← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 15 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 15 Ch. 163-164

အပိုင်း (၁၆၃)

ထိုအချိန်တွင် ကျင်းကျုံးယွဲ့က ဖြည်းညင်းစွာ ဝင်ရောက်လာ၏။ သူမက ဆီးနှင်းများအလား ဖြူဖွေးသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားဆဲပင်။

ထူးဆန်းလှပေသည်။ အရင်က သူမသည် အပြာရောင် ဂါဝန်၊ ခရမ်းရောင် ဂါဝန်၊ အနီရောင် ဂါဝန်များကို ဝတ်ဆင်ခဲ့ဖူးသော်လည်း ဤကဲ့သို့ အဖြူရောင်စစ်စစ်ကို တစ်ခါမှ မဝတ်ဆင်ဖူးခဲ့ချေ။

ထို့အပြင် ယခုအချိန်တွင် သူမ၏ နှုတ်ခမ်းများက အလွန် နီရဲနေပြီး မီးတောက်များအလား၊ သွေးများအလား လောင်ကျွမ်းတော့မည့် ပုံစံမျိုး ဖြစ်နေ၏။

“ယောက်ျား… ကျွန်မတို့ နိုင်ပြီ။” ကျင်းကျုံးယွဲ့က အသံအက်အက်ဖြင့် ညို့ငင်စွာ ပြောလိုက်သည်။

ယွင်ကျုံးဟဲ့ ကြောင်အသွား၏။ ကျင်းကျုံးယွဲ့က သူ့ကို ယောက်ျား ဟု ပထမဆုံး ခေါ်လိုက်ခြင်းပင် ဖြစ်၏။ ယခင်က ယွင်ကျုံးဟဲ့ ဟု ခေါ်လျှင်ခေါ်၊ မခေါ်ရင် အောက်ထျန်းဟုသာ ခေါ်ခြင်း ဖြစ်၏။

‘ဒီလို ပထမဆုံးအကြိမ် ယောက်ျားလို့ ခေါ်လိုက်တာက တကယ်ကို ထူးဆန်းနေသလိုပဲ။’

“မြို့ဝန်ဝမ်တောက်ဖူကော” ယွင်ကျုံးဟဲ့က မေးလိုက်၏။

“သတ်လိုက်ပြီ။”

ကျင်းကျုံးယွဲ့က ဖြေသည်။ “သူက ကျွန်မရဲ့ ဆရာ ဖြစ်ခဲ့ဖူးပေမဲ့၊ ပြီးတော့ အချိန်အကြာကြီး ကျွန်မက သူ့ကို ဖခင်တစ်ယောက်လို သဘောထားပြီး အရင်းနှီးဆုံး လူဖြစ်ခဲ့ပေမဲ့ ကျွန်မ သူ့ကို သတ်လိုက်တယ်။”

‘မင်းက… မင်း မျက်စိထဲမှာ သဲတစ်ပွင့်တောင် အဝင်မခံနိုင်ဘူးလား။ အင်ပါယာကြီး နှစ်ခုရဲ့ သူလျှို ဖြစ်နေတာနဲ့တင် မင်းက တိုက်ရိုက် သတ်ပစ်လိုက်တာလား။ သူ ဘာရာထူးပဲ ရှိရှိ ဂရုမစိုက်ဘူးပေါ့။’

“ယောက်ျား… ဒီနေ့ည ဒီအခန်းရဲ့ အပြင်အဆင်က အရမ်း ထူးခြားနေတယ်လို့ မထင်ဘူးလား။” ကျင်းကျုံးယွဲ့က နူးညံ့စွာ ပြောလိုက်၏။

‘သောက်ကျိုးနည်း… ကျင်းကျုံးယွဲ့က ဘယ်တုန်းကမှ နူးနူးညံ့ညံ့ စကားမပြောတတ်ဘူး။ ပိုပြီးတောင် ထူးဆန်းလာပြီ။’

အရမ်းကို ထူးခြားလွန်းလှသည်မှာ သွေးရောင်လွှမ်းနေသော စောင်များ၊ သွေးရောင်အိပ်ရာခင်းများ၊ သွေးရောင် ဖယောင်းတိုင်များနှင့် သွေးရောင်ပန်းပွင့်များပင် ဖြစ်နေသောကြောင့် မြင်သာထင်ရှားလို့နေသည်။

သွေးရောင် ခြယ်သထားသော နှုတ်ခမ်းများကြားတွင်မှ နှင်းကဲ့သို့ ဖြူဖွေးနေသော ဂါဝန်ကို ဝတ်ဆင်ထားသည်မှာ ကြည့်ရသည်မှာ တကယ်ကို ထူးခြားဆန်းပြားလွန်းလှပေ၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လမင်းလေး… ငါ မင်းကို ပြောပြစရာ ကိစ္စတစ်ခု ရှိတယ်။ အရမ်း အရေးကြီးတယ်။”

ကျင်းကျုံးယွဲ့ကလည်း ပြန်ပြောလိုက်၏။ “ယောက်ျား… ကျွန်မလည်း ရှင့်ကို ပြောပြစရာ ကြီးမားတဲ့ ကိစ္စတစ်ခု ရှိတယ်။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါ။”

‘ကောင်းကင်ဘုံ… ဒါက ပိုပြီးတောင် လျှို့ဝှက်ဆန်းကြယ်လာပြီလား။ လူနှစ်ယောက်က တပြိုင်နက်တည်းနီးပါး ပြောလိုက်ကြတာပဲ။ မင်း ကျင်းကျုံးယွဲ့မှာ ငါ့ကို ပြောပြစရာ ဘာကြီးမားတဲ့ ကိစ္စ ရှိနေလို့လဲ။’

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “ယောက်ျား… အရင်ပြော။”

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်၏။ “မင်း အရင်ပြောလေ။”

ကျင်းကျုံးယွဲ့က ရူးသွပ်စွာ နူးညံ့သော အသံဖြင့် ပြောလိုက်သည်။ “ဒါက ကျွန်မတို့ နောက်ဆုံးအကြိမ် အတူတူ နေကြတာပဲ။”

ယွင်ကျုံးဟဲ့ အလွန် အံ့ဩသွား၏။ “ဘာဖြစ်လို့လဲ။”

