည်းညူနေရင် ဝူချီလုံက နောက်ကျရင် သူ့ကို ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ...

နောက်တစ်စက္ကန့်တွင် ကျန်းယဲ့သည် စောင့်ကြည့်နေကြသော သူများအနီးသို့ ပျံသန်းသွားရာ လူတိုင်း လန့်ဖြန့်သွားကြသည်။ ကျန်းယဲ့သည် သူတို့ကို နှုတ်ပိတ်သတ်ဖြတ်ရန် ရည်ရွယ်ထားသည်ဟု ထင်မှတ်လိုက်ကြသော်လည်း ထိုစဉ် ကျန်းယဲ့က ရိုသေလေးစားစွာဖြင့် အရိုအသေပေးလိုက်လေ၏။

"လူကြီးမင်းတို့... ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ က အလယ်ပိုင်းလွင်ပြင်နယ်မြေ မှာ ရုံးခွဲတစ်ခု ဖွင့်လိုက်ပါပြီ... နောင်မှာလည်း ကျွန်တော်တို့ကို ထောက်ခံအားပေးမယ်လို့ မျှော်လင့်ပါတယ်..."

အလယ်ပိုင်းလွင်ပြင်နယ်မြေ မှ အင်အားတောင့်သော ပုဂ္ဂိုလ်များသည် အစပိုင်းတွင် အံ့အားသင့်သွားကြသော်လည်း အလျင်အမြန် သတိပြန်ဝင်လာပြီး တည်ကြည်လေးနက်စွာ ပြန်ဖြေလိုက်ကြ၏။

"စိတ်မပူပါနဲ့ စီနီယာ... ကျွန်တော်တို့က လူကောင်းတွေပါ... တကယ်လို့ တစ်ယောက်ယောက်က ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ကို ပစ်မှတ်ထားလာရင် ကျွန်တော်တို့က ပထမဆုံး ကန့်ကွက်မှာပါ..."

"မှန်ပါတယ်... ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ က နာမည်ကြီး အမှတ်တံဆိပ်တစ်ခုပါ... ကျွန်တော်တို့ သေချာပေါက် အပြည့်အဝ ထောက်ခံအားပေးမှာပါ..."

"သောက်ကျိုးနည်း... တျောက်ယွမ် ကုန်သည်အသင်း က ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ကို တိုက်ခိုက်ရဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... စီနီယာ စိတ်မပူပါနဲ့... ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ အနေနဲ့ ဘာမှလုပ်စရာ မလိုဘူး... ကျွန်တော်တို့ အခုပဲ သွားပြီး တျောက်ယွမ် ကုန်သည်အသင်း ကို ရှင်းလင်းလိုက်ပါ့မယ်..."

မကြာမီ ထိုနေရာရှိ လူတိုင်း လူစုကွဲသွားကြပြီး ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ မှ လူများကို မည်သည့်နည်းဖြင့်မျှ မတိုက်ခိုက်ရန် အခြားသူများကို သတင်းစကားပါးကာ ညွှန်ကြားခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ယနေ့ အခြေအနေအရ ကြည့်လျှင် ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ သည် သူတို့၏ လူများကို အလွန်အမင်း ကာကွယ်ပေးထားသည်မှာ သိသာသည်။

အကယ်၍ ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ သည် သင့်ကို ပစ်မှတ်ထားလိုက်ပြီ ဆိုပါက ၊ သင်သည် သင်၏ သင်္ချိုင်းဂူကို ကြိုတင်ရှာဖွေထားလိုက်သည်က ပိုကောင်းပေလိမ့်မည်။

တျောက်ယွမ် ကုန်သည်အသင်း သည် လုကွမ်၊ ချိုက်ကျိုယွမ်နှင့် ဒုတိယသူဌေးတို့ကို ဆုံးရှုံးလိုက်ရပြီးနောက် ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ အနေဖြင့် ဝင်ပါစရာပင် မလိုတော့ချေ။ အလယ်ပိုင်းလွင်ပြင်နယ်မြေ ရှိ အခြားအင်အားစုများသည် ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ၏ မျက်နှာသာရစေရန်အတွက် တျောက်ယွမ် ကုန်သည်အသင်း ကို အလျင်အမြန် ဖယ်ရှားပြီး သိမ်းဆည်းရမိသော ပစ္စည်းများကို ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ထံသို့ ဆက်သကြပေလိမ့်မည်။

