← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 15 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 15 Ch. 169-170

အပိုင်း (၁၆၉)

၈၅ ဒသမ ၇ ရာခိုင်နှုန်း ရှိသော အနိုင်ရနိုင်ခြေ၊ ထို့အပြင် တစ်ကြိမ် အနိုင်ရသွားသည်နှင့် တောင်ပိုင်းကျိုး အင်ပါယာနှင့် ထန်ထိုင်မိသားစုတို့၏ မဟာမိတ်စစ်သည် နှစ်သိန်းတစ်သောင်းလုံးကို တစ်ယောက်မကျန် ချေမှုန်းနိုင်မှာ ဖြစ်၏။

ဤစစ်ပွဲကို တိုက်ရိုက် အနိုင်ရသွားပြီး တာယင်အင်ပါယာက ပိုင်ရှင်မဲ့ နယ်မြေ အများစုကို သိမ်းပိုက်နိုင်လိမ့်မည်။

ကျင်းကျုံးယွဲ့သည်လည်း ပြည်နယ် စစ်သေနာပတိ ဖြစ်လာကာ မြို့စားကြီး အဆင့်ထိပင် ချီးမြှင့်ခံရနိုင်ချေ ရှိ၏။

ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော အောင်ပွဲကြီးသည် ထန်ထိုင်မိသားစု၏ စစ်သည် ရှစ်သောင်းကို အနိုင်ယူခဲ့ခြင်းထက် များစွာ ကြီးကျယ်ခမ်းနားလှသည်။ အကြောင်းမူ ဤသည်မှာ တောင်ပိုင်းကျိုး အင်ပါယာ၏ အဓိက တပ်တော်ကြီး ဖြစ်နေသောကြောင့်ပင်။

ကွမ်တမ်က ထပ်မံ၍ ပြောလိုက်သည်။ “တကယ်တော့ စတုတ္ထမင်းသားက ဆုံးဖြတ်ချက် ချပြီးနေပါပြီ။ သူက ခေါင်းထဲမှာ နောက်ဆုံး အနေနဲ့ တွက်ချက်မှုတွေ လုပ်ပြီး အန္တရာယ်နဲ့ အကျိုးအမြတ်ကို တွက်ချက်နေရုံ သက်သက်ပါ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကွမ်တမ် အခု ခင်ဗျား သိထားသလောက်ဆိုရင် စတုတ္ထမင်းသားက ဘယ်လို လူမျိုးလဲ။”

ကွမ်တမ်က ဖြေသည်။ “မိတ်ဆွေကောင်း တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဧကရာဇ် ဖြစ်ဖို့တော့ မသင့်တော်ပါဘူး။ လုံးဝ မသင့်တော်ဘူး။ ပြီးတော့ ခင်ဗျားနဲ့ သူက တစ်သက်တာ မိတ်ဆွေကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ ထင်တယ်။ သူက ခင်ဗျားရဲ့ ဘဝမှာ အရေးအပါဆုံးလူ ဖြစ်လာလိမ့်မယ်။ ကံကြမ္မာ အရကို ရေစက်ဆုံတဲ့ အဆင့်မျိုးပေါ့။”

ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး တုန်တက်သွား၏။ ဤမျှအထိ ထူးဆန်းသော စကားမျိုး ဖြစ်နေသည်လား။ သူ့တွင် လမင်းလေး ရှိနေပြီ ဖြစ်ပြီး ယောကျ်ားများကို စိတ်မဝင်စားပေ။

ထို့နောက် ယွင်ကျုံးဟဲ့သည် စတုတ္ထမင်းသား ယင်ချွဲ့ ထွက်လာကာ နောက်ဆုံး ဆုံးဖြတ်ချက် ချပေးမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

ထိုစဉ်မှာပင် လန်ပိ ရုတ်တရက် အပြေးအလွှား ဝင်လာကာ အော်ဟစ်လိုက်၏။ “သခင်လေးယွင်... မြို့စားကြီး နိုးလာပြီ။”

ယွင်ကျုံးဟဲ့ အံ့အားသင့်သွားသည်။ သူ့အိမ်က လမင်းလေး အမြဲတမ်း နိုးနေသည် မဟုတ်လား။

လန်ပိက ဆက်ပြောလိုက်၏။ “မြို့စားဟောင်းလေ။ မြို့စားကြီး ကျင်းအဲ့ နိုးလာတာ။ သူ ရုတ်တရက် နိုးလာပြီး သခင်လေးယွင်ကို တွေ့ချင်နေတယ်။ အလွန် အရေးကြီးတဲ့ ပြောစရာစကား ရှိလို့တဲ့။ အရေးပေါ်ပဲ။”

ယွင်ကျုံးဟဲ့ လုံးဝ တုန်လှုပ်သွားသည်။ ‘ကျင်းကျုံးယွဲ့ရဲ့ အဖေ ကျင်းအဲ့ နိုးလာပြီလား။’

ယခင်က ကျင်းအဲ့ကို ကယ်တင်ရန် သူ မစဉ်းစားခဲ့သည် မဟုတ်ပေ။ သို့သော်ငြား နည်းလမ်း မရှိခဲ့ပေ။ ယခု သူကိုယ်တိုင် နိုးလာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ ထို့အပြင် အလွန် အရေးကြီးသော ပြောစရာ စကား ရှိနေသည်လား။ ဘာစကားနည်း။ ဘာကိစ္စနည်း။

ယွင်ကျုံးဟဲ့၏ ရင်ဘတ်ထဲမှ နှလုံးသားက အလိုအလျောက် ပြင်းထန်စွာ ခုန်ပေါက်လာပြီး မျက်ခွံများလည်း ဆက်တိုက် လှုပ်လာ၏။

‘ကောင်းကင်ဘုံ... ဘယ်ညာ မျက်ခွံ နှစ်ခုလုံး တပြိုင်နက် လှုပ်နေတာက ကောင်းတဲ့ အတိတ်နိမိတ်လား။ ဒါမှမဟုတ် ဆိုးရွားတဲ့ ကပ်ဘေးလား။’

…………..

