အခန်း (၁၆၇-၁၆၈)
Vol. 15 Ch. 167-168
အပိုင်း (၁၆၇)
ထိုစကားကို ကြားချိန်မှာတော့ ယင်ချွဲ့က အကြံပြုလိုက်၏။ “ဒါဆိုရင် ကျင်းကျုံးယွဲ့ကို လေခွင်းနယ်စား အဖြစ် ခန့်အပ်မယ်။ စစ်သေနာပတိ ရာထူးကိုပါ ပူးတွဲ တာဝန်ယူရမယ်။ လေခွင်းမြို့ရဲ့ တပ်တွေ အားလုံးကို ခင်ဗျားပဲ ကွပ်ကဲခွင့် ရှိမယ်။ ကျုပ်ဘက်က နောက်ထပ် စစ်သည် ငါးသောင်း ထပ်ဖြည့်ပေးမယ်။ ဘယ်လိုလဲ။”
ဤကမ်းလှမ်းချက်က ယခင် ယွင်ကျုံးဟဲ့ ပြောခဲ့သည်ထက်ပင် များစွာ သာလွန်နေ၏။ စစ်သေနာပတိ ရာထူးသည် အလွန် မြင့်မားလှပြီး စစ်သည် ငါးသောင်းကိုပါ တိုက်ရိုက် ကွပ်ကဲခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
ယင်ချွဲ့က ဆက်ပြော၏။ “ပိုင်ရှင်မဲ့ နယ်မြေကို သိမ်းပိုက်ပြီးရင် ပြည်နယ် နှစ်ခုခွဲပြီး တပ်တော် ဌာနချုပ် နှစ်ခု ဖွင့်မယ်။ လေခွင်းနယ်စား အနေနဲ့ ဌာနချုပ် တစ်ခုကို ဦးစီးတဲ့ စစ်သေနာပတိအဖြစ် တာဝန်ယူနိုင်တယ်။ အကယ်၍ ခင်ဗျား အိမ်ကနေ မခွာချင်ဘူး ဆိုရင် ဒီဌာနချုပ်ကို လေခွင်းမြို့မှာပဲ ထားပေးမယ်။”
ထိုစကားကြောင့် ယွင်ကျုံးဟဲ့ပင် အသက်ရှူမှားသွားရ၏။ ဤကမ်းလှမ်းချက်က ရက်ရောလွန်းလှပြီး နယ်မြေတစ်ခုလုံးကို အပိုင်စား ပေးလိုက်ခြင်းနှင့် တူနေသည်။
ယခင်က ကျင်းကျုံးယွဲ့သည် လေခွင်းချိုင့်ဝှမ်း တစ်ခုတည်းကိုသာ အုပ်ချုပ်ရသော်လည်း ယခုမူ ပိုင်ရှင်မဲ့ နယ်မြေ၏ တစ်ဝက်ခန့်ကို အုပ်ချုပ်ခွင့် ရရှိသွားခြင်း ဖြစ်၏။
ထိုအချိန်ရောက်လျှင် ပိုင်ရှင်မဲ့ နယ်မြေ၏ အရပ်ဘက်နှင့် စစ်ဘက် အရာရှိများကို တာယင်အင်ပါယာမှ စေလွှတ်မည် ဖြစ်သော်လည်း ကျင်းကျုံးယွဲ့ အနေဖြင့် စစ်သေနာပတိ တစ်ဦး ဖြစ်လာမည်ဆိုပါက အာဏာကို အပြည့်အဝ ဆုပ်ကိုင်ထားနိုင်မှာ ဖြစ်သည်။
ထို့အပြင် သူမသည် အမျိုးသမီး တစ်ဦး ဖြစ်၏။ တာယင်အင်ပါယာတွင် အမျိုးသမီး စစ်သူကြီးများ ရှိသော်လည်း စစ်သေနာပတိ အဆင့်မျိုး တစ်ဦးမှ မရှိခဲ့ပေ။
စတုတ္ထမင်းသားသည် စေ့စပ်ဆွေးနွေးမှုကို လုံးဝ နားမလည်သူ တစ်ဦး ဖြစ်ပုံရ၏။ အနည်းငယ်စီ လျှော့ချ ကမ်းလှမ်းရမည့် အစားအကောင်းဆုံး အရာများကို တစ်ခါတည်း ပုံအောပေးလိုက်ခြင်း ဖြစ်သည်။
ဤကမ်းလှမ်းချက်မျိုးကို ကျင်းကျုံးယွဲ့သာမက ထန်ထိုင်မြဲ့မင်ပင် ငြင်းဆန်နိုင်မည် မဟုတ်ပေ။ သို့သော်ငြား တာယင်အင်ပါယာသည် ထန်ထိုင်မြဲ့မင်ကို ဤကဲ့သို့ ကမ်းလှမ်းမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ရည်မှန်းချက် ကြီးမားလွန်းပြီး ကောက်ကျစ်စဉ်းလဲကာ အာဏာမက်လွန်းသောကြောင့် ဖြစ်၏။
စတုတ္ထမင်းသားက ပြောလိုက်သည်။ “ဒါဆို ကျုပ်တို့ ဆွေးနွေးလို့ ပြီးပြီပေါ့။”
ယွင်ကျုံးဟဲ့ စိတ်ထဲတွင် ကျိတ်၍ ရယ်မောလိုက်မိ၏။ မပြီး၍လည်း မရတော့ပေ။ ကားကောင်း တစ်စီးလောက်သာ မျှော်လင့်ထားသူကို အကောင်းဆုံး ရတနာ ရထားလုံးကြီး တစ်စီး တိုက်ရိုက် ပေးလိုက်သလို ဖြစ်နေရာ ဘာပြောစရာ ကျန်ဦးမည်နည်း။
ယင်ချွဲ့က ဆက်လက်၍ ပြောလိုက်သည်။ “အဲဒီတော့ လေခွင်းမြို့ စစ်ပွဲကို ဘယ်လို အနိုင်တိုက်မလဲ ဆိုတာ ဆွေးနွေးကြမယ်။ ပိုပြီး တိတိကျကျ ပြောရရင် တာယင်အင်ပါယာနဲ့ တောင်ပိုင်းကျိုးအင်ပါယာတို့ရဲ့ ပထမဆုံး စစ်ပွဲပဲ။”
မှန်ပေသည်။ အင်ပါယာကြီး နှစ်ခု၏ ပထမဆုံး စစ်ပွဲဟု ခေါ်ဆိုသင့်ပြီး လေခွင်းမြို့တွင် တိုက်ဆိုင်စွာ ဖြစ်ပွားရခြင်းသာ ဖြစ်၏။ ပို၍ တိတိကျကျ ဆိုရလျှင် ဤစစ်ပွဲက ကျင်းမိသားစုနှင့် မသက်ဆိုင်တော့ပေ။
အကယ်၍ စစ်ရှုံးခဲ့လျှင် ကျင်းမိသားစုလည်း ပြာကျသွားမည် ဖြစ်သော်လည်း အင်ပါယာကြီး နှစ်ခု၏ ထိပ်တိုက်ရင်ဆိုင်မှုရှေ့တွင် ကျင်းမိသားစုလေး တစ်ခု၏ ကံကြမ္မာမှာ အလွန် သေးငယ်လွန်းလှ၏။ ဤစစ်ပွဲက အင်ပါယာကြီး နှစ်ခု၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမှာ ဖြစ်သည်။
