← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 15 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 15 Ch. 165-166

အပိုင်း (၁၆၅)

“ဒါက ဘယ်တုန်းကဖြစ်တဲ့ ကိစ္စလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

“ကင်းထောက်တွေ လမ်းမှာ ကြာတဲ့အချိန်နဲ့ ပေါင်းလိုက်ရင် လွန်ခဲ့တဲ့ သုံးရက်က ဖြစ်မယ် ထင်တယ်။” လန်ပိက ဖြေ၏။

ယွင်ကျုံးဟဲ့မှာ အသက်ရှူမှားသွားရတော့သည်။ တာယင်အင်ပါယာက တကယ်ကို ခက်ခဲသည့် ပြိုင်ဘက်ကြီးနှင့် ရင်ဆိုင်နေရပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ တုံ့ပြန်မှုက အရမ်းကို မြန်ဆန်လွန်းနေသောကြောင့်ပင်။

ယွင်ကျုံးဟဲ့က တွေးလိုက်၏။ ‘ထန်ထိုင်မြဲ့မင်က စစ်ရှုံးတဲ့ သတင်းကို ရပြီးတာနဲ့ မကြာခင်မှာပဲ တောင်ပိုင်းကျိုး အင်ပါယာကို ချက်ချင်း အညံ့ခံလိုက်တာပဲ။ တောင်ပိုင်းကျိုးအင်ပါယာကလည်း ဘာမှ တွေဝေမနေဘဲ စစ်တပ်ကြီးကို မြောက်ဘက်ကို ချက်ချင်း လွှတ်လိုက်တယ်။

အစကနေ အဆုံးအထိ အချိန်နည်းနည်းလေးတောင် မဖြုန်းတီးခဲ့ဘူး။ စစ်ရေးကိစ္စက မီးလိုပဲဆိုတဲ့ အဓိပ္ပာယ်ကို အပြည့်အဝ ဖော်ပြသွားခဲ့တာပဲ။ ဒီအတိုင်းဆိုရင် ဒီစစ်တပ်က အရူးအမူး ချီတက်လာပြီး အများဆုံး ဆယ်ရက်လောက် အတွင်းမှာ တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်သည် သိန်းချီက နောက်တစ်ကြိမ် မြို့ရိုးအောက်ကို ရောက်လာတော့မှာပဲ။

အခုချိန်မှာ အချိန်က အောင်ပွဲပဲ၊ အရာအားလုံးပဲ ဆိုတာကို တောင်ပိုင်းကျိုးအင်ပါယာက ရှင်းရှင်းလင်းလင်း သိတယ်။ သူတို့က တာယင်အင်ပါယာ မလှုပ်ရှားနိုင်ခင်မှာ လေခွင်းမြို့ကို အမြန်ဆုံး သိမ်းပိုက်ချင်နေကြတာပဲ။

ဆယ်ရက်… အများဆုံး ဆယ်ရက်ပဲ ကျန်တော့တယ်။ တောင်ပိုင်းကျိုးအင်ပါယာရဲ့ ရှေ့ပြေး မြင်းစီးတပ်ဆိုရင် ဆယ်ရက်တောင် မလိုဘဲ လေခွင်းမြို့အောက်ကို ရောက်လာနိုင်တယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တာယင်အင်ပါယာရဲ့ တုံ့ပြန်မှုက အရမ်း နှေးကွေးမနေဘူးလား။ သေချာပေါက် အရမ်း နှေးကွေးနေတယ်။ တောင်ပိုင်းကျိုးအင်ပါယာဘက်ကို ကြည့်လိုက်အုံး။ တုံ့ပြန်မှုက လျှပ်စီးလို မြန်ဆန်တာပဲ။

စတုတ္ထမင်းသား ယင်ချွဲ့… ခင်ဗျားက စစ်ရေးကိစ္စ မီးလိုပဲဆိုတာကို မသိဘူးလား။ အရင်က ကျင်းကျုံးယွဲ့ကို တာယင်အင်ပါယာ နယ်မြေထဲ ခေါ်လာမယ်။ ခင်ဗျားနဲ့ တွေ့ဆုံပြီး အညံ့ခံဖို့ ကိစ္စတွေကို ဆွေးနွေးပြီးမှ စစ်တပ်ကြီးကို လေခွင်းမြို့ထဲ ဝင်ခိုင်းမယ်လို့ ပြောခဲ့တယ်လေ။

အခုကျတော့ ခင်ဗျားတို့က အခမ်းအနားတွေ ပြင်ဆင်ရအုံးမယ်ဆိုပြီး အချိန်တွေကို အလကား ဖြုန်းတီးပစ်လိုက်တာပဲ။ ရက်အနည်းငယ် ကြာသွားပြီ။ ခင်ဗျားတို့ဆီက ဘာသတင်းမှ မရသေးဘူး။ အခုတော့ အချိန်မမီတော့ဘူး။

အညံ့ခံဖို့ ကိစ္စတွေကို ဆွေးနွေးပြီး၊ စစ်တပ်ကြီး စုရုံးကာ တာယင်အင်ပါယာ စစ်တပ်က တောင်ဘက်ကို ဆင်းလာပြီး လေခွင်းမြို့ထဲ ဝင်ဖို့ဆိုရင် အချိန် ဘယ်လောက်ကြာမလဲ။ ရက်နှစ်ဆယ်လား၊ တစ်လလား။

အခု ဆွေးနွေးမှုတောင် မစရသေးဘူးလေ။ ဒါပေမဲ့ တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်တပ်က လမ်းမှာ ရောက်နေပြီ။ အချိန်တိုင်း လေခွင်းမြို့နဲ့ နီးကပ်လာနေပြီ။ နောက်ထပ် ဆယ်ရက်လောက်ဆိုရင် လေခွင်းမြို့အောက်ကို ရောက်လာတော့မယ်။

အချိန်မမီတော့ဘူး။ အချိန်မမီတော့ဘူး။ တာယင်အင်ပါယာ… စတုတ္ထမင်းသား… ခင်ဗျားက တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ။’

ယွင်ကျုံးဟဲ့မှာ အလွန် စိုးရိမ်ပူပန်နေရ၏။ ယခုအချိန်မှ စတင် ဆွေးနွေးမည်ဆိုလျှင်တောင် အချိန်မမီတော့ချေ။

တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ်က လမ်းပေါ် ရောက်နေပြီဖြစ်သော်လည်း တာယင်အင်ပါယာ၏ စစ်တပ်ကတော့ ဘာမှ မလှုပ်ရှားရသေးပေ။