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ပြောလေ… ရှင် ကျွန်မကို ဘာကိစ္စ ပြောချင်တာလဲ။”

ယွင်ကျုံးဟဲ့က ဝန်ခံလိုက်၏။ “ငါ မင်းကို အမှန်အတိုင်း ဖွင့်ပြောတော့မယ်။ ငါ့ရဲ့ အစစ်အမှန်သရုပ်က တာယင်အင်ပါယာက လေခွင်းမြို့မှာ ထားရှိတဲ့ သူလျှိုပဲ။ ငါ့ရဲ့ တာဝန်က မင်းကို သိမ်းသွင်းပြီး တာယင်အင်ပါယာအတွက် လေခွင်းမြို့ကို ရယူပေးဖို့ပဲ။ လမင်းလေး… ငါနဲ့အတူ တာယင်အင်ပါယာကို အညံ့ခံပြီး ပူးပေါင်းလိုက်ပါတော့။”

ယွင်ကျုံးဟဲ့က သူ၏ အမှန်တရားကို ဖွင့်ဟလိုက်ချိန်မှာတော့ ကျင်းကျုံးယွဲ့ အလွန် အံ့ဩသွားမည်ဟု ထင်မှတ်ထားခဲ့၏။ သို့ပေမည့် သူမ၏ မျက်နှာပေါ်တွင် မည်သည့် အံ့ဩမှုမှ မတွေ့ရချေ။

ကျင်းကျုံးယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျွန်မ သိပါတယ်။ အရင်ရက်က ချူကျောင်းရန်နဲ့ လန်ပိတို့ ထန်ထိုင်ယွီကျိုးရဲ့ လက်ချက်နဲ့ သေတော့မယ့် အချိန်မှာ အနက်ရောင် ဝတ်စုံဝတ် သိုင်းပညာရှင် တစ်စုက ထွက်လာပြီး ကယ်တင်သွားခဲ့တာလေ။ အဲဒါ တာယင်အင်ပါယာ ဟေးလုံထိုင်က အစွမ်းထက် သိုင်းပညာရှင်တွေ ဖြစ်ရမယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဟုတ်တယ်။ ဒီသိုင်းပညာရှင်တွေရဲ့ ရည်ရွယ်ချက်က ငါတို့ တိုက်ပွဲရှုံးသွားရင် ငါတို့ အားလုံးကို ကယ်ထုတ်ပြီး တာယင်အင်ပါယာ နယ်မြေထဲ ခေါ်သွားဖို့ပဲ။ ပြီးတော့ မင်းကို ဒုက္ခမရောက်စေဖို့အတွက် လူတွေ မရိပ်မိအောင် သူတို့ရဲ့ ခေါင်းဆောင်က ပိုင်ယွင်မြို့ရဲ့ ဓားသိုင်းကို သုံးခဲ့တာ။”

ထို့နောက် ယွင်ကျုံးဟဲ့က အံ့အားတသင့်ဖြင့် ဆက်မေးလိုက်၏။ “လမင်းလေး… ငါက တာယင်အင်ပါယာ ဟေးလုံထိုင်က လူမှန်း မင်း ဘယ်အချိန်တည်းက သိနေတာလဲ။”

ကျင်းကျုံးယွဲ့က အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဖြေသည်။ “ဘယ်အချိန်တည်းက သိလဲဆိုတာတော့ မပြောတတ်ဘူး။ ဖြည်းဖြည်းချင်း သိလာတာပဲ။ ဒါပေမဲ့ အရင်တစ်ခေါက် ရှင် ကျွန်မကို အမှန်အတိုင်း ဖွင့်ပြောမလို့ လုပ်ပြီးမှ မပြောဖြစ်ခဲ့တဲ့ အချိန်တုန်းက စတာပဲ။ အဲဒီတုန်းက ရှင့် နှုတ်ကနေ မပြောခဲ့ပေမဲ့ တကယ်တော့ အားလုံး ပြောပြီးသား ဖြစ်သွားပြီ မဟုတ်ဘူးလား။”

တကယ်တော့ ထိုသို့ ဖြစ်ခဲ့၏။ အရင်တစ်ခေါက် ယွင်ကျုံးဟဲ့ကို တောင်ပိုင်းကျိုးအင်ပါယာ၏ အဆင့်မြင့် သူလျှို လောက်ချန်းအဖြစ် စွပ်စွဲခံရပြီး ထန်ထိုင်မြဲ့မင်က စစ်သည် တစ်သိန်းဖြင့် လေခွင်းမြို့ကို လာတိုက်မည့် အချိန်တွင် ယွင်ကျုံးဟဲ့က အမှန်အတိုင်း ဖွင့်ပြောကာ ကျင်းကျုံးယွဲ့ကို တာယင်အင်ပါယာသို့ အညံ့ခံရန် ဖျောင်းဖျချင်ခဲ့၏။

သို့ပေမည့် အချိန်အတန်ကြာ စဉ်းစားပြီးနောက် ယွင်ကျုံးဟဲ့က မပြောဖြစ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ပြောလိုက်ပါက သူနှင့် ကျင်းကျုံးယွဲ့တို့၏ ဆက်ဆံရေး လုံးဝ ပျက်စီးသွားမည်ဖြစ်ကြောင်း သိနေသောကြောင့်ပင်။

ထို့ကြောင့် သူက ကျင်းကျုံးယွဲ့နှင့်အတူ အသက်ရှင်လျှင် အတူရှင်မည်၊ သေလျှင် အတူသေမည်ဟု ဆုံးဖြတ်ကာ ထန်ထိုင်မြဲ့မင်၏ တိုက်ခိုက်မှုကို အတူတူ ရင်ဆိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“ယောက်ျား… အကယ်၍ အရင်တစ်ခေါက်က ရှင်သာ ကျွန်မကို အမှန်အတိုင်း ဖွင့်ပြောပြီး တာယင်အင်ပါယာကို အညံ့ခံဖို့ ပြောခဲ့မယ်ဆိုရင် ကျွန်မက ရှင့်ကို သတိလစ်အောင် ရိုက်ပြီး တာယင်အင်ပါယာ နယ်မြေထဲ ပြန်ပစ်ထည့်လိုက်မှာ။ ပြီးရင် ကျွန်မတို့ရဲ့ လင်မယား ဆက်ဆံရေးကိုလည်း လုံးဝ အဆုံးသတ်လိုက်မှာပဲ။”

ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ဒါပေမဲ့ အရင်တစ်ခေါက်က ရှင် လုံးဝ နှုတ်မဟခဲ့ဘူး။ ကျွန်မနဲ့အတူ အသေခံဖို့ ရွေးချယ်ခဲ့တယ်။”

ယွင်ကျုံးဟဲ့က ဘာမှ ဝင်မပြောဘဲ ကျင်းကျုံးယွဲ့၏ စကားကို ဆက်နားထောင်နေလိုက်သည်။

ကျင်းကျုံးယွဲ့က ဆက်ပြော၏။ “နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူကို တွေ့ရှိခဲ့တာ၊ ပြီးတော့ အဲဒီ သင်္ချိုင်းဂူက လေခွင်းမြို့ အောက်မှာ ရှိနေတာ၊ ဒါတွေကြောင့်သာ ကျွန်မတို့က ထန်ထိုင်မြဲ့မင်ရဲ့ တပ်ကြီးကို မျက်စိတစ်မှိတ်အတွင်းမှာ မြေမြှုပ် သတ်ပစ်နိုင်ခဲ့တာ။ ဒါက တကယ့်ကို တိုက်ဆိုင်မှုနဲ့ မထင်မှတ်တဲ့ အံ့ဖွယ်ဖြစ်ရပ်ပဲ။

ရှင်က တာယင်အင်ပါယာရဲ့ အင်အားကို မသုံးဘဲ ကျွန်မနဲ့အတူ အသေခံဖို့ ဆုံးဖြတ်ခဲ့တဲ့ အချိန်တုန်းက ရှင်က ရှုံးဖို့အတွက် ပြင်ဆင်ပြီးသားပဲ။ ကျွန်မနဲ့အတူ ထွက်ပြေးရင် ပြေး၊ မပြေးရင် ကျွန်မနဲ့အတူ အသေခံဖို့ ဆုံးဖြတ်ထားခဲ့တာ မဟုတ်ဘူးလား။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ ထိုမျှသာမကသေးချေ။ ထိုအချိန်က သူ နှုတ်မဟခဲ့ခြင်းက တာယင် အင်ပါယာကို သစ္စာဖောက်လိုက်ခြင်းဖြစ်ပြီး ဟေးလုံထိုင်၏ စည်းကမ်းကို ဖောက်ဖျက်ကာ အထက်အမိန့်ကို တိုက်ရိုက် ဖီဆန်ခဲ့ခြင်း ဖြစ်၏။ ထို့အပြင် တာယင်အင်ပါယာ၏ စစ်ရေးဗျူဟာ အကျိုးစီးပွားများကိုပါ မီးပုံထဲ ပစ်ချလိုက်ခြင်း ဖြစ်သည်။

အကယ်၍ လေခွင်းမြို့ တိုက်ပွဲတွင် ရှုံးနိမ့်သွားပြီး ထန်ထိုင်မြဲ့မင် သိမ်းပိုက်သွားပါက၊ သူနှင့် ကျင်းကျုံးယွဲ့ ထွက်ပြေးလွတ်မြောက်သွားလျှင်တောင် တာယင်အင်ပါယာအတွက် မည်သည့် အသုံးဝင်မှုမှ မရှိတော့ချေ။ သူက တကယ်ပင် ကျင်းကျုံးယွဲ့နှင့်အတူ ဓားပြ သွားလုပ်ရုံသာ ရှိတော့မှာ ဖြစ်၏။

ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “ရှင်က တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ သူလျှို ဖြစ်ပေမဲ့ အရေးကြီးတဲ့ အချိန်ကျတော့ ရှင့်ရဲ့ နိုင်ငံတော်ကို မရွေးချယ်ဘဲ ကျွန်မကို ရွေးချယ်ခဲ့တယ်။ ဒါက ကျွန်မကို အရမ်း ဝမ်းသာစေပြီး ရှင့်အပေါ် ပိုပြီး ချစ်မိသွားစေတယ်။

အဲဒါကြောင့် ရှင် ကျွန်မကို လက်ထပ်ခွင့် တောင်းတုန်းက ပြောခဲ့တဲ့ စကားကို ပြန်သတိရသွားစေတယ်။ ကျွန်မက ရှင့်ရဲ့ ဇနီးအဖြစ် ရှင့်အတွက် အရေးအကြီးဆုံး လူဖြစ်ရမယ်၊ တခြား ဘယ်သူ့ထက်မဆို ပိုအရေးကြီးရမယ်လို့ ကျွန်မပြောခဲ့တယ်လေ။ ရှင် တကယ် လုပ်ပြနိုင်ခဲ့တယ်။”

“ဒါဆိုရင်...” ယွင်ကျုံးဟဲ့က မေးလိုက်၏။

ကျင်းကျုံးယွဲ့က ပြန်မေးလိုက်သည်။ “အခုချိန်ထိ ရှင့်ရဲ့ စိတ်ထဲမှာ အရေးအကြီးဆုံးလူက ရှင့်ရဲ့ နိုင်ငံတော် မဟုတ်ဘဲ ကျွန်မ ဖြစ်နေတုန်းပဲ မဟုတ်လား။”

“ဟုတ်တယ်။” ယွင်ကျုံးဟဲ့က ဖြေလိုက်၏။

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ… ကျွန်မ ရှင့်ကို ကတိပေးတယ်။ လေခွင်းမြို့က တာယင်အင်ပါယာကို အညံ့ခံ ပူးပေါင်းပါ့မယ်။ မနက်ဖြန်ကျရင် ကျွန်မ ရှင်နဲ့အတူ တာယင်အင်ပါယာရဲ့ စတုတ္ထမင်းသားဆီ သွားတွေ့မယ်။”

ချက်ချင်းပဲ ယွင်ကျုံးဟဲ့မှာ မူးဝေသွားသကဲ့သို့ ခံစားလိုက်ရ၏။ ‘နောက်ဆုံးတော့ အောင်မြင်သွားပြီ။ ဒီတာဝန်ကြီး နောက်ဆုံးတော့ ပြီးဆုံးသွားပြီ။’