ယင်ချွဲ့က မေးလိုက်၏။ “ယွင်ကျုံးဟဲ့ ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လို မြင်လဲ။”
ယွင်ကျုံးဟဲ့က လေးနက်တည်ကြည်စွာ မေးလိုက်သည်။ “ရန်သူ့အင်အား ဘယ်လောက် ရှိလဲ။”
ယင်ချွဲ့က ဖြေ၏။ “တောင်ပိုင်းကျိုးအင်ပါယာက တစ်သိန်းခွဲ၊ ထန်ထိုင်မိသားစုက သုံးသောင်း၊ တခြား မိသားစုတွေက သုံးသောင်း၊ အားလုံးပေါင်း နှစ်သိန်းတစ်သောင်း ရှိတယ်။”
ဤစစ်ပွဲက အတော်လေး ခက်ခဲလှ၏။ ခံစစ်က တစ်သိန်း၊ တိုက်စစ်က နှစ်သိန်းတစ်သောင်း ဖြစ်သည်။ ခိုင်ခံ့သော မြို့ရိုး ရှိနေသောကြောင့် အင်အားချင်း မျှတသည်ဟု ဆိုနိုင်သော်လည်း ခံစစ်အတွက် အဝေးပစ် လက်နက်များ လိုအပ်ပြီး လေးနှင့်မြားက အထူး အရေးပါလှသည်။
သို့ပေမည့် တာယင်အင်ပါယာသည် အမြန် ချီတက်နိုင်ရန် လေးမြား ယူဆောင်လာခဲ့ခြင်း မရှိပေ။ လေခွင်းမြို့ အတွင်းရှိ လေးမြား အနည်းငယ်မျှဖြင့် လုံးဝ မလုံလောက်နိုင်ချေ။ တာယင်အင်ပါယာ တပ်တော်မှ အရေးပေါ် လှမ်းမှာရန်လည်း အချိန် မမီတော့ပေ။ ဤမျှ ကြီးမားသော စစ်ပွဲကြီးတွင် မြားအရေအတွက် သန်းနှင့်ချီ၍ လိုအပ်မှာဖြစ်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အကယ်၍ ဒီတပ်ကို တစ်ယောက်မကျန် ချေမှုန်းနိုင်မယ်ဆိုရင် ဒီစစ်ပွဲကြီးမှာ တာယင်အင်ပါယာက အနိုင်ရဖို့ သေချာသလောက် ရှိသွားပြီ မဟုတ်လား။”
ယင်ချွဲ့က ခေါင်းညိတ်လိုက်၏။ “အဲဒီလို ပြောလို့ ရပါတယ်။”
ဤစစ်ပွဲကြီးတွင် နှစ်ဖက်စလုံး၌ စစ်သည် ငါးသိန်းခန့်စီ ရှိကြ၏။ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် တစ်သိန်းခွဲလုံး ဆုံးရှုံးသွားမည် ဆိုပါက အင်အား သုံးပုံတစ်ပုံခန့် ကျဆင်းသွားမည်ဖြစ်ပြီး လေခွင်းမြို့ကိုပါ လက်လွှတ်ရမည် ဆိုလျှင် ပိုင်ရှင်မဲ့ နယ်မြေ စစ်ပွဲတွင် တောင်ပိုင်းကျိုးအင်ပါယာ ရှုံးနိမ့်သွားပြီဟု ဆိုနိုင်ပေသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မင်းသား... ကျုပ်တို့နဲ့ လိုက်ခဲ့ပါ။ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူကို သွားကြည့်ရအောင်။”
နာရီဝက်ခန့် အကြာတွင်ယွင်ကျုံးဟဲ့၊ ကျင်းကျုံးယွဲ့၊ ဖုန်းရှင်းမြဲ့နှင့် စတုတ္ထမင်းသား ယင်ချွဲ့တို့ နုဧကရာဇ်၏ သင်္ချိုင်းဂူအတွင်းသို့ ရောက်ရှိလာကြ၏။
ယခုအခါ သင်္ချိုင်းဂူ၏ အစိတ်အပိုင်း အနည်းငယ်မှာ ပြိုကျကာ မြေကြီးများဖြင့် ဖုံးလွှမ်းသွားပြီ ဖြစ်သော်လည်း ကြီးမားသော အစိတ်အပိုင်းကြီး တစ်ခုမှာမူ နဂိုအတိုင်း တည်ရှိနေဆဲ ဖြစ်သည်။
ပြိုကျသွားသော နေရာများမှာ မြေအောက် ရေကန်များ ရှိသော နေရာများ ဖြစ်၏။ ကျန်ရှိနေသော သင်္ချိုင်းဂူ နေရာသည် လေခွင်းချိုင့်ဝှမ်း တစ်ခုလုံးနီးပါးကို နေရာယူထားသည်။
ဤမျှ ကြီးကျယ်ခမ်းနားသော မြေအောက် သင်္ချိုင်းဂူကြီးနှင့် စစ်သည်ရွှံ့ရုပ် တစ်သိန်းခန့်ကို မြင်လိုက် ရချိန်မှာတော့ အားလုံးမှာ အံ့သြမှင်သက်သွားကြ၏။
နုဧကရာဇ်သည် တာရှအင်ပါယာ (ရှေးဟောင်း) ၏ နန်းတော် တစ်ခုလုံးကို မြေအောက်သို့ အချိုးအစား တူညီစွာ ရွှေ့ပြောင်းထားခဲ့ခြင်း ဖြစ်သည်။
ဖုန်းရှင်းမြဲ့နှင့် ယင်ချွဲ့တို့မှာ အချိန်အတန်ကြာသည်အထိ စကားတစ်ခွန်းမှ မဆိုနိုင်ကြပေ။ မည်မျှပင် စိတ်ကူးယဉ်ကြည့်စေကာမူ ဤကမ္ဘာပေါ်တွင် ဤမျှ အံ့မခန်းဖွယ် မြေအောက် သင်္ချိုင်းဂူကြီး ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြသောကြောင့်ပင်။
ယင်ချွဲ့သည် တော်ဝင်မျိုးနွယ် ဖြစ်သောကြောင့် ဧကရာဇ်များ၏ သင်္ချိုင်းဂူများနှင့် ပတ်သက်၍ အသိဆုံး ဖြစ်သည်။