‘ဘယ်လိုလုပ်လုပ် အချိန်မမီတော့ဘူး။ ဒီတိုက်ပွဲ ရှုံးတော့မယ်။ ချီးတဲ့မှ... ခင်ဗျား စတုတ္ထမင်းသား အသုံးမကျတာ ကိစ္စမရှိဘူး၊ ခင်ဗျားတို့ တာယင်အင်ပါယာ ဒီတိုက်ပွဲ ရှုံးတာလည်း ခံပေါ့။ ဒါပေမဲ့ ခင်ဗျားက ကျုပ် ကျင်းကျုံးယွဲ့ကို ဒုက္ခပေးသလို ဖြစ်အောင် လုပ်လိုက်တာပဲ။ လေခွင်းမြို့ကို ဒုက္ခပေးသလို ဖြစ်အောင် လုပ်လိုက်တာပဲ။ သူမက ကျုပ်ရဲ့ ဇနီးလေ။ ပြီးတော့ ကျုပ်ကလေးကိုတောင် လွယ်ထားရသေးတယ်။’

ယွင်ကျုံးဟဲ့မှာ ပူလောင်နေသော ဒယ်အိုးပေါ်မှ ပုရွက်ဆိတ် တစ်ကောင်အလား ဖြစ်နေတော့၏။

“အချိန်မမီတော့ဘူး… အချိန်မမီတော့ဘူး။ ဘယ်လိုမှ အချိန်မမီတော့ဘူး။ ယမ်းတွေကလည်း အကုန် သုံးပြီးသွားပြီ။ ကျုပ်တို့ လက်ထဲမှာ စစ်တပ် ထောင်ဂဏန်းလောက်ပဲ ကျန်တော့တာ။ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က အရမ်း မြင့်တယ်။ နယ်စားများ မဟာမိတ်တပ်ကြီးနဲ့ ယှဉ်လို့ မရဘူး။

ဒီတစ်ခါ လာတာ သေချာပေါက် လူသိန်းကျော်ပဲ။ လေခွင်းမြို့ကို ကာကွယ်လို့ မရတော့ဘူး။ ကာကွယ်လို့ မရတော့ဘူး။ တာယင်အင်ပါယာရဲ့ တုံ့ပြန်မှုက အရမ်း နှေးလွန်းတယ်။ အရမ်း... အရမ်းကို နှေးလွန်းတယ်။” ယွင်ကျုံးဟဲ့က ဟိုလျှောက်ဒီလျှောက် သွားရင်း တစ်ယောက်တည်း ရေရွတ်နေမိ၏။

ကျင်းကျုံးယွဲ့က သူ၏ လက်ကို ကိုင်ကာ ညင်သာစွာ ပြောလိုက်သည်။ “ဒီလို မလုပ်ပါနဲ့။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “တောင်းပန်ပါတယ် လမင်းလေး… ငါ မင်းကို ဒုက္ခပေးလိုက်မိပြီ ထင်တယ်။ ငါ ကျင်းမိသားစုကို ဒုက္ခပေးလိုက်မိပြီ။”

ကျင်းကျုံးယွဲ့က ပြုံးကာ ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး။ အဆိုးဆုံး ဖြစ်လာရင် မြို့ကို စွန့်ခွာပြီး ဓားပြ သွားလုပ်ကြတာပေါ့။”

တကယ်တမ်း၌ လေခွင်းမြို့ အောင်ပွဲရရှိခဲ့သည့် သတင်း ပျံ့နှံ့သွားပြီးနောက် လေခွင်းချိုင့်ဝှမ်းမှ ပြည်သူများက မြို့ထဲသို့ အဆက်မပြတ် ပြန်လည် ဝင်ရောက်လာနေကြ၏။ အခြေအနေများ ပြောင်းလဲတော့မည်ကို သူတို့ မသိကြချေ။

ယခင်က နယ်စားများမဟာမိတ်တပ်ကြီးက လေခွင်းချိုင့်ဝှမ်းကို ဝင်ရောက်လာချိန်တွင် မီးရှို့သတ်ဖြတ် လုယက်မှုများ ပြုလုပ်ခဲ့သောကြောင့် ဤပြည်သူများမှာ စားစရာ မရှိတော့ချေ။ လေခွင်းမြို့ထဲတွင် ဆန်စပါးများ တောင်လိုပုံနေသောကြောင့် ဤလူများက အလုံးအရင်းဖြင့် ဝင်ရောက်လာကြခြင်း ဖြစ်သည်။

ဤမျှ ကောင်းမွန်နေသော အခြေအနေကြီးက မျက်စိတစ်မှိတ်အတွင်းမှာပင် ပျက်စီးသွားတော့မှာ ဖြစ်၏။

တာယင်အင်ပါယာက စတုတ္ထမင်းသားကဲ့သို့သော သူကို တောင်ပိုင်း စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ထားခြင်းမှာ အနာဂတ်အတွက် အလွန် စိုးရိမ်စရာ ကောင်းလှပေသည်။

‘ဒီလို မဖြစ်သင့်ဘူးလေ။ တာယင်အင်ပါယာရဲ့ တိုးတက်နေတဲ့ အရှိန်အဟုန်က တောင်ပိုင်းကျိုး အင်ပါယာထက် ပိုကောင်းနေတာပဲ။ ဒါပေမဲ့ အခု ကြည့်ရသလောက် ဒီ စတုတ္ထမင်းသား ယင်ချွဲ့က တောင်ပိုင်းကျိုးအင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ကျိုးလီကို မမီဘူးပဲ။’

ယွင်ကျုံးဟဲ့က ဤစတုတ္ထမင်းသားအကြောင်း သေချာ မသိသော်လည်း ဧကရာဇ်မင်းမြတ်၏ အမြင်ကိုတော့ ယုံကြည်ပေသည်။ အကယ်၍ ထိုမင်းသားက မတော်ဘူးဆိုလျှင် တောင်ပိုင်း စစ်သေနာပတိချုပ် ဖြစ်လာမည် မဟုတ်ချေ။

ကျင်းကျုံးယွဲ့က ယခင်က အတူတူ အသေခံမည်ဟု အမြဲ ပြောခဲ့သော်လည်း ယခုမူ မြို့ကို စွန့်ခွာကာ ဓားပြ သွားလုပ်မည်ဟု ပြောလာ၏။ သူမက အဆုံးထိ တိုက်ခိုက်ပြီး အမှုန့်ဖြစ်သွားအောင် လုပ်မည်ဟု မပြောရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဗိုက်ထဲတွင် ကလေးလေး ရှိနေသောကြောင့် ဖြစ်သည်။

မြို့ကို စွန့်ခွာမည်။ ဤသည်မှာ သူမ၏ ကျင်းမိသားစု နှစ်တစ်ရာ သမိုင်းကြောင်းကြီး ဖြစ်၏။ ထို့အပြင် မတိုက်ဘဲ ထွက်ပြေးရခြင်းက သူမ၏ မာနကို လုံးဝ ဆန့်ကျင်နေပေသည်။ ယခု သူမကို မြို့စွန့်ခွာမည်ဟု ပြောလာစေရန် ဖိအားပေးနေရခြင်းမှာ ယွင်ကျုံးဟဲ့ကြောင့်ပင် ဖြစ်၏။