လူတိုင်း ထွက်သွားပြီးနောက် ကျန်းယဲ့နှင့် ဝူချီလုံတို့သည် ကျန်းယဲ့ပေးသော ဆေးလုံး ကြောင့် ဒဏ်ရာများ သက်သာသွားပြီဖြစ်သော လုဇစ်ချီဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

"ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် စီနီယာနှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်..."

လုဇစ်ချီသည် ကျန်းယဲ့နှင့် ဝူချီလုံတို့ကို အရိုအသေပေးကာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်၏။

ဤသည်ကိုကြားလိုက်ရချိန်တွင် ကျန်းယဲ့က လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

"ငါတို့ကို ကျေးဇူးတင်စရာ မလိုပါဘူး... မင်းက ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ အတွက် အလုပ်လုပ်ပေးနေတာဆိုတော့ ဒါက မင်းရထိုက်တာပါပဲ... တကယ်လို့ တစ်ယောက်ယောက်က ငါတို့ ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ကို အနိုင်ကျင့်ရဲတယ်ဆိုရင် ငါတို့က လုံးဝ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး..."

"ဟုတ်ကဲ့ပါ စီနီယာ... ကျွန်တော် နားလည်ပါပြီ... အခုကစပြီး ကျွန်တော် လုဇစ်ချီ ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ အတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး အလုပ်လုပ်ပေးပါ့မယ်..."

လုဇစ်ချီသည် အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ့ရှေ့ရှိ စီနီယာနှစ်ဦးကြောင့်သာ မဟုတ်ပါက သို့မဟုတ် ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ သာ မရှိပါက သူသည် လက်စားချေရန် အခွင့်အရေး ရနိုင်မည်မဟုတ်ဘဲ ချိုက်ကျိုယွမ်၏ လက်ချက်ဖြင့် သေဆုံးသွားနိုင်သည်။

"ကောင်းပြီ... အလုပ်ပြန်လုပ်တော့... ငါတို့ ပြန်တော့မယ်... ဖြေရှင်းလို့မရတဲ့ ကိစ္စရှိရင် ဌာနချုပ်ကို ထပ်ဆက်သွယ်လိုက် “

"ဟုတ်ကဲ့ပါ..."

ထိုသို့ပြောပြီးနောက် လုဇစ်ချီသည် ၎င်းတို့နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ပြီး သူတို့ ထွက်သွားပြီးနောက်မှသာ ဒုတိယသူဌေးကို ညွှန်ကြားလိုက်၏။

"ပြင်ဆင်ထားလိုက်တော့... ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ရဲ့ ခေတ် ရောက်လာပြီလို့ ငါ ခံစားရတယ်..."

ထိုသို့ပြောလိုက်စဉ် လုဇစ်ချီ၏ မျက်လုံးထဲတွင် ရည်မှန်းချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ အကယ်၍ သူသာ အလွန်အမင်း စွမ်းအားကြီးမားသော အဆင့်တစ်ခုအထိ ကျင့်ကြံနိုင်ပါက အချိန်မြစ် အတွင်းသို့ ဝင်ရောက်ကာ သူ၏ တာအိုလက်တွဲဖော် ကို ကယ်တင်နိုင်မည်ဟု ယုံကြည်ထားသည်။

လုဇစ်ချီသည် မူလက သူ့ဘဝတွင် ထိုသို့သော နယ်ပယ် မျိုးနှင့် ဘယ်သောအခါမျှ ထိတွေ့နိုင်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ အတွက် စိတ်ရောကိုယ်ပါ အလုပ်လုပ်ပေးနိုင်ပါက သူသည် ထိုအဆင့်သို့ ရောက်ရှိနိုင်လိမ့်မည်ဟု လက်ခံထားသည်။