ယွင်ကျုံးဟဲ့ နားမလည်နိုင်သော ကိစ္စတစ်ခု ရှိနေ၏။ မြို့စားကြီး ကျင်းအဲ့သည် ယွင်ကျုံးဟဲ့ကို လုံးဝ မသိကျွမ်းပေ။ လွန်ခဲ့သော တစ်နှစ်တာ ကာလအတွင်း သူသည် သတိလစ် မေ့မြောနေခဲ့ရာ ယွင်ကျုံးဟဲ့ကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ထို့ကြောင့် သူသည် ယွင်ကျုံးဟဲ့ အပေါ် မည်သည့် ယုံကြည်မှု၊ ရင်းနှီးကျွမ်းဝင်မှုမှ ရှိနိုင်မည် မဟုတ်ချေ။ ဤသို့ဆိုလျှင် သူ့ထံတွင် မည်သည့် အရေးကြီးသော စကားများ ပြောစရာ ရှိနေသနည်း။

ဤအချက်က အလွန် ထူးဆန်းနေသည်။ သို့သော်ငြား မည်သို့ပင်ဖြစ်စေ အရင်ဆုံး သွားကြည့်ရပေလိမ့်မည်။

ယွင်ကျုံးဟဲ့ ကျင်းအဲ့၏ အခန်းရှေ့သို့ ရောက်ချိန်မှာတော့ ကျင်းကျုံးယွဲ့မှာ အခန်းပြင်၌ ရပ်နေပြီ ဖြစ်သည်။ သူမ၏ မျက်ဝန်းများ နီရဲနေပြီး ယွင်ကျုံးဟဲ့ကို တွေ့သည်နှင့် ချက်ချင်း လှမ်းကြည့်လိုက်၏။

ယွင်ကျုံးဟဲ့ အမြန် ရှေ့တိုးသွားကာ သူမ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

“ဒါ ကောင်းတဲ့ ကိစ္စပဲလေ။ ဘာလို့ ငိုနေတာလဲ။” ယွင်ကျုံးဟဲ့က ညင်သာစွာ မေးလိုက်၏။

ကျင်းကျုံးယွဲ့ တစ်ယောက်တည်းသာမက လေခွင်းကတော်၊ ကတိုးမွှေးသခင်မ၊ ကျင်းဝူပြန်း စသော လူအားလုံး အခန်းပြင်တွင် ရပ်နေကြသည်။ လေခွင်းကတော်ဆိုလျှင် အသက်ရှူမဝတော့သည်အထိ ငိုကြွေးနေပြီ ဖြစ်၏။ ဤသည်က ဘာသဘောနည်း။

“ကလေး... ငါ့ယောက်ျားက မင်းကို တွေ့ချင်နေတယ်။ မင်းကို မှာစရာစကား ရှိလို့တဲ့။ မြန်မြန် ဝင်သွားလိုက်ပါ။” လေခွင်းကတော်က ငိုယိုရင်း ပြောလိုက်သည်။

ယွင်ကျုံးဟဲ့ အမြန် ဝင်သွားလိုက်၏။

မြို့စားကြီး ကျင်းအဲ့သည် ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူ၏ ပိန်လှီနေသော ခန္ဓာကိုယ်သည် ခြောက်သွေ့နေသော ထင်းချောင်း တစ်ချောင်းအလား၊ လေတစ်ချက် အဝှေ့တွင် လွင့်ပါသွားနိုင်မည့်ပုံ ပေါက်နေ၏။ သို့ပေမည့် ယခုအချိန်တွင် သူ၏ မျက်နှာက နီမြန်းနေပြီး မျက်လုံးနှစ်လုံးက ထူးဆန်းသော အလင်းရောင်များ တောက်ပနေသည်။

ဤမြင်ကွင်းကို ကြည့်ပြီး လူတိုင်း၏ ခေါင်းထဲတွင် စကားလုံး တစ်လုံး ပေါ်လာနိုင်၏။ မီးစာကုန် ဆီခန်း ဆိုသည့် စကားပင်။

သူ ရုတ်တရက် နိုးလာခြင်း၊ ကျင်းကျုံးယွဲ့၊ ကျင်းဝူပြန်းနှင့် လေခွင်းကတော်တို့ ငိုကြွေးနေကြခြင်းမှာ မဆန်းတော့ပေ။ ဤစကားပြောဆိုမှုသည် သေခါနီး ဆန္ဒအမှာစကား ပါးခြင်းနှင့် တူနေ၏။ ဆွေမျိုးရင်းချာ အားလုံးကို မှာကြားပြီးပြီ ဖြစ်ရာ ယွင်ကျုံးဟဲ့ တစ်ယောက်တည်းသာ ကျန်တော့ခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့ ကျင်းအဲ့၏ ကုတင်ဘေးသို့ ရောက်လာကာ ဆောင့်ကြောင့်ထိုင်လိုက်၏။ လေခွင်းကတော်က ရှေ့တိုးလာပြီး တံခါးကို ပိတ်ပေးလိုက်သည်။ သူတို့ နှစ်ယောက်အတွက် သီးသန့် အချိန် ပေးလိုက်ခြင်း ဖြစ်၏။

“ဟူး... ဟူး... ဟူး...”

