← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 15 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 15 Ch. 171-172

အပိုင်း (၁၇၁)

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “တကယ် ထွက်သွားရမှာလား၊ ဒါမှမဟုတ် ဟန်ဆောင် ထွက်သွားပြီး ညဘက်ကျမှ မြေအောက် သင်္ချိုင်းဂူထဲကို ပြန်ဝင်လာရမှာလား။”

စတုတ္ထမင်းသား ယင်ချွဲ့က ဖြေလိုက်သည်။ “တကယ် ထွက်သွားရမှာ။ လေခွင်းမြို့ကနေ ဝေးနိုင်သမျှ ဝေးဝေးကို ထွက်သွားရမယ်။”

ယွင်ကျုံးဟဲ့ အံ့အားသင့်သွားပြီး မေးလိုက်၏။ “လေခွင်းမြို့ စစ်ပွဲမှာ ကျုပ်တို့ မပါရဘူးလား။ ကျုပ်နဲ့ ကျင်းကျုံးယွဲ့ မပါရဘူးလား။”

စတုတ္ထမင်းသား ယင်ချွဲ့က ပြောလိုက်သည်။ “ညီအစ်ကိုယွင်... ခင်ဗျားရဲ့ ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည်က အောင်မြင်နိုင်ခြေ အရမ်းမြင့်ပေမဲ့ အန္တရာယ်လည်း မနည်းဘူး။ ခင်ဗျား ဒီမှာ ကျန်ခဲ့ပြီး စွန့်စားလို့ မရဘူး။ ခင်ဗျားရဲ့ တာဝန် ပြီးသွားပြီ။ ဒီစစ်ပွဲ နိုင်နိုင်၊ ရှုံးရှုံး ခင်ဗျား ထွက်သွားရမယ်။”

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်၏။ “ဒါပေမဲ့ ကျုပ်တို့က ဒီက မြေမျက်နှာသွင်ပြင်ကို အသိဆုံးလေ။ ဒါက ကျုပ်တို့ရဲ့ အခြေစိုက်စခန်းပဲ။”

စတုတ္ထမင်းသား ယင်ချွဲ့က ပြောလိုက်သည်။ “မူလကတော့ ကျင်းကျုံးယွဲ့ကို ဒီစစ်ပွဲမှာ ကွပ်ကဲခိုင်းမလို့ စဉ်းစားထားတာ။ ဒါက သူမရဲ့ အိမ်ပဲလေ။ ဒါပေမဲ့ သူမမှာ ကိုယ်ဝန် ရှိနေပြီ။ ပြီးတော့ မြို့စားကြီး ကျင်းအဲ့လည်း သေသွားပြီ။ ကျုပ် အဲဒီလောက် ရက်စက်လို့ မရဘူး။ သူမကို စွန့်စားခိုင်းလို့ မရဘူး။”

‘မိန်းမဆန်လိုက်တာ။’ ယွင်ကျုံးဟဲ့ နှုတ်ခမ်းဖျားမှ ထိုစကား ထွက်သွားလုနီးပါး ဖြစ်သွား၏။

သို့သော် ကျင်းကျုံးယွဲ့၏ အခြေအနေကို စဉ်းစားကြည့်ချိန်မှာတော့ ဤစစ်ပွဲတွင် ကွပ်ကဲရန် အမှန်တကယ် မသင့်တော်တော့ပေ။ သူမ ကိုယ်ဝန် ရှိနေမှန်း သိတည်းက ဗိုက်ထဲက ကလေးကို ကာကွယ်ရန်သာ စဉ်းစားနေခဲ့သည်။ ဓားပေါ်ရှိ သွေးနံ့များက ကလေးကို ထိခိုက်စေမည် စိုး၍ ဓားပင် မကိုင်တော့ချေ။

သူမ အမြဲတမ်း ပြောလေ့ရှိသော စကားမှာ ကျွန်မတို့ ကျင်းမိသားစုက မိန်းမတွေ ကလေးမွေးရတာ မလွယ်ဘူး။ သတိထားမှ ဖြစ်မယ် ဟူ၍ ဖြစ်သည်။

ယခုမူ တာယင်အင်ပါယာမှ လူများက စတုတ္ထမင်းသား ယင်ချွဲ့ကို ဧကရာဇ် ဖြစ်ရန် မသင့်တော်ဟု အဘယ်ကြောင့် သတ်မှတ်ထားကြသည်ကို သူ အမှန်တကယ် သဘောပေါက်သွားပြီဖြစ်၏။

“လုံးဝ ဆွေးနွေးစရာ မရှိဘူး။”

စတုတ္ထမင်းသား ယင်ချွဲ့က ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ခင်ဗျားရဲ့ တာဝန် ပြီးသွားပြီ။ ပြီးတော့ အကောင်းဆုံး ပြီးမြောက်ခဲ့တယ်။ အင်ပါယာကို ပြန်ပြီး ဆုချီးမြှင့်တာကို ခံယူလို့ ရပြီ။ ခင်ဗျားရဲ့ ဇနီး ကျင်းကျုံးယွဲ့ကလည်း တာယင်အင်ပါယာရဲ့ လေခွင်းနယ်စား ဖြစ်သွားပြီ။ ဒီစစ်ပွဲ နိုင်နိုင်၊ ရှုံးရှုံး ခင်ဗျားရဲ့ တာဝန် ပြီးဆုံးသွားပြီ။ ထို့ကြောင့် ခင်ဗျား ဆုတ်ခွာရမယ်။”

“ကျုပ် မိန်းမက ဆုတ်ခွာနိုင်ပေမဲ့ ကျုပ် ကျန်ခဲ့ချင်တယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

“မရဘူး၊ ဒါ အမိန့်ပဲ။”

စတုတ္ထမင်းသား ယင်ချွဲ့က ပြောသည်။ “ခင်ဗျားရဲ့ ရဲဘော်ရဲဘက်တွေကို ယုံကြည်ရမယ်။ ခင်ဗျားရဲ့ မွေးစားအဖေကို ယုံကြည်ရမယ်။”