တစ်နှစ်တိတိ ကြာပြီးနောက် သူ၏ သူလျှိုတာဝန်ကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

“နေအုံး။”

ယွင်ကျုံးဟဲ့က ရုတ်တရက် သတိရသွားပြီး မေးလိုက်၏။ “စောစောက မင်းပြောတာ ဒီနေ့ညက ငါတို့ နောက်ဆုံးအကြိမ် အတူတူ နေကြတာပဲ ဆိုတာ ဘာအဓိပ္ပာယ်လဲ။ နားထောင်ရတာ အရမ်း ထူးဆန်းတယ်။”

ကျင်းကျုံးယွဲ့က တိုးညင်းစွာ ဖြေလိုက်သည်။ “ကျွန်မ… ကျွန်မ ကိုယ်ဝန် ရှိနေပြီ။ ကျွန်မတို့ မိသားစုက မိန်းမတွေ ကလေးမွေးရတာ အရမ်း ခက်ခဲတယ်။ ဒါကြောင့် ကလေးကို သေချာ ထိန်းသိမ်းရမယ်။ ကလေး မမွေးခင်အထိ ရှင်နဲ့ လုံးဝ အတူတူ နေလို့ မရတော့ဘူး။ တကယ်လို့ တစ်ခုခု လွဲချော်သွားရင် ကျွန်မတို့ တစ်သက်လုံး နောင်တရနေရလိမ့်မယ်။”

ယွင်ကျုံးဟဲ့က အလွန် ဝမ်းသာအားရဖြင့် ကျင်းကျုံးယွဲ့၏ ဗိုက်ကလေးကို ကြည့်လိုက်၏။ သို့ပေမည့် ယခုအချိန်တွင် ဘာမှ မသိသာသေးချေ။

ထို့နောက် ယွင်ကျုံးဟဲ့က အံ့ဩတကြီးဖြင့် မေးလိုက်သည်။ “မင်း ကိုယ်ဝန် ရှိနေတာကိုတောင် စစ်မြင်းစီးပြီး နင်ဝူကျီကို မိုင်ဆယ်ဂဏန်းလောက်အထိ လိုက်လံ သတ်ဖြတ်ခဲ့သေးတာလား။”

ကျင်းကျုံးယွဲ့က လေသံတိုးတိုးဖြင့် ဖြေလိုက်၏။ “အဲဒီတုန်းက ကျွန်မမှ မသိသေးတာ။ မနေ့က နည်းနည်း အန်ချင်သလို ဖြစ်လို့ သွေးစမ်းကြည့်ခိုင်းတော့မှ ကိုယ်ဝန် ရှိနေမှန်း သိခဲ့ရတာ။”

ယွင်ကျုံးဟဲ့က သူမ၏ လက်ကောက်ဝတ်ကို ချက်ချင်း ဆွဲယူကာ သွေးစမ်းကြည့်လိုက်၏။ တရုတ်ရိုးရာ ဆေးပညာအရ သွေးစမ်း၍ ကိုယ်ဝန် ရှိ၊ မရှိ သိနိုင်ခြင်းမှာ တိကျမှု အားနည်းလှသည်။

အတိကျဆုံးမှာ သွေးစစ်ခြင်းပင် ဖြစ်၏။ သို့ပေမည့် အဓိက အကျဆုံး လက္ခဏာ တစ်ခုတော့ ရှိသည်။ ရာသီသွေး မဆင်းခြင်းပင်။

“ဒါနဲ့ လမင်းလေး… မင်းက ဘာလို့ ဆီးနှင်းတွေလို ဖြူဖွေးနေတဲ့ ဂါဝန်ကို ဝတ်ထားရတာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

ကျင်းကျုံးယွဲ့က ဖြေသည်။ “ဝမ်တောက်ဖူက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ ဆရာပဲလေ။ သူ့ကို သတ်လိုက်ရတော့ အဖြူရောင်ဂါဝန် ဝတ်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြတာပါ။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “ဒါဆို ဘာလို့ အနီရောင် ဖယောင်းတိုင်တွေ၊ အနီရောင် ပန်းတွေ၊ အနီရောင် ပိုးကြိုးတွေနဲ့ အခန်းကို မင်္ဂလာခန်းဆောင်လို ပြင်ဆင်ထားရတာလဲ။”

ကျင်းကျုံးယွဲ့က ရှက်ဝဲဝဲဖြင့် ဖြေလိုက်သည်။ “အရင်တစ်ခေါက် ရှင့်ကို လက်ထပ်တုန်းက ကျွန်မက ရှင့်ကို အပြည့်အဝ မချစ်သေးဘူးလေ။ အခုကတော့ အပြည့်အဝ ချစ်သွားပြီဖြစ်လို့ ရှင့်အတွက် တကယ့် မင်္ဂလာဦးညကို ပြန်လည် ဖြည့်ဆည်းပေးတာပါ။”

ယွင်ကျုံးဟဲ့မှာ ဆွံ့အသွားရ၏။ ‘မင်းရဲ့ တွေးခေါ်ပုံက လူတွေကို လန့်သေစေနိုင်တယ် ဆိုတာ မင်း သိလား။’

ကျင်းကျုံးယွဲ့က တောင်းဆိုလိုက်သည်။ “ကဲ… ညဉ့်လည်း နက်နေပြီ၊ အိပ်ကြရအောင်။ မှတ်ထားနော်၊ ဒီနေ့ညက နောက်ဆုံးအကြိမ် အတူတူ နေကြတာပဲ။ ပြီးတော့ နူးနူးညံ့ညံ့ လုပ်ရမယ်နော်။”

ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဒီစကားက မင်းကိုယ်မင်း ပြောဖို့ ပိုသင့်တော်တယ်။”

.....................