ကျင်းအဲ့၏ အသက်ရှူသံတိုင်းက အားအင် အကုန်အစင် သုံးနေရသကဲ့သို့ ပြင်းထန်လို့နေ၏။ နောက်တစ်စက္ကန့်တွင် အသက်ရှူ ရပ်သွားတော့မည့်အလား ထင်မှတ်ရသည်။

ထို့အပြင် သူစိမ်း တစ်ယောက် ဖြစ်သော ယွင်ကျုံးဟဲ့ကို ရင်ဆိုင်ရချိန်တွင် သူ၏ စကားများကို ဘယ်က စပြောရမှန်း မသိဖြစ်နေပုံရ၏။

“ငါ မင်းကို ရင်းနှီးသလိုလို၊ စိမ်းသလိုလို ခံစားရတယ်။”

ကျင်းအဲ့က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “စိမ်းတယ် ဆိုတာက ပထမဆုံးအကြိမ် တွေ့ဖူးလို့ပဲ။ ရင်းနှီးတယ် ဆိုတာကတော့ မင်းနာမည်၊ မင်းအကြောင်းတွေကို အကြိမ်ကြိမ် ကြားခဲ့ရလို့ပဲ။ အရင်က ငါ သတိလစ်နေခဲ့ပေမဲ့ ငါ့ဇနီး၊ ဝူပြန်း၊ ယွဲ့အာတို့က ငါ့အနားလာပြီး ခဏခဏ စကားပြောကြတယ်။ ငါ အကုန် ကြားရတယ်။ ဘာမှ တုံ့ပြန်မှု မပေးနိုင်ခဲ့တာပဲ ရှိတာ။”

ယွင်ကျုံးဟဲ့ ဤအကြောင်းကို သိရှိသည်။ သတိလစ်နေသော လူနာတော်တော်များများက တကယ်တော့ အားလုံး ကြားနေရ၏။ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားရုံ သက်သက်သာ ဖြစ်၏။

ကျင်းအဲ့က ဆက်ပြောလိုက်သည်။ “ဝူပြန်း လာတိုင်း မင်းအကြောင်း ပြောတယ်။ မင်းက သူ့ရဲ့ တစ်ဦးတည်းသော မိတ်ဆွေကောင်း၊ သူ အလေးစားဆုံး လူတဲ့။ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ ယွဲ့အာ ငါ့ဆီလာတိုင်းလည်း မင်းအကြောင်းပဲ ပြောတယ်။ အခု မင်းကို ပထမဆုံး မြင်ဖူးတော့မှ မင်းက တကယ် ချောမောတာကို တွေ့ရတယ်။ တကယ်ပဲ ငါ့ရဲ့ ယွဲ့အာနဲ့ လိုက်ဖက်ပါတယ်။”

ယွင်ကျုံးဟဲ့ ဘယ်လို ပြန်ပြောရမှန်း မသိတော့ပေ။ ယောက္ခမကြီး မြှောက်ပြောလွန်းပါပြီ ဟု ပြန်ပြောရမည်လား။

“ယွင်ကျုံးဟဲ့.. ကြားရသလောက် မင်းက မိဘမဲ့ တစ်ယောက်ဆို။” ကျင်းအဲ့က မေးလိုက်သည်။

ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြလိုက်၏။

ကျင်းအဲ့က ပြောလိုက်သည်။ “ဒါဆို မင်း မိဘတွေကို လုံးဝ အပြစ်မတင်ပါနဲ့။ သူတို့က မလွှဲမရှောင်သာလို့ မင်းကို စွန့်ပစ်ခဲ့ရတာ ဖြစ်မှာပါ။ မဟုတ်ရင် မင်းလို ချစ်စရာကောင်းတဲ့ ကလေးလေးကို ဘယ်မိဘကမှ စွန့်ပစ်ရက်မှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့ စကားမဆိုချေ။

“ကလေး... တကယ်တော့ ငါလည်း မင်း မိဘတွေလိုမျိုး အမှားမျိုး ကျူးလွန်ခဲ့ဖူးတယ်။ ငါလည်း ကလေး တစ်ယောက်ကို မိဘမဲ့ ဖြစ်အောင် လုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ငါ တကယ် တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး။ ငါ တကယ်...”

ကျင်းအဲ့က အသက်ကို ပြင်းပြင်းရှူကာ ဆက်ပြောလိုက်သည်။ “လူတချို့က ငါ့ကို သွေးအေးတဲ့ လူတစ်ယောက်လို့ ပြောကြတယ်။ မင်္ဂလာဆောင် ညမှာတင် ငါ့ရဲ့ သတို့သမီးကို ကိုယ်တိုင် သတ်ပစ်ခဲ့တယ်လို့ ပြောကြတယ်။”

ဤအကြောင်းကို ယွင်ကျုံးဟဲ့ သိထား၏။ လွန်ခဲ့သော နှစ်ငါးဆယ်က ကျင်းမိသားစုသည် လေခွင်းမြို့ကို လက်လွှတ်ခဲ့ရပြီး လက်အောက်ခံ အန်းမိသားစုက အာဏာသိမ်းသွားခဲ့၏။

ထို့နောက် ကျင်းအဲ့က ရုပ်ဖျက်ကာ ပြန်လည် ရောက်ရှိလာပြီး ထိုစဉ်က လေခွင်းမြို့စား အန်းတောက်ထျန်း၏ လက်အောက်တွင် အယုံကြည်ရဆုံး စစ်သူကြီး ဖြစ်လာခဲ့၏။ ထို့နောက် အန်းတောက်ထျန်း၏ သမီးနှင့် လက်ထပ်ခဲ့သည်။

ထိုမင်္ဂလာဆောင်ညမှာပင် ကျင်းအဲ့က ပုန်ကန်မှု စတင်ကာ အန်းမိသားစု တစ်ခုလုံးကို အပြတ်ရှင်းပြီး မြို့စား ရာထူးကို ပြန်လည် ရယူခဲ့သည်။ ထိုအထဲတွင် သူ၏ သတို့သမီး အသစ်စက်စက်လည်း ပါဝင်ခဲ့၏။