တစ်ရက်နှင့် တစ်ည ကြာပြီးနောက် ကျန်းယဲ့နှင့် ဝူချီလုံတို့သည် ရွှမ်ကျုံးနယ်မြေ သို့ ပြန်လည်ရောက်ရှိလာပြီး ဝူရူလုံထံ သတင်းပေးပို့ခဲ့သည်။

"သူဌေး... ကျွန်တော်တို့ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ပြဿနာကိုလည်း ဖြေရှင်းပြီးပါပြီ..."

"ကောင်းပြီ... မင်းတို့အားလုံး ပင်ပန်းသွားကြပြီ... သွားနားကြတော့... ဒါနဲ့ ချီလုံ... အဖေက မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်တဲ့..."

ဝူရူလုံသည် ခေါင်းညိတ်လိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ဝူချီလုံကို ကြည့်ပြီး ညွှန်ကြားလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ဝူချီလုံမှာ အံ့အားသင့်နေမိသည်။ ဝူဟောက်သည် သူ့ ကို အရင်ဦး‌ဆုံး လာရှာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူ ဝူဟောက်ကို နောက်ဆုံးအကြိမ် တွေ့ခဲ့ရသည်မှာ ဖန်လိုင် အင်မော်တယ်ကျွန်းတွင်သာ ဖြစ်သည်။

အခန်း (၂၂၂) - ဝူဟောက်၏ သတိပေးချက်၊ စစ်မှန်သောနဂါးထက် သာလွန်သောအရာ

"သခင်... ကျွန်တော့်ကို ရှာနေတာလား..."

ဝူဟောက်၏ ရှေ့သို့ ရောက်ရှိလာချိန်တွင် ဝူဟောက်သည် ဝူချီလုံကို ကျောခိုင်းထားပေ၏။ ဝူချီလုံ စကားပြောပြီးနောက်မှသာ ဝူဟောက်က ဖြည်းညင်းစွာ လှည့်ကြည့်လာပြီး လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။

"မင်း အရင်တုန်းက စစ်မှန်အင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ လိုက်လံတိုက်ခိုက်တာကို ခံခဲ့ရတယ်မလား..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝူချီလုံ၏ မျက်နှာပေါ်၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသော်လည်း သူ၏ သခင်မှာ မည်မျှ စွမ်းအားကြီးမားကြောင်းကို သူ တွေးမိသွားသည်။ ကြည့်ရသည်မှာ မိမိ၏ သခင်သည် သူ့ကို တစ်လျှောက်လုံး လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့ပုံရသည်။

ဤသည်ကို တွေးမိသွားချိန်တွင် ဝူချီလုံ၏ နှလုံးသားထဲ၌ နွေးထွေးသွားကာ အလျင်အမြန် ပြောဆိုလိုက်၏။

"သခင်... ကျွန်တော့်အတွက် လက်စားချေပေးဖို့ ရည်ရွယ်နေတာလား... အဲဒီလို လုပ်စရာ မလိုပါဘူး... ကျွန်တော့်ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့တင် တစ်ဖက်လူကို အလွယ်တကူ ကိုင်တွယ်နိုင်ပါတယ်... သူ့ကိုသာ ရှာတွေ့ရင် ထွက်ပြေးခွင့် ပေးမှာ မဟုတ်ပါဘူး..."

ဝူဟောက်က သူ၏ဘက်မှ ရပ်တည်ပေးရန် လာရောက်ခဲ့ခြင်းဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် ဝူဟောက်သည် သူ့ကို ခေါင်းခါယမ်းပြလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

"မဟုတ်ဘူး... ငါ မင်းဘက်က ရပ်တည်ပေးဖို့ မဟုတ်ဘူး... ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ဖို့ မင်းကို ပြောချင်လို့..."

"ဟင်... ဘာလို့လဲ..."