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “ယောက်ျား… ဒီတိုက်ပွဲက တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးဆိုတာ သေချာလား။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “သေချာတယ်။ တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်တပ်က ပိုင်ရှင်မဲ့ နယ်မြေထဲ ဝင်လာပြီလား၊ ဘယ်နေရာ ရောက်နေပြီလဲဆိုတာ သေချာ စုံစမ်းရမယ်။”

ထို့နောက် သူလျှိုများထံမှ သတင်းများ တစ်ခုပြီးတစ်ခု ရောက်ရှိလာ၏။ ကျင်ယီဝေ၊ သွေးနက်ဂိုဏ်းသာမက အခြား မိသားစုများ၏ လျှို့ဝှက်တမန်များထံမှပါ သတင်းများ ရောက်ရှိလာသည်။

သတင်းတစ်ခုကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် သိန်းချီက ပိုင်ရှင်မဲ့ နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီဖြစ်၏။

ဤစစ်တပ်က ထန်ထိုင်မြို့ကို ဖြတ်သန်းလာချိန်တွင် ရပ်နားခဲ့ခြင်း မရှိဘဲ အလံကိုသာ ထန်ထိုင်မိသားစု၏ အလံအဖြစ် ပြောင်းလဲကာ ဆက်လက်၍ မြောက်ဘက်သို့ ချီတက်လာနေကြခြင်း ဖြစ်သည်။

ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးရှိ မြို့စားများ အားလုံး အလွန် ထိတ်လန့်သွားကြသည်။ မူလက ထန်ထိုင်မြဲ့မင် စစ်ရှုံးသွားပြီးနောက် မြို့စား ဆယ်ယောက်ကျော်ခန့်က လျှို့ဝှက် ဆွေးနွေးကာ ထန်ထိုင်မိသားစုကို ပြန်လည် တိုက်ခိုက်ရန် စီစဉ်နေခဲ့ကြ၏။

နင်မိသားစုကို ခေါင်းဆောင်အဖြစ် တင်မြှောက်ကာ ထန်ထိုင်မြဲ့မင်ကို ပြန်လည် တိုက်ခိုက်ရန် ဖြစ်သည်။ သူ့ကို ဖျက်ဆီးပစ်ရန် မဟုတ်ဘဲ သူတို့၏ ဆုံးရှုံးမှုများအတွက် လျော်ကြေးတောင်းရန်သာ ဖြစ်သည်။

သို့ပေမည့် ထန်ထိုင်မြဲ့မင်က ဤမျှ ပြတ်သားစွာဖြင့် တောင်ပိုင်းကျိုးအင်ပါယာကို ချက်ချင်း အညံ့ခံလိုက်ပြီး တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ်ကို တိုက်ရိုက် ခေါ်သွင်းလာလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။

တောင်ပိုင်းကျိုးအင်ပါယာ၏ တုံ့ပြန်မှုကလည်း အလွန် မြန်ဆန်လွန်းလှပြီး တစ်ရက်တောင် မကြာဘဲ ချက်ချင်း စစ်တပ်ကြီးကို မြောက်ဘက်သို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ဤသို့ဖြင့် ပိုင်ရှင်မဲ့ နယ်မြေရှိ မြို့စားများ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ဝပ်တွားချင်စိတ်များပင် ပေါက်သွားကြတော့၏။

ယခင်က ခေါင်းဆောင် ရှိနေချိန်တွင် အားလုံး ပေါင်းလိုက်လျှင် စစ်သည် နှစ်သိန်း၊ သုံးသိန်းခန့် ရှိသောကြောင့် အင်ပါယာကြီး နှစ်ခုကို ရင်ဆိုင်ရန် အင်အား ရှိခဲ့ကြသည်။

ယခု ခေါင်းဆောင် ထန်ထိုင်မြဲ့မင် ကိုယ်တိုင် တိုက်ရိုက် အညံ့ခံလိုက်ပြီ ဖြစ်ရာ ပိုင်ရှင်မဲ့ နယ်မြေမှာ ခေါင်းဆောင်မဲ့ သကဲ့သို့ ဖြစ်သွားတော့၏။

ထန်ထိုင်မြို့မှာ ပိုင်ရှင်မဲ့ နယ်မြေ၏ တောင်ဘက်ရှိ မြို့ကြီး တစ်မြို့ ဖြစ်ပြီး စစ်ရေးဗျူဟာ ဂိတ်စခန်းလည်း ဖြစ်သည်။ ထန်ထိုင်မြို့ကို မဖွင့်ပေးပါက တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်တပ်က ဝင်လာ၍ မရနိုင်ချေ။ ယခု အလွယ်တကူ ဝင်ရောက်လာနိုင်ပြီ ဖြစ်ရာ မည်သည့် မြို့စားက စကားတစ်ခွန်း ပြောရဲမည်နည်း။

အားလုံးက အိမ်ထဲတွင် ပုန်းအောင်းကာ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်က သူတို့အိမ်ကို လာရောက် တိုက်ခိုက်မည်ကိုပင် စိုးရိမ်ကြောက်လန့်နေကြ၏။

သို့ပေမည့် သူတို့ စိုးရိမ်လွန်နေခြင်းသာ ဖြစ်သည်။ တောင်ပိုင်းကျိုးအင်ပါယာ စစ်တပ်က သူတို့ကို စိတ်မဝင်စားချေ။ သူတို့၏ ပစ်မှတ်မှာ လေခွင်းမြို့သာ ဖြစ်သည်။

သတင်းများက ပိုမို ရှင်းလင်းလာပြီ ဖြစ်၏။ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် သိန်းချီက လေခွင်းမြို့နှင့် မိုင်ငါးရာကျော်သာ ကွာဝေးတော့သည်။ အများဆုံး ဆယ်ရက်အတွင်း မြို့ရိုးအောက်သို့ ရောက်ရှိ လာတော့မည် ဖြစ်၏။

‘အချိန်မမီတော့ဘူး… အချိန်မမီတော့ဘူး။ ထန်ထိုင်မြဲ့မင်ရဲ့ တုံ့ပြန်မှုက အရမ်း မြန်တယ်။ တောင်ပိုင်းကျိုး အင်ပါယာရဲ့ တုံ့ပြန်မှုကလည်း အရမ်း မြန်တယ်။’

ကျင်းကျုံးယွဲ့က နောက်တစ်ကြိမ် မေးလိုက်ပြန်၏။ “ယောက်ျား… ဒီတိုက်ပွဲက တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဘယ်လိုမှ အချိန်မမီတော့ဘူး။ တာယင်အင်ပါယာရဲ့ တုံ့ပြန်မှုက အရမ်း နှေးလွန်းတယ်။ သူတို့ အခုချိန် စစ်တပ် စုရုံးမယ်ဆိုရင်တောင် အချိန်မမီတော့ဘူး။ ဒါပေမဲ့ သူတို့က စစ်တပ် စုရုံးဖို့ နေနေသာသာ၊ ငါတို့နဲ့ အညံ့ခံဖို့ ကိစ္စတောင် လာမဆွေးနွေးရသေးဘူး။ ဒီလို တုံ့ပြန်မှုမျိုးက တကယ်ကို စိတ်ပျက်စရာ ကောင်းလွန်းတယ်။ တောင်ပိုင်းကျိုးအင်ပါယာနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။”