“ငါ သူ့ကို မသတ်ခဲ့ပါဘူး။ သူ့ကို ကြိုးတုပ်ပြီး ဝေးဝေးကို ပို့လိုက်တယ်။ ငါ သူ့ကို မသတ်ခဲ့ဘူး။ အဲဒီညက မျက်နှာဖုံးအုပ်ထားတဲ့ သတို့သမီးက တခြား မိန်းမ တစ်ယောက်ပါ။” ထိုနေရာသို့ အရောက်တွင် ကျင်းအဲ့ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

‘ဟုတ်ပါပြီ၊ ဒါက အမှန်တရား ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘာလို့ ကျုပ်ကို ပြောပြနေတာလဲ။’ ယွင်ကျုံးဟဲ့ နားမလည်နိုင် ဖြစ်လို့နေ၏။

“ဝူပြန်းက ကလေးကောင်း တစ်ယောက်ပါ။ သူ အယုံကြည်ရဆုံး လူက မင်းပဲ။ ယွဲ့အာ အယုံကြည်ရဆုံး လူကလည်း မင်းပဲ။ ထို့ကြောင့် ကျင်းမိသားစုရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးရမယ့် လူက မင်းပဲ ဖြစ်နေပြီ မဟုတ်လား။” ကျင်းအဲ့က မေးလိုက်သည်။

ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြလိုက်၏။

“သွား... အခုချက်ချင်း ထွက်သွား။ ဝူပြန်းကို ခေါ်သွား၊ ငါ့မိန်းမနဲ့ ငါ့ညီမကို ခေါ်သွား၊ မင်းရဲ့ ကလေးကို ခေါ်သွား၊ ယွဲ့အာကို ခေါ်ပြီး ဝေးနိုင်သမျှ ဝေးဝေးကို ထွက်သွား။ လေခွင်းမြို့ကို စွန့်လွှတ်လိုက်၊ အခြေခံ အုတ်မြစ်ကိုလည်း စွန့်လွှတ်လိုက်၊ ဘာမှ မလိုချင်နဲ့တော့၊ သွား”

ကျင်းအဲ့က ပြောလိုက်သည်။ “ကလေး... မင်းနဲ့ ငါ ရုပ်ချင်း မတူပေမဲ့ ဘာလို့မှန်း မသိဘူး၊ မင်းကို ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ငါ့ကိုယ်ငါ ပြန်မြင်နေရသလိုပဲ။”

‘ယောက္ခမကြီး.. ခင်ဗျား ခေါင်းရှုပ်နေပြီလား။ ဒီစကားက ယုတ္တိ လုံးဝ မရှိဘူးလေ။ ရုပ်ချင်း မတူဘူးလို့ ပြောပြီးမှ ဘယ်လိုလုပ် ကျုပ်ကို ကြည့်ပြီး လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ခင်ဗျားကို ပြန်မြင်ရမှာလဲ။ ကျုပ်တို့ လုံးဝ မတူဘူး။ရုပ်ချင်း မတူတာတင် မကဘူး၊ စရိုက်ချင်းလည်း မတူဘူး။ ခင်ဗျားက ရည်မှန်းချက် ကြီးကြီးနဲ့ ကလဲ့စားချေဖို့၊ ကျင်းမိသားစုရဲ့ အာဏာကို ပြန်ရယူဖို့ပဲ စဉ်းစားခဲ့တာ။

ကျုပ်မှာတော့ ဘာရည်မှန်းချက်မှ မရှိဘူး၊ ကလဲ့စားချေဖို့လည်း မစဉ်းစားဘူး။ ဘေးနားက လူတွေကို ကာကွယ်ပေးဖို့၊ ဒီစစ်ပွဲကို အနိုင်တိုက်ပြီး တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်သည် နှစ်သိန်းတစ်သောင်းလုံးကို ချေမှုန်းဖို့၊ တာယင်အင်ပါယာ အတွက် ကြီးမားတဲ့ အောင်ပွဲ ရယူပေးဖို့ပဲ စဉ်းစားနေတာ။’

ကျင်းအဲ့က ပြောလိုက်၏။ “ယွဲ့အာ မင်းနောက် လိုက်တာ အရမ်း ကောင်းပါတယ်။ သူမရဲ့ စရိုက်က နည်းနည်း ပြဿနာ ရှိပေမဲ့ မင်းက သူ့ကို ပြုပြင်ပြောင်းလဲပေးနိုင်မယ်လို့ ငါ ယုံကြည်တယ်။ ပုံမှန် ပျော်ရွှင်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်လာအောင် အချိန်ပေးလိုက်ပါ။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ကျုပ် သိပါတယ်။ ယွဲ့အာက အရင်တုန်းက နည်းနည်း ခေါင်းမာပြီး သတ်ဖြတ်ချင်စိတ် များခဲ့ပေမဲ့ အခုတော့ အများကြီး ကောင်းလာပါပြီ။ သူမ ကိုယ်ဝန် ရှိနေပြီလေ။ အခုဆို ဓားတောင် မကိုင်တော့ဘူး။”

ကျင်းအဲ့က လေသံသဲ့သဲ့ဖြင့် ပြောလိုက်၏။ “ငါ သိတယ်၊ ငါ သိတယ်။ ငါ အရမ်း ဝမ်းသာတယ်။ ငါ အဘိုး ဖြစ်တော့မယ်။ အဘိုး... အဘိုးတောင် ဖြစ်တော့မှာပါလား။”

............................