ဝူချီလုံ၏ မျက်နှာပေါ်၌ နားမလည်နိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူသည် သခင်ဖြစ်သူ၏ အစောင့်အရှောက် နတ်ဘုရားသားရဲ ဖြစ်ပါလျက် သခင်သည် အဘယ်ကြောင့် သူ့ဘက်မှ ရပ်တည်မပေးသနည်း။

ဝူဟောက်က ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

"ဘာလို့လဲဆိုတော့ အဲဒီကောင်လေးရဲ့ နောက်ခံက သာမန်မဟုတ်လို့ပဲ... တကယ်လို့ မင်းသာ တိုက်ခိုက်မယ်ဆိုရင် မင်းပဲ နစ်နာရလိမ့်မယ်... ပြီးတော့ ငါက သူနဲ့ မိတ်ဆွေဖွဲ့ပြီးပြီဆိုတော့ မင်း သူ့ကို တိုက်ခိုက်တာက သိပ်မသင့်တော်တော့ဘူး..."

"သာမန်မဟုတ်ဘူး..."

ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် ဝူချီလုံသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဝူဟောက်၏ ပါးစပ်မှ "သာမန်မဟုတ်ဘူး" ဟူသော စကားလုံး ထွက်လာပါက ၊ တစ်ဖက်လူ၏ နောက်ခံသည် သာမန်မဟုတ်သည်မှာ သေချာပေသည်။

ဒါပေမဲ့ ဒီကိစ္စကို ငါ တကယ်ပဲ ဒီအတိုင်း လွှတ်ထားလိုက်ရတော့မှာလား...

ဤသည်ကို တွေးမိချိန်တွင် ဝူချီလုံမှာ အနည်းငယ် စိတ်ပျက်သွားသည်။

"ကောင်းပြီလေ... လျော်ကြေးအနေနဲ့ ဒီ နတ်ဘုရား မှော်လက်နက် ကို မင်း ယူသွားလိုက်..."

ထိုသို့ပြောပြီးနောက် ဝူဟောက်သည် အဆင့်နှစ် မျဲ့ကျင့် ဆန်းကြယ်ပုလဲ ကို ထုတ်ယူကာ ဝူချီလုံထံ ကမ်းပေးလိုက်၏။

မျဲ့ကျင့် ဆန်းကြယ်ပုလဲ ၏ စွမ်းအားကို ခံစားမိချိန်တွင် ဝူချီလုံ မှာ အလွန်အမင်း အံ့အားသင့်သွားကာ မေးခွန်းထုတ်ချင်သော အကြည့်ဖြင့် ဝူဟောက်ကို လှမ်းကြည့်လိုက်သည်။

"သခင်... ဒါက ဘာလဲ..."

"ဒါက အဆင့်နှစ် နတ်ဘုရား မှော်လက်နက် မျဲ့ကျင့် ဆန်းကြယ်ပုလဲ ပဲ... မင်း ဒါကို ယူပြီး သုံးလို့ရတယ်... ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့..."

ဝူဟောက်က တည်ငြိမ်စွာ ရှင်းပြလိုက်၏။ ဝူချီလုံကို ဤအရာတစ်ခု ပေးပြီးသည့်တိုင် သူ၏ လက်ထဲတွင် ၈၉၉၉ ခု ကျန်ရှိနေသေးသည်။

မျဲ့ကျင့် ဆန်းကြယ်ပုလဲ ကို လက်ခံရယူပြီးနောက် ဝူချီလုံသည် ချက်ချင်းပင် နောက်ပြောင်လိုသော အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။

"သခင်... ကျွန်တော်က အကြောင်းပြချက် မရှိတဲ့လူနဲ့ တူနေလို့လား... စိတ်မပူပါနဲ့... ကျွန်တော်က အရမ်းကို သဘောထားကြီးတဲ့သူပါ... ပြီးတော့ မျိုးဆက်သစ်တွေအပေါ် ဘယ်တော့မှ အာဃာတ မထားတတ်ပါဘူး... ဒါကြောင့် ဒီကိစ္စကို ဒီမှာတင် ထားလိုက်ကြတာပေါ့..."