ထို့နောက် ယွင်ကျုံးဟဲ့က မေးလိုက်၏။ “လန်ပိ… ကျုပ်တို့ မြောက်ဘက်မှာကော ဘာထူးခြားမှု ရှိလဲ။ တာယင်အင်ပါယာရဲ့ စစ်တပ်တွေ တောင်ဘက်ကို ဆင်းလာတာ ရှိလား။”

လန်ပိက ဖြေသည်။ “ကျွန်မတို့က တာယင်အင်ပါယာဘက်ကို စောင့်ကြည့်ဖို့ သူလျှို ရာဂဏန်းလောက် လွှတ်ထားတယ်။ သူတို့ရဲ့ စစ်တပ်တွေက ဘာမှ မလှုပ်ရှားသေးဘူး။ ပိုင်ရှင်မဲ့ နယ်မြေထဲကို ဝင်လာတဲ့ စစ်တပ် တစ်တပ်မှ မရှိသေးဘူး။ နေရာအနှံ့မှာ ထွက်ပြေးနေတဲ့ ပြည်သူတွေပဲ ရှိတယ်။”

တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် သိန်းချီက မြောက်ဘက်သို့ အဆက်မပြတ် တက်လာနေသော်လည်း တာယင်အင်ပါယာ၏ စစ်တပ်ကမူ ဘာမှ မလှုပ်ရှားသေးချေ။ ဤသည်မှာ လုံးဝ မဖြစ်သင့်ပေ။

ကျင်းကျုံးယွဲ့က ဆုံးဖြတ်လိုက်တော့သည်။ “ဒါဆိုရင်လည်း ပြီးတာပါပဲ။ မြို့ကို စွန့်ခွာကြတာပေါ့။”

ယွင်ကျုံးဟဲ့၏ မျက်နှာ အနည်းငယ် ရှုံ့မဲ့သွားပြီး တာယင်အင်ပါယာအပေါ် အလွန် စိတ်ပျက်ဒေါသထွက် နေမိသော်လည်း အလွန် ထူးဆန်းနေသည်ဟုလည်း ခံစားနေရ၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တကယ်လို့ မြို့ကို စွန့်ခွာမယ်ဆိုရင် အခုတည်းက ပြင်ဆင်ရတော့မယ်။ စစ်တပ် အားလုံး၊ မိသားစုဝင် အားလုံးကို စုရုံးပြီး ဘာတွေ ယူသွားမလဲ၊ ဘယ်ကို သွားမလဲဆိုတာ စဉ်းစားရမယ်။”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ “ပိုင်ရှင်မဲ့ နယ်မြေမှာတော့ ဆက်နေလို့ မရတော့ဘူး။ အနောက်ဘက်ကို သွားကြတာပေါ့။ တာယင်အင်ပါယာက ရှင့်ကို စိတ်ပျက်အောင် လုပ်ခဲ့ပြီဆိုတော့ ကျွန်မတို့လည်း တာယင် အင်ပါယာကို မသွားတော့ဘူး။

အနောက်ဘက်ကို သွားပြီး ဓားပြ သွားလုပ်ကြမယ်။ အဲဒီနေရာက တာ့လျန်နိုင်ငံနဲ့ နီးပြီး အရမ်း ခေါင်ပေမဲ့ အင်ပါယာကြီး နှစ်ခုလည်း အဲဒီဘက်ကို ဂရုမစိုက်နိုင်ဘူး။ ကျွန်မတို့ စစ်တပ် ထောင်ဂဏန်းလောက် ခေါ်သွားရင် အဲဒီနေရာမှာ နေရာတစ်ခု ရအောင် ယူနိုင်မှာပါ။”

ထိုနေရာကို ဤလောက၏ ရွှေတြိဂံဒေသဟုပင် ခေါ်ဆိုနိုင်ပေသည်။ အင်ပါယာကြီး သုံးခု၏ နယ်စပ်တွင် တည်ရှိပြီး တကယ့်ကို ခေါင်ကာ လူသူကင်းမဲ့သော နေရာဖြစ်၏။ ဓားပြများ ပြည့်နှက်နေပြီး ကုန်သည်များကို လုယက်ကာ အသက်မွေးကြသည်။

ထိုနေရာတွင် ဆန်စပါး စိုက်ပျိုး၍ မရသလို သစ်ပင်ပင် သိပ်မရှိချေ။ သို့ပေမည့် ကုန်သည်များ အများအပြား ဖြတ်သန်းသွားလာကြ၏။

ထို့ကြောင့် ထိုနေရာတွင် ဓားပြလုပ်၍ လုယက်စားသောက်ရန် လမ်းတစ်လမ်းသာ ရှိ၏။ သိုးနွားများ မွေးမြူ၍ ရသော်လည်း ပတ်ဝန်းကျင် အခြေအနေက အလွန် ဆိုးရွားလှသည်။

ဓားပြလုပ်ခြင်းက ကျင်းကျုံးယွဲ့၏ ရည်မှန်းချက် ဖြစ်သော်လည်း ထိုသို့ တကယ် ဖြစ်လာပါက ကံကြမ္မာက အလွန် သနားစရာ ကောင်းလွန်းပေလိမ့်မည်။

တကယ်ပဲ မြို့ကို စွန့်ခွာထွက်ပြေးပြီး ကျင်းကျုံးယွဲ့ကို ဓားပြလုပ်ခိုင်းရတော့မည်လား။ သူမကို သဲမုန်တိုင်းတွေကြားထဲ သွားနေခိုင်းရတော့မည်လား။ မြင်းပေါ်မှာ အမြဲတမ်း သွားလာပြီး လုယက်ခိုင်းရတော့မည်လား။

သူမက ကိုယ်ဝန်ရှိနေပြီ ဖြစ်၏။ သူမ၏ ကံကြမ္မာက ဤသို့ မဖြစ်သင့်ချေ။ ဤသို့ဆိုလျှင် အလွန် သနားစရာ ကောင်းလွန်းလှသည်။ အကယ်၍ ဤအခြေအနေအထိ ရောက်ရှိသွားပါက ယွင်ကျုံးဟဲ့က သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်တော့မည် မဟုတ်ချေ။

ထိုသို့ဆိုလျှင် စစ်တပ်ကို ဦးဆောင်ပြီး မြောက်ဘက် တာယင်အင်ပါယာဆီ သွားမည်လား။ ယခုအချိန်တွင် ကျင်းကျုံးယွဲ့က တာယင်အင်ပါယာအပေါ် အလွန် စိတ်ပျက်နေပြီ ဖြစ်၏။