အပိုင်း (၁၇၀)

ထို့နောက် ကျင်းအဲ့က ဆက်ပြောသည်။ “ငါ့စကားကို မှတ်ထား။ လေခွင်းမြို့မှာ လုံးဝ မနေနဲ့၊ ဝေးနိုင်သမျှ ဝေးဝေးကို ထွက်သွား။ ကျင်းဝူပြန်းကို ခေါ်သွား၊ ယွဲ့အာကို ခေါ်သွား၊ အားလုံးကို ခေါ်ပြီး ထွက်သွား။ တာယင်အင်ပါယာကို သွားသွား၊ တခြား ဘယ်နေရာကိုပဲ သွားသွား၊ အရေးကြီးတာက ဒီမှာ မနေနဲ့။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ယောက္ခမကြီး... ခင်ဗျား လေဖြတ်တာက သာမန် ရောဂါ မဟုတ်ဘူး၊ တစ်ယောက်ယောက်က လုပ်ကြံခဲ့တာ မဟုတ်လား။ အဲဒီလူက ဘယ်သူလဲ။”

ကျင်းအဲ့ ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။ “အရေးမကြီးတော့ပါဘူး၊ အရေးမကြီးတော့ဘူး။ ကလဲ့စား မချေပါနဲ့။ အခုကစပြီး ငါ့မိသားစုက မင်းမိသားစုပဲ။ မင်းတို့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့က အရေးကြီးဆုံးပဲ။ ငါ့ကို ဘယ်သူ လုပ်ကြံလဲ ဆိုတာကို မတွေးပါနဲ့၊ ကလဲ့စားချေဖို့လည်း မတွေးပါနဲ့။”

စကားအဆုံးတွင် မြို့စားကြီး ကျင်းအဲ့၏ မျက်ဝန်းများ တဖြည်းဖြည်း မှေးမှိန်သွားသည်။ မကြာမီ သူ၏ အသိစိတ်များ ပျောက်ကွယ်သွားပြီး ကယောင်ကတမ်း ပြောလာ၏။

“လမင်း... ငါ့ရဲ့ လမင်း... ငါ့ရဲ့ လမင်း... ငါ့ရဲ့ လမင်း...” သူ၏ အသံက တဖြည်းဖြည်း မြန်ဆန်လာသော်လည်း အသံက တဖြည်းဖြည်း တိုးဝင်သွားသည်။

ယွင်ကျုံးဟဲ့ အမြန် အော်လိုက်၏။ “လမင်းလေး... ဝင်ခဲ့...”

ကျင်းကျုံးယွဲ့ အပြေးအလွှား ဝင်လာကာ ဖခင် ကျင်းအဲ့၏ ပိန်လှီနေသော လက်များကို ဆုပ်ကိုင်လိုက်သည်။

“လမင်း... ငါ့ရဲ့ လမင်း... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... အဖေ သွားတော့မယ်...”

ကျင်းကျုံးယွဲ့၏ မျက်ရည်များ တသွင်သွင် စီးကျလာပြီး ကျင်းအဲ့၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ အသံတိတ် ငိုကြွေးနေသည်။ ခေါင်းကိုလည်း အဆက်မပြတ် ရမ်းခါနေ၏။

“လမင်း... ငါ့ရဲ့ လမင်း... ငါ့ရဲ့ လမင်း... ငါ့ရဲ့ လ...”

ထို့နောက် ကျင်းအဲ့၏ အသံ ရပ်တန့်သွားသည်။ နောက်ဆုံး မင်း ဆိုသော စကားလုံးကို သူ ထာဝရ မျိုချသွားသကဲ့သို့ ဖြစ်သွားသည်။

သူ အသက်ရှူ ရပ်သွားလေပြီ။ ပိုင်ရှင်မဲ့ နယ်မြေ၏ ခေတ်တစ်ခေတ်ကို လွှမ်းမိုးခဲ့သော သူရဲကောင်းကြီး တစ်ဦး တရားဝင် ကွယ်လွန်သွားလေပြီ။ သေဆုံးချိန်တွင် သူ၏ မျက်လုံးများက ပြူးကျယ်နေဆဲ ဖြစ်သည်။ မျက်စိမှိတ် မသေနိုင်ခဲ့ခြင်းလား။

သူ ဘယ်လိုလုပ် မျက်စိမှိတ် သေနိုင်မည်နည်း။ ယခု လေခွင်းမြို့၏ အခြေအနေက ဥတစ်လုံးပေါ် ဥတစ်လုံး ဆင့်ထားသကဲ့သို့ အလွန် အန္တရာယ် များနေပြီ မဟုတ်လား။ သူ မည်ကဲ့သို့ စိတ်ချလက်ချ ထွက်သွားနိုင်မည်နည်း။

အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် မျက်ရည်နှစ်ပေါက် ဖြည်းညင်းစွာ စီးကျလာ၏။ ကျင်းကျုံးယွဲ့သည် တစ်ခါမှ မကြုံဖူးသော ဝမ်းနည်းပူဆွေးမှုထဲသို့ နစ်မြုပ်သွားသည်။ သူမ ငိုပင် မငိုနိုင်တော့ဘဲ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေ၏။

ထို့အပြင် သူမ ခန္ဓာကိုယ်တွင်းရှိ သိုင်းစွမ်းအင်များ ဖရိုဖရဲ ဖြစ်လာကာ ခန္ဓာကိုယ် တစ်ခြမ်းက ပူလောင်နေပြီး တစ်ခြမ်းက အေးစက်နေသည်။ သိုင်းစွမ်းအင် ဖောက်ပြန်တော့မည့် လက္ခဏာများ ပေါ်လာသည်။

ဤအခြေအနေက ယွင်ကျုံးဟဲ့ကို အလွန် ထိတ်လန့်သွားစေသည်။ ဆက်ပြီး ဤအတိုင်း နေပါက သူမ အမှန်တကယ် ဒဏ်ရာ အပြင်းအထန် ရသွားလိမ့်မည်။