ယွင်ကျုံးဟဲ့က အကြီးအကဲ ဖုန်းရှင်းမြဲ့ကို နောက်တစ်ကြိမ် ပြန်တွေ့ချိန်မှာတော့ သူ့ကို ကြည့်သည့် ဖုန်းရှင်းမြဲ့၏ အကြည့်များတွင် ချီးကျူးမှုများ မရှိတော့ဘဲ လုံးဝ အံ့ဩမှင်တက်နေမှုများနှင့် မယုံကြည်နိုင်မှုများသာ ပြည့်နှက်နေလေသည်။

ထန်ထိုင်မြဲ့မင်၏ စစ်သည် ရှစ်သောင်းကို မျက်စိတစ်မှိတ်အတွင်း မြေမြှုပ် သတ်ပစ်ခဲ့သည့် ကိစ္စကို သူကိုယ်တိုင် မျက်မြင် မတွေ့ခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိုဧရာမ တွင်းကြီးကို သွားရောက် ကြည့်ရှုခဲ့သည်။ တကယ်ကို ကြက်သီးထစရာ ကောင်းလှပြီး တုန်လှုပ်သွားခဲ့ရ၏။

မူလက ဤတိုက်ပွဲတွင် သေချာပေါက် ရှုံးနိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ ဤသူလျှို အစီအစဉ်ကြီး လုံးဝ ကျရှုံးသွားပြီး လေခွင်းမြို့က ထန်ထိုင်မြဲ့မင်ဆိုသည့် လူယုတ်မာ၏ လက်ထဲသို့ ရောက်ရှိသွားမည်ဟု ယူဆထားခဲ့သည်။

ထိုသို့သာဆိုလျှင် တာယင်အင်ပါယာက အလွန် အနေရခက်သော အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်ပြီး သူ ဖုန်းရှင်းမြဲ့အပြင် အကြီးအကဲရွှီပါ သေချာပေါက် သေရမှာ ဖြစ်သည်။ ဟေးလုံထိုင် ခေါင်းဆောင်ပင်လျှင် ဆွဲသွင်းခံရပေမည်။ ဤကိစ္စနှင့် ပတ်သက်နေသူ အားလုံး ပြီးဆုံးသွားပေလိမ့်မည်။

သို့ပေမည့် ဤတိုက်ပွဲတွင် တကယ် အနိုင်ရရှိသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဤသို့ဖြင့် လေခွင်းမြို့ တစ်မြို့တည်းကိုသာ ကယ်တင်နိုင်ခဲ့ခြင်း မဟုတ်ဘဲ စစ်တုရင်ပွဲကြီး တစ်ခုလုံးကိုပါ အသက်သွင်းနိုင်ခဲ့ပြီ ဖြစ်၏။

……………………

အပိုင်း (၁၆၄)

“ကျုပ် ကျင်းကျုံးယွဲ့နဲ့ စကားပြောပြီးပြီ။ သူမကို တာယင်အင်ပါယာ လက်အောက် ဝင်ရောက်ဖို့ ပြောလိုက်တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သူမက တိုက်ရိုက် လက်ခံလိုက်တယ်။ ကမ်းလှမ်းချက်တွေ ဘာမှတောင် မပြောပြလိုက်ရဘူး။”

တကယ်တော့ ယွင်ကျုံးဟဲ့က မည်သည့် ကမ်းလှမ်းချက်ကိုမှ မပြောပြခဲ့ချေ။ ဥပမာအားဖြင့် နယ်စားဘွဲ့ ပေးမည်ဆိုခြင်း၊ ကျင်းကျုံးယွဲ့ကို စစ်သည် သုံးသောင်း ပေးမည်ဆိုခြင်း၊ အင်ပါယာ၏ အမျိုးသမီး စစ်သူကြီးအဖြစ် ခန့်အပ်ကာ စစ်တပ်များကို ဦးဆောင်၍ နေရာအနှံ့ တိုက်ခိုက်ခွင့် ပေးမည်ဆိုခြင်းတို့ကို မပြောပြခဲ့ပေ။

အထူးသဖြင့် ဤတောင်ပိုင်းကျိုးအင်ပါယာနှင့် တိုက်ခိုက်ရမည့် နိုင်ငံတော်အဆင့် စစ်ပွဲကြီးက ကျင်းကျုံးယွဲ့ အတွက် သူမ၏ စစ်ရေးစွမ်းရည်များကို အပြည့်အဝ ပြသခွင့် ရရှိမည့် ကြီးမားသော ဇာတ်ခုံကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့နောက် ပြိုင်ဘက်ကင်း အမျိုးသမီး စစ်သူကြီး တစ်ဦး ဖြစ်လာကာ အနာဂတ်တွင် မြို့စားကြီးဘွဲ့ပင် ရရှိနိုင်သည်။ ထိုအချိန်ရောက်လျှင် ကျင်းကျုံးယွဲ့သည် တာယင်အင်ပါယာ၏ ပထမဆုံး အမျိုးသမီး မြို့စားကြီး ဖြစ်လာနိုင်၏။

ဤအဖြေကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သော်လည်း ဖုန်းရှင်းမြဲ့မှာ ဝမ်းသာလွန်း၍ မျက်ရည်များ ကျလာတော့သည်။

‘ဒီနေ့လေး နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ။ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ။’

ဤနေ့လေးအတွက် ဖုန်းရှင်းမြဲ့ မည်မျှအထိ နေ့ရောညပါ ပေးဆပ်ခဲ့ရသနည်း။ လူ ဘယ်လောက်များများ သေဆုံးခဲ့ရသနည်း။

ယခင်က ယန်ဖြန်ရှန်၏ သစ္စာဖောက်မှုကြောင့် ပိုင်ရှင်မဲ့ နယ်မြေရှိ ဟေးလုံထိုင်၏ သူလျှိုများ အားလုံး အမြစ်ပြတ် ရှင်းလင်းခံရပြီး အစီအစဉ်များ အားလုံး ပျက်စီးသွားခဲ့ရ၏။

ထို့ကြောင့် ဖုန်းရှင်းမြဲ့က ရွေးချယ်စရာ မရှိတော့ဘဲ မျှော်လင့်ချက် အားလုံးကို ယွင်ကျုံးဟဲ့အပေါ် ပုံချကာ အစွမ်းကုန် စွန့်စားခဲ့ရခြင်း ဖြစ်သည်။

သို့ပေမည့် တကယ် အောင်မြင်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တစ်နှစ်တိတိ အချိန်အတွင်းမှာပင် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ ကြီးမားသော အောင်ပွဲကြီး တစ်ခု ဖြစ်ပြီး စစ်တုရင်ပွဲ တစ်ခုလုံး ပြန်လည် အသက်ဝင်လာပြီ ဖြစ်၏။