‘ဒီရက်ပိုင်းအတွင်း ခင်ဗျားတို့ ဘာတွေ လုပ်နေကြတာလဲ။ ဒီလောက် တန်ဖိုးရှိတဲ့ အချိန်တွေကို အလကား ဖြုန်းတီးပစ်လိုက်တာလား။ ကျုပ်နဲ့ ကျင်းကျုံးယွဲ့က စတုတ္ထမင်းသား ယင်ချွဲ့ကို လာတွေ့မယ်ဆိုတာကို ခင်ဗျားတို့က မရဘူး၊ အခမ်းအနားတွေနဲ့ ကြိုဆိုရမယ်လို့ ပြောတယ်။

ရလဒ်ကတော့ ရက်အနည်းငယ် ကြာသွားတာတောင် ခင်ဗျားတို့ဆီက ဘာသတင်းမှ မရဘူး။ တောင်ပိုင်းကျိုး အင်ပါယာရဲ့ စစ်တပ်ကတော့ မြောက်ဘက်ကို တက်လာနေပြီ။ ဆယ်ရက်လောက်ဆိုရင် မြို့ရိုးအောက်ကို ရောက်လာတော့မယ်။

တာယင်အင်ပါယာက အခုမှ စစ်တပ် စုရုံးမယ်ဆိုရင်တောင် အချိန်မမီတော့ဘူး။ ဒီအရေးကြီးတဲ့ စစ်တုရင်ကွက်မှာ ရှုံးသွားပြီ။

တကယ်ပဲ မြို့ကို စွန့်ခွာထွက်ပြေးရတော့မှာလား။ အနောက်ဘက် သဲကန္တာရထဲမှာ ဓားပြ သွားလုပ်ရတော့ မှာလား။ ကျင်းကျုံးယွဲ့ရဲ့ ကံကြမ္မာက ဒီလို မဖြစ်သင့်ဘူးလေ။ သူမက ကိုယ်ဝန်ရှိနေပြီ။’

…………………………..

အပိုင်း (၁၆၆)

“ဓားပြလုပ်ရင်လည်း လုပ်ကြတာပေါ့။ ကျွန်မက ဓားပြလုပ်ရတာကို သဘောကျတယ်။”

ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့၏ လက်ကို ကိုင်ကာ ပြောလိုက်၏။ “ကျွန်မတို့ အတူတူ ရှိနေသရွေ့ အကုန်လုံးက ပျော်စရာချည်းပါပဲ။ မဟုတ်ဘူးလား။ မြို့ကို စွန့်ခွာရရင်လည်း စွန့်ခွာရတာပေါ့။ ကျွန်မတို့ရဲ့ သားလေး မွေးလာရင် ဓားပြခေါင်းဆောင်လေး ဖြစ်လာတာလည်း မဆိုးပါဘူး။ ယောက်ျား… တကယ်လို့ မြို့ကို စွန့်ခွာမယ်ဆိုရင် အခုချက်ချင်း ပြင်ဆင်ရတော့မယ်။”

ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “ဒါကြောင့် ရှင့်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကျွန်မကို ပြောပါ။ မြို့ကို စွန့်ခွာပြီး ထွက်သွားတော့မလား။”

မြို့ကို စွန့်ခွာမည်။ ဒီစကားလုံး နှစ်လုံးက ပေါင်တစ်ထောင်လောက် လေးလံနေပြီး ယွင်ကျုံးဟဲ့ တကယ်ကို ပြောမထွက်ချေ။

သို့ပေမည့် မြို့ကို မစွန့်ခွာဘူးဆိုလျှင် တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည်သိန်းချီက ရက်အနည်းငယ်နေရင် ရောက်လာတော့မှာဖြစ်ပြီး ထန်ထိုင်မြဲ့မင်ရဲ့ စစ်တပ်ကလည်း အတူတူပါလာမှာ ဖြစ်၏။ သူတို့က ကျင်းကျုံးယွဲ့ကို လွှတ်ပေးပါ့မည်လား၊ ယွင်ကျုံးဟဲ့ကိုရော လွှတ်ပေးပါ့မည်လားဆိုသည်မှာ စဉ်းစားစရာပင်။

တာယင်အင်ပါယာ၏ တုံ့ပြန်မှုက အရမ်းနှေးကွေးလွန်းလှပြီး စတုတ္ထမင်းသား ယင်ချွဲ့ကတော့ တကယ်ကို စိတ်ပျက်ဖို့ကောင်းလှသည်။

“ယောက်ျား… ရှင့်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကျွန်မ စောင့်နေတယ်။” ကျင်းကျုံးယွဲ့က နူးညံ့စွာ ပြောလိုက်၏။

ယွင်ကျုံးဟဲ့က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ မြို့ကို စွန့်ခွာပြီး ထွက်သွားရတော့မည် ဆိုသည့် စကားလုံးများကို တကယ် မပြောထွက်ပေ။

တာယင်အင်ပါယာက သူ့ကို လုံးဝ စိတ်ပျက်သွားစေမည်လား၊ သို့မဟုတ် အလွန် အံ့ဩဝမ်းသာသွားစေမလား ဆိုသည်ကို တွေးနေမိသည်။

ထိုအချိန်၌ အပြင်ဘက်မှ လန်ပိ၏ အသံ ထွက်ပေါ်လာ၏။ “သခင်လေးယွင်… သခင်ကြီးဖုန်း ဆိုတဲ့သူ တစ်ယောက် လာတွေ့ပါတယ်။”

“မတွေ့ဘူး။”

ကျင်းကျုံးယွဲ့က ဒေါသတကြီး ပြောလိုက်သည်။ “ဒီရက်ပိုင်းအတွင်း ရှင်တို့ ဘာတွေ လုပ်နေကြတာလဲ။ ဒီလောက် တန်ဖိုးရှိတဲ့ ရက်တွေကို အလကား ဖြုန်းတီးပစ်လိုက်တာလား။ ဒီလိုလုပ်လိုက်တာက လေခွင်းမြို့ရော၊ ကျွန်မ ကျင်းကျုံးယွဲ့ကိုပါ လမ်းဆုံးသွားအောင် တွန်းပို့လိုက်တာပဲဆိုတာ ရှင်တို့ သိလား။ အချိန်လုနေရတဲ့ အချိန်မှာ ရှင်တို့က ဒီလောက်တောင် ပေါ့ဆနေရလား။”

“နေအုံး… သူ့ကို ဝင်ခိုင်းလိုက်” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

ခဏအကြာတွင် အကြီးအကဲ ဖုန်းရှင်းမြဲ့ ဝင်ရောက်လာ၏။ သူ၏ နောက်တွင် အနက်ရောင် ခြုံလွှာ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးလည်း ပါလာသည်။

ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားပြီးနောက် နှလုံးသားများ ပြင်းထန်စွာ ခုန်ပေါက်လာတော့သည်။ ထိုအမျိုးသားက ခြုံလွှာကို ရုတ်တရက် ဖယ်ရှားလိုက်ရာ လေဒဏ်မိုးဒဏ် ခံထားရပြီး ခရီးပန်းနေသော မျက်နှာတစ်ခု ပေါ်ထွက်လာ၏။