ယွင်ကျုံးဟဲ့က အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ကျုပ်ရဲ့ မွေးစားအဖေ ဟုတ်လား။ ကျုပ်မှာ ဘယ်က မွေးစားအဖေ ရှိလို့လဲ။”

စတုတ္ထမင်းသား ယင်ချွဲ့ အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။ “ဖုန်းရှင်းမြဲ့က ခင်ဗျားရဲ့ မွေးစားအဖေ မဟုတ်ဘူးလား။ ခင်ဗျား သဘောမတူခဲ့ဘူးလား။”

‘ဒါက တော်တော် အခက်တွေ့စရာ ဖြစ်သွားပြီ။ ဖုန်းရှင်းမြဲ့က သူ့ဘာသာသူ မွေးစားအဖေလို့ သတ်မှတ်ထားတာလား။’

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သခင်ကြီးဖုန်း ကျန်ခဲ့မှာလား။”

စတုတ္ထမင်းသား ယင်ချွဲ့က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ သူက လေခွင်းမြို့ အကြောင်းကို အရမ်း သိတယ်။ ခင်ဗျားနဲ့ ကျင်းကျုံးယွဲ့တို့ထက်တောင် ပိုသိသေးတယ်။”

ဤအချက်ကို ယွင်ကျုံးဟဲ့ အမှန်တကယ် ယုံကြည်၏။ ဖုန်းရှင်းမြဲ့သည် လေခွင်းမြို့အတွင်း မည်မျှ ကြာအောင် ပုန်းအောင်းနေခဲ့သည်ကို သူ မသိပေ။ သူသည် လေခွင်းမြို့၏ မြေတစ်လက်မချင်းစီကို တိုင်းထားပြီး ဖြစ်နိုင်၏။

ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။ “စတုတ္ထမင်းသား... ကျုပ် တကယ် ကျန်ခဲ့ချင်လို့ပါ။”

စတုတ္ထမင်းသား ယင်ချွဲ့က သတိပေးလိုက်၏။ “ညီအစ်ကိုယွင်... မမေ့ပါနဲ့။ ခင်ဗျားမှာ မွေးကင်းစ ကလေးလေး တစ်ယောက် ရှိသေးတယ်။ ပြီးတော့ ပြင်းထန်တဲ့ ထိုးနှက်ချက် ခံထားရတဲ့ ဇနီး တစ်ယောက်လည်း ရှိတယ်။ သူမ ဗိုက်ထဲမှာလည်း ကလေးလေး တစ်ယောက် ရှိနေသေးတယ်။

ခင်ဗျားက တစ်ယောက်တည်း မဟုတ်တော့ဘူး။ အရင်လို အတွေးမျိုး တွေးလို့ မရတော့ဘူး။ သေမင်းကို ပွေ့ဖက်ပြီး သေမင်းချောက်ကမ်းပါးမှာ လမ်းလျှောက်နေတဲ့ အတွေးမျိုး မတွေးပါနဲ့တော့။ ခင်ဗျားရဲ့ တာဝန် ပြီးသွားပြီ။ ထပ်ပြီး စွန့်စားစရာ မလိုတော့ဘူး။”

ထို့နောက် စတုတ္ထမင်းသား ပြတ်ပြတ်သားသား ပြောလိုက်၏။ “ကဲ... ဒီကိစ္စကို ထပ်မပြောကြေး”

………………….

ထို့နောက် စတုတ္ထမင်းသား ယင်ချွဲ့ ချမှတ်ထားသော အစီအစဉ်အတိုင်း လုပ်ဆောင်ကြသည်။

လေခွင်းမြို့စား အိမ်တော်မှ မြို့စားကြီး ကျင်းအဲ့ သေဆုံးသွားကြောင်း တရားဝင် ကြေညာပြီး ဈာပန အခမ်းအနားကို ကျင်းပကာ လူတိုင်း လာရောက် ဂါရဝပြုနိုင်ကြောင်း အသိပေးလိုက်၏။

ဈာပန အခမ်းအနားသို့ လူတစ်ထောင်ကျော် လာရောက်ခဲ့ကြသည်။ လေခွင်းမြို့မှ ပြည်သူများသာမက အနီးနားရှိ မြို့စားများ၏ ကိုယ်စားလှယ်များ၊ ထောက်လှမ်းရေးများ အားလုံး ပါဝင်ပြီး တောင်ပိုင်းကျိုး အင်ပါယာမှ သူလျှိုများလည်း သေချာပေါက် ပါဝင်ပေလိမ့်မည်။

လေခွင်းကတော်က ယွင်ကျုံးဟဲ့ ရေးပေးထားသော ကြေညာချက်ကို ဖတ်ပြသည်။ တာယင်အင်ပါယာနှင့် တောင်ပိုင်းကျိုးအင်ပါယာတို့သည် မြို့စားကြီး ကျင်းအဲ့ကို လုပ်ကြံခဲ့သော တရားခံများဖြစ်ကြောင်း စွပ်စွဲပြီး ကျင်းမိသားစုနှင့် အင်ပါယာကြီး နှစ်ခုသည် မိုးကောင်းကင်အောက်တွင် အတူတကွ မနေနိုင်သော ရန်သူများ ဖြစ်ကြောင်း ကြေညာလိုက်၏။

အင်ပါယာကြီး နှစ်ခုသည် ပိုင်ရှင်မဲ့ နယ်မြေကို လုယူရန်အတွက် နည်းလမ်းပေါင်းစုံ သုံးကာ မြို့စားများကို လုပ်ကြံပြီး ကျင်းမိသားစု၏ နှစ်တစ်ရာ သက်တမ်းရှိသော အခြေခံအုတ်မြစ်ကို ဖျက်ဆီးခဲ့ကြောင်း စွပ်စွဲလိုက်သည်။

ထို့နောက် ယွင်ကျုံးဟဲ့က တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် နှစ်သိန်းသည် လေခွင်းမြို့နှင့် မိုင်လေးရာခန့်သာ ကွာဝေးတော့ကြောင်း အားလုံးကို အသိပေးလိုက်၏။ စစ်ပွဲ စတင်သည်နှင့် လေခွင်းမြို့သည် ပြာကျသွားပေလိမ့်မည်။