တာယင်အင်ပါယာ၏ ဧကရာဇ် သင်္ချိုင်းဂူများပင်လျှင် မြေအောက်ခန်းမဆောင် တစ်ခု သို့မဟုတ် နှစ်ခုခန့်သာ ရှိပြီး ဧရိယာအားဖြင့် ဧကရာဇ် အနည်းငယ်ခန့်သာ ကျယ်ဝန်းသော်လည်း ကြီးမားသော လူအင်အားနှင့် ငွေကြေးများကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ ယခု မျက်မှောက်ရှိ နုဧကရာဇ် သင်္ချိုင်းဂူ၏ အရွယ်အစားမှာမူ လုံးဝ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြီးမားကျယ်ဝန်းလှ၏။
ယင်ချွဲ့က အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒါက လူသားတွေရဲ့ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန် နေတယ်။ အလုပ်သမား သိန်းနဲ့ချီ သုံးရင်တောင် ဒီလောက် ကြီးမားတဲ့ မြေအောက် သင်္ချိုင်းဂူကြီးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မင်းသား ဆိုလိုတာက။”
ယင်ချွဲ့က ဖြေသည်။ “ဒီမြေအောက် လိုဏ်ဂူကြီးက သဘာဝအတိုင်း ဖြစ်ပေါ်နေတာ။ နုဧကရာဇ်က ဒီလိုဏ်ဂူကြီးထဲမှာ တိုးချဲ့ပြီး ပြန်လည် တည်ဆောက်ထားရုံ သက်သက်ပဲ။ အဲဒီလိုဆိုရင်တောင် ကုန်ကျသွားမယ့် လုပ်အားက စိတ်ကူးလို့ မရနိုင်လောက်ဘူး။ တာရှအင်ပါယာ (ရှေးဟောင်း) ပျက်စီးသွားရတာ မဆန်းတော့ပါဘူး။”
ယွင်ကျုံးဟဲ့က တစ်နေရာသို့ လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “မင်းသား... ဒီစစ်သည်ရွှံ့ရုပ်တွေကို ကြည့်ပါ။”
ယင်ချွဲ့ ရှေ့သို့ တိုးသွားကာ ရွှံ့ရုပ်တစ်ခုကို လက်ဖြင့် ဖွဖွလေး ပုတ်လိုက်ရာ အပြင်ဘက်မှ ရွှံ့လွှာများ ကွဲအက် သွားသည်။
အတွင်း၌ အသက်ဝင်နေသကဲ့သို့ ရှိသော လူသေအလောင်း တစ်လောင်း ပေါ်လာသော်လည်း လေနှင့် ထိတွေ့ပြီး မကြာမီမှာပင် လုံးဝ ဆွေးမြည့်သွားတော့၏။
သို့ပေမည့် ယင်ချွဲ့၏ သိုင်းပညာက အနည်းငယ် ထိတ်လန့်စရာ ကောင်းလှ၏။ ဖွဖွလေး ပုတ်လိုက်ရုံဖြင့် ရွှံ့ရုပ်တစ်ခုလုံး အမှုန့်ဖြစ်သွားခြင်း ဖြစ်သည်။
ယင်ချွဲ့သည် စစ်သည်ရွှံ့ရုပ် အတွင်းရှိ သံချပ်ကာနှင့် လက်နက်များကို စစ်ဆေးကြည့်ပြီးနောက် မယုံနိုင်လောက်အောင် အံ့သြသွားပြန်၏။
နှစ်ပေါင်း တစ်ထောင်ကြာအောင် သိမ်းဆည်းထားသော သံချပ်ကာများက ဤမျှ အကောင်းပကတိ ရှိနေသေးသည်လား။ လက်နက်များကလည်း ဤမျှ ထက်မြက်နေဆဲ ဖြစ်နေသည်လား။ ထို့အပြင် ဤကဲ့သို့သော စစ်သည်ရွှံ့ရုပ်ပေါင်း တစ်သိန်းနီးပါး ရှိနေသည်။
ဖုန်းရှင်းမြဲ့က မေးလိုက်၏။ “ဒါက မြေအောက် လိုဏ်ဂူကြီး ဖြစ်နေတာတောင် ဘာလို့ အသက်ရှူကျပ်တဲ့ ခံစားချက်မျိုး မရှိတာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဒီသင်္ချိုင်းဂူကို စပြီး ဖွင့်လိုက်တုန်းက ဝင်လာရင် အသက်ရှူကျပ်တယ်။ ပြီးတော့ ပြဒါးကန် ရှိနေလို့ အဆိပ်ငွေ့တွေ အပြည့်ပဲ။ ဒါပေမဲ့ အရှေ့ဘက်က ပြဒါးကန် ပြိုကျသွားတော့ အဆိပ်ငွေ့တွေလည်း ပျောက်သွားတယ်။ သင်္ချိုင်းဂူရဲ့ ယန္တရား ပွင့်နေတဲ့ အချိန်ကြာလာတာနဲ့အမျှ အတွင်းမှာ လေဝင်လေထွက် ပိုကောင်းလာတယ်။ သခင်ကြီးဖုန်း.... နားထောင်ကြည့်ပါ။”
ဖုန်းရှင်းမြဲ့ မျက်လုံးမှိတ်လိုက်ရာ လေတိုက်ခတ်သံများကို ချက်ချင်း ကြားလိုက်ရ၏။
ယွင်ကျုံးဟဲ့က ဆက်ရှင်းပြလိုက်သည်။ “ဒီသင်္ချိုင်းဂူရဲ့ တည်ဆောက်ပုံက အရမ်းကို ပါးနပ်တယ်။ လေဝင်ပေါက် အများကြီး တူးထားပြီး ချိုင့်ဝှမ်းရဲ့ အနေအထားကို အသုံးချကာ သင်္ချိုင်းဂူထဲကို လေဝင်စေတယ်။ ထို့ကြောင့် ဒီအထဲမှာ လေဝင်လေထွက် ကောင်းနေတာပါ။”
ယွင်ကျုံးဟဲ့ ကိုယ်တိုင်လည်း ထိုအချက်ကို တွေ့ရှိချိန်၌ အလွန် အံ့အားသင့်ခဲ့ရ၏။ ဤမျှ ကြီးမားသော မြေအောက် သင်္ချိုင်းဂူကြီးတွင် လေဝင်လေထွက် ကောင်းအောင် မည်သို့ ဖန်တီးထားသနည်း။