“ယွင်ကျုံးဟဲ့… ကျင်းကျုံးယွဲ့… ကျုပ်က ယင်ချွဲ့ပါ။”

ယွင်ကျုံးဟဲ့ ကြောင်အသွားသည်။ “ယင်ချွဲ့... တာယင်အင်ပါယာရဲ့ စတုတ္ထမင်းသား ယင်ချွဲ့လား။ တောင်ပိုင်း စစ်သေနာပတိချုပ်လား။ သူ ကိုယ်တိုင် လာတာလား။ သေရမှာကို ဒီလောက်တောင် မကြောက်ဘူးလား။ ဒါက အရမ်းကို ရိုးသားမှု ရှိပေမဲ့ အချိန်မမီတော့ဘူးလေ။ တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်သည် သိန်းချီက လမ်းမှာ ရောက်နေပြီ။ တာယင်အင်ပါယာက အခုမှ စစ်တပ် စုရုံးမယ်ဆိုရင်တောင် အချိန်မမီတော့ဘူး။”

စတုတ္ထမင်းသား ယင်ချွဲ့က ပြောလိုက်၏။ “ကျုပ် စစ်သည် တစ်သိန်း ခေါ်လာတယ်။ လမ်းမှာ ရောက်နေပြီ။ လေခွင်းမြို့နဲ့ အနီးဆုံး နေရာက မိုင်တစ်ရာကျော်ပဲ ကွာတော့တယ်။”

“စစ်သည် တစ်သိန်း ဟုတ်လား။”

ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ အံ့အားသင့်သွားကြ၏။ ထိုစစ်သည် တစ်သိန်းက မည်သည့်နေရာမှ ရောက်လာသနည်း။ သူတို့သည် သူလျှိုရာချီကို စေလွှတ်ကာ မိုင်ရာချီ အကွာအဝေးထိ ထောက်လှမ်း စေခဲ့သော်လည်း တာယင်အင်ပါယာ တပ်တော်၏ လှုပ်ရှားမှု အရိပ်အယောင်ကို လုံးဝ မတွေ့ခဲ့ရပေ။

သို့ပေမည့် မကြာမီတွင် ယွင်ကျုံးဟဲ့ သဘောပေါက်သွားသည်။ စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်၏။ တာယင်အင်ပါယာ တပ်တော်သည် ဒုက္ခသည်များအဖြစ် ရုပ်ဖျက်ကာ ဝင်ရောက်လာခြင်း ဖြစ်သည်။

အင်ပါယာကြီး နှစ်ခု၏ စစ်ပွဲကြီး ဖြစ်ပွားတော့မည်ဖြစ်ရာ ပိုင်ရှင်မဲ့ နယ်မြေ တစ်ခုလုံးတွင် ထွက်ပြေး တိမ်းရှောင်နေကြသော ပြည်သူများ တဖွဲဖွဲ ရှိနေ၏။ အထူးသဖြင့် လေခွင်းချိုင့်ဝှမ်း နယ်မြေအတွင်း၌ ဒုက္ခသည် ပိုများပြား၏။

မြို့စားမဟာမိတ်တပ်ဖွဲ့၏ စစ်သည် တစ်သိန်းက လေခွင်းချိုင့်ဝှမ်း တစ်ခုလုံးကို ဝင်ရောက်မွှေနှောက်ကာ မီးရှို့သတ်ဖြတ် လုယက်ခဲ့ကြသောကြောင့် မရေမတွက်နိုင်သော ပြည်သူများ ဒုက္ခရောက်ခဲ့ရသည်။ အိမ်ရှိ ပစ္စည်းများ အလုခံရပြီး စားစရာ မရှိတော့ပေ။

လေခွင်းမြို့ စစ်နိုင်သည်ဟု ကြားချိန်မှာတော့ ထိုသူများ အားလုံး လေခွင်းမြို့ဆီသို့ စုရုံးရောက်ရှိလာကြခြင်း ဖြစ်၏။

တာယင်အင်ပါယာ တပ်တော်သည် ထိုဒုက္ခသည်များကြားတွင် ရောနှောကာ အစုအဖွဲ့များ ခွဲ၍ လေခွင်းချိုင့်ဝှမ်း နယ်နိမိတ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့ကြသည်။ ဤသို့ဆိုလျှင် အသံတိတ် လှုပ်ရှားနိုင်ပြီး ရန်သူ၏ မျက်စိမှ ကွယ်နိုင်မှာ ဖြစ်၏။ ထို့အပြင် အရှိန်အဟုန်လည်း မြန်ဆန်လှသည်။

စစ်ပွဲ ပြီးဆုံးပြီးနောက် နှစ်ရက်ကျော်ကြာမှသာ ယွင်ကျုံးဟဲ့သည် ကျင်းကျုံးယွဲ့ကို တာယင်အင်ပါယာထံ ခိုလှုံရန် သိမ်းသွင်းနိုင်ခဲ့၏။

ထို့နောက် ဖုန်းရှင်းမြဲ့သည် စတုတ္ထမင်းသား ယင်ချွဲ့ထံ သွားရောက်တွေ့ဆုံရန် နောက်ထပ် နှစ်ရက် အချိန်ယူခဲ့ရသည်။ အားလုံးပေါင်းလိုက်လျှင် လေးငါးရက်ခန့် အချိန်ကြန့်ကြာသွားခဲ့၏။ ထိုအချိန်အတွင်း တောင်ပိုင်းကျိုးအင်ပါယာ၏ တုံ့ပြန်မှုက အလွန် လျင်မြန်လွန်းလှသည်။

အပေါ်ယံကြည့်လျှင် ထန်ထိုင်မြဲ့မင်နှင့် တမန်တော်တို့ ဆွေးနွေးအပြီး တမန်တော်က ကျင်းကျိုးမြို့ရှိ တပ်တော် ဌာနချုပ်သို့ သွားရောက်ပြီးမှသာ တောင်ပိုင်းကျိုး အိမ်ရှေ့စံမင်းသား ကျိုးလီက မြောက်ပိုင်းသို့ တပ်များ စေလွှတ်ခဲ့ပုံပေါ်၏။

သို့သော်ငြား အမှန်တကယ်တွင် ကျိုးလီ၏ တုံ့ပြန်မှုက ထိုထက် များစွာ မြန်ဆန်လှသည်။ ဤကိစ္စတွင် သူနှင့် ဒုစစ်သေနာပတိ အောက်ရှင်းတို့၏ သဘောထား တိုက်ဆိုင်ခဲ့ကြသည်။

လေခွင်းမြို့မှ အရေးပေါ် စစ်သတင်းကို ရရှိသည်နှင့် ထန်ထိုင်မြဲ့မင်၏ သဘောတူညီချက်ကိုပင် မစောင့်တော့ဘဲ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သေနာပတိ နှစ်ဦးက စစ်သည် တစ်သိန်းကျော်ကို မြောက်ပိုင်းသို့ ချက်ချင်း စေလွှတ်လိုက်ကြသည်။ တစ်စက္ကန့်မှ အချိန်မဆွဲခဲ့ပေ။