ထို့ကြောင့် မြို့စား ကျင်းကျုံးယွဲ့သည် မြို့ကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာလိုက်၏။ လေခွင်းမြို့မှ ပြည်သူများ အားလုံး စစ်ဘေးမှ ကင်းလွတ်ရန် လေခွင်းမြို့မှ ထွက်ခွာကြရန် တောင်းဆိုလိုက်သည်။

မြို့စား ကျင်းကျုံးယွဲ့က ထွက်ပြေးမည့် သူတိုင်းကို ရိက္ခာ ပေါင်ငါးဆယ်စီ ပေးဝေမည် ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက် သယ်ဆောင်နိုင်သော အများဆုံး ပမာဏ ဖြစ်၏။

ထို့အပြင် မြို့စား ကျင်းကျုံးယွဲ့သည် တပ်များကို ဦးဆောင်ကာ အနောက်ဘက် သဲကန္တာရသို့ ထွက်ခွာမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

လေခွင်းမြို့မှ သူမနောက်သို့ လိုက်ပါလိုသူများ လိုက်ပါနိုင်ပြီး မလိုက်ပါလိုသူများကို အတင်းအကျပ် မတောင်းဆိုပေ။ သူမသည် ပိုင်ဆိုင်သမျှ ပစ္စည်းများကို ရောင်းချကာ မလိုက်ပါလိုသော စစ်သည်များကို ဝေငှပေးမှာဖြစ်၏။

ထိုစကားကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ မြို့စား ကျင်းကျုံးယွဲ့ တကယ်ပဲ မြို့ကို စွန့်ခွာတော့မည်လား။ အနောက်ဘက် သဲကန္တာရသို့ သွားမည်လား။

သို့သော်ငြား အချို့ကမူ သိပ်မထူးဆန်းဟု ယူဆကြ၏။ အဘယ်ကြောင့်ဆိုသော် ကျင်းကျုံးယွဲ့တွင် လွတ်လပ်သော ဓားပြ တစ်ယောက် ဖြစ်ချင်သော ရည်မှန်းချက် ရှိကြောင်း သူတို့ သိထားသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် ယွင်ကျုံးဟဲ့က မျက်ရည်များ ပြည့်လျက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ကျုပ်တို့ ထွက်သွားရရင်တောင် လေခွင်းမြို့ကို တောင်ပိုင်းကျိုးအင်ပါယာ ဒါမှမဟုတ် တာယင်အင်ပါယာ လက်ထဲ လုံးဝ မထားခဲ့ဘူး။ ဒါက ကျင်းမိသားစု မျိုးဆက်အဆက်ဆက် သွေးနဲ့ ချွေးနဲ့ တည်ဆောက်ခဲ့တဲ့ မြို့ပဲ။ မီးရှို့ပြီး ဖျက်ဆီးပစ်ရရင်တောင် ရန်သူ့လက်ထဲ အလွယ်တကူ မရောက်စေရဘူး။

ဒါ့ကြောင့် သုံးရက်အတွင်း လေခွင်းမြို့က ပြည်သူတွေ အားလုံး ထွက်သွားကြရမယ်။ သုံးရက်ပြည့်ရင် မြို့စား ကျင်းကျုံးယွဲ့က တပ်တွေကို ဦးဆောင်ပြီး မြို့ကို စွန့်ခွာမယ်။ အနောက်ဘက် သဲကန္တာရကို သွားမယ်။ မသွားခင်မှာ လေခွင်းမြို့ကို မီးရှို့ပစ်ခဲ့မယ်။”

ထိုစကားကြောင့် လူတိုင်း လုံးဝ တုန်လှုပ်သွားကြပြီး မျက်နှာများ ဖြူရော်သွားကြ၏။ အချို့က ဈာပန အခမ်းအနားမှ ချက်ချင်း ထွက်သွားကြသည်။ သတင်း သွားပို့ရန် သို့မဟုတ် ပစ္စည်းများ သွားသိမ်းရန် ဖြစ်ပေမည်။

အချို့ကမူ ဒူးထောက်ကာ အသံကျယ်လောင်စွာ ငိုကြွေးကြ၏။ “သခင်မ... သနားပါအုံး။ မြို့ကို မီးမရှို့ပါနဲ့။ ဒါက ကျုပ်တို့ရဲ့ အိမ်ပါ... မီးရှို့လို့ မရပါဘူး။”

ထိုသူများ၏ အတွေးက အလွန် ရိုးရှင်းလှ၏။ တောင်ပိုင်းကျိုးအင်ပါယာက လေခွင်းမြို့ကို သိမ်းပိုက် လိုက်လျှင်လည်း ကိစ္စမရှိ၊ သခင်သစ် တစ်ယောက် ပြောင်းသွားရုံသာ ဖြစ်ပြီး သူတို့၏ ဘဝအတွက် ကြီးမားသော ပြောင်းလဲမှု မရှိဟု ယူဆကြသည်။

သို့သော်ငြား မြို့ကို မီးရှို့လိုက်လျှင် သူတို့၏ အိမ်များ အားလုံး ပြာကျသွားမှာဖြစ်ပြီး ဘာမှ ကျန်တော့မည် မဟုတ်ပေ။

သို့ပေမည့် ယွင်ကျုံးဟဲ့က ထိုသူများကို မောင်းထုတ်ကာ ဤမြို့ကို မြို့လွတ်ကြီးအဖြစ် ဖန်တီးရမှာ ဖြစ်သည်။

ယွင်ကျုံးဟဲ့ ဒေါသတကြီးဖြင့် အော်လိုက်၏။ “ဒီမြို့ကို သေချာပေါက် မီးရှို့မယ်။ ပြီးတော့ မြို့စားအိမ်တော်ကနေ စရှို့မယ်။ သုံးရက်အတွင်း မထွက်သွားတဲ့ လူတွေ မီးလောင်သေရင် ကျုပ်တို့ကို ရက်စက်တယ်လို့ မပြောနဲ့။”