“ကျုပ်နဲ့ ကျင်းကျုံးယွဲ့က ဒီနေ့ပဲ စတုတ္ထမင်းသားကို သွားတွေ့လို့ ရပြီ။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

ဖုန်းရှင်းမြဲ့က အံ့ဩတကြီးဖြင့် မေးလိုက်၏။ “သူမက စတုတ္ထမင်းသားကို တောင်ပိုင်း စစ်သေနာပတိချုပ်ရုံးမှာ ကိုယ်တိုင် လာတွေ့မယ်လို့ ပြောတာလား။”

“ဟုတ်တယ်လေ။” ယွင်ကျုံးဟဲ့က ဖြေသည်။

“ဟား ဟား ဟား…”

ဖုန်းရှင်းမြဲ့က ရယ်မောကာ ပြောလိုက်၏။ “မင်းတို့က တကယ်ကို ခေါင်းမာတဲ့ ကလေးတွေပဲ။ ကိုယ့်ရဲ့ လုံခြုံရေးကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူး။ သာမန် မြို့စားတစ်ယောက်က အညံ့ခံမယ်ဆိုရင်တောင် သံတမန်တွေ အကြိမ်ကြိမ် လွှတ်ပြီး ဆွေးနွေးရတာ။

ကမ်းလှမ်းချက်တွေ အမျိုးမျိုး တောင်းဆိုပြီး ဆယ်ကြိမ်မက အပြန်အလှန် ဆွေးနွေးရတာလေ။ ပြီးတော့မှ ကြားနေရာတစ်ခုကို ရွေးပြီး တွေ့ဆုံကာ စာချုပ် လက်မှတ်ထိုးကြတာ။ အခု မင်းက မနေ့ကမှ ဖျောင်းဖျလို့ အောင်မြင်တာကို ဒီနေ့ သူမက မင်းနဲ့အတူ အင်ပါယာရဲ့ စစ်စခန်းကို လိုက်လာပြီး စတုတ္ထမင်းသားကို လာတွေ့မယ်ဆိုတာ တကယ်ကို ရှားပါးတဲ့ လုပ်ရပ်ပဲ။ ဟား ဟား ဟား...”

“ဒါက မကောင်းဘူးလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

“ကောင်းတာပေါ့… အရမ်း ကောင်းတာပေါ့။”

ဖုန်းရှင်းမြဲ့က ပြုံးလျက် ဖြေသည်။ “ဒါပေမဲ့ မြို့စားကျင်းကျုံးယွဲ့က ရိုးသားပွင့်လင်းတယ် ဆိုပေမဲ့ ငါတို့က သူမကို ပေါ့ပေါ့တန်တန် ဆက်ဆံလို့ မရဘူး။ မင်းက သူမရဲ့ ခင်ပွန်းဆိုတော့ ပေါ့ပေါ့ပါးပါး ဆက်ဆံလို့ ရပေမဲ့ ငါတို့ကတော့ မရဘူး။ သူမကို နိုင်ငံတော်ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ခမ်းနားတဲ့ အခမ်းအနားနဲ့ ကြိုဆိုရမယ်။”

ထို့နောက် ဖုန်းရှင်းမြဲ့က ဆက်ပြော၏။ “ငါ အခုချက်ချင်း အင်ပါယာကို ပြန်သွားပြီး ဒီသတင်းကောင်းကို စတုတ္ထမင်းသားကို သတင်းပို့လိုက်မယ်။ ပြီးရင် နယ်စားကျင်းကို ကြိုဆိုဖို့ အခမ်းအနားတွေ ပြင်ဆင်ရမယ်။”

“မြန်ရမယ်နော်… သေချာပေါက် မြန်ရမယ်။”

ယွင်ကျုံးဟဲ့က တိုက်တွန်းလိုက်သည်။ “စစ်ရေးကိစ္စက မီးလိုပဲ။ တောင်ပိုင်းကျိုးအင်ပါယာဘက်က စစ်တပ်တွေတောင် စတင် လှုပ်ရှားနေလောက်ပြီလို့ ကျုပ် သံသယရှိတယ်။ တစ်ရက်လေးတောင် အချိန်ဆွဲနေလို့ မရဘူး။”

ထိုသို့ ပြောဆိုပြီးနောက် ဖုန်းရှင်းမြဲ့က ညမွှေးပိုး (ချေးသယ်သူ) အသွင် ဟန်ဆောင်ကာ ထွက်ခွာရန် ပြင်လိုက်၏။

“ဆရာကြီး… အခုချိန်မှာ ညမွှေးပိုး ဟန်ဆောင်စရာ မလိုတော့ပါဘူး။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

“လိုတာပေါ့။”

ဖုန်းရှင်းမြဲ့က ဖြေ၏။ “နောက်ဆုံးအချိန် ရောက်နေရင်တောင် အသေးစိတ် အချက်အလက်တွေကို ဂရုစိုက်ရမယ်။”

ထို့နောက် သူက ချေးပုံးလှည်းကြီးကို တွန်းကာ ထွက်ခွာသွားတော့သည်။

သူက အလွန် တင်းကျပ်သော လုံခြုံရေး အစီအစဉ်များဖြင့် တာယင်အင်ပါယာ၏ တောင်ပိုင်း စစ်သေနာပတိချုပ်ရုံးသို့ ပြန်လည် ထွက်ခွာသွားပြီး ဤကြီးမားသော သတင်းကောင်းကြီးကို စတုတ္ထမင်းသား ယင်ချွဲ့ထံသို့ သတင်းပို့မှာ ဖြစ်၏။

ထို့နောက် ရက်များအတွင်း ယွင်ကျုံးဟဲ့က တာယင်အင်ပါယာဘက်မှ အကြောင်းပြန်ကြားမှုကို စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သည်။

အချိန်သည် အသက်ပင် ဖြစ်၏။ အမြန်ဆုံး ဆွေးနွေးမှုများ ပြုလုပ်ပြီး စစ်တပ်ကြီးက လေခွင်းမြို့အတွင်းသို့ အမြန်ဆုံး ဝင်ရောက်လာရန် လိုအပ်လို့နေ၏။