“လမင်းလေး... လမင်းလေး... အဲဒီလို မလုပ်ပါနဲ့၊ အဲဒီလို မလုပ်ပါနဲ့။ ဗိုက်ထဲက ကလေးကို သတိရပါအုံး။” ယွင်ကျုံးဟဲ့ ကျင်းကျုံးယွဲ့ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။

ထိုအချိန်တွင် ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့ကို ထိတ်လန့်စွာ မော့ကြည့်လိုက်ပြီး တရှုံ့ရှုံ့ ငိုကြွေးလိုက်၏။ သို့သော်ငြား ဖရိုဖရဲ ဖြစ်နေသော သိုင်းစွမ်းအင်များကြောင့် အတွင်းအင်္ဂါများကို ထိခိုက်သွားကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။

သူမ ယွင်ကျုံးဟဲ့ကို ချစ်မြတ်နိုးစွာ ကြည့်ပြီးနောက် ချက်ချင်း သတိလစ်သွားသည်။ ယွင်ကျုံးဟဲ့ အားကုန်သုံးကာ ကျင်းကျုံးယွဲ့ကို ပွေ့ချီပြီး အပြင်သို့ ထွက်လာခဲ့တော့သည်။

“ယောက္ခမကြီး... မြို့စားကြီး ထွက်သွားပါပြီ။” ယွင်ကျုံးဟဲ့ တုန်ယင်သော အသံဖြင့် ပြောလိုက်၏။

လေခွင်းကတော်သည် သစ်တုံးခြောက် တစ်တုံးအလား မည်သည့် တုံ့ပြန်မှုမှ မရှိတော့ပေ။

ကတိုးမွှေးသခင်မမှာမူ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားကာ ပြန်မထနိုင်တော့ချေ။

ကျင်းဝူပြန်းမှာ ကြီးမားသော ထိုးနှက်ချက် ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ထူးဆန်းစွာ ရယ်မောနေသည်။

…………..

နာရီအတော်ကြာပြီးနောက် ကျင်းကျုံးယွဲ့ သတိပြန်လည်လာပြီး ပထမဆုံး အနေဖြင့် တစ်စုံတစ်ရာကို လိုက်လံ ရှာဖွေ၏။

အတန်ကြာ ရှာဖွေပြီးနောက် သူမ၏ အကြည့်များ ယွင်ကျုံးဟဲ့၏ မျက်နှာပေါ်တွင် ရပ်တန့်သွားကာ မျက်ရည်များ တစ်ဖန် စီးကျလာပြန်သည်။

“ကျွန်မ... သူ နိုးလာမှာကို နည်းနည်းလေးမှ မလိုလားခဲ့ဘူး။ အဲဒီလိုပဲ သတိလစ်နေတာ ပိုကောင်းတယ်။ အနည်းဆုံးတော့ အသက်ရှင်နေသေးတယ်လေ။”

ကျင်းကျုံးယွဲ့ ငိုယိုရင်း ပြောသည်။ “အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိသေးတယ်။ ထွက်သွားပြီဆိုတော့ ဘာမှ မကျန်တော့ဘူး။ ရှင် မသိပါဘူး။ ငယ်ငယ်တည်းက ကျွန်မ ဖခင်နဲ့ အတူနေရတဲ့ အချိန်က အရမ်း နည်းတယ်။ အဖေ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်စ ပြုလာတဲ့ အချိန်ကျတော့ သူ လေဖြတ်ပြီး လဲသွားပြီ။ ဒီကမ္ဘာပေါ်မှာ ကျွန်မရဲ့ နှလုံးသားကို လူနှစ်ယောက်နဲ့ ဖွဲ့စည်းထားတာ။ အခု တစ်ယောက်က ထွက်သွားပြီ။”

ယွင်ကျုံးဟဲ့ သူမ၏ လက်ကို ဆုပ်ကိုင်ထားကာ ညင်သာစွာ ပြောလိုက်၏။ “ငါ အမြဲတမ်း ရှိနေမှာပါ။”

ကျင်းကျုံးယွဲ့က တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “ကတိပေး။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ငါ ကတိပေးပါတယ်။ ဘယ်လောက် ဝေးတဲ့ နေရာကိုပဲ ရောက်ရောက်၊ မင်းနဲ့ အတူ အမြဲ ရှိနေပါ့မယ်။”

ကျင်းကျုံးယွဲ့က မေးလိုက်သည်။ “လူတိုင်းက ကျွန်မက အဖေနဲ့ ရုပ်ချင်းတူတယ်လို့ ပြောကြတယ်။ ငယ်ငယ်တုန်းက အဲဒီစကားကို နည်းနည်းလေးမှ မကြားချင်ခဲ့ဘူး။ ဒါပေမဲ့ အခုကျတော့ ကျွန်မ အဖေက ကျွန်မ အမေကို ချစ်ခဲ့တယ်လို့ ရှင်ထင်လား။”

အပြင်ဘက်ရှိ လေခွင်းကတော်သည် ကျင်းကျုံးယွဲ့၏ မိခင်အရင်း မဟုတ်ဘဲ ယခင် ဇနီးနှစ်ယောက်မှ မွေးဖွားလာသူ ဖြစ်ကြောင်းကို ယွင်ကျုံးဟဲ့ သိထား၏။

ထိုစဉ်က မင်္ဂလာဆောင်တွင် ကျင်းအဲ့သည် ဇနီးကို လူပုံအလယ်တွင် သတ်ဖြတ်ခဲ့ပြီးနောက် ကျိန်စာသင့်သွား သကဲ့သို့ နောက်ထပ် လက်ထပ်ခဲ့သော ဇနီးသုံးယောက်စလုံး သေဆုံးသွားခဲ့ကြ၏။ လေခွင်းကတော် တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