ထို့နောက် မရေမတွက်နိုင်သော လူများ၏ ငိုကြွေးသံများကြားတွင် ကျင်းအဲ့၏ ဈာပန အခမ်းအနားကို ဆက်လက် ကျင်းပ၏။ အလောင်း ဖော်ခံရမည် စိုး၍ ကျင်းအဲ့၏ သင်္ချိုင်း နေရာကို လျှို့ဝှက်ထားပြီး လူအနည်းငယ်သာ သိရှိကြသည်။

ကျင်းကျုံးယွဲ့သည် ကျင်းအဲ့ မြေချသည့် အခမ်းအနားသို့ မတက်ရောက်ခဲ့ပေ။ သူမသည် ကိုယ်ဝန်ကို ကာကွယ်ရန် ကုတင်ပေါ်တွင်သာ လှဲနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် အကြိမ်က သိုင်းစွမ်းအင် ဖရိုဖရဲဖြစ်ကာ သွေးအန်သွားသောကြောင့် သူမနှင့် ယွင်ကျုံးဟဲ့တို့ အလွန် ထိတ်လန့်သွားခဲ့ကြရသည်။ ထိုကလေးလေးကို ကာကွယ်နိုင်တော့မည် မဟုတ်ဟုပင် ထင်မှတ်ခဲ့ကြသည်။

သို့သော်ငြား ထိုကလေးလေးသည် အလွန် အသက်ပြင်းလှ၏။ ထို့နောက်ပိုင်းတွင် ကျင်းကျုံးယွဲ့ လုံးဝ မလှုပ်ရှားရဲတော့ပေ။ အလွန်အမင်း ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းများကိုလည်း ရှောင်ကြဉ်ကာ ကုတင်ပေါ်တွင်သာ အနားယူနေခဲ့သည်။ ဤသို့ဆိုလျှင် သူမ ကျန်ရစ်ပြီး စစ်တိုက်ရန်ဆိုသည်မှာ ပို၍ မဖြစ်နိုင်တော့ပေ။

သို့ပေမည့် ယွင်ကျုံးဟဲ့က မြို့ကို စွန့်ခွာရလျှင် ခရီးကြမ်းသွားရမည် ဖြစ်သောကြောင့် ကိုယ်ဝန်ကို ထိခိုက်မည် စိုးရိမ်နေ၏။

ကျင်းကျုံးယွဲ့က ကိစ္စမရှိကြောင်း၊ သူမ အလွန်အမင်း ဝမ်းနည်း ဝမ်းသာ မဖြစ်သရွေ့ အဆင်ပြေမည် ဖြစ်ကြောင်း ပြောထားသည်။ ထို့အပြင် သူမ၏ သိုင်းပညာက အလွန် မြင့်မားသောကြောင့် မြင်းပေါ်တွင်ပင် သူမ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်စွမ်း ရှိသည် မဟုတ်ပါလား။

........................

နောက်ထပ် သုံးရက်ကြာချိန်မှာတော့ လေခွင်းမြို့သည် ဖရိုဖရဲ ဖြစ်နေပြီး လူများ အဆက်မပြတ် ဝင်ထွက်နေကြသည်။

နေ့စဉ်နှင့်အမျှ လေခွင်းမြို့မှ ထွက်ပြေးသူများ အများအပြား ရှိသလို၊ လေခွင်းမြို့သို့ ဝင်လာသူများလည်း အများအပြား ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ရိက္ခာ ပေါင်ငါးဆယ် အခမဲ့ ရနိုင်သောကြောင့် ဖြစ်၏။

ထိုဖရိုဖရဲ အခြေအနေကို အခွင့်ကောင်းယူကာ ဒုက္ခသည်များအဖြစ် ရုပ်ဖျက်ထားသော တာယင်အင်ပါယာ တပ်တော်သည် လေခွင်းမြို့အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာကြသည်။

အရင်ဆုံး အိမ်အချို့သို့ ဝင်ရောက်ပြီး ထိုနေရာရှိ ဝင်ထွက်ပေါက် အချို့မှတစ်ဆင့် နုဧကရာဇ်၏ မြေအောက် သင်္ချိုင်းဂူအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားကြ၏။

မြေပြင်ပေါ် ကျဆင်းလာသော မိုးပေါက်များ မြေကြီးထဲသို့ စိမ့်ဝင်ပျောက်ကွယ်သွားသကဲ့သို့ အစအနပင် မကျန်အောင် ပျောက်ကွယ်သွားကြသည်။

လုံးဝ သဲလွန်စ မကျန်ခဲ့ပေ။ ပိုမို လုံခြုံစေရန်အတွက် အိမ်ထဲသို့ ဝင်သွားသော လူအရေအတွက် အတိုင်း အပြင်သို့ ပြန်ထွက်လာအောင် ဖန်တီးထား၏။ ထိုသူများမှာ ဟေးလုံထိုင်မှ သူလျှိုများ ဖြစ်ကြပြီး ဤတပ်တော်ကို ဖုံးကွယ်ပေးရန် တာဝန်ယူထားခြင်း ဖြစ်၏။

ထို့အပြင် လေခွင်းမြို့ တစ်ခုလုံး အလွန်အမင်း ဖရိုဖရဲ ဖြစ်နေ၏။ အိမ်အများစုမှာ ပိုင်ရှင် မရှိတော့သောကြောင့် မည်သူမဆို ဝင်ရောက် နေထိုင်နိုင်သည်။

ဒီရက်ပိုင်းအတွင်း လေခွင်းမြို့သို့ ဝင်လာသူ မည်မျှ ရှိသနည်း။ သိန်းချီ ရှိနေသည်။ လေခွင်းချိုင့်ဝှမ်းမှ လူများသာမက အနီးနားရှိ နယ်မြေများမှ လူများပါ ရိက္ခာ ပေါင်ငါးဆယ် ရရန်အတွက် လာရောက်ကြခြင်း ဖြစ်သည်။

....................