သူ လေ့လာကြည့်ရာ သင်္ချိုင်းဂူသည် မြေအောက် ပေဆယ်ဂဏန်းခန့်တွင် ရှိနေသော်လည်း အနေအထားအရ အတော်လေး မြင့်မားနေကြောင်း တွေ့ရှိခဲ့ရသည်။ ပင်လယ်ရေမျက်နှာပြင် အထက်ပေအရ ဆိုလျှင် ဤသင်္ချိုင်းဂူသည် ပေရာပေါင်းများစွာ မြင့်မားနေ၏။
ချိုင့်ဝှမ်းအတွင်း၌ ရှိနေသော်လည်း အနိမ့်ပိုင်း နေရာများထက် ပေနှစ်ဆယ်ခန့် ပိုမို မြင့်မားနေသည်။ လေခွင်းမြို့သည် တောင်နှစ်လုံးကြားတွင် ရှိသော်လည်း အစစ်အမှန် ချိုင့်ဝှမ်း မဟုတ်ဘဲ အနည်းငယ် ခုံးနေသော မြေမျက်နှာသွင်ပြင် ရှိ၏။
ချိုင့်ဝှမ်းအတွင်း၌ တစ်နှစ်ပတ်လုံး လေတိုက်ခတ်လေ့ ရှိသည်။ ယွင်ကျုံးဟဲ့က သင်္ချိုင်းဂူ၏ ယန္တရားကို ဖွင့်လိုက်ချိန်တွင် လေဝင်ပေါက် အားလုံး ပွင့်သွားခဲ့ခြင်း ဖြစ်၏။ နေရာအနှံ့တွင် ဖုံးကွယ်ထားသော အရွယ်အစား အမျိုးမျိုးရှိသည့် လေဝင်ပေါက် ရာပေါင်းများစွာ ရှိနေသည်။
ဤအခြေအနေက အချို့သော ကျောက်မီးသွေးတွင်းများထက်ပင် များစွာ ကောင်းမွန်နေသေး၏။ ရှေးခေတ်တည်းက မြေအောက် ပေဆယ်ပေါင်းများစွာ နက်သော သတ္တုတွင်းများတွင် လေဝင်လေထွက် ရအောင် ဖန်တီးနိုင်ခဲ့ကြသည်။ ဤမြေအောက် သင်္ချိုင်းဂူအတွင်း၌ အချိန်ကြာကြာနေလျှင် လေအေးများ ဝင်ရောက်လာသည်ကိုပင် ခံစားရနိုင်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒီရက်ပိုင်းအတွင်းမှာ ကျုပ်တို့ ဒီသင်္ချိုင်းဂူထဲကို ခဏခဏ လာခဲ့တယ်။ အခုဆိုရင် လျှို့ဝှက် ဝင်ထွက်ပေါက် ခုနစ်ပေါက်ကို တွေ့ထားပြီးပြီ။ နောက်ထပ်လည်း ဆက်လက် ရှာဖွေနေဆဲပါ။”
ဖုန်းရှင်းမြဲ့က မေးလိုက်၏။ “ဒီမြေအောက် သင်္ချိုင်းဂူ အကြောင်းကို အခု ဘယ်နှစ်ယောက် သိထားလဲ။”
ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “ကျုပ်တို့ ဘယ်သူ့ကိုမှ မပြောထားပါဘူး။ ကျုပ်နဲ့ ကျင်းကျုံးယွဲ့ နှစ်ယောက်တည်းပဲ သိသေးတာပါ။”
ဖုန်းရှင်းမြဲ့က ထပ်မေးလိုက်၏။ “ဒါဆို အရင်က ပြိုကျပြီး လူရှစ်သောင်း သေသွားခဲ့တာကရော။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “အခုချိန်ထိ လူတိုင်းက မြေအောက် ရေကန်ရဲ့ ရေမျက်နှာပြင် ကျဆင်းသွားလို့ ဖြစ်တာလို့ပဲ ထင်နေကြတယ်။ တကယ်တော့ ဒါက မူလက မြေအောက် ရေကန် တစ်ခုပဲ။ နုဧကရာဇ်က အပေါ်ယံမှာ ပြဒါးတွေ ဖြန်းပြီး သင်္ချိုင်းဂူရဲ့ ပင်လယ်အဖြစ် ဖန်တီးလိုက်တာ။
မြေအောက် ရေကန်တွေ ရှိတဲ့ နေရာတွေမှာ မြေပြိုတာက ဖြစ်တတ်တဲ့ သဘာဝပဲလေ။ သင်္ချိုင်းဂူကြောင့်လို့ ဘယ်သူမှ မတွေးမိကြဘူး။ မြေပြိုသွားပြီးတဲ့နောက်မှာ ရေတွေ အများကြီး ထွက်လာခဲ့သေးတယ်။ ပြီးတော့ ဒီလောက် ကြီးကျယ်တဲ့ မြေအောက် သင်္ချိုင်းဂူကြီး ရှိနေလိမ့်မယ်လို့ ဘယ်သူမှ စိတ်ကူးမယဉ်ရဲကြဘူးလေ။”
စတုတ္ထမင်းသား ယင်ချွဲ့ ခေါင်းညိတ်လိုက်၏။ သူသည် တော်ဝင်မင်းသား ဖြစ်သောကြောင့် မြေအောက် သင်္ချိုင်းဂူများနှင့် ပတ်သက်၍ အသိဆုံး ဖြစ်၏။
ဧရိယာ ဧကရာပေါင်းများစွာ ရှိသော မြေအောက်နန်းတော်ဆိုလျှင်ပင် အလွန် ကြီးကျယ်ခမ်းနားနေပြီ ဖြစ်၏။ ယခု မျက်မှောက်ရှိ အလျား မိုင်ဆယ်ကျော်၊ အနံ လေးငါးမိုင်ခန့် ရှိသော မြေအောက် သင်္ချိုင်းဂူကြီးမှာ လုံးဝ စိတ်ကူး၍ပင် မရနိုင်ပေ။
အမှန်တကယ်၌ ထန်ထိုင်မိသားစု၏ ကောက်ချက်ဖြစ်စေ၊ တောင်ပိုင်းကျိုးအင်ပါယာ၏ ထောက်လှမ်းရေး သတင်းများဖြစ်စေ ဤအတိုင်းပင် ဖြစ်သည်။
လေခွင်းမြို့ တောင်ဘက်ရှိ မြေကွက်လပ်ကြီး ပြိုကျကာ စစ်သည် ရှစ်သောင်း သေဆုံးခဲ့ရခြင်းမှာ မြေအောက် ရေကြောများ ပေါင်းဆုံကာ မြေအောက်မြစ် ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်ပြီး လွန်ခဲ့သော လအနည်းငယ်အတွင်း မိုးခေါင်မှုကြောင့် မြေအောက် ရေမျက်နှာပြင် ကျဆင်းကာ ပြိုကျရခြင်း ဖြစ်သည်ဟုသာ ယုံကြည်ထားကြ၏။
.......................