ပုံမှန် တုံ့ပြန်မှုအရဆိုလျှင် ယခုအချိန်သည် မြို့စားအများအပြားက ထန်ထိုင်မိသားစုကို ပြန်လည် တိုက်ခိုက်ရမည့် အချိန် ဖြစ်၏။ ထန်ထိုင်မြဲ့မင်က ဤတိုက်ပွဲတွင် ရှုံးနိမ့်သွားပြီး စစ်တပ်တစ်ခုလုံး အကုန်အစင် ပျက်စီးသွားလုနီးပါးဖြစ်ခဲ့ရာ သူ၏ ဂုဏ်သတင်းကလည်း ကောင်းကင်မှနေ၍ ငရဲသို့ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။

မြို့စားများက မဟာမိတ်တပ်ကြီးကို စေလွှတ်ခဲ့ခြင်းမှာ အကျိုးအမြတ် ရရှိရန် ဖြစ်သော်လည်း ယခု အားလုံး သေဆုံးသွားကြပြီ ဖြစ်ရာ ဤအချိန်တွင် ထန်ထိုင်မြဲ့မင်ကို အပြင်းအထန် တိုက်ခိုက်ပြီး အပြစ်တင်ကြမည်မှာ သေချာလှ၏။

သို့ပေမည့် ထိုသို့ မဖြစ်လာခဲ့ချေ။ ဤသည်က မည်သည့်အရာကို ဆိုလိုသနည်း။ ထန်ထိုင်မြဲ့မင်ဆိုသည့် ခွေးအိုကြီးက ဤတန်ဖိုးရှိသော အချိန်လေးကို အမိအရ ဆုပ်ကိုင်ကာ ထန်ထိုင်မိသားစုကို ကယ်တင်လိုက်နိုင်ပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။

သူ ဘာလုပ်ခဲ့သနည်း။ အလွန် ရိုးရှင်းလှ၏။ သူက တောင်ပိုင်းကျိုးအင်ပါယာကို လုံးဝ အညံ့ခံလိုက်ပြီး သူတစ်ပါး အင်အားကို အားကိုးကာ ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စား အများအပြားက ထန်ထိုင်မိသားစုကို ပြန်လည် မတိုက်ခိုက်ရဲကြခြင်း ဖြစ်၏။

ဤရက်ပိုင်းအတွင်း ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးက အလွန် တိတ်ဆိတ်နေပြီး ပုံမှန် မဟုတ်သော တိတ်ဆိတ်မှုမျိုး ဖြစ်နေသည်။

ယွင်ကျုံးဟဲ့က ယခုအချိန်တွင် တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သူကြီးက အလွန် မတော်ပါစေနှင့်၊ အလွန် မပြတ်သားပါစေနှင့်ဟုသာ ဆုတောင်းနေရတော့၏။ ထိုသတင်းဆိုးကြီး မရောက်လာပါစေနှင့်ဟုသာ ဆုတောင်းနေရ၏။

“မြို့စားမင်း… သခင်လေးယွင်… ကင်းထောက်တွေဆီက သတင်းရပါတယ်။ ညဘက်မှာ စစ်တပ်ကြီး တစ်တပ်က မြောက်ဘက်ကို တက်လာနေပါတယ်တဲ့။” လန်ပိက အလောတကြီး သတင်းလာပို့သည်။

‘သောက်ကျိုးနည်း… ဒီသတင်းဆိုးက တကယ်ကို ရောက်လာပြီပဲ။ ဒီလောက် မြန်တာလား။’

“ဘယ်နေရာကနေ တက်လာတာလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

“တောင်ပိုင်းကျိုးအင်ပါယာကပါ။” လန်ပိက ဖြေသည်။

ဤမျှ ကြီးမားသော စစ်တပ်ကြီး၏ ရွေ့လျားမှုကို လုံးဝ ခွဲခြမ်း၍ သွားလာခြင်း မဟုတ်ပါက ဖုံးကွယ်ရန် အလွန် ခက်ခဲလှပေသည်။ ညဘက် ချီတက်လျှင်တောင်မှ တွေ့မြင်နိုင်ပေသည်။

စစ်တပ်က အလွန် သိသာလွန်း၏။ သံချပ်ကာဝတ်စုံများနှင့် လက်နက်များ ပါရှိသောကြောင့် မည်သို့မှ ဖုံးကွယ်၍ မရနိုင်ချေ။

“စစ်အင်အား ဘယ်လောက်ရှိလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

“မသိပါဘူး။”

လန်ပိက ဖြေ၏။ “အများကြီး ဖြစ်မယ် ထင်တယ်။ ကင်းထောက်ရဲ့ စကားအရဆိုရင် အဆုံးအစ မရှိအောင် များပြားပြီး ကြီးကျယ်ခမ်းနားလွန်းတယ်တဲ့။”

‘အဆုံးအစမရှိအောင် များပြားတယ်။ သောင်းဂဏန်းလား၊ သိန်းဂဏန်းလား။’

ယွင်ကျုံးဟဲ့က မြေပုံကြီးရှေ့သို့ အမြန် သွားလိုက်၏။ တောင်ပိုင်းကျိုးအင်ပါယာက မြောက်ဘက်သို့ စစ်ချီလာခြင်းမှာ ထန်ထိုင်မြဲ့မင်၏ ဖိတ်ခေါ်မှုကြောင့် ဖြစ်မည်မှာ သေချာလှသည်။

ထိုသို့ဆိုလျှင် ဤစစ်တပ်ကြီး၏ ပစ်မှတ်က မည်သည့်နေရာနည်း။ ထန်ထိုင်မိသားစုကို သိမ်းပိုက်ရန်လား၊ သို့မဟုတ် ပိုင်ရှင်မဲ့ နယ်မြေရှိ အခြား မြို့စားများ၏ ရဲတိုက်များကို သိမ်းပိုက်ရန်လား။

ယွင်ကျုံးဟဲ့က ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးကာ စဉ်းစားနေ၏။