အပိုင်း (၁၇၂)

ဤရက်ပိုင်းအတွင်း မြို့စားအိမ်တော်မှ ရိက္ခာ ပေါင်သန်းပေါင်းများစွာကို ဝေငှပေးခဲ့ရ၏။

ထို့အပြင် ကျင်းကျုံးယွဲ့သည် သူမ၏ ပိုင်ဆိုင်မှု အားလုံးကို အမှန်တကယ်ပင် စွန့်ကြဲလိုက်သည်။ ရွှေငွေများ၊ မြို့စားအိမ်တော်ရှိ ပိုးထည်များ၊ ရွှေထည်၊ ငွေထည် အားလုံးကို မြို့စားအိမ်တော်ရှေ့ ကွင်းပြင်တွင် စုပုံထားလိုက်သည်။

ထို့နောက် လေခွင်းမြို့ရှိ စစ်သည်များ အားလုံး၊ အရာရှိများ အားလုံးကို စုရုံးစေခဲ့သည်။ သူမနောက်သို့ လိုက်ပါပြီး အနောက်ဘက် သဲကန္တာရသို့ မသွားလိုသူများကို ရွှေငွေများ ယူဆောင်ကာ ထွက်ခွာခွင့် ပြုလိုက်၏။ သူမနောက်သို့ လိုက်ပါလိုသူများမှာမူ ရိက္ခာကိုသာ သယ်ဆောင်ခွင့်ရှိပြီး ရွှေငွေများကို သယ်ဆောင်ခွင့် မရှိပေ။

ထိုနေ့က ငိုကြွေးသံများ ကောင်းကင်သို့တိုင် ညံသွားခဲ့၏။ ရလဒ်အနေဖြင့် အရာရှိ သုံးပုံနှစ်ပုံ ထွက်သွားကြသည်။ စစ်သည် လေးပုံတစ်ပုံ ထွက်သွားကြ၏။

မှန်ပေသည်။ လေးပုံတစ်ပုံသာ ထွက်သွားခြင်း ဖြစ်သည်။ ကျန်ရှိနေသော စစ်သည် လေးပုံသုံးပုံက ကျင်းကျုံးယွဲ့နှင့်အတူ အနောက်ဘက် သဲကန္တာရသို့ သွားကာ ဓားပြ လုပ်ရန် ဆန္ဒရှိကြသည်။

အမှန်တကယ်တော့ ကျင်းကျုံးယွဲ့သည် ဓားပြလုပ်ရန် မဟုတ်ပေ။ သူမသည် တာယင်အင်ပါယာ၏ လေခွင်းနယ်စား ဖြစ်နေပြီ ဖြစ်၏။

သို့ပေမည့် ဟန်ဆောင်ရမည် ဖြစ်သောကြောင့် သူမ တကယ်ပဲ တပ်များကို ဦးဆောင်ကာ အနောက်ဘက် သဲကန္တာရသို့ သွားရပေလိမ့်မည်။

ထို့အပြင် လက်အောက်ရှိ စစ်သည် အားလုံး၊ ချူကျောင်းရန်နှင့် ဇိုအန် အပါအဝင် မည်သူမှ အမှန်တရားကို မသိကြပေ။ ကျင်းကျုံးယွဲ့နှင့် ယွင်ကျုံးဟဲ့တို့ သူတို့ကို အနောက်ဘက် သဲကန္တာရသို့ ခေါ်သွားမည်ဟုသာ ထင်မှတ်ထားကြသည်။

တာယင်အင်ပါယာသို့ ခိုလှုံမည့် ကိစ္စကို ကျင်းကျုံးယွဲ့၊ ယွင်ကျုံးဟဲ့နှင့် လန်ပိ သုံးဦးတည်းသာ သိကြ၏။ သို့ပေမည့် စစ်သည် လေးပုံသုံးပုံက ကျင်းကျုံးယွဲ့နောက်သို့ လိုက်ကာ တောခိုရန် ဆန္ဒရှိနေခြင်းကို ကြည့်လျှင် စစ်တပ်အတွင်း သူမ၏ သြဇာလွှမ်းမိုးမှု မည်မျှ ကြီးမားကြောင်း သိနိုင်ပေ၏။

သူမ၏ အနိုင်မခံ အရှုံးမပေးသော ရဲရင့်သည့် ပုံရိပ်သည် စစ်သည်များ အားလုံး၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်နေပြီ ဖြစ်သည်။

ရက်အနည်းငယ် ကြာပြီးနောက် လေခွင်းမြို့မှ လူအားလုံး ထွက်ခွာသွားကြပြီ ဖြစ်သည်။ တောင်ပိုင်းကျိုး အင်ပါယာ၏ စစ်သည် နှစ်သိန်းသည် လေခွင်းမြို့နှင့် မိုင်သုံးရာသာ ကွာဝေးတော့၏။

တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်းသည် လေခွင်းမြို့ အရွယ်အစားခန့် ရှိသော မြေအောက် သင်္ချိုင်းဂူထဲသို့ ဝင်ရောက် ပုန်းအောင်းနေပြီ ဖြစ်သည်။

ထို့အပြင် ကျင်းကျုံးယွဲ့သည် မြို့ကို မီးရှို့ရန် ပြင်ဆင်ထားပြီးဖြစ်၏။ ဤနေ့ကို ရွေးချယ်ပြီး မြို့ကို မီးရှို့ရခြင်း အကြောင်းအရင်းက အလွန် ရိုးရှင်းလှ၏။

ယနေ့ ကွမ်တမ်၏ ခန့်မှန်းချက် အရ မိုးသည်းထန်စွာ ရွာမှာဖြစ်၏။ ရာသီဥတု ခန့်မှန်းချက်နှင့် ပတ်သက်လျှင် သူ တစ်ကြိမ်မျှ မမှားခဲ့ဖူးချေ။

ရက်အနည်းငယ် အတွင်းတွင် တာယင်အင်ပါယာ၏ စစ်သည် တစ်သိန်းလုံး နုဧကရာဇ်၏ မြေအောက် သင်္ချိုင်းဂူထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်၏။ ရိက္ခာ၊ လက်နက်၊ သံချပ်ကာ၊ သောက်ရေ အားလုံး အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

မြို့ကို မီးရှို့လိုက်လျှင် မီးခိုးများ သင်္ချိုင်းဂူထဲ ဝင်လာနိုင်သောကြောင့် ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်သည်။ ဝင်ထွက်ပေါက် အားလုံးကို မီးခိုး မဝင်နိုင်အောင် ပိတ်ထားရမှာ ဖြစ်၏။