အပိုင်း (၁၆၈)
ယွင်ကျုံးဟဲ့က ဦးညွတ်လိုက်သည်။ “စတုတ္ထမင်းသား... ကျုပ်က စစ်တိုက်တဲ့ အကြောင်းကို နားမလည်ပါဘူး။ ဒါကြောင့် ကျုပ် ပြောမယ့် အကြံအစည်က ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာကို မင်းသားပဲ ဆုံးဖြတ်ပေးပါ။”
ယင်ချွဲ့က စိတ်ဝင်တစား မေးလိုက်၏။ “ပြောပါအုံး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အနောက်နိုင်ငံတွေမှာ ထင်ရှားတဲ့ ပုံပြင် တစ်ပုဒ် ရှိတယ်။ ထရိုဂျန် မြင်းသစ်သားရုပ် ပုံပြင်တဲ့။ စစ်တပ် တစ်တပ်ကို သစ်သားမြင်းရုပ်ကြီးထဲမှာ ပုန်းအောင်းစေပြီး ရန်သူက အဲဒီ သစ်သားမြင်းရုပ်ကြီးကို မြို့ထဲ သယ်သွားအောင် လှည့်စားတာပဲ။
ညဘက် လူတွေ အကုန် အိပ်ပျော်နေတဲ့ အချိန်ကျမှ အဲဒီ စစ်တပ်က သစ်သားမြင်းရုပ်ထဲက ထွက်လာပြီး အိပ်မောကျနေတဲ့ ရန်သူတွေကို သတ်ဖြတ်ပြီး မြို့တစ်မြို့လုံးကို သိမ်းပိုက်လိုက်တယ်။”
ယင်ချွဲ့သည် စကားမဖြတ်ဘဲ နားထောင်နေသည်။ ယွင်ကျုံးဟဲ့ ဘာကို ဆိုလိုချင်ကြောင်း သူ သဘောပေါက်နေပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့ ဆက်ပြောသည်။ “မင်းသားရဲ့ စစ်သည် တစ်သိန်းက ဒုက္ခသည်တွေအဖြစ် ရုပ်ဖျက်ပြီး ဝင်လာခဲ့တာ။ ဒီအချိန်မှာ လေခွင်းမြို့ထဲကို ဝင်လာတဲ့ ဒုက္ခသည်တွေ အများကြီး ရှိနေတော့ ရန်သူက တာယင်အင်ပါယာ တပ်တော် ရောက်နေပြီ ဆိုတာကို လုံးဝ သိမှာ မဟုတ်ဘူး။
ဒါကြောင့် စစ်သည် တစ်သိန်း မြို့ထဲ ရောက်တာနဲ့ ဒီမြေအောက် သင်္ချိုင်းဂူထဲကို တိုက်ရိုက် ဝင်လာပြီး အသံတိတ် ပုန်းအောင်းနေမယ်။ ဒီမှာ သံချပ်ကာတွေ၊ လက်နက်တွေ လုံလုံလောက်လောက် ရှိတယ်။ မင်းသားရဲ့ စစ်သည် တစ်သိန်းကို တပ်ဆင်ပေးဖို့ လုံလောက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းသားရဲ့ တပ်ကလည်း အမြန် ချီတက်နိုင်ဖို့ ဘာလက်နက်မှ ယူမလာခဲ့ဘူး။”
သူက ဆက်ရှင်းပြလိုက်၏။ “လေခွင်းမြို့ထဲမှာ ရိက္ခာတွေ အများကြီး ရှိတယ်။ ရိက္ခာတွေနဲ့ သောက်ရေတွေကို ဒီမြေအောက် သင်္ချိုင်းဂူထဲကို အကုန် သယ်လာလို့ ရတယ်။ နောက်ပိုင်း တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်သည် နှစ်သိန်းကျော် နီးကပ်လာတာနဲ့အမျှ လေခွင်းမြို့က ပြည်သူတွေ သေချာပေါက် ထွက်ပြေးကြတော့မယ်။
အဲဒီအချိန်ကျရင် ကျင်းကျုံးယွဲ့က မြို့ကို စွန့်ခွာကြောင်း ကြေညာပြီး တပ်တွေ အားလုံးကို ခေါ်ထုတ်သွားမယ်။ လေခွင်းမြို့က မြို့ပျက်ကြီး တစ်ခု ဖြစ်သွားလိမ့်မယ်။ တောင်ပိုင်းကျိုးအင်ပါယာ တပ်တော်က လေခွင်းမြို့ကို ဝင်သိမ်းတဲ့အခါ မြို့ထဲမှာ လူသူကင်းမဲ့နေတာကို တွေ့ရမယ်။
ညဘက် ရောက်တဲ့အခါ ကျုပ်တို့ရဲ့ တပ်တွေ မြေပြင်ပေါ်ကို ထွက်လာပြီး တောင်ပိုင်းကျိုးအင်ပါယာရဲ့ တပ်တော်ကို အကုန်လုံး သတ်ဖြတ် ချေမှုန်းလိုက်မယ်။ ဒါက ထရိုဂျန် မြင်းသစ်သားရုပ် ပုံပြင်ကို အသက်သွင်းလိုက်တာပဲ။ စစ်မှန်တဲ့ မြို့လွတ် ဗျူဟာပဲ။ ကျုပ် စစ်မတိုက်ဖူးလို့ ဒီအကြံအစည် ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာကို မသိဘူး။”
ဖုန်းရှင်းမြဲ့နှင့် ယင်ချွဲ့တို့ စဉ်းစားခန်း ဝင်သွားကြသည်။
အတန်ကြာမှ စတုတ္ထမင်းသား ယင်ချွဲ့က ပြောလိုက်၏။ “အန္တရာယ် အရမ်း များတယ်။ ပြီးတော့ အခက်အခဲ တချို့ ရှိတယ်။ ပထမအချက်၊ ရန်သူက အရမ်း သံသယ ကြီးတယ်။ မြို့ထဲ မဝင်ခဲ့ရင် ဒါမှမဟုတ် တပ်တချို့ကိုပဲ မြို့ထဲ လွှတ်ခဲ့ရင် ဘယ်လို လုပ်မလဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “မြို့တောင်ဘက်က ပြိုကျထားတဲ့အတွက် မြေမျက်နှာသွင်ပြင်က အရမ်း ဆိုးရွားတယ်။ စခန်းချလို့ မရဘူး။ မြောက်ဘက်ကလည်း ကျဉ်းမြောင်းတော့ စခန်းချရင်တောင် စစ်သည် အများကြီး နေလို့ မရဘူး။”