ထို့ကြောင့် တပ်ချီသည့် အမြန်နှုန်းကို ယှဉ်လျှင် တောင်ပိုင်းကျိုးအင်ပါယာက နှစ်ရက်ခွဲခန့် ပိုစောနေခဲ့သည်။ ဤမျှ ကြီးမားသော တပ်တော်ကြီး၏ ချီတက်မှုကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။

တာယင်အင်ပါယာ၏ တောင်ပိုင်းသိမ်းတပ်တော် ဌာနချုပ်က ပို၍ ဝေးကွာသော်လည်း ယင်ချွဲ့သည် တောင်ပိုင်းကျိုးအင်ပါယာမှ တပ်များ စတင် ထွက်ခွာလာပြီဆိုသော သတင်းကို ယွင်ကျုံးဟဲ့ထက်ပင် စော၍ သိရှိခဲ့၏။

သူသည် အကြိမ်ကြိမ် တွက်ချက် စဉ်းစားခဲ့သည်။ သာမန်အတိုင်း ချီတက်လျှင် တောင်ပိုင်းကျိုး အင်ပါယာထက် သေချာပေါက် နောက်ကျမည်ဖြစ်ကြောင်း တွေ့ရှိခဲ့ရ၏။ ထို့ကြောင့် သူက ရူးသွပ်သော ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည်။

ကျင်းကျုံးယွဲ့နှင့် စေ့စပ်ဆွေးနွေးမှု မပြုလုပ်ရသေးမီမှာပဲ ယွင်ကျုံးဟဲ့ကို အပြည့်အဝ ယုံကြည်ကာ လေခွင်းမြို့ဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်၏။

ထို့အပြင် စစ်သည် တစ်သိန်းကို ရိက္ခာတင်ယာဉ်များ မပါ၊ သံချပ်ကာ အင်္ကျီများ၊ လက်နက်များပင် မဝတ်ဆင်၊ မကိုင်ဆောင်စေဘဲ ခရီးအတွက် လိုအပ်သော ရိက္ခာခြောက် အနည်းငယ်ကိုသာ သယ်ဆောင်စေကာ အမြန်ဆုံး အရှိန်ဖြင့် လေခွင်းမြို့ဆီသို့ ချီတက်လာစေခဲ့သည်။

ဤသို့ ရူးသွပ်သော အမိန့်ကြောင့်ပင် တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်းသည် ဒုက္ခသည် သူတောင်းစားများအလား လေခွင်းမြို့ဆီသို့ အပြင်းအထန် ချီတက်လာခဲ့ကြခြင်း ဖြစ်၏။

ထို့ကြောင့် တပ်ချီချိန် နှစ်ရက်ခွဲခန့် နောက်ကျခဲ့သော်လည်း တာယင်အင်ပါယာ တပ်တော်က လေခွင်းမြို့သို့ ရက်အနည်းငယ် ပိုစော၍ ရောက်ရှိလာနိုင်ချေ ရှိနေသည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် တစ်သိန်းကျော်မှာ လက်နက် အပြည့်အစုံ တပ်ဆင်ထားသောကြောင့် မည်မျှပင် မြန်မြန် ချီတက်စေကာမူ တစ်နေ့လျှင် မိုင်အနည်းငယ်ခန့်သာ ခရီးပေါက်နိုင်မှာဖြစ်၏။

တာယင်အင်ပါယာ တပ်တော်၏ ချီတက်မှု ပုံစံမှာမူ ရိက္ခာခြောက် အနည်းငယ်နှင့် ရေဘူး တစ်ဘူးကိုသာ လွယ်ထားသောကြောင့် တစ်နေ့လျှင် မိုင်တစ်ရာကျော် ချီတက်နိုင်စွမ်း ရှိသည်။

အင်ပါယာကြီး နှစ်ခုသည် တကယ့်ကို အင်အားချင်း မျှတသော ပြိုင်ဘက်များ ဖြစ်ကြောင်း ဝန်ခံရပေမည်။ နှစ်ဖက်စလုံးရှိ စစ်သေနာပတိများသည် စစ်မြေပြင်နှင့် ပတ်သက်လျှင် အလွန် ထက်မြက်ကြပြီး ရူးသွပ်လုမတတ် ပြတ်သားကြကာ လုံးဝ တွေဝေခြင်း မရှိကြပေ။

စတုတ္ထမင်းသား ယင်ချွဲ့က ပြောလိုက်သည်။ “ခင်ဗျားက နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူကို တွေ့ထားတယ်၊ အဲဒီမှာ လုံလောက်တဲ့ သံချပ်ကာတွေနဲ့ လက်နက်တွေ ရှိတယ်လို့ ဖုန်းရှင်းမြဲ့ဆီက ကြားခဲ့ရတယ်။ ဒါကြောင့် ကျုပ်ရဲ့ စစ်သည် တစ်သိန်းက ဘာမှ ယူမလာခဲ့တာပဲ။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “မှန်ပါတယ်။ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူထဲမှာ သံချပ်ကာနဲ့ လက်နက်တွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ ဒါပေမဲ့ လေးနဲ့မြားတော့ မရှိဘူး။”

လေးနှင့်မြား မရှိခြင်းက မြို့ခံစစ်အတွက် အလွန် အဟန့်အတား ဖြစ်စေ၏။ ဤမျှ ကြီးမားသော စစ်ပွဲကြီးတွင် လေးမြားဖြင့် တိုက်ခိုက်ခြင်းက အလွန် အရေးပါလှပြီး မြားမိုး ရွာချခြင်းသည် စစ်မြေပြင်တွင် မရှိမဖြစ် လိုအပ်သော နည်းဗျူဟာ တစ်ခု ဖြစ်၏။ သို့သော်ငြား နုဧကရာဇ်၏ သင်္ချိုင်းဂူထဲတွင် လေးမြားများ လုံးဝ မရှိပေ။ ရှိခဲ့လျှင်တောင် ဆွေးမြည့်ပျက်စီးနေလောက်ပြီ ဖြစ်သည်။

စတုတ္ထမင်းသား ယင်ချွဲ့က ပြောလိုက်၏။ “လေးမြား မရှိရင်လည်း မရှိပါစေတော့။ ဒါနဲ့ လက်ဖက်ရည် ရှိလား။ စားစရာရော။ နေ့ရောညပါ ဆက်တိုက် ခရီးနှင်လာရလို့ တကယ်ကို ဗိုက်ဆာလွန်းနေပြီ။”

ယွင်ကျုံးဟဲ့က အမိန့်ပေးလိုက်သည်။ “မြန်မြန် သစ်သီးဖျော်ရည်၊ နွားနို့နဲ့ အမဲသား ယူလာခဲ့။”

ခဏအကြာတွင် မန်ထို၊ အမဲသား၊ နွားနို့နှင့် သစ်သီးဖျော်ရည်များ စားပွဲပေါ် အပြည့် ရောက်ရှိလာ၏။