အမှန်တကယ်တော့ မီးလောင်ချိန်မှာတော့ မီးခိုးများက အပေါ်သို့ တက်သွားမှာဖြစ်ပြီး အောက်သို့ ဆင်းလာမည် မဟုတ်ပေ။

သို့သော်ငြား မီးကို အကြာကြီး လောင်ခွင့် မပေးနိုင်ပေ။ မဟုတ်လျှင် မီးခိုးများ မြေအောက် သင်္ချိုင်းဂူထဲ ဝင်လာနိုင်သည်။

ကျင်းကျုံးယွဲ့နောက်တွင် စစ်သည် ခြောက်ထောင်ခန့် လိုက်ပါလာ၏။ ဆုတ်ခွာရတော့မည်။ လေခွင်းမြို့ကို တရားဝင် နှုတ်ဆက်ရတော့မည်။

ယခု လေခွင်းမြို့သည် လုံးဝ မြို့လွတ်ကြီး ဖြစ်သွားပြီ ဖြစ်သည်။ ရှေ့ဆက် ဖြစ်လာမည့် ကိစ္စ အားလုံးကို မြေအောက် သင်္ချိုင်းဂူထဲရှိ တာယင်အင်ပါယာ စစ်သည် တစ်သိန်းနှင့် ယွင်ကျုံးဟဲ့ တစ်ခါမျှ အသိအမှတ် မပြုဖူးသော မွေးစားအဖေ ဖုန်းရှင်းမြဲ့ကို လွှဲအပ်ရတော့မှာ ဖြစ်၏။

ယွင်ကျုံးဟဲ့ အတွက်မူ သူ၏ တာဝန် ပြီးဆုံးသွားပြီဖြစ်ရာ ဆုတ်ခွာရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။

ယွင်ကျုံးဟဲ့ တစ်ယောက် စိတ်ကူးယဉ် အိပ်မက်ထဲ ရောက်နေသကဲ့သို့ ခံစားနေရ၏။ ‘ထွက်သွားရတော့မှာလား။ နောက်နောင် ဘယ်တော့မှ ပြန်မလာရတော့ဘူးလား။ ရှေ့ဆက် ဖြစ်လာမည့် ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည်၊ အင်ပါယာကြီး နှစ်ခု၏ လေခွင်းမြို့ ကံကြမ္မာ အဆုံးအဖြတ် စစ်ပွဲတို့က ကျုပ်နဲ့ လုံးဝ မသက်ဆိုင်တော့ဘူးလား။’

မှန်ပေ၏။ အံ့မခန်း အောင်ပွဲ၊ အန္တရာယ်နှင့် မသေချာမှုများ ပြည့်နှက်နေသော ဤစစ်ပွဲကြီးသည် ယွင်ကျုံးဟဲ့နှင့် မသက်ဆိုင်တော့ပေ။

တာယင်အင်ပါယာမှ ရဲဘော်ရဲဘက်များနှင့် စတုတ္ထမင်းသား ယင်ချွဲ့တို့ထံ အရာအားလုံးကို လွှဲအပ်လိုက်ရတော့မှာ ဖြစ်၏။

လေခွင်းမြို့နှင့် ပတ်သက်သမျှ အရာအားလုံးက ယွင်ကျုံးဟဲ့ အတွက် အမှန်တကယ် ပြီးဆုံးသွားပြီလား။

ယွင်ကျုံးဟဲ့က မီးတုတ် တစ်ခုကို ကိုင်ထားပြီး သူ၏ နောက်ရှိ လူရာပေါင်းများစွာကလည်း မီးတုတ်များ ကိုင်ထားကြသည်။

သူ မီးတုတ်ကို ပစ်ပေါက်လိုက်သည်နှင့် ထိုလူများလည်း မီးတုတ်များကို ပစ်ပေါက်ကာ မြို့စားအိမ်တော်ကို မီးရှို့ကြတော့မှာဖြစ်၏။

လေခွင်းမြို့ကို မီးရှို့မည်။ ဤသို့ ပြုလုပ်မှသာ ဟန်ဆောင်မှုက အစစ်အမှန်နှင့် တူပြီး ကျင်းကျုံးယွဲ့၏ ပြတ်သားမှုကို ပိုမို ပေါ်လွင်စေပေလိမ့်မည်။

လေခွင်းမြို့ကို ဖျက်ဆီးပစ်ရမည် ဆိုလျှင်တောင် တာယင်အင်ပါယာနှင့် တောင်ပိုင်းကျိုးအင်ပါယာ လက်ထဲ လုံးဝ မထားခဲ့နိုင်ကြောင်း ပြသခြင်း ဖြစ်၏။

ထို့အပြင် မြို့စားအိမ်တော်ကို သေချာပေါက် မီးရှို့ရမှာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြို့ထဲရှိ သီးခြား စစ်ရေး ခံတပ် တစ်ခု ဖြစ်နေသောကြောင့်ပင်။

တောင်ပိုင်းကျိုးအင်ပါယာ တပ်တော် မြို့ထဲ ဝင်လာသည်နှင့် ဤခံတပ်ကို သေချာပေါက် အသုံးပြုပေမည်။ ဤခံတပ်က ခံစစ်အတွက် ကောင်းမွန်ပြီး တိုက်ခိုက်ရန် ခက်ခဲလှ၏။

တာယင်အင်ပါယာ တပ်တော် မြေအောက် သင်္ချိုင်းဂူထဲမှ ထွက်လာချိန်မှာတော့ ရန်သူ အခိုင်အမာ တပ်စွဲထားသော မြို့စားအိမ်တော်ကို တိုက်ခိုက်ရလျှင် ကြီးမားသော အခက်အခဲများ ကြုံတွေ့ရနိုင်သည်။

ထို့အပြင် မြို့စားအိမ်တော်သည် အလွန် အရေးပါသောကြောင့် နေရာအနှံ့ အသေအချာ ရှာဖွေစစ်ဆေး ခံရပေလိမ့်မည်။ ထို့ကြောင့် ဤနေရာရှိ မြေအောက် သင်္ချိုင်းဂူသို့ သွားရာ ဝင်ထွက်ပေါက်ကို လုံးဝ ဖျက်ဆီး ပိတ်ဆို့ထားရမှာ ဖြစ်၏။