‘အဲဒါက ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဒီနိုင်ငံတော်အဆင့် စစ်ပွဲကြီးက နယ်မြေ သိမ်းပိုက်တဲ့ ကစားပွဲ မဟုတ်ဘူး။ ဘေးဘက်က မြို့စားရဲတိုက်တွေကို ဘယ်လောက်ပဲ သိမ်းပိုက်၊ သိမ်းပိုက် အသုံးမဝင်ဘူး။ ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးမှာ စစ်ရေးဗျူဟာအရ အရေးကြီးဆုံးနေရာ နှစ်နေရာပဲ ရှိတယ်။ တစ်ခုက ထန်ထိုင်မြို့ ဖြစ်ပြီး နောက်တစ်ခုက လေခွင်းမြို့ပဲ။ တာရှီမြို့က ပိုင်ရှင်မဲ့ နယ်မြေရဲ့ ဗဟိုမြို့တော်လို့ နာမည်ခံထားပေမဲ့ ကာကွယ်စရာနေရာ လုံးဝ မရှိလို့ စစ်ရေးဗျူဟာအရ ဘာတန်ဖိုးမှ မရှိဘူး။

ထန်ထိုင်မြို့က ပိုင်ရှင်မဲ့ နယ်မြေရဲ့ တောင်ဘက်မှာရှိပြီး ကြီးမားတဲ့ တောင်ကြားထဲမှာ ရှိတယ်။ စစ်တပ်ကြီးက ထန်ထိုင်မြို့ကို ပိတ်ဆို့ထားလိုက်ရင် တောင်ပိုင်းကျိုးအင်ပါယာကို တောင်ဘက်ကနေ သွားတိုက်ဖို့ မဖြစ်နိုင်တော့ဘူး။

သေချာပေါက် ထန်ထိုင်မြို့ကို ရှောင်ကွင်းပြီး တောင်ပိုင်းကျိုးအင်ပါယာကို သွားတိုက်လို့ ရတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် ထန်ထိုင်မြို့က စောင့်နေတဲ့ စစ်တပ်က နောက်ကျောကနေ အချိန်မရွေး ဝင်တိုက်နိုင်ပြီး တောင်ပိုင်းကျိုးအင်ပါယာထဲက စစ်တပ်နဲ့ ရှေ့နောက် ညှပ်တိုက်ခံရနိုင်တယ်။ ဒါကြောင့် တောင်ပိုင်းကျိုး အင်ပါယာကို တိုက်ချင်ရင် ထန်ထိုင်မြို့ကို အရင် သိမ်းရမယ်။

လေခွင်းမြို့ကတော့ စစ်ရေးဗျူဟာအရ ပိုပြီးတောင် အရေးကြီးသေးတယ်။ ပထမဆုံး ပိုင်ရှင်မဲ့ နယ်မြေကို သိမ်းချင်ရင် လေခွင်းမြို့ကို သေချာပေါက် သိမ်းရမယ်။ ဘာလို့လဲဆိုတော့ သူက တောင်ကြားထဲမှာ ရှိနေပြီး ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးရဲ့ တောင်မြောက် လမ်းကြောင်းကို ပိတ်ဆို့ထားလို့ပဲ။ ပြီးတော့ သူက ပိုင်ရှင်မဲ့ နယ်မြေရဲ့ အလယ်ဗဟို အတိအကျမှာ ရှိနေလို့ လေခွင်းမြို့ကို စခန်းချပြီး အရပ်လေးမျက်နှာကို ထွက်တိုက်ကာ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်လို့ ရတယ်။

ပြီးတော့ တောင်ပိုင်းကျိုးအင်ပါယာက တာယင်အင်ပါယာ နယ်မြေထဲကို ဝင်တိုက်ချင်ရင်လည်း လေခွင်းမြို့ကို အရင် သိမ်းရမယ်။ မဟုတ်ရင် နောက်ကျောကနေ ဝင်တိုက်ခံရနိုင်တယ်။

ဒါဆို ဒီတစ်ခါ တောင်ပိုင်းကျိုး အင်ပါယာက မြောက်ဘက်ကို လျှို့ဝှက် စစ်ချီလာတာက ထန်ထိုင်မြို့ကို သိမ်းဖို့ သေချာပေါက် မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ထန်ထိုင်မြို့က သူတို့လက်ထဲ ရောက်နေပြီလို့ ပြောလို့ရနေပြီလေ။ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်ရဲ့ ပစ်မှတ်က တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက လေခွင်းမြို့ပဲ။’

သာမန်လူဆိုလျှင် ကောင်းကင်နှင့် မြေကြီး ပြိုကျသွားပြီး စစ်သည် တစ်သိန်း အကုန်အစင် သေဆုံးသွားသည်ကို ကြုံတွေ့ရပြီးနောက် လေခွင်းမြို့ကို နောက်တစ်ကြိမ် လာတိုက်ရဲမည် မဟုတ်တော့ဘဲ လုံးဝ ကြောက်လန့် သွားပေလိမ့်မည်။

သို့ပေမည့် တကယ်တမ်းတွင် ယခုအချိန်သည် လေခွင်းမြို့ အားအနည်းဆုံး အချိန် ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး ပြိုကျသည့် နည်းလမ်းကို သုံးပြီးသွားပြီ ဖြစ်၏။ စစ်မြေပြင်ရှိ ထိုမြေပြင်ကြီးမှာ ပြိုကျသွားပြီဖြစ်ရာ ဒုတိယအကြိမ် ထပ်မံ ပြိုကျရန် မဖြစ်နိုင်တော့ချေ။

ထို့အပြင် လေခွင်းမြို့ရှိ ယမ်းမည်း ပေါင်သောင်းချီ အားလုံးကိုလည်း အသုံးပြုပြီးသွားပြီဖြစ်ကာ အိမ်သာများ အားလုံးတွင်လည်း ခြစ်ယူစရာ ယမ်းစိမ်း မရှိတော့ပေ။

အကယ်၍ ယခုတစ်ကြိမ် တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ်က ထန်ထိုင်မိသားစု၏ စစ်တပ်အမည်ဖြင့် လေခွင်းမြို့ကို လာရောက် တိုက်ခိုက်မည်ဆိုပါက တကယ်ပင် လုံးဝ ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

ကျင်းမိသားစု၏ စစ်သည် ထောင်ဂဏန်းခန့်ဖြင့် စစ်သည် သိန်းချီကို အနိုင်ယူရန်မှာ လုံးဝ မဖြစ်နိုင်ဘဲ သေချာပေါက် ရှုံးနိမ့်မှာ ဖြစ်၏။

………………

All Chapters