"ဒါဆိုရင် ငါ သွားတော့မယ်... ဒါနဲ့... မင်းရဲ့ သွေးမျိုးဆက် က နောက်တစ်ကြိမ် ပြောင်းလဲနိုင်သေးတယ် မဟုတ်လား..."

ဝူဟောက်သည် လှည့်ထွက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ဝူချီလုံကို စပ်စုလိုစိတ်ဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။

ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူချီလုံမှာ အခိုက်အတန့်မျှ အံ့အားသင့်သွားသော်လည်း တည်ကြည်လေးနက်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

"သခင်... ကျွန်တော့်ရဲ့ သွေးမျိုးဆက် က နောက်တစ်ကြိမ် ပြောင်းလဲနိုင်တာ မှန်ပါတယ်... ပြောင်းလဲသွားပြီဆိုရင် ကျွန်တော်က နတ်ဘုရား နဂါး လို နတ်ဘုရားအဆင့် တည်ရှိမှုတစ်ခု ဖြစ်လာနိုင်ပါတယ်... ဒါပေမဲ့ လောလောဆယ် ကျွန်တော့်ဆီမှာ ဘိုးဘေး နဂါး ရဲ့ မူလသွေးမရှိတဲ့အတွက် နတ်ဘုရားအဆင့် တည်ရှိမှုအဖြစ် ပြောင်းလဲလို့ မရသေးဘူး “

"ဘိုးဘေး နဂါး ရဲ့ မူလသွေး..."

ဝူဟောက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ နဂါးမျိုးနွယ်စု နှင့် ပတ်သက်၍ ဤမျှလောက် အသေးစိတ် အချက်အလက်များ ရှိနေမည်ဟု သူ ထင်မထားခဲ့ချေ။

ဝူချီလုံက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... ဒါက ကျွန်တော့်ရဲ့ အမွေအနှစ် ကနေ သိရတာပါ..."

အမွေအနှစ် ၏ မှတ်ဉာဏ်များအရ အစောပိုင်းကာလများတွင် ကောင်းကင်နှင့်မြေကြီးကြား၌ ပထမဆုံး မွေးဖွားလာသော နဂါးကို ဘိုးဘေး နဂါး ဟု ခေါ်ဆိုခဲ့ပြီး ၎င်းသည် အစွမ်းအထက်ဆုံး နဂါးမျိုးနွယ်စု လည်း ဖြစ်ပေသည်။

အမွေအနှစ် မှတ်ဉာဏ်များပင် မမှတ်မိနိုင်သော မမျှော်လင့်ထားသည့် ဖြစ်ရပ်အချို့ကြောင့် ဘိုးဘေး နဂါးသည် သေဆုံးသွားခဲ့ပြီး သူ၏ မူလစွမ်းအင်နှင့် သွေးများသည် နယ်ပယ်အနှံ့အပြားသို့ ပြန့်ကျဲသွားခဲ့သည်။ အချို့သော သက်ရှိများသည် ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ကို စုပ်ယူနိုင်ခဲ့ပြီး အလွန်အမင်း စွမ်းအားကြီးမားသော ခွန်အားများကို ရရှိခဲ့ကြသည်။

ဘိုးဘေး နဂါး ၏ မျိုးဆက်နှင့် တူညီသော သက်ရှိများသည်လည်း ဘိုးဘေး နဂါး ၏ မူလသွေးကို စုပ်ယူပြီးနောက် နတ်ဘုရား နဂါး အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။ ၎င်းတို့သည် ဘိုးဘေး နဂါး ၏ အဆင့်နှင့် အနီးစပ်ဆုံး သက်ရှိများ ဖြစ်ကြပေသည်။