စတုတ္ထမင်းသား ယင်ချွဲ့က မေးလိုက်၏။ “ဒုတိယအချက် ဒီမြေအောက် သင်္ချိုင်းဂူရဲ့ ဝင်ထွက်ပေါက်တွေကို ရန်သူ တွေ့သွားနိုင်မလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “တွေ့လွယ်တဲ့ ဝင်ထွက်ပေါက် အားလုံးကို ပိတ်ပစ်လိုက်မယ်။ ပြီးတော့ အလုံခြုံဆုံးနဲ့ အလျှို့ဝှက်ဆုံး ဝင်ထွက်ပေါက်တွေကို အသစ်တူးမယ်။ ရန်သူက လေခွင်းမြို့ကို အခုမှ စပြီး ဝင်လာမှာဆိုတော့ မြို့ အနေအထားကို ရင်းနှီးမှာ မဟုတ်ဘူး။ ဒီလောက် ကြီးမားတဲ့ မြို့ကြီးထဲမှာ လျှို့ဝှက် ဝင်ထွက်ပေါက်တွေကို ရှာဖို့ ဆိုတာ ပင်လယ်ထဲမှာ အပ်ကျတာ ရှာသလို ခက်ခဲပါလိမ့်မယ်။”
စတုတ္ထမင်းသား ယင်ချွဲ့က ထပ်ပြောလိုက်၏။ “စစ်သည် တစ်သိန်းအတွက် လျှို့ဝှက် ဝင်ထွက်ပေါက် အရမ်း များရင် ပေါ်သွားလွယ်တယ်။ ဝင်ထွက်ပေါက် နည်းပြန်ရင်လည်း စစ်သည် တစ်သိန်းလုံး မြေပြင်ပေါ် ထွက်လာဖို့ ဘယ်လောက် အချိန်ယူရမလဲ မသိနိုင်ဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒီပြဿနာက ဖြေရှင်းလို့ မရနိုင်တဲ့ အခြေအနေထိ ရောက်နေပြီလား။”
ယင်ချွဲ့က ခေါင်းခါလိုက်၏။ “အဲဒီလောက်တော့ မဟုတ်ပါဘူး။ အကယ်၍ ဝင်ထွက်ပေါက် အားလုံးက အရမ်း လျှို့ဝှက်ပြီး လေခွင်းမြို့ တစ်မြို့လုံးကို ဖြန့်ကြက်ထားမယ်ဆိုရင် ဝင်ထွက်ပေါက် သုံးဆယ်ကျော်လောက် ရှိတာနဲ့ နာရီဝက် အတွင်းမှာ စစ်သည် တစ်သိန်းလုံး မြေပြင်ပေါ် ရောက်လာဖို့ ဖြစ်နိုင်ပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ကျုပ်တို့ရဲ့ တပ်တွေ အောင်မြင်စွာ မြေပြင်ပေါ် ထွက်လာနိုင်မယ် ဆိုရင် ဒီစစ်ပွဲကို နိုင်နိုင်မလား။”
ယင်ချွဲ့က ရယ်ကာ ပြောလိုက်၏။ “အဲဒီလို အခြေအနေမျိုးမှာတောင် မနိုင်ဘူး ဆိုရင်တော့ တကယ့် ဟာသကြီး ဖြစ်သွားတော့မှာပဲ။”
အမှန်ပင် ဖြစ်၏။ ရန်သူ့တပ်ကြီး မြို့ထဲ ဝင်လာပြီးနောက် သံချပ်ကာများ ချွတ်ထားကြမှာဖြစ်ပြီး အများစုမှာ အိပ်ပျော်နေကြမှာ ဖြစ်သည်။
ထို့အပြင် မြို့ထဲတွင် ကြီးမားသော စစ်တန်းလျားများ မရှိသောကြောင့် လူစုကွဲကာ နေအိမ် အသီးသီးတွင် အိပ်စက်နေကြပေလိမ့်မည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် နောက်ကျောမှ သွားရောက် တိုက်ခိုက်ပါလျက်နှင့် မနိုင်သေးလျှင် လည်ပင်းသာ ဖြတ်သေလိုက်သင့်တော့၏။
ယင်ချွဲ့က ပြောလိုက်သည်။ “အဓိက ပြဿနာက အရင်က ဒီလို စစ်ရေးစစ်ရာ ဥပမာမျိုး မရှိခဲ့ဖူးဘူး။ အဆင့်တိုင်းကို ဘယ်တုန်းကမှ လေ့ကျင့်ထားဖူးတာ မဟုတ်ဘူး။ တချို့ကိစ္စတွေက ခေါင်းထဲမှာ စဉ်းစားတဲ့အခါ ဖြစ်နိုင်တယ်လို့ ထင်ရပေမဲ့ တကယ့် လက်တွေ့မှာကျတော့ မဖြစ်နိုင်ဘူး။ တချို့ကိစ္စတွေကျတော့ အစီအစဉ် ဆွဲတဲ့အခါ မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ လက်တွေ့မှာကျတော့ ဖြစ်နိုင်နေတတ်တယ်။”
ယွင်ကျုံးဟဲ့က ဦးညွတ်လိုက်၏။ “ကျုပ်က အကြံဉာဏ်ပေးရုံသက်သက်ပါ။ ကျန်တာ အကုန်လုံး မင်းသားပဲ ဆုံးဖြတ်ပါ။”
ယင်ချွဲ့ စဉ်းစားခန်း ဝင်သွားသည်။ ယွင်ကျုံးဟဲ့၏ အကြံအစည်တွင် အန္တရာယ် တစ်စုံတစ်ရာ ရှိနေ၏။ အထူးသဖြင့် တပ်တော်ကြီး မြေအောက် သင်္ချိုင်းဂူထဲမှ မြေပြင်ပေါ်သို့ ထွက်လာမည့် အချိန်တွင် ဖြစ်သည်။
သို့သော် ရရှိမည့် အကျိုးအမြတ်က ပို၍ ကြီးမားလှ၏။ အကျိုးအမြတ်နှင့် အန္တရာယ်က လုံးဝ အချိုးမညီပေ။ အကယ်၍ အောင်မြင်သွားခဲ့လျှင် ရန်သူ့စစ်သည် နှစ်သိန်းတစ်သောင်းလုံးကို တစ်ယောက်မကျန် ချေမှုန်းနိုင်မှာဖြစ်ပြီး စစ်ပွဲ အနိုင်ရပြီဟု တိုက်ရိုက် ကြေညာနိုင်ပေလိမ့်မည်။