စတုတ္ထမင်းသား ယင်ချွဲ့နှင့် ဖုန်းရှင်းမြဲ့တို့သည် ငတ်မွတ်နေသော တစ္ဆေများအလား အငမ်းမရ စားသောက်ကြသည်။ တစ်ယောက်လျှင် အမဲသား နှစ်ပိဿာခန့် စားပြီး နွားနို့ နှစ်ပိဿာခန့် သောက်လိုက်ကြသည်။

ထို့နောက် ယင်ချွဲ့က ဗိုက်ကို ပုတ်လျက် ပြောလိုက်၏။ “ဝသွားပြီ။ နေလို့ကောင်းသွားပြီ။”

ထို့နောက် စက္ကူတစ်ရွက်ကို ကျက်သရေရှိစွာ ထုတ်ယူကာ နှုတ်ခမ်းထောင့်များကို သုတ်လိုက်သည်။

ဤအရာကို ကြည့်လျှင် သူတို့ မည်မျှ ငတ်မွတ် ပင်ပန်းနေခဲ့ကြောင်း သိသာလှ၏။ မျက်တွင်းများပင် ဟောက်ပက် ဖြစ်နေကြလေ၏။

ယွင်ကျုံးဟဲ့သည် ဤစတုတ္ထမင်းသားကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်၏။ အလွန်တရာ သနားစရာ ကောင်းလှသည်။ ယွင်ကျုံးဟဲ့၏ ချောမောခန့်ညားသော အသွင်အပြင်နှင့် ယှဉ်လိုက်လျှင် စတုတ္ထမင်းသား ယင်ချွဲ့သည် လမ်းဘေး သူတောင်းစား တစ်ဦးနှင့် ပိုတူနေသည်။

အမှန်တကယ်တော့ သူ၏ ရုပ်ရည်က ခန့်ညားပါသည်။ အထူးသဖြင့် သူ၏ နှာတံက အလွန် ဖြောင့်တန်းလှ၏။ သို့ပေမည့် သူ၏ ဆံပင် တစ်ဝက်ခန့် ဖြူနေခြင်းက ထိုခန့်ညားမှုကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်၏။

ယွင်ကျုံးဟဲ့၏ အကြည့်ကို မြင်ချိန်မှာတော့ စတုတ္ထမင်းသားက ဖြေလိုက်သည်။ “ဩော်.. ကျုပ်က ငယ်ငယ်တည်းက ဆံပင်ဖြူနေတာ။”

ယွင်ကျုံးဟဲ့ စိတ်ထဲတွင် မှတ်ချက်ချလိုက်၏။ ထိပ်ပြောင်ခြင်းပြီးလျှင် အဆိုးဆုံး အခြေအနေပင် ဖြစ်၏။

ထို့နောက် စတုတ္ထမင်းသား ယင်ချွဲ့က မေးလိုက်သည်။ “မြို့စား ကျင်းကျုံးယွဲ့၊ ကျုပ်တို့ စကားစပြောကြမလား။”

ကျင်းကျုံးယွဲ့က ခေါင်းညိတ်လိုက်၏။ “ကောင်းပါပြီ။”

နှစ်ဦးသား စားပွဲတစ်လုံးတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။ စတုတ္ထမင်းသား ယင်ချွဲ့က ရင်ဘတ်ထဲမှ သေတ္တာငယ် တစ်လုံးကို ထုတ်ယူကာ ဖွင့်လိုက်သည်။

အတွင်း၌ အမိန့်တော် တစ်စောင် ရှိနေ၏။ ဧကရာဇ်မင်းမြတ်၏ ကိုယ်ပိုင် တံဆိပ်တုံး၊ နိုင်ငံတော် တံဆိပ်တုံးနှင့် အမတ်အဖွဲ့၏ တံဆိပ်တုံးများ အားလုံး ပါဝင်သည်။ သို့သော် အမိန့်တော်အတွင်းရှိ စာသားများ မပါချေ။

ယင်ချွဲ့က အမိန့်တော်ကို ဖြန့်ပြရင်း ပြောလိုက်သည်။ “မြို့စား ကျင်းကျုံးယွဲ့... ဒီအမိန့်တော်က အလွတ်ပါ။ ခင်ဗျား ကြိုက်တာ ဖြည့်လိုက်ပါ။”

ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့ အံ့အားသင့်သွားကြသည်။ ဧကရာဇ်မင်းမြတ်က ဤမျှအထိ ရူးသွပ်နေသည်လား။

အကယ်၍ ခိုလှုံရန် သဘောမတူရသေးမီ အချိန်က ဤအလွတ် အမိန့်တော်ကို ထုတ်ပေးခဲ့လျှင် နားလည်ပေး၍ ရနိုင်သော်လည်း ယခု ကျင်းကျုံးယွဲ့က ခိုလှုံရန် သဘောတူပြီးသည့်တိုင် အမိန့်တော် အလွတ်ကို ပေးနေခြင်းက အလွန် ရက်ရောလွန်းလှ၏။

ဤကဲ့သို့ အမိန့်တော် အလွတ်မျိုးကို အစောတည်းက ထုတ်ပြခဲ့လျှင် လူကို ပို၍ သိမ်းသွင်းနိုင်မည် မဟုတ်လား။

ကျင်းကျုံးယွဲ့က ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။ “စတုတ္ထမင်းသားပဲ သင့်တော်သလို ဖြည့်ပေးပါ။”

ယင်ချွဲ့ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ယွင်ကျုံးဟဲ့ဘက်သို့ လှည့်ကာ မေး၏။ “ညီအစ်ကို ယွင်ကျုံးဟဲ့.. ခင်ဗျားမှာရော ဘာအကြံပြုချက် ရှိလဲ။”

စတုတ္ထမင်းသားသည် အလွန် ဖော်ရွေလွန်းလှ၏။ သူသည် မင်းသား တစ်ပါးဖြစ်ပြီး တောင်ပိုင်းသိမ်း တပ်တော်၏ စစ်သေနာပတိ၊ မိုးနတ်မင်း၏ သားတော်အစစ် ဖြစ်၏။ သူ၏ အဆင့်အတန်းက ထန်ထိုင်ကျင့်ထက် အဆပေါင်းများစွာ မြင့်မားလှသည်။

ထန်ထိုင်ကျင့်သည် ယွင်ကျုံးဟဲ့ကို မျက်လုံးထဲပင် ထည့်ခဲ့သူ မဟုတ်ပေ။ ယွင်ကျုံးဟဲ့မှာမူ အဆင့်အတန်း မရှိသော ဟေးလုံထိုင်၏ သူလျှို တစ်ဦးသာ ဖြစ်သည်။ သို့သော်ငြား ဤညီအစ်ကိုဟူသော အခေါ်အဝေါ်က အလွန် သဘာဝကျလွန်းနေ၏။

ယွင်ကျုံးဟဲ့က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။ “ကျုပ်မှာလည်း အကြံပြုချက် မရှိပါဘူး။”

……………….

All Chapters