ဝူဟောက်သည် အမွေအနှစ် မှတ်ဉာဏ်များနှင့် ပတ်သတ်၍ သဘာဝကျကျပင် ကြားဖူးထားသည်။ အချို့သော စွမ်းအားကြီးမားသူများသည် သူတို့၏ အမွေအနှစ် ကို ထိန်းသိမ်းထားရန်အတွက် အမွေအနှစ် မှတ်ဉာဏ်များကို သူတို့၏ သွေးမျိုးဆက် အတွင်း၌ ချန်ထားခဲ့ကြသည်ဟု ဆိုကြသည်။ ထိုမှတ်ဉာဏ်များသည် သင်၏ ကျင့်ကြံခြင်းအဆင့် သို့မဟုတ် သွေးမျိုးဆက် ကို သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအထိ သန့်စင်နိုင်သည့် အချိန်ရောက်မှသာ ထွက်ပေါ်လာမည်ဖြစ်သည်။

"အထက်ကမ္ဘာ မှာ ဘိုးဘေး နဂါး ရဲ့ သွေးမျိုးဆက် မရှိဘူးဆိုတာကို ကျွန်တော် ခံစားမိတယ်... ဒါကြောင့် နတ်ဘုရား နဂါး အဖြစ် ပြောင်းလဲချင်ရင် အထက်ကမ္ဘာ ကနေ ထွက်သွားဖို့ လိုတယ်..."

ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူဟောက်သည် ခေါင်းညိတ်လိုက်သည်။ စစ်မှန်သောနဂါး များကို ကျင့်ကြံ နိုင်သော်လည်း သူတို့၏ ကျင့်ကြံနှုန်းသည် နတ်ဘုရား နဂါး များထက် များစွာ နှေးကွေးပြီး အမြင့်ဆုံး ကန့်သတ်ချက်လည်း ရှိပေသည်။ သူတို့သာ နတ်ဘုရား နဂါး သို့မဟုတ် ဘိုးဘေး နဂါး အဖြစ်သို့ ပြောင်းလဲနိုင်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ညွှန်ကြားချက်များကို ပေးပြီးနောက် ဝူဟောက်သည် အခြားလုပ်စရာများ ရှိသေးသဖြင့် ထွက်ခွာသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ချိုက်ကျန်းခွင် သည် ဝူရူလုံ၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"သူဌေး... နောက်တစ်ဆင့် အနေနဲ့ ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ရဲ့ အင်အားကို လူသိရှင်ကြား ကြေညာဖို့ ဒီအခွင့်အရေးကို အသုံးချသင့်ပြီ... ဒါမှ အထက်ကမ္ဘာ တစ်ခုလုံးက ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ရဲ့ စွမ်းအားကို သိရှိနိုင်မှာ ဒီလိုသာဆို အခြားအင်အားစုတွေက ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ကို အလွယ်တကူ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး..."

ချိုက်ကျန်းခွင်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"လွန်ခဲ့တဲ့ အချိန်အနည်းငယ်က အလယ်ပိုင်းလွင်ပြင်နယ်မြေ မှာ ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် သိထားပါတယ်... ဒါကြောင့်ပဲ အကြံဉာဏ်ပေးဖို့ ဒီကို လာခဲ့တာပါ..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝူရူလုံက မငြင်းဆန်ဘဲ ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်လည်း ဒီကိစ္စကို မင်းဆီ လွှဲထားလိုက်မယ်..."

"ဒါဆို သူဌေး... ကျွန်တော် ဘယ်လို ရေးရမလဲ..."

ချိုက်ကျန်းခွင်က စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်ရာ ဝူရူလုံသည် နက်နက်နဲနဲ စဉ်းစားလိုက်သည်။ အတန်ကြာပြီးနောက် သူသည် ခေါင်းမော့လာပြီး အလွန်လေးနက်စွာ ပြောဆိုလိုက်သည်။

"ဒီလိုပဲ ရေးလိုက်... ငါတို့ ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ က ပြဿနာကို မစဘူး... ဒါပေမဲ့ ပြဿနာကိုလည်း မကြောက်ဘူး... တကယ်လို့ တစ်ယောက်ယောက်က ငါတို့ ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ကို လက်ဖျားနဲ့တောင် ထိရဲတယ်ဆိုရင် ဘယ်လောက်ပဲ ဝေးနေပါစေ ငါတို့ သူတို့ကို အပြစ်ပေးမယ်..."