ထို့ကြောင့် ကျင်းကျုံးယွဲ့သည် ကျင်းအဲ့၏ တတိယမြောက် ဇနီးမှ မွေးဖွားလာသူ ဖြစ်သည်။ ထိုအမျိုးသမီး အကြောင်းကို ယွင်ကျုံးဟဲ့ လုံးဝ မသိသော်လည်း ကျင်းကျုံးယွဲ့ ကဲ့သို့ သမီးလှလှလေး တစ်ယောက် မွေးဖွားနိုင်ခဲ့သည် ဆိုလျှင် လှပသော အမျိုးသမီး တစ်ဦး ဖြစ်ရမည်မှာ သေချာလှ၏။ အနည်းဆုံး လေခွင်းကတော်ထက်တော့ ပိုလှပေမည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သူ အချစ်ဆုံး လူက မင်း အမေပဲ ဖြစ်မှာပါ။ မဟုတ်ရင် မသေခင်မှာ မင်းကိုပဲ တမ်းတနေမှာ မဟုတ်ဘူး။”

......................

ကျင်းအဲ့၏ အခန်းရှေ့တွင် ကျင်းဝူပြန်းက ငိုယိုလျက် ရှိနေတုန်းပင်။

“ကောင်းပါတယ်၊ ကောင်းပါတယ်။ သူ ထွက်သွားတာ ကောင်းပါတယ်။ အနည်းဆုံးတော့ အသက်မဲ့နေတဲ့ ရုပ်အလောင်း တစ်ခုလို ဆက်ပြီး နေစရာ မလိုတော့ဘူးလေ။” ကျင်းဝူပြန်းက ငိုယိုရင်း ပြောလိုက်သည်။ သူ၏ တစ်ကိုယ်လုံး အရိုးအဆစ်များ ပြုတ်ထွက်သွားသကဲ့သို့ ပျော့ခွေနေ၏။

ကျင်းဝူပြန်း ဆက်ပြောသည်။ “အောက်ထျန်း... ကျုပ်ကို အရူးလို့ ထင်လား။”

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်၏။ “မထင်ပါဘူး။ ခင်ဗျားက အရူး မဟုတ်ဘူး။ ခင်ဗျားက တော်တော် ပါးနပ်တယ်။ တခြား လူတွေထက် အများကြီး ပိုပါးနပ်တယ်။”

ကျင်းဝူပြန်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ် ပါးနပ်တယ်လို့ ထင်တာပဲ။ ငယ်ငယ်တုန်းက ကျုပ် အရမ်း တော်ခဲ့တယ်လို့ ကြားဖူးတယ်။ နောက်တော့ လူတွေက ကျုပ်ရဲ့ဦးနှောက်ကို ဖျက်ဆီးလိုက်လို့ အရူး ဖြစ်သွားတာတဲ့။ ဒါပေမဲ့ အခုချိန်ထိ ကျုပ် အရူး မဟုတ်ဘူးလို့ ထင်တုန်းပဲ။ ကျုပ်က အရမ်း ပါးနပ်တယ်။”

ယွင်ကျုံးဟဲ့က ထောက်ခံလိုက်၏။ “ဟုတ်တယ်၊ အရမ်း ပါးနပ်တယ်။ ကျုပ်လည်း အဲဒီလို ထင်တယ်။”

ကျင်းဝူပြန်းက ပြောလိုက်သည်။ “အောက်ထျန်း.. ခင်ဗျား လေခွင်းမြို့မှာ ဘာကိစ္စကြီးတွေ လုပ်ဖို့ ရည်ရွယ်ထားလဲ ကျုပ် မသိဘူး၊ ဝင်လည်း မစွက်ဖက်နိုင်ဘူး။ ဒါပေမဲ့ ကျုပ်တို့ကို ဒီကနေ ခေါ်သွားပေးပါ။ ကျုပ်၊ ကျုပ်အမေ၊ ကျုပ်အဒေါ်၊ ပြီးတော့ ရွှီအန်းထင်၊ ကလေးလေး အပါအဝင် အားလုံးကို ခေါ်သွားပေးပါ။ မင်းနဲ့ ကျင်းကျုံးယွဲ့ ဘာကိစ္စကြီးတွေ ဆက်လုပ်မလဲ ကျုပ် မသိတော့ဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကောင်းပါပြီ။ အားလုံးကို ချက်ချင်း ခေါ်သွားပေးမယ်။ တာယင်အင်ပါယာကို ပို့ပေးမယ်။ ရမလား။”

ကျင်းဝူပြန်းက ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ ဒီအရှုပ်အထွေးတွေကြားက လွတ်ရင် ပြီးတာပဲ။ ဘယ်နေရာ ဖြစ်ဖြစ် သွားမယ်။ မသွားခင် ကျုပ်ကို ကြိုပြောအုံး။ ကျုပ်နဲ့ ကျင်းကျုံးယွဲ့ နှုတ်ဆက်ချင်သေးတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကောင်းပါပြီ။”

....................