သို့ပေမည့် အန္တရာယ် ရှိနေသည်ကတော့ အမှန်ပင်။ ဥပမာ - လက်ထဲ ရောက်နေသော လေခွင်းမြို့ကို ရန်သူ့လက်ထဲ အပ်လိုက်ပြီး ရန်သူကို မြို့ထဲ ဝင်လာအောင် မြှူဆွယ်ရမှာ ဖြစ်၏။
မည်သို့ပင် ဖြစ်စေ တပ်တော်ကြီးသည် မြေအောက် သင်္ချိုင်းဂူထဲသို့ မဖြစ်မနေ ဝင်ရမည်။ အဘယ်ကြောင့် ဆိုသော် စစ်သည်ရွှံ့ရုပ် တစ်သိန်း၏ သံချပ်ကာနှင့် လက်နက်များကို တာယင်အင်ပါယာ စစ်သည် တစ်သိန်းက ရယူရမည် ဖြစ်သောကြောင့်ပင်။
လုံခြုံရေးအတွက် ကျင်းမိသားစု၏ တပ်များကို ဤမြေအောက် သင်္ချိုင်းဂူ အကြောင်း အသိပေး၍ မဖြစ်ပေ။ အသေချာဆုံး နည်းလမ်းမှာ စစ်သည် တစ်သိန်းအတွက် သံချပ်ကာနှင့် လက်နက်များကို ထုတ်ယူကာ တပ်ဆင်ပေးပြီးနောက် မြို့ခံစစ်ကို စတင်ရန်သာ ဖြစ်၏။
စစ်သည် တစ်သိန်းဖြင့် မြို့ကို ကာကွယ်ကာ ရန်သူ့စစ်သည် နှစ်သိန်းတစ်သောင်း၏ တိုက်စစ်ကို ရင်ဆိုင်ရမည် ဖြစ်သည်။ ဤစစ်ပွဲက တကယ်တမ်းတွင် တိုက်ခိုက်နိုင်စွမ်း ရှိ၏။ သို့သော်ငြား အလွယ်တကူပင် အသားကြိတ်စက်ကြီးအလား သွေးထွက်သံယိုများသော စစ်ပွဲကြီး ဖြစ်သွားနိုင်သည်။
လေခွင်းမြို့ စစ်ပွဲတွင် နေ့စဉ် လူများ သေဆုံးနေမည် ဖြစ်သော်လည်း အနိုင်အရှုံး ခွဲခြားရန် ခက်ခဲကာ လပေါင်းများစွာ ကြာမြင့်သွားနိုင်ကြောင်း ယင်ချွဲ့ ခန့်မှန်းနိုင်၏။
ထို့နောက် နှစ်ဖက်စလုံးမှ စစ်ကူများ ဆက်တိုက် စေလွှတ်ကြပေမည်။ တစ်ဖက်က ဝိုင်းရံထားပြီး စစ်ကူများကို တိုက်ခိုက်မည်။ ဝိုင်းရံခြင်းနှင့် ဝိုင်းရံခံရခြင်းများ ဖြစ်ပေါ်လာမည်။ နောက်ဆုံးတွင် လေခွင်းမြို့ ပတ်ဝန်းကျင်၌ အင်ပါယာကြီး နှစ်ခု၏ အကြီးမားဆုံး စစ်ပွဲကြီး အဖြစ်သို့ ပြောင်းလဲသွားကာ အင်အား အားလုံးနီးပါးကို လေခွင်းချိုင့်ဝှမ်း စစ်မြေပြင်ထဲသို့ ထည့်သွင်းလာရပေမည်။
စစ်မြေပြင် ပိုမို ကြီးမားလာသည်နှင့်အမျှ အင်ပါယာ နှစ်ခုစလုံးက အင်အား ကုန်ခမ်းသည်အထိ ဆက်တိုက် တပ်များ ထပ်မံ စေလွှတ်ရမှာ ဖြစ်သည်။
ယွင်ကျုံးဟဲ့၏ အကြံအစည်အတိုင်း လုပ်ဆောင်မည် ဆိုပါက အန္တရာယ်ကို ရင်ဆိုင်ရမည် ဖြစ်သော်လည်း အနိုင်ရခဲ့လျှင် ကြီးမားသော အောင်ပွဲကြီး ဖြစ်သွားမည်။ အံ့မခန်း အောင်ပွဲကြီး တစ်ဖက်သတ် အနိုင်ရမည့် အောင်ပွဲကြီး ဖြစ်၏။
ယင်ချွဲ့သည် သူ ယခင်က တိုက်ခဲ့ဖူးသော စစ်ပွဲများတွင် ဤကဲ့သို့သော ဥပမာမျိုး ရှိခဲ့သလား ဆိုသည်ကို ခေါင်းထဲတွင် ဆက်တိုက် ပြန်လည် စဉ်းစားနေမိသည်။ သို့မဟုတ် သမိုင်းတွင် ဤကဲ့သို့ ဥပမာမျိုး ရှိခဲ့သလား။ မရှိခဲ့သည်တော့ မဟုတ်ပေ။ သို့ပေမည့် အရွယ်အစားက ဤထက် များစွာ သေးငယ်လှသည်။
ဆုံးဖြတ်ရ အလွန် ခက်ခဲလွန်းလှ၏။ တည်တည်ငြိမ်ငြိမ်ဖြင့် သေသေချာချာ တိုက်ခိုက်မည်လား။ သို့မဟုတ် ထူးဆန်းသော အကြံအစည်ဖြင့် အန္တရာယ်ကို ရင်ဆိုင်ကာ အကြီးမားဆုံး အောင်ပွဲကို ရယူမည်လား။
ယင်ချွဲ့သည် သူ၏ ခေါင်းကို နံရံနှင့် ဆောင့်ချင်စိတ် ပေါ်လာသော်လည်း ဘေးတွင် လူများ ရှိနေပြီး နံရံလည်း မရှိသောကြောင့် ထိုစိတ်ကို ချက်ချင်း ဖိနှိပ်လိုက်၏။
တောင်ပိုင်းကျိုးအင်ပါယာ တပ်တော်က လေခွင်းမြို့ဆီသို့ ဆက်တိုက် နီးကပ်လာနေပြီ ဖြစ်သောကြောင့် သူ အမြန်ဆုံး ဆုံးဖြတ်ချက် ချရမှာ ဖြစ်သည်။ ဆုံးဖြတ်ချက် ချပြီးသွားလျှင် ပြန်လည် ပြောင်းလဲ၍ မရနိုင်တော့ဘဲ အစွမ်းကုန် အားထုတ်ရပေတော့မည်။
ယွင်ကျုံးဟဲ့၏ အကြံအစည်က အလွန် ကောင်းမွန်သော်လည်း အလွန် ထူးဆန်းလွန်းပြီး ယခင်က တစ်ကြိမ်မှ မရှိခဲ့ဖူးပေ။ သို့ပေမည့် ယွင်ကျုံးဟဲ့၏ အကြံအစည်များက အမြဲတမ်း ဤကဲ့သို့ပင် အလွန် ထူးဆန်းလွန်းလှ၏။