မြို့စားအိမ်တော်ကို မီးရှို့လိုက်မှသာ တာယင်အင်ပါယာ အနေဖြင့် တောင်ပိုင်းကျိုး တပ်တော်ကို ချေမှုန်းရန် ပိုမို လွယ်ကူသွားပေလိမ့်မည်။

“ယောက်ျား... စလုပ်လိုက်ပါတော့။ ကျွန်မ ဝမ်းမနည်းပါဘူး။” ကျင်းကျုံးယွဲ့က ဖြည်းညင်းစွာ ပြောလိုက်သည်။

ယွင်ကျုံးဟဲ့ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ကာ လက်ထဲရှိ မီးတုတ်ကို ပစ်ပေါက်လိုက်သည်။ သူ၏ နောက်ရှိ စစ်သည် ရာပေါင်းများစွာကလည်း မီးတုတ်များကို ပစ်ပေါက်လိုက်ကြ၏။

မီးတုတ် အများအပြား မြို့စားအိမ်တော်ထဲသို့ ကျရောက်သွားပြီး မီးတောက်များ အရှိန်အဟုန်ဖြင့် တောက်လောင်လာသည်။

မကြာမီ မြို့စားအိမ်တော် တစ်ခုလုံး မီးတောက်များကြားတွင် ဝါးမြိုခံလိုက်ရ၏။

“သွားမယ်။” အမိန့်သံနှင့်အတူ ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့က စစ်သည် ခြောက်ထောင်ကို ဦးဆောင်ကာ လေခွင်းမြို့မှ ထွက်ခွာလာခဲ့ကြသည်။

လက်ထဲရှိ မီးတုတ်များကို အဆက်မပြတ် ပစ်ပေါက်ကာ လေခွင်းမြို့ကို မီးရှို့ကြသည်။ မီးတောက်များကြားတွင် ယွင်ကျုံးဟဲ့နှင့် ကျင်းကျုံးယွဲ့တို့သည် လေခွင်းမြို့နှင့် တဖြည်းဖြည်း ဝေးကွာသွားကြ၏။

ရှေ့ဆက် ဖြစ်လာမည့် အင်ပါယာကြီး နှစ်ခု၏ သမိုင်းဝင် စစ်ပွဲကြီးသည် သူနှင့် မသက်ဆိုင်တော့ပေ။ အောင်ပွဲ သို့မဟုတ် ရှုံးနိမ့်မှု သတင်းကိုသာ စောင့်ဆိုင်းရတော့မှာ ဖြစ်၏။ လေခွင်းမြို့နှင့် တဖြည်းဖြည်း ဝေးကွာလာသည်။

အမြင့်ပိုင်းရှိ မြို့စားအိမ်တော်မှာ လုံးဝ ပြာကျသွားလေပြီ။ ၎င်းမှာ ကျင်းမိသားစု၏ နှစ်ရာချီ သက်တမ်းရှိသော အိမ်ကြီးဖြစ်ပြီး ယခု လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

လေခွင်းမြို့၏ ကောင်းကင်ယံတွင် တိမ်မဲများ စုဝေးလာ၏။

“ဝုန်း... ဝုန်း... ဝုန်း...”

မိုးကြိုးပစ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ကောင်းကင် တစ်ခုလုံး မည်းမှောင်နေပြီး လေခွင်းမြို့ကို လုံးဝ ဖိချေပစ်တော့မည့်အလား ထင်မှတ်ရသည်။ အရာအားလုံး ပြီးဆုံးသွားပြီဖြစ်၏။

‘အရာအားလုံး ပြီးဆုံးသွားပြီလား။’

ယွင်ကျုံးဟဲ့ ထပ်မံ၍ မေးလိုက်ပြန်၏။ “ကွမ်တမ်... ကျုပ်တို့ရဲ့ စစ်သည် တစ်သိန်း၊ ကျုပ်ရဲ့ မွေးစားအဖေ၊ အားလုံး မြေအောက် သင်္ချိုင်းဂူထဲမှာ ရှိနေကြတယ်။ ဒီ ထရိုဂျန် မြင်းသစ်သားရုပ် အကြံအစည်က သေချာပေါက် အောင်မြင်မယ်လို့ ခင်ဗျား ယုံကြည်လား။

တောင်ပိုင်းကျိုးအင်ပါယာရဲ့ စစ်သည် နှစ်သိန်းကို ချေမှုန်းနိုင်မလား။ အပြည့်အဝ အောင်ပွဲခံနိုင်မလား။ တစ်ခုခု မှားယွင်းသွားရင် ကျုပ်တို့ရဲ့ စစ်သည် တစ်သိန်းလုံး ဆုံးရှုံးသွားမှာ။ အဲဒီအချိန်ကျရင် ကျုပ်က တာယင်အင်ပါယာရဲ့ ထာဝရ အပြစ်သားကြီး ဖြစ်သွားလိမ့်မယ်။”

ကွမ်တမ်က ပြန်ဖြေလိုက်သည်။ “ဆရာကြီး.. ကျုပ် ဆယ့်ငါးကြိမ်တိုင်တိုင် တွက်ချက်ပြီးပါပြီ။ အောင်မြင်နိုင်ခြေက ၈၇ ဒသမ ၈ ရာခိုင်နှုန်း ရှိပါတယ်။ အရာအားလုံးက ထင်ထားတာထက်တောင် ပိုကောင်းနေပါသေးတယ်။”

“ဟုတ်လား။ ဒါဆို ကောင်းတာပေါ့။” ယွင်ကျုံးဟဲ့သည် ကွမ်တမ်ကို အလွန် ယုံကြည်နေဆဲ ဖြစ်၏။

“သွားမယ်... သွားမယ်... သွားမယ်...”