စတုတ္ထမင်းသား ယင်ချွဲ့သည် ယွင်ကျုံးဟဲ့၏ နီရဲနေသော မျက်လုံးများကို မြင်ချိန်မှာတော့ အံ့အားသင့်စွာ မေးလိုက်၏။ “ဘာဖြစ်လို့လဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “မြို့စားကြီး ကျင်းအဲ့ ဆုံးသွားပြီ။”

ယင်ချွဲ့ အံ့အားသင့်သွားပြီး ပြောလိုက်၏။ “စိတ်မကောင်းပါဘူး။”

ယွင်ကျုံးဟဲ့ ခေါင်းညိတ်ပြလိုက်သည်။ “ကျေးဇူးတင်ပါတယ်။”

ယင်ချွဲ့ အနည်းငယ် တွေဝေသွားပြီးနောက် ပြောလိုက်၏။ “ငါတို့ ဟေးလုံထိုင်က ကျင်းအဲ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ဖူးတာ မှန်ပါတယ်။ ဒါပေမဲ့ ငါ သိထားသလောက်တော့ သူ လေဖြတ်သွားတာ ငါတို့ လက်ချက် မဟုတ်ဘူး။ တောင်ပိုင်းကျိုးအင်ပါယာလက်ချက် ဖြစ်ဖို့များတယ်။”

ဤသည်မှာ ဖယ်ရှားရေး နည်းလမ်းဖြင့် တွက်ဆကြည့်ခြင်း ဖြစ်၏။ သို့ပေမည့် စတုတ္ထမင်းသားက အရမ်း ပွင့်လင်းလွန်းနေပြီ မဟုတ်ပါလား။

ထို့နောက် ယင်ချွဲ့က ပြောလိုက်သည်။ “ငါ ဆုံးဖြတ်ပြီးပြီ။ မင်းရဲ့ အကြံအစည်အတိုင်း လုပ်မယ်။”

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည် စတင်ပြီပေါ့။”

စစ်သည် တစ်သိန်းကို မြေအောက် သင်္ချိုင်းဂူထဲတွင် ပုန်းအောင်းစေပြီး လေခွင်းမြို့ကို မြို့လွတ်ကြီး အဖြစ် ဖန်တီးကာ တောင်ပိုင်းကျိုးအင်ပါယာ တပ်တော်ကို ဝင်ခွင့်ပြုမည်။

ထို့နောက် ညဘက်ရောက်မှ မြေပြင်ပေါ် ထွက်လာပြီး တောင်ပိုင်းကျိုး တပ်တော်ကို ချေမှုန်းမည်။ ဤသည်မှာ ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည်ကို အဆပေါင်း ထောင်ချီ ပိုကြီးမားအောင် လုပ်ဆောင်ခြင်းပဲ ဖြစ်သည်။

စတုတ္ထမင်းသား ယင်ချွဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည်။ ဒီအကြံအစည်ကို လုပ်ဖို့ ဆုံးဖြတ်ပြီးမှတော့ အစွမ်းကုန် ကြိုးစားရမှာပေါ့။ ရှေ့ဆက်ပြီး ဒီကိစ္စတွေ လုပ်ရမယ်။ ပထမအချက်၊ ကျင်းကျုံးယွဲ့က ကျင်းအဲ့ သေဆုံးသွားတဲ့ သတင်းကို ကြေညာရမယ်။ ပြီးတော့ လူသတ်သမားက တာယင်အင်ပါယာနဲ့ တောင်ပိုင်းကျိုးအင်ပါယာလို့ စွပ်စွဲရမယ်။”

တစ်နည်းအားဖြင့် ဤအရာက အမှန်တရား ဖြစ်သည်။ စတုတ္ထမင်းသားက ကျင်းအဲ့ လေဖြတ်ခြင်းမှာ တာယင်အင်ပါယာ၏ လက်ချက် မဟုတ်ဟု ပြောခဲ့သော်လည်း တာယင်အင်ပါယာ အနေဖြင့် ကျင်းအဲ့ကို လုပ်ကြံရန် ကြိုးစားခဲ့ဖူးသည်မှာ အမှန်ပင် ဖြစ်၏။

“ဒုတိယအချက်... ကျင်းကျုံးယွဲ့က မြို့ကို စွန့်ခွာတော့မယ်လို့ ကြေညာပြီး ထွက်ပြေးမယ့် ဒုက္ခသည်တိုင်းကို ရိက္ခာ အကန့်အသတ်နဲ့ ဝေပေးရမယ်။ ဒါဆိုရင် လေခွင်းမြို့ တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားပြီး လူတွေ ဝင်ထွက် ရှုပ်ယှက်ခတ်သွားလိမ့်မယ်။ အဲဒီအချိန်မှာ ကျုပ်တို့ တပ်တွေက မြို့ထဲကို ဝင်လာမယ်။

တတိယအချက်... ငါတို့ တပ်တွေ မြို့ထဲ ရောက်တာနဲ့ နုဧကရာဇ်ရဲ့ သင်္ချိုင်းဂူထဲကို ချက်ချင်း ဝင်သွားမယ်။ ပြီးရင် အသင့်တော်ဆုံး နေရာတွေမှာ လျှို့ဝှက် ဝင်ထွက်ပေါက်တွေ တူးရမယ်။ ဒီဝင်ထွက်ပေါက်တွေက အနည်းဆုံး သုံးဆယ့်ငါးပေါက်လောက် ရှိရမယ်။ ဒါမှ အချိန်တိုအတွင်းမှာ စစ်သည် တစ်သိန်းလုံး မြေပြင်ပေါ် ထွက်လာနိုင်ပြီး ရန်သူကို အလစ်အငိုက် တိုက်ခိုက်နိုင်လိမ့်မယ်။”

ယင်ချွဲ့က လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ “စတုတ္ထအချက်... ကျုပ်တို့ စစ်သည် တစ်သိန်းလုံး သင်္ချိုင်းဂူထဲ ရောက်သွားပြီဆိုတာနဲ့ ကျင်းကျုံးယွဲ့က လေခွင်းမြို့က တပ်တွေ အားလုံးကို ခေါ်ပြီး ချက်ချင်း ထွက်သွားရမယ်။ တောင်ပိုင်းကျိုးအင်ပါယာ အတွက် မြို့လွတ်ကြီး တစ်ခု ချန်ထားခဲ့ရမယ်။”

..........

All Chapters