မဟုတ်သေးချေ။ ပို၍ တိတိကျကျ ဆိုရလျှင် ဤတစ်ကြိမ် သူ၏ အကြံအစည်က အသေချာဆုံး အကြံအစည် ဖြစ်နေခြင်း ဖြစ်သည်။ ယခင် အကြံအစည်များက ပို၍ ထူးဆန်းပြီး အန္တရာယ် များသော်လည်း အကြိမ်တိုင်း အောင်မြင်ခဲ့သည်ချည်းပင်။
အကယ်၍ အောင်မြင်သွားခဲ့လျှင် ဤစစ်ပွဲကို တိုက်ရိုက် အနိုင်ရသွားပြီ ဖြစ်သည်။ တာယင်အင်ပါယာ အနေဖြင့် လူသိန်းနှင့်ချီ အသက်မသေရတော့ဘဲ စစ်ပွဲကို လပေါင်းများစွာ ကြိုတင် အနိုင်ရနိုင်မှာ ဖြစ်သည်။
ယင်ချွဲ့က ပြောလိုက်၏။ “မြို့စား ကျင်းကျုံးယွဲ့၊ ယွင်ကျုံးဟဲ့... ကျုပ် ခြောက်နာရီကြာရင် ဆုံးဖြတ်ချက် ချပေးမယ်။ ကျုပ် တစ်ယောက်တည်း ဒီမြေအောက် သင်္ချိုင်းဂူထဲမှာ ကျန်ခဲ့ပြီး စဉ်းစားချင်တယ်။ ခင်ဗျားတို့ လေခွင်းမြို့ရဲ့ အသေးစိတ် မြေပုံကို ထားခဲ့ပေးပါ။ ဒီမြေအောက် သင်္ချိုင်းဂူရဲ့ မြေမျက်နှာသွင်ပြင်နဲ့ ကိုက်ညီတဲ့မြေပုံ... မဟုတ်ဘူး။ ဝင်ထွက်ပေါက် အားလုံးပါတဲ့ မြေပုံဆိုရင် ပိုကောင်းမယ်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပါပြီ။ အကယ်၍ ဝင်ထွက်ပေါက် အသစ်တွေ တူးရမယ် ဆိုရင်လည်း မင်းသားရဲ့ စစ်သည်တွေကိုပဲ သုံးရပါလိမ့်မယ်။ ဒီမြေအောက် သင်္ချိုင်းဂူ ရှိနေတာကို ဘယ်သူ့ကိုမှ သိခွင့်ပေးလို့ မရပါဘူး။”
ယင်ချွဲ့က သဘောတူလိုက်၏။ “ကောင်းပြီ။”
ယွင်ကျုံးဟဲ့က အလွန် အသေးစိတ်ကျသော မြေပုံအချို့ကို ထုတ်ပေးခဲ့၏။ ထို့နောက် သူတို့သည် မြေအောက် သင်္ချိုင်းဂူထဲမှ ထွက်ခွာလာခဲ့ကြပြီး စတုတ္ထမင်းသား ယင်ချွဲ့ တစ်ယောက်တည်းကိုသာ တွေးတောစဉ်းစားရန် ထားခဲ့သည်။
မြေပြင်ပေါ်ရှိ မြို့စားအိမ်တော်သို့ ပြန်ရောက်ချိန်မှာတော့ ယွင်ကျုံးဟဲ့သည် အမှတ် (၉) လူနာ ကွမ်တမ်ကို ထပ်ခါတလဲလဲ မေးမြန်းပြန်၏။
“ကွမ်တမ် ဒါက စစ်သည် တစ်သိန်းရဲ့ အသက်နဲ့ သက်ဆိုင်တယ်။ တာယင်အင်ပါယာရဲ့ အနိုင်အရှုံးနဲ့ သက်ဆိုင်တယ်။ ကျေးဇူးပြုပြီး ကျုပ်ကို နောက်တစ်ခါ ပြောပြပါအုံး။ အကယ်၍ ကျုပ်ရဲ့ ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည်အတိုင်း လုပ်ရင် နိုင်ဖို့ ရာခိုင်နှုန်း ဘယ်လောက် ရှိလဲ။”
ယွင်ကျုံးဟဲ့က ဆယ့်သုံးကြိမ်မြောက် မေးမြန်းနေခြင်း ဖြစ်သည်။
ကွမ်တမ်က ဖြေလိုက်၏။ “ကျုပ် ဆယ့်သုံးကြိမ်တိုင်တိုင် တွက်ချက်ပြီးပါပြီ။ ခင်ဗျား ပေးထားတဲ့ အချက်အလက်တွေအရ ကျုပ်တို့ နိုင်ဖို့ ရာခိုင်နှုန်း ၈၅ ရာခိုင်နှုန်း ကျော်ပါတယ်။ ပြီးတော့ ဝင်ထွက်ပေါက် အားလုံးကိုလည်း တွက်ချက်ထားပြီးပြီ။
ဘယ်ဝင်ထွက်ပေါက်ကို ဘယ်နေရာမှာ တူးရမလဲ ဆိုတာကို လပေါင်းများစွာ တွက်ချက်ထားခဲ့တာပါ။ ရာသီဥတုနဲ့ လေတိုက်နှုန်းကိုတောင် တွက်ချက်ထားပြီးပါပြီ။ ကျုပ်တို့ရဲ့ နိုင်ဖို့ ရာခိုင်နှုန်းက ၈၅ ဒသမ ၇ ရာခိုင်နှုန်း ရှိပါတယ်။”
ယွင်ကျုံးဟဲ့က နားမလည်နိုင်သလို မေးလိုက်သည်။ “ဒီလောက် အနိုင်ရဖို့ ရာခိုင်နှုန်း မြင့်နေတာကို ဘာလို့ စတုတ္ထမင်းသားက ဒီလောက် သတိထားနေရတာလဲ။”
ကွမ်တမ်က ဖြေလိုက်၏။ “ဘာလို့လဲဆိုတော့ အရင်က ဥပမာ မရှိခဲ့လို့၊ ပြီးတော့ ကြိုတင် လေ့ကျင့်လို့ မရလို့ပါ။ အင်အား အနည်းငယ်နဲ့ အင်အား အများကြီးကို အနိုင်ယူဖို့ ကြိုးစားရတာ အရမ်း ကြမ်းတမ်းလွန်းတယ်။ အဲဒါကြောင့် သူ့ကို ပိုပြီး သတိထားစေတာပါ။
ဒါက နာမည်ကျော် စစ်သူကြီး တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းပါပဲ။ ဒါပေမဲ့ ရဲရဲဝံ့ဝံ့ စွန့်စားတတ်တာနဲ့ ပြတ်သားတာကလည်း နာမည်ကျော် စစ်သေနာပတိ တစ်ယောက်ရဲ့ အရည်အချင်းပါပဲ။”
.......................