သူနှင့် ကျင်းကျုံးယွဲ့သည် စစ်သည် ခြောက်ထောင်ကို ဦးဆောင်ကာ အနောက်ဘက်သို့ အရှိန်ကုန် ဒုန်းစိုင်းနှင်လာခဲ့ကြသည်။ လေခွင်းမြို့နှင့် လုံးဝ ဝေးကွာသွားပြီဖြစ်သည်။

သို့သော်ငြား ဘာကြောင့်မှန်း မသိ၊ သူ၏ မျက်ခွံ နှစ်ဖက်စလုံးက အဆက်မပြတ် လှုပ်နေ၏။ ပို၍ ပို၍ ပြင်းထန်လာသည်။ သူ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပိုမို ကြီးထွားလာ၏။

ဘယ်နေရာမှာများ မှားယွင်းနေသနည်း။ ဘယ်နေရာမှာများ မှားယွင်းနေသနည်း။

…………..

တောင်ပိုင်းကျိုးအင်ပါယာ၏ တပ်စခန်း အတွင်း၌ တောင်ပိုင်းကျိုး အိမ်ရှေ့စံမင်းသား ကျိုးလီက လူအားလုံးကို ပေသုံးရာ အကွာအဝေးသို့ မောင်းထုတ်လိုက်၏။

သူ၏ အခန်း အနီးသို့ မည်သူမှ ချဉ်းကပ်ခွင့် မရှိပေ။ ချဉ်းကပ်လာပါက ချက်ချင်း သတ်ဖြတ်ရန် အမိန့်ပေးထားသည်။

ကျိုးလီသည် သူ့ဘာသာသူ စစ်တုရင် ကစားနေရင်း ဖြည်းညင်းစွာ မေးလိုက်၏။ “ဘယ်လို အခြေအနေ ရှိလဲ။”

သူ တစ်ယောက်တည်း စကားပြောနေခြင်းလား။ အခန်းထဲတွင် ဘယ်သူမှ မရှိဘူး မဟုတ်လား။

မဟုတ်ပေ။ လူတစ်ယောက် ရှိနေသည်။ ထိုလူက အရိပ်ထဲတွင် ရပ်နေသောကြောင့် ကိုယ်ပျောက်နေသကဲ့သို့ ဖြစ်နေ၏။

ထိုသူက ပြောလိုက်သည်။ “ကျင်းကျုံးယွဲ့နဲ့ ယွင်ကျုံးဟဲ့ မြို့ကို စွန့်ခွာပြီး မီးရှို့သွားပါပြီ။ တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းလည်း မြေအောက် သင်္ချိုင်းဂူထဲကို ဝင်သွားပါပြီ။ အဲဒါ သူတို့အတွက် ပြင်ဆင်ထားတဲ့ သင်္ချိုင်းဂူပါပဲ။”

ကျိုးလီက ပြောလိုက်၏။ “ရန်သူ ကျုပ်တို့ရဲ့ ထောက်ချောက်ထဲကို ဝင်လာပြီ။ ကျုပ်တို့ရဲ့ အကြံအစည် အောင်မြင်သွားပြီ။ ရှေ့ဆက်ပြီး ဘာအားစိုက်ထုတ်မှုမှ မလိုဘဲ မြေအောက် သင်္ချိုင်းဂူထဲမှာ ရှိနေတဲ့ တာယင်အင်ပါယာရဲ့ အဓိက စစ်သည် တစ်သိန်းကို လုံးဝ ချေမှုန်းပစ်မယ်။

အရင်က တစ်ခါမှ မကြုံဖူးတဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုကြီး၊ အသံတိတ် သတ်ဖြတ်မှုကြီးကို ဖန်တီးမယ်။ တာယင်အင်ပါယာရဲ့ စစ်သည် တစ်သိန်းကို သတ်ဖြတ်ပြီး လေခွင်းမြို့ကို သိမ်းပိုက်မယ်။ ဒီစစ်ပွဲမှာ တောင်ပိုင်းကျိုးအင်ပါယာက စစ်သည် တစ်ယောက်မှ မဆုံးရှုံးဘဲ အခမ်းနားဆုံး အောင်ပွဲကို ရယူမယ်။”

……….

“ဂျိန်း… ဂျိန်း… ဂျိန်း...”

ကောင်းကင်ထက်မှ မိုးကြိုးပစ်သံများက ပိုမို ကျယ်လောင်လာသော်လည်း မိုးက လုံးဝ မရွာချသေးပေ။

အဝေးမှ လှမ်းကြည့်လျှင် လေခွင်းမြို့ တစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်နေသည်နှင့် တူနေ၏။ ဤစစ်ပွဲတွင် အနိုင်ရရန်အတွက် ပေးဆပ်လိုက်ရသော တန်ဖိုးက အလွန် ကြီးမားလွန်းလှသည်။

နှစ်ရာပေါင်းများစွာ သက်တမ်းရှိသော လေခွင်းမြို့စား အိမ်တော်ကြီး ပြာကျသွားပြီး လေခွင်းမြို့၏ အစိတ်အပိုင်း အတော်များများလည်း မီးလောင်ကျွမ်းသွားခဲ့ပြီ ဖြစ်၏။

သို့သော်ငြား ဤစစ်ပွဲကို အနိုင်ရမည်ဆိုပါက အရာအားလုံးက တန်ကြေးရှိပေသည်။ အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲက နိုင်ငံ၏ ကံကြမ္မာကို ဆုံးဖြတ်မည့် စစ်ပွဲကြီး ဖြစ်သောကြောင့်ပင်။

အနိုင်ရသူသည် ပိုင်ရှင်မဲ့ နယ်မြေကိုသာမက အနာဂတ် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်မည့် အခွင့်အရေးကိုပါ ရရှိနိုင်မှာ ဖြစ်၏။ ဤသည်က လေခွင်းမြို့ ဆယ်မြို့၊ မြို့တစ်ရာနှင့်ပင် လဲလှယ်၍ မရနိုင်သော အရာ ဖြစ်သည်။

သို့ပေမည့် ယွင်ကျုံးဟဲ့ ဘာကြောင့် ဤမျှ စိုးရိမ်ပူပန်နေရသနည်း။ သူ၏ မျက်ခွံများ အဆက်မပြတ် လှုပ်နေပြီး နှလုံးခုန်သံများကလည်း ပြင်းထန်နေ၏။

.................

All Chapters