ချိုက်ကျန်းခွင်သည် ဝူရူလုံ၏ စကားကြောင့် မှင်တက်သွားပြီး အတန်ကြာ ရပ်နေပြီးမှ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ သူဌေး..."

ဤသတင်းထွက်သွားသည်နှင့် အထက်ကမ္ဘာ တစ်ခုလုံးတွင် ကြီးမားသော တုန်လှုပ်ချောက်ချားမှု ဖြစ်ပေါ်လာမည်ကို သူ ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ သို့သော် ယခု ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ က ၎င်း၏ အင်အားကို သက်သေပြလိုက်ပြီဖြစ်ရာ သူလုပ်ရမည့်အရာမှာ ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ အတွက် စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုရန်သာ ဖြစ်ပေသည်။

ချိုက်ကျန်းခွင် ခန့်မှန်းထားသည့်အတိုင်းပင် သတင်းပျံ့နှံ့သွားချိန်၌ မရေမတွက်နိုင်သော ကုန်သည်အသင်းများ၏ အမူအရာများမှာ အတော်လေး ကြည့်ရဆိုးနေခဲ့သည်။ အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် ရှိသော လုကွမ်ကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်နိုင်ခြင်းက ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ၏ ပုဂ္ဂိုလ်များထဲတွင် အနည်းဆုံး အင်မော်တယ် မဟာဧကရာဇ်အဆင့် ရှိနေကြောင်း ပြသနေသည်။

သို့သော် လက်တွေ့တွင်မူ ဝူချီလုံသည် ရုပ်ပိုင်းဆိုင်ရာအရ အနည်းငယ် ပိုမိုစွမ်းအားကြီးမားရုံသာ ဖြစ်ပေသည်။

"စိတ်ဝင်စားစရာပဲ... ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ က ဒီလောက်တောင် မာနကြီးနေတာလား... 'ဘယ်လောက်ပဲ ဝေးဝေး ငါတို့ ကို လိုက်ဖမ်းမယ်' လို့တောင် ပြောရဲတယ်ပေါ့လေ... သူက ရူးနေတာလား... ဒါမှမဟုတ် တကယ်ပဲ အားကိုးစရာ တစ်ခုခု ရှိနေတာလား..."

"အတိုချုပ်ပြောရရင် ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ နဲ့ ပတ်သက်ပြီး လောလောဆယ်တော့ စောင့်ကြည့်ကြတာပေါ့... တခြားသူတွေ လှုပ်ရှားလာမယ့်အချိန်အထိ စောင့်ကြည့်ပြီး ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ က ဘာမှမတုံ့ပြန်ဘူးဆိုမှ ငါတို့ လှုပ်ရှားကြတာပေါ့..."

"ဒါပေမဲ့ လက်ရှိအခြေအနေအရ ကြည့်ရင် ငါတို့က ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ကို မဖိနှိပ်ဘူးဆိုရင် ငါတို့ရဲ့ စျေးကွက်က မကြာခင်မှာ ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ ရဲ့ သိမ်းပိုက်တာကို ခံရလိမ့်မယ်..."

"ဟမ်... ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ က ငါတို့ကို အင်အားမသုံးဘဲ စီးပွားရေးစစ်ပွဲ ဆင်နွှဲမယ်ဆိုရင် ငါတို့ကလည်း ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး..."

ဝူမိသားစု ကုန်သွယ်ရေးအဖွဲ့ နှင့် အထက်ကမ္ဘာ မှ မရေမတွက်နိုင်သော ကုန်သည်အသင်းများအကြား ယမ်းငွေ့မပါသော်လည်း အလွန်အမင်း ပြင်းထန်သော စီးပွားရေးစစ်ပွဲ တစ်ခု တိတ်တဆိတ် စတင်လေတော့သည်။

